Saturday, April 30, 2011

ထေရ၀ါဒဗုဒ္ဓဘာသာနှင့် နက္ခတ်ဗေဒင်


VOA.မြန်မာပိုင်းဇန်န၀ါရီလစတုတ္ထအပက်ထုက်လွင့်တဲ့ ရုပ်သံသတင်းသတင်းထဲမှာမြန်မာနိုင်ငံတွင် ဗေဒင်, လက္ခဏာ, အခါတော်ပေးစတဲ့ ယုံကြည်မှုတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုများလာနေကြောင်း ကြည့်ရှု့နားဆင် မိလိုက်သည်။ ထေရ၀ါဒနိုင်ငံ စစ်စစ်ဖြစ်နေတဲ့ မြန်မာနိုင်မှာတောင်….အခုလိုဗေဒင်, နက္ခတ်,ယတြာ,စတဲ့ အကြောင်းအရာတွေဟာ မီဒီယာမှ တစ်ဆင့် ကမ္ဘာတစ်ဝှမ်းသို့တိုင်ပြန့်နှံ့ကုန်ပြီ… ထိုအကြောင်းအရာလေးကို အခြေခံ၍ ထေရ၀ါဒနှင့် နက္ခတ်ဗေင် ယုံကြည်မှုတွေကို သိသမျှ ရေးသား လိုက်ခြင်းပါ။

ထေရ၀ါဒဗုဒ္ဓဘာသာနှင့် ရောနှောယုံကြည်မှုများတွင် နက္ခတ်ဗေဒင်ယုံကြည်မှုများသည် တစ်အပါဝင်ဖြစ်သည်။ ထိုဗေဒင်ကျမ်းများကို အိန္ဒိယတိုင်းရင်းသား ဗြာဟ္မဏဘာသာဝင်ပုဏ္ဏားများ သယ်ဆောင်လာရာမှ မြန်မာ လူမျိုးများ အမွေရလိုက်ခြင်းဖြစ်သည်။
မြန်မာမင်းများလက်ထက်အခါက ဗေဒင်လိုက်စားသူများ ပေါများလှသည်။ ထိုလိုက်စားသူများတွင် ထေရ၀ါဒ ရဟန်းတော်များကိုလည်း တွေ့မြင်နိုင်သည်။ ရဟန်းတော်တို့သည် ဗေဒင်ပညာဖြင့် အသက်မွေးမှုမပြုကောင်း သော်လည်း ဗေဒင်ပညာကို “လောကီရေးရာ သိမှတ်စရာ အတက်ပညာ” တစ်ခုအနေဖြင့် လေ့လာလိုက်စား ခဲ့ကြသည်။ အချို့သောရဟန်းတော်တို့က ဒကာ, ဒကာမတို့၏ လောကီအမှုကိစ္စ အခက်အခဲများကို ဗေဒင် ပညာဖြင့် ကူညီဖြေရှင်းခဲ့သည်လည်းရှိပါသည်။
ထေရ၀ါဒဗုဒ္ဓဘာသာဝင်များသည် ရတနာသုံးကို အသက်ထက်ဆုံး ယုံကြည်သိမှတ် ကိုးကွယ်သူများ ဖြစ်ကြသည်။ သို့ဖြစ်၍ ထေရ၀ါဒဗုဒ္ဓဘာသာမှန်လျှင် ဘုရား, တရား, သံဃာ-ဟု ဆိုအပ်သော ရတနာသုံးရပ် အပေါ် ချွင်းချက်မရှိ ခိုင်မြဲသော သဒ္ဓါတရားဖြင့် ယုံကြည်ရမည်ဖြစ်သည်။ ထို့ကြောင့် ထေရ၀ါရဗုဒ္ဓဘာသာဝင် တို့သည် ထေရ၀ါဒပိဋကတ်တော်နှင့် ဆန့်ကျင်သော အယူအဆများ, ပရိယတ္တိ, ပဋိပတ္တိဝန်ဆောင် မထေရ်ကြီး များ မနှစ်သက်သည့် ယုံကြည်မှု့,စွဲလမ်းမှု့များကို နှလုံးသားထဲသို့ ၀င်ရောက်လာခြင်း မရှိအောင် ပယ်ထုက်ပစ်ရမည်ဖြစ်သည်။
ရတနာသုံးပါးကို ယုံကြည်သိမှတ် ကိုးကွယ်ပါ၏ဟု သရဏဂုံဆောက်တည်ထားသောသူသည် ဘုရားရှင်၏ အလိုတော်ကျမဟုတ်သော ထေရ၀ါဒမြတ်ဓမ္မနှင့် ဆန့်ကျင်သော အယူအဆအစွဲများကို ယုံကြည်နေ ခြင်းသည် ထေရ၀ါရဗုဒ္ဓဘာသာဝင်ကောင်းတစ်ဦး ဖြစ်မည်မဟုတ်ပါ။

ဗေဒင်ကျမ်းများကို စီရင်ရေးသားခဲ့သော ဗြဟ္မဏပုဏ္ဏားများမှာ “သာသနာပ ပုထုဇဉ်” များသာဖြစ်ကြသည်။ ထိုသူတို့မှာ ကိလေသာ မကုန်ခမ်းသေးသော ပုဂ္ဂိုလ်များသာဖြစ်သည်။ ထို့ကြောင့် ထိုသူတို့ရေးသားသော ဗေဒင်ဆိုင်ရာ နက္ခတ်တာရာ အယူအဆတို့သည်လည်း “ပရမတ္ထသစ္စာ” ဖြစ်မည်မဟုတ်ပေ။ ပုထုဇဉ်ဟူသည်မှာ ကိလေသာမကုန်ခမ်းသေးသောကြောင့် စိတ်ကူးရှိရာ ဆန္ဒစွဲဖြင့်ရေးသားကြ မည်သာဖြစ်သည်။ ထို့ကြောင့်လည်း ဗေဒင်သုံးပုံ ဆောင်ကြသော ပုဏ္ဏားတို့၏စကားများမှာလည်း ပစ္စုပ္ပန်, သံသရာ နှစ်ဖြာအတွက် အကျိုးမရှိပုံ၊ အခြေအမြစ်ကင်းမဲ့ပုံတို့ကို မြတ်ဗုဒ္ဓသည် ၀ါသေဋ္ဌပုဏ္ဏားနှင့် ဘာရဒွါဇပုဏ္ဏား တို့အား တေ၀ိဇ္ဇသုတ် တော်၌ မိန့်ကြားထားသည်ကို တွေရသည်။ မြတ်ဗုဒ္ဓ(၄၅) တိုင်တိုင်ဟောကြား တော်မူခဲ့သော ပိဋကတ်တော်နှင့် ဗြဟ္မဏပုဏ္ဏားများ စီရင်ရေးသားသော ဗေဒင်နက္ခတ်ကျမ်းများသည် အရှေ့နှင့် အနောက်ပမာ များစွာဆန့်ကျင် ခြားနားမှုများရှိကြောင်း လေ့လာတွေ့ရှိနိုင်သည်။

မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အများစုသည် လူတစ်ယောက်ဖွားမြင်လာလျှင် ဇာတာရက်ချုပ် ပြုလုပ်သောအလေ့ ရှိကြသည်။ ကလေး၏မွေးနေ့ , မွေးရက် , အချိန် , နာရီ , နေတက်, ရေတက်-စသည်တို့ကို အဓိကထား၍ မှတ်သားကြသည်။ ဤအလေ့အထမှာ ထိုဗြဟ္မဏပုဏ္ဏားတို့၏ လောင်းရိပ်မိထားခြင်းသာဖြစ်သည်။ ကမ္ဘာပေါ်တွင် ဇာတာရက်ချုပ်မရှိဘဲ ထိပ်တန်းရောက်နေသူ အများအပြားရှိပါသည်။
သတ္တ၀ါတို့၏ဖြစ်တည်မှုသည် နက္ခတ်ဗေဒင်တို့၏ ဇာတာရက်ချုပ်အတိုင်း ဖြစ်လာသည်မဟုတ်ပါ။ ကံကြမ္မာ အတိုင်းသာ ဖြစ်လာရခြင်းဖြစ်ပါသည်။
သာဓကအားဖြင့်ပြရလျှင် သိဒ္ဓတ္ထမင်းသားနှင့်အတူ ဖွားဖက်တော် ခုနစ်ယောက်သည် တစ်ချိန်တည်းမှာ မွေးဖွားလာကြသည်။ ဤတစ်ချိန်တည်း မွေးဖွားလာကြခြင်းကြောင့် တကယ်ဆို….ဗေဒင်ကိန်းဂဏန်းအလို ဇာတာခွင်တူညီကြမည်သာဖြစ်ပေသည်။ သိဒ္ဓတ္ထမင်းသားဘုရား ဖြစ်လျှင် ကျန်ဖွားဖက်တော်များလည်း ဘုရားဖြစ်သင့်သည်ဟူသော မေးခွန်းထုက်စရာဖြစ်မနေဘူးလား? သို့သော် ကာဠုဒါယီတို့က ရဟန္တာသာ ဖြစ်ကြရသည်။ ဤသည်မှာ သတ္တ၀ါတို့၏ဖြစ်တည်မှုသည် မိမိတို့ကိုယ်တိုင် ဖြည့်ကျင့်ခဲ့သောပါရမီ၊ ပြုလုပ်ခဲ့ သောအတိက်ကံ၊ ပစ္စုပ္ပန်ကံတို့နှင့် သက်ဆိုင်ကြောင်း ဤသာဓကကို ကြည့်သောအားဖြင့် သိရှိနိုင်သည်။
ဇာတာ, ရက်ချုပ်နှင် ကံကြမ္မာခြားနားကြောင်းကို ဤကဲ့သို့လည်းနှိုင်းယှဉ်နိုင်ပါသည်။
ဥတုနိယာမ, ဗီဇနိယာမ, ကမ္မနိယာမ, ဓမ္မနိယာမ, စိတ္တနိယာမ ဟူသောနိယာမ(၅)ပါးတွင် “ကမ္မနိယာမ” ဟူသည်မှာ ဗဟ္မဏပုဏ္ဏားများ သတ်မှတ်ထားသော ရက်ရာဇာ, ပြဿဒါးအတိုင်း ဖြစ်နေသည်မဟုတ်၊ သတ္တ၀ါတို့၏ ကံအတိုင်းသာ ဖြစ်နေခြင်းဖြစ်သည်၊ ရက်ရာဇာ, ပြဿဒါး, နက္ခတ်တာရာ, ၀ါရမိတ္တုတို့က သတ္တ၀ါတို့၏ဘ၀ကို လွှမ်းမိုးနိုင်မည်မဟုတ်၊ ကိလေသာမကုန်သေးသော ဗြဟ္မဏပုဏ္ဏားတို့၏ ဝေဒကျမ်းလာ အယူအဆများသည် ကမ္မနိယာမနှင့်ဆန့်ကျင်ပြီး အကျိုးတစ်စုံတစ်ရာမရှိသော ဗေဒင်ကိုယုံကြည်သူတို့အား မည်သို့သောလူမျိုးဖြစ်ကြောင်း အရှင်မဟာရဋ္ဌအကျော် အင်းဝစာဆိုတော်က ဘုရိဒတ်ဇာက်ပေါင်းပျို့၊ ပိုဒ်ရေ(၅၉)၌ “ အကျိုးမမြင်၊ ထိုဗေဒင်ကို၊ ဆင်ခြင်မဲ့မြို့၊ သူမိုက်တို့သာ၊ ယုံကြည်စွာလိမ့်” ဟု ဆုံးမထားပါသည်။
ထေရ၀ါဒဗုဒ္ဓဘာသာသည် နက္ခတ်ဗေဒင်နှင့်ပက်သက်၍ ငြင်းပယ်ခြင်းမပြုခဲ့သောလည်း မြတ်ဗုဒ္ဓက လူသားတို့ကို နက္ခတ်ဗေဒင်ဆိုင်ရာ စွမ်းအားစု၏ ကျေးကျွန်မဖြစ်သင့်ကြောင်း ဆုံးတော်မူခဲ့သည်။ လူသားတို့သည် နေ့စဉ်ကြုံတွေ့နေရသော အခက်ခဲပြဿနာဟူမျှကို မိမိ၏ဉာဏ်စွမ်းနှင့် စိတ်စွမ်းအင်ကို အသုံးချဖြေရှင်းနားလည်ရမည်ဖြစ်သည်။ ထို့ကြောင့် ထေရ၀ါရဗုဒ္ဓဘာသာဝင်များသည် မိမိ၏ဉာဏ်ပညာနှင့် စိတ်စွမ်းအင်ကို အသုံးချကာ ပြဿနာအားလုံးကို ဖြေရှင်းရမည်။ နတ်, ၀ိညာဉ်လောကသားများနှင့် ဗေဒင်ဆရာများကိုအားကိုးယုံကြည် နေခြင်းသည် လူသားတို့၏ဘ၀ ဖွံ့ဖြိုး တိုးတက်မှု၊ ဘာသာရေးနှင့် ဆိုင်သော မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးသက်ရောက်မှု မပြုနိုင်သည်သာမက ဖီလာကန့်လန့် ဖြစ်နိုင်သည်။ လူသားသည် မိမိ၏ဘ၀အခက်အခဲ, အကျပ်အတည်းအားလုံးကို မိမိဘာသာဖြေရှင်းနိုင်မှသာ ပြေလည်အေးချမ်းမည်။ နတ်ပေး, ဗေဒင်မေး, နက္ခတ်တာရာ စောင့်ဆိုင်း လုပ်ကိုင်မည်ဆိုပါက မည်သည့်အခါမှ ပြေလည်အေးချမ်းမည်မဟုတ်။ ဂြိုဟ်, နက္ခတ်,ကြယ်, တာရာတို့၏ စွမ်းအားက လူတို့၏ကောင်းကျိုးဆိုးပြစ်များ ကို တစ်စုံတစ်ရာ ပြုပေးနိုင်စွမ်းမရှိဟု မြတ်ဗုဒ္ဓက အောက်ပါ အတိုင်း ဆုံးမမိန့်ကြားတော်မူခဲ့သည်။

နက္ခတ္တံ ပဋိမာနေန္တံ၊ အတ္ထော ဗာလံ ဥပစ္စဂါ၊
အတ္ထော အတ္ထဿ နက္ခတ္တံ၊ ကိံ ကရိဿန္တိ တာရကာ။

“နက္ခတ်ကောင်း, အခါကောင်းကို စောင့်မျှော်နေသော လူမိုက်ကို ကောင်းကျိုးချမ်းသာ အကျိုးစီးပွားက ထိုလူမိုက်အား ကျော်လွန်၍သွားသည်၊ ကောာင်းကျိုးချမ်းသာ အကျိုးစီးပွားကို လိုလားနှစ်ခြိုက်သောသူသည် ထိုကောင်းကျိုးချမ်းသာ အကျိုးစီးပွားကိုရခြင်းသည် နက္ခတ်ကောင်း အခါကောင်းပင်ဖြစ်၏ ။ ကောင်းကင်၌ လှည့်လည်သွားလာ လူပ်ရှားနေသော နက္ခတ်, ကြယ်တာရာတို့သည် လူတို့၏ ကောင်းကျိုးဆိုးပြစ်ကို ပြီးမြောက်အောင် တစ်စုံတစ်ရာပြုလုပ်၍ မပေးနိုင်ဟူ၍ ဖြစ်ပါသည်။”

ထေရ၀ါဒရှိ ကံ,ကံ၏အကျိုးတရားကို နားလည်ယုံကြည်နိုင်သော သူတော်ကောင်းများဖြစ်ကြပါစေ…..

Friday, April 29, 2011

ဥပုသ်သည်နဲ့ နတ်ပြည်



ဥပုသ်သည်နဲ့ နတ်ပြည်

ဝါတွင်းကာလတွေမှာ ဗုဒ္ဓမြတ်စွာရဲ့ သာသနာယဉ်ကျေးမှု ၀ိနည်းတော်အရ ရဟန်းတော်တွေဟာ ၀ါဆိုဝါကပ်ကြရပါ တယ်။ သံဃာတော် အရှင်မြတ်တွေရဲ့ မြင့်မြတ်တဲ့ ဒီဓလေ့ကို အတုယူ အားကျကာ ဗုဒ္ဓသာသနာဝင် ဥပါသကာ၊ ဥပါသိကာမ တွေကလည်း ၀ါတွင်းကာလမှာ ဥပုသ်သီလကို ဆောက် တည် ကျင့်သုံးကြပါတယ်။ ဥပုသ်စောင့်သုံးမှုဟာ ဖြူစင်တဲ့ ကိုယ်ကျင့် တရားနဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်ကို ခိုင်မာမြဲမြံစေတာမို့ လောက၊ ဓမ္မ နှစ်ဖက်လှတဲ့ အစဉ်အလာကောင်းတစ်ခုပဲဖြစ်ပါတယ်။ အလွန်တရာ မြတ်နိုး တန်ဖိုးထားတိုက်တဲ့ ဘာသာရေး ယဉ်ကျေးမှု အမွေအနှစ် တစ်ခုလည်း ဖြစ်ပါတယ်။

သီတင်းတစ်ပတ်လျှင် တစ်ရက်မျှ ဥပုသ်သီလ စောင့်သုံးရခြင်းဟာ ကိလေသာဒုစရိုက် အညစ်အကြေးတွေကြောင့် စွန်းထင် ညစ်ပေနေတဲ့ကိုယ်၊ နှုတ်၊ နှလုံး၊ ကံ(၃)ပါးစလုံးကို ဖွပ်လျှော်သန့်ရှင်း ဖြူစင်စေခြင်း ဖြစ်သလို အကြောင်းညီ အကျိုးပေးကောင်းလို့ ခေတ္တခဏ ပိုင်ဆိုင်ခွင့် ရထားတဲ့ရာထူး၊ ဂုဏ်သိန်၊ စည်းစိမ်၊ ဥစ္စာအဖြာဖြာတို့ကြောင့် ငယ်ထိပ်ထိရောက် အောင် တက်နေတဲ့ လူ့ဘ၀ရဲ့ အဆိပ်အတောက်တွေကို နည်းနည်းစီ လျှော့ချဖြေဖျောက်နေခြင်းလည်းဖြစ်ပါတယ်။

မြွေပွေးသတ္တ၀ါဟာ အကောင်ငယ်ပေမည့် အဆိပ်ကြီးသလိုပဲ မရင့်ကျက်တဲ့သူတွေအတွက် ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတွေဟာ ဘယ်လောက်ပဲ ငယ်နေပါစေ အဆိပ်တက်တတ်ပါတယ်။ အဲဒီ အဆိပ်တွေကြောင့် တချို့သူတွေဟာ သေလောက်အောင် ဒဏ်ရာတွေရကြပြီး တချို့သူတွေကတော့ သေသွားကြပါတယ်။ တကယ်တော့ လူ့ဘ၀၊ လူ့ချမ်းသာထဲမှာ အဆိပ်အတောက်တွေ ရောပါနေပါတယ်။ အဲဒီအဆိပ်အတောက်တွေကို ကုသိုလ် ကောင်းမှုနဲ့ မဖြေဖျောက်နိုင်ရင် ဒုက္ခအကြီး အကျယ် ရောက်တော့တာပါပဲ။

သီလ၊ သမာဓိ၊ ပညာလို့ ဂုဏ်သိက္ခာ(၃)ခုပါတဲ့ ဥပုသ်စောင့်သုံးမှုမှာ (၁) သီလခံယူဆောက်တည်ခြင်း၊ (၂) တရားနာယူ မှတ်သားခြင်း၊ (၃) တရားနှလုံးသွင်း ရှုမှတ်ခြင်း ဆိုတဲ့ လုပ်ငန်းစဉ် (၃)ခုပါဝင်ပါတယ်။ အဲဒီ လုပ်ငန်းစဉ် (၃)ခုထဲမှာ သီလခံယူ ဆောက်တည်ခြင်းနဲ့ တရားနာယူမှတ်သား ခြင်းတို့ဟာ ဥပုသ်စောင့်ခြင်းရဲ့ အသွင်သဏ္ဍာန်မျှသာ ဖြစ်ပြီး တရားနှလုံးသွင်း ရှုမှတ် ခြင်းကတော့ ဥပုသ်စောင့်ခြင်းရဲ့ အဓိကလိုရင်း အနှစ်သာရပဲဖြစ်ပါတယ်။

တနည်းအားဖြင့် ပြောရရင် “ငြိမ်ငြိမ်နေပြီး ငြိမ်းအောင်ကျင့်တာဟာ “ဥပုသ်စောင့်တာပါပဲ။ “ငြိမ်ငြိမ်နေ”ဆိုသည်မှာ သီလနဲ့ ကာယကံ၊ ၀စီကံတွေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်ပြီး “ ငြိမ်းအေင်ကျင့်” ဆိုသည်မှာ သမာဓိ၊ ပညာ၊ သိက္ခာ တို့ဖြင့် လောဘ၊ ဒေါသ စသည့် ကိလေသာအပူတွေကို ငြိမ်းအောင်ကျင့်ခြင်းပဲ ဖြစ်ပါတယ်။ ဒီကောက်နုတ်ချက်မှာ ငြိမ်ငြိမ်နေခြင်းဟာ ဥပုသ်စောင့်ခြင်းရဲံ အပေါ်ယံအသွင် သဏ္ဌာန်ပဲဖြစ်ပြီး ငြိမ်းအောင်ကျင့်ခြင်းသည်သာ ဥပုသ်စောင့်ခြင်းရဲ့ အတွင်းအနှစ်သာရ ဖြစ်ပါတယ်။

ဥပုသ်စောင့်သုံးမှုတိုင်းမှာ အသွသ်သဏ္ဌာန်ရော အနှစ်သာရပါ ပြည့်ဝစုံလင်နိုင်ပါမှ အကျိုးကြီး မြင့်မြတ်တဲ့ လုပ်ငန်းတစ်ခု ဖြစ်လာနိုင်ပြီး ပညာရှိ သူတော်ကောင်းတွေရဲ့ မြတ်နိုး တန်ဖိုးထားဖွယ်လည်း ဖြစ်လာနိုင်ပါတယ်။ အဲသလို မဟုတ်ဘဲ သီလခံယူပြီးတာနဲ့ ၀ိုင်းဖွဲ့စားသောက်၊ စားသောက်ပြီးရင် လေကန်၊ ပါးစပ်ညောင်းတဲ့အခါ မေ့မြောအောင်အိပ်၊ အိပ်ရေးဝလို့ အချိန်တန် ညနေစောင့်တဲ့အခါ အိမ်အပြန်လှအောင် ဟန်ရေးပြတဲ့အနေနဲ့ စိပ်ပုတီး လက်ဆွဲပြီး ဘာဝနာမပါ ဗလာ စိတ်နဲ့ ပြန်လာတဲ့ ဥပုသ်မျိုးကတော့ ဗိုက်အဆာခံရကျိုး မနပ်တဲ့အပြင် ဘာသာခြားတွေရဲ့ အထင်မြင်သေး ကဲ့ရဲ့ပြစ်တင် စရာလည်း ဖြစ်ပါတယ်။

ဒီနေရာမှာ ဥပုသ်စောင့်တာနဲ့ပတ်သက်ပြီး ကလေးဘ၀တုန်းက အဘိုးပြောပြတဲ့ ပုံပြင်ကလေးတစ်ပုဒ်ကို သတိရမိ ပါတယ်။ အဘိုးကတော့ မိုးပေါ်က သိကြားမင်းကြီးကိုယ်တိုင် သူ့ကို ပြောပြခဲ့တာလို့ ဆိုပါတယ်။

တစ်ခါတုန်းက တာဝတိံသာနတ်ပြည်က နတ်သမီးလေးတစ်ပါးဟာ လူ့ပြည်ကို နတ်မျက်စိနဲ့ ကြည့်မိသတဲ့။ အဲဒီလို ကြည့်မိတဲ့အခါ လူ့ပြည်မှာ ၀ါတွင်း ကာလဖြစ်တာမို့ လူတွေအများကြီး ဥပုသ်စောင့်ကြတာကို တွေ့ရတာပေါ့။ အဲဒီအခါ နတ်သမီး လေးက သိကြားမင်းကြီးကို “အရှင်သိကြားမင်း လူ့ပြည်မှာ လူတွေ ဒီလောက်ဥပုသ်စောင့်ကြရင် သူတို့ကွယ်လွန်တဲ့အခါ နတ်ပြည်ရောက်ကြမှာမို့ နတ်ပြည်မှာ နေစရာမှ ရှိပါဦးမလား”လို့ လျှောက်ထားလိုက်တယ်။

သိကြားမင်းက “တရားတော်နဲ့အညီ ဥပုသ်စောင့်တတ်မှ ကုသိုလ်ကရတာ။ ကုသိုလ်ရမှ နတ်ပြည်ရောက်နိုင်တာ။ ဥပုသ်စောင့်တိုင်း နတ်ပြည် ရောက်နိုင်တာ မဟုတ်ဘူး။ သင်မယုံကြည်ရင် လူတွေ ဥပုသ်စောင့်တတ်၊ မစောင့်တတ်နဲ့ ဥပုသ်စောင်တဲ့ သူတွေထဲက နတ်ပြည်ရောက်နိုင်တဲ့သူ ပါ မပါကို ငါလက်တွေ့ပြမယ်” လို့ နတ်သမီးလေးကို ပြောပြပါတယ်။

အဲဒီနောက် သိကြားမင်းဟာ မိမိကိုယ်ကို အသက်(၆၀)ကျော် အဘိုးကြီးအသွင် ဖန်ဆင်းပြီး နတ်သမီးလေးကိုတော့ အသက်(၁၆)နှစ်အရွယ် အပျိုမလေးလို ဖန်ဆင်းကာ လူ့ပြည်ကို ဆင်းသက်လိုက်တယ်။ လူပြည်ရောက်တဲ့အခါ ဥပုသ်သည်တွေ စုဝေးနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဇရပ်တွေဘက်ကို စုံတွဲခုတ်ပြီး သွာလာလည်ပတ်ကြသတဲ့။

အဲဒီအခါ ဇရပ်တစ်ဆောင်ပေါ်မှာ အမျိုးသမီးတစ်စုဟာ ဥပုသ်စောင့်တယ်ဆိုပြီး စုဝေး၀ိုင်းဖွဲ့ကာ သူများအတင်းတွေ ပြောနေကြတယ်။ အဲဒီဇရပ် အနား လူယောင်ဖန်ဆင်းထားတဲ့ သိကြားမင်းတို့ စုံတွဲရောက်သွားတဲ့အခါ ဇရပ်ပေါ်က အမျိုးသမီး တစ်စုက (၁၆)နှစ်ရွယ် အပျိုမကလေးကို “ဟဲ့.. သူငယ်မ၊ ညည်းနဲ့အဘိုးကြီး ဘာတော်သလဲ၊ ညည်းအဖေလား၊ ယောက်ျားလား၊” လို့ စပ်စပ်စုစု မေးကြသတဲ့။

မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးက “ အဘိုးကြီးဟာ ကျွန်မရဲ့ ခင်ပွန်းပါရှင်”လို့ ဖြေတဲ့အခါ၊ ဥပုသ်စောင့်တဲ့ အမျိုးသမီးတွေက မေးငေါ့ပြီး “ ကြည့်စမ်းပါဦးတော်၊ ရုပ်ရည်ကလေး သနားကမား ပျိုပျို ရွယ်ရွယ်ကလေးနဲ့ ဒီ သေခါနီး အဘိုး ကြီးကိုမှ ယူရသလား၊ တကယ်ဆိုရင် ရွယ်တူတန်းတူ ယူရောပေါ့အေ၊ ဟို အဘိုးကြီးကလည်း သေခါနီးမှ ရိက္ခာယူတယ်၊ နွားအို မြက်နုကြိုက်ဆိုတာ ဒါမျိုးပေါ့”လို့ တစ်ယောက်တစ်ပေါက် ၀ိုင်းပြီး အတင်းပြောကြသတဲ့။

