Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
Sunday, August 21, 2016
သာကီဝင် မြန်မာ (ဗုဒ္ဓဘုရားရှင်ကို ကုလားလို့ပြောနေကြသူများအတွတ်)
သာကီဝင် မြန်မာ (ဗုဒ္ဓဘုရားရှင်ကို ကုလားလို့ပြောနေကြသူများအတွတ်)
သူတို့ဟာ ကပိလဝတ်၊ ဒေဝဒဟ၊ ကောလိယ စတဲ့ သကာကီဝင်တွေရဲ့ သက္ကတိုင်းဟာ မျက်မှောက် ခေတ် အိန္ဒိယနိုင်ငံတွင်း မဟုတ်ပဲ နီပေါနိုင်ငံမှာ ဆိုတာတောင် မသိပဲ ပြောဆိုနေကြတယ်။
သာကီဝင်မင်းသားက ဘုရားဖြစ်လာတဲ့ ဗုဒ္ဓနဲ့ သာကီဝင်တွေရဲ့ သမိုင်းကြောင်းကို သေခြာ မဖတ်ဘူးတော့ သူများပြောတာ ဟုတ်လိမ့်နိုးနိုး ဖြစ်ကုန်ကြတာပေါ့။ (အဲသလို ဘူမသိ ကိုးမသိ သူများပြောတာ ဟုတ်လိမ့်နိုး ထင်နေရင် သူများ လိမ်ညာတာ ခံရနိုင်ပါတယ်) ဗုဒ္ဓနှင့် သူ့ဆွေတော် မျိုးတော် သက္က ဆိုတဲ့ သာကီဝင် တွေရဲ့ သမိုင်းကတော့ . . .။
၁။ သာကီဝင်တွေ ဖြစ်လာမယ့် ဥက္ကာကရာဇ်မင်းကြီးရဲ့ သားတော်လေးပါး၊ သမီးတော် ငါးပါး နဲ့ နောက်လိုက်နောက်ပါများဟာ မဇ္ဈိမဒေသသားများမဟုတ် (ယနေ့နီပေါနိုင်ငံနဲ့ အိန္ဒိယနယ်စပ်ဒေသ က ဒေသခံတွေမဟုတ်ပဲ) အလွန်ရှေးကျတဲ့ကာလက အလွန်ဝေးကွာတဲ့ဒေသမှ ရွှေ့ပြောင်း ဝင်ရောက်လာသူများ ဖြစ်တယ်။
၂။ အဲ့ဒီလို့ စတင် ရွှေ့ပြောင်းလာချိန်မှာ ကပိလ ရသေ့ကြီးက သူ့မြေနေရာကို မြို့တည်ဖို့ ပေးတဲ့အတွက် ကပ္ပိလဝတ္ထု၊ ကပ္ပိလဝတ် လို့ ခေါ်တာ ဖြစ်တယ်။
၃။ သကျ သာကီဝင်တွေ ဘယ်အရပ်ကလာတာလဲလို့ မဇ္ဈိမဒေသက အာရိယံ၊ ဒြာဗီဒီယန် တွေက မေးကြတယ်။ သာကီဝင်တွေက ပြန်ဖြေတယ်။ သူတို့ဟာ အရှေ့ အရပ်က လာကြတာပါ တဲ့။ အရှေ့ အရပ်ဆိုတာ သေခြာအောင် “ကပိလဝတ်မှ ကြည့်လျှင် နေထွက်ရာ အရပ်ဟာ သာကီဝင်တွေရဲ့ ဇာတိ ပါ” တဲ့။
၎။ အာရိယံဗြဟ္မဏတွေကတော့ သူတို့ဟာ အာဖဂန်နစ္စတန် တောင်ကြားလမ်းမှ တဆင့် မဇ္ဈိမ ဒေသတွင်းသို့ အနောက်ဘက်မှ ဝင်ရောက်လာသူများ ဖြစ်ကြောင်း ပြောကြတယ်။ ဒါကြောင့် အနောက်ဘက်ကို မျက်နှာမူပြီး လက်အုပ်ချီ ရှိခိုးပါသတဲ့။
၅။ နောက်တစ်ချက်က နောင် သာကီဝင်ဖြစ်လာမယ့် သူတွေဟာ “ကျွန်းတောကြီး ” တွေ ရှိတဲ့ အရပ်က လာကြတာပါတဲ့။ သူတို့ဟာ ဟိမဝန္တာတောင်ခြေကို ပတ်ပြီး ရွှေ့ပြောင်းလာကြတာ ကျွန်းတောကြီးတွေ ရှိတဲ့ဒေသကို ရောက်တယ်။ ဇာတိမြေနဲ့ တူသမို့ တိုင်းနိုင်ငံ ထူထောင်ပြီး နေကြတယ်။ ကပိလ ရသေ့ကြီး ကလည်း မြို့တည်ဖို့ နေရာကို ပေးတယ်။ “သာကဝန=ကျွန်းတော” ကြီးမှာ ရှိတဲ့ နိုင်ငံမို့ သာကပြည်လို့လဲ ခေါ်ကြတယ်။
၆။ ၁၉၅၈ အိန္ဒိယ ရှေးဟောင်းသုတေသနရဲ့ ကပိလဝတ်၊ ဒေဝဒဟ မြို့ဟောင်းများ တူးဖော်မှု အစီရင်ခံစာအရ သာကီဝင်တွေဟာ အနောက်ဘက်က ဝင်လာတဲ့ အာရိယံ တွေလုံးဝ မဟုတ်ပါ ဘူးတဲ့။ သာကီဝင်တွေဟာ တိဘက်မြန်မာ ခေါ် တိဘက်တိုဘားမင်း အုပ်စုဝင်တွေ ဖြစ်ပါသတဲ့။ (သာကီဝင်တွေဟာ တိဘက်တိုဘားမင်း အုပ်စုဝင်ဖြစ်ကြောင်း အခြား အထောက်အထား များစွာ ရှိပေမယ့် စာရှည်လွန်းလို့ ဤမျှသာ။)
၇။ ပြန်ချုပ်ရရင် သာကီဝင်တွေဟာ အိန္ဒိယ၊ နီပေါ စတဲ့ (natives) ဒေသခံများ မဟုတ်ကြပဲ ကပိလဝတ်ရဲ့ အရှေ့ဘက် နေထွက်ရာအရပ် ကျွန်းတောကြီးတွေ ပေါက်တဲ့ အရပ်မှ (migration) ရွှေ့ပြောင်းလာသူများ ဖြစ်ကြတယ်။
၈။ ကပိလဝတ်ရဲ့ နေထွက်ရာ အရပ်လည်း ဖြစ်ရမယ်၊ ကျွန်းတောကြီး တွေလည်း ရှိရမယ်။ အဲ့ဒီ ဒေသ ဘယ်နေရာမှာလို့ စစ်ဆေးလိုက်တော့ ယနေ့ မြန်မာနိုင်ငံ ကိုသာ တွေ့ရပါတယ်။
၉။ ဘီစီ ၉၀၀ ခန့်က ကပိလဝတ်မှ အဘိရာဇာခေါင်းဆောင်တဲ့ သာကီဝင် အုပ်စု တစ်စုဟာ သူတို့ ဇာတိဖြစ်တဲ့ သင်္ဃဿ (တကောင်း) ကို ပြန်လည် ရွှေ့ပြောင်းလာကြတယ်။ စစ်အင်အား ကြီးတဲ့ အာရိယံကုလားဖြူ မင်းက သမီးတောင်းတာ မပေးလို့၊ အင်အားခြင်းလည်း မယှဉ်နိုင်လို့ ဇာတိ တကောင်းကို ပြန်ပြေးလာရခြင်းဖြစ်တယ်။ (ဒါကို သာကီဝင်တွေ ပထမအကြိမ် တကောင်းကို ရွှေ့ပြောင်းဝင်ရောက်မှု လို့ခေါ်တယ်။)
၁၀။ ဘီစီ ၅၄၀ ခန့်မှာ ဓဇရာဇာ ဦးဆောင်တဲ့ သာကီဝင် အုပ်စုတစ်စုဟာ သူတို့ဇာတိ တကောင်းကို ပြန်ပြေးလာရပါတယ်။ ဝိဋဒူပ မင်းသားက (genocide) လူမျိုးတုန်း သတ်ဖြတ်လို့ ထွက်ပြေး လာရတာ ဖြစ်တယ်။
ဒါတွေ အားလုံးကို ချုပ်လိုက်ရင် သာကီဝင်တွေရဲ့ မူလဇာတိ native ဟာ မြန်မာနိုင်ငံ ဖြစ်ပြီး ဥက္ကာကရာဇ် မင်းကြီးရဲ့ သား/သမီး ၉ ဦးနဲ့ အဖွဲ့ဟာ နီပေါနိုင်ငံတွင်းမှာ ကပိလဝတ် စတဲ့ မြို့တွေကို တည်ထောင် နေထိုင်ခဲ့ကြခြင်း ဖြစ်တယ်။
ဗုဒ္ဓရဲ့ ဘိုးတော်၊ ဘေးတော် သာကီဝင်များရဲ့ ဇာတိဟာ မြန်နိုင်ငံဧရိယာတွင်း ဖြစ်သမို့ ထေရဝါဒ ဗုဒ္ဓဘာသာဟာ မြန်မာနိုင်ငံမှာ ထွန်းကား သလားလို့ တွေးထင်မိတယ်။
ကိုင်းဒီတော့ မြန်မာတွေနဲ့ သွေးသားရင်း ဖြစ်တဲ့ သာကီဝင်မင်းသားကနေ ဘုရားဖြစ်သွားတဲ့ ဗုဒ္ဓဟာ မြန်မာတွေအတွက် သွေးရင်းသားရင်းပါ။
နိုင်ငံခြားသား မဟုတ်ပါဘူး။ ဗုဒ္ဓကို အိန္ဒိယသား ထင်မှတ်နေသူ မဟာပညာရှော်များကို ဗုဒ္ဓဟာ နီပေါနိုင်ငံ ကပိလဝတ်မြို့သား၊ မြန်မာ့သွေးသားရင့်း၊ သူ့ဘိုးဘေးများဟာ မြန်မာပြည်ဇာတိများ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။
(ကိုသာဝ)
အကိုးအကား။ ။ ဦးလှသိန်းထဋ် (ဘီအေ၊ ဓမ္မာစရိယ) ၏ ဗုဒ္ဓနှင့် မြန်မာလူမျိုး မင်းကွန်း ဆရာတော် ဦးဝိစိတ္တသာရာ ဘိဝံသ ရဲ့ မဟာဗုဒ္ဓဝင်များ
တောင်ပေါက်ဆရာတော်ရဲ့ ဗုဒ္ဓသာသနိက ပဌဝီကျမ်း
သိသာမြင်သာစေရန် နေဝါရီ သာကီဝင် နွယ်များ ဓာတ်ပုံဖြင့် ပြသလိုက်ပါသည် ရုပ်တွေက မြန်မာနဲ့ ဆင်လား အိန္ဒိယနွယ်ဖွားနဲ့ဆင်လား။ ကြည့်ခိုင်းလိုက်ပါ။ ....
မှတ်ချက်။ ။
ရုပ်တူတာတင်မက နေဝါရီဘာသာ စကားမှာ မြန်မာစကားနဲ့ တူတာတွေ အများကြီးပါပဲ ...။.
