Wednesday, November 30, 2011

စွန့်ခြင်းနှင့်နှောင်ဖွဲ့ခြင်း


စွန့်ခြင်းနှင့်နှောင်ဖွဲ့ခြင်း

     တစ်ခါတုန်းကဗာရာဏသီပြည်မှာ ဘုရင်တစ်ပါးဟာ တရားအားထုတ်ရင်း ပထမဈာန်ကို ရထားပါတယ်။

တစ်နေ့တော့သူဟာ “ရဟန်းတရားက မြတ်သလား၊ မင်းအဖြစ်ကပဲ မြတ်သလား”လို့ ဆင်ခြင် မိပါတယ်။ သေချာဆင်ခြင်တော့ “မင်းအဖြစ်ထက် ရဟန်းတရားကမြတ်တယ်”ဆိုတာသိရပါတယ်။

    ဒါကြောင့် တိုင်းပြည်အုပ်ချုပ်ရေးကို အမတ်တွေနဲ့လွှဲထားပြီး တရားကိုပဲ အားထုတ်နေပါတယ်။ အမတ်တွေကိုလည်း တရားနဲ့အညီစီရင်ဖို့  တခါတည်းမိန့်မှာထားပါတယ်။

ဒါပေမယ့် အမတ်တွေက လာဘ်ပေးလာဘ်ယူမှုတွေလုပ်ပြီး တရားစီရင်နေကြပါတယ်။ အမှုဖြစ်ရင် လာဘ်ပေးတဲ့သူကပဲ အနိုင်ရလေ့ရှိပါတယ်။

 အမှုတစ်ခုမှာတော့ ဘုရင်နဲ့အလွန်ရင်းနှီးတဲ့သူတစ်ယောက် မှန်ပါလျက်နဲ့တရားရှုံးသွားပါတယ်။ အဲဒီတရားရှုံးသွားတဲ့ဘုရင့်မိတ်ဆွေက ဘုရင့်ဆီပွဲတော်အုပ်လာဆက်ကပ်ပါတယ်။ ဆက်ကပ်ပြီးအမတ်တွေတရားစီရင်တာ ငွေပေးနိုင်တဲ့သူကိုအနိုင်ပေးနေတဲ့အကြောင်း လျှောက်ပြလိုက် ပါတယ်။

နောက်တစ်နေ့ကျတော့ ဘုရင်လည်း အမတ်တွေတရားစီရင်တဲ့နေရာကို သွားကြည့်ပါတယ်။ ဘုရင်ကိုမြင်လိုက်တာနဲ့ ပြည်သူပြည်သားတွေ က ငွေပေးတဲ့သူကို အနိုင်ပေးပြီး အမှုတွေကို မတရား သဖြင့်စီရင်နေတဲ့ အကြောင်းကို ဝိုင်းတိုင်ကြပါတော့တယ်။

   ဘုရင်လည်း တရားစီရင်တဲ့နေရာကနေ ပြန်လာပြီး ပြာသာဒ်ထက်မှာ တရားရှုဖို့ ထိုင်လိုက် ပါတယ်။  ထိုင်လိုက်တာနဲ့ ပြည်သူတွေရဲ့ မကျေနပ်တဲ့ အသံတွေက ကျယ်ကျယ်လောင်လောင်နဲ့ ပေါ်လာပြန်ပါတယ်။ ဒါကြောင့် တရားကိုဆက်ရှုမှတ်လို့  မရတော့ပါဘူး။

   ဒီတော့ ဘုရင်လုပ်သူက သံဝေဂတော်တော်ဖြစ်သွားပါတယ်။ နောက် သံဝေဂနဲ့အတူ “ငါဘုရင်လုပ်နေလို့ ဘာအကျိုးမှမရှိဘူး။ ရဟန်းတရား ကပဲမြတ်တယ်"လို့ သေချာသဘောပေါက်ပြီး မင်းအဖြစ်ကို စွန့်ပစ်လိုက်ပါတယ်။ ဆက်လက်ပြီး ဝိပဿနာရှုမှတ်လိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွား ပါတော့တယ်။

(သုတ္တနိပါတ်အဋ္ဌကထာ၊ ခဂ္ဂဝိသာဏသုတ်)

 မင်းနဲ့ စာဖတ်သူ ၊ စာဖတ်သူနဲ့မင်း။ မင်းနဲ့ စာရေးသူ၊ စာရေးသူနဲ့မင်း တရားသဘောအရ ဆိုရင် ဘာမှမဆိုင်ပါဘူး။ ကိုယ့်တရားနဲ့ကိုယ်ပါ။ သူ့တရားနဲ့သူပါပဲ။ ကောင်းတဲ့တရားကို အားထုတ်ရင် ကောင်းတဲ့တရားကို ခံစားရမှာပါ။ မကောင်းတဲ့တရားကို အားထုတ်ရင် မကောင်းတဲ့တရားကို ခံစားရမှာပါ။ ကိုယ်စွန့်မှ ကိုယ်ရမှာပါ။

ဒါပေမယ့် ဘဝမှာတစ်ခါတလေ စွန့်ဖို့ခက်နေတာလေးတွေ ရှိနေတတ်ပါတယ်။ မိသားစု သံယောဇဉ်၊ တစ်သက်လုံးရှာခဲ့ရတဲ့အရာတွေ တွေးမိပြန်ရင် ခက်သွားတတ်ပါတယ်။

တရားနဲ့ယှဉ်လာရင်တော့ စွန့်သင့်တဲ့အချိန်မှာ စွန့်သင့်တဲ့အရာတွေကို စွန့်ပစ်ရမှာပါပဲ။ အဲဒီအခါမျိုးမှာတော့ စွန့်ဖို့ခက်နေရင် "သြော်… ဘုရင်ဖြစ်သူတောင် တရားနဲ့ယှဉ်လာရင် မင်းအဖြစ် ကိုတောင်စွန့်သေးတာပဲ၊ ငါစွန့်ရမယ့်အရာက ဘာမှမဟုတ်ပါဘူးလေ"လို့ နှိုင်းယှဉ်ပြီး အားယူလို့ ရပါတယ်။ တရားနဲ့ ယှဉ်လာရင်တော့ စွန့်ရမှာပါပဲ။

တရားစခန်းဝင်ဖို့တောင် မိသားစုသံယောဇဉ်ကြောင့် အိမ်ကိုတစ်ပတ်ဆယ်ရက်စွန့်ဖို့ ခက်နေ တတ်ပါတယ်။ အထူးသဖြင့် "ငါမရှိရင် ဖြစ်ပါ့မလား"ဆိုတဲ့ အတွေးကြောင့်ပါ။

အပဒါန်အဋ္ဌကထာမှာ အကျိုးယုတ်စေတဲ့ နှောင်ဖွဲ့ခြင်းနှစ်မျိုးကို ပြထားပါတယ်။

၁။ " သူဟာ ငါ့ရဲ့ အားကိုးရာပဲ၊ သူမရှိရင် ငါ့မှာ အားကိုးရာမရှိဘူး။ သူရှိမှဖြစ်မယ်"ဆိုပြီး ကိုယ့်ကိုယ်ကို နိမ့်ရာကထားပြီး နှောင်ဖွဲ့ထားခြင်းတစ်မျိုး။

၂။ "သူတို့ဟာ ငါနဲ့ကင်းပြီး နေလို့မရဘူး။ ငါဟာ သူတို့ရဲ့ အားကိုးရာပဲ"ဆိုပြီး ကိုယ့်ကိုယ်ကို မြင့်ရာကထားပြီး နှောင်ဖွဲ့ခြင်းတစ်မျိုး။

  ဒီနှောင်ဖွဲ့ခြင်းနှစ်မျိုးဟာ အကျိုးယုတ်စေတဲ့နှောင်ဖွဲ့ခြင်းတွေပဲလို့ဆိုပါတယ်။ ကိုယ့်ကိုယ်ကို နှိမ့်ရာကပဲထားထား၊ မြင့်ရာကပဲထားထား နှောင်ဖွဲ့ခြင်း နှစ်မျိုးလုံးကတော့ မကောင်းတာအမှန်ပါပဲ။

နှောင်ဖွဲ့ခြင်းနှစ်မျိုးမှာ ကိုယ်ကဘယ်ထဲမှာပါနေသလဲဆိုတာ ပြန်စိစစ်ကြည့်ရမှာပါ။  နိမ့်ရာကပဲ ပါနေသလား၊ မြင့်ရာကပဲ ပါနေသလား၊ ဘယ်ထဲမှာပဲပါပါ နှစ်မျိုးလုံးကတော့ တစ်ခုမှ မကောင်းပါဘူး။  ဒီနှောင်ဖွဲ့ခြင်းတွေကြောင့်ပဲ  တစ်ပတ် ဆယ်ရက်တောင် တရားစခန်းဝင်ဖို့ ခက်နေတော့တာပါ။

တကယ်သေချာစဉ်းစားရင် ကိုယ်သေသွားရင်တောင် သူဟာနဲ့သူ ဖြစ်နေမှာပဲ။ သေလည်း သေရဦးမှာပါ။

နောက်တစ်ခုက လူတစ်ဦးတစ်ယောက်ကို ရိုးရိုးအားမကိုးဘဲ  နှောင်ဖွဲ့ပြီးအားကိုးတာပါ။ အားကိုးတာကတော့ အားကိုးရမှာပါပဲ။ ဒါပေမယ့် နှောင်ဖွဲ့မှု မပါဖို့ပါ။

တကယ်တော့ အားကိုးပြီး တရားရအောင်အားထုတ်ရမှာပါ။ ဒါမှလည်း အားကိုးရတာတန်တာပါ။ အားကိုးခံရသူလည်း တန်တာပါ။ နှောင်ဖွဲ့မှု ပါနေရင် နှစ်ဦးနှစ်ဖက် အကျိုးမရှိပါဘူး။ သူလည်းတရားနဲ့ဝေး၊ ကိုယ်လည်း တရားနဲ့ဝေးရတဲ့ဘဝပါ။ ကိုယ့်ဝန်းကျင်မှာ တရားတွေ ရှိနေပါလျက် နဲ့ တရားတွေနဲ့ ဝေးနေရတာတော့ အဓိပ္ပါယ်မရှိလှပါဘူး။ ကိုယ့်ဝန်းကျင်မှာ တရားတွေမရှိလို့ တရားနဲ့ ဝေးရတာဆို တစ်မျိုးပါ။

တချို့ကျတော့ တရားအတွက်ဆိုပြီး စွန့်ချပစ်လိုက်ကြပါတယ်။ တကယ်တမ်း တရားနယ်ပယ်ထဲ ရောက်သွားရော အဆင်မပြေဖြစ်ပြီး မူရင်းဌာနေ ကိုပဲ ပြန်ရောက်လာသူတွေလည်းရှိပါတယ်။ ဒါက အတိတ်တိတ်ဖြည့်ခဲ့တဲ့ ပါရမီတွေနဲ့လည်းဆိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပါရမီခြင်း မတူပါဘူး။ ပါရမီရှင်တွေလိုယတိပြတ်မစွန့်နိုင်ပေမယ့် နည်းနည်းခြင်းတော့ စွန့်သွားရမှာပါ။

