Thursday, March 31, 2011

ကုံရမဲ့သင့်ကြမ္မာ

ကြုံရမဲ့သင့်ကြမ္မာ

ဘဝနေနည်း သုတရှာမှီးသူဟာ ကြားမြင်သုတနှင့်ပြည့်စုံသူတစ်ယောက်ရှိတဲ့နေရာကို ကြီးစွာလုံ့လပြုပြီး အရောက်သွားရမယ်။ (ဝေဏှုဒါသ)

ကဿပမြတ်စွာဘုရား လက်ထက်တော်က ရဟန်း တစ်ပါးရှိဖူးတယ်။ ပကတိသဘောအရ ဓုတင်အကျင့်တွေကိုကျင့်၊ ဝိနည်းလေးစားပြီး သီလရှိတယ်။ တစ်နေ့မှာ အခြားရွာက မထေရ်တစ်ပါး ကြွလာတယ်။ နောက်ကြွ မထေရ်ကို ကျောင်းဒကာက ဆွမ်းကျွေး လှိုက်လှဲပျူငါပြု တဲ့အခါ ဒီရဟန်း စဉ်းစားတယ် 'အယံ ကုဋုမ္ဗိကော ပရိဘိန္နော၊ သစာယံ ဘိက္ခု ဣမသ္မိံ ဝိဟာရေ ဝသိဿသတိ၊ န မံ ဧသ ကိသ္မိဉ္စိ ဂဏယိဿတိ = ငါ့ဒကာ တော့ သူ့ဖက်ကို ပါနေပြီ။ ဒီကိုယ်တော် ဒီကျောင်းမှာ ဆက်နေ ရင်တော့ ဒီဒကာ ငါ့ကို ထည့်တောင်တွက်မှာ မဟုတ်တော့ဘူး'လို့ စဉ်းစားပြီး နောက်ရောက်ကိုယ်တော်နှင့် သူ့ဒကာ ရင်းနှီးမသွားအောင် အဆက်ဖြတ်ထားတယ်။ ဧည့်ကိုယ်တော် မကြာခင် ထွက်သွားအောင် လုပ်ဖို့လဲ အကွက်ချောင်းနေတယ်။ ညနေမှာ ကျောင်းကို ဒကာ ရောက်လာပြီး အရုဏ် ဆွမ်းစားပင့်တယ်။ ဧည့်သည့်ကိုယ်တော်ကို မေးတဲ့အခါ 'ဒီဘုန်းကြီးက အစောကြီး ကျိန်းတယ်။ သူက လူနဲ့သိပ် စကား မပြောဘူး။ အခန်းထဲမှာ ဘာလုပ်နေတယ် မသိပါဘူး'လို့ မနှစ်မြို့တဲ့ဟန်နဲ့ ကွယ်ရာမှာ သူ့ဒကာကိုပြောပြီး

တွေ့ခွင့်မရအောင် လုပ်ထားလိုက်တယ်။ နောက်နေ့နံနက် ကျောင်းဒကာအိမ်ကို အရုဏ်ဆွမ်းစားသွားတဲ့အခါ ဌာနေ ရဟန်းဟာ နောက်ရောက်မထေရ်ကို မနှိုးဘဲ တိတ်တိတ်ကလေး အိပ်ရာက ထသွားတယ်။ 'ဧည့်သည် ကိုယ်တော်ကော ဘုရား'လို့ ဒကာက မေးတဲ့အခါ 'ကိုယ့်ဒကာမိသားစုမို့ ပွင့်ပွင့်လင်းလင်း ပြောရအုံးမယ်၊ ဒီကိုယ်တော် မနေ့က ခင်ဗျာ့အိမ်မှာ အစားကောင်းတွေ စားလာလို့ အိပ်နေလိုက်တာ သိုးနေတာပဲ။ ဒီမနက် နှိုးတောင်မရဘူး၊ ဒါနဲ့ ထားပစ်ခဲ့ရတယ်' လို့ ပြန်ပြောတယ်။ ဒါပေမဲ့ --နောက်ရောက် ဧည့်သည်မထေရ်ဟာ သာမန်မဟုတ်ဘူး။ တကယ့် ဓုတင်ဆောင်ရဟန္တာကြီး။ သို့တစေ အဲဒီအညတရ ရဟန်းက ခန့်မှန်း မြော်မြင်နိုင်တဲ့ ပညာမရှိတော့ ဧည့်သည် မထေရ်ရဲ့ အရည်အချင်းကို မသိရှာဘူး။ ဓုတင်ဆောင်ပုဂ္ဂိုလ်ကိုပင် မသိရကောင်းလားလို့ မေးစရာရှိတယ်။ ဘယ်သိပါ့မလဲ။ တကယ့် ဓုတင်ဆောင်ပုဂ္ဂိုလ်ဟာ မိမိရဲ့အကျင့်ကို သူတစ်ပါး မသိအောင်နေတာကိုး။ အဲဒီလိုနေတာကို စာလို ဓုတင်္ဂအပ္ပိစ္ဆာလို့ ခေါ်တယ်။ ဒီဝေါဟာရကို နားလည်အောင် ပြောရရင် အကျင့်မြတ်ကိုမကြွားဝါခြင်းလို့ ဆိုနိုင်အံ့ ထင်ပါရဲ့။

ဓုတင်္ဂအပ္ပိစ္ဆာကို သရုပ်ဖော်တဲ့ ကျမ်းဂန်လာဖြစ်ရပ်

တွေက အတုယူစရာ ကောင်းလှပါတယ်။ သုသာန် ဓုတင်ဆောင် မဟာကုမာရ မထေရ်ဟာ အနှစ် ၆ဝ သုသာန်မှာ ဓုတင်ဆောက်တည်ခဲ့ပေမဲ့ ဘယ်သူမှ မသိခဲ့ဘူးတဲ့။ 'သုသာန်မှာ နှစ် ၆ဝ ကြာ၊ မပြတ်မလပ် နေထိုင်ခဲ့တဲ့ငါ၊ ငါမှတစ်ပါး မည်သူမျှမသိ၊ သြ မြင့်မြတ်တဲ့ ဓုတင်ဆောင် မထေရ်မြတ်ကြီး ဖြစ်ပါ၏' လို့ ကျမ်းဂန်မှာ စာတင် ခံရတဲ့ ပုဂ္ဂိုလ်ထူးကြီးဖြစ်ပါတယ်။ သီဟိုဠ်ကျွန်းက စေတိယတောင်မှာ ညီအစ်ကို ရဟန်း

နှစ်ပါး သီတင်းသုံးကြသတဲ့။ တစ်နေ့ ညီငယ်ဖြစ်သူက ဒါယကာ တစ်ယောက်လာလှူတဲ့ ကြံပိုင်းလေးကို ယူလာရင်း နောင်တော်မထေရ်ကို သုံးဆောင်ပါအုံးဘုရားလို့ လျှောက်တယ်။ 'နေပစေတော့'လို့ နောင်တော်က ငြင်းတယ်။ အဲဒီအချိန်မှာ နောင်တော်မထေရ်ဟာ ဆွမ်းဘုဉ်းပေးပြီးလို့ ခံတွင်းသုတ်သင်နေတဲ့ အချိန်။ ဒီတော့ ညီတော်က 'နောင်တော် ဧကာသနိက် (တစ်ထိုင်တည်းနှင့် အပြီးစားတဲ့) ဓုတင်ကို ဆောက်တည်နေပါသလားလို့ မေးတယ်။ နောင်တော်က ခဏစဉ်းစားရင်း 'အင်း ကြံပိုင်းကို စား

ကြည့်သေးတာပေါ့၊ ယူခဲ့လေ'လို့ ညီတော်ပြောတဲ့ ဓုတင်ကို မိမိဆောက်တည်နေကြောင်း ညီတော်ကို မသိစေချင်တာနဲ့ အနှစ်ငါးဆယ် ဆောက်တည်ထားတဲ့ ဓုတင်အကျင့်ကို ဖျက်ပြီး စကားလွှဲပြောလိုက်တယ် (အံ-ဋ္ဌ ၁၊ ၅၉)။

သူတော်ကောင်း အစစ်ဟာ မိမိဓုတင်ကျင့်နေတာကို လူတွေ၊ အထူးသဖြင့် မိမိကိုကြည်ညိုနေတဲ့လူတွေ သိ

အောင် လုပ်ပြလေ့မရှိပါဘူး။ အကျင့်မြတ်ဆိုတာ မိမိ အတွက်ပဲ မဟုတ်လား။ မိမိကို အထင်ကြီးအောင် သူ

တစ်ပါးကို အထင်သေးအောင် ရည်ရွယ်ချက်နှင့် ဓုတင် ကျင့်ပြတာမျိုးက အကျင့်စစ်မှမဟုတ်ဘဲ။ ကျမ်းဂန်မှာ အဲဒီလိုလုပ်တာကို မာယာ(လှည့်ပတ်တာ) သာဌေယျ (ကောက်ကျစ်တာ)လို့ ခေါ်တယ်။ လူရှေ့မှာ ငြိမ်ဆိတ်ဆိတ် မျက်စိကိုမှိတ် ဘုရားလိုနေပြပြီး စိတ်ထဲက ဣဿာ(မနာလို) မစ္ဆရိယ(ဝန်တို) လွှမ်းမိုးနေတဲ့ ပုဂ္ဂိုလ်မျိုးပေါ့။ ဒီပုဂ္ဂိုလ်မျိုးဟာ 'မုဠှေသု လဘတေ လာဘံ = လူပြိန်းတွေနဲ့ ပေါင်းရင် ဘုန်းကြီး လာဘ်ရွှင်တယ်' ဆိုတာကို ကောင်းကောင်းနားလည်တဲ့ လူတွေဖြစ်တယ်။ သီဟိုဠ်ခေတ်က သေသောက်ကြူး (အရက်သမား) တစ်ယောက်ဟာ မထေရ်တစ်ပါးနှင့်တွေ့ပြီး ဘုန်းကြီးဝတ်တယ်။ မထေရ်နောက်ကလိုက်ရင်း ရွာတစ်ရွာရောက်တော့ ဒကာလင်မယားနှစ်ယောက် ဆောက်လုပ်ထားတဲ့ သင်္ခမ်း ကျောင်းငယ်မှာ သီတင်းသုံးနေရစ်တယ်။ ပရိယတ္တိ(ဗုဒ္ဓ ဟောကြားတဲ့ ကျမ်းဂန်စာပေ)ကို ကောင်းစွာ မသင်ကြားခဲ့

ရရှာတဲ့ ဒီတောထွက် (ဝုဍ္ဎပဗ္ဗဇိတ = အရွယ်လွန်မှ ဘုန်ကြီး ဝတ်လာသူ) ကိုယ်တော်ဟာ သဒ္ဓါတရား အားကောင်းပြီး အသိပညာနည်းတဲ့ ဒကာလင်မယား အထင်ကြီးအောင် နည်းမျိုးစုံနဲ့ ကြိုးစားတယ်။ ဒကာလင်မယားခမျာ တောထွက်ကို ကြည်ညိုပြီး အမှားဆုံးမတာကို ခံယူမိတဲ့အတွက် မင်းပြစ် မင်းဒဏ်လဲသင့် သေလွန်တဲ့အခါလဲ ငရဲသို့ရောက်ရတယ်(သီဟဠဝတ္ထုပကရဏ၊ ဓုလီပါပဝတ္ထု)။ ပညာမဲ့

ဘုန်းကြီးရဲ့ မာယာ သာဌေယျကြောင့် ကိုးကွယ်သူတို့ ဒုက္ခရောက်ရပုံကို စပ်မိလို့ပြောပြလိုက်တာပါ။

ဤဖြစ်ရပ်ပါ ကျောင်းဒကာက လူဆင် (ဒါဆိုဒါပဲ၊ ဟိုဟာကို မလိုဘူးဆိုတဲ့လူ) တော့ မဟုတ်ဘူး။ အမြော်အမြင်ရှိတယ်။ မိမိကိုယ်တော်ကိုလဲ ကောင်းကောင်း ဆွမ်းပြုစုတယ်။ အဲဒီနောက် ဆွမ်းဟင်းလျာတွေကို ကောင်းစွာ ပြင်ဆင်ပြီး 'ဦးဇင်းဘုရား၊ ဧည့်ကိုယ်တော်က ခရီးပန်းလာလို့

မနိုးတာဖြစ်ပါလိမ့်မယ်။ ဒီဆွမ်းဟင်းတွေကို ထည့်ယူသွားပြီး ကျွေးပါဘုရား'လို့ ဆရာကိုယ်တော်ကို လျှောက်တယ်။ကိုယ်တော်ကလဲ ပေါ်တင်ကြီးတော့ မငြင်းပါဘူး။ သပိတ် ထဲထည့်ပြီး ဧည့်သည်အတွက် ဆွမ်းဟင်းတွေကို သယ်ယူခဲ့တယ်။ ပြဿနာက ဒီကစပြီး ပိုကြီးကျယ်သွားခဲ့တာပဲ။ သယ်ယူလာရင်းနဲ့ အညတရရဟန်း စဉ်းစားလိုက်ပုံ 'သစေ သော ဘိက္ခု ဣမံ ပါယာသံ ပိဝိဿတိ၊ ဂီဝါယံ ဂဟေတွာ နိက္ကဍ္ဎိယမာနောပိ န ဂမိဿတိ = ဒီရဟန်းကြီး ဒီလို အစားကောင်းကောင်းကို စားမိပြီးရင် ဒီကျောင်းက

ကန်ထုတ်တောင်ထွက်မှာ မဟုတ်တော့ဘူး' တဲ့။ ဒါနဲ့ လူသူ မသိအောင် လက်စဖျောက်တဲ့အနေနှင့် မီးလောင်မြေတစ်နေရာမှာ ကျင်းတူးပြီး သပိတ်ထဲက ဆွမ်းတွေအားလုံး မြေမြှုပ်ပစ်ခဲ့တယ်။ ကျောင်းကိုရောက်တော့ ဧည့်သည် ရဟန်းကို မတွေ့ရတော့ဘူး။ ဒီတော့မှ စောစောက ဣဿာ မစ္ဆရိယစိတ် မွှန်နေတာတွေ ပျောက်သွားပြီး ငါလုပ်ခဲ့တာကို သူသိလို့ထွက်သွားတာ၊ ရဟန္တာဖြစ်မှာပဲလို့ မိမိ လုပ်ခဲ့တာအပေါ် ရင်ထုမနာဖြစ်တယ်။ 'သြ ငါဟာ တကယ့်ပညာရှင် ရဟန္တာပုဂ္ဂိုလ်နှင့် အတူတူနေခဲ့ရပေမဲ့ မိမိမပိုင်တဲ့ ကျောင်းစုတ်ကို ရဟန္တာအရှင်မြတ်က မိမိထံကလုယူမှာကို ကြောက်လို့ ရဟန္တာကို ပြစ်မှားမိပြီ'။

အမြော်အမြင်ရှိသူဟာ ပညာရှိပုဂ္ဂိုလ်တစ်ယောက်နှင့် တစ်ခဏလောက် တွေ့လိုက်ရရင် အသိပညာရယူဖို့ အဆင်သင့် ဖြစ်သွားတယ်။ ဟင်းအရသာကို လျှာက သိသလိုပဲ(နီတိကျမ်း)။ ရဟန္တာကို ပြစ်မှားမိတဲ့ ဒီအညတရရဟန်းငယ်ဟာ ကွယ်လွန်တဲ့အခါ ငရဲရောက်ရတဲ့အပြင် ဘဝပေါင်းများစွာ ဆင်းရဲမပြည့်စုံတဲ့ ဘဝမှာဖြစ်ရတယ်။ ဂေါတမဗုဒ္ဓမြတ်စွာ ပွင့်တော်မူတဲ့အခါ ကောသလ တိုင်းက တံငါရွာတစ်ခုမှာ မွေးဖွားလာတယ်။ ကံခေတဲ့ ကလေး။ ဒီကလေးရဲ့ အကုသိုလ်ကြောင့် ဒီကျေးရွာ မီးလောင် ရေလွှမ်းတယ်။ မိခင်ဒုက္ခရောက်တယ်။ ဒါနဲ့မွေးပြီးတဲ့အခါ မိခင်က လက်ထဲခွက်တစ်ခု ထည့်ပေးခဲ့ပြီး စွန့်ပစ်တယ်။ ထူးခြားချက်က ဒီသူငယ်က ဒီဘဝမှာ ရဟန္တာဖြစ်မဲ့ ကုသိုလ်ထူးရှိနေတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးက မည်

သည့်နည်းနှင့်မျှ ရဟန္တာမဖြစ်ဘဲ အသက်မသေနိုင်ဘူးလို့ ကျမ်းဂန်မှာဆိုတယ်။ အသက် ခုနစ်နှစ်အရွယ်မှာ ကျီးကန်း ငှက်လို အမှိုက်ပုံထဲက အစားအစာကို ရှာစားနေခိုက် အရှင်သာရိပုတ္တရာနှင့်တွေ့တယ်။

အရှင်မြတ်က 'ဟေ့ ကောင်လေး၊ လာစမ်းပါအုံး' ဆိုတော့ ရောက်လာပြီး အရှင်မြတ်ကို ရှိခိုးပြီးထိုင်နေတဲ့အခါ

အရှင်မြတ်က ဇာတိရပ်ရွာ မိဘတွေကို မေးတယ်။ ဒီကောင်လေးက ဖြစ်ရပ်စုံပြောတဲ့အခါ အရှင်မြတ်က သနားကရုဏာဖြစ်ပြီး 'ဒါဖြင့် မင်း ကိုရင် လုပ်မလား'လို့ မေးတယ်။ 'တပည့်တော်လိုကောင်ကို ဘယ်သူက သင်္ကန်း စည်းပေးမှာလဲဘုရား' ဆိုတော့ အရှင်မြတ်ကြီးက 'ငါစည်း ပေးမှာပေါ့' လို့ ဆိုတယ်။ ဒါနဲ့ ကျောင်းကို ခေါ်သွားပြီး ဆံပင်ရိတ်၊ ရေချိုးပေးပြီး သင်္ကန်းစည်းပေးထားလိုက်တယ်။ အသက်နှစ်ဆယ် ပြည့်တဲ့အခါ ရဟန်းပြုပြီး လောသက တိဿမထေရ်ဖြစ်လာတယ်။ ဆွမ်းခံလို့ မရဘူး။ လာဘ်လာဘ အလွန်နည်းပါးတယ်။ တစ်ချိန်မှာ ဝိပဿနာတရား ပွားများရင်း ရဟန္တာဖြစ်သွားတယ်။ ထူးခြားတာက ရဟန္တာဖြစ်ပေမဲ့ ဆွမ်းခံလို့မရဘူး။ နေ့တိုင်း ဆွမ်းဝအောင်မစားရတာရယ်၊ ကောင်းကောင်း မစားရတာရယ်ကြောင့် ပရိနိဗ္ဗာန်ပြုမဲ့နေ့ကို ရောက်လာတယ်။ ဘဝဆုံးမဲ့နေ့မှာ အရှင်သာရိပုတ္တရာဟာ အရှင်လောသကတိဿ နှင့်အတူ ဆွမ်းခံဝင်တယ်။ ဒီနေ့မှာအရှင်သာရိပုတ္တရာလဲ သာဝတ္ထိမြို့သားတွေရဲ့ လက်အုပ်ချီ

ကန်တော့တာတောင် မခံရဘူးတဲ့။ ဒါနဲ့ အရှင်သာရိပုတ္တရာက လောသကကို ကျောင်းပြန်ခိုင်းပြီး တစ်ပါး

တည်းဆွမ်းခံထွက်တယ်။ အရှင်သာရိပုတ္တရာက မိမိကိုလှူလို့ ကျန်တဲ့ဆွမ်းဟင်းတွေကို အရှင်လောသကထံ သွားပြီး လှူခိုင်းတယ်။ အရှင်လောသကထံ ဆွမ်းဟင်း ယူလာသူတွေ လမ်းမှာတင်မေ့ပြီး ကိုယ်ဟာကိုယ် စားမိလိုက်လို့ အရှင်လောသကဆီ မရောက်ဘူး။ အရှင်သာရိပုတ္တရာက ကျောင်းကို ပြန်ရောက်တော့

အရှင်လောသကကို ဆွမ်းဘုဉ်းပေးပြီးပြီလားလို့ မေးတော့ နောက်တော့ ဘုဉ်းပေးရမှာပေါ့ဘုရား လို့ဆိုတယ်။ ဆွမ်းမဘုဉ်းပေးရသေးမှန်း သိသဖြင့် အရှင်သာရိပုတ္တရာဟာ ကောသလနန်းတော်သွားပြီး စတုမဓု အလှူခံပြီး သပိတ်ကို ကိုင်ကျွေးမှသာ ဝအောင်စားနိုင်တယ်။ ဒီနေ့မှာပဲ အရှင်လောသက ပရိနိဗ္ဗာန်စံတယ်။ မြတ်ဗုဒ္ဓကိုယ်တိုင် သင်္ဂြိုဟ်ဈာပနပြုပေးပြီး ဓာတ်တော်များကို စေတီတည်ထားပါသတဲ့ (ဇာ-ဋ္ဌ ၁၊ ၂၅၅)။

Ashin Kelasa

1651 E Manhatton Dr

Tempe, AZ 85282, USA

Wednesday, March 30, 2011

ဘ၀ရဲ့ အခြေခံ အခွင့်အရေး

ဘ၀ရဲ့ အခြေခံ အခွင့်အရေး

မွေးနေ့ လက်ဆောင် ဆိုတဲ့ အတိုင်း မိမိရဲ့ မွေးနေ့ကို အကြောင်း ပြုပြီး စဉ်းစားမိသမျှ ကလေးကို မွေးနေ့ပွဲ လာရောက်ကြတဲ့ ပရိတ်သတ်များကို လက်ဆောင်အဖြစ် ဟောပြောပေးခဲ့တဲ့ လက်ဆောင် စကားလေးတွေပါပဲ၊ သိပ်တော့လဲ လေးလေး နက်နက် ကြီးတော့ မဟုတ်လှပါဘူး၊ ပထမဆုံး ပေးဖြစ်ခဲ့ တာကတော့ အရင်ပြောခဲ့ပြီး ဖြစ်တဲ့ စကားရဲ့ အနှစ်ချုပ် ကတော့ သက်ရှိ အရိပ်တွေ ဆိုတာ သူတို့တွေ သက်ရှိထင်ရှား မရှိတော့ ပေမယ့်လဲ သူတို့ ရဲ့အရိပ်ကို မဖျက်သမျှ အရိပ်တွေဟာ အနန္တတိုင်အောင် မပျက်ဘဲ အမြဲအေးမြစေ နိုင်စေစွမ်းရှိတယ်။ ....


သူတို့ ရဲ့ အရိပ်ကို ဖျက်ဆီးမိရင်တော့ သူတို့ အသက်ထင်ရှားရှိနေပေမယ့် အရိပ်တွေပျက်ပြီး အပူမိတတ်တယ်၊ သက်ရှိရိပ်ကို ဖျက်ရာမှာ အဖျက်ခံရတဲ့ အရိပ်တွေပူသွားမှာ မဟုတ်ပါဘူး၊ ဖျက်သူတွေ ပူကြမှာ၊ ပူတယ်ဆိုတာတောင်မှ ရိုးရိုးပူရုံသာမကဘူး လောင်မြိုက်တတ်တယ်ဆိုတဲ့ အကြောင်းပါ။

မွေးနေ့ မှာ ဆက်ပြီးပြောဖြစ်ခဲ့တဲ့ အကြောင်းအရာကတော့ မွေးဖွားလာသူတိုင်းရဲ့ အခြေခံအခွင့်အရေးအကြောင်းပါပဲ။ အခြေခံ အခွင့်အရေးပြည့်ဝဖို့  စဉ်းစားတဲ့အခါ အခြေခံတရားက ဘာတွေလဲဆိုတာကို စပြီးစဉ်းစားမိပါတယ်။ အခြေခံ တရားတွေကို လိုက်ပြီး စဉ်းစားကြည့်တဲ့ အခါမှာ သုဂတိဘုံကို ရောက်စေတဲ့ အတိတ် ကုသိုလ်ကံတရားနဲ့  သာသနာတော်ကို ကြုံကြိုက်စေတဲ့ ပါရမီ တရားတွေကစပြီး တွက်ဆ စဉ်းစား ကြည့်ပါတယ်။ ဒါကြောင့် လူ့ အခြေခံတရားတွေထဲမှာ အတိတ်အခြေခံတရားဖြစ်တဲ့ ကုသိုလ်ကံမျိုးစေ့နဲ့  ပါရမီမျိုးစေ့ဆိုတဲ့ တစ်စုံရယ်၊ အခုဘ၀မှာ လူဖြစ်ရခြင်း သာသနာတော်နဲ့  ကြုံကြိုက်ရခြင်းဆိုတဲ့ အခွင့်ထူး အခြေခံတစ်စုံရယ်ကို သတိပြုမိလာပါတယ်၊ ပြီးတော့ မြန်မာလူမျိုးတိုင်းလိုလို ကြားသိဖူးကြတဲ့အတိုင်းပဲ သက်ရှိသတ္တ၀ါတိုင်းမှာ ရုပ်တရား နာမ်တရားဆိုတဲ့ အခြေခံတရားနှစ်ခု အကြောင်းပါ။ ဒီအခြေခံတရား နှစ်ခုတို့ မှာလဲ ရုပ်တရားမှာ ရုပ်ရဲ့ စွမ်းအားတွေရှိသလို နာမ်တရားမှာလဲ နာမ်ရဲ့စွမ်းအားတွေဆိုတာ ရှိပါတယ်။

ရုပ်ရဲ့ စွမ်းအားတွေဆိုတာကတော့ အဆင်း, အသံ, အနံ့ , အရသာ, အတွေ့ အထိဆိုတဲ့အပြင် အာရုံတွေကို ယူပေးနိုင်စွမ်းတဲ့ မျက်စေ့, နား, နှာ, လျှာ, ကိုယ်တို့ ပဲဖြစ်ပါတယ်။ နာမ်ရဲ့ စွမ်းအားတွေကတော့ သဒ္ဓါ, ၀ီရိယ, သတိ, သမာဓိ, ပညာဆိုတဲ့ ဗလငါးပါး တို့ ပဲဖြစ်ပါတယ်။ ရုပ်စွမ်းအားတွေဆိုတာ အပြင်ပအာရုံတွေနဲ့ ဆက်သွယ်နိုင်တဲ့ စွမ်းအားတွေဖြစ်လို့  သူတို့ လို ‘အပြင်အားတွေ’ လို့ လဲ ဆိုနိုင်ပါတယ်။ နာမ်ရဲ့စွမ်းအားတွေကတော့ ခန္ဓာကိုယ်ရဲ့ အတွင်းအကျဆုံး ဟဒယနှလုံးသားမှာ တည်မှီဖြစ်ပေါ်တဲ့အားတွေဖြစ်လို့  ‘ အတွင်းအား ’ လို့  ဆိုရမှာပေါ့။

