တိုက်တိုက် ဆိုင်ဆိုင်လို့ ပြောရမှာပါ။ ဝင်းဝင်းပပ သာနေတဲ့ လရယ်။ တဖြူးဖြူး တိုက်ခတ်နေတဲ့ လေပြေညင်း လေးရယ်။ တိတ်ဆိတ်စွာ အိပ်မော ကျနေတဲ့ ညတစ်ညရယ်။ မိုးတိမ် မိုးသား တွေကလည်း ကင်းစင် နေတာမို့ ကြယ် ကလေးတွေ တဖျတ်ဖျတ် လင်းလက်နေတဲ့ ကောင်းကင် ပြာပြာ ကြီးရယ်၊ အကွယ် အကာမဲ့ တိုက်တစ်တိုက်ရဲ့ အမိုးလေဟာ ပြင်ကနေ မြင်ရတဲ့ ညတစ်ညရဲ့ အလှဟာဖြင့် ပြောပြလို့ မကုန်နိုင် အောင်ပါပဲ။
စာရေး သူနေခွင့်ရတဲ့ အဆောင်ရဲ့ ခြေရင်းထောင့်မှာ ပုန်းညက်ပင်သုံးပင် တန်းစီ စိုက်ထားပါတယ်။ အဆောင်အအုံနဲ့ နီးလွန်းတာကြောင့် ပုန်းညက်ပင် များကို သိပ်ပြီးကြီးထွားခွင့် မပေးနိုင်ပါဘူး။ တော်တော်လေး မြင့်လာတာနဲ့ အပေါ် အဖျားပိုင်းက အကိုင်း အခက်တွေကို မကြာမကြာ ဖြတ်ပြီးတော့ ပေးရပါတယ်။ဒီတော့လည်း ပုန်းညက် ပင်လေးတွေဟာ အထက်ကို တက်ခွင့် မရနိုင်တော့ဘဲ ဘေးဘက် ဆီသို့သာ အခက်အလက်တို့ ဖြာရတော့ တယ်ပေါ့။ ပုန်းညက်ပင်လေးတွေရဲ့ ပုံပန်းသဏ္ဌာာန်ဟာ ပုပုဝိုင်းဝိုင်းလေးတွေနဲ့ဆိုတော့ တမျိုးချစ်စရာ ကောင်း သွားပြန်တာပေါ့လေ။ မကြာမကြာ ကိုင်းဖျားတွေကို ဖြတ်တောက်ခဲ့ရတာကြောင့် ကျန်ရှိနေတဲ့ ကိုင်းတွေမှာပဲ အရွက်တွေက အားပေးထွက်ရတာမို့ ပုန်းညက်ပင်လေး တွေဟာ နေပြောက် မထိုးနိုင် လောက်အောင်ကိုပဲ အရွက်တွေ စိပ်လို့ပေါ့။
ပုန်းညက် ပင်လေးများရဲ့ အောက်မှာတော့ အပြာရောင်နုနု ကြွေပြားလေးတွေ ကပ်စီထားတဲ့ ရှည်မျောမျော ခုံတန်းလေး တစ်ခုရယ်။ ခုံတန်းလေးနဲ့ မျက်နှာချင်းဆိုင် မှာတော့ ရောက်စုံ ကြွေပားများနဲ့ တန်ဆာ ဆင်ထားတဲ့ ခေတ်ပေါ်ပုံစံ ရေအိုးစင် ကလေးတစ်ခု ရှိတယ်ပေါ့။ နေ့လယ်နေ့ခင်း များမှာဆိုရင် ရေအိုးစင်က ရေအေးအေး လေးကို သောက်ပြီး ခုံတန်းလျား လေးပေါ် သက်သောင့် သက်သာ အနားယူ နေတတ်တဲ့ သူတချို့ကို ရံခါဆိုသ လို တွေ့ရတတ်ပါတယ်။
