Sunday, July 31, 2011

“အစားနဲ့တရား”

“အစားနဲ့တရား”

“ဘဝသံသရာ”ဆိုတဲ့ စကားလုံးကိုတော့ ဗုဒ္ဓဘာသာဝင်တိုင်းလိုလို နှုတ်ကျိုးနေလောက်ပါပြီ၊ သီးချင်း အဖြစ်နဲ့တောင် တချို့ရနေ,ဆိုနေကြတတ် တယ်မဟုတ်လား။ ဒီစကားပိုဒ်က“ဘဝ”ရယ်၊ “သံသရာ” ရယ်စကားနှစ်လုံးကို ပေါင်းထားတာပါ၊ “ဘဝ” ဆိုတာ အမိဝမ်းမှာဖြစ်စေ၊ ဘုံအသစ် တစ်ခု မှာဖြစ်စေ စတင်ဖြစ်ချိန်က စပြီး သေဆုံးချိန် အတွင်း အသက် ရှင်နေရတဲ့ ဖြစ်စဉ် တစ်ခုကိုခေါ်ဆိုတာပါ၊ “သံသရာ” ဆိုတာကတော့ ဒီလိုမွေးခြင်း ၊ သေခြင်းဆိုတဲ့ ဖြစ်စဉ်တွေ တစ်ခုပြီးတစ်ခု အဆက်မပြတ် ဖြစ်နေတဲ့ သဘောကို ခေါ်ဆိုတာဖြစ်ပါတယ်။


ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေနဲ့ ဘဝဆိုတာမွေးဖွားခြင်းနဲ့သေခြင်းရဲ့ ကြားကာလတစ်ခုတည်းနဲ့ ခရီးဆုံးတာ မဟုတ်ဘူး၊ အာသဝေါကုန်ခန်းတဲ့ ရဟန္တာအဖြစ် မရောက်သေးသမျှ တစ်ဘဝပြီးတစ်ဘဝ မွေး,အို,နာ,သေ ဆိုတဲ့ ခရီးရှည်ကြီးကို မပြတ်တရစပ် ဖြစ်နေကြရမယ်လို့ ယုံကြည်လက်ခံ ထားကြတာပါ၊ ဒီလိုယုံကြည်လက်ခံကြတာဟာလဲ ရော်ရမ်း မှန်းဆပြီး အကန်းယုံ အရမ်းယုံသဘောနဲ့ လက်ခံကြတာမဟုတ်ပါဘူး၊ ဘဝနဲ့သံသရာကို အမှန်တကယ် သိမြင်တော်မူတဲ့ ဘုရားရှင်ရဲ့ အဆုံးအမကို အခြေခံပြီးယုံကြည်လက်ခံကြတာဖြစ်ပါတယ်။


ဒီလိုယုံကြည်လက်ခံကြတဲ့ အတွက်ကြောင့်လဲ ဗုဒ္ဓဘာသာဝင်များအနေနဲ့ စိတ်နဲ့တွေးကြံတဲ့ မနောကံမှာဖြစ်စေ၊ နှုတ်နဲ့ပြောဆိုတဲ့ ဝစီကံမှာဖြစ်စေ ကိုယ်နဲ့လှုပ်ရှားလုပ်ကိုင်တဲ့ ကာယကံမှာဖြစ်စေ၊ ဒီကံသုံးမျိုးလုံးမှာ ဘဝအရေးနဲ့ သံသရာအရေးဆိုပြီး အရေးနှစ်မျိုးလုံးနဲ့ အံဝင်ခွင်ကျဖြစ်အောင် ဆင်ခြင်စဉ်းစားပြီးတော့မှ ပြောဆို လုပ်ကိုင်ကြရပါတယ်။ အသက်မွေးဝမ်းကျောင်းအတွက် စီးပွားဥစ္စာရှာဖွေရာမှာလဲ ဘဝရိက္ခာနဲ့ သံသရာ ရိက္ခာ နှစ်မျိုးလုံးပြည့်စုံအောင် ရှာဖွေ လုပ်ကိုင် ကြရမှာဖြစ်ပါတယ်။ဒီနေရာမှာ အရင်က အမှတ်တမဲ့နေခဲ့ကြတယ်ဆိုရင်လဲ အခုလိုမြတ်ဗုဒ္ဓရဲ့အဆုံး အမကို သတိ တရကြားသိပြီးချိန်ကစပြီး မြတ်ဗုဒ္ဓရဲ့တပည့်သားအဖြစ် ခံယူထားသူတိုင်းဟာ ဒီလိုနှစ်ကျိုးပြီး,နှစ်မျိုးစုံအောင် သတိထား လုပ်ကိုင် ကြရပါလိမ့်မယ်။


ဒီနှစ်မျိုးထဲမှာ ဘဝရိက္ခာ ဆိုတာ မိမိဖြစ်ရတဲ့ဘဝတစ်ခု သက်တမ်းပြည့်သည်အထိ မပင်မပန်းချမ်းချမ်းသာသာ နေနိုင်ရေးအတွက်အထောက်အပံ့များ ကိုဆိုလိုတာပါ၊ ဒီအထောက်အပံ့တွေထဲမှာလဲ အရေးအကြီးဆုံးကတော့ သဗ္ဗေသတ္တာ အာဟာရ ဋ္ဌိတိကာ ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့အဆုံးအမတော်အတိုင်းပဲ အဓိက အထောက်အပံ့က အစားအစာပဲ ဖြစ်ပါတယ်၊ ဒါကလဲ ရေးအကြီးဆုံးဖြစ်တဲ့ “အစား”ကို ပဓာနပြုပြီးမှတ်လို့လွယ်ကူအောင် (ပဓာနနည်း ဥပလက္ခဏနည်းနဲ့) ပြောရတာပါ၊ အပြည့်အစုံ ကတော့ စားစရာ,ဝတ်စရာ နေထိုင်စရာနဲ့ဆေးဝါးဆိုပြီး လေးခုရှိပါတယ်။



‘စား,ဝတ်,နေရေး,ကျန်းမာရေး’ဆိုတဲ့ အရေးလေးခု ပြည့်စုံရမှာဖြစ်ပါတယ်၊ မှတ်သားလို့လွယ်ကူအောင်လို့ ဘဝအတွက်အရေးကြီးတဲ့အထောက်အပံ့ ရိက္ခာက အစား လို့ပဲမှတ်သား ထားလိုက်ပါ။


သံသရာရဲ့အထောက်အပံ့ သံသရာရိက္ခာ ဆိုတာကတော့ ဗုဒ္ဓဘာသာဝင်များ ယုံကြည်စွာ လက်ခံထားကြတဲ့ အတိုင်းပဲ၊ ဒီတစ်ဘဝပြီးနောက်တစ်ဘဝ ဆိုတာလမ်းနှစ်သွယ်ရှိပါတယ်၊ အပါယ်ဒုဂ္ဂတိလို့ခေါ်တဲ့ အောက်ကိုနစ်သည် ထက်နစ်၊ နိမ့်သည့် ထက်နိမ့်ဆင်းသွားစေတဲ့ အစုန်လမ်း(အပါယ်ဒုဂ္ဂတိ လမ်း)နဲ့ တစ်ဆင့်ထက် တစ်ဆင့်မြင့်မြတ်ရာ ဆီမြင့် တက်သွား စေတဲ့ အဆန်လမ်း(သုဂတိနိဗ္ဗာန်လမ်း)တို့ပဲဖြစ်ပါတယ်။


ထင်ရှားအောင်တင်စားပြောဆိုရမယ်ဆိုရင်တော့ တမလွန်မှာ ခရီးဆက်ရမည့်ရထားနှစ်စီးရှိပါတယ်၊ အပါယ် ဒုဂ္ဂတိကို သွားမယ့်အစုန်ရထားရယ်၊ သုဂတိနဲ့နိဗ္ဗာန်ဆီဦးတည်တဲ့ အဆန်ရထားရယ်ပဲဖြစ်ပါတယ်။ သံသရာ ခရီးသည်များ အနေနဲ့ အကုသိုလ် ကံလက်မှတ်ကိုကိုင်ဆောင်ထားခဲ့ရင် အစုန်ရထားကိုသာစီးပြီး ခရီးဆက်ကြရမှာပါ။ ကုသိုလ်ကံ လက်မှတ် ကိုင်ဆောင် ထားခဲ့ရင်တော့ အဆန်ရထားကိုစီးပြီးခရီးဆက်ရမှာဖြစ်ပါတယ်၊ ကမ္မသတ္တိတို့ အလုပ်လုပ် တယ်ဆိုတာ အခုခေတ် ပေါ်နေတဲ့ ဒစ်ဂျီတယ်တို့ ကွန်ပျူတာတို့ဆိုတာတွေထက် တိကျပါတယ်။ လက်မှတ်နဲ့ရထား လွဲမှားစီးခွင့်ဆိုတာ ကြုံလို့ကို မဖြစ် စကောင်းပါဘူး၊ ဒါဟာအလွန်မြဲမြံခိုင်မာနဲ့ ကမ္မနိယာမစနစ်ကြီးပါ၊ ဒါကြောင့်သံသရာ အတွက်လိုအပ်တဲ့ အထောက်အပံ့ ရိက္ခာက ကုသိုလ်ကံ လို့ခေါ်တဲ့ တရား ဖြစ်ပါတယ်။


ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေနဲ့လိုက်နာဆောင်ရွက်ရမည့်တာဝန်နှစ်ရပ်ကတော့ ‘ဘဝ’ အတွက် အထောက် အပံ့ဖြစ်တဲ့ ‘အစား’ရရေးနဲ့ သံသရာရဲ့အထောက်အပံ့ဖြစ်တဲ့ ‘တရား’ရှိရေးပဲဖြစ်ပါတယ်၊ ဒီနှစ်ခုက တစ်ခုပြီးမှတစ်ခု၊ တစ်ချိန် ပြီးမှ တစ်ချိန်ကြိုးစားကြရမှာမဟုတ်ပါဘူး၊ တစ်ခုကိုရှာရင်းနဲ့ တစ်ခုလဲပါစေရမှာပါ၊ ဘဝတစ်ခုအသက်ရှင်ရေးက အနီးကပ်ဆုံး လိုအပ်ချက်ဖြစ်တော့ မလွဲမသွေ ‘အစား’ကျိုအဓိကရှာဖွေကြ တာဟာ ပုထုဇဉ်အများစုကြီးရဲ့ သဘာဝပဲဖြစ်ပါတယ်၊ ဒီလို ရှာဖွေရတာကို မြတ်ဗုဒ္ဓက မကန့်ကွက်မတားမြစ်ပါဘူး၊ အစားရှာတဲ့အခါမှာ တရားပါနေ ဖို့သာ သတိပေးတိုက်တွန်းတာပါ။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အမြင့်ဆုံးရည်မှန်းချက်ဖြစ်တဲ့ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်ရှစ်ပါးထဲမှာ ‘’သမ္မာအာဇီဝ-တရားမျှတ စွာအသက်မွေးဝမ်းကျောင်းစီးပွားရှာဖွေမှု’’ဆိုတာကိုထည့်သွင်းပေးထားတာကိုထောက်ပြီး အစားနဲ့တရားကိုသီးခြားစီသာ လုပ်ရမှာ မဟုတ်ဘူး၊ ‘’အစားရှာစဉ်မှာကို တရားပါနေရမယ်’’ဆိုတာကို ရည်ညွှန်းနေတယ် ဆိုတာ သဘောပေါက်ကြရမှာ ဖြစ်ပါ တယ်၊ (ဒီအကြောင်းနောက်မှာ လဲ ဆက်ပြီးပြောပါဦးမယ်။)


မြတ်ဗုဒ္ဓရဲ့ပထမဦးဆုံးတရားတော်ဖြစ်တဲ့ ဓမ္မစက္ကပဝတ္တနသုတ်(ဓမ္မစကြာ)မှာ ဘုရားရှင်ထောက်ပြခဲ့တာကတော့ သတ္တဝါတွေဟာ သာသနာပ ကာလကြီးမှာဆိုရင်အသိဥာဏ်အမြင့်မားဆုံးဖြစ်တဲ့ လူကောင်းသူကောင်းများသည်ပင် မိမိတို့ရဲ့ ခရီးစဉ်ကြီးဟာ တစ်ဘဝနဲ့ပြီးပြီးပြတ်ပြတ်မဟုတ်ဘူး၊ “မိမိတို့ကံအားလျော်စွာ ဆက်လက်သွားနေရဦးမည့် သံသရာ ခရီးဆိုတာရှိတယ်“ ဆိုတာကိုလဲမသိ၊ ကုသိုလ်နဲ့အကုသိုလ်ဆိုတာလဲ ကွဲကွဲပြားပြား နားလည်ခြင်း မရှိတဲ့အတွက် သံသရာ အစ ကတည်းက “သံသရာလက်တွဲဖေါ်” ဖြစ်ခဲ့တဲ့ အဝိဇ္ဇာနဲ့တဏှာတို့ ဦးဆောင်တဲ့အတိုင်းသာကြံစည်ပြောဆို လုပ်ကိုင်နေကြတဲ့ အတွက်များသောအားဖြင့် အကောင်းထက်အဆိုးတွေသာများပြီး အပြစ်တွေကြီးလေးကြရပါတယ်။


“ဘုရားရှင်တော်၊ မပွင့်ပေါ်က၊ သူတော်အများ၊ စိတ်ကောင်းထားလည်း၊ ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘုံဘဝ၊ မသိရ၊ များလှအပြစ်တွေ” ဆိုတဲ့ တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့လင်္ကာအတိုင်းပါပဲ။ ဒီလင်္ကာထဲမှာ “ထိုထိုဘဝ”ဆိုတာ ကုသိုလ်ကံ၊ အကုသိုလ်ကံအားလျော်စွာ လားရောက်ရမယ့် အကောင်း၊အဆိုး ဘုံအမျိုးမျိုးနဲ့ တစ်ဘဝမက များပြားလှတဲ့ ဘဝအဆက်ဆက်(သံသရာ) ကိုဆိုလိုတာပါ။


သတ္တဝါတွေ၊ အထူးသဖြင့်တော့လူတွေဟာ သံသရာဆိုတာကိုမသိကြတဲ့အတိုင်း “သံသရာအရေး”ဆိုတာကိုလဲ ထည့်သွင်း မစဉ်းစားတတ်ကြပါဘူး၊ သူတို့အသိ သူတို့အမြင်များဟာ တစ်ဘဝအတွက် တိုတိုကွက်ကွက်ကလေးကိုသာ မြင်တတ် သိတတ်ကြလို့ သူတို့ရဲ့အသိအမြင်တွေဟာ အလွန်တိုလွန်းလှပါတယ်။ “အမြင်တိုလေ သံသရာရှည်လေ” ဆိုတဲ့အတိုင်း အမြင်တိုတို နဲ့ကြည့်ပြီး တစ်ဘဝကျေနပ်မှုရရင်ပြီးစတမ်းအဖြစ်နဲ့ “ဘယ် သူသေသေ ငတေမာပြီးရော” တို့၊ “သေရင်မြေကြီး ရှင်ရင် ရွှေထီး”တို့ဆိုတဲ့တစ်ကိုယ်ကောင်းဆန်ဆန် တစ်ယူသန်တဇောက်ကန်းအမြင်မှားတွေနဲ့ လုပ်ကြတဲ့ အတွက် သံသရာဟာ ရှည်လဲ ရှည်၊ ကြမ်းလဲကြမ်း၊ အိုခန်းနာခန်း သေခန်းတွေလဲ မပြတ်တမ်း မရပ်တမ်းဆက်နေကြရပါ တယ်။


အစွဲနာတော့ အခွာခက်

ပိုပြီးဆိုးတာကတော့ သံသရာရေးကိုထည့်မတွက်ဘဲ ဘဝအတွက်ပြည့်စုံရေးသက်သက်ကိုသာ ကြည့်ပြီး ရှာဖွေကြတဲ့အခါ တရားသဖြင့်ထက်မတရား သဖြင့်ကပိုပြီးများလာတတ်ကြတာပါပဲ။ ပထမတော့ အသက်မွေးဝမ်း ကျောင်းအတွက် မလွဲသာ မရှောင်သာသဘောနဲ့ရှာကြတာပါပဲ၊ အရှာများ လာတော့ အရကလဲများလာပါတယ်၊ များများရလာတော့ မလွဲသာ မရှောင်သာ ကနေ မလွဲချင်မရှောင်ချင်ဖြစ်လာတယ်၊ ဒီထက်ပိုပြီးအရများလာတော့ မလွဲနိုင်မရှောင်နိုင် ဆိုရလောက်အောင် အစွဲကနာ လာပါတော့တယ်၊ “အစွဲနာတော့ အခွါခက်”ဆိုတဲ့အတိုင်း ကြာလာတော့ ခွါမရအောင်ဖြစ် လာကြပါတယ်။


အသိမဲ့ အစွဲပြင်းရာကနေ အစွဲနာ အခွါခက် ဖြစ်လာကြတဲ့ ပုထုဇဉ်အများစုကြီးဟာ မသိမဖြစ် သိလဲသိသင့်သလို သိလဲသိသာပြီး ကိုယ်တွေ့ မျက်မြင် ဆိုသလိုလဲ ထင်ရှားနေတဲ့ သဘာဝတရားကြီးအပေါ်မှာမသိနိုင်ဘဲ မြင်လျှက်နဲ့ ကွယ်နေကြတဲ့ ဗြောင်ကြောင်ကန်းတွေ ဖြစ်နေ တတ်ကြ ပါတယ်၊ အဲဒါကတော့ “မိမိတို့ကိုယ်တိုင်ရော၊ မိမိတို့ရှာဖွေ သိမ်းပိုက်စွဲလမ်းထားတဲ့ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာအမည်ခံ အာရုံငါးပါး ကာမဂုဏ် တရားတွေရောဟာ အကြောင်းတရား ကြောင့် ဖြစ်ရှိပေါ် ပေါက်လာတဲ့ သင်္ခါရတရား များသာဖြစ်တယ်” ဆိုတဲ့အချက်ပါပဲ။


“သင်္ခါရတရား”ဆိုတာ သင်္ခါရစည်းကမ်းဥပဒေနဲ့ငြိစွန်းတဲ့တရားပါ၊ သင်္ခါရာစည်းကမ်းဆိုတာကလည်း ပြစ်မှုဥပဒေ တစ်ခုပဲ ရှိပါတယ်၊ အဲဒါဘာမှု လဲဆိုတော့ “ဖြစ်မှု”ပါ၊ ဟုတ်ပါတယ်၊ သင်္ခါရဥပဒေမှာ “ဖြစ်မှု” ဆိုတာ တစ်ခုတည်းသော အကြီးလေးဆုံး ပြစ်မှုကြီးဖြစ်ပါတယ်၊ ဒီပြစ်မှုကိုကျူး လွန်တဲ့ သက်ရှိသက်မဲ့ ဘယ်အရာမဆို သင်္ခါရနယ်ထဲမှာ အကျုံး ဝင်တဲ့အတွက် သင်္ခါရရဲ့ တရားစီရင်မှုကိုလဲ မလွဲမသွေခံကြရပါတယ်၊ သင်္ခါရ ရဲ့တရား စီရင်မှုကလဲ “တစ်မိန့်” ပဲရှိပါတယ်၊ “ဖြစ်မှု”ကို ကျူးလွန်ထားတဲ့ သင်္ခါရတရားတိုင်း “ပျက်စေ”ဆိုတဲ့ အမိန့်ပါပဲ။ ဖြစ်ပြီးရင်ပျက်ကို ပျက်ရ ပါတယ်၊ ဒါဟာ ဓမ္မနိယာမဖြစ်လို့ ဘယ်လို တန်ခိုး အာဏာတွေ၊ ကိန်းခန်းယတြာတွေနဲ့မှတားဆီးလို့မရနိုင်ပါဘူး၊ “အနိစ္စာဝတ သင်္ခါရာ၊ ဥပ္ပါဒဝယ ဓမ္မိနော = သင်္ခါရမှန်သမျှ အနိစ္စ တရားချည်း ဖြစ်တဲ့အတွက် ဖြစ်သမျှပျက်ရမည့် ဓမ္မသဘောများသာ ဖြစ်တယ်” ဆိုတဲ့ တကယ့်ကိုမှ မှန်ကန်တိကျ မျှတတဲ့ ဘက်မလိုက်တရား စီရင်မှုစစ်စစ်ပါပဲ။


ဒီတရားစီရင်မှုအရ ဖြစ်ဖို့အကြောင်းဆုံလို ဖြစ်ချိန်မှာဖြစ်လာရတဲ့ အရာတိုင်းဟာ ပျက်ချိန်ရောက်ရင်လဲ ပျက်ရ မည့်ဓမ္မတာ မှန်ကန်ပေမယ့်၊ ဖြစ်လာ ရတဲ့ အရာတွေကိုပဲ “ဘယ်တော့မှမပျက်နိုင်ဘဲအမြဲပိုင်ဆိုင်ခံစားနေရမယ်”ဆိုတဲ့ အထင်နဲ့အသိမဲ့သိမ်းပိုက်စွဲလမ်းထားသူများအနေနဲ့တော့ စွဲစရာ များသလောက် အစွဲနာပြီး၊ အစွဲနာသလောက် အခွါခက်တဲ့ ဒုက္ခကြီးကို ဆိုးဆိုးဝါးဝါးကြီးခံစားရပါတော့တယ်။


သဘာဝတရားအရ ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန်ပျက်တယ်ဆိုတာ ထင်မြင်လွယ်တဲ့ ဥပမာတစ်ခုအနေနဲ့ ကြည့်မယ် ဆိုရင် သစ်ပင်နဲ့သစ်ခွံတို့လိုပါပဲ။ သစ်ပင်များဟာ တစ်နှစ်မှာ တစ်လွှာအသစ်အသစ်တိုးပြီးဖြစ်ပေါ်လေ့ရှိတယ်၊ အသစ်တစ်လွှာ တိုးလာပြီးဆိုရင်လဲ ပျက်ချိန်ရောက်လာပြီးဖြစ်တဲ့ အပေါ်ဆုံးအလွှာမှာရှိတဲ့ အခွံအခေါက်က ကွာကျပေးရပါ တယ်၊ အချိန်တန်ရင် ကွာကျဖို့အတွက်လဲ ပင်စည်နဲ့တွဲကပ်နေတဲ့ အစေးဓာတ်များက တစ်ဖြည်းဖြည်း ခြောက်ခန်းပေးရ ပါတယ်၊ ကွာချိန်ရောက်တဲ့ အခါမှာတော့ ပင်စည်နဲ့အခွံအခေါက်တို့ လုံးဝကပ်ငြိခြင်း မရှိတော့တဲ့အတွက် သက်သောင့် သက်သာပဲ ကွာကျကြရပါတယ်၊ ဒီလိုကွာကျ သွားတဲ့အတွက်ပင်စည်မှာ ဘာမှအနာတရ မဖြစ်တဲ့အပြင် ပင်လုံးတောင်ပိုလို့ စည်ပင်ဖွံ့ဖြိုး အလှတိုးလာပါတယ်။


ပင်စည်နဲ့တွဲကပ်ခြင်းမရှိလို့သာ အချိန်တန်လို့ကွာကျတဲ့အခါ အနာမရဘဲ ပင်စည်ဖွံဖြိုးပြီးအလှတိုးလာတာပါ၊ တကယ်လို့ ပင်စည်နဲ့တွဲကပ်နေတဲ့ အခွံမျိုးကို ဓားတို့çပုဆိန်တို့နဲ့ ခွာချခံရပြီဆိုရင်တော့ ပင်စည်မှာ နာလဲနာ ပုံစံလဲပျက်စီးချွတ်ယွင်းရပါတယ်။


အဲဒီသဘောမျိုးလိုပါပဲ၊ ပုထုဇဉ်အများစုကြီးတို့လဲပဲ အာရုံငါးပါးကာမဂုဏ်တရားတွေကို တဏှာလောဘ အပြင်းစားကြီး တွေနဲ့ ဥပါဒါန် အဆင့်ရောက် အောင်အစွဲနာကြတဲ့အတွက် သင်္ခါရထုံးစံအတိုင်း ကွာချိန်တန်လို့ ကွာရတဲ့အခါ အသာတကြည်ကွာ ကျသလို သက်သောင့် သက်သာမဖြစ်ကြဘဲ ခွာချခံရလို့ ကျင်နာစပ်ရှားဆိုးဝါးတဲ့ ဝေဒနာတွေခံစားရပြီ ဝမ်းနည်းပူဆွေး ငိြုွေကးကြ ရပါတယ်။ ဓမ္မစကြာ ဒုက္ခသစ္စာနိဂုံးမှာ ဘုရားရှင်မိန့်ကြားတဲ့ “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ-လိုရင်းအကျဉ်းချုပ်ကတော့ ဥပါဒါန်နဲ့စွဲကပ်ထားတဲ့ ခန္ဓာငါးပါးကြီးဟာ ဒုက္ခအစစ်ပါ”ဆိုတဲ့ စကားတော်အတိုင်းပါပဲ။


ဟုတ်ပါတယ် အချိန်တန်ရင်ကွာကျသလို ပျက်ချိန်တန်ရောက်လို့ပျက်ရတာက ဒုက္ခရောက်တာမဟုတ်ပါဘူး၊ အစွဲ ဥပါဒါန်တွေကြောင့်ကွာကျတာကို လက်မခံနိုင်တဲ့အတွက် ခွာချသလိုခံစားရတာကသာ ဒုက္ခအစစ်ပါ။


ဒီလိုဒုက္ခခံစားရသူများကို ဓမ္မစကြာတရားတော်မှာ “ကာမသုခလ္လိကာနုယောဂ-အာရုံငါးပါးကာမဂုဏ်တရားတို့ကို ချမ်းသာစစ်လို့ထင်မှတ်ကပ်ငြိပြီး ရရှိရေးကြိုးစားနေသူများ”လို့ သတ်မှတ်ပါတယ်၊ ဒီပုဂ္ဂိုလ်များဟာ အာရုံတို့ကို ငမ်းငမ်း တက်ရှာဖွေစုဆောင်းခံစားဖို့လောက်သာသိကြသူများ ပီပီ ရလေလိုလေအဖြစ်နဲ့ ရှာဖွေစုဆောင်းသိမ်းပိုက်ကြရင်းက “သမ္ဗာဓော ဃရာဝါသော = အိမ်ရာတည်ထောင်တဲ့လူဘောင်ဟာ ကျဉ်းမြောင်းတယ်”ဆိုတဲ့ အတိုင်း အချိန်ရှိသမျှ အာရုံ ငါးပါးနဲ့သာ လုံးထွေး ငြိတွယ်ပြီး မရုန်းသာမဖယ်သာဘဲ အကျပ်ဘေးဆိုက်ကြရပါတယ်။ နောက်ဆုံးခွဲခွာရချိန်မှာလဲ ကွာကျ သလိုညင်မသာဘဲ ခွာချသလို ကျင်နာခံခက်တဲ့ ဒုက္ခကိုခံစားကြရတာဖြစ်ပါတယ်။



မှတ်ချက်။ ဆက်လက်ဖေါ်ပြပေးသွားပါမည်။

မေတ္တာများဖြင့်

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

Saturday, July 30, 2011

ရွှေစကားတို့ရဲ့မြစ်ဖျား(၂)


“လျှို့ဝှက်သောအမူကို လျှို့ဝှက်ပဲထားသင့်ပါတယ်။ လျှို့ဝှက်သောမူကို မလျှို့ဝှက်ဘဲ သူတစ်ပါးပြောမိချေသော် နောင်မကောင်းကျိုးဖြစ်တတ်ပါတယ်”

(မဟောသဓ)

ဇာတ်ကြီးဆယ်ဘွဲ့ထဲမှာ ပထမဆုံးထိတွေ့ခွင့်ရခဲ့တာက မဟောသဓဇာတ်တော်ပါ။ ကလေးဇာတ်ဆောင်ပါလို့လား မပြောတတ်ပါဘူး။ ကလေးဘ၀ တည်းကကိုပဲ စွဲစွဲလန်းလန်းရှိခဲ့ပါတယ်။ အဲဒီကာလတွေတုန်းက “စိတ်ဝင်စားဖို့ ကောင်းတဲ့ဝတ္တု” ဆိုတဲ့အတွေးထက်ပိုပြီး မတွေးဖြစ်ခဲ့ဘူး။ ဒါပေမယ့် အရွယ်, ကာလ, ၀န်းကျင်တွေ ရွေလျားတာနဲ့အမျှ မူလအတွေးထက် ပိုပြီး တွေးရမယ့် ဇာတ်ဝတ္တု အဖြစ် နားလည်ခဲ့ရပြန်ပါတယ်။ ဟော….ကြည့်ပါဦး လျှို့ဝှက်အပ်သော အမူကို လျှို့ဝှက်ပဲ ထားသင့်ပါတယ် တဲ့။ ဘယ်လောက်တွေးဖို့ကောင်းသလဲ။ ဘယ်လောက် လက်တွေ့ဘ၀နဲ့ နီးစပ်သလဲ။