မြတ်စွာဘုရားရှင်က တရားဦးဖြစ်တဲ့ ဓမ္မစကြာတရားတော်မှာ ဟောပြောချက်အရဆိုရင် သာသနာပ ကာလသားလူတွေဟာ အတွင်းအားအကြောင်း သိသူရှားတယ်၊ အပြင်အားများကိုသာသိကြပြီး အပြင်အားတွေရဲ့ အခွင့်အရေးပြည့်ဝရေးကိုသာ ကြိုးစားအားထုတ်ကြတယ်။ အပြင်အားတွေက ဘ၀ရဲ့ လက်ဦးအိမ်ရှင်လိုဖြစ်တဲ့ တဏှာ လောဘနဲ့  ပေါင်းမိကြရာက မျက်စေ့အကြိုက်၊ နာအကြိုက်စတဲ့ အာရုံတွေကို ရှာဖွေခံစားကြတယ်၊ အတိုင်းထက်အလွန် ရယူပိုင်ဆိုင်ကြဖို့ လဲ ကြိုးစားအားထုတ်ကြတယ်၊ လောကထဲမှာတော့ အဲဒီလို ခံစားစရာ အာရုံငါးပါးတွေကို အမည်အမျိုးမျိုးတပ်ထားတဲ့ ရွှေငွေကျောက်သံစတဲ့ ပစ္စည်းသတ္တုတွေ များများပိုင်ဆိုင်ထားရတာကိုပဲ တကယ်ချမ်းသာ အစစ်ကြီးလို့ မှတ်ထင်ကြပါတယ်၊ လောကမှာ သတ်မှတ်ခေါ်ဆိုကြတဲ့ ‘လူချမ်းသာတွေ’ ဆိုတာဟာ အဲဒီအာရုံငါးပါးတွေကို များများပိုင်ဆိုင်ကြသူတွေကို ခေါ်ကြတာပါပဲ။

အဓိက ပြဿနာကတော့ အပြင်အားတွေကိုသာ အသုံးများလာကြတဲ့အခါ သဒ္ဓါပညာစတဲ့ အတွင်းအားတွေဟာ လုံးဝဆိတ်သုဉ်း ကြတော့မလောက် နီးပါးအထိ လျော့ပါးသွားကြပါတယ်။ လူရဲ့ ပင်ကိုယ်မျိုးစေ့ဖြစ်တဲ့ ကုသိုလ်တရားရဲ့ အပြစ်ကင်းခြင်း၊ ကောင်းကျိုးဆောင်ခြင်းဆိုတဲ့ အသိတရားလောက်တောင် ထားဖော်မရကြတော့တဲ့ အထိကိုလျော့ပါးသွားကြတာပါ၊ ဒါကြောင့်လဲ ‘ဘယ်သူသေသေ ငတေမာပြီးရော’ ဆိုတဲ့သဘောနဲ့ ကိုယ့်အတွက်ရရေးကိုသာ အဓိကထားလာကြတဲ့အခါ ဒီကိလေသာ အပူရည်တွေကြောင့်ပဲ ကိုယ်ကျင့်တရားတွေလဲ ကိုယ်ငွေ့ တရားတွေဖြစ်သွားကြပြီး အငွေ့ နဲ့ အတူ လွင့်ပျယ်သွားကြပါတယ်။ လူဆန်တဲ့ အသိတရားတွေလဲ အငွေ့ ပျံတဲ့အထဲ ပါသွားပါတယ်။

အသိမဲ့လေ အမိုက်ကြီးလေဆိုတဲ့ ဓမ္မတာအတိုင်းပဲ အာရုံတွေ များများ ပိုင်ဆိုင်နိုင်ရေးအတွက် လူအင်အားတွေ စုကြ၊ နယ်မြေတွေ သူပိုင်ငါပိုင် သိမ်းပိုက်ကြနဲ့  နောက်ဆုံးတော့ အင်အားကြီးသူတွေက အရာရာကို ပိုင်စိုးချယ်လှယ်တဲ့ ပဒေသရာဇ် ရှင်ဘုရင်တွေဆိုတာအထိ ဖြစ်ကုန်ကြပြီး အင်အားပြိုင်ပွဲတွေ နယ်မြေလုယူ ချဲ့ ထွင်မှုတွေ အပါအ၀င် သွေးထွက်သံယို သတ်ဖြတ် တိုက်ခိုက်ပွဲတွေအထိ အပြစ်ကြီးတွေ ကျူးလွန်ကြတာလဲရှိလာပါတယ်။

အာရုံငါးပါး ကာမဂုဏ် တရားတွေဆိုတာကလဲ ‘ကာမငါးထွေ၊ ဆားငံရေသို့ ၊ သောက်လေ သောက်လေ၊ သောက်မပြေတည့်’ ဆိုတဲ့အတိုင်း ရလေလိုလေ ဖြစ်တတ်စမြဲပဲ။ အတွင်းအား အသိနည်းတဲ့အတွက် သတိမထားမိကြတဲ့ အချက်ကတော့ ပိုင်ဆိုင်သူနဲ့ ပိုင်ဆိုင်စရာတွေဆိုတာ သင်္ခါရနယ်က ပစ္စည်းဝတ္တုတွေ ချည်းဖြစ်ကြတဲ့အတွက် သေကွဲရှင်ကွဲ တစ်ကွဲကွဲနဲ့ ကွဲကွာရမြဲ ခွဲခွာရမြဲ ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဒါကို သတိမထား အသိမပွားနိုင်တဲ့အတွက် အစွဲနာကြသူ တိုင်းဟာ ‘အစွဲနာ အခွာခက်’ ဖြစ်ပြီး နောက်ဆုံးတော့ သင်္ခါရဓမ္မနိယာမ အတိုင်း ကွာကျသလို သက်သောင့် သက်သာ မဖြစ်ကြဘဲ ခွါချသလို ကျင်နာခံခက်တဲ့ ဒုက္ခကြီးနဲ့ တွေ့ ပြီး ၀မ်းနည်းပူဆွေးမှုတွေနဲ့ ပဲ တစ်ဘ၀ဇာတ်ကို ငိုခြင်းနဲ့ အဆုံးသတ်ကြရတယ်။ ဒီလိုအာရုံငါးပါးကို အသိမဲ့သိမ်းပိုက်ခံစားရင်း ဘ၀ကို ငိုကြီးချက်မနဲ့ ဇာတ်သိမ်းကြရ သူတွေကို တရားဦး ဒေသနာတော်မှာ ‘ ကာမ သုခလ္လိကာနုယော= ကာမချမ်းသာ ခံစားမှု အစွန်းရောက်သမားတွေ’ လို့  မှတ်ချက်ချတော်မှုပါတယ်။

အစွဲနာသလောက် အခွာခက်ပြီး ကျင်နာခံခက်တဲ့ ဒုက္ခတွေနဲ့ သာ ဘ၀နိဂုံးချုပ်ကြရသူတွေရဲ့ ဖြစ်ရပ်ကို သံဝေဂပွားပြီး သတိထားမိသူတချို့ လဲရှိလာပြန်တယ်။ သူတို့ သတိပြုမိတာကတော့ အပြင်အားတွေကို အထိမ်းမဲ့ လွှတ်ပေးထားတဲ့အတွက် အပြင်စွမ်းအားတွေနဲ့ ဘ၀ဦးပိုင်တဏှာတို့ ရဲ့ အလိုကိုလိုက်ရင်း အာရုံငါးပါးတွေကို အစားကြီးကြ၊ အစွဲနာကြလို့ ဒီလိုအကျပ်ဆိုက်ကြရတာဖြစ်တယ်။ ဒါကြောင့် အပြင်အားတွေကို လုံးဝထိမ်းချုပ်နိုင်မှ ဒီဒုက္ခကြီးက လွတ်မြောက်မယ်၊ အာရုံတွေကို စွန့် ခွာရမှာဖြစ်တဲ့အတွက် အာရုံကိုရှာဖွေခံစားနေကြတဲ့ မြို့ ရွာကို စွန့် လွှတ်ပြီး တောနက်ရာ မှာနေကြမယ်လို့ ဆုံးဖြတ်ခံယူကြတဲ့ အုပ်စုအနည်းငယ်ပါ။

သူတို့ ဟာ လူ့ ဘောင်ရပ်ရွာကို စွန့် ခွာပြီး တောနက်ရာမှာ နေထိုင်ကြရင်း အပြင်အားများဖြစ်ကြတဲ့ မျက်စေ့, နား, နှာတို့ ကို အပြင်းအထန် ထိန်းချုပ်ညှင်းဆဲတဲ့ အကျင့်ကို ကျင့်ကြပါတယ်။ သူတို့ ဟာ ‘ဒုက္ခနဲ့ ရင်းနိုင်မှ သုခရမယ်’ လို့ ခံယူကြသူများပီပီ အသက်ကိုထိန်းဖို့ အစားအစာကိုတောင်တောထဲမှာ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ အသီးအရွက် အခေါက်လောက်နဲ့ ပဲ မျှတကြပါတယ်။ ကာယကို ကာကွယ်ဖို့ အ၀တ်အစားကိုလဲ တချို့ က ဟီရိသြတ္တပ္ပကို လုံတယ်ဆိုရုံ သစ်ရွက်သစ်ခွံတို့ နဲ့  ကာကွယ်ထားကြပြီး များသောအားဖြင့်ကတော့ ဖောဋ္ဌဗ္ဗာရုံ အခြုံအ၀တ်တို့ ကို လုံးဝစွန့် ပယ်ကြတာပါ။ ဒီကြားထဲမှာ အာရုံခံစားလိုစိတ်တွေ ပေါ်ပေါက်လာသေးတယ်ဆိုရင်လဲ ‘ပူရင် မီးလှုံ၊ ချမ်းရင် ရေချိုး၊ နားရင် ကြိုးခုန်၊ မောရင် ဇယ်ခုပ်’ ဆိုတာတွေလုပ်ပြီး နိုးကြားနေချိန်တွေကို ကုန်လွန်စေပြီးတော့မှ နောက်ဆုံးဖတ်ဖတ်မောချိန်မှာ အနည်းငယ်သာ အိပ်စက်နားနေပြီး ကျင့်ကြံအားထုတ်နေကြသူတွေဖြစ်ပါတယ်။

ဒီနေရာမှာ သူတို့ သတိမထားတတ်တဲ့ အချက်ကတော့ ဘ၀ရဲ့ အခြေခံမှာ ရုပ်တရား, နာမ်တရား နှစ်ပါးရှိသလို ရုပ်စွမ်းအား နာမ်စွမ်းအား နှစ်မျိုးရှိတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါကြောင့်လဲ ရုပ်စွမ်းအားတွေကို ထိန်းချုပ်ကန့် သတ်ချက်မရှိ ခံစားသိမ်းပိုက်မှုလွန်ကဲတဲ့အတွက် စိုးရိမ်ပူဆွေးမှုတွေနဲ့  ဇာတ်သိမ်းရတာတွေကို သံဝေဂယူပြီး ရုပ်စွမ်းအားတွေကို ချွင်းချက်မထား ကန့် သတ်ထိမ်းချုပ်ပစ်ဖို့ ကြိုးစားကြတာပါ။

အမှန်ကတော့ ရုပ်ရဲ့ စွမ်းအားတွေကို အကန့် အသတ် အထိန်းအချုပ်မရှိ လွှတ်ပေးထားတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ အာရုံခံစားပိုင်ဆိုင်မှုတွေ များပြားလာတဲ့အခါရုပ်အတွက် ပြည့်စုံကြွယ်ဝသလို ထင်ရပေမယ့် နာမ်မှာတော့ နာမ်ရဲ့ ရောဂါဝေဒနာများလို့ ခေါ်နိုင်တဲ့ တဏှာဥပါဒါန်တွေ၊ ဣဿာမစ္ဆေရတွေစတဲ့ အသိဉာဏ်ပိတ်တရားတွေ တိုးပွားလာတဲ့အတွက် နာမ်စွမ်းအားတွေ ကျဆင်းရတာပါ၊ တိုးသင့်တဲ့ စွမ်းအားတွေက လျှော့ပါးပျောက်ကွယ်ပြီး လျော့ပါးပျောက်ကွယ်သင့်တဲ့ တရားတွေက တိုးပွားလာတဲ့အတွက်ကြောင့်ပဲ အပူမျိုးတရားတွေ တိုးပွားသလောက် အပူတွေလဲ တိုးပွားပြီး ဒုက္ခရောက်ကြတာပါ။

ဒီအပူဒုက္ခတွေကို ငြိမ်းစေချင်ရင် အတွင်းအားဖြစ်တဲ့ နာမ်စွမ်းအားတွေကို မြှင့်တင်ပြီး ကိလေသာ အပူအားတွေကို လျော့ပါးအေးငြိမ်းစေရမှာ ဖြစ်ပါတယ်။ အတွင်းပူတွေကို အတွင်းအားများနဲ့ သာ ငြိမ်းအေးရမှာလို့  သဘောမပေါက်ကြလေတော့ အတွင်းပူ ငြိမ်းရေးအတွက် အပြင်အားတွေကိုသာ လျော့ချဖို့ ကြိုးစားတဲ့အတွက် အတွင်းပူတွေက မငြိမ်းတဲ့အပြင် အငတ်ဘေးဆိုက်ပြီး အပြင်ပူတွေပါ ထပ်တိုးလာပါတယ်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

မေတ္တာများဖြင့်....

မေတ္တာဥယျာဉ်

http://www.ashinsirinda.com/]http://www.ashinsirinda.com

၂၀၁၁-ခု၊ ဇန်နဝါရီလ ၃-ရက်၊ တနင်္လာနေ့

ဇာတ်ပေါင်းခန်း



ဇာတ်ပေါင်းခန်း

“ဘုန်းကြီးသောဘာသော နားမလည်ဘူး၊ တို့ရွာကို စော်ကာလို့ကတော့ သူသေ ကိုယ်သေ ဆော်ပစ်လိုက်မယ်”

ကာလသား ဖိုးထောင်၏ ထန်းရည် မူးမူးနှင့် အော်ဟစ်ကြိမ်းဝါး သံမှ အစပြု၍ ရေကန်ထဲ ခဲကြီးကြီး တစ်လုံး ချလိုက်သလို တစ်ရွာလုံး အုတ်အုတ်ကျက်ကျက် ဂယက် အပြန့်ကျယ် သွားသည်။ ကုဋီတို့၊ ရေတွင်းတို့ အပြီးသတ်ပြီး
သိမ်ကျောင်းပင် ပြီးလုပြီးခင် အနေအထား ရောက်ရှိနေပြီ။ အချိန်တိုတို အတွင်းမှာပင် ဦးပဉ္ဇင်းလေး၏ စီမံခန့်ခွဲမှု၊ တက်တက်ကြွကြွ နေ့မအား ညမနား ဆောင်ရွက်မှု တို့ကြောင့် ယခုကဲ့သို့ အကောင်အထည် ပေါ်လာခြင်း ဖြစ်သည်။ ဘုန်းကြီး ကြိုတင် စိုးရိမ်ထား သလို ပြဿနာ စတင် ပေါ်ပေါက် လာတော့သည်။

ကျောင်းသို့ ရွာသားတွေ တစ်အုပ် တစ်မကြီး ရောက်ရှိ လာကြသည်။ ကျောင်းပြိုလု နီးနီးကျောင်းနှင့် အပြည့် ရောက်ရှိ လာကြသည်။ အခါကြီး ရက်ကြီး တရားနာ ပရိသတ် ထက်ပင် ပိုသေးသည်။ ကျောင်းနှင့် မဆန့်၍ ကျောင်းပြင် တွင်လည်း လူအုပ်စုတို့ မနည်းလှပေ။ ထန်းတော ရွာတစ်ရွာတည်း သာမက ရွာနီး ချုပ်စပ်ကလည်း လာရောက်ကြပုံ ပေါ်သည်။

ထိုပရိသတ် ထဲတွင် အကဲဆုံးမှာ ဒကာကြီး ဦးဘတုတ်နှင့် ကာလသား ဖိုးထောင်တို့ ဖြစ်သည်။ “စကားနဲ့ ရှင်း၊ တရားနဲ့ ရှင်းလို့ မရရင် ဓားနဲ့ ရှင်းမဟဲ့” အကြံဖြင့် ထန်းလှီး ဓားကိုင်၍ ရောက်လာသည်။ ရွာလူကြီး ဦးဘဆောင်က မဖြစ်သင့်တာ မဖြစ်ရအောင် ဓားကို သိမ်းထားရသည်။

“ကိုင်း ဘာကိစ္စ လာကြတာလဲ”

အကြောင်းရင်းကို သိပေမယ့် မသိကျိုးကျွံ ပြု၍ ဘုန်းကြီးက မေးလိုက်သည်။
“ဘာကိစ္စ လာရမှာလဲ၊ ဦးပဉ္ဇင်းလေးနဲ့ သံသယ ရှင်းချင်လို့ လာတာ။ မဟုတ်တာတွေ ယုတ်မာတွေ သင်္ကန်း ခြုံပေမယ့် မလုံ နိုင်ပါဘူးဗျာ”

“ဘာတွေ မဟုတ်တာလဲ၊ ဘာတွေ ယုတ်မာတာလဲ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောကြစမ်းပါ”

ဦးဘဆောင်က လူအုပ်ထဲက ထလာသည်။
“ဒီလိုပါ အရှင်ဘုရား၊ ဦးပဉ္ဇင်းလေးဟာ ရဟန်းသံဃာ အကျင့် မကျင့်ဘဲ ရပ်ကြီး ရွာမ လူဝတ်ကြောင် အကျင့်ကို ကျင့်ကြောင်း စွပ်စွဲကြလို့ပါ”

ခက်ပြီ။ အထောက်အထား မခိုင်လုံဘဲ လူစုလူဝေးနှင့် မလာရောက် တန်ရာ။ ဘုန်းကြီး အနေဖြင့်လည်း သိတန်သလောက် သိထားသည်။ ဦးပဉ္ဇင်းလေး ခေါ်၍ ကျောင်းသို့ ရောက်လာသော ကျောင်းသားလေး၏ တစ်ဆင့် စကား ပြန့်ပွားမှုက အဓိက ကျပေလိမ့်မည်။ တစ်ရက်တွင် ရွာတစ်ရွာက ပင့်ဖိတ်၍ တရားဟောရန် အချက်အလက်များ စုဆောင်းနေသော ဦးပဉ္ဇင်းလေးသည် ဒကာများ ရောက်ရှိ လာချိန်တွင် ကပြာကယာ ကိုယ်လက်သုတ်သင် သန့်စင်ရခြင်း၊ သင့်လျော်သော သင်္ကန်းလဲလှယ် ၀တ်ဆင်ရခြင်း တို့အတွက် အချိန် မီစေရန် ကျောင်းသား လေးအား အကူအညီ တောင်းရသည်။ ထိုစဉ် ဦးပဉ္ဇင်းလေး၏ ခရီးဆောင်အိတ် ဖွင့်လှစ်ခိုက် ဘုန်းကြီး ရဟန်းတို့နှင့် မအပ်စပ် သော ယောက်ျားဝတ်စုံ တစ်စုံအပြင် မိန်းမ၀တ်စုံ တစ်စုံတို့ကို ကျောင်းသားလေးက တွေ့ရှိသွားသည်။

ကျောင်းသားလေးက သူတွေးမိသလို ဘေးလူတွေကို ပြောမိသည်။ မကြာမီ ဦးပဉ္ဇင်းလေး လူဝတ် လဲတော့မည်။ မယ်ဇာရည် ဆိုသော အချောအလှ သမီးကညာနှင့် အကြောင်း ဆက်ပေါင်းဖက် တော့မည်။ ၀တ်စုံတွေပင် ၀ယ်ပြီးပြီ ဟူသော သတင်းသည် တစ်ခဏချင်း မှာပင် ပြန့်ပွားသွားသည်။ ရပ်သိရွာသိ ဘုန်းကြီးသိ အကုန်လုံးသိ။ ထို့ကြောင့် မယ်ဇာရည်အား တစ်ဖက်သတ် ကြိတ်ပိုး ပိုးနေသော ကာလသား ဖိုးထောင် မခံမရပ် နိုင်ဖြစ်ကာ ထန်းရည် မူးယစ်ရင်း နှုတ်ကြမ်း အာကြမ်းဖြင့် ရမ်းကားလာသည်။ သမီးထိ ဓားကြည့်ဟူသော သဘောဖြင့် ဦးဘတုတ်က တစ်ခန်းထ လာပြန်သည်။ ဤသို့ဖြင့် ကျောင်းသို့ လူအုပ်စုကြီး ရောက်ရှိလာခြင်း ဖြစ်သည်။

“ကိုင်း ဒကာ ဒကာမများရဲ့ သံသယကို ဦးပဉ္ဇင်း ရှင်းစရာ ရှိတာ ရှင်းပေးလိုက်”

နောက်ဆုံး ဘုန်းကြီး အနေဖြင့် တိုးတိုးစကား မေးချိန် မရတော့၍ လူအုပ်စု ရှေ့တွင် ဦးပဉ္ဇင်းလေး၏ အရှုပ်ထုပ်ကို ဖြည်ပြ ခိုင်းလိုက်မိပြီ။ စိတ်မကောင်းလည်း ဖြစ်မိသည်။ မတတ်နိုင်။ ထိုကိစ္စ ထိုမျှနှင့် မပြီးလျှင် ထို့ထက်မက ကြီးမားနိုင်သည်။ မီးကို မလောင်ခင်က တားချိန် မရ၍ မီးလောင်ချိန်တွင် ငြိမ်းလိုငြိမ်းငြား ငြိမ်းသတ်စရာ ရှာမိခြင်း ဖြစ်သည်။ ဦးပဉ္ဇင်းလေးသာ မရှင်းလျှင် ထိုအရှုပ်ထုတ်မှာ ပို၍ ရှုပ်လာနိုင်သည်။

ဦးပဉ္ဇင်းလေးက မမှိတ်မသုန် မတုန်မလှုပ် ရှိနေသည်။ ပရိသတ်တွေက သောသော ရုတ်ရုတ် ကျက်ကျက် ဖြစ်နေသလောက် ဦးပဉ္ဇင်း လေးက သူမဟုတ် သလို တည်ငြိမ်း အေးဆေးလှသည်။ ဘုရား ကျောင်းဆောင်ဘက် လက်အုပ်ချီ၍ ရွတ်ဖတ် ပူဇော်နေသည်။ ပရိသတ်တွေ ကြိတ်မနိုင် ခဲမရ ထိုင်ရမလို၊ ထရမလို ဖြစ်နေကြသည်။ ဘုန်းကြီး ကိုယ်တိုင်ပင် တုတ်တစ်ပြက် ဓားတစ်ပြက် မဖြစ်စေ ရန်သာ ဆုတောင်း နေမိသည်။ လူကြား မကောင်း သူကြားမကောင်း၊ ပြဿနာတွေ အူဟောင်းလောင်း ဖြစ်နေပါ ပေါ့လား။

“ဒကာကြီး ဒကာမကြီးတို့ ကြားသိသလို ဦးပဉ္ဇင်းလေး ကြားသိ ပြီးဖြစ်ပါတယ်။ ဒေါသရှေ့ မထားကြပါနဲ့ဦး။ အားလုံး ကျေနပ်တဲ့ အထိ ဦးပဉ္ဇင်း ရှင်းပြပါမယ်။ သံသယ မြူတစ် မှုန်လေးတောင် မကျန် စေရပါဘူး”

ဦးပဉ္ဇင်းလေးက ဘုရားဝတ်ပြု အပြီး ပရိသတ်ဘက် မျက်နှာမူလျက် တရား ရေအေး အမြိုက်ဆေးတိုက် ကျွေးသကဲ့သို့ အေးအေးလူလူ မိန့်တော်မူသည်။ လောဘ၊ ဒေါသ၊ မောဟတို့ဖြင့် လောင်မြိုက်သော အပူမီးတောက်ကို ဦးပဉ္ဇင်းလေး၏ တရား ရေစင်နှင့် ပက်ဖျန်း၍ မရဖြစ်နေသည်။

“တရားနာဖို့ လာတာ မဟုတ်ပါဘူး။ တရားဟော မနေနဲ့ ရှင်းစရာရှိ ရှင်း။ မရှင်း နိုင်ရင်တော့ အဆိုးမဆိုနဲ့”

ဖိုးထောင် အမှူးပြုသော ကာလသား တစ်သိုက်၏ မိုက်မဲမှုက စကားနောက် တရား ပါချင်သည်။ ဒကာကြီးတွေ ကိုယ်၌ကလည်း ထိန်းမနိုင် သိမ်းမရ ဒေါသ နောက် အလွယ်တကူ လိုက်ချင်သည်။
“မောင်ပဉ္ဇင်း စကားကို ပြီးအောင် နားထောင်ပါ။ မရှင်းရှင် မေးပါ။ ပရိသတ်ပွဲ မဆူအောင် လူကြီးတွေက ထိန်းပေးပါ။ တရား အတိုင်း ဖြစ်စေရပါမယ်”

ဘုန်းကြီး၏ စကားကို အထိုက် အလျောက် နာခံကြ၍သာ တော်တော့သည်။ ဦးပဉ္ဇင်းလေး၏ အေးတိအေးစက် အမူအရာက ပရိသတ်ကို ဒေါပွအောင် ဆွပေးတာနှင့် တူနေသည်။ ဦးပဉ္ဇင်းလေးက တည်ကြည်သော ကာယိနြေ္ဒ၊ ကြံ့ခိုင်သော မနိဒြေ္ဒတို့ဖြင့် ထိုင်ရာမှ ထ၍ ပရိသတ် အများကို ရင်ဆိုင်သည်။
“ဦးပဉ္ဇင်း အနေနဲ့ ဦးစွာ ပထမ ပြောချင်တာက ငယ်စဉ် ကတည်းက ရည်မှန်းထားတဲ့ သာသနာ့ ဘောင်ကို ဘယ်နည်းနှင့်မှ ဘယ်အကြောင်း နှင့်မျှ မရှောင် ခွာနိုင်ပါဘူး။ ပရိယတ္တိ စာပေသင်ကြားဖို့ ကလည်း အကြောင်း အားလျော်စွာ ရှိနေပါသေးတယ်”

ဦးပဉ္ဇင်းလေး စကားမဆုံးမီ ကာလ သား တစ်သိုက်ထံမှ ကျွက်စီ ကျွက်စီ ဖြစ်လာပြန်သည်။
“ဒါဆို ဘာကိစ္စ ပုဆိုးတွေ၊ ထမီတွေ ၀ယ်လာရတာလဲ။ ဆင်ကောင်ကြီး တွေ့နေမှာတော့ ဆင်ခြေရာ လိုက်ရှာဖို့ လိုသေးလို့လား”

“သည်းခံပါ ဒကာလေးတို့၊ ဦးပဉ္ဇင်း လိပ်ပတ်လည်အောင် ရှင်းပါရစေဦး”

“ဟေ့ကောင်လေးတွေ စကားကို ဆုံးအောင် နားထောင်ဦးမှ ပေါ့ကွ။ ခုလို ၀င်ဝင် ပြောနေရင် လိုရင်း ဘယ်ရောက် တော့မှာလဲ”

ရွာလူကြီး ဦးဘဆောင်က မတ်တပ် ရပ်၍ ဟန့်တား ရတော့သည်။
“ကောင်လေး တွေကိုချည်း အပြစ် မပြောနဲ့ လေကွာ။ မင်းဦးပဉ္ဇင်း စကားက လိုရင်းမှ မရောက်ဘဲ၊ တရားဟော ကောင်းကောင်းနဲ့ လူတကာ ခေါင်းညိတ်အောင် ပြောတတ်တာကို အခွင့်ကောင်း ယူပြီး ဝေ့လည်ကြောင်ပတ် ပြောနေတာကွ”

“ဘတုတ်ရာ မင်းက ကလေးတွေကို ထိန်းရမှာ၊ မင်းကိုယ်တိုင် ရောယောင် ပါလိုက်ချင်တော့ မခက်ဘူးလား”

ကာလသားတွေ အပြင် လူကြီး အချင်းချင်းလည်း အငြင်းအခုန် ဖြစ်ကုန်ကြသည်။
“ခဏလောက် သည်းခံ ပေးကြပါ။ ဦးပဉ္ဇင်း လိုရင်းရောက်အောင် ရှင်းလင်း ပေးပါ့မယ်။ မောင်ကျောင်းသား ဦးပဉ္ဇင်းရဲ့ ခရီးဆောင်အိတ်ကို ယူပေးပါဦး”

