Thursday, October 31, 2013

မကွဲခင်က ခွဲနှင့်ပါ

မကွဲခင်က ခွဲနှင့်ပါ

ကိုယ့်ကိုယ်ကို အမြဲတမ်းသတိပေးရမယ့် အချက် ၅ ချက်ရှိသတဲ့ဗျ။ အမြဲနှလုံးသွင်းရမယ့် တရား ၅ မျိုးလို့ ခေါ်တယ်။

ငါ အိုရဦးမယ်။ ဒါလဲအမြဲသတိပေးရမှာ.. ငါအိုရဦးမယ်။
ဘာဖြစ်လို့ လဲဆိုတော့ ဒို့ က သူများအိုတာသာ သိတာကွဲ့ ။
ကိုယ်အိုတာကို မေ့နေတယ်။ မေ့တတ်လွန်းလို့  သတိပေးရတယ်။ ငါအိုရဦးမယ်..။ ဒါပြီးတော့ နောက်ထပ်ဆင်ခြင်ရမှာက
အင်း.. ငါ အအိုကမလွတ်သေးဘူး။ မေ့တတ်လွန်းလို့  .. အမြဲဆင်ခြင်ပါ။

ဒုတိယကျတော့ .. ငါနာရဦးမယ်။ ဒါလည်း ကိုယ့်ကိုယ်ကို အမြဲတမ်း သတိပေးနေရမယ်တဲ့။ ဘာဖြစ်လို့ တုန်း။ သူများနာတာတွေတာ သိနေတာ။ ကိုယ်နာတာတော့ မေ့နေသနော်။
သူများနာမှာတွေသာ ကြည့်နေတာ။ ကိုယ်နာမှာကျ သတိမရဘူး။ ကိုယ့်ကိုယ်ကို အမြဲတမ်း အကောင်းချည်းပဲ ထင်နေတာ။ ဒါလည်း အမြဲတမ်း သတိပေးရမှာတဲ့ဗျ။ အဲသလို သတိပေးရင်း..
အင်း ငါအနာက မလွတ်သေးပါလား။ အဲသလို ထပ်စဉ်းစားရမယ်တဲ့ဗျ။

ပြီးတော့ တစ်ခါ တတိယကျတော့ ငါသေရဦးမယ်။ ဘာဖြစ်လို့ တုန်း...
.ဒို့ က သူများသေမှာသာ လျှောက်စဉ်းစားနေတာ..။ ကိုယ်သေမှာကို ဘယ်နခါစဉ်းစားမိလို့ တုန်း။ မေ့လွန်းလို့  မေ့လွန်းလို့ ။ သေမှာလည်း မေ့လွန်းလို့  ဒါလည်း အမြဲသတိပေးနေရမယ်တဲ.ဗျ။

နံပါတ် ၄ ကျတော့ ငါ့မိဘ ဆွေမျိုး ညီကို မောင်နှမ ငါ့အပေါင်းအသင်းတွေနဲ့  သေကွဲဖြစ်ဖြစ် ရှင်ကွဲဖြစ်ဖြစ် ကွဲဦးမှာ။ စဉ်းစားထား။ စဉ်းစားထား။ အမြဲတမ်းဒီလိုချည်း နေရမယ်များ ထင်သလား။

သေကွဲလည်း သူက ခွဲထားခဲ့မှာလည်း ရှိသလို
ကိုယ်ကခွဲထားခဲ့မှာလည်း ရှိတယ်။

သူခွဲထားခဲ့တာရှိသလို ကိုယ်ကခွဲထားခဲ့တာလည်း ရှိမှာနော်။
ကွဲရမှာနော်။ ကွဲရမှာ ခင်ဗျားတို့ ။ ဒီတိုင်း အမြဲနေရလိမ့်မယ်များ ထင်မနေနဲ့ ။ သေကွဲလည်းကွဲနိုင်တာပဲ။ ရှင်ကွဲလည်း ကွဲနိုင်တာပဲ။
အိမ်ထောင်ရက်သားကျလို့  သူ့ ရွာ ကိုယ့်ရွာ ပါသွားကျတာတွေလည်း အများကြီးပဲ။ ဒါလည်း အမြဲစဉ်းစားရမှာ။

ဘာဖြစ်လို့ တုန်း မကွဲခင်က ခွဲမထားရင် ကွဲတဲ့အခါကျတော့ ဆတ်ဆတ်လူးမယ်နော်။

မကွဲခင်က ခွဲထားလို့ ရှိရင် ကွဲတော့ မတုန်လှုပ်ဘူး။ မကွဲခင်က ခွဲထား။ မကွဲခင်ကတွဲနေမိရင် ကွဲတဲ့အခါ ဆတ်ဆတ်လူးမယ်နော်။
ခွဲတော.့ခွဲကြရမယ်။ သေကွဲလား ရှင်ကွဲလား ဒါပဲကွာမယ်။
သူကထားခဲ့မှာလား ကိုယ်ကထားခဲ့မှာလား ဒါပဲကွာတယ်။ ထားတော့ ထားခဲ့မှာချည်းပဲ။ ထားခဲ့တာတွေလည်း ရှိလောက်ပါပြီ ခုချိန်ဆို။
အဖေတွေထားခဲ့တာ.. အမေတွေထားခဲ့တာ ခုကတည်းက စလောက်ပြီ။ ညီတွေထားခဲ့တာ အကိုတွေထားခဲ့တာ ညီမတွေထားခဲ့ အစ်မတွေထားခဲ.တာ ခုကတည်းက ရှိလောက်ပြီ။ ကိုယ်ကလည်း
နောက်သူများကိုထားခဲ့ရဦးမယ်။ တွဲနေရတုန်းကတည်းက ကွဲအောင်လုပ်ထား။

ကွဲလို့  မကွဲတဲ့အခါကျရင် သေမှ ပြန်တွဲမယ်နော်။ ပြန်ပြီးအစွဲနဲ. အိမ်ခင်အိမ်၊ မိသားစုစွဲ မိသားစု၊ ပြိတ္တာဘ၀နဲ့ ရောက်တာ ပြန်တွဲတာပြောတာ။ စွဲမိစွဲရာ ပြိတ္တာဘ၀နဲ့  နေကြရဦးမယ်။
အိမ်စွဲတဲ့ပုဂ္ဂိုလ် အိမ် မကျွတ်မလွတ်နဲ့ နေရမယ်။ ပြန်ပြီးတော့ ဒီအိမ်ပဲ ပြန်တွဲမယ်..။ ငြိနေတာ ပြန်တွဲနေတာမဟုတ်ဘူးလား။ ငြိနေ တွဲနေမှာပေါ့။

ခွဲရတယ်ဆိုတည်းက ကိုယ်ပစ္စည်းဟုတ်လို့ လား မဟုတ်လို.လား။
မဟုတ်လို့ ခွဲရတာပေါ့။ မဟုတ်လို့ ခွဲရတာ..ဟုတ်ရင် မခွဲရဘူး။
အဲတော့ ကိုယ့်ကိုယ်ကိုပြန်ပြီးတော့ စာရင်းစစ်ကြည့်ပါတဲ့။

အဲတော့ နံပါတ် ၅ က ငါ့အတွက် ဘာရှိသလဲဆိုတော့ ကံအမွေပဲရှိတယ်။ ကံအမွေကတော့ ကိုယ်သွားရာပါလိမ့်မယ်..
ခွဲထားခဲ့ရမှာလား။ သွားရာပါမှာ။ ကိုယ်သေးလို့  သားတွေ သမီးတွေကလိုက်မယ်ထင်လား..။ လိုက်မှာ ဘယ်သူတုန်း .. ကံအမွေပဲဗျ........။ ကိုယ့်ကံအတိုင်း သွားရမှာ။

ငရဲသွားမယ့် ပုဂ္ဂိုလ်ကို ဘုရားဝင်တားလို့ မရဘူး။ သိကြားဝင်တားလို့ မရဘူး။ နတ်ပြည်တက်မယ့် ပုဂ္ဂိုလ်ကို ဘုရားဝင်ဆွဲချလို့ မရဘူး။
သိကြားဝင်ဆွဲချလို့ မရဘူး။ ကိုယ့်ကံအတိုင်း သွားကြရမှာ။ .......မေ့မေ့ကြီးနဲ့ ဒီတိုင်း.နေရင် ဆိုးကံပစ်ချရာခံရမယ်နော်။

ငါ သေရဦးမယ် ဆင်ခြင်ပါ။ ငါ အသေမလွတ်သေးဘူး..ဆင်ခြင်ပါ။
..မဆင်ခြင်လို့ ရှိရင် သေရင် ခင်ဗျားတို့  မသေဘဲဖြစ်မယ်နော်။
အစွဲရှိရင် သေတယ်လို.ပြောလို.ဖြစ်မလား.. မသေဘဲဖြစ်သွားမယ်နော်။
ရှင်တုန်းက သေထားမှ ..သေတော.သေမှာ။ ရှင်တုန်းက ကိုယ်.ကိုယ်ကိုရှင်နေရင် သေတော့ ခင်ဗျားတို့  မသေနိုင်ဘူးနော်........။


(မဟာဗောဓိမြိုင်ဆရာတော်ကြီး ဟောကြားသော မကွဲခင်က ခွဲနှင့်ပါ တရားတော် မှ)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ

(www.infinitydhamma.com)

Wednesday, October 30, 2013

ကျောင်းဝင်းတွင်း ဖိနပ်စီးသင့် ၊ မစီးသင့် ပြဿနာ


“ ကျောင်းဝင်းတွင်း ဖိနပ်စီးသင့် ၊ မစီးသင့် ပြဿနာ ”

အမေး။ ။ ဘုန်းတော်ကြီးကျောင်းဝင်း, ဘုရားယင်ပြင်တော်တို့၌ ဖိနပ်စီးလျှင် မည်သို့ အပြစ် ရှိပါသနည်း၊ ဗိမ္ဗိသာရမင်း၏ ခြေဖဝါးကို ဓားခွဲခံရခြင်းသည်မည်သည့် အကြောင်း ကြောင့်ပါနည်း။ (ဂါဒီယန်သတင်းစာ အယ်ဒီတာဟောင်း ဦးစိန်ဝင်း)

အဖြေ။ ။ဗိမ္ဗိသာရမင်း၏ ခြေဖဝါးကို သင်တုန်းဓားဖြင့် အခွဲခံရခြင်း၌ "ရာဇာကိရ ပုဗ္ဗေ စေတိယင်္ဂဏေ သဥပါဟနော အဂမာသိ-ရှင်ဘုရင်သည် ရှေးဘဝတုန်းက စေတီယင်ပြင်တော်ဝယ် ဖိနပ်စီးလျက် သွားဖူးသတဲ့၊ နိသဇ္ဇနတ္ထာယ ပညတ္တကဋသာရကဉ္စအဓောတေဟိ ပါဒေဟိအက္ကမိ-ရဟန်းသံဃာတို့ ထိုင်ဖို့ရန် ခင်းထားအပ်သော သင်ဖြူကိုလည်း ခြေမဆေးဘဲ နင်းဖူးသတဲ့၊ တဿာယံ နိသန္ဒေတိ ဝဒန္တိ-ဤသို့ ခြေဖဝါးကို ဓားခွဲခံရခြင်းသည် ထို အပြစ်၏ အကျိုးဖြစ်သတဲ့" ဤသို့ ပြောကြသည်။ [ဤကား သာမညဖလသုတ် အဋ္ဌကထာစကားတည်။]

မှတ်ချက်။ ။ထို အဋ္ဌကထာစကား၌ "စေတီယင်္ဂဏ (စေတီယင်ပြင်တော်) ဟူသော စကားကို ယူ၍
ဘုရားဝိုင်းအတွင်းဝယ် (သံဃာများနေရာ ကျောင်းဝိုင်းအတွင်းပါ) ဖိနပ်မစီးကောင်း" ဟု ယခုအခါမှတ်ယူနေကြ၏၊
"စေတီယင်္ဂဏ" ဟူသော အဋ္ဌကထာစကာ၌ အဖွင့်ဋီကာဆရာတို့က အများထင်သလို ဘုရားဝိုင်း တစ်ပြင်လုံးကို မယူကြ၊ "စေတီယင်္ဂဏေတိ-ဂန္ဓပုပ္ဖာဒီဟိ ပူဇနဋ္ဌာနဘူတေ စေတီဟင်္ဂဏေ- ပန်းနံ့သာစသော ပူဇော်ဖွယ်တို့ဖြင့် ပူဇော်ရာ ဌာနဖြစ်သော စေတီယင်ပြင်တော်၌"ဟု သရုပ်ဖော်ကြသည်၊  ထို့ကြောင့် "ဗိမ္ဗိသာရမင်းသည် ဘုရားဝင်းအတွင်း သာမန်၌ ဖိနပ်စီးသည် မဟုတ်၊  ပန်းတင်ခံဟု ခေါ်ရာ စေတီတော် အောက်ခြေမှာပင် ဖိနပ်စီးခြင်း ဖြစ်သည်ဟု ဋီကာဆရာတို့က ဆိုလိုကြပါသည်။

♦ ♦ ထို့ပြင် ရဟန်းသံဃာတော်တို့ ထိုင်ဖို့ရာ ခင်းထားအပ်သော သင်ဖြူးပေါ်၌ ခြေမဆေးဘဲ နင်းခဲ့သော အပြစ်လည်း ခြေဖဝါးကို ဓားခွဲခံရမှု၌ပါဝင်နေ၏၊ ယခုအခါ ဘာသာရေးကို အလွန်လေးစားသော ဒါယကာ၊ ဒါယိကာမတို့တွင်အဘယ်မျှလောက်သော အရေအတွက်က ထိုနေရာမျိုးကို နင်းလိုသောအခါ ခြေဆေးကြပါသနည်း။

"ကောသလမင်းကျောင်းတိုက်တွင်းဝင်ပုံ"

အခါတစ်ပါး၌ ကောသလမဟာရာဇာသည် ဘုရားရှင်ကို ဖူးမြင်လိုသောဆန္ဒပြင်းပြလှသဖြင့် မိမိခေတ္တရောက်နေရာမြို့ကလေးမှ ဘုရားရှင် သီတင်းသုံးတော်မူရာ (သုံးယူဇနာလောက်ဝေးသော) နိဂုံးကို ရောက်လာ၏၊ ထိုနိဂုံး၏ တစ်နေရာ ခြံဥယျာဉ်၌ဘုရားရှင် သီတင်းသုံးတော်မူ၏၊ [ထိုခြံသည် ဘုရားရှင်နှင့်တကွရဟန်းတော်အများ သီတင်းသုံးတော်မူရာ ဖြစ်သောကြောင့်ကျောင်ဝိုင်းပင် ဖြစ်၏။]

မဟာရာဇာသည် ကျောင်းတိုက်သို့ ဝင်၍ စင်္ကြံသွားနေသောရဟန်းတော်များထံ ချဉ်းကပ်ပြီးလျှင် "ဘုရားရှင် ဘယ်မှာသီတင်းသုံးပါသနည်း" ဟုမေးလေရာ ရဟန်းတော်များသည် သီတင်းသုံးတော်မူရာ ကျောင်းကို ညွှန်ပြကြလေ၏၊ ထိုအခါကျမှ ကျောင်းဆောင်တော်သို့ ဝင်ရမည်ဖြစ်သောကြောင့် ခြေနင်းနှင့်တကွ မင်းမြောက်တန်ဆာ ငါးပါးတို့ကို ချွတ်ပယ်၍ စစ်သူကြီအား ပေးလေသည်။ [မဇ္ဈိမပဏ္ဏာသ, ဓမ္မစေတိယသုတ်ပါဠိုတော်။]

မှတ်ချက်။ ။ ပါဠိုတော်, အဋ္ဌကထာ, ဋီကာတို့၏ စကားသည် ယခုခေတ် မြန်မာ ဗုဒ္ဓဘာသာတို့၏ အယူအဆကို မထောက်ခံ ကြပါတကား၊ "သီဟိုဠ်, ယိုးဒယား ကမ္ဗောဒီးယား, လော" ဟူသော ထေရဝါဒ ဗုဒ္ဓဘာသာ ၄-နိုင်ငံတို့၌ ကျောင်းတိုက်အတွင်းဘုရားဝိုင်းအတွင်းကိုဝယ် ဖိနပ်စီးသည်ချည်းသာဖြစ်ကြပါသတဲ့၊ မြန်မာ့ အယူအားဖြင့် ထိုသူအားလုံး ခြေဖဝါးကို ဓားခွဲ ခံကြရတော့မည်။

မြန်မာ ဗုဒ္ဓဘာသာတို့အား ကျောင်းဝိုင်းအတွင်းသို့
♦ စက်ဘီးစီး၍လည်း ဝင်ရဲကြ၏၊
♦ နွားလှည်း, မြင်းလှည်းစီး၍လည်း ဝင်ရဲကြ၏၊
♦ ထို့ထက် ခမ်းနားသော မော်တော်ကားကြီးကိုလည်း စီး၍ ဝင်ရဲကြ၏၊
♦ စီးစရာ ယာဉ်တို့တွင် အသေးငယ်ဆုံး ဖိနပ်ယာဉ်ကိုကား မစီးဝံ့ရှာကြချေ။



