Sunday, March 31, 2013

အသွင်တူမှ အိမ်သူဖြစ်မယ်

အသွင်တူမှ အိမ်သူဖြစ်မယ်


လူရယ်လို့ဖြစ်လာလို့ရှိရင် လောက သဘာဝအရ ထိမ်းမြားမင်္ဂလာဆိုတာကို အချိန်တန်ရင် ပြုလုပ်ကြရပါတယ် ။ မြတ်စွာဘုရား လက်ထက်တော်အခါက  အမျိုးသားနဲ့ အမျိုးသမီး လက်ထပ်ထိမ်းမြားရေး၊ သားရေး ၊ သမီးရေး ၊လူမှူရေးနှင့်ပါတ်သက်၍ မြတ်စွာဘုရားရှင်၏ လမ်းညွန်သြ၀ါဒတရားတော်များ၊ ဗုဒ္ဓဘာသာ ဥပါသကာ၊ ဥပါသိကာမ မိဘများ၏ သွန်သင်ချက်များသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမူအရ ထိမ်းမြားမင်္ဂလာပွဲ ဆင်နွဲ့ကြသူများအတွက် အင်မတန်မှ အတုယူ စံနမူနာများပင် ဖြစ်ပါတယ်။ ။
 
မိဘများ လိုက်နာရမည့် ကျင့်ဝတ်ငါးပါးကို ဟောကြားတော်မူရာ၌ “မကောင်းမြစ်တာ၊ ကောင်းရာညွန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင် ၊ ဖခင်မယ်တို့တာ” ဟူ၍ ထိမ်မြားမင်္ဂလာပြုလုပ်ပေးရမယ်ဟု ညွန်ပြတော်မူခဲ့ပါတယ် ။ ။ 
 
မိဘတွေဘက်က သား သမီးကို ထိမ်းမြားခြင်းဆိုတဲ့ ဤနေရာမှာ  အလေးအနက် ထားလျှက် “ပကတိရူပေန ဒါနေန သံယောဇန္တိ”  မိမိတို့၏ မျိုးရိုးစဉ်လာ၊ ကိုးကွယ်သည့်ဘာသာ၊ရုပ်ဆင်း အင်္ဂါ၊ ကျုယ်ကျင့်သီလ စသည်တို့ဖြင့်  သင့်လျှော်လျောက်ပတ်သည့် အမျိုးသား အမျိုးသမီးများနှင့် ထိမ်းမြားပေးရမည်ဟု ထပ်ဆင့်ညွန်ပြတော်မူခဲ့ပါတယ်။
 
ဘ၀တစ်သက်လုးံ အိမ်ထောင်ဘက်အဖြစ် တစ်ဦးနှင့်တစ်ဦး ရွေးချယ်ကြရာ၌ ..
(၁) သမသီလ၊ အကျင့်စရိုက်=သီလချင်းတူညီရမယ်။
(၂) သမစာဂ၊ အလှူအတန်းရက်ရောမူ=စေတနာချင်း၊၀ါသနာချင်းတူညီရမယ်။
(၃) သမသဒ္ဓါ၊ ကံကံ၏အကျိုးကိုယုံကြည်မူ=ရတနာသုးံပါးတို့အပေါ် ယုံကြည်မူချင်းတူညီရမယ်။
(၄) သမပညာ၊ အသိဥာဏ်=ကိုးကွယ်ယုံကြည်မူ ဘာသာအယူဝါဒချင်းလည်းတူညီရမယ်။
 
ထိုကဲ့သို့သော အိမ်ထောင်ဘက်တို့ လက်ချင်းဆက်ကြပါမူ  ယခုဘ၀၌လည်း အိမ်ထောင်ရေး သာယာ ချမ်းမြေ့ကြပြီး နောင်ဘ၀ အဆက်ဆက်မှာလည်းပဲ မကွဲမကွာ လက်တွဲမဖြုတ်ကြဘဲ ပါရမီရှင် အိမ်ထောင်ရှင်များ အမှန်ပင်ဖြစ်ကြပေမည်ဟု မြတ်စွာဘုရားရှင်က အတိအလင်း ဟောကြားတော်မူခဲ့ပါတယ်။ 
 
 အသွင်တူမှ  အိမ်သူဖြစ်နိုင်သည်ဟူသော  မြန်မာစကားပုံအတိုင်း အိမ်ထောင်ဘက်ချင်း အသွင်တူစေရန် အရေးကြီးလှသဖြင့်  အသွင်တူသည့် အိမ်ထောင်ဘက်လေးမျိုးမှာ …..
 
(၁) အကျင့်သီလကင်းမဲ့၍ လွဲမှားသော မိစ္ဆာအယူရှိသည့် အမျိုးသားနှင့်  အမျိုးသမီးထိမ်းမြားမှူ။
(၂)အကျင့်သီလနှင့်ပြည့်စုံ၍ မှန်ကန်သော ဘာသာအယူဝါဒတူ သမ္မာဒိဌိအယူမှန်ရှိသော အမျိုးသားနှုင့်  အမျိုးသမီးတို့ထိမ်းမြားမှူ။
(၃) အကျင့်သီလ ကင်းမဲ့၍ လွဲမှားသော မိစ္ဆာအယူရှိသည့် အမျိုးသားနှင့်  အကျင့်သီလနှင့်ပြည့်စုံ၍ မှန်ကန်သော သမ္မာဒိဌိ အယူရှိသူအမျိုးသမီးတို့ ထိမ်းမြားမှူ၊
(၄)အကျင့်သီလနှင့် မှန်ကန်သော သမ္မာဒိဌိ အယူရှိသော အမျိုးသားနှင့်  အကျင့်သီလကင်းမဲ့၍ လွဲမှားသော မိစ္ဆာဒိဌိအယူရှိသည့် အမျိုးသမီးတို့ ထိမ်းမြားမှူဟု.. ထိမ်းမြားမူလေးမျိုးရှိပါတယ်။ 
 
ထိုလေးမျိုးတို့တွင် နံပါတ်(၂)ဖြစ်တဲ့  အသွင်တူချင်းအိမ်ထောင်ဘက်ပြုခြင်းဟာ ကောင်းမြတ်ပြီး မင်္ဂလာရှိပါတယ်။
“အိမ်ထောင်မှူ၊ ဘုရားတည်၊ ဆေးမင်ရည်စုပ်ထိုး၊ ဤသုးံချက် မပိုင်လျှင် နောင်ပြင်နိုင် ခက်သည့်အမျိုး” ဟူသော  ပညာရှိများအဆိုအရ .. နောင်သောအခါဝယ် ပြုပြင်ပြောင်းလဲရန် ခဲရမ်းလှပြီး သံသရာ တစ်လျှောက်လုးံ နစ်မွန်းနိုင်သော  လုပ်ငန်းမျိုးဖြစ်သဖြင့်  ကိုးကွယ်ယုံကြည်မူကွဲပြားသောသူတို့နှင့် လုးံဝ ထိမ်းမြားမှူ မပြုလုပ်ရန် အထူးသတိထား ဆင်ခြင်ရပါမယ်။ 
 
အသွင်မတူပါက တစ်သက်လုးံ အိမ်ထောင်ဘက် အဖြစ် ရွေးချယ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။  အမျိုးသားရော ၊ အမျိုးသမီးပါ နှစ်ဦးစလုးံ … သဒ္ဓါတူ၊ ပညာတူ၊ သီလတူ၊ အသက်မွေးစင်ကြည်မူ တူညီကြပါမူ ဤဘ၀တွင်လည်း သာယာမူပြည့်ဝ၊ ပျော်ရွှင်မူထာဝရ ရရှိနိုင်သော အိမ်ထောင်ရှင်များ  အမှန်ပင် ဖြစ်ကြပြီး နောင်ဘ၀ သံသရာ၌လည်း  နတ်ပြည်လောကသို့ ဧကန်မုချ ရောက်ကြပါလိမ့်မယ်။  

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                         အရှင် စန္ဒိမာ(ဓမ္မလရိပ်) 

Saturday, March 30, 2013

လင်နဲ့ မယား လျှာ နဲ့ သွား



လင်နဲ့ မယား လျှာ နဲ့ သွား

လင်နဲ့မယားတို့ဟာလဲ တစ်အိမ်တည်းမှာ အတူတကွ နေထိုင်ကြရင်း အိမ်ထောင်တာဝန်ကို ပူးတွဲထမ်းဆောင် နေရာတာဖြစ်လို့ တစ်ခါတစ်ရံ အခန့်မသင့်ရင် ကတောက်ကဆ ဖြစ်ကြမှာပဲ၊ ဒီလိုဖြစ်ရကောင်းလားဆိုပြီး အာဃာတတွေ ထားကြပြီး တကွဲတပြားဖြစ်စရာမလိုပါဘူး၊ ဒါဟာ သဘာဝတရားတစ်ခုပဲ ဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ မှတ်ယူ သုံးစွဲ ပြောဆိုနေ ကြပါတယ်။

  လျှာနဲ့ သွားတို့ဟာ အာဟာရ ကိစ္စက္စကို အပေးအယူ မျှမျှ ဆောင်ရွက်ကြရင် “ဝမ်းတစ်လုံး ကောင်းပြီး ခေါင်းမခဲ”ရသလိုပဲ လင်နဲ့    မယား တို့ဟာလဲ ... [တောင်တွင်းကြီး နတ်မှီတောရ ဆရာတော် အရှင်ဆန္ဒာဓိက]

နှစ်စဉ် တန်ဆောင်မုန်း လကွယ်နေ့တိုင်းမှာ ကျင်းပပြုလုပ်မြဲဖြစ်တဲ့ ကျေးဇူးရှင် ကျမ်းပြု အဘိဓမ္မာ ပညာရှင် တောင်တွင်းကြီး နတ်မှီတောရ ဆရာတော် ဘုရားကြီးရဲ့ မွေးနေ့ အထိမ်းအမှတ် ပူဇော်ပွဲကို ဒီနှစ်မှာလဲ (၁၁၁) နှစ်မြောက် အထိမ်း အမှတ်အဖြစ် ကျင်းပပူဇော် ကြပါတယ်။ ဆရာတော် ဘုရားကြီးရဲ့ တပည့်ဟောင်း ညီတော် နောင်တော် များဟာ အဖိတ်နေ့ ညနေမှာ စုံညီကြပြီး ညပိုင်းမှာတော့ ရှေးဟောင်း နှောင်းဖြစ် ကလေး များနဲ့အတူ လောကရေး၊ ဓမ္မရေးများကို ပြောဆိုဆွေးနွေးရတဲ့ အစဉ်အလာမပျက် စကားဝိုင်း ကလေး ကလဲ ငယ်မူပြန် လောက်တဲ့ ကြည်နူးဖွယ် ကလေးတစ်ခုပါပဲ။

  ဒီနှစ်စကားဝိုင်းမှာတော့ နောင်တော်ကြီးဖြစ်တဲ့ လက်ရှိ နတ်မှီတောရ ဆရာတော် အရှင်ဆန္ဒာဓိက တင်ပြတဲ့ အမြင်သစ် ကလေးနှစ်ခုက စကားဝိုင်းကို စိုပြေ တက်ကြွစေသလို အတွေးသစ် များကိုလဲ ဝေဆာပြည့်ဝစေတယ်လို့ ဆိုရပါလိမ့်မယ်၊ နောင်တော်ကြီးတင်ပြတဲ့ ပထမ အကြောင်းအရာ တစ်ခုကတော့ လောကရေးနဲ့ ပတ်သက်လို့ “လင်နဲ့မယား လျှာနဲ့သွား” ဆိုတဲ့ ဆိုရိုးအပေါ်မှာ အပြုသဘောဆောင်တဲ့ အမြင်သစ်ဖြစ်ပါတယ်။

  နောင်တော်ကြီးက “လင်နဲ့မယား လျှာနဲ့သွား”ဆိုတဲ့ စကားနဲ့ ပတ်သက်လို့ အများလက်ခံ ပြောဆိုနေတဲ့ အဓိပ္ပါယ်က လင်နဲ့မယားတို့ရဲ့ နောင်ဂျိမ်ပွဲကို လက်ခုပ်တီးပေး နေသလိုဖြစ်နေတယ်၊ သူတို့ ကောက်ယူတဲ့ အဓိပ္ပာယ်က လျှာနဲ့သွားဆိုတာ ခံတွင်းတစ်ခု တည်းမှာ အတူတည်ရှိရင်း ခန္ဓာ့တာဝန်ကို ပူးပေါင်းထမ်းဆောင်နေရတာဖြစ်လို့ တစ်ခါတစ်ရံ မတော်တဆ ကိုက်မိတတ်ကြမှာပဲ၊ ဒီလို ကိုက်မိတဲ့ အခါ လျှာကလဲ သွားအပေါ်မှာ မကျေမနပ်ဖြစ်ပြီး ခံတွင်းအပြင်ဘက် ထွက်သွားလို့ မရသလို သွားကလဲ ထို့အတူပဲပေါ့။

  အဲဒီလိုပဲ လင်နဲ့မယားတို့ဟာလဲ တစ်အိမ်တည်းမှာ အတူတကွ နေထိုင်ကြရင်း အိမ်ထောင်တာဝန်ကို ပူးတွဲထမ်းဆောင် နေရာတာဖြစ်လို့ တစ်ခါတစ်ရံ အခန့်မသင့်ရင် ကတောက်ကဆ ဖြစ်ကြမှာပဲ၊ ဒီလိုဖြစ်ရကောင်းလားဆိုပြီး အာဃာတတွေ ထားကြပြီး တကွဲတပြားဖြစ်စရာမလိုပါဘူး၊ ဒါဟာ သဘာဝတရားတစ်ခုပဲ ဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ မှတ်ယူ သုံးစွဲ ပြောဆိုနေ ကြပါတယ်။

 ဒီအဓိပ္ပါယ်နဲ့ ဒီလိုပြောဆိုချက်များဟာ လွှတ်ခနဲကြည့်လိုက်ရင်တော့ လင်နဲ့မယားကို မကွဲပြားအောင် ဖျောင်းဖျသလို ထင်ရပေမယ့် သေသေချာချာ စဉ်းစားကြည့်ရင် ဒီစကားနဲ့ ဒီအဓိပ္ပါယ်ကို လက်ကိုင် ဆင်ခြေပြုပြီး လင်မယားရန်ပွဲ အကြိမ်ကြိမ် ဆင်နွှဲရေးအတွက် အားပေးနေတဲ့ သဘောလဲ သက်ရောက် နေတယ်လို့ ထင်မိတယ်၊ ဒီအတိုင်းသာဆိုရင် လျှာနဲ့သွား ကိုက်မိ ကြတာဟာ မလွှဲမရှောင်သာတဲ့ သဘာဝကြီး တစ်ခုဖြစ်သလို လင်နဲ့မယားရန်တွေ့ရတာဟာလဲ အိမ်ထောင်တစ်ခုရဲ့ မလွှဲမရှောင်သာတဲ့ သဘာဝကြီးတစ်ခုလို့ သဘောထားပြီး “ဖြစ်သာ ဖြစ်ကြ” လို့ အားပေး အားမြောက်ပြုနေရာ မကျပေဘူးလား။

ေ  သချာ စဉ်းစားကြည့်ရင် ခံတွင်းတစ်ခုတည်းမှာ လျှာနဲ့သွားတို့  အတူတည်နေပြီး ခန္ဓာ့တာဝန်ကို ထမ်းဆောင် ပေးနေတဲ့ နိစ္စဓူဝ တာဝန်ကြီးဟာ အချင်းချင်း ကိုက်မိကြတာထက် အများကြီး လေးနက်တဲ့ အဓိပ္ပာယ်ကို ဆောင်နေပါတယ်၊ “သဗ္ဗေသတ္တာ အာဟာရ ဌိတိကာ= သတ္တဝါမှာ အစာ” ဆိုတဲ့ အတိုင်းပေါ့လေ “လေးဖြာဓာတ်ဆောင်၊ ဒီကိုယ်ကောင်ကြီး သက်တမ်း ပြည့်တည်နေပြီး ပင်ပန်းမှုမရှိဘဲ လုပ်ကိုင် လှုပ်ရှားနေရေးဟာ အစာအာဟာရ မျှတဖို့က အဓိကမဟုတ်လား။

   ဒီလို အစာအာဟာရ တစ်ကိုယ်အတွက် မျှတဖို့ ဆိုတာကလဲ “ပါစက” ဆိုတဲ့ ဝမ်းမီးဓာတ်က ကျေညက်အောင် ချေချက်ပေး နိုင်မှုက အဓိကပဲ၊ “ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ” ဆိုတာဟာ အဲဒီ ပါစကဝမ်းမီး ကောင်းမွန်မျှတမှုကို ပြောနေတာပဲ၊ ဝမ်းမီးက မျှတအောင် ချေချက်ဖို့ဆိုတာကလဲ လျှာနဲ့သွားက အထိုက်အလျှောက် ကျေညက်အောင်ဝါးပြီး ပို့ပေးမှဖြစ်နိုင်တာ၊ လျှာနဲ့သွားက ကျေညက်အောင် မဝါးကြလို့ စလုံးစခုတွေချည်း ဝမ်းထဲ ရောက်လာမယ်ဆိုရင် ဝမ်းမီးကလဲ ကျေညက် မျှတအောင် မချက်နိုင်တော့ဘူး၊ ဒီလိုဆိုရင် ဝမ်းတစ်လုံးကလဲ မကောင်းနိုင်တော့သလို ခန္ဓာကိုယ်ကြီးကလဲခေါင်းတစ်လုံးကစပြီး တစ်ကိုယ်လုံးအထိ မမျှမတ မကျန်းမမာ ဖြစ်သွားမှာ သေချာတယ်။

   ဒါကိုကြည့်လိုက်ရင် ခန္ဓာကိုယ်ကြီး ခန့်ကျန်း ခိုင်မာရေးဟာ လျှာနဲ့ သွားအပေါ်မှာ အများကြီးတည်နေတယ် ဆိုတာကို သဘောပေါက်လို့ ရတယ်၊ အဲဒီတော့ ခံတွင်းတစ်ခု အတွင်းမှာ လျှာနဲ့သွားတို့ရဲ့ တည်နေမှုနဲ့ အပေးအယူ မျှမျှတတ လုပ်ဆောင် နေမှုဟာ အတော်အလေးထား ရမယ့် ကိစ္စတစ်ခုဖြစ်နေတယ်၊ သူတို့ရဲ့ တည်နေလုပ်ဆောင်မှုကို ကြည့်မယ်ဆိုရင် အထက်သွား အောက်သွားများက ဆုံနဲ့ကျည်ပွေ့ပမာ ခံတွင်းရဲ့ အပြင်နခမ်းမှာတည်နေကြတယ်။

   အဲ .. ဒီဥပမာမှာလဲ တစ်ခု သတိထားစရာ ကတော့ ဥပမာဖြစ်တဲ့ အပြင်က ဆုံနဲ့ ကျည်ပွေ့တို့မှာ ဆုံက အောက်ခံအဖြစ် တည်ငြိမ်နေရပြီး ကျည်ပွေ့က အပေါ်ကနေ လှုပ်ရှား ပေးရတာဖြစ်ပေမယ့် သွားမှာတော့ အပေါ်သွားက ဆုံသဘောမျိုးနဲ့ တည်ငြိမ် နေတာဖြစ်ပြီး အောက်သွားက ကျည်ပွေ့ သဘောမျိုးနဲ့ လှုပ်ရှား ကြိတ်ဝါး ပေးရတာတော့ ထူးတာပေါ့လေ။ အစားအစာကို ကြိတ်ဝါးပေးရတဲ့ ကိစ္စကို အဓိက နေရာကနေပြီး တာဝန်ယူ ဆောင်ရွက်ပေးရာမှာ အစားရှိရာကို သွားကလိုက်ပြီး ဝါးကြိတ်လို့ မရနိုင်ဘူးနော်၊

 “ဆန်စဉ်ရာ ကျည်ပွေ့ မလိုက်နိုင်ဘူး” ဆိုတဲ့ စကားအတိုင်းပေါ့၊ သွားက သူ့နေရာသူ နေပြီး ရောက်လာတဲ့ အစားအစာကိုသာ ကြိတ်ဝါးပေးနိုင်တာ၊ ဒီနေရာမှာ လျှာရဲ့တာဝန်က အတော် အရေး ပါလာတယ်၊ ခံတွင်းထဲ ရောက်လာတဲ့ အစားအစာကို လျှာနဲ့ ဝါးချေပေးဖို့လိုအပ်တာနဲ့ မလိုအပ်တာကိုလဲ ခွဲခြား နိုင်ရတယ်၊ ဝါးချေဖို့ လိုအပ်တဲ့ အစားအစာကို သွားရှိရာ ရောက်အောင် ပေးပို့တဲ့ အလုပ်တို့၊ ဝါးချေပြီးသား အစားအစာကို ခံတွင်းဝ ရောက်အောင် ပို့ဆောင်ပေးတဲ့ အလုပ်တို့ကို လျှာက လုပ်ပေးရတာ။

  ဒီနေရာမှာ တကယ်လို့ သွားက နေရာတကာ ငါပါမှ ပြီးမယ်ဆိုပြီး လျှာလုပ်ရမယ့် အလုပ်ကို ဝင်လုပ်ကြည့်ပါလား၊ ခံတွင်းတစ်ခုလုံး သွားတွေနဲ့ ပြည့်နေရင် လျှာကိုသာမက ပါးစောင်တို့ အာခေါင်တို့ပါ သွားရဲ့ဒဏ်ရာတွေနဲ့ ပြည့်သွားမှာပေါ့၊ ပြီးတော့ သွားဆိုတာ ဝါးတာ ကြိတ်တာတွေကိုသာ လုပ်နိုင်တာ လျှာလို အသေးစိပ်ကလေးတွေအထိ ထောင့်စေ့အောင် ပျော့ပျော့ ပျောင်းပျောင်း လှုပ်ရှားနိုင်တာမျိုးမှ မဟုတ်ဘဲ၊ ဒီတော့ သွားက သွားနေရာမှာပဲနေပြီး သွားအလုပ်ကိုပဲ လုပ်နေတာဟာ သဘာဝက ပေးထားတဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရာကျပါတယ်၊ ကိုယ့်နေရာမှာ နေပြီး ကိုယ့်တာဝန်ကိုယ် မလုပ်ဘဲ သူများနေရာ သွားလုပ်ပြီဆိုရင် ဒါဟာ အလုပ်လုပ်တာ မဟုတ်တော့ဘဲ အရှုတ်လုပ်တာဖြစ်သွား တော့မှာပေါ့၊ လျှာကလဲ သွားနေရာ ဝင်ရှုပ်ရင်တော့ သွားကိုက်ဒဏ်ခံရတာပဲ အဖတ်တင်မယ် ခန္ဓာ့တာဝန်ကို ဘယ်ကျေပွန် တော့မလဲ။

