Wednesday, April 30, 2014

ကောင်းကင်လုံးပျံ့နှံသွားစေတဲ့တိမ်တိုက်ကလေးများ


ကောင်းကင်လုံးပျံ့နှံသွားစေတဲ့တိမ်တိုက်ကလေးများ


သူတစ်ပါးဒုက္ခရောက်နေတာတွေ ကြားရတော့ အများနည်းတူ တူညီချင်တာပေါ့၊ လောကကျိုး သာသနာကျိုးတွေကိုလည်း သည်ပိုးချင်တာပေါ့၊ ဒါပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားရတာဆိုတော့ သိတဲ့အတိုင်းပဲ အချိန်က မရဘူးတို့၊ ပစ္စည်းဝတ္ထုက မပြည့်စုံဘူးတို့၊ သူများလို လူသာဓုခေါ် နတ်သာဓုခေါ် ဖြစ်အောင် လုပ်နိုင်ဖို့က အလွယ်ဘူးတို့… စတဲ့ ဆင်ခြေတွေကို ကြားလိုက်ရတိုင်း အငယ်ကတည်းက ဒီနေ့အထိ အကျင့်ရနေအောင် အမေက ဆုံးမခဲ့တာလေးတွေရယ်၊ ကိုရင်ဘ၀က ရွာကျောင်းမှာ အတူတွေ့ကြုံ နေထိုင်ခဲ့ရဖူးတဲ့ ကပ္ပိယကြီး  ဦးဖိုးနုပ်ရယ်ကို သတိရမိပါတယ်။

မိမိတို့ အထိုက်အလျှောက် နားလည်မှတ်သား တတ်လောက်တဲ့ အရွယ်ကစပြီး အမေ အဖေတို့က သြကာသ၊ ဣတိပိ၊ သမ္ဗုဒ္ဓေ-စတဲ့ ဘုရားရှိခိုးလေး တွေလည်း သင်ပေးတယ်၊ အဖေကတော့ ပုံပြင်တွေ ဇာတ်နိပါတ်ဆိုတာ တွေကို စိတ်ဝင်စားအောင် ပြောပြပေးပါတယ်။

တစ်ခါတော့ ရွာလယ်လမ်းမကြီးမှာ ပြေးလွှားဆော့ကားရင်း ၀ါးခြမ်း စိပ်တစ်ခုနဲ့ ခြေမခွကြား တိုးမိပြီး သွေးတွေလဲထွက် နာလဲနာတော့ ရှုံ့မဲ့ပြီး  အမေ့ဆီ ပြေးသွားခဲ့တယ်၊ ထုံးစံအတိုင်းဘဲ အမေက ချော့မော့ပြီး သွေးတွေကို  ရေနဲ့ဆေးအထဲက ငြောင့်စတွေကို ကုန်အောင်ဖယ်ရှား ပေးပြီးတော့မှ ဗီးစပ် ရွက်ဆိုတာတွေ ကြိတ်ချေ သိပ်ပေးပါတယ်။

ညကျတော့ အမေက“ငါ့သား ခုလိုငြောင့်တွေ ဘာတွေ မစူးစေချင်ရင်လေ လမ်းသွားတဲ့အခါ လမ်းပေါ်မှာ တွေ့တဲ့ ဆူးခက်တွေ၊ အချွန်အတက်တွေ၊ သံတို သံစတွေ တွေ့ရင် ဘေးလွတ်ရာကို ရောက်အောင် ဖယ်ရှားပစ်ခဲ့ရတယ်၊ အဲလိုလုပ်ရင် ငါ့သား ဘယ်တော့မှ ခလုပ်မထိ ဆူးမငြိဘူး၊ မြွေပါး ကင်းပါးဘေး တွေ၊ ချောက်ကမ်းပါး ဘေးတွေနဲ့ ဘယ်တော့မှ မတွေ့ဘူး ကြားလား၊ အဲဒါ တသက်လုံး မြဲမြဲမှတ်ထားနော်” လို့ ဆုံးမပါတယ်။

တခါတလေ ကျောင်းကပြန်လာတဲ့အခါ“ အမေ.. ဒီနေ့ သားလမ်းမှာ ဆူးလှည်းပေါ်က ကျကျန်ခဲ့တဲ့ ဆူးခက်တွေကို ခရိုး(စည်းရိုး) ထဲရောက်အောင် ဖယ်ပစ်ခဲ့တယ်တို့၊ ဒီနေ့ လမ်းမှာ တွေ့ရတဲ့ ၀ါးချွန်ပိုင်းကြီးကို ခြုံထဲရောက်အောင် လွှစ်ပစ်ခဲ့တယ်”တို့ဆိုတဲ့ စကားမျိုးများ ကြားရရင် အမေက“ အံမယ် ငါ့သားလေး က လိမ္မာလိုက်တာဟယ်၊ သာဓုတော်.. သာဓု၊ ငါ့သားလေး တစ်သက်လုံး ခလုပ်မထိ ဆူးမငြိပါစေနဲ့ ၊ လာမည့်ဘေး ဝေးပါစေတော်” ဆိုပြီး  ကျေကျေ နပ်နပ်ကြီး ဆုပေးလေ့ရှိပါတယ်။

ဘာရယ်လို့ မဟုတ်ဘူး၊ အမေ့မျက်နှာ ရွှန်းရွှန်းစားစားကြီး ပြုံးပြီး ဆုပေး လိုက်တာကိုပဲ ဧရာမ ဆုထူးလာဘ်ထူးကြီးကို ရလိုက်သလို ၀မ်းသာခဲ့မိပါတယ်။

အဲဒီကတည်းက အကျင့်ရလာတာ ခုထိလည်း တစ်ခါတလေ တောင်စွန်း ကို ပြန်တဲ့အခါ လမ်းပေါ်မှာ ကျောက်ကားကြီးတွေက ကျကျန်ရစ်တဲ့ ကျောက်တုံး ကြီးကြီးတွေ တွေ့လို့  ကားသမားက ကွေ့ပြီး မောင်းမယ်လုပ်ရင် “ခဏရပ်ပါဦးဟ” ဆိုပြီး အဲဒီကျောက်တုံးကို လမ်းဘေးရောက်အောင် ဖယ်ရှားခဲ့ ဖြစ်တယ်၊  အဲဒီလိုလုပ်မိတဲ့အခါတိုင်းလဲ“ အမေသာ မြင်လိုက်နိုင်ရင်တော့ ဟို တုန်းကလို သာဓုခေါ်ပြီး ဆုတွေများပေးနေဦးမလား” လို့လဲ အောက်မေ့ပြီး ကိုယ့် အတွေးနဲ့ကိုယ် ပြုံးလိုက်မိသေးတယ်။

မှတ်မိသေးတယ်၊ တစ်ခါက တစ်ခြားးရွာအလှူကို ဆရာတော်ကြွလို့ နောက်ပါ ကျောင်းသားအဖြစ် လိုက်သွားရတာ၊ နေ့ခင်းပိုင်းမှာ ရွာထဲက မဏ္ဍပ် ကို ဆရာတော်တွေ ကြွတဲ့အခါ ရှေ့က မောင်းသွားတဲ့ ဆူးလှည်းပေါ်က ကျကျန် ရစ်တဲ့ ဆူးခက်တွေကို မိမိက ပြေးကောက်တဲ့ပြီး အဝေးကို ဖယ်ရှားပစ်တော့ မိမိ တို့ ဆရာတော်နဲ့ ရင်းနှီးတဲ့ ဆရာတော်ကြီးတစ်ပါးက “အံမာ..ဥယျဉ်ဘုန်းကြီး ကျောင်းသားက တယ်ဟုတ် ပါလားဟေ့၊ ဘုန်းကြီးကျောင်းသားဆိုတာ  ဒီလို လိမ္မာမှပေါ့ကွ” လို့ လှိုက်လှိုက်လှဲလှဲ ပြောလိုက်ပါတယ်၊ မိမိတို့ဆရာတော်ကလဲ သဘောတွေကျပြီး ပြုံးနေပါတယ်။

ကျောင်းပြန်ရောက်တဲ့ညက ဘုရားဝတ်တက်ပြီးတဲ့အခါ ဆရာတော်က ကျောင်းသားကိုရင် အားလုံးကို ဒီအကြောင်းပြောပြီး အားလုံးအတုယူ ကြဖို့ ဆုံးမ ပါတယ်။

ပြီးတော့မှ“ အေး.. ခုလို အများသူငါသွားတဲ့ လမ်းတို့၊ ရေတွင်း ရေကန် ရေအိုးစင်တို့၊ အရိပ်သစ်ပင်တို့ဆိုတာ သတ္တ၀ါအားလုံးနဲ့ သက်ဆိုင်တာဖြစ်လို့ “မသာသံဃိက”လို့ ခေါ်တယ်။ ရဟန်းသံဃာတို့နဲ့သာ ဆိုင်တဲ့ ရိုးရိုး“သံဃိက” ထက် ကျယ်ပြန့်တယ်၊ အဲလို နေရာမျိုးတွေကို ဖျက်ဆီးရင်လည်း ရိုးရိုးသံဃိက ကို ဖျက်ဆီးတာထက်တောင် အပြစ်ကြီးတယ်၊ ဒီလို နေရာတွေကို ကောင်း အောင် ပြုရင်လည်း ရိုးရိုးသံဃိက ကုသိုလ်ထက် အကျိုးကြီးတယ်” ဆိုပြီး ဆုံးမပါတယ်။

ဆရာသမားရဲ့ အဲဒီ အဆုံးအမကြောင့်လည်း ဒီနေ့အထိ လမ်းဆုံ လမ်းခွမှာ ရေးစင် တည်ထောင်တာတို့၊ အရိပ်ရသစ်ပင်စိုက်ပျိုးတာတို့လည်း အကျင့် ရပြီး ၀ါသနာ ပါနေခဲ့ပါတယ်။

ငယ်ငယ်တုန်းက ကျောင်းမှာ ဦးနုပ်ဆိုတဲ့ ကပ္ပိယကြီး တစ်ယောက် ရှိတယ်၊ အားလုံးက တော့“ဘိုးလေးနုပ်” လို့ ခေါ်ကြပါတယ်၊ သူက မျက်စိမမြင် ဘူး၊ မွေးတွင်းပါတော့ မဟုတ်ဘူး၊ တော်တော်ကြီးမှ မျက်စိကို စပါးနှံ ခတ်မိရာကနေ ဆေးးမြီးတိုနဲ့ ဖြစ်ကတတ်ဆန်းကုရင်း ကွယ်သွားတာလို့ ပြော ပါတယ်။ တောထဲတောင်ထဲ မသွားနိုင်တော့ အိမ်မျာပဲ ဆေးရိုးအငှားထုပြီး ချို့ချို့တဲ့တဲ့ အသက်မွေးရတာပါ။

ဥပုသ်သီတင်းနေ့တွေမှာတော့ ကျောင်းကို ဥပုသ်စောင့် မှန်မှန် ရောက်တယ်၊ အသက်ခုနှစ်ဆယ် နီးပါးလောက်ရောက်တော့ အလုပ်လည်း မလုပ်နိုင်ဘူး၊ သားသမီး တွေကလည်း လက်လုပ် လက်စားတွေဆိုတော့ မှီခိုသူ တစ်ယောက် အပိုကျွေးထားရတာကိုပဲ ခက်ခဲနေပုံရပါတယ်၊ ဒါနဲ့ ဆရာတော်က ကျောင်းမှာ ကပ္ပိယ အဖြစ်နေဖို့ ခေါ်ထားတာပါ။ ဆရာတော်က သူ့အတွက် မီးတင်းကုတ်ခေါင်းရင်းနဲ့  တဆက်တည်း ကွပ်ပျစ်ကလေး သပ်သပ်ရပ်ရပ် လေလုံ မိုးလုံးနဲ့ လုပ်ပေးထားပြီး နေစေပါတယ်၊

ညနေရောက်ရင် ကိုရင်ကြီးတွေက ရေနွေးကျိုတဲ့ ခရားထဲမှာ ရေအပြည့် ထည့်ပေးထားပြီး မီးဖိုနားမှာ မီးပျိုးစရာ ထင်းခွဲခြမ်းလေးတွေ အသင့်လုပ် ပေးထားရတယ်၊ နံနက်စော ဆိုရင် ကပ္ပိယကြီးက သူဟာသူ မီးပျိုါ် ရေနွေးကျို ပြီး အသင့်ဖြစ်နေပြီ၊ ကိုရင်ကြီးတွေက နံနက် စောစော အိပ်ယာထရတဲ့ ဒုက္ခလွတ်သွားလို့ ကပ္ပိယကြီးကို ခင်မင်ကြည်ဖြူ ကြပါတယ်။

ဘိုးလေနုပ်ဟာ ကျောင်းမှာ ကပ္ပိယ အဖြစ်နဲ့ နေကတည်းက ရှစ်ပါးသီလ အမြဲစောင့်ပါတယ်၊ သူကို တစ်ကျောင်းလုံးကရော ရွာနီးချုပ်စပ်ကပါ လေးစား ခင်မင်ရတဲ့ နိစ္စဓုဝ ကုသိုလ်တစ်ခုလည်း အမြဲတမ်း ရှိတယ်။ မိမိတို့ကျောင်းဝန်း အတွင်းမှာက ရှေးက ဆောက်ခဲ့တဲ့ ကိုးခန်း ဆယ့်တစ်ခန်းကျောင်းအိုကြီး တစ်ဆောင်ရှိတယ်။

မိမိတို့ ကိုရင်ဝတ်တော့ အဲဒီကျောင်းကြီးရဲ့ သက်တမ်းက ကိုးဆယ်ကျော် နေပြီး လေပြင်းပြင်းတိုက်ခတ်လိုက်ရင် ပြိုလဲမည့် အခြေအနေ ရောက်နေပြီဖြစ်လို့ ကျောင်းကြီးရဲ့ မြောက်ဘက်မှာ ကျောင်းသစ်တစ်ဆောင် ဆောက်ထားတယ်၊ အဲဒီမှာပဲ ရှေးကပူဇော်ထားတဲ့ ဆင်းတုတော်ကြီးတွေကိုပါ ရွေ့ပြောင်းပြီး  အားလုံးနေကြပါတယ်။

ရွာကနေ ကျောင်းကို လာသူများအနေနဲ့ ကျောင်းအိုကြီးရဲ့ ခြေရင်းပိုင်း ကနေ ကျောင်းဆောင်သစ် အထိ အလျားကိုက် တစ်ရာလောက်နဲ့ အနံကိုက် နှစ်ဆယ်ကျော်လောက်ရှိတဲ့ ကွက်လပ်ကိုဖြတ်ပြီး လာကြရပါတယ်၊ တောင်ရွာ မြောက်ရွာ ကူးသန်းသွာယးလာကြသူတွေလည်း ဒီကွက်လပ်ကပဲ ဖြတ်သွား ကြရတာပါ၊ မိုးတွင်း ရောက်ပြီဆိုရင် မုန်ညင်းမြက်ပင်တွေနဲ့  ဆူးပန်း တောင်းပင် စတဲ့ ပေါင်းပင်းတွေ ပေါက်လေ့ရှိပါတယ်၊ ၀ါတွင်းဆိုရင် အဖိတ်နေ့ ညနေပိုင်းနဲ့ ဥပုသ်နေ့နံနက်ပိုင်းတွေမှာ ကိုရင်ကျောင်းသားတွေက ဒီပေါင်းပင် တွေကို ရှင်းကြ ရလို့ ဆော့ကစားးချိန် နည်းကြတဲ့အတွက် အလွန်ညဉ်းကြပေါ့။

ဘိုးလေးနုပ် ကပ္ပိယအဖြစ် ရောက်လာပြီးကတည်းက နံနက်တစ်ကြိမ် ညနေတစ်ကြိမ် ဒီပေါင်းတောကြီးကို တစ်နေ့ တစ်ပိုင်းချင်း မှန်မှန်ရှင်းလို့ ဥပုသ် နေ့ရောက်ရင် ကွက်လပ်က ရှင်းပြီးဖြစ်နေပြီ၊ ဥပုသ်ထွက်နေ့ ရောက်တော့ ပထမစရှင်းတဲ့ နေရာကနေ ပြန်စရှင်းတော့တာပဲ၊ ဥပုသ်တစ်ပတ်နဲ့ ကွက်လပ် ရှင်းပြီးတာနဲ့က ကွက်တိပဲ။