အဲဒီကနေ နောက်တစ်နေရာကို သွားတဲ့အခါ မျိုးသားတွေ စုပြီး နေတဲံ ကျောင်းဆောင်တစ်ခုနားကို ရောက်သွားတယ်။ အဲဒီနေရာကို သူတို့စုံတွဲ ရောက်သွားတယ်ဆိုရင်ပဲ ယောင်္ကျားတွေက “ ကြည့်စမ်းဟေ့၊ မလိုက်လိုက်တဲ့ စုံတွဲကွာ၊ အဘိုးကြီးကလည်း မခေဘူးနော်၊ ကောင်းမလေးကို မုန့်ပေးပြီး ကြိုက်တာနေမှာ၊ ကောင်မလေးတော့ ကံဆိုးတာပဲ၊ မကြာခင် မုဆိုးမ ဖြစ်တော့မယ်။ ဟဲ့ ဟေ့ကောင်- မုဆိုးမ ဖြစ်ရင် တို့သွားပြီး တန်းစီရရင် မကောင်းဘူးလား”လို့ မကြားတကြား သရော်ကြ စကြသတဲ့။

အဲဒီကျောင်းဆောင်ဘက်က ထွက်ခဲ့ပြီးတဲ့နောက် ရေအိုးစင်တစ်ခုနားကို ရောက်လာတယ်။ အဲဒီ ရေအိုးစင်နားမှာ အဘွားအိုတစ်ဦးဟာ ဘယ်သူနဲ့မျှ စကားမပြောဘဲ မျက်စိမှိန်ပြီး စိပ်ပုတီးကိုပဲ အသာစိပ်နေသတဲ့။ မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးလေးက အဖွားနားကိုသွားပြီး “ အဖွား၊ ဒီရေအိုးစင်မှာရေရှိလား၊ ကျွန်မခင်ပွန်းသည် ရေဆာလို့ပါရှင်” လို့ ခွင့်တောင်း တဲ့အခါ အဘွားအိုက“ ရှိပါတယ် သူငယ်မရယ်၊ သဘောရှိသောက်ပါ၊ ကုသိုလ်လိုချင်လို့ အဘွားကိုယ်တိုင်ပဲ ရေခပ်ထားတာပါ”လို့ ပြောပါတယ်။ ပြီးတော့မှ အဘိုးကြီးယောင်ဆောင်ထားတဲ့ သိကြားမင်းကို တစ်ချက်လောက်ကြည့်လိုက်ပြီး “အော်… မောင်ကြီးက သူငယ်မရဲ့ ခင်ပွန်းသည်ကိုး၊ ဒီလိုပေါ့အေရယ်၊ ရှေးက ရေစက်ဆိုတာ အမျိုးမျိုးဆုံစည်းရတာပဲ၊ စိတ်ကောင်းကောင်းထားပြီး ဖခင်နဲ့တူသောခင်ပွန်းရယ်လို့ သဘောထားရမှာပဲ။ ရိုရိုသေသေပြုစုပါကွယ်”လို့ ဆုံးမစကားပြောပါ တယ်။

အဲဒီနောက်တော့ သိကြားမင်းနဲ့ နတ်သမီးလေးတို့ဟာ နတ်ပြည်ကို ပြန်သွားကြသတဲ့။ နတ်ပြည်ရောက်တဲ့အခါ သိကြား မင်းက“ ကိုင်း ဘယ့်နှယ့်ရှိစ၊ လူ့ပြည်မျာ ဥပုသ်စောင့်တဲ့ သူတွေကတော့များပါရဲ့၊ အများစုက စေတနာ တယ်မသန့်ကြဘူး၊ ရိုးရိုး သားသား ကုသိုလ်လိုလားပြီး ဥပုသ်စောင့်တဲ့သူက နည်းတယ်။ ဒါကြောင့် အခု ဥပုသ်စောင်တဲ့သူတွေထဲမှာ နောက်ဆုံးတွေ့တဲ့ အဘွားအိုတစ်ယောက်ပဲ နတ်ပြည်ရောက်လိမ့်မယ်၊ ကျန်လူတွေကတော့ ထုံးစံအတိုင်း အောက်ပြည်သွားကြမှာပေါ့”လို့ နတ်သမီး လေးကို ပြောပြပါတဲ့။

ဒီပုံပြင်ကလေးဟာ ဥပုသ်စောင့်ခြင်းရဲ့ အသွင်သဏ္ဌာန်နဲ့ အနှစ်သာရ မတူကွဲပြားပုံကို ခွဲခြားဖော်ပြလိုတာပါ။ အနှစ်သာရ မပါတဲ့ အသွင်သဏ္ဌာန် ဆိုတာ တကယ်တော့ အကာသက်သက်ပါပဲ။

ဒီပုံပြင်ကလေးကိုဖတ်ပြီး “ဒါ အများဖြစ်နေကျ ထုံးစံပါပဲ”လို့ ပေါ့ပေါ့လေးတွေးလို့ ရနိုင်ပေမယ့် မိမိတို့ရဲ့ တရားဓမ္မ ၊ ကျင့်စဉ်သိက္ခာတွေကို အလေး ဂရုမပြု၊ ပေါ့တီးပေါ့ဆ မရိုမသေပြုမူခြင်းဟာ ဘာသာ၊ သာသနာ ကွယ်ပျေက်ကြောင်းမို့ အထူး သတိပြုကြရမှာပါ။

ပိဋကတ်စာပေမှာတော့ အပေါ်ယံအသွင်သဏ္ဌာန်မျှသာ ဖြစ်ပြီး၊ အနှစ်သာရမပါတဲ့ဥပုသ်မျိုးကို ဂေါပါလဥပုသ်(နွား ကျောင်းသားဥပုသ်) အသွင် သဏ္ဌာန် ရော အနှစ်သာရပါ ပြည့်သသော ဥပုသ်မျိုးကို အရိယဥပုသ်(မြင့်မြတ်သောဥပုသ်)လို့ ခေါ် ဆိုသတ်မှတ်ပါတယ်။

အနှစ်သာရပြည့်ဝတဲ့ အရိယဥပုသ်တစ်ရက် စောင့်ရတဲ့ အကျိုးဟာ “ဇမ္ဗူဒိပ် တစ်ကျွန်းလုံးကို အုပ်စိုးရတဲ့မင်း၊ မိဖုရား အဖြစ်မျိုးထက် ကြီးကျယ် ခမ်းနားကြောင်း” ဘုရားရှင် ကိုယ်တော်တိုင် ဟောမိန့်တော်မူခဲ့ဖူးပါတယ်။

တကယ်တမ်းပြောရရင် ဥပုသ်စောင့်တယ်ဆိုတာ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာအရှင်မြတ်တွေရဲ့ မြင့်မြတ်လှတဲ့ ဘ၀ကို အတူယူ အားကျပြီး တဒင်္ဂ ခဏ၊ တစ်စိတ်တစ်ဒေသ ၀င်စားကြည့်တာပါ။ အထက်တန်းကျ မြင့်မြတ်သူတွေရဲ့ အသက်ရှင် နေထိုင်ပုံမျိုးကို တစ်ရက်တာမျှ အတုခိုး ကျင့်ကြံတာ မျိုးပါ။ ဒီအချက်တွေကို ထောက်ဆကြည့်ရင် ဥပုသ်စောင့်တယ်ဆိုတာ ဘယ်လောက် အထက်တန်းကျ မြင့်မြတ်လှတယ်ဆိုတာ ဆင်ခြင် ဉာဏ်ရှိသူတိုင်း သိကြမှာပါ။

ဒါကြောင့် လောက၊ ဓမ္မ နှစ်ဖက်လှပြီး အစဉ်အလာကောင်းတဲ့ ဘာသာရေး ယဉ်ကျေးမှု အမွေအနှစ်တစ်ခု အလွယ်တကူ မတိမ်ကော မကွယ် ပျောက် ရအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ဟာ လူမျိုးဘာသာ သာသနာတော် အဆင့်အတန်းမြင့်မားရေးကို လိုလားကြတဲ့ ဥပုသ်သည်တိုင်းရဲ့ သမိုင်းပေးတာဝန်တစ်ခုဖြစ်ကြောင်း သတိပေးပြောပြလိုပါတယ်။


ဥပုသ်သည်နဲ့ နတ်ပြည်

တော်ဝင်နွယ်

အပ္ပမာဒဓမ္မရသမဂ္ဂဇင်း၊ 2002

Thursday, April 28, 2011

အပါယ်တံခါး မှားမဖွင့်စေချင်…..


အပါယ်တံခါး မှားမဖွင့်စေချင်…..

မြတ်စွာဘုရားသည် ဝေနေယျသတ္တဝါအပေါင်းကို ကြီးမားသော မဟာဂရုဏာတော်မြတ်ဖြင့် သံသရာဝဋ်ဆင်းရဲမှ ကင်းဝေးစေခြင်း အလို့ငှာ လေးသင်္ချေနှင့်ကမ္ဘာတသိန်း ပါရမီဖြည့်ကျင့်လျက် ဘုရားအဖြစ်ကို ရယူတော်မူခဲ့ပါသည်။ ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီ၊ ဝိရိယပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ၊ အဓိဋ္ဌာနပါရမီ၊ မေတ္တာပါရမီ၊ နှင့် ဥပေက္ခာပါရမီ ဟူသော ပါရမီဆယ်ပါးကို ဘဝအဆက်ဆက် အကြိမ်ကြိမ် အလီလီ ဖြည့်ကျင့်လျက် သတ္တဝါများ၏ အကျိုးကို အနစ်နာခံ ဆောင်ရွက်တော်မူခဲ့ပါသည်။

ထို့ပြင် ဥစ္စာပစ္စည်း၊ သမီးနှင့်သား၊ ဇနီးမယား၊ အင်္ဂါကြီးငယ်နှင့် အသက်ကို စွန့်ခြင်းတည်းဟူသော စွန့်ခြင်းကြီး ငါးပါး၊ သတ္တဝါအပေါင်း၊ ဆွေမျိုးအပေါင်းနှင့် ဘုရားအဖြစ်၏ အကျိုးငှာ ဖြည့်ကျင့်တော်မူသော စရိယသုံးပါး၊ ဒေဝပုတ္တမာရ်၊ ကိလေသမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်၊ အဘိသင်္ခါရမာရ် တည်းဟူသော မာရ်ငါးပါး၊ စသည်တို့ကို အောင်မြင်တော်မူခဲ့သော၊ ဘုရားဂုဏ်တော် ကိုးပါးနှင့် ပြည့်စုံတော် မူခဲ့သော၊ လူ၊နတ်၊ ဗြဟ္မာ၊ သတ္တဝါ အပေါင်းတို့၏ ဆရာတဆူ ရှေ့ဆောင်လမ်းပြ ဖြစ်တော်မူခဲ့ပါသည်။

ဤမျှ ကြီးမားလှသော ဂုဏ်နှင့် ပြီးပြည့်စုံတော်မူသော မြတ်စွာဘုရား၏ တရားစစ်တရားမှန်ကို အခြေခံမှစ၍ တဆင့်ပြီး တဆင့် လေ့လာဖတ်ရှုမှသာလျှင် နောက်ဆုံးကျင့်ကြံအားထုတ်မှုအထိ လမ်းမချော် လမ်းမလွဲစေပဲ ပြီးမြောက်စေမည်ဖြစ်ပါသည်။ သို့တည်းမဟုတ် ဖြတ်လမ်းနည်းဖြင့် ကိုယ်တွေ့သည်သာ အဓိကဟု သတ်မှတ်ကာ အလောတကြီး ကျင့်ကြံ အားထုတ်မည်ဆိုပါက အလွဲလွဲ အချော်ချော်ဖြင့် လမ်းမှားရောက်စေနိုင်ပါသည်။

ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်များ..
ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်အများစုသည် ဗုဒ္ဓဘာသာ၏အခြေခံကိုမျှ နားလည်ခြင်းမရှိတော့ပဲ ကိုးကွယ်မှုအရောရော အထွေးထွေး၊ နားလည်မှု ယောင်ဝါးဝါး၊ ယုံကြည်မှုလွဲမှားစွာနှင့် ကျင့်ကြံမှု အမှားမှား အယွင်းယွင်း ဖြစ်နေကြပါသည်။ စာပေဗဟုသုတ အားနည်းခြင်းနှင့်အတူ၊ ဆရာကောင်းတို့၏ လမ်းညွှန်မှုမရှိခြင်းတို့ကြောင့် ဟိုလူပြောလဲ ဟုတ်နိုးနိုး သည်လူပြောလဲ ကောင်းနိုးနိုးဖြစ်နေကြကာ ကိုယ်ပိုင်အသိဥာဏ်ဖြင့် ဆုံးဖြတ်နိုင်စွမ်း အားနည်းနေကြပါသည်။

စစ်မှန်သော ဗုဒ္ဓဘာသာဝင်ဆိုသည်မှာ….

မိမိတို့ကိုယ်ကို မိမိတို့ ဗုဒ္ဓဘာသာဝင်ပါဟု သတ်မှတ်သူတိုင်းသည် မြတ်စွာဘုရားနှင့်တကွ မြတ်စွာဘုရား၏ တရားဒေသနာတော်၊ မြတ်ဗုဒ္ဓ၏ သာသနာအဆုံးအမနှင့် ဝိနည်းစည်းကမ်းကို တသွေမတိမ်း လိုက်နာနေသော တပည့်သား သံဃာတော်များကိုပါ ခြွင်းချက်မရှိ သံသယကင်းစွာ ယုံကြည်ဖို့ လိုအပ်ပါသည်။

ကာလာမသုတ်နှင့် အယောင်ဆောင် ဗုဒ္ဓဘာသာဝင်များ၏ ဆင်ခြေများ….

မြတ်စွာဘုရား ဟောကြားခဲ့သော ကာလာမသုတ္တန် ဒေသနာတော်သည် မြတ်စွာဘုရား၏ အဆုံးအမ သာသနာကို ယုံကြည်လေးစားစွာ ခြွင်းချက်မရှိ လိုက်နာနေသော စစ်မှန်သော ဗုဒ္ဓဘာသာဝင်များအား ဟောကြားခဲ့ခြင်း မဟုတ်ပေ။ အယူဝါဒ အမျိုးမျိုးတို့ဖြင့် ဝိဝါဒကွဲပြား ငြင်းခုံနေကြသော ကာလာမပုဏ္ဏားများအား ဟောကြားခဲ့သော တရားများဖြစ်ပါသည်။ ထိုအချိန်က ဗုဒ္ဓစာပေ အပြည့်အစုံ မပေါ်ပေါက်သေးသော ကာလဖြစ်ပြီး တခြားသော အယူဝါဒရေးရာ စာပေများ၏ ကွဲပြားမှုကို ငြင်းခုံနေကြသောကြောင့် လက်တွေ့ လိုက်နာကြည့်ပြီးမှ ယုံကြည်ကြဖို့ ဟောကြားသော တရားဖြစ်ပါသည်။

သို့ရာတွင် ယနေ့ခေတ်ကာလတွင် မြတ်ဗုဒ္ဓဟောကြားခဲ့သော ပိဋကတ်သုံးပုံ၊ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်အပြင် အဋ္ဌကထာ၊ ဋီကာများ အပြည့်အစုံရှိနေပါသည်။ ထိုတရားများတွင် လူ့လောကအတွင်း နေထိုင်နေကြသော လူသားတို့အား ၃၈ဖြာ မင်္ဂလာတရားအစမှသည် သေခြင်းတရားတို့ပြီးဆုံးရာ မြတ်နိဗ္ဗာန်တိုင်အောင် ဟောကြားထားသော တရားများ ပါဝင်ပါသည်။ လောကီကောင်းကျိုး အဖြာဖြာအတွက်သာမက လောကုတ္တရာကောင်းကျိုးအတွက်ပါ ဒါန၏အကျိုး၊ ဒါနမရှိခြင်း၏အပြစ်၊ သီလ၏ကောင်းခြင်း၊ သီလမရှိခြင်း၏ ဆိုးခြင်း၊ ဘာဝနာမှန်ကန်စွာဆောက်တည်ခြင်း၊ မှားယွင်းခြင်း၏အကျင့် စသည်တို့ကို ပြည့်စုံစွာ ဟောကြားတော်မူခဲ့ပါသည်။

သို့ရာတွင် ဤမျှ ပြည့်စုံအောင် ဟောကြားထားသော်လည်း မြတ်ဗုဒ္ဓ၏ ကျင့်စဉ်လမ်းမှန်ကို ပြင်ဆင်ဖြည့်စွက် ပြုပြင်လိုသူများ အများအပြား ပေါ်ပေါက်လာပါသည်။ မြတ်စွာဘုရား၏ ကျင့်စဉ်နည်းလမ်း စည်းကမ်းနှင့် သွေဖည်လျက် မိမိတို့၏ ကိုယ်တွေ့ဖြင့် မြတ်စွာဘုရား၏ ဥာဏ်တော်ကို မြင်နိုင်ပါသည်ဟု ကာလာမသုတ်ကို ကိုးကားလျက် ထုတ်ဖော် ကြွေးကြော်လာကြပါသည်။ မြတ်ဘုရား၏ တရားစာပေ ပိဋကတ်များကို ပစ်ပယ်ခြင်းသည် မြတ်စွာဘုရား၏ သာသနာကို မယုံကြည်ရာ ရောက်လေသောကြောင့် ဗုဒ္ဓဘာသာဝင်ဟုပင် သတ်မှတ်၍ မရနိုင်ပေ။

ဝိနည်းစည်းကမ်းသည် သာသနာ၏ အသက်သွေးကြော

သာသနာဟူသည် သီလ၊ သမာဓိ၊ ပညာတည်းဟူသော သိက္ခာသုံးရပ်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်လေသောကြောင့် ရဟန်းဝိနည်း၊ လူ့သီလသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ သာသနာ၏ အခြေခံ အုတ်မြစ်ဖြစ်သောကြောင့် သီလမမြဲ ဝိနည်းစည်းကမ်း မထိန်းသိမ်းနိုင်ပါက သာသနာအဆောက်အဦး ပြိုလဲမှု လွယ်ကူစေနိုင်ပါသည်။ ဘုရားရှင်သည် ရဟန်းတော်များအတွက် ဝိနည်းစည်းကမ်းများကို တချိန်တည်း တခါတည်း သတ်မှတ်တော်မူခဲ့ခြင်း မဟုတ်ပဲ၊ သာသနာကို ပျက်စီးညှိုးနွမ်းစေမည်ဟု ထင်မှတ်သော အခါတိုင်းတွင် လိုအပ်သလို အခါအားလျော်စွာ သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ အထူးအားဖြင့် ကိလေသာတိုးပွားစေမည်ဟု ထင်မှတ်သော ကိစ္စရပ်များကို ရှောင်ရှားစေနိုင်ရန် ရည်ရွယ်လျက် ဝိနည်းစည်းကမ်းများကို သတ်မှတ်တော်မူခဲ့ပါသည်။

သစ္စာဆိုက်အောင် တရားများနာယူသောအခါ...
ထေရဝါဒ ဗုဒ္ဓဘာသာ၏ အခြေခံတရားတော်များကို အရင်ဦးဆုံး နာယူခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ထို့နောက် အရိယာတို့၏ ဥာဏ်တော်ဖြင့် ဟောကြားအပ်သော သစ္စာတရားတော်များကို အနုမှ အရင့်သို့ အဆင့်ဆင့် နာယူခြင်းဖြင့် မိမိတို့၏ အသိဥာဏ်ကို ရင့်သန်စေနိုင်ပါသည်။ ထို့ပြင် အခြားသော ဆရာတော် သံဃာတော်များ ဟောကြားသော ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ ဒေသနာတော်များကိုပါ နာယူကြစေလိုပါသည်။ ဆရာတော်တစ်ပါးတည်း၏ တရားတော်များကို နာယူခြင်းထက် ဆရာတော်ပေါင်းစုံ၏ တရားတော်များကို နာယူခြင်းသည် ဗဟုသုတ ပိုမို ပြည့်စုံနိုင်သည့်အပြင် အသိဥာဏ် ပညာနှင့် လိမ်မာယဉ်ကျေးမှုကိုပါ ပိုမို ရရှိစေနိုင်ပါသည်။ အထူးအားဖြင့် မိမိတို့အနေဖြင့် ဤဘဝသည် နောက်ဆုံးဘဝ ဟုတ်မဟုတ် မရေရာသေးပါသဖြင့် ကျန်ရှိသော သံသရာခရီးအတွက် ဒါနရိက္ခာ၊ သီလသိက္ခာနှင့် ဘာဝနာကျင့်စဉ်များကို တတ်အားသမျှ ကျင့်ယူ အမြတ်ထုတ်ယူဖို့ လိုအပ်နေပါသည်။

အဓိက ဥာဏ်အင်္ဂါငါးပါး..
တရားဓမ္မများကို စိတ်ဝင်စားမှု အမှန်တကယ်ရှိသော လူများအတွက် အဓိက လိုအပ်ချက် ဥာဏ်အင်္ဂါငါးပါးမှာ-
၁) ဘုရား တရား သံဃာ အပေါ် ယုံကြည်ကိုးကွယ်မှုရှိခြင်း။
၂) ငါးပါးသီလကို မြဲမြံအောင် စောင့်ထိန်းခြင်း။
၃) ကံ-ကံ၏ အကျိုးကို ယုံကြည်မှုရှိခြင်း။
၎) နာမ်နှင့်ရုပ်ကို ပိုင်းခြား၍ သိမြင်ခြင်း။
၅) ငါ-ငါ့ဟာ-ငါပိုင်မဟုတ်သည်ကို ယုံကြည် (စူးစမ်း၊ စီစစ်၊ စမ်းသပ်၊ ဝေဖန်၊ ပွားများ) ဥာဏ်ဖြင့်သိမြင်ခြင်း။ တို့ဖြစ်သည်။

ပစ္စည်းစွန့်ရမှာလား၊ စွဲလန်းမှု တဏှာ စွန့်ရမှာလား….
ပစ္စည်းစွန့်လှူဒါန်းခြင်းသည် ကုသိုလ်ကောင်းမှု ပြုလုပ်သည် မှန်ပါသော်လည်း ၊ ထိုပစ္စည်းအပေါ် စွဲလမ်းတပ်မက်မှု ငြိတွယ်မှု တဏှာ ဖြစ်နေသေးပါက ယင်းသည် အကုသိုလ် ဖြစ်သွားနိုင်ပါသည်။ ဘုရားတည်၊ ကျောင်းဆောက်၊ ဓမ္မာရုံလှူဒါန်းနေသူများပင် ဖြစ်စေကာမူ၊ ငါတည်ခဲ့သော ဘုရား၊ ကျောင်း၊ ဓမ္မာရုံများဟု စွဲလမ်းလျက် သေပွဲဝင်ခဲ့ပါလျှင် အပါယ်ဇာတိ လားရမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် တကယ်မရှိသော ပညတ်ပေါ်မူတည်လျက် စိတ်၊စေတသိတ်တွင် ပေါ်ပေါက်သော ပရမတ်သဘောတရားများ၏ မမြဲမှုကို ပိုင်းခြားသိပြီး ပယ်သတ်နိုင်မှသာလျှင် ဘဝဇာတိ ထပ်မံ မရရှိမည် ဖြစ်ပါသည်။

ကုသိုလ်နှင့်တရားစခန်း
ကုသိုလ်တရားဟူသည် မိမိဖက်မှ စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်း၊ ပြုလုပ်ခြင်းမှသာ ရရှိနိုင်မည်ဖြစ်ပါသည်။ တရားစခန်းဝင်တိုင်း ကုသိုလ်ရရှိမည် မဟုတ်ပေ။ တရားစခန်းဝင်သည်ပြော၍ သီလမလုံခြုံ၊ အချိန်ကုန်ခံ၊ ဇွဲနှင့်ကြိတ်မှိတ် အညောင်းခံထိုင်လျက်၊ အချိန်စေ့သည်နှင့် ဒုက္ခခံခြင်း စိတ်မှ လွတ်မြောက်ပြီဟု သဘောထားကာ၊ သူတပါးမှ လှူဒါန်းသော အစားအသောက်များကို သုံးဆောင်နေခြင်းသည် အဘယ်ကုသိုလ်မျှ ရရှိနိုင်မည် မဟုတ်ပေ။ ကုသိုလ်တရားဟူသည် ကြည်လင်သော စိတ်၊ လုံခြုံသော သီလ၊ မျှတသော ဘာဝနာပွားမှု၊ ယုံကြည်သော သဒ္ဓါတရားတို့မှသာလျှင် ရရှိနိုင်ပါသည်။

အပါယ်တံခါး မှားမဖွင့်စေချင်
အပါယ်ပိတ်တရားများ နားမှ နာနေသော်လည်း၊ လက်တွေ့တွင်မူ ဘုရားတရားများကို ပြင်ဆင်ဖြည့်စွက်၊ တရားအမှားများ ပြသနေခြင်း၊ သီလသိက္ခာ၊ဝိနည်းတော်များကို လေးစားမှုမရှိခြင်း၊ မိမိနှင့်မတန်သေးသော စကားများ ပြောဆိုခြင်း၊ သီလ သမာဓိ ပညာနှင့်ပြည့်စုံတော်မူသော ဆရာတော်ကြီးများ၏ အကာအကွယ်ယူပြီး မိမိလိုရာ ဆွဲယူပြောဆိုခြင်း၊ မိမိ၏ အသိဥာဏ်ဖြင့် မှား၏ မှန်၏ မဆုံးဖြတ်နိုင်သေးပဲ တရားများကို ဖြန့်ဝေနေခြင်း စသော အပါယ်တံခါးဖွင့်စေသော အပြုအမူများကို အမြန်ဆုံးအဆုံးသတ်စေခြင်းဖြင့် မိမိတို့ကိုယ်ကို မိမိတို့ ကယ်တင်သင့်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။ ။
.