မဟောသဓဇာတ်တော်ရဲ့ အခန်းတိုင်းနီးပါးဟာ ပညာရပ်ဆိုင်ရာ အားပြိုင်မူတွေချည်းပါပဲ။ အဓိကကတော့ မဟောသဓ နဲ့ အဓိကဇာတ်ပို့တွေအားလုံးနဲ့ အားပြိုင်ခန်းတွေပါ။ အဲဒီ အားပြိုင်ခန်းတွေထဲက လက်တွေ့ဘ၀နဲ့ နီးစပ်လှတဲ့ အားပြိုင်ခန်းတစ်ခုကို ထုတ်ပြချက်ပါတယ်။ အနေအထားက မဟောသဓ သေနာပတိရာထူးရနေတဲ့ အချိန်ပါ။ “ကိုယ့်ထက်သာမနာလို” ဆိုတဲ့အတိုင်း ရန်ဖက်များဖြစ်တဲ့ သေနက, ပက္ကုသ, ကာမိန္ဒ, ဒေ၀ိန္ဒ, အမတ်လေးယောက်က မဟောသဓကို “ဓမ္မလမ်းကြောင်း” နဲ့ အနိုင်ယူလို့မရနိုင်မှန်းသိတော့ “အဓမ္မလမ်းကြောင်း” နဲ့ အနိုင်ယူဖို့ကြံစည် ကြပါတယ်။ (ဓမ္မလမ်းကြောင်းနဲ့ အနိုင်ယူလိုတဲ့ စိတ်မျိုးလည်းရှိဟန် မထင်ပါဘူး) ဘယ်လိုကြံစည်သလဲဆိုတော့ မဟောသဓကို “လျှို့ဝှက်သော အမူကို မည်သူအားပြောကြားအပ်သတဲ့” လို့မေးမယ်။ အဲဒီအခါ မဟောသဓက “လျှို့ဝှက်အပ်တဲ့စကားကို မည်သူ့မျှ မပြောကြားအပ်” လို့ဖြေလိမ့်မယ်။ အဲဒီအဖြေစကားရရင် ငါတို့မဟောသဓ ကိုပြဿနာရှာလို့ရပြီဆိုပြီး တိုင်ပင်ကြပါတယ်။ ဒီပွဲမှာ သေနက အမတ်ကို ကျန်တဲ့အမတ်သုံးယောက် ဆရာတင်ပါတယ်။ မဟောသဓကို မေးခွန်းထုတ်ဖို့ကိစ္စကိုလည်း သေနကအမတ်ကိုပဲ တာဝန်ယူစေပါတယ်။ ဒါကြောင့် သေနကအမတ်ဦး ဆောင်တဲ့ အမတ်လေးယောက်တို့ဟာ မဟောသဓအိမ်တော်ကို ချီတက်လာကြပါတယ်။ မဟောသဓအိမ်ရောက်တော့ သေနကအမတ်နဲ့ မဟောသဓတို့ အမေးအဖြေပြုလုပ်ပုံကိုလည်း ကြည့်ပါဦး။

“အရှင်သားတော် သုခမိန်ယောက်ျားတို့မည်သည့် အဘယ်တရား၌ တည်အပ်ပါသနည်း”

“ဆရာသေနကအမတ် ယောက်ျားတို့မည်သည်ကား သစ္စာတရား၌သာ တည်အပ်ပါတယ်”

“အရှင့်သားတော် သစ္စာ၌ တည်သောသူသည် အဘယ်ကိုပြုအပ်ပါသနည်း”

“ဆရာသေနက သစ္စာ၌တည်သောသူသည် ဥစ္စာစည်းစိမ်ကို ဖြစ်စေပါတယ်”

“အရှင့်သားတော် ဥစ္စာစည်းစိမ်ကို ဖြစ်စေသော သူသည် အဘယ်သို့သော ပြုအပ်ပါသနည်း”

“ဆရာအမတ် ဥစ္စာစည်းစိမ်ဖြစ်ပြီးသောသူသည် မိမိရဲ့ လျှို့ဝှက်အပ်သောစကားကို သူတစ်ပါးတို့အား မပြောအပ်ပါ”

“မဟောသဓသုခမိန် သင့်ရဲ့စကားဟာ ကောင်ပေစွ ကောင်းပေစွ”

အမတ်လေးယောက်လည်း မဟောသဓဆီက လိုချင်တဲ့စကားရတာနဲ့ မင်းကြီးဆီ တစ်ခါတည်းသွားတော့တာပါပဲ။ နန်းတော်ရောက်တော့ “မဟောသဓမှာ လျှို့ဝှက်အကြံအစည်ရှိကြောင်း မင်းကြီးကို စိတ်ထဲက မဖြောင့်မမှန် အကောက်ကြံ နေကြောင်း” လျှောက်ကြပါတယ်။ မင်းကြီးက ပထမ မယုံပေမယ့် မင်းကြီးယုံအောင် အကျိုးသင့် အကြောင်းသင့် ထပ်လျှောက်တော့ နဂိုကတည်းက အသိဥာဏ်အားနည်းတဲ့ မင်းကြီးက ယုံပြန်ပါတယ်။

“မင်းကြီးအနေနှင့် မဟောသဓကိုခေါ်ပြီး ရာဇမာယာနဲ့ သူမသိအောင် ”လျှို့ဝှက်အပ်သောစကားကို မည်သူ့အား ပြောကြားအပ်သနည်း” လို့မေးပါ။ မဟောသဓက ကိုယ့်အလိုဆန္ဒမပြည့်မချင်း မည်သူ့ကိုမျှမပြောကြားအပ်၊ ကိုယ့်ဆန္ဒပြည့်မှ ပြောလိုကပြောနိုင်ပါတယ်လို့ဖြေပါလိမ့်မယ်။ ဒါဆိုရင် မင်းကြီးအပေါ် အကောက်ကြံ့နေတဲ့ လျှို့ဝှက်အကြံအစည်ရှိကြောင်း ခန့်မှန်းလို့ရနိုင်ပါတယ်” လို့တခါတည်း လိုချင်တဲ့နေရာရောက်အောင် လျှောက်ကြပါတယ်။

ဒီလိုနဲ့ မင်းကြီးလဲ အမတ်ငါးယောက်ဆုံတဲ့အချိန်မှာ အမတ်ငါးယောက်လုံးကို မေးတဲ့ပုံစံမျိုးနဲ့ မေးပါတယ်။ လျှို့ဝှက်အပ်သောစကားကို မည်သူ့အား ပြောကြားအပ်သလဲပေါ့။ ဒီတော့ အကြံရှိတဲ့သေနကအမတ်က ထပြီး “မင်းကြီးရဲ့ အယူအဆကိုလဲ သိပါရစေဦး” လို့လျှောက်ပါတယ်။ အစဉ်အတိုင်း အနှစ်ချုပ်ပြောရရင်တော့ မင်းကြီးက လျှို့ဝှက်အပ်တဲ့စကားကို မယားကောင်း မယားမြတ်ကို ပြောသင့်တယ်၊ သေနကအမတ်က အဆွေခင်ပွန်း ကောင်းကို ပြောသင့်တယ်။ ပက္ကုသအမတ်က တအူထုံ့ဆင်း ညီအစ်ကိုချင်းကို ပြောသင့်တယ်။ ကာမိန္ဒအမတ်က အနုဇာသားကို ပြောသင့်တယ်။ ဒေ၀ိန္ဒအမတ်က မိခင်ကိုပြောသင့်တယ်။ အဲဒီလိုအသီးသီးဖြေလျှောက်ကြပါတယ်။ နောက်ဆုံးမဟောသဓ အလှည့်ရောက်တဲ့အခါမှာ မဟောသဓက အောက်ပါအတိုင်းဖြေလျှောက်ပါတယ်။

“အရှင်မင်းကြီး… လျှို့ဝှက်သောအမူကို လျှို့ဝှက်ပဲထားသင့်ပါတယ်။ လျှို့ဝှက်သောအမူကို သူတစ်ပါးအားပြောမိချေသော် နောင်မကောင်းကျိုး ဖြစ်တတ်ပါတယ်။ အရှင်မင်းကြီး ပညာရှိသူဟာ မိမိလိုအပ်သောအမူကို အဘယ်သူအားမသိစေအပ်ပဲ၊ မပြောမဆို နှုတ်စောင့်စည်းပြီး ချုပ်တည်း သည်းခံရာ၏။ မိမိအလိုဆန္ဒပြည့်စုံသော အခါ၌မူကား ပြောလိုက ပြောနိုင်ပါ တယ်။ ဒါသည်ပင် ပညာရှိတို့ သဘောအလေ့ဖြစ်ပါတော့သည် အရှင်မင်းကြီး”

မဟောသဓရဲ့ အဖြေစကားကိုကြားလိုက်ရတော့ မင်းကြီးလဲ သေနကအမတ်ကိုနားသွင်းတဲ့အတိုင်း ကိုက်ညီနေတာနဲ့ မျက်နှာပျက်သွားပါတယ်။ မဟောသဓ သူ့အပေါ်လျှို့ဝှက်အကောက်ကြံနေပြီဆိုတာလည်း တစ်ခါတည်းယုံလိုက်ပါတယ်။ မင်းကြီးမျက်နှာအမူအရာပျက်သွားတာကိုပဲ မဟောသဓ မြင်လိုက်ပါတယ်။ ဒါပေမယ့် လတ်တလော ပြန်လျှောက်ခွင့်မသာတာရယ်၊ နေ၀င်သွားတာရယ်ကြောင့် ဦးစွာပဲထပြန်ခဲ့ပါတယ်။ မင်းကြီးလဲ မဟောသဓ မိမိကို တစ်ကယ်လုပ်ကြံတော့မှာပဲလို့ အဟုတ်ယုံပြီး တုန်တုန်လှုပ်လှုပ်နဲ့ မျက်စိမျက်နှာပျက်နဲ့ နောက်ဆုံး မဟောသဓကို အချိန်မှီလုပ်ကြံဖို့ သေနက အမတ်ကို လက်စွဲတော်သန်လျက်ပေးလိုက်ပါတော့တယ်။ သေနကအမတ်လဲ မနက်ဖြန် မဟောသဓ မင်းကြီးဆီ အခစားဝင်တဲ့အခါ နန်းတော်တံခါးဝက သန်လျက်နဲ့ခုတ်ဖို့အသင့်။

မဟောသဓကလည်း စဉ်းစားပြီး ၊ အမတ်လေးယောက်ထဲမှာ တစ်ယောက်က လျှို့ဝှက်တဲ့စကားကို မိတ်ဆွေသူငယ်ချင်းကို ပြောသင့်တယ်။ တစ်ယောက်က ညီကို၊ တစ်ယောက်က သားကို၊ တစ်ယောက်က မိခင်ကို၊ သူတို့ပြောတဲ့စကားတွေဟာ ရှေးပညာရှိတွေရဲ့စကားလဲမဟုတ်။ ကိုယ်တိုင် လုပ်ကြံပြီး ပြောတဲံစကားလဲမဟုတ်နိုင်။ သူတို့စကားတွေရဲ့ နောက်ကွယ်မှာ လျှိုဝှက်သမိုင်းကြောင်း တစ်ခုစီရှိရမယ်။ အဲဒီလိုတွေးပြီး နန်းတော် တံခါးဝမှာ အမတ်လေးယောက်အိမ်မပြန်ခင် ထိုင်နေကျခုံကြီးအောက်ကို ဦးစွာ ၀င်ပုန်းနေလိုက်ပါတယ်။ အမတ်လေးယောက်လည်း မဟောသဓ ရှိနေတဲ့ခုံကြီးပေါ်ကို ထိုင်နေကျအတိုင်း ထိုင်ကြပါတယ်။

အဲဒီမှာ သေနက အမတ်ကစပြီးမေးပါတယ်၊ “အချင်း အမတ်တို့ မင်းကြီးကိုလျှောက်တဲ့စကားတွေဟာ ကိုယ်တွေ့ နဲ့ယှဥင်္ပြီးပြောခဲ့တာလားပေါ့”။ ကျန်အမတ်တွေကလဲ ဟုတ်ပါတယ်ပေါ့။ သေနကအမတ်က မိမိလည်းကိုယ် တွေ့ကြောင့်သာ ပြောခဲ့တာလို့ ပြန်ပြောပါတယ်။ ဒါနဲ့ မိမိတို့ရဲ့ ကိုယ်တွေ့ တွေကို အချင်းချင်းပြောဖို့ တောင်းဆိုကြပါတယ်။

ဒီနေရာမှာလဲ သေနက အမတ်ကစပြီး သူရဲ့ကိုယ်တွေ့ကို အရင်ဆုံးပြောပြပါတယ်။

သေနက။ ။ အချင်းအမတ်တို့၊ ကျွန်ုပ်လျှို့ဝှက်ထားတဲ့ ကိစ္စကို မင်းကြီးသိရင် အသက်ရှင်ခွင့်ရတော့မှာမဟုတ်ပါဘူး။ ဒီမြို့မှာ ပြည့်တန်ဆာမ တစ်ယောက်ရှိခဲ့ဘူးပါတယ်။ အခုအဲဒီပြည့်တန်ဆာမကို အချင်းအမတ်တို့မြင်တော့မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်ုပ် သူ့ကို အင်ကြင်းဥယျာဉ်တောမှာခေါ်ပြီး ယောက်ျားတို့ကိစ္စကို ပြုခဲ့ပါတယ်။ ဒါတင်မကပဲ သူ့ကိုယ်ပေါ်မှာရှိတဲ့ လက်ဝတ်တန်ဆာတွေကိုလိုချင်တာနဲ့ ပြည့်တန်ဆာမကိုသတ်ပြီး သူ့ရဲ့လက်ဝတ်တန်ဆာတွေကို ကျွန်ုပ်အိမ်ရဲ့ဆင်စွယ်ကောက်ထဲမှာ ထည့်ထားပါတယ်။ ဒီအမူကို ကျွန်ုပ်မိတ်ဆွေ တစ်ယောက်သာသိပါတယ်။ မိတ်ဆွေကလဲ လျှို့ဝှက်ပေးထားတာ ဒီနေ့အထိပါပဲ။ ဒါကြောင့် ကျွန်ုပ်အဆွေခင်ပွန်း မိတ်ဆွေကို ပြောသင့်တယ် လို့ပြောခဲ့တာပါ။

ပက္ကုသ။ ။ ကျွန်ုပ်ရဲ့လျှို့ဝှက်ထားတဲ့ အမူကတော့ တစ်ခြားမဟုတ်ပါဘူး။ ကျွန်ုပ်ပေါင်မှာ ကူဠနူနာရှိပါတယ်။ ဒါကို ကျွန်ုပ်ရဲ့ညီပဲသိတာပါ။ ညီက မနက်စောစောထပြီး သူတစ်ပါးမသိစေရဘဲ အနာကို ဖန်ရည်ဆေးပေး ဆေးလိမ်းပေးပြီး အနာဝကို ပုဆိုးကြမ်းနဲ့ ရစ်ဖုံးပေးပါတယ်။ ဒါက နေ့စဉ်ပြုနေကျပါ။ နန်းတော်ရောက်တဲ့အခါ သင်တို့မြင်တဲ့အတိုင်းပါပဲ။ မင်းကြီးက များသောအားဖြင့် ကျွန်ုပ်ပေါင်ပေါ်မှာသာ ဦးခေါင်းတင်ပြီး စက်တော်ခေါ်နေကျပါ။ တကယ်လို့ ကျွန်ုပ်ပေါင်ပေါ်မှာသာ ကူဠနူနာရှိမှန်းသာသိရင် မိတ်ဆွေအမတ်တို့ တွေးသာကြည့်ပေတော့။ နူနာရှိတဲံ့ အကြောင်းကို ကျွန်ုပ်ညီ တစ်ယောက်သာသိပါတယ်။ ညီကလဲ ကောင်းစွာလျှို့ဝှက်ပေးထားပါတယ်။ ဒါကြောင့် ကျွန်ုပ်က ညီကိုပြောသင့်တယ်လို့ ပြောခဲ့တာပါ။

ကာမိန္ဒ။ ။ ကျွန်ုပ်မှာ လကွယ်နေ့ ဥပုသ်နေ့တိုင်း တစ်လတစ်ကြိမ်လောက် နရဒေ၀မည်တဲ့ ဘီလူးဖမ်းပါတယ်။ အဲဒီလိုဘီလူးဖမ်းပြီဆိုရင် ကျွန်ုပ်မှာ တစ်နေရာတည်းမနေနိုင်တော့ဘဲ ခွေးရူလို ဟိုပြေးဒီလွှားနဲ့ အော်ဟစ်နေရပါတယ်။ ဒီရောဂါအကြောင်းကိုသိထားတဲ့ကျွန်ုပ်သားက ရောဂါဖြစ်တဲ့ နေ့ဆိုရင် ကျွန်ုပ်ကို အိမ်းခန်းထဲထည့်ပြီး သော့ပိတ်ထားပေးပါတယ်။ တစ်ပါးသူတွေမကြားရအောင်ဆိုပြီး အပြင်မှာလဲ အတီးအမှုတ်တွေ တူရိယာ သံတွေ ပြုလုပ်ပေးထားပါတယ်။ ဒါကို ကျွန်ုပ်သားက လျှို့ဝှက်ပေးထားပါတယ်။ ဒါကြောင့် သားကိုပြောသင့်တယ်လို့ ပြောခဲ့တာပါ။

ဒေ၀ိန္ဒ။ ။ ကျွန်ုပ်ကတော့ မင်းကြီးဆီမှာရှိတဲ့ ပတ္တမြားကို ခိုးထားမိပါတယ်။ ဒီပတ္တမြားက ဘုန်းကျက်သရနဲ့ စည်းစိမ်းကိုဖြစ်စေတယ်လို့ အဆိုရှိပါတယ်။ ကျွန်ုပ် ပတ္တမြားကို ဆောင်ပြီး မင်းကြီးထံခစားစေပါတယ်။ မင်းကြီးလဲ သင်အမတ်တို့ကိုမခေါ်မီ ကျွန်ုပ်ကိုသာ ဦးစွာခေါ်လေ့ရှိပါတယ်။ ဒါကို ကျွန်ုပ်မိခင်တစ်ယောက်သာ သိပါတယ်။ မိခင်ကလဲ လျှို့ဝှက်ပေးထားပါတယ်။ ဒါကြောင့် မိခင်ကို ပြောသင့်တယ်လို့ ပြောခဲ့တာပါ။

အမတ်လေးယောက်ရဲ့ လျှို့ဝှက်စကားတွေကို ခုံအောက်မှာရှိနေတဲ့မဟောသဓက မှတ်ထားလိုက်ပါတယ်။ ပြီးတော့မှ အိမ်ကိုပြန်ခဲ့ပါတယ်။ အိမ်ပြန်ရောက်ပြီး ညဥ့်နက်သန်းခေါင်အရောက်မှာ မင်းကြီးရဲ့မိဖုရားဆီက လျှို့ဝှက်အကြောင်းကြာစာ ရောက်လာပါတယ်။ စာပါအကြောင်း အရာကတော့ မနက်ဖြန်မနက် နန်းတော်ဝင်တဲ့အခါ နန်းတော်တံခါးဝကစောင့်ပြီး မဟောသဓကိုလုပ်ကြံကွပ်မျက်ဖို့ မင်းကြီးက လက်စွဲတော် သန်လျက်ကို အမတ်လေးယောက်တို့အား ပေးလိုက်ကြောင်း၊ နက်ဖြန်မနက် နန်းတော်သို့မ၀င်စေလိုကြောင်း၊ ဒီစကားတွေကို မင်းကြီးစက်တော် မခေါ်ခင် ပြောပြလို့သိရကြောင်းပါ။

လျှို့ဝှက်စာရတော့ မဟောသဓလည်း နန်းတော်ကို ပုံမှန်သွားချိန်အတိုင်းမသွားတော့ပဲ အတော်နောက်ကျမှ သွားပါတယ်။ သေနကတို့အဖွဲ့လဲ အချိန်တော်တော်ကြာအောင် စောင့်နေပေမယ့် မဟောသဓ မလာတော့တဲ့အဆုံး မင်းကြီးဆီခစားဖို့ ၀င်သွားပါတယ်။ ဒီတော့မှ မဟောသဓက နန်းတော်ကိုဝင်ပါတယ်။

နန်းတော်ရောက်တော့ မင်းကြီးက မဟောသဓဘာကြောင့် နောက်ကျသလဲ လို့မသိချင်ယောင်ဆောင်ပြီး မေးပါတယ်။ ဒီအခါမှာ မဟောသဓက ကျွန်တော်မျိုးကို လုပ်ကြံဖို့ သေနကအမတ်တို့ သန်လျက်ကိုင်ပြီး နန်းတော်တံခါးဝက စောင့်နေလို့ပါ။ လို့ပြန်လျှောက်ပါတယ်။ မင်းကြီးလဲ အတော်အံ့သြသွားပါတယ်။ ဒီလျှို့ဝှက်စကားဘယ်ကရသလဲ လို့ ပြန်မေးတော့ အရှင်မင်းကြီးက လျှို့ဝှက်အပ်တဲံ့စကားကို မယားကိုပြောသင့်တယ်လို့ အမိန့်ရှိဖူးပါတယ်။ ညက မင်းကြီးက လျှို့ဝှက်ထားရမဲ့စကားကို မိဖုရားကြီးက ပြောပါတယ်။ မိဖုရားကြီးဆီက တစ်ဆင့် ကျွန်တော်မျိုးကြားသိရခြင်းပါလို့ ပြန်လျှောက်ပါတယ်။

နောက်သေနကအမတ်ရဲ့ လျှို့ဝှက်အမူဖြစ်တဲ့ ပြည့်တန်ဆာမကိုသတ်ပြီး လက်ဝတ်တန်ဆာတွေကို ယူထားတဲ့ အကြောင်းလျှောက်ပါတယ်။ မင်းကြီးက သေနက အမတ်ကိုမှန်ရဲ့လားလို့မေးတဲ့အခါ သေနကအမတ်လဲ မထိမ်ဝှက်ဝံ့ တော့ဘဲ မှန်တဲ့အကြောင်းဝန်ခံရပါတော့တယ်။ ဒီအခါမှာ မင်းကြီးက သေနကအမတ်ကို နှောင်အိမ်ထဲသွင်း တစ်ခါတည်း အမိန့်ချလိုက်ပါတယ်။

ကျန်အမတ်သုံးယောက်ရဲ့ လျှိုဝှက်အမူတွေကိုဖော်ထုတ်လိုက်တဲ့အခါမှာလည်း မင်းကြီးက တစ်ခါတည်း နှောင်အိမ်ထဲ သွင်းခိုင်းလိုက်ပါတယ်။ အဲဒီတော့မှ မဟောသဓက အောက်ပါအတိုင်းလျှောက်ပါတယ်။

“အရှင်မင်းကြီး အရှင်မင်းကြီးက လျှို့ဝှက်ထားရမယ့်စကားကို မိဖုရားကြီးကိုပြောပါတယ်။ အမတ်လေးယောက်ကလဲ လျှို့ဝှက်ထားရမယ့် ကိုယ်ရေး ကိုယ်တာတွေကို အချင်းချင်းပြောမိကြပါတယ်။ နောက်ဆုံးတော့ အားလုံးပျက်စီးခြင်းသို့ ရောက်ရပါတယ်။ အရှင်မင်းကြီး တစ်ကယ်တော့ လျှို့ဝှက် ထားရမယ့်စကားကို လျှို့ဝှက်ထားတာ အကောင်းဆုံးပါပဲ။”

လောကမှာ သက်တမ်းအလျောက် အသက်ရှင်ခွင့်ရနေကြဦးမယ်ဆိုရင် လျှို့ဝှက်တဲ့အပြုအမူတွေနဲ့ အခါအခွင့်သင့်သလို တွေ့ကြုံနေကြ ရဦးမှာပါ။ အဲဒီလိုတွေ့ကြုံတဲ့အခါမျိုးမှာ မဟောသဓရဲ့စကားကိုသာ အာရုံပြုခဲ့မိမယ် ဆိုရင်…………။

ရဝေနွယ်(အင်းမ)

ကျမ်းကိုး

-မဟောသဓဇာတ်(မင်းပူးဦးသြဘာသ)

Friday, July 29, 2011

“လွဲချော်နေတဲ့ အသိလေးများ”





“လွဲချော်နေတဲ့ အသိလေးများ”


ဗုဒ္ဓဘာသာဝင်များ ဆောင်ရွက်လေ့ရှိကြတဲ့ ကုသိုလ်ပွဲ့အချို့မှာ လွဲချော်နေတဲ့ အသိကလေးများ ရှိနေတာကို သတိထား မိတယ်။ ဥပမာ-အနေကဇာတင်ရာမှာ “ထီး တံခွန် ကုက္ကား မလေးပွား ဂြိုဟ်ရွက်စတာတွေလို မလို၊ နောက် အနေကဇာတင်တာ နေ့လည်တွင် မတင်ကောင်း ဆိုတာမျိုးလိုပေါ့။


အနေကဇာတင်ကြွရန် ပင့်သူတိုင်း နောက်ဆက်တွဲက “ဘာတွေ လုပ်ထားရမှာလဲဘုရား” လို့ မေးလျှောက်လေ့ ရှိကြတယ်။ ဘာမှ မလိုပါဘူး၊ ဗုဒ္ဓဘာသာ ထုံးစံအတိုင်း ရုပ်ပွားတော်ကို ပန်း ရေချမ်း ဆွမ်း ဆီးမီး သစ်သီး ကပ်ထားရင် ရပါတယ်လို့ ပြောလိုက်ရင်ပဲ-


မဟုတ်ဘူးလေဘုရာ့ “ထီး တံခွန် ကုက္ကား မလေးပွား ဂြိုဟ်ရွက် စတာတွေ ဝယ်ထားဖို့ လိုတယ် မဟုတ်လားဘုရား”တဲ့။ အတွန့်တက်လေ့ ရှိကြတာကို အမြဲ ကြုံရတတ်တယ်။


မလိုပါဘူး ပြောတာကိုဘဲ သူတို့က မယုံကြဘူး။ အိမ်ရောက်ရင် အဲဒါတွေ မဝယ်ဖို့ ပြောထားပေမယ့် ဝယ်ထားသူတွေ က များလှတယ်။


“ရဟန်းတော်များကလည်း ဒီကိစ္စ အလေးထားပြီး မပြောကြ၊ ရှင်းပြ မပေးကြတော့ အဲဒီ “ထီး တံခွန် ကုက္ကား မလေးပွား ဂြိုဟ်ရွက် စတာတွေက အနေကဇာတင်ရာမှာ မပါမပြီး အဓိကနေရာကို ယူလာတာ ကာလကြာပေါ့။ အဲဒါတွေ မပါရင်ဘဲ အနေကဇာတင်ကိစ္စ မဖြစ်တော့သလိုမျိုးတွေ ဖြစ်လာ ကြတယ်။


မြို့ကြီးပြကြီးတွေမှာ ဘုရားစောင်းတန်း သွားပြီး ထီး တံခွန် ကုက္ကား မလေးပွား ဂြိုဟ်ရွက် စတာတွေကို ဝယ်ရတာ မခက်လှပေမယ့်၊ မြို့ငယ်နဲ့ ရွာတွေမှာတော့ အဲဒါတွေက ရှိခဲလှသမို့ အတော် ကြောင်းကျစိုက်ပြီး မြို့သွားသူကို မှာကြရတယ်။ အလုပ်ပိုတယ်ဆိုတာ အပိုအလုပ်တွေကို လုပ်ကြလို့ ဖြစ်တယ်။


ကြေကွဲဖို့ ကောင်းတာက အချို့ ရဟန်းတော်များက “အနေကဇာတင် တယ်ဆိုတာ အရုဏ်တက် လုပ်ရတယ်၊ ထီး၊တံခွန် ကုက္ကား မလေးပွား ဂြိုဟ်ရွက်တွေကို ဘုရားဈေးမှာ ရှိတယ်၊ သွားဝယ်ထားကြ၊ ဖြစ်နိုင်ရင် သစ်သီးကိုးမျိုး ပန်းကိုးမျိုး ဘုရားမှာ ပူဇော်ထားကြ၊ သာသနာပွဲထိုးထားကြ၊ ဆန်ပန်း ပေါက်ပေါက်လဲ စီစဉ်ထားကြ”လို့ မိန့်တော်မူလေ့ရှိကြတယ်။


ဒကာ၊ ဒကာမတွေက ဘာသာရေးကိစ္စမှန်သမျှ ဘုန်းကြီးတွေပြောရင် အမှန်လို့ တထစ်ချ မှတ်ယူထားတတ်ကြ သူတွေဆိုတော့ အမှန်တွေဘဲ ထင်ကြတယ်။ လုပ်လာလိုက်ကြတာ ဒီကနေ့တိုင်ဘဲ ဆိုပါတော့။


အမှန်ကတော့ ဘုန်းကြီးတိုင်းလည်း ပိဋကတ်ကို ကျွမ်းကျင် တတ်မြောက်ခြင်း ရှိကြတာ မဟုတ်လို့ ဆရာသမားတွေနဲ့ အတူနေကြရင်း ဆရာသမားတွေ ပြောခဲ့သလို ကိုယ်လူကြီး ဖြစ်လာတော့လဲ ပြောရိုးပြောစဉ် ပြောနေကြရတာ၊ မစီစစ်ဖြစ်ကြ တော့ဘူး ဆိုပါတော့။


ဒကာ ဒကာမတွေကလည်း မိဘတွေနဲ့ အတူနေလာ၊ ဒီလိုနဲ့ အိုးကွဲအိမ်ကွဲ ဖြစ်လာကြတော့ မိဘတွေ ဆောင်ရွက်သလို မျိုး ဘာသာရေး ကိစ္စတွေမှာ ကိုယ်တိုင်ဦးစီး ဆောင်ရွက်ဖြစ်ကြတယ်။ ဘာမှ ထူးပြီးလည်း စဉ်းစားမနေတော့ဘူး။ အမေတို့ လုပ်ကိုင် ဆောင်ရွက်သလိုမျိုး လုပ်ပစ်လိုက်တော့တာ။


အဲဒီတော့ စာရေးသူ ပြောသလို “အနေကဇာတင်ရာမှာ ဘာမှ မလိုဘူး” ဆိုတာကို လက်မခံနိုင်ဘူး၊ မယုံကြည် ဘူးပေါ့။ သိနေတဲ့ အသိအမှားက အခံရှိနေခြင်း၊ ကိုယ်သာမဟုတ် လူတိုင်း ကာလကြာရှည်၍ သူရောငါပါ လက်ခံဆောင်ရွက်ကြ တာဖြစ်လို့ အမှန်တွေဟုသာ တထစ်ချ မှတ်ယူ နေကြတယ်။


ဘာသာရေးကိစ္စနဲ့ ပတ်သက်ပြီး လွဲချော်နေတဲ့ အသိလေးများကို တည့်မတ် ပေးဖို့ ဘုရားပွင်လာတာ ဖြစ်တာမို့ လွဲမှားနေတဲ့ အသိလေးတွေကို တရားဟောရင်းနဲ့ ပြောဖြစ်ပါတယ်။


တစ်ခါက အိမ်ထောင်ကျသွားတဲ့သမီးဖြစ်သူရဲ့ အိမ်တက် အနေကဇာတင်မှာ သမီးဖြစ်သူက စာရေးသူကို တံခွန် ကုက္ကားစတာတွေ လုပ်ထား ရမလားမေးလို့ ဘာမှ မလိုကြောင်းပြောတာကို အမေဖြစ်သူက ဆရာတော်ကလဲ လုပ်ပြီး ရှေးထုံးတွေ မဖျက်ပါနဲ့တဲ့။ ရှေးထုံးကြီးတဲ့။