ဘိုးလေးနုပ် ပေါင်းထိုးတာနဲ့ ပတ်သက်လို့ လူတိုင်း အံ့သြရတာ တစ်ခုလည်း ရှိသေးတယ်၊ သူက တစ်နေရာထိုင်လိုက်ပြီးရင် သူ့လက်နဲ့ တကမ်း မှီရာ ပတ်လည်ကို လက်နဲ့ အသေအချာစမ်းပြီး ပေါင်းတစ်ပင်မျှ မကျန်ရအောင် ထိုးတာ၊ ပြီးရင် ပေါင်းမှိုက်ကို လက်နဲ့ အသေချာစုပြီး အပုံလေးလုပ်ထားလိုက် တယ်၊ လက်တကမ်း စာထိုးပြီးတိုင်း အဲဒီလိုပုံထားတာဆိုတော့ သူပုံထားတဲ့ ပေါင်းမှိုက်ပုံလေးတွေက အရွယ်တူ လေးတွေ အတန်းလိုက်လို ဖြစ်နေတော့ဒါ ကိုး… ဒါကိုကြည့်ပြီး လူတိုင်းက အံ့သြချီးကျူးကြတာပဲ။

ကပ္ပိယကြီးက နေ့တိုင်းလည်း ဥပုသ်ဆောက်တည်ထားတယ်ဆိုတာ သိလာကြတော့ ဖြတ်သွား ဖြတ်လာ တချို့က ညနေပိုင်းဆိုရင် ထန်းလျှက်ခဲ လေးတွေ ယူယူလာပြီး ပေးကြလို့ ညညကျ သူနားလာကြတဲ့ ကိုရင်တွေ ကိုတောင် သူက ထန်းလျှက်ခဲလေးတွေ လှုနိုင်လိုက်သေးတယ်။

ကပ္ပိယကြီး ဆုံးပါးသွားတဲ့အခါမှာလည်း မှတ်မှတ်ရရ ပြောစမှတ်တွင်ခဲ့ ပါတယ်၊ သူ့ကို သင်္ဂြိုဟ်တဲ့ အခါမှာ ရပ်နီးရပ်ဝေး သာရေးနာရေး အဆက် အသွယ်ရှိတဲ့ ကျောင်းတွေက ကျောင်းထိုင် ဆရာတော်ကြီးတွေ ကိုယ်တိုင် ကြွရောက် ချီးမြှင့်ကြသလို တောင်ရွာ မြောက်ရွာကလည်း အိမ်စေ့လူကုန်နီးပါး လိုက်ပါပို့ဆောင်ကြပါတယ်။

လူကြီးတွေ ပြောကြတာကတော့ သူတို့ တစ်သက်တာမှာ သူကြီးတို့ မျက်နှာကြီးတို့ဆိုတဲ့ အသုဘတွေမှာတောင် ကပ္ပိယကြီးရဲ့ အသုဘလောက် ထေရ်ြကီးဝါကြီး ဆရာတော်တွေစုံတာနဲ့ လူစည်ကားတာမျိုး တစ်ခါမှ မတွေ့ဖူး ဘူးတဲ့။

ကုသိုလ်ရေးနဲ့ ပတ်သက်လို့ ဟိုလို ဒီလို ဆင်ခြေ ဆင်လက်တွေ ပေးသံ ကြားရတိုင်း ကပ္ပိယကြီး ဘိုးလေးနုပ် ကိုလည်း အထူး သတိရမိပါတယ်။

စွမ်းနိုင်သမျှ ကျက်သရေဆောင်တတ်ကြပါစေ

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း

Tuesday, April 29, 2014

အ သုံးလုံးကျေ ကပ်ကျော်တရား


အ သုံးလုံးကျေ ကပ်ကျော်တရား

အမောဟတဲ့၊ မောဟထဲမှာ အ တစ်လုံး ထည့်လိုက်တော့ ဘာဖြစ်လဲ အမောဟ။ အမောဟဆိုတာ အသိဟာ အမောဟပဲ။ အလိမ္မာဟာလဲ အမောဟပဲ။ ညဏ်ဟာ အမောဟပဲ။ ပညာလည်း အမောဟပဲ။ ၀ိဇ္ဇာဆိုတာ အမောဟပဲ ဟုတ်ကြရဲ့လား။ တစ်ချို့အိမ်တွေမှာတော့ ကန်တော့ပွဲကြီးကို ၀ိဇ္ဇာပွဲဆို၊ ၀ိဇ္ဇာဆိုတာ ဘုရားဟောတာက အသိ၊ အလိမ္မာ၊ ညဏ်၊ ပညာဟာ ၀ိဇ္ဇာတဲ့။ ကန်တော့ပွဲကို ဟောတာ မဟုတ်ဘူး ငှက်ပျောသီးက ၀ိဇ္ဇာလား၊ အုန်းသီးက ၀ိဇ္ဇာလား။ (မဟုတ်ပါ ဘုရား)။

အခု အသိ၊ အလိမ္မာ၊ ညဏ်၊ ပညာ ရဖို့အတွက် သတိကလေးနဲ့ အန္တရယ်ကင်းအောင်နေကြတယ် မောဟမှာ အတစ်လုံးကျေသွားတယ်။ အမောဟ ဆိုတဲ့ အသိညဏ်ပညာနဲ့နေနိုင်ကြတယ်။ ဒေါသဟာ အင်မတန်ဆိုးပါတယ် ဒါကြောင့် “ဒေါသမီးလျှံ အကျည်းတန်၊ သည်းခံရပေမည်။”

ကြည့်နော် ဒေါသဖြစ်ရင် အခု မျက်စိပျက် မျက်နှာပျက် ကြည့်မကောင်း ရှုမကောင်း ဖြစ်သွားတယ် ဒေါသငြိမ်းနေရင် အဒေါသ- မေတ္တာတွေနဲ့ တစ်ယောက်ကို တစ်ယောက် ကောင်းကျိုး လိုလားတယ်။ ကျွေးချင်တယ် ပေးချင်တယ်၊ လှူချင်တယ်ဒါန်းချင်တယ် အကျိုးစီးပွား ဆောင်ရွက်ချင်တယ်ဆိုတာ အ တစ်လုံးကျေလို့ပဲ။ မေတ္တာပဲ၊ မေတ္တာရဲ့ တရားကိုယ်က အဒေါသပဲ။

လောကမှာ အ တစ်လုံးကျေရင် ဘာဖြစ်မလဲ။ (အလောဘ ပါဘုရား)။ အဲ့ဒီ အလောဘရဲ့ အစွမ်းသတ္တိကြောင့် ငတ်ပြတ်တဲ့ ကပ်ကြီးကို ကျော်လွန်သွားနိုင်တယ်။ သတ်ဖြတ်တဲ့ ကပ်က ဒေါသကြောင့်၊ အ တစ်လုံးကျေသွားလို့ သတ်ဖြတ်တဲ့ ကပ်ကလည်း ကျော်လွန်ကြပြီ။ အမောဟ၊ အ တစ်လုံးကျေလို့ ရောဂါဘယကပ်လည်း ကျော်လွန်နိုင်ကြပြီ။ အလောဘ၊ အဒေါသ၊ အမောဟ ဆိုတဲ့ အ တစ်လုံးကျေတဲ့ ကပ်ကျော်ပါဘုရား။

 အန္တရယ်ကင်း ဘေးကင်းတယ်ဆိုတာ ကပ်ကျော်တာပဲ လူကြီးမိဘတွေကို ကန်တော့ကြတဲ့အခါ သူတို့က ဆန္ဒပြုကြတတယ် ဆုပေးကြတယ် ကပ်ကြီးသုံးပါ ကျော်နိုင်နင်းနိုင်ကြပါစေလို့ ဆန္ဒပြုတာ။ ကိုယ်က အဲ့ဒီ ကပ်ကျော်တဲ့ တရားတွေကို လက်ခံကျင့်သုံးနိုင်မှ။ အ သုံးလုံးကျေရင် ကပ်ကျော်ပါတယ်။

အတိုဆုံး တစ်လုံးတည်းနဲ့ ကပ်ကျော်တာကတော့ သတိလေးနဲ့ နေတာပါပဲ။ အ သုံးလုံးကျေပြီးသားလည်း ဖြစ်သွားတယ် သတိလေးနဲ့ နေတဲ့အတွက် သတိရှိနေတော့ အသိတရားလည်း ရှိနေတယ် အဲဒီ အကျင့်တရား အသိတရာကောင်းနေတဲ့ ပုဂ္ဂိုလ်မှာ သတ်ဖြတ်တဲ့ သတ္တန္တရယ်ကပ် မဆိုက်နိုင်ဘူး။

အသိတရားရှိတဲ့သူဟာ သူများကို သနားညှာတာတယ်၊ ကိုယ်ချင်းစာတယ် သတ်ဖြတ်ဖို့ နှိပ်စက်ညှဉ်းပန်းဖို့ မလိုလားတဲ့ ပုဂ္ဂိုလ်ပဲ။ ဒါကြောင့်မို့ သူ့မှာ အ တစ်လုံးကျေတယ်။ အဒေါသ၊ မေတ္တာတရား ဒါ သတ်ဖြတ်တဲ့ကပ်ကို ကျော်လွန်နိုင်တဲ့ ပုဂ္ဂိုလ်။ အလောဘ အ တစ်လုံးကျေဖို့ရာလည်း သတိလေးနဲ့ နေရင် ကပ်ကျော်ပါတယ် ငတ်ပြတ်တဲ့ ကပ်ကို ကျော်နိုင်ပါတယ် အလောဘ ကပ်ကျော်တဲ့ အလောဘကြောင့် သူများကို ကျွေးနိုင် မွေးနိုင် ပေးနိုင်ကြတယ် အလောဘ- ငတ်ပြတ်တဲ့ ကပ်ကြီးကျော်နိုင်ကြပြီ။

ဒီထဲမှာ အကောင်းဆုံး ဘုရားရှင် အကြိုက်ဆုံးကတော့ “အပ္ပမာဒေန သမ္ပာဒေထ ” မမေ့တဲ့ သတိကလေးနဲ့ ဘာမဆို သိသိပြီးတော့ နေကြပါ၊ အဲ့လို သိတတ် လိမ္မာတာက အမောဟနော် ။ သိတာ အမောဟပဲ၊ မောဟမှာ အ တစ်လုံးကျေတယ်။ အတိုချုပ်ကတော့ ကိုယ်မှာ ဖြစ်တိုင်း ဖြစ်တိုင်းသိနေရမယ်။ စိတ်တွေ ဖြစ်တိုင်းဖြစ်တိုင်း သိနေရမယ်။ ကိုယ်စိတ်ဖြစ်တာ ကိုယ်မသိပဲ နေပါ့မလားနော် သိတယ်နော် စိတ်ဆိုးတာ ရန်ဖြစ်ပြီးမှ သိရင်တော့ အဲ့ဒါနောက်ကြသွားပြီနော် စောစောကတည်းက သိရမှာ စောစောကသိရင် ဒေါသလည်းမဖြစ်တော့ဘူး လောဘလည်း မဖြစ်တော့ဘူး လွန်လွန်ကျွံကျွံ မဖြစ်တော့ဘူး။

လက်ဦးကတော့ အသိက နှောင့်နှေးနေတယ်။ မှားပြီးမှ သြော်…ငါမှားသွားပါလားလို့ သိတဲ့ အသိမျိုးက နောင်တပူပန်ရတဲ့ အသိမျိုးပဲ နောက် သတိအားကောင်းလာပြီ သတိစွဲမြဲလာပြီဆိုရင် ကြိုကြိုပြီးတော့ သိနေတယ်၊ စိတ်လှုပ်ရှားလာပြီ ဟောမကောင်းတဲ့စိတ်တွေ ဖြစ်တော့မှာပဲ ဒေါသစိတ် ဖြစ်တော့မယ်ဆိုရင် သာပြီး သိသာသေးတယ် ရင်ထဲက ပူလောင်လာတာပဲ အဲ့ဒါကို သတိလေးနဲ့ကပ်လိုက်ရင် အေးချမ်းသွားတယ်။

အဲ့ဒီလို သတိ အသိလေးနဲ့ နေပါတဲ့ မမေ့တဲ့ အပ္ပမာဒတရားနဲ့ နေပါတဲ့၊ ဘာကိစ္စမျိုးဖြစ်ဖြစ်။ ရုပ်နဲ့ဆိုင်တဲ့ ကိစ္စတွေ၊ နာမ်နဲ့ဆိုင်တဲ့ကိစ္စတွေ ရုပ်ဖြစ်တိုင်း ဖြစ်တိုင်း နာမ် ဖြစ်တိုင်း ဖြစ်တိုင်း သိသိနေပါတဲ့ ဒီထက်တိုးပြီးပြောရင် သွားတိုင်း၊ လာတိုင်း၊ အိပ်တိုင်း၊ သတိနဲ့ချည်းပဲ ပြုလုပ်ရမယ်။

 မြင်တိုင်း၊ ကြားတိုင်း၊ လှုပ်ရှားတိုင်း အသိသတိနဲ့ ပြုလုပ်ရမယ်။ စားတိုင်း၊ သောက်တိုင်း၊ ၀ါးတိုင်း၊ မျိုတိုင်း၊ လျက်တိုင်း၊ ခဲတိုင်း သတိ၊ စကားပြောရင်လည်း သတိလေးနဲပဲ ပြောရတယ် ။ အဲ့ဒါ အမှားနည်းတယ် အေးချမ်းတယ်၊ အပြစ်အန္တရယ် ကင်းတယ်၊ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရေး ကောင်းတယ်၊ တစ်ကိုယ်ကောင်းမဆန်တော့ဘူး သများကို တင်စီးလို့ နာအောင် ပြောတာတွေ မပါတော့ဘူး အဲ့ဒါ စင်ကြယ်မြင့်မြတ်တဲ့ ပြောဆိုခြင်းပဲ။

အိပ်တော့လည်း အသိ သတိနဲ့ပဲ၊ နိုးလာလည်း အသိ သတိနဲ့ပဲ နိုးရတယ် အဲ့လိုဆိုရင် တော်တော်ကို အ သုံးလုံးကျေ ကပ်ကျော်တဲ့ ပုဂ္ဂိုလ်ဖြစ်သွားပြီ။ တရားဆိုတာ ကိုယ်တိုင်လုပ်မှရတယ် ရော့ …အင့်လို့… ပေးလို့မရဘူး။ ကိုယ်ကြိုးစားအားထုတ်မှုအရ ကိုယ်ရကြမှာပါ အားလုံးပဲ မဂ်ဖိုလ် နိဗ္ဗာန်ရောက်အောင် အားထုတ်နိုင်ပါစေ…။


(ရွှေဥမင် ဆရာတော်ဘုရားကြီး၏ အဆုံးအမ တရားစုများ)
( credit to လေလွင့်သူ ( innocentarea) & Thitsartayar)

Monday, April 28, 2014

တိဟိတ်တစ်ဦးရဲ့ မဆုံးသေးတဲ့ခရီး


တိဟိတ်တစ်ဦးရဲ့ မဆုံးသေးတဲ့ခရီး

မြတ်ဗုဒ္ဓလက်ထက်တော်တုန်းက တပည့်သာဝကများထဲမှာ “လက်ျာရံအရှင်သာရိပုတ္တရာ မထေရ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ”လို့ ဘယ်သူမှ မေးမြန်းစရာမလိုတဲ့ အထင်ရှားဆုံး အဂ္ဂသာဝကကြီး ဖြစ်ပါတယ်။

မထေရ်မြတ်ကြီးရဲ့ သီလ၊ သမာဓိ၊ ပညာဂုဏ်တို့နဲ့ ပတ်သက်လို့ ရဟန်း၊ ရှင်၊ လူတို့သာမက နတ်ဗြဟ္မာပါ သိမြင်ထင်ရှားတဲ့ မထေရ်မြတ်ကြီး ပါ။ ဘက်စုံထင်ရှားတဲ့ မထေရ်မြတ်ကြီးရဲ့  ဂုဏ်တွေထဲမှာ ထူးထူးခြားခြား ပြောစမှတ်တွင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ကြုံခဲ့ဖူးပါတယ်။

