Friday, August 31, 2012

အတုမြင် အတတ်သင်


 အတုမြင် အတတ်သင်

အတုမြင်အတတ်သင်ဟုမြန်မာမူ့နယ်ပယ်တွင် အသုံးများကြသည်။ မိဘ၏အပြောအဆို၊ အနေအထိုင်၊ အမူ့အယာကို သားသမီးများကအတုလိုက်ကြသည်။ ဆရာသမားများ၏ အပြောအဆို အနေအထိုင် အမူ့အယာကို တပည့်များကအတုလိုက်ကြသည်။ ထိုထက်ပို၍ဆိုရသော် အနုပညာရှင် တို့၏ ဟန်ပန်အမူ့အယာမှစ၍ အားလုံးကို လူငယ်ပရိသတ်တို့ကအတုလိုက်ကြသည်။ သားသမီး၏အတုလိုက်မူ့ကိုခံယူရသောမိဘနှစ်ဦးစလုံးက သားသမီးအတုယူမမှားအောင် မိမိတို့ကိုယ်တိုင်ကစံပြဖြစ်အောင်နေပေးဘို့လိုပါသည်။ ရတနာသုံးများကိုကိုးကွယ်ဆည်းကပ်သော မိဘများဖြစ်ပါကလည်း ရတနာသုံးပါးကိုရိုသေကိုင်းရိုင်းမူ့၊ ကံငါးပါးလုံခြုံအောင်စောင့်ထိန်းမူ့တို့ရှိရပါ မည်။ မိမိတို့၏ ကိုယ်အမူအယာ၊ နူတ်အမူအယာတို့ ယာဉ်ကျေးသိမ်မွေ့ဘိုလိုပါသည်။ 

သို့မှသာ မိမိတို့ ထံမှအတုယူနေသော သားသမီးများမှာ ယာဉ်ကျေးလိမ္မာသောသားသမီးများ၊ တိုင်းပြည်၏အနာဂတ် ရတနာများဖြစ်ပေလိမ့်မည်။ သားသမီးတို့အတုယူမမှားဘို့၊ သားသမီးများလိမ္မာဘို့ တိုင်းပြည်၏ သားကောင်းရတနာဖြစ်ဘို့၊ သမီးကောင်းရတနာဖြစ်ဘို့ဆိုသည်မှာ မိဘနှစ်ဦးစလုံးမှာအရေးကြီးဆုံး ဖြစ်ပါသည်။ လက်ဦးဆရာမည်ထိုက်စွာပုဗ္ဗာစရိယ မိနှင့်ဖ ဟုဆိုထားကြလေသည်။ ဆရာသမားများကိုယ်တိုင်ကလည်း စေတနာထားပြီးအတတ်ပညာသင်ကြားပေးဘို့လိုသလို တပည့်များ၏ကိုယ်အမူ့ယာ နူတ်အမူအယာတို့၌လည်းလိမ္မာယာဉ်ကျေးအောင်သင်ကြားပေးခြင်း၊ ကိုယ်တိုင်စံနမူအဖြစ်နေပေးခြင်းစသည်တို့လိုအပ်ပါသည်။ ဆရာသမားများကိုယ်တိုင်က ကိုယ်ကျင့် သီလမကောင်း ကံငါးပါးမစောင့်ပါကတပည့်ကမည်သို့လေးစားအားကျပါမည်နည်း၊ အတုမြင် အတတ်သင်သော တပည့်မှာအဘယ်မှာကောင်းနိုင်ပါအံ့ပါနည်း။ 

ထိုကြောင့်သားကောင်းရတနာများ မွေးထုတ်ပေးရာ အခြေခံကျောင်းများမှစ၍ တက္ကသိုလ်များတိုင်အောင် သင်ကြားပို့ချနေသော ဆရာ/ဆရာမတို့သည် တပည့်တို့အတွက် တကယ့် ဆရာ = ဆယာ -အရိပ်၊ တပည့်များအတွက် အေးချမ်းသော အရိပ်အာဝါသအစစ်ဖြစ်ဘို့အလွန်အရေးကြီးပါသည်။ တပည့်များအတုမြင် အတတ်သင်မမှားဘို့ ဆရာများတာဝန်ရှိလှပေသည်။ အနုပညာရှင်များသည် ဆယ်ကျော်သက်လူငယ်မောင်မယ်တို့အပေါ်၌အလွန်လွမ်းမိုးပါသည်။ အနုပညာရှင်တို့၏ အနေအထိုင်၊ အမူ့အယာ အပြောအဆို အ၀တ်အစားစသည်တို့ကိုအတုယူကြ သည်။ အတုယူပြီဆိုလျှင် အနုပညာရှင်များဘက်ကကောင်းတဲ့အရာပြန်ပေးဘို့လိုပါသည်။ အဘယ် ကြောင့်ဆိုသော် အနုပညာရှင်တယောက်ဖြစ်လာဘို့ရန် သည်လူငယ်မောင်မယ်ပရိသတ်တို့က အဓိကအားပေးနေ သောကြောင့် အနုပညာရှင်တယောက်ဖြစ်လာရခြင်းဖြစ်ပါသည်။ 

ဤသို့ဆိုလျှင် ပရိသတ်သည်မိမိ၏ကျေးဇူးရှင်များဖြစ်ပေသည်။ ကျေးဇူးရှင်ဖြစ်သောပရိတ်သတ်ကို မစော်ကားမိဘို့ အလွန်အရေးကြီးပါသည်။ ထိုအထဲမှတိုင်းပြည်၏အနာဂတ်သားကောင်းရတနာ သမီးကောင်းရတနာ ဖြစ်သော လူငယ်မောင်မယ်တို့အား အတုမြင်အတတ်သင်မမှားအောင် အနုပညာရှင်များ ဘက်ကလည်းပါဝင်ဘို့ လိုအပ်ပါသည်။ အတုမြင်အတတ်သင်ဆိုသည့်စကားအတိုင်းကောင်းမြတ် သောတရားတွေကိုတတ်အောင်သင်ဘို့ပေသည်။ စာရေးသူတို့ကျောင်း၌ကျောင်းအိပ်ကျောင်းစား ကျောင်းသားကလေးငယ်များရှိကြပါသည်။ 

ထိုကလေးငယ်တို့တွင် မောင်ဖိုးထူးသည် စာရေးသူနာရေးကိစ္စကြွသောအခါအမြဲတမ်းသူက ဆွမ်းချိုင့် ၍လိုက်ရပါသည်။ စာရေးသူက နာရေးကိစ္စများတွင် သီလပေးပြီးပါကအမြဲတမ်း သံဝေဂလင်္ကာ တိုင်ပေးပြီးဆိုခိုင်းပါသည်။ အိုမူ့ဆိုတာကြောက်စရာ၊ ငါမှာရှိနေသည်၊ အိုမူ့တရားလွန်စိုးဝါး ရှောင်ရှား မရပြီ စသည်ဖြင့်အမြဲတမ်းတိုင်ပေးပြီးဆိုခိုင်းပါသည်။ နာရေးအမြဲတမ်းလိုက်နေသော မောင်ဖိုးထူး သည် တရားလိုက်မနာသော်လည်း ထိုလင်္ကာလေးတွေကိုအလွတ်ရနေပေသည်။ အဘယ်ကြောင့် ဆိုသော် တနေ့စာရေးသူနာရေးတခုက ပြန်လာသောအခါ မောင်ဖိုးထူးသည်ပါလာသောဆွမ်းဟင်းများ ကိုလှယ်၍ ချိုင့်များဆေးကြောနေပါသည်။ ထိုသို့ဆေးကြောနေစဉ် မောင်ဖိုးထူးဘာလုပ်နေသနည်း၊ သံဝေဂလင်္ကာကိုဆိုလျှက်ချိုင့်ဆေးနေခြင်းဖြစ်ပါသည်။ စာရေးသူက အမှတ်မထင်ကြားခဲ့ခြင်းဖြစ်ပါ သည်။ ကလေးများမှာပို၍ပင် အတုမြင်အတတ်သင်ကြပါလေသည်။ စာရေးသူကျောင်းကစာသင်သားကိုရင်လေးများ အတုမြင်အတတ်သင်ပုံကိုလည်းပြောပြပါအုံး မည်။ 

တနေ့ကျောင်းက ခွေးကလေးတကောင်သေသည်။ ခွေးသေသည့်အကြောင်းကို ကိုရင်တပါးက လာလျှောက်သည်။ စာရေးသူက ဒါဆိုလည်းမြုပ်ပြစ်လိုက်ဟုပြောလိုက်ပါသည်။ ထိုသို့ပြောပြီးနောက် စာရေးသူကစိတ်မချ၍ သွားကြည့်သောအခါဘာလုပ်နေသည်ထင်ပါသနည်း။ ကိုရင်လေးတွေ တွင်းတူးပြီးခွေးသေကောင်ကို မမြုပ်သေးပဲ တွင်းနား၌ခွေးသေကောင်ကိုချပြီး ခွေးသေကောင်ဘေးမှ ပတ်ဝိုင်းလျှက် အနိစ္စ ၀တ သင်္ခါရာ-ဂါထာကိုပြိုင်တူရွတ်ဆိုသံဝေဂပွားနေပါတော့သည်။ သူတို့သည် ဆရာဘုန်းကြီးတို့ပြုလုပ်ထားသော အပြုအမူကိုအတုခိုးထားခြင်း အတတ်သင်ခြင်းဖြစ်ပါသည်။ ဤကဲ့ သို့သော အကြောင်းအရာအတွေ့အကြုံတို့ကြောင့် အတုမြင် အတတ်သင်ဆိုသောစကားကို ပို၍ပင် စာရေးသူလက္ခံလာရပါသည်။ ကလေးတို့သဘာဝ အတုမြင် အတတ်သင်လွယ်ပေသည်။ သူတို့လေးတွေက အတတ်သင်မူ့ သည် ကောင်းသောအတုကိုမြင်ပြီး အတတ်သင်စေခြင်ပါသည်။ 

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက - ကလေးအရွယ်လိမ္မာပါမှ ကြီးကလိမ္မာမည် မလိမ္မာပြည်ထောင်စုကြရင်ဖြင့် ကောင်းမူ့ဘယ်မတည် ကလေးတို့ နေပြည် တည်စေဘို့စိတ်စော နံနက်အချိန်အခါနဲ့ နေ့မကွာ ညဥ့်ပါသုံးလို့ရယ် ပြုံးကြ စေသော်။ ကဗျာဖြင့်ဆရာတော်ကြီးကဆုံးမစကားဆိုခဲ့ပါသည်။ တနည်းဆိုရသော် သတိပေးခဲ့ခြင်းဖြစ် ပါသည်။ ကလေးငယ်တို့ အတုမြင် အတတ်သင်မမှားဘို့သည် မိဘဆရာမှသည် အားလုံးတွင်တာဝန် ကိုစီရှိပါသည်။ အားလုံးကမိမိကိုယ်တိုင် ပြုပြင်ထိန်းသိမ်းဘို့အရေးကြီးပါသည်။ မိမိတို့၏၀ံသာနုရက္ခိတ တရားများကို ကလေးငယ်တို့တန်ဖိုးးထားတတ်ဘို့အမတန်အရေးကြီးပါသည်။ ဒါကြောင့် အမိမြန်မာ ပြည်ကြီး၏ သားကောင်းရတာနာလေးများ ပေါ်ထွန်းဘို့ဝိုင်းဝန်းကြီုးပမ်းဘို့အချိန်ရောက်နေပါတော့ သည်။ 

 Posted by shwenankathu

Thursday, August 30, 2012

မျက်မှောက်ခေတ်နှင့် ဗုဒ္ဓဘာသာ Current age of World and Buddhism

မျက်မှောက်ခေတ်နှင့် ဗုဒ္ဓဘာသာ Current age of World and Buddhism
ယနေ့ခေတ်သစ်ကမ္ဘာကြီးတွင် (Modern world) တိုးတက်မှုအတိုင်းတာအားဖြင့် ကြည့်မည်ဆို လျှင် လွန်စွာတိုးတက်နေသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့တိုးတက်လာခြင်းသည် ကောင်းသော တိုးတက် ခြင်းဟု ဆိုလျှင်လည်းဖြစ်နိုင်သလို မကောင်းသောတိုးတက်ခြင်းဟုလည်း ဆိုနိုင်မည်သာဖြစ်သည်။ မည်သို့ နည်းဟု စဉ်းစားတွေးတောဖွယ်ရာ ရှိနိုင်ပါသည်။ အကြောင်းမှာ (Well development) ကောင်းသော တိုးတက်ခြင်းများသည် လူသားတို့ မိမိတို့ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်ကြရသော (Material things) ပစ္စည်းဥစ္စာများ၊ မိမိတို့ နှစ်သက်သော အရာဝတ္ထုများကို မိမိနှစ်သက်သလို သုံးစွဲနိုင်ခြင်းကြောင့်ဖြစ်သည်။

ထို့အပြင် မိမိတို့သည် ခေတ်ရေစီးကြောင်းအရ (Science age) သိပ္ပံခေတ်ကြီး ဖြစ်သည်အပြင် လက်နက် စက်ကရိယာ တန်ဆာပလာများ ကိုယ်တိုင်တီထွင်ခြင်း၊ မိမိတို့ကိုယ်တိုင် (From country to another) တစ်နိုင်ငံနှင့်တစ်နိုင်ငံ အလွယ်တကူ သွားလာနိုင်ခြင်း၊ မိမိတို့သင်ကြားအပ်သော အတက် ပညာများကို လေ့လာနိုင်ခြင်း၊ မိမိတို့ကိုယ်တိုင် လွယ်ကူစွာ (Communication) ဆက်သွယ်ရေး လုပ်ငန်း များ လုပ်ကိုင်နိုင်ခြင်း၊ မိမိတို့ ကိုယ်ပိုင်တက်သိသော အတက်ပညာများကို (Linking) ချိတ်ဆက်နိုင်ခြင်း၊ (Economy) စီးပွားရေး၊ (Association) လူမှုရေး၊ (Education) ပညာရေး၊ (Political item) နိုင်ငံရေး စသည်တို့ကို ဘာသာမခြား သင်ယူနိုင်ခြင်းတို့ ဖြစ်ပါသည်။

ဟိုလွန်ခဲ့သော ခေတ်များက လူသားတို့သည် ဤကဲ့သို့သော (Arts) အတက်ပညာ၊ (Economy) စီးပွားရေး၊ (Association) လူမှုရေး၊ စသည်တို့ကို သိနိုင်ဖို့ရန် အလွန်ပင်ခဲယဉ်းလှသည်။ မည်သို့ဆိုသော် ယနေ့ခေတ်နဲ့ ဟိုအရင်ခေတ်များသည် လွန်စွာကွာခြားခဲ့လေသည်။ ဥပမာ မောင်ညိုတို့ရွာကို မောင်ဖြူ မသိ သလို သူစိမ်းဝင်ရန်လည်း ခက်ခဲလှသည်။ မောင်ညိုတို့ရွာသည် သူတို့အတွက် အကောင်းဆုံး ပြည်ကလေး တစ်ခုလို့ထင်၍ မောင်ညိုတို့က သူတို့ရွာကို သူစိမ်းဝင်လျှင် သူခိုးဝင်သည်ဟု ထင်၍ ဝိုင်းရိုက်သလိုမျိုး လည်း ဖြစ်ခဲ့သည့် ခေတ်လည်း ရှိသည့်အတွက် ယနေ့ခေတ်သည် လွန်စွာတိုးတက်သည်ဟု ဆိုရမည် ပင်ဖြစ်သည်။

ထို့အပြင် ခေတ်ကာလသည် ကြာညောင်းလေ တိုးတက်မှုက မြန်ဆန်လာလေပင်ဖြစ်သည်။ ခေတ် ကာလသည်လည်း ပုံမှန်အားဖြင့် စီးနေသော ရေစီးကြောင်းလေးပမာပင် ဖြစ်ပြန်သည်။ ရေစီးကြောင်းလေးနဲ့ တူသော ယနေ့ခေတ်ကာလတွင် တိုးတက်ခြင်းကလည်း ဓာတ်ဆီမီးတို့သလို ဝုန်းကနဲ့ တိုးတက်လာခြင်းဖြစ် သလို တဖြေးဖြေးနဲ့ လောင်ကျွမ်းလာသော ဖွဲမီးပမာလိုလည်း တိုးတက်လာသည်ကိုလည်း မျက်ဝါးထင်ထင် တွေ့ရှိရသည်။ ထိုသို့တိုးတက်လာခြင်းသည် အကောင်းဖြစ် တိုးတက်ခြင်းရှိသလို အဆိုးဖြစ် တိုးတက်ခြင်း လည်းရှိပြန်သည်။ အကောင်းဖြစ်တိုးတက်လာခြင်းသည် (Good environment) ပတ်ဝန်းကျင် အသိုင်းဝိုင်း ကောင်းခြင်း၊ (Good association) လူမူရေးကောင်းခြင်း၊ (Well economy) စီးပွားရေးကောင်းမွန်ခြင်း၊ (Well education) ပညာရေးကောင်းမွန်ခြင်း စသည် အရေးများစွာတို့ဖြင့် တည်ရှိနေသည်။

ထို့နောက် စည်းကမ်းကောင်းမွန်သည့် ဝိနယဖြင့် တည်ဆောက်ခြင်း၊ ပညာကောင်းမွန်သည့် နည်း လမ်းဖြင့် တည်ဆောက်ခြင်း၊ စိတ်ဓာတ်ကောင်းမွန်သည့် သီလဖြင့် တည်ဆောက်ခြင်း စသည်တို့လည်း ရှိကြသည်။ လူသားသည် လူ့ပတ်ဝန်းကျင်၌ ကျင်လည်ရသော အသိုင်းဝိုင်းဝန်းကျင် တစ်ခုဖြစ်သည်။ ထို့သို့ အသိုင်းဝိုင်း ဝန်းကျင်နဲ့ နေထိုင်ရသဖြင့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာတို့သည် မရှိမဖြစ် လိုအပ်သော အကျင့်စည်ကမ်း ပညာတွေပင် ဖြစ်သည်။ ထိုကြောင့် မိမိတို့ အသိုင်းဝိုင်း ဝန်းကျင်သည် မည်သို့သော အကြောင်းကြောင့် ကောင်းသည်ပင်ဆိုပါစေအုန်း မိမိကိုယ်တိုင်တွင် မှားယွင်းမှုများစွာ ရှိသောအခါ ကောင်း စွာတိုးတက်ခြင်းဟု ခေါ်မည်မဟုတ်နိုင်ပါ။ သို့သော် မိမိကိုယ်တိုင်က ကောင်းမွန်စွာ တိုးတက်လာ၍ မိမိ ပတ်ဝန်းကျင်ကိုက မကောင်းသော အသိုင်းဝိုင်းဖြင့် အကျည်းတန် ရုပ်ဆိုးနေမည်ဆိုလျှင် တိုးတက်သည်ဟု မဆိုနိုင်ပါ။

