Thursday, January 31, 2013
သားနှင့်အမေ
သားနှင့်အမေ
“ဟေမာရေ၊ မင်းတော့ သားအစား ရပြီပေါ့ကွယ်”
 ကျောင်းမှ ပြန်လာသော ဦးသိင်္ခသည် အိမ်ပေါ်သို့ ရောက်လျှင် ရောက်ချင်းပင် မီးဖိုဆောင်တွင် အလုပ်ရှုပ်နေဟန်ရှိသော ဒေါ်ဟေမာအား အော်၍ ပြောလိုက်လေသည်။ 
“ဘယ်လိုတုံး ကိုသိင်္ခရဲ့” ဒေါ်ဟေမာက နောက်သို့ လှည့်မကြည့်နိုင်သေးဘဲ အလုပ် လုပ်နေရာမှ အသံပြုလိုက်သည်။
“အခုပဲ ငါ ကျောင်းရောက်ခဲ့သလေ၊ ကျောင်းမှာ အာဂန္တု ကိုယ်တော်တစ်ပါး ရောက်တယ်။ ဒီဝါတွင်း ဒီကျောင်းမှာ ၀ါဆိုမယ် ဆိုပဲ။ ဒါနဲ့ တိုက်အုပ်ကိုယ်တော်က ငါရောက်သွားတော့- 
“ဒကာကြီး ကျောင်းမှာ ဒီဝါတွင်း အာဂန္တုကိုယ်တော်တစ်ပါး ဝါကပ်လိမ့်မယ်၊ ဒကာကြီး သွားတွေ့ပါဦး” ဆိုလို့ ငါ အာဂန္တုကိုယ်တော်ကို သွားတွေ့ခဲ့တယ။် အမယ် ရှင်မရေ... တို့သားဦးပဉ္ဇင်း အရွယ်လောက်ပဲကွဲ့။  အလုံးအရပ်လည်း တို့သားနဲ့ ခပ်ဆင်ဆင်ပဲ။ မင်းတွေ့ရင် ကြည်ညိုမှာပါ။ ကိုယ်တော်လေးက ကြည်ညိုစရာလည်း ကောင်းပါတယ်။ မင်းတော့ သားအစား ရပြီပေါ့ကွယ်“
          ဦးသိင်္ခက အားတက်သရော ပြောဆိုနေသော်လည်း ဒေါ်ဟေမာထံမှ စကားသံ ထွက်မလာသဖြင့် ဦးသိင်္ခသည် စကားကို ဆက်မပြောဘဲ ရပ်ထားလိုက်၏။
          ဦးသိင်္ခ ရိပ်မိလိုက်ပြီ။ ဒေါ်ဟေမာ သားဦးပဉ္ဇင်းကို သတိရ၍ မျက်ရည်ကျလေပြီ။ အမှန် ဤသို့ပင် ဒေါ်ဟေမာသည် လွန်ခဲ့သော ၁ဝ- နှစ်ခန့် ရဟန်းဖြစ်စကတည်းက ရောဟဏမြို့ စာသင်တိုက်ကြီးသို့ စာသင်ရန်ကြွသွားသော သားဦးပဉ္ဇင်းအတွက် တစ်နေ့မျှ မငိုသောနေ့ မရှိ။
          ဦးပဉ္ဇင်းကလည်း နေနိုင်သည်။ သွားကတည်းက ၁ဝ- နှစ်တိုင်တိုင် တစ်ခါတစ်ခေါက် ပြန်ရောက် မလာရုံမျှမက သတင်းမျှပင် ပေးဖေါ်မရ။ သားဦးပဉ္ဇင်းထံမှ မည်သည့် သတင်းမျှ မကြားရ၍ လိုက်သွားပေးရန် မိမိအား ပူဆာခဲ့သည်မှာ ခဏခဏ။ အလုပ်ကလည်း မအား။ လက်ခွဲမရှိရသည့်အထဲ ခရီးကလည်း ဝေးသဖြင့် မိမိ လိုက်မသွားနိုင်၍ သူ့အစ်ကို တော်ဘုန်းကြီး ဦးပဉ္ဇင်းဆရာ ကောရဏ္ဍက ဆရာတော်အား လိုက်သွားပေးပါရန် လျှောက်ထားခဲ့သည်မှာလည်း အတန်တန်။
          ဒေါ်ဟေမာကိုလည်း အဆိုးမဆိုသာ။ တစ်ယောက်တည်းသော သားဖြစ်၍ ချစ်မဝ ခင်မဝ မျက်စိအောက်က အပျောက်မခံနိုင်ဖြစ်နေရဆဲ ရဟန်းပြုချင်လှချေရဲ့ ဆို၍ ဒေါ်ဟေမာ မျက်ရည်နှင့်မျက်ခွက်။ ဖျက်ခဲ့သော်လည်းမရ။ နောက်ဆုံး သားအလိုအတိုင်း လျှော့ပေးပြီး အစ်ကို ဘုန်းတော်ကြီးထံ အပ်နှံ၍ ရဟန်းခံပေးရသည်။ ရဟန်းဘဝ ရောက်သည်နှင့် တစ်ပြိုင်နက် မိမိတို့ဆောက်ပေးသော ကျောင်းမှာ မနေ၊ စာသင်သွားတော့မည်ဆိုကာ ရောဟဏသို့ ကြွသွားခဲ့သည်။
          ထိုအချိန်ကစ၍ ဒေါ်ဟေမာ ငိုမဆုံးယိုမဆုံး အပူသည်လုံးလုံးဖြစ်ခဲ့ရသည်။ ကြည့်ပါဦး၊ တစ်နှစ်လည်းမဟုတ်။ နှစ်နှစ်လည်း မဟုတ်။ ၁ဝ- နှစ်လုံးလုံး။ ထို့ကြောင့် ဒေါ်ဟေမာသည် လင်သည်ကို သွားခေါ်ပေးရန် တိုက်တွန်းမရသောအခါ အစ်ကို ဘုန်းတော်ကြီးကို အပူကပ်ပြန်တော့သည်။ တစ်ကြိမ်မဟုတ်၊ နှစ်ကြိမ်မဟုတ်၊ အကြိမ်ကြိမ်။
          ယခင် ယခင် အကြိမ်တွေက ဒေါ်ဟေမာ ပူဆာလျှင် ဘုန်းတော်ကြီးသည် သူ့နှမအား တရားဟော၍ မာန်မဲ၍ ပြန်လွှတ်လေ့ရှိ၏။
          ” သားတစ်ယောက်လုံး သာသနာတော် လှူထားမှတော့ ဒီလောက် သံယောဇဉ်ကြီးမနေပါနဲ့ ဟေမာရယ်” ဟု ဆိုတော်မူလေ့ရှိသည်။
          သို့သော် ဒေါ်ဟေမာ အားမလျှော့။ နေ့စဉ်နေ့စဉ် တစ်ရံတစ်ခါ ရက်ခြား ဘုန်းတော်ကြီးအား သွား၍ သွား၍ နားပူလေ့ရှိသည်။
          ” တပည့်တော်မသား ဒီလောက်တောင် သတင်းမကြားဘဲ ကြာနေတာ သေများ သေနေလို့လားဘုရား။ အသက်ရှိရင်တော့ ပြန်မလာတောင် သတင်းကြားမှာပါ။ ခုတော့ သေလို့ မကြားတာ ဖြစ်မှာပေါ့။ သေရင်လည်း ကွဲကွဲပြားပြား သိရအောင် ကြွသွားပြီး သတင်းလေး ဘာလေးမေးပါဦး ဘုရား၊ သေလို့သာ သတင်းမကြားတာပါ ဘုရား” ဟူသော ဒေါ်ဟေမာ၏ စကားကို ကောရဏ္ဍကဘုန်းတော်ကြီးမှာ -
          ”မသေပါဘူးဟဲ့” ဆိုရုံနှင့် မဖြေသိမ့်နိုင်တော့ပေ။ ”အင်း ဒီတစ်ခါတော့ ကိုယ်တိုင်သွားတွေ့၊ သူ့သားကို ခေါ်လာပြီး ပြလိုက်မှပင် အေးတော့မယ်” ဟု စဉ်းစားမိသည် ထင်၏။
          “ကဲ... မိဟေမာ၊ ဒီဝါမဆိုမီ ငါကိုယ်တိုင် ရောဟဏကို လိုက်သွားပေးမယ်။ ဒီဝါ နင့်သား ဒီမှာ ၀ါဆိုဖြစ်ဖို့ ငါ့တာဝန် ထားပေတော့” ဟု မိန့်ကြားကာ ကြွသွားခဲ့လေသည်။ သို့သော် ၀ါဆိုရန် နီးကပ်နေလေပြီ။ သားလည်း ကြွမလာ။ ဘုန်းတော်ကြီးလည်း ပြန်မရောက်။ ၀ါနားနီးလေ ဒေါ်ဟေမာတစ်ယောက် ပျာလောင်ခတ်လေ၊ ကျောင်းနှင့်အိမ် ခဏခဏကူး၍ သတင်းမေးရလေနှင့်။ 
          ဒီနေ့ သူ အလုပ်ရှုပ်နေသဖြင့် သူ့အစား မိမိကိုလွှတ် အမေးခိုင်း၍ သွားမေးရာ သားတို့ ဆရာတပည့်အကြောင်းတော့ မကြားရ။ အာဂန္တုကိုယ်တော် ရောက်ကြောင်းသာ ကြားရ ဖူးတွေ့ခဲ့ရသည်။ ဤသတင်းကို မိမိက အားတက်သရော ပြောသော်လည်း ဒေါ်ဟေမာထံမှ စကားသံ ထွက်မလာ။ သြော်... မိဟေမာတစ်ယောက်တော့ သားအတွက် တရားမဖက်နိုင်ဘဲ အလကားသက်သက် ငိုပြန်ချေဦးတော့မည်ပေါ့။ ဦးသိင်္ခသည် ဦးခေါင်းတညိတ်ညိတ်နှင့် အတွေးနယ်ချဲ့မိရာမှ ဒေါ်ဟေမာရှိရာသို့ လှမ်းကြည့်နေမိသည်။ ဒေါ်ဟေမာထံမှ စကားသံတို့အစား ရှိုက်သံတို့ကသာ တုံ့ပြန်ပေးပို့၍ နေပေတော့သည်။
(၂)
          “ဟေမာရေ... ထွက်ခဲ့ပါဦး ဟေ့”
          ဝါတော်ဝင်နေ့ ဖြစ်၏။ ဤနေ့ ဤအချိန်မှာမှ သားနှင့်မောင်ကြီး ပြန်မရောက်လျှင် မျှော်လင့်ချက် ဆုံးလေပြီဟုသာ ဒေါ်ဟေမာသည် နေ့လယ်ကတည်းက ငိုပွဲဆင်၍ နေလေတော့သည်။ ဟုတ်ပါပြီ၊ ငါ့သား ဦးပဉ္ဇင်းသေလို့သာ အပြောရခက်လို့ မောင်ကြီး ဘုန်းကြီးလည်း ပြန်မလာတာပေါ့။ ကံဆိုးတဲ့သားရယ်၊ သေတာတောင် ဆွေဝေးမျိုးဝေး တစ်မြို့တစ်ရွာမှာ သေရလေခြင်း၊ ငါ့သား ဦးပဉ္ဇင်းအလောင်းကိုမှ ကျကျနန သဂြုင်္ိဟ်သူ ရှိပါ့မလား။
          “ဟေမာရေ... ထွက်ခဲ့ပါဦး ဆိုမှကွာ...”