တစ်ချိန်မှာ ဇေတ၀န်ကျောင်းတိုက်ကို ဒကာ၊ ဒကာမတွေက ရဟန်းတော်များအတွက် ဆွမ်းစားပြီး ဘုန်းပေးဖို့ ခဲဖွယ်မုန့်(အချိုပွဲ)တွေ အမြောက်အများလာကပ်ပါတယ်။ ရဟန်းတော်များ ဘုန်းပေးပြီး ကျန်နေတဲ့  သံဃာတော်များဘုန်းပေးဖို့ ခဲဖွယ်တွေ လှူထားရစ်တယ်။

မွန်းတည့်ခါနီးအထိ နောက်ထပ် ရဟန်းသံဃာ မလာတော့ဘူးဆိုတော့ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးရဲ့ တပည့်သာမဏေအတွက် ချန်ထားတဲ့ ခဲဖွယ်ကိုမထေရ်မြတ်ကြီးအား ဆက်ကပ်လိုက် ပါတယ်။ မထေရ်မြတ်ကြီးကလည်းမွန်းတည့်ခါနီးပြီးဖြစ်လို့ မုန့်ခဲဖွယ်ကိုဘုန်း ပေးလိုက် ပါတယ်။

မထေရ်မြတ်ကြီး ဘုန်းပေးပြီးစမှာပဲ တပည့်သာမဏေပြန်ရောက်လာတော့ တပည့်အတွက် ချန်ထားတဲ့ ခဲဖွယ်ကိုဘုန်းပေးလိုက်တဲ့အကြောင်းအမိန့်ရှိတဲ့အခါ သာမဏေက “မွန်မြတ်တဲ့ ခဲဖွယ်ကို ဘယ်သူမမြတ်နိုးဘဲ ရှိပါ့မလဲဘုရား ”လို့ ပြန်လျှောက်ထားပါသတဲ့။

အဲဒီအချိန်ကစပြီးမထေရ်မြတ်ကြီးက “နောက်နောင် ဆွမ်းစားပြီးသုံးဆောင်ရတဲ့ ခဲဖွယ်(အချိုပွဲ) ဘယ်တော့မှ မဘုန်းပေးတော့ ”လို့ ဆုံးဖြတ်လိုက်တယ်။ နောက်နောင် မထေရ်မြတ်ကြီး တစ်ပါးတည်း ဆွမ်းကပ်တဲ့အခါမှာတောင် ဆွမ်းဘုန်းပေးပြီးရင် အချိုပွဲခဲဖွယ်ကို ဘယ်တော့မှ မဘုန်းပေးတော့ပါဘူးတဲ့။

ဒီအကြောင်း ရဟန်းလောကမှာ ပြောစမှတ်ကြီးဖြစ်လာလို့ ဘုရားရှင်နား ကြားတော်မူတဲ့အခါ ဘုရားရှင်က “ရှင်သာရိပုတ္တရာဟာ တစ်ကြိမ်စွန့်ပြီးတဲ့အရာကို နောက်နောင်မှာ အသက်သေလိုက သေစေ၊ ဘယ်တော့မှ ပြန်မယူဘူး၊ ဒါဟာအခုအဂ္ဂသာဝကကြီး ဖြစ်မှ မဟုတ်ဘူး၊ နုစဉ်ကာလ တိရစ္ဆာန်ဘ၀မှာတောင် သူ့ဆုံးဖြတ်ချက်ကို ပြုပြင်ရိုးမရှိခဲ့ဖူးဘူး”ဆိုပြီး ၀ိသ၀န္တဇာတ်ကို ဟောတော်မူပါ တယ်။

အတိတ်တစ်ဘ၀မှာ ဘုရားလောင်းက အဆိပ်ကုဆေးဆရာ၊ အရှင်သာရိပုတ္တရာအလောင်းက မြွေဖြစ်ခဲ့တယ်။ ဘုရားလောင်းဆေးဆရာက မြွေဆိပ်ကို ဆေးနဲ့တိုက်ပြီးတော့လည်း ကုသနိုင်တယ်။ မန္တာန်ကိုရွတ်ပြီး ကိုက်တဲ့မြွေကသူ့အဆိပ်သူ ပြန်စုပ်ခိုင်းပြီးတော့လည်း ကုသနိုင်တယ်။ ကာယကံရှင် တွေက အံ့ဖွယ်သရဲဖြစ်တဲ့ မန္တာန်နဲ့ ကုသပေးပါဆိုတော့ ဘုရားလောင်းကမြွေကို မန္တာန်နဲ့ခေါ်ပြီးတော့မှ အနီးမှာ ထင်းမီးပုံတစ်ခုကိုလည်း စီစဉ်ထားတယ်။

ပြီးတော့မှ “အဆိပ်ကို ပြန်စုပ်ပါ၊ မစုပ်က ဒီမီးပုံမှာ ဆင်းပါ”လို့ အမိန့်ပေးတဲ့အခါ မြွေက “ငါဟာစွန့်ပြီးသားကို ဘယ်တော့မှ ပြန်မစုပ်၊ မီးပုံထဲကိုပဲဆင်းပြီးအသေခံမည်”ဆိုပြီး မီးပုံရှိရာကို သွားတော့မှ ဘုရားလောင်း ဆေးဆရာက တားမြစ်ပြီး လူနာကိုလည်း ဆေးနဲ့ပဲ ကုသပေးလိုက်ပါ သတဲ့။(ဇာ၊ဋ္ဌ၊ ၁၊ ၃၂၈)
————-

အင်းဝခေတ် သာသနာဝင်မှာ “မယ်နုအုတ်ကျောင်းဆရာတော်”လို့ ခေါ်စမှတ်ပြုခဲ့တဲ့ အရှင်ဇမ္ဗုဓဇဘွဲ့တော်ရှိ ဆရာတော် ဦးဗုဒ်(ငယ်နာမည် မောင်ပုပ်၊ နောင်ပညာတော်မူကိုအကြောင်းပြုပြီး မောင်ဗုဓ်)ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲလို့ဘယ်သူမှ မေးမြန်းစရာမလိုပါ။ ကျမ်းပေါင်း(၆၀)ကျော် ပြုစုခဲ့ပြီး ကျောင်းဒကာ ကျောင်းအမများဖြစ်တဲ့ ရှင်ဘုရင်နဲ့ မိဖုရားတို့ကိုပင် စကားအပိုတစ်ခွန်းမပြော။ အချိန်ရသမျှ စာကိုသာ ကြည့်လေ့၊ ရေးသားလေ့ရှိတဲ့ မထေရ်မြတ်တစ်ပါး ဖြစ်လို့ ရှင်ရဟန်းတို့ရော၊ မင်းနှင့် ပြည်သူ တို့ကပါ လေးစားကြည်ညိုရတဲ့ မထေရ်တစ်ပါးပါ။

ဆရာတော် ဦးဗုဓ်နဲ့ပတ်သက်လို့ ပြောစမှတ်တွေ အများကြီးရှိတဲ့ထဲကအထူးပြောစမှတ်တွင်ခဲ့တဲ့ ဖြစ်ရပ်ကတော့ –ကျောင်းအမကြီးနန်းမတော်ကြီးမယ်နုကကျောင်းဒကာရှင်ဘုရင်ကြီးအပေါ်မှာအတော်သြဇာပေး(နိုင်စား)လွန်းတဲ့အတွက် ရှင်ဘုရင်ကဆရာတော်ကိုဆုံးမပေးဖို့ လျှောက်ထားတဲ့ အခါ ဆရာတော်က “သူ့ကြွေးရှိရင် ဆပ်ရပေလိမ့်မည်”လို့ စကားတစ်ခွန်းသာမိန့်ကြားခဲ့ပါသတဲ့။

အင်းဝမှာသာယာဝတီမင်းထီးနန်းစည်းစိမ်ကိုရတဲ့အခါ နောင်တော်ရဲ့မိဖုရားဖြစ်တဲ့ ကျောင်းအမကြီး နန်းမတော်မယ်နုကိုအိမ်နိမ့်စံအဖြစ်နဲ့ အသက်ရှင်ခွင့်ပြုခဲ့ပေမယ့် ဘုရင်ကိုနန်းချဖို့ ကြိုးစားတဲ့ မတ္တရာ ပုန်ကန်မှုကို စီစဉ်ညွန်းကြားဦးဆောင်ခဲ့သူလို့ စစ်ဆေးတွေ့ရှိတဲ့အခါ မဟာဆီမဟာသွေးတို့ ထုံးစံနဲ့ အညီနန်းမတော်မယ်နုကိုရေမှာချပြီးအဆုံးစီရင်ဖို့ မြို့ဝန်လက်ကိုလွှဲအပ်လိုက်ပါတယ်။

ရေမှာဖျောက်ဖျက်မည့်နေ့ ရောက်တော့ နန်းမတော်က “ဆရာတော်ဦးဗုဓ်ကို နောက်ဆုံးဖူးမြော် လိုပါတယ်”လို့ တောင်းဆိုတဲ့အခါ မြို့တော်ဝန်က သာယာဝတီမင်းကို လျှောက်တင်တယ်။ သာယာဝတီမင်းက ခွင့်ပြုတော်မူပြီး အမတ်တစ်ဦးကိုလည်းဆရာတော် ဘာများမိန့်ကြားမလဲဆိုတာ လိုက်ပါ နားထောင်ဖို့ အမိန့် ရှိပါတယ်။

ဆရာတော်ကဘယ်သူ့ကိုမှ စကားပိုမပြောတဲ့အတွက် ဆရာတော်စကားလိုလိုလားလား ပြောတာကို ရှင်ဘုရင်ကအစ ကြားလိုလှပါသတဲ့။ တကယ်လို့ ဆရာတော်က “နန်းမတော်ကြီးရဲ့ အသက်ကို အလှူခံပါတယ်”လို့ မိန့်ကြားခဲ့မယ်ဆိုရင်တောင် ရှင်ဘုရင်က မငြင်းမဆန် လက်ခံမယ့် သဘောပါ။

ကျောင်းအမကြီးမယ်နုက ဆရာတော်ကိုဦးချပြီး “ယခုအခါ သာယာဝတီမင်းရဲ့ အာဏာစက်နဲ့ တပည့်တော်မအသက်အဆုံးစီရင်ခြင်းခံရပါတော့မယ်”လို့ လျှောက်ထားတဲ့အခါ ဆရာတော်က ကျောင်းအမကို ကြည့်ပြီး “ သူ့ကြွေးရှိရင် ဆပ်ရပေလိမ့်မယ်”လို့ တစ်ခွန်းတည်းသော စကားကိုသာ မိန့်ကြားတော်မူခဲ့ပါသတဲ့။ (တောမှီရဟန်း၊ မယ်နုအုတ်ကျောင်းဆရာတော်- ၁၆၃)

ဒီအကြောင်းသာယာဝတီမင်းကြားရတဲ့အခါ “အာဂတိဟိတ်ပုဂ္ဂိုလ်ပဲ၊ ဘယ်သူ့ကိုမှ စကားနှစ်မျိုး မပြော”လို့ မှတ်ချက်ပြုပြီးဆက်လက်ကိုးကွယ်ပါသတဲ့။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)


Sunday, April 27, 2014

ဘဝပညာ


ဘဝပညာ

“ပညာ”ဟုဆိုလိုက်လျှင် အတန်းပညာ၊ကျောင်းပညာကိုသာ ပြေး၍မြင်ကြ၏။အမှန်စင်စစ် ပညာဟူသည်မှာ အလွန်တရာပင် ကျယ်ပြန့်လှ၏။ ဘဝပညာဟူသည်မှာ အတန်းပညာ၊ ကျောင်းပညာနှင့် မလုံလောက်၊အဆင်မြင့်ပညာ တွေတတ်မြောက်၍မဟာဘွဲ့၊ ပီအိပ်ခ်ျဒီ စသည်တွေရစေဦးတော့ ပညာပြည့်စုံပြီဟူ၍ မဆိုနိုင်သေးချေ၊ ကျောင်းငယ်၊ ကျောင်းကြီး၊ တက္ကသိုလ်အသီးသီးတို့မှ ရသော ပညာသည် ဘဝပညာ၏နိဒါန်းမျှသာရှိသေး၏။

ဘဝမှာ အနေတတ်ဖို့ အရေးကြီး၏။ အနေတတ်နည်းပညာသည် ဘဝပညာပင်ဖြစ်၏။ ဘဝကိုဘယ်လိုထူ ထောင်မလဲ။ ဘဝကိုဘယ်လိုအကောင်အထည်ဖော်မလဲ။ ဘဝမှာ အနှစ်သာရရှိရှိ ဘယ်လိုနေထိုင်မလဲ။ ဘယ်လိုနေမလဲ ။ဘယ်လိုသေမလဲ။ နေနည်းသေနည်း နှစ်ခုလုံးကိုနားလည်သောပညာသည် ဘဝပညာဖြစ်သည်။ ဘဝ ပညာသည်ဒဿနိက ပညာဟုဆိုက ပို၍နီးစပ်၏။

ကိုယ်ပိုင်အတွေးအခေါ်ဟု ဆိုသော်ငြား စင်စစ်အားဖြင့် စာတွေ့လေ့လာ၍ ကိုယ်တွေ့နှင့် ညှိနှိုင်းပြီးမှထွက် ပေါ်လာသော အတွေးအခေါ်အယူအဆပင်ဖြစ်၏။သိပ္ပံပညာ၌ သော်မှ တီထွင်မှုဟူသည် ရှိပြီးအကြောင်းအရာပစ္စည်းပစ္စ ယတို့ကို အကြောင်းခံ၍ ဆောင်ရွက်မှု မျှသာဖြစ်၏။ ထိုကဲ့သို့ပင် အတတ်ပညာ၊ အသိပညာတို့ကိုဆည်းပူးပြီးမှ မိမိ၏ဘဝ ကပေးသော သင်ခန်းစာတို့ဖြင့် နှိုင်းချိန်ယူရသော ပညာသည် ဘဝပညာဖြစ်၏။

“မနတိ ဇာနာတီတိ မနုေဿာ”ဟူသော ဝိင်္ဂြိုလ်အရ သိတတ်သူကိုလူဟုခေါ်သည်။ အရစ္စတိုတယ်က လည်း “လူသည် သဘာဝအားဖြင့် သိလိုသောဆန္ဒရှိသည်”ဟုဆိုသည်။ လူသည်သိချင်စိတ်၊ တတ်ချင်စိတ်ရှိသော သတ္တဝါမျိုးဖြစ်သည်။ ထိုစိတ်အရင်းခံကြောင့် ပင်သိလာ၊တတ်လာသည်။ထိုသို့ သိလာတတ်လာခြင်းကြောင့်ပင် လူ နေမှု အဆင့်အတန်း တိုးတက်လာခဲ့သည်။ အသိတွေမြင့်လေ၊အတတ်တွေမြင့်လေ လူနေမှုဘဝတွေ မြင့်ခဲ့လေ သည်။

လူသားသည် သိချင်စိတ်ရှိသည်အလျောက် လေ့လာစူးစမ်းနေသောကြောင့် “အသိ”ကို ရရှိလာသည်။ အသိရှိလာသောကြောင့် “အတတ်”တွေရရှိလာသည်။ အသိကြောင့် အတတ်တွေ ပေါ်လာသလို အတတ်ကြောင့် လည်း အသိတွေပေါ်လာသည်။ အသိကို “အသိပညာ” အတတ်ကို “အတတ်ပညာ” ဟုဆိုကြသည်။သို့သော်အသိ ချည်းလည်း ပညာမဟုတ်သေးချေ၊ အသိနှင့်အတတ်ပေါင်းစပ်ပြီးနောက် ထိုပေါင်းစပ်မှုကို အခြေပြုကာတွေးခေါ် မြော်မြင်ဆင်ခြင် သုံးသပ်ပြီးကာမှရရှိလာသော အဆီအနှစ်သည်သာ “ပညာ”ဟု ခေါ်ရလေသည်။