စာရေးသူကိုယ်တိုင် ပုန်းညက်ပင် တန်းအောက်က ခုံတန်းလျား လေးပေါ်မှာ အကြိမ်များစွာ အနားယူအပန်းဖြေ ထိုင်ခဲ့ဖူးပေမယ့် ခုလို လရောင်ဖြာတဲ့ ညတစ်ညမှာ ပုန်းညက်ပင် လေးတွေရဲ့ အပေါ်ဘက်ကနေ မိုးကြည့်ပြီး ပုန်းညက်ပင် လေးတွေကနေပေးတဲ့ မွှေးမြလှတဲ့ ရနံ့လေးကိုတော့ သေသေချာချာ မရှူရှိုက်ခဲ့ဖူးပါဘူး။ ဒီတစ်ည မှာတော့ ပြောခဲ့သလို ညတစ်ညရဲ့ အလှပေါင်းစုံကို တပြိုင်တည်း တွေ့ကြုံ ခံစား ရတာကြောင့် အိပ်မပစ်ရက်နိုင် လောက်အောင် ဖြစ်ရတာမို့ လရောင်လည်းဖြာ၊ လေပြေလည်းခ၊ တိတ်ဆိတ်စွာ လှနေတဲ့ ညတစ်ညမှာ မွှေးမြ လှတဲ့ ပန်းရနံ့ကို ကျေနပ်စွာ ရှူရှိုက်မိရပါတယ်ပေါ့။
တိုက်တိုက် ဆိုင်ဆိုင်လို့ ပြောခဲ့ပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတာကိုလည်း ပြောပြချင်ပါတယ်။ ရိုသေ လေးစားရတဲ့ ဆရာတော် အရှင်မြတ် တစ်ပါးက အမိန့်ရှိဖူးပါတယ်။ စာရေးသူကို "မင်း ခုဘာစာတွေ ဖတ် နေတုန်း"တဲ့။ စာရေးသူက "ဒီလိုပါပဲဘုရား။ ဘာစာရယ်လို့ တိတိကျကျ မပြောနိုင်ပါဘူး။ ကောင်းနိုး ရာရာတွေ ကို ရွေးပြီး ဖတ်ဖြစ်ပါတယ်"လို့ ပြန်ကြား လျှောက်ထားတော့ "အေး ဘုန်းဘုန်း အကြံပေးမယ်။ တို့ ဗုဒ္ဓဘာသာ ရဲ့ ပိဋကတ် ကျမ်းဂန်တွေထဲမှာ လူတန်းစား အသီးသီး။ ပုဂ္ဂိုလ်မရွေး။ သင့်တော်တဲ့ အဆုံးအမတွေ။ ဥပဒေသတွေ ရှိတယ်။ အဲဒါ အရင်က ပါဠိစာပေ အနေနဲ့ပဲ ရှိတာဆိုတော့ ပါဠိဘာသာ မကျွမ်းကျင်တဲ့ သူတွေအတွက် အလှမ်းမမီ နိုင်သလို ဖြစ်နေတယ်။ ခုတော့ မြန်မာပြန် ကျမ်းစာတွေအဖြစ် ရှိနေပြီမို့ မြန်မာစာ ဖတ်တတ်သူတိုင်း ဖတ်ရှု နားလည်နိုင်ပြီ။ ဗုဒ္ဓရဲ့သဗ္ဗညုတ ဉာဏ်တော်စွမ်းအားနဲ့ ဟောကြားထားတဲ့ တရားတော် များဆိုတော့ တချို့ နားမလည်နိုင်တာတော့ ရှိမှာပေါ့။ ဒါပေမဲ့ အဲဒါကလည်း အနည်းအကျဉ်း လောက်ပါပဲ။ ဗုဒ္ဓကိုယ်တော်တိုင် ကိုက သာမန် လူတန်းစားတွေ နားလည်နိုင်အောင် ဥပမာ ဥပမေတွေနဲ့ ဟောထားခဲ့တာဆိုတော့ နားလည်နိုင် တာ များပါတယ်။ ဒါကြောင့် ပိဋကတ် မြန်မာပြန် ကျမ်းစာများကို ဝတ်တစ်ခုထားပြီး တဖြည်းဖြည်း ဖတ်ကြည့် စမ်းပါလို့ အထူးတလည် အမိန့်ရှိခဲ့ဖူးပါတယ်။
ဒါကြောင့် အားလပ်လို့ ကိုယ်ပိုင် စာကြည့်ချိန် ရတာနဲ့ ပိဋကတ်မြန်မာပြန် ကျမ်းစာများကို ဖတ်ဖြစ်ခဲ့တာ အချိန် အတော်ကြာခဲ့ပါပြီ။ ခု ညဦးပိုင်း မှာတော့ ပုဂ္ဂလပညတ် မြန်မာပြန်ကျမ်းကို ဖတ်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ဘာဖတ် ခွင့် ရခဲ့သလဲဆိုတော့ လောကမှာ မစင်နဲ့တူတဲ့ စကားရှိတဲ့ "ဂူထဘာဏီ ပုဂ္ဂိုလ်" မစင်လိုလူရယ်။ ပန်းနဲ့တူတဲ့ စကားရှိတဲ့ "ပုပ္ဖဘာဏီပုဂ္ဂိုလ်" ပန်းလိုလူရယ်နဲ့။ ပျားနဲ့တူတဲ့ စကားရှိတဲ့ "မဓုဘာဏီပုဂ္ဂိုလ်" ပျားလိုလူရယ်လို့ ပုဂ္ဂိုလ်သုံးမျိုးသုံးစား ရှိကြောင်း ပုဂ္ဂလပညတ်မှာ ဗုဒ္ဓမိန့်တော်မူထားပါတယ်။
မစင်နဲ့တူတဲ့ စကားရှိတဲ့ ဂူထဘာဏီပုဂ္ဂိုလ် ဆိုတာကတော့ ဆွေမျိုးသဘင်၊ မင်းပရိတ်သတ်တို့ အလယ်မှာ မဟုတ်မမှန်တဲ့စ ကားကို ပြောဆိုတဲ့ ပုဂ္ဂိုလ်ကို ခေါ်ဆိုကြောင်း ဆက်လက် မိန့်တော်မူပါတယ်။ သက်သေအဖြစ် ခေါ်ယူမေးမြန်း ရာမှာလည်း မသိတာကို အသိ။ သိတာကို မသိလုပ်ပြီး။ ဗလောင်းဗလဲ ပြုလုပ်တတ်သူ။ မိမိ အကြောင်းကြောင့်ပဲ ဖြစ်ဖြစ်။ သူတစ်ပါး အကြောင်းကြောင့်ပဲ ဖြစ်ဖြစ်။ အနည်းငယ်မျှသော တံစိုးလက်ဆောင် ကြောင့်ပဲ ဖြစ်ဖြစ်။ သိလျက် ချို့ယွင်းသော စကားကို ပြောဆိုတဲ့ပုဂ္ဂိုလ်ကို ဂူထဘာဏီ-မစင်နဲ့တူတဲ့ စကားရှိတဲ့ ပုဂ္ဂိုရယ်လို့ မိန့်ဆိုထားပါတယ်။
ပန်းနဲ့တူတဲ့ စကားရှိတဲ့ ပုပ္ဖဘာဏီပုဂ္ဂိလ်ကိုတော့ ဆွေမျိုးသဘင် မင်းပရိတ်သတ်တို့ အလယ်မှာ မဟုတ်မမှန် တာကို မပြောဘဲ။ ဟုတ်တိုင်း မှန်ရာကိုသာ ရဲရဲဝံ့ဝံ့ပြောဆိုတဲ့ ပုဂ္ဂိုမျိုးကို ခေါ်ဆိုကြောင်း မိန့်တော်မူပါတယ်။ ပုပ္ဖဘာဏီ ပုဂ္ဂိုလ်ကတော့ သက်သေအဖြစ် ခေါ်ယူမေးမြန်းရာမှာ မသိတာကို မသိတဲ့အကြောင်း။ သိတာကို သိ တဲ့အကြောင်း။ မမြင်တာကို မမြင်တဲ့အကြောင်း။ မြင်တာကို မြင်တဲ့အကြောင်း။ အမှန်အတိုင်း ပြောဆိုသူကို ခေါ်ဆိုကြောင်းနှင့် မိမိအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်။ သူတစ်ပါး အကြောင်းကြောင့်ပဲ ဖြစ်ဖြစ်။ ဖောက်ပြန်ချွတ် ယွင်းတဲ့စကားကို မဆိုဘဲ မှန်မှန်ကန်ကန် အရှိကို အရှိအတိုင်း။ ပကတိအတိုင်း ပြောဆိုသူကိုသာ ခေါ်ကြောင်း မိန့်တော်မူပါတယ်။
ပျားနဲ့တူတဲ့စကားရှိတဲ့ မဓုဘာဏီပုဂ္ဂိုလ်ကတော့ ပြောတဲ့စကားကလည်း အပြစ်ကင်းတယ်။ ကြားရသူများ လည်း နားချမ်းသာတယ်။ နှစ်လိုဖွယ်ဖြစ်ပြီး နှလုံးသို့ သက်ဝင်တယ်။ လူအများကလည်း မြတ်နိုးတယ်။ အဲဒီ စကားမျိုးကို ပြောဆိုတဲ့ ပုဂ္ဂိုလ်မျိုးကို ခေါ်ဆိုကြောင်း မိန့်တော်မူပါတယ်။ ပုန်းညက်ပန်းနံ့လေးကို အားပါးတရ ရှိုက်ရှူရင်း ဗုဒ္ဓမိန့်တော်မူတဲ့ ပုဂ္ဂိုလ်သုံးမျိုးရဲ့ ကွဲပြားခြားနားမှုကို စိတ် ဖြာမိတာ သဘာဝကျလှပါတယ်။ ပိုပြီးတော့လည်း နားလည်သဘောပေါက်မိပါတယ်။