          အပြင်ခန်းမှ ဦးသိင်္ခ ခဏခဏ ခေါ်နေသဖြင့် ဒေါ်ဟေမာသည် မနေသာ၍ မျက်ရည်သုတ်ကာ အပူရုပ်ကို မပူရုပ်ဆင်လျက် ထွက်လာခဲ့ရသည်။
          သြော်... တို့ကျောင်းမှာ ၀ါဆိုမယ်ဆိုတဲ့ အာဂန္တုကိုယ်တော်လေး ထင်ပါရဲ့။ အပြင်ခန်း ခေါင်းရင်းကျကျတွင် ဣနြေ္ဒရရ ထိုင်နေသော ရဟန်းတော် တစ်ပါးကို ဖူးတွေ့လိုက်ရသည်။
          “ဟုတ်ပါရဲ့ သားအရွယ်။ နည်းနည်းပိန်တာရယ်၊ ညိုတာရယ်ပဲ ကွာတယ်။ အားလုံး အရပ်အရွယ်တူပါပဲ။ ဒါကြောင့် သားအစားရတယ်လို့ ဟိုတစ်ယောက်က ပြောတာပေါ့။ သြော်... ဒီဦးပဉ္ဇင်း မြင်ရမှပဲ ငါ့သားကို ပိုပြီး သတိရလိုက်ပါဘိ”
          “ကဲ... မဟေမာ၊ လာထိုင်၊ ဒီဝါတွင်း တို့ကျောင်းမှာ ၀ါဆိုမယ့် အာဂန္တုကိုယ်တော်ပေါ့။ မနေ့ကပဲ ငါ လျှောက်ခဲ့တယ်။ “အရှင်ဘုရား၊ တပည့်တော်တို့ ဆောက်တဲ့ကျောင်းမှာ ၀ါကပ်ရင် ဝတ္တရားတစ်ခုကို လိုက်နာရမယ်လို့။  ဝတ္တရားကတော့ ၀ါတွင်းသုံးလပတ်လုံး တပည့်တော်တို့အိမ်မှာ ဆွမ်းဘုဉ်းပေးပြီး ဝါကျွတ်လို့ ပြန်ကြွရင်လည်း တပည့်တော်တို့ကို အသိပေးပြီးမှ ကြွရပါတယ်ဘုရား” လို့ လျှောက်ခဲ့တယ်လေ။ ဒါကြောင့် ဒီနေ့ကစပြီး တို့အိမ်ကို နေ့တိုင်းကြွပြီး ဆွမ်းဘုဉ်း ပေးလိမ့်မယ်ကွဲ့၊ မင်း ကြိုးစားပြီး ဆွမ်းဝတ်ပြုပေရော့”
          ဒေါ်ဟေမာသည် မိမိသားအရွယ်ဖြစ်သော အာဂန္တုကိုယ်တော်အား ရှိခိုးဦးချရင်းက-
          “အရှင်ဘုရား၊ တပည့်တော်မတို့ရဲ့ ကျောင်းမှာ ၀ါဆိုမယ်ဆိုလို့ ဝမ်းသာပါတယ်ဘုရား၊ အဲဒီ အရှင်ဘုရား ဝါဆိုတဲ့ကျောင်းဟာ တပည့်တော်တို့သား ရဟန်းခံမယ့်နှစ်မှာ ဆောက်တာပေါ့ ဘုရား။ သားရဟန်းတစ်ပါးတည်း အေးအေးချမ်းချမ်းနေဖို့ဆိုပြီး ဆောက်ပါတယ်။ သားရဟန်းက ရဟန်းဖြစ်တဲ့ဝါမှာပဲ စာသင်ရအောင်ဆိုပြီး ဟိုရောဟဏဆိုတဲ့ မြို့အဝေးကြီးကို ကြွသွားပါတယ် ဘုရား။ 
အခု ၁ဝ- နှစ်တောင် ကြာပြီပေါ့။ သတင်းလည်း မကြားရ။ ပြန်လည်းမလာနဲ့။ ဒီဒကာကြီး လိုက်သွားပါဆိုလည်း ခိုင်းမရတာနဲ့ တပည့်တော်မမှာ သားအတွက် တစ်နေ့မှ မငိုရတဲ့နေ့ မရှိပါဘူး ဘုရား။ မောင်ကြီး ဘုန်းတော်ကြီးကိုလည်း ခဏခဏ သွားပူဆာပါတယ်။ ဒီမှာမှ တပည့်တော်မသား သေလို့သာ ပြန်မလာတာ ထင်ပါတယ်ဘုရားဆိုပြီး ငိုလျှောက်တာနဲ့မနေသာတော့လို့ ထင်ပါရဲ့၊ ဒီနှစ်ဝါ ဒီမှာဆိုဖို့ သွားခေါ်မယ်ဆိုပြီး ထွက်သွားတာ၊ အခု ဝါသာ ၀င်သွားပါရော၊ သားရော မောင် ဘုန်းကြီးပါ ပြန်မလာဘူးဘုရာ့။ ဧကန် တပည့်တော်မ ထင်တာ မှန်နေပြီနဲ့ တူပါတယ်ဘုရား”” ဟု လျှောက်ရင်း ငိုပြန်လေသည်။
          “ဟယ်... ဟေမာရယ်၊ ဦးပဉ္ဇင်းရှေ့မှာ မငိုပါနဲ့။ ဦးပဉ္ဇင်း စိတ်မကောင်း ဖြစ်နေပါ့မယ်။ ကဲ... ဆွမ်းပြင်ချေပါ” ဦးသိင်္ခက ဒေါ်ဟေမာ အငိုရပ်ရန် စကားဆက်ပေးသည်။
          “ဒကာမကြီး၊ လောကဓမ္မတာ နာနာဘာဝ, ၀ိနာဘာဝ, အညထာဘဝ ဆိုတဲ့ တရားမျိုးဆိုတာ ကင်းနိုင်ကောင်းတာမျိုး မဟုတ်ဘူး။ သားရှိရင် သားနဲ့ ရှင်ကွဲ ကွဲရမယ်။ သေကွဲ ကွဲရမယ်။ စည်းစိမ်ချမ်းသာတွေ ရှိရင်လည်း ပျက်ပြား၍ မွဲတေသွားရမယ် ဆိုတာမျိုးဟာ ဓမ္မတာတရားတွေပါ။ ဒီတရားတွေကို မြင်အောင် ရှုပြီး ဒီတရားတွေကင်းရာကင်းကြောင်း နိဗ္ဗာန်ချမ်းသာကိုသာ တောင့်တပြီး တရားအားထုတ်ဖို့ အရေးကြီးပါတယ်”
          “တင်ပါ့ဘုရား၊ မောင် ဘုန်းကြီးလည်း ဒီလိုပဲ ခဏခဏဟောပါတယ်။ တပည့်တော်မမှာသာ သားအတွက် တရားပျက်တယ်လို့ဆိုဆို နေ့တိုင်း ငိုနေရတယ် ဘုရား။ သေတာတောင် မတွေ့ရတဲ့သားမို့ မဖြေနိုင်တာပါ ဘုရား”
          “တော်ပါတော့ ဟေမာရယ်၊ နင့်မလဲ ဒီသေစကားပဲ ပြောပြောနေ သေတာဟုတ်ချင်မှ ဟုတ်မှာပါ။ နင့်သားက ရဟန်းမို့ သံယောဇဉ်ဖြတ်ထားတာလားမှ မသိတာ။ ကဲ-ဆွမ်းပြင်ချေပါ”
          အာဂန္တုကိုယ်တော်ကား ဦးသိင်္ခစကားကို အမှတ်မထင်နားထောင်ရင်း မျက်လွှာကိုသာ ချထားလေ၏။ ဒေါ်ဟေမာသည် နေရာမှ ထသွားပြီး ဆွမ်းပြင်နေလေသည်။
          “ဒီလိုပါပဲ ဦးပဉ္ဇင်းရယ်၊ ဒီဒကာမကြီးတော့ သူ့သားအတွက် ဘယ်တော့မှ မျက်ရည်ခြောက်မှာ မဟုတ်ပါဘူး။ ဦးပဉ္ဇင်းလည်း ဒီဝါတွင်းကြိုးစားပြီး တရားဟောပေးပါဦး” ဟု ဦးသိင်္ခက ဆက်လက်လျှောက်နေလေရာ ဦးပဉ္ဇင်းမှာ ဦးခေါင်းကို ငုံ့လျက်သာ တစ်မျှော်တစ်ခေါ်ကြီး စဉ်းစားနေဟန် ရှိလေ၏။
မဟာပ၀ါရဏာနေ့
သီတင်းကျွတ်လပြည့်နေ့ ဆွမ်းခံချိန်တွင် ၀ါတွင်းသုံးလပတ်လုံး ကြွနေကျအတိုင်း အာဂန်္တုကိုယ်တော်သည် ဦးသိင်္ခ၊ ဒေါ်ဟေမာတို့အိမ်သို့ ကြွရောက်လာ၏။ ဒေါ်ဟေမာသည် ကိုယ်တော်ကို မြင်တိုင်း သား ဦးပဉ်္စင်းကို အမှတ်ရ၍ မျက်ရည်ကျနေကျပင်ဖြစ်ရာ ယနေ့လည်း မျက်ရည်ကို သုတ်၍ ရှိခိုးဦးချလျက် ဆွမ်းပြင်၍ နေလေ၏။
          “ဒကာမကြီး၊ ဦးပဉ္ဇင်း ဒီနေ့ ပြန်ကြွတော့မယ်လို့”
          “ဘုရား... ပြန်ကြွတော့မယ်”
          ဒေါ်ဟေမာသည် ဆွမ်းပြင်နေရာမှ အလန့်တကြားပင် မေးလိုက်မိသည်။
          ““ဟုတ်တယ်... ဒကာမကြီး၊ ၀ါကျွတ်လို့ ပ၀ါရဏာလည်း ပြုပြီးသွားပြီ။ အခု ဆွမ်းကိစ္စပြီးရင် ဒီကောရဏ္ဍကက ပြန်ကြွတော့မလို့ အခု လာနှုတ်ဆက်တာပါပဲ””
          ““သြော်””
          ဒေါ်ဟေမာသည် မျက်ရည်ဝိုင်း၍ သွားပြန်လေသည်။
          “ဟင်း... ငါ့သား ဦးပဉ္ဇင်း မရှိလို့ ငါ့သားနဲ့ ရွယ်တူ အာဂန္တုဦးပဉ္ဇင်းကို ငါ့သားအမှတ်နဲ့ ပြုစုနေရတာ၊ အခု ဦးပဉ္ဇင်းကတောင် ခွဲသွားတော့မှာပါကလား”
          ထိုစဉ်တွင် ဦးသိင်္ခ ရောက်၍လာပြီး ဦးပဉ္ဇင်းကို ရှိခိုးဦးချရင်းက-
          “ကြွတော့မလို့လား ဘုရား”” ဟု လျှောက်လေ၏။
          “ဟုတ်တယ် ဒကာကြီး””
          “ဒါဖြင့် ပင့်လျှောက်ပါရစေ ဘုရား၊ ဒီတစ်နေ့ ဆိုင်းတော်မူပါဦး၊ နက်ဖြန် တပည့်တော်တို့အိမ် ဆွမ်းဘုဉ်းပေးတော်မူပါဦးဘုရား၊ တပည့်တော်တို့ သင်္ကန်း လှူဒါန်းလိုပါသေးတယ် ဘုရား” ဟု ဦးသိင်္ခက လျှောက်ထားလေ၏။
          “ဟုတ်ပေသားပဲ၊ ငါဖြင့် ဒါလျှောက်ဖို့ သတိမရဘူး” ဟု ဒေါ်ဟေမာသည် မိမိ၏ ၀မ်းနည်း စိတ်အားငယ်တတ်မှုကို အပြစ်မြင်လိုက်ပြီးမှ-
          “ဟုတ်ပါတယ်ဘုရား၊ နက်ဖြန် သည်အိမ်မှာ ဆွမ်းဘုဉ်းပေးပြီး သင်္ကန်း အလှူခံပါဦးဘုရား”
ဟု ထပ်ဆင့် လျှောက်ထားလိုက်လေ၏။ ဦးပဉ္ဇင်းသည် မည်သို့မျှပြန်လည်မမြွက်ကြားဘဲ ဆိတ်ဆိတ် ၀န်ခံလိုက်ပြီးလျှင် ဆွမ်းအကပ်ခံ၍ ဆွမ်းဘုဉ်းပေးတော်မူလေ၏။ နောက်တစ်နေ့တွင် ဦးသိင်္ခ၊ ဒေါ်ဟေမာတို့ အိမ်၌ ဦးပဉ္ဇင်းအား ဆွမ်းဆက်ကပ်၍ သင်္ကန်းအတွက် ပိတ်ဖျင်ကိုးတောင်ကိုလည်းကောင်း၊ ဆေးအတွက် ထန်းလျက်နှင့် နှမ်းဆီတို့ကို လည်းကောင်း ဆက်ကပ်လှူဒါန်းလေသည်။
          “အရှင်ဘုရား ဒီကကြွရင် ရောဟဏကို ရောက်မှာလား ဘုရား” ဒေါ်ဟေမာ၏ လျှောက်ထားသံ။
          “ရောက်မှာပါ ဒကာမကြီး”
          “ရောက်ရင်တော့ တပည့်တော်မသား ဦးပဉ္ဇင်းအကြောင်း စုံစမ်းပြီး တွေ့ရင် ဒကာမကြီး နေ့တိုင်း ငိုနေရကြောင်း၊ ဆက်ဆက်ပြန် လာဖို့အကြောင်း မိန့်ကြားပေးပါ ဘုရား၊ အရှင်ဘုရားအရွယ်လောက် ပါပဲ။ အရှင်ဘုရားထက် နည်းနည်းဖြူပြီး နည်းနည်းဝတာပဲ ထူးပါတယ်။ ကောရဏ္ဍကက ဦးပဉ္ဇင်းဆိုရင် သိကြမှာပါ။ အဲလေ သေသွားပြီဆိုရင်တော့လည်း...”