ထို့ပြင်ဘုရားမြေ, ဘုရားဝိုင်းအတွင်း၌ ကျေကျေ နပ်နပ်ခွင့်ပြုအပ်, ခင်းကျင်းပြသအပ်သော ဇာတ်သဘင်ပွဲများကို ကြည့်ရှုကာ နှပ်, တံတွေးတို့ကို ထွေးရဲကြ၏၊ ထိုပွဲဈေး၌ စားကြွင်း စားကျန်တို့ကိုလည်းစွန့်ပစ်ရဲကြ၏၊ ကလေးများကိုပင် ရှူရှူတယ်ဝံ့ကြသေး၏၊

♦ ဖိနပ်မစီးဘဲ ကျောင်းအတွင်း ဝင်၍ ဖုံလူးနေသောခြေဖြင့် ကျောင်းပေါ်တတ်ခြင်းနှင့် ဖိနပ်စီး၍ ကျောင်းပေါ်တတ်ခါနီးမှ ဖိနပ်ချွတ်ပြီးလျှင် ဖုံမလူးသော ခြေဖြင့် ကျောင်းပေါ်တတ်ခြင်းတို့တွင်
အဘယ်သို့တက်ခြင်းက ခြေဖဝါးဓားခွဲခံရသော အမှုနှင့် နီးစပ်ပါသနည်း။

"တကယ်ရိုသေခြင်း"

ကျမ်းစာတို့၌ တကယ်ရိုသေသော အရာဝယ် "စေတီတော်၏ ထင်ရှားရာ အရပ်၌သော်မှ ဖိနပ်မစီးရ"
ဟု ဆို၏။ [သုတ်ပါထေယျ, သင်္ဂီတိသုတ်အဋ္ဌကထာ]။

မိထွေးတော် ဂေါတမီသည် သာကီဝင်မင်းသမီးငါးရာ နှင့်အတူဘိက္ခုနီပြုလုပ်ဖို့ရန် ကပိလဝတ် ပြည်မှ  ၅၁-ယူဇနာဝေးသော ဝေသာလီပြည်သို့ လာရာ၌ (ယာဉ်ရထားစီး၍ သွားလျှင် ဘုရားရှင်ကို မရိုသေရာ ရောက်မည်စိုးသောကြောင့်) ယာဉ်ရထား မစီးကြဘဲအားလုံး မင်းသမီးများ ခြေလျင်သွားကြပါသတဲ့။ [ဘိက္ခုနီခန္ဓကစူဠဝဂ္ဂပါဠိတော်။]

♦ ထိုမျှလောက် မရိုသေနိုင်သူ့အတွက် မရိုသေစိတ်လည်း မရှိပါမူ အကုသိုလ်အပြစ်မရှိ၊ သို့သော် ရိုသေနိုင်သူအတွက် ရိုသေလေ ကောင်းလေပင်ဖြစ်ပါသည်၊ သို့ရာဝယ် မိမိမှာရောဂါ ဖြစ်လောက်အောင် အရိုအသေ လွန်မသွားဖို့ သတိထားသင့်ပါသည်။

အမှာ။ ။ ယခုကာလ၌ ဗုဒ္ဓမြတ်စွာ၏ဆိုင်ရာ စေတီတော်ဝင်း, ကျောင်းဝင်းသို့ ဖိနပ်မစီးရလျှင် မဝင်လိုကြ၊ ဖိနပ်စီးလျှင်လည်း အပြစ်ရမည် ထင်နေသူတို့အတွက် ဤအဖြေကို ရေးလိုက်ပါသည်၊
ရှေးက ဆရာတော်ကြီးများ၏ "ဖိနပ် မစီးကောင်း" ဟူသော အဆုံးအဖြတ်ကို လိုက်နာ၍ ဖိနပ်မစီးသူများကိုကား "ရိုသေနိုင်လျှင် ကောင်းပါ၏" ဟုသာ ချီးမွမ်းလိုပါသည်။

- (အရှင်ဇနကာဘိဝံသ၏ ဘာသာရေးပြဿနာ အဖြေများမှ ကူးယူ ဝေငှပါသည်။)

Tuesday, October 29, 2013

အိမ်ရိုက်သံ


အိမ်ရိုက်သံ

ဒီစာလေးဖတ်ပြီး ဒဏ်ရာတွေများရှိနေလို့ ပျောက်ခဲ့မယ်ဆိုရင်………
ဒီစာလေးကိုကျေးဇူးပြုပြီး ဆုံးအောင်ဖတ်ပေးပါ….

ဟိုတုန်းက အင်မတန်မှ စိတ်တို၊ စိတ်ဆတ်တဲ့ ကောင်လေး တစ်ယောက်ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ် ပေးလိုက်ပြီး ပြောပါတော့တယ်။
မင်းတစ်ခါ စိတ်တိုတိုင်း သံတစ်ချောင်းကိုနောက်ဖေး က ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။

အဖေက အဲဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ ချောင်းရိုက်သွင်း ဖြစ်သွားတယ်။ အဲဒီလိုနဲ့သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူ့စိတ်သူ ထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။

ဒီလိုနဲ့ ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့ စိတ်ကိုထိန်းရတာ ပိုလွယ်မှန်း သဘောက်ပေါက်လာတော့တယ်၊ အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေ နိုင်တဲ့နေ့ကို ရောက်လာရော၊ ကောင်လေးက ပြေးပြီး သူ့အဖေကို သတင်း သွားပို့တယ်…. အဖေရေ… သားတော့ စိတ်ကို ထိန်းနိုင်သွားပြီဗျ။

အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော…၊
မင်းကိုယ်မင်း ဒေါသမဖြစ်အောင်တစ်နေကုန် ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နုတ်ဦးကွာ။ တစ်နေ့ထိန်းနိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေး က သူ့အဖေကိုပြောနိုင်သွားတယ်။ အဖေရေ သားရိုက်ခဲ့တဲ့ သံတွေ အားလုံး ကိုနှုတ်ပြီးသွားပြီ၊ တစ်ချောင်းမှ မကျန်တော့ဘူး။

သည်အခါ အဖေလုပ်တဲ့သူက သားရဲ့လက်ကို ဆွဲပြီး သားရိုက်ခဲ့တဲ့ ၀င်းထရံဆီကို ခေါ်သွားတယ်၊
တော်တယ်ငါ့သားလို့လည်း ဆိုပါတယ်။
ဒါပေမယ့် သားသေချာကြည့်စမ်း။ ၀င်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက အရင်တုန်းက လို ချောချောမွေ့မွေ့ မဟုတ်တော့ဘူးဆိုတာ သားမြင်တယ် မဟုတ်လား။

အေး သားက စိတ်တိုတိုနဲ့ ပါးစပ်က ပြောချလိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ ၀င်းထရံတိုင်မှာ အခုလို အမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ် သားရယ်။
အဲဒီလိုပဲ လူတစ်ယောက်ကို သားက ဓါးနဲ့ထိုးလိုက်တယ်။ ပြီးရင် ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်ပန်တယ်ဆိုပါစို့။ သားဘယ်နှစ်ခါဘဲ ရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်တွေကတော့ မလွဲမသွေ ကျန်ခဲ့မှာပဲ ငါ့သားရယ်….တဲ့။

တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ ရတနာတွေပါပဲ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊ သုခတွေကို လည်း မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။ ဒါကြောင့် တစ်ခုခုဆို စိတ်လိုက်မာန်ပါ မလုပ်နဲ့။ သူတို့ကို သံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ် မရောက်ပါစေနဲ့။ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက် ကြောင်း သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ် ဂရုစိုက်လာ အောင် လုပ်ပေးသင့် ကြောင်းပြောကြားပေးပါ။

ဒါကြောင့် ကိုယ်တိုင်က သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွအဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ ဒီအတိုင်း ပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့ စာ ကိုယ့်ဆီပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေ ရှိနေတာကို အလိုလို ခံစားနိုင်မှာပါ။

စာအုပ်နာမည်က နေပျော်တဲ့ဘ၀၊ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။ ရေးတဲ့သူက ဆရာအတ္တကျော်

Monday, October 28, 2013

နတ်ပြည်ရောက် အရက်သမား

နတ်ပြည်ရောက် အရက်သမား

ကပိလ၀တ်မြို့တော်တွင် အရက်လည်းသောက်သော သရဏဂုံလည်းတည်သော  အမျိုးသားတစ်ယောက် ရှိလေသည်။ သရဏဂုံသုံးပါးကို စွဲစွဲမြဲမြဲ ယုံကြည်ခြင်း၊ အမြဲရွတ်ဖတ် သရဇ္ဈာယ်ခြင်းတို့ကြောင့် မူလအမည်ရင်းပျောက်၍ သရဏ ဥပါသကာဟူ၍ အမည်တွင်လေသည်။ သရဏဂုံမြဲသော်ငြားလည်း တစ်ခါတစ်ရံ အရက်မူးသောအခါလည်း ရှိသောကြောင့် ကပိလ၀တ်မြို့သားအများတို့က နှာခေါင်းရှုံ့ကြသည်။ ဖိနပ်ကြားက နတ်စကားထွက်သည် စသည်ဖြင့်ကဲ့ရဲ့ကြသည်။ အရက်
သောက်သူက သရဏဂုံတည်ခြင်းကို လက်မခံနိုင်ဖြစ်နေကြသည်။

တစ်နေ့ သရဏဥပါသကာ သေဆုံးသွားရာ အများစုက အပါယ်ကျမည်ဟု ထင်နေကြသော်လည်း ဗုဒ္ဓက နတ်ပြည်ရောက်သွားပြီဟု ဟောသောအခါ အများစုက လက်မခံဖြစ်နေကြသည်။ ထိုစကားစုများကို ယူဆောင်၍ ဗုဒ္ဓ၏နောင်တော်ကြီး မဟာနာမ်က ယခုကဲ့သို့ လာရောက်လျှောက်ထားပါသည်။

“ မြတ်စွာဘုရား၊ အရက်သမား သရဏဥပါသကာ နတ်ပြည်ရောက်ကြောင်း ဟောကြားတယ်ဆိုတာ အမှန်ပါ ပဲလား ဘုရား"

“ မဟာနာမ်၊ မှန်ပေသည်။ သရဏဥပါသကာသည် သေရည်သောက်သည့် အကုသိုလ်ရှိရိုး မှန်ပါသော်လည်း ဘုရား၊ တရား၊ သံဃာကို မတုန်မလှုပ် သက်ဝင်ယုံကြည်သော အဝေစ္စပသန္န ကုသိုလ်သဒ္ဓါဓာတ် အရှိန်ကြောင့် စုတေခါနီးတွင် သော
တာပန် တည်ခဲ့လေပြီ။ သို့အတွက် ယခုအခါ သောတာပန် နတ်သားအဖြစ် နတ်စည်းစိမ်ကို ခံစားနေပြီ ” ဖြစ်ကြောင်း ရှင်းပြတော်မူခဲ့ပါသည်။


(မဟာဝဂ္ဂသံယုတ်ပါဠိတော် နှာ-၃၂၆)


ဤနေရာ၌ ဗုဒ္ဓဘာသာဝင်များအတွက် အကျိုးများမည့် မေတ္တာရှင်မိုးညှင်း ဆရာတော်ဘုရားကြီး၏ သြ၀ါဒတရား အတိုချုပ်လေးကို ဖော်ပြရပါသည်။

တို့ကို တချို့ကပြောကြတယ်။ မိုးညှင်းဆရာတော်ဟာ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်ဘုန်းကြီးတဲ့။ ဘာ့ကြောင့်လဲဆိုတော့ ငါးဖမ်းတဲ့သူကို ငါးဖမ်းရင်း ဣတိပိသော ရွတ်ခိုင်းတယ်၊ ငှက်ထောင်စားတဲ့သူကိုလည်း ငှက်ထောင်ရင်း ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ရွတ်ခိုင်းလို့တဲ့၊ ဟုတ်တယ်၊ ငါးဖမ်းအသက်မွေးနေရတဲ့သူကိုငါးမဖမ်းနဲ့လို့ဟောလို့မရတဲ့အတူတူ ငါးဖမ်းရင်း ဣတိပိသော ရွတ်ခိုင်းတယ်၊ ငှက်ထောင်စားတဲ့သူကိုလည်း ငှက်မထောင်နဲ့လို့ ဟောမရတဲ့အတူတူ ငှက်ထောင်ရင်း ဗုဒ္ဓံသရဏံဂစ္ဆာမိ ရွတ်ခိုင်းတယ်။

ငါးဖမ်းတာ၊ ငှက်ထောင်တာဟာ အကုသိုလ်မီးစပေါ့၊ ဣတိပိသော ရွတ်တာ၊ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ရွတ်တာက ကုသိုလ်ရေမှုတ်ပေါ့၊ စဉ်းစားကြည့်ကြလေ မီးစချည်းပဲဆို ဘယ်မှာလောင်လို့ ပြီးတော့မှာလဲ၊ ရေမှုတ်တစ်ဖက်ကပါတော့ မီးအလောင် သက်သာတာပေါ့၊ ဒါ့ကြောင့် တို့ကို မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်လို့ပြောလည်း မနာပါဘူး ဟူ၏။

လောကက သံပုရာပေးလာလျှင် မိမိကဖျော်ရည် လုပ်သောက်ပစ်လိုက်ပါ ဟူသော စကားလေးအတိုင်း အဆိုးလောကဓံကို အကောင်းလောကဓံဖြစ်အောင် နှစ်လုံးသွင်း
နိုင်သည့်အပြင် အကျိုးရှိသော နီတိတစ်ခုဖြစ်သည်အထိ အသုံးချပြနိုင်သော ဆရာတော်ကြီးကို ယခုစာရေးရင်းပင် လက်အုပ်ချီမိုး ရှိခိုးရပါသည်။


မေတ္တာရှင်ဆရာတော်အရှင်ဇဝန
(မျက်ရည်မကျခင်သိစေချင် မှ)

Sunday, October 27, 2013

လက်တစ်ဖက်တော့ စင်ကြယ်ပါစေ


လက်တစ်ဖက်တော့ စင်ကြယ်ပါစေ


သီလပညာဆိုတာ လက်နှစ်ဖက်နဲ့တူတယ်၊ တစ်ဘက်က စင်ကြယ်ရင် ကျန်တစ်ဘက် ကို  စင်ကြယ်အောင် ဆေးကြောပေးနိုင်တယ်၊ ဒါကြောင့် သီလနဲ့ ပညာဟာ အမြတ် ဆုံး တရားများဖြစ်လို့ လောကကျက်သရေဆောင် တရားများ ဖြစ်တယ်လို့ မြတ်စွာဘုရားက
သောဏဒဏ္ဍပုဏ္ဏားကြီးရဲ့ အဆိုကို အတည်ပြု ပြော့ပြတဲ့အခါ ပရိတ်သတ်အားလုံးက ဘာမှ ထပ်မပြောနိုင်ဘဲ ငြိမ်ကျသွားပေမယ့် " ဘယ်လိုလုပ် ဆေးကြော ပေးတယ်" ဆိုတာကိုတော့ သဘောမပေါက်နိုင် ကြဘဲဖြစ်နေတယ်။ တစ်ချို့ကလည်း ဒါကို ရှင်းရှင်း လင်းလင်း  သိလိုစိတ်ဖြစ်လာ ကြပါတယ်။ ဒီဆန္ဒနဲ့ ပတ်သက်လို့တော့ အဋ္ဌကထာ ဆရာတော်ကြီးက ဘုရားရှင်ရဲ့ အလိုတော်ကျအတိုင်း သာဓက လေးတွေနဲ့ ထပ်ပြီး ရှင်းပြပါတယ်။

မဂ်ဖိုလ်မရသေးသော်လည်း နှစ်လရှည်ကြာ သီလကို စင်ကြယ်အောင် စောင့်ထိန်းတဲ့ ပုဂ္ဂိုလ်များဟာသေရာ ညောင်စောင်း လဲလျောင်းနေရတဲ့ အခါမှာပင် မဂ်ပညာ ဖိုလ်ပညာ အဖြစ်ရောက်အောင် ပညာကို စင်ကြယ် မြင့်တက် စေနိုင်စွမ်း ရှိကြပါတယ်။

“ ကန္ဒရသာလ”လို့ခေါ်တဲ့ အရပ်မှာ ၀ါတော် ၆၀၊ သက်တော် ရှယ်ဆယ် ကျော်ရှိတဲ့ မထေရ်ကြီးဟာ 
အရွယ်နဲ့ ထပ်တူ ရောဂါပါ ကြီးရင့်တဲ့အတွက်သေ ရာ ညောင်စောင်းမှာ လဲလျောင်းရင်း ညဉ်းညူနေပါတယ်။

