Saturday, May 19, 2012

မေတ္တာလက်ဖြင့်ခံယူ၍ ကရုဏာလက်ဖြင့်ပေးစေချင်

 
မေတ္တာလက်ဖြင့်ခံယူ၍ ကရုဏာလက်ဖြင့်ပေးစေချင်

အတွေးအမြင်တစ်ခုကို တင်ပြဆွေးနွေးတဲ့အခါ တိုက်ရိုက်တွေးပြီး တိုက်ရိုက်သိမြင်နိုင်တဲ့အကြောင်းအရာတွေရှိသလို၊ တိုက်ရိုက်မသိ၊ မ မြင်နိုင်တဲ့အကြောင်းအရာတွေကလဲ

အများကြီးရှိနေတယ်။ ဇင်ဗုဒ္ဓဘာသာမှာ ကိုအန် (Koan) ဆိုတဲ့ စကားအသုံးအနှုန်းတစ်ခုရှိတယ်။ “ပြည်သူ့စကားထာ’’ လို့ အဓိပ္ပါယ်ဖွင့်ဆိုရမလားမသိ။ အဲဒီစကားကိုပင် တခါတရံမှာ ဇင် ရဒ်ဒယ်လ်စ်’’ (Zen Riddels) လို့ ဖွင့်ဆိုထားတာ မျိုးကို တွေ့ရတယ်။


၁။ ရဒ်ဒယ်လ်စ်-ဆိုတာ အဖြေကို မှန်းဆပြီးသိရတဲ့ စကားထာမျိုးပါ။
၂။ စိတ်ဝင်စားဖို့ ကောင်းတယ်။
ဂျပန်အတွေးအခေါ်တွေ၊ အနောက်တိုင်း ပညာရေး (Academic) နယ်ပယ်မှာ ဝင်ရောက်နေရာယူလာနိုင်တာဟာ ဒီအတွေးအခေါ် တွေကြောင့်လဲ ဖြစ်နိုင်တယ်။


အတွေးအခေါ်ဆိုတာ လောကနယ်ပယ်ထဲမှာ နေသူအားလုံး ကျင့်သုံးနေတဲ့ ဘာသာရပ်တစ်ခုလို့ ဆိုနိုင်တယ်။ ဇင်ဗုဒ္ဓဘာသာဝင်များကတော့ ဒါကို ဘာသာရေးသင်ခန်းစာတစ်ခုအနေနဲ့ အလေ့အလာပြုကြတယ်။ ဒီနေရာမှာ ဇင်ဗုဒ္ဓဘာသာဝင်တို့ရဲ့ ‘ကိုအန်’ လေးတစ်ခုကို ထုတ်ပြ မယ်။ တနေ့မှာ ဇင်ဘုန်းကြီးလေး (၃) ပါး အလံတိုင်တစ်ခုအနီးမှာ ထိုင်နေခဲ့ကြတယ်။ အတူထိုင်နေကြရင်း ဇင်ဘုန်းကြီးလေးတစ်ပါးက အလံတိုင်မှာလွှင့်ထူထားတဲ့ လေနဲ့အတူ တစ်လှပ်လှပ်လှုပ်နေတဲ့ သာသနာ့အလံကို လက်ညှိုးညွှန်ပြပြီး ‘ဟိုမှာကြည့်၊ အလံလေးလှုပ်နေ တယ်’ လို့ ရုတ်တရက်ဆိုသလို ပြောလိုက်မိတယ်။ လက်ညှိုးညွှန်ပြရာကို ကြည့်မိတဲ့ ဒုတိယဘုန်းကြီးလေးက ‘အရှင်ဘုရားကလဲ အလံက လှုပ်တာ မဟုတ်ပါဘူး။ လေက လှုပ်တာပါ’ တဲ့။ ဒီတော့ တတိယဘုန်းကြီးလေးက သူတို့ညွှန်ပြရာကို လှမ်းကြည့်ရင်း ‘အရှင်ဘုရားတို့ကလဲ အလံကလှုပ်တာလဲမဟုတ်ဘူး၊ လေကလှုပ်တာလဲမဟုတ်ဘူး၊ စိတ်ကလှုပ်တာပါ’’ တဲ့။

ကဲ ဘာကလှုပ်နေတယ်ဆိုတာကို စဉ်းစားပြီး အဖြေညှိကြည့်ဖို့ပါ။ စိတ်ကိုရှုပ်ထွေးသွားစေရန် မရည်ရွယ်ပါ။
ရှုပ်ထွေးခြင်းဆိုတာ စိတ်နဲ့ဆိုင်တဲ့ဘာသာရပ်တစ်ခုလို့ဆိုရမှာပါ။ တကယ်တော့ ရှုပ်ထွေးလှတဲ့ဒီလောကကြီးထဲမှာ စဉ်းစားစရာ အကြောင်း တွေကများတော့ ပိုပြီးစိတ်ရှုပ်ကြရတယ်။ စဉ်းစားစရာအကြောင်းတွေကလဲ အများသား။ မိဘနှစ်ပါးအတွက်၊ မိသားစုများအတွက်၊ ညီအကိုမောင်နှမများအတွက်၊ ဘဝကြင်ဖော်များအတွက်၊ ကိုယ့်လျှောက်ရမဲ့ ဘဝခရီးလမ်းအတွက် စဉ်းစားကြရတာ။ ဒါကဆိုရှယ်နဲ့စပ်တဲ့ အတွေးတွေပါ။ တိုင်းပြည်နဲ့စပ်ဆိုင်တဲ့အတွေးတွေ၊ ဘာသာ၊ သာသနာနဲ့ စပ်ဆိုင်တဲ့အတွေးတွေဆိုတာလဲ ရှိသေးတယ်။ မိသားစုနဲ့ဘဝထဲမှာ နေတယ်ဆိုပေမဲ့ ဘာသာတရားရဲ့အဆုံးအမအများကို ခံယူထားသူများမို့ ဘာသာ၊ သာသနာအရေးဟာ ကိုယ့်အရေးလိုသဘောထားပြီး တွေးသင့်တာများကို တွေးကြည့်ကြဖို့ပါ။ မိသားစုအတွက် မိသားစုဝင်များမှာ တာဝန်တွေရှိနေသလို ဘာသာ၊ သာသနာအတွက် ဘာသာ ဝင်များမှာ တာဝန်တွေဆိုတာ ရှိနေမှာပဲ။ တာဝန်ရှိရင်တော့ တာဝန်သိဖို့တော့ လိုမှာပေါ့။ စဉ်းစားနိုင်ဖို့ပါ။


