Friday, February 28, 2014

တန်ဖိုးသိမှ တန်ဖိုးရှိမည်


တန်ဖိုးသိမှ တန်ဖိုးရှိမည်

“ယုယပါ။ မြတ်နိုးပါ။ ဂရုစိုက်ပါ။ အလေးထားပါ။” ဆိုတာတွေသည် ကျွန်တော်တို့ လူသားများ အသုံးပြု နေလေ့ရှိသည်။ ထိုအရာကို တနည်းအားဖြင့် တန်ဖိုးထားခြင်း တန်ဖိုးလို့ခေါ်မည်ထင်။ “တန်ဖိုးသိမှ တန်ဖိုးရှိမယ်” တဲ့ ဆရာတော် ဦးသုမင်္ဂလ ဟောတဲ့ တရားတိုင်းလိုလိုမှာ အမြဲကြားနာဖူးသည်။ အရာအားလုံးသည် အသုံးဝင်လျှင် တန်ဖိုးဆိုတာ ရှိကြသည်ချည်းပင်။ သို့သော် အသုံးဝင်ရန်အတွက် အသုံးပြုနည်းသည် လိုအပ်သည်။ “နွယ်မြက်သစ်ပင် ဆေးဖက်ဝင်” ဟု မြန်မာ စကားပုံ ရှိသည်။ အသုံးပြုတက်လျှင် မြက်ပင်ကလေးအစ အသုံးဝင်နေတက်သည်။

မြက်စားနေတဲ့ သိုးလေးတစ်ကောင်အနား ပတ္တာမြားတစ်လုံး ပစ်ချပေးလိုက်မည်။ ထိုသိုးကလေး ကောက်ယူမည် မဟုတ်။ ပတ္တမြားသည် သိုးကလေးအတွက် မြက်တစ်ပင်လောက်မှ အသုံးမကျသောကြောင့်ပင်။ ထိုအတူ ထိုပတ္တမြား၏ တန်ဖိုးကို မသိသောကြောင့် သိမ်းဆည်း၍တန်ဖိုးထားရကောင်းမှန်းလဲ သိမည်မဟုတ်။ တန်ဖိုးမသိသောကြောင့် တန်ဖိုးလဲ မရှိတော့ပေ။

စည်းကမ်းနဲ့တန်ဖိုး

ဒါအပြင် တန်ဖိုးကို လူတို့ စည်းကမ်းဖြင့် သတ်မှတ်ကြပြန်သည်။ “စည်းကမ်းသည် လူ၏တန်ဖိုး” တဲ့။ ဘယ်လိုဟာတွေက စည်းကမ်းမည်လဲ?။ ကျွန်တော်တို့ ကျောင်းတော်က ကြားဖူးတဲ့ စည်းကမ်းဆိုသည် တားမြစ်ချက်တွေကို ရှောင်ကျဉ်ပြီး ချမှတ်ထားတော့ အရာတွေကို လိုက်နာခြင်း, ဆောင်ထားခြင်းသည်ကို ခေါ်မည်ထင်။

စည်းကမ်းတွင် လောကီစည်းကမ်းနှင့် လောကုတ္တရာစည်းကမ်း နှစ်ခုလုံးပါဝင်သည်။ လောကီ အတွက် လောကီလူ့ကျင့်ဝတ်တွေ ရှိပါသည်။ ထိုကျင့်ဝတ်တို့သည် လိုက်နာ ကျင့်သုံးသူအတွက် မိမိကိုယ့်ကိုယ် တန်ဖိုး မြှင့်တင်နေခြင်းတည်း။ လောကုတ္တ တရားအတွက် ကျွန်တော်တို့ လောကသားတို့ ဦးခိုက်ရာ မြတ်စွာဘုရား ဟောကြားသော ဒေသနာတို့သည် ရှိသည်။ ကျင့်သုံးလဲ ကျင့်သုံးထိုက်၏။ ကျင့်သုံးသူလည်း ကျင့်သုံးသလောက် လက်ငင်း ကောင်းကျိုးခံစားရသည်။

အတ္တဟိ အတ္တနော နာထော တဲ့ မိမိသည်သာလျှင် ကိုးကွယ်ရာတည်း။ တန်ဖိုးရှိအောင်နေသော သူအတွက် တန်ဖိုးသည် ရှိနေမည်ပင်။ မိမိတန်ဖိုးမဲ့စွာ ပြုမှုနေထိုင်ပါက တန်ဖိုးမဲ့နေအုံးမည်။ He is only bright that shines by himself. သူ့ကိုသူ အရောင်တင်တဲ့သူသာလျှင် အရောင်လက်သည်။ ထိုကဲ့သို့ပင် ကိုယ့်အဆင့်အတန်း ကိုယ်ကိုတိုင်သာ မြှင့်တင် ကောင်းသည်။

စည်းကမ်းသည် လူတစ်ယောက်၏ အနားသတ်မျဉ်းကောင်း၊ ရှည်လျှားပြီး ကွေ့ကောက်များသော မြစ်တို့သည် ကမ်းဟူသည် ရှိ၏။ ကမ်းရှိသောကြောင့် အလွယ်တကူမတိမ်ကောနိုင်။ ကမ်မဲ့သော ရေတို့သည်သာ တိမ်ကော ပျောက်ကွယ်ကြသည်။ မိမိကိုယ့်ကို တန်ဖိုးမြှင့်တင်ချင်လျှင် မြစ်ကဲ့သို့လဲ ကျင့်ကောင်း၏။ ဒါအပြင် အနားသတ်ကောင်းသော ဖျာတို့ ခိုင်ခံ အသုံးဝင်၏။ အသုံးဝင်သောကြောင့် တန်ဖိုးသည် ရှိပြီးဖြစ်၏။

ကျန်းမာခြင်း တန်ဖိုး

ကျန်းမာခြင်းသည် လူတိုင်း၌ အလကားပိုင်ဆိုင် နေတက်သော အဖိုးမဖြတ်နိုင်သော တန်ဖိုးတည်း။ ဘာကြောင့် ကျန်းမာချင်ကြသလဲ။ “ကျန်းမာခြင်းတန်ဖိုးကို မကျန်းမာမှသိမည်” ဆိုတာ သိကြမည်ထင်။ မကျန်းမာလျှင် အစာမက်သော လူတို့သည် စားဖို့တောင် စားချင်စိတ်ပင် မရှိတော့။ လုပ်ချင်စိတ်ဆိုလျှင် လုံးဝရှိမည် မထင်။ ဒါကြောင့် “အာရောဂျ ပရမ လာဘ” ကျန်းမာခြင်းသည် အဖိုးမဖြတ်နိုင်သော တန်ဖိုးဟု ဆိုခြင်ပါသည်။ ကျန်းမာခြင်းရဲ့ တန်ဖိုးကို ဖော်ပြလို့ ဆုံးမည် မဟုတ်။

အချိန် တန်ဖိုး

ထိုအပြင် သတ္တ၀ါတိုင်း မိမိအသက်ကိုတော့ တန်ဖိုးထား ရှည်စေလိုကြသည်။ ထိုအသက်ကို တိုင်းတာသော အချိန် ကိုကား တန်ဖိုးထားရကောင်း မသိကြချေ။ ထိုအတူ အချိန်ဆိုသည့် အဖိုးမဖြတ်နိုင်သော တန်ဖိုးကိုလဲ လူတို့ အလွဲသုံးစားပြုတက်ကြသည်။ အချိန်သည် ဂရုပြုသူအား ဂရုပြုသကဲ့သို့ အကျိုးပြုသည်။အလေးမထားသူအတွက် အလေအလွင့်ထားတက်သည်။ အချိန်ကို အသုံးချသူနည်းပါသည်။ 

အချိန်သုံးပြုသူများတွင်လဲ နယ်ပယ်နှစ်ခုရှိသည်။ မကောင်းမှုအတွက် အသုံးပြုခြင်းနှင့် ကောင်းမှုအတွက် အသုံးပြုခြင်း တို့ဖြစ်သည်။ ထိုအထဲမှ မကောင်းမှုတွင်သာ အသုံးပြုတက်ကြသူသာ များသည်။ မကောင်းမှုအတွက် အသုံးပြုသူအတွက်လဲ အချိန်သည် မျက်နှာမလိုက်စွာ တစ်ကြိမ်တခါပဲ အသုံးပြုခွင့်ပေးပါသည်။ ထိုတစ်ကြိမ်သာ အခွင့်ပေးတက်သော အချိန်ကို လူတို့ မကောင်းမှုတွင် သုံးပြုသောကြောင့် ပိုပြီး မိုက်မဲရာ ရောက်ပါသည်။ ဤသည်ပင် တန်ဖိုး မထားရာရောက်၏။ တန်ဖိုးမထားလျှင် တန်ဖိုးမရှိသလို တန်ဖိုးလဲ သိမည်မဟုတ်။

အကျင့်စာရိတ္တ တန်ဖိုး

ကျန်းမာခြင်းနှင့် အသက်တို့ထက် တန်ဖိုးထားအပ်သော အရာသည် ရှိသည်။ ထိုအရာသည် “အကျင့်စာရိတ္တ” ဟုဆိုချင်ပါသည်။ အကျင့်စာရိတ္တ ဆုံးရှုံးမှု၊ တန်ဖိုးမထားမှုသည် အကြီးမားဆုံးသော ဆုံးရှုံးမှု ဖြစ်သည်။ သို့သော် အခုခေတ်လူငယ်များ ထိုအရာကို အကောင်းဆုံး အရင်းအနှီးအဖြစ် မတော်မတရား လွဲမှားစွာ တန်ဖိုး ဖြတ်နေကြသည်။ စာရိတ္တပျက်စွာ ပြောဆိုကြ ပေါင်းသင်းကြ ရောနှောကြသည်။ 

“ဘယ်သူ သေသေ ငတေမာရင် ပြီးရော” ဆိုသကဲ့သို့ တစ်နပ်စား အကြံနှင့် တဖက်သားအပေါ် လိမ်လည် လှည့်ဖျားနေကြသည်။ စည်းကမ်းမဲ့ကြသည်။ ထိုသည်ပင် မိမိ၏ အကျင့်စာရိတ္တအား တန်ဖိုးထားရကောင်း မသိမှုပင်။ လက်ရှိခေတ်လူငယ်များ၏ စာရိတ္တဖြင့် ၎င်းတို့၏ တန်ဖိုးကိုဖြတ်ရလျှင် ကမ္ဘာရဲ့ အဖောင်းအပွဆုံး ငွေကြေးထက် အဆပေါင်းများစွာ နိမ့်ကျမည်ထင်ပါသည်။

မျိုးဆက်သစ်ကလေးများကို ဆိုချင်ပါသည်။ အနာဂတ်သည် သူတို့၏လက်ပေါ်တွင် တည်နေသည်။ ထိုအနာဂတ်ပိုင်ရှင်လေးများ တန်ဖိုးရှိ စေချင်သည်။ စည်းကမ်းရှိစေချင်သည်။ အကျင့်စာရိတ္တ မြင့်မားစေချင်သည်။ အဘယ်ကြောင့်ဆိုသော် အကျင့်စာရိတ္တမြင့်မားပြီး စည်းကမ်းရှိသော လူငယ်လေးများသည် တန်ဖိုးသည် ရှိနေပြီးသောကြောင့်တည်း။ ထိုအနာဂတ်ကလေးများအား တန်ဖိုးရှိစေချင်လျှင် တန်ဖိုးရှိအောင် ထိန်းသိမ်းရမည်။ ထိုတာဝန်သည် ကျွန်တော်တို့ တာဝန်သာလျှင်ဖြစ်သည်။

ထိုမျိုးဆက်သစ်ကလေးများကို မြတ်စွာဘုရား၏ ဆုံးမတရားများဖြင့် သွန်သင်ထိန်းသိမ်းမည်။ မြန်မာယဉ်ကျေးမှုတွေ မြတ်နိုးစေမည်။ မြန်မာ့အမွေအနှစ်တွေကို တန်ဖိုးထားစေမည်။ မြန်မာသည် ဗုဒ္ဓ ဘာသာနိုင်ငံဖြစ်ပါသည်။ ဗုဒ္ဓ ဘာသာနိုင်ငံမို့ ဗုဒ္ဓအဆုံးအမများကို တန်ဖိုးထားရမည်။ တန်ဖိုးထားတက်အောင် အသုံးပြုသင့်သည်။ အသုံးပြုသူအတွက် အကျိုးထူးသော လူတို့အဖို့ တန်ဖိုးထားရမည်။ တန်ဖိုးသိဖို့ အချိန်တန်ပါပြီး။ တန်ဖိုးသိပြီး တန်ဖိုးရှိနိုင်ပါစေ။


သော်ဇင်

Thursday, February 27, 2014

အလှမျက်နှာ ချိုသောအပြုံး


အလှမျက်နှာ ချိုသောအပြုံး

အလှတရားဆိုတာ ရှာဖွေကြည့်တတ်ရင် နေရာတိုင်းမှာ ရှိနေပါတယ်။ လောကကြီးဘယ်လောက် လှနေနေ အလှတရားကိုခံစားတတ်တဲ့ နှလုံးသားမရှိရင် ရှိရှိသမျှအရာအားလုံးဟာ အကြည်းတန်နေ ပါတယ်။ ပျော်ရာမှာမနေရတဲ့ ကျွန်မတို့လို အဝေးရောက်နေသူတွေရဲ့ နှလုံးသားမှာ အနာတရတွေ များလွန်းတော့ အလှတရားကို ခံစားတတ်တဲ့ ဓာတ်သဘာဝတွေ တဖြေးဖြေးယုတ်လျော့ လာကြပါတယ်။ တကယ့်အလှကို လှတယ်လို့မထင်တော့ပဲ၊ မလှတာတွေကို အလှကြီးလှတယ် ခမ်းနားထည်ဝါတယ်လို့ ထင်ယောင်ထင်မှား ဖြစ်လာကြပါတယ်။

မြန်မာပြည်မှာ တွယ်ကပ်နေရင် ဘ၀ရပ်တည်ဖို့ ခက်ခဲတဲ့အတွက် မလေးမြေမှာ သောင်တင်နေရတာ ခြောက်နှစ်တောင်ပြည့်တော့မယ်။ ဘယ်တော့အပြီးပြန်နိုင်မလဲဆိုတာ မသေချာလှသေးတော့ အနည်းဆုံး ဆယ်စုနှစ်တစ်ခုလောက် သူများတိုင်းပြည်မှာ အချိန်နဲ့လုပ်အားတွေ ပေးဆပ်နေရဖို့ ရှိပါတယ်။ ဘယ်သူကြောင့်၊ ဘယ်သူတွေ မကောင်းတာလို့ မကျေမနပ် အပြစ်တင်ညီးညူနေ ရင်လည်း စိတ်ဓာတ်အင်အားတွေ အလကားကုန်အောင် ဖြုန်းလိုက်သလိုပဲဖြစ်လိမ့်မယ်။ လက်ရှိ ပစ္စုပ္ပာန် အခြေအနေကို လက်ခံနိုင်အောင်ကြိုးစားရင်း၊ ရွှေပြည်တော်ကို ပြန်တဲ့အချိန်မှာ ကျန်းမာစွာ အလုပ်လုပ်နိုင်သေးတဲ့ အခြေအနေရှိအောင် ဂရုစိုက်နေရပါတယ်။ မြန်မာပြည်ကို အပြီးပြန်တော့မယ်လို့ ရင်ကော့ပြီးပြောနိုင်မဲ့နေ့ကို စိတ်ကူးနဲ့ မကြာခဏမှန်းဆကြည့်ဖူး ပါတယ်။