စာရေးသူက ဒါတွေမပါလို့ ဘာမှ မဖြစ်ပါဘူးပြောတော့ အဖေဖြစ်သူကတော့ ဘုရားဈေးက တံခွန်ကုက္ကားရောင်း သူတွေ မရောင်းရတာပေါ့ဘုရားတဲ့။ အမှန်ပါဘဲ။


“အနေကဇာတင်တယ်” ဆိုတာကို ဦးစွာ သဘောပေါက်ရင် ထီး တံခွန် ကုက္ကား မလေးပွား ဂြိုဟ်ရွက်တို့ လို မလို ဆိုတာ သူ့အလိုလို ဘာသာ ရှင်းပါတယ်။


လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင် ကာလကြာရှည်စွာ ပါရမီဆယ်ပါး စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါးဆိုတဲ့ ပါရမီ အလုပ်များစွာတို့ကို အားထုတ်ခဲ့ရ တဲ့ မြတ်ဗုဒ္ဓ လောင်းလျာဟာ မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန် မှာ မျှော်မှန်းခဲ့တဲ့ ဘုရားဖြစ်ရေး သဗ္ဗညုတဉာဏ်တော် ရရှိရေး ဆန္ဒတော်ကြီးဟာ အောင်မြင်ထမြောက်ပြည့်စုံခဲ့တယ်။


ဘုရားဖြစ်ပြီးစ အချိန် နှလုံးသားမှာ ဟန့်တားလို့ မရနိုင်လောက်အောင် အားရတော်မူလွန်းလို့ နှုတ်တော်မှနေ စကား တော်တွေ အံထွက် လာကြ တယ်။ အဲဒီစကားတော်များကို ဥဒါန်းစကားလို့ ခေါ်ဆိုတယ်။ ပီတိအဟုန်ကြောင့် ပေါ်ထွက်လာတဲ့ စကားတွေပေါ့။


ဆိုပါတော့ ကိစ္စတစ်ခုကို အလေးထား ဆောင်ရွက်ခဲ့တယ်။ အောင်မြင်ဖို့လည်း အထူးမျှော်မှန်းထားတယ်။မျှော်မှန်းထား တဲ့ အတိုင်းလည်း အောင်မြင်ဖြစ်ထွန်း ခဲ့ရင် အော်ဟစ်ခုန်ပေါက်ကာ ပျော်မြူးသွား သလိုမျိုးနဲ့ ခပ်ဆင်ဆင် တူမယ်ထင်ပါတယ်။



ဆီအိုးထဲ ဆီများသွန်းလောင်းတဲ့အခါ ဆီတွေကများပြီး အိုးကသေးနေလို့ အိုးအပြင် ဆီများလျှံတက် ကျလာသလို ကန်ဘောင်နဲ့  ပြည့်စုံတဲ့ ရေကန်ကြီး အတွင်းသို့ ဝင်လာတဲ့ရေက များပြီး ကန်ဘောင်ပေါ်သို့ ရေများ လျှံတက်ကာ စီးဆင်းသွား သလိုမျိုးဟု ဥပမာနှစ်မျိုးနဲ့ ထင်ရှားအောင်ရှင်းပြထားတယ်။


ဥဒါန်းစကားတော်

၁။ အနေကဇာတိသံသာရံ (၂) ဂါထာ။

၂။ ပဋိစ္စသမုပ္ပါဒ် အနုလုံ၊ပဋိလုံ။

၃။ ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ (၃) ဂါထာတို့ ဖြစ်ပါတယ်။


ယနေ့အခါမှာတော့ အနေကဇာတင်ရာမှာ ဟေတုပစ္စယော-စတဲ့ပဋ္ဌာန်း ပစ္စယုဒ္ဒေသပါဠိနဲ့ ကျက်သရေမင်္ဂလာ ကောင်းကျိုးချမ်းသာတို့ ဖြာဖြာမိုးမိုး ဖြိုးဖြိုးမောက် ပြည့်စုံစေရန် ရည်သန်၍ ဇယန္တော ဗောဓိယာ မူလေ-စတဲ့ ပုဗ္ဗဏှသုတ်လာ ဇယမင်္ဂလာ အောင်ဂါထာတို့ကိုလည်း ထည့်သွင်း ရွတ်ဆိုပူဇော်ကြပါတယ်။


ဗုဒ္ဓမြတ်စွာဟာ ဘုရားဖြစ်ပြီးစ အချိန်အနည်းငယ်မှာ ဥဒါန်းစကားတော်တို့ကို ကျူးရင့်တော်မူပါတယ်။ စဉ်းစားလိုက် ရင် သိသာပါတယ်။ အဲဒီ ဥဒါန်း စကားတော်တွေ ကျူးရင့်တော်မူစဉ်က ဗုဒ္ဓဘုရားရှင်ရဲ့ လက်တော်မှာ မည်သည့်အရာမှ ကိုင်ခြင်း မရှိပါ။ ဒါကြောင့် တန်ခွန်ကုက္ကား စတာတွေ မပါရင်လည်း ဖြစ်ပါတယ်။


“အနေကဇာတင်” ဆိုတာ ဘုရားကို ပန်းတင်သလို၊ ဆွမ်းတော်တင်သလိုမျိုးမဟုတ်။ ဘုရားဖြစ်စအချိန်မှာ ဗုဒ္ဓဘုရားရှင် ကျူးရင့်တော်မူတဲ့ ဥဒါန်းစကားတော်များကို ရဟန်းတော်များက ရွတ်ဆိုပူဇော်ခြင်း ဖြစ်ပါတယ်။ ဘုရားဖြစ်စအချိန်က အရုဏ်တက်မို့ အရုဏ်တက်ချိန် အနေကဇာ တင်ရမယ်လို့ ထင်နေတာပါ။ အရုဏ်တက်ပြီးစမှ မဟုတ်၊ အဆင်ပြေတဲ့အချိန် တင်လို့ ရပါတယ်။ ဗုဒ္ဓနှုတ်ခပတ်မို့ အမြဲပူဇော်နေရင်တောင် အမြဲကုသိုလ်ရနေမှာပါ။


ဒါ့အပြင် အောင်ဂါထာတွေမို့ အမြဲရွတ်ဆိုပူဇော်နေရင် အောင်ဓာတ်တွေ ကိန်းနိုင်မယ် ထင်ပါတယ်။ဗုဒ္ဓဂုဏ်တော် တွေဖြစ်လို့ပါ။ ယနေ့ အခါမှာတော့ ဗုဒ္ဓကိုယ်တော်တိုင် ကျူးရင့်နေသည့်အလား သံဃာတော်များက ရွတ်ဖတ်ပြီး၊ ဘုရားရှင်ကိုယ်စား ရုပ်ပွားဆင်းတုပေါ်သို့ ရောက်စေရန် တင်ပေး လိုက်ခြင်း မျိုးဖြစ်နေတာမို့ “အနေကဇာတင်” ပေးတယ်လို့ ဆိုရမလားဘဲ။


ဥဒါန်းစကားတော်တို့ရဲ့ အစ စကားက “အနေကဇာတိ” ဖြစ်တယ်။ အနေကဇာတိ-ဆိုတဲ့ ပါဠိကို စွဲ၍ ပါဠိသက်ဝေါဟာရ အနေနဲ့ “အနေကဇာတင်” လို့ အလွယ်ခေါ်ဆိုဟန်တူပါတယ်။

“အနေကဇာတိ” အက္ခရာငါးလုံးမှာ နောက်ဆုံး “တိ”အက္ခရာ၌ လုံးကြီးတင်ကို “င်” အသတ် ပျောင်းလိုက်ရင် “အနေက ဇာတင်” ဆိုတဲ့ မွေးစားစကား ဖြစ်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အဲလို ဗုဒ္ဓပူဇာကို “အနေကဇာတင်” လို့ ခေါ်ဆိုခြင်းကား အဘယ်အချိန်က စခဲ့တယ်ဆိုတာ တိတိကျကျ မပြောနိုင်ဘူး။ ရှေးမထေရ်တို့ရဲ့ အစဉ်အလာအတိုင်း ဘာသာရေး ယဉ်ကျေးမှုအရ ဆက်လက် ဆောင်ရွက်နေကြခြင်း ဖြစ်ပါတယ်။ ပိဋကတ်တော်မှာ ဒီပါဠိတော်များကို ရွတ်ဆိုပြီး “အနေကဇာတင်” ရမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိပါ။ (စာရေးသူ စာမနှံ့လိုလည်း ဖြစ်နိုင်ပါတယ်။)

သံဃာတော်များက မိမိတို့နေအိမ်မှာ ကိုးကွယ်မယ့် ဆင်းတုတော်မြတ်ကို ထိုပါဠိတော်များနဲ့ရွတ်ဆိုပူဇော်ပေးခြင်းဟာ မိမိတို့နေအိမ်၌ ဘုရားပွင့်တော် မူလာခြင်း အသွင်ကို ဆောင်တယ်လို့လည်း ဆိုနိုင်ပါတယ်။


ဒါကြောင့် နေအိမ်ရှင်များက-

“ငါတို့အိမ်မှာ ဘုရားပွင့်ပြီးလို့သာ မှတ်ထားကြရပါမယ်”။

“ ပြီးတော့ ငါတို့မိသားစုတွေက ဘုရားနဲ့ အတူနေတာလို့လည်း သဘောပေါက်ကြရပါမယ်”။

ရုပ်ပွားတော်မြတ်ကို ဆန်၊ပန်း၊ပေါက်ပေါက်တွေနဲ့ ပစ်ပေါက်ခြင်းက ဘာကြောင့်လဲ ဆိုရင်တော့- မာရ်နတ်ကြီးက ဘုရား ပွင့်ထွန်းမည့် အရုဏ်သို့ မဆိုက်ရောက်ခင် တစ်ညအလို ညနေဆည်ဆာချိန်မှာ ဗောဓိပင်နဲ့ ရွှေပလ္လင်ကို လုတယ်။ ဓားမိုး လှံမိုး စတဲ့လက်နက်တွေနဲ့ ပစ်ပေါက်တယ်။ ဓားလက်နက်စတာတွေက ရှက်စနိုးကြလို့ မြတ်ဗုဒ္ဓထံတော် အရောက်မှာတော့ လက်နက်အသွင် မဟုတ်ကြတော့ဘဲ ပန်းများများ အသွင်ဖြစ်သွားကြသတဲ့။

ဒီကနေ့ အနေကဇာတင်ရာမှာ ဆန် ပန်း ပေါက်ပေါက်တို့ဖြင့် ရဟန်းတော်များက ပစ်ပေါက်နေခြင်းဟာ မာရ်နတ်နဲ့ သူ့စစ်တပ် ထိုတုန်းက ပြုမူဟန်ကို ပမာပြုခြင်းလို့ ဆိုနိုင်ပါတယ်။ ဆန် ပန်း ပေါက်ပေါက်တို့ဖြင့် ရဟန်းတော်များက ပစ်ပေါက် နေခြင်းဟာ မိမိတို့ကိုယ်တိုင် မာရ်နတ်ရဲ့ ဘက်တော် သားတွေ ဖြစ်နေသလိုမျိုးပါ။ အပျက်စိတ်နဲ့သာ ပစ်ပေါက်မိရင် ကံကြီး ထိုက်မယ်။ ယနေ့ခေတ်မှာ ပိုက်ဆံတွေနဲ့ပါ ပစ် ပေါက်ပေးနေကြရတယ်။


ပေါက်ပေါက်နဲ့ ပစ်ပေါက်ခြင်းကတော့ ပေါက်ပေါက မြောက်မြောက် ဖြစ်စေဖို့ထင်ရဲ့။

ပိုက်ဆံများနဲ့ပေါက်ကြတာကတော့ ငွေတွေ ဝင်လာမစဲ တသဲသဲ ပျံဝဲလာဖို့နေမှာပါ။

ရှေးဆရာတော်ကြီးများ ကိုယ်တော်တိုင် ထုံစံအတိုင်း ဆောင်ရွက်နေကြလေတော့ နောင်သံဃာများလည်း အစဉ်အလာ အတိုင်း ဆောင်ရွက်ပေးနေ ကြရတယ်။ ဘုရားနဲ့ ပတ်သက်တဲ့ကိစ္စမို့ စိတ်ထားတတ်ရင် ကုသိုလ်ရမှာပါ။

အနေကဇာတင်ခြင်းကား ရုပ်တုတော် စေတီတော်များ ထုလုပ် ကိုးကွယ်ခြင်းက အစပြုခဲ့တာ။ ထုလုပ် တည်ထားပြီး နောက် ဒီအတိုင်း ကိုးကွယ်ခြင်း ထက် ဘုရားဖြစ်စ အချိန်က ကျူးရင့်တော် မူခဲ့တဲ့ ဥဒါန်းစကားတော်များကို ရွတ်ဖတ်ပူဇော် ပေးခြင်းဖြင့် သိဒ္ဓိတင်သလိုမျိုးများ ဆောင်ရွက်တာ များလားဟုပင် စဉ်းမိပါတယ်။

မြန်မာလူမျိုးတို့က သိဒ္ဓိတင်ပေးတတ်သူကို အထင်ကြီးလေးစားကြတယ်။ ယုံမှတ်ကြတယ်။ ဘုရားကိုးကွယ်တာတောင် စီးပွားဖြစ်ဂမုန်းလို သဘောထား ကိုးကွယ်နေကြတာ။ ဘွဲ့အမည်တော်စီးတဲ့ ဆင်းတုတော်နဲ့ ပုံသဏ္ဍာန် ထူးဆန်းတဲ့ ဆင်းတုတော်များဆို ရက်မအားရအောင် နေအိမ်တွေမှာ နှစ်ကုန်အထိ လှည့်လည် ဒေသစာရီကြွကာ ပူဇော်ခံနေရတယ်။

အသိမိသားစုများ အနေကဇာတင်ပင့်လို့ ကြွရတိုင်း ဗုဒ္ဓကိုယ်စား ရုပ်ပွားတော်က လာဘ်ခေါ်ဂမုန်းမဟုတ်ဘူး၊ ဘုရားထံ ဆုတောင်းပြီး ကိုယ့်ဒုက္ခ ကို ပြောပြသလိုမျိုး အပူ မကပ်ကြနဲ့လို့ အမြဲပြောဖြစ်ပါတယ်။

မြန်မာလူမျိုးတို့ရဲ့ ကိုးကွယ်မှုကား ဗေဒင်နဲ့ နွယ်လျှက် ရောရော ထွေးထွေး ဖြစ်နေတာကို နေရာတိုင်း လိုလိုမှာ တွေ့ရ တယ်။ ယတြာချေခြင်း၊ ဘေးမဲ့ပေးခြင်း၊ ဘုရားကိုးဆူကပ်ခြင်း၊ ဂုဏ်တော်ပုတီးစိပ်ခြင်းတို့အပြင် အနေကဇာတင် ရာမှာလည်း ဗေဒင်ရဲ့ အငွေ့အသက်များ ပါဝင်နေတယ်။ တံခွန် ကုက္ကား၊ ထီးဖြူ၊ဂြိုဟ်ရွက်၊ ကြက်လျှာတို့ကို သံဃာတော်များ ကိုင်နေရတာကိုက သာဓကပါ။


ဒီကနေ့အခါမှာတော့ တတ်နိုင်တဲ့ ကုသိုလ်ရှင်များက သစ်သီးကိုးမျိုး၊ ပန်းကိုးမျိုးကို အနေကဇာတင်မယ့် ရုပ်ပွားတော်အား ကပ်လှူပူဇော်တာ ကို တွေ့ရတတ်ပါတယ်။ ပိုပြီး ဗေဒင်ဆန်လာတာပေါ့။

ရွာမှမိသားစုအချို့သည် ရေကြည်ရာ မြက်နုရာဆိုသလို ကြည်မြင်တိုင်၊သီရိမင်္ဂလာဈေးတွင် စီးပွားလာရှာနေကြတယ်။ တစ်နေ့တွင် ကိစ္စနဲ့ စာရေးသူ ရောက်သွားရာ ၄င်းတို့အိပ်မှ ဆင်းတုတော်များကို အနေကဇာတင်ရာတွင် ရဟန်းတော်များ ကိုင်လျက် အသုံးပြုခဲ့တဲ့ ထီးဖြူ တံခွန် ကုက္ကား ကြက်လျှာ မလေးပွား ဂြိုဟ်ရုပ်စက္ကူ စတာတွေကို ဘယ်မှာ စွန့်ပစ်ရမည်မသိ ဖြစ်နေကြောင်းနဲ့ ထိုအရာတို့ကို မည်သည့်နေရာမှာ ထားရမှာကို မေးကြ လို့ “နတ်အိုးကွဲ”အကြောင်း ပြောဖြစ်ခဲ့တယ်။


နတ်စဉ်တင်တဲ့ နတ်ပန်းထိုးတဲ့ပန်းအိုး ကွဲသွားရင် အခြားအိုးကွဲတွေလို အိမ်နောက်ဖေးမှာ အခြား အသုံးမဝင်တဲ့ အဟောင်း အစုတ်ပလုပ်တွေလို ပစ်ထားသလိုမျိုး ထားဖို့ကလဲမဝန့်။ အရှင်ကြီးတွေ ကိုင်မှာစိုးရတယ်၊ အဲဒီ ထီးဖြူ တံခွန် ကုက္ကား ကြက်လျှာ မလေးပွား ဂြိုဟ်ရုပ်စက္ကူ စတာတွေ ကလည်း ပစ်စရာနေရာ ရှားလှတယ်။

စာဖတ်သူများလည်း စဉ်းစာကြည့်ပါ၊ ထိုအရာများကို ဘုရားစဉ်တွင် အမြဲတင် လှူထားရမှလား။ ဒါမဟုတ် အိမ်ရှေ၊ အိမ် နောက် အမှိုက်ပုံ မည်သည့်နေရာမှာ စွန့်ကြရမှာလဲ။

အထက်ပါ အနေကဇာတင် ဖြစ်စဉ်အရ ထီးဖြူ တံခွန် ကုက္ကား ကြက်လျှာ မလေးပွား ဂြိုဟ်ရုပ်စက္ကူ စတာတွေ လိုမလို ဆိုတာ ဘာသာရေးအသိဉာဏ် အထိုက်အလျောက်ရှိသူပင် ထိုကိစ္စ မလိုအပ်တာကို သိနိုင်ပါတယ်။ ဒါပေမယ့် တွင်ကျယ်နေတဲ့ ကိစ္စဖြစ်နေလို့ ဘုရားအနေကဇာ တင်ရာမှာ ထိုတံခွန် ကုက္ကားစတာတွေ မပါမဖြစ်လို့ အများအမြင် ရှိလာပါတော့တယ်။

အမှန်ကတော့ တံခွန်ကုက္ကားစတာတွေ မပါလည်း အနေကဇာတင်လို့ ဖြစ်တာကို ပြောချင်တာပါ။ အဲဒါတွေကို သိပ်အလေး မထားကြပါနဲ့။

ထေရဝါဒသာသနာ ထွန်းကားခဲ့တဲ့ တိုင်းနိုင်ငံတိုင်းမှာ စေတီပုထိုးနဲ့ ရုပ်ပွားတော်များ ထုဆစ်ကိုးကွယ်လေ့ ရှိကြတယ်။ စေတီတော်၊ ဆင်းတုတော် တို့ကို အများဆုံး ထုလုပ် ကိုးကွယ် တာကလည်း အခြားဗုဒ္ဓဘာသာ နိုင်ငံများထက်စာရင် မြန်မာပြည်က ပိုများပုံ ရပါတယ်။ ဒါကြောင့် အနေကဇာတင် ပူဇော်ခြင်းကား မြန်မာနိုင်ငံရဲ့ မူပိုင် ဘာသာရေး ဓလေ့များ ဖြစ်လေရော့သလားဟုပင် တွေးမိပါတယ်။

စေတီတော်တွင် ဓာတ်တော်များ ထည့်သွင်းခြင်း၊ ဆင်းတုတော်များ ထုလုပ်ခြင်းသည် သက်တော်ထင်ရှား မြတ်ဗုဒ္ဓ ကိုယ်စား ကိုးကွယ်နိုင်ဖို့ အတု(အတူ)ပြု ထုလုပ် ကိုးကွယ်ခဲ့ကြခြင်း ဖြစ်ပါတယ်။

ဘုရားရှင်ကား တစ်မြို့ တစ်ရွာ တစ်ကျောင်းတည်းမှာ အမြဲသီတင်းသုံး နေထိုင်ခြင်းမရှိ။ အချို့ဒကာ၊ဒကာမများ မြတ်ဗုဒ္ဓရှိလိမ့်မယ် အထင်နဲ့ ဇေတဝန် ကျောင်းတော်သို့ ဘုရားဖူး လာတတ်ကြတယ်။ ကျောင်းတော်ရောက်မှ ဘုရားမရှိတာနဲ့ ကြုံလို့ စိတ်မကောင်း ဖြစ်ကြရတယ်။

ဘုန်းကံ အလွန်ကြီးမားတဲ့ ဆရာတော်ကြီးများထံ ဝေးကွာတဲ့မြို့ရွာများမှ အဖူးမြော်သွားကြရာ ဆရာတော်ကြီး ခရီးသွားနေခိုက်နဲ့ကြုံပါက စိတ်မော လူမောနဲ့ ပြန်ရသလိုမျိုးနေမှာ။

အရှင်အာနန္ဒာ မထေရ်က အမြော်အမြင် ကြီးစွာနဲ့ ကျောင်းတော်မှာ ဗုဒ္ဓမရှိခိုက် ဗုဒ္ဓကိုယ်စား ပူဇော်ကိုးကွယ်နိုင်ရန် ဗုဒ္ဓကိုယ်စား ရည်မှန်းထုလုပ်တဲ့ ဥဒ္ဒိဿက ရုပ်ပွားတော်နှင့် ဗုဒ္ဓအသုံးအဆောင် ပရိဘောဂစေတီတော် တည်ထား ကိုးကွယ် ခွင့် တောင်းခံပါတယ်။ ဗုဒ္ဓက ဗောဓိပင် စိုက်ပျိုး ပူဇော်ဖို့ ခွင့်ပြုခဲ့တယ်။


အရှင်အာနန္ဒာက အရှင်မောဂ္ဂလာန်ကို မဟာဗောဓိပင်မှ အစေ့ကို ယူဆောင်စေပြီး ဇေတဝန်ကျောင်းတော် မုခ်ဝ အနီးမှာ ဗောဓိပင်ကို စိုက်ပျိုးစေပြီး ဗောဓိပင်အောက်မှာ ဗုဒ္ဓကိုယ်တော်တိုင် သမာပတ်ဝင်စံတော်မူပါတယ်။ ကိုးကွယ် သူတို့ အကျိုးများဖို့ အထူးဆောင်ရွက်ခြင်းဖြစ်ကြောင်း စာမှာ ဆိုပါတယ်။ (မိမိသိအပ်ပြီး အရဟတ္တဖိုလ်ကို ထပ်တလဲလဲ ဖြစ်စေခြင်းကို ဖလသမာပတ်-ဟု ဆိုသည်။)


ဗုဒ္ဓမရှိတော့တဲ့ ယနေလိုအခါမျိုးမှာ နေအိမ်မှာ ဘုရားဆောင်နဲ့ ဘုရားဆင်းတုတော်မျာ ထားကာကိုးကွယ်ကြခြင်းမှာ ဗုဒ္ဓဘာသာပီပီ ဘုရားနဲ့ အတူတူ နေချင်လို့ ဖြစ်ပါတယ်။ မြန်မာအများစုက မိဘနဲ့အတူနေလေ့ရှိကြတယ်မဟုတ်လား။


“ ငါတို့ဟာ ဘုရားနဲ့ အတူနေကြသူများ ဖြစ်တယ်။ ဘုရားမကြိုက်တဲ့ အကုသိုလ်အမှုကို လွန်ကျူးရင် ဘုရား သိလိမ့်မယ်” လို့ တွေးပြီး အကုသိုလ် ပြုလုပ်ခြင်းမှ ရှက်ခြင်းဟိရီ ၊ကြောက်ခြင်းဩတ္တပ္ပ-ဆိုတဲ့ သူတော်ကောင်းတရားနှစ်ပါးနှင့် ပြည့်စုံစွာ နေကြရမယ်။ ဒါမှ ဘုရားကို အလေးထားသလိုမျိုး ဖြစ်ပါတယ်။


ဥပမာ အလေးထားအပ်တဲ့ မိဘဆရာသမားတို့နဲ့ အတူနေသူတို့ဟာ မိဘဆရာသမားတွေ မနှစ်သက်တဲ့ကိစ္စများကို မလွန်ကျူးကြသလိုမျိုးပေါ့။ မိဘကို အလေးထားကြရမယ်မဟုတ်လား။ အကုသိုလ်ပြုခွင့် ကြုံလာခဲ့ရင်တောင် ဗုဒ္ဓရဲ့ပုံတော်ကို မြင်နေရင် မလွန်ကျူးဖြစ်ဖူးပေါ့။


နေအိမ်မှာ ဧည့်သည်တော့ ဖိတ်ခေါ်ထားပြီး ဧည့်သည်ကို ဘာမှမကျွေး မမွေး၊ ဂရုမစိုက်ဘဲ ပစ်ထားလို့ မဖြစ်ပါ၊ အလားတူ နေအိမ်မှာ မြတ်ဗုဒ္ဓကို အနေကဇာတင်ကာ ပင့်ထားပြီး ပန်းတော် ရေတော် ဆွမ်းတော် ဆီးမီး သစ်သီးတွေနဲ့ ဝေဆာနေ အောင် ပူဇော်ကြခြင်း အလျဉ်းမရှိကလည်း သင့်တော် မသင့်တော်ကို ကိုယ်တိုင်ဝေဖန် ဆန်းစစ် စေချင်ပါတယ်။


ဆီးမီးကပ်လှူဖြင်းဖြင့် မျက်စိအမြင်ကောင်းခြင်း၊ပန်းကပ်လှူခြင်းဖြင့် အနံ့လည်းသင်း၊ အဆင်းလည်းလှခြင်း၊ သောက်တော်ရေ ကပ်လှူခြင်းဖြင့် သန့်ရှင်းခြင်း၊ အေးချမ်းခြင်း၊ နံသာတိုင် ကပ်လှူခြင်းဖြင့် ဂုဏ်သတင်းမွေးခြင်း ကောင်းကျိုး များကို ရုပ်ပွားတော်မြတ်ကို အကြောင်းပြုပြီး ရနိုင်တယ်။ဘုရားစင်နှင့်ရုပ်ပွားတော်မြတ်သည် စိတ်ကို ကြည်လင်စေနိုင်ပါတယ်။

ဒါ့ကြောင့် ဘုရားစင်ကို ကြည်ညိုဖွယ်ဖြစ်အောင် သန်းရှင်းသပ်ယပ် ပန်း ရေချမ်းတို့ဖြင့် ဝေဆာနေဖို့ လိုအပ်ပါတယ်။

ဒါ့ပြင် ပန်း ရေချမ်း သစ်သီး ဆီမီး ဆွမ်းကုသိုလ်ကောင်းမှု ပြုကြရုံမျှနဲ့ တင်းတိမ်အားရ ကျေနပ်မနေကြပါဘဲ၊ဣတိ ပိသော ဘဂဝါ အရဟံ စတဲ့ ဂုဏ်တော်ကို(၉)ပါးကိုလည်း ပွားကြရပါမယ်။ “ ပုံတော်မြင် ဂုဏ်တော်ပွား” ခြင်းက ဘုန်းတန်ခိုး ကျက်သရေး တိုးပွားခြင်းစတဲ့ အခြားကောင်းကျိုး အများအပြားကိုလည်း အပိုဆောင်းရနိုင်ပါတယ်။


ထီး တံခွန် ကုက္ကား မလေးပွား ဂြိုဟ်ရွက်စတာတွေက အနေကဇာတင်ရာမှာ မပါမပြီးဟု အထင်ရှိကြတတ်ကြ၍ အဲဒါတွေ မပါရင်လည်း အနေကဇာတင်လို့ ဖြစ်ပါတယ်ဆိုတာရယ်၊ အချိန်မရွှေးလဲ အနေကဇာ တင်နိုင်ပါတယ် ဆိုတာရယ်ကို ဒေသနာတော်အရ ပြောပြ ချင်လို့ ရေးသားခြင်း ဖြစ်ပါတယ်။ မည်သူကိုမျှ အပြစ်ပြောခြင်းမဟုတ်ပါ။

တံခွန် ကုက္ကား စတာတွေ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကြည်ညိုစိတ်နဲ့ သက်တော်ထင်ရှား ဘုရားရှင်အား ရည်မှန်း ပူဇော် လှူဒါန်းခြင်း ဖြစ်တာမို့ ကုသိုလ်ဧကန် ရနိုင်ပါတယ်။


အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)

Thursday, July 28, 2011

ဒီခရီး... သွားတော့မယ်လို့ ဆိုရင်...

ဒီခရီး... သွားတော့မယ်လို့ ဆိုရင်...