မထေရ်ကြီးကို ကြည်ညိုရင်းရှိတဲ့ ရှင်ဘုရင်က ကန်တော့ရှိခိုးဖို့ လာတဲ့အခါ ညဉ်းညူသံကို ကြားရတော့ အထင်သေးပြီး ရှိမခိုးဘဲ ပြန်လှည့်သွားတယ်။ ဒါကို သိတဲ့ လူမမာစောင့် သာမဏေက ဆရာတော်ရဲ့ ညဉ်းညူမှုဟာ တပည်တွေကိုပါ အရှက်ရစေ ပါတယ်ဆိုပြီး ဖြစ်ကြောင်းစုံကို လျှောက်ထားတဲ့အခါ ငါ့ကို ခေတ္တ မျှ အချိန်ပေးပါဆိုတဲ့ သဘောနဲ့ လက်ကာပြပြီး တရားကို နှလုံးသွင်းပါတယ်။

ဆရာတော်ကြီးက ပထမဆုံး သူရဟန်းအဖြစ်နဲ့ နေခဲ့တဲ့ နှစ်ပေါင်း ၆၀ ကာလ တစ်လျှောက်  သူကျင့်သုံး ဆောက်တည်ခဲ့တဲ့ သီလကို ပြန်ပြီး  သုံးသပ် ကြည့်လိုက်တယ်။ ဒီလောက်ရှည်လျားလှတဲ့ ရဟန်းဘ၀တစ်လျှောက်မှာ ပညာ ရှိတို့ ကဲ့ရဲ့ဖွယ်ရာ အသေးအမွှား ကလေးကိုပင် ကျူးလွန်ဖောက်ဖျက်ခဲ့ခြင်းမရှိဘဲ သီလစင်ကြယ် သန့်ရှင်းတာကို  သိရတဲ့ အခါမှာတော့ မထေရ်မြတ်ကြီးရဲ့ သန္တာန် မှာ အပြစ်ကင်းခြင်းဆိုတဲ့ ချမ်းသာကို အခြေခံပြီး ကျေနပ်ကြည်နူးမှု (ပီတိပါမောဇ္ဇ)ကို ရရှိသွားပါတယ်။

စိတ်ဆိုတာ တစ်ကြိမ်မှာ အာရုံတစ်ခုကိုသာ ယူနိုင်စွမ်းရှိပြီး တစ်မျိုး သာဖြစ်တတ် တဲ့  ဓမ္မသဘာဝအတိုင်း သီလကို အာရုံပြုနေချိန်မှာ  ခံစားနေ ရတဲ့ ဝေဒနာကို အာရုံမပြုမိ တော့ပါဘူး၊ ဒါကြောင့် သီလကို အာရုံပြုပြီး ကျေနပ် ကြည်နူးတဲ့  စိတ်ကလေးချည်း ဆက်တိုက်ဖြစ်နေတဲ့ အခါမှာ ဝေဒနာကြောင့် ဖြစ်တဲ့ မကျေမနပ်ခံစားမှုနဲ့ ယှဉ်တွဲတဲ့ ညည်းညူး စိတ်များလည်း မဖြစ်တော့လို့ ညည်းညူးသံ စဲသွားပါတယ်။

မထေရ်မြတ်ကြီးဒက သီလစင်ကြယ်မှုကို အာရုံပြုပြီး ဖြစ်ပေါ်လာတဲ့ ပီတိစိတ်အစဉ်ကိုပဲ သတိနဲ့ စူးစိုက်ပြီး သုံးသပ်ဆင်ခြင်တဲ့အခါ ဘယ်စိတ်မှ အမြဲ မတည်ပဲ ဒယ်အိုးထဲထည့်ပြီး လှော်ထားတဲ့ နှမ်းတွေဟာ တဖျစ်ဖျစ် မြည်ပြီး အသံပျောက်သွားသလို ဖြစ်ပြီးသမျှတွေဟာ ပျောက်ပျောက်  သွားတဲ့ အနိစ္စ လက္ခဏာတွေ၊ မခိုင်မြဲတဲ့ အတွက်ကြောင့်ပဲ  အမြဲကျေနပ်စရာ ဘာမျှ မရှိတဲ့ ဒုက္ခသဘောတွေ၊ ကိုယ်ထင်သလို ကိုယ်တောင်းတသလို ဖြစ်မလာတဲ့  အနတ္တ သဘောတွေအထိ ထိုးထွင်းသိမြင်တဲ့ ၀ိပဿနာဉာဏ်တွေက စလို့ မဂ်ဉာဏ် ဖိုလ်ဉာဏ် အဆင့်ဆင့်တွေ မြင့်တက်ပြီး အရဟတ္တဖိုလ်ပေါက် ရဟန္တာအဖြစ် ရောက်တော် မူသွားပါတယ်။ သီလစင်ကြယ်ရင် ပညာကို သန်ွှ့စင်အောင် (ကိသောအညစ်အကြေးကင်းအောင်)
ဆေးကြောပေးတယ်ဆိုတာ ဒီသဘော ကိုပြောတာပါ။)

မထေရ်ကြီး ရဟန္တာအဖြစ် ရောက်ရှိတော်မူတာကို သိလို့ လာရောက် ကန် တော့တဲ့ ရှင်ဘုရင်ကြီးက တပည့်တော် အခုလာရောက် ရှိခိုးတာဟာ အရှင်မြတ်ရဲ့ ရဟန္တာဂုဏ်တော်ကို အာရုံပြုပြီး ရှိခိုးတာမဟုတ်ပါဘူးဘုရား၊ အရှင်ဘုရား နှစ်ပေါင်း ခြောက်ဆယ်တိုင်တိုင် ကျိုးပေါက် ညစ်နွမ်းခြင်း မရှိအောင် စောင့်ထိန်းခဲ့တဲ့ သီလဂုဏ်ကို အာရုံပြုပြီး ရှိခိုးတာပါဘုရားလို့ လျှောက်ထားရင်း မိကျောင်းများလို ရှိခိုးကန်တော့ ပါတယ်တဲ့ ။

♦ ရှင်ဘုရင်ကြီး ဒီလို ၀န်ခံလျောက်ထားပြီး ရှိခိုးပုံကို အလေးအနက်တွေးပြီး အတူယူသင့်ပါတယ်၊ 
ဟုတ်ပါတယ်.. ရှင်ဘုရင်ကြီး ပြစ်မှားမိတာက ရဟန္တာ အဖြစ်ကို ပြစ်မှားမိတာမှ မဟုတ်ဘဲ၊  ပုထုဇဉ်ဘ၀မှာ စင်ကြယ်အောင် စောင့် ထိန်းထားတဲ့ သီလဂုဏ်ကို မသိမမြင်လို့ ပြစ်မှားမိခဲ့တာကိုး၊ ဒါကြောင့် သူပြစ် မှားမိခဲ့တဲ့ ဂုဏ်ကို အာရုံပြုပြီး ကန်တော့တောင်းပန်တာပါ။

ဥဂ္ဂဋိတညူခေါ် အကျဉ်းလောက်ဟောပြရုံနဲ့  အကျယ်ကို ဝေဘန်နိုင်စွမ်းရှိတဲ့ ပညာရှိသူတို့မှာ တော့ ထက်မြတ်တဲ့ ပညာစွမ်းအားနဲ့ သီလကို စင်ကြယ်စေ နိုင်ပါတယ်၊  ထင်ရှားတဲ့ သာဓကတစ်ခုကတော့ "သန္တတိ" အမတ်ကြီးပါပဲ။

သန္တတိအမတ်ကြီးဆိုတာ ကောသလမင်းကြီးရဲ့  စစ်ဘက် လက်ထောက် အမတ်ကြီး ပါပဲ၊  ပုန်ကန်ခြားနားတဲ့ နယ်ပယ်တစ်ခုကို သန္တတိအမတ်ကြီးရဲ့ စီမံ ကွပ်ကဲမှုနဲ့ အောင်မြင်တဲ့အခါ 
ဘုရင်ကြီးက ထီးနန်းစည်းစိမ်(၇)ရက် ခံစားခွင့်ပြု ပါတယ်၊ ရှင်ဘုရင် (၇)ရက် လုပ်ခွင့်ပြုတယ် ဆိုပါတော့။ အမတ်ကြီးက ရှင်ဘုရင်ဖြစ်တုန်း ရသမျှ အခွင့်အရေးကို အပြည့်အ၀ သုံး လိုက်မယ်ဆိုပြီး သူ့အပေါင်းအသင်းတွေရောနိုင်ငံအတွင်းမှာ ကျော်ကြားတဲ့ ကချေသည် အကျော် အမော်တွေကော အားလုံးခေါ်ပြီး သောက်ပွဲ စားပွဲ ပျော်ပွဲ ကြီးကို ၇ ရက်လုံးလုံး ပြုလုပ်တယ်။ သူ့အတွက်လည်းစပယါရှယ် မော်ဒယ် ကချေသည်လေး တစ်ယောက်ခေါ်ပြီး က ဆို စားသောက်ရင်း နေ့မအားည မအား ပျော်ပါးသတဲ့။

ခုနှစ်ရက် ပြည့်တဲ့အခါမှာတော့ အအိပ်ပျက်၊ အစားပျက်နဲ့ နေ့စဉ်ရက် ဆက် ကဆို ဖော်ဖြေရတဲ့ 
ကချေသည်ကလေး သီဆိုကခုန်ရင်းက အရုပ်ကြိုး ပြတ် ပုံကျပြီး အမတ်ကြီး ရင်ခွင်ထဲမှာ အသက်ပျောက်သွားပါလေရော။

♦ မထင်မှတ်ဘဲ ဗြုံးကနဲသေပွဲကြုံရပုံကို ကိုယ်တွေ့ကြုံလိုက်ရတဲ့အခါ သောက အပူတွေ တစ်ကိုယ်လုံး လောင်မြိုက်သွားလို့ ခုနှစ်ရက်လုံးလုံး သောက် ထားတဲ့ သေအရက်တွေတောင်
ငွေ့ပျံ့ကုန်ပြီး မူးတာတွေ ဘယ်ရောက်ကုန်မှန်း တောင် မသိနိုင်တော့ဘူး ဖြစ်သွားသတဲ့။

ဒီသောကကို ဘုရားရှင်ကလွဲလို့ ဘယ်သူမှ မကုစားနိုင်ဘူးဆိုတာ သတိရပြီး နောက်လိုက် ဗိုလ်ပါ ပရိသတ်များနဲ့အတူ ဘုရားရှင်ထံမှောက် ရောက်သွားတဲ့ အခါမှာတော့ ဖြစ်ကြောင်းကုန်စင်သိရတဲ့ ဘုရားရှင်က ရှည်လျား လှတဲ့ သံသရာ တစ်လျောက်မှာ ဒီလို ချစ်ခင်ရသူတွေရဲ့ သေဆုံးရခြင်းကို အကြောင်းပြုပြီး ကျခဲ့ ရတဲ့ မျက်ရည်တွေဟာ စုဆောင်းထားနိုင်မယ်ဆိုရင် သမုဒ္ဒရာ လေးစင်းထဲက
ရေတွေထက်တောင် များခဲ့လှပြီလို့ အစချီပြီး….

အမတ်ကြီး… ရှေ့က ကြုံတွေ့ခဲ့ရသမျှတွေဟာ  အခုမရှိတော့ဘူး၊ ဒါဟာ သင်္ခါရတရားတို့ရဲ့ သဘောဓမ္မတာပဲ၊ ဒီအတိတ် သင်္ခါရတွေကို အောက်မေ့ပြီး ဖြစ်နေတဲ့ စွဲလမ်းမှု ပူပင်မှု တွေကိုလည်း စွန့်ပယ်လိုက်တော့။ မရောက်လာသေးတဲ့ သင်္ခါရတွေ အတွက် ကြိုတွေးပြီး နှိပ်စက်နေတဲ့ ကိလေသာတွေကိုလည်း မဖြစ်ပေါ်စေနဲ့။ အခုရောက်ဆဲ ပစ္စပ္ပန် ခန္ဓာကြီးကလည်း ခဏမစဲ တသဲသဲ ဖောက်ပြန် နေတာမို့ ငါပဲ.. သူပဲ လို့ အစွဲ အယူ မမှားစေနဲ့။

♦ အဲဒီလို နှလုံးသွင်းနေလိုက်ရင် သင့်မှာ လောင်ကျွမ်းနေတဲ့  ကိလေသာမီး တွေ ငြိမ်းသွားမယ်လို့ အဓိပ္ပါယ်ရတဲ့ တရားစကားကို ဟောကြားလိုက်တဲ့အခါ  ဉာဏ်ပညာအလွန် ထက်မြတ်တဲ့ ပုဂ္ဂိုလ်ပီပီ  အခုလိုနှလုံးသွင်း ဆင်ခြင်ရင်း ဖြစ်ပေါ် လာတဲ့  အသိတရားက သီလသိက္ခာကိုပါ စင်ကြယ်အောင် သုတ်သင် ပေးလိုက်လို့ သိက္ခာသုံးပါးလုံး ပြည့်စုံကာ မင်းမြောက်တန်ဆာတွေ ၀တ်ဆင် ထားရင်းကပဲ ရဟန္တာဖြစ်သွားပါတော့တယ်။

သန္တတိအမတ်ကြီးဟာ လူဝတ်ကြောင်နဲ့ အတိအကျ ပြောရရင်တော့ မင်းမြောက်တန်ဆာတွေ ၀တ်ဆင်ရင်းကပဲ ရဟန္တာဖြစ်သွားတာပါ၊ အရဟတ္တဖိုလ် အဆင့်ဆိုတဲ့ ဂုဏ်ကြီးဟာ ဓမ္မနယ်ပယ်မှာ အကြီးဆုံး ဂုဏ်ကြီးပဲ ဖြစ်ပါတယ်။

ဂုဏ်နဲ့ ဒြပ်နဲ့ ထပ်မိမှခံနိုင်တယ် ဆိုတာ အခြားဂုဏ်နဲ့ ဒြပ်တွေမှာ မှန်ချင်မှ မှန်မှာဖြစ်ပေမယ့်  အရဟတ္တဖိုလ်ဆိုတဲ့ ဂုဏ်အတွက်တော့ ရဟန်းအဖြစ်ဆိုတဲ့ သဏ္ဍာန်ဒြပ် ရှိမှသာ ရေရှည်ဆက်တည်နိုင်ပါတယ်။ လူဝတ်ကြောင် အဖြစ်နဲ့ကတော့ နောက် တစ်နေ့  အရုဏ်မတက်မီ အချိန် အထိသာ ဆက်တည်နိုင်တာ မျိုးပါ။

သန္တတိအမတ်ကြီးဟာ ရဟန်းဝတ်ဒြပ်မရှိတာရယ်၊ သူ့ရဲ့ အသက်အပိုင်း အခြားကလဲ ဒီနေ့ပဲ ကုန်ဆုံးတော့မှာ ရယ်တို့ကြောင့် ရဟန်းအဖြစ်ကို မရနိုင် တော့ပဲ အဲဒီနေ့မှာပဲ ပရိနိဗ္ဗာန်ပြုရမှာပါ၊ ဒါကို သန္တတိအမတ်ကြီး ကိုယ်တိုင် လည်းသိလို့ ဘုရားရှင်ကို လျှောက်ထားပါတယ်။

♦ ဒီအတိုင်းသာ ပရိနိဗ္ဗာန်ပြုသွားခဲံ့ရင် မနေ့ကအထိ ခုနှစ်ရက်လုံးလုံး မူးရူး နေတဲ့ အမတ်ကြီးက အခုပဲ ဘုရားရှင်ထံမှာ တနားနာ အခုပဲ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်ပြုတယ်ဆိုတာ မသိသူတွေက မယုံနိုင်တဲ့အတွက် ပြစ်မှားကြလိမ့်မယ်။

♦ ဒီလို ပြစ်မှားမိသူများဟာလည်း "အရိယာ"ကို ပြစ်မှားတဲ့  အန္တရာယ်ကြီး ကျရောက်ပြီး မဂ်ဖိုလ်ရနိုင်ခွင့် ပိတ်ပင် သွားနိုင်တယ်၊ ဒါကြောင့် အားလုံးသိသာ အောင် "တန်ခိုးပြာဋိဟာ" ပြဖို့ ဘုရားရှင်က တိုက်တွန်းခွင့်ပြုတော်မူလို့ ထန်းတစ် ဆင့် ကနေ ထန်းခုနှစ်ဆင့်အထိ ခုနှစ်ကြိမ်တိုင်တိုင် ကောင်းကင်ကို ပျံတက် လိုက် ဘုရားရှင်ခြေတော်ကို  ဦးခိုက်လိုက်နဲ့ ရှိခိုးကန်တော့ပြီးမှ ပရိနိဗ္ဗာန် ပြု သွားပါတယ်။

ဒါက ထက်မြက်တဲ့ "ပညာ" ကြောင့် သီလပါ စင်ကြယ်သွားတဲ့ သာဓကပါ။ ဒါကြောင့် သီလနဲ့ ပညာဟာ လက်နှစ်ဘက်နဲ့တူတယ်။ တစ်ဘက်သန့်စင်ရင် ကျန်တစ်ဘက်ကို သန့်စင်စေပြီး အမြင့်ဆုံး ကျက်သရေအထိ တိုးတက်စေတယ် လို့ ဆိုရတာ ပါပဲ။