မရောက်သေးတဲ့ အနာဂတ်ကိုသာမျှော်ပြီး၊ လက်ရှိပစ္စုပ္ပန်ကို ကျွန်မ လျစ်လျူရှု နေခဲ့မိပါတယ်။ အနီးအနားမှာရှိနေတဲ့ အလှတရားတွေကို ရှာဖွေကြည့်ဖို့ကိုလည်း အချိန်ပြည့်နီးပါး မေ့နေ့ခဲ့ပါတယ်။ မွန်းကြပ်တဲ့ ခံစားချက်တွေကို အန်ထုတ်မပြစ်ပဲ မြိုသိပ်ထားတော့ နေ့စဉ်လိုလို အီလည်လည် ဖြစ်နေခဲ့ပါတယ်။ တခါတလေ တစိမ်တရံကြားမှာ ကိုယ့်ကိုကိုယ် ကောင်းစွာဆောက်တည် နေနိုင်တာကို ကျေနပ်မိသလို၊ တခါတလေ အားနည်းချက်တွေ များလွန်းတဲ့ ကိုယ်ကိုကိုယ် မကျေနပ် ဖြစ်နေမိပါတယ်။

စိတ်လက်မပျော်ရွှင်စွာနေရင်း တနေ့မှာ ညနေစာမချက်ပဲ မလေးဆိုင်မှာ ထမင်းနဲ့ ဟင်းသွားဝယ်ပါတယ်။ ထမင်းဆိုင်က မလေးအမျိုးသမီးရဲ့ ရွှင်လန်းတဲ့ အပြုံးတစ်စုံက ကျွန်မ နှလုံးသားကို ထိရှသွား ပါတယ်။ ဖော်ရွေပျူငှာတဲ့ အပြုံး၊ ချစ်ခင်နှစ်လိုတဲ့အပြုံး။ မနားမနေ ချက်ပြုတ်ကြော်လှော်ရာက ထမင်းဟင်းခပ်ထည့်ပေးနေတဲ့ သူမရဲ့ မျက်နှာပေါ်မှာ ချွေးတွေ့စို့နေပါ တယ်။ တနေကုန် အလုပ်လုပ်နေတဲ့ သူမမျက်နှာပေါ်မှာ ပင်းပန်းတဲ့ အရိပ်အယောင်ကို မမြင်ရပဲ အပြုံးရောင်တွေသာ ၀င်းပနေပါတယ်။ ရုပ်ရည်မလှပပေမဲ့ ချွေးစို့နေတဲ့သူမရဲ့မျက်နှာဟာ အပြုံးတွေနဲ့ လှနေပါတယ်။ တကယ်လှတာ။ အဲဒီအပြုံးတွေမှာ ချစ်ခြင်းတရားတွေ ရှိနေတယ်။ စေတနာပါပါ အလုပ်လုပ်တဲ့ သူမရဲ့မျက်နှာပေါ်မှာ  ယုံကြည်မှုတွေ ပြည့်တင်းနေတယ်။ သူမရဲ့ ရိုးသားပွင့်လင်းတဲ့ အပြုံးဟာ ကျွန်မရဲ့ နှလုံသားကို လေပြေအေးလေးနဲ့ ဝှေ့ယမ်းလိုက်သလို ခံစားရပါတယ်။ အဲဒီတော့မှ လှသောအပြုံး တစ်စုံရဲ့တန်ဖိုးကို ကျွန်မတွေ့ရှိခဲ့ပါတယ်။

တကယ်လှတဲ့မျက်နှာ ပကတိအတိုင်း ချိုရွှင်ကြည်လင်သော အပြုံးတွေကို အခြေခံအလွှာမှာပဲ ပေါပေါများများ မြင်နိုင်တယ်လိုဆိုရင် လက်ခံကြမလားမသိဘူး။ ဒါပေမဲ့ အခြေခံလွှာက ကြီးပြင်းခဲ့တဲ့ ကျွန်မရဲ့အပြုံးတွေကတော့ ထမင်းရောင်းတဲ့ အမျိုးသမီးရဲ့ အပြုံးလို လှမနေပါဘူး။ တခါတလေ ဟန်လုပ်ပြီး ပြုံးရတယ်။ မချိပြုံးလဲ ပြုံးတယ်။ မလုံမလဲ ပြုံးတဲ့အခါတွေလည်း ရှိတယ်။ တခါတလေ ကျွန်မရဲ့အပြုံးထဲမှာ ဘာမှမပြောလောက်တဲ့ ပညာမာန်တွေ ရောယှက်နေပါတယ်။ မှန်မကြည့်ပဲ ပြန်မြင်နေရတဲ့ ကျွန်မရဲ့မျက်နှာပေါ်မှာ ပူပင်သောကတွေ၊ စိတ်ဖိစီးမှုတွေနဲ့ တွေဝေမှု တွေကို လူမသိအောင် ဖုံးကွယ်ထားတဲ့ အရိပ်တွေနဲ့ ပြည့်နေပါတယ်။ အဲဒီအရိပ်တွေပေါ်က အပြုံးဟာ ဘယ်လိုလှနိုင်ပါ့မလဲ။

ကိုယ်တိုင်လှအောင် မပြုံးနိုင်ပေမဲ့ လှသောအပြုံးပိုင်ရှင်တွေကို ကျွန်မချစ်ခင်ပါတယ်။ မလေးရှားမှာ ညဈေးလျှောက်ရင် ဈေးရောင်းကောင်းလို့ ပြုံးရွှင်နေတဲ့ ဈေးသယ်တွေရဲ့ မျက်နှာတွေဟာ ချစ်ခင်နှစ်လို စရာကောင်းပါတယ်။ ကြုံလို့ မလေးရှားမှာ ညဈေးလျှောက်တဲ့ အတွေ့ အကြုံလေးကို  ထည့်ရေးချင်ပါတယ်။ ညဈေးကို ဘယ်သူနဲ့ လျှောက်လဲသိချင်လား။ တစ်ယောက်ထဲပေါ့လေ။ တခါတလေ တစ်ယောက်ထဲ လွတ်လွတ်လပ်လပ် သွားလာရတာကို သဘောကျမိပေမဲ့၊ တခါတလေတော့လည်း အဖော်ပါရင်ကောင်းမှာပဲလို့ တွေးမိပါတယ်။ ညဈေးဆိုပေမဲ့ မိန်းကလေး တစ်ယောက်ထဲသွားရတာဆိုတော့ ညနေပိုင်း မိုးမချုပ်ခင် သွားလေ့ရှိပါတယ်။ ကျွန်မ ပုံစံက တရုတ်မနဲ့ ခပ်ဆင်ဆင်၊ လမ်းသွားရင်လည်း ခပ်တည်တည်ဆိုတော့ အနှောင့်အယှက်ကင်း ပါတယ်။

ညဈေးမှာ ဟင်းသီးဟင်းရွက်နဲ့ သားငါးတွေ ဈေးသက်သာပြီး၊ လတ်လတ်ဆတ်ဆတ် ရပါတယ်။ စားစရာမျိုးစုံနဲ့  ပေါချောင်ကောင်း အသုံးအဆောင်ပစ္စည်းတွေ ၀ယ်လို့ရပါတယ်။ ဈေးလည်းဆစ်လို့ ရပါတယ်။ တချို့စားစရာ တွေကို ဘာမှန်းမသိလို့ ကျွန်ဝယ်လေ့မရှိပါဘူး။ တစ်ညနေမှာတော့ ပဲသီးနဲ့ မုံလာဥတွေကို တရုတ်စတိုင် သုတ်ထားတာကိုတွေ့လို ကျွန်မစပ်စု ကြည့်လိုက်ပါတယ်။ ဈေးရောင်းတဲ့ တရုတ်မက နည်းနည်းမြည်းစမ်းကြည့်ပြီး၊ ကြိုက်ရင်ဝယ်လေတဲ့။ မကြိုက်ပဲနဲ့ ၀ယ်ရင်  အလကားပိုက်ဆံဖြုန်းသလို ဖြစ်မယ်လို့ ပြောပါတယ်။ ဒီလို ပညာရှိတဲ့ ဈေးသယ်တွေကို ကျွန်မလေးစားပါတယ်။ ကိုယ့်ပစ္စည်း ရောင်းကုန်ရင်ပြီးရောလို့ သဘောထားပြီး အတင်း မရောင်းဘူး။ မလိုအပ်ပဲ ၀ယ်ချင်အောင် မစည်းရုံးဘူး။ ဈေးရောင်းသူ ပစ္စည်းလုတ်လုပ်သူတိုင်း ၀ယ်ယူစားသုံးသူတွေရဲ့ အကျိုးကိုထည့်သွင်းစဉ်းစားပြီး၊ စားသုံးသူတွေရဲ့ အခွင့်အရေးကို လေးစားတတ်ကြရင် ရောင်းသူဝယ်သူတွေအားလုံးရဲ့ အပြုံးတွေဟာ လှနေမှာပါ။

ကျွန်မသွားလေ့ရှိတဲ့ ညဈေးက တရုတ်ညဈေးဆိုတော့ တရုတ်ဈေးသယ်တွေများ ပါတယ်။ မြန်မာပြည်မှာ တရုတ်လူမျိုးဆိုရင် အလယ်အလတ် တန်းစားနဲ့ အထက်တန်းလွှာမှာပဲ ကျွန်မ တွေ့ဖူးပါတယ်။ မလေးရှားမှာတော့ တရုတ်တွေကို လူတန်းစား အလွှာအားလုံးမှာ တွေ့ရပါတယ်။ ကျွန်မက သူနာပြုဆရာမဆိုတော့ ကျွန်မနဲ့ သိကျွမ်းခင်မင်တဲ့ မလေးရှားလူမျိုးအများစုက သူနာပြုတွေ၊ ဆရာဝန်တွေနဲ့ အလွှာပေါင်းစုံက လူနာတွေပဲ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ မလေး၊ တရုတ်၊ အင်ဒီယန်လူုမျိုးတွေ အားလုံးနဲ့ ကျွန်မ ခင်မင်ရင်းနှီးပါတယ်။ သူတို့တွေ အချင်းချင်း ကြားမှာ လူမျိုးရေး ဘာသာရေး မကျေနပ်ချက်တွေ ရှိကြပေမဲ့ သူတို့တွေအားလုံး တိုင်းပြည်ကို ချစ်ကြပါတယ်။ မလေးရှားနိုင်ငံသားမို့ မလေးရှားမြေကို ချစ်ကြတဲ့ စိတ်ဓာတ်တွေကို ကျွန်မ လေးစားပါတယ်။ မြန်မာ့မြေမှာ ကြီးပြင်းကြတဲ့ မြန်မာနိုင်ငံသား တရုတ်နဲ့ အင်ဒီယန်းမျိုးနွယ်တွေ မြန်မာပြည်ကို ချစ်ကြသလားဆိုတော့ ကာယကံရှင်တွေပဲ အသိဆုံးဖြစ်ပါလိမ့်မယ်။ မတူညီကွဲပြား ကြတဲ့သူတွေ အချင်းချင်း ချစ်ခင်လေးစားကြရင် အပြုံးတွေဟာ လှနေမှာပါ။

ညဈေးက အပြုံးပိုင်ရှင်တွေအကြောင်း ပြောစရာ ကျန်သေးတယ်။ တချို့ ဈေးသယ်တွေ ဗမာတွေနဲ့ခင်နေကြတော့ ဗမာစကားကို သင်ထားကြပါတယ်။ ဈေးဝယ်သူက ဗမာမှန်းသိရင် “လာပါ ၀ယ်ပါ ဈေးတော်တော်တယ် ဈေးတော်တယ်လို့ မပီတပီပြောတာကို ကြားတော့ ကျွန်မသဘောကျလို့ ပြုံးမိပါတယ်။ တချို့ တရုတ်ဈေးသယ်တွေ အသက်တော်တော်ကြီးကြပေမဲ့ ကျန်းမာသန်စွမ်းကြတာ အားကျစရာ ကောင်းပါတယ်။ အလုပ်ကို တန်ဖိုးထားတဲ့ သူတို့မျက်နှာပေါ်က အပြုံးတွေဟာ ချစ်စရာကောင်း ပါတယ်။ ချွေးတွေစို့ပြီး၊ အဆီပျံနေတဲ့ သူတို့မျက်နှာပေါ်က အပြုံးတွေကို မြင်ရတာ တကယ်ကို စိတ်ချမ်းသာစရာ ကောင်းပါတယ်။ သူတို့ရဲ့ အပြုံးမျက်နှာတွေဟာ ရွာကအဖေနဲ့ လယ်သမားတွေ လယ်ကွင်းထဲ နေပူကျဲမှာ ပြုံးပျော်ရယ်မောနေကြတဲ့ မျက်နှာတွေနဲ့ အလှချင်းတူ ပါတယ်။ လူတွေ ကိုယ့်ရဲ့ ကာယအား ဥာဏအားစစ်စစ်ကို ထိုက်ထိုက်တန်တန် ရင်းနှီးပြီး ငွေရှာကြရင်၊ အကျိုးကိုသာတူညီမျှ ခံစားတတ်ကြရင် အပြုံးတိုင်းဟာ လှနေမှာပဲ။

ကျွန်မတို့ချစ်တဲ့ ရွှေပြည်ကြီးထဲမှာ လှပစွာပြုံးနိုင်တဲ့လူ ဘယ်နှစ်ရာခိုင်လောက်ရှိမလဲ။ ကောင်းကျိုး ချမ်းသာမှန်သမျှကို လက်ဝါးကြီးအုပ်ထားတဲ့ လူတစ်စုရဲ့ အပြုံးတွေက သွေးရင့်ရောင်းသန်းနေပြီး၊ ဆင်းရဲတွင်းက မထွက်နိုင်ကြတဲ့ လူအများစုရဲ့ မျက်နှာတွေကတော့ ဖြူဖတ်ဖြူရော်။ အကျိုးကို မျှော်လို့ လာတ်ပေးတဲ့လူက ဂါရ၀ပြုတာပါလို့ စကားလုံးလှအောင်သုံးပြီး ပြုံးတဲ့မျက်လုံးနဲ့ လာတ်ရတဲ့လူရဲ့ အပြုံးတွေဟာ အရောင်ကြည်လင် ပါရဲ့လား၊ ။ ခေတ်ပျက်မှာ လာဒ်မြင်လို့ ကြီးပွားကြတဲ့ လူတွေရဲ့အပြုံး၊ ငွေမျက်နှာပဲ ကြည့်တဲ့ ပွဲစားတွေရဲ့ အပြုံးကို ဘယ်လိုတင်စားရင် ကောင်းမလဲ။ ခေတ်စနစ်ရဲ့ဒဏ် သမိုင်းရဲ့ဒဏ်ကြောင့် ပညာရဲရင့် ပွဲလယ်တင့်နေရမဲ့အစား ယုံကြည်ချက်ပျောက်ဆုံးနေတဲ့ ပြည်တွင်းက လူငယ်အများစုရဲ့ မျက်နှာတွေ၊ ပြည်ပမှာ နှလုံးနာနေကြတဲ့ အရွယ်ကောင်း လူငယ်လူရွယ်တွေရဲ့ မျက်နှာပေါ်မှာ အရောင်တွေဟာေ၀၀ါးနေပါတယ်။

