“ကရုဏာက အကြောင်းကောင်းဖို့, ဉာဏ်ပညာက အကျိုးကောင်းဖို့”
လူသားတစ်ဦးအတွက် မြင့်မြတ်ရာသို့ သွားရာလမ်းခရီးမှာ မလွဲမသွေ လှမ်းတက်ရမယ့် လှေကား သုံးထစ် ရှိပါတယ်။ အဲဒါတွေက--
စိတ်ကောင်းရှိမှု၊ အသိဉာဏ်ကြီးမြင့်မှုနဲ့ ၊ အများအကျိုးပြုမှုတို့ပဲ ဖြစ်ပါတယ်။
စိတ်ကောင်းရှိမှု ဆိုတာဟာ ကရုဏာတရားရဲ့ သင်္ကေတဖြစ်သလို အသိဉာဏ် ကြီးမြတ်မှုက ပညာ စေတသိတ်ရဲ့ လက္ခဏာ ဖြစ်ပါတယ်။ ကရုဏာ တရားနဲ့ ပညာတို့ရဲ့ လက်တွေ့ ပေါင်းစပ်မှု အင်အားကြောင့် ဖြစ်ပေါ်လာတဲ့ လောက ကောင်းကျိုး သယ်ပိုးမှု တွေကတော့ အများ အကျိုးပြုမှုရဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။ ကရုဏာတရားဟာ အများရဲ့ ကိုးစားရာဖြစ်ပြီး ပညာတရားက မိမိရဲ့ ကိုးစားရာ ဖြစ်ပါတယ်။ သနား ကြင်နာခြင်းနဲ့ သူတစ်ပါးကို စောင့်ရှောက် တတ်သူဟာ မိမိကိုလည်း စောင့်ရှောက်ရာ ရောက်ပါတယ်။
ဒါကြောင့်မို့ အများအကျိုးပြု ၀န်ဆောင်မှုလုပ်ငန်း ဆောင်ရွက် သူတိုင်းမှာ ရှိသင့်ရှိထိုက် ရှိရမယ့် စိတ်အရည် အသွေး ဟာ ကရုဏာနဲ့ ပညာတရားပဲ ဖြစ်ပါတယ်။ ကရုဏာနဲ့ ပညာတရား နှစ်ပါးပြည့်စုံရင် တကယ့် စစ်မှန်တဲ့ အများအကျိုး သယ်ပိုးနိုင်သူ ဖြစ်တော့တာပါပဲ။
တစ်ကိုယ်ကောင်း၊ တစ်ခုကောင်း ဆန်တဲ့စိတ် အလျှင်းမမွေးဘဲ အများအကျိုး သူတစ်ပါးအကျိုး ပဓာနထားပြီး လောကကို ချစ်ခင် ကြင်နာခြင်းဟာ ကရုဏာရဲ့ သင်္ကေတ ဖြစ်ပါတယ်။
ငါ၊ ငါ့မိသားစု၊ ငါ့ဆွေမျိုး၊ ငါ့နိုင်ငံ၊ ငါ့လူမျိုး စတဲ့ ကျဉ်းမြောင်းတဲ့ အတ္တစည်းဝိုင်းကို ကျော်လွန်ပြီး သတ္တ၀ါအားလုံးကို ဘောင်မဲ့ အကန့် အသတ်မဲ့ ချစ်တတ် ခင်တတ် ကြင်နာတတ်ဖို့ နားလည်သူဟာ ကရုဏာ တ၇ားကို နားလည်သူ ဖြစ်ပါတယ်။
ကရုဏာ တရားရှိရင် အများအကျိုးပြု ၀န်ဆောင်မှုလုပ်ငန်း ရွက်ဆောင်ရာမှာ ထက်ဝက် အင်အား ရှိလာပါတယ်။ ကရုဏာတရား ရှိပါမှ လောကအတွက် တာဝန် ထမ်းဆောင်လိုစိတ် ရှိမှာဖြစ်ပြီး ဆောင်ရွက်ရာ မှာလည်း မိမိ အကျိုးစီးပွားကို ပဓာနမ ထားဘဲ အများရဲ့ အကျိုး စီးပွားကို အဓိကထားပြီး ကိုယ်ကျိုးစွန့် အနစ်နာခံကာ ဖြူစင်ရိုးသားတဲ့ စိတ်ထား သက်သက်နဲ့ ဆောင်ရွက် လာနိုင်မှာ ဖြစ်ပါတယ်။
