Sunday, April 10, 2011

သာသနာတော် အဆုံးအမနှင့် အညီ



သာသနာတော် အဆုံးအမနှင့် အညီ

မနေ့ညက ဗီဒီယိုဖိုင်လေးတခုကို ကြည့်လိုက်မိပါတယ်။ ဘုန်းကြီးတပါး (သင်္ကန်းဝတ်တပါး) လို့ ပြောရင် ပိုမှန် ပါလိမ့်မယ်။ စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းဆိုပြိး ဘားအံမြို့(ဇွဲကပင်ခန်းမ) မှာ ပြုလုပ်ခဲ့ပါတယ်။ တက်ရောက်ခဲ့ တဲ့လူတွေမှာလဲ အမှတ် (၂၂) တပ်မမှူးအပါအဝင် တပ်မတော်အရာရှိကြီးများနဲ့ ဇနီးသည်များ ပါဝင်ပါတယ်။ စကြည့်လိုက်ရတဲ့ ဗီဒီယိုဖိုင်မှာတင် အင်မတန်မှ စိတ်ပျက်စရာကောင်းလွန်းတာက သင်္ကန်းကြီး ဝတ်ထားတဲ့ သင်္ကန်းဝတ်လို့ပဲ အမည်တပ်သင့်တဲ့ သူတဦးဟာ တရုတ်သီချင်းကို ဖွင့်ပြီး.. သင်တန်းလာတက်သူတွေကို ကခုန်ခိုင်းနေတာပါပဲ။ သင်္ကန်းကြီးကို မြင်နေရပြီး အဲလို ကခုန်နေတာကိုပါ တွဲမြင်ရတာဟာ ထေရဝါဒီ တဦး အနေနဲ့ မျက်စိထဲမှာ မသင့်တော်ပါဘူး။ ဘယ်နည်းနဲ့မှလဲ အမြင်မတော်တဲ့ကိစ္စ။ လူကြီးတွေ ဘယ်လိုတွေးပြီး ဘယ်လိုလုပ်လိုက်လဲတော့ မသိ.. မဖြစ်သင့်တာတော့ အမှန်ပင်။ နောက်ဆက်တွဲဗီဒီယိုတွေ မှာလဲ စိတ်ညှို့ သလိုလိုပုံစံမျိုးလဲ တွေ့လိုက်ရတော့ တကယ့်ကို စိတ်ပျက်စရာကောင်းတဲ့ မြင်ကွင်းတွေပါ။


လက်ရှိသာသနာတော်ဟာ ဂေါတမမြတ်စွာဘုရားရှင်တည်ထောင်ခဲ့တဲ့ သာသနာတော်ပါ။ သာသနာမှာ ရတနာ သုံးပါးလို့ ခေါ်တဲ့ ဘုရား၊တရား၊သံဃာ သုံးပါး။ ဘုရားဂုဏ်တော် ကိုးပါး၊ တရားဂုဏ်တော် ခြောက်ပါး။ သံဃာ့ ဂုဏ်တော် ကိုးပါး ရှိပါတယ်။ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကာလ မဟုတ်တဲ့အတွက် ဘုရားရှင် ကိုယ်တော် တိုင်ကို မြင်မတွေ့ရသည့်တိုင် ကျွန်မတို့ဗုဒ္ဓဘာသာဝင်တွေဟာ သဒ္ဓါအားနဲ့ မြတ်ဘုရား ဂုဏ်တော်တွေကို ကြည်ညိုမဆုံး ဖြစ်ရပါတယ်။ တရားဂုဏ်တော်ဟာလဲ ကိုယ်တိုင်ကျင့်ကြံအားထုတ်မှ ရတဲ့ တရားဖြစ်တဲ့အတွက် ကိုယ်တိုင်ကျင့်ကြံအားထုတ်သူတွေက ပညာအား၊ မကျင့်ကြံသေးသူတွေကလဲ သဒ္ဓါအား နဲ့ ကြည်ညို မဆုံး ဖြစ်ကြရပါတယ်။ ဟုတ်ပါပြီ.. ကျွန်မတို့ မျက်စိနဲ့ မြင်တွေ့လို့မရ၊ ထိတွေ့လို့မရတဲ့ ဘုရားရှင်ကိုယ်တော်မြတ် ကြီးနဲ့ တရားတော်ရဲ့ ဂုဏ်တို့ကို သဒ္ဓါအားလေးနဲ့ ကြည်ညိုကြရပါတယ်။ ဒီမှာ ကျွန်မတို့အတွက် ကံကောင်း တာက ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူခဲ့တဲ့ တရားတွေကို ထေရ်အစဉ်အဆက် စောင့်ရှောက် ထိန်းသိမ်းတော်မူခဲ့တဲ့ သံဃာတွေဟာ မျက်မှောက်ခေတ်မှာ ရှိနေလို့ပါ။ သဒ္ဓါအားနည်းသူတွေအတွက် မမြင်ရ တဲ့ အရာတခုထက် မြင်တွေ့ရတဲ့ အရာတခုကို ပြသပြီး ဒီသာသနာ တန်ဖိုးမြင့် ကြောင်းကို သိရှိစေရပါမယ်။ အထူးသဖြင့် ဘာသာခြားတွေ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံမှာ သံဃာတွေရဲ့ ဂုဏ်ဟာ အင်မတန်မှ အရေးကြီး လှပါတယ်။