ပရိသတ် အားလုံး အပ်ကျသံမျှ မကြားရအောင် တိတ်ဆိတ်ငြိမ်သက် သွားသည်။ သူ့ကြောင့် ပြဿနာ တက်ရသည် ဟူသော ကြောက်ရွံ့ အားနာစိတ်ဖြင့် ကျောင်းသားလေးက ဦးပဉ္ဇင်းလေး၏ ခရီးဆောင် အိတ်ကို မရဲတရဲ မနိုင့်တနိုင်ယူ လာပေးသည်။
“ဒကာကြီး ဦးဘတုတ် ရှေ့ကို ကြွပါ” ဟု ဦးပဉ္ဇင်းလေးက လှမ်းခေါ်သည်။

“ကျုပ်ကို ရှေ့ခေါ်ပြီး အရှက်ခွဲ ကြမလို့လား။ ဒါမျိုးတော့ မရဘူး မှတ်”

ဦးဘတုတ်က ထိုင်ရာမထ အော်ကြီး ဟစ်ကျယ် ပြောသည်။ တိတ်ဆိတ်နေသော ပရိသတ်ကလည်း တစ်ယောက်တစ်ပေါက် ဆူညံစ ပြုလာသည်။
“ဒကာကြီး ဦးဘတုတ် မောင်ပဉ္ဇင်း ရှင်းပြချင်လို့ ခေါ်တာ လိုက်နာမှပေါ့။ ဘာ အော်ကြီး ဟစ်ကျယ်တွေ လုပ်နေရတာလဲ” ဟု ဘုန်းကြီးက ခပ်ပြတ်ပြတ် မိန့်မှ ဘုန်းကြီး၏ သြဇာကို မလွန်ဆန်နိုင်၍ ဦးဘတုတ် မထချင်ထချင် ထလာသည်။

“ဒကာမကြီး ဒေါ်မယ်မနဲ့ ဒကာမလေး မယ်ဇာရည်ရော ရှေ့ကို ကြွပါဦး”

“ဘာလုပ် မလို့လဲ ရှုပ်ရှုပ် ရှက်ရှက်တော် မလာနိုင်ပါဘူး”

“အမေကလည်း ခေါ်မှတော့ သွားရမှာ ပေါ့တော်။ ချော်တော ငေါ့မနေ ပါနဲ့”

သားအမိချင်း ကတောက်ကဆ ဖြစ်ပြီး ပရိသတ် ရှေ့မှောက်သို့ ကမောက် ကမ ရောက်လာကြသည်။ မယ်ဇာရည် လေးခမျာ ဦးပဉ္ဇင်းလေး တစ်ခုခု ဖြစ်မှာ စိုးသောကြောင့် ကျောင်းသို့ လိုက်လာခြင်း ဖြစ်သည်။ အများထင် သလို မဟုတ်ကြောင်းလည်း ရှင်းပြချင်သည်။ သို့ရာတွင် ဦးပဉ္ဇင်းလေး အပေါ် ထားရှိသော သံယော ဇဉ်သည် ဖြူစင်မွန်မြတ် သော်လည်း တိမ်းညွတ်မှု ရာခိုင်နှုန်း များများ ပါဝင်သည်ကို သိနေသည်။

“မောင်ကျောင်းသား တွေ့ထားတဲ့ ဦးပဉ္ဇင်း အိတ်ထဲက ပုဆိုးတွေ ထဘီတွေ၊ အင်္ကျီတွေ ထုတ်လိုက်စမ်း”

ပဉ္စလက် မျက်လှည့် ဆရာကြီး၏ အံ့သြ ကုန်နိုင်ဖွယ် ပြကွက်ကို ကြည့်ရမည် ကဲ့သို့ ဘုန်းကြီး အပါအ၀င် ဒကာ ဒကာမတို့ ရင်တထိတ်ထိတ် ထိတ်တလန့်လန့် ဖြစ်နေကြသည်။ နောက်နား ကျကျက လူတွေလည်း ထိုင်ရာမှ ထကြည့်ကြသလို ကျောင်းဝင်းထဲက ပရိသတ်တွေ ထိုင်ရာမှ ထ၍ တံခါးပေါက်ရှိရာ ပြေးကြည့်ကြသည်။ စောစောက တရားပွဲနှင့် တူသလို ရှိသည်။ ယခုတော့ မျက်လှည့်ပွဲ ကြည့်ရသလို ပါပဲလားဟု ဘုန်းကြီး တွေးနေမိသည်။ ကျောင်းသားလေးက ဦးစွာ ပုဆိုးနှင့် အင်္ကျီကို ထုတ်ပေးသည်။

“ဒကာကြီး ဦးဘတုတ် ခဏလောက် မတ်တပ်ရပ်ပါဦး”

“ဘာတွေလဲဟ။ လူကို ကောင်းကောင်း မနေရဘူး”

ဦးဘတုတ်က မြည်တွန် တောက်တီးရင်း ထလာသည်။
“ဟောဒီ ယောက်ျား ၀တ်လုံချည်နဲ့ အင်္ကျီက ဦးပဉ္ဇင်းသာ လူဝတ်လဲပြီး ၀တ်မယ် ဆိုပါတော့ လိုက်ပါ့မလား။ အဆင်က ဟောဒီ ဒကာကြီး ဦးဘတုတ်တို့နဲ့မှ လိုက်မယ့် အဆင်ဖြစ် မနေဘူးလား”

ဦးပဉ္ဇင်းလေးက လူကြီးဝတ် အနံကြီး ကွင်းကျယ် ကွက်ထောက် ပုဆိုးနှင့် လည်ကတုံး အင်္ကျီတို့ကို ဦးပဉ္ဇင်းလေး၏ ကိုယ်မှ ကပ်ကြည့်ပြီး ဦးဘတုတ်၏ ကိုယ်မှာ ကပ်ပြသည်။
“ခုခေတ်မှာ လူကြီးဝတ် လူငယ်ဝတ် အဆင်မရွေး ကြပါဘူး။ လူကြီးဆင်လည်း လူငယ်တွေ ၀တ်ကြတာ ပါပဲ”

ကာလသား တစ်သိုက်၏ စီခနဲ အသံကြားရ ပြန်သည်။ ဦးပဉ္ဇင်းလေး၏ အကြောင်းပြချက် မခိုင်လုံကြောင်း ကန့်ကွက်ကြခြင်း ဖြစ်မည်ထင်သည်။
“ဒကာမကြီး ဒေါ်မယ်မနဲ့ ဒကာ မလေး မယ်ဇာရည်တို့ ခဏလောက် မတ်တပ် ရပ်ပေးပါဦး”

“တကတည်းတော် ဘာမှန်းလည်း မသိပါဘူးဟဲ့။ ဘုန်းကြီးက အထည်ရောင်း မလို့လား၊ မ၀ယ်နိုင်ဘူးနော်။ ထန်းလျက် ဈေးတွေ ကျနေတာ”

“အမေကလည်း ဘာတွေ ပြောနေတာလဲ။ ရပ်ဆို ရပ်စမ်းပါ။ ဘောက်မပြော စမ်းပါနဲ့”

သားအမိ နှစ်ယောက် ငြူငြူစူစူ တစ်ယောက် တစ်ပေါက် ပြောရင်း ထရပ်ကြ သည်။
“ဟောဒီ ထဘီနဲ့ အင်္ကျီကကော ဒကာမကြီးနဲ့ လိုက်တဲ့ အဆင်လား၊ ဒကာ မလေးနဲ့မှ လှတဲ့ အဆင်လား ခွဲခြား ကြည့်လိုက်စမ်းပါ”

ကျောင်းသားလေး ထုတ်ပေးသော ပွင့်ရိုက် ပါတိတ် ထဘီနှင့် ရင်ဖုံး အင်္ကျီတို့ကို ဦးပဉ္ဇင်းလေးက ဖြန့်ပြသည်။
“ငရဲ ငအုံကြီး နေပါ့မယ်တော်၊ ပေး စမ်းပါ”

ဒေါ်မယ်မက ဦးပဉ္ဇင်းလေး လက်ထဲမှ ထဘီနှင့် အင်္ကျီတို့ကို ဆိုးခနဲ ဆတ်ခနဲ လှမ်းယူရင်း သူမကိုယ်တွင် ကပ်ပြသည်။ ဒေါ်မယ်မ အပြုအမူကြောင့် ပြက်လုံးကောင်း တစ်ခုလို ဖြစ်သွားသည်။ ၀ါးခနဲ ပွဲကျသွား၍ ပရိသတ်တိ၏ ရင်ထဲက အကြိတ်အခဲသည် အနည်းငယ် ကြေပျက်စ ပြုလာသည်။ မာကျောရာမှ ပျော့ပြောင်း စပြုလာသည်။

“ဒကာကြီး ဒကာမကြီးတို့ အတွက် ဦးပဉ္ဇင်း ၀ယ်လာ ခဲ့တာပါ”

“ဘာ သဘောလဲကွ။ လူကြီးတွေကို ပုဆိုး၊ ထမီတွေ ပေးပြီး သမီးတောင်း မလို့လား”

ကာလသား တစ်သိုက် တစ်လွဲ ဆံပင်ကောင်း မကြေနိုင်၊ မချမ်းနိုင် ဆူဆူညံညံ လောင်မြိုက် လာပြန်သည်။
“ဟဲ့ မောင်ပဉ္ဇင်း စကားမဆုံး သေးခင် ဘယ်သူမှ ၀င်မပြောကြနဲ့”

ဘုန်းကြီးက အရေးပေါ် ဟိန်းဟောက်လိုက်မှ ကာလသား တစ်သိုက်လည်း ငြိမ်သက်သွားသည်။
“ဒကာကြီးတို့ မိသားစုရှေ့ နားမှာပဲ နေရာ ယူပေးကြပါဦး”

“လူတကာရှေ့ ပုဆိုးတွေပေး၊ ထဘီတွေ ပေးနဲ့ ဘာသဘောလဲဟ။ ဒီလိုလေး ရှင်းပြရုံနဲ့ ကျေအေးမယ် မထင်နဲ့”

ဦးဘတုတ်က ဘုန်းကြီး ဟန့်တားနေသည့် ကြားမှပင် ဒေါပွဖြစ်အောင် ပွလိုက်သေးသည်။ ဘုန်းကြီး၏ ရှုတင်းတင်း အကြည့်ကြောင့်သာ စကားရှည်ရှည် မပြောရဲဘဲ ရပ်လိုက်ရသည်။
“ဒကာကြီး ဦးဘတုတ်ကို မေးမြန်း စရာလေးတစ်ခု ရှိပါတယ်”

“ဘာများ မေးဦးမလို့ပါလိမ့်”

“ဒကာကြီးတို့မှာ သမီးလေး မယ်ဇာရည် တစ်ယောက်တည်း ရှိတာလား။ ကျန်တဲ့ သားသမီးတွေ မထွန်းကား ဘူးလား”

မထင်မှတ်သော မေးခွန်းဖြစ်၍ အံ့သြ ထိတ်လန့် သွားသည်။ ဦးဘတုတ်က ခါတိုင်းဆို ချက်ချင်းလက်ငင်း ဘွင်းဘွင်းကြီး တုံ့ပြန် ပြောဆိုနေကျ ဖြစ်သည်။ ယခုတော့ တစ်ခွန်း တစ်ပါဒမျှ မဖြေဆိုနိုင်၊ နှုတ်အံ သေသလို ဖြစ်နေသည်။
“ဒီသမီးတင် ဘယ်ကပါ့မလဲ ဦးပဉ္ဇင်းရယ်။ သားလေး တစ်ယောက်လည်း ရှိပါသေးတယ်”

ဦးဘတုတ် မဖြေနိုင် သည်ကို ဒေါ်မယ်မက သွက်သွက်လက်လက် ၀င်ပြောသည်။ ဦးဘတုတ်၊ ဒေါ်မယ်မနှင့် မယ်ဇာရည် တို့အား သုံးပွင့် ဆိုင် အပြန်အလှန် ကြည့်မော နေကြသည်။ သို့လော သို့လောဟူသော တွေးတောစရာ လေးတွေလည်း ၀င်လာသည်။ ဦးပဉ္ဇင်း လေး၏ မျက်နှာကိုလည်း စူးစူးစိုက်စိုက် ကြည့်နေ ကြသည်။ ပရိသတ် အားလုံးကလည်း ဦးပဉ္ဇင်းလေး၏ ပဟေဠိလို ဖြစ်နေသော အဖြေညှိသည့် စကားသံတို့ တစ်ခွန်းမကျန် ကြားသိစေရန် နားစွင့်၍သာ နေကြသည်။
“အဲဒီ သားလေးကော ဘယ် ရောက် သွားသလဲ”

“ဟောဒီက ကိုဘတုတ်ပေါ့။ သားလေးကျောင်း နေချင်တာကို ကျောင်းမထားဘဲ မြူအိုး ကောက်ခိုင်းလို ခိုင်း၊ ထင်းခွေခိုင်းလို ခိုင်း၊ ကျောင်းထားပေးဖို့ ပူဆာ တာကို ရိုက်မောင်း ပုတ်မောင်းလုပ်လို့ ကလေး အရွယ်တည်းက ထွက်ပြေးသွားတာ သေသလား၊ ရှင်သလားတောင် မသိရပါဘူး။ သားလေး ဖိုးဉာဏ်ရဲ့ အီး ဟီးအီး”

မဆင်ဘဲ ဗြုန်းခနဲ ရွာချသည့် မိုးလို ဒေါ်မယ်မ ခမျာ စကားလည်း ဆုံးရော ဟီးတိုက်၍ ငိုလိုက်ပြန်ရော။ ဦးဘတုတ်ရော မယ်ဇာရည်ပါ မလှုပ်မယှက်။ ပရိသတ် အားလုံးလည်း ဒေါ်မယ်မ၏ သောကကို ကြည့်၍ ငိုရခက်၊ ရယ်ရခက် ဖြစ်နေကြသည်။
“ကျောင်းနေချင်လို့ ရောက်ရာ ပေါက်ရာ အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးသွားတဲ ဖိုးဉာဏ်ဆိုတဲ့ ကောင်လေးဟာ ကံအားလျော်စွာ ခုချိန်မှာ ဦးပဉ္ဇင်းလေး ဉာဏ၀ရရယ်လို့ ဖြစ်လာလိမ့်မယ် ဆိုတာ ဘယ်သူမှ ထင်မှတ် မထားကြဘူး မဟုတ်လား”

ဟင် ဟာ အို ဟူသော အာမေဋိတ်သံတွေ ဆင့်ကဲဆင့်ကဲ ထွက်ပေါ်လာသည်။ ဘုန်းကြီးပင်လျှင် ဦးပဉ္ဇင်းလေးကို ကြည့်၍ မျက်ရည်ဝဲသည် အထိ နင့်ခနဲ ခံစားသွား မိသည်။
“အောင်မယ်လေး ဒါသားလေး ဖိုးဉာဏ် အဲဟုတ်ပေါင်။ ဦးပဉ္ဇင်းလေး ဉာဏ၀ရတဲ့လား။ မသေကောင်း မပျောက် ကောင်းပါလား သားရယ်။ မေမေ တစ်လျှောက်လုံး လွမ်းနေရတာပါ”

ဒေါ်မယ်မက အော်ကြီးဟစ် ကျယ် ပြောရင်း ၀မ်းသာမျက်ရည် မဆည်နိုင် သလို
“မှားတော့ မလို့ပါလား သားလေးရယ်။ အသုံးမကျ လိုက်တဲ့ ဖအေလိုလူ ဇမ္ဗူမှာ ရှိသေးလို့လား”

ဦးဘတုတ်က သူ့ရင်ကို တအုန်း အုန်းထုလို့ အော်ဟစ် သကဲ့သို့
“အစ်ကို အစ်ကို ဦးပဉ္ဇင်းလေးဟာ အစ်ကိုတဲ့လား” မယ်ဇာရည်ကလည်း ၀မ်းသာမဆုံး မျက်ရည်သုတ်ရင်း ထခုန်သည်။

“ရွာက ထွက်ပြေးလာရင်း လမ်းမှာ ထန်းလျက်ဝယ်တဲ့ ကုန်သည် တစ်ယောက်နဲ့ တွေ့လို့ မန္တလေးက ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ အပ်နှံပေးတဲ့ အတွက် ခုလို သာသနာ့ ဓဇသီရိပ၀ရဓမ္မာ စရိယဘွဲ့ရ ဦးပဉ္ဇင်းလေး ဖြစ်လာတာပါ။ ဘွဲ့ရပြီး စာအောင် သံဃာတွေကို လှူကြ တန်းကြ ဆုပေးကြလို့ ၀တ္ထုငွေကြေး လေးတွေ စုမိ ဆောင်းမိ လာပါတယ်။ ခမည်းတော်၊ မယ်တော်တို့ကို သတိလည်းရ ကျေးဇူး လည်း ဆပ်ချင်လို့ ဦးပဉ္ဇင်းနဲ့ မအပ်စပ်တဲ့ အ၀တ် အထည်တွေကို ၀ယ်လာ မိတာပါ။ ဒီထက် စောစောက ခမည်းတော်၊ မယ်တော်တို့ကို ကန်တော့ ခဲ့ရင် ခုလို ပြဿနာ ပေါ်ပေါက်မှာ မဟုတ်ပါဘူး။ သိမ်ကျောင်း ဆောက်လုပ် ပြီးစီးလို့ ရေစက်ချပွဲ အမီ ပေးဖို့ ရည်ရွယ်ထားတဲ့ အတွက် ခုလို ပြဿနာ ပေါ်ပေါက် လာတာပါ။ အားလုံး ရှင်းကြရဲ့လား” ဦးပဉ္ဇင်းလေး၏ ရှင်းလင်းချက် စကားအဆုံး တရုန်းရုန်း ထမပြန်ကြဘဲ မင်သက် မိနေကြ သလို ပရိသတ် အားလုံး မတုန်မလှုပ် ပန်းပုရုပ်များ ဖြစ်သွားကြ လေသည်။

ခြိမ့်သဲ

Tuesday, March 29, 2011

မိန်းမနှင့်သိမ်



မိန်းမနှင့်သိမ်

''ဦးလေး သိမ်ထဲ မိန်းမတွေ မဝင်ကောင်းဘူးလား''
''ဝင်ကောင်းပါတယ်''
''နို့ ဘာဖြစ်လို့ သိမ်ထဲကို မိန်းမတွေ ဝင်ရင် မောင်းထုတ်ကြရတာလဲ''
''မောင်းမထုတ်ပါဘူး''
''အို... ဟုတ်တယ်၊ ကနေ့ဘဲ ဌေးဌေးတို့ မောင်းထုတ်ခံခဲ့ရတယ်၊ မိန်းမဖြစ်ရတာ သိပ်အောက်တန်း ကျ တာဘဲ၊ ဒါပေမယ့်လေ မိန်းမလဲလူပါဘဲ''
ဌေးဌေးကား စာရေးသူ၏ တူမလေးဖြစ်သည်။ မုံရွာမြို့ အမှတ်(၂) အ.လ.က၌ (ဂ)တန်းတွင် ပညာသငကြားနေသူ ဖြစ်သည်။ သီတင်းကျွတ် ကျောင်းပိတ်ရက်တွင် မိဘများနှင့်အတူ စစ်ကိုင်းသို့ ဘုရားဖူးလိုက်ပါလာခဲ့၏။ တောင်ပေါ်ဘုရားများကို အနှံ့ဖူးပြီး ချောင်သို့ပြန်အရောက်တွင် အထက်ပါ အတိုင်း မကျေနိုင်မချမ်းနိုင်ဖြစ်ကာ မေးလိုက်ခြင်းပင် ဖြစ်သည်။ တစုံတခု ဖြစ်ခဲ့ပြီဟု စာရေးသူ ရိပ်စားမိ လိုက်ပါသည်။ ထို့ကြောင့် ဖြစ်ကြောင်းကုန်စင်ကို မေးမြန်းကြည့်ရ၏။ ဖြစ်ပုံကား ဤသို့တည်း။


နံနက်လေးနာရီအချိန်လောက်မှထ၍ အစောကြီးပင် တောင်ပေါ်သို့ တက်သွားကြသည်။ အရုဏ်မတက်မီပင် ပရက္ကမချောင်သို့ရောက်ကြ၏။ အရှေ့ပရက္ကမ၊ အနောက်ပရက္ကမ ဟု နှစ်ချောင်ရှိရာ ဆရာတော်တပါးစီ သီတင်းသုံးကြသည်။ ထိုဆရာတော်များသည် ဂူတွင်းအောင်းလျက်၎င်း၊ သစ်သီးဆွမ်း -ပဲပြုတ်ဆွမ်းတို့ကိုသာ မျှတရုံဘုဉ်းပေးလျက်၎င်း၊ ရဟန်းတရားကို အပြင်းအထန် အားထုတ်နေကြပါသည်။ အရုဏ်တက်ပြီဆိုလျှင် ကမ္မဋ္ဌာန်းဂူအတွင်းမှထွက်၍ ဆွမ်းခံလေ့ရှိရာ ထိုဆရာတော်များကိုလည်း ပဲပြုတ် ဆွမ်း လောင်းလှူရန်အတွက် ဤကဲ့သို့ အစောကြီးတောင်ပေါ်သို့ တက်ကြခြင်းဖြစ်သည်။ ဆွမ်းလောင်း လှူပြီးသောအခါ ဆရာတော်က သီလပေးသည်။ ဤအချိန်မှတပါး အခြားအချိန်များတွင် လုံးဝ လူတွေ့မခံကြပေ။


ဌေးဌေးတို့ တသိုက်သည် သီလယူပြီးနောက် အနောက်ပရက္ကမချောင်တွင်းရှိ သိမ်ထဲသို့ ဝင်ရောက်၍ ရုပ်ပွားဆင်းတုတော်များကို ဦးချရှိခိုးကြသည်။ ပါလာသည့် ဖယောင်းတိုင်များကိုလည်း ညှိထွန်းပူဇော်ကြသည်ဆို၏။ ထိုအခါ ပရက္ကမချောင် ဆရာတော်ကြီး၏ အလုပ်အကျွေး ဖြစ်ဟန်တူသော ရဟန်းငယ်လေးတပါးက '' ဒီအထဲ မိန်းမတွေမဝင်ရဘူး၊ ဒါ သိမ်'' ဟု ပြောလျက် ဌေးဌေးတို့တသိုက်ကို မောင်းထုတ်လိုက်ခြင်း ဖြစ်သတည်း။
ဒါကိုပင် အတေးထားခဲ့သော တူမက စာရေးသူကို မေးခွန်းထုတ်လေတော့သည်။ ''မိန်းမဖြစ်ရတာ သိပ်အောက်တန်းကျတာဘဲ၊ ဒါပေမဲ့လေ မိန်းမလဲလူပါဘဲ'' ဟု ကောက်ချက်ချလိုက်သေး၏။ မှန်ပါသည်၊ မိန်းမလဲလူ ယောက်ျားလဲလူပင်ဖြစ်သည်။ မိန်းမကမြတ်သည်၊ ယောက်ျားကမြတ်သည်ဟု ခွဲခြားရန်လည်း အကြောင်းမရှိချေ။ ကိုယ်ကျင့်တရားနှင့် စိတ်နေသဘောထားတို့၏ ကြီးမားမွန်မြတ်ခြင်းသာ အဓိက ဖြစ်ပေသည်။ အဂ္ဂညသုတ် (သုတ်ပါထေယျ ပါဠိတော်) ၌လည်း ဤအတိုင်းပင် ဗုဒ္ဓမြတ်စွာ မိန့်ကြားခဲ့ပါ သည်။ စာရေးသူသည် တူမဖြစ်သူကို ဖျောင်းဖျနှစ်သိမ့်ရင်း အများလည်း ဝေဘန်ထောက်ရှုနိုင်ရန် ဤ''မိန်းမနှင့်သိမ်'' ဆောင်းပါးကို ရေးသားတင်ပြ လိုက်ရပါသည်။


ပါလိုဠိ ''သီမာ'' ကို မြန်မာလို ''သိမ်'' ဟု သုံးစွဲထားခြင်း ဖြစ်၏။ ''သီမာ'' သဒ္ဒါသည် အပိုင်းအခြားအနက်ကို ဟော၏။ ''ရဟန်းသံဃာများ ဥပုသ် ကံ စသည်ပြုရန်အတွက် ပိုင်းခြား သတ်မှတ်ရာတွင် ဉတ်-ကမ္မဝါစာတို့ဖြင့် ရွတ်ဖတ်၍ သမုတ်(သတ်မှတ် )ထားသော သိမ် (ဗဒ္ဓသိမ်)၊ ဉတ်-ကမ္မဝါစာ တို့ဖြင့် မရွတ်ဖတ်ရဘဲ အလိုလိုပင် ဥပုသ်ကံ စသည်ပြုနိုင်သောသိမ် (အဗဒ္ဓသိမ်)ဟု နှစ်မျိုးရှိလေသည်။ ''ဂါမသိမ်'' သည် အဗဒ္ဓသိမ်မျိုးတွင် ပါဝင်၏။ သူကြီးတယောက် အခွန်အတုပ် ကောက်ယူခွင့်ရှိသော အရပ်သည် (၂-ရွာ ၃-ရွာ ရှိသော်လည်း) ဂါမခေတ် တခေတ်မည်၏။ ထိုဂါမခေတ်နယ်သည် ရဟန်းအားလုံး စုရုံး၍ ကံပြုနိုင်သော ဂါမသိမ်တမျိုး ဖြစ်လေသည်။
ဤသူကြီးတပိုင် ဂါမခေတ်(ဂါမသိမ်) အတွင်းဝယ် လူတို့သည် လင်ယူသားမွေး လုပ်နေကြ၏။ အညစ် အကြေးတို့ကိုလည်း စွန့်ချနေကြသည် မဟုတ်ပါလော။ ယင်းသူကြီးတပိုင် ဂါမခေတ်(ဂါမသိမ်) အတွင်းဝယ် ယောက်ျားတွေချည်းသာ နေကြသည် မဟုတ်ပါချေ။ ထို့ကြောင့် သိမ်အတွင်း မိန်းမတွေ မဝင်ရဟု အထင်ရောက်နေခြင်းမှာ လုံးဝ လွဲမှားနေခြင်းသာဖြစ်သည်။ ကျောင်းတိုက်များအတွင်းဝယ် ကျောက်တိုင်များ (သီမန္တရိတ်တိုင်များ) စိုက်၍ သမုတ်ထားသော (ဗဒ္ဓ)ခဏ္ဍသိမ်မှာလည်း ထိုနည်း¤င်းပင် ဖြစ်ပါသည်။ ''သိမ်အတွင်း မိန်းမတွေဝင်လျှင် ငရဲကြီးသည်'' ဟု ပြောဆိုထင်မှတ်နေကြခြင်းမှာ ပိုလွန်နေသော လွဲမှားမှုသာ ဖြစ်ချေသည်။


ဥပုသ်ကံစသော ကံကြီးကံငယ်ပြုရာ၌ ကြဉ်ဖယ်ထားရမည့် ပုဂ္ဂိုလ်(ဝဇ္ဇနိယပုဂ္ဂိုလ်)များတွင် လူဝတ်ကြောင်လည်း ပါရှိလေသည်။ လူဝတ်ကြောင်ဟု ဆိုရာ၌ မိန်းမသာမက ယောက်ျားများလည်း ပါဝင်သည်။ ''သိမ်အတွင်း ကံပြုနေချိန်၌ လူဝတ်ကြောင်စသည် မပါဝင်စေရ၊ ကြဉ်ဖယ်ထားရမည်'' ဆိုသော်လည်း သိမ်ထဲတွင် မဝင်ရဟု တားမြစ်ထားခြင်းမျိုးမဟုတ်ပေ။ ကံဆောင်နေသော ရဟန်း သံဃာတော်များနှင့် ဟတ္ထပါသ်(နှစ်တောင့်ထွာ) မဆက်စပ်ဘဲ ဟတ္ထပါသ်(နှစ်တောင့်ထွာ) လွတ်ရာ အရပ်က ရှိနိုင်သည်၊ နေနိုင်သည်။ ထိုသို့ရှိနေခြင်းကြောင့် မည်သည့်ကံမျှ ပျက်ပြားမှုမရှိချေ။ (တေ ဟတ္ထပါသတော ဗဟိကရဏဝသေန ဝဇ္ဇေတဗ္ဗာ- လူစသော နှစ်ကျိပ်တယောက်သော ဝဇ္ဇနိယ ပုဂ္ဂိုလ်တို့ကို နှစ်တောင့်ထွာ ဟတ္ထပါသ်မှအပ ပြုခြင်းဖြင့် ကြဉ်ဖယ်ထားရမည်။ ။ ကင်္ခါဝိတရဏီအဋ္ဌကထာ)။