Wednesday, April 27, 2011

ဂတိချိုချို ဂတိခါးခါး


ဂတိချိုချို ဂတိခါးခါး

2010. မေလ ၁၂ ရက်နေ့က ဆရာတော် အရှင်ရာဇိန္ဒ စာရေးဆရာ ရဝေနွယ်(အင်းမ) ဟာ ဓမ္မခရီးစဉ်အဖြစ် မိမိနေတဲ့ Portland Oregonသို့ ကြွလာခဲ့ပါတယ်၊ မိမိအတွက် ဆရာတော် ရဝေနွယ်က နောက်ဆုံးထွက်တဲ့ "စိတ်ညစ်ရင် ရေချိုးပါ"ဆိုတဲ့ စာအုပ်ကလေး ဓမ္မဒါနပြုပါတယ်။ အဲသည်စာအုပ်ထဲက နှစ်သက်တဲ့ ဆောင်းပါးလေးကို ပြောပါ မေတ္တာဥယျာဉ်ဆိုဒ်ထဲကနေ ဓမ္မဒါန ဖြန့်ဝေချင်လို့ပါလို့ လျောက်ထားတော့ စာရေးသူက "ဂတိချိုချို ဂတိခါးခါး"ဆိုတဲ့ ဆောင်းပါးကို နှစ်သက်မိပါတယ်တဲ့ ဒါကြောင့် အဲဒီဆောင်းပါးလေးနဲ့အတူ မနေ့က လိုက်ပို့ဖြစ်ခဲ့တဲ့ နေရာလေးမှာ အမှတ်တရအဖြစ် မှတ်တမ်းတင်ထားတဲ့ ဆရာတော် ရဝေနွယ်ရဲ့ ဓာတ်ပုံလေးနဲ့အတူ ဓမ္မဒါန ဖြ့န့်ဝေလိုက်ပါတယ်။

တစ်ခါတုန်းက အနိဝတ္တဗြဟ္မဒတ်မင်းဆိုတာ ရှိခဲ့ဖူးပါတယ်။ အနိဝတ္တဆိုတာ မြန်မာလို ပြန်ရင်တော့ နောက်မဆုတ်တဲ့မင်းလို့ အဓိပ္ပာယ်ရပါ တယ်။ အဲဒီမင်းက ဘာကိုပဲလုပ်လုပ် နောက်ဆုတ်လေ့ မရှိပါဘူးတဲ့။

တစ်နေ့တော့ အနိဝတ္တမင်းက ဥယျာဉ်တော်ကို ထွက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ တောမီး ထလောင်ပါတယ်။ မီးက အစိုအခြောက် မရွေး သစ်ပင်မြက်ပင်တွေကို အကုန်လောင်တော့တာပါ။ နောက်မဆုတ်ဘဲ ရှေ့ကို တိုးတိုးပြီးတော့ လောင်သွား တာပါ။ အနိဝတ္တမင်းက လောင်နေတဲ့ မီးကို ဥပမာပြုပြီး အာရုံနိမိတ် ယူပါတယ်။

“ မီးတစ်ဆယ့်တစ်ပါးဟာ သတ္တ၀ါတွေကို ကြီးစွာ ဆင်းရဲစေလျက် နောက်ကို မဆုတ်ဘဲ ဆက်ဆက် လောင်သွားတယ်။ ငါလည်း ဒီဆင်းရဲ တွေငြိမ်းဖို့ ဒီမီး လောင်သလို မဂ်တည်းဟူသော မီးနဲ့ ကိလေသာတွေကို လောင်ပြီး ဘယ်လို သွားရပါ့မလဲ”လို့ အတွေးနိမိတ်ယူပါတယ်။

နောက် ရှေ့ဆက်သွားတော့ မြစ်ထဲက ငါးတွေကို ဖမ်းနေတဲ့ တံငါသည်တွေကို တွေ့ရပြန်ပါတယ်။ ဒီအချိန်မှာ ပိုက်ကွန်မှာ မိနေတဲ့ ငါးတစ်ကောင်းက ပိုက်ကွန်ကို ဖြတ်ပြီး ထွက်ပြေးသွားပါတယ်။ ဒီတော့ တံငါသည်တွေက “ငါးက ပိုက်ကွန်ကို ဖြတ်ပြေးသွားပြီ”လို့ အော်ပါတယ်။

အနိဝတ္တမင်းက ဒီအသံကြားတော့ ရှေ့ကအတိုင်း အာရုံနိမိတ်ယူမိ ပြန်ပါတယ်။

“ငါလည်း မဂ်ဥာဏ်နဲ့ တဏှာဒိဌိ တည်းဟူသော ပိုက်ကွန်ကို ဘယ်အချိန် လောက် ဖြတ်နိုင်ပါ့မလဲ”လို့ တွေးပါတယ်။

နောက်ဆုံးတော့ ရထားတဲ့ မင်းအဖြစ်ကိုစွန့်ပြီး ၀ိပဿနာ တရားတွေ အားထုတ်လိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတော့တယ်။

(အပါဒါန်အဋ္ဌကထာ၊ စာမျက်နှာ၂၁၀) သုတ္တနိပါတ်အဋ္ဌကထာ ပတွဲ၊ စာမျက်နှာ ၁၀၂)

အနိဝတ္တမင်းကတော့ လောင်နေတဲ့မီး၊ ပိုက်ကွန်က လွတ်သွားတဲ့ ငါးကိုကြည့်ပြီး သံဝေဂဖြစ်ပါတယ်။ အဲဒီ သံသဝေဂကိုပဲ အခြေခံပြီး တရားအား ထုတ်လိုက်တာ တရားထူး တရားမြတ် ရသွားခဲ့ပါတယ်။

ကိုယ့်ဝန်းကျင်မှာ သံဝေဂဖြစ်စရာ သက်ရှိသက်မဲ့တွေ အများကြီးရယ်ပါ။ ဒါတွေကို ကြည့်ုပြီး သံဝေဂဖြစ်ကြတဲ့သူတွေ ရှိကြသလို မဖြစ်ကြတဲ့ သူတွေလည်း အများကြီးပါပဲ။

ပါရမီရှင်တွေကတော့ မမြဲတဲ့ သဘောတရားတွေကို သိပြီး နောက်ဆုံးတော့ မင်းစည်းစိမ်ကိုစွန့် တရားအားထုတ် တော့တာပါပဲ။ တကယ်လို့ ပါရမီ မပြည့်သေးလို့ တရားထူး မရသေးရင်တောင် နောက်ဘ၀ တွေမှာလည်း ဆက်စွန့်ပြီး ဆက်အားထုတ် နေဦးမှာပါ။ စွန့်ရဲတဲ့အထုံ ပါသွားရင် နောက်ဘ၀တွေမှာလည်း စွန့်ဖို့ ၀န်မလေးတော့ပါဘူး။ မစွန့်ရဲသေးတဲ့ စာရေးသူတို့သာ သံသရာထဲမှာ ကျန်နေကြရတာပါ။ စွန့်ရဲတဲ့ သူတွေက စွန့်ပြီး မစွန့်ရဲတဲ့ သူတွေကတော့ စားနေကြတုန်းပါ။

စာရေးသူရဲ့ဇာတိ အင်းမဆိုတာ သရေခေတ္တရာ ပြည်ခရိုင်ထဲကပါ။ တစ်နှစ်ကို နှစ်ခေါက် လောက်တော့ ပြည်ကို ရောက်ဖြစ်ပါတယ်။ ပြည်ေ၇ာက်ရင် အမြဲသွားဖြစ်တဲ့ နှစ်နေရာရှိပါတယ်။ ရွှေဘုံသာမုနိရယ် သရေခေတ္တရာ နန်းတော်ဟောင်း နေရာရယ်ပါ။

ရွှေဘုံသာမုနိမှာ ကုသိုလ် ကောင်းမှုပြု၊ မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေကို အမျှအတမ်း ပေးဝေပြီးရင် နန်းတော်ဟောင်း နေရာကို ကြည့်ရတာ အရသာတစ် ခုလို ဖြစ်နေလို့ပါ။ နောက် နန်းတော်ဟောင်းကို ကားနဲ့ တစ်ပတ်ပတ်ပြီး ကြည့်လိုက်ပါသေးတယ်။ ကြည့်ရတိုင်းလည်း ဘယ်အခါမှ ရိုးမသွားခဲ့ပါဘူး။ ကြည့်လို့ကောင်းနေခဲ့တာပါ။

တကယ်ဆို နန်းတော်ဟောင်းကို ကြည့်ပြီး သံဝေဂ ပွားရမှာပါ။ သံဝေဂမပွားဘဲ အနုပညာတစ်ခုလို ခံစားနေတော့ တရားနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

သရေခေတ္တရာမှာ မင်းဆက်(၂၅)ဆက် သံလျက်ကိုင် အုပ်ချုပ်သွားခဲ့ပါတယ်။ ဘာမှ မမြဲတဲ့ သဘောတရားအရ ပျက်စီးခြင်းသာ အဆုံးရှိတဲ့ သဘောတ၇ားအရ ဒီနေ့ဒီအချိန်မှာ သံလျက်ကိုင် အုပ်ချုပ်ခဲ့တဲ့ မင်းတွေ တစ်ပါး မှ မရှိတော့သလို သူတို့ကိုင်ခဲ့တဲ့ သံလျက်တွေလည်း တစ်လက်မှ မရှိတော့ပါ ဘူး။ ဘယ်ဘ၀ ဘယ်ဒေသ ရောက်နေမှန်းလည်း မသိရတော့ပါဘူး။

သံလျက် ကိုင်ခွင့်ရတယ်ဆိုတာ အတိက်ဘ၀တွေက ကုသိုလ်ပါရမီကြီးခဲ့ လို့ပါ။ ဒီတော့ ခပ်ညံညံ့မဟုတ်ဘဲ ကုသိုလ် ပါရမီ ပါခဲ့သူဆိုတာ တွေးလို့ရပါ ပါတယ်။

ဒါကြောင့် ပါလာတဲ့ ကုသိုလ်ပါရမီကို အရင်းတည်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ရ ကြောင်း ကုသိုလ်ပါရမီကောင်းတွေကိုပဲ ဆက်ပြီး ဖြည့်သွားလေသလား၊ ပါခဲ့တဲ့

ကုသိုလ်ပါရမီတွေကိုပဲ ထိုင်ပြီးစားသွားကြလေသလား မပြောတတ်ပါဘူး။

တစ်ချို့လည်း ဂတိချိုချိုကို ရောက်နေကြမှာပါ။ တချို့ကျတော့ ဂတိခါးခါးကို ရောက်ချင် ရောက်နေကြမှာပါ။ မျိုးဆက်အဆင့်ဆင့် ခြားသွားပြီ ဆိုတော့ ဂတိခါးခါးရောက် နေသူတွေအတွက် ရည်မှန်းပြီး ကုသိုလ်ပြု အမျှဝေ ပေးဖို့လည်း ဘယ်သူကမှ စိတ်ကူးမရှိတော့ပါဘူး။

လောကီရေးပဲဖြစ်ဖြစ်၊ လောကုတ္တရာ ရေးပဲဖြစ်ဖြစ် ပါရမီပါခဲ့သူ မပါခဲ့သူ နှစ်ယောက် အားထုတ်ရင် ပါရမီ ပါခဲ့သူက မပါခဲ့သူ လိုက်မမီအောင်ကို အကျိုးပေး ပါတယ်။ ပါရမီပါခဲ့တဲ့ သူတွေ အလုပ်လုပ်ရင် ပိုပြီးထိရောက်ပါတယ်။

ဘုရားဟောအရ ဘာမှ မမြဲပါဘူး။ တစ်နေ့မှာ ပျက်စီးမှာပါပဲ။ နှေးတာနဲ့ မြန်တာပဲ ကွာပါလိမ့်မယ်။ မြဲတယ်ဆိုရင်တော့ ဘုရားဟောနဲ့ ဆန့်ကျင်ဘက်ဖြစ် နေမှာပါ။

ဘာမှ မမြဲတဲ့လောကကြီးမှာ ကိုယ်တစ်ယောက်ကတော့ ကိုယ့်နောက် ပါမယ့် တရားတွေ ရှာနိုင်ဖို့ သိပ်ပြီး အရေးကြီးပါတယ်။

အမှန်တော့ မမြဲတဲ့တရားတွေနဲ့ နေနေရတာ စိတ်ထဲမှာ ပျော်မှာလည်း မဟုတ်ပါဘူး ။ အမြဲပူနေရတာပါ။ ကိုယ့်နောက်ပါမယ့် တရားတွေနဲ့ နေနေရင် တရားတွေက ပြန်စောင့်ရှောက် နေတဲ့အတွက် စိတ်က အမြဲအေးချမ်းနေမှာပါ။ ကိုယ့်နောက်ပါမယ့် တရားတွေကို အမြဲမဟုတ်တောင် အချိန်လေးတစ်ခု အနေနဲ့ ပွားများ အားထုတ်တာတောင် စိတ်ကလေး တဒင်္ဂလေး အေးချမ်းနေတာ က သက်သေပါ။

စာရေးသူကတော့ မမြဲတဲ့ ။ ပျက်စီး သွာြးုပီဖြစ်တဲ့ သရေခေတ္တရာမြို့ ဟောင်း တစ်နေရာကို ရောက်မြဲလည်း ရောက်နေဦးမှာပါ။ ကြည့်မြဲလည်း ကြည့် နေဦးမှာပါ။ တစ်နေ့သောအခါ မှာတော့ သံဝေဂအကြည့်နဲ့ ကြည့်ဖြစ်ပါစေလို့ပဲ ဆုတောင်းမိပါတယ်။

ခန္ဓာကိုယ် စားဝတ်နေရေး ရှိနေတဲ့အတွက်၊ မိသားစု ရှိနေတဲ့အတွက် မမြဲတဲ့ တရားတွေလည်း လိုအပ်နေတာပါပဲ။ ဒါပေမယ့် မမြဲတဲ့ တရားတွေကို ခန္ဓာ ကိုယ်လိုအပ်ချက်အရ မလွှဲမရှောင်သာ အနေနဲ့သာ သုံးပြီး မမြဲတာကို မမြဲမှန်းသိပြီး ကိုယ့်နောက်ပါမယ့် တရားတွေကိုလည်း ကျင့်သုံးရင်း နေထိုင်သွားဖို့ပါပဲ။

တကယ့်တော့လည်း သေရင် မမြဲတဲ့ တရားတွေကို အကုန်လုံး ထားခဲ့ ကြရမှာပါ။ မြန်မာနိုင်ငံမှာ မမြဲတဲ့ တရားတွေကို သိခွင့်ရနေတာကကို သူများ နိုင်ငံထက် သာနေပါပြီ။

အခု မြန်မာနိုင်ငံမှာ ၀ိပဿနာတရားကို မဂ်ပေါက် ဖိုလ်ဝင် ပြပေးနိုင်တဲ့ သီလ သမာဓိ ပညာကြီးတဲ့ ဆရားတော်ကြီးတွေလည်း အများကြီးပါပဲ။ ဒါက ကို ကိုယ့်နိုင်ငံက ကံကောင်းနေတာပါ။

အသက်အရွယ် ကြီးရင့်မှ တရားကို ရှာမယ်ဆိုရင် လူငယ်တစ်ယောက်လို ခရီးမပေါက် နိုင်တော့ပါဘူး။ ငယ်တုန်း ကျန်းမာတုန်း ဖြည့်ကျင့် တာကတော့ အကောင်းဆုံးပါပဲ။

အနိဝတ္တမင်းကတော့ မမြဲတဲ့ သဘောတရားတွေ သိပြီး ဆက်လက်အား ထုတ်သွားတာ ဂတိချိုချို ဂတိခါးခါးတွေကို ဘယ်တော့မှ ပြန်မလာ တော့ဘဲ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားခဲ့ပါပြီ။

ကိုယ်က အနိဝတ္တမင်းလို ဂတိချိုချို ဂတိခါးခါးက မလွန်မြောက်နိုင်သေး ရင်တောင် ကိုယ်ရထားတဲ့ ရာထူးဋ္ဌာနန္တရ ငွေကြေးဥစ္စာ လုပ်ပိုင်ခွင့် ကိုယ့်ဝန်းကျင်မှာ ရှိနေတဲ့ သက်ရှိ သက်မဲ့တွေကို ကြည့်ပြီး “သြော်.. မမြဲတဲ့ တရားတွေဘဲ၊ တစ်နေ့မှာ ဆင်ခြင် ဆင်ခြင်ပေးရပါမယ်။ အဲဒီလို ဆင်ခြင် တာလေးကိုလည်း အထုံအလေ့ အကျင့်ဖြစ်အောင် လုပ်ထားရပါမယ်။ အထုံဆိုတာ အမြဲလေ့ကျင့်ထားရင် ထုံသွားတာပါပဲ၊လေ့ကျင့်စမှာသာ ကိုယ်က အားစိုက်ရတာပါ။ အထုံဖြစ်သွားရင်တော့ အထူး အာရုံစိုက်စရာ မလိုတော့ပါဘူး။ ဆင်ခြင်ပြီးတဲ့အခါ အနိဝတ္တမင်းကို အားကျ အတုယူပြီး ၀င်လေ ထွက်လေပဲ ဖြစ်ဖြစ် ၊ ဖောင်းတယ် ပိန်တယ်ပဲဖြစ်ဖြစ်၊ ထင်ရှားတဲ့ ရုပ်နာမ် တစ်ခုခုမှာ သတိကပ်ပြီး ပဲဖြစ်ဖြစ် ၀ိပဿနာ တရားကို နှစ်မိနစ် သုံးမိနစ်လောက်လေး ရှုမှတ်လိုက်ဖို့ပါ။

သံဝေဂစစ်စစ်၊ ၀ိပဿနာစစ်စစ်တာ့ ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမယ့် ဆင်ခြင်နေတဲ့ အခိုက်အတန့် ရှုမှတ်နေတဲ့ အခိုက်အတန့် လေးမှာတော့ အကုသိုလ် ကိလေသာတွေ ကင်းနေတာ အမှန်ပါပဲ။ အကိုသိုလ် ကိလေသာ ကင်း နေရင် တဒင်္ဂလေးတော့ စိတ်အေး ချမ်းနေပါတယ်။

ဒါတင်မကပါဘူး။ နောက်ဘ၀ နောက်ဘ၀တွေအထိလည်း ဆင်ခြင်တဲ့ အထုံ ပွားများတဲ့ အထုံလေးတွေ ဆက်ဆက်ပါသွားမှာပါ။ ဒီဘ၀ ဆင်ခြင်ပွားများရင် နောက်ဘ၀ နောက်ဘ၀တွေလည်း ဆက်ပြီး ဆင်ခြင်ပွားများနေဦးမှာပါပဲ။ အဲဒီလို ဆင်ခြင် ပွားများနေတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို ပါရမီဖြည့်နေတယ်လို့ လည်း သဘောထားပေါ့။ တစ်နေ့ကို ဆင်ခြင်တာ တစ်မိနစ်၊ ပွားများတာ သုံး မိနစ် စုစုပေါင်း လေးမိနစ် လောက်လေးတော့ လေ့ကျင့် လေ့ကျင့်သွားသင့်ပါ တယ်။ လေးမိနစ်ဆိုတော့ ဘာမှ မကြာပါဘူး ။ နောက်ဘ၀ ဘ၀အထုံတွေ အတွက် အဲဒီလောက် လေးတော့ အချိန်ပေးသင့်ပါတယ်။ ပါရမီ ပြည့်တဲ့ ဘ၀တစ်ခုမှာတော့ အနိဝတ္တမင်းလို တရားထူး ရသွားမှာပါ။

ဒါကြောင့်လည်း ရုံးတက်ရင်းလည်း ဆင်ခြင်ပွားများလို့ ရပါတယ်။ ကားစီးရင်းလည်း ဆင်ခြင်ပွားများ လို့ရပါတယ်။ ဈေးရောင်းရင်းလည်း ဆင်ခြင်ပွား များလို့ရပါတယ်။ နောက်ဆုံး ရေချိုးခန်းဝင်နေရင်းလည်း ဆင်ခြင် ပွားများလို့ ရတာပါပဲ။

ရေချိုးခန်း ၀င်နေတုန်းဆို ကိုယ်တစ်ယောက်တည်း ရှိနေတဲ့အတွက် ၊ အသံတိတ်ဆိတ်မှုလည်း ရှိနေတဲ့အတွက် ဆင်ခြင်ပွားများရတာ ပိုလို့တောင် လွတ်လွတ်လပ်လပ်ရှိဦးမှာပါ။ ရေချိုးခန်းဝင်နေတဲ့ အချိန်မှာ ဧည့်သည်လည်း မလာသလို ဖုန်းလည်း မလာပါဘူး။ ပြင်ပ လုပ်စရာလည်း ဘာမှမရှိပါဘူး။ ဘာအနှောက် အယှက်မှမရှိတဲ့ တကယ့် သီးသန့်ကိုယ်ပိုင် အချိန်တစ်ခုပါပဲ။ ရေးချိုးခန်း ၀င်တာကတော့ လူတိုင်း လူတိုင်း တစ်နေ့ကို တစ်ကြိမ် နှစ်ကြိမ် တော့ မဖြစ်မနေ ၀င်ကြရတာပါ။ တရားအားထုတ်ဖို့ အချိန်မရှိဘူးလို့ ဆိုတဲ့ သူတွေအတွက် “သီးသန့် ကိုယ်ပိုင် အချိန်လေး”တစ်ခုပါ။ ကိုယ်က ရေချိုးခန်း ၀င်တုန်းမှာ ဆင်ခြင်ပွားများတဲ့ အထုံအလေ့ အကျင့်လေး လုပ်ထားလိုက်ရင် နောက်ဆို ရေချိုခန်းဝင်လိုက်တာနဲ့ ဆင်ခြင်ပြီးသား၊ ပွားများပြီးသား ဖြစ်နေပါလိမ့်မယ်။ အမြဲဆင်ခြင် ပွားများ နေတဲ့အတွက် ကိုယ့်ကိုယ်ကို သတိပေးနေရာလည်း ရောက်ပါတယ်။ တရားတွေ အများကြီး မလုပ်နိုင်သေး ပေမယ့် နေ့စဉ် မိနစ်ပိုင်း ဆင်ခြင် ပွားများနေတဲ့အတွက် “ ငါတရားနဲ့ သိပ်ကွာဟ မနေပါဘူးလေ “ဆိုပြီး ကိုယ့်ကိုယ်ကိုလည်း အားပေးလို့ရပါတယ်။ တရားမလုပ်ဖြစ်သေးလို့ တစ်ခါတစ်လေ စိတ်ဓာတ် ကျရသူတွေအတွက် ဖြေဆည်ရာ တစ်ခုပါ။

ဒီလိုပါပဲ ၊ ဈေးရောင်း နေရင်းလည်း ဆင်ခြင်ပွားများလို့ ရတာပါပဲ။ ဈေး ဆိုတာ အချိန်ပြည့်ရောင်းနေတာ မဟုတ်ပါဘူး။ ကြားထဲမှာ ၀ယ်သူမလာသေးတဲ့ အချန်ဆိုတာ ရှိနေတာပါပဲ။ ၀ယ်သူ မလာသေးတဲ့ အချိန်တွေမှာ ဆင်ခြင်ပွားများ နေလို့ရတာပါပဲ။ ဒါဆိုရင် ဈေးရောင်းရင်း ကုသိုလ်တွေ ဖြစ်နေတော့တာပါ။ ဆင်ခြင် ပွားများနေတဲ့ ဈေးသည် တစ်ယေက်ဟာ ဘယ်တော့မှ အကုသိုလ် မကင်းတဲ့ ဈေးရောင်းမှုကို မပြုပါဘူး။ ဈေးရောင်းရင်း ကုသိုလ်ဖြစ်တဲ့သူတွေ ရှိသလို ဈေးရောင်းရင်း အကုသိုလ် ဖြစ်တဲ့သူတွေလည်း အများကြီးပါ။

ဈေးရောင်းတာဟာ သတိရှိရင် နိဗ္ဗာန်နဲ့နီးရသလို သတိမရှိရင် ငရဲနဲ့လည်း နီးရပါတယ်။ ဒါကြောင့် ငရဲနဲ့နီးတဲ့ ဈေးရောင်း နည်းကိုတော့ အထူး ရှောင်ကြဉ် ရပါမယ်။

တရားထူး ရသွားကြတဲ့ ထေရီထေရာ အရှင်မြတ်တွေဟာ တစ်ပါးနဲ့တစ်ပါး ဆင်ခြင်ပုံချင်းတော့ မတူကြပါဘူး။ ဒီတော့ ကိုယ်အားကျကြည်ညိုတဲ့ ထေရီ ထေရာ တစ်ပါးပါးရဲ့ ဆင်ခြင်မှုကို အတုယူပြီး ဆင်ခြင်လို့ ရသလို ကိုယ်ကြားဖူး တဲ့ ရှေးရှေး ဆရာတော်ဘုရားကြီးတွေရဲ့ ဆင်ခြင်မှုမျိုးတွေနဲ့လည်း ဆင်ခြင်လို့ ရပါတယ်။ ဒါမှမဟုတ် ကိုယ်နားလည် သဘောပေါက်တဲ့ ဆင်ခြင်မှုမျိုးနဲ့လည်း ဆင်ခြင်လို့ ရပါတယ်။

သီလ သမာဓိ ပညာ ကြီးမားတဲ့ ရှေးရှေး ဆရာတော်ဘုရားကြီးတွေရဲ့ ဆင်ခြင်မှုလောက် အဆင့်မမြင့်ပေမယ့် သူတော်ကောင်းတွေရဲ့ အပြုအမူ အတိုင်း အတုယူ ကျင့်သုံးနေတဲ့အတွက် ကိုယ့်ကိုယ်ကို ကြည်ညိုလို့ရနေပါပြီ။ ဒါ သူတော်ကောင်းဓာတ် ကူးဆက်တယ်လို့လည်း ခေါ်ပါတယ်။

ဘာပဲပြောပြော ကိုယ့်ဝန်းကျင်မှာရှိတဲ့ သက်ရှိသက်မဲ့ မမြဲတဲ့သဘော တရားတွေကို ကြည့်ပြီး “သြော်… မမြဲတဲ့ တရားတွေဘဲ၊ တစ်နေ့မှာ ပျက်စီးရမှာပဲ”လို့ နေ့စဉ် ဆင်ခြင်ပေးပါ။ နောက်ဘ၀မှာ အထုံပါရမီလေးပါသွား အောင်လို့ပါ။

ရဝေနွယ်(အင်းမ)

ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း

ဇန္န၀ါရီ ၂၀၁၀

ကျမ်းကိုး

ပုံတော်စုံထေရအပါဒါန်ဝတ္ထုတော်ကြီး(အရှင်ဓမ္မသာမီဘိဝံသ)

Tuesday, April 26, 2011

မရဏမင်းသို့ အိတ်ဖွင့်ပေးစာ

မရဏမင်းသို့ အိတ်ဖွင့်ပေးစာ

သူ့ကို စည်းချင်းထိုး၊ ကြွေအန်ပစ်၊ ပဏ္ဍာဆက်၊ ဘယ်ပဉ္စလက်နှင့်မှ သင်ဖျက်မရ။ သို့သော် စည်းမထိုး၊ ကြွေမပစ်၊ ပဏ္ဍာမဆက်ဘဲ ဧကန်မလွဲ နိုင်နိုင်ပါ့။ “သင့်”

(၁) မဖြုံပါ

ဗျို့…မိတ်ဆွေကြီး မရဏ…၊ နေကောင်းတယ်နော်။ အော်…စက္ကန့်မလပ် ဇီဝိန်တွေကိုခြွေပြီး အလောင်းကုန်ကြမ်းအဖြစ် မီးသဂြိုဟ်စက်တွေ၊ သုဿာန်မြေတွေ၊ နေရာအနံ့ပို့နေရတော့ အမြဲလှုပ်ရှား စံပြလုပ်သားကြီးပေါ့ဗျာ။ Ideal woker ပါပဲ။


၂၀၀၈-ခုနှစ်နှောင်းပိုင်းမှာ မိတ်ဆွေကြီးရဲ့လက်ရုံးတော် ဦးဗျာဓိ ပစ်လွှတ်လိုက်တဲ့ ကင်ဆာ မြှားဟာ ကျွန်တော့်လည်ပင်း လာမှန်တယ်လေ။ တော်တော်ထိပါ့ဗျာ။ ကင်ဆာနှစ်ကြိမ်ဖြစ်၊ ဓာတ် ရောင်ခြည်နှစ်ခါကင် ကီမိုဆေးခြောက်ကြိမ်သွင်းရ၊ ဒေါင်ချာစိုင်းသွားတာပဲ။ ကံကြမ္မာက ဟန့်တား ထားလို့သာ။ အခု ၂၀၁၀-ပြည့် နှစ်ဝက်ကျော်အထိ မလဲသေးဘဲ ရှူနိုင်ဆဲ၊ ရှိုက်နိုင်ဆဲ။ ဒါပေမဲ့ ကိုယ် အလေးချိန် ၁၀၅-ပေါင်ကနေ ၈၀-ပေါင်အထိကျ၊ အသံက ပျောက်လိုက်ပေါ်လိုက်။ ကိုယ်က စာခြောက်ရုပ်သာသာမို့ A half man ထက်ဝက်လူသားဖြစ်နေပါပြီ။ တစ်ခုတော့ရှိတာပေါ့ဗျာ။ ဒီထက် ၀က်လူသားက မယိုင်မကျိုးနိုင်တဲ့ ယုံကြည်မှု “ပဲ့”၊ တွန်းအားကောင်းတဲ့စိတ်ဓာတ် “လှော်တက်”တွေ ကို မြဲမြဲဆုတ်ကိုင်ပြီး ခန္ဓာလှေကို လှော်ခတ်နေတာပါ။ ကျွန်တော့်ဆီ မိတ်ဆွေကြီး လာစရာမလိုပါ ဘူး။ အချိန်စေ့တဲ့နေ့ အမီ ကျွန်တော်လာမှာပါ။ ဒီကြားထဲ မိတ်ဆွေကြီးကို နှုတ်ဆက်စကားအဖြစ် ကြိုပြောချင်တာလေးတွေ ပြောလိုပါ့။ တော်တော်ကြာ မပြောလိုက်ရဘဲ ဘ၀ကန့်လန့်ကာက အရင် ကျသွားဦးမယ်။