စဉ်းစားတယ်ဆိုတာ များသောအားဖြင့် အလကားစဉ်းစားနေတာမျိုးတော့လဲ မဟုတ်ဘူး။ စဉ်းစားရတဲ့အကြောင်းရင်းတွေ ရှင်းများရှင်း သွားလေမလားလို့ စဉ်းစားကြတာပါ။ ဒါပေမဲ့ များသောအားဖြင့်တော့ စဉ်းစားရင်း စဉ်းစားရင်း ပိုမိုပြီးရှုပ်ထွေးသွားတတ်ကြတယ်။ ဖြစ်နိုင် ရင်တော့ မစဉ်းစားပဲနေနိုင်ရင် ကောင်းတာပေါ့။ တကယ်ကို မစဉ်းစားချင်ဘူးဆိုရင်တော့ နည်းလမ်းလေး ပေးခဲ့ပါမယ်။ အဲဒီနည်းလမ်း ကတော့ သတိတရားနဲ့နေတတ်အောင် ကြိုးစားပါလို့။ စဉ်းစားသူများအတွက် တစ်ခုတော့ရှိတယ်။ လောကကြီးကတော့ ဘယ်တော့မှ လူတွေကို ရှုတ်ထွေး အောင် မလုပ်ဘူး။ လူတွေကသာ ကိုယ့်စိတ်ကို ရှုပ်ထွေးအောင် လုပ်နေကြတာ။ လောကကြီးကို အပြစ်မတင်ကြဖို့ပါ။ ကြည့်ပါဦး။ လူတွေရဲ့စိတ်တွေမှာ စိတ်ခံစားမှုတွေ၊ စိတ်ကောက်မှုတွေ၊ စိတ်ဆိုးမှုတွေ၊ စိတ်ပျက်မှုတွေ၊ စိတ်တိုမှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေ၊ စိတ်ဖိစီးမှုတွေ-စသည်ဖြင့် စိတ်နဲ့စပ်ပြီးရှုပ်ထွေးနေကြတာ။ ဒါကို လူတွေက ပြဿနာလို့ယူဆတာ။ စိတ်နဲ့ဆိုင်တဲ့ပြဿနာပေါ့။


ပြဿနာဆိုတာ ကိုယ်ကရှာလို့ရတဲ့ ပြဿနာမျိုးရှိသလို၊ ကိုယ်ကမရှာပဲ ကိုယ်ထံရောက်လာတဲ့ ပြဿနာမျိုးလဲ ရှိတတ်တယ်။ ဘာပဲဖြစ်ဖြစ် ပြဿနာဆိုတာ လက်ခံထားသင့်တဲ့ အရာမျိုးမဟုတ်ဘူးဆိုတာကိုတော့ လူတိုင်းနီးနီး နားလည်ထားပြီး ဖြစ်မှာပါ။ ဒီလိုရှုပ်ထွေးလှတဲ့ ပြဿနာတွေကိုရှင်းချင်ရင် ပြဿနာဆိုတာဘာလဲဆိုတာ ကြိုတင်သိ ထားရမှာ။ ပြဿနာကိုသိထားပြီးမှ ဝိုင်းဝန်းဖြေရှင်းလို့ရမှာ။
ပြဿနာဆိုတဲ့အဓိပ္ပါယ်ကို စာနဲ့ပေနဲ့ရှင်းရမယ်ဆိုရင် ‘’အဖြေလိုနေတဲ့မေးခွန်း’’လို့ ဆိုရမှာပါ။ ၃ အရပ်စကားနဲ့ ပြောရင်တော့ ပြဿနာဆို တာ သဘောတူညီမှုမရသေးတဲ့ သဘောထားကွဲလွဲမှု-လို့ဆိုရမှာပါ။ လှေမျှောရင် လှေနဲ့လိုက်ရတယ်။ ငွေမြောရင် ငွေနဲ့ လိုက်ရတယ်ဆိုတဲ့ လောကအဆို ရှိထားတယ်။

အဲဒီသီအိုရီအရဆိုရင် ငွေကြေးကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာမျိုး ဖြစ်နေခဲ့ရင် ငွေကြေးနဲ့ပဲရှင်းမှ ရနိုင်တယ်။ စိတ်ကြောင့်ဖြစ်တဲ့ ပြဿနာမျိုးဆိုရင်လဲ စိတ်နဲ့ရှင်းမှ ရနိုင်တယ်ဆိုတဲ့သဘောပါ။ ဒီသီအိုရီကို အခါခပ်သိမ်းမှန်တယ်လို့တော့ ယူဆလို့မရ ဘူး။ ဘာကြောင့်လဲဆိုရင် လူ့လောကမှာဖြစ်နေတဲ့ ပြဿနာတွေက ထောင်သောင်းမက ရှိနေတာ။
မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေမှာ ပြဿနာတွေအများကြီးရှိနေတယ်လို့ အများကပြောကြတယ်။ တကယ်တော့ လူမျိုးတိုင်းမှာ ပြဿနာ ဆိုတာကတော့ ရှိနေကြတာပဲ။ နိုင်ငံရေးပြဿနာ၊ ဘာသာရေးပြဿနာ၊ စီးပွားရေး ပြဿနာ၊ လူမှုရေးပြဿနာ-စတဲ့ ပြဿနာတွေကတော့ စုံနေမှာပါ။ ပြဿနာကြီးတယ်၊ ငယ်တယ်လို့ ဆုံးဖြတ်ပြောဆိုနိုင်ဖို့ကတော့ တိုင်းတာတဲ့စံနှုန်းပေါ်မှာ မူတည်တယ်။

