အသက် အရွယ်လည်း ကြီးရင့်၊ အမျိုးနွယ် လည်းမြတ်၊ အသိုင်းအဝိုင်း ကြားမှာလည်း ထင်ပေါ်ကျော် ကြားတဲ့ ပုဏ္ဏားကြီး တစ်ယောက် မြတ်ဗုဒ္ဓအထံ ရောက်ရှိ လာခဲ့တယ်။ သူ့အမည်က ဝေရဉ္ဇတဲ့။
ဂေါတမဟာ အရွယ်သာ ငယ်ပေမယ့် မာန်မာနကြီးသူ။ ကိုယ့်ထက် အသက် သိက္ခာ ကြီးရင့်သူတွေကို လည်း အရိုအသေ ပေးရ ကောင်းမှန်းမသိ။ တော်တော်ရိုင်းသူလို့ သူက ကြားထားခဲ့တာ။ အဲဒီကြားမှု.က ခုကိုယ်တိုင် ဆုံလိုက်ရတော့ ကြားထားတာတွေက မှန်ပေသား။ ငါ့လို သက်ကြီးရွယ်အို ပုဏ္ဏား တစ်ယောက် ကိုတောင် အရိုအသေ မပေးခဲ့ဘူး။ ဂေါတမကိုတော့ ပြစ်တင် စောဒနာမှ တော်တော့မယ် ဆိုတဲ့ အတွေးနဲ့ ဝေရဉ္ဇက မြတ်ဗုဒ္ဓကို - အိုဂေါတမ၊ သင့်ကို လူအများက ပြောကြတယ်။ သင်ဟာ အရွယ် ငယ်သလောက် မာန်မာန ကြီးရင့်သူ။ အသက် သိက္ခာကြီးသူတွေ ကိုလည်း ရိုသေ ရကောင်းမှန်း မသိသူ။ ဧည့်ဝတ်မကျေသူလို့ ငါကြားသိထား ခဲ့တာ။ ခုကြားသိထားတဲ့အတိုင်း မှန်ပေသား-လို့ ပြစ်တင်စကား ပြောကြားခဲ့တယ်။
ဒီတော့ ဗုဒ္ဓက-အိုဝေရဉ္ဖပုဏ္ဏား၊ မိခင်ကြက်မရဲ့ ရင်ငွေ့ထုံမှု.ကြောင့် ရှစ်လုံး၊ ဆယ်လုံး၊ ဒါမှမဟုတ် တစ်ဆယ့်နှစ်လုံးစတဲ့ ကြက်မြုံ တွင်းရှိ ကြက်ဥ တွေထဲက ခြေလက် နှုတ်သီးကို အရင်းပြုကာ ဥခွံကို ဖောက်ခွဲကာ ဦးစွာ ပထမဆုံး ထွက်လာတဲ့ ကြက်ငယ်ကို ပေါက်ဖွား လာသမျှ ကြက်ငယ်များထဲမှာ အကြီးလို့ ဆိုရမလား၊ ဒါမှ မဟုတ်၊ အငယ်လို့ ဆိုရမလားလို့ အမေးရှိတော့ ဝေရဉ္ဖာ ပုဏ္ဏားကြီးက အိုဂေါတမ ပထမဆုံး ဥခွံကို ဖောက်ထွက်ကာ ပေါက်ဖွားလာတဲ့ ကြက်ငယ်ကို ကြက်ငယ်အားလုံး ထဲမှာ အကြီးလို့ ဆိုရမည့် အကြောင်း ပြန်လည် လျှောက်ကြားတယ်။ ဒီတော့ ဗုဒ္ဓက-ပုဏ္ဏားကြီး နည်း တူပဲပေါ့။ မှန်မှန်ကန်ကန် မသိတတ်ပေမယ့် မမှန်မကန်ဆိုလျင်ဖြင့် သိတတ်ပြန်တဲ့ အဝိဇ္ဇာဆိုတဲ့ မောဟဥခွံ ဖုံးကာထားတဲ့ သတ္တဝါတွေရဲ့ အလယ်မှာ အဲဒီ အဝိဇ္ဇာဥခွံ အဖုံးအကာကို ဦးစွာ ပထမဆုံး ဖောက်ထွက်ကာ ဝိဇ္ဇာ အလင်းရောင်ကို ဦးစွာမြင်တဲ့ ငါဘုရားကိုလည်း အားလုံးထဲမှာ အကြီးဆုံးလို့ ဆိုရကြောင်းကို ရဲရဲဝံ့ဝံ့ မိန့်တော် မူလိုက်တယ်။
