Sunday, April 17, 2011

“နှစ်သစ်မင်္ဂလာ”




“နှစ်သစ်မင်္ဂလာ”

ဓမ္မရေချမ်း၊ ကိုယ်စီဖြန်း၊ အေးချမ်းကြပါစေ။

နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေဟု ရှေးဦးစွာ နှုတ်ခွန်းဆက်သလိုက်ပါသည်။

အဟောင်း အဟောင်းတို့ မည်သည် အသစ် အသစ်တို့ ဖြစ်ပေါ်ရန် အတွက် ပျက်စီးခြင်း ရင့်ရော်

အိုမင်းခြင်း စသော လောက နိယာမအရ နေရာ ဖယ်ပေးကြရ၏။ အသစ် အသစ်သော

အရာတို့သည်လည်း အဟောင်းတို့ရဲ့ နေရာ၌ ကိုယ်စားပြုကာ ၀င်ရောက် နေရာယူ ပေးကြရ၏။

ဤသည်မှာ လောက၏ သဘာဝ နိယာမ ဖြစ်၏ ။ မြန်မာ့ ရိုးရာ သင်္ကြန်နှစ်သစ် မင်္ဂလာ

အခါတော်သည်လည်း နှစ်ဟောင်းမှ အဟောင်း အဟောင်းသော အရာတို့ကို ပယ်စွန့်ခြင်း

မကောင်းမှူ ဒုစရိုက် တို့ကို သုတ်သင်ရှင်းလင်း ဆေးကြောပေးခြင်း၊ အသစ်ဖြစ်သော ကောင်းကျိုးချမ်းသာ ကျက်သရေ မင်္ဂလာတို့ကို ကြုဆိုခြင်း၊ ပြုလတံ့သော ကောင်းမှုကုသိုလ်များကို ကြိုးစားပြုလုပ်ရန် အဓိဋ္ဌာန်ခြင်း စသော မွန်မြတ်သော ဦးတည်ချက်ဖြင့် “နှစ်သစ်မင်္ဂလာ အတာသင်္ကြန်ပွဲတော်” ကို ပြုလုပ်လာခဲ့ ကြသည်မှာ ရှေးပဝေသဏီကစ၍ နှစ်ပေါင်းများစွာ ကြာညောင်းသော ယနေ့တိုင်အောင် ပင်ဖြစ်ပါ၏။

စာရေးသူ အပါအ၀င် အားလုံးသော ပုထုဇဉ်တို၏ စိတ်အစဉ်ဝယ် နေ့စဉ် ထူထပ်စွာ ညစ်ပတ် ပေကျံနေသော မုန်းတီးခြင်း မနာလိုခြင်း သ၀န်တိုခြင်း မတရား ရယူလိုခြင်း မသိမိုက်မဲခြင်း တွေဝေ မေ့မော ခြင်း မိဘ ဆရာသမားတို့ကို ပြစ်မှားခြင်း စသည့် မကောင်းသောစိတ် ၊ ကောက်ကျစ် စဉ်းလဲသော အကုသိုလ် အညစ် ကြေးများကို နှစ်သစ်မင်္ဂလာ အခါတော် နေ့ထူးနေ့မြတ်တွင် စွမ်းနိုင်သမျှ ဆေးကြောပေးမည် ဆိုလျှင် နှစ်သစ်သည် ကိုယ့်အတွက် တကယ် မင်္ဂလာ ရှိသော အချိန်အခါ ဖြစ်လာမည်မှာ မလွဲပါ။ နှစ်ဟောင်း၏ အညစ်ဟောင်းများကို နှစ်သစ်မှာ စိတ်သစ် လူသစ် ဘ၀သစ် ကလေးများ ဖြစ်အောင် ပြုလုပ် နိုင်ပါမည်ဆိုပါက မိမိတို့အတွက် နှစ်သစ်သည် စစ်မှန်သော ပျော်ရွင်မှူ တို့ဖြင့် လန်းဆန်းဝေဖြာ ကျက်သေရေ ဖြာနေပါလိမ့်မည်။ လူဘ၀ ဆိုသည် တန်ဖိုး ရှိသောဘ၀၊ အနှစ်သာရ ပြည့်ဝသောဘ၀၊ ရခဲသော ဘ၀ ဖြစ်ကြောင်း မြတ်ဗုဒ္ဓက ဟောကြားခဲ့လေ၏ ။ လူဘ၀ဟူသည် တန်းဖိုးကြီးသည့် ရတနာ ရွေသေတ္တာ နှင့် အလား တူ၏ ။ အဘယ်ကြောင့် ဆိုသော် တန်ဖိုး ကြီးသော ရတနာသေတ္တာ၌ အဖိုးတန်းပစ္စည်း များကို သိမ်းဆည်း သိုလှောင်ပါမှ တင့်တယ် သင့်လျော် လျောက်ပတ်ပေလိမ့်မည်။ ညစ်ပေနေသော အ၀တ်စုတ်၊ ဖိနပ်စုတ် ကဲသို့သော တန်ဖိုးမဲ့ ပစ္စည်းတို့ ထားသိုရာ နေရာ မဟုတ်ပေ ။ တနည်းဆိုရလျှင် အသုံးမပြုရသေးသော သေတ္တာတို့တွင် ကွဲပြား ခြားနားမှု အထူးမရှိ။ အတူတူသာဖြစ်ပါ၏။ ထိုသေတ္တာတို့တွင် ရတနာထည့်သော သေတ္တာသည် ရတနာသေတ္တာ အမည်လာရပြီး၊ အစုပ် ပလုပ် ထည့်သော သေတ္တာသည်ကား အစုပ်သေတ္တာ အမည်ရလာမည်သာ။