သိပ္ပံပညာ၊ ဝိဇ္ဇာပညာစသည်ဖြင့် အတတ်များစွာကို ပညာတတ်၍ ခေါ်ကြသည်ကို မကန့်ကွက်လို သော်လည်း အကောင်းအဆိုး၊ အကျိုးအပြစ်ကို ခွဲခြမ်းစိတ်ဖြာ ဝေဖန်နိုင်စွမ်းရှိသော ဥာဏ်သည်သာပညာဖြစ်သည်။ ထိုပညာသည် ဘဝပညာဖြစ်သည်။ “ကျွန်ုပ် ၏အတွေ့အကြုံအရ ဆိုရပါမူ ကျောင်းသင်ပညာရေးသည် သာမန်မျှသာ ဖြစ်သည်။ ပို၍အရေးပါသည်မှာ တစ်သက်ပတ်လုံး မိမိကိုယ်ကို မိမိပြန်လည်သင်ပေးခြင်းဖြစ်သည်” အမေရိကန်စာ ရေးဆရာကြီး ဂျိမ်းစ်အေမစ်ချနားက ဆိုခဲ့လေသည်။

အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး ဝီလျံကောဟုန်းကလည်း “ ကျွန်ုပ်သည် ကျောင်းဆရာ၊ စီးပွားရေး လုပ်ငန်းရှင်၊ စစ်သား၊ ခရီးသည်၊စာရေးဆရာဟူသော အလုပ်အမျိုးမျိုးကို လုပ်ခဲ့သည်။ ထိုလုပ်ငန်းများအတွက် မည်သည့်တက္ကသိုလ်ကမှ အခြေခံပညာကို မပေးနိုင် ခဲ့ချေ။ ကျွန်ုပ်ကို ကျွန်ုပ် ပြန်လည်သင်ကြားပေးမှုဖြင့်သာ ထို လုပ်ငန်းဆောင်တာတို့ကို လုပ်ခဲ့ရလေသည်” ဟုဆိုခဲ့လေသည်။

“လူတိုင်း၌ ပညာသင်ယူမှုနှစ်မျိုးရှိ၏။ ပထမပိုင်းက သူတစ်ပါးက မိမိကို သင်ကြားပေးခြင်းဖြစ်၏။ ဒု တိယပိုင်းက မိမိကိုယ်ကို မိမိကသင်ကြားပေးခြင်းဖြစ်၏”ဟု ဗြိတိသျှ သမိုင်းပညာရှင် အက်ဒွပ်ဂစ်မန်းက ဆိုခဲ့သည်။

ဘဝဟူသည် သင်ခန်းစာပေါင်း မြောက်မြားစွာ ပို့ချနေသော တက္ကသိုလ် ကျောင်းတော်ကြီးဖြစ်သည်။ ထိုဘဝတက္ကသိုလ်ထဲက ပညာရပ်တွေကို နေ့နေ့ညည သင်ယူနေရမည်။ ထိုပညာရပ်တွေသည်သာ ဘဝအတွက် လက်တွေ့အသုံးဝင်သော ဘဝပညာတွေဖြစ်သည်။

တချို့က ဘွဲ့လေးတစ်ခုရ ကျောင်းပြီးပြီဟုဆိုသည်။ ကျောင်းပြီးတာတော့မှန်ပါသည်။ ပညာရေးက အ ခုမှစလုံးရေစသာရှိသေးသည်။ ဘဝပညာသည်“ တစ်သက်တာ ပညာရေး”ဖြစ်သည်။ ကျောင်းသင်ပညာရေး သည် “လူ့ဘဝခရီးလမ်းကို အကြမ်းသဘော ခင်းပေးလိုက်ရုံမျှသာ ရှိသေးသည်။ လမ်းချောမဟုတ်သေးပေ။ လမ်း ချောအောင် အမြဲတစေ သင်ယူဖြည့်ဆည်း နေရမည်။

ကျောင်းသင်ပညာကို အခွင့်မသာ၍ သင်ကြားခွင့်မရသူတို့မှာ ပညာရေးနှင့် စပ်၍ စိတ်ပျက်နေဖို့မလိုပါ။ စိတ်အားငယ်နေဖို့မလိုပါ။ ဘွဲ့ရမှပညာတတ်သည်ဟူသော အယူအဆအစွဲအလမ်းကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။ ကမ္ဘာကျော်ပုဂ္ဂိုလ်အများစု ကျောင်းစာမတော်ခဲ့ကြပါ။ ကျောင်းမပြီးခဲ့ကြပါ။ ယခုခေတ်သားသမီးကို ကျောင်းစာမေး ပွဲ အဆင့်တစ်ရမှ၊ အဆင့်နှစ်ရမှဆိုသော မိဘများအထူးသတိပြုစေလိုပါသည်။ အောင်မြင်မှုက တောင်းဆိုသည်မှာ ပထမတန်းစား ဥာဏ်ရည်ဥာဏ်သွေးမဟုတ်၊ ပထမတန်းစားစွဲဟူသော ပညာရှိတို့စကားမှတ်သားထားဖို့လိုပါသည်။

ဘဝအောင်မြင်ရေးအတွက် သိချင်စိတ်၊ တတ်ချင်စိတ်၊ ဆည်းပူးချင်စိတ်၊ သုံးသပ် နှလုံးသွင်းချင်စိတ်၊ အောင်မြင်ကြီးပွားချင်စိတ်တို့ကို သာရှင်သန်အောင်မွေးမြူပြီး ကိုယ့်အားကိုယ်ကိုး “တစ်သက်တာပညာ”ဆည်းပူး ရေးတွင် ကောင်းစွာဆောင်ရွက်ပါက အောင်မြင်သောဘဝဖြစ်နိုင်ပါသည်။ သင်ယူမှုကို ဘယ်သောအခါမှရပ်မပစ် လိုက်ပါနှင့် ဟု ပညာရှိတို့က ဆိုပါသည်။

အသက်အရွယ်ကြီးရင့်သူတို့၌ အတွေ့အကြုံများသဖြင့် ဘဝပညာနှင့်ပြည့်စုံနေကြသည်။ သူတို့တစ် သက်တာဘဝပညာကို လူငယ်လူရွယ်များအားပေးလှူနေကြသော လူကြီးသူမတို့ များစွာ ရှိကြသည်။ ဘဝပညာကို လိုလားသူ လူငယ်လူရွယ်တို့သည် ထိုလူကြီးသူမတို့ထံမှ ဘဝပညာကို ဆည်းပူးရယူနိုင်သည်။ ခေါင်းသုံးလုံးရှိသော အဘိုးအိုကို ဆည်းကပ်ပါ ဟူသည်မှာ ဤအဓိပ္ပါယ်ဖြစ်၏

ဘဝပညာသည် အလှပညာဖြစ်သည်။ ဘဝပညာသည်ကိုယ့်ဘဝကိုလည်း ရုပ်ဆိုးကျည်းတန် မဖြစ်စေ ရ။ သူများတကာတွေ ဘဝကိုလည်း ရုပ်ဆိုးအကျည်းတန်မဖြစ်စေရ။ အတ္တပရဘဝ နှစ်မျိုးလုံးကို အလှဆင်သောပ ညာသည် ဘဝပညာဖြစ်သည်။ ဘဝပညာသည် အတ္တအတွက်လည်း ဒုက္ခကိုရှောင်ရှား၊ ပရအတွက်လည်း ဒုက္ခတွေ ဆောင်မထားဘဲ အတ္တပရ နှစ်ဦးနှစ်ဝသုခနှင့် ပြည့်စုံအောင် ဆောင်ရွက်သောပညာဖြစ်သည်။ ဘဝပညာသည် မည်သူ့ကိုမျှ အနှောင့် အယှက်မပေးပဲ ကူညီရိုင်းပင်းမှုကိုသာ ပေးသောပညာဖြစ်သည်။

တတ်သိသူနှင့် သိတတ်သူနှစ်မျိုးတွင် တတ်သိသူသာပေါများ၍ သိတတ်သူရှားပါးသတဲ့။ ဘဝပညာ သည်တတ်သိခြင်းမဟုတ်။ သိတတ်ခြင်းသာဖြစ်သည်။ မိဘအပေါ်လည်း သိတတ်သည်။ ဆရာသမားအပေါ်လည်း သိတတ်သည်။ ကျေးဇူးတရားကိုလည်း သိတတ်သည်။ တာဝန်ကိုလည်း သိတတ်သည်။ ဝတ္တရားကိုလည်း သိတတ် သည်။ လူမှုရေးကိုလည်း သိတတ်သည်။ ပြောစရာ၊ဆိုစရာ၊ သင်စရာမလိုပဲ အသိတရားက သူ့အလိုရှိသူဖြစ်သဖြင့် အရာရာ၌ သိတတ်ခြင်းသည် ဘဝပညာဖြစ်သည်။

တချို့စည်းကမ်းတွေသည် သီးသန့်ကန့်သတ်ထားခြင်း မဟုတ်၊ ကိုယ့်အသိတရားနှင့် ကိုယ်လိုက်နာ ကြရခြင်းဖြစ်သည်။ အလိုက်သိ၊ အလိုက်တသိဟူသော ဝေါဟာရနှင့် သဘောတရားသည် နေရာတိုင်း၌လိုအပ်သည် အလိုက်မသိသူနှင့် ပေါင်းသင်းဆက်ဆံရ၊ နေထိုင်ရတာလောက် ဆင်းရဲတာဘာမှမရှိ၊ ထို့ကြောင့်အလိုက်သိတတ် မှုလေးတစ်ခုတော့ လူတိုင်းမှာရှိစေချင်သည်။ ထိုဘဝပညာဖြစ်သော အလိုက်သိတတ်မှုမှနေ၍ ကိုယ်ချင်းစာတရား ဆိုတာ ပေါ်လာသည်။ အားနာတတ်မှု၊ ကူညီရိုင်းပင်းတတ်မှု၊ ထောက်ထားမှု၊ စာနာမှု၊ ငဲ့ညှာမှု၊ ဦးစားပေးမှုစသော မြန်မာ့ယဉ်ကျေးမှုများ ပေါ်ပေါက်လာရ သည်။

တစ်ဖက်သားကို အားနာတတ်မှုသည် နူးညံ့သောစိတ်ထား၊ မွန်မြတ်သော စိတ်ထားမှလာသည်။ နေရာတိုင်း၌အားနာဖို့မလိုသော်လည်း၊ အားနာတတ်သော မြန်မာ့ယဉ်ကျေးမှုလေးတစ်ခု မပျောက်ကွယ်သင့်ပေ။ လူတို့ ကြား၌ အရေးတကြီး လိုအပ်သော ကိုယ်ချင်းစာတရားသည် အားနာမှုမှလည်း လာသည်။ ငဲ့ညှာမှု၊ စာနာမှု၊ ထောက် ထားမှုတို့မှလည်း လာသည်။ ထိုကောင်းမြတ်သော အမူအကျင့်တို့သည် ဘဝပညာမှနေ၍လာကြသည်။

ကျက်ဥာဏ်၊ မှတ်ဥာဏ်တို့သည် အတတ်ပညာရပ်တို့နှင့် ဆိုင်သော်လည်း စဉ်းစားဥာဏ်၊ ဆင်ခြင် ဥာဏ်၊ထိုးထွင်းဥာဏ်၊ သဘောဥာဏ်၊ တင်္ခဏုပ္ပတ္တိဥာဏ်၊ဟာသဥာဏ်စသည်တို့ကား ဘဝပညာရပ်နှင့်ဆိုင်သွား သည်၊ ကာလဒေသ ပုဂ္ဂလကို ခွဲခြားနားလည်မှု၊ ဌာနာ ဌာနကောသလ္လဥာဏ်တို့မှာလည်း ဘဝပညာရပ်မှသာ ရရှိနိုင် သည်။

ဘဝပညာတွေ ပိုင်ဆိုင်ထားသူ ဘဝပိုင်ရှင်တိုင်းကတော့ ကိုယ့်ဘဝကိုယ်လှချင်ကြသည်။ လှတပတ ဖြစ်ချင်ကြသည်။ ဘဝတွေလှဖို့အတွက် အဓိကလိုအပ်တာကတော့ “ဘဝပညာရပ်” သာဖြစ်သည်။

အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်)
Weekly Eleven 4-8-2010


Saturday, April 26, 2014

“ယဉ်ကျေးမှုမှ ရိုင်းစိုင်းမှုသို့”

“ယဉ်ကျေးမှုမှ ရိုင်းစိုင်းမှုသို့”

ဗုဒ္ဓဘာသာဝင်မိသားစုအားလုံး သားယောက်ျားလေးတစ်ယောက် ပါလာပြီဆိုသည်နှင့် ရှင်ပြုပေးရန် ဆိုသည့် ရည်ရွယ်ချက်က အပြည့်အဝ ရှိနေပြီးပင် ဖြစ်ကြသည်။ တခြားအလှူ မလုပ်နိုင်လျှင် နေပါစေ ရှင်ပြုအလှူပွဲကြီးကိုကား မဖြစ်မနေ ပြုလုပ်ကြသည်။ ဤသည်ကား ဗုဒ္ဓဘာသာဝင် မြန်မာ တစ်မျိုးသားလုံးတို့၏ တူညီသော ယဉ်ကျေးမှုကြီး တစ်ခုပင်ဖြစ်ပါ၏။

တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော ယဉ်ကျေးမှုကြီး၏ အနက်အဓိပ္ပာယ်ကို တစ်မျိုးသားလုံးပင် ကျကျနနသိထားသင့်ကြသည်။ ရှင်မပြုမီ ဝတ်ရသော ရှင်လောင်းဝတ်စုံကို မင်းမြောက်တန်ဆာ ဟုခေါ်သည်။ ကိုရင်လောင်းကို အဘယ့်ကြောင့် မင်းမြောက်တန်ဆာဆင်ယင်ပေးရသနည်း။

အလှအတွက်သက်သက်မဟုတ်ပါ။ သာသနာ့ဘောင်သို့ ဝင်ရောက်မည့် ကိုရင်လောင်းကို လူ့ဘဝ တွင် အမြင့်မြတ်ဆုံးဖြစ်သော မင်းအဖြစ်ကို တင်မြှောက်လိုက်ခြင်း ဖြစ်၏။ ရှင်လောင်းလှည့်ခါနီးတွင် ဆိုင်ရာရိုးရာနတ်များကို ပြသရခြင်းကို နတ်ပြသည်ဟု ခေါ်ကြသည်။ ဘယ်အတွက်ပြရသနည်း။ ဆိုင်ရာရိုးရာနတ်တို့က အမြင့်မြတ်ဆုံးဘဝသို့ ရောက်ရှိမည့်ရှင်လောင်းများအား ရှိခိုးပူဇော် စောင့်ရှောက်ကြရန်သာဖြစ်ပါသည်။

ထိုကဲ့သို့ သေချာမသိသော အလှူရှင်များက ရှင်လောင်းတို့ကို နတ်တို့အား ရှိခိုးခိုင်းခြင်းကား မှားခြင်းကြီးမှားပေစွ။ ရှင်လောင်း လှည့်ခြင်းသည်လည်း အပိုကြွားခြင်း သက်သက်မဟုတ်၊ ရှင်လောင်းများအား တွေ့သမျှ လူတို့က ပူဇော်နိုင်ရန်အတွက် အပူဇော်ခံ တိုင်းခန်းလှည့်ကြွခြင်းသာ ဖြစ်ပေသည်။

ရှင်လောင်းလှည့်ပြီး၍ဆံချရန် မဏ္ဍပ် သို့မဟုတ် ဘုန်းကြီးကျောင်းသို့ ပြန်လာသည့်အခါ ရှင်လောင်းလှည့်ရာတွင် မလိုက်ပါနိုင်ကြသော ဝေယျာဝစ္စပြုသူအချို့က ရွှေကြိုးတားကြသည်။ အဓိပ္ပာယ်က “မောင်ရှင်လောင်တို့ ခေတ္တခဏ ဆိုင်းငံ့တော်မူကြပါ။ အကျွန်ုပ်တို့မှာ ဝေယျာဝစ္စများ ပြုလုပ်ဆောင်ရွက်နေရသည့်အတွက် အသင် မောင်ရှင်လောင်းတို့အား ရှိခိုးပူဇော်ခွင့် မရလိုက်ပါ။ ယခုမှသာရှိခိုးပူဇော် နိုင်ပါတော့သည်” ဟု ပြောဆိုပြီး ရှိခိုး ပူဇော်ကြရန်ပင်ဖြစ်ပေသည်။