တရားနဲ့ယှဉ်ရင် စွန့်ရမယ်ဆိုပေမယ့် ကလေးမွေးပြီးပြီးခြင်း ကလေးကိုစွန့်ထားခဲ့ပြီ သီလရှင် ဝတ်သွားတာမျိုးကျတော့လည်း အဆင်မပြေ လှပါဘူး။ နို့်တိုက်ဖို့တာဝန်က ရှိပါသေးတယ်။ စွန့်တယ်ဆိုတာ နှောင်ဖွဲ့ခြင်းတွေကို  စွန့်ရမှာပါ။ ရာထူးဌာနန္တရ ငွေကြေးဥစ္စာ ဇနီးခင်ပွန်း သားသမီး စသည်တွေ အပေါ်မှာ နှောင်ဖွဲ့ထားတဲ့ နှောင်ဖွဲ့မှုတွေပါ။

ကျေးဇူးတော်ရှင်ယောဆရာတော်ဘုရား အမြဲဟောတာရှိပါတယ်။ ကလေးငိုတာလည်း တရားပါပဲ၊ ကလေးထိန်းတာလည်းတရားပါပဲတဲ့။ ကိုယ်ကမေတ္တာဓာတ်နဲ့ သတိလေးတွေပါနေရင် တရားဖြစ်နေတာပါပဲ။

အားလုံးကြားဖူးတဲ့ထေရီကာဆိုတဲ့အမျိုးသမီးလေး တရားရသွားတယ်ဆိုတာ မီးဖိုချောင်ထဲကပဲ တရားရသွားတာပါ။ ဒီတော့ သတိပါနေရင် ထမင်းချက်တာလည်းတရားပါပဲ၊ ဟင်းချက်တာ လည်းတရားပါပဲ၊ ကော်ဖီဖျော်တာလည်းတရားပါပဲ။

ကိုယ့်ဝန်းကျင်မှာ အားကျအတုယူရမယ့်သူတွေအများကြီးရယ်ပါ။ ရဟန်းထဲမှာရော လူထဲမှာရော အများကြီးမှ အများကြီးပါ။ ကိုယ်က သတိမပြုမိလို့ပါ။

တစ်ခါက ဦးဇင်းလေးတစ်ပါး နယ်ကဆရာတော်ကြီးတစ်ပါးကို သွားဖူးပါသတဲ့။ ဆရာတော် ကြီးကို ဖူးတဲ့အချိန်မှာ ဆရာတော်ကြီးက  ယောဂီတွေကို တရားစစ်ပေးနေတဲ့ အချိန်ပါ။

ဆရာတော်ကြီးမိန့်တဲ့အထဲမှာ  ထူးဆန်းတာတွေပါနေပါသတဲ့။  ဒီတော့ဦးဇင်းလေးက "ဒါတွေဟာ ဘုရားလက်ထက်တုန်းကပဲ ရနိုင်ရှိနိုင်တာ၊ ဒီခေတ်မှာ မရှိနိုင်တော့ပါဘူး၊ ဆရာတော်ကြီး လျှောက်ပြောနေတာ"လို့ စိတ်ထဲက တွေးလိုက်ပါသတဲ့။

ဆရာတော်ကြီးက ချက်ချင်းဆိုသလိုပဲ ဦးဇင်းလေးဘက်လှည့်ပြီး “ဦးဇင်းလေးရဲ့ ကိုယ်မရတာနဲ့ မရနိုင်ဘူး၊ မဖြစ်နိုင်ဘူးလို့ မတွေးရဘူး။ မသိဘဲနဲ့ပြစ်မှားမိရင် အပြစ်ဖြစ်တတ်တယ်”လို့ မိန့်လိုက် ပါသတဲ့။

ဦးဇင်းလေးလည်းတော်တော်လေးထိတ်လန့်သွားပြီး ဆရာတော်ကြီးကိုတောင်းပန်ပြီး ပြန်ခဲ့ပါ သတဲ့။

  အဲဒီဆရာတော်ကြီးဟာ စာရေးသူရဲ့ ငယ်သူငယ်ချင်းရဲ့ဆရာတော်ကြီးပါ။ သူငယ်ချင်း ဦးဇင်းကို ဆရာတော်ကြီးဆီက “နည်းနာနိဿယ ယူထားလိုက်သလား”လို့ မေးကြည့်တော့ “အဲဒီတုန်းက တပည့်တော်တို့က ကိုရင်ငယ်ငယ်ပဲရှိသေးတယ်။ ကိုယ်နဲ့မဆိုင်ဘူး၊ ဒါဆရာတော်ကြီးတွေရဲ့ အလုပ်လို့ ထင်ခဲ့တာ။ဆရာတော်ကြီးသက်တော်ကြီးလာမှ ဆရာတော်ကြီးတရားအဆင့်တစ်ခုတော့ရနေ   လောက်ပြီလို့ ခန့်မှန်းမိတာ”လို့ ပြန်ပြောပြ ပါတယ်။

ဒီခေတ်မှာ တကယ်ကျင့်ကြံပွါးများအားထုတ်နေတဲ့သူတွေ အများကြီးရှိနေတာဆိုတော့ မပြစ်မှားမိအောင်နေတာ အကောင်းဆုံးပါပဲ။ ပြစ်မှားမိလို့ ကိုယ်ပြစ်မှားမိတဲ့သူက အရိယာဖြစ်နေရင် အရိယူပဝါဒကံ ထိုက်သွားပါလိမ့်မယ်။ မစားရမသောက်ရ ကြီးမားလှတဲ့အကုသိုလ်ကံကြီးကို ကျူးလွန်မိသွားတာပါ။ ပြစ်မှားတာကတော့ အရိယာကိုပြစ်မှားမှသာ မဟုတ်ပါဘူး။  ကိုယ့်ထက် သီလ သမာဓိကြီးသူကို ပြစ်မှားလည်းအပြစ်ပါပဲ။

စွန့်တဲ့သူတွေကတော့ စွန့်ပြီးအားထုတ်နေကြတာပါ။ ကိုယ်ပဲမစွန့်နိုင် ဖြစ်နေတာပါ။  စွန့်ခြင်းရဲ့ အကျိုးရလဒ်ကို မသိလို့မစွန့်နိုင်ကြတာပါ။ ရလဒ်ကိုသိတဲ့သူတွေကတော့  စွန့်နေကြတာပါပဲ။

 လောကမှာ စွန့်တဲ့သူတွေကစွန့်ပြီး နှောင်ဖွဲ့တဲ့သူတွေက နှောင်ဖွဲ့နေကြတာပါ။ ဒီရာထူးဌာနန္တရ ငွေကြေးဥစ္စာ ဇနီးခင်ပွန်း သားသမီး သက်ရှိ သက်မဲ့တွေကိုပဲ နှောင်ဖွဲ့ထားကြပါတယ်။ နှောင်ဖွဲ့တော့ မစွန့်လွှတ်နိုင်ဘဲ ဖြစ်နေကြတာပါ။ ဒီတော့တရားနဲ့ဝေးသထက်ဝေးနေတော့တာပါ။ တရားနဲ့ ဝေးနေတော့ အမှားအမှန်လည်းမသိတော့ပါဘူး။

တချို့နှောင်ဖွဲ့မှုတွေကျတော့ နှောင်ဖွဲ့သူတင် နစ်နာတာမဟုတ်ပါဘူး။ နှောင်ဖွဲ့သူနဲ့ ဆက်စပ်သူ မှန်သမျှပါ ထိခိုက်နစ်နာရတော့တာပါ။

စာရေးသူရော စာဖတ်သူရော စွန့်ချိန်တန်ရင် စွန့်ရမှာပါပဲ။ ဒီလိုပါပဲ စွန့်သင့်တာကို စွန့်ရမှာပါပဲ။ အထူးသဖြင့် တရားနဲ့ယှဉ်လာရင်တော့ အားလုံး အားလုံးကို စွန့်ရမှာပါပဲ။ မစွန့်နိုင်သေးရင်တောင် စွန့်နိုင်အောင် ကြိုးစားယူရမှာပါ။

တစ်ခါတလေ ပုထုဇဉ်အားလျော်စွာ စွန့်ဖို့ခက်နေရင် ဘုရားအလောင်းစွန့်ခဲ့တာလေးတွေ၊ အထက်ကပစ္စေကဗုဒ္ဓါလောင်း မင်းစည်းစိမ်ကို စွန့်ခဲ့ တာလေးတွေကိုအာရုံပြုပြီး"သြော်…. အလောင်းတော်တွေ ပါရမီရှင်တွေဟာ တရားနဲ့ယှဉ်လာရင် မင်းစည်းစိမ်တောင် စွန့်ကြသေးတာပဲ၊ ငါစွန့်ရမယ့် အရာက သူတို့လောက် မကြီးမားဘူး"လို့ အားကျ အတုယူလို့ရပါတယ်။

မိတ်ဆွေလေးမျိုးရှိတဲ့အထဲမှာ အတ္ထက္ခာယီမိတ်ဆွေဆိုတာရှိပါတယ်။ မြန်မာလိုပြောရရင် တော့ အကျိုးရှိအောင်ပြောပြတတ်တဲ့ မိတ်ဆွေလို့ ခေါ်ပါတယ်။ အဲဒီမိတ်ဆွေဖြစ်ဖို့ အင်္ဂါလေးပါးနဲ့ ပြည့်စုံရပါတယ်။ အင်္ဂါလေးပါးဆိုတာက…

၁။ မကောင်းမှု အကုသိုလ်လုပ်နေရင် တားမြစ်ပြောပြပေးရပါတယ်။

၂။ ကောင်းမှုကုသိုလ်လုပ်အောင် တိုက်တွန်းပြောပြပေးရပါတယ်။

၃။ မကြားဖူးတဲ့ တရားစကားကို ပြောပြပေးရပါတယ်။

၎။ ချမ်းသာရောက်ကြောင်းဖြစ်တဲ့ နတ်ပြည်လမ်း၊ မဂ် ဖိုလ် နိဗ္ဗာန်လမ်းကိုညွှန်ကြား ပြောပြ ပေးရပါတယ်။ ဒီလေးမျိုးပါ။

 ကိုယ်ကဒီအင်္ဂါလေးချက်ကိုအာရုံပြုပြီး ကိုယ်ချစ်တဲ့မိတ်ဆွေတွေကို   တားသင့်တာကိုတားပြီး တိုက်တွန်းသင့်တာကို တိုက်တွန်းရမှာပါ။ တရား စကားတွေကို ပြောပြပေးရမှာဖြစ်သလို နတ်ပြည် မဂ်ဖိုလ်ရကြောင်းတွေကိုလည်း ညွှန်ကြားပြောပြပေးရမှာပါပဲ။

ကိုယ်တားတာ တိုက်တွန်းတာတွေကို သူမကြိုက်ပေမယ့် ကိုယ်ချစ်တဲ့သူကိုယ့်မိတ်ဆွေ ဆိုးကျိုးမဖြစ်ဖို့ သူကြိုက်ကြိုက် မကြိုက်ကြိုက် တားရ၊ တိုက်တွန်းရမှာပါ။ ဒါမှအတ္ထက္ခာယီမိတ်ဆွေ ပီသမှာပါ။