စာရေးသူတို့ တတွေဟာ မစင်နံ့ကိုတော့ ရှူရှိုက်လိုကြမယ် မဟုတ်ပါဘူး။ မစင်ကို ရွံရှာရာမှာ အနံ့တင်လားဆို တော့ မဟုတ်ပါဘူး။ ဘယ်လောက်ပဲ အရသာရှိရှိ ချက်ပြုတ်ပြီး အဆန်းတကြယ် ပြင်ဆင်ထားတဲ့ အစာအာဟာ ရပဲ ဖြစ်ပါစေ။ မစင် တစ်စက်လောက် ကျမှန်းသိပါက ဘယ်သူမှ နှစ်ခြိုက်လိုလားစွာ စားသုံးလိုကြမယ် မဟုတ် ပါဘူး။ မစင်ရဲ့သဘာဝဟာ အဲဒီလောက်ထိ ရွံမုန်းဖွယ် ဖြစ်တာပါ။ ဗုဒ္ဓက မဟုတ်မမှန် ပြောဆိုတတ်တဲ့ပုဂ္ဂိုလ်။ ဗလောင်းဗလဲ အပြောင်းအလဲများစွာနဲ့ လိမ်ညာလှည့်စား မဟုတ် မတရား ပြောဆိုတတ်တဲ့ ပုဂ္ဂိုလ်မျိုးကို မစင်နဲ့ တူတဲ့စကားရှိတဲ့ ဂူထဘာဏီပုဂ္ဂိုလ်လို့ ခိုင်းနှိုင်းပြီး ဟောကြား တော်မူတာဟာဖြင့် အလွန်မှပဲ ဆီလျော်သဘာဝ ကျလှပါတယ်။
စာရေးသူတို့ ပတ်ဝန်းကျင်မှာလည်း ခုတစ်မျိုး။ တော်ကြာတမျိုး။ အမျိုးမျိုး ပြောင်းလဲပြီး ဗလောင်းဗလဲ ပြော တတ်တဲ့ ပုဂ္ဂိုလ်မျိုး။ မဟုတ် မတရား။ ငါ့စကား နွားရ။ မစားရ ဝခမန်း။ ညာဝါးဖြီးဖြန်းပြီး အရမ်းကာရော မဆင် မခြင် ပြောတတ်တဲ့ပုဂ္ဂိုလ်မျိုး။ တံစိုးလက်ဆောင်၊ ဂုဏ်လာဘ်လာဘ။ ရာထူးဌာနန္တရ မျှော်ကိုးပြီး ကိုယ်ကျိုးစီး ပွား တစ်ခုအတွက် တစ်ပါးသူ ဘယ်လိုပဲ ပျက်ပျက် ဆိုတဲ့ စေတနာဆိုးနဲ့ ပြောဆိုတတ်တဲ့ ပုဂ္ဂိုလ်မျိုးတွေလည်း ရှိတတ်ပါတယ်။ အဲဒီ ပုဂ္ဂိုလ်မျိုးကိုတော့ မစင်ကို ရွံရှာမုန်း တီးသလို ပတ်ဝန်းကျင်ကလည်း မုန်းတီးရွံရှာကြပါ တယ်။ ဗုဒ္ဓကတော့ အဲဒီပုဂ္ဂိုလ်မျိုးကို ဂူထဘာဏီ ပုဂ္ဂိုလ်ရယ်လို့ မိန့်တော်မူထားပါတယ်။
ဗုဒ္ဓရဲ့ရည်ရွယ်တော် မူလိုရင်းက အဲဒီ ဂူထဘာဏီ ပုဂ္ဂိုလ်မျိုး မဖြစ်ကြစေဖို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ စာရေးသူတို့ ကိုယ်တိုင် အကြောင်း တစ်မျိုးမျိုးကြောင့် မစင်နဲ့တူတဲ့ စကားမျိုးကို ဆိုခဲ့ရင်တောင်မှ နောင်အခါမှာ ဂူထဘာဏီ ပုဂ္ဂိုလ်မျိုး။ မစင်နဲ့တူတဲ့ စကားမျိုးကို ဆိုမိတဲ့သူမျိုး မဖြစ်ရလေအောင် အထူးပဲ စောင့်စည်း ဆင်ခြင်သင့်လှပါတယ်။ ဒီလိုမှ မဟုတ်ဘဲ မစင်နဲ့တူတဲ့ စကားမျိုးကို စာရေးသူတို့ တတွေ ပြောဆို နေမယ် ဆိုရင်တော့ မစင်ကို အများသူငါ ရွံမုန်းသလို စာရေးသူတို့ တတွေလည်း အများသူငါ ရွံမုန်းစရာ ပုဂ္ဂိုလ်မျိုး ဖြစ်နေလေမှာ သေချာလှ ပါတယ်။