ထိုကဲ့သို့ တားသောအခါတွင်လည်း တွေ့ကရာ ကြိုးများဖြင့်မတားရပါ။ တကယ့်ရွှေဆွဲကြိုးများကို ဖြုတ်ပြီး တားကြရသည်။ တားမြစ်ခြင်း၏အဓိကရည်ရွယ်ချက်က ရှင်လောင်တို့အား ရှိခိုးပူဇော် ကန်တော့ရန်ပင်။ သို့သော် ကာလကြာညောင်းလာသောအခါ ယဉ်ကျေးမှုနေရာတွင် ရိုင်းစိုင်းမှုက အစားထိုးဝင်ရောက်လာခဲ့သည်။

မဏ္ဍပ်ထဲ သို့မဟုတ် ဘုန်းကြီးကျောင်းဝိုင်းထဲသို့ ဝင်ရောက်လာသော ရှင်လောင်းများကို တွေ့ကရာကြိုးများဖြင့် ဝင်မရအောင်တားပြီး အလှူရှင်များထံမှ ငွေညှစ်ကြသည်။ အလှူ လှူချိန်အတွင်း အကုသိုလ် မဖြစ်လိုသော အလှူရှင်များကလည်း တောင်းသမျှပေးကြသည်သာ။

ထိုအညှာကို သိထားသောလူလည်အချို့က အပျော်သဘောမျိုး မဟုတ်တော့ဘဲ အလှူရှင် သဒ္ဓါပျက်လောက်အောင် လူပြန်ပေးဆွဲသလို မတန်တဆ ငွေတောင်းလာကြသောအခါ အချို့ အလှူရှင်နှင့် ရွှေဆွဲကြိုးတားသူများ စကားများသည့်အဆင့်သို့ ရောက်လာခဲ့သည်။

“ကောင်းမှန်သိ သာအိတစိုစို” ဟူသောစကားအတိုင်း အလှူရှင်ဘက်မှ လိုက်လျောမှန်း သိလာသောအခါ ရွှေဆွဲကြိုးတားရုံနှိင့် အားမရကြတော့ဘဲ ရှင်လောင်းဖွက်သည့် အဆင့် အထိ ရောက်လာကြပါတော့သည်။ တောင်းသမျှငွေကို အလှူရှင်က မပေးနိုင်ခဲ့လျှင် ရှင်လောင်းကို တွေ့ရဖို့ မလွယ်တော့ပါ။

ရှင်လောင်းကိုမတွေ့ရလျှင် အလှူပွဲပျက်ဖို့သာရှိပါတော့သည်။ အလှူပွဲ အပျက်မခံနိုင်သော ကြောင့်လည်း ရှင်လောင်းပြန်ပေးသမားတို့ တောင်းသမျှငွေကို အလှူရှင်တို့က မဖြစ်မနေ ပေးကြရရှာသည်။ မြန်မာ့ ယဉ်ကျေးမှုနယ်ပယ်တွင် အစားထိုးဝင်ရောက်လာသော ရှင်လောင်း ပြန်ပေးဆွဲမှုတည်း ဟူသော ရိုင်းစိုင်းမှုကြီးကို ရဟန်းရှင်လူအားလုံးတို့က ရေးသားမှု၊ ဟောပြောမှု၊ ပညာပေးမှုတို့ဖြင့် ပျောက်ပျက်အောင် မတိုက်ဖျက်နိုင်ခဲ့ပါလျှင်။ ။

မေတ္တာရှင်(ရွှေပြည်သာ)၏
‘ဖယောင်းတိုင်တစ်တိုင်၏အလင်းရောင် နှင့် ဒဿနရသဝတ္တုတိုများ’ မှမျှဝေပါတယ်။
Zahan Mon

Friday, April 25, 2014

လူဖြစ်ရကျိုးနပ်ပါစေ


 လူဖြစ်ရကျိုးနပ်ပါစေ 

နှစ်ဟောင်းကုန်လို့  နှစ်သစ်တစ်ခုကို ရောက်လာခဲ့ပြန်ပါပြီ။ ပြီးခဲ့တဲ့ နှစ်ဟောင်းမှာ ၀မ်းသာစရာတွေနဲ့  ကြုံတွေ့ ခဲ့ရသလို။ ၀မ်းနည်းစရာတွေ အမြောက်အများနဲ့ လည်း ဆုံတွေ့ ခဲ့ရပြီးပါပြီ။ နောက်ဆုံးမှာ အနှစ်ပြန်ချုပ်လိုက်တော့ ဘာမှ မယ်မယ်ရရ မရှိခဲ့ပါဘူး။ ၀မ်းသာစရာ၊ ၀မ်းနည်းစရာတွေရဲ့အပေါ်မှာ ဖြစ်ပြီး၊ ပျက်တယ်ဆိုတဲ့ သဘောတရားလေးက အချိန်ခဏလေးနဲ့  နှုတ်ဆက်ခံသွားရတဲ့ သူတွေရှိသလို၊ အချိန်ပေါင်း ကြာညောင်းစွာ အစွဲခံရတဲ့သူတွေလည်း ရှိနေပါသေးတယ်။

ကံတရားဆိုတာ နှစ်သစ်တွေ၊ နှစ်ဟောင်းတွေနဲ့  ခြားနားမထားပါဘူး။ ကိုယ်က မကောင်းတာတွေ တစီတတန်းကြီး လုပ်ခဲ့မယ်ဆိုရင် အဲဒီ ကိုယ်ကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ ကံရဲ့အရိပ်က ပစ္စုပ္ပန်အချိန်မှာလည်း ကြောက်လန့် ၊ စိုးရိမ်နေရသလို၊ နောင်အနာဂတ်ကာလ တမလွန်ဘ၀ အဆက်ဆက်မှာလည်း ကြောက်လန့် စိုးရိမ်မှုတွေ တဖွားဖွား ဖြစ်နေအုံးမှာ သေချာပါပဲ။ ကောင်းတာတွေလုပ်ခဲ့တဲ့ သူလည်း ဒီအတိုင်းပါပဲ။ ကြိုးစားပြီး စိုက်ပျိုးခဲ့ရတဲ့ ကောင်းမှုမျိုးစေ့တွေဟာ ပျော်ရွှင်ခြင်း အသီးအပွင့်တွေ၊ ချမ်းသာခြင်း အသီးအပွင့်တွေနဲ့  အသင့်ခူးဆွတ်စားသုံးဖို့  လက်တစ်ကမ်းမှာ အမြဲရှိနေမှာပါပဲ။

ကိုယ့်အတွက် ရောက်ရှိလာတဲ့ နှစ်သစ်ဟာ ပန်းပေါင်းဝေဆာ သာယာမယ့်နှစ်တစ်ခုလား၊ ဒုက္ခတွေမြောက်များစွာနဲ့ စိတ်မအေးရတဲ့ နှစ်တစ်နှစ်လားဆိုတာဟာ ကိုယ်ကိုယ်တိုင်ဖန်တီး ထုဆစ်ထားတဲ့ ကံအကြောင်းတွေပေါ်မှာပဲ မူတည်နေပါလိမ့်မယ်။ လက်ရှိအချိန်မှာ ပျော်ရွှင်စရာတွေ ဓာတ်သက်အားကောင်းကောင်းနဲ့  ရချင်ရင် ရှေးရှေးက အဲဒီအကျိုးရဲ့ အကြောင်းတရားတွေကို ဖန်တီးခဲ့ဖြစ်ဖို့ ပါပဲ။ နောက်နောင်ကာလမှာ ရချင်သေးတယ်ဆိုရင် အခုကတည်းက ကြိုးစားအားထုတ်လိုက်ဖို့ ပါပဲ။ ပစ္စုပ္ပန်မှာ အကောင်အထည်ဖော်၊ ဆစ်ထုဖြစ်နေတဲ့ ရုပ်လုံးလေးဟာ နောင်အနာဂတ်ကာလရဲ့ အရင်းမြစ်ဆိုတာ သေချာပါပဲ။

လူ့ ဘ၀ကို ရရှိထားတဲ့ အချိန်လေးမှာ စိန်ခေါ်မှုတွေ၊ အဆုံးမသတ်နိုင်သေးတဲ့ တိုက်ပွဲတွေ ဘယ်လိုပဲဆုံတွေ့ ကြုံတွေ့ နေပါစေ၊ အသိဉာဏ်တွေတိုးပြီး၊ လူဖြစ်ရကျိုးလေး နပ်သွားရအောင်တော့ ကြိုးစားလုပ်သွားရမှာပါပဲ။ လူ့ ဘ၀ဇာတ်ခုံပေါ်မှာ ကိုယ်က ရိုးသားဖြောင့်မတ်တဲ့သူ၊ ကိုယ်ကျိုးမရှာ၊ တဖတ်သတ်မဆန်တဲ့သူ အဖြစ်နဲ့ သာ သရုပ်ဆောင်သွားနိုင်ဖို့ ပါပဲ။

လက်ရှိအချိန်ကစပြီးတော့ မိမိရဲ့ အတွေးတွေကို ဂရုစိုက်ပေးပါ၊ အပြောတွေကို ဂရုစိုက်ပေးပါ၊ အလုပ်တွေကို ဂရုစိုက်ပေးပါ။ ခြေတစ်လှမ်းမှားလိုက်ရင် သက်ရောက်မှုကလည်း ကောင်းမှာ မဟုတ်တဲ့အတွက် ကိုယ်လှမ်းမယ့် ခြေလှမ်းဟာ ကုဋေတစ်သန်းမက တန်တဲ့ ခြေလှမ်းတွေပဲ ဖြစ်အောင်ကြိုးစားပေးပါ။

“ဘယ်လိုနေရာမျိုးပဲ ဖြစ်ဖြစ် မိမိ နေထိုင်ခွင့်ရတဲ့ နေရာမှာ ရေကန်တူးပြီး ကြာပေါက်လာအောင်လုပ်ရမယ်” (ဓမ္မဘေရီ အရှင်ဝီရိယ)

“ ပူရေန္တု သမ္မာသင်္ကပ္ပါ။ ဘိဇ္ဇန္တု မိစ္ဆာသင်္ကပ္ပါ”
“မှန်ကန်သော အတွေးအကြံများပြည့်စုံကြပါစေ။
မှားယွင်းသော အတွေးအကြံများ ပျက်စီးကြပါစေ။”
(သီတဂူဆရာတော်)

“ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခြင်းသည် မေတ္တာတရားကို အလင်းမြှင့်ခြင်းပင် ဖြစ်ပါသည်။ ဗြဟ္မစိုရ်လက်ဖြင့် ထုဆစ်လိုက်သောအခါ ကမ္ဘာမြေ၏ နေ့ရက်များသည် မြတ်နိုးမှုဖြင့် ရုပ်လုံးကြွလာခဲ့၏။ တစ်ခါတစ်ရံ၌မူ မျှဝေစာနာခြင်းဖြင့် လေးလံရ၏။ တစ်ခါတစ်ရံ၌မူ မျှဝေဂုဏ်ယူခြင်းဖြင့် ပေါ့ပါးရ၏။ တစ်ခါတစ်ရံ၌မူ ဥပေက္ခာဖြင့် ရင့်ကျက်ရ၏။ ထိုသို့ဖြင့်ပင် သန္တရသမြစ်ကြီး စီးဆင်းစေသတည်း။”
(ဓမ္မဂင်္ဂါ)

နေရာတိုင်းမှာ ဆရာသမားကောင်း သူတော်ကောင်း၊ မိတ်ဆွေကောင်းတွေကို မှီခိုနိုင်ကြပါစေ။
ကောင်းတဲ့ အလုပ်တိုင်း အစပြုလုပ်နေလျက်သား ဖြစ်ကြပြီး အဆုံးစွန်ထိ ပေါက်မြောက် အောင်မြင်နိုင်ကြပါစေ။

(မော်ကွန်းသစ်)



Thursday, April 24, 2014

ဒုလ္လဘ (တွေ့ကြုံရခဲသော) ပုဂ္ဂိုလ် နှစ်မျိုး


ဒုလ္လဘ (တွေ့ကြုံရခဲသော) ပုဂ္ဂိုလ် နှစ်မျိုး

# လောကမှာ ရခဲ(တွေ့ခဲ)တဲ့ ပုဂ္ဂိုလ်နှစ်(မျိုး)ဦးရှိပါတယ်။ ဒုလ္လဘ ပုဂ္ဂိုလ်တဲ့ တန်ဘိုးကြီးပြီးရှားပါးတဲ့ ပုဂ္ဂိုလ်လို့ဆိုရမှာပါပဲ။အဲဒီပုဂ္ဂိုလ် နှစ် မျိုးကတော့-
(၁) ပုဗ္ဗကာရီ -------- ရှေးဦးစွာ ကျေးဇူးပြုသူ
(၂) ကတညူတကဝေဒီ -- သူပြုဖူးတဲ့ ကျေးဇူးကို သိနားလည်ပြီး ဖော်ကျူးပေးဆပ်သူ။

# ပုဗ္ဗကာရီ - ရှေးဦးစွာ ကျေးဇူးပြုသူဆိုတာကမိဘနဲ့သားသမီး။ ဆရာနဲ့ တပည့်။ ကြီးသူ(စွမ်းနိုင်သူ) နဲ့ ငယ်သူ(အစွမ်းအစ အားနည်းသူ)။ဆွေမျိုး ထဲမှာဆိုရင် အကျင့်စရဏ ကောင်းပြီး သြဇာညောင်းသူ။ ရပ်ရွာ မြို့နယ်မှာ ဆိုရင်တော့ အကျင့်စရဏကောင်း အသိဥာဏ်ရှိပြီး သြဇာညောင်းတဲ့ ပုဂ္ဂိုလ်တွေ။အစိုးရပိုင်းမှာတော့ တရားနဲ့အညီ အုပ်ချုပ်တဲ့ ပုဂ္ဂိုလ်တွေဟာ ရှေးဦးစွာ ကျေးဇူးပြုသူများလို့ ဆိုရမှာပါ။ ရှေးဦးစွာ ကျေးဇူးပြုတယ်ဆိုရာမှာ ကိုယ်ကျိုးငဲ့ပြီး ပြုရတာလဲရှိတယ် ။ ကိုယ်ကျိုး မငဲ့ပဲ ပြုရတာလဲရှိတယ်။ မိဘနဲ့ သားသမီး။ ဆရာနဲ့ တပည့် ဆိုရင် ရာနှုန်းအပြ ည့်လိုပါပဲ။ သားသမီး တပည့်တွေအပေါ်မှာ ကောင်းစားစေချင်တဲ့ မေတ္တာအမှန် မေတ္တာ
အစစ်၊ ချမ်းသာစေချင်တဲ့ ၊ကျန်းမာစေချင်တဲ့၊ အောင်မြင်စေချင်တဲ့၊ အစစအရာရာ အဆင်ပြေ စေချင်တဲ့ မေတ္တာ ရှိကြပါတယ်။

# စစ်မှန်တဲ့ မေတ္တာထားတတ်သူဟာ ပေါင်းသင်းဆက်ဆံရေးကအစ သူတပါးရဲ့ ချမ်းသာရေးကိုသာ လိုလားနေတော့ သူတျပါးချမ်းသာရေးကိုသာ ရှေးရှုနေပြီး သည်းခံတယ် ၊ ခွင့်လွှတ်တယ် အနစ်နာခံတယ် ။  တစ်ခါ တစ်ခါ သည်းမခံနိုင်စရာ အချက်ကလေးရှိလို့ ရုတ်တရက်လွတ်သွား ပေမယ့် အချိန်မီ ထိန်းသိမ်းနိုင်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူက သူတပါး ချမ်းသာစေချင်တာ။ သူတပါး ချမ်းသာရေးကိုသာ ရှေးရှုတာကိုး ။