စာရေးသူစာရေးတဲ့အခါ နိဗ္ဗာန်ကိုဦးတည်ရုံမကပါဘူး၊ ဒီသဘောလေးတွေကိုလည်း အာရုံပြုပြီး ရေးပို့နေပါတယ်။ တကယ်တော့ စာရေးသူက ချည်း ရေးပြ ဟောပြ နေရပါတယ်။ စာဖတ်သူ့က ရေးပြ ဟောပြတာလေးတွေကိုလည်း တလှည့်နာချင်ပါသေးတယ်။

ဒါကြောင့် ဖုန်းနဲ့ပဲဖြစ်ဖြစ် Emailနဲ့ပဲဖြစ်ဖြစ် ဟောပြပေးပါဦး။ စာဖတ်သူတွေ ဟောပြတာ လည်း နာချင်လို့ပါ။ ဒါမှလည်း အပြန်အလှန် ညီမျှမှာပေါ့။ ပြီးတော့ စာဖတ်သူတွေက ဆရာတော် မျိုးစုံဆီက နာထား၊ ဖတ်ထားတာရယ် ကိုယ်တွေ့ဘဝအတွေ့အကြုံတွေရယ်ကြောင့် ပိုလို့တောင် နာလို့ကောင်းဦးမှာပါ။

ဘာပဲဖြစ်ဖြစ် တရားနဲ့ယှဉ်လာရင်တော့ စွန့်လိုက်တာအကောင်းဆုံးပါပဲ။

ရဝေနွယ်(အင်းမ)

ကျမ်းကိုး

ထေရအပဒါန်ဝတ္ထုတော်ကြီး၊ အရှင်ဓမ္မဿာမီဘိဝံသ

Tuesday, November 29, 2011

ငိုက်မျဉ်းခြင်းကို ဖြေဖျောက်နည်း

မနေ့က (23/5/11) စာရေးသူ၏ သူငယ်ချင်း အမျိုးသမီးတစ်ယောက်က Online မှာတွေ့တော့ “တပည့်တော် အခုတလော တရားထိုင်ဖြစ်တယ်၊ မထိုင်တာကြာတော့ အိပ်ငိုက်ချင်တယ်၊ သတိနဲ့ ထိမ်းနေရတယ်……”လို့ ဆိုပါတယ်။ ဒီတော့ စာရေးသူက ငိုက်မျဉ်းခြင်းကို ဖြစ်စေတဲ့ ထိန မိဒ္ဓကို ကျော်လွှားနည်းများကို ဗုဒ္ဓရဲ့ ဒေသနာအရ သူ့ကို အကျဉ်းမျှ ပြောပြလိုက်မိသေးတယ်။ စာဖတ်သူကိုတော့ ဒီဒေသနာကို ဗုဒ္ဓမြတ်စွာက ဘယ်သူ့ကို ဘယ်နေရာ ဘယ်အချိန်မှာ  ဘာကြောင့် ဟောကြားခဲ့တာဆိုတာလေးကို အကျယ်သဘောအားဖြင့် ပြောပြချင်မိလို့ စာတစ်စု ပြုလိုက်တာပါ။
မြန်မာမှု့ ပြုထားသော ငိုက်မျဉ်းခြင်းဟူသော စကားဟာ ထိန မိဒ္ဓ ဆိုတဲ့ ပါဠိစကားက ဆင်းသက်လာတာပါ။ တကယ်တော့ ဒီ ငိုက်မျဉ်းခြင်းဆိုတဲ့ ထိန မိဒ္ဓ တရားနှစ်ပါးဟာ ဈာန် မဂ် ဖိုလ် ရခြင်းကို ပိတ်ပင်တားဆီးတတ်တဲ့ ခြောက်ပါးသော နီဝရဏထဲက တတိယမြောက် နီဝရဏတရားပဲ ဖြစ်ပါတယ်။ ဒီ (ထိုင်းမှိုင်းခြင်း၊ ငိုက်မျဉ်းခြင်း) ထိန မိဒ္ဓ နီဝရဏ လွှမ်းမိုးခြင်းကို ခံနေရတဲ့ ယောဂါဝစရ ပုဂ္ဂိုလ်များဟာ ဈာန် မဂ် ဖိုလ် တို့ကို ရရှိခြင်းမှ ဝေးကွာလှပါတယ်။ 

မဟာသက္ကရာဇ် ၁၀၃ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံအချိန်မှာ ဗုဒ္ဓမြတ်စွာ သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီး ဘုရားအဖြစ်ကိုရရှိတော်မူခဲ့ပါတယ်။ 
မဟာသက္ကရာဇ် ၁၀၃ခုနှုစ် ပြာသိုလ်လပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာ ရာဇဂြိဟ်ပြည်သိုရောက်ရှိပါတယ်။ မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်ကို ရောက်ရှိပြီး ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးစံနေတော်မူခိုက် အရှင်သာရိပုတ္တရာ အလောင်း ဥပတိဿနှင့် အရှင်မဟာမောဂ္ဂလာန်အလောင်း ကောလိတတို့ မြတ်ဘုရားထံသို့ နောက်ပါတပည့်ပရဗိုဇ် ၂၅၀နဲ့အတူ ရောက်ရှိလာကြပြီး ဧဟိဘိက္ခူ ရဟန်းအဖြစ်ကို ခံယူကြပါတယ်။ အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန်တို့ ဗုဒ္ဓထံတော်သို့ရောက်ရှိပြီး သောတာပန်အဖြစ်ဖြင့် ဧဟိဘိက္ခူရဟန်းအဖြစ်ကို ခံယူကြတဲ့နေ့ကတော့ တပိုတွဲလဆန်း ၁ ရက်နေ့ဖြစ်ပါတယ်။
အဲဒီ မဟာသက္ကရာဇ် ၁၀၃ခုနှုစ် တပိုတွဲလဆန်း ၁ရက်ကနေစပြီးတော့ ၇ ရက်ပတ်လုံးတိုင်အောင် အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးက အိပ်စက်ခြင်းမပြုဘဲ  စင်္ကြံသွားပြီးတော့   ရာဇဂြိုဟ်ပြည်အတွင်းက တစ်ခုသော  “ကလ္လ၀ါဠပုတ္တ” ခေါ်တဲ့ရွာရဲ့အနီး တောအုပ်ကြီးထဲမှာ မအိပ်ဘဲ တရားအလုပ် အားထုတ်တော်မူနေရင်းနဲ့  ၇ ရက်တောင်မှ မအိပ်မနေ အားထုတ်ခဲ့ရတာဆိုတော့ ကိုယ်ခန္ဓာပင်ပန်းနွမ်းနယ်တော်မူပြီး စင်္ကြံဦးမှာ ထိုင်လျက်သား ငိုက်မျဉ်းသွားပါတယ်။ တပိုတွဲလဆန်း ၈ ရက်ဆိုတာ မမေ့စေချင်ပါ။
အဲဒီ မဟာသက္ကရာဇ် ၁၀၃ခု တပိုတွဲလဆန်း ၈ရက်မှာ မြတ်စွာဘုရားက မဂဓတိုင်း ရာဇဂြိုဟ်ပြည် သုသုမာရဂိရမြို့၏ အနီးမှာရှိတဲ့ ဘေသကဠာအမည်ရှိတဲ့ တောအုပ်ထဲမှာ သီတင်းသုံးနေရင်းနဲ့ အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ် စင်္ကြံဦးမှာ ငိုက်မျဉ်းနေတာကို ဒိဗ္ဗစက္ခု အဘိဉာဏ်ဖြင့် မြင်တော်မူလိုက်ပါတယ်။ မြင်တော်မူပြီးတော့ ဗုဒ္ဓမြတ်စွာက ဣဒ္ဓိဝိဓ အဘိဉာဏ်နဲ့ (စိတ္တဂတိ-စိတ်၏သွားခြင်းကဲ့သို့ လျင်မြန်စွာ) သွားရောက်ပြီးတော့ စင်္ကြံဦးမှာ ငိုက်မျဉ်းနေတဲ့ အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးဆီကို ဘွားခနဲ ရောက်ရှိသွားတော်မူပြီးတော့ အရန်သင့် ခင်းထားတော်မူတဲ့ နေရာမှာထိုင်တော်မူကာ…………"ချစ်သား မောဂ္ဂလာန်……၊ သင်ချစ်သား ငိုက်မျဉ်းနေတာလား……"လို့ မေးမြန်းလိုက်ပါတယ်။ 

ဒီတော့မှ အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်က…."မှန်လှပါ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား…….။ တပည့်တော် တဒင်္ဂငိုက်မျဉ်းသွားပါတယ် ဘုရား….။" လို့ လျောက်ထားလိုက်ပါတယ်။ အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးရဲ့ အဖြေစကားကို ကြားပြီးတဲ့နောက် ဗုဒ္ဓမြတ်စွာက ချစ်သား မောဂ္ဂလာန် ထိန မိဒ္ဓဆိုတဲ့ ငိုက်မျဉ်းခြင်းကို ပယ်ဖျောက်ကြောင်းတရား ခုနှစ်ပါးရှိတယ်…….ချစ်သား မောဂ္ဂလာန်…..ဆိုပြီးတော့ အောက်ပါအတိုင်း ဟောကြားခဲ့ပါတယ်။

 ၁။         အိပ်ချင်ငိုက်မြည်းကြောင်းဖြစ်တဲ့  အမှတ်သညာကိုပယ်ဖျောက်ခြင်း။
“ချစ်သား….၊  ဒီလို  သင်ချစ်သား ငိုက်မျဉ်းနေတယ်ဆိုရင်  အဲဒီအငိုက်ပျောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတော့  မငိုက်ခင်က နှလုံးသွင်း ရှုမှတ်တဲ့ အနိစ္စသညာကို နှလုံးမသွင်းနဲ့၊ ကြိမ်ဖန်များစွာ မလေ့လာနှင့်၊ ပယ်ဖျောက်လိုက်ပါ။ အဲဒီလို မငိုက်ခင်က နှလုံးသွင်း ရှုမှတ်တဲ့ အနိစ္စသညာကို နှလုံးမသွင်းဘဲနေမယ်ဆိုရင်  သင်ချစ်သားရဲ့ သန္တာန်မှာ  အဲဒီငိုက်မျဉ်းခြင်း မိဒ္ဓတရားကို ပယ်ဖျောက်ပြီးသား ဖြစ်လိမ့်မယ်။”လို့  ဟောကြားပါတယ်။
ဆိုလိုရင်းကတော့   ဥပမာ  မအိပ်ငိုက်ခင်က နှလုံးသွင်းခဲ့တဲ့ အနိစ္စသညာကို ပယ်ဖျောက်ရပါမယ်။ အဲဒီအနိစ္စသညာကို ပယ်ဖျောက်ပြီး ဒုက္ခသညာ သို့မဟုတ် အနတ္တသညာကို ပြောင်းနှလုံးသွင်းရပါမယ်။ ဒီလိုပဲ မိမိက ဒုက္ခသညာကို နှလုံးသွင်းနေတယ်ဆိုရင် ငိုက်မျဉ်းလာတဲ့အခါ အဲဒီ ဒုက္ခသညာကို ပယ်ဖျောက်ရပါမယ်။ အနာပါနသညာကို နှလုံးသွင်းခဲ့တယ်ဆိုရင်လည်း ဒီသညာကိုပယ်ရပါမယ်။ အသုဘသညာကို နှလုံးသွင်းရှုမှတ်ခဲ့တယ်ဆိုလည်း ဒီငိုက်မျဉ်းကြောင်းဖြစ်စေတတ်တဲ့ ဒီသညာကို ပယ်ဖျောက်ရပါမယ်။
အိပ်ချင်ငိုက်မြည်းကြောင်းဖြစ်တဲ့  အမှတ်သညာကိုပယ်ဖျောက်ခြင်းဖြင့် ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်တယ်။