  အေး .. အဲဒီလိုပဲပေါ့လေ လျှာနဲ့ သွားတို့ဟာ ကိုယ့်နေရာကိုယ်နေပြီး အာဟာရကိစ္စကို အပေးအယူမျှမျှ ဆောင်ရွက်     ကြမယ် ဆိုရင်“ ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ” ရသလိုပဲ လင်နဲ့မယားတို့ဟာလဲ အပေးအယူမျှမျှ ကိုယ့်နေရာကိုယ် သိပြီး ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် ထမ်းဆောင်ကြရင် မိသားစုအားလုံး ပျော်ရွှင်ပြီး မရှိအတူ၊ ရှိအတူ၊ အေးအတူ ပူအမျှ ဆိုသလို သာယာလှပတဲ့ သီရိဂေဟာ ဖြစ်မှာမလွဲပါဘူး။

  ငယ်ငယ်တုန်းက ရွာမှာ ဦးညိုလုံးဆိုတဲ့ ဒကာကြီးတစ်ယောက်ရှိတယ်၊ ရပ်ရွာအလျှောက်တော့ လူချမ်းသာဆိုတဲ့ စာရင်းထဲမှာ ထိပ်ဆုံးတန်း ထဲကပါပဲ၊ အဲဒီအိမ်မှာ ညနေပိုင်း အလုပ်သိမ်းပြီးလို့ စားချိန် သောက်ချိန် ရောက်ပြီဆိုရင် အမြဲလိုလို ပူပူညံညံ အသံကြားရတယ်၊ သူတို့မိသားစုကို ကြည့်ရတာ ဘယ်တော့မှ စားကောင်းခြင်းနဲ့ စားရပုံမရပါဘူး၊

   ပစ္စည်းဥစ္စာ များသလောက် စိတ်ချမ်းသာမှု အလွန်ရှားပါးတဲ့ မိသားစုပေါ့။ ရယ်တော့ရယ်စရာပဲ၊ အဲဒီဒကာကြီးက ထမင်းပွဲကို ထိုင်ပြီး သူ့အမယ်ကြီးကို ဆူပူနေတာတွေကလဲ ကြည့်ဦး .. ဟင်းပွဲမှာ အသီးအရွက်ပဲ ပါတယ်၊ အသားငါး မပါတဲ့နေ့တွေမှာ အိမ်ကအမယ်ကြီးက ဟင်းကို ဆီလေးပြားလေးနဲ့ ဖွယ်ဖွယ်ရာရာ ချက်ထားပြီဆိုရင်လဲ သူက “ဟေ့ .. ဒီ ဟင်းသီးဟင်းရွက်တွေက နင့်ဆီတွေ ဒီလောက်ထည့်ထားတော့ကော အသားဟင်း ငါးဟင်းလို ကောင်းလာမှာမို့လား၊ နင်တော်တော် အိမ်ထောင်ဖြုန်းတယ်”  ဆိုပြီး ဆူပြန်တာပဲ၊ အဲ အသားလေး ငါးလေးရလို့ ဆီပြန်လေးဖြစ်အောင် ချက်ပြုတ်ထားပြန်ရင်လဲ “ ဟေ့ .. ဒီအသား ငါးတွေက သူ့နဂိုအတိုင်း ကောင်းပြီးသား တွေ နင်ဆီတွေ ထည့်မှ မဟုတ်ဘူး၊ နင်တော်တော် အိမ်ထောင်ဖြုန်းတယ်” ဆိုပြီး ဆူပြန်တာပဲ။

  အဲဒီတော့ လျှာနေရာ သွားကလိုက်နေမှတော့ ဒီအိမ်ထောင် ဝမ်းကြီး ဘယ်ကောင်းနိုင်တော့မလဲ၊ ဒီအတွက် ဘယ်လို နောက်ဆက်တွဲ ဆိုးကျိုးတွေ ထွက်လာသလဲ ဆိုတော့ သူ့သားတွေက မိုးချုပ်လို့ လယ်ယာ အလုပ်အကိုင် ပြီးပြီဆိုရင် အိမ်ကို တန်းမပြန်ကြတော့ဘူး၊ ထန်းတဲ တစ်ခုခုမှာ ထန်းရည် သောက်ရင်း အဖိုးကြီးနဲ့ အဖွားကြီး စားပြီးသောက်ပြီး ရန်ပွဲပြီးချိန် ရောက်မှ အိမ်ပြန်ကြတဲ့ အကျင့်ရသွားတယ်၊ မိသားစု ဆုံမိချိန်မှာ ဆုံးမတိုင်ပင်ရမယ့် သားတွေကလဲ မူးလာကြ ပြီဆိုတော့ ဘာမှ ပြောလို့ ဆိုလို့ အပေါက်အလမ်း  မတည့်ကြတော့ဘူးပေါ့၊ အိမ်နားနီးချင်း တွေကတော့ သူတို့တတွေ မောပြီး အိပ်ပျော်သွားကြပါစေလို့ပဲ ကျိတ်ပြီး ဆုတောင်းနေရတော့တယ်။

   အဲဒါပါဘဲ၊ “လင်နဲ့မယား လျှာနဲ့သွား”ဆိုတာ အခန့်မသင့်ရင် ကိုက်မိတတ်တာ ဓမ္မတာပဲဆိုတဲ့ လင်မယားရန်ပွဲ အားပေးတဲ့ ဆင်ခြေအစား လျှာနဲ့သွားတို့ဟာ ကိုယ့်နေရာကိုယ်နေပြီး ကိုယ့်တာဝန်ကိုယ် ကျေပွန်ရေးသာ အဓိကထား ဆောင်ရွက်ကြပြီး သူနေရာကိုယ့်နေရာကို ဝင်ရောက်စွက်ဖက်တာတို့၊ ချုပ်ချယ်တာတို့ မလုပ်ကြဘဲ အချင်းချင်း အပေး အယူမျှမျှ ခန္ဓာ့တာဝန် ကျေပွန်ရေးကိုသာ အဓိကထား ဆောင်ရွက်ကြသလို လင်နဲ့မယားတို့ဟာလဲ မိသားစုဆိုတဲ့ ခန္ဓာကိုယ်ကြီး ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာရေးအတွက် အဓိကကျတဲ့ တာဝန်ကြီးကို တာဝန်ကိုယ်စီနဲ့ ထမ်းဆောင် နေရတာပါလားဆိုတဲ့ မေတ္တာတရား အပြည့်အဝရှိဖို့ဆိုတဲ့ အဓိပ္ပာယ်ကို ယူပြီးလိုက်နာ ကျင့်သုံးတာကသာ သာယာတဲ့အိမ်ထောင်၊ သာယာတဲ့မိသားစု ဖြစ်မယ်လို့ သဘောရပါတယ်”  ဆိုတဲ့အကြောင်း အကျယ်တဝင့် ပြော ဆိုဆွေးနွေးပါတယ်။

  စကားဝိုင်းမှာ ပါဝင်တဲ့ အရှင်မြတ် တစ်ပါးကတော့ ဒီစကားနဲ့ ဒီအဓိပ္ပာယ်ဟာ လင်နဲ့မယားအတွက်သာ မကဘူး၊ ဆရာနဲ့ တပည့်၊ ဆရာနဲ့ဒကာ၊ မင်းနဲ့ပြည်သူစတဲ့ အတူတကွ လက်တွဲ ပူးပေါင်းဆောင်ရွက်ရမယ့် ဘာသာရေး၊ ပညာရေး၊ နိုင်ငံရေးစတဲ့ နယ်ပယ် အားလုံးအတွက် အလေးအနက် ထားရမယ့် လမ်းညွှန်စကားရပ်တစ်ခုဖြစ်တယ် ဆိုတဲ့အကြောင်း ကိုယ်တွေ့ဖြစ်ရပ်ကလေးများနဲ့ ဖြည့်စွက်တင်ပြ ဆွေးနွေး ပါတယ်။

  နှစ်စဉ် နှစ်တိုင်းလိုပဲ အဲဒီနေ့က စကားဝိုင်း ကလေးဟာလဲ အတွေးပွားစရာ အလေးထားစရာ ကလေးတွေနဲ့ ပြည့်နှက်စိုပြေလို့ နေပါတယ်။ ။  ဇနီးမောင်နှံတို့ တာဝန်သိ သစ္စာရှိပြီး အပေးအယူမျှတဲ့ လျှာနဲ့သွားပမာ တာဝန်ရှိသလို တာဝန်သိ၊ တာဝန်ကျေကြပြီး ယနေ့မှစ၍ သံသာလေကမ်းတိုင် ဘဝတာဝန် ကျေပွန်ချမ်းမြေ့ သာယာလှတဲ့ သီရိဂေဟာ ပိုင်ရှင်များ ဖြစ်ကြပါစေ။

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)

Friday, March 29, 2013

ဘိုးဘွားအမွေနှစ်မို့ ချစ်မြတ်နိုးပေ


 ဘိုးဘွားအမွေနှစ်မို့ ချစ်မြတ်နိုးပေ

မြန်မာနိုင်ငံတော်ကြီးကို ဒီမိုကရေစီစနစ်ဖြင့် အသွင်ကူးပြောင်းဆဲကာလမှာ …။  အတွေးချင်း၊  အမြင်ချင်း မတူညီနိုင်ကြသေးတဲ့ အုပ်ချုပ်သူနှင့်ပြည်သူတွေအကြား ပညာရေးနှင့်ပတ်သက်၍ ဘာတွေလုပ် သင့်ပြီ၊ ဘာတွေလုပ်နိုင်ပြီဆိုတာ ၀ိုင်းဝန်းစဉ်းစားပေးနိုင်ရန် ဤဆောင်းပါးကို ရေးသားခြင်းဖြစ်တယ်။ အကယ် ၍သာ မြန်မာနိုင်ငံတော်ကို ယဉ်ကျေးမှု အမွေအနှစ်ခိုင်တဲ့ ပုံစံမျိုးနှင့် တိုင်းပြည်ကို ပြန်လည်တည်ဆောက်လို တယ်ဆိုရင်…။

 မြန်မာနိုင်ငံရဲ့ သမိုင်းဦးကို ပြန်လည်ဆန်းစစ်ပြီး တိုင်းပြည်အတွက် ခိုင်မာတဲ့ အုဋ္ဌ်မြစ်မျိုးကို ချထားနိုင်ဖို့ပါ။
ထိုအတွက် မြန်မာ့သမိုင်းစာမျက်နှာများကို ပြန်လှန်သုံးသပ်ပြီး ဘယ်မူကို စံပြုလို့၊ ဘယ်သူကို စံထားမလဲဆိုတဲ့ အချက်ဟာ အရေးတကြီးဆွေးနွေးဖို့ လိုအပ်လာခြင်းပါ။ သမိုင်းစာမျက်နှာများမှာ အနော်ရထာ မင်းကြီးဆိုတာ ပုဂ္ဂိုလ်ရေးရမှာလည်း အဖက်ဖက်က စံပြုလို့ရနိုင်တဲ့ ပုဂ္ဂိုလ်မျိုး၊ တိုင်းရေးပြည်ရာ ဆောင်ရွက်ရာ မှာလည်း စံထားလို့ရနိုင်တဲ့ အခြေအနေမျိုးနှင့် တိုင်းပြည်ကို တိုးတက်အောင် ဆောင်ရွက်နိုင်တဲ့ ရှင်ဘုရင်ကြီး တစ်ပါးဖြစ်ခဲ့တယ်။

အနော်ရထာမင်းကြီးရဲ့ တိုင်းပြု၊ ပြည်ပြု၊ သာသနာပြုနည်းစနစ်များကို တိုက်ရိုက်ကော်ပီယူရန် အကြံပြုတာမျိုးမဟုတ်ပါ။ သူ့နည်း၊ သူ့ ဟန်များဟာ သူ့ခေတ်နှင့်သူတော့ တိုင်းပြည်အတွက် အံဝင်ဂွင်ကျ ဖြစ်နေခဲ့တယ်။ ပုဂံရာဇ၀င်မှာ ထင်ရှားကျော်ကြားလှတဲ့ အနော်ရထာ မင်းကြီးဆိုတာ ဘယ်သူလဲ။ နှောင်းခေတ် လူငယ်တို့ ဂဃနဏ သိချင်မှသိမယ်။ တိုင်းပြည်နှင့် လူမျိုးအတွက် ပေးဆပ်ရဲတဲ့သတ္တိလည်းရှိ၊ ဆောင်ရွက် နိုင်စွမ်းဖြစ်တဲ့ဗျတ္တိလည်းရှိပြီး၊ တောင့်တင်းခိုင်မာတဲ့ ဥစ္စာဓနအင်အား၊ စစ်အင်အားလည်းရှိတဲ့ ရှင်ဘုရင်ကြီး တစ်ပါးပါ။

သို့သော် ဥစ္စာဓနအင်အား၊ စစ်အင်အားများ ပြည်စုံကြွယ်ဝမှုအတွက် မာန်မထောင်၊ အတ္တမဖက်ဘဲ စေတနာသန့်သန့်ဖြင့် တိုင်းပြည်နှင့်လူမျိုး၊ ဘာသာနှင့်သာသနာကို ဂုဏ်တက်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ ရှင်ဘုရင်ကြီးတစ်ပါးဖြစ်တယ်။ ပုဂံပြည်သူ၊ ပြည်သားတွေကို မဆင်းရဲ၊ မနွမ်းပါးစေချင်တဲ့ မေတ္တာဓာတ်ကို အခြေခံထားတဲ့ ဖြူစင်တဲ့နှလုံးသား၊ ဆင်းရဲတဲ့တိုင်းသူ၊ ပြည်သားများကို တွေ့ရ၊ မြင်ရတဲ့အခါ သနားကြင်နာတတ်တဲ့ ကရုဏာနှလုံးသားရှိတဲ့ ရှင်ဘုရင်ကြီးတစ်ပါးဆိုတော့ တိုင်းပြည်အတွက် ဆင်းရဲသားပပျောက်ရေးကို စဉ်းစားတဲ့အခါ ပညာရေးဟာ အရေးကြီးတဲ့အချက်ဖြစ်တယ်ဆိုတာ သူသဘောပေါက်ခဲ့တယ်။  ထို့ကြောင့် ပညာချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးများကို တားဆီးပေးနိုင်ရန် ပညာရေးကို ဗဟိုမဏ္ဍိုင်ပြုလျှက် တိုင်းကျိုး၊ ပြည်ကျိုးများကို ဆောင်ရွက်ခဲ့ တယ်။

အနော်ရထာမင်းကြီးဟာ ဘုရားလက်ထက်က မဟာနာမ်မင်းကြီးကို အားကျအတုယူထားတဲ့ ရှင်ဘုရင်ကြီးတစ်ပါးဖြစ်တာကြောင့် သာသနာတော်အရေးဟာ တိုင်းပြည်အရေးဖြစ်သလို၊ တိုင်းပြည်ရဲ့ အရေးဟာလည်း သူ့အရေးဆိုတာ မမှိတ်မသုံ ယုံကြည်ထားသူဖြစ်တယ်။ ဘုရားလက်ထက်က မဟာနာမ် မင်းကြီးဆိုတာ – ̏အကယ်၍များ အကြောင်းတစ်စုံတခုကြောင့် ပရိတ်သတ်လေးပါး (ရဟန်းယောက်ျား၊ ရဟန်းမိန်းမ၊ ဥပါသကာ၊ ဥပါသိကာမများ) နှင့် ပြည်သူ၊ ပြည်သားများကတစ်ဖက် ဘုရားရှင်ကတစ်ဖက် ဖြစ်နေခဲ့မည်ဆိုလျှင် ဘုရားရှင်ဖက်မှာပဲ အမြဲတမ်း ရှိနေမှာပါ˝ လို့ ဘုရားရှင်အား ရဲရဲတောက်စကားကို လျှောက်ထားခဲ့ဖူးတဲ့ ရှင်ဘုရင်ကြီးတစ်ပါးဖြစ်တယ်။

 ထို့ကြောင့် အနော်ရထာမင်းကြီးဟာ သူဆောင်ရွက်သမျှ ကိစ္စအ၀၀အတွက် ဘုရားကို ̏အရှင်˝၊ သံဃာကို ̏သခင်˝အရာမှာထားပြီး၊ အရှင်ဟောသမျှကို နာခံ၊ သခင်ညွှန်ကြားသမျှကို လိုက်နာနေခဲ့တဲ့ ဘုရင်ကြီးတစ်ပါးဖြစ်နေခြင်းပါ။ သံဃာတော်များအပေါ်မှာ ကျိုးနွံသည့် စိတ်ထားရှိပြီး၊ တိုင်းပြည်အပေါ်မှာ ဖြူစင်မွန်မြတ်တဲ့ စေတနာတို့ကြောင့် မြန်မာနိုင်ငံတော်ကြီးကို စုစည်းညီညွတ်တဲ့ နိုင်ငံကြီးတစ်နိုင်ငံအဖြစ် အစပျိုးထူထောင်ခဲ့တဲ့အချိန်မှစ၍ ယခုအချိန်အထိ မြန်မာဆိုတဲ့ သမိုင်းခြေရာများဟာ ထင်ထင်ရှားရှား ထင်ကျန်နေခဲ့တယ်။

တိုင်းပြည်တစ်ပြည်မှာ ဖြေရှင်းရန် အခက်အခဲဆုံးနှင့် အကြီးမားဆုံး ပြဿနာဟာ တိုင်းသူ၊ ပြည် သားများ ပညာရေးချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အသိတရားခေါင်းပါးခြင်းဆိုတဲ့ ပြဿနာပါ။ တိုင်းပြည်မှာ ပညာတတ်နည်းပါးမှုကြောင့် ဖြစ်ပေါ်နေတဲ့ ဆင်းရဲ့သားများရဲ့ ဘ၀ပြဿနာအဖုံဖုံ၊ နိုင်ငံရေးပြဿနာ အမျိုးမျိုး၊ ဒီပြဿနာမျိုးစုံကို ဖြေရှင်းပေးနိုင်ဖို့ဆိုတာ ခေါင်းဆောင်များနှင့်ချည်း မပြီးနိုင်ပဲ၊ ပြည်သူများကပါ ပါဝင်ဖြေရှင်း ပါမှ ဖြစ်နိုင်တဲ့ကိစ္စမျိုးပါ။ တိုင်းသူ၊ ပြည်သားအများစုဟာ ပညာရေးနှင့် အသိတရားများ အားနည်းနေသေးရင် တိုင်းပြည်တွင်းမှာ ပြဿနာတွေက တစ်ခုပြီးတစ်ခု ဆက်လက်ဖြစ်နေဦးမှာဖြစ်တယ်။

ဘုန်းအာဏာကြီးမားလှတဲ့ အနော်ရထာမင်းကြီးလို ရှင်ဘုရင်များ လက်ထက်မှာပင် ပြဿနာဆိုတာ ရှိနေခြင်းပါ။ အနော်ရထာမင်းကြီးဟာ ဖြူစင်မွန်မြတ်တဲ့ စိတ်စေတနာတို့နှင့် တိုင်းပြည်နှင့်လူမျိုး၊ ဘာသာနှင့် သာသနာအတွက် ဂုဏ်တက်အောင် ဘယ်လိုပင် ဆောင်ရွက်ပေး စေကာမူ တိုင်းသူပြည်သားများ၏ ပညာ ဥာဏ်များ၊ အသိတရားများ နည်းပါးနေမှုကြောင့် စိတ်အနှောက်အယှက်ဖြစ်စရာ အကြောင်းများနှင့် ရင်ဆိုင် နေခဲ့ရတယ်။ အဲဒီပြဿနာတွေကတော့ ဘိုး ဘေး ဘီ ရှင်ဘုရင်များလက်ထက်က အကြွင်းအကျန်များဖြစ်တဲ့ အရည်းကြီးဂိုဏ်းသား ရဟန်းတော်များနှင့် အရည်ကြီးဝါဒဆိုင်ရာ ကိုးကွယ်မှုဓလေ့ထုံးစံများကတစ်မျိုး၊ တိရစ္ဆာန်များနှင့် ယာဇ်နတ်ပူဇော်ပသနေမှုများနှင့် အစွန်းရောက် နတ်ကိုးကွယ်မှုများကတစ်ဖုံ မျိုးစုံနေတဲ့ ပြဿနာတွေ ဆက်လက်ရှိနေခြင်းကြောင့် အနော်ရထာမင်းကြီးမှာ နှလုံးစိတ်ဝမ်း မငြိမ်းချမ်းနိုင်ပဲ ဖြစ်နေရခြင်းပါ။

အစွန်းရောက် ဘာသာဝါဒ ယုံကြည်မှုများနှင့် နတ်များကို ကိုးကွယ်ပူဇော်ပသခြင်းများဟာ များသော အားဖြင့် ပညာနည်းပါးသူတို့မှာ ဖြစ်လေ့ဖြစ်ထရှိခြင်းပါ။ နတ်များကို အစွန်းရောက် ပူဇော်ပသနေခြင်းများကို မသိကျိုးနွံပြု၍ ခွင့်ပြုထားလိုက်မည်ဆိုလျှင် မက္ကစီကိုနိုင်ငံမှာရှိတဲ့ အက်ဇတက် (Aztecs) လူမျိုးတို့၏ ဓလေ့ထုံးစံများလို လူသားများကိုပင် ယာဇ်နတ်ပူဇော်ပသသည့် အဖြစ်မျိုးသို့ ရောက်ရှိသွားနိုင်တာကို အနောရထာမင်းကြီး သိထားခြင်းပါ။

ဒါကို နှလုံးသွင်းမိတဲ့ အနော်ရထာမင်းကြီးဟာ သူ့အတွက် ရွေးချယ်စရာ အခြားနည်းလမ်းများမရှိတော့ပဲ တိုင်းပြည်နှင့်လူမျိုး၊ ဘာသာနှင့်သာသနာအတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်ရန် သန္နိဋ္ဌာန်တစ်ခုကို ချမှတ်နိုင်ခဲ့တယ်။
သူ့အတွေး၊ သူ့အမြင်၊ သူ့အသိ၊ သူ့အာရုံ၊ သူ့အတွေ့အကြုံများအရ နတ်ကိုးကွယ်မှုမျိုးဆိုတာ မိစ္ဆာအယူမှားမျိုးသာဖြစ်ကြောင်း၊ လောက အကျိုးစီးပွား၊ သံသရာအကျိုးစီးပွားများကို ပျက်စီးစေနိုင်ကြောင်းကို အနော်ရထာမင်းကြီး ကောင်းစွာသဘောပေါက် သိရှိထားခြင်းဖြစ်တယ်။

နတ်ကိုးကွယ် ပူဇော်ပသမှုမျိုးကို မသိကျိုးကျွန်ပြု၍ ခွင့်ပြုထားလိုက်မည်ဆိုလျှင် မှားယွင်းသောအယူဝါဒများဟာ တဖြည်းဖြည်း ကြီးထွား လာနိုင်၍ ပြည်သူတွေအတွက် အနော်ရထာမင်းကြီး စိုးရိမ်နေမိတယ်။ ဒီလိုကိစ္စမျိုး၌ သူမှမကယ်လျှင် ကယ်မည့်သူ မရှိနိုင်ကြောင်းကိုလည်း သူနားလည်ထားတယ်။
ထို့ကြောင့် သာသနာပိုင်ဖြစ်တော်မူတဲ့ အရှင်အရဟံ၏ အဆုံးအမနှင့် သြ၀ါဒတော်များကို ရိုရိုသေသေ လေးလေးစားစား ခံယူ၍ ဓမ္မ၀ိနယနှင့်မညီသော အယူဝါဒများ လွဲမှားနေသော နတ်ကိုးကွယ်ပူဇော်ပသမှု များကို ဓမ္မ၀ိနယနှင့်အညီ နှိမ်နှင်းနိုင်ခဲ့တယ်။ နတ်ပူးသယောင်ယောင်၊ စုန်းပူးသယောင်ယောင်ပြု၍ သောက်စား၊ မူးယဇ် ပျော်ပါးနေသူများကိုလည်း မင်းမိန့်၊ မင်းအာဏာဖြင့် ရပ်တန့်စေနိုင်ခဲ့တယ်။