ပြောဖူးတယ်နော်၊ ကလေးဘ၀တုန်းက မိတ်ဆွေကြီးကို အကြောက်ကြီး ကြောက်ခဲ့ရတာ။ အသုဘဆိုမကြည့်ရဲ။ နောက်တော့ အရွယ်လေးရ၊ အသိလေးကျယ်လာတော့ တစ်ခါတစ်ခါ အလောင်းစင် ဆင်ထားတဲ့လိုဏ်အောက်ဝင်၊ အလောင်းကို ခေါင်းထဲ ကိုယ်တိုင်ထည့်၊ ပြီးတော့ ထမ်း၊ မိတ်ဆွေကြီးရဲ့လုပ်ငန်းမှာ အကူဝန်ထမ်းအဖြစ် အခြေအနေပြောင်းသွားပါ့။ ဘာ့ကြောင့်ပါလိမ့်၊ မိတ်ဆွေကြီးက ကြောက်စရာမှ မဟုတ်တာ။ သတ္တ၀ါကို ဗျာဓိလိုကပ်ပြီး နှိပ်စက်ကလူပြုနေတာမှ မဟုတ်ဘဲ။ အချိန်ကျလို့ ဇီဝိန်ကိုတစ်ခါတည်း ခ၀ါချပေးလိုက်သူပါနော်။

မိတ်ဆွေကြီး မရဏကို ရင်ဆိုင်တဲ့အခါမှာ ဘ၀အသိနဲ့ ဓမ္မအသိနှစ်မျိုးလက်ကိုင်ထားပြီး ရဲဝံ့စွာ ရင်ဆိုင်သွားသူတွေ မနည်းပါ။ စလုပ်ကို တုတ်တိုနဲ့ရိုက်ခါနီး ဇက်ပေါ်ဓားမကျခင် စာတစ်ပုဒ် ပေတစ် ဖွဲ့ကို အေးအေးလေး ရေးဖွဲ့သွားနိုင်တဲ့ အာဂစာဆိုတွေ၊ တောပြိုတာတောင် ထွက်မပြေးဘဲ လှံကိုင် ပြီး တာဝန်စောင့်ကြပ်ရင်း မတ်တတ်အသေခံတဲ့ စစ်သည်တွေ၊ သင်္ဘောမြုပ်ခါနီးမှာ ဣနြေ္ဒမပျက်ဘဲ လှိုင်းလုံးတွေလာပုတ်တဲ့ ကုန်းပတ်ပေါ် တေးတကျူကျူတယောထိုးပြီး ခန္ဓာကိုယ်မျှောလိုက်တဲ့ ဂီတ ဇာနည်တွေ၊ တောကြီးမျက်မည်း အန္တရာယ်မျိုးစုံ ရာသီဆိုးဝါး အနှိပ်စက်ခံလူသားဘ၀မှာ ရထားလမ်း ဖောက်ရင်း လေလေးတချွန်ချွန်နဲ့ အသက်သွေးကို သွန်ပေးလိုက်သူတွေ၊ ကိုယ့်အသက်ကို ပဓာနမ ထား အများအတွက် စတေးခံလိုက်သူတွေကို မိတ်ဆွေကြီး ကိုယ်တိုင်သိ၊ ကိုယ်တိုင်မြင်ခဲ့တယ်မ ဟုတ်လား။ လောကအသိ လောကခံယူချက်သာမဟုတ်၊ နက်ရှိုင်းတဲ့ဓမ္မအသိနဲ့ အသက်ကို ဖက်ရွက် လိုသဘောထားပြီး ပန်းတိုင်ကို အရောက်လှမ်းနိုင်ခဲ့တဲ့ အရိယာသူတော်စင်တွေလည်း အများကြီးပါ။ မိတ်ဆွေကြီးကို မဖြုံတဲ့သူတွေဟာ ယုံကြည်ချက်၊ ဘ၀အသိ၊ ဓမ္မအသိတွေနဲ့ (undaunted sprit) မတွန့်ဆုတ်တဲ့ စိတ်ဓာတ်ကြောင့်ပါ။ ဟုတ်တယ်နော်…။ နဂိုကတည်းက မိတ်ဆွေကြီးနဲ့ ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ထားသူတွေအဖို့ ပိုလို့တောင် မဖြုံသေး။

(၂) ကြောက်ရမဲ့သူ

အဓိကပြောချင်တာက မိတ်ဆွေကြီးက ကြောက်စရာမဟုတ်ပါ။ ဒါဖြင့် ဘယ်ဟာက ကြောက်စ ရာလဲ။ တစ်ခါတုန်းက ကျွန်တော် ကတ္တရာလမ်းပေါ်လျှောက်ရင်း မြုပ်နေတဲ့ ကျောက်စရစ်ခဲလေးတွေ ကိုကြည့်ပြီး “ရှေ့မှာမြင်နေရတဲ့ ကျောက်စရစ်ခဲတွေလောက် ဘ၀တွေဖြစ်ရဦးမယ်ဆိုရင် ဘယ်လိုလဲ နေချင်သေးလား”လို့ ကိုယ့်ကိုယ်ကို မေးမိဖူးပါတယ်။ မိတ်ဆွေကြီးရေ…မဖြစ်စဖူးဖြစ်တာပြောပြမယ်။ ရှေ့မှာမြင်နေရတဲ့ ကျောက်စရစ်ခဲတွေကို တိုးမကြည့်ရဲတော့ဘူး။ ရင်ထဲမှာ တဖြည်းဖြည်းခုန်လာပြီး အသားတွေပါ တဆတ်ဆတ်တုန်လာတယ်။ ကြောက်စိတ်ပေါ်လာပြီး ကျောစိမ့်ရုံမက ရင်ထဲမှာ စူးနင့် သွားတာပဲ။ ငယ်ငယ်ရွယ်ရွယ်တုန်းက ထိုထိုဘ၀ ထိုထိုပုဂ္ဂိုလ် ဖြစ်ချင်ခဲ့တဲ့ဆန္ဒတွေ အခုတော့လွင့် စင်သွားတာပဲ။ “တော်ပြီ တော်ပြီ၊ နေရရင် ကျောက်ခဲ (၇)လုံးထက်ပိုမနေချင်တော့ဘူး။ အလွန်ဆုံး (၇) ဘ၀ပေါ့”လို့ စိတ်ထဲက ကြုံးဝါးလိုက်တယ်။ တဆက်ထဲမှာပဲ ကြောက်ရမဲ့အရာကို ထင်ထင်ရှား ရှား ဘာဝနာအသိနဲ့ သိလိုက်တယ်။ မိတ်ဆွေကြီးဟာ ဇာတိရှိလို့သာ မရဏအဖြစ်ရှိတာပါ။ ဇာတိမရှိ ရင် မိတ်ဆွေကြီး မရှိတော့ဘူးလေ။ အဲဒီဇာတိရဲ့ အရင်းခံဇစ်မြစ်က အမှန်မသိမှုအ၀ိဇ္ဇာနဲ့ တပ်မက်မှု တဏှာမဟုတ်လား။ သူတို့နှစ်ခုက သွယ်တန်းပေးလိုက်တော့ မိတ်ဆွေကြီးဆီမှာ ဘူတာသွားဆိုက် တာပဲ။ ဒါ့ကြောင့် မိတ်ဆွေကြီးက တကဲ့ကြောက်ရမဲ့အရာမဟုတ်ဘဲ (By-product) ဆင့်ပွားရလာဒ် တစ်ခုပါ။ “မသာတစ်ခေါက် ကျောင်းဆယ်ခေါက်” စကားလို သတိသံဝေဂရစေပြီး မာန်မာနတွေ တောင် ကျစေနိုင်ပါ့။ ဒီ့အပြင် မရဏာနုဿတိအဖြစ် တရားကိုပေါက်မြောက်စေနိုင်မယ့် အနုဿတိ ဓမ္မစွမ်းအားကြီးတစ်ခုပါ။ (Death the Leveller) သေမင်းက အားလုံးကို အဆုံးမှာ ဘုရင်ဧကရာဇ်က အစ ဖုန်းတောင်းယာစကာအထိ ညှိပေးတိပေးလိုက်တာပါ။ တကဲ့မိတ်ဆွေကြီးပါလား။ ကြောက်စရာ မဟုတ်လို့ ဓမ္မအသိ လောကအသိနဲ့ အစဉ်သဖြင့် သေရွာကိုလှမ်းနေတဲ့ ကျွန်တော်တို့ ဝေဒနာသည် တွေ အမြဲနှလုံးသွင်းအပ်ပါတယ်။ မိတ်ဆွေကြီးကိုလည်း အရင်းခံပြီး တွန်းအား၊ မောင်းတန်၊ လောင် စာ၊ ဒလက်အဖြစ် အသုံးချပြီး လိုရာခရီးကို ချီတက်ရမှာပါနော် မိတ်ဆွေကြီး….။

မိတ်ဆွေကြီးဟာ ဒင်္ဂါးလိုပါပဲ။ ရှေ့ဘက်ကကြည့်ရင် ဇီဝခြွေတဲ့ ပါးကွက်အာဏာသား (Excutioner)၊ နောက်ကကြည့်ရင် အကျိုးဆောင်သမား (Promoter) ခံယူမှုအပေါ်ကွာတာပါပဲ။

[B](၃) ခတ်ကွင်းကိုပြင်[/B]

ပြောချင်တာလေးတွေပြောရပြီမို့ ၀မ်းသာအားရပါတယ်။ မိတ်ဆွေကြီးအကြောင်း၊ မိတ်ဆွေကြီး ရဲ့ဂုဏ်သိက္ခာတွေ သိခဲ့ပြီးနောက် ကျွန်တော့်ခတ်ကွင်းကို စိတ်ရှင်းရှင်းနဲ့ ရဲရဲတင်းတင်းပဲ ပြင်နိုင်၊ လုပ်နိုင်ခဲ့ပြီလေ။ ကာလကြာလာပြီး အခြေအနေကဆိုးဝါးလာ၊ အချိန်အခါက နေ့လားညလား ဖြစ်သွားနိုင်တဲ့အထိ တာစူနေတော့ ရောဂါကို နောက်ကျောမှာထား၊ ကုသစရာနည်းလမ်းအတိုင်း ဆက်ကုသနေ၊ ဘာကြီးဖြစ်ဖြစ် အဓိဋ္ဌာန်နဲ့ သစ္စာကိုတော့ ဘာနဲ့မှ အပေးအယူညှိနှိုင်းမှုမလုပ်၊ (Non- compromise) ပဲ။ ကျွန်တော့်ကိုကုသနေတဲ့ ပါမောက္ခသမားတော်ကြီးက ကျွန်တော်ကီမိုသွင်းဖို့ သွားအစစ်ခံတိုင်း “သတ်သတ်လွတ်စား ဥပုသ်စောင့်တုန်းပဲလား”မေးပါတယ်။ ကျွန်တော်ပြုံးနေလိုက် ပါတယ်။ “There are things larger than life” အသက်ထက် ဘ၀ထက် ပိုကြီးမားတဲ့အရာတွေ ရှိပါ ကောလားဗျာ။ ဒီခံယူချက် ဒီကျင့်သုံးမှုကို မဏ္ဍိုင်ပြုပြီး အလုပ်လမ်းကြောင်းကို မပျက်ချီတက်လုပ် ကိုင်လာတာ ကျွန်တော့်ဆန္ဒတွေ အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။ ပထမ ဘာသာသာသနာအနေနဲ့ မဟာပရိတ္တစေတီတော်ကြီး တည်ဆောက်ရေးကိစ္စမှာ ဆရာတော်များ၊ ကုသိုလ်ရှင်များ၊ ပရဟိတအ ကျိုးဆောင်များအားပေးကူညီမှုနဲ့ အခုဆို ပန္နက်ချပွဲပြီးလို့ အကျယ် ၃၆-ပေပတ်လည်အတွက် အုတ်ခုံ ပုံဖော်နေပါပြီ။ ပြီးလျှင် မုခ်ဝလေးခု၊ လိုဏ်ဂူ၊ အဲဒီအပေါ်စေတီတည်သွားဖို့ပါပဲ။ ကျွန်တော် ၀မ်းသာ ကြည်နူးရဆုံးကိစ္စပါ။ ဒီမြင်ကွင်းကို အာရုံပြုမိတိုင်း ကင်ဆာကလပ်စည်းတွေ ကျုံ့သွားသလိုခံစားရပါ တယ်။ “သေပျော်ပါပြီ”လို့တောင် ပြောမိပါတယ်။ မဟာပရိတ္တစေတီတော်အကြောင်းကို ဆောင်းပါး အမှတ် ၅-မှာ ရေးထားပါတယ်။ အလှူဒါနပြုလိုသူများရှိရင် ဆရာတော်အရှင်ဝေပုလ္လ၊ ဖုန်းနံပါတ် ၀၉- ၂၂၁၀၈၂၃ နဲ့ ကျွန်တော့်ဖုန်းနံပါတ် ၄၀၀၅၂၁-ကိုဆက်သွယ်နိုင်ပါတယ်။ ဒုတိယကိစ္စကတော့ စာပေ။ ကျွန်တော်ထုတ်ချင်တဲ့စာအုပ်တွေ ထွက်နိုင်ဖို့ ဝေဒနာကြားက အားခဲပြီးလုပ်လိုက်တာ “ပြင်ပ အိပ်မက်တစ်ခု” WHAT I SEE HOW I FEEL စာအုပ်ထွက်နိုင်ပြီး၊ ပဲခူး ၁၀-မိုင်ကုန်း ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရရဲ့ လိုရင်းတိုရှင်းဝိပဿနာကို ကျွန်တော် အင်္ဂလိပ်လို “MIND AND CONSISE VIPASSANA” အမည်နဲ့ပြန်ဆိုခဲ့တာ အခု စိစစ်ပြီးလို့ ထုတ်ဖို့လုပ်နေပါပြီ။ ကျွန်တော့်ရဲ့ ကိုယ်တိုင်ရေး ဒုတိယအင်္ဂလိပ်ကဗျာစာအုပ်ဖြစ်တဲ့ MID-NIGHT RAINBOW လည်း ထွက်ဖို့စီစဉ်နေ ပါပြီ။ တတိယကိစ္စဖြစ်တဲ့ ပရဟိတလုပ်ငန်းက ကိုယ်တိုင်စာမပြနိုင်တော့ပေမဲ့ ကွန်ပျူတာသင်တန်း အဖြစ်ပြောင်းလည်းပြီး ပြင်ဦးလွင်မြို့နယ်၊ သာစည်ရွာမှာ ဆက်တိုက်ပညာဒါနပို့ချလျက်ပါ။ ဒီတော့ မိတ်ဆွေကြီးရေ…ရောဂါလမ်းကြောင်း၊ ကုသရေးလမ်းကြောင်း၊ အလုပ်လမ်းကြောင်းတွေဟာ သူ့အရှိန်နဲ့သူ သွားနေကြတာပါ။ ဘယ်ဟာမှရပ်မနေပါဘူး။ လူကသာနုံးချည့်ခွေယိုင်လာပေမဲ့ ကျန် တာက ဒေါင်ဒေါင်ဒင်ဒင်ပါပဲ။ ဘယ်လောက်ပဲ ဒေါင်ဒေါင်ဒင်ဒင်ဖြစ်နေပေမဲ့ မိတ်ဆွေကြီးဆီကိုတော့ လာကြရမှာပါ။ မလွန်ဆန်နိုင်ပါဘူး။ ဒါပေမဲ့ အထက်ကကဗျာလေးမှာပြောထားသလို စည်းမထိုး… ကြွေမပစ်…ပဏ္ဍာမဆက်ပေမဲ့…။

[B](၄) ဆုံးခြင်း-ရှုံးခြင်း ခြားနားချက်[/B]

မိတ်ဆွေကြီးရေ….မိတ်ဆွေကြီးအလုပ်က အသက်ကိုဆုံးစေခြင်းပါပဲ။ အသက်ဆုံးရတာနဲ့ ဘ၀ ရဲ့ မွန်မြတ်တဲ့အယူအဆတွေးခေါ်မှုတွေ၊ ကြိုးစားအားထုတ်မှုတွေဟာ ဆုံးသွားပြီလား၊ ဝေးသေး။ ရှုံးသွားပြီလား၊ ဝေးသေး။ သေခြင်းဟာ ခန္ဓာကိုယ်ကို မြေမှုန့်ဖြစ်သွားရုံကလွဲလို့ ဘာမှမတတ်နိုင်ပါ ဘူး။ ဒါပေမဲ့ လူ့လုပ်ဆောင်ချက်တွေဟာ သေသည်မရှိ။ လူသာဆုံးတာ ဘ၀ရှုံးသွားတာမဟုတ်ဘူး နော်။ ဒါကြောင့် ကျွန်တော်က ဘ၀တူဝေဒနာသည်တွေကို ဝေဒနာမှာ ကိုယ်စိတ်နှစ်ပါးမြှုပ်မထားဘဲ အားခဲပြီး ကောင်းတာလေးတွေ တွေးတောပြောဆိုလုပ်ကိုင်သွားပါလို့ တိုက်တွန်းရတာပါ။ အဲဒီလို လုပ်ရင်းနဲ့ပဲ မိတ်ဆွေကြီးနဲ့ တွေ့ရမဲ့နေ့ တွေ့တာပေါ့ဗျာ၊ မဟုတ်ဘူးလား။

ကဲ…နောက်ဆုံး ကျွန်တော်ပြောချင်တာကတော့ ဟိုပဝေသဏီကတည်းက မသေခင်ပြင်ဆင်မှု တွေလုပ်ခဲ့တဲ့အနက် ဟောဒီကဗျာလေးလည်း အပါအ၀င်တစ်ခုပါ။ “ဒို့သေရင် ဟောဒီကဗျာလေးရယ် POPETRY MY LOVE ဆိုတဲ့ကဗျာလေးရယ် ဝေပေးပါနော်”လို့ မှာထားခဲ့ပါတယ် မိတ်ဆွေကြီး။

မှာပါရစေ ပြောပါရစေ

(၁)

ကိုယ်သေရင် မငိုနဲ့

ပါးစိုရုံရှိမှာပေါ့။

သပိတ်မသွတ်နဲ့

လွတ်ပြီးသား၊ ကျွတ်ပြီးသား။

ထမင်းမထုတ်နဲ့

သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။

အိုးမခွဲနဲ့၊ အိုးမလို

ဘာကိုမှ ကိုယ်မစွဲဘူး။

အပွင့်အခက်ယူမသွားနဲ့

ပြန်လိုက်ရမဲ့အစားမဟုတ်ဘူး။

ရက်လည်၊ လလည်၊ နှစ်လည်

ဘာကိုမှမလည်နဲ့

သံသရာကြီးမှာလည်ခဲ့သူ။

(၂)

ကိုယ်သေရင်မငိုနဲ့

ကြိုကြိုပြီးသေထားသူ။

“ဘုရားရှင်ရဲ့ဂုဏ်တော်”ကို

မြတ်နိုးပူဇော်ရင်း

အကြိမ်ကြိမ်အသေရင်းထားသမို့

မရဏမင်းဆီ ပျော်ပျော်သွားမှာ။

ပြီးတော့ ပြောပါရစေ…

သာသနာ၊ စာပေ၊ ပရဟိတ

လုပ်လက်စတွေကို ဆက်လုပ်ဖို့

ဟောဒီချစ်ရတဲ့ မိခင်မြေကို

ပြန်လာခဲ့မယ်မုချ။

ဒီတော့ ကိုယ်သေရင် မငိုနဲ့

ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ

လူသာဆုံးတာ ကျန်တာမရှုံးဘူး။

မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ…။

မိုးဟိန်း
(သားဂျာနယ်ကျော်)
စိတ် စေတနာ မေတ္တာဖြင့် ဓမ္မဒါနပြုရန် မေးဖြင့် ပို့လာသော မိတ်ဆွေဖြစ်သူ အရှင်ပညာဝံသအား အထူးကျေးဇူးတင်ပါသည်။

Monday, April 25, 2011

ထေရ၀ါဒ+မဟာယာနတို့ကို သမိုင်းအမြင်ဖြင့် လေ့လာသုံးသပ်ခြင်း၊၊ ၊၊



ဗုဒ္ဓသာသနာတော် အစဦးပိုင်းက “ထေရာဝါဒနှင့် မဟာယာန”ဟူ၍ မရှိခဲ့ပေ၊၊ ဗုဒ္ဓရှင်တော်၏ သင်ပြ၊ ဟောပြောချက်များကို “ဓမ္မ”နှင့်၊ “၀ိနယ”ဟူ၍သာ ခေါ်တွင်ခဲ့လေသည်၊၊

“ဓမ္မ”ဟူသည်မှာ ဗုဒ္ဓရှင်တော်၏ လောကအပေါ်ရှုမြင်သုံးသပ်၊ ယူဆချက်များဖြစ်ပြီး၊ “၀ိနယ”ဟူသည်မှာ ဗုဒ္ဓရှင်တော်၏ အယူအဆနှင့် ဟောပြော၊ သင်ပြချက်များကို ယုံကြည်လက်ခံ၍၊ ဗုဒ္ဓဘာသာဝင်အဖြစ် ၀န်ခံသူများအတွက်လိုက်နာရန် သတ်မှတ်ထားသည့် စည်းကမ်းချက်များ ဖြစ်ပါသည်၊၊

ဗုဒ္ဓရှင်တော်သည် “ဓမ္မ”ဖြင့် သူ၏လောကအပေါ် ရှုမြင်သုံးသပ်ပုံ၊ အယူအဆကိုတင်ပြခဲ့ပြီး၊ ဗုဒ္ဓဘာသာဟု အမည်ခေါ်ဆိုနိုင်သော ဘာသာကြီးတစ်ခုကို တည်ထောင်ခဲ့ပါသည်၊၊ “၀ိနယ”ဖြင့် သူ၏ဘာ သာဝင်တို့လိုက်နာရမည့် ဥပဒေများကို ညွှန်ပြထားပါသည်၊၊

ဗုဒ္ဓရှင်တော် တည်ထောင်သော ဗုဒ္ဓဘာသာသည် အောင်မြင်သည်ဟု သုံးသပ်ရပါမည်၊ အဘယ့်ကြောင့်ဆို သော် အိန္ဒိယတိုက်ကြီးအတွင်းရှိ၊ တိုင်းနိုင်ငံအများစုက ဗုဒ္ဓဘာသာကို နှစ်သက်၊ သဘောကျ၊ ယုံကြည်၊ လက်ခံကြသည့်အပြင်၊ ရှေးရိုးစွဲအယူအဆဟောင်းများစွာကိုလည်းပယ်ဖျက်ကာ “ဗုဒ္ဓ ဘာသာ”အမည်ခံလာသောကြောင့် ဖြစ်ပါသည်၊၊

ဗုဒ္ဓရှင်တော်ကို(B.C.563)တွင် သာမန်လူသားကလေးငယ်အဖြစ် ဖွားမြင်ခဲ့ပြီး၊ သူသည် သာမန်လူ သားအဖြစ်ဖြင့် (၇)နှစ်ခန့်၊ ကျင့်ကြံအားထုတ်ပြီး၊ (B.C.528 century)တွင် ဗုဒ္ဓအဖြစ်၊ ဘုရားအဖြစ်သို့ ရောက်ရှိခဲ့ပါသည်၊၊ ဗုဒ္ဓရှင်တော်သည် သက်တော်(၃၅)နှစ်တွင် လူသားဘုရားအဖြစ်သို့ ရောက်ရှိခဲ့ပါသည်၊၊ သက်တော် (၈၀)၊ (B.C.583 century)တွင် လူသားတို့ထုံးစံအတိုင်း ဘ၀ကို အဆုံးသတ်ခဲ့ရပါသည်၊၊

ဗုဒ္ဓရှင်တော် သက်ရှိထင်ရှား (၄၅)နှစ် အချိန်အတွင်း ဒေသအမျိုးမျိုး၊ လူမျိုးမျိုးအသီးသီးသို့ အကြောင်းအရာအလိုက် ဟောပြော၊ သင်ပြ၊ လမ်းညွှန်ခဲ့သမျှကို ဗုဒ္ဓဘာသာဝင်တို့၏ ပိဋကတ်သုံးပုံ ပါဠိစာပေဟု ခေါ်တွင်ပါသည်၊၊

“ပထမသင်္ဂါယနာ”
(5th century B.C)၊ ဗုဒ္ဓရှင်တော် လွန်တော်မူအပြီး၊ (၃)လ၊ (၄)ရက်လွန်သောအခါ၊ အကြောင်းအရာအမျိုး မျိုး၊ ခေါင်းစဉ်အသီးသီး ကွဲပြားလျက်ရှိသော ဗုဒ္ဓ၏သင်ကြားချက်များကို အမျိုးတူညီရာစုစည်း၍၊ ဟောပြောချက်များကိုစုစည်းမှု အစည်းအဝေးကြီးကို ဗုဒ္ဓ၏တပည့်ကြီးများ(၅၀၀)စည်းဝေး၍၊ အတည်ပြု၊ သတ်မှတ်ခဲ့ကြပါသည်၊၊

ဤကဲ့သို့သော စည်းဝေးပွဲမျိုးကို ပါဠိအမည်အားဖြင့် “သင်္ဂါယနာတင်ပွဲ”ဟု ခေါ်ဆိုကြပါသည်၊၊ ဗုဒ္ဓရှင်တော် လွန်တော်မူအပြီး၊ ပထမဆုံးအကြိမ် ဗုဒ္ဓ၏ဟောပြော၊ သင်ပြချက်များကို ပါဠိစာပေကျွမ်းကျင်သည့် သံဃာတော်များ ပြင်ဆင်၊ ညှိနှိုင်း၊ ဆွေးနွေး၊ အတည်ပြု၊ ရွတ်ဆိုသောကြောင့် “ပထမသင်္ဂါယနာ”ဟု ပါဠိစာပေနှင့် ဗုဒ္ဓဘာသာသမိုင်းတွင် လေ့လာရပါသည်၊၊

ပထမသင်္ဂါယနာစည်းဝေးပွဲကြီးတွင် သဘောထားမတိုက်ဆိုင်သည့် အရှင်ပုရာဏဦးဆောင်သည့် သံဃာ တော်(၅၀၀)ခန့်ရှိခဲ့သော်လည်း သီးခြားဂိုဏ်းခွဲ၍၊ သင်္ဂါယနာတင်မှုမျိုး မရှိခဲ့ကြောင်းတွေ့ရသည်၊၊ ပထမသင်္ဂါ ယနာတွင် ဗုဒ္ဓစာပေတစ်ရပ်လုံးကို ဓမ္မနှင့်၊ ၀ိနယဟူ၍သာ အပိုင်းနှစ်မျိုးခွဲ၍၊ သတ် မှတ်အတည်ပြုခဲ့ကြပြီး၊ “တိပိဋက=ပိဋကတ်သုံးပုံ”ဟူ၍ မခွဲခြားခဲ့သေးကြောင်း သိရပါသည်၊၊

ပထမသင်္ဂါယနာစည်းဝေးပွဲကြီးတွင် အရှင်အာနန္ဒာသည် ဓမ္မနှင့်ပတ်သတ်၍ အဓိကဆွေးနွေး၊ တင်ပြ သူဖြစ်ပြီး၊ အရှင်ဥပါလိသည် ၀ိနယနှင့်ဆက်စပ်၍ ဆွေးနွေး၊ တင်ပြသူဖြစ်သည်၊၊ အရှင်မဟာကဿပသည် စည်းဝေးပွဲကြီး၏ သဘာပတိဖြစ်ခဲ့ပါသည်၊၊

အရှင်နှစ်ပါး၏ ဆွေးနွေးတင်ပြချက်များကို သဘာပတိဖြစ်သူ အရှင်မဟာကဿပက စစ်ဆေးအတည်ပြုပြီး၊ အစည်းဝေးသို့တက်ရောက်ကြသည့် သံဃာတော်တို့က သဘောတူကြောင်း “သာဒု”ခေါ်ခဲ့ကြပါသည်၊၊ ပထမသင်္ဂါယနာစည်းဝေး ဆုံးဖြတ်ချက်များအဖြစ် ဆုံးဖြတ်ချက်သုံးမျိုးကို အဓိကအနေ အားဖြင့် ဆုံးဖြတ်ခဲ့ကြောင်း တွေ့ရှိရပါသည်၊၊

