Thursday, April 28, 2011

အပါယ်တံခါး မှားမဖွင့်စေချင်…..


အပါယ်တံခါး မှားမဖွင့်စေချင်…..

မြတ်စွာဘုရားသည် ဝေနေယျသတ္တဝါအပေါင်းကို ကြီးမားသော မဟာဂရုဏာတော်မြတ်ဖြင့် သံသရာဝဋ်ဆင်းရဲမှ ကင်းဝေးစေခြင်း အလို့ငှာ လေးသင်္ချေနှင့်ကမ္ဘာတသိန်း ပါရမီဖြည့်ကျင့်လျက် ဘုရားအဖြစ်ကို ရယူတော်မူခဲ့ပါသည်။ ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီ၊ ဝိရိယပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ၊ အဓိဋ္ဌာနပါရမီ၊ မေတ္တာပါရမီ၊ နှင့် ဥပေက္ခာပါရမီ ဟူသော ပါရမီဆယ်ပါးကို ဘဝအဆက်ဆက် အကြိမ်ကြိမ် အလီလီ ဖြည့်ကျင့်လျက် သတ္တဝါများ၏ အကျိုးကို အနစ်နာခံ ဆောင်ရွက်တော်မူခဲ့ပါသည်။

ထို့ပြင် ဥစ္စာပစ္စည်း၊ သမီးနှင့်သား၊ ဇနီးမယား၊ အင်္ဂါကြီးငယ်နှင့် အသက်ကို စွန့်ခြင်းတည်းဟူသော စွန့်ခြင်းကြီး ငါးပါး၊ သတ္တဝါအပေါင်း၊ ဆွေမျိုးအပေါင်းနှင့် ဘုရားအဖြစ်၏ အကျိုးငှာ ဖြည့်ကျင့်တော်မူသော စရိယသုံးပါး၊ ဒေဝပုတ္တမာရ်၊ ကိလေသမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်၊ အဘိသင်္ခါရမာရ် တည်းဟူသော မာရ်ငါးပါး၊ စသည်တို့ကို အောင်မြင်တော်မူခဲ့သော၊ ဘုရားဂုဏ်တော် ကိုးပါးနှင့် ပြည့်စုံတော် မူခဲ့သော၊ လူ၊နတ်၊ ဗြဟ္မာ၊ သတ္တဝါ အပေါင်းတို့၏ ဆရာတဆူ ရှေ့ဆောင်လမ်းပြ ဖြစ်တော်မူခဲ့ပါသည်။

ဤမျှ ကြီးမားလှသော ဂုဏ်နှင့် ပြီးပြည့်စုံတော်မူသော မြတ်စွာဘုရား၏ တရားစစ်တရားမှန်ကို အခြေခံမှစ၍ တဆင့်ပြီး တဆင့် လေ့လာဖတ်ရှုမှသာလျှင် နောက်ဆုံးကျင့်ကြံအားထုတ်မှုအထိ လမ်းမချော် လမ်းမလွဲစေပဲ ပြီးမြောက်စေမည်ဖြစ်ပါသည်။ သို့တည်းမဟုတ် ဖြတ်လမ်းနည်းဖြင့် ကိုယ်တွေ့သည်သာ အဓိကဟု သတ်မှတ်ကာ အလောတကြီး ကျင့်ကြံ အားထုတ်မည်ဆိုပါက အလွဲလွဲ အချော်ချော်ဖြင့် လမ်းမှားရောက်စေနိုင်ပါသည်။

ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်များ..
ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်အများစုသည် ဗုဒ္ဓဘာသာ၏အခြေခံကိုမျှ နားလည်ခြင်းမရှိတော့ပဲ ကိုးကွယ်မှုအရောရော အထွေးထွေး၊ နားလည်မှု ယောင်ဝါးဝါး၊ ယုံကြည်မှုလွဲမှားစွာနှင့် ကျင့်ကြံမှု အမှားမှား အယွင်းယွင်း ဖြစ်နေကြပါသည်။ စာပေဗဟုသုတ အားနည်းခြင်းနှင့်အတူ၊ ဆရာကောင်းတို့၏ လမ်းညွှန်မှုမရှိခြင်းတို့ကြောင့် ဟိုလူပြောလဲ ဟုတ်နိုးနိုး သည်လူပြောလဲ ကောင်းနိုးနိုးဖြစ်နေကြကာ ကိုယ်ပိုင်အသိဥာဏ်ဖြင့် ဆုံးဖြတ်နိုင်စွမ်း အားနည်းနေကြပါသည်။

စစ်မှန်သော ဗုဒ္ဓဘာသာဝင်ဆိုသည်မှာ….