ဒီလိုဆို ဘယ်လိုတိုင်းတာ မလဲလို့ စဉ်းစားတဲ့အခါ လောက အမြင်နဲ့ စဉ်းစားမလား၊ ဓမ္မအမြင်နဲ့ စဉ်းစားမလား၊ တစ်ခုခုနဲ့ စဉ်းစားနိုင်ကြဖို့ပါ။ လူလောကမှာ လွတ်လပ် စွာ ပြောဆိုခွင့်မရှိတာတို့၊ လွတ်လပ်စွာပုံနှိပ်ထုတ်ဝေရေးသားခွင့်မရှိတာတို့၊ ဘာသာရေးလွတ်လပ်ခွင့်မရှိတာတို့ဆိုတာ လူမှု ပြဿနာတွေရဲ့ အခြေခံအကြောင်းတရားတွေလို့ အဆိုပြုထားကြတယ်။ ဒါကလဲ နိုင်ငံရေးနယ်ပယ်မှာ နှစ်ဖက်သဘောတူဖို့ခက်တဲ့ ပြဿနာမျိုးပါ။ အဲဒီလို သဘောတူညီမှုမရနိုင်ကြလို့လဲ ပြဿနာဆိုတာဖြစ်နေတာ။ ရှုပ်ထွေးတဲ့ လူ့လောကရဲ့ အတွေးအမြင်တွေပါ။
ဓမ္မအမြင်နဲ့ကြည့်မယ်ဆိုရင်တော့ ‘သီလနဲ့ဗြဟ္မစိုရ်’ ဟာ လူတစ်ယောက်မှာ ဂုဏ်သိက္ခာရှိ၊ မရှိကို တိုင်းတာနိုင်တဲ့ အခြေခံဓမ္မမှတ်ကျောက်လို့ ဆိုရမှာပါ။ လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာဆိုတာ သီလသိက္ခာပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဘာကြောင့်လဲဆိုရင် သီလသိက္ခာက ကိုယ်နဲ့နှုတ်ကို ယဉ်ကျေးစေနိုင်လို့ပါ။

ဒါကြောင့် ကိုယ်ကျင့်သိက္ခာမရှိတဲ့ပုဂ္ဂိုလ်၊ အများရဲ့အပြစ်တွေချည်းပဲ ရှာနေတတ်တဲ့ပုဂ္ဂိုလ်၊ အတ္တ လွန်းကဲတဲ့ပုဂ္ဂိုလ်၊ဒီလိုပုဂ္ဂိုလ်တွေမှာ ဂုဏ် သိက္ခာဆိုတာ ရှိနိုင်ဖို့အခက်သား။ ဂုဏ်သိက္ခာမရှိတဲ့အပြင် ပြဿနာကိုပါ မွေးဖွားပေးနေသူတွေလို့ ဆိုရမှာပါ။ သတ်ခြင်း၊ ခိုးခြင်း၊ သူများအိမ်ယာများကို စော်ကားခြင်း၊ ဖောက်ပြန်ခြင်း၊ ပြစ်မှားကျူးလွန်ခြင်းစတဲ့ သူတို့ပြုလိုက်တဲ့ဒီအမှုတွေဟာ အများအတွက် ပြဿနာတွေဖြစ်စေခဲ့တယ်။ အများအကျိုးကိုလိုလားတဲ့ မေတ္တာစိတ်ကအားနည်းနေတော့ သူများရဲ့အတင်းအဖျင်းတွေကို မမောနိုင်မပမ်းနိုင်ပြောနေတာ၊ သနားကြင်နာတဲ့ ကရုဏာစိတ်က သတ္တိညံ့နေတော့ သူများနစ်နာအောင် အပြင်းအထန် အားထုတ်နေတာ၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးစသည်တွေမှာ အောင်မြင်နေတဲ့ပုဂ္ဂိုလ်များကို တွေ့ရပြန်တော့ မနာလိုစိတ်တွေ၊ ဝန်တိုစိတ်တွေ၊ မရှုစိမ့်နိုင်တဲ့စိတ်တွေ၊ဒီစိတ်တွေက ထကြွကသောင်းကြမ်းလာတာ။ သူ့မှာ ဘယ်လိုလုပ်ပြီး မုဒိတာစိတ်တွေးပွားနိုင်တော့မှာလဲ။ ယုံကြည်ချက်ခြင်း၊ ခံယူချက်ခြင်း၊ အတွေးအမြင်ခြင်း မတူတဲ့အခါ တစ်ဖက်သားအပေါ်မှာ နားလည်မှုလွဲနေတတ်တာတို့၊ ခွင့်မလွတ်နိုင်တော့ တာတို့၊ သည်းခံ စိတ် မမွေးနိုင်တော့တာတို့၊ ဒါတွေဟာ ဥပေက္ခာနှလုံးသားမှာ ဒဏ်ရာရနေသူတို့ရဲ့ လက္ခဏာအမှတ် အသားလို့ ဆိုရမှာပါ။