ထို့နည်းအတူ မိမိတို့နှင့် မိမိနေထိုင်သော ပတ်ဝန်းကျင်တွင် ကောင်းမွန်သော အကျင့် စိတ်ဓာတ် စည်းကမ်း ပညာ မရှိလျှင် မည်သို့ ကောင်းမွန်စွာ တိုးတက်မည်နည်း။ အကယ်၍သာ မိမိကိုယ်တိုင်နှင့် မိမိ ပတ်ဝန်းကျင်မှာ အကျင့်အာစာရ စိတ်ဓာတ် စည်းကမ်း ပညာတွေ ကောင်းမွန်စွာ တည်ရှိလျှင် မိမိကိုယ်တိုင် လည်း တိုးတက်၍ ပတ်ဝန်းကျင်လည်း ပြောဖို့ရန် မလိုအောင် တိုးတက်ကြမည် ဖြစ်သည်။ ခေတ်ကြောင့် သူ့ အလိုလို တိုးတက်လာကြသည်ဆိုတာ မရှိပေ။ သို့သော်လည်း မိမိတို့ကိုယ်တိုင် ဖန်တီး၍ ခေတ်က တိုး တက်လာခြင်းဖြစ်သည်။ ထို့ကြောင့် မိမိတို့စွမ်းနိုင်သော ကျေးရွာ ဒေသ မြို့ရွာ ပြည်နယ် တိုင်း ခရိုင် နိုင်ငံကို ကိုယ်ပိုင်စွမ်းရည်အပြည့် သိနိုင်သလောက် တက်နိုင်သလောက် အတက်ပညာတို့ဖြင့် အကောင်းဆုံးဖြစ်နိုင် အောင် ပြုလုပ်နိုင်ဖို့ရန် လိုအပ်ပါသည်။ ထို့အပြင် လူသားတိုင်းသည် ကောင်းမွန်သော လိုအပ်ချက်တိုင်းကို တန်ဘိုးရှိသော နေရာတိုင်းမှာ အသုံးပြုနိုင်ဖို့ရန်လည်း မရှိမဖြစ် လိုအပ်ပါသည်။ 

အချို့က ဤကဲ့သို့ မဟုတ်ပါပဲလျက် မိမိလိုရာကို စွဲဆောင်မှုကြောင့် အစွန်းတစ်ဖတ်သို့ ရောက်သွား ကြသည်ကိုလည်း တွေ့ရှိရပါသည်။ အကြောင်းမှာ ပင်ကိုယ်တိုးတက်မြဲဖြစ်သော အရာဝတ္ထုများကို မလိုအပ် ပဲလျက် ဒီနေရာမှ ဟိုနေရာသို့ ပြောင်းဆွေ့ခြင်း စသည်တို့ကြောင့်လည်းဖြစ်သည်။ အချို့က မိမိတို့လိုရာကို မလုပ်ဆောင်ပဲလျက် ပင်ကိုယ်ရှိမြဲဖြစ်သော တိုးတက်မှုကို မည့်သို့တိုးတက်အောင် ထက်လုပ်ဆောင်လျှင် ကောင်းမည်နည်းဟု တိုးတက်အောင်လုပ်ဆောင်ခြင်းဖြစ်သည်။ သို့သော် ခေတ်ရေစီးကြောင်းက သူ့လိုလို စီးဆင်းနေသည်ကို မည်သို့သော ပုဂ္ဂိုလ်မဆို သိရှိနိုင်သည်။ ထိုခေတ်ကာလသည်လည်း အတက် အကျရှိ သော (Up and Down) ဒီလှိုင်းလိုပင် ဖြစ်သည်။

ထို့ကြောင့် ခေတ်ကာလရေစီးကြောင်းတွေ မည်သို့ပင် စီးဆင်းနေပါသော်လည်း ဗုဒ္ဓဘာသာဝင်တို့ အတွက်တော့ မပြောင်းလွဲသော အမြဲတမ်းတောက်ပနေသော လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင့်ငါးရာကျော် လောက်က မြတ်ဗုဒ္ဓဟောကြားခဲ့သော စည်းကမ်း နည်းလမ်း ပညာတို့သည် ဒီကနေ့ထိ ခေတ်မှီတိုးတက်နေ ဆဲပင်ဖြစ်သည်။ ယနေ့ခေတ် မည်သို့ပင် တိုးတက်စည်းကား သိုက်မြိုက်သည်ဟု ဆိုပါစေအုန်း စည်းကမ်း နည်းလမ်း ပညာတို့ မတိုးတက်သေးသမျှ ကာလပတ်လုံး တိုးတက်သည်ဟု မဆိုနိုင်ပါ။ ထို့ကြောင့် မြတ်ဗုဒ္ဓ ဟောကြားတော်မူသော တရားများတွင် မည်သည်ကား စည်းကမ်း ဝိနယများ၊ မည်သို့သော တရားတို့သည် ကား နည်းလမ်းပေးသော တရားများ၊ မည်သည့်သောတရားများက ပညာဖြစ်စေသော တရားများဟု ဟော ကြားတော်မူခဲ့သည်။ 

ဥပမာအားဖြင့် (Three kinds of Documentations from Conditional relation) ပဋ္ဌာန်းထဲက မြတ်ဗုဒ္ဓဟောကြားခဲ့သည်မှာ ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ သဟဇာတ ပစ္စယေန ပစ္စယော၊ အညမည ပစ္စယေန ပစ္စယော၊ (ပ) သမ္ပယုတ္တ ပစ္စယေန ပစ္စယော စသည်တို့ဖြစ်ကြသည်။ (ကုသိုလ်ပစ္စည်း တရားသည် ကုသိုလ်ပစ္စယုပ္ပန်တရားအား ကျေးဇူးပြုသော တရားများဖြစ်ကြသည်ဆိုလျှင် ထိုအကြောင်း တရားတို့သည် သဟဇာတ ပစ္စည်းဖြစ်သည်လည်းရှိသည်။ ထို့အပြင် အညမညပစ္စည်းလည်း ဖြစ်သည်။ နောက်ဆုံး ကုသိုလ်ဆိုင်ရာ အကြောင်းကြောင့် ထိုကုသိုလ်နှင့်ဆိုင်ရာပစ္စည်းများဖြစ်ကြသည်။ ထို့အတူ အကုသလော ဓမ္မော အကုသလဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော၊ အညမည ပစ္စယေန ပစ္စယော (ပ) သမ္ပယုတ္တ ပစ္စယေန ပစ္စယော စသည်တို့ ဖြစ်ကြ သည်။ အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ သဟဇာတပစ္စယေန ပစ္စယော စသည် ပစ္စည်းတရားများ ဖြစ်ကြသည်။ 

ထိုသို့သော ဥပမာလို ဥပမာဇောတက ထွန်းပလိုသောကြောင့် ပဋ္ဌာန်း ကုသလ၊ အကုသလ၊ အဗျာ ကတတို့ကို ထပ်၍ လောကဥပမာ ထွန်းလင်းပြလိုသည်။ ကုသိုလ်ပစ္စည်းတရားသည် ကုသိုလ်ပစ္စယုပ္ပန်များ ဖြစ်သော တရားများကို အကျိုးပြုကြသည်။ (Wholesome state can be associated with good deed.) ထို့အတူ တစ်စုံတယောက်သည် သူတပါးက မတားမြစ်သော၊ ဥပဒေလွတ်ကင်းသော၊ အများက လက်ခံ ထားသော၊ ကောင်းရောင်းကောင်းဝယ်လည်းဖြစ်သော မိမိကိုယ်တိုင်လည်း လုပ်ဆောင်ထားသော ကောင်း သော လုပ်ငန်းကြီးကို ကောင်းစွာ လုပ်ဆောင်ခဲ့သည့်အတွက်ကြောင့် နောက်ဆုံး မိမိကိုယ်တိုင် ပိုင်ဆိုင်ရရှိ လိုက်သော ထိုစီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ပတ်ဝန်းကျင်အရေး စသည်တို့ကို အောင်မြင် သဟဇာတ ဖြစ်အောင် လုပ်ဆောင်နိုင်ခြင်းသည် ကုသိုလ်တရားတို့ကို ထွန်းပခြင်း ဥပမာပင် ဖြစ်သည်။ 

ထို့နောက်တွင်လည်း အကုသလော ဓမ္မော အကုသလဿ ဓမ္မဿ သဟဇာတ ပစ္စယေန ပစ္စယော၊ (Unwholesome can be associated with bad deed.) ၄င်းအကုသိုလ်တရားသည် အကုသိုလ် ပစ္စယုပ္ပန်တရားကို ကျေးဇူးပြု၍ သဟဇာတဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်တိုင် အကုသိုလ်ဖြစ်သော အကြောင်းတရားတွေကို သူတပါးက တားမြစ်သော၊ ဥပဒေမလွတ်ကင်းသော၊ ကောင်းရောင်းကောင်းဝယ် မဟုတ်သော အကုသိုလ်တရားတို့ကို လုပ်ဆောင်ခြင်းသည် အကုသိုလ်တရားဖြင့် မိမိကိုယ်တိုင်က နောက်ဆုံး ပိုင်ဆိုင်မှုများစွာ ရရှိလိုက်သည်။ ထိုတရားသည် အကုသိုလ်တရားဖြင့် လူမှုရေး၊ ပညာရေး၊ စီးပွားရေး စသည်တို့၌ သဟဇာတ ဖြစ်တာ လည်းရှိကြသည်။ 

ထို့အပြင် တရားများသည်ကား အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ သဟဇာတ ပစ္စယေန ပစ္စယော။ (Indeterminate consciousness can be associated with indeterminate consciousness.) အဗျာကတတရားသည် အဗျာတကပစ္စယုပ္ပန်တရားများကို ကျေးဇူးဖြစ်၍ သဟဇာတဖြစ်ကြသည်။ ထိုအဗျာ တက တရားတို့သည်လည်း ဤနည်းအတူ လူမှုရေး၊ ပညာရေး၊ စီးပွားရေး စသည်တို့တွင် သဟဇာတ ဖြစ်၍ မိမိတို့ လျှောက်လမ်းသော လမ်းကြောင်းပေါ်တွင် ဖြစ်လာကြသည်။

ဤကဲ့သို့သော အကြောင်းတရားများသည် ကုသိုလ်ကြောင့်လည်းကောင်း၊ အကုသိုလ်ကြောင့် လည်းကောင်း၊ အဗျာကတကြောင့်လည်းကောင်း မိမိတို့ ကိုယ်တိုင်လုပ်ဆောင်ချက်ပေါ်တွင် မူတည်၍ ဤ ကား ကုသိုလ်တရားများဖြစ်ကြသည်။ ဤကား အကုသိုလ်တရားများ ဖြစ်ကြသည်။ ဤကား အဗျာကတ တရားမျာဖြစ်ကြသည်ဟု ဆိုရမည်ပင်ဖြစ်သည်။

ထို့အပြင် လောဘ၊(Greed) ဒေါသ၊(Hatred) မောဟ၊(Ignorance) အလောဘ၊(Non-greed) အဒေါသ၊(Non-hatred) အမောဟ(Non-ignorance)ဟုဆိုအပ်သော ဟိတ်တရား ခြောက်ပါးကြောင့်လည်း ဖြစ်ကြသည်။ လောဘကြောင့် မိမိတို့အသိုင်းဝိုင်း (Environment) ပတ်ဝန်းကျင် (Association) လူမှုရေး (Economy) စီးပွားရေး (Education) ပညာရေး စသည်များတွင် ပျက်ဆီးဆုံးရှုံးမှုများစွာ ရှိကြသည်ကိုလည်း မိမိတို့နေထိုင်သော လက်တွေ့ဘဝတွင် မျက်ဝါးထင်ထင် မြင်တွေ့ကြရသည်။ ဒေါသကြောင့်လည်း မိမိတို့ ကိုယ်တိုင် တည်ဆောင်ထားသော (Constitution of the life of environment) ဘဝဝန်းကျင်အတွင်းက (Eco) စီးပွားရေး၊ (Association) လူမှုရေး၊ (Education) ပညာရေးစသည်များစွာ ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ကြရသည်။ မောဟကြောင့်လည်း မိမိတို့ကိုယ်တိုင် ဖွဲ့စည်းထားသော အသိုင်းအဝိုင်း ပတ်ဝန်းကျင် လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည်တို့တွင် ပျက်စီးဆုံးရှုံးမှုများစွာ မိမိတို့ဘဝဝန်းကျင်မှာ တွေ့ကြုံရင်ဆိုင် ကြရသည်။ ထိုတရားများသည် အကုသိုလ်တရားတို့ဖြင့် ကျင်လည်ကျက်စားနေသောကြောင့် ဖြစ်ကြသည်။ 

အကယ်၍သာ အကုသိုလ်နယ်ပယ် မဟုတ်သော ကုသိုလ်နယ်ပယ်တွင်းက လုပ်ကိုင်ကြမည်ဆို လျှင် အလောဘတရားဖြင့် မိမိတို့ကိုယ်တိုင် ဖြူဖြူစင်စင် သန့်သန့်ရှင်းရှင်း လုပ်ငန်းခွင် စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည်များစွာတို့ကို လုပ်ကိုင်လျှင် အောင်မြင်ဖို့ရန် နည်းလမ်းကောင်းများဖြစ်ကြသည်။ ထိုနည်း အတူ အဒေါသ နှင့် အမောဟတို့ကိုလည်း မိမိတို့ကိုယ်တိုင် ကောင်းမွန်စွာ တည်ဆောက်ထားသော ဘဝ ဝန်းကျင်တွင်းက ကောင်းမွန်သော လုပ်ငန်းစသည် ကိစ္စတို့ကို လုပ်စွမ်းနိုင်အောင် ကြိုးစား၍ မိမိတို့ လိုချင် တောင်းတသော ပန်းတိုင်ဆီသို့ ရောက်အောင် သွားနိုင်သာလျှင် အောင်မြင်သော ဘဝခရီးလမ်းကို ရောက် ရှိမည် ဖြစ်သည်။

ထိုအပြင် (The four Noble truths) သစ္စာတရားလေးပါးတို့ကို ပိုင်းခြားဝေဖန်ရလျှင် (The noble truth of suffering) ဒုက္ခသစ္စာ၊ (The noble truth of the cause of suffering) သမုဒယသစ္စာ၊ (The noble truth of cessation of suffering) နိရောဓသစ္စာ၊ (The noble truth of the path leading to the cessation of suffering) မဂ္ဂသစ္စာဟူ၍ လေးပါးရှိကြသည်။ ထိုလေးပါးတို့တွင် (Field of Mundane)  လောကီနယ်ပယ်၊(Field of Supreme mundane) လောကုတ္တရာနယ်ပယ်ဟူ၍ နှစ်ပါးဖြစ်လာကြပြန်သည်။ လောကီနယ်ပယ်တွင်းက တရားများသည် ဆင်းရဲခြင်းကို အခြေခံ၍ ဒုက္ခတရား ဖြစ်သော ဒုက္ခသစ္စာသည် မိမိ ငါ သူတစ်ပါး ယောကျာင်္းမိန်းမ မခွဲခြားပဲလျက် အကြောင်းခံ သမုဒယနဲ့ ဒွန်တွဲကာ ဖြစ်လာကြသည်။ ထိုတရားများသည် ဒုက္ခသစ္စာ၊ သမုဒယသစ္စာတရားများဖြစ်ကြသည်။ ၄င်းနှစ်ပါးတို့ကို လောကီနယ်ပယ် တွင်းက တရားများဟုလည်း ခေါ်ဆိုနိုင်သည်။ 

ထိုမှတပါး ဘဝသံသာရာကိုလည်း စွဲဆောင်ဖြားယောင်၍ ခေါ်ဆောင်သွားတက်သည်၏ အဖြစ် ကြောင့် သံသာရာ ရှည်စေသော တရားများလည်း ဖြစ်ကြသည်။ ၄င်းသံသာရာရှည်ခြင်းများသည်လည်း မိမိ ၏ ကံကြမ္မာ အယောင်ဆောင် ဖျားယောင်မှုကြောင့်လည်း ဖြစ်ကြသည်။ သူတစ်ပါးက ကံကြမ္မာဖန်တီးလို့ အယောင်ဆောင် သွေးဆောင်ဖျားယောင်မှုလည်း ဖြစ်ကြသည်။ ထို့ကြောင့် (The noble truth of Suffering) ဒုက္ခသစ္စာနှင့် (The noble truth of the cause of suffering) သမုဒယသစ္စာတို့သည် (Ignorance) အဝိဇ္ဇာ၊ (Mental formation) သင်္ခါရ၊ (Consciousness) ဝိညာဏ၊ (Mind and matter) နာမရူပ၊ (Six bases) သဠာယတန၊ (Contact) ဖဿ၊ (Feeling) ဝေဒနာ၊ (Attachment) တဏှာ၊ (Clinging) ဥပါဒါန၊ (Survival of life) ဘဝ၊ (Rebirth linking consciousness) ဇာတိ၊ (Old age) ဇရာ၊ (Death) မရဏ၊ (Sorrow) သောက၊ (Lamentation) ပရိဒေဝ၊ (Suffering) ဒုက္ခ၊ (Anger) ဒေါမနဿ၊ (Fire of distress) ဥပါယာသ အစရှိသော အလွှာအသီးသီးတို့ ဖြစ်လာကြသည်။ ၄င်းတရားများကို ဒုက္ခ ဖြစ်ကြောင့်တရားဟုလည်း ခေါ်ဆိုနိုင်သလို သမုဒယရှိ အကြောင်းခံဟု၍ ခေါ်ဆိုနိုင်သည်။

အကယ်၍သာ အဝိဇ္ဇာ ချုပ်ရာ ဝိဇ္ဇာတရားဖြစ်ခဲ့ရင် ထိုတရားများကို လောကုတ္တရာတရားဟု ခေါ်ဆို နိုင်မည်ဖြစ်သည်။ ထိုလောကုတ္တရာတရားများသည်လည်း အပိုင်အခြားအားဖြင့် သူ့နေရာနှင့်သူ ရှိကြသည်။ ဤကဲ့သို့ ပိုင်းခြား၍ ရှိနေခြင်းသည်လည်း ပုဂ္ဂိုလ် ဝေနေယျတို့ကို စရိုက်အားဖြင့် ကြည့်၍ ဖြစ်ကြရသည်။ တဖန် (The cessation of ignorance) အဝိဇ္ဇာ ချုပ်ရာ၊ (The cessation of mental formation) သင်္ခါရတို့ ချုပ်ရာ၊ (The cessation of consciousness) ဝိညာဏတို့ ချုပ်ရာ၊ (The cessation of mind and matter) နာမရူပတို့ ချုပ်ရာ၊ (ပ) (The cessation of distress) ဥပါယာသတို့ ချုပ်ရာ ဖြစ်သော တရားများသည် နိရောဓသစ္စာဖြစ်၍ မဂ္ဂင်လမ်းစဉ်ဖြစ်သော မဂ္ဂသစ္စာလည်း ဖြစ်ကြသည်။