 ပြည်သူနီတိ အသိရှိတဲ့ ပြည်သူ၊ ပြည်သားများ ဖြစ်လာနိုင်စေရန် စာတတ်၊ ပေတတ် ရဟန်းရှင်လူ ပညာရှင်များ မြှောက်စားချီးမြောက်မှုများကို ပြုခဲ့တယ်။ ထိုနောက် ရဟန်းရှင်လူ ပညာရှင်များ အဆက်မပြတ် ပေါ်ထွန်း လာနိုင်စေရန် ရည်ရွယ်၍ နယ်မြေအသီးသီး၊ ဒေသအသီးသီးသို့ ရဟန်းတော်များကို စေလွတ်၍ ပိဋကတ် စာပေများ၊ လောကနီတိကဲ့သို့သော လောကအသိတရားများ၊ ဂဏန်းအတတ်၊ သင်္ချာအတတ်စတဲ့ ၀ိဇ္ဇာပညာရပ်များကို ပြည်သူ၊ ပြည်သားတို့အား သင်ကြားပို့ချပေးရန် လျှောက်ထားတောင်းပန်ခဲ့တယ်။ ဤသည်မှစ၍ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများဆိုတာ ဖြစ်ထွန်းပေါ်ပေါက်လာခဲ့တယ်။ ဤကဲ့သို့သော လောကဓမ္မ နှစ်ဖြာသော အသိတရားများကို ရရှိခဲ့ကြတဲ့ ပုဂံပြည်သူ၊ ပြည်သားတို့ရဲ့ ပုံရိပ်များကို ပုဂံမြေက ပုဂံပြည်သူများသာ ခံစားသိရှိနိုင်လိမ့်မယ်လို့ တွေးဆမိခြင်းပါ။

ခေတ်သမိုင်းကို ပြန်လည်သုံးသပ်ကြည့်လျှင် ထိုခေတ်၊ ထိုအခါက ပုဂံပြည်သူ၊ ပြည်သားများရဲ့ အနေအထားများဟာ လူမျိုးအတွက်လည်းဂုဏ်ထည်၊ နိုင်ငံအတွက်လည်း ဂုဏ်ရှိ၊ သာသနာတော်ကိုလည်း သိက္ခာရှိရှိဖြင့် တိုးတက်၊ စည်ပင်၊ ပြန့်ပွားစေနိုင်ခဲ့တာကြောင့် အိမ်နီးနားခြင်းနိုင်ငံများရဲ့ တလေးတစား ဆက်ဆံမှုများကို ခံယူနိုင်ခဲ့ခြင်းဖြစ်တယ်။ ဤသို့ ဤနှယ် ဂုဏ်ထယ်နိုင်ခဲ့တဲ့ ဘာသာ သာသနာယဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့ ဘိုးဘွားအမွေနှစ်မျိုးကိုလည်း နှောင်းခေတ်လူများ ချစ်မြတ်နိုးတတ်ကြဖို့ပါ။ ဆိုလိုတာက ဘိုးဘွားအမွေအနှစ်ဆိုတာ နိုင်ငံတော်ကို နယ်စည်းပယ်စည်းအဖြစ် သတ်မှတ်ပေးနိုင်တဲ့ မြေယာများကိုသာ ဘိုးဘွားအမွေနှစ်လို့ မယူဆပဲ လူမျိုးရဲ့ဂုဏ်သိက္ခာကို ထည်ဝါစေနိုင်တဲ့ ပညာရေးကိုလည်း ဘိုးဘွားအမွေ အနှစ်ရယ်လို့ နှောင်းခေတ်လူငယ်တို့ သတ်မှတ်နိုင်ကြဖို့ပါ။

ယနေ့ မြန်မာနိုင်ငံတော်ရဲ့ မျက်မှောက်ခေတ်မှာ ပညာရေးအခြေအနေကို သုံးသပ်ကြည့်လျှင် ခေတ်မီသော်လည်း ခေတ်နှင့်ရင်ဘောင် မတန်းနိုင်တဲ့ ပညာရေးမျိုး တိုင်းပြည်မှာ ရှင်သန်နေဆဲပါ။  ပညာရေးကို မြှင့်တင်ပေးနိုင်ဖို့ အခြေအနေကောင်းများရှိသော်လည်း ပညာရေးမှာ ခေတ်နှင့်လျှော်ညီတဲ့ မူစနစ်များ မချမှတ် နိုင်သေး၍ အုပ်ချုပ်သူနှင့်ပြည်သူတွေအကြား နားလည်မှုများ အလှမ်းဝေးနေဆဲပါ။ လူမျိုးစုနှင့် လူမျိုးရေး ပြဿနာများ ဆက်လက်ကြီးထွားနေဆဲပါ။ ပညာရေးအားနည်းတဲ့ ပြည်သူ၊ ပြည်သား အများစုဟာ အထက်တန်းပညာရပ်များကို မသင်ခဲ့ကြရ၍ တိုင်းရေးပြည်ရာ အဖြာဖြာတို့အတွက် အဖြေရှာနိုင်ရန် နည်းလမ်း များ ပျောက်ဆုံးနေဆဲပါ။ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ ပြည်သူ၊ ပြည်သားများရဲ့ ပညာရေး အဆင့်အတန်းများ နိမ့်ကျနေခြင်းကြောင့်ဖြစ်တယ်။

အနော်ရထာမင်းကြီးဟာ ပညာရေးကို တိုင်းပြည် တည်ငြိမ်၊ တိုးတက်ရေးနှင့် အမျိုးသားသွေးစည်း ညီညွတ်ရေးတို့အတွက် အဓိကဗဟိုမဏ္ဍိုင်ပြုလျှက် တိုင်းပြည်ကို တိုးတက်စေခဲ့တယ်။ ကမ္ဘာ့အလယ်မှာ နိုင်ငံကို ဂုဏ်ထယ်စေခဲ့တယ်။ ထို့ကြောင့် ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကို တိုင်းပြည်တွင်းမှာ ကျယ်ကျယ် ပြန့်ပြန့်ဖြစ်အောင် ဆောင်ရွက်ခဲ့သူဖြစ်တယ်။
ထို့မှနောက် မြန်မာမင်းအဆက်ဆက်ဟာလည်း အနော်ရထာရဲ့ ပညာရေးစနစ်ကို အတုယူလျှက် ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကို ဗဟိုမဏ္ဍိုင်ပြု၍ တိုင်းပြည်ကို တိုးတက်အောင် တည်ထောင်နိုင်ခဲ့ကြတယ်။

ထို့ကြောင့် ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကို တည်ထောင် သူရဲ့ မူလဖေါင်ဒါဟာ အနော်ရထားမင်းကြီးဆိုတာ သိထားနိုင်ဖို့ပါ။ သူ့ခေတ်၊ သူ့အခါနှင့်လျှော်ညီတဲ့ ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကြောင့် ပုဂံပြည်သူ၊ ပြည်သားများရဲ့ ပညာရေး၊ စီးပွားရေးအပြင် ဘုရားတည်၊ ကျောင်းဆောက်စတဲ့ ဗိသုကာပညာရပ်များမှအစ ပန်းချီ၊ ပန်းပုပညာရပ်များအထိ အထက်တန်းရောက်ခဲ့ သည်မှာ ပုဂံပြည်သူတို့ရဲ့ ပညာရေးအဆင့်အတန်းများ ကောင်းမွန်မှုကြောင့်လို့ ဆိုရမှာပါ။

ဘိုးဘွားအမွေနှစ်ဆိုတာ ဥယျာဉ်ခြံမြေလောက်သာ စိတ်အာရုံထဲမှာမထားပဲ အထက်တန်းပညာရပ် များကို သင်ယူနိုင်ခြင်းဟာလည်း ဘိုးဘွားအမွေနှစ်ကို ချစ်မြတ်နိုးတတ်ဖို့ ဆိုတာကိုလည်း မြန်မာပြည်သူ၊ ပြည်သားများ မေ့မထားသင့်တဲ့အချက်ဆိုတာ သိရှိနိုင်ကြဖို့ပါ။ ထို့ကြောင့် တိုင်းပြည်ကို ဘက်စုံ တိုးတက်အောင် ဆောင်ရွက်နေတဲ့အချိန်မှာ ပြည်သူ၊ ပြည်သားများ၏ ရင်သွေးငယ်ဖြစ်တဲ့ ကျောင်းသား၊ ကျောင်းသူများအား အထက်တန်းပညာရပ်များကို အခမဲ့သင်ယူနိုင်ရန် ဘယ်လိုနည်းနှင့် ဆောင်ရွက်ပေး နိုင်ကြမလဲဆိုတာ စဉ်းစားပေးနိုင်ကြဖို့ပါ။

 ဖြစ်သင့်တာကတော့ တိုင်းပြည်တွင်းမှာ မွေးဖွားသူမှန်သမျှ ဆိုလိုတာက တောင်ပေါ်မြေပြန့်မှာ နေထိုင်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူများအားလုံး အထက်တန်း ပညာရေးကို တပြေးညီ သင်ယူခွင့်များ ရရှိနိုင်ရန် နိုင်ငံတော်မှ ဘယ်ပုံ၊ ဘယ်နည်းဖြင့် လုပ်ပေးနိုင်မလဲဆိုတာ မေးခွန်းထုတ်လိုခြင်းပါ။
ခေတ်မှီတဲ့ပညာရေးစနစ်နှင့် ကျောင်းသား၊ ကျောင်းသူများအား အထက်တန်းပညာရေးကို တပြေးညီ သင်ယူနိုင်ရန် အောက်ပါအချက်များကို အလျင်အမြန် အကောင်အထည်ဖေါ်ပေးနိုင်ဖို့ပါ။

ထိုအတွက် အဓိကအချက်သုံးချက်မှာ –
 (၁)အထက်တန်းပညာကို မသင်မနေရ ပညာရေးမျိုးဖြစ်အောင် နိုင်ငံတော်မှ ဆောင်ရွက်ပေးရန်၊
 (၂) အထက်တန်းပညာရေးကို အခမဲ့သင်ကြားပေးနိုင်သော ပညာရေးမျိုးအောင်ဖြစ်အောင် နိုင်ငံတော်မှ ဆောင်ရွက်ပေးရန်
(၃) ပညာကို သင်ကြားပေးရာ၌ စာသင်ခန်းအတွင်းမှာပင် တပည့်များကို သင်ခန်းစာများနှင့်ရင်းနှီးအောင်၊ နားလည်အောင်၊ သင်ကြားတတ်မြောက်အောင် သင်ပေးပြီး ကျူရှင်မလိုတဲ့ ပညာရေးမျိုးဖြစ်အောင် နိုင်ငံတော်မှ ဆောင်ရွက်ပေးရန် အကြံပြုလိုခြင်းပါ။ (ရေတိုစီမံကိန်းမျိုးမဟုတ်ပဲ၊ ရေရှည်စီမံကိန်းများ ဖြစ်လာနိုင်စေရန် အကြံပြုတင်ပြခြင်းပါ။)

အကယ်၍များ တိုင်းပြည်ရဲ့ စီးပွားရေးအနေထားကြောင့် လတ်တလော တိုင်းပြည်အတွက် ထိုကဲ့သို့သော တာဝန်များကို ယူနိုင်ရန် အခိုက်အတံ့အားဖြင့် ခက်ခဲနေဦးမည်ဆိုလျှင် ပြည်သူ၊ ပြည်သားများရဲ့ အကူအညီဖြင့် ဖွင့်လှစ်ပေးနေသော ပညာဒါနကျောင်းများ၊ ဆင်းရဲနွမ်းပါးသော ကျောင်းသား၊ ကျောင်းသူ များနှင့် နယ်စပ်ဒေသများရှိ ကျောင်းသား၊ ကျောင်းသူများအား ပညာကို အခမဲ့သင်ကြား ပေးနေသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို အထက်တန်းကျောင်းများအဖြစ် တိုးမြှင့်ပေး၍ ပညာသင်ကြား ရေးကို စွမ်းနိုင်သမျှ နိုင်ငံတော်မှ ကူညီပံ့ပိုးပေးနိုင်ရန် လိုအပ်နေခြင်းပါ။

တစ်တိုင်းပြည်လုံး အခမဲ့ပညာရေးစနစ်ကို တစ်ချိန်ချိန်မှာ ဖြစ်လာနိုင်စေရန် အခြေပျိုးအနေနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို အထက်တန်းကျောင်းများ၏ အင်္ဂါရပ်များနှင့် ညီညွတ်နေခဲ့လျှင် အထက်တန်းကျောင်းများကို ဖွင့်လှစ်ပေးသင့်ခြင်းပါ။ အဘယ့်ကြောင့်ဆိုသော် ပညာသင်ကြားရန် ပညာသင် စရိတ် မတတ်နိုင်ကြသော ဆင်းရဲသားမိသားစုမှ ပေါက်ဖွားလာကြသော ကျောင်းသား၊ ကျောင်းသူများသည် လည်းကောင်း၊ နယ်စပ်ဒေသများရှိ ကျောင်းသား၊ ကျောင်းသူများသည်လည်းကောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို အားထားမှီခို၍ အထက်တန်းပညာကို သင်ယူနေကြရသောကြောင့် ဤကဲ့သို့ တင်ပြရခြင်းပါ။

 နိုင်ငံတော်မှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို လူမျိုးရဲ့ လူဦးရေအချိုးအစားအလိုက် လိုအပ်သောနေရာ၌ လိုအပ်သလို ဖွင့်လှစ်ပေးခြင်းဖြင့် တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို တစ်ဖက်တစ်လမ်းမှ ကူညီ၍ မြှင့်တင်ပေးနေခြင်းလို့ ဆိုနိုင်ခြင်းပါ။
အများစုဖြစ်တဲ့ ဆင်းရဲသား ကလေးသူငယ်များ ပညာတတ်မြောက်လာတဲ့အခါမှာ ဘိုးဘွားအမွေနှစ်ကို လေးလေးစားစားနှင့် ချစ်မြတ်နိုးလာတတ်ဖို့ပါ။

 ထို့ကြောင့် ပညာရေးမူဝါဒများ အလျင်အမြန် အကောင်အထည် ဖေါ်နိုင်ပါမှ လူမျိုးရေးပြဿနာ၊ နိုင်ငံရေးပြဿနာ၊ တိုင်းရင်းသားရေးပြဿနာ၊ ကလေးလူငယ် အလုပ်သမား ပြဿနာ၊ ကလေးစစ်သား ပြဿနာနှင့်  ကလေးငယ်များ တောင်းရမ်းစားသောက်နေသည့် လူမှုရေးပြဿနာ များကို တကူးတက ဖြေရှင်းပေးရန် မလိုတော့ပဲ ပညာရေးအဆင့်ရှိတဲ့ ပြည်သူတို့ရဲ့ အသိတရားကပင် အလိုအလျောက် ဖြေရှင်းပေးနိုင်မည်ကို ယုံကြည်မိခြင်းပါ။

ဤနည်းဖြင့် ဘိုးဘွားအမွေအနှစ်ကို အတူတကွ ကာကွယ်စောင့်ရှောက်နိုင်ရန် သမိုင်းစာမျက်နှာသစ်များကို ဖွင့်လှစ်ပေးကြဖို့ပါ။ ပြည်သူတွေ အသိရှိဖို့ ပညာရေးမူဝါများကို အလျင်အမြန် အကောင်အထည်ဖေါ်ပေးမည်ဆိုလျှင် ဘိုးဘွားအမွေနှစ်ကို ချစ်မြတ်နိုး သူတွေ တိုင်းပြည်တွင်းမှာ တစ်ယောက်ပြီးတစ်ယောက် ပေါက်ဖွားလာနိုင်မည်ဖြစ်ကြောင်း တင်ပြဆွေးနွေး  လိုက်ခြင်းပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။


ဒေါက်တာဓမ္မပိယ (ITBMU)
မတ်လ ၂၄၊ ၂၀၁၃
 
 သရုပ်ဖော်ပန်းချီ – ပေါ်ဦးသက်

Thursday, March 28, 2013

လွမ်းလို့ကျန်ရစ်ခဲ့မှာကိုတော့ အားမနာပါနဲ့လေ


 "လွမ်းလို့ကျန်ရစ်ခဲ့မှာကိုတော့ အားမနာပါနဲ့လေ..."
သင်သေသွားသော် . . . . . .

လူဆိုတာ သေမျိုးလို့ပြောကြတယ်။အမှန်တော့ လူမှမဟုတ်ပါဘူး။မရဏဆိုတဲ့အရာဟာ သက်ရှိသက်မဲ့ အားလုံးနဲ့ဆိုင်ပါတယ်။အရာအားလုံးမှာ သက်တမ်းဆိုတာရှိကြလေတော့ သက်တမ်းကုန်ရင်ဖြင့် မရဏသဘောနဲ့ တစ်ဘ၀ချောကြရတာပါပဲ။မရဏဆိုတာလည်း စုတိသဘောမျှသာပါပဲ။စုတိဆိုတာ ရွေ့လျောခြင်း၊ ရွေ့လျားခြင်း၊ ရွှေ့ပြောင်းခြင်းသဘောမျှသာပါပဲ။

သေတယ်ဆိုတာ အဆန်းတော့ လည်းမဟုတ်ပါဘူး။အာယုဆိုတဲ့ အသက်၊ ဥသ္မဆိုတဲ့ကိုယ်ငွေ့၊ ၀ိညာဏဆိုတဲ့အသိစိတ်ဝိညာဏ်၊ ဒီသုံးခုချုပ်ငြိမ်းသွားခြင်းမျှသာပါပဲ။သူတို့ သုံးခုက ခန္ခာကိုယ်ကြီးကို စွန့်ခွာသွားတဲ့အခါ ခန္ဓာကိုယ်ကြီးဟာ ထင်းပုပ်၊ ထင်းဆွေးလို ဘာမှအသုံးမ၀င်တော့ပါဘူး။

ဒီနေရာမှာ အသက်ဆိုတာ အတ္တမဟုတ်ဘူး၊ငါမဟုတ်ဘူး၊ အကောင်မဟုတ်ဘူး။အကောင်အထည် မရှိဘူး။သဘောသက်သက်မျှပဲ။ဥသ္မဆိုတဲ့အပူငွေ့ကလည်း သဘော သက်သက်မျှပဲ။ ၀ိညာဏဆိုတဲ့ အသိစိတ်ကလည်း အတ္တကောင်၊ လိပ်ပြာကောင်၊၀ိညာဉ်ကောင်မဟုတ်ဘူး။သိရုံမျှသဘောပဲ။ ဒီသဘောသုံးခု ချုပ်ငြိမ်းသွားခြင်းဟာ သေခြင်းပဲ။တစ်ဘ၀ဇာတ်သိမ်းခြင်းပဲ။

လူတွေသေကြရတဲ့ကိစ္စမှာ တချို့က အာယုက္ခယ-သက်တမ်း ကုန်လို့သေရတယ်။တချို့က ကမ္မယက္ခ- ကံကုန်လို့သေရတယ်။တချို့က ဥဘယက္ခယ-သက်တမ်း၊ကံနှစ်မျိုးလုံးကုန်လို့ သေရတယ်။တချို့က ဥပစ္ဆေဒက- သက်တမ်းကံ မကုန်သေးပေမဲ့ မထင်မှတ်တဲ့ ဘေးပယောဂတစ်ခုခုကြောင့်သေရတယ်။တချို့ ဆေးထိုးမှားလို့၊ ဆေးထိရောက်အောင်မကုသနိုင်လို့စသည် ဖြင့်ဘ၀ရဲ့ချို့တဲ့မှုတွေကြောင့် မသေသင့်ဘဲ သေရတာတွေရှိတယ်။မသေသင့်ဘဲ သေရတာမှန်ရင်တော့ ဥပစ္ဆေဒက ကံပဲ။

တစ်ယောက်က ပြောတယ်။ ပြီးတော့လည်းပြီးတာပါပဲ ဘာမှမဟုတ်ပါဘူးတဲ့။ ဒါကတော့ အမှန်ပဲ။လူဆိုတာ ဟုတ်လိမ့်နိုးနိုးနဲ့ အ သက်ရှင်နေကြတာ။ပြီးတော့လည်း ဘာမှသိပ်မဟုတ်ပါဘူး။တစ်ယောက်ကတော့ ပြီးရင်ပြီးပြီတဲ့။ နောက်တစ်ယောက်ကတော့ သေရင်ပြီးပြီတဲ့။သေလို့ပြီးစတမ်းဆိုရင် သိပ်ကောင်းတာပေါ့။ အခုတောင် သေချင်တဲ့သူ တွေရှိချင်ရှိပါလိမ့်မယ်။တကယ်တမ်းက သေရင်မပြီးသေးလို့ ခက်နေတာ။

လူသေရင် လူဖြစ်နိုင်သလို နတ်လည်းဖြစ်နိုင်တယ်။ဗြဟ္မာလည်းဖြစ်နိုင်တယ်။တိရစ္ဆာန်လည်း ဖြစ်နိုင်တယ်။ငရဲသားလည်း ဖြစ်နိုင် တယ်။လူစိတ်နဲ့နေ၊ လူစိတ်နဲ့သေရင် လူဖြစ်လိမ့်မယ်။နတ်စိတ်နဲ့နေ၊ နတ်စိတ်နဲ့သေရင် နတ်ဖြစ်လိမ့်မယ်။ဗြဟ္မာစိတ်နဲ့နေ၊ ဗြဟ္မာစိတ်နဲသေရင် ဗြဟ္မာဖြစ်လိမ့်မယ်။ဒီလိုပါပဲ။ တိရစ္ဆာန်စိတ်နဲ့နေ၊ တိရစ္ဆာန်စိတ်နဲ့ သေရင်တော့ တိရစ္ဆာန်ဖြစ်မှာပဲ။

နတ်ပြည်ခြောက်ထပ်က နတ်တွေကလူ့ဘုံ၊ လူ့ဘ၀ကို အကောင်းဆုံး သုဂတိလို့သတ်မှတ်တယ်။လူ့ဘုံ ဆိုတာ လမ်းဆုံလမ်းခွပါ။လူ့ဘုံကနေ အထက်ဘ၀ဂ်ထိ တက်နိုင်တယ်။ အောက်အ၀ီစိထိ ဆင်းနိုင်တယ်။ ဘုရားပစ္စေကဗုဒ္ဓါ ရဟန္တာအရှင်မြတ်တို့ဆိုတာ လူ့ဘ၀ကနေ သွားကြရတာပါ။ဒါကြောင့် လူ့ဘုံ၊ လူ့ဘ၀ ဆိုတာ အကောင်းဆုံးဘုံဌာနတစ်ခုပါ။

