Friday, April 1, 2011

လူတိုင်းသိသင့်တဲ့ ဥပနိဿယ



လူတိုင်းသိသင့်တဲ့ ဥပနိဿယ
သံယုတ္တနိကာယ် ကလျာဏမိတ္တ သုတ်မှာ အရှင်အာနန္ဒာက“ ကြီးပွားချမ်းသာဖို့၊ အသိပညာ အတတ်ပညာရဖို့၊ တရားထူး တရားမြတ် ရရှိဖို့တို့မှာ မိတ်ကောင်း ဆွေကောင်း များဟာ ထက်ဝက် (ငါးဆယ် ရာခိုင်နှုန်း)လောက် အရေးပါတယ်” လို့ထင်မိ ပါကြောင်း လျှောက်ထား တဲ့အခါ မြတ်စွာ ဘုရားရှင်က “ အာနန္ဒာ ဒီလို မပြောနဲ့၊ အာနန္ဒာ ဒီလိုမပြောနဲ့”လို့ နှစ်ခွန်းဆင့် တားမြစ် ပြီးတော့မှ “အာနန္ဒာ .. ငါဘုရား တည်းဟူသော ကလျာဏမိတ္တ ကိုမရခဲ့ရင် ပါရမီတွေ ဘယ်လောက်ပဲ ရင့်သန် ပြည့်စုံပါစေ သာဝကတွေ အို နာ သေ လွတ်ရာ နိဗ္ဗာန်ကို မရောက်နိုင်ဘူး၊

အခု ငါဘုရားဆိုတဲ့ကလျာဏမိတ္တကို အကြောင်းပြုပြီး မဂ်ဖိုလ် နိဗ္ဗာန်ကိုရပြီး အိုနာသေဘေးလွတ်သူတွေ လွတ်ကြ၊ ကုသိုလ်တရားတွေ တိုးပွား သူတိုးပွားကြ ဖြစ်တယ်မဟုတ်လား၊ ဒါကြောင့် ကလျာဏမိတ္တ(ပုဂ္ဂိုလ်ဥပနိဿယ)ဟာ ကောင်းကျိုးချမ်းသာရဖို့အတွက် ရာနှုန်းပြည့်အရေးပါတယ်”လို့ မိန့်ကြားတော်မူပါတယ်။

ဒီလောက်ဆိုရင် ပုဂ္ဂိုလ်ရဲ့ ဥပနိဿယသတ္တိကို ခန့်မှန်းသိလောက်ပါပြီ။ အစားအစာဘောဇဉ်နဲ့ ပတ်သက်လို့ကတော့ “တရားရှာ ကိုယ်မှာတွေ့” ဆိုတဲ့ မြန်မာစကားပုံကို ကြောင်းကျိုးဆက် အပြန်အလှန် နှလုံးသွင်းကြည့်လိုက်ရင်ပဲ ဘယ်လောက်ထိ ဥပနိဿယသတ္တိကြီးမားတယ်ဆိုတာ သဘောပေါက်လို့ရပါတယ်။

တရားရှာစရာ၊ တရားတွေ့စရာဆိုတာ ခန္ဓာကိုယ်တည်ရှိနေမှဖြစ်နိုင်တာပါ၊ ခန္ဓာကိုယ်ဆိုတာကလည်း “သဗ္ဗေသတ္တာ အာဟာရဌိတိကာ” ဆိုတဲ့အတိုင်း အစာအာဟာရရှိမှ ရပ်တည်နေနိုင်တာပါ၊ ဒါကို အပြန်အလှန်စဉ်းစားလိုက်ရင် အာဟာရဘောဇဉ်ရဲ့အရေးပါမှုကို သဘောပေါက်လောက်ပါပြီ။

ရာသီဥတုရဲ့ ဥပနိဿယဖြစ်မှုကလဲ သိပ်ပြီးထွေထွေထူးထူး ပြောစရာမလိုတော့ပါဘူး ဥတုမမျှတမှုကို အကြောင်းပြုပြီး အလုပ်အကိုင် ပျက်ကြရ တာ၊ အနာရောဂါထူပြောရတာစတဲ့ ကာယိကဒုက္ခပေါင်းစုံ ကြုံရသလို၊ ရာသီဥတု သာယာမျှတမှုကြောင့် ရွှင်လန်းတက်ြွကတဲ့ ကာယိကသုခနဲ့ပြည့်စုံပြီး ယောနိသောမနသီကာရ“စိတ်ထားကောင်း”ရှိသူတို့က လောကကောင်းမှု၊ ဓမ္မကောင်းမှုတွေမျိုးစုံအောင် ပြုလုပ်ကြသလိ အယောနိသော မနသီကာရ“ စိတ်ထားဆိုး”ရှိသူများအနေနဲ့လဲ မကောင်းမှုမျိုးစုံကို ပိုပြီး ထိထိရောက်ရောက်ကြီးပြုနိုင်ကြတာဟာ အလွန်သိသာထင်ရှားပါတယ်။

“သေနာသန”ဆိုတဲ့ နေထိုင်ရာအရပ်ဒေသ ကျောင်းကန်အရိပ်နေရာများဟာလဲ ကုသိုလ်အကုသိုလ်ဖြစ်ရေးအတွက် အားကြီးတဲ့ အကြောင်း တရား ဥပနိဿယသတ္တိရှိပါတယ်၊ မင်္ဂလာတရားတော်မှာလာတဲ့ “ပတိရူပ ဒေသဝါသ= ကုသိုလ်၊ပညာ၊ ဥစ္စာရဖို့၊ သင့်ရာဒေသအမြဲနေ” ဆိုတဲ့မင်္ဂလာ ဟာ ဒီသေနာသနဥပနိဿယသဘောကိုပြောတာပါ။

ရှင်ရဟန်းတို့ရဲ့ ရပ်တည်နိုင်မှုအတွက် အခြေခံအမှီလေးပါးဖြစ်တဲ့ “ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးထဲက“ကျောင်း”ဆိုတာရယ်၊ လူတို့အတွက်အခြေခံ“အရေး”လေးမျိုးဖြစ်တဲ့ “စားရေး၊ ဝတ်ရေး၊ နေရေး၊ ကျန်းမာရေး”ထဲက “နေရေး”ဆိုတာရယ်တို့ဟာလဲ သေနာသန ဥပနိဿယရဲ့ အရေးပါမှုကို ဖော်ပြနေတာပါပဲ။

ကောင်းမှု ကောင်းကျိုးတို့အတွက် နေရာရဲ့အရေးပါမှုနဲ့ ကျေးဇူးတရားကို အလေးအနက်ထားရာမှာ မြတ်စွာဘုရားရှင်ရဲ့သတ္တဌာန စံနေတော် မူပုံကို အာရုံပြုကြည့်ရင် အလွန်အတုယူအားကျစရာကောင်းလောက်အောင် ထင်ရှားပါတယ်။

မြတ်စွာဘုရားရှင် ကဆုန်လပြည့်နေ့မှာ ဘုရားဖြစ်တော်မူပြီးနောက် ကဆုန်လပြည့်ကျော် (၁)ရက်နေ့မှာ ဥဒါန်း ကျူးရင့်တော်မူပြီး ဘုရားအဖြစ် ရောက်ခဲ့တဲ့ အပရာဇိတပလ္လင်တော်မှာပဲ ထက်ဝယ်ဖွဲ့ခွေထိုင်နေတော်မူကာ ...