ထိုတရားတို့၏ ချုပ်ရာငြိမ်းရာဖြစ်သော တရားတော်သည် အမတရွှေပြည်မွန်ဖြစ်သော နိဗ္ဗာန်ရွှေ ပြည်မြတ်ပင် ဖြစ်သည်။ ၄င်းတရားများကို မည်သို့သော ပုဂ္ဂိုလ်တို့မှ ဟောဖော်ညွန်ပြ ဆိုဆုံးမနိုင်ဖို့ရန် လွယ် ကူသော တရားများ မဟုတ်ချေ။ မြတ်ဗုဒ္ဓတစ်ပါးတည်းသာ လောကထွဋ်ထား လူသုံးပါးတို့၏သခင် ဘုရား ရှင်အဖြစ်သို့ ရောက်တော်မူပြီးမှ ဟောဖော်ညွန်ပြ ဆိုဆုံးမခဲ့နိုင်သည့် တရားမြတ်ပင် ဖြစ်သည်။ 

ထို့ကြောင့် ခေတ်အဆက်ဆက်က သီအိုရီများသည် မည်သို့ပင် ကောင်းမွန်သည် ဆိုစေအုန်းတော့ နောက်ဆုံး မဏ္ဍိုင်သည် မြတ်ဗုဒ္ဓဟောဖော်ညွန်ပြ ဆိုဆုံးမသော တရားတော်တွေဆီသို့ တနေ့နေ့ တချိန် ချိန်တွင် မိမိတို့ကိုယ်တိုင် အနှစ်သာရရရှိ၍ တွေ့ကြုံခံစားရမည်ဖြစ်သည်။ ထိုအပြင် (The globalization of modern age) ယနေ့ကမ္ဘာကြီးမှာ သိပ္ပံပညာရပ်တွေ မည်သို့ပင် ကြီးကျယ်ခမ်းနားနေသည်ဟု ဆိုပါစေအုန်း မြတ်ဗုဒ္ဓဟောဖော်ညွန်ပြ ဆိုဆုံးမသည့် တရားတော်တွေလောက် ခမ်းနားကြီးကျယ်လိမ့်မည်ဟု မထင်ပါ။ ဒီခေတ် ဒီအခါတွင်းမှာ ခေတ်ကြီးတိုးတက်လွန်းလို့ အိုင်းစတိုင်လ် (Theory) သီအိုရီ၊ နယူးတန် (Theory) သီအိုရီ၊ ကမ္ဘာကြီး လုံးခြင်း၊ ကမ္ဘာကြီး ပြားခြင်းဆိုသည် အယူအဆတွေ၊ သိပ္ပံပညာရှင် အသီးသီးက သီအိုရီ တွေ ကိုင်စွဲထားကြသော်လည်း နောက်ဆုံးနိယာမ၏ လွင်ပြင်ရောက်လာသည့်အခါ မြတ်ဗုဒ္ဓ ဟောဖော် ညွန်ပြထားသည့် တရားတော်တွေလောက် ကောင်းမွန်သည့် အရာဟူသမျှ မရှိနိုင်ချေ။

နောက်ဆုံးအနေဖြင့် အရာအားလုံးသည် နေရာလိုက် တန်ဘိုးရှိကြသည်။ နေရာလိုက် တန်ဘိုးကို နေရာလိုက် သုံးတက်ဖို့ လိုအပ်သည်။ နေရာလိုက် မသုံးတက်လျှင် မိမိ သူတစ်ပါး စိတ်သောက ရောက်မည် ဖြစ်သည်။ သို့သော် အသုံးချဖို့အတွက် မဟုတ်သလို အသုံးပြုတက်ဖို့သာ ဖြစ်သည်။ အသုံးချခြင်း အသုံးပြုခံ သူကို အနိုင်ယူချင်စိတ်ကြောင့် ဖြစ်သည်။ အာဏာရှိလျှင်လည်း အာဏာကို အပြည့် အသုံးချတက်သည်။ စီးပွားရှိလျှင် စီးပွားရေးမှာ မမှန်ကန်မှုများ ဖြစ်လာရသည်။ လူမှုရေးမှာလည်း အသုံးမတည်လို့ မိမိကိုယ်တိုင် အသုံးပြုခံရသည့် အဖြစ်သို့ ရောက်ရသည်။ ထို့ကြောင့် အသုံးချခြင်းကို မလုပ်ဆောင် အသုံးပြုသော ဆေး ကောင်း တစ်ဖုံလို ဖြစ်စေချင်သည်။ ဆေးကောင်းတစ်ဖုံ ဖြစ်လာဖို့ရန်လည် ဖော်စပ်သူအပေါ် အဓိကပါဝင် ပတ်သက်သည့်အပြင် သမားကောင်းဖြစ်ဖို့ လိုအပ်သည်။ 

ဤအတူ မြတ်ဗုဒ္ဓသည် စွယ်စုံသမားတော်ကြီး လည်းဖြစ်၊ အထူးကု ဆရာဝန်ကြီးလည်းဖြစ်၊ သိပ္ပံ ပညာရှင်ကြီးလည်းဖြစ်သည်၊ ထိုသို့ အတူမရှိသောဂုဏ်နဲ့ ပြည့်စုံသော အတုလပိုင်ရှင်၏ ဟောဖော်ညွန်ပြ ဆိုဆုံးမသော တရားတော်တို့ကို နေရာလိုက် လိုက်နာကြသော သူတို့သည် စီးပွားရေး ပညာရှင်လည်း ဖြစ် နိုင်သည်၊ လူမှုရေးမှာလည်း အကျွမ်းဝင်သော အရာရှိကြီးလည်း ဖြစ်နိုင်သည်၊ ပညာရေးတွင်လည်း ပညာ ရှင်ကြီးလည်း ဖြစ်နိုင်သည်အပြင် ကျွမ်းကျင်ရာနေရာလိုက် ပညာရှင်တွေ ဖြစ်နိုင်မည် ဖြစ်သည်။ ဤကဲ့သို့ ပညာရှင်တွေ ဖြစ်နိုင်ဖို့ရန် မြတ်ဗုဒ္ဓ ဟောဖော်ညွန်ပြ ဆိုဆုံးမတော်မူခဲ့သော ပိဋကတ်သုံးပုံတို့ကို မှတ်သား လိုက်နာကြလျှင် မိမိတို့ ရည်မှန်းသော အနာဂါတ်ပန်းတိုင်ကို ရောက်ကြမည်ဆိုတာ လက်ဖပါး မြေခတ်လို မလွဲသလိုပင် ဖြစ်သည်။ ဤကဲ့သို့လည်း ဖြစ်နိုင်အောင် ကြိုးစားနိုင်ကြပါစေဟုလည်း ဆုတောင်းပတ္တနာ ဆန္ဒပြု လိုက်ပါသည်။


တက္ကသိုလ်ရဟန်းကမ္ဘာ (ပုည-ရာမည)

Wednesday, August 29, 2012

အများအကျိုးရွက်သယ်ပိုးက

     
အများအကျိုးရွက်သယ်ပိုးက

 အများကောင်းကျိုးကို ဦးတည်ပြီး ဆောင်ရွက်နေတာပါ ဆိုသော သူနှစ်ဦးကို တစ်နေ့တည်းတွင် နှစ်ခါကြုံခဲ့ရပါ၏။
            ပထမတွေ့သူက အရပ်မြင့်မြင့် သွယ်သွဝ်လျလျနှင့် စကားပြော ညင်သာသူ ဖြစ်ပါသည်။

            သူက ဆိုပါသည်။
           သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်း၊ အပေါင်းကိုယ့်ကြောင့် အေးစေသောဝ်… ဆိုတဲ့ စကားရှိတယ် မဟုတ်လားဗျာ။ ကိုယ့်ကြောင့် အများသူငါ ကောင်းကျိုးရကြတယ်ဆိုရင် ကျွန်တော်ဝမ်းသာရမယ် မဟုတ်လား။ ဒါပေမယ့် အများအကျိုးကို ရည်မြှော်ပြီး လုပ်ပေးနေတာကိုပဲ သဘောမပေါက်၊ မသိနားမလည်တဲ့သူတွေက ရှိနေလေတော့ အခက်အခဲတွေနဲ့ ကြုံရတာတွေရှိတာပေါ့။ ကိုယ့်ကို မနာလိုဖြစ်လာတာတွေ၊ ကိုယ့်လုပ်ငန်းကို ဖျက်လိုဖျက်ဆီး လုပ်တာတွေ၊ ကဖျက်ယဖျက် လုပ်တာတွေ ရှိတာပေါ့ဗျာ။ ရှိနေတာပေါ့။ ဒီလိုရှိနေပေမယ့်လဲ ကိုယ်လုပ်ရမယ့် အလုပ်ကို လုပ်ရမှာပါ။

            အများအကျိုး ရွက်သယ်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မရွဲ့မစောင့် မှန်လမ်းကြောင်းဖြင့် စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့ ဆိုတဲ့ အဆုံးအမ စကားအတိုင်း ကိုယ်ရည်ရွယ်ထားတဲ့ ပန်းတိုင် အရောက် လျှော်မှာပါပဲ၊ သွားမှာပါပဲ။

            သူ့စကားသံကို နားထောင်ရင်း အနှောင့်အယှက် အခက်အခဲတို့ကို ရင်ဆိုင်ဖို့ တင်းထားသော သူ၏အားမာန်ကို မြင်ယောင်၍ရပါသည်။
            ဒုတိယတွေ့သူကတော့ အရပ်ခပ်ပြတ်ပြတ် ကိုယ်လုံးကိုယ်ထည် ခိုင်ခံ့တောင့်တင်း၍ သူ့စကားသံကလည်း မာကျောသည်။   

            သူက ဆိုပါသည်။
            ခင်ဗျားကြားဖူးတယ်မဟုတ်လား၊ ကယ်ရဗင်လှည်းကြီးကတော့ သွားမြဲပဲ … ဆိုတာလေ။
            သူက ဘာဆက်မပြောမလဲ ဆိုသည်ကို ကျွန်တော်က ငြိမ်၍စောင့်သည်။

            ဟိုဗျာ… အမေရိကတိုက်ကို နိုင်ငံပေါင်းစုံက လူတွေလာပြီး အခြေချစဉ် ကာလကမြင်းနှစ်ကောင်၊ ဒါမှမဟုတ် လေးကောင်ဆွဲတဲ့ ကယ်ရဗင် (Caravan) ပေါင်းမိုးလှည်းကြီးတွေနဲ့ မိသားစုတွေ နယ်မြေသစ်ရှာကြ၊ ပြောင်းကြ၊ ရွှေ့ကြတယ်၊ ရွာတွေတည်ထောင်မိကြတဲ့ အခါမှာလဲ အဲဒီပေါင်းမိုးမြင်းတပ် ကယ်ရဗင် လှည်းကြီးတွေနဲ့ တစ်ရွာဝင်တစ်ရွာ ထွက် လှည့်ပြီး ဈေးရောင်းကြတယ်။

            ဈေးလှည့်ရောင်းတဲ့ ကယ်ရဗင် လှည်းကြီးထဲမှာ သတ္တုပစ္စည်းတွေ၊ အိုး
ခွက်တွေရော၊ တခြားပစ္စည်းတွေရော အစုံပါတယ်။ ဒီတော့ ဒီဈေးလှည်းကြီးလာရင် လမ်းကလဲ မကောင်းတဲ့ ခေတ်ဆိုတော့ လှည်းလှုပ်တိုင်း အိုးခွက်တွေ အချင်းချင်း တိုက်လို့ ထွက်လာတဲ့ ဂလုံ ဂလွမ်အသံတွေရော၊ တခြားအသံတွေရော သံစုံမြည်နေတာပေါ့။ သံစုံမြည်နေတဲ့ ဒီလှည်းကြီး ရွာထဲဝင်လာပြီဆိုရင် ရွာထဲက ခွေးတွေက အဲဒီလှည်းကြီးကို ၀ိုင်းပြီး ဟောင်ကြတယ်တဲ့ဗျ။ ဒီလိုပိုင်းပြီး ဟောင်ကြပေမယ့် လှည်းကြီးကတော့ သူသွားရမယ့်ဆီ သွားမြဲပါပဲ။ The dogs bark, but the caravan goes on တဲ့။ 

 ကျွန်တော်လည်း ကျွန်တော်သွားမယ့် ပန်းတိုင်ဆီ သွားမြဲသွားနေတာပါပဲ။ အများအကျိုး ရှေးရှုလုပ်နေတာဖြစ်ပေမယ့် ဒါကို သဘောမပေါက် နားမလည်သူတွေက ကျွန်တော့်ကို ၀ိုင်းပြီး အပြစ်ပြောကြ၊ သရော်ပြောင်လှောင်ကြ၊ အတင်းအဖျင်းချကြနဲ့ နှောင့်ယှက်လိုက်ကြတာ အများကြီးပါ။ ၀ိုင်းဟောင်ကြတိုင်း လှည်းကြီးက ရပ်ရမယ်ဆိုရင် လိုရာအရပ်ကို ဘယ်ရောက်တော့မှာလဲဗျာ။ သူတို့က ၀ိုင်းပြီး သရော်လှောင်ပြောင် အပြစ်ပြောတိုင်းသာ ကျွန်တော်သွားရမယ့် ခရီး။ လုပ်ရမယ့် အလုပ်ကို ရပ်ရမယ်ဆိုရင်လဲ ပန်းတိုင်ကို ဘယ်ရောက်တော့မှာလဲ။ လှည်းကြီးကတော့ သွားမြဲပင် ဆိုတာကို ကျွန်တော်လဲ သွားရမယ့် ပန်းတိုင်ဆီကို သွားမြဲပါပဲ…။

           သူ့စကားသံက မာကျောပါသည်။ ပြတ်သားပါသည်။ သူ့မှာ အားမာန်အပြည့်ရှိနေပုံလည်း ပေါ်နေပါသည်။
           အထက်ပါ လူနှစ်ဦးကို ကျွန်တော်က ကျေးဇူးအထူးတင်ပါသည်။ အဘယ့်ကြောင့်ဆိုသော ထိုသူတို့နှင့်စာလျှင် ဘာမျှမပြောပလောက်သည့်အလုပ်၊ မကြီးကျယ်သည့် အခက်အခဲ အနှောင့်အယှက်ဖြင့် တွေဝေရပ်တန့်နေသော ကျွန်တော့်ကို ထို့နေ့ကတည်းက စ၍ ရှေ့သို့ ဆက်သွားဖို့ သွားမြဲသွားနေဖို့ ထိုသူနှစ်ဦး၏ စကားများက လှုံ့ဆော် တိုက်တွန်းလိုက်ရာ ရောက်ခဲ့သောကြောင့်ပါတည်း။

   နန္ဒာသိန်းဇံ

Tuesday, August 28, 2012

ဘ၀ပညာ



ဘ၀ပညာ

ပညာဟုဆိုလိုက်လျှင် အတန်းပညာ၊ ကျောင်းပညာကိုသာ ပြေး၍ မြင်ကြ၏။ အမှန်စင်စစ် ပညာဟူသည်မှာ အလွန်တရာပင် ကျယ်ပြန့်လှ၏။ ဘ၀ပညာဟူသည်မှာ အတန်းပညာ၊ ကျောင်းပညာနှင့် မလုံလောက်၊ အဆင့်မြင့်ပညာတွေတတ် မြောက်၍ မဟာဘွဲ့၊ ပီအိပ်ခ်ျဒီ စသည်တွေရစေဦးတော့ ပညာပြည့်စုံပြီဟူ၍ မဆိုနိုင်သေးချေ။ ကျောင်းငယ်၊ ကျောင်းကြီး၊ တက္ကသိုလ်အသီးသီး တို့မှရသော ပညာသည် ဘ၀ပညာ၏
နိဒါန်းမျှသာ ရှိပါသေး၏။

ဘ၀မှာ အနေတတ်ဖို့ အရေးကြီး၏။ အနေတတ်နည်းပညာသည် ဘ၀ပညာပင်ဖြစ်၏။ ဘ၀ကို ဘယ်လိုထူထောင်မလဲ။ ဘ၀ကို ဘယ်လို အကောင်အထည် ဖော်မလဲ။ ဘ၀ကို ဘယ်လိုအသုံးပြုမလဲ။ ဘ၀မှာ အနှစ်သာရရှိရှိ ဘယ်လိုနေထိုင်မလဲ။ ဘယ်လိုနေမလဲ။ ဘယ်လိုသေမလဲ။ နေနည်းသေနည်း နှစ်ခုလုံးကို နားလည်သောပညာသည် ဘ၀ပညာ ဖြစ်သည်။ ဘ၀ပညာသည် ဒဿနိက ပညာတစ်မျိုး ဖြစ်သည်။ စာပေပညာအပြင် ကိုယ်ပိုင်ဘ၀ကပေးသော ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင် အယူအဆဟူသော ဒဿနိကပညာဟု ဆိုက ပို၍နီးစပ်၏။ ကိုယ်ပိုင်အတွေးအခေါ်ဟု ဆိုသော်ငြား စင်စစ်အားဖြင့် စာတွေ့လေ့လာ၍ ကိုယ်တွေ့နှင့် ညှိနှိုင်းပြီးမှ ထွက်ပေါ်လာသော အတွေးအခေါ် အယူအဆပင် ဖြစ်၏။

