Monday, November 16, 2009

ဆရာဒကာညီညာမှ သာသနာစည်ပင်သာယာမည်

“ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ” ဟူသောမြန်မာစကားပုံကို လူတိုင်း ကြားဖူးကြမည် ထင်ပါသည်။ ရေလယ်ခေါင်၌် တည်ရှိနေသော ကျွန်းသည် ကိုင်းပင်တွေအမြစ်တွယ်၍ ယှက်နွယ်နေခြင်း ကြောင့် ခိုင်မြဲရ၏။ ကိုင်းပင်တွေသည်လည်း ထိုကျွန်းခိုင်မြဲ သောကြောင့်ပင် ပို၍ခိုင်မြဲတည်တံ့ရ၏။ ဗုဒ္ဓမြတ်စွာ ထားတော် မူခဲ့သော သာသနာတော်ကြီးသည်လည်း ထိုနည်းတူပင်ဖြစ်၏။ ဗုဒ္ဓသာသနာတော်ကြောင့် သံဃာတော်တို့ ပေါ်ပေါက်လာရ၏။

ထိုသံဃာတော်တို့ကြောင့်ပင် ဒကာဒကာမတို့ရဲ့သန္တာန်မှာ ဗုဒ္ဓ သာသနာတည်တံ့နေရ၏။ တဖန် ဒကာဒကာမတို့၏ လှူဒါန်း ထောက်ပံ့မှုကြောင့်လည်း သံဃာတော်တို့က ဗုဒ္ဓသာသနာတော်ကြီး တည်တံ့အောင် ကြိုးစားအားထုတ်နိုင်ကြ၏။ ထို့ကြောင့် ဗုဒ္ဓသာသနာတော်ကြီးသည်လည်း အဓွန့်ရှည်ကြာစွာ ဆက်လက်တည်တံ့ရ၏။ ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်ကြာစွာ ဆက်လက်တည်တံ့ ရန်အတွက် သံဃာနှင့် ဒကာသည် “ကိုင်း နှင့် ကျွန်း“ သဖွယ်ဖြစ်ကြ၏။ ဒကာမရှိ၍ မဖြစ်နိုင်သလို သံဃာမရှိ၍လည်း ဗုဒ္ဓသာသနာတော်ကြီးတည်တံ့ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သာသနာတည်တံ့ပြန့်ပွါးရန်အတွက် ဆရာနှင့်ဒကာ၊ ဒကာမများသည် ညီညွတ်စွာဖြင့် အတူတကွ လက်တွဲသာသနာပြုမှသာ ဖြစ်ပေလိမ့်မည်။

ဗုဒ္ဓမြတ်စွာထားတော်မူခဲ့သော သာသနာတော်ကြီး ထာဝရတည်တံ့ပြန့်ပွါးဖို့ အတွက်ဆိုလျှင် ဆရာတော် သံဃာတော်တို့ ချည်း သာသနာပြု၍မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော်....

၁။ ဒကာ ဒကာမများဘက်မှ လှူဒါန်းထောက်ပံ့မှုမရဘဲ ရဟန်းတော်များချည်း ရပ်တည် သာသနာပြုရန် မဖြစ်နိုင်ပေ။

၂။ ရဟန်းတော်များလုပ်ဆောင်နိုင်မှုမှာ အတိုင်းအတာ အကန့်အသတ်ရှိ၏။ ကျောင်းရောက် လာသော လူဒကာဒကာမများ၊ တနေရာရာ၌ကြုံတွေ့လာသော လူဒကာဒကာမများကို သာလျှင် သာသနာပြုနိုင်၏။ ဟောပြော နည်းပြနိုင်၏။ ထိုကဲ့သို့သော အရေအတွက်သည် လွန်စွာမှနည်းပါးလှ၏။

ထို့ကြောင့် ဒကာ ဒကာမများကိုယ်တိုင် မိမိတို့တတ်စွမ်းသမျှ အိမ်တွင်းသာသနာ ပြုကြရန် လွန်စွာမှအရေးကြီး၏။

အိမ်တွင်းသာသနာပြုဟူသည် အဘယ်နည်း။ လူတိုင်းသိဖို့လိုအပ်သလို လိုက်နာကျင့်ကြံကြ ဖို့လည်း အထူးလိုအပ်လှပေသည်။ အိမ်တွင်းသာသနာပြုဟူသည် အခြားမဟုတ်၊ မိမိအိမ်တွင်းမှ စတင်၍သာသနာပြုရမည်ဟု ဆိုလိုပါသည်။ မိမိညီအစ်ကိုမောင်နှမ သားသမီး မြေးမြစ်မှစ၍ သူငယ်ချင်းမိတ်ဆွေတို့ကို မိမိတတ်နိုင်သလောက်၊ ဉာဏ်စွမ်းရှိသလောက် စတင်သာသနာပြုရမည်ဟု ဆိုလိုပါသည်။

