Wednesday, December 31, 2014

သေဖို့ ကော အား အုံးမှာလား


သေဖို့ ကော အား အုံးမှာလား

မဟာသီဝ အမည်ရသောမထေရ်ကြီးတစ်ပါးသည် ဂိုဏ်းကြီးတစ်ဆယ့်ရှစ်ဂိုဏ်း ရဟန်းတော်ပေါင်း တစ်ဆယ့်ရှစ်သင်းတို့ကိုစာဝါပို့ချနေထိုင်တော်မူ၏။ထိုမထေရ်ကြီး၏ အဆုံးအမ သြ၀ါဒကို ခံယူသူ များမှ ရဟန်းတော်ပေါင်း သုံးသောင်းတို့ အရဟတ္တဖိုလ်သို့ရောက်တော်မူကြပြီးဖြစ်သည်။ ထိုတပည့် ရဟန္တာ သုံးသောင်းအနက် ရဟန္တာ တစ်ပါးသည်"   မဟာသီဝ မထေရ်မြတ်ကြီး၏ သီလ စသော ကျေးဇူးဂုဏ်အထူးကို ဆင်ခြင်ကြည့်လေသော် ပုထုဇဉ် သာ ဖြစ်ရှိနေသေးသည်ကို မြင်၍ မဟာသီဝ မထေရ်မြတ်ကို အဆုံးအမ သြ၀ါဒ ပေးပေအံ့ "ဟု ကြံစည်ပြီးကောင်းကင်ခရီး ဈာန်ယာဉ် စီး၍ ကြွတော်မူကာ ကျောင်းတိုက်အနီး သက်ဆင်း၍ ဆရာ ဖြစ်သူထံ ဆည်းကပ်လျှက် အရိုအသေ ပြု ပြီးသော် အပြစ်လွတ်ရာနေရာ`၌ ထိုင်နေတော်မူ၏။

ဆရာက ဘာအတွက်လာရောက်သလဲ မေးရာ အနုမောဒနာတရားတပုဒ် သင်ယူရန် လာရောက် ကြောင်း လျှောက်ထား၏။ ဆရာက မအားဘူး ငါ့တပည့် သင်ပေးဖို့အချိန်ရှိမှာ မဟုတ်ဘူး။  ဟု ဆိုလတ်သော် တပည့် ရဟန္တာ သည် အရှင်ဘုရား ဆွမ်းခံသွားရာ တန်ဆောင်ဝန်း`၌ ရပ်တည် သောအခါ မေးပါရစေ ထို့သို့လျှောက် ထားသော်လည်း မအားဘူး ငါ့တပည့် ဟုဆိုပြန်၏။ တပည့်ရဟန္တာ က လမ်းခရီး`၌မေးပါရစေ။ သင်္ဃန်းရုံရာ အရပ်`၌မေးပါရစေ။ ယာဂုသောက်တော် မူသောအခါ`၌ မေးပါရစေ။ ဆွမ်းခံပြီး ကျောင်းသို့အပြန်လမ်းခရီး`၌ မေးပါရစေ။ ဆွမ်းစားခြင်းကိစ္စ ပြီးသောအခါ`၌မေးပါရစေ။ ခြေဆေး သောအခါ`၌မေးပါရစေ။ မျက်နှာသစ်သောအခါ`၌ မေးပါရစေ။ အစရှိသဖြင့် မေးလျှောက် နိုင်ခွင့်ကို တောင်းဆိုသော်လည်း အခြားသောတပည့်များ ပြဿနာလျှောက်ကြသည်ကိုသာ အကြောင်းပြ၍ မအားဘူးဟုသာငြင်းဆိုလေ၏။

တပည့်ရဟန
္တာ သည်  အရှင်ဘုရား..တကယ်ဆိုလျှင် မျက်နှာသစ်ပြီး ကျောင်းတွင်းသို့ ဝင်လျှက် ထက်ဝယ် တင်ပလ္လင်ခွေ  သုံးလေးကြိမ်မျှကိုယ့်ငွေ့ ယူပြီး ကမ္မဋ္ဌာန်း နှလုံးသွင်းကျင့်သုံးမှုပြုရန် အရှင်ဘုရားတို့ အချိန်ရှိသင့်ပါတယ် ဘုရား။  ဒီအတိုင်းသာဆိုလျှင် အရှင်ဘုရားတို့ သေဖို့ အချိန်ကို လည်း မရနိုင်တော့ဘူးလား ဘုရား။   ဟု   မထေရ်မြန်ကို သတိပေးစကား လျှောက်ထားကာ ကောင်းကင်သို့ ပျံတက်ကြွ သွားတော်မူလေ၏။

ထိုအခါမှမဟာသီဝ မထေရ်လည်း တပည့်ရဟန္တာမှာ ပရိယတ်မေးလျှောက်ရန် လာခြင်းမဟုတ်ဘူး ငါ့ အားဆုံးမ နှိပ်ကွပ်ရန်လာခြင်းပါလား ဟု ဆင်ခြင်မိလေ၏။ ထို့ ကြောင့်တပည့် ရဟန်းတို့  သတိမထားမိသည့်အချိန်တွင် အခြားသော ရဟန်းတစ်ပါးအသွင်ဖြင့် တိတ်တဆိတ် တောထွက် တော်မူ၏။ မထေရ်၏ စိတ်`၌" ငါကဲ့သို့ သောပုဂ္ဂိုလ်အား အရဟတ္တဖိုလ်မည်သည့် ရရန် မခဲယဉ်းနိုင်။ နှစ်ရက် သုံးရက်မျှဖြင့် ငါသည် အရဟတ္တဖိုလ်ရောက်အောင် ကျင့်ဆောင် ကြိုးကုတ် အားထုတ်ပြီး ပြန်လာအံ့  "ဟု ကြံစည်တော်မူ၏။

သို့ သော်လည်း မဟာသီဝ မထေရ်ကြီးသည် တစ်ရက်နှင့်လည်းမရ။ နှစ်ရက်နှင့်လည်းမရ။ ၀ါတွင်း သုံးလနှင့်လည်း မရ။သီတင်းသုံးဖေါ်တို့သည်ကား ပ၀ါရဏာပြုတော်မူကြသည်ကို ကြံစည် တွေးတောမိပြီး  မျက်ရည် သွင်သွင် စီးကျလာကုန်၏။

ထို့ နောက် ညောင်းစောင်း ကုတင် `၌ လျောင်း  ထိုင်  ရပ်  သွား ဣရိယာ ပုတ် လေးပါးတို့်ဖြင့် လှည့်လည်သော် မဂ်ဖိုလ်တရားများ ဖြစ်ပွါးမည်မဟုတ်ဟု ဆင်ခြင်တော်မူကာ အရဟတ္တဖိုလ်သို့ မရောက်သေးသမျှ ကာလပတ်လုံး ကျောပြင်ကိုမဆန့်တော့အံ့ ခြေကို မဆေးတော့အံ့ ဟု ကြံစည်၍ ကမ္မဋ္ဌာန်းတရားပွားများအားထုတ် ပြန်လေ၏။

 ဤ နည်းဖြင့်  နှစ်ဆယ့်ကိုးနှစ် (ပ၀ါရဏာ အလိုအားဖြင့် နှစ်ဆယ့်ကိုးကြိမ်) အချိန်ကို လွန်၍ အရဟတ္တဖိုလ် ကိုမရောက်နိုင်ရကာ မျက်ရည်တို့ တသွင်သွင် စီးကျခြင်းသည် ဖြစ်လေ၏။ ရွာသားတို့သည် မထေရ်မြတ်၏ ခြေတော် နှစ်ဖက်တို့`၌ ကွဲအက်သောနေရာများကို ဆူးတို့ဖြင့် ချုပ်စပ်ပေးကြကုန်၏။

မဟာသီဝ မထေရ်မြတ်သည် နှစ်ပေါင်းသုံးဆယ်ပြည့်မြောက် သီတင်းကျွတ်လပြည့် မဟာပ၀ါရဏာ နေ့ `၌ "  ငါသည် ရဟန်းတရားပွားများအားထုတ်ခဲ့သည်မှာ အနှစ်သုံးဆယ်ရှိခဲ့ပြီ ငါ့အဖို့ရာ ဤ ယခု ဘ၀ `၌ ဧကန္တ  မဂ် တရား ဖိုလ် တရား ဖြစ်ပွားနိုင်မည် မဟုတ်ချေ" ဟု စဉ်းစားကြံစည်ကာ ဒေါမနဿ ဝေဒနာ တရား တရိပ်ရိပ် ဖြစ်ပွားပြီး မျက်ရည်တသွင်သွင် ယိုစီးကျလာပြန်၏။

မထေရ်၏ မနီး မဝေးအရပ်`၌ နတ်သမီးတယောက်သည် တရှုပ်ရှုပ် ငိုကြွေးရပ်တည်လာ၏။ "ဒီအရပ်မှာ  လာငိုနေတာ ဘယ်သူလဲ " ဟု မထေရ်မြတ်ကမေးသော်    "အရှင်ဘုရား တပည့် တော်မသည် နတ်သမီးဖြစ်ပါသည် ငိုကြွေးသောသူအတွက် မဂ် ဖိုလ် တရားဖြစ်ပွားစေနိုင်သလား ဟု အရှင် ဘုရားကို အတု ယူကာ တပည့်တော်လည်း တမဂ် တဖိုလ် ရအောင် ကြံစည်အောက်မေ့ ငိုကြွေးနေပါသည် ဘုရား  " ဟု လျှောက်ထားလေ၏။ မဟာသီဝ မထေရ်လည်း ရှက်ဖွယ် ကိစ္စကို ပြုမိလေပြီဟု သံဝေဂ ကြီးစွာဖြစ်လျှက် ရှေးကထက် ပို၍လုံလပြု အားထုတ်လေရာ ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ အရဟတ္တ ဖိုလ် ကိုရတော်မူလေ၏။

မဟာသီဝ မထေရ်မြတ်မှာ  ကိုင်း ငါသည် အနည်းငယ် မျှတရုံ ကျောဆန့် လျောင်းစက်ဦးအံ ..ဟု ကြံစည်၍ အိပ်ယာနေရာကို သုတ်သင်ပြီးသော် နှစ်ပေါင်းသုံးဆယ်ကြာ မဆေးမကြော ရသော ခြေကို ယခုဆေးတော့အံ့  ဟု ကြံစည်တော်မူ၍ ပျဉ်ချပ်`၌ထိုင်နေတော်မူစဉ် တပည့် ရဟန္တာပေါင်း သုံးသောင်းတို့သည် ငါတို့ ၏ ဆရာ မဟာသီဝ မထေရ်အား ခြေဆေးပေးအံဟု  ပြောဆိုကြကာ ကောင်းကင် ခရီးဖြင့်ကြွသွားကြ၍ ရိုသေစွာ ရှိခိုးလျှက်  အရှင်ဘုရား တပည့်တော်တို့ခြေဆေး၍ ပေးပါမည်ဘုရား ဟု လျှောက်ထားကြ၏။

မထေရ်မြတ်သည် တပည့်များကို ငါ့ ရှင်တို့  ငါ့ရဲ့ခြေကိုမဆေးပဲထားခဲ့သည်မှာ အနှစ်သုံးဆယ် တင်းတင်း ပြည့်ခဲ့လေပြီ။ ငါသည်ပင်လျှင် ဆေးကြောအံ့  ဟု မိန့် တော်မူလေ၏။ထိုအခါ နတ်တို့သနင်း သိကြားမင်းသည် သူဇာအသုရာ နတ်သမီးကို ရှေ့ မှထား၍ ဖယ်ရှားတော်မူကြပါ ဘုရား မာတုဂါမ ပါလာပါသည်ဟု အကြောင်းပြု၍ ရဟန္တာ အရှင်မြတ်တို့ကိုဖယ်တော်မူ၍  အရှင် ဘုရားရဲ့ ခြေကိုဆေးကြောပေးပါရစေ ဘုရား ဟု လျှောက်ထားလေ၏။

ဒကာ သိကြား ငါ၏ ခြေများကိုမဆေးပဲထားခဲ့သည်မှာ အနှစ်သုံးဆယ် ရှိခဲ့ပြီ။နတ်တို့အဖို့ရာမှာ ပင်ကိုယ် ပကတိ အားဖြင့် လူတို့၏ ကိုယ်နံ့ သည် စက်ဆုပ်ဖွယ်ဖြစ်ပေ၏။ငါသည်ပင် ဆေးကြောအံ့ ဟုမိန့် ဆိုလေလျှင်  သိကြားမင်းသည်  အရှင်ဘုရား သီလ တည်းဟူသော ရနံ့ ကောင်းသည်ကား ကာမာဝစရ နတ်ပြည်ခြောက်ထပ်ကိုပင် ကျော်လွန်၍ အထက်ဘ၀ဂ်သို့တိုင်တည်နေပါ၏။ သီလ တည်းဟူသော ရနံ့ ထက်သာလွန်သည့် အခြားရနံ့ သည် မရှိပါတကား။

အရှင်ဘုရားတို့၏ သီလတည်းဟူသော ရနံ့ ကြောင့်မနေသာပဲ လာရောက်ကြရပါသည် အရှင်ဘုရား ဟု လျှောက်ထား၍ လက်ဝဲလက်ဖြင့်မထေရ်မြတ်၏ ဖမျက် အစပ်`၌မြဲမြံစွာ ဆုပ်ကိုင်၍ လက်ယာ လက်ဖြင့် ခြေဖ၀ါး အပြင်ကိုပွတ်တိုက်ဆေးကြောသုတ်သင်ပေးလေ၏။

ပရိယတ္တိ အရာတွင် သာလွန်မြင့်မြတ်ခဲ့သော်လည်း တရားနှလုံးသွင်းရာ`၌ အလွန်ပင်ခဲယဉ်း လှပါသည်။ နည်းစနစ်မှန်ကန်သော်လည်း စူးစိုက်နိုင်စွမ်းသည် လိုအပ်လှပါသည်။ အသက် ငယ်သူများသည် အသက် အရွယ်ကြီးရင့်သူတို့ထက် အာရုံစူးစိုက်နိင်စွမ်း ပိုကောင်းကြ၏။ သတိ ပိုကောင်းကြး၏။ ထို့ ကြောင့် အသက် အရွယ်ငယ်စဉ်အခါ`၌ပင် သစ္စာတရားကို နာကြား မှတ်သားကြရန်  ကျင့်ကြံအားထုတ်ကြရန် အရေးကြီးလှပါသည်။


အရေးကြီးသောအလုပ်ကို နောက်ထား၍ ကာမဂုဏ်အာရုံတို့ကိုဦးစားပေးကာ အချိန် ဖြုန်းတီး နေကြသူများ သားကိစ္စ သမီးကိစ္စ ခင်ပွန်း ကိစ္စတို့ဖြင့် တရားအားထုတ်ရန် အချိန် မရကြသေး သူများ  သေဖို့ကော အားအုံးမှာလား ဟု မေးဖွယ်ရာရှိပါသည်။သတိ အသိဖြင့် ဆင်ခြင်ကြပါ။

ပရိယတ္တိ သာသနာ။ ပဋိပတ္တိ သာသနာ ။ ပဋိဝေဓ သာသနာ တည်းဟူသော သာသနာတော်သုံးရပ်
အကျင့်မြတ်တို့သည် သူတော်ကောင်းတို့၏ နှလုံးအိမ်`၌ တည်နိုင်ကြပါစေသတည်း။

(ကျမ်းကိုး။  ။ မဟာဗုဒ္ဓ၀င် ပဉ္စမတွဲ  မဟာသီဝ မထေရ်ကြီးဝတ္ထု စာမျက်နှာ-၁၄၈)
 *****တတိယမြောက်သမီးတော်*****

Tuesday, December 30, 2014

နတ်ပြည်သို့ ပြောင်းရွှေ့ သွားသော ရွာကလေး


နတ်ပြည်သို့ ပြောင်းရွှေ့ သွားသော ရွာကလေး

ရှေးအခါက မဂဓတိုင်းတွင် မစလ ခေါ်သော ရွာကလေးတစ်ရွာ ရှိခဲ့ဖူး၏။ အိမ်ခြေသုံးဆယ့်သုံးအိမ် မျှသာ ရှိသည်။ ထိုရွာ၌ မဃ ဆိုသူလည်း နေ၏။ ရွာသူရွာသားတို့ သည် ရပ်ရေးရွာရေး ကိစ္စရှိလျှင် ရွာလယ်ခေါင် လမ်းလေးခွ၌ စုဝေးတိုင်ပင်လေ့ရှိကြ၏။ တစ်နေ့ သောအခါ မဃ့ သည် လူအများ စုဝေးမည်ရှိစဉ် မိမိရပ်နေသော နေရာ၌ အမှိုက်သရိုက် ခဲသလဲ ခြေဖျားကလေးနှင့် ဖယ်းမ်းပြီး နေ၏။

သူရပ်နေသော နေရာတွင် ထိုင်မှမထိုင်ရသေး။ နောက်မှ ရောက်လာသူ တစ်ဦးက ပြောင်ရှင်း ညီညာနေသော သူ့ နေရာကလေး၌ထိုင်ရန် သူ့ အား တွန်းဖယ်ရှားပြီး လု၍ထိုင်၏။ မဃကား စိတ်မဆိုးဘဲ သည်းခံပြီး ဖယ်ပေးကာ အခြားတစ်နေရာ၌ ရပ်ပြီး  ခြေထောက်ဖြင့် ဝှေ့ ယမ်းရှင်းလင်း နေစဉ် ထိုင်မှမထိုင်ရသေးခင် အခြားတစ်ယောက်က သူ့ အား တွန်းဖယ်ပြီး နေရာလု ထိုင်ပြန်၏။  ဤနည်းဖြင့် စိတ်မဆိုးအားဘဲ တစ်နေရာပြီး တစ်နေရာ ရှင်းလင်းကာ နေရာယူရရှာ၏။

မဃ့ သည် စိတ်မဆိုးဘဲ ငါလုပ်တာ သူတို့ စိတ်ချမ်းသာသွားပြီဟု ဝမ်းမြောက်ကာ အများချမ်းသာမှု ကိုချည်းပြုရန် စိတ်ထက်သန်လာ၏။ အမှတ်မထင် ခြေထောက်ဖြင့် ခဲသလဲ အမှိုက်သရိုက်များကို ဖယ်ရှားရာမှ သူတစ်ဖက်သား ချမ်းသာစေလိုသော မေတ္တာအင်အားကြီးကို စတင်တွေ့ ရှိကာ ထို ကိုယ်ချင်းစာစိတ်ကို အခြေခံ၍  မိမိသူတစ်ပါးချမ်းသာရေးအတွက် အခြားကျင့်ဝတ်များနှင့် ကောင်းမှု လုပ်ငန်းများကို တသီတတန်းကြီး တွေ့ မြင်လာ၏။ တွေ့ မြင်သည့်အတိုင်းလည်း ဇောက်ချလုပ်ရန် ဆန္ဒဖြစ်ပေါ်လာလေသည်။ 