အလုပ်လုပ်သူတိုင်း ၀၀လင်လင်စားသောက်ရပြီး၊ ပညာတတ်ဘွဲ့ရ မှန်သမျှ လူတန်းစေ့နေနိုင်တဲ့ မလေးရှားလူမျိုးတွေရဲ့ မျက်နှာဟာ ကျွန်မတို့ မြန်မာတွေရဲ့ မျက်နှာထက် အရောင်ကြည်လင် ပါတယ်။ များများမတိုးတက်ချင်နေပါ။ ကျွန်မတို့နိုင်ငံ မလေးရှားလောက် ကောင်းလာခဲ့ရင် ကျွန်မတို့ ရွှေမြန်မာတွေရဲ့ မျက်နှာတွေ ရွှင်လန်းလာကြမှာပါ။ မြန်မာတွေရဲ့မျက်နှာပေါ်က လှသောအပြုံးတွေကို မြင်ရတဲ့နေ့၊ အဲဒီနေ့ရက်ကိုရောက်ရင်..နေရောင်လရောင်မလိုပဲ အပြုံးရောင်တွေနဲ့ ကျွန်မတို့ တိုင်းပြည် လင်းထိန်နေမှာ…

နှလုံးသွေးဖြင့်ရေးပါသည်..
စံပယ်ဖြူ
၂၀။၀၂။၂၀၁၃
http://sabephyu.blogspot.com  မြစ်တစ်စင်း၏ ရာဇ၀င် ဘလော့တွင် ရေးပါသည်။


Wednesday, February 26, 2014

အဖေတူသား


အဖေတူသား 

အဖေတူသားဆိုတာ အဖေ့ခြေရာ လိုက်နင်းတဲ့သူ၊ အဖေလုပ်သည့်အတိုင်းလိုက်လုပ်သူဟု အဓိပ္ပာယ်ဖွင့်ဆိုရမည်၊ စာပေမှာ အတိဇာတသား . အနုဇာတသားယ . အ၀ဇာတသား ဆိုပြီးသား သုံးမျိုးရှိသည်။ အတိဇာတသား ဆိုတာ အဖေကိုကျော်ပြီး အဖေ့ထက်အစစအရာရာ တော်သူ လိမ္မာရေးခြားရှိသူဖြစ်သည်၊ ဥပမာ သားဖြစ်သူက ဘာသာရေးဘက်မှာ ကိုင်းရှိုင်းပြီး လေ့လာလိုက်စားကာ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံသူ၊ အဖေလုပ်သူက အရက်သေစာ သောက်စားပြီး ရမ်းကားသူ၊ စိတ်ထင်ရာလိုက်လုပ်တတ်သူ မျိုးကိုဆိုလိုသည်၊ ဒါက ဘာသာရေးရှုထောင့်ကနေ ပြောခြင်းဖြစ်သည်၊ အခြားလူမှုရေး စီပွားရေးစသည်၌လည်း အတိဇာတသား စသည်ခွဲလို့ရပေသည်၊ 
နောက် အနုဇာတသား ဆိုတာ အဖေ့ခြေရာလိုက်သူ အဖေလုပ်သည့်အတိုင်းလိုက်လုပ်သူဖြစ်သည်၊ 

အ၀ဇာတသားဆိုတာ အဖေ့ခြေရာလည်းမလိုက်၊ ကိုယ်ကိုယ်တိုင်လည်း မလုပ်၊ ဆိုဆုံးမလည်း မလိုက်နာသူဖြစ်သည်၊ အဖေ့သားလို့ ဆိုပေမယ့် အဖေနဲ့ မတူကွဲပြားဆန့်ကျင်သူဖြစ်သည်။ ဒီသားသုံးမျိုးနဲ့ ပတ်သက်ပြီး ဗုဒ္ဓစာပေက အကြောင်းအရာနဲ့ စပ်ဟပ်ဖော်ပြရမယ်ဆိုရင် အဖေကို သတ်ပြီး မင်းလုပ်သူလို့ ထင်ရှားတဲ့ အဇာတသတ်မင်းဟာ အဖေတူသား တစ်ယောက်ဖြစ်ပါတယ်၊ အဖေသတ်ပြီးမင်းလုပ်သူဖြစ်ပါလျက် ဘာကြောင့် အဖေတူသားဖြစ်ရသလဲဆိုရင် သူဟာ အဖေ ကိုးကွယ်ဆည်းကပ်ခဲ့သော ရတနာသုံးပါးကို ပုထုဇဉ်တို့ ကြည်ညိုသော သဒ္ဓါတရားမှာ ဒီရှင်ဘုရင်နှင့်သောသဒ္ဓါတရားဆိုတာမရှိပါဘူး၊ 

အဲဒီလောက်ထိ ရတနာသုံးပါးအပေါ်ကိုကြည်ညိုခဲ့သည်။ ဒါကြောင့် သူဟာ သာသနာကိုကြည်ညိုရာမှာ အဖေ့ သောတာပန်မင်း လောက် သဒ္ဓါတရားမခိုင်မြဲခဲ့ပေမယ့် ပုထုဇဉ်တို့ရှိသင့်ရှိထိုက်တဲ့ သဒ္ဓါတရားမှာ အမြတ်ဆုံးလူဖြစ်ခဲ့ပါတယ်။ ဒါကြောင့်် ဘုရားရှင် ကိုယ်တော်တိုင် ဒီမင်းဟာ နောက်ဆုံးဘ၀မှာ ၀ိဇိတာဝီ မည်သော ပစ္စေကဗုဒ္ဓါဖြစ်လိမ့်မယ်လို့ မိန့်ကြားခြင်းခံခဲ့ရသူဖြစ်ပါတယ်၊ သို့ပါလျက် ဘာကြောင့် အဖေကိုသတ်ခဲ့ရတာလဲ အကြောင်းကိုပြန်လည် ကြည့်မယ်ဆိုရင် လူပေါင်းမှားခဲ့တာကိုတွေ့ရမှာပါ၊ တကယ်ဆို ဒီမင်းဟာ သမ္ပတ္တိစက်လေးပါးထဲမှာ ပုဗ္ဗေစ ကတပုညတာ ( ရှေးကောင်းမှု နှင့်ပြည့်စုံခဲ့ခြင်း) စက်နဲ့ ပြည့်စုံခဲ့သူဖြစ်ပါတယ်။

 နောက် ပတိရူပ ဒေသ၀ါသ ( ဘုရားပွင့်ရာအရပ်မှာ လူဖြစ်ရခြင်း ) စက်နဲ့လည်းပြည့်စုံသူလည်းဖြစ်ပါတယ်၊ နောက် သပ္ပုရိဿူပနိဿယ ( သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်း ) ဆိုတဲ့ စက်ကျတော့ မပြည့်စုံတော့ပါဘူး၊ သူယုတ်မာကိုပေါင်းမိပြီး ဖြစ်နေပါတယ်၊ နောက် သပ္ပုရိဿူပနိဿယ မပြည့်စုံတော့ အတ္တသမာပဏိဓိစက်လည်း လွဲချော်သွားရတယ်၊ တကယ်လို့ သပ္ပုရိဿူပနိဿယစက်နဲ့သာ ပြည့်စုံခဲ့မယ်ဆို ရင်. အဖေကိုလည်း သတ်ချင်မှ သတ်ဖြစ်မှာပါ၊ 

အဖေကိုမသတ်ဖြစ်ဘူးဆိုရင် အတ္တသမာပဏိဓိစက်နဲ့ပြည့်စုံပြီး တရားထူးကိုတောင်ရနိုင်တဲ့ အနေအထားအထိရောက်သွားမယ်လို့ ဘုရားကိုယ်တော်တိုင် ရဟန်းတော်တွေကိုမိန့်တော်မူခဲ့ ပါတယ်၊ သို့သော်လည်းပဲ သူယုတ်မာကိုပေါင်းမိခဲ့တဲ့အတွက် အဖေကိုသတ်တဲ့ ပိတုဃာတက ကံကြီးကိုကျူးလွန်မိသွားတယ်။ ဒီကံကပဲ သူကို တရားထူးရခြင်းမှ ဝေးကွာသွားစေခဲ့ပါတယ်၊ အဖေ့ကိုသတ်ပြီးနောက်ပိုင်း အဇာတသတ်မင်းဟာ ညစဉ်လိုလိုအိပ်လို့မရခဲ့ပါဘူး၊ အိပ်လိုက်တို်င်း အဖေ့ကိုသတ်ခဲ့တာတွေကိုပြန်လည်မြင်ယောင်ပြီး ကြောက်မတ်ဖွယ်အာရုံတွေက အမြဲတမ်းလို့ တုန်လှုပ်ချောက်ခြားစေခဲ့ပါတယ်၊ 

အလွန်မွေ့လျော်ဖွယ်ကောင်းသော အလွန်လှပသော အလွန်ရှုချင်စဖွယ်ကောင်းသော အလွန်ကြည်လင်ရွှန်းပသော အလွန် မှတ်သားထိုက်သော တန်ဆောင်မုန်းလပြည့်နေ့ညကိုလည်း မခံစားနိုင်ခဲ့ဘူး၊ ဒါကြောင့်အမတ်ကြီးတွေနဲ့တိုင်ပင်ပြီး အမတ်ကြီးတွေရဲ့တိုက်တွန်းချက်အရ တိတ္ထိဆရာကြီးတွေဆီ သွားရောက်ခဲ့သော်လည်း သူ့ရဲ့ဝေဒနာကို ကုစားနိုင်စွမ်းမရှိခဲ့ပေ၊ နောက်ဆုံး ဆေးဆရာ ဇီဝက`၏ အစီအစဉ်ဖြင့် မြတ်စွာဘုရာသီတင်းသုံးတော်မူရာ သရက်ဥယျာဉ်သို့ ညတွင်းချင်းပင်သွားရောက်ဖူးမျှော်ခဲ့လေသည်၊ 

ဘုရားရှင်က အဇာတသတ်မင်းနဲ့ တကွ စုရုံးရောက်လာကြသည့် ရာဇဂြိုဟ်၏ အထင်ကရ ပုဂ္ဂိုလ်နှင့် ပြည်သူပြည်သားတို့ကို သာမညဖလ သုတ္တန် ဒေသနာတော်ကို ဟောကြားတော် မူခဲ့သည်။ အလွန်သာယာ လှပ၍ တောတောင် ရိပ်တို့ဖြင့် အေးချမ်း ဆိတ်ငြိမ်နေသည့် လပြည့်ညမှာ ဗုဒ္ဓဟောကြားသည့် ဤ တရားတော်သည် နောင်တတစ်ဖန် ပူပန်မှုတွေဖြင့် ဆူပွက်လောင်မြိုက် နေသည့် အဇာတသတ်မင်း၏ နှလုံးသား ကို အေးချမ်း သာယာမှုကို ဆောင်ကျဉ်း ပေးနိုင်စွမ်း ရှိခဲ့ပါသည်။ 

ဒီနေရာမှာပင် အဇာတတသတ်မင်းသည် ဘုရားရှင်ထံမှောက်မှာ မိုက်သည့်အလျောက်၊ တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် မင်းစည်းစိမ်ဟူသောအကြောင်းကြောင့် တရားမင်းဖြစ်သော အဖေ့ကိုသတ်ခဲ့မိပါသည်၊ ထိုအပြစ်များကို နောက်အခါ၌ စောင့်ရှောက်ခြင်းအလို့ငှါ သည်းခံခွင့်လွတ်တော်မူပါဘုရား ဟု မိမိရဲ့အပြစ်ကို ၀န်ခံခဲ့သည်၊
ထိုအခါ မြတ်စွာဘုရားက “မင်းကြီး အကြင်သူသည် အပြစ်ကို အပြစ်ဟု သိမြင်သဖြင့် အကြောင်းအားလျော်စွာ ကုစားသည်။ နောင်အခါ စောင့်စည်းသည်။ ထိုသူ၏ ကုစား စောင့်စည်းခြင်း သည် အရိယာ၏ ဝိနည်း အဆုံးအမ၌ ကြီးပွားခြင်းပင်တည်း” ဟု မိန့်ကြားတော်မူသည်။

ထိုအချိန်မှ စ၍ အဇာတသတ်မင်းသည် ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်လာသည်။ ဗုဒ္ဓကို လည်းကောင်း၊ ဗုဒ္ဓဟောကြားသောတရားဓမ္မကိုလည်းကောင်း၊ ဗုဒ္ဓ၏တပည့်သာဝကတို့ကို လည်းကောင်း အကြည်ညိုဆုံး ပုထုဇဉ်မင်းတစ်ပါး ဖြစ်ခဲ့ သည်။ ထိုကြောင့် ဗုဒ္ဓဘုရား (မရှိသည့်နောက်) ပရိနိဗ္ဗာန် စံပြီးနောက် ပထမသင်္ဂါယနာ တင်ပွဲကြီး ဖြစ်မြောက်အောင် သာသနာ့ ဒါယကာအဖြစ် ခံယူကာ သံဃာတော်တို့အား ကူညီခဲ့ပါသည်။ ဘုရားရှင် မိန့်ကြားနာပြီးနောက် မင်းကြီး၏ ပူပန်သောက စိတ်တို့သည် သက်သာရာကို ရစေခဲ့ပါသည်။ စိတ်ကို ကြည်လင်စေခဲ့ ပါသည်။


သံဃာ့ဂုဏ်တော်များကို မင်းကြီးက ခရေစေ့တွင်းကျ နားလည်သဘောပေါက်ထားသဖြင့် သူ့ဘ၀ တစ်လျှောက်လုံး သံဃာ့ကို အလုပ်အကျွေး ပြုခြင်းဖြင့် ကုန်လွန်စေခဲ့ပါသည်။ ဒါကြောင့် အဇာတ်တသတ်မင်းကို အဖေတူသားဟု ဆိုခြင်းဖြစ်သည်၊ ဒါကတော့ အဖေဖြစ်သော ဗိမ္ဗိသာရ မင်းရဲ့ ကောင်းတဲ့စရိုက်လက္ခဏာတွေကြောင့် သားဖြစ်သူအဇာတသတ်မင်းသား ကောင်းတဲ့စရိုက်တွေနဲ့ အဖေတူသားဖြစ်သွားခြင်းဖြစ်ပါတယ်၊

 သို့သော် အဇာတသတ်မင်းရဲ့သားဖြစ်တဲ့ ဥဒယဘဒ္ဒမင်းသားကတော့ အဖေဟာ အဘိုးကိုသတ်ပြီးမင်းလုပ်တာ၊ မင်းလုပ်တယ်ဆိုတာ အဖေကိုသတ်ပြီးမင်းလုပ်ရတာဖြစ်တာပါလားလို့ စိတ်ထဲမှာ မှတ်ထင်ပြီး အဖေအဇာတသတ်မင်းကိုသတ်ပြီး မင်းတက်လုပ်ပါတယ်၊ နောက် ဥဒယဘဒ္ဒရဲ့သား မဟာမုဏ္ဍိကမင်းသားကလည်း အဖေ ဥဒယဘဒ္ဒကိုသတ်၊ နောက် မဟာမုဏ္ဍိက ရဲ့သား အနုရုဒ္ဓါက အဖေ မဟာမုဏ္ဍိကကိုသတ်၊ နောက် အနုရုဒ္ဓါရဲ့သား နာဂဒါသက အဖေ အနုရုဒ္ဓါကို သတ်ပြီးမင်းလုပ်၊ နောက် နာဂဒါသမင်းကိုတော့ တိုင်းသူပြည်သားတွေက ဒီမင်းတွေဟာ အမျိုးအနွယ်ဖြတ်တောက်တဲ့ မင်းတွေပဲဆိုပြီး ၀ိုင်းသတ်လိုက်ကြပါတယ်၊ 