ထို့ အတူ မိမိတို့၏ ဘ၀ထဲတွင်လည်း ကုသိုလ် ကောင်းမှုဟူသော အဖိုးတန် ရတနာတို့ကိုသာ သိမ်းဆည်း သိုလှောင်ထားသင့်၏။ မကောင်းသော အကုသိုလ် အညစ် အကြေးဟူသော အစုပ် ပလုပ်တို့သည် သိမ်းဆည်းသင့်သော အရာများ မဟုတ်ပေ။ စွန့်ပစ်သင့်သော အရာများသာ ဖြစ်ပါ၏။ ဤသို့ စွန်ပစ်သင့်သော အရာတို့ကို သိမ်းဆည်းထားမည်ဆိုလျှင် ထိုဘ၀သည်လည်း တန်းဖိုးရှိသော ဘ၀ကား ဖြစ်လာမည် မဟုတ်ပေ။ စွန့်ပစ်ပစ္စည်း သိမ်းဆည်းထားသော ဘ၀သာ ဖြစ်ပေတော့မည်။ သို့ဖြစ်၍ မိမိတို့၏ နေ့စဉ် ဘ၀မှာ လောဘ ၊ ဒေါသ ၊ မောဟ၊ စသော အကုသိုလ် အညစ်အကြေးဟူသော အ၀တ်စုတ်၊ ဖိနပ်စုတ်တို့ကို နှလုံးသားမှာ ထာဝရ သိမ်းဆည်း ထားမည်ဆိုလျှင် ထိုဘ၀ သည်လည်း ညစ်ပတ် နေမည်မှာ မလွဲပါ။ မိမိတို့၏ နေ့စဉ်ဘ၀သည် သန့်ရှင်းဖို့ အရေးကြီး၏်။ သန့်ရှင်းမှ စိတ်ဆိုတာလည်း သန့်ရှင်းမှာ ဖြစ်ပါ၏။် စိတ်ဖြူစင်နိုင်မည် ဖြစ်ပါပါ၏။ ကြည်လင်ပြီး အေးချမ်းနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့၏ မြန်မာ နှစ်သစ် အခါသမယ မင်္ဂလာကာလ၀ယ် ဓမ္မ တည်းဟူသော အတာသင်္ကြန်ရေချမ်းများဖြင့် မိမိတို့၏ စိတ်ကို ဖြူစင် သန့်ရှင်းအောင်၊ အလှဆုံးဖြစ်အောင် ဆေးကြောသုတ်သင်ကာ ငြိမ်းချမ်းကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။