Saturday, March 31, 2012

“နိဗ္ဗာန် မြင်ကွင်း”


 “နိဗ္ဗာန် မြင်ကွင်း”

“နိဗ္ဗာန်” ဆိုတဲ့ စကားကို  ကြားလိုက်ရင် ဗုဒ္ဓဘာသာ ဝင်တိုင်း အလေးအမြတ် ပြုကြတယ်၊ နောက်ဆုံးလား ရောက်အပ် တဲ့ ,နေရာ, အဖြစ် လက်ခံထားကြတယ်၊ ဘယ်လောက်ထိ လက်ခံကြသလဲဆိုရင် “ နိဗ္ဗာန်ရောက်ရပါလို၏” လို့ ဆုမတောင်း ဖူးတဲ့ ဗုဒ္ဓဘာသာဝင် မရှိလို့ တောင် ဆိုနိုင် မယ်၊ 


ဒါပေမယ့် နိဗ္ဗာန်ဆိုတာဘာလဲ .. ဆိုရင်တော့ ဝေဝေ၀ါးဝါး၊ ကြားဖူးပြီး နားမဝ၊ နားဝလည်း အဓိပ္ပာယ်ငတ် ဖြစ်နေကြတယ်၊ လက်လှမ်း မီသမျှ နာကြားနေ ဖတ်ရှုနေ ရတာ တွေကလည်း နိဗ္ဗာန်ဆိုတာ “အမတ”မသေရာပြည်၊ ခေမ-ဘေးမဲ့ပြည်၊ သန္တိသုခ -ငြိမ်းအေး ချမ်းသာတဲ့ အရာ၊ ပြီးတော့ နိဗ္ဗာန်ဟာ  အရောင်အလင်းရှိတယ်   နိဗ္ဗာန်ဟာ ရုပ်ထူး နာမ်ထူးဖြစ်တယ် ဆိုတဲ့ သဘောတွေ ဖြစ်နေတော့ တချို့က နိဗ္ဗာန် ဆိုတာ ခမ်းနား ကြီးကျယ်တဲ့ နေရာကြီးပါလေ ဆိုပြီး မိမိနဲ့  ပိုဝေးရာ ပို့ထား လိုက်ကြတယ်။

တစ်ချို့ကြတော့လည်း “ ချမ်းသာတဲ့ ဘုံဋ္ဌာန ”  တစ်ခုထင်မှတ်ပြီး ရောက်လို စောကြတယ်၊ နိဗ္ဗာန်ကို ရက်တိုတိုနဲ့ ရောက်ရပါလို၏လို့တောင် ဆုတောင်းကြတယ်။

တကယ် နိဗ္ဗာန်ရဲ့သဘော အနှစ်သာရကိုသိရင် တော်တော်တန်တန်လူဟာ လိုချင်ပါ့မလားလို့ သံသယ ဖြစ်မိ တယ်၊ တခါက ကျောင်းရိပ်ကန်ရိပ် ဟာသလေးတစ်ခုလို “ ရွာဦးကျောင်း ဆရာတော်က နိဗ္ဗာန်ဆိုတာ ငြိမ်း၍အေးကြောင်း၊ တကယ် ချမ်းသာစစ် ဖြစ်ပြီး ဘာမှပြုဖွယ် လုပ်ဖွယ်တွေ မရှိကြောင်း ဟောတော့၊ ဆေးလိပ်ကြိုက်တဲ့ ဒါယကာမကြီး တစ်ဦးက “ ဆေးလိပ်လေးမှ မဖွာရရင် ကိုယ်တော့် နိဗ္ဗာန်မလိုချင်ပေါင်” လို့ ထလျှောက်သတဲ့။

တိုင်းတရားသူကြီး ဟောင်းတစ်ဦးက မေးဖူးတယ်၊ နိဗ္ဗာန်ဆိုတာ ဘာလဲတဲ့၊ နိ+ဝါန နာမနှစ်ပုဒ်ကို သဒ္ဒါထုံးနဲ့ “ နိဗ္ဗာန” လို့ပြုထားတာ၊ ပါဠိသက်ဝေါဟာရ နိဗ္ဗာန်၊ အဓိပ္ပါယ်က ဝါန = လိုချင်တောင်းတ (တဏှာ)မှုမှ (တောင်းတမှုကို အခြေခံတဲ့ အကြောင်းရင်း အကြောင်းဖျား အားလုံးမှ)၊ နိ = မရှိခြင်း၊ ကင်းခြင်းလို့ ပြောပြလိုက်တော့ သူသဘောကျ သွားတယ်၊ စာရေးသူရဲ့ မိခင်ကြီးနှလုံးသွင်းတဲ့ “ဘာမျှမလိုချင်သူအတွက် အားလုံး ပြည့်စုံသွားတာပေါ့” ဆိုတဲ့ အလင်္ကာ စကားလေး ကိုလည်း ဥပမာပြုလိုက်တယ်၊ 

 နောက်ပြီး ဂျပန်ဘုန်းတော်ကြီး ‘ဆိုးဂီ’ ရဲ့ ...
နွေဦး ကျွန်ုပ်တဲ
ဘာမျှမရှိ အဟုတ်ပဲ
အားလုံးရှိတာပဲ .. ဆိုတဲ့ ဟိုက္ကူ ကဗျာလေးကိုလည်း ရွတ်ပြလိုက်သေးတယ်၊ စာကိုအခြေခံပြီး အနုမာနနဲ့ ပြောလိုက်ရတဲ့၊ ခန့်မှန်း နိဗ္ဗာန်၊ အနုမာနနိဗ္ဗာန်လို့ ဆိုနိုင်ပါတယ်၊ ရရှိသူတိုင်း မိမိတို့ ကိုယ်တိုင်ခံစား စံစားမှုအသီး အသီးဖြစ်တဲ “ပစ္စတ္တံ ဝေဒိတဗ္ဗ” သဘောဖြစ်ပါတယ်၊ မျက်မှောက် ပြုပုံခြားပေမဲ့ နိဗ္ဗာန်ကတော့“  လိုလားတောင်း တမှုတို့ရဲ့ အရင်း မူလတဏှာမှ အပြီးအပိုင် ကင်းခြင်းပါပဲ။

ဒီနေရာမှာလည်း “ဘာမျှ မလိုချင်ခြင်း သဘောကို လိုချင်ခြင်းဟာ သမ္မာဆန္ဒနဲ့ အောက်ခြေ ငြိမ်းအေးမှုဖြစ်ပြီး”  “ ဘာမျှ မလိုချင်ခြင်းကိုပင် မလိုချင်တော့ ခြင်းကမှ ထာဝရငြိမ်းအေးမှု” ဖြစ်တယ်ဆိုတာကို သဘောပေါက်ဖို့လို ပါတယ်၊ ဒါမှ  နိ+ဝါန အစစ်ဖြစ်တယ်။ အဲဒီသဘော ကိုလည်း မျက်မှောက် ဆိုက်ကာ (သစ္ဆိကရဏ)ဖြစ်ပြီး မလိုချင်မှုကို ဆိုလိုတာပါ။ မျက်မှောက်မပြုဖူးဘဲ မလိုချင်မှုကတော့ အန္ဓတို့ ထုံးစံသာပါ။

ဒီလိုအနုမာနနဲ့ သိလိုက်ရတာကိုပဲ၊ ခန္ဓာငြီးငွေ့Óဏ် ရင့်သန်တော်မူကြတဲ့ သူတော်ကောင်း များအဖို့ နိဗ္ဗာန်ကို ရလိုကြ တယ်၊ သိလို၊ မျက်မှောက် ပြုလိုကြပါတယ်။ အဲဒါကြောင့် ဗုဒ္ဓဝစန - ဘုရားစကား တော်တွေထဲမှာ ရှာဖွေမှတ်သား လိုက်နာ ကျိုးကုတ်ရင်း ဝါနကင်းရေးကို အားထုတ် တော်မူခဲ့ကြတယ်၊ ကျင့်တဲ့အတိုင်းသိသမျှ ကျင့်ပုံကျင့်နည်းကိုလည်း ဆင့်ကမ်း ငှဝေ သွန်သင် တော်မူခဲ့ကြပါတယ်။

အဲဒါကြောင့်လည်း “နိဗ္ဗာန်” ဆိုတဲ့ ဝေါဟာရကို ဘိုးဘွားပိုင် အမွေပစ္စည်း တစ်ခုလိုကို ဗုဒ္ဓဘာသာဝင်တွေဟာ ရင်နှီးနေကြပါတယ်။ ဒါပေမယ့် မကျင့်တတ် မယူတတ်လေတော့ “လူရိုင်းလက် ပတ္တမြားငမောက် ရောက်ဆိုသလို ဖြစ်နေတယ်” ပြည်တန်မှန်း မသိရုံမက အရောင်ဖြာ တာကိုပင် တောက်စားတယ် ထင်ပြီး ချောက်နက်ထဲ စွန့်ပစ်ချင် ကြသူတွေ တောင် ရှိမယ်ထင်တယ်၊ ဒါဟာ နိဗ္ဗာန်နဲ့ ဆံ့တဲ့ ဥာဏ်ခံနည်းလို့ ဆိုရမှာပါ၊ 

ဥာဏ်မရှိက နိဗ္ဗာန်စကားအလွန်ခါး၏ ” ဆိုသလိုမျိုး။ နိဗ္ဗာန်နဲ့ ဝါနလို့ခေါ်တဲ့ တဏှာဟာ ရင်နဲ့ကျောလို ကပ်နေတာမျိုးလို့ ဆရာတော် တစ်ပါးက ဥပမာပြုတာလည်း မှတ်သားရပါတယ်၊ အဝိဇ္ဇာဆိုတဲ့ အလွှာခြားမှုကြောင့် ကြည့်လေ .. ဝေးလေ .. ဝေးလေ ... ကြည့်လေ ပတ်ခြာလည် နေရ တာလို့ ဆိုလိုပုံရပါတယ်။

တကယ်တော့ နိဗ္ဗာန်ကို ဘုရားရှင်က တရားဦးမှာ နိရောဓသစ္စာအဖြစ် စတင်သိစေခဲ့တာပါ၊ အဲဒီသစ္စာကို ဆိုက်ရောက်ဖို့ ကျင့်စဉ်လမ်းကြောင်း၊ မဂ္ဂသစ္စာကိုလည်း တချိန်တည်း ဟောခဲ့တာပါ၊ 

အဲဒီလမ်းစဉ်က 
(၁) မှန်ကန်တဲ့ အသိအမြင်၊
 (၂) မှန်ကန်တဲ့ အတွေးအကြံ၊
 (၃) မှန်ကန်တဲ့ အပြော၊ 
(၄) မှန်ကန်တဲ့ ဆောင်ရွက်မှု၊ 
 (၅) မှန်ကန်တဲ့ အသက်မွေးမှု၊ 
(၆)မှန်ကန် တဲ့ လုံ့လ၊ 
(၇) မှန်ကန်တဲ့ အောက်မေ့ဆင်ခြင်မှု၊ 
(၈) မှန်ကန်တဲ့ တည်ကြည်မှု တွေပါဘဲ၊ ဒါကို စင်ကြယ်သူ(အရိယာ)တို့ရဲ့ လမ်းလို့ ဆိုပါတယ်။

တရားဦးဓမ္မစကြာမှာ အဲဒီလို ဟောပြတော်မူခဲ့သလို တရားနှောင်း မဟာပရိနိဗ္ဗာနသုတ် မှာလည်း .. ဒီမဂ္ဂင် ရှစ်ပါးကို ကျင့်ကြံပွားများ နေကြသရွေ့ နိဗ္ဗာန်ကို ဆိုက်ရောက်သည့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတွေ မကင်းဆိတ်နိုင် လို့ နောက်ဆုံး သာဝက သုဘဒ္ဒပရိဗိုဇ်ကို ဟောတော်မူခဲ့ပြန်တယ်။

ဒီလမ်းစဉ်အတိုင်း ခိုင်ခိုင်မတ်မတ် လျှောက်ရင် ဘယ်သူနဲ့မဆို နိဗ္ဗာန်ဟာ အနီးကလေးပါဘဲ၊ စာမှာတော့ မဂ္ဂသစ္စာကို ပွားများရာလို့ ဟောပါတယ်၊ အကြိမ်ကြိမ် ထပ်ကာထပ်ကာ လုပ်ရမယ် ဆိုတဲ့သဘောပါဘဲ။ အစဉ်ကိုယ်နှုတ်နှလုံး ကံသုံးပါး အမူရာတိုင်းမှာ ယှဉ်ထားရမယ်လို့ ဆိုလိုတာပါ။

ဒါကြောင့် ရှေ့က သွားနှင့်ကြတဲ့ ပညာရှိကြီးတွေ၊ သူတော်မြတ်ကြီးတွေ ဒီလမ်းကြောင်းကို ဘယ်လိုလျှောက် ကြသလဲ .. ဘယ်လို ပွားကြသလဲ .. ဆိုတာ နည်းယူ အတုယူကြရမှာဖြစ်ပါတယ်။

သည်အတွက် ဖွေနည်စုဆောင်း သုတေသနပြုကာ ငှဝေဆင့်ကမ်းသွားတဲ့ ကျေးဇူးတော်ရှင် တွေထဲက တစ်ပါး ကတော့ ဝါးချက်၊ လှေသင်းအတွင်းဝန် မင်းကျောင်း ဆရာတော်ဖြစ်ပါတယ်၊ ဆရာတော် ဘဒ္ဒန္တသောမာဘိဓဇ(၁၂၁၅- ၁၂၈၈)ပါ၊ ဆရာတော် ကိုယ်တော်တိုင် ပိဋကတ်တော်လာနှင့် အာစရိယဝါဒတွေကို မှတ်တမ်းပြုကာ အနှစ်အဆီအဖြစ် ထုတ်ဆောင်ထားခဲ့တဲ့ နိဗ္ဗာန်နဲ့စပ်တဲ့ မှတ်ဖွယ် ကျင့်ဖွယ် လင်္ကာလေးတွေကို စာဖတ် သူတို့ကိုလည်း ကျေးဇူးပြုလို၊ မင်းကျောင်း ဆရာတော်ကိုလည်း ပူဇော်လိုတာကြောင့် ကူးယူ ဆင့်ကမ်း လိုက်ပါရစေ ..

(၁) ရတနာသုံးဆိုင်၊ ငုံကြာခိုင်၊ ဆုံပြိုင် ဝန္ဒနာ။
နှစ်ဆီရသ၊ မြတ်ဓမ္မ၊ မှတ်ကြ စဉ်အလာ။
ပရိနိဗ္ဗာန၊ မြတ်ဗုဒ္ဓ၊ မိန့်ထညောင်စောင်းမှာ။
နိဗ္ဗာန်လိုက၊ သင်္ခါရ၊ နေ့ ည မမေ့ရာ။

(၂) ပုတြာမည်ရှိ၊ ရှင်သာရိ၊ အန္တိမိန့်ခဲ့ရှာ။
နိဗ္ဗာန်လိုလား၊ သဒ္ဓါပွား၊ မခြားနေသင့်ရာ။

(၃) ဆရာတော်ရေငုံ၊ ကျင့်အထုံ၊ မှာပုံ သင့်လှပါ။
နိဗ္ဗာန်လိုက၊ လိုသမျှ၊ ကျင့်ကြကောင်းရာရာ။

(၄) ဝံသာအရိ၊ သားမုနိ၊ ထားရှိသူ့အမှာ။
နိဗ္ဗာန်လိုက၊ ကိုယ်ဧက၊ နေထ သင့်လျော်ရာ။

(၅) ညောင်ကန်ဆရာတော်၊ ဦးဗုဒ်ခေါ်၊ ထုတ်ဘော်မိန့်ခဲ့ရာ။
လူ နတ်ဗြဟ္မာ၊ ကဲ့ရဲ့မှာ၊ ဆိတ်စာ မကြောက်ရာ။
ဘုရားကဲ့ရဲ့၊ ကြောက်သူကွဲ့၊ ရောက်မဲ့ နိဗ္ဗူတာ။

(၆) ငခုံကဝိ၊ မြတ်ဗောဓိ၊ ဟောရှိ သည်အမှာ။
စိတ်ဆိုး စိတ်ညစ်၊ ကိုယ့်ကြောင့်ဖြစ်၊ ပယ်လှစ် သူတကာ။
စိတ်ညစ်ပယ်ချိုး၊ စိတ်မဆိုး၊ ရောက်ရိုး နိဗ္ဗာန်သာ။

(၇) မန်ကျည်းတောခေါ်၊ ဆရာတော်၊ ထုတ်ဖော် မှတ်စရာ။
နိဗ္ဗာန်ကိုရည်၊ ကုတ်နှင့်ကီ၊ ကြောက်သည် မရှိရာ။

(၈) ကျင့်ကျော်ထွဋ်ခေါင်၊ နှုတ်တော်ဆောင်၊ သိအောင် မိန့်ခဲ့ရာ။
နိဗ္ဗာန်လိုလျှင်း၊ သူ့အတင်း၊ ပြောခြင်း ပယ်ချိုးပါ။

(၉) ရွှေရင့်မာရှင်၊ ဆရာပင်၊ မှာတွင် သိစရာ။
ဟောတိုင်းပြောတိုင်း၊ ချင့်စာနှိုင်း၊ ရေးတိုင်း မယုံရာ။
နိဗ္ဗာန်လိုက၊ ဝိရာဂ၊ မိန့်မှ ယုံသင့်ပါ။

(၁၀) မြင်းဝန်ဆရာတော်၊ မိန့်ြွမက်ဖော်၊ မြင်မြှော် မှတ်စရာ။
နိဗ္ဗာန်လိုလစ်၊ မုန်းအချစ်၊ ဆုံးပစ် ပယ်ချပါ။

(၁၁) ဝိနည်းကျော်လှ၊ ဗန်းမော်က၊ ဖော်ပြ မိန့်ခဲ့ရာ။
နိဗ္ဗာန်ကို မက်၊ ကိုယ့်အသက်၊ ငဲ့ကွက် မပြုရာ။

(၁၁) လှေသင်းမင်းကျောင်း၊ နေတ္တိကောင်း၊ သိကြောင်းအစဉ်မှာ။
နိဗ္ဗာန်လိုက၊ သည်းခံကြ၊ တွင်းပ အရာရာ။
သုံးဘုံမကိုဋ်၊ တရားမြိုက်၊ သားနှိုက် ဤနည်းသာ။
အချုပ်စကား၊ ဆုံးတရား၊ သုံးထား မြဲမြံစွာ။
အဓိပ္ပါယ်နက်၊ အသိခက်၊ ထည့်စွက် ဥာဏ်ဝိဇ္ဇာ။
ကျင့်သုံး ဗိုလ်လူ၊ ပြည်နိဗ္ဗူ၊ လွယ်ကူ ရောက်မည်သာ။
ဗုဒ္ဓမြတ်စွာ၊ ရှင်သာရိပုတြာ အစ၊ ရေငုံဆရာတော်၊ ရှင်အရိယာဝံသ၊ ဆရာတော် ဦးဗုဓ်၊ ငါးခုန်ဆရာတော်၊ မန်ကျည်းတော ဆရာတော်၊ ရွှေရင်းမာဆရာတော်၊ မြင်းဝန်ဆရာတော်၊ ဗန်းမော်ဆရာတော်တို့ အလယ် မင်းကျောင်း ကိုယ်တော်တိုင်အဆုံး ရေးသားဆုံးမခဲ့ကြတဲ့ နိဗ္ဗာန်နဲ့ စပ်သမျှကို “သံခိပ်သီတံ” ပြုစီထားခဲ့ပါတယ်။

ဒီသံပေါက်လင်္ကာတွေကို မင်းကျောင်းဆရာတော်ဟာ ကိုယ်တိုင်မှတ်တမ်းပြု သီကုံးခဲ့ရုံမက၊ သာမှု နာမှုတိုင်း မှာလည်း ရွတ်ဆိုကာ ဟောပြောတော်မူလေ့ရှိပါသတဲ့။
အကျယ်ဖွင့်ပြဖို့ပင် မလိုလှအောင် ရှင်းလင်းလွယ်ကူလှတာမို့ ရွတ်ပွားဆင်ခြင်နေကြရင် နိဗ္ဗာန်နဲ့ နိဗ္ဗာန်လမ်းကို သိလိုသူ တိုင်းအတွက် အားကြီးတဲ့ အထောက်အပံ့ဖြစ်မှာ ဧကန်လို့ ဆိုလိုက်ရင်း နိဂုံးချုပ်ပါရစေ။
ကျမ်းကိုး-
- ဓမ္မစက္ကပဝတ္တနသုတ်။
- မဟာပရိနိဗ္ဗာနသုတ်။
- ယမိုက်။
- ထေရဝံသာစာရက္ကမပဒီပိကာ။
 ကံထွန်းသစ်

Friday, March 30, 2012

နေ့ လည်မှာမီးထွန်းရှာတောင်မတွေ့ နိုင်သူများ


နေ့ လည်မှာမီးထွန်းရှာတောင်မတွေ့ နိုင်သူများ

တခါတုန်းက...တွေးခေါ်ပညာရှင်ကြီး ဒိုင်အိုဂျီးနီစ်ဟာလည်း လောကမှာ အင်မတန် လူကောင်းသူကောင်း မိတ်ကောင်းဆွေကောင်းရှားပါးတယ်လို့ ယူဆပုံရပါတယ်။ ဒိုင်အိုဂျီးနစ်ကနေ့ လည်ကြောင်တောင်ကြီးမှာ မီးအိမ်ကိုဆွဲပြီး တလမ်းဝင်တလမ်းထွက်နဲ့ မြို့ ထဲမှာလျှောက်သွားနေတယ်။ လူတွေကသူ့ ကို "မီးအိမ်ကြီးတကားကားနဲ့  ဆရာကြီးဘာလုပ်နေတာလဲ" လို့ မေးတော့ ဒိုင်အိုဂျီးနစ်က
" ကျုပ်...လူကောင်းသူကောင်းကို လိုက်ရှာနေတာ"တဲ့။

သူဆိုလိုတာက လောကမှာလူကောင်းသူကောင်းဆိုတာ ရှားလွန်းလို့ 
နေ့ လည်ကြောင်တောင်မှာ မီးထွန်းရှာတောင် မတွေ့ ရဘူးဆိုတဲ့သဘောပါပဲ။

ဒိုင်အိုဂျီးနစ်နှင့်လူကုံထံ

တစ်နေ့ မှာ ချမ်းသာကြွယ်ဝတဲ့ လူကုံထံတဦးရဲ့ အိမ်ကြီးကို ဒိုင်အိုဂျီးနစ်အလည်ရောက်သွားတယ်။ ခမ်းနားလွန်းလှတဲ့ အိမ်ကြီးထဲမှာ အင်မတန်အဖို့ ထိုက်တန်တဲ့ ပစ္စည်းတွေကို ပြထားတယ်။
လူကုံထံကသူ့ ရဲ့ ချမ်းသာကြွယ်ဝမူ့ ၊ ထည်ဝါမူ့ ကိုဂုဏ်ယူဝင့်ကြွားတဲ့အနေနဲ့ 
ဒီလိုအဖိုးထိုက်တန်တဲ့ ပစ္စည်းတွေကိုပြထားတာဖြစ်ပါလိမ့်မယ်။ အိမ်ကြီးရှင်လူကုံထံက ခပ်ပေပေနေတတ်တဲ့ ဒိုင်အိုဂျီးနစ်ကို
" အဖိုးထိုက်တန်တဲ့ပစ္စည်းတွေပေါ်တံတွေးမထွေးပါနဲ့ လို့ " ကြိုပြီးသတိပေးထားတယ်။
ဒိုင်အိုဂျီးနစ်က ပြထားတဲ့ပစ္စည်းတွေကို လှည့်လည်
ကြည့်ရူ့ တယ်။
ကြည့်ရူ့ ပြီးတဲ့အခါမှာ ဒိုင်အိုဂျီးနစ်က လူကုံထံရဲ့ မျက်နှာကို လက်ညှိုးထိုးပြပြီး

"ဟောဒီမျက်နှာကတော့ဘာမှတန်ဖို့ မရှိဘူး"
လို့ ပြောရင်းတံတွေးနဲ့ ပက်ကနဲထွေးလိုက်တယ်။ အပေါ်ယံအယောင်အဆောင် ဂုဏ်ပကာသနတွေနဲ့  လူ့ တန်ဖိုးရှိလိုသူတွေ၊ လူကြီးလူကောင်းလိုဟန်လုပ်သူတွေ၊ အပေါ်ယံဟန်ဆောင်ကောင်းပေမယ့် အတွင်းသန္တာန်မှာတော့ ကောင်းမြတ်တဲ့သဘောထားမရှိသူတွေကို ဒိုင်အိုဂျီးနီစ်ကမုန်းဟန်တူပါတယ်။