သံဃာမဟုတ်ပါ

ဒီနေရာမှာ တခုတော့ ရှင်းလင်းစွာ ဖော်ပြချင်ပါတယ်။ သံဃာဆိုတာ မြတ်စွာဘုရားရှင် ပညတ်တော်မူခဲ့တဲ့ ဝိနည်းတွေကို လိုက်နာတဲ့၊ တရားနှင့်အညီ ကျင့်ကြံတဲ့ အဖွဲ့အစည်း၊ အပေါင်းအစည်းကို ခေါ်ဆိုခြင်းလို့ နားလည်ထားပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရှင် ပညတ်တော်မူခဲ့တဲ့ ဝိနည်းတွေကို မလိုက်နာဘူး၊ တရားနဲ့ မညီဘူးဆိုရင် အဲဒီ့ပုဂ္ဂိုလ်ဟာ သံဃာမဟုတ်ဘူးလို့ ရဲရဲကြီး ပြောလိုက်လို့ ရပါတယ်။

မသိလို့လား သိလျက်သားလား

သံဃာတွေမှာ ၂၂၇ သွယ်သော ဝိနည်းသိက္ခာပုဒ်တွေရှိပါတယ်။ ငယ်ဖြူဆရာတော် အများကတော့ အဲဒီ့ဝိနည်း တွေကို သိလဲသိကြ၊ နားလဲ လည်ကြပြီး တောထွက်ဆရာတော်အချို့မှာတော့ ဝိနည်းတွေကို သေချာတောင် သိချင်မှ သိပါမယ်။ အရေးအကြီးဆုံးအချက်မှာ မြတ်စွာဘုရားရှင် ပညတ်တော်မူခဲ့တဲ့ အကျဉ်းအားဖြင့် ၂၂၇ သွယ်သော ဝိနည်းသိက္ခာပုဒ်တွေကို သံဃာများအနေနဲ့ မဖောက်မပြန် မကျိုးမစည်း စောင့်ထိန်းကြဖို့ပါပဲ။ သံဃာဖြစ်ပြီဆိုတဲ့အချိန်မှာ တောထွက် ဖြစ်စေ၊ ငယ်ဖြူဖြစ်စေ ဝိနည်းများကို သိရှိနားလည်အောင် ဖတ်ရှု လေ့လာရပါမယ်။ လေ့လာပြီးသည့်အတိုင်းလဲ ကျင့်ကြံ အားထုတ်ရပါမယ်။ သင်္ကန်းဝတ်ပုဂ္ဂိုလ်များအချို့မှာ ဝိနည်းများကို မသိလို့ ချိုးဖောက်နေတာလား၊ သိလို့ ချိုးဖောက် နေတာလားမသိ။ ဘေးအမြင်အရ သာသနာတော်၏ စည်းမျဉ်းများနှင့် မညီသည်ကို တွေ့ရပါတယ်။ မသိလို့ ချိုးဖောက်သည် ဆိုသူမှာ မလေ့လာ ဖူး၍သော်လည်းကောင်း၊ ဆိုလိုရင်းကို နားလည်နိုင်သောဉာဏ် မရှိ၍သော်လည်းကောင်း ဖြစ်နိုင်ပြီး၊ သိလို့ ချိုးဖောက်သူများမှာတော့ လေ့လာနားလည်ထားပြီးတဲ့နောက် မိမိလိုချင်သလို ဆွဲတွေးဆွဲပြောပြီး ဝိနည်းကို ကောင်းကောင်းကြီး ချိုးဖောက်တတ်ပါတယ်။ အကျင့်မပါ စာချည်းတတ်မယ်ဆိုရင်တော့ အဲဒီ့လို အပြစ်မျိုး ဖြစ်ကြရပါမယ်။