လောဘ၊ ဒေါသ၊ မောဟစတဲ့ စိတ်တွင်း အမိုက်မှောင်တွေကို ဖယ်ရှားကာ အသိဉာဏ် အလင်း ရခြင်းဟာ ပညာရဲ့ သင်္ကေတ ဖြစ်ပါတယ်။ အကျိုးမရှိ မသင့်လျော်တာတွေကို ရှောင်ရှားပြီး အကျိုးရှိ သင့်တော် တာတွေကို ဆောင်ပွားဖို့ နားလည်သူဟာ ပညာရှိသူ ဖြစ်ပါတယ်။
ပညာရှိရင် အများ ကောင်းကျိုးပြု ၀န်ဆောင်လုပ်ငန်း ဆောင်ရွက်၇ာမှာ နောက်ထက်ဝက် အင်အား ပြည့်စုံလာပါတယ်။
ပညာပြည့်စုံမှပဲ ကရုဏာရဲ့ စေ့ဆော်မှုအရ လောကအတွက် ဆောင်ရွက်မှု မှန်သမျှမှာ အမှန်တကယ် အကျိုးရှိ၊ မရှိကို စိစစ် ရွေးချယ် နိုင်မှာဖြစ်ပြီ အများ အကျိုးပြုလုပ်ငန်းကို ဗန်းပြကာ ထင်ပေါ် ကျော်ကြားလိုမှု၊ ကိုယ်ကျိုးစီးပွား ရှာလိုမှု စတဲ့ အလိုဆိုးတွေကို ပယ်သတ်ပြီး အထက်တန်းကျတဲ့ ပန်းတိုင်ကို ရည်စူးကာ အများ အကျိုးကို သယ်ပိုး ဆောင်ရွက်နိုင်မှာလည်း ဖြစ်ပါတယ်။
လောကီ အကျိုးစီးပွားကို ဆောင်ရွက် တော့မယ်ဆိုရင် ကရုဏာ တရားလောက် ကြီးမားတဲ့ အားစွမ်းအင်မရှိ၊ လောကုတ္တရာ အကျိုးစီးပွား ဆောင်ရွက် တော့မယ်ဆိုရင် ပညာ တရားလောက် ကြီးမားတဲ့ အားစွမ်းအင်မည်သည် မရှိလို့ ကျန်းဂန်တွေမှာ ဖော်ပြကြပါတယ်။
တကယ်တော့ လောက အကျိုးစီးပွား ဆောင်ရွက်ရာမှာ ကရုဏာက ရှေ့ဆောင်ဦးစီပြီး လောကုတ္တရာ စီးပွား ဆောင်ရွက်ရာမှာတော့ ပညာက ဦးဆောင်ပြဌာန်းပါတယ်။
ဒါကြောင့်မို့ လောကီ၊ လောကုတ္တရာ အကျိုးနှစ်မျိုးလုံးကို ဆောင်ရွက်နိုင်ဖို့ဆိုရင် ကရုဏာနဲ့ ပညာ နှစ်မျိုးလုံးကို လိုအပ်တာ ဖြစ်ပါတယ်။
အမှန်မှာတော့ မြင့်မြတ်တဲ့ လုပ်ငန်း ဟူသမျှဟာ ကရုဏာ ပညာတွေနဲ့ ၀န်းရံရစမြဲ ဖြစ်ပါတယ်။ ဘယ်လို လုပ်ငန်း မျိုးကိုပဲ ဖြစ်ဖြစ် ပြုလုပ် ဆောင်ရွက်သူမှာ ကရုဏာနဲ့ ပညာရှိဖို့ လိုပါတယ်။