''နှစ်တောင့်ထွာ အတွင်းသာ မရှိစေရ'' ဟူသော မိန့်မှာချက်ကို သဘောမမူဘဲ အချို့ရဟန်း များသည် ရဟန်းခံ(ဥပသမ္ပကံဆောင်)ရာ၌ မိန်းမများကိုသာမက ယောက်ျားများကိုပါ မာန်မဲ၍ သိမ် အတွင်းမှ မောင်းထုတ် တတ်ကြလေသည်။ ဤသို့ လူတို့ကို သိမ်အတွင်းမှမောင်းထုတ်ခြင်းသည် စာရှိထက် ပိုလွန်ခြင်းသာတည်း-ဟု ဧဝကန် မှတ်ရပေမည်။ ယင်းသို့ တတ်ယောင်ကားဖြင့် အချို့ရဟန်းများ ''လူတတ်-လူစွာ'' လုပ်ခြင်းကြောင့်ပင် ''သိမ်အတွင်း မိန်းမ မဝင်ရ မဝင်ကောင်း'' ဟူသော အစွဲသည် ပြန့်နှံ့နေခြင်း ဖြစ်ပေသည်။
လွန်ခဲ့သည့် သီတင်းကျွတ်လက စာရေးသူသည် မြို့သာသို့ရောက်ခဲ့သည်။ မြို့သာနှင့် ၃-မိုင်ခန့် ဝေးသော အရပ်တွင် ''ရေမြို့ဘုရား'' ဟုခေါ်သော ရှေးစေတီတဆူရှိပါသည်။ ထိုစေတီ၏လိုဏ်အတွင်းမှ ရုပ်ပွားတော်၏ မျက်လုံးများသည် မှိတ်သွားလို့တဲ့ဟူသော သတင်းသည် အုတ်အော်သောင်းနင်း ဖြစ်လာသည်။ တဆင့်ပြောဖြင့် မယုံကြည်ဘဲ ကိုယ်တိုင်မြင်သိရမှ ကျေနပ်တတ်သော ဝါသနာကြောင့် သွားရောက်ဖူးမြင်လေ့လာခဲ့ပါသည်။ မျက်လုံးတော်များကို မျက်ခွန်များဖြင့်ဖုံးအုပ်၍မှိတ်သွားခြင်း၊ ပိတ်သွားခြင်းမျိုးကား မဟုတ်ပါ။ မျက်နှာတော်နှင့် တပြင်တည်း မျက်ဖြူမျက်နက်ဝန်းတို့ကိုပါမချန်ပဲ မျက်နှာတော် တခုလုံး ရွှေဘိန်းချခြင်းသာဖြစ်လေသည်။
မည်သို့ဆိုစေ-မျက်လုံးတော်များ မှိတ်သွားလို့တဲ့ ဟူသော သတင်းကြောင့် စာရေးကဲ့သို့ပင် လာရောက် လေ့လာ သူ ဖူးမျှော်သူတွေမစဲပါ၊ ဤသို့ဖူးမျှော်လာရာတွင် အချို့သောယောက်ျားများက ဘုရားလိုဏ်ဂူအတွင်းသို့ ဝင်၍ ဆီမီးထွန်းညှိခြင်း၊ ပန်းကပ်ခြင်းမပြုရန် မိန်းမများအား တားဆီး ပိတ်ပင်ကြလေသည်။

စာရေးသူမှာ ငြိမ်မနေနိုင်တော့သဖြင့် ''မတားဆီးပါနဲ့၊ သူတို့လည်း ဘုရားဖူးချင်လို့ လာကြတာပဲ၊ သူတို့ကြိုက်သလို အားရကျေနပ်အောင်ဖူးကြပါစေ'' ဟုပြောလိုက်ရပေသည်။ မိန်းမသား များကို နှိမ်ပေါက်ထား၍ ငရဲကြီးလိမ့်မယ်၊ မိုးကြိုးပစ်လိမ့်မယ် စသည်ဖြင့် ချောက်လှန့်ခြင်းမျိုးကား လုံးဝ နှစ်မြို့စရာမဟုတ်ချေ။ ကုသိုလ်ဆန္ဒဖြင့် ပြုရာ၌ မိုးကြိုးပစ်ချင် ပစ်စမ်းပါစေ။ ဝံ့စားသောသတ္တိကိုပင် မွေးမြူရပေမည်။ ဆင်ဖြူတော်ကို လှုဒါန်းလိုသော ဝေဿန်မင်းမြတ်သည် ''ဆင်ဖြူတော်လှူခြင်းကြောင့် ငါ့ကိုသတ်ချင်လည်းသတ်ကြ။ နိုင်ငံမှ နှင်ထုတ်ချင်လည်း နှင်ထုတ်ကြ။ မလှူမဒါန်းပဲကား ငါမနေနိုင်'' ဟု ရဲရဲဝင့်ဝင့် မိန့်မြွတ်၍ လှူဒါန်းလိုက်လေသည်။ ရွှေကျင် ဆရာတော်ဘုရားကြီးကား ''ဝီရော ကုသလကရဏေ-ကုသိုလ်ပြုရန် အခွင့်ကြုံလျှင် မကြောက်မရွံ့ နောက်မတွံ့ပဲ သက်စွန့်ကြိုးပမ်း ရဲစွမ်းသတ္တိရှိသူဖြစ်ပါစေ-ခလို'' ဟုပင် ဆုတောင်းခဲ့လေသည်။
ယနေ့ခေတ်သည် အကြောင်းယုတ္တိမတန်ဘဲ ငရဲနှင့်ချောက် စာအုပ်ကြီးနှင့်ပေါက်နေ၍ မဖြစ်ချေ။ သာသနာတော်၌ မကြည်ညိုသေးသူတို့ကို ကြည်ညိုလာစေရန်၎င်း၊ ကြည်ညိုပြီးသူတို့ကို သဒ္ဓါတရား တိုးပွားစေရန်၎င်း ကြောင်းကျိုးညွှန်ပြရပေမည်။နေရာတကာ၌ အထက်စီးကနေလျက် ကြိမ်း မောင်းခြင်း၊ ငေါက်ငမ်းခြင်းတို့ကား စင်စစ်ရိုင်းပြခြင်းသာ ဖြစ်သည်။ အရှိကိုအရှိတိုင်း အမှန်ကို အမှန်တိုင်း ဗုဒ္ဓ အလိုတော်ကျ မပိုမလို ပြောဆိုပြုလုပ်ရန်လည်း အမှန်တကယ် လိုအပ်ပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် လူတိုင်းအပေါ် ချိုသာယဉ်ကျေးစွာ ဆက်ဆံလျက် ဗုဒ္ဓညွှန်ပြခဲ့သည့် သဘောတရားရေးရာ၌လည်း ပိုင်နိုင် ထိမိအောင် လေ့လာထားသင့်ကြောင်း တင်ပြလိုက်ရပေသည်။

အရှင်မဟောသဓ ပဏ္ဍိတ
၁၁-၇-၇၁
ဓမ္မဗျူဟာ (အတွဲ ၉၊ အမှတ် ၉။)

Monday, March 28, 2011

သရဏဂုံ ဆောက်တည်ရာဝယ်….

သရဏဂုံ ဆောက်တည်ရာဝယ်….

သရဏဂုံတရားတော်များ နာဖြစ်တဲ့အတွက် ဒီပို့စ်လေးကို ရေးဖြစ်လိုက်ပါတယ်…… သရဏ ဆိုသည်မှာ
ဘေးအန္တရာယ်ကို တားဆီး ကာကွယ်ပေးတတ်သော၊ ပယ်ဖျောက်ပေးတတ်သော အရာ/ပုဂ္ဂိုလ် ဟု အဓိပ္ပါယ်ရပေသည်။
ဘေးအန္တရာယ်ဆိုသည်မှာ

1. ၀ဋ်ဘေး (ကိလေသာဝဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ်)

2. စိတ်ပူလောင်မှု

3. ကိုယ်ဆင်းရဲမှု

4. ဒုဂ္ဂတိဘုံဆင်းရဲမှု တို့ကို ဆိုလိုသည်။

ထို(၄)မျိုးသော ပင်ပန်းဆင်းရဲမှုတို့ကို ပယ်ဖျောက်ပေးတတ်သော၊ တားဆီးကာကွယ်ပေးတတ်သော အရာ/ပုဂ္ဂိုလ် သည် သရဏ ဖြစ်ပေ၏။ တနည်းအားဖြင့် ကိလေသာ စိတ်အပူတို့ကို သက်သာ လျော့ပါးသွားစေမှသာလျင် သရဏ ဖြစ်ပေသည်။ ထို့ကြောင့် သရဏ ဆိုသည်မှာ ကိုးကွယ်ရာပင်ဖြစ်၏။ ထိုသို့ (၄)မျိုးသော ပင်ပန်းဆင်းရဲမှု စိတ်ပူလောင်မှု တို့ကို မသက်သာစေနိုင်သော၊ ကာကွယ်တားဆီးခြင်းငှာ မစွမ်းနိုင်သော အရာတို့သည် သရဏ မမည်ပေ။ သရဏ မဖြစ်လျင် ကိုးကွယ်ရန်မထိုက်၊ ကြည်ညိုရန်မထိုက်ပေ။ ကိုးကွယ်ရာ မဖြစ်ပေ။

ဗုဒ္ဓ သည် သရဏ ဖြစ်၏။ ဓမ္မ သည်လည်း သရဏ ဖြစ်၏။ သံဃာ သည်လည်း သရဏ ဖြစ်၏။

ဗုဒ္ဓ သည် ဘေးဒုက္ခများကို တားမြစ်ပေးတတ်၏။ အကျိုးစီးပွားမဲ့ကို တားဆီးပေးတတ်သည်။ ကောင်းရာကို လမ်းညွှန်ပေး၏။ အကျိုးစီးပွားကောင်းကိုလည်း ဖြစ်စေတတ်သည်။ ဘေးဒုက္ခများမဖြစ်စေရန် မကောင်းမှုတို့ကို မပြုလုပ်ရန်၊ မပြောဆိုရန်၊ မကြံစည်ဖို့ရန် ဆုံးမ ပေးခြင်းဖြင့်လည်းကောင်း၊ ကောင်းကျိုးချမ်းသာများရစေရန် ကောင်းမှုတို့ကို ပြုလုပ် ပြောဆို ကြံစည်ကြဖို့ရန်လည်းကောင်း လမ်းညွှန်ပေးလေသည်။
ထိုကြောင့် သရဏ ဖြစ်ပေ၏။

ဓမ္မ ဆိုသည်မှာ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန် ဟူသော လောကုတ္တရာကိုးပါး နှင့် သုတ္တန်၊ ၀ိနည်း၊ အဘိဓမ္မာ ဟူသော ပဋိကတ် သုံးပုံတို့ ပင်ဖြစ်ပေ၏။

ထိုဓမ္မ သည် ဘ၀ကန္တာရခရီးခဲမှ လွန်မြောက်စေသည်၊ ထုတ်ဆောင်ပေးတတ်သည်။ ဘ၀အခက်အခဲများကို လွန်မြောက်စေတတ်သည်။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုတို့ကို သက်သာစေသည်။ ထို့ကြောင့် သရဏ ဖြစ်ပေ၏။
သံဃာအား နည်းနည်းလေး လှူရုံမျှဖြင့် ကြီးကျယ် များပြားသော အကျိုးထူးများကို ရစေတတ်သည်။ မြတ်သော အလှူကို ထိုက်တန်တော်မူခြင်းသည် အရိယာသံဃာ၏ ဂုဏ်ရည် ဖြစ်၏။ ထို့ကြောင့် သံဃာသည်လည်း သရဏ မည်ပေ၏။ သံဃံ သရဏံ ဂစ္ဆာမိ တွင် သံဃာသည် အရိယာသံဃာကို ရည်ရွယ်ခြင်းဖြစ်သည်။ ထို့ကြောင့် “သံဃံ သရဏံ ဂစ္ဆာမိ” (သံဃာကို ကိုးကွယ်ဆည်းကပ် ပါ၏) ဟု ဆိုရာ၌ သမုတိသံဃာ (ပုထုဇဉ် ရဟန်း သံဃာ) များမှ တဆင့် အရိယာသံဃာတို့၏ ဂုဏ်ရည်တို့ ကို သတိရ အမှတ်ရလျက် ရည်မှန်းလျက် ရွတ်ဆိုရပေမည်။

ဥပမာ..စေတီတော်၊ ဆင်းတုတော်များကို ရှိခိုးတိုင်း ထိုဆင်းတုတော်မှတဆင့် ဘုရားရှင်၏ ဂုဏ်တော်များကို ထွင်းဖောက် အာရုံပြုရပါသည်။ ထို့အတူပါပဲ ပုထုဇဉ် ရဟန်း သံဃာတို့ကို ဆင်းတုတော်များကဲ့သို့ သဘောထားလျက် အရိယာ ဖြစ်ပြီးသော ရဟန်းသံဃာများ၏ ဂုဏ်ရည်ထိအောင် ရည်မှန်းလျက် ကိုးကွယ် ဆည်းကပ်နိုင်ပါမှ သံဃံ သရဏံ ဂစ္ဆာမိ စစ်စစ်ကို ရပေမည်။ သံဃာကို သင်ပေးနေတဲ့ ဆရာပဲလို့ ဆရာ အဆင့်လောက် သတ်မှတ်ရုံမျှဖြင့် သံဃံ သရဏံ ဂစ္ဆာမိ မဖြစ်သေးပေ။ သရဏဂုံ စစ်စစ် ရအောင် အရိယာ သံဃာထိအောင် ရည်မှန်း ပူဇော် ကိုးကွယ်ရပေမည်။ သရဏဂုံ = သရဏ + ဂမန
သရဏဂုံ ဆိုသည်မှာ သရဏ နှင့် ဂမန ပေါင်းစပ်ထားခြင်းဖြစ်၏။ ဂမန ဆိုသည်မှာ အသိအမှတ်ပြုခြင်းဖြစ်သည်။

ထိုသရဏသုံးပါး ဗုဒ္ဓ ဓမ္မ သံဃာ ၏ အထက်ပါ အရည်အသွေး ဂုဏ်ရည်များကို အာရုံပြုပြီး ကြည်ညိုလေးမြတ်သော ယုံကြည်မှု သဒ္ဓါဖြစ်ဖို့ရန် လိုပေသည်။ ထိုသဒ္ဓါကို အခြေခံလျင် သမ္မာဒိဋ္ဌိ ဖြစ်လေတော့သည်။ ထို မှန်ကန်သော ယုံကြည်မှု သဒ္ဓါ သည်ပင်လျင် ဂမန မည်ပေသည်။ ထိုကြောင့် သရဏဂမန(သရဏဂုံ) သည် ရတနာသုံးပါးအပေါ် ရောက်နေသော ယုံကြည်မှုသဒ္ဓါ နှင့် အသိမှန် (သမ္မာဒိဋ္ဌိ) ဖြစ်၏။ လွယ်လွယ်ဖြင့် တိုတိုဆိုရလျင် ကိုးကွယ်ရာအဖြစ် သိမှတ်ခြင်း ဟုလည်း အဓိပ္ပါယ်ရပေသည်။ ကိုးကွယ်ရာအဖြစ် သိမှတ်ရာ၌ ထိုမှန်ကန်သော ယုံကြည်မှုသဒ္ဓါ သည် ရှေးဦးစွာ အရေးကြီးပေသည်။ ထိုကဲ့သို့သော မှန်ကန်သော သဒ္ဓါဖြစ်ပါမှ သရဏဂုံတည်သော ဗုဒ္ဓဘာသာ စစ်စစ် ဖြစ်ပေတော့မည်။

သရဏဂုံ အမျိုးအစား (၂) မျိုးရှိလေသည်။
လောကုတ္တရာသရဏဂုံ နှင့်
လောကီသရဏဂုံ
တို့ဖြစ်၏။

လောကုတ္တရာသရဏဂုံ ဆိုသည်မှာ သစ္စာလေးပါးကို သိမြင်ပြီးသူ၏ သန္တာန်၌ဖြစ်သော ရတနာသုံးပါးအပေါ် ကိုးကွယ်ဆည်းကပ်သောစိတ်ဖြစ်၏။ သစ္စာသိသူ၏ သရဏဂုံ ဖြစ်သည်။ လောကုတ္တရာသရဏဂုံသည် ပျက်စီးခြင်းမရှိ၊ ညစ်ညူးခြင်းလည်း မရှိတော့ပေ။ မဂ်စိတ်နှင့် အတူတူဖြစ်သော ရတနာသုံးပါးအပေါ် ကိုးကွယ် ဆည်းကပ်စိတ် ဖြစ်ပေသည်။ ထို့ကြောင့် အရိယာပုဂ္ဂိုလ်ဖြစ်မှသာလျင် လောကုတ္တရာသရဏဂုံကို ရပေမည်။ ပုထုဇဉ်အဖြစ်နှင့် ဘယ်သောအခါမှ မရနိုင်ပေ မဖြစ်နိုင်ပေ။
ပုထုဇဉ်တို့သန္တာန်၌ဖြစ်သော ရတနာသုံးပါးအပေါ် ယုံကြည် အားကိုးမှု စိတ်သည် လောကီသရဏဂုံဖြစ်၏။ လောကီသရဏဂုံနှင့် ကိလေသာတို့ကို ခေတ္တ ခဏမျှ ပယ်နိုင်လေသည်။ တဒင်္ဂပဟာန်ဖြင့် ကိလေသာကို ပယ်ခြင်းဖြစ်၏။

လောကီသရဏဂုံသည် ညစ်ညူးတတ်သည် ပျက်စီးတတ်ပေသည်။
ရတနာသုံးပါးအပေါ် နားမလည်ခြင်း(အ၀ိဇ္ဇာ)၊ ရတနာသုံးပါး၏ ဂုဏ်ရည်တို့ကို ဟုတ်မှ ဟုတ်ပါ့မလားဟု သံသယဖြစ်နေခြင်း (၀ိစိကိစ္ဆာ) တို့သည် လောကီသရဏံဂုံ ညစ်နွမ်းတတ်ပေသည်။ တကယ် နားလည်ပြီး ကိုးကွယ် ဆည်းကပ်နိုင်ပါမှလည်း သန့်ရှင်း စင်ကြယ်သော လောကီသရဏဂုံ စစ်စစ်ကို ရပေမည်။

လောကီသရဏဂုံသည် ပျက်စီးတတ်ပေသည်။ ပျက်စီးရာ၌လည်း အပြစ်ရှိသော ပျက်စီးခြင်း နှင့် အပြစ်မရှိသော ပျက်စီးခြင်းဟု (၂)မျိုးရှိ၏။ အပြစ်ရှိသော ပျက်စီးခြင်းမှာ…ဘာသာပြောင်း ကိုးကွယ်သွားခြင်း ဖြစ်သည်။ တနည်းအားဖြင့် သရဏ မဟုတ်သော အရာများကို လက်ခံချင်သော (တဏှာ) နှင့် ထို သရဏ မဟုတ်သော အရာများကို မှန်တယ်ထင်သော (ဒိဋ္ဌိ) ရှိလျင် အပြစ်ရှိသော ပျက်ခြင်း ဖြစ်လေသည်။
အပြစ်မရှိသော ပျက်စီးခြင်းမှာတော့..သေဆုံးသွားသောအခါ ဖြစ်ပါသည်။ သေသောအခါ စိတ်မရှိတော့သောကြောင့် ဆောက်တည်ထားသော လောကီသရဏဂုံ ပျက်စီးသွားတော့သည်။ အပြစ်မရှိသော ပျက်စီးခြင်း ဖြစ်ပေသည်။

ဘာသာခြား ပုဂ္ဂိုလ်တဦးအား မိမိ၏ ဆရာဖြစ်သောကြောင့် လည်းကောင်း၊ ဆွေမျိုး ဖြစ်သောကြောင့် လည်းကောင်း၊ ကြောက်သော အားဖြင့်လည်းကောင်း၊ ကျေးဇူးတင်သော အားဖြင့် လည်းကောင်း ကန်တော့ လျင် လောကီသရဏဂုံ မပျက်စီးနိုင်ပါ။ ဒါကြောင့် ယခုခေတ် အထက်လူကြီး ဖြစ်နေလို့ ကြောက်လို့ လက်အုပ်ချီသောအားဖြင့်လည်း ကိုယ်ဆောက်တည်ထားသော သရဏဂုံ မပျက်စီးနိုင်ပါဘူး။
အချုပ်အားဖြင့်တော့ သရဏမဟုတ်တော့အရာတို့ကို သဒ္ဓါဖြင့် ကိုးကွယ်လျင် သရဏဂုံ ညစ်နွမ်း ပျက်စီး ပါတော့သည်။

သရဏဂုံ ဆောက်တည်ရာမှာ..မြန်မာလို အဓိပ္ပါယ်ဖြင့်လည်း ဆောက်တည်နိုင်ပါသည်…

1. တပည့်တော်၏ အသက် နှင့် ခန္ဓာကို ဗုဒ္ဓ ဓမ္မ သံဃာ တို့အား လှူဒါန်းပါ၏။ (ဘယ်လိုအခြေအနေမျိုးဖြစ်နေပါစေ ရတနာ သုံးပါးတို့အပေါ်၌ ထားရှိသော ယုံကြည်မှု ဆည်းကပ်မှု သဒ္ဓါကို ဘယ်တော့မှ မစွန့်ဘူး ဟု အဓိပ္ပါယ်ရပေသည်။)

2. မှီခိုစရာ အားကိုးစရာ ဆည်းကပ်စရာ အလုပ်အကျွေးပြုစရာ ရှိပါက..ရတနာသုံးပါးတို့အတွက်ပဲ ပြုမည်။

3. လက်အုပ်ချီ အရိုအသေပြု ရှိခိုးတဲ့အခါမှာလည်း ရတနာသုံးပါးကိုပဲ ရှိခိုး ကန်တော့ မည်။

4. တပည့်အဖြစ် ချဉ်းကပ် သော အခါမှာလည်း ရတနာသုံးပါးထံမှာပဲ တပည့်ခံ ချဉ်းကပ်မည်။ ထိုသို့ ရွတ်ဆိုခြင်းအားဖြင့်လည်း လောကီသရဏဂုံကို ဆောက်တည်ရာရောက်ပါသည်။

အထက်ပါတို့မှာ..သရဏဂုံကို ဆောက်တည်ခြင်းနဲ့ ပက်သက်သော အလေး အနက်ထားရမည့် အချက်များဖြစ်ပါသည်။ သရဏဂုံကို စစ်စစ်ကို ရကြစေခြင်းအကျိုးငှာ ရေးသားလိုက်ခြင်း ဖြစ်ပါသည်။

by admin

http://sankooo.iblogger.org

အောက်ပါတရားတော်များအား နာကြားမှတ်သားပြီး ရေးသားထားပါသည်

ဗုဒ္ဓဘာသာအခြေခံတရားတော်များ - ဒေါက်တာ သီလာနန္ဒာဘိဝံသ

သရဏဂုံ(၃)ပါးတရားတော် - ဒေါက်တာအရှင်ဥာဏိဿရ

သရဏဂုံတရားတော် - အရှင်ကောသလ္လ (ဓမ္မစေတီ)

Sunday, March 27, 2011

ဓမ္မဥပဒေသများ

ဓမ္မဥပဒေသများ

တရားမှန်သမျှ သစ္စာတရားက လွတ်တာမရှိဘူး(စတုသစ္စ ၀ိနိမုတ္တော ဓမ္မော နာမ နတ္ထိ)၊ ၀ိနည်းဒေသနာတော်ကို လေးစားလိုက်နာခြင်းဖြင့် ကိုယ့်ရဲ့ဖြူစင်တဲ့ သီလကို ပြန်လည်ဆင်ခြင်ရင်း တရားထူး အသိဥာဏ်ထူးရနိုင်တယ်၊ ၀ိနည်းတရားဟာလဲ သစ္စာတရားပါ၊ ၀ိနည်းဟာ ပညတ်သက်သက် မဟုတ်ဘဲ ပရမတ်သဘောတရားတွေ ပါနေတာကို သတိထားသင့်ပါတယ်၊

ပိဋကတ်သုံးပုံဆိုတာ ဘုရားရှင်ဟောထားတဲ့ ပရမတ်သဘောတရားတွေကို အက္ခရာတွေအဖြစ် ပြောင်းလဲမှတ်တမ်း တင်ထားခြင်းမဟုတ်လား၊ စာအတိုင်းပြောပြလို့ စာပေနဲ့ညှိလို့ ဆုပ်ကိုင်ထားတယ်ထင်ရင် ဆရာမကူ သယမ္ဘူဥာဏ်ပိုင်ရှင် ဖြစ်လိမ့်မယ်၊

အသိဥာဏ်ထူးရသွားတဲ့ လောကအပေါ်ဓမ္မသဘာဝအတိုင်း ကြည့်နိုင်တဲ့ အရိယာ သာဝကတစ်ယောက်ဟာ ဘုရားအပေါ်မှာ ယုံကြည်မှုပြည့်ဝသွားပါပြီ၊ ဘုရားကို ယုံကြည်ရင် ဘုရားဟောတဲ့ တရားကိုလဲ ယုံကြည်လက်ခံပါပြီ၊ ဘုရားဟောတာကို လက်ခံနိုင်ရင် ဘုရားဟောတဲ့ ပိဋကတ်သုံးပုံဆိုတာကိုလဲ လက်ခံနိုင်တဲ့ အဆင့် ပြည့်ပြည့် ၀၀ ရှိသွားပြီလို့ ဆိုနိုင်တယ်။

နိဝေသကသုတ္တန်မှာ ဘုရားရှင် ဟောပြထားတာကတော့ ဓာတ်ကြီးလေးပါးရဲ့ ဖောက်ပြန်ပြောင်းလဲမှု ရှိချင်တော့ရှိမယ်။ ဒါပေမယ့် ငါဘုရားအပေါ်မှာ ယုံကြည်သက်ဝင်တဲ့စိတ်ကတော့ ဘယ်တော့မှ မပြောင်းလဲပါဘူးတဲ့။( နတွေဝ ဗုဒ္ဓေ အ၀စ္စေပ္ပသာဒေန သမန္နာဂတဿ အရိယသာဝကဿ သိယာ အညတ္ထတ္တံ တတြိဒံ အညတ္ထတ္တံ)။