မိမိအတွက် သူတစ်ပါးဒုက္ခမရောက်စေရန် ဦးစွာ ငါးပါးသီလကို ကျင့်သုံးကာ နောက်တစ်ရက် ထိုနေရာသို့ သွား၍ လူသုံးဆယ်ကျော် နေထိုင်လောက်ရုံ မြေနေရာ၌ ပေါက်တူးပေါက်ပြားများဖြင့် မြေဖို့ မြေညှိပြီးလျှင် သဲများပင် ခင်းပေးထားလိုက်သေးသည်။ လူများမှာ ချမ်းချမ်းသာသာနေရ၍ ဝမ်းသာနေကြ၏။

နောက်ရက် နောက်လများ၌ မဏ္ဍပ်ကလေးထိုးကာ သောက်ရေအိုးပင်  တည်ထားပေးရာ လူအများ ပို၍ ဝမ်းသာကြ၏။ ရပ်ရေးရွာရေး ဆွေးနွေးလာသူများသာမက ရွာထဲမှ အဘိုးအို အဘွားအို နှင့် ကလေးများပင် အချိန်မရွေး လာရောက်စုဝေးကြရာ မဃ့ သည် ပို၍ပင်ဝမ်းသာကာ ဆောင်း အခါတွင်  မီးလှုံရန် ထင်းများကိုပင်  တောထဲမှ သယ်ယူထမ်းပို့ ထားလေသည်။ မဃ၏ ကာယကံမေတ္တာသည် မွန်မြတ်လှပါပေ၏။

ထို့ နောက် ယာယီမဏ္ဍပ်ကိုဖျက်ကာ အခိုင်အမာ ရွာလယ် ဇရပ်  ဆောက်လှူလိုက်၏။ အိပ်ရန် ထိုင်ရန် ခုံများကိုပါ ပြုလုပ်ပေးရာ မစလ တစ်ရွာလုံး ဝမ်းသာမဆုံးကြတော့ချေ။ အင်း နေချင့်စဖွယ်လုပ်ထားရင် လူတိုင်းသဘောကျတယ်။ ကောင်းတာဆိုရင် မကြိုက်တဲ့လူရယ် မရှိပါကလား။ ငါလုပ်တာ ကောင်းတဲ့အလုပ်ပဲ၊ ရှေ့ ကိုတိုးလုပ်မှ တော်မယ်။ 

မြို့ ကိုသွားတုန်းက တွေ့ ခဲ့ရတဲ့ ရှင်ဘုရင်တွေ မှုးကြီးမတ်ကြီးတွေဟာလည်း သူတို့ ခုလို စည်းစိမ် ချမ်းသာမျိုးနဲ့ နေကြရတာ အကြောင်းမဲ့မဟုတ်တန်ဘူး။ ဒီလို ကောင်းမှုအလုပ်တွေ လုပ်ခဲ့ကြ လို့ သာ နေမှာပဲ။ နောက်ပြီး လတို့ နေတို့ ဟာလနတ်သား နေနတ်သားတွေလို့ ပြောကြတယ်။ အဲဒီ နတ်သားတွေဟာလည်း ဒီလို ကောင်းမှုတွေလုပ်ခဲ့ကြလို့ နေမှာပဲ။ တခြားအကြောင်းရှိမယ် မထင်ဘူး။

မဃ့ သည် သူဥာဏ်မှီသမျှ ဆက်၍စဉ်းစားကာ အများချမ်းသာရေးကို ဦးတိုက်၍ ကောင်းမှုမှန်သမျှ တိုးပြီးလုပ်ရန် ဆန္ဒတွေ ဖြစ်ပေါ်လာ၏။ ထိုသို့ လုပ်လျှင် လူများလည်း ချမ်းသာသထက် ချမ်းသာ၍ မိမိလည်း နောက်ဘဝတွင် ချမ်းသာသည်ထက် ချမ်းသာမည်ဟုလည်း ယုံကြည်နေ၏။

ထို့ ကြောင့် ပထမဆုံး ရွာ့အပြင် လမ်းပန်းများကို ပြင်ဆင်ရန် နံနက်စောစောထ၍ ဆန်ပြုတ် သောက်ပြီးလျှင် တောင်း တူရွင်း ဓားစသည် ယူဆောင်ကာ လူသွားလမ်းများကို ပြင်ဆင်၏။ လမ်းပေါ်ဖြတ်ကျော်ကျနေသော သစ်ကိုင်းများ ခုတ်ပယ်ရှင်းလင်း၏။ ခရီးသွားများနားနေရန် လမ်းဆုံလမ်းခွ၌ တဲများထိုးပေးထား၏။ တစ်နိုင်လုပ်အား ကောင်းမှုများကို နေ့စဉ်ြ့ပုလုပ်လေသည်။
တံတားခင်းသင့်သော နေရာ၌ တံတားခင်းခြင်း၊ ရေကန်တူးသင့်သော နေရာ၌ ရေကန်တူးခြငိး စသည်ဖြင့် ပရဟိတ လုပ်ငန်းများမှာ တိုး၍တိုး၍သာ လာ၏။ ပြီးဆုံးသည်ဟူ၍လည်း မရှိချေ။ နေထွက်မှနေဝင် တောမှာပင် အချိန်ကုန်လေတော့သည်။

ထိုသို့ နေစဉ်နှင့်အမျှလုပ်နေသော မဃကိုမြင်၍ အခြားဘဝတူ ရွာသားအချို့ က ကိုမာဃ ဘာလုပ်တာလဲဟု မေးရာ ငါကောင်းမှုလုပ်တာပါ၊ နတ်ပြည်လမ်းဖောက်နေတာပါ ဟုသာ ဖြေဆို၏။ ကောင်းမှုဆိုတာ ဘယ်လိုဟာလဲဟု မေးလျှင် သူသဘောပေါက်ထားသည့်အတိုင်း လူချင်းတူသော် လည်း အသက်ရှူကွဲဆိုသကဲ့သို့  ရှင်ဘုရင်များ မှူးမတ်ကြီးများကိုပင် သက်သေထူကာ မင်းတို့ မြို့ တော်သွားတဲ့အခါ မမြင်ဘူးဘူးလား စသည်ဖြင့် ကောင်းမှု၏ အဓိပ္ပါယ်ကို ရှင်းပြ၏။

အနို့  နတ်ပြည် လမ်းဖောက်တယ် ဆိုတာကရောဟု မေးပြန်လျှင် လနတ်သား နေနတ် သား  အကြောင်း သက်သေထူကာ သူသဘောပေါက်သည့်အတိုင်းသာ ရှင်းပြလေ့ရှိသည်။ သူ၏ အပြောနှင့်အလုပ်ကို လူအများစိတ်ဝင်စားလာကြရာ  နေပါဦး ကိုမာဃ ပြောတဲ့ နတ်ပြည်လမ်း ဖောက်တဲ့အလုပ်ဟာ  ခင်ဗျားပဲ လုပ်လို့ ရသလား၊ ကျွန်တော်တို့ ရော လုပ်လို့ မရဘူးလားဟု ဆက်လက် မေးမြန်း၍ ရနိုင်ကြောင်း ဖြေဆိုလျှင် ဒီလိုဆို နက်ဖြန်မနက် တောထဲ သွားရင်  ကျွန်တော့်ကိုလဲ အသံပြုပါဦးး ဟုဆိုကာ တစ်နေ့ တစ်ခြား လူဦရေတိုးလာကာ စုစုပေါင်း သုံးဆယ့်သုံးယောက် ဖြစ်လာ၏။

မစလရွာ အခြေခံဥပဒေ မိမိ သူတစ်ပါး အများချမ်းသာရေးကို ရလို ပေးလိုသူများ ဖြစ်လာကြကာ ငါးပါးသီလကိုလည်း အားလုံး လိုက်နာကျင့်သုံးကြကုန်၏။ နံနက် အိမ်မှထွက်၊ ညနေ နေ၀င်မှ အိမ်ပြန်၊ တစ်နေကုန် တောမှာနေ၍ လုပ်ငန်းများကို တစ်နေ့ထက် တစ်နေ့တိုးချဲ့ လုပ်ကိုင်ကြသည်။
ထိုမှတစ်ပါး ရွာလယ်ဇရပ်၌ အောက်ပါ စည်းမျဉ်းခုနစ်ချက်ကိုလည်း ရေးဆွဲထားကာ အားလုံး ရာသက်ပန် လိုက်နာကြရန် မကြာခဏ သတိပေး ဆွေးနွေးကြသည်။

၁။ ရာသက်ပန် မိဘလုပ်ကျွေးရန်၊
၂။ လူကြီးများအား ရိုသေလေးစားရန်၊
၃။ တစ်ဦးနှင့်တစ်ဦး ချိုချိုသာသာ သိမ်သိမ်မွေ့ မွေ့ ပြောဆိုရန်၊
၎။ ကုန်း မတိုက်ရန်၊
၅။ တရားသဖြင့် အိမ်ထောင်ကို ဦးစီး၍ တတ်နိုင်သမျှ လှူဒါန်းပေးကမ်းရန်
၆။ လိမ်လည်မပြောရန်။
၇။ မည်သည့် အကြောင်းကြောင့်မျှ တစ်ဦးနှင့်တစ်ဦး စိတ်မဆိုးရ၊ အပြစ်မတင်ရ၊ အကယ်၍ ဒေါသထွက်မိ၊ အပြစ်တင်မိလျှင်လည်း ချက်ချင်း ဖြေဖျောက်ပစ်ကာ မေတ္တာပွားရန်တို့ ဖြစ်ကုန်၏။

ဤကား အိမ်ထောင်ဦးစီးတိုင်း ရာသက်ပန် လိုက်နာပါမည် ဟု ကတိဝန်ခံ၍ အဓိဋ္ဌာန်ပြုထား ကြသော သီးခြား မစလရွာ အခြေခံဥပဒေ တည်း။ မစလရွာသားတို့ သည် မဃ ဆိုသူ ဦးဆောင်၍ တစ်ရွာလုံး သူ့ အသက်မသတ်ရ၊ သူ့ ဥစ္စာ မခိုးရ စသော ကျင့်ဝတ်များကို ကျင့်၍ တစ်နေကုန် တောထဲထွက်ပြီး ကောင်းမှုလုပ်နေကြသဖြင့် မကျေမချမ်းဖြစ်ကာ နှောင့်ယှက်မည့်သူတစ်ဦး ပေါ်ပေါက်လာ၏။

ထိုသူကား မစလ စသော ရွာငယ်များကို အပိုင်စားရသူ ရွာစားကြီး ဖြစ်သည်။ အရက်ချက်ပြီး သောက်မယ်၊ ရောင်းမယ်၊ သားငါးလိုက်မယ်၊ ဒါမှမဟုတ် တခြားလုပ်ငန်းတစ်ခုခုကို လုပ်မယ်ဆိုရင် အရက်တစ်အိုးလျှင် မည်ရွေ့ မည်မျှ စသည်ဖြင့် အကောက်လဲရမယ်၊ ဒဏ်ရိုက်လို့ လည်း ရမယ်။ ခုတော့ အရက်မသောက်ရ၊ သူ့ အသက် မသတ်ရ ဆိုတော့ ငါ့မှာ ၀င်ငွေလျော့ကုန်ပြီ။ ရွာစားကြီးသည် မစလ ရွာသားများအပေါ် မကျေမချမ်းဖြစ်ကာ ခေါ်ငင်သတိပေး၏။ လုပ်ငန်းများကို မေးလျှင် "ကောင်းမှုလုပ်သည်၊ နတ်ပြည်လမ်းဖောက်သည်"ဟုသာ ဖြေဆိုကြသဖြင့် မကျေနပ်ချေ။

အိမ်ရာထောင်သူများ ဤသို့  မလုပ်သင့်ကြောင်း တားမြစ်၏။ မရသည့်အဆုံး ရှင်ဘုရင်ထံ သွားရောက်၍ "တိုင်းပြည်ကို လုပ်ကြံမည့်သူများ ဖြစ်လေဟန် ဥာဏ်ဆင်၍ သံတော်ဦးတင် လေသည်။ ရွာလယ်ဇရပ်မှာ အဖမ်းခံရခြင်း မဃ အမှူးရှိသော မစလရွာသားတို့ သည် တစ်နေကုန် တော၌ လုပ်ကိုင်ပြီးနောက် နေမ၀င့်တ၀င်အချိန် အိမ်သို့  ပြန်လာကြကာ  ရေမိုးချိုး စားသောက်ပြီး သည်နှင့် ရွာလယ်ဇရပ်၌ စုဝေးတိုင်ပင်နေကြ၏။ မစလ အခြေခံဥပဒေခေါ် ကတိက၀တ် စာတမ်းများကို ဆွေးနွေးကြ၏။

နက်ဖြန် တော၌ လုပ်ဆောင်ရမည့် ရေတွင်း၊ ရေကန်၊ တံတားခင်း၊ လမ်းပန်းဖောက်ခြင်း ကိစ္စများအတွက် ကြိုတင်တိုင်ပင်ညှိနှိုင်းကြသည်။ ထိုအခိုက် ကြိုတင်စီစဉ်ထားသော ရွာစားကြီး၏ ခြေထိုးမှုအရ မဂဓ ဘုရင့်တပ် များသည် မစလရွာ အ၀င်အထွက်လမ်းများ၌ ကင်းစောင့်ချကာ ရွာလယ်ဇရပ်ကို ၀ိုင်းဝန်းထားကြသည်။ စစ်တပ်နှင့်အတူပါလာသော ရွာစားကြီးက ---

"ဟေ့ .. မင်းတို့ မပြေးကြနှင့် ၊ ဒါ ဘုရင့်အမိန့် တော်ကွ" ဟုဆိုကာ ဖမ်းဆီးကြ၏။ မစလ ရွာသားများလည်း အသာတကြည် လိုက်ပါသွားကြသည်။ မစလရွာသူ အိမ်ရှင်မ များမှာမူ စိတ်မဆင်းရဲကြသည့်အပြင် မိမိလင်ယောက်ျားများအပေါ် ရှေးကပင် မကျေနပ်ကြသဖြင့် -
"အဖမ်းခံရတာပဲ ကောင်းကောင်းပါအေ၊ သူတို့တို့ကို လှည့်စားနေတာကြလှပြီ၊ ကောင်းမှု လုပ်တယ်၊ ကောင်းမှုလုပ်တယ်ဆိုပြီး တစ်နေကုန် တောထဲမှာပဲနေ၊ အချန်ကုန်မှ ပြန်လာ၊ အိမ်အလုပ်တွေ ပျက်လိုက်တာ၊ ဘာစီးပွားမှလဲ မတိုးတက်ပါဘူး" ဟုဆိုကာ မေးငေါ့ပြီး ကျန်ရစ်ခဲ့ကြ၏။

စစ်တပ်ကြီး ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဘုရင့်ထံ ပို့ဆက်ကြရာ ဘုရင်မှာ မည်သို့မျှ မစစ်ဆေးတော့ဘဲ ရွာစားကြီး၏ တစ်ဘက် စကားကိုသာ ယုံစားလျက် မင်းရင်ပြင် (နန်းတော် ရင်ပြင်၌) ချည်တုတ်ဆွဲခေါ်ပြီး ဆင်ဖြင့် နင်းသတ်ရန် တစ်ချက်လွှတ် အမိန့် ချမှတ်လိုက်လေသည်။
ခေါင်းဆောင်လုပ်သူ မဃကမူ ဘ၀တူ မိတ်ဆွေများအား

"အားမငယ်ကြပါနှင့်ကွာ" ဟု ပြောဆိုရင်း လိုက်ပါလာ၏။ ရန်သူကို စိတ်မဆိုးရ
"မိတ်ဆွေတို့ ၊ မိတ်ဆွေတို့ အားလုံး ကျုပ်စကားကို နားထောင်ကြမလား" ဟုလည်း မဃက မေးလိုက်ရာ -
"ခင်ဗျားစကား နားထောင်ခဲ့ကြလို့  ယခု ကျုပ်တို့ တတွေ ဘေးတွေ့ ပြီ၊ ဒါပေမယ့် ယခုလည်း နားထောင်ပါ့မယ်၊ ပြောသာပြောပါ၊ ကျုပ်တို့ကို ဘာလုပ်စေချင်သလဲ"ဟု ဆို၍ -
"မိတ်ဆွေတို့ ၊ ဘ၀ခရီး သွားနေတဲ့သူတွေအတွက် ဒါ ဖြစ်ရိုးဖြစ်စဉ်ပါ၊ ဘာမှ အားငယ်စရာ မလိုပါဘူး၊ တစ်ခုတော့ ပြောချင်တယ်၊ မိတ်ဆွေတို့ အားလုံးဟာ သူတို့ ပြောတဲ့အတိုင်း လူဆိုး၊ သူခိုး၊ ပုန်ကန်မယ့်သူတွေလား"
"ဘယ်ကလာ.. ကျုပ်တို့ သူခိုးသူပုန် ဟုတ်ရမှာလဲဗျာ့"

"အေး ... ဒါ အမှန်တရားပဲ၊ ကျုပ်တို့  အားကိုးရမှာ ဒါပဲ ရှိတယ်၊ ဒီ အမှန်တရားကို ဘယ်သူမှ မတော်လှန်နိုင်ပါဘူး မိတ်ဆွေတို့ရယ်၊ ငါသည် သူခိုးသူပုန် ဟုတ်ရိုးမှန်ရင် ဆင်ကြီး နင်းသတ် ပါစေ..။ မဟုတ်လျှင် မနင်းသတ်ပါစေနှင့်၊ မိတ်ဆွေတို့ အားလုံး ကျုပ်က စပြီး ဒီသစ္စာပြုကြရမယ်"
“ကောင်းပါပြီ၊ ပြုပါမယ်"

"နောက်ပြီး အရေးကြီးဆုံးက ကျုပ်တို့ တတွေ ရွာမှာနေတုန်းက နေ့ ရှိသမျှ လိုက်နာကျင့်သုံးခဲ့ကြတဲ့ ကိုယ်ကျင့်တရားတွေ၊ လုပ်ခဲ့တဲ့ ကောင်းမှုတွေကို ပြန်ပြီူ စဉ်းစားကြဖို့ လိုပါတယ်၊ ဒါ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုကို အသစ်ထပ်ပြုတာပါပဲ"
"နောက်တစ်ခုက ကျုပ်တို့ တတွေ ကတိက၀တ် စာတမ်းမှာ ရာသက်ပန် မည့သူ့ အပေါ်ကိုမျှ အပြစ်မတင် စိတ်မဆိုးပါဘူး၊ မတော်တဆ စိတ်ဆိုးမိသွားလျှင်လဲ ချက်ချင်း ဖြေဖျောက်ပါ့မယ်"
ဆိုတဲ့ ကျင့်ဝတ်ကို ဒီကနေ့ တိုးပြီး လိုက်နာကြဖို့ လိုပါတယ်။