အဲဒီအကောင်းဆုံး လူ့ဘ၀ဆို တာ စိတ်ကောင်း၊ စေတနာကောင်းကြောင့်ဖြစ်လာရတာပါ။ စိတ်ကောင်း၊ စေတနာကောင်းကောင်းကြောင့် လူဖြစ်ရတာမို့ လူ့စိတ်ဆိုတာစိတ်ကောင်း စေတနာကောင်းပါ။စိတ် ကောင်း၊စေတနာကောင်းဆိုတာ ကူညီချင်စိတ်၊ ရိုင်းပင်းချင်စိတ်၊ မျှတချင်စိတ်၊ အတ္တပရမျှတတဲ့စိတ်၊ ပရဟိတကို သယ်ပိုးဆောင်ရွက်လို စိတ်စတဲ့ စိတ်ကောင်း၊စိတ်မြတ်တွေပါ။အဲဒီစိတ်တွေနဲ့နေတဲ့သူဟာ လူစိတ်နဲ့နေသူပါ။ အဲဒီစိတ်တွေနဲ့ သေသူဟာ လူစိတ်နဲ့သေသူပါ။

နတ်စိတ်ဆိုတာ ဒါနသီလစတဲ့ ကုသိုလ်တွေနဲ့ယှဉ်တဲ့စိတ်ပါ။ဗြဟ္မာစိတ်ဆိုတာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးနဲ့ယှဉ်တဲ့စိတ်ပါ။နတ်စိတ်နဲ့နေ၊ နတ်စိတ်နဲ့သေရင် နတ်ဖြစ်မှာပါ။ဗြဟ္မာ စိတ်နဲ့နေ၊ ဗြဟ္မာစိတ်နဲ့ သေရင်ဗြဟ္မာဖြစ်မှာပါ။လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ မာန၊ ဣဿာမစ္ဆရိယ စတာတွေက တိရစ္ဆာန်စိတ်၊ သို့မဟုတ် ငရဲစိတ်တွေပါ။ဒီစိတ်တွေနဲ့နေ၊ ဒီစိတ်တွေနဲ့ သေရင် တော့တိရစ္ဆာန် ဖြစ်ရမှာပါ။ ငရဲရောက်ရမှာပါ။ ဒီတော့ မိမိတို့ဘယ်စိတ်နဲ့ နေကြမှာလဲ။ဘယ်စိတ်နဲ့သေကြမှာလဲ။ကြိုက်ရာကို ရွေးချယ်ကြဖို့ပါ။

စာထဲမှာ တောဒေယျဆိုတဲ့ ပုဏ္ဏားသူကြွယ်ကြီးတစ်ဦးဟာ လောဘ၊ ဒေါသအတ္တမာနစတဲ့ ခွေးစိတ်နဲ့နေ၊ ခွေးစိတ်နဲ့သေလို့သေပြီး နောက်ခွေးဖြစ်ရရှာပါတယ်။အပါယ် စိတ်နဲ့နေလို့ဝက်ဖြစ်ရတာတွေ၊ နွားဖြစ်ရတာတွေရှိသလို ပြိတ္တာဖြစ်ရတာတွေ၊ ငရဲရောက်ရတာတွေ မြောက်မြားစွာရှိပါတယ်။အရေးကြီးတာက မိမိတို့ဘယ်စိတ်နဲ့နေကြမှာလဲ။ဘယ်စိတ်နဲ့သေကြမှာလဲဆိုတာပါ။ ဗလာဟင်းလင်းစိတ်နဲ့နေပြီး ဗလာဟင်းလင်းစိတ်နဲ့သေကာ ဗလာဟင်းလင်းဖြစ်သွားခဲ့ရင်တော့ အကောင်း ဆုံးပါ။ဒါပေမဲ့ အဲဒီဗလာဟင်း လင်းစိတ်ကို မပိုင်ဆိုင်နိုင်သေးတာက ခက်နေတာပါ။

ဆရာငြိမ်းကျော်က ''လွမ်းလို့ကျန်ရစ်ခဲ့မှာကို အားနာပါတယ်လေ''တဲ့။ သူက ရသ၀တ္ထုစာရေးဆရာဆိုတော့ သူ့ရည်ရွယ်ချက်နဲ့သူရှိပါလိမ့်မယ်။ဒါပေမယ့် ဒီကတော့ လွမ်းလို့ကျန်ရစ်ခဲ့ချင်တာပါ။ဗုဒ္ဓအကြောင်းကိုရေးတဲ့ စာရေးဆရာက ''လွမ်းလိုက်ရတာ အရှင်ဘုရားရယ် . . .'' တဲ့။ အမှန်ပါပဲ။ ဘုရားသားတော်တွေဟာ ဘုရားရှင်ကိုလွမ်းပြီး ကျန်ရစ်ခဲ့ကြတာပါ။ ယခုထက်တိုင်လွမ်း ဆွတ်တသနေရဆဲပါ။

လူတွေသေတဲ့အခါ ဘာတွေချန်ထားခဲ့ကြသလဲ။ တချို့က ဘာမှမချန်ခဲ့ဘူး။တချို့က လွမ်းစရာတွေ ချန်ထားခဲ့တယ်။ တချို့က နာစရာတွေချန်ထားခဲ့တယ်။ သင်ကော ဘာတွေချန်ထားခဲ့မှာလဲ။ ဆရာဇော်ဂျီက ''သင်သေသွားသော် သင်ဖွားသောမြေ သင်တို့မြေသည် အခြေတိုးမြင့် ကျန်ကောင်းသင့်၏။ သင်၏မျိုးသား စာစကားလည်း ကြီးပွားတက် မြင့်ကျန်ကောင်းသင့်၏။သင်ဦးချ၍ အမျဝေရာ စေတီသာနှင့် သစ္စာ အရောင်ဉာဏ်တန်ဆောင်လည်း ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း''လို့ဆိုခဲ့တယ်။မသေခင်ဘာ လုပ်ကြမလဲလို့မေးကြတယ်။ ဆရာ ဇော်ဂျီရဲ့ကဗျာဟာအဲဒီမေးခွန်းရဲ့ အဖြေပဲ။အဓိပ္ပာယ်ကိုစဉ်းစားလိုက်တော့ လွမ်းစရာလေးတွေချန်ထား ပေးခဲ့ပါဆိုတဲ့အဓိပ္ပာယ်ပဲ။

ဗုဒ္ဓသားတော်တွေ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်က စံလွန်တော်မူခဲ့တဲ့ ဗုဒ္ဓကို လွမ်းနေကြပါ တယ်။ဘာလို့ လွမ်းနေကြတာလဲ။လွမ်းစရာတွေချန်ထားပေးခဲ့လို့၊ ငါးထောင်သာသနာနဲ့ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်ကို ချန်ထားပေးခဲ့လို့။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင် လောက်က စံလွန်ခဲ့ကြတဲ့ အရှင်အရဟံနဲ့အနော်ရထာမင်းမြတ်ကို လွမ်းနေကြတယ်။ဘာလို့လွမ်းနေ ကြတာလဲ။ လွမ်းစရာတွေ ချန်ထားပေးခဲ့လို့၊ ထေရ၀ါဒသာသနာနဲ့ ပထမမြန်မာနိုင်ငံတော်ကြီးကို အုတ်မြစ်ချထူထောင်ထားရှိခဲ့လို့။ ဘုရင့်နောင်၊ အလောင်းဘုရားနဲ့တကွ ဗိုလ်ချုပ်အောင်ဆန်းတိုင်အောင် လွမ်းနေ ကြရတယ်။ဘာကြောင့်လဲ။လွမ်းစရာလေးတွေ ချန်ထားပေးခဲ့ကြလို့။

ဆရာတော် သမားတော်တို့ဘက်ကကြည့်ရင်လည်း မာန်လည်ဆရာတော်၊ လည်တီဆရာတော်၊ မဟာဂန္ဓာရုံဆရာတော်၊ မဟာစည်ဆရာတော်၊ မင်းကွန်းဆရာတော်စတဲ့ ပရိယတ်၊ ပဋိပတ်ဆိုင်ရာဆိုင်ရာ ဆရာတော်ဘုရားတို့ကို သာသနာ့ ၀န်ဆောင်မျိုးဆက်သစ်တို့က ယခုထက်တိုင် လွမ်းနေကြရပါတယ်။ ဘာကြောင့်လဲ။ လွမ်းစရာတွေ ချန်ထားပေးခဲ့ကြလို့။ မိမိတို့တတွေဟာ သေမျိုးတွေ ဆိုတော့ တစ်နေ့ သေကြရမှာအမှန်ပါပဲ။ ဒါပေမဲ့ သင်သေသွားသော် (ငါသေသွားသော်) ဘာတွေချန်ထားခဲ့မှာလဲ။ အဖြစ်နိုင်ဆုံး၊ အစွမ်းနိုင်ဆုံးလွမ်းစရာတွေ ချန်ထားပေးခဲ့ပါ။ ကျန်ရစ်ခဲ့သူတွေကတော့ လွမ်းလို့ ကျန်ရစ်ခဲ့ချင်သူတွေ ချည်းပါပဲ။လွမ်းလို့ကျန်ရစ်ခဲ့မှာကိုတော့ အားမနာပါနဲ့လေ။ ။
 
 အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
 
 ...ဒီအကြောင်းအရာလေးကတော့ ကျွန်တော့် သူငယ်ချင်းတစ်ယောက် ပေးပို့ထားတာပါ။ ကဲ.. ကျွန်တော်တို့လည်း လွမ်းစရာလေးတွေ ချန်ထားခဲ့ကြရအောင်။
 
လေးစားစွာဖြင့်
ပြည့်စုံအောင်

Wednesday, March 27, 2013

ကမ္ဘာတည်မည့်ဂုဏ်


 
ကမ္ဘာတည်မည့်ဂုဏ်

ရိုမန်ကက်သလစ်ဘာသာဝင်တို့၏ ရဟန်းမင်းကြီး ဘာနာဒစ်၏နေရာကို အာဂျင်တီးနားဇာတိ ရဟန်းမင်းကြီးဖြင့် အစားထိုးခန့်သည့်နောက်တနေ့၊ ပုပ်ဟောင်း၏နေရာကို ပုပ်သစ်ဖြင့်အစားထိုးပွဲ၊ ဘာတီကန်နန်းတော်ခေါင်းတိုင်မှ ရွေးချယ်မှုအောင်မြင်ခြင်းအထိမ်းအမှတ် မီးခိုးဖြူထွက်လာသည့် သတင်းကို ကိုယ်ငေးနေစဉ် …
“ဟလို ...”

ကိုယ်၏ခွန်းဆက်သံပင်မဆုံး၊
“ဘုန်းဘုန်း … သတင်းဖတ်ပြီးပလား … မစိုးရိမ်ဆရာတော်ကြီး ပျံလွန်တော်မူသွားပြီဘုရား"
LA က အစ်မ၊ ဆရာတော်ကြီးအကြောင်း၊ နိုင်ငံရေးနယ်ပယ်က ဂယက်၊ ဟိုအကြောင်း သည်အကြောင်း အနည်းငယ်စီပြောကာ ဖုန်းချသွားသည့်တိုင် ပဲ့တင်ထပ်ကျန်ခဲ့သည်က "ဆရာတော် ပျံတော်မူ သွားပြီ" ... တဲ့။

"ဆရာတော်ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ"၊ မစိုးရိမ်တိုက်ကြီးတို့၏ နာယက၊ စာသင်သားတို့၏ဆရာ၊ ထက်မြက်သော၊ ရဲရင့်သော၊ ရိုးသားသောဂုဏ်တို့အရှင်။ မနေ့ကပင် ဆရာတော်မိန့်ခဲ့သော စကားလေးတခွန်းကို စာကိုးလို၍ အမိမြေကို လှမ်းတောင်းခဲ့သေးရဲ့၊ ခုတော့ … နှောင်းခဲ့ပြီ။

ဆရာတော် ရှစ်ဆယ်ပြည့်ပူဇာ စာအုပ်ထုတ်ရန်ပြင်ကြတော့ ကိုယ့်ကိုလည်း ရေးဖော်ညီနောင် တွေက တိုက်တွန်းကြသည်။ သူတို့ရေးသားကြသည့် ဆောင်းပါးတို့ကို ပေးဖတ်ကြသည့်အခါ ဆရာ တော်ကို တိုး၍ ကြည်ညိုခဲ့ရသလို ရေးသားပူဇော်လိုခဲ့သည်မှာအမှန်။

နောက်ပြီး ဆရာတော်၏တပည့်ဒကာရင်း၊ ဆန်ဖရန်မှ အစ်မက ထိုစာစောင်တွင် ရေးသား ခြင်းဖြင့် ပူဇော်စေချင်ကြောင်း၊ ဆရာတော်ကြီးကို သူ့ဖခင်လက်ထက်ကတည်းက  ဆည်းကပ်ခဲ့ကြ ကြောင်း၊ "အင်မတန်" … ဆိုသည့် စကားဝိသေသနပုဒ်လေးဖြင့် ဆရာတော်၏ သီလဂုဏ်၊ ပညာဂုဏ်၊ ခမာဂုဏ်၊ ဥဇုဂုဏ်တို့ကို ပြောပြနေသည်။ ကိုယ့်ဆီက တုံ့ပြန်သံ လေးဖင့်နေ၍ထင့်၊

“အင်း … ဘာမဆို စိတ်ပါမှလုပ်တတ်တဲ့သူကို အတင်းရေးခိုင်းနေတာကိုက တပည့်တော်မ အမှားဖြစ်နေပြီထင်ပါရဲ့" ဆိုကာ ဖုန်းချသွားတော့သည်။ အမှန်က အဲသည်ကတည်းက စာရေးဖို့ စိတ်ကူး ရှိသည်ကို မပြောဖြစ်လိုက်။   
 
နီးနေ၊ ဝေးနေ တပည့်တွေက ပူဇော်ကြသည်သာမက၊ မြင်တပည့်၊ ကြားတပည့်တွေကလည်း ပူဇော်ကြခြင်းကို ဖတ်ရှုရလျှင် ဆရာတော်ကြီး ပို၍ ပီတိဖြစ်တော်မူမည်။ ပြီး … ကိုယ့်အရေးသား ကိုလည်း ထိုစာအုပ်ကြီးမှာ ပါစေချင်သည်တဲ့၊ ထိုအစ်မ၏ ကြီးသန်သောဆန္ဒ၊ ခက်တာက စာဖြစ်ရုံ ကိုယ်မရေးတတ်၊ "ရှင်ဘုရင့်အသရေ၊ ငတေကြောင့်မပျက်စေချင်"၊ ဂုဏ်နှင့်သကတ် ထပ်မိစေရန် ကိုယ်ဆရာတော့်အကြောင်းတွေ စဉ်းစားနေမိသည်။ အချက်လက်လေးတွေ ရှာဖွေနေမိသည်။ ထိုစဉ် ဆရာတော် စင်္ကာပူမှာ ဆေးကုသခံနေရကြောင်း ကြားရပြန်သည်။

ကိုယ် ရေးဖို့အားခဲမိသည်။ ညစဉ် စာရေးစားပွဲထိုင်တိုင်း ဆရာတော်၏ပုံလေးကိုဖူးရင်း ပိန်ပါး ပါးခန္ဓာနှင့် ကြီးမြင့်သောသိက္ခာ၊ ခိုင်မာသောဇွဲနှင့် ရဲရင့်သောနှလုံးသားတို့ကို ဖူးတွေ့ ရသည်။

နီညိုရောင်သင်္ကန်းနေရာတွင် ဖြူညစ်ညစ်၊ ပြာတာတာ ဝတ်စုံဖားဖားနှင့်ဆရာတော်၊ သံဃာ ရာပေါင်းများစွာကို ပရိယတ္တိစာပေတွေပို့ချပေးနေရာမှ မအပ်စပ်သည့်နေရာတွင် "ပုံစံထိုင်" နေတော်မူ ရသည့် ဆရာတော်။

သံဃာရာကျော်ကိုအုပ်ချုပ်ခဲ့သောဆရာတော်အား ဝါဒါဆိုသူများ၏ "ဦး" မပါ "ကို" မထည့်ဘဲ ခေါ်သံ၊
လောက၏ပူဇော်ခံဆရာတော်သည် တခါက ရေချိုးရန်ပင် ပန်းကန်ပြားပက်နှင့်ခပ်၍ အမိန့်ပေး မှ ချိုးရသည့်အနေအထား၊

သီလကြီးသူနှင့် ရာဇဝတ်သား၊ ပညာကြီးသူနှင့် အာဏာငတ်၊ သူတော်စင်နှင့် စစ်မာန်ကြွ တို့ကို နှိုင်းယှဉ်မြင်မိရင်း တညဥ့်လွန်ရမြဲ။ တက်ခေါက်ရင်း၊ ရေရွတ်ရင်း စာရေးစားပွဲမှ ထခဲ့ရမြဲ။
အခုရော ဘာကိုရေးရမလဲ … ။ သည်အကြောင်းတွေကို ပြည့်စုံစွာကမ္ဗည်းမတင်နိုင်ဘဲ ရေးမိသောကိုယ့်စာသည် တာဝန်ကျေသောကမ္ဗည်း ဖြစ်မှဖြစ်ပါလေစ … ဟူး ...။

အရာရာကို မလိုလားလျှင် နယ်ချဲ့အမွေဟု လက်ညှိုးထိုးလေ့ရှိသော အုပ်ချုပ်သူများသည် သည်ထောင်တွင်းကျင့်စဉ်တွေကိုတော့ ဘာကြောင့် မြတ်နိုးထိန်းသိမ်းနေပါလိမ့်။ ဒါဆိုလျှင် … ကိုလိုနီ နယ်ချဲ့က ဂုဏ်သိက္ခာ၊ ပညာအလိုက် "အေ ကလပ်၊ ဘီ ကလပ်၊ စီ ကလပ်" စသည် အကျဉ်းသားတွေကို အခွင့်ပေးခဲ့သည်ကျ ဘာကြောင့် ဖျက်ဆီးပစ်ခဲ့ကြသလဲ ...၊ ကိုယ် ကျယ်ကျယ် လောင်လောင် မေးစမ်းချင်သည်။

ခုတော့ … အေကလပ် ဝေးစွ၊ မုဒိန်းတန္တနှင့် သူတော်စင်၊ တခါတရံ  မုဒိန်းတန္တတို့ကပင် အခွင့်ရေးသာချင်။ ကြောင့်ကြမဲ့ စံနေနိုင်ပါလျက်နှင့် အများအရေး၊ လောကအရေး၊ သာသနာတော် အရေးအတွက် ထောင်ရပ်မှာ သီတင်းသုံးခဲ့ရ။ အကျဉ်းစံဖက် သူ့နောင်တော် "ဆရာတော်ဘဒ္ဒန္တ ကောဝိဒါ ဘိဝံသ" ဆိုလျှင် ရွှေပြည်နှင့်ဝေးသည့် နယူးယောက်မှာပင် ခေါင်းတော်ချခဲ့ရ။

အော် … တခါတလေ "မှန်သူက ဒဏ်၊ မမှန်သူက စံ" ရသည့်ကိန်းတွေလည်း ရှိတတ်ပေရဲ့။ ဒါကိုပင် ကံဟု ဆိုကြလေသလား။
မည်သို့ဖြစ်စေ၊ ဆရာတော် (ဆရာတော်နှစ်ပါးလုံး) ကတော့ လောကအပေါ် တာဝန်ကျေသူ များမို့ လောက ကလည်း ထိုက်တန်သော ပူဇော်မှုဖြင့် ကမ္ဗည်းတင်နေမည်မှာအမှန်ပင်။
သာသနာနှင့် လောကကို တိုးပွားစည်ပင်စေသလို သာသနာနှင့်လောက ဘေးကြုံရန် တွေ့သည့်အခါလည်း "ဒေဝါရက္ခန္တတု သဗ္ဗဒါ" နှင့် မျက်နှာလွှဲလေ့မရှိသော ဆရာတော်၊

“အေး … သြဝါဒဆိုလို့ သည် ငါ့သြဝါဒတွေနာရပြီး အားလုံး လိမ္မာယဉ်ကျေးသွားကြမယ်လို့ မမျှော်လင့်ကြနဲ့၊ ဘုရားရှင်ရဲ့အဆုံးအမတွေ နာရ၊ ဖတ်ရပြီး လမ်းလွဲသွားတဲ့သူတွေ အများကြီး" ဟု ကိုယ်ရည်မသွေး၊ အတိဝုတ္တ ဒေါသမပါ မိန့်ခဲ့သောဆရာတော်။
“အေးကွာ … ပုတီးနဲ့အမြဲ စိတ်နေပေမယ့် ပုတီးစေ့တိုင်း သမာဓိရတယ်မထင်ပါနဲ့ကွာ၊ ဒါပေမယ့် ကာယကံကုသိုလ်တွေဖြစ်နေတာပေါ့" ဟု ရိုးသားစွာမိန့်လေ့ရှိသော ဥဇုဂုဏ်၊ သုဟုဇု ဂုဏ်ရှင်။ ခုတော့ သူမြတ်နိုးသောသာသနာနှင့် သူချစ်သောလောကကို မျက်ကွယ်ပြုပေပြီ။
“သရီရဿ ဂုဏာနဉ္စ၊ ဒူရမစ္ဆ န္တ မန္တဝံ
သရီရ ခဏ ဝိဒ္ဓံသီ၊ ဂုဏာတု ကပ္ပဌိတိယော" တဲ့ ...။

ရှေး "ရစနာ" လေးတပုဒ် ခေါင်းထဲမှာပေါ်လာသည်။ ကိုယ်ခန္ဓာနှင့် ထိုခန္ဓာကိုမှီ၍ ဆည်းပူး ခဲ့သော ဂုဏ်ကျေးဇူးတို့ကား များစွာကွာခြားသည်တဲ့။ ကိုယ်ခန္ဓာက ခဏလေးနှင့် ပျောက်ကွယ်သွားပြီး ဂုဏ်ကတော့ ကမ္ဘာဆုံးတိုင် တည်သည်တဲ့။ ဒါ … ဆရာတော်တို့လို ပုဂ္ဂိုလ်မြတ်များတွက် ရွယ်ခဲ့မည်မှာ မလွဲနိုင်။ ကိုယ်ပြောရဲသည်၊ ဆရာတော်၏ ဂုဏ်တို့ကား ခေတ်အဆက်ဆက် တည်သွားလိမ့်မည်ဟု ...။

ဘာပဲဖြစ်ဖြစ်လေ၊ "ပုပ်ရဟန်းမင်းကြီးဘာနာဒစ်" နေရာတွင် "ပုပ်ရဟန်းသစ်ဖရန်စစ်"နှင့် အစားထိုးသလို ဆရာတော်၏နေရာမှာ အစားမထိုးနိုင်သော်မှ သာသနာညှိုးသောအခါ၊ လောက လောင်ခြစ်သောအခါ၊ တိုင်းပြည်ပူပင်သောအခါ အားလုံးအတွက် "ရဲရင့်သည့်ဂုဏ်ရှင်" ဆိုသည့် နေရာကိုတော့ အစားထိုးနိုင်ကြပါစေသား ...။