ကိုယ့်ချမ်းသာရေးကို မရှေးရှုဘူး။ ကိုယ့်ချမ်းသာရေးကိုဦးစားမပေးဘူး ။ သည်းခံခွင့်လွှတ် အနစ်နာ ခံစရာရှိ၇င် အနစ်နာခံလိုက်တာပဲ ။ အဲဒီတော့ နောက်ပိုင်းမှာ ကြင်နာမှုတွေဖြစ်လာတယ်။ စစ်မှန်တဲ့ မေတ္တာ အခြေခံလိုက်တော့ လူမှုဆက်ဆံရေးကအစပြေအေးစေနိုင်တဲ့ အနစ်နာခံမှုတွေ ၊ သည်းခံမှုတွေ ဖြစ်လာပါတယ် ။

# ကောင်းစားစေချင်တော့ မေတ္တာစစ် မေတ္တာမှန် က သူ့ရဲ့ ဆန်ကျင်ဘက် မုန်းမှုဒေါသ ကင်းသွားတယ်။ ဆင်းရဲစေချင်တဲ့ သဘောလည်း မရှိတော့ဘူး ။ ရက်စက်တဲ့ဒေါသလည်း ကင်းသွားပြီး သိပ်ကောင်းတာ ။ မိဘတွေဆိုရင် သားသမီးတွေအပေါ်မှာလောက ဓမ္မ နှစ်ဌာနလုံးမှာ လူတစ်လုံးသူတစ်လုံး ဖြစ်စေချင်တာ ။ ဘယ်တော့မှသားသမီး ဆုတ်ယုတ်နစ်နာမှုတွေ မလိုလားဘူး။ ပြီးတော့ လက်ဥိးဆရာအနေနဲ့ကောင်းကျိုးချမ်းသာရစေဖို့ရန် ညွှန်ပြသင့်တဲ့ အရာတွေ ညွှန်ပြတာပဲ ။ အဲဒါမေတ္တာရဲ့အခြေအနေပေါ့ ။ ညွှန်ပြတဲ့အတိုင်း သားသမီးတွေက ကျင့်သုံးရင် ကျင့်သုံးသလောက်အကျိုးကျေးဇူးများတာပါပဲ။ လောကရေးမှာလည်း အကျိုး ကျေးဇူးရှိ။  ဓမ္မရေးမှာလည်း အကျိုးကျေးဇူးရှိလာတာပါပဲ ။

# တဖက်က မေတ္တာနဲ့ ကောင်းကျိုးချမ်းသာရဖို့ ညွှန်ပြသလို အခြားတဖက်ကလည်း အမှားတွေ မပြုမိ မပြောမိ မကြံစည်မိစေဖို့။ ဆင်းရဲဒုက္ခ မရောက်စေလို လို့ ။ ဆင်းရဲဒုက္ခ ရောက်မှာကို ပယ်ရှားလိုလို့ ဆုံးမပဲ့ပြင်ပေးကြတာ အဲဒါ ကြင်နာမှု ခေါ်တယ် ။သားသမီးတွေပေါ်မှာ မိဘတွေ အနစ်နာခံတယ်ဆိုတာ အထူးပြောစရာမလိုဘူး ။ သားသမီးတွေ မှားတာတောင်မှ သည်းခံနိုင်တာ ။ အနစ်နာခံနိုင်တာ ။ ကြင်နာသနားလို့ပါပဲ ။ဒီလို ကြင်နာသနားတော့ အမှားတွေကို တားတယ်။ တားထားတဲ့ အမှားတွေကို သားသမီးတွေရှောင်ရင် ဒုက္ခမရောက်ဘူး။

 “မကောင်းမြစ်တား “ ဆိုတဲ့အတိုင်း ဒုက္ခမရောက်စေချင်လို့ တားတာပါပဲ ။ “ ကောင်းရာ ညွှန်လတ် “ ဆိုတော့ သိပ်ကောင်းတာပေါ့။ ကောင်းရာညွှန်တာမေတ္တာ ။ မကောင်းတာ တားတာ ကရုဏာ ။ မေတ္တာ ကရုဏာ ထားပြီး သားသမီးတွေကိုစောင့်ရှောက်နေတာ့ အရွယ်အလိုက် သားသမီးတွေ ကျန်းမရေး ကောင်းလာတယ် ။ပညာရေးမှာလည်း တိုးတက်လာတယ် ။ လူမှု ဆက်ဆံရေးတွေ ကောင်းလာတယ် ။

အထူးသဖြင့် လောကဘက်က ချွန်ရေးထက် ယဥကျေးမှုနဲ့စပ်တဲ့ မွန်ရေးကို အလေးထားပြီး ပြုပြင်တတ်တဲ့ မိဘများရဲ့ လက်အောက်မှာ နေရတဲ့ သားသမီးတွေဟာ  ချွန်ရုံမဟုတ်ဘဲ မွန် လာတယ် ။ ဒီလို ချွန်တာ မွန်တာတွေ တွေ့လို့ရှိရင် တပြုံးပြုံးနဲ့ ကြည်နူး ကြည်သာမှုရှိလို့ မုဒိတာပွားကြရတယ် ။
# နောက် သားသမီးတွေက သူ့အင်အားနဲ့သူ ရပ်တည်နိုင်တဲ့ အပိုင်းရောက်တဲ့အခါမှာစိတ်ချရလို့ အရင်ကလို ကြောင့်ကြစိုက်စရာ မလိုတော့ဘူး ။ သက်သောင့် သက်သာလေးရှိသွားတော့တာ ။ ဒါ ဥပေက္ခာ သဘောပါပဲ။ အဲဒီ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတွေကို ဗြဟ္မစိုရ်တရားလို့ ခေါ်ပါတယ်။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်များသာ ကျင့်သုံးနိုင်လို့ ဗြဟ္မစရိယ လို့လည်းခေါ်ပါတယ် ။ ဒီလို တရားရှိတဲ့ မိဘများနဲ့ အတူနေရတဲ့ သားသမီး များဟာ ဗြဟ္မာကြီးများနဲ့ အတူနေရသလိုပါပဲ ။

# ဗြဟ္မာကြီးများဟာ ကမ္ဘာလောကကြီးပေါ်မှာသတ္တ၀ါတွေ ကောင်းစားစေချင်တဲ့ မေတ္တာထားတယ် ။ မဆင်းရဲစေချင်တဲ့ (တနည်း) ဆင်းရဲခြင်းမှ လွတ်မြောက်စေချင်တဲ့ ကြင်နာသနားတဲ့ ကရုဏာထားတယ် ။ မေတ္တာ ကရုဏာကို အခြေခံပြီး ပေါ်ပေါက်တဲ့ အကျိုးရလဒ်ပေါ်မှာကြည်သာမှု မုဒိတာလည်း ပွားတယ်။ မေတ္တာ ကရုဏာ မုဒိတာထားပြီး ကမ္ဘာလောကကြီးကိုစောင့်ရှောက် တယ်။  အစောင့်ရှောက်မခံနိုင်အောင် သူ့ကံနဲ့သူ ပေါ်လာတဲ့ သတ္တ၀ါတွေဟာ ကောင်းတာ ကလည်း ကောင်းကျိုးအလိုက် မကောင်းတာကလည်း မကောင်းကျိုးအလိုက် စံရခံရတာတွေ့ရင် သူ့ကံနဲ့သူပေါ့လေ ။ ငါလည်း မတတ်နိုင်ဘူးဆိုပြီး သူပြုခဲ့တဲ့ ကောင်းကံဆိုးကံကို လွဲချရတာ ။ သက်သာအောင်လုပ်တာ ဘက်မျှစွာထားရတာကို ဥပေက္ခာလို့ ဆိုပါတယ်။

# ဗြဟ္မာနဲ့တူတဲ့ မိဘများတော့ ရှားသွားပါပြီ ။ မိဘတို့ကိုယ်တိုင်က အကျင့်စရဏနဲ့ပတ်သက်ပြီး မွေးလာတဲ့ သားသမီးတွေ ကောင်းမွန်ဖို့ထက် ထူးချွန်ဖို့သာ အလေးထားကြတော့ သားကောင်း သမီးကောင်းဖြစ်ဖို့တွက် ရှေ့တန်းမတင်တော့ဘူး ။ နောက်ပိုင်းမှာ အချိုးမကျ အပိုးမသေတဲ့ သားသမီးတွေကို တွေ့ရပြီဆိုရင် မျက်ရည်တွေ စမ်းစမ်းလေးနဲ့ဖြစ်ရပါတယ်။ဝမ်းနည်းမှုနဲ့ အဆုံးသတ်ရပါတယ် ။

မိဘ ဘက်ကလည်း ၀တ္တရားချို့တဲ့ သွားတာများနေပါပြီ။ဗြဟ္မာနဲ့တူတဲ့ မိဘတွေလက်အောက်မှာ ကြီးပြင်းလာရတဲ့ သားသမီးတွေဆိုရင် တဖက်ကလည်းလောကသားပီပီ တတ်သင့်တတ်ထိုက်တဲ့ အတတ်ပညာတွေ တတ်ပြီးတော့ သူ့ဘ၀နဲ့၇ပ်တည်နိုင်ဖို့ရာ ချွန်အောင် လုပ်ပေးတယ် ။ အခြားတဖက်မှာလည်း ကိုယ် နှုတ် စိတ် သုံးပါး မမှားရအောင် ထိန်းချုပ်တယ် ။ ထိန်းချုပ်တတ်အောင် အခြေခံကစပြီး ကိုယ်ကျင့်တရားတွေ သင်ပြပေးတယ် ။

ဒီအသိဥာဏ်နဲ့ မလုံလောက်တော့ ပွားသိဥာဏ်တွေ ရအောင်လည်း ဘာသာရေးသာသနာရေးနဲ့ ဆက်သွယ်ပေးတယ် ။ ဒီလိုမွန်တဲ့ သားသမီးတွေ ကိုယ်ကျင့်တရားကောင်းတဲ့သားသမီးတွေ ။ လူပီသတဲ့ သားသမီးတွေ လူလိုစိတ်ထားတတ်တဲ့ သားသမီးတွေ ။ လူ့အသိဥာဏ်ရှိတဲ့ သားသမီးတွေ ။ လူ့ထက် လူ ဖြစ်တဲ့သားသမီးတွေ ထွန်းကားလာတယ်။

# ဒါတွေ မြင်တွေ့ရတဲ့ မိဘတွေ ဘယ်လောက်ထိ စိတ်ချမ်းသာမလဲ။ ၀မ်းသာမလဲ ဆိုတာ ကြည့်နိုင်တယ် ။ အဲဒီအခြေအနေထိရောက်အောင် ပြုပြင်ပေးတဲ့ မိဘများကို ပုဗ္ဗကာရိ လို့ခေါ်ပါတယ် ။ လောက ဓမ္မ နှစ်ဌာနလုံးမှာ သူတို့ပြုပြင်ပေးသွားတဲ့ ကျေးဇူးတွေကို သိတတ်တာကို ကတညူ လို့ခေါ်ပါတယ် ။ တချို့သောသူများက ဒီလိုကျေးဇူးကို သိတတ်ပြီး ကျေးဇူးကို ထုတ်ဖေါ်သင့်တဲ့အပိုင်းရောက်ပီဆိုရင် နှုတ်နဲ့မဟုတ်သော်မှ စိတ်နဲ့ ဖော်ကျူးတယ်။ ထိုက်တန်တဲ့ကျေးဇူးကြွေးတွေလည်း ဆပ်တယ် ။ အသက်ရှင်ဆဲ ကာလမှာ ကျေးဇူးကြွေး ဆပ်သလိုကွယ်လွန်ပြီးနောက်ပိုင်းမှာလည်း ထိုက်တန်တဲ့ ကျေးဇူးကြွေးဆပ်တယ် ။ ဒါလည်း ကတဝေဒီခေါ်ပါတယ် ။

ကျေးဇူးသိတတ် ကျေးဇူးဖော်ကျူးတတ် ထိုက်တန်တဲ့ ကျေးဇူးတွေ ဆပ်တတ်တဲ့သားသမီးတွေကို ကတညူ ကတဝေဒီ ခေါ်ပါတယ် ။ ဆရာနဲ့ တပည့်လည်း ထိုနည်းလည်းကောင်းပါပဲ ။ အဲဒီပုဂ္ဂိုလ် နှစ်မျိုးဟာ လောကမှာ ရခဲတဲ့ ဒုလ္လဘ ပုဂ္ဂိုလ်နှစ်မျိုး လို့ဆိုပါတယ် အဘိုးထိုက်တန်ပီး မြင့်မြတ်တဲ့ ပုဂ္ဂိုလ်များ လို့ခေါ်ပါတယ်။

ရွှေတောင်ကုန်းဆရာတော်ကြီးဟောကြားတော်မူသော “ လူသေပေမယ့် နာမည်နဲ့မျိုးနွယ်မသေ “ တရားတော်မှ ကူးယူပူဇော်အပ်ပါသည်။
တန်ဘိုးရှိသော ပုဂ္ဂိုလ်များ ဖြစ်ကြပါစေ...


Ukyaw Kyaw

Wednesday, April 23, 2014

ဒါ သားအတတ်နိုင်ဆုံး ကူညီလိုက်တာပါ အဖေ


ဒါ သားအတတ်နိုင်ဆုံး ကူညီလိုက်တာပါ အဖေ

အဖိုးအိုတစ်ယောက်ဟာ တောင်ပေါ် မြို့လေးတစ်မြို့မှာ အဖော်မရှိ တစ်ယောက်တည်း နေလေရဲ့။ သူ့မှာ စိုက်ခင်းတစ်ခင်း ရှိပေမယ့် ထွန်ယက်ဖို့တောင် ခွန်အားမရှိရှာဘူး။ သူ့အတွက်တော့ အင်မတန်မှ ခဲယဉ်းတဲ့ အလုပ် ဖြစ်နေတယ်။ သူ့ကို ကူညီနိုင်မယ့် တစ်ဦးတည်းသော သားကလည်း ထောင်နန်းစံနေလေတော့ မတတ်နိုင်တဲ့အဆုံး ငြီးတွားတဲ့ အနေနဲ့ပဲ အခြေအနေမှန်ကို သိရအောင် သူ့သားဆီ စာတစ်စောင် ရေးလိုက်တယ်။

"ချစ်သား အဖေ အတော်လေး နေရခက်နေတယ်။ ဒီတစ်နှစ်တော့ စိုက်ခင်းမှာ ပန်းပင်တွေ မစိုက်နိုင်တော့ဘူး ထင်ပါတယ်။ ဒီလို မလုပ်နိုင်လို့ ကိုယ့်ကိုယ်ကို နာကျည်းမိတယ် သားရယ်။ ဘာလို့လဲဆိုတော့ မင်းမေမေ ဆိုရင် ဒါမျိုး သစ်ပင်ပြုစုရတဲ့ အချိန်လေးတွေကို သိပ်သဘောကျတာလေ။ ဒီစိုက်ခင်းမှာ မြေရှင်း၊ ပေါင်းသင် ထယ်ထိုးဖို့အတွက် ခွန်အားတွေ ဘယ်မှာ ရှိတော့မှာလဲ သားရယ်။ အဖေဟာ အသုံးမဝင်တော့တဲ့ လူအိုကြီး ဖြစ်နေပါပြီ။ လူလေးသာ ဒီမှာ ရှိနေမယ်ဆိုရင် အဖေ ဒါတွေ ဘယ်ပူရတော့မလဲနော်။ မင်းသာ ထောင်မကျခဲ့ရင် အဖေအစား ထယ်ထိုးပေးနေမှာ မြင်ယောင်မိပါတယ်။

ချစ်တဲ့
အဖေ"

များမကြာခင်မှာပဲ အဖိုးအိုဆီကို ကြေးနန်းတစ်စောင် ရောက်လာတယ်။
"ဟာ ... အဖေ၊ လျှောက်မလုပ်နဲ့နော်။ မြေကြီးတွေ လျှောက်မတူးနဲ့ဦး။ သားအဲဒီအောက်မှာ သေနတ်တွေ မြှုပ်ထားတာ။

နံနက် ၄ နာရီ "
နောက်နေ့ မနက်မှာပဲ စစ်တပ်နဲ့အတူ ရဲတွေ အများကြီး အဖိုးအိုဆီ ရောက်လာတယ်။ စိုက်ခင်းကြီး တစ်ခုလုံးကို မြေလှန်ပြီး ရှာလိုက်တာ ရစရာကို မရှိဘူးလေ။ ဒါပေမယ့် ဘာ သေနတ်မှ မတွေ့လို့ ပြန်သွားလေရဲ့။ အင်မတန် ခေါင်းရှုပ်သွားတဲ့ အဖိုးအိုက ဖြတ်ပျက်သမျှကို စာတစ်စောင် ရေးပြီး သူ့သားဆီ ပို့လိုက်တယ်။ ဘာဆက်လုပ်ရဦးမလဲ ဆိုတာလည်း မေးထားတယ်။

သားဖြစ်သူ စာပြန်လိုက်တာက
"အားလုံး အဆင်ပြေသွားပြီပဲ အဖေ၊ ပျိုးပင်တွေ စ စိုက်လို့ရပြီပေါ့။ ဒါ သားအတတ်နိုင်ဆုံး ကူညီလိုက်တာပါ အဖေ။"
xxxxxx ဝဝဝဝဝဝ xxxxxx....................

