ဗိုလ် ၅ ပါးနဲ့ သရဏဂုံ ပွားရမယ်၊
(၁)သဒ္ဓါဗိုလ်၊ (၂)ဝီရိယဗိုလ်၊ (၃)သတိဗိုလ် (၄)သမာဓိဗိုလ်၊ (၅) ပညာဗိုလ်
သဒ္ဓါ၊-- ဝီရိယ -- -သတိ----- သမာဓိ -- ပညာ
(သရဏဂုံ) သတိ
ဝီရိယ သမာဓိ
သဒ္ဓါ၊ ပညာ
သရဏဂုံပွားတာနဲ့ ကမ္မဋ္ဌာန်း ထိုင်တာအတူတူပေါ့၊
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ပွားတော့ဘုရားဂုဏ်၊ တစ်ဂုဏ်ဂုဏ်နဲ့ စိတ်နှစ်ထားရမှာ၊ ကမ္မဋ္ဌာန်းကျတော့ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းပေါ့၊
ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ပွားတော့တရားဂုဏ်၊ ကမ္မဋ္ဌာန်းနည်း ၄၀၊ ဘာဘဲပွားပွားဓမ္မနယ်ကမလွတ်ပါဘူး၊ စားတော့စားတယ်၊သွားတော့သွားတယ်၊လာတော့လာတယ်၊အိမ်ထောင်သားမွေးရင်းကမှတ်ရတဲ့ ကိုယ်လုပ်တာကိုယ်သိအောင်၊ သတိနဲ့ ကြည့်နေရတဲ့တရားနှလုံးသွင်း ဆင်ခြင်ပြီး အပ္ပမာဒသတိနဲ့ နေတာကိုခေါ်တယ်၊
သံဃံသရဏံ ဂစ္ဆာမိ ၊ပွားတော့သံဃာဂုဏ်၊ တစ်ဂုဏ်ဂုဏ်ထဲ စိတ်နှစ်စိတ်ပစ်သွင်းထားရမှာ၊ ကမ္မဋ္ဌာန်းကျတော့ သံဃာနုဿတိ ကမ္မဋ္ဌာန်းပေါ့၊
ရှင်းရှင်းပြောပြရရင်
တခြားအာရုံထဲသွားနေတဲ့စိတ်ကို ဘုရားအာရုံ၊တရားအာရုံ၊ သံဃာအာရုံထဲပြောင်း ပို့ ထားဘို့ ဘဲ၊
စိတ်နဲ့ ကိုယ်ပစ္စုပ္ပန် တည့်တည့်မှာချိန်ပေးပြီးစုံတွဲအလုပ်လုပ်နေစေဘို့ ဘဲ၊
သဒ္ဓါ၊ ပညာ
သဒ္ဓါ နဲ့ ပညာ ညီရတယ်၊ သဒ္ဓါလွန်တော့ ရာဂ၊ပညာလွန်တော့ မာန တဲ့၊ဒါ့ ကြောင့် သဒ္ဓါ နဲ့ ပညာချိန်ခွင်လျှာညီစေရမယ်၊
သဒ္ဓါရှိပေမယ့် ပညာရှိဘို့ ကျတော့ ဖြည့်မှပြည့်တာမျိုး၊ ဒါ့ကြောင့် သဒ္ဓါ ပါရမီရယ် လို့ မဆို၊ ပညာပါရမီလို့ သာ ဆိုထားတယ်။ ကျင့်မှဖြည့်မှ ပြည့်လို့ ပါရမီလို့ ဆိုတာ၊
ပညာရှိလျှင်တော့ သတိလေးနဲ့ လမ်းရှင်းပေးလိုက်ရုံနဲ့ ရှေ့ မြင်ကွင်းလင်းသွားရောပေါ့၊ ရှင်းတော့ ထင်းထင်းကြီးပေါ်လာလို့ မာန်မဝင်သာ၊သဒ္ဓါပါရမှာကိုး၊
ပညာဆိုတာအားလုံးသိသင့်တာကြီးဘဲ၊မသိသင့်တာမရှိဘူး၊မလုပ်သင့်တာဘဲရှိတာ၊
ပညာသိနဲ့ သညာသိ ဘယ်လိုခွဲလဲ၊
ပညာဆိုတာက အရာဝတ္ထုတစ်ခုကို ရှေ့ မှာကိုင်ပြီးထိုင်ကြည့်နေသလို၊ သညာဆိုတာက ကိုယ်တိုင်မမြင်ဘူးဘဲနဲ့  သူပြောလူပြောအတိုင်းလိုက်ပြောနေတာမျိုး၊