ဥပမာစကား နှိုင်းယှဉ်ပြောရရင် ဒင်္ဂါးပြားတစ်ပြားမှာ ခေါင်းနဲ့ပန်း နှစ်ဖက်စလုံးပါမှ အသုံးပြုလို့ ရပါတယ်။ အဲဒီလိုပါပဲ အများ အကျိုးပြု ၀န်ဆောင်လုပ်ငန်း ဆောင်ရွက်လိုတဲ့ စိတ် စေတနာမှာလည်း ကရုဏာနဲ့ ပညာဟာ ခေါင်းနဲ့ပန်းလို နှစ်ဖက်စလုံး ပါရှိရပါတယ်။
အဲဒီလို ပါရှိမှလည်း လောကအတွက် အကျိုးရှိ အသုံးဝင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်လာနိုင်သလို အများကလည်း မြတ်နိုး တန်ဖိုး ထားစရာလည်း ဖြစ်လာနိုင်ပါမယ်။
လူတစ်ယောက်ဟာ ကရုဏာရှိပြီး ပညာကင်းမဲ့နေရင် နှလုံးလှ လူမိုက် ဖြစ်နေတတတ်ပြီး ကရုဏာမဲ့ကာ ပညာရှင် ဖြစ်နေရင်လည်း နှလုံးသားမဲ့ ပညာရှင် ဖြစ်နေတတ်ပါတယ်။ အများကောင်းကျိုးပြု ၀န်ဆောင် လုပ်ငန်းဆိုတာ နှလုံးလှ ပညာရှင်တွေကသာ အောင်မြင်အောင် ဆောင်ရွက်နိုင်ကြပါတယ်။
အခု ဒီအကြောင်းနဲ့ ဆက်စပ်ပြီး ဇာတ်တော်တစ်ခုကို ပြောပြချင်ပါတယ်။ အဲဒီ ဇာတ်တော်ဟာ ငါးရာ့ငါးဆယ်၊ ဧကနိပါတ်၊ အတ္တကာမ၀ဂ်မှာပါတဲ့ အာရာမဒူသက အမည်ရပါတယ်။
[B]မျက်မှောက်အားကိုးမိလို့ ကိုယ်ကျိုးနည်းရသူ[/B]
တစ်ခါတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး ထီးနန်းစိုးစံနေစဉ် ဘုရားအလောင်းတော်ဟာ ပညာရှိ အမျိုးသားတစ်ဦး လာဖြစ်ပါတယ်။
ဗာရာဏသီပြည်မှာ နက္ခတ်ပွဲ သဘင်ဆင်နွဲချိန် ရောက်လာတိုင်း မြို့တွင်းကို စည်ကားလေ့ရှိပါတယ်။ နက္ခတ်ပွဲ သဘင်မှာ မြို့တော်သူ မျြို့တော်သားတိုင်းက ၀တ်ကောင်း စားလှ ၀တ်ဆင်ကာ ပါဝင်ဆင်နွဲ ပျော်ရွှင် မြူးတူး တတ်ကြပါတယ်။
ဘုရင့်ဥယျာဉ်တော်ကို စောင့်ရှောက်တဲ့ အမှုထမ်းတွေလည်း အများနည်းတူ နက္ခတ်သဘင်ပွဲ ပါဝင်ဆင်နွဲချင်ကြပါတယ်။
ဒါပေမယ့် သူတို့မှာ နေ့စဉ် နေ့တိုင်း ဥယျာဉ်တော် ထဲမှာရှိတဲ့ သစ်ပင်ငယ်များနဲ့ ပန်းပင်တွေကို ရေလောင်းရမယ့် တာဝန်က ရှိနေပါတယ်။ ဒီတာဝန်ကလည်း လစ်ဟင်း ပျက်ကွက်လို့ မရပါဘူး။ နက္ခတ်သဘင်ပွဲ မဆင်နွှဲဘဲ မနေနိုင်တဲ့ ဥယျာဉ်မှုးကြီးဟာ နောက်ဆုံးမှာတော့ ဥယျာဉ်တော်ထဲမှာ ဘေးမဲ့ပေးထားတဲ့ မျောက်တွေကို အကူအညီ တောင်းဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