ကံထွန်းသစ်
3/16/2013
4:45 AM

Tuesday, March 26, 2013

( ၉ )နှစ်သား ကလေးက ပေးခဲ့တဲ့ သင်ခန်းစာ




                             ( ၉ )နှစ်သားအရွယ် ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစာ

ဒီဆောင်းပါးလေး ဖြစ်ပေါ်လာပုံကတော့ ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့မှာ ရဲဝန်ထမ်း အဖြစ် ဝင်ရောက်လုပ် ကိုင်နေတဲ့ ဟာမင်းသန်း ဆိုတဲ့ ဗီယက်နမ် လူမျိုးက ဗီယက်နမ် နိုင်ငံမှာ ရှိနေတဲ့ သူ့သူငယ်ချင်းဆီ ရေးခဲ့တဲ့စာလေးက စခဲ့တာပါ ။ ကဲ ဒီဆောင်း ပါးထဲမှာ ပါတဲ့အတိုင်း ဤသည်မရွေး ရေးလိုက် ပါ့မယ် ။

ယင်းသည် ဂျပန်လူမျိုးတို့၏ စိတ်ဓါတ်အင်အား ကြံ့ခိုင်မှု့ ပြယုဂ် သာဓက တစ်ခုဖြစ်ပြီး ဖူကူရှီးမား နူကလီးယား ဓါတ်အား ပေးစက်ရုံရှိ ဂျပန်နိုင်ငံ၏ ဘေးဒုက္ခ ကြုံရာ ဗဟိုချက် အနီးမှ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်မှန် ဘဝ သရုပ်ဖေါ် ပြကွတ် တစ် ခုလည်းဖြစ်သည် ။ ၄င်းကို နယူး အမေရိက မီဒီယာမှ အင်ဒရူးလမ်းက ဘာသာပြန်၍ ရှန်ဟိုင်းနေ့စဉ် သတင်းစာတွင် ဖေါ်ပြခဲ့သည် ။

အစ်ကို -

အစ်ကိုနဲ့မိသားစု နေကောင်းရဲ့လား ။ ဒီမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖရိုဖရဲနဲ့ ကစဥ့်ကလျား ဖြစ်ကုန်ပါတယ် ။ ကျွန်တော် မျက်လုံး မှိတ်လိုက်တဲ့ အခါ လူသေ အလောင်းတွေ မြင်နေရတယ် ဖွင့်လိုက်ရင်လည်း လူသေတွေပဲ မြင်နေရတယ် ။ ကျွန်တော်တို့ အားလုံး တစ်နေ့ကို နာရီ ( ၂၀ ) အလုပ်လုပ် ရပါမယ် ။ ဒါပေမယ့် တစ်နေ့ကို ( ၄၈ ) နာရီလောက်ရှိစေ ချင်မိတယ် ။ ဒီတော့မှ လူတွေကို ကူညီကယ်ဆယ်တာ ဆက်လုပ်နိုင်မယ် ။

ကျွန်တော်တို့မှာ ရေရောလျှပ်စစ်မီးပါ မရှိတော့ ပါဘူး စားနပ်ရိက္ခာ ခွဲတမ်း လည်း ကုန်သလောက် ဖြစ်နေပါပြီ ။ ကျွန်တော် တို့ဟာ ဒုက္ခသည်တွေကို အခြားတစ်နေရာပို့ပေးဖို့ အမိန့်သစ်မလာခင်မှာ ပြောင်းတယ်ရွှေ့တယ် ဆိုရုံလေး လုပ်ပေးနိုင် ပါတယ် ။ ခုလောလောဆယ် ကျွန်တော် ဖူကူရှီးမား မှာပါ ။ နူကလီးယား စက်ရုံနဲ့ ( ၂၅ ) ကီလိုမီတာ အကွာမှာပေါ့ ။ ကျွန်တော် အစ်ကို့ကို ရင်ထဲရှိသမျှ ရေးချလို့ရရင် ရေးချင် ပြောချင်တာတွေ အများကြီးပါ ။ ဘေးဒုက္ခကြုံတွေ့ချိန်မှာ လူသားတွေရဲ့ တစ်ဦးနဲ့ တစ်ဦး အပေါ် ဆက်ဆံရေးနဲ့ အပြုအမူတွေ အကြောင်း ဝတ္ထုရှည် တစ်ပုဒ် အဖြစ် ကောင်းကောင်း ကြီးရေးနိုင်လောက် ပါတယ် ။

ဒီကလူတွေဟာ တည်တည်ငြိမ်ငြိမ်ရှိကြပါတယ် ။ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အပြုအမူ အပေါ်ထိန်းသိမ်းနိုင်တဲ့ အသိစိတ်ဟာ အံ့သြ လောက်ပါတယ် ။ ဒါကြောင့် အခြေအနေရပ်ရပ်ဟာ ထင်သလောက်ဆိုးဝါးမသွားတာပါ ဒါပေမယ့် နောက်တစ်ပါတ် ဆိုရင်တော့ သင့်တော်တဲ့ ကာကွယ်စောင့်ရှောက်မှု့နဲ့ စည်းစနစ်တကျရှိမှု့ကိုဆက်လက်ဆောင်ရွက်မပေးနိုင်တော့တဲ့ အခြေအနေထိ ရောက်မလာဘူးလို့တော့ အာမမခံနိုင်ပါဘူး ။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်း လူသားတွေပဲလေ အစာရေစာငတ်မွတ်မှု့က ဂုဏ်သိက္ခာကို လွှမ်းမိုးသွား ( ဂုဏ်သိက္ခာ ထက် ပိုအားကောင်းသွား ) တဲ့ အခါမှာတော့ လုပ်စရာရှိတာ လုပ်ကြပါလိမ့်မယ် ။ အစိုးရက အစားအစာနဲ့ ဆေးဝါးတွေကို သယ်ယူပြီး ထောက်ပံ့မှု့တွေကို လေကြောင်းကနေ ပေးဖို့ ကြိုးစားနေပါတယ် ။ ဒါပေမယ့် ပင်လယ် သမုဒ္ဒရာထဲကို ဆားတစ်ဆုပ် ကြဲသလို သိပ်မထိရောက်ဘူး ဖြစ်နေတယ် ။

ဒါနဲ့ အစ်ကိုရေ ကျွန်တော့ရင်ကို တကယ်လှုပ်ခတ် သွားစေတဲ့ ဖြစ်ရပ် တစ်ခု ရှိတယ် ဒီဖြစ်ရပ်မှာ ဂျပန်ကလေးတစ် ယောက်က ကျွန်တော့လို အရွယ် ရောက် နေတဲ့ လူကြီးတစ်ယောက်ကို လူသားတစ်ယောက် အနေနဲ့ ဘယ်လိုပြုမူ သင့်တယ် ( ဘာလုပ်သင့်တယ် ) ဆိုတဲ့ သင်ခန်းစာကို ပေးသွားပါတယ် ။ မနေ့ညက ကျွန်တော် မူလတန်းကျောင်း တစ်ခုမှာ တာဝန် ကျတယ် ဒုက္ခသည်တွေကို စားစရာဝေတဲ့ စေတနာရှင် အဖွဲ့တစ်ခုကို ကူညီ ပေးဖို့ပါ ။ စားစရာဝေ တာကိုယူဖို့ စောင့်နေတဲ့ လူတန်းရှည်ကြီးဟာ မြွေလိမ် မြွေကောတ် လမ်းတစ်ခုလို အရှည်ကြီးပါပဲ အဲဒီမှာ ( ၉ ) နှစ်လောက်ရှိမယ့် ကောင်လေးတစ်ယောက်ကို ကျွန်တော်တွေ့တယ် ။ ချာတိတ်လေးက တီရှပ်နဲ့ ဘောင်းဘီကို ဝတ်ထားတယ် ။

ရာသီဥတုက သိပ်ကို အေးနေပြီး ကောင်လေးကို လူတန်းကြီးရဲ့နောက်ဆုံးဆိုမှ တကယ့်နောက်ဆုံးမှာ . သူ့အလှည့် ရောက်တော့ စားစရာကျန်ပါ့မလားဆိုပြီး ကျွန်တော် စိုးရိမ်သွားမိတယ် ဒါနဲ့ ကျွန်တော် စကားသွားပြောကြည့်တော့ ငလျင်လှုပ်တဲ့ အချိန်မှာ သူကကျောင်းမှာ သူ့အဖေက ကျောင်းအနီးမှာ အလုပ်လုပ်တော့ ကျောင်းကိုကားနဲ့ လာနေတုန်း ဆူနာမီလှိုင်းလုံးကြီးက တိုက်ချသွားတာကို သူက ကျောင်းရဲ့ တတိယထပ် လသာဆောင်ကနေ လှမ်းမြင်လိုက်သတဲ့ ။

ကျွန်တော် သူ့အမေ အကြောင်းမေးကြည့်တော့ သူတို့အိမ်ဟာ ပင်လယ် ကမ်းခြေမှာ ရှိတဲ့ အတွက် သူ့အမေရော ညီမလေးပါ လွတ်နိုင်မှာ မဟုတ်ဘူး ဆူနာမီထဲပါသွားလောက်ပြီလို့ ပြောတယ် ။ သူ့ဆွေမျိုးသားချင်းတွေ အကြောင်းမေးတဲ့ အခါမှာ မျက်နှာကို တစ်ဖက်ကိုလှည့်ပြီး မျက်ရည်စတွေ သုတ်နေရှာတယ် ။ ကလေးက ချမ်းတုန်နေတာကြောင့် ကျွန်တော့်ရဲ့ အပေါ် အင်္ကျီ ကိုချွတ်ပြီး သူ့ကိုယ်ပေါ်တင်ပေးတော့ ကျွန်တော်ရထား တဲ့ စားစရာ ခွဲတမ်း ( ရာရှင် ) ထုပ်က ထွက်ကျသွားတယ် ကျွန်တော်ကောတ်ပြီး သူ့ကို ပေးရင်း ညီလေးအလှည့် ရောက်ရင် စားစရာကုန်ချင်ကုန်သွားမှာ ဒါက အစ်ကိုရထားတဲ့ ဝေစု အစ်ကိုတော့ စားပြီးပြီ ညီလေးစားလိုက်ပါ ဆိုတော့ ကောင်လေးက ကျွန်တော်ပေးတဲ့ စားစရာထုပ်ကို ယူပြီး ဦးညွတ် အရိုအသေ ပေးတယ် ။

သူချက်ချင်း စားလိမ့်မယ် ထင်ပေမယ့် မစားဘူးဗျာ သူက စားစရာ ထုပ်ကို ယူပြီး လူတန်းကြီးရဲ့ ဟိုးတစ်ဘက်စွန်း ထိယူသွား ပြီး ဝေဖို့ပုံထားတဲ့ စားစရာပုံထဲကို ထည့်လိုက်တယ်။ ကျွန်တော် တုန်လှုပ်သွားတာပေါ့ ဒါနဲ့ ဘာလို့ မစားပဲနဲ့ စားစရာပုံထဲ သွားထည့်တာလည်း ဆိုတော့ သူက ကျွန်တော့် ထက် ပိုပြီး ဆာနေတဲ့သူတွေ အများကြီးပါ ကျွန်တော် အဲဒီအထဲမှာ ထည့်လိုက်ရင် စားစရာကို ညီညီမျှမျှ ဝေပေးမှာပေါ့ တဲ့။

ကျွန်တော်ရင်ထဲဆို့သွားလို့ မျက်နှာကို တစ်ဖက်လွှဲလိုက်ရတယ် မျက်ရည် ကျတာကို လူတွေမမြင်အောင်လို့ပါ ။ မြင့်မြတ် တဲ့ ကောင်းကျိုးအတွက် စွန့်လွှတ် အနစ်နာခံခြင်း သဘောတရားကို နားလည် သဘောပေါက်တဲ့ ( ၉ ) နှစ်အရွယ် ကလေးငယ် တစ်ယောက်ကို မွေးထုတ်ပေးနိုင်တဲ့ လူ့အဖွဲ့အစည်း ဟာ မြင့်မြတ်တဲ့ လူ့အဖွဲ့အစည်း ကြီးမြတ်တဲ့ လူသားတွေ ဖြစ်ကို ဖြစ်ရမှာပါ ။

အစ်ကိုနဲ့ အစ်ကို့မိသားစု ကျန်းမာ ချမ်းသာစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ကျွန်တော့် တာဝန်ချိန်လည်း ပြန်စပါပြီ။

- ဟာမင်းသန်း ( Ha Minh Thanh )

စာလေးကတော့ ဒီလောက်ပါပဲ ဒါပေမယ့် ဆောင်းပါးရှင်က ထပ်ဖြည့်ထားပါ သေးတယ်

ဂျပန်နိုင်ငံမှ အတုယူစရာ သင်ခန်းစာ ( ၁၀ ) ချက်

၁။ တည်ငြိမ်မှု့

ရင်ဘတ်စည်တီး ငိုကြီးချက်မ၍ ယူကျုံးမရ အပူလုံးကြွသူ မတွေ့ရ ။ သောကကို တည်ငြိမ်စွာ ဖြေဖျောက် နိုင်ကြသည် ။

၂ ။ ဂုဏ်သိက္ခာ

ရေနှင့် စားသောက်ကုန်များကို စည်းစနစ်တကျ တန်းစီယူကြသည် ကြမ်းတမ်းသော စကား ရိုင်းစိုင်းသော အမူအရာ လုံးဝ မတွေ့ရ ။

၃။ စွမ်းရည်

သာဓကအားဖြင့် မယုံနိုင်လောက်အောင် တော်သော ဗိသုကာပညာရှင် များရှိသည်။ အဆောက် အအုံများသည် ယိုင်းယိုင် သွားသော်လည်း ပြိုမကျ ။

၎။ ထောက်ထားညှာတာမှု့

လောလောဆယ် လိုအပ်သမျှသာ ဝယ်ကြသည် ။ အခြားသူများလည်း ရပါစေတော့ ဟူသည့် စိတ်ကိုထားသည် ( နောက်လူဝယ်စရာမကျန်အောင် မိမိတစ်ဦးတည်း လောဘတကြီး သိမ်းကျုံးဝယ်ယူခြင်းမျိုးမလုပ် )

၅။ စည်းကမ်းသေဝပ်မှု့

ဆိုင်များတွင် လုယက်ခြင်းမရှိ လမ်းပေါ်တွင် ဟွန်းသံတညံညံ လုပ်ခြင်း ကျော်တက်ခြင်းများမရှိ အချင်းချင်းနားလည် ပေးမှု့ရှိသည် ။

၆။ အနာခံမှု့

နျူကလီးယား ဓါတ်ပေါင်းဖိုများတွင် ပင်လယ်ရေကို စုပ်ထုပ်ရန် အလုပ်သမား ( ဝန်ထမ်း ၅၀ ) သည် နောက်ချန်နေခဲ့သည် . ( ရေဒီယို ဓါတ်ရောင်ခြည် သင့်မှု့ ခံရမည်ကို သိလျက်နှင့် စွန့်လွှတ် အနစ်နာခံခြင်းဖြစ်သည် ) သူတို့၏ ကျေးဇူးနှင့် မြင့်မြတ်သော စိတ်ထားကို မည်သို့ ပေးဆပ်နိုင်ပါမည်နည်း ။

၇။ ကြင်နာယုယမှု့

စားသောက်ဆိုင်များက ဈေးနှုန်း လျှော့ချပေးကြသည် အစောင့်အရှောက် မရှိသော အေတီအမ် ( ငွေထုတ်စက် ) စက်တစ်လုံးကို ဒီအတိုင်းထားသည် အားကြီးသူက အားနည်းသူကို ကူညီ စောင့်ရှောက်သည်။

၈။ လေ့ကျင့်ထားမှု့

သက်ကြီးရွယ်အိုများနှင့် ကလေးများအပါအဝင် လူတိုင်းသည် ဘာလုပ်ရ မည်ကို တိတိကျကျ သိသည် သိသည့်အတိုင်း လိုက်နာကျင့်သုံး ကြသည် ။

၉။ မီဒီယာ

သတင်း မီဒီယာများက အထိန်းအကွပ်ရှိသည် သတင်း ထုတ်ပြန်ရာ၌ နှိုင်းနှိုင်း ချိန်ချိန် ထိန်းထိန်း သိမ်းသိမ်း ရှိသည် ။ ပရမ်းပတာ သတင်းထောက်မရှိ ။

၁၀။ အသိစိတ်

စတိုးဆိုင် တစ်ခုတွင် ဓါတ်အား ပြတ်တောက်၍ အမှောင်ကျ သွားသောအခါ ဈေးဝယ်သူများသည် ဝယ်ရန် ယူထားသော ပစ္စည်းများကို စင်ပေါ်တွင် ပြန်တင်၍ အေးငြိမ်းစွာ ထွက်ခွာ သွားကြသည် ။



Cheers!
San San 


Monday, March 25, 2013

ပညာ အရောင်ဖြင့် လောက အကျိုး သယ်ပိုး ကြပါစို့


 ပညာ အရောင်ဖြင့် လောက အကျိုး သယ်ပိုး ကြပါစို့ 

ဤလောက၌ ရတနာ မျိုးစုံ ရှိသည်။ ထိုရတနာ များထဲမှ  မပျောက်ပျက် မပျက်စီးဘဲ ပိုင်ဆိုင်သူ၏ လက်ထဲတွင် တစ်သက်တာ တည်မြဲနေသော ရတနာကို ညွှန်ပြပါဆိုလျှင် ''ပညာ''ဟူသော ရတနာကို ညွှန်ပြ ရပေမည်။

အကြောင်းမူကား ပညာသည် လူသား တို့၏ အနာဂတ်ကို မည်သည့်မီးမှ ထွန်းညှိစရာ မလိုဘဲ ထင်ထင်ရှားရှား ပြသ ပေးနိုင် သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ''ပညာသမာ အာဘာနတ္ထိ၊ ပညာနှင့် တူသော အလင်းရောင်သည် မရှိ'' ဟူ၍ သုံးလူ ထွတ်ထား မြတ်စွာ ဘုရားရှင်က ပညာ၏ ဂုဏ်ကျေးဇူးကို ဖော်ကျူးထားခြင်း ဖြစ်သည်။

''ပညာ'' ဟူသည် တန်ဖိုး မဖြတ်နိုင်သော အရာ ဖြစ်သည်။ ပညာ ရှာမှီးခြင်းဖြင့် ဥာဏ်ပညာ ထက်မြက် ရုံသာမက ကြီးပွား တိုးတက် စေသည့် အပြင် ယဉ်ကျေး သိမ်မွေ့ စေသည်။ လူသားတို့သည် မိမိဘဝ အစ ဖွားမြင်ချိန် လူ့ဘောင် အတွင်း ဝင်ရောက် ချိန်မှစ၍ မိမိတို့ အသက်အရွယ် အလိုက် ပညာကို သင်ယူ လေ့လာ ကြရသည်။ ပညာ အထောက်အပံ့ ဖြင့်သာ လောက အကျိုး သယ်ပိုး နိုင်သော လောကကိုအကျိုး ပြုသော သားကောင်း ရတနာ၊ သမီးကောင်း ရတနာများ ပေါ်ထွက် လာရခြင်း ဖြစ်သည်။

ပညာသည် လူတို့၏ အသိ ဉာဏ်ကို ဖွင့်ပေးသောကြောင့် အမှားနှင့် အမှန်ကို ပညာ မျက်စိဖြင့် ပိုင်းခြား ဝေဖန်နိုင်စွမ်း ရှိသည်။ အသိပညာ၊ အတတ်ပညာ ဟူသည် နည်းသည်၊ များသည် ဟူ၍ မရှိဘဲ သူ့နေရာနှင့်သူ တန်ဖိုး ရှိသည်။ ယနေ့ အချိန်အခါတွင် ပညာ ရှာမှီးရန် ပိုမိုလွယ်ကူ လာပြီဖြစ်သည်။ စာအုပ်ကောင်း မြောက်မြားစွာ ရှာဖွေမည်လား။ ဆရာပေါင်း မြောက်မြားစွာ ထံမှ သင်ယူမည်လား။ ရှာဖွေနိုင်သည်။ သင်ယူ နိုင်သည်။ မိမိအား တစ်စုံ တစ်ဦးသော သူက သုံးစွဲရန် ငွေအသပြာနှင့် ပညာတည်း ဟူသော အသိပညာ၊ အတတ်ပညာကို ရွေးချယ်ပါ ဆိုလျှင် သင်မည်သည့် အရာကို ရွေးချယ်ရ ပါမည်နည်း။ 

''ပစ္စည်း သင်္ခါရ၊ လူသင်္ခါရ'' ဟူသော စကားပုံ ရှိပါသည်။ ပစ္စည်း တို့သည် ပျက်စီးတတ် သကဲ့သို့ လူသည်လည်း သေခြင်းကို မလွန်ဆန် နိုင်ပေ။ ဥစ္စာ ပစ္စည်းသည် ပျက်စီး ပျောက်ရှ သွားနိုင်သော်လည်း အသိပညာ၊ အတတ် ပညာသည် မပျောက်ပျက်ဘဲ မိမိဘဝ တစ်သက်တာ အသုံးပြု သွားနိုင်မည် ဖြစ်သည်။ ထိုကဲ့သို့ ထူးခြားသည့် ဂုဏ်ရည် ရှိခြင်းကြောင့် သား၊သမီး တို့ကို မိဘများက အမွေ ပစ္စည်းထက် အစဉ်အမြဲ အသုံးပြု နိုင်ရန် အတွက် အသိပညာ၊ အတတ်ပညာ များကို ငယ်စဉ်မှ စ၍ သင်ယူ စေခဲ့သည်။ ''ပညာဟူသည် မြတ်ရွှေအိုး၊ ဥစ္စာဟူသည် မျက်လှည့်မျိုး ''ဟု ပေါက္ကံ မောင်ချိုက ရေးသား ဖော်ကျူး ခဲ့သည်ကို မှတ်သား ရပါသည်။

လူတို့သည် မိမိ လုပ်ဆောင်မည့် အလုပ်ကို လုပ်ကို လုပ်နိုင် ရမည်ဟု ယုံ ကြည်စိတ် အပြည့်အဝ ရှိရမည်။ ထိုသို့ ယုံကြည် စိတ်ချရန် အတွက် အလုပ်နှင့် ပတ်သက်သော ပညာ၊ ဗဟုသုတ၊ ကာယစွမ်းရည်၊ လုံလောက်သော ပစ္စည်း ဝတ္ထုနှင့် သင့်လျော်သော အခြေအနေများ ရှိရမည် ဖြစ်သည်။  အလုပ်တွင်  မိမိ၏ ဦးဆောင်မှုဖြင့် ဖြစ်စေ၊ တခြားသူ များ၏ ဦးဆောင်မှု အောက်တွင် အလုပ် လုပ်ကိုင်ရသည် ဖြစ်စေ အလုပ်နှင့် ပတ်သက်သော ပညာ ဗဟုသုတ ရှိရန် လိုအပ်သည်။