အချို့က ယုံကြည်မှုမှားကာ ဤသို့ထင်ကြ၏။ ဗုဒ္ဓသာသနာနှစ်(၅၀၀၀) တည်မည်ဖြစ်ကြောင်း ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူခဲ့၏။ ထို့ကြောင့် ဗုဒ္ဓသာသနာသည် အနှစ်(၅၀၀၀) မပြည့်မချင်း မကွယ်ပျောက်နိုင်ပေ။ ဤစကားသည် မှန်ပါ၏။ ဘုရားရှင်၏ စကားတော်သည် မှားရိုးထုံးစံမရှိပေ။

သို့သော် ဘုရားရှင်သည် သာသနာသည်အနှစ်(၅၀၀၀) တည်မည်ဟုသာ ဟောတော်မူခဲ့၏။ မည်သည့်နေရာ၌တည်မည်ဟု နေရာသတ်မှတ်၍ ဟောတော်မမူခဲ့ချေ။ ထို့ကြောင့် ဤသို့နားလည် မှတ်ယူရာ၏။ ဘုရားရှင်၏ သာသနာသည် ယုံကြည်ကိုးကွယ်သူများရှိရာ အရပ်၌ အနှစ်(၅၀၀၀)ပြည့်အောင် တည်တံ့ပေလိမ့်မည်။ ယုံကြည်ကိုးကွယ်သူများ မရှိရာအရပ်၌မူ အနှစ်(၅၀၀၀) မပြည့်ခင် စောစီးစွာကွယ်ပျောက် နိုင်ကြောင်း သဘောပေါက် နားလည်ရ မည်ဖြစ်ပါသည်။ ဥပမာ ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့ရာ အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓသာသနာအခြေအနေကိုကြည့်က သိနိုင်ပါသည်။ သာသနာသည် အနှစ်(၅၀၀၀) တည်ဖို့မဆိုထားနှင့် သာသနာသည် အနှစ်(၂၅၀၀)ထောင် မပြည့်ခင်မှာပင် ပျောက်ကွယ်ခဲ့ ရ၏။ ထိုအိန္ဒိယနိုင်ငံ၌ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူများ မရှိကြသောကြောင့် သာသနာသည်လည်း စောစီးစွာကွယ်ပျောက်ခဲ့ရကြောင်း ၀မ်းနည်းဖွယ်ရာအဖြစ် တွေ့မြင် ရမည် ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာလက်ထက်တော်တုန်းက အဓိက၀န်ဆောင်ဆရာတော်တို့်မှာ အလွှာအသီးသီးမှ ပုဂ္ဂိုလ်များပင်ဖြစ်ကြ၏။ မိမိတို့ဘ၀ စည်းစိမ်အာဏာတို့ကို စွန့်လွှတ်ကာ စွမ်းရာဘက်မှ တာဝန်ကိုယူ၍ သာသနာတော်အကျိုးကိုဆထက်တိုး အောင်ဆောင်ရွက်တော်မူခဲ့ကြ၏။ အရှင်သာရိပုတ္တရာ၊အရှင်မောဂ္ဂလာန်၊ အရှင်မဟာကဿပ တို့ကဲ့သို့ အချို့သော ထေရ်များ သည် သူဋ္ဌေးဘ၀ နှင့် သူဋ္ဌေးသားဘ၀တို့ကို စွန့်လွှတ်လာသူများဖြစ်ကြ၏။ တချို့ထေရ်များကား အရှင်အနုရုဒ္ဓါ၊ အရှင်အာနန္ဒာထေရ်တို့ကဲ့သို့ မင်းသားဘ၀တို့ကို စွန့်လွှတ်လာ သူများဖြစ်ကြ၏။ တချို့ထေရ်များကား အရှင်မဟာကပ္ပိန၊ အရှင်ဘဒ္ဒိယ တို့ကဲ့သို့ ဘုရင်အဖြစ်မှ ထီးနန်းကိုစွန့်လွှတ်ကာ ရဟန်းပြုလာသူများဖြစ်ကြ၏။ ထို့ကြောင့် သာသနာ့အရှိန်အ၀ါသည် ထိပ်တန်းရောက်အောင် ထွန်းပြောင်ခဲ့ကာ မဇ္ဈိမဒေသ အိန္ဒိယတစ်နိုင်ငံလုံးတွင် ဗုဒ္ဓဘာသာကို ဗိမ္ဗိသာရမင်း၊ ကောသလမင်း၊ အဇာတသတ်မင်း စသောဘုရင်တို့ကိုးကွယ်ရာ အထက်တန်းဘာသာ တစ်ခုအဖြစ် ဟိန္ဒူဘာသာဝင် ပညာရှင် ကြီးများကပင် အသိအမှတ်ပြုခဲ့ရပေသည်။