ဝေရဉ္ဇနဲ့ မြတ်ဗုဒ္ဓ အပြန်ပြန် အလှန်လှန် စကားတွေ ပြောဆို ဆွေးနွေးအပြီး ဝေရဉ္ဇ ပုဏ္ဏားကြီးက မြတ် စွာဘုရား အသက် အရွယ် အရ အရှင်ဂေါတမက အငယ်ဖြစ်ပေမယ့် အရှင်က ဝိဇ္ဇာဉာဏ် အလင်းကို အလျင်ရသူမို့ အရှင်သာလျင် အကြီး ဖြစ်ပါပေတယ်။ အကျိုးအကြောင်းပြ ဆုံးမတော်မူတဲ့ အရှင်ဘုရား ရဲ့ စကား များကလည်း မျက်စိလည် လမ်းမှားနေသူကို လမ်းမှန်ကို ညွှန်ပြပေးသလို၊ မှောက်ထားတဲ့ အိုး ကို လှန်ပြလိုက်သလို၊ အမှောင်ကြားမှာ စမ်းတဝါးဝါးနဲ့ မမြင် ဝိုးဝါး ဖြစ်နေသူကို မီးရှူး တန်ဆောင် ထွန်း ညှိပြသ လိုက်သလို အလွန်မှ ရှင်းလင်း လှပါပေရဲ့၊ ကောင်းမွန် လှပါပေရဲ့။ ဒီနေ့ကစလို့ အသက်ထက်ဆုံး အကျွန်ုပ်အား တပည့်ရင်းချာ တစ်ဦး အဖြစ် မှတ်ယူတော်မူပါ၊ တပည့်တော်အိမ်သို့ ကြွရောက်ပြီးလည်း ဆွမ်းအလှူ ခံယူတော်မူပါ-လို့ လျှောက်ကြား တဲ့အကြောင်း ဖတ်ရတယ်။
ငယ်စဉ် ရဟန်းဖြစ်စ ဓမ္မာစရိယတန်း အတွက် ဝိနည်း ပိဋကတ်လာ ပါရာဇိကဏ် ကျမ်းစာကို သင်ယူ စဉ်က ဒီအကြောင်း အရာ လေး ဖတ်လိုက်ရတော့ နှစ်သက် သဘောကျ ဖြစ်မိလိုက်တာ၊ ပြောမပြတတ် နိုင်အောင်ပါပဲ။ ဗုဒ္ဓမိန့်တော်မူတဲ့ အဝိဇ္ဇာဥခွံ ဆိုတဲ့ အကြောင်းကို အဝိဇ္ဇာ အခွံအကာ ထူထူထဲထဲ ရှိနေ ဆဲမို့ ရေးရေးလေး သဘော ပေါက်ဟန် ရှိခဲ့ပေမယ့် နှစ်နှစ်ခြိုက်ခြိုက်တော့လည်း နားမလည် နိုင်ခဲ့ပါဘူး။ သို့ပေမယ့် ဥပမာဖြစ်တဲ့ ကြက်ဥများနဲ့ ကြက်မြုံတစ်ခုရဲ့ အသွင်သဏ္ဍာန် ကတော့ တွေ့မြင်နေကြ အရာမို့ ပြည့်ပြည့်ဝဝ နားလည် နိုင်ခဲ့ပါတယ်။ ဒါကြောင့် အကွယ် အကာ ဥခွံကြောင့် ပိန်းပိတ်အောင် မှောင်နေပြီး မလှုပ် နိုင်လောက်အောင် ကျဉ်းကျပ်လွန်းတဲ့ ဥခွံတွင်းမှာ နေထိုင်ရတဲ့ ငှက်ငယ်လေး တွေအကြောင်း စဉ်းစား မိလိုက်လို့လည်း ငှက်လေးတွေကို သနားစိတ် ဖြစ်ခဲ့ မိလိုက်ပါသေးတယ်။