အခုနောက်ပိုင်း ကျွန်တော့်ပတ်ဝန်းကျင်မှာ တရားအားထုတ်နေကြသူတွေ၊ တရားအားထုတ်တာနှင့် ပတ်သက်ပြီး စိတ်ဝင်စားနေကြတဲ့သူတွေကို အတော်များများတွေ့ရပါတယ်။ တချို့ ကိုလည်း အွန်လိုင်းမှာ မြင်နေ၊ ဖတ်နေရလို့ တွေ့နေရပါတယ်။ ဘာပဲဖြစ်ဖြစ် တရားအားထုတ်ကြတာ အင်မတန်ကောင်းပါတယ်။ တရားအားထုတ်ရာမှာ လူတစ်ဦးချင်းစီအလိုက် ရည်ရွယ်ချက်တွေ အမျိုးမျိုးကွဲပြားနိုင်ပေမယ့် တခြားသောအာရုံတွေနှင့် ကျက်စားနေကြမယ့်အစား တရားအာရုံနှင့် နေကြတယ်၊ နေချင်ကြတယ်လို့ ကြားရတာ ၀မ်းသာဖို့ကောင်းပါတယ်။

ဘာသာရေး လေ့လာလိုက်စားနေကြတဲ့သူတွေကို ပုံစံအမျိုးမျိုးနှင့် တွေ့ ကြရမှာဖြစ်ပါတယ်။ တချို့ က အခုမှ ဘာသာရေးဆိုတာကို ဘာလဲဆိုပြီး ကကြီးရေ, က လေ့လာနေဆဲကာလဖြစ်ပါတယ်။ ဗုဒ္ဓဘာသာနှင့် တခြားဘာသာတွေကို ယှဉ်တွဲလေ့လာကြမယ်။ ဘယ်နေရာ ကွာလဲ၊ ဘယ်နေရာ တူလဲစသည်ဖြင့်ပေါ့။

တချို့ ကတော့ ဗုဒ္ဓဘာသာဆိုတာကို အစကနေစပြီး ထဲထဲဝင်ဝင်လေ့လာဖို့ ကြိုးစားကြတယ်။ နီးစပ်ရာ စာပေတွေကို ဖတ်ရင်း၊ တရားခွေတွေနာရင်း၊ နီးစပ်ရာ ရဟန်းပညရှင်၊ လူပညာရှင်တွေကို မေးမြန်းစုံစမ်းရင်း မိမိတို့ရဲ့  ဘာသာရေးအသိအမြင်ဗဟုသုတကို မြှင့်တင်ဖို့ကြိုးစားနေကြတယ်။

တချို့ ကတော့ မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမတော်တွေကို အခြေခံကနေတဖြည်းဖြည်းလိုက်နာကျင့်သုံးဖို့ အားထုတ်နေကြတယ်။ တနိုင်တပိုင် ဒါနပြုကြတယ်။ ပရဟိတတွေလုပ်ကြတယ်။ သီလစောင့်တည်ကြတယ်။ မေတ္တာဘာဝနာတွေပွားကြတယ်။ ဗုဒ္ဓဂုဏ်တော်တွေပွားများကြတယ်။

တချို့  တချို့ ကတော့ တရားအားထုတ်မှု ဘာဝနာပိုင်းကို စပြီးတက်လှမ်းနေကြပါတယ်။ အဲဒီမှာပဲ မတူညီကွဲပြားမှုတွေ နှင့် စတင်တွေ့ရပါတော့တယ်။

ကျွန်တော့်ပတ်ဝန်းကျင်မှာတော့ သမထဘာဝနာသက်သက်ကို သီးသန့်လေ့လာလိုက်စားတဲ့သူမျိုး အတွေ့ရနည်းပါတယ်။ တစ်ယောက်စ နှစ်ယောက်စတော့ မိမိတို့ ၀ါသနာအရနှင့် လက်ရှိနှီးနွှယ်နေတဲ့ လောကီကိစ္စတွေကြောင့် သမထဘာဝနာကို တစ်စိုက်မတ်မတ် လုပ်နေကြတာမျိုးတော့ရှိပါတယ်။ သူတို့တွေနှင့်ပတ်သက်ပြီးကတော့ အထူးဆွေးနွေးစရာအကြောင်း မရှိပါဘူး။ သူတို့ ယုံကြည်ချက်နှင့် သူတို့ လုပ်နေကြတဲ့သူတွေကိုး။

အခု ကျွန်တော်ဆွေးနွေးချင်၊ ပြောချင်တာကတော့ ၀ိပဿနာဘာဝနာ အားထုတ်နေကြသူတွေအကြောင်းပါ။ အဲဒီပုဂ္ဂိုလ်တွေမှာမှ သမထယာနိကသမားတွေနှင့် ၀ိပဿနာယာနိကသမားတွေဆိုပြီး ထပ်ခွဲကြည့်လို့ရပါတယ်။

တရားအလုပ်ဆိုတာ ကျွန်တော်နားလည်ထားသလောက်တော့ တခြားလောကီ လူမှုစီးပွားရေး အလုပ်တွေလိုမျိုး မဟုတ်ပါဘူး။ လောကီအလုပ်တော်တော်များများမှာ အတ္တနှင့် မောင်းတင်ပြီးလုပ်နိုင်မှ အောင်မြင်တတ်တာများပါတယ်။ တရားအလုပ်ကတော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဘယ်သူမှသတိမထားခဲ့မိဖူးသေးတဲ့ အနတ္တဆိုတဲ့အရာကို ချပြခဲ့တာမို့လို့ အတ္တဆိုတာနှင့်တော့ လုံးလုံးဖီလာကန့်လန့်ပါပဲ။ ဒါကြောင့် တရားအလုပ်လုပ်မယ့် သူတွေအနေနှင့် ဘာမှစမလုပ်ခင် အရင်ဆုံး “ငါအခုတရားအလုပ်ကို အတ္တကြီးရှေ့ တန်းတင်ပြီး မလုပ်ပါဘူး” လို့ အကြိမ်ကြိမ် ကိုယ့်ဖာသာကိုယ် သတိပေးတာမျိုးကို လုပ်စေချင်ပါတယ်။ မဟုတ်ရင်တော့ တစ်သက်လုံးအကျင့်ပါခဲ့တဲ့ အတ္တနှင့်ပဲ ဒီတရားအလုပ်ကို လုပ်နေမိတတ်တာမို့ အဲဒီလိုလုပ်နေသမျှကတော့ မှန်ကန်တဲ့၊ လေးနက်တဲ့ တရားအသိဉာဏ်ကို သိဖို့ဆိုတာ အင်မတန်ခက်ခဲနေပါလိမ့်မယ်။

နောက်တစ်ခုက တရားအားထုတ်ပုံ နည်းလမ်းပါဘဲ။ အဲဒါကို ရှေးရှေးက ဆရာတော်တွေ၊ ဘာသာရေးဆိုင်ရာကျွမ်းကျင်သူတွေ၊ ဆရာသမားတွေလည်း အကြိမ်ကြိမ်အထပ်ထပ် သတိပေးခဲ့၊ ပြောခဲ့ကြပြီးပါပြီ။ တရားအားထုတ်ရာမှာ အားထုတ်ပုံနည်းတွေက ဆရာသမားများညွှန်ပြပုံပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားမှုရှိနေပါတယ်။ ဆရာသမားများက မိမိတို့ စရိုက်ဝါသနာအရ အားသန်ရာ၊ မိမိတို့ တရားအရသာသိခဲ့ကြရာ ရှုမှတ်နည်းများကို တဆင့် ပြန်လည်ပြသပေးကြတာမို့ မူတွေကတော့ အမျိုးမျိုးကွဲနေနိုင်မှာပါပဲ။

ကျွန်တော့်အနေနှင့် တရားအားထုတ်ကြမယ့်သူတွေကို တိုက်တွန်းချင်တဲ့ အခြေခံအချက် နှစ်ချက်ရှိပါတယ်။
(၁) တရားအားမထုတ်ခင် သဘောထားမှန်အောင် အရင်စလုပ်ကြဖို့ နှင့်
(၂) အချိန်တိုင်း မိမိကိုယ်ကို မိမိ တာဝန်ယူကြဖို့ ပါ။

နံပါတ် (၁) ကတော့ အပေါ်မှာပြောခဲ့တဲ့ အတ္တနှင့် တရားအလုပ်ကို မလုပ်မိဖို့အတွက် မိမိကိုယ်ကို အရင် သတိပေးဖို့ပါဘဲ။ တရားဆိုတဲ့အရာကို လောကီပစ္စည်းဥစ္စာတွေစုဆောင်းရှာဖွေရာမှာလို လိုချင်စိတ်အားကြီးကြီးနှင့် မရှာမိ၊ မလုပ်လိုက်မိဖို့ပါ။ နံပါတ် (၂) အကြောင်းအရာကိုတော့ အတော်ရှည်ရှည် ဆွေးနွေးရပါလိမ့်မယ်။

လူတစ်ယောက်ကို ဘယ်နည်းနှင့် တရားပြမှ တရားရမယ်ဆိုတာကို မြတ်စွာဘုရားရှင်ကလွဲလို့ ဘယ်သူမှ အတိအကျမသိကြပါဘူး။ ကြားဖူးကြလိမ့်မယ်လို့ထင်ပါတယ်။ ဘုရားလက်ထက်ကတောင် လက်ယာတော်ရံ အရှင်သာရိပုတ္တရာကိုယ်တော်ကြီးဟာ အတူနေတပည့်ရဟန်းကို ငယ်ရွယ်သူဖြစ်လို့မို့ ရာဂစရိုက်အားကြီးလိမ့်မယ်ထင်ပြီး အသုဘကမ္မဋ္ဌာန်းပေးမိတယ်။ ဒါပေမယ့် ဘယ်လိုမှ တရားအသိဉာဏ်ဖြစ်မလာတော့ နောက်ဆုံးမြတ်စွာဘုရားရှင်ဆီကိုခေါ်သွားရတယ်။ မြတ်စွာဘုရားက အာသယာနုသယဉာဏ်နှင့်ကြည့်ပြီး အတိတ်ဘ၀တွေတုန်းက ပန်းတိမ်သည်လုပ်ဖူးခဲ့တာကိုမြင်လို့ ရွှေသားနှင့်ပန်းပုံဖန်ဆင်းပြီး အနီရောင်ကသိုဏ်းကိုရှုခိုင်းခဲ့တယ်။ အဲဒီကျမှာ သမာဓိဖြစ်၊ ဈာန်တွေရပြီး နောက်ဆုံး ဖန်ဆင်းထားတဲ့ပန်း ညှိုးသွားတာမြင်တော့ သံဝေဂဖြစ်၊ မြတ်စွာဘုရားက တရားဟောပေးလိုက်တော့ ရဟန္တာဖြစ်သွားခဲ့တယ်။

တရားပြသပေးနေကြတဲ့ ဆရာသမားများဟာ သူတို့ သိထားတဲ့၊ အားထုတ်ဖူးတဲ့ နည်းကိုသာ သူတို့ သဘောပေါက်နားလည်သလို ယောဂီတွေကို ပြန်လည်ပြသပေးကြတာပါ။ သူတို့နည်းဟာ ယောဂီအားလုံးအတွက် အဆင်ပြေမယ်၊ တရားအသိဉာဏ်ကိုဖြစ်ပေါ်စေပါလိမ့်မယ်ဆိုတာမျိုး သူတို့ အာမခံထားချက် မရှိကြပါဘူး။ အကြောင်းအကျိုးဆက်စပ်မှုတွေရှိခဲ့ကြလို့သာ ဆရာတွေပြသတဲ့နည်းလမ်းနှင့် လမ်းတည့်သူတွေရှိသွားကြသလို အကြောင်းမတိုက်ဆိုင် မညီညွတ်လို့ တရားမတက်တဲ့သူတွေလည်း ရှိကြတာပါဘဲ။

ဒီတော့ စစချင်းတရားအားထုတ်မယ့်သူတစ်ယောက်အနေနှင့် မိမိနှင့် အဆင်ပြေလိမ့်မယ်လို့ထင်တဲ့ တရားနည်းတစ်ခုခုကို အခြေပြုပြီး စမယ်ဆိုရင် စကြည့်လိုက်ပါ။ ရိပ်သာတစ်ခုအနေနှင့် သတ်မှတ်ထားတဲ့ ငါးရက်၊ တစ်ပတ်၊ ဆယ်ရက်၊ ဆယ့်ငါးရက် စတဲ့ အချိန်အတောအတွင်း အဲဒီရိပ်သာက သင်ကြားပြသပေးတဲ့နည်းအတိုင်းကို သေသေချာချာ လေ့လာမှတ်သားပြီး အားထုတ်ကြည့်ပါ။ တရားဆိုတဲ့အရာကို လေ့လာသင်ယူစရာဘာသာရပ် (subject) တစ်ခုလို သဘောထားပြီး စိတ်ပါလက်ပါနှင့် လေ့လာကြည့်ပါ။ တချို့ လည်း အဆင်ပြေရင် အဲဒီရိပ်သာသတ်မှတ်ရက်တွေအတွင်း အသိဉာဏ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို စပြီးခံစားမိတတ်ကြပါတယ်။ တချို့ လည်း ဘာမှ ထူးထူးခြားခြား မဖြစ်ကြပါဘူး။ ဒီအတွက်တော့ သိပ်စိတ်ထဲမထားပါနှင့်။ နံပါတ်(၁) မှာ ကျွန်တော်သတိပေးထားခဲ့တဲ့အတိုင်း တရားကို အတ္တနှင့် အတင်းလုပ်ယူလို့မှ မရတာကို။ ဒါလေးကို နှလုံးသွင်းဆင်ခြင်ပြီး စိတ်အေးအေးချမ်းချမ်းသာ ထားလိုက်ပါ။ တကယ်တော့ ရိပ်သာဆိုတာ တရားနည်းကိုပြသပေးလိုက်ရုံသက်သက်ပါ။ တကယ်ပွားများအားထုတ်ရမှာက မိမိရဲ့ နေ့စဉ်ဘ၀အချိန်တွေမှာပါ။ တရားရိပ်သာက ပြသပေးလိုက်တဲ့နည်းလမ်းအတိုင်း နေ့စဉ်ရက်ဆက် ဆက်လက်အားထုတ်နိုင်ဖို့ကိုသာ အထူးကြောင့်ကြစိုက်ပြီး ကြိုးစားကြည့်ကြစေလိုပါတယ်။

ဒီလိုနေ့စဉ်အားထုတ်ကြည့်လို့ တစ်ဆထက်တစ်ဆ မိမိရဲ့  စိတ်နှင့်အသိဉာဏ်မှာ ပြောင်းလဲမှု၊ တိုးတက်မှုဖြစ်လာသလားဆိုတာကို သတိထားစောင့်ကြည့်ပေးပါ။ တကယ်နည်းမှန်လမ်းမှန်အားထုတ်လျက်နှင့်မှ ဘာမှထူးခြားမလာဘူး၊ ဒါမှမဟုတ် ပိုပြီးစိတ်ထဲရှုပ်ထွေးလာတယ်လို့ ခံစားရရင် ဒီတရားနည်းကို ပေပြီးဆက်မလုပ်သင့်ပါဘူး။ ခဏထားလိုက်ပါ။ အခြားနောက်ထပ်နည်းတစ်ခုခုကို ထပ်ပြီးစမ်းသပ်အားထုတ်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

ဒီနေရာမှာ သတိထားဖို့က တရားနည်းတွေကို ဟိုစပ်စပ်၊ ဒီစပ်စပ်နှင့် အားမထုတ်မိဖို့တော့လိုပါတယ်။ နည်းတစ်ခုကို အားထုတ်ကြည့်ပြီဆိုရင် ဆရာသမားတွေညွှန်ပြတဲ့အတိုင်း စနစ်တကျနှင့် လေးလေးစားစားလုပ်ကြည့်ဖို့တော့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါမှလည်း တိုးတက်မှုဖြစ်ပါလိမ့်မယ်။ ဒီလိုမဟုတ်ပဲ ဟိုနည်းကောင်းနိုးနိုး၊ ဒီနည်းကောင်းနိုးနိုး လျှောက်လုပ်တာမျိုးဆိုရင်တော့လည်း ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။

နောက်တစ်ခုက တရားအားထုတ်မှုနှင့်အတူ တရားစာပေတွေကိုလည်း တတ်နိုင်သလောက် လေ့လာနိုင်ရင်ပိုကောင်းပါတယ်။ ပါဠိတော်မြန်မာပြန်စာအုပ်တွေဖြစ်ဖြစ်၊ ဆရာတော်ကြီးများ ရေးသားပြုစုထားတဲ့ စာပေတွေကိုပဲဖြစ်ဖြစ်၊ ယောဂီဟောင်းတွေရဲ့  အတွေ့အကြုံတွေကို ပြန်လည်ပြောပြထားတာမျိုးကိုပဲဖြစ်ဖြစ် လက်လှမ်းမီသလောက် လေ့လာပေးပါ။ စာဖတ်အားမသန်ခဲ့ရင် အလုပ်ပေးတရားခွေတွေကို တတ်နိုင်သလောက်ရှာပြီးနာပါ။ နီးစပ်ရာ ရဟန်း၊ သံဃာနှင့် ဘာသာရေးဆိုင်ရာ ကျွမ်းကျင်နှံ့စပ်သူတွေကိုတွေ့ရင် မရှင်းတာတွေမေးပါ။ ဘာလို့ အဲဒီလိုပြောရသလဲဆိုတော့ တခါတလေ မိမိအားထုတ်နေရင်း ကိုယ့်ဖာသာဉာဏ်ထဲမရှင်းတဲ့နေရာမျိုးလေးတွေမှာ တခြားဆရာတစ်ဦးဦးရဲ့ အာဘော်ကနေ အဖြေရသွားတတ်တာမျိုးလည်း ရှိနိုင်သလို၊ တခါတလေ ငါ့ဆရာကဘဲ ဒီလိုသိတာဆိုတဲ့ ဆရာအပေါ် တအားအကြည်ညိုလွန်တဲ့ လွဲမှားတဲ့ အတွေးတွေဖြစ်လာတဲ့အခါမှာ အော် ငါ့ဆရာလိုမျိုး တခြားဆရာတွေလည်း သိကြပါလား။ ငါ့ဆရာပြောတာ မြတ်စွာဘုရားဟောခဲ့တဲ့ ဘယ်သုတ်တော်ကနေ ကောက်နုတ်ပြောလိုက်တာပဲ စသည်ဖြင့် အသိဉာဏ်ကို ချိန်ခွင်ညှာ တည့်အောင် ညှိပေးနိုင်လို့ပါ။

နောက်တစ်ခု အရေးကြီးတာကတော့ ကိုယ့်ကိုယ်ကို မညာမိဖို့ပါဘဲ။ ကိုယ်တကယ် တရားအသိဉာဏ်ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ ကိုယ့်ဖာသာ အသိဆုံးပါ။ တရားသဘောကလည်း တအားရှင်းပါတယ်။ ၀ မရှိဘဲ ၀ိလုပ်လို့ မရသလို၊ အခန်း (၁) မပြီးသေးဘဲ အခန်း (၂) ကို ကူးလို့ မရပါဘူး။ တကယ်လို့ ကိုယ်က စာမကျေဘဲ နောက် တစ်ခန်းကူးလိုက်မိမယ်ဆိုရင် ကိုယ့်အစာအိမ်အတွက် အစာမကျေတဲ့ အစားအသောက်တစ်ခုကို စားလိုက်မိသလိုမျိုးပါဘဲ။ အသိဉာဏ်ထဲမှာ အစာမကျေဖြစ်တတ်ပါတယ်။ ဒါလေးကိုလည်း ကိုယ့်ဖာသာ သတိထားမိဖို့လိုပါတယ်။ ဆရာသမားတွေအနေနှင့်က တခါတလေ အများနှင့် သင်ပြပေးရတာမို့ တစ်ဦးချင်းစီ ဘယ်အခြေအနေဖြစ်နေပြီဆိုတာမျိုးကို သတိမထားမိတတ်တာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ ဒီအခါမှာ အဆင့်ပိုမြင့်တဲ့ တရားတွေ ပြသချိန်မှာ ကိုယ်ကပါ အဲဒီထဲ ရောဝင်ပါလိုက်မိပြီး ကိုယ်တကယ် သဘောမပေါက်သေးတဲ့အကြောင်းအရာတစ်ခုမှာ ဆရာက ဒီလိုမြင်အောင်ရှုလို့ ပြောလိုက်လို့ အတင်းလုပ်ယူပြီး ရှုရတယ်ဆိုရင် ကိုယ်စိတ် ဆင်းရဲပင်ပန်းမှုသာ အဖတ်တင်ကျန်တတ်ပါတယ်။ မှည့်ဖို့အများကြီးလိုနေသေးတဲ့ သရက်သီးတစ်လုံးကို ဆန်အိုးထဲထည့်ပြီး အုပ်လိုက်တဲ့အခါ သရက်သီးက နုမှည့်ကြီးသာဖြစ်သွားနိုင်ပါတယ်။ အရသာရှိပြီး စားလို့ကောင်းတဲ့အသီးကိုတော့ ရမှာမဟုတ်ပါဘူး။

ဝိပဿနာတရားဆိုတာ တကယ်တော့ ဘယ်နည်းနှင့်ပဲ အားထုတ် အားထုတ် ရောက်ရမယ့် ပန်းတိုင်က တစ်ခုတည်းပါဘဲ။ ၀ိပဿနာလမ်းကြောင်းပေါ်မှာ အားလုံးဟာ အတူတူပါဘဲ။ နည်းတွေနှင့် ရှုပ်နေကြတာ တကယ်က ၀ိပဿနာလမ်းပေါ်ကို မရောက်နိုင်ကြသေးလို့ပါ။ မိမိတရားတိုးတက်မှု ရှိ၊ မရှိကို စမ်းစစ်ချိန်ကိုက်ကြည့်လို့ရတဲ့ အချက်လေးတွေရှိပါတယ်။ ၀ိပဿနာတရားဟာ ပညတ်ကနေခွဲထွက်ပြီး ပရမတ်ထဲကို ၀င်ရောက်ကျက်စားတဲ့တရားပါ။ မိမိရဲ့  အသိဉာဏ်ဟာ ပရမတ်ကို သဘောပေါက်တဲ့ အခြေအနေမှာ ရှိနေပြီလားဆိုတာနှင့် စမ်းစစ်ကြည့်လို့ရပါတယ်။ နောက် တစ်ခုက လက္ခဏာရေး (၃)ပါးပါ။ တကယ် ၀ိပဿနာဉာဏ်ဖြစ်ကြပြီဆိုရင် ဒီလက္ခဏာရေး (၃)ပါးထဲက တစ်ပါးပါးကိုတော့ ထင်ထင်ရှားရှား ဉာဏ်ထဲမှာ သိလာတတ်ကြပါတယ်။ နောက် တစ်ခုက ရုပ်နှင့်နာမ်ကို ခွဲခြားမြင်တတ်လာပါမယ်။ ပြီးတော့ အားလုံးကြားဖူးနေကြဖြစ်မယ့် ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်းပေါ့။ ဒါကိုလည်း အသိဉာဏ်ကနေပဲ သဲသဲကွဲကွဲ မြင်နိုင်သွားပါလိမ့်မယ်။ အခု ပြောခဲ့တဲ့ အခြေအနေတွေကို ကိုယ်ပိုင်ဉာဏ်နှင့် သိသွား၊ ကြုံဖူးသွားပြီဆိုတဲ့သူတစ်ယောက်အဖို့မှာ ၀ိပဿနာလမ်းကြောင်းပေါ်ကို မှန်မှန်ကန်ကန်ရောက်နေပြီလို့ သတ်မှတ်လို့ ရနေပါပြီ။ ကျန်တာကတော့ ကိုယ့်ဖာသာကိုယ် ဆက်ပြီး ကြိုးစားသွားဖို့်ပါပဲ။

တခါတလေ တရားကလည်း သိသလိုလိုနှင့် မသိသေးတာမျိုးလည်း ဖြစ်နေတတ်ပါတယ်။ ကျွန်တော်နှင့် အတော်ရင်းနှီးပြီး လေးစားချစ်ခင်ရတဲ့ ဘကြီးတစ်ဦးရှိပါတယ်။ တကယ်တရားသမားကြီးပါ။ တစ်သက်လုံး တရားအလုပ်ကိုပဲ တစ်စိုက်မက်မက်လုပ်လာခဲ့တဲ့သူပါ။ တခါတလေ သူ့အရပ်မှာ ရိပ်သာဖွင့်ပြီးတောင် ကိုယ်တိုင် တရားပြသတတ်ပါသေးတယ်။ ကျွန်တော်နှင့်ကြုံတိုင်းလည်း တရားအကြောင်းတွေဘဲ ဆွေးနွေးဖြစ်တတ်ပါတယ်။ တခါတော့ သင်္ကြန်ပိတ်ရက်တစ်ခုမှာ သူတရားသွားအားထုတ်ရင်း ပြန်လာတော့ ကျွန်တော့်ကို သူတွေ့ခဲ့တဲ့ တရားအတွေ့အကြုံတွေကို အားရ၀မ်းသာ ပြောပြပါတယ်။ သူပြောပြတာက တရားမှတ်ရင်း လမ်းလျှောက်ချိန်မှာ ခြေထောက်မှာခံစားရတဲ့ ရုပ်ရဲ့ ဖြစ်ပျက်လက္ခဏာတွေကိုပါ။ သူက အဲဒါမျိုး သူတစ်သက်လုံးမှာ မသိခဲ့ဖူးသေးကြောင်း၊ ရုပ်နာမ်ဖြစ်ပျက်ဆိုတာကို အခုမှ ကောင်းကောင်းသဘောပေါက်ကြောင်း ပြောတော့ ကျွန်တော် အတော်လေးအံ့သြသွားခဲ့ရပါတယ်။ သူနှင့် ဟိုးအရင်တရားဆွေးနွေးချိန်တွေတုန်းက သူပြောခဲ့တဲ့ ရုပ်တရား၊ နာမ်တရားတို့ရဲ့  ဖြစ်မှုပျက်မှုဆိုတာ ဘယ်လိုနားလည်မှုနှင့် သူပြောခဲ့တာပါလိမ့်လို့ တွေးမိပါတယ်။ (သူ့အပေါ် အထင်သေးတဲ့စိတ်မျိုးနှင့် ပြောလိုခြင်းမဟုတ်ပါဘူး။ တခါတလေ တရားက သိတယ်ထင်နေပေမယ့် တကယ်မသိသေးတာကို သတိထားလိုက်မိကြောင်း ပြောချင်တာပါ။)

နောက် သတိပေးချင်တာတစ်ခုလည်းရှိပါသေးတယ်။ ကျွန်တော်ကြုံခဲ့တဲ့ အတွေ့အကြုံထဲကပါပဲ။ တချို့ သောရိပ်သာများမှာ ပြသတဲ့နည်းတွေဟာ ဘုရားဟောတရားတော်တွေထဲကအတိုင်း မှန်ကန်ပြီး၊ အားထုတ်တဲ့ ပုဂ္ဂိုလ်တွေအတွက်လည်း လွယ်ကူသက်သာ တရားကို သိလွယ်၊ မြင်လွယ်စေပါတယ်။ ဒါပေမယ့် ခက်တာက အဲဒီရိပ်သာရဲ့ ဆရာသမားများက ဒီဘ၀မှာတင် တစ်မဂ်တစ်ဖိုလ်ရဖို့ဆိုတာ မလွယ်ကြောင်း (မဖြစ်နိုင်ကြောင်း) ဆရာအစဉ်အဆက် တပည့်တွေကို ပြောကြားဆုံးမသင်ပြနေကြတဲ့ ရိပ်သာမျိုးပါ။ သူတို့တွေနှင့် စကားပြောဆွေးနွေးလိုက်ရင် အခုတရားအလုပ်လုပ်တာဟာ နောက်ဘ၀အတွက် အထုံပါရမီဖြစ်ဖို့ပါဆိုတာမျိုးနှင့်ပဲ လမ်းဆုံးသွားတတ်ကြပါတယ်။

နောက်တစ်မျိုးတွေ့ရတာကတော့ သမထယာနိကလမ်းနှင့်ပြသပေးတဲ့ ရိပ်သာတစ်ချို့ မှာပါ။ သမထနှင့် ဈာန်အဆင့်ဆင့်ကို တက်ပြီးကာမှ ၀ိပဿနာကူးလို့ရမယ်ဆိုတဲ့ပုံစံမျိုး သင်ကြားပြသနေကြတာပါ။ အဲဒီမှာ အစွဲသန်တဲ့ တပည့်ကျော်ယောဂီများက အဲဒါကို တစ်စခန်းထပြီး တခြားသောရိပ်သာနည်းတွေမှာ ၀ိပဿနာကို တန်းပြီးအားထုတ်ကြတာ၊ သမထကို သုံးလေးရက်အားထုတ်ပြီး ၀ိပဿနာဘက်ကူးသူများကို မဖြစ်နိုင်တာလုပ်ကြသူများလို့ ထင်တတ်ကြပါတယ်။ အဲဒီလိုရိပ်သာမျိုးမှာ အားထုတ်နေမိတဲ့သူများအတွက် အကောင်းဆုံးအကြံပေးချင်တာကတော့ ခုနအပေါ်မှာ ပြောခဲ့သလို တရားလည်း အားထုတ်ရင်း တရားစာပေတွေကိုလည်း လက်လှမ်းမီသလောက် လေ့လာစေချင်တာပါဘဲ။ ဒါမှ ကိုယ့်ဆရာသမားတွေပြောတာဟာ စာပေကျမ်းဂန်နှင့်ကိုက်ညီမှုရှိမရှိ သိနိုင်မှာပါ။

နံပါတ် (၂) ကို ဘာလို့ ကျွန်တော်ပြောရတာလဲဆိုတော့ တရားအားထုတ်ကြတဲ့သူတော်တော်များများကို မေးလိုက်ရင် “ဆရာသမားက ဒီလိုပဲမှာထားတယ်။ ရိပ်သာမှာက အဲဒီအတိုင်းပဲလုပ်တယ်။ ကျန်တာတွေမသိဘူး။ စိတ်လည်း မ၀င်စားဘူး ” ဆိုတာမျိုး ဖြေတတ်ကြပါတယ်။ ၀ိပဿနာတရားအားထုတ်ကြရာမှာ အဆင့်မြင့်လူ့အဖွဲ့အစည်းတွေမှာ မရှိမဖြစ်လိုအပ်တဲ့ Proactive ဆိုတာလေးလည်း ရှိဖို့ လိုလိမ့်မယ်လို့ ထင်ပါတယ်။ ဆရာသမားကတော့ ဒီလိုမှာထားပါတယ်။ မြတ်စွာဘုရားရှင်ကတော့ ဒီလိုဟောထားခဲ့တယ်။ ဘယ်ဆရာသမားတွေကတော့ ဘယ်လိုမျိုး ပြောထားတယ်။ ကိုယ်တိုင် အားထုတ်တဲ့အခါမှာ ဘယ်လိုမျိုးလေး လုပ်တာက ကိုယ့်အတွက် ပိုတရားသိလွယ် မြင်လွယ်တယ် ဆိုတာမျိုး တရားအားထုတ်သူဘက်က ကိုယ်ပိုင်ဝေဖန်သုံးသပ်နိုင်မှုလေး ရှိရင်တော့ ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်။ (ကိုယ့်ဆရာသမားပြောတဲ့အတိုင်း လိုက်လုပ်တာလည်း လမ်းမှန်ကျပြီး ကိုယ့်အတွက် လွယ်ကောင်းလွယ်နိုင်ပါတယ်။) ကျွန်တော်ဆိုလိုချင်တာက မေးလိုက်ရင် ဆရာကိုချည်း၊ ရိပ်သာကိုချည်း ပုံချလိုက်တာမျိုးမဟုတ်ပဲ မြတ်စွာဘုရားရှင်အလိုတော်နှင့် ချိန်ညှိဖို့၊ တခြားဆရာသမားတွေရဲ့  အယူအဆကိုလည်း လေ့လာဖို့၊ ကိုယ်ကိုယ်တိုင်ရဲ့  အတွေ့အကြုံလေးပါ ထည့်စမ်းကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