ဝိနည်းညီမှ သံဃာမည်ပါတယ်

အထက်မှာ ဆိုပြီးခဲ့သည့်အတိုင်းပင် သံဃာဟူသည်မှာ မြတ်စွာဘုရားရှင် ပညတ်တော်မူခဲ့သည့် ဝိနည်းများကို လိုက်နာ၍ တရားသဖြင့် ကျင့်ကြံနေသူများ အဖွဲ့အစည်းကို ဆိုလိုခြင်းဖြစ်တဲ့အလားတူ ဝိနည်းမညီဘူး လို့သိပြီဆိုရင် မိမိကိုယ်ကို သံဃာလို့ မဆိုသင့်ပါဘူး။ တောထွက်မို့လို့ ဝိနည်းကို မလေ့လာရသေးဘူး ဆိုရင်လဲ ကိုရင်ကြီးဘဝမှာတင် ကြိုးစား သင်ယူသင့်ပါတယ်။ ဒါမှ မဟုတ်ဘဲ ဝိနည်းကို မသိဘဲ ပဉ္ဇင်းခံလိုက်မယ် ဆိုရင်တော့ မိမိကြောင့် သာသနာညှိုးနွမ်းနိုင်တဲ့ အဖြစ်မျိုး ရှိလာမှာ ဖြစ်သလို မိမိဘာသာ သင်္ကန်းစီးလို့ အကုသိုလ်အရှာထွက်သလို ဖြစ်ပါမယ်။ ရဟန္တာဖြစ်တော်မူသွားတဲ့ စွန်းလွန်းဆရာတော်ဘုရားကြီးတောင် ဝိနည်းရဲ့ တန်ဖိုးကို ဘယ်လောက်အလေးပေးခဲ့လဲဆို ဝိနည်းကို မလေ့လာရသေးတာမို့ ကိုရင်ကြီးဘဝမှာတင် အတန်ကြာ နေခဲ့တာကို ထောက်ချင့်ကြည့်လို့ သိနိုင်ပါတယ်။ ဒါကြောင့် သံဃာတပါး ဖြစ်ချင်ပြီဆိုရင် ဝိနည်းကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားရပါမယ်။

မဖြစ်နိုင်ရင် မလုပ်ပါနဲ့ဦးလား

ဝိနည်းတွေကိုမှ မထိန်းသိမ်းနိုင်ဘူးဆိုရင် သာသနာ့ဘောင်တွင်း ရဟန်းမဖြစ်ချင်ပါနဲ့ဦး။ မိမိကိုယ်မိမိ ပြင်ဆင် စရာတွေ ရှိသေးတယ်ဆိုပြီး လူဝတ်နဲ့ပင် ဖြစ်စေ၊ ကိုရင်ကြီးအဖြစ်နှင့်ပင် ဖြစ်စေ.. နေသင့်ပါတယ်။


သာသနာ့ဝန်ကို ထမ်းမယ်ဆို

သာသနာ့ဝန်ကိုထမ်းမယ်ဆိုရင် ရဟန်းပြုတာဟာတော့ အမွန်မြတ်ဆုံး အဖိုးအထိုက်တန်ဆုံးပါ။ သို့ပေမဲ့ ရဟန်း ပြုရင် နေရမယ့် ဝိနည်းစည်းကမ်းတွေကို မလိုက်နာနိုင်သေးတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့တော့ လူဝတ်ဖြင့်လဲ သာသနာပြုနိုင်ပါတယ်။ အင်မတန်မှ စည်းစောင့်ရတဲ့ ရဟန်းဘဝဟာ ကိုယ်နဲ့ ထိုက်ပြီလား မထိုက်သေးဘူးလား ဆင်ခြင်တဲ့ဉာဏ်ဟာတော့ အကုသိုလ်ကို ကြောက်မယ့် ဗုဒ္ဓဘာသာဝင်တိုင်းမှာ ရှိနေမှာပါ။ ဒါကြောင့် သာသနာ့ဝန်ကို ထမ်းမယ်ဆိုရင် ကိုယ်နိုင်တဲ့ အနေအထားကနေ စပြီး ထမ်းရွက်ဖို့ လိုအပ်ပါတယ်။