“ငါသည် ဒီအပရာဇိတပလ္လင်ကိုရရှိဖို့ရန် ပါရမီဆယ်ပါးတို့ကိုမြောက်များစွာ သူမတူဖြည့်ကျင့်ဆည်းပူးရင်း လေးအသင်္ချေ ကမ္ဘာတစ်သိန်း ကာလ ကြာအောင် ကျင်လည်ခဲ့ရပြီ။ ဒီအပရာဇိတပလ္လင်ကိုရဖို့အတွက် ဦးခေါင်း၊ မျက်လုံး၊ နှလုံးသားတို့ကို ထုတ်လှူခဲ့ရပေါင်းလဲများလှပြီ။ ဇနီးမယားသမီးသား တို့ကို လှူခဲ့ရပေါင်းလဲများလှပြီ၊ ဒီပလ္လင်ဟာ ငါဘုရားရှင်ရဲ့ မာရ်ငါးပါးကိုတစမြွကင်း ပယ်ရှင်းအောင်မြင်တဲ့ နေရာပလ္လင်လဲဖြစ်ပေတယ်။ ဒီအပရာဇိတပလ္လင်မှာ ထိုင်နေပြီး ငါ့ရဲ့ဘုရားဖြစ်ရန် ကြံစည်တောင့်တ လိုလားအပ်သမျှတို့ပြည့်စုံခဲ့ပြီး။ ဒီလောက်ကျေးဇူးအထူးများလှတဲ့ ပလ္လင်တော်ပေါ်က ငါမထသေး ..”လို့ ကြံအောက်မေ့ပြီး ကုဋေအသိန်းမကများပြားလှတဲ့ အရဟတ္တဖိုလ် စတုတ္ထဈာန်သမာပတ်ကိုဝင်စားရင်း ပလ္လင်တော်ပေါ်မှာ ခုနှစ်ရက်ကြာ သီတင်းသုံးနေတော်မူပါတယ်။

အဲဒီနောက် ခုနှစ်ရက်တိတိလဲ “ဒီအပရာဇိတပလ္လင်တော်မှာ သဗ္ဗညုတရွှေဥာဏ်တော်ကြီးကို ရအပ်ခဲ့လေပြီတကား”လို့ စဉ်းစားဆင်ခြင် နှလုံးသွင်း ရင်း အပရာဇိတပလ္လင်တော်နဲ့ မဟာဗောဓိပင်ကို မမှိတ်သောမျက်လုံး “အနိမိသ”နဲ့ ကြည့်ရှုတော် မူနေပါတယ်၊ ဒါဟာ နေရာရဲ့ပကတူပနိဿယ ကျေးဇူးကို ဘုရားရှင်တို့ အလေးဂရုပြုတော်မူခဲ့တဲ့ သာဓကတွေပါ။

ပဥှာဝါရ ပဋ္ဌာန်းပါဠိတော်မှာ “ဥပသေဝိတ ပကတ” တရားများအဖြစ်နဲ့ “သုခံ၊ ဒုက္ခံ၊ ပုဂ္ဂလော၊ ဘောဇနံ၊ ဥတု၊ သေနာသနံ” ဆိုပြီး ခြောက်ခု လောက်ကိုသာ ဥပလက္ခဏ“နမူနာ”အဖြစ်နဲ့ ထုတ်ပြခဲ့ပေမယ့် မိမိအတွက် ကောင်းမှု၊ မကောင်းမှုတစ်ခုခုဖြစ် စေဖို့ တွန်းအားအနေနဲ့ဖြစ်ဖြစ်၊ ဆွဲအားအနေနဲ့ပဲဖြစ်ဖြစ်၊ လူဖျင်းလူညံ့များအတွက် ဆင်ခြင်အနေနဲ့ပဲဖြစ်ဖြစ် အထောက်အကူပြု ပေးနိုင်တဲ့အရာတိုင်း ဖြစ်ရပ်ကိစ္စတိုင်းဟာ “ ဥပသေဝိတ ပကတ ” တရားချည်းဖြစ်ပါတယ်။