ပညာ ဆိုတာ ကွဲကွဲပြားပြားသိတာ၊ သုံးမျိုးရှိတယ်။
သုတသိ = အကြားသိ = သူများပြောလို့ သိတာ၊ ကိုယ်ပိုင်ပညာမဟုတ်ဘူး၊
စိန္တသိ = သုတကိုကိုင် ကိုယ်တိုင်ဉာဏ်နဲ့ နှိုက်တွေးလှိုက်တွေးတာမျိုးမို့ ဖက် စပ်ကိုယ်ပိုင်ဉာဏ် ဘဲရှိသေးတယ်၊ တစ်ကိုယ်တည်းပိုင်မဆိုနိုင်သေးဘူး၊
ဘာဝနမယသိ = ကိုယ်ခန္ဓာအရင်းတည်၊ ဓမ္မသရဏံဂုံကို သတိနဲ့ တွဲပြီး ရှုကြည့်ရာကပေါ်ထွက်လာတဲ့ ဘာဝနမယ အသိမျိုးကျမှ ကိုယ်ပိုင်ပညာဆိုရတယ်၊
တရားဉာဏ်ပွင့်တာနဲ့ ဘုရားဉာဏ်၊သံဃာဉာဏ် ပါ ပွင့်လိုက်လာလို့  မိမိခန္ဓာကြား ဉာဏ်ကျက်စား မိတာနဲ့ ကိုယ်ပိုင်သိတဲ့ပညာအစစ်ဆိုရတယ်၊
ပညာ သုံးမျိုးထဲမှာ အမြတ်ဆုံးဖြစ်တဲ့ ပညာစစ်ရှိသွားရင် သဒ္ဓါစစ်ရသွားတာဘဲ။
ပုံပြင်လေးတခုပြောပြမယ်၊
သီဟိုဠ်(သီရိလင်္ကာ)ခေတ်က၊ ရဟန်းတော်တစ်ပါးအမြဲဝတ်အဖြစ်နဲ့ ဘုရားရင်ပြင် တော်မှာ တံမြက်စည်းလှည်းတယ်၊လှည်းပြီးတိုင်းလည်းသူလှည်းထားလို့ သန့် ပြန့် နေ တဲ့ရင်ပြင်တော်ကြည့် ပီတိ တဖွားဖွားနဲ့ ဘုရားရှေ့ ခြေစုံရပ်ပြီး၊ဂုဏ်တော်ပွားလေ့ ရှိ တယ်၊
သူဒီလိုဈာန်ကုသိုလ်လုပ်နေတာကြည့်ပြီး၊ မာရ်နတ်ကမျက်စိနောက်လာတယ်၊ သူက တံမြက်စည်း လှည်းပြီးတိုင်း မျောက်ယောင်ဆောင်ပြီးသန့် နေတဲ့ ရင်ပြင်တော်ပေါ် အမှိုက်တွေပြန့် နေအောင်လိုက် နှောက်ယှက်၊ ရဟန်းကစိတ်မဆိုး၊တိုးပြီဘဲလှည်းသတဲ့၊ နောက်ရက်ကျတော့ နွားယောင်ဆောင်ချေး ပါ၊နောက်ရက်ကျတော့ လူယောင်ဆောင်ပြီးဖင်တွန်းသွားပြန်၊ ရဟန်းရဲ့ သတိဈာန် ဉာဏ်ဝင်နေတဲ့ စိတ်ကလေး မခံချင်လာအောင်ပေါ့၊ ရဟန်းကလဲစိတ်မဆိုး၊စိတ်မဆိုးလို့ သတိ မပျက်၊ သတိမပျက်တော့ ဒါအဖျက်ဆိုတာရိပ်မိသွား၊ စစ်တော့ပေါ်၊ ပေါ်တော့ မာရ်နတ်ဆိုတာ ဘုရားရှင် ကိုသက်ရှိမှီထားတာ၊မမြင်ဘူးလို့ ဖန်ဆင်းပြပါပေါ့ ၊ သည်တော့မာရ်နတ်က ဖန်ဆင်းပြ၊ ဘုရားအသွင်မြင်ရတာနဲ့ ရဟန်းမှာ ပီတိတွေတိုး၊ ဂုဏ်တော်အပေါ် အသိနဲ့ တိုးတိုးပြီး အာရုံပွားလိုက် တာ ရုပ်နာမ်ကွဲ၊ ကြောင်းကျိုးသိ၊ ဖြစ်ပျက်မြင်နှုန်းနဲ့ ဗြုန်းဆို ရဟန်းကိစ္စပြီးသွားဆိုဘဲ၊
သိစေလိုရင်းက အသိနဲ့ အရှိအပေါ်မှာ တင်ပွားနေဖို့ ကိုပြောပြနေတာ၊ တံမြက်စည်း လှည်းတာကို သိစေချင်တာမဟုတ်ဘူး၊