           ဒေါ်ဟေမာ ပြောရင်း မျက်ရည်ကျလာပြန်၏။
          “အို... တော်ပါတော့ မဟေမာ၊ ကဲ- ဆွမ်းကပ်ပြီး ရေစက်မိုးစက်ကလေး ချကြရအောင်ပါ””
          ဦးပဉ္ဇင်းသည် ဆွမ်း, သင်္ကန်း အလှူနှင့်ဆိုင်သော အနုမောဒနာ တရားကို အတန်ငယ် ဟောကြားပြီးမှ ရဟန်းတော်များသည် ကုလပလိဗောဓဟူသော ဆွေမျိုးမိဘဆိုင်ရာ ကြောင့်ကြမှုများကို ထင်ရှားအောင် အားထုတ်ကြရကြောင်း၊ မိဘမျက်မှောက်မှာ နေသည့်တိုင်အောင် ပလိဗောဓကင်းအောင် နေကြရကြောင်း၊ သို့မှသာ လိုအပ်သော တရားထူး၊ တရားမြတ်တို့ကို ရနိုင်ကြောင်း ဟောပြော၍ ရေစက်ချပေးကာ ကြွတော်မူရန် ပြင်ဆင်လေ၏။
          ဦးသိင်္ခသည် ဦးပဉ္ဇင်း သပိတ်အတွင်း၌ ထန်းလျက်ထုပ်နှင့် ဆီကျည်ဘူး စသည်တို့ကို စနစ်တကျ ထည့်၍ သင်္ကန်းလျာ ပိတ်ကိုးတောင်ကို ခေါက်၍ သပိတ်ပေါ်၌တင်ကာ ဦးပဉ္ဇင်းလက်သို့ ဆက်ကပ်လိုက်လေ၏။
          ဦးပဉ္ဇင်းသည် သပိတ်ကို ပခုံး၌ လွယ်ကာ ဖြည်းညင်းစွာ အိမ်ပေါ်မှ ဆင်းကြွသွားလေသည်။ ဒေါ်ဟေမာကား မိမိသားဟူသော အမှတ်ဖြင့် ဦးပဉ္ဇင်း ကြွသွားတော်မူရာသို့ မျက်စိတစ်ဆုံး လက်အုပ်ချီရင်း ယိုဆင်းလာသော မျက်ရည်တို့ကို အသာအယာ သုတ်ရလေ၏။
          “ဗျို့ ဦးသိင်္ခ၊ ဒေါ်ဟေမာ ရှိရဲ့လားဗျို့၊ ဒီမှာ ကောရဏ္ဍကက ဘုန်းတော်ကြီး ကြွလာပြီ””
          အိမ်ရှေ့မှ တစ်စုံတစ်ယောက်က အော်၍ပြောသဖြင့် ဒေါ်ဟေမာ အိမ်ပေါ်အမှ အပြေးဆင်းလာ၍ ကြိုဆိုလေရာ ၀ါဆိုဦးက သားကိုခေါ်ရန် ကြွသွားသော မောင် ဘုန်းတော်ကြီး တစ်ပါးတည်း အိမ်သို့ ကြွလာသည်ကို တွေ့ရလေ၏။
          ““အရှင်ဘုရား၊ အရှင်ဘုရား တစ်ပါးတည်းလား ဘုရား။ သား ကော၊ သားမောင်ပဉ္ဇင်းဘယ်မှာလဲ ဘုရား””
          ဒေါ်ဟေမာသည် နှုတ်မှ တတွတ်တွတ်ရွတ်ရင်း တစ်ပါးတည်း ကြွရောက်လာသော ဘုန်းတော်ကြီးအား အငမ်းမရ မေးလေသည်။ ဟိုဟိုသည်သည် ကြည့်၍ မမြင်တိုင်း တတွတ်တွတ် မေး၍ ဒေါ်ဟေမာ ချုံးပွဲချ ငိုကြွေးလေ၏။
          “သေပြီ၊ သေပြီ။ သားဦးပဉ္ဇင်း သေပြီ မဟုတ်လား ဘုရား။ ကိုယ်တော်တစ်ပါးတည်း ကြွလာတာ သားဦးပဉ္ဇင်း သေလို့ မဟုတ်လား ဘုရား၊ သေပြီလို့သာ ရဲရဲကြီး မိန့်တော်မူပါတော့ ဘုရား”
          “ဟဲ့-ဟဲ့ ဟေမာ၊ သတိထားဦးလေ၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ နင့်ဟာ တစ်ခုမှ မဟုတ်ဘူး”
ဟု ဘုန်းတော်ကြီးသည် လှိမ့်၍ငိုနေသော ဒေါ်ဟေမာအား မိန့်တော်မူ၏။
          “ဟဲ့ ဟေမာရဲ့၊ နင့်သားကို နင်တစ်ဝါတွင်းလုံး ဆွမ်းကျွေးနေတာ မဟုတ်လားဟဲ့”
          ”ဟင်-ဘာ ဘုရာ့၊ သားကို တစ်ဝါတွင်းလုံး ဆွမ်းကျွေးနေတယ်”
          ဒေါ်ဟေမာ အငိုရပ်ကာ တအံ့တသြ မေးလျှောက်လိုက်သည်။
          ”အေးလေ၊ နင့်ကျောင်းမှာ နင့်သား ဦးပဉ္ဖင်း တစ်ဝါလုံး နေသွားပြီး နေ့တိုင်း နင့်အိမ်မှာ နင်ကပ်တဲ့ဆွမ်း စားသွားတာကပဲ။ ပြီးတော့ နင်ပဲ ပဝါရဏာသင်္ကန်း ပိတ်ကိုးတောင်တောင် လှူလိုက်သေးတယ် မဟုတ်လား”
          ဒေါ်ဟေမာ အူကြောင်ကြောင် ဖြစ်၍သွားသည်။
          ”ဟင် - မိန့်တော်မူပါဦး ဘုရား၊ ဝါတွင်းက အာဂန္တုကိုယ်တော်က တပည့်တော်မ သားလား” မေးသာ မေးရသည်။ စိတ်က မယုံနိုင်သေး။
          ”ကြည့်ပါဦး၊ ငါ့သားဆိုရင် ဒါယိကာမကြီး၊ ဦးပဉ္ဖင်းဟာ ဒါယိကာမကြီးသားလေ လို့ ဘာကြောင့် မပြောပါလိမ့်၊ ဟုတ်ရင် ပြောရမှာပါ
          ”သြော်- ဟေမာ၊ ဟေမာ။ ခက်ပဲ ခက်လှချည့် ဟေမာရယ်၊ ဝါဆိုဦးက ငါ ဒီကသွားတော့ နင့်သားကို လမ်းတစ်ဝက်မှာ တွေ့တယ်ဟဲ့၊ နင့်ကို ချီးမြှောက်ရင်း ဝါဆိုရအောင် ပြန်လာတာတဲ့။ ဒါနဲ့ ငါကလည်း ကောင်းသကွယ်၊ သွား သွား၊ မယ်တော်ကို တရားလေး ဘာလေး ဟောပြီး ချီးမြှောက်ချေဦးတော့ လို့ လွှတ်လိုက်သလေ
          ”သြော-သြော်.. သားဦးပဉ္ဖင်းကိုး”
          ”အေးလေ၊ နင့်သား နင့်ကျောင်းမှ နေပြီး နင့်အိမ် တစ်ဝါတွင်းလုံး ဆွမ်းစားနေတာ မဟုတ်လား။ အခု ငါပြန်လာတော့ လမ်းတစ်ဝက်မှာ တွေ့ပြန်ရော။  ”ဟော- မောင်ပဉ္ဖင်း၊ မင်းပြန်လာပလား။ မင်း မယ်တော်ကို တွေ့ခဲ့ရဲ့လား” လို့ မေးတော့ ”တွေ့ခဲ့ပါတယ်။ တစ်ဝါတွင်းလုံးလည်း ချီးမြှောက်ခဲ့ပါတယ်” လို့ လျှောက်ပြီး နင်တို့လှူလိုက်တဲ့ ထန်းလျက်နဲ့ အဖျော်ရည်တောင် လုပ်ကပ်ပြီး ပိတ်ကိုးတောင်ကို ငါ့ပြန်လှူလိုက်လို့ အလှူခံလာရသေးတယ်။ ဟိုမှာ မြင်ရဲ့လား၊ ပြီးတော့မှ ”တပည့်တော် ရောဟဏမှာပဲ ဆက်နေပါရစေတော့” လို့ ငါ့ကိုလျှောက်ပြီး လမ်းခွဲသွားတယ်လေ” 
          ဆရာတော်ကြီး စကားကား အဆုံးသတ်၍ သွားလေ၏ ။ ဒေါ်ဟေမာကား စကားပြန်ကြား လျှောက်ထားခြင်း မရှိတော့ပေ။ ဦးပဉ္ဖင်း ဆင်းသက်ကြွသွားရာ လမ်းဆီသို့သာ ငေးမော မျှော်ရည်လျက် လက်အုပ်ချီ၍ အကြိမ်ကြိမ် ဦးချလေ၏။ မျက်ရည်များမှာ ယိုစီးမြဲ ယိုစီး၍ နေသော်လည်း ငိုယိုနေခြင်းကာ မရှိ။ ပကတိ ကြည်လင်၍ နေကာ နှုတ်မှလည်း- 
          ”သြော်- င့ါသား၊ ငါ့သား။ ငါ့သားလို ရဟန်းမျိုး ဒီဘုရား သာသနာမှာ များစွာ ရှိနေသေးကလား။ ကုလပလိဗောဓကို ဖြတ်ပြီး မိဘရပ်ထံကို မပြန်ဘဲ နေနိုင်ရုံမက မိဘမျက်မှောက် တစ်ဝါတွင်းလုံး နေသွားတာတောင်မှ ဦးပဉ္ဖင်းက သားဦးပဉ္ဖင်းပဲ လို့မှ အသိမပေး၊ အေးအေးမြမြ သီတင်းသုံးနိုင်ပါလေရဲ့၊ သားတော်မြတ် ဦးပဉ္ဖင်းဘုရား၊ အမေ မွေးရကျိုးနပ်ပါပေရဲ့။ အရတော်ပါပေရဲ့။
 သားလို ရဟန်းမျိုးတွေကိုပဲ သက်သေပြုပြီး မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးက ရထဝိနိတသုတ်မှာ လာတဲ့ အကျင့်တွေ၊ မောနေယျအကျင့်တွေ၊ တုဝဋ္ဋကသုတ်မှာလာတဲ့ အကျင့်တွေ၊ မဟာအရိယာဝံသအကျင့်တွေကို ဟောတော်မူခဲ့ပေတာပဲ။ သြော်-သား... သား၊ အံ့ဖွယ်ကောင်းတဲ့ ယောက်ျားမြတ်ပါပေတကား” ဟု တတွတ်တွတ် ပြောဆိုရင်း သွားရာသို့ မျှော်မှန်းကာ ပူဇော်ရိုကျိုး ရှိခိုးဦးချ၍ပင် မဝနိုင်အောင် ရှိနေလေသတည်း။
(ဝိသုဒ္ဓိမဂ် အဌကထာ ၁- ၈ဝ)
                                                ရဝေနွယ် (အင်းမ)
Wednesday, January 30, 2013
အချစ်အကြောင်း တစ်စေ့တစောင်း
အချစ်အကြောင်း တစ်စေ့တစောင်း  
ချစ်ခြင်း မုန်းခြင်း နှလုံးသွင်းမှာ၊ အချစ်များက အပြစ်များ၍၊ အမုန်းများက အရှုံးပွား၏။ ချစ်ခြင်းမုန်းခြင်း ရှောင်ကြဉ်ကင်း၍၊ မေတ္တာနှလုံး ကျင့်ကာသုံးသည့်၊ အဖြူစင်ဆုံး ဤကျင့်ထုံးကား၊ အပြစ်လည်းကင်း အရှုံးကင်းမည့်၊ မချစ်မမုန်း အကောင်းဆုံးတည်း။
( အရှင်ဝိစိတ္တ - မနာပဒါယီ )
အချစ်နဲ့ ပတ်သက်ပြီး တစ်ယောက်က မေးဖူးပါတယ်။ အများကြီး မသိပေမယ့် သဘာဝဓမ္မအရ ပြောရရင် မေတ္တာ မဟုတ်တဲ့ အချစ်ဟာ တဏှာပေမနဲ့ ဆက်စပ်နေတဲ့အတွက် ပူလောင်မှုကို ဖြစ်စေတာ အမှန်ပဲ ဖြစ်ပါတယ်။ ကိုယ်ကချစ်လိုက်ရတာပဲ ဖြစ်ဖြစ် ကိုယ့်ကို အချစ်ခံလိုက်ရတာပဲ ဖြစ်ဖြစ် ကြာတော့ အဲဒီအချစ်တွေက ငြိမ်းချမ်းမလာဘဲ ပူလောင်မှုတွေသာ ဖြစ်လာနေတော့တာ ဖြစ်ပါတယ်။ ပိုဆိုးတာက ကိုယ့်ကို မချစ်တဲ့သူတွေကို ကိုယ်က ချစ်မိတဲ့အခါ၊ ကိုယ်မချစ်တွေသူရဲ့ အချစ်ကို ခံရတဲ့အခါတွေမှာ ဒီအချစ်ရဲ့ ပူလောင်မှု သဘောကို ကောင်းကောင်းခံစားကြရတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် မြတ်စွာဘုရားရှင်က
 “အချစ်တွေနဲ့ လွဲရခြင်း၊ အမုန်းတွေနဲ့ တွဲရခြင်းဟာ ဆင်းရဲခြင်းပဲ” လို့ ဟောတော်မူတာ ဖြစ်ပါတယ်။ 