တရားအလုပ်ကို စလုပ်မယ်လို့ စိတ်ကူးနေကြသူများအတွက် အကြံပေးချင်တာကတော့ မိမိနှင့် အဆင်ပြေမယ့် တရားနည်းတစ်ခု (ရိပ်သာတစ်ခု) ကိုရွေးပါ။ အဲဒီက သင်ကြားပြသတာကို စနစ်တကျသင်ယူလေ့လာပါ။ တရားလောဘ သိပ်မကြီးပါနှင့်။ အနတ္တတရားမို့လို့ အကြောင်းညီညွတ်ရင် သူ့အလိုလိုရ ရသွားပါလိမ့်မယ်။ ကိုယ့်ဘက်ကသာ မှန်မှန်ကြိုးစားနေပေးဖို့ပါ။ စလုပ်ဖြစ်သွားဖို့နှင့် စွဲစွဲမြဲမြဲဆက်လုပ်သွားဖို့က အဓိကလိုရင်းပါလို့ ပြောချင်ပါတယ်။

အားထုတ်လက်စပုဂ္ဂိုလ်များကို အကြံပေးချင်တာကတော့ မိမိတရား တိုးတက်မှုရှိမရှိကို အမြဲသတိထားကြည့်ပေးပါ။ ကိုယ့်ကို အကောင်းဆုံး တရားစစ်ပေးမှာက လောကဓံတရားတွေပါဘဲ။ မင်္ဂလာတရားတော်မှာပါတဲ့ “ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ၊” ဆိုတဲ့ မင်္ဂလာတရားဟာ ကိုယ့်အတွက် တရားမှတ်ကျောက်တိုက်သလို ဖြစ်နေစေမှာပါ။ ၀ိပဿနာတရားဟာ ထိုင်ပြီးမှတ်မှ မှတ်လို့ရတဲ့တရားမျိုးလည်း မဟုတ်ပါဘူး။ တစ်နေ့လုံး အိပ်ရာနိုးတဲ့အချိန်ကနေ ညအိပ်ရာဝင်တဲ့အချိန်အထိ မှတ်လို့ရနေတာပါ။ ရိပ်သာတွေမှာ တရားထိုင်ချိန်ဆိုပြီး နာရီတွေနှင့် သတ်မှတ်ထားပေမယ့် နေ့စဉ်ဘ၀အားထုတ်ချိန်မှာတော့ မနက်မိုးလင်းကနေ ညမိုးချုပ်အထိ တရားချိန်လို့သတ်မှတ်ပြီး အားထုတ်နိုင်ရင် အကောင်းဆုံးပါဘဲ။ အချိန်သတ်သတ်မှတ်မှတ်ပေးနိုင်တဲ့အခါ Formal Sitting နှင့်လည်း တရားကိုအားထုတ်ပါ။ ကျန်အချိန်တွေမှာတော့ Living Meditation လို့ခေါ်တဲ့ တစ်နေ့တာ လုပ်စရာ ကိစ္စအ၀၀ကို လုပ်နေရင်းနှင့် တရားရှုမှတ်နှလုံးသွင်းတာကိုလည်း မဖြစ်မနေ လုပ်ကြစေလိုပါတယ်။ အဲဒီလို တစ်နေ့တာလုံး တရားကို တစ်နည်းနည်းနှင့် အမြဲအားထုတ်ဖြစ်နေအောင် ကိုယ့်ဖာသာ တတ်နိုင်သလောက် လေ့ကျင့်ယူပေးကြပါလို့ ပြောချင်ပါတယ်။

အခုပြောခဲ့တဲ့ အခြေခံအချက်(၂)ချက်ဟာ တရားစစအားထုတ်ခါစအချိန်တစ်ခုတည်းမှာသာ လိုအပ်တာမဟုတ်ပဲ တရားအားထုတ်နေသမျှကာလပတ်လုံး ဒီနှစ်ချက်ဟာ အမြဲ လိုအပ်နေမှာ ဖြစ်ပါတယ်။

ကျွန်တော်လည်း သိပ်သိနေလို့ ဒီစာကိုရေးတာတော့ မဟုတ်ပါဘူး။ ခရီးတစ်ခုသွားနေရင်း လမ်းမှာ ကိုယ်နှင့်ခရီးတူသွားမယ့်သူတွေကို ကိုယ်သိသလောက် လမ်းကူပြပေးတဲ့သဘောမျှပါပဲ။ တချို့ လည်း ဒီခရီးအကြောင်း ကိုယ့်ထက်ပိုသိကြသူတွေလည်း ရှိနေမှာပါ။ အဲဒီပုဂ္ဂိုလ်များက ကျွန်တော်အခုရေးတဲ့အထဲ လွဲမှားတာတွေပါခဲ့ရင် မေတ္တာရှေ့ ထား ပြင်ပေးကြပါလို့.....။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
ဇွန်လ ၂၈ ရက်၊ ၂၀၁၁ခုနှစ်။

Wednesday, July 27, 2011

ခေါင်းဆောင်တို့ ကျင့်စဉ်



သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်ပွဲ

တတိယမြောက်နေ့

ကြွရောက်လာသော လူမှုအဖွဲ့အစည်း ပရိသတ်တို့အား

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရဟောကြားအပ်သော

ခေါင်းဆောင်တို့ ကျင့်စဉ်

သုမင်္ဂလော အယံကာလော၊ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတဲ့အခါကောင်းပါ။ မင်္ဂလာကောင်း အခါကောင်းမှာ အားလုံးကို မင်္ဂလာစကားပြောပါမယ်။ မင်္ဂလာစကား ပြောကြားခွင့် ရလို့၊ ပြောကြားခွင့်ရဆိုရာမှာ အသင်းအဖွဲ့ပေါင်းစုံ၊ လူမျိုးလည်း တော်တော် စုံတဲ့ ပွဲမှာ ပြောကြားခွင့်ရလို့ ပိုပြီးတော့ ၀မ်းသာတယ်။

ရှေးဦးစွာ နားထောင်ကြတဲ့ ပရိသတ်ကို မေတ္တာရပ်ခံထားချင်တာ နှစ်ခု ရှိပါတယ်။ တစ်ခုက ငြိမ်ငြိမ်တိတ်တိတ်၊ တိတ်တိတ်ဆိတ်ဆိတ် မြတ်စွာဘုရားကြိုက်တဲ့ မူဝါဒ၊ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ရဲ့ Country-side-ဒေသမှာ ရဟန်းခံ လာကြတဲ့ ကျေးလက်က ရဟန်းအပါး (၅၀၀) ဘုရားနဲ့ သာရိပုတ္တရာ၊ မောဂ္ဂလာန်တို့ နေရာကို ဘုရားဖူးဖို့ ရောက်လာကြတယ်။ ဟိုအလွန်ဝေးတဲ့ Remote place-ကနေ သာဝတ္ထိဆိုတဲ့ Capital-ကို ရောက်တော့ သူတို့မှာ မမြင်ဘူးတာ၊ မတွေ့ဘူးတာတွေ၊ မကြားဘူးတာတွေ သိပ်များတော့ မြင်လိုက်ရင် ဟာကနဲ့၊ ဟယ်ကနဲ့ အခုနက တမ္ပ၀တီဦးဝင်းမောင်ပြောတဲ့ ပန်းဆယ်မျိုးကို စိတ်ဝင်စား တတ်ရင် ဒီကျောင်းတော်ကြီး ထဲမှာ ဟာ, ဟယ် ဒီလိုဖြစ်တယ်။ အဲဒီလို ဇေတ၀န် ကျောင်းတော်ကြီးကို ရောက်တော့ တအံ့တသြတွေ ဖြစ်တော့ တပါးနဲ့ တပါး အပါး (၅၀၀) တောက ကိုယ်တော်တွေရော၊ မြို့က ကိုယ်တော်တွေရော ဆုံလိုက်တော့ နှုတ်ဆက်စကား ပြောတာ၊ တောကကိုယ်တော် (၅၀၀)နဲ့ မြို့က ကိုယ်တော် အပါး (၅၀၀)စကား ပြောရင် အပါး (၁၀၀၀)ပြောတဲ့ စကားဖြစ်မယ်။ အဲဒါတွေ ဇေတ၀န် ကျောင်းတိုက်ကြီးမှာ ညံနေတာ၊ ဆူနေတာ၊ အဲဒါတွေ မြတ်စွာဘုရားကြားတော့… ဟဲ့ ဟဲ့. . . ညံလှချည်လား ကျောင်းတိုက်ကြီးမှာ ဘာသံတွေလဲ? တောရဟန်းနဲ့ မြို့ရဟန်းတွေ မတွေ့တာကြာလို့ နှုတ်ဆက်တဲ့ အသံတွေ ပါဘုရား။

ဟယ်… အင်းကြီးတစ်ခုမှာ တံငါသည်တွေ ငါးပက်တော့ ရေတွေကခန်း ငါးတွေက ကျိကျိတက် ပေါ်လာတဲ့အခါ တံငါသည်တွေ လုပြီးတော့ ငါးဖမ်းတော့ ဆူညံနေတဲ့ အသံတွေလိုပဲလို့ ဘုရားရှင်က ဆိုတော်မူတယ်။ ရဟန်းတော်တွေ တံငါသည်တွေ ငါးဖမ်းသလို ဆူညံနေတယ်။ ဘယ်သူ့တပည့်တွေလဲ? အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်တို့ရဲ့ တပည့်တွေပါဘုရား၊ သွား. . . မင်းတို့ တပည့်(၅၀၀)ကိုခေါ်, မင်းတို့ ကျောင်းကထွက်၊ အရှင်သာရိပုတ္တရာရော၊ အရှင်မောဂ္ဂလာန်ရော တပည့်တွေကို ကောင်းကောင်း မဆုံးမနိုင်လို့ မြတ်စွာဘုရားက ဘာလုပ်လိုက်လဲ? ပရိသတ်ပြော၊ မြတ်စွာဘုရားက ဘာလုပ် လိုက်လဲ? နှင်ထုတ်လိုက်ပါတယ်ဘုရား။ ဘုန်းကြီးကျောင်းက အထုတ် ခံရမှာ ကြောက်လို့ အားလုံးပရိသတ်က ငြိမ်ငြိမ်နေကြပါ။ ဘုရားက အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်ကို ဘာလုပ်လိုက်လဲ? တပည့်တွေကို ကောင်းကောင်း မဆုံးမနိုင်တော့ ဆရာပါ နှင်ထုတ်တယ် မဟုတ်လား? တင်ပါဘုရား။

ဒီကနေ့ အားလုံးလာကြတဲ့ ပရိသတ်ဟာ ဘုန်းကြီးကို ဆရာလို့ သဘောထားရင် အားလုံးက ကိုယ့်ကိုယ်ကို တပည့်လို့ သဘောထားရင် တပည့် ဆူရင် ဆရာပါ ဘာဖြစ်လဲ? နှင်ထုတ်ခံပါတယ်ဘုရား။ နှင်ထုတ်ခံရမှာ ကြောက် ပါတယ်။ အားလုံးပဲ ငြိမ်ငြိမ်နေကြပါ။

နောက်တစ်ချက် မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးတဲ့နောက် ဓာတ်တော်တွေကို ဝေခြမ်းမလို့ ပြင်ဆင်တဲ့နေ့က ရှစ်ပြည်ထောင်မင်းတို့ ဓားလှံလေးမြှား လက်နက်တွေနဲ့ ဓာတ်တော်တွေကို လုမလို့ အုံးအုံးကျွက်ကျွက် ဓားတ၀င်းဝင်း၊ လှံတ၀င်းဝင်း ဖြစ်ကြတယ်။ အိမ်ရှင်နိုင်ငံဖြစ်တဲ့ မလ္လာမင်းတို့ကလည်း တို့နယ်မြေမှာ ပရိနိဗ္ဗာန်စံတဲ့ မြတ်စွာဘုရားရဲ့ ဓာတ်တော်ဟာ တို့ပဲ ပိုင်တယ်။ ဘယ်သူ့မှ မပေးဘူး။ ကျန်တဲ့ မင်း ခုနစ်ပါးတို့ကလည်း တို့ဘုရားမို့ တို့လည်းပိုင်တယ်။ မြတ်စွာဘုရားကို အမျိုး တော်ချင်ကြတာနော်။ ပရိသတ်ရေ… ဘာဖြစ်ချင်ကြတာလဲ? အမျိုးတော်ချင် ကြတာပါ ဘုရား။ အခု ခင်ဗျားတို့ ဘာကို အမျိုးတော်ချင်ကြတာလဲ? ကိုယ်တော် ချင်တဲ့ အမျိုး ကိုယ့်ဘာသာကို ရှာ။ ဘုရားကို အမျိုးတော်ချင်ကြလိုက်ကြတာ။ အဇာတသတ်ကလည်း မြတ်စွာဘုရားက တို့အမျိုး၊ ကပိလ၀တ်က သာကီဝင်တွေနဲ့ ဒေ၀ဒဟက ကောလိယ၀င်တွေကတောင် ဘာမှ မပြောရသေးဘူး၊ အဇာတသတ်က စပြောလာတယ်၊ ဘုရားဟာ တို့အမျိုးတဲ့….၊ ဒီလို ဒီလို။ အဲဒီတော့ သူလည်း ဘုရားအမျိုး ငါလည်း ဘုရားအမျိုး ဒီလိုဖြစ်ကုန်တယ်။ ဘာလိုချင်လို့လဲ? ဓာတ်တော်လိုချင်လို့။ အဲဒီတော့ ဓားတ၀င်းဝင်း လှံတ၀င်းဝင်းနဲ့ ဓာတ်တော်လုတဲ့ ပွဲ။ ဘုရားအမျိုးတွေက ဓားလှံတ၀င်းဝင်းနဲ့ ဓာတ်တော်လုမလို့ ဖြစ်တော့ အခြေအနေက မကောင်းဘူး။ အဲဒါကို ထိန်းမည့် ပုဂ္ဂိုလ်က မရှိဘူး။

အဲဒီတော့ ပေါ်လာတဲ့ ပုဂ္ဂိုလ်က ဘယ်သူလဲဆိုတော့. . . ဟိုရှေးတုန်းက တက္ကသီလဆိုတဲ့ မြို့တော်ကြီးမှာ နှစ်ပေါင်းများစွာ ဆရာလုပ်ခဲ့ဘူးတဲ့ တက္ကသိုလ် ပါမောက္ခချုပ် အငြိမ်းစား ဒေါဏ၊ သူက ဒီပွဲရောက်နေတာ။ ကြည့်လိုက်တော့ ဓားတ၀င်းဝင်း လှံတ၀င်းဝင်းနဲ့ ဓာတ်တော် လုမည့် မင်းတွေဟာ ဒီကောင်တွေ အကုန်လုံး ငါ့တပည့်တွေ။ ငါ့တပည့်တွေ ငါပြောရင် ရလောက်တယ်ဆိုပြီးတော့ စင်မြင့်ပေါ် တက်ပြီးတော့ သူကအော်လိုက်တာ။ ပါမောက္ခချုပ်ဒေါဏဆရာကြီး အော်တဲ့ စကား (၂)ခွန်း မှတ်ရအောင်။ "အမှာကံ ဗုဒ္ဓေါ ခန္တိဝါဒေါ" တို့များရဲ့ ဘုရားဟာ ခန္တီဝါဒီပုဂ္ဂိုလ် ဖြစ်တယ်။ တို့ဘုရားဟာ ဘာဝါဒကို ကိုင်ထားလဲ ပရိသတ်? ခန္တီဝါဒပါဘုရား၊ ခန္တီဝါဒ။ ဒီထဲကလူတွေ ဘာဝါဒတွေ ကိုင်ထားလဲ? ကိုင်ချင်တဲ့ ၀ါဒကိုင်၊ အဲဒါတွေ အားလုံး ခန္တီဝါဒအပေါ်မှာ အခြေဆိုက်ရမယ်။ ခန္တီ. . . မြေကြီးပေါ်မှာ ဒီလူတွေ နေတယ်၊ ဒီလူတွေ နေ့တိုင်း. . ., စကားလုံးလေး နဲနဲရိုင်းရိုင်းလေးပြောရင် ခန္တီအဓိပ္ပါယ် ပိုရှင်းတယ်။ သည်းခံပြီး နားထောင်ပါ၊ ဂမ္မဒေါသရောက်တယ်လို့ အပြစ်မတင်ပါနဲ့၊ ဒီမြေကြီးပေါ်မှာ နေတဲ့ ဒီလူတွေ ဒီမြေကြီးပေါ်မှာ ဒီလူတွေ ချေးယိုတယ်၊ သေးပေါက်တယ်။ မြေကြီးဘယ်တော့မှ reject-မလုပ်ပါဘူး။ ယိုချင်တိုင်း ယို၊ အရှိ အရှိအတိုင်းထား။ ဒီလူတွေပဲ ဒီမြေကြီးကို လှချင်လို့ ပန်းတွေနဲ့ အလှပြင်ပြန်ရော…၊ ဟာ… ငါ့မြေကြီး သိပ်လှနေပြီ ဆိုပြီးတော့ စိုက်ထားတဲ့ ပန်းပင်တွေကို ဒီမြေကြီးက attach-လည်း မဖြစ်လို့ accept-လည်း မလုပ်ပါဘူး။ လှလို့လည်း မမက်မောဘူး။ ညစ်ပတ် အရုတ်ဆိုးလို့လည်း စိတ်မပျက်ဘူး။ အဲဒါဟာ quality, qualification of leader. ခေါင်းဆောင်တွေမှာ ဒါဟာ အရေးကြီးတဲ့ အရည်အချင်းပဲ။ ကောင်းချင်တိုင်းကောင်း မမက်မောဘူး၊ ဆိုးချင်တိုင်းဆိုး စိတ်မပျက်ဘူး။ မြေကြီးနဲ့ တူတဲ့အကျင့် ခန္တီခေါ်တယ်။ အကျယ်တ၀င့်ပြောဖို့ ဘုန်းကြီးတို့ ဒီနေ့ အချိန်မယူပါဘူး။ နိဒါန်းလောက်ပြောရင် ဘုန်းကြီးတို့ တရားတွေ ရှာနာပါ။ ခန္တီ။ အမှာကံ ဗုဒ္ဓေါ အဟု ခန္တိဝါဒေါ။ တို့ဗုဒ္ဓဟာ ဘာဝါဒလဲ? ခန္တီဝါဒပါဘုရား။ အားလုံးမြေကြီးလို ကျင့်သုံး ကြရမယ်။ မကောင်းဆိုးဝါးတွေ လာချင်တိုင်းလာ စိတ်မပျက်ပါဘူး။ အကောင်းနဲ့ အဆိုးတွေ ပေးချင်တိုင်း ပေး၊ မမက်မောပါဘူး။ ခန္တီတရား. . . ဒါဟာ ဗုဒ္ဓရဲ့ ၀ါဒပဲ။

နောက်တခု အမှာကံ ဗုဒ္ဓေါ သန္တိဝါဒေါ။ ခန္တီဝါဒကို မကိုင်နိုင်ရင် သန္တိဝါဒကို ချမှတ်လို့ မရဘူး။ မခံနိုင်ဘူးဟေ့လို့ဆိုရင် သန္တိဟာ မဖြစ်နိုင်တော့ဘူး။ နောက် လာမည့်ဝါဒက ဘာလဲဆိုတော့ သန္တိဝါဒ။ ဘာများပါလဲ? သန္တိဝါဒပါဘုရား။ နောက် လာမည့်ဝါဒက သန္တိဝါဒ။ တို့ဘုရားရဲ့ဝါဒက သန္တိဝါဒ။ ကုလားလို့ ပြောရရင် သျှန္တီဝါဒ။ ငြိမ်းချမ်းတဲ့ဝါဒ။ ခန္တီရှိတော့မှ သန္တိ။ အဲဒီမှ ခန္တီရဲ့နောက်မှ မေတ္တာ ပါလာမယ်။ မေတ္တာကို တဆက်တည်းပြောရရင် ရေနဲ့တူအောင် ကျင့်။ ရေ… မြန်မာနိုင်ငံမှာ ရေပေါင်းများစွာမှာ Brand name-တွေ တစ်ရာကျော်လောက် ရှိမယ်ထင်တယ်။ ဘယ်နာမည်နဲ့ ထုတ်တဲ့ ဘာရေပဲ ဖြစ်ဖြစ် သတ္တိက နှစ်မျိုးထဲပဲ- သန့်ရှင်းတာနဲ့ အေးချမ်းတာ။ ဘယ်နမျိုးလဲ? နှစ်မျိုးပါဘုရား။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းစသည် နာမည်ပဲ ကွဲတယ်။ သောက်လိုက်ရင် အေးတယ်၊ ချိုးလိုက်ရင် သန့်ရှင်းတယ်။ တရုတ်၊ ကုလား၊ အမေရိကန် ဘယ်တိုင်းပြည်ကထွက်တဲ့ ရေပဲ ဖြစ်ဖြစ် ဘာရလဲ? သန့်ရှင်းတာနဲ့ အေးချမ်းတာ နှစ်မျိုးပဲ ရတယ်။ ကုလားရေကို တရုတ်သောက်လည်း ဒီနှစ်မျိုးပဲ အကျိုးထွက်တယ်။ တရုတ်ရေကို ကုလားသောက်လည်း ဒီနှစ်မျိုးပဲ အကျိုးထွက်တယ်။ မေတ္တာဆိုတာ ရေနဲ့တူတယ်။ လူသားတိုင်းကို တညီတည်း အေးချမ်းစေချင်တယ်။ လူသားတိုင်းကို တညီတည်း နှလုံးစိတ်ဝမ်းအေးချမ်းစေချင်တယ်။ ဘ၀သန့်ရှင်းစေချင်တယ်။ အဲဒါ ခန္တီနဲ့ မေတ္တာ၊ မေတ္တာနဲ့ ခန္တီ၊ အဲဒါဘယ်သူ့ဝါဒလဲ? ဗုဒ္ဓရဲ့ဝါဒပါဘုရား။ အဲဒီနှစ်ခုလက်ကိုင်ထားမှ နောက်ကဘာရလဲ? သန္တိဆိုတဲ့ Peace ငြိမ်းချမ်းခြင်းကို ရနိုင်တယ်။ ဆိုတော့… ဘုရားကို အကြောင်းပြုပြီး ဓားတ၀င်းဝင်း လှံတ၀င်းဝင်း မလုပ်ကြနဲ့။ တို့ဘုရားဟာ ခန္တီဝါဒ, သန္တိဝါဒ။ သန္တိဝါဒဘုရားကို အကြောင်းပြုပြီးတော့ ဓားတွေ တ၀င်းဝင်း၊ လှံတွေ တ၀င်းဝင်း မပြကြနဲ့ဟေ့။ ဓားတွေ လှံတွေ ချလိုက်ကြ။

ဒီတော့ ရှစ်ပြည်ထောင် မင်းတွေ အကုန်လုံးက ကြည့်ကြတယ်၊ အသံဝါကြီးနဲ့ အော်နေတာ ဘယ်သူများလဲ? ဒါ. . .တို့ဆရာကြီး၊ ဆရာကြီးပြောတဲ့ စကားတော့ တို့နားထောင်မှပဲ။ အားလုံး ဓားလှံတွေ ချပြီးတော့ ဓာတ်တော်ဝေပွဲဟာ အေးအေး ချမ်းချမ်း ပြီးသွားတယ်။ အဲဒါကြောင့် ဒီကနေ့ ဗုဒ္ဓတက္ကသိုလ်ကြီး ဖွင့်ပွဲကို ကြွရောက်လာကြတဲ့ အသင်းဖွဲ့ ပရိသတ်အားလုံးတို့ အငြိမ်းစားပါမောက္ခချုပ်ဟောင်း ဦးဒေါဏပြောတဲ့ ခန္တီတရား၊ သန္တိတရား လက်ကိုင်ထားပြီးတော့ ဒီကနေ့ ဒီအစည်းအဝေး၊ ဒီအခမ်းအနားက စပြီးတော့ မည်သည့်လုပ်ငန်းကို ဆောင်ရွက်စေကာမူ ဗုဒ္ဓရဲ့ ဒီဝါဒနှစ်ပါး လက်ကိုင်ထား။ ခန္တီနဲ့ မေတ္တာလက်ကိုင်ထား၊ သန္တိဖြစ်အောင် ဆောင်ရွက်ကြပါလို့ ဘုန်းကြီးက ဒုတိယအနေနဲ့အားလုံးကို တိုက်တွန်းပါတယ်။

နောက်တတိယပြောချင်တဲ့ အချက်က လာကြတဲ့ ပရိသတ်တွေ လူမှုရေး ဆောင်ရွက်တဲ့ အသင်းအဖွဲ့တွေ၊ ဘာသာရေးဆောင်ရွက်တဲ့ အသင်းအဖွဲ့တွေ၊ နိုင်ငံရေး ဆောင်ရွက်တဲ့ အသင်းအဖွဲ့တွေ ဆိုင်းဘုတ်ကတော့ အမျိုးမျိုးပဲ။ ဘာသာရေး အသင်း အဖွဲ့လည်း နာမည်မျိုးစုံပဲ၊ လူမှုရေးအဖွဲ့လည်း နာမည်မျိုးစုံပဲ၊ နိုင်ငံရေးအဖွဲ့လည်း နာမည်မျိုးစုံပဲ၊ အဲဒါ ဆိုင်းဘုတ်တွေပဲ။ အဲဒီဆိုင်းဘုတ်တွေကို ခွာပြီးတော့ အရှိကို အရှိအတိုင်း ကြည့်နိုင်ဖို့တော့ တော်တော် အရေးကြီးတယ်။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် ဗမာပြည်မှာ အလွန်အရေးပါတဲ့ မြစ်ကြီးတွေ။ ဧရာဝတီရယ်၊ ချင်းတွင်းရယ်၊ စစ်တောင်းရယ်၊ သံလွင်ရယ်၊ ကုလားတန်ရယ် နာမည်တွေ အများကြီးပဲ။ အဲဒီ different name-တွေဟာ ဘယ်အပေါ်မှာပဲ ရှိတာလဲ? Only in the land, မြေကြီးပေါ်မှာပဲ။ သူတို့ရဲ့ ဦးတည်ချက်က ဘယ်မှာလဲ? They are flowing successfully, continuously, their destination is only ocean။ သူတို့ရဲ့ destination-က တစ်ခုတည်းပဲ။ မြစ်တွေနာမည်သာ ကွဲတာ၊ ပန်းတိုင်က တစ်ခုတည်းပဲ။ အဲဒါကို ကောင်းကောင်းကြီး မြင်ဖို့ လိုတယ်။ အဲဒါ clear vision-လို့ ခေါ်တယ်။ ပါဠိလိုပြောရင် သမ္မာ ဒဿန-လို့ ခေါ်တယ်။ အဲဒီ clear vision-မဖြစ်သေးသမျှ ဧရာဝတီက ကြည်တယ်ကွ၊ ချင်းတွင်းက နောက်တယ်ကွဆိုရင် အဲဒီမှာ conflict-ဖြစ်တာပဲ။ နာမည်ကို ဖောက်ပြီး ရေကို ရောက်အောင် ကြည့်ပါ။ ဟုတ်ပီလား? တင်ပါပါဘုရား။ နာမည်ကို ဖောက်ပြီး ရေကို ရောက်အောင် ကြည့်လိုက်ရင် ရေက ဘာဖြစ်လဲ? သတ္တိနှစ်မျိုးပဲ ရှိတယ်။ ဘာနဲ့ ဘာလဲ? သန့်ရှင်းခြင်းနဲ့ ကြည်လင်ခြင်းပါဘုရား။ ဧရာဝတီလည်း ဒါပဲ၊ ချင်းတွင်းလည်း ဒါပဲ။ သံလွင်ကော၊ စစ်တောင်းကော? ဒါပဲ။ နာမည်ကို ငြင်းခုံနေရင်ဖြင့် ပင်လယ်ကို တော်တော်နဲ့ ရောက်ကြမှာ မဟုတ်ပါဘူး။ မြစ်ရေတွေဟာ ပင်လယ်ထဲ စီးသွားကြတယ်၊ ပင်လယ်ထဲရောက်တော့ . . . ဟေ့ ဧရာဝတီကရေ ချင်းတွင်းထဲ လာမပေါင်းနဲ့ဆိုပြီးတော့ ဟိုမှာ ရသေးလား? မရပါဘူး ဘုရား။ စစ်တောင်းက ရေလည်း ဧရာဝတီရေနား မကပ်နဲ့၊ တခြားစီနေကြ, နေလို့ ဖြစ်သေးလား? မဖြစ်ပါဘူးဘုရား။ အဲဒါတကယ့် United-ပဲ၊ တကယ့် Unity-ပဲ၊ တကယ့် Harmony-ပဲ။ ဘယ်ထဲမှာ သွားပေါင်းလဲ? ငန်သော အရသာ၊ ပြာသောအဆင်းဆိုတဲ့ ပင်လယ်ကြီးမှာ မြစ်အားလုံးတို့က ရေတွေ ပေါင်းသလိုပဲ။ သန္တိဆိုတဲ့. . . ဗုဒ္ဓရဲ့ စကားအရပြောရင် ငြိမ်းချမ်းတဲ့ နိဗ္ဗာန်မှာ အားလုံး ပေါင်းဖို့ရန်အတွက် ကုန်းမြေပေါ်မှာ နေနေခိုက် နာမည် လေးတွေကို ကြည့်ကြည့်ပြီးတော့ ငြင်းခုံ မနေကြပါနဲ့။