ဂဏန်းသချာင်္ ၅=ငါး ကို ငါး လို့ပဲခေါ်တယ်။ မီး ကို မီး။ ပူတာကို ပူတာ။ ထိတာကို ထိတာ မီးပူဆိုတာကို မီးပူ။ နောက် မေးခွန်းမှန်သမျှ လား ပါတယ်။ အငြင်းဝါကျမှန်သမျှ အရှေ့မှာ `မ´ ထည့်ပြီးပြောတယ်။
အာလူး ကို အာလူး ပဲခေါ်တယ်။ ၀ရံတာ ကို ၀ရံတာ လို့ပဲခေါ်တယ်။ ရေထဲ က ငါး ကို လည်း ငါး လို့  ပဲ ခေါ်တယ်။ နေ၀ါရီ လူမျိုးနှင့် မြန်မာလူမျိုးတို့တူသော နောက်ထပ်စကားချို့ရှိပါသေးတယ်...။
လမ်း ကို လမ်း။ သွားသည်ကို လျှောက် ။ သောက်သည်ကို သောက်။ အခေါင်းကို ခေါင်း။
နှခေါင်းကို နှာ။ မျက်စိကို မျက်။
မြတ်ဗုဒ္ဓကို ကိုယ်းကွယ်သူ စည်းကပ်သူအများစုဟာ မျက်နှာဝိုင်းမျိုးများဖြစ်ပြီး ကမ္ဘာ့လူမျိုးကြီး များဖြစ်တဲ့ ရာဝေရီယာန် မွန်ဂိုလီယာန် အင်ဒိုအာရီယာန်စတဲ့ သုံးမျိုး အနက်ထဲက အင်ဒိုအာရီယာန် ကုလားလူမျိုး မဟုတ်တာသေချာတယ်...။
ကျန်တဲ့  စကား လုံး အသုံး အနှုန်း တွေ တူတာ တွေ အများကြီး ကျန်သေးတယ်။ နီပေါနိုင်ငံမှာ နေပါလီ လူမျိုးနဲ့ နေဝါရီ လူမျိုးဆိုပြီး လူမျိုး ၂ မျိုးရှိတယ်။ နေပါလီ က ပုဏ္ဏား ဗြဟ္မာဏ မျိုးဖြစ်ပြီး နေဝါရီ လူမျိုးက သာကီဝင် မျိုးဖြစ်ပါတယ်။
အခုပြထားတဲ့ပုံက နေဝါရီ မိန်းကလေးတွေပုံပါ။ နေဝါရီ လူမျိုးအုပ်စုသည် တိဘက်တိုဘားမန်း အုပ်စုဖြစ်ပါသည်။ ကုလားမျိုး အာရီယာန်နွယ်မဟုတ်ပါ။ သိသာမြင်သာစေရန် ဓာတ်ပုံ တင်ပေး လိုက်တာပါ။
သကျပုတ္တိယ အရှင်အရိယာလင်္ကာရ
Tuesday, June 7, 2016
ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော်ဖြင့် ဘာ့ကြောင့် ဖုံးလွှမ်းရသနည်း
"ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော်ဖြင့် ဘာ့ကြောင့် ဖုံးလွှမ်းရသနည်း"
မြတ်ဗုဒ္ဓ သာသနာမှာ လက်ဝဲတော်ရံ လက်ယာတော်ရံဆိုတာရှိတယ်။ လက်ဝဲတော်ရံဆိုတာ တန်ခိုး အရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာမောဂ္ဂလာန်ပါ လက်ယာတော်ရံဆိုတာ ပညာအရာမှာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာပါ။
တန်ခိုးက လက်ဝဲ၊ ပညာက လက်ယာ။ တန်ခိုးဆိုတာ အာသဝေါတရားတို့ရဲ့ ကုန်ရာခန်းရာ အရဟတ္တဓဇ၊ အရဟတ္တရဲ့ အလံတံခွန်သာဖြစ်တယ်။
ပညာဆိုတာကတော့ ၀ိပဿနာပညာ၊ မဂ်ပညာ၊ ဖိုလ်ပညာကနေ နိဗ္ဗာန်ကို ရဖို့ ရောက်ဖို့ပါ။
ပုထုဇဉ်တို့ရဲ့ စိတ်သဘာဝဆိုတာ အဆန်းကြိုက်၊ တစ်ခုရိုး တစ်မျိုးပြောင်းပြီး။ တစ်သံသရာလုံး ဆန်းတယ်ထင်တာတွေ နောက်လိုက်ခဲ့ကြတယ်။ ရိုင်းရိုင်းပြောရရင် လမ်းဘေးက မျောက်ပွဲ၊ မျက်လှည့်ပွဲကအစ ဆန်းတယ်ထင်တာ မှန်သမျှမှာ လူတွေမေ့မျော သာယာနေတတ်ကြတယ်။
ဒီတော့ တန်ခိုးရဲ့  ဆန်းဆန်းပြားပြား ဖမ်းစားမှုအပေါ် မေ့လျော့တွေဝေ သာယာနေကြရင် မဂ်ပညာ ဖိုလ်ပညာကွယ်မှာပဲ၊ မဂ်ပညာ ဖိုလ်ပညာကွယ်ရင် သာသနာကွယ်မှာပဲ။ သာသနာကွယ်ပြီ ဆိုတာနဲ့ သတ္တ၀ါတွေရဲ့ သံသရာဝဋ်ဆင်းရဲ ဒုက္ခအပေါင်းက လွတ်မြောက်ရာတရားတွေလည်းကွယ်တာပဲ။
ယောဂီတို့ တရားထိုင်ရာမှာလည်း တင်ပျဉ်ခွေကြား လက်နှစ်ဖက် ယှက်တင်တဲ့အခါ လက်ဝဲ လက်ကို အောက်က လက်ယာလက်ကို အပေါ်က ထားရတာလည်း ဒီသဘောပဲ။
လက်ဝဲဆိုတဲ့ တန်ခိုးသဘောကို လက်ယာဆိုတဲ့ ပညာက ဖုံးထားအုပ်ထား၊ ဆင့်ထားရတယ်။
တစ်နည်းအားဖြင့်တော့ လက်ဝဲက သမထ၊ လက်ယာက ၀ိပဿနာ။ သမထ တန်ခိုးကိုသာ ပြလိုက်လို့ကတော့ အညှီ ယင်အုံသလို နေတော့မှာပေါ့။
ရုပ် နာမ် ဖြစ်ပျက်တွေ အနိစ္စ ဒုက္ခ အနတ္တတွေ ဘာမှဟောလို့  ပြောလို့ နားဝင်တော့မှာ မဟုတ်ဘူး။ တန်ခိုးပြမိရင် တန်ခိုးပဲ ကိုးကွယ်မှာ။ ၀ိပဿနာပညာ၊ ဖိုလ်ပညာ၊ မဂ်ပညာတွေဆိုတာ ကျင့်ကြံ အားထုတ်ရမှန်းတောင် သိမှာမဟုတ်တော့ဘူး။
တန်ခိုးလောက်ရင် မိန်းမောနေရင် သံသရာဝဋ်ဆင်းရဲကမလွတ်မြောက်နိုင်ဘူး။ ဒါ့ကြောင့်တန်ခိုး ဆိုတာ ဖုံးထားအပ်သောအရာ၊ ပညာသာလျှင် အမြဲအစဉ် ဖွင့်ထားအပ်သောအရာ၊ ဖော်ထား အပ်သော အရာ၊
ဒါကြောင့် တန်ခိုးကို ကိုယ်စားပြုတဲ့ လက်ဝဲဘက်ကို သင်္ကန်းနဲ့ ဖုံးထားရတယ်။ ပညာကို ကိုယ်စားပြုတဲ့ လက်ယာဘက်ကိုတော့ ဖွင့်ပြထားရတယ်၊ ဖော်ထားရတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီး
ဗုဒ္ဓမူကြို
Monday, June 6, 2016
ရတနာအစစ်ရဲ့ အရိပ်စစ်
ရတနာအစစ်ရဲ့ အရိပ်စစ်
ရဟန်းသံဃာဆိုတဲ့ ရတနာတပါးရဲ့ ကျေးဇူးဟာ ဆရာ့ကျေးဇူးနဲ့ မိတ်ဆွေကျေးဇူး နှစ်ခုပေါင်း စာလောက် ရှိနေတာပဲ ဖြစ်ပါတယ်။  ရတနာထိုက်တဲ့ သံဃာများဟာ လူပုဂ္ဂိုလ်များကို သံသရာမှ လွတ်ကြောင်းတရား ညွှန်ကြားပဲ့ပြင်ပေးတဲ့ ဆရာ အနေနဲ့ရော လောကလူ့ဘုံမှာ ကျင်လည်ရခိုက် အတောအတွင်း တရားနည်းလမ်းကျကျ အေးချမ်းစွာ ဖြတ်သန်းနိုင်အောင် ကူညီဖေးမ လမ်းပြပေးတဲ့ မိတ်ဆွေအနေနဲ့ပါ ကျေးဇူးပြုလေ့ရှိပါတယ်။
မြန်မာ့လူ့ဘောင်မှာ သံဃာတွေရဲ့ အခန်းကဏ္ဍဟာ အားကိုးကြည်ညိုရာအဖြစ် အထင်အရှား ရှိနေဆဲပါ။  အထူးသဖြင့် ဆင်းရဲမွဲတေမှုတွေနဲ့ နပန်းလုံးပြီး လောကီလောကုတ် ပညာဉာဏ် အသိတွေ အားနည်းကြရရှာတဲ့ အများစု အောက်ခြေ လူထုအတွက် သံဃာ့အရိပ်ဆိုတာ လက်တွေ့ကျတဲ့ ကာယကံမြောက်အေးရိပ်ဖြစ်သလို အတွေးလှတဲ့ မနောကံမြောက်အေး ရိပ်လည်း ဖြစ်ရပါတယ်။  
ဒါကြောင့် တချို့နေရာတွေမှာ သံဃာတွေဟာ သံသရာလွတ်ကြောင်းတရား ဟောပြောရုံတင်မက မိသားစု၊ အိမ်ထောင်ရေးပြသနာတွေမှာပါ ၀င်ပါပေးရတဲ့အထိ လူ့ဘောင်ရဲ့ အလယ်ခေါင်လိုနေရာမျိုးမှာ ရှိနေတတ်တာ ဖြစ်ပါတယ်။  တကယ်တော့ အဲဒီအနေအထား ကြောင့်ပဲ ရဟန်းသံဃာများရဲ့ လူ့ဘောင်အပေါ် ကျေးဇူးဟာ အတိုင်းအဆ မမှန်းနိုင်အောင် ကျယ်ပြန့်တယ်လို့ ဆိုရပါမယ်။
တကယ်တော့ ဗုဒ္ဓ္ဒစာပေကျမ်းဂန်ကို လေ့လာခြင်း၊ တရားဘာဝနာ အားထုတ်ခြင်း၊ အများနားလည် သိတတ်အောင် ဖြန့်ဝေ ဟောကြားခြင်းဆိုတဲ့ ပရိယတ္တိနဲ့ ပဋိပတ္တိဆိုတာ သံသရာမှ လွတ်မြောက် ခြင်းတရားအား ထိုးထွင်းသိမြင်ခြင်းဆိုတဲ့ ပဋိဝေဓ အလို့ငှာ အားထုတ်ရတဲ့အရာတွေသာ ဖြစ်ပါတယ်။  သာသနာကို စောင့်ရှောက်တယ်ဆိုတာ ပရိယတ္တိ၊ ပဋိပတ္တိလောက်နဲ့ မလုံလောက်ဘဲ ပဋိဝေဓဆိုက်မှ အစစ်အမှန် ထိန်းသိမ်းစောင့်ရှောက်ရာ ရောက်မှာပါ။  ဗုဒ္ဓဘာသာ ကိုးကွယ်သူ အရေအ တွက် ကို စောင့်ရှောက်တာဟာ ဗုဒ္ဒသာသနာကို စောင့်ရှောက်တာလို့ မဆိုနိုင်ပါဘူး။