(၁) ပထမသင်္ဂါယနာမှ အတည်ပြုထားသည့် ဗုဒ္ဓစာပေအတွင်းသို့ အသစ်ထပ်မံ မထည့်ရန်၊၊
(၂) ပထမသင်္ဂါယနာမှ အတည်ပြုထားသည့် ဗုဒ္ဓစာပေမှအတွင်းမှ တစ်စုံတစ်ရာကို မနှုတ်ပယ်ရန်၊၊
(၃) ပထမသင်္ဂါယနာတွင် အတည်ပြုထားသည့်အတိုင်း အစဉ်အဆက်လိုက်နာ ကျင့်သုံးကြရန်၊ တို့ ဖြစ်ပါသည်၊၊


ပထမသင်္ဂါယနာ စည်းဝေးပွဲကြီးကို ကျင်းပပြုလုပ်ရခြင်း၏အကြောင်းကို တောထွက်ရဟန်းအိုကြီး “သုဘဒ္ဒ”၏စကားများကြောင့်ဟု အချို့ကဆိုသော်လည်း၊ လုံးဝပြည့်စုံသည့်အကြောင်းပြချက် မဟုက်ကြောင်း ပါဠိစာပေပညာရှင်တို့ ဆိုပါသည်၊၊

အမှန်မှာ ဗုဒ္ဓရှင်တော်လွန်ပြီးစအချိန်မျိုးတွင် ဘာသာကြီးကိုတည်ထောင်သူ ခေါင်းဆောင်အတိအကျ မရှိတော့သည့်အတွက် မဖြစ်မနေစည်းဝေးခေါ်ရမည့် အခြေအနေဖြစ်နေ၍သာ ပထမသင်္ဂါယနာစည်း ဝေးပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပါဠိပညာရှင်အများစုက ထောက်ပြကြပါသည်၊၊

အခြားအရေးပါသော အကြောင်းတစ်ခုမှာ ဗုဒ္ဓရှင်တော်လွန်တော်မူခါနီးတွင် အရှင်အာနန္ဒာအား “အာနန္ဒာ, ၀ိနယကဏ္ဍကြီးမှ သေးငယ်သောပညတ်ချက်အချို့ကို လိုအပ်ပါကပယ်ဖြုတ်နိုင်ကြောင်း မိန့်တော်မူခဲ့သည်၊၊”

ဗုဒ္ဓရှင်တော် မမာမကျန်းဖြစ်နေချိန်ဖြစ်သည့်အတွက် အရှင်အာနန္ဒာမှ “မည်သည့်ပညတ်ချက်များသည် သေး ငယ်သည့်ပညတ်ချက်များ ဖြစ်သည်”ဆိုသည်ကို မေးမြန်းရန်ပျက်ကွက်ခဲ့ရသည်၊၊ ထို့ကြောင့် ၀ိနည်း
သိက္ခာပုဒ်များကို စီစစ်ဆွေးနွေးရန်လိုအပ်သောကြောင့် ပထမသင်္ဂါယနာကို စည်းဝေးကျင်းပရခြင်း ဖြစ်ပါသည်၊၊

စည်းဝေးပွဲကြီးကို (၇)လကြာအောင် ပြုလုပ်ခဲ့ရပါသည်၊၊ ရာဇဂဟပြည်၊ ဝေဘာရတောင်၊ သတ္တပဏ္ဏိလှိုင်ဂူ အနီးတွင် မဏ္ဍပ်ဆောက်၍ကျင်းပခဲ့ပြီး၊ အဇာတသတ်ဘုရင်မှ လိုအပ်ရာရာကိုပံပိုး ကူညီခဲ့ကြောင်း သမိုင်း မှတ်တမ်းများတွင် တွေ့ရပါသည်၊၊

ပထမသင်္ဂါယနာကို သုံးသပ်ကြည့်လျင် တစ်စုံတယောက်ကို ကွယ်လွန်ပြီးသော ဗုဒ္ဓရှင်တော်၏နေရာတွင် ထား၍ ခေါင်းဆောင်တင်မြှောက်မှု မရှိခဲ့ကြောင်းတွေ့ရသည်၊၊ စည်းဝေးမှအတည်ပြုထားသော “ဗုဒ္ဓရှင်တော်၏ ဟောပြော၊ သင်ပြ၊ လမ်းညွှန်ချက်များကိုသာ ဗုဒ္ဓကိုယ်စားခေါင်းဆောင် ဆရာအဖြစ်အသိ မှတ်ပြုပြီး၊ လိုက်နာကြရန် သဘောတူထားခဲ့ကြကြောင်း”ကိုလည်း တွေ့ရသည်၊၊ စည်းဝေးပွဲတွင် ဗုဒ္ဓ၏ဟော ပြောချက်များကို စုစည်းရုံသာစုစည်းခဲ့ကြသော်လည်း စာပေအရေးအသား (အက္ခရာ)ဖြင့် မှတ်တမ်းမတင်ခဲ့ ကြောင်း တွေ့ရသည်၊၊

“ဒုတိယသင်္ဂါယနာ”
(4th century B.C)၊ ဗုဒ္ဓရှင်တော် လွန်တော်မူအပြီး၊ နှစ်(၁၀၀)ကြာသောအခါ ဒုတိယအကြိမ်သံဃာ့အစည်း အဝေး ဒုတိယသင်္ဂါယနာကို ကျင်းပခဲ့ကြပါသည်၊၊ ကျင်းပရခြင်း၏အကြောင်းမှာ ၀ိနယကဏ္ဍအတွင်းသို့ ၀ဇ္ဇီတိုင်းပြည်သား ရဟန်းသံဃာတော်များမှ ဥပဒေအသစ်(၁၀)မျိုးကို ထည့်သွင်းဖို့ကြိုး စားလာသောကြောင့် ဖြစ်ပါသည်၊၊

ဒုတိယသင်္ဂါယနာကို ဝေသာလီပြည်၊ ဝေဠုကာရာမကျောင်းတိုက်ကြီးတွင် အရှင်မဟာယဿ၊ အရှင်ရေ၀တ၊ အရှင်သဗ္ဗကာမိတို့က ဦးစီးကျင်းပခဲ့ပါသည်၊၊ ကာလာသောကမင်းမှ လိုအပ်သည်များကို လှုဒါန်းကူညီခဲ့ပါသည်၊၊ သင်္ဂါယနာစည်းဝေးပွဲကြီးသို့ သံဃာတော်(၇၀၀)တက်ရောက်ကြောင်း တွေ့ရပါသည်၊၊

ဒုတိယသင်္ဂါယနာတွင် ဗုဒ္ဓစာပေအတွင်း ဓမ္မနှင့်၊ ၀ိနယဟူ၍ ကဏ္ဍကြီးနှစ်ရပ်မှ ၀ိနယသက်သက်ကို ဆွေးနွေး ခဲ့ကြပါသည်၊၊ “ဓမ္မ”နှင့်ဆက်စပ်၍ ဆွေးနွေးမှုတစ်စုံတရာမရှိခဲ့ကြောင်း မှတ်တမ်းတင်ပါသည်၊၊ စည်းဝေးကြီး၏ ဆုံးဖြတ်ချက်များအဖြစ် အသစ်တင်ပြလာသည့် ဥပဒေသစ်များကိုလက်ခံအတည်မပြုကြောင်း ပယ်ချရုံတွင်မ ကဘဲ၊ ၀ဇ္ဇီပြည်သားရဟန်းသံဃာ(၁၀၀၀၀)ကို သံဃာ့အဖွဲ့အစည်းမှ နှင်ထုတ်ခဲ့ပါသည်၊၊

သံဃာတော်များအား ဤကဲ့သိုသာသနာတော်မှ နှင်ထုတ်ခဲ့ခြင်းနှင့်စပ်၍ များစွာစဉ်းစား၊ ဆင်ခြင်သင့်
လှသည်၊၊ ဗုဒ္ဓကိုယ်တော်တိုင်သော်မှ သံဃာကိုသာသနာတော်မှ အကြောင်းတစ်စုံတရာကြောင့် နှင်ထုတ်ခဲ့
ဘူးခြင်းမရှိကြောင်း ပါဠိစာပေတွင် လေ့လာရသည်၊၊

အကျိုးရလာဘ်အဖြစ် ဒုတိယသင်္ဂါယနာမှ နှင်ထုတ်ခြင်းခံခဲ့ရသော သံဃာတော် (၁၀၀၀၀)တို့သည် ကောသမ္ဘီပြည့်ရှင် ဘုရင်အားအမှီယူ၍ “မဟာသံဃိကဂိုဏ်း”အမည်ယူကာ သီးခြားသံဃာ့အစည်းဝေး “စင်ပြိုင်သင်္ဂါယနာ”တစ်ခုကို ကျင်းပခဲ့ကြပါသည်၊၊ ထိုအချိန်မှစတင်ပြီး ဗုဒ္ဓဘုရားရှင်၏ သာသနာတော်
အတွင်း “မူလသာသနာဂိုဏ်း”ကြီးနှင့် “မဟာသံဃိကဂိုဏ်း”ဟူ၍ ကွဲပြားခဲ့ရပါသည်၊၊

အမှန်စင်စစ် ဖြစ်သင့်သည်မှာ ဒုတိယသင်္ဂါယနာအစည်းဝေး စတင်ကျင်းပစဉ်က နှစ်ဘက်တင်ပြကြသော အယူအဆများကို ဖြစ်နိုင်သမျှသဘောတူ ညှိနှိုင်းနိုင်ခဲ့ကြလျင် ဗုဒ္ဓစာပေနှင့် သာသနာတော်အတွင်း ပဋိပက္ခ ဖြစ်ပြီး၊ ဂိုဏ်းကွဲစရာမကြောင်းမရှိပေ၊၊

ဝဇ္ဇီတိုင်းပြည်ဖွား ရဟန်းသံဃာများ တင်ပြဆွေးနွေးလာသော ဥပဒေအသစ်များမှ အချို့ဥပဒေများသည် သီရိလင်္ကာနှင့် မြန်မာတို့ကဲ့သို့နိုင်ငံများအတွက် များစွာမထူးခြားသော်လည်း ထိုခေတ်အိန္ဒိယနိုင်ငံ၏ ရာသီ ဥတုနှင့် အခြေအနေအရ သင့်တော်သောဥပဒေသများဖြစ်ကြောင်း မျက်မှောက်ခေတ် ပါဠိစာပေပညာရှင်တို့ သုတေသနပြုပြီး၊ အသိမှတ်ပြုရေးသားကြသည်၊၊

ဝဇ္ဇီရဟန်းတော်တို့တင်ပြခဲ့သည်များကိုသာ ပထမသင်္ဂါယနာစည်းမျည်းနှင့် မညီညွတ်၍ပယ်ချရုံမက၊ သာသနာကပါနှင်ထုတ်ခဲ့သော်လည်း နောင်တွင် ဗုဒ္ဓစာပေအတွင်းသို့ ကျမ်းအသစ်ပေါင်းများစွာကို ထည့် သွင်းခဲ့ကြသည်ကို တွေ့ရသည်၊၊ ဤအခါတွင်မူ အသစ်အသစ်အယူအဆနှင့်ကျမ်းများကို ထည့်သွင်းရုံမျှမက ထို“ကျမ်းများမှာ ဘုရားအလိုတော်ကျသည်ဟုပင် ထောက်ခံခဲ့သည်”ကို တွေ့ရပြန်သည်၊၊

ဗုဒ္ဓစာပေနှင့် သာသနာတော်အတွင်း ဂိုဏ်းပေါင်းများစွာကွဲပြီး၊ ဂိုဏ်းတစ်ခုနှင့် အခြားဂိုဏ်းတစ်ခုတို့အကြား “သူ့ဂိုဏ်းက ဗုဒ္ဓသာသနာတော်နှင့် ဗုဒ္ဓစာပေသာ သာသနာစစ်သည်၊ အခြားဂိုဏ်းက မစစ်၊၊”ဟူ၍ တိုက်ခိုက်ငြင်းခုံ၊ ရေးသားပြောဆိုနေကြခြင်းမှာ အထက်တွင်ဖော်ပြခဲ့သော ဘက်လိုက်သည့်လုပ်ရပ်နှင့် ဆုံးဖြတ်ချက်များကြောင့်ဖြစ်ကြောင်း ထင်ရှားသည်၊၊

ဝဇ္ဇီတိုင်းပြည်ဖွား သံဃာတော်များ၏ သိက္ခာပုဒ်ပြင်ဆင်၊ ဖြည့်စွက်ချက် (၁၀) မျိုး-
(၁) သင်္ဂီလောဏကပ္ပ=သားချို၌ထည့်၍ သိမ်းဆည်းထားသောဆားကို နေ့စဉ်ဆွမ်းစားတိုင်း ရောနှော
စားနိုင်သည်။ (မူလဥပဒေတွင် သံဃာတော်များ အစားအသောက်ကို နေ့ဖို့ညစာသိမ်းဆည်း၍ မစားရဟူ၍ ဖြစ်သည်၊၊)

(၂) ဒွင်္ဂုလကပ္ပ=မွန်းလွဲပြီးနောက် နေအရိပ် လက်နှစ်သစ်လွန်သည်အထိ ရဟန်းများ ဆွမ်းစားနိုင်ခွင့်ရှိ၏။ (မူလဥပဒေမှာ သံဃာတော်များ မွန်းလွဲပြီးနောက် ဆွမ်းမစားရ၊၊)

(၃) အာဝါသကပ္ပ=အလွန်ကျယ်ဝန်းသော မဟာသိမ်ကြီးတစ်ခုအတွင်း ကျောင်းအဆောက်အအုံများစွာရှိရာ တစ်ချိန်တည်း၌ တစ်ကျောင်းစီတွင် သံဃာစည်းဝေး၍ ဥပုသ်ကံစသော သံဃာ့ကံများကို ပြုနိုင်သည်။ (မူလဥပဒေမှာ သံဃာစည်းဝေးရာတွင် သံဃာညီညွတ်မှုကိုပြရန် ရဟန်းတစ်ပါးနှင့်တစ်ပါး တစ်တောင်ခန့် နီးကပ်အောင်ထိုင်ကြရ၏။ တစ်ကျောင်းစီစည်းဝေးပါက သံဃာမညီညွတ်ကွဲပြား နေသောကြောင့် အာပတ်သင့်၏။)

(၄) အနုမတိကပ္ပ=သံဃာ့အစည်းအဝေး၌ သံဃာစုံလင်အောင် အချိန်မစောင့်ဘဲ နောက်မှရောက်လာသော သံဃာများထံမှာ သဘောတူညီချက်ကို နောက်မှရယူမည်ဟုကြံရွယ်၍ အလျင်ရောက်နှင့် သောသံဃာများက ဆုံးဖြတ်ချက်တစ်ခုခု ပြုလုပ်နိုင်သည်။ သံဃာ့ကံပြုနိုင်သည်။

(မူလဥပဒေမှာ သံဃာ့အစည်းအဝေးသို့ မတက်ရောက်နိုင်သောရဟန်းများသည် အစည်းအဝေးက ဆုံးဖြတ်သမျှကို သဘောတူပါကြောင်း ကြိုတင်ဆန္ဒပေးကြရ၏။ အစည်အဝေးပြီး နောက်ကျမှပေးသော
ဆန္ဒသည် တရားမ၀င်ချေ။ သံဃာမညီညွတ်သောကြောင့် ဆုံးဖြတ်ပြုလုပ်ချက်သည် ထမြောက် အောင်မြင်ခြင်းမရှိ။)

(၅) အာစိဏ္ဏကပ္ပ=မိမိဆရာသမားပြုလုပ်ခဲ့သော အစဉ်အလာထုံးစံမှန်သမျှကို ပြုလုပ်ခွင့်ရှိသည်။ ထိုသို့ ဆရာသမားအတုလိုက်ခြင်းကြောင့် အာပတ်မသင့်နိုင်။ (အမှန်စစ်စစ် ဆရာသမားတို့ ပြုလုပ်ခဲ့သော အစဉ်အလာထုံးစံများသည် ၀ိနည်းနှင့်ညီလျှင် အာပတ်မသင့်ချေ။ ၀ိနည်းနှင့်မညီပါက အာပတ် သင့်မည်သာဖြစ်၏။)

(၆) ဂါမန္တရကပ္ပ=တခြားရွာသို့သွားရန် ကိစ္စရှိပါက ပ၀ါရိတ်သင့်သောရဟန်းသည် အတိရိတ်ဝိနည်းကံ မပြုသောဆွမ်းကို စားနိုင်သည်ဟု ဆို၏။ (မူလဥပဒေမှာ ဆွမ်းစားနေစဉ် တော်ပြီဟု နှုတ်မြွက်၍ဖြစ်စေ လက်ကာ၍ဖြစ်စေ ထုတ်ဖော်ပြောကြားလျှင် ပ၀ါရိတ်သင့်သည်။ မစားတော့ပါဟု ငြင်းပယ်ခြင်းကို ပ၀ါရိတ်သင့်သည်ဟု ခေါ်သည်။ ထို့သို့ငြင်းပယ်မိသော ရဟန်းသည် ထိုနေ့နံနက်ပိုင်းတွင် တစ်စုံတစ် ခုမျှစားသောက်ခွင့်မရှိတော့ချေ။

အကယ်၍ စားသောက်လိုပြန်ပါက အခြားရဟန်းတစ်ပါးအား ခဲဖွယ်ဘောဇဉ်များကို ပေးစွန့်လိုက်ရ၏။ ထိုဒုတိယရဟန်းက ဤခဲဖွယ်ဘောဇဉ်များကို တော်ပြီငါမစားလို အပိုအလျှံဖြစ်သည်ဟု နှုတ်မြွက်၍ပြန်ပေးမှ စားခွင့်ရှိ၏။ ထိုသို့ အခြားရဟန်းတစ်ပါးက တော်ပြီဟုဆို၍ပြန်ပေးခြင်းကို အတိရိတ်ဝိနည်းကံပြုသည်ဟု ဆိုရ၏။ ပ၀ါရိတ်သင့်သောရဟန်းသည် အတိရိတ်ဝိနည်းကံမပြုဘဲ ခဲဖွယ်ဘောဇဉ်တစ်ခုခုကိုစားပါက ပါစိတ်အာပတ်သင့်သည်ဟူသော သိက္ခာပုဒ်ကိလျှော့ပေါ့အောင် ပြင်ဆင်ခြင်းဖြစ်သည်။)

(၇) အမထိကကပ္ပ=ပ၀ါရိတ်သင့်သောရဟန်းသည် အတိရိတ်ဝိနည်းကံမပြုဘဲ နို့ရည်အဖြစ်ကိုလွန်၍ ဒိန်ချဉ်အဖြစ်သို့ မရောက်သေးသောနို့ချဉ်ကို သောက်ခွင့်ရှိသည်။ (မူလဥပဒေမှာ နို့ရည်ကိုလည်းကောင်း၊ ဒိန်ချဉ်ကိုလည်းကောင်း ဘောဇဉ် (စားစရာ)၌ ရေတွက်ပြထားရာ၊ နို့ရည်နှင့် ဒိန်ချဉ်စပ်ကူး၊ မပ်ကူး နို့ချဉ်ရည်သည် ဘုရားပေးသောဘောဇဉ်မှအလွတ် ဖြစ်သည်ဟုကြံဆ၍ အထက်ပါ သိက္ခာပုဒ်ကို ခြွင်းချက်ဖြင့် လျှော့ပေါ့အောင် ပြင်ဆင်ချက်ပြုလုပ် ခြင်းဖြစ်၏။)

(၈) ဇဠောတိ=ကောက်ညှင်းဆန်၊ ထန်းလျက်၊ ကြံသကာစသည်တို့ကို စိမ်ရည်ဖြစ်အောင်ဖော်စပ် ရာ၌(စိမ်ရည်၊ ခေါင်ရည်)အဖြစ်သို့ မရောက်သေးသော သေရည်အနုစား၊ စိမ်ရည်အနုစားကို ရဟန်း တော်များ သောက်သုံးနိုင်သည်။ (မူလဥပဒေမှာ ရဟန်တော်များသည် စိမ်ရည် ခေါင်ရည် ထန်းရည် ခါးစသော သေရည်သေရက် မူးယစ်ဆေးဝါးကို သုံးဆောင်ခွင့်မရှိ။ သုံးဆောင်ပါက ပါစိတ်အာပတ် သင့်၏။)

(၉) အဒသကံနိသီဒနံ=အမြိတ်အဆာမပါသော နေရာထိုင်ခင်း နိသီဒိုင်သည် အပ်၏။ (မူလ၀ိနည်း ဥပဒေမှာ အမြိတ်အဆာမပါသော နိသီဒိုင်သည် သံဃာတော်များအတွက် မအပ်၊၊)

(၁၀) ဇာတရူပရဇတ= ရွှေငွေအသပြာကို အလှူခံနိုင်၏။ (မူလ၀ိနယ ဥပဒေမှာ ရဟန်းသံဃာများ ရွှေငွေကို အလှုမခံရ၊၊)

“တတိယသင်္ဂါယနာ”
(3rd century B.C)၊ ဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန်ပြုအပြီး၊ နှစ်သုံးရာအကြာတွင် တတိယအကြိမ်မြောက် သံဃာ့ အစည်းအဝေး သင်္ဂါယနာပွဲကို ကျင်းပခဲ့ပါသည်၊၊ စည်းဝေးကြီးကို သီရိဓမ္မာသောကဘုရင်က ထောက်ပံ့ခဲ့ပါသည်၊၊

“တတိယသင်္ဂါယနာ”တွင် “ဓမ္မ”နှင့် “၀ိနယ”နှစ်ရပ်လုံးကို ဆွေးနွေး၊ ညှိနှိုင်း၊ အတည်ပြု၊ ရွက်ဆိုခဲ့ကြပါသည်၊၊ တတိယသင်္ဂါယနာမှ ဆုံးဖြတ်အတည်ပြုချက်များကို သဘောတူလက်ခံ၍ လိုက်နာသူများကို “ထေရာဝါဒ”ဟုအမည် စတင်သုံးစွဲလာခဲ့ကြပါသည်၊၊ တတိယသင်္ဂါယနာတွင် ပါဝင်စည်းဝေးသော သံဃာတော်များ၏ သဘောတူဆုံးဖြတ်ချက်ဖြင့် နိုင်ငံကိုးနိုင်ငံသို့ နိုင်ငံခြားသာသနာပြုများ စေလွှတ်ခဲ့ပါသည်၊၊ ဤနိုင်ငံခြားသာသနာပြုသည်မှစတင်ပြီး အိန္ဒိယအင်ပါယာအတွင်းမှစတည်ခဲ့သော
ဗုဒ္ဓဘာသာသည် သီရိလင်္ကာ၊ မြန်မာအပါအ၀င် ကမ္ဘာ့နိုင်ငံများစွာသို့ပြန့်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာရပါသည်၊၊

တတိယသင်္ဂါယနာတွင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမှ “ကထာဝတ္ထု”အမည်ရှိ ကျမ်းတစ်ကျမ်းကို အသစ်ရေးသားထည့်သွင်းပြီး၊ “ဓမ္မနှင့် ၀ိနယ”အပြင် “အဘိဓမ္မာ”ဟူသောကဏ္ဍကြီးတခုကို အသစ်ထည့် သွင်း၍ စည်းဝေးကြီးမှအတည်ပြုလိုက်ပါသည်၊၊ ဤအချိန်မှစတင်၍ တိပိဋက=ပိဋကတ်သုံးပုံဟု ပါဠိစာပေသမိုင်းတွင် ပေါ်ပေါက်လာရပါသည်၊၊ ဤသင်္ဂါယနာမှ အသစ်ထည့်သွင်းသော အခြားကျမ်းများစွာလည်း ရှိပါသေးသည်၊၊

မူလက ဓမ္မနှင့် ၀ိနယဟူ၍ ကဏ္ဍကြီးနှစ်ရပ်သာရှိခဲ့သော ဗုဒ္ဓစာပေသည် တတိယသင်္ဂါယနာမှစတင်ပြီး၊ သုတ္တန္တပိဋက၊ ၀ိနယပိဋကနှင့် အဘိဓမ္မာပိဋကဟူ၍ ပိဋကတ်သုံးပုံအမည်သို့ ပြောင်းလဲလာခဲ့ပါသည်၊၊

ပါဠိပညာရှင်အများ၏အဆိုအရ အဘိဓမ္မာပိဋကတ်သည် ဓမ္မနှင့် ၀ိနယကဏ္ဍကြီးတို့ကဲ့သို့ ဘုရားဟောစင်စစ် ကား မဟုက်ပေ၊ သို့သော် ဘုရားဟောသုတ်များစွာထဲမှ ခက်ရာခဲဆစ်များကို တသီးတခြားစု စည်းမှု=Systematization ပြုထားသည်ဟု အသိအမှတ်ပြုကြပါသည်၊၊

ဤအဆိုကို သုံးသပ်သော် အဘိဓမ္မာပိဋကတ်သည် အချို့သောပါဠိဆရာတို့ဝေဖန်သကဲ့သို့ “ဘုရားဟောမဟုက်ဟု ယတိပြတ်ပြောဆိုရန် မဖြစ်နိုင်တော့ချေ၊၊" ဘုရားဟောစင်စစ် အစိတ်အပိုင်းများနှင့် တတိယသင်္ဂါယနာတွင် ပါဝင်စည်းဝေးသော ရဟန်းသံဃာတော်များ၏ မွန်းမံမှုအစိတ်အပိုင်းများ ပေါင်းစပ်ထားသည်ဟုဆိုလျင် သင့်တော်သောအဆိုဖြစ်ပါသည်၊၊

ယ္ခင် ဒုတိယသင်္ဂါယနာတွင် မဟာသံဃိကဂိုဏ်းဟူ၍ ဂိုဏ်းတစ်ဂိုဏ်းကွဲခဲ့ပြီးဖြစ်၍၊ ယ္ခုတတိယသင်္ဂါယနာတွင် အမည်သတ်မှတ်သော ထေရာဝါဒဂိုဏ်းနှင့်ဆိုလျင် သာသနာတော်တွင် ဂိုဏ်းကြီးနှစ်ဂိုဏ်း ပေါ်ပေါက်ခဲ့ပြီ ဖြစ်သည်၊၊ ဂိုဏ်းနာမည်မတူညီသည့်အလျောက် ဗုဒ္ဓရှင်တော်တစ်ပါးတည်း၏ ဟောကြား၊ သင်ကြားချက်များအပေါ် လက်ခံပုံ၊ ယူဆပုံများလည်းများစွာပင် ကွာဟခဲ့ပါသည်၊၊

သစ္စာလေးပါး၊ လက္ခဏာရေးသုံးပါး၊ မဂ္ဂင်ရှစ်ပါး၊ နိဗ္ဗာန်၊ ပါရမီ၊ ပဋိစ္စသမုပ္ပါဒ်တရားအပါအ၀င် ဗောဓိပက္ခိ ယတရားများအားလုံးအပေါ် အပြင်ပိုင်းနာမည်ကို လက်ခံပုံတူညီနေကြသည့်တိုင် အနှစ်သာရကို ယူဆပုံနှင့်၊ အဓိပ္ပါယ်ဖွင့်ဆိုပုံများမှာ ဆက်စပ်၍မဖြစ်နိုင်လောက်အောင် ကွာဟခဲ့ပါသည်၊၊ ဗောဓိသတ္တ=ဘုရားအလောင်း အယူအဆများမှာ နားလည်ရခက်လောက်အောင်ပင် ကွာဟခဲ့ပါသည်၊၊

ဗုဒ္ဓဘာသာ၏ပန်းတိုင်များဖြစ်သည့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာအဆင့်များနှင့် နိဗ္ဗာန်ကို ဖော်ပြသရုပ်ဖော်ပုံများမှာ ဒဏ္ဍာရီဆန်ဆန်၊ စိတ်ကူးယဉ်ဆန်ဆန်၊ နတ်ဘုံနတ်နန်းများပမာ ဖြစ်လာရပါသည်၊၊