တကယ်ချစ်ရင် မုန်းချင်မုန်းကြပါစေ

တခါတရံမှာ ရှိတတ်ပါတယ်။ အန္ဓပုထုဇဉ်တို့ရဲ့ ထုံးစံအရ ဗေဒင်တွေ၊ ယတြာတွေနဲ့ မွေ့လျော်ချင်၊ မြေရှိုးမိုးပျံ တာတွေကို နှစ်မြို့ကြတတ်တာပါ။ တပည့်ဒါယကာ၊ဒါယကာမတို့ကို တကယ်ချစ်တဲ့ ရဟန်းဆိုလျှင်တော့ အဲဒီ့လို သာသနာနဲ့ မသက်ဆိုင်တဲ့အရာတွေကို ပစ်ပယ်ရပါလိမ့်မယ်။ မြတ်စွာဘုရားရှင်အလိုတော်ရှိတဲ့ သာသနာ တော်စစ်စစ်ဖြစ်အောင် ဆောင်ရွက်ကြရပါလိမ့်မယ်။ တပည့်ဒါယကာ ဒါယကာမတို့ကို တကယ်ကောင်းစေ ချင်တယ်ဆိုရင် သာသနာ့ အနှစ်သာရ စစ်စစ်တွေဖြစ်တဲ့ သာသနာတွင်း ဒါန၊ သာသနာတွင်း သီလ၊နဲ့ ဝိပဿနာဘာဝနာတရားတို့ကို သင်ကြားပြသပေးရပါမယ်။

ကိုးကွယ်ရာမှာ ရွေးချယ်ပါ

လူပုဂ္ဂိုလ်များမှလည်း ရဟန်းကို ကိုးကွယ်တယ်ဆိုရာမှာ ဒါနပြုရင်လဲ ဒါနမြောက်အောင် သီလ၊သမာဓိနဲ့ ပြည့်စုံတဲ့ ရဟန်းတွေကို ကိုးကွယ်ရပါလိမ့်မယ်။ ဘာမှန်းညာမှန်းသေချာမသိ… သင်္ကန်းကြီးမြင်လို့ ကိုးကွယ် တယ် ဆိုပြီး မလုပ်သင့်ပါဘူး။ သာသနာတော်ကို မကာကွယ်မစောင့်ရှောက်ချင်နေပါ။ သာသနာတော် ပျက်ပြား စေမယ့် ပုဂ္ဂိုလ်တို့ကို ထောက်ပံ့နေမှုကို ရပ်ဆိုင်းရပါမယ်။ ပညာမပါဘဲ သဒ္ဓါတခုတည်းနဲ့ဆိုရင် ဗုဒ္ဓဘာသာ ကောင်းတယောက် ဘယ်နည်းနဲ့မှ ဖြစ်မလာပါဘူး။ ဗုဒ္ဓသာသနာတော်ရဲ့ အနှစ်သာရကိုက စမ်းသပ်စစ်ဆေး ခံနိုင်မှုပါ။ စမ်းသပ်စစ်ဆေးတယ်ဆိုရာမှာ ဝေဖန်ပိုင်းခြားနိုင်မှုဉာဏ်ရှိမှ ဖြစ်မှာပါ။ သဒ္ဓါနဲ့ ပညာဉာဏ်ညီမျှမှသာ ဗုဒ္ဓဘာသာဝင်ကောင်းတယောက် ဖြစ်နိုင်တာမို့ ဗုဒ္ဓဘာသာစစ်စစ်လို့ မိမိကိုယ်ကို ပြောဆိုသူတွေ မပြောခင်မှာ မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ရတော့ပါမယ်။