- [ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)]

Saturday, October 26, 2013

ဘ၀ထဲက ဘာဝနာ


ဘ၀ထဲက ဘာဝနာ

စာမြည်း။ ။ တရားအားထုတ်တယ်ဆိုတာ လူသိဖို့ မလိုပါဘူး။ လူသိအောင်လည်း ကြော်ငြာစရာ မလိုပါဘူး။ ရှေး ထေစဉ် ၀ါဆက်လည်း ငါမှာ တရားဘယ်အဆင့်ရောက်နေပြီလို့ မပြောခဲ့ဘူး။ ပြောခွင့်လည်း မရှိဘူး။ တခါတလေမှာ ရဟန်းတော်တွေအတွက် အလိုဆိုးနဲ့ မဟုတ်မမှန်တာ ပြောမိရင် ဥတ္တရိမနုဿဓမ္မသိက္ခာပုဒ်နဲ့ သွားညှိတတ်ပါတယ်။ ဆင်ခြင်နိုင်ကြပါစေ။

ဗုဒ္ဓဘာသာဝင်တွေရဲ့နေ့စဉ် ကုသိုလ်ကိစ္စတွေဆိုတာ ဒါန(စွန့်လှူခြင်း) သီလ(ကိုယ်နဲ့နှုတ် စောင့်စည်းခြင်း)နဲ့ ဘာဝနာ(ပွားများအားထုတ်ခြင်း)တို့ပဲဖြစ်တယ်ဆိုတာ အားလုံးသိကြပါတယ်။
ဘုရားရှင် လက်ထက်ကတော့ ရဟန်းတော်တွေဟာ ဗုဒ္ဓထံမှာ ကမ္မဋ္ဌာန်း တောင်းခံပြီး မိမိတို့နဲ့ သပ္ပါယဖြစ်စေမယ့် တော အရပ် တွေမှာသွားပြီး တရားအားထုတ် ကြပါတယ်။ အရည၀ါသီ- တောရမီလို့ ဆိုကြပါတယ်။

အဲဒါကို အတုယူကြကာ ရှေးတုန်းက ဆရာတော်ကြီး များဟာ တောရ ဆောက်တည်ပြီး တရား အားထုတ်ကြတယ်၊ရိုးသားစွာ တရား အားထုတ် ကြုခြင်းပဲ ဖြစ်ကြပါတယ်။ မာယာ သာဌေယျမရှိ၊ အလိုနည်းခြင်း အပ္ပိစ္ဆဂုဏ်နှင့် ပြည့်စုံကြတယ်။ ရောင်ရဲခြင်း သန္တုဌီဂုဏ်နဲ့လည်း ပြည့်စုံကြပါတယ်။ (ပစ္စည်းအလိုနည်းခြင်းနဲ့ မိမိတို့ တရားအားထုတ် နေတာကိုပင် လူသိမှာ မလိုလား ခြင်းကို အပ္ပိစ္ဆတာဂုဏ်လို့ ခေါ်ပါတယ်။)

ဘာဝနာကုသိုလ်ကို အားလပ်ရက်ဖြစ်တဲ့ သင်္ကြန်၊ အောက်တိုဘာ ဟောလီးဒေးနဲ့ ဒီဇင်ဘာ လကုန်ရက်တွေမှာ ဗုဒ္ဓဘာသာဝင် လူငယ် လူကြီးအများစု ရိပ်သာဝင်ပြီး ဒုလ္လဘရဟန်းဝတ်နဲ့ တစ်မျိုး၊ သီလရှင်ဝတ်နဲ့တစ်ဖုံ၊ လူဝတ်ကြောင် ယောဂီအဖြစ်နဲ့တ၀ တရားအားထုတ်လာ ကြပါတယ်။ တရားစခန်းခေါ် ရပ်သာများကလည်း တစ်နှစ်ပတ်လုံး၊ တစ်လ၊ နှစ်လ၊ တစ်ပတ်၊ ကိုးရက် စသဖြင့် တရားအားထုတ် ရက်များကို သတ်မှတ်ပြီး အားထုတ်စေကြပါတယ်။ ၀မ်းမြောက်ဖွယ် သာဓုခေါ်ဖွယ်တွေဘဲ ဖြစ်ပါတယ်။ ယခုဆို နယ်ရော၊ မြို့တော်ကြီးတွေ မှာပါ ဘာနာလို့ဆိုတဲ့ ကုသိုလ် ခရီးဟာ အတော်ကို ခရီးတွင်နေပါပြီ။

အမှန်တကယ် ကိုယ်တိုင်လည်း အားထုတ်ပြီး ကမ္မဋ္ဌာန်းတရားကို ကျကျနနပြသပေးကြတဲ့ ဆရာတော်များ၊ ကမ္မဋ္ဌာန်း ဆရာများရဲ့ ကျေးဇူးတော်ကြောင့်၊ အချို့အရပ်တွေဆို အသောက် အစား ခုံမင်ကြတဲ့ ဒကာများပင်လျှင် တရားစခန်းမှ ထွက်တော့ အသောက်အစား ကင်းသွား ကြတာတွေကိုပါ ကြားသိရတော့ တရားထူးတရားမြတ်ကို မသိစေဦးတော့ အတော်ကို အကျိုး ရှိလှပါတယ်။

အိမ်ပြန်ရောက်တော့လည်း နေ့စဉ်အချိန်တစ်ချိန် သတ်မှတ်လို့ အားထုတ်ဖြစ်နေ ကြတာကိုလည်း သိရပါတယ်။ အကျိုးကြီးတယ်လို့ဘဲ ပြောရမှာပါ။ ဒါဟာ တရားတော်ကို ပြသပေးတဲ့ဆရာရဲ့ ကိုယ်တိုင်သိ ဓမ္မစွမ်းအားနဲ့ မေတ္တာပေါင်းစပ်မိပြီး ယောဂီ သူတော်စင် ထိတွေ့ခံစားရလို့ဘဲ ဖြစ်ပါတယ်။ သဘာဝအားလျော်စွာ အရသာကို ပြည့်ပြည့် ၀၀ ခံစားမိရင် ထိုအရသာကို စွဲမက်စေပါ တယ်။ ရိပ်သာထဲမှာ တရားထား ခဲ့သူများကတော့ ဓမ္မအရသာကို ထိထိမိမိ မခံစားခဲ့ရဘူးလို့ပဲ ပြောရတော့မည်။

စာရေးသူတို့ရဲ့ ဗုဒ္ဓဘာသာကို ထေရ၀ါဒလို့ ဆိုရပါတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီး ဗုဒ္ဓရဲ့ မျက်မှောက် မရှိတော့တဲ့ နောက်မှာ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ၊ အရှင်ဥပါလိ၊ အရှင် အနုရုဒ္ဓါစတဲ့ မထေရ်မြတ်တွေက ဘုရားရှင်ရဲ့ တရားတော်တွေကို ဆက်လက် လက်ဆင့်ကမ်း သယ်ဆောင်ပေးခဲ့တာမို့ “ထေရ၀ါဒ” လို့ ခေါ်ဆိုရခြင်းပဲ ဖြစ်ပါတယ်။ ထေရ၀ါဒဆိုတာ ဘုရားရှင်ဟောခဲ့တဲ့ တရားတော်တွေလို့ အသေအချာ မှတ်သားကြရ ပါမယ်။
စာနယ်ဇင်းတွေမှာ ဗေဒင်၊ ယတြာ၊ ဓာတ်ရိုက်၊ ဂါထာ၊ မန္တရား၊ ဘိုးတော်၊ မယ်တော်၊ နတ်စတာတွေကို ကိုးကွယ် ယုံကြည်ခြင်းဟာ ထေရ၀ါဒနဲ့ မညီဘူးဆိုပြီး ပြင်းထန်တဲ့စကားလုံး တွေနဲ့ ထုချေနေကြတာတွေကိုလည်း ဖတ်ရပါရဲ့။

ပိဋကတ်မှာ အမှန်ဆိုတာက ထိုတို့ကို အားကိုးယုံကြည်ခြင်းသည် ကမ္မဿကတာသမ္မာဒိဋ္ဌိ (ကံသာလျှင် ကိုယ်ပိုင် ရှိတယ်ဆိုတဲ့ အသိ) မဟုတ်ဘူး။ မိစ္ဆာဒိဋ္ဌိ(လွဲမှားတဲ့အသိ၊ ဖောက်ပြန်တဲ့ အမြင်)ဟူ၍သာ ဆိုထားခြင်းဖြစ်ပါတယ်။ မယုံရဘူးလို့တော့ တိုက်ရိုက်အဆိုမရှိပါဘူး။ ရဟန်း တော်များကို ဒါတွေနဲ့ ပစ္စည်းလေးပါးအတွက် လုပ်ကိုင် စားသောက် နေရင်တော့ မိစ္ဆာဇီဝ မှားယွင်း အသက်မွေးမှု၊ အနေသန- ရဟန်းတော်များနဲ့ မအပ်စပ်တဲ့ ရှာဖွေမှု၊ ကုလဒူသန- သာသနာ ကို အမှန်ယုံကြည်သူ ဒကာ၊ စကာမတွေရဲ့ သဒ္ဓါတရားဖျက်ဆီးမှု အာပတ် သင့်ပါတယ်။ ကြီးမားတဲ့ အာပတ်တော့ မဟုတ်ပြန်ပါဘူး။

ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အရာတွေမှာ ဘယ်အရာမျိုးကိုမဆို ထေရ၀ါဒနဲ့ညီညွတ်ဖို့ အထူးလိုအပ်ပါတယ်။  ဘာလို့လဲဆိုတော့ ဗုဒ္ဓအဆုံးအမတော် ဓမ္မရိပ်ခိုခြင်းဟာ ၀ိမုတ္တိရသ (ဘ၀လွတ်မြောက်မှု ရသကို) ခံစားဖေဖို့ဖြစ်တော့ ထေရ၀ါဒနဲ့ မညီရင် ၀ိမုမ္တိရသနဲ့ ဝေးသွားမှာ သေချာနေလို့ပါပဲ။ ဒါကြောင့် ဘာဝနာပွာများအားထုတ်ခြင်း ကိစ္စမှာလည်း ထေရ၀ါဒလာ ပိဋကတ်တော်တွေနဲ့ ညီညွတ်စေဖို့ကို ပိုပြီးလိုအပ်၍ အထူးအလေးထားပြီး ဟောပြောပေးကြ ရပါမယ်။ မိမိတို့ကိုယ်တိုင်ပင် အားထုတ်နေတဲ့ ဘာဝနာကုသိုလ်ဟာလည်း ထေရ၀ါဒနဲ့အညီ ဖြစ်စေကြရပါမယ်။

ဗုဒ္ဓသာသနာနဲ့ ကြုံတွေ့ခွင့်ရခြင်းရဲ့ အဓိကဟာ ဘာဝနာကုသိုလ်အားထုတ်ဖို့ ဖြစ်လို့ပါ။ သာသနာပနဲ့ အခြားသာသနာတွေမှာလည်း ကိုယ်ကျင့်သီလနဲ့ ပိုင်ဆိုင်မှု စွန့်လွတ် ခြင်း ဒါနတို့ ရှိနေပါတယ်။
ဘုရားရှင်သည်ပင် ဒုက္ကရစရိယာဖြင့် မမှန်လမ်းကို လျှောက်လှမ်းမိ၍ အကျိုးမပြီး အချည်းနှီး ဖြစ်ခဲ့ရတဲ့ (၆)နှစ်ကို မိမိတို့အတွက် စံနမူနာ ယူကြရမယ့် အရာသာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာဝနာကိစ္စဟာ ပိုပြီးထေရ၀ါဒ စစ်စစ် ဖြစ်ရန် အရေးကြီး လှပါတယ်။

ရှေးတုန်းက ဆရာတော်ကြီးများ ကမ္မဋ္ဌာန်း ဆရာကြီးများဟာ နှစ်ပေါင်းများစွာ ကိုယ်တိုင် ကိုယ်ကျ အားထုတ်ပြီးပါမှ ဓမ္မရဲ့အေးချမ်းတဲ့ သန္တရသကို လူသားများ ထိတွေ့ခံစားနိုင်ရန် မေတ္တာ၊ ကရုဏာတော်တို့ဖြင့် ဟောပြောပေးကြတာ ဖြစ်ပါတယ်။ ယနေ့ခေတ် နွေရာသီနဲ့ အားလပ်ရက်တွေမှာ မပြတ်လပ်အောင် တရားစခန်းများကို သတင်းစာများမှာ ကြော်ငြာနဲ့ခေါ်ပြီး ဖွင့်နေရကြတာတွေ ရိပ်သာတွေမှာလည်း ကြပ်ညပ် စည်ကားနေတာတွေကို မြင်နေကြရမှာပါ။ များလာတဲ့အခါမှာ သဘာဝအားလျှော်စွာ မလျော်ကန်တဲ့ လွန်ကျူးမငတွေ၊ အကြံအဖန် ရှာကြံမှုတွေ၊ လုပ်စားခြင်းတွေ၊ အတုအယောင်တွေ (စာအလို ၀ီတိက္ကမ)ဖြစ်လာတတ်ပါတယ်။

ကိုယ်တိုင်လည်း အားမထုတ်ဘူး ပိဋကတ်တော်ကိုလည်း တတ်မြောက်ခြင်းမရှိ၊ ဆရာရဲ့ ဥပနိဿယကို အာဂုံကျက်ပြီး၊ ဘာနည်း ညာနည်းဆိုတဲ့ တံဆိပ်ကပ်ပြီး ဂွင်ချက်တဲ့ အလုပ်ပေး တရားဟောပြောခြင်းမျိုးမှာ အမှားအယွင်းတွေ ရောထွေး သွားတတ်ပါတယ်။ ဒါ့အပြင် ထေရ၀ါဒနဲ့အညီ အမှန်အကန်အားထုတ်ထားတဲ့ ယောဂီများကလည်း တရား ပေနေတဲ့ ကမ္မဋ္ဌာန်းဆရာမှာ သေသေချာချာ အားထုတ်ထားခြင်းမရှိတာကို သိနေကြတော့ သာသနာကို အထင်သေး  သွားပါတော့တယ်။

ဒီထက်ပိုဆိုးတာကတော့ လောဘ ဒေါသ နည်းအောင်၊ ပါးအောင် အားထုတ်ရတဲ့ ဘာဝနာကိစ္စမှာ လောဘစွန်း၊ ဒေါသစွန်းတွေထင်ပြီး ထွက်နေတတ်ပါတယ်။ (ဥပမာ-အကြောင်းပြ လွန်ကဲစွာ အလှူခံခြင်းမျိုး၊ ဆူငေါက်နေတာမျိုး) ဒါကြောင့် ဒကာ၊ ဒကာမတွေ အများအပြား အားထုတ်လာကြတဲ့ ဒီလိုအချိန်မျိုးမှာ ပိဋကတ် တတ်တဲ့ ဆရာတော်တွေ တရားပြပေးခြင်းဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါမှ ပိဋကတ်နဲ့ညီ ညွတ်ပြီး ဗုဒ္ဓအလိုတော်ကျ ထေရ၀ါဒတရား အားထုတ် နည်း စစ်စစ်ဖြစ်မှာ။

တရားပြတဲ့ ကမ္မဋ္ဌာန်းဆရာအချို့က ပြောကြပါတယ်။ စာသိက တခြား၊ ကိုယ်တိုင် အားထုတ် သိက တခြားတဲ့။ ဒါကြောင့် စာနဲ့လာ မပြောနဲ့တဲ့။ သေချာ အားထုတ်ထားရင် ယောဂီရဲ့ ဓမ္မအသိအမြင်ဟာ ပိဋကတ်နဲ့ တစ်ထပ်တည်းဖြစ်နေတာကို ကမ္မဋ္ဌာန်းဆရာ မသိတာ ကြေကွဲစရာပါပဲ။ ဒကာ ဒကမတွေ အများစုက ပိဋကတ်တော်နဲ့ အလှမ်းဝေးကြတော့ ပုထုဇဉ်ပီပီ နှစ်နှစ် ခြိုက်ခြိုက် အသေစွဲကိုင် အားထုတ်နေမယ်ဆိုရင် မျှော်မှန်းတဲ့ ၀ိပဿနာဉာဏ်ကို မရတဲ့အပြင် အစွဲကြောင့်ပင် အပါယ်ဘေးက မလွတ်နိုင်ပဲလည်း ဖြစ်တတ်ပါတယ်။ သတိထားကြရပါမယ်။ တရားအားထုတ်ကြတယ်ဆိုတာ အစွဲဒိဋ္ဌိစင်ဖို့ဖြစ်တာကို မေ့ဖို့မသင့်။