တစ်ချို့က အချစ်စစ်အချစ်မှန်ဆိုတာ ရယူလိုမှု မရှိဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် အချစ်လို့ ပြောရင်တော့ ရယူချင်တာ၊ ပိုင်ဆိုင်ချင်တာကတော့ ရှိနေကြမှာပဲ ဖြစ်ပါတယ်။ ရယူချင်မှု၊ ပိုင်ဆိုင်ချင်မှု ရှိနေသမျှ ဒီအချစ်ဟာ ဘယ်လိုမှကို ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါဘူး။ အဲ ရယူပိုင်ဆိုင်မှု မရှိဘဲ အကျိုးလိုလားခြင်း သက်သက်ပဲဆိုရင်တော့ ဒါဟာ အချစ်ထက်ကျော်လွန်သွားတဲ့ မေတ္တာ သဘောမျိုးပဲ ဖြစ်ပါတယ်။ မေတ္တာဆိုရင်တော့ သူ့အကျိုးကို လိုလားခြင်း ဖြစ်တဲ့အတွက် သူချမ်းသာလေ ကိုယ်ဝမ်းသာလေပဲ ဖြစ်ပါတယ်။ ဒီလို အချစ်မဟုတ်တဲ့ မေတ္တာသဘောမျိုး ဆိုရင်တော့ မေတ္တာများလေ ငြိမ်းချမ်းမှု အားကောင်းလေပဲ ဖြစ်ပါတယ်။ 
ခက်တာက ပုထုဇဉ် သဘာဝ မေတ္တာထားဖို့ထက် ချစ်စရာပွားဖို့ပဲ လိုလားကြတာ ဖြစ်တဲ့အတွက် သားသမီးအပေါ် အချစ်ကြီးတဲ့ မိဘတွေ၊ မိဘအပေါ် အချစ်များတဲ့ သားသမီးတွေ၊ ဇနီးမယားအပေါ် အချစ်ပိုတဲ့ လင်ယောက်ျားတွေ၊ လင်ယောက်ျားအပေါ် အချစ်လိုတဲ့ ဇနီးမယားတွေ၊ တစ်ဦးနဲ့တစ်ဦး အချစ်ကြီးတဲ့ သမီးရည်းစားတွေ စသဖြင့် ဘယ်လိုအသိုင်းအဝိုင်းမှာပဲ ဖြစ်ဖြစ် အချစ်ကြီးလေအပြစ်ကြီးလေ၊ အချစ်များလေ အပြစ်များလေ၊ အချစ်ကြီးလေ အမျက်ကြီးလေ ဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ အချစ်တွေများတော့ ကိုယ်ချစ်တဲ့သူတွေအပေါ်မှာ ဖြစ်စေချင်တာတွေ၊ မျှော်လင့်တာတွေ စသဖြင့် များနေပြီး အဲဒီအတိုင်း ဖြစ်မလာတဲ့အခါမှာလည်း အပြစ်တွေ၊ အမျက်တွေအထိ ပွားလာစေတော့တာ ဖြစ်ပါတယ်။ အချစ်ကို အခြေခံရာက ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ဟာ ငြိမ်းချမ်းဖို့ထက် ပူလောင်ဖို့က ပိုများနေတတ်တာ ဖြစ်ပါတယ်။
ဆိုတော့ကား အကောင်းဆုံးကတော့ အချစ်တွေ မကင်းသေးတဲ့ ပုထုဇဉ်တွေ အနေနဲ့ အချစ်တွေကနေ မေတ္တာအဖြစ် မပြောင်းနိုင်သေးရင်လည်း ပူလောင်ခံစားမှုတွေ သက်သာအောင် အချစ်တွေကို လျော့ချကြည့်ဖို့ပဲ ဖြစ်ပါတယ်။ အချစ်အစား မေတ္တာထားလာနိုင်အောင် တဖြည်းဖြည်း လေ့ကျင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဘယ်လိုအရာ၊ ဘယ်လို ပုဂ္ဂိုလ်မျိုးအပေါ်မှာပဲ ဖြစ်ဖြစ် အချစ်တွေနဲ့ နွေးထွေးစေတာထက် အကျိုးလိုလားတဲ့ မေတ္တာတရားနဲ့ နွေးထွေးနိုင်အောင် ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ နေရတဲ့အခိုက်မှာ အထိုက်အလျောက် သက်သောင့်သက်သာ ရှိလာကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ 
ဒါကြောင့် အချစ်ဆိုရင် ကိုယ်ကချစ်လိုက်ရတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ကို အချစ်ခံရတာပဲ ဖြစ်ဖြစ် နှစ်ခုလုံးဟာ ငြိမ်းအေးမှုထက် ပူလောင်မူကိုသာ ဖြစ်စေတတ်တဲ့အတွက် အချစ်အစား မေတ္တာမထားနိုင်သေးတောင်မှ ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ ဖြစ်စေဖို့ အချစ်တွေကို လျော့နိုင်သမျှ လျော့ချစ်ကြပြီး အချစ်အစား အမုန်းမပွားနိုင်အောင်လည်း မေတ္တာတရား၊ ဥပေက္ခာတရားလေးထားပြီး နေထိုင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း အချစ်အကြောင်း တစ်စေ့တစောင်း အသိပေးတင်ပြလိုက်ရပါတယ်။
 ( အရှင်ဝိစိတ္တ - မနာပဒါယီ )
Tuesday, January 29, 2013
ကြည်ညိုထိုက်သော ရဟန်းတော်များ
                                          ကြည်ညိုထိုက်သော ရဟန်းတော်များ
ဗုဒ္ဓမြတ်စွာ၏ သာသနာတော်၌ ရဟန်းတော်များ များစွာရှိပါသည်။ ထိုရဟန်းတော်များအနက် ဘယ်လိုရဟန်းတော်များကို ကြည်ညိုရမလဲ ဆိုတာကို အချုပ်အားဖြင့် ပြောပြရလျှင် ဓုရနှစ်ပါးကို ကြိုးစားအားထုတ် ပြုလုပ်နေကြတဲ့ ရဟန်းတော်များကို ကြည်ညိုကြရမယ်။
( ရဟန်းအလုပ် - ဓုရ ၂-ပါး )
မြတ်စွာဘုရားက မိမိ၏ သာဝကရဟန်းတော်များ အားထုတ်ဖွယ်
ရဟန်းတို့အလုပ်=ရဟန်းတို့တာဝန်ကို
(၁) ဂန္ထဓုရ 
(၂) ၀ိပဿနာဓုရ လို့ ၂-မျိုး ဟောတော်မူခဲ့တယ်။
ဂန္ထဓုရဆိုတာ= စာပေကျမ်းဂန် သင်အံပို့ချမှုဟူသော ရဟန်းတို့အလုပ်=ရဟန်းတို့တာဝန်ဖြစ်တယ်။
ဝိပဿနာဓုရဆိုတာ=၀ိပဿနာကမ္မဋ္ဌာန်း စီးဖြန်းကျင့်သုံးမှုဟူသော ရဟန်းတို့အလုပ်= ရဟန်းတို့တာဝန်ဖြစ်တယ်။
ဂန္ထဓုရကို ပရိယတ္တိဓုရ၊ ၀ိပဿနာဓုရကို ပဋိပတ္တိဓုရလို့လဲ ခေါ်တယ်။
ဒါဟာ မြတ်စွာဘုရားပေးခဲ့တဲ့ ရဟန်းတို့အလုပ်=ရဟန်းတို့တာဝန်ပဲ။ 
အဲဒီရဟန်းတို့အလုပ်=ရဟန်းတို့တာဝန် နှစ်မျိုးစလုံးကိုဖြစ်စေ၊ တမျိုးမျိုးကိုဖြစ်စေ ကြိုးစားအားထုတ် ပြုလုပ်ထမ်းဆောင်နေကြတဲ့ သီလရှိသော ရဟန်းတော်များကို ကြည်ညိုကြရမယ်။ အဲဒီရဟန်းတော်များဟာ အမှန်တကယ် သာသနာပြုနေတဲ့ ရဟန်းတော်များ ဖြစ်ကြတယ်။
အချို့က ဂန္ထဓုရ၊ ၀ိပဿနာဓုရ ဆိုတဲ့ ရဟန်းတော်တို့၏ အလုပ်၊ ရဟန်းတော်၏ တာဝန်နှစ်မျိုးတို့အနက် တမျိုးမျိုးကိုမျှ အားမထုတ်ပါဘဲ သာသနာပြုဆိုတဲ့အမည်ကို ခံယူနေကြတာကိုတော့ စဉ်းစားစရာကောင်းပါတယ်။
သာသန၀ံသပ္ပဒီပိကာ၊ သာသနာလင်္ကာရစာတမ်း၊ သီလ၀ိသောဓနီကျမ်းများကို ကြည့်ရှုလျှင် ရှေးရှေးက ဆရာတော်ကြီးတွေဟာ အလွန်ကြည်ညိုဖွယ်ကောင်းတာပဲ။ ရှေးရှေးက သူတော်ကောင်းတွေ ရဟန်းတော်များကိုကြည်ညိုပုံကိုလဲ သိပ်အတုယူဖို့ ကောင်းတာပဲ။
( ဆေးပေးခြင်း၊ ပန်း၊ သစ်သီးပေးခြင်း ရှောင်တော်မူကြပုံ )
အင်းဝခေတ်က အရှင်ဝရဓမ္မ ဆရာတော်ထံ ကျောင်းအမကိုယ်တိုင်လာပြီး ဆေးတောင်းသတဲ့ ဆရာတော်က-ဆေးမပေးကောင်းဘူး-လို့ မိန့်တော်မူတယ်။ ပစ္စည်းလေးပါး ဒါယိကာမပါဘုရား-လို့ထပ်ပြီးလျှောက်တော့ ပစ္စည်းလေးပါးဒါယိကာမ ဖြစ်လေ မပေးကောင်းလေ-လို့ မိန့်တော်မူပါသတဲ့။
နံမော်ဆရာတော်၏ ကျောင်းဒကာ သမီးက ကံကြီးဆရာတော်ထံ ဆွမ်းသွားပို့တယ်။ ကံကြီးဆရာတော်က ငှက်ပျောသီးနှင့် မုန့်ကို လက်ဆောင်ပေးလိုက်တယ်။ အိမ်ပြန်ရောက်လို့ ကျောင်းဒကာကြီး သိသွားတော့ ငါတို့ဆရာတော်နှင့် မတူ-လို့ပြောပြီး နောက် ဆွမ်းမပို့ရတော့ဘူးတဲ့။
ဘုန်းကြီးပေးလိုက်တဲ့ ငှက်ပျောသီးနှင့် မုန့်ကိုလည်း စွန့်ပစ်စေပါသတဲ့။
( ဗေဒင်မဟောသော ဆရာတော် )
မင်္ဂလာဘုံကျော် ဆရာတော်ထံ ၀န်ကတော်ကိုယ်တိုင် လှူဖွယ်ပစ္စည်းဖြင့် လာပြီး ၀န်ကြီး၏ ဇာတာကို ဗေဒင်မေးပါသတဲ့။ ဆရာတော်က ရဟန်းတော်များ ဗေဒင်မဟောကောင်းဘူး-လို့ ပြောလွှတ်လိုက်ပြီး ၀န်ကတော်ပြန်သွားတော့ လှူဖွယ်ပစ္စည်းများကို စွန့်ပစ်စေတယ်။ ၀န်ကတော်ကို ခေါ်လာတဲ့သူကိုလည်း နောင်-မခေါ်လာဝံ့အောင် တော်တော်ပြင်းပြင်းထန်ထန် ငေါက်ငမ်းတော်မူသတဲ့။
အရှင်အဂ္ဂဓမ္မ ဆရာတော်ကတော့ ဆေးကုတဲ့ဘုန်းကြီးက လှူတဲ့ ပစ္စည်းကို အကုန်စွန့်ပစ်ပြီး အဲဒီဘုန်းကြီးထိုင်တဲ့ နေရာကိုတောင် ရေဆေးပစ်ခိုင်းသတဲ့။
( ရှေးဆရာတော်များ ၀ိနည်းလေးစားပုံ )
နံမော်ဆရာတော် အရှင်သာရမဉ္ဇူ-ဟာ မိမိ၏ ဇာတိဖြစ်တဲ့ မိတ္ထီလာမြို့ အုတ်ရှစ်ကုန်းသို့ ကြွလာတဲ့အခါ ရွာက လှည်းအကြိုလာတယ်။ ဆရာတော်က မသွားနိုင်တော့မှ ငါပြောမယ်-လို့ မိန့်တော်မူပြီး လှည်းမစီးဘဲ ရွာရောက်အောင် ကြွတော်မူသတဲ့။
ဒုတိယ နံမော်ဆရာတော် အရှင်ဓမ္မပါလလည်း မိုးမရွာလျှင် ဘယ်အခါမျှ ထီးမဆောင်းဘူးတဲ့၊ မိုးရွာလို့ ထီးဆောင်းရလျှင်လည်း သူတပါးကို ထီးမမိုးခိုင်းဘဲ ကိုယ်တိုင်ဆောင်းတော်မူသတဲ့။
( သာလွန်မင်း ကြည်ညိုပုံ )