ဒီစိတ်မျိုးတွေဝင်လာပြီဆိုရင်တော့ မခေါ်မပြောနိုင်တော့တာမျိုးတို့၊ မျက်နှာထားတင်းမာနေတာမျိုးတို့ဆိုတာ သိသာထင်ရှာနေတော့တာ။ဒီလိုပုဂ္ဂိုလ်တွေကို တွေ့ဖူးကြမှာပါ။ အရိယာအဖြစ်သို့လဲ မရောက်နိုင်သေး၊ ဝိပဿနာစခန်းများသို့လဲ မသွားနိုင်ကြရှာသေးလို့ သတိတရားကို ကောင်းစွာ ဆောင်မထားနိုင်ကြသေးတဲ့ ပုထုဇဉ်တွေအတွက် ပြဿနာတွေဖြစ်နေတယ်ဆိုတာ ဘာမှဆန်းတော့တာမဟုတ်ပါ။ စဉ်းစားနိုင်ကြဖို့ပါ။
ရှုပ်ထွေးနေတဲ့ မြန်မာနိုင်ငံရဲ့ မျက်မှောက်ခေတ်အခြေအနေတွေကို လေ့လာသုံးသပ်ကြည့်တဲ့အခါ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကိုယ့်ကျင့်သိက္ခာမြင့်မားရေးနဲ့ သာသနာတော်အရေးတွေကအစ တိုင်းရေး၊ ပြည်ရေး တွေအထိ နေရာတိုင်းမှာ ပြဿနာအသွင်ကို ဆောင်နေတယ်လို့ဆိုကြတယ်။ များပြားလှတဲ့အရေးတွေမို့ တခြားအရေးတွေကိုခဏထားပြီး သာသနာတော်အရေးတစ်ခုကိုပဲ နဲနဲဆွေး နွေးချင်ပါတယ်။

နိုင်ငံတွင်းမှာ ပြည်သူတွေ ကိုယ်ကျင့်သိက္ခာများ ပျက်ပြားနေခြင်းဟာ သာသနာတော်ရေးနဲ့ ဆိုင်၊ မဆိုင်စဉ်းစားကြည့်ဖို့ပါ။ သားသမီးများရဲ့အရေးဟာ မိဘများအရေးဖြစ်သလို၊ မိဘများရဲ့အရေးဟာလဲ သားသမီးများရဲ့အရေးဆိုတာ သိထားကြရမှာပါ။ ယနေ့ခေတ် ကြီးကြီးငယ်ငယ် လူရွယ်လူငယ်များ ကိုယ်ကျင့်သိက္ခာတွေပျက်ပြားနေခြင်းဟာ လူမျိုးဘာသာ သာသနာအရေးလို့ ဆိုနိုင်၊ မဆိုနိုင် စဉ်းစား နိုင်ဖို့ပါ။ ဆင်းရဲလို့အကျင့်ပျက်ရတာလား၊ အကျင့်ပျက်လို့ ဆင်းရဲကြတာလား ဆိုတာကိုလဲ ဆွေးနွေးနိုင်ဖို့ပါ။


ဆင်းရဲခြင်းအကြောင်းတွေက များစွာရှိကောင်းရှိမယ်။ ဒါပေမဲ့ဒီအကြောင်းတရားလေးပါးကတော့ အဓိကကျမယ်လို့ ထင်မိတယ်။ စဉ်းစား နိုင်ဖို့ပါ။ ဆင်းရဲခြင်းအကြောင်းတွေထဲမှာ …
(၁) တိုင်းပြည်တစ်ခုရဲ့ စီးပွားရေးပေါ်လစီနဲ့သက်ဆိုင်နေသလား။
(၂) အလုပ်လုပ်ကြရာမှာ လုံ့လဝီရိယနဲ့ အလုပ်မလုပ်ကြလို့လား။
(၃) တိုင်းသား ပြည်သူတွေ အသောက်အစားနဲ့ လောင်းကစားမှုတွေ၊ အပျော်အပါး (ကာမ) မှုတွေ များလွန်းနေလို့လား။
(၄) ရှာလို့ရလာတဲ့ စီးပွားဥစ္စာထဲမှ ဝင်ငွေနဲ့ထွက်ငွေ မျှတအောင်ချွေတာသုံးစွဲတတ်တဲ့အသိပညာတွေ မရှိကြလို့လား။
အဖြေရှာနိုင်ကြဖို့ပါ။ သီလမရှိတာနဲ့ ဆင်းရဲတာ ဘာမှမဆိုင်ပါဘူးလို့တော့ ပြောလို့မရဘူး။

အဲဒီလိုပြောခဲ့မယ်ဆိုရင် ‘သီလစောင့်မှ အူမ တောင့်တယ်’ ဆိုတဲ့ ပညာရှိသူတော်ကောင်းတို့ရဲ့ စကားရယ်၊ သီလနဲ့ပြည်စုံတဲ့သူဟာ တောင့်တတဲ့ အလိုဆန္ဒများကို ပြည့်ဝစေနိုင်တယ်လို့ ဟောထားတဲ့ ဘုရားစကားရယ်၊ ဒီစကားတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားမှာပေါ့။ ဒီလောကမှာ ဆင်းရဲတဲ့ဆုကို တောင်းတတဲ့လူဆိုတာ ရှိနိုင် မယ်မထင်ပါ။ ရှိခဲ့မယ်ဆိုရင်လဲ ထိုလူဟာ ပုံမှန်လူတော့ မဟုတ်တန်ရာ။
ပြည်သူ၊ ပြည်သားတွေဆင်းရဲနေကြတာဟာ ကံတရားကြောင့်ပါလို့ဒီလိုအဖြေမျိုးကို လွယ်လွယ်နဲ့တော့ မဖြေသင့်ဘူး။ ‘ကံသာလျှင်အမိ၊ ကံသာလျှင်အဖ’ လို့ ဘုရားဟောစကားရှိထားတာမှန်ပေမဲ့ ပယောဂသမ္ပတ္တိ (ဉာဏ် ငီရိယ စသောပယောဂရှိခြင်း) ကင်းနေခဲ့ရင် ယခုမျက် မှောက်ဘဝမှာ ရှင်ဘုရင်သားလဲ ရှင်ဘုရင်မဖြစ်နိုင်သလို၊ သူဋ္ဌေးသားလဲ သူဋ္ဌေးမဖြစ်နိုင်ပါ။