မိမိတို့ကိုယ်ကို မိမိတို့ ဗုဒ္ဓဘာသာဝင်ပါဟု သတ်မှတ်သူတိုင်းသည် မြတ်စွာဘုရားနှင့်တကွ မြတ်စွာဘုရား၏ တရားဒေသနာတော်၊ မြတ်ဗုဒ္ဓ၏ သာသနာအဆုံးအမနှင့် ဝိနည်းစည်းကမ်းကို တသွေမတိမ်း လိုက်နာနေသော တပည့်သား သံဃာတော်များကိုပါ ခြွင်းချက်မရှိ သံသယကင်းစွာ ယုံကြည်ဖို့ လိုအပ်ပါသည်။

ကာလာမသုတ်နှင့် အယောင်ဆောင် ဗုဒ္ဓဘာသာဝင်များ၏ ဆင်ခြေများ….

မြတ်စွာဘုရား ဟောကြားခဲ့သော ကာလာမသုတ္တန် ဒေသနာတော်သည် မြတ်စွာဘုရား၏ အဆုံးအမ သာသနာကို ယုံကြည်လေးစားစွာ ခြွင်းချက်မရှိ လိုက်နာနေသော စစ်မှန်သော ဗုဒ္ဓဘာသာဝင်များအား ဟောကြားခဲ့ခြင်း မဟုတ်ပေ။ အယူဝါဒ အမျိုးမျိုးတို့ဖြင့် ဝိဝါဒကွဲပြား ငြင်းခုံနေကြသော ကာလာမပုဏ္ဏားများအား ဟောကြားခဲ့သော တရားများဖြစ်ပါသည်။ ထိုအချိန်က ဗုဒ္ဓစာပေ အပြည့်အစုံ မပေါ်ပေါက်သေးသော ကာလဖြစ်ပြီး တခြားသော အယူဝါဒရေးရာ စာပေများ၏ ကွဲပြားမှုကို ငြင်းခုံနေကြသောကြောင့် လက်တွေ့ လိုက်နာကြည့်ပြီးမှ ယုံကြည်ကြဖို့ ဟောကြားသော တရားဖြစ်ပါသည်။

သို့ရာတွင် ယနေ့ခေတ်ကာလတွင် မြတ်ဗုဒ္ဓဟောကြားခဲ့သော ပိဋကတ်သုံးပုံ၊ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်အပြင် အဋ္ဌကထာ၊ ဋီကာများ အပြည့်အစုံရှိနေပါသည်။ ထိုတရားများတွင် လူ့လောကအတွင်း နေထိုင်နေကြသော လူသားတို့အား ၃၈ဖြာ မင်္ဂလာတရားအစမှသည် သေခြင်းတရားတို့ပြီးဆုံးရာ မြတ်နိဗ္ဗာန်တိုင်အောင် ဟောကြားထားသော တရားများ ပါဝင်ပါသည်။ လောကီကောင်းကျိုး အဖြာဖြာအတွက်သာမက လောကုတ္တရာကောင်းကျိုးအတွက်ပါ ဒါန၏အကျိုး၊ ဒါနမရှိခြင်း၏အပြစ်၊ သီလ၏ကောင်းခြင်း၊ သီလမရှိခြင်း၏ ဆိုးခြင်း၊ ဘာဝနာမှန်ကန်စွာဆောက်တည်ခြင်း၊ မှားယွင်းခြင်း၏အကျင့် စသည်တို့ကို ပြည့်စုံစွာ ဟောကြားတော်မူခဲ့ပါသည်။

သို့ရာတွင် ဤမျှ ပြည့်စုံအောင် ဟောကြားထားသော်လည်း မြတ်ဗုဒ္ဓ၏ ကျင့်စဉ်လမ်းမှန်ကို ပြင်ဆင်ဖြည့်စွက် ပြုပြင်လိုသူများ အများအပြား ပေါ်ပေါက်လာပါသည်။ မြတ်စွာဘုရား၏ ကျင့်စဉ်နည်းလမ်း စည်းကမ်းနှင့် သွေဖည်လျက် မိမိတို့၏ ကိုယ်တွေ့ဖြင့် မြတ်စွာဘုရား၏ ဥာဏ်တော်ကို မြင်နိုင်ပါသည်ဟု ကာလာမသုတ်ကို ကိုးကားလျက် ထုတ်ဖော် ကြွေးကြော်လာကြပါသည်။ မြတ်ဘုရား၏ တရားစာပေ ပိဋကတ်များကို ပစ်ပယ်ခြင်းသည် မြတ်စွာဘုရား၏ သာသနာကို မယုံကြည်ရာ ရောက်လေသောကြောင့် ဗုဒ္ဓဘာသာဝင်ဟုပင် သတ်မှတ်၍ မရနိုင်ပေ။