ဥယျာဉ်မှုးဟာ မျောက်အုပ်ထဲက အကြီးဆုံး မျောက်ကြီးထံ ချဉ်းကပ်ပြီး…
“အချင်း မျောက်ကြီး၊ ဒီ ဥယျာဉ်ဟာ သင်တို့အတွက် သိပ်ပြီး ကျေးဇူးများပါတယ်၊ ဥယျာဉ်ထဲမှာ ရှိသမျှအသီး အပွင့်တွေကို သင်တို့ပဲ စားသုံးနေကြတာပဲ။ ဒါကြောင့် ကျွန်ုပ် နက္ခတ်ပွဲ သွားနေတုန်းမှာ ကျွန်ုပ်ကိုယ်စား ဥယျာဉ်ထဲက သစ်ပင်ငယ်နဲ့ ပန်းပင်တွေကို ရေလောင်း ထားလိုက်ကြပါ” လို့ မေတ္တာရပ်ခံတယ်။
ဥယျာဉ်မှုးရဲ့ မေတ္တာ ရပ်ခံချက်ကို မျောက်ကြီးကလည်း လိုလို လားလား လက်ခံပြီး စိတ်ချ လက်ချ နက္ခတ်သဘင်ပွဲသွားဖို့ ပြောကြားလိုက်ပါတယ်။
ဒါနဲ့ ဥယျာဉ်မှုးလည်း ရေးပုံး၊ ရေခွက်တွေကို မျောက်ကြီးထံပေးအပ်ပြီး နက္ခတ်သဘင် ကျင်းပရာကို ထွက်ခွာ သွားပါတယ်။
ရေလောင်းနေကျ အချိန် ရောက်တဲ့အခါ မျောက်ကြီးက မျောက်တွေကို အစည်းအဝေးခေါ်ပြီး-
“အချင်းမျောက်တို့၊ ဥယျာဉ်မှုးက တာဝန် ပေးထားတဲ့အတွက် ဒီပွဲတော်ရက် အတွင်းမှာ ငါတို့ဟာ ဒီဥယျာဉ်ကို ရေလောင်း ကြရလိမ့်မယ်၊ ဒီတော့ ရေမလောင်းခင်မှာ အရေးကြီးတဲ့ အချက်တစ်ခုကို သတိပေးရဦးမယ်၊ ခုလို နွေရာသီမှာ ရေဆိုတာ အင်မတန် အရေးကြီးတယ်၊ နောက်နောင်အခါ ရေအခက်အခဲ မရှိရအောင် ခုနေက တည်းက ရေကို ချွေတာထားမှ ဖြစ်မယ်။ ဒါကြောင့် ဥယျာဉ်ထဲက သစ်ပင်ငယ်တွေကို ရေမလောင်းခင်မှာ အရင်းနှုတ်ကြည့်ရမယ်၊ ပြီးမှ အမြစ်ရှည်တဲ့ အပင်ကိုသာ ရေများများ လောင်းပြီး အမြစ်တိုတဲ့ အပင်တွေကို ကျတော့ ရေနည်းနည်းပဲ လောင်းရမယ်။ ဒါမှသာ ရေကို အကျိုးရှိရှိ သုံးရာရောက်မယ်” လို့ အဆုံးအမပေးပါတယ်။
မျောက်တွေကလည်း မျောက်ကြီး ပြောကြား ထားတဲ့အတိုင်း တစ်သဝေမတိမ်း လိုက်နာလုပ် ဆောင်ကြပါတယ်။
အဲဒီအချိန်မှာ အလောင်းတော် ပညာရှိအမျိုးသားဟာ နောက်လိုက် ငယ်သားတွေနဲ့အတူ ဥယျာဉ် တော်ထဲကို ရောက်ရှိ လာကြပါတယ်။ အလောင်းတော်ဟာ မျောက်တွေ ဘာကြောင့် သစ်ပင်ငယ်တွေ ကို နုတ်ပြီးမှ ရေလောင်းနေသလဲ ဆိုတာကို စူးစမ်းပါတယ်။