သာသနာတွင်းကာလမှာ သာသနာပတွေ ဖြစ်မယ်ဆို

အခုလက်ရှိကာလဟာ သာသနာတော် နှစ် ၂၅၀၀ ကျော်ကာလ၊ သာသနာတွင်းကာလပါ။ ဒီကာလမှာ လူဖြစ် ရတာ အင်မတန်မှ ကုသိုလ်ထူးပါတယ်။ လူဖြစ်တဲ့အလျောက်လဲ တရားတွေကို သိရ၊ဖတ်ရတာ ပိုလို့ ကုသိုလ် ထူးပါတယ်။ ဖတ်ရှုနာကြားလို့ တရားတွေကို နားလည်ရတာလဲ ပိုလို့ ကုသိုလ်ထူးပါတယ်။ အဲဒီ့ အဆင့် ၃ ဆင့်နဲ့ ရပ်မနေဘဲ ကိုယ်တိုင် လိုက်နာကျင့်သုံးတဲ့အဆင့်အထိ တက်လှမ်းမယ်ဆိုရင် ကုသိုလ်အထူးဆုံးသော အရူးရောဂါပျောက်ဆေးကို သုံးစွဲနေပြီဖြစ်တဲ့ ကလျာဏပုထုဇဉ်အဆင့်ကို ရောက်ရပါမယ်။ ဒါမှမဟုတ်ဘဲ လူဖြစ်ရတဲ့ အဆင့်မှာတင် ကျေနပ်မယ်ဆိုရင်၊ တရားစာအုပ် ဖတ်ရှုမှုအဆင့်မှာတင် ကျေနပ်မယ်ဆိုရင်၊ တရားစာတွေ နားလည်မှု အဆင့်မှာတင် ကျေနပ်မယ် ဆိုရင် နောက်ထပ် သံသရာတခွင် ဝဲဝဲလည်ပြေးရဦးမယ့် အရူးတွေပဲ ဖြစ်ဦးပါမယ်။ ဒါကြောင့် ဒါနပြုရာမှာလဲ ဘုရားရှင် အလိုတော်ကျ ဒါနပြုတတ်ဖို့၊ သီလဆောက်တည် ရာမှာလဲ ဘုရားရှင် အလိုတော်ကျ သီလဆောက်တည်တတ်ဖို့ လိုအပ်ပါပြီ။ မိမိကိုယ်မိမိ သာသနာတော် အတွင်းမှာလား၊ သာသနာပ မှာလားဆိုတာကို မိမိရဲ့ လုပ်ရပ်တွေသည် ဘုရားရှင် အလိုတော် ကျသည် မကျသည် ဟူသော စည်းမျဉ်းဖြင့် တိုင်းတာပါ။

ဆရာ့သိက္ခာလဲ မကျစေနဲ့

ဒီနေရာမှာ ထည့်သွင်းပြောချင်ပါတယ်။ အများစုဟာ ဘယ်တရားစခန်းကိုဖြင့် ဘယ်လိုဝင်တာ၊ ဘယ်ဆရာတော် များနဲ့ သိရှိခင်မင်ကြတာဆိုပြီး နှုတ်က တဖွဖွပြောလိုကြပါတယ်။ အဲဒီ့လို ဆရာ့အမည်ကို ထည့်သွင်းပြောကြ မယ်ဆိုရင်လဲ သတိထားပါ။ မိမိကြောင့် မိမိဆရာ၏ သိက္ခာလျော့ပါးသွားမည်လား။ မိမိကျင့်သည်ဟု တဖွဖွပြော နေသော တရားများ (အမှန်တကယ်အားဖြင့်ထိခိုက်မှုမရှိသော်လဲ) အများ၏ကြားတွင် ပြောတော့ တရားနဲ့ နေတယ်ဆို.. အခုတော့ တမျိုးပါလားဆိုပြီး တရားကို အထင်သေးမှု မရှိရလေအောင်၊ မိမိအားထုတ်ဖူးပါသည် ဟူသော တရားရိပ်သာရဲ့ ဂုဏ်ကိုလဲ မညှိုးနွမ်းစေရအောင် မိမိ၏ လုပ်ရပ်တွေဟာ မိမိဆရာသင်ပြတဲ့အတိုင်း ဟုတ်နေပြီလား မဟုတ်သေးဘူးလား သုံးသပ်ပြီး ဆရာ့စကားနားထောင်နိုင်ပြီဆိုမှ ဆရာ့တပည့်ဟု ပြောပါ လုပ်ပါ။ မဟုတ်ရင် ကြားရသူအဖို့ ဆရာ့ကို သိမထားလျှင် အလိုလိုနေရင်း ဆရာ့ ၏ ဂုဏ်သည် မိမိကြောင့် ညှိုးနွမ်းသွားနိုင်ပါသေးသည်။