သောတာပန်ဖြစ်ဖို့ အရည်အချင်းတွေမှာလဲ ယုံကြည်မှု သဒ္ဓါတရားရှိခြင်း၊ ဖြောင့်မတ်ခြင်းဆိုတဲ့ အရည်အချင်းတွေ ပါတယ်၊ ရိုးသားဖြောင့်မတ်မှု မရှိသူဟာ ဘုရားဟောတာတွေကို လက်မခံနိုင်ဘူး၊ ဘုရားကို မယုံကြည်တဲ့သူဟာ ဘုရားဟောတဲ့ ပိဋကတ်သုံးပုံကို မယုံဘူး၊ ဒီလိုဆိုရင် သူဟာလဲ သာမာန်လူအဆင့် သာမန်အသိဥာဏ်အဆင့်လို့ သတ်မှတ်နိုင်တယ်။ ဒီလိုလူဟာ ဘုရားဟောတာကိုလဲ လက်မခံ။ ဓမ္မကိုလဲ မယုံကြည်၊ သံဃာတော် အစဉ်အဆက်ကကိုလဲ ပစ်မယ်လုပ်မိတော့တာပါ၊ သတိပြုဖွယ် ကောင်းပေစွ။ ။

သမာဓိရှိမှ ၀ိပဿနာအသိဥာဏ်ဖြစ်ပေါ်မယ်၊ သမာဓိမရှိရင်ဝိပဿနာဥာဏ် မဖြစ်ပေါ်ဘူး၊ သမာဓိမထူထောင်ဘဲ သမာဓိ ထူထောင်တဲ့နည်းကို သင်မပေးဘဲ ၀ိပဿနာ ဥာဏ်ဖြစ်တယ်ဆိုတာကတော့ အလွန့်အလွန် စဉ်းစားစရာပါ။ သမာဓိဖြစ်ဖို့လဲ သီလပြည့်စုံရမယ်ဆိုတဲ့ မဟာနာမသက္က သုတ္တန်လာ စကားတွေက တကယ့်ကို မှတ်သားစရာ ဓမ္မဥပဒေသတွေပါ၊

ဘုရားရှင်က တုမှေဟိ ကိစ္စမာတပ္ပံ၊ အက္ခာတာရော တထာဂတာ..တဲ့။ ငါဘုရားကတော့ နည်းပေးလမ်းပြ သင်ပေးတဲ့သူပဲ။ လုပ်စရာ ကိစ္စတွေကို သင်တို့ကိုယ်တိုင် ကြိုးစားကြရမယ်..တဲ့။ ဒါ ဘုရားစကား၊ဘုရားကိုယုံကြည်ရင် သေချာမှတ်သားသင့်တဲ့ စကားတော်၊

သမာဓိရအောင် အားဖြည့်ပေးတယ်၊ ၀ီရိယပေါ်လာအောင် အားဖြည့်ပေးတယ်ဆိုတာ တကယ်မဟုတ်ဘူး၊ ဒီစကားကို တစ်ယောက်ယောက်က ပြောနေတယ်ဆိုရင် ဒါဟာ အမှားပဲ။ ဓမ္မဥပဒေသကို လေးစားလိုက်နာ ယုံကြည်တယ်ဆိုရင်ပေါ့။

အဲဒီအကျင့်ကို ကျင့်လိုက်လို့ အကုသိုလ်တွေတိုးပွားမယ်(မှားမှန်းမသိတော့ အကုသိုလ်တွေဖြစ်တော့တာပါ၊အကုသိုလ်ဖြစ်တော့ ကောင်းတဲ့ဥာဏ်တွေ အသိတွေ မဖြစ်တော့ဘူး) ကုသိုလ်တွေ လျော့သွားမယ်ဆိုရင် ဒါဟာ မှန်ကန်ကောင်းမွန်တဲ့ အကျင့်မဟုတ်ဘူး၊

မှန်ကန်ဖြောင့်မတ်တဲ့ ကျင့်စဉ်ဆိုတာ.. ဒါကိုကျင့်လိုက်လို့ အကုသိုလ်တွေ လျော့သွားမယ်၊ ကုသိုလ်တွေ တိုးတိုးလာမယ်၊အသိဥာဏ်တွေ မြင့်မြင့်လာမယ်ဆိုရင် ဒါဟာ မှန်ကန်ဖြောင့်မတ်တဲ့ ကျင့်စဉ်တွေပါ..တဲ့(သီလဗ္ဗတသုတ္တန်) အလွန်မှတ်သားထိုက်တဲ့ ဓမ္မဥပဒေသများပါ။

စတန့်ထွင်တဲ့ ကျင့်စဉ်တွေကို ရှောင်ရှားတော်မူကြပါ။
သံစဉ်တေးသွားတွေကို ပြောင်းမဆိုကြပါနဲ့၊
အရှိကို အရှိတိုင်း လမ်းညွှန်ပြတော်မူကြပါ။
အဓမ္မကို ဓမ္မ။ ဓမ္မကို အဓမ္မလို့ ဟောပြောလမ်းညွှန်ခြင်းဟာ သာသနာတော် ကွယ်ပျောက်ကြောင်းဖြစ်ပါတယ်..လို့သာ ဟစ်လိုက်ချင်ပါရဲ့။

ဘုရားဟောတဲ့တရားကို ကိုယ်ဟောသယောင် ၊ မှန်ကန်ဖြောင့်မတ်စွာ လမ်းညွှန်ပြခဲ့တဲ့ ဆရာ့ဆရာကြီးများ ကျင့်စဉ်ကို ကိုယ်ပိုင်ဥာဏ်နဲ့ သိလေဟန် လုပ်နေခြင်းဟာ အကြီးစား သာသနာ ခိုးသူကြီးအဆင့်ဖြစ်ကြောင်း သတိထားသင့်တယ်၊

ဟုတ်ပါတယ်၊ လုပ်သင့်တဲ့အလုပ် မှန်ကန်တဲ့အလုပ် ဖြောင့်မတ်တဲ့လမ်း တစ်ကြောင်းတည်းသော လမ်းဆိုတာ အငြင်းပွားဖွယ် မရှိပါ၊ တစ်ကြောင်းတည်းသော လမ်းမပေါ်က သွေဖယ်နေခြင်းဟာ အငြင်းပွားဖွယ် သံသယဖြစ်ဖွယ် ဖြစ်နေပါတယ်၊ သစ္စာဆိုတာ အမြဲမှန်နေတယ်ဆိုရင် ငြင်းစရာမှ မဟုတ်တာ။ အသစ္စ အဘူတ..မမှန်ကန်လို့ ဖြေရှင်းခြင်း ငြင်းခုံးခြင်း သံသယပွားခြင်း ငြိမ်မနေဘဲ ပြန်လည်ပြောဆိုခြင်းတွေ လုပ်နေကြရတာပါ၊
ဓမ္မဥပဒေသ ဆိုတာ ပြောင်းလဲခြင်းမရှိပါ၊ အမှန်ကို အမှန်အတိုင်း လမ်းညွှန်ပြတဲ့ သဘာဝစည်းကမ်းဟာ ဓမ္မဥပဒေသပါ၊

Posted by yawcommunity

Saturday, March 26, 2011

ထာဝရ ရာနှုန်းပြည့်လူ။


ပစ္စည်းဥစ္စာ အင်္ဂါခြေလက် ကိုယ်အသက်ပါမကျန် အပ၀တ္ထု ၊ ရုပ်ခန္ဓာစုကြီး ပျက်စီးပါစေ၊ အတွင်း အနှစ်ဖြစ်တဲ့ ပါရမီကောင်းမှု(နာမ်ခန္ဓာစု) မပျက်စီးရင် သေတာတောင် ပျက်စီးတယ်လို့ မဆိုနိုင်ဘူး။
(ရွှေကျင်သာသနာပိုင် ၀ိသုဒ္ဓါရုံဆရာတော်ကြီး)

ရွှေကျင်သာသနာပိုင် ၀ိသုဒ္ဓါရုံဆရာတော်ဘုရားကြီးရှိစဉ်က ရန်ကုန် ကျိုက္ကစံမှာ သီတင်း သုံးနေတော်မူတဲ့အချိန်မှာ ဆရာတော် ဘုရားကြီး တည်ထောင်သီတင်းသုံးခဲ့တဲ့ ရွှေကျင်ဂိုဏ်း ပင်ရင်းမူလ မန္တလေးမြို့ အရှေ့ဝိသုဒ္ဓါရုံကျောင်းတိုက်ကြီးထဲက ကျောင်းအချို့ မီးလောင် ပျက်စီး သွားတယ်။ ဒီအကြောင်း ဆရာတော်ဘုရားကြီးထံ လျောက်ထားကြတဲ့အခါ အထက်ပါ ဆုံးမ သြ၀ါဒကို နှုတ်က မြွတ်ကြားသလို ဂါထာနဲ့လဲ ရေးဖွဲ့ပြီး တပည့်ရဟန်းများကို ဆုံးမတော် မူခဲ့ ပါတယ်။
undefined
ဆရာတော်ကြီးအဆုံးအမက ဂါထာ သုံးပုဒ်ရှိပါတယ်။ ဆိုလိုရင်းကတော့ ဘ၀သံသရာ တစ်လျှောက်လုံးမှာ စကြ၀တေးမင်းစည်းစိမ်မျိုးအထိလဲ ရှိခဲ့ဖူးမှာပဲ။ အဲဒီ ဘ၀တွေမှာ ရခဲ့ဖူးတဲ့ စည်းစိမ်ဥစ္စာ (ရုပ်ခန္ဓာ)တွေလဲ ဆုံးရှုံး ပျက်စီးတတ်တဲ့ သဘာဝအတိုင်း ပျက်စီးခဲ့ပြီး တကယ် တမ်းဘ၀ကို တစ်ဆင့်ထက် တစ်ဆင့် မြင့်မြတ်အောင် ပို့ဆောင်ပေးခဲ့တာက အဲဒီ ၀တ္ထုတွေ မဟုတ်ပါဘူး။ မိမိတို့ ဆည်းပူးခဲ့တဲ့ ပါရမီကောင်းမှု (နာမ်ခန္ဓာစု) ကသာဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ခန္ဓာတွေ ဘယ်လိုပဲ ပျက်စီးပါစေ၊ နာမ်ခန္ဓာ ပါရမီကောင်းမှုတွေသာ မပျက်စီးစေနဲ့။ ဒီပုဂ္ဂိုလ် မျိုးကို သေသွားတောင်မှ ပျက်စီးသူလို့ မဆိုနိုင်ဘူးလို့ ဆုံးမခဲ့တာပါ။

“လူ”ဆိုတာ ရုပ် နာမ် နှစ်ခုတို့ရဲ့ အစုအဝေး ဖြစ်တယ်ဆိုတာကတော့ ကြားဖူးသူ များပါ လိမ့်မယ်။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဆိုတဲ့ အပြင်က တွေ့မြင်နေရတဲ့ ခန္ဓာကိုယ်ကြီးက ရုပ် အစုအဝေးကြီးပါ။ အတွင်းမှာ သိမြင် ခံစား မှတ်သား ကြံစည်တတ်တဲ့ သိမှု အစုအဝေးကို နာမ် ခန္ဓာလို့ ခေါ်ပါတယ်။ ဒီရုပ်တရား နာမ်တရား နှစ်မျိုးလုံး ပြည့်စုံနေခိုက်ကို သက်ရှိ“လူ”လို့ ခေါ်ရ တာပါ။
လူ့ဘ၀ တစ်ခုရဲ့ ယေဘုယျ ဖြစ်စဉ်ကို သုံးသပ်ကြည့်မယ်ဆိုရင် ပထမ အရွယ်လို့ ခေါ်တဲ့ လူ့ဘ၀ရောက်ပြီး အနှစ်သုံးဆယ် အရွယ်လောက်အထိဟာ ရုပ်ခန္ဓာရဲ့ ကြီးထွားမှုက အားသာ ပါတယ်။ ဒီအရွယ်မှာ နာမ်ခန္ဓာစုကလဲ ရုပ်ခန္ဓာကြီးထွားမှုနဲ့ ရုပ်ခန္ဓာရဲ့ အထောက်အပံ့ဖြစ်တဲ့ ရုပ်ပိုင်း ဆိုင်ရာ ပစ္စည်းဥစ္စာ တိုးတက်မှုကိုပဲ အဓိက အားသာနေတာ များတတ်ပါတယ်။
နာမ်ခန္ဓာစုရဲ့ တကယ်တိုးတက်မှု အစစ်ဆိုတာ ကိုယ်ကျင့်သီလ၊ စိတ်ဓာတ်တည်ငြိမ်မှု သမာဓိနဲ့ သဘာဝတရားရဲ့ သဘောအမှန်ကို သိတတ်တဲ့ ပညာတရားများ တိုးတက် ကြီးထွား မှုကိုသာ ခေါ်ရတာပါ။ ရုပ်ပိုင်း ဆိုင်ရာ အထောက်အကူ ဖြစ်တဲ့ လောကီအတက်ပညာ တိုးတက် ကြီးပွားမှုဟာလဲ တကယ် နာမ်ခန္ဓာတိုးတက်မှု အစစ်မဟုတ်သေးပါဘူး။ ဒါကလဲ ဒီအတတ်ပညာတွေနဲ့ ရှာဖွေရရှိထားတဲ့ ပစ္စည်း ဥစ္စာတွေက အရွယ်သုံးပါးမရွေး ချမ်းသာမှုကို ပေးနိုင်စွမ်း မရှိတာနဲ့ သေရွာအထိ ယူဆောင်လို့ မရနိုင်တာကို သဘောပေါက်မှ နားလည် လက်ခံနိုင်မှာပါ။

ပထမအရွယ်လို့ခေါ်တဲ့ ရုပ်ခန္ဓာ ကြီးထွားတိုးတက်မှု အားသာနေတဲ့ အရွယ်မှာ နာမ်ခန္ဓာ ရဲ့ တကယ်တိုးတက်မှု အစစ်ဖြစ်တဲ့ သီလ၊သမာဓိ၊ပညာတို့က များသော အားဖြင့် အင်အား နည်းပါးတာဟာ လူအများစုကြီးရဲ့ ယေဘုယျဖြစ်စဉ်ကြီးပါ။
ပထမအရွယ် လွန်လာပြီဆိုရင်တော့ ရုပ်ခန္ဓာရဲ့ သဘာဝကြီးထွားမှုလို့ဆိုရမယ့် မျိုးရိုးဗီဇ ဆိုင်ရာ ရှိသင့် ရှိထိုက်တဲ့ အရပ်အမောင်း ကြီးထွားမှုများက ရပ်ဆိုင်းသွားပါပြီ။ ( သဘာဝလွန် ဖြစ်တဲ့ ၀ဖြိုးတာ၊ ဗိုက်ရွှဲတာမျိုးကတော့ သဘာဝကြီးထွားမှုလို့ မဆိုနိုင်တော့ပါဘူး) ဒီအရွယ်မှာ ရုပ်တရားနဲ့အတူ နာမ်တရားစုကလဲ အင်အားအညီအမျှ တိုးတက် ရင့်ကျက် ကြီးထွားလာဖို့ လိုအပ်ပါတယ်။
မင်္ဂလာတရားတော်မှာပါတဲ့ အနကုလ=အနှောင့်အယှက်ကင်းရမယ်။ အန၀ဇ္ဇ= အပြစ် ကင်းရမယ်ဆိုတာ ဒီအရွယ်မှာ ရုပ်နာမ်နှစ်ပါး အချိုးအစားညီမျှအောင် သတိပြုရမယ်လို့ ဆိုလို တာပါ။ အနကုလ ဆိုတာက စီးပွားရှာရာမှာ အပျော်အပါး အသောက်အစားဆိုတဲ့ အနှောက် အယှက်တွေ ကင်းစင်ရမယ်လို့ ဆိုတာဖြစ်ပြီး၊ အန၀ဇ္ဇ ဆိုတာ မကောင်းမှု ဒုစရိုက် ကင်းစင်ပြီး ကိုယ်ကျင့်သီလ အခြေခံတဲ့ စိတ်ဓာတ် ခိုင်မာမှုကို တည်ဆောက်ရမယ်။ သဘာဝရဲ့ မတည်မမြဲ ဖောက်ပြန်ပျက်စီးတတ်တဲ့ သဘောကို သတိပြု နားလည် ထားရမယ်လို့ ဆိုလိုပါတယ်။
ဒုတိယအရွယ်ရဲ့ ထက်ဝက်ကို ကျော်လွန်လာချိန်မှာတော့ ရုပ်တရားစုတို့ဟာ သိသိ သာ သာ လျော့နည်းလာပါပြီ။ ပုံမှန်ကြီးထွားမှု လျော့နည်းလာရုံသာ မကဘူး ပြင်ပအာရုံ ခံစားနိုင်မှု တို့လဲ သိသိသာသာ လျော့နည်းသွားလောက်ပါပြီ။ ဒီအခါမှာ ရုပ်တရားစု ကျဆင်းလာမှုနဲ့အတူ နာမ်တရားစု(စိတ်ဓာတ်)ပါ ကျဆင်းလာမယ်ဆိုရင်တော့ လူဟာ ရာနှုန်းမပြည့်နိုင်တော့ပါဘူး။

အမှန်တကယ် ဖြစ်သင့်တာကတော့ ရုပ်တရားစုကြီးသိသိသာသာ လျော့နည်းသွား တာကို သတိထား အသိပွားပြီး ဒါဟာ သဘာဝ ဖြစ်ရိုးဖြစ်စဉ်(ယထာဘူတ) သဘောပဲဆိုတဲ့ အသိအမှန်(ယထာဘူတဉာဏ်)ဖြစ်ပေါ်လာအောင် ကြိုးစား ကြရမှာပါ။
ဒီအသိဉာဏ် ရဘို့ဆိုတာကလဲ အခြေခံကိုယ်ကျင့် တရားကစပြီး တည်ထောင်ရပါတယ်။ ကိုယ်ကျင့်တရာကို ကောင်းမွန်မှန်ကန်အောင် မတည်ဆောက်နိုင်ရင် အကျင့်ပါ အရှိန်ရနေတဲ့ ကိုယ်ကျင့်တရား ချွတ်ယွင်းမှုတွေက စိတ်ဓါတ်ကို ယိမ်းယိုင်လှုပ်ရှားနေအောင် ဆင်ခြေပေးဆွဲ ဆောင်နေတတ်ပါတယ်။ အဲဒီဆင်ခြေတွေနဲ့ စိတ်ဓါတ် မခိုင်မမာ(သမာဓိမရ) ဖြစ်နေသမျှ သဘာဝအမှန်ကို သိမြင်နိုင်ရေး(ယထာဘူတဉာဏ်၊ ၀ိပဿနာဉာဏ်တို့ဟာလဲ အလှမ်းဝေးနေ ဦးမှာပါ။

ယထာဘူတဉာဏ်နဲ့ ထောက်ကန်ပေးနိုင်ပြီဆိုရင်တော့ ရုပ်ခန္ဓာပျက်စီးမှုကပင် နာမ်ခန္ဓာ( သိမှု အစုအေ၀း) ရင့်သန်မှု အထောက်အကူ ပေးနေပါလိမ့်မယ်။ ရုပ်ခန္ဓာ ယိုယွင်း ပျက်စီးလာတာနှင့် အမျှ နာမ်ခန္ဓာကို တိုးတက်အောင် ကြိုးစားတည်ထောင် နိုင်မယ်ဆိုရင်တော့ လူဟာ အမြဲတမ်း ရာနှုန်းပြည့်နေမှာ မလွဲပါဘူး။
ပိဋကတ်တော်ထဲမှာပါတဲ့ ကျာ။ကိုက်ခံရတဲ့ ရဟန်းငယ်တစ်ပါး ခြေဖျားကစပြီး ကျားစား ခံရတဲ့အခါ ဒီခံစားမှုအပေါ်မှာ မပြတ်သတိထား အသိပွါးရင်း နောက်ဆုံး ရုပ်ခန္ဓာအဆုံး ပျက်စီး (သေဆုံး)ချိန်မှာ နာမ်ခန္ဓာက ရာနှုန်းကိုကျော်လွန်ပြီး လောကုတ္တရာအသိရဲ့ အမြင့်ဆုံး အဆင့် ဖြစ်တဲ့ အရဟတ္တမဂ်ဉာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက် ပြုသွားရတာဟာ ရုပ်ခန္ဓာ ပျက်စီးမှုကို နာမ် ခန္ဓာတိုးပွါးဖို့ အဖြစ် စနစ်တကျ မြတ်ဗုဒ္ဓရဲ့ အဆုံးအမနှင့်အညီ အသုံးချသွားတဲ့ သာဓက တစ်ရပ်ပါပဲ။

နကုလပိတာ နကုလမာတာတို့ကို မြတ်စွာ ဘုရားရှင် ဟောကြားတော်မူတဲ့ “ ခန္ဓာကိုယ် နာသော်လည်း စိတ်မနာစေနဲ့” ဆိုတဲ့ အဆုံးအမ၊ မိုးကုတ်ဆရာတော် ဘုရားကြီး ဟောကြား လေ့ရှိတဲ့“ရုပ်ခန္ဓာကြီးက သေရွာဘက်သွားနေချိန်မှာ နာမ်ခန္ဓာ(အထူးသဖြင့် ဉာဏ်ပညာ)က မသေရာဘက် သွားနေစေရမယ်” ဆိုတဲ့ အဆုံးအမများဟာလဲ ဒီသဘောကို ညွှန်ပြနေတာပါ။
“ရုပ်ခန္ဓာရဲ့ ယိုယွင်း ပျက်စီးမှုများကို နာမ်ခန္ဓာ(အသိဉာဏ်)ရဲ့ တိုးတက်မှုအတွက် အသိထား အသိပွားအောင် အသုံးချကြ”လို့ ဆိုလိုရင်းပါပဲ။ ဒီလို ရုပ်ဘက်က လျော့နည်းမှုကို နာမ်တရားရဲ့ တိုးတက်မှုနဲ့ အစားထိုးနိုင်သမျှ လူဟာ သေသည်အထိ အမြဲတမ်း“ရာနှုန်းပြည့်” ဖြစ်နေမှာ မလွဲပါဘူး။
ဒီစာရဲ့ အစမှာပါတဲ့ ရွှေကျင်သာသနာပိုင် ဆရာတော်ကြီး ဆုံးမလိုရင်းကတော့ သေသည်အထိသာမကဘူး။ သံသရာတစ်လျှောက် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်အထိ မပျက်စီးဘူးလို့ ဆိုလိုပါတယ်။ မှန်ပါတယ်။ တရားဂုဏ်တော်တွေထဲက “ သြပနေယျိက= အနီးကပ်ဆောင်ယူခြင်း” ဂုဏ်ဆိုတာ ဘ၀သံသရာတစ်လျှောက် အခါအခွင့်ကြုံရင် အကျိုးပေး နိုင်ဖို့ ကမ္မသတ္တိများက အနီးကပ် လိုက်နေသလို မပျောက်မပျက် တည်ရှိနေတယ်လို့ ဆိုလို တာပါ။

ဘ၀ကို သင်္ချာတွက်နဲ့ တွက်လိုသူတို့အဖို့ကတော့ စားလဒ်များကို ဒီအတိုင်းထားရင် တည်ကိန်းထက်လျော့နေမယ်။
စားလဒ်ကို စားကိန်းနဲ့မြှောက်ရင် တည်ကိန်းပဲ အလွန်ဆုံးရမယ်။
စားလဒ်(သို့မဟုတ်) စားကိန်းများကို တည်ကိန်းနဲ့ မြှောက်ပွားရင်တော့ တည်ကိန်းထက် ပိုလွန်တဲ့ အဖြေကို ရနိုင်တယ်လို့ ဆိုရလိမ့်မယ် ထင်ပါတယ်။
ဘ၀က တည်ကန်း အချိန်က စားကိန်း၊ ရုပ်ခန္ဓာ အိုမင်းမှုများကို စားလဒ်များလို သဘော ထားပြီး တွက်ကြည်ဖို့ပါ။
သာသနာနဲ့ ကြုံတုန်းမှာ“ ထာဝရ ရာနှုန်းပြည့်လူ အဖြစ်ကို ကျော်လွန်အောင်” သတိထား အသိပွားနိုင်ကြပါစေ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Friday, March 25, 2011

အကောင်းမြင်စိတ်နှင့် ရိုးစင်းသောဘဝ

အကောင်းမြင်စိတ်နှင့် ရိုးစင်းသောဘဝ

လူတိုင်းတွင် ဘ၀တစ်ခုစီကို ပိုင်ဆိုင်ရသည်၊၊ လူများစွာရှိသည့်အလျောက် ဘ၀တို့သည်လည်း များစွာပင် ဖြစ်သည်၊၊ ဘ၀တစ်ခုစီကိုသာ ပိုင်ဆိုင်ထားကြသောလူသားတို့ခြင်းတူသော်လည်း ဘ၀ကိုမြင်ပုံခြင်း၊ သုံးသပ်ပုံခြင်းကား မတူညီကြပေ၊၊

ဘ၀တစ်ခုကို တည်ဆောက်ပုံခြင်းနှင့် ဘ၀ဖြတ်သန်းပုံခြင်းလည်း များစွာပင်ကွာခြားကြသည်၊၊ ဘ၀သည် ပြုလုပ်တတ်သည့်သတ္တိ မရှိသည့်အရာဖြစ်သည်၊ လူသားသည်သာ ဘ၀ကိုစိတ်ကြိုက်ပြုသူ ဖြစ်လေသည်၊၊

လူသား၏ ပုံဖော်မှုအပေါ်တည်မှီ၍ ဘ၀သည်အမျိုးမျိုး၊ အဖုံဖုံဖြစ်ရသည်၊၊ ရိုးစင်းသောဘ၀၊ ဆန်းပြား သောဘ၀၊ ရှင်းလင်းသော ဘ၀၊ ရှုပ်ထွေးသော ဘ၀၊ အဆင့်ရှိသော ဘ၀၊ အောက်ကျသော ဘ၀၊ စသည် စသည်တို့သည် လူသား၏တည်ဆောက် ပုံဖော်မှုအပေါ်တည်မှီ၍ ဖြစ်ပေါ်လာသော ဘ၀မျိုးစုံတို့ ဖြစ်သည်၊၊

အဆိုးမြင်စိတ်နှင့် ဆန်းပြားသော ဘ၀၊
အကောင်းမြင်စိတ်နှင့် ရိုးစင်းသော ဘ၀၊
ရိုးအေးမှုနှင့် ရှင်းလင်းသော ဘ၀၊
ကောက်ကျစ်မှုနှင့် ရှုပ်ထွေးသော ဘ၀၊
ထက်မြက်မှုနှင့် အဆင့်ရှိသော ဘ၀၊
သိမ်ငယ်စိတ်နှင့် အောက်ကျသော ဘ၀၊ ဟူ၍ ဘ၀အသီးသီးကို စိတ်ပိုင်းဆိုင်ရာနှင့်တွဲစပ်ပြီး သိမှတ်နိုင်သည်၊၊

လောကတွင် လူများစွာနှင့် သူတို့ပိုင်ဆိုင်ထားရသော ဘ၀များကိုကြည့်ပြီး ထိုသူများ၏စိတ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုကို လေ့လာအကဲခပ်နိုင်သည်၊၊ လူအချို့သည် ထူးထွေဆန်းပြားသည့် ဘ၀ကိုခုံမင်ပြီး၊ ကျော်ကြားမှု၊ နာမည်တပ်မှုခံရတတ်သည့် လုပ်ဆောင်မှုများ၊ ဖော်ပြမှုများကို စိတ်ပါပါလုပ်ဆောင် တတ်ကြသည်၊၊ သို့သော် ထိုသူများ၏စိတ်သည် သဘာဝအားဖြင့် အဆိုးမြင်တတ်ရကား ငြိမ်းချမ်းမှုကို များစွာရခဲလှသည်၊၊

ရိုးစင်းသောဘ၀ကို နှစ်သက်သဘောကျ၍ အရာရာတွင်နောက်ဆုံးမှနေရာယူပြီး၊ နေရာထူးကိုရှောင်လေ့ရှိ သောလူများစွာတို့လည်း များစွာပင်ရှိသည်၊၊ ထိုသူများသည် ရိုးစင်းသည့်စိတ်ပိုင်းဆိုင်ရာနှင့် ရသမျှကိုကျေနပ်တတ်သည့် သဘာဝအခြေခံရှိထားကြရကား ငြိမ်းအေးသည့်ဘ၀ကို ရရှိကြသည်၊၊
ဓမ္မပဒတွင် စိတ်အခြေခံနှစ်မျိုးနှင့် အကျိုးသက်ရောက်ပုံနှစ်မျိုးကို ဖော်ပြထားသည်ကို လေ့လာရမိသည်၊၊