တကယ်တော့ ဗုဒ္ဓ အလိုအရ ဆိုလျင်တော့ အဝိဇ္ဇာ ဥခွံထဲက ဖောက်မထွက် နိုင်သေးသူမှန်သမျှ အကောင်တောင် မပေါက်သေးတဲ့ အနေအထားမို့ ကိုယ့်ကိုယ်ကို ပြန်ကြည့်တော့ ငယ်တယ် လို့တောင် မှ မဆိုနိုင်သေးတဲ့ သဘောပေါ့။ ဥခွံအမှောင်ထဲက သတ္တဝါ တစ်ကောင်မို့ သနားစတမ်း ဆိုလျင်ဖြင့် ကိုယ့်ကိုယ်ကိုယ်ပင် သနားလှချည်ရဲ့ ဆိုတဲ့ စကားလို ကိုယ့်ကိုယ်ကို သနားရမယ့် အနေပေါ့လေ။
ရဟန်းဆိုတာ ငှက်တစ်ကောင် ပမာ အတောင်သည်သာ ဝန်ရှိစွာ လွတ်လပ် ပေါ့ပါးစွာ တွယ်ရာမဲ့ စိတ်ထားနဲ့ ကျင်လည်ကာ နေထိုင် တတ်ရမယ်တဲ့။ အတွယ်ကင်းခြင်းနဲ့ ဝန်ပေါ့ခြင်းကို ငှက်တစ်ကောင် ဘဝ နဲ့ နှိုင်းလို့ မိန့်ကြား ထားခဲ့ဖူးတာ။
တနေ့မှာတော့ မဟေသီ မဂ္ဂဇင်းထဲကနေ အမှတ်မထင် ကဗျာလေး တစ်ပုဒ် ဖတ်လိုက်ရတယ်။ ကဗျာက ငှက်၏ ဒဿနတဲ့။
ငှက်၏ ဒဿန
ဥခွံထဲ
လေလည်းမတိုး
နေပြောက်မထိုး
စိုးရွံ့ ကြောက်ဆဲ၊
နေ့ရက်စေ့မြောက်
ဥခွံပေါက်သည်
ရောက်ခြည်သစ်
ချစ်တတ်ပြီ။ ။
စမ်းစမ်းတင် (မဟေသီ ၁၉၉၁)
မဟေသီမှာ ဖတ်ခဲ့ ရကတည်းက မှတ်မှတ် သားသားရှိနေခဲ့လို့ အလွတ် ရနေမိတဲ့ ကဗျာတစ်ပုဒ်။ မမေ့ မပျောက်နိုင် လောက်ဖူးဆိုတာ သေချာနေပေမယ့် ပိုပြီးသေချာစေဖို့ မှတ်စု စာအုပ်ထဲ ကူးရေးထားခဲ့ တာ။ ဒါပေမယ့် နေရာအရွှေ့အပြောင်းကြောင့် ကူးရေးထားတဲ့ မှတ်စု စာအုပ်လေးက နေရာဟောင်း နဲ့အတူ ပျောက်လွင့်လို့ သွားခဲ့ပေမယ့် ဦးနှောက်ထဲမှာ အမှတ်ထင်ထင်ရှိနေခဲ့တဲ့ ကဗျာ လေးကတော့ ထင်ကျန်ကာ ရှင်သန်လို့ နေဆဲပေါ့။ ဒီကဗျာလေးကို မှတ်မိနေမိတာက ကဗျာနောက်က ဒဿန ကြောင့်ပါ။ သာမန်ကြည့်ရင် ငှက်ကလေး တစ်ကောင်ရဲ့ ဘဝ အစ ဖြစ်စဉ်ကို ရေးဖွဲ့ ထားဟန်။ သို့ပေမယ့် ငှက်တစ်ကောင်ရဲ့ ဒဿနဆိုတဲ့ ဒီကဗျာ လေးဟာ ငှက်တစ်ကောင် အကြောင်း ဆိုတာထက် သတ္တဝါ တစ်ဦး၊ ဒါမှ မဟုတ်လည်း လူတစ်ယောက်အကြောင်း ပြောပြနေတယ် ဆိုတာကို ကဗျာဖတ်သူတိုင်း သိကြမှာပါပဲ။