ဒီမှာပဲ အဖေသတ်တဲ့မင်းဆက်ပြတ်သွားပါတယ်၊ ဥဒယဘဒ္ဒစတဲ့ မင်းသားတွေဟာလည်း အဖေတူသားတွေပါပဲ ဒါပေမယ့် မကောင်းတဲ့ဘက်မှာ တူတဲ့. တုတဲ့အဖေတူသားတွေပဲဖြစ်ပါတယ်၊ အဇာတသတ်မင်းရဲ့ သူယုတ်မာကိုပေါင်းပြီးအဖေကိုသတ်မိတာက စလို့ သားစဉ်မြေးဆက်တိုင် မကောင်းတဲ့အကျင့်ဆိုးကြီးပါသွားခြင်းဖြစ်သည်၊ ဒီတော့ အဖေလုပ်တဲ့သူတွေဟာ မိမိတို့ရဲ့ သားသမီးတွေကို ကောင်းတဲ့စရိုက်ဘက်မှာ ကောင်းတဲ့အကျင့်ပိုင်းဆိုင်ရာမှာ အတုယူတတ်အောင် သင်ပေးဖို့ သိပ်လိုပါတယ် ၊ မိမိတို့ကိုယ်တိုင်က ကောင်းသော ရှေ့ဆောင်လမ်းပြဖြစ်မှသာလျင် နောက်ကသားသမီးတွေက ရှေ့ဆောင်နောက်ကို ဖြောင့်ဖြောင့်လိုက်ကြမှာဖြစ်ပါတယ်၊ အမှားကို မလိုက်မိကြမှာဖြစ်ပါတယ်၊ 

နိဂုံးချုပ်အနေနဲ့ပြောရရင် အဖေတွေအနေနဲ့ မိမိတို့ရဲ့ သားသမီးတွေကို အဇာတတသတ်မင်းရဲ့ သားစဉ်မြေးဆက်လိုမဖြစ်ရလေအောင် မိမိတို့ကိုယ်တိုင်လည်း သူယုတ်မာတွေနဲ့ မပေါင်းမိအောင် သားသမီးတွေကိုလည်း အပေါင်းအသင်းမမှားအောင် ထိန်းသိမ်းစောင့်ရှေုာက်ပြီး ကောင်းသောစရိုက်ရှိသော အဖေတူသားတွေ ဖြစ်စေဖို့ တိုက်တွန်းရင်း ဦးဇင်းရဲ့ အဖေတူသားဆိုတဲ့ စာစုလေးကို နိဂုံးချုပ်အပ်ပါသတည်း။


နေမိန္ဒ 
မဂဓတက္ကသိုလ်၊ ဗုဒ္ဓဂယာ၊ အိန္ဒိယ

Tuesday, February 25, 2014

ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်စေဖို့

                             
 ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်စေဖို့

ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်ဖို့အတွက်
နောက်အရည်အသွေးတစ်ခုကတော့

စကားကို ဉာဏ်နဲ့ချင့်ချိန်ဆင်ခြင်ပြီး မှပြောဆိုခြင်း ၊ သို့မဟုတ် နှုတ်စောင့်စည်းခြင်းဆိုတဲ့ အရည်အသွေးပါပဲ။

စကားကို ဉာဏ်နဲ့မဆင်ခြင်ဘဲ ပြောတတ်တဲ့သူ ၊ နှုတ်မစောင့်စည်းတဲ့သူဟာ စိတ်ရဲ့ငြိမ်းအေးမှုကို ဘယ်တော့မှ မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ နှုတ်မစောင့်စည်းဘဲ

အဆင်ခြင်မဲ့ ပြောလိုက်တဲ့စကားတွေရဲ့နောက်ကွယ်မှာ

စိတ်ဆင်းရဲစရာ ပြသနာတွေရှုပ်ထွေးစွာပါလာတတ်လို့ပါပဲ။


စကားတစ်ခွန်းပြောတော့မယ်ဆိုရင် ပြောသင့်၊ မပြောသင့်ဉာဏ်နဲ့အရင်ဆုံးဆင်ခြင်ပါ။

ပြီးရင် ပြောသင့်တာကိုပဲပြောပါ။

မပြောသင့်တာကို လုံးဝမပြောပါနဲ့။

ပြောသင့်တာကိုလည်းလိုအပ်သလောက်သာပြောပါ။

လိုအပ်တဲ့အတိုင်းအတာထက်ပိုပြီးမပြောပါနဲ့။

မလိုဘဲစကားကြောရှည်တာဟာ ဂုဏ်ယူစရာမဟုတ်ပါဘူး။

အချိန်လည်းကုန် ၊ လေလည်းကုန်ပါတယ် ။

အမှားတွေလည်းပါလာတတ်ပါတယ်။

တချို့က သတင်းအချက်အလက်လေးတစ်ခု ရလိုက်ပြီဆိုတာ နဲ့ ဘာမှ စဉ်းစားမနေတော့ဘဲ ချက်ချင်း ဟိုလူ့ပြော၊ ဒီလူ့ပြော လုပ်တတ်ကြတယ်။ လူကိုယ်တိုင် ပြောခွင့်မသာရင် ဖုန်းနဲ့ဆက်ပြောတတ်ကြတယ် ။ပြောဖို့လိုသလား ၊ မလိုဘူးလား ဘာမှဆင်ခြင်မနေတော့ဘူး ။ အဲဒီလိုလူတွေဟာ အများအားဖြင့် ပြောဖို့မလိုတာတွေပဲ ပြောနေတတ်ကြတာပါ။

ဝမ်းမနိုင်လို့ ဗျစ်ခနဲ ထွက်တတ်တာကို မအောင့်နိုင်ရင်တောင်မှ ပါးစပ်မနိုင်လို့ ထစ်ခနဲ ထွက်တတ်တာကိုတော့ သတိကြီးကြီး ၊ ဉာဏ်ကြီးကြီးနဲ့ထိန်းသိမ်းစောင့်စည်းနိုင်ရပါမယ်။

တချို့က တို့ကမှန်တာပြောတာပဲ ၊ တို့ကဟုတ်တာပြောတာပဲ ၊

တို့ကပွင့်ပွင့်လင်းလင်းပြောတာပဲ ဆိုပြီးစကားကို အထိန်းအကွပ်မရှိ ၊ အစည်းအစောင့်မရှိ ၊ အဆင်အခြင်မဲ့ စွတ်စွတ်ပြောတတ်ကြပါတယ်။

အဲဒီလို စိတ်မနိုင်နင်းစွာ ပရမ်းမတာပြောရတာကိုပဲ တို့ကဘွင်းဘွင်းသမားလို့ တလွဲ ဂုဏ်ယူနေတတ်ကြပြန်ပါသေးတယ်။

တကယ်တော့ စကားကို အထိန်းအစောင့်မရှိလွှတ်ကနဲပြောတတ်တဲ့သူတွေဟာ စိတ်ဓါတ်ပျော့ညံ့တဲ့သူ ၊ စိတ်ထိန်းချုပ်နိုင်စွမ်းမရှိတဲ့သူ ၊ စိတ်အရည်အသွေးညံ့ဖျင်းတဲ့သူ ၊ စိတ်တန်ခိုအားကင်းမဲ့တဲ့သူတွေပါပဲ။

ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် တစ်ဖက်သားရဲ့ ဂုဏ်သိက္ခာ ထိခိုက်သွားမလား ၊ တစ်ဖက်သားအကျိုးပျက်စီးသွားမလား ၊ တစ်ဖက်သား စိတ်ဆင်းရဲသွားမလားဆိုတာ အမြဲဆင်ခြင်ရပါမယ် ။

သူကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ်ပြောလိုက်လို့တစ်ဖက်သားမှာ တကယ်အကျိုးရှိသွားရင်တော့ အခြေအနေ အချိန်အခါ ကြည့်ပြီး ပြောရမှာပေါ့။ ဒါပေမဲ့သူမကြိုက်တာပြောလိုက်လို့သူ့အတွက်လည်း ဘာမှအကျိုးထူးမသွားဘူးဆိုရင်တော့ ကောင်းစေချင်လို့ပြောတာပါ ဆိုပြီးနာမည်ကောင်း ယူမနေပါနဲ့ ။ အလကားပါပဲ။ ဘယ်သူကမှ ကျေးဇူးတင်နေမှာ မဟုတ်ပါဘူး ။

ဒီနေရာမှာ စကားပြောတိုင်း မြတ်စွာဘုရားရှင်ရဲ့ သုဂတ ဂုဏ်တော်ကို အမြဲသတိရဖို့ တိုက်တွန်းချင်ပါတယ် ။

သုဂတ ဂုဏ်တော်ရဲ့ အဓိပ္ပာယ်အများကြီးထဲက တစ်ခုကတော့ ကောင်းသောစကားကိုဆိုတော်မှုတတ်သော မြတ်စွာဘုရားပါ။ ကောင်းသောစကားဆိုတာ မှန်လည်းမှန် အကျိုးလည်းရှိတဲ့စကားကို ခေါ်ပါတယ် ။

မှန်ကန်၍အကျိုးရှိသောစကားကိုသာ ဆိုတော်မှုတတ်သော မြတ်စွာဘုရား လို့ ထပ်ခါထပ်ခါပွားများရင်းနဲ့ ငါလည်းမှန်တာပဲပြောမယ်။ မှန်တိုင်းမပြောဘူး၊ အကျိုးရှိတာပဲပြောမယ်လို့ နှလုံးသွင်းဆင်ခြင်နိုင်ခဲ့မယ်ဆိုရင် နှုတ်ကို စောင့်စည်းတဲ့သူ ၊ စကားကို ဉာဏ်နဲ့ချင့်ချိန်ဆင်ခြင်ပြီးပြောတဲ့သူ ဖြစ်လာမှာမလွဲပါဘူး ။

စကားတိုင်းမှာ ဉာဏ်ပါလာပြီဆိုရင် လိမ်ညာစကားတွေလည်း မပြောဖြစ်တော့ပါဘူး ။

ကုန်းတိုက်တဲ့စကားတွေလည်း မပြောဖြစ်တော့ပါဘူး ၊

ကြမ်းတမ်းရိုင်းပျတဲ့စကားတွေလည်း မပြောဖြစ်တော့ပါဘူး ။

အကျိုးမရှိတဲ့ အနှစ်မဲ့စကားတွေလည်း မပြောဖြစ်တော့ပါဘူး ။

ဆင်ဆင်ခြင်ခြင် ထိန်းထိန်းသိမ်းသိမ်း ပြောတဲ့စကားတွေရဲ့ နောက်ကွယ်မှာ စိတ်ဆင်းရဲစရာ ဘာမှပါမလာတော့တဲ့အတွက် စကားဆင်ခြင်ပြောသူဟာ ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်ရပါတယ်။

ဘာစကားပဲဖြစ်ဖြစ်

လိုအပ်မှပြောတာပဲကောင်းပါတယ်။

လောလောဆယ်ပြောဖို့မလိုအပ်သေးရင်

တစ်စက္ကန့်လေးပဲဖြစ်ဖြစ် ၊ တစ်မိနစ်

လေးပဲဖြစ်ဖြစ်အချိန်ဆိုင်းထားလိုက်ပါ ။

နောက်တစ်နာရီမှပြောသင့်တဲ့စကား

နောက်တစ်နာရီမှပြောပါ။ သတိရတုန်း

ဆိုပြီးချက်ချင်းမပြောလိုက်ပါနဲ့ ။

နောက်တစ်ရက်မှပြောသင့်တဲ့စကား

နောက်တစ်ရက်မှပြောပါ။ မေ့သွားမှာစိုးလို့ဆိုပြီး ဒီနေ့မပြောလိုက်ပါနဲ့။

ကိုယ့်အတွက်လည်းဘာမှအကျိုးမရှိ

သူ့အတွက်လည်း ထိခိုက်နစ်နာစေမယ့်

စကားမျိုးဆိုရင်မှန်နေတောင်

မှလုံးဝ မပြောပါနဲ့။

လုပ်ကြံပြီးပြောဖို့ကတော့ စိတ်ကူးထဲတောင်မထည့်ပါနဲ့။

                                         (အရှင်ဆန္ဒာဓိက)


  အနှိုင်းမဲ. စာတိုပေစများ မှ
ဆရာတော် အရှင်ဆန္ဒာဓိက ၏ ငြိမ်းအေးသောဘ၀ပိုင်ရှင် မှ အသံနဲ့ အမှားနှောမှလား ၊ ဉာဏ်နဲ့စကားပြောမှာလား ဆောင်းပါးကို ကူးယူပူဇော်ပါသည် 

သူ့အမြင် ကိုယ့်အမြင် ဓမ္မအမြင်


"သူ့အမြင် ကိုယ့်အမြင် ဓမ္မအမြင်"

ကိံဒိဋ္ဌိကသုတ် မြတ်စွာဘုရား သာဝတ္ထိမြို့ ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတဲ့အချိန်။ အနာထပိဏ် သူဌေးကြီးက နေမွန်းတည့်တဲ့ အချိန် ဘုရားကျောင်းကိုသွားဖို့ ဆန္ဒရှိတယ်။ မနက် နေ့ပိုင်း ညနေ တစ်နေ့ သုံးကြိမ် ဘုရားကျောင်းသွားတယ်။ တစ်ရက်တော့ အဲဒီ နေ့လယ်အချိန် မြို့ကထွက်ပြီး ဇေတဝန်ကျောင်းဘက်ကိုသွားရင်းစဉ်းစားမိတယ် ' သြော် ဒီအချိန်မှာ မြတ်စွာဘုရား ဟာ တစ်ပါးတည်း ကိန်းအောင်းနေတယ်' ။

( ကိန်းအောင်းနေတယ်ဆိုတာ ကျိန်းနေတာကို ပြောတာမဟုတ်) ခုခေတ်ကတော့ အဲဒီစကားလုံး ကို ယူပြီးတော့ ' ဘုန်းကြီး ကျိန်းနေတယ် ကျိန်းနေတယ်' ဆိုတာ လူတွေက အိပ်နေတယ်လို့ ထင်တာနော်။ဘုန်းကြီးပဲ တနေကုန် အိပ်နေရင် ဘယ်ဟုတ်မတုန်း။
မြန်မာစာပေမှာလည်း အဓိပ္ပါယ်ပြန်ရင် ပြန်တတ်ဖို့ လိုတယ်။" ဇေတဝန်ကျောင်း၌ ကိန်းအောင်း မွေ့လျော် စံပျော်တော်မူသောအခါ" ဆိုတာ ကြားဖူးကြလိမ့်မယ်။ … … …

ဇေတဝန်ကျောင်းမှာ နေပြီးတော့ သမာပတ်တွေ ဝင်စားနေတယ်။ကမ္မဋ္ဌာန်းထိုင်နေတယ်။ ကမ္မဋ္ဌာန်း
နှလုံးသွင်းနေတယ်။ တရားနှလုံးသွင်းနေတယ်။ အဲဒါကို ကိန်းတယ်လို့ ခေါ်တာ။ အဲဒီကိန်းနေတယ်ဆိုတဲ့ စကားလုံးက ဘယ်ကရလာတာတုန်းဆိုတော့ " ပဋိသလ္လာန" ဆိုတဲ့ စကားလုံးကရတာ။