(၁) အမှုကိစ္စပြုခါနီး (၂) အမှုကိစ္စပြုလုပ်ပြီးစ (၃) ခရီးသွားခါနီး (၄) ခရီးကပြန်ရောက်စ (၅) ဆွမ်းဘောဇဉ်ပြည့်ဝ အောင်မရမှု (၆) ဆွမ်းဘောဇဉ်ဝလင်ပြည့်အင့်မှု (၇) ရောဂါအနည်းငယ်ရရှိမှု (၈) ရောဂါပျောက်ကင်းစ“နာလန်ထ”ဆိုတဲ့အကြောင်းရှစ်ပါးတို့ဟာ ပျင်းရိသူအတွက် အလုပ်မလုပ်ဖို့ “ဆင်ခြင်” များဖြစ်သလို ကြိုးစားအားထုတ်လိုသူအတွက် “တွန်းအား” များဖြစ်တဲ့အတွက် “ဥပသေဝိတ ပကတ”များဖြစ်ပါတယ်၊ အလုပ်ပျက်ဖို့çဖြစ်ဖို့အတွက် အားကြီးတဲ့အကြောင်းတရားများပဲ ဖြစ်လို့ပါ။

ဒီလောက်ဆိုရင် ပကတူပနိဿယပစ္စည်းကို သဘောပေါက်လောက်ပြီဖြစ်သလို ဘယ်လောက်ထိ အရာကျယ်ဝန်းတယ် ဆိုတာလဲ ခန့်မှန်းလို့ ရလောက်ပါပြီ။

အထူးပြောလိုတာကတော့ “ဥပသေဝိတ ပကတ” တရားများထဲက ပုဂ္ဂိုလ်၊ ဘောဇဉ်၊ ဥတု၊ နေရာဆိုတဲ့ တရားများဟာမိမိအပေါ်ကျေးဇူး ကြီးမား သလို သုံးဆောင်မှီဝဲဆည်းကပ်သူများကလဲ ကျေးဇူးကိုသိပြီး ကျေးဇူးဆပ်ကြဖို့နဲ့ ကျေးဇူးမကန်းမိကြဖို့ပါပဲ။

ဒီတရားတွေထဲမှာ “ပုဂ္ဂိုလ်”ဖြစ်တဲ့ မိဘဘိုးဘွားတို့၊ ဆရာသမား မိတ်ဆွေသင်္ဂဟများတို့နဲ့ ရတနာသုံးပါးတို့ ပေါ်မှာတော့ ကျေးဇူးသိပြီး ကျေးဇူး ဆပ်ခဲ့ရင် ရနိုင်တဲ့ကောင်းကျိုးချမ်းသာတွေရော သာဓကတွေအများကြီးရှိသလို ကျေးဇူးပေးဆပ်ရမယ့် တာဝန်များနဲ့ပတ်သက်လို့လဲ သင်္ဂါလောဝါဒ သုတ်စသည်တို့မှာ ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားခဲ့လို့ သိသူများကြပါတယ်။

“ဘောဇဉ်”နဲ့ ပတ်သက်လို့လဲ ရှင်ရဟန်းတို့မှာတော့ ဘုဉ်းပေးသုံးဆောင်ခါနီးတိုင်း “ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး”ဆိုပြီး ဘောဇဉ်အပေါ် သစ္စာမဖောက်ဘူးဆိုတာကိုလဲ ဆင်ခြင်ပြီး ကတိပြုရတယ်။

ပြီးတော့ “လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျှက်၊ အသက်မျှတမ်း၊ မမောပန်းငြား”ဆိုပြီး ဘောဇဉ်ရဲ့ ကျးဇူး တရား ကိုလဲ အောက်မေ့ဆင်ခြင်ရတယ်။

ပြီးတော့မှ “ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုထ်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင်မှီဝဲပါသတည်း”ဆိုပြီး ဘောဇဉ်ရဲ့ကျေးဇူးကို ဘယ်လိုပေးဆပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်ကို သစ္စာပြုဆင်ခြင်စားသုံးကြရ ပါတယ်။ လူလဲလူအလျှောက် အလားတူကျေးဇူးသိ သစ္စာစောင့်ကြရမှာပါ။