၂။         မိမိသင်ယူမှတ်သားဖူးတဲ့ ပရိယတ်စာပေများကို စိတ်ဖြင့်အကြိမ်ကြိမ် ကြံစည်သုံးသပ်ဆင်ခြင် နှလုံးသွင်းခြင်း။
ချစ်သား……အဲဒီလို ဒုက္ခသညာအစရှိတဲ့  မူလနှလုံးသွင်းသညာကို ပယ်ဖျောက်ပြီးပေမယ့် ငိုက်မျဉ်းခြင်း  မပျောက်သေးဘူးဆိုရင် ချစ်သား…….၊ မိမိသင်ယူခဲ့၊ ကြားနာခဲ့ဖူးတဲ့  ပရိယတ်စာပေများကို စိတ်ဖြင့်အကြိမ်ကြိမ် ကြံစည်သုံးသပ် ဆင်ခြင်နှလုံးသွင်းပါ။ အဲဒီလို ချစ်သား…….၊ မိမိသင်ယူခဲ့၊ ကြားနာခဲ့ဖူးတဲ့  ပရိယတ်စာပေများကို စိတ်ဖြင့်အကြိမ်ကြိမ် ကြံစည်သုံးသပ် ဆင်ခြင်နှလုံးသွင်းလိုက်မယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။
မိမိသင်ယူမှတ်သားဖူးတဲ့ ပရိယတ်စာပေများကို စိတ်ဖြင့်အကြိမ်ကြိမ် ကြံစည်သုံးသပ်ဆင်ခြင် နှလုံးသွင်းခြင်းဖြင့် ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်တယ်။

၃။         မိမိသင်ယူမှတ်သားဖူးတဲ့ ပရိယတ်စာပေတရားများကို အကျယ်အားဖြင့် ရွတ်အံသရဇ္ဈာယ်အမှု ပြုလုပ်ခြင်း။
အဲဒီလို ချစ်သား…….၊ မိမိသင်ယူခဲ့၊ ကြားနာခဲ့ဖူးတဲ့  ပရိယတ်စာပေများကို စိတ်ဖြင့်အကြိမ်ကြိမ် ကြံစည်သုံးသပ် ဆင်ခြင်နှလုံးသွင်းဆင်ခြင်နေလို့မှ ငိုကမျဉ်းခြင်း မပျောက်သေးဘူးဆိုရင် မိမိသင်ကြားထားတဲ့ တရားစာပေတွေကို အကျယ်တ၀င့် နှုတ်က ရွတ်အံသရဇ္ဈာယ်လိုက်ပါ။ အဲဒီလို မိမိသင်ကြားထားတဲ့ တရားစာပေတွေကို အကျယ်တ၀င့် နှုတ်က ရွတ်အံသရဇ္ဈာယ်လိုက်မယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။ ငိုက်မျဉ်းခြင်းတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။
မိမိသင်ယူမှတ်သားဖူးတဲ့ ပရိယတ်စာပေတရားများကို အကျယ်အားဖြင့် ရွတ်အံသရဇ္ဈာယ်အမှု ပြုလုပ်ခြင်းဖြင့်လည်းပဲ ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်တယ်။

၎။         နားနှစ်ဘက်တို့ကို လက်နဲ့ဆွဲခြင်း၊ ကိုယ်ကိုလက်ဖြင့်ပွတ်သပ်ခြင်း။
ချစ်သား မောဂ္ဂလာန်…….၊ အဲဒီလို မိမိသင်ကြားထားတဲ့ တရားစာပေတွေကို အကျယ်တ၀င့် နှုတ်က ရွတ်အံသရဇ္ဈာယ်နေပေမယ့်လို့ ထိုငိုက်မျဉ်းခြင်းတရား မပယ်ရှား မပပျောက်သေးဘူးဆိုရင် မိမိရဲ့ နားပျဉ်း နားရွက်နှစ်ဘက်ကို လက်နဲ့ဘယ်ပြန်ညာပြန်ဆွဲပါ။ ဒါမှ ငိုက်ချင်သေးတယ်ဆိုရင် ညာလက်ဖြင့် ဘယ်ဘက်လက်ကို ဘယ်ဘက်လက်ဖြင့် ညာဘက်လက်ကို ပွတ်သပ်ပေးပါ။ လက်ဖြင့် ကိုယ်ကိုလည်း ပွတ်သပ်ပေးလိုက်ပါ။ အဲဒီလိုလုပ်လိုက်မယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။ ငိုက်မျဉ်းခြင်းတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။
နားနှစ်ဘက်တို့ကို လက်နဲ့ဆွဲခြင်း၊ ကိုယ်ကိုလက်ဖြင့်ပွတ်သပ်ခြင်းဖြင့် ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်တယ်။

၅။         မျက်နှာသစ်ပေးခြင်း၊ ထိုထိုအရပ်တို့ကို ကြည့်ရှုခြင်း၊ ကြယ်တာရာ ကောင်းကင်တို့ကို မော်ကြည့်ခြင်း။
ချစ်သား  မောဂ္ဂလာန်…..။ ။နားနှစ်ဘက်ကို လက်နဲ့ဆွဲလို့မှ၊ လက်ဖြင့်ကိုယ်ကိုပွတ်သပ်လို့မှ ငိုက်မျဉ်းခြင်း မိဒ္ဓမပျောက်သေးဘူးဆိုရင် ထိုင်ရာကထပြီးတော့ မျက်နှာသစ်လိုက်ပါ။ မျက်နှာသစ်ပြီးတော့ အရှေ့၊ အနောက်၊ တောင်၊ မြောက်ဆိုတဲ့ တူရှုအရပ်၊ လေးထောင့်ဆိုတဲ့ ဖီလာအရပ်လေးပါး၊ အထက်၊ အောက်ဆိုတဲ့ အရပ်နှစ်ပါးအားဖြင့် အရပ်ဆယ်မျက်နှာကို ဟိုဟိုဒီဒီ ကြည့်ပေးပါ။ ကောင်းကင်မှာရှိတဲ့ နက္ခတ်တာရာတို့ကို မော်ကြည့်ပေးပါတဲ့။ အဲဒီလို မျက်နှာသစ်ပြီး ထိုထိုအရပ်တို့ကို ကြည့်ရှုပေးလိုက်မယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။ ငိုက်မျဉ်းခြင်းတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။ မျက်နှာသစ်ပေးခြင်း၊ ထိုထိုအရပ်တို့ကို ကြည့်ရှုခြင်း၊ ကြယ်တာရာ ကောင်းကင်တို့ကို မော်ကြည့်ခြင်းဖြင့် ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်တယ်။

၆။         အလင်းရောင်ကို နှလုံးသွင်းခြင်း။
ချစ်သား…မောဂ္ဂလာန်…….။ အဲဒီလို မျက်နှာသစ်ပြီး ထိုထိုအရပ်တို့ကို ကြည့်ရှုပေးပေမယ့်လို သင် ချစ်သားရဲ့ သန္တာန်မှာ ငိုက်မျဉ်းခြင်း မိဒ္ဓမပျောက်သေးဘူးဆိုရင် အလောကသညာပွားပါ။ အလင်းရောင်ကို နှလုံးသွင်းလိုက်ပါ။ ဆိုလိုတာက နေ့ဘက်မှာ အိပ်ချင်ငိုက်မျဉ်းချင်တယ်ဆိုရင် နေ့ဘက်ဆိုရင် နေရဲ့အလင်းရောင်ကို နှလုံးသွင်းကြည့်ရှုပေးရပါမယ်။ ညဘက်မှာ အိပ်ငိုက်ချင်သေးတယ်ဆိုရင် ကြယ်ရောင် လရောင်ကို နှလုံးသွင်းကြည့်ရှု့ပေးရပါမယ်။ အဲဒီလို ကြည့်ရှုပြီးတော့ “အလောကော……အလောကော…”ဆိုပြီးတော့ အလောကကသိုဏ်းကို ၊အလောကသညာကိုပွားများရပါမယ်။ အဲဒီလို အလောသညာကို နှလုံးသွင်းပွားများလိုက်မယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။ ငိုက်မျဉ်းခြင်းတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။
အလင်းရောင်ကို နှလုံးသွင်းခြင်းဖြင့် ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်တယ်။