သာလွန်မင်းတရားကို အမြင့်မြို့စား သားတော် ရှင်တရုတ်က လုပ်ကြံတဲ့အခါ လေးထပ်ကျောင်းဘက်သို့ မင်းကြီးထွက်ပြေးလာပြီး လေးထပ်ဆရာတော်ကို အကြောင်းစုံလျှောက်ထား၍ လူဆိုးလူသွမ်းများ မ၀င်လာအောင် ထီးရိုး တောင်ဝှေးဆွဲကိုင်ပြီး တားမြစ်ပေးပါ-ဟု လျှောက်တယ်။ ဆရာတော်က ငါ ရဟန်းသားဖြစ်တယ်၊ ဘယ်လိုမျှ မကြံသာ၊ စံကျောင်းသူတော်ကို ပင့်ပါရစေဦး-ဟု မိန့်တော်မူပြီး စံကျောင်းဆရာတော်ကို ပင့်ခိုင်းလို့ စံကျောင်းဆရာတော် ရောက်တဲ့အခါ မင်းကြီးက လေးထပ်ဆရာတော်ကို လျှောက်သလို လျှောက်တယ်။
 စံကျောင်းဆရာတော်က မင်းကြီးကို ကျက်သရေတိုက်မှာ နေခိုင်းပြီး ရဟန်းသာမဏေများကိုခေါ်ကာ ထီးရိုး တောင်ဝှေး ဆွဲကိုင်ပြီး ကျောင်းတွင်းသို့ လူတယောက်မျှ မ၀င်ရအောင် စောင့်ရှောက်ပေးတယ်။ ကျောင်းမှာ တလလောက် နေရတယ်။
အရေးတော် အောင်မြင်ပြီးစီးလို့ နန်းတော်ပြန်ရောက်ပြီးတဲ့အခါ မင်းတရားကြီးက-လေးထပ်ဆရာတော်သည် ရဟန်းပီသပါပေသည်။ စံကျောင်းဆရာတော်သည် စစ်သူကြီး ပီသပါပေသည်-လို့ မိန့်ဆိုကြောင်း ဆရာစဉ် စာများရှိပါတယ်။ လေးထပ်ဆရာတော်သည် သံသရာ ဆရာတော်ဖြစ်သည်။ စံကျောင်းဆရာတော်သည် ပစ္စုပ္ပန် ဆရာတော်ဖြစ်သည်-လို့ မိန့်ဆိုကြောင်း ရာဇ၀င်မှာဆိုပါတယ်။
နောင်တော်၏ သားတော် သခင်ပုကို ညီတော် မင်းရဲကျော်စွာ၏ သမီးတော်နှင့် စုံဖက်တဲ့ မင်္ဂလာလက်ထပ်ပွဲမှာ လေးထပ်ကျောင်းဆရာတော်ကိုသာ တပည့် သံဃာများနှင့်တကွ ပင့်ပြီး ပရိတ်တရားနာတယ်။ စံကျောင်းဆရာတော်ကို မပင့်ဘူးတဲ့။ ဒါကြောင့် ရှေးသူဟောင်းတို့ကို - သာလကာ တလင်ပန်း ပင်ပန်းကာ တယောက်မ-လို့ စကားပုံဆိုကြသတဲ့။
တရားနာပရိတ်သတ်များ ရဟန်းတော်များကို ကြည်ညိုတတ်အောင် သာသနာလင်္ကာရစာတမ်း စသည်မှာလာတဲ့ အကြောင်းအရာ အနည်းငယ်ကို ထုတ်ပြီး ဟောခဲ့ပါတယ်။ ရဟန်းကောင်း ရဟန်းမြတ်များကို ရွေးချယ်၍ကြည်ညိုနိုင်ကြပါစေ။
( ဘဒ္ဒန္တ ကုမာရ-အဘိဓဇမဟာရဋ္ဌဂုရု )
Monday, January 28, 2013
အထက်တန်းစား ဗုဒ္ဓဘာသာဝင်
  အထက်တန်းစား ဗုဒ္ဓဘာသာဝင် 
 ဗုဒ္ဓဘာသာဝင်တို့ သည် ဗုဒ္ဓ၊ ဓမ္မ၊ သံဃတည်းဟူသော အမြတ်ဆုံးသောရတနာသုံးပါးကို ကိုးကွယ်ကြသူများ ဖြစ်တဲ့အလျောက် အမြတ်ဆုံးရတနာသုံးပါးကလည်း ကိုးကွယ်သူတို့ အား အမြတ်ဆုံးသောအကျိုးများကို ရစေနိုင်စွမ်းရှိပါတယ်။ သို့ သော် ရတနာသုံးပါးကို ကိုးကွယ်ကြသူချင်း တူစေကာမူ၊ အကျိုးပေးမှုအနည်း၊ အများကွာဟတဲ့အလျောက် ကိုးကွယ်သူတို့ ရဲ့ ဘဝအနိမ့်အမြင့် ခြားနားလျက်ရှိပါတယ်။ ဒါဟာ “ကိုးကွယ်ပုံ” ခြင်း၊ ရတနာသုံးပါးကို “ကြည်ညိုပုံ” ခြင်း မတူညီကြလို့ သာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူပုံနည်းလမ်းခြင်း ကွဲပြားနေလို့ သာဖြစ်ပါတယ်…
စင်စစ် ဗုဒ္ဓဘာသာဝင် ဟူသည်မှာ ဗုဒ္ဓ၏အဆုံးအမများကို ဘဝလမ်းညွှန်အဖြစ် လိုက်နာခံယူကျင့်သုံးသူများပင် ဖြစ်ပါတယ်။ ဒီလိုလိုက်နာကျင့်သုံးရာမှာ ဗုဒ္ဓဘာသာဝင် တစ်ဦးနဲ့ တစ်ဦး ဗုဒ္ဓ၊ ဓမ္မပေါ် သိရှိပုံပမာဏခြင်း၊ လိုက်နာကျင့်သုံးပုံ ပမာဏခြင်း မတူညီကြပါဘူး။ ဗုဒ္ဓအဆုံးအမများကို အနှစ်သာရပိုင်းထိ ထိုးထွင်းသိမြင်သူများရှိသလို၊ သာမန်ကာလျှံကာ သိသူများလည်းရှိပါတယ်။ ပါရမီအနုအရင့်၊ ဝိရိယအပြင်း အပျော့အရ ကွဲပြားခြားနားချက်များလည်း ရှိပါတယ်။
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” လို့  သရဏဂုံ တင်ထားပေမဲ့လည်း အခြားသော တစ်စုံတစ်ရာကို သရဏံ ဂစ္ဆာမိချင်သူများဆိုလျှင် ရတနာသုံးပါးကိုးကွယ်သူရယ်လို့  ဆိုရန်ပင်ခက်လှပါတယ်။ ဘုရားစင်အနီးအပါးမှာ အာသဝေါမကုန်ခမ်းသေးတဲ့ ပြည်တွင်းဖြစ် ဘိုးတော်၊ မယ်တော်၊ ပြည်ပမှ ဘိုးတော်၊ မယ်တော်ရဲ့ ပုံများကို ချိတ်ဆွဲသူများဟာ ရတနာသုံးပါးမှတပါး အားထားစရာမရှိပြီလို့  ခံယူထားတဲ့သူများ မဟုတ်ပါဘူး။ အကြောက်တရားနဲ့  မျှော်လင့်တောင့်တမှုပေါ် အခြေခံပြီး ဓါတ်ရိုက်ဓါတ်ဆင်၊ ယတြာချေ၊ ဂါထာမန္တန် ရွတ်သူများဟာ(ဗုဒ္ဓဘာသာဝင်တို့ အဖို့  အရေးကြီးဆုံးဖြစ်တဲ့) ကံ-ကံ၏အကျိုးကို မမှိတ်မသုန် ယုံကြည်သူများ မဟုတ်ပါဘူး။ အတ္တနှင့် အတ္တနိယအပေါ် အခြေစိုက်တဲ့ ၎င်းအပြုအမူတွေဟာ မြတ်ဗုဒ္ဓရဲ့ ဓမ္မလမ်းကြောင်းနဲ့  ဖီလာဆန့် ကျင်လျှက်ရှိပြီး၊ ဥုံ မဏိပဒ္မေဟုံ ကဲ့သို့  မဟာယနဂိုဏ်းရဲ့ထိုးဖောက်မှုကြောင့် ဗုဒ္ဓဘာသာဝင်တို့ မှာ ထေရဝါဒဗုဒ္ဓဘာသာ ကိုယ်ခံအားနည်းပါးရှာသူတွေ ဖြစ်လာကြပါတယ်။
မြတ်ဗုဒ္ဓရဲ့ဓမ္မမှာ လောဘ၊ ဒေါသ၊ မောဟတို့ ကို ငြိမ်းစေသော နည်းလမ်းများညွှန်ပြထားသလို၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿတို့ မှ လွတ်မြောက်စေတဲ့ကျင့်စဉ်တွေလည်း အမြောက်အမြားရှိပါတယ်။ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူပြီး လောဘ၊ ဒေါသ၊ မောဟတွေ ထူပြောနေပါလျှင်၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿတို့  ပူလောင်ဆူပွက်နေပါလျှင် (အဖြေကားရှင်းပါတယ်။) ဗုဒ္ဓ၏ ဓမ္မကို လိုက်နာကျင့်သုံးမှုမှာ အားနည်းလို့ သာ ဖြစ်ပါတယ်။
ဘုရားရှင်က ရတနာသုံးပါးအပေါ် ကြည်ညိုမှုသဒ္ဓါတရား အနည်းအများပေါ်အမှီပြုပြီး အထက်တန်းစား ဗုဒ္ဓဘာသာဝင်နှင့် အညံ့စားဗုဒ္ဓဘာသာဝင်လို့ နှစ်မျိုးကွဲပြားကြောင်းနဲ့  ၎င်းတို့ ရဲ့လက္ခဏာများကို ဟောကြားတော်မူခဲ့ပါတယ်။
အထက်တန်းစားဗုဒ္ဓဘာသာဝင်တို့ ရဲ့ လက္ခဏာများ
  • ၁။ရတနာသုံးပါးအပေါ်၌ နှစ်နှစ်ကာကာယုံကြည်ခြင်း
  • ၂။ကိုယ်ကျင့်သီလနှင့်ပြည့်စုံခြင်း
  • ၃။ကောတုဟ မင်္ဂလာကိုမယုံကြည်ခြင်း
  • ၄။လောကီမင်္ဂလာတို့ ကို မယုံကြည်ဘဲ ကံကိုသာအနှစ်သာရအားဖြင့် ယုံကြည်ခြင်း
  • ၅။ဗုဒ္ဓသာသနာတော်အတွင်း၌သာ မြတ်သောအလှူခံပုဂ္ဂိုလ် ရွေးချယ်စိစစ်၍ ဦးစွားပေးလှူ ကြည်ဖြူ၊ မြတ်နိုးခြင်းတို့ဖြစ်၏။
ဤလက္ခဏာများနှင့်ပြည့်စုံသူကို ဘုရားရှင်က ဗုဒ္ဓဘာသာဝင် ရတနာ၊ဗုဒ္ဓဘာသာဝင် ပဒုမာ၊ဗုဒ္ဓဘာသာဝင် ပုဏ္ဏရိက် လို့ ဂုဏ်ပြုတော်မူပါတယ်။
အညံ့စားဗုဒ္ဓဘာသာဝင်တို့ ရဲ့ လက္ခဏာများ
  • ၁။ရတနာသုံးပါးအပေါ်၌ နှစ်နှစ်ကာကာမယုံကြည်ခြင်း
  • ၂။ကိုယ်ကျင့်သီလမရှိခြင်း
  • ၃။ကောတုဟ မင်္ဂလာကိုယုံကြည်ခြင်း
  • ၄။ကံကိုမယုံကြည်ဘဲ လောကီမင်္ဂလာကိုသာ အနှစ်သာရအားဖြင့် ယုံကြည်ခြင်း
  • ၅။အခြားဘာသာ၌မြတ်သော အလှူခံပုဂ္ဂိုလ်ရှိနိုး မျှော်ကိုးရှာမှီးလျက် ဦးစားပေးလှူ ကြည်ဖြူ၊ မြတ်နိုးခြင်းတို့ ဖြစ်သည်။
ယင်းလက္ခဏာတို့ နှင့် ပြည့်စုံသော ဗုဒ္ဓဘာသာဝင်မျိုးကို ဗုဒ္ဓဘာသာဝင် အောက်တန်းစား၊ ဗုဒ္ဓဘာသာဝင် အညစ်အကြေး၊ ဗုဒ္ဓဘာသာဝင်ဒွန်းစဏ္ဍားဟု ဘုရားရှင်ကမိန့်ဆိုတော်မူခဲ့ပါတယ်။
ဤသို့လျင် မိမိသည် အထက်တန်းစား ဗုဒ္ဓဘာသာဝင်လား၊ အညံ့စားဗုဒ္ဓဘာသာဝင်လား ဟူသည်ကို ဘုရားရှင်၏ အထက်ပါစံညွှန်းများကို အမှီပြု၍ ဆုံးဖြတ်နိုင်ပါတယ်။ ရတနာသုံးပါးနှင့် ကံ-ကံ၏အကျိုးကို ကြည်ညိုမှုသဒ္ဓါ စွဲစွဲမြဲမြဲ နှစ်နှစ်ကာကာ ခိုင်မာလျှင် လောကီမင်္ဂလာ၊ ကောတုဟတမင်္ဂလာတို့ မှာ စိတ်ညွှတ်မှုမရှိနိုင်ပါ။