ထို့ကြောင့် လူတိုင်းသည် ပညာ ရှာရာတွင် သူဖုန်းစားသည် မိမိ အသက် ရှင်သန်ရေး အတွက်  မိမိကိုယ်ကို နှိမ့်ချ တောင်းခံ သကဲ့သို့  ပညာ ရှာသူတို့သည်  မိမိကိုယ်ကို နှိမ့်ချ ထားရမည်။ ထို့ပြင် ပညာ သင်ကြားရာတွင် မသိ နားမလည် သည်များကို မေးမြန်း သင့်သည်။ မသိ နားမလည် သည်များကို မေးမြန်းခြင်းက မိမိအတွက် ရှက်စရာ မဟုတ်ပါ။ မိမိ၏ သိလိုစိတ်ဖြင့် မေးမြန်းခြင်းကြောင့် ထိုမသိ နားမလည်သည့် အရာများ သိမြင် လာသော အခါ ဘဝအတွက် အသုံးဝင် တန်ဖိုးရှိသော အရာများ ဖြစ်လာ နိုင်ပါသည်။

ဘဝ တစ်သက်တာ ပညာ ရှာမှီးကြရာ၌ ကုန်းဘောင်ခေတ် စာဆိုတော် ရှင်မဟာ ရဋ္ဌသာရ သီကုံးခဲ့သော စာသင်သားတို့ လိုက်နာအပ်သည့် နည်းလမ်း ရှစ်သွယ်ကို စိတ်ဝယ် စွဲမြဲ ထားကြရမည် ဖြစ်ပါသည်။ နည်းလမ်း ရှစ်သွယ်မှာ သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ ဟူ၍ ဖြစ်ပါသည်။ သုဏေယျ- နားစိုက် ထောင်ရာ၏။ စိန္တေယျ- ကြံစည် ရာ၏။ ပုစ္ဆေယျ- မေးမြန်း ရာ၏။ ဘာဆေယျ- ရေးသား ရာ၏။ ဝိစာရေယျ- ပြောဆို ဆွေးနွေးရာ၏။ လိက္ခေယျ- ဆင်ခြင် စဉ်းစားရာ၏။ သိက္ခေယျ- ခံယူ ကျင့်သုံးရာ၏။ ဓာရေယျ- နှုတ်ငုံရာ၏ (ဝါ)အလွတ် ကျက်မှတ်ရာ၏ တို့ပင် ဖြစ်သည်။ မိမိ သင်ယူ လေ့လာ မှတ်သား ခဲ့ရသော အသိပညာနှင့် အတတ်ပညာ တို့ကို လက်တွေ့ အခြေအနေနှင့် ကောင်းစွာ ထင်ဟပ်ပြီး အကျိုး ရှိအောင် အသုံးချ တတ်ကြရန်လည်း အထူး လိုအပ်ပါသည်။

ပညာ မရှိသူသည် တရားလည်း မသိ အယူလည်း မှား၍ အကျိုးစီးပွား မဖြစ်ထွန်းပေ။ အမှန်နှင့် အမှားကို ခွဲခြား တတ်သော အသိ ဉာဏ်ပညာ မရှိသဖြင့် ချမ်းသာရာမှ ဆင်းရဲ သွားသူများ ရှေးယခင်မှ စ၍ ယခု အချိန် အထိ ဒုနဲ့ဒေး ရှိနေလေသည်။ ဗာရာဏသီ ပြည်ရှိ ကုဋေရှစ်ဆယ် ကြွယ်သော သူဌေးသားသည် ငယ်စဉ်ကပင် ပညာ မသင်ယူ ခဲ့ရခြင်းကြောင့် ပညာဟူသော ပဲ့ကိုင်ရှင် မရှိသောကြောင့် လူမိုက်များနှင့် ပေါင်းသင်း မိ၍ စည်းစိမ် ဥစ္စာများကို ဖြုန်းတီး မိသည်။ 

ထိုသူဌေးသား၏ စည်းစိမ်များ ပျက်စီးကာ နောက်ဆုံး၌ သူဖုန်းစား ဘဝသို့ ရောက်ရှိကာ တောတွင်း၌ အသေဆိုးနှင့် သေခဲ့ရသည်။ ဤသည်ကား ပညာမဲ့ သူတို့၏ အကျည်းတန်သော ဘဝ နိဂုံးပင် ဖြစ်သည်။ ''သတိတမံ၊ ဉာဏ်မြေ ကတုတ်၊ ပညာစွမ်း ချွန်းကဲ့သို့အုပ်''ဟု ဆိုသည့် အတိုင်းပင် ချွန်းနှင့် တူသော ပညာစွမ်းသည် လူသားတိုင်းကို အမှားမှ ကယ်တင်နိုင်သော အစွမ်းရှိသည်။ ပညာသည် အနာဂတ် ၏ လမ်းပြမီးရှူး တန်ဆောင် ဖြစ်သည်။

ယနေ့ ကမ္ဘာတွင် ထိပ်ဆုံး၌ နေရာ ရရှိ နေသူများသည် ပညာ ခေတ်သစ်၏ စိန်ခေါ်မှုများကို ရင်ဆိုင် နိုင်သူများသာ ဖြစ်သည်။ ခေတ်သစ် ပညာကို အသုံးပြု၍ ရရှိလာသော အခွင့်အရေး များကို လက်တွေ့အသုံးချ နိုင်သူများ ဖြစ်သည်။ ထို့ကြောင့် ပညာဟူသော အရာသည် ယနေ့ အချိန်အခါ တွင်သာမက ရှေးယခင်ကပင် လူသားတို့၏ ဘဝများကို ပဲ့ကိုင် ပေးသော အရာ အဖြစ် တည်ရှိ လာခဲ့သည့် အစဉ်အလာကို သတိပြု ကြရန် လိုအပ်ပါသည်။ အလုပ် တွင်သာမက ကဏ္ဍမျိုးစုံတွင် ပညာသည် အပေါ်ယံ ပကာသန အဖြစ်သာ မဟုတ်ဘဲ လူ့အဖွဲ့အစည်း များ၏ ထက်မြက် ထိရောက်သော လက်နက် အဖြစ် တည်ရှိပါသည်။ လူတန်းစား မျိုးစုံ အလွှာပေါင်းစုံ တို့အတွက် ပညာသည်သာ ဘဝ ရှေ့ဆောင် မီးရှူးရောင် ဖြစ်ပါသည်။

ဤမျှအထိ အရေးပါသော အရာကို သင်ယူရာတွင် ဆင်းရဲ၊ ချမ်းသာသော ကန့်သတ်ဘောင် အတွင်း သင်ယူစရာ မလိုတော့ပေ။ ပညာရပ် တစ်ခု တတ်မြောက် ထားသူတို့ပင် ထိုပညာ တစ်ခုဖြင့်သာ မိမိကိုယ်ကို ကျေနပ် မနေသင့်ဘဲ အတတ် ပညာပေါင်း များစွာကို လက်လှမ်း မီသလောက် သင်ယူ လေ့လာ သင့်ပေသည်။ 

ယနေ့ အချိန်အခါတွင် ပညာခေတ်ဟု ခေါ်တွင် ရလောက်အောင် ပညာက  ကမ္ဘာ တစ်ဝန်းလုံးကို လွှမ်းမိုး ထားရာ ကမ္ဘာကြီး၏ နေရာ တစ်နေရာတွင် မိမိ ရပ်တည် နိုင်ရန် မိမိ၏ ပညာတံခါးကို ဖွင့်ထားပြီး မည်သည့် ပညာမဆို လေ့လာ ဆည်းပူး သင့်သည်။ ထို့ကြောင့် ကျောင်းတက်၍ ပညာ သင်ယူ နေသော ကျောင်းသား၊ ကျောင်းသူ လေးများ ကလည်း ကျောင်းတက်၍ ပညာရှာ နေသည်ကို မိဘ ကျောင်းထား၍ ကျောင်းတက်ရသည် ဆိုသော အသိ စိတ်ဓာတ်ထက် ကျော်လွန်ကာ ကမ္ဘာကြီး၏ တစ်နေရာတွင် မိမိ ရပ်တည်နိုင်ရန် ဟူသော အသိ စိတ်ဓာတ်ဖြင့် ကြိုးစား၍ ပညာ သင်ယူကြရန် တိုက်တွန်း လိုပါသည်။

''ယနေ့လူငယ်၊ နောင်ဝယ် လူကြီး''ဆိုသကဲ့သို့ ပညာသင်ယူ နေသော ယနေ့ အချိန်အခါတွင်  ကြိုးစား သင်ယူမှ နောင်တစ်ချိန် မိမိ ထမ်းဆောင်ရမည့် လူ့အဖွဲ့အစည်း များ၏ ကောင်းကျိုး တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ရာတွင် ကျရာ နေရာမှ တာဝန် ထမ်းဆောင်နိုင်မည် ဖြစ်သည်။ ပညာ သင်ယူရာတွင် မိဘ များသည် မိမိ၏ အနာဂတ် သားကောင်းလေး များကို ကျောင်းမှ သင်ယူရသော ပညာကိုသာ မကဘဲ ဘဝ ပတ်ဝန်းကျင်မှ သင်ယူရမည့် ပညာများကိုလည်း လမ်းညွှန်ပြသ သင့်ပေသည်။ သို့မှသာ အကြားအမြင် များသော ခေတ်ပညာတတ် လူတော် လူကောင်းလေးများ ပေါ်ထွန်းလာပြီး မိမိ တိုင်းပြည်နှင့် လူမျိုး ဖွံ့ဖြိုး တိုးတက်ရေး အတွက် တစ်တပ်တစ်အား ပါဝင် နိုင်ကြမည် ဖြစ်ပါသည်။

 နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရန် အတွက် အဓိက ကျသည့် အနာဂတ်၏ ပဲ့ကိုင်ရှင် လေးများသည် ပညာတော်ရုံ မဟုတ်ဘဲ အမှားနှင့် အမှန်ကို ခွဲခြား သိမြင်သော ပညာတတ် ဖြစ်ရန် လိုအပ်သည်ဟု မိမိကိုယ်ကို နှလုံးသွင်း၍ ပညာ သင်ယူချိန်တွင် ကြိုးစား သင်ယူ သင့်ပေသည်။ ပညာသည် နိုင်ငံတော် တည်ဆောက်ရာတွင် အထွန်းတောက်ဆုံး ဖြစ်သည့်အပြင် အခြေခံ အုတ်မြစ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ် အောင်ဆန်းက ပညာသည် စာအုပ်ထဲ တွင်သာ ရှိသည်မဟုတ်၊ စာအုပ်များကို ကျော်၍ မြင်နိုင်စွမ်းကို ဆောင်ရွက် နိုင်ရမည်။ 

ရာဇဝင်ကို သိရုံမဟုတ်၊ ရာဇဝင်ကို ဖန်တီး နိုင်ရမည်။ လောကဓာတ် ပညာကို တိုးချဲ့ နိုင်စေရမည်။ ပထဝီကို သိရုံသာ မဟုတ် မြေသစ်၊ ရေသစ်၊ တောတောင်သစ်ကို ရှာဖွေ စုံစမ်း နိုင်ရမည် ဟူ၍ လူငယ်များကို သတိ ပေးခဲ့သည်။ ပညာသည် ကြိုးစား ရှာမှလည်း တန်ဖိုးရှိသည်။
 
ယနေ့ နည်းပညာ ခေတ်ကြီးတွင် သင်ယူ လေ့လာ မှတ်သားဖွယ်ရာ အခွင့် အလမ်း များစွာ ရှိနေပါသည်။ ထို့ကြောင့် ''Knowledge in youth is wisdom in age'' ငယ်ရွယ်စဉ်က ဗဟုသုတသည် ကြီးလာသော အခါ ပညာဖြစ်၏။'' ဆိုသည့် အတိုင်း စွဲမြဲစွာ မှတ်သား လိုက်နာ ကြရမည် ဖြစ်ပါသည်။ ထိုစကားစုမှာ စာလုံး အနည်းငယ်ဖြင့် ရေးဖွဲ့ ထားသော်လည်း အဓိပ္ပာယ် လေးနက် ပေါ်လွင်သော စကားစုလေး ဖြစ်ပါသည်။

ယနေ့ အချိန်တွင် နိုင်ငံတော် အစိုးရသည် ပညာခေတ်၏ စိန်ခေါ်မှုကို ကျော်လွှား နိုင်ရန် ကျောင်းတွင်း ပညာရေးနှင့် ကျောင်းပြင်ပ ပညာရေး တို့ကို ဆက်စပ်ကာ ဘဝအတွက် လက်တွေ့ အသုံးချ နိုင်မည့် ပညာရေး စနစ်ဖြင့် အနာဂတ်၏ ပဲ့ကိုင်ရှင်များကို မွေးထုတ်ပေးလျက် ရှိသည်။ ယနေ့ ပညာ သင်ယူနေသော လူငယ် များသည် အနာဂတ်  နိုင်ငံတော် သာယာ လှပရေးကို ပညာဖြင့် အလှဆင်ယင် မည့်သူများ ဖြစ်သည့် အားလျော်စွာ ''ပညာရဲရင့် ပွဲလယ်တင့်'' ဆိုသည့် အတိုင်း ပညာ စွမ်းအားဖြင့် မိမိဘဝ၊ မိမိ ပတ်ဝန်းကျင်၊ မိမိလူမျိုး၊ မိမိနိုင်ငံ အစရှိသည်ကို တန်ဖိုး ရှိသည်ထက် ရှိအောင် စွမ်းဆောင် ကြရမည် ဖြစ်ပါကြောင်း စေတနာ ကောင်းဖြင့် တိုက်တွန်း ရေးသား လိုက်ရပါသည်။     ။

Written by 

Sunday, March 24, 2013

အေးချမ်းသာယာသော သတင်းပတ် ဖြစ်ပါစေ


                                        အေးချမ်းသာယာသော သတင်းပတ် ဖြစ်ပါစေ

စိတ်သန့်ရှင်းရေး

ကိုယ်အမူအရာနဲ့ နှုတ်အမူအယာတွေ ကောင်းဖို့အတွက် စိတ်အမူအရာကို ကောင်းဖို့ အဓိကကျတယ်။ စိတ် အမူအရာ ကောင်း၊ မကောင်းကိုလည်း သတိဉာဏ်နဲ့ အမြဲတမ်း စောင့်ကြည့်နေမှသာ သိနိုင်၊ မြင်နိုင်တယ်။

မိမိရဲ့  စိတ်က ကောင်းတာကို တွေးနေလား၊ မကောင်းတာကို တွေးနေလား ဆိုတာကို သတိဉာဏ်နဲ့ ကိုယ်ကိုယ်တိုင် ခွဲခြားနိုင်ပြီ ဆိုရင် မိမိရဲ့  စိတ်ကို ဆုံးမဖို့ရာ သိပ်ကို လွယ်ကူသွားပြီ။ မကောင်းတဲ့ စိတ်တွေကို ဖယ်ထုတ်ပြီးတော့ ကောင်းတဲ့ စိတ်တွေကိုပဲ ထားမယ်ဆိုရင် စိတ်ကောင်းထားတဲ့သူ ဖြစ်သွားပြီ။

မိမိရဲ့ စိတ်ထဲမှာ ကောင်းတာ ဖြစ်နေလား၊ မကောင်းတာ ဖြစ်နေလား ဆိုတာကို သတိဉာဏ်နဲ့ မသိနိုင်သေးဘူး ဆိုရင်တော့ ကိုယ့်စိတ်ကို ဘယ်လို လုပ်ပြီး ပြန်ဆုံးမလို့ ရပါ့မလဲ။ စိတ်ကောင်းထားဖို့ ဆိုတဲ့ လမ်းစကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး။

စိတ်ကောင်းထားပြီ ဆိုတော့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ အားလုံး ကောင်းလာပြီလေ။ ကိုယ်ကောင်း စိတ်ကောင်း ထားနိုင်သွားပြီ။

စိတ်ထားတတ်မှ မြတ်တယ် ဆိုတဲ့ စကားပုံတစ်ခု ရှိတယ်။ စိတ်ထားတတ်တယ် ဆိုတာ စိတ်ကောင်းထားတတ် တာကို ဆိုလိုတာ။ ကျွန်ုပ်တို့ဟာ မကောင်းတဲ့ စိတ်တွေကို ဖယ်ထုတ်တတ်ပြီးတော့ စိတ်ကောင်း ထားတတ်တဲ့ အကျင့်ကို အမြဲတမ်း လေ့ကျင့်ပေးရမယ်။

နေ့စဉ်နေ့တိုင်း လူတိုင်းဟာ ရုပ်ကိုပဲ လှပအောင် ပြင်ဆင်နေကြတာလေ။ စိတ်ကို လှပအောင် ပြင်ဆင်ဖို့ကျတော့ မေ့နေကြတယ်။ နေ့စဉ် မှန်ကို ကြည့်ဖို့တော့ မမေ့တတ်ကြဘူး။ မှန်ကို ကြည့်မိပြီ ဆိုရင် မိမိရဲ့ မျက်နှာမှာ အပြစ်အနာအဆာတွေများ တွေ့လိုတွေ့ငြား သေသေချာချာ ကြည့်တတ်ကြတယ်။

ရုပ်ခန္ဓာမှာရှိတဲ့ အညစ်အကြေးတွေကိုသာ သန့်ရှင်းရေး နေ့တိုင်း လုပ်နေကြတာ။ စိတ်မှာရှိတဲ့ စိတ် အညစ်အကြေးတွေ ကိုကျတော့ သန့်ရှင်းရေး လုပ်ဖို့ သတိမရကြဘူး။ စိတ်ထဲကိုလည်း နေ့စဉ်နေ့တိုင်း အချိန်တိုင်းမှာ ကြည့်နေရပြီး စိတ်ထဲမှာ ရှိတဲ့ မကောင်းတဲ့ အပြစ်အနာအဆာတွေကို ကုစားနိုင်ရမယ်။


ရုပ်ကို လှပအောင် ဘယ်လောက်ပဲ လုပ်လုပ် တစ်နေ့ပြီး တစ်နေ့ အိုလာရမှာပဲ။ စိတ်ကို လှပအောင် လုပ်နိုင်မှသာ သံသရာ ဒုက္ခ ဆင်းရဲတွင်း အထဲက လွတ်မြောက်နိုင် မှာလေ။

အဲဒါကြောင့် ရုပ်ကို လှပအောင် ပြုလုပ်ခြင်းသည် အအိုမှာ လမ်းဆုံးပြီးတော့ စိတ်ကို လှပအောင် ပြုလုပ်ခြင်းသည် နိဗ္ဗာန်မှာ လမ်းဆုံးတယ် ဆိုတဲ့ စကားကို မှတ်သား ထားရမယ်။

လူတိုင်းလူတိုင်းသာ စိတ်ကောင်းရှိကြမယ် ဆိုရင် ကမ္ဘာကြီးမှာ ရှိကြတဲ့ လူတွေ ရန်ဖြစ်စရာ မလိုတော့ဘူး။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်တိုက်နေစရာ မလိုတော့ဘူး။

ပုထုဇဉ်လူတို့ရဲ့ စိတ်ဟာ မကောင်းမှုမှာပဲ မွေ့လျော်တတ်ကြတယ် လို့ မြတ်စွာဘုရား ဟောခဲ့တယ်။ သူအာရုံကျက်စားရာ နေရာတိုင်းမှာ ပျော်မွေ့ဖို့ စိတ်တွေကို ခွင့်ပြုထားမယ် ဆိုရင်တော့ မကောင်းတဲ့နေရာတွေမှာသာ ပျော်မွေ့နေဖို့ရာ များပါတယ်။

စိတ် ဆိုတဲ့ အိမ်ထဲမှာ အကုသိုလ် ဆိုတဲ့ အမှိုက်တွေ ပုံမထားပါနဲ့။ အမှိုက် ဆိုတာ ကြာလာရင် ပုပ်ပွလာပြီး ပိုးလောက်တွေ တက်လာသလိုပဲ။ စိတ်ထဲမှာ အကုသိုလ်တွေ စုပုံထားရင်လည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မိမိကို ဒုက္ခပေးတော့မှာပဲ။ စိတ်အိမ်ထဲမှာရှိတဲ့ အကုသိုလ် အမှိုက်တွေကို သတိစိတ် ဆိုတဲ့ တံမြက်စည်းနဲ့ အမြဲတမ်း လှဲကျင်းပေး၊ သန့်ရှင်းပေးပါ။

ရွှံ့  ညွန်သည် ရေကြောင့်ဖြစ်ရသည်။ ရေကြောင့် ဖြစ်သော ရွှံ့  ညွန်ကို ရေဖြင့် ဆေးကြောလျှင် စင်ကြယ်ပါသည်။ ထို့အတူ မကောင်းမှု ပြုခြင်းသည်လည်း စိတ်ကြောင့် ဖြစ်ရသည်။ စိတ်ကြောင့်ဖြစ်သော မကောင်းမှုကို စိတ်ကောင်း စေတနာကောင်းဖြင့် ဆေးကြောလျှင် စင်ကြယ်၏ ဆိုတာ မြတ်စွာဘုရားက ဟောကြားခဲ့တယ်။

အဲဒါကြောင့် မိမိ ခန္ဓာကိုယ်ကို နေ့စဉ်ရေချိုးပြီး သန့်ရှင်းရေး လုပ်သလိုပဲ စိတ်ကိုလည်း သတိစိတ်ကလေးနဲ့ စိတ်ကောင်း၊ စေတနာကောင်းတွေနဲ့ နေ့တိုင်း၊ အချိန်တိုင်း သန့်ရှင်းရေး လုပ်ပေးနေရမယ်။ ဒါဆိုရင် စိတ်တွေဟာ သန့်ရှင်း နေပြီပေါ့။

စိတ်သန့်ရှင်းနေတဲ့သူဟာ စိတ်ကလေး အမြဲတမ်း ကြည်လင်နေပြီး ပေါ့ပါး လန်းဆန်းနေပါတယ်။ အဲဒီ စိတ်ကလေးနဲ့ ၀ိပဿနာတရားတွေ ကျင့်ကြံအားထုတ်တဲ့ အခါကျရင်လည်း သမာဓိရဖို့ ပိုပြီးတော့ လွယ်ပါတယ်။


မြတ်စွာဘုရား ဟောထားတာလေး ရှိတယ်။
လေးသမားသည် ကွေးကောက်နေသော မြားကို ဖြောင့်အောင် ပြုလုပ်သလိုပါပဲ ပညာရှိတွေကလည်း အာရုံတွေမှာ ကျက်စားတတ်တဲ့ စိတ်ကို ထိန်းချုပ်ဖို့ ခက်ခဲသော်လည်း တည့်မတ်ဖြောင့်စင်းအောင် ပြုလုပ်တတ်ကြတယ်။

စိတ်သန့်ရှင်းသွားပြီး သမာဓိရသွားတဲ့ သူတွေကတော့ စိတ်တွေကို ထိန်းချုပ်ထားလိုက်နိုင်ပြီ ဖြစ်တဲ့အတွက် စိတ်တွေ တုန်လှုပ်ချောက်ချားခြင်း မရှိတော့ပါဘူး။