ဒါပေမဲ့ ပညာရေးညံ့ဖျင်းရတဲ့ဘ၀မှာ ဓမ္မပညာရေးလည်း ချွတ်ခြုံကျခဲ့ရတာမို့ အများစုကြီးဟာ သာသနာ့အဆီအနှစ်ကို စောင့်ရှောက်ဖို့ မထက်သန်ကြဘဲ အလွယ်လမ်းဖြစ်တဲ့ ဘာသာ ကိုးကွယ်သူအရေအတွက်ကို စောင့်ရှောက်ဖို့ ထက်သန်လာခဲ့ကြပါတယ်။  ဒီနေရာမှာ ဆင်းရဲ မွဲတေမှုအတွက် အဖြေအဖြစ် ရဟန်းပြုခြင်းကို အသုံးပြုလာကြတဲ့ကိစ္စကဖြင့် အရိပ်ခိုရုံနဲ့ မရပ် တော့ဘဲ အခက်ချိုးတဲ့အထိ သက်ရောက်သွားတတ်တာကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။ အလုပ်အကိုင် ရှားပါးလာတာ၊ အလုပ်အကိုင်ကောင်းတွေအတွက် ပညာရေးလိုအပ်ချက် မြင့်မား လာတာ၊ လူမှုဘ၀လုံခြုံမှု လျော့နည်း လာတာတွေကြောင့်လည်း ရဟန်းအရိပ်၊ သင်္ဃန်းအရိပ်၊ သီလရှင်အရိပ်ကို လွယ်ကူတဲ့ထွက်ပေါက်အဖြစ် သုံးလာတာမျိုးတွေ ရှိလာပါတယ်။
အဲဒီလို အရိပ်ခို၊ ထွက်ပေါက်ရှာသူတွေ ရှိလာတဲ့အခါ လေ့လာကျင့်ကြံအားထုတ်မှုဆိုတဲ့ အခက်လမ်းကို ကြိုးပမ်းဖို့ မစွမ်းနိုင်တာကြောင့်ရော၊ ဒီလမ်းက သူတို့ တကယ်လိုအပ်နေတဲ့ အရိပ်နဲ့ ထွက်ပေါက်အတွက် သိပ်အသုံးမတည့်သလို ဖြစ်နေတာကြောင့်ပါ သူတို့အတွက် အလုပ်ဖြစ်မဲ့ အလွယ်လမ်းတချို့ကို ရှာဖွေကျင့်သုံးတာမျိုးတွေ ရှိလာပါတယ်။  တခြားဘာသာဝင်တွေ ဆောင်ရွက်တဲ့နည်းလမ်းတွေကို တွေ့မြင်တဲ့အခါ ကိုယ့်ဘာသာတရားနဲ့ ပတ်သက်တဲ့ ဓမ္မ ပညာရေးကလည်း မလုံလောက်ခဲ့တော့ သာသနာ့ကိုယ်ခံအားတွေ လျော့နည်းပြီး သူတို့လိုပဲ ကိုယ့် သာသနာကို စောင့်ရှောက်ကောင်းတယ်လို့ ထင်ယောင်ထင်မှားလည်း ဖြစ်လာကြပါတယ်။
 ပဋိဝေဓဆိုက်တဲ့အထိ ကျင့်ကြံပွားများ အား ထုတ်နိုင်ဖို့ ဆိုတာကို အသာထားပြီး ပရိယတ္တိနဲ့ ပဋိပတ္တိကို အားထုတ်ဖို့ဆိုတာတောင် လွယ်ကူတဲ့ကိစ္စ မဟုတ်တာကြောင့်လည်း ဒီလမ်းကို ရှောင်ကွင်း လိုက်ကြပုံလည်း ရပါတယ်။  ဒီလိုနဲ့ ပညာချို့ လူတော်တော်များများက သာသနာကို စောင့် ရှောက်ဖို့ လူအရေအတွက်ကိုသာ အာရုံကျကြကာ လူ့အရည်အသွေးကိုတော့ (မစွမ်းနိုင်မဲ့ တူတူ) မေ့ပစ်လိုက်ကြမတတ် ဖြစ်လာခဲ့တယ်လို့ ယူဆပါတယ်။
ဒါကြောင့်လည်း ရဟန်းသံဃာများရဲ့ သာသနာပြုလုပ်ငန်းစဉ်များဟာ အင်မတန် အရေးကြီးသလို အရိပ်လည်း ကြီးတယ်လို့ ဆိုရတာပဲ ဖြစ်ပါတယ်။  မလွယ်လမ်းဖြစ်တဲ့ ပရိယတ္တိနဲ့ပဋိပတ္တိကို ကိုယ်တိုင်လည်း ကျင့်ကာ သူတပါးကိုလည်း ပဋိဝေဓ ဆိုက်ပါစေဆိုတဲ့ သာသနာစောင့်စေတနာနဲ့ မျှဝေဟောပြောညွှန်ကြားဖေးမမှုကို စိုက်လိုက်မတ်တတ် ကျင့်သုံးနေကြတဲ့ ရဟန်းသံဃာတွေဟာ အဲဒီအလုပ်လောက်နဲ့ကို မအားနိုင် မနားနိုင် ဖြစ်နေကြမှာ အသေအချာပါပဲ။  
ဒီအခါမှာ အလွယ်လမ်းလိုက်တဲ့ အရိပ်ခိုတွေကတော့ ဒီလောက်အလုပ်မများတာမို့ ရပ်ထဲရွာထဲကလူထုနဲ့ အထိအတွေ့ ပိုများခွင့် ရလာကြပါတယ်။  အလွယ်လမ်းသမားမို့ အလွယ်လမ်းစကားသာ ပြောဟောလေတော့ ရပ်ထဲရွာထဲက ပညာချို့လူတွေ အတွက် နားလည်ရမခက်တာကြောင့် သူတို့စကားတွေ ပေါက်မြောက်လာကြပါတယ်။ သူတို့တရားတွေ ဖောင်းပွ လာကြ ပါတယ်။
အဲဒီအချိန်မှာ အခက်လမ်းလျှောက်နေကြတဲ့ ရဟန်းသံဃာတွေကတော့ ကိုယ်တိုင်က ပြည့်ဝမှ သူတပါးကို ဖြည့်ဆည်းနိုင် မယ်လို့ ယုံကြည်သူတွေပီပီ ကိုယ့်ပဋိဝေဓစခန်းကို နပန်း အရင်လုံး နေကြရတဲ့အတွက် ရပ်ထဲရွာထဲက ပညာချို့တွေကို ပညာမမျှနိုင်တာမျိုးတွေလည်း ရှိလာ နိုင်ပါတယ်။ ဒီလိုနဲ့ချိတ်ချိတ်ချင်း ငြိကြသလို သာသနာကို စောင့်ရှောက်ဖို့အတွက် ဘယ်လမ်း လျှောက်ရမှန်း မသဲကွဲသူတွေနဲ့ လူအရေအတွက်ကို အာရုံကျသူတွေ ချိတ်မိကြတာပဲ ဖြစ်ပါတယ်။ 
ဒီနေရာမှာ အလွယ်လမ်းမလိုက်တဲ့ သာသနာ့ဝန်ထမ်း ရဟန်းသံဃာ၊ သီလရှင်များအနေနဲ့လည်း ကိုယ့်ကိုယ်ကို ဖြည့်ဆည်းရုံမက ကိုယ့်ဘေးက ရပ်ရွာသားတွေကိုပါ တပြိုင်တည်း ဖြည့်ဆည်း ပေးကြမှ ဖြစ်မယ်လို့ သဘောထားကြစေချင်ပါတယ်။  အများစုက အလွယ်လမ်း လိုက်ချင်ကြ သူတွေမို့ အခက်လမ်းသမားတွေကို ရှောင်ကွင်းကောင်း ရှောင်ကွင်းကြပါလိမ့်မယ်။  ဒါပေမဲ့ ကိုယ်ကပဲ သူတို့ကို မတွေ့တွေ့အောင် စောင့်တွေ့ပြီး သာသနာစောင့်တရားကို ဝေမျှပေးရမယ့် အနေအထားကို ရောက်နေပြီလို့ ယူဆပါတယ်။
အဲဒီအတွက် ကျေးဇူးရှင် ရတနာစစ်ဖြစ်ကြတဲ့ ရဟန်းသံဃာ၊ သီလရှင်တို့ကို လူအများရဲ့ အရိပ်လာ အခိုကို မစောင့်တော့ဘဲ အရိပ်စစ်လိုက်မိုးပေးဖို့ အားထုတ်ခြင်းဖြင့် ထပ်မံကျေးဇူးပြုပေးတော်မူကြဖို့ လျှောက်ထားတောင်းပန်လိုက်ရပါတယ်။ သာသနာသုံးရပ်ကို စောင့်ရှောက်တတ်သော ဗုဒ္ဓဘာသာ ၀င်များ တိုးပွားနိုင်ပါစေ။
မသီတာ (စမ်းချောင်း)
Saturday, June 4, 2016
ဓမ္မ တာဝန်
ဓမ္မတာဝန်
အပိုင်း (၁)
တချို့က ပြောလေ့ရှိကြတယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓသာသနာကလည်း မသန့်စင်ဘူးလို့ ဒီလိုပြောတယ်၊ မြတ်စွာဘုရားရဲ့ အဆုံးအမတွေလည်း မသန့်စင်ဘူး၊ ထေရဝါဒ မပီပြင်ဘူးလို့ တချို့သမိုင်း ဆရာတွေက ဒီလိုဆိုချင်ကြတယ်၊ ဘာကြည့်ပြောတာလဲဆိုရင် ရွှေတိဂုံဘုရားပေါ်မှာ ရှိတဲ့ နတ်ရုပ်တွေ ဓာတ်ခန်းတွေတို့ ဘိုးတော်တွေတို့ ဆိုတာတွေ ကိုကြည့်ပြီးတော့ ထေရဝါဒ မှာလည်းပဲ အယူအဆတွေရောနေတယ်လို့ ဒီလိုသတ်မှတ်ပြီးပြောဆိုတယ်။ ဒါဟာ သေသေချာချာ မစဉ်းစားကြည့်လို့ ပြောမိတာသာ ဖြစ်တယ်၊ ကိုးကွယ်တဲ့ပုဂ္ဂိုလ် တွေအနေနဲ့ ရောတာကသဘာဝပဲ၊ ဓမ္မ အနေနဲ့ အဲဒီလို ရောထွေးနေတာတော့ လုံးဝမရှိဘူး၊ ထေရဝါဒ စစ်စစ် လုံးဝသန့်  ရှင်းစင်ကြယ်တယ်၊