၇။         စင်္ကြံလျောက်ခြင်း။
ချစ်သား……..မောဂ္ဂလာန်.. အလောကသညာကို ပွားများဆောက်တည်ပါသော်လည်း သင် ချစ်သားရဲ့သန္တာန်မှာ ငိုက်မျဉ်းခြင်း မိဒ္ဓတရားတွေ ကျန်သေးတယ်ဆိုရင်၊မပျောက်သေးဘူးဆိုရင် မိမိရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရှိနေတဲ့ ရုပ်နာမ်တရားတွေပေါ်မှာ စိတ်ထားပြီးတော့ စင်္ကြံလျှောက်ပေးပါ။ အဲဒီလို လူးလားခေါက်ပြန် ဣနြေ္ဒခြောက်ပါးကို ချူပ်တည်းပြီး စင်္ကြံလျှောက်ပေးလိုက်မယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။ ငိုက်မျဉ်းခြင်းတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။ ချစ်သား……..ဒီတရားခုနှစ်မျိုးဟာ ထိန မိဒ္ဓ ငိုက်မျဉ်းခြင်းတရားတွေကို ပယ်ဖျောက်နည်းများ ဖြစ်ပေတယ်…….ချစ်သား မောဂ္ဂလာန်………ဆိုပြီးတော့ဗုဒ္ဓမြတ်စွာက ထိနမိဒ္ဓ ငိုက်မျဉ်းခြင်းတရား ပယ်ဖျောက်နည်းကို မဟာသက္ကရာဇ် ၁၀၃ခုနှစ် တပိုတွဲလဆန်း ၈ရက်နေ့မှာ အရှင်မဟာမောဂ္ဂလာန်ကို ဟောကြားခဲ့ပါတယ်။
မိမိရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရှိနေတဲ့ ရုပ်နာမ်တရားတွေပေါ်မှာ စိတ်ထားပြီးတော့ စင်္ကြံလျှောက်ပေးခြင်းဖြင့် ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်တယ်။ ချစ်သား…………မောဂ္ဂလာန်………..။
ဒီ ထိနမိဒ္ဓ ငိုက်မျဉ်းခြင်းတရား ပယ်ဖျောက်နည်း တရား(၇)ပါးဟာ ယောဂီသူတော်စင်များအဖို့ မှတ်မိထားရမယ့် ဆောင်ထားရမယ့်တရား ဖြစ်ပါတယ်။ ဈာန် မဂ် ဖိုလ် ရခြင်းကို ပိတ်ပင်တားဆီးတတ်တဲ့ ဒီငိုက်မျဉ်းခြင်း ထိန မိဒ္ဓတရားကို ပယ်ရှားတွန်းလှန်ဖို့ လိုအပ်ပါတယ်။ ဒီခုနှစ်နည်းထဲက တစ်နည်းနည်းနဲ့ တွန်းလှဖယ်ရှားလို့ရပါတယ်။
ဒီ ထိန မိဒ္ဓ ငိုက်မျဉ်းကြောင်းတရား ၇ပါးကို မင်းကွန်းဆရာတော်ဘုရားကြီးက မှတ်သားဆောင်ထားလို့လွယ်အောင် လင်္ကာလေး ဖွဲဆိုထားပါတယ်။ စာဖတ်သူတို့ မှတ်ထားလိုက်ပါဦး………..။
“ပယ်ဖျောက်သညာ၊ စာ နှလုံးသွင်း၊ စာအံလျှင်းတည့်၊ နားပျဉ်း+ကိုယ်+သပ်၊ အရပ်ကိုမျှော်၊ အလောကပွား၊ စင်္ကြံ့သွား၊ ခုနှစ်ပါး ငိုက်မျဉ်းပျောက်ကြောင်းတည်း…………..။”
ဗုဒ္ဓမြတ်စွာက ဒီ(၇)ပါးသောနည်းနဲ့မှ ငိုက်မျဉ်းခြင်း မိဒ္ဓတရား မပျောက်သေးဘူးဆိုရင် ဘာဆက်လုပ်ရမလဲဆိုတော့ ချစ်သား……မောဂ္ဂလာန်……အိပ်စက်အနားယူတဲ့အခါမှာ (ခြင်္သေ့မင်းနဲ့တူသော အိပ်စက်ခြင်း) ညာဘက်လက်ကို လဲလျောင်းပြီးတော့ ညာဘက်ခြေကို ခပ်ဆန့်ဆန့်တန်းတန်းထားပါ။ ညာဘက်ကိုစောင်းအိပ်ပါ။ ပြီးတော့ ဘယ်ဘက်ကဒူးကို အဲဒီညာဘက်ခြေရဲ့အပေါ် ရှေနားရောက်အောင်တိုးထားပြီးတော့ အိပ်စက်ပါ။ မအိပ်စက်ခင်မှာလည်းပဲ နံနက် ၄:၀၀နာရီကျရင် ငါအိပ်ရာမှထမယ်။ အဲဒိလို အချိန် နာရီသတ်မှတ်ပြီး ဘယ်ချိန် ဘယ်မိနစ်မှာ ငါအိပ်ရာကထမယ်လို့ နှလုံးသွင်းပြီးမှ သင်ချစ်သား အိပ်စက်ပါ။ လဲလျောင်းပါ။
ချစိသား…….မောဂ္ဂလာန်….အဲဒီလို သင်ချစ်သား…အချိန် နာရိသတ်မှတ်ပြီး ခြင်္သေ့မင်းနဲ့တူသော အိပ်စက်ခြင်းပြုပြီး အိပ်စက်ခြင်းမှ နိုးထာလာတဲ့အခါရောက်ရင်လည်း သင် ချစ်သား….”သေယျသုခ” လို့ခေါ်တဲ့ ပက်လက်လှန်ပြီးတော့ ဖြေပစ်လက်ပစ်ပြုပြီး လဲလျောင်းရတဲ့ ချမ်းသာကို အားထုတ်ပြီးတော့ ငါမနေဘူးလို့ အောက်မေ့ကာ သန္နိဌာန်ချပြီး အိပ်စက်ခြင်းမှ မြန်မြန်ထရမယ်။ “ပဿသုခ” လို့ခေါ်တဲ့ ဗယ်ဘက်စောင်းလိုက် ညာဘက်စောင်းလိုက် ဗယ်ပြန် ညာပြန်လှည့်ပြီး တအိအိနဲ့ နေလို့ဖြစ်တဲ့ ချမ်းသာသုခမျိုးကို အားထုတ်ပြီးတော့ ငါမနေဘူးလို့ အောက်မေ့ကာ သန္နိဌာန်ချပြီး အိပ်စက်ခြင်းမှ မြန်မြန်ထရမယ်။ “မိဒ္ဓသုခ” လို့ခေါ်တဲ့ အိပ်ရာကနိုးပြီတဲ့နောက်မှာ ပြန်ပြီးအိပ်စက်လိုက်ရလို့ မှိန်းလိုက်ရလို့၊ ငိုက်လိုက်ရလို့ဖြစ်တဲ့ ချမ်းသာသုခမျိုးကို အားထုတ်ပြီးတော့ ငါမနေဘူးလို့ အောက်မေ့ကာ သန္နိဌာန်ချပြီး အိပ်စက်ခြင်းမှ မြန်မြန်ထရမယ်။ 
အဲဒီလို ကျင့်ကြံလိုက်နာမယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။ ငိုက်မျဉ်းခြင်းတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။
ပုထုဇဉ်ဖြစ်တဲ့ စာရေးသူတို့ဟာ အိပ်ရာမှနိုးထပြီးတဲ့အခါမှာ ဒီချမ်းသာသုခ သုံးမျိုးကို ခံစားတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ စာရေးသူတို့ရဲ့သန္တာန်မှာ ထိန မိဒ္ဓဆိုတဲ့ နီဝရဏတရားကိန်းအောင်းနေလိုပဲဖြစ်ပါတယ်။ ဒီ ငိုက်မျဉ်းခြင်း မိဒ္ဓတရားကို မြတ်ဗုဒ္ဓရဲ့ ဟောပြထားတဲ့ နည်းတွေနဲ့ ပယ်ဖျောက်ပစ်ရပါမယ်။
အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးဟာ ဒီ မဟာသက္ကရာဇ် ၁၀၃ခုနှစ် တပိုတွဲလဆန်း ၈ ရက်နေ့မှာ ဒီမြတ်ဗုဒ္ဓဟောကြားတဲ့ ပစလာယမာနသုတ္တန်ကို နာကြားပြီးတော့ အရဟတ္တဖိုလ်ပေါက် ရောက်ပြီး ရဟန္တာဖြစ်တော်မူခဲ့တာပါ။ အရှင်မဟာမောဂ္ဂလာန်သည် အရှင်သာရိပုတ္တရာထက် ခုနှစ်ရက်စောပြီး ရဟန္တာဖြစ်တော်မူပါတယ်။ တကယ်တော့ ဒီငိုက်မျဉ်းခြင်းတရား ပယ်ဖျောက်နည်းတင် ဒီပစလာယမာနသုတ်တော်မှာ ဟောကြားထားတော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီနေရာမှာ အဓိကဖြစ်တဲ့ ငိုက်မျဉ်းခြင်းတရား ဖြေဖျောက်နည်းကိုပဲ ပြောပြပြီး ကျန်တဲ့တရားတွေကို ချန်လှပ်ထားခဲ့ရတာပါ။
စာဖတ်သူတို့အနေနဲ့ ဒီနေ့ ဒီရက်မှာ ဒီသုတ္တန်ဒေသနာကို နာကြားပြီိးတော့ အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်ကြီး ရဟန္တာဖြစ်တော်မူတယ်ဆိုတာ သိထားသင့်သလို ဒီငိုက်မျဉ်းခြင်း ဖြေဖျောက်နည်းတရားတော်ကို နာကြားပြီး လိုက်နာပြီး ကျင့်ကြံအားထုတ်မှုကြောင့် အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်ကြီး ရဟန္တာဖြစ်တော်မူရတယ်..တို့ ယောဂီသူတော်စင်များလည်းပဲ ဒီငိုက်မျဉ်းခြင်း ဖြေဖျောက်နည်းတရားတော်ကို နာကြားပြီး ဖတ်ရှု့ပြီးတော့ လိုက်နာကျင့်ကြံခြင်းဖြင့် အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးကဲ့သို့ ဒုက္ခအားလုံးရဲ့ အဆုံးကိုပြုတတ်တဲ့ နိဗ္ဗာန်ချမ်းသာမြတ်ကြီးကို ရရှိအောင် ကြိုးစားအားထုတ်မယ်ဆိုတဲ့ အားမာန်များ အဓိဌာန်များကို ချမှတ်ပြီးတော့ ကြိုးစားအားထုတ်ဖို့ပါ။ 

မိမိရဲ့သန္တာန်မှာ ဈာန် မဂ် ဖိုလ် ရခြင်းကို ပိတ်ပင်တားဆီးတတ်တဲ့ ဒီငိုက်မျဉ်းခြင်း ထိန မိဒ္ဓ နီဝရဏတရား မရှိတော့ဘူးဆိုရင် ဈာန်ချမ်းသာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာမြတ်တို့ကို ရရှိနိုင်မှာ သေချာပါတယ်။
စာရေးသူ၏ ဤစာစုကို သိခီမြတ်စွာဘုရားရှင်လက်ထက်တော်အခါက ပညာဧတဒဂ်ရ အဂ္ဂသာဝကြီးဖြစ်တဲ့ အရှင်အဘိဘူမထေရ်မြတ်သည် ဗြဟ္မာပြည်မှ ရပ်တည်လျှက် လောကဓာတ်တိုက်ပေါင်းတထောင်က ကြားနာရအောင် မိမိ၏တန်ခိုးတော်ဖြင့် ဟောကြားတော်မူခဲ့တဲ့ အရုဏ၀တီသုတ်တော်မှ နှစ်ပုဒ်သောဂါထာကို မြန်မာစကားပြေဖြင့် ရွတ်ဆိုပူဇော်ကာ နိဂမန ပြုလိုက်ပါတယ်။ စာဖတ်သူတို့အတွက်လည်း ဤဂါထာဖြင့် ဥယျောဇဉ်ပြုလိုက်ပါ၏………….။
“မြတ်စွာဘုရား သာသနာတော်၌ သူတော်ကောင်းတရားတို့ကို ထထကြွကြွ ကြိုးစားအားထုတ်ကြကုန်လော့………..။ မဆုတ်မနစ် အားသစ်ကြကုန်လော့……..။ ဆထက်ထမ်းပိုးပိုးတိုး၍ ရှုမှတ်အားထုတ်ကြကုန်လော့……..။ ဆင်ပြောင်ကြီိးသည်. ကျူထရံအိမ်ကို နင်းချေဖျက်ဆီးသကဲ့သို့ ကိလေသာရန် မာရ်စစ်သည်အပေါင်းကို ထောင်းထောင်းချေမွ တိုက်ဖျက်ကြကုန်လော………။”
အကြင်သူသည် ဤဓမ္မ၀ိနယခေါ် မြတ်စွာဘုရား၏ သာသနာတော်၌ အပ္ပမာဒသတိရှိသော ယောဂီသည်သာလျှင် ဘ၀သံသရာကို ဖယ်လွှဲ၍ ဆင်းရဲခြင်း၏ အဆုံးကို ပြုနိုင်လတ္တံ့ …………။
(ဥယျာဉ်မှူးလေး)
ကျမ်းကိုး…………။
အင်္ဂုတ္တရပါဠိတော်၊ သတ္တနိပါတ်၊ ပစလာယမာနသုတ်
သဂါထ၀ဂ္ဂပါဠိတော်၊ ဒုတိယ၀ဂ်၊ အရုဏ၀တီိသုတ်
မင်းကွန်းဆရာတော်ဘုရားကြီး၏ ချိန်ခွင်ကြီးလေးလက် တရားတော်
ဓမ္မာစရိယ ဦီိးဌေးလှိုင်၏ သီဟိုဠ်ခေတ် စံတော်ဝင် အရိယာများ၊ နှာ ၃၆၈-၃၆၉