ဒိုင်အိုဂျီးနစ်က အပြောနဲ့ အလုပ် ညီတယ်လို့ ဆိုရမလားပဲ။

သူ့ မှာအပေါ်ယံအဆောင်အယောင်ဆိုလို့ မရှိသလောက်ပါပဲ။
သူ့ အတွက်မလိုအပ်တာတွေကိုဖယ်ရင်းဖယ်ရင်းနဲ့ 
နောက်ဆုံးမှာရေသောက်စရာခွက်တခုပဲကျန်တယ်။
တစ်နေ့ မှာလူတယောက်က ကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်သောက်နေတာမြင်တော့

" ရေသောက်တယ်ဆိုတာခွက်မရှိလည်းဖြစ်တာပါပဲ" လို့ တွေးပြီး
နောက်ဆုံးပိုင်ဆိုင်တဲ့ ပစ္စည်းဖြစ်တဲ့ သူ့ ခွက်ငယ်ကိုလည်းစွန့် ပစ်လိုက်တယ်။


ဒိုင်အိုဂျီးနစ်နဲ့ အလက်ဇန္နားဘုရင်ကြီး

ဒိုင်အိုဂျီးနီးစ်ရဲ့ သတင်းကထင်ရှားလေတော့ တစ်နေ့ မှာ အလက်ဇန္နားဘုရင်ကြီးက
ပြဿနာတခုကိုစဉ်းစားပြီး
အဖြေရှာရင်း ထိုင်နေတဲ့ဒိုင်အိုဂျီးနီးစ်အရှေ့ လာရပ်ပြီး အထူးအခွင့်အရေးပေးတဲ့အနေနဲ့  "လိုရာကိုတောင်းပါလို့ " ဆိုတယ်။
ဒိုင်အိုဂျီးနီးစ်ကဘာမှမတောင်းရုံမက " ဖယ်ပါ ကျုပ်ကိုမကွယ်ပါနဲ့ "
လို့ တောင်ပြောလိုက်တယ်လို့ ဆိုပါတယ်။


စိတ်ထားဖြောင့်မတ်သောမိတ်ဆွေ
ဒိုင်အိုဂျီးနီးစ်ဟာလူတွေအပေါ်မှာအားမလိုအားမရနဲ့ ကြည့်မရတာတွေ၊ အထင်မကြီးနိုင်တာတွေရှိပေမယ့် ခွေးတွေကိုတော့သိပ်ကိုချစ်တယ်။ ချီးမွမ်းတတ်တယ်။ သူ့ အမြင်မှာ လူဆိုတာရိုးသားဖြောင့်မတ်မူ့ မရှိဘူး။ အပေါ်ယံဟန်အမူအရာတွေနဲ့ လူကောင်းယောင်ဆောင်တတ်သူတွေဖြစ်တယ်လို့ မြင်ပုံရပါတယ်။ ခွေးသတ္တ၀ါကတော့ရိုးသားဖြောင့်မတ်တယ်။ ဟန်ဆောင်မူ့ မရှိဘူး။ ကိုယ့်ကိုချစ်ပြီခင်ပြီဆိုရင် ရိုးးမြေကျ သေသည်အထိရိုးသားစွာ၊ သစ္စာရှိစွာနဲ့  ချစ်သွားခင်သွားတတ်တာပဲ။ ခွေးသတ္တ၀ါဟာ လူတွေလို ခုတမျိုး၊ တော်ကြာတမျိုး၊ ချစ်လိုက် မုန်းလိုက်မလုပ်တတ်ဘူး။ လိုလျှင်တမျိုး၊ မလိုလျှင်တမျိုးနဲ့  ကိုယ့်ကိုပေါင်းလိုက်ခွာလိုက်မလုပ်တတ်ဘူး။ အခွင့်အရေးကိုမျှော်ကိုးပြီး ကိုယ့်ကိုခင်တာမျိုး၊ ဆက်ဆံပေါင်းသင်းတာမျိုးလည်းမလုပ်တတ်ဘူး။ ကိုယ်ကကိုယ့်ခွေးကိုမျက်နှာကြောတင်းတင်းနဲ့  ဘယ်လောက်ပဲဆူဆူကြိမ်းကြိမ်း သခင်ဖြစ်တဲ့ကိုယ့်ကိုခွေးဟာမုန်းခဲတယ်။
မကျွေးမွေးပဲ ထားလို့ လဲကိုယ့်ကိုသူကမမုန်းတတ်ဘူး။

ပြီးတော့...ကိုယ်ကဆင်းရဲဒုက္ခရောက်တဲ့အခါ၊ ကျရှုံးမူ့ တွေ၊ နိမ့်ကျမူ့ တွေနဲ့ ကြုံရတဲ့အခါမှာလည်း ကိုယ့်ခွေးကကိုယ့်ကိုစွန့် ပစ်မသွားဘူး။ အထင်သေးအမြင်သေးနဲ့ ကိုယ့်ကိုမထီမဲ့မြင်မပြုတတ်ဘူး။ အင်မတန်သစ္စာရှိစွာနဲ့ ကိုယ့်အပါးမှာမခွဲမခွါရှိနေတတ်တယ်။ ဆင်းရဲ...ဆင်းရဲ၊ ချမ်းသာ...ချမ်းသာ အေးအတူပူအမျှ ခွေးဟာကိုယ့်အနားမှာနေထိုင်သူဖြစ်တယ်။ ဒါတွေကိုကြုံတွေ့ ခဲ့ဘူးတဲ့ ဒိုင်အိုဂျီးနီးစ်က ခွေးတွေကိုလူတွေထက် သစ္စာရှိတဲ့ စိတ်ထားဖြောင့်မတ်တဲ့ မိတ်ဆွေတွေအနေနဲ့ အရောတ၀င် ဆက်ဆံဟန်တူပါတယ်။ ခွေးတွေနဲ့ သူဒီလိုဆက်ဆံနေတာကိုကြည့်မရတဲ့ အထင်အမြင်သေးတဲ့လူတဦးက ဒိုင်အိုဂျီးနီးစ်ကို အမဲရိုး ပစ်ပေးလိုက်ဖူးတယ်။ သဘောကတော့ ခွေးတွေကို အမြတ်တနိုးနဲ့ အရောတ၀င် ဆက်ဆံနေတဲ့ ဒိုင်အို ဂျီးနီးစ်ဟာလည်း ခွေးပဲလို့  ပြောချင်တဲ့သဘောနဲ့ အမဲရိုးကိုပစ်ပေးလိုက်တာပါပဲ။

ဘ၀နာခဲ့တဲ့ဒိုင်အိုဂျီးနီးစ်ဟာတမင်ရွဲ့ ပြီးခွေးတွေကို မိတ်ဆွေကောင်းအဖြစ်
အရောတ၀င်ဆက်ဆံပြတာလည်းဖြစ်နိုင်ပါတယ်။ ဘာလို့ ဆိုတော့သူ့ ဘ၀ခရီးမှာလူကောင်းသူကောင်း မိတ်ကောင်းဆွေကောင်းကို များများ စားစား တွေ့ ခဲ့ရဟန်မတူပါဘူး။
သူ့ ကိုအယုံအကြည်ကင်းမဲ့စွာနဲ့ သူ့ မြို့ ကနေပြီးနှင်ပစ်တာမျိုးလည်းသူကြုံ
ခဲ့ရတယ်။
ကျွန်အဖြစ်နဲ့ အရောင်းခံလိုခံရ၊ ပင်လယ်ဓါးမြတို့ ရဲ့ ဖမ်းဆီးနှိပ်စက်တာကိုခံရလိုခံရနဲ့ 
လူတွေကပေးတဲ့ ဒုက္ခမျိုးစုံကိုခံခဲ့ရသူ၊
ဘ၀အတွေ့ အကြုံများသူပါပဲ။


တကယ်တော့ ဘ၀ခရီးကိုသွားရဖန်များလို့  ဘ၀အတွေ့ အကြုံတွေများလာတဲ့အခါကျမှ
ကိုယ့်ပတ်ဝန်းကျင်မှာဆက်ဆံရတဲ့လူတွေကို မိတ်ကောင်းဆွေကောင်း အဖေါ်ကောင်းဟုတ်မဟုတ် ခွဲခြားသိရတော့တာပါပဲ။ အသက်တစ်ရာနေရတယ်ပဲထား၊ အဲဒီအသက်တစ်ရာကာလအတွင်းမှာ မိတ်ဆွေကောင်း ဘယ်နှစ်ယောက်ရှိတယ်ဆိုတာကို လက်ချိုးပြီးရေကြည့်ရင် လက်တဖက်ပြည့်အောင် လက်ချိုးရေတွက်စရာ ရှိမယ်မထင်ပါဘူး။ ဘ၀ခရီးမှာအခက်အခဲတွေ၊ ဘေးအန္တရယ်တွေ၊ ဆင်းရဲခြင်းတွေ၊ အဆင့်မြင့်ရာမှ နိမ့်ကျသွားတဲ့အဖြစ်တွေ၊ ကျရှုံးတာတွေ စတဲ့ဒုက္ခတွေနဲ့ ကြုံလေလေ...... ကိုယ့်ပတ်ဝန်းကျင်မှာ ဆက်ဆံနေရတဲ့ မိတ်ဆွေ ဆိုတဲ့ သူတွေ လျှော့နည်း လျှော့နည်းသွားလေလေပါပဲ။

ဆရာနန္ဒာသိန်းဇံ၏မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်းမှကောက်နှုတ်ဖေါ်ပြသည်

***~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~***

***ကိုယ်ပိုင်ခံစားချက်***
ကိုယ်လည်းဒိုင်အိုဂျီးနီးစ်နဲ့ အမျိုးတော်နေတယ်ထင်ပါတယ်...လူဆိုရင်ခပ်ကြောက်ကြောက်ဖြစ်နေမိတယ်။ ဘ၀မှာလူတော်တော်များများကိုတွေ့ ဖူးကြုံဖူး ပါတယ်... ကြုံလိုက်သမျှလူတွေထဲမှာလူကောင်းသူကောင်းမိတ်ကောင်းဆွေကောင်းရယ်လို့ တွေ့ ရတာအင်မတန်နဲပါတယ် ကိုယ်ကဘယ်လောက်ပဲကောင်းလည်းသူတို့ ရဲ့ ကိုယ့်အပေါ်တုန့် ပြန်မူ့ ကတော့ခါးသီးစရာကောင်းပါတယ် လောကမှာ လူဆိုးလူကောင်းဆိုတာဂျိုပေါက်နေတာမဟုတ်တော့ခွဲခြားရသိပ်ခက်ပါတယ်။
တချို့ ကျတော့လည်းဆိုးမလိုလိုနဲ့ ကောင်းကြပြီး အချို့ ကျတော့လည်းကောင်းမလိုလိုနဲ့ ဆိုးကြပြန်ပါတယ် ဒါကြောင့်မို့ လည်းသစ်ကောက်ဝါးကောက်တာမြင်ရပေမယ့်
လူ့ ရဲ့ အတွင်းစိတ်ကောက်နေဖြောင့်နေတာကိုမမြင်ရဘူး..လို့ ဆိုကြပါတယ်...။

ဘ၀မှာမထင်မှတ်ပဲကိုယ့်အပေါ် သိပ်ကောင်းခဲ့တဲ့သူတွေရှိခဲ့ဘူးပါတယ်...

အခုမှပဲသိ အခုမှပဲမြင်ဘူးတဲ့လူတယောက်ပါပဲ ဒါပေမယ့်ကိုယ့်အပေါ် သူစိမ်းတယောက်လိုသဘောမထားပဲ
မောင်ရင်းနှမလိုဆက်ဆံပြီးကူညီပေးသွားတာရှိခဲ့ဘူးပါတယ်...ဘာမျှော်လင့်ချက်မှလည်းမထားပါဘူး...
သူတို့ ရင်ထဲကရှိနေတဲ့စေတနာအတိုင်းသာ သူတပါးလိုအပ်နေတဲ့အချိန်မှာကူညီပေးလိုက်တဲ့သဘောပါပဲ။
ဒါပေမယ့် ကံမကောင်းစွာနဲ့ အဲလိုမိတ်ဆွေမျိုးကိုခဏတာပဲကြုံခဲ့ရဘူးပါတယ်...။
စိတ်ထားမကောင်းသူတွေ အပေါ်ယံမိတ်ဆွေတွေကိုတော့
သွားလေရာရာမှာတော်တော်ကြာကြာဆုံခဲ့ကြုံခဲ့ရပြန်ပါတယ်...။ ကိုယ့်မှာရှိတဲ့ဆင်တကောင်လုံးသတ်ကျွေးလိုက်တာတောင် အကောင်းပြောမခံရပဲ
အပြစ်ပဲပြောခံရတာတွေနဲ့ လည်းကြုံခဲ့ရဘူးပါတယ်...

တချို့ ကျတော့လည်းကူညီပေးလိုက်တာကနဲနဲ သူတို့ ရဲ့ ကျေးဇူးကိုအံ့မခန်းဘွယ်
ထုတ်ဖေါ်ဂုဏ်ယူနေကြတဲ့သူတွေလည်းတွေ့ ဖူးပါတယ်။
တချို့ ကျတော့လည်းကိုယ့်ကိုတခါမှမမြင်ဘူးမတွေ့ ဘူးပေမယ့်

ဖြူဖြူစင်စင်နဲ့ အဝေးကနေကူညီပေးတတ်သူတွေလည်းတွေ့ ဖူးပါတယ်။
ထို့ အတူကိုယ့်ကိုတခါမှမတွေ့ ဘူးမမြင်ဘူးပေမယ့်

ကိုယ်ဒုက္ခရောက်မှပျော်မယ့်သူတွေလည်းကြုံခဲ့ဖူးပါတယ်။
လောကသဘာဝအတိုင်းလူအမျိုးမျိုးစိတ်အထွေထွေဆိုတာရှိတတ်ကြပါတယ်
ဆန်းတော့လည်းမဆန်းပါဘူး...သို့ သော်လည်း အခုန ကဒိုင်အိုဂျီးနီးစ်လိုပါပဲ

အဲလိုလူမျိုးတွေနဲ့ ကြုံရတဲ့အခါမှာတော့ စိတ်ပျက်မိတယ်...။

ဒါပေမယ့်လည်းသူတို့ အပေါ်ဘယ်လိုမှသဘောမထားပါဘူး..။ ဘ၀ဆိုတာဒီလိုပါပဲ...
လူကောင်းသူကောင်းမိတ်ကောင်းဆွေကောင်းကိုပဲတွေ့ ချင်သော်ငြားလဲ.... အကောင်းအဆိုးတွေဒွန်တွဲနေတဲ့လောကကြီးမှာ... ကောင်းတခါ ဆိုးတလှည့်ကြုံရမှာပါပဲ....
မြတ်စွာဘုရားရှင်တောင်မှဒီလောကဓံတရားတွေကို
ရှောင်လွှဲလို့ မရပဲကြုံခဲ့ရတာပဲလေ...
ကိုယ်လိုသာမန်လူတယောက်အတွက်တော့....
အခုလည်းကြုံရမယ်...နောက်လည်းကြုံရမယ်...နောင်ကိုလည်းကြုံနေဦးမှာပါပဲ...။
သို့ သော်မည်သို့ ပင်ကြုံစေဦးတော့....

ခံနိုင်ရည်ရှိဖို့ နှင့် သူမကောင်းပေမယ့် သူ့ ကိုကိုယ်ကရန်ညှိုးဖွဲ့ မတုန့် ပြန်မိဖို့ သာကျိုးစားရင်း...........


  *~~မိစ္ဆာပဏိဟိတံစိတ္တံပါပိယောနံတတောကရေ~~*
( မကောင်းသောစိတ်ထားသည် ထိုစိတ်ရှိသူအား ယုတ်ညံ့ဆိုးရွားသူဖြစ်အောင်ပြုတတ်၏ )
*~~သမ္မာမဏိဟိတံစိတ္တံသေယျသောနံတတောကရေ~~*
( ကောင်းသောစိတ်ထားသည် ထိုစိတ်ရှိသူအား အထက်တန်းကျသူဖြစ်အောင်ပြုတတ်၏ )
ဘုရားရှင်၏အဆုံးအမများကိုနာခံရင်းနဲ့ သာ....................။

***~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~***
by ဓမ္မလက်ဆောင်

Thursday, March 29, 2012

ကောင်းကွက်ကိုရှာမေတ္တာ


ကောင်းကွက်ကိုရှာမေတ္တာ

မေတ္တာသည် သူတစ်ပါးအကျိုးစီးပွားကို လိုလားတတ်သောသဘောရှိ၏။ အများအကျိုးဆောင်တတ်၏၊ စိတ်ထဲ၌ ခိုးလိုးခုလု မကျေနပ်မှု မှန်သမျှကို ပြေပျောက် စေ၍ ကျေကျေနပ်နပ် ကြည်ကြည်ဖြူဖြူ ရှိစေ၏။

မေတ္တာဖြစ်ဖို့အတွက် အနီးကပ်ဆုံး အလိုအပ်ဆုံး အကြောင်းတရားကား သူတစ်ပါး၏ အကျိုးစီးပွားဖြစ်၏၊ မေတ္တာသည် သူတစ်ပါးအကျိုးစီးပွားကိုသာ အာရုံပြု၏၊ ကိုယ်ကျိုးစီးပွားကို အာရုံစိုက်လွန်းသူအဖို့ မေတ္တာမဖြစ်နိုင်၊ ကိုယ်ကျိုးစီးပွား အလေးထားသူသည် ကိုယ်ကျိုးကိုယ်စီးပွားကို လုံး ပမ်းရ၊ ကာကွယ်နှင့် အလုပ်ရှုပ်နေသဖြင့် သူ့ကျိုးသူ့စီးပွားအတွက် အချိန်မပေးနိုင်တော့။

မေတ္တာကို အချစ်ဟုမြန်မာမှုပြုကြ၏၊ အမှန်က မေတ္တာဟူသည် ကိုယ်ကျိုးမဖက် သူ့အကျိုးသက်သက်ကိုသာ လိုလားတတ်သော သဘောရှိ၏၊ သူကျိုး ကိုယ့်ကျိုး အပြန်အလှန် မျှော်ကိုးလျှင် မေတ္တာမဟုတ်၊ ကူးသန်းရောင်းဝယ်မှု ပြုလုပ်ခြင်း သည်သာဖြစ်၏၊ သူ့ဘက်က အခြေအနေကောင်းမှ မေတ္တာထားနိုင်ခြင်း၊ မေတ္တာတုံ့ပြန် နိုင်ခြင်းသည်လည်း အမှန်က မေတ္တာမဟုတ်၊ အရောင်း အ၀ယ်လုပ်ခြင်း သာဖြစ်၏။ မေတ္တာ၌ အယူမရှိ အယူမပါ ၊ အပေးသာရှိ၏။
စာရေးဆရာတို့သည် စာဖတ်သူကို ပေးချင်လို့သာ ရေးနေကြခြင်းဖြစ်၏၊ ၀ါသနာအရဟုလည်း ဆိုနိုင်၏၊ စာမူခကို မျှော်လင့်ြ ပီး ရေးေ နကြသည်မဟုတ်၊ ကိုယ်သိတာ၊ ကိုတတ်တာလေးတွေကို ပေးချင်လို့ ဝေချင်လို့ မျှချင်လို့ အတိုင်းအတာ တစ်ခု အထိ ကောင်း ကျိုးသက်ရောက်မှု ရှိစေချင်လို့ ရေးနေခြင်းသာ ဖြစ်၏၊

စိတ်မကုန်ခင် အထိတော့ ရေးနေကြဦးမည်သာ ဖြစ်၏။ တစ်ချို့ စိတ်ကုန်သော ဆရာ့ဆ၇ာကြီးတွေ ကတော့ မရေးတော့ ဘဲ ဘေးထွက် ထိုင်နေကြ၏၊ စာရေးဆရာ တစ်ယောက်အဖို့ စာရေးနေရသော အချိန်သည် စိတ်အကြည်လင်ဆုံအချိန်၊ စိတ်ချမ်းသာမှု အရှိဆုံး အချိန် ဖြစ်၏။

မေတ္တာဟူသည် အစိုဓာတ်ဖြစ်၏၊ အစေးဓာတ်ရှိ၏၊ အအေးဓာတ်ရှိ၏၊ ယင်းအစိုဓာတ်၊ အစေးဓာတ်၊ အအေးဓာတ်ဖြင့် သက်ရှိသတ္တ၀ါ တစ်ဦးဦးအပေါ် မြှေးယှက်လွှမ်းခြုံထားမှုကို မေတ္တာဟု ခေါ်၏။ မေတ္တာက စူပါဂလူးကဲ့သို့ ကပ်အား အလွန်ကောင်း၏၊ မည်သူနှင့်မည်ဝှာတော့ အစေးမကပ်ကြ အစေးမကူးကြဟု ပြော ကြ၏၊ မေတ္တာပျက်နေခြင်းကြောင့်ဖြစ်၏၊ တစ်ဦးအပေါ် တစ်ဦး မေတ္တာ မထားနိုင်ကြ သဖြင့် အစေးမကပ်၊ အစေးမကူးခြင်းသာ ဖြစ်သည်။

မိသားစုဝင်တွေ စည်းစည်းလုံးလုံး ရှိရ၏၊ ညီအစ်ကိုမောင်နှမတွေ စည်းစည်း လုံးလုံးရှိရ၏၊ ရပ်ရွာ၊ မြို့နယ်၊ တိုင်းပြည် စသည့် လူ့အဖွဲ့အစည်းအားလုံး စည်းစည်း လုံးလုံး ရှိရ၏၊ စည်းစည်းလုံးလုံး ရှိဖို့ မေတ္တာအစိုဓာတ်၊ မေတ္တာအစေးဓာတ် အဓိက လိုအပ်ပါသည်။ စည်းလုံးဟူသည် ပါးစပ်နှင့် စည်းလုံး၍မရ၊ မေတ္တာနှင့်သာ စည်းလုံး၍ ရနိုင်သည်။

စည်းလုံးဖို့အတွက် ချစ်ကြည်မှုလိုသည်၊ ချစ်ကြည်မှုအတွက် ညီညွတ်မှုလိုသည်၊ ညီညွတ်ဖို့အတွက် မျှတဖို့လိုသည်၊ မျှတမှ ညီညွတ်မည်၊ ညီညွတ်မှ ချစ်ကြည်မည်၊ ချစ်ကြည်မှ စည်းလုံးမည်၊ မိဘနှင့်သားသမီး၊ လူကြီးနှင့် လူငယ်အားလုံး မျှမျှတတ အသက်ရှင်သန်ကြဖို့ အရေးတကြီးလိုအပ်ကြောင်း “သမဇိဝိတသမ္ပဒါ”ဟု ဘုရားမိန့် တော်မူခဲ့သည်။

မေတ္တာသည် အလိုအပ်ဆုံးဖြစ်သောကြောင့် မေတ္တာသည် အလွယ်ကူဆုံးဖြစ် သောကြောင့်
ဗြဟ္မစိုရ်တရားလေးပါး တွင် မေတ္တာ ကို ရှေ့ဆုံးမှ ထား၍ ဟောခဲ့သည်၊ ပြဿနာအထွေထွေတို့သည် ယင်းမေတ္တာ မထားနိုင်ကြခြင်းကြောင့်ဖြစ်၏၊ ရှေးလူကြီး သူမတို့ ကတော့ ကောင်းကွက်ကိုရှာ မေတ္တာဟု ဆိုမိန့်ခဲ့ကြသည်။

လောက၌ အကောင်းဆုံးပါ ဟူသော လူပုဂ္ဂိုလ်ရှားသလို အဆိုးဆုံးပါဟူသော လူပုဂ္ဂိုလ်လည်း ရှိမည်မဟုတ်ပေ၊ လူကောင်း အမည်ခံပုဂ္ဂိုလ်တွေမှာ အားနည်းချက် ၊ ပျော့ကွက်၊ ဟာကွက်၊ ညံ့ကွက်၊ ဆိုးကွက် ရှိနိုင်သလို၊ လူဆိုးဟု သတ်မှတ်ခံရသော ပုဂ္ဂိုလ်မှာလည်း တစ်ကွက်ကောင်းတော့ ရှိတတ်ပါသည်။ မေတ္တာဟူသည် ကောင်းကွက် ကို ရှာဖွေ၍၊ ရှာကြံ၍၊ ရှုမြင်၍၊ ကျေနပ် ၍ ပျော့ကွက်၊ ဟာကွက်၊ ညံ့ကွက်၊ ဆိုးကွက်တို့ ကို ဥပေက္ခာပြုလိုက်ခြင်းပင် ဖြစ်သည်။

ကမ္ဘားအေး ဂန္ဓာရုံ တိပိဋကဆရာတော် သက်ရှိထင်ရှားရှိစဉ် ခရီးဝေးမှ ပြန်လာကာစတုန်းက မှတ်မှတ်ရရ အမိန့်ရှိခဲ့ဖူးသည်၊ ၀က်လက် မစိုးရိမ်ဆရာတော် ဦးတိဿ ရေးသော လင်္ကာကို ရွတ်ပြပြီး ရှင်းပြသည်၊ လင်္ကာလေးက “ ချင်းချင်းဆက်ဆံ သည်း ညည်းခံ အမှန်လိုအပ်သည်၊ ကျေးဇူးမကင်း ပြစ်မကင်း ချင်းချင်းရှိတတ်သည်၊ ကျေးဇူးမျှော်မြင် ပြစ်မတင် ကြည်လင်ချမ်းမြေ့သည်၊ ချမ်းသာလိုရာ များသူငါ
မေတ္တာခန္တီ ရှိရမည်”ဟူ၍ ဖြစ်သည်။