ထေရဝါဒကို ကိုးကွယ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကတော့ ရောကောင်းရောလိမ့်မယ်၊ ဒါက ဓမ္မမှာ ရောတာ မဟုတ်ဘူး၊ ပုဂ္ဂိုလ်က ရောတာ၊ ပုဂ္ဂိုလ်ဆိုတာ tradition ကို စွန့်ခဲတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာမရောက်ခင်က နတ်ကိုးကွယ်တဲ့ ဝါဒမျိုး လက်ခံပြီးနေခဲ့တဲ့ အစဉ်အလာကနေ ဗုဒ္ဓသာသနာတော် ရောက်လာတဲ့အခါမှာ မြတ်စွာဘုရားရဲ့ အဆုံးအမတွေ ရင်ထဲနှလုံးထဲ ရောက်လာလို့ အမှန်သိလာပြီး ဗုဒ္ဓသာသနာတော်ကို မြတ်မြတ်နိုးနိုးနဲ့ ကိုးကွယ်လာခဲ့ကြတယ်၊ အဲဒီကိုးကွယ်လာတဲ့ပုဂ္ဂိုလ်တွေမှာ အချို့က ရှေးရိုးစွဲအတွေးတွေ ခေါင်းထဲမှာ မပျောက်သေးသည့် အတွက်ကြောင့် မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေအပြင် တခြားဟာတွေကို မှန်တယ်ထင်ပြီး လက်ခံ နေကြတယ်၊ အယူစွဲတွေ ရှိနေတတ်တာကတော့ ဒါ လောကရဲ့သဘာဝပဲ။
သို့သော် မြန်မာနိုင်ငံရောက်လာတဲ့ပိဋ္ဋကသုံးသွယ် နိကာယ်ငါးဖြာ၊ ဓမ္မက္ခန္ဓာပေါင်း(၈၄၀၀၀) ဆိုတာ ဒီထဲမှာ မည်သည့်ဝါဒမှ ရောနှောနေတာ မရှိဘူး၊ ဒါတောင်မှ တချို့က ပိဋ္ဋကထဲမှာ ဟိန္ဒူဝါဒ တွေ ရောနေတယ်လို့ရေးတယ်၊ ဘယ်မှာရောတာတုန်းလို့မေးတော့ သူတို့ထောက်ပြတဲ့အရာတွေက လုံးဝ ရယ်စရာတွေသာဖြစ်တယ်။
ဆိုပါစို့ ရယ်စရာတစ်ခုက ဘာလဲဆိုတာ သူတို့ပြောမယ်ဆိုရင် ဗုဒ္ဓဝါဒထဲမှာ မိစ္ဆာဝါဒတွေ ရောနေတယ် ဆိုတာက ဒိဋ္ဌိသံယုတ်တို့၊ ဗြဟ္မဇာလသုတ်တို့၊ ဒါက ဒိဋ္ဌိအကြောင်းတွေကို ဟောပြောတဲ့ ဟာသာဖြစ်တယ်၊ အဲတာတွေပါရှိလို့ရောတယ်လိုံပြောနေတာကတော့ ရယ်စရာ သက်သက်ပဲလို့ပြောရမယ်၊ မမှန်တာကို မမှန်ဘူးလို့ တင်ပြခြင်းအားဖြင့် ဒီတရာဟာ မမှန်မကန် ဖြစ်သွားတာ မဟုတ်ဘူး၊ မှန်ကန်မှုကို အလေးထားပြီး အမှားကိုလည်း အမှားလို့မြင်တတ် ရှင်းပြတတ်တာသာ ဖြစ်တယ်။
နန္ဒကပေတဝတ္ထုဆိုတာကို ထောက်ထားပြီး (၃၁)ဘုံကို ဗုဒ္ဓလက်မခံဘူးဆိုပြီးတော့ မြန်မာနိုင်ငံမှာ ထုတ်တဲ့ စာအုပ်တစ်အုပ်မှာ ရေးတယ်၊ မမှန်ကန်တဲ့သာဓကတွေ ကိုးကားတယ်၊ တစ်ကယ် ကျမ်းဂန်ကို လေလာကြည့်မယ်ဆိုရင် နန္ဒက ဆိုတဲ့ပြိတ္တာကြီးဟာ သူကိုယ်တိုင် မှားယွင်းတဲ့ အယူအဆတွေကို ယူခဲ့သည့် အတွက်ကြောင့်ဒီလို မှားယွင်းတဲ့ဝါဒ လက်ခံ ကျင့်သုံးသည့် အတွက်ကြောင့် ပြိတ္တာဘဝ ရောက်ရပါတယ်လို့ပြောတာ၊ အဲဒါစာပေထဲ မှတ်တမ်းတင်ထားတာ တွေကို ကြည့်ပြီး ဗုဒ္ဓဝါဒထဲမှာ ဟိန္ဒူဝါဒတွေ ရောနေတယ်လို့ဆိုတာက အလွန်ရယ်စရာ ကောင်းတဲ့အရာတစ်ခုသာဖြစ်တယ်။
အပိုင်း (၂ )
ရံဖန်ရံခါ တစ်ချို့ နိုင်ငံခြားသားတွေက ဆိုပါစို့ - မြင့်မိုရ်တောင် အကြောင်း ရေးထားတဲ့စာတွေကို ကြည့်ပြီးတော့ မြင့်မိုရ်တောင် ဘယ်မှာလဲ ဆိုတာမျိုးတွေ မေးလာတတ်ကြတယ်၊ မြင့်မိုရ်တောင် ဘယ်မှာလဲလို့ မေးလာရင် ဗုဒ္ဓသာသနာတော်မှာ မြင့်မိုရ်တောင်ဟာ အဓိကမဟုတ်ဘူး၊ ဒါတွေက ရှေးခေတ်က ရှိတဲ့ အနေအထားတွေ၊ မြတ်စွာဘုရားက လောကမှာ သတ်မှတ်ထားတဲ့ တောင် တစ်ခုကို ဟောကြားခြင်းသာဖြစ်တယ်။
လူ့ဘုံနဲ့ ဆက်စပ်နေပြီး အင်မတန်ကြီးမားတဲ့ ကမ္ဘာ ဂြိုလ်ကြီးတစ်ခုလုံးရဲ့ အမြင့်ဆုံးနေရာဟာ မြင့်မိုရ်တောင်လို့ ယူဆရင် ယူဆနိုင်စရာရှိတယ်၊ သာမန်ပကတိမြင်ရတဲ့ တောင်မျိုးလို လိုက်ရှာနေလို့ကတော့ ဘယ်လိုနည်းနဲ့မှ တွေ့မှာမဟုတ်ဘူး။ ဒီပြဿနာက အရေးကြီးတာ မဟုတ်ဘူး၊ မြတ်စွာဘုရားရဲ့ အဆုံးအမထဲမှာ သစ္စာလေးပါးတို့ မဂ္ဂင်ရှစ်ပါးတို့ ဆိုတာတွေကသာ အလွန်အရေးပါတယ့် တရားတွေဖြစ်တယ်၊ ဒါတွေနဲ့ ပက်သက်ပြီး စောဒကတတ်နိုင်တာ ဘယ်သူမှမရှိဘူး၊
လောကလူသားတွေ အကျိုးပြုဖို့အတွက် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က မဂ္ဂင်ရှစ်ပါး ဆိုတဲ့ အနှစ်သာရရှိတဲ့ တရားကို ဟောကြားဆုံးမထားလို့ မဂ္ဂင်ရှစ်ပါးဆိုတဲ့ ဒီဓမ္မဟာ လောကသားတွေ အတွက် ကနေ့ လိုက်ရှာရင် ကနေ့ အကျိုးရှိတယ်၊ လောကကို အကျိုးပြုနေလို့ မှန်ကန်တဲ့ အလင်းရောင် တစ်ခုကိုမြတ်စွာဘုရားရဲ့ ဓမ္မတွေက ပေးအပ်နေခြင်းဖြစ်တယ်၊
ရတာ မရတာက မြတ်စွာဘုရား တရားနဲ့ မဆိုင်ဘူး၊ လုပ်သူပုဂ္ဂိုလ်တွေနဲ့သာ ဆိုင်တယ်၊ ဒါကြောင့်မို့ ဘုန်းကြီးတို့တတွေ ဓမ္မတာဝန်ကို ထမ်းဆောင်ကြတဲ့အခါမှာ မြတ်စွာဘုရားရဲ့ တရားဓမ္မကို အတိမ်းအစောင်း မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ဟာ ရဟန်းသံဃာတွေ အလေးပေးရမယ့် တာဝန်တစ်ရပ်ဖြစ်တယ်၊ ဘယ်ဘာသာ ဘယ်ဝါဒမှာပဲ ကြည့်ကြည့် မြတ်စွာဘုရားရဲ့ အဆုံးအမတရားတွေလောက် တရားထုထည်ကြီးမားတဲ့ အရာဆိုတာမရှိဘူး၊ မြတ်စွာဘုရားဟောပြောထားတဲ့ တရားတွေဟာ ပိဋ္ဋက သုံးသွယ် နိကာယ် ငါးဖြာ ဓမ္မက္ခန္ဓာပေါင်း (၈၄၀၀၀)ထိ မြန်မာနိုင်ငံမှာ အပြည့်အစုံ ပုံနှိပ်ပြီးတော့ စာအုပ်စာတမ်းအနေနဲ့ လည်းရှိတယ်၊ သင်ကြားပို့ ချနေမှု လည်းရှိတယ်၊ မြန်မာနိုင်ငံမှာ မသင်လို့ မသိတဲ့ကျမ်းမျိုး အဓိပ္ပာယ် မဖော်နိုင်တဲ့ ကျမ်းမျိုး ဆိုတာလည်းမရှိဘူး၊ ဒါ့ကြောင့်မို့ မြန်မာနိုင်ငံရဲ့ ဓမ္မတာဝန်ဟာ ကျေပွန်တယ်လို့ ဒီလို ပြောရမယ်။
အပိုင်း (၃)
တချို့ ပုဂ္ဂိုလ်တွေက သံဃာတွေထဲမှာ အမြင်မတော်တဲ့ပုဂ္ဂိုလ်တွေကိုကြည့်ပြီး အပြစ်ဆိုကြတယ်၊ လောကမှာ အဆိုးနဲ့ အကောင်းဆိုတာ ဒွန်တွဲနေတာဖြစ်တယ်၊ အဆိုးရှိရင် အကောင်းရှိမယ်၊ အနှစ်နဲ့ အကာဆိုတာလည်း ဒွန်တွဲနေတတ်တယ်၊ အဆိုးနဲ့အကောင်း ခွဲခြား မြင်တတ်ဖို့ လိုအပ်တယ်၊ လောကသားတွေထဲမှာ အဆိုးဆိုတာ မည်သည့်နေရာမှာမဆိုရှိတယ်၊အဆိုးရှိရင် အကောင်းလည်းရှိတယ်၊ အကောင်းနဲ့ အဆိုးထဲမှာ အဆိုးတွေများမလာဖို့ ဘဲ အရေးကြီးတယ်၊ အကောင်းတွေ ဆက်လက်ကောင်းပြီးတော့ အကောင်းတွေများလာဖို့ပဲ လိုအပ်တယ်၊ လောက သဘာဝကိုက အဆိုးနဲ့အကောင်းမှာ အကောင်းက အဆိုးကို ဆွဲဆောင်ဖို့ရာ ခက်တယ်၊ အဆိုးကသာ အကောင်းကို ဆွဲဆောင်သွားတတ်တယ်၊လောကရဲ့ သဘာဝပဲဖြစ်တယ်။
ဆိုပါစို့- သရက်သီး ၁၀-လုံးရှိတဲ့အထဲမယ် တစ်လုံးကပုပ်နေတယ်၊ ကျန်တဲ့ ကိုးလုံးက ကောင်းတယ်၊ တူတူထားလိုက်လို့ ရှိရင် အပုပ်တစ်လုံးကို အကောင်း ၉-လုံးက ကောင်းအောင် မလုပ်ပေးနိုင်ဘူး၊ အဲဒီအဆိုးတစ်လုံးရဲ့ နောက်ကိုပဲ အကောင်းကိုးလုံးက လိုက်သွားပြီး အားလုံးက အပုပ်ဖြစ်သွားတယ်။အကောင်းတွေ များနေဖို့ ဆိုတာ ဟာ ဘယ်ခေတ် ဘယ်ကာလကမှ ရှိနိုင်တာမဟုတ်ဘူး၊ အကောင်းနဲ့ အဆိုးဆိုတာ ရောနေတာဖြစ်တယ်၊ အကောင်းတွေကိုကြည့်ပြီး ကောင်းအောင် ဆောင်ရွက်သွားဖို့ သာ အလွန် အရေးကြီးတယ်။