နောက်ဆုံး မျောက်ကြီးရဲ့ ညွန်ကြားချက်အရ ဒီလို ဖြစ်နေကြောင်း သိလိုက်ရတဲ့အခါ နောက် လိုက်ငယ်သားတွေကို--
“အို..အမောင်တို့၊ မျောက်တွေ လုပ်ပုံကိုသာ ကြည့်ပါလေတော့။ ပညာမဲ့တဲ့သူဟာ စေတနာကောင်း ပေမယ့် ရလဒ်ကောင်းကို ရအောင် မဆောင်ရွက်နိုင်ဘူး၊ အကျိုးရှိအောင် ဆောင်ရွက်၇င်း အကျိုးမဲ့ကိုသာ ဖြစ်စေနိုင်တယ်။ မကျွမ်းကျင်တဲ့ သူဟာ အများကြီးပွားအောင် မလုပ်ဆောင်နိုင်ဘူး” လို့
ဥပမာပေး ဆုံးမစကား ပြောကြားကာ ဥယျာဉ်တော်အတွင်းက ထွက်ခွာသွားပါတယ်။
ဒီဇာတ်တော်ဟာ ရည်ရွယ်ချက်စေတနာ ကောင်းမွန်ပေမယ့် အကောင် အထည် ဖေါ်ရာမှာ လိမ္မာ ကျွမ်းကျင်မှုမရှိရင် ရလဒ်ကောင်း မပေါ်ထွက်လာ နိုင်တာကို ပညာပေးလိုလို့ ဟောကြား တော်မူခဲ့တဲ့ ဇာတ်ဝတ္ထုတစ်ခုပါ။
ဒီဇာတ်ဝတ္ထုနဲ့ အလားတူ ဖခင်ဖြစ်သူရဲ့ ဦးခေါင်းပေါ်က ခြင်ကို ပုဆိန်ဖြင့်ထူသူ သားမိုက်နဲ့ မိခင်ရဲ့ ကိုယ်ပေါ်မှာ နားနေတဲ့ ယင်ကောင်တွေကို ကျဉ်ပွေ့နဲ့ ရိုက်မောင်းသူ သမီးမိုက်တွေရဲ့ အကြောင်းကို ဟောပြ ထားတဲ့ မကသဇာတ်နဲ့ ရောဟိဏီ ဇာတ်ဝတ္ထုတွေလည်း ရှိပါသေးတယ်။
တကယ်တမ်း လူအများကို အလုပ်အကျွေး ပြုချင်သူတွေဟာ ရည်ရွယ်ချက် စိတ်စေတနာကောင်း သာမက ထွက်ပေါ်လာမယ့် ရလဒ်ရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကိုပါ အမှန်အတိုင်း ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိ ဉာဏ်နဲ့ ပြည့်စုံရပါတယ်။ ကရုဏာက အကြောင်းကောင်းဖို့ အာမခံပြီး ဉာဏ်ပညာက အကျိုးကောင်းဖို့ တာဝန်ယူပါတယ်။
ပရဟိတ အကျိုးဆောင်သူတွေဟာ ကရုဏာတရား ခေါင်းပါးရင် ကိုယ်ကျိုးရှာတတ်ပြီး အသိဉာဏ် နည်းပါးရင် အမှား အယွင်း များတတ်ပါတယ်။
ဒါကြောင့်မို့ ကရုဏာနဲ့ ပညာနှစ်ပါးစုံမှ ပရဟိတသမား ပီသပါတယ်။ အများအကျိုး၊ လောကအကျိုး၊ သာသနာတော်အကျိုးကို ဖြူဖြူစင်စင် အောင်အောင်မြင်မြင် သယ်ပိုး ရွက်ဆောင်နိုင်ပါတယ်။
တော်ဝင်နွယ်
မဏိဇောတ မဂ္ဂဇင်း