တည်ငြိမ်သွားပါပြီ။ လောကီနယ်ထဲမှာ နေထိုင်နေရတဲ့သူ ဖြစ်ပေမဲ့လည်း လောကဓံတရားတွေကို ခံနိုင်ရည်ရှိသွားပြီ။

အဲဒါ စိတ်ကို သန့်ရှင်းအောင် ပြုလုပ်ခဲ့ရတဲ့ အကျိုးကျေးဇူးတွေကြောင့်ပဲလေ။ ဒါကြောင့် လောကီမှာရော လောကုတ္တရာမှာပါ တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနိုင်ဖို့ စိတ်ကို အမြဲတမ်း သန့်ရှင်းအောင် ပြုလုပ်ကြမယ် ဆိုရင် သံသရာအတွက် စိတ်အေးရမယ် ဆိုတာ မလွဲနိုင်တော့ပါဘူး။


(Credit to အရှင်ဥာဏဒီပ(ဓမ္မရတနာ)



Saturday, March 23, 2013

မျှော်လင့်ခြင်းရဲ့ နောက်ကွယ်ဝယ်


 
မျှော်လင့်ခြင်းရဲ့ နောက်ကွယ်ဝယ်


တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုအပေါ် မျှော်လင့်နေရတဲ့ အလုပ်ဟာ အလွန်စိတ်ပင်ပန်းတဲ့ အလုပ်ဖြစ်ပါတယ်။ မျှော်လင့်ချက်ကြီးလေ၊ ပင်ပန်းမှုကြီးလေပဲ ဖြစ်ပါတယ်။ ပိုဆိုးတာက မျှော်လင့်တဲ့အတိုင်း ဖြစ်မလာခဲ့ရင် ခံစားရတဲ့ ဒုက္ခက ပိုဆိုးလှပါတယ်။ သေချာတွေးကြည့်ရင် မျှော်လင့်နေရတာကိုက ဒုက္ခတစ်ခုလို ဖြစ်နေတာပါ။ မျှော်လင့်ချက်ရှိနေရင် ကိုယ်ကိုယ်တိုင်လည်း ကိုယ့်လုပ်ရပ်အပေါ်မှာ လွတ်လပ်သန်းရှင်းတဲ့ လုပ်ရပ်မျိုး မဖြစ်နိုင်သလို မျှော်လင့်တဲ့အတိုင်း ဖြစ်မလာရင်လည်း ကိုယ့်ဒုက္ခကိုယ် လုပ်ယူလိုက်သလို ဖြစ်နေတတ်ပါတယ်။

အကောင်းဆုံးကတော့ မျှော်လင့်ချက်ကို လျော့ချလိုက်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကိုယ်လုပ်ပေးနိုင်တဲ့ အရာဆိုရင်လည်း အကျိုးသက်ရောက်မှုကို မမျှော်မှန်းဘဲ သန့်သန့်ရှင်းရှင်း လုပ်ပေးနိုင်အောင် ကြိုးစားပြီး ကိုယ့်အနေနဲ့လည်း ဘယ်သူအပေါ်ကမှ မျှော်လင့်နေတာမျိုး မဖြစ်အောင် နေထိုင်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ကိုယ်လုပ်မှကိုယ်ရ၊ ကိုယ်ရှိမှ ကိုယ်စားရမယ့် ခေတ်ကြီးမှာ ကိုယ့်အားကိုယ်ကိုးလိုက်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ မတတ်သာလို့ မျှော်လင့်နေရတယ်ဆိုရင်လည်း အများကြီးတော့ မမျှော်လင့်မိကြဖို့လိုပါတယ်။ မျှော်လင့်နေရတဲ့ဘဝဟာ ကျားသနားမှ နွားချမ်းသာရာရသလို သူပေးမှ ကိုယ်ရမယ့် သဘောမျိုး ဖြစ်နေတဲ့အတွက် ဖြစ်နိုင်ရင်တော့ မမျှော်လင့်တာဟာ စိတ်အသက်သာဆုံးပဲ ဖြစ်ပါတယ်။

ဆိုတော့ကား ဘာပဲဖြစ်ဖြစ် အကျိုးတရားကို မျှော်မှန်းတဲ့အလုပ်ဟာ အကြောင်းတရားကို ပေါ့ပျက်သွားစေတဲ့ သဘောရှိတဲ့အတွက် ကိုယ်ကလုပ်ပေးရတဲ့ အခါမျိုးပဲ ဖြစ်ဖြစ်၊ ကိုယ်အတွက် လုပ်ပေးလာကြတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ် အကျိုးတရားကို မျှော်လင့်နေတာမျိုး မဖြစ်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ အကျိုးတရားဆိုတာ အကြောင်းကောင်းထားရင် သူ့သက်ရောက်မှုနဲ့သူ ရှိလာနေမှာ ဖြစ်တဲ့အတွက် ကိုယ့်အနေနဲ့ကတော့ ကိုယ့်အကြောင်းတရားကိုပဲ ကိုယ်ကောင်းအောင် အားထုတ်ကြရမှာ ဖြစ်ပါတယ်။ အကြောင်းမကောင်းဘဲ အကျိုးကောင်းကို မျှော်လင့်နေတဲ့အလုပ်ဟာ ကိုယ့်ကံတရားကို မျက်ကွယ်ပြုရာရောက်နေသလို ဖြစ်တတ်တဲ့အတွက် မျှော်လင့်ချက်မထားတဲ့ စိတ်စေတနာကောင်းနဲ့သာ ကိုယ့်အလုပ်ကိုယ်လုပ်နိုင်အောင် လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် အမျှော်လင့်ကြီး မျှော်လင့်ထားပြီးမှ အကျိုးမပြီး အချည်းနှီး ဖြစ်သွားရတယ်ဆိုတဲ့ ခံစားမှုမျိုး မဖြစ်ရအောင် ကိုယ်ကလုပ်ရတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်အတွက် လုပ်ပေးလာတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို မျှော်လင့်ချက်ကင်းကင်းနဲ့ နေထိုင်လုပ်ကိုင်နိုင်အောင် ကြိုးစားပြီး အကျိုးကို မျှော်မှန်းနေတာထက် အကြောင်းကို ကောင်းအောင်လုပ်လိုက်ကြဖို့ပဲ ဖြစ်ပါကြောင်း အသိတစ်ခု မျှဝေမှု ပြုလိုက်ရပါတယ်။
 
 စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

Friday, March 22, 2013

အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက် ကြပါစို့


အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက် ကြပါစို့

မြန်မာတို့သည် ရေခံမြေခံ ကောင်းများဖြင့် အတိတ်ကောင်း၊ သမိုင်းကောင်း အစဉ်အလာများ ထင်ရှားစွာ ရှိခဲ့သော လူမျိုးများ ဖြစ်သည်။ ကိုယ်တိုင် ရပ်တည်နိုင်သော နိုင်ငံ၊ ထင်ရှားသည့် လူမျိုး၊ ဘာသာ၊ ကိုးကွယ်မှု၊ ဘာသာ စကား၊ စာပေ၊ ဂီတ၊ အနုပညာ၊ လက်မှု အသက်မွေးမှု  ပညာရပ် များဖြင့် ယဉ်ကျေးမှု အမွေအနှစ် များစွာ လိမ်းကျံ ထုံမွမ်းသော နိုင်ငံအဖြစ် ထူးခြား ထင်ရှားစွာ ရပ်တည် လာခဲ့သည်။

မြန်မာတို့၏ ယဉ်ကျေးမှု ဓလေ့ ထုံးစံများသည် ထေရဝါဒ ဗုဒ္ဓဘာသာ အဆုံးအမဖြင့်''ရှက်ခြင်း၊ ကြောက်ခြင်း'' ဟူသော ဟီရိသြတ္တပ္ပ လောကပါလ တရားနှစ်ပါး အခြေခံ၍ တိုင်းရင်းသား လူမျိုးစု တို့၏ ယဉ်ကျေးမှု၊ လူမှု ကျင့်ဝတ်များကို စောင့်ထိန်း လာခဲ့ကြပေသည်။ မြန်မာတို့သည် ဇာတိကို ချစ်သည်။ နိုင်ငံကို ချစ်သည်။ အသိ ဥာဏ် ကြွယ်ဝ၍ ဘာသာ သာသနာကို ရိုသေ လေးမြတ်သည့် နှလုံးသား လှပ ကိုယ် ကျင့်သိက္ခာ ပြည့်ဝသည့် လူမျိုးများ ဖြစ်ခဲ့ကြသည်။ ဤကဲ့သို့ အစဉ်အလာ ကြီးမားစွာ နက်ရှိုင်းပြီး မြတ်နိုး နှစ်သက်ဖွယ် ယဉ်ကျေးမှု အမွေများကို မယိမ်းမယိုင် ခိုင်မြဲအောင် ထိန်းသိမ်း ရမည်မှာ နိုင်ငံသားတိုင်း၏ တာဝန် ဖြစ်ပေသည်။ ယဉ်ကျေးမှု ကွယ်ပျောက်လျှင် လူမျိုးပျောက်မှာ စိုးရပါသည်။ မြေမျို၍ လူမျိုး မကွယ်ပျောက်၊ လူမျိုမှသာ လူမျိုး ကွယ်ပျောက် နိုင်ပါသည်။

မြန်မာတို့၏ ကိုးကွယ်ရာ ဘာသာ တရားကို ရဟန်းတော်များက ဦးဆောင် ပါသည်။ ထို့ပြင် ဆရာတော်ကြီး များသည် အမျိုး၊ ဘာသာ သာသနာကို ကာကွယ်ရန် တာဝန် ရှိကြောင်းကို ဆုံးမ ဟောကြားတော် မူကြပါသည်။ ဆရာတော်များသည် ဓမ္မစာပေ များကို ရေးသားကြ သကဲ့သို့ ထေရဝါဒ ဗုဒ္ဓ ဘာသာဝင်တို့ အမြင်မှန်၊ အသိမှန်များ ရစေရန် ဟောကြားခြင်းများ ရှိပါသည်။ ဆရာတင်မှား၍ သံသရာ တစ်လျှောက်လုံး မမှောက်စေရန်နှင့် ကိုးကွယ်ရာ အစစ်အမှန် ကိုလည်း ညွှန်ပြတော် မူကြပါသည်။

မြန်မာနိုင်ငံကို နယ်ချဲ့တို့ သိမ်းသွင်း အုပ်ချုပ်စဉ် မြန်မာတို့ အိုးအိမ် တိုက်တာ အဆောက်အအုံ များနှင့်အတူ အကျင့်စာရိတ္တ များပါ ပျက်ယွင်း လာခဲ့ရသည်။ ယဉ်ကျေးမှု ဓလေ့ ထုံးစံများကို ထိပါး ရိုက်ခတ်ခြင်း ခံလာရတော့သည်။ မြန်မာတို့၏ ရိုးသားခြင်း၊ အသိဥာဏ် အတွေးအခေါ် မကျယ်ပြန့်ခြင်း၊ အမျိုးဘာသာ သာသနာကို စောင့်ထိန်း ရမည်ကို အလေးအနက် ထားရမှန်း အသိများ နည်းပါး ခဲ့ကြသည်။

 မြန်မာတို့သည် စိတ်ကောင်းရှိ၏။ ဧည့်ဝတ် ကျေပွန်၏။ လူချင်း ခင်လာလျှင် မည်သူ့ကို မဆို ဆွေမျိုး အရင်းသဖွယ် ပေါင်းသင်း ဆက်ဆံ ယုံကြည် တတ်ကြသည်။ ပစ္စည်း ဥစ္စာကို ရှာဖွေလျှင် ဖြစ်စေ၊ သုံးစွဲလျှင် ဖြစ်စေ၊ စနစ်တကျ မရှိ ပေါ့ဆစွာ သုံးသည်။ ကုန်၍ ကုန်မှန်းမသိ၊ မွဲပြာကျမှ လူမျိုးနှင့် ဘာသာတရားကို မျက်ကွယ်ပြု၍ ဖြစ်သလို ရင်ဆိုင်ကြသည်။ ဤအားနည်းချက်ကို အခွင့်ကောင်းယူ၍  တိုင်းတစ်ပါးသား များက ဗဟုသုတ နည်းပါးပြီး ရိုးသားသော မိဘများကို ငွေကြေး ပစ္စည်းများနှင့် မျှားကာ မြန်မာ မိန်းကလေးတို့အား အထင်သေးစွာ ချဉ်းကပ် သိမ်းပိုက် ကြလေသည်။

 တိုင်းတစ်ပါးသား တို့သည် ယခင်က အလုပ်လုပ်ရန်၊ စီးပွားရှာရန် မြန်မာ နိုင်ငံသို့ ရောက်လာကြသည်။ မြန်မာတို့က ထိုသူတို့ကို ခိုင်းခဲ့ကြသည်။ ကာလ ကြာလာသော် မြန်မာတို့ကို သူတို့က ပြန်လည် ခိုင်းစေ နေပေပြီ။ ပစ္စည်း ဥစ္စာများဖြင့် ဆင်းရဲ နွမ်းပါးပြီး ဗဟုသုတ နည်းပါးသော အမျိုးသမီး များကို သိမ်းပိုက်ကြသည်။ မိဘ ဆွေမျိုး အသိုင်းအဝိုင်း အချို့ကလည်း ပစ္စည်းဥစ္စာ ချမ်းသာသည်ကို ကျေနပ်အားရ ဂုဏ်ယူကြသည်။ အမျိုးပျက်၊ ဘာသာပျက် သွားသည်ဟု ဂရုမထား မိတော့ပါ။ ၎င်းတို့ မွေးဖွား လာသော ရင်သွေးများကား မြန်မာသွေး၊ မြန်မာလူမျိုး များ မဟုတ်တော့ပါ။

လွန်ခဲ့သော အနှစ်လေးဆယ်က ဖြစ်ပါသည်။ စာရေးသူနှင့် ခင်မင်ရင်းနှီး သော ဘွဲ့ရ ပညာတတ် ဝန်ထမ်းကောင်း တစ်ယောက် ဖြစ်သည့် သူငယ်ချင်း အမျိုး သမီး တစ်ယောက်သည် ဂျပန် နိုင်ငံသား တစ်ယောက်နှင့် အကြောင်း ပါသွားပြီး ဂျပန် နိုင်ငံသို့ လိုက်သွားပါသည်။ တချို့ သူငယ်ချင်းများက သူမ ချမ်းသာနေကြောင်း၊ မြန်မာ နိုင်ငံသို့ ပြန်လာလျှင် သူ့ဆွေမျိုးများကို ထောက်ပံ့သွားကြောင်း၊ လှူဒါန်း သွားကြောင်းကို အားကျခြင်း၊  ဂုဏ်ယူခြင်း များဖြင့် ပြောဆိုပါသည်။ စာရေးသူကား ဂုဏ်မယူနိုင်ပါ။ သူမ ချမ်းသာသည်ကို  ဝမ်းသာသော်လည်း မြန်မာ နိုင်ငံသား မဖြစ်တော့၍ နှမြောတသ ဖြစ်မိပါသည်။ ပညာတတ် ဝန်ထမ်းကောင်း မြန်မာ နိုင်ငံသား တစ်ယောက် ဆုံးရှုံး၍ ဖြစ်သည်။ သူ၏ မျိုးဆက်များ မြန်မာ လူမျိုး ဖြစ်မလာ နိုင်တော့ပါ။

နောက်ထပ် သူငယ်ချင်း တစ်ယောက်လည်း ရှိပါသည်။ သူမကား  သံရုံး တစ်ရုံးမှ ဝန်ထမ်း တစ်ဦးနှင့် အိမ်ထောင်ပြုပါသည်။  ကလေးနှစ်ယောက် ရပြီးသော အခါ အဆင်မပြေ ဖြစ်၍ အိမ်ထောင်ရေး ပြိုကွဲသွားပါသည်။ သူ့ခင်ပွန်းကနောက် အိမ်ထောင်ပြုသွားပါသည်။ သူငယ်ချင်း၏ဆန္ဒဖြစ်သော တစ်လင် တစ်မယား စနစ်ကား မိုးတိမ်နှယ် လွင့်ပါး ပျောက်ကွယ် သွားခဲ့ရပါသည်။ သူမ၏ ရင်သွေးများကား သူမနှင့်နေပြီး မြန်မာ လူမျိုးများ ဖြစ်နေခဲ့ပါ၍ တော်ပါသေးသည်။ မြန်မာတို့ ယဉ်ကျေးမှု ဓလေ့ အစဉ်တွင် ဆိုရိုးစကား တစ်ခု ရှိခဲ့ပါသည်။ ''အိမ်ထောင်မှု၊ ဘုရား တည်၊ ဆေးမင်ရည် စုတ်ထိုး ဤသုံးချက် မပိုင်လျှင် နောင်ပြင်ရန် ခက်သည့် အမျိုး'' ဖြစ်သည်။

မြန်မာလူမျိုး တို့သည် ဘုရားတည်ခြင်း၊ အိမ်ထောင်ပြုခြင်း၊ ဆေးမင်ရည်များ စုတ်ဖြင့် ထိုးရာတွင် တည်ပြီး၊ ပြုပြီး၊ ထိုးပြီးမှ ပြင်၍ ဖျက်၍ မရပါ။ ဘဝအတွက် အရေးပါကြောင်း ဖော်ပြသည့် စကားများ ဖြစ်သည်။ ဘဝအတွက်၊ လူမျိုးအတွက်၊ ဘာသာ သာသနာ အတွက်ဖြစ်၍ နိုင်ငံ့ဂုဏ်၊ လူမျိုးဂုဏ်၊ ဇာတိဂုဏ်၊  မိသားစု    ဆွေမျိုးဂုဏ် မပျက်အောင် ဆင်ခြင် ထိန်းသိမ်းရမည် ဖြစ်သည်။

ယခုအခါသည် Globalization အရ ကမ္ဘာကြီးသည် ရွာကြီး တစ်ရွာ ဖြစ်လာပေပြီ။ အနောက်တိုင်းက ဖြစ်ပျက်သမျှ အရှေ့တိုင်း နိုင်ငံများက တစ်ချိန်တည်း သိရှိနိုင်ပေပြီ။ ကွန်ပျူတာခေတ်၊ ဆက်သွယ်ရေး ဂြိုဟ်တုခေတ်၊ အင်တာနက် ကွန်ရက်ခေတ်သို့ ရောက်ခဲ့ပေပြီ။ နိုင်ငံတကာမှ ယဉ်ကျေးမှု များသည်လည်း မြန်မာ တို့၏ အစဉ်အလာ ကြီးမား ယဉ်ကျေး သိမ်မွေ့ခဲ့သော ယဉ်ကျေးမှု တံခါးကို အတင်း ဝင်တိုးလျက် ရှိနေပြီဖြစ်သည်။ မြန်မာလူငယ် တို့သည် နိုင်ငံတကာ၏ ကောင်းသည့် အချက် များကိုသာ အတုယူ စေချင်ပါသည်။ မကောင်းသည်ကိုတော့  အတုမယူ စေချင်ပါ။ မြန်မာ မိန်းကလေးတို့၏ ယဉ်ကျေး သိမ်မွေ့သော  အမူအရာနှင့် ဣနြေ္ဒ ထိန်းသိမ်းမှုဖြင့် မြန်မာကို ကမ္ဘာက အထင်ကြီး လေးစား စေချင်ပါသည်။

မြန်မာတို့ နိုင်ငံကိုချစ်ပြီး  အမျိုး၊ ဘာသာ သာသနာကို သမိုင်းစဉ်ဆက် စောင့်ထိန်း ခဲ့သည်ကို သာဓက နှစ်ခုဖြင့် တင်ပြပါမည်။ အေဒီ(၁ဝ၄၃- ၁ဝ၁၇) မွန်တို့ဌာနီ ဟံသာဝတီတွင် တိဿမင်းသည် မူလ ဗုဒ္ဓ ဘာသာဝင် ဖြစ်သော်လည်း ဗြဟ္မဏ အမတ်များ သိမ်းသွင်းသော အခါ ဗုဒ္ဓ ဘာသာအား ယုံကြည်မှု သဒ္ဓါတရား နည်းပါး၍ ဗြဟ္မာကို ကိုးကွယ်သူ ဖြစ်သွားသည်။ သူ၏ တိုင်းသူ ပြည်သား များအားလည်း ဗုဒ္ဓဆင်းတုတော် မကိုးကွယ်ရ၊ ကိုးကွယ်သူများကို သေဒဏ်ပေးမည်ဟု အမိန့်ထုတ်ခဲ့သည်။ ဘာသာရေးထက် အသက်ကို တွယ်တာသူ အများစုတို့သည် မိမိတို့ ကိုးကွယ်သည့် ဗုဒ္ဓ ရုပ်တုများကို ရေထဲသို့ မျှောချခြင်း၊ မီးရှို့ခြင်း၊ ဝေးလံလှသော တောနက်ထဲသို့ ပစ်ထားခြင်း များဖြင့် အယူဝါဒကို စွန့်ကြသည်။ ဟံသာဝတီ မြို့သူ သူဌေးသမီးလေး တလထော်ကား သူ့ကိုးကွယ်မှုကို မစွန့်၊ သူ့အိမ်ထဲတွင် ဗုဒ္ဓ ဆင်းတုကို ကိုးကွယ်လျက် ရှိသည်။

တစ်နေ့သောအခါ အခြွေအရံ များနှင့်အတူ ရေချိုး ဆင်းသောအခါ ရေထဲတွင် မျောလာသော ဆင်းတုတော် ရှစ်ဆူကို မိမိ ကိုယ်တိုင် ဆယ်ယူ၍အခြွေအရံ များကို လည်း ဆယ်ယူ စေသည်။ ရံရွေများက ရုပ်တု ကိုးကွယ်လျှင် သတ်ရန် ဘုရင်ကြီးက အမိန့်ထုတ် ထားကြောင်း မဆယ်ယူရန် တားမြစ်ကြသည်။ တလထော်က အသက် သေရန် မကြောက် ဗုဒ္ဓဆင်းတုတွေ သယ်ယူခြင်းကို သူတာဝန် ယူကြောင်း ပြော၍ ဆယ်ယူ ကိုးကွယ် ခဲ့ကြသည်။ 