ဒါ့ကြောင့်မို့ ဒီကနေ့ သာသနာတော်မှာ နေထိုင်ကြတဲ့ရဟန်းသံဃာတွေအနေနဲ့  ဓမ္မတာဝန် ထမ်းဆောင်ကြတဲ့ အခါမှာ အရေးကြီးတဲ့ ဓမ္မတာဝန်ဆိုတာဘာလဲ သိဖို့ လိုအပ်တယ်။ မြတ်စွာဘုရား ကိုယ်တော်မြတ်ကိုယ်တိုင် ဟောကြားခဲ့သည့် သုတ် ဝိနည်း အဘိဓမ္မာဆိုတဲ့ ဒေသနာတော်တွေဟာ မိမိတို့ လက်ထဲမှာရှိနေတယ်၊ ဒီတရားတွေကို အာရုံစိုက်ပြီး သင်ယူခြင်း ပို့ချခြင်း၊ လေ့လာခြင်းဆိုတာ အရေးတကြီးလုပ်ရမယ့် ကိစ္စဖြစ်တယ်၊ အဲတာကို ဓမ္မတာဝန်လို့  ပြောရတယ်။
ပါမောက္ခချုပ်ဆရာတော်ကြီးဟောကြားတော်မူသော ဓမ္မတာဝန် တရားဒေသနာမှ
Saturday, May 21, 2016
လပြည့်ကဆုန်
လပြည့်ကဆုန်
ကဆုန်လကို ပုဂံခေတ်က ကုဆုန်၊ ကူဆုန်၊ ကဆုန်၊ ခူဆုန်၊ ခုဆုန်ဟု အမျိုးမျိုးရေးသား ခေါ်ဝေါ်ခဲ့ တာကိုကျောက်စာများအရ သိရှိကြပါတယ်။ ကုဆုန်မှာ မူရင်း ဝေါဟာရဖြစ်ပြီး ကဆုန်-စသော ကျန်ဝေါဟာရများမှာ ကုဆုန်မှ ရွှေ့လျား ပြောင်းလဲလာသော ဝေါဟာရများ ဖြစ်ကြပါတယ်။ ကုဆုန်နှင့် ကဆုန်တို့ရှိ ကု၊ က ပုဒ်တို့မှာ ကုတို့၊ ကုခန်း၊ ကစွန်း၊ ကညှို့၊ ကတောက် စသော ဝေါဟာရတို့ရှိ ကု၊
က ပုဒ်တို့ကဲ့သို့“ရေ” ဟု အဓိပ္ပာယ်ရပါတယ်။ “စုန်” မှ ဆင်းသက်လာသော “ဆုန်”မှာ သွန်းခြင်း၊ လောင်းခြင်း၊ ဖျန်းခြင်း အဓိပ္ပာယ်ရှိပါတယ်။ ထို့ကြောင့် ကဆုန်လ အဓိပ္ပာယ်မှာ ရေသွန်းသောလ၊ ရေလောင်းသောလ၊ ရေဖျန်းသောလဟု ဆိုလိုပါတယ်။
ဗုဒ္ဓရှင်တော်မြတ်ဘုရား သစ္စာလေးပါး မြတ်တရားကို ပိုင်းခြား ထင်ထင် သိမြင်တော်မူရာ မဟာဗောဓိပင်ပွား ၊ ဗောဓိပင်များကို ရေသွန်းလောင်းခြင်း ဖြစ်ပါတယ်။
၁။ ဂေါတမ ဘုရားရှင်သည် သုမေဓာ ရှင်ရသေ့ဘ၀တွင် ဒီပင်္ကရာ မြတ်စွာ ဘုရားထံတော်မှ “နောင်သောအခါတွင် ဘုရားစင်စစ် ဧကန်အမှန် ဖြစ်လိမ့်မည်” ဟုနိယတဗျာဒိတ်ကို ရရှိတော် မူခြင်းသည် ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။
၂။ မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့်၊ သောကြာနေ့မှာပင် ဘုရားအလောင်းကို ဖွားမြင်တော် မူခဲ့ပါသည်။ ဘုရားအလောင်းကို ဖွားမြင်တော်မူသည်နှင့် တပြိုင်နက် ယသောဓရာ မင်းသမီး၊ အာနန္ဒာမင်းသား၊ ဆန္ဒအမတ်၊ ကာဠုဒါယီအမတ်၊ ကဏ္ဍကမြင်း၊ ရွှေအိုးကြီး လေးလုံးနှင့် မဟာဗောဓိပင် ဟူသော ဖွားဖက်တော် ခုနှစ်ဦးတို့သည်လည်း ဖွားမြင်ဖြစ်ပေါ်လာကြပါတယ်။ မဟာဗောဓိသည် မဇ္ဈိမဒေသ ဥရုဝေလတောတွင်ဘုရားရှင်တို့ ပွင့်တော်မူရာ ဗဟိုအချက်အချာ အောင်မြေအရပ်၌ ပေါက်လာခြင်း ဖြစ်ပါတယ်။
၃။ မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ဘုရားအလောင်းသည် မဟာဗောဓိပင်ရင်း၌ သစ္စာလေးပါးကို ထိုးထွင်း သိမြင်၍ သဗ္ဗညုဘုရားရှင် အဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။ ထိုမဟာ ဗောဓိပင်သည် ဘုရားရှင်၏ ဖွားဖက်တော် ခုနှစ်ဦးတွင် တဦးအပါအ၀င် ဖြစ်သည့်အပြင် ဗောဓိ ဉာဏ်ကို ရရှိရန် အားထုတ်တော် မူရာ၌ အသုံးပြုတော်မူသော အပင်ဖြစ်၍ ပရိဘောဂစေတီလည်း ထိုက်ပါတယ်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင် အပေါင်းတို့သည် ထိုဗောဓိပင်မှ ပင်ပွားများကို မိမိတို့ နိုင်ငံ၌ စိုက်ပျိုးကိုးကွယ် လေ့ရှိပါတယ်။ မြန်မာနိုင်ငံသည်လည်း ဗုဒ္ဓသာသနာ ရောက်ချိန်ကပင် စတင်၍ ဗောဓိပင်များကို စိုက်ပျိုး ကိုးကွယ် ခဲ့ကြဟန်ရှိပါတယ်။ နွေရာသီ အလယ်ဗဟိုကျတော့ မြန်မာတို့၏ ကဆုန်လကား နေပူပြင်း လှပါတယ်။
“တန်ခူးရေကုန် ကဆုန်ရေခမ်း” ဆိုသလို ကဆုန်လတွင် အင်းအိုင်၊ ကန်ချောင်း၊ ရေနုတ်မြောင်းများ ခြောက်ခမ်း၍ ရေပြတ်လေ့ရှိပါတယ်။ ရေပြတ်၍ အပူချိန် ပြင်းခြင်းတို့ကြောင့် အချို့သစ်ပင် ပန်းပင်များမှာ နွမ်းခြောက် ပျက်စီးကြရပါတယ်။ ထိုအချိန်တွင် ရှေးမြန်မာတို့သည် မိမိတို့ အမြတ်တနိုး ကိုးကွယ်ထားကြသည့် မဟာဗောဓိညောင်ပင်များ ညှိုးနွမ်းပျက်စီးမည်ကို စိုးရိမ်ခဲ့ ကြပါတယ်။
ဗောဓိပင်ဆိုသည်မှာလည်း အိန္ဒိယနိုင်ငံ၊ သီဟိုဠ်နိုင်ငံတို့ရှိ မူလဗောဓိပင်တို့မှ ဆင့်ပွားယူရသော အပင်မျိုးဖြစ်၍ ရှားပါးပင်မျိုး ဖြစ်ပါတယ်။ ထို့ကြောင့် ရှေးခေတ် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် ပူပြင်း၍ ရေပြတ်သော ကဆုန်လတွင် ဗောဓိပင်များကို မညှိုးမနွမ်း၊ လန်းဆန်းရှင်သန် စေရန် ဟူသော ဆန္ဒမွန်ဖြင့် ရေသွန်းလောင်း ပူဇော်ကြခြင်း ဖြစ်ပါတယ်။
ဤသို့ဖြင့် ဘုရားအလောင်းတော် ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်တော်မူလာခြင်း၊ မဟာဗောဓိပင် ပေါက်တော်မူခြင်း၊ ဘုရားဖြစ်တော်မူခြင်း တို့သည် ကဆုန် လပြည့်နေ့များပင် ဖြစ်တော်မူခဲ့ပါတယ်။
၎။ ထို့ပြင် ကဆုန်လပြည့်နေ့မှာပင် ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သောကြောင့် ကဆုန် လပြည့်နေ့ကို ဗုဒ္ဓနေ့ ဟု ရှေးပညာရှိတို့က ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါတယ်။
“ကဆုန်လပြည့်၏ ထူးခြားချက် (၅) ရပ်”
(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)
တောရိပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ဖုံ၊ ပွင့်ချိန်ကြုံက၊
ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ ၊ ပလ္လင်ဗွေထက်၊
ရွှေညောင်တော်ကြီး၊ ဗိမာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊
ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ပျောက်၊ အလင်းပေါက်က၊
ထွန်းတောက်ဘုန်းမော်၊ သောင်းလုံးကျော်သည်၊ သုံးဖေါ်လူတို့ ငြမ်းပါကို။
[ ၁၀၃-ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၌ ဘုရားအဖြစ်သို့ ရောက်တော်မူသည်။]
လပြည့်နွေကဆုန်
ဆုပန်နေ့