ကျပ်တည်း ကျဉ်းမြောင်းလှတဲ့ ဥခွံထဲမှာ လေလည်းမတိုး၊ နေလည်း မထိုးတဲ့ ဘဝနဲ့ နေနေတဲ့ ဥခွံ ထဲက ငှက်လေး။ ဥခွံက ကွယ်ကာ ထားတော့ သူ့ဘဝဟာ ပိုမို လုံခြုံနေတယ်လို့ ခံစား မိလေမလား။ ဘဝဆိုတာ ဥခွံ တစ်ခုထဲ လောက်သာ ကျယ်ပြန့်တယ်လို့ ထင်ကောင်းလည်း ထင်နေမှာ။ မှောင်မိုက် မိုက်မှာ ကျဉ်းမြောင်း ကျပ်တည်းစွာ နေထိုင်ရခြင်းဆိုတာ ဘဝရဲ့ အဆုံးသတ် မဟုတ်ဘူးဆိုတာ စဉ်းစား ကောင်းမှလည်း စဉ်းစားမိမှာ။ နေမတိုး လေမခ၊ မကြောင့်မကျ နေနေရခြင်း ဆိုတာ လှပတဲ့အရာလို့ မဆင်ခြင် မစဉ်းစားပဲ ယုံကြည် နေရင်လည်း ယုံကြည် နေမှာပေါ့။ နောက်ပြီး ပြင်ပ ကမ္ဘာကြီးထဲကို ထွက် ကြည့်ရမှာကိုလည်း စိုးရွံ့ ကြောက်လန့် ဖြစ်ကောင်းလည်း ဖြစ်နေမှာပေါ့လေ။
ငှက်တစ်ကောင်ရဲ့ ဒဿန အကြောင်းကို နှစ်ခြိုက် သဘောကျ မိနေခဲ့တာ ကြာလှတဲ့ ကိုယ်ကိုယ်တိုင်က တော့ တကယ့် ဥခွံထဲက ငှက်ငယ် တစ်ကောင်နှယ်။ နေခြည်မထိုး၊ လေပြည် မတိုးတဲ့ ဘဝမျိုးနဲ့ နေနေ ရတာကို နှစ်သက် သဘောကျ နေခဲ့တာ။ နေခြည်မထိုးလို့ အလင်းမဲ့၊ လေပြည် မတိုးလို့ အချင်းမဲ့ဖြစ်နေ တာကိုတောင်မှပဲ သတိမထား မိနိုင်လောက်အောင် ပါပဲ။ ကိုယ်ကိုယ်တိုင် ဥခွံထဲက ငှက်တစ်ကောင် ပမာ ဖြစ်နေတာကို သတိမထား မိနိုင် လောက်အောင်ပါပဲ။ မြေမှာလျှောက်ဖို့ ခြေထောက်တွေ၊ လေမှာ ပျံဖို့ တောင်ပံတွေနဲ့ အစာကောက်ဖို့ နှုတ်သီးတွေ ရှိနေတာကို မေ့ထားလို့။ မသုံးပဲထားတဲ့ ခြေထောက် အားနဲ့ ပျံဝဲမကြည့်တဲ့ အတောင်တွေရဲ့ အဟုန်ကို ဘယ်လုံပုံနဲ့ သိနိုင်ပါ့မလဲ။ ပျံမှသွားမှ အစွမ်းအစကို သိနိုင်မယ် မဟုတ်လား။