" ပဋိသလ္လာန" ဆိုတဲ့ စကားလုံးကို ကိန်းအောင်းတယ်လို့ မြန်မာက ပြန်တာ။ မူရင်းအဓိပ္ပါယ်က ~
"ပဋိ" ဆိုတာ ထိုထို အာရုံသို့ ပြေးသွားနေတဲ့စိတ်ကို ထိုထိုအာရုံမှ ရုပ်သိမ်းနောက်ဆုတ်ပြီး "လီန" -အာရုံတစ်ခုတည်းပေါ်မှာငြိမ်အောင်ထားလိုက်တာ။ ဒီလို အဓိပ္ပါယ်ရတာ။ အဲတော့ကမ္မဋ္ဌာန်း နှလုံးသွင်းနေတဲ့ အဓိပ္ပါယ်ပေါ့။

ဆိုပါစို့-- ဘုန်းကြီးတို့တတွေရဲ့စိတ်ဟာဒီအတိုင်းလွှတ်ထားကြညိ့ပါလား။ တောင်တွေးမြောက်တွေး တွေးနေမှာပေါ့။ မြင်ရငိမြင်တဲ့ဆီ ကြားရင်ကြားတဲ့ဆီ အနံ့ရရင် အနံ့ ရတဲ့ဆီ ရောက်သွား လိုက်နော်။ဘာမှ မရင်လည်း ဟိုတွေးဒီတွေး တွေးနေတယ်။ စိတ်က လျှောက်ပြေးနေတာ။

အဲဒီလို ပြေးနေတဲ့စိတ်ကို ထိုထိုအာရုံတွေသို့ မသွားရအောင် နောက်ဆုတ်လိုက်ပြီး အာရုံ တစ်ခုတည်းပေါ်မှာ ရပ်သွားအောင်လုပ်လိုက်တာ။ထွက်လေဝင်လေမှတ်နေရင်လည်း ကိန်းအောင်း တယ်လို့ ဒီလိုပြောတာနော်။ စိတ်ကလေးဟာ အာရုံတစ်ခုတည်းပေါ်မှာ ကိန်းသွားအောင် အောင်းနေအောင် လုပ်လိုက်တာ။ဒီလိုဆိုလိုတာ။

ကဲ ဘုန်းကြီးတို့တတွေ တစ်နေ့မှာ ဘယ်နှစ်ကြိမ်များ အောင်းကြတုန်းနော်။ ဘယ်နှစ်ကြိမ်များ ကိုယ့်စိတ်ကို အာရုံလေးပေါ်မှာ အောင်းထားနိုင်တုန်း။ ဘုရား ရဟန္တာတွေကတော့ အားပြီဆိုတာနဲ့ တပြိုင်နက် " ပဋိသလ္လာန" နောက်ဆုတ်ပြီးတော့ အာရုံတွေ မသွားရအောင် စိတ်ကလေးကို ဖမ်းချုပ်လိုက်ပြီး ကိုယ်လိုချင်တဲ့အာရုံ (နိဗ္ဗာန်အာရုံ ပဲဖြစ်စေ သမထကမ္မဋ္ဌာန်းအာရုံပဲဖြစ်စေ ဝိပဿနာကမ္မဋ္ဌာန်းအာရုံ တစ်ခုဖြစ်စေ) အာရုံ တစ်ခုခုပေါ်မှာ ပို့လွှတ်ပြီး အဲဒီအာရုံနဲ့ နေတာကို ကိန်းအောင်းတယ်လို့ ဒီလိုပြောတာ။ အဲတော့ အဓိပ္ပါယ်အမှန်ကို သိဖို့ လိုအပ်တယ်ပေါ့။


အဲတော့ အနာထပိဏ်သူဌေးက စဉ်းစားတယ် " ဒီအချိန်ဟာ မြတ်စွာဘုရား ကိန်းအောင်း နေသေးတယ် သမာပတ်ဝင်စားနေတယ်။ ဘုရားဖူးဖို့ အချိန်မဟုတ်သေးဘူး"။ ဆိုလိုတာက အေး ဒီအချိန်ဟာ ဘုရားသွားဖူးဖို့ မတော်သေးဘူး သမာပတ်ဝင်စားနေတယ် ဒီလို ပြောတာနော်။ သူ့အချိန်နဲ့သူ အလုပ်လုပ်ကြတာကိုး။

တစ်ခါ မနောဘာဝနိယ - ကုသိုလ်စိတ်ကို တိုးပွား တိုးတက်စေတတ်တဲ့ ရဟန္တာအရှင်မြတ်တွေကို သွားဖူးဖို့ဆိုတာလည်း အချိန်မဟုတ်သေးဘူး။ဘာလို့တုန်းအား လုံးဟာ ကိုယ့်ကမ္မဋ္ဌာန်းကို နှလုံးသွင်းပြီး အေးအေးချမ်းချမ်းနေတဲ့အချိန် ဖြစ်တယ်။ သွားတွေ့လို့ မတော်သေးဘူး။ ဒါ သူစဉ်းစားပုံမျိုးကို ပြောတာနော်။

အဲဒီလို ဇေတဝန်ကျောင်းဖက် ထွက်လာပြီး မှ တွေ့ဖို့ အချိန် မဟုတ်သေးဘူးဆိုပြီး လမ်းခုလတ်မှာ အချိန်ကလေး ပိုနေလို့ဆိုပြီး ဘယ်ကို ဝင်လိုက်တုန်းဆိုတော့ ပရိဗိုဇ်တွေနေတဲ့ကျောင်းထဲကို ဝင်သွားတယ်။ ပရိဗိုဇ်ဆိုတာ ပရိဗ္ဗာဇက ဆိုတဲ့ စကားလုံးကလာတာ။… ……

ပရိဗ္ဗာဇက ကို အင်္ဂလိပ်လို Wanderer လို့ပြန်တယ်။ လျှောက်သွားနေသူ ။ လျှောက်သွားပြီးတော့ ဟိုဟာငြင်း ဒါငြင်း။ အဲဒီလို အယူဝါဒတွေ သင်ယူပြီးတော့ အငြင်းအခုံတွေ အင်မတန်မှများတယ်။

သစ္စကတို့လို ပရိဗိုဇ်တွေပေါနော်။ ပရိဗိုဇ်တွေဟာ မြတ်စွာဘုရားလက်ထက်မှာ အင်မတန်များတယ်။ အရှင်သာရိပုတ္တရာတို့ အရှင်မောဂ္ဂလ္လာန်တို့လည်းပဲ မြတ်စွာဘုရားဆီ မရောက်ခင်ကသူတို့လည်း ပရိဗိုဇ်တွေပဲ။

ပရိဗ္ဗာဇက မှာ ပရိ- ဆိုတာ ပတ်ဝန်းကျင်ကို ဗာဇက - လှည့်ပတ်သွားလာနေတဲ့ ပုဂ္ဂိုလ်မျိုးတွေ။ ဘာသာရေး ဂိုဏ်းတစ်ဂိုဏ်းလို့ ပြောရမှာ ။ သူတို့ရဲ့ ခေါင်းဆောင်က ဘယ်သူလဲဆိုတော့ သဉ္စယ ဗေလဋ္ဌပုတ္တ ။ မြန်မာတွေမှာ သိဉ္စည်းဆရာကြီးလို့ သိကြတယ်။ ပရိဗိုဇ်တွေရဲ့ခေါင်းဆောင်ပေါ့။…


ပရိဗိုဇ်တွေဟာ လွတ်လပ်ပုံရတယ်။တချို့က ပရိဗိုဇ်ဝတ်နဲ့ပဲ ဗုဒ္ဓဘာသာဖြစ်နေတာရှိတယ်။ မြတ်စွာဘုရားကို ကြည်ညိုတဲ့ ပရိဗိုဇ်တွေလည်းရှိတယ်။ ဆန့်ကျင်တဲ့ပရိဗိုဇ်တွေလည်းရှိတယ်။ သူတို့ကတော့ အယူဝါဒတစ်ခုကို ဆွဲကိုင်ပြီး ငြင်းကြခုန်ကြတဲ့ ပုဂ္ဂိုလ်မျိုးတွေပဲ။  ခုခေတ်လိုဆိုရင် "ဒဿန" သမားတွေပေါ့။ ဒဿနသမားတွေ သူ့အမြင် ကိုယ့်အမြင်နဲ့ ငြင်းကြတယ် ခုန်ကြတယ်။

အနာထပိဏ်သူဌေးကြီး ဝင်လာတဲ့အချိန် အဆောက်အဦတစ်ခုမှာ ပုရဗိုဇ်တွေစုပြီး ဆူညံစွာ စကားပြောနေကြတယ်တဲ့။ဆူဆူညံညံနဲ့ ငြင်းကြခုန်ကြတယ်။ အရပ်ထဲက ကာလးတွေလိုပေါ့။ အနာထပိဏ်သူဌေးကြီးဝင်လာတာလည်းမြင်ရော တစါယောက် တစ်ယောက်ရှုးရှုးလုပ်ပြီး တိတ်တိတ်နေဖို့ ပြောကြတယ်။

" တိတ်တိတ်နေကြ တိတ်တိတ်နေကြ ဟိုမှာ အနာထပိဏ်သူဌေး လာနေပြီ။ အနာထပိဏ် သူဌေးဆိုတာ ဂေါတမဘုရားရဲ့ တပည့် တကယ့်အရင်းအချာကျောင်းဒယကာကြီး ဖြစ်တယ်။ ဂေါတမဘုရားရဲ့ တပည့်တွေဟာ တိတ်တိတ်နေတာ အင်မတန်မှကြိုက်တယ်။ သူတို့ ဘုရားကိုယ်တိုင်ကလည်း တိတ်တိတ်နေဖို့ အမြဲဆုံးမတယ်။

သူတို့ကလည်းပဲ တိတ်ဆိတ်နေတာ အင်မတန်မှ ကြိုက်တယ်။ တိတ်တိတ်နေမှ သူက တို့ဆီလာမှာ။ ဒီလို ဆူဆူပူပူ ဆူညံဆူညံနဲ့ စကားပြောနေရင်သူ တို့ဆီလာမှာ မဟုတ်ဘူး" အနာထပိဏ် သူဌေးကိုလည်း မြင်လိုက်ရော တခါတည်း မီးကို ရေနဲ့ ငြှိမ်းလိုက်သလို ငြိမ်ကျသွားတယ်။

အရှန်သတ်လိုက်ကြတာနော်။ ဒါက ဖြစ်ရိုးဖြစ်စဉ်ပဲ။ မြတ်စွာဘုရားက တိတ်ဆိတ်ငြိမ်သက်မှုကို အလွန်ကြိုက်တယ်။ ဆူဆူညံညံလုပ်ရင် မကြိုက်ဘူး။(အဲဒါ ဗုဒ္ဓဘာသာဝင်တွေ သတိထားဖို့တော့ ကောင်းတယ်ပေါ့နော်) မြတ်စွာဘုရားက အင်မတန်မှ တိတ်ဆိတ်တာကို ကြိုက်တယ်။ ဒါကြောင့်မို့ တိတ်ဆိတ်ငြိမ်သက်မှုကို ဦးစားပေးလေ့ရှိတယ်။

တိတ်ဆိတ်ငြိမိသက်မှုကို မြတ်စွာဘုရားကိုယ်တိုင်က ကြိုက်တယ်ဆိုတဲ့အကြောင်း မြတ်စွာဘုရား တပည့်သာဝကတွေက ကြိုက်တယ်ဆိုတဲ့အကြောင်းကို တခြားဘာသာဝင်တွေကပါ သိကြတယ် ပေါ့နော်။ ဒီတိတ်ဆိတ်ငြိမ်သက်မှုဟာအသိဥာဏ်ကို ဖွံ့ဖြိုးစေနိုင်တယ်တဲ့။ ဆူညံမှုက အသိဥာဏ်ကို မဖွံ့ဖြိုးစေနိုင်ဘူးတဲ့။ီလိုဆိုလိုတာနော်။

အဲတော့ မြန်မာပြည်က လူတွေက ဘာကြောင့် ဆူညံမှုကို ကြိုက်နေကြတယ်မသိဘူး။ အသံချဲ့စက်ကြီးတွေနဲ့ ဆူညံမှုတွေ တော်တော်များတယ်နော်။ ဟို နိုင်ငံခြားတိုင်းပြည်တွေမှာ ( အမေရိကတို့ အင်္ဂလန်တို့ နိုင်ငံတွေမှာ) တိတ်ဆိတ်နေတာပဲ။ငြိမ်သက်နေတာပဲ။


ဘယ်နေရာ တရားအားထုတ်ထုတ် ရနိုင်တဲ့ အမေအထားမျိုးရှိတယ်။ ဆူညံတာ မလုပ်ကြဘူး။ သို့သော်တိတ်ဆိတ်ငြိမ်သက်မှုကို ဗမာပြည်က မကြိုက်ဘူး။ ဆူညံတာကို ကြိုက်တဲ့ သဘော ဖြစ်နေတယ်။ အဲတော့ တိတ်ဆိတ်ငြိမ်သက်တာဟာ အင်မတနိမှ ကောင်းတယ်တဲ့။
ဆူတာညံတာကို Noise - pollution လို့ ခေါ်တယ်။လောကမှာ ကျန်းမာရေးထိခိုက်တဲ့ အရာတွေ ရှိတယ်။

Air - pollution ကလည်းကျန်းမာရေးကို ထိခိုက်စေတယ်။ ညစ်ညမ်းတဲ့လေတွေကို ရှုရှိုက်ရရင် ကျန်းမာရေးကို ထိခိုက်တယ်။ Water pollution ညစညမ်းတဲ့ရေကို သောက်သုံးလိှို့ရှိရင် ကျန်းမာရေးထိခိုက်တယ်။ ဒီနှစ်ခုတော့ အများအားဖြင့် သိကြတယ်။ ခုနောက်တစ်ခုထပ်ထည့်ရမယ်။ ဘာတုန်းဆိုတော့ Light -pollution တဲ့နော်။

နေ့ရောညရော လျှပ်စစ်မီးကြီးတွေ ထိန်ထိန်ညီးညီး ထွန်းထားတဲ့အခါကျတော့ Light- pollution ဖြစ်လာတယ်။ ဗမာပြည်ကတော့ လွတ်ကင်းပါတယ်။ အမှောင်ကလေးတွေ မြင်ရသေးတယ်။ ဗမာပြည်မှာတော့ Light-pollution တော့မရှိဘူး။ Noise -pollution တော့ရှိတယ်။

အနာထပိဏ်သူဌေးကြီးလာတာလည်းမြင်လိုက်ရော" ဟေ့ တိတ်တိတ်နေကြ တိတ်တိတ်နေကြ သူဟာ တိတ်ဆိတ်မှုကိုကြိုက်တယ်ရဟန်းဂေါတမရဲ့ တပည့်ထဲမှာ သူဟာထင်ရှားတဲ့ တပည့်ဖြစ်တယ်ပေါ့။

တိတ်ဆိတ်မှုကို ကြိုက်တဲ့တပည့်ဖြစ်တယ်။ အဲဒါမှ ဒို့ဆီကို လာလိမ့်မယ်" လို့ပြောပြီး ငြိမ်နေလိုက်ကြတာ။ အနာထပိဏ်သူဌေးက ရောက်သွားတယ်။ သူတို့ အသိုင်းအဝိုင်းထဲမှာ ထိုင်တယ်။ ဝိုင်း ပြီးမေးခွန်းတွေ မေးကြတာပေါ့။
ကဲ ဘယ်လိုမေးကြပြီး ဘယ်လိုဖြေတယ် ဆိုတာတော့ မနက်ဖြန်ညမှာ ဆက်ကြတာပေါ့နော်…။

* ရွှင်လန်းချမ်းမြေ့ကြပါစေ*
ဆရာတော်ကြီး၏ ကျေးဇူးဂုဏ်တို့ကို ရည်မှန်းလျက် လက်ဆယ်ဖြာထိပ်မှာမိုး၍ ရှိခိုးကန်တော့လိုက် ရပါတယ်ဘုရား။