တတိယသင်္ဂါယနာတင်အပြီး နှစ်ကြာသောအခါ ထေရာဝါဒဂိုဏ်းကြီးမှ ဂိုဏ်း(၈)ဂိုဏ်းကွဲထွက်ပြီး၊ မဟာသံဃိကဂိုဏ်းမှလည်း ဂိုဏ်း(၅)ထပ်မံကွဲခဲ့ပါသည်၊၊ မူလဂိုဏ်းကြီးနှစ်ဂိုဏ်းအပါအ၀င် မူလဗုဒ္ဓ သာသနာမှ မတူညီသည့်ဂိုဏ်း(၁၈)ဂိုဏ်း ပေါ်ပေါက်ခဲ့ပြီ ဖြစ်သည်၊၊ ဤအချိန်တွင်မူ ဗုဒ္ဓသာသနာတော် အတွင်း ဂိုဏ်းပေါင်းများစွာ ကွဲသည့်အလျောက် ဗုဒ္ဓရှင်တော်၏ဟောပြောချက်များကို ထပ်ဆင့် ဟောပြောကြပုံ၊ သင်ပြကြပုံများမှာလည်း အမျိုးမျိုးအဖုံဖုံဖြစ်ခဲ့ရပါသည်၊၊

(B.C.309)တွင် တတိယသင်္ဂါယနာ၏ ယှဉ်ပြိုင်သံင်္ဂါယနာအဖြစ် ထေရာဝါဒဂိုဏ်းကွဲတစ်ခုဖြစ်သည့် သဗ္ဗတ္ထိက၀ါဒီဂုဏ်းမှဦးစီး၍ ရာဇဂဟပြည်နယ်၊ နာလန္ဒာကျောင်းတိုက်ကြီးတွင် စင်ပြိုင်တတိယသင်္ဂါ ယနာကို တင်ခဲ့ကြပါသည်၊၊

တတိယသင်္ဂါယနာစည်းဝေးပွဲကြီးအပြီး ကွဲထွက်လာသော ဗုဒ္ဓသာသနာဂိုဏ်းများကို တင်ပြဆွေးနွေးပါမည်၊၊
(၁)ထေရ၀ါဒဂိုဏ်း၊
(၂)မဟာသံဃိကဂိုဏ်း၊


ထေရာဝါဒဂိုဏ်းမှ ကွဲထွက်လာသောဂိုဏ်းများ-
(၃) မဟိသာသကဂိုဏ်း၊
(၄) ၀ဇ္ဇီပုတ္တကဂိုဏ်း၊
(၅) သဗ္ဗတ္ထိဝါဒီဂိုဏ်း၊
(၆) ကဿပိယဂိုဏ်း၊
(၇) သကန္တိကဂိုဏ်း၊
(၈) သုတ္တ၀ါဒီ(သုတ္တန္တိက၀ါဒီ)ဂိုဏ်း၊
(၉) ဓမ္မဂုတ္တိကဂိုဏ်း၊
(၁၀) ဓမ္မုတ္တရိကဂိုဏ်း၊
(၁၁) ဘဒ္ဒယာနကဂိုဏ်း၊
(၁၂) ဆန္ဒဂါရိကဂိုဏ်း၊
(၁၃) ဓမ္မိတိကဂိုဏ်း၊ တို့ဖြစ်သည်၊၊

မဟာသံဃိကဂိုဏ်းမှကွဲထွက်လာသော ဂိုဏ်းများ-
(၁၄) ဂေါကုလိကဂိုဏ်း၊
(၁၅) ဗဇာပတိဂိုဏ်း၊
(၁၆) ဗာဟုလိကဂိုဏ်း၊
(၁၇) ဗာဟုသုတိဂိုဏ်း၊
(၁၈) မကဗျာဝဟာရိကဂိုဏ်း၊ တို့ဖြစ်သည်၊၊

တတိယသင်္ဂါယနာစည်းဝေးကြီးတွင် စေလွှတ်ခဲ့သည့် နိုင်ငံခြားသာသနာပြု ရဟန်းတော်များနှင့် နိုင်ငံများ ကိုတင်ပြအပ်ပါသည်၊၊

(၁) ကသ္မီရ ဂန္ဓာရတိုင်းနိုင်ငံ(ပါကစ္စတန်၊အာဖဂန်နစ္စတန်)သို့ အရှင်မဇ္ဈမိကမထေရ်၊
(၂) မဟိသာသကတိုင်းနိုင်ငံသို့ အရှင်မဟာဒေ၀မထေရ်၊
(၃) ၀န၀ါသီတိုင်းနိုင်ငံသို့ အရှင်ရက္ခိတမထေရ်၊
(၄) အပရန္တတိုင်းနိုင်ငံသို့ အရှင်ယောနဓမ္မရက္ခိတမထေရ်၊
(၅) မဟာရဋ္ဌတိုင်းနိုင်ငံသို့ အရှင်မဟာဓမ္မရက္ခိတမထေရ်၊
(၆) ယောနတိုင်းနိုင်ငံသို့ အရှင်မဟာရက္ခိတမထေရ်၊
(၇) ဟိမ၀န္တတိုင်းနိုင်ငံသို့ အရှင်မဇ္ဈိမမထေရ်၊
(၈) သုဝဏ္ဏဘုမ္မိတိုင်းနိုင်ငံ(မြန်မာ)သို့ အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်၊
(၉) လင်္ကာဒီပတိုင်းနိုင်ငံ(သီရိလင်္ကာ)သို့ အရှင်မဟာမဟိန္ဓမထေရ်၊ တို့အသီးသီး ဖြစ်ကြပါသည်၊၊

တတိယသင်္ဂါယနာစည်းဝေးပွဲကြီးကို ကျင်းပရခြင်း၏အကြောင်းမှာ ထေရာဝါဒဂိုဏ်းကြီးအတွင်း မသန့် ရှင်းသည့် ရဟန်းများ၊ ရဟန်းအတုများဝင်ရောက်လာမှုကြောင့် ထိုရဟန်းများကိုနှိမ်နင်းရန်နှင့် ထေရာ ၀ါဒဗုဒ္ဓဘာသာဂိုဏ်းကြီး သန့်ရှင်းစင်ကြယ်စေရန် အသောကမင်းကြီးမှ အာဏာဖြင့်မေးမြန်းစီးစစ်ပြီး၊ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်တို့မှ ထေရာဝါဒဓမ္မကို စနစ်တကျအတည်ပြုရန် ကျင်းပခဲ့ကြခြင်း ဖြစ်ပါသည်၊၊

“စတုတ္ထသင်္ဂါယနာ”
(B.C.93/94)၊ ဗုဒ္ဓလွန်တော်မူအပြီး၊ အနှစ်လေးရာ့ငါးဆယ်ခန့်ကြာသောအခါ သီရိလင်္ကာနိုင်ငံ၊ မလယဒေသ၊ အာလုဝိဟာရတွင်၊ ၀ဋ္ဋဂါမဏိမင်း၏အထောက်အပံ့ကိုယူ၍ စတုတ္ထသင်္ဂါယနာကို တင်ခဲ့ကြပါသည်၊၊ မဟာဓမ္မရက္ခိတမထေရ်က သင်္ဂါယနာကိုဦးဆောင်ပါသည်၊၊ စည်းဝေးပွဲကြီးသို့ သံဃာတော် (၅၀၀)တက်ရောက်ခဲ့ကြပြီး၊ (၁)နှစ်ကြာစည်းဝေးခဲ့ရပါသည်၊၊

ဤသင်္ဂါယနာတွင် ဗုဒ္ဓရှင်တော်၏ ပါဠိစာပေများကို နှုတ်ဆောင်အဆင့်မှ သီဟဠဘာသာသို့ ပေထက် အက္ခရာအရေးအသားအဆင့်သို့ ရေးသားမှတ်တမ်းတင်ခဲ့ကြပါသည်၊၊ ဤသင်္ဂါယနာအရင်က ဗုဒ္ဓ၏ ဟောပြော သင်ပြချက်များကို သံဃာတော်တို့အစဉ်အဆက် နှုတ်ဖြင့်သာ ဆောင်ထားခဲ့ကြပါသည်၊၊ စာပေဖြင့်အရေးအသားဖြင့် မှတ်တမ်းမတင်ခဲ့ကြသေးပါ၊၊

(A.D.120)၊ ဗုဒ္ဓလွန်အပြီး နှစ်(၆၅၀)ခန့်အကြာတွင် စတုတ္ထသင်္ဂါယနာ၏ စင်ပြိုင်စတုတ္ထသင်္ဂါယနာကို ပသျှဝါပြည်နယ်၊ ကသ္မီရတိုင်း၊ ဇလန္ဒာမြို့၌၊ အသျှင်ဝသုမိတ္တမထေရ်နှင့်၊ အရှင်အဿဃောသမထေရ် တို့ဦးစီး၍ တင်ခဲ့ကြပါသည်၊၊ ကနိသျှကမင်းက သံင်္ဂါယနာကိုကူညီထောက်ပံပေးခဲ့ပါသည်၊၊ သံဃာ တော်(၅၀၀) စည်းဝေးသို့တက်ရောက်ကြောင်း ဆိုပါသည်၊၊ ဤသင်္ဂါယနာမှ ဗုဒ္ဓစာပေကို သက္ကဋ (သင်္သကရိုက်)အရေးအသားဖြင့် အစောဆုံးစာပေအရေးအသား အက္ခရာတင်ခဲ့ကြပါသည်၊၊

စတုတ္ထသင်္ဂါယနာစင်ပြိုင်ပွဲကြီးမှစတင်၍ ထိုသင်္ဂါယနာတွင်ပါဝင်သော ရဟန်းသံဃာတော်တို့သည် မိမိတို့၏ဂိုဏ်းအား “မဟာယာန”ဟူ၍၄င်း၊ မူလသာသနာတော်ဂိုဏ်းကို “ဟီနယာန”ဟူ၍၄င်း၊ ကျမ်းစာ များတွင် ထည့်သွင်း၍ အသုံးပြုရေးသားလာခဲ့ကြပါသည်၊၊ ထိုအချိန်မှစတင်၍ ဗုဒ္ဓရှင်တော်၏ သာသ နာတော်တွင် “မဟာယာန”နှင့် “ဟီနယာန”ဟူသော ဂိုဏ်းဝေါဟာရနှစ်ရပ် စတင်ပေါ်ပေါက်ခဲ့ရပါသည်၊၊

“ဟီနယာန”ဟူသော အမည်ဝေါဟာရကိုများစွာ မနှစ်သက်သောမူလသာသနာဂိုဏ်းဝင် အရှင်မြတ်တို့သည် မဟာယာနအရှင်တို့ခေါ်ဝေါ်သော “ဟီနယာန”ဟူသောအမည်ကိုမခံယူဘဲ “ထေရာဝါဒ”ဟူ သောအမည်ကိုသာ ဆက်လက်သုံးစွဲလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်၊၊ ယိုးဒယား၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာငါးနိုင်ငံပါဝင်သော ထေရာဝါဒနိုင်ငံတို့သည် (၁၉၅၀)ခုနှစ်တွင် “ဟီန ယာန”ဟူသောအမည်ကို လက်ခံအသုံးမပြုကြောင်း၊ “ထေရာဝါဒ”ဟူ၍သာ လက်ခံအသုံးပြုမည်ဖြစ်ကြောင်း World Fellowship of Buddhist (WFB)အစည်းဝေးကြီးကို သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုမြို့တော်တွင် ငါးနိုင်ငံစုံညီ၍ဆွေးနွေး၊ အတည်ပြုခဲ့ကြပါသည်၊၊

“မဟာယာနဗုဒ္ဓဘာသာဂိုဏ်း”သည် မဟာသံဃိကဂိုဏ်းကြီးမှ စည်ပင်တိုးတက်လာခဲ့သောဂိုဏ်း ဖြစ်ပါ သည်၊၊ မဟာယာနအရှင်တို့စည်းဝေးသော “စတုတ္ထစင်ပြိုင်သင်္ဂါယနာ”မှစတင်ပြီး ထက်မြက်သည့် အရှင်နာဂဇုန၊ အရှင်အဿဃောသ၊ အရှင်ဝသုမိတ္တစသည့် အရှင်မြတ်များပေါ်ပေါက်ခဲ့ပြီး၊ အသစ် အသစ်သော မဟာယာနသုတ္တန်များ၊ သင်ကြားချက်၊ ဟောပြောချက်များကို ဗုဒ္ဓစာပေများအဖြစ်ဖန် တီးပြီး၊ ကမ္ဘာသို့ပြန့်စေခဲ့ကြပါသည်၊၊

ထို့အပြင် ဗုဒ္ဓဘာသာတွင်လည်း “မဟာယာနဗုဒ္ဓဘာသာသည်သာ အမွန်ဆုံးဖြစ်ပြီး၊ အခြားဂိုဏ်းများမှာ ဂိုဏ်း အသေးအမွှားများသာဖြစ်ကြောင်း တင်ပြသည့်အနေဖြင့် ‘ဟီနယာနဗုဒ္ဓဘာသာ’များဟု ‘သဒ္ဓမ္မပုဏ္ဍရိကာ’စ သောကျမ်းများတွင် ထည့်သွင်းရေးသားခဲ့ကြပါသည်၊၊” အမှန်စင်စစ် “ထေရာဝါဒ”နှင့် “မဟာယာန”ဟူသော စကားလုံးသည်မူလ ဗုဒ္ဓရှင်တော်ဟောကြားသည့် ပါဠိစာပေကျမ်းများထဲတွင် မပါရှိချေ၊ မဟာယာနဆရာ အစဉ်အဆက်ရေးသားခဲ့သည့် ကျမ်းများတွင်သာ ထိုအသုံးများကို တွေ့ရသည်၊၊

(2century.A.D)ရာစု၊ ဗုဒ္ဒရှင်တော်လွန်တော်မူအပြီး နှစ်(၇၀၀)ခန့်တွင် “မဟာယာန”ဟူသော အသုံးအနှုံးကို ထင်ထင်ရှားရှား အသုံးပြုလာသည်ကိုတွေ့ရပြီး မဟာယာနဟု တိကျစွာဖြစ်တည်လာသည်ဟုလည်း ဆိုရပါမည်။ အသျှင်နာဂဇုနမထေရ်သည် ‘မဓယာမိကကာရိကာ’ကျမ်းငယ်တွင် “လောကအတွင်းရှိ အရာရာတိုင်းသည် ‘သုညတ’ဖြစ်သည်”ဟူသော အတွေးအခေါ်အယူအဆသစ်ကို တိုးတက်ပြန့်ပွား အောင် ကြိုးစားလုပ်ဆောင်ခဲ့ပါသည်။

“အာနန္ဒာ,လောကမှာ “အတ္တ”လို့ခေါ်တဲ့ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူတစ်ပါး၊ ယောကျာင်္း၊ မိန်းမ၊ အသက်၊ လိပ်ပြာ ဆိုတာမရှိဘူး၊ အတ္တဆိုတာမရှိတဲ့အတွက် “အတ္တနိယ”လို့ခေါ်တဲ့ ငါပိုင်တဲ့ပစ္စည်းဥစ္စာဆိုတာလည်း မရှိဘူး၊၊ ဒီသဘောတရားကို “သုညတ”လို့ ငါဟောကြားခြင်း ဖြစ်တယ်၊၊”

အသျှင်နာဂဇုနမထေရ်သည် အထက်ပါဗုဒ္ဓရှင်တော်၏ “သုညတ” နှင့်စပ်သော ဟောပြောချက်ကိုအခြေခံ၍ သူ၏ “Emptiness=သုညတ၀ါဒ”ကို ကမ္ဘာ့စိတ် ပညာအတွေးအခေါ် Philosophy တစ်ရပ်အနေဖြင့် တင်ပြခဲ့ခြင်းဖြစ်ပါသည်၊၊

သို့သော် အသျှင်နာဂဇုနတင်ပြသော သုညတ၀ါဒသည် ဗုဒ္ဓရှင်တော်၏ဟောပြောချက်ကို အခြေခံ၍တင်ပြသည် ဖြစ်သော်လည်း ထေရာဝါဒဗုဒ္ဓဘာသာတို့ လက်ခံယူဆသော သုညတအယူအဆနှင့် တောင်နှင့် မြောက်ပမာကွာခြားလှပါသည်၊၊

(4th century.A.D)တွင် အသျှင်အာသင်္ဂနှင့် အသျှင်ဝသုဗန္ဓု၊ အသျှင်ဓမ္မကိတ္တိ၊ အသျှင်အယဒေ၀၊ အသျှင်ဒိန္နာဂတို့သည် မဟာယာနစာပေကျမ်းဂန် မြောက်များစွာကို အသစ်ဖြည့်စွက် ရေးသားခဲ့ကြသည်။ မဟာယာနဗုဒ္ဓဘာသာဟု ထင်ရှားစွာပေါ်လာသည့်(1st century.A.D)တွင် မဟာယာနနှင့် “ဟီနယာန”ဟူသောအသုံးအနှုံးနှစ်ခုကို အကျယ်တ၀င့် စတင်သုံးစွဲ လာကြပါသည်။

မဟာယာနကျမ်းများစွာတွင် “လူတိုင်းသည် ဘုရားဖြစ်နိုင်သည်၊ ဘုရားဖြစ်ရမည်ဟု ဖော်ပြပါသည်၊၊ ထို့ကြောင့် လူတိုင်းသည် ဘုရားအလောင်းများဖြစ်ကြသည်ဟု ဆိုပါသည်၊၊” ဤအယူအဆနှင့်ပတ် သက်၍ ပညာရှင်တို့ဝေဖန်ကြသည်မှာ “လူတိုင်းဘုရားဖြစ်မည်ဆိုလျင် ဘယ်သူ့ကို ကယ်တင်နေဖို့ လို သေးသနည်း၊ အားလုံးပင် ဘုရားများဖြစ်နေပြီ၊”ဟု ဖြစ်ပါသည်၊၊ မည်သို့ဆိုစေ ယနေ့အထိ “မဟာယာန ဗုဒ္ဓဘာသာ”သည် ကမ္ဘာ့ဘာသာကြီးတစ်ရပ်အနေဖြင့် နိုင်ငံများစွာက လက်ခံယုံကြည်သော “ဘာသာ ကြီး”တစ်ခုပင် ဖြစ်ပါသည်၊၊

“ပဉ္စမသင်္ဂါယနာ”
သာသနာတော်နှစ် ၂၄၁၂ခု၊ (A.D.1872)တွင်၊ မြန်မာနိုင်ငံ၊ မန္တလေးမြို့၌၊ အရှင်ဇာဂရာဘိဝံသ၊ နရိန္ဒာ ဘိဓဇသီရိသဒ္ဓမ္မ ဇောတိပါလ၊ အရှင်သုမင်္ဂလသာမိတို့ကဦးစီးပြီး၊ ပဉ္စမသင်္ဂါယနာကို တင်ခဲ့ကြပါသည်။

မင်းတုန်းမင်းကြီးက သင်္ဂါယနာစည်းဝေးပွဲကြီးကို ထောက်ပံခဲ့ပါသည်၊၊ သံဃာတော် (၂၄၀၀)တက်ရောက်ပြီး၊ (၇နှစ်၊ ၆လ၊ ၁၅)ရက်မျှကြာအောင် စည်းဝေးရသည်ဟု ဆိုပါသည်၊၊ ဤသင်္ဂါယနာမှ ဗုဒ္ဓ၏ ဟောပြော သင်ပြချက်များကို ကျောက်ပြားများပေါ်တွင်ထွင်း၍၊ မြန်မာအက္ခရာအရေးအသားဖြင့် ကျောက်ထက်အက္ခရာ တင်ခဲ့ကြပါသည်၊၊

တိပိဋကကျမ်းစာများကို ထွင်းထု၍ကျောက်အက္ခရာတင်သော ကျောက်ပြားကြီးများမှာ အမြင့်(၅၂)ပေစီနှင့်၊ အကြယ် (၃၁)ပေစီမျှရှိပြီး၊ အထူ(၅)လက်မစီ ဖြစ်ကြပါသည်၊၊

ပဉ္စမသင်္ဂါယနာတွင် ကျောက်ထက်အက္ခရာတင်ထားခဲ့သော ကျောက်ချပ်ရေ (၇၂၉)ချက်ကို ယနေ့တိုင် မန္တလေးမြို့၊ မန်းတောင်ခြေ၊ ကုသိုလ်တော်ဘုရားဝိုင်းအတွင်းတွင် စေတီငယ်(၇၂၉)ဆူထဲတွင် ထည့်သွင်း၍ထားသည်ကို ယနေ့တိုင်ဖတ်ရှု လေ့လာနိုင်ပါသည်၊၊

“ဆဋ္ဌသင်္ဂါယနာ”
သာသနာတော်နှစ်-၂၄၉၈တွင်၊ (A.D.1954)တွင် ညောင်ရမ်းဆရာတော်ဘဒ္ဒန္တရေ၀တဦးစီး၍၊ ဆဋ္ဌသင်္ဂါယနာ ကို မြန်မာပြည်၊ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလှိုဏ်ဂူအတွင်း တင်ခဲ့ကြပါသည်၊၊

မဟာစည်ဆရာတော်နှင့် ဦးဝိစိတ္တသာရာဘိဝံသတို့က သုတ္တန္တပိဋက၊ ၀ိနယပိဋကနှင့် အဘိဓမ္မာပိဋကများကို ဦးဆောင်ဆွေးနွေးခဲ့ကြသည်ဟု မှတ်တမ်းများအရ သိရပါသည်၊၊ စည်းဝေးပွဲကြီးသို့ သံဃာတော် (၂၅၀၀)တက်ရောက်ခဲ့သည်ဟု ဆိုပါသည်၊၊ နိုင်ငံတော်သမ္မတ ဦးဘဦး၊ ၀န်ကြီး ချုပ်ဦးနုနှင့် ဆာဦးသွင်တို့က စည်းဝေးပွဲကြီးကို ထောက်ပံ့ကူညီလှုဒါန်းခဲ့သည်ဟု လေ့လာရပါသည်၊၊

ဆဋ္ဌသင်္ဂါယနာစည်းဝေးပွဲကြီးသို့ ယိုးဒယား၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီးယား ထေရာဝါဒလေးနိုင်ငံတို့မှ ပါဠိပညာရှင်များ တက်ရောက်ကြောင်း မှတ်တမ်းများအရ သိရသည်၊၊ ဤသင်္ဂါယနာမှစတင်၍ ဗုဒ္ဓ၏ဟောပြော၊ သင်ပြချက်များကို ပေစာ၊ ကျောက်စာအရေးအသားအဖြစ်မှ စာအုပ်အရေးအသားသို့ အက္ခရာအစဆုံးတင်ခဲ့ကြပါသည်၊၊

ဆဋ္ဌသင်္ဂါယနာပွဲကြီးအပြီးတွင် ထေရာဝါဒငါးနိုင်ငံတို့က ပါဠိပညာရှင်တို့သည် ဗုဒ္ဓစာပေတစ်ရပ်လုံးအား မိမိတို့ နိုင်ငံသုံးဘာသာစကား အရေးအသားဖြင့် စတင်ပြီးစာအုပ်များရိုက်နှိပ်ဖြန့်ဝေကာ ကျောင်းများ၊ တက္ကသိုလ် များတွင် ထည့်သွင်း၍သင်ကြား စေကြပါသည်၊၊ ဤသည်ကိုသုံးသပ်သော် ဗုဒ္ဓရှင်တော်လွန်တော်မူအပြီး နှစ်ပေါင်း (၂၅၀၀)ကျော်မှ ဗုဒ္ဓရှင်တော်၏ဟောပြော သင်ကြားချက်များကို စာအုပ်အဖြစ် မှတ်တမ်းတင်ကြ သည်ကို တွေ့ရမည်ဖြစ်ပါသည်၊၊

ဆဋ္ဌသံဂါယနာမူ ပါဠိတော်ကျမ်းများမှာ-ပိဋကအားဖြင့် သုံးပုံ၊ နိကာယ်အားဖြင့်ငါးရပ်၊ စုစုပေါင်း (၅၂)ကျမ်းရှိသည်။ ဆဋ္ဌသင်္ဂါယနာတင်မူအရ ပုံနှိပ်ထုတ်ဝေရာတွင် အချို့ကျမ်းငယ်များအား တစ်အုပ်တည်းတွင်ပေါင်း၍ ထုတ်ဝေသဖြင့် စာအုပ်ပေါင်း (၄၀) ရှိသည်။ စာမျက်နှာပေါင်း (၈၀၂၅)ရှိ ပါသည်၊၊

ဆဋ္ဌသင်္ဂါယနာတွင် ပါဠိတော်အုပ်ရေ(၄၀)၊ အဋ္ဌကထာအုပ်ရေ(၅၁)၊နှင့် ဋီကာအုပ်ရေ(၂၆)တို့ကို ကဏ္ဍများခွဲ၍ တည်းဖြတ်၊ သုတ်သင်၊ ညှိနှိုင်းဆွေးနွေးပြီး အတည်ပြုခဲ့ကြသည်ဟု သင်္ဂါယနာတင် မှတ်တမ်းအရ သိရပါသည်၊၊

ယ္ခုအခါ ဗုဒ္ဓရှင်တော် လွန်တော်မူသည့်နေ့မှစ၍ရေတွက်လျင် နှစ်ပေါင်း (၂၅၀၀)ကျော်ခဲ့ပြီ ဖြစ်သည်၊၊ နှစ်ပေါင်း (၂၅၀၀)ကျော်ကျော်အတွင်း ဖြတ်သန်းခဲ့ရသည့် ဗုဒ္ဓဘာသာကြီးသည် အခက်ခဲပေါင်းများစွာ၊ ပြိုကွဲမှုပေါင်းများစွာ၊ ပြုပြင်မှုပေါင်းများစွာတို့ဖြင့် ရပ်တည်ခဲ့ရလေသည်၊၊

အမှန်စင်စစ် ဗုဒ္ဓစာပေနှင့် ကျင့်စဉ်များသည် တကယ်စနစ်တကျလေ့လာပြီး၊ အသုံးချ ကျင့်ကြံကြည့်မည်ဆို လျင် လက်တွေ့လူနေမှုဘ၀နှင့်၊ အနာဂတ်ဘ၀များအတွက်ပါ အထက်တန်းကျကျ ကောင်းစားပြီး၊ အကျိုးရှိမည်မှာ မလွဲပါ၊၊ ကမ္ဘာ့ဘာသာစာပေပေါင်းများစွာကို လေ့လာကြသော ဘာသာရေးပညာရှင်များ ကလည်း ဗုဒ္ဓစာပေနှင့် အလေ့အကျင့်များသည် လက်တွေ့ကျပြီး၊ ဘ၀ငြိမ်းချမ်းမှုနှင့်၊ ကမ္ဘာ့ငြိမ်းချမ်းမှုကို ဖော်ဆောင်ရာတွင် အမှန်တကယ်အသုံးဝင်ကြောင်း ပြောဆိုသည်ကို တွေ့ရပါသည်၊၊

အထူးအားဖြင့် ဗုဒ္ဓဘာသာသည် ကမ္ဘာ့ဘာသာကြီးများအထဲတွင် စာပေအကြွယ်ဝဆုံးနှင့်၊ နူးညံ့မှုအရှိဆုံးဖြစ် ကြောင်း ထောက်ခံပြောဆိုကြပါသည်၊၊ သင်္ဂါယနာခြောက်ကြိမ်စီစစ်ထားသော ဗုဒ္ဓစာပေများအထဲတွင် နယ်ပယ်မျိုးစုံအတွက်အသုံးချနိုင်သော လမ်းညွန်ချက်များစွာပါရှိသည်ကို တွေ့ရသည်၊၊

ဗုဒ္ဓဘာသာအတွင်း ဂိုဏ်းကြီးများအဆင့်ဆင့် ကွားပြားသွားကြပုံကို လေ့လာသောအားဖြင့် စီးပွားရေး၊ လူမှုရေး၊နိုင်ငံရေးတွင်သာမက၊ ဘာသာရေးတွင်ပါ အတွင်းပိုင်းအားဖြင့် မညီမျှမှုများ၊ အခြေအတင်အငြင်း အခုံများ ရှိနေတတ်ကြောင်းကို လေ့လာမိမည်ဖြစ်သည်၊၊ ဤသို့သောဖြစ်စဉ်များမှာလည်း ဘာသာတိုင်းတွင် ရှိနေမည်မှာ မလွဲပါချေ၊၊