ကုဋေရှစ်ဆယ်ကြွယ်ဝတဲ့ သူဋ္ဌေးသားဟာ ပညာမတတ်၊ လုံးလမရှိ၊ အသုံးအဖြုန်းကြီး၊ မူးရစ်ပျော်ပါးခြင်းနဲ့သာ အချိန်ကုန်ခဲ့လေတော့ နောက်ဆုံးခွက်စုတ်တစ်ခုနဲ့ တောင်းစားရ တဲ့အဖြစ်ကို ရောက်သွားရတာပါ။ ကုဋေရှစ်ဆယ်သူဋ္ဌေးသားဝတ္ထုကို လူတိုင်းနီးနီးကြားဖူးထားတာမို့ အကျယ်ချဲ့၍မရေးလို့တော့ပါ။ ပစ္စုပ္ပန် ဘဝမှာ ဘာမှမလုပ်ပဲ၊ ဘာမှအားထုတ်ပဲ ‘ကံတရားကြောင့် ဆင်းရဲရတာပါလို့’ ကံကိုချည်း ရိုးမယ်ဖွဲ့နေမယ်ဆိုရင်တော့ သက်ရှိ၊ သက်မဲ့အရာ အားလုံးဟာ ဖန်ဆင်းရှင်အလိုကြဖြစ်ရတယ်လို့ ယုံကြည်လက်ခံထားတဲ့အယူဝါဒနဲ့ ဘာမှထူးတော့မည် မဟုတ်ပါ။ သတိပြုနိုင်ကြဖို့ပါ။


ကံကိုပယ်ရင် ဗုဒ္ဓဘာသာဝင် မဟုတ်တော့ဘူးလို့ စောဒကတက်လာနိုင်တယ်ဆိုတာကိုလဲ သိထားရမှာပါ။ ဒါပေမဲ့ ပြည်သူ၊ ပြည်သားများ ဆင်းရဲနေရတဲ့ကိစ္စမှာ ကံကိုချည်း ရိုးမယ်ဖွဲ့နေလို့ မရနိုင်ပါ။ အခုလိုပြောဆိုနေခြင်းဟာ ကံကိုပယ်နေခြင်းမဟုတ်ပါ။ ဉာဏ်မယှဉ်နိုင်လို့ မှားယွင်းစွာယုံကြည်ထားတဲ့ မိစ္ဆာဒိဋ္ဌိအယူမျိုးကို ပယ်နိုင်အောင် ပြောနေခြင်းပါ။ ကံ ဉာဏ် ဝီရိယ သုံးပါကို အချိုးညီညီ အားထုတ်မှုမပြုပဲ ကံကိုချည်းအပြစ်ပုံချ၍မရပါ။ ဥပမာ၊ တောကျောင်း၊ ရွာကျောင်းတွေမှာ ကျောင်းသား၊ ကိုရင်တွေနည်းပါးသွားတာ (သို့မဟုတ်) လုံးဝမရှိ တော့တာဟာ ကံကြောင့်ချည်းမဟုတ်ပါ။ ဘာသာရေးခေါင်းဆောင်များ၊ ဗုဒ္ဓဘာသာအသင်းအဖွဲ့ခေါင်းဆောင်များ၊ ရွာသူ၊ ရွာသားများရဲ့ ပယောဂသမ္ပတ္တိအားနည်းမှုကြောင့်လဲ ဖြစ်ရတယ်ဆိုတာ သိထားကြဖို့ပါ။ ခေတ်ကာလတွေ ပြောင်းလဲလာတာနဲ့အမျှ ခေတ်ပညာတွေကို သင်ချင်ရှာကြတဲ့ ကျောင်းသား၊ ကိုရင်များဟာ ခေတ်ပညာများကို သင်ကြားမပေးနိုင်တဲ့ ဘုန်းကြီး ကျောင်းများမှ ထွက်ခွာခဲ့ကြရပြီး၊ ခေတ်ပညာများကို သင်ကြားပေးနိုင်တဲ့ စာသင်ကျောင်းများသို့ ပြောင်းရွှေ့ပညာသင်ကြားကြရတာပါ။