ဗေဒင်၊ ယတြာ၊ အင်း၊ လက်ဖွဲ့၊ ဂါထာ၊ မန္တန်တို့ ကို ယုံကြည်ခြင်း၊ မည်သည့်ရုပ်ပွားတော်ကို ကိုးကွယ်လျှင်မည်သို့  စီးပွားတက်မည်ဟု ယုံကြည်ခြင်းတို့သည် ကောတုဟမင်္ဂလာကို ယုံကြည်ခြင်းဖြစ်ပါတယ်။ ဒီလိုယတြာချေလျှင် ဒီလိုအောင်မြင်သတဲ့၊ ဒီအဆောင်ကြောင့် ဒီလိုကြီးပွားသတဲ့၊ ဒီရုပ်ပွားမျိုးကိုးကွယ်လျှင် အန္တရယ်ကင်းသတဲ့ စတဲ့ ရုတ်တရက်ပေါ်ထွက်လာတဲ့ လောကီစီးပွား တက်ကြောင်းများကို (ဗုဒ္ဓ၏ အဆုံးအမများနှင့် လျော်ညီမှုရှိ၊မရှိ) မစစ်ဆေးဘဲ မျက်ကန်းယုံကြည်လက်ခံခြင်းတို့ ဟာ အတွေးအခေါ်သူတောင်းစားတို့ရဲ့ အမူအကျင့်သာဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ကမ္မနိယာမနှင့် ဆန့် ကျင်ဘက် ဤအမူအလေ့မျိုးကား ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ မှာ မရှိသင့်၊ မရှိအပ်သင့်ပါ။
စင်စစ်ထေရဝါဒ ဗုဒ္ဓဘာသာဝင် ဥပါသကာဟူသည်မှာ အတိတ်၊ နိမိတ်၊ ကိန်းခန်း၊ တဘောင်၊ နက္ခတ်၊ ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ အိပ်မက်တိတ္တုံ၊ ရက်ရာဇာ ၊ပြဿဒါးစတဲ့ ဒိဋ္ဌ၊ သုတ၊ မုတ မင်္ဂလာများကို မယုံကြည်ပါ။ ၎င်းလောကီမင်္ဂလာတို့ ကို ယုံကြည်လိုက်တဲ့ ဥပါသကာကို ဥပသကာအညံ့စား၊ ဒွန်းစဏ္ဍးဥပသကာလို့ ခေါ်ဝေါ်ပါတယ်။
(ပဉ္စက အဂုင်္တ္တရ စဏ္ဍာလသုတ်ကို လေ့လာပါ။)
"ရဟန်းတို့ ၊ အကြင်သတ္တဝါတို့ သည် နံနက်အခါ ကိုယ်ဖြင့်သုစရိုက်ကို ကျင့်ကြကုန်၏။ နှုတ်ဖြင့် သုစရိုက်ကို ကျင့်ကြကုန်၏။
စိတ်ဖြင့်သုစရိုက်ကိုကျင့်ကြကုန်၏။
ထိုသတ္တဝါတို့ အား ကောင်းသောနံနက်ဖြစ်၏။
ထို့ အတူမွန်းတည့် ညချမ်းအခါတို့ ၌ သုစရိုက်ကျင့်သူတို့ အား ကောင်းသောမွန်းတည့်အခါ၊
 ကောင်းသောညချမ်းအခါ ဖြစ်၏" 
ဟု ဘုရားရှင်ဟာ (တိအဂုင်္တ္တရပါဠိတော်-၂၉၈) မှာ ဟောတော်မူခဲ့ပါတယ်။
ဆိုလိုရင်းမှာ သုစရိုက်တရားကျင့်သူတို့ အား နက္ခတ်ကောင်း၊ မင်္ဂလာကောင်း၊ အခါကောင်း၊ ခဏကောင်း အားလုံးအကောင်းချည်းဖြစ်၍ မကောင်းသော နက္ခတ်၊ မင်္ဂလာမရှိ။ နက္ခတ်မင်္ဂလာ အကောင်းကြုံရန် ဓါတ်ရိုက်၊ ဓါတ်ဆင်၊ ယတြာ စသည်တို့ကိုပြုလုပ်ရန်မလိုပါ။ ကိုယ်ကျင့်တရားမြဲမြံရန်နှင့် သူတော်ကောင်းတရား ပွားများရန်သာလိုသည်ဟု ဆိုလိုရင်းဖြစ်ပါတယ်။ ကမ္မနိယာမ ချည်မျှင်ရှည်ကြီးမှာ သီတန်းထားတဲ့ လူသားတို့ ရဲ့ သုခ၊ ဒုက္ခများကို မည်သည့်ဂါထာ၊ မန္တန်၊ အင်း၊ ယတြာ၊ အဆောင်လက်ဖွဲ့ ၊ သဒ္ဓိဆိုင်ရာအစီအမံကမျှ ကပြောင်းကပြန်လုပ်လို့ မရပါ။
ကိုယ်စိုက်ပျိုးသောအပင်ကို ကိုယ်ပဲရိတ်သိမ်းရပါတယ်။အဆိပ်ပင်စိုက်ပျိုးထားပါလျက် ဂါထာ၊မန္တန်၊ ယတြာအားကိုးနဲ့  ဩဇာပင်ရိတ်သိမ်းချင်၍မရပါ။ ကမ္မနိယာမမြစ်ကြောင်း အတိုင်းသာ ဘဝစီးကြောင်း ရေအလျဉ်ဟာ စီးဆင်းနေပါတယ်။ 
ဗုဒ္ဓဘာသာဝင် ဖြစ်ပါလျှက် ကံ-ကံ၏အကျိုးကိုမယုံကြည်ဘဲ၊ လောကီမင်္ဂလာများနှင့် အပေါ်ယံအကာအလွာ ကိုးကွယ်မှုအမျိုးမျိုးနောက်လိုက်နေသူများဟာ အညံစား ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။
အလျဉ်းသင့်၍ သီတဂူဆရာတော် အရှင်ဉာဏိဿရဗုဒ္ဓဝါဒ အခြေခံသဘောတရား စာအုပ်မှ စာပိုဒ်တစ်ပိုဒ်ကို တင်ပြလိုက်ပါတယ်။
“ ဗုဒ္ဓဟောကြားတဲ့အတိုင်း၊သင်ထားတဲ့အတိုင်း၊ဆုံးမထားတဲ့အတိုင်း ကျင့်တဲ့ပုဂ္ဂိုလ်တွေကို တစ်ခါတည်း အောက်တန်းမကျ၊ အထက်တန်းရောက်အောင် ဘယ်သူကခေါ်ဆောင်သွားမှာလဲ၊အဲဒီကျင့်တဲ့တရားက ခေါ်ဆောင်သွားမှာ။ ဗုဒ္ဓကခေါ်ဆောင်သွားမှာမဟုတ်ဘူး။ ကိုယ်ကျင့်တဲ့တရားက ကိုယ့်ကိုခေါ်ဆောင်သွားမှာ။ အဲဒါကိုယုံကြည်ထားဖို့ပါဘဲ။ ဗုဒ္ဓဝါဒအရ ကိုးကွယ်ခြင်းဟာ အဲဒီအထိရောက်ရမယ်၊ ဒါမှအဆင့်အတန်းမြင့်တာ။ ကိုယ့်ကိုခေါ်သွားမယ့်ပုဂ္ဂိုလ်၊ သယ်ဆောင်သွားမယ့်ပုဂ္ဂိုလ်၊ ကယ်တင်သွာမယ့်ပုဂ္ဂိုလ်ဆိုတာ အခြားမှာမရှိပါဘူး။ ကိုယ့်ကိုအထက်ရောက်အောင် သယ်ဆောင်သွားမှာ၊ ခေါ်ဆောင်သွားမှာ၊ အဆင့်အတန်းမြှင့်ပေးလိုက်မှာ ဘယ်သူတုန်းဆိုရင် ကိုယ်ကျင့်သုံးထားတဲ့ တရားပါပဲ ”
ဗုဒ္ဓဘာသာမှာ ကိုးကွယ်ခြင်းဆိုတာ အကျင့်စရဏ ပြဋ္ဌာန်းပါတယ်။ မိမိကိုယ်ကို အထက်တန်းစား ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူလိုလျင် ဗုဒ္ဓ၏ဓမ္မနဲ့ လျော်တဲ့ ကိုယ်ကျင့်သိက္ခာ ကိုတည်ဆောက်ဖို့ လိုပါတယ်။ ရတနာသုံးတန်နှင့် ကံ-ကံ၏အကျိုးကိုသာ တစိုက်မတ်မတ်၊ စဉ်းငယ်မျှပင် အယိမ်းအယိုင်မရှိ၊ ပကတိငုတ်စိုက်ကျောက်ချထားသည့်နှယ် ယုံကြည်ဖို့လိုပါတယ်။ ၎င်းယုံကြည်မှုကို ထိပါးတိမ်းစောင်းစေတဲ့ ကောတုဟတ မင်္ဂလာ၊ လောကီမင်္ဂလာတို့မှာ အားကိုးရှာခြင်းမျိုးကို အတွင်းအဇ္ဈတ္တမှာ လုံးဝ ဝင်ရောက်ခွင့်မပြုသင့်ပါဘူး။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၏ ဟိုဘက်မှာ အခြားသော သရဏံ ဂစ္ဆာမိ ရှိမနေသင့်ပါ။ ဓမ္မံ သရဏံ ဂစ္ဆာမိ၏ ဟိုဘက်မှာလည်း အခြားသော သရဏံ ဂစ္ဆာမိ ရှိမနေသင့်ပါ။ သံဃံ သရဏံ ဂစ္ဆာမိ၏ ဟိုဘက်မှာလည်း အခြားသော သရဏံ ဂစ္ဆာမိ ရှိမနေသင့်ပါ။
ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ်၏ အညစ်အကြေးဖြစ်တဲ့၊ အတွင်းရန်သူဖြစ်တဲ့ တန္တရယာန၊ မန္တရယာန၊ ယန္တရယာနများ၏ အန္တရယ်စက်ကွင်းမှလွတ်အောင်ရှောင်ပြီး မြင့်မြတ်သန့်စင်သော အထက်တန်းစား ဗုဒ္ဓဘာသာဝင် အဖြစ်(အကျင့်စရဏ)ဖြင့်ခံယူနိုင်ကြပါစေ။ ။
၁၉၉၁ ဧပြီလထုတ်၊ အမှတ်-၁၆ ဓမ္မရံသီပေါင်းချုပ်မှ
Sunday, January 27, 2013
107歲人瑞彌留病危 親友請緬甸法師誦經「吵活」
107歲人瑞彌留病危 親友請緬甸法師誦經「吵活」ပဋ္ဌာန်အစွမ်း အံ့မခမ်း သေရွာပြန် ၁၀၇နှစ် အဖွား谷氏၏ ဖြစ်ရပ်ဆန်း
(အရင်က ဒီအဖြစ်အပျက် ဇာတ်လမ်းကို ဖေါ်ပြခဲ့ဘူးပါပြီ။ ခုတစ်ဖန် ထိုင်ဝမ် သတင်းဋ္ဌာနတစ်ခုက အံ့သြဖွယ်ရာ အစီစဉ်တစ်ခုအဖြစ် ထပ်မံ ဖေါ်ပြခဲ့သောကြောင့် ထေရ၀ါဒ မြန်မာသံဃာတော်များ၏ ဂုဏ်ယူဖွယ်ရာ တစ်ခု ဖြစ်ပြန်လည်ျှဝေလိုက်ခြင်းပါ။ ယခင် သတင်းဟောင်းကို ကြည့်လိုပါက အောက်ပါလင့်ကို နှိပ်ကာ ကြည့်ရှုနိုင်ပါသည်။)
http://yatanavasa.blogspot.tw/2012/11/blog-post.html
အိမ်-အပြန်လမ်း
အိမ်-အပြန်လမ်း
အမေရဲ့ မျက်နှာသွင်နဲ့ တစ်ကိုယ်လုံး ဇရာတရားတွေက အလိပ်လိပ် အထပ်ထပ် ဖုံးထားကြပေမဲ့ ပြုံးပြီးတော့ ကြည့်နေတဲ့ မျက်နှာသွင်နဲ့ အမေရဲ့ တစ်ကိုယ်လုံးမှာ မေတ္တာတွေ ဂရုဏာတွေ မုဒိတာတွေ ဥပေက္ခာတွေက အပြည့်ဖုံးထားတာ၊ သားတွေ့လိုက်ရတယ် အမေ …
မြန်မာနိုင်ငံ မပြန်ဖြစ်တာ နှစ်တွေ တော်တော်ကြာလို့ ရှစ်နှစ်တာထဲ ရောက်ခဲ့ပါပြီ၊ မိတ်ဆွေများ အရှိုအရှို ပြန်နေကြပေမဲ့ ပြန်လိုတဲ့စိတ်က တွန်းအားအဖြစ် မပေးခဲ့လေဘူး။ ဒီနှစ်တော့ အသက်ရှစ်ဆယ်ကျော်လို့ လေးနှစ်တာ စွန်းလေပြီဖြစ်တဲ့ မွေးမေမေကို မယ်တော်ကြီးလို့ မခေါ်ခဲ့ရတာလဲကြာ၊ မယ်တော်ကြီး၏ ရွှေမျက်နှာကိုလဲ မြင်လိုလှတဲ့စိတ်က ပြင်းပြင်းထန် တွန်းအားအဖြစ် ရောက်ရှိလာခဲ့ပါတယ်။ နောက်တစ်ချက်က မွေးရာဇာတိမြေမှာ ရသမျှ ငွေသပြာများနဲ့ မြှုပ်ထားတဲ့ ရွှေအိုးက ရှိနေသေးလေတော့ ဘယ်အတိုင်းတာ ဘယ်အဆင့်ထိ ရှိနေကြပြီလဲ ဆိုတာကို သိချင် မြင်ချင်စိတ်က ချိုးနှိမ်လို့ ထားမရတာလဲ ပါပါတယ်။