လမင်းကြယ်စင်



Monday, February 24, 2014

နှလုံးသားဝယ် ဘုရားတည်တဲ့အလုပ်





 နှလုံးသားဝယ် ဘုရားတည်တဲ့အလုပ် 
မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်ကို ပွားနေတာဟာ နှလုံးသားထဲမှာ ဘုရားတည်နေတာပါပဲ။

နှလုံးသားမှာ ဘုရားတည်တဲ့အလုပ်က ဘုရားရှေ့မှာ သီးခြားထိုင်ရင်းနဲ့မှ လုပ်လို့ရတာ မဟုတ်ပါဘူး။ သွားရင်းလာရင်း၊ လုပ်ရင်းကိုင်ရင်း၊ စားရင်းသောက်ရင်း၊ လျှော်ရင်းဖွပ်ရင်းနဲ့လည်း လုပ်လို့ရပါတယ်။

စိတ်အပြည့်နှစ်ပြီး လုပ်ရတဲ့ အလုပ်တချို့ကလွဲရင် အလုပ်တော်တော်များများဟာ စိတ်အားတဲ့အလုပ်တွေပါ။ စိတ်အားလို့လည်း အလုပ်လုပ်ရင်း ဟိုတွေးဒီတွေး တွေးလို့ ရနေတာပေါ့။ ဟိုပြောဒီပြောလို့ ရနေတာပေါ့။

အပို တွေးပြီး အပိုတွေ ပြောနေမယ့်အစား တစ်ဖက်က လုပ်စရာရှိတဲ့ အလုပ်ကို အမှားအယွင်းမရှိအောင် 
ဂရုတစိုက်လုပ်ရင်း တစ်ဖက်က ကြိုးကြားကြိုးကြား ဂုဏ်တော်ပွားသွားမယ်ဆိုရင် အလုပ်လုပ်ရင်း ဘုရား
ပေါင်းများစွာ တည်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

အဲဒီတော့ အပြင်မှာဘုရားတည်တဲ့ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ မတည်တဲ့ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ မည်သူမဆို ဗုဒ္ဓဘာသာ
မှန်ရင်တော့ နှလုံးသား ဘုရားတည်တဲ့အလုပ်ကို လုပ်ကိုလုပ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ မြတ်စွာ
ဘုရားရဲ့ ကျေးဇူးတွေက ကိုယ့်အပေါ်မှာ ကြီးမား လွန်းလို့ပါပဲ။ ကိုယ့်ရဲ့ ကျေးဇူးရှင်ပုဂ္ဂိုလ်ကို အမြဲမပြတ် 
သတိရတဲ့အလုပ်ဆိုတာ သူတော်ကောင်း ပုဂ္ဂိုလ်မှန်ရင် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပါပဲ။ 

- အရှင်ဆန္ဒာဓိက( ရွှေပါရမီတောရ)

Sunday, February 23, 2014

မိမိကိုယ်ကို ဆင်ခြင်နည်း


မိမိကိုယ်ကို ဆင်ခြင်နည်း


၁။ ပါပိစ္ဆာ--
အလိုဆိုးရှိသောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အလိုဆိုးရှိသူ ဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အလိုဆိုးရှိသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၂။ အတ္တုက္ကံသန ပရဝမ္ဘန--
မိမိကိုယ်ကို မြှင့်တင်၊ သူတစ်ပါးကို ရှုတ်ချတတ်သောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း မိမိကိုယ်ကို မြှင့်တင်၊ သူတစ်ပါးကို ရှုတ်ချတတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ မိမိကိုယ်ကို မြှင့်တင် သူတပါးကို ရှုတ်ချသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၃။ ကောဓန--
အမျက်ထွက်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အမျက်ထွက်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အမျက်ထွက်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၎။ ဥပနာဟီ --
အမျက်ထွက်ခြင်းဟူသော အကြောင်းကြောင့် ရန်ငြိုးဖွဲ့သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ရန်ငြိုးဖွဲ့တတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြ မည် မဟုတ်” ဟု ရှုဆင်ခြင်၍ ရန်ငြိုးဖွဲ့တတ်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၅။ အဘိသင်္ဂိ --
အမျက်ထွက်ခြင်းဟူသော အကြောင်းကြောင့် အစွဲကြီးသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အစွဲကြီးသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အစွဲကြီးသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၆။ ကောဓနော ကောဓသာမန္တဝါစံ နိစ္ဆာရေတာ --
ရန်စကားပြောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ရန်စကားပြောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ရန်စကားပြောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၇။ ပရိပ္ဖရတိ--
စောဒက က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြုသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက် ပြုသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်”ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက် ပြုသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၈။ အပသာဒေတိ--
စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်းသော သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်းသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၉။ ပစ္စာရောပေတိ--
စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သော သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၀။ အညေနညံ ပဋိစရတိ ဗဟိဒ္ဓါ ကထံ အပနာမေတိ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ--
စောဒက-က စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သော သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒကက စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၁။ အပဒါနေ န သမ္ပာယတိ--
စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆို နိုင်သောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆိုနိုင်သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် ဖြေဆိုတတ်သူ ဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၂။ မက္ခီ ပဠာသီ--
ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၃။ ဣဿုကီ မစ္ဆရီ--
မနာလို ဝန်တိုသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း မနာလို ဝန်တိုသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြ မည် မဟုတ်” ဟု ရှုဆင်ခြင်၍ မနာလို ဝန်တိုသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၄။ သဌော မာယာဝီ --
ဟန်ဆောင်သူ လှည့်ပတ်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ဟန်ဆောင်သူ လှည့်ပတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ဟန်ဆောင်သူ လှည့်ပတ်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၅။ ထဒ္ဓေါ အတိမာနီ --
ခက်ထန် မောက်မာသောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ခက်ထန် မောက်မာသောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ခက်ထန် မောက်မာသောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၆။ သန္ဒိဋ္ဌိ ပရာမာသီ အာဒါနဂ္ဂါဟီ ဒုပ္ပဋိနိဿဂ္ဂီ --
မိမိအယူကို စွဲလမ်းတတ်သော၊ မြဲမြံစွာ ယူတတ်သော၊ မစွန့်လွှတ်နိုင်သောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း မိမိအယူကို စွဲလမ်းတတ်သော၊ မြဲမြံစွာ ယူတတ်သော ၊ မစွန့်လွှတ်နိုင် သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ မိမိအယူကို စွဲလမ်းတတ်သော ၊ မြဲမြံစွာ ယူတတ်သော၊ မစွန့်လွှတ်နိုင်သောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

ဤသို့ နေ့ရော ညပါ အခါမလပ် ရှုဆင်ခြင်ပါက “ပီတိ ပါမောဇ္ဇ” တရား တနေ့တခြား တိုးပွားလာသည့်အပြင် ကြေးမုံ မှန်ပြင်ကို ကြည့်ရှုသောသူသည် မိမိမျက်နှာရိပ်ကို ထင်ရှားစွာ တွေ့မြင်ရဘိသကဲ့သို့ --
“အပါယဂမနီယ အကုသိုလ်ပါပဓမ္မများ” ကို “မိမိလက်ကို အတင်းအကြပ် ဆွဲခေါ်နေသော သူသတ်သမား” အသွင် ထင်မြင်လာပါတော့သည်။
ထိုအခါ အကုသိုလ်တရားများကို ပယ်ရှားရန်အတွက် “ကသိုဏ်းပရိကမ် အလုပ်”ကို အားထုတ်လျက် “ ဝိပဿနာတရား” ထပ်ဆင့်ပွားများပြီးလျှင် “သန္တိသုခ အမတနန်း” သို့ တက်လှမ်းနိုင်မည်သာ ဖြစ်ပါတော့သည်။

ဘဒ္ဒန္တ သီရိန္ဒာဘိဝံသ ၊ မစိုးရိမ်ဆရာတော်ကြီး ၏ ဩ၀ါဒကထာကို ပြန်လည်ဖော်ပြပါသည်၊


Saturday, February 22, 2014

အချစ်ဘယ်က စခဲ့စလဲ

အချစ်ဘယ်က စခဲ့စလဲ
အချစ်အကြောင်းပြောပြီဆိုရင် “အချစ်စတင်ဖြစ်ပုံလေး” 
ပါပြောပြမှ ပြည့်စုံသွားမှာပါ။ အချစ်စတင်ဖြစ်ပုံအကြောင်းလေးကို အကျဉ်းချုပ်လောက်
ပြောပြရအောင်ပါ။

ကမ္ဘာကြီးပျက်တော့ ကမ္ဘာသစ်တစ်ခု ပြန်တည်တဲ့ အခါမှာ ဘယ်သူတွေအရင်ရောက်လာသလဲ ဆိုတော့ဗြဟ္မာတွေ၊ ဗြဟ္မာ့ပြည်ကနေစုတေပြီး လူ့ပြည်မှာ ဥပပတ်ပဋိသန္ဓေစိတ်နဲ့ လူလာဖြစ်ကြပါတယ်။

အဲလိုလူလာဖြစ်တဲ့အချိန်မှာ ယောင်္ကျား၊မိန်းမဆိုတဲ့ ဣတ္ထိဘ၀ရုပ်၊ ပုရိသဘာဝရုပ် ထင်ထင်ရှားရှား မဖြစ်သေးပါဘူး။ ပြီးတော့ ကိုယ်ရောင်ကိုယ်ဝါတွေနဲ့ ဆိုတော့ နေတွေလတွေလည်း မလိုအပ်သေးပါဘူး။

အဲဒီမှာ တစ်ခုသတိထားရမှာက ဗြဟ္မာတွေ လူ့ပြည်ကို ဆင်းလာတာ မဟုတ်ပါဘူး။ စုတေပြီး လူ့ပြည်မှာ လူလာဖြစ်ကြတာပါ။ တချို့ က ကမ္ဘာဦးအစမှာ ဗြဟ္မာတွေ ဗြဟ္မာ့ပြည်ကဆင်းလာတယ်လို့ ပြောပြောနေကြလို့ပါ။ ဗြဟ္မာ့ပြည်က စုတေစဆိုတော့ “ပီတိလေး”တွေနဲ့ပဲ နေနေကြပါတယ်။ ဘာမှမစားကြသေးပါဘူး။

ကမ္ဘာပြုမိုးရွာထားပြီး တဖြည်းဖြည်းနဲ့ ရေတွေခန်း ခြောက်သွားတာဆိုတော့ မြေအထက်မှာ အပေါ်ယံမြေဆီတွေ ကျန်နေခဲ့ပါတယ်။ အဲဒီ မြေဆီတွေက နို့ရည်အထက်မှာ တက်နေတဲ့ မလိုင်လို ချိုဆိမ့်တဲ့ အနံ့အရသာ ရှိနေတယ်လို့ဆိုပါတယ်။

အဲဒီအထဲကမှ တစ်ယောက်က မွှေးကြိုင်နေတဲ့ မြေဆီလေးတွေကို “ဘယ်လိုအရသာရှိမလဲ”ဆိုပြီး လက်နဲ့တို့ပြီးလျက် ကြည့်လိုက်ပါတယ်။ “ဟာ...တော်တော်ကောင်းတာပဲ”ဆိုပြီး ဆက်စားပါတော့တယ်။ ကျန်တဲ့သူတွေကလည်း သူစားသလို လိုက်စားပါတော့တယ်။ ဒီတော့ ရသတဏှာဝင်လာပြီး ကိုယ်ယောင်ကိုယ်ဝါတွေလည်း ပျောက်သွားရော ဆိုပါတော့။

အဲဒီမှာ တချို့ အဆိုတော်တွေက “ဗြဟ္မာတွေ မြေသင်း စားလို့ ထူးဆန်းတဲ့ အချစ်ဖြစ်ပေါ်သည်...” စသည်ဖြင့်သီချင်းလုပ်ဆိုကြပါတယ်။တကယ်တော့ အဲဒီအချိန်မှာ“အချစ်” မဖြစ်ကြသေးပါဘူး။ သူတို့ရဲ့ သန္တာန်မှာ “ရသတဏှာ” ပဲ ၀င်လာသေးတာပါ။ နောက်တစ်ခုက ဗြဟ္မာတွေစားတာမဟုတ်ပါဘူး။ ဗြဟ္မာပြည်က စုတေပြီး “လူ” တွေဖြစ်နေပြီဖြစ်လို့လူတွေစားတာပါ။

ဒီလိုနဲ့ မြေဆီတွေစားရင်း စားရင်း ကုန်သွားတော့ ကံအားလျော်စွာ “သလေးဆန်”တွေ ပေါ်လာပါတယ်။ဒီသလေးဆန်တွေဟာ အိုးထဲထည့် မီးကျောက်ပေါ် တင်လိုက်တာနဲ့ အလိုလိုမီးတောက်ပြီး ထမင်းကျက်တာနဲ့ မီးလည်းငြိမ်းသွားပါတယ်။

မြေဆီမြေလွှာတွေ စားနေတုန်းကတော့ စားသမျှ အဆီအသားတွေဖြစ်ပြီး အဖတ်အကာ တချို့ သာကျန်တယ်လို့ဆိုပါတယ်။ အဲဒီအဖတ်အကာ တစ်ချို့ကိုလည်း ၀မ်းမီးကလောင်လိုက်တဲ့အတွက် ကုန်ခန်းကုန်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကျင်ကြီး ကျင်ငယ်ဆိုတာ မဖြစ်သေးပါဘူး။ သလေးဆန်တွေ စားလာတဲ့အခါမှာတော့ “ကျင်ကြီး၊ကျင်ငယ်” ဆိုတာဖြစ်လာပြီး ကျင်ကြီးကျင်ငယ် ထွက်ရာအပေါက်တွေလည်းဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။ဒီတော့မှ “ယောင်္ကျား၊ မိန်းမပုံ” သဏ္ဌာန်ဖြစ်တဲ့ “ဣတ္ထိဘာဝရုပ်၊ ပုရိသဘာဝရုပ်” တွေလည်း ထင်ထင်ရှားရှား ဖြစ်လာပါတော့တယ်။

ဗြဟ္မာ့ပြည်မရောက်ခင်က မိန်းမဖြစ်ခဲ့တဲ့သူက ဣတ္ထိဘာဝရုပ်ပေါ်လာပြီး ယောင်္ကျားဖြစ်ခဲ့တဲ့သူက ပုရိသဘာဝရုပ်ပေါ်လာတယ်လို့ ဆိုပါတယ်။ “နားနဲ့မနာ ဖ၀ါးနဲ့နာ” ဆိုတဲ့အတိုင်း နားနဲ့မဖတ်၊ ဖ၀ါးနဲ့ဖတ်လို့ ပြောရတော့မလား မသိပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်အင်္ဂါတွေမတူလို့ ၊ တစ်ယောက်အင်္ဂါ တစ်ယောက်ကြည့်ပြီး တပ်နှစ်သက်တဲ့ တဏှာရာဂ တွေဖြစ်လောပြီး စိတ်ကိုမချုပ်တည်းနိုင်တော့ဘဲ ကာမကိစ္စကို စတင်မှီဝဲကြပါသတဲ့။