ဤတွင် အရှင်ရေးသားတင်ပြအပ်သည့် “ထေရာဝါဒဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာဂိုဏ်းကြီးများ ပေါ် ပေါက်လာပုံကို သင်္ဂါယနာသမိုင်းရှုဒေါင့်ဖြင့်သုံးသပ်မှု” အတိုင်းအတာတစ်ခုအထိပြည့်စုံပြီဟု ယူဆပါသည်၊၊ လုံးဝပြည့်စုံသည်ဟုကား မဆိုလိုပါ၊၊ “လိုအပ်သူများအတွက် လမ်းစပေးရုံမျှ ပေးစွမ်းနိုင်သည်ဆိုလျင်ပင် အရှင်၏အားထုတ်ရကျိုးနပ်ပြီဟု ကျေနပ်ရပါမည်၊၊”

စင်စစ် ထေရာဝါဒနှင့် မဟာယာနဗုဒ္ဓဘာသာဂိုဏ်းကြီးများအကြောင်းကို သင်္ဂါယနာသမိုင်းကို မလေ့လာဘဲ သိရှိရန်မဖြစ်နိုင်ချေ၊၊ ထို့ကြောင့် သင်္ဂါယနာသမိုင်းကို ကျောရိုးသဖွယ်ပြု၍ အရှင် တင်ပြလိုက်ရပါသည်၊၊

အမှန်မှာ သင်္ဂါယနာသမိုင်းကို လေ့လာသိရှိခြင်းသည် ဗုဒ္ဓဘာသာကို လေ့လာသိရှိခြင်းပင် ဖြစ်ပါသည်၊၊ သင်္ဂါယနာသမိုင်းမသိဘဲ ဗုဒ္ဓဘာသာကို သိရှိရန်လည်း မဖြစ်နိုင်သော အခြေအနေပင်ဖြစ်ပါသည်၊၊ ဤသို့သော ဟာကွက်များကို ဖြည့်ဆည်းသောအားဖြင့် အရှင် ဤစာတမ်းကိုရေး သားလိုက်ရခြင်း ဖြစ်ပါသည်၊၊

အရှင်၏ရေးသားချက်များထဲတွင် အမှားများ၊ လိုအပ်မှုများ ရှိနေခဲ့သော် စာဖတ်သူများအနေဖြင့် ပြင် ဆင်အကြံပေးကြမည်ဆိုလျင် အရှင်မှ ၀မ်းမြောက်ဝမ်းသာ လက်ခံမည်ဖြစ်ပါသည်၊၊ သမိုင်းကိုတင်ပြ သည့်အခါ အရှိကိုအရှိအတိုင်းတင်ပြရသည့်အတွက် ပျော့ကွက်ဟာကွက်များကို တင်ပြမိသည့်အခါ များရှိကြောင်းကို ၀န်ခံရပါမည်၊၊

“အလင်းစက်”သို့ စာဖတ်သူများကို အရှင့်အနေဖြင့် “ရွှေနှင်းဆီဘယ်မည်ပေး၊ မွှေးမပျက်ရှိမည်သာ၊ မည်နာမာလိုရာရွေး၊ ရေးမကြီးပါ၊၊”ဟူသည့် ကဗျာဆောင်ပုဒ်တွင် ပါဝင်သည့်အတိုင်း “ဂိုဏ်းအမည်များကိုဖျောက်ဖြက်၍ စစ်မှန်သောဗုဒ္ဓရှင်တော်၏ ဟောပြောသင်ကြားချက်များကို ကိုယ်တိုင်ကိုယ်ကြ လေ့လာ၊ ဆည်းပူး၊ သင်ယူကြပြီး၊ လိုအပ်သည့် ဘ၀ငြိမ်းချမ်းမှု၊ သံသရာချမ်းသာမှုများကို ရရှိကြပါစေကြောင်း “အလင်းစက်အရှင်” ဆန္ဒပြုလိုက်ပါသည်၊၊”


အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရီလင်္ကာနိုင်ငံ
(၁၅.၄.၂၀၁၁)


(မှတ်ချက်/ စူဠ၀ဂ္ဂပါဠိ-ပဉ္စသတိကခန္ဓက၊သတ္တသတိကခန္ဓက၊ The Hertigate of the Bhikkhu,by Dr.Walpola Rahula. What the Buddha Taught, by Rahula. သင်္ဂါယနာသမိုင်းစုံ၊ 250 Journey of Buddhism.The Spectrum of Buddhism,by Piyadassi. တို့ကိုကိုးကား၍ ဤစာတမ်းကို ရေးသားပါ သည်၊၊)

Sunday, April 24, 2011

ပူသည့်မျက်နှာ မှ အေးသည့် မျက်နှာသို့



ပူသည့်မျက်နှာ မှ အေးသည့် မျက်နှာသို့

မျက်နှာ က သုံးမျိုးရှိပါတယ်။ ပူသည့် မျက်နှာရယ်၊ အေးသည့် မျက်နှာရယ် မပူမအေး မျက်နှာ ရယ်ပါ ။ တစ်ချို့များ မျက်နှာ မြင်လိုက် ရရင်ပဲ သူ့မျက်နှာမှာ အအေးဓတ်က အထင်းသား ပေါ်နေတာပါ။ မျက်နှာက ကြည်နေတာပါ။ သူတင်လား ဆိုတော့ မဟုတ်ပါဘူး။ မြင်ရတဲ့ သူရဲ့ရင်ကို အေးသွားတာပါ။ ကုသိုလ်တွေ ရင်ထဲမှာ ပြည့်နေမယ်၊ စိတ်ထား လေးတွေကောင်း နေမယ်ဆိုရင် အေးတဲ့ မျက်နှာကို ရနေတာပါ။

တစ်ချို့ ကျတော့ မျက်နှာမြင်လိုက် ရတာနဲ့ သူ့မျက်နှာ မှာ အပူဓတ်က အထင်းသား ပေါ်နေတာပါ။ မြင်ရတဲ့သူ ရင်ထဲကို တောင် ပူချင်ပူ သွားတာပါ။

အကုသိုလ်တွေ ရင်ထဲမှာ ပြည့်နေမယ် ၊စိတ်ထားလေးတွေ ညံ့နေမယ်ဆိုရင် ပူတဲ့ မျက်နှာကို ရနေတာပါ။
စကားလုံး လှလှတွေ အမူအရာ ကောင်းကောင်း တွေနဲ့ ဘယ်လောက်ပဲ ဟန်ဆောင်ထား နိုင်ပေမဲ့ မျက်နှာမှာတော့ ညာလို့ မရပါဘူး။ အကုသိုလ် သိပ်များနေတဲ့သူရဲ့ မျက်နှာဟာ ကြည်ကြည်လင်လင်ကို မရှိပါဘူး။ မျက်နှာကြည့်ရုံနဲ့ သိပ် သိသာပါတယ် ။ ရုပ်လှတာ မလှတာ၊ အသားဖြူတာ၊ မဖြူတာနဲ့ လည်းမဆိုင်ပါဘူး။ မျက်နှာမှာကို အပူဓတ်က သိသာ ပေါ် လွင်နေတာပါ။

အကောင်းဆုံး အလှပြင်ဆိုင် ကိုသွားပြီး အကောင်းဆုံး ပြင်ထားဦးတော့ ၊ရင်ထဲမှာ အကုသိုလ်တွေ ရှိနေရင် စိတ်ထားတွေ ညံ့နေရင် အပူမျက်နှာပဲ ဖြစ်နေမှာပါ။ အအေး မျက်နှာကို မရနိုင်ပါဘူး။
တစ်ချို့ကျတော့ တစ်ခါတစ်လေ ကုသိုလ်စိတ် ဖြစ်လိုက်၊ တစ်ခါတစ်လေ အကုသိုလ်စိတ် ဖြစ်လိုက် စိတ်ထား ကောင်းလိုက် စိတ်ထား ညံ့လိုက်နဲ့ အဲလို လူမျိုးရဲ့ မျက်နှာ မပူမအေး မျက်နှာပါ ။

စာဖတ်သူကော မျက်နှာသုံးမျိုးထဲက ဘယ်မျက်နှာ မျိုးထဲမှာ ပါ ပါသလဲ ?
စာရေးသူကတော့ တစ်ခါတစ်လေ ပူတဲ့ မျက်နှာဖြစ်လိုက် တစ်ခါတစ်လေ အေးတဲ့ မျက်နှာ ဖြစ်လိုက်နဲ့ပါ။ ပူတဲ့ မျက်နှာ ဖြစ်နေတယ် ဆိုရင် ကိုယ့်ကိုယ်ကိုယ် သိနေတာပါ။ အဲဒီ နေ့တွေများဆို ပရိတ်သပ်နဲ့ မတွေ့ချင်ပါဘူး။ အားနာလို့ပါ ။တွေ့ဖြစ်ခဲ့လျှင်လည်း အဆင်မပြေ ဖြစ်တတ်လွန်းလို့ပါ။ အအေးမျက်နှာ ရပြီဆိုရင်တော့ ဘယ်သူနဲ့ ပဲဆက်ဆံဆက်ဆံ အစစ အရာရာ အဆင်ပြေ နေတတ်ပါတယ်။

အမှန်တော့ ကိုယ့်မျက်နှာကိုယ် (မှန်ကြည့်သောအခါ) ရေချိုးခန်းထဲမှာ တံခါးပိတ်ပြီး အသေချာ ကြည့်ရင် သိသာပါတယ်။ တကယ်လို့ ကိုယ့်မျက်နှာဟာ ပူတဲ့မျက်နှာ ဖြစ်နေရင် ဘာမှ အားငယ်စရာ မလိုပါဘူး ။ အေးတဲ့မျက်နှာ ဖြစ်အောင် ပြုပြင်ယူလို့ ရပါတယ်။ ကိုယ်က အေးတဲ့ မျက်နှာ ရှိချင်တဲ့သူ ဖြစ်ဖို့ပဲလိုပါတယ်။

အေးတဲ့မျက်နှာ ဖြစ်ဖို့အတွက်တော့ လွယ်တဲ့ ကမဋ္ဌန်း တစ်ခုခုကို အမြဲနှလုံးသွင်း နေလိုက်ရုံပါပဲ။ ခက်တဲ့ ကမဋ္ဌန်းဆို မလုပ်ဖြစ်မှာ ဆိုးလို့ပါ။

ဥပမာ - နမောတဿ ကို အချိန်များများ ပွားနေလိုက်မယ် ဆိုရင်လည်း ရပါတယ်။ ထမင်းချက် ရင်းလည်း ပွားလို့ရတာပါ ပဲ။ ဈေးရောင်းရင်းလည်း ပွားလို့ရတယ်။ ဈေးဝယ်ရင်းလည်း ပွားလို့ရပါတယ်။ သွားရင်းလာရင်းလည်း ပွားလို့ရနေတာပါ ပဲ။နောက်ဆုံး ရေချိုးခန်း ၀င်ရင်းနဲ့လည်း ပွားလို့ရနေတာပါပဲ။
တစ်ခါတစ်လေ မကောင်းတဲ့စိတ် တစ်ခုခုများ ၀င်ခဲ့ရင် ချက်ချင်းပဲ နမောတဿ ကိုဆယ်ခေါက်လောက် ပွားပစ်လိုက်ပါ။

မကောင်းတဲ့စိတ် ၀င်လိုက်တာနဲ့ နမောတဿ ပွားလိုက် နဲ့ ကြာလာတော့ မကောင်းတဲ့ အကုသိုလ် စိတ်ဝင်မူ့တွေ လျော့ သွားပါလိမ့်မယ်။ မကောင်းစိတ်တွေ လျော့လျော့သွားရင် မျက်နှာက အပူဓတ်တွေပါ လျော့လျော့သွားတာပါ။ ပွားရင်း၊ပွား ရင်းနဲ့ မျက်နှာမှာ အအေးဓတ်က ပေါ်လာတာပါ။ အဲဒီအခါမှာ မှန်ထဲပြန်ကြည့်ရင် အအေးဓတ်နဲ့ ကိုယ့်မျက်နှာကိုယ် ကျေကျေ နပ်နပ်နဲ့ တွေ့ရတော့မှာပါ။

ပွားစမှာတော့ အအေးမျက်နှာကို ချက်ချင်း ရဦးမှာ မဟုတ်ပါဘူး။ ပွားတဲ့ အထုံ ရက်ကလေး ကြာလာမှ ရလာမှာပါ။ ကိုယ်က အလုပ်တစ်ခု အနေနဲ့ ပွားနေဖို့ ပါပဲ။ အအေးဓတ် မျက်နှာ ရသွားပြီဆိုရင် နေရထိုင်ရတာကစ ပေါ့ပေါ့ ပါးပါးကို ရှိသွားတော့ တာပါ။

လောကရဲ့ သဘောအရ အေးတဲ့ မျက်နှာရှိတဲ့ သူကိုပဲ လူတွေက ဆက်ဆံချင် ကြတာပါ။ ပူတဲ့မျက်နှာ ရှိတဲ့သူကို အလုပ်သဘော အရ ဆက်ဆံရဦးတော့ မဆက်ဆံချင်ကြပါဘူး။ ကိုယ်က ဒီ အကျိုးအပစ် လေးတွေကို အာရုံပြုပြီး အေးတဲ့ မျက်နှာ ဖြစ်အောင် အသိနဲ့ ပြုပြင်ယူရမှာပါ။ ပုထုဇဉ်တွေ ဆိုတော့လည်း အမြဲတမ်း အေးတဲ့မျက်နှာ ဖြစ်နေဘို့ဆိုတာ မလွယ်ပါဘူး။ တစ်ခါတစ်လေ ဒေါသကြောင့်ပဲ ဖြစ်ဖြစ် ဣဿာ မစ္ဆရိယ ကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ မျက်နှာက ပူတဲ့မျက်နှာ ဖြစ်သွားတတ်ပါတယ်။ ကိုယ့် မျက်နှာ ပြောင်းလဲ သွားပြီဆိုတာနဲ့ ကိုယ်က သိလိုက်ဖို့ပါပဲ။ သိပြီးရင်ပြုပြင်ယူ သွားဖို့ပါပဲ။

ကိုယ်က အေးတဲ့ မျက်နှာရထားရင် အနုပညာ အလုပ်ကိုပဲ လုပ်လုပ် ၊ဈေးပဲရောင်းရောင်း ၊ စာပဲသင်သင် ၊ ဆိုက်ကားပဲနင်း နင်း၊ ဘာစီးပွားရေး ပဲလုပ်လုပ် ကိုယ့်ရဲ့အလုပ်ကို အအေးမျက်နှာက အထောက်အပံ့တွေ ပေးနေတာပါ။

ဘာပဲပြောပြော ရင်ထဲမှာ အကုသိုလ် စိတ်တွေဖြစ်မနေအောင် လွယ်ကူတဲ့ ကမဋ္ဌန်း တစ်ခုခုကို အမြဲ နှလုံးသွင်း နေဖြစ်ရင် အအေး မျက်နှာကို ရနေတာပဲလေ ။တကယ်တော့ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ရထူး၊ အာဏာ၊ ငွေကြေး၊ အရာအားလုံး ဟာ ဘာမှ မမြဲပါဘူး။ မမြဲတဲ့ သဘောတရားတွေကို မမြဲဘူးလို့ ကိုယ်က သိလိုက်ဖို့ပါပဲ။

အဲဒီမမြဲတာတွေကိုပဲ အမှီပြုပြီး လောဘ၊ဒေါသ၊ ဣဿာ မစ္ဆရိယ၊ ဖြစ်နေတာကိုက သိပ်ပြီးရှက်ဖို့ ကောင်းတာပါ။ ပြီးတော့ သေရင် ကိုယ့်နောက် ပါမှကျနေတာပဲ။
မမြဲတဲ့ သဘောတရားကို သိတတ်တဲ့ ဥဏ်ဓတ်ဟာ နောက်ဘ၀ နောက်ဘ၀ တွေအထိလည်း အထုံဓတ် ပါသွားမှာပါ။ နောက်ဘ၀ နောက်ဘ၀ မှာလည်း အထုံဓတ်က ပါလာတာ ဆိုတော့ မမြဲတဲ့ သဘောတရားတွေကို သတိဥဏ် ပွင့်ပြီး နောက်ဘ၀ နောက်ဘ၀တွေမှလည်း တရားတွေ အားထုတ် ဖြစ်ရ ဦးမှာပါ။

နောက်ဘ၀ နောက်ဘ၀ တွေမှာ တရားတွေ အားထုတ်ဖြစ်ပြီး နေက္ခမ္မ ပါရမီ (နေက္ခမ္မ ပါရမီ ဆိုသည်မှာ လောဘ စတဲ့ အကုသိုလ် တရားတွေကို ကိုယ့် သန္တာန် မှာ မရှိအောင် လုပ်တာပါ ) ကိုလည်း ဆင့်ကာ ဆင့်ကာ ဖြည့်ကျင့် နေကြဦးမှာပါ။

နေက္ခမ္မ ပါရမီတွေ ဖြည့်ရင်း ဖြည့်ရင်းနဲ့ တစ်ဆင့်ထက် တစ်ဆင့် မြင့်လာပြီး ပါရမီတွေ ပြည့်လာတဲ့ အခါ ဘ၀ရဲ့ တကယ့် ပန်းတိုင်ဖြစ်တဲ့ မဂ်ဖိုလ် နိဗ္ဗာန်ကို ရောက်ရှိသွား တော့မှာပါပဲလေ။


ရဝေနွယ် ။ အင်းမ ။


မြင့်မြတ်သူ တို့ ရဲ့ အလုပ် ရဝေနွယ် (အင်းမ) ဓမ္မ အမြုတေ စာစဉ် ၁၀ စာအုပ်၊

စာမျက်နှာ ၉၄ ~ ၉၉ မှ ထုတ် နုတ် ကူးယူ ပူဇော်ပါသည်။

Saturday, April 23, 2011

ဗုဒ္ဓနှင့်စံပြခေါင်းဆောင်မှု


ဗုဒ္ဓနှင့်စံပြခေါင်းဆောင်မှု (လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ က ခေါင်းဆောင်မှု)

ဇူလိုင်လထုတ် စံပယ်ဖြူမဂ္ဂဇင်းမှာ နေဘုန်းလတ်ဆိုတဲ့နာမည်နဲ့မဟုတ်ပဲ အခြားနာမည်တစ်ခုနဲ့ ဖော်ပြခြင်းခံခဲ့ရတဲ့ ဆောင်းပါးလေး တစ်ပုဒ်ပါ။ သံလွင်အိပ်မက်မှာလဲ ဖော်ပြခဲ့ဖူးပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ သံဃာ့အဖွဲ့အစည်း ကို အကောင်းဆုံး ခေါင်းဆောင်မှုပေးခဲ့ပုံတွေကို လူငယ်တစ်ယောက်ရဲ့အတွေးနဲ့ ရိုးရိုးလေးရေးခဲ့တာပါ။ ဒီဆောင်းပါးလေးကို ရေးဖြစ်စေခဲ့တဲ့ အကြောင်းအရင်းက ဒီလိုပါ …။ ကျွန်တော်စင်ကာပူမှာရှိနေတုန်း ကျွန်တော်၊ ဇင်ကိုလတ်၊ ကိုငယ်တို့နေကြတဲ့ အိမ်ကို သံလွင်အိပ်မက်အတွက်ဆိုပြီး စာအိတ်တစ်အိတ်ရောက်လာပါတယ်။ စာမူပို့တာပါ။ အဲဒီံစာအိတ်ထဲမှာက သံလွင်အိပ်မက်အနေနဲ့ ဗုဒ္ဓဘာသာတွေဖြစ်တာကြောင့် ဘာသာရေးနဲ့ပတ်သက်ပြီး ထည့်သင့်တဲ့အကြောင်း တွေကို နိဒါန်းပျိုးထားပြီး ဘာသာရေးနဲ့ ပတ်သက်တဲ့ စာမူနှစ်ပုဒ်ကိုပို့ထားပါတယ်။ အဆင်ပြေရင် သုံးမယ်လို့စဉ်းစားပေမယ့် ကျွန်တော်တို့တွေမကြိုက်တာကြောင့် ၊ နောက်ပြီး သံလွင်အိပ်မက်ရဲ့ လမ်းကြောင်းနဲ့ နဲနဲသွေဖယ်နေတာကြောင့် မသုံးဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် သံလွင်အိပ်မက်မှာ ဘာသာရေးနဲ့ ပတ်သက်တဲ့အကြောင်းကိုထည့်သင့်တယ်ဆိုတဲ့ သူတို့ရဲ့ဆန္ဒကိုလေးစားသောအားဖြင့် ဘာသာရေးဆိုင်ရာ စာမူတစ်ပုဒ် ထည့်ကြဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီ့အချိန်မှာ ကျွန်တော်ကလည်း ၀ဏ္ဏသီရီရေးသားပြုစုသည့် ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်းကို ဖတ်နေတဲ့အချိန်နဲ့တိုက်ဆိုင် နေတာကြောင့် အားလုံးက `မင်းရေးလိုက်ကွာ´ ဆိုပြီး ၀ိုင်းပြောကြတာနဲ့ … ရေးဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ အမှန်အတိုင်းပြောရရင် သံလွင်အိပ်မက်ဟာ လူငယ်တွေအတွက် အဓိက ရည်ရွယ်ခဲ့တာကြောင့် ဗုဒ္ဓမြတ်စွာဘုရားရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကိုပဲ ဦးတည်ပြီးရေးမယ်လို့ ကျွန်တော်ဆုံးဖြတ်ပြီး ဒီဆောင်းပါးလေးကို အဲဒီလိုပုံစံလေးအတိုင်းရေးဖြစ်ခဲ့ပါတယ်။ လူငယ်တစ်ယောက်က ရေးထားတဲ့ ဘာသာရေးနဲ့ပတ်သက်တဲ့စာ ဖြစ်တာကြောင့် အမှားအယွင်းတစုံတရာရှိခဲ့ရင် ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုသာဖြစ်ကြောင်းနဲ့ … ကျွန်တော်ရေးခဲ့တဲ့စကားလုံးတိုင်း အတွက် ကျွန်တော်လုံးဝ တာဝန်ယူ ပါကြောင်း ...။

ဗုဒ္ဓနှင့်စံပြခေါင်းဆောင်မှု (လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ က ခေါင်းဆောင်မှု)

ကျွန်တော် စာစဖတ်စအရွယ်မှာ အိမ်အနီးအနားပတ်ဝန်းကျင်ကစာအုပ်အငှားဆိုင်လေးတွေနဲ့ ကျွန့်တော့်အဖိုးရဲ့ စာအုပ်စင်ကြီးဟာ ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်တဲ့စာပေဗိမာန်ကြီး တွေလိုဖြစ်ခဲ့ပါတယ်။ စာအုပ်အငှားဆိုင်လေးတွေ ကတော့ ကာတွန်းတွေ၊ ပုံပြင်လေးတွေ နဲ့ စာတိုပေစလေးတွေကိုဖတ်ရပြီး၊ အဖိုးရဲ့စာအုပ်စင်ကြီးကနေတော့ ဗုဒ္ဓစာပေတွေကို အဓိကဖတ်ခဲ့ရပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အတွေးအခေါ် မြင့်မားလှတဲ့ ဗုဒ္ဓဒဿနတွေကိုဖတ်ပြီး မဖြစ်စလောက်ဦးနှောက်နဲ့ ဝေဖန်ရေးတွေလုပ်မိလို့လည်း အဖိုးဆူတာကို ခဏခဏခံခဲ့ရဖူးပါတယ်။ အဲဒီလို အဖိုးနဲ့ အဖိုးရဲ့စာအုပ်စင်ကြီးတို့ ကျေးဇူးကြောင့်ပဲ ကျွန်တော်ဟာ ဗုဒ္ဓဘာသာကို မိရိုးဖလာ ယုံကြည်ကိုးကွယ်တယ်ဆိုတဲ့ အဆင့်ထက် ကျော်ပြီး နားလည်သဘောပေါက်ခွင့်ရခဲ့ပြီး တရားတော်တွေရဲ့ လမ်းပြသွန်သင်မှုကို အတိုင်းအတာတစ်ခုအထိ ခံယူနိုင်ခဲ့ပါတယ်။ လူငယ်တစ်ယောက်ပီပီ လောကုတ္တရာ ဘက်ကိုဦးစားပေးတဲ့ ၀ိပဿနာလိုင်းကို သိပ်မလိုက်စား မိပေမယ့်၊ လောကီလူ့ဘ၀မှာ တရားတော်နဲ့အညီ ဘယ်လို ကျင့်ကြံပြုမူ ပြောဆိုနေထိုင်သင့်တယ်ဆိုတာတွေကို အဓိကလေ့လာဖြစ်ခဲ့ပါတယ်။ နောက်ပြီး တပည့်သံဃာတော်ပေါင်း အထောင် အသောင်းအသိန်းရှိတဲ့ သံဃာ့အဖွဲ့အစည်းကြီးတစ်ခုကို အောင်အောင်မြင်မြင်နဲ့ တည်ထောင်ဖွဲ့စည်းပြီး အဓွန့်ရှည်အောင် ထိန်းသိမ်းအုပ်ချုပ် ဦးဆောင်နိုင်ခဲ့တဲ့ ဗုဒ္ဓမြတ်စွာဘုရားကို အနှိုင်းမဲ့ စံပြခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် မြင်လာခဲ့ရာကနေ ဂေါတမဗုဒ္ဓရဲ့ သံဃာ အဖွဲ့အစည်းကြီးကို ဘယ်လိုဘယ်ပုံ စီမံအုပ်ချုပ်ခဲ့တယ်ဆိုတာကိုသာ ကျွန်တော်တို့တွေ စံနမူနာယူနိုင်ခဲ့မယ်ဆိုရင် လောကလူ့အဖွဲ့အစည်းကြီး ကိုလည်း အောင်မြင်ပြည့်ဝတဲ့ခေါင်းဆောင်မှုတွေ ပေးနိုင်မှာသေချာတယ်လို့လဲ တွေးမိခဲ့ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားဟာ ဘုရားစဖြစ်တဲ့ အချိန်ကစပြီး ပရိနိဗ္ဗာန်စံတော်မူတဲ့အချိန်အထိ ၀ါတော်၄၅၀ါပတ်လုံးမှာ ဗုဒ္ဓသာသနာတော် ပြန့်ပွားစည်ပင်ရေးအတွက် သံဃာတော် အမြောက်အများပါဝင်တဲ့ သံဃာအဖွဲ့အစည်းကြီးကို ဘယ်ပုံဘယ်နည်းနဲ့ စီမံခန့်ခွဲတော်မူခဲ့တယ် ဆိုတာကို ကျွန်တော်တို့လေ့လာသုံးသပ်ရင်း လောကီ့လူ့အဖွဲ့အစည်းအတွက် တစ်စုံတစ်ရာသော အကျိုးကျေးဇူးတွေကို ထုတ်ယူကြည့်ကြ ရအောင်ပါ။

ဗုဒ္ဓမြတ်စွာဘုရားဟာ သံဃာ့အဖွဲ့အစည်းကြီးရဲ့ ပထမဆုံးသောအဖွဲ့ဝင်တွေလို့ဆိုရမယ့် ပဉ္စ၀ဂ္ဂီငါးပါးကို ဓမ္မစကြာတရားဦး ဟောကြားဖို့အတွက် မိဂဒါဝုန်တောကိုကြွလှမ်းတော်မူခဲ့ပါတယ်။ အဲဒီမှာ ဗုဒ္ဓက ...