(၁) အပြစ်မြင်စိတ်၊
(၂) အပြစ်ပြောလိုစိတ်၊ တို့သည် စိတ်အခြေခံနှစ်မျိုးဖြစ်ပြီး၊
(၁) စိတ်ချမ်းသာမှုကို မရနိုင်၊
(၂) စိတ်ချမ်းသာမှုမှ ဝေးကွာသည်၊၊ ဤနှစ်မျိုးသည် အကျိုးဆက်နှစ်မျိုး ဖြစ်သည်၊၊

အပြစ်မြင်စိတ်သည် ထိုစိတ်ရှိသူကို စိတ်မချမ်းသာအောင် ပြုသည့်စိတ်ပင် ဖြစ်သည်၊၊ လူပေါင်းများစွာ၏ စိတ်ဆင်းရဲရမှုများသည် အသေအခြာစီစစ်လျင် အပြစ်မြင်စိတ်မှ စတင်ခဲ့ရသည်၊၊ “အရင်းစစ်သော် အမြစ်မြေက”ဆိုသကဲ့သို့ပင် ဖြစ်သည်၊၊ ဘ၀မငြိမ်းချမ်းသူများတွင် အပြစ်မြင်တတ်သည့် စိတ်ခို အောင်းနေသည်ကို တွေ့ရတတ်သည်၊၊

ထိုကဲ့သို့သောသူများသည် မည်သည့်အရာကိုကြည့်ကြည့် အပြစ်မြင်လိုသည့်ဘက်ကသာ ကြည့်လေ့၊ မြင်လေ့ရှိကြသည်၊၊ စိတ်ကိုက အပြစ်မြင်တတ်နေရကား ကြည့်လိုက်သည့်အရာတိုင်းသည်လည်း အပြစ်ပြောစရာချည်းပင် ဖြစ်နေပြန်သည်၊၊ အဆိုးကိုအမြဲမြင်နေရသည့် စိတ်မျိုးဖြစ်သည့်အတွက် စိတ်ချမ်း သာ၊ ငြိမ်းချမ်းမှုကိုလည်း ဘယ်သောအခါမှပင် ရရှိသည်မရှိတော့ပေ၊၊

အပြစ်မြင်စိတ်ရှိသူတိုင်းသည် အပြစ်ပြောလေ့မရှိတတ်၊၊ တချို့သူများမှာမူ အပြစ်ကိုမြင်တတ်ရုံမက နှုတ်မှလည်း ထုတ်ဟပြောဆိုရန် ၀န်မလေးတတ်သည့်အတွက် စိတ်ချမ်းသာမှုမှ ပို၍ပင်ဝေးကွာသူများ ဖြစ်ရတော့သည်၊၊

စိတ်ချမ်းသာမှုမရသူသည် ပြုပြင်လိုက်လျင် စိတ်ချမ်းသာမှု၊ အေးချမ်းမှုကို တနေ့တွင်ရရှိလာနိုင်သေးသည်၊၊ အပြစ်ဆိုဖို့ဝန်မလေးသူ ဖြစ်နေပါမူကား စိတ်ချမ်းသာမှုနှင့် လုံးဝကင်းဝေးသွားသူ ဖြစ် သည့်အတွက် ဘယ်သောအခါမှပင် စိတ်ချမ်းသာမှု၊ ငြိမ်းအေးမှုကို မမျှော်လင့်နိုင်တော့ချေ၊၊

နောက်ဆက်တွဲအကျိုးဆက်အဖြစ် လူများစွာ၏မုန်းတီးမှု၊ ရှောင်ရှားမှုတို့ကိုလည်း ရရှိတတ်ပြန်သည်၊၊ ဤအခြေအနေတွင် အထီးကျန်မှုဖြင့် စိတ်ရောဂါများပင် ရရှိလာတတ်သည်ဟုဆိုထားသည်ကို လေ့ လာရသည်၊၊

အပြစ်မြင်တတ်ပြီး၊ အပြစ်ကိုထုတ်ဟပြောဆိုရန် ၀န်မလေးတတ်သူသည် မည်သည့်အရာကိုမဆို အပြစ်တင်နေလေ့ရှိသည်၊ "ဗုဒ္ဓဘုရားရှင်ကိုပင် နားရွက်ရှည်လွန်းသည်ဟု၎င်း၊ ထာဝရဘုရားရှင်ကို တရားမျှတသည့် ဖန်ဆင်းရှင်မဟုက်ဟူ၍၄င်း၊" ဘုရားများကိုပင် အပြစ်ရှာပြောတတ်တော့သည်၊၊ သာမန်လူတို့အပေါ်တွင်ကား ဆိုဖွယ်မရှိ၊ အဆုံးမရှိအပြစ်ပြောနေတတ်သည်၊၊

အပြစ်မြင်စိတ်နှင့် အပြစ်ပြောလိုစိတ်ပင်ကိုယ်ကပင် ရှိနေသူအဖို့ အပြစ်လွတ်သော ကြည့်စရာ၊ မြင်စရာဟူ၍ မရှိပေ၊ အရာအားလုံးပင် သူ့အတွက်အပြစ်ပြောဖို့ချည်း ဖြစ်နေတော့သည်၊၊ ထို့စိတ်ရှိသူကိုယ်တိုင်လည်း စိတ်ချမ်းသာ၊ ပျော်ရွှင်ကြည်နူးမှုကို မရရှိတတ်ပေ၊၊

အပြစ်ပြောလိုသည့်စိတ်နှင့် ပြစ်တင်ပြောဆိုမှုကို ခုံမင်သည့်အလျောက် မြင်နေရ၊ ပြောနေရသည်ကို ကျေနပ်သော်လည်း ထိုသူများ၏စိတ်ပိုင်းရာသည် ငြိမ်းချမ်းသည့်စိတ်များ၊ ချမ်းသာသည့်စိတ်များ မဟုက်သည်ကို သတိပြုရမည်၊၊ အပြစ်ကိုကြည့်လေ့ရှိသူ၊ ပြောလေ့ရှိသူများမှာ သူတို့ကိုယ်တိုင် ပူလောင်နေသူများ ဖြစ်သည်ဟု စိတ်ပညာရှင်များက ဆိုပါသည်၊၊

မြန်မာစာပေလောကတွင် ထင်ရှားသော "ဆရာကြီး ဦးခင်မောင်လတ်”သည် “သူတစ်ပါး၏အပြစ်ကို ကြည့်တတ်၊ မြင်တတ်သူ မဖြစ်ရပါစေနှင့်”ဟု ဆုတောင်းကြောင်း သိရသည်၊၊ အတုယူထိုက်သည့် ဆုတောင်းပင် ဖြစ်သည်၊၊

မြန်မာစကားတွင် “ပျက်အစဉ် ပြင်ခဏ”ဟူ၍ရှိသည်၊၊ ထို့အပြင် "လူသားသည် မိမိနှင့် မိမိပတ်ဝန်းကျင်၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုကို အမြဲမပျတ်လေ့လာ အကဲခပ်နေရမည်"ဟူ၍ ဗုဒ္ဓရှင်တော်ဆုံးမထားသည်ကို သတိပြုလျက်၊ မိမိ၏အပြစ်မြင်တတ်သည့်စိတ်နှင့်၊ အပြစ်ပြောလိုစိတ်ကို အကောင်းမြင်စိတ်နှင့်၊ ချီးမွှန်းတတ်သည့်အဖြစ်သို့ ပြုပြင်ယူလျင် အမှန်ပင် ငြိမ်းအေးသည့်ဘ၀နှင့် ချမ်းသာသည့်ဘ၀ကို ရရှိနိုင်သည်၊၊

ဓမ္မပဒတွင် ဇာတ်လမ်းတစ်ခုကို ဗုဒ္ဓကသင်ပြထားပါသည်၊၊ ထိုဇာတ်လမ်းတွင် နတ်သားတစ်ယောက်က ဗုဒ္ဓအားမေးခွန်းအချို့ကို မေးခဲ့သည်၊ မေးခွန်းမှာ-
"ဗုဒ္ဓ,လူသားတို့၏ဘ၀ပုံစံတွေ ဘာလို့မတူညီကြတာလဲ၊
နတ်သား, စိတ်မတူသည့်အတွက် ဘ၀ပုံစံမတူညီကြခြင်း ဖြစ်တယ်၊၊"

မှန်သည်၊၊ လူသား၏ဘ၀တွင် စိတ်ကအရာရာကို ပဲ့ကိုင်လေ့ရှိသည်၊၊ စိတ်၏အရေးပါပုံကို ဓမ္မပဒတွင် များစွာဖော်ပြပါရှိသည်၊၊ လူသားတွင် စိတ်ဓာတ်ဆန်းကြယ်လျင် အတွေးအခေါ်များ ဆန်းကြယ်လာသည်၊ အတွေးအခေါ်ဆန်းကြယ်လာလျင် လုပ်ဆောင်ပြုမူမှုများ ဆန်းကြယ်လာသည်၊ လုပ်ဆောင်ပြုမူမှုများ ဆန်းကြယ်လာသောအခါ အကျိုးရလာဘ်များလည်း အမှန်ပင်ဆန်းကြယ်လာရတော့သည်၊၊

သူဌေးအဖြစ်နှင့် စည်းစိမ်ပေါ်တွင်နေလိုသူများသည် သူဌေးဖြစ်စေတတ်သည့် အလုပ်မျိုးစုံကို သိသိသာသာ ဖြစ်စေ၊ မသိမသာဖြစ်စေ လုပ်ဆောင်သဖြင့် သူဌေးအဖြစ်ကို ရရှိသည်၊၊ ဘ၀တွင်ထင်ပေါ်စေလိုသူများသည် ထင်ပေါ်စေတတ်သည့် အလုပ်မျိုးစုံကိုလုပ်သဖြင့် ထင်ပေါ်သူများ ဖြစ်လာရသည်၊၊ အေးငြိမ်းသောဘ၀ကို အလိုရှိသဖြင့် အရာရာနောက်ကွယ်မှနေရာယူပြီး၊ ပေါ့ပါးသည့်အလုပ်ကိုသာ လုပ်သူများသည်အေးငြိမ်း သောဘ၀ကို ရရှိရသည်၊၊ နာမည်ပေါ်လွင်မှုနှင့်၊ ချမ်းသာမှုကား သူတကာထက် အားနဲနေတတ်သည်၊၊

အရှင် မြန်မာပြည်အထက်ပိုင်း အညာဒေသသို့ရောက်စဉ်က ကြီးမားသော တမာပင်အရိပ်၊ မန်ကျည်း ပင်အရိပ်တို့တွင် ရေနွေးကြမ်းနှင့် ထန်းလျက်ခဲကို အရသာရှိရှိ၊ မြိန်ရေယှက်ရေ သောက်စားပြီး၊ ကျေးရွာ အရေးအပါအ၀င် နိုင်ငံတကာအရေးများ၊ သာသနာရေးများကို ပြောဆိုဆွေးနွေးနေကြသော တောင်သူ လယ်သမားများကို တွေ့ခဲ့ရသည်၊၊ သူတို့၏ဘ၀သည် စိတ်အားဖြင့် အမှန်ပင်အေးငြိမ်းသော ဘ၀များဖြစ်သည်ကိုလည်း လေ့လာမိခဲ့သည်၊၊

ရိုးစင်း၍ အကောင်းမြင်တတ်သောဘ၀ဟူသည် ထိုကဲ့သို့သောဘ၀များ ဖြစ်လေသည်ဟုလည်း ကောက်ချက်ချမိသည်၊၊ အစစအရာရာတွင် အကောင်းဘက်မှ ရှုမြင်သုံးသပ်ပြီး၊ အဖြစ်ကိုသာတွေး လေ့ရှိသူများ၊ ကြံလေ့ရှိသူများ၊ ပြုမူလေ့ရှိသူများသည် ဘ၀တွင်စစ်မှန်သည့် အေးငြိမ်းမှု၊ ချမ်းသာမှုကို ရရှိကြသည်၊၊

နေရာတိုင်းတွင် အရှေ့ဆုံးမှနေရာယူလျက် ထင်ပေါ်လိုသူများ၊ ကျော်ကြားလိုသူများမှာ အမြင်လှသော်လည်း စိတ်ပိုင်းဆိုင်ရာအားဖြင့် များစွာပူလောင်ကြရသည်ကို နေ့စဉ်ဘ၀ပတ်ဝန်းကျင်တွင် လေ့လာအကဲခပ် ရမိသည်၊၊

ဘ၀ဟူသည်ကလည်း ရွေးချယ်မှုတွင် တစ်ခုတည်းကိုသာ ရွေးချယ်ခွင့်ပေးတတ်သည့် အရာဖြစ်နေသည်၊၊ ချမ်းသာမှုစည်းစိမ်နှင့်၊ အေးချမ်းသည့်စိတ်အစဉ်-မည်သည်ကို ရွေးချယ်မည်နည်း၊၊ ချမ်းသာမှုကိုရွေးချယ်လျင် အေးချမ်းသည့်စိတ်အစဉ်ကို လက်လွှတ်ရပေမည်၊ အေးချမ်းသည့် စိတ်အစဉ်ကိုရွေးချယ်လျင် ချမ်းသာမှုကို အနဲနှင့်အများဆိုသလို လက်လွှတ်ရသည်၊၊

မည်သို့ဆိုစေ လူသားသည် မိမိ၏မူလစိတ်အခြေခံအလျောက် မိမိရွေးချယ်သည်ကို မိမိရရှိသည်၊ အချိန်တစ်ခုကိုတော့ စောင့်ရန်လိုသည်၊၊

အရှင်တင်ပြခဲ့သည့် စာတမ်းကို အနှစ်ချုပ်ဆွေးနွေးလျင်-
(1) အပြစ်မြင်စိတ်၊
(2) အပြစ်ပြောလိုစိတ်၊
(3) ဘ၀တွင်ရွေးချယ်မှု၊ ဤသုံးမျိုးကိုတွေ့ရမည် ဖြစ်သည်၊၊ စိတ်အခြေခံအလျောက်ရလာသည့် အကျိုးသက် ရောက်မှုနှင့်၊ ရွေးချယ်မှုအလျောက် ရရှိသည့်ဘ၀ပုံစံများကိုလည်း စာတမ်းတွင် တွေ့ရမည်ဖြစ်သည်၊၊

အပြစ်မြင်စိတ်ကို အကောင်းမြင်စိတ်အဖြစ်၊ အပြစ်ပြောလိုစိတ်ကို ချီးမွှန်းပြောလိုစိတ်များအဖြစ် ပြောင်းလဲ ရယူနိုင်ပြီး၊ ရိုးရှင်းသောဘ၀များကို တည်ဆောက်နိုင်ကြမည်ဆိုလျင် လူသားတိုင်း၏ဘ၀တွင် ငြိမ်းချမ်းမှုကိုတည်ဆောက်နိုင်မည် ဖြစ်ပါသည်၊၊

“အလင်းစက်”သို့ စာဖတ်သူများ အကောင်းမြင်စိတ်၊ ချီးမွှန်းပြောဆိုလိုစိတ်များဖြင့် အေးငြိမ်းသော ဘ၀၊ ရိုးစင်းသောဘ၀များကို ပိုင်ဆိုင်ကြပါစေလို့ အလင်းစက်အရှင် ဆုတောင်းပေးလျက် စာတမ်းကို အဆုံးသတ်လိုက်ပါသည်၊၊ ၊၊

အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၁၁.၃.၂၀၁၁)

(မှတ်ချက်/ ဓမ္မပဒဂါထာ၂၅၃၊ နှင့် အံ-၃၊ ဒေ၀ဒတ္တ၀ိပတ္တိသုတ်တို့ကို ကိုးကား၍ ဤစာတမ်းကို ရေးသားအပ် ပါသည်၊၊)

Thursday, March 24, 2011

ခွင့်လွှတ်သည်းခံ စိတ်ကောင်းလေးနဲ့ပျံချီ



ခွင့်လွှတ်သည်းခံ စိတ်ကောင်းလေးနဲ့ပျံချီ

‘ပြန်ချီ’ဆိုတဲ့စကားကို သုံးလက်စနဲ့မို့သာ ပြန်ချီလို့ ပြောလိုက်ရပေမယ့် “နေက္ခမ ၀ိတက်၊ အဗျာပါဒ၀ိတက်၊ အ၀ိဟိံသ၀ိတက်၊ သမ္မာဒိဋ္ဌိ”ဆိုတဲ့ ဒီတရား လေးမျိုးတို့ဟာ သုဂတိဘုံဘ၀သို့ ပြန်လာဖို့ ထိုက်တန်ရုံမျှမက အာသဝေါကုန်ခန်းတဲ့ ရဟန္တာဖြစ်ဖို့အထိ ထိုက်တန်တဲ့ တရားများလို့ ဘုရားရှင်က ဟောညွန်ခဲ့တာပါ။

အဲဒီတရားလေးမျိုးထဲက ‘နေက္ခမ၀ိတက်’လို့ခေါ်တဲ့ ‘စွန့်လွှတ်အနစ်နာခံတဲ့စိတ်ထား’ ဦးဆောင်ပြီး ကံသုံးပါး လှုပ်ရှား ကပြခြင်းဆိုတဲ့ ပထမပြန်ချီပြီး တော့ အခု ဒုတိယပြန်ချီ ဖြစ်တဲ့ ‘အဗျာပါဒ၀ိတက်’ ကို ဆက်ပြောမှာပါ။

‘အဗျာပါဒ၀ိတက်’ဆိုတာ ‘ဗျာပါဒ၀ိတက်’နဲ့ ဆန့်ကျင်ဘက် အတွေးအကြံ ဖြစ်ပါ တယ်။ ပုထုဇဉ်များအနေနဲ့ အနမတဂ္ဂ သံသရာကစပြီး ခုချိန်ထိ ဗျာပါဒ၀ိတက်တွေဦးဆောင် ကပြခဲ့ကြတာ သမ္ဘာရင့်လှပြီ ဖြစ်လို့ ဗျာပါဒ၀ိတက်ကို အရင်ပြောမှ ပိုပြီး သဘော ပေါက်လိမ့်မယ်။ ကိုယ်ကျွမ်းကျင်တဲ့ ကိစ္စပေကိုး။

` ‘ဗျာပါဒ’ ဆိုတာ ပျက်စီးစေလိုတာ၊ ဖျက်ဆီးလိုတာပါပဲ။ သူတစ်ပါး ပျက်စီးရာ ပျက်စီး ကြောင်း စိတ်ကလည်း တွေးကြံတယ်။ နှုတ်ကလည်း ပြောဆိုတယ်။ ကာယကံမြောက် လည်း ပြုမူကြပါတယ်။ ကိုယ်နဲ့ မတည့်သူ၊ ဆန့်ကျင်ဘက်ဖြစ်သူကို ကိုယ်တိုင်ကလည်း အစွမ်းကုန် ပျက်စီးရာ ပျက်စီးကြောင်း ကံသုံးပါးလုံးနဲ့ ကြိုးစားခဲ့ကြသလို၊ သူတို့ ကံအ လျှောက်ဖြစ်စေ၊ သူတစ်ပါး ပယောဂကြောင့်ဖြစ်စေ၊ပျက်စီးဆုံးရှုံး နစ်နာကြတာ ကိုပင် အရသာခံပြီး ၀မ်းမြောက် တတ်ကြသူတွေ အကုသိုလ်ဝေစုကို မဆီမဆိုင် ဆတ်ဆော့ပြီး ၀င်ယူကြ သူတွေလည်း အများကြီးပါပဲ။

တော်တော်လေးတော့ ကြာပါပြီ။ နိုင်ငံခြား အားကစား သတင်းတစ်ခုထဲမှာ ဖတ်လိုက်ရတာ၊ ဘရာဇီးနိုင်ငံမှာ နာမည်ကြီး ဘောလုံးအတင်းကြီး တစ်သင်းကို အားပေး ကြတဲ့ ပရိသတ်တွေ မြို့တော်ရဲ့ ညအချိန်မှာ ကားဟွန်းတွေ ဆူညံအောင်တီးပြီး ဆိုကြ၊ ကကြ၊ အော်ကြ ဟစ်ကြ ပျော်နေကြတာ တစ်မြို့လုံးကို ပွက်လောရိုက် နေတာပဲတဲ့။ ဒီလူတွေ ဒီလောက် အော်ဟစ်မြူးတူးနေကြတာ သူတို့ အားပေးတဲ့ အသင်း အောင်ပွဲတစ်ခုခု ရလို့များလားဆိုတော့ အဲဒီလို မဟုတ်ဘူး။ ဖြစ်ပုံကို တွေးကြည့်ရင် ရယ်အားထက် ရွံအား သန် စရာပါပဲ။

ဖြစ်ပုံကတော့ ဘရာဇီးနိုင်ငံမှာ အဲဒီလူတွေ အားပေးတဲ့ အသင်းနဲ့ အဓိကပြိုင်ဘက် ဖြစ်တဲ့ တခြားနာမည်ကြိးအသင်းတစ်သင်းက ပြည်တွင်းပြိုင်ပွဲမှာ သူတို့အသင်းထက်လွန် ပြီး ချန်ပီယံဖြစ်သွားတယ်။ အဲဒီချိန်ပီယံ အသင်းက တခြားနိုင်ငံက ချန်ပီယံတွေနဲ့ ဗိုလ်တကာ့ဗိုလ် ပြိုင်ပွဲဝင်ရာမှာ နောက်ဆုံး ဖလားလုပွဲ ရောက်တော့ တခြားနိုင်ငံအသင်း အနိုင်ရ ဗိုလ်စွဲသွားလို့ ပျော်ကြတာတဲ့။

သေသေချာချာ စဉ်းစားကြည့်နော်။ ကိုယ့်နိုင်ငံက အသင်းနဲ့ သူများနိုင်ငံ အသင်းက ဗိုလ်လုကြတာ။ သူများနိုင်ငံအသင်းက အနိုင်ရဗိုလ်စွဲပြီး ကိုယ့်နိုင်ငံအသင်းက အရှုံးကြီး ရှုံးလာလို့ သူတို့ပျော်ကြတာ၊ လွှတ်ခနဲ ကြည့်လိုက်ရင် သတင်းရေးတာ မှားများ မှားနေ သလားလို့တောင် ထင်စရာပေါ့။ ဒါပေမယ့် အဲဒီအတိုင်း အမှန်ပဲ။ ကိုယ့်နိုင်ငံကအသင်း ရှုံးလာလို့ကို ပျော်ကြတာတဲ့။ ဘာဖြစ်လို့ ပျော်ကြတုန်းဆိုတော့ ကိုယ့်နိုင်ငံအသင်းက ပြည်တွင်းမှာ ကိုယ့်ရဲ့ အဓိကပြိုင်ဘက် ရန်သူဖြစ်လို့ဆိုကိုး။ သူတို့စိတ်ထဲမှာ ကိုယ့်ပြည် တွင်းက အဓိကပြိုင်ဘက်အသင်း အနိုင်ရအောင်ပွဲခံမှာ မကြားလို မမြင်လိုဘူးလေ။ ဣဿာမစ္ဆရိယပေါ့။ အခု သူတို့တောင့်တတဲ့အတိုင်း သူတို့ပြိုင်ဘက်အသင်း ရှုံးလာလို့ အပျော်ကြီး ပျော်ကြတာ။ တစ်မြို့လုံး ဆူညံ ပွက်လောရိုက်နေတာပဲတဲ့။ ဘယ်လောက်ထိ ရိုက်ပေါက်တိုးတဲ့ အလုပ်လဲလို့။ ဗျာပါဒ ၀ိတက်ဆိုတာ အဲသလောက် အဆင့်နိမ့်တာ။

ဒီဗျာပါဒ၀ိတက် စိတ်ထားတွေဟာ ကိုယ့်ပတ်ဝန်းကျင်မှာလည်း အမြဲလိုလို တွေ့နေကြမှာပါ။ ကိုယ်တောင် ဘယ်လောက်အထိ ဖြစ်ခဲ့ပြီလဲဆိုတာ မရေတွက်နိုင် လောက်တော့ဘူး။ လူတစ်ယောက် ဒုက္ခတစ်ခုခုနဲ့ ကြုံရပြီဆိုရင်လေ “မှတ်ကရောကွ၊ ဒီကောင် ဒီလောက် ထောင်ထောင်နဲ့ လုပ်ချင်လှတာ ထိတာတောင် နည်းသေးတယ်” ဆိုတဲ့ စိတ်ထားမျိုးတွေ၊ “ကြည့်နေပါ၊ ဒီလောက်တောင် မြေကြီးနဲ့ ခြေထောက်နဲ့ လွတ် နေရင် မကြာခင် မှောက်လျက်လဲပြီး မြေကြီးထဲ ရောက်သွားမယ့် ကောင်ပါ”ဆိုပြီး စိတ်ထဲက ကျိန်ဆဲနေတာတွေ၊ ဖြစ်သွားပြီ ဆိုတော့လည်း “၀မ်းသာ လိုက်လေကွာ၊ ဒီကောင်မျိုး ဒီလိုထိပေးမှ” ဆိုပြီး ၀မ်းသာကြတာတွေ၊ စဉ်းစားကြည့်ရင် ဘယ်လောက် ဆိုးဝါးတဲ့ စိတ်ဓာတ်လဲ။ အဲဒါကို “ဗျာပါဒ၀ိတက်= သူတစ်ပါးအပေါ် ပျက်စီးစေလိုတဲ့ စိတ်ထား” လို့ခေါ်တာ။

ဒီလို ဗျာပါဒ၀ိတက် အကြံအစည်တွေ ဦးဆောင်ပြီး ကံသုံးပါးမြောက်အောင် ကပြခဲ့ ကြတာဟာ အနမတဂ္ဂ သံသရာကတည်းက ဆိုတော့ ဘယ်လောက် ကြာခဲ့ပြီဆိုတာ ဘယ်သူမှ မပြောနိုင်ကြပါဘူး။ ဒါပေမယ့် ဘယ်လို ဇာတ်သိမ်းကြတယ် ဆိုတာကတော့ ဘုရားရှင် ကိုယ်တိုင်က ဟောပြထားခဲ့လို့ ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ကြားဖူးနားဝ ရှိနေ ကြပါပြီ။ “ဧ၀ မေတဿ ကေ၀လဿ ဒုက္ခက္ခ န္တဿ သမုဒယော ဟောတိ” ဆိုတဲ့ ပဋိစ္စ သမုမ္ပါဒ်နိဂုံးမှာ ဟောတော်မူထားတဲ့ အတိုင်းပါပဲ။ ၀မ်းနည်း၊ ငိုကြွေး၊ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ၊ ပူပန်မှုတွေနဲ့ လုံးချာလိုက်ပြီး၊ ချမ်းသာစစ် ချမ်းသာမှန်ဆိုတာ အနားတောင် သီခွင့်မရခဲ့တဲ့ ဆင်းရဲအစုကြီးနဲ့သာ တစ်ဘ၀ ဇာတ်သိမ်းခဲ့ရပြီး ဒီဇာတ်လမ်းကြီးကိုပဲ ထပ်တလဲလဲ ကပြနေကြရတာပါ။

“အဲဒါကို အလေးအနက် သဘောပေါက်ကြတဲ့ ဘုရားရှင် တပည့်သားများ အနေနဲ့ မကောင်းတဲ့ ဇာတ်သိမ်းကနေ ကောင်းတဲ့ ဇာတ်သိမ်းခြင်းနဲ့ သိမ်းလိုကြတယ်ဆိုရင် အဲဒီ ဗျာပါဒ၀ိတက်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ‘အဗျာပါဒ ၀ိတက်’ ဆိုတဲ့ ခွင့်လွှတ်သည်းခံတဲ့ စိတ်ကောင်းကလေး မွေးလိုက်ပါ’ တဲ့။