လေးသင်္ချေကိန်း၊ တစ်သိန်းကပ်ကြုံ၊ သူမေဓာလောင်း၊ ညွန်ပျောင်းဗွက်အုံ၊
ဒီပင်ထံပါး၊ ၀မ်းလျားမှောက်ခုံ၊ ဆုပန်နေ့၊ လပြည့်နွေကဆုန်။
ဖွားမြင်နေ့
မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ လုမ္ဗနီတော၊ သာမောရဂုံ၊
လောင်းတော်သိဒ္ဓတ်၊ ထွက်လတ်ကြာငုံ၊ ဖွားမြင်နေ့၊ လပြည့်နွေကဆုန်။
ဗုဒ္ဓနေ့
တစ်ရာ့သုံးနှစ်၊ သက္ကရာဇ်ကြုံ၊ ဗောဓိပင်မင်း၊ မှီတင်းခိုလှုံ၊
မာန်စွယ်ငါးစင်း၊ အောင်ခြင်းဖုံဖုံ၊ ဗုဒ္ဓနေ့၊ လပြည့်နွေကဆုန်။
နိဗ္ဗူ နေ့
ရာ့လေးဆယ့်ရှစ်၊ သက္ကရာဇ်ကြုံ၊ မလ္လာမင်းတို့၊ အင်ကြင်းရဂုံ၊
ဇာတ်တော်သိမ်းလို့၊အေးငြိမ်းခိုလှုံ၊ နိဗ္ဗူနေ့၊ လပြည့်နွေကဆုန်။
(ကဆုန်လပြည့် ဗုဒ္ဓနေ့)
မြန်မာများရဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။ ဒီနေ့သည် မြန်မာဗုဒ္ဓ ဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ ဖြစ်တဲ့ ကဆုန်လပြည့်နေ့ပဲ ဖြစ်ပါတယ်။ ကဆုန်လပြည့်နေ့ဟာ ဘုရားလောင်း သုမေဓာ ရှင်ရသေ့က ဒီပင်္ကရာမြတ်စွာဘုရားထံမှ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ်ကို စံတော်မူခြင်း၊ ဘုရားလောင်း ဖွားမြင်တော်မူခြင်း၊ သစ္စာလေးပါးကို သိမြင်ပြီး ဘုရာဖြစ်တော်မူခြင်း၊ မဟာဗောဓိပင်ပေါက်ခြင်းနှင့် ပရိနိဗ္ဗာန်ဝင်စံတော်မူခြင်း ဆိုတဲ့ အလွန်ထူးခြားပြီး ဗုဒ္ဓ၀င် မှတ်တိုင်ကြီးများ စိုက်ထူခဲ့သော နေ့ထူးနေ့မြတ်ကြီးဆိုလည်း မမှားပါဘူး။ ဗုဒ္ဓဘာသာဝင် မြန်မာ
တို့က ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ဟု သတ်မှတ်ကာ အခါတော်နေ့ကို တခမ်းတနား ကျင်းပလေ့ ရှိကြပါတယ်။
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အနယ်နယ်မှာ ကျင်းပကြမြဲမို့ ကဆုန်လနဲ့ ပတ်သက်သမျှ မှတ်သား စရာလေးတွေ အနည်းငယ် တင်ပြချင်ပါတယ်။ ကဆုန်လဆိုတာ ဘာသာ သာသနာ ရှုထောင့်က ကြည့်ရင် အံ့သြစရာကောင်း တဲ့ အဖြစ်သနစ်လေးတွေ တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့နိုင်ပါတယ်။
“ဗျာဒိတ်, ဖွား, မြင်၊ ဗောဓိပင်၊ စံဝင် နန်းနိဗ္ဗာန်” လင်္ကာအရ ဂေါတမဘုရား အလောင်းတော်အဖြစ်နဲ့ သုမေ ဓာရှင်ရသေ့ဘ၀မှာ ဒီပင်္ကရာ မြတ်စွာဘုရားထံတော်မှ“ဘုရားစစ်စစ်၊ ဧကန်ဖြစ်လိမ့်မည်” ဆိုတဲ့ ဗျာဒိတ်တော် ကို ခံယူခဲ့ခြင်း၊ဘုရားအလောင်းတော် အမိဝမ်းမှ ဖွားမြင်တော်မူခြင်း၊ သစ္စာ လေးပါးကို သိမြင်လို့ ဘုရားဖြစ် တော်မူခြင်း၊ မဟာဗောဓိပင် ပေါက်ခြင်း၊ ပရိနိဗ္ဗာန် ၀င်စံတော်မူခြင်း ဆိုတဲ့ ဗုဒ္ဓနဲ့ပတ်သက်လို့ သာသနာ့မှတ်တိုင် ကြီးများက ဒီကဆုန်လမှာ ဖြစ်ခဲ့တာမို့ ထူးခြားတဲ့ လမြတ်ကဆုန်လို့ တင်စားခေါ်ဆိုကြပါတယ်။ ဒါကြောင့်ပဲ ဗုဒ္ဓနဲ့ ပတ်သက်တဲ့ ရက်မြတ်များ ဆုံစည်းရာ ကဆုန်လ ရောက်ပြီဆိုရင် ကဆုန်လပြည့် ဗုဒ္ဓနေ့စ တဲ့ ပွဲတော်များကို အမွန်အမြတ် ပြုကာ ကျင်းပပြုလုပ်ကြပါတယ်။
ကဆုန်လမှာ ဗုဒ္ဓနေ့နဲ့အတူ ကဆုန်ညောင်ရေသွန်းပွဲတော်ကိုလည်း ကျင်းပပြုလုပ်ကြပါတယ်။ မြတ်ဗုဒ္ဓဟာ ဗောဓိပင်ကို အမှီပြု၍ သစ္စာလေးပါးကို သိမြင်တော်မူခဲ့၊ သဗ္ဗညုတဥာဏ်တော်ကို ရတော်မူခဲ့တာဖြစ်လို့ ပူဇော် ထိုက်သော သစ်ပင်အဖြစ် ဗောဓိပင်ကို အမွှေးနံ့သာ ထုံသော ရေချမ်းများနဲ့ ကဆုန်ညောင်ရေသွန်းလောင်းပွဲများကို ကျင်းပပြုလုပ်ကြပါတယ်။ တနည်းအားဖြင့်လဲ ဗောဓိပင်ဟာ မြတ်ဗုဒ္ဓက မာရ်နတ်မင်းကို အောင်တော်မူ ခဲ့ရာ ထူးမြတ်တဲ့ နေရာလည်းဖြစ်ပါတယ်။ ထိုသို့အောင်မြင်မှုကို ပူဇော်ကြတာလည်း ဖြစ်ပါတယ်။
ဗောဓိရဲ့ အဓိပ္ပါယ်က သိခြင်းလို့ အဓိပ္ပါယ်ထွက်ရှိပါတယ်။ သစ္စာလေးပါးကို သိမြင်တဲ့နေရာဖြစ်လို့ ဗောဓိ မည်တာပါ။ ဝေဿဘူ၊ ကကုသန်၊ ကောဏဂုံ၊ ကဿပ ဘုရားရှင်တို့ ပွင့်တော်မူရာ သစ်ပင်
များဖြစ်တဲ့ အင်ကြင်းပင်၊ ကုက္ကိုပင်၊ ရေသဖန်းပင်၊ ပညောင်ပင်တို့သည်လည်း ထိုဘုရားရှင်များ ပွင့်တော်မူရာ သာသနာတော်အတွင်း၌ ဗောဓိပင်များအဖြစ်အမည်ရပြီး ဂေါတမဘုရားရှင် သာသနာ ယခုကာလမှာကဲ့သို့ ဗောဓိပင်လို့ ခေါ်ဝေါ်ကာ ပူဇော်ကြပါတယ်။ ထိုဘုရားရှင်များ လက်ထက်မှာ လည်း ကဆုန်ညောင်ရေသွန်းမှုတွေ ရှိမှာအမှန်ပင်ဖြစ်ပါတယ်။
တနည်းအားဖြင့် ဗောဓိပင်သည် မြတ်ဗုဒ္ဓရဲ့ ကိုယ်စား ကိုးကွယ်ရာလည်း ဖြစ်ပါတယ်။ ဘုရားရှင် လက်ထက် တော်အခါက ဘုရားကျောင်းတော်သို့ ဖူးမျှော်ရန် သွားကြတဲ့ ရှင်လူရဟန်းတို့ ကျောင်းတော်သို့ ရောက်တဲ့အခါမှာ ဒေသစာရီကြွချီတော်မူတဲ့ အချိန်အခါနဲ့ ဆုံလို့မို့ ဖူးမြင်ခွင့် မရရှာဘဲ သူတို့တွေ ပြန်သွားခဲ့ရပါတယ်။ ဒါကို အရှင်အာနန္ဒာ မထေရ်မြတ်က့ မြတ်ဗုဒ္ဓအား လျှောက်ထားပေးမှုကြောင့် မူရင်းဗောဓိပင်က ကြွေလုလု အစေ့တလုံးကို ရှင်မောဂ္ဂလ္လာန်မထေရ် မြတ်က သင်္ကန်းတော်နဲ့ ခံယူတော်မူခဲ့ပြီး သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်သို့ သယ်ဆောင် ပေးခဲ့ပါတယ်။
ရှင်အာနန္ဒာက ဘုရားကိုယ်စား ဗောဓိပင်စိုက်ပျိုးရေးမှာ တာဝန်ယူခဲ့ပြီး ကောသလမင်းနဲ့ အနာထပိဏ်သူ ဌေး၊ ၀ိသာခါတို့က ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ရှင်မောဂ္ဂလ္လာန် ဆောင်ယူ တော်မူခဲ့တဲ့ ဗောဓိပင်မျိုးစေ့ကို ဇေတ၀န်ကျောင်းတော် တံခါးဝအနီးမှာ စိုက်ပျိုးကာ ရှင်လူ အများက ဘုရားကိုယ်စား ကိုယ်ကွယ်ခဲ့ကြပါတယ်။ ရှင်အာနန္ဒာ မထေရ်မြတ်ကို အကြောင်းပြုကာ စတင်ဖြစ်တည်ခဲ့တဲ့ ဗောဓိပင်မို့ အာနန္ဒာဗောဓိပင်လို့ မည်တွင် ခဲ့ပါတယ်။
ဒါ့အပြင် သီဟိုဠ်ကျွန်းက ဗောဓိပင်ကိုတော့ မူရင်းဗောဓိပင်ရဲ့ တောင်ဘက်က အကိုင်းကြီးကို ဖြတ်ယူဆင့် ပွား ခဲ့ပြီး စိုက်ပျိုးခဲ့လို့ ဒက္ခိဏသာခါလို့ခေါ်ပါတယ်။ ဒက္ခိဏသာခါဗောဓိပင်များ သီဟိုဠ်ကျွန်းမှာ နေရာအနှံ့ ပွားများပြီး ပေါက်ရောက်ခဲ့ပါတယ်။ ရာသီဥတုဒဏ်ကြောင့် ကျိုးပြတ်ခဲ့တဲ့ ဒက္ခိဏသာခါဗောဓိပင်များရဲ့ အကိုင်းများကို ဘုရား ဆင်းတုတော်များ ထုလုပ်ကာ ကိုးကွယ်ခဲ့ကြရာ ယနေ့ဆို ကမ္ဘာအနှံ့မှာ ဒက္ခိဏသာခါဆင်းတုတော် ပြန့်နှံ့လျက်ရှိပါတယ်။ မြန်မာပြည်မှာလည်း မြောက်များစွာ ရှိပါတယ်။