မိသားစုအချင်းချင်း၊ မောင်နှမအချင်းချင်း၊ ညီအစ်ကိုအချင်းချင်း၊ ဆွေမျိုးအချင်း ချင်း၊ လိုဖော်ကိုင်ဖက်
အချင်းချင်း၊ ကိုယ့်လူမျိုး အချင်းချင်း၊ အနေအထားအမျိုမျိုး၊ အယူ အဆအမျိုးမျိုးနှင့် ပြောဆိုလုပ်ကိုင် ဆက်ဆံကြရာတွင် တစ်ဘောတည်း ဖြစ်ဖို့ရာ မလွယ်ကူ၊ စိတ်တွေ၊ ဆန္ဒတွေ၊ အယူအဆတွေ၊ ယုံကြည်ချက်တွေ တူညီဖို့ဆိုတာ မဖြစ်နိုင်၊ ထိုအခါ ၀ိရောဓိတွေ၊ ပဋိပက္ခတွေ ရှိလာလိမ့်မည်၊ ၀ိရောဓိတို့၊ ပဋိပက္ခတို့ ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ဟုသာ နှလုံးသွင်းရမည်၊ ရေးကြီးခွင်ကျယ် အလုပ်ကြီးတစ်ခု သဖွယ် အချိန်ပေး၊ အချိန်ဖြုန်းနေဖို့ မဟုတ်။

အချင်းချင်းတွေကြားမှာ လိုအပ်တာက စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံလို့ ဆိုသည့်အတိုင်း စိတ်ရှည်ကြဖို့၊ စိတ်ရှည်ရာမှာလည်း ဇွဲရှိရှိနှင့် စိတ်ရှည်ကြဖို့၊ အချင်းချင်း သည်းညည်းခံကြဖို့ အလွန်ပင် လိုအပ်လှပါသည်၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်း ကျေးဇူးလည်း မကင်းကြ၊ အပြစ်လည်းမကင်းကြ၊ သူ့ကျေးဇူး၊ ကိုယ့်ကျေးဇူး၊ သူ့အပြစ်၊ ကိုယ့်အပြစ်၊ အချင်းချင်းအပေါ်မှာ အပြန်အလှန်ရှိကြသည်။

စိတ်ရှည်စွာ၊ သည်းခံစွာ၊ နားလည်မှုရှိစွာ၊ သဘောထားကြီးစွာ၊ အမြှော်အမြင် ကြီးစွာဖြင့် သူ့ကျေးဇူးတွေကို ဆင်ခြင်ပွားများ လျက် ဖြစ်ပေါ်လာတတ်သော သူ့အပြစ် တွေကို သူ့ကျေးဇူးတွေနှင့် အစားထိုး ဖုံးကွယ်ချေဖျက်၍ သည်းခံနိုင်ကြ၊ ခွင့်လွှတ်နိုင် ကြလျှင် လောကကြီးက နေသာထိုင်သာ၊ နေပျော်ထိုင်ပျော် ရှိပါလိမ့်မည်၊ ကြည်ကြည်သာသာ၊ ချမ်းချမ်းမြေ့မြေ့ ရှိပါလိမ့်မည်၊ မိမိတို့ ချမ်းချမ်းသာသာ နေချင် သပဆိုလျှင်တော့ မေတ္တာခန္တီရှိမှသာ ဖြစ်မည်။

ကိလေသာခေါင်းပါးစေတတ်သော အကျင့်ကို “ ဓုတင်အကျင့်”ဟု ခေါ်၏၊ ဓုတင် အကျင့် တစ်ဆယ့်သုံးပါး ရှိ၏။ ထိုအထဲတွင် ‘ပံသုကူလဓုတင်’ ဟု ရှိသည်၊ ပံသုက မြေမှုန့်၊ ကုလက လိမ်းကျံနေခြင်း၊
ပေကျံနေခြင်းဟု အဓိပ္ပါယ်ထွက်သည်၊ ပံသုကူလ ဓုတင်ဆောင်သော ရဟန်းသည် သုသာန်တစ်စ သင်္ချိုင်းဝ၊ လမ်းဆုံလမ်းမ လမ်းလေးခွ တို့မှ တွေ့ရာ အ၀တ်စုတ်တွေကို ကောက်ယူပြီး မကောင်းသော အပိုင်းအစ လေးတွေ ကို ခြေထောက်တစ်ဖက်နှင့် ဖိနင်းဖဲ့ဆုတ်ပစ်၊ ကောင်းသော အပိုင်းအစလေး
တွေကို ဖြတ်တောက်ယူ၊ တစ်ထွာတစ်မိုက်ရှိ ထိုအစလေးတွေကို စပ်ချုပ်၊ ဆေးဆိုးပြီး ၀တ်ရုံ ရသည်၊ ပံသုကူဓူ တင်ဆောင် မထေရ်သည် အ၀တ်စုတ်တွေမှ မကောင်းတာလေး တွေပယ်ပြီး၊
ကောင်းတာလေးတွေ ဖြတ်တောက်ယူသကဲ့သို့ အချင်းချင်း ပေါင်းသင်း ဆက်ဆံသည့်နေရာမှာလည်း မကောင်းကွက်တွေကို ဖယ်ထားပြီး ကောင်း ကွက်လေး တွေကြည့် ကာ ပေါင်းသင်းရမည်ဟု စာကဆိုသည်။

သန္တုဋ္ဌီပရမံ ဓနံ- တင်းတိမ်ရောင့်ရဲခြင်းသည် အမြတ်ဆုံးဥစ္စာဟု ဘုရားဟော သည်၊ ဥစ္စာဟူသည် ချမ်းသာဖို့ဖြစ်သည်၊ ရွှေရှိလျှင် ချမ်းသာသည်၊ ငွေရှိလျှင် ချမ်းသာ သည်၊ အခြားစည်းစိမ်ဥစ္စာရှိလျှင်လည်း ချမ်းသာသည်၊သို့ရာတွင် ထိုလောကီရွှေငွေ စည်းစိမ်ဥစ္စာတို့က ပေးသော ချမ်းသာကား ပူစပ်ပူလောင် ချမ်းသာမျိုး ဖြစ်သည်၊ တကယ့် ငြိမ်းငြိမ်းအေးအေးနှင့် ချမ်းသာသော ချမ်းသာကတော့ တင်းတိမ် ရောင့်ရဲနိုင်မှု ဖြစ်သည်။

ပညာတွေ၊ ဥစ္စာတွေ ရှာရမည်၊ ရသင့်သလောက်၊ ရနိုင်သလောက်၊ ကြိုးကြိုးစား စားရှာရမည်၊ သို့သော် လောဘတွေ အလွန့်အလွန်ကြီးစွာ မတော်မတရား ၀ိသမ လောဘတွေနှင့် မရှာနှင့်၊ ရိုးရိုးသားသား ကြိုးကြိုးစားစားနှင့်ရှာပြီး ရတာနှင့်၊ ရှိတာနှင့် ကျေနပ်ရမည်၊ တင်းတိမ်ရမည်၊ ရောင့်ရဲရမည်၊ သန္တုဋ္ဌီဟူသည် ထိုအဓိပ္ပါယ် ဖြစ်သည်။

ပေါင်းသင်းဆက်ဆံကြသည့် နေရာမှာလည်း ကိုယ့်အလိုကျတော့ ဖြစ်မည် မဟုတ်၊ ကိုယ့်စိတ်တိုင်းကျတော့ ဖြစ်မည်မဟုတ်၊ မတူတာတွေခွဲ၊ တူတာတွေတွဲပြီး အလုပ်လုပ်လို့ အလုပ်ဖြစ်လျှင် ကျေနပ်ရတော့မည်၊ သို့ဆိုလျှင် အဆင်ပြေပါသည်၊ ထိုကောင်းကွက်လေးတွေကို ရှာကြံ ရွေးချယ်ပြီး ကျေနပ်စွာလက်ခံ၍ အလုပ်လုပ်လျှင် အလုပ်ဖြစ်ပါလိမ့် မည်၊ မေတ္တာဟူ သည် ကောင်းကွက် ကို ရှာဖွေတွေ့ရှိ ကျေနပ်စွာဖြင့် နေတတ်လာခြင်းပင် ဖြစ်သည်။

ဓမ္မပီယဆရာတော်

Wednesday, March 28, 2012

လူသားနှင့် principle

 

လူသားနှင့် principle 


”အတွေးအခေါ်ပညာရှင် တစ်ယောက် ရဲ့ အဆိုအရ ကမ္ဘာပေါ်မှာ ကျင့်သုံးနေကြတဲ့ principle ကို နှစ်မျိုး နှစ်စား ခွဲခြားနိုင်တယ် ဘုရား။  အဲဒါတွေက ဘာတွေလဲဆိုရင် 

၁။ Win-Win principle
၂။ Win-Lost principle တို့ ဖြစ်ပါတယ်ဘုရား။

 Win-Win principle ဆိုတာ အနိုင်အရှုံးမတွက်ဘဲ တန်း တူညီတူရှိမှုကိုဖြစ်စေလိုတဲ့ သဘောထားမျိုး ဖြစ်ပြီး သူပြုံးနေမှငါပျော်၊ ငါတော်ရင် သူထက်မြက်ရမယ်လို့ နှလုံးသွင်းပြီး အရာရာကို လုပ်ကိုင်ပြောဆိုကျင့်ကြံတတ်တဲ့ ဝါဒမျိုးပေါ့။
 
 Win-Lost principle ဆိုတာကတော့ အနိုင် အရှုံးကို ရလိုပိုင်ဆိုင်လိုတဲ့ သဘောထားမျိုး ဖြစ်ပြီး သူရှုံးရင်ငါပျော်၊ ငါတော်ရင် သူညံ့ရမယ်လို့ နှလုံးသွင်းပြီး အရာရာကို လုပ်ကိုင် ပြောဆို ကျင့်ကြံတတ်တဲ့ ဝါဒမျိုးပါ။ Win-Win principle သမားကတော့ ဖြစ်သင့်မှု သမ္မာဆန္ဒနှင့် မေတ္တာကို ထွေးပိုက်ထားတယ်။
 
  Win-Lost principle သမားက ဖြစ်ချင်မှု လောဘတဏှာနဲ့ဒေါသတို့ကို ထွေးပိုက်ထား တယ်။ အဲဒီလိုနှစ်မျိုးရှိတဲ့အနက် ကမ္ဘာပေါ်ရှိ လူသားအားလုံးနီးပါးက Win-Lost principle ကိုသာ ကျင့်သုံးခဲ့ကြတယ်။ အခုလည်း ကျင့်သုံးနေကြဆဲပါပဲ။ ဒါကြောင့်လည်း ကမ္ဘာကြီးဟာ ထိခိုက်မှုဒဏ်ရာရမှုများစွာနဲ့ နာကျင် နေရတာ အရှင်ဘုရားတို့အသိပဲ။ မီးလောင် မြှိုက်ခံရတဲ့ သားကောင်တစ်ကောင်လို ပူလောင်မှုတွေနဲ့ ငိုညည်းနေရတယ်လေ။ ကြည့်လေ..စစ်ပွဲအာဃာတတွေနဲ့ ခါးသီးတဲ့အရသာကို ကြိတ်မှိတ်ခံစား နေရတာတွေ။
 
 လောဘဒေါသမာန်မာန အငွေ့အသက်တွေနဲ့ မွန်းကျပ် ပိတ်လှောင် နေရတာတွေ၊ အေးငြိမ်းချမ်းသာမှုကို ကမ္ဘာကြီးက မခံစားရသလောက်ပါပဲ။ အရွယ်နဲ့ မမျှအောင် ဒုက္ခခံစားနေရတဲ့ သူငယ်တစ်ယောက်လို ကမ္ဘာကြီးဟာ သူ့ရဲ့ အတိုင်းအတာနဲ့ မမျှအောင် ဒုက္ခပေါင်းစုံနဲ့ စိုးရိမ်မှုသောကတွေကို ရင်ထဲမချိမဆံ့ ထွေးပိုက်ထားရတာပါ။ ဒါတွေဟာ ဘာ့ကြောင့်လဲ ဆိုရင်  Win-Lost principle ဆိုတဲ့ သဘော ထားမှုတွေကြောင့်ပေါ့။ သမိုင်းမတင်ရသေးတဲ့ ကျောက်ခေတ် လူသားကစပြီး အခုအချိန်အထိ လူသား တွေရဲ့ အတိတ်ကမ္ဘာကို ပြန်ပြောင်းတူးဆွ ကြည့်ကြမလား။  Win-Lost principle ရဲ့ သာဓကပေါင်း မြောက်မြားစွာကို တွေ့မြင်ကြ ရမှာပါ။
 
  ဟိုး..လွန်ခဲ့တဲ့ ဘီစီ (၃ဝဝဝ) သို့မဟုတ် (၂၅ဝဝ) ခန့်က အီဂျစ်နိုင်ငံရဲ့ နိုင်းမြစ် တစ်လျှောက်မှာ ကြီးကျယ်ခမ်းနားပြီး လက်ရာမြောက်လွန်းလှတဲ့ နန်းတော်လို အဆောက်အအုံတွေနဲ့ သိပ်ကို စည်ကားခဲ့တယ်ဆိုပဲ။ အဆောက်အအုံရဲ့ တချို့တိုင်လုံးတွေဆိုရင် လူပေါင်း တစ်ရာကျော်ကျော်လောက်ကို တက်ရပ်နေနိုင်တဲ့အထိ ကြီးမားတာပေါ့။ တိုင်မှာထုထွင်းထားတဲ့ ရုပ်လုံးရုပ်ကြွတွေကလည်း အတွင်းအပြငခ်နှစ်ထပ်တောင် ရှိတယ်တဲ့ဘုရား။ တပည့်တော်တို့ နိုင်ငံမှာရှိတဲ့ ဆင်စွယ် ပန်းပုတွေလိုပေါ့။ အဲဒီလောက်ကြီးမားပြီး သိပ်ကိုကြီးကျယ်ခမ်းနားခဲ့တာဆိုတော့ ဘယ်တော့မှ ပျက်စီးနိုင်မှာ မဟုတ်တော့ဘူးလို့ တွေးထင်စရာပါပဲ။ 
 
တိုက်တန်းနစ်သင်္ဘော ဟာ ဘယ်တော့မှ နစ်မြုပ်မှာမဟုတ်ဘူးလို့ တွေးထင်ထားကြသလိုပေါ့။ ဒါပေမဲ့ အဲဒါတွေကို လူမျိုးတစ်စုက ဖျက်ဆီးပစ်လိုက်တာ ကုန်ပါလေရောလား။ သူတို့ကလည်း အဲဒီနေရာမှာပဲ အီဂျစ်တွေလို ကြီးကျယ်ခမ်းနားတဲ့ လက်ရာတွေကို တည်ဆောက် ခဲ့ကြပြန်တယ် တဲ့ဘုရား။ ကြေးသားအစစ်နဲ့တောင် ၁၂-မိုင်လောက်ရှည်တဲ့ မြို့ရိုးကြီးကို ပြုလုပ်ခဲ့ကြတယ်လေ။ တပည့်တော်တို့နိုင်ငံမှာလည်း အဲဒီလို ရှိခဲ့တာပဲလေ။
 
 ရှေးတုန်းကဆိုရင် ပျူတွေဟာ လူမျိုးရေး ဘာသာရေး နိုင်ငံရေး လူမှုရေး စီးပွားရေးတွေမှာ တိုးတက်မြင့်မားခဲ့တဲ့ လူမျိုး ပါ။ ဒါပေမဲ့ အခုတော့ ပျူလူမျိုးဆိုတာ မရှိတော့ဘူးလေ။ ဒဏ္ဍာရီတစ်ပုဒ် လိုလိုတောင် ဖြစ်သွားရပြီ မဟုတ်လားဘုရား။ နိုင်ငံနဲ့ချီ ပြောရရင်ရော ဘာထူးလို့လဲဘုရား။ တပည့်တော်တို့ မြန်မာနိုင်ငံဟာ ကိုယ့်မင်းကိုယ်ချင်း နဲ့ နေထိုင်ရာကနေ နှစ်တစ်ရာနီးပါး သူ့ကျွန် ဖြစ်ခဲ့ရတယ်မဟုတ်လား။ အဲဒါတွေ ဘာ့ကြောင့်ဖြစ်ရတာလဲဆိုရင် Win-Lost principle ကို ကျင့်သုံးကြလို့ပေါ့။ ဘာသာရေးသမိုင်းမှာ ကြည့်ဦးမလား။ အဲဒီအကြောင်းတွေ အများကြီးပါပဲဘုရား။
 
 အိန္ဒိယမှာ သန္ဓေတည်ပေါက်ဖွားခဲ့တဲ့ အိန္ဒိယ ဇာတိစစ်စစ် ဗုဒ္ဓဘာသာဟာ အခုတော့ သူ့ မွေးရပ်ဇာတိမြေမှာ အငွေ့အသက်မျှသာ ကျန်တော့တယ်မဟုတ်လား။ပြီးတော့ နာလန္ဒ ကျောင်းတော်ထဲက ရဟန်းတော်တွေ ဘာကြောင့် ဇီဝိန်ကြွေသွားခဲ့ရတာလဲ။ ဗုဒ္ဓအထိမ်းအမှတ် ကျောက်တိုင်တွေရော ဘာလို့ အဖျက်ဆီးခံခဲ့ရတာလဲ။ အဆိုးဆုံးကတော့ ဘာသာရေး ခရူးဆိတ်စစ်ပွဲပေါ့ဘုရား။ ဟော.. သိပ် မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ World Trade Center ကြီး တိုက်ခိုက်ခံရမှု၊ မဆုံးနိုင်သေးတဲ့ အစ္စရေးနဲ့ပါလက်စတိုင်း အရေးအခင်းတွေ၊ အို..ပြောရရင် အများကြီးပေါ့ဘုရား။ 
 
ဒါတွေဟာ ဘာ့ကြောင့်လဲဆိုရင် တပည့်တော် ပြောခဲ့တဲ့ Win-Lost principle ပေါ့။အဲဒါတွေ ထောက်ဆသောအားဖြင့်  Win-Lost principle ဟာ ကမ္ဘာရဲ့ငြိမ်းချမ်းရေးကို ဘယ်တော့မှ တည်ဆောက်ပေးနိုင်မှာ မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်ဘုရား။ ဒါကြောင့် ငြိမ်ချမ်းရေးကို တကယ်မြတ်နိုးပြီး တကယ်လိုချင်ကြတယ်ဆိုရင် Win-Win principleကို ပြောင်းလဲကျင့်သုံးဖို့ လိုအပ်ပါတယ်။ ဒီလိုပြောင်းလဲ ကျင့်သုံးဖို့ဆိုတာကလဲ ပထမဆုံး ထေရဝါဒကို လေ့လာရပါလိမ့်မယ် ဘုရား။ ထေရဝါဒဟာ တကယ်ပဲ Win-Win principleကို ကျင့်သုံးတဲ့ တစ်ခုတည်းသော ဘာသာဖြစ်တယ်လေ။ အရှင်ဘုရားတို့လည်း သိမှာပါ။ 
 
 ထေရဝါဒရဲ့ အနှစ်ချုပ်လို့ဆိုနိုင်တဲ့ ဓမ္မပဒမှာ သူတစ်ပါးကို မိမိနှင့်ထပ်တူ ထပ်မျှ ကိုယ်ချင်းစာစိတ် မေတ္တာထားရမယ်၊ သူတစ်ပါးကို မညှဉ်းဆဲ မသတ်ဖြတ်ရ၊ သူတစ်ပါးကို ညှဉ်းဆဲအနိုင်ယူတဲ့ ပုဂ္ဂိုလ်ဟာ ဆင်းရဲစွာ အသက်မွေးရ တတ်တယ်လို့ ဘုရားရှင်ဟောထားသလို၊ ဒီဃီတိကောသလဇာတ်ကို ကြည့်ရင်လည်း လက်ရုံးရည်နဲ့ ပြဿနာကို မဖြေရှင်းရ၊ မဖြေ ရှင်းသင့်၊ ပြဿနာကို လက်ရုံးရည်နဲ့ ဖြေရှင်းတာထက် နှလုံးရည်နဲ့ဖြေရှင်းတာဟာ ပိုကောင်းတယ်လို့ အလောင်းတော်ကိုယ်တိုင် ပြောခဲ့တာပဲလေ။ ရန်လိုရင် ရန်ပိုတတ်သလို ရန်မလိုမှရန်ပြိုတဲ့အတွက် ရန်ကိုရန်ချင်း မတုံ့နှင်းဘဲနေထိုင်ကြဖို့ နည်းလမ်းပေးထားပါတယ် ဘုရား။ 
 
ကမ္ဘာ့သာသနာပြု ဆရာတော် ဦးသေဋ္ဌိလလည်း ကိုယ့်ဘာသာ တိုးတက်ပြန့်ပွား စေချင်ရင် သူများဘာသာ မကောင်းကြောင်း ဘာမှမပြောပါနှင့်၊ မိမိဘာသာက ဘာကိုပေးစွမ်းနိုင်သလဲဆိုတာကိုသာ ပြောပါ လို့ ပြောခဲ့တာလည်း ရှိပါတယ်။ ဒါတွေအား လုံးဟာ Win-Win principle ရဲ့ ပြယုဂ်တွေ ပဲပေါ့ဘုရား။ ဒါတင်မကသေးပါဘူး၊ ဗုဒ္ဓဘာသာဝင် လူဒကာ၊ ဒကာမတွေအတွက် အရေးပါတဲ့ ငါးပါးသီလ၊ ရဟန်းတွေအတွက် အရေးကြီး တဲ့ ဝိနည်းသိက္ခာပုဒ် တွေကို ကြည့်မယ်ဆိုရင် လည်း ထေရဝါဒဟာ Win-Win principle သဘောထားစစ်စစ်ကို စွဲကိုင်ထားတယ်ဆိုတာ ထင်ရှားလှပါတယ်ဘုရား။ 
 
ဗုဒ္ဓဘာသာ ကို စတင်တည်ထောင်သူ မြတ်စွာဘုရား သာမက အရှင်မဟာကဿပအစရှိတဲ့ တပည့်သာ ဝကအလယ်၊ဇီဝကစတဲ့လူဝတ်ကြောင်ပုဂ္ဂိုလ် တွေအဆုံး၊ အာလုံးအားလုံးဟာ Win-Win principle ကိုသာကျင့်သုံးခဲ့ကြပါတယ်။ 
အဲဒီလိုမျိုး ဗုဒ္ဓဘာသာဟာ သမိုင်းစာမျက်နှာမှာ အစွန်းအထင်းမရှိဘဲ သန့်သန့်ရှင်းရှင်း ရပ်တည်နိုင်ခဲ့ပါတယ်ဘုရား။ ဒါ့ကြောင့်လည်း ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ စိတ်ငြိမ်းချမ်းရေးကို အလိုရှိကြတယ်ဆိုရင် Win-Win principle ကိုသာ ကျင့်သုံးလိုက်နာကြစေဖို့ ဝိုင်းဝန်းကြိုး ပမ်းသင့်တာပေါ့ဘုရား”။
 
နန္ဒာသိန်းဇံ

မှတ်တမ်းတင်
၂ဝဝ၃ခုနှစ်က ရန်ကုန်မြို့၊ ကမ္ဘာအေး၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်တွင် ဆရာ ဒေါက်တာနန္ဒာသိန်းဇံ၏ ပို့ချချက်အား နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်၊ ပိဋကတ်တိုက်ဌာန၊ ဌာနစုမှူးဆရာတော် အရှင်ကောလိယ (မြိုင်နန်းမြေ-ရဝေသျှင်) က မှတ်တမ်းတင် ရေးသားပေးပို့ခြင်းဖြစ် ပါသည်။ 

Tuesday, March 27, 2012

လိမ်ညာခြင်းသည် လိမ်လည်ခြင်း

လိမ်ညာခြင်းသည် လိမ်လည်ခြင်း

(၁)

အမှန်မှာ မုသားဆိုခြင်း (၀ါ) လိမ်ညာပြောခြင်းနှင့် လိမ်လည်မှုပြုခြင်းမှာ သဘောလက္ခဏာ အတူတူပင် ဖြစ်၏။ မိမိအကျိုးရှိမှု၊ သို့မဟုတ် သူတစ်ပါးအကျိုးမဲ့မှုအတွက် မရိုးသားသော ပြောဆိုပြုမူမှုသာ ဖြစ်၏။ ၀စီကံမှုနှင့် ကာယကံမှုသာ ခြားနား၏။
အင်တာနက်ခေတ်တွင် နည်းပညာများ ပိုမိုဆန်းသစ်လာသဖြင့် လိမ်ညာမှုများလည်း ဆန်းပြားလာ၏။ တစ်ပါးသူ၏ အကြွေးကတ် (credit card) နံပါတ်များ၊ အသုံးပြုသူအမည် (usernames) ၊ လျှို့ဝှက်စကား (passwords) စသည်တို့ကို အင်တာနက်မှတစ်ဆင့် ရအောင်ယူလာကြ၏။