သိပ္ပံပညာ၌သော်မှ တီထွင်မှုဟူသည် ရှိပြီး အကြောင်းအရာ ပစ္စည်းပစ္စယ တို့ကို အကြောင်းခံ၍ ဆောင်ရွက်မှုမျှသာဖြစ်၏။ ထိုကဲ့သို့ပင် အတတ်ပညာ၊ အသိပညာတို့ကို ဆည်းပူးပြီးမှ မိမိ၏ ဘ၀ကပေးသော သင်ခန်းစာတို့ဖြင့် နှိုင်းချိန်ယူရသော ပညာသည် ဘ၀ ပညာဖြစ်၏။ 'မနတိ ဇာနာတီတိ မနုေဿာ' ဟူသော ၀ိဂြိုဟ်အရ သိတတ်သူကို လူဟုခေါ်သည်။ အရစ္စတိုတယ်ကလည်း 'လူသည် သဘာဝအားဖြင့် သိလိုသော ဆန္ဒရှိသည်' ဟုဆိုသည်။ လူသည် သိချင်စိတ်၊ တတ်ချင်စိတ်ရှိသော သတ္တ၀ါမျိုး ဖြစ်သည်။ ထိုစိတ်အရင်းခံကြောင့်ပင် သိလာ၊ တတ်လာ သည်။ ထိုသို့ သိလာ၊ တတ်လာခြင်းကြောင့်ပင် လူနေမှုအဆင့်အတန်း တိုးတက်လာခဲ့သည်။ အသိတွေ မြင့်လေ၊ အတတ်တွေ မြင့်လေ လူနေမှုဘ၀တွေ မြင့်လေမြင့်ခဲ့သည်။



ဘ၀ကို ဘယ်လိုထူထောင်မလဲ။ ဘ၀ကို ဘယ်လို အကောင်အထည်ဖော်လဲ။ ဘ၀ကို ဘယ်လိုအသုံးပြုမလဲ။ ဘ၀မှာ အနှစ်သာရရှိရှိ ဘယ်လိုနေထိုင်မလဲ။ ဘယ်လိုနေမလဲ။ ဘယ်လိုသေမလဲ။ နေနည်းသေနည်း နှစ်ခုလုံးကို နားလည်သော ပညာသည် ဘ၀ပညာ ဖြစ်သည်။



လူသားသည် သိချင်စိတ်ရှိသည့် အလျောက် လေ့လာစူးစမ်းနေသောကြောင့် 'အသိ' ကို ရရှိလာသည်။ အသိရှိလာသောကြောင့် 'အတတ်'တွေ ရရှိလာသည်။ အသိကြောင့် အတတ်တွေ ပေါ်လာသလို အတတ်ကြောင့်လည်း အသိတွေ ပေါ်လာသည်။ အသိကို 'အသိပညာ'၊ အတတ်ကို 'အတတ်ပညာ'ဟု ဆိုကြသည်။ သို့သော် အသိချည်းလည်း ပညာ မဟုတ်သေး။ အသိနှင့်အတတ် ပေါင်းစပ်ပြီးနောက် ထိုပေါင်းစပ်မှုကို အခြေပြုကာ တွေးခေါ်မြော်မြင် ဆင်ခြင်သုံးသပ်ပြီးကာမှ ရရှိလာသော အဆီအနှစ်သည်သာ 'ပညာ' ဟု ခေါ်ရလေသည်။

သိပ္ပံပညာ၊ ၀ိဇ္ဇာပညာ စသည်ဖြင့် အတတ်များစွာကို ပညာတတ်၍ ခေါ်ကြသည်ကို မကန့်ကွက်လိုသော်လည်း အကောင်းအဆိုး၊ အကျိုးအပြစ်ကို ခွဲခြမ်းစိတ်ဖြာ ဝေဖန်နိုင်စွမ်းရှိသော ဉာဏ်သည်သာ ပညာဖြစ်သည်။ ထိုပညာသည် ဘ၀ပညာဖြစ်သည်။
'ကျွန်ုပ်၏ အတွေ့အကြုံအရ ဆိုရပါမူ ကျောင်းသင်ပညာရေးသည် သာမန်မျှသာဖြစ်သည်။ ပို၍အရေးပါသည်မှာ တစ်သက်ပတ်လုံး မိမိကိုယ်မိမိ ပြန်လည်သင်ပေးခြင်း ဖြစ်သည်'ဟု အမေရိကန် စာရေးဆရာကြီး ဂျိန်းစ် အေမစ်ချနားက ဆိုခဲ့လေသည်။ အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး ၀ီလျံကောလ်ဟုန်းကလည်း 'ကျွန်ုပ်သည် ကျောင်းဆရာ၊ စီးပွားရေးလုပ်ငန်းရှင်၊ စစ်သား၊ ခရီးသည်၊ စာရေးဆရာဟူသော အလုပ်အမျိုးမျိုးကို လုပ်ခဲ့သည်။ထိုလုပ်ငန်းများအတွက် မည်သည့် တက္ကသိုလ်ကမှ အခြေခံပညာကို မပေးနိုင်ခဲ့ချေ။ ကျွန်ုပ်ကိုကျွန်ုပ် ပြန်လည်ပညာသင်ကြားပေးမှုဖြင့်သာ ထိုလုပ်ငန်းဆောင်တာတို့ကို လုပ်ခဲ့ရလေသည်'ဟု ဆိုခဲ့လေသည်။

'လူတိုင်း၌ ပညာသင်ယူမှု နှစ်မျိုးရှိ၏။ ပထမပိုင်းက သူတစ်ပါးက မိမိကို သင်ကြားပေးခြင်း ဖြစ်၏။ ဒုတိယပိုင်းက မိမိကိုယ်ကို မိမိက သင်ကြားပေးခြင်း ဖြစ်၏'ဟု ဗြိတိသျှသမိုင်းပညာရှင် အက်ဒွပ်ဂစ်မန်းက ဆိုခဲ့သည်။ ဘ၀ဟူသည် သင်ခန်းစာပေါင်း မြောက်မြားစွာ ပို့ချနေသော တက္ကသိုလ် ကျောင်းတော်ကြီး ဖြစ်သည်။ ထိုဘ၀တက္ကသိုလ်ထဲက ပညာရပ်တွေကို နေ့နေ့ညည သင်ယူနေရမည်။ ထိုပညာရပ်တွေသည်သာ ဘ၀အတွက် လက်တွေ့အသုံးဝင်သော ဘ၀ပညာတွေ  ဖြစ်သည်။

တချို့က ဘွဲ့လေးတစ်ခုရ ကျောင်းပြီးပြီဟု ဆိုကြသည်။ ကျောင်းပြီးတာတော့ မှန်ပါသည်။ ပညာရေးကတော့ အခုမှ စလုံးရေစသာ ရှိသေးသည်။ ဘ၀ပညာသည် 'တစ်သက်တာ ပညာရေး' ဖြစ်သည်။ ကျောင်းသင်ပညာရေးသည် 'လူ့ဘ၀ခရီးလမ်းကို အကြမ်းသဘော ခင်းပေးလိုက်ရုံမျှသာ ရှိသေးသည်။ လမ်းချော မဟုတ်သေးပေ။ လမ်းချောအောင် အမြဲတစေ သင်ယူ ဖြည့်ဆည်းပေးနေရမည်။

ကျောင်းသင်ပညာကို အခွင့်မသာ၍ သင်ကြားခွင့် မရသူတို့မှာ ပညာရေးနှင့်စပ်၍ စိတ်ပျက်နေဖို့ မလိုပါ။ စိတ်အားငယ်နေဖို့ မလိုပါ။ ဘွဲ့ရမှ ပညာတတ်သည်ဟူသော အယူအဆ အစွဲအလမ်းကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။ ကမ္ဘာကျော်ပုဂ္ဂိုလ် အ များစု ကျောင်းစာမတော်ခဲ့ကြပါ။ ကျောင်းမပြီးခဲ့ကြပါ။ ယခုခေတ် သားသမီးကို ကျောင်းစာမေးပွဲ အဆင့်တစ်ရမှ၊ အဆင့်နှစ်ရမှဆိုသော မိဘများ အထူးသတိပြုစေလိုပါသည်။ အောင်မြင်မှုက တောင်းဆိုသည်မှာ ပထမတန်းစား ဉာဏ်ရည်ဉာဏ်သွေး မဟုတ်။ ပထမတန်းစား ဇွဲဟူသော ပညာရှိတို့စကား မှတ်သားဖို့လိုပါသည်။

ဘ၀အောင်မြင်ရေးအတွက် သိချင်စိတ်၊ တတ်ချင်စိတ်၊ ဆည်းပူးချင်စိတ်၊ သုံးသပ်နှလုံးသွင်းချင်စိတ်၊ အောင်မြင်ကြီးပွားချင်စိတ် တို့ကိုသာ ရှင်သန်အောင် မွေးမြူပြီး ကိုယ့်အားကိုယ်ကိုး 'တစ်သက်တာပညာ' ဆည်းပူးရေးတွင် ကောင်းစွာဆောင် ရွက်ပါက အောင်မြင်သော ဘ၀ ဖြစ်နိုင်ပါသည်။ သင်ယူမှုကို ဘယ်သောအခါမှ ရပ်မပစ်လိုက်ပါနှင့်ဟု ပညာရှိတို့က ဆိုပါသည်။

အသက်အရွယ် ကြီးရင့်သူတို့၌ အတွေ့အကြုံများသဖြင့် ဘ၀ပညာနှင့် ပြည့်စုံနေကြသည်။ သူတို့တစ်သက်တာ ဘ၀ပညာကို လူငယ်လူရွယ်များအား ပေးလှူနေသော လူကြီးသူမတို့ များစွာရှိကြသည်။ ဘ၀ပညာကို လိုလားသူ လူငယ်လူရွယ် တို့သည် ထိုလူကြီးသူမတို့ထံမှ ဘ၀ပညာကို ဆည်းပူးရယူနိုင်သည်။ ခေါင်းသုံးလုံးရှိသော အဘိုးအိုကို ဆည်းကပ်ပါဟူသည်မှာ ဤအဓိပ္ပာယ် ဖြစ်၏။ ဘ၀ပညာသည် အလှပညာ ဖြစ်သည်။ ဘ၀ပညာသည် ကိုယ့်ဘ၀ကိုလည်း ရုပ်ဆိုးကျည်းတန် မဖြစ်စေရ။ သူများတကာတွေ ဘ၀ကိုလည်း ရုပ်ဆိုးအကျည်းတန် မဖြစ်စေရ။ အတ္တပရ ဘ၀နှစ်မျိုးလုံးကို အလှဆင်သော ပညာသည် ဘ၀ ပညာ ဖြစ်သည်။

ဘ၀ပညာသည် အတ္တအတွက်လည်း ဒုက္ခကို ရှောင်ရှား၊ ပရအတွက်လည်း ဒုက္ခတွေ ဆောင်မထားဘဲ အတ္တပရ နှစ်ဦးနှစ်ဝ သုခနှင့်ပြည့်စုံအောင် ဆောင်ရွက်သော ပညာဖြစ်သည်။ ဘ၀ပညာသည် မည်သူ့ကိုမျှ စိတ်ကသိကအောင့် မဖြစ်စေဘဲ မည်သူကိုမျှ အနှောင့်အယှက်မပေးဘဲ ကူညီရိုင်းပင်းမှုကိုသာ ပေးသော ပညာဖြစ်သည်။ တတ်သိသူနှင့် သိတတ်သူ နှစ်မျိုးတွင် တတ်သိသူသာ ပေါများ၍ သိတတ်သူ ရှားပါးသတဲ့။ ဘ၀ပညာသည် တတ်သိခြင်းမဟုတ်။ သိတတ်ခြင်းသာ ဖြစ်သည်။ မိဘအပေါ်လည်း သိတတ်သည်။ ဆရာသမားအပေါ်လည်း သိတတ်သည်။ ကျေးဇူးတရား ကိုလည်း သိတတ်သည်။ တာဝန်ကိုလည်း သိတတ်သည်။ ၀တ္တရားကိုလည်း သိတတ်သည်။ လူမှုရေးလည်း သိတတ်သည်။ ပြောစရာ၊ ဆိုစရာ၊ သင်စရာမလိုဘဲ အသိတရားက သူ့အလိုလိုရှိသူ ဖြစ်သဖြင့် အရာရာ၌ သိတတ်ခြင်းသည် ဘ၀ပညာ ဖြစ်သည်။

တချို့စည်းကမ်းတွေသည် သီးသန့်သတ်မှတ်ထားခြင်း မဟုတ်။ ကိုယ့်အသိတရားနှင့်ကိုယ် လိုက်နာကြရခြင်း ဖြစ်သည်။ အလိုက်သိ၊ အလိုက်တသိဟူသော ဝေါဟာရနှင့် သဘောတရားသည် နေရာတိုင်း၌ လိုအပ်သည်။ ထိုအလိုက်သိမှု၊ အလိုက် တသိ ရှိမှုသည် ဘ၀ပညာ ဖြစ်သည်။ လောကမှာ အလိုက်သိမှုတစ်ခု မရှိမဖြစ် လိုအပ်သည်။ အလိုက်မသိသူနှင့် ပေါင်းသင်းဆက်ဆံရ၊ နေထိုင်ရတာလောက် ဆင်းရဲတာ ဘာမျှမရှိ။ ထို့ကြောင့် အလိုက်သိတတ်မှုလေး တစ်ခုတော့ လူတိုင်းမှာ ရှိစေချင်သည်။ ထိုဘ၀ပညာဖြစ်သော အလိုက်သိတတ်မှုမှနေ၍ ကိုယ်ချင်းစာတရားဆိုတာ ပေါ်လာသည်။ အားနာတတ်မှု၊ ကူညီရိုင်းပင်းတတ်မှု၊ ထောက်ထားမှု၊ စာနာမှု၊ ငဲ့ညှာမှု၊ ဦးစားပေးမှု စသော မြန်မာ့ယဉ်ကျေးမှုများ ပေါ်ပေါက်လာရသည်။

တစ်ဖက်သားကို အားနာတတ်မှုသည် နူးညံ့သော စိတ်ထား၊ မွန်မြတ်သော စိတ်ထားမှ လာသည်။ နေရာတိုင်း၌ အားနာဖို့ မလိုသော်လည်း အားနာတတ်သော မြန်မာ့ယဉ်ကျေးမှုလေးတစ်ခု မပျောက်ကွယ်သင့်ပေ။ လူတို့ကြား၌ အရေးတကြီး လိုအပ် သော ကိုယ်ချင်းစာတရားသည် အားနာမှုမှလည်း လာသည်။ ငဲ့ညှာမှု၊ စာနာမှု၊ ထောက်ထားမှုတို့မှလည်း လာသည်။ ထိုကောင်းမြတ်သော အမူအကျင့်တို့သည် ဘ၀ပညာမှနေ၍ လာကြသည်။

ကျက်ဉာဏ်၊ မှတ်ဉာဏ်တို့သည် အတတ်ပညာရပ်တို့နှင့် ဆိုင်သော်လည်း စဉ်းစားဉာဏ်၊ ဆင်ခြင်ဉာဏ်၊ ထိုးထွင်းဉာဏ်၊ သဘောဉာဏ်၊ တင်္ခဏုပ္ပတ္တိဉာဏ်၊ ဟာသဉာဏ် စသည်တို့ကား ဘ၀ပညာရပ်နှင့် ဆိုင်သွားသည်။ ကာလဒေသ ပုဂ္ဂလကို ခွဲခြားနားလည်မှု၊ ဌာနာ ဌာန ကောသလ္လဉာဏ်တို့မှာလည်း ဘ၀ပညာရပ်မှသာ ရရှိနိုင်သည်။ ဘ၀တွေ ပိုင်ဆိုင်ထားသူ ဘ၀ပိုင်ရှင်တိုင်းကတော့ ကိုယ့်ဘ၀ကိုယ် လှချင်ကြသည်။ လှတပတ ဖြစ်ချင်ကြသည်။ ဘ၀တွေ လှဖို့အတွက် အဓိက လိုအပ်တာကတော့ 'ဘ၀ပညာရပ်'သာ ဖြစ်သည်။

Written by အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

Monday, August 27, 2012

မျက်ရည်များကို လွမ်းပါတယ်

မျက်ရည်များကို လွမ်းပါတယ်

ဒီနေ့ ( ၁၃.၈. ၂၀၁၂ ) နေ့မှာ ကျေး၊ဇူးရှင် မွေးမိခင် မယ်တော်ကြီး ဘ၀တပါး ပြောင်းသွားခဲ့တာ (၃) နှစ်တင်းတင်း ပြည့်ခဲ့ ပြီ၊ လွန်ခဲ့တဲ့ (၂၀၀၉) ခုနှစ်က မိခင်ကြီး ဆုံးပါးခဲ့တော့လဲ သီရိလင်္ကာနိုင်ငံမှာ ပညာသင်နေဆဲ တန်းလန်းမို့ အနားမှာ မရှိခဲ့ဘူး၊ နေရာဒေသဓလေ့ ထုံးစံအရ ရဟန်းမယ်တော်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ရုပ်အလောင်း မီးရှို့တာကိုလဲ မြင်ခွင့်မရခဲ့ဘူး။ 
 
တစ်နှစ်ပြည့်မှာ မပြန်နိုင်ခဲ့ပေမယ့် နှစ်နှစ်ပြည့် အမှတ်တရမှာတော့ ကိုယ်တိုင်စီမံပြီး စိတ်ကြိုက်လှူပေးနိုင်ခဲ့တယ်၊ အမျှဝေ ပေးနိုင်ခဲ့တယ်၊ အခု သုံးနှစ်ပြည့်မှာတော့ အဝေးကို ရောက်နေပြန်ရော. ဒါကပဲ ဘ၀တစ်ခုပါပဲလား..နောက်ဆုံး   တော့ကိုယ့် လမ်းကိုယ်လျှောက်နေကြရတာပဲ ဆိုပြီး သံဝေဂစိတ်လေး ဖြစ်မိပါရဲ့..

အမေ့ရဲ့မေတ္တာကို စတင်သတိထားမိလာတာက ငယ်ငယ် ၇ နှစ်လောက်က ထင်တယ်၊ ဆိုးလို့ ပေလို့ ဂျီကျလို့ ကောင်းနေ ဆဲ အရွယ်မှာ ဆိုးတိုင်း ပေတိုင်း အဖေက ရိုက်နှက်ဆုံးမတတ်တယ်၊ အဲဒီအချိန်မှာ အမေက ၀င်မတားမြစ်ရင် ကိုယ်လဲ သေပြီပဲ။ အဲဒီတော့ အမေဟာ ကိုယ့်ရဲ့ ကယ်တင်ရှင်ဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်၊ အခုမှ ပြန်တွေးကြည့်တော့ နာမယ် မထင်ပါဘူး၊ ဒါပေမယ့် ကလေးအရွယ် ဆိုတော့လဲ  သိပ်နာကျင်ခဲ့တယ်လို့ ထင်မိတယ်.. အော်ကြီးဟစ်ကျယ် အသံကုန် ကို အော်ငိုပစ်လိုက်တယ်၊ အခုမှ တွေးမိတာ ရှက်စကြီးဖြစ်နေမလားပဲ။

နောက် ၁၃ နှစ်သားအရွယ်မှာ မိဘနဲ့ ဝေးရာ မြို့ကြီးမှာ ပညာသင်သွားရမယ် ဆိုတော့ အမေတစ်ယောက် လိုက်ပို့ရင်းနဲ့ ပြန်ခါနီးမှာ မျက်ရည်တွေတွေ ကျရင်း ထွက်ခွာခဲ့တဲ့ ကျောပြင်ကို ကြည့်ပြီး ဒုတိယအကြိမ် ခံစားမိလာတယ်၊ ရင်ထဲမှာ ထိထိရှရှလေး သတိထားမိလာတယ်။ ကိုယ်တိုင်တော့ မျက်ရည်မကျခဲ့လို့ အမေကတောင် သံယောဇဉ်ပြတ်နိုင်တဲ့ သားရယ် လို့ ဆိုခဲ့ဖူးတယ်၊ တကယ်တော့ ပုထုဇဉ်လူသားတယောက်အနေနဲ့ သံယောဇဉ် ဘယ်လိုလုပ် ပြတ်နိုင်ပါ့မလဲ အမေရယ်.. ပြတ်ချင်လို့ ပြတ်တာ မဟုတ်ပါဘူး၊ ပြတ်ချင်ယောင် ဆောင်ခဲ့တာပါ၊ ဒါကလဲ အကြောင်းရှိပါတယ်..