လေပြေနဲ့အတူ ပျံ့လွင့်လာတဲ့ ပုန်းညက်ပန်းရနံ့လေးဟာ ရှိုက်ရှူလို့ မဝနိုင်သလို၊ ရှိုက်ရှူခွင့်ရခဲ့တဲ့ စာရေးသူတို့ ရဲ့ စိတ်များကို ကြည်နူးနှစ်သက် ဖြစ်ရသလို၊ ပန်းနဲ့အလားသဏ္ဌာန်တူတဲ့ စကားမျိုးကို ပြောတတ်တဲ့သူမျိုးကို လည်း အများတကာက တွေ့လို၊ မြင်လို၊ ဆက်ဆံလိုကြပါလိမ့်မယ်။ ပန်းနဲ့အလားတူတဲ့ စကားမျိုးကို ပြောတတ် တဲ့သူမျိုးရဲ့ ဂုဏ်သတင်းမျိုးဟာလည်း ကောင်းမြတ်တဲ့၊ အများသူငါ ကြားလိုတဲ့ သတင်းမျိုးသာ ဖြစ်မှာ မလွဲပါ ဘူး။
ဒီတော့ စာရေးသူတို့ အနေနဲ့ နူးညံ့ ပြေပြစ်တဲ့ စကား။ သာယာ ချေငံတဲ့စကား။ စေ့စပ် ဆွေးနွေးရေးစကား။ ခိုက်ရန် မဖြစ်ရတဲ့ စကားမျိုးကိုသာ ပြောဆိုတတ်တဲ့သူမျိုး ဖြစ်ဖို့ အမှန်ပင် လိုအပ်လှပါတယ်။ ပန်းနဲ့တူတဲ့ စကားမျိုးကို ပြောဆိုခဲ့မယ်ဆိုရင်တော့ ပန်းသတင်း လေညင်းဆောင်၊ လူသတင်း လူချင်းဆောင် ဆိုသလို စာရေးသူတို့ရဲ့ ကောင်းမြတ်ခြင်း ဂုဏ်သတင်းဟာ ကမ္ဘာမြေအနှံ့ ကြိုင်သင်းပျံ့နှံ့သွားလေမှာ မလွဲပါဘူး။ ဒီထက် တိတိကျကျ ပြောရရင် ပန်းရနံ့ဟာ ပန်းရှိခိုက်မှာသာ ရနံ့သင်းတာပါ။ စာရေးသူတို့မှာ ပန်းနဲ့တူတဲ့ စကားရှိတဲ့ အတွက် ဂုဏ် သတင်း ပျံ့သင်းခဲ့မယ် ဆိုရင် စာရေးသူတို့ ရုပ်နာမ်ခန္ဓာအစဉ် ဒီကမ္ဘာမြေအပြင်က ပျောက်ကွယ် သွားသည့်တိုင် စာရေးသူတို့ရဲ့ ကောင်းမြတ်ခြင်း ဂုဏ်သတင်းကတော့ နောင် အဆက်ဆက် ပျံ့သင်းပြီး ကျန်ရစ် နေလေဦးမှာပါ။
ဒါကြောင့် စာရေးသူတို့အနေနဲ့ ပန်းနဲ့တူတဲ့ စကားရှိတဲ့ သူမျိုးဖြစ်ဖို့ ကြိုးစားသင့် လှပါတယ်ဆိုတဲ့ အတွေးတစ်ခုကို ပုန်းညက်ပန်း ရနံ့ကို မဝနိုင်စွာ ရှူရှိုက်ရင်း ဆင်ခြင်နေမိ ပါတော့တယ်။
ဒီစာကို ရေးနေဆဲအခိုက်မှာတောင် မွှေးမြလှလို့ နမ်းမဝတဲ့ "ပုန်းညက်ပန်း"လေးရဲ့ သင်းရနံ့ကို လွမ်းတမ်းတလို့ နေမိပါသေးတယ်။ ။
မေတ္တာများဖြင့်-
ဉာဏ်ဦးမောင်