“သူတစ်ပါးအပေါ် ပျက်စီးစေလိုတဲ့ စိတ်ထား၊ ဖျက်ဆီးလိုတဲ့စိတ်ထား၊ ရန်ငြိုးအာဃာ တ အငြိုးအတေးဆိုတဲ့ စိတ်တွေ မထားတော့ဘဲ သံသရာခရီးသွား ဒုက္ခနယ်သားအချင်း ချင်းအပေါ် ဆင်းရဲဒုက္ခ ကင်းဝေစေလိုတဲ့ စိတ်ထား၊ အခက်အခဲ အနှောင့်အယှက်တွေ ကင်းဝေစေလိုတဲ့ စိတ်ထား၊ ဘေး၊ ရောဂါ၊ ရန်၊ အန္တရာယ်တွေ ကင်းစေလိုတဲ့ စိတ်ထား ကို မွေးလိုက်ပါ” တဲ့။

“ကိုယ့်အတွက် ဘာအကျိုးမှ မရဘဲ သူတစ်ပါးကြုံရတဲ့ ဒုက္ခကို ကြည့်ပြီး အကုသိုလ် ယူနေမယ့်အစား ကိုယ့်အိတ်ထဲက တစ်ပြားမှ မစိုက်ရဘဲနဲ့ ‘သူတစ်ပါး ကြုံရတဲ့ ဒုက္ခတွေ လွတ်မြောက်ပါစေ’ ဆိုတဲ့ မေတ္တာစိတ်ကလေးနဲ့ ကုသိုလ်ယူ လိုက်စမ်းပါ”လို့ တိုက်တွန်း လိုက်တာပါပဲ။

ဒီလို စိတ်ဓာတ်ကလေး မိမိရဲ့ နှလုံးအိမ်ထဲမှာ ထာဝရ ကိန်းနေမယ်ဆိုရင် ‘မနောကံ’ ဆိုတဲ့ ဒါရိုက်တာကောင်း ဦးဆောင်ညွှန်ကြားမှု ရှိလာပြီဖြစ်လို့ ၀စီကံ သရုပ်ဆောင်တွေ၊ ကာယကံ သရုပ်ဆောင်တွေလည်း အကုန်လုံး ကောင်းလာကြမှာပါ။ အားလုံး ကောင်းဖို့ အတွက် အားလုံး ကောင်းသွားကြမှာပါ။ အားလုံး ကောင်းဖို့ အတွက် အားလုံး ကောင်းဖို့ လိုပါတယ်။ “ကံသုံးမျိုး ကောင်းရင် ကောင်းကျိုး အားလုံးနဲ့ ပြည့်စုံမယ်” လို့ ဆိုလိုတာပါ။

မိမိတို့ ဇာတိရွာနဲ့ မနီးမဝေး ရွာကြီးတစ်ရွာမှာ ရှေးခေတ် သူကြီးဟောင်း အစဉ် အဆက် အမျိုးတွေနဲ့ အခုနောက်ပိုင်းမှာ တိုးတက် ကြီးပွား လာကြတဲ့ အမျိုးတို့ အစဉ် အလာအရ ရန်ငြိုး အာဃာတ ကြီးမားကြတာ အချင်းချင်း သားပေး သမီးယူ ကိစ္စမျိုးတောင် အဖြစ်မခံဘူး။ လူငယ်ချင်း ရည်ငံကြတယ် ဆိုဦးတော့ လူကြီးများက “မနေနိုင်လို့ သေခါနီးမှ သေရော့ မပေးစားဘူး” ဆိုတဲ့ အပေါက်မျိုး အမြဲထားတယ်။ ဒီမျိုးဆက် နှစ်ခုကြောင့် တစ်ရွာထဲမှာ တောင်ပိုင်းနဲ့ မြောက်ပိုင်းဆိုပြီး ကွဲကြသလို ကိုးကွယ် ဆည်းကပ်ရာ ဘုန်း တော်ကြီးကျောင်းတွေလည်း တောင်ကျောင်း၊ မြောက်ကျောင်း ဆိုပြီး နှစ်ကျောင်းကွဲပြား လာပါတယ်။

“ရွာအမှု ဘုန်းကြီးပတ်” လို့ပဲ ပြောရမလား မသိဘူး၊ ဘုန်းတော်ကြီးကျောင်း အချင်း ချင်းကလည်း ဘာသာရေး၊ သာသနာရေး ၊ ပညာရေးကလွဲလို့ ကျန်တဲ့ကိစ္စတွေ အားလုံး လိုလိုမှာ အချင်းချင်း အပြိုင်အဆိုင်ပဲ။ အဆိုးဆုံးကတော့ သီတင်းကျွတ်(၀ါကျွတ် မီးထွန်း ပွဲပါပဲ။ တစ်ဖက်နဲ့ တစ်ဖက် ဗျောက်အိုးတွေ အပြိုင်အဆိုင် ဖောက်ကြ၊ လူငယ်တွေ လုပ်ကြတဲ့ အရပ်ပြဇာတ်တွေမှာ တစ်ဖက်နဲ့ တစ်ဖက် စောင်းကြ၊ မြောင်းကြ၊ ရန်စကြပေါ့။

တစ်နှစ်မှာ ဘယ်လောက်အထိ ဆိုးသလဲဆို ဥပုသ်ရက်မှာ ကျောင်းဝိုင်းထဲ ဆွမ်းတော်ကြီး လောင်းလှူဖို့ သွားကြတဲ့ မိန်းကလေး အတန်းထဲ တစ်ဖက် ကာလသား တွေက ဗျောက်အိုး အတွဲလိုက် ပစ်ထည့်လိုက်တော့ မိန်းကလေးတွေ လန့်ဖျပ်ပြီး တိုးဝှေ့ ပြေးလာရင်း ဆွမ်းအုပ်တွေ မှောက်လိုမှောက်၊ လုံချည်တွေ ဖိုးရိုးဖားရား ကိုးရိုးကားရား အဖြစ်နဲ့ နောက်ဆုံး ဟိုဘက်ပိုင်း၊ ဒီဘက်ပိုင်း တုတ်တပြက် ဓားတပြက်ဖြစ်ပြီး ရုံးပြင် ကနား ရောက်ပါရော။ အပြန်အလှန် စွဲကြတိုင်ကြဆိုတော့ ယေင်္ကျားတွေ အားလုံး လောက်နီးပါးက တရားခံ၊ မိန်းမတွေ အားလုံးနီးပါးက သက်သေပေါ့။

ဒီမြို့နယ်မှာ ဒီရွာက မှုခင်း အများဆုံးလို့ ဖြစ်နေတာရယ်၊ ဒီရွာရဲ့ ရန်ငြိုး အာဃာတ တွေရယ်လို့ သိထားတဲ့အတွက် ရုံးကလည်း ပညာသား ပြလိုက်တယ်။ မိုးဦးကျလို့ ကြဲ ကောင်း လှဲကောင်းချိန်ရောက်ရင် ရုံးချိန်းဆင့်ရင်းနဲ့ တစ်နှစ်လုံး တောင်သူ လုပ်ငန်း ဘာမှ မလုပ်နိုင်ကြဘူး။ ဒါပေမဲ့ တစ်ဖက်နဲ့ တစ်ဖက် ရန်ငြိုးတွေက လျော့မသွားပါဘူး။

လူကြီးတွေက မာန်မာနတွေ၊ ဒေါသတွေနဲ့ တစ်ဖက်နဲ့ တစ်ဖက် မခေါ်နိုင် မပြောနိုင် တင်းမာ နေကြပေမယ့် လူငယ်တွေကတော့ ရွာနဲ့ သုံးမိုင်ကျော် လောက်ဝေးတဲ့ အလယ် တန်းကျောင်းမှာ အတူ ကျောင်းတက် နေရတာဖြစ်လို့ အချင်းချင်း ကျောင်းနေဖက် သူ ငယ်ချင်းများ အဖြစ် ခင်မင်ရင်းနှီးကြပါတယ်။

တစ်နှစ် မိုးဦးကျမှာ တောင်ပိုင်း သူကြီးရဲ့သား တောထဲမှာ ယာထွန်းရင်း ပိုးထိ( မြွေ ပွေးကိုက်)ပါလေရော၊ အနီးအပါး ယာကွက်မှလည်း မြောက်ပိုင်း သူကြီးတို့ သားအဖနှစ် ယောက်က ထွန်စက်နဲ့ ယာထွန်နေကြတယ်။ ပိုးထိတဲ့ ကလေးကအော်ပြီး အကူအညီ တောင်းတော့ သူငယ်ချင်းဖြစ်တဲ့ မြောက်ပိုင်း သူကြီးသားက မနေနိုင်ဘူး၊ ထွန်စက်ကို ဒီ အတိုင်း ရပ်ထားခဲ့ပြီး ပြေးသွားပါတယ်။ အနားရောက်လို့ အကျိုးအကြောင်းစုံ သိတဲ့အခါ အဖေကို လှမ်းအော်ခေါ်ရင် သူ ဗဟုသုတရှိထား သလောက် ရှေးဦးသူနာပြုနည်းနဲ့ ဒဏ် ရာအထက်နားမှာ သူဝတ်ထားတဲ့ စွပ်ကျယ်အင်္ကျီကို ချွတ်ပြီး စည်းပေးလိုက်တယ်။ အဖေ ရောက်လာတော့ နှစ်ယောက်သား ပွေ့သယ်ပြီး သုံးမိုင်ကျော်လောက်ဝေးတဲ့ တိုက်နယ် ဆေးရုံရှိရာကို ထွန်စက်နဲ့ သယ်ပြီး ပို့လိုက်ကြပါတယ်။

ဆေးရုံ အချိန်မီ ရောက်သွားတဲ့အတွက် ကလေးဘာမှ ကတိမ်းကပါး မဖြစ်ဘဲ သက်သာခွင့် ရသွားပါတယ်။ အခြေအနေ စိတ်ချရပြီဆိုတာ သိတော့မှ ကလေးကို ဆေးရုံမှာပဲ ထားခဲ့ကာ မြောက်ပိုင်းလူကြီးတို့ သားအဖက ရွာပြန်ပြီး တောင်ပိုင်းက ကလေးမိဘတွေကို သတင်းပေးကြတော့ ဆေးရုံလိုက်သွားကြတယ်။ ဟိုရောက်လို့ အကြောင်းစုံလည်းသိရ၊ ကလေးကလည်း စိတ်ချရပြီဆိုတော့ ရွာကို ပြန်လာပြီး တောင်ပိုင်လူကြီးက မြောက်ပိုင်း လူကြီးအိမ်ကို နောက်ပါ ကိုယ်ရံတော် မပါဘဲ တစ်ယောက်တည်း သွားတယ်။

ဟိုရောက်တော့ “ ကဲ….ရှည်ရှည် ဝေးဝေးတွေ ပြောမနေတော့ဘူး သူငယ်ချင်းတို့၊ တို့ လူကြီးတွေ ရန်ငြိုး အာဃာတကြီးခဲ့ကြလို့ ရွာလည်း နာမည်ပျက်၊ လူတွေလည်း စီးပွားပျက်နဲ့ ကြုံ့ခဲ့ရတာ နှစ်ပရိစ္ဆေဒတွေ များလှပြီ၊ ခုလည်း သူတို့ ကလေးချင်းက ကျောင်းနေဖက် သူငယ်ချင်းသံယောဇဉ်နဲ့ အချိန်မီ ကယ်ခဲ့ပေလို့သာ မဟုတ်ရင် ငါ့သား ရေစုံ နစ်ရမှာ၊ ကလေးတွေချင်း ကျောင်းနေဖက် သူငယ်ချင်းတွေ ဖြစ်ကြသလို မင်းတို့ငါတို့လည်း ငယ်ငယ်က ကျောင်းနေဖက် သူငယ်ချင်းတွေပဲ။ ကလေးတွေက အသိအလိမ္မာ ရှိကြလျက်နဲ့ တို့တစ်တွေက မမိုက်သင့်ကြတော့ဘူး။ ငါလည်း မင်းအပေါ် ဘာရန်ရန်ငြိုးမှ မထားတော့ဘူး၊ အားလုံး ခွင့်လွှတ်တယ်။ မင်းလည်း ငါ့အပေါ် ခွင့်လွှတ်ပါ”ဆိုပြီး တောင်းပန်လိုက်တော့ ဘာပြောကောင်းမလဲ သူတို့လည်း မောဟ မာန်မာနတွေ ဖုံးထားကြလို့သာ တင်းနေကြတာ။ တစ်ရွာတည်းနေ၊ တစ်ရေထဲ သောက်၊ တစ်ကျောင်းတည်း ထွက်တွေပဲဟာ ဘယ်အောင့်ထားနိုင်ကြမလဲ။ တစ်ခါတည်း ကြီးတောင့်ကြီးမားရှိမှ တစ်ယောက်နဲ့ တစ်ယောက်ဖက်ငိုရင် အလွမ်းတောင် သယ်နေ လိုက်ကြပါသေးသတဲ့။

ခုတော့ အဲဒီရွာကြီးက တိုက်တွေ၊ ကားတွေ၊ တီဗွီစလောင်းတွေနဲ့ ညီညွတ်စည်ကား နေကြပါပြီ၊ ဒါဟာ လောကရေး သက်သက်ပဲ ရှိပါသေးတယ်။

မြတ်စွာဘုရားရှင်ကတော့ ဗျာပါဒ၀ိတက်တွေကို အဗျာပါဒ၀ိတက်နဲ့ အစားထိုးနိုင်ခဲ့ ရင် လောကရေးမှာသာ မကပါဘူး ဒီထက်အရေးကြီးတဲ့ ဓမ္မရေးရာမှာလည်း..

အပဏ္ဏက ပဋိပဒံ ပဋိပန္နောဟောတိ- မချွတ်မယွင်းတဲ့ အကျင့်ကို ကျင့်သူဖြစ်တယ်။ ယောနိစဿ အာရဒ္ဓါဟောတိ အာသ၀ါနံ ခယာယ- အာသဝေါကုန်ခန်း(ရဟန္တာ)ဖြစ်ရန် အကြောင်း တရားနဲ့ ပြည့်စုံသူလည်းဖြစ်တယ်”လို့ ဟောတော်မူပါတယ်။

အတွေးမှန်၊ အပြောမှန်၊ အပြုမှန်များနဲ့ ဘ၀ပြန်ချီကို စည်းချက်ညီညီ ကနိုင်ကြပါစေ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Wednesday, March 23, 2011

စေတနာပါမှ ဒါနဖြစ်မယ်

စေတနာပါမှ ဒါနဖြစ်မယ်

သဒ္ဓါဖွေးဖြူ မေတ္တာကူပြီး စင်ကြယ်သန့်ရှင်း၊ တွယ်တာမှုကင်းတဲ့စိတ်နဲ့ ကိုယ်ပိုင်ပစ္စည်းကို တစ်ပါးသူလက်တွင်းသို့ စွန့်ကြဲပေးပမ်းနိုင်ခြင်း ဟာ"ဒါန"ပြုတာပါ။ အလှူဒါနဆိုတာ နည်းမှန် လမ်းမှန်ပြုတတ်ရင် ဘ၀ကိုလည်း လှစေတယ်၊ လောကကိုလည်း လှစေတယ်။ စိတ်ကိုလည်း လှစေ ပါတယ်။

ဒါနနဲ့ ပတ်သက်ရင် အစွန်းနှစ်ဖက် ရှိပါတယ်။ ဒါနဆိုတာ သံသရာကို ကျယ်စေ၊ ၀ဋ်ကို လည်စေတာပါကွာ´လို့ ဒါနကို ပယ်ရင်လည်း အသိဉာဏ်ကင်းတာမို့ အစွန်းဘက်ကို ရောက် စေပါတယ်။ အဲဒီလို မဟုတ်ဘဲ"ဒါန မပါရင် သံသရာမှာ မျက်နှာငယ်တယ်၊ တမလွန်ရိက္ခာ အဖြစ် သယ်ကို သယ်ရမယ်"လို့ ဒါနကို ဖက်တွယ် ထားပြန်ရင်လည်း မိမိကိုယ်ကျိုး အတွက် ငွေတိုး ပေးထားတဲ့ သဘောမျိုး ဖြစ်တာမို့ အစွန်းဘက်ကို ရောက်တာပါပဲ။

ယခုလို သူတော်ကောင်း တရားထွန်းကားတဲ့ကာလမှာ အဲဒီ အစွန်း(၂)ပါးကိုပယ်ပြီး အလယ်၊ အလတ်လမ်းက `၀ိဝဋနိဿိတ၊ ပါရမီ ဒါနမျိုး ဖြစ်အောင် ပြုနိုင်ပါမှ နည်းမှန်းလမ်းမှန် အထက်တန်းကျ အောင်မြင်ဖွံဖြိုး သာသနာတွင်း ကုသိုလ်ဒါနမျိုးဖြစ်နိုင်မှာပါ။

အလှူဒါနတစ်ခုမှာ အပေါ်ယံ အပြင်ပန်းအသွင်သဏ္ဍာန်နဲ့ အတွင်းအနှစ်သာရလို့ အပိုင်း (၂)ပိုင်း၊ ကဏ္ဍ(၂)ခု ရှိပါတယ်။ ဆွမ်း၊သင်္ကန်းစတဲ့ လှူဘွယ်ဝတ္ထု ရဟန်းသံဃာတော်စတဲ့အလှူ ခံပုဂ္ဂိုလ်၊ လှူဒါန်းတဲ့ ပုဂ္ဂိုလ်ရဲ့ ကိုယ်နှုတ်အမူအရာ စတာတွေဟာ အလှူဒါနတစ်ခုရဲ့ အပြင်ပန်း သဏ္ဍန် တွေပါ။ ဒီလှူဘွယ်ဝတ္ထုတွေ ကိုလှူဒါန်းနေတဲ့အခါအလှူရှင်ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဖြစ်ပေါ် နေတဲ့ အလှူနဲ့စပ်တဲ့ စိတ်စေတနာတွေကမှ အလှူဒါနရဲ့ အတွင်းအနှစ်သာရတွေဖြစ်ပါတယ်။

ဘ၀သံသရာမှ အလှူဒါနတစ်ခု အကျိုးပေးတဲ့အခါ အပြင်ပန်းအသွင်သဏ္ဍာန်တွေက အကျိုးပေးတာမဟုတ်ပါဘူး၊ အတွင်းအနှစ်သာရဖြစ်တဲ့ စိတ်စေတနာတွေက အကျိုးပေးတာပါ။ အပေါ်ယံအသွင်သဏ္ဍာန်ကိုသာ လောကပကာသန နောက်လိုက်ပြီး ဟန်ဆောင်လုပ်လို့ရပေ မယ့် အတွင်းအနှစ်သာရ ကုသိုလ် အကျိုးပေးကတော့ ဟန်ဆောင်လုပ်ယူလို့မရနိုင်ပါဘူ။ ဒါကြောင့် အလှူဒါန်တစ်ခုပြုတဲ့အခါ အပေါ်ယံအပြင်ပန်း လူမြင်ကောင်းဖို့ အများကျေနပ်ဖို့ ထက် အတွင်းအနှစ်သာရ စိတ်စေတနာကောင်းဖို့ ကိုယ်တိုင်ကျေနပ်ဖို့က ပိုပြီးအရေးကြီးပါတယ်။

အပေါ်ယံ အသွင်သဏ္ဍာန်သာကြီးကျယ်ပြီး အတွင်းအနှစ်သာရမဲ့တဲ့ အလှူတွေဟာ အိုးကုန်သည်၊ ပုတ်ကုန်သည်တွေနဲ့တူပါတယ်။ အိုးကုန် သည် ပုတ်ကုန်သည်တွေဟာ လှည်း တစ်စီးတိုက် အိုးတွေ ပုတ်တွေလာရောင်းတဲ့အခါ အမြင်သာကြီးကျယ်ပေမယ့် တန်ဖိုး ငွေကြေး ကျတော့ အရနည်းပါတယ်။

အပေါ်ယံအသွင်သဏ္ဍာန် မကြီးကျယ်ပေမယ့် အထဲမှာအနှစ်သာရအပြည့်အ၀ပါတဲ့ အလှူတွေကတော့ ရွှေကုန်သည် စိတ်ကုန်သည်တွေနဲ့ ဥပမာတူတယ်။ ရွှေကုန်သည် စိတ်ကုန် သည် စိန်ကုန်သည်တွေဟာ လာရောင်းတဲ့ပစ္စည်းက လူမမြင် သူမမြင် တစ်ခုတလေ ဖြစ်ပေမယ့် ရောင်းကြေးက တနင်းတပိုး သိန်း သန်းချီပြီးရပါတယ်။

ဒီအကြောင်းနဲ့ စပ်ပြီးတော့ ကလေးဘ၀တုန်းက နားထောင်ခဲ့ရဖူးတဲ့ ပုံပြင်ကလေး တစ်ပုဒ် ကို သတိရမိပါတယ်။ စေတနာပါမှ ဒါနဖြစ်တယ်

တစ်ခါတုန်းက ဗာရဏသီပြည်မျာ အင်မတန်ချမ်းသာကြွယ်ဝတဲ့ သူဌေးနှစ်ဦး ရှိခဲဇူး တယ်။ အဲဒီ သူဋ္ဌေးနှစ်ဦးဟာ ငယ်သူငယ်ချင်းတွေ ဖြစ်တာမို့ တစ်ဦးနဲ့တစ်ဦး အင်မတန်မှ ချစ်ခင်ကြ သတဲ့။

ဒါပေမယ့် သူငယ်ချင်းသူဋ္ဌေး နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် စရိုက်က မတူကြဘူး။ သူဋ္ဌေးတစ်ယောက်က ဂုဏ်ပကာသနတွေကို ခင်မင်ပြီး အလွန်ကြွားဝါချင်တယ်။ စေတနာ သဒ္ဓါမပါဘဲ နာမည်ကောင်းရအောင်ဆိုပြီး အလွန်အကျွံ အလှူအတန်းလုပ်တယ်။ ကျန်သူဋ္ဌေး တစ်ယောက်ကတော့ လှူသင့်သလောက်လှူ၊ စားသင့်သလောက်စားပြီး ရိုးရိုးအေး အေးပဲ နေထိုင်ပါတယ်။

အဲဒီလိုနဲ့ နှစ်အနည်းငယ်ကြာလာတဲ့အခါမှာ ဂုဏ်လိုချင်လို့ အလှူအတန်းအများကြီးလုပ် တဲ့ သူဌေးဟာ တဖြည်းဖြည်း ပစ္စည်းဥစ္စာတွေ ဆုံးပါးပြီး ဆင်းရဲသွားသတဲ့။ ဒါနဲ့ ဆင်းရဲသွားတဲ့ သူဋ္ဌေးဟာ သူ့မှာ ဘာမျှ ရောင်းချသုံးစွဲစရာ ပစ္စည်းမရှိတော့လို့ သူပြုလုပ်ထားတဲ့ ကုသိုလ် ကောင်းမှုတွေကိုပဲ သူငယ်ချင်းသူဋ္ဌေးထံ ရောင်းချတော့မယ်ဆိုတဲ့ စိတ်ကူးနဲ့ ဇနီးဖြစ်သူကိုပါ အတူခေါ်ပြီးတော့ သူငယ်ချင်းသူဌေးထံကို ထွက်လာခဲ့တယ်။

အဲဒီလို ခရီးထွက်လာရင်း လမ်းခုလတ် ဇရပ်တစ်ခုမှာ အမောအပန်းဖြေကာ ပါလာတဲ့ ထမင်းထုပ်ကို စားမယ်ဆိုပြီး ဖြေလိုက်တယ်။ ထမင်းထုပ်ကလေး ငယ်ငယ်မို့ နှစ် ယောက်ဝေမျှပြီးစားရတယ်။ အဲဒီ အခိုက်မျာ ခွေးပိန်ကလေးတစ်ကောင်ဟာ ယိုင်တိယိုင်ထိုးနဲ့ ဇရပ်နား ကပ်လာသတဲ့။ အဲဒီအခါ ထမင်းစားနေတဲ့ သူဌေးဆင်းရဲက `ရှင်မရယ် ကြည့်စမ်းပါဦး ခွေးပိန်ကလေးဟာ အစာမစားရတာကြာလို့ လမ်းကောင်းကောင်း မလျှောက်နိုင်တာနဲ့ တူပါရဲ့ ။ သနားစရာလေးကွာ၊ အခု တို့စားနေတဲ့ ထမင်းထုပ်ကို ခွေးကလေး ကျွေးလိုက်ရအောင်´လို့ ဇနီး ဖြစ်သူကို ပြောလိုက်တယ်။

ဇနီးဖြစ်သူကလည်း သဘောတူကြည်ဖြူစွာ သူတို့စားမယ့် ထမင်းထုပ်ကို `ခွေးပိန်က လေး ၀အောင်စားပါစေ´ဆိုတဲ့ စေတနာနဲ့ အကုန်လုံး ချကျွေးပါတယ်။ သူတို့နှစ် ယောက်က တော့ ဇရပ်နဘေးက ရေးအိုးစင်မှာ ရေအ၀သောက်ပြီး ခရီးဆက်ခဲ့ကြသတဲ့။

ဒီလိုနဲ့ သူငယ်ချင်းသူဋ္ဌေးထံ သူတို့ဇနီးမောင်နှံ ရောက်သွားတဲ့အခါ သူငယ်ချင်းသူဌေးကို ဆင်းရဲသွားတဲ့သူဌေးက` ငါပြုထားတဲ့ ကုသိုလ်ကောင်းမှုတွေ ရောင်းချဖို့ သူငယ်ချင်းထံလာခဲ့ တာပဲ။ သဘောတူ ၀ယ်ယူမယ်ဆိုရင် တစ်ဘ၀လုံးပြုထားတဲ့ ကုသိုလ်အကုန်ရောင်းခဲ့မှာ´လို့ ပြောပြသတဲ့။

အဲဒီအခါ သူငယ်ချင်းသူဌေးကလည်း ၀မ်းသာအားရနဲ့ `ရောင်းသမျှကုသိုလ်ကောင်းမှုကို ၀ယ်ယူပါမယ်ဗျ´ လို့ ဆိုလိုက်ကာ ကုသိုလ်ကောင်းမှုများကို ချိန်ခွင်ထဲမှာထည့်ပြီး ချိန်ခိုင်းပါ တယ်။ အဲဒီအခါ စေတနာအရင်းမခံဘဲ ဂုဏ်ပကာသနကို လိုချင်တာနဲ့ ပြုလုပ်ခဲ့တဲ့ကုသိုလ် တွေဖြစ်တာမို့ လေးတယ်လို့မရှိဘဲ ငွေဘက်ကပဲ အမြဲအလေးသာနေသတဲ့။ ကျောင်းကုသိုလ်၊ ဇရပ်ကုသိုလ်၊ ရေကန်ကုသိုလ် ဘာကုသိုလ်ပဲထည့်ထည့် ကုသိုလ်ဘက်က အလေးမသာဘဲ ငွေဘက်ကပဲ အမြဲအလေးသာနေတယ်။

ဒီလိုနဲ့ တစ်ဘ၀လုံးပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေချပြီး ချိန်ကြည့်လိုက်တာ ကုသိုလ် ကောင်းမှုတွေသာ ကုန်သွားတယ်။ အလေးချိန်ကတော့ တက်လာဘူးတဲ့။ ချိန်ခွင်ထဲမှာ ထည့်ထားတဲ့ ငွေသားကလည်း မဖြစ်စလောက်(၁)ပိဿာပဲရှိသတဲ့။ ဒါတောင် ကုသိုလ်က မနိုင်ဘူးဖြစ်နေတယ်။