ဒီတော့ ကျန်တဲ့သူတွေက မပြုကောင်းတာ ပြုရပါ့မလား ဆိုပြီးခဲနဲ့ဝိုင်းပေါက်ကြပါသတဲ့။ ကာမကိစ္စကို ပြုတဲ့သူတွေဟာ ပုန်းအောင်းရင်း အိမ်ရာများ သီးခြား တည်ထောင်ကြပါသတဲ့။ ဒီခေတ် မင်္ဂလာဆောင် ခဲပေါက်တဲ့ဓလေ့ဟာ ကမ္ဘာဦးကတည်းက စခဲ့တာလို့ဆိုပါတယ်။

ဒါဟာ ကမ္ဘာဦးအစအချစ်စတင်ဖြစ်ပေါ်ပုံ အကျဉ်းပါပဲ။ အကျယ်သိချင်တယ်ဆိုရင်တော့ “သုတ်ပါထေယျပါဠိတော်မြန်မာပြန် အဂ္ဂညသုတ်” နဲ့ ဆရာတော် အရှင်ဇနကာဘိဝံသရဲ့  သဂြိုဟ်ဘာသာဋီကာ၊ အခြေပြုပဌာန်းတရားတော် စာအုပ်တို့မှာ မြန်မာလို အကျယ်ရေးပြထားပါတယ်။ဒီမှာတော့ လိုရင်းခပ်ကျဉ်းကျဉ်းပဲ ရေးပြ လိုက်တာပါ။

အချစ်ဆိုတဲ့ တဏှာရာဂ၊ ကာမဂုဏ် ကိစ္စတွေကို ခံစားတာကို စာမှာဘယ်လို ဥပမာ ပေးထားသလဲ ဆိုတော့နူနာရောဂါသည်ဟာ ကိုယ့်ရဲ့ နူနာရောဂါ ယားယံလာတဲ့အခါသက်သာလိုသက်သာငြား မီးကင်တာနဲ့တူပါတယ်။ မီးကင်နေတုန်းမှာ အယားတဒင်္ဂ သက်သာသွားတယ်လို့ထင်ရပေမယ့် နောက်-ပိုးတွေ ပြန်ထိုးတော့ပြန်ယားပြီးပြန်ကင်ရတာပါပဲ။ နူနာရောဂါကို အမြစ်ပြတ်အောင် ဆေး
သောက်လိုက်မှပဲ မကင်ရတော့မှာပါ။

အာရုံငါးပါးကာမဂုဏ်တရားတွေကို ခံစားတာဟာ နူနာမီးကင်တာနဲ့ တူတယ်ဆိုတော့ -
 
♦ ကိုးရီးယားကားလေး ကြည့်နေတာလည်းမီးကင်နေတာပါပဲ။
♦ ဘောလုံးပွဲတွေ ကြည့်နေနေတာလည်းမီးကင်နေတာပါပဲ။
♦ ကာရာအိုကေဆိုင် သွားတာလည်း မီးကင်နေတာပါပဲ။
♦ အလှပြင်ဆိုင်မှာ ဆံပင်သွားဖြောင့်တာလည်းမီးကင်နေတာပါပဲ။
♦ ချောင်းသာသွားတာလည်း မီးကင်နေတာပါပဲ။

ဆိုင်ရာမဂ်အဆင့်ဆင့်ကို မရသေးသရွေ့ တော့ မီးကကင်ကင် နေရဦးမှာပါ။ ဆိုင်ရာ မဂ်တွေမရသေးရင်တောင် ကိုယ်မီးကင် နေတာလေးကို မီးကင်နေတယ်လို့ သိနေရင်ပဲ မဆိုးလှပါဘူး။ ဒီတော့ ကိုးရီးယားကားလေးကြည့်နေရင်လည်း “ဩော် ငါ မီးကင်နေတာ၊ ငါ မီးကင်နေတာ” လို့ သူများမကြားအောင်တိုးတိုးလေးဆင်ခြင်လိုက်ပါ။

ဆံပင်ဖြောင့်နေရင်လည်း “ဩော် ငါမီးကင်နေတာ၊ ငါမီးကင်နေတာ” လို့တိုးတိုးလေးဆင်ခြင်လိုက်ပါ။ ဆင်ခြင်နေတဲ့သူဟာ ကိုယ့်မှာဖြစ်နေတဲ့ နူနာရောဂါကိုကုဖို့ သတိပေးနေတာနဲ့တူပါတယ်။ ဒီတော့ အလွန်အကျွံတွေလည်း မဖြစ်တော့ပါဘူး။

မီးကင်နေတဲ့သူချင်းတူပေမယ့် ကိုယ်ကမီးကင်နေတာလေးကို သိနေတော့ ဘာပဲပြောပြော သူတို့နဲ့စာရင် ကိုယ်ကသူတို့ထက် မသိမသာလေးတော့ သာနေတာပါပဲ။ဆင်ခြင်ရင်း ဆင်ခြင်းရင်းနဲ့ကြာလာရင်သံဝေဂဥာဏ်တွေ များများ လာပါလိမ့်မယ်။ သံဝေဂဥာဏ်တွေများလာတဲ့ တစ်နေ့မှာကိုယ့်ရဲ့ နူနာကိုလည်း အမြစ်ပြတ် ကုချင်စိတ်ပေါက် လာပါလိမ့်မယ်။အနာရှိရင် ဆေးရှိတာပါပဲ။နူနာရောဂါ ပျောက်ဖို့
အတွက် ဆေးကတော့“သတိပဌာန်ဝိပဿနာဆေး”ပါပဲ။

သတိပဌာန်ဝိပဿနာတရား ရှုမှတ်နေတဲ့အချိန်ဟာ တဒင်္ဂ အားဖြင့် အကုသိုလ်ကိလေသာတွေ ငြိမ်းနေတာပါ။တဒင်္ဂ အကုသိုလ်ကိလေသာငြိမ်းနေတဲ့ အချိန်လေးဟာသိပ်ပြီးချမ်းသာနေတာပါ။ အဲဒီချမ်းသာမှုဟာ လောကီ ချမ်းသာတွေနဲ့နှိုင်းယှဉ်လို့ကို မရပါဘူး။

ဒါတောင် အမြစ်ပြတ် အကုသိုလ်ကိလေသာ ငြိမ်းသေးတာ မဟုတ်ပါဘူး။ အမြစ်ပြတ်ငြိမ်းသွားတယ် ဆိုရင်တော့ အထူးပြောစရာမလိုတော့ပါဘူး။ ကိုယ်က ဒီသဘောလေးကို အာရုံပြုပြီး သတိပဌာန် ဝိပဿနာဆေးလေးကို မကြာခဏ သောက်သောက်ပေးဖို့ပါ။လူ့လောကမှာက မီးကင်စရာ ခပ်များများရယ်။ပုထုဇဉ်သဘာဝအရ ကိုယ်ကမကင်းနိုင်သေးလို့ မီးကင်နေရရင်လည်း ကိုယ်မီးကင်နေတယ်ဆိုတာလေးကို သိနေဖို့ပါပဲ။

ကာမဂုဏ်အာရုံတွေနောက်ကို လိုက်နေသရွေ့တော့ ဘယ်တော့မှဆုံးမှာမဟုတ်ပါဘူး။ တိုးလို့တိုးလို့သာခံစားနေချင်မှာပါ။ ဒီကာမဂုဏ်အာရုံတွေကြောင့်ပဲ“စိတ်ဆိုးရ၊စိတ်ကောက်ရ၊ နာကြည်းခဲ့ရ၊ လွမ်းရ၊ဆွေးရ၊ မိတ်ပျက်ရ၊နောက်ဆုံး ထောင်ကျရ၊ ငရဲကျသွားရတဲ့ အထိပါပဲ။ ကိုယ့်ဝန်းကျင်မှာဒါတွေက နေ့စဉ်တွေ့နေရတာပါ။

တကယ်လို့ ကိုယ်က ကိုယ်ရဲ့  နူနာရောဂါကို အမြစ်ပြတ်အောင် မကုချင်သေးဘူးဆိုရင်တောင် တဒင်္ဂအားဖြင့် ရောဂါသက်သာဖို့သတိပဌာန်ဝိပဿနာဆေးလေးကို တစ်နေ့ကို ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက်တော့ သောက်သောက်နေသင့်ပါတယ်။

သောက်ရင်းသောက်ရင်း ဆေးရဲ့ အာနိသင်ကို သိသိလာပြီး တိုးတိုးသောက်ချင်လာမှာပါ။ ဘာပဲပြောပြော စာဖတ်သူရယ်၊နူနာရောဂါ တဒင်္ဂသက်သာဖို့ သတိပဌာန် ၀ိပဿနာဆေးလေးကို တစ်နေ့ကိုဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက်တော့သောက်ဖြစ်အောင်ကြိုးစားလိုက်ပါနော်။

[အရှင်ရာဇိန္ဒ ( ရဝေနွယ် -အင်းမ)၏ “ အချစ်နှင့် ဝိပဿနာ ”
နှာ ၂၂ မှ ၂၈ ထိ ကောက်နှုတ်ပူဇော်ပါသည် ။ ]

Friday, February 21, 2014

ကြည်ညိုလိုက်စမ်းပါ

 

ကြည်ညိုလိုက်စမ်းပါ

လောက၌ အကောင်းမြင်ဝါဒီ အဆိုးမြင်ဝါဒီဟု နှစ်မျိုးရှိသည်။ အထူးသဖြင့် ယနေ့ခေတ်သည် အဆိုးမြင်ဝါဒီသမားတို့ တိုးပွားကြီးထွားသော ခေတ်ဖြစ်လေသည်။ ဤကဲ့သို့သော ခေတ်ကြီးတွင် နိန္ဒာ၊ပသံသ လောကဓံ နှစ်ဖြာကို ခံနိုင်ရည်စွမ်း မရှိသူအဖို့ ဒုက္ခ သံသရာ ပင်လယ်ဝေဖို့သာ ရှိတော့သည်။ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ အပေါ်ဝယ် မိဘမေတ္တာ အပြည့်ဝဖြင့် ရှု့မြင်သုံးသပ် သာသနာတော်၏ အဓွန့်ရှည် တည်တန့်ရေးကို လိုလားသည့် ကျောင်းအစ်မ တစ်ဦး၏ ရှင်သာမဏေ ရဟန်းငယ် များအပေါ် စောင့်ရှောက်ပုံ ကို ယနေ့ခေတ် အပြစ်ကိုသာမြင် အတုယောင်ကိုသာ အဟုတ်ကြီး ထင်နေကြသည့် လူအများစု အတွက် ဖေါ်ပြလို ပါသည်။

မန္တလေးမြို့ ယခုမျက်မှောက်ခေတ်တွင် အောင်မြင်နေသည့် စာသင်တိုက်ကြီး၏ ကျောင်းအစ်မဖြစ်သည့် အမျိုးသမီးကြီး၏ မျက်နှာအသွင်ပြင်သည် ကျက်သရေးလည်းရှိ စိတ်ဓာတ်ကလည်း တကယ်ပင် မွန်မြတ်ပါပေသည်။ စာသင်သား သံဃာ၂၀၀ကျော်ကို နေ့စဉ် ဟင်းကောင်း တစ်ခွက် စီမံကာ လှူဒါန်းလေ့ရှိသည့် ကျောင်းအစ်မကြီးသည် မိခင်မေတ္တာ အပြည့်ဖြင့် သူမ လှူဒါန်းထားသည့် ကျောင်းဝန်းအတွင်းကို လေ့လာ ကြည့်ရှု့ စီစစ်လေ့ရှိသည်။ စည်းကမ်းလည်း အလွန်ပင်ကြီးသည့် အမျိုးသမီးကြီး ဖြစ်သည်။ သူမလှူဒါန်းထားသော ကျောင်းအတွင်း စာသင်နေသည့် ရှင်သာမဏေများသည် အသက်အရွယ်အားဖြင့် (၇)နှစ်မှသည် အသက် (၁၉)နှစ် အရွယ်ထိဖြစ်သည်။ 

ရဟန်းငယ် များမှာလည်း အသက်အားဖြင့် (၂၀)၀န်းကျင် နှင့် (၃၀)ကြားမှာ ရှိကြသည်။ အသက်လေးကျော် ဆိုသည်မှာ ကျောင်းထိုင်ဆရာတော် တပါးသာရှိသည်။ လောကီအမြင်နှင့် ကြည့်မည်ဆိုလျှင် (၇)နှစ်နှင့် (၁၅)နှစ် အရွယ်များသည် အလွန်ပင် ဆော့လိုကြ အငြိမ်မနေကြသည့် အရွယ်များဖြစ်သည်။ ကိုရင်ဆိုသည့် နာမည်နှင့် လိုက်အောင် ဆရာသမားများက နေ့စဉ် ညစဉ် ဆုံးမထား၍သာ အရွယ်နှင့်မမျှ ကိုယ်အမှုအရာ နူတ်အမူအရာ လေးတွေ ချစ်ဖို့ကောင်းနေသည်။ ဆရာသမား များကွယ်ရာ ရောက်သွားလျှင်တော့ သင်္ကန်းကို ဘေးချ ကလေးသဘာဝ ထိန်းချုပ်မရ ကြံဖန်ကာ ဆော့ကြသည်။ 

စာရေးသူ ကိုရင်ပေါက်စဘ၀ အသက်အားဖြင့် (၇)နှစ်သား အရွယ်မှာ ရွာထဲ ဆွမ်းခံသွားရင်း တခါတရံ အဖေါ်ကောင်းရင် သပိတ်ကိုဘေးချ သင်းပိုင်လိပ်ထဲက သားရေကွင်း ထုတ်ကာ သားရေပင် ပစ်တမ်း ဆော့လို့ ဆရာတော်က ကြိမ်နဲ့ဆော် ခံရတာ အကြိမ်ပေါင်း မနည်းပင်။ နေ့စဉ်နှင့်အမျှ ကျောင်းဝင်းအတွင်း အိမ်သာရေချိုးခန်းပါ မကျန် လိုက်လံကြည် တတ်သည့် သူမသည် တခါတခါ ကိုရင်လေးများ ကျောင်းဆောင်အတွင်း အ၀တ်စုတ်ကိုလုံးကာ ဘောလုံးကန်ကြ သည်ကိုလည်း တွေ့မြင်ရသလို တစ်ခါတစ်ခါ ကိုရင်ကြီးများ စာအုပ်ဘေးချ ကျားထိုးကြ သည်ကိုလည်း တွေ့မြင်ရသည်။သူမသည် ဆရာတော်ကြီးကိုလည်း မလျှောက်၊ သူကိုယ်တိုင်လည်း မမြင်သကဲ့သို့ ရှောင်ဖယ်သွားတတ်သည်။

ကျောင်းရှိ ကပ္ပိယများ ကိုရင်လေးတို့ ဆော့သည်ကိုမြင်၍ ဆရာတော်ကို လျှောက်လိုက်၍ ဆရာတော်က ရိုက်လျှင်လည်း ဦးဇင်းရယ် မရိုက်ပါနဲ့ ကိုရင်လေးတွေက ကလေးအရွယ်တွေပဲ ဆော့ချင်ကြမှာပေါ့ ဒဏ်လေးလောက်ပဲ ပေးပြီး ကျေနပ်လိုက်ပါ ဆုံးမလိုက်ပါ ဦးဇင်းရယ်ဟု ဖြေသိမ့်တတ်သည်။ သူမ၏ ကိုရင်လေးတို့ပေါ်ထားရှိသည့် သဘောထားကို ကပ္ပိယကြီးအား ပြောပြသည်ကို ဤသို့ ကြားမိသည်….ကပ္ပိယကြီးရယ် ကိုရင်လေးတွေ ဆော့တာ မဟုတ်တာလေးတွေကို ဆရာတော်ကို မလျှောက်ပါနဲ့။