Monday, November 28, 2011

ဘ၀နှင့် အရိပ်များ


ဘ၀နှင့် အရိပ်များ
အရိပ်တွေ..။ အရိပ်တွေ ပြေးနေကြသည်။ အရိပ်တွေ တိမ်လိပ်တွေလို ပြေးနေကြသည်။ အရိပ်တွေက ခဏ ခဏ တက်လာလိုက်၊ ပြေးသွားလိုက်၊ ပျောက်ကွယ်သွားလိုက်၊ ပြေးနေကြသည်။ လောကထဲမှာ ပြေးလွှားနေ ကြသော လူတွေကလည်း အချိန်၏ဖြစ်စဉ်ထဲတွင် တိမ်တွေလို ပြေးလွှားနေကြလေသည်။

ပြေးလွှားနေသော တိမ်တိုက်များထဲတွင် ချစ်လှစွာသော မေမေလည်း ပါသည်။ လေးစားရသော ဖေဖေလည်း ပါသည်။ နွေးထွေးသော မိသားစုလေးလည်း ပါသည်။ တိမ်တိုက်တွေထဲမှ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသော လှောင်ပြုံးပြုံးလေးတွေလည်း ပါနိုင်သည်။ လက်ခုပ်သံသံအချို့လည်း ပါသည်။ ဖြစ်နိုင်လျှင် အတိတ်မေ့လိုက် ချင်သည်။ ဖြစ်နိုင်လျှင် မေ့နေသော အတိတ်များကို ပြန်လည် ခလုတ်တိုက်ချင်သည်။

သောကများဖြင့် ပြည့်နှက်နေသောအခါ တိမ်တိုက်များသည် မည်းမှောင်နေတတ်ပြီး မေတ္တာတရားဖြင့် ပြည့်နှက်ပြီး ကြည်နူးဖွယ်ရာများ ပိုင်ဆိုင်နေသောအခါ တိမ်တိုက်များသည် ဖြူစင်တက်ကြွနေတတ် လေသည်။ ဘ၀မှာ သင်ဟာ ခဏတာ ပျော်ရွှင်ခဲ့ဖူးတယ်ဆိုရင် ထိုအရသာမျိုးကို ဘယ်နှစ်ကြိမ်လောက် အားရပါးရ ပိုင်ဆိုင်ခဲ့ဖူးပါသနည်း။

“စိတ်ဓာတ်တွေ ကျတယ်၊ စိတ်ညစ်တယ်”လို့ ငြီးညူခဲ့ဖူးမယ်ဆိုရင် ခဏတာလေးကို အကြာကြီး သင်ထင်နေ ခဲ့ဖူးလိမ့်မည်။ ထိုကဲ့သို့သော ခံစားချက်မျိုးကို ဘ၀လို့ သင် အဓိပ္ပာယ်ဖွင့်ဆိုချင်ပါသလား။ ဘယ်လိုပဲဖြစ်ဖြစ် ပျော်ရွှင်နေရင် သင်ဟာ ဘ၀ဆိုတာ လန်းလန်းဆန်းဆန်း ဖြစ်နေတယ်လို့ သင် ထင်မည်။ ၀မ်းနည်းဖွယ်များဖြင့် ပြည့်နှက်နေသောအခါ သင်ဟာ ဘ၀ဖြစ်တည်မှုကို ပြဿနာရှာကောင်း ရှာမည်။ ဤခံစားချက် သည်ပင် ဘ၀ဖြစ်သည်ဟု ထင်ပြီး ထိုဘ၀သည်ပင် သင်၏ ထင်မြင်ချက်တစ်ခုသာ ဖြစ်နေပေလိမ့်မည်။

“ဘ၀ဟူသည် နှုတ်ယူလို့လည်း မရ၊ ပေါင်းထည့်လို့လည်း မရသောအရာ ဖြစ်သည်”ဟု စာရေးဆရာတစ်ဦးက ပြောဖူးသည်။ သူ့စကားအရဆိုလျှင် ဘ၀ဟူသည်မှာ ပြဓာန်းခံအရာတစ်ခုသာ ဖြစ်နေသည်။ Passive Type သဘောသာ ဖြစ်နေသည်။ အချို့ကတော့ “ဘ၀ဆိုတာ တိုက်ပွဲ - Life is struggle”လို့ ဆိုတတ်ကြပြန်သည်။ ဤသဘောအတိုင်းဆိုလျှင် ဘ၀ဟူသည် ပြဓာန်းခံအရာ မဟုတ်တော့။ အရာရာကို ကိုယ်ကိုယ်တိုင် ဖန်တီးနိုင်သော အရာဖြစ်လာသည်။ Active Type သဘောရှိသည်။ ပြဓာန်းခံအယူအဆသမားများက ဘ၀ကို တစ်စုံတစ်ရာထံ ၀ကွက်အပ်ထားသည်။ လုပ်နိုင်သမျှ လုပ်မည်၊ မရလျှင်လည်း ထိုတစ်စုံတစ်ရာ၏ သဘော သာဖြစ်သည်ဟု လက်ခံသည်။

“ဘ၀ဆိုတာ ကိုယ့်လက်ထဲက ကိုယ်တိုင်ဖန်တီးနိုင်သော အရာတစ်ခု ဖြစ်တယ်”ဟု ယူဆသူများက ဘ၀ကို ကိုယ်လိုချင်သလို ဆွဲခေါ်သည်။ ဖြစ်စေချင်သလို ဖန်တီးသည်။ “ဘ၀ဆိုတာ ကိုယ့်လက်ထဲက ကိုယ်ဖန်တီး သလို ရတဲ့အရာ ဖြစ်တယ်”ဟု ခံယူထားသူသည် လွတ်လပ်သည်။ အမှီအခို ကင်းသည်။ သို့ရာတွင် တာဝန်ပိုကြီးသည်။ လုပ်လိုက်သမျှအရာများ အဆင်ပြေနေလျှင် ကိစ္စမရှိ။ အဆင်မပြေခဲ့လျှင် အပြစ်တင်စရာ ဘုရားသခင်က သူ့အနားမှာ မရှိ။ မပိုင်နိုင်လျှင် ပို၍ ခံစားရဖို့သာ ရှိလေသည်။ မည်သို့သော အတွေးအမြင် များကို ကိုင်စွဲပြီး ဘ၀အပေါ် သဘောထားထား အားလုံးသည် သူတို့ဘ၀များ၏ အရိပ်များပင် ဖြစ်နေပါသည်။

တစ်နေ့က အွန်လိုင်းမှာ ကိုယ့်ကို တစ်ခါမှ စပြီး နှုတ်မဆက်ဖူးသော ကောင်မလေးတစ်ယောက်က “ဦးဇင်းနဲ့ စကားပြောချင်လို့”ဟု ဆိုလာသည်။ သူသည် ခရစ်ယာန်မလေးတစ်ယောက်ဖြစ်သည်။ သူသည် အသိုင်း အ၀ိုင်းလည်း ကောင်းသည်။ ရုပ်လည်း ချောသည်။ ငယ်လည်း ငယ်သည်။ သို့ပေငြား သူမသည် လောကမှာ ကြာကြာမနေနိုင်သောရောဂါသည် ဗုဒ္ဓဘာသာအမျိုးသားတစ်ယောက် (ဦးဇင်းနှင့် ညီအစ်ကိုလို ချစ်ရသူ)နှင့် ချစ်သူဖြစ်ခဲ့သည်။

သူတို့တွေ တွဲသွားတွဲလာ ဖြစ်နေစဉ်က “ဦးကု… တပည့်တော်တို့ လက်ထပ်တော့မယ်”ဟု ဆိုလာသောအခါ အံ့သြခဲ့ရသည်။ “အစ်ကို ဟိုအကြောင်း သူ့ကို ပြောလိုက်ပြီးပြီလား”ဟု မေးသောအခါ “ပြောပြီးတာ ကြာပြီ၊ သူမက နောက်မဆုတ်ဘူး”ဟု ပြောသည်။ ကာယကံရှင်များကိုယ်တိုင် မည်သို့ ခံစားရမည်မသိ၊ အံ့သြစိတ် ရော၊ ၀မ်းသာစိတ်ရော ရောရောပြွမ်းပြွမ်း ဖြစ်နေခဲ့ရသည်။

ထိုအခါက အချစ်ဆိုတာကို တွေးနေခဲ့ဖူးသည်။ ချမ်းမြေ့ဆရာတော်ကြီး အထက်ပိုင်း ကလေးမြို့နယ်တွင် ခရစ်ယာန်ဆရာတော်များက ကြီးမှူးကျင်းပသော တရားပွဲတွင် ဆရာတော့်ကို “အချစ်ဆိုတာ ဘာလဲ”ဆိုသော မေးခွန်း အမေးခံခဲ့ရ၍ တဝေါဝေါ ရယ်ခဲ့ကြရသည်ဟု ဆိုသည်။ တကယ်တော့ အချစ်ဟူသည် မည်သူဖြစ်ဖြစ် ချစ်ဖူးသည်ဖြစ်စေ၊ မချစ်ဖူးသည်ဖြစ်စေ အဓိပ္ပာယ်တော့ နားလည်နေသင့်သောအရာ ဖြစ်သည်ဟု ထင်သည်။ အမှန်ဆိုရလျှင် အချစ်ကို နားမလည်သူသည် ဘ၀ကို နားမလည်သူသာ ဖြစ်ပေလိမ့်မည်။ အဘယ့်ကြောင့် ဆိုသော် ဘ၀ဟူသည် အချစ်တို့နှင့် ပေါင်းစပ်တည်ရှိနေသောကြောင့်ပင် ဖြစ်ပါသည်။

ကိုရီးယားဇာတ်လမ်းတွဲတွေ ကြည့်စဉ်က သူတို့အချစ်ကို တင်စားနေကြသည်မှာ ပိုသည်ဟု ထင်သည်။ ထိုအထင်ကို ထိုခရစ်ယာန်မလေးက ဖျက်ဆီးပစ်လိုက်သည်။ အချစ်ဟူသည် သိက္ခာရှိသော၊ ကျက်သရေ ရှိသော၊ ချစ်စရာကောင်းသော အရာတစ်ခုဖြစ်သည်ဟု မြင်လာသည်။ သေရမည့်ရောဂါရှိသူအနေဖြင့် ချစ်သူ တစ်ယောက် ဒါမှမဟုတ် အိမ်ထောင်ဘက်တစ်ယောက်ကို မည်သို့ မျှော်လင့်နိုင်ပါမည်နည်း။ မည်သည့် ဆင်ခြင်တုံတရားကမှ မျက်နှာသာပေးဖွယ်မရှိသောအရာကို အချစ်က ဖန်တီးပြသည်။ သိက္ခာရှိ သော၊ ချစ်စရာကောင်းသော အချစ်ကို ပြသခဲ့သော ချစ်သူများသည်လည်း ဘ၀ပုံရိပ်များကို တစ်နည်းတစ်ဖုံ တန်ဖိုးရှိ နေစေခဲ့သည်။