ရက်စက်တာ မုန်းလို့ မဟုတ်ဘူး

အမေက သူ့သားရဟန်းကို သံယောဇဉ်ပြတ်နိုင်လွန်းတယ်၊ တနှစ်လုံးနေမှ တခါတောင် မတွေ့ရဘူး၊ အမေကတော့ တနှစ်ကို တစ်ကြိမ်လောက်ဖြစ်ဖြစ် မတွေ့ပဲ မနေနိုင်ပါဘူး ဆိုပြီး အမြဲစကားနာထိုးတတ်တယ်၊ ကိုယ်လဲ အဲဒီစကားလေး တွေကို ကြားပြီး ရင်ထဲမှာ အမေဟာ အတော်ချစ်ရှာပါလား ဆိုပြီး ပီတိဖြစ်ရပါတယ်၊ ဒါပေမယ့် စည်းတစ်ခု ဘရိတ်တစ်ခု တော့ ထားခဲ့ဘူးတယ်၊

အမေ မသေခင် နောက်ဘ၀မကူးခင်မှာ တရားအလုပ်လုပ်ပြီး နှလုံးသွင်းနိုင်အောင် ကြိုးစားပါ၊ သံယောဇဉ်ဖြတ်နိုင်အောင် ကြိုးစားပါ လို့ သတိပေးစကား ဆိုခဲ့ဖူးတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ကျင်လည်ရတဲ့ မိသားစုတော် တော်များများမှာ သားသမီးတွေကို စွဲလန်းပြီး နောင်ဘ၀အထိ မကျွတ်မလွတ်ပဲ ကိုယ့်ဘ၀ကို ရေစုန်မျော လိုက်နေကြ လို့ပါပဲ၊ 

ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်က အရှင်ကုမာရကဿပ ဆိုတာရှိခဲ့တယ်၊ သာသနာ့ဘောင်ဝင်ပြီး နှစ်ပေါင်း (၁၂)နှစ်   လောက်ကြာမှ မိခင်ဖြစ်သူနဲ့ ရှားရှားပါးပါးအဖြစ် တကြိမ်ဆုံတယ်၊ အဲဒီအချိန်မှာ မိခင်ကြီးကလဲ ဘိက္ခုနီမကြီး ဖြစ်နေပြီ၊ ဒါပေမယ့် နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့တဲ့ သားတစ်ယောက်ကို မြင်တဲ့အခါ ဣနြေ္ဒမဆည်နိုင်ပဲ ငိုကြီးချက်မ နဲ့ နောက်က နေ သားရဟန်းသွားလေရာကို တောက်လျောက်လိုက်နေတယ် တဲ့၊
  
သံယောဇဉ်အားလုံးကို ဖြတ်ခဲ့ပြီးသူ နဲ့ သံယောဇဉ်ကို လိုက်လံဆက်နေသူ နှစ်ယောက်ရဲ့ စိတ်ထားက သိပ်ကွာခြားနေ ခဲ့တယ်၊ မထေရ်မြတ်ကြီးက ရဟန္တာဖြစ်နေပြီ ဆိုတော့ စဉ်းစားမိတယ်၊ အော်- မိခင်ကြီးဟာ ငါနဲ့ ကင်းကွာနေတာ ၁၂ နှစ်တောင်ကျော်ပြီ ဆိုတော့ တော်တော်လွမ်းနေရှာမှာပဲ၊ တကယ်လို့ ငါ့ဆီက  အမေရယ်. အမေ့ကိုလဲ သားက လွမ်းနေ သတိရနေတာပါ .. ဘာညာစတဲ့  ချိုသာတဲ့စကားတွေကို ကြားလိုက်ရင် တခဏတော့ စိတ်ချမ်းသာသွားမယ်၊ သို့ပေမယ့် သံသရာမှာတော့ သံယောဇဉ်တွေနဲ့ လုံးချာလည်ပြီး နစ်မွန်းအုံးတော့မယ်.. လို့  တွေးမိပြီး - မိခင်ကြီး..ဘာတွေဖြစ်နေတာ လဲ. တော်တော် ခက်ပါတယ်၊ ရှုတ်လိုက်တာ.. ဒီလောက် သံယောဇဉ်လေးကိုတောင် မဖြတ်နိုင်ဘူးလား ဆိုပြီး အော်သလို ငေါက် သလို ပြောထည့်လိုက်တယ်။ 

ဒီအချိန်မှာပဲ အပူသည် မိခင်ကြီးက - အော် ငါကတော့ ၁၂ နှစ်လုံးလုံး သံယောဇဉ်တွယ်ပြီး လွမ်းနေလိုက်ရတာ၊ သူကတော့ ဒီလို စကားမျိုး ပြောထွက်ရက်တယ်၊ တော်ပြီ ရှေ့ဆက်စရာ အကြောင်းမရှိတော့ဘူး ဆိုပြီး သားရဟန်း သံယောဇဉ်ကို ဖြတ်ပြီး စိတ်ရှင်းရှင်း အမြင်ရှင်းရှင်းနဲ့ ၀ိပဿနာတရား အားထုတ်လိုက်တာ မကြာခင်မှာပဲ ရဟန္တာထေရီ ဘိက္ခုနီမကြီး ဖြစ်သွားသတဲ့။ ။

ဝမ်းသာလို့ ကျတဲ့မျက်ရည်များ

စာရေးသူ ၁၉ နှစ်သားအရွယ်မှာတော့ အကိုရင်းတယောက်က အလှူပေးလို့ ရေစက်ချတရားဟောရတယ်၊ အမျှဝေသံ မဆုံးခင်မှာ အမေ့မျက်နှာကို လှမ်းကြည့်လိုက်တော့ ဖြောင့်ဖြောင့်အမျှမဝေနိုင်ပဲ မျက်ရည်တွေပဲ ထပ်ကာထပ်ကာ သုတ်နေတာ တွေ့ လိုက်မိတယ်၊ ၀မ်းနည်းလို့ ကျရတဲ့မျက်ရည်၊ ၀မ်းသာလို့ ကျရတဲ့မျက်ရည် တွေထဲမှာ ဒီမျက်ရည်က တော့ မွန်မြတ်သော မျက်ရည်ဖြစ်ခဲ့ပါတယ်၊ 

ဒီဘက်နောက်ပိုင်းမှာတော့ မိဘနှစ်ပါးလုံးကိုပါ အတတ်နိုင်ဆုံး စိတ်ချမ်းသာအောင် ထားနိုင်ခဲ့တယ် ထင်ပါတယ်၊ ကိုယ့်ကြောင့် မိဘစိတ်ဆင်းရဲတယ် ဆိုတာ မရှိစေရဘူး ဆိုတဲ့ခံယူချက်နဲ့ သားတစ်ယောက်ရဲ့ မေတ္တာတွေ ၊ အကြင်နာ တွေ၊ နွေးထွေးမှုတွေ အားလုံး ပေးနိုင်အောင် ကြိုးစားဖြစ်ခဲ့တယ်။ 

စာရေးသူ အောင်မြင်မှုတစ်ခုရတိုင်း ရတိုင်းမှာ အမေ့မျက်ရည်ကို မြင်ရတတ်တယ်၊ တရားဟောပြီးတိုင်း ပလ္လင်ပေါ်က မဆင်းခင်မှာ အမေ့မျက်ရည်ကို မြင်ရတယ်၊ နိုင်ငံရပ်ခြားကို သွားခါနီးမှာ နောက်ဆုံးအကြိမ်အဖြစ် အမေ့မျက်ရည်တွေကို မြင်ခဲ့ရတာ မှတ်မိနေပါသေး တယ်..

အခုတော့ အမေ့ရဲ့ ၀မ်းသာလို့ ကျတဲ့မျက်ရည်တွေကို ပြန်လည်မြင်ချင်ပေမယ့် မြင်တွေ့ခွင့်မရတော့ပါဘူး၊ မြတ်စွာ ဗုဒ္ဓကလဲ ဓမ္မစကြာတရားတော်မှာ ကြိုတင် သတိပေးထားပြီးသား မဟုတ်လား. မရဏမ္ပိ ဒုက္ခံ- သေကွဲကွဲရတာဟာ ဒုက္ခ တစ်မျိုး၊ ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော- ကိုယ်သံယောဇဉ် ရှိသူတွေနဲ့ ရှင်ကွဲ၊ သေကွဲတခုခုနဲ့ ခွဲခွါရခြင်းဟာလဲ ဒုက္ခ တစ်မျိုးပါပဲ တဲ့၊ ဘယ်လိုအခြေအနေနဲ့ပဲ ဖြစ်စေ ခွဲခွာခြင်းမှန်သမျှဟာ ဒုက္ခဖြစ်စေတာမို့ မကောင်းပါဘူး..

အခုအချိန်မှာ မွေးမိခင်ကြီး မရှိတော့ပေမယ့် ကျွေးမိခင်တွေ၊  ဘာသာသာသနာကို ကြည်ညိုမြတ်နိုးသူ ကျေးဇူးရှင်တွေ ရဲ့ သံယောဇဉ်တွေ မေတ္တာတွေနဲ့ နေတတ်ခဲ့ပါပြီ၊ အဲဒီမေတ္တာတွေရဲ့ အင်အားနဲ့ ဆက်လက် ရှင်သန်ရပါအုံးမယ်…

အမေဟာ အမေပါပဲ ဆိုတဲ့ဆောင်းပါးကို မယ်တော်ကြီး၏ (၂) နှစ်ပြည့်မှာ ရေးခဲ့ဖူးတာမို့ ဒီနေရာမှာ ဖတ်ရှုနိုင်ပါသေးတယ်။
တတ်သိနားလည်ချိန်မှစ၍ ယနေ့အထိတိုင် ပြုလုပ်အားထုတ်ခဲ့သော ကုသိုလ်တို့၏ အဖို့ဘာဂကို မယ်တော်ကြီး ဒေါ်သီ ( ၇၆) နှစ်အား ရည်စူး၍ သုံးဆယ့်တစ်ဘုံသားအားလုံးတို့အား အမျှပေးဝေပါတယ်၊ ရောက်ရာဘုံဘ၀မှ ၀မ်းမြောက်ဝမ်းသာ သာဓု သာဓု ခေါ်ဆိုနိုင်ပါစေသော်…

 ပန်းကမ္ဘာ

Sunday, August 26, 2012

လက်တွေ့မှ ယုံပါမယ်ဆိုတဲသူတွေ အတွက်



တန်ဖိုးမဖြတ်နိုင်သောအလင်းများ နှင့် ထူးမြတ်လှသောတရားတော်(ကိုယ်တွေ့ဖြစ်ရပ်မှန်)

ကျွန်မသည် ရွာအ၀င်လမ်း ဟုအမည်ရှိသော စာအုပ်တစ်အုပ်ကိုအမေက ဖတ်ခိုင်းသဖြင့်ဖတ်လိုက်မိပါသည်။ထိုစာအုပ်ထဲတွင် အပြည်ပြည်ဆိုင်ရာဗောဓိအေးငြိမ်းရိပ်သာတွင် တရားအားထုတ်ပြီးတရားတွေ့ပုံများနှင့် တရားအလင်းနိမိတ်ဖြင့် ဘုရားဖူးရပုံများ အတိတ်ဘ၀များကိုမြင်ခဲ့ရပုံများ ကိုဖတ်လိုက်ရပါသည်။ ထိုသို့ဖတ်နေစဉ် ကျွန်မကိုယ်တိုင်လည်းသူတို့​ကဲ့သို့ ဘုရားများဖူးချင် တွေ့ချင်ခဲ့မိပါသည်။ သို့ပေမဲ့ ထိုသူများကဲ့သို့မတွေ့နိုင်​ဟုထင်မိပါသည် မိမိတွင်ပါရမီမရှိနိုင်ဟု ကျွန်မ၏ အမေကိုပြောလိုက်ပါသည် အမေကလည်း ထိုတရားစခန်းသို့ဝင်ရန်တိုက်တွန်းပါသည်။

ထိုသို့ဖြင့် ကျွန်မတို့မိသားစု တရားစခန်းသို့ စာအုပ်ထဲတွင်ပါရှိသည့် ဖုန်းနံပါတ်အတိုင်းဆက်သွယ်စုံစမ်းခဲ့ပါသည် တရားစခန်းမှ လာရောက်အားထုတ်နိုင်ကြောင်း​ကိုပြောပြီး လှိုက်လှဲစွာဖိတ်ခေါ်ခဲ့ပါသည်​။
`နောက်တစ်နေ့တွင်ဖေဖေ၊မေမေနှင့်ကျွန်မ အပါအ၀င်မိသားစုသုံးယောက် တရားရိပ်သာသို့သွားရောက် စာရင်းပေးခဲ့ပါသည်။ ရိပ်သာသို့ ၀င်လိုက်သောအခါ အေးချမ်းတိတ်ဆိတ်ပြီး
 ငြိမ်းချမ်းသောနေရာလေးတစ်ခု​ သို့ရောက်ရှိသွားသလိုခံစားခဲ့ရပါသည် တပါးဆောင်လေးများနှင့် တရားအားထုတ်၇သည်ဟု လည်းသိခဲ့ရပါသည်။ သစ်ပင်အောက်တွင်လည်းအားထုတ်​နိုင်သည်ကိုလည်းတွေ့ခဲ့ရပါသ​ည် အရိပ်အာဝါသကောင်းသော ၀ါးပင် သစ်ပင်များနှင့်စိမ်းစိုနေပါသည်။တရားအားထုတ်လို့ ကောင်းသော ဆိတ်ငြိမ်ရပ်တစ်ခုဖြစ်ပါသည်​။

` ကျွန်မသည် န၀မအကြိမ်မြောက် ရက် (၆၀) တရားစခန်းကို ၂၈-၄-၂၀၁၂ ရက်နေ့တွင် စတင်ဝင်ရောက်ခဲ့ပါသည်။ ပထမရက်တွင် ဆရာတော်က(၉)ပါးသီလပေးပြီး အရဟံဂုဏ်တော်ပွားခိုင်းပါသည်။ တရားထိုင်သောအခါ မျက်နှာကိုပ၀ါစီးပြီးတော့ထိုင်ရပါတယ်။ တရားအလင်းနိမိတ်နှင့် အပြင်အလင်း မရောအောင်ဖြစ်ပါသည်။ ဒုတိယရက်တွင် မေတ္တာပွားရပါသည်။ တတိယရက်တွင် မရဏနုဿတိကိုပွားရပါသည်။ စတုတ္ထရက်မှစပြီး အာနာပါန ကိုစပွားရပါသည်။ အာနာပါနပွားပြီး ငါးရက်မြောက်နေ့တွင်အလင်းနိ​မိတ်ကိုစတင်တွေ့ခဲ့ရပါသည်။ အရမ်းလည်းဝမ်းသာခဲ့ရပါသည်။ ထိုအချိန်ကသမာဓိအားအရမ်းကော​င်းနေသောကြောင့်အမျှလာပြီးေ​တာင်းသူ များရှိခဲ့ပါသည်။ကျွန်မလည်း​မိမိပြုသမျကောင်းမှုတွေကိုအ​ မျှပေးဝေလိုက်ပါသည်။ ကျွန်မထိုသူများကိုကြောက်လည်း ကြောက်နေခဲ့မိပါသည်။ အမှန်စင်စစ်ထိုသူများမှာ ကြောက်စရာမကောင်းပဲ သနားစရာကောင်းသည်မှာအမှန်ပါ​ မိမိတို့ကုသိုလ်ပေးမှရမည့် ထိုသူတို့ဘ၀မှာအလွန်ပင်သနား​စရာကောင်းလှပါသည် ။ ခြောက်ရက်မြောက်နေ့တွင်ဆရာေ​တ်ာက မိမိတို့၏အလင်းနိမိတ်ကို တစ်တောင်နှစ်တောင်စပို့ခို​င်းပါသည်။ပို့လို့ရခဲ့ပါသည်​။ အလွန်ပျော်ခဲ့မိပါသည်။နောက်​နေ့တွင်ဘုရားဖူးခန်းစခဲ့ပါသ​ည်။ ဆရာတော်အရှင်ကေလာသ က ကျောင်းဝန်းထဲရှိဘုရားများကို စတင်ပြီးနိမိတ်ဖြင့်ဖူးခိုင်းပါသည်။ ကျွန်မဖူးသည်မှာမရခဲ့ပါ။

ကျွန်မသည် ဓမ္မာရုံထဲမှဘုရားကိုဖူးသော်​လည်း ငမိုးရိပ်စေတီ ဘုရားကိုရောက်သွားပါသည်။ ထိုသို့ရောက်သွားခြင်းကလည်းကျွန်မမဖူးတတ်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ နောက်တနေ့တွင် ရွှေတိဂုံ၊မဟာမြတ်မုနိ အစရှိသည့်ဘုရားများကို ဖူးခိုင်းရာ ကျွန်မဖူးရ်ျမရခဲ့ပါ။ထို့ြေ​ကာင့် ကျွန်မ၀မ်းနည်းပြီးငိုခဲ့မိ​ပါသည် တခြားယောဂီများမှာဖူးလို့ရသ​ည် ဟုဆရာတော်ကို တရားလျှောက်သောအခါ အလွန်ဝမ်းနည်းမိပြီး ငိုခဲ့မိပါသည်။ သို့ပေမဲ့ အတူတရားအားထုတ်တဲ့ စခန်းအတူဝင်ယောဂီမမေသက်နွယ်​၏ ကူညီမှု အားပေးမှု ဆရာတော် အရှင်ပညာဒီပ တို့၏ သင်ပြမှုတို့ကြောင့် ဘုရားများကိုဖူးလို့ရခဲ့ပါသ​ည်။ အလွန်ပင်ပျော်ခဲ့ရပါသည်။ မြန်မာပြည်ရှိဘုရားများကို အပြင်ပန်းတင်မက အတွင်းဓာတ်တော်များကိုပါ နတ်များက ပြသ သဖြင့် ဖူးခဲ့ရပါသည်။ အိန္ဒိယနိုင်ငံရှိ မဟာဗောဓိစေတီ ဓမ္မစကြာဟောရာဌာနတွင် ဘုရားရှင်သက်ရှိထင်ရှား တရားဟောနေပုံ နှင့်ပရိနိဗ္ဗာန်စံတော်မူခါနီးပုံတို့ကို သက်ရှိထင်ရှားဖူးမြင်ခဲ့ရပါ​သည်။သီရိလင်္ကာနိုင်ငံရှိ စွယ်တော်များနှင့်ဓာတ်တော်များကိုလည်းဖူးခဲ့ရပါသည်။နတ်​များ၏ကူညီမှုဖြင့် အစုံဖူးမြင်ခဲ့ရပါသည်။