အခုဒီမှာ အားလုံး ထိုင်နေကြတယ်၊ ဒါဘာလဲ? ဗုဒ္ဓတက္ကသိုလ် Convocation hall, နာမည်က ဒီအတိုင်းပေးထားတယ်။ အကယ်၍ ဒီအဆောက်အဦးကြီးထဲမှာ ဘုရင်ကြီးနဲ့ မိဖုရားကြီးလာနေတယ်ဆိုလို့ရှိရင် ဗုဒ္ဓတက္ကသိုလ် Convocation hall-မဟုတ်တော့ဘူး၊ Palace-ဖြစ်သွားမယ်။ အကယ်၍ ငါးပိတွေ ငါးခြောက်တွေ လာတင်ရောင်းတော့ ဘာဖြစ်သွားမလဲ? Bazaar, Market- ဈေးကြီး ဖြစ်သွားမယ်။ အကယ်၍ အရက်တွေ, ဘာတွေ လာရောင်းကြမယ်၊ ခေါက်ဆွဲတွေ, ဘာတွေ လာကြော် ရောင်းကြမယ်ဆိုတော့ ဒီအဆောက်အဦးကြီးက ဘာဖြစ်သွားမလဲ? Bar and restaurant ဖြစ်သွားမယ်။ ဘာလဲ? နာမည်တွေ ပြောင်းတာ။ တကယ့် Structure-က ဘာလဲ? သံချောင်းရယ်၊ အုတ်ရယ်၊ အင်္ဂတေရယ် ဒါပဲ။ နန်းတော်ကြီးလည်း ဒါနဲ့ပဲ ဆောက်တယ်၊ အိမ်သာလည်း ဒါနဲ့ပဲ ဆောက်တယ်၊ ဘုရားကျောင်းလည်း ဒါနဲ့ပဲ ဆောက်တယ်။ အထဲက သံချောင်းနဲ့၊ အုတ်နဲ့၊ အင်္ဂတေနဲ့ အဲဒါကို မမြင်တော့ အပေါ်က အဆောက်အဦးကြီးလောက် ကြည့်ပြီးတော့ ဘာဖြစ်လဲ? Beauty, I love. Ugly-ဆိုတော့ I hate။ အဲဒါတွေ မဖြစ်ရအောင် reality-ကို မြင်အောင် ကြည့်ရအောင်။ အရှိတရားနဲ့ အမှန် တရားဟာ အထဲမှာ ရှိတာ။ ပါဠိကို ရွတ်ချင် ရွတ်ပေါ့ . . . အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓံ ၀ါ

တကယ်တော့ နာမည်တွေက အလကားပါ၊ နာမည်တွေ သိပ်များရင် သိပ်စကားများတယ်။ မြတ်ဗုဒ္ဓရဲ့လမ်းက "ဧကာယနော မဂ္ဂေါ"။ တစ်လမ်းထဲပဲ။ အားလုံး အရှိနဲ့ အမှန်ကို မြင်အောင်ကြည့်။ ရေရဲ့ သတ္တိကို မြင်အောင်ကြည့်။ မြစ်တွေရဲ့ အပေါ်ယံ နာမည်ကို ဖောက်၊ ရေရောက်အောင် ကြည့်ပြီးတော့ အေးချမ်းသော နှလုံးသား၊ သန့်ရှင်းသော နှလုံးသားကို တည်ဆောက်ပြီးတော့ ငန်သောအရသာ ပြာသောအဆင်း ဆိုတဲ့ ပန်းတိုင်၊ ပန်းတိုင်ကတော့ ဘာလဲ မသိဘူး။ ဘုန်းကြီးတို့ အခုထိ မသိသေးဘူး ပန်းတိုင်က ဘာလဲလို့။ အဲဒီပန်းတိုင် တခုခုမှာ အကုန်လုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပေါင်းဆုံးဖို့ရန် ဒါအရေးကြီးပါတယ်။ အဲဒါကြောင့် ခန္တီတရားနဲ့ မေတ္တာတရားပါ။ ဒီတော့ ဘာပြောမလဲ? Capitalist-လား? Socialist-လား? Communist-လား? အဲဒါတွေဟာ အကား၊ နာမည်တွေပဲ။ လူသား။ အဲဒီ Label-တွေကို ခွာထား။ အားလုံးဘာတွေလဲ? လူသားတွေ။ အဲဒါလေးကို ကြည့်ကြပါ။ လူသားတွေပဲ။ "သဗ္ဗေ၀ အညမညေဟိ ပိယစက္ခူဟိ သမ္ပဿန္တာ ၀ိဟရန္တု"။ သတ္တ၀ါအားလုံး အချင်းချင်း ချစ်ခင်သော မျက်လုံး တို့ဖြင့် တစ်ယောက်နဲ့ တစ်ယောက် ကြည့်နိုင် ကြပါစေကုန်သတည်း။ အားလုံးလည်း နေ့တိုင်း ဒီဆုကို တောင်း၊ မေတ္တာနာနာပို့။ "ချစ်သောမျက်လုံးနဲ့ ကြည့်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်သော မျက်လုံးဖြင့်ကြည့်နိုင်ကြပါစေ"လို့ ဘုန်းကြီးတို့ရဲ့ ဆုတောင်းကိုလည်း အစဉ်သဖြင့် ဘုန်းကြီးတို့ရဲ့ နှလုံးသားထဲမှာ တကယ်ရှိတဲ့ ဒီဆုတောင်း, အဲဒါကို ဘုန်းကြီးတို့ တောင်းဆိုပါတယ်။

အဲဒါကြောင့် clear vision, ပါဠိလိုပြောရရင် သမ္မာ ဒဿန-ရှင်းသောဉာဏ် အမြင်ကို ရအောင် အပေါ်ယံက label-တွေကို ခွါထား၊ လူသားတွေဟာ လူသား အချင်းချင်း လူသားမျက်စေ့နဲ့ ချစ်သောမျက်လုံးနဲ့ အားလုံးကြည့်နိုင်အောင် ကြိုးစား လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။

"နတ္ထိ ဘိက္ခဝေ အနမတဂ္ဂေ သံသာရေ အဉာတိဗုဗ္ဗော" ဘ၀သံသရာမှာ ညီ အစ်ကို၊ မောင်နှမ၊ ဆွေမျိုး ဉာတိ မတော်ဘူးတဲ့ သတ္တ၀ါ မရှိပါဘူး။ မြတ်စွာဘုရား သံသုမာဂီရိကို ရောက်တော့၊ သံသုမာဂီရိဆိုတာ ဗာရာဏသီ အနီးနားမှာ။ သံသုမာဂီရိမြို့က ဘုရားရဲ့ ဆွေများ, မျိုးများနေတဲ့ ဟို. . .ဟိမ၀န္တာတောင်ခြေမှာ အဝေးကြီးပဲ။ သံသုမာဂီရိကို ဘုရားရောက်တော့ အဘိုးကြီး အဘွားကြီး နှစ်ယောက် မြတ်စွာဘုရား အိမ်ရှေ့ရောက်တာ မြင်မြင်ချင်း ထွက်ပြေးလာပြီးတော့. . . ဟာ. . . ငါ့သားကြီး အိမ်ကို မလာတာကြာပီ ဆိုပြီးတော့ ဘုရားရှင်လက်ကို ဆွဲပြီးတော့ အိမ်ပေါ်ကို ခေါ်သွားတယ်။ ဘုရားရှင်က လိုက်သွားတယ်၊ ဘာမှ မပြောဘူး။ သံဃာတော်တွေက အံ့သြငေးမောနေတာ။ အိမ်ပေါ် ရောက်တော့ သားကြီးဆိုပြီးတော့ ပုဏ္ဏားကြီးက ချွေးလေး ဘာလေးသုတ်, ခြေလေး ဘာလေး ဆေး, အဘွားကြီးကလည်း ဆွမ်းတွေ ဘာတွေပြင်၊ ငါ့သားကြီးဆွမ်းမကျွေးရတာ ကြာပြီ, စား။ သား အမိ အရင်းလို ပြုစုကြတာ။ နကုလပီတာ နကုလမာတာ။ အဲဒီတော့ အရှင်မောဂ္ဂလာန်၊ အရှင်အာနန္ဒာစတဲ့ သံဃာတော်တွေက ဘုရားဟာ အဖေလည်း ရှိတယ်၊ အမေလည်း ရှိတယ်၊ သုဒ္ဓေါဒနတို့ မာယာဒေ၀ီတို့ဆိုတာ လူတိုင်းသိတယ်။ ဒီအဘိုးကြီး အဘွားကြီးက သားကြီး သားကြီးဆိုတာကို ဘုရားကလည်း ငြိမ်ခံနေတယ်။ ဟုတ်မှ ဟုတ်ရဲ့လား? ဘယ်လိုလဲ?။ ဆွမ်းဘုဉ်းပေး ပြီးတော့မှ ဘုရားက ရှင်းပေးရတယ်။ တို့ဗုဒ္ဓဘာသာတွေက အတိတ်သံသရာ (cycle of the continue of the birth and death)ဒါကို တို့…ယုံကြည် လက်ခံတယ်။ အဲဒါကြောင့် အတိတ်မှာ မရေမတွက် နိုင်သောဘ၀မှာ ငါဟာ သူတို့လက်ထဲမှာ၊ သူတို့ရဲ့ ရင်ခွင်မှာ သားဖြစ်ခဲ့ဘူးတယ်။ အဲဒါကြောင့် ဘ၀ဟောင်းက ဘာလဲ? အချစ်ဓာတ်။ ပရိသတ်ရေ … ဘာလဲ? ဘ၀ဟောင်းက အချစ်ဓာတ်ပါဘုရား။ ဘ၀ဟောင်းက အချစ်ဓာတ်က မပြယ်သေးဘူး။ အားလုံး "ဘ၀ဟောင်းက အချစ်ဓာတ်လေးတွေ မပြယ်ကြပါစေနဲ့" ဆိုတာကိုလည်း ဆုတောင်း နေတယ်။ ဘ၀ဟောင်းက အချစ်ဓာတ်လေးက မပြယ်သေးတော့ သားဆိုတဲ့ အမှတ်နဲ့ အိမ်ပင့်ပြီးတော့ ဆွမ်းကပ်တာ။ အဲဒီမှာ ဘုရားပြောတာ။ ဘ၀ဟောင်းမှာ ဆွေမျိုးသားချင်း မတော်ဘူးတဲ့ ပုဂ္ဂိုလ်သတ္တ၀ါ မရှိဘူး။ ဆွေမျိုးသားချင်းဆိုတာ ယဉ်ကျေးအောင် ပြောတာ။ အသေးစိတ်ပြောရရင် သိပ်မကောင်းဘူး။ အသေးစိတ် ပြောချင်သေးလား? လင်မယား မတော်ဘူးတဲ့ ယောက်ျားမိန်းမလည်း မရှိဘူး။ အဲဒီလောက်အထိ ပြောလို့ရတယ်။ ဆရာတပည့် မတော်ဘူးတာလည်း မရှိဘူး၊ အိမ်အောက်က ကိုယ်စားပြီးတဲ့ စားဖတ် ၀ါးဖတ်ကို ပစ်ချကျွေးလို့ အမြီးတငေါက်ငေါက်နဲ့ စားနေတဲ့ ခွေးလေးသည်ပင် လွန်ခဲ့တဲ့ဘ၀က ကိုယ့်အဖေ ဖြစ်ချင် ဖြစ်မယ်။ ဘ၀ဟောင်းက ဆွေမျိုးသားချင်း မတော်ဘူးတဲ့ ပုဂ္ဂိုလ်သတ္တ၀ါ မရှိဘူး။

အဲဒီလို နှလုံးသွင်းပြီးတော့. . .

၁။ အချစ်ကို မပြယ်ရအောင်

၂။ အမုန်းတွေကို ပြယ်သွားအောင် ကြိုးစားကြပါ…ဆိုတာကို ဒီအချက်လေး ကိုလည်း ဘုန်းကြီးတို့ ပရိသတ်အားလုံးကို တိုက်တွန်းပါတယ်။

နောက်တစ်ခု လူမှုရေး၊ ဘာသာရေး၊ သာသနာရေး၊ နိုင်ငံတော်ရဲ့ အကျိုး စီးပွားကို ဆောင်ရွက်ကြတဲ့ လူတွေအားလုံး၊ အထူးသဖြင့်တော့ အသက်စွန့်ပြီးတော့ တိုင်းပြည် အတွက် အလုပ်လုပ်ကြတဲ့ စစ်ခေါင်းဆောင်တွေ၊ တပ်မတော်သားတွေ၊ အသက်စွန့်ပြီး ဆောင်ရွက်ကြတဲ့ နိုင်ငံခေါင်းဆောင်တွေကို ဘုန်းကြီးတို့က ဘုန်းကြီးရဲ့ စိတ်ထဲမှာ ဘုရားလောင်းတွေလို ဘုန်းကြီးက ကြည်ညိုတာ။ လေးအသင်္ချေကမ္ဘာတစ်သိန်း ဖြည့်ခဲ့တဲ့ ဘုရားလောင်းရဲ့ ကျင့်စဉ်တွေကို ကြည့်, ကြည့်။ သူတပါးရဲ့ အကျိုးစီးပွားအတွက် ဘုရားလောင်း ဘာတွေလုပ်လဲ?။ အသက်စွန့်တာတွေ အများကြီးပဲ။

အားလုံးပရိသတ်ကို မေးမယ်၊ စွန့်ခြင်းကြီး ဘယ်နပါးရှိလဲ?။ ငါးပါးပါဘုရား။

၁။ ဓနပရိစ္စာဂ - သူတပါးရဲ့ အကျိုးစီးပွားအတွက် ငါ့ပစ္စည်း ဆုံးရှုံးချင်တိုင်း ဆုံးရှုံးပါစေ … ဒီလိုမဟုတ်လား?။ ဘုရားလောင်းစိတ်ဓာတ်ကို မွေးရမယ်။

၂။ နောက်တစ်ခုက ဘာလဲ?။ ဓနပရိစ္စာဂပြီးရင် ဘရိယပရိစ္စာဂ-ဆိုကြပါစို့။ အဲဒါတော့ Very difficult to renounce your wife။ ဘရိယပရိစ္စာဂ-မယားကို စွန့်တာ။ ရှေ့တန်းတိုက်ပွဲ ဆင်နွဲနေကြတဲ့ တပ်မတော်သားတွေ၊ တပ်မတော် ခေါင်းဆောင်တွေ၊ သူတို့က ဟိုမှာတိုက်ပွဲ ဆင်နွဲနေတုန်း, ဒီက တခါတခါ ဘာဖြစ်သွားမှန်းကို မသိလိုက်ဘူး။ စွန့်လိုက်ရတာတွေ ပြန်လာတော့ မရှိတော့ဘူး။ အဲဒါမျိုးတွေ အများကြီးပဲ။ သူတို့ ကိုယ်တိုင်လည်း အသက်စွန့်သွားလို့ ဒီက မုဆိုးမဖြစ်သွားပြီး ကျန်ရစ်တာတွေ။ နိုင်ငံရေးကို လုပ်ကြတဲ့ နိုင်ငံခေါင်းဆောင်တွေလည်း ဒီလိုပဲ အသက်စွန့်ပြီး အလုပ် လုပ်ကြရတာ။ အဲဒါကြောင့် ဘုန်းကြီးက အရမ်းကြည်ညိုတယ်။ အော်. . . နိုင်ငံခေါင်းဆောင်တွေနဲ့ တပ်မတော် ခေါင်းဆောင်တွေဟာ ဘာလဲ? ဘုရားလောင်းတွေ။

ဘုရားလောင်းကျင့်စဉ်

(၁) စီးပွားဥစ္စာကိုလည်း စွန့်လွှတ်ရတယ်။ (၂) သားသမီးကိုလည်း စွန့်လွှတ်ရတယ်။ (၃) သားမယားကိုလည်း စွန့်လွှတ်ရတယ်။ (၄) အင်္ဂါအစိတ်အပိုင်း ခြေထောက်တွေပြတ်, လက်တွေပြတ်, မျက်လုံးတွေကန်း, ဘာတွေလဲ? အင်္ဂပရိစ္စာဂ။

သိဝိဇာတ်မှာ မျက်ကန်းပုဏ္ဏားတစ်ယောက် နန်းတော်ရှေ့ ရောက်လာ၊ ကြေးစည် ရိုက်တယ်။ တူဝေေ၀ဆိုတော့… ဟာ နန်းတော်ရှေ့မှာ အလှူခံ၊ ဘာအလိုရှိပါသလဲ?။ ဆန်လိုလား? ဆီလိုလား? မလိုဘူး။ မျက်လုံးလိုတယ်တဲ့၊ မျက်လုံးကို ကြေးစည်ရိုက် အလှူခံတာ။ အဲဒီတော့ မင်းချင်း ယောကျာ်းတွေက မင်းတရား. . . မျက်လုံး အလှူခံတဲ့ဘုရား။ (ဟာ. . . အဲဒါဆို သီတဂူစက္ခုဒါန ဆေးရုံကိုပို့။ ဟုတ်လား? အဲဒီတုန်းက မပေါ်သေးဘူး၊ အခုမှ ပေါ်တာ။ သီတဂူစက္ခုဒါနဆေးရုံ အားလုံး (၁၂)ခု ဖွင့်ထားပြီးပီ။ (၃)ခုက တည်ဆောက်ဆဲ။ အားလုံး (၁၅)ခုရှိတယ်။) ကြားညှပ်လိုက်ရင်တော့ အားလုံးမှတ်ထားလိုက်ပါ၊ ငါဘာယူသွားမလဲ?။ ကိုယ့်ကိုယ်ကို မေးပြီးတော့ အဖြေ ထွက်အောင် လုပ်ကြ။ ဘုန်းကြီး အခု (၇၅)နှစ် Retire-လုပ်ဖို့ သင့်ပြီ။ ငါဘာယူသွားမလဲ?။ အားလုံး မေးကြပါ။ ငါ့တိုင်းပြည်၊ ငါ့သာသနာ၊ ငါ့လူမျိုးအတွက် ငါဘာတွေ ထားခဲ့မလဲ?။ အဲဒီမေးခွန်း နှစ်ခု နာနာမေးပြီးတော့ အဖြေထွက်အောင် လုပ်ကြစမ်းပါ။

အာနန္ဒာနဲ့ ဒေ၀ဒတ်၊ နှစ်ယောက်လုံး ဘုရားရဲ့ ညီတော်ဝမ်းကွဲ အတူတူပဲ။ အာနန္ဒာဘာယူသွားပြီး၊ ဘာထားခဲ့သလဲ? ညီအစ်ကို နှစ်ယောက်မတူတာ။ ဒေ၀ဒတ်ကို အပြည့်အစုံဖတ်ကြရအောင် ဒေ၀ဒတ္တ။ နားထဲ နဲနဲ မချမ်းသာဘူးလား?။ ချမ်းသာ ပါတယ်ဘုရား။ ဘယ်လိုဖတ်ရမလဲ?။ ဒေ၀ဒတ္တပါဘုရား။ ဒေ၀ဒတ်ဆိုတော့ ဂမ္မဒေါသ၊ နားထဲ တော်တော် ဆင်းရဲတယ်။ အဲဒီတော့ နာမည်ထဲက ဟိုဖြတ် ဒီဖြတ် မဖတ်ကြပါနဲ့။ နာမည်တွေကို ဟိုပြင် ဒီပြင်မလုပ်ကြပါနဲ့။ နာမည်ကို အရှိအတိုင်းသာ ဖတ်ကြပါ။ ဒေ၀ဒတ်တစ်မျိုး၊ ဒေ၀ဒတ္တ- ဒါသိပ်ကောင်းတယ်။ အဲဒါကို တချို့က နာမည်တွေကို ဟိုလိုဖတ် ဒီလိုဖတ်နဲ့ . . . တခါတလေ စကားဝှက်တွေလား? ပဟေဠိတွေလား? နားကို မလည်ဘူး။ အေး… ဒေ၀ဒတ္တက ဘာတွေ ယူသွားနိုင် ခဲ့သလဲ? ဘာတွေ ထားပစ်နိုင်ခဲ့သလဲ? အဖြေက ရှင်းနေတာပဲ၊ မတူတာ။ နှစ် (၂၅၀၀)သမိုင်းမှာ ဒေ၀ဒတ္တ ဘာတွေ ထားခဲ့သလဲ? အပြစ်အညစ်အကြေး ဒုစရိုက် မကောင်းဆိုးဝါးတွေချည်းပဲ အကုန်ထားပစ်ခဲ့တယ်။

အာနန္ဒာ. . . ဘာထားပစ်ခဲ့သလဲ?။ မြတ်စွာဘုရား (၄၅)နှစ်မှာ ဟောသမျှ စကားလုံးတွေကို combine and organization- လုပ်ခဲ့တာ သူပဲ။ အဲဒါကြောင့် ဘ၀မှာ ကောင်းကောင်းထားပစ်ခဲ့နိုင်အောင်၊ ကိုယ့်အတွက်လည်း ကောင်းတာ လေးတွေ ယူသွားနိုင်အောင် အားလုံးကြိုးစားကြရမှာ ဖြစ်ပါတယ်။ အခုပြောနေတာ ဘုရားလောင်းရဲ့ စွန့်ခြင်းကြီး ဘယ်နပါးလဲ? (၅)ပါးပါဘုရား။ နောက်ဆုံး အသက်စွန့်တာ။ အခုနက သိဝီဇာတ်မှာ ပုဏ္ဏားကကြေးစည်လေး ရိုက်လိုက်တော့ ဘုရင်ကြီးက အလှူခံကို ဘာလှူလိုက်လဲ? မျက်လုံးလှူလိုက်တယ်။ ဘုရင်ကြီးက အလှူခံကို နန်းတော်ထဲကို ခေါ်လိုက်တယ်။ မျက်စေ့ဆရာဝန်က အသိတဉ္စန။ အံ့သြစရာ ကောင်းတာက မျက်စေ့ဆရာဝန်ဆိုတာ အဲဒီတုန်းကတည်းက ရှိတာ။ မင်းကြီးရဲ့ မျက်လုံးထုတ်ပြီးတော့ မျက်လုံးအစားထိုး လှူလိုက်တာ။ ပုဏ္ဏား မျက်လုံးတစ်ဖက် ရသွားတယ်။ အင်္ဂပရိစ္စာဂကို ပြောတာပါ။ ခြေထောက်တွေ ပြတ်လို့၊ လက်တွေပြတ်လို့၊ မျက်လုံးတွေကန်းလို့ နိုင်ငံတော်အတွက် ဆောင်ရွက် ကြတဲ့ တပ်မတော်သားတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ လူမှုရေး၊ ဘာသာရေး၊ သာသနာရေအသင်းအဖွဲ့က ပုဂ္ဂိုလ်တွေ နိုင်ငံမှာ အများကြီးပဲ။ အားလုံးကို ဘုန်းကြီးက လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုတယ်၊ ကျေးဇူးတင်တယ်။ အော်. . . ဘုရားလောင်းစိတ်ဓာတ်နဲ့ အလုပ် လုပ်ကြတာ။ ဒီအတိုင်းလည်း ဆက်လုပ်ကြပါ။

ပုဏ္ဏားကလည်း ရှိသေးတယ်၊ မျက်လုံးတစ်ဖက်မြင် တော်ရော့ပေါ့၊ တော်ပြီးလား? မင်းဘာလိုသေးလဲ ဆိုတော့။ တစ်ဖက်ကျန်သေးတယ်တဲ့။ တစ်ဖက်ပေးပါအုန်း။ အလှူခံက မျှမျှတတလေး ကြည့်လုပ်မှ ရတယ်။ ရတိုင်း ကိုယ်လိုချင်လို့ ယူချင်တိုင်း ဘယ်ရမလဲ။ အင်္ဂပရိစ္စာဂနော်၊ ကိုယ်အင်္ဂါကို စွန့်တာ။

အသက်စွန့်တာ တစ်ခုလေး ပြောပြရရင် "ယုံလေး" ဖြစ်တဲ့ဘ၀ကို ပြောပြချင်တယ်။ အစာငတ်နေတဲ့ ပုဏ္ဏားတစ်ယောက်ကို တွေ့တယ်။ ပုဏ္ဏား ဘာဖြစ်နေလဲ? ဖိုလှိုက် ဖိုလှိုက်နဲ့၊ ထမင်းမစားရလို့။ ဒါဆို မီးလေးဖို။ ရဲရဲတောက်မီးလည်း ဖိုပြီးရော့ ဘာပြောလဲ? ကျုပ်ခုံချမယ်၊ ကျုပ်အသားတွေကို မီးထဲမှာ ဖုတ်လိုက်။ ကျက်တဲ့အခါ ခင်ဗျား စားပါ။ ဒါဘာလုပ်တာလဲ? ဇီဝိတပရိစ္စာဂ အသက်ကိုစွန့်တာ။ စွန့်လွှတ်ခြင်း renounce။ မစွန့်လွှတ်နိုင်ရင် ဘယ်တော့မှ ထိပ်တန်း မရောက်ဘူး။ အဲလို စွန့်လွှတ်ချင်တဲ့ စိတ်ဓာတ်မျိုးရှိဖို့လည်း လိုပေလိမ့်မယ်။ စွန့်လွှတ်ခြင်းဟာ လွတ်မြောက်ခြင်းရဲ့ လမ်းစပဲလို့ ဒီလိုလည်း ခေါ်နိုင်တယ်။ စာဂေါ ပရိနိဿဂ္ဂေါ မုတ္တိ-ဆိုတဲ့ စာကို ကြည့်ပြီးပြောတာ။ အဲဒါကြောင့် အားလုံး ဘုရားလောင်းစိတ်ဓာတ် မွေးကြ။ ဘုရားလောင်းစိတ်ဓာတ် မွေးဆိုတော့ တဆက်တည်း . . . ဘုန်းကြီးက ဘုရားလောင်းကျင့်စဉ် ဆိုတာ လေးကို နဲနဲဆက်လက်ပြီးတော့ ပြောပြ ချင်သေးတယ်။ ဘုန်းကြီးနောက်ထပ် အချိန်(၁၅) မိနစ်လောက် ယူမယ်။ အရေးကြီးတဲ့အပိုင်းလေးတွေကို ဘုန်းကြီး Point-တွေလောက် ပြောပြီးသွားပါပြီ။

ဘာပြောမလဲဆိုတော့ ဘုရားလောင်းရဲ့ ကျင့်စဉ်က (၁၀)ခု ရှိတယ်။ (၁၀)ခုကို ဗမာတို့ ပြောနေကျအတိုင်း ရိုးရိုးပြောရင် ပါရမီ (၁၀)ပါး။ ပထမပါရမီက ဘာများလဲ? ပရိသတ်ကြားဘူးလား? ပြောစမ်းပါ။ ဒါနပါရမီပါဘုရား။ ဒါန။ ဒါန-ဆိုတာကို ဘယ်လို နားလည်လဲ?။ လှူတယ်လို့ ဒီလို နားလည်မယ်နော်။ လှူတာလည်း ဒါနမှန်တယ်။ အဲဒီ ဒါနထဲမှာ ပေးတာကိုလည်း ဒါနအနေနဲ့ထည့်ပါ။ နဲနဲလေး နဲနဲလေး ကွာတာကို ကိုယ့်ဟာကို နှလုံးသွင်းယူပါ။ Share-ဝေပေးတာ၊ ဝေငှတာကိုလည်း ဒါနပါရမီထဲ ထည့်ပါ။ စွန့်လွှတ်တာကိုလည်း ဒါနပါရမီထဲ ထည့်ပါ။ လှူတယ်၊ ပေးတယ်၊ ရှယ်ယာတယ်၊ ဝေငှတာကိုလည်း ဒါနထဲထည့်ပါ။

ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ် (United Nation Organization)က "ဗုဒ္ဓနေ့" အခမ်းနားကျင်းပတယ်။ (၁၆)နိုင်ငံက ကိုယ်စားလှယ်တွေကို စကားပြောဖို့ ဖိတ်တယ်။ (၁၄)နိုင်ငံက သံအမတ်တွေ ပြောတယ်၊ ဗမာနဲ့ မွန်ဂိုလီးယား နှစ်နိုင်ငံပဲ ဘုန်းကြီး တက်ပြောတယ်။ Dana means giving up of our position။ ဘာလုပ်တာလဲ?။ မိမိတို့ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်တာ။ Sharing our power with others။ မိမိတို့ရဲ့ Power-တွေကို ဘာလုပ်တာလဲ? သူတပါးတို့နဲ့ ဝေငှတာ။ Now-a-day craving for power influence and wealth, အဲဒါတွေကို သိပ်ပြီး crave-ဖြစ်နေလို့ရှိရင်၊ is the main cause for war and tension။ သိပ်ပြီးတော့ position-ကို အရမ်းမက်မောနေကြလို့ရှိရင် ဘာဖြစ်လဲ?။ Tension-နဲ့ စစ်အတွက် အဓိကအကြောင်းကြီး ဖြစ်နေတတ်တယ်။ ဗိမ္ဗိသာရမင်းကြီး အသတ်ခံရတာ၊ နောက်ပြီးတော့ ကောသလတိုင်းက ကောသလ ဘုရင်ကြီး နန်းလုခံရတာ၊ အဇာတသတ်က အဖေကို သတ်ပြီးတော့ နန်းလုတယ်။ ကောသလတိုင်းမှာ ကောသလဘုရင်ကို နန်းချပြီးတော့ ၀ိဋဋူဘက နန်းလုတယ်၊ Power sharing-မလုပ်လို့။ ဝေသာလီကျတော့ လိစ္ဆ၀ီမင်းတွေက "ဝေသာလိယာ လိစ္ဆ၀ီရာဇာနော ၀ါရေန ရဇ္ဇံ ကာရေသုံ"-ဆိုပြီးတော့ ဘုရင်ကို လေးနှစ် တစ်ကြိမ်, လေးနှစ် တစ်ကြိမ် ပါလီမန်လွှတ်တော်ထဲကနေ ရွေးပြီးတော့ ဘုရင်ကို တင်မြှောက်သွားတာကို တွေ့ရတယ်။ ဝေသာလီမှာ ရာဇဂြိုလ်ရဲ့ ဖြစ်ရပ်မျိုး ကောသလတိုင်းမှာ တခါမှ မဖြစ်ခဲ့ဘူး။ အဲဒါကြောင့် ဒါနဆိုတဲ့ သဘောသည် ပစ္စည်းဥစ္စာကို လှူတာလောက် တခုတည်း မဟုတ်ပဲနဲ့ ဝေတာကော ယူရမယ်။ ကိုယ်က Billion-အထိ ချမ်းသာနေတယ် ကိုယ့်အိမ်ရှေ့မှာ သူတောင်းစားတွေ့ရင် နဲနဲတော့ ဝေပေးပါ။ ကိုယ်က ဘီလျံ (Billion)၊ မီလျံ(Million) လောက် ချမ်းသာနေမယ် ကျောင်းမနေနိုင်တဲ့ ကလေးတွေ၊ ဆေးမကုနိုင်တဲ့ ပုဂ္ဂိုလ်တွေ တွေ့ရင် ဆေးလေးတွေ၊ ပညာရေးလေးတွေ ဝေပေးပါ။ Sharing our positions with the poor people။ Poverty ကမ္ဘာကြီးက အများကြီး poor-ဖြစ်နေကြတယ်၊ poverty-ဖြစ်ကြတဲ့ ပုဂ္ဂိုလ်တွေများနေကြတယ်။ The possessor-တွေက ဘာလုပ်ကြမလဲ? ဝေနိုင်မှ tension-မှုတွေ လျော့ပြီးတော့၊ the world fighting, conflicting-တွေလည်း လျော့သွားမယ်။ ဒါနပါရမီဟာ အလွန်ကျယ်ပြန့်ပါတယ်။ နာနာ ပေးနိုင်ရင် အရာရာကို အောင်မြင်တယ်။ ဒါနံ သဗ္ဗတ္ထ သာဓကံ-ဟောထားတာ ရှိပါတယ်။ Learning the beauty of giving- ပေးကမ်းစွန့်ကြဲခြင်းနဲ့ ပတ်သက်တဲ့ အလှအပလေးတွေကို သင်ယူကြပါ။ We should pity on millions of people who are living under poverty-line- ဆင်းရဲ မွဲတေနေကြတဲ့ လူတွေကို များများကြီးကြည့်ပြီးတော့ မီလျံနာတွေ၊ ဘီလျံနာတွေက ဝေငှနိုင်တဲ့ စိတ်ဓာတ်တွေ မွေးကြပါ။ And suffering from diseases and ignorance- အ၀ိဇ္ဇာကြောင့် ရလာတဲ့ mental disease၊ ရောဂါအမျိုးမျိုးကြောင့် ရလာတဲ့ physical disease၊ အဲဒီ disease- (၂)မျိုးကို ခံနေရတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်ပြီးတော့ သနားပြီးတော့ များများကြီး ဝေတဲ့အလုပ် ဒါနပါရမီကို ဖြည့်ကြပါ။

နောက် ဒုတိယပါရမီဘာလဲ? သီလပါရမီပါဘုရား။ သီလဆိုလိုက်လို့ရှိရင် ပါဏာတိပါတာ ဝေရာမဏိ- ငါးပါး၊ ရှစ်ပါး၊ ကိုးပါး ရွတ်တာကို အားလုံး စိတ်က ရောက်သွားလိမ့်မယ်၊ မှန်ပါတယ်။ ဒါပေမယ့် အဲဒီလောက်တင် မစဉ်းစားပဲနဲ့၊ အတိုချုပ်ကတော့ ဘုန်းကြီး စာလေးတစ်ကြောင်း ဖတ်ပြပါမယ်။ Not to generate any evil deeds- မကောင်းတဲ့ အမူအရာကို ဘာမှ မလုပ်ပါနဲ့။ Not to generate any evil speeches- မကောင်းသောစကားဘာမှ မပြောပါနဲ့။ ဒါ သီလပဲ။ Every leader-ခေါင်းဆောင်တွေအားလုံး၊ should value-တန်ဖိုး ထားကြပါ။ the life-ဘ၀ကို တန်ဖိုးထားကြပါ။ Practicing of morality-ကိုယ်ကျင့်တရားကို ထိမ်းသိမ်းခြင်းဖြင့် အားလုံးတန်ဖိုးထားကြစမ်းပါ။ So, guard your morality- ကိုယ်ကျင့်တရားကို စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်ဟာ။ Become good leader- ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လာမှာပါ။ Foreign policies of nations are-ကမ္ဘာအရပ်ရပ်က ပြည်ပရေးရာ ၀ါဒတွေမှာ။ Mostly based on selfish- တကိုယ်ကောင်းဆန်တဲ့ အပေါ်မှာ အခြေခံတတ်ကြတယ်။ And interests lacking moral dimension- ကိုယ်ကျင့်တရားနဲ့ ပတ်သက်တာတွေ လျော့ပါးနေတယ်။ Morality serves- ကိုယ်ကျင့်တရားက အားလုံးကို လုပ်ကျွေးပြုစုမယ်။ As the foundation for the development of meritorious deeds- ဘ၀ရဲ့ ကောင်းကျိုးတရားတွေ ဖြစ်ပွားဖို့ရန်အတွက် သီလတရားဟာ အားလုံးရဲ့ အခြေခံ ဖြစ်ပါလိမ့်မယ်။

နောက်တတိယတစ်ခုက ဘာလဲ? နေက္ခမ္မပါဘုရား။ နေက္ခမ္မ-ဆိုတာ ဘယ်လို translate (ဘာသာသာပြန်)လုပ်ချင်လဲ? တောထွက်တာလား? တောထဲမှာ အခုလူတွေ အများကြီးပဲ။ ဘုန်းကြီးတွေရော၊ ကလေးတွေရော၊ ကျောင်းသား တွေရော၊ စစ်သားတွေရော၊ ကချင်တွေရော၊ ကရင်တွေရော အများကြီးပဲ။ ဒါ…တောထွက်တာလား?။ အဲဒါနေက္ခမ္မဆိုတဲ့ စာလုံးကို ဘုန်းကြီးတို့က တောထွက်တာလို့ မဆိုချင်ဘူး။ Renounce-စွန့်လွှတ်တာ။ ဘာလုပ်တာလဲ? စွန့်လွှတ်တာပါဘုရား။ အားလုံးစွန့်လွှတ် နိုင်မှ။ သိဒ္ဓတ္ထက ထိပ်တန်းကနော်။ ဟို…သမ္မာသမ္ဗုဒ္ဓကိုမပြောပဲ စကားလုံးတစ်လုံး ပြောပါ့မယ်။ Most perfect one- လောကမှာ အပြည့်စုံဆုံး ပုဂ္ဂိုလ် တစ်ယောက်၊ လောကရဲ့ အထိပ်တန်း အပြည့်စုံဆုံးသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာဖို့ရန်အတွက် သူဘာလုပ်ရတာလဲ?။ ယသောဓရာနဲ့ (၁၃)နှစ်လောက် ကာမဂုဏ်စည်းစိမ်ခံစားနေပေမယ့် အဲဒါကို ဘာလုပ် ပစ်ရလဲ?။ စွန့်ပစ်ရပါတယ်ဘုရား။ စွန့်ပစ်ရတယ်… renounce-ဆိုတာ ဒါကို ပြောတာ။ တောထဲသွားနေကို ပြောတာမဟုတ်ဘူး။ renounce- စွန့်ကြ။ ဒီစည်း စိမ်းချမ်းသာလေးကို မစွန့်လွှတ်နိုင်ရင်, မက်မောနေရင်, သာယာမှုလေးတွေကို မစွန့်လွှတ်နိုင်ရင် လောကမှာ ဘယ်တော့မှ ရှေ့တန်းမရောက်ဘူး၊ ထိပ်တန်း မရောက်ဘူး။ renounce-ဆိုတာ စွန့်လွှတ်တာ။ နန်းတော်ကြီးလည်း စွန့်ရတယ်၊ မကြာခင်မှာ သုဒ္ဓေါဒနက သူ့ကို ဘာလုပ်တော့မှာလဲ?။ နန်းလွှဲတော့မယ်၊ ဘုရင် လွှဲတော့မယ်။ အဲဒီတော့ မင်းစည်းစိမ်ပါ ဘာလုပ်ရလဲ? အဲဒီတော့ ဒီလိုပြောရင် စိတ်မဆိုးနဲ့။ Renounce the power-သူရမည့် အာဏာပါဝါတွေကို သူဘာလုပ်သွားလဲ?။ စွန့်တာ။ အဲလိုစွန့်တဲ့အတွက်ကြောင့် သူဘာဖြစ်သွားလဲ? ဗုဒ္ဓဖြစ်တာ။ အဲဒါကြောင့် ခန္ဓာကိုယ်ရဲ့ သက်သာမှုကလေးတွေ မစွန့်လွှတ် နိုင်သေးသမျှ, မက်မောစရာလေးတွေကို မစွန့်လွှတ်နိုင်သေးသမျှ ဘာဖြစ်လဲ? ဘယ်တော့မှ ထိပ်တန်းတစ်နေရာကို မရဘူး။ စွန့်လွှတ်ချင်တဲ့ စိတ်ဓာတ်ကို အားလုံးမွေးကြ။ Renounce-ဆိုတာ အဲဒါပါပဲ။ We should sacrifice and renounce our time. အချိန်၊ ကျုပ်မအားဘူး၊ ကျုပ်အချိန်၊ ကျုပ်အတွက် အလုပ် လုပ်ရအုန်းမယ်။ သူများအတွက် အချိန်မပေးနိုင်ဘူး၊ တိုင်းပြည်အတွက် အချိန်မပေးနိုင်ဘူး၊ လူသားတွေ အတွက် အချိန်မပေးနိုင်ဘူး၊ လုပ်သမျှ ကိုယ့်အတွက်ကိုချည်း အချိန်ကို အသုံးချတာ။ အချိန်ကိုလည်း မစွန့်လွှတ်နိုင်ဘူး။ နောက်တစ်ခုက as long as we should not renounce money- ပိုက်ဆံငွေကြေးလည်း အဆုံးရှုံးမခံနိုင်ဘူး၊ Power-ကိုယ့်ရဲ့ တန်ခိုးသြဇာ ပါဝါကိုလည်း မစွန့်လွှတ်နိုင်ဘူး။ Sensual pleasure-စည်းစိမ်ခံစားရတာ တွေကိုလည်း မစွန့်လွှတ်နိုင်ဘူး၊ for the welfare of the nations- သူတပါးတို့ရဲ့ အကျိုးစီးပွားအတွက် ကိုယ့်ရဲ့ အချိန်၊ ကိုယ့်ရဲ့ စီးပွားဥစ္စာ၊ ကိုယ့်ရဲ့ သက်သာမှုတွေကို မစွန့်လွှတ်နိုင်သေးသမျှ မက်မောစရာလေးတွေကို မစွန့်လွှတ် နိုင်သေးသမျှ ဘယ်တော့မှ ထိပ်တန်းကို မရောက်ပါဘူး။ အဲဒါကြောင့် renounce-ဆိုတဲ့ နေက္ခမ္မပါရမီဟာ ကိုယ့်ရဲ့ possession, ကိုယ့်ရဲ့ power, ကိုယ့်ရဲ့ ပိုင်ဆိုင်မှု, ကိုယ့်ရဲ့အချိန်, ကိုယ့်ရဲ့ သက်သာမှုတွေကို ဘာလုပ်တာလဲ? သူတပါးတို့ အတွက် များများကြီး စွန့်လွှတ် နိုင်အောင် ကြိုးစားကြပါလို့ ဒီအချက်တော့ ဒါပြောသွားတာ။ We would never minister the services to the nations as long as we could not renounce- မစွန့်လွှတ်နိုင်သေးသမျှ။ We would never minister the services to the nations-လူတွေရဲ့ အကျိုးစီးပွားကို တို့မလုပ်နိုင်ဘူး။

နောက် နံပါတ် (၄)ဘာပါလိမ့်? ပညာပါဘုရား။ ပညာ- removing the ignorance-မိမိ နှလုံးသားထဲမှာ ဘာကို ဖယ်နိုင်ဖို့လဲ?၊ အ၀ိဇ္ဇာကို ဖယ်နိုင်ဖို့ လိုတယ်။ The darkness of delusion in life- ဘ၀ရဲ့ အမှောင်တွေကို အကုန်လုံး ဘာလုပ်ရမလဲ? ဖယ်ထား နိုင်ရမယ်။ This is right and this is wrong- မှားလား? မှန်လား? မသိတဲ့ အဲဒီအ၀ိဇ္ဇာတရားကို ဖယ်ပစ်။ Understanding the true and understanding the reality- အရှိတရား အမှန်တရားကို နားလည်အောင် လုပ်ကြ။ Seeing the realistic nature and reviewing the correct vision are very important to make balanced decisions- သိပ်အရေးကြီးတယ်, correct vision။

သမ္မာဒဿနမရှိသေးသမျှ ဘာဖြစ်လဲ? မှန်ကန်သော ဆုံးဖြတ်ချက်ကို မချနိုင်ဘူး။ အသိဉာဏ်က Clear vision-ရှင်းလင်းသော အသိဉာဏ်မရှိသေးသမျှ ဘာဖြစ်လဲ? ဆုံးဖြတ်ချက်တွေ ဘာတွေ ချချ မမှန်နိုင်ဘူး။ မှားတဲ့ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်မိပြီဆိုလို့ရှိရင် အဲဒါကိုလုပ်တဲ့ ပုဂ္ဂိုလ်တွေ အဲဒီဆုံးဖြတ်ချက် နောက်မှာ ခံရတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဒုက္ခအစဉ်အဆက်ကြီးကတော့ အဆုံးသတ်ဖို့ မလွယ်ဘူး။ အဲဒါကြောင့် ပညာအရေးကြီးပါတယ်။ ဘုန်းကြီးတို့ မနေ့တစ်နေ့က အမေရိကက ပြန်လာတော့ Barnes and Noble-ဆိုတဲ့ စာအုပ်ဆိုင်ကို သွားပြီးတော့ ဘုန်းကြီးက စာအုပ်တွေကို သွားနေ့ကျဆိုင်မှာ ၀င်ရှာတော့ စာအုပ်ကြီးတစ်အုပ် တွေ့တယ်။ ဗမာလို ပြောမယ် "ကမ္ဘာမှာ အဆိုးဝါးဆုံးသော ဆုံးဖြတ်ချက်ကြီးများရဲ့ သမိုင်း"ဆိုတဲ့ စာအုပ်ကြီး တစ်အုပ်ကိုတွေ့တော့ ဘုန်းကြီးက ပျော်ပျော်ပါးပါးနဲ့ ၀ယ်လာခဲ့တယ်။ ဘယ်ကစဆုံး ဖြတ်ထားသလဲဆိုတော့ အာဒံနဲ့ဧ၀တို့၊ အီဗရာဟင် တို့က စပြီးတော့ သူတို့ဆုံးဖြတ်တွေကို မှားလို့ ဒီကနေ့ ကမ္ဘာကြီးမှာ the passion-ဆိုတဲ့ ရာဂတွေ တိုးပွားနေတယ် ဆိုတဲ့အကြောင်း အဲဒီလူက ရေးထားတယ်။ ခရစ်ယာန်တွေကို သူကရေးထားတယ်။ စာအုပ်ကတော်တော် ကောင်းတယ်။ The history the words dicession of the world- ဆိုတဲ့ စာအုပ်တစ်အုပ်ရှိတယ်။ အဲဒါကြောင့် ဆုံးဖြတ်ချက်တစ်ခုချတော့မယ် ဆိုရင် ဘာလိုလဲ?။ ပညာလိုတယ်။ ပညာမပါပဲ ဆုံးဖြတ်ချက်ချတဲ့ ဆုံးဖြတ်ချက်တွေဟာ မှန်ကန်ဖို့ ခက်ခဲတယ်။ အဲဒါကြောင့် ဘုရားလောင်းရဲ့ ပါရမီမှာ ဘာ Quality-လဲ? ပညာပါရမီ။ အားလုံး ဘုရားလောင်းကျင့်စဉ်ကို ကျင့်ကြတဲ့ ဒီအမျိုးကောင်းသားတွေဟာ ပညာကို လေ့လာကြပါ။ အဲတော့ ကျောင်းတက်မှ ပညာရမယ်လို့တော့ တဖက်သတ်ကြီး မမှတ်နဲ့။ ကျောင်းမတက်ဘဲလည်း ပညာတွေ ရနိုင်ပါတယ်။ ဘုန်းကြီးတို့ နီတိမှာ စာတစ်ခုရှိတယ် "လောကော သတ္တာန-မာဆေရော။ The whole world is our teacher. လောကကြီးတစ်ခုလုံးဟာ ကျွန်ုပ်တို့ရဲ့ ဆရာသမား"။ နေ့စဉ် နေ့စဉ်မြင်နေကြတဲ့ အရာအကုန်လုံးက ကျွန်ုပ်တို့ရဲ့ ဆရာသမားတွေ။ အဲဒါတွေ အားလုံးကို ယူသင့်တာ ယူထား၊ ဖယ်သင့်တာကို ဖယ်ထား။ အားလုံးဟာ ပညာပဲ။ Invaluable to decision makers။ Wisdom guided by awareness-သတိနဲ့ ထိန်းချုပ်ထားတဲ့ ပညာ။ is invaluable- အလွန်တရာ တန်ဖိုးကြီးမားတယ်။ ဘာတွေအတွက်လဲ? To decision makers-ဆုံးဖြတ်ချက် တစ်ခုကို ချချပေးမည့် လူတွေအတွက် သတိနဲ့ ထိန်းချုပ်ထားသော ပညာသည် အလွန်တရာ တန်ဖိုး ကြီးပါတယ်။

နောက်တစ်ခုဘာလဲ ပရိသတ်? ၀ီရိယပါဘုရား။ ၀ီရိယ endeavor။ ၀ီရိယဆိုတဲ့ ဥစ္စာဟာ အဓိပ္ပါယ် နှစ်မျိုးပြောလို့ ရပါတယ်။ တစ်မျိုးက ၀ီရ- ရဲရင့်သော စိတ်ထား၊ ရဲရင့်တယ်ဆိုတာ သတ်ဖို့၊ ဖြတ်ဖို့၊ ခိုးဖို့၊ လုယက်ဖို့၊ နှိပ်စက်ဖို့ ရဲရင့်တာကို မဆိုလိုပါဘူး။ ဘာလုပ်ဖို့ ရဲရင့်ရမလဲ? အေးသလား? ဒီလောက် အေးနေတဲ့ အချိန်ကြီးမှာ အလုပ် လုပ်စရာရှိတယ်၊ အဲဒီအေးနေတဲ့ အရာကို ရဲရဲတင်းတင်း ရင်ဆိုင်ပြီး သွားလုပ်ပါ။ သိပ်ပူတယ်၊ ပူနေတုန်းလည်း ပူနေတာကို ရဲရဲတင်းတင်းရင်ဆိုင်ပြီးတော့ လုပ်ရမည့် ကိစ္စကိုလုပ်သာလုပ်။ ပူလို့ နောက်ဆုပ်နေမယ်၊ အေးလို့ နောက်ဆုပ်နေမယ်ဆိုရင် ဘာဖြစ်မလဲ? အကုန်လုံး အခွင့်အရေးတွေ ဆုံးရှုံးမယ်။ အဲဒါကြောင့် ၀ီရဆိုတာ အေးတာတို့, ပူတာတို့, စောခြင်းတို့, နောက်ကျခြင်းတို့, နေကောင်းခြင်းတို့, နေမကောင်းခြင်းတို့, ချစ်သူနဲ့ ခွဲရခြင်းတို့, မုန်းသူနဲ့ တွဲရခြင်းတို့ကို ရင်ဆိုင်ရဲတဲ့ သတ္တိကို ဘာခေါ်သလဲ? ၀ီရလို့ ခေါ်ပါတယ်ဘုရား။ အဲဒီ "၀ီရရှိတဲ့ ပုဂ္ဂိုလ်ကို ၀ီရိယရှိတဲ့ ပုဂ္ဂိုလ်"လို့ ခေါ်တာပါပဲ။ အဲဒီ ၀ီရစိတ်နဲ့ အားထုတ်တဲ့အခါမှာ right endeavour-အရေးကြီးပါတယ်။ Right endeavourer-ဆိုတာက မိမိအတွက်လည်း အကျိုးရှိမယ်၊ သူတပါးလည်း အကျိုး ရှိမယ် နှစ်ဦးနှစ်ဖက် အကျိုးရှိမယ်ဆိုရင် ဒါ endeavour-ပဲ။ ကိုယ့်အတွက်သာ အကျိုးရှိပြီး သူတပါးအတွက် အကျိုးမရှိဘူးဆိုလို့ရှိရင် အဲဒီကိစ္စကို အားထုတ်ဖို့ အများကြီး ကျိုးစားရမယ်။ လောကရေးရာဆိုရင်တော့ ဒါကို လုပ်ဖို့ စဉ်းစားရမယ်။ ဓမ္မရေးရာမှာ ဆိုရင်တော့ ကိုယ့်အကျိုးစီးပွားအတွက် ဒါကို လုပ်လို့ရပါတယ်။ အဲဒါ Right endeavourer-မှန်ကန်စွာ အားထုတ်ခြင်း။ Striving steadfastly without slacking in efforts and perseverance is the perfection of right endeavor-ဒါဟာ perfection-တစ်ခုပဲ။ ပါရမီကို perfection-လို့ ခေါ်တယ်နော်။ If you want to perfect man, we should follow ten perfections.

နောက်တခုက ဘာတဲ့လဲ ပရိသတ်? ခန္တီပါရမီပါဘုရား။ ခန္တီလည်းပဲ ဘယ်ထဲ ပါသလဲ? ပါရမီထဲပါပါတယ် ဘုရား။ ခန္တီအကြောင်း ပြောပြီးပီ။ မြေကြီးလို ကျင့်ကြ။

နောက်တစ်ခုက ဘာတဲ့လဲ ပရိသတ် ခန္တီပြီးတော့? သစ္စာပါရမီပါဘုရား။ သစ္စာ။ အဲဒါကိုလည်း ရေးထားတဲ့ ဘုန်းကြီးရဲ့ စာတမ်းလေး ဖတ်ပြီးတော့ အပြည့်အစုံ ပြောပြမယ်။ Leaders, any leaders should not utter-မပြောသင့်ဘူး။ Any conscious lies- သိလျက်နဲ့ မဟုတ်တာကို မပြောနဲ့။ For the sake of wealth and power-စီးပွားဥစ္စာနဲ့ ပါဝါအတွက် သိလျက်နဲ့ မဟုတ်တာကို မပြောရဘူး။ They should not be swayed by desire-ရာဂကြောင့်လည်းပဲ လောဘနဲ့ပဲလည်း မဟုတ်တာကို မပြောရဘူး။ ဒေါသကြောင့်လည်းပဲ မဟုတ်တာကို မပြောပါနဲ့။ They should not be swayed by fear- ကြောက်လို့လည်းပဲ မဟုတ်တာကို မပြောပါနဲ့။ They should not be swayed by delusion- မသိသဖြင့် မောဟ လွမ်းပြီးတော့လည်း မဟုတ်တာကို မပြောပါနဲ့။ Leaders should constantly establish the Perfection of Truthfulness-မှန်ကန်စွာ ပြောဆိုတဲ့ အလေ့အကျင့်ကို အားလုံး စနစ်တကျ တည်ဆောက်ကြပါ။ Which is speaking only the truth with no duplicity in speech- စကားထဲမှာ နှစ်ခွန်းမရှိပါစေနဲ့၊ နှစ်မျိုးမရှိပါနဲ့။ Planet Venus pursues its own course through all the seasons- Planet Venus- ဘာလဲ? အင်္ဂါဂြိုလ်လား? ကမ္ဘာမြောက်ဝင်ရိုးစွန်းမှာ သွားနေတဲ့ ဓူဝင်ကြယ်၊ ကမ္ဘာကြီးကို ပတ်နေတာ လမ်းကြောင်းလေး ပြောင်းပြီးတော့ ဟိုလမ်းကြောင်း ဒီလမ်းကြောင်းကနေ သွားအုန်းမယ်ဆိုပြီးတော့ ဘယ်တုန်းက သွားဘူးလဲ?။ ကမ္ဘာပတ်နေတဲ့ ကြယ်တာရာတွေ, လတွေ, နေတွေ, ဒီ orbits-တွေ, ဒီ planet-တွေဟာ ဒီ orbit-ကိုသာ ပြောင်းပြီးသွားရင် ကမ္ဘာကြီး ဘာဖြစ်မလဲ? ကမ္ဘာပျက်မယ်။ အဲဒါကို စံနမူနာထားပြီးတော့ မှန်ကန်သော လမ်းကြောင်းက အားလုံး လျှောက်ကြပါ၊ သစ္စာပါရမီ။

နောက်နံပါတ် (၈) ဘာပါရမီလဲ ပရိသတ်? အဓိဋ္ဌာနပါရမီပါဘုရား။ အားလုံး ဘုန်းကြီးက ဘုရားလောင်းကျင့်စဉ်ကို ပြောနေတာ။ စစ်ခေါင်းဆောင်အားလုံး၊ နိုင်ငံရေး ခေါင်းဆောင်အားလုံး, လူမှုရေး, ဘာသာရေး, သာသနာရေး ခေါင်းဆောင်အားလုံးကို ဘုန်းကြီးက ဘုရားလောင်းတွေလို ကြည်ညိုပြီး ပြောနေတာ။ အခု အဓိဋ္ဌာနပါရမီ- resolusion။ The leaders should make resolution as steadfast as a rocky mountain-ကျောက်တောင်ကြီးကဲ့သို့ ခိုင်မာသော ဆုံးဖြတ်ချက် ရှိရမယ်။ အခုတစ်မျိုး အခုတစ်မျိုး မလုပ်ရဘူး။ ဆုံးဖြတ်ချက်တစ်ခုချပြီးရင် အဲဒီ decision-ကို ချတော့မယ် ဆိုရင်လည်း ဘာနဲ့ ချရမလဲ? သတိနဲ့ ထိန်းထားတဲ့ ပညာနဲ့ ဆုံးဖြတ်ချက် ချရင် အဲဒီဆုံးဖြတ်ချက်သည် မမှားဘူး။ အဲဒီမှန်ကန်တဲ့ အကျိုးရှိမည့် ဆုံးဖြတ်ချက်ကို ချပြီးရင် ကျောက်ထဲမှာ စိုက်ထောင်ထားတဲ့ ကျောက်တိုင်လိုဆို ဘာဖြစ်မလဲ? ဒီဆုံးဖြတ်ချက်ဟာ ခိုင်းမြဲနေရမယ်။ ဖွဲထဲမှာ, သဲထဲမှာ စိုက်ထားတဲ့ တိုင်လို ရိုင်မနေရဘူး။ Which never trembles when the storm beats upon it- မုန်တိုင်းတွေ တိုက်ချင်တိုင်း တိုက် ကျောက်ထဲမှာ စိုက်ထားတဲ့ ကျောက်တိုင်က ဘယ်တော့မှ မယိမ်းယိုင်ဘူး။ Likewise, leaders must be unshaken in their resolution- ဆုံးဖြတ်ချက်တွေ အားလုံး ဘယ်တော့မှ မယိမ်းယိုင်ပါစေနဲ့။

နောက် နံပါတ် (၉) ဘာပါရမီလဲ? မေတ္တာပါရမီပါဘုရား။ မေတ္တာ- ပြောပြီး သွားပြီ။ မေတ္တာကဘာနဲ့ တူတဲ့အကျင့်လဲ?၊ ရေနဲ့ တူတဲ့အကျင့်ပါဘုရား။ ရေလို ကျင့်ကြပါ။ လူကောင်းတွေသောက်လည်းပဲ၊ သူတော်ကောင်းတွေ သောက်လည်းပဲ ဘာဖြစ်လဲ? အေးချမ်းတယ်။ လူမိုက်တွေ လူဆိုးတွေသောက်လည်း အေးချမ်းတယ်။ လူကောင်း လူဆိုး နှစ်မျိုးလုံးကို ရေသည် အေးချမ်းစေသလိုပဲ ရန်သူမိတ်ဆွေ အားလုံး ဘာဖြစ်ပါစေလဲ? အေးချမ်းပါစေလို့ နှလုံးသွင်းကြပါ။ မေတ္တာ။