“သေနာသန”လို့ခေါ်တဲ့ “နေရာ” နဲ့ ပတ်သက်လို့ ရှင်ရဟန်းတို့မှာလဲ နေရာရဲ့ကျေးဇူးကိုဆင်ခြင်ပြီး နေရာမှာနေထိုင် သုံးစွဲခြင်းနဲ့ တန်အောင် ကျင့်ကြံပေးဆပ်ရမယ့် တာဝန်တွေဘုရားရှင်က ညွှန်ကြားပညတ်ခဲ့သလို လိုက်လဲလိုက်နာကြရပါတယ်။

လူတိုင်းအတွက်လဲပဲ နေရာကိုကျေးဇူးသိပြီး ကျေးဇူးဆပ်ရေးနဲ့ပတ်သက်လို့ ဆရာဇော်ဂျီရဲ့ “ သင်ဖွားရာမြေ၊ သင်တို့ မြေသည်၊ အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏၊ သင်၏မျိုးသား၊ စာစကားလည်း၊ ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏၊

သင်ဦးချ၍၊ အမျှဝေရာ၊ စေတီသာနှင့်၊ သစ္စာအရောင်၊ ဥာဏ်တန်ဆောင်လည်း၊ ပြောလျှက်ဝင်းလျှက် ကျန်စေသတည်း”ဆိုတဲ့ ကဗျာဟာ နေရာကိုကျေးဇူးဆပ်ဖို့အတွက် အလေးအနက်လမ်းညွှန်တိုက်တွန်းထားတာပါ။

မြန်မာစကားပုံတွေထဲက “အရိပ်နေနေ အခက်ချိုးချိုး မလုပ်ပါနဲ့”တို့၊ “သားရေပေါ်အိပ် သားရေနားစား မလုပ်ရ”တို့ ဆိုတဲ့ သတိပေးတားမြစ်ချက်များဟာ နေရာကိုကျေးဇူးမကန်းကြဖို့ သတိပေးနေတာပဲဖြစ်ပါတယ်။ ဒီ “ဥပသေဝိတ ပကတ” တရားတွေထဲမှာ လောကစည်း၊ ဓမ္မစည်းများအရ ကျေးဇူးကန်းသူမှာ အပြစ်တစ်စုံတစ်ရာ ရှိတယ်လို့ မထင်ရပေမယ့်၊ သဘာဝစည်းအရ ကျေးဇူးကန်းရင် ကျေးအစွပ်ဆုံးလို့ ဆိုရလောက်အောင် လက်ငင်းလက်တွေ့ ဒုက္ခပေးတတ်တဲ့တရားကတော့ “ဥတု”လို့ခေါ်တဲ့ ရာသီဥတု အပေါ်ကျေးဇူးကန်း သစ္စာဖောက်ကြခြင်းပါပဲ။

လူတော်တော်များများက ရာသီဥတုအပေါ် ကျေးဇူးသိရမယ်၊ သစ္စာစောင့်သိရမယ်ဆိုတာကို နားတောင်လည်မည့်ပုံမရ ကြပါဘူး၊ ဒါပေမယ့် ဒီနေ့ကမ္ဘာကြီးမှာ ရေခဲတွေပုံမှန်ထက်ပိုပြီး အရည်ပျော်ကြလို့တို့၊ ပင်လယ်ရေတွေ ပူနွေးညစ်နွမ်းလို့တို့ ကြောင့် ရေနေသတ္တဝါတွေ သေကြေပျက်စီးကြရတာ၊ နေရာရှား အစာရှားဖြစ်ကြရတာတွေ၊ မိုးခေါင်ရေရှားဒဏ်ကြောင့် ကုန်းနေ သတ္တဝါတွေ အစာငတ်ရေငတ်ဘေးနဲ့ တွေ့ကြုံခံစား နေရတာ တို့ကစပြီး လှိုင်းဘေး၊ လေဘေး၊ မုန်တိုင်းဘေးစတဲ့ သဘာဝဘေးဆိုးကြီးတွေ၊ ကမ္ဘာကြီးပူနွေးပြီး ကမောက်ကမ အမျိုးမျိုးတွေ တွေ့ကြုံခံစား နေကြရတာ အားလုံးတို့ဟာ “ရာသီဥတုကိုသစ္စာဖောက်တဲ့အတွက် ရာသီဥတုကဒဏ်ခတ်နေတာ ကျေးဇူးကန်းလို့ ကျေးစွပ်ကြတာတွေဖြစ်ပါတယ်။