ဒီလိုနဲ့ အမိမြေကို ပြန်ဖို့ရက်က သေချာသည်ထက် သေချာသွားပါတယ်။ ၂၇.  ၀၁.  ၂၀၁၂ နေ့မှာ လေယာဉ်လက်မှတ်ဖြတ်ထားပြီး မရောက်တာကြာနေတဲ့ စင်ကာပူ- မလေးရှားကို တစ်ခါတည်း ၀င်သွားလို့      မတွေ့တာကြာတဲ့ မိတ်ရင်းများနဲ့ တစ်ဆယ့်သုံးရက်တာ နေလာခဲ့ပါတယ်။ ၉.  ၀၂.  ၂၀၁၂  နေ့မှာ အမိမြေ ရွှေမြန်မာကို ရင်ထိတ်စွာနဲ့ ထွက်ခဲ့တာ မြေပြင်ကို လေယဉ်-ဆင်းသက်သည်အထိပါပဲ။ လေယဉ်ကွင်း အဆောက်အဦးထဲ ၀င်လိုက်တယ်ဆိုရင်ပဲ အများနည်းတူ တန်းစီနေရာမှာ- အရှင်ဘုရား ဒီကိုကြွပါဆိုတဲ့ အသံက စိုးမိုးစွာ ကြားလိုက်ရတယ်။ အသံလာရာကို စိုးရွံ့စွာကြည့်လို့ အသံပိုင်ရှင်ကို မြင်လိုက်မှ ရင်ထဲမှာ အေးသွားပါတယ်၊ ပြုံးရွှင်တဲ့မျက်နှာ ဂါရ၀ပါတဲ့အနေအထားနဲ့မို့ ကြည်ညိုတဲ့စိတ်အပြည့်ရှိနေတာ သိလိုက်ရလို့ပါပဲ။ အော်  ဒို့ရွှေမြန်မာတွေ ဒို့ရွှေမြန်မာတွေ ဘယ်လိုအကြောင်းမျိုးပဲ ရှိနေပါစေ   သံဃာတော်များ တွေ့ရရင် ဒီအသွင် ဒီသဘော မပြောင်းလဲကြတာ အလွန်ကို ၀မ်းသာစရာပါလားရယ်လို့ ကြည်နူးစိတ်နဲ့ရင်နှီးစွာ ပင့်ဆောင်ရာကိုသွားလိုက်ပါတယ်။
လိုအပ်တဲ့ ဆောင်ရွက်ဘွယ်တွေ လုပ်ဆောင်ပြီး ပစ္စည်းရွေးလို့ အပြင်ထွက်လာပေမဲ့ လာကြိုသူ တစ်ယောက်မှ မတွေ့ရလို့ ကိုယ့်အဖြစ်ကို ၀မ်းနဲမနေအားပါဘူး၊ လိုရာသွားဖို့အတွက်Taxi  ကားတွေ ရှိနေတာပဲလို့။ အဲဒီမှာ တစ်နေရာက ပြုံးရွှင်တဲ့ မျက်နှာတွေနဲ့ မိတ်ဆွေတွေ ပေါ်လာကြတယ် အရှင်ဘုရားကို လာကြိုကြတာပါတဲ့၊ ကိုယ်ကလဲ အလိုက်သိစွာ ပြုံးလို့ ပြလိုက်ပါတယ်၊ သိနေတယ်လေလို့။
တည်းခိုမည့်ရမည့် မဟာစည်ရိပ်သာကြီးကို ရောက်လာလို့ မိတ်ဟောင်းတွေနဲ့ ရှေးဟောင်းနှောင်းဖြစ် သုံးလေးရက်လောက် ငယ်မူခဏ ပြန်ခဲ့ကြရပါသေးတယ်။
ကြာကြာလဲ မနေအားပါဘူး အင်္ဂလန်က လက်ဆောင် ပါးလိုက်ကြတာလေးတွေ ဆိုင်ရာတွေကို ခေါ်ပေးလို့ ရန်ကုန်မြို့ကြီးနဲ့ အတော်ဝေးလှတဲ့ မြေလတ်ပိုင်းက မုံရွာဆိုတဲ့ အညာမြို့ဆီကို အမြန်ပြေးခဲ့ရပါတယ်။ အကြောင်းကတော့ အမေ့မျက်နှာကို မ၀တမ်း ကြည့်လိုက်ချင်တဲ့ စိတ်ကြောင့်ပါပဲ။ အမေက မြို့မှာမပျော် တောကိုသာ ပျော်သတဲ့၊ မြို့ကိုမခင် တောကိုသာ နေချင်သတဲ့။ ဟုတ်မှာပါလေ အမေက တောမှာမွေးပြီး တောမှာကြီးပြင်း အသက်(၈၀)ကျော် နေလာခဲ့ရလေတော့ အမေ့စိတ်က တောကိုပဲ ခင်ပေမှာပေါ့၊ အမေ့ကို အပြစ်မဆိုရက်ပါဘူး၊ 
ကိုယ်သည်ပင်လျှင်ပျော်ရွှင်လှတယ်မဟုတ်ပါပဲ သမိုင်းပေးအရ အထင်ကရ နိုင်ငံကြီးမှာ နေနေရတာ ကိုယ်ချင်းစာပါတယ်။
မြို့ပေါ်မှာ ကြာကြာမနေအားပါ၊ အမေရှိရာကို ဒီကနေ့ပဲ အရောက်သွားမယ်လို့ နှလုံးသွင်းပြီး မြို့က ညီအကိုတွေ တားနေတဲ့ကြားက ထွက်လာမိခဲ့ပါတယ်။ သူတို့ကိုတော့ အားနာမိပါရဲ့၊ ဒီအချိန်မှာ သိကြားမင်းကြီး လာလို့ တားရင်တောင် ရောက်အောင်သွားမဲ့ ကိုယ့်စိတ်ကို သူတို့မှ မသိကြလေပဲကိုး၊ ကိုယ့်စိတ်က အမေမှ အမေ- ဖြစ်နေတဲ့ အခါလေ၊ အမေ့ရွှေမျက်နှာ ကြည့်လိုလှတွေ့လိုလှ မြင်လိုလှတာ ကိုယ်ပဲသိပါတယ်။
အမေရှိနေတဲ့ ကိုယ့်မွေးရာ ဇာတိရွာလေးက ကိုယ်မရောက်လာတဲ့ ရှစ်နှစ်အတွင်းမှာ အတော်ကို ပြောင်းလဲလို့ နေခဲ့တယ်။ ရွာကိုအလာ ဘေးဝဲယာ လယ်ကွင်း ယာကွင်းကြီးတွေက ရေသွယ်မြောင်း ရေနှုတ်မြောင်းတွေနဲ့ ခရီးသွားတွေ အမောပြေ နားနေစရာ အဆောင်ကလေးတွေနဲ့ စိမ်းလမ်းစိုပြေလို့ပေါ့။ ယခင်တုန်းကနဲ့ မတူတာတော့ အမှန်ပါပဲ။ မြို့ကို တက်လာကြတဲ့ သူတွေက ပျူပျူငှာငှာ နှုတ်ဆက်ကြ မေးမြန်းကြနဲ့ ကိုယ့်ကို မမေ့ကြသေးပါလားလို့ ၀မ်းသာကျေနပ်မှု ဖြစ်မိလိုက်ပါတယ်။ ရွာအ၀င်လမ်းမှာလဲ ရွာတံခါးတွေ ရွာစည်းရိုးတွေနဲ့ဆိုတော့ ကိုယ့်ရွာကို ကိုယ်တိုင် စောင့်ရှောက်ရမည့် တာဝန်နဲ့ စည်းလုံးမှုရဲ့ တန်ဖိုးကို နားလည်နေကြလို့ ရွာကလူတွေ အတွေးအမြင် ပြောင်းလဲနေကြပြီ ဆိုတာ ရွာကို- ၀င်လိုက်တာနဲ့ သိလိုက်ပါတယ်၊ ကောင်းတဲ့ပြောင်းလဲမှုတစ်ရပ်ပေါ့လေ။
အမေရှိနေတဲ့ အမေ့အိမ်ကို ၀င်လိုက်တဲ့ အခါမှာတော့ ဘယ်အရာတွေ ဘယ်လိုပြောင်းပြောင်း မပြောင်းလဲသေးတာက    အမေရဲ့ ရွှေမျက်နှာပါ၊ သားကိုချစ်တဲ့စိတ်နဲ့  အမေရဲ့ အပြုံးရိပ်တွေ တွေ့လိုက်ရတယ်၊ အမေရဲ့နှုတ်ကလဲ ဦးဇင်းလို့ ခေါ်လိုက်တဲ့ အမေရဲ့အသံ၊ ချိုမြိန်လိုက်တာ အမေရယ်၊ သားကိုမြင်လို့ အမေအိမ်ထဲက ထွက်လာတဲ့ အမေ့အသွင်က သားအထင်တော့ အမေရယ် ဟို ကောင်းကင်ထက်က ဗြဟ္မာမင်းကြီး ဆင်းလာတာလို့ပဲသားထင်လိုက်မိပါတယ်။ အမေရဲ့ မျက်နှာသွင်နဲ့ တစ်ကိုယ်လုံး ဇရာတရားတွေက အလိပ်လိပ် အထပ်ထပ် ဖုံးထားကြပေမဲ့ ပြုံးပြီးတော့ ကြည့်နေတဲ့ မျက်နှာသွင်နဲ့ အမေရဲ့ တစ်ကိုယ်လုံးမှာ မေတ္တာတွေ ဂရုဏာတွေ မုဒိတာတွေ ဥပေက္ခာတွေက အပြည့်ဖုံးထားတာ၊ သားတွေ့လိုက်ရတယ် အမေ။
အမေကို မတွေ့ရတဲ့ ရှစ်နှစ်ဆိုတဲ့ အချိန်ကာလက သားအဖို့မှာ ရှစ်ကမ္ဘာလောက် ကြာလိမ့်မယ်လို့ သားထင်ထားတယ်အမေ၊ ဘယ်သူတွေ ယုံယုံ မယုံယုံ အမေ့နှလုံးသားက သားကိုသိနေသလို သားနှလုံးသားကလဲ အမေ့ကို သိနေတယ်လေ။ အမေကလဲ သားမှသားဖြစ်သလို၊ သားကလဲ အမေမှအမေပါပဲ အမေရယ်။
အမေက သားကို စကားလက်ဆောင် ပါးခဲ့တယ်လေ၊ အမေ မသေခင် သားရဟန်းကို တွေ့ချင်လိုက်တာဆိုတဲ့ အမေရဲ့ မဟာဆန္ဒ အခုပြည့်ပြီပေါ့နော်။ ဖြစ်နိုင်မယ်ဆိုပါရင် သားလဲအမေရဲ့ အသက်အရွယ်အထိ နေရလို့ သားရဲ့ အသက်ရှည်နေသမျှ အမေကို အသက်ရှင်လျှက် တွေ့နေချင်သူပါ။ အမေနဲ့သား ကမ္ဘာမခြားပေမဲ့ ရေမြေ တောတောင်တွေက အထပ်ထပ် ခြားနေတယ် အမေရယ်။ သားဆီကို အမေ မလာရောက်နိုင်ပေမဲ့ အမေရဲ့ မေတ္တာတွေက သားဆီမှာ နေ့တိုင်းရောက်နေခဲ့တာ သားသိတယ်အမေ။ သားက ကမ္ဘာကြီးရဲ့ အပြင်ကိုရောက်နေခဲ့ရင်လဲ အမေရဲ့မေတ္တာတရားတွေက ရောက်အောင်လာမှာပဲ မဟုတ်လား။   
အကြောပြိုင်းပြိုင်း ထနေတဲ့အမေရဲ့လက်နှစ်ဖက်ကိုဆုပ်နယ်လို့အမေလို့ခေါ်လိုက်ရတာ သားနှလုံးသားမှာ ပီတိအဖြစ်ဆုံးပါပဲ အမေ၊ ဘယ်အရသာနဲ့မှ မတူဘူးအမေ။ အရသာထူးခြားတဲ့ နတ်သုဒ္ဓါတွေက တစ်ခါစားထားရင် ရက်တစ်ရာလောက် ဘာမှမစားပဲ နေနိုင်သတဲ့ အမေ၊ စားဘူးတဲ့သူကလဲ တသက်လုံး အရသာကို မေ့လို့ မရဘူးတဲ့။ အခုအမေကို အမေလို့ ခေါ်လိုက်ရတဲ့ အရသာကလဲ သားနှလုံးသားမှာ နတ်သုဒ္ဓါထက်သာလိမ့်မယ်အမေ။ နတ်သုဒ္ဓါက တစ်ခါစားရရင် ရက်တစ်ရာလောက် ဘာမှမစားပဲ နေနိုင်တာလေ၊ အခုသားက ဟို လွန်လာခဲ့တဲ့ ရှစ်နှစ်က အမေလို့ ခေါ်ခဲ့ရတဲ့ အရာသာကို အာရုံခံလို့    နေလာခဲ့တာ ရက်ပေါင်း  တစ်ထောင်ကျော်ကြီးတောင် မခေါ်ပဲ နေခဲ့ရတာပါအမေ၊ အချိန်တွေ အများကြီး ကွာတယ်နော်။
အမေကိုအတိုးချလို့အကြိမ်ကြိမ်အမေလို့ခေါ်ထားပါရစေ အမေရယ်။
ပြောလို့မကုန်နိုင်တဲ့အမေရဲ့စကား၊ ကြားလို့မ၀နိုင်တဲ့အမေရဲ့အသံ၊ ရှုကြည့်လို့ အားမရတဲ့ အမေရဲ့မျက်နှာကြောင့် အချိန်တွေ ဘယ်လိုကုန်သွားမှန်း မသိပါဘူး၊ နေတော်တော်ကြီး စောင်းသွားမှ ရွာကျောင်းကို သွားရဦးမှာ အမှတ်ရမိပါတယ်။ 
အမေကိုနှုတ်ဆက်ပြီး ကျောင်းကို ရောက်တယ်ဆိုရင်ပဲ မြှုပ်နှံထားတဲ့ အနုဂါမိက ရွှေအိုးကို တွေ့လိုက်ရပါတယ်။ ဖြည့်ဖို့ အများကြီး လိုနေပါသေးလား။ ငါမှန်းထားသမျှ ငါရထားသမျှ ဖြည့်ဆည်း ပေးလာခဲ့တာ ခေတ်ကာလ နဲ့ဆိုတော့အတိုင်းအတာ တစ်ခုတော့လိုနေဦးမှာပေါ။့ မပြီးပြတ်မပြည့်ဝသေးတဲ့ တစ်ထပ်ကျောင်း အနုဂါမိက ရွှေအိုးကလေးရဲ့ အ၀င်ဝမှာတော့ ဆရာဇော်ဂျီရဲ့ “ကျန်ပါစေ  ဆိုတဲ့ အလင်္ကာ ပန်းကုန်းကလေးက အောက်ပါအတိုင်း ဆီးကြိုလျှက်………
ကျန်ပါစေ
သင်သေသွားသော်၊ သင်ဖွားရာမြေ၊
သင်တို့မြေသည်၊ အခြေတိုးမြှင့်၊ ကျန်ကောင်းသင့်၏၊
သင်၏မျိုးသား၊ စာစကားလည်း၊ ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏၊
သင်ဦးချ၍၊ အမျှဝေရာ၊ စေတီသာနှင့်၊ သစ္စာအရောင်၊
ဉာဏ်တစ်ဆောင်လည်း၊ ပြောင်လျှက်ဝင်းလျှက်၊ ကျန်သင့်၏။- တဲ့။
သတ္တဝါ မှန်သရွေ့  တရားတွေ့ချမ်းမြေ့သာယာ ရှိကြပါစေ..