ဒီတော့ မိတ်ဆွေတို့  ....
၁။ ကျုပ်တို့ ကို အကောက်ကြံတဲ့ ရွာစားကြီးအပေါ်ကိုရော၊
၂။ မဂဓပြည့်ရှင် ဘုရင်မင်းမြတ်ကြီးအပေါ်ကိုရော၊
၃။ နင်းသတ်မယ့် ဆင်ရိုင်းကြီးအပေါ်ကိုပါ မိမိကိုယ်နှင့် တစ်ထပ်တည်း စိတ်ထားပြီး မေတ္တာကိုသာ စူးစူးစိုက်စိုက် ပွားကြပါ"။

ဆင်ဖြင့် နင်းသတ်ခြင်း

မဃက ဘ၀တူများအား သတိပေးနေစဉ်မှာပင် မစလရွာသားများ အားလုံးကို ချုပ်နှောင် ဆွဲခေါ်ပြီးလျှင် နန်းရင်ပြင် အလယ်၌ ၀မ်းလျားမှောက် တန်းစီခိုင်းထား၏။ ဆင်ဦးစီးများသည်  ဆင်ရိုင်းကြီးများအား နင်းသတ်ရန် ညာသံပေး၍ မောင်းနှင်၏။ ဆင်ရိုင်းကြီးမှာ တစ်လှမ်းနှစ်လှမ်း သွားရုံမျှ သွားပြီးလျှင် ရှေ့ သို့ မတိုးဘဲ အော်မြည်နေ၏။ လှံများ မှိန်းများဖြင့် ထိုးနှက် မောင်းနှင်ကြ သော်လည်း မရ၊ ရင်ကွဲမတတ် အော်မြည်လျက် ထွက်ပြေးလေ၏။ ရွာစားကြီးနှင့်တကွ လူအများ အံ့အားသင့်နေကြလေသည်။

ထိုအကြောင်း မဂဓ ဘုရင်ကြီးအား သွားရောက် သံတော်ဦးတင်ကြရာ အခြား ဆင်ရိုင်းကြီး တစ်ကောင်ဖြင့် လဲလှယ်၍ နင်းသတ်ရန် အမိန့် ချလိုက်ပြန်၏။ အခြား ဆင်ရိုင်းကြီးတစ်ကောင်ဖြင့် နင်းသတ်ခိုင်းပြန်ရာတွင်လည်း မရချေ။ ဆင်တင်းကုပ်တွင် ရှိသမျှ ဆင်များကို တစ်ကောင်ပြီး တစ်ကောင် ဆွဲထုတ် နင်းသတ်စေရာ တစ်ကောင်မှ မနင်းဝံ့ဘဲ ရှိကြလေ၏။

"လူတွေ သည်အတိုင်း မြင်နေရလို့  မနင်းဝံ့ဘဲနေတာ ဖြစ်လိမ့်မယ်"အထင်ဖြင့် မစလရွာသားများကို ဖျာယိုင်ဖုံးအုပ်၍ နောက်တစ်ချီ နင်းသတ်ခိုင်းပြန်ရာ မည်သည့်ဆင်မျှ မနင်းဝံ့ဘဲ အော်မြည် ထွက်ပြေး၍ချည်းသာ သွားကြလေသည်။
မဂဓဘုရင်ကြီးသည် မည်သို့ မျှ ဆင်ဖြင့် နင်းသတ်၍ မရသောအခါ အကြံရခက်နေ၏။ ဆေးမြစ် ဆေးကောင်း အဆောင်ကောင်း ရှိမရှိ  တစ်ယောက်စီ စစ်ဆေးခိုင်းရာ မည်သည့် အဆောင်မျှ မတွေ့ ။

တစ်စုံတစ်ခုသော အတတ်ပညာကြောင့်များလား ထင်ကာ မေးမြန်းစစ်ဆေးရာ ခေါင်းဆောင် မဃက "ဟုတ်ကဲ့ ကျုပ်တို့ မှာ မန္တာန်ရှိပါတယ်"ဟု ဆိုသဖြင့် ဘုရင့်ထံ ခေါ်ဆောင် သွားကြသည်။
ဘုရင်က တတ်သိသော မန္တန်ကို ပြောစေခိုင်းရာ - မဃက
"ကျွန်တော်မျိုးတို့  တတ်ထားတဲ့ မန္တန်က တခြားမဟုတ်ပါ၊ သူ့ အသက်ကို မသတ်ပါ၊ သူ့ ဥစ္စာကို မခိုးပါ၊ သူ့ အိမ်ရာကို မကျူးလွန်ပါ၊ လိမ်လည် မပြောပါ၊ သေရည်သေရက် မသောက်စားပါ၊ မေတ္တာ ပွားပါတယ်၊ တတ်နိုင်သမျှ လှူဒါန်းပေးကမ်းပြီး ကောင်းမှုလုပ်ပါတယ်၊ နတ်ပြည်လမ်း ဖောက် ပါတယ်"

 ဤသို့  စသည့်ဖြင့် မစလ ဥပဒေများ၊ အများချမ်းသာကောင်းစားရေး အတွက် လုပ်ဆောင်ချက်များ အားလုံးကို ဖော်ပြကာ ....
"ဒါဟာ ကျွန်တော်မျိုးတို့ ရဲ့  မန္တန်ပါပဲ၊ ပရိတ်ပါပဲ၊ ကြီးပွားရေးလုပ်ငန်းလဲ ဖြစ်ပါတယ်။" ဟု သံတော်ဦး တင်လိုက်၏။ ရွာလုံးကျွတ် နတ်ပြည်ပြောင်း၍ ရွာတည်ခြင်း သစ္စာပြုကာ မေတ္တာ ဘာဝနာ ပွားများပုံများကိုပါ ကြားသိရသဖြင့်

မဂဓဘုရင်ကြီးသည် -
"အမောင်တို့  ၊ အဟိတ်တိရစ္ဆာန်ဖြစ်တဲ့ ဆင်ကတောင် မောင်တို့ ရဲ့  ကျေးဇူးဂုဏ်ကို သိပေတယ်၊ ငါကိုယ်တော်မြတ်ဟာ လူပင်ဖြစ်လျက် မသိခဲ့ဘူး၊ မောင်တို့ ခွင့်လွှတ်ကြပါ" ဟုဆိုကာ ကုန်းတိုက် (ခြေထိုး)သူ ရွာစားကြီးမိသားစုကို ရွာစားအရာမှချ၍ မစလ ရွာသားများအား အခိုင်းအစေအဖြစ် ပေးကာ မစလရွာကိုလည်း လွတ်လပ်စွာ အုပ်ချုပ်နေထိုင်ကြရန် ဆုတော်ငွေများနှင့် ဆင်ကိုပါ ဆုချ လိုက်သဖြင့် ဆင်စီး၍ ၀မ်းသာစွာ ပြန်ကြလေ၏။

ဆင်ကို တစ်လှည့်စီ စီး၍ ပြန်လာကြစဉ် လမ်းခရီး၌ -
"မိတ်ဆွေတို့  နောက်ဘ၀အတွက် ရည်ရွယ်ပြီး ငါတို့ လုပ်ခဲ့တဲ့ ကောင်းမှုဟာ ရေထဲက ထိုးထွက် လာတဲ့ ကြာပန်းလို ငါတို့ မှာ အခုလက်ငင်း ခံစားနေကြရပါပကောလား။ မိတ်ဆွေတို့ ၊ ဒီကရှေ့ ကောင်းမှုကို တိုးပြီးလုပ်မှ တော်မယ်"ဟု ပြောဆိုကြကာ ရှေးကထက်ပို၍ ကြီးကျယ်သော တည်းခို ဇရပ်ကြီးများ စသည်တို့ ကို ပြုလုပ်ကြလေသည်။

မစလ ရွာလယ်ဇရပ်ကလေးမှာ သီးခြား မစလ လွှတ်တော်တစ်ခု ဖြစ်လာလေသည်။ မဃ အမှူးရှိသော မစလရွာသားများ သေလွန်ကြသောအခါ မစလ ရွာကလေး ရွာလုံးကျွတ် နတ်ပြည်သို့ ရွှေ့ ပြောင်းသွားကြ၏။ "တာဝတိံသာ"ဟု ယခုခေါ်ကြသည်။ မဃကား ယခုအခါ သိကြားမင်းကြီး ဖြစ်သတည်း။

(ဓမ္မာစရိယဦးဋ္ဌေးလှိုင်ရေးသားသော မေတ္တာဝါဒ မှ)
မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ


Monday, December 29, 2014

ငါသာ မင်းဆိုရင်


ငါသာ မင်းဆိုရင်

“လူပုဂ္ဂိုလ်တစ်ဦးချင်းစီတို့၏ ဖြစ်တည်မှုသည် ထူးခြားလှပေသည်။ တစ်ဦးနှင့်တစ်ဦး လုံးဝမတူပေ။ တစ်ခုတည်းသောအရာကို တွေ့သိခံစားရပုံချင်း၌ပင် မတူကြပေ။ ဥပမာ-တစ်မျိုးတည်းသော ငရုတ်သီးကို စားမိကြသူတိုင်းက စပ်သည်ဟု ပြောကြပေမည်။ “စပ်ခြင်း” အရသာကို စားမိသူတိုင်း ခံစားကြရမည်သာဖြစ်သည်။ သို့သော် တစ်ဦး၏ “စပ်ခြင်း”နှင့် အခြားတစ်ဦး၏ “စပ်ခြင်း” အတူတူပင်ဖြစ်သည်ဟု ဆုံးဖြတ်နိုင်ပါမည်လော။

 “ငါစပ်တာနဲ့ မင်းစပ်တာ အတူတူပါပဲကွာ”ဟု မည်သည့် နှုန်းစံဖြင့် တိုင်းတာ၍ ပြောနိုင် မည်နည်း။  မပြောနိုင်ပါ။ မဆုံးဖြတ်နိုင်ပါ။ ထို့အပြင် တစ်ကြိမ်တစ်ခါတွေ့ ကြုံခံစားလိုက်ရသည့် ပုဂ္ဂိုလ်တစ်ဦး၏ ခံစားချက်သည် ထိုပုဂ္ဂိုလ် တစ်ဦးတည်းအတွက်သာ ဖြစ်ရုံမက ထိုတစ်ကြိမ်တည်း အတွက်သာ ဖြစ်ချေသည်။ ထိုခံစားချက် အတိုင်း နောက်တစ်ကြိမ်ထပ်မံ၍ ထပ်တူထပ်မျှ ခံစားချင်၍ ရနိုင်မည်မဟုတ်တော့ပေ။”

(မောင်ကြည်သစ်၏ “ငြင်းပယ်ခြင်း၏ အလှ” စာအုပ်)

ကျွန်တော် ဆယ်တန်းကျောင်းသား ဘဝ၊ အင်္ဂလိပ်စာသင်ကြားရစဉ် အင်္ဂလိပ်ဆရာက '' If I were you .....?'' ဟူသည့် Clause တစ်ခုကို ရေးပြရာ၊ ကျွန်တော်က “'I' ဆိုရင် 'was' နဲ့ တွဲသုံးရမှာပေါ့။ ဘာကြောင့် ''were'' နဲ့ တွဲသုံးရတာလဲ”ဟု မေးခွန်းထုတ်လိုက်ပါသည်။ 

ထိုအခါ ဆရာက “မင်း” က “မင်း”  “ငါ” က “ငါ” ပဲ။ “ငါ”ဟာ ဘယ်တော့မှ “မင်း” မဖြစ်နိုင်ဘူး။ အဲ့ဒီလို လုံးဝမဖြစ်နိုင်တဲ့ အခြေအနေမျိုးကို ဖော်ပြတာမို့လို့ “ 'I were' ဆိုပြီး သုံးရတာပဲ”ဟု ရှင်းပြပါသည်။ အင်္ဂလိပ်စာသဒ္ဒါနှင့် မပတ်သက်သော အတွေးတစ်ခု ကျွန်တော်ခေါင်းထဲ စွဲကျန်ခဲ့ပါသည်။ “ငါဟာ မင်း ဘယ်တော့မှ မဖြစ်နိုင်ဘူး” ဟူ၍။ 

ခရစ်ယာန်ဘာသာဝင်ဖြစ်စေ၊ ဗုဒ္ဓဘာသာဝင်ဖြစ်စေ၊ “ကိုယ်ချင်းစာတရား”ဆိုသည်မှာ “တကယ်လို့ ငါသာသူ့နေရာမှာဆိုရင် ... ”ဟု စာနာစိတ်ထားခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွင် ကြီးသူက ငယ်သူကို ကိုယ်ချင်းစာတရားထားရန် ဆုံးမ၏။

ရွယ်တူချင်း ကိုယ်ချင်းစာတရားထားရန် တိုက်တွန်း၏။ ငယ်သူက ကြီးသူကို ကိုယ်ချင်းစာတရား ထားရန် တောင်းပန်၏။ သို့သော်ငြားလည်း အင်္ဂလိပ်ဆရာပြောခဲ့သည့်အတိုင်းပင် “ငါဟူသည် မင်းဘယ်တော့မှ ဖြစ်မလာနိုင်ခဲ့ပါ”

တစ်ခါက “အိပ်ဇစ်စတင်ရှယ်လစ်” တွေးခေါ်ရှင် “ယန်းပေါလ်ဆတ်” ထံသို့ လူငယ်တစ်ဦး ရောက်လာပါသည်။ ယင်းအချိန် က ပြင်သစ်ပြည်သည် စစ်နှင့် ရင်ဆိုင်နေရစဉ်ဖြစ်၏။

“ဆရာ ကျွန်တော်မဖြေရှင်းနိုင်တဲ့ ပြဿနာလေးတစ်ခုကို ဖြေရှင်းပေးပါဆရာ။ အခု ပြင်သစ် ပြည်ဟာ စစ်နဲ့ရင်ဆိုင်နေရတဲ့အတွက် ကိုယ်နေတဲ့တိုင်းပြည်ဘက်ကလည်း တိုက်ခိုက်ပေးဖို့ ကျွန်တော့်မှာ တာဝန်ရှိတယ် ထင်ပါတယ်။ အိမ်မှာလည်း ကျွန်တော်ကျွေးမွေးပြုစုနေတဲ့ အမေအို တစ်ယောက် ရှိပါတယ်။ သားတစ်ယောက်အနေနဲ့လည်း အမေ့ကို ကျွေးမွေးဖို့ တာဝန်ရှိပါတယ်။ အဲဒါ ဘယ်အလုပ်ကို လုပ်ရမလဲဆရာ။ တာဝန်တစ်ခုထမ်းဆောင်ရင် တခြားတာဝန် ပျက်တော့ မှာပါ။”

“ဆတ်”ကလည်း အဖြေကို စဉ်းစားမနေ။ ချက်ချင်းအဖြေပေးလိုက်၏။ 

“မင်းမှာ ဘယ်အလုပ်လုပ်မယ်ဆိုတာ ရွေးချယ်ပိုင်ခွင့်လည်း ရှိတယ်။ ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေး လည်း မင်းမှာရှိတယ်။ ကြိုက်တာသာဆုံးဖြတ်၊ မှန်တယ်။ တခြား လူဆုံးဖြတ်မှသာ မှားမှာ။”

“ဆတ်” ၏ ဖြေရှင်းမှုအတိုင်း လူတို့သည် မိမိတို့၏ အခြေအနေကို မိမိတို့အသိဆုံး ဖြစ်ပါသည်။ (မိမိကလွဲလို့ ဘယ်သူကများ မိမိအကြောင်းအသိဆုံးဖြစ်မှာလဲ) ဘယ်သောအခါတွင်မှ မိမိသည် တခြားလူတစ်ယောက် မဖြစ်နိုင်သကဲ့သို့ အခြားသူတစ်ယောက်သည်လည်း မိမိမဖြစ်နိုင်ပါ။ 

ထို့ကြောင့် “If I were you ....” (ငါသာ မင်းဆိုရင် ...) ဟူသည် စကားအဖြစ်သာရှိ၍ အဓိပ္ပာယ်မရှိပါ။ ထို့ကြောင့် မည်သူ့ထံ မှ မဆို၊ ကိုယ်ချင်းစာနာမှုအပြည့်အဝကို အခါခပ်သိမ်းရရှိရန် လုံးဝမမျှော်လင့်နိုင်ပါ။ 

အမှန်စင်စစ်၌လည်း လူတစ်ယောက်ချင်း၏ ဘဝသည် ထိုလူနှင့်သာ သက်ဆိုင်ပြီး ထိုလူ၏ အကြောင်းကို အသိနိုင်ဆုံးမှာ ထိုလူကိုယ်တိုင်သာ ဖြစ်သည်။ အခြားသူများ ပြောကြသော ထိုလူ၏ ဘဝသည် ထိုလူ့အကြောင်းအစစ် မဟုတ်။ရရှိနိုင်သော အထောက်အထားများ၏ နောက်ကွယ်တွင် ရှိသော ထိုလူ၏ အကြောင်းကို မည်သူမှမသိနိုင်။

အကြောင်းမှာ စကားလုံးများသည် ထိုလူ့ခံစားမှုအစစ်အမှန်ကို မဖော်ထုတ်နိုင်သောကြောင့်ပင် ဖြစ်၏။ ၎င်းအပြင် လူတို့သည် ပုထုဇဉ်လူသားများသာဖြစ်ကြသောကြောင့် မိမိ၏ အတ္တကို ဖယ်ခွာလျက်အခြားသူတစ်ဦးဦး၏ အတ္တကို အစားထိုးထည့်သွင်းကြည့်ရန် မတတ်နိုင်ကြချေ။

ဘဝတည်းဟူသော တစ်ယောက်စာထိုင်ခုံပေါ်တွင် မိမိကိုယ်တိုင်၏ အတ္တသည်သာ အကျအန နေရာယူထားနှင့်ခဲ့လေပြီ။

by: နရီမင်း
http://www.news-eleven.com/


Sunday, December 28, 2014

ဘာသာပြန် အလွဲများ


ဘာသာပြန် အလွဲများ

(၁.၁၀.၂၀၀၈) နေ့တွင် မြန်မာနိုင်ငံ၌ ပထမဆုံးနှင့် တစ်ခုတည်းသော အဘိဓမ္မာ တက္ကသိုလ်ကြီး ကို စတင် ဖွင့်လှစ်ခဲ့ပါသည်။ ပြည်တွင်းပြည်ပမှ အဘိဓမ္မာ လေ့လာ သင်ယူလိုသူများအတွက် အဘိဓမ္မာ မူရင်းကျမ်း ကြီးများကို အင်္ဂလိပ်ဘာသာဖြင့် ပို့ချပေးသွားမည် ဖြစ်ပါသည်။
(၄. ၁၀. ၂၀၀၈) နေ့တွင် ၄င်းတက္ကသိုလ်၏ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသသည် ဖွင့်ပွဲအထိမ်းအမှတ် အထူးတရားပွဲ အဖြစ် ` ဘ၀နှင့် ဘ၀နိရောဓ တရားတော်´ ကို ဟောကြားတော် မူပါသည်။ ၄င်းတရားတော်မှ မိမိတို့ သတိပြု ဆင်ခြင်သင့်သော ဆရာတော်၏ ကိုတွေ့ဖြစ်ရပ် ဟောကြားချက်များကို စာဖတ်သူများအား မျှဝေလိုပါသည်။