အစွဲမထားကြပါနဲ့ စစ်မှန်တဲ့ တရားအားထုတ်နည်း ဘယ်နည်းနဲ့ပဲ အားထုတ် အားထုတ် တရားသိဖို့ မျှော်မှန်းတဲ့ ၀ိပဿနာ ဉာဏ်နဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတဲ့ လိုတာကို ရဖို့က အဓိကဖြစ်တယ်ဆိုတာကို ယောဂီတို့အား ပြောပေးသင့်ပါတယ်။ ကုလမစ္ဆရိယ ဖြစ်မနေသင့်။ အမှန်တရား သိသူတွင် ဓမ္မမစ္ဆရိယမရှိ။ (မိမိကို ကိုးကွယ်သူ ဒကာ၊ ဒကာမ အခြားသူကို ကိုးကွယ်မှာကို စိုးရိမ်မှု ကုလမစ္ဆရိယ) အပြစ်ပြောခြင်း မဟုတ်ပါ၊ တရားအစွဲနဲ့ မဟုတ်ဘဲ ရိပ်သာစွဲနဲ့ တရားစခန်းဝင်နေကြတဲ့ ယောဂီတွေကို မြင်နေ ကြားနေ သိနေကြတယ် မဟုတ်ပါလား။

“ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်” လို့ဆိုပေမယ့် တရားအားထုတ်ရာမှာတော့ ခင်မှုသံယောဇဉ် အမျှင်တန်းနဲ့ပဲ အစွဲအလမ်းဥပါဒါန် ဖမ်းဆုတ်မှုကို ရှင်ခန်းဖြတ်ဖို့အတွက် အားထုတ်ခြင်း ဆိုတာကို ယောဂီ သူတော်စင်များကလည်း မေ့မထားသင့်ပါဘူး။ ဒါအပြင် အယူစင်ကြယ်မှ အပါယ်မလားမှာ ရိပ်သာကပြန်လာတယ်၊ တရားကို မစွဲဘဲ ရိပ်သာကိုပဲ စွဲနေကြတာဟာ တိမ်းစောင်းတဲ့ လွဲမှားမှုပါ။ သတိထား ရပါလိမ့်မယ်။

“ရိပ်သာမှာ တရားမရှိ၊ ခန္ဓာမှာသာ တရားရှိဆိုတာ” အားထုတ်ဖူးကြတဲ့ ယောဂီတိုင်း သိကြ ပါတယ်။
ဘာလို့လဲဆိုရင် ရိပ်သာဆိုတာက အားထုတ်နည်းတွေ ဟောပြောပေးပြီး၊ အားထုတ်ကြရ တာ ကတော့ မိမိကိုယ်လို့ပြောနေတဲ့ ခန္ဓာဆိုတာ ရုပ် နာမ်ရဲ့ဖြစ်နေ၊ ပျက်နေဟန် သဘာဝ မှန်ကို စည်းချက်မှန် အဖန်ဖန်စေ့ငု သိအောင်မြင်အောင် ရှုသိကြရတာ ဖြစ်လို့ပါပဲ။
ဒါကြောင့် “ဘ၀ထဲက ဘာဝနာ”လို့ ဆိုရတာပေါ့။

ဒါဆို ဘာလို့ တရားစခန်းသွားကြတာလဲပေးရင်-----
လူမှုကိစ္စတွေ ခေတ္တ ခွာရှောင်ပြီး လူနဲ့မြို့၊ ရွာအူသံ မဆူညံပဲ တိတ်ဆိတ်ငြိမ်သက်တဲ့ အရပ်မှာ အေးချမ်းစွာ တရားကို ရှာမှီးချင်လို့ပဲ ဖြစ်ပါတယ်။ ၀ိဝေကသုခ (ငြိမ်းသက်ခြင်းချမ်းသာ)နဲ့ နိက္ခမဓာတ် (အနှောင်အဖွဲ့တို့မှ ထွက်ခွာလာခြင်း)တို့ အကူရရင် အားထုတ်ရတာ ပိုပြီး တရား အသားတက်တတ်ပါတယ်။

တရားအားထုတ်နည်းကို သိထားရင် အိုးမကွာ အိမ်မကွာ တရားအားထုတ်လို့ ရပါတယ်။ ဘုရားလက်ထက် အရိယာ သူတော်ကောင်းတွေ အိုးမကွာ အိမ်မကွာ စီးပွားရှာ မပျက်ဘဲနဲ့ တရားထူးရကြပါတယ်။ ၀ိသာခါကျောင်းအမ(၇)နှစ် သမီးမှာ သောတာပန်အရိယာ ဖြစ်ပါ တယ်။ (၁၆)နှစ်မှာ အိမ်ထောင်ကျတယ်။ သားသမီး(၂၀)မွေးပါတယ်။

လေဥတစ်ယောက်မှ မပါ ပါဘူး။ မြေးမလေးသေတော့ ကျောင်းအမ မျက်ရည်မဆယ်နိုင်ဖြနေလို့ ဘုရားက တရား ပြရပါတယ်။ အနာထပိဏ်သူဌေး စီးပွားပျက်စီးလို့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်ရပါတယ်။ အများစုက အိုးပစ် အိမ်ကွာမှ၊ တရားအလုပ် လုပ်လို့ရတယ်လို့ ထင်နေကြပါတယ်။ အမှန် တော့ အိုးမကွာ၊ အိမ်မကွာ၊ စီးပွားရှာလျက်နဲ့ တရားရသွားကြသူတွေ၊ အရိယာအဖြစ်နဲ့ဘဲ အိုးအိမ် ဇနီး မယား စီးပွားတွေနဲ့ နေသွားကြသူတွေ ဘုရား လက်ထက်မျာ ရဟန်းတွေထက် များပါတတယ်။

ဒါကြောင့် တရားအားထုတ်ခြင်းတွေမှာ အသိတိမ်နေတတ်တာလေးတွေကစလို့ စင် ကြယ်ပြီး ထေရ၀ါဒနဲ့ညီတဲ့ တရား အားထုတ်နည်းများကိုသာ တစ်ရစ်ခြင်း ယောဂီများ အားထုတ်ဖြစ်ဖို့ ကမ္မဋ္ဌာန်းဆရာများက အလေးထားပြီး ဟောပေးကြရမှာ ဖြစ်ပါတယ်။ တစ်ချို့ ကမ္မဋ္ဌာန်းဆရာများက ပရိယတ်မသိတော့ အာစရိယ ဥပနဿယကိုပဲ အသေဆုပ်ကိုင် ပုံစံခွက်နဲ့ ဟောတတ်ကြပါတယ်။
အလုပ်ပေးဒတရားတော်များ ဟောကြားရာမှာ- ဗုဒ္ဓဒေသနာတော်များက ဝေနေယျသတ္တ၀ါ များစွာ တို့ရဲ့ အလိုနဲ့အကြိုက်၊ စရိုက်နဲ့ဉာဏ်လို့ ဆိုတဲ့ အဇ္ဈာသယအလိုက် ဟောထားတာဖြစ်တဲ့အတွက် ကျယ်ဝန်း များပြားလှပါတယ်။

ဆရာသခင် အားထုတ်ခဲ့တဲ့နည်းကလည်း ဆရာရဲ့ ထက်မြက်တဲ့ဉာဏ်နဲ့ ဆရာသိတဲ့ တရား အသိဟာ ဆရာသိသလို တပည့်များက အားထုတ်ဆဲ ကာလမှာ သိပုံအချင်းအရာ တစ်ထပ် တည်း ကျမည်မဟုတ်ပါဘူး။ တမဂ်တစ်ဖိုလ်ဆိုက်ပါမှ သစ္စလေးပါးကို သိတဲ့အသိခြင်း၊ အမြင်ခြင်း တူသွားကြတာ ဖြစ်ပါတယ်။ သစ္စာသိတဲ့ဉာဏ်ကို “ပဋိဝေဓဉာဏ်”လို့ ခေါ်ပါတယ်။ ပညတ်ကို ထွင်းဖောက် ၍ ပရမတ္ထကို သိတဲ့အသိလို့ မှတ်သားပါ။

ဒါကြောင့်-- ဗုဒ္ဓဒေသနာတော်နဲ့ အာစရိယဥပနိဿယကို မှီ၍ မိမိကိုယ်တိုင် ကိုယ်ကျ ပွားများ အားထုတ်နေတဲ့ ကိစ္စတွင် လိုရင်းမျှကိုသာ စာသိ ကိုယ်ပိုင်အားထုတ်သိ နှစ်သိဖြင့် ပေါင်းစပ်ဟောကြားပြေးပြီး ယောဂီများကို အားထုတ်စေသင့်ပါတယ်။ ယောဂီများကလည်း တရားအားထုတ်မယ်ဆိုရင် ပိဋကတ်နဲ့ အလှမ်းကွာသူများဖြစ်ကြလို့ ကမ္မဋ္ဌာန်းဆရာထံမှာ မလွဲမသွေ နည်းခံကြရပါလိမ့်မယ်။
ယထာဘူတဉာဏာယ သတ္ထာ ပရိယေသိတဗ္ဗော။
ထင်ရှားတဲ့အတိုင်း ဖြစ်နေတဲ့အတိုင်း သိနိုင်တဲ့ ၀ိပဿနာဉာဏ်အတွက် ကိုယ်တိုင်ကိုယ်ကျ အားထုတ်ဖူးတဲ့ ကမ္မဋ္ဌာန်းဆရာကို ရှာမှီးထိုက်တယ်လို့ ဗုဒ္ဓက ခိုင်မာစွာ အမှာတော်ထားခဲ့ ပါတယ်။
ဧကစ္စခီဏာသ၀တော ဗဟုသုတော ကမ္မဋ္ဌာနဒါနေ သေယျော။

အချို့ ရဟန္တာပုဂ္ဂိုလ်ထက် ပရိယတ်ကျမ်းဂန် တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်ဟာ ကမ္မဋ္ဌာန်း(အလုပ်ပေး) တရား ဟောပြရာတွင် သာလွန်၏-တဲ့။ ကဲ ဒါထက် သေချာတာ ဘာရှိ တော့မှာလဲ။ ဤဒေသနာတို့ကို ထောက်ဆပါက ပရိယတ်လည်း ကျွမ်းကျင်၊ ကိုယ်တိုင်လည်း တရား အားထုတ်တဲ့ ကမ္မဋ္ဌာန်း ဆရာရဲ့ထံမှာ နည်းခံ၍ အားထုတ်ခြင်းဟာ အကောင်းဆုံးပါပဲ။ အချိန်မှန်မှန် တရားအားထုတ်လာတဲ့အခါမှာ သိရာရှုစရာများကို ခန္ဓာက ပြလာ တတ်ပါတယ်။ ထိုအခါမှ စာသိ(ပရိယတ်အသိ)ကို သိချင်ပါက ကမ္မဋ္ဌာန်းဆရာကို မေး လျှောက်ရင်ပိုပြီး နက်နက်ရှိုင်းရှိုင်းနဲ့ အသိရှင်းပါတယ်။ ဘာမျှ အားမထုတ်ရသေးပဲနဲ့ သိနေတဲ့ စာအသိဟာလည်း မလေးနက်လှပါဘူး။ ကိုယ်ပိုင်အားထုတ်သိ မပါသေးလို့ပဲ ဖြစ်ပါတယ်။

တရားနာလို့သိတဲ့ နာသိ၊ စာဖတ်လို့သိတဲ့ စာသိ၊ ကိုယ်တိုင်ကိုယ်ကျ အားထုတ်လို့သိတဲ့ ပွားသိတို့ရဲ့ ထူးခြားလေးနက်မှုဟာ ကိုယ်တိုင်အားထုတ်ပါမှ ကွဲပြားမှာပါ။ တထပ်တည်း မကျနိုင်ပါဘူး။ အဘယ်ကြောင့်ဆိုသော် တရားတော်ကိုက သန္နဋ္ဌိကဓမ္မမို့လို့ပါ။ (သန္နိဋ္ဌိက- ကိုယ်တိုင် မဖောက်မပြန် အမှန်သိရတဲ့တရား) တရားလုံးဝ မနာဖို့ကို ဆိုလိုတာမဟုတ်ပါဘူး။ တရားနာခြင်းဖြင်း ကြားနာသိ သုတမယ ဉာဏ်နဲ့ ပွားများအားထုတ်သိ ဘာဝနာမယဉာဏ်ကို အချိုးညီ၊ ပေါင်းစပ်၍ အားထုတ်ကြရမှာ ပါ။ အများကြီးကို ကြားနာရန် မလိုတာကို ပြောလိုရင်းဖြစ်ပါတယ်။

ဗုဒ္ဓဉာဏ်တော်နဲ့ ဆရာတော်ကြီးများရဲ့ ဉာဏ်တော်ကို ယောဂီတိုင်း လိုက်မီဖို့ မဖြစ်နိုင်တဲ့ အတွက် ၀ိပဿနာအရာမှာ လိုအပ်သလောက် ယောဂီများ လိုက်နိုင်သလောက်ကို မသိရင် မဖြစ်နိုင်တဲ့ အရာများကို ဘာဝနာကိစ္စအတွက် အလုပ်ပေးတရားတော်ကို ဟော ကြားပြသ ပေးရပါမယ်။
အနောတတ္ထရေအိုင်က ရေကို ချိုးလို သောက်လို သုံးလိုပါက မိမိထောက်တည်လို့ရတဲ့ ကမ်းစပ်အနီးမှာပင် စိတ်တိုင်းက ကျေနပ်အောင် ရေချိုးလို့ သုံးသောက်လို့ ရပါတယ်။ ရေအိုင်ရဲ့ အတိမ်အနက်၊ အကျယ်အ၀န်း၊ ရေအိုင်ဖြစ်ပေါ်လာပုံ ရာဇ၀င်ကို သိစရာမလိုပါဘူး၊ လိုရင်းက ရေကို စိတ်ရှိတိုင်း အားရပါးရ သုံးစွဲဖို့ပဲ မဟုတ်ပါလား။

အဲသလိုပါဘဲ ယောဂီများ ဘာဝနာအလုပ် အားထုတ်ကြရာမှာ ဘာဝနာဉာဏ် ဖြစ်ဖို့ကို လိုအပ်သလောက် သိရင် ကိစ္စပြီး ပါတယ်။ သမားဂုဏ် ပြနေစရာမလိုပါ။ ယောဂီရဲ့အလိုနဲ့ စရိုက်ကို မခန့်မှန်းနိုင်တဲ့အတွက် ပုံစံခွက်ထဲက အလုပ်ပေးတရား တွေချည်း မဖြစ်စေဘဲ၊ ပိဋကတ်လာ အလုပ်ေးတရားများကိုလည်း ဟောပြပေးရပါမယ်။ ထေရ၀ါဒနဲ့အညီ စစ်မှန်တဲ့ ဘာနာကိစ္စဖြစ်ရန် အလေးထားကြရပါမယ်။ လမ်းမှန်ပါမှ ရည်မှန်းချက်သို့ တိုက်ရိုက် ရောက်ပါတယ်။ ခရီးလည်းတွင်ပါမှ ဖြစ်ပါတယ်။

ပိဋကတ်ကို မတတ်ဘဲနဲ့ တရားထူးတရားမြတ်တွေကို သိမြင်သွားကြတဲ့ ပုဂ္ဂိုလ်ထူးတွေဟာ စာတတ်သူအရေအတွက်ထက်များပါတယ်။ အဲဒါ ဘာကြောင့်လဲဆိုရင် အားထုတ်နည်းမှန်လို့ပါ။ ဗုဒ္ဓအလိုကျ ထေရ၀ါဒ စစ်စစ်ဖြစ်လို့ပါ။ တရားအားထုတ်သူကို “ယောဂီ”လို့ခေါ်ပါတယ်။ အားမထုတ်ရင်တော့ “ယောဂီ”အတု၊ အင်ယောဂီလို့ ဆိုရမှာပါ။

အားထုတ်ရင်ဘာအကျိုးရလဲ။
အားထုတ်တဲ့ ဘာဝနာဉာဏ်မှသည် ထင်ရှားတဲ့အတိုင်း(ဟုတ်မှန်စွာ) ခန္ဓာရဲ့လက္ခဏာရေး သုံးပါးကို သိတဲ့ ၀ိပဿနာ ဉာဏ်ဖြစ်ပေါ်ကာ ထိုမှတစ်ဆင့်တက် မဂ်ဥာဏ် ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန် ကို မျက်မှောက်ပြုဖို့ အကျိုးအတွက် ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အရှိအတိုင်း ထင်ထင်ရှားရှား ဖြစ်နေတာကို ထင်ရှားခိုက် သိတဲ့ဉာဏ်ဟာ “ယထာဘူတဉာဏ်”ပါပဲ။