ပြုလုပ်ပုံမှာ အီးမေးလ် (e-mails) များ၊ ကွန်ရက်အတု (fake websites) များသုံး၍ တစ်ပါးသူ၏ သတင်း အချက်အလက်များ ရယူစုဆောင်း၏။ သို့မဟုတ်ပါက ထိုသူ ဆက်သွယ်နေသောဘဏ်မှ သတင်းအချက်အလက် ပြန်လည်တောင်းခံသည့်ဟန်ဖြင့် လှည့်ဖြားရယူ၏။
လိုအပ်သော သတင်းအချက်အလက်များ ရရှိလျှင် ထိုသူ၏ အကြွေးကတ်ကို အလွဲသုံးစား ပြု၍ ပစ္စည်းများစွာ ၀ယ်ယူသုံးစွဲနိုင်မည် ဖြစ်ပြီး ကျသင့်ငွေအတွက် မူလအကြွေးကတ်ပိုင်ရှင်ကသာ တာဝန်ရှိမည် ဖြစ်ပါသည်။

၎င်းနည်းကို phishing ဟု ခေါ်၏။
ထို့ပြင် ကွန်ရက်စာမျက်နှာအတု (bogus web page) ကို အသုံးပြုလျက် ဒုက္ခပေးလိုသူ၏ ကွန်ပြူတာစနစ်ကို ဗိုင်းရပ်စများ (viruses) များ၊ ထရိုဂျန်များ (trojan horses) ၊ ၀ါးမ်များ (worms) ၊ မရိုးသားသော ကြော်ငြာများ (dishonest adware) စသည့် ကွန်ပြူတာ ပရိုဂရမ်များကိုသုံး၍ ဖျက်ဆီးပစ်တတ်၏။ ဤနည်းကို malware ဟု ခေါ်၏။

Spear Phishing ဟူသော နည်းဖြင့်လည်း အင်တာနက်မှတစ်ဆင့် အီးမေးလ် (e-mail) ဖြင့် တစ်ဖက်သား၏ အလုပ်ရှင်ဟန်ဆောင်ကာ သတင်းအချက်အလက်များ လိမ်လည် တောင်းခံတတ်သေး၏။
၎င်းပြင် Botnets ဟူသော နည်းဖြင့်လည်း ဓားစာခံကွန်ပြူတာ (zombie computer) ကို အသုံးပြု၍ ကွန်ပြူတာ ထောင်ပေါင်းများစွာမှ အချက်အလက် (data) များကို ခိုးယူနိုင်၏။
ထို့အတူ အီးမေးလ်များကို အသုံးပြု၍ ဈေးပေါပေါဖြင့် ၀ယ်ထားသော စတော့ရှယ်ယာများကို ဈေးကြီးကြီးဖြင့် လိမ်ညာရောင်းတတ်သေး၏။ ဤနည်းကို Pump and Dump ဟု ခေါ်ပါသည်။

ထို့ကြောင့် နည်းပညာများ တိုးတက်မှုသည် ကောင်းကျိုးဆိုးကျိုး ဒွန်တွဲလျက် ရှိ၏။ အင်တာနက်ကို ကျယ်ပြန့်စွာ သုံးစွဲလာသောအခါ အင်တာနက်မှတစ်ဆင့် လိမ်လည်မှုများကို ဆန်းပြားသော နည်းလမ်းများ သုံးစွဲ၍ ကျူးလွန်လာ ကြ၏။
ဤလိမ်လည်နည်းများကို cyber scams ဟု အင်္ဂလိပ်ဘာသာဖြင့် ခေါ်ဝေါ်ပါသည်။

(၂)

အထက်ပါ စာများမှာ ၂၀၁၁-ခုနှစ်၊ ဧပြီလထုတ် ဓမ္မရတနာမဂ္ဂဇင်းပါ စာရေးဆရာ ကြည်လွင် (မြန်မာစာ)၏ “လိမ်ညာခြင်းနှင့် လိမ်လည်ခြင်း” ဆောင်းပါးမှ ကောက်နှုတ်ချက် ဖြစ်၏။
ယင်းဆောင်းပါးမှ “အမှန်မှာ မုသားဆိုခြင်း (၀ါ) လိမ်ညာပြောခြင်းနှင့် လိမ်လည်မှုပြုခြင်းမှာ သဘောလက္ခဏာ အတူတူပင် ဖြစ်၏။ မိမိအကျိုးရှိမှု၊ သို့မဟုတ် သူတစ်ပါးအကျိုးမဲ့မှုအတွက် မရိုးသားသော ပြောဆိုပြုမူမှုသာ ဖြစ်၏။

ဝစီကံမှုနှင့် ကာယကံမှုသာ ခြားနား၏။” ဟူသော စကားရပ်ကို သံသယဖြစ်ကြသော အယ်ဒီတာများက ၎င်းဆောင်းပါး အဆုံးတွင် “မုသာဝါဒဟူသည် နှုတ်ဖြင့်ပြောဆိုသော ၀စီကံဖြစ်ကြောင်း ကျမ်းဂန်လာရှိပါသည်။

ဤဆောင်းပါး၌ ပါရှိသော နှုတ်မြွက်မှုမပါသည့် လိမ်ညာမှုများသည် မုသာဝါဒကံ ထိုက်-မထိုက် ပညာရှင်များ စိစစ်ဝေဖန်ပေးပါရန် ပန်ကြားအပ်ပါသည်။” ဟု ဖော်ပြထားပါသည်။
၎င်းဆောင်းပါးပါ နှုတ်မြွက်မှုမပါသည့် လိမ်ညာမှုများသည် ထိုဆရာရေးသားသည့်အတိုင်း ကာယကံမှုနှင့် ၀စီကံမှုသာ ခြားနား၏။ လိမ်လည်မှုသာ ဖြစ်သောကြောင့် မုသာဝါဒကံ ထိုက်ပါသည်။

အဘိဓမ္မတ္ထသင်္ဂဟကျမ်းတွင် --
“မုသာဝါဒေါ ပိသုဏ၀ါစာ ဖရုသ၀ါစာ သမ္ဖပ္ပလာပေါစေတိ ၀စီဝိညတ္တိသင်္ခါတေ ၀စီဒွါရေ ဗာဟုလ္လ၀ုတ္တိတော ၀စီကမ္မံ နာမ။”
“မုသာဝါဒ ပိသုဝါစာ ဖရုသ၀ါစာ သမ္ဖပ္ပလာပ- အားဖြင့် လေးပါးသောတရားတို့သည် ၀စီဝိညတ်ဟု ဆိုအပ်သော ၀စီဒွါရ၌ များစွာဖြစ်သောကြောင့် ၀စီကံ မည်၏။” ဟု ဆိုထားရာ “၀စီဒွါရေ ဗာဟုလ္လ၀ုတ္တိတော ၀စီကမ္မံ နာမ- ၀စီဒွါရ၌
များစွာဖြစ်သောကြောင့် ၀စီကံ မည်၏။” ဟူသော စာပိုဒ်အရ ၀စီဒွါရ၌သာ ဖြစ်နိုင်သောကြောင့် မုသာဝါဒ-စသည်ကို ၀စီကံဆိုသည် မဟုတ်၊ ၀စီဒွါရ၌ အဖြစ်များသောကြောင့်သာ ၀စီကံဟု ဆိုထားခြင်းဖြစ်၏။ အနည်းငယ်အားဖြင့်
ကာယဒွါရ၌လည်း ဖြစ်နိုင်သေး၏-ဟု အဓိပ္ပါယ်ရ၏။

(တော၌ ကျင်လည်ကျက်စားမှုများသောကြောင့် မုဆိုးကို ပါဠိလို ၀နစရက (တော၌ ကျက်စားသူ) ဟု ခေါ်၏။ သို့သော် မုဆိုးသည် ရွာ၌လည်း နေလေ့ရှိသည်သာ။ ပုဏ္ဏားလူမျိုး များစွာရှိသော ရွာကို ဗြာဟ္မဏဂါမ (ပုဏ္ဏားရွာ) ဟု
ခေါ်လေ့ရှိ၏။ သို့သော် အခြားလူမျိုးများလည်း အနည်းငယ် ရှိနိုင်သည်သာ။ အဖြစ်များသောကြောင့် “ချစ်ခြင်းအစ မျက်စိက” ဟု ပြောလေ့ရှိကြ၏။ သို့ရာတွင် မျက်စိကန်းသူများလည်း ချစ်တတ်သည်သာ။)
ထို့ကြောင့် သင်္ဂြီုဟ်ဘာသာဋီကာတွင် အောက်ပါအတိုင်း ရေးသားဖော်ပြထား၏။

“မုသာဝါဒ။ ။ မုသာသဒ္ဒါသည် မဟုတ်မမှန်သော ၀တ္ထုကို ဟောသောနိပါတ်ပုဒ်တည်း၊ မဟုတ်မမှန်သော ၀တ္ထုဟူသည် “သင်္ကန်းရှိသလား”ဟုမေးရာ၌ ရှိလျက် မရှိဟု ပြောဆိုအပ်သောသင်္ကန်း၊ မရှိဘဲလျက် ရှိသည်ဟု ပြောဆိုအပ်သော သင်္ကန်းပင်တည်း၊ တစ်စုံတစ်ခုသော သတင်းစကားကို ကြားရာ၌ “ဟုတ်သလား”ဟု မေးလျှင် ဟုတ်လျက် မဟုတ်ဟု ပြောဆိုအပ်၊ မဟုတ်ဘဲလျက် ဟုတ်သည်ဟု ပြောဆိုအပ်သော သတင်းစကားတည်း၊

ဤသို့လျှင် အရာဝတ္ထုက ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပြောတိုင်းမဟုတ်သည်ကိုပင် “မုသာ”ဟု ဆိုသည်၊ မုသာ+၀ဒန္တိ+ဧတေနာတိ မုသာဝါဒေါ၊ ဧတေန-ဤစေတနာဖြင့်၊ မုသာ- မဟုတ်မမှန်သော ၀တ္ထုကို၊ ၀ဒန္တိ-
အမှန်လုပ်၍ ပြောဆိုတတ်ကုန်၏၊ ဣတိ- ထို့ကြောင့်၊ သော- ထိုစေတနာတရားသည်၊ မုသာဝါဒေါ- မုသာဝါဒ မည်၏၊ နှုတ်ဖြင့် ပြောရသော မုသာကများ၍ “မုသာဝါဒ”ဟု ဆိုသည်၊ ကိုယ် နှုတ် တစ်ခုခုဖြင့် ညာဝါး ဖြန်းသန်း ရေးသားမှု
အရပ်ရပ်တို့မှာ မုသာဝါဒမည်သည်သာတည်း။ (ဘာ-ဋီ၊ ၃၇၂)

(၃)

ငွေရလိုခြင်းကြောင့် သာမာန်လိမ်လည်မှုများသည် တစ်ဘ၀စာသာ ဒုက္ခရောက်စေနိုင်ကြ၏။ နာမည်ကြီးလိုမှု စသည်ကို အခြေခံသော ပဋိပတ်နှင့်စပ်သော အရိယာမဖြစ်ဘဲလျက် အရိယာဖြစ်နေကြောင်း လိမ်လည်မှု၊ သူတို့ထံ တပည့်ခံပါက ဘယ်နှစ်ရက် ဘယ်နှစ်လအတွင်း အရိယာဖြစ်အောင် ပြုလုပ်ပေးနိုင်ကြောင်း လှည့်ဖြားမှုများသည် လိမ်လည်လှည့်ဖြားခံရသူ များအား ဘ၀ပေါင်းများစွာ ဒုက္ခရောက်ရသည်အထိ ဖြစ်စေနိုင်ကြ၏။

“သစ္စာတရား တစ်ခုကို လွန်၍ မုသားစကားကို ဆိုလေ့ရှိသော နောင်ဘ၀အတွက် ဆင်ခြင်စဉ်းစားခြင်း အလျင်းမရှိသော သူအား မပြုနိုင်မည့် မကောင်းမှု အကုသိုလ်မည်သည် မရှိ။” (ဓမ္မပဒ၊ ၁၇၆) ဟူသည့်အတိုင်း ထိုပုဂ္ဂိုလ်များသည် အရိယာဖြစ်ပြီးသူအား ကုသိုလ် အကုသိုလ်များကို ပယ်သတ်ပြီးဖြစ်သောကြောင့် အကုသိုလ် လုပ်သော်လည်း အကုသိုလ် မဖြစ်တော့ဟု သင်ကြားပေးကြ၏။

သူတစ်ပါးသားမယားနှင့် လွန်ကျူးသည့်တိုင် နှစ်ဦးသဘောတူလျှင် အပြစ်မဖြစ်ဟု တပည့်များအား နှစ်သိမ့်ကြ၏။ သူတို့ကိုယ်တိုင်လည်း ကျူးလွန်ကြ၏။
ထိုပုဂ္ဂိုလ်များသည် ဘုရားဟောတရားကိုပင် ပြင်လိုပြင် ဖျက်လိုဖျက် လုပ်ချင်သလို လုပ်ကြကာ ဘုရားကိုပင် မျက်ကွယ်ပြုသူများ အလေးမထားသူများဖြစ်သောကြောင့် သံဃာကိုကား ရိုသေလေးစားဖို့ဝေးစွာ့၊ စာရင်းထဲပင် ထည့်ကြသူများမဟုတ်။

သို့ရာတွင် ထိုပုဂ္ဂိုလ်များ မည်မျှပင် ယုတ်မာဆိုးဝါးစေကာမူ အချောင်ကြိုက် အလွယ်လိုက်သူများ၊ ပညာ အားနည်း သဒ္ဓါသည်းသူများလည်း များစွာရှိသောကြောင့် အားပေးထောက်ခံသူ မရှားပဲ သူ့ပရိသတ်များအကြား
သူဘုရားလုပ်ကာ လှည့်လည်နေထိုင်ကြ၏။
“အကြင်သူသည် ရဟန္တာ မဟုတ်ဘဲလျက် ရဟန္တာဟု ၀န်ခံ၏၊

ဤသူသည်သာလျှင် ဗြဟ္မာနှင့်တကွသော လောက၌ အယုတ်မာဆုံးဖြစ်သော ခိုးသူကြီးပေတည်း။”
(သုတ္တနိပါတ်၊ ၀သလသုတ်) ဟု မြတ်ဗုဒ္ဓဟောတော်မူ၏။ အဘယ်ကြောင့် အယုတ်မာဆုံး ခိုးသူကြီး ဖြစ်သနည်း- ဟူမူ အရိယာမဟုတ်ပဲလျက် အရိယာဟု လိမ်လည်လှည့်ဖြားထားမှုကြောင့် ထိုသူ့အား အရိယာဟုံကြည်မိသူ အားလုံးက ကိုးကွယ်ဆည်းကပ်ကြ၏။ လှူဒါန်း ပူဇော်ကြ၏။

ထိုလာဘ သက္ကာရ သိလောကတို့ကို ထိုပုဂ္ဂိုလ်သည် အမှန်တကယ် ခံစားထိုက်သည် မဟုတ်။ သူ့၌ မရှိသောဂုဏ်ကို သူ့ပြောစကားအရ တကယ်ရှိသည်ဟု ထင်မှတ်ကြ ၍သာ လှူဒါန်းပူဇော်ကြခြင်းဖြစ်၏။
အမှန်တကယ် မရှိမှန်းသိလျှင် ပေးလှူကြမည် မဟုတ်။ ထိုသို့ မရသင့်သော ပေးလှူမှု ပူဇော်မှု ကျော်ကြားမှု များကို လှည့်ဖြားလိမ်ညာ၍ ယူထားခြင်းကြောင့် အယုတ်မာဆုံးသော ခိုးသူကြီးနှင့် တူခြင်းဖြစ်၏။

ထိုသို့သော ပုဂ္ဂိုလ်များ၏ လိမ်ညာလှည့်ဖြားမှုကို ခံရလျှင် ဤဘ၀တွင်လည်း မိမိတို့၏ ပစ္စည်းဥစ္စာများ ခိုးယူခံ ရနိုင်ပြီး သံသရာတွင် နစ်မွန်းစေနိုင်သော အယူဝါဒအမှားများကိုလည်း သင်ကြားပေးခံရနိုင်ဖွယ် ရှိသောကြောင့် ထိုသို့သော အယုတ်မာဆုံး သူခိုးကြီးများလက်မှ လွတ်အောင် ရှောင်းရှားနိုင်သူများဖြစ်ဖို့ သတိကြီးကြီး ထားကြရမည်ဖြစ်ပါသည်။

အရှင်ကောဝိဒ (ယော)


Monday, March 26, 2012

အချစ်ကံခေနေပေမယ့် အနှစ်ကျန်စေရမယ်

                       အချစ်ကံခေနေပေမယ့် အနှစ်ကျန်စေရမယ်  အချစ်ကံခေပြီး သောကပူလောင်ရမှာကိုလည်း စိုးရိမ်ကြောက်ရွံ့ နေမိပါသလား ၊ အချစ်ကံကောင်အောင် ဘယ်လိုပြုမှုနေထိုင် ကျင့်သုံးရမယ် ဆိုတာ မိန့်ဒီစာလေးကိုဖတ်လိုက်ကြပါသူငယ်ချင်းတို့.
“ အချစ်ကံကောင်းနည်း ” ကိုသိချင်တယ် ဆိုရင်တော့။ လွယ်ပါတယ် ၊ ဘာမှမခက်ပါဘူး ။ အချစ်ကံကောင်ချင်ရင်“ အချစ်ကံကောင်း ”ဆိုတဲ့စကားလုံးကို ရှေ့နောက် ပြောင်းပြန်လှန်လိုက်ရုံပါပဲ။ “အချစ်ကံကောင်း” ကို ပြောင်းပြန်လှန်လိုက်တော့ အကောင်းကံချစ် ဖြစ်သွားတာပေါ့။ အကောင်းကံချစ်ရင် အချစ်ကံကောင်းပါတယ်။ ဟုတ်တယ်ဟုတ်။

“ အကောင်းကံ ” ဆိုတာ ကုသိုလ်ကံကို ပြောတာပါ။ “ကုသိုလ်ကံ” ဆိုတဲ့ နေရာမှာလည်း ကောင်းတဲ့အလုပ်တွေ လုပ်တဲ့ကုသိုလ်ကံရယ် ၊ မကောင်းတဲ့အလုပ်တွေရှောင်တဲ့ ကုသိုလ်ကံရယ်လို့ နှစ်မျိုးရှိပြန်ပါတယ်။ ကုသိုလ်အလုပ်လုပ်တဲ့ ကုသိုလ်ကံနဲ့ အကုသိုလ်အလုပ်ရှောင်တဲ့ ကုသိုလ်ကံဆိုပါတော့။

ကောင်းတဲ့ ကုသိုလ်အလုပ်တွေတော့ တစ်ဖက်က အများကြီး လုပ်နေပါရဲ့ ၊ ဒါပေမဲ့တစ်ဖက်ကလည်း မကောင်းတဲ့ အကုသိုလ်တွေ နည်းနည်းပါးပါးလုပ်မိနေတယ်ဆိုရင် ကိုယ့်ရဲ့ ကုသိုလ်ကံဟာ ပြည့်စုံတဲ့ကုသိုလ်ကံ မဟုတ်တော့ပါဘူ။ ကုသိုလ်ကံ မပြည့်စုံရင် အကျိုးပေးလည်း မပြည့်စုံတော့ပါဘူး။ ဒါကြောင့် အကျိုးပေးဟာကွက်မရှိ ပြည့်စုံချင်ရင် ကောင်းတာလုပ်တဲ့ ကုသိုလ်ကံရော ၊ မကောင်တာ ရှောင်တဲ့ ကုသိုလ်ကံရော ၊ ကုသိုလ်ကံ နှစ်မျိုးလုံ ပြည့်စုံအောင် ကြိုးစားဖို့ လိုအပ်ပါတယ်။

“ အကောင်းကံ ” ဆိုတဲ့ စကားလုံးနဲ့ပဲ ကိုင်ပြီးပြောတာ ပိုကောင်းပါတယ်။ “ကုသိုလ်ပြုအကောင်းက”ံ ရယ် ၊ “အကုသိုလ်ရှောင် အကောင်းကံ” ရယ် ၊ အဲ့ဒီအကောင်းကံ နှစ်မျိုးကို ချစ်ရင် ၊ အဲဒီ အကောင်းကံနှစ်မျိုးနဲ့ ပြည့်စုံးအောင်ကြိုးစားရင် ၊ အဲဒီ အကောင်းကံနှစ်မျိုး ပြည့်စုံနေရင် အချစ်ကံ သေချာပေါက် ကောင်းပါတယ်။

“အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ် ”ဆောင်းပါးကို သေချာပြန်ဖတ်ကြည့်ရင် ဘယ်လိုအကုသိုလ်ကံကြောင့် အချစ်ကံခေရတယ် ဆိုတာ တွေ့ရပါလိမ့်မယ်။ အချစ်ကံခေစေတဲ့ အကုသိုလ်ကံကို ရှောင်ကြဉ်လိုက်ရင် အချစ်ကံကောင်းသွားပြီပေါ့။ (တစ်ခေါက်လောက်တော့ ဖတ်ဖြစ်အောင် ပ်ြဖတ်ကြည့်စေချင်ပါတယ်။ )

လောကမှာ အဆိုးတွေ ကြုံကြုံနေရတယ်ဆိုတာ အကောင်ကံ မရှိလို့ မဟုတ်ပါဘူး ၊ အဆိုးကံ ရှိနေလို့ပါ။ အဆိုးကံသာမရှိရင် အဆိုးတွေ လုံးဝ မကြုံတွေ့ရပါဘူး။အဆိုးမကြုံတွေ့ချင်သူတစ်ယောက် အဓိကလုပ်ရမယ့် အလုပ်ကတော့ အဆိုးကံ ရှောင်ကြဉ်တဲ့အလုပ်ပါပဲ။

အချစ်နဲ့ ပတ်သက်ပြီး အဆိုးကြုံတွေ့ရတယ်ဆိုတာ အချစ်နဲ့ ပတ်သတ်တဲ့ အဆိုးကံတွေ အတိတ်က ကျူးလွန်ခဲ့လို့ပါ။’ အတိတ်ကံ ‘ ဆိုတဲ့နေရာမှာ ရှေးယခင်ဘ၀တွေက အတိတ်လည်းပါဝင်သလို ယခု ဘ၀ရဲ့ ရှေ့ပိုင်အတိတ်တွေလည်း ပါဝင်ပါတယ်။

အချစ်ကံခေစေတဲ့ အဓိကအကျဆုံး အဆိုးကံကတော့ အချစ်ရေးမှာ သစ္စာမရှိခြင်း ၊ တစ်နည်းအားဖြင့် အချစ်ရေးဖောက်ပြန်ခြင်းပါပဲ။ ကိုယ့်ချစ်သူ ၊ ကိုယ့်အိမ်ထောင်ဖက်အပေါ်မှာ သစ္စာမရှိဘဲ တခြားအယောက်များစွာနဲ့ ဖောက်ပြန်နေတာဟာ အချစ်ကံခေစေတဲ့ အဆိုကံကို ထူထောင်နေတာပါ။ အဲဒီက အကျိုးပေးတဲ့ဘ၀ သေချာပေါက် အချစ်ကံခေမှာပါပဲ။

အချစ်ကံမခေစေချင်ဘူး ၊ အချစ်ကံကောင်းချင်တယ် ဆိုရင် အချစ်ရေးမှာ သစ္စာရှိဖို့ လိုအပ်ပါတယ်။ ကိုယ့်မှာ ချစ်တယ် လို့ ဖွင့် ပြောထားပြီးသား တရာဝင်ချစ်သူရှိပါလျက် တခြားတစ်ယောက်နဲ့ အီစီကလီလုပ်တာမျိုး ၊ ဘာလိုလို ညာလိုလို ရောတာမျိုး ရှောင်ကြဉ်ရပါမယ်။

တစ်ဖက်သားအပေါ် ရင်ထဲက တကယ်အချစ်ပါဘဲ ချစ်ဟန်တောင်တာမျိုး ၊ တစ်ဖက်သားရင်ထဲမှာ ကိုယ့်ကိုခံစားသွားရအောင် ကလိတာ ၊ ရိတာမျိုး ၊ အပျော်သဘောနဲ့ လူတကာ အသည်း လှည့်ပတ်ခွဲတာမျိုး ၊ အပေါင်းအသင်းတွေကြား တလွဲဂုဏ်ယူချင်စိတ်နဲ့ မြားပွေတာ ၊ ရူပ်တာမျိုး ၊ ရည်းစားတွေထည်လဲတွဲပြီး အပျော်ကြံတာမျိုး ၊ ‘ ပုံလာလာပြောတိုင်းယုံ ‘ တတ်တဲ့ အယုံလွယ်သူတွေအပေါ် ပုံပြောကောင်းပြီး မျက်နှာများတာမျိုး ၊ ‘ မဆွတ်ခင်က ညွတ်ချင် ‘ နေတဲ့ အညှာလွယ်သူတွေအပေါ် ပလီပလာ