ဘာမဆို ယုတ်တာဘဲဖြစ်ဖြစ်၊ မြတ်တာဘဲဖြစ်ဖြစ်၊ ကိုယ်လုပ်သမျှ အရှိ ကိုယ်ပိုင်စိတ်နဲ့ သိခွင့်ရအောင် အထိပေါ် သတိတင် ဆင်ခြင်စိတ်နဲ့ ခံစားကြည့် နေဘို့ ဘဲ၊ သူ့ ဟာသူ ယုတ်ချင်ယုတ်၊မြတ်ချင်မြတ် သတိမျက်ခြေပြတ်မခံဘဲ မြင်တိုင်း၊ကြားတိုင်း၊ သရဏဂုံ ပွားကြည့်၊တချက်မဟုတ်၊ အချက်ချက်ပွား ရမယ်၊သရဏဂုံသတ္တိက အာသဝေါတရား လေးပါးကိုကုန်ခန်းခြောက်သွေ့ စေတယ်၊ တချက်ပွားရင်ရှိသမျှ ကိလေသာ နေစရာမရှိဖြစ်ရတယ်၊ သရဏဂုံတချက်ကိုင်ရင် ကိုယ့်စိတ်လည်း တစ်ချက်ပိုင်သွားပြီ၊ သရဏဂုံတချက်ထိရော စိတ်ကလည်းတစ်ချက်သိနေရော၊ နောက်ဆုံးသီလ၊သမာဓိ၊ပညာတွေပြည့်စုံပြီး ဘာကိုမှမလိုချင်တော့တဲ့ ရဟန္တာ လိုလေသေး မရှိပြည့်စုံနေတဲ့ ဘဝကို ရောက်နိုင်တယ်၊
သရဏဂုံက ပဲခူးဆားဘဲ၊ သူမပါရင် ဘာမှခရီးမရောက်ဘူး၊ရတနာ ၃ ပါးကိုသာရိုသေ၊စေလိုရာစေလို့ ရတယ်၊
သရဏဂုံ နဲ့ လေ့ကျင့်ပေးနေတာက သီလ၊
အကယ်၍များအသက်နဲ့ သီလပျက်စရာ နှစ်မျိုးပြိုင်လာမယ်ဆိုရင် အသက်ကိုသာ ဇွတ်မှိတ် လွှတ်လိုက်၊ သီလကိုတော့မရရအောင်တွယ်ထား၊ဘာကြောင့်လဲဆို လူဖြစ်တုံးသာ ကျင့်ခွင့်ရတဲ့အကျင့်မျိုးမို့ ဒီအကျင့်ပျက်သွားရင် ဆယ်သက်မက ဆုံးရှုံးရတတ်လွန်းလို့ ပါ၊
လူကျင့်ကိုတာဝန်ခံတာကသီလ၊ သီလကိုတာဝန်ခံတာက သရဏဂုံ၊ သရဏဂုံ သတိ ကင်းနေရင် လူစိတ်ကင်းပြီး ကာယကံ၊ဝစီကံ၊မနောကံအမှားတွေ စော်ကားမိမှာ အမှန်ဘဲ၊ လူပြည်ရောက်ရက်နဲ့ လူစိတ်ကင်းရင် လူဖြစ်ရှုံးပြန်ရမှာပေါ့၊
သရဏဂုံနဲ့ သီလကို အသက်ထက်အရေးထားပြီးသတိနဲ့ စောင့်ထိမ်းရင်မဂ်တံခါး၊ ဖိုလ်တံခါး၊နိဗ္ဗာန် တံခါး ရောက်နိုင်တယ်၊သီလ၊သမာဓိ၊ပညာဆိုတဲ့ သိက္ခာသုံးရပ်ကို သရဏဂုံနဲ့ ပိုင်းပိုင်းပြီးတက်သွား၊
ဂုဏ်တော်များ
ဘုရားဂုဏ်တော်
(၁) အရဟံ = ကိလေသာကင်းစင်တော်မူသော၊
ဆိတ်ကွယ်ရာတွင်မကောင်းမှုကိုပြုတော်မမူသော၊
လူနတ်ဗြဟ္မာသတ္တဝါတို့ ၏ပူဇော်အထူးကိုခံတော်မူထိုက်သောမြတ်စွာဘုရား
(၂) သမ္မာသမ္ဗုဒ္ဓော= သိစရာအားလုံးတို့ ကိုအမှန်အတိုင်းကိုယ်ပိုင်ဉာဏ် ဖြင့်သိတော် မူသောမြတ်စွာဘုရား
(၃) ဝိဇ္ဇာစရဏသမ္ပန္နော= အသိဉာဏ်ရော၊အကျင့်ပါပြည့်စုံတော်မူသော မြတ်စွာဘုရား၊ (ဝိဇ္ဇာ ၃ ပါး၊ ဝိဇ္ဇာ ၈ ပါး၊ စရဏ ၁၅ ပါးနှင့်ပြည့်စုံတော်မူ သောမြတ်စွာဘုရား၊