 သူတို့လေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘနဲ့ခွဲ ရပ်ရွာနဲ့ခွဲပြီး ပိဋကတ် စာပေတွေကျက် သာသနာတော်မှာ ပျော်မွေ့နေတာကို ကျေနပ်လိုက် စမ်းပါတဲ့။ ရှင်လည်း မ၀တ်နိုင်၊ ကျွန်မလည်း ၀တ်ခွင့်မရတဲ့ သင်္ကန်းကို ရုံလို့ တစ်ခါတစ်ခါ ဆွမ်းခံသွားခါနီ သူတို့လေးတွေ တန်းစီရပ်လို့ သပိတ်လေးတွေ ပိုက်ကာ သူတို့ဆရာသမားရှေ့မှာ သြ၀ါဒကို ခံယူ မျက်လုံးလုံးတွေ မှိတ်၊ ငြိမ်ငြိမ်လေး ရပ်နေတာလေးကို မြင်လိုက်ရရင် ကျွန်မဖြင့်လေ (၇)နှစ်သားနဲ့ ရဟန္တာဖြစ်သွားတဲ့ ရှင်ပဏ္ဍိတတို့ ရှင်သံကိစ္စတို့များလားလို့ စိတ်ထဲမှာကြည်နူးမိတယ်။ ပီတိတွေဖြစ် သဒ္ဓါတရားတွေ ပွားများမိပါတယ်တဲ့။
ဆော့တတ်တဲ့အရွယ်မှာ ကလေးစိတ်က ရှိနေတော့ ပုထုဇဉ် ကိုရင်လေးတွေပဲ ကပ္ပိယကြီးရယ် အပြစ်တော့ ဘယ်ကင်းပါ့မလဲ။ သင်္ကန်းဝတ်ထားလို့သာ ကိုရင်ခေါ်ရတာကိုး။ သူ့အရွယ် သူ့သဘာဝ အတွင်းစိတ်ကတော့ ဆော့ချင်နေရှာမှာပေါ့။ ဒီလိုအရွယ်လေးနဲ့ ငါတို့မလုပ်နိုင်တာတွေ သူတို့က လုပ်နေတာ ပါလားလို့ သိလိုက်ရင် သူတို့အပေါ် နားလည်လို့ ရတာပေါ့ ကပ္ပိယကြီးရယ်။ စာကျက်လိုက် ဆော့လိုက်နဲ့ ဒီလိုနဲ့ပဲ လတွေကုန် နှစ်တွေကုန် ကိုရင်လေးကနေ ကိုရင်ကြီး၊ ကိုရင်ကြီးကနေ ဦးဇင်းလေး၊ ဥိးဇင်းလေးကနေ ဆရာတော်ကြီးတွေ ဖြစ်သွားရတာပဲလေ။ ကိုရင်လေးတွေကို သားသမီးလို သဘောထားပြီးး ချစ်လိုက်စမ်းပါ ကပ္ပိယကြီးရယ်တဲ့။
နောက်ရှိသေးတယ် ကပ္ပိယကြီးရေ…. သားအလတ်တွေ ရှိသေးတယ်တဲ့။ သားအငယ်တွေက ဆော့ရုံပဲရှိတာ။ စိတ်မပူရဘူး ကပ္ပိယကြီးရေ….. သားအလတ်တွေက သိတဲ့အတိုင်း အသက်က (၁၅) (၁၆) (၁၇) (၂၀)နှစ်တွေလေ။ လောကီပြော ပြောရရင် လူပျိုပေါက်စ မြီးကောင်ပေါက် အရွယ်တွေပေါ့။ ဒီအရွယ်တွေက ကွမ်းဝါးချင်လာတယ် ဆေးလိပ်သောက် ချင်လာတယ်။ ကောင်မလေးတွေပေါ် စိတ်ဝင်စားလာတဲ့ အရွယ်တွေပေါ့။ 

ကျွန်မက သိတယ်….ဒီကိုရင်ကြီးတွေ ဦးဇင်းငယ်လေးတွေရဲ့ ခြေလှမ်းဘယ်ရောက် နေတယ်ဆိုတာ ကပ္ပိယကြီးက မသိဘူး။ အခု အပြင်ကို ညနေတိုင်း ကျောင်းအနားက ထမင်းကျော် ခေါက်ဆွဲကျော် ၀ယ်စားနဲ့ တော်ကြာ အပြင်က ကောင်မလေးတွေနဲ့ ရှုပ်တာတွေဖြစ်မှာ စိုးရတယ်။ အဲဒါ ကျောင်းနားက ဆိုင်တွေကို ခပ်ဝေးဝေး ဆိုင်ဖွင့်ဖို့ ငွေပေးပြီး ရှင်းထားရတယ်.. ကပ္ပိယကြီးရေတဲ့။ ဆွမ်းစားကျောင်း မှာရှိတဲ့ အစားအသောက် ယူစားတာ ကပ္ပိယကြီး မမြင်သလို နေပေးပါ။ အပြင်ဆိုင် ထွက်ထိုင်ပြီး စားတာထက်စာရင် ကျွန်မကျောင်းက ကိုရင်တွေ ကျွန်မသားတွေက အများကြည်ညိုဖို့ ကောင်းတာပေါ့။

 စိတ်ကစားတဲ့ အရွယ်လေးတွေကို ကျမတို့က ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးလိုက်ရင် သူတို့စာပေတွေ သူတို့ ဆရာသမား အဆုံးအမတွေနဲ့ ဖြေးဖြေးခြင်း အရွယ်လေး ရလာပြီး ကိုရင်ကြီးတွေ ဦးဇင်းလေးတွေ တည်ငြိမ်သွားမှာပေါ့။ တနေ့က ကိုရင်ကြီး တပါး အုတ်တံတိုင်းခုန်ပြီး ဘောလုံးပွဲ သွားကြည့်တာ ဆရာတော်က မြင်တယ်ဆိုလို့ အဲဒီကိုရင်ကြီးကို ဆရာတော်က နှင်ထုတ်လိုက်တယ်။ စိတ်မကောင်းဖြစ်မိတယ် ကပ္ပိယကြီးရယ်။ အဲဒါ အခု ဆရာတော်ကို လျှောက်ပြီး အိမ်က တီဗွီ နှစ်လုံး ယူလာပြီး အပြင်မထွက်ကြနဲ့ ကျောင်းတွင်းမှာပဲ ကြည့်ပါ ကိုရင်တို့ရေဆိုပြီး သူတို့ အဆောင်ပေါ် ပို့ထားခဲ့တယ်။ အင်းလေ သူတို့တွေလဲ ဒီအရွယ်က အပျော်အပါး မက်ကြတဲ့ အရွယ်တွေပဲ။

 အပြင်က လူငယ်တွေလို ကာရာအိုကေဆိုင်သွား နိုက်ကလပ်သွား မိဘကို စိတ်ဆင်းရဲအောင် လုပ်နေတာ ထက်စာရင်တော့ သင်္ကန်းဝတ်ပြီး စာတွေကျက် တဖြေးဖြေးနဲ့ သာသနာမှာ ထင်ရှားတဲ့ ဆရာတော်ကြီးတွေ ဖြစ်လာကြ မှာပဲလို့ တွေးပြီး ကျွန်မကဖြင့် ကြည်ညိုနေမိတာပဲ။ ကျွန်မ စောင့်ရှောက်ပြုစုထားတဲ့ ဒီကိုရင်ငယ် ကိုရင်ကြီးတွေ နောက် အနှစ် (၂၀)လောက် အချိန်ကျရင် အခုဆရာတော်ကြီးလိုမျိုး အပါး (၂၀၀)ထဲက အပါး (၂၀)လောက်တော့ ပေါ်ထွက်လာမှာပဲတဲ့။ ဒါဆိုရင် ကျွန်မ သာသနာအတွက် ထောက်ပံ့လှူဒါန်းရတာ သာသနာပြုရတာ အကျိုးကြီးပြီပေါ့ ကပ္ပိယကြီးရယ်တဲ့။နောင်တချိန်ကျရင် ရှင်တို့ ကျွန်မတို့ လှူဒါန်းနိုင်လို့ ကျောင်းကြီးတွေ တည်ဆောက်ထားပေမဲ့ သင်္ကန်းစည်းပြီး အမေနဲ့ခွဲ အဖေနဲ့ခွဲ ရပ်ရွာကိုခွဲပြီး စာလာသင်မဲ့ အမျိုးကောင်း သားလေးတွေ မရှိတော့ရင် ကျွန်မတို့ ဘယ်လို သာသနာပြုလို့ ရတော့မလဲ။ 

အခုကျွန်မတို့ ကိုးကွယ်နေတဲ့ ဆရာတော် ကြီးမျိုးတွေ ဘယ်ပေါ်ထွက် တော့မလဲ။တကယ်တော့ ကပ္ပိယကြီးရယ် ကမ္ဘာ့သာသနာပြု ဆရာတော်ကြီးတွေ နိုင်ငံကျော် ဆရာတော်ကြီး တွေဆိုတာ ဒီလိုပဲ ကလေးဘ၀ကနေ ဒကာ၊ဒကာမတွေက ထောက်ပံ့ ဆရာသမားတွေက ပျိုးထောင်လာခဲ့လို့ ဖြစ်လာခဲ့ ရတာပေါ့။ အပင်ပျိုးရင်း တခါတခါ ရေးများများ လောင်းမိလို့ အမြစ်ပုတ် အပင်သေ သွားတာရှိသလို အချိန်မှီ ရေမလောင်းမိလို့ အမြစ်ချောက် သေသွားတာလဲ ရှိသပေါ့ ကပ္ပိယကြီးရယ်။အဲဒီတော့ သူ့အရွယ်နဲ့ သူ့စရိုက် အရွယ်ရောက်လာရင် ဖြစ်ပေါ်လာတတ် စမြဲမို့ အမြင်မတော်တဲ့ အရာလေးတွေကို အပြစ်မမြင်၊ ခွင့်လွတ်နားလည်ပေး၊ လမ်းမှန်ရောက်အောင် သားသမီးလို စောင့်ရှောက်ပေးပြီး သာသနာ တော်အတွက် ဆရာတော်ကြီး တွေဖြစ်ဖို့ သာသနာ့ဘောင်မှာ ပျော်နေတဲ့ ကိုရင်ငယ် ရဟန်းငယ် လေးတွေကို ကြည်ညို လိုက်စမ်းပါ ကပ္ပိယကြီးရယ်……………………တဲ့။
စာသင်သား သံဃာတော်ပေါင်း (၂၀၀)ကျော်ရဲ့ မိခင်ကြီး၊ သာသနာ့ မိခင်ကြီး၏ စိတ်ဓာတ်နှင့် သဘောထားကို ကြားသိလိုက်ရတဲ့ ကပ္ပိယကြီးသည် မျက်ရည်စ တွေဝဲကျ အံ့သြခြင်း များစွာဖြင့် တန်လျားခုံးပေါ်တွင် ကျောင်းအစ်မကြီး ထွက်သွားသော ခြေလှမ်းတို့ကို ငေးကြည့်ကာ ကျန်ရစ်ခဲ့ လေတော့သည်။ 

ထိုနေ့မှစ၍ ကျောင်းရှိ ကပ္ပိယကြီးသည် ကိုရင်လေးများက အဘရေ ကိုရင်တို့ကို ဘာလုပ်ပေး ပါဟုဆိုလျှင် ပြုံးပြုံးကြီးဖြင့် လုပ်ပေးရှာသည်။ ကိုရင်လေး တွေကလည်း အဘကိုချစ်ကြ၊ အဘကလည်း ကိုရင်လေးတွေကို ချစ်ကြနှင့် ပျော်စရာ ကြီးဖြစ်၍ နေလေတော့သည်။ ထို့ကြောင့် စာရေးသူ ကောက်ချက်ချမိသည်။ ဗုဒ္ဓဘာသာ ခံယူထားသည့် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့တွင် သဒ္ဓါတရား အားကောင်း၍ သာသနာကို ချစ်မြတ်နိုးသော အမျိုးကောင်းသား၊ အမျိုးကောင်း သမီးတို့သည် ကိုရင်ငယ်၊ ရဟန်းငယ် တို့အပေါ်၌ မိမိသွေးသား များကဲ့သို့ ကြည်ဖြူ စောင့်ရှောက် နားလည် ပေးကြကုန်၏။ တကယ်ပင် သာသနာတော်ကို ထောက်ပံ့လှူဒါန်း ကြကုန်၏။ 

သဒ္ဓါတရား အားနည်း၍ ဟိုယောင်ယောင် ဒီယောင်ယောင် အမျိုးကောင်းသား၊ အမျိုး ကောင်းသမီးတို့သည်ကား ပိဋကတ်ကျမ်းစာ တစ်ပိုင်းကြောင့် ကျက်မှတ်ကာ သာသနာစိတ် ကြီးမာသယောင်ယောင်၊ ခေတ်ပညာတတ် လူတတ်ယောင်ယောင် ရဟန်းသာမဏေ တို့အပေါ် အထင်မြင်သေးကာ ဟိုကိုရင်က ဘာတွေလုပ်နေ၏၊ ဟိုဘုန်းကြီးက ဒါတွေလုပ် နေ၏ဟု ဝေဖန်လေကန် မှုပြုကြ၏၊ သာသနာတော်ကို ရက်ရက်ရောရော ထောက်ပံ့လှူဒါန်း ကြသူများ မဟုတ်ပေ။ 

မစိုးရိမ် ဆရာတော် မိန့်သည့် စကားဖြင့် နိဂုံးကမ္ပတ် အဆုံးသတ် လိုက်ပါရစေ…..မန္တလေးမြို့က ဒကာကြီး တယောက်သည် ကိုရင်များ ဘောလုံးကန် နေသည်ကို တွေ့မြင်၍ မစိုးရိမ်ဆရာတော် ဘုရားကြီးထံ သွားရောက်၍ ဆရာတော်ဘုရား အရှင်ဘုရားကျောင်းက ကိုရင်တွေ ဘောလုံးကွင်းထဲမှာ ဘောလုံးကန် နေပါသည် ဘုရား၊ မြင်ရ တွေ့ရတာ မကောင်းလှပါဘူး ဘုရားဟု လျှောက်ထားလေ၏။ထိုအခါ ဆရာတော်က ပြန်မိန့်လိုက်သည်မှာ ….အေးကွဲ့ ဒကာတော်…. ကိုရင်လေးတွေ ဘောလုံးကန်နေတာ သွား အပြစ်မမြင်လေနဲ့။

 နောင်တချိန် ဒီကိုရင်လေးတွေ ငါလို ဆရာတော်ကြီး ဖြစ်တဲ့အခါ ဘောလုံးကန်ပါဥိး ဘုရားလို့ ဆိုပြီး ဘောလုံး လာချပေးထား။ ဘယ်တော့မှ မကန်တော့ဘူးမှတ်။ ကလေးမို့ ဆော့တာ ဆော့ပစေ..ပစ်ထားလိုက်ဟု မိန့်တော်မူပါသတည်း။ကဲ ယနေ့ခေတ် ညီငယ် ညီမငယ် အကိုကြီး အမကြီးတို့……မည်သို့မည်ပုံ သာသနာ့ဝန်ထမ်း ရှင်ရဟန်း တွေအပေါ် ရူ့မြင်ကြမလဲ…ဆိုတာ ခေတ်ပညာတတ် ပညာရှင် ကြီးများမို့ သိရှိကြ လိမ့်မည်ဟု ယုံကြည်မိပါကြောင်း။

 (အရွင္နာယကာလကာၤရ)