``ရဟန်းတို့ ... ငါဘုရားသည် ကိလေသာအားလုံးမှ ဝေးကွာခဲ့ပြီဖြစ်၏။ မိမိအလိုကို ကိုယ်တော်တိုင် ထိုးထွင်း၍ သိခဲ့၏။ ရဟန်းတို့ နားစိုက်၍ထားကြလော့။ ငါကိုယ်တိုင် သိမြင်ပေါက်ပိုင်ထားခဲ့သော `အမတေ´ တရားကို ငါဆုံးမမည်။ ငါတရားဟောမည်။´´

လို့အမိန့်ရှိပြီး ပဉ္စ၀ဂ္ဂီငါးပါးကို တရားနာကြဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒါကို သူတို့ကသံသယတွေနဲ့ ငြင်းဆန်နေခဲ့ကြတာကြောင့် ဒုတိယအကြိမ် ထပ်မံဖိတ်ခေါ်ပြန်ပါတယ်။ အဲဒါကိုလည်းငြင်းဆန်မြဲငြင်းဆန် နေကြတာကြောင့် တတိယအကြိမ်မှာတော့ ဗုဒ္ဓက ...

``ရဟန်းတို့ ရှေးအခါများတုန်းက ငါဘုရားသည် ဤသို့သော စကားများ ပြောကြားခဲ့ဖူးပါသလား။ သင်တို့ သတိများ ထားခဲ့မိကြပါ သလား။´´ လို့မိန့်တော်မူမှ ပဉ္စ၀ဂ္ဂီရဟန်းတို့လည်း ယုံကြည်စိတ်ချ သွားကြပြီး တရားတော်ကို နာကြားခဲ့ကြပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့ ဘာကိုသွားတွေ့ရသလဲဆိုရင် မုသားမပြောသူ တစ်ဦးရဲ့ နှုတ်ထွက်စကားဟာ သစ္စာအဖြစ်တည်တယ်ဆိုတဲ့ အချက်ပါ။ နောက်တစ်ခုက ယုံကြည်မှုတစ်ခုကနေ ဖြစ်လာတဲ့ ကြည်ညိုသဒ္ဓါစိတ်ပါ။ ပဉ္စ၀ဂ္ဂီရဟန်းတို့ဟာ ဗုဒ္ဓကို သူတို့ရဲ့ ဆရာ အဖြစ်သတ်မှတ်ပြီး ဗုဒ္ဓဟောကြားတဲ့ တရားတော်တွေကို နာယူဖို့လက်ခံခဲ့ ကြခြင်းဟာ ဗုဒ္ဓကို သူတို့ရဲ့ ဆရာတင်ထိုက်တယ်၊ ခေါင်းဆောင် တင်ထိုက်တယ်ဆိုတဲ့ စိတ်တစ်ခုဖြစ်လာလို့ပါ ...။ အဲဒီ့စိတ်ဟာ အရမ်းကို အရေးကြီးပါတယ်။ အဲဒီစိတ်ဟာ ဗုဒ္ဓသာသနာတော် ထွန်းကားစည်ပင်ဖို့အတွက် တရားတော်တွေကို လက်ဆင့်ကမ်းဆောင်ယူ ဟောကြားပေးကြမယ့် သံဃာအဖွဲ့အစည်းကြီးတစ်ခုလုံးရဲ့ သန္ဓေတည်ရာ ရေသောက်မြစ်လို့တောင် ပြောလို့ရပါတယ်။ လောကလူ့အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့လည်း ကိုယ့်ရဲ့ ဦးဆောင်မှု နောက်ကိုလိုက်မယ့် နောက်လိုက်နောက်ပါ အားလုံးရဲ့စိတ်ထဲမှာ ဒီလူဟာ ငါတို့ရဲ့ခေါင်းဆောင် ဖြစ်ထိုက်တယ်ဆိုတဲ့ ယုံကြည်စိတ်ချမှုတစ်ခုရှိနေအောင် စွမ်းဆောင်နိုင်ရပါလိမ့်မယ်။ နောက်ပြီး ဗုဒ္ဓမြတ်စွာဘုရားဟာ ပဉ္စ၀ဂ္ဂီရဟန်းတို့ကို ဓမ္မစကြာတရား ဟောကြားတဲ့နေရာမှာ ရဟန်းတို့က ဗုဒ္ဓဟောသမျှကို ဇွတ်မှိတ်ယုံကြည် လိုက်ကြတာမျိုး မဟုတ်ဘဲ အပြန်ပြန်အလှန်လှန် ဝေဖန်ဆွေးနွေး ခဲ့ကြတယ်လို့သိရပါတယ်။ အဲဒါကြောင့်လဲ အရွယ်ပမာဏအားဖြင့် အလတ်စားလောက်သာရှိတဲ့ ဓမ္မစကြာတရားတော်ကို ငါးရက်တိုင်တိုင် ဘုရားရှင်ဟောကြား တော်မူခဲ့ရခြင်း ဖြစ်ပါတယ်။ ဒါကိုနမူနာယူမယ်ဆိုရင် သုံးလောကထွတ်ထား မြတ်စွာဘုရားသခင်တောင် သစ္စာလေးပါး တရားတော်တွေနဲ့ ပတ်သက်ပြီး ဝေဖန်ဆွေးနွေး သုံးသပ်ခွင့်ပေးခဲ့တာကို ထောက်ရှုပြီး အမှားမကင်းနိုင်တဲ့ ပုထုဇဉ်လူသား ခေါင်းဆောင်တွေအနေနဲ့ ပြန်လည်ဝေဖန် ဆွေးနွေးခွင့်မပေးတဲ့ တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့ မူကို ဘယ်လိုမှမကျင့်သုံး ထိုက်ဘူးဆိုတာ သတိပြုသင့်ပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားဟာ သာသနာပြုရဟန္တာပုဂ္ဂိုလ် အတော်အသင့်ရှိလာပြီးတဲ့နောက်မှာ အဆိုပါ အရှင်မြတ်တွေကို ရွာကြီး၊ ရွာငယ်၊ မြို့နယ်မရွေးဘဲ အရပ်ရပ်သောဌာနတွေဆီ ဒေသစာရီကြွချီတော်မူစေခဲ့ပြီး သာသနာ့အသိ၊ သာသနာ့အမြင်၊ သာသနာ့ယဉ်ကျေးမှုတွေကို ဖြန့်ဝေစေခဲ့ပါတယ်။ အဲဒီ ဒေသစာရီကြွချီရာ အရပ်တွေက ရဟန်းပြုလိုသူ ရှင်လောင်း၊ ရဟန်းလောင်းများကို အဆိုပါအရှင်သူမြတ်တွေက ဗုဒ္ဓမြတ်စွာ ဘုရားထံပါးကို ရဟန်းအဖြစ်ခံယူနိုင်ဖို့ ခေါ်ဆောင် လာကြရပါတယ်။ အဲဒီစနစ်ဟာ နောက်ပိုင်းတွေမှာ အချိန်ကြန့်ကြာမှုနဲ့ အဆင်မပြေမှုတွေရှိလာတာကြောင့် ဗုဒ္ဓဟာ ...

``ရဟန်းတို့ ... ယခုအခါမှစ၍ ထိုထိုသောအရပ်မျက်နှာ၊ ထိုထိုသောမြို့ရွာဇနပုဒ်တို့၌ သင်တို့ ဘာသာ ရှင်ပြုပေးကြရန်၊ ရဟန်းပြုပေးကြရန် ငါဘုရားခွင့်ပြုတော်မူ၏။ ´´

ဟု မိန့်တော်မူပြီး ရဟန်းပြုပေးပိုင်ခွင့်အာဏာတော်ကို သာဝကတွေထံ ခွဲဝေပေးခဲ့ပါတယ်။

ဒါဟာလည်း ... အဖွဲ့အစည်းတစ်ခုကို ခေါင်းဆောင်တဲ့နေရာမှာ မရှိမဖြစ်လိုအပ်တဲ့ အချက်တစ်ခုပါပဲ။ ရှိသမျှလုပ်ပိုင်ခွင့် အာဏာတွေအားလုံးကို ခေါင်းဆောင်လုပ်သူကသာ ချုပ်ကိုင်ထားမယ်ဆိုရင် အခြားမလိုလားအပ်တဲ့ ပြဿနာတွေပေါ်ပေါက်လာနိုင်ပြီး နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်လာနိုင်ပါတယ်။ လွှဲပေးလို့ရတဲ့၊ ခွဲဝေပေးလို့ရနိုင်မယ့် ကိစ္စတွေကို ယုံကြည်စိတ်ချရသူတွေဆီ လွှဲပြောင်းခွဲဝေ ပေးထားနိုင်မှလည်း အဖွဲ့အစည်းရဲ့ ပြုဖွယ်ကိစ္စအရပ်ရပ်ဟာ လစ်ဟာမှုတွေမရှိပဲ အဆင်ပြေချောမွေ့နိုင်မှာပါ။ ဒါပေမယ့် တာဝန်တစ်ရပ် လွှဲပေးဖို့အတွက် ဒီလူဟာ ဒီတာဝန်နဲ့ ထိုက်တန်တဲ့အရည်အချင်းတွေရှိရဲ့လားဆိုတာကို မစဉ်းစားဘဲ အခြားသောပုဂ္ဂိုလ်ရေး ခင်မင်မှုတွေနဲ့ လူမှုရေးတွေကို စဉ်းစားတာမျိုးတော့ မဖြစ်ဖို့လိုပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားရဲ့လက်ဝဲတော်ရံ အဂ္ဂသာဝကဟာ ပညာအရာမှာ ဧတဒဂ်ရထားတဲ့ အရှင်သာရိပုတ္တရာဖြစ်ပြီး၊ လက်ယာတော်ရံကတော့ တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာမောဂ္ဂလန်ဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့ အဆိုပါအဂ္ဂသာဝကနှစ်ပါးဟာ အခြားသောရာနဲ့ချီတဲ့ ရဟန်းတွေရဲ့နောက်မှ သာသနာ့ဘောင်ကို ၀င်လာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလို နောက်မှရောက်လာပေမယ့် နောင်မှာ အဆိုပါအဂ္ဂသာဝကကြီး နှစ်ဦးဖြစ်လာမယ့် မင်းသားနှစ်ပါး အဝေးမှလာသည်ကို မြင်ကတည်းက ဗုဒ္ဓဟာ ...

``ရဟန်းတို့ ... ရှုကြလော့။ ဥပတိဿ၊ ကောလိတတို့ သူငယ်ချင်းနှစ်ယောက်လာခဲ့ကြပြီ။ သူတို့နှစ်ယောက်သည် ငါ၏ သာဝကအစုံ ဖြစ်လာလတ္တံတည်း။ ´´

ဟုမိန့်ပြီး နောက်ပိုင်းမှာ ထိုရဟန်းနှစ်ပါးကို လက်ဝဲရံ၊ လက်ယာရံအဂ္ဂသာဝကနှစ်ပါးအဖြစ် ထားရှိခဲ့ပါတယ်။

အရည်အချင်းရှိသူကို အရည်အချင်းရှိသလို နေရာပေးတဲ့သဘောကိုတွေ့ရပါတယ်။ ဒါဟာလည်း အဖွဲ့အစည်းတစ်ခု ရေရှည်တည်တံ့ နိုင်ဖို့အတွက် အရမ်းကိုအရေးကြီးပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုဟာ အမှန်တကယ် အရည်အချင်းရှိတဲ့ သူတွေကို ဘေးဖယ်ထားပြီး သူတို့ရဲ့ စွမ်းဆောင်နိုင်မှုတွေကို လျှစ်လျှူရှုထားမယ်ဆိုရင် အဲဒီ့အဖွဲ့အစည်းရဲ့ ရေရှည်အကျိုးစီးပွားဟာ ကောင်းလာနိုင်စရာမရှိပါဘူး။ ကမ္ဘာနိုင်ငံ အရပ်ရပ်က အောင်မြင်တဲ့ခေါင်းဆောင်တိုင်းကို လေ့လာကြည့်မယ်ဆိုရင် အသီးသီးသော ကဏ္ဍတွေမှာ အကောင်းဆုံး စွမ်းဆောင်နိုင်မယ့် အသင့်တော်ဆုံးသောသူတွေကို ရွေးချယ်ခန့်ထားနိုင်ကြတာ တွေ့ရပါတယ်။ သူ့နေရာနဲ့သူ အသုံးဝင်မယ့် အရည်အချင်းရှိတဲ့သူတွေကို ရှာဖွေနေရာပေး နိုင်ခြင်းရှိ မရှိဆိုတဲ့အချက်ဟာ အဖွဲ့အစည်းတစ်ခု ရဲ့ကံကြမ္မာကို အများကြီး အကျိုးသက်ရောက် စေပါတယ်။

ဗုဒ္ဓဘုရားရှင်ဟာ သံဃာအဖွဲ့အစည်းကြီးအဓွန့်ရှည်တည်တံ့ပြီး သာသနာတော်ပြန့်ပွားရေးကို စဉ်ဆက်မပျက် ဆောင်ရွက်နိုင်ဖို့ အတွက် ၀ိနည်းပညတ်ချက်တွေကို အလျဉ်းသင့်ရင်သင့်သလို ထုတ်ပြန်ချမှတ်တော်မူခဲ့ပါတယ်။ ဒါပေမယ့် ဗုဒ္ဓမြတ်စွာဘုရားဟာ ထုတ်ပြန်ချမှတ်ထားခဲ့တဲ့ အချို့သော ပညတ်ချက်တွေကို ကာလဒေသအခြေအနေနှင့် လိုက်ပြီး လျော့လွန်းသည်များကို တင်းပေးပြီး၊ တင်းလွန်းနေသည်များကို လျော့ပေါ့ခွင့်ပေးတော်မူခဲ့တာတွေ ရှိပါတယ်။ ဒါဟာလည်း သံဃာအဖွဲ့အစည်း ကြီးရဲ့ ရေရှည်အကျိုးကို ချင့်ချိန်မျှော်တွေးပြီးလုပ်ခဲ့တာတွေပါ။ ဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင် ဗုဒ္ဓဘုရားရှင်ဟာ ရဟန်းတို့အနေနဲ့ ဆယ်ဝါတိုင်တိုင် မိမိရဲ့ဥပဇ္ဈယ်ဆရာများထံ နိဿယည်းယူကြ၍ ဆယ်ဝါပြည့်ပြီးမှ မိမိက နိဿယည်းပြန်ပေးရန် ပညတ်တော်မူခဲ့ပါတယ်။ နောက်ပိုင်းမှာ ရဟန်းတွေဟာ အဆိုပါသိက္ခာပုဒ်ကို ပျက်မှာစိုးတဲ့အတွက် ဘုရားရှင်ဒေသစာရီ လှည့်လည်တဲ့အခါတွေမှာ လိုက်ပါဖို့ကိုငြင်းဆန်ကြပါတယ်။ အဲဒီအခါမှာ ...ဗုဒ္ဓက ...

`` ရဟန်းတို့ တတ်သိနားလည်သောရဟန်းသည် ငါးဝါမျှသာ နိဿယည်းယူ၍နေရမည်။ တတ်သိနားလည်သူ မဟုတ်လျှင်ကား ရာသက်ပန် နိဿယည်းယူ၍ နေရမည်။ ´´ ဟုမိန့်တော်မူပြီး သိက္ခာပုဒ်ကို ပြင်ဆင်တော်မူခဲ့ပါတယ်။

ဒါဟာ လူအဖွဲ့အစည်းထဲက လူသားခေါင်းဆောင်တွေနေနဲ့ အင်မတန်ကို နမူနာယူစရာကောင်းတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းတည်ထောင်ပြီး အုပ်ချုပ်တဲ့နေရာမှာ အခိုင်အမာ ဆုပ်ကိုင်ကျင့်သုံးနေရမယ့် မူဝါဒတွေရှိရမယ်ဆိုတာမှန်ပေမယ့် အခြားလိုက်နာအပ်တဲ့ စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်တွေနဲ့ အခါအားလျှော်စွာ ချမှတ်တဲ့ အမိန့်ထုတ်ပြန်ချက်တွေကိုတော့ ကာလဒေသနဲ့အညီ လိုအပ်ရင်လိုအပ်သလို အလျှော့အတင်း လုပ်ပေးနိုင်ဖို့လိုပါတယ်။ ဖြစ်နေတဲ့အခြေအနေနဲ့ အချိန်အခါတွေကို အကောင်းဆုံး သုံးသပ်ပြီး လုပ်သင့်တာတစ်ခုကို ရဲရဲဝံ့ဝံ့လုပ်လိုက်ရတော့မယ့်အခါမှာ စည်းတွေ၊ ဘောင်တွေက ကိုယ့်ကိုပြန်လည်ချုပ်နှောင် နေတာမျိုးတွေ ခဏခဏဖြစ်တတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ကိုယ့်ရဲ့ စိတ်နှလုံးက သန့်စင်မှုရှိ မရှိ ဆိုတဲ့အချက်က အဓိကကျသွားပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အထက်ပါဖြစ်ရပ်ကို လေ့လာကြည့်မယ်ဆိုရင် သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ဖို့အတွက် မိမိကိုယ်တိုင်ချမှတ်ခဲ့တဲ့ ပညတ်ချက်တွေကိုတောင် မငဲ့ကွက်ပဲ အမြဲမပျက်ပြင်ဆင်ဖြည့်စွက်နေတယ်ဆိုတဲ့ အချက်က ထင်ရှားပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုမှာလည်း ခေါင်းဆောင်တွေအနေနဲ့ အခြေအနေအရပ်ရပ်ကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် မိမိရဲ့စိတ်ထဲက အယူဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ငါစွဲ၊ အတ္တစွဲတွေကို ဖယ်ထားနိုင်ဖို့နဲ့ မိမိရဲ့စိတ်ကို ဒီလူ့အဖွဲ့အစည်းရဲ့ တိုးတက်အောင်မြင်မှု တစ်ခုတည်းကိုပဲ ရှေးရှုထားနိုင်ဖို့ ကြိုးစားကြရ ပါလိမ့်မယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက သူက ငါ့အမျိုးမို့လို့၊ သူကငါ့အပေါ်ကျေးဇူးရှိလို့၊ သူကငါနဲ့ရင်းနှီးလို့ စတဲ့ လူမှုရေးဆိုင်ရာခင်မင်မှုတွေအတွက် စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်၊ ဥပဒေတွေကို လိုသလို အတင်းအလျှော့ လုပ်နေတာမျိုးဖြစ်မနေဖို့ပါ။

ဗုဒ္ဓမြတ်စွာဘုရား ဘုရားဖြစ်ပြီး ၉၀ါမြောက်အချိန်မှာ မြတ်စွာဘုရားကိုယ်တော်တိုင်က

`` ရဟန်းသံဃာသည် သင်းကွဲခဲ့လေပြီတကား၊ ရဟန်းသံဃာသည် သင်းကွဲခဲ့လေပြီတကား။´´

ဟု နှစ်ကြိမ်တိုင်တိုင်ရေရွတ်တော်မူခဲ့ရတဲ့ အရေးကိစ္စတစ်ခုဖြစ်ပွားခဲ့ပါတယ်။ သုတ္တန်ဆောင်ပုဂ္ဂိုလ်ရဟန်းတစ်ပါး ကုဋီတက်ရာမှာ ရေဆေးခွက်ထဲကရေကို ကုန်အောင်မသုံးမိပဲ ရေကျန်ထားခဲ့တာကို ၀ိနည်းဆောင်ပုဂ္ဂိုလ်ရဟန်းက အာပတ်သင့် တယ်လို့အဆိုပြုရာကနေ စခဲ့တဲ့ ပြဿနာဖြစ်ပါတယ်။ တစ်ဘက်နဲ့တစ်ဘက် သူမှားတယ်၊ ငါမှန်တယ် ဝေဖန်ပြောဆိုကြရင်း ရဟန်းပရိသတ်အသီးသီး စုဆောင်းကြရာကနေ ၀စီကံမြောက်၊ ကာယကံမြောက် ခိုက်ရန်ဒေါသဖြစ်ကြတဲ့ အဆင့်အထိကို ရောက်ခဲ့ကြပါတယ်။ နောက်ဆုံး ဒေါသမာနတွေ ဖုံးလွှမ်းနေကြတဲ့ သံဃာတွေကို စကားအရာနဲ့ ဘယ်လိုမှ ပြောဆိုဆုံးမလို့ မရတော့တာကြောင့် ဗုဒ္ဓဘုရားရှင်ဟာ ဘယ်သူ့ကိုမှ အသိမပေးဘဲ သင်္ကန်းပရိက္ခရာ အစုံအလင်နဲ့ တစ်ပါးတည်း ထွက်ခွာတော်မူသွားခဲ့ပါတယ်။ အဲဒီလို ဘုရားရှင်ကို ထွက်ခွာသွားအောင်ပြုခဲ့ကြတဲ့ ရဟန်းတွေကို တကာ၊ တကာမတွေက ခရီးဦးကြိုမှုမပြုတော့ခြင်း၊ ရိုသေလေးမြတ်မှုမပြုတော့ခြင်း၊ ဆွမ်းလောင်းလှူမှုမပြုတော့ခြင်း စတဲ့အပြုအမူတွေနဲ့ ပြန်လည် ဒဏ်ခတ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ရဟန်းတွေလည်း သတိသံဝေဂ ရသွားကြပြီး ဘုရားရှင်ကို ပြန်လည်ပင့်ဆောင် ပေးဖို့ အရှင်အာနန္ဒာ ကို လျှောက်ထားတောင်းပန်ကြရပါတော့တယ်။ အဲဒီမှာ အရှင်အာနန္ဒာလဲ ဘုရားရှင်ကိုပြန်လည် ပင့်ဆောင်ဖို့အတွက် အဖော်ရဟန်းတွေနဲ့ အတူ ပါလိလေယျက တောအုပ်ကို ထွက်ခွာလာခဲ့ပါတယ်။ ပါလိလေယျတောအုပ်မှာ မြတ်စွာဘုရားက အရှင်အာနန္ဒာနဲ့ အဖော်ရဟန်းတွေကို အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ပါတယ်။

``ရဟန်းတို့ ... အဖော်မမှီး တစ်ကိုယ်တည်းနေခြင်းသည်မြတ်၏။ လူမိုက်အပေါင်း ထောင်သောင်းမကရှိသော်လည်း ပေါင်းသင်း ထိုက်သူတစ်ယောက်မျှမရှိပေ။ နက်လှစွာသော တောကြီးအလယ်၌ စွယ်စုံဆင်ပြောင်ကြီးသည် စိတ်လွတ်ကိုယ်လွတ်ကျက်စားနေဘိသကဲ့သို့ အဖော်မမှီး တစ်ပါးတည်းနေရာ၏။ မပြုထိုက်သော ဒုစရိုက်အမှုများကိုလည်း မိမိစိတ်ကို ပြုချင်လာအောင် သွေးဆောင်နှိုးဆော်မှု မပြုသော အားဖြင့် ရှောင်ကြဉ်ရာ၏။ ´´

လောကလူ့အဖွဲ့အစည်းမှာလည်း တခါတခါ အဲဒီလိုအဖြစ်မျိုးတွေ ကြုံရနိုင်ပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့အဖွဲ့အစည်း အ၀န်းအ၀ိုင်းအတွင်းမှာ လူဆိုးလူမိုက်တွေ ထောင်သောင်းမကရှိနေပြီး ပေါင်းသင်းထိုက်သူ တစ်ဦးတစ်ယောက်မှ မရှိဘဲ ကိုယ်ကလည်း ဘယ်လိုမှ နားချဖျောင်းဖြပေးလို့ မရနိုင်တော့တာသေချာရင် အဲဒီ့အရပ်ကနေ အနှေးနဲ့ အမြန်စွန့်ခွာကျောခိုင်းဖို့ပဲ စဉ်းစားကြရမှာ ဖြစ်ပါတယ်။ ကိုယ့်စိတ်ကို မကောင်းမှုတွေက သွေးဆောင်နှိုးဆော် လာခြင်း မဖြစ်ရအောင် ဝေးဝေးကရှောင်ကြဉ်သင့်ပါတယ်။ နောက်ပြီး မကောင်းမှုပြုသူ တွေကို ဘယ်လိုမှပြောဆိုဆုံးမလို့ မရတော့တဲ့အခါ ဥပေက္ခာတရားနဲ့ လူ့အဖွဲ့အစည်းထဲကနေ တညီတညွတ်တည်း ခဏတာဖယ်ထုတ်ထား လိုက်ခြင်းဟာ သူတို့ကိုပေးနိုင်တဲ့ အကောင်းဆုံးသင်ခန်းစာတစ်ခုပါပဲ။

နောက်ပိုင်းမှာ အဆိုပါရဟန်းတွေက သူတို့ရဲ့အမှားကို ဆင်ခြင်သိမြင်ကြပြီး ၀န်ချတောင်းပန်တဲ့အခါမှာ ဗုဒ္ဓက ကရုဏာတော်မပျက်ဘဲ ခွင့်လွှတ်တော်မူခဲ့ပါတယ်။ ဒီအချက်ဟာလည်း အဖွဲ့အစည်းတစ်ခုအတွက် အရမ်းအရေးကြီးတဲ့ လိုအပ်ချက်တစ်ခုပါပဲ။ အမှားပြင်ဆင်ခွင့်နဲ့ နောက်ထပ်တစ်ခါ ထပ်ကြိုးစားပိုင်ခွင့်တွေဟာ အမှားမကင်းနိုင်တဲ့ လူသားတွေနေတဲ့ လူ့အဖွဲ့အစည်းတစ်ခုအတွက် မရှိမဖြစ်ကိုလိုအပ်ပါတယ်။ `မမှားသောရှေ့နေ၊ မသေသောဆေးသမား´ ဆိုတဲ့ စကားအတိုင်းပါပဲ ... မှားမိခြင်းဟာ ပြုပြင်လို့မရနိုင်တဲ့ အပြစ်အနာအဆာမဟုတ်ပါဘူး။ မှားယွင်းမှုတွေမှာ သာယာပြီး ပြင်ဆင်ဖို့စိတ်ကူး မရှိတော့တာမျိုးကသာ လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ ခွင့်မပြုသင့်တဲ့ အနေအထားတစ်ခု ဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားဟာ ၄၅၀ါပတ်လုံး သာသနာ့ရောင်စဉ်ကို အစဉ်ထွန်းလင်းစေမယ့် သံဃာ့အဖွဲ့အစည်းကြီးတစ်ခုကို အောင်အောင်မြင်မြင်နဲ့ ဖွဲ့စည်းအုပ်ချုပ်ပျိုးထောင်တော်မူနိုင်ခဲ့ပါတယ်။ မူဝါဒတွေ၊ ပညတ်ချက်တွေ၊ သိက္ခာပုဒ်တွေ၊ ပြုဖွယ်ဝတ္တရားတွေစတဲ့ အမျိုးမျိုးသော စည်းအကွပ်တွေနဲ့ သံဃာ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို စုစည်းကျစ်လျစ်နေအောင် ခေါင်းဆောင်တော်မူနိုင်ခဲ့ပါတယ်။ သံဃာတော်တွေ အချင်းချင်းရဲ့ ဆက်ဆံရေးကို တစ်လမ်းသွားစနစ်မဟုတ်ပဲ အကြီးနဲ့အငယ်၊ အထက်နဲ့အောက် အပြန်အလှန်ကူညီရိုင်းပင်း ကြတဲ့ မိသားစုစိတ်ဓာတ်အသွင်ဖြစ်နေအောင် သွန်သင်လမ်းပြ ဆုံးမတော်မူနိုင် ခဲ့ပါတယ်။ ကျွန်တော်တို့ လောကီလူသားတွေအားလုံးလဲ ဗုဒ္ဓမြတ်စွာဘုရားရဲ့ စံပြခေါင်းဆောင်မှုစွမ်းရည်တွေကို စံနမူနာ ယူကြပြီး လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို အကောင်းဆုံး ခေါင်းဆောင်မှုတွေ ပေးနိုင်ကြပါစေလို့ မျှော်လင့်ချက်ကြီးကြီးနဲ့ ဆုတောင်းနေမိပါတယ်။

စာကိုး။ ။ ၀ဏ္ဏသီရီရေးသားပြုစုသည့် ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း ပထမတွဲ။

ရေးသားသူ - နေဘုန်းလတ် at Saturday, July 14, 2007

e-mail မှရရှိသည်....