နောက်ခံသမိုင်းကြောင်းများနဲ့ အဓိပ္ပါယ်ပြည့်စုံလေးနက်နေတဲ့ လကဆုန်ဟာ ဗုဒ္ဓဘာသာဝင်များ အတွက် မမေ့နိုင်စရာပင်ဖြစ်ပါတယ်။ ဘုရားပေးကမ်းခဲ့တဲ့ နိဗ္ဗာန်လမ်းသို့ လျှောက်လှမ်းသူ သူတော်စင်များအဖို့ ဘုရား ကျေးဇူးကိုသိ၍ ကျေးဇူးတော်အနန္တကို တုန့်ဆပ်သောအားဖြင့် ကဆုန်ပွဲတော်များကို ကျင်းပနေကြတာဖြစ် ပါတယ်။
မင်္ဂလာရှိသောပွဲတော်ပင်ဖြစ်ပါတယ်။ ကျင်းပသူ၊ ကြွရောက် ကုသိုလ်ပြုသူ၊အားလုံးဟာ သူတော်ကောင်း စိတ်ဓာတ် အကျင့်မြတ်နဲ့မို့ ကုသိုလ်မင်္ဂလာ အဖြာဖြာတို့ ပွားများလျှက် ကျက်သရေတိုးတက်နေပါတယ်။ ကိုယ့် ယဉ်ကျေးမှုကိုလည်း ဖော်ဆောင်တဲ့ပွဲမို့ ကျင်းပနိုင်လေ ကောင်းလေဆိုတဲ့ ပွဲတော်တခုပင်ဖြစ်ပါတယ်။
( ဖတ်ခဲ့မိသော ဘလော့များမှ ကူးယူတည်းဖြတ် ဖော်ပြပါသည်။)
အရှင်သုဝီရ ၊ (၀ိနယ၀ိဒူ၊ သာသနဓဇဓမ္မာစရိယ၊ မဟာဂန္ဓာရာမိက ဓမ္မာစရိယ)
Saturday, May 14, 2016
ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်၊ ဆွမ်းမှာ ပိဏ်
ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်၊ ဆွမ်းမှာ ပိဏ်
သိမ် ဘာကြောင့် ရှိသင့်တာလဲ။
ယနေ့တိုင်သာသနာတော်၌ ထင်ရှားရှိနေသော သာသနာ့ဝန်ထမ်းဆရာတော်၊ သံဃာတော် အရှင်မြတ်တို့သည် သိမ်ထဲမှဖြစ်ပေါ်လာသော အရှင်မြတ်တို့ဖြစ်ပါသည်။ သိမ်မရှိလျှင် နောက်ထပ် ရဟန်းသံဃာတော်အစစ်အမှန်များ မပေါ်ပေါက်လာနိုင်တော့ပါ။ သိမ်ရှိသော်လည်း သိမ် မမြောက် ပါလျှင်၊ သိမ်မအောင်ပါလျှင် ရဟန်းသံဃာအစစ် အမှန်များမပေါ်ပေါက်နိုင်ပါ။ ရဟန်းသံဃာ အစစ်အမှန်များမရှိလျှင်အသွင်မျှသာကျန်ပြီးသာသနာဆိတ်သုဉ်း ကွယ်ပျောက်ပါလိမ့်မည်။
သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး၊ သာသနာတော် အသက်ဆက်ရေးတို့ အထောက် အကူပြုသောအား ဖြင့်သိမ်ဖြစ်မြောက်ရေး လျှင်မြန်ချောမောစွာ အောင်မြင်နိုင်ရန် အဘက်ဘက်မှ အကူအညီပေးနိုင်ရန် သိမ်နှင့်ပတ်သက်သောအကြောင်းအရာ အချို့ကို ဗဟုသုတဖြစ်စေရန် တင်ပြလိုက်ရပါသည်။
သိမ်ကိုမြတ်စွာဘုရားခွင့်ပြုပုံ။
ဝိနည်းမဟာဝါခန္ဓက၌ မြတ်စွာဘုရားရှင်သည် အတူနေသံဃာများအတူ ဥပုသ်ကံ စသည်တို့ပြုခြင်းဖြင့် ညီညွတ်မူကိုဖြစ်စေလိမ့်မည်ဟု ရည်ရွယ်၍ သိမ်သမုတ်ခြင်းကိုခွင့်ပြုခဲ့ပါသည်။
သိမ်ဆိုသည်မှာ
“သိမ်”ဆိုသည်မှာ ကံကြီး၊ကံငယ်ပြုလုပ်ရန် သီးခြား နယ်မြေလေးတစ်ခုအနေ သတ်မှတ်ထားသော ဌာနတစ်ခုမျှသာဖြစ်ပါသည်။ ယင်းသိမ်သည်---
(၁) ကမ္မဝါစာဖြင့် သမုတ်ထားသည့် “ဗဒ္ဓသိမ်”၊
(၂) ကမ္မဝါစာဖြင့်သမုတ်ထားခြင်း မရှိ အလိုလို သိမ်ဖြစ်နေသည့် “အဗဒ္ဓသိမ်”၊ ဟူ၍ နှစ်မျိုးရှိပါသည်။
ထိုသိမ်နှစ်မျိုးတို့တွင် “ဗဒ္ဓသိမ်” သည် ခဏ္ဍသိမ် စသည်ဖြင့်သုံးမျိုးရှိသလို “အဗဒ္ဓသိမ်”သည်လည်း ဂါမသိမ်စသည်ဖြင့်သုံးမျိုးစီပင် ရှိပါသည်။ ဗဒ္ဓသိမ်သည် ဂါမသိမ်ပေါ်၌ ကမ္မ ဝါစာရွက်ဖတ်၍ သမုတ်ရပါသည်။ ကမ္မဝါစာဖြင့်ရွတ်သမုတ်ခြင်းသည် သိမ်အဖြစ်မြဲစေရန် ဖြစ်ပါသည်။
သိမ်သမုတ်နည်း
သိမ်သမုတ်နည်းသည်--
(၁) ဝိသုံဂါမ (သီးခြားရွာ) တောင်း၍ သမုတ်နည်း၊
(၂) ရွာနယ်မြေတစ်ပိုင်း သိမ်း၍ သမုတ်နည်းဟူ၍ နှစ်မျိုးရှိပါသည်။
ယင်းနှစ်မျိုးတို့တွင် “ဝိသုံဂါမသိမ်”ဟူသည် ပကတိဂါမ (ပကတိရွာတစ်ရွာ) မှ ဝိသုံဂါမ (သီးခြားရွာ) သိမ်တစ်နေရာစာကို ရွာစားနာမည်တပ်၍ နိုင်ငံတော်အစိုးရတို့က သတ်မှတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက်လိုလို သိမ်အဖြစ်သို့ ရောက်လာသော သိမ်ဖြစ်ပါသည်။
ရွာနယ်မြေ တစ်ပိုင်းသိမ်း၍ သမုတ်ဟူသည်မှာ သိမ်သမုတ်ရာသို့ တနယ်လုံးရှိ ရဟန်းသံဃာ အားလုံးကို သိမ်းပြီးပင့်ဖိတ်ရပါသည်။ အကယ်၍ သိမ်သမုတ်ရာသို့မကြွနိုင်သောသံဃာများရှိပါက ထိုသံဃာရှိရာကျောင်း တိုက်သို့သွား၍ ဆန္ဒမသိုးစေရန် နေချင်းပြီး ဆန္ဒတောင်းပြီးမှ ကမ္မဝါစာဖြင့်ရွတ်ဖက်သမုတ်ရသောသိမ် ဖြစ်ပါသည်။
တခါတရံ မိမိတို့သတင်းသုံးရာ ဂါမခောတ် (ရွာနယ်မြေ) မှာကျယ်ဝန်းလွန်း၍ နယ်မသိမ်းနိုင်သော ကြောင့်လည်းကောင်း၊ လှည်း၊ မော်တော်ကား၊ရထား စသည် ဖြတ်သွားဖြတ်လာ အဝင်အထွက် အလွန်များသဖြင့် နယ်သိမ်းရန်ခတ်ခဲသောကြောင့်လည်းကောင်း၊ နယ်သိမ်းသိမ်သမုတ်ရန် မကြွနိုင်သော တနယ်လုံးသံဃာများ၏ ဆန္ဒကို တောင်းခံတဲ့အခါ ဆန္ဒကိုဒေသနာနှင့်အညီ
(၁)ဆန္ဒံ ဒမ္မိ-တပည့်တော် ဆန္ဒပေးပါ၏၊
(၂)ဆန္ဒံ မေ ဟရ- တပည့်တော်၏ ဆန္ဒကို သံဃာ့ထံသို့ ဆောင်သွားပါ၊
(၃) ဆန္ဒံ မေ အာရောစေတိ- တပည့်တော်၏ ဆန္ဒကို သံဃာတော်အား လျှောက်ထားပါလို့ ပေးတက်သော ရဟန်းတော်များ ရှားပါးနေပါကလည်းကောင်း နယ်သိမ်းသိမ် သမုတ်ရန် အခတ်အခဲနှင့်ကြုံရတက်ပါသည်။
ဝိသုံဂါမ(သီးခြားရွာ) တောင်း၍ သမုတ်ခြင်း
ယင်းသို့သော အခတ်အခဲများကိုကျော်လွားနိုင်ရန် ယင်းဂါမခောတ်၊ဂါမသိမ်မှ သီးခြား သိမ်တစ်လုံးစာ ရွာစားနာမည်မှည့်၍ ရွာနယ်မြေကလေး တောင်းပြီး သိမ်သမုတ်ကြခြင်းကို ဝိသုံဂါမ(သီးခြားရွာ) သိမ်ဟုခေါ်ပါသည်။ ကျောင်းတိုက်တစ်ခုတစ်တိုက်လုံး တည်ထောင်ပြီး၊ ဆောက်လုပ်ပြီးယင်းကျောင်းတိုက် အတွင်းမှ သိမ်ကျောင်းတစ်နေရာစာလေးကို ဝိသုံဂါမ (သီးခြားရွာ)လို ကျောင်းဒကာ(သို့)လျှောက် ထားသူ ပိုင်မြေဟု ရွာစားနာမည် ပေးလိုက်ခြင်းဖြင့် မည်သူ့ကိုမှမထိခိုက်၊မနစ်နာစေပါ။ အရှိမြေကွက်တစ်ခုကို ဝိသုံဂါမ(သီးခြားရွာ)ဟု သတ်မှတ် ပေးလိုက်ခြင်းမျှသာဖြစ်ပါသည်။
ယင်းသို့သက်မှတ်ပေးရာ၌ ယင်းမြေကွက်ကို ဖျတ်မရအောင် အပိုင်အဆိုင် ပေးမူမပေးမူနှင့်လည်း မသက်ဆိုင်ပါ။ သိမ်သမုတ်လို့လွယ်ကူစေရန် လျှေက်ထားသူကိုရွာစားနာမည်မှည့်၍ ဝိသုံဂါမ (သီးခြားရွာ)ဟု ပေးလိုက်ခြင်းသာ ပဓာနဖြစ်ပါသည်။ အချို့ကျောင်းတိုက်မှာ သာသနာ့မြေဟု သက်မှတ်ပြီးမှ ခိုင်သထက်ခိုင်၊မြဲသထက်မြဲရန်၊အထူးသန့်ရှင်းရန် ယင်းသာသနာ့မြေထဲမှ သိမ် တစ်လုံးစာကို ဝိသုံဂါမ(သီးခြားရွာ) အဖြစ်လျှောက်ထား၍ ပေးခြင်းမှာလည်းမည်သူ့ကိုမျှ မထိခိုက် မနစ်နာစေခြင်းကြောင့် သိမ်မိန့်ပေးနိုင်သူ၊သာသနာတော်ကို အထူးကြည်ညိုသူများက အလွယ် တကူချပေးသင့်ပါသည်။