ဒီနေရာမှာ ( Interpretation problem) ပေါ့။ ဗုဒ္ဓရဲ့ သာသနာတော်မှာလည်းပဲ တရားနဲ့ ပတ်သက်ပြီးတော့ အငြင်းပွားမှုတွေ ပေါ်လာတာရှိတယ်။ ဘုန်ကြီးတို့ ဂျာမနီသွားတော့ မြူးနစ်မှာ ဗုဒ္ဓဘာသာကို လေ့လာနေတဲ့ အုပ်စုတစ်စု ရှိတယ်။ အဲဒီအုပ်စုကို ဘုန်းကြီးတစ်ပါးက ပဋိစ္စသမုပ္ပါဒ်နဲ့ ပတ်သက်ပြီးတော့ ဘာဟောထားသလဲ ဆိုတော့ `ပဋိစ္စသမုပ္ပါဒ်ဟာ အတိတ်၊ အနာဂတ်၊ ပစ္စပ္ပါန်ဆိုတဲ့ ဘ၀သုံးခုကို ရှင်းပြတဲ့ ဒေသနာ မဟုတ်ဘူး။ ပဋိစ္စသမုပ္ပါဒ်ဟာ ဒီဘ၀နဲ့သာဆိုင်တယ်။ အတိတ်နဲ့လဲ မဆိုင်ဘူး၊ အနာဂတ်နဲ့လဲ မဆိုင်ဘူး။´ လို့ ဘုန်းကြီးတစ်ပါးက ဟောထားတယ်။

ဗမာဘုန်းကြီးတော့ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံက ဘုန်းကြီးတစ်ပါးပါ။ အဲဒီဘုန်းကြီးရဲ့ တပည့်တွေပေါ့။ သူတို့က ပဋိစ္စသမုပ္ပါဒ်ဟာ အတိတ်မပါဘူးလို့ ယူဆကြတယ်။ သို့သော် ပဋိစ္စသမုပ္ပါဒ်ဆိုတာဟာ သံသရာကို ရှင်းပြတာ ဖြစ်တာကြောင့် ပစ္စုပ္ပန်ဘ၀ တစ်ခုတည်းဆိုရင် သံသရာ မဖြစ်တော့ဘူး။ ပစ္စုပ္ပန်ဘ၀ တစ်ခုတည်းဆိုရင် အကြောင်းတရားလဲ ပြတ်နေတော့မှာပေါ့။ အဲဒါကြောင့်မို့လို့ ဘုန်ကြီးတို့ ထေရ၀ါဒ ယူဆချက်၊ ထေရ၀ါဒ တရားတော်တွေ အရဆိုလို့ရှိရင် စတုသင်္ခေပ- လေးပုံ ပုံပြီးတော့ ဟောထားတာ။ ပဋိစ္စသမုပ္ပါဒ်ဟာ အလွှာလေးထပ်၊ အပိုင်းလေးပိုင်း ရှိတယ်။ ပထမပိုင်းက အတိတ် အကြောင်းကို ဟောတယ်။

ဒုတိယပိုင်းက ပစ္စပ္ပန် အကျိုး တရားကို၊ တတိယပိုင်းက ပစ္စပ္ပန် အကြောင်းတရားကို၊ စတုတ္ထပိုင်းက အနာဂတ် အကျိုးတရားကို ဟောတယ်။ ဒီလိုအပိုင်း လေးပိုင်းနဲ့ သုံဘ၀ကိုရှင်းပြတဲ့၊ သံသရာကို ရှင်းပြတဲ့ ပဋိစ္စသမုပ္ပါဒ် ဒေသနာကို ( Interpretation) လုပ်ပြီးတော့ `ပဋိစ္စသမုပ္ပါဒ် ဒေသနာဟာ အတိတ်နဲ့လဲ မဆိုင်ဘူး၊ အနာဂတ်နဲ့ လဲမဆိုင်ဘူး၊ ပစ္စပ္ပန်သာလို့´ ဒီလိုဟောပြောမှုတွေဟာ အခုအချိန်ခါမှာ ပေါ်နေတယ်။ ဒီလိုပေါ်ရတာ ဘာကြောင့် ပေါ်လာရသတုံးဆိုတော့ ဗုဒ္ဓရဲ့ စာပေကျမ်းဂန်နဲ့ ပတ်သက်ပြီးတော့ ကျေကျညက်ညက် လေ့လာခြင်း မရှိလို့- လို့ ဒီလိုပြောရမယ်။ ကျကျနနသင်ဖို့၊ နားလည်အောင်လုပ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။

နောက်ပိုင်းမှာ ဒီလိုပြဿနာတွေ မြောက်မြားစွာ တက်လိမ့်မယ်။ အခုဆိုရင် ပိုဆိုးတယ်။ အင်တာနက်တွေ၊ ၀တ်ဘ်ဆိုက်တွေ ပေါ်လာတဲ့ အခါကျတော့ ဟိုလူကလဲ ဗုဒ္ဓဇင်းဆိုပြီးတော့ ကောက်တင်လိုက်၊ ဒီလူကလဲ ဗုဒ္ဓဇင်းဆိုပြီး ကောက်တင်လိုက်နဲ့။ ပြီးတော့ ဗုဒ္ဓဇင်း မဟုတ်ဘူး၊ ကိုယ့်ရဲ့အတွေးအခေါ်တွေချည်းပဲ။

ဒီဗုဒ္ဓဘာသာ ဗုဒ္ဓရဲ့ တရားတော်အစစ်ကို ကြည့်ချင်လို့ရှိရင် ထေရ၀ါဒ ပိဋကတ် မူရင်းပါဠိကိုလေ့လာ၊ မူရင်းကို လေ့လာနိုင်ရမယ်၊ လေ့လာဖို့ ကြိုစားရမယ်။ အဲဒါ မလေ့လာဘဲနဲ့ အပေါ်ယံစာတွေ ဖတ်ပြီတော့ ဗုဒ္ဓဇင်းလို့ ခေါင်းစဉ် တပ်ထားတဲ့ စာအုပ်တွေ ဖတ်ပြီဆိုရင်တော့ မိစ္ဆာဒိဋ္ဌိဖြစ်ဖို့ တော်တော်ကို များတယ်။

ဇူလိုင်လတုန်းက စင်ကာပူကို သွားပြီးတော့ အဘိဓမ္မာသင်တန်း ပို့ချတော့ ဒကာတစ်ယောက်က အင်တာနက်ကနေပြီး (DOWNLOAD) လုပ်ထားတဲ့ ဆောင်းပါးတစ်ခုကို လာပေးတယ်။ ပေးပြီး တော့ ဆရာတော်တဲ့ အဲဒီအမေး တပည့်တော်ကို ဖြေပေးပါတဲ့။ အဲဒီမှာ အင်တာနက်ထဲမှာ ဘုန်းကြီး တစ်ပါးက ဘာရေးထားသတုံးဆိုတော့ သုတ္တန်တွေကို ကိုးကားပြီးတော့ သူက သောတာပန် မဖြစ်ဘဲနဲ့ သကဒါဂါမ် ဖြစ်လို့ရတယ်တဲ့။ အနာဂါမ်လဲ ကျော်ဖြစ်လို့ရတယ်၊ ရဟန္တာလဲ ကျော်ဖြစ်လို့် ရတယ်တဲ့။ သောတာပန်ဖြစ်စရာ မလိုဘူးတဲ့၊ တစ်ခါထဲတန်းပြီး အနာဂါမ်ဖြစ်လို့ ရတယ်တဲ့။

ဘုရားတရားတော်ကို ဖားခုန်သလို ခုန်လို့ဘယ်လိုလုပ်ရမလဲ။ အဲဒါကို အကိုးအကားရှိရင် ဆရာတော် တပည့်တော်ကို အမိန့်ရှိပါတဲ့။ အဲဒါဖြစ်နိုင်-မဖြစ်နိုင် ဆိုပြီးတော့၊ အဲဒါ အင်တာနက် ထဲမှာ ရှိတယ်။ သူရည်ညွှန်းတဲ့ သုတ်တွေက ဥဂ္ဂသုတ်ကို ရည်ညွှန်းတယ်။ အဲဒီဥဂ္ဂသုတ်က ဒကာက သူပြောတာ သူဟာတဲ့ - သြရမ္ဘာဂိယ သံယောဇဉ် ၅-ပါးကို ပယ်ထားတဲ့ အနာဂါမ်ပုဂ္ဂိုလ်ပါလို့ ပြောတော့ သူ့ကိုသူ အနာဂါမ် တန်းဖြစ်တယ်လို့ သူက ယူဆတယ်။ မဟုတ်ဘူးလေ။

သူ့ ( POSITION) သူပြောတာ ဒါက။ဒေါက်တာဘွဲ့ရထားတဲ့ လူတစ်ယောက်က သူလေးတန်း အောင်ပါတယ်လို့ ဘယ်ပြောပါ့မလဲ။ အမြင့်ဆုံးဘွဲ့ပဲ ပြောမှာပေါ့ ။ အခုလဲ သူသောတာပန်ဖြစ်တာ ဘယ်ပြောပါ့မလဲ။ သကဒါဂါမ်ဖြစ်တာ ဘယ်ပြောပါ့မလဲ။ သူအခုရောက်နေတဲ့ အဆင့်ကို ပြောမှာ ပေါ့။ အဲဒါကို( INTERPRET ) လုပ်တဲ့သူက ဘယ်လို ပြောသလဲဆိုတော့။ သောတာပန်၊ သကဒါဂါမ် မဖြစ်ဘဲနဲ့ အနာဂါမ် ဖြစ်လို့ရတယ်ပေါ့ ဒီသုတ်ကို ကြည့်ဆိုပြီးတော့။ အဲဒီလို ပြဿနာမျိုးတွေ ဒီခေတ်မှာ တော်တော်များလာလိမ့်မယ်။

နောက်ပြဿနာတက်စရာ တစ်ခုရှိသေးတယ်။ သြကန္တသံယုတ်ထဲမှာ မြတ်စွာဘုရား ဟောထား တာက POSSIBLE-IMPOSSIBLE ကိုဟောတာ။ ဆိုပါစို့၊ သောတာပတ္တိမဂ်ကျပြီးရင် ဖိုလ်ဟာ DEFINITELY; SURELY။ သူက တစ်ခါတည်း လာမယ်ဆိုတာကို မြတ်စွာဘုရားက ဟောချင်တာ။ ဟောတဲအခါမှာ ဘယ်လိုဟောတုံးလို့ ဆိုလို့ရှိရင် သောတာပတ္တိ မဂ်စိတ်ကျပြီးတဲ့ နောက်မှာတဲ့ ဒီပုဂ္ဂိုလ်ဟာ ဒီကြားထဲ ဘယ်တော့မှ မသေနိုင်ဘူး။ သောတာပတ္တိဖိုလ်မကျဘဲ ဘယ်တော့မှ မသေဘူး ပြောတာ။ အဲဒီတော့ ဘယ်လိုတွေ တွေးတုံးဆိုလို့ရှိရင် ဒီမဂ်စိတ်ကျထားတာ ဟိုးလွန်ခဲ့တဲ့ လေးငါးနှစ်ကတဲက ကျထားတာ။ ဖိုလ်မကျ သေးဘူး။ နောင်လေးငါးဆယ်နှစ်ကြာမှ ဖိုလ်စိတ်ကျမယ် - လို့ ဒီလိုပြောတဲ့ပုဂ္ဂိုလ်က ရှိသေးတယ်။ အဲဒါကိုကြည့်။

မဂ်စိတ်နှင့် ဖိုလ်စိတ်ဆိုတာ ကပ်ပြီးတော့နေတာ။ ချက်ချင်းပဲ အကာလိကော- ဆိုတာ အဲဒါပြောတာ။ ခု မဂ်စိတ်ဖြစ်။ နောက်ကဖိုလ်စိတ် ကပ်ပြီးတော့ ဖြစ်သွားတာ။ ချက်ချင်း အကျိုးပေးတာကို အကာလိကော။ အချိန်မဆိုင်းဘူး၊ မဂ်စိတ်ပြီးတာနဲ့ ဖိုလ်စိတ်က အနန္တရသတ္တိနဲ့ ကျေးဇူးပြုတာ ကြားထဲမှာ ဘာမှမခြားဘူး။ သို့သော် မြန်မာပြည်မှာတောင် တစ်ခါကြားလိုက်သေး တယ်လေ။ သူ သောတာပတ္တိမဂ် ကျနေတာ ကြာပြီတဲ့။ ဖိုလ်မကျသေးလို့ ဆိုင်းနေတာတဲ့။ ဖိုလ်ဘယ်တော့မှ ကျမှာမဟုတ်ဘူး။ အဲဒါမျိုးတွေ။

အဲဒီတော့ အဘိဓမ္မာဟာ ကြိုးစားပြီးတော့ သင်ထိုက်ပါတယ်။ အဘိဓမ္မာ မတတ်ဘူးဆိုလို့ရှိရင် မှားမှားယွင်းယွင်းတွေ မြောက်မြားစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုထိုသုတ္တန် ပါဠိတော်တွေကို သာမန်ကာလျှံကာ အပေါ်ယံကြည့်ပြီးတော့ ဆိုလို့ရှိရင် မှားယွင်းတဲ့ အယူအဆတွေ၊ မှားယွင်းတဲ့ ဘာသာပြန်ဆိုမှုတွေ ဒါမျိုးတွေဟာ သာသနာတော်နောက်ပိုင်းမှာ အန္တရာယ်ကြီးစွာ ဖြစ်ပေါ် လာနိုင်တဲ့ အနေအထားတွေ ရှိပါတယ်။

ဒါ့ကြောင့်မိုလို့ အခုဒီိလို အဘိဓမ္မာမဟာသိပ္ပံ ဖွင့်ပြီးတော့ ဒီအဘိဓမ္မာ တရားတော်ကို မူရင်းကျမ်းကြီးတွေကို ဒီလို လေ့လာရတယ်ဆိုတာ အင်မတန်မှကောင်းတဲ့ အခွင့်အရေးကြီး တစ်ခု၊ တခြားနိုင်ငံတွေတောင်မှ မရနိုင်တဲ့ အခွင့်အရေး ကြီးတစ်ခု၊ အခုမြန်မာပြည်မှာ ပေါ်လာတယ် ဆိုတာ အလွန့်အလွန်ကို ၀မ်းသာစရာကောင်းတဲ့ အချက်တစ်ခုပါ။

သာသနာအဓွန့်ရှည်ဖို့အတွက် လူတိုင်းဟာ အသိဥာဏ်ရှိဖို့ အင်မတန်မှ အရေးကြီးပါတယ်။ မြတ်စွာဘုရားဟောထားတဲ့ တရားတော်တွေနဲ့ ပတ်သက်ပြီး မိမိတို့ လက်လှမ်းမမီသေးလို့ရှိရင် သိတဲ့ပုဂ္ဂိုလ်ကို မေးဖို့လိုတယ်။ လေ့လာဖို့၊ ဆွေးနွေးဖို့ လိုသေးတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ကိုယ်ထင်ရာ စွတ်လိုက် လို့ရှိရင်တော့ မိစ္ဆာဒိဋ္ဌိ ဖြစ်ဖို့ရာ အင်မတန်မှနီးတယ်။

အထက်ပါ ဆရာတော်၏ ဟောထားချက်များကို စာရေးသူ ထောက်ခံရေးသား လိုပါသေးသည်။ ဆရာတော်၏ ဟောထားချက်များတွင် အဓိက အချက်များမှာ။
(၁) ပဋိစ္စသမုပ္ပါဒ်ကို မှားယွင်းဖွင့်ဆိုမှု၊
(၂)အင်တာနက်တွင် မိမိ၏ ၀ါဒများကို ဗုဒ္ဓ၀ါဒဟု အမည်တတ်ကာ ရေသားမှု၊
(၃) မဂ်ဉာဏ် ဖိုလ်ဉာဏ်များ ခုန်ကျော်၍ဖြစ်မှု၊
(၄) မဂ်စိတ်ဖြစ်ပြီး ကာလကြာမှ ဖိုလ်စိတ်ဖြစ်မှုတို့ ဖြစ်ပါသည်။

၁။ ပဋိစ္စသမုပ္ပါဒ်ကို မှားယွင်းစွာဖွင့်ဆိုမှု။

ပဋိစ္စသမုပ္ပါဒ်ကို တစ်ဘ၀ထဲနှင့်သာ ဆိုင်သော ဒေသနာအဖြစ် ယူဆကြသည်မှာ ယခုခေတ်တွင်မှ မဟုတ်ပါ။ အနောက်တိုင်းသားများ ပါဠိဘာသာကို ရှေးဟောင်းစာပေတစ်ခု အဖြစ်လေ့လာကြကာ ဗုဒ္ဓအကြောင်း၊ ဗုဒ္ဓ၀ါဒအကြောင်းများကို မိမိတို့ ထင်ရာမြင်ရာ အလျင်စလို ကောက်ချက်ဆွဲ ရေးသားကြရာမှ စတင် ဖြစ်ပေါ်ခဲ့သော အယူအဆ ဖြစ်၏။ ဦးအေးမောင်၏ `ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ´ စာအုပ်တွင် ဤသို့ပြဆိုထား၏။

…… `` ယခုခေတ် အိန္ဒိယပညာရှင်တစ်ဦးကမူ ပဋိစ္စသမုပ္ပါဒ်သည် လူ့ဘ၀ခရီး၌ ကြုံတွေ့ရသော အဖြစ်အပျက်များကို ဖော်ညွန်းသည် ဆို၏။ သူ၏အလိုအားဖြင့် အ၀ိဇ္ဇာသည် မျက်မှောက်ဘ၀အစ၌ လူ၏မသိမှုဖြစ်၍ ၀ိညာဏသည် ပဋိသန္ဓေ၀ိညာဏ်မဟုတ်ဘဲ ဝေဒနာစေတသိက်နှင့် ဆိုင်သော အာရုံကိုသိမှု ဖြစ်၏။ `(P.D. MEHTA; EARLY INDIAN RELIGIOUS THOUGHT) ကို ညွှန်းသည်။

``အချို့ကမှု ပဋိစ္စသမုပ္ပါဒ်ကို လူသတ္တ၀ါ၏ မူလအစကို ပြသော တရားဖြစ်အောင် အဓိပ္ပာယ် ဖွင့်ဆိုလိုကြ၏။ ဥပမာ-ပညာရှင်တစ်ဦးက အ၀ိဇ္ဇာသည် အမိဝမ်းတွင်း၌ သန္ဓေသား၏ ဘာမျှ မသိသေးသော ဘ၀ကို ပြသည်။ လူသည် မွေးဖွား၍ ပတ်ဝန်းကျင်၏ ပြုပြင်စီရင်မှု (သင်္ခါရ) ဖြစ်ပေါ်လာသည်´ ဟုပြန်ဆိုခဲ့၏။ (H,KERN: MANUAL 0F BUDDHISM) ကိုညွှန်းသည်`` (ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ၊ စာ-၁၄၅-၆)