ပညာကိုလိုချင်ရှာကြတဲ့ ကျောင်း သား၊ ကိုရင်များရဲ့ ဘဝလေးများကို စာနာစိတ်နဲ့ နားလည် ပေးနိုင်ကြမယ်ရင် သူတို့ရဲ့ ခွဲခွာခြင်းဟာ မတတ်သာလို့သာ ခွဲခွာရခြင်းဆိုတာကို ပြောလိုရင်းပါ။ ကိုယ့်ဆရာ၊ ကိုယ့်ဘုန်းကြီးကို သူတို့လဲ ဘယ်ခွဲခွာသွားချင်ကြမလဲ။ ခွဲခွာကြရတဲ့အချိန်မှာ သူတို့ရဲ့မျက်ဝန်းအိမ်များမှာ မျက်ရည်စတွေ ဝေ့ဝဲနေတဲ့ ကျောင်းသား၊ ကိုရင်များရဲ့မျက်နှာလေးများကို စာရှုသူတို့ တွေ့ဖူး၊ မြင်ဖူးကြမှာပါ။
အဲဒီလို ဖြစ်ရတာဟာလဲ ကံပဲမဟုတ်ဘူးလား။ ဗုဒ္ဓဘာသာဝင်တွေ ဆင်းရဲမွဲတေပြီး၊ ကိုယ်ကျင့်တရားတွေ ပျက်ပြားနေတာဟာလဲ ကံတရား ကြောင့်ပဲမဟုတ်ဘူးလားလို့ ကမ္မဝါဒ (ကံကို ယုံကြည်ထားလွန်းတဲ့သူ) က မေးခွန်းတွေ ဆက်တိုက်မေးလာနိုင်တယ်။ ဒီမေးခွန်းတွေကို တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ဖြေကြားထားပြီးဖြစ်တယ်။ ဆရာတော်ဘုရားကြီးက ‘အရာရာ ကံကိုချည်းစွဲလမ်းသူများ လည်း ‘ပုဗ္ဗေကတဟေတုဒိဋ္ဌိ’ခေါ် မိစ္ဆာဒိဋ္ဌိ တမျိုးမှ မလွတ်ကင်းဘဲ ရှိကြလေသည်။ ထိုဒိဋ္ဌိ၏ယူမှားပုံကား ‘ယခု မျက်မြင်သတ္တဝါတွေသည် ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသောအကြောင်းအကျိုးကို ခံစားရ၏။

ထိုအကျိုးအားလုံးသည် ရှေးကပြုခဲ့ဘူးသော ကံကြောင့်ချည်းသာ ဖြစ်၏’ ဤသို့စသည်ဖြင့် ယူလေသည်။ မိစ္ဆာအယူကိုစဉ်းစားလျှင် ‘မကောင်းလည်းကံ ကောင်းလည်းကံ’ ကံတစ်ခုကိုသာ စွဲလမ်းကြသော ဗုဒ္ဓဘာသာဝင်တို့ကလည်း ထို ပုဗ္ဗေကတဟေတုဒိဋ္ဌိမှ မလွတ်သည်ကို တွေ့ရပေသည်’’ဟု ကံကိုယုံကြည်မှုနှင့်စပ်၍ အတိအကျဖြေကြား ထားခဲ့၏။ (ကိုယ်ကျင့်အဘိ”မ္မာ နှာ-၂၃၄) ကံကိုယုံကြည်ယုံရုံမျှနဲ့ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ်နိုင်၊ မဖြစ်နိုင်ဆင်ခြင်ကြည့်နိုင်ဖို့ပါ။
မြန်မာပြည်က ဆရာတော်ခပ်များများဟာ တောကျောင်း၊ ရွာကျောင်းများ၌ ကျောင်းသား၊ ကိုရင်များ တစ်နေ့တစ်ခြား နဲပါးလာခြင်းကိစ္စနှင့် ပတ်သက်၍ စိုးရိမ်စိတ်နှောလျက် သာသနာတော်အရေးအတွက် အကြိမ်ကြိမ်ဆွေးနွေးပွဲများ လုပ်ဖြစ်ကြတယ်ဆိုတာကြားသိရ၍ ဝမ်းသာ မိပါ၏။

ထိုအရေးများကို နှစ်များစွာကပင် ကြိုတင်၍ မြင်တော်မူခဲ့တဲ့ တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးကဒီလိုဖြစ်နေခြင်းဟာ ‘မြန်မာနိုင်ငံအတွက် သာသနာရေးအသက်ငင်နေခြင်းပင် ဖြစ်တော့သည်’ ဟု ကောက်ချက်ချပြတော်မူခဲ့တယ်။ ဆင်းရဲလို့ ကိုယ်ကျင့် တရားတွေပျက်ပြားတာ ဖြစ်နိုင်သလို၊ ကိုယ်ကျင့်တရားပျက်ပြားလို့ ဆင်းရဲတာလဲ ဖြစ်နိုင်ပါတယ်။ ဆင်းရဲလို့ သာသနာကိုစွန့်ရဲတာလဲ ဖြစ်နိုင်သလို၊ ဘာသာ၊ သာသနာစိတ်၊ မျိုးချစ်စိတ်အားနည်းလို့ ဘာသာ၊ သာသနာကို စွန့်ရဲတာလဲဖြစ်နိုင်ပါတယ်။ သာသနာတော်အရေးနှင့် အမျိုးသားရေးများကို ရှေ့တန်းမှဆောင်ရွက်တော်မူကြတဲ့ ရဟန်းသံဃာတော်များ။ အမျိုးသားရေးဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ဘာသာရေးအသင်းအဖွဲ့ခေါင်ဆောင်များ သတိမူသင့်တဲ့ကိစ္စမျိုးပါ။ သိမ့်မွေ့လှတဲ့ ဘာသာရေးအစ်ရှူး (issue) ဖြစ်လို့ အလေးအနက်ထားပြီး စဉ်းစားနိုင်ကြဖို့ပါ။