ဝိနည်းစည်းကမ်းသည် သာသနာ၏ အသက်သွေးကြော

သာသနာဟူသည် သီလ၊ သမာဓိ၊ ပညာတည်းဟူသော သိက္ခာသုံးရပ်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်လေသောကြောင့် ရဟန်းဝိနည်း၊ လူ့သီလသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ သာသနာ၏ အခြေခံ အုတ်မြစ်ဖြစ်သောကြောင့် သီလမမြဲ ဝိနည်းစည်းကမ်း မထိန်းသိမ်းနိုင်ပါက သာသနာအဆောက်အဦး ပြိုလဲမှု လွယ်ကူစေနိုင်ပါသည်။ ဘုရားရှင်သည် ရဟန်းတော်များအတွက် ဝိနည်းစည်းကမ်းများကို တချိန်တည်း တခါတည်း သတ်မှတ်တော်မူခဲ့ခြင်း မဟုတ်ပဲ၊ သာသနာကို ပျက်စီးညှိုးနွမ်းစေမည်ဟု ထင်မှတ်သော အခါတိုင်းတွင် လိုအပ်သလို အခါအားလျော်စွာ သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ အထူးအားဖြင့် ကိလေသာတိုးပွားစေမည်ဟု ထင်မှတ်သော ကိစ္စရပ်များကို ရှောင်ရှားစေနိုင်ရန် ရည်ရွယ်လျက် ဝိနည်းစည်းကမ်းများကို သတ်မှတ်တော်မူခဲ့ပါသည်။

သစ္စာဆိုက်အောင် တရားများနာယူသောအခါ...
ထေရဝါဒ ဗုဒ္ဓဘာသာ၏ အခြေခံတရားတော်များကို အရင်ဦးဆုံး နာယူခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ထို့နောက် အရိယာတို့၏ ဥာဏ်တော်ဖြင့် ဟောကြားအပ်သော သစ္စာတရားတော်များကို အနုမှ အရင့်သို့ အဆင့်ဆင့် နာယူခြင်းဖြင့် မိမိတို့၏ အသိဥာဏ်ကို ရင့်သန်စေနိုင်ပါသည်။ ထို့ပြင် အခြားသော ဆရာတော် သံဃာတော်များ ဟောကြားသော ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ ဒေသနာတော်များကိုပါ နာယူကြစေလိုပါသည်။ ဆရာတော်တစ်ပါးတည်း၏ တရားတော်များကို နာယူခြင်းထက် ဆရာတော်ပေါင်းစုံ၏ တရားတော်များကို နာယူခြင်းသည် ဗဟုသုတ ပိုမို ပြည့်စုံနိုင်သည့်အပြင် အသိဥာဏ် ပညာနှင့် လိမ်မာယဉ်ကျေးမှုကိုပါ ပိုမို ရရှိစေနိုင်ပါသည်။ အထူးအားဖြင့် မိမိတို့အနေဖြင့် ဤဘဝသည် နောက်ဆုံးဘဝ ဟုတ်မဟုတ် မရေရာသေးပါသဖြင့် ကျန်ရှိသော သံသရာခရီးအတွက် ဒါနရိက္ခာ၊ သီလသိက္ခာနှင့် ဘာဝနာကျင့်စဉ်များကို တတ်အားသမျှ ကျင့်ယူ အမြတ်ထုတ်ယူဖို့ လိုအပ်နေပါသည်။

အဓိက ဥာဏ်အင်္ဂါငါးပါး..
တရားဓမ္မများကို စိတ်ဝင်စားမှု အမှန်တကယ်ရှိသော လူများအတွက် အဓိက လိုအပ်ချက် ဥာဏ်အင်္ဂါငါးပါးမှာ-
၁) ဘုရား တရား သံဃာ အပေါ် ယုံကြည်ကိုးကွယ်မှုရှိခြင်း။
၂) ငါးပါးသီလကို မြဲမြံအောင် စောင့်ထိန်းခြင်း။
၃) ကံ-ကံ၏ အကျိုးကို ယုံကြည်မှုရှိခြင်း။
၎) နာမ်နှင့်ရုပ်ကို ပိုင်းခြား၍ သိမြင်ခြင်း။
၅) ငါ-ငါ့ဟာ-ငါပိုင်မဟုတ်သည်ကို ယုံကြည် (စူးစမ်း၊ စီစစ်၊ စမ်းသပ်၊ ဝေဖန်၊ ပွားများ) ဥာဏ်ဖြင့်သိမြင်ခြင်း။ တို့ဖြစ်သည်။