ဒီအခါ ကုသိုလ်ဝယ်မယ့် သူဌေးက"ဟင်း သူငယ်ချင်း၊ မင်းကုသိုလ်တွေက ဒါအကုန်ပဲ လား၊ ကျန်နေတာရှိရင် စဉ်းစားပါဦး"လို့ ပြောတယ်။ ဆင်းရဲသွားတဲ့သူဌေးကလည်း ခေါင်းကုတ် ပြီးစဉ်းစားလိုက်တာ နောက်ဆုံး လမ်းခရိးမှာ ခွေးပိန်ကလေးတစ်ကောင်ကို ထမင်းတစ်နပ် အငတ်ခံပြီးတော့ ကျွေးခဲ့တဲ့ကုသိုလ်က ပေါ်လာတယ်။ အဲဒါနဲ့ သူဌေးဆင်းရဲလည်း" ဟာ၊ သူငယ်ချင်း တို့လင်မယား အခု မင်းဆီလာတုန်းက လမ်းမှာ ခွေးပိန်ကလေးကို ထမင်းကျွေးခဲ့ တဲ့ ကုသိုလ်ကျန်သေးတယ်။ အဲဒီကုသိုလ်ကိုလည်း ထည့်ချိန်လိုက်ပါ"လို့ ၀မ်းသာအားရ ပြော ပြတယ်။

အဲဒီအခါ ငတ်သေလုဆဲဆဲ ခွေးပိန်ကလေးကို စေတနာရှိရှိနဲ့ ထမင်းကျွေးခဲ့တဲ့ ကုသိုလ် ဟာ အနှစ်သာရာ အပြည့်အ၀ ပါတာမို့ ကုသိုလ်ဘက်က အလေးသာလာတယ်။ ကုသိုလ်ဝယ် တဲ့ သူဌေးကလဲ သူပိုင်ငွေသားတွေသာမက ရွှေသားတေါပါ ထပ်ဖြည့်ပေမယ့် ကုသိုလ်ဘက် ကပဲ အလေးသာနေတယ်။ နောက်ဆုံး သူပိုင်ဆိုင်သမျှ ဥစ္စာဓနတွေ အကုန်လုံး ပုံထည့်ပေးတာ တောင်မှ ခွေးပိန်ကလေးကို ထမင်းကျွေးခဲ့တဲ့ ကုသိုလ်ဘက်ကပဲ အလေးသာနေလေတော့ ကုသိုလ်ဝယ်တဲ့ သူဌေးက "ကဲ၊ သူငယ်ချင်း ငါ့စည်းစိမ်တော့ကုန်ပြီ ငါ့အတွက်ပစ္စည်းတစ်ဝက် ကိုချန်ထားပြီး မင်းကုသိုလ်တစ်ဝက်အတွက် ငါ့ပစ္စည်း တစ်ဝက်ကိုသာ ယူသွားတော့လို့ ဆိုပြီး ကုသိုလ်တစ်ဝက်ဖိုးအဖြစ် သူဥစ္စာဓနတစ်ဝက်ကို ဆင်းရဲသွားတဲ့ သူဌေးအား ခွဲဝေပေးလိုက်ပါ တယ်။

ပြီးတော့ 'သူငယ်ချင်း နောက်ဆိုရင် သဘောပေါက်၊ စေတနာရှိမှ လှူပါကွာ၊ ဂုဏ်ပကာ သန မမက်ပါနဲ့၊ ပျော်ရုံသက်သက်ပြုလုပ်ထားတဲ့ အရေခြုံကုသိုလ်ဆိုတာ ငွေကုန်တာကလွဲလို့ ဘာအကျိုးမျှ မဖြစ်ထွန်းပါဘူး။ အသိဉာဏ်နဲ့ယှဉ်ပြီး ကုသိုလ်ပြုတတ်ရင် ငွေကုန်နည်းပေမယ့် တစ်လုံးတစ်ခဲတည်း အကျိုးပေးပါတယ်"လို့ သတိပေးစကားလည်း ပြောကြားလိုက်ပါသေး သတဲ့။

ဒီပုံပြင်ကလေးဟာ နည်းနည်း ဒဏ္ဍာရီဆန်ပေမယ့် တကယ့်ဘ၀က လူသားတွေကိုတော့ ထင်ဟပ် ပေါ်လွင်စေပါတယ်။ ဒါနကောင်းမှု ပြုတဲ့အခါ စေတနာဒါန၊ ၀တ္ထုဒါန် (၂)မျိုးမှာ စေတနာဒါနက ပိုပြီးပဓာနကျပါတယ်။ ဒါကြောင့်မို့ တစ်ခါတစ်ရံ ညောင်စေ့ကလေးလောက်လှု ပြီး ညောင်ပင်ကြီးလောက် အကျိုးရတာတွေရှိသလို ညောင်ပင်ကြီးလောက်လှု လှူဒါန်းပြိး ညောင်စေ့ကလေးလောက်ပဲ အကျိုးရတာတွေလည်း ရှိတတ်ပါတယ်။

စေတနာကောင်းရင် ကံ(အကျိုးပေး)လည်း ကောင်းတတ်တာမို့ ကံကောင်းလိုသူတွေဟာ စေတနာကောင်းမွန်အောင် ဂရုစိုက်ကြရမှာပါ။ များသောအားဖြင့် စေတနာဆိုတာကလည်း သူ့အလိုလို ကောင်းမွန်ခဲတာမို့ ကိုယ့်ဘက်က သဒ္ဓါ၊ မေတ္တာ၊ ပညာအားတွေ များများစိုက်ထုတ် ပြီး ပြုပြင်ယူကြရမှာပါ။

သဒ္ဓါတရားဆိုတာ ကံ-ကံရဲ့ အကျိုးပေးနဲ့ ရတနာသုံးပါးရဲ့ စွမ်းရည်သတ္တိ ဂုဏ်ကျေးဇူး တွေကို သိမြင် ယုံကြညလက်ခံနိုင်တဲ့ သဘောပါ။ သူက"ရှေးကကောင်းလို့ အခုကောင်းတယ်၊ အခုကောင်း နောင်ကောင်းပါလိမ့်မယ်"ဆိုတဲ့ အကြောင်းအကျိုးကွင်းဆက်ကို လက်ညှိုးထိုးညွှန် ပြ ပေးပါလိမ့်မယ်။

မေတ္တာတရာဆိုတာ ကောင်းကျိုးလိုလားတဲ့ ချစ်ကြင်နာမှုပါ။ သူကတော့ မုန်းငြိုးပစ်မှား ဒေါသအာဃာတတရားတွေကို ဖယ်ရှားပြီး အလှူခံပုဂ္ဂိုလ်တွေအပေါ်မှာ ချင်ကြင်နာမှုနဲ့အတူ နူးညံ့သိမ်မွေ့ စိတ်အားပြည့်စေပါလိမ့်မယ်။

ပညာဆိုတာ အမှောင်ပယ်ခွင်း စိတ်ဓာတ်ကို အလင်းရစေခြင်းပါပဲ။ သူက ဒါနကုသိုလ်ရဲ့ ဆန့်ကျင်ဘက်အညစ်အကြေးတြွေုဖစ်တဲ့ အရာရာ တပ်မက်တွယ်တာလိုမှု လောဘနဲ့ ကပ်စေနဲ နှမြောတွန့်တိုမှု မစ္ဆရိယတရားဆိုးတွေကို ပယ်ဖျက်ချိုးနှိမ်ပေးတတ်ပါတယ်။

ဒါကြောင့် အလှူဒါနတစ်ခုပြုတဲ့အခါ နာမည်ကောင်းရရေး၊ ကြွားဝါရရေးထက် သဒ္ဓါ၊ မေတ္တာ၊ ပညာ ပြည့်ဝရေးကိုသာ အထူးဂရုပြုကြရမှာပါ။ ဘ၀သံသရာမှာ ကျင်လည်ကြရပြီးဆို ရင် လောကပကာသနနောက်လိုက်ပြီး ၊ ဟန်ဆောင် ပန်ဆောင်ပြုလုပ်ထားတဲ့ ဆေးဆိုးပန်း ရိုက် စိတ် စေတနာတွေထက် သဒ္ဓါ၊မေတ္တာ ၊ ပညာတရားတွေပြည့်ဝတဲ့ သဘာဝအလှ စိတ်စေတနာတွေကသာ တကယ့်အားကိုးရာအစစ်ဖြစ်ပါတယ်။

တော်ဝင်နွယ

Tuesday, March 22, 2011

နိဗ္ဗာန်အဟုတ်မက်ပေမယ့် နှုတ်ဆက်ရအုံးမယ်


နိဗ္ဗာန်အဟုတ်မက်ပေမယ့် နှုတ်ဆက်ရအုံးမယ်

သတ္တ၀ါတိုင်းဟာ ဖြစ်လေရာ ဘ၀၊ ရောက်လေရာအရပ်မှာ ချမ်းသာချင်ကြတာချည်းပါပဲ၊ ဒါပေမယ့် လက်တွေ့မှာ ဆင်းရဲနေကြရတာကတော့ ဘ၀ရည်မှန်းချက်နဲ့ လမ်းစဉ်တွေ လွဲမှား ကြလို့နဲ့ တူပါရဲ့။ ချမ်းသာခြင်းဆိုတာကလည်း အဓိပ္ပါယ်အမျိုးမျိုး ကောက်ယူနိုင်တာကိုး၊ ဒါမှမ ဟုတ် ချမ်းသာစစ် ချမ်းသာမှန်ကို ရှာမတွေ့သေးလို့လည်း ဖြစ်နိုင်ပါတယ်။


စာပေတွေထဲမှာက” လူ၊နတ်၊နိဗ္ဗာန်(၃)တန်ချမ်းသာ”လို့ မှတ်တမ်း ရှိပါတယ်။ အဲဒီထဲမှာ လူချမ်းသာ၊ နတ်ချမ်းသာဆိုတာတွေက ဝေဒယိကသုခ= အာရုံခံစားမှု ချမ်းသာတွေဖြစ်ပြီး နိဗ္ဗာန်ချမ်းသာ ဆိုတာကတော့ သန္တိသုခ=အာရုံခံစားမှုမဖက် ငြိမ်းအေးချမ်းမြေ့မှု သက်သက်လို့ ဖွင့်ဆိုဖော်ပြကြ ပါတယ်။ ဝေဒယိကသုခ ကာမရသ=(လိုချင်နှစ်သစ်ဖွယ် ရှိပါပေစွလို့ ကပ်ငြိ တွယ်တာမှု)ကို ဖြစ်ပေါ်စေပြီး သန္တိသုခကတော့ ၀ိမုတ္တိရသ=(လွတ်လပ် ပါပေစွလို့ ရွှင်လန်း ချမ်းမြေ့မှု)ကို ဖြစ်ပေါ်စေပါတယ်။ ကာမရသဟာ ဆင်းရဲပင်ပန်းခြင်း များစွာနဲ့ ရောပြွမ်းနေပြီး၊ ၀ိမုတ္တိရသကတော့ ဆင်းရဲပင်ပန်းမှု ဟူသမျှ လုံးဝကင်းလွတ်နေပါတယ်။ ဒါကြောင့် သူတော် ကောင်းသူမြတ်တွေက ‘နိဗ္ဗာန်’ ဟာ ချမ်းသာစစ် ချမ်းသာမှန်လို့ ဟောညွှန်ကြခြင်းဖြစ်ပါတယ်။


နိဗ္ဗာန်ဆိုတာ နိဗ္ဗာနဆိုတဲ့ ပါဠိက ဆင်းသက်လာတဲ့ ပါဠိသက်မြန်မာဝေဟာရ တစ်ခုပါ။ နိဗ္ဗာနဆိုတဲ့ ပါဠိပုဒ်ရင်းဟာ မရှိခြင်း၊ လွတ်မြောက်ခြင်းလို့ အဓိပ္ပာယ်ရတဲ့ ‘နိ’ နဲ့ လိုချင်တပ် မက်မှု တဏှာလို့ အဓိပ္ပာယ်ရှိတဲ့ “၀ါန” ပုဒ် ၂ ခု ပေါင်းစပ်ထားတာပါ။ (နိ+၀ါန=နိဗ္ဗာန)။ ဒါကြောင့် နိဗ္ဗာန်ရဲ့ လိုရင်းအဓိပ္ပာယ်ဟာ “တဏှာမှ ထွတ်မြောက်ခြင်း၊ တဏှာမရှိခြင်း”ပဲ ဖြစ် ပါတယ်။


နိဗ္ဗာန်ဟာ အရာရာတိုင်းက လှပတင့်တယ်ပြီး ရောက်တဲ့သူတိုင်းက အမြဲပျှော်ရွှင် နေကြတဲ့ နေရာကောင်းတစ်ခု၊ ကောင်းကင်ဘုံတစ်ခုမဟုတ်ပါ။ နိဗ္ဗာန်ဟာ နေရာဌာန ဘုံ နန်းပြာသာဒ် တစ်ခု မဟုတ်ပေမယ့် နိဗ္ဗာန်ချမ်းသာကို မဂ်ဥာဏ် ဖိုလ်ဥာဏ်ရသူတိုင်း ကိုယ် တွေ့ခံစားနိုင်ပါတယ်။ အာရုံခံစားလိုမှုတွေကို ဖြည့်ဆည်းပေးနိုင်တာကြောင့် ရရှိတတ်တဲ့ တဒင်္ဂခဏလောကီချမ်းသာမှု ဟူသမျှထက် နိဗ္ဗာန်ချမ်းသာက အဆရာထောင်မက ပိုပါတယ်။ တကယ်တော့ နိဗ္ဗာန်ချမ်းသာဆိုတာ လောကီချမ်းသာတွေနဲ့ မနှိုင်းယှဉ်အပ်တဲ့ လောကလွန် အရာတစ်ခု၊ လောကုတ္တရာ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ လောကရဲ့ဖွဲ့စည်းပုံနဲ့ လောကုတ္တ ရာ တည်ရှိနေပုံတွေဟာ ခြားနားကွဲပြားလွန်းတာမို့ လောကုတ္တရာချမ်းသာဖြစ်တဲ့ နိဗ္ဗာန်ရဲ့ အခြေအနေကို လောကီအခြေအနေတွေနဲ့ ဘယ်လိုမှ ထပ်တူကျအောင် မဖော်ပြနိုင်ပါဘူး။ အရှင်နာရဒ မဟာထေရ်ကတော့ “နိဗ္ဗာန်ဆိုတာ အဘိဓမ္မာရှုထောင့်က ကြည့်ရင် ဘ၀ဆင်းရဲ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ခြင်း။ စိတ်ပညာရငထောင့်က ကြည့်ရင် အတ္တကိုပယ်ဖျက်ခြင်း။ ကိုယ်ကျင့်စာရိတ္တရှုထောင့်က ကြည့်ရင် လောဘ၊ဒေါသ၊မောဟ ကိလေသာကို ပယ်သတ်ခြင်း”လို့ သူ့ရဲ့နာမည်ကျော် (Buddhism in a nutshell )စာအုပ်မှာ ရေးသား ထားပါတယ်။


“အာရှတိုက်ရဲ့ လင်းရောင်ခြည်” စာအုပ်ကို ရေးခဲ့သူ(ဆာအက်ဒ်ဝင်အာနိုးလ)ကတော့“တစ်စုံတစ်ယောက်က နိဗ္ဗာန်ဟာ ချုပ်ငြိမ်းဖို့ဖြစ်တယ်လို့ သင်ပြလာရင် အဲဒီလူကို သင်လိမ်ညာတာပဲလို့ ပြောလိုက်ပါ။ တစ်စုံတစ်ယောက်က နိဗ္ဗာန်ဟာ နေထိုင်ဖို့ဖြစ်တယ်လို့ သင်ပြလာရင် အဲးဒီလူကို သင်မှားပြီလို့ ပြောလိုက်ပါ”ဆိုပြီး နိဗ္ဗာန်နဲ့သပတ်သက်တဲ့ ကဗျာ တစ်ပုဒ်ရေးဖွဲ့ခဲ့ဖူး ပါတယ်။ တကယ်တော့ နိဗ္ဗာန်ရဲ့ သဘာဝကို ကဗျာလည်းမမီ၊ စာလည်း ပီ အောင် မဖွဲ့ဆိုနိုင်ပါဘူး။


နိဗ္ဗာန်ဟာ ရေ၀ါဒဗုဒ္ဓဘာသာဝင်တွေ အားလုံးရဲ့ အမြင့်မြတ်ဆုံးနဲ့ နောက်ဆုံးပန်းတိုင် ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီပန်းတိုင်ဟာ မိမိတို့အတွက်တော့ အမြင်နီးပြီး ခရီးဝေးနေဆဲပါ။ ဒါကြောင့်မို့ထင်ပါရဲ့ “နိဗ္ဗာန်ကို ရဖို့ ရောက်ဖို့ထက် နိဗ္ဗာန်ကို လိုချင်မြတ်နိုးတဲ့ စိတ်ဖြစ်ဖို့က အရေးကြီးတယ်။ နိဗ္ဗာန်ကို လိုချင်မှ နိဗ္ဗာန်ရောက်အောင်သွားကြ ကျင့်ကြမှာ။ ဒါကြောင့် ရဟန်းတော်တွေနဲ့ ဆုံတဲ့အခါ နိဗ္ဗာန်ရောက်ကြောင်း တရားဟောပါဘုရား ဟောတော်မူ ပါဘုရားလို့ လျှောက်ထားရမယ်” ဆိုပြီး အဘိဓဇမဟာရဋ္ဌဂုရု၊ မန္တလေးမြို့၊ မစိုးရိပ်ဆရာတော် ကြီးကလည်း တပည့် ဒကာတစ်ဦးကို ဆုံးမ သြ၀ါဒ ပေးတော်မူဖူးပါတယ်။


ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဓမ္မပုံပြင်ကလေးတစ်ပုဒ်ကို သတိရမိပါသေးတယ်။ ရတနာပုံနေပြည်တော် ခောတ်က ခင်မကန် ဆရာတော်ဘုရားကြီး ပြောပြခဲ့တာပါ။

နိဗ္ဗာန်အဟုတ်မက်ပေမယ့် နှုတ်ဆက်ရဦးမယ်

တစ်ခါတုန်းက မန္တလေးမြို့၊ ဈေးချိုတော်ရဲ့ တောင်ဘက်အရပ်မှာ မောင်ဆောင်နဲ့ မောင် အောင်ဆိုပြီး သူငယ်ချင်းနှစ်ဦး ရှိခဲ့ဖူးတယ်။ သူတို့နှစ်ယောက်ဟာ အိမ်နီးချင်းတွေဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး ပြောမနာ ဆိုမနာ အလွန်ပဲ ရင်းနှီးခင်မင်ကြတယ်။


သူတို့နှစ်ဦးထဲက မောင်ဆောင်ဟာ ငယ်စဉ်ကတည်းက ဘုရားသွား ကျောင်းတက် အမြဲပြုလုပ်လေ့ရှိတယ်။ အသက်အ၇ွယ်တွေကြီးလို့ အိမ်ထောင်ကျပြီး သားသမီးတွေပင် ရနေပေမယ့် မောင်ဆောင်ဟာ နေ့စဉ်နံနက်တိုင်း အိမ်တော်ရာဘုရားကို မပျက်မကွက် သွား ရောက် ၀တ်တက်လေ့ရှိသတဲ့။


တစ်နေ့တော့ သူငယ်ချင်း မောင်အောင်က မောင်ဆောင်ကို “မင်းဘာကြောင့် ဒါလောက်ဆောင် ဘုရားကို နေ့စဉ် ၀တ်တက် သွားနေရတာလဲ”လို့ မေးပါတယ်။ အဲဒီအခါ မောင်ဆောင်က “နိဗ္ဗာန် လိုချင်လို့ပေါ့ကွ”လို့ အဖြေပေးပါတယ်။ မောင်အောင်က “မင်း တကယ် နိဗ္ဗာန် ရောက်ချင်သလား”လို့ ထပ်ဆင့်မေးရင် မောင်ဆောင်က “ဟာ မောင်အောင် နယ် မိုက်ပါဘိကွာ၊ ငါ နိဗ္ဗာန်တကယ် ရောက်ချင်တာပ”လို့ ဖြေလေ့ရှိသတဲ့။


ဒါနဲ့ မောင်အောင်က သူ့ သူငယ်ချင်းမောင်ဆောင်ဟာ နိဗ္ဗာန်ကို တောင့်တလွန်းလှတယ်၊ တကယ် ဟုတ် မဟုတ် စုံစမ်းကြည့်ဦးမယ်လို့ စိတ်ထဲမှာ တေးမှတ်ထားလိုက်ပြီး၊ မောင်ဆောင် အိမ်တော်ရာ ဘုရားကို ၀တ်တက်သွားတိုင်း မနီးမဝေးက စောင့်ကြည့်အကဲခတ်ပါတယ်။ ဒီလိုနဲ့ တစ်လလောက် ကြာတဲ့အခါမှာ မောင်အောင်ဟာ မောင်ဆောင်ဝတ်တတ် ပြုနေကျ အချိန် ထက် နာရီဝက်လောက်စောပြီး အိမ်တော်ရာဘုရားကို ရောက်လာပါတယ်။ ပြီးတော့ မောင်ဆောင် ရှိခိုးဆုတောင်းမြဲဖြစ်တဲ့ ရုပ်ပွားဆင်းတုတော်ကြီးရဲ့ နောက်ဘက်မှာဝင်ပြီး၊ ဇာတ်ထဲက ငှားယူလာတဲ့ နတ်ဝတ်တန်းဆာကို အပြည့်အစုံ ၀တ်ဆင်လိမ်းခြယ်ကာ ပုန်းကွယ် ပြီး နေလိုက်ပါတယ်။ မောင်ဆောင်ဟာ သူ့ထုံးစံအတိုင်း သြကာသနဲ့ ဘုရာကန်တော့အပြီး “နိဗ္ဗာန်ရောက်ရပါလို၏ဘုရား”လို့ ဆုတောင်းရှိခိုးလိုက်ပါတယ်။ အဲဒီအခါ ဘုရားနောက်မှာ ကွယ်နေတဲ့ မောင်အောင်က အပြင်ကိုထွက်လာပြီး၊ အသံကိုဖျက်ကာ နတ်မင်းကြီးတစ်ပါးပုံစံ နဲ့ မေးမြန်းပါတယ်။


“အသင်လူသား။ နိဗ္ဗာန်ကို တကယ်ရောက်ချင်သလား” “တကယ်ရောက်ချင်လှပါ တယ်နတ်မင်း” “ရောက်ချင်ရင် ကျုပ်ပို့ပေးမယ်” “အခု လိုက်ရတော့မှာလား နတ်မင်းကြီး ဘုရား” “ဟုတ်တယ်၊ ချက်ချင်းခေါ်ခဲ့ ဖို့ သိကြားမင်းက မှာလိုက်တယ်” အဲဒီလို အပြန်အလှန် အမေးအဖြေလုပ်ရင်းက မောင်ဆောင်ဟာ အသားတွေတုန်လာပါတယ်။ နိဗ္ဗာန်ရောက်လို ပေမယ့် အခုချက်ချင်းကြီး ဆိုတော့ လိုက်ရမှာလည်းမ၀ံ့မရဲ။ ကိုယ့်ဆုတောင်းနဲ့ ကိုယ်ဆိုတော့ လည်း မငြင်းဆန်သာဖြစ်ပြီး ကြောက်ဒူးတုန်နေရပါတယ်။ ဒီကြားထဲ အိမ်က မယားနဲ့ သားသမီးတွေရဲ့ မျက်နှာတွေကိုလည်း ပြေးမြင် ယောင်မိရင်း ထွက်ပေါက်တစ်ခု တွေ့လိုက် ပါတယ်။ အဲဒါကြောင့်--

“သားနဲ့မယားကို နှုတ်ဆက်ပါရစေဦး နတ်မင်း” “ကောင်းပြီ၊ နှုတ်ဆက်လိုက နှုတ်ဆက်ပါ၊ဒါပေမယ့် မြန်မြန်ပြန်လာခဲ့” “ကျေးဇူးတင်ပါတယ် နတ်မင်း”ဆိုပြီး နတ်မင်းကို အရိုအသေပေးကာ မောင်ဆောင်ဟာ အိမ်ကို အပြေးပြန်လာခဲ့တယ်။ အိမ်ရောက်လို့ ဖြစ်ပျက်ပုံကို မယားပြောပြတိုင်ပင် တဲ့အခါ မယားက “ ဒီလိုအခွင့်အရေးမျိုး ကြုံ ကြုံခဲပါဘိ။ ကြားတောင်မှ မကြားဖူးဘူး၊ ရှင်မို့လို့ ထူးတဲ့ကုသိုလ်ပဲ၊ ကဲ… လိုက်သွားပေတော့”လို့ ပြောသတဲ့။


ဒီအခါ မောင်ဆောင်က “ငါ လိုက်သွားရင် မင်းမှာ ကလေးတစ်ဖက်နဲ့ ချက်ရပြုတ်ရ တဖက်နဲ့ ဒုက္ခရောက်မှာပေါ့၊ စဉ်းစားပါဦး”လို့ ပြောပြန်တယ်။ “အို .. ကျမအတွက် ဘာမျှထည့် စဉ်းစားမနေနဲ့ ရှင့်ကုသိုလ်နှင့်ရှင် လိုက်သာသွားပါ”လို့ မယားကပြောတဲ့အခါ “နင်မစဉ်းစားပေ မယ့် ငါ့ကတော့ စဉ်းစားရမယ်ဟ”ဆိုပြီး မောင်ဆောင်ဟာ စဉ်းစားနေလိုက်တာ အိမ်တော်ရာ ဘုရားဘက်ကို နောက်ထပ်တစ်ခေါက်မျှ ပြန်မရောက်တော့ဘူးတဲ့။


“မယုံရင် ပုံပြင်မှတ်”လို့ ဆိုရိုးစကားရှိပေမယ့် တချို့ပုံပြင်တွေဟာ ဘ၀ထဲကလာတာမို့ ပုံပြင်ထဲမှာလည်း ဘ၀တွေရှိပါတယ်။ ဒီ ဓမ္မပုံပြင်ကလေးနဲ့စပ်ပြီး စာရေးသူအနေနဲ့(၁) လူ့ပြည်မှာ တရားလိုလားသူထက်စာရင် ကာမဂုဏ်အာရုံတွေကို စွန့်စွန့်စားစားလိုလားသူဟာ နည်းပါး တတ်ပုံ၊ (၂) ဒါပေမယ့် အများလိုချင်တဲ့ အရာတိုင်းဟာ တန်ဖိုးမဲ့မဖြစ်နိုင်ပါဘူး။ လောကရဲ့ သဘာဝကိုက “တန်ဖိုးကြီးလေ လူတိုင်းလက်လှမ်း မမီလေ” ဖြစ်တတ် ပုံနဲ့ (၃) နောက်ပြီး အသိဥာဏ် မြင့်မားလာမှပဲ လူတွေရဲ့ တန်ဖိုးထားတတ်မှုကလည်း မြင့်တက်လာမြဲ ဖြစ်တာကြောင့် မိမိတို့ရဲ့ အသိဥာဏ် ရင့်ကျက်မြင့်တက်လာအောင် ကြိုးပမ်းခြင်းသည်သာ နိဗ္ဗာန်စခန်းဆီကို အနီးဆုံးချဉ်းပ်လမ်းတစ်ခု ဖြစ်ပုံတွေကိုပဲ သတိပြုတွေးမိပါတော့တယ်။

တော်ဝင်နွယ်

2011-ခု၊ ဇန်နဝါရီလ ၁၄-ရက်၊သောကြာနေ့။

http://sirimangala.com/