ဥခွံထဲမှာ ဆိုလျင်တော့ ကိုယ့်ဘဝ ပိုမို လုံခြုံတန်ကောင်း လုံခြုံမှာပါ။ ဒါပေမယ့် ငှက်တစ်ကောင်ဆိုတာ ဥခွံထဲမှာ အစဉ်ထာဝရ နေနေရုံနဲ့ ဘဝအလှက ပြည့်စုံ သွားနိုင်တာမှ မဟုတ်တာ။ ဥခွံထဲမှာချည်း ကိန်းအောင်း နေသင့်တာမျိုးမှလည်း မဟုတ်တာ။ ချိန်တန်စေ့ ရောက်လျင်ဖြင့် ငှက်ဆိုတာ ပေါက်ရ စမြဲပဲ မဟုတ်လား။ ကောင်းကင် ကျယ်ကျယ်ထဲမှာ လေဟုန်ဆန်ဖို့ သဘာဝကိုက တောင်ပံတစ်စုံ ဖန်တီးလို့ ပေးထားတယ်လေ။ ဥခွံထဲမှာသာ ဘဝကို ကုန်ဆုံး သွားမယ်ဆိုလျင် အတောင်တစ်စုံ ဖန်တီး ပေးထားခြင်းဆိုတာ ငှက်တစ်ကောင် အတွက် အပိုသက်သက်သာ ဖြစ်လေမှာပေါ့။ အကျဉ်းအမှောင် ကို ကြောက်လျင်ဖြင့် အကျယ်နဲ့ အလင်းကို ကွယ်ကာထားတဲ့ အခွံအကာကို ဖောက်ထွင်းလို့ ထွက်ရ မယ်လေ။
အပြင် လောက ထဲကို ထွက်လာတဲ့ ငှက်တစ်ကောင်အတွက် လေဆန်ကိုလည်း ပျံတန်ပျံရမယ်။ နေဒဏ်ကိုလည်း ခံတန်ခံရမယ်။ လေတိုးလို့ အတောင်ကျိုးကောင်းလည်း ကျိုးမယ်၊ နေထိုးလို့ အရောင် ညှိုးကောင်းညှိုးမယ်။ စိုးရွံ့စရာ အနန္တနဲ့ အပျံသင်စ ငှက်တစ် ကောင်ရဲ့ဘဝဟာ အစစ လှပ ကောင်းမှလည်း လှပလိမ့်မယ်။ သို့ပေမယ့် ဥခွံဝကနေ စလို့ မြင်ရတဲ့ အလင်းစနဲ့ လတ်ဆတ်တဲ့ လေပြေတစဟာ ကောင်းကင် ကျယ်ကျယ်ထဲကို ပျံသန်းမယ့် ငှက်တစ်ကောင်ရဲ့ ဘဝအစအတွက် အင်အားစုတစ်ခုတော့ ဖြစ်မှာ အသေအချာပါပဲ ဆိုတဲ့အတွေးနဲ့ ဥခွံထဲကနေ ဖောက်ထွက်ဖို့ ခြေ တစ်လှန်း စလိုက်တယ်။ ကမ္ဘာလောကကြီးက ကိုယ့်ကိုယ် အစိမ်း သက်သက် ငှက်တစ်ကောင် အဖြစ် ရက်စက်စွာ ဥပေက္ခာ ပြုလိမ့်မယ်တော့ မဟုတ်ဘူးဆိုတဲ့ ယုံကြည်ချက် လေးတစ်ခုနဲ့ပေါ့လေ။
ဗုဒ္ဓမိန့်ကြားတဲ့ အဝိဇ္ဇာ ဥခွံကို ဖောက်မထွက် နိုင်သေးသည့်တိုင် ဘဝ တစ်ခုအတွက် ကန့်သတ်မှုဖြစ်စေ တဲ့ အခွံအကာ အလွှာ အထပ်ထပ်ကိုတော့ ကျော်ဖြတ်ကာ ဖောက်ထွက်လို့ ကြည့်ရမယ်လေ။ ငှက်ဆို တာ တစ်ပင်တစ်ကိုင်း ထဲမှာတွယ်ကာ အစဉ် နားနေတတ်တဲ့ သတ္တဝါမျိုးမှ မဟုတ်တာ။ နားလည်း နားနေလို့ သင့်တာမျိုး မှလည်း မဟုတ်တာ။ ။
ရေးသးသူ- အရှင်ဉာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)