“ ဥတုရာသီ တောကိုမှီ”ဆိုတဲ့ သတိပေးဆိုင်းဘုတ်ကြီးတွေဟာ ကမ္ဘာနဲ့အဝှမ်းနိုင်ငံတိုင်းမှာလိုလို ရှိနေမယ်ထင်ပါတယ်။

ဟုတ်ပါတယ် ရာသီဥတုဟာ မှီခိုစရာသစ်ပင်တောတောင် ပြည့်ပြည့်စုံစုံရှိတဲ့အခါမှာ အိုးနဲ့အိမ်နဲ့ အတည်တကျ နေထိုင်ကြသူတွေ လိုပဲ စည်းနဲ့ ကမ်းနဲ့ စနစ်တကျရှိတတ်ပါတယ်။ မှီခိုစရာ သစ်ပင်တောတောင်များ ပြုန်းတီးလာတဲ့အခါမှာတော့ အိုးခြေမဲ့၊ အိမ်ခြေမဲ့ ကလေကချေ၊ ကလေကဝ၊ အုတ်ကြားမြက်ပေါက်၊ ခြေသလုံးအိမ်ပါဆိုတဲ့ စရိုက်မျိုးနဲ့ ပရမ်းပတာစည်းမဲ့ကမ်းမဲ့ ထင်တိုင်းကြဲတတ်ကြတာပါ။မကြာသေးလှတဲ့ အချိန်ကအာရှဒေသ မှာ ပရမ်းပတာဖြစ်အောင် ထင်တိုင်းကြဲပြီး သောင်းကျန်းသွားကြတဲ့ ဆူနာမီတို့၊ နာဂစ်တို့ဆိုတာတွေဟာ သစ်ပင်တောတောင် အုပ်ထိန်းမှုကင်းမဲ့မှုကို အခြေခံခဲ့ကြတာ လို့ ပညာရှင်များကမှတ်ချက်ချတာ ကြာလိုက်ရပါတယ်။

ရာသီဥတုက တောကိုမှီသလိုပဲ ရေမြေတောတောင်၊ သစ်ပင်ပန်းမန်၊ ကောက်ပဲသီးနှံနဲ့ သက်ရှိအားလုံးတို့ကလဲ ဥတုရာသီအပေါ် မှီနေရတာ ဖြစ်လို့ ကိုယ့်ရဲ့တည်မှီရာကို မဖြိုဖျက်မိကြဘဲ ကောင်းမွန်သည်ထက်ကောင်းမွန်အောင် ကိုယ်စီအသိနဲ့ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးခြင်းဖြင့် ကျေးဇူးရှင်ဖြစ်တဲ့ ရာသီဥတုဥပနိဿယပစ္စည်းတရားကိုလည်း သစ္စာစောင့်သိကျေးဇူးပေးဆပ်ဖို့လိုအပ်ကြောင်း စပ်မိတုန်း အကြံပေး တိုက်တွန်း လိုက်ရတာပါ။

ဒီလောက်ဆို ဥပနိဿယပစ္စည်းနဲ့ပတ်သက်လို့ တော်လောက်ပါပြီ။ သဘာဝ ပကတူပနိဿယတရားတို့ သစ္စာ မဲ့ခြင်း၊ ကျေးဇူးကန်းခြင်းဘေးမှ ကင်းဝေးကြပါစေ။

လူတို့သစ္စာ စောင့်သိပြီး ကျေးဇူးဆပ်နိုင်ကြပါစေ။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

၂၀၁၀၊ နိုဝင်ဘာလ ၂၈-ရက်၊ တနင်္ဂနွေနေ့