သာသနာပြုပေးကြပါ

အထက်မှာ ဆိုခဲ့ပါတယ်။ သာသနာပြုတယ်ဆိုတာ လူဝတ်နဲ့လဲ သာသနာပြုနိုင်ပါတယ်။ ဒါကြောင့် ဘုရားရှင် အလိုတော်ကျ ဒါနပြုနည်း၊ သီလဆောက်တည်နည်း၊ ဘာဝနာပွားများနည်းတို့ကို သိရှိပြီဆိုရင် မိမိနဲ့ နီးစပ်ရာ ဆွေမျိုးသားချင်းမိဘမောင်ဘွားမိတ်ဆွေသူငယ်ချင်းတို့ကို ဆက်စပ်ပြောပြ နားလည်စေအောင် ဆောင်ရွက် ရပါမယ်။ မိမိတတ်နိုင်တဲ့အဆင့်အထိ သာသနာအကျိုးကို ဆောင်ရွက်ပေးကြပါ။ အဲဒီ့လိုမှ ဆောင်ရွက်မှု မပြုကြဘူး ဆိုရင် ဒီပို့စ်လေးကို ရေးဖြစ်တဲ့ အကြောင်းမူလဖြစ်သော သင်္ကန်းဝတ်ပုဂ္ဂိုလ်က သီချင်းတွေဖွင့် သင်တန်းပေး၊ လာတက်သူတွေကို ကိလေသာတိုးပွားစေအောင်၊ မာန်တိုးစေအောင် ပြုလုပ်လိုက်တဲ့ အဖြစ်မျိုး တွေ မြန်မာနိုင်ငံတဝှမ်းမှာ ပိုပြီး တိုးပွားစေပါမယ်။ အဲဒီ့လို တိုးပွားစေခြင်းအားဖြင့် မိမိရဲ့ မိတ်ဆွေသူငယ်ချင်း မောင်နှမသားချင်းမိဘ တဦးဦးမှ ထေရဝါဒီစစ်စစ်ကို နားမလည်နိုင်ဘူးဆိုခဲ့သော် အယူလွဲ အမှားတွေး တလွဲလုပ်မိပါတော့မယ်။ ဒါကြောင့် မိမိနဲ့ သက်ဆိုင် သူအားလုံးကို ကယ်တင်ဖို့ မိမိသိသမျှ ဘုရားအလိုတော် ကျနည်းလမ်းတွေကို ဖြန့်ဝေပေးခြင်းအားဖြင့် သာသနာပြုပေးကြပါ။

သာသနာတော်ရဲ့ အနှစ်ချုပ်ဟာ

သာသနာတော်ရဲ့ အနှစ်ချုပ်ဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သုံးပါးကို မြင်ဖို့ပါ။ ရည်ရွယ်ရင်းဟာ ကိလေသာတွေ ပါးပါးပြီးတော့ ကိလေသာ ကုန်ခမ်း အရဟန္တမဂ်ကို ရဖို့ပါ။ ဒါကြောင့် ဒီလမ်းတွေကနေ ဖယ်သွားပြီဆိုရင်၊ ဖယ်တဲ့အလုပ်ကို လုပ်မယ်ဆိုရင်တော့ ဝတ်ထားတဲ့ သင်္ကန်းကို ချွတ်ပေးကြပါ။