သာသနာသန့်ရှင်းတည်တံ့ ပြန့်ပွားရေးကို အထူးဆောင်ရွက် ပေးလိုက်ခြင်းလည်းမည်ပါသည်။ အမိန့်ချပေးလိုက်သော ဝိသုံဂါမ (သီးခြားရွာ) သည် သိမ်သမုတ် ကံအောင်မြင်ရန် ရာနူန်းပြည့် ရှိပါသည်။ ယင်းသို့သိမ်မိန့်တောင်းခံ၍ အစိုးရမင်းတို့မှ ဝိသုံဂါမ(သီးခြားရွာ)အဖြစ်ရရှိပြီးနောက် သိမ်အဖြစ်မြဲနေစေရန် ကမ္မဝါစာဖြင့် ရွက်ဖက်၍ သမုတ်သောသိမ်သည် “ဗဒ္ဓသိမ်”ဖြစ်ပါသည်။
သိမ်သည် သာသနာတော်၏အသက်
အောင်မြင်သောသိမ်ဖြစ်ပါမှ ရဟန်းအစစ်များပေါ်ပေါက်ပြီး ဝိနည်းလေးစားသော ရဟန်းတော် များအတွက် ဥပုသ်ကံ ပဝါရဏာကံ စသော ကံကြီး ကံငယ်များ ဆောင်ရာတွင် အထူးချမ်းသာ မည်ဖြစ်ပါသည်။ အောင်မြင်သောသိမ်၌ ရဟန်းခံခြင်း၊ဥပုသ်ပြုခြင်းပြုသည့်အခါ ယုံမှားသံသယ မဖြစ်စေဘဲ ကိုယ်ရောစိတ်ပါ နှစ်ဖြာသုခ ရရှိကြမှာ အမှန်ဖြစ်ပါသည်။ မိမိတို့ ရဟန်းတော်များ အတွက် သိမ်သည် အသက်တမျှအရေးကြီးလှ၍ သာသနာတော်၏ အသက်ဟု ခေါ်ဆိုရမည် ဖြစ်ပါသည်။
သိမ်ရှိမှ ရဟန်းဖြစ်မည်။
ဝိနည်းစူဠဝါအဋ္ဌကထာ၊ သံဃဘေဒကက္ခန္ဓက၌ ရဟန်းဖြစ်ရန် အင်္ဂင်္ါ(၅)ချက် ရှိပါသည်။ ထိုအချက်များမှာ
(၁)ဝတ္ထုသမ္ပတ္တိ- ရဟန်းခံနိုင်လောက်သော လူပုဂ္ဂိုလ် ဗျတ္တိ၊ပဋိဗလနှင့်ပြည့်စုံခြင်း (၂)ဉတ္တိသမ္ပတ္တိ-သုဏာတုမေ စသည်ဖြင့် ဉာတ်ထားမူနှင့်ပြည့်စုံခြင်း။
(၃)ပရိသာ သမ္ပတ္တိ- ကာရက ရဟန်းသံဃာ အနည်းဆုံး
(၄)ပါးနှင့်ပြည့်စုံခြင်း။
(၄) ကမ္မဝါစာ သမ္ပတ္တိ- ကမ္မဝါစာ(၃)ကြိမ် ရွတ်ဖက်မူ၏ ပြည့်စုံခြင်း။
(၅) သီမာသမ္ပတ္တိ- သိမ်ရှိမူ၏ ပြည့်စုံခြင်းတို့ဖြစ်ပါသည်။
အထက်ပါအချက်ငါးချက်တို့တွင် သိမ်တစ်ခုဖြစ်ဖို့ အလွန်အရေးကြီးသလို၊ အလွန်တရာမှ ခတ်ခဲလှပါသည်။ သိမ်တစ်ခုဖြစ်ရန် သက်ဆိုင်ရာမှခွင့်ပြု မိန့်ယူရခြင်၊ ခွင့်ပြုမိန့်ရပြီးပါက သံဃာတော်များစွာ ပင့်ဖိတ်၍အကြိမ်ကြိမ် အခါခါသိမ်နူတ်ခြင်း၊သိမ်သမုတ်ခြင်းများပြုရခြင်း၊ သိမ် အဆောက်အဦးဖြစ်ရန် နဝကမ္မ ဝတ္ထုငွေကြေးများ မတည်စုဆောင်းရခြင်း စသော ကိစ္စများမှာ ခတ်ခဲမည်မှာအမှန်ဖြစ်ပါသည်။
သိမ်အရေးကြီးပုံနှင့်ပတ်သက်ပြီး စာသင်သားဘဝက အဖြစ်အပျက်လေးတစ်ခုကို သတိရမိ ပါသေးသည်။ မိမိသည် ပဲခူးမြို့ သာသနမဏ္ဍိုင်ကျောင်းတိုက်၌ အပတ်စဉ် ပထမငယ်တန်း ဝိနည်း စာမေးပွဲဖြေစဉ်ကဖြစ်ပါသည်။ ထိုစဉ်သာသနမဏ္ဍိုင်ကျောင်းတိုက်၌ အဖိတ်နေ့စာဖြေ၍၊ ဥပုသ်နေ့တွင်သတ် ဆိုင်ရာစာချဘုန်းကြီးမှ တပါးစီ၏ ဖြေလွာ များကို ပြန်ဖတ်ပြလေ့ရှိပါသည်။ ဝိနည်းဖြေရသော နေ့ရောက်သောအခါ ထုံးစံ အတိုင်းစာချ ဘုန်းကြီးက ဖြေလွာများဖက်ပြပါသည်။ စာသင်သားတပါး၏ ဖြေလွာကို ဖက်ပြသောအခါ သံဃာများ သဘောကြခဲ့ရပါသည်။
ဝိနည်း၌ ရဟန်းဖြစ်ခြင်းအင်္ဂါ(၅)ပါးကို မေးထားရာ စာဖြေရှင်စာသင်သားမှာ အထက်ပါ လေးပါးကို သာမှတ်မိ၍ မှန်မှန်ကန်ကန်ရေးနို်င်သော်လည်း နောက်ဆုံး အချက် သီမာသမ္ပတ္တိ- သိမ်၏ ပြည့်စုံခြင်းဟု ဖြေရမည်ကို မေ့နေသောကြောင့် ထိုနေရာတွင် နံပါတ်ထိုး၍ “ပိုက်ဆံ ရှိလျှင်ဖြစ်နိုင်ခြင်း”ဟု ဖြေချလိုက်ပါသည်။ ယခုပြန်စဉ်းစားကြည့်သောအခါ ရဟန်းဖြစ်ဖို့ သိမ် အရေးကြီးသလို၊သိမ်ဖြစ်ဖို့လည်း သိမ်ကုသိုလ်ရှင်လည်း အမှန်တကယ်လိုအပ်မှာမို့ သိမ်မိန့်စသည် ရပြီးပါကလည်းသိမ်ကုသိုလ်ဖြစ်မြောက်ရေးကို အထူးအကူအညီပေးသင့်ကြပါသည်။
သိမ်အလှူသေမဖြစ်စေဘဲ သိမ်အလှူရှင်ဖြစ်အောင်လုပ်ဖို့လိုအပ်
ယခုအခါသာသနာတော်မှာ သိမ်တစ်လုံးဖြစ်မြောက်မူဟာ အလွန်အရေးပြီးသာသနာတော်အတွက် အကျိုးများ မည့်အရေးကို သိထားသော နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော်ဘုရားကြီး နှင့်တပည့်ကြီးဖြစ်သူ အရှင်အဂ္ဂဝရတို့၏ ဦးဆောင်မူ၊ ကာရကသံဃာများ၏ ချီးမြောက်မူ။ တပည့်ဒကာ၊ ဒကာမများ၏ ထောက်ပံမူဖြင့်ရန်ကုန်တိုင်း၊ လိုင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်။ ဓမ္မရက္ခိတ ဖြူးမဟာစည်ရိပ်သာကျောင်းတိုက်၌သာသနာဝုဎိုကာရီသုံးထပ်ကျောင်းဆောင်ကြီး ဖြစ်မြောက်လို့ လာခဲ့ပါပြီ။ ကျောင်းဆောင်ကြီး ပြီးမြောက်သည့်သတင်းကို ကြားရကတည်းက မိမိအနေနဲ့ သာသနာတော်အတွက် အကျိုးများမည့် အရေးကိုကြိုတင်တွေး၍ ဝမ်းသာ ပီတိဖြစ်မိပါသည်။
မိမိတို့ဗုဒ္ဓဘာသာဝင်များ အမြဲပြောလေ့ရှိသော ဆိုရှိးစကားတစ်ခုရှိပါသည်။ ဆွမ်းမှာ ပိဏ်၊ သင်္ကန်းမှာကထိန်၊ ကျောင်းမှာသိမ် ဟူ၍ ဖြစ်ပါသည်။ ဆွမ်းအလှူများထဲတွင် ပိဏ္ဍပါတ်ဆွမ်း လှူဒါန်းခြင်းသည် အမြတ်ဆုံးဒါနဟူ၍ လည်းကောင်း၊ သင်္ကန်းအလှူများထဲတွင် ကထိန်သင်္ကန်း လှူဒါန်းရခြင်းသည် အမြတ်ဆုံးဟူ၍ လည်းကောင်း၊ ကျောင်းအလှူများထဲတွင်လည်း သိမ်ကျောင်း ဆောင် လှူဒါန်းရခြင်းသည် အမြတ်ဆုံးဟူ၍ လည်းကောင်း ပြောဆို သုံးနူံးနေကြပါသည်။ အဘယ်ကြောင့် အမြတ်ဆုံးဟူ ပြောဆိုရပါသနည်း။ု စာရေးသူ အမြင်ကိုပြောရမည်ဆိုလျှင် ဤဆွမ်း၊သင်္ကန်း၊ကျောင်းတို့ကို လက်ခံသော အလှူခံများကဤ ပစ္စည်းများကို အမှန်တကယ် လိုအပ်နေပြီး လိုအပ်သောနေရာများတွင် အကျိုးရှိရှိ အသုံးချမည်ဖြစ်သောကြောင့်ဖြစ်ပါသည်။
ဤကဲသို့အသုံးချမှသာ အလှူရှင်များအနေဖြင့် အသုံးကျသောအလှူဖြစ်ပြီး မြတ်သောအကျိုးကို ခံစားရမည် ဖြစ်သောကြောင့်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အလှူရှင်များ အကျိုးများစေရန် သိမ်ကျောင်း ဆောင်ကြီးသည် သံဃာကိစ္စမျာအတွက် အမြဲတမ်းအသုံးချ ထားသော ကျောင်းဆောင်ကြီးဖြစ်ဖို့ လည်းအရေးကြီးပါသည်။ သို့မှသာ အလှူရှင်များ၏ အလှူသည် လည်း အမြဲတမ်း ရှင်သန်နေသော အလှူဖြစ်ပြီး ဆရာဒကာ သံသရာ အတွက်အကျိုးများမည်ဖြစ်ပါကြောင်းတင်ပြလိုက်ရပါသည်။
ဦးဇင်းလေး