(၄) သုဂတော= ကောင်းသောစကားကိုသာ ဆိုတော်မူသောမြတ်စွာဘုရား၊
(၅) လောကဝိဓူ= လောက ၃ ပါးကို သိတော်မူသေမြတ်စွာဘုရား၊
(၆) အနုတ္တရော ပုရိသဒမ္မသာရထိ = ဆုံးမထိုက်သောသတ္တဝါတို့ ကိုအတုမရှိ ဆုံးမ တော်မူတတ်သောမြတ်စွာဘုရား၊
(၇)သတ္တာဒေဝမနုဿနံ = နတ်လူတို့ ၏ဆရာတဆူဖြစ်တော်မူသောမြတ်စွာဘုရား၊
(၈) ဗုဒ္ဓေါ= သစ္စာ ၄ ပါး(ဒုက္ခသစ္စာ၊သမုဒယသစ္စာ၊နိရောဓသစ္စာ၊မဂ္ဂသစ္စာ)ကို ကိုယ်တိုင်လည်းသိတော်မူ၊သူတစ်ပါးကိုလဲ သိအောင်ဟော တော်မူသော မြတ်စွာဘုရား၊
(၉) ဘဂဝါ= ဘုန်းတော် ၆ ပါးနှင့်ပြည့် စုံတော်မူသော မြတ်စွာဘုရား၊
(ဘုန်းတော် ၆ ပါးဆိုတာ
ဣဿရယ = မိမိစိတ်ကိုရော၊တစ်လောကလုံးကိုပါအစိုးရတော်မူသောမြတ်စွာဘုရား၊
ဓမ္မ =မဂ်၊ဖိုလ် နိဗ္ဗာန်တရားနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား၊
ယသ = များပြားသော အခြံအရံ၊ပြန့် နှံ့သောအကျော်အစောနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား၊
သီရိ=အတုမရှိသော ကျက်သရေတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား၊
ကာမ= လိုအင်ဆန္ဒတောင့်တမှုမှန်သမျှ ခဏချက်ခြင်းပြည့်တော်မူသောမြတ်စွာဘုရား၊
ပယတ္တ= အတုမရှိသော လုံ့ လဝိရိယနှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရား၊
တရားဂုဏ်တော်
(၁) သွာက္ခာတော=ကောင်းစွာဟောကြားထားသောတရား၊
(၂)သန္ဒိဋ္ဌိကော=ကိုယ်တိုင်ကျင့်၍ သိမြင်နိုင်သောတရား၊
(၃)အကာလိကော=ချက်ချင်းအကျိုးပေးတတ်သော တရား၊
(၄)ဧဟိပဿိကော=စမ်းသပ်အစစ်ဆေးခံနိုင်သောတရား၊
(၅)သြပနေယျိကော=ဆောင်ယူကျင့်သုံးထိုက်သောတရား၊
(၆) ပစ္စတ္တံဝေဒိတဗ္ဗော ဝိညူဟိ= ပညာရှင်တို့ သာလက်ခံသိမြင်နိုင်သောတရား၊
သံဃံဂုဏ်တော်
(၁) သုပ္ပဋ္ဋိပန္နော=စိတ်အညစ်အကြေးကင်းရန် ကောင်းစွာကျင့်ကြံ၏၊
(၂) ဥဇုပ္ပဋ္ဋပန္နော=ဖြောင့်မှန်စွာကျင့်ကြံ၏၊
(၃) ဉာယပ္ပဋ္ဋိပန္နော=နိဗ္ဗာန်ကိုရရန် ရည်သန်၍ကျင့်ကြံ၏၊
(၄) သာမိစိပ္ပဋ္ဋပန္နော=ရိုသေထိုက်အောင်ကျင့်ကြံ၏၊
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော = အစုံအားဖြင့် လေးပါး၊ သီးခြားအားဖြင့် ရှစ်ယောက် ရှိသော အရိယာသံဃာတော်သည်