ထိုဉာဏ်ဖြစ်ပေါ်ဖို့ဆိုတာ အလိုလိုဖြစ်လာတာ မဟုတ်ပါဘူး။ စနစ်ကျစွာ အားထုတ်ရင်းနဲ့ အားထုတ်ဖန်များလာတဲ့ အတွက် တစ်ဆင့်ချင်း တစ်ရစ်ချင်း ခန္ဓာမှာရှိနေတဲ့ သဘာဝတရားနဲ့ အသိဉာဏ်ပေါင်းစပ်မိပြီး ပွင့်လင်းနိုးကြားတဲ့ အသိမျိုးဖြစ်ပါတယ်။
ထက်မြက်တဲ့ဉာဏ်ကြီးရှင် ခိပ္ပါဘိညပုဂ္ဂိုလ်များကြတော့လည်း တစ်ထိုင်တည်းနဲ့ ဉာဏ်ပွင့် လင်းတတ်ပါတယ်။ ဒါကြောင့် အားထုတ်ပွားများခိုက်မှာ တစ်ဦးနဲ့တစ်ဦး အသိအမြင် ဖြစ်ပေါ်မှုခြင်း မတူတတ်တာကို သိရပါတယ်။

ဗုဒ္ဓဒေသနာအလိုဆိုတဲ့ ထေရ၀ါဒလာ အားထုတ်နည်းများ၊ အာစရိယ ဥပနိဿယ (ဆရာရှင် အားထုတ်ခဲ့တဲ့နည်း) တွေနဲ့အညီ အားထုတ်ကြရင်တော့ “ထေရ၀ါဒ ယောဂီ”ဖြစ် ပါတယ်။ ဆရာသခင်ရဲ့ အားထုတ်ခဲ့တဲ့နည်းဟာလည်း ဗုဒ္ဓဟောခဲ့တဲ့နည်းတွေမှာ အကျုံးဝင် တယ်ဆိုတာ ယောဂီသိနေရပါမယ်။

ရိပ်သာထဲမှာ တရားကို မထားခဲ့ပဲ၊ အိုးမကွာ အိမ်မကွာ နေ့စဉ်လူနေမှုဘ၀ထဲမှာ တရား အားထုတ်လို့ရပါတယ်ဆိုတာ ကိုသိပြီး “ထေရ၀ါဒယောဂီ”ဖြစ်အောင်လည်း ကြိုးစားကြပါလို့ လည်း တိုက်တွန်းပါတယ်၊ ထေရ၀ါဒလာ တရားအားထုတ် နည်းများကို တဆင့်ချင်း ရေးသား သွားပါမယ်။

အရှင်ပညာသီဟာဘိဝံသ
(ပဉ္စနိကာယ်)


Friday, October 25, 2013

ယောနိသောမနသိကာရ၊ စိတ်သက်သာရာ ရစေကြောင်း နည်းလမ်းကောင်းများ


ယောနိသောမနသိကာရ၊ စိတ်သက်သာရာ ရစေကြောင်း နည်းလမ်းကောင်းများ

လူသည် ကျန်းမာ၊ ချမ်းသာ လိုကြသည်။ အလုပ်အကိုင် အဆင်ပြေချင်တာ သဘာဝကျပါသည်။ မဖြစ်ချင်တာ ဖြစ်ရပြီး ဖြစ်ချင်တာ မဖြစ်ရသည့်အခါ စိတ်ပျက်မိ၊ ၀မ်းနည်း မိတာလည်း သဘာဝ ကျပါသည်။ ကိုယ့်ဆန္ဒ မပြည့်သည့်အခါ မဖြုံဘဲ ပျော်ရွှင်နေလို့ မဖြစ်ပါ။ ဆန္ဒမပြည့်ဝ သည့်အခါ ၀မ်းနည်း စိတ်ပျက်ခြင်းသည် သဘာဝ ကျပါသည်။ ထိုအချိန်မျိုးတွင် ထခုန်ကနေသူ ရှိပါက ရူးနေသူ (သို့) တကယ်ဆန္ဒ မရှိသူ၊ ဟန်ဆောင်သူသာ ဖြစ်ပါလိမ့်မည်။

သို့ရာတွင် ပုံမှန်လူသားများ ဆန္ဒမပြည့်သည့်အခါ နှစ်မျိုးနှစ်စား ကွဲပြားစွာ တုံ့ပြန်သည်ကို တွေ့ရပါသည်။
ပထမ အမျိုးအစား (သို့မဟုတ်) ယောနိသောမနသိကာရ ရှိသူမှာ ၀မ်းနည်းသည်။ သို့သော် မပူဆွေးပါ။ စိတ်ပျက်သည်။ စိတ်ဓာတ်မကျပါ။ စိတ်အနှောင့်အယှက် ဖြစ်သည်။ ဒေါသမဖြစ်ပါ။ ဒုတိယ အမျိုးအစား (သို့မဟုတ်) ယောနိသောမနသိကာရ မရှိသူသည် ၀မ်းနည်းရုံမက ပူဆွေးသည်။ စိတ်ပျက်ရုံထက် ပိုမိုပြီး စိတ်ဓာတ် အလွန်အမင်း ကျဆင်းသည်။ စိတ်အနှောင့်အယှက် ဖြစ်ရုံသာမက သာလွန်စွာ မိမိကိုယ် (သို့မဟုတ်) သူတစ်ပါးကို ဒေါသဖြစ်သည်။

ထိုပထမ အမျိုးအစား လူများနှင့် ဒုတိယ အမျိုးအစား လူများ၏ တုံ့ပြန်ခံစားပုံများ တူမယောင်နှင့် ကွဲပြားမှုများ ရှိနေသည်။ အနုအရင့် ကွာသည်။ အတိမ်အနက် ခြားနားသည်။ ပထမ အုပ်စုသည် ၀မ်းနည်းစိတ်ပျက်၊ စိတ်အနှောင့်အယှက် ရှိသော်လည်း ဖြေသာမှု ရှိသည်။ သြော် ဘယ်တတ်နိုင်မလဲဟု တွေးသည်။ ပြီးနောက် ငါဒီအခက်အခဲကို ဘယ်လို ကျော်လွှားရမလဲ။ ဒီဆန္ဒပြည့်အောင် ဘာလုပ်ရင် ကောင်းမလဲဟု အကြံထုတ်သည်။ ပိုမိုကြိုးစားလာသည်။ အပြုသဘော ဆောင်သော တိုးတက်မှုနှင့် ရည်မှန်းချက် ပန်းတိုင်သို့ ဦးတည်ရွေ့လျား၏။

ဒုတိယ အုပ်စုမှာမူ ၀မ်းနည်းရုံထက် သာလွန်သော ဖြည်မဆည် နိုင်အောင် ပူဆွေးမှု ဖြစ်၏။ စိတ်ပျက်ရုံထက် တစ်ဆင့်ပိုသော စိတ်ဓာတ် ကျဆင်း၏။ စိတ်အနှောင့်အယှက် ဖြစ်ရုံမက ပေါက်ကွဲမှု၊ မကျေနပ်မှု၊ ဒေါသများ မိမိကိုယ် အပေါ်တွင် လည်းကောင်း၊ သူတစ်ပါး အပေါ်တွင် လည်းကောင်း ဖြစ်ပေါ်တတ်၏။ ထိုသူများသည် မိမိမူရင်း ဆန္ဒကို ဦးတည်သည့် လမ်းကြောင်းပေါ်မှာ ဆက်လျှောက်လိုစိတ်၊ တိုးတက်မှု ပန်းတိုင်သို့ ကြံစည်အားထုတ်မှုများ ဆိတ်သုဉ်း၏။ အပျက်သဘောသို့ ဦးတည်လေ၏။ မဖြေနိုင်အောင် ဖြစ်၏။ စိတ်ခံစားမှု ဝေဒနာရ၏။

ပထမ အုပ်စုနှင့် ဒုတိယ အုပ်စုသည် ကျန်းမာ၊ ချမ်းသာ အောင်မြင်လိုသော ဆန္ဒချင်း တူသော်လည်း ပထမ အုပ်စု၏ ဆန္ဒသည် အကောင်းတွေသာ ဖြစ်ချင်သည်။ မကောင်းတာ မဖြစ်ချင်။ ဒုတိယ အုပ်စုမှာမူ ထို့ထက်လွန်ကဲပြီး အကောင်းတွေသာ ဖြစ်ရမယ်၊ မကောင်းတာ မဖြစ်ရဘူးဟု တန်ခိုးရှင်ဆန်ဆန် အမိန့်ပေး တောင်းဆိုမှုများ စိတ်သန္တာန်၌ သိမ်မွေ့စွာ ကိန်းအောင်း နေလေသည်။


အထက်ပါ ဆေးခါး နှစ်ခွက်သည် ဖြစ်ရမယ်၊ မဖြစ်ရဘူး ဆိုသော ရောဂါလက္ခဏာအား ဖြစ်ချင်တယ်၊ မဖြစ်ချင်ဘူး ဆိုသော ပုံမှန်လက္ခဏာသို့ ပြောင်းလဲစေပါသည်။ မိမိ မေ့လျော့နေသော လောက၏ အကြောင်းအချက်၊ သဘာဝ၏ အမှန်တရားများအား သတိရစေပါသည်...


ဖြစ်ချင်တယ်၊ မဖြစ်ချင်ဘူးသည် သဘာဝကျ၏။ ဖြစ်ရမယ်၊ မဖြစ်ရဘူး ဆိုသော ဆန္ဒအဆင့်မှာ ပြင်းပြလာပြီး အမိန့်ပေး တောင်းဆိုမှု ဆန်ဆန် ဖြစ်ပေါ်လာလေ၏။ မိမိ၌ ဖြစ်ချင်သော (သို့မဟုတ်) မဖြစ်ချင်သောဆန္ဒ တစ်ခုရှိသည် ဆိုပါစို့။ ၎င်းဆန္ဒသည် တစ်သမတ်တည်း ရှိသည်မဟုတ်။ တစ်ချိန်ချိန်တွင် အားပျော့ပြီး တစ်ချိန်ချိန်တွင် အားပြင်းလာသည်။ ဆန္ဒပြင်းပြခြင်းသည် တက်ကြွမှု၊ ကြိုးစားမှုကို ဖြစ်စေသည်။ သို့သော် ဖြစ်ချင်တာမှန်သမျှ ဖြစ်ရမယ်၊ မဖြစ်ချင်တာတွေ မဖြစ်ရဘူး ဟူသော စိတ်ပေါ်ပေါက်လျှင် ယောနိသောမနသိကာရ ပျက်စီးလေ၏။ အစိုးမရခြင်း အနတ္တကို ဖီလာဆန့်ကျင်၏။ ထို့အတွက် အဆင်မပြေသော ရလဒ်ထွက်သည့်အခါ ၀မ်းနည်းရုံမက ပူဆွေးလေ၏။

စိတ်အနှောင့်အယှက် ဖြစ်ခြင်းမှ ကင်းဝေးရမည့်အစား ဒေါသထွက်လေ၏။ သြော် ဘယ်တတ်နိုင်မလဲဟု မဖြေနိုင်ဘဲ ဖြစ်ရလေခြင်းဟု ခံစားလေ၏။ ထိုမတရား ဆန္ဒလွန်လာပြီး ရင်ထဲ၌ မိမိဖြစ်ချင်တာ (သို့မဟုတ်) မဖြစ်ချင်တာကို အမိန့်ပေး တောင်းဆိုမှု ကိန်းထားသော ထိုလူအုပ်စုသည် အဆင်မပြေ ရလဒ်နှင့် ကြုံရသည့်အခါ မိမိတို့ကိုယ်၌ ထိုသို့ သဘာဝလွန် ဆန္ဒပြင်းများ ကိန်းဝပ်နေသည်ကို မသိပါ။ ထိုအချိန်၌ ထင်ရှားစွာ ဖြစ်ပေါ်နေသည်က စိတ်ဓာတ် ကျဆင်းသော စိတ်များ၊ ပူဆွေးမှုများနှင့် တစ်ခါတစ်ရံ ဒေါသကြမ်းများသာ ဖြစ်သည်။ သူတို့၏ အတွေးများသည်လည်း အဆိုးမြင်လာ၏။ အပြုအမူ များသည်လည်း အဖျက်သဘော ဆောင်လာ၏။ သူတို့၏ မူလဆန္ဒ၊ ပန်းတိုင်မှ ဝေးကွာရာသို့သာ ရွေ့လျား လေတော့သည်။

ထိုသို့ ပြင်းပြသော စိတ်ခံစားချက် အဆိုးများ၏ တရားခံကား ရင်ထဲ၌ ကိန်းနေသော အစွန်းရောက်အောင် မြှင့်တင်ထားသော ဖြစ်ရမယ်၊ မဖြစ်ရဘူး တောင်းဆိုမှုများ ဖြစ်နေသည်ကို လုံးဝမမြင်တတ်ပါ။ ထိုသူတို့ကို တည့်မတ်ပေးရန် ဆေးကား နှစ်မျိုးရှိ၏။ ဆေးကား ခါးပါ၏။ သို့သော် ဤဆေးခါးကို မသုံးစွဲပါက ရင်ထဲက တရားခံ ဖြစ်ရမယ်၊ မဖြစ်ရဘူး ဟူသော တန်ခိုးရှင်၊ အာဏာရှင်၊ ဆန္ဒများ မပျောက်ပါ။ ၎င်းတန်ခိုးရှင်၊ အာဏာရှင် ဆန္ဒများနှင့် အဆင်မပြေ ရလဒ်နှစ်ခု ပူးပေါင်းရန် မွေးဖွားလာသော စိတ်ဓာတ်ကျမှု၊ ဒေါသကြီးမှုများလည်း ပျောက်ရန်မရှိပါ။

ယခုဆေးခါး နှစ်ခွက် နမူနာပြ၍ တိုက်ပါမည်။
(၁) ခင်ဗျား/ငါ စာမေးပွဲ အောင်ရမယ်လို့ ဘယ်ဥပဒေ ပြဋ္ဌာန်းထားလဲ၊ ခင်ဗျား/ ငါ လိုချင်တဲ့ အလုပ်အမြဲ ရရမယ်လို့ ဘယ်ဘုရားက ဟောထားလဲ၊ ခင်ဗျား/ငါ ကို လူတွေက အမြဲချစ်ခင် ရိုသေရမယ်လို့ ဘယ်မှာ ကျောက်ထက် အက္ခရာ တင်ထားလဲ၊ ကိုယ်ဖြစ်ချင်တာ ဖြစ်ရမယ်လို့ ဘယ်သူပြောလဲ၊ ခင်ဗျား/ငါ ကြီးတော် မသေရဘူးလို့ ဘယ်တန်ခိုးရှင်က အမိန့်ထုတ်ထားလဲ၊ ခင်ဗျားချစ်သူက ခင်ဗျားကို အမြဲချစ်နေ ရမယ်လို့ ဘယ်မှာ ဥပဒေ ပြဋ္ဌာန်းထားလဲ။

(၂) လူဆိုတာ သေမျိုးဆိုတာ မသိဘူးလား၊ လူမှန်ရင် ရောဂါဖြစ်တတ်တယ် ဆိုတာ မေ့နေလား၊ လောကဓံဆိုတာ လောကထဲမှာ နေတဲ့သူတွေ မလွဲမသွေ ကြုံရတယ်ဆိုတဲ့ အမှန်တရားကို မေ့နေရပြီလား။ လောကရဲ့ အဖြစ်အပျက်နဲ့ အချက်အလက်တွေကို ဘာလို့ မေ့ချင်ယောင် ဆောင်ရသလဲ။

အထက်ပါ ဆေးခါး နှစ်ခွက်သည် ဖြစ်ရမယ်၊ မဖြစ်ရဘူး ဆိုသော ရောဂါလက္ခဏာအား ဖြစ်ချင်တယ်၊ မဖြစ်ချင်ဘူး ဆိုသော ပုံမှန်လက္ခဏာသို့ ပြောင်းလဲစေပါသည်။ မိမိ မေ့လျော့နေသော လောက၏ အကြောင်းအချက်၊ သဘာဝ၏ အမှန်တရားများအား သတိရစေပါသည်။ မိမိကိုယ်ကိုယ် အဆင်မပြေသည့် ရလဒ်နှင့်အညီ ဆေးဖော် သောက်ကြပါလေ။

ဒေါက်တာဝင့်မော် (UK)
http://www.first-11.com  

Thursday, October 24, 2013

ဒီဘဝ ဒီချစ်သူ - ဟိုဘဝ ဟိုချစ်သူ


“ဒီဘဝ ဒီချစ်သူ - ဟိုဘဝ ဟိုချစ်သူ”


          နောက်ပိုင်းအတွက်စိတ်ချပြီး သေတဲ့သူနဲ့ စိတ်မချပဲသေတဲ့သူ ဘယ်သူပိုများလဲ။ မိသားစုအတွက် စိတ်ပူ ပင်သူကလည်း (နင်တို့ ငါမရှိ မဖြစ်ဘူး) ပေါ့လေ။ ဇနီးမယားအတွက် စိတ်မချရသူကလည်း(ငါမရှိတော့ရင် ငါ့မိန်းမတော့ ကလေးတစ်အုပ်နဲ့ ဒုက္ခရောက်ပြီထင်ပါရဲ့)-ပေါ့။ ချစ်သူရည်းစားအတွက် နောက်ဆံတင်းသူက လည်း (ငါမရှိရင် သူကလေး ဘယ်လိုများနေရှာမလဲ။ ငါ့ကိုများ အမြဲသတိရနေမလား) ပေါ့။