နတ်ပြည်ရှိဘုရားကိုလည်းသွား​ရောက်ဖူးခဲ့ရပါသည်။ ငရဲပြည်သို့လည်းအလည်သွားပြီး ငရဲသားများ ငရဲခံနေပုံကို သံဝေဂယူခဲ့ရပါသည်။ မြန်မာပြည်ရှိဘုရားများဖူးရာတွင်လည်းလူကိုယ်တိုင်သွားေ​ရာက် သကဲ့သို့ဖူးခဲ့ရပါသည်။ မိမိရောက်ဖူးဖို့နေနေသာသာ ကြားတောင်မကြားဖူးသေးသော ဘုရားများကို ဖူးမြင်ခဲ့ရ သဖြင့် ကျွန်မဘ၀မှာ အလွန်ပင် ၀မ်းသာမဆုံးဖြစ်ခဲ့ရပါသည်။ ဒီလိုဖူးရတာဟာ ကျွန်မရဲ့ပါရမီ၊သီလနဲ့သမာဓိ​ ကြောင့် လို့ကျွန်မသိရပါတယ် ။နတ်ပြည်မှာရှိတဲ့ စူဠာမဏိစေတီကိုလည်းသွားရောက် ဖူးမြင်ခဲ့ရပါတယ်။ နတ်ပြည်ဆိုတာ ငယ်ငယ်တုန်းက အိပ်ရာဝင်ပုံပြင်လိုမျိုးပဲ​သတ်မှတ်ခဲ့မိပါတယ်။ ယခုတရားနမိတ်နဲ့ ဖူးလိုက်ရတော့မှ နတ်ပြည်ဆိုတာတကယ်ရှိပါလားလို့ သိလိုက်ရပါတယ်။ ငရဲပြည်ဆိုလည်းဒီအတိုင်းပါပဲ တကယ်မရှိပါဘူးလို့ထင်ခဲ့မိပါတယ် (ပုံပြင်လိုမျိုးပေါ့) ဒါပေမဲ့ ကိုယ်ကိုယ်တိုင်မြင်ပြီးမှ ငရဲကိုအလွန်ပင်ကြောက်လန့်မိ​ပါတယ် ငရဲသားများ အလူးအလဲပြေးလွှားပြီး ငရဲခံနေရပုံမှာ အလွန်ပင်သနားစရာကောင်းလှပါသ​ည် အလွန်လည်းသံဝေဂရစရာကောင်းလှ​ပါသည်။
သာဓုတောင်ခေါ်ဖို့အချိန်မရပဲ​ မိမိတို့ပြုခဲ့သမျှကို ခံနေရပါတယ်။

အဲ့ဒါကြောင့် သူငယ်ချင်းတို့လည်းမသေခင် မှာပြုပြင်သင့်တာကိုပြုပြင်​ပြီးနေကြပါ လို့အကြံပြုချင်ပါတယ်။ ထိုနောက်ဘာသာတရားကို စော်ကားတဲ့ လူတွေခံနေရတဲ့ငရဲ (သာသနာဂိုဏ်းခွဲတဲ့ငရဲ) ကိုလည်း တွေ့ခဲ့ရပါသည်။ အဲ့ဒါကြောင့်မကိုးကွယ်ချင်ေ​နပါ မစော်ကားမိဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အခုပြောရရင် ဗုဒ္ဓဘုရားရှင်နဲ့သားတော်တွေ​ကို စော်ကားမှုပြုပြီး ရေးသားထားတာတွေကို အင်တာနက်ပေါ်မှာတင်ထားတာတွေကိုမြင်နေရပါတယ်၊ အဲ့လိုမလုပ်ဖို့လည်း ပြောချင်ပါတယ်။ သူငယ်ချင်းတို့ ဒီလိုပြောတာကိုမယုံဘူးဆိုရင် ကိုယ်တိုင် တရားကို သွားအားထုတ် လို့ရပါတယ်။ ကိုယ်တိုင်ငရဲပြည်နဲ့နတ်ပြ​ည်ကိုသွားကြည့်လို့ရပါတယ်။ ဒါဟာ ပုံပြင်တစ်ပုဒ်မဟုတ်ပါဘူး ကျွန်မကိုယ်တိုင်တွေ့မြင်ပြီးသိခဲ့ရတဲ့ တကယ့်အဖြစ်မှန်တွေပါ။ အတိတ်ဘ၀များနှင့် အနာဂါတ်များကိုပါ တွေ့မြင်ခဲ့ရပါသည်။ လက်တွေ့ကျွန်မတရားစခန်းအတွင်းတွင် နေစဉ်တုန်းက ကျွန်မတို့နှင့်အတူအားထုတ်ေ​သာ ယောဂီတစ်ပါးသည် ဆယ်တန်းအောင်မည်ကို တရားနိမိတ်ဖြင့် ကြိုသိနေပါသည်။ အောင်စာရင်းထွက်လာ သောအခါ အမှန်ပင်အောင်မြင်ပါသည်။ နောက်တစ်ခုကတော့ကျွန်မသေမဲ့​နှစ်ကိုလည်းမြင်တွေ့ခဲ့ရပြီး ကျွန်မခင်ပွန်းလောင်းသေမဲ့နှစ်ကိုလည်း တွေ့သိခဲ့ရပါသည်။ လှီးစားဖြတ်စား နားထွက်ပါးထွက်သင်ခန်းစာတွင် ခြေထောက်အရိုးစုကိုမြင်ပြီး​ ထိုင်နေသော နောက်ထပ်မိမိ၏ပုံရိပ်တစ်ခုကို မြင်တွေ့ရပါသည်။ဒီသင်ခန်းစာ​မှာလည်း တရားအားထုတ်ပြီးသည်နှင့် ပေါ့ပါးလန်းဆန်းသွားပါသည်။ ထို့နောက်ငြိမ်းစေမည် သင်ခန်းစာဖြင့် သမထကိုသိမ်းပြီး ၀ိပဿနာသို့ ကူးပြောင်းခဲ့ပါသည်။

 ဒီလိုမျိုး သမထကို ရက်ပေါင်း (၃၀) လုပ်ခိုင်းသည်မှာလည်း သမာဓိအားကောင်းပြီး တရားမြန်မြန်တွေ့အောင် လုပ်ခိုင်းခြင်းဖြစ်ပါသည်။ ပစ္စယပရိဂ္ဂဟဥာဏ်တွင်လည်း အတိတ်ဘ၀များကိုတွေ့မြင်ခဲ့ရ​ပါသည်။ ဆရာတော်ကတော့ (၁၀)ဘ၀လောက်ကိုပြန်ကြည့်ခို​င်းတာပါ။ကျွန်မကတော့ လူသုံးဘ၀ နဲ့တိရိစ္ဆာန် သုံးဘ၀ စုစုပေါင်းခြောက်ဘ၀ကိုပဲကြည့်လို့ရခဲ့ပါတယ်။လူတစ်ဘ၀မှာ​တော့ လူအများစုကို မနိုင်ဝန်များထမ်းခိုင်းခဲ့​သည့်အတွက် တိရိစ္ဆာန် နှစ်ဘ၀ဖြင့် ပြန်လည်ပေးဆပ်ခဲ့ရပါသည်။ အလွန်ပင် သံဝေဂရပြီးကြောက်လန့်မိပါသည်။ ယခုဘ၀တွင်ကျွန်မနှင့် လက်တွဲရမည့်သူမှာ အတိတ်ဘ၀တုန်းကလည်း ကျွန်မ၏လက်တွဲဖော် တစ်ယောက်ဖြစ်ခဲ့ဖူးတာကိုလည်းသိခဲ့ရပါသည်။ လူတွေမှာ တစ်နေရာမဟုတ်တစ်နေရာတော့တွေ့​ကြုံ ဆုံကွဲဖြစ်နေရတာကို သိခဲ့ရပါတယ်။
ဝိပဿနာပိုင်းရောက်တော့ ခန္ဓာကိုယ်ထဲမှ သွေးကြောများ နှလုံးများ အစာအိမ်များကို မျက်ဝါးထင်ထင် တွေ့မြင်၇ပါသည်။ ကျွန်မတို့ကိုယ်ထဲမှာ ပိုးကောင်တွေသွားလာနေတာကိုလ​ည်းတွေ့မြင်ရပါတယ် ပိုးကောင်တွေအများကြီးသွားလာနေတာပါ။ ကျွန်မရဲ့မျက်နှာဟာ ကြည့်လို့ကောင်းတဲ့ပုံပေါ်လာ​ပြီးတော့ သွေးသံရဲရဲနဲ့ပျက်စီးသွားတာ​ကိုလည်းတွေ့မြင်အောင်တရားကြ​ပခဲ့ပါသည်။ အခုလှတယ်လို့ထင်နေတဲ့အရာတွေ​ဟာ ပျောက်ကွယ်ပျုက်စီးတာကိုပြသွားပါတယ်။

 တွေ့ကြုံခဲ့ရတာတွေကတော့ ပြောပြလို့တောင်မကုန်နိုင်ပါဘူး။ အလွန်ပင်တန်ဖိုးမဖြတ်နိုင်ေ​သာ တရားတော်နှင့် တွေ့မြင်ခဲ့ရသဖြင့် အလွန်ပင်ဝမ်းသာပီတိဖြစ်ခဲ့ရ​ပါသည်။ ကျွန်မတွေ့ခဲ့သလို တခြား တခြားသော သူများကိုလည်း တွေ့စေချင်ပါသည်။ သွားရောက်အားထုတ်ကြည့်ကြပါ တကယ်တွေ့နိုင်ရောက်နိုင်ပါ​တယ်။ သံသယစိတ်မထားပါနဲ့ မယုံကြည်စိတ်မထားပါနဲ့။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်တ​စ်ခုပဲလိုပါတယ်။
ကျွန်မတို့တရားစခန်းဝင်တဲ့အ​ပတ်စဉ်မှာ အတူအားထုတ်တဲ့ ဘေးချင်းကပ်အဆောင်ကယောဂီ တစ်ပါးဆိုလျှင် ဒီလိုတွေ့မြင်ရတာစိတ်ကူးယဉ်​တာလို့သူကပြောပါတယ။် သူမက အဲ့ဒီအချိန်တုန်းကတရားမတွေ့​သေးဘူးလေ။ အဲ့ဒါနဲ့ ကျွန်မက အဲ့ဒါစိတ်ကူးယဉ်တာမဟုတ်ဘူးတ​ကယ်တွေ့တာလို့ သူ့ကိုရှင်းပြ ပြီးတော့ တရားထိုင်တာဘယ်လို စိတ်ပို့တာဘယ်လိုလို့ လမ်းညွန်ပေးလိုက်တော့ သူအဲ့လိုလုပ်တာ တွေ့မြင်၇တဲ့အခါ စိတ်ကူးယဉ်တာမဟုတ်ဘူး တကယ်တွေ့တာဆိုပြီး ပျော်ပြီးထခုန်နေပါတယ်။ အဲ့ဒါကြောင့် တရားကိုကိုယ်ကမတွေ့လို့ မဟုတ်ပါဘူးလို့ မပြောမိပါစေနဲ့ ကိုယ်ပဲငရဲရလိမ့်မယ်။ တကယ်လုပ်ရင်အဟုတ်တွေ့နိုင်ပါတယ်။

ဒီဘ၀မှာပင်အေးချမ်းတဲ့တရားေ​တ်ာနဲ့တွေ့အောင် မိရိုးဖလာဗုဒ္ဓဘာသာမှ ထေရ၀ါဒ ဗုဒ္ဓဘာသာသို့ ရောက်အောင် ပို့ဆောင်ပေးသော မောင်းထောင်မြေဇင်းတောရဆရာေ​တ်ာဘုရားကြီးအားလည်းကောင်း၊​ ဗောဓိအေးငြိမ်းရိပ်သာ ဆရာတော် အရှင်ကေလာသအားလည်းကောင်း၊ ဆရာတော်အရှင်ပညာဒီပ အားလည်းကောင်း၊ မသိသည်များကို သင်ပြ အားပေးသော မမေသက်နွယ်အားလည်းကောင်း၊ ထိုတရားစခန်းသို့ရောက်အောင်​ ပို့ဆောင်ပေးသော ကူညီပေးသော ထောက်ပံ့ပေးသော ဖေဖေ ဦးတင်အေး၊ မေမေဒေါ်တင်ရီတို့အားလည်းကော​င်း၊ အကိုကြီးအောင်နိုင်လင်း၊ အကိုကြီးကျော်ဌေး ၊အမကြီး နှင်းအိဖြူ တို့အားလည်းကောင်း၊ ဘ၀အဆက်ဆက် ပါရမီဖြည့်ပေးသော ခင်ပွန်းလောင်း ကိုသန်းထွန်းလင်း အား လည်းကောင်း၊ အတူအားထုတ်ကြသောယောဂီများအားလည်းကောင်း၊ ဝေယာဝစ္စကုသိုလ်ရှင်များနှင့်​ အလှူရှင်များအားလည်းကောင်း အထူးပင်ကျေးဇူးတင်ရှိပါသည်။
နောင်တွင်လည်းဆက်လတ်ကြိုးစားသွားပါအုံးမည်။ ကျွန်မအသက်မသေသရွှေ့ ကြိုးစားအားထုတ်သွားပါမည်။ ဆရာသမားများနှင့် မိဘများကိုတရားနှင့်သာကျေးဇူးဆပ်သွားပါတော့မည်။
သူငယ်ချင်းတို့ ဟုတ်လို့လား ဟုတ်ရဲ့လားလို့ မမေးပါနဲ့ မယုံဘူးဆိုရင် ကိုယ်တိုင်သွားလို့ရပါတယ်။ ကျွန်မ တရားစခန်း၏လိပ်စာကောဖုန်းနံ​ပါတ်ပါရေးပေးပါမယ် ကိုယ်တိုင်သွားပြီးကြိုးစား​လေ့လာကြည့်လို့ရပါတယ်။

အပြည်ပြည်ဆိုင်ရာဗောဓိအေးငြိမ်းရိပ်သာ(မောင်းထောင်မြေဇ​င်းတောရတိုက်ခွဲ)
မြို့ကြီးကုန်းရိပ်သာ၇ပ်ကွက်၊
လှည်းကူးမြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး။
Phone: 0973035757

သတ္တ၀ါခပ်သိမ်း တရားကိန်း အေးငြိမ်းကြပါစေ။
နိုင်ငံခပ်သိမ်း တရားကိန်း အေးငြိမ်းကြပါစေ။
“ ကြိုးစားပွားကြ”
ကိုယ့်နေ့တွက် ကိုယ်ရတာ
ကိုယ့်လုပ်အားခ ကိုယ်ရတာ
ကိုယ်အားထုတ်ရင် ကိုယ့်ဝေစုကို ရအောင်ယူကြ
ကဲ…….ကဲ…… ကြိုးစားကြဗျာ။
(မောင်းထောင်မြေဇင်းတောရဆရာ​တော်ကြီး)

— with Aisha Bi and Zaw Zaw Tin Win.