အထက်ပါယူဆချက်များသည် ဗုဒ္ဓ၀ါဒီတို့၏ ယူဆချက်များနှင့် မတူကြောင်း ၄င်းဆရာကိုတိုင် ဆက်လက် ပြဆိုထားသည်မှာ -
`ဤသို့ အချိုသော အနောက်တိုင်း ပညာရှင်တို့သည် ပဋိစ္စသမုပ္ပါဒ်တရား၌ လူသတ္တ၀ါ၏ တစ်ဘ၀တည်း ဖြစ်စဉ်ကို ရှုမြင်ကြစေကာမူ ထေရ၀ါဒနှင့် အခြားဗုဒ္ဓ၀ါဒ ဂိုဏ်းအားလုံးသည် ဘ၀သံသရာ ကျင်လည်မှုကိုပြသော တရားအဖြစ်ဖြင့် သိမြင်နားလည်ကြ၏။ `(၄င်း၊ စာ-၁၄၆)
ထိုသို့ သိမြင်နားလည်ကြသူများတွင် ဗုဒ္ဒနှင့် ဗုဒ္ဓ၀ါဒအကြောင်း ရေးသားထားသော ကျမ်းဆရာပါ ပါသလော ဟူငြားအံ့၊ သူ၏ မှတ်ချက်ကို ဆက်ကြည့်ပါ။

`သို့ရာတွင် အကယ်၍ ပဋိစ္စသမုပ္ပါဒ်သည် လူသတ္တ၀ါတို့ ဘ၀သံသရာ ကျင်လည်ပုံကို ရှင်းပြသော တရားဖြစ်ပါက ထိုတရားနှင့်စပ်လျဉ်း၍ စဉ်စားဖွယ်များရှိ၏။ ဥပမာ-အဘယ်ကြောင့် အလယ် ဘ၀ထဲသို့ ဘ၀၊ ဇာတိ၊ ဇရာ၊ မရဏတို့ကို မထည်သွင်းပါသနည်း။ အ၀ိဇ္ဇာနှင့် သင်္ခါရကို အဘယ်ကြောင့် ရှေးဘ၀၌သာ ဖော်ပြ၍ အလယ်ဘ၀တွင် မပြဆိုပါသနည်း။ နာမရူပ၊ သဠာယသန စသည် တို့ကို အဘယ်ကြောင့် အလယ်ဘ၀၌သာ ပြထားပါသနည်း။ တဏှာ၊ ဥပါဒါန်နှင့် ဆင်းရဲ ဒုက္ခသည် အမြဲ ဒွန်တွဲနေသော တရားများဖြစ်လျက် အဘယ်ကြောင့် ဥပါဒါန်၏နောက်၌ ဒုက္ခသည် ကပ်၍ လိုက်မလာဘဲ ဘ၀နှင့် ဇာတိကို ပြထားပါသနည်း-စသည်ဖြင့် စဉ်စားဖွယ်ရာများရှိ၏။

`ဤသို့ ဗုဒ္ဓ၀ါဒီတို့ သိရှိနားလယ်သော ပဋိစ္စသမုပ္ပါဒ်သည် ရှေ့နောက်မညီ ညွှတ်သော အချက်များ ပါရှိသောကြောင့် အချို့သော အနောက်တိုင်း ပညာရှင်တို့က ဗုဒ္ဓဃောသဆရာ၏ ဖွင့်ဆိုရေးသား ချက်ကို မကျေနပ်ဘဲ အမျိုးမျိုး အဓိပ္ပါယ်ပြဆိုနေကြခြင်း ဖြစ်၏။
`စင်စစ် ထိုပဋိစ္စသမုပ္ပါဒ်သည် ဗုဒ္ဓဟောသော မူလပထမတရား ဖြစ်ပါ၏လောဟု သံသယ ဖြစ်ဖွယ်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ပါဠိပိဋကတ်စာပေ၌ အင်္ဂါ ၁၂-ပါးနှင့် မပြည့်စုံသော ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်တော်များများကို ကျွန်ုပ်တို့ တွေ့ရပေသည်။´(၄င်း၊ စာ-၁၄၇-၇)

ဤသို့လျှင် မိမိကိုယ်တိုင်လည်း ကျမ်းကြည့်ထက် ကျမ်းညှိခက်ဆိုသလို ကျမ်းပေါင်းများစွာကြည့်နိုင် ကိုးကားနိုင်သည်ကို ဂုဏ်ယူပြီး ညှိနှိုင်း ဆင်ခြင်နိုင်သော ဥာဏ်စွမ်း မရှိသောကြောင့် လည်းကောင်း၊ ကျမ်းအတက်ကျော် ဆရာတော်များကို ဆည်းကပ်နည်းယူ လောက်အောင်လည်း မယဉ်ကျေးသောကြောင့်လည်းကောင်း၊ မိမိ၏ ထင်ရာစိုင်းတတ်သော ဉာဉ်ကိုပင် ဆရာစွဲကင်းခြင်း- ၀ါဒစွဲကင်းခြင်းဟု ယူဆနေသောကြောင့်လည်းကောင်း၊ ၄င်းပုဂ္ဂိုလ်မျိုးကိုပင် စာဖတ်အားနည်းသူ တစ်စုက နတ်ရူးကို ဗုံနဲ့မြှောက်သကဲ့သို့ ချီးမြှောက်အားပေးကြသောကြောင့်လည်းကောင်း၊ အထက်ပါ အယူအဆများ ဗုဒ္ဓ၀ါဒီတို့အကြားတွင် တွေ့မြင်ကြရခြင်းဖြစ်၏။

၂။ အင်တာနက်တွင် မိမိ၏၀ါဒများကို ဗုဒ္ဓ၀ါဒဟု အမည်တပ်ကာ ရေးသားမှု

တည်းဖြတ်သူ မရှိသော အင်တာနက်တွင် မိမိဝါဒကို ဗုဒ္ဓ၀ါဒဟု ရေးချင်ရာရေးခြင်းမှာ အံ့သြစရာ မရှိပါ။

၃။ မဂ်ဥာဏ် ဖိုလ်ဥာဏ်များ ခုန်ကျော်၍ ဖြစ်မှု

ဆရာတော်ပြောသည့် ဥဂ္ဂသုတ်ကို လို့က်ရှာသည့်အခါ အဂုင်္တ္ထိုရ် အဋ္ဌကနိပါတ်တွင် ပထမဥဂ္ဂသုတ်၊ ဒုတိယဥဂ္ဂသုတ်ဟု နှစ်သုတ်တွေ့ရ၏။ ပထမသုတ်သည် ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်နှင့် ပတ်သက်၍၏။ ဒုတိယသုတ်သည် ၀ဇ္ဇီတိုင်း ဟတ္ထိရွာသား ဥဂ္ဂသူကြွယ်နှင့် သက်ဆိုင်၏။ နှစ်သုတ် စလုံး သဘောသွား တူသဖြင့် ပထမသုတ်ကိုသာဖော်ပြပါမည်။

ဘုရားရှင်က ဥဂ္ဂသူကြွယ်တွင် အံ့သြဖွယ် ရှစ်မျိုးရှိကြောင်း ဟောတော်မူသောအခါ ရဟန်း တစ်ပါးသည် ဥဂ္ဂသူကြွယ်အား ထိုအကြောင်းနှင့် ပတ်သက်၍ သွားရောက်မေးမြန်း၏။ ဥဂ္ဂသူကြွယ် လျှောက်ထားသော အံ့ဖွယ်ရှစ်ရပ်မှာ အောက်ပါအတိုင်းဖြစ်၏။

၁။ `အရှင်ဘုရား၊ အကျွန်ုပ်သည် အကြင်အခါ၌ မြတ် စွာဘုရားကို ရှေးဦးစွာ အဝေးမှလျှင်မြင်ရ၏။ အရှင်ဘုရား၊ မြင်သည်နှင့်တစ်ပြိုင်နက်သာလျှင် အကျွန်နုပ်၏စိတ်သည် မြတ်စွာဘုရားအား ကြည်ညိုပါ၏။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့သြဖွယ်ဖြစ်သော မဖြစ်ဘူးမြဲဖြစ်သော ဤပထမ သဘောသည် ရှိပါ၏။

၂။ `အရှင်ဘုရား၊ ထိုအကျွန်ုပ်သည် ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ မြတ်စွာဘုရားသို့ ဆည်းကပ်ပါ၏။ ထိုအကျွန်ုပ်အား မြတ်စွာဘုရားသည် အစဉ်အတိုင်းသော တရားစကားကို ဟောတော်မူ၏။ ဤသည်ကား အဘယ်နည်း၊ ဒါနနှင့်စပ်သော စကားကိုလည်းကောင်း၊ (ပ) (ကာမဂုဏ်တို့မှ) ထွက်မြောက်ခြင်း၌ အကျိုးကိုလည်းကောင်းပြတော်မူ၏။ (ပ) `အရှင်းဘုရား၊ ထိုတပည့်တော်သည် တရားကို မြင်ပြီးသည်၊ တရားသို့ရောက်ပြီးသည်၊ တရားကို သိပြီးသည်ဖြစ်၍ တရားသို့ သက်ဝင်ပြီးသည် ယုံမှားခြင်းကို ကူးမြောက်ပြီးသည်၊ သို့လောသို့လော တွေးတောခြင်း ကင်းပြီးသည်ဖြစ်၍ မြတ်စွာဘုရားသာသနာသော်၌ ရဲရင့်ခြင်းသို့ ရောက်ပြီးသည်၊ ဘုရားမှတစ်ပါး ကိုးစားထိုက်သူ မရှိသည်ဖြစ်၍ ထိုနေရာ၌ပင်လျှင် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကို လည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း၊ ကိုးကွယ်ရာဟူ၍ ဆည်ကပ်ပါပြီ၊ ဗြဟ္မစရိယ သိက္ခာပုဒ်လျှင် ငါးခုမြောက်ရှိသော သိက္ခာပုဒ်တို့ကို ဆောက်တည်ပါပြီ၊ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤဒုတိယ သဘောသည် ရှိပါ၏။

၃။`အရှင်ဘုရား၊ ထိုအကျွန်ုပ်အား ကုမာရီရွယ် (နုနယ်ပျိုမျစ်ကုန်သော) မယားလေးယောက် တို့သည် ရှိပါကုန်၏။ အရှင်ဘုရား၊ ထိုအခါ အကျွန်ုပ်သည် ထိုမယားတို့ထံသို့ ချဉ်းကပ်၍ ထိုမယား တို့ကို `နှမတို့၊ ငါသည်ကား ဗြဟ္မစရိယ သိက္ခာပုဒ်လျှင် ငါးခုမြောက်ရှိသော သိက္ခာပုဒ်တို့ကို ကောင်းစွာ ဆောက်တည်အပ်ကုန်၏၊ အလိုရှိသော နှစ်မသည် ဤအိမ်၌ပင်လျှင် စည်းစိမ်ဥစ္စာတို့ကို သုံးဆောင် ခံစားလော့၊ ယောက်ျားတစ်ပါးကို အလိုရှိသည်ဖြစ်မှု အဘယ်ယောက်ျားအား သင်တို့ကို ပေးရအံ့နည်း´ ဟု ဤ စကားကိုဆို၏။

`အရှင်ဘုရား၊ ဤသို့ဆိုသော် မယားကြီးသည် အကျွန်ုပ်ကို `အရှင်၊ ဤမည်သော ယောက်ျားအား အကျွန်ုပ်ကို ပေးပါလော့´ဟု ဆိုဟု၏။ အရှင်ဘုရား၊ ထိုအခါ အကျွန်ုပ်သည် ထိုယောက်ျားကို ခေါ်စေပြီး၍ လက်ဝဲလက်ဖြင့် မယားကို ကိုင်၍ လက်ျာလက်ဖြင့် ရေခရားကို ကိုင်ပြီးလျှင် ထိုယောက်ျားအား စွန့်ပါ၏။ `အရှင်ဘုရား၊ အကျွနုပ်သည် ကုမာရီရွယ် (နုနယ်ပျိုမျစ်သော) မယားကိုစွန့်သည်ရှိသော် စိတ်ဖောက်ပြန်ခြင်းကို မသိပါ။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်  ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤတတိယ သဘောသည် ရှိပါ၏။

၎။ `အရှင်ဘုရား၊ အကျွန်ုပ်၏ အမျိုးအိမ်၌ ရှိကုန်သော စည်းစိမ်ဥစ္စာတို့ကိုလည်း ကောင်းသော သဘောရှိကုန်သော သီလ၀န္တပုဂ္ဂိုလ်တို့နှင့် မခွဲခြားအပ်ကုန်။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤစတုတ္ထ သဘောသည် ရှိပါ၏။

၅။ `အရှင်ဘုရား၊ အကျွန်ုပ်သည် ရဟန်းတို့ကို ဆည်းကပ်ခဲ့မူ ရိုသေစွာသာလျှင် ဆည်းကပ်ပါ၏၊ မရိုမသေ မဆည်းကပ်ပါ။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤပဉ္စမ သဘောသည် ရှိပါ၏။

၆။ `အရှင်ဘုရား၊ ထိုအရှင်သည် အကျွန်ုပ်အား တရားဟောခဲ့ပါမူ ရိုသေစွာသာလျှင် တရားနာ၏၊ မရိုမသေ မနာပါ။ အကျွန်ုပ်အား ထိုအရှင်သည် တရားမဟောခဲ့ပါမူ အကျွန်ုပ်သည် ထိုအရှင်အား တရာဟောပါ၏။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤဆဋ္ဌ သဘောသည် ရှိပါ၏။

၇။ အရှင်ဘုရား၊ အကျွန်ုပ်အား နတ်တို့ချဉ်းကပ်၍ `သူကြွယ်၊ မြတ်စွားဘုရားသည် တရားကို ကောင်းစွာ ဟောတော်မှု၏´ ဟု ပြောကြားကုန်၏။ အရှင်ဘုရား။ ဤသို့ ပြောကြားသည်ရှိသော် `သင်နတ်တို့က ဤသို့ ပြောကုန်သည်ဖြစ်စေ၊ မပြောကုန်သည်ဖြစ်စေ၊ စင်စစ်သော်ကား မြတ်စွာ ဘုရားသည် တရားကို ကောင်းစွာ ဟောတော်မှု၏ ´ဟု ထိုနတ်တို့ကို အကျွန်ုပ် ဤသို့ ပြောဆိုပါ၏။ ဤသို့ ဆိုခြင်းသည် အံ့ဖွယ် မဟုတ်ပါ။ `အရှင်ဘုရား၊ ငါ့ထံသို့ နတ်တို့ချဉ်းကပ်ကုန်၏၊ ငါသည်လည်း နတ်တို့နှင့် အတူတကွ စကားပြောဆိုရ၏ဟု နတ်တို့ ချဉ်းကပ်လာခြင်း၊ နတ်တို့နှင့် အတူတကွ စကားပြောရခြင်း ဟူသောအကြောင်းကြောင့် စိတ်၏ တက်ကြွမှုကို မသိစဘူးပါ။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသတ္တမ သဘောသည် ရှိပါ၏။

၈။`အရှင်ဘုရား၊ အကျွန်ုပ်သည် မြတ်စွာဘုရား ဟောတော်မှုအပ်သော အောက်ပိုင်း သံယောဇဉ် ငါးမျိုးတို့တွင် မိမိ၌ မပယ်အပ်သေးသော တစ်စုံတစ်ခုသော သံယောဇဉ်ကိုမျှ မတွေ့မြင်ပါ။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤအဋ္ဌမ သဘောသည် ရှိပါ၏။ အရှင်ဘုရား၊ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသဘောရှစ်မျိုးတို့ ရှိပါကုန်၏။´´

အထက်ပါသုတ်သည် သောတာပန် သကဒါဂါမ် မဖြစ်ဘဲ အနာဂါမ် တန်းဖြစ်နိုင်သည်ဟူသော အဓိပ္ပါယ် လုံးဝ မသက်ရောက်ပါ။ အလားတူ အယူအဆမျိုးကို ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ ကျမ်းတွင်လည်း တွေ့ရ၏။ `ရသေ့တစ်ထောင်သည် အာဒိတ္တပရိယာယ- သုတ်ကို ကြားနာပြီးလျှင် အားလုံးရဟန္တာ ဖြစ်ကြသည်ဆို၏။ ထိုအခါ ပထမ မဂ်သုံးပါး ရှိသေးဟန်မတူချေ။ နောက်ကာလ၌ကား လူသတ္တ၀ါတို့ တစ်ဦးနှင့် တစ်ဦး ၀ီရိယကွာခြားမှုကို အကြောင်းပြု၍ အရိယာပုဂ္ဂိုလ် အမျိုးအစားခွဲခြားမှု ဖြစ်ပေါ်လာခဲ့တန်ရာ၏။ (ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ၊ စာ-၂၇၈)

၎။ မဂ်စိတ်ဖြစ်ပြီးကာလကြာမှ ဖိုလ်စိတ်ဖြစ်မှု

ဆရာတော်ညွန်းသော သြက္ကန္တသံယုတ်တွင် အောက်ပါအတိုင်း တွေ့ရ၏။
`ရဟန်းတို့၊ မျက်စိသည် မမြဲ၊ ဖောက်ပြန်တတ်၏၊ တစ်မျိုးတစ်ဖုံ ဖောက်ပြန်တတ်၏၊။ (ပ) ကိုယ်သည် မမြဲ၊ ဖောက်ပြန်တက်၏၊ တစ်မျိုးတစ်ဖုံ ဖောက်ပြန်တက်၏။ `ရဟန်းတို့၊ ဤတရားတို့ကို ဤသို့ ယုံကြည် သက်ဝင်သူကို သဒ္ဓါသို့ အစဉ်လျှောက်၍ မဖောက်ပြန်သည်၏ အဖြစ်ဖြင့် မြဲခြင်းသို့ သက်ဝင်သူ၊ သူတော်ကောင်းတို့ ဖြစ်ရာဘုံသို့် သက်ဝင်သူ၊ ပုထုဇဉ်တို့ ဖြစ်ရာဘုံကို လွန်မြောက်သူ၊ ငရဲ တိရစ္ဆာန်မျိုး ပြိတ္တာဘုံတို့၌ ဖြစ်ရမည်ကံကို ပြုခြင်းငှာ မထိုက်သူ၊ သောတာပတ္တိဖိုလ်ကို မျက်မှောက်မပြုရဘဲ သေခြင်းငှာလည်း မထိုက်သူဟု ဆိုအပ်၏။