         ဒါကသွားလေသူရဲ့စိတ်အထင်ပါ။ ကျန်ရစ်သူတွေကြည့်လိုက်တော့ အနေအထားကတစ်မျိုး။ အစတုန်းက တော့ တစ်ယောက်နဲ့တစ်ယောက် အသက်ပေးပြီးချစ်သတဲ့။ အသက်ကိုတောင် စွန့်ရဲသတဲ့။ (အချစ်အ တွက်နဲ့ အသက်ပင်သေသေ- သီချင်းကိုတောင် အော်ဆိုလိုက်ကြသေးတယ်။ )။ အောက်ချင်းငှက်ဖို ငှက်မ ကို အားကျလို့လား။ ရှင်မွေးလွန်း, မင်းနန္ဒတို့လို ရဇာဝင်မှာ စာတင်ခံချင်လို့လား။ ရိုမီယိုနဲ့ ဂျူးလိယက်ကိုပဲ အထင်ကြီးလို့လား။ တစ်ယောက်သေရင် နောက်ကလိုက်သေရဲတယ်ဆိုတဲ့စကား။ လက်တွေ့နဲ့ကတော့ တခြားစီ။ လောကီထုပ္ပတ်လူတို့ဇာတ်မှာ ဖြစ်ရပ်တွေက လည်းအမျိုးမျိုး။


          မိဘတွေသဘောမတူလို့ စိတ်ညစ်နေတဲ့ချစ်သူနှစ်ယောက်။ (ဒီဘဝမပေါင်းရရင် နောင်တမလွန်မှာဆုံကြ စို့)- ဆိုပြီး အဆိုတင်သွင်းသူက ချစ်သူကောင်ကလေး။ ထောက်ခံအတည်ပြုပြီး လက်တွေ့အကောင်အထည်ဖော်ခဲ့သူက ချစ်သူကောင်မလေး။ မျက်စိစုံမှိတ်ပြီး ချောက်ကမ်းပါးထိပ်ကနေ ခုန်အချ။ (သူ့အလှည်ပြီးရင် ကောင်လေးက နောက်ကလိုက်လာလိမ့်မယ် အထင်နဲ့ပေါ့)။ ဒါပေမယ့် အဲဒီကလေးမ ချောက်ကမ်းပါးအောက်မှာ အသက်ပျောက်နေတဲ့အချိန်။ ကြောက်လန့်တကြားနဲ့ ရွာဘက်လှည်းပြေးသွားတဲ့ ကောင်လေးကို ကလေးမရဲ့ဝိညာဉ်က တအံ့တဩလှမ်းကြည့်ရင်း (သေချင်းဆိုး ငါကတော့ အဟုတ်မှတ်လို့)-ဆိုပြီး ကျိန်ဆဲနေမှာသေချာတယ်။ ဒီလိုမှန်းသိရင် အစကတည်းက ကောင်လေးရဲ့လက်ကိုဆွဲပြီး တပြိုင်တည်း ခုန်ချခဲ့ပါရဲ့။ ကောင်းလေရဲ့လုပ်ရပ် မှားသလား, မှန်သလား။ တစ်ကိုယ်ကောင်းဆန်တယ်-ဆိုပြီး အပြစ်တင်မလား။ သတ္တိမရှိဘူး-ဆိုပြီး ကဲ့ရဲ့ရှုတ်ချမလား။


          ကောသလမင်းကြီးက သူ့မိဖုရားမလ္လိကာကို (ဟဲ့-မိဖုရားကြီး သင်ဘယ်သူ့ကို အချစ်ဆုံးလဲ)- လို့မေးတယ်။ အရှင်မင်းကြီးကို အချစ်ဆုံးပါလို့ ပြောလိမ့်မယ်ထင်နေတာ။ ဘယ်ကလာ။ ကြားလိုက်ရတဲ့အဖြေစကားက ထင်ထားတာနဲ့တခြားစီ။ (မိမိကိုယ်ကိုသာ အချစ်ဆုံးပါ)-တဲ့။ ဘုရားရှင်ကလည်း ဒီအဖြေကိုထောက်ခံ တယ်။ “နတ္ထိ အတ္တသမံ ပေမံ” - မိမိနှင့်တန်းတူထား၍ ချစ်အပ်သောသူမည်သည်မရှိ-တဲ့။


          ကာတွန်းလေးတစ်ပုဒ်ဖတ်ဖူးတယ်…

          (မိန်းမ)- ရှင်နဲ့ပေါင်းနေရတာ စိတ်ညစ်တယ်။ ကျွန်မသေသွားရင် ကောင်းမယ်။

         (ယောက်ျား)- အေး ငါလည်းသေသွားရင်ကောင်းမယ်။

         (မိန်းမ)- ဟင် ဒါဆို ကျွန်မ မသေတော့ဘူး။ ရှင်ပဲသေတော့။


          လောကလူသားအားလုံး မိမိကိုယ်ကိုသာ မိမိအချစ်ဆုံး။ တစ်လောကလုံးမှာ ကိုယ့်ထက်ပိုပြီး ချစ်ရမယ့်လူဆိုတာ ဘယ်သူမှမရှိနိုင်။ ကျွန်ုပ်ကိုယ်တိုင်လည်း (ငါ့မှာ- တခြားညီအစ်ကိုတွေလို သံယောဇဉ်တွယ်စရာမရှိ။ ငါ အမေ့ကိုအချစ်ဆုံးပဲ။ အမေမရှိတော့ရင် ငါဘယ်လိုများနေခဲ့ရပါ့။ အမေနဲ့အတူ လိုက်သေမိလိမ့်မယ်ထင်ပါရဲ့)-လို့တောင် အတွေးလွန်ခဲ့မိတဲ့ ကျွန်ုပ်။ အမေဆုံးတော့လည်း ပူလိုက်တဲ့ရင်, လောင်လိုက်တဲ့မီး, ကြီးလိုက်တဲ့ဒုက္ခ, သောကပင်လယ်ဝေခဲ့ ရတဲ့ကျွန်ုပ်။ အဟုတ်တကယ် (မိဘများ မရှိတော့ရင်) ဆိုတဲ့အတွေးက ဟို-ငယ်စဉ်ဘဝကတည်းက။ ဒါမျိုးက တခြားသူများမှာလည်း ဖြစ်တတ်တဲ့ အတွေးမျိုးပါ။ ကျွန်ုပ်ကျကာမှ ထူးထူးခြားခြား ဖြစ်ပေါ်လာတာမျိုး လည်းမဟုတ်။ အခုဆို အဖေဆုံးတာ (၁၈)နှစ်။ အမေဆုံးတာက (၂) နှစ်ပြည့်တော့မယ်။ ရွာရောက်တိုင်း အမေ့အုတ်ဂူပေါ် နှင်းဆီပန်းလေးတွေ သွားတင်တာကလွဲလို့, (အဖေအမေတို့အတွက် ကုသိုလ်ပြု အမျှဝေ တာကလွဲလို့) အရာအားလုံးဟာ မေ့မေ့ပျောက်ပျောက်ပါပဲ။ တစ်ခါတလေ အကြောင်းတိုင်ဆိုင်မှပဲ အမေအဖေတို့ကို သတိရမိတယ်။ ဘယ်သူမဆို ရေစက်ရှိလို့သာ ဒီဘဝမှာ လာဆုံကြတာ။ နောက်ဘဝ ထပ်ကြုံဖို့က မလွယ်။ ဒီဘဝ ဒီမိဘ, နောက်ဘဝ နောက်မိဘ။ ဒီဘဝ ဒီချစ်သူ, နောက်ဘဝ နောက်ချစ်သူ။


         အသကမင်းကြီးကိုကြည့်။ ဥပရိဒေဝီ-အမည်ရှိ မိဖုရားကြီးရဲ့ရုပ်အလောင်းကို မှန်အခေါင်းထဲထည့်ပြီး ရှိုက် ကြီတငင်နဲ့ ငိုကြွေးနေလိုက်တာ။ မိဖုရားကြီးကတော့ ဘဝသစ်မှာ ချစ်သူအသစ်နဲ့ပျော်လို့။ (အသကမင်း ကြီးရဲ့ လည်ချောင်းသွေးကိုဖောက်ပြီး ချစ်လင်နွားချေးပိုးဖိုရဲ့ ခြေထောက်ကိုတောင် ဆေးလိုက်ချင်သတဲ့)။ အဲဒါ မိဖုရားကြီးတဖြစ်လဲ နွားချေးပိုးမကြီးရဲ့စကား။ အသကမင်းကြီးသာ ကြားလိုက်ရရင် ပလ္လင်ပေါ်ကနေ ကျွမ်းဆယ်ပတ်လောက်တောင် ပစ်ကျသွားနိုင်တယ်။ နောက်ဆုံး အကြောင်းစုံလည်းသိရော ရုပ်အလောင်း ကိုဆွဲထုတ်, မှန်အခေါင်းကိုရိုက်ခွဲ, နည်းနည်းလေးမှကို သည်းမခံနိုင်တော့ပါလား။


         အဆိုတော်တစ်ယောက်က (ချစ်သူရဲ့အုတ်ဂူပေါ် ထီးလေးမိုး ပေးထားတယ်။ မိုးတွေလည်း တအားမရွာ လိုက်ပါနဲ့။ အုတ်ဂူထဲက အိပ်ပျော်တဲ့ ချစ်သူလေး နိုးသွားမှာစိုးလို့ပါ)-တဲ့။ နောက်တစ်ယောက်ကလည်း (ချစ်သူ ရဲ့အလောင်းလေးမှာ ပန်းကလေးတွေ ကြဲပေးထားတယ်။ ပန်းလေးတွေကြားမှာ အိပ်စက်အနားယူ နေတဲ့ ချစ်မမနဲ့ ပန်းကလေးတွေ ဘယ်သူကပိုလှသလဲ-ဆိုတာ ဝေခွဲလို့မရတော့ဘူး)-တဲ့။


          “ဗုဒ္ဓဘုရားက- ဟောလေသည်မှာ -လူတိုင်းဟာအရူး” ဆိုတာ အဲဒါပဲ။ ပုထုဇ္ဇနော ဥမ္မတ္တကော-ထဲက လွတ် တဲ့ပုဂ္ဂိုလ်မှမရှိတာ။ အသက်ရှင်စဉ်က ချစ်ခဲ့ရတာအားမရလို့ အလောင်းကောင်ဘဝရောက်တဲ့အထိ ချစ် စိတ်တွေက ဖျောက်လို့မရ။ ရုပ်အလောင်းကြီး အိမ်မှာယူထားပါလား-ဆိုတော့လည်း ကြောက်လို့၊ နောက်ကလိုက်သွားပါလား-ဆိုတော့လည်း မလိုက်ရဲ့။ အဖြစ်သည်းလိုက်ကြပုံများ။ 

Wednesday, October 23, 2013

နှောင်ကြိုး

နှောင်ကြိုး

သူတော်ကောင်းတို့-
ကမ္ဘာလောကကြီးမှာ သွားလာနေထိုင် ကျက်စားနေကြတဲ့ သတ္တ၀ါတိုင်းဟာ မိမိတို့ဆိုင်ရာ အနှောင်အဖွဲ့လေးတွေ ကိုယ်စီရှိကြပါတယ်..၊ အဲဒီအနှောင်အဖွဲ့လေးတွေကို ဘယ်သူပြုလုပ် ပေးကြသလဲဆိုလို့ရှိရင် ကိုယ်ကိုယ်တိုင်ပဲပြုလုပ်ကြတာဖြစ်ပါတယ်၊ မိမိပြုလုပ်တဲ့ အဲဒီအနှောင် အဖွဲ့ နှောင်ကြိုးလေးတွေထဲက ဘယ်သူမှလွတ်အောင် မရုန်းနိုင်ကြဘူး။

 ဥပမာနဲ့ပြောရမယ်ဆိုရင် ပင့်ကူကလေးတွေဟာ ပင့်ကူအိမ်ကို (ပိုက်ကွန်ကို) သူတို့ကိုယ်တိုင် သူတို့ရဲ့အမျှင်တွေနဲ့ ဖွဲ့စည်းပြုလုပ်ကြတယ်။ မိမိပြုလုပ်တဲ့ ပိုက်ကွန်ကနေ မရုန်းထွက်နိုင်ဘဲ အပေါ်ရောက်အောက်ရောက်နဲ့ လှည့်ပတ်ပြီးတော့သာ အချိန်ကုန်နေတယ်။ နောက်ဆုံးတော့ ဘေးအန္တရာယ်တွေနဲ့တွေ့ပြီး ပင့်ကူချည်မျှင် ပိုက်ကွန်ထဲမှာပဲ ဘ၀ဆုံးခဲ့ကြရတယ်။ ဒါကြောင့်မို့ နှောင်ကြိုးလေးတွေဖြတ်နိုင်အောင် သူတော်စင်တို့ ကြိုးစားကြရမယ်..။ သံယောဇဉ်ဆိုတာ သံယောဇန-လို့ခေါ်တဲ့ ပါဠိပုဒ်ကလာတဲ့ ပါဠိသက်စကားပဲ ဖြစ်ပါတယ်။ကိုးကဲ့သို့ နှောင်ဖွဲ့အပ်သောတရား (နှောင်ကြိုး)လို့ပဲ မှတ်ထားလိုက်ပါ။ ဘာတွေကို နှောင်ဖွဲ့သလဲဆိုရင် သံသရာဝဋ်ကမလွတ်နိုင်အောင် ဇနီးမယား သမိးသားနဲ့ စီးပွားဥစ္စာတွေပေါ်မှာ စွဲလန်းမှုတဏှာနဲ့ နှောင်ဖွဲ့တာပါပဲ..။

ဒီနေရာမှာ သံယောဇဉ်ဆယ်မျိုးထဲမှာပါတဲ့ ကာမရာဂသံယောဇဉ်ကိုပဲ ရှင်းပြပါမယ်။ ကာမရာဂ ဆိုတာ နှစ်သက်စွဲလန်းစရာကောင်းတဲ့ အာရုံလေးတွေကို တွယ်တာမက်မောနေတယ်လို့ အဓိပ္ပါယ် ရပါတယ်။ ဒါကြောင့် သံယောဇဉ်ကြိုးလေးတွေကို ဖြတ်ဖို့ဆိုတာ လွယ်လွယ်လေးတော့ ရမှာမဟုတ်ပါဘူး။ သံယောဇဉ်နှောင်ကြိုးလေးတွေကို ဖြတ်နိုင်ဖို့ဆိုတာ ပါရမီဥာဏ် သံဝေဂဥာဏ် ရင့်သန်ဖို့ လိုအပ်ပါတယ်။ သံဝေဂဥာဏ်မရမချင်း လူတိုင်းလူတိုင်းဟာ ကာမဂုဏ်အာရုံထဲမှာပဲ ပျော်မွေ့နေကြပါတယ်…။

နှောင်ကြိုးတွေထဲက လွတ်ချင်စိတ်လုံးဝမရှိတော့ဘူး..။ကိုယ့်ကိုယ်ကိုလည်း နှောင်ကြိုးတွေထဲမှာ မိနေပါလားလို့ သတိမထားမိတော့ဘူး။ သံဝေဂဥာဏ်ပါရမီဥာဏ်တွေရင့်သန်လာပြီ ဆိုရင်တော့ အာရုံငါးပါးကာမဂုဏ်တရားတွေကို မမက်မောတော့ဘူး၊ မတွယ်တာတော့ဘူး။ ဒါ့ကြောင့် သံဝေဇနိယေသု ဌာနေသု သံဝေဂေါ နာမ ဘ၀ိတဗ္ဗော လို့ မြတ်ဗုဒ္ဓ ဟောကြားခဲ့ခြင်းဖြစ်တယ်။ အဓိပ္ပာယ်ကတော့ သံဝေဂဖြစ်ထိုက်တဲ့အကြောင်းတွေနဲ့ တွေ့လာရင် ကြောက်ရွံ့ထိတ်လန့် သံဝေဂဥာဏ် ဖြစ်အောင် ကြိုးစားရမယ်။ မဃဒေ၀မင်းကြီးဟာ ဆံဖြူတစ်ပင်မိမိခေါင်းမှာတွေ့တာနဲ့ ငါကိုသေမင်းသတိပေးနေပြီ ဟုသံဝေဂရပြီး တောထွက်ပြီး တရားအားထုတ်ခဲ့ပါတယ်။ အဲဒါမျိုးကို သံဝေဂဥာဏ်လို့ ခေါ်တာပါပဲ။

ဒါ့ကြောင့် သူတော်စင်တို့တတွေ သတိသံဝေဂဥာဏ်လေးတွေ ဖြစ်ပေါ်လာအောင် မြတ်ဗုဒ္ဓက ပိဋကတ်သုံးပုံမှာ ဥပမာများစွာပေးပြီး ဟောထားတာတွေရှိပါတယ်။ အဲဒီ ဥပမာများစွာထဲက ငှက်တွေနဲ့ ဥပမာပေးပြီးဟောကြားထားတာရှိပါတယ်။ ဒီအကြောင်းလေးတွေကို ရှင်းပြပါရစေ..။
အာကာဝေဟင် ထက်ကောင်းကင်မှာ ပျော်ကာကျက်စား ပျံဝဲသွားလာနေကြတဲ့ ငှက်ကလေးတွေကို လေးမျိုးလေးစားခွဲလိုက်မယ်။