နောက်ဆုံး နံပါတ် (၁၀) ဘာပါရမီလဲ ပရိသတ်? ဥပေက္ခာပါရမီပါဘုရား။ ဥပေက္ခာ။ We all leaders, any leaders, religious leaders, national leaders, social leaders, political leaders, any leaders should not be perturbed by prosperity- စီးပွားဥစ္စာတွေကြောင့် စိတ်တွေ ဘာဖြစ်ရမလဲ? စိတ်တွေ မယိမ်းယိုင်ရဘူး။ and adversity gain and lost- Gain-အသစ်ရတာ, စိတ်က ဘာဖြစ်လာလဲ? စိတ်က မြှောက်သွားတယ်။ Lost-ဘာဖြစ်လဲ? ဆုံးရှုံးကုန်ပြီ၊ စိတ်ဓာတ်တွေကျလာတယ်။ သိပ်အောင်မြင်နေပြီ ဘာဖြစ်လဲ? မြောက်ကြွကြွ ဖြစ်လာတယ်။ ဆုံးရှုံးကုန်ကြပြီး စိတ်ဓာတ်တွေ ကျလာတယ်။ Gain and lost-အဲဒီ နှစ်ခုကြောင့် စိတ်က ဘာဖြစ်ရလဲ? မယိုင်ရဘူး။ Honor- ဂုဏ်ကျေးဇူး အပြောခံရတယ်။ Censure- ကဲ့ရဲ့ခံရတာ။ ဂုဏ်ကျေးဇူးအပြောခံရလို့ ဘာဖြစ် လာသလဲ? ငါပဲကွ ငါပဲကွ ငါ့အတွက် ဒါပြောတာ။ ဒါငါလုပ်တာ။ ကဲ့ရဲ့လာတော့ ငါမဟုတ်ဘူး၊ ဒါ ငါမလုပ်ဘူး၊ ဟိုကောင်တွေ။ ဘုန်းကြီးတို့ဆရာ အနီးစခန်း ပြောတယ်။ အင်္ဂလိပ်ကြီး အမဲပစ်သွားတာ ဗမာအရာရှိတွေ နောက်ကလိုက်ရတယ်။ အင်္ဂလိပ်အုပ်ချုပ်တဲ့ခေတ်က အင်္ဂလိပ်အရေးပိုင်, ဗမာပြည်မှာ အုပ်ချုပ်နေတာ အတော်ကြာလာတော့ ဗမာစကားလေး မတောက်တခေါက် ပြောတတ် လာတယ်။ ဗမာအရာရှိတွေက နောက်က လိုက်ရတယ် တောထဲသွား အမဲပစ်တယ်။ ဒိုင်း. . .ဆို ပစ်ချလိုက်တယ်၊ သမင်ကို တည့်တည့် မှန်တယ်။ အဲဒီ အင်္ဂလိပ်အရေးပိုင် ပစ်တာ မမှန်ဘူး။ သူ့နောက်က မြို့ပိုင် ပစ်တာ မှန်တယ်။ ဟိုမှာ သွားကြည့်တော့ သမင်လေးဆိုတော့… အင်္ဂလိပ်အရေးပိုင်က ရိုင်ဖယ်ကြီးကို ကိုင်ပြီးတော့ ဒါ နာကျစ်တာကွ၊ ဒါ နာကျစ်တာ။ မြို့ပိုင်က ပစ်တာ, အင်္ဂလိပ် အရေးပိုင်က ပစ်တာကို မဟုတ်ဘူး။ သမင်ကို ပစ်တာ မှန်တိုင်း မှန်တိုင်း ငါကျစ်တာချည်းပဲကို လုပ်တာ, အင်္ဂလိပ်အရေးပိုင်။ နောက်ကျတော့ ဒိုင်း…ဆို ပစ်လိုက်တာ သမင်မဟုတ်ဘူး၊ ယာခုတ်နေတဲ့ လူကြီးကို မှန်တာ၊ သွားကြည့်တော့ လူသွားမှန်တာ…၊ အဲဒီတော့ အင်္ဂလိပ်ကြီးက ဟင်း. . .ဒါ ငါကျစ်တာ မဟုတ်ဘူး၊ နင် ကျစ်တာ။ အဲဒီတော့ ကောင်းလာလို့ ဆိုရင်တော့ ငါပဲ၊ ဆိုးလာလို့ဆိုရင်တော့ နင်ပဲ။ အဲဒီလို မလုပ်ကြနဲ့။ We all leaders should not be perturbed by prosperity and adversity, gain and lost, honor and censure. A leader must have the quality of equilibrium of mind- စိတ်ဓာတ်က ဘာဖြစ်ရမလဲ? တညီတည်း ရှိရမယ်။ ကောင်းချင်လည်း ကောင်း၊ ဆိုးချင်လည်း ဆိုး၊ တညီတည်း။ ဗုဒ္ဓရဲ့ Middle way-က နေရာတကာမှာ ၀င်တယ်။ အခုနက ခန္တီမှာကြည့် ဘာဖြစ်သလဲ? ချေးယို သေးပေါက်လည်း ခံရတယ်၊ စိတ်မပျက်နဲ့။ ချေးနဲ့ သေးနဲ့ အပက်ခံရလည်း စိတ်မပျက်နဲ့။ ပန်းကုံး အဆက်ခံရလည်း စိတ်မမြောက်နဲ့။ Middle way-ပဲ ကျင့်ရမယ်။ မေတ္တာကျတော့ ဘာဖြစ်လဲ? ကောင်းတဲ့လူတွေလည်း ချမ်းသာ ကြပါစေ၊ ဆိုးတဲ့လူတွေလည်း ကျန်းမာပါစေပဲ။ Middle way-ပဲ။ ဗုဒ္ဓရဲ့ Middle way-က in every case-ပဲ။ You can apply။ အဲဒါကြောင့် Buddhist Acadamy-က ဘာတွေကို သင်မလဲ? Apply Buddhism-ကို သင်တာ။ ဗုဒ္ဓတက္ကသိုလ်ရဲ့ ရည်ရွယ်ချက်သည် ဘာလုပ်ကြမလဲ? သံဃာငယ်တွေကို apply Buddhism- လောကကြီး လူတကာနဲ့ အသုံးချနိုင်တဲ့ ဗုဒ္ဓရဲ့ အဆုံးအမတွေကို သင်ပေးမယ်၊ လူနဲ့ တထပ်တည်း ဖြစ်အောင်။ အဲဒါကြောင့် Morning class-ဘုန်းကြီးတို့ ဒကာ ဒကာမတွေအတွက် ဖွင့်မယ်ဆိုတာကလည်း အဲဒါပါပဲ။ Apply Buddhism-ကို သင်ပေးမယ်။ Equilibrium of mind- ဥပေက္ခာဆိုသည်ကား ကောင်းသော အနေအထား၊ ဆိုးသော အနေအထား ဘယ်အနေအထားမှာ မဆို စိတ်ကို ဘယ်လိုထားရမလဲ? Equal, stability သာတူ ညီမျှဖြစ်အောင်၊ ငြိမ်နေအောင် အားလုံး ကျင့်သုံးကြ။ ဒါပြောပါတယ်။ We should go through middle way by being always evenly balanced in both favor and fear without attachment- သိပ် favor-ရရင်လည်း do not attach-ပဲ။ fear-ဖြစ်လာရင်လည်း do not deattach။ အဲဒီနှစ်ခုကို လွတ်အောင် အလယ်ကသွားကို ဘာခေါ်သလဲ? Equanimity။ အဲဒါတွေ အားလုံးဟာ ဘယ်သူ့ကျင့်စဉ်တွေလဲ? ဘုရားလောင်း ကျင့်စဉ်။ ဒါတွေကို ပါဠိလို ဘာခေါ်သလဲ? ပါရမီ။ ပါရမီကို အင်္ဂလိပ်လို ဘာသာပြန်တော့ Perfection။ အားလုံးသော ဘ၀သံသရာတစ်လျှောက်လုံးက ဆွေမျိုးမတော်ခဲ့ဘူးသော ပုဂ္ဂိုလ်သတ္တ၀ါမရှိဆိုတဲ့ မြတ်စွာဘုရားရဲ့ အနမတဂ္ဂ သုတ်တော်အရ ဒီကနေ့ ဘုန်းကြီးတို့ ပြောဆိုတဲ့ တရားစကား လာရောက် နားထောင်ကြတဲ့ အမျိုးသား အမျိုးသမီးအားလုံးဟာ ဘုန်းကြီးတို့ရဲ့ ဘ၀ဟောင်းက ညီအစ်ကို မောင်နှမဟောင်းတွေပါလို့ ဘုန်းကြီးတို့ ဒီလို သဘောထားပြီးတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ် လုပ်ကြတဲ့ လုပ်ငန်းဟာ ဘာလုပ်ငန်းလဲ? ဘုရားလောင်း လုပ်ငန်း, အဲဒါကြောင့် ဘုရားလောင်းကျင့်စဉ် (၁၀)ပါးကို Leadership quality-များအနေနဲ့ ဘုန်းကြီးတို့ ဒီကနေ့ ပြောပြပါတယ်။ နိုင်ငံမှာ ခေါင်းဆောင်ကြတဲ့ ပုဂ္ဂိုလ်တွေ၊ အသင်းအဖွဲ့တွေမှာ ခေါင်းဆောင်ကြတဲ့ ပုဂ္ဂိုလ်တွေ လူလူချင်း တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ယောက်အကျိုးစီးပွားကို တစ်ယောက်က ဆောင်ရွက်တဲ့အခါမှာ ဘာသာရေး ခေါင်းဆောင်များသည်ပင် ဒီအတိုင်း ပါရမီ (၁၀)ပါးလမ်းစဉ်အတိုင်း (Ten kinds of perfections)ဆိုတဲ့ ပါရမီ (၁၀)ပါးအတိုင်း အားလုံးကျင့်သုံးနိုင်ကြမယ်ဆိုရင် တိုင်းသူပြည်သား လူအများလည်း သူတို့ရဲ့ အကျိုးစီးပွားတွေ ဘာဖြစ်လာမလဲ? Perfect- တိုင်းသူပြည်သား လူအများရဲ့ အကျိုးစီးပွားလည်း perfect-ဖြစ်လာအောင်၊ ခေါင်းဆောင်တွေ အားလုံးကလည်း ဘာဖြစ်လဲ? Perfect men-တွေ ဖြစ်လာအောင် ဒီ ten kinds of perfection-ဆိုတဲ့ ပါရမီ (၁၀)ပါး အားလုံးကို လိုက်နာ ကျင့်သုံး ပြီးတော့ တိုင်းပြည်ရဲ့ အကျိုးစီးပွားအားလုံး ပြည့်စုံအောင် ကျင့်သုံးကြပါ၊ ကျင့်သုံးနိုင်ကြပါစေဆိုတာ ဘုန်းကြီးက လေးနက်စွာ တိုက်တွန်းပြီးတော့ ဘုန်းကြီးရဲ့ ဒီမှာတင် နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ

သီတဂူဆရာတော်ဒေါက်တာအရှင်ဉာဏိဿရ

အဂ္ဂမဟာပဏ္ဍိတ၊

အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊Align Left

အဂ္ဂမဟာဓမ္မကထိက

(Ph.D., D.Litt.)

Tuesday, July 26, 2011

တကယ်ချစ်ရဲ့လား



တကယ်ချစ်ရဲ့လား
လောကတွင် လူသားများအသုံးပြုများသော စကားလုံးတစ်ခု ရှိပါသည်။ ထိုစကားလုံးမှာ တကယ်ချစ်ရဲ့လားဆိုသည့်စကားပင် ဖြစ်ပါသည်။ ဒီစကားလုံးကို အများသူငှာပြောနေကြသော်လည်း မိမိကိုယ်ကို မေးရမှာလား သူတစ်ပါးကိုမေးရမဲ့စကားလားဆိုတာ နားလည်သူက နည်းပါးမည် ထင်ပါသည်။ ထို့ကြောင့်လည်း တကယ်ချစ်ရဲ့လားဟု သူတစ်ပါးကိုပဲ မေးနေကြခြင်း ဖြစ်သည်။

တကယ်တော့ ဒီစကားဟာ မိမိကိုယ်ကို မေးရမဲ့စကားပါ။ ဘာဖြစ်လို့လဲဆိုတော့ မိမိကိုယ့်ကိုမှ တကယ်မချစ်သောသူသည် သူတစ်ပါးကို တကယ်ချစ်တယ်ဆိုတာ မဖြစ်နိုင်လို့ပါ။ မိမိကိုယ့်ကို တကယ်ချစ်သောသူသည် သူတစ်ပါးကိုချစ်၍ သူတစ်ပါးဒုက္ခရောက်အောင် မလုပ်ဘဲ သူတစ်ပါးအကျိုးရှိမည့် အများအကျိုးကိုသာ ပြုလုပ်ပေးကြသည်။ မိမိကိုယ်ကို တကယ်ချစ်၍ ကောင်းတာများလုပ်မှသာလျှင် မိမိလည်း ကောင်းစားမှာဖြစ်ပြီး မိမိချစ်သော သူတစ်ပါးသည်လည်း ကောင်းစားမည်ဖြစ်ပါသည်။ မိမိကိုယ့်ကို မချစ်၍ မကောင်းတာများလုပ်မည်ဆိုလျှင် မိမိမကောင်းကျိုးများ ခံစားရမည်ဖြစ်သောကြောင့် သူတစ်ပါးလည်း ကောင်းကျိုးချမ်းသာများ ခံစားရမည်မဟုတ်ပေ။

သူတစ်ပါးအသက်ကိုသတ်လျှင် သူတစ်ပါးလည်း စိတ်ဒုက္ခရောက်သလို မိမိလည်း နောက်တစ်ချိန်တွင် ထိုကဲ့သို့သော စိတ်ဒုက္ခများစွာခံစားရမည့်အပြင် ယခုမျက်မှောက်ဘ၀တွင်လည်း ကံနိမ့်နေပါက မကောင်းကျိုးများ ဆက်တိုက်ပေးခြင်း ခံရမည်ဖြစ်ပါသည်။ မိမိကိုယ့်ကို တကယ်ချစ်တဲ့လူဆိုရင် မိမိယခုဘ၀ နောက်ဘ၀ကောင်းစားဖို့ကိုကြည့်ရမည့်အပြင် မိမိအမြဲချမ်းသာမှုများခံစားရမည့် မိမိတို့ပန်းတိုင်ကိုပါ လျင်မြန်စွာရောက်အောင် ကြိုးစားပြုလုပ်ရပါမည်။ သို့မှလည်း မိမိကိုယ်ကို တကယ်ချစ်ရာရောက်၍ မိမိကိုယ်ကိုချစ်သောသူဟုလည်း ခေါ်ဆိုနိုင်ပါမည်။ ထိုသို့မဟုတ်လျှင်တော့ မိမိကိုယ်ကို တကယ်ချစ်သောသူဟု မဆိုနိုင်ပေ။

သူတစ်ပါးပစ္စည်းကို ခိုးယူသူသည် ပစ္စည်းခိုးရန် အကြံထုတ်ခြင်း၊ စွန့်စားရခြင်းတို့ကြောင့် သူ့စိတ်မှာ မကောင်းတာချည်းဖြစ်နေတဲ့အတွက် ရုပ်ရေမှာလည်း ကြမ်းတမ်းနေသဖြင့် သူခိုးများ၏ မျက်နှာမှာ လူချောလူခန့်ဟု မရှိဘဲ ရုပ်ဆိုးများသာ ဖြစ်နေကြပေသည်။ နောင်ဘ၀တွင်လည်း မိမိ၌ ထိုကဲ့သို့သော ဆင်းရဲမှုများနဲ့သာ ရင်ဆိုင်ရမည့်အပြင် ဖြစ်လေရာမှာ ချမ်းသာသောသူ မဖြစ်သဖြင့် မိမိကိုယ့်ကို ဒုက္ခပေးသူဖြစ်၍ မိမိကိုယ့်ကို ချစ်သောသူမဖြစ်နိုင်ပါ။ ထိုသို့မိမိကိုယ့်ကိုမချစ်သဖြင့် မချမ်းသာသောသူသည် သူတစ်ပါးကိုလည်း ချမ်းသာအောင်ပြုလုပ်ပေးနိုင်မည်မဟုတ်သောကြောင့် သူတစ်ပါးကိုလည်း တကယ်ချစ်သောသူဟု မသတ်မှတ်နိုင်ပေ။

သူတစ်ပါးသားမယားကို ပြစ်မှားသူသည် သံသရာဘက်ကကြည့်လျှင် နောင်ဘ၀မှာ မိမိအား စိတ်ဒုက္ခများစွာဖြစ်မဲ့ မကောင်းကျိုးများ ခံစားရမည်ဖြစ်ပါသည်။ ထို့အတူ ယခုမျက်မှောက်ဘ၀အတွက် ကြည့်လျှင်လည်း ရောဂါရခြင်း၊ အားနည်းခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်းများ ခံစားရပါသည်။ အမှန်ကိုအမှန်အတိုင်းမသိသောသူများသည် တကယ်ချမ်းသားမှုမဟုတ်တဲ့ စိတ်ရဲ့လှည့်စားမှုလေးကိုပဲ မိမိအတွက်ချမ်းသာတယ် ကောင်းတယ်ထင်ကာ မကောင်းမှုများမှာ ပျော်မွေ့ပြီး မိမိကိုယ့်ကို ဒုက္ခရောက်အောင် ပြုလုပ်နေကြခြင်း ဖြစ်ပါသည်။

သူတစ်ပါးပျက်စီးအောင်၊ စိတ်ဒုက္ခရောက်အောင် လိမ်ညာပြောဆိုလှည့်ပတ်သူသည် ယခုမျက်မှောက်တွင် သူတစ်ပါးဆင်းရဲရသလို မိမိခံစားရမည့်အပြင် နောင်တမလွန်မှာလည်း မကောင်းမှုများဖြင့် ပြည့်နပ်နေပြီး မကောင်းကျိုးများဖြင့်သာ ကျင်လည်နေရမည်ဖြစ်သောကြောင့် ထိုသူသည် မိမိကိုယ့်ကို တကယ်ချစ်သောသူ မဖြစ်နိုင်ပါ။

အရက်သေစာသောက်စား မူးယစ်နေသောသူသည် မျက်မှောက်ဘ၀တွင် မကောင်းမှုများလုပ်ရန် ၀န်မလေးခြင်း၊ မိမိမိသားစု စိတ်မချမ်းသာခြင်း၊ မိမိ၏စိတ်သည် ပုံမှန်မဟုတ်သဖြင့် ကောင်းမှုမလုပ်နိုင်ခြင်း၊ စီးပွားရေးများ မကြံဆနိုင် မပြုလုပ်နိုင်သဖြင့် စီးပွားနှောင့်နှေးခြင်း၊ မိမိကိုယ့်ကိုမိမိ ကျန်းမာရေးချို့တဲ့အောင်ပြုလုပ်နေခြင်းတို့အပြင် နောက်ဘ၀တွင်လည်း အရူးဖြစ်ခြင်း၊ ဉာဏ်ထိုင်းမှိုင်းသူဖြစ်ခြင်းစသော မကောင်းကျိုးများကိုသာ ခံစားရမည်ဖြစ်သောကြောင့် မိမိကိုယ်ကို တကယ်ချစ်သောသူ မဖြစ်နိုင်ပေ။

ထို့အတူ ဒေါသကြီးသောပုဂ္ဂိုလ်များသည် ယခုဘ၀၌ မိမိအတွက် ရုပ်ရေကြမ်းတမ်းခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်းဖြစ်ပြီး နောင်ဘ၀တွင်လည်း ရုပ်ရေမလှသောသူ ဖြစ်ရပါသည်။ တကယ်လို့သာ မိမိကိုယ်ကိုချစ်တာမှန်ရင် ဒီလိုမျိုး မျက်မှောက်တမလွန်အကျိုးမရှိမဲ့ မကောင်းမှုမှန်သမျှကို ရှောင်ကြဉ်ကာ မိမိဒုက္ခတွေငြိမ်းပြီး ချမ်းသာမှုသာရှိတဲ့ နိဗ္ဗာန်ကိုရောက်အောင် ကြိုးစားပြုလုပ်ရပေမည်။ ထို့ကြောင့် မိမိကိုယ့်ကို နေ့စဉ်နဲ့အမျှ တကယ်ချစ်ရဲ့လားလို့ မေးမေးပေးသင့်ပါသည်။

လူသားအများစု ဘာသာမရွေး၊ လူမျိုးမရွေး ပြုလုပ်နေကြသည့် ပရဟိတလုပ်ငန်းဆိုတာ ရှိပါသည်။ ထို့လုပ်ငန်းသည် တကယ်တွေးကြည့်လျှင် မိမိကိုယ်ကိုချစ်၍ သူတစ်ပါးကိုချစ်နေကြသော ပုဂ္ဂိုလ်များ၏အလုပ်ပင် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူတစ်ပါးကိုကူညီပေးလိုက်လျှင် မိမိအကျိုးကိစ္စပါ တစ်ခါတည်းပြီးလျက်ဖြစ်နေသောကြောင့် သူတစ်ပါးစိတ်ချမ်းသာ ပျော်ရွှင်ရသလို မိမိလည်းယခုဘ၀မှာ စိတ်ချမ်းသာမှုပီတိများခံစားရပြီး နောင်ဘ၀များစွာတွင်လည်း ကောင်းကျိုးများခံစားလျက် မိမိတို့ပန်းတိုင်ကို လျင်မြန်စွာ ရောက်ရှိပါသည်။

သူတစ်ပါးအကျိုးကိုလုပ်သော ပရဟိတအလုပ်သည် အယုတ် အလတ် အမြတ်မရွေး လူမျိုးမရွေး၊ ဘာသာမရွေး၊ ပုဂ္ဂိုလ်မရွေး၊ ဘယ်သူဘယ်ဝါ မရွေး၊ အားလုံးရဲ့အကျိုးအတွက် လုပ်ပေးခြင်း ဖြစ်သည်။ မိမိကူညီပေးလိုက်သော သူတို့ထံမှ မည်သည့်မျှော်လင့်ချက်မျှ မထားဘဲ ပေးဖို့သက်သက်ပဲ ဖြစ်ပါသည်။ မိမိကူညီပြုလုပ်ပေးလိုက်ရ၍ သူတစ်ပါးချမ်းသာသွားသည်ကိုမြင်ရရင် ပရဟိတသမားများ သည် ကျေနပ်နေကြသည်။

လောက၌ ကံဉာဏ်နည်းပါးသဖြင့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး မလုံလောက်ရှာကြ၍ မပြည့်စုံသူများအား ကူညီလုပ်ပေးလိုက်ရတဲ့အတွက် သူဒုက္ခမှလွတ်ပါစေဆိုသည့် ကရုဏာ၊ ချမ်းသာပါစေ ဟူသော မေတ္တာအရင်းခံဖြင့် ဆောင်ရွက်ပေးနေကြခြင်း ဖြစ်ပါသည်။ ကိုယ့်ကျေးဇူးကိုသိသဖြင့် မိမိအပေါ်ပြန်လည်တုံ့ပြန်မှု မျှော်လင့်မထားကြပါ။ တကယ်စင်စစ်အားဖြင့် ပရဟိတလုပ်ခြင်းသည် လောဘကို တိုက်ရိုက်ဖြိုဖျက်ပေးသောအလုပ်ဖြစ်သည်။ထို့ပြင် မေတ္တာကရုဏာဖြင့် ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ဒေါသကိုလဲ တိုက်ရိုက်ဖျက်ဆီးနေသော အလုပ်လည်း ဖြစ်ပါသည်။ အသိတရား ဦးဆောင်ပြီးလုပ်လျှင် မောဟကိုပါ သန့်စင်လိုက်ခြင်း ဖြစ်သွားသည်။ ထိုကဲ့သို့ လောဘ၊ ဒေါသ၊ မောဟကို အနိုင်ယူရသော အလုပ်ဖြစ်ခြင်းကြောင့် မြင့်မြတ်လှသောအလုပ်ဟု ဆိုနိုင်ပါသည်။

လောကထဲ၌ ဆင်းရဲဒုက္ခအပူ ပြဿနာမျိုးစုံကို ဖန်တီးနေသည့် လောဘ၊ ဒေါသ၊ မောဟ အပူငွေ့များအား ဖယ်ရှားသန့်စင်ပြီး မြင့်မြတ်သောစိတ်ထားဖြင့် ဆောင်ရွက်နေခြင်းဖြစ်သောကြောင့် စဉ်းစားကြည့်လျှင် ပရဟိတအလုပ်သည် အလွန်ကြည်နူးစရာကောင်းသော အလုပ်ပင်ဖြစ်ပါသည်။ ထို့ကြောင့် လူသားအများစုသည် ပရဟိတကို စိတ်ပါဝင်စားစွာဖြင့် ပြုလုပ်နေကြခြင်း ဖြစ်သည်ဟု ထင်မြင်မိပါသည်။

အလှူအတန်းပွဲ၊ အများသူငှာလုပ်နေကြသည့် ပွဲလမ်းသဘင်များတွင် ပရဟိတဝေယျာဝစ္စ ပြုလုပ်ပေးနေသည်ကို မကြာခဏတွေ့မြင်ရပါသည်။ ထိုသူများသည် ပရဟိတစိတ်ဓာတ်ကြောင့် မိမိနှင့်မသက်ဆိုင်သည့် အလုပ်ကိစ္စများကို အချိန်ကုန်ခံ ပင်ပန်းခံပြီး ပြုလုပ်ပေးနေကြခြင်း ဖြစ်သည်။ ထို့အတူ အသုဘပို့မှုများ၌ လူများစုသည် မိမိတို့လိုက်ပါစရာမလိုသော်လည်းပရဟိတစိတ်ရှိသူပီပီ သေသွားသူအား နှုတ်ဆက်သည့်အနေဖြင့်လည်းကောင်း၊ ကျန်ရစ်သူမိသားစုများကို အားဖြည့်ပေးသည့်အနေဖြင့်လည်းကောင်း ၀ိုင်းဝန်ကူညီပြုလုပ်ပေးနေကြ သည်။ မြတ်ဗုဒ္ဓက ပရဟိတစိတ်ဓာတ်ဖြင့် အလှူတန်းပွဲများကို ၀ိုင်းဝန်ကူညီပြုလုပ်ပေးသောသူသည် အလှူရှင်များ နည်းတူ ကောင်းကျိုးကုသိုလ်ရရှိသည့်အပြင် မေတ္တာကရုဏာဖြင့် ပြုလုပ်ပေးခြင်းကြောင့် သီလလုံခြုံသူများ လည်း ဖြစ်သည်ဟု မိန့်တော်မူခဲ့သည်။

ဘုရားရှင်နှင့်ရဟန္တာတို့သည် ယခုမျက်မှောက်လုပ်သော ကောင်းကျိုးများ၏ အကျိုးကျေးဇူးများ ကို နောက်ဘ၀တွင် ဆက်လက်ခံစားရန် မရှိသော်လည်း ပရဟိတအလုပ်ကို ပြုလုပ်ပေးကြသည်။ တကယ်ဆို ရဟန္တာအရှင်မြတ်များသည် မိမိတို့ရရှိသည့်နိဗ္ဗာန်ချမ်းသာကို ခံစားနေရပါမည်။ သို့သော် သူတော်ကောင်းတို့၏ စိတ်ဓာတ်သည်ကား မိမိချမ်းသာရေးထက် အများချမ်းသာရေးကိုသာ ဦးစားပေးတတ်သောကြောင့် ပရဟိတလုပ်ငန်းများ ပြုလုပ်ကြခြင်း ဖြစ်ပါသည်။

မြတ်ဗုဒ္ဓသည် သူတစ်ယောက်အတွက်ပဲ ချစ်မည်ဆိုလျှင် သုမေဓာရှင်ရသေ့ဘ၀ကတည်းက သာဝကရဟန္တာပုဂ္ဂိုလ်အနေဖြင့် နိဗ္ဗာန်ချမ်းသာကြီးကို အလွယ်တကူ ရယူနိုင်သော အခြေအနေရှိခဲ့ပါသည်။ သို့သော် မိမိကိုယ့်ကို တကယ်ချစ်တာထက် အများကိုပို၍ ချစ်ခင်သောပရဟိတ စိတ်ဓာတ်ရှိသူဖြစ်သောကြောင့် သာဝကပုဂ္ဂိုလ်အနေဖြင့် နိဗ္ဗာန်ချမ်းသာမယူဘဲ သဗ္ဗညုတဉာဏ်ရအောင် သူများမလုပ်နိုင်သည့် ပါရမီများကို ဘ၀များစွာ ဆင်းရဲပင်းပန်းခံပြီး အများကိုလည်း သူနည်းတူရအောင် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပါသည်။

သဗ္ဗညုတဉာဏ်ရ၍ မြတ်ဗုဒ္ဓဖြစ်သောအခါ၌လည်း တစ်ရက်ကို(၂၄)နာရီရှိရာ မြတ်ဗုဒ္ဓသည် (၂၂)နာရီ ပရဟိတအများအကျိုးအတွက် အလုပ်လုပ်ပေးခဲ့ပါသည်။ ထိုကဲ့သို့ မိမိတို့ရဲ့ဆရာသခင် ကျေးဇူးရှင်ဖြစ်သော မြတ်ဗုဒ္ဓသည်ပင် ဤမျှလောက် ပရဟိတအလုပ် လုပ်ခဲ့သေးလျှင် ကျွန်ုပ်တို့သည် မြတ်ဗုဒ္ဓမျှလောက် မလုပ်နိုင်လျှင်သော်မှ မိမိတက်နိုင်သည့် ပရဟိတလုပ်ငန်းများကို မဖြစ်မနေပြုလုပ်ပေးသင့်ပါသည်။

ပရဟိတလုပ်နေချိန်တွင် သီလရှိသူ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုသည့် ဗြဟ္မစိုရ် တရားလေးပါးနှင့်ညီသောကြောင့် ဗြဟ္မာများနှင့်တူသော လူကောင်းတစ်ယောက်ဟု သတ်မှတ်နိုင်ပါသည်။ ပရဟိတလုပ်မနေသောအချိန်တွင်တော့ အကုသိုလ်များလည်း လုပ်နိုင်သောကြောင့် အမြဲလူကောင်းတစ်ယောက်ဟုတ်မဟုတ်တော့ အနီးကပ်လေ့လာမှ သိနိုင်ပေလိမ့်မည်။ သို့သော် မိမိသန္တာန်၌ အများအကျိုးပရဟိတလုပ်ဖို့သာ စိတ်ဆန္ဒရှိနေလျှင်တော့ ထိုသူကို လူကောင်းတစ်ယောက်ဟု သတ်မှတ်နိုင်ပါသည်။

ပရဟိတလုပ်သူသည် မိမိတို့ကျေးဇူးရှင်ဖြစ်သော မြတ်ဗုဒ္ဓကိုလည်း အတုယူသူ မိမိအပေါ်အများက ပြန်လည်တုန့်ပြန်မည့် အကျိုးကျေးဇူးများကိုလည်း မျှော်လင့်ချက်မထားဘဲ မိမိကူညီလုပ်ကိုင်ပေးလိုက်၍ သူတစ်ပါးချမ်းသာပျော်ရွှင်သွားသည်ကိုမြင်ရ လျှင် ကျေနပ်မှုပီတိများဖြင့် နှစ်သိမ့်နေသောသူများ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် ရခဲလှသော လူ့ဘ၀၊ ရှိခဲလှသော သူတော်ကောင်းစိတ်၊ တွေ့ခဲလှသော ဘုရားသာသနာ၊ ပြုနိုင်ခဲလှသော ပရဟိတအလုပ်ကို ယခုလို အသက်ရှိစဉ်အချိန်ကာလလေး၌ များများပြုလုပ်ပေးရပါမည်။ သို့မှသာ မိမိကိုယ့်ကိုရော သူတစ်ပါးကိုပါ တကယ်ချစ်သောသူဖြစ်ပြီး လူဖြစ်ရကျိုးနပ်သော လူတစ်ယောက်ဖြစ်ကာ မိမိတို့ပန်းတိုင်ကိုလည်း လျင်မြန်စွာရောက်ရှိပါလိမ့်မည်။