ယနေ့မျက်မှောက်ကမ္ဘာမှာ စီးပွားရေးသမားများက သူထထက်ငါ နေရာဦးပြီး၊ အကျိုးအမြတ်များများ ရရှိနိုင်ဖို့ ကမ္ဘာတစ်ခွင်ကို ခြေဆန့် နေကြတယ်။ ဒုတိယခြေလှမ်းအနေနဲ့ စကြာဝဠာတွင်းရှိ ဂြိုဟ်များဆီသို့သွားပြီး နေရာဦးနိုင်ဖို့ ခြေလှမ်းများပင်ပြင်ဆင်နေကြတယ်။ ထိုနည်း တူစွာပဲ ကမ္ဘာအရပ်ရပ်ရှိ ဘာသာရေးခေါင်းဆောင်များ၊ ဘာသာရေးအသင်းအဖွဲ့များဟာ ကိုယ်ယုံကြည်ချက်ရှိထားတဲ့ ဘာသာတရားရဲ့ တရား”မ္မများ၊ ယဉ်ကျေးမှု”လေ့ထုံးများကို ကမ္ဘာမြေပေါ်အနှံ့ လွှမ်းမိုးနေရာယူနိုင်ဖို့ ကိုယ်အား၊ ဉာဏ်အား၊ “နအားတွေနဲ့ သာသနာပြုမစ် ရှင်တွေ (mission) တွေကို နည်းဗျူဟာ (၂) မျိုးကိုသုံးပြီး သူ့ထက်ငါ အပြိုင်စေလွတ်နေကြတယ်။ စိတ်ဝင်စားစရာပါ။

သူတို့သုံးတဲ့ နည်းဗျုဟာ (၂) မျိုးက –

(၁) မစ်ရှင်နည်း။ ဒီနည်းက စစ်တပ်များလို ရှေ့တန်းမှာ စစ်မျက်နှာဖွင့်ပြီး တိုက်တဲ့နည်း။ ဆိုလိုတာက တရားစာအုပ်တွေကို ဖြန့်ဝေမယ်။ ပြည်သူ၊ ပြည်သားတွေ နားထဲရောက်အောင် တရားတွေကို ဟောပြောမယ်၊ အိမ်ပေါက်စေ့၊ ရွာပေါက်စေ့၊ မြို့ပေါက်စေ့ရပ်ပြီး လူတွေကိုစည်းရုံးမယ်၊ တရားဓမ္မတွေကို ဆွေးနွေးမယ်။ ဒီလိုနည်းနဲ့ စည်းရုံးတာ။

(၂) ထောက်ပို့နည်း။ ဒီနည်းက ဘာနဲ့ တူလဲဆိုတော့ ရှေ့တန်းက စစ်မျက်နှာဖွင့်ပြီးတိုက်သွားတဲ့နေရာတွေကို နောက်ထပ်မစ်ရှင်တွေလွှတ်ပြီး သူတို့ရဲ့ဘာသာတရားတွေ အခြေ ကျနိုင်ဖို့ ရပ်ရွာတွေကို ပြုပြင်ပေးခြင်း၊ စာသင်ကျောင်းတွေဆောက်လုပ်ပေးခြင်း၊ ဆေးခန်းတွေဆောက်လုပ်ပေးခြင်း၊ ကလေးသူငယ်များကို စာသင်ပေးခြင်း၊ ကလေးသူငယ်များအား စားစရာ၊ ဝတ်စရာ၊ နေစရာများပေး၍ ဆွဲဆောင်ခြင်း၊ ရွာသူ၊ ရွာသားများကို စည်းရုံးခြင်း၊ မိဘများ အားလဲပံ့ပိုး၍ စည်းရုံးခြင်းဒီနည်းတွေကို အသုံးပြုတယ်။

ဒီနည်း (၂) နည်းကို မစ်ရှင်တွေက အားနဲ့အင်နှင့်အတူ ငွေကြေးဓနများပါသုံးပြီး သာသနာပြုနေချိန်မှာ ဘာသာရေးခေါင်းဆောင်တွေ၊ အမျိုးသားရေးခေါင်းဆောင်တွေဟာ ‘ဒါတို့ပြည် (ပြေ) ဒါတို့မြေ’’ လုပ်နေကြတုံး ရှိနေကြသေး၍ စိုးရိမ်တတ်သူတို့အတွက် စိုးရိမ်ဖွယ်ဖြစ်နေမှာပါ။ ဘာမှမလုပ်လို့ကတော့၊ ဘာမှဖြစ်မလာဘူးဆိုတာ ရဟန်းရှင်လူများ သတိပြုနိုင်ကြဖို့ပါ။

ခေတ်မှီတဲ့ မစ်ရှင်နည်းဗျူးဟာတွေနဲ့ အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်နေကြတော့ ဘာသာရေးအခြေခံနည်းပြီး ဆင်းရဲတဲ့မိသားစုများ အတွက်တော့ ‘ရေဆာတုန်း ရေတွင်းထဲကျတဲ့’ကိန်းဆိုက်ရောက်နေတယ်လို့ ဆိုရမှာပါ။ မြန်မာပြည်တွင်းရှိ ဆင်းရဲတဲ့တိုင်းသူ၊ ပြည်သား တွေဟာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပံ့ပိုးပေးတဲ့မစ်ရှင်တွေရဲ့ သာသနာပြုအရိပ်အောက်မှာ ကျရောက်ရတာဟာ ဆန်းတော့မဆန်း တော့ပါ။ သူတို့သာသနာပြုတဲ့နည်းက ပေးတဲ့၊ ကျွေးတဲ့နည်း။