ဒီပုံပြင်လေးကို ဖတ်လိုက်ရပြီး ကျနော် ပြုံးမိပါတယ်။ အခု ဒီပုံပြင်မှာ ဆိုရင် သားတစ်ယောက်အနေနဲ့ ထောင်ထဲကနေ ဘာကူညီနိုင်မှာလဲလို့ ပထမတော့ ကျနော်လည်း တွေးမိပါတယ်။ ကျနော်က ဒီအဖိုးအိုကို ကူညီဖို့ စိတ်မပြင်းပြတာလည်း ဖြစ်ကောင်း ဖြစ်မှာပေါ့။ ထောင်နန်းစံ သားကတော့ သူ့အဖေကို အစွမ်းကုန် ကူညီချင် ရှာမှာပါ။ ဒါကြောင့်လည်း အစွမ်းကုန် အကြံဉာဏ် ထုတ်လိုက်တာ နေမှာပေါ့။

ဒီပုံပြင်လေးကို ဖတ်ပြီး ကျနော် သိလိုက်ရတာ တစ်ခုက ကျနော်တို့ ဟာ ဘယ်ထောင့် ဘယ်နေရာမှာပဲ ကပ်နေပါစေ။ တစ်ခုခုကို လုပ်ဖို့ အူထဲ အသည်းထဲ နှလုံးသားထဲက တကယ် ဆုံးဖြတ်ထားရင် ကျနော်တို့ လုပ်ကို လုပ်နိုင်ပါတယ်။ ဘယ်သူတွေ ဘယ်နေရာမှာ ရှိသလဲဆိုတာ ပဓာန မကျပါဘူး။ မဖြစ်နိုင်ခြင်းအတွက် အကြောင်းပြချက်တွေ ရှာနေမယ့်အစား ဖြစ်နိုင်ခြင်းအတွက် အကြောင်းရပ်တွေ ရှာကြံမယ်ဆိုရင် နည်းလမ်းဆိုတာ ရလာစမြဲလို့ ယုံကြည်မိပါတယ်။



Tuesday, April 22, 2014

အရှင်ဇနကာဘိဝံသ၏ ဘာသာအမြင် သာသနာအမြင်

                  
             အရှင်ဇနကာဘိဝံသ၏ ဘာသာအမြင် သာသနာအမြင် 
                             (အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ၏စာအုပ် အညွန်း)


အမျိုးကောင်းဟူသည် ဆွေမျိုးအသိုင်းအဝိုင်း ကြီးမား၍ ပစ္စည်းဥစ္စာလည်း ပြည့်စုံ၊ အကျင့် စာရိတ္တလည်း ပြည့်စုံသော အမျိုးတည်း။ ထိုအမျိုး၌ လူဦးရေ နည်းသော်လည်း ပစ္စည်းနှင့်စာရိတ္တကောင်းနေလျှင် အမျိုးကောင်းမပျက်သေးချေ။ ပစ္စည်းဥစ္စာကို တည် တံ့အောင် မလုပ်နိုင်သောအခါ မျိုးရိုးစာရိတ္တကို မထိန်းသိမ်းနိုင်ဘဲ သောက်စားမှု၊ ကစားမှု၊ အပျော်အပါး လိုက်စားမှု ပြုသူတွေ များ လာသောအခါ ထိုအမျိုးကောင်းသည် ပျက်ပြား၍ အမျိုးညံ့ ဖြစ်သွား၏။ ထိုသို့ အမျိုးကောင်းကို ဖျက်သူသည် အပြင်ဘက်က လူတွေ မဟုတ်။ အမျိုးအတွင်းက လူတွေသာ ဖြစ်သကဲ့သို့ ထို့အတူ ဗုဒ္ဓမြတ်စွာ၏ မွန်မြတ်လှစွာ သာသနာဘာသာကိုလည်း အပြင် ဘာသာဝင်တွေက  မဖျက်နိုင်ပါ။ အတွင်းကျသော ရဟန်းရှင်လူတို့ကသာ ဖျက်နိုင်ပါသည်။

ဘာသာသွေးကျမ်းစာမှ ဆရာတော်၏ ဘာသာအမြင်၊ သာသနာအမြင် ခေါင်းစဉ်အောက်က ကောက်နုတ်ချက် ဖြစ်ပါတယ်။ ဗုဒ္ဓ ဘာသာကို ယုံကြည်သူတွေဟာ ဗုဒ္ဓတရားတော်အတိုင်း ဒါနသီလ၊ဘာဝနာကို ကြိုးစားမှု၊ ဗုဒ္ဓဘာသာကို ဂုဏ်ရှိအောင် နေထိုင်ပြော ဆို ပြုလုပ်မှု၊ ဗုဒ္ဓဘာသာနဲ့ဆိုင်ရာကိစ္စတွေမှာ မိရိုးဖလာမဟုတ်ဘဲ အကျိုးအပြစ် စိစစ်ဝေဖန်တတ်တဲ့ ဥာဏ်ရှိပြီး အကျိုးကို သာ ဆောင်ရွက်လိုမှု၊ ဘာသာထိလျှင် မချိအောင် နာတတ်မှုတွေနဲ့ ပြည့်စုံမှသာ ဘာသာသွေးကောင်းသူလို့ ဆို ထားပါတယ်။

ဘာသာရေးမှာ အတုအယောင်တွေကလည်း များလှပါတယ်တဲ့။ လောကမှာ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အကောင်းဆုံးဥစ္စာဟာ သဒ္ဓါ တရား ဖြစ်ပါသတဲ့။ ထိုသဒ္ဓါအစစ် ဥစ္စာဟာ ရဟန်းရှင်လူခပ်သိမ်းတို့မှာ တစ်စတစ်စနည်းပါးလာတာနဲ့အညီ တရားတု၊ ကမ္မဋ္ဌာန်းတု နဲ့ တရားစစ်၊ ကမ္မာဋ္ဌာန်းစစ်တို့ကို ယှဉ်ပြီးဟောတဲ့အခါ အတုက ပြုလွယ်၊ အစစ်က အပြုခက်တာကြောင့် သဒ္ဓါဥစ္စာ နည်းပါးသူတွေ ဟာ အတုကိုသာ လိုက်စားနိုင်ကြပါတော့တယ်တဲ့။ ဒါနအမှု ပြုရာမှာလည်း ပကာသနဒါနကိုသာ အပြုများကြပြီး သီလစောင့်ရာမှာ လည်း ငါးပါးသီလကိုမျှ လုံခြုံအောင် မစောင့်ချင်ကြဘဲ ပျော်ပျော်ပါးပါး စားကြသောက်ကြ လည်ကြ ပတ်ကြနဲ့ စောင့်ကြ တာကြောင့် အစစ် အမှန်ဥပုသ်ကို မစောင့်နိုင်ကြပါဘူးတဲ့။

ဒါကြောင့် မိမိတို့ရဲ့ ဒါန၊ သီလ၊ ဘာဝနာပြုမှုနဲ့ စာပေသင်မှု၊ ပို့ချမှုတွေကို အတုအစစ် ခွဲခြားသိရပါမယ်။ အစစ်ကိုဖယ်ပြီး အတု ကိုသာ လိုက်စားနေကြရင် ဗုဒ္ဓ သာသနာတော်ဟာ သံကိုသံဖျက် သံချေးတက် ဆိုသလို အတွင်းလူ ဖျက်လို့ ပျက်ရတော့ မှာ ဖြစ်ကြောင်း ဆရာတော် ကြီး အရှင်ဇနကာဘိဝံ သ ဆုံးမမိန့်ကြားခဲ့တာတွေကို ပြန် လည်ကောက်နုတ် တင်ပြထားပါ တယ်။

အနာဂတ်သာသနာရေးကျမ်းစာမှ ဆရာတော်၏ ဘာသာအမြင်၊ သာသနာအမြင် ခေါင်းစဉ်အောက်မှာတော့ သာသနာ ကွယ်ကြောင်း အကြောင်းတရားတွေကို ဖော်ပြထားပြီး ဘယ်လိုပြုပြင် ကာကွယ်သင့်တယ်ဆိုတာတွေကို ဆုံးမ သြဝါဒ ပေးထားပါတယ်။ ဗုဒ္ဓဝါဒ ဟာ လောက ကြီးပွားရေးကို မနှောင့်နှေးစေတဲ့အပြင် အပြည့်အစုံ လိုက်နာသူတို့အတွက် အမြန်ဆုံး ကြီးပွားရေးကို လမ်း ညွှန်ပေးနိုင်ကြောင်း၊ ဗုဒ္ဓဝါဒဟာ ကံကိုသာ အားကိုးရ မှာမဟုတ်ဘဲ ဥာဏ်၊ ဝီရိယကို လည်း အားကိုးရမှာဖြစ်ကြောင်း ဖော်ပြ ထားပါတယ်။

မြန်မာပြည် လွတ်လပ်ရေး အောင်ပွဲနေ့က 'ဒါတို့ပြေ၊ ဒါတို့ မြေ'၊ 'ပြည်ထောင်စုကို အသက်ပေးလို့တို့ကာကွယ်မလေ' ဆိုတဲ့ အမျိုးသား၊ အမျိုးသမီးတွေရဲ့ ကြွေးကြာ်သံတွေကို ကြက်သီးထဖွယ် ကြားရပါသတဲ့။ အမျိုးသား၊ အမျိုးသမီးတို့ဟာ မိမိတို့ ပိုက်ဆံ အိတ်ကို နှိုက်ကြည့်စေချင်ပါတယ်တဲ့။ ဘာနဲ့ကာကွယ်ကြမှာလဲ၊ လက်နဲ့ကာကွယ်လို့လုံမှာမဟုတ်ပါဘူး။ အမျိုးသား အမျိုးသမီးတွေ ဟာ အော်အော်ပြီးတော့ သိပ်အသုံးပက်စက်ကြ၊ အနေအထိုင် ပက်စက်ကြ ကြောင်း ဆရာတော်က ဆုံးမသတိ ပေးထားပါတယ်။

ပဋ္ဌာန်းတရားတော်မှ ဆရာတော်၏ ဘာသာအမြင်၊ သာသနာအမြင် ခေါင်းစဉ်အောက်မှာတော့ အလှူဒါန ပြုသူတွေအနေနဲ့ အကုသိုလ် မဖြစ်အောင် လှူဒါန်းနိုင်ကြဖို့လိုကြောင်း၊ ကုသိုလ်တရားလေးနည်းနည်းက အကုသိုလ်တွေ အနှံ့ဖြစ်နိုင်ကြောင်း၊ အလှူ အတန်း ပြုပုံတွေ ပြင်ဖို့လိုပြီဖြစ်ကြောင်း ဖော်ပြထားတဲ့အပြင် ဘုရားစစ်ကို ရုပ်ပုံကကွယ်၊ တရားအစစ်ကို ဟောတရားကကွယ်၊ သံဃာစစ်ကို ဘုန်းကြီးကကွယ်၊ ရတနာသုံးပါးကို ဝိဇ္ဇာဂိုဏ်းကကွယ် စတဲ့ ခေါင်းစဉ်ငယ်လေးများနဲ့ဘာသာသာသနာ အဓွန့်ရှည် တည်တံ့စေ လိုကြောင်း တွန်းအားပေး ရေးသား ထားတဲ့ ဆုံးမသြဝါဒတွေ ပါဝင်ပါ တယ်။

ဒီစာအုပ်ဟာ ဆရာတော် အရှင်ဇနကာဘိဝံသ ရေးသားခဲ့တဲ့ ဘာသာသွေးကျမ်းစာ၊ အနာဂတ် သာသနာရေးကျမ်းစာ၊ ဗုဒ္ဓါနုဿတိ ဘာဝနာကျမ်းစာ၊ ဓမ္မစကြာ တရားတော်၊ ပဋ္ဌာန်းတရားတော်၊ ရှင်ကျင့်ဝတ်ကျမ်းစာ၊ ရတနာ့ဂုဏ် ရည်ကျမ်းစာ၊ ဗုဒ္ဓဘာသာ သင်ခန်း စာကျမ်းစာ၊ တစ်ဘဝသံသရာ ကျမ်းစာ၊ တစ်ဘဝ သာသနာကျမ်းစာ၊ ဘုရားဥပဒေတော်ကြီးကျမ်းစာ၊ နံနက်ခင်း သြဝါဒများ စာအုပ်တွေထဲက ကောက်နုတ်ပြီး အရှင် သံဝရာလင်္ကာရ ဓမ္မပိယဆရာ တော်က စုစည်းပြုစုတင်ပြထား ခြင်း ဖြစ်ပါတယ်။

လင်းလွန်းခင်စာပေ

ကိုဝိုင်း

Monday, April 21, 2014

ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာ


ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာ

ဗုဒ္ဓဟူသည်

သဗ္ဗညုတဗုဒ္ဓ၊ပစ္စေကဗုဒ္ဓ၊ အနုဗုဒ္ဓ ဟု ဗုဒ္ဓ သုံးမျိုးရှိ၏။အနုဗုဒ္ဓဟူသည် အဂ္ဂသာဝက၊ မဟာသာဝက၊ ပသတိသာဝကတို့ကိုခေါ်သည်။တစ်နည်းအားဖြင့် သဗ္ဗညုဗုဒ္ဓ၊ပစ္စေကဗုဒ္ဓ၊ စတုသစ္စ ဗုဒ္ဓ၊ သုတဗုဒ္ဓဟု ဗုဒ္ဓလေးမျိုးရှိ၏။ ရဟန္တာ အရှင်မြတ်အားလုံးကို စတုသစ္စဗုဒ္ဓ ဟု ခေါ်သည်။ ပရိယတ္တိ၊ ပဋိပတ္တိ ဗဟုသုတရှိသူ၊သုတမယဉာဏ်ဖြင့် သိထိုက်သော ခန္ဓာအစရှိသော တရားတို့ ကို သိသောသူကို သုတဗုဒ္ဓဟုခေါ်သည်။

ဗုဒ္ဓဟူသော ပါဠိ ဘုရား၊ ပညာရှိသုခမိန်၊အသိဉာဏ်ဟု အနက်သုံးမျိုးထွက်သည်။ ဘုရားရှင်သည် သစ္စာလေးပါးတရားတို့ ကို ကိုယ်တော်တိုင်သိတော်မူသောကြောင့် ဗုဒ္ဓဟု အမည်တွင်သည်။ တနည်း ဝေနေယသတ္တဝါတို့ ကို သစ္စာလေးပါးသိမြင်အောင် ဟောပြောပြသတော်မူသောကြောင့် ဗုဒ္ဓဟု အမည်ရသည်။ တနည်း တစ်ကြောင်းတည်းသော နိဗ္ဗာန်ခရီးသို့ ကြွသွားတော်မူတတ်သော ကြောင့် ဗုဒ္ဓဟု အမည်ရသည်။ တနည်း အိပ်သောယောကျာ်း နိုးသောလားသို့ ကိလေသာတွေနှင့် အိပ်ပျော်နေရာမှ နိုးကြားလာသောကြောင့်ဗုဒ္ဓအမည်ရတော်မူသည်။