ယင်းသုတ်အဋ္ဌကထာတွင် `အဘဗ္ဗော စ တာဝ ကာလံ ကာတုန္တိ ဣမိနာ ဥပ္ပန္နေ မဂ္ဂ ဖလဿ အနန္တရာယတံ ဒီပေတိ´ `သောတာပတ္တိဖိုလ်ကို မျက်မောက်မပြုဘဲ သေခြင်းငှာမထိုက် ဟူသော စကားရပ်ဖြင့် မဂ်စိတ်ဖြစ်ပြီးသည်ရှိသော် ဖိုလ်စိတ်၏ အန္တရာယ် မရှိသည်၏ အဖြစ်ကို ပြ၏´ ဟု ဖွင့်ထား၏။ မှန်၏။ `စတ္တာရော ပန မဂ္ဂုပ္ပါဒါ ဧကစိတ္တက္ခဏိကာ´ ဟူသည်အတိုင်း မဂ်စိတ်တို့ မည်သည် စိတ္တက္ခဏတစ်ချက်သာ ကြာ၏။ ၄င်းနောက် ဖိုလ်စိတ် တန်းဖြစ်၏။ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်းတွင်ပင် စိတ္တက္ခဏပေါင်း ကုဋေတစ်သိန်းမက ဖြစ်ပျက်နိုင်သည်ဟုဆိုရာ မဂ်စိတ်ဖြစ်ပြီးနောက် ဖိုလ်စိတ်မဖြစ်ခင် အချိန်ကလေးတွင် ထိုပုဂ္ဂိုလ်ကို မည်သူသေအောင် သတ်နိုင်အံ့နည်း။


အရှင်ကောဝိဒ (ယော)

Saturday, December 27, 2014

ဘုရားအလောင်း ငရဲ ကျသည်မှာ အဘယ်ကြောင့်နည်း


ဘုရားအလောင်း ငရဲ ကျသည်မှာ အဘယ်ကြောင့်နည်း
( ပုထုဇဉ်များ မိမိဝစီကံကို ဆင်ခြင်ဖွယ်)


နိယတဗျာဒိတ်ရပြီးတဲ့ ဘုရားအလောင်းသည် အဝီစိငရဲနှင့် လောကန္တရိက်ငရဲတို့၌ မဖြစ်တော့ စေကာမူ သာမာန်ငရဲတို့၌မူ ဖြစ်တတ်, ကျတတ်ပါတယ်။ ကိလေသာ မကင်းသေး၍ မကောင်းမှုတွေ ပြုမိသောကြောင့် သာမာန် ငရဲကျရပါတယ်။ ဘုရားအလောင်းရဲ့ ငရဲ၌ ဆင်းရဲခံစားခဲ့ရတဲ့ ဝတ္ထုဇာတ်လမ်း များစွာ ရှိပါတယ်။

ကဿပဘုရားရှင်ကို ဘုရားအလောင်း ဇောတိပါလလုလင်က “ဦးပြည်းရဟန်းအား အဘယ်မှာ သဗ္ဗညုတ ဉာဏ်ကို ရပါ့မလဲ? သဗ္ဗညုတဉာဏ်ဆိုတာ အလွန်ရခဲတဲ့ တရားဖြစ်တယ်”လို့ နှိမ့်ချပြောဆိုခဲ့တဲ့မကောင်းမှုကံကြောင့် အရာမက ဘဝများစွာ ငရဲဆင်းရဲအစရှိသည်တို့ကို ခံစားခဲ့ရကြောင်း အပဒါန်ပါဠိတော်, ယင်းအဋ္ဌကထာ(ခု၊ ၃၊ ၃၄၉။ အပဒါန်၊ ဋ္ဌ၊ ၁၊ ၁၂၈)တို့၌ လည်းကောင်း,

လွန်လေပြီးတဲ့ ဘဝတစ်ခု၌ ဘုရားအလောင်းတော်ဟာ သေသောက်ကြူးဖြစ်၍ သဗ္ဗာဘိဘူ ဘုရားရှင်ရဲ့ တပည့် နန္ဒအမည်ရှိတဲ့ တပည့်ရဟန်းတော်အား “ဤရဟန်းသည် သီလမရှိ, ယုတ်မာတဲ့အကျင့်ရှိတယ်" စသည် ဖြင့် စွပ်စွဲ ပြော ဆိုမိတဲ့ အကုသိုလ်ကံကြောင့် အနှစ် တစ်သောင်းတို့ပတ်လုံး ငရဲ၌ ခံရကြောင်း အပဒါန်ပါဠိတော် (ခု၊ ၃၊ အပဒါန၊ ၃၄၇)၌ လည်းကောင်း,


အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ မုနာဠိအမည်ရှိ အရက်သမားဖြစ်၍ သုရဘိ အမည်ရှိတော်မူတဲ့ ပစ္စေကဗုဒ္ဓါအား “ဤရဟန်းသည် ဒုဿီလဘဲ၊ ယုတ်မာတဲ့အကျင့်ရှိတယ်" လို့ ဆဲရေးမိတဲ့ အကုသိုလ်ဝစီကံကြောင့် များစွာသော နှစ်အထောင်တို့ပတ်လုံး ငရဲ၌ ခံစားခဲ့ရကြောင်း အပဒါန်ပါဠိတော် (၁၊ ၃၄၇), အပဒါန်အဋ္ဌကထာ (၁၊ ၁၃၃) တို့၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ ပုဏ္ဏားမျိုး၌ဖြစ်၍ ရသေ့ပြုလုပ်ကာ တပည့်များကို မန္တန်ပို့ချနေစဉ် အဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးနှင့်ပြည့်စုံတဲ့ ရသေ့တစ်ပါးအပေါ်မှာ မနာလို ဣဿာပွါးလျက် “ဤရသေ့သည် ကာမဂုဏ်ခံစားနေသူဘဲ" ဟု စွပ်စွဲပြောဆိုမိတဲ့ အကုသိုလ်ကံအကျိုးအားဖြင့် အနှစ်တစ်ထောင်တို့ပတ်လုံး ငရဲ၌ ခံစားခဲ့ရ ကြောင်း အပဒါန်ပါဠိတော် (၁၊ ၃၄၇-၃၄၈)နှင့် အပဒါန်အဋ္ဌကထာ (၁၊ ၁၃၄)တို့၌လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ ဘတူမိကွဲ ညီငယ်ကို ကျောက်ဖြင့် ထုသတ်ခဲ့တဲ့ မကောင်းမှု အကျိုးအားဖြင့် ငရဲစသည်တို့၌ အထောင်မကသောနှစ်တို့ပတ်လုံး ဆင်းရဲ ခံစားခဲ့ရကြောင်း အပဒါန်ပါဠိတော် (၁၊ ၃၄၈) နှင့် အပဒါန်အဋ္ဌကထာ (၁၊ ၁၃၅)တို့၌လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ မထင်ရှားတဲ့ အမျိုး၌ ဖြစ်၍ ငယ်ရွယ်စဉ်က လမ်းမပေါ်ဝယ် ကစားနေတုန်း ဆွမ်းခံကြွလာတဲ့ ပစ္စေကဗုဒ္ဓါကို မြင်၍ “ဤဦးပြည်းရဟန်းက အဘယ်သို့ သွားမည်နည်း?” လို့ ပြောဆိုကာ ကျောက်စရစ်ခဲဖြင့် ပစ္စေကဗုဒ္ဓါအရှင်မြတ်ရဲ့ ခြေဖမိုး၌ ပစ်ခဲ့တယ်၊ ခြေဖမိုးအရေ ဖြတ်ခွဲ၍ သွေးထွက်ခဲ့တယ်၊ ထိုမကောင်းမှုကြောင့် အထောင်မက များစွာသောနှစ်တို့ပတ်လုံး ငရဲ၌ ကြီးစွာဒုက္ခ ခံစားခဲ့ရကြောင်း အပဒါန်အဋ္ဌကထာ (၁၊ ၁၃၆-၁၃၇)၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ ဆင်ထိန်းဖြစ်စဉ် ဆင်စီးလျက် လာသောအခါ ခရီးလမ်းမ၌ ပစ္စေကဗုဒ္ဓြွါကို တွေ့မြင်၍ “ဤဦးပြည်းကား အဘယ်မှ လာသနည်း?”လို့ ထိပါးလိုစိတ် ရှိသည်ဖြစ်၍ ဆင်ဖြင့် ထိပါးခဲ့တဲ့ မကောင်းမှုကြောင့် အပါယ်တို့၌ အထောင်မကသော နှစ်တို့ ပတ်လုံး ဆင်းရဲခံစားခဲ့ရကြောင်း အပဒါန်အဋ္ဌကထာ (၁၊ ၁၃၇)၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ ပစ္စန္တရစ်မင်းဖြစ်၍ သူယုတ်မာတို့နှင့် ပေါင်းဖော်မိ သဖြင့် တစ်နေ့မှာ သန်လျက်လက်စွဲလျက် မြို့တွင်း၌လှည့်လည်ကာ အပြစ်မဲ့သူတွေကို သံလျက်ဖြင့် သတ်ခဲ့တယ်၊ ထိုမကောင်းမှု အကျိုးအားဖြင့် ထောင်ပေါင်းများစွာသောနှစ်တို့ပတ်လုံး ငရဲ၌ ကျက်ခဲ့ရကြောင်း အပဒါန်ပါဠိတော် (၁၊ ၃၄၉)နှင့် အပဒါန် အဋ္ဌကထာ (၁၊ ၁၃၈)တို့၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ တံငါမျိုး၌ ဖြစ်၍ တစ်နေ့မှာ အခြားတံငါသည်တွေနှင့် အတူ ငါးများသတ်ဖြတ်ရာဌာနသွားရာ ငါးတွေ သတ်နေတာကို မြင်တဲ့အခါ ဝမ်းမြောက်ခြင်း ဖြစ်မိတယ်၊ ထိုအကုသိုလ်ကံ ကြောင့် အပါယ်လေးဘုံ၌ ဆင်းရဲခံစားခဲ့ရကြောင်း အပဒါန်အဋ္ဌကထာ (၁၊ ၁၃၈-၁၃၉)၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ မထင်ရှားတဲ့ အမျိုး၌ဖြစ်၍ မိုက်မဲသည့်အလျောက် ဖုဿဘုရားရှင်ရဲ့ တပည့်ရဟန်းတော်များ, ကောင်းမြတ်တဲ့ ဆွမ်း, အဖျော်, သလေးဘောဇဉ် စသည်များကို ဘုဉ်း ပေးနေသည်တို့ကို မြင်ရလျှင် “ဟယ် ဦးပြည်းရဟန်းတို့ မယောကြမ်းကို စားကြကုန်လော့, သလေးဘောဇဉ်ကို မစားကြနဲ့" လို့ ဆဲရေးမိခဲ့တယ်၊ ထိုအကုသိုလ်ကံကြောင့် အထောင်မက များစွာသောနှစ်တို့ပတ်လုံး အပါယ်လေးပါး၌ ဆင်းရဲခံစားရကြောင်း အပဒါန် အဋ္ဌကထာ (၁၊ ၁၃၉)၌ လည်းကောင်း လာရှိပါတယ်။

အဲဒီ အပဒါန်ပါဠိတော် ပုဗ္ဗကမ္မပိလောတိကဗုဒ္ဓအပဒါန်, အဋ္ဌကထာ ဗုဒ္ဓအပဒါန်အဖွင့်တို့၌ လာရှိ သောကြောင့် နိယတဗျာဒိတ်ရ ဘုရားအလောင်းပင် ငရဲကျကြောင်းကို သိရပါတယ်။ ပုထုဇဉ် သာမာန်ဖြစ်သော မိမိတို့မှာမူ ငရဲ၌ ဘယ်နှစ်ခါ ကျခဲ့ဘူးတယ်-ဆိုတာ ပြောဖို့ မလွယ်ပါ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ

Friday, December 26, 2014

အရိယူပဝါဒ အန္တရာယ်


အရိယူပဝါဒ အန္တရာယ်

ဗဟုသုတအနေနဲ့ပြောပြချင်ပါတယ်အရိယာပုဂ္ဂိုလ်မှန်းသိသည် ဖြစ်စေ မသိသည်ဖြစ်စေ ယုတ်မာ သော စိတ်ထားဖြင့်စွပ်စွဲ ကဲ့ရဲ့ခြင်း ကိုခေါ်ပါတယ်။

ခုအခြေအနေဟာရဟန်းတွေကို ဘာသာခြားတွေတင်မကဗုဒ္ဓ ဘာသာ ဝင်တွေ ကိုယ်တိုင်ပုတ်ခတ် စော်ကားပြောနေကြပါတယ်။ ဘာသာခြားတွေကိုတော့ မပြောလိုတော့ပါဘူး ဗုဒ္ဓဘာသာဝင်တွေ အတွက် ပြောချင်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ ပန်းတိုင်ဟာနိဗ္ဗာန်မဂ်ဖိုလ်ရဖို့ပါ။

ရောက်အောင် လည်းကြိုးစားအားထုတ်နေတဲ့ သူတွေရှိပါတယ်မိမိကိုယ်တိုင် မဂ်ဖိုလ်ရောက် ကြောင်း တရားကျင့်နေပြီဆိုရင်တော့ ဒီကံမထိုက်အောင် ကိုယ့်နှုတ်ကို ထိန်းကြပါ။

ဒီကံထိုက်သွားရင်တော့ တရားအားမထုတ်နဲ့တော့မရတော့ပါဘူး လူအရိယာ ရဟန်းအရိယာကို သူတို့မှာ တရား မရှိဘူး။ ရဟန်းကိုလည်း ရဟန်းမဟုတ်ဘူး။ ရဟန်းတရားမရှိဘူးလို့ သိသိမသိသိ စွပ်စွဲပြောရင် အရိယူပဝါဒန္တရာယ် ထိုက်ပါတယ် ဒီကံ ဟာ သိပ်ကြောက်စရာကောင်းပါတယ်။

ဒါကြောင့်သူများဆိုရင် အပြစ်မပြောတာ အကောင်းဆုံးပါ။ ကိုယ်အပြစ်ပြောလိုက်တဲ့သူဟာ အရိယာမဟုတ်သည့်တိုင် ကောင်းကောင်းမွန်မွန်နေပြီး သီလစောင့်တဲ့ပုဂ္ဂိုလ်ဖြစ်နေရင်လည်း အရိယူပဝါဒကံနီးပါး အပြစ်ကြီးတယ်လို့ဆိုပါတယ်။

တခုသတိထားဖို့က လူတွေအနေနဲ့ ဝိနည်းဆိုတာ တကယ်နားမလည်ကြပဲကြားဖူးနားဝ ရှိယုံလေးနဲ့ ဘုန်းကြီးတစ်ပါး ညစာစားတာမြင်တယ်။ ပွဲကြည့်နေတာမြင်ပြီး လွှတ်ကနဲ (ညစာစားပွဲကြည့်နေတာ ဘယ်ဘုန်းကြီးဟုတ်မလဲ) မပြောမိပါစေနဲ့ ညစာစား ပွဲကြည့် အရက်သောက်သောက် ဘုန်းကြီးဟာဘုန်းကြီးပါပဲ။

ဘုန်းကြီးမဟုတ်ဘူးလို့ သွားမပြောမိစေနဲ့ (မကောင်းတဲ့ဘုန်းကြီးတော့ ဟုတ်တယ်ပေါ့ ) ဘုန်းကြီး မဟုတ်ဘူးဆိုတာ ပါရာဇိကကျမှ(မေထုန်မှီဝဲ သူများပစ္စည်း ခိုး  လူသတ် ကိုယ့်မှာ မရှိတဲ့ ဈာန်မဂ်ဖိုလ် ရှိတယ် လိမ်ပြော) ဘုန်းကြီးမဟုတ်တာပါ တခြားသိက္ခာပုဒ် ကျူးလွန်ထားရင် ရဟန်းတော့ ရဟန်းပါပဲ တခြားကျူးလွန်ထားတာတွေကို ကုစားရင် ရပါတယ်။

ဒေသနာကြားတယ် ဒဏ်ထမ်းတယ်ခေါ်တယ် လိမ်ပြောရင်တောင် ပါစိတ်အာပတ် သင့်ပြီး အာပတ်ဖြေရင်ရပါတယ်။ ရဟန်းကို ရဟန်းမဟုတ်ဘူးလို့ပြောတာဟာ ဒီကံနီးပါးအပြစ်ကြီးတယ် အရိယာဖြစ်နေရင်တော့ ပိုဆိုးတာပေါ့လေ

လူတွေအနေနဲ့ အလွန်ဆုံးဆောက်တည်နိုင်ရင် (၁၀)ပါးသီလ။ ဒီထက်အောက်(၈)ပါး (၅)ပါး။ (၅)ပါးသီလတောင် အခုခါမှာ အနိုင်နိုင်ထိန်းကြရတယ်။

ရဟန်းဆိုတာ သိက္ခာပုဒ်တွေ ကျူးလွန်နေဦးတော့ သူ့မှာအများကြီး ကျန်သေးတယ်။ ကိုယ့်ထက်တော့ များသေးတယ်ပေါ့ လူကနေဘုန်းကြီးတင်မဟုတ်ဘူး ဘုန်းကြီး အချင်းချင်းလည်း မပြောမိပါစေနဲ့ အချင်းချင်းဆိုတော့ အပြစ်မရှိဘူး ထင်တတ်ကြတယ်။ ဟိုရဟန်းက ဈန်မဂ်ဖိုလ် ရပြီးသားဆို ဘယ့်နှယ့်လုပ်မလဲနော်။ ဒါကြောင့် အရိယူပဝါဒန္တရာယ်ဆိုတာ အလွန်ကြောက်စရာ ကောင်းတာကြောင့် သတိထားကြပါ။

အရှင်သီလာနန္ဒာဘိဝံသ
(ပါမောက္ခချုပ်ဆရာတော်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်) ၏အဘိဓမ္မာသင်တန်းပို့ ချချက်များဒုတိယတွဲ မှကောက်နှုတ်၍ရေးသားပါသည်
(နိဗ္ဗာနပစ္စယောဟောတု )့



Thursday, December 25, 2014

စာမသိဘဲ တရားထူး ရနိုင်ပါသလား


စာမသိဘဲ တရားထူး ရနိုင်ပါသလား

အရှင်ဘုရား၊ ရွာပြန်ကြွသွားတယ်ဆိုလို့” “ဟုတ်တယ် ဆရာ၊ ကဆုန်လဆန်း(၃)ရက် နေ့က ပြန်သွား တာ၊ ခု ကဆုန်လဆန်း (၁၃)ရက်နေ့မှ ပြန်ရောက်လာတာ”ဟုဆရာဖိုးကျော့ ဂျာနယ် လာယူ ရင်း မေး၍ ပြောပြခြင်း ဖြစ်၏။

စာရေးသူသည် ဇာတိရွာဖြစ်သည့် ရွှေတောင်မြို့နယ်၊ ညောင်စာရေးရွာသို့ နှစ်စဉ် ဤရက်၌ ပုံမှန်ပြန်ရ၏။ လွန်ခဲ့သော လေးနှစ်က ဘဝနတ်ထံ ပျံလွန်တော်မူသွားသော ကျေးဇူးတော်ရှင် ဥပဇ္ဈာယ် ရွှေမဉ္ဇူ ဆရာတော်ကြီးများ၏ ကျေးဇူးဂုဏ်ကို အာရုံပြု၍ “ ကျေးဇူးဆပ် တရားစခန်း” ကျင်းပပေးရန် ဖြစ်၏။ အစာလည်းကျွေး၊ တရားလည်း ပေးတာမို့ ညောင်စာရေးရွာအပြင် ရွာနီးချုပ်စပ် ရွာများမှ ဒကာ/ဒကာမတွေ အတော်များများ တရားလာအားထုတ်ကြ၏။