ချွဲနွဲ့ ပြီကျောရရုံ ကြံတာမျိုး ၊ တစ်သက်တာယုံမှတ်လို့ အရှက်ပါပုံအပ်သူတွေအပေါ် ‘ စားပြီး နားမလည် ‘ မသိချင်ယောင်ဆောင်တာမျိုး ၊ လက်မထပ်သေးခင် အချစ်နယ်ကျွံပြီး ကြိုပွိုင့်ရိုက်တာမျိုး…စတဲ့…စတဲ့ ‘ အချစ်သူခိုး ‘ အလုပ်တွေအကုန်လုံးကို တည်ကြည်ခိုင်ခံ့တဲ့ စိတ်ဓာတ်နဲ့ မြင့်မြတ်စွာ ရှောင်ကြဉ်နိုင်ရပါမယ်။ ဒါတွေက အိမ်ထောင်မကျသေးဘူး လူပျို ၊ အပျိုတွေအတွက် ပြောတာပါ။

အိမ်ထောင်ကျပြီးသူတွေအနေနဲ့ကတော့ အခုပြောခဲ့တဲ့ အချစ်ရေးဖောက်ပြန်ခြင်းကိုပါ ရှောင်ကြဉ်ကြရပါမယ်။ တရားဝင်ထိမ်းမြှားလက်ထပ်ထားတဲ့ ကာမပိုင်တစ်ဦးကလွဲရင် ဘယ်သူတစ်ဦးတစ်ယောက်နဲ့မျှ ကာမဂုဏ်မှားယွင်းမှု ၊ အပျော်အပါးလိုက်စားမှု မပြုရပါဘူး။ ကိုယ့်အိမ်ထောင်ဖက် စိတ်အနှောက်အယုက် ဖြစ်စေမယ့် ၊ အချစ်ဥပဒေနဲ့ ငြိစွန်းတဲ့ အပြောအဆို ၊ အပြုအမှု မှန်သမျှ လုံးဝကင်းရှင်အောင် နေထိုင်ကြရပါမယ် ။

ကာမေသူမိစာစာရကံ ( ကာမဂုဏ်မှားယွင်းမှုကံ) နဲ့ပရဒါရကံ ( သူတစ်ပါး သာမယား ပြစ်မှားမှုကံ) ကို ကိုယ်နဲ့ ၊ နူတ်နဲ့သာမက စိတ်နဲ့ပါ ရှောင်ကြဉ်နိုင်လေ ၊ အချစ်ကံကောင်းလေပါပဲ။

အချစ်ကံခေစေတဲ့ နောက်အဆိုးကံတစ်ခုကတော့ အချစ်သ၀န်တိုခြင်း ၊ သို့မဟုတ် ချစ်သ၀န်ကြောင်ခြင်းပါပဲ။ ကိုယ်ချစ်တဲ့သူက တခြားတစ်ယောက် ၊ သို့မဟုတ် တခြားအယောက်ပေါင်းများစွာအပေါ်ကျယ်ပြန့်သန့်ရှင်းတဲ့ မေတ္တာမျှဝေပေးနေတာ
အပေါ် မနာလို မရူဆိတ်ဖြစ်ပြီး ‘ ဟိုလူကို မချစ်ရ ၊ ဒီလူ့ကို မခင်ရ ၊ ဘယ်သူနဲ့ မပေါင်းရှ၊ ဘယ်ဝါနဲ့ မပတ်သတ်ရ ‘ လို့မနာလိုစကားတွေ ပြောကြားနေတာ ၊ သ၀န်တိုအမိန့်တွေ ထုတ်ပြန်နေတာဟာ အချစ်ကံခေကြောင်း မကောင်းမှုအကုသိုလ်တွေ ဆည်ပူးစုဆောင်နေတာပါပဲ။

တစ်ယောက်နဲ့တစ်ယောက် ရိုးသားသန့်စင်စွာ ချစ်ခင်နေကြသူတွေကို ကိုယ့်အထင်နဲ့ မတော်တရာစွပ်စွဲပြီး ၊ သို့မဟုတ် ကိုယ့်စိတ်နဲ့နိုင်း အရိုင်းသတ်မှတ်ပြီး ချစ်ခင်မှုပျက်ပြားသွားအောင်လုံးဝ မလုပ်သင့်ပါဘူး။

ကိုယ်တစ်ဖက်တစ်သတ်ချစ်နေရသူက ကိုယ့်အပေါ် ပြန်မချစ်တာနဲ့ပဲ “ တခြားဘယ်သူ့ကိုမှ မချစ်ရဘူး ၊ ချစ်လို့ကတော့ နှစ်ယောက်လုံး စိတ်ဆင်ရဲအောင် လုပ်ပစ်မယ် ၊ ဆက်ချစ်မရအောင် နှောင့်ယှက်ပစ်မယ် ” ဆိုတဲ့စိတ်ထားဟာ ကလေးသိပ်ဆန်လွန်းတဲ့ အချစ်ကံခေကြောင်း စိတ်ထားပါ။

“ အလှဝန်တို ၊ မငြိုငြင်နှင့် ” ဆိုတဲ့ငယ်ငယ်တုန်းက ကဗျာအလိုက်အတိုင် ပြောရရင်” “အချစ်ဝန်တို ၊ မငြိုငြင်နှင့် “ လို့ပြောရပါလိမ့်မယ်။ သူတို့ဘာသာသူတို့ ရိုးရိုးသားသားပဲ ချစ်ချစ် ၊ ဆန်းဆန်းပြားပြားပဲ ချစ်ချစ် ၊ ကိုယ့်ရေစက်နဲ့ကိုယ့်ချစ်နေကြတာကို ကိယ်က ကြားထဲကနေ အလကားနေရင်း မနာလိုဝန်တိုဖြစ်ပြီး ချစ်ခြင်းကို သွာခွဲရင် သူတို့ချစ်ခြင်း ကွဲကွဲ ၊ မကွဲကွဲကိုယ့်နှလုံးသာထဲမှာတော့ “ အချစ်ကံမွဲဆေး ” ဖော်စပ်ပြီးသား ဖြစ်သွားပါပြီ ။

“ ချစ်ခြင်းကိုမခွဲပါနဲ့ ” ဆိုတဲ့ ၀စီသုစရိုက်သိကပုဒ် ( ပိသုဏ ၀ါစာဝိရတိသိကပုဒ် ) ဟာချစ်သူရည်းစားချင်း ၊ ဇနီးခင်ပွန်းချင်းရဲ့ ချစ်ခြင်းကိသာ အခွဲဖို့ပြောတာ မဟုတ်ပါဘူး။ မိဘနဲ့ သားသမီး ၊ ဆရာနဲ့တပည့် ၊ ဆရာနဲ့ဒကာ ၊ ညီအစ်ကိုမောင်နှမအချင်းချင်း ၊ ဆွေမျိုးသွေးသာ အချင်ချင်း ၊ မိတ်ဆွေသူငယ်ချင်း အချင်းချင်း ၊ ဘယ်လိုချစ်ခင်ကြသူအချင်ချင်းရဲ့ ချစ်ခြင်းကိုမဆို မခွဲဖို့ ပြောတာပါ။

သူများချစ်ခြင်းကိုခွဲရင် ကိုယ့်ချစ်ခြင်း ကွဲမှာပါပဲ။ ဒါဟာသေချာတဲ့ ကမနိယာမပါ။ သူများချစ်ခြင်း ခွဲခဲ့တဲ့သူတွေ ၊ ခွဲနေတဲ့သူတွေဟာ အချစ်ကံခေတတ်ပါတယ်။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်မချစ် ၊ ကိုယ့်ဘက်က ဘယ်လောက်ကောင်းကောင်း ကိုယ့်ကိုအကောင်းမထင် ၊ ကိုယ်ချစ်တဲ့သူတွေနဲ့ အတူတူမနေရ ၊ မိဘမေတ္တာ ဆိုတာကို ခံစာခွင့်မကြုံ ၊ ညီအစ်ကို မောင်နှမအချင်းချင်းမတည့် ၊ ဆွေမျိုးတွေက တစ်ကိုယ်ကောင်ဆန်၊ သူငယ်ချင်းအပေါင်းအသင်းတွေက မိတ်ကောင်ဆွေကောင်း မပီသ ၊ ဒါတွေအားလုံးဟာ အချစ်ကံခေတာတွေချည်းပါပဲ ။

“ ကိုယ်လိုချင်တာ…အချုပ်အနှောင်မဲ့အချစ်များ ” ဆိုတဲ့အတိုင်း ဘယ်သူမဆို အချုပ်အချယ်ကင်းတဲ့ ၊ အနှောင်အဖွဲ့ရှင်းတဲ့ ချစ်ခြင်း မေတ္တာ သန့်သန့်လွတ်လွတ်ကလေးကိုပဲ လိုချင်ကြပါတယ်။ ကိုယ်လိုချင်တဲ့ ချစ်ခြင်း မေတ္တာ မျိုး သူတစ်ပါးကို အရင်ပေးနိုင်မှ အချစ်ကံကောင်းသူတစ်ယောက်အဖြစ် ပျော်ရွှင်ကြည်နူးခွင့်ရမှာမို့ သူတစ်ပါအပေါ် အဓိပယ်ကင်းမဲ့ ကန့်သတ်ချုပ်ချယ်ချင်းတဲ့စိတ်ယုတ် စိတ်ပုပ်ကို နှင်ထုတ်ဖယ်ရှာပစ်နိုင်ဖို့ သိပ်အရေးကြီးပါတယ်။

ရှောင်စရာအဆိုးကံတွေအထိုက်အလျှောက် ပြောပြီးသွားတော့ ဆောင်စရာအကောင်းကံတွေ နည်းနည်းပြောကြတာပေါ့။

အချစ်ကံကောင်းစေတဲ့ အဓိကအကျဆုံး အကောင်းကံကတော့ မေတ္တာ တရားလက်ကိုင်ထားခြင်းပါပဲ။ သူတစ်ပါးအပေါ် စစ်မှန်သန့်စင်တဲ့ မေတ္တာတရားတွေ များများပေးနိုင်လေ ၊ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ပြီး ကံအကျိုးပေး ပိုကောင်းလေပါပဲ။ မေတ္တာကြီးလေ၊ အချစ်ကံကောင်းလေပေါ့။

မေတ္တာက “ ပွားမေတ္တာ ” နဲ့ “ ထားမေတ္တာ ” လို့ နှစ်မျိုးရှိပါတယ်။ “ကျန်းမာချမ်းသာပါစေ ” လို့စိတ်ထဲကနေ ၊ ဒါမှမဟုတ်အသံထုတ်ပြီး မေတ္တာပို့သနေတာကို “ ပွား မေတ္တာ ” လို့ခေါ်ပါတယ်။ တစ်ဖက်သားရဲ့ ကောင်းကျိုးကို ကာယကံမြောက် ကိုယ်ထိလက်ရောက် ၊ ၀ဇီကံမြောက် နူတ်ထိပါးစပ်ရောက် ကူညီဆောင်ရွက်ပေးတဲ့ မေတ္တာကို “ ထားမေတ္တာ ” လို့ခေါ်ပါတယ်။

ပွားမေတ္တာ ရော၊ ထား မေတ္တာရော မေတ္တာနှစ်မျိုးလုံး ပြည့်စုံမှ အချစ်ကံကောင်းမှာပါ။ တကယ်ဆို ပွားမေတ္တာ ထက် ထားမေတ္တာ ကပိုလို့တောင် အရေးကြီးပါတယ်။ စိတ်ထဲက ၊ သို့မဟုတ်နူတ်က “ကျန်းမာချမ်းသာပါစေ ” လို့တဖွဖွ မေတ္တာ ပို့သနေပေမယ့် ၊ တကယ်လက်တွေ့ဘ၀မှာ သူတစ်ပါးစိတ်ဆင်းရဲစေမယ့် အပြောအဆို ၊ အပြုအမှုတွေ ၊ တစ်ဖက်သား ဆိုးကျိုးဖြစ်စေမယ့် အပြောအဆို ၊ အပြုမှုတွေ ပြောဆိုနေမယ်ဆိုရင် နောင်ဘ၀ဆိုတာ အသာထာ ၊ အခု လောလောဆယ်ဆယ်မှာကို အဲဒီလူကို ဘယ်သူကမှ ချစ်ခင်နှစ်သက်ကြမှာ မဟုတ်ပါဘူး။

“ ကျွန်တော် ၊ ကျွန်မ အရာရာကို အကောင်းမြင်စိတ် မွေးပါတယ်။ လူတိုင်းအပေါ် မေတ္တာ ထားနိုင်ပါတယ် ” လို့ စကားတွေ ၊ စာတွေနဲ့ ကိုယ်ရည်သွေးပြီး ထုတ်ဖော်ကြွေကြော်နေပေမယ့် တကယ့် လက်တွေ့ဘ၀မှာ အဆိုးမြင်စိတ်ထားနဲ့ အဆိုးမြင်စကားတွေပဲပြော ၊ အဆိုးမြင်လုပ်ရပ်တွေပဲ လုပ်နေတဲ့သူတွေဟာပ ဘ၀မှာရော ၊ သံသရာဘ၀တွေမှာပါ ချစ်ခင်မြတ်နိုးမယ့်သူ မရှိ ၊ နားလည်ခွင့်လွှတ်မယ့်သူ မရှိနဲ့ အချစ်ကံခေပြီ ၀မ်းနည်းအားငယ် နေရမှာပါ။

မေတ္တာ တရားကို “ လူချစ်ဆေး ၊ နတ်ချစ်ဆေး ” လို့ပြောတာဟာ မေတ္တာ ပို့သရုံသက်သက် “ တစ်ခြမ်ပဲ့ မေတ္တာသမား ” တွေ အတွက် ပြောတာ မဟုတ်ပါဘူး။ တစ်ဖက်ကလည် မေတ္တာပို့သ ၊ တစ်ဖက်ကလည်း လိုသူ ၊ မလိုသူ အခွဲခြားဘဲ အလွှာမရွေး ၊ အရွယ်မရွေးအပေါ် ကိုယ်ထိလက်ရောက် ၊ နူတ်ထိပါးစပ်ရောက် အကျိုးဆောင်ပေးတတ်တဲ့ “ အပြည့်အ၀ မေတ္တာသမား ” တွေ ၊ “ တင်းပြည့် မေတ္တာ သမား ” တွေအတွက် ပြောတာပါ။

ပွားမေတ္တာ သက်သက်နဲ့တော့…လူအပေါင်း ၊ နတ်အပေါင်းရဲ့ ချစ်ခင်မြတ်နိုးမှုကို ရမှာမဟုတ်ဘူး ၊ ပွားမေတ္တာရော ၊ ထားမေတ္တာရော ပြည့်စုံမှ လူအပေါင်း ၊ နတ်အပေါင်းရဲ့ ချစ်ခင်မြတ်နိုမှု ရမယ်…လို့ဆိုလိုပါတယ်။

သီးခြားထိုင်ရင်းနဲ့ပဲဖြစ်ဖြစ် ၊ သွားရင်းလာရင်း ၊ လုပ်ရင်းကိုင်ရင်းနဲ့ပဲဖြစ်ဖြစ် “ သတ္တ၀ါအားလုံး ကျန်းမာချမ်းသာကြပါစေ ” လို့ မကြာခဏ မေတ္တာပို့သပါ။ ရေနဲ့ ခန ကိုယ်နဲ့ထိတွေ့တိုင်းလည်း အေးမြတဲ့ရေကို သက်သေထား အာရုံပြုပြီး “ သတ္တ၀ါ အားလုံးကိုယ်ရောစိတ်ပါ အေးချမ်းကြပါစေ ” လို့ အထပ်ထပ်မေတ္တာ ပို့သပါ။ ကိုယ့်မျက်စိရှေ့ မြင်တွေ့လာသမျှ ၊ ကိုယ့်အလုပ်နဲ့ ပတ်သက်ဆက်စပ်လာသမျှ လူတိုင်း လူတိုင်းကို ချက်ချင်းချက်ချင် မေတ္တာပို့သတဲ့ အလေ့အကျင့် အားကောင်းလာပြီဆိုရင် ‘“ပွားမေတ္တာ ” နဲ့ပြည့်စုံပါပြီ။

မြတ်စွာဘုရားရှင်ရဲ့ မေတ္တာဓာတ်တွေ ကိန်းဝပ်နေတဲ့ “မေတ္တသုတ် ” တရားတော်ကို နေ့စဉ်ဝတ်ထားပြီး အချိန်ရရင် ရသလို အမြဲမပြတ် ရွတ်ဖတ်ပူးဇော်သွားမယ် ဆိုရင်လည်း ဒေါသဓာတ်တွေ ကင်းစင် ၊ မေတ္တာဓာတ်တွေ စိမ့်ဝင်ပြီး မြင်သူတိုင်းက ချစ်ခင်မြတ်နိုး အားကိုးလေးစား တန်ဖိုးထားလာကြပါလိမ့်မယ်။

“ နတ်များချစ်ဆေး ၊ ဘေးရန်ဝေးသော ၊ ယဉ်ကျေးမ ၊ ဂါထာပျံကို ၊ ရွတ်အံသရ ကြကုန်လော့ ” …တဲ့။ မေတ္တသုတ်ကိုရွတ်ရင် မမြင်ရတဲ့ နတ်တွေကတောင် ချစ်တယ်ဆိုမှတော့ မြင်ရတဲ့လူတွေက ပိုလို့တောင် ချစ်ပြီပေါ့။ အခေါက်ရေများဖို့ထက် အဓိပ သိသိ စဉ်းစားဆင်ခြင်ပြီး ရွတ်ဖိုကတော့ အရေးကြီတာပေါ့လေ။

မေတ္တာသုတ်ရွတ်ရုံ ၊ မေတ္တာပွားများရုံနဲ့ ကျေနပ်မနေဘဲ တစ်ဖက်သားကောင်းကျိုး ၊ အများကောင်းကျိုးကို ကိုယ်နဲက ၊ နူတ်နဲ့လက်တွေ့ဆောင်ရွက်ပေးပါ။ “ ကောင်းကွက်ကိုရှာ… မေတ္တာ ” ဆိုတဲ့အတိုင်း တစ်ဖက်သားရဲ့ ကောင်းကွက်ကို မြင်အောင်ကြည့်ပြီး လူတိုင်အပေါ် အကောင်မြင်အလုပ်တွေပဲ လုပ်သွားမယ်ဆိုရင်“ ထားမေတ္တာ ” နဲ့ ပြည့်စုံပါပြီ။

တစ်ဖက်သားကိုနွေးနွေးထွေးထွေး ချစ်ခင်တတ်ရင် ကိုယ့်ကိုနွေးနွေးထွေးထွေး ချစ်မယ့်သူပေါ်လာမှာပါ။ တစ်ဖက်သားကို မြတ်မြတ်နိုးနိုး ကြင်နာတတ်ရင် ကိုယ့်ကိုမြတ်မြတ်နိုးနိုး ကြင်နာမယ့်သူရောက်လာမှာပါ။တစ်ဖက်သားကို ထွးထွေးပိုက်ပိုက်ယုယတတ်ရင် ကိုယ့်ကိုထွေးထွေးပိုက်ပိုက် ယုယမယ့်သူရှိလာမှာပါ။ တူသော အကျိုးပေးတတ်တဲ့ ကံတရားကို ဘယ်သူများ ဟန့်တားနိုင်တာမှတ်လို့...။

သိပ်လိုအပ်တဲ့အခါ...ကိုယ်ထားရှိခဲ့တဲ့ မေတ္တာတရားကို သစ္စာစကားအဖြစ် ပြောင်းလဲလိုက်မယ်ဆိုရင်လည်း မေတ္တာပန်းတွေ ပျံသန်းဆိုက်ရောက်လာပါလိမ့်မယ်။

“ကျွန်ုပ်သည် ဘယ်သူ့အပေါ် အမှန်တကယ်ချစ်မြတ်နိုးခဲ့ပါတယ်။ သူ့လိုအပ်ချက်မှန်သမျှကို မေတ္တာအပြည့်နဲ့ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါတယ်။ ဤစကားသည် မှန်ပါတယ်။ ဤမှန်သော သစ္စာစကားကြောင့်... ”

“ကျွန်ုပ်သည် ကျွန်ုပ်ချစ်မြတ်နိုးရတဲ့သူတွေ အားလုံး အပေါ်မှာ အစစအရာရာ လိုလေသေးမရှိ တာဝန်ကျေခဲ့ပါတယ်။ ကြင်ကြင်နာနာ ၊ ယုယုယယနဲ့ ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ ဤမှန်သောသစ္စာစကားကြောင့်...” စသည်အားဖြင့် ကိုယ်ဆိုတတ်သလို ၊ ကိုယ်ဆိုချင်သလိုဆိုပြီး...

“...ဤမှန်သောသစ္စာစကားကြောင့် ကျွန်ုပ်ချစ်ရတဲ့သူက ကျွန်ုပ်ကို ကျွန်ုပ်ထက် အဆပေါင်းများစွာ ပြန်ချစ်ပါစေသတည်း ”

စသည်အားဖြင့် ကိုယ့်ဆန္ဒရှိသလို ဆုတောင်းနိုင်ပါတယ်။ အတိတ် ၊ လက်ရှိ အကြောင်းတရားတွေ ညီညွတ်ရင် ကိုယ်ဆိုတောင်း တစ်နေ့ပြည့်မှာပေါ့။ ဒါပေမဲ့ တစ်ခုသတ်ပြုရမှာက သစ္စာဆိုတဲ့အခိုက်မှာသာ ကိုယ်လိုချင်တဲ့ အကျိုးကို တောင့်တရမှာပါ။ မေတ္တာပေးနေတဲ့အခိုက်မှာတော့ လုံးဝ မတောင့်တရပါဘူး။ သူ့အကျိုးသက်သက်ကိုပဲ ရည်ရွယ်ရပါမယ်။ 
 ကိုယ့်အတွက် မျှော်လင့်ချက်နဲ့ပေးတဲ့ မေတ္တာဟာ မေတ္တာစစ်စစ် မဟုတ်ဘူးလေ။
ပြီးတော့ နောက်တစ်ခုက ကိုယ်ပေးတဲ့ မေတ္တာထဲမှာ မေတ္တာလိုလိုနဲ့ နေရာတကာ အကြောင်းမဲ့ ဆရာလုပ်တာတွေ ၊ လက်တွေ့မကျဘဲ အကျိုးမဲ့လွှမ်းမိုးခြယ်လှယ်တာတွေ ၊ ကိုယ့်အလိုမပြည့်တိုင်း မကျေမနပ် အပြစ်တင်တာတွေ ကင်းရှင်းနေရပါမယ်။ ကိုယ့်ဆန္ဒ ၊ ကိုယ့်အတ္တအတိုင်း တစ်ဖက်သားကို အရုပ်တစ်ခုလိုပုံသွင်းချင်တာ မေတ္တာမှ မဟုတ်ဘဲ။ အတ္တရှေ့တန်းတင်တဲ့ မေတ္တာမျိုးနဲ့ သစ္စာဆိုလို့ကတော့ အဲဒီသစ္စာ စွမ်းမှာမဟုတ်ပါဘူး။

ကဿပဘုရားရှင်လက်ထက်တုန်းက သူဋ္ဌေးသမီးတစ်ဦး ခင်ပွန်းလောင်းသူဋ္ဌေးသားရဲ့ အိမ်ကို အ၀င် တံခါးအတွင်းဘက် ခြေစုံရပ်မိတာနဲ့တစ်ပြိုင်နက် မိမိကိုယ်က အပုပ်နံ့တွေ တထောင်းထောင်း ထွက်လာတဲ့အတွက် သူဋ္ဌေးသားနဲ့ လက်ဆက်ခွင့်မရဘဲ မိဘအိမ် ပြန်လာခဲ့ရပါတယ်။ တခြားသူဋ္ဌေးသား ခြောက်ဦးနဲ့လည်း ဒီအတိုင်းချည်းပဲဖြစ်နေလို့ သူဋ္ဌေးသမီးခမျာ အချစ်ကံခေသူဘ၀နဲ့ စိတ်ဆင်းရဲနေရရှာပါတယ်။

အတိတ်ဘ၀တစ်ခုတုန်းက ယောက်မဖြစ်သူနဲ့ ရန်ဖြစ်နေတုန်း ပစ္စေကတစ်ပါး ဆွမ်းခံကြွလာတော့ ယောက်မကဆွမ်းလောင်းပြီး “ ဒီလိုအမိုက်မမျိုးကို ယူဇနာတစ်ရာအဝေးက ရှောင်ကြဉ်နိုင်ပါရစေ”လို့ဆုတောင်းလိုက်တာကို ၊ ယောက်မရဲ့ဆုတောင်း ပြည့်စေချင်တဲ့စိတ်နဲ့ သပိတ်ထဲက ဆွမ်းတွေသွန်ပစ်ပြီး ရွှံ့ညွန်တွေ အပြည့်ထည့်ပေးလိုက်မိတဲ့ အကုသိုလ်ကံကြောင့် ခင်ပွန်းလောင်း အိမ်ရောက်တိုင်း အခုလို အပုပ်နံ့ထွက်ပြီး အချစ်ကံခေနေရရှာတာပါ။