တစ်နည်းဝဋ်မြစ်နှစ်ပါးကို ထုတ်ဆောင်နှုတ်ပယ်တတ်သောကြောင့် ဗုဒ္ဓအမည်ရတော်မူသည်။ တစ်နည်း ပစ္စုပ္ပန်ကောင်းကျိုး၊တမလွန်ကောင်းကျိုး နှစ်မျိုးလုံးကို ထတ်ဆောင်ဖော်ပြတော်မူ သောကြောင့် ဗုဒ္ဓအမည်ရတော်မူသည်။

ဗုဒ္ဓဘာသာဟူသည်

ဗုဒ္ဓက ဘုရား၊ ဘာသာက စကား၊ ဗုဒ္ဓဘာသာဟူသည် မုချအားဖြင့် ဘုရားစကားတော်ဖြစ်သည်။ ဘုရားစကားတော်က ပိဋကတ်သုံးပုံ၊ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် ဖြစ်သည်။တစ်နည်း ဘုရား စကားတော်က မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား ဟူသောသုံးခွန်းသာ ဖြစ်သည်။ ထိုဘုရားစကားတော်တို့ကို ယုံကြည်လေးစား၊ လိုက်နာကျင့်ဆောင်သော ဗုဒ္ဓဘာသာဝင် တို့ကို ဗုဒ္ဓဘာသာဟုခေါ်ကြသည်။

ဗုဒ္ဓဘာသာနှစ်မျိုး(ထေရဝါဒ၊ မဟာယာန)

ဗုဒ္ဓဘာသာသည် အကြမ်းဖျင်းအားဖြင့် နှစ်မျိုးရှိသည်။ ထေရဝါဒ နှင့် မဟာယာနဟူ၍ ဖြစ်သည်။ ထေရဝါဒက ဘုရားဟောပိဋကတ်ကို မွမ်းမံပြင်ဆင်မှု့မရှိဘဲ လိုတိုးပိုလျှော့ မလုပ်ဘဲ ဘုရားဟော မူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်လက်ခံကျင့်သုံးသည်။ မဟာယာနက ဘုရားဟော ပိဋကတ်ကို ခေတ်အခါနှင့်လျော်ညီအောင်သူ့ အရပ်နှင့် သူ့ ဇာတ် လိုက်ဖက်အောင် ပြင် ဆင်ဖြည့်စွက် လိုတိုးပိုလျှော့လုပ်ကာ ကျင့်သုံးသည်။ ထေရဝါဒပိဋကတ်ကဘုရားဟောမူရင်း အော်ရီဂျင်နယ်စစ်စစ်ဖြစ်သည်။ မဟာယနပိဋကတ်က ဖြတ်ညှပ်ဆက်လုပ်ထားသည်။

ထေရဝါဒက နိရောဓချုပ်ငြိမ်းရာကို ဦးတည်သည်။ မဟာယနက ဖြစ်ခြင်း၊ စည်ပင်တိုးပွားခြင်းကို ဦးတည်သည်။ ထေရဝါဒနိဗ္ဗာန်က အဝေဒ ယိတသုခ-ခံစားမှု့မဲ့ချမ်းသာ ဖြစ်သည်။ မဟာယန၏ နိဗ္ဗာန်က ဝေဒယိတသုခ-ခံစားမှု ချမ်းသာဖြစ်သည်။

ထေရဝါဒဗုဒ္ဓဘာသာလေးမျိုး

မိမိတို့ ဗုဒ္ဓဘာသာကို ခွဲမည်ဆိုလျှင်လေးမျိုးခွဲနှိုင်သည်။ မူကြိုဗုဒ္ဓဘာသာ၊မူလတန်းဗုဒ္ဓဘာသာ၊ အလယ်တန်းဗုဒ္ဓဘာသာနှင့် အထက်တန်းဗုဒ္ဓဘာသာဟူ၍ ဖြစ်ည်။ မူကြိုဗုဒ္ဓဘာသာ မိရိုးဖလာ ဗုဒ္ဓဘာသာ၊ သဒ္ဓါဗုဒ္ဓဘာသာ၊ယုံကြည်မှု့ ကိုကွယ်မှု့ တွေရောနေသော အုတ်အရောရော၊ ကျောက်အရောရော ဗုဒ္ဓဘာသာဝင်များသည် မူကြိုဗုဒ္ဓဘာသာများ ဖြစ်သည်။ ဂါထာတွေ၊ မန္တာန် တွေ၊ ယတြာတွေ၊ ဓာတ်တွေ၊ နတ်တွေ၊ ဘိုးတော်မယ်တော်တွေ၊ ရောနှောနေသော ဗုဒ္ဓဘာသာသည် မူကြိုဗုဒ္ဓဘာသာ ဖြစ်သည်။ မူကြိုဗုဒ္ဓဘာသာသည် လေယူရာ ယိမ်းတတ်သည်။ သူတို့အသိအမြင်ကမှုန်ဝါးဝါး၊ ဝေဝါးဝါးသညဖြစ်သည်။ အာဟာရချို့တဲ့သော ကလေးကဲ့သို့ ဗုဒ္ဓဘာသာ အသိအမြင်အာဟာရချို့ တဲ့နေသူများဖြစ်ကြသည်။

မူလတန်းဗုဒ္ဓဘာသာ

မူလတန်းဗုဒ္ဓဘာသာသည် ကိုးကွယ်ရာသုံးမျိုး၊ ယုံကြည်ရာခြောက်မျိုး၊ အားကိုးရာ လေးမျိုး၊ လုပ်ဆောင်စရာကျင့်ဝတ်သုံးမျိုး ရှိသည်။ကိုးကွယ်ရာသုံးမျိုးကား ဘုရား၊တရား၊ သံဃာ ဖြစ်သည်။ ဘုရားတရားသံဃာမှတပါး အခြားကိုးကွယ်လျှင် သရဏဂုံညှိုးနွမ်းသည်။ သရဏဂုံညစ်နွမ်းသည်။ ရတနာသုံးပါးထက် အခြားတဖက်ကို အားသာသွားလျှင် သရဏဂုံပျက်သည်။

မူလတန်းဗုဒ္ဓဘာသာတို့ ယုံကြည်ရမည့် ခြောက်မျိုးကား ဘုရား၊တရား၊သံဃာ၊ ကုသိုလ်ကံနှင့် အကုသိုလ်ကံ၊ ကုသိုလ်ကံ၏ကောင်းကျိုး၊အကုသိုလ်ကံ၏ဆိုးကျိုး၊ရှေ့ ဘဝ နောက်ဘဝ သံသရာ ဖြစ်သည်။ထိုခြောက်မျိုးမှတပါး မခြားယုံကြည်ဖွယ်ရာမရှိ၊ဗေဒင်လဲ သူ့ဟာနဲ့သူ မှန်ချင်မှန်မည်၊ ယတြာလဲ သူ့ ဟာနှင့်သူ မှန်ချင်မှန်မည်။ ယုံချင်လျှင်ယုံလို့ ရပါသည်။ သို့ သော် ကံ ကံ၏ အကျိုးနှင့်တော့ မရောလေနှင့်၊လောကီသားသည် လောကီကိစ္စနှင့် ကင်းနိုင်မည်မဟုတ်၊ လောကီသားသည်လောကီကိစ္စကိုအလေးထားသဖြင့် လောကီကိစ္စကိုသာ စိတ်ဝင်စားသည်။ ထို့ ကြောင့်လောကီကိစ္စတွေကို လုံးဝမပြစ်ပယ်လို။ သို့ သော်ဘာသာရေးနှင့်တော့ မရောလေနှင့်။ အထွတ်အမြတ်ကတော့ ရတနာသုံးပါးရှိသည်။ ရတနာသုံးပါးကိုတော့ ဘယ်အရာကမှကျော်လို့ မရ၊ ဘယ်သူမှကျော်လို့ မရ။

မူလတန်းဗုဒ္ဓဘာသာမှာ အားကိုးစရာလေးမျိုးရှိသည်။ ထိုလေးမျိုးက ကံ၊ ဉာဏ်၊ ဝီရိယ၊ ပယောဂတို့ ဖြစ်သည်။ ဘုရားဟောသည့် အတ္တာဟိ အတ္တာနော နာထော-မိမိသည်သာ ကိုးကွယ်ရာဆိုတာ ဒါပဲဖြစ်သည်။ထိုလေးမျိုးသည်သာ မိမိ၏ အားကိုးရာအစစ်ဖြစ်သည်။ ကံကောင်းရမည်၊ ဉာဏ် ကောင်းရမည်၊ ဝီရိယကောင်းရမည်၊ ပယောဂဟူသည် မိမိ၏ လုပ်တတ်၊ ကိုင်တတ်၊ ပြောတတ်၊ ဆိုတတ် ဆိုသည့်အရည်အချင်းဖြစ်သည်။

ခေတ်ပညာတွေတတ်ထားခြင်းသည် ပယောဂကောင်းဖို့ အထောက်အကူဖြစ်သည်။ ပညာ အဆင့်မြင့်သလောက် ပယောဂလည်း အဆင့်မြင့်သည်၊ ဆိုက်ကားနင်း၊ ကားမောင်း၊ ဈေးရောင်းက စပြီး မိမိတတ်ကျွမ်းသလောက် မိမိပယောဂကောင်းသည်။ ကံက အတိတ်ကံနှင့်လက်ရှိပစ္စုပ္ပန်ကံ နှစ်မျိုးရှိသည်။ ပစ္စုပ္ပန်ကံဆိုတာ အလုပ်ပင်ဖြစ်သည်။ ပယောဂဆိုသည့် ပညာကောင်းကောင်း တတ်ထားလေ အလုပ်ကောင်းလေဖြစ်သည်။ အလုပ်ကောင်းလေကံကောင်းလေဖြစ်သည်။ အလုပ်ကလည်းကောင်းရမည်။ ကိုယ်လုပ်သည့် အလုပ်ကိုလည်း အကောင်းဆုံးဖြစ်အောင် အကောင်းဆုံးစိတ်စေတနာနှင့်လုပ်ရမည်။ အကောင်းဆုံးအစွမ်းအစကို ထုတ်ဖော်အသုံးပြု လုပ်ကိုင်ရမည်။

အလုပ်ကံကိုထားလိုက်တော့၊ပစ္စုပ္ပန်ကိုတော့အကောင်းဆုံးဖြစ်အောင် လုပ်ရမည်။ ဉာဏ်ကောင်းဖို့ အတွက် ပညာဗဟုသုတလိုသည်။ ပညာဗဟုသုတလေ့လာလိုက်စားရမည်။ သိချင်စိတ် တတ်ချင်စိတ်ရှိရမည်။ သိအောင်တတ်အောင် ဆည်းပူးအားထုတ်ရမည်၊များများ မေးရမည်၊ အမေးအမြန်းထူရမည်။ စာများများဖတ်ရမည်၊ စာဆိုလျှင်တွေ့သမျှစာ အကုန် ဖတ်သင့်သည်၊ ဉာဏ်ဆိုတာ တကယ်ဓမ္မသဘောဆောင်သည့် ဉာဏ်မဟုတ်၊ လောကီရေးရာ နှံ့ နှံ့ စပ်စပ် သိသော ဉာဏ်ကိုသာဆိုလိုသည်။ ခေတ်ပြောပြောရလျှင် ခေါင်းကောင်းရမည်၊ဦးနှောက်ကောင်းရမည်။ ထို့ အတွက် စာပေဗဟုသုတ လေ့လာလိုက်စားရမည်။

မူလတန်းဗုဒ္ဓဘာသာမှာ ကျင့်စဉ်သုံးမျိုးသာရှိသည်။ ဒါနပြုရမည်၊ ဥပုသ်သီတင်း ဆောက်တည် ရမည်၊ တရားဘာဝနာ အားထုတ်ရမည်။ ဒါနပြုတာကလောဘနည်းဖို့၊ မေတ္တာအားကောင်းဖို့၊ ဥပုသ်သီတင်း ဆောက်တည်တာက ဒေါသနည်းဖို့ ၊ကရုဏာအားကောင်းဖို့ ၊ ဘာဝနာအလုပ် အားထုတ်တာက မောဟနည်းဖို့ ၊ပညာအားကောင်းဖို့ ၊ခြုံလိုက်လျှင်တော့ ဒါနသီလဘာဝနာ သုံးခုလုံးက လောဘဒေါသမောဟတွေ နည်းပါးဖို့ ၊ခေါင်းပါးဖို့ ၊ကုန်ခမ်းဖို့ သာဖြစ်သည်။

ဒါနပြုပါရဲ ၊သီလစောင့်ပါရဲ့ ၊ဘာဝနာပွားပါရဲ့ ၊ထိုဒါနသီလဘာဝနာတွေက လောဘဒေါသ မောဟ ပွားကြောင်းတွေဖြစ်နေလျှင် ထိုကျင့်စဉ်ကရောနေပြီ၊ ထိုကျင့်စဉ်ကရှုပ်နေပြီ၊ ဘာသာရေး မှိုင်းတိုက်တယ်ဆိုတာ ထိုကျင့်စဉ်တွေဖြစ်သည်။ ဘယ်ဘုရားဆုတောင်းပြည့်သည်၊ဘယ်ဘုရား အိမ်ပင့်လျှင် လာဘ်ပွင့်သည်၊ ဘယ်ဘုရား ဘယ်လိုအဓိဌာန်ဝင်လျှင် ဘာတွေ အဆင်ပြေမည်၊ ဘယ်အဓိဌာန်ပုတီး ဘယ်လိုစိပ်လျှင် ဘာတွေကောင်းသည်၊ ထီပေါက်မည်၊ လာဘ်ဝင်မည်၊ ရာထူးတက်မည်၊ ဈေးရောင်းကောင်းမည်၊ အိမ်ရောင်းထွက်မည်၊ အကြွေးကြေမည်၊ အကြွေးပြန် တောင်းရမည်၊ စသည်ဖြင့်မက်လုံးတွေပါလာလျှင် ဘာသာရေးက လမ်းချော်သွားပြီ၊ အုတ်ရောရော၊ကျောက်ရောရောဖြစ်သွားပြီ၊ ထိုတောင်ကို မကျော်နိုင်လျှင် မူကြိုကမတက်သေး။

အလယ်တန်းဗုဒ္ဓဘာသာ

မူလတန်းဗုဒ္ဓဘာသာက ကမ္မဿကတာသမ္မာဒိဋ္ဌိနှင့် ပြည့်စုံရသည်၊ ကံသာ ကိုယ်ပိုင်ဥစ္စာ ဖြစ်သည်ဟု ကံကိုသာ အဓိကထားလက်ခံယုံကြည်ရသည်။ အလယ်တန်း ဗုဒ္ဓဘာသာက ဝိပဿနာ သမ္မာဒိဋ္ဌိနှင့်ပြည့်စုံရသည်။ တရားထိုင်ရမည်၊တရားမှတ်ရမည်၊ ရုပ်သဘော၊ နာမ်သဘော၊ အနိစ္စ ဒုက္ခ အနတ္တသဘောတို့ ကို သိမြင်နိုင်သောဉာဏ်ရရှိအောင် ပွားများအားထုတ်ရမည်။

အထက်တန်းဗုဒ္ဓဘာသာ


အထက်တန်းဗုဒ္ဓဘာသာဟူသည် မဂ္ဂသမ္မာဒိဋ္ဌိနှင့်ပြည့်စုံလို သစ္စာလေးပါးကို သိမြင်သော အရိယာ ပုဂ္ဂိုလ်များဖြစ်ကြသည်။ ဝိပဿနာတရားကို ကြိုးစားအားထုတ်လို့ဝိပဿနာဉာဏ်တွေ ပြည့်စုံသော အခါ မဂ်ဉာဏ်သို့ ကူးသွားသည်။မဂ်ဉာဏ်ကိုရသောအခါ သစ္စာလေးပါးကိုမြင်တော့သည်။ ထိုအခါ ဗုဒ္ဓဘာသာပန်းတိုင်ကို ရောက်တော့သည်။

အောက်တန်းမူလဗုဒ္ဓဘာသာ၊
ကံကိုယ်ပိုင်ရှိ မြင်သိသေချာ၊
အလယ်ထင်လင်း မြင်ရှင်းလက္ခဏာ၊
အထက်တန်းလေးခန်း မြင်သစ္စာ။

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)