Friday, April 8, 2011

အကျိုးရှိရဲ့လား (ဆရာတော် ဦးဇောတိက)


အကျိုးရှိရဲ့လား (ဆရာတော် ဦးဇောတိက)

လူတွေထင်တာက ဥာဏ်ရှိတဲ့ လူတွေပဲ တစ်ခုခု လုပ်မယ် ဆိုရင်တော့ အကျိုးရှိတာပဲ လုပ်မှာပေါ့လို့ ဒီလိုထင်တယ်။ လူတွေဟာ ဥာဏ်ရှိတဲ့ သတ္တဝါ ဖြစ်တာတော့ မှန်တယ်။ ဒါပေမယ့် စိတ်အလိုလိုက်၊ လောဘ အလိုလိုက် ပြီးတော့ အကျိုးမရှိတာတွေ အများကြီး လုပ်တယ်။ အဲဒါကြောင့် ဘဝရဲ့ အရည်အသွေး နဲ့ အဆင့်အတန်း မြင့်မားမှုကို လိုလားတဲ့ သူ၊ တရား အားထုတ်မယ့် သူဆိုရင် ဘယ်အလုပ် လုပ်လုပ် အကျိုးရှိ မရှိ ဆိုတာကို လေးလေးနက်နက် စဉ်းစား သင့်တယ်။

Man does not always behave rationally at all.

လူသားဟာ အင်မတန် ဥာဏ်ရှိတဲ့ သတ္တဝါ ဖြစ်တယ်နော်။ အကြာင်း အကျိုး ကို နက်နက်နဲနဲ ဆင်ခြင် နိုင်တဲ့၊ သိနိုင်တဲ့ သတ္တဝါ ဖြစ်ပေမယ့် လည်းပဲ မဆင်ခြင်ဘူး။ အကျိုးရှိ မရှိကို တကယ် မစဉ်းစားဘူး။ စိတ်လိုက် မာန်ပါ လုပ်တတ်တယ်။ အချို့လည်း အကျင့် ပါသွားပြီး လုပ်တာရှိတယ်။ တချို့လည်း ပတ်ဝန်းကျင်က လုပ်တာကို လိုက်လျောရင်းက အားနာပါးနာနဲ့ လုပ်တာရှိတယ်။ နောက်တစ်ခုက ပျင်းတာလည်း ပါတယ်။ တစ်ခါတစ်လေ ပျင်းတာနဲ့ ကိုပဲ လုပ်သင့်တဲ့ အလုပ်ကို မလုပ်ပဲ နေလိုက်တာ ရှိတယ်နော်။မလုပ်သင့်တဲ့ အလုပ်ကို မလုပ်ပဲ နေတာကလည်း အကျိုး ရှိမရှိကို ဆင်ခြင်ပြီး မလုပ်ပဲ နေလိုက်တာနော်။ လုပ်သင့်တဲ့ အလုပ်ကို ဒါအကျိုးရှိတဲ့ အလုပ် ဆိုပြီး ဆင်ခြင်ပြီး လုပ်ရမှာနော်။

ကိုယ်ဘဝ အခြေအနေ ပေးရင်ပေး သလောက် စိတ်အေးချမ်းအောင် အသိဥာဏ် ကောင်းသထက် ကောင်းအောင် ကြိုးစားပြီး လုပ်တဲ့ အကျင့်ကို ငယ်ငယ်ကတည်းက လုပ်သင့်တယ်။ အဲဒီလို ငယ်ငယ်ထဲက လုပ်ရင် သိပ်အသက်မကြီး သေးခင်မှာပဲ စိတ်နေ သဘောထားကော အသိဥာဏ်ကော အများကြီး လေးနက် ရင့်ကျက် သွားလိမ့်မယ်။ တစ်ဘဝစာဟာ နှစ်ဘဝစာ လောက် ဖြစ်သွားလိမ့်မယ်။

တစ်ခုခု လုပ်တော့မယ် ဆိုရင် ကိုယ်ရဲ့ အမြင့်မြတ်ဆုံး အမြင့်ဆုံး ရည်မှန်းချက်က ဘာလဲ၊ အဲဒါကို ထည့်စဉ်းစား ရမယ်နော်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ဘူး။ အသက်အရွယ် လိုက်ပြီးတော့ တူမှာ မဟုတ်ဘူး။