ထိုနေရာမှာမျှဝေပါသည် http://www.facebook.com/messages/100002373899006#!/photo.php?fbid=340034906080267&set=p.340034906080267&type=1&theater

Saturday, August 25, 2012

စာမကွဲသော်လည်း ဖတ်နည်းကွဲက – အသိကွဲ၏


စာက မကွဲပြားသော်လည်း စာဖတ်နည်း ကွဲပြားသည်နှင့် အမျှ စာ၏ အဓိပ္ပာယ် သိနည်းလည်း ကွဲပြား၏။

လူ့လောက တွင် စာပေ ပေါ်သည်မှ စ၍ လူတို့သည် စာဖတ်ကြသည်။ စာကို ဖတ်သောအခါ ဗုဒ္ဓဒေသနာတော် လာ နေတ္တိဟာရ အရ ဖတ်လျှင် စာ၏ အဓိပ္ပာယ်ကို တစ်မျိုး သိ၏။ အခြားနည်း များအရ ဖတ်လျှင် စာ၏ အဓိပ္ပာယ်ကို တစ်မျိုး သိ၏။ အမှန်အားဖြင့် စာက မကွဲပြားသော်လည်း စာဖတ်နည်း ကွဲပြား သည်နှင့် အမျှ စာ၏ အဓိပ္ပာယ် သိနည်းလည်း ကွဲပြား၏။ ဗုဒ္ဓ ဒေသနာတော် လာ နေတ္တိကျမ်း အရ စာဖတ်နည်း နှင့် ပတ်သက်လျှင် ဩတရဏဟာရ သည် မှတ်သားဖွယ် ကောင်း၏။

ဩတရဏဟာရ ဟူသည်မှာ နေတ္တိ ကျမ်းလာ စာဖတ်နည်း တစ်မျိုး ဖြစ်၏။ ယင်းနည်း အရ စာကို ဖတ်သောအခါ မိမိ ဖတ်သောစာ၏ အနက်ကို ရုပ်နာမ် ခန္ဓာ စသဖြင့် ခွဲခြား၍ သိအောင် ဖတ်ရ၏။ ထိုသို့ သိအောင် ဖတ်ပါမှလည်း သမ္မုတိ သစ္စာကို ကျော်၍ ပရမတ္တ သစ္စာ ကို ဆင်ခြင် နိုင်မည် ဖြစ်၏။
ဤလောက၌ မြတ်စွာ ဘုရား ပွင့်တော်မူ လာခြင်းနှင့် ပတ်သက်၍ ဆရာတော် အရှင် ဇနကာဘိဝံသ က ဤသို့ ဆိုထားတော် မူသည်ကို တွေ့ရပါ၏။

“အကယ်၍သာ၊ မြတ်ဗုဒ္ဓသည်၊ လူ့ရွာထင်ရှား၊ မပွင့်ငြားက၊ ဤကား ကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘုံဘဝ၊ မသိရ၊ များလှ အပြစ်တွေ။”

ထို့ကြောင့် ဗုဒ္ဓ ဒေသနာတော်လာ နေတ္တိကျမ်း ဩတရဏဟာရ အရ စာကို ဖတ်သောအခါ စာ၏ အနက်ကို ကုသိုလ်လား၊ အကုသိုလ် လား ဟူ၍လည်း ခွဲခြားပြီး သိ၏။ ရုပ်လား၊ နာမ်လား ဟုလည်း ခွဲခြားပြီး သိ၏။ ပညတ်လား၊ ပရမတ်လား ဟူ၍လည်း ခွဲခြားပြီး သိ၏။ ခန္ဓာလား၊ အာယတနလား စသည် အားဖြင့်လည်း ခွဲခြားပြီး သိ၏။ ဤသို့ သိရခြင်းသည် သာမည အကျိုးကျေးဇူး မဟုတ်၊ ဝိသေသ အကျိုး ကျေးဇူး ဖြစ်၏။ ဆရာတော် အရှင် ဇနကာဘိဝံသ မိန့်တော်မူသည့် အတိုင်း စာဖတ်သူများသည် စာ၏ အနက်ကို ကုသိုလ်နှင့် အကုသိုလ် ခွဲ၍ မသိခဲ့ပါလျှင် သံသရာ၌ နစ်နာ သွားနိုင်သည်ကို မှန်းဆ၍ ကြည့်နိုင်ပါ၏။

အကုသိုလ် လုပ်ငန်းကို ကုသိုလ်လုပ်ငန်း ဟူ၍ လွဲမှားစွာ မှတ်ယူပြီး လိုက်နာ ကျင့်သုံးမိက ကျင့်သုံးသူသည် အပါယ်လေးပါးမှ အထက်သို့ တက်ရတော့မည် မဟုတ်။ မိမိကိုယ်တိုင်က အကုသိုလ် လုပ်ငန်းကို အကုသိုလ် လုပ်ငန်းမှန်း သိပြီး လိုက်နာ ကျင့်သုံးလျှင်မူ သူ့ဆန္ဒ အတိုင်း သူ ဆောင်ရွက်ခြင်း ဖြစ်၍ အထူး ပြောစရာ မလိုချေ။ အထူး ပြောစရာ လိုသော အချက်ကား ဆန္ဒနှင့် ဆောင်ရွက်ချက် မညီညွတ်မှု ပင် ဖြစ်၏။ မိမိ လုပ်ချင်သည်က ကုသိုလ်၊ လုပ်မိသည်က အကုသိုလ် ဖြစ်နေလျှင်သာ အထူး ပြောစရာ လိုလာခြင်း ဖြစ်၏။

ဤသို့ ဆန္ဒနှင့် ဆောင်ရွက်ချက် မညီညွတ်ခြင်း သည် စာကို ဗုဒ္ဓ ဒေသနာတော် လာ နေတ္တိကျမ်း ဩတရဏ ဟာရ အရ မဖတ်ခြင်း ကြောင့် ဖြစ်၏။ အကယ်၍ ဗုဒ္ဓဒေသနာတော် လာ နေတ္တိကျမ်း ဩတရဏဟာရ အရ စာကို ဖတ်မည် ဆိုပါလျှင် ကုသိုလ် လုပ်ငန်းကို လည်း ကုသိုလ် လုပ်ငန်းမှန်း သိ၏။ အကုသိုလ် လုပ်ငန်း ဟူ၍ မှားယွင်းပြီး မယူမှတ်။ အကုသိုလ် လုပ်ငန်း ကိုလည်း အကုသိုလ် လုပ်ငန်းမှန်း သိ၏။ ကုသိုလ် လုပ်ငန်းဟူ၍ မှားယွင်း ပြီး မယူမှတ်။

အမှန်အားဖြင့် သံသရာတွင် ကုသိုလ် နှင့် အကုသိုလ် သည်သာ မိမိ တို့၏ အားကိုးရာ ဖြစ်၏။ မိမိ တို့၏ မိတ်ဆွေ ဖြစ်၏။ ကုသိုလ် နှင့် အကုသိုလ် မှ လွဲ၍ အခြား အားကိုးစရာ လည်း မရှိ။ အခြား မိတ်ဆွေ လည်း မရှိ။ ထို့ကြောင့် မိမိ တို့သည် အသက်ရှင် နေသရွေ့ ကာလ ပတ်လုံး ကာယကံမှု ကို ဖြစ်စေ၊ ဝစီကံမှုကို ဖြစ်စေ၊ မနောကံမှု ကို ဖြစ်စေ၊ “ကံ” သုံးမျိုး တို့တွင် တစ်မျိုးမဟုတ်၊ တစ်မျိုး ကို ခဏ မလပ် လုပ်နေကြရသည် ဖြစ်လေရာ ထိုသို့ လုပ်သမျှ ကံများသည် အဘိဓမ္မာ တရားကိုယ် အားဖြင့် ကုသိုလ် နှင့် အကုသိုလ် နှစ်မျိုး တို့တွင် တစ်မျိုးမျိုး သာ ဖြစ်ရ၏။ အခြား ဖြစ်စရာ ဟူ၍ မရှိပါချေ။

သို့ ဖြစ်လေရာ စာဖတ်သူများသည် စာကို ဖတ်တိုင်း စာ၏ အနက်သည် ကုသိုလ် ဖြစ်သည်၊ သို့မဟုတ် အကုသိုလ် ဖြစ်သည် ဟူ၍ ခွဲခြား သိဖို့ လိုပါ၏။ ထိုသို့ သိပါမှလည်း အဖြစ်ကို အဖြစ် အတိုင်း၊ အရှိကို အရှိအတိုင်း သိသည် မည်၏။ ထိုသို့ သိခြင်းကို ယထာဘူတ ဥာဏ် ဟူ၍ ဆို၏။ ဒေသနာတော် အရ ဆိုလျှင် ယထာဘူတ ဥာဏ်ကို ရခြင်းသည် သစ္စဉာဏ်ကို ရဖို့အတွက် လှေကားပင် ဖြစ်၏။ အမှန်အားဖြင့် ဘဝတွင် ပန်းတိုင် ဟူ၍ ရှိပါ၏။ ဘဝ ၏ ပန်းတိုင် ကား သစ္စဥာဏ် ကို ရောက်ဖို့ ရန် အတွက် အရေးအကြီးဆုံးမှာ မှန်ကန်သော စာဖတ်နည်းဖြင့် စာဖတ် ဖို့ ပင် ဖြစ်၏။

စာရေးဆရာ သည် စာ ကို ရေး၏။ သူရေးသော အကြောင်းအရာသည် စီးပွားရေး ဖြစ်ချင် ဖြစ်မည်။ စီးပွားရေး တွင်လည်း စားရေး သို့မဟုတ် နေရေး၊ သို့မဟုတ်၊ ဝတ်ရေး သို့မဟုတ် ကျန်းမာရေး ဤလေးမျိုး တို့တွင် တစ်ခုခု ဖြစ်မည်။ ဤလေးမျိုးကို ကျမ်းဂန် များ၌ ပစ္စည်းလေးပါး ဟူ၍ ဆို၏။ ထို့ကြောင့် ပစ္စည်း လေးပါးနှင့် ပတ်သက်သော အကြောင်းအရာကို စီးပွားရေး ဟူ၍ ခေါ်ခြင်း ဖြစ်ပါသည်။

လူ့ဘဝတွင် ဤအရေး လေးပါးနှင့် ပြည့်စုံရုံမျှ နှင့် အားလုံး ပြည့်စုံပါပြီလား။ ဤအရေး လေးပါး ကို ပြည့်စုံအောင် လုပ်ဆောင်ရုံမျှ လူ့ဘဝ၏ လူ့တာဝန် ကျေပါပြီလား။ ဤသည်မှာ မေးသင့် မေးထိုက်သော မေးခွန်း ဖြစ်၏။ အခြား စာဖတ်နည်း များဖြင့် စာဖတ်သူများ က မည်သို့ ဖြေမည် မသိသော်လည်း ဗုဒ္ဓ ဒေသနာတော်လာ နေတ္တိကျမ်း ဩတရဏ ဟာရ နည်းအရ စာဖတ်သူများ ကမူ လောကတွင် ပစ္စည်းလေးပါး ပြည့်စုံရုံမျှ ဖြင့် အားလုံး ပြည့်စုံသည် မဟုတ်။ ပစ္စည်းလေးပါး ပြည့်စုံအောင် အားထုတ်ရုံမျှဖြင့် လူ့ဘဝ၏ လူ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်သည် မမည်။ ဤသို့သာ ဖြေပေ လိမ့်မည်။

ဩတရဏ ဟာရ နည်းအရ ဆိုလျှင် ပစ္စည်းလေးပါး သည် ခန္ဓာ ဖွဲ့စည်းမှု အရ ရူပက္ခန္ဓာ နှင့် ပတ်သက်၏။ ရုပ်ပိုင်းဆိုင်ရာ ဖြစ်ပေါ်မှု သဘော ရှိ၏။ ထို့ကြောင့် ပစ္စည်း လေးပါး ပြည့်စုံမှုသည် လည်းကောင်း၊ ပြည့်စုံအောင် အားထုတ်မှု သည် လည်းကောင်း လောဘကို ဖြစ်စေ၏။ မာနကို ထောင်စေ၏။ ဒိဋ္ဌိကို ကြီးခိုင် စေ၏။ ထို့ကြောင့် ပစ္စည်း လေးပါး ပြည့်စုံမှု သည် လည်းကောင်း၊ ပစ္စည်းလေးပါး ပြည့်စုံအောင် အားထုတ်မှု သည် လည်းကောင်း သူ့ချည်း သက်သက် လွှတ်ပေး ထားလျှင် အန္တရာယ် ရှိ၏။ ကြောက်စရာ ကောင်း၏။ ဘဝ ကို ပျက်ဆီး စေ၏။ ဘဝ၏ တာဝန်ကို မေ့လျော့အောင် လုပ်တတ်၏။

ထို့ကြောင့် ရုပ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးမှု အရ ပစ္စည်းလေးပါး ပြည့်စုံမှု၌ လည်းကောင်း၊ ပစ္စည်းလေးပါး ကို ပြည့်စုံအောင် အားထုတ် မှု၌ လည်းကောင်း ထိန်းချုပ်ဖို့ လို၏။ ထိန်းချုပ်ခြင်း ဟူသည်မှာ အသက်မွေးမှု နှင့် ပတ်သက်၍ သမ္မာ အာဇီဝ သဘော သက်ဝင်လာအောင် အားထုတ်ခြင်း ပင် ဖြစ်၏။ သမ္မာအာဇီဝ ဟူသည်မှာ နှယ်နှယ်ရရ မဟုတ်၊ မဂ္ဂသစ္စာ ထိုက်သည် ဆိုကတည်းကပင် ပစ္စည်းလေးပါး ပြည့်စုံခြင်း အပေါ်၌ အခြေတည်သော လောဘ၊ မာန၊ ဒိဋ္ဌတို့ကို သတ်နိုင်သော သမ္မာအာဇီဝ မဂ္ဂင် ဖြစ်၏။ အမည်ခံ သက်သက်မျှ မဟုတ် ချေ။

ထို့ကြောင့် စီးပွား ရေး စာပေ များ ကို ဖတ်လေသော အခါ ဩတရဏ ဟာရ နည်းဖြင့် ဖတ်ပါက လောဘ၊ မာန၊ ဒိဋ္ဌိတို့ ပါး၍၊ အခြားနည်းဖြင့် ဖတ်ပါက လောဘ၊ မာ၊ ဒိဋ္ဌိတို့ ပွားလာမည် ဖြစ်ပါ၏။
ဤနေရာ၌ လောဘ၊ မာန၊ ဒိဋ္ဌိ တို့ကို ပါးအောင် လုပ်ခြင်း ဟူသည်မှာ ပစ္စည်း ဥစ္စာများကို ရားသဖြင့် ရနိုင်သမျှ ရအောင် ကြိုးစားပမ်းစား ရှာဖွေ၍ လောက၏ အကျိုး စီးပွား အတွက် ရက်ရက်ရောရော အသုံးချခြင်း ပင် ဖြစ်၏။ ထိုသို့ အသုံးချ နိုင်မှလည်း လောဘကို သတ်ရာရောက်၏။ မာနကို နှိပ်ကွပ်ရာ ရောက်၏။ ဒိဋ္ဌိကို ဖြိုခွဲရာ ရောက်၏။ အမှန်အားဖြင့် ပစ္စည်း ဥစ္စာများကို မိမိ အတွက် ဖက်တွယ်ထားခြင်း သည် ယုတ်ညံ့ခြင်း ၏ အမှတ်အသား ဖြစ်၍၊ လောက အတွက် ရက်ရက်ရောရော စွန့်လွှတ်ခြင်း သည်သာလျှင် မြင့်မြတ်ခြင်း ၏ သင်္ကေတ ဖြစ်ပါ၏။ ဤသို့သော ဆောင်ရွက်မှု မျိုးကို ဩတရဏ ဟာရ စာဖတ်နည်းဖြင့် စာကို ဖတ်ပါမှ ရနိုင်ပါ၏။

ဒုတိယ အကြောင်းအရာမှာ ခံစားမှု ဆိုင်ရာ ရသစာပေ အကြောင်းအရာ ဖြစ်ချင် ဖြစ်နိုင်၏။ ပြောနေကျ ဝေါဟာရ ဖြင့် ပြောရလျှင် ရသစာပေကို ဖတ်ရှုလေ့လာ ပါက အလင်္ကာရ ကျမ်းလာ ရသကိုးပါး တို့တွင် တစ်ပါးပါးကို ခံစားနိုင်သည် ဟူ၍ ဖြစ်၏။ ဤသည်မှာ ပြောရိုး ပြောစဉ် အရ ပြောခြင်း ဖြစ်၏။ သို့ရာတွင် ရသ စာပေ ကိုပင် နေတ္တိကျမ်းလာ ဩတရဏဟာရ အရ ဖတ်လျှင် အလင်္ကာရ ကျမ်းလာ ရသကိုးပါးသည်ပင် တစ်မျိုး ဖြစ်၏။ ရသ ဟူသည်မှာ ခံစားမှု ဝေဒနာ ပြဋ္ဌာန်း၏။ ဝေဒနာ ပြဋ္ဌာန်းလျှင် ခန္ဓာ ဖွဲ့စည်း အရ ဝေဒနက္ခန္ဓာ နှင့် ပတ်သက် ၏။ ဝေဒနာသည် ပဋိစ္စသမုပ္ပာဒ် ဒေသနာတော် အရ ပစ္စုပ္ပန် အကျိုးတရား ဖြစ်၏။ ပစ္စုပ္ပန် အကျိုးတရား မှ ပစ္စုပ္ပန် အကြောင်းတရား သည် ဖြစ်လာရ၏။ ယင်းသို့ ဖြစ်လာခြင်း ကို ဝေဒနာပစ္စယာ တဏှာဟူ၍ ဆိုနိုင်၏။ ဤ၌ ဝေဒနာ ဟူသည် ရသစာပေ နှင့် ပတ်သက်၍ ခံစားမှု ဖြစ်၏။

ထို့ကြောင့် ရသ စာပေကို အခြား စာဖတ်နည်းဖြင့် ဖတ်မည် ဆိုပါက ဝေဒနာ ပစ္စယာ တဏှာသာ ဖြစ်ပေလိမ့်မည်။ သို့ရာတွင် အနုလောမ ပဋိစ္စသမုပ္ပာဒ် ဩတရဏ ဟာရ အရ ရသစာပေ ကို ဖတ်ပါက ခံစားမှု ဝေဒနာ ကြောင့် ဝေဒနာ ပစ္စယာ တဏှာ အရ လောဘ ဖြစ်နိုင် ၏။ အမှန်အားဖြင့် ဝေဒနာ ကြောင့် တဏှာ ဖြစ်လျှင် အနုလောမ ပဋိစ္စသမုပ္ပာဒ် ကြောင့် ဖြစ်၏။ အကယ်၍ ပဋိလောမ ပဋိစ္စသမုပ္ပာဒ် ဩတရဏ ဟာရ အရ ရသ စာပေကို ဖတ်ပါလျှင် ဝေဒနာ ပစ္စယာ တဏှာ ဟူ၍ မဖြစ်ဘဲ၊ ဝေဒနာ ပစ္စယာ ဉာဏံ ဟူ၍သာ ဖြစ်ပေ လိမ့်မည်။ ထိုသို့ ဖြစ်လျှင် ဝေဒနာ ကြောင့် မဂ်ဉာဏ် လည်း ဖြစ်နိုင်၏။ ဝိပဿနာ ဉာဏ်လည်း ဖြစ်နိုင်၏။ ထိုသို့ ဖြစ်နိုင်ခြင်း မှာ ရသ စာပေကို ပဋိလောမ ပဋိစ္စသမုပ္ပာဒ် လာ ဩတရဏ ဟာရ အရ ဖတ်သောကြောင့်သာ ဖြစ်၏။

သို့ဖြစ်လေရာ ခံစားမှု ဆိုင်ရာ ရသစာပေ ကို ဩတရဏ ဟာရ အရ ဖတ်ပါက အနုလောမ နည်းအရ ဖတ်လျှင် တဏှာ ဖြစ်၏။ ပဋိလောမ နည်းအရ ဖတ်လျှင် ဝိပဿနာ ဉာဏ်၊ မဂ်ဉာဏ် ဖြစ်နိုင်၏။ အခြား စာဖတ်နည်း ဖြင့်သာ ဖတ်ပါက မုချမသွေ တဏှာ တစ်မျိုး တည်း ဖြစ် ၏။ ရသ စာပေကို ပဋိလောမ ပဋိစ္စသမုပ္ပာဒ် ဩတရဏ ဟာရ အရ ဖတ်သော အခါ ဝေဒနာ နိရောဓာ တဏှာ နိရောဓော အရ တဏှာ မဖြစ်ဘဲ ဉာဏ် ဖြစ်ပါက ယင်းဉာဏ်သည် တဏှာကို သတ်ပါ၏။ တဏှာကို သတ်လျှင် မာနကို လည်း သတ်ရာ ရောက်၏။ ဒိဋ္ဌိကိုလည်း သတ်ရာ ရောက်၏။ တဏှာ၊ မာန၊ ဒိဋ္ဌိတို့ သေလျှင် အတ္တလည်း သေလေ၏။ အတ္တသာ သေပါက ရသစာပေမှ တကယ့်တကယ် နှစ်သက်စရာ ကောင်းသော ရသကို လက်တွေ့အနေဖြင့် ခံစားရပါ၏။