“ဆရာရေ၊ ကိုယ့်ရွာ ကိုယ်ဒေသဖြစ်တဲ့ပြင် မိုးလည်း မကျသေးလို့ ရွာသူ ရွာသားတွေ အားနေကြတယ်။ တရားအားထုတ် ကြတာမှ ကျောင်းအိပ်ယောဂီ၊ နေကုန်ယောဂီ၊ အချိန်ပိုင်း ယောဂီတွေနဲ့ ယောဂီ(၂၀ဝ)ကျော်မယ်ထင်တယ်။ ဆွမ်းကွမ်း ချက်ပြုတ် ကျွေးမွေးခြင်း၊ အိမ်သာကုဋီ၊ သောက်ရေသုံးရေ၊ ချိုးရေစတဲ့ ကိစ္စများမှာ ဝေယျာဝစ္စ ကုသိုလ် ယူကြသူတွေ လည်း ပေါများ ပါတယ်ဆရာ” ဟု ဆရာ ဖိုးကျော့ကို တဆက်တည်း ပြောပြဖြစ်၏။ “ကောင်းတယ် ဘုန်းကြီး” ဟု ဆိုကာ ဂျာနယ်ယူ၍ ဆရာဖိုးကျော့ ပြန်သွားတော့သည်။

လူ့ဘဝဆိုတာ နှစ်လေးဆယ်မှစတာ-ဟု ပြောဆိုကြ၏။ တစ်ချို့ကလည်း သောက်စို့ခဲ့ရသော အမေ့နို့ရည်၏ အာနိသင်သည် အသက်လေးဆယ်တွင် ကုန်ဆုံးသွား၍ အသက်လေးဆယ် ပြည့်သောနေ့၌ နွားနို့အဝသောက်ခြင်းဖြင့် နို့ရည်ဆက်ပါမှ အသက်ရှည် မည်ကိုလည်း ကြားဖူး၏။ ဟုတ်မဟုတ်တော့ တပ်အပ်သေခြာ မသိပါ။

လူ့ဘဝဆိုတာ ကာမာဝစရ ကုသိုလ်ကံကြောင့် ဖြစ်ရ၏။ အသက်လေးဆယ် အရောက်တွင် လူ့သက်တမ်းတစ်ဝက် ကျိုးပြီးဖြစ်၍ အတိတ်ဘဝက ထောက်ပံ့လိုက်သော ကုသိုလ်ကံ အရှိန်တို့သည် ကုန်မယ်ဆို ကုန်လောက်ပေပြီ၊ ကံအရှိန် မကုန်တောင် ကံအစွမ်းများ အားပျော့ လာနိုင်၏။ လူအတော်များများမှာ လေးဆယ်ကျော် လာသည်နှင့် ရောဂါများ အစပျိုး လာတတ်ကြသည်ကို သတိထားမိကြမည် ထင်ပါသည်။

ဗုဒ္ဓဒေသနာတော်အရ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးမားခြင်း၊ ကျန်းမာခြင်း စသော ကောင်းကျိုး မှန်သမျှ ကုသိုလ်ကံကြောင့် ဖြစ်ရပြီး၊ ရောဂါရခြင်းစသော မလိုလားအပ်သည့် အရာမှန်သမျှ အကုသိုလ်ကံကြောင့် ဖြစ်ရ၏။ ကုသိုလ်ကံရှိန် အားနည်း လာသည်နှင့် အမျှ အကုသိုလ်ကံတို့ အကျိုးပေးရန် အခွင့်ရ လာကြတော့၏။

အသက်လေးဆယ်အရောက်တွင် အနေအထိုင် အစားအသောက် အပြုအမူတို့ကို စ၍ ပြင်ကြရပါမည်၊ ယခင် အတိုင်း နေထိုင် စားသောက်ပြုမူခြင်းကို ခန္ဓာက လက်မခံချင်တော့၊ သည့်အပြင် အသက်လေးဆယ် အရောက်တွင် ကုသိုလ်ကံ အသစ်များကိုလည်း အစပျိုး အားထုတ်ကြရ၏။ ထိုကဲ့သို့ ခန္ဓာနှင့်ကံကို မပြုပြင်ပါက ကုသိုလ်ကံ မဆက်တော့ဘဲ ကံပျက်လျှက် ခန္ဓာအိုးစားကွဲတတ်၏။ မကွဲတောင် ရောဂါငယ်ကြီး အသီးသီးတို့ နှိပ်စက်မှု့ကြောင့် လူ့ဘဝ၌ နေချင်စဖွယ် ရှိမည် မဟုတ်တော့ပါ။ ထို့ကြောင့် လူ့ဘဝသည် အသက်လေးဆယ်မှ စခြင်းဟု ဆိုကလည်း ရမည်ဟုထင်ပါသည်။

ယနေ့ခေတ်၌ သွေးတိုး၊ ဆီးချို၊ သွေးချို၊ ဆံပင်ဖြူစသော ရောဂါများ အတော်အဖြစ်များလာ၍ လူသားတို့သည် အသက်(၄၀)ရောက် သည်နှင့် စီးပွားကို ကျိုးစားရှာကြရုံမျှမကကံဆက် ကုသိုလ်များကိုလည်း ဆောင်ရွက် အားထုတ်ကြရပါမည်။

ကံဆက်ကုသိုလ်များ-
“ရေစစ်၊ ဆေး၊ ကျောင်း၊ အဟောင်းပြုပြင်၊ ဤလေးအင် လူတွင် သက်ရှည်ကြောင်း” ဟု ရှေးမထေရ်မြတ် တို့မိန့်မှာချက် နှင့် အညီ ရေစစ် (ရေသန့်)ဆေးဝါးဓာတ်စာ၊ ကျောင်း၊ ဟောင်းနွမ်း ပျက်စီးသော အဆောင်အဦးများပြုပြင် လှူဒါန်းခြင်းကို ကံဆက် ကုသိုလ်များဟု ဆိုကြ၏။ သည့်အပြင် ငါးပါးသီလလုံခြုံစေခြင်းနှင့် တရားအားထုတ်ခြင်း ဘာဝနာကုသိုလ် ကိုလည်း ပွားများအားထုတ်ကြရပါမည်။

ကျန်းမာရေး ပညာပေး စာပေများ၌ ယောဂအကျင့် ကျင့်ခြင်းသည်လည်း ကျန်မာရေးကောင်းမွန် စေရန် အထောက် အပံ့ဖြစ်ကြောင်း အရေးများလာသည်ကို သတိပြုမိ၏။ ထို့ကြောင့် ခန္ဓာအတွက်ရော၊ ကုသိုလ်ကံအတွက်ပါ အကျိုးများသောလုပ် ဆောင်ချက် တစ်ခု အနေဖြင့် တရားအားထုတ်ကြရပါမည်။ သို့မှသာ ခန္ဓာရောကံပါ ဆက်ပြီး သက်ရှည်ကျန်းမာကြမှာ ဖြစ်၏။

ကျေးလက် နေထိုင်ကြရသူ အများစုသည် တောင်သူ လုပ်ငန်းတို့ဖြင့် အမြဲအလုပ်ရှုပ်နေကြရ၏။ တရားအားထုတ်ဖို့ အခွင့်အရေး အလွန်နည်းကြ၏။ ကံကောင်းလို့ လူ့ဘဝ ရောက်ပြီး၊ ကံဆုံလို့ကြုံရသည့် ဘုရားမြတ်စွာသာသနာနှင့်ကြုံကြရပါလျှက် ဘာဝနာ ကုသိုလ်အလုပ် အားထုတ်ခွင့် မရကြခြင်းသည် တောသားရဟန်းများဖြစ်ကြသည့် မိမိတို့၏တာဝန်မဲ့မှုကြောင့် ဖြစ်သည်ကို သဘောပေါက်၏။

ထို့ကြောင့် ဘာကိုမျှ ယောဂီတို့ထံမှ အလှူမခံဘဲ စရိတ်ငြိမ်း၊ လက်ဆောင်ပစ္စည်းပင် လှူဒါန်းလျှက် မိမိဒေသတွင် တရားစခန်းပွဲများကို ဆောင်ရွက်ပေးနေခြင်း ဖြစ်၏။ တရားစခန်းဆိုတာ (၇)ရက်လုံးလုံး တစ်နေ့ နှစ်ကြိမ်သုံးကြိမ် တရားဟောကြားရသဖြင့် အလုပ်ပေးတရားအပြင် ကျေးလက်နေ ဒကာ/ဒကာမတွေကို ကျန်းမာရေးနှင့်ပတ်သက်သည့် ဘဝနေထိုင်နည်းတွေကိုပါ တတ်နိုင်သလောက် ပြောပြပေးဖြစ်၏။  

သမရိုးကျ နေထိုင်စားသောက်နည်းတို့ဖြင့် အသားကျနေသော သူတို့၏တချို့နေထိုင်မှု့တို့သည် ကျန်းမာရေးကို ထိခိုက်စေ၏။ ဥပမာ-ရေသောက်နည်းခြင်း၊ အသီးအရွက် အစားနည်းခြင်း၊ ဆန်သစ်နှင့် ဘဲသားဆူဆူ၊ ဆူးပုတ်ရွတ်၊ ဝက်သားနှင့် ထန်းရည်ခါး စတာတွေကို အလွန်အကဲ စားသောက်ခြင်းတို့ ဖြစ်၏။

သည့်အပြင် သူ့ကျောင်း ကိုယ့်ကျောင်း ကိစ္စကြီးငယ်ပေါ်က တစ်ကျောင်းနှင့်တစ်ကျောင်း သူ့ထက်ငါ မသာ သာအောင် ပြိုင်ဆိုင်ကြ၏။ မိမိ၏ချွေးနည်းစာများ အလဟဿ ဖြုန်းပစ် နေသလိုမျိုး ဖြစ်၏။ ဒေသအားလျော်စွာ ခေတ်အမြင်၊ ခေတ်အတွေး တိမ်ကြခြင်း၊ စာဖတ်မှု့ မရှိခြင်းတို့ကြောင့် အလေ့အထ အဟောင်းများကိုပင် စွဲနေကြ၏။မခံချင်စိတ် (မာန)ကြောင့် ကုန်ကြနေရတာကို အဟုတ်ထင်နေကြ၏။ တရားဟောရင်း သဘောပေါက်အောင် ရံဖန်ရံဖန် ထည့်သွင်း ပြောပြပေးရ၏။

တရားစခန်း နှစ်စဉ်လုပ်ပေးနိုင်၍ အသောက်အစား ခုံမင်သူများ၊ သတ်ဖြတ်တတ်သည့် အလေ့ရှိသူများ၊ မူးရူးပြီး ရမ်းသူ ရိသူ သောင်းကြမ်း သူများ တရားအားထုတ်ပြီး သောက်စားခြင်း ကင်းလာ၏။ သိမ်မွေ့သွားကြ၏။ ဘဝကြမ်းလို့သာ သူတို့ စိတ် ကြမ်းနေခြင်း ဖြစ်၏။ အမှန်တော့ သူတို့စိတ်သည် အဖြူထည်သက်သက် ဖြစ်ကြ၍ တရားအားထုတ်ခြင်းကြောင့် အကောင်း ဖက်ကို အလွယ်ပြောင်းကြ၏။ ပြောပြသည့်အတိုင်းလည်း အားထုတ်ကြ၍ အလွန်သာဓုခေါ်စရာ ဖြစ်၏။

ရွာဘုန်းကြီးကျောင်းတွင် ဝါတွင်းဥပုသ်နေ့တိုင်း စုပေါင်းလျှက် တရားအားထုတ်ကြ၏။ နေ့အိမ် အတော်များများ၌ ယခင်ကလို ဘုရားရှိခိုးကြရုံမျှမကတော့ဘဲ တရားပါ အားထုတ်လာကြ၏။ အမှတ်(၁) စစ်မှု့ထမ်းဟောင်းရပ်ကွက်၊ သီရိဂုဏ်ဝေဓမ္မဗိမာန်ကျောင်းတိုက် ကို စာရေးသူသည် လွန်ခဲ့သော(၁၅)နှစ်မှ စ၍ ကျောင်းတိုက် တည်ထောင်ခဲ့၏။ တည်ထောင်ချိန်မှစ၍ ယနေ့တိုင် ဥပုသ်နေ့များနှင့်၊ သီတင်းကျွတ်၊ ခရစ်စမတ်ရာသီ၊ သင်္ကြန်ကာလ တရားစခန်းများတွင် ယောဂီများကို စရိတ်ငြိမ်း တရားထုတ်စေပါသည်။ ဆွမ်းစရိတ်မတတ်နိုင်၍ တရားအားမထုတ်ရ ဆိုတာမျိုး ဗုဒ္ဓဘာသာနိုင်ငံတွင် လုံးဝမဖြစ်သင့်။

ယခုနှစ်ဝါတွင်း၌ ဆန်းမြန်မာ ကုမ္ပဏီမိသားစုနှင့် ကုသိုလ်ရှင်များမှ ဥပုသ်နေ့တိုင်း နေ့ဆွမ်းလှူဒါန်းကြသဖြင့် စစ်မှု့ထမ်းဟောင်း သက်ကြီးရွယ်အိုများ ဝါတွင်းဥပုသ်နေ့တိုင်း နေကုန် တရားအား ထုတ်ခွင့်ရကြ၏။ အငြိမ်းစားစစ်မှု့ဟောင်းအများစုသည် သက်ကြီးရွယ်အိုများ ကြ၏။ သားသမီးတို့သည် ရန်ကုန်မြို့ရှိ နေရာဋ္ဌာနအသီးသီး၌ မိုးလင်းမှ မိုးချုပ် သွားရောက် အလုပ်လုပ်နေကြရ၏။ မိဘဖိုးဖွားများကို နွေးနွေး ထွေးထွေး ပြုစုဖို့ရာ ခေတ်ကာလအား လျော်စွာ အခြေအနေ မပေးကြတော့ချေ။

ထို့ကြောင့် စာရေးသူသည် ကျောင်း၌ ဘိုးဘွားများကို စု၍ တရားအားထုတ်စေခြင်းဖြင့် အထီးကျန်ဆန်နေမှု့ကို ကင်းပျောက်စေ၏။ တရားထူး မရစေဦးတော့ ကျန်းမာခြင်း၊ သက်ရှည်ခြင်း ကောင်းကျိုးများကို လက်တလော ရရှိနေ၍ ဝမ်းသာရ၏။ နီးစပ်သည့် ဒကာ/ ဒကာမများကလည်း ဘိုးဘွားများအား ဆွမ်းလှူပေးကြ၏။

“ အလှူငွေကျ ထာဝရ ပဒေသာ၊ တရားရှု့ခိုင်းတော့ ဖြစ်ပျက်” ဆိုသော အသုံးအနှုံးသည် ဘာသာခြားတို့ အမြင်၌ ကဲ့ရဲ့ဖွယ်ရာ ဖြစ်နေ သည်ကို စဉ်းစားမိ၏။ ပြည့်စုံသော တရားစခန်းများ၌ စရိတ်ငြိမ်း ဖြစ်ရင်ကောင်းမှာ၊ အဘယ်ကြောင့်ဆိုသော် အခမဲ့ ကုသိုလ်ဖြစ် ဆေးခန်းစသဖြင့် လူသားအကျိုးပြု ကုသိုလ်ယူနေသော ဤခေတ်ကြီးတွင် စားစရိတ်ယူ၍ တရားစခန်း ဖွင့်ခြင်းမှာ စီးပွားရေးအသွင် ဆောင်နေသကဲ့သို့ ဖြစ်နေ၏။

တရားကိုသာ အချိန်ပြည့် စနစ်တကျ အားထုတ်စေပါက ပေါ့ပေါ့တွေးပြီး အစားချောင်လို့ လာအားထုတ်မှု့မျိုးမရှိ နိုင်သည့်ပြင် ပစ္စည်းလေးပါးဖြင့် ကုသိုလ်ယူသူများလည်း ရှားမည် မဟုတ်ပေ။ အများအားဖြင့် တရားရိပ်သာမှန်သမျှ ကောင်း မွန်သော ကျောင်းဆောင် ကြီးများအပြင် တရားစခန်းရက်များအတွက် ဆွမ်းဒကာများကို ရှာထားပြီး၊ အလှူခံပြီးဖြစ်၏။ ဘာသာ ခြားတို့က ဆေးတန်ဆေး၊ ပညာတန်ပညာ စသဖြင့် ပေးပြီး သာသနာပြုနေကြခြင်းကို အတုယူသင့်ပါပြီ။

သီတင်းကျွတ်တရားစခန်းတွင် ဒကာတစ်ဦးက “အရှင်ဘုရား၊ အရှင်ဘုရားရဲ့ ယောဂီ အဖိုးအို အဖွားအိုတွေ အနည်းဆုံး ခန္ဓာငါးပါးလောက်မှ မသိကြဘဲနဲ့ တရားအားထုတ်နေကြတာ ဘယ်လိုလုပ် တရားရမှာလဲဘုရား” ဟု မေးလျှောက်လာ သဖြင့် ဤဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါသည်။ စာရေးသူက ဘုရားလက်ထက်က စာမတတ်ကြသော်လည်း တရားထူးရကြသည့် အရေအတွက်မှာ စာတတ်သူတွေ ထက်ပင် များကြောင်းကို ပြောပြလိုက်ပါသည်။ ကျေနပ် သဘောတူဟန် မရှိတာကို သူ့ မျက်နှာရိပ်ကို ကြည့်၍ သိလိုက်ရ၏။

မှန်ပါသည်၊ စာမတတ်သော်လည်း တရားအားထုတ်နည်းသာ မှန်ပါက တရားထူးဧကန် ရနိုင် ပါသည်။ ဘုရားရှင်လက် ထက်တော်က အရွယ်ကြီးရင့်ပါမှ သာသနာ့ဘောင် ဝင်ရောက် လာကြသော အမျိုးသား၊ အမျိုးသမီးတို့သည် စာသင်ခြင်း(ဂန္ထ ဓူရ)ကို မဆောင် ရွက်ကြတော့ဘဲ တရားထုတ်ခြင်း(ဝိပဿနာဓူရ) ကိုသာ ဆောင်ရွက်ကြပါသည်။

၎င်းတို့သည် ဝါဆိုဦးဘုရားထံမှာ ကမ္မဋ္ဌာန်းတရားတောင်းခံပြီး မိမိနှစ်သက်ရာ အရပ်ဒေသ၌ တစ်ဝါတွင်လုံး တရားထုတ်ကြကုန်၏။ ဝါကျွတ်ခါနီးတွင် ဘုရားရှင်ရှိရာသို့ ရောက်လာကြပြီး မိမိတို့ သိရှိသော တရားထူးများကို ဘုရားရှင်အား လျှောက်ထားခြင်း၊ ဉာဏ်စဉ်အဆင့် တက်ရန် အထက်အထက်သော ကမ္မဋ္ဌာန်းတရား များကို တောင်းခံခြင်းတို့ကို ပြုကြ မြဲဖြစ်၏။