ပစ္စည်းစွန့်ရမှာလား၊ စွဲလန်းမှု တဏှာ စွန့်ရမှာလား….
ပစ္စည်းစွန့်လှူဒါန်းခြင်းသည် ကုသိုလ်ကောင်းမှု ပြုလုပ်သည် မှန်ပါသော်လည်း ၊ ထိုပစ္စည်းအပေါ် စွဲလမ်းတပ်မက်မှု ငြိတွယ်မှု တဏှာ ဖြစ်နေသေးပါက ယင်းသည် အကုသိုလ် ဖြစ်သွားနိုင်ပါသည်။ ဘုရားတည်၊ ကျောင်းဆောက်၊ ဓမ္မာရုံလှူဒါန်းနေသူများပင် ဖြစ်စေကာမူ၊ ငါတည်ခဲ့သော ဘုရား၊ ကျောင်း၊ ဓမ္မာရုံများဟု စွဲလမ်းလျက် သေပွဲဝင်ခဲ့ပါလျှင် အပါယ်ဇာတိ လားရမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် တကယ်မရှိသော ပညတ်ပေါ်မူတည်လျက် စိတ်၊စေတသိတ်တွင် ပေါ်ပေါက်သော ပရမတ်သဘောတရားများ၏ မမြဲမှုကို ပိုင်းခြားသိပြီး ပယ်သတ်နိုင်မှသာလျှင် ဘဝဇာတိ ထပ်မံ မရရှိမည် ဖြစ်ပါသည်။

ကုသိုလ်နှင့်တရားစခန်း
ကုသိုလ်တရားဟူသည် မိမိဖက်မှ စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်း၊ ပြုလုပ်ခြင်းမှသာ ရရှိနိုင်မည်ဖြစ်ပါသည်။ တရားစခန်းဝင်တိုင်း ကုသိုလ်ရရှိမည် မဟုတ်ပေ။ တရားစခန်းဝင်သည်ပြော၍ သီလမလုံခြုံ၊ အချိန်ကုန်ခံ၊ ဇွဲနှင့်ကြိတ်မှိတ် အညောင်းခံထိုင်လျက်၊ အချိန်စေ့သည်နှင့် ဒုက္ခခံခြင်း စိတ်မှ လွတ်မြောက်ပြီဟု သဘောထားကာ၊ သူတပါးမှ လှူဒါန်းသော အစားအသောက်များကို သုံးဆောင်နေခြင်းသည် အဘယ်ကုသိုလ်မျှ ရရှိနိုင်မည် မဟုတ်ပေ။ ကုသိုလ်တရားဟူသည် ကြည်လင်သော စိတ်၊ လုံခြုံသော သီလ၊ မျှတသော ဘာဝနာပွားမှု၊ ယုံကြည်သော သဒ္ဓါတရားတို့မှသာလျှင် ရရှိနိုင်ပါသည်။

အပါယ်တံခါး မှားမဖွင့်စေချင်
အပါယ်ပိတ်တရားများ နားမှ နာနေသော်လည်း၊ လက်တွေ့တွင်မူ ဘုရားတရားများကို ပြင်ဆင်ဖြည့်စွက်၊ တရားအမှားများ ပြသနေခြင်း၊ သီလသိက္ခာ၊ဝိနည်းတော်များကို လေးစားမှုမရှိခြင်း၊ မိမိနှင့်မတန်သေးသော စကားများ ပြောဆိုခြင်း၊ သီလ သမာဓိ ပညာနှင့်ပြည့်စုံတော်မူသော ဆရာတော်ကြီးများ၏ အကာအကွယ်ယူပြီး မိမိလိုရာ ဆွဲယူပြောဆိုခြင်း၊ မိမိ၏ အသိဥာဏ်ဖြင့် မှား၏ မှန်၏ မဆုံးဖြတ်နိုင်သေးပဲ တရားများကို ဖြန့်ဝေနေခြင်း စသော အပါယ်တံခါးဖွင့်စေသော အပြုအမူများကို အမြန်ဆုံးအဆုံးသတ်စေခြင်းဖြင့် မိမိတို့ကိုယ်ကို မိမိတို့ ကယ်တင်သင့်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။ ။
.