နောင်ရေးကိုမျှော်မြင်သော ဘုရင်မင်းမြတ်သည် မိမိအရိုက်အရာကို ဆက်ခံနိုင်မည့် သားရတနာအား မိမိဝတ်ဆင်မြဲဖြစ်သော အ၀တ်တန်ဆာကို ပေးအပ်ချီးမြှင့်သကဲ့သို့ ဗုဒ္ဓရှင်တော်မြတ်သည်လည်း ကိုယ်တော်မြတ်၏ အရိုက်အရာ သာသာနာတော်ကို ဆက်လက်၍ ဆောင်ရွက်မည်ကို မြင်တော်မူသောကြောင့် ကိုယ်တော်မြတ်၏ ပံ့သကူု သင်္ကန်းတော်ကို အရှင်မဟာကဿပထေရ်ရဟန်းကို ပင်ချီးမြှောက်တော်မူုခဲ့ပြီ။ ထို့နောက် မကြာမကြာပင် ပရိတ်သတ်အလယ်မှာ အရှင်မဟာကဿပကို မြှောက်စားတော် မူခဲ့၏။

“ရဟန်းတို့…. သင်တို့သည် ကဿပလိုနေနိုင်၊ ကျင့်နိုင်အောင် ကြိုးစားကြ။ တရားဟော ရာမှာပင် ကဿပလို စိတ်ထားမျိုးနှင့် ဟောပြောကြ”ဟု မိန့်တော်မူလေ့ရှိသည်။ အရှင်မဟာကဿပထေရ်တရားဟောတော်မူရာ၌ တရားတော်၏ သဘာဝကျပုံ၊ မှန်ကန်ပုံကို အခြေခံထား၍ “ငါဟောသောတရားကို သူတို့နာကြားလျှင်ကောင်းမှာပဲ၊ ကြားနာပြီး နားလည်လျှင်ကောင်းမှာပဲ၊ နားလည်ပြီး လိုက်နာကျင့်ကြလျှင်ကောင်းမှာပဲ” ဟု မေတ္တာ ကရုဏာစိတ်ဖြင့် ဟောကြားတော်မူလေ့ရှိသည်။ “ရဟန်းတို့.. ငါဘုရားသည် ဈာန်အဘိညာဉ် ၀င်စားတော်မူလိုသည့်အခါ အလိုရှိရာ ဈာန်အဘိညာဉ်ကို အချိန်မကြာစေဘဲ ချက်ချင်းဝင်စားနိုင်သကဲ့သို့ ကဿပသည်လည်း ငါဘုရားလိုပင် ချက်ချင်းဝင်စားတော်မူ နိုင်သည်” ဟု တန်းခိုးအရာတွင် တန်းတူထား၍ ချီးမြှင့်မြှောက်စား တော်မူခဲ့သည်။

ဗုဒ္ဓမြတ်စွာ ဗျာဒိတ်ပေး၍ ထားတော်မူခဲ့သော သာသနာ။ သူဋ္ဌေးဘ၀၊ မင်သားဘ၀၊ ဘုရင်ဘ၀တို့ကို စွန့်လွှတ်ရဟန်းပြုကာ စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူခဲ့သောသာသနာ။ ဟိန္ဒူဘာသာဝင် ပညာရှင်ကြီးများကပင် အသိအမှတ်ပြု လေးစားခြင်းခံခဲ့ရသောသာသနာ။ ဘုရားရှင်ကိုယ်တော်တိုင် ယုံကြည်စွာဖြင့် အရှင်မဟာကဿပနှင့် သံဃာတော်တို့အား လွှဲအပ်ခဲ့သောသာသနာ။ နှစ်ပေါင်း(၂၅၅၃)ခုနှစ် ကျော်လာသောယနေ့ခေတ်တိုင်အောင် ရဟန်းသံဃာတော်များက သင်္ဂါယနာအဆင့်ဆင့်တင်၍ လက်ဆင့်ကမ်းကာ ယူဆောင်လာ ခဲ့ကြသောသာသနာ။ ထိုကဲ့သို့သော ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးကို မိမိတို့လက်ထက်ကြမှ မပျက်စီး မပျောက်ကွယ်ရလေအောင်၊ သာသနာတော်ကြီး အနှစ်(၅၀၀၀)မက ကြာရှည် ဆက်လက်တည်တံ့ရလေအောင်၊ ရဟန်းသံဃာတော်တိုင်း၊ ဒကာ ဒကာမတိုင်းတို့သည် မိမိတို့မှာတာဝန်ရှိကြောင်း သိကြပါစေ၊ သိရှိပြီး သာသနာတော်ကြီးကို ဆထက်ထမ်ပိုး တိုးပွါး ရလေအောင် ဆောင်ရွက်နိုင်သော သာသနာပြုပုဂ္ဂိုလ်များ ဖြစ်ကြပါစေ၊ သာသနာစည်ပင် သာယာစေဖို့ ဆရာနှင့်ဒကာ ညီညာစွာလက်တွဲ သာသနာပြုနိုင်ကြပါစေ ဟု ဆန္ဒပြု ဆုတောင်းလိုက်ပါသည်။ ဗုဒ္ဓမြတ်စွာသာသနာ ရောင်ဝါနေသို့ ထွန်းပါစေ။

တက္ကသိုလ် မောင်ကိုရင်