ရဟန်းအမျိုးသား/ရဟန်းအမျိုးသမီးအများစုသည် တရားထူး (မဂ်ဉာဏ် ဖိုလ်ဉာဏ်)တို့ကို သိမြင်ကြသော်လည်း စာမတတ်ကြသူက များလှ၏။ ဘုရားရှင်ပေးသော အလုပ်ပေးတရား ဖြစ်၍ လွဲစရာအကြောင်းမရှိခြင်း၊ ဖြောင့်မတ် မှန်ကန် ရိုသားစွာဖြင့် ကြိုးစားအား ထုတ်ကြခြင်းတို့ကြောင့် ဘုရားလက်ထက်တော်အခါက တရားထူးတရားမြတ်ကို သိမြင်ကြသူ လူရှင်ရဟန်းနတ်ဗြဟ္မာ တို့မှာ ကိန်းဂဏန်းချ ရေတွက်၍ပင် မရနိုင်လောက်အောင် များပြားလှ၏။

မြန်မာနိုင်ငံတော်တွင် ရဟန္တာဟုထင်ရှားတော်မူသော စွန်းလွန်းဂူဆရာတော်ကြီးသည် ပိဋကတ် စာပေသင်ယူတတ် မြောက်ခြင်း မရှိသည်ကို ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအရ သိရ၏။ ဇနီးမယားနှင့်လယ်သမားဖြစ်၏။ လယ်ထွန်နေရင်း သံဝေဂရပြီး ထွန်ဖြုတ်ကာ နွားများကို ဘေးမဲ့လွတ်၍ တောထွက်တော်မူပြီး တရားအားထုတ်တော်မူ၏။ တရားထူး တရားမှန်ကို သိတော်မူ၏။ သဲအင်းဂူဆရာတော်ကြီးလည်း ပိဋကတ်စာပေကို သင်ယူခဲ့ဘူးခြင်း မရှိတာကို ကြားဖူး၏။

ဘုရားရှင်လက်ထက်တော်အခါက စူဠပန္ထကမထေရ်ဆိုတာ ရှိခဲ့ဖူး၏။ အဘယ်မျှ ဉာဏ်ထိုင်းပါသလဲ ဆိုရင် အက္ခရာ လုံးရေ(၃၂)လုံးပါ ဂါထာလေးတစ်ပုဒ်ကို တစ်ဝါတွင်းလုံး ကျက်လိုက်တာ ရှေ့ကကျက် နောက်က မေ့ဖြင့် ဝါသာ ကျွတ်သွား၏။ စူဠပန္ထကမထေရ် ထိုဂါထာတစ်ပုဒ်ကို အလွတ်မရခဲ့ဘူး။ စာရေးသူငယ်စဉ်က ရွှေမဉ္ဇူကျောင်းတွင် စာသင်ဖက် ရေဦးဆိုသူနှင့် နီတာကြီးဆိုသူ ကျောင်းသားနှစ်ယောက်ကို ယခုတိုင် မှက်မိနေပါသည်။

ထိုခေတ် ဘုန်းတော်ကြီးကျောင်း ပညာရေး သင်ကြားခြင်းသည် သင်ပုန်းကြီးဆိုတဲ့အတိုင်း ဆေးအမည်းသုတ်ထားသော ပျဉ်ချပ်ကျောက်သင်ပုန်းကြီးတွင် ကကြီး ခခွေးစသဖြင့် ဗျည်း(၃၃) လုံးကို ပုံသေ ရေးထားပါသည်။ ကျောင်းသားသစ်မှန်သမျှ ဘုန်းကြီးထံ အမေအဖေက အပ်ပြီးပြီ ဆိုတာနဲ့ အမေအဖေက ဘုန်းကြီးနဲ့စကားပြောလျှက် ဘုန်းကြီးက“ သွား ဟိုမှာသင်ချေ တော့” ဆိုကာ ကျောက်သင်းပုန်းရှေ့ လွတ်လိုက်တော့၏။ ရှေးက ကျောင်းသားကြီး ကကြီး ခခွေး စသဖြင့် နှုတ်တိုက် တိုင်ပေးတာကို နောက်မှ လိုက်ဆိုကြရ၏။ ဤနည်းဖြင့် ဉာဏ်ကောင်းသူများ မကြာခင် ဗျည်း(၃၃)လုံးအလွတ်ရတော့၏။

အလွတ်ရသူများ ကျောက်သင်ပုန်း ကျောက်တံဖြင့် နှုတ်က ကကြီးခခွေးဆို၍ ကျောင်းသားကြီးက လက်ကိုအုပ်ကိုင်ပြီး အရေးစသင်ပေး၏။ ရေဦးနှင့် နီတာကြီးတို့သည် ကကြီးခခွေးဟူ၍ ရှေးကတိုင်ပေးသည်ကို အခြား ကျောင်းသားများနည်းတူ လိုက်ဆိုကြ ၏။ သို့ပေမယ့် ဂငယ်ဃကြီး ဆိုပြီးတာနှင့် ကကြီးခခွေးကို ပြန်မေ့သွားတော့၏။ အခြားကျောင်းသားတွေ သင်ပုန်းကြီးကုန်၊ ပရိတ် ကြီး၊ သင်္ဂြိုဟ် ရောက်သော်လည်း သူတို့နှစ်ယောက်မှာ ကကြီးခခွေး အော်တုန်းပင် ဖြစ်၏။ အရွယ်ကြီးလို့သင်္ကန်းဝတ် လူသာ ထွက်ရော ကကြီးခခွေးက မတက်နိုင်ခဲ့ကြ။

နီတာကြီးက ညောင်စာရေးရွာ၊ ရေဦးက ပြည်မြို့မှာ ယခုတိုင်ရှိကြသေး၏။ ရေးဦးက သူ့လုပ်အားခမှ ယခုနှစ် ကဆုန်လ ရွှေမဉ္ဇူတရား စခန်း၌ ငွေပဒေသာ ကျပ်တစ်သောင်း လူကြုံဖြင့် လှူဒါန်း၍ ထိုအကြောင်းကို တရားဟောရင်း ထည့်ပြောဖြစ်၏။

အရှင်စူဠပန္တကမထေရ်သည် အတိတ်တစ်ဘဝမှာ ဉာဏ်ထက်မြက်သူ စာတတ်ပေတတ် ရဟန်းဖြစ်ခဲ့၏။ ဉာဏ်ထုံ ထိုင်းသော ရဟန်းတစ်ပါးကို “ ဒီလောက်ထုံရ၊ ထိုင်းရသလား” ဟု ပျက်ရယ်ပြု ပြောင်လှောင်ခဲ့ဖူး၏။ ထိုအကုသိုလ်ကြောင့် ဤဘဝမှာ ဉာဏ်အလွန် ထုံထိုင်းခြင်း ဖြစ်၏။ လူတစ်ဦး၏ အားနည်းချက်ကို ပြောင်လှောင်ခြင်းသည် အလားတူ ဝဋ်လိုက်တတ်၏။

အစ်ကိုဘုန်းကြီး မဟာပန္ထကမထေရ်က “ မင်း ဒီလောက် ဉာဏ်ထိုင်းနေရင် သာသနာမှာ ဘာမှ သုံးစားရမှာ မဟုတ် ဘူး၊လူထွက်ပြီး ဘိုးဘွားတွေနဲ့ အတူနေ စီးပွားသာရှာတော့” ဟု နှင်ထုတ်လိုက်ရုံမျှမက ထိုအခိုက် ဆွမ်းစားလာပင့်သူက ကျောင်းတိုက် သံဃာကုန် ပင့်သော်လည်း ဉာဏ်ထိုင်းသော ရဟန်းတစ်ပါးကလွဲလို့ ကျန်သံဃာများကို ထည့်ပေးမည် ဖြစ်ကြောင်းကို မိန့်တော်မူသဖြင့် စူဠပန္ထကမထေရ် အတော်စိတ်မကောင်းဖြစ်ကာ လူထွက်တော့မည်ဟု ယတိပြတ် ဆုံးဖြတ်လိုက်တော့၏။

သာသနာ၌ ပျော်မွေ့သော်လည်း အစ်ကို ဘုန်းကြီးက နှင်ထုတ်လို့ မထွက်ချင်ဘဲ လူထွက်ရမည်ကို စိတ်မကောင်း ဖြစ်နေရှာ၏။ ဉာဏ်ထိုင်းလို့ လူထွက်ရတာကို အခြားရဟန်းတော်များ သိမှာကိုလည်း ရှက်လှသဖြင့် မနက်စောစော ကျောင်း တော်မှ ထွက်ဖို့ ကြံစည် စိတ်ကူးထား၏။

နံနက်စောစော ကျောင်းတော်မှ တိတ်တဆိတ် ထွက်ခဲ့ရာ ကျောင်းပေါက်ဝ၌ မြတ်စွာဘုရားနှင့် ပက်ပင်းတိုး၍ မြတ်စွာဘုရားကို နောက်ဆုံးနှုတ်ဆက် ရှိခိုးသွားဦးမယ်ဟု စိတ်ကူးပြီး ဘုရားရှင်၏ အနီးသို့သွားကာ ရှိခိုးဦးချ၏။
မြတ်စွာဘုရားက “ ဟဲ့ စောစောစီးစီး ဘယ်သူတုန်း” ဟု မေးတော်မူရာ-

“ တပည့်တော် စူဠပန္ထကရဟန်းပါဘုရား”
“ ဟဲ့ စူဠပန္ထက မနက်စောစောကြီး ဘယ်သွားမလို့တုန်း” ဟု မေးတော်မူပြန်ရာ-
“ အစ်ကိုဘုန်းကြီးက ဉာဏ်ထိုင်းလွန်းအားကြီးလို့ လူထွက်ရမယ်ဆိုလို့ပါ ဘုရား”
“ ဒီသာသနာ သင့်အစ်ကို မဟာပန္ထကမထေရ်ပိုင်တာလား၊ ငါဘုရား ပိုင်တာလား”
“ မှန်လှပါဘုရား ၊မြတ်စွာဘုရားရှင် ပိုင်တာပါဘုရား”
“ အေးကွယ် ဒီလိုဆို ငါမှ လူမထွက်ခိုင်းတာဘဲ ဘာလို့ လူထွက်ရမှာလဲ” ဟု မိန့်တော်မူပြီး ကဲ “ ရော့ ဒီမှာ ပုဝါဖြူ ကလေးကို ဟောဟို ရေကန်နားသွားထိုင်ပြီး လက်နဲ့ ပွတ်ကာ စိုက်ရှု့နေ၊ ပါးစပ်ကလဲ “ ရဇောဟရဏံ-ရဇောဟရဏံ” လို ဆိုနေ” ဟု မိန့်တော်မူကာ တရားအားထုတ် စေပါသည်။

နေထန်းတစ်ဖျားလောက် ရောက်ချိန် ယခုခေတ်လိုပြောရရင် ၁၀ နာရီလောက်မှာတော့ ပွတ်နေတဲ့ ပုဝါဖြူဖြူလေးဟာ လက်ဖြင့်ပွတ်ဖန်များ၍ ညစ်နွမ်းလာ၏။ ရေကန်မှ နံနက်စောစော လန်လန်း ဆန်းလန်းရှိခဲ့သော ကြာပန်းတချို့လည်း နေပူရှိန်ကြောင့် နွမ်းရိလာနေ၏။

“ အော် ဖြူဆွတ်တဲ့ အဝတ်တောင် ပွတ်ဖန်များတော့ ညစ်သွားပါလား” ဟု သိစိတ်ကလေး လက်ခနဲ ဖြစ်ပေါ်လာ၏။ ဘုရားရှင်ကလည်း ဆွမ်းစားကြွရောက်နေသည့် နေအိမ်မှ တန်းခိုးတော်ဖြင့် “ စူဠပန္ထက အဲဒီအတိုင်းပါဘဲ၊ သင့်ရဲစိတ်ဟာလည်း ရာဂ ဒေါသ မောဟ မြူမှုန်တွေကြောင့် ညစ်ထေးနေတယ်၊ ခန္ဓာကို ဉာဏ်ချပြီး သင့်စိတ်ရဲ့ ဖြစ်ပျက်ကို မြင်အောင် ရှု့ပါ” ဟု ရှု့ကွက် ကမ္မဋ္ဌာန်းကို ပြပေးတော်မူပါသည်။

ထိုသို့ ဘုရားရှင် နည်းလမ်းပေးသည့်အတိုင်း ရှုပွားလိုက်တာ နေ့ဆွမ်း မဘုဉ်းပေးမှီကလေးမှာ ဈာန်အဘိညာဉ်များနှင့် အတူ အရှင်စူဠပန္ထက ရဟန္တာအဖြစ်သို့ ရောက်ရှိတော်မူပါသည်။ ထိုရဇောဟရဏံ(မြူဆောင်အဝတ်) ကမ္မဋ္ဌာန်းဖြင့် ရဟန္တာဖြစ်ရခြင်းသည် အတိတ်ဘဝတစ်ဘဝ၌ ရှင်ဘုရင်ကြီးအဖြစ်ဖြင့် တိုင်းခန်းလှည့်လည်စဉ် နဖူးကချွေးကို ပဝါဖြူဖြင့်သုတ်လိုက်ရာ ပုဝါလေး ချွေးကြောင့် ညစ်ထေးသွားခြင်းကို သံဝေဂဉာဏ်ဖြင့် ထင်မြင်နိုင်ခဲ့သော ကုသိုလ်အထုံကြောင့် ဖြစ်၏။

အတိတ်ဘဝက ကိလေသာ ဝေးကွာအောင် တရားအားထုတ်ခဲ့ဖူးခြင်း၊ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဟူသော ဣနြေ္ဒတို့ ရင့်ကျက်ခြင်း၊ (တိဟိတ်ပဋိသန္ဓေနေခဲ့ခြင်း) ယခုဘဝ၌ အားထုတ်နည်း မှန်ကန်ခြင်းတို့ပြည့်စုံက တရားထူး ဧကန်ရနိုင်ပါသည်။ တရားထူး ရခြင်းနှင့်ပါတ်သက်၍ အနှစ်ချုပ်က ထိုသုံးမျိုးကို ပိဋကတ်တော်၌ တွေ့ရ၏။

တစ်ချို့က ဘာသာရေး စာပေတွေကို ဖတ်လေ့ဖတ်ထရှိကြ၏။ တစ်ချို့က တရားနာခြင်း၌ အားသန်ကြ၏။ တစ်ချို့က တရားစခန်း မပြတ်အောင် ဝင်ကြ၏။ ထိုသူများသည် ခန္ဓငါးပါး၊ ရုပ်နာမ်နှစ်ပါး ၊သစ္စာလေးပါး၊ ပဋိစ္စသမ္ပါဒ်လာ အဝိဇ္ဇာ တဏှာသက္ကာယဒိဋ္ဌိစသော အမည်များနှင့် ရင်းနှီးကျွမ်းဝင်နေကြ။ သိနေကြ။ နားရည် ဝနေကြ၏။ စာသိ နာသိ ဖြစ်၍ သညာသိမျှသာ ဖြစ်၏။ အစစ်အမှန် သိ၊ ထိုးထွင်း သိ၊ ပညာသိ မဟုတ်ပါ။

ဒိဋ္ဌိဝိသုဒ္ဓိ-အယူ၏စင်ကြယ်ခြင်းနှင့် ကင်္ခါဝိတဏဝိသုဒ္ဓိ-ယုံမှာသံသယမှ လွန်မြောက်စင်ကြယ်ခြင်း နှစ်မျိုးပင်လေးနက် ကျယ်ဝန်းလှ၏။ ဟုတ်မဟုတ်ကို ပိဋကတ်တော်ကို နှံ့စပ်ကျွမ်းကျင်တော် မူလှသော ဆရာတော်ကြီးများကို မေးလျှောက်ကြည့်က သိနိုင်၏။ ထိုဝိသုဒ္ဓိနှစ်ပါးသည် တရားအားထုတ်မည့် ယောဂီများ သိနှင့်ထားရန် အခြေခံ စင်ကြယ်ခြင်းမျှဖြစ်၏။ ထိုအခြေခံနှစ်ပါးသည်ပင် ဤမျှကျယ်ဝန်း လေးနက်၍ ပြည့်စုံစွာ သိနိုင်ဖို့ခဲယဉ်းလျှင် အခြား ရုပ်နာမ်ခန္ဓာ စသောတရားတို့ကို ကျကျနန သိနိုင်ဖို့ အလွန် ခဲယဉ်းလှ၏။

ဆိုလိုသည်မှာ လေးနက် ကျယ်ဝန်းလှသော ဗုဒ္ဓဒေသနာကို ပြည့်ပြည့်စုံစုံ ကျကျနနသိမှ တရားရမယ်ဆိုတာ လုံးဝမဖြစ်နိုင်၊ စာမတတ်သူများ တရားထူးမရနိုင်၍ ဓမ္မရသကို ခံစားဖို့ အခွင့်အရေး ဆုံးရှုံးနေခြင်း၊ ဘုရားပွင့်ခြင်းသည် စာတတ် သူများအတွက် သက်သက်ဖြစ်နေခြင်း၊ စာမသိ သူတို့အဖို့ ဘုရားပွင့်ခြင်း မဟုတ်သလိုမျိုး ဖြစ်နေခြင်းသည် “လောကသား အားလုံး အကျိုးစီးပွား ဖြစ်စေရန် ဘုရားပွင့်တော်မူခြင်း ဖြစ်၏” ဟူသော ဒေသနာတော်စကားနှင့် ဆန့်ကျင်နေ၏။ ထို့ကြောင့် စာတတ်များအတွက်သာ ကွက်၍ ဘုရားပွင့်ခြင်း မဟုတ်ပါ။

စာသိစရာမလို-ဟု ပြောလိုရင်း မဟုတ်ပါ၊ ယနေ့ စာဟု ပြောနေသော အရာတို့သည် ဘုရားရှင်လက်ထက်တော်က စာအသွင် မဟုတ်ကြသေးဘဲ ဗုဒ္ဓဒေသနာ ဟောစဉ်များသာဖြစ်၍ ကမ္မဋ္ဌာန်းဆရာ၏ စစ်မှန်သော အလုပ်ပေးတရားသည်သာ တရားအားထုတ်ရာတွင် ပဓာနကျ၏။
“ စာတတ်ချင်ရင် စာကြည့်၊ တရားသိချင်ရင် ခန္ဓာကြည့်” ဆိုသည့်အတိုင်း ထိုနှစ်မျိုး မတူသည်ကို ခွဲခြားသိသင့်၏။

တရားထူးရခြင်းသည် ခန္ဓာကို စနစ်ကျစွာ နည်းလမ်းမှန်မှန်ဖြင့် ကမ္မဋ္ဌာန်းဆရာ နည်းပေးလမ်းပြ သည့်အတိုင်း ရိုးသားကြိုစား အားထုတ်ခြင်း ဖြစ်၏။ ပါရာမီသာ ပါမယ်ဆိုရင် စာမသိပေမယ့် ဧကန်တရားထူးရနိုင်ပါကြောင်း-။

အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)


http://www.ashinsirinda.com/ မေတ္တာဥယျာဉ် မှ ပြန်လည်ဓမ္မဒါန ပြုပါသည်။