ဥပမာ ။ ။ ကျောင်းနေတဲ့ အရွယ်ဆိုရင် သူ့ကျောင်းစာကို သေသေချာချာ ကျေညက်ဖို့က သူ့အတွက် အင်မတန် အရေးကြီးတဲ့ ရည်မှန်းချက်ပဲ။ တရား အားထုတ်တယ် ဆိုရင်လည်းပဲ တရားဘက်က တိုးတတ်မှု ရှိဖို့က သူ့အတွက် ရည်မှန်းချက် တစ်ခုပဲ။ အခြေအနေကို လိုက်ပြီးတော့ အသက်အရွယ်ကို လိုက်ပြီးတော့ ရည်မှန်းချက်တော့ မတူဘူး။

ငယ်ငယ်ကတည်းက အဲဒီလိုသာ ဆင်ခြင်မယ်ဆို တော်တော် လေးနက်တဲ့ ရင့်ကျက်တဲ့ စိတ်နေ သဘောထားကော၊ အသိဥာဏ်ကော၊ ပညာ အရည်အချင်းကော၊ ပြောပုံဆိုပုံကော၊ ဘယ်နေရာမှ မကျန်အောင် တိုးတတ်တဲ့လူတွေ ဖြစ်လာမှပဲ။ အဲသလို ဖြစ်လာရင် ပတ်ဝန်းကျင်က ကိုယ့်ကို ထိုက်သင့်တဲ့ နေရာပေးမှာ ပဲနော်။ ပတ်ဝန်းကျင်ဆိုတာ ကိုယ်နဲ့ တန်ရင် ကိုယ့်ကို နေရာပေး ပါတယ်။

ကိုယ်ကသာ တကယ် စည်းနဲ့ ကမ်းနဲ့ ကိုယ်ဘဝကို နေမယ်။ လုပ်သင့်တာ လုပ်မယ်။ မလုပ်သင့်တာ မလုပ်ဘူး။ ပြောသင့်တာကို ပြောမယ်။ မပြောသင့်တာကို မပြောဘူး။ တရားနဲ့ အညီနေမယ်။ စိတ်ချမ်းချမ်း သာသာ နေမယ်။ စိတ်တည်တည် ငြိမ်ငြိမ် နေမယ်ဆိုရင် ပတ်ဝန်းကျင်က ကိုယ့်ကို လေးစား လာမှာပါ။

မိမိကိုယ်ကို ချစ်တတ်တဲ့သူ၊ လေးစားတဲ့သူ၊ ယုံကြည့်တဲ့သူ၊ အားကိုးတဲ့သူ၊ တန်ဖိုးထားတဲ့သူ၊ ဖြစ်ဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် ဘယ်ဟာကိုမှ ပေါ့ပေါ့တန်တန် မလုပ်ပါနဲ့နော်။ သတိနဲ့ လုပ်ပါ။ ဥာဏ်လေးနဲ့ ယှဉ်ပြီးလုပ်ပါ။ သတိနဲ့ ဥာဏ်နဲ့ ယှဉ်ပြီးလုပ်ရတာ အစမှာ နည်းနည်းတော့ ပင်ပန်းသလို လေးလံသလို ဖြစ်ပါတယ်။ ဒါပေမယ့် အလေ့အကျင့်လေး ရသွားရင်တော့ လုပ်ရတာ စိတ်ပေါ့ပါး ကြည်လင်ပြီး ကိုယ်ကိုယ်ကိုပါ လေးစားမှု ရှိပြီးတော့ ကျေနပ်မှု အများကြီး ရပါတယ်။ အင်မတန် အကျိုးရှိပါတယ်။

ဒီ တရားတော်လေးက ဆရာတော် ဦးဇောတိက ဟောခဲ့တဲ့ အကျိုးရှိရဲ့လား တရားတော်ထဲ က ကောက်နှုတ်ထားတာ ဖြစ်ပါတယ်။ တရားတော် တစ်ပုဒ်လုံးကို တော့ အောက်က အဆင်ပြေတဲ့ လင့်မှာ ဒေါင်း၍ နာယူနိုင်ကြပါတယ် ခင်ဗျာ…

ဒေါင်းရန် ။ ။ 43.6 MB

MediaFire

MultiUpload

Author: ပေါ့ဆိမ့်