သူမသည် အစ်ကို့ကို ချစ်လို့ လက်ထပ်ခဲ့သော်လည်း ဘုရားစင်ကို ကြည့်မရ။ ဘုရာစင်ရှေ့ကို ဘယ်တော့မှ မသွား။ အိမ်ကို သွားလည်တိုင်း အတွေ့မခံ။ အစ်ကို့ကို လက်ထပ်နိုင်လို့ သူ့အချစ်ကို အံ့သြကြောင်း လေးစား ကြောင်းတွေ ပြောချင်သည်။ “မင်းတို့ သမ္မာကျမ်းစာက လောကလူသားတွေအတွက် ကောင်းရာမွန်ရာ ကျမ်းတစ်ဆူအဖြစ် ရှိနေကြောင်းကိုလည်း သူမကို ပြောပြချင်သည်”။ အိမ်ရှေ့ခန်းတွင် ဘုရားအကြောင်း၊ တရားအကြောင်းပြောနေစဉ် သူမသည် တစ်ဖက်အခန်းထဲတွင် နားကို ပိတ်ပြီး နေလေ့ရှိသည်ဟု ဆိုသည်။ “ဘုရားသခင် အမျက်ထွက်မှာ စိုးလို့”ဟု အစ်ကိုက တစ်ဆင့် ပြောပြသည်။ သူမသည် ထာဝရဘုရားသခင်၏ မေတ္တာနှင့် အမျက်တော်ကြားတွင် ဗျာများနေသူတစ်ယောက် ဖြစ်နေသည်ဟု ထင်သည်။ ကြုံကြိုက်လို့ ဗုဒ္ဓဘာသာအကြောင်း ပြောလျှင် “တော်ပါတော့၊ တော်ပါတော့”ဟု နားပိတ်ပြီး အော်သည်။

နောက်ပိုင်းတွင် “နင့်ကို ဗုဒ္ဓဘာသာအကြောင်း မဟောပါဘူးကွ၊ သမ္မာတရားပဲ ဟောပါ့မယ်၊ ငါနဲ့ လာစကား ပြောပါအုံး”လို့ အတင်းခေါ်ရာကနေ စကားတွေ ပြောဖြစ်လာခဲ့သည်။ သမ္မာကျမ်းစာ၏ ကောင်းရာမွန်ရာ အချက်များကိုသာ သူမကို ပြောပြသည်။ သို့ရာတွင် မခေါ်ဘဲနဲ့ မလာတတ်။ နောက်ပိုင်း ခေါ်ရဖန်များသောအခါ သူမနှင့် စကားအဆက်အသွယ် ပြတ်ခဲ့သည်။ မပြောဖြစ်ခဲ့တော့။ နောက်ပိုင်း သိရတာက သူ့ကို အုပ်ထိန်းသော ခရစ်ယာန်ဘုန်းကြီးက ဗုဒ္ဓဘာသာဘုန်းကြီးတွေနှင့် မလိုအပ်ဘဲ စကားမပြောရဟု ပြောထား ကြောင်း သိရသည်။

“ဦးဇင်းနဲ့ စကားပြောချင်လို့”ဆိုပြီး ဂျီတော့ခ်ကနေ ခေါ်တော့ “နင် ဘုရား(ချာခ်ျ)ကျောင်းကော တက်ဖြစ်လား၊ ကျမ်းစာတွေကော ရွတ်ဖြစ်လား၊ ချာခ်ျကျောင်းမှာ သီချင်းတွေကော သွားဆိုဖြစ်သေးလား”လို့ မေးတော့ သူမက ရယ်နေခဲ့သည်။ “ဘာလို့ ရယ်နေတာလဲ”ဆိုတော့ “အဲဒါတွေ မလုပ်တော့ဘူး၊ ချာပ်တော့ တက်ဖြစ်ပါ တယ်”လို့ ဆိုသည်။ “ခရစ်ယာန်တစ်ယောက်ဟာ ချာခ်ျကျောင်းတက်ရမယ်၊ သမ္မာတရားကို နာရမယ်၊ ဒါတွေက ခရစ်ယာန်တစ်ယောက်အတွက် လုပ်သင့်လုပ်ထိုက်တဲ့အရာတွေပဲ”လို့ ပြောလိုက်ခဲ့သည်။ “ဒါဆိုရင် ဘုရားရှိခိုးတာ၊ ပုတီးစိပ်တာ၊ တရားထိုင်တာတွေကရော ဗုဒ္ဓဘာသာအတွက် လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေလား”လို့ သူမက ပြန်မေးတော့ “ဟုတ်တာပေါ့”လို့ ဖြေခဲ့သည်။ “ဒါဆိုရင် ဗုဒ္ဓဘာသာတစ်ယောက် လုပ်သင့်လုပ်ထိုက်တာတွေကို ကျွန်တော် လုပ်နေပြီ”လို့ သူမက ပြောလိုက်တော့ အံ့သြသွားခဲ့ရသည်။ “ဒါဆိုရင် နင် နားနှစ်ဖက်ကို လက်နဲ့ အုပ်ထားသေးလား”ဆိုတော့ “No, Never”လို့ ဖြေသည်။

ပြဓာန်းခံဝါဒမှ ကိုယ့်အားကိုယ်ကိုးဝါဒ ပြောင်းလာသူ သူမအတွက် ၀မ်းသာရပါသည်။ ထိုနေ့က သူမအရိပ်အောက်တွင် အေးမြနေခဲ့သည်ကို အမှတ်ရသည်။ ဘ၀ကို ကိုယ်တိုင်ဖန်တီးပြီး ကိုယ့်အရိပ် အောက် ကိုယ်ဖာသာ လျှောက်လှမ်းရသည် ဆိုသော်လည်း ဆက်နွယ်နေသော ပြင်ပအရိပ်များ အောက်တွင်လည်း အေးမြဖို့ အခွင့်အရေး ရှိနေသည်မှာ ဘ၀၏ ဆုလာဒ်တစ်ခုပင် ဖြစ်သည်ဟု ထင်ပါသည်။

တစ်နေ့က ရန်ကုန်က ညီငယ်တစ်ယောက်က ဂျီတော်ခ်ကနေ “ဦးဇင်း သူဇာ လက်ထပ်သွားပြီ”လို့ ဆိုသည်။ “မင်းနဲ့ မဟုတ်ဘူးလား”ဆိုတော့ “အခြားတစ်ယောက်နဲ့”လို့ ပြောသည်။ နယ်က ပြောင်းလာပြီးကတည်းက သူတို့ ချစ်သူတွေ ဖြစ်နေကြသည်။ တစ်နှစ်လောက်ကြာသောအခါ “တပည့်တော်တို့က နောက်နှစ်ကျရင် လက်ထပ်မှာ၊ ဒါကြောင့် အတူတူ နေနေကြတာ”လို့ ပြောသည်။ လစ်ဗင်းတူဂဲသား၊ ဘာတတ်နိုင်မည်နည်း။ ထိုအရာအားလုံးကို သိထားတော့ “သူဇာ လက်ထပ်သွားပြီ”လို့ ဆိုသောအခါ အံ့သြသည်။ ညီငယ်က သူ့ထက်သာတဲ့ သူတစ်ယောက် (ရုပ်လည်း သာတယ်၊ အထူးသဖြင့် ပိုက်ဆံ ချမ်းသာတယ်)ကို လက်ထပ် သွားပြီ ဆိုသောအခါ မင်သက်ခဲ့ရပြန်သည်။ သူဇာ၏ သူငယ်ချင်းကို မေးကြည့်သောအခါ “ဦးဇင်းရယ်… သူဇာက မောင်ဇော်ကို ဘယ်ရွေးမလဲ၊ အခု လက်ထပ်တဲ့သူက အစစအရာရာ သာတယ်လေ”လို့ ပြောလိုက် တော့ ပိုလို့ အံ့သြရပြန်သည်။

ဆရာနန္ဒာသိန်းဇံ၏ “ပြောရင်းပြောနေမည့် ချစ်ခြင်းမေတ္တာ” စာအုပ်ထဲက ကြက်ဖပုံပြင်ကို သွားသတိရသည်။ ကြက်ဖနှစ်ကောင်သည် သူ့အုပ်စုနှင့်သူ မင်းမူနေကြသည်။ နှစ်ကောင်လုံးတွင် ကြက်မများစွာ ရှိသည်။ တစ်နေ့ ထိုကြက်ဖနှစ်ကောင် တိုက်ခိုက်ကြသည်။ ကြက်မများက ဘေးကနေ ၀ိုင်းကြည့်နေကြသည်။ တစ်ကောင်က သွေးသံရဲရဲဖြင့် ထွက်ပြေးသွားသောအခါ နှစ်ဖက်အုပ်စုမှ ကြက်မများသည် အနိုင်ရသူ ကြက်ဖ နောက်သို့သာ လိုက်သွားကြသည်။

အနောက်တိုင်းစာပေတွင် Consequentialism and Non Consequentialism လို့ ၀ါဒ နှစ်ခု ရှိသည်။ စီးပွားရေးတွင် အထူးသဖြင့် သုံးသည်ဟု ထင်သည်။ ကိုယ်ကျိုးမျှော်ဝါဒနှင့် သူ့အကျိုးကြည့်ဝါဒဟု ဆရာတစ်ဦးက ဘာသာပြန်သည်။ အချစ်ဆိုသည်မှာ ကိုယ်ကျိုးမျှော်ဝါဒလား၊ သူ့အကျိုးကြည့်ဝါဒလား။ အမှန်အားဖြင့် အချစ်ဆိုသည်မှာ လိုချင်မှု၊ တပ်မက်မှုများ၏ အမည်သာ ဖြစ်သည်။ သို့ရာတွင် ထိုအချစ်ကို ကိုင်စွဲထားသောသူများမှာ အခြားမဟုတ်၊ လူသားများ ဖြစ်သည်။ လူသားများသည် သူတို့ကိုယ်သူတို့ သက်ရှိ များတွင် အသိဉာဏ်အရှိဆုံး၊ အမြင့်မြတ်ဆုံးဟု သဘောထားသည်။ ထိုသဘောထားနှင့် ကိုက်ညီအောင် လူသားတွင် သိက္ခာတရားရှိသည်။ တန်ဖိုးတွေ ရှိသည်။ အချစ်ကို ထိုတန်ဖိုးများ၊ ထိုသိက္ခာတရားများနှင့် သဟဇာတဖြစ်အောင် ပေါင်းစပ်ပစ်ဖို့ လိုသည်။

တန်ဖိုးသိက္ခာမရှိသော ချစ်ခြင်းတရားသည် တိရစ္ဆာန်တို့၏ အချစ်နှင့် ဘာများ ထူးခြားနေမည်နည်း။

တိရစ္ဆာန်များက အချစ်ကို ရယူလိုမှု၊ ပိုင်ဆိုင်မှု၊ တပ်မက်မှုတစ်ခုတည်းအဖြစ်သာ သဘောထားကြသည်။