လူဝတ်ဆိုလျှင် သင့်ပါသည်

အဲဒီ့ ဗီဒီယိုဖိုင်လေးမှာ တွေ့လိုက်ရတဲ့ အနေအထားမျိုးဟာ လူဝတ်တွေ အနေနဲ့ လုပ်မယ်ဆိုရင် ကြိုဆိုပါမယ်။ အကြောင်းက သာမာန်ပုထုဇဉ်တွေအနေနဲ့ အသိအားနည်းတဲ့အခါမျိုးမှာ ပျော်ရွှင်စရာတခုခုကို စိတ်ဖြေဖျောက် ရာလို့ သတ်မှတ်တတ်ကြတာမို့ သာမာန်ပုထုဇဉ်တွေအတွက်တော့ အဲဒီ့လို လွတ်လပ်ပေါ့ပါးစေတာကို မကောင်းဘူးလို့ ပြောစရာ မရှိပါ။ အသိဉာဏ်အားနည်းလို့ ပူပန်စရာတွေ များလာတဲ့အခါ တရားနဲ့ မဖြေ တတ်ကြရင် ပျော်ရွှင်စရာတွေ နဲ့ ဖြေဖျောက်တတ်ကြတာကို ဒီလမ်းတွေပေါ်မှာ လျှောက်လှမ်းခဲ့ဖူးသူတိုင်း နားလည်ပြီးသားမို့ အထူးတလည် တားမြစ်နေစရာ မဟုတ်တော့ပါ။ တဖြေးဖြေးဉာဏ်ရင့်လာတာနဲ့အမျှ စိတ်ပူပန်စရာ၊ ဝမ်းနည်းစရာတွေ ပေါ်လာရင် တရားနဲ့ ဖြေဖျောက်နိုင်ကြပါလိမ့်မယ်။

ဝမ်းမြောက်မိပါသေးသည်

မည်သို့ပင်ဆိုစေကာမူ.. အသိဉာဏ်အားနည်းသည့် ဗုဒ္ဓဘာသာဝင်ပါဟု အမည်ခံသူများရှိသော်ငြား.. ဒီဗီဒီယိုဖိုင်လေးကို မြင်တွေ့လိုက်ရတဲ့နောက် သာသနာတော်ကို ညှိုးနွမ်းစေကြောင်း သိရှိနားလည်ပြီး ကန့်ကွက်ကြသူ အများကို တွေ့ကြရတာသည် ဝမ်းမြောက်စရာ ဖြစ်နေပါတယ်။ တဖက်မှာ သာသနာတော်ကို ညှိုးနွမ်းစေမှန်းတောင် နားမလည်တဲ့ လူကြီးသူမများကို မြင်တွေ့ရတယ်။ တဖက်မှာ သာသနာတော်ကို ညှိုးနွမ်း စေတဲ့လုပ်ရပ်တွေမှန်း နားလည်ကြတာဟာ လူငယ်အများစုဖြစ်နေတဲ့အတွက်ကြောင့်.. သာသနာတော်ဟာ နောက်တခေတ်ဆီအထိ သန့်ရှင်းအောင်အမှုထမ်းမယ့် သာသနာ့အမှုထမ်းလူငယ်တွေကို ရရှိထားပါသေး လားဆိုပြီး ဝမ်းမြောက်မှုဖြစ်ရပါတယ်။

လက်တွဲကြပါစို့လား

အဓမ္မကို ဓမ္မဖြင့် ချေမှုန်းပါမည်။ သာသနာတော်နဲ့မအပ်မစပ် ကိစ္စရပ်တွေ လုပ်နေတဲ့ သင်္ကန်းဝတ်တွေရော၊ သင်္ကန်းမဝတ် ဘိုးတော်၊ဘွားတော်၊မယ်တော်၊ကြီးတော်၊ဦးရီးတော်၊ (လက်လွန်သွားလို့နော် :P) အားလုံးကို မသိလို့ မှားသူတွေ ဆိုလျှင် သိရှိကြစေရန်၊ သိလျက်နဲ့ မှားနေကြသည်ဆိုလျှင်တော့ မသိတဲ့ တပည့် ပရိတ်သတ်များကို သိရှိစေရန် တာဝန်အရှိဆုံးမှာ ကျွန်မတို့အပါအဝင် ဒီစာကို လာရောက်ဖတ်သူများရော၊ မဖတ်သော်လဲ ထိုအသိရှိသောသူတိုင်း၏ တာဝန်ပင် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ လူဝတ်ကို ချွတ်ပြီး သာသနာမပြုနိုင်သေးသော်လည်း…. ဆရာတော်ကြီးများ၏ သြဝါဒကို ခံယူကာ အတူတကွလက်တွဲကြလို့ သာသနာ့ဆူးငြှောင့်များကို ဖယ်ရှားကြပါစို့လား…။


မေတ္တာဖြင့်
ထိပ်ထား
(ဤပို့စ်ရေးဖြစ်ရန် အကြံပေးသော ဘုန်းဘုန်းဦးလောကနာထကို ကျေးဇူးတင်ပါတယ် ဘုရား)