“ ယောကျာ်းမရတော့မယ့် အတူတူ မထူးဘူး” ဆိုပြီးလက်ဝတ်ရတနာတွေ အကုန်လုံး ထုခွဲရောင်းချ ၊ ရတဲ့ငွေနဲ့ ကဿပဘုရားရှင်ရဲ့ ဓာတ်တော်ဋ္ဌာပနာရာ စေတီတော်မှာ ရွှေအုတ်တစ်ချပ်နဲ့ ကြာပန်းရှစ်ပွင့် လှူဒါန်းလိုက်ပါတယ်။

အဲ့ဒီအချိန်မှာပဲ ပထမဆုံးလက်ထပ်ဖို့ ကြံရွယ်ခဲ့တဲ့ သူဋ္ဌေးသမီးကို အသည်းအသန် သတိရပြီး အိမ်ကို ခေါ်တောင်သွားတဲ့အခါ အိမ်အတွင်း ၀င်ဝင်ချင်း သူဋ္ဌေးသမီးရဲ့ ကိုယ်ကစန္ဒကူးနံ့တွေ သင်းပျံ့ကြိုင်လှိုင်စွာ ထွက်ပေါ်လာပါတယ်။ သူဋ္ဌေးသမီးစကားပြောလိုက်တိုင်းလည်း အာခံတွင်းက ကြာညိုရနံ့ မွှေးပျံ့သင်းကြိုင်လို့ နေပါတယ်။

ဘုရားမှာ ရွှေသင်္ကန်းနဲ့ ကြာပန်းလှူဒါန်းရတဲ့ ကုသိုလ်ကံကြောင့် သူဋ္ဌေးသမီး အချစ်ကံကောင်းလာခဲ့ရတာပါ။ “ နံ့သာခင်” “ရှင်မွှေးလွန်း”သူဋ္ဌေးသမီး အချစ်ကံကောင်းလာခဲ့ရတာပါ။ (မိမိကိုယ်က အပုပ်နံ့ထွက်ခြင်းဆိုတဲ့ အားနည်းချက်ကို သင်းပျံ့မွှေးကြိုင်တဲ့ ကြာပန်းလှူခြင်းဆိုတဲ့ ကုသိုလ်ကောင်းမှုက ချေဖျက်ပေးလိုက်တဲ့အတွက် အားနည်းချက် ပျောက်သွားပြီး အချစ်ကံကောင်းသွားတာလို့လည်း ပြောနိုင်ပါတယ်။)

ရွှေကို လူသားတိုင်း ချစ်မြတ်နိုးကြသလို ကြာပန်းလေးတွေ ပွင့်နေပုံကလည်း မြင်သူတိုင်းရဲ့ စိတ်မှာ ချစ်မြတ်နိုးစရာပါ။ ဒီတော့ ရွှေအလှူရှင်နဲ့ ကြာအလှူရှင်မှ အချစ်ကံမကောင်းရင် ဘယ်သူများ အချစ်ကံကောင်းဦးမှာလဲ။

အချစ်ကံမကောင်းလို့ အသစ်ပြန်ပြောင်းနေရတဲ့ နာမည်ကြီး အနုပညာရှင်အမျိုးသမီးတစ်ဦးကို ဒီဝတ္တုလေး အသေးစိတ်ပြောပြပြီး ၀တ္တုကြောင်းကိုဆင်ခြင်ရင်း အိမ်ကဘုရားမှာရော ၊ ရွှေတိဂုံဘုရားမှာပါ ရွှေသင်္ကန်းနဲ့ ကြာပန်းတွေ အဆက်မပြတ်လှူဒါန်းဖို့ တိုက်တွန်းလိုက်တာ တိုက်တွန်းတဲ့အတိုင်း ယုံယုံကြည်ကြည်လုပ်တဲ့အတွက် သိပ်မကြာခင်မှာပဲ သူမကိုသိပ်ချစ် ၊ သိပ်မြတ်နိုး ၊ သိပ်တန်ဖိုးထားတဲ့ ၊ သူမကလည်း ပြန်ချစ်နိုင်တဲ့ ပါရမီဖြည့်ဖက် အိမ်ဦးနတ်ကောင်းတစ်ဦးကို စိတ်ချမ်းမြေ့စွာ ပိုင်ဆိုင်ခွင့်ရသွားပါတယ်။ (ယတြာချေတာ မဟုတ်ပါဘူး။ အကြောင်းအကျိုးဆက်စပ်တဲ့ ကုသိုလ်ကောင်းမှု ပြုတာပါ။)

ရွှေသင်္ကန်းနဲ့ ကြာပန်းအလှူက အချစ်ကံကောင်းစေသလို နဲ့သာအလှူနဲ့ ဆေးအလှူကလည်း အချစ်ကံကောင်းစေပါတယ်။ နံ့သာအလှူ ၊ ဆေးအလှူကလည်း အချစ်ကံကောင်းစေပါတယ်။ နံ့သာအလှူနဲ့ဆေးအလှူတွေရဲ့ အကျိုးတရားတွေမှာ “ကိုယ်ချစ်ရတဲ့သူတွေနဲ့ ဘယ်တော့မှ မခွဲခွာရခြင်း”ဆိုတဲ့ အကျိုးတရားတစ်ခု ပါနေလို့ပါ။

နံ့သာရဲ့ သဘောတရာ ၊ ဆေးဝါးရဲ့အာနိသင်နဲ့နိုင်းယှဉ်စဉ်းစားကြည့်ရင် ဒါဟာ သဘာဝကျပါတယ်။ မွှေးရနံ့သင်းနေသူကို ပတ်ဝန်းကျင်က ချစ်မြတ်နိုးကြသလို ဆေးကြောင့် သေဘေးကလွတ်သွားသူဟာလည်း သူချစ်တဲ့သူတွေနဲ့ မခွဲခွာ မကွေကွင်းရတော့ဘူး မဟုတ်လား။

မွှေးရနံ့ဆိုတာ အချစ်တိုးစေတဲ့အရာ ၊ တစ်ဖက်သားစွဲမက်စေတဲ့အရာ...။ဆေးဆိုတာ ချစ်သူတွေ မကွေကွင်းစေတဲ့အ၇ာ ၊ ချစ်စရာ ကျန်းမာခြင်းကို ဆောင်ကြဉ်းပေးတဲ့အရာ...။အကောင်းကံတွေပဲပေါ့။

မြတ်စွာဘုရားရှင် လက်ထက်တုန်းက အရေပြားရောဂါစွဲကပ်နေတဲ့ “ရောဟိနီ”မင်းသမီးလေးဟာ အစ်ကိုဖြစ်သူ အရှင်အနုရုဒ်ဓါရဲ့ လမ်းညွန်ချက်အရ လက်ဝတ်တန်ဆာတွေ ရောင်းချလို့ရတဲ့ငွေနဲ့ နှစ်ထပ်ဆွမ်းစားကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းပြီး သောက်ရေ သုံးရေဖြည့်ခြင်း ၊ တံမြက်လှည်းခြင်း ၊ နေရာခြင်းခြင်း...စတဲ့ ဝေယျာဝစ္စတွေ ပြုလုပ်တဲ့အတွက် အရေပြားရောဂါလည်း ပျောက်၊ သေလွန်တဲ့အခါ တာဝတိ့သာနတ်ပြည်လည်း ရောက်သွားခဲ့ပါတယ်။

နတ်သားလေးဦးရဲ့ နယ်စပ်ဧရိယာ နတ်သမီးလေးသွားဖြစ်တဲ့ ရောဟိနီကို နတ်သားလေးဦးက မြင်မြင်ချင်း အရမ်းကိုချစ်သွားတဲ့အတွက် သူ ရထိုက်တယ် ၊ ငါ ရထိုက်တယ်နဲ့ ငြင်းခုံကြပါလေရော။ နောက်ဆုံး သိကြားမင်းကြီးဆီ သွားအဆုံးအဖြတ်ခံတဲ့အခါ သိကြားမင်းကြီးကလည်း ရောဟိနီကို မြင်မြင်ချင်း ချစ်သွားပြီး.......

“အသင်နတ်သားတို့...၊ ရေဟိနီကို မြင်တဲ့အချိန်ကစပြီး သင်တို့စိတ်ထဲမှာ ဘယ်လိုခံစားနေရပါသလဲ”

လို့နတ်သားလေးဦးကို မေးလိုက်ပါတယ်။

“သူ့ကိုမြင်တဲ့အချိန်ကစပြီး ကျွန်တော်မျိုးရဲ့ စိတ်ဟာ စစ်မြေပြင်မှာ စည်ကြီးတီးလိုက်သလို တုန်ခါသွားပြီး ထိုင်ရခက် ၊ ထရခက်နဲ့ဆောက်တည်ရာမရ ဖြစ်နေပါတယ်”

“ကျွန်တော်မျိုးရဲ့ စိတ်ထဲမှာတော့ တောင်ကျရေတံခွန်ကြီး စီးဆင်းနေသလို သူ့အပေါ် သံယောဇဉ်ရေတံခွန်ကြီး စီးဆင်းနေပါတယ်”

“ကျွန်တော်မျိုးရဲ့ မျက်လုံးဟာ သူ့ကိုမြင်တဲ့အချိန်ကစပြီး ပုစွန်မျက်လုံးလို ပြူးထွက်နေပါပြီ”

“ကျွန်တော်မျိုးရဲ့ နှလုံးသားကတော့ စေတီဘုရားပေါ်က တံခွန်အလံတွေလို တဖျပ်ဖျပ် တုန်လှုပ်နေခဲ့ရပါပြီ”

နတ်သားလေးဦးရဲ့ အချစ်ခံစားချက်တေါကိုလည်း နားထောင်ပြီးရော သိကြားမင်းကြီးက...

“အသင်နတ်သားတို့ရဲ့ အချစ်ခဲစားချက်တွေက အတော့်ကို ပြင်းထန်လှပါတယ်။ ဒါပေမဲ့ ထိန်းချုပ်မယ်ဆို ထိန်းချုပ်လို့ရပါသေးတယ်။ ကျွန်ုပ်ကတော့လေ..ရောဟိနီကိုမှမရရင်...သူ့ကိုမှမရရင်...ဘယ်...ဘယ်လိုမှ...အသက်ရှင်သန်နိုင်မှာ မဟုတ်တော့ပါဘူး...သူနဲ့သာ...အတူမနေရရင်...သေ...သေရပါလိမ့်မယ်...အသင်နတ်သားတို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကျွန်ုပ်သိကြားဟာ...ရောဟိနီကိုရမှ...ပုံမှန်ရှင်သန်ခွင့် ရှိတော့မယ့်သူပါ...

လို့ဆွေးဆွေးမြည့်မြည့် ငိုပြောပြောလိုက်ပါတယ်။

“အသင်သိကြားမင်းကြီး ဒီလောက်တောင် ကြွေနေရင်လည်း ရောဟိနီကို အသင်သိကြားမင်းကြီးပဲ ယူလိုက်ပါတော့ ၊ အသက်တော့ အသေမခံလိုက်ပါနဲ့ သိကြားမင်းကြီးရယ် ၊ ကျွန်တော်မျိုးတို့လေးဦး ရောဟိနီကို စွန့်လွှတ်လိုက်ပါပြီ”

သိကြားမင်းကြီး ဒိုင်စားသွားပုံကတော့ ပိုင်လိုက်တာနော်...။

ရောဟိနီကို သိကြားမင်းကြီး ချစ်လိုက်ပုံများ...အရာရာ “နီသဘော”...“နီသဘော”နဲ့ပါပဲ။ ဘယ်သွားချင်သလဲ...နီိ့သဘော၊ ဘာလုပ်ချင်သလဲ...နီသဘော၊...“အရာရာ...မင်းပါ...နီ...။

ရောဟိနီနတ်သမီး အချစ်ကံကောင်းတာ ကျောင်းအလှူကုသိုလ်နဲ့ ဝေယျာဝစ္စကုသိုလ်ကြောင့်ပါ။

တစ်ဖက်သားရဲ့ ကစ္စကြီးငယ်ကို မေတ္တာအပြည့်နဲ့ ကူညီဆောင်ရွက်ပေးတတ်တဲ့ ဝေယျာဝစ္စကုသိုလ်ရှင်တွေဟာ ချစ်သူခင်သူ ၊ ကူညီစောင့်ရှောက်သူတွေ ပေါများပြီး ဘ၀မှာ အစစအရာရာ အဆင်ပြေတတ်ပါတယ်။

နောက်ဆုံးတော့ မယမင်းရယ်...၊“မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ၊ ဖြူအောင်စိတ်ကိုထား ”ဆိုတဲ့ဘုရားအဆုံးအမ အတိုင်း မကောင်းမှုမှန်သမျှ ရှောင်ကြဉ်မယ်၊ ကောင်းမှုမှန်သမျှပြုလုပ်မယ် ၊ စိတ်နှလုံးကို ဖြူစင်မြင့်မြတ်အောင် အမြဲထားမယ်ဆိုရင် အချစ်ကံသာမက အနှစ်ကံတွေပါ ကောင်းပြီး ချစ်စရာအကောင်းဆုံး နောင်ဘ၀ကို ဧကန်မုချ ရရှိကြမှာ မလွဲပါဘူး။

သြော်...အရေးအကြီးဆုံးလို့ ထင်တဲ့ စကားတစ်ခွန်းတော့ နောက်ဆုံးပြောလိုက်ပါရစေ...။

“အချစ်ကံကောင်းချင်ရင်...ချစ်အောင်နေပါ၊ မုန်းအောင် မလုပ်ပါနဲ့”...လို့။

ဒါပါပဲ...သူငယ်ချင်းတို့...။

အကောင်းကံချစ်၍ အချစ်ကံကောင်းကြပါစေ...
 by လောကနတ်

Sunday, March 25, 2012

ဓမ္မလမ်းသို့ ချဉ်းကပ်ခြင်း

ဓမ္မလမ်းသို့ ချဉ်းကပ်ခြင်း


ကိုယ်တစ်ခါမှမသွားမလာဖူးတဲ့ လမ်းခရီး တစ်ခုသွားတော့မယ်ဆိုရင် ဒီလမ်းခရီး အကြောင်း ကြိုသိထား သင့်တာပေါ့။ ဘယ်နေရာမှာ ခလုတ်ကန်သင်းကျင်းချိုင့်ရှိတယ်။ ဘယ်နေရာမှာ သားရဲတိရစ္ဆာန်ရှိတယ်။ စမ်းချောင်းကလေးကတော့ဖြင့် ဘယ်နေရာမှာ စသည်သိ ထားရမယ်။ လမ်းခရီးအကြောင်း အစမှ အဆုံး ပြည့်စုံအောင် ပြောပြ နိုင်တဲ့ သူဆီမှာ ချဉ်းကပ်ရမယ်။ ဒီခရီးကိုသွားဖူး၊ ရောက်ဖူးသူသာလျှင် ရေလည်အောင် ပြောပြနိုင်လိမ့်မယ်။ မသွားဖူး၊ မရောက်ဖူးဘဲနဲ့ အထင်ကြီးအောင် ပြောပြသူဆီ ချဉ်းကပ်မိရင် လမ်းလွဲမယ်။ ခရီးလမ်းဆုံး ပန်းတိုင်မရောက်ဘဲ မျက်စိလည် လမ်းမှားပြီး ဘဝတစ်ခုကို အချည်းနှီး ပေးဆပ်ရလိမ့်မယ်။

ဓမ္မခရီးကို လျှောက်လှမ်းရာမှာ သာမန်သွားနေကျခရီးမျိုးထက်ပိုပြီး တိကျသေချာ ဖို့လိုပါတယ်။ သာမန် ကြားဖူးနားဝဗဟုသုတကလေးနဲ့ အားထုတ်ရင် အားကုန် အချိန်ကုန်တာပဲ အဖတ်တင်မယ်ဆိုပါစို့။ တရားဆိုတာ အသိလေးကပ်ထား ပြီးတာပဲဆိုပြီး ဖောင်းပိန်လည်းမမှတ်၊ ထိုင်ထိလည်းမမှတ်၊ ဝင်လေထွက်လေ လည်းမမှတ်၊ ပေါ်ရာ ပေါ်ရာကိုလည်းမရှုမှတ်ဘဲ သိရင်ပြီးတာပဲ ဆိုပြီး စိတ်ကပျံ့လွင့်နေရင် သွားပြီ။ လမ်းမှားပြီ။ ခရီးအစမှာကတည်းက လမ်းလွဲ လိုက်သွားပြီ။ သွားချင်တဲ့ပန်းတိုင် မရောက်တော့ဘူး။

ပထမဆုံး စတင်အားထုတ်ရာမှာ သညာနဲ့များများမှတ်နိုင်မှ သတိဝီရိယအားကောင်း လာပြီး သမာဓိအား ကောင်းလာပါတယ်။ သမာဓိအားကောင်းပါမှ ပညာအစစ်အမှန် ကိုရပါတယ်။ သမာဓိမပါဘဲ ပညာသိကို မရနိုင်ပါဘူး။  သတိ၊ ဝီရိယနဲ့ မရှုမှတ်ဘဲ သိ ပြီးတာပဲဆိုရင် လမ်းလွဲပြီ။ ပေါ့ပေါ့လျော့လျော့ အားထုတ်ရင် ကြားဖူးနားဝဗဟုသုတနဲ့ ရော်ရမ်းမှန်းသမ်းပြီး ထင်ကြေးနဲ့ပြောနေတာတွေကို ထိုးထွင်းသိ၊ ပညာသိလို့ ထင်သွားမယ်။

သိသလိုလိုနဲ့ မသိခြင်းဟာ သွားလျက်နဲ့မရောက်တဲ့ခရီးနဲ့ တူလှပါတယ်။ သွားသလောက် ခရီးမတွင်တော့ နောက်ကြောင်းပြန်လှည့်ချင်လာတယ်။ လမ်းမှားကြီးနဲ့ အချိန်ကုန်တော့ စိတ်ဓာတ်ကျ လာတယ်။ တရားမှာ အီသွားတယ်။ တရားမှာ မပျော်မွေ့တော့တဲ့အပြင် သံသယဝင်ချင်လာတယ်။ တရားက ဟုတ်သေးရဲ့လား၊ တရားက ဘုရားဟောထားတာပဲ။ ဟုတ်လို့ပဲ ကျေးဇူးတော်ရှင်ကြီးတွေ မဟာစည် ဆရာတော်တို့၊ မိုးကုတ်ဆရာတော်တို့ လမ်းဆုံးရောက်သွားကြပြီ။ ကိုယ်အားထုတ်တဲ့ နည်းလမ်းက မဟုတ် သေးတာပါ။

နည်းလမ်းအမှန်က ပွားများရှုမှတ်မှုနဲ့သာ သမာဓိထူထောင်ရတယ်ဆိုတာ သတိရပါ။ ရိပ်သာရောက်မှ ရှုမှတ်ပွားများရမယ်လို့ မဆိုလိုပါဘူး။ အိမ်မှာလည်း အစဉ်တစိုက် ပွားများနေနိုင်ပါတယ်။ ဝိပဿနာမပွားနိုင်ရင်တောင်မှ ဂုဏ်တော်ပွားပါ။ မေတ္တာပွားပါ။ ကုသိုလ်အားတွေခိုင်ခံ့လာပါတယ်။ ဒါဟာ သမ္မာဝါယမပါပဲ။ ဝီရိယကောင်းလာရင် သမာဓိလည်းကောင်းလာပါတယ်။ သမာဓိရလာပြီဆိုရင် ခန္ဓာကိုယ်ကို ပြန်ကြည့်ပြီး ရှုမှတ်လို့ရပါပြီ။ ဒါဟာ နည်းလမ်းအမှန်ပါပဲ။

သမာဓိမှမရသေးခင် ညောင်းရင်ပြင်၊ ယားရင်ကုတ်၊ အသံကြားတော့ မျက်လုံး ဖွင့်ကြည့်နဲ့ စိတ်အလိုကိုလိုက်နေခြင်းဟာလည်း လမ်းမှား လိုက်နေခြင်းပါပဲ။  လမ်းမှန်ကတော့ ညောင်းတာ၊ ကိုက်တာ၊ နာတာ ဝေဒနာပေါ်လာရင် ပေါ်တဲ့နေရာ စူးစိုက်ရှုမှတ်ပါ။ ဒုက္ခဝေဒနာကိုသိမှ ဒုက္ခသစ္စာကို ပိုင်ခြားသိပါလိမ့်မယ်။ တစ်ဆက်တည်းသာ ရှုမှတ်သွားရင် ဝေဒနာသက်သက်ကလေး သိသွားလိမ့်မယ်။ သည်းခံပြီးမှတ်ရင် ဝေဒနာမရှိတဲ့နေရာ ရောက်ပါလိမ့်မယ်။

ကိလေသာပါးအောင် တရားအားထုတ်ပါမှ ကိလေသာပွားလာတာမျိုးလည်း ကြုံရတတ်ပါတယ်။ ဖိရင်ကြွတဲ့သဘောအတိုင်း ကိလေသာကလည်း ရှုမှတ်ပြီဆိုခါမှ ထကြွပွားလာတတ်ပါတယ်။ လူမှုရေး၊ စီးပွားရေးတွေနဲ့ အလုပ်မအားတုန်းကတော့ ကိလေသာက ထကြွချိန် သိပ်မရှိရာက ဒီတရားလုပ်ပါမှ ပိုပြီးထကြွလာတတ်ပါတယ်။ ဒီလို ထကြွလာတော့ အမှတ်မဆက်တော့ဘူး။ ရှုမှတ်တဲ့ဘက်က ရှုံးနိမ့်သွားပြီး ကိလေသာဘက်က အနိုင်ရသွားတာလည်းရှိပါတယ်။ ဒီလိုအခြေအနေမှာ အသုဘကို ဆင်ခြင်အပ်ပါတယ်။ အသုဘကို မဆင်ခြင်တတ်ရင် ကာမဂုဏ်ရဲ့အပြစ်တွေကို ပြန်ဆင်ခြင်ရပါမယ်။

သွားရည်တများများနဲ့ အရိုးကိုက်နေတဲ့ခွေးငတ်တစ်ကောင်လို ဘာမှအကျိုးမရှိပါလား။ ကျီးကန်းတစ် ကောင် သားတစ်ရသွားတော့ မရလိုက်တဲ့ကျီးကန်းတွေက ဝိုင်းအုံထိုးဆိတ်ကြ။ အသားတစ်ကို လွှတ်ချလိုက်မှ တဒင်္ဂသက်သာရာရတဲ့ ကျီးကန်းလိုပဲ ကာမဂုဏ်စည်းစိမ်တွေဆိုတာ မရှိတောင့်တ ရှိကြောင့်ကြပါလား။ ဒါက ဆင်ခြင်နှလုံးသွင်းတဲ့အပိုင်း..။

သြော် ဘုရားအလောင်း မန္ဓာတုစကြဝတေးမင်းကြီးတောင်မှ ကာမဂုဏ်စည်းစိမ်တွေအပေါ် တပ်မက်ခဲ့လွန်းလို့ ဒုက္ခရောက်ဖူးလေပြီလို့လည်း ဆင်ခြင်လိုက်ပါဦး။ မန္ဓာတုမင်းကြီးဟာ လောကီစည်းစိမ်တွေ ခံစားခွင့်ရခဲ့တာ ကလေးဘဝနဲ့နှစ်ပေါင်း နှစ်သောင်းလေးထောင်၊ အိမ်ရှေ့မင်းဘဝနဲ့နှစ်ပေါင်း နှစ်သောင်းလေးထောင်၊ ရှင်ဘုရင်ဘဝနဲ့ ရှစ်သောင်းလေးထောင် ဒီလောက်ခံစားရတာလည်း အားမရနိုင်ဘူးတဲ့။

ဒါနဲ့စတုမဟာရာဇ်နတ်ပြည် တက်ခံစားတာလည်းအားမရလို့ တာဝတိံသာတက်ပြီး သိကြားမင်းစည်းစိမ် ခံစားပြန်ပါရော။ နှစ်ပေါင်းသုံးကုဋေခြောက်သန်းမှာ သိကြားမင်းတစ်ယောက် စုတေသေလွန်သည့်တိုင် သူကတော့နတ်စည်းစိမ်ခံစားတုန်း။ ဒီလိုနဲ့ သိကြားမင်း သုံးဆယ့်ခြောက်ဆက်သာပြောင်းသွားတယ်။ သူကတော့မပြောင်းဘူး။ ကိလေသာတွေလျော့မသွားဘူး။ ကာမဂုဏ်ဆိုတာ ရလေလိုလေ၊ သောက်လေ သောက်လေငတ်မပြေပဲကိုး။ ဒီတော့ ရှိတဲ့ သိကြားမင်းကြီးသတ်ပြီး နတ်စည်းစိမ် ငါတစ်ယောက်တည်း ခံစားမယ်ဆိုတဲ့ စိတ်ယုတ်မာလည်း ဝင်လာရော အောက်ကိုပြုတ်ကျပါလေရော။