ဘုရင်တိဿ ကြားသောအခါ တလထော်အား ဖမ်းဆီးပြီး ဆင်ဆိုးကြီး များကို အရက်ပြင်း တိုက်၍ အကြိမ်ကြိမ် ထိုးသတ် စေခဲ့သည်။ ဆင်များကား သရဏဂုံ တည်သူ တလထော်အား မထိုးဝံ့ဘဲ ဝူးဝူးဝါးဝါး အော်ကာ နောက်သို့ ဆုတ်ပြေး သွားကြသည်။ ဆင်နင်း၍ မသေ မီးဖိုကာ မီးဖြင့် ရှို့သော်လည်း အလျှံ တညီးညီး ထိုမီးသည် တရားရှင် မလေး တလထော်အား မွေးညင်း တစ်ပင်မျှပင် လောင်ကျွမ်းစေခြင်း အလျဉ်း မပြုနိုင်ခဲ့ချေ။ နောက်ဆုံး မြေဖို့ သတ်ရန် စီစဉ်ပြီး မြေမဖို့မီ ဘုရင်က သင့်အိမ်က ဗုဒ္ဓရုပ်တု ရှစ်ဆူကို ဤနန်းရင်ပြင်  အတွင်းသို့ ကောင်းကင်မှ ဈာန်ဖြင့် ကြွလာအောင် ပင့်ဆောင်နိုင်လျှင် အသက် ချမ်းသာပေးမည်။ သူကိုယ်တိုင် ဗုဒ္ဓဘာသာ အဖြစ် ခံယူမည်ဟု ပြောဆိုလေသည်။ ဘုရင်နှင့် သူ၏ အမတ်တို့ကား တလထော် မလုပ်နိုင်ဟု ယုံကြည် ကြလေသည်။ 

တလထော်က ရတနာ သုံးပါးကို ယုံကြည်သူ ဖြစ်၍ ''ဗုဒ္ဓ ဆင်းတုတော်များကို အသက်နှင့် ရင်းကာ ကိုးကွယ် ပူဇော် ခဲ့ပါသည်။ ရတနာ မြတ်သုံးပါး ဂုဏ်တော် အနန္တ ကြီးမြတ်တော် မူပါသည်။ ဤမှန်သော သစ္စာစကားကြောင့်  မြတ်စွာဘုရား ကိုယ်စား ရုပ်ပွားတော် ရှစ်ဆူ တို့သည် တိဿဘုရင် နန်းရင်ပြင်ပေါ် ကောင်းကင်ထက်၌  ကြွလာစံပယ် တည်တော်မူ ကြပါစေသား'' ဟု သစ္စာဆို ဆုတောင်း လိုက်ပါသည်။ သစ္စာစကား ဆုံးသည်နှင့် ဗုဒ္ဓရုပ်ပွား ဆင်းတုတော် ရှစ်ဆူသည် ကောင်းကင်ခရီးက ဈာန်ဖြင့် ဘုရင့် နန်းတော် ကောင်းကင်ယံဝယ် ရွှေရောင် တဝင်းဝင်း ရောက်ရှိ စံမြန်း နေပါတော့သည်။ တိဿဘုရင်နှင့် တိုင်းသူ ပြည်သားတို့သည် ဗုဒ္ဓ ဘာသာဝင်များ ဖြစ်သွားကြ သည်။

ပုဂံပြည့်ရှင် ကျန်စစ်သား မင်းကြီးသည် သမီးတော် ရွှေအိမ်စည်နှင့် အရိယံ နွယ်ဖွား ပဋိက္ကရား မင်းသားတို့ လူငယ်ဘာဝ ရည်ငံနေကြသည်ကို သိသောအခါ အမျိုး ဘာသာ သာသနာ အတွက် ပြင်းထန်စွာ ငြင်းဆန် ခဲ့ပါသည်။ တူတော် စောယွန်း မင်းသားနှင့် သမီးတော်ကို လက်ဆက် ပေးခြင်းဖြင့် စောင့်လေမျိုးနွယ် အစဉ်အလာ ကို အလေးထား ထိန်းသိမ်း ခဲ့သည်ကို မြန်မာ့ သမိုင်းတွင် ထင်ရှား ရှိခဲ့သည်။

မြန်မာနိုင်ငံသည် အာရှနိုင်ငံ အသီးသီးနှင့် ဆက်နွှယ်သော လမ်းကြီးများဖြင့် ကမ္ဘာတစ်ဝန်းနှင့် ရေလမ်း၊ ကုန်းလမ်း၊ လေလမ်း အသီးသီး ဆက်သွယ် သွားလာ ကြတော့မည်။ အမျိုးသမီး၊ အမျိုးသားများ အိမ်ထောင်ဖက် များကို ''ကျား'' ဖြစ်လျှင် ပြီးရော၊ ''မ''ဖြစ်လျှင် ပြီးရော သဘော မထားဘဲ လူမှုရေး၊ စီးပွားရေး၊ ဘာသာ သာသနာ အရေး ချင့်ချိန် တွေးတောပြီး လူမျိုးစည်းကို စောင့်ထိန်း ရပါမည်။ လူ့စည်းကို မစောင့်ထိန်း နိုင်ပါလျှင် လူမျိုးပါ ကွယ်၍ အမျိုး၊ ဘာသာ သာသနာပါ ပျောက်ကွယ် နိုင်သည်ကို သတိထား ရပေမည်။

စာရေးသူတို့ မြန်မာများသည် ခေတ်အဆက်ဆက် မညံ့ခဲ့ကြပါ။  ယခုအခါ နိုင်ငံတော် အနေဖြင့် ဘက်ပေါင်းစုံမှ ပွင့်လင်း မြင်သာစွာ မီးမောင်း ထိုးပြ၍ နိုင်ငံတော် ကြီးကို ခေတ်မီဖွံ့ဖြိုး တိုးတက်အောင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ များကို မြှင့်တင် ဆောင်ရွက် နေကြပြီ ဖြစ်သည်။ မြန်မာလူမျိုး အချင်းချင်း လက်လှမ်းမီ သလောက် အသိတရားများ မျှဝေ ပေးခြင်းဖြင့် ဝိုင်းဝန်း တူညီစွာ စောင့်လေမျိုးနွယ် ဟူသော မြတ်စွာဘုရား ဟောကြားသည့် သိင်္ဂါလောဝါဒ သုတ်လာ အတိုင်း အမျိုး ဘာသာ သာသနာကို စောင့်ထိန်း နိုင်ရန် တင်ပြအပ်ပါသည်။ 

  မေချို(ပျဉ်းမနား)

Thursday, March 21, 2013

ထာဝရ ရာနှုန်းပြည့်လူ


"ထာဝရ ရာနှုန်းပြည့်လူ"

 ပစ္စည်းဥစ္စာ အင်္ဂါခြေလက် ကိုယ်အသက်ပါမကျန် အပ၀တ္ထု ၊ ရုပ်ခန္ဓာစုကြီး ပျက်စီးပါစေ၊ အတွင်း အနှစ်ဖြစ်တဲ့ ပါရမီကောင်းမှု(နာမ်ခန္ဓာစု) မပျက်စီးရင် သေတာတောင်
ပျက်စီးတယ်လို့ မဆိုနိုင်ဘူး။  (ရွှေကျင်သာသနာပိုင် ၀ိသုဒ္ဓါရုံဆရာတော်ကြီး)

ရွှေကျင်သာသနာပိုင် ၀ိသုဒ္ဓါရုံဆရာတော်ဘုရားကြီးရှိစဉ်က ရန်ကုန် ကျိုက္ကစံမှာ သီတင်း သုံးနေတော်မူတဲ့အချိန်မှာ ဆရာတော် ဘုရားကြီး တည်ထောင်သီတင်းသုံးခဲ့တဲ့ ရွှေကျင်ဂိုဏ်း ပင်ရင်းမူလ မန္တလေးမြို့ အရှေ့ဝိသုဒ္ဓါရုံကျောင်းတိုက်ကြီးထဲက ကျောင်းအချို့ မီးလောင် ပျက်စီး သွားတယ်။ ဒီအကြောင်း ဆရာတော်ဘုရားကြီးထံ လျောက်ထားကြတဲ့အခါ အထက်ပါ ဆုံးမ သြ၀ါဒကို နှုတ်က မြွတ်ကြားသလို ဂါထာနဲ့လဲ ရေးဖွဲ့ပြီး တပည့်ရဟန်းများကို ဆုံးမတော် မူခဲ့ ပါတယ်။

✿ ဆရာတော်ကြီးအဆုံးအမက ဂါထာ သုံးပုဒ်ရှိပါတယ်။
ဆိုလိုရင်းကတော့ ဘ၀သံသရာ တစ်လျှောက်လုံးမှာ စကြ၀တေးမင်းစည်းစိမ်မျိုးအထိလဲ ရှိခဲ့ဖူးမှာပဲ။
အဲဒီ ဘ၀တွေမှာ ရခဲ့ဖူးတဲ့ စည်းစိမ်ဥစ္စာ (ရုပ်ခန္ဓာ)တွေလဲ ဆုံးရှုံး ပျက်စီးတတ်တဲ့ သဘာဝအတိုင်း ပျက်စီးခဲ့ပြီး တကယ် တမ်းဘ၀ကို တစ်ဆင့်ထက် တစ်ဆင့် မြင့်မြတ်အောင် ပို့ဆောင်ပေးခဲ့တာက အဲဒီ ၀တ္ထုတွေ မဟုတ်ပါဘူး။ မိမိတို့ ဆည်းပူးခဲ့တဲ့ ပါရမီကောင်းမှု (နာမ်ခန္ဓာစု) ကသာဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ခန္ဓာတွေ ဘယ်လိုပဲ ပျက်စီးပါစေ၊ နာမ်ခန္ဓာ ပါရမီကောင်းမှုတွေသာ မပျက်စီးစေနဲ့။ ဒီပုဂ္ဂိုလ် မျိုးကို သေသွားတောင်မှ ပျက်စီးသူလို့ မဆိုနိုင်ဘူးလို့ ဆုံးမခဲ့တာပါ။

“လူ”ဆိုတာ ရုပ် နာမ် နှစ်ခုတို့ရဲ့ အစုအဝေး ဖြစ်တယ်ဆိုတာကတော့ ကြားဖူးသူ များပါ လိမ့်မယ်။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဆိုတဲ့ အပြင်က တွေ့မြင်နေရတဲ့ ခန္ဓာကိုယ်ကြီးက ရုပ် အစုအဝေးကြီးပါ။ အတွင်းမှာ သိမြင် ခံစား မှတ်သား ကြံစည်တတ်တဲ့ သိမှု အစုအဝေးကို နာမ် ခန္ဓာလို့ ခေါ်ပါတယ်။ ဒီရုပ်တရား နာမ်တရား နှစ်မျိုးလုံး ပြည့်စုံနေခိုက်ကို သက်ရှိ“လူ”လို့ ခေါ်ရ တာပါ။

✿လူ့ဘ၀ တစ်ခုရဲ့ ယေဘုယျ ဖြစ်စဉ်ကို သုံးသပ်ကြည့်မယ်ဆိုရင်
ပထမ အရွယ်လို့ ခေါ်တဲ့ လူ့ဘ၀ရောက်ပြီး အနှစ်သုံးဆယ် အရွယ်လောက်အထိဟာ ရုပ်ခန္ဓာရဲ့ ကြီးထွားမှုက အားသာ ပါတယ်။ ဒီအရွယ်မှာ နာမ်ခန္ဓာစုကလဲ ရုပ်ခန္ဓာကြီးထွားမှုနဲ့ ရုပ်ခန္ဓာရဲ့ အထောက်အပံ့ဖြစ်တဲ့ ရုပ်ပိုင်း ဆိုင်ရာ ပစ္စည်းဥစ္စာ တိုးတက်မှုကိုပဲ
အဓိက အားသာနေတာ များတတ်ပါတယ်။

နာမ်ခန္ဓာစုရဲ့ တကယ်တိုးတက်မှု အစစ်ဆိုတာ ကိုယ်ကျင့်သီလ၊ စိတ်ဓာတ်တည်ငြိမ်မှု သမာဓိနဲ့
သဘာဝတရားရဲ့ သဘောအမှန်ကို သိတတ်တဲ့ ပညာတရားများ ကြီးထွား မှုကိုသာ ခေါ်ရတာပါ။ ရုပ်ပိုင်း ဆိုင်ရာ အထောက်အကူ ဖြစ်တဲ့ လောကီအတက်ပညာ တိုးတက် ကြီးပွားမှုဟာလဲ တကယ် နာမ်ခန္ဓာတိုးတက်မှု အစစ်မဟုတ်သေးပါဘူး။ ဒါကလဲ ဒီအတတ်ပညာတွေနဲ့ ရှာဖွေရရှိထားတဲ့ ပစ္စည်း ဥစ္စာတွေက အရွယ်သုံးပါးမရွေး ချမ်းသာမှုကို ပေးနိုင်စွမ်း မရှိတာနဲ့ သေရွာအထိ ယူဆောင်လို့ မရနိုင်တာကို သဘောပေါက်မှ နားလည် လက်ခံနိုင်မှာပါ။

ပထမအရွယ်လို့ခေါ်တဲ့ ရုပ်ခန္ဓာ ကြီးထွားတိုးတက်မှု အားသာနေတဲ့ အရွယ်မှာ နာမ်ခန္ဓာ ရဲ့ တကယ်တိုးတက်မှု အစစ်ဖြစ်တဲ့ သီလ၊သမာဓိ၊ပညာတို့က များသော အားဖြင့် အင်အား နည်းပါးတာဟာ လူအများစုကြီးရဲ့ ယေဘုယျဖြစ်စဉ်ကြီးပါ။

✿ပထမအရွယ် လွန်လာပြီဆိုရင်တော့ ရုပ်ခန္ဓာရဲ့ သဘာဝကြီးထွားမှုလို့ဆိုရမယ့် မျိုးရိုးဗီဇ ဆိုင်ရာ ရှိသင့် ရှိထိုက်တဲ့ အရပ်အမောင်း ကြီးထွားမှုများက ရပ်ဆိုင်းသွားပါပြီ။
( သဘာဝလွန် ဖြစ်တဲ့ ၀ဖြိုးတာ၊ ဗိုက်ရွှဲတာမျိုးကတော့ သဘာဝကြီးထွားမှုလို့ မဆိုနိုင်တော့ပါဘူး)
ဒီအရွယ်မှာ ရုပ်တရားနဲ့အတူ နာမ်တရားစုကလဲ အင်အားအညီအမျှ တိုးတက် ရင့်ကျက် ကြီးထွားလာဖို့ လိုအပ်ပါတယ်။

မင်္ဂလာတရားတော်မှာပါတဲ့ အနကုလ=အနှောင့်အယှက်ကင်းရမယ်။ အန၀ဇ္ဇ= အပြစ် ကင်းရမယ်ဆိုတာ ဒီအရွယ်မှာ ရုပ်နာမ်နှစ်ပါး အချိုးအစားညီမျှအောင် သတိပြုရမယ်လို့ ဆိုလို တာပါ။
♦အနကုလ ဆိုတာက စီးပွားရှာရာမှာ အပျော်အပါး အသောက်အစား ဆိုတဲ့ အနှောက် အယှက်တွေ ကင်းစင်ရမယ်လို့ ဆိုတာဖြစ်ပြီး၊
♦အန၀ဇ္ဇ ဆိုတာ မကောင်းမှု ဒုစရိုက် ကင်းစင်ပြီး ကိုယ်ကျင့်သီလ အခြေခံတဲ့ စိတ်ဓာတ် ခိုင်မာမှုကို တည်ဆောက်ရမယ်။

သဘာဝရဲ့ မတည်မမြဲ ဖောက်ပြန်ပျက်စီးတတ်တဲ့ သဘောကို  သတိပြု နားလည် ထားရမယ်လို့ ဆိုလိုပါတယ်။ ဒုတိယအရွယ်ရဲ့ ထက်ဝက်ကို ကျော်လွန်လာချိန်မှာတော့
ရုပ်တရားစုတို့ဟာ သိသိ သာ သာ လျော့နည်းလာပါပြီ။ ပုံမှန်ကြီးထွားမှု လျော့နည်းလာရုံသာ မကဘူး ပြင်ပအာရုံ ခံစားနိုင်မှု တို့လဲ သိသိသာသာ လျော့နည်းသွားလောက်ပါပြီ။

✿ဒီအခါမှာ ရုပ်တရားစု ကျဆင်းလာမှုနဲ့အတူ နာမ်တရားစု(စိတ်ဓာတ်)ပါ ကျဆင်းလာမယ်ဆိုရင်တော့ လူဟာ ရာနှုန်းမပြည့်နိုင်တော့ပါဘူး။

အမှန်တကယ် ဖြစ်သင့်တာကတော့ ရုပ်တရားစုကြီးသိသိသာသာ လျော့နည်းသွား တာကို သတိထား အသိပွားပြီး ဒါဟာ သဘာဝ ဖြစ်ရိုးဖြစ်စဉ်(ယထာဘူတ) သဘောပဲဆိုတဲ့ အသိအမှန်(ယထာဘူတဉာဏ်)ဖြစ်ပေါ်လာအောင် ကြိုးစား ကြရမှာပါ။

♦ဒီအသိဉာဏ် ရဘို့ဆိုတာကလဲ အခြေခံကိုယ်ကျင့် တရားကစပြီး တည်ထောင်ရပါတယ်။ ကိုယ်ကျင့်တရားကို ကောင်းမွန်မှန်ကန်အောင် မတည်ဆောက်နိုင်ရင် အကျင့်ပါ အရှိန်ရနေတဲ့ ကိုယ်ကျင့်တရား ချွတ်ယွင်းမှုတွေက စိတ်ဓါတ်ကို ယိမ်းယိုင်လှုပ်ရှားနေအောင် ဆင်ခြေပေးဆွဲ ဆောင်နေတတ်ပါတယ်။

အဲဒီဆင်ခြေတွေနဲ့ စိတ်ဓါတ် မခိုင်မမာ(သမာဓိမရ) ဖြစ်နေသမျှ သဘာဝအမှန်ကို သိမြင်နိုင်ရေး(ယထာဘူတဉာဏ်၊ ၀ိပဿနာဉာဏ်တို့ဟာလဲ အလှမ်းဝေးနေ ဦးမှာပါ။

ယထာဘူတဉာဏ်နဲ့ ထောက်ကန်ပေးနိုင်ပြီဆိုရင်တော့ ရုပ်ခန္ဓာပျက်စီးမှုကပင် နာမ်ခန္ဓာ( သိမှု အစုအေ၀း) ရင့်သန်မှု အထောက်အကူ ပေးနေပါလိမ့်မယ်။

ရုပ်ခန္ဓာ ယိုယွင်း ပျက်စီးလာတာနှင့် အမျှ နာမ်ခန္ဓာကို တိုးတက်အောင် ကြိုးစားတည်ထောင် နိုင်မယ်ဆိုရင်တော့ လူဟာ အမြဲတမ်း ရာနှုန်းပြည့်နေမှာ မလွဲပါဘူး။

ပိဋကတ်တော်ထဲမှာပါတဲ့ ကျားကိုက်ခံရတဲ့ ရဟန်းငယ်တစ်ပါး ခြေဖျားကစပြီး ကျားစား ခံရတဲ့အခါ
ဒီခံစားမှုအပေါ်မှာ မပြတ်သတိထား အသိပွါးရင်း နောက်ဆုံး
ရုပ်ခန္ဓာအဆုံး ပျက်စီး (သေဆုံး)ချိန်မှာ နာမ်ခန္ဓာက ရာနှုန်းကိုကျော်လွန်ပြီး လောကုတ္တရာအသိရဲ့ အမြင့်ဆုံး အဆင့် ဖြစ်တဲ့ အရဟတ္တမဂ်ဉာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက် ပြုသွားရတာဟာ ရုပ်ခန္ဓာ ပျက်စီးမှုကို နာမ် ခန္ဓာတိုးပွါးဖို့ အဖြစ် စနစ်တကျ မြတ်ဗုဒ္ဓရဲ့ အဆုံးအမနှင့်အညီ အသုံးချသွားတဲ့ သာဓက တစ်ရပ်ပါပဲ။

✿ နကုလပိတာ နကုလမာတာတို့ကို မြတ်စွာ ဘုရားရှင်
ဟောကြားတော်မူတဲ့ “ ခန္ဓာကိုယ် နာသော်လည်း စိတ်မနာစေနဲ့” ဆိုတဲ့ အဆုံးအမ၊
✿မိုးကုတ်ဆရာတော် ဘုရားကြီး ဟောကြား လေ့ရှိတဲ့
“ရုပ်ခန္ဓာကြီးက သေရွာဘက်သွားနေချိန်မှာ နာမ်ခန္ဓာ (အထူးသဖြင့် ဉာဏ်ပညာ)က မသေရာဘက် သွားနေစေရမယ်” ဆိုတဲ့ အဆုံးအမများဟာလဲ ဒီသဘောကို ညွှန်ပြနေတာပါ။

“ရုပ်ခန္ဓာရဲ့ ယိုယွင်း ပျက်စီးမှုများကို နာမ်ခန္ဓာ(အသိဉာဏ်)ရဲ့ တိုးတက်မှုအတွက် အသိထား အသိပွားအောင် အသုံးချကြ”လို့ ဆိုလိုရင်းပါပဲ။ ဒီလို ရုပ်ဘက်က လျော့နည်းမှုကို နာမ်တရားရဲ့
တိုးတက်မှုနဲ့ အစားထိုးနိုင်သမျှ လူဟာ သေသည်အထိ အမြဲတမ်း“ရာနှုန်းပြည့်” ဖြစ်နေမှာ မလွဲပါဘူး။

ဒီစာရဲ့ အစမှာပါတဲ့ ရွှေကျင်သာသနာပိုင် ဆရာတော်ကြီး ဆုံးမလိုရင်းကတော့ သေသည်အထိသာမကဘူး။
သံသရာတစ်လျှောက် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်အထိ မပျက်စီးဘူးလို့ ဆိုလိုပါတယ်။ မှန်ပါတယ်။

တရားဂုဏ်တော်တွေထဲက
“ သြပနေယျိက= အနီးကပ်ဆောင်ယူခြင်း” ဂုဏ်ဆိုတာ ဘ၀သံသရာတစ်လျှောက် အခါအခွင့်ကြုံရင် အကျိုးပေး နိုင်ဖို့ ကမ္မသတ္တိများက အနီးကပ် လိုက်နေသလို မပျောက်မပျက် တည်ရှိနေတယ်လို့ ဆိုလို တာပါ။

ဘ၀ကို သင်္ချာတွက်နဲ့ တွက်လိုသူတို့အဖို့ကတော့ စားလဒ်များကို ဒီအတိုင်းထားရင် တည်ကိန်းထက်လျော့နေမယ်။
စားလဒ်ကို စားကိန်းနဲ့မြှောက်ရင် တည်ကိန်းပဲ အလွန်ဆုံးရမယ်။
စားလဒ်(သို့မဟုတ်) စားကိန်းများကို တည်ကိန်းနဲ့ မြှောက်ပွားရင်တော့ တည်ကိန်းထက် ပိုလွန်တဲ့ အဖြေကို ရနိုင်တယ်လို့ ဆိုရလိမ့်မယ် ထင်ပါတယ်။
ဘ၀က တည်ကိန်း
အချိန်က စားကိန်း၊
ရုပ်ခန္ဓာ အိုမင်းမှုများကို စားလဒ်များလို သဘောထားပြီး တွက်ကြည်ဖို့ပါ။

သာသနာနဲ့ ကြုံတုန်းမှာ“ ထာဝရ ရာနှုန်းပြည့်လူ အဖြစ်ကို ကျော်လွန်အောင်” သတိထား အသိပွားနိုင်ကြပါစေ။

[ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)]

----------------------*----------------------
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_

Honey Lay