လူသားက ထို့ထက် နည်းနည်းတော့ ပိုသင့်သည်။

သို့မှသာ လူသား၏ ပုံရိပ်က ကျက်သရေ ရှိနေမည်။ အဓိပ္ပာယ်ရှိနေမည်။ တန်ဖိုးရှိနေမည်။

ဘ၀မှာ မည်သို့သော ပုံရိပ်တွေ လွှမ်းမိုးနေပါသလဲ။ ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်မှု၊ ရယူမှုတစ်ခုအဖြစ်သာ သဘောထားခဲ့ပါသလား။ သို့မဟုတ် လူသားတစ်ယောက်၏ တန်ဖိုး၊ ဂုဏ်သိက္ခာများနှင့် ပေါင်းစပ်ဖန်တီးခဲ့ပါသလား။ ထိုပုံရိပ်များသည် ဘ၀၏ ၀မ်းနည်းခြင်း၊ ၀မ်းသာခြင်းကို အဆုံးအဖြတ်ပေးမည်။ ကိုယ်တိုင် ဖန်တီး လိုက်သော ထိုအရိပ်အောက်တွင် တစ်သက်လုံးနေရမည်ဖြစ်ပါ၍ ကိုယ့်ရင်ဘတ်ကို ကိုယ်တိုင် အနုစိတ်လိုက် ဖို့ လိုသည်။ ဆန်းစစ်နေမိဖို့ လိုသည်။ ဆန်းစစ်ပြီးပြီလား။

ဘာပဲဖြစ်ဖြစ် လာရောက်ခိုလှုံသူများကို အေးမြစေသော အရိပ်ဖြစ်အောင် ကြိုးစားချင်ပါသည်။ မိဘ၊ ဆရာ၊ သူငယ်ချင်းတို့၏ အေးမြသောအရိပ်အောက်တွင်လည်း ခိုလှုံချင်ပါသည်။ သူ့အရိပ်၊ ကိုယ့်အရိပ် အပြန်အလှန် ဆက်စပ်နေသော လောကတွင် မိမိကိုယ်တိုင်၏ အရိပ်တွေ ပိုမိုအေးမြအောင် ကြိုးစားဖို့တော့ အရင်ဆုံး ကြိုးစားရပေအုံးမည်။

……………………………………………….
ထို ………ကဲ့ ………... သို့
အရိပ်များ ပြေးလွှားနေခဲ့ကြလေသည်။
……………………………………………………..။

(မှတ်ချက် ….. ခေါင်းစဉ်၏ ကျယ်ဝန်းမှုကို အမီမလိုက်နိုင်ခဲ့ပါ။ အထိုက်အလျောက်တော့ ဘ၀နှင့်အရိပ်များကို မီးမောင်းထိုးပြနိုင်ခဲ့လိမ့်မည်ဟု ထင်သည်)

အရှင်ကုသလသာမိ(ပျော်ဘွယ်)

ဥပ္ပါတသန္တိစေတီတော်သို့..


နေပြည်တော် ဥပ္ပါတသန္တိစေတီတော်သို့..

ဆက်လက်ပြီး ခရီးသွားမှတ်တမ်းအနေနဲ့ နေပြည်တော် မြို့တော်သစ်ကြီးကို ရောက်ခဲ့စဉ်က အသစ်တည်ထားတဲ့ မြို့ပြကြီးကို လှည့်လှည်ကြည့်ရှုခဲ့တဲ့ အကြောင်းအရာများကို ဓာတ်ပုံနဲ့ တကွ ဖော်ပြပေးချင်ပါတယ်။  နေပြည်တော် မြို့တော်သစ်ကြီးနဲ့ ပတ်သက်ပြီး ရေးမဲ့အကြောင်းအရာ၊ ဖော်ပြမဲ့ ဓာတ်ပုံများ အားလုံးဟာ အသစ် တည်ဆောက်ထားတာ မကြာသေးတဲ့ မြို့တော်သစ် ဖြစ်တဲ့အတွက်  ပြည်ပကိုရောက်ရှိနေကြလို့ မရောက်ကြသေးတဲ့ မိတ်ဆွေ မောင်နှမများ၊ ပြည်တွင်းကနေပြီး အလှမ်းဝေးနေသေးလို့ မရောက်ရသေးသူများ အားလုံးအတွက် ရည်ရွယ်ပြီး  မြို့သစ်ကြီးရဲ့ အနေအထားကို တွေ့နိုင်၊ သိရှိနိုင်ဖို့ ဒေသန္တရ ဗဟုသုတ သက်သက် အနေနဲ့ ဖော်ပြ ရေးသားခြင်းဖြစ်ပြီး အခြား ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိကြောင်းကိုတော့ ပဏာမအနေနဲ့ စကားဦး ခံထားပါရစေရှင်။
လုံးတော်ပြည့် ဖူးတွေ့ရသော စေတီတော်ကြီး
ဒီပိုစ့်မှာတော့ ရွှေတိဂုံဘုရားနဲ့ ပုံစံတူတည်ထားတဲ့ ဥပ္ပါတသန္တိ စေတီတော်ကြီးရဲ့ ရှုထောင့်ပေါင်းစုံက ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံများကိုသာ သီးသန့် ဖော်ပြပေးမှာဖြစ်ပြီး နောက်ပိုစ့်တွေမှာ မြို့တော်တစ်ခွင်၊ နေပြည်တော် ရေပန်းဥယျာဉ်နဲ့ နေပြည်တော်ရဲ့ ဆာဖာရီ ဥယျာဉ်သစ်ကြီးများ အကြောင်းတို့ကိုလည်း ထပ်မံဖော်ပြပေးပါဦးမယ်။
စေတီတော်ကြီးသို့ ၀င်ရောက်ရာ လမ်းမပေါ်မှ ဖူးတွေ့ရပုံ
နီးလာတဲ့မြင်ကွင်း
တံခွန်တိုင်၊ ဓာတ်လှေကား၊ မြေထိန်းနံရံများ
 
ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ဟူ၍ ဘွဲ့မည်ရ....
စေတီတော်ဆီသို့
အောက်တွင် ဆက်လက်ကြည့်ရှုပါရန်

Image Hosted by PicturePush - Photo Sharing
စေတီပေါ်သို့ တက်ရောက်ရန် ဓာတ်လှေကား
20 - Miss Chaw
 ကားပါကင်နဲ့ ဈေးဆိုင်များ
ဓာတ်လှေကားဆီမှ စေတီတော်သို့ လာရာလမ်း
ကျယ်ဝန်းတဲ့ ရင်ပြင်တော်နဲ့ တံခွန်တိုင်
ရင်ပြင်တော်ပေါ်မှ  

 ရင်ပြင်ပေါ်က လှမ်းကြည့်ရင်
ရင်ပြင်ပေါ်က လှမ်းမြင်ရတဲ့ ရှုခင်းနဲ့ ဓမ္မာရုံ
စေတီတော်ကြီးအတွင်း
စေတီတော်ကြီးအတွင်း မြင်ကွင်း
ကျောက်စိမ်းဆင်းတုတော်
အပေါ်ဆုံးက အစိမ်းကွက်တွေမြင်ရတဲ့ တိုင်လုံးကြီးတွေဟာလည်း ကျောက်စိမ်းပြားများ ကပ်လှူထားတာ ဖြစ်ပါတယ်
ကျောက်စိမ်းဆင်းတုတော်အား အနီးကပ် ဖူးတွေ့ရပုံ (မျက်နှာတော်မှာ ကျောက်စိမ်းအရည်ကြောင့် အစိမ်းရောင် ဖြစ်နေပါတယ်)
ကျောက်စိမ်းပြားစီ၊ ရွှေရေးချ တိုင်ကြီး
တိုင်လုံးတော်များ
စေတီအတွင်း မျက်နှာကျက်တော်မှ ပါဠိ၊ မြန်မာ၊ အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးထားသော တရားတော်များ

ကျယ်ဝန်းတဲ့ စေတီတွင်းမြင်ကွင်း
ဝတ်ရွတ်စဉ်ဖြင့် ရွတ်ဖတ် ပူဇော်နေကြသူများ
စေတီနံရံမှာ မြတ်စွာဘုရား၏ ဇာတ်နိပါတ်တော်များကို စကျင်ကျောက်များဖြင့် ထွင်းထုကာ ရွှေရေးချ ဘောင်များဖြင့် ပူဇော်ထားပါတယ်။
၎င်း ဗုဒ္ဓ၀င် စကျင်ကျေက် ပန်းပုကားချပ်များမှာ စေတီနံရံပတ်ပတ်လည် တလျှောက်လုံး ကပ်လှူပူဇော်ထားတာကို တွေ့ခဲ့ရပါတယ်။
မီးဆလိုက်များထွန်းကာ အလင်းပေးထားတဲ့ ပန်းပုကားချပ်များ
အောက်မှာတော့ ကျွန်မ ဓာတ်ပုံရိုက်ခဲ့မိတဲ့ အချို့သော စကျင်ကျောက်ထွင်း ဗုဒ္ဓ၀င်ကားချပ်များကို ဖော်ပြပေးပါမယ်။
စေတီတော်ကြီးနဲ့ တံခွန်တိုင်ကြီးကို ညချမ်းအချိန် ခပ်လှမ်းလှမ်းမှ ဖူးတွေ့ရပုံ
ကားမောင်းနေချိန် ရိုက်မိလို့ နည်းနည်း ၀ါးသွားတယ်။
စေတီနဲ့ တံခွန်တိုင်
ထိပ်ဖျားတွင် အလောင်းတော် ရွှေဟသာင်္မင်းရုပ်တု၊ အောက်ခြေတွင် စတုလောကပါလ နတ်မင်းကြီး လေးပါး ပါသော တံခွန်တိုင်
နတ်မင်းကြီးလေးပါး ရုပ်တုပါ တံခွန်တိုင်ကြီးနဲ့ အင်္ဂလိပ်လို ရေးထိုးထားတဲ့ ကဗ္ဗည်းစာ
မြန်မာဘာသာဖြင့် ရေးထိုးထားတဲ့ ကဗ္ဗည်းစာ
“ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ရာဇဓာနီ မင်းနေပြည်တော်” ဟု မော်ကွန်းမှတ်တမ်း ရေးထိုးထားသော တံခွန်တိုင်
ကျန်ရှိနေသေးတဲ့ ဆာဖာရီဥယျာဉ်၊ ရေပန်းဥယျာဉ် စတဲ့ မြို့တော်အကြောင်းကို ကျွန်မရဲ့ ခရီးသွား မှတ်တမ်းအဖြစ် နောက်နေ့တွေမှာ ချစ်သော မိတ်ဆွေ သူငယ်ချင်းများအတွက် ဒေသန္တရ ဗဟုသုတ အဖြစ် ဆက်လက် ဖော်ပြပေးပါဦးမယ်ရှင်။ နေပြည်တော် မြို့တော်သစ် အကြောင်းတွေရဲ့ ပိုစ့်နဲ့ပတ်သက်ပြီး  မြို့တော်တစ်ခွင်ကို စိတ်ရှည်လက်ရှည် ပို့ဆောင်ရင်း လိုက်လံ ပြပေးသော သူငယ်ချင်းကို ကျေးဇူး အထူးတင်ကြောင်း ဒီနေရာကနေ ပြောကြားပါရစေနော်။
မှတ်ချက်။           ။ ဒေသန္တရ ဗဟုသုတအတွက် မျှဝေခြင်း ဖြစ်ပါကြောင်း ထပ်လောင်း ပြောကြား ပါရစေရှင်။
အားလုံးဘဲ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းကြပါစေ...