ဘုန်းသျှံ{လန်ဒန်ဝိဟာရ}
           ၂၃.၀၁.၂၀၁၃။
Saturday, January 26, 2013
"ဘဝအတွက် အဖိုးမဖြတ်နိုင်တဲ့ ဥပမာကောင်းလေးတစ်ခု"
"ဘဝအတွက် အဖိုးမဖြတ်နိုင်တဲ့ ဥပမာကောင်းလေးတစ်ခု"
တစ်နေ့မှာ လယ်သမားတစ်ဦးရဲ့ မြည်းတစ်ကောင်ဟာ ရေတွင်းတစ်ခုထဲ ပြုတ်ကျသွားခဲ့တယ် ။ မြည်းဟာ သနားစဖွယ်ကောင်းလောက်အောင် နာရီပေါင်းများစွာ အော်ဟစ်ငိုကြွေးနေခဲ့တယ် ။ လယ်သမားဟာ မြည်းရဲ့အော်သံကိုကြားရပြီးတော့ သူဘာလုပ်ရင်ကောင်းမလဲလို့စဉ်းစားတယ် ။
ဒါနဲ့ပဲ မြည်းဟာလည်းအသက်ကြီးပါပြီ ဒီရေတွင်းကိုလည်း ဖို့ပစ်ဖို့ သင့်ပါပြီလေ ဒီမြည်းအိုကိုလည်း ရေတွင်းထဲက ဘယ်လိုမှ ဆယ်ယူလို့မဖြစ်နိုင်တော့ပါဘူးဆိုပြီး စဉ်းစားတယ် ။ ဒီလိုနဲ့ လယ်သမားဟာ အိမ်နီးနားချင်းတွေကိုခေါ်ပြီး သူ့ကို ကူဖို့ပြောတယ် ။ သူတို့အားလုံးဟာ တူရွင်းငန်းပြားတွေယူပြီး မြေကြီးတွေတူးလို့ ရေတွင်းကို စတင်ပြီးဖို့ကြပါတယ် ။
ပထမမှာတော့ မြည်းဟာ သူဘာဖြစ်တော့မယ်ဆိုတာသိပြီး ကြောက်လန့် ထိတ်ရွံ့စွာ ငိုကြွေးပါတယ် ။ အဲဒီနောက်မှာတော့ လူတွေရဲ့ အံ့သြဖွယ်ရာ (သူ့ကို မြေမြှုပ်တဲ့လုပ်ရပ်) ရဲ့အောက်မှာ သူ့အသံဟာ ဖုံးလွှမ်းသွားခဲ့ရတယ်။
မြေကြီးအနည်းငယ်ဖို့ပြီးတဲ့အခါမှာ လယ်သမားဟာ ရေတွင်းထဲကိုငုံ့ကြည့်လိုက်တယ် ။ သူ မြင်လိုက်ရတာကိုကြည့်ပြီး လယ်သမားဟာ အလွန်အမင်း အံ့သြတုန်လှုပ်သွားခဲ့ရတယ် ။ မြေကြီးတွေ ရေတွင်းထဲ ဖို့ဖို့ ပစ်ချလိုက်တဲ့အခါတိုင်း မြည်းဟာ သူ့ကျောပေါ်တင်လာတဲ့ မြေကြီးတွေကိုခါထုတ်ပြီး အဲဒီမြေကြီးတွေပေါ်ကို နင်းလို့ အပေါ်ကို တက်တက်လာတာကိုတွေ့လိုက်ရလို့ဖြစ်ပါတယ် ။ လယ်သမားဟာ တုန်လှုပ်သွားပြီးမြေကြီးတွေကို ဆက်ဖို့စေခဲ့တယ် ။
လူတိုင်းလူတိုင်းဟာ ကျောပေါ်တင်လာတဲ့မြေကြီးတွေကို ခါထုတ်ပြီး အပေါ်ကို တဖြည်းဖြည်း မြင့်တက်လာနိုင်တဲ့ မြည်းရဲ့လုပ်ရပ်ကို အံ့သြတုန်လှုပ်နေခဲ့ရပါတယ် ။ ဒီလိုနဲ့နောက်ဆုံးမှာ မြည်းဟာ သူ့ကျောပေါ်ရောက်လာတဲ့ မြေကြီးတွေကို ခါထုတ် အဲဒီမြေကြီးတွေအပေါ် နင်းလို့ တွင်းနှုတ်ခမ်းဝကနေ အပြင်ကို အောင်အောင်မြင်မြင်နဲ့ရောက်ရှိသွားပါတယ် ။
#####################################
ဘ၀ကို ဖြတ်သန်းတဲ့အခါ မြေကြီးလိုမျိုး ဒုက္ခ တွေ အခက်အခဲတွေ နဲ့ ပင်ပန်းနွမ်းနယ်မှုတွေ လောကဓံတွေ ကိုယ့်ကျောပေါ်မှာ ခါးဆီးခံရတာ အမှန်တရားပါပဲ ။ ကျွန်တော်တို့လုပ်ဖို့က ကိုယ့်ကျောပေါ် တင်လာတဲ့ လောကဓံနဲ့ ဒုက္ခတွေကို ခါချပစ်လိုက်ဖို့ပဲ ။ ဒုက္ခတစ်ခုချင်းဆီကို ဖြတ်နင်းပြီး အောင်မြင်မှု တွင်းနှုတ်ခမ်းဝဆီကို လှမ်းတက်နိုင်ဖို့ပဲလိုတယ် ။
ဘယ်လောက်ကြီးပဲ ဆိုးရွားတဲ့ ဒုက္ခတွေ ဖြစ်ပါစေ လက်လျော့လိုက်ဖို့ ဘ၀ကို ရပ်တန့်လိုက်ဖို့ မဆုံးဖြတ်ပါနဲ့ ။ အရာရာတိုင်းမှာ ထွက်ပေါက်ဆိုတာ ရှိပါတယ် ။ ဘယ်တော့မှ အရှုံးမပေးပါနဲ့ ။ အရာအားလုံးကို ကိုယ့်ကျောပေါ်ကနေ ခါထုတ်လိုက်ပြီးတဆင့်ချင်းစီ လှမ်းတက်သွားလိုက်ပါ။
(သက်တန့်ချို)
Friday, January 25, 2013
ဝစီပိတ် အကျင့်ဟူသည်
ဝစီပိတ် အကျင့်ဟူသည်
ဗုဒ္ဓဘာသာဝင်အများစုသည် ၀စီပိတ်ကျင့်သူကို သူတော်စင်၊ သူတော်မြတ်ဟု ထင်မှတ်တတ်ကြ၏။ ၀စီပိတ်ကျင့်သူ ပုဂ္ဂိုလ်ထံသို့ သူ့ထက်ငါအလျင်အမြန်ချဉ်းကပ်ကြသည်။ ၀စီပိတ်ကျင့်သူကို လှူသော် ပို၍အကျိုးရှိသည်၊ ပို၍ကုသိုလ်ရသည်ဟု ယုံကြည်လျက် ရက်ရက်ရောရော ပေးလှူတတ်ကြ၏။ ထိုသို့သော အခြေအနေတွင်
"၀စီပိတ်ကျင့်သူများ"၊ "၀စီပိတ်ကျင့်သူဟု ဆိုသူများ" တိုးပွားလာတော့၏။
ဝစီပိတ်အကျင့်သည် လာဘ်လာဘတို့ စုပြုံတည်မှီရာ ဟူ၍ဖြစ်လာသောအခါ
"၀စီပိတ်အကျင့်" ကို သာသနာတော်အကျင့်ပမာ သဘောထားပြီး ကျင့်ကြံသူများ ပေါ်ပေါက်လာချေတော့သည်။
ဝစီပိတ်အကျင့်ဟူသည် -
  • (၁) သာသနာတော်ဆိုင်ရာ ကျင့်စဉ်လော။
  • (၂) မြတ်စွာဘုရားက "၀စီပိတ်" ကျင့်ရန် ညွှန်ကြားတော်မူခဲ့ပါ၏လော၊
  • (၃) ၀စီပိတ်အကျင့်သည် သာသနာတော်အတွက်
အကျိုးကျေးဇူးတစ်စုံတစ်ရာကို ပေးဆောင်နိုင်စွမ်းရှိပါ၏လော။
ဝဇီပိတ်အကျင့်ကို အထင်ကြီးသူများ၊ ၀စီပိတ်ကျင့်သူကို
ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဟု ထင်မှတ်နေသူများအနေဖြင့်
အထက်ပါ အတိုင်း ဝေဖန်စိစစ်ခဲ့ခြင်း ရှိဟန်မတူပါ။
ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကပင် "၀စီပိတ်ဇာတ်လမ်း" တစ်ပုဒ်ရှိခဲ့ဖူးပါသည်။
ဝိနည်းမဟာဝါ ပါဠိတော်၊ ပဝါရဏာက္ခန္ဓကသုတ်တွင် ပါရှိသော ဇာတ်လမ်းဖြစ်ပါ၏။
ကောသလတိုင်းရှိ ကျောင်းတစ်ကျောင်းတွင် အတူတကွ ၀ါဆိုတော်မူသော ရဟန်းတော်များအား မြတ်စွာဘုရားက- "သင်တို့ချမ်းသာစွာ နေခဲ့ကြပါရဲ့လား" ဟုမေးတော်မူပါသည်။
ရဟန်းတော်များက -
"၀ါတွင်းသုံးလပတ်လုံး တစ်ပါးနှင့်တစ်ပါး စကားမပြောဘဲ ချမ်းသာစွာ နေခဲ့ကြပါတယ် ဘုရား" ဟု ပြန်လည်လျှောက်တင်ထားခဲ့ပါသည်။ ထိုအခါ မြတ်စွာဘုရားက-
"အို မောဃပုရိသတို့ အဲဒီနှုတ်ပိတ်ဝစီပိတ်အကျင့်ဆိုတာ အ-အကျင့်၊ အရုးကျင့်၊ တိရိစ္ဆာန်ကျင့်၊ တိတ္ထကျင့်ပဲ၊ သင်တို့ မချမ်းသာတဲ့အကျင့်ကို ကျင့်ခဲ့ပြီး ချမ်းသာတယ်လို့ ၀န်ခံနေကြတယ်။ အို မောဃပုရိသ၊ မဂ်ဖိုလ်မနီး အချည်နှီးသော ယောက်ျားတို့၊
ဒီကနေ့ကနေစပြီး ရဟန်းဖြစ်တဲ့ ပုဂ္ဂိုလ်သည် အဲဒီ အ-အကျင့်၊ အရုးကျင့်၊ တိရိစ္ဆာန်ကျင့်၊
တိတ္ထကျင့်ကို ဘယ်တော့မှ မကျင့်ရ၊ ဘယ်နည်းနှင့်မှ မကျင့်ရ၊ ကျင့်တဲ့ရဟန်း ဒုက္ကဋ် အာပတ်သင့်စေ" ဟူ၍မိန့်တော်မူခဲ့ပါ၏။
ဘုရားရှင်သည် ရဟန်းတို့အား "၀စီပိတ်အကျင့်"ကို မကျင့်သုံးရန်
အာဏာဒေသနာတော်ဖြင့်ပင် ပညတ်တော်မူခဲ့ပါ၏။
ဤ၀စီပိတ်အကျင့်နှင့် စပ်လျဉ်း၍ ဘဒ္ဒန္တ တိလောကသာရ ဆရာတော်ဘုရားကလည်း
အောက်ပါအတိုင်း မိန့်တော်မူခဲ့ပါ၏။
"ဤခေတ်တွင် စကားမပြောဘဲနေသော ၀စီပိတ်ကျင့်စဉ်ဟုဆိုသော
ကျင့်စဉ်များရှိကြောင်း ကြားရပါသည်။ ခေတ်အားလျော်စွာ အဆန်းထွင်၍
ကျင့်ကြခြင်းများ ဖြစ်ပါသည်။ မြတ်စွာဘုရားလက်ထက်က ထိုကဲ့သို့ ကျင့်သူများရှိရာ
မြတ်စွာဘုရားက ပသုသံဝါသ သားကောင်(ကျွဲနွား)တို့၏ ပေါင်းဖော်နေထိုင်ခြင်း၊
မုဂဗ္ဗတ-သူအတို့၏အကျင့်၊ တတ္ထိယ သမာဒါန- တိတ္ထိဂိုဏ်းဝင်တို့၏ ကျင့်သုံးခြင်း ဟု ပြောဆိုရှုတ်ချတော်မူကာ ရဟန်းတို့၏ အညှမညနလောမဏ အချင်းချင်းပြောဆိုဆက်ဆံ ကျင့်သုံးကြခြင်းကိုသာ အလိုရှိတော်မူပါသည်(၀ိဠ-ခ၊ ၃၅၆)။
ထို့ကြောင့် ထိုသို့သောစကား မပြောသော ၀စီပိတ်အကျင့်များကို အထင်ကြီးကာ အတုယူကျင့်သုံးခြင်းမပြုရန်လိုကြောင်း ဖြေကြားလိုပါသည်။"
သူတော်ကောင်းတို့၏ "ပါးစပ်" သည် "ပိတ်" နေခြင်းအားဖြင့် မည်သည့်အကျိုးကျေးဇူးတစ်စုံတစ်ရာ ဖြစ်ထွန်းပါမည်လော။ ပါးစပ်ကို ပိတ်နေခြင်းသည် ပါးစပ်ကို ကောင်းစွာ အသုံးချခြင်း မဟုတ်ပါ။
သူတော်ကောင်းတို့၏ပါးစပ်ဟူသည် ... မြတ်ဘုရား၏ တရားတော်များကို ထပ်ဆင့်ဟောကြားရမည်။ အကုသိုလ်၏ ဆိုးကျိုးကို ဟောပြောရမည်။
ကုသိုလ်၏ ကောင်းကျိုးကို ပြောကြားရမည်။ ၀ိပဿနာ ဘာဝနာပွားများနည်းများကို ညွှန်ပြပြောကြားရမည်။ သို့မှသာလျှင် သာသနာတော်၏ အကျိုး၊အများ၏ အကျိုးကို "၀စီကံ" ဖြင့် သယ်ပိုးစွမ်းဆောင်နိုင်ခြင်းရှိပေလိမ့်မည်။ ဆိတ်ဆိတ်နေသော ၀စီကံသည် ဘာတစ်ခုမျှ၊ ကောင်းကျိုးမဆောင်၊ စားသောက်ဘုဉ်းပေးရာတွင် ပါးစပ်ကို အသုံးချပြီး မကောင်းမြစ်ထာ ကောင်းရာညွှန်လတ်နိုင်ဖို့မူ ပါးစပ်ကို အသုံးချရမှန်းမသိသူသည် တာဝန်မဲ့သူသာဖြစ်ပါသည်။ဤမျှဆိုလျှင် ၀စီပိတ်ကျင့်စဉ်အပေါ် မှန်ကန်စွာ နှလုံးသွင်းနိုင်ပြီ ထင်ပါသည်။
မင်းနန် မော်ကျွန်း - အယူအမြင်မှန်ကန်ရေးမှ
Credit: mmcybermedia