ပထမအမျိုးအစားငှက်တွေကတော့ ဥခွံအတွင်းပေါက်ခါစ အရွယ်မှစ၍ ကြီးပြင်းလာပြီး သေဆုံးသည့်တိုင်ကာလအောင် နှောင်အိမ်ထဲမှာပဲ နေသွားရတဲ့ငှက်တွေပါပဲ..။ ဒီငှက်တွေက တစ်ဘ၀လုံးလုံး လွတ်လွတ်လပ်လပ်နေမသွားရရှာဘူး အချုပ်အခြယ်နှောင်အိမ်ထဲမှာပဲ စိတ်မွန်းကြပ်စွာ နေသွားရတဲ့ ငှက်တွေပါ။

ဒုတိယငှက်အမျိုးအစားတွေကတော့ ငယ်ရွယ်ချိန်မှာ နှောင်အိမ်ထဲမှာနေရပြီး အရွယ်ရောက်လာတဲ့ အခါ နှောင်အိမ်မှ လွတ်မြောက်အောင် ကံ,ဥာဏ်,၀ီရိယတွေနဲ့ ကြိုးစားမှုကြောင့် ဘ၀နှောင်အိမ်က လွတ်မြောက်သွားတဲ့ ငှက်ကလေးတွေလို့ မှတ်သားထားပါ။

တတိယအမျိုးအစားငှက်တွေကတော့ ငယ်ရွယ်ချိန်မှာ နှောင်အိမ်ထဲမှာမနေရဘဲ လွတ်လွတ်လပ်လပ် ပျံသန်းသွားလာနေထိုင်ရပါတယ်။ အသက်အရွယ် အိုမင်းလာတဲ့အခါကြမှ မုဆိုးထောင်ချောက် နှောင်အိမ်ထဲမှာ ဖမ်းမိခံရပြီး ဘ၀နိဂုံး ချုပ်သွားရတဲ့ ငှက်ကလေးတွေလို့ မှတ်ပါ…။

နောက်ဆုံးစတုတ္ထအမျိုးအစားငှက်တွေကတော့ ငယ်ရွယ်စဉ်အခါတုန်းကစ၍ အသက်အရွယ် အိုမင်းသည့်ကာလတိုင်အောင် နှောင်အိမ်ထဲမှာ မနေရဘဲ ကောင်းကင်ပြင်မှာ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး ချမ်းမြေ့စွာ ပျံသန်းသွားလာနိုင်တဲ့ ငှက်ကလေးတွေပါ။ ဒီငှက်အမျိုးအစားကတော့ အကောင်းဆုံးပါပဲ။

အထက်ကဖော်ပြခဲ့တဲ့ ငှက်အမျိုးအစားတွေလိုပဲ ကမ္ဘာလောကကြီးမှာ နေထိုင်ကြတဲ့လူသားတွေ လည်း လေးမျိုးလေးစားရှိကြပါတယ်-ပထမအမျိုးအစားလူတွေက ဘယ်လိုလူတွေလဲဆိုရင် ငယ်ရွယ်ချိန်မှစပြီး မိဘ,ညီ,အစ်ကိုမောင်နှမဆွေမျိုး သူငယ်ချင်းအပေါင်းအသင်း ချစ်သူတွေနဲ့ ချစ်ခြင်းတွေဖလှယ်ကာ ပျော်မွေ့ကာ ကာမအာရုံတွေထဲမှာ အနှောင်အဖွဲ့ခံနေရပါတယ်။ အရွယ်ရောက်လာတော့လည်း ချစ်ရတဲ့သူတွေနဲ့ချစ်ရ၊ နောက်ပြီးတော့ မယားချစ်,သားချစ်,မြေးချစ်, မြစ်ချစ်စသဖြင့် အချစ်ထဲကကို မလွတ်နိုင်ဘဲ အချစ်တွေပတ်လည်ဝိုင်း အချစ်တွေနဲ့နှောင်ဖွဲ့ခံရပြီး အဲဒီအချစ်ဆိုတဲ့ သံယောဇဉ်ကြိုးတွေကနေ မလွတ်နိုင်ဘဲ တစ်ဘ၀တာ အချိန်ကုန်ခဲ့ရပါတယ်။

ဒါကြောင့် ဒီလိုအချစ်တွေနဲ့ အနှောင်ဖွဲ့ခံရပြီး ဘ၀နိဂုံးချုပ်သွားတဲ့သူတွေ ဟောဒီသတ္တလောကကြီး ထဲမှာ အများကြီး မရေမတွက်နိုင်လောက်အောင် များပြားလှပါတယ်။ ဒါကြောင့် အချစ်ဆိုတာ ဘာနဲ့တူသလဲဆိုရင် အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက “အချစ်အချစ် ၊ ချစ်တိုင်းချစ်၍ ၊ ချစ်လေချစ်လေ ၊ ချစ်မပြေတည်း ၊ ဆားငန်ရေနောက် ၊ငတ်တိုင်းသောက်က ၊ သောက်လေ သောက်လေ ၊ ငတ်မပြေသို့ ၊ ပေမအရာ ၊ တဏှာဖွဲ့ရစ် ၊ ထိုအချစ်လည်း ၊ချစ်လျှင်ပျော်နိုး ၊ ချစ်စ်ပျိုးသည် ၊ ချစ်ရိုးချစ်စဉ် ချစ်လမ်းတည်း”ဟု ရေးသားခဲ့ပါတယ်။

အချစ်ဆိုတာ ဘာနဲ့တူသလဲဆိုရင် ဆားငန်ရေနဲ့တူတယ်။ ဆားငန်ရေဆိုတာ ငတ်လို့သောက်ရင် မ၀နိုင်ဘဲ သောက်လေသောက်လေ ငတ်မပြေဖြစ်ရပါတယ်။ အချစ်ဆိုတာဟာလည်း ချစ်မိရင် ချစ်လို့ပင်မ၀နိုင်အောင် ၊ ချစ်လေချစ်လေ ချစ်မပြေဖြစ်ရပါတယ်။ ဒါကြောင့် အဲဒီအချစ်တွေနဲ့သာ ဘ၀တစ်ခုကို ကုန်ဆုံးသွားရင် ဘ၀ဟာ သံသရာအတွက် ကုသိုလ်ရေးဓမ္မအရေးတွေကို မလုပ်လိုက်ရလို့ တန်ဘိုးမရှိတဲ့ဘ၀ အနှစ်သာရမရှိတဲ့ဘ၀ ဖြစ်သွားရမှာပါပဲ။

တန်ဘိုးရှိတဲ့ဘ၀ဖြစ်အောင် ကုသိုလ်အလုပ်တွေကို ကြိုးစားပြုလုပ်ရပါမယ်။ အခုပြောပြီးတဲ့ ပထမလူအမျိုးအစားတွေက ငယ်ရွယ်စဉ်မှ သေသည့်ကာလတိုင်အောင် အချစ်ဆိုတဲ့ ကာမဂုဏ် အနှောင်အဖွဲ့တွေနဲ့ နှောင်ဖွဲ့ခံရပြီး ဘ၀နိဂုံးချုပ်လို့ ပထမငှက်အမျိုးအစားနဲ့ တူတယ်လို့မှတ်ပါ။

ဒုတိယအမျိုးအစားလူတွေကတော့ ငယ်ရွယ်စဉ်မှာ သံယောဇဉ်ကြိုးတွေ အနှောင်ဖွဲ့ခံရပြီး အသက်အရွယ်ကြီးလာတဲ့အခါမှာ သတိသံဝေဂတွေရပြီး ကာမဂုဏ်အာရုံတွေကို စွန့်ခွာ အမျိုးသားဆိုရင်လည်း မြင့်မြတ်သောရဟန်းဘောင်သို့ အမျိုးသမီးတွေဆိုရင်လည်း သီလရှင်၊ ယောဂီဘ၀သို့ ကူးပြောင်းကာ ပရိယတ် ပဋိပတ်တရားတွေကို ကြိုးစားနာယူမှတ်သားပြီး တရားအားထုတ်လို့ ငြိမ်းချမ်းမှုရသွားတဲ့သူတွေပေါ့..။ သူတို့တွေဟာ သာသနာ့ဘောင် ရောက်တဲ့အခါ သံယောဇဉ်အနှောင်အဖွဲ့တွေကို ကြိုးစားဖြတ်တောက်ပြီး ဘ၀တစ်ခုကို ဓမ္မဖြင့် အေးချမ်းစွာ နေထိုင်ပြီး နိဂုံးချုပ်သွားတဲ့အတွက် ငယ်ရွယ်စဉ်မှာ အနှောင်အဖွဲ့ခံရသော်လည်း အသက်ကြီးတဲ့အခါမှာ အနှောင်အဖွဲ့တွေက လွတ်သွားလို့ ဒုတိယငှက်အမျိုးအစားနဲ့တူတဲ့ သူတွေပါပဲ…။

နောက်တတိယအမျိုးအစားလူတွေကတော့ ငယ်ရွယ်စဉ်အချိန်ကစ၍ သံယောဇဉ် အနှောင်အဖွဲ့ ကင်းရာ သာသနာ့ဘောင်မှာ ပျော်ရွင်စွာ နေထိုင်ပြီး ပရိယတ်စာပေတွေကို ကြိုးစား သင်ယူ ကြပါတယ်..။ နောက်အရွယ်ရောက်လာတော့ ပျိုမြစ်နုနယ်လှသွေးကြွယ်တဲ့ ရူပါရုံရှင် မိန်းမပျိုလေးတွေရဲ့ ၀ိသဘာဂအာရုံတွေကို စက္ခုနြေ္ဒမစောင့်စည်းပဲကြည့်မိပြီး တပ်မက်စွဲလမ်း သွားတယ်…။ စိတ်ကိုဆုံးမနိုင်စွမ်း မရှိတော့ဘဲ စိတ်အလိုလိုက်ကာ လူ့ဘောင်လောကကို ပြန်လည်ကူးပြောင်းသွားခဲ့ကြတယ်။ နောက်တော့ အိမ်ရာတည်ထောင်လူတို့ဘောင်ထဲမှာဘဲ ဇနီးမယားသမီးသားတွေနဲ့ အနှောင်ဖွဲ့ခံသွားရပါတယ်။ အဲဒီသူတွေကတော့ ရဟန်းလူထွက် (ဘုန်းကြီးလူထွက်) သီလရှင်လူထွက်တွေပဲ ဖြစ်ပါတယ်..။

ငယ်ငယ်တုန်းကတော့ အနှောင်အဖွဲ့တွေ လွတ်လို့ နောက်မှသံယောဇဉ်အနှောင်အဖွဲ့တွေခံရပြီး မလှုပ်နိုင် ရုံးမထွက်နိုင်ဘဲ ဘ၀ကို ကာမဂုဏ်ရေယဉ်ကြော အမျှောခံကြတဲ့သူတွေပဲ ဖြစ်ပါတယ်။
ဘုန်းကြီးလူထွက်၊ သီလရှင်လူထွက်တွေကိုတော့ အပြစ်ပြောလို့ မဖြစ်ဘူးထင်မိတယ်..။
ကာမဘုံသားသတ္တ၀ါတွေဆိုတော့ ကာမအာရုံကိုခုံမင်မက်မောတာ သဘာဝတရားဖြစ်နေလို့ပါပဲ။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ပါရမီကုန်သွားတယ်လို့ပဲ ပြောမှ သင့်တော်ပါလိမ့်မယ်။ ပုထုဇဉ်လူတွေဟာ ကာမဂုဏ်တရားတွေရဲ့ ဆွဲဆောင်မှု ခံရပြီဆိုရင် ကာမဂုဏ်ရေယဉ်ကြောမှာ မျောသွားရတဲ့ လူတွေကများပါတယ်..။ ဒါ့ကြောင့် အသက်ကြီးမှ လူထွက်သွားတဲ့ ငှက်ပစ်တောင် ဆရာတော်ကြီးက--

”ပုထုဇဉ်ဓလေ့ မတွေ့မှရွံတယ်
တွေ့မိလျှင်ခင်တွယ် တကယ်ပင်အမြဲ
မြာအလှ၌ သူမွေ့လျှင် ဘိက္ခုပင်ထွက်လိမ့်မမြဲ
ကိလေသာရှိသူမှန်လျှင် ထိမခံလွယ်မြဲ
ငြိပြန်လျှင် တပ်စွဲကာမို့ ဖယ်လို့လည်းမရပေါင်
ဝီစိဆိုလျှင် အောက်ငရဲကိုလ နှစ်ယောက်တွဲကျရမရှောင်
မေထုနရာဂမှောင်လျှင် ကာမဘောင် ရှောင်မကွင်းနိုင်ဘူး
မောင်ပဉ္စင်းလူငယ်သော် ထွက်ပေလိမ့်နော်
မိန်းမကလာခေါ်လျှင် ငါဆရာတော်ပင် ထွက်ရချည်လေး ” ဟူ၍ ရေးသားထားခဲ့ပါတယ်..။
လောကမှာ ကာမဂုဏ်တရားတွေကို စွန့်လွတ်ပြီး သာသနာ့ဘောင်မှာ တစ်သက်လုံးနေနိုင်ဖို့ဆိုတာ ကြိုးကြိုးစားစားဖြင့် မိမိစိတ်ကို ဆုံးမပြီး နေရမှာ ဖြစ်ပါတယ်…။

ယခုနောက်ဆုံး စတုတ္ထလူ အမျိုးအစားကတော့ ငယ်ရွယ်စဉ်အချိန်မှစ၍ သံယောဇဉ်အနှောင်အဖွဲ့ ကင်းလွတ်ရာ သာသနာ့ဘောင်မှာ ပရိယတ်ပဋိပတ်အလုပ်ဖြင့် ပျော်မွေ့ အသက်အရွယ်ကြီးလာ ပြန်တော့လည်း ငြိမ်းငြိမ်းချမ်းချမ်းတရားအလုပ်အားထုတ်ပြီး ဆရာတော်ကြီးတွေဖြစ် အမျိုးသမီးတွေဆိုရင်လည်း ဆရာလေးဆရာကြီးတွေဖြစ်ပြီး ဘ၀ကို သံယောဇဉ်ကြိုးနှောင်ဖွဲ့ မခံရဘဲ ငြိမ်းချမ်းစွာ ဘ၀တစ်ခုကို အဆုံးသတ်သွားအောင်နေထိုင်သွားကြလို့ စတုတ္ထငှက် အမျိုးအစားနဲ့တူကြတဲ့သူတွေလို့ ပြောလို့ရတာပေါ့..။

သူတော်အပေါင်းတို့ သဘောပေါက်နားလည်းကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်..။ ဒါ့ကြောင့် မိမိကိုယ်ကို အထက်ကဖော်ပြခဲ့တဲ့ လူလေးမျိုးထဲမှာ ဘယ်အမျိုးအစားထဲ ပါဝင်သလဲဆိုတာ ထပ်တလဲလဲ စဉ်းစားပါ..။ အဖြေထုတ်ပါ။ စတုတ္ထလူအမျိုးအစားကတော့ အကောင်းဆုံးပါပဲ။ ဒါ့ကြောင့် မိမိတို့ဘ၀ကိုလည်း သံယောဇဉ်အချစ်ကြိုးတွေ တစ်သက်လုံး တစ်ဘ၀လုံး ရစ်ပတ် မခံရအောင် ကြိုးစားကြပါ။ ငါ့တို့တော့ ဒုတိယ စတုတ္ထလူအမျိုးအစားတွေဖြစ်အောင် ကြိုးစားကြမယ်..။

ဒါမှ သံယောဇဉ်အနှောင်အဖွဲ့ကလွတ်တဲ့ နှောင်ကြိုးကင်းတဲ့ ၀ိမုတ္တိရသလို့ခေါ်သော နိဗ္ဗာန် ချမ်းသာကို သံသရာတိုတိုနဲ့ မျက်မှောက်ပြုနိုင်ကြမှာ ဖြစ်တယ်….စသဖြင့် မိမိစိတ်ကို ဆုံးမပြီး ကုသိုလ်အလုပ်နောက်မဆုတ်ဘဲ ကြိုးစားပြုရမယ်။ ဒီလို အသိဥာဏ်တွေဝင်ပြီး ယခုအချိန်က စတင်၍ သံယောဇဉ်နှောင်ကြိုးတွေ ဖျက်တောက်နိုင်အောင် ကြိုးစားကြပါစေလို့ ပတ္ထနာအောင်ဆု ပြုလိုက်ပါရစေ။

သတ္တ၀ါခပ်သိမ်း တရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ။
အရှင်ကုသလ (ဇလွန်) နပသတက္ကသိုလ်