ဗုဒ္ဓဘာသာဝင်အများစု သာသနာပြုတဲ့နည်းက တောင်းတဲ့၊ ယူတဲ့နည်း။ အမြင်ရှင်းရှင်းလေးနဲ့ မြင်တတ်၊ ကြည့်တတ်ဖို့ပါ။ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ဒီမစ်ရှင်စီမံကိန်းဟာ ပြည်နယ်၊ ပြည်မ မှာနေထိုင်ကြတဲ့ ကလေးပေါင်းများစွာ၊ အမျိုးသမီးပေါင်းများစွာ၊ ဘာသာဝင်ပေါင်းများစွာကို သိမ်းသွင်းစည်းရုံးနိုင်သွားပြီဆိုတာ ရဟန်းရှင် လူများ သိများမှသိကြပါလေစ။
ဒီလိုဖြစ်နေတဲ့ အခြေအနေမျိုးတွေကို သုံးသပ်မိတော့ ယခင်အခါများက ဆွမ်းချိုင့်ဆွဲမဲ့ ကျောင်းသား၊ ကိုရင်များမရှိတော့ပေမဲ့ ဆွမ်းပို့ပေး မည့် ရွာသူ၊ ရွာသားများရှိနေသေး၍ သံဃာတော်များအတွက် ဖြေသာ၊ နေသာ ရှိသေးသော်လည်း ယခုအခါ ကျောင်းသား၊ ကိုရင်များအရေး နှင့် ဆွမ်းပို့မည်သူအရေးဟာ စိုးရိမ်ရေမှတ်သို့ ရောက်နေပြီလို့သာ ဆိုရတော့မည်ဖြစ်၏။

ဒီအခြေအနေမျိုးမှာ ဘာသာရေးခေါင်းဆောင်များနှင့် ရဟန်းရှင်လူများသည် စုပေါင်းစနစ်ဖြင့် ကျန်စစ်မင်းကြီးကဲ့သို့ ညာဘက်လက်ဖြင့် အစာကိုပေး၍ ဘယ်ဘက်လက်ဖြင့် ဝတ်စားတန်ဆာ များကို ပေးသင့်ပါကြောင်း တိုက်တွန်းနှိုးဆော်ရခြင်းပါ။ ဘာသာရေးခေါင်ဆောင် သံဃာတော်အပေါင်းကလဲ ဒကာ၊ ဒကာများမှ လှူဒါန်း သောအလှူကို မေတ္တာလက်ဖြင့်ခံယူ၍ ဆင်းရသူများအား တတ်စွမ်းသမျှ ကရုဏာလက်ဖြင့် ပေးကမ်းသင့်ပါကြောင်း အမျိုး၊ ဘာသာ၊ သာသနာတော်အရေးအတွက် မဝင့်မရဲ လျှောက်ထားရပါ၏။ ‘အသက်ငင်နေသောသာသနာကို မိမိတို့လက်ထက်၌ အသက်ထွက်မသွား စေချင်၍ ဒီစာဖြင့် ရေးသားလျှောက်တင်ရခြင်းပါဘုရား။ အားလုံးအပေါ်မှာ လွန်တာရှိက ဝန္ဒာမိပါဘုရား။


ဗုဒ္ဓဘာသာအချင်းချင်း အားပြိုင်နေကြမဲ့အစား၊ ဂုဏ်ပြိုင်နေကြမဲ့အစား မေ့လျော့ပျော်မြူးနေကြမဲ့အစား၊ သာသနာတော်အရေးကို ကိုယ့် ဘဝအရေးလို သဘောထားပြီး၊ တောကျောင်း၊ ရွာကျောင်းတွေမှာ ကျောင်းသား၊ ကိုရင် မရှိတော့ခြင်းကို အကြောင်းပြု၍ အဖြေတစ်ခုခုကို ရရှိနိုင်ရေးအတွက် ဝိုင်းဝန်းစဉ်းစားပေးကြစေချင်ပါ၏။ သူတို့ရဲ့ သာသနာပြုနည်းများသည် စနစ်ရှိပြီး၊ ခေတ်နှင့်လျော်ညီစွာ ပြုလုပ်နိုင်ကြ၍ အစွမ်းထက်မြက်ကြောင်း သတိမူနိုင်ကြရန် ဤ ဖု(ဒ်) နုတ် (Foot Note) လေးကို ထည့်သွင်းဖေါ်ပြခြင်းဖြစ်ပါသည်။ အသိရှိသူတို့ သတိမူ နိုင်ကြပါစေ။


သူတို့အလုပ်၊ သူတို့တာဝန်များကို ဆောင်ရွက်နေကြတဲ့ သူများကိုလဲ အပြစ်မတင်လိုပါ။ ကိုယ့်အလုပ်၊ ကိုယ့်တာဝန်များကို ဆောင်ရွက်ရန် ပျက်ကွက်နေကြတဲ့သူများကိုလဲ အပြစ်မတင်လိုပါ။ အသက်ငင်နေတဲ့ ဘုရားရှင်ရဲ့ သာသနာတော်မြတ်ကြီး အသက်ဆက်နိုင်ရေးအတွက် ဆွေးနွေးတင်ပြခြင်းသာဖြစ်ပါတယ်။ လူတိုင်းကိုယ်စီ၌ ယုံကြည်ချက်ကိုယ်စီရှိနေကြ၍ အတွေးချင်း၊ အမြင်ချင်း မတူညီခဲ့ကြလျှင်လဲ အပြစ် မတင်ကြဖို့ပါ။ မေတ္တာနှလုံသားဖြင့် မြတ်ဘုရား၏ မေတ္တာတရားကိုခံယူ၍ ကရုဏာနှလုံးသားဖြင့် မြတ်ဘုရား၏ကရုဏာတရားများကို ဆီးမီးညှိထွန်းသည့် နည်းဥပမာဖြင့် ပြည်သူ၊ ပြည်သာများအား လက်ဆင့်ကမ်းပေးဝေနိုင်ကြပါစေ။

အလင်းကွယ်လျှင် အမှောင်ရောက် တတ်၍ အမှောင်မရောက်ခင် အလင်းမကွယ်နိုင်ဖို့ပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။

ဒေါက်တာဓမ္မပီယ (USA)