ရသ စာပေကို လူတိုင်း ဖတ်ဖူးပါ၏။ ဖတ်ဖူးသည့် အလျောက်လည်း ချမ်းမြေ့ရ၏။ အငြင်းပွားဖွယ် မရှိ။ အားလုံး ကိုယ်တွေ့ ဖြစ်၏။ ရသ စာပေကို ဖတ်ရခြင်း ကြောင့် ဖတ်သူများ ကိုယ်တိုင် နှစ်သက် ချမ်းမြေ့မှု ခံစားရခြင်းကို ဒဿန ဝေါဟာရ ဖြင့် သယံသိဒ္ဓ ဟူ၍ ခေါ်၏။ သယံ သိဒ္ဓ ဟူသည်မှာ သူတစ်ပါး ကြောင့် မဟုတ်ဘဲ မိမိ ဘာသာ မိမိ ခံစားမှု အရ ထင်ရှားသည့် သဘော ဟူ၍ ဖြစ်လေ၏။ ထို့ကြောင့် ရသ စာပေကို လူတို့ စွဲလမ်းကြခြင်း ဖြစ်၏။

ရသ စာပေကို ဖတ်ရာ၌ နှစ်သက် စွဲလမ်းကြခြင်း မှာ ဗုဒ္ဓဘာသာ ဝေါဟာရဖြင့် ဆိုလျှင် အတ္တကို ပယ်သတ် လိုက်သောကြောင့် ဖြစ်၏။ ရသစာပေကို ဖတ်သော အခါ စာဖတ်သူ သည် မိမိ ဘဝ ပျောက်သွားပြီး ဇာတ်လိုက် ဖြစ်သွားသည်ကို ကြုံရ၏။ ဤနေရာ၌ ဇာတ်လိုက် ဟူသည်မှာ သက်ရှိ ဖြစ်ချင်လည်း ဖြစ်နိုင်၏။ သက်မဲ့ ဖြစ်ချင်လည်း ဖြစ်နိုင်၏။ အကြောင်းအရာ အလိုက် ဖြစ်ချင်သလို ဖြစ်နိုင်၏။ သို့ရာတွင် သက်ရှိပဲ ဖြစ်ဖြစ်၊ သက်မဲ့ပဲ ဖြစ်ဖြစ် စာဖတ်သူများ အနေဖြင့် အတ္တ ပျောက်ပြီး နှစ်သက် ချမ်းမြေ့သည်ကတော့ အမှန်ပင် ဖြစ်၏။ ဖတ်သူ အနေဖြင့် မိမိ ဘဝ ပျောက်သွားပြီး ရသ စာပေပါ အကြောင်းအရာ အလိုက် ဇာတ်လိုက် ဖြစ်သွားရခြင်း ကိုပင် မိမိ အတ္တ ပျောက်သွားခြင်း ဟူ၍ လည်းကောင်း၊ မိမိ ၏ အတ္တကို ပယ်ခြင်း ဟူ၍ လည်းကောင်း ဆိုရ၏။ ထို့ကြောင့် အတ္တကို ပယ်သတ်နိုင်သည် နှင့် အမျှ ချမ်းသာ ၏ ဟူသည်မှာ အငြင်းပွားဖွယ် မရှိသော မှန်ကန်ချက် ဖြစ်ပါ၏။

ထို့အပြင် စာဖတ်သူ ကိုယ်တိုင်က မိမိ ၏ အတ္တ ပျောက်သွားကြောင်း ကိုယ်တွေ့ကြုံလျှင် လောက၌ အတ္တ ဟူသည် တကယ်တမ်း အခိုင်အမာ မရှိ ကြောင်း၊ ပယ်သတ်၍ ရနိုင်ကြောင်း အလိုလို လက်ခံပြီးသား ဖြစ်လေ၏။ ဤသို့ လက်ခံနိုင်ခြင်း သည် ယထာဘူတ နှင့် သံဝေဂ ကို ဖြစ်စေမည် ဖြစ်ပါ၏။ ယထာဘူတ နှင့် သံဝေဂ ဖြစ်လျှင် ဝိပဿနာ ဉာဏ် လည်း ဖြစ်ဖို့ ရှိ၏။ မဂ်ဉာဏ်လည်း ဖြစ်ဖို့ ရှိ၏။ ထိုသို့ ဖြစ်လျှင် ရသ စာပေ ကို ဖတ်ခြင်း ကြောင့် ဝေဒနာ ပစ္စယာ တဏှာ မဖြစ် တော့ဘဲ ဝေဒနာ ပစ္စယာ ဉာဏံ ဖြစ်သော ကြောင့်သာ ဖြစ်လေ၏။ ထို့ကြောင့် ရသစာပေ ကို ဖတ်ရာတွင် စာဖတ်နည်း ကို လိုက်၍ အကုသိုလ်လည်း ဖြစ်နိုင်၏ ကုသိုလ် လည်း ဖြစ်နိုင်၏။ ထိုသို့ ဖြစ်နိုင်ကြောင်း ကိုလည်း သိဖို့ လို၏။ ထိုသို့ သိပါမှလည်း သမ္မုတိ သစ္စာကို ကျော်၍ ပရမတ္ထ တိုင်အောင် သိရာ ရောက်၏။

နောက် စာပါ အကြောင်း အရာ တစ်မျိုးမှာ သိမှု ဆိုင်ရာ အကြောင်းအရာ ဖြစ်ချင် ဖြစ်နိုင်၏။ သိမှုဆိုင်ရာ အကြောင်းအရာ ဟူသည်မှာ “အသိ ဗဟုသုတ” ဖြစ်ချင် ဖြစ်မည်၊ “အတတ် ဗဟုသုတ” ဖြစ်ချင် ဖြစ်မည်။ မည်သည့် ဗဟုသု တ မျိုးပင် ဖြစ်စေကာမူ ဗဟုသုတ ဟူသမျှ သည် သညက္ခန္ဓာ နှင့် ပတ်သက်၏။ ထို့ကြောင့် ဗဟုသုတ ဟူသမျှ ကို သမ္မုတိ သစ္စာ အားဖြင့် ဗဟုသုတ ဟူသော ပညတ် အဆင့်တွင် အသိမရပ်ဘဲ ပရမတ္ထ သစ္စာ အားဖြင့် ရုပ်၊ နာမ်၊ ခန္ဓာ၊ ကုသိုလ်၊ အကုသိုလ် ဟူ၍ ပရမတ် အဆင့်တိုင်အောင် အသိကို မြှင့်တင် အပ်၏။ ထိုအခါမှ စာဖတ်သူ ၏ အသိသည် သမ္မုတိ သစ္စာကို ကျော်ပြီး ပရမတ္ထ သစ္စာကို ရောက်မည် ဖြစ်၏။ ပရမတ္ထ သစ္စာတိုင်အောင် အသိ ရောက်ပါမှလည်း လောက၌ ဘုရား ပွင့်ရကျိုး နပ်မည် ဖြစ်၏။

မြတ်စွာ ဘုရား ပွင့်တော် မမူမီ ကာလက ဆိုပါလျှင် လူတို့သည် ပရမတ္ထ တရားတို့၏ အမည်မျှ ကိုပင် သိစွမ်းနိုင်ခြင်း မရှိဘဲ၊ မြတ်စွာ ဘုရား ပွင့်တော် မူလာသော အခါမှသာ ပရမတ္ထတရား တို့၏ အမည်နှင့် တကွ သစ္စာလေးပါး တိုင်အောင် သိစွမ်းနိုင်လာခြင်း ဖြစ်၏။ ထိုသို့ သိစွမ်းနိုင်လာခြင်း ဟူသည်မှာ ဩတရဏ ဟာရ အရ စာကို ဖတ်ပါမှသာ မိမိ ဖတ်သော စာ၏ အနက်ကို ပရမတ္ထ တို့၏ အမည်နှင့် တကွ သစ္စာလေးပါး တိုင်အောင် သိစွမ်းနိုင်လာခြင်း ဖြစ်၏။ ဤနေရာ၌ တရား နာကြားခြင်း ကိုလည်း စာဖတ်ခြင်း ၌ပင် ထည့်သွင်း ပါ၏။

ထို့ကြောင့် အတတ် ပညာပိုင်း ဆိုင်ရာ နှင့် အသိပညာပိုင်း ဆိုင်ရာများကို ဖတ်ရာတွင် ဖြစ်စေ၊ နာကြား ရာတွင် ဖြစ်စေ သမ္မုတိ သစ္စာကို ကျော်၍ ပရမတ္ထ သစ္စာ တိုင်အောင် သိလိုပါက စာဖတ်သူ များသည် ဩတရဏ ဟာရ နည်းဖြင့် ဖတ်ဖို့ လိုပါ၏။ သို့မဟုတ် ပါက စာဖတ်သူ များ၏ အသိသည် သမ္မုတိ သစ္စာ တွင်သာ အဆုံးသတ် ပေလိမ့်မည်။ အကယ်၍သာ စာဖတ်သူ များ၏ အသိသည် သမ္မုတိ သစ္စာ တွင်သာ အဆုံးသတ် ပါက ထိုသူများသည် မြတ်စွာဘုရား ပွင့်တော်မူခြင်း မရှိသော ကာလ၌ နေရသည် နှင့် ဘာမျှ ထူးခြား လိမ့်မည် မဟုတ်ပေ။

သို့ဖြင်လျှင် ထိုသူများသည် ဘုရားပွင့် ရကျိုးလည်း ဘာမျှ နပ်လိမ့်မည် မဟုတ်။ အမှန်အားဖြင့် နေမင်း နှင့် လမင်းတို့၏ မွန်းတည့်ချိန်တွင် အလင်းရောင်များ ထွန်းပလျက် ရှိပါ၏။ မိမိတို့ ၏ မျက်စိကို ဖွင့်လိုက်ဖို့ သာ လိုပါ၏။ သာသနာတော် သည်လည်း ထက်ဝက် ကျိုး၍ မွန်းတည့်ပြီးပြီ။ အလင်းရောင် လည်း ထွန်းပလျက် ရှိပြီ။ ဩတရဏဟာရ ဖြင့် မျက်စိဖွင့် ထားလိုက်ဖို့ လိုတော့၏။

စတုတ္ထမြောက် အကြောင်းအရာမှာ တီထွင်ကြံဆမှု နှင့် ပတ်သက်သော အကြောင်းအရာ ဖြစ်၏။ ယင်းအကြောင်းအရာ သည် သင်္ခါရက္ခန္ဓာ နှင့် ပတ်သက်၏။ အမှန်အားဖြင့် စီးပွားရေး စာပေ၌ ဖြစ်စေ၊ ရသ စာပေ၌ ဖြစ်စေ၊ ဗဟုသုတ စာပေ၌ ဖြစ်စေ လူတို့သည် အမြဲတမ်း ကြံဆ နေကြသည် ဖြစ်၏။ တီထွင် နေကြသည် ဖြစ်၏။ သို့ဖြစ်၍ စာပေတို့သည် ခေတ်တစ်ခေတ်ပြီး တစ်ခေတ် တိုးတက်လာကြခြင်း ဖြစ်၏။ ထိုသို့ တိုးတက်လာရာတွင်လည်း တိုးတက်မှု နှင့် ပတ်သက်၍ သမ္မုတိသစ္စာ သဘောကိုသာ မက ပရမတ္ထ သစ္စာ သဘော တိုင်အောင် သိဖို့ လို၏။

ထိုသို့ သိဖို့ ဆိုသည်မှာလည်း စာကို ဖတ်ရာ၌ ဩတရဏဟာရ နည်းအရ ဖတ်ပါမှသာ ပရမတ္ထ တိုင်အောင် သိနိုင်မည် ဖြစ်၏။ သို့မဟုတ် ပါက “ဇာတံ သရဏတော ဘယံ” ဟူသည်နှင့် အညီ ကိုးကွယ်ရာမှ ဘေး ဖြစ်လာမည် ဖြစ်၏။ လောကသည် တီထွင် ကြံဆမှုများ ကြောင့် ငြိမ်းချမ်း မလာဘဲ အန္တရာယ် ပေါ်၌ လျှောက်နေမိလျက်သား ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် တီထွင် ကြံဆမှု ဆိုင်ရာ စာပေ များကို ဖတ်လေ သော အခါ သမ္မုတိ သစ္စာကို ကျော်၍ ပရမတ္ထ သစ္စာ တိုင်အောင် သိနိုင်ရေး အတွက် ဩတရဏဟာရ နည်း အရ ဖတ်သင့်ပါ၏။ ပရမတ္ထ သစ္စာတိုင်အောင် နည်းအရ ဖတ်သင့်ပါ၏။ ပရမတ္ထ သစ္စာ တိုင်အောင် သိပါမှသာ စာပေပါ ဖြစ်ရပ် များနှင့် ပတ်သက်၍ ကုသိုလ် နှင့် အကုသိုလ် ကို ခွဲခြား ၍ သိမည် ဖြစ်၏။ ကုသိုလ်နှင့် အကုသိုလ် ကို ခွဲခြား သိလျှင် ယင်းတို့၏ ဆိုင်ရာ အကျိုးများကို လည်း ခွဲခြားပြီး သိမည် ဖြစ်၏။ သို့မဟုတ်ဘဲ အခြား စာဖတ်နည်း များဖြင့်သာ တီထွင် ကြံဆမှု ဆိုင်ရာ စာပေများကို ဖတ်ရှုပါက စာဖတ်ခြင်း ၏ အကျိုးကို ရသည်က တခြား၊ လိုချင်သည်က တခြား ဖြစ်ပေလိမ့်မည်။

စာပေ၏ ပဉ္စမ အကြောင်းအရာသည် ကိုယ်ကျင့်သိက္ခာ နှင့် ပတ်သက်သော အကြောင်းအရာ ဖြစ်ချင် ဖြစ်နိုင်၏။ “ပဘဿရ မိဒံ ဘိက္ခဝေ စိတ္တံ” ဟူသည် နှင့် အညီ ကိုယ်ကျင့် သိက္ခာနှင့် ပတ်သက်သော ဝိညာဏ္ခန္ဓာ နှင့် ဆိုင်၏။ ဘဝတွင် အရေးအကြီး ဆုံးမှာ ကိုယ်ကျင့် သိက္ခာ ကောင်းဖို့ပင် ဖြစ်၏။ ထို့ကြောင့် ခန္ဓာ ငါးပါး ဆိုင်ရာ ဆောင်ရွက်မှုများတွင်လည်း ဝိညာဏ္ခန္ဓာ ဆိုင်ရာ ဆောင်ရွက်ချက် သည် အရေးကြီးဆုံး ဖြစ်၏။ 

ထို့ကြောင့် ရူပက္ခန္ဓာ အရ စီးပွားရေးသည် အရေးကြီးသည် မှန်သော်လည်း ယင်းအပေါ်၌ တရား သဖြင့် ဖြစ်ရလေအောင် မိမိ ၏ လောဘ ရမ္မက်ကို ထိန်းချုပ်နိုင်ဖို့ လို၏။ ထိုနည်း အတူ ဝေဒနက္ခန္ဓာ အရ ရသသည် လည်းကောင်း၊ သညက္ခန္ဓာ အရ ဗဟုသုတ သည် လည်းကောင်း၊ တီထွင် ကြံဆမှု သည် ကောင်း လောက ငြိမ်းချမ်း သာယာ ရေး အတွက် အရေးကြီးသည် မှန်သော်လည်း ဝိညာဏ္ခန္ဓာ အရ ယင်းတို့ အပေါ် တရားသဖြင့် ဖြစ်အောင် ထိန်းချုပ် နိုင်ဖို့က ပို၍ အရေးကြီးပါ၏။ ယင်းတို့ အပေါ် ထိန်းချုပ် နိုင်ဖို့ ဆိုသည်မှာ စိတ်ဓာတ် ဖြူစင် သန့်ရှင်းမှ ဖြစ်၏။ မိမိ စိတ်ဓာတ် ဖြူစင်သန့်ရှင်းအောင် မိမိ ၏ စိတ်၌ အာဂန္တုက ဖြစ်သော အကုသိုလ် အညစ်အကြေးများ မကပ်နိုင်၊ မရောက် စေနိုင်ရန် အပ္ပမာဒ တရား ဖြင့် မမေ့မလျော့ ရှိနေဖို့ လိုအပ်ပါ၏။

“အလိမ္မာ စာမှာရှိ” ဟူ၍ ဆိုပါသော်လည်း စာကို ဩတရဏဟာရ နည်းဖြင့် ဖတ်ပါမှ ကုသိုလ်နှင့် အကုသိုလ်ကို လည်းကောင်း၊ ရုပ်နာမ် ကို လည်းကောင်း၊ ခန္ဓာ အာယတန ဓာတ် ဣနြေ္ဒ သစ္စာ ပဋိစ္စသမုပ္ပာဒ် နှင့် ဗောဓိပက္ခိယ သဘောတို့ကို လည်းကောင်း သိနိုင် မည် ဖြစ်၏။ သို့မဟုတ် ပါက စာပေပါ အကြောင်းအရာ များကို ပရမတ် ဆိုက်အောင် မသိဘဲ ပညတ်တွင်သာ လမ်းဆုံး နေပေလိမ့်မည်။
သို့ရာတွင် တရားကို သိရုံသိပြီး တရားမရှိ ပါကလည်း မိမိ ဖတ်သော စာပေမှ အကာကိုသာ ရပြီး အနှစ်ကို မရသည့် သဘော မျိုး ဖြစ်ပေ လိမ့်မည်။ 

ထို့ကြောင့် စာပေကို ဖတ်ရာတွင် အလိမ္မာကို သိလည်း သိရလေအောင်၊ သိရုံ သာမက ထိုအလိမ္မာ သည် မိမိ၌လည်း ရှိရလေအောင် စာပေကို နေတ္တိကျမ်းလာ ဩတရဏဟာရ အရ ဖတ်သင့်ကြောင်း တင်ပြခြင်း ဖြစ်ပါ၏။ ထို့အပြင် စာ၏ အကြောင်းအရာ များကို ငါးမျိုး ခွဲခြားခြင်း မှာလည်း ခန္ဓာ ငါးပါးတို့၏ စေ့ဆော်မှု အရ အုပ်စု အားဖြင့် ငါးမျိုးသာ ရှိနိုင်ခြင်း ကြောင့် ငါးမျိုးသာ ခွဲခြား ဖော်ပြခြင်း ဖြစ်ကြောင်း ထပ်လောင်း၍ ဖော်ပြအပ်ပါ၏။ ။

စာဖတ်သူများ – ၂၀ ။
ဦးရွှေအောင်
by zayya