ကာမဂုဏ်ရဲ့အပြစ်ကို ဖော်ပြတဲ့ ဒီလိုသုတ္တန်တွေ၊ ဇာတ်တော်တွေကို ဆင်ခြင်လိုက်တော့ တရားမှတ်လို့ မကောင်းပေမယ့် ကိလေသာအားနည်းသွားတယ်။ ဒါကို (အပါယ်ဘေးဆင်ခြင်အာနိသင်) လို့ ဆိုနိုင်ပါတယ်။ လောကီနယ်ပယ်မှာ ချုံ့တာမရှိ။ ချဲ့တာပဲရှိတယ်။ ကျဉ်းတာမရှိ။ ကျယ်လာတာပဲရှိတယ်။ ပစ္စုပ္ပန်ချမ်းသာကို မက်မောလို့ ဒုက္ခရောက်နေတာ အမှားပဲ။ အကုသိုလ်ပဲ။ ပရိယေသနတွေလုပ်နေတာ ဆင်းရဲခြင်းအမှန်ပဲ။  သမ္မာအာဇီဝနဲ့ စီးပွါးရှာပါတယ်ဆိုတာတောင် လောဘ၊ ဒေါသတွေပါနေတယ် မဟုတ်လား။

ဒါကြောင့် မိုးကုတ်ဆရာတော်ကြီးက တွေးမယ့်တွေးရင် ဒုက္ခသစ္စာကိုတွေးစမ်းပါတဲ့။ သံသရာဘေးဆိုးကြီးကို မြင်လာစေချင်လို့။ ဘုရားဟောလည်းရှိပြီးသားပဲ။ သံသရာကျင်လည်ရာမှာ လူ့ဘဝ၊ နတ်ဘဝဆိုတဲ့ သုဂတိဘဝကောင်းတွေရတာနည်းတယ်။ အပါယ်လေးဘုံသာအရောက်များတယ်။ ဘဝကောင်းက လက်သည်းပေါ်မြေမှုန့်လောက်ပဲရှိပြီး ဘဝဆိုးတွေက ကမ္ဘာမြေကြီးရဲ့မြေမှုန့်တွေလောက် များတယ်လို့ ဘုရားရှင်ဟောတော်မူခဲ့ပြီးသားပဲ။ ဒီတော့ အများထဲပါမသွားအောင် ကြိုးစားအားထုတ် ကြရဦးမယ်။ လူ့ဘဝရသည့်တိုင် သာသနာတော်နဲ့ကြုံဆုံဖို့ဆိုတာ အင်မတန်ခဲယဉ်းတယ်။ သာသနာတော်နဲ့ ကြုံမှ သံသရာဘေးဒုက္ခတွေက လွတ်ကြောင်းတရား (ဝိပဿနာ) အားထုတ်ခွင့် ရနိုင်ပါတယ်။

သံသရာတစ်လျှောက်လုံး အဝိဇ္ဇာတဏှာခိုင်းတာလုပ်ခဲ့ပြီးပြီ။ ရေစုန်လမ်းမှာ မျောခဲ့ပြီးပြီ။ ခု ဆန်တက် ကြရတော့မယ်။ မိုးကုတ်ဆရာတော်ဘုရားကြီးဟောခဲ့သလို အိပ်ရာဖျာကပ် ဘဝမျိုးမရောက်ခင် အအိုနဲ့အနာ အကြားမှာ လမ်းခွဲရှာစမ်းပါ။ ကံလမ်းက ဥာဏ်လမ်းပေါ်ရောက်အောင် လျှောက်ကြပါ။ ဘဝမှာ တရား အားထုတ်ရမယ့်အချိန်နည်းနည်းပဲကျန်တော့တယ်။ နေရမယ့်အချိန်ကလေးအတွင်း (မသေခင်) အားထုတ် ကြစမ်းပါ။ အားထုတ်ပါမှ လမ်းမှားနေရင် (နည်းမှားနေရင်) ထူးမြတ်တဲ့အသိကို မရနိုင်ပါဘူး။ နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ်အားထုတ် သော်လည်း ဘာမှရမသွားတဲ့ ယောဂီတွေ ကြုံဖူးပါလိမ့်မယ်။

တရားအားထုတ်တယ်ဆိုတာ တောကြမ်းခုတ်ရသလိုပဲ။ ပေါင်းတွေ၊ ချုံနွယ်တွေခုတ်ခါမှ သစ်ငုတ်က ပေါ်လာသလိုပဲ အားထုတ်ချိန်မှာ ကိလေသာတွေပေါ်လာတတ်တယ်။ ဒီတော့ ရိပ်သာရောက်မှ အားထုတ်မယ်လို့ အချိန်ဆိုင်းမနေပါနဲ့တော့။ ရောက်ရာနေရာမှာ အားထုတ်ကြစမ်းပါ။ အိမ်မှာလည်း ရှုမှတ်ပွားများ လို့ရပါတယ်။ ကားမောင်းသလိုပဲ။ ကုန်းတက်၊ တောင်တက်လမ်းကို အရှိန်နဲ့ မောင်းတက်ရသလို တရားတက်ဖို့ဆိုတာ အရှိန်အများကြီး လိုပါတယ်။ ဂုဏ်တော်အား၊ မေတ္တာအား၊ ရှုမှတ်အား၊ ဆင်ခြင်အားတွေကောင်းမှ အရှိန်ရပါတယ်။

အိမ်မှာကတည်းက အရှိန်ရလာသူ ရိပ်သာဝင်တော့ လမ်းမှာတင်ထူးနေပြီ။ မြေကြီးတွေက နိမ့်ချည်၊ မြင့်ချည်၊ လှိုင်းထလို့၊ နိမိတ်ကောင်းပြနေတာ။ အခုမှအားထုတ်မယ်ဆိုပြီး ရိပ်သာဝင်တော့ အရှိန် ပါမလာတော့၊ တရားကမှတ်တိုင်းမရဘူး။ ရှုမှတ်တိုင်းမရတော့ ချာလပတ်လည်ပြီး အရှုံးပေးချင်လာတယ်။ ပါရမီမရှိဘူး လို့ထင်လာတယ်။ စိတ်ဓာတ်မကျပါနဲ့။ ပါရမီရှိလို့ ဒီတရားအားထုတ်ခွင့်ရတာ။ ထိုက်တန်လို့ ဘုရားသာသနာနဲ့ ကြုံဆုံခွင့်ရတာ။ ဒီအချိန်မှာ သံသရာဘေးဆိုးကြီး၊ အပါယ်ဝဋ်ဆင်းရဲဘေးဆိုးကြီးကို တကယ်ထိတ်လန့်ရင် ကိုယ့်ကိုယ်ကို ကယ်တင်တဲ့အနေနဲ့ အားထုတ်ကြစမ်းပါ။ အားထုတ်ရာမှာ လမ်းမှားလမ်းလွဲကို မလိုက်ဘဲ လမ်းမှန်အတိုင်း လျှောက်ရင် လမ်းဆုံးပန်းတိုင်ကို မုချပိုင်ပိုင် ရောက်နိုင်ပါလိမ့်မယ်။

မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ

Saturday, March 24, 2012

အလုပ် ဖြစ်မှာလား၊ အဖြစ် လုပ်မှာလား

  
အလုပ် ဖြစ်မှာလား၊ အဖြစ် လုပ်မှာလား

ဝီရိယကို မှီ၍ အသက် ရှင်ရသူ၊ ကောင်းမှုကံ၏ ကောင်းကျိုးကို မှီ၍ အသက် ရှင်ရသူ၊ နှစ်ခုလုံးကို မှီ၍ အသက် ရှင်ရသူ၊ နှစ်ခုစလုံးကို မမှီဘဲ အသက် ရှင်ရသူ ဟု ပုဂ္ဂိုလ် လေးမျိုး ရှိကြောင်း ဘုရားရှင် အင်္ဂုတ္တိုရ် ပါဠိတော်၌ ဟောကြားတော် မှုခဲ့သည်။

ထို ပါဠိတော်ကို အဋ္ဌကထာ ဖွင့်ရာတွင် ၀ီရိယ အားကိုးဖြင့် တစ်နေကုန် ရုန်းကန် လှုပ်ရှားပြီး ထိုဝီရိယ၏ အကျိုးမျှ ကိုသာမှီ၍ အသက် ရှင်ရသူသည် ၀ီရိယကို မှီ၍ အသက် ရှင်ရသူမည်၏၊ စတုမဟာရာဇ် နတ်တို့ကို အစပြု၍ နတ်ပြည် ခြောက်ထပ်က နတ်တို့သည် ၀ီရိယ စိုက်ထုတ်စရာ မလိုဘဲ အတိတ် ကောင်းမှုကံ၏ အကျိုးကိုမှီ၍ အသက် ရှင်နိုင်ကြ၏၊ မင်းနှင့် မင်းအမတ် စသူတို့သည် ၀ီရိယနှင့် ကောင်းမှုကံ၏ ကောင်းကျိုး နှစ်မျိုးလုံးကို မှီ၍ အသက် ရှင်ကြလေ၏။ ငရဲ သတ္တ၀ါ တို့သည် ၀ီရိယနှင့် ကောင်းမှုကံ နှစ်မျိုးလုံး၏ ကောင်းကျိုးကို မမှီဘဲ အသက် ရှင်ကြကုန်၏။

ထိုသုတ္တန်ကို ကြည့်က သာမန်လူ အများစုက လက်လှုပ်မှ ပါးစပ်လှုပ် ဆိုသည့် အတိုင်း ပါးစပ်လှုပ်ဖို့ အတွက် လက်က အမြဲ လှုပ်နေရသော သဘောရှိသည်။ ဒါကို ထောက်က ဘ၀ဟူသည် ရုန်းကန် လှုပ်ရှားခြင်း ဟုဆိုသော အဆိုက မှန်ကန် ပေသည်။ သာမန်လူ အများစုမှာ ၀ီရိယ မရှိ၍ မရ၊ ၀ီရိယ မစိုက်၍ မရ၊ မရုန်း၍ မရ၊ မလှုပ်ရှား၍ မရ၊ မကြိုးစား၍ မရ၊ သူ့အရွယ် နှင့်သူ ၀ီရိယ စိုက်ကာ ရုန်းကန် လှုပ်ရှား ကြိုးစားနေရ သည်သာ၊ မိမိတို့ဘ၀ အနေအထား ကိုက ၀ီရိယကို မှီ၍ အသက်ရှင် နေရသည် မဟုတ်ပါလား။

အလုပ်နှင့်လက် မပြတ် ဇယ်စက် နေသည်ဟု ပြောကြသည်မှာ မှန်ပေသည်။ လူဟူသည် ၀ီရိယကို အမှီပြု၍ အသက်ရှင် ရသူ ဖြစ်သောကြောင့် အလုပ်နှင့်လက် ပြတ်၍မဖြစ်၊ လူ၏ တန်ဖိုးကား အလုပ်သာ ဖြစ်သည်၊ လူ၏ အရည် အသွေးကို တောက်ပြောင် စေသည်ကား အလုပ်သာ ဖြစ်သည်၊ လူ၏ ဘ၀ကို တွန်းတင် မြှင့်တင်ပေး နိုင်သည်ကား အလုပ်သာ ဖြစ်သည်၊ အလုပ် လုပ်သူတို့ ကြီးပွားကြသည်။ တစ်ချို့လည်း အလုပ် မဖြစ်သဖြင့် အဖြစ်လုပ် နေကြရသည်၊ အလုပ် မဖြစ်မှန်း သိပါလျက် ပေတေစွာ လုပ်နေသော အခါ ပို၍ပင် အလုပ် မဖြစ်ဘဲ ရှိတော့သည်၊ ထိုအခါ အဖြစ်ပဲ လုပ်နေကြသည်၊ အဖြစ် လုပ်သူတွေ ပို၍ပို၍ များလာသည်၊ တစ်ချို့ ကိုယ့်ကိုယ်ကို “အလုပ်ဖြစ်သူလား၊ အဖြစ်လုပ်သူလား” ဟူ၍ပင် စဉ်းစားမိပုံ မပေါ်၊ လုပ်မြဲတိုင်း ပေ၍သာ လုပ်နေကြသည်။

လူဟူသည် လုပ်ချင် ကိုင်ချင်စိတ် ရှိရမည်၊ လုပ်တတ် ကိုင်တတ် ရှိရမည်၊ အလုပ်လုပ် နေရမည်၊ အလုပ်အပေါ် စေတနာ မှန်ရမည်၊ စေတနာ ထက်သန်ရမည်။ လူသည် အလုပ် လုပ်ရမည့် သတ္တ၀ါ ဖြစ်သည့် အတွက် တစ်ခုခု ကတော့ လုပ်နေရမည်။ အလုပ်နှင့် စပ်၍ လုပ်ပိုင်ခွင့် ရှိသည်၊ ရပိုင်ခွင့် ရှိသည်၊ ရပိုင်ခွင့် ဟူသည် ခံစားခွင့်ပင် ဖြစ်သည်။ မိမိ၏ လုပ်တတ် ကိုင်တတ်သော အရည် အသွေးပေါ် မှုတည်၍ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ ခံစားခွင့် က အကျိုးဖြစ်သည်၊ လုပ်တတ် ကိုင်တက် ဟူသော အရည် အသွေးက အကြောင်း ဖြစ်သည်၊ အကျိုး ကောင်းကောင်း ရချင်လျှင် အကြောင်း ကောင်းကောင်း ရှိနေမှ ဖြစ်မည်။ မိမိက အကြောင်း ကောင်းကောင်း တည်ဆောက်ပြီး မှသာ အကျိုး ကောင်းကောင်း မျှော်လင့်ရမည်၊ လက်ခံရမည်။ မေတ္တသုတ် နိဒါန်း၌ သက္ကော- စွမ်းနိုင်သူသည်၊ အဿ- ဖြစ်ရမည်ဟု ဆိုသည်။ ကိုယ်လုပ်သည့် အလုပ်ကို ကျွမ်းကျင်မှသာ လိမ္မာသူ ဖြစ်လိမ့်မည်၊ လိမ္မာရာ ရောက်လိမ့်မည်။

အလုပ် ဖြစ်နေကြ သူတွေနှင့် အဖြစ်လုပ် နေကြသူ တွေကို သေချာ ကြည့်လိုက်တော့ အလုပ်ဖြစ် နေကြသူတွေက အတက်ပညာ၊ အသိပညာနှင့် ကျွမ်းကျင်မှု အရည်အချင်း ပြည့်ဝစွာ အလုပ်လုပ် နေကြသူတွေ ဖြစ်သည်။ အဖြစ်လုပ် နေကြသူတွေက အတတ်ပညာ၊ အသိပညာနှင့် ကျွမ်းကျင်မှု အရည်အချင်း အပေါ်၌ မတည်ဘဲ အဖြစ်နောက် ကိုသာလိုက်၍ အဖြစ်လုပ် နေကြသူတွေ ဖြစ်သည်။

အလုပ်တစ်ခု လုပ်ကြတော့မည် ဆိုလျှင်တော့ “ငါအလုပ်ဖြစ်မှာလား၊ အဖြစ်လုပ်မှာလား” ဆိုတာ ကိုတော့ မဖြစ်မနေကို စဉ်းစားရမည် ဖြစ်သည်။

အရှင်သံဝရာ လင်္ကာရ (ဓမ္မပိယဆရာတော်)

 Credit: အဖြူရောင်မေတ္တာမှ ကူးယူပါသည်။

Friday, March 23, 2012

ရပ်နေမလား၊ ဆက်မလား၊ ဆုတ်မလား

 

ရပ်နေမလား၊ ဆက်မလား၊ ဆုတ်မလား

“လူ”ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပာယ်ကို အမျိုးမျိုး ဖွင့်ဆိုပြကြတယ်။ ကျောင်းတုန်းက ဆရာကြီးဦးစံတင်က “အညွန့်တလူလူ တက်နေတာကို လူ”လို့ ဖွင့်ပြပါတယ်။ သူဆိုလိုတာကတော့ ရှင်းပါတယ်။ လူဆိုတာ အမြဲတမ်း ရှေ့သို့ ဆိုတာပဲ ဖြစ်နေရမယ်ပေါ့။ သစ်ပင်မှာ အညွန့်လေးတွေ ဝေနေရင် တော်တော်ကြည့်လို့ ကောင်းပါတယ်။ ဆရာကြီးရဲ့ ဖွင့်ဆိုချက်ကို သဘောကျပြီးနောက်ပိုင်း ကိုယ့်ကိုကိုယ်လဲ အညွန့်ဝေနေတဲ့သစ်ပင်လေးအဖြစ် ဖန်တီးနေကြည့်တတ်ပါတယ်။ အခြားလူတွေ(အထူးသဖြင့် လူငယ်လေးတွေ)ကိုလဲ အညွန့်တွေ ဝေဆာနေတဲ့သစ်ပင်လေးတွေအဖြစ် မြင်ယောင်ကြည့်နေတတ်တယ်။ ဒီလူငယ်လေးကတော့ အညွန့်တွေ ဝေနေတာပဲ။ ဒီလူငယ်လေးကတော့ အညွန့်လေးတွေက တုံးနေတယ်။ စသဖြင့်ပေါ့။

စာသင်တိုက်မှာ စာသင်စဉ်က ၀ိဂ္ဂဟတွေ ကျက်တော့ လူလို့ အဓိပ္ပာယ်ရတဲ့ “မနုဿ”ဆိုတဲ့ ပုဒ်လေးကို စိတ်ဝင်စားမိတယ်။ သူ့ကို ဋီကာကျော်ဆရာက “မနော ဥဿန္နံ ယေသန္တိ မနုဿာ”လို့ ဖွင့်ပြပါတယ်။ ပြန့်ပွားနေတဲ့စိတ်၊ တိုးပွားနေတဲ့စိတ်ရှိသူကို လူလို့ ဆိုပါတယ်။ ဒါကလဲ အနှစ်သာရအားဖြင့်တော့ အညွန့်တလူလူတက်နေတဲ့အဓိပ္ပာယ်နဲ့ ခပ်ဆင်ဆင်ပါပဲ။ ပြန့်ပွားနေတဲ့စိတ်ရှိသူဆိုတော့ စိတ်က ဘယ်လိုစိတ်လဲလို့ မေးစရာက ရှိလာပြန်တယ်။ မကောင်းတဲ့စိတ်တွေ ပြန့်ပွားနေရင်ကော လူလို့ ဆိုရမလား။

ဓမ္မဓိဋ္ဌာန်ကျကျဆိုရရင်တော့ ဆိုနိုင်တယ်လို့ ပြောရပါမယ်။ စာကလဲ မနုဿဆိုတဲ့ ပုဒ်လေးကို အမျိုးမျိုး ဖွင့်ဆိုကြပါတယ်။ ရဲရင့်ခြင်းနဲ့ပြည့်စုံသူ၊ သတိတရားရှိသူ၊ မြင့်မြတ်သောစိတ်ဓာတ်ရှိသူကို မနုဿ=လူလို့ ခေါ်ပါတယ်။ နောက်တစ်ခုရှိတာက ဥက္ကဋ္ဌဂုဏစိတ္တာ=မြင့်မြတ်သောဂုဏ်ရှိတဲ့ စိတ်ဓာတ်ရှိသူကိုမှ လူလို့ ခေါ်ပါတယ်။ ဒီဖွင့်ဆိုချက်တွေ အလိုအရဆိုရင်တော့ မြင့်မြတ်တဲ့စိတ်ဓာတ်၊ မွန်မြတ်တဲ့စိတ်ဓာတ်ရှိတဲ့သူတွေသာ လူလို့ ဆိုနိုင်ပါတယ်။


ဖွင့်ဆိုချက်တွေက ဒီလောက်နဲ့ မရပ်သေးဘူး။ လောဘအစရှိတဲ့ မကောင်းမွန်၊ မမြင့်မြတ်တဲ့စိတ်ဓာတ်တို့နဲ့သာမက ကောင်းမွန်မြင့်မြတ်သောစိတ်ဓာတ်များနဲ့ နပန်းလုံးနေရတဲ့သူကို လူလို့ ခေါ်နိုင်ကြောင်း ထပ်မံဖွင့်ဆိုထားတယ်။ မကောင်းသောစိတ်များ၊ ကောင်းသောစိတ်များဆိုတဲ့ အကောင်း၊ အဆိုးစိတ်ဓာတ်နှစ်မျိုးလုံး စက္ကန့်မလပ်တိုးပွားအောင် လုပ်ဆောင်နေတာဟာ လူ။ ဒါဆိုရင် သဘောတရားအားဖြင့်တော့ အမေမွေးပြီဆိုကတည်းက အားလုံးဟာ လူဖြစ်ကြပြီပေါ့။ (ပါထိက၀ဂ္ဂဋီကာ၊ လက္ခဏသုတ္တ၀ဏ္ဏနာ)

ပြီးတော့ လောကမှာ ယောက်ျားပီသတယ်၊ မိန်းမပီသတယ်စသဖြင့် ဆိုနေကြသလို လူပီသရမယ်လို့ ဆိုတဲ့သူလဲ ရှိပါတယ်။ လူသားဆန်ရမယ်လို့လဲ သုံးကြတယ်။ ပြောကြတယ်။ ဒါက ဘာကို မီးမောင်းထိုးပြနေပြန်သလဲဆိုတော့ လူမပီသသူတွေလဲ ရှိနေတယ်လို့ ဆိုရာကျပါတယ်။ လူသားမဆန်သူတွေလဲ ရှိနေတယ်လို့ ဆိုရာကျပါတယ်။ ဒါဆိုရင် အမေမွေးကတည်းက လူဖြစ်ပြီဆိုတဲ့စကားလုံးကလဲ ထာဝရမမှန်ပေဘူးပေါ့။ ဆိုတော့ လူ သတ်မှတ်ချက်၊ လူ့စံနှုန်းတွေ အများကြီး ပေါ်ထွက်လာရတယ်။ အဲဒီကနေမှ လူ့ကျင့်ဝတ်တွေဆိုတာလဲ ပေါ်လာရသပေါ့။

လူ့ကျင့်ဝတ်စံနှုန်းတွေက ဘာသာအလိုက်၊ လူမျိုးအလိုက် အမျိုးမျိုး ကွဲပြားနေပေမယ့် (ယေဘုယျအနေအားဖြင့်) မကွဲပြားတဲ့၊ တူညီတဲ့ စံနှုန်းကတော့ ရှိနေပါတယ်။ အဲဒါကတော့ အကောင်းနဲ့အဆိုးပါပဲ။ ဒါတောင်မှ အကောင်းနဲ့အဆိုးမှာ စံနှုန်းတွေက အမျိုးမျိုးရှိနေသေးတာ။ ဥပမာအားဖြင့် ဗုဒ္ဓဘာသာမှာဆို လူ့ကျင့်ဝတ်အတွက် အခြေခံစံနှုန်းအနေနဲ့ ငါးပါးသီလကို ပြောထားတယ်။ ဒါပေမယ့် အချို့ဘာသာတွေက “သူ့အသက်”ဆိုတာကို လူ့အသက်လို့ အဓိပ္ပာယ်ဖွင့်ပြီး တိရစ္ဆာန်တွေကို သတ်ခွင့်ပြုထားတယ်။ စသဖြင့်ပေါ့။
 

ယေဘုယျအမြင်အားဖြင့်တော့ အတားအဆီးတွေ တဖြည်းဖြည်းပြိုကျလာနေတဲ့ ယနေ့ကမ္ဘာမှာ ကောင်းတာနဲ့ဆိုးတာဟာ ဘာမှ ဖွင့်ဆိုစရာမလိုအောင်ကို နားလည်နိုင်စရာ ဖြစ်ပါတယ်။ ဟုတ်ပြီ၊ ဒါဆိုရင် အညွန့်တလူလူတက်နေတယ်ဆိုတာဟာ ကောင်းမွန်ခြင်းတရားတွေ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်း တိုးတက်နေမှသာ လူပီသတယ်၊ လူသားဆန်တယ်လို့ ဆိုရပါလိမ့်မယ်။ ဆိုးယုတ်တဲ့စိတ်ထားတွေ တလူလူတက်နေတဲ့သူကိုတော့ လူမပီသသူ၊ လူသားမဆန်သူလို့ ဆိုရတော့မှာပေါ့။ အဲဒီလို လူမျိုးကို လူ့ညွန့်တုံးတယ်လို့ ပြောတတ်ကြတယ်။

ဒီတော့ လူပီသဖို့အတွက် မိမိတို့ဟာ နေ့စဉ်နဲ့အမျှ မြင့်မြတ်တဲ့ စိတ်ဓာတ်အဆောက်အအုံကြီးကို တည်ဆောက်ဖို့ လိုအပ်လှပါတယ်။ ဗုဒ္ဓဘာသာအလိုအရဆိုလျှင် မြင့်မြတ်သောစိတ်ဓာတ်များ တစ်ဆင့်ချင်း တည်ဆောက်ခြင်းအားဖြင့် နောက်ဆုံး သတ္တ၀ါအားလုံးတို့ရဲ့ ကိုးကွယ်ရာ ဘုရားအထိ ဖြစ်နိုင်စွမ်းရှိပါတယ်။ 


လူတိုင်းလူတိုင်းကတော့ အနည်းနဲ့အများ စိတ်ကောင်းရှိပြီး တည်ငြိမ်တဲ့ဘ၀တစ်ခုကို ရလိုကြပါတယ်။ ဒါပေမယ့် ဗီဇနဲ့ပတ်ဝန်းကျင်အရ စိတ်ဓာတ်အဆောက်အအုံတွေ ပြိုလဲသွားတတ်ကြပြန်ပါတယ်။
စိတ်ဓာတ်အဆောက်အအုံ တည်ဆောက်ရာမှာ အချို့က ဘ၀တစ်သက်စာလုံး ကောင်းမြတ်ခြင်းတရားတွေကို ရင်ဝယ်ပိုက်သွားကြတယ်။ အချို့က နည်းနည်းလေး တည်ဆောက်ပြီး ဒုံရင်းဒုံရင်း မကောင်းဘက်ကို ပြန်ရောက်သွားတယ်။ အချို့က အစကတည်းက ကောင်းမြတ်ခြင်းဆိုလို့ ဘာကိုမှ မလုပ်ချင်သူများ ဖြစ်တယ်။

စိတ္တလတောင်မှာ ကန္နီနည်းနဲ့တရားအားထုတ်စဉ်က ကန္နီဆရာတော်ကြီးပြုစုတဲ့ ယောဂိပါရဂူကျမ်းကို ဖတ်ရတယ်။ အဲဒီမှာ ဘာတွေ့သလဲဆိုတော့ ပုဂ္ဂိုလ်သုံးမျိုးကို ရှင်းပြထားတာ တွေ့ရတယ်။ တရားထိုင်တဲ့အခါမှာ ကွဲပြားလာတတ်တဲ့သုံးမျိုးပါ။
၁။ နောက်ဆုတ်ထိုင်
၂။ ရှေ့တိုးထိုင်
၃။ ငုတ်တုတ်ထိုင် ဆိုပြီး ယောဂီသုံးမျိုး ရှိတတ်ပုံကို ပြောပြထားတာပါ။ အချို့ယောဂီတွေဟာ မိမိက တရားအဆင့်မြင့်တက်ပြီး ကြည်လင်သော နိမိတ်အလင်းများ ရနေသော်လည်း ရှေ့ဆက် အားထုတ်မှုမရှိဘဲ မကြည်လင်သော အဆင့်မမြင့်သော အာရုံများကို ပြန်၍ ရှုမှတ်နေတတ်ပါတယ်။ အထက်တန်းရောက်ပြီးမှ အောက်တန်းသို့ ပြန်ဆင်းသွားသောသူကို ဆိုလိုပါတယ်။

နောက် ယောဂီတစ်မျိုးလဲ ရှိသေးတယ်။ သူကတော့ သူ ရထားတဲ့ တရားအဆင့်က နိမ့်နိမ့်လေးပဲ ရှိသေးတယ်။ ဒါပေမယ့် သူစိတ်ထဲမှာ အဆင့်အမြင့်ကြီးတွေကို မှန်းပြီး အားထုတ်နေတတ်တယ်။ သူ့ကိုတော့ ၀မရှိဘဲ ၀ိလုပ်သူလို့ ဆိုရမှာပေါ့။

နောက်တစ်ယောက်က ငုတ်တုတ်ထိုင်လို့ ဆိုပါတယ်။ သူကတော့ အစကလဲ အဆင့်မမြင့်ဘူး၊ အထက်တန်းမကျဘူး။ အဆင့်မြင့်အောင်၊ အထက်တန်းကျအောင်လဲ အားထုတ်ကြိုးပမ်းလိုစိတ် မရှိဘူး။ ဒါကြောင့် သူ့ကို ငုတ်တုတ်ထိုင်လို့ ဆိုရတာပေါ့။ တရားအားထုတ်တဲ့အခါမှာ ဒီပုဂ္ဂိုလ်သုံးမျိုးထဲမပါအောင် အားထုတ်ရမယ်လို့ ဆိုပါတယ်။

လူပီသအောင်၊ လူ့စံနှုန်းမီအောင် အားထုတ်လိုတဲ့သူဟာလဲ ဒီပုဂ္ဂိုလ်သုံးမျိုးလို မဖြစ်ဖို့ လိုပါတယ်။ ရှေ့မှာဆိုခဲ့သလို လူဆိုတာ ကောင်းမြတ်ခြင်းတရားတွေနဲ့ အညွန့်တလူလူဖြစ်နေရမှာပါ။ လောကမှာလဲ အချို့ ရှိတတ်ပါတယ်။ အစကတော့ ဟုတ်မလိုလိုနဲ့ ကောင်းရာမွန်ရာတွေ လုပ်လို့ပေါ့။ နောက်တော့လဲ ဒုန်းရင်းဒုန်းရင်း မကောင်းတာလုပ်တဲ့ အနေအထား ပြန်ဖြစ်သွားတာပဲ။ သူ့ကိုတော့ နောက်ဆုတ်သူ အရှုံးပေးသမားလို့ ဆိုရမယ်။ တချို့ကျတော့ ကောင်းတာလုပ်တာက မဖြစ်စလောက်၊ 


ဒါပေမယ့် သူ့ကိုယ်သူ တကယ့်သူတော်ကောင်းကြီး ဖြစ်နေသလိုမျိုး ထင်နေတတ်ကြပြန်တယ်။ သူ့အတွက်ကျတော့လဲ ဘ၀အထက်တန်းကျဖို့ မလွယ်ပြန်ပါဘူး။ အဆိုးဆုံးကတော့ ငုတ်တုတ်ထိုင်သူပေါ့။ သူကတော့ အစကတည်းက အဆင့်မမြင့်၊ အထက်တန်းမကျဘူး။ အဆင့်မြင်လာအောင် အထက်တန်းကျအောင် တည်ဆောက်ရကောင်းမှန်းလဲ မသိဘူး။ အဆင့်မမြင့်တဲ့အတိုင်း၊ အထက်တန်းမကျတဲ့အတိုင်း သူ့ဘ၀သူ ကျေနပ်နေတယ်။

မိမိတို့ရဲ့ နေ့စဉ်ပတ်ဝန်းကျင်မှာ အထက်ပါ ပုဂ္ဂိုလ်သုံးမျိုးလုံးကို တွေ့နိုင်ပါတယ်။ မိမိကိုယ်ကိုလဲ မေးကြည့်ကြပေါ့။ ငါဟာ ဘယ်ပုဂ္ဂိုလ်အဆင့်ထဲမှာ ပါသလဲ။ တရားအားထုတ်မှုပိုင်းမှာတော့ အထက်ပါ သုံးမျိုးလုံးမဖြစ်အောင် ကြိုစားဖို့ တိုက်တွန်းထားပါတယ်။ လူ့လောက ကျင်လည်ရာ ရပ်ဝန်းမှာလဲ ကိုယ့်ကိုကိုယ် နောက်ဆုတ်သူလဲ မဖြစ်ရအောင်၊ မရှိတာကို အရှိထင်သူလဲ မဖြစ်ရအောင်၊ ငုတ်တုတ်ထိုင်သူလဲ မဖြစ်ရအောင် ကြိုးစားသင့်ကြပါတယ်။


Thursday, March 22, 2012

ရင့်ကျက်မှုနှင့် အကျိုးကိုပြီးစေခြင်း

                                                                                       
                                                         ရင့်ကျက်မှုနှင့် အကျိုးကိုပြီးစေခြင်း

      လူတိုင်းလူတိုင်းသည် အလုပ်ကိုယ်စီကို ပြုလုပ်နေကြသည်၊၊ အလုပ်လုပ်သူတိုင်း အောင်မြင်မှုကို ရသည်ဟုကား မဆိုသာပေ၊၊ ထိုသို့ဖြစ်ရခြင်းတွင် အကြောင်းများစွာ ရှိမည်ဖြစ်သည်ကို သတိပြုရမည်၊၊


        အလုပ်လုပ်သူတိုင်း ကြီးပွားတိုးတက်ကြမည်ဆိုလျင် ဘ၀တွင်ဆင်းရဲတွင်းနစ်နေသူဟူ၍ ရှိမည် မဟုက်ချေ၊၊ လုံးဝပြင်းရိပြီး ထိုင်နေသူပင်လျင် သူနှစ်သက်ရာအလုပ်တစ်ခုတော့ လုပ်နေတတ်သည် ကို တွေ့ရသည်၊၊ သို့သော်

အလုပ်လုပ်တိုင်း၊ အလုပ်လုပ်သူတိုင်း အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်မလာတတ်သည်ကား အံသြဖွယ်တစ်ခုပင် ဖြစ်နေသည်၊၊ စာပေနှင့် ထိုထိုပုဂ္ဂိုလ်ကျော်များ၏ အတ္ထုပ္ပတ္တိများကိုလေ့လာသဖြင့် သိရှိရသောအကြောင်းတစ်ခုမှာ “ရင့်ကျက်မှုမရှိဘဲ အလုပ်လုပ်လျင် အောင်မြင်မှုကို မရရှိနိုင်”ဟူ၍ဖြစ်သည်၊၊ ဖြစ်နိုင်ခြေများစွာရှိသော အဆိုဖြစ်သည်၊၊ အလုပ်လုပ်နေသူတိုင်း ရင့်ကျက်သူများ မဟုက်ကြသည်ကို သတိပြုမိကြမည် ဖြစ် သည်၊၊


တချို့တချို့လူများသည် အလုပ်ကိုစမ်းတ၀ါးဝါးဖြင့် လုပ်နေကြသည်ကို တွေ့ရသည်၊ ရင့်ကျက်မှုမပါသော ထိုသူတို့၏အလုပ်များသည် လည်း အောင်မြင်မှုပန်းတိုင်သို့ ဦးမတည်၊ ခေါင်းမမော့ဘဲ လွဲချော်မှု များစွာဖြင့် အဆုံးသတ်ကြရသည်၊၊ ထိုအခါစိတ်ပိုင်းဆိုင်ရာ အင်အားများ ယုတ်လျော့လာပြီး လမ်းလွဲ များကိုအသုံးပြုသည့် အခြေအနေသို့ရောက်ရသည်၊၊ ဤသို့ဖြင့် အမှားများစွာကိုပြုလုပ်မိပြီး ရုံးမ ထွက်နိုင် ဖြစ်ရပြန်သည်၊၊


အလုပ်နှင့် ရင့်ကျက်မှုသည် လူတိုင်းအတွက် အလွန်အရေးပါသော လိုအပ်ချက်ဖြစ်သည်၊၊ [B]“အလုပ်ကို ရင့်ကျက်မှုဖြင့်ပြုလုပ်လျင် လိုချင်သည့် ပန်းတိုင်ကို သေခြာပေါက်ရရှိမည် ဖြစ်သည်၊၊” [/B]ပေါ့ပေါ့ရှပ်ရှပ်၊ မှန်းဆပြီး၊ လုပ်ရသောအလုပ်သည် အောင်မြင်မှုပန်းတိုင်သို့ထက် အမှားသို့သာ ဦးတည်မည် ဖြစ် သည်၊၊ အနှစ်ချုပ်သော် “ရင့်ကျက်မှုဖြင့်လုပ်ငန်းကို အကောင်အထည်ဖော်လျင် အောင်မြင်ပြီး၊ ရင့် ကျက်မှုမရှိဘဲ အလုပ်ကိုသွေးတိုး စမ်းသည့်သဘောဖြင့် အကောင်အထည်ဖော်လျင် ကျရှုံးရမည်ဟူ၍ ဖြစ်သည်၊၊”


လိုအပ်သည့်ရင့်ကျက်မှုမရရှိသေးသော လူတို့သည် အလုပ်ပေါင်းများစွာကို ဟိုဟာအောင်မြင်လိမ့်နိုး နိုး၊ သည်ဟာအောင်မြင်လိမ်နိုးနိုးဖြင့် ဘယ်အရာကိုမှမဆုပ်ကိုင်မိဘဲ စိတ်ဓာတ်ကျ၊ ပျက်စီးသွားသည် များလည်း ရှိသည်၊၊ ရင့်ကျက်တည်ငြိမ်ပြီးသောသူများမှာမူ “အမှန်တကယ် မိမိ လိုချင်သည့်အရာကို သေခြာခွဲခြားနားလည်ပြီး၊ ထိုအရာကိုပင် မရမနေကြိုးစားသဖြင့် အောင်မြင်မှုကို ရရှိကြရသည်၊၊” ရင့် ကျက်မှုသည် ပညာသင်ကြား ရာတွင် ဖြစ်စေ၊ စီးပွားဥစ္စာရှာဖွေရာတွင် ဖြစ်စေ၊ အိမ်ထောင်ရေးကို စီစဉ်ရာတွင် ဖြစ်စေ၊ နေရာတိုင်းတွင် အရေးပါသည်၊၊



“ရင့်ကျက်မှုကို အရွယ်နှင့်အမျှ ရလာတတ်သည်ဟုလည်းကောင်း၊

ပညာတတ်ဘွဲ့ရ၍ ရလာတတ်သည်ဟုလည်းကောင်း၊

စီးပွားရှိလာပြီးမှ ရလာတတ်သည်ဟုလည်းကောင်း၊

 နေရာအခြေတကျရှိပြီးမှ ရလာတတ်သည်ဟုလည်းကောင်း၊

 အတွေ့အကြုံများမှ ရလာတတ်သည်ဟူ၍ လည်းကောင်း၊

 ရာထူးအဆင့်ကြီးမှ ရလာတတ်သည်ဟူ၍လည်းကောင်း၊ ဆိုကြသည်၊၊

သို့သော် အရွယ်ကြီးသူတိုင်း ရင့်ကျက်သည်မဟုက်၊ ပညာတတ်သူတိုင်း ရင့်ကျက်မှုရှိသည်မဟုက်၊ ချမ်းသာသူတိုင်း ရင့်ကျက်သူများ မဟုက်၊ နေရာ အခြေကျပြီးသူတိုင်း ရင့်ကျက်သည်မဟုက်၊ အတွေ့ အကြုံများသူတိုင်း ရင့်ကျက်ကြသည်မဟုက်၊ ရာထူးကြီးသူတိုင်း ရင့်ကျက်ကြသည် မဟုက်သည် များကို စာဖတ်သူတို့ သိပြီးပင်ဖြစ်ပါမည်၊၊


မရင့်ကျက်၍ပင် အရွယ်ကြီးကာမှ ဆင်းရဲတွင်းနစ်ရသူများ၊ ပညာတတ်လျက် ကိုယ်ကျင့်တရား မဲ့နေသူများ၊ အခြေတကျနေရာများမှ လက်လွှတ်ရ သူများ၊ သင်္ခန်းစာပေါင်းများစွာ ရထားပြီးလျက် ဆက်တိုက်အမှားကို ကျူးလွန်နေသူများ၊ ရာထူးကြီးကြီးမှနေပြီး မြုပ်ကွယ်သူသွားရသူများကို တွေ့နေ ရခြင်း ဖြစ်သည်၊၊


ထိုသို့သော အကြောင်းများကြောင့် “ရင့်ကျက်မှု”သည် အလွန်အရေးပါကြောင်း ဆိုရခြင်းဖြစ်သည်၊၊ လူတွင် ရင့်ကျက်မှုအခြေခိုင်ပါက အရွယ်ကြီး လျင် လေးစားခံရသည်၊ ပညာတတ်လျင် ဂုဏ်ရှိသည်၊ နေရာအခြေကျလျင် ဘ၀တင့်တယ်သည်၊ အတွေ့အကြုံများလျင် အများအားကိုးမှုခံရသည်၊ ရာထူး ကြီးသူဖြစ်လျင် သမာဓိရှိသည်၊ စသည်စသည်များမှာ ရင့်ကျက်မှုစံမှ ပေါက်ဖွားလာရသည်များ ဖြစ် သည်၊၊


ရင့်ကျက်မှုသာ အခြေမခိုင်သူဖြစ်ပါက အရွယ်၊ ပညာ၊ စီးပွား၊ ရာထူးမည်မျှကြီးပွားစေကာမူ တနေ့တွင် အမှန်လျောကျရမည် ဖြစ်သည်၊၊

ကိုအလင်းစက်ရေ “စိတ်ထဲရှိသမျှ ပြောနေတတ်သူများ၊ စိတ်ထင်ရာကို အထင်ရှိတိုင်း ပြုလုပ်တတ် သူများ၊ စကားအရ အကြီးအကျယ် တွေ   ပြောနေသည့်တိုင် နောက်ကွယ်ကကြောက်နေတတ်သူများမှာ မရင့်ကျက်သူများ ဖြစ်တယ်ဗျာ၊၊”ဤစာသားစုလေးမှာ အလင်းစက်၏သူငယ်ချင်း စာပေဒေါက်တာ တစ်ဦးမှ မှတ်ချက်ပြုသည့်စာစုဖြစ်သည်၊၊


ရင့်ကျက်မှုသည် လောကစီးပွားရေးနှင့်၊ ဘ၀ရပ်တည်မှုတွင်မှ လိုအပ်သည်မဟုက်၊ လောကုတ္တရာ နယ်ဖြစ်သော ဓမ္မကိုရှာဖွေရာတွင်လည်း များစွာလိုအပ်ကြောင်း စာပေအထောက်အထားများက ဆိုပါ သည်၊၊ ရင့်ကျက်မှုမရသေးဘဲ တရားမည်မျှအားထုတ်သော်လည်း တရားထူးကို မရရှိနိုင်ကြောင်း “မေဃိယ၀တ္ထု”တွင် လေ့လာရပါသည်၊၊



တနေ့သောအခါ “မေဃိယ”အမည်ခေါ်သော ရဟန်းတစ်ပါးသည် ဗုဒ္ဓရှင်တော်နှင့် ဆွမ်းခံအတူကြွရာမှ သရက်ဥယျာဉ်တစ်ခုကို လမ်းဘေး တွင်တွေ့ရသည်၊၊ သရက်ဥယျာဉ်ဟုဆိုသော်လည်း ပန်းမျိုးစုံဖူးပွင့် နေပြီး၊ ကျေးငှက်တို့၏တေးသံ၊ စမ်းချောင်းလေး၏အေးမြမှု၊ ပန်းအလှကိုခုံမင်သည့် မိန်းမပျိုလေးများ ၏၊ ချိုလွင်သည့်ရယ်မောသံလေးများဖြင့် ဥယျာဉ်ကြီးသည် အလွန်လှပပြီး၊ သာယာနေသည့်အတွက် မေဃိယရဟန်းသည် ထိုဥယျာဉ်အတွင်းတွင် နေထိုင်ပြီးတရားအားထုတ်လိုစိတ်များ ဖြစ်ပေါ်လာသည်၊၊


(မူရင်းဇာတ်လမ်းတွင်မူ မေဃိယရဟန်းသည် ထိုသရက်ဥယျာဉ်အတွင်းတွင် ထိုကျေးငှက်၊ ထိုပန်း၊ ထို မိန်းမလှလေးများနှင့်အတူ ဘ၀ငါးရာတိတိ စမ်းရေအတူသောက်၊ ပန်းကြွေအတူကောက်ပြီး၊ ချစ်ခြင်း ဖွဲ့သံစဉ် တေးအလှများကို စပ်ဆိုသီကျူးခဲ့သူဖြစ်ကြောင်း ပြဆိုထားပါသေးသည်၊၊)


မေဃိယရဟန်းတော်လေးကို ဗုဒ္ဓရှင်တော်မှ သရက်ဥယျာဉ်အတွင်း တရားအားမထုတ်ရန် သုံးကြိမ် တိုင်တားမြစ်သော်လည်း နာခံမှုမရှိဘဲ ဥယျာဉ်အတွင်းဝင်ရောက်ပြီး စမ်းချောင်းလေး၏ နံဘေးတွင် အချိန်အတန်ကြာသည်အထိ တရားရှုမှတ်အားထုတ်ခဲ့သည်၊၊


တရားရှုမှတ်အားထုတ်နေစဉ်အတွင်း မေဃိယရဟန်းတော်လေး၏စိတ်ထဲတွင် “ရာဂစိတ်”များ၊ “ဒေါ သစိတ်”များ၊ “မောဟစိတ်”များ ထကြွသောင်းကြမ်းလာခဲ့ပါသည်၊၊


အရှင်မေဃိယသည် “သရက်ဥယျာဉ်အတွင်း တရားအနည်းငယ်မျှအားထုတ်ရှုမှတ်လိုက်လျင် သူသည် ဧကန်မုချ တရားထူးများကိုရရှိမည် ”ဟု မျှော်မှန်းထားသူဖြစ်သည်၊၊ ယ္ခုအခါတရားထူးများကို မရ ရုံမျှမက ရှိထားပြီး“သမာဓိ”များပါပျောက်ပျက်ပြီး အတွေးဆိုးအတွေးရိုင်းများ ၀င်ရောက်လာသည်ကို တွေ့ခဲ့ရလေသည်၊၊ မေဃိယရဟန်းတော်လေးသည် မိမိကိုယ်မိမိများစွာအံ့သြမှုဖြစ်ပြီး၊ ဗုဒ္ဓရှင်တော်အ ထံသို့ တစ်ဖန်ပြန်လာခဲ့ရသည်၊၊


အရှင်မေဃိယ၏ ဖြစ်ကြောင်းကုန်စင်ကို သိရှိပြီးဖြစ်သော ဗုဒ္ဓရှင်တော်သည် အရှင်မေဃိယအား “လူသည် ရင့်ကျက်မှုမရှိသေးဘဲ၊ ဘယ်အရာကိုမှ မရရှိ၊ မအောင်မြင်နိုင်၊၊”ဟု ဆုံးစကားပြောကြား သင်ပြပြီး၊ လူသား၏ဘ၀တွင် ရင့်ကျက်မှုသို့ရောက်ရှိနိုင်သည့် အကြောင်းငါးမျိုးကို ညွန်ပြခဲ့ပါသည်၊၊

လူတစ်ယောက်ရင့်ကျက်သူဖြစ်ရန် လိုအပ်သောအကြောင်း (၅)မျိုး၊

(၁) သူငယ်ချင်းကောင်း ရှိခြင်း၊

(၂) ကိုယ်ကျင့်တရား ကောင်းခြင်း၊

(၃) စကားတည်တည် တန့်တန့်ပြောဆိုတတ်ဖြစ်ခြင်း၊

(၄) လုံလရှိဖြစ်ခြင်း၊၊

(၅) ပညာတတ်ခြင်း၊ တို့ဖြစ်ပါသည်၊

အထက်ပါ အင်္ဂါငါးရပ်နှင့်ပြည့်စုံလျင် အသက်ငယ်သည် ကြီးသည်၊ ဘွဲ့ဒီဂရီများများရှိသည် မရှိသည်၊ ချမ်းသာသည် ဆင်းရဲသည်၊ နေရာအခြေကျသည် မကျသည်၊ အတွေ့မကြုံများသည် နည်းသည်၊ ရာ ထူးကြီးသည် ငယ်သည်၊ မဓာနမဟုက်တော့ဘဲ စင်စစ်ရင့်ကျက်သူ၊ တည်ကြည်သူ၊ လေးနက်သူဖြစ် လာရပါသည်၊၊ ထိုသူပြုလုပ်သော လုပ်ငန်းသည်လည်း အောင်မြင်တိုးတက် ကြီးပွားရပါသည်၊၊


စာပေအထောက်အထားများ၊ အောင်မြင်တိုးတက်ပြီးသူများ၊ ဘ၀တွင်ကျရှုံးသွားပြီးများစွာတို့၏ သမိုင်း ဖြစ်ရပ်အစုံကို လေ့လာကြည့်ခြင်းအားဖြင့် ရင့်ကျက်မှုမရှိသးသည့် စိတ်ဓာတ်ရေးရာဖြင့် ပညာရေး အောင်ပန်း၊ စီးပွားရေးတက်လမ်း၊ အိမ်ထောင်ရေးသာယာ ပျော်ရွှင်မှုကိုမရရှိနိုင်ကြောင်း ထင်ရှားပြီး ဖြစ်ပါသည်၊၊၊၊


ရင့်ကျက်မှုသည် အကျိုးပြီးစီးမှုဟုခေါ်တွင်နိုင်သော အလုပ်အောင်မြင်မှုတွင် မည်မျှအရေးပါသည်ကို စာဖတ်သူ ဤမျှဖြင့်သဘောကျနိုင်ပြီဟု ထင်မြင်မိပါသည်၊၊ စာဖတ်သူများ ရင့်ကျက်မှုဖြင့် သာယာ လှပ၊ တိုးတက်သောဘ၀များစွာကို တည်ဆောက်၊ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း အလင်းစက်အရှင်ဆု တောင်းမေတ္တာပြုရင်း စာတမ်းကို အဆုံးသတ်လိုက်ပါသည်၊၊


 မေတ္တာဖြင့်-
အရှကေ၀လ(အလင်းစက်)
မကုဋာရာမ မြန်မာကျောင်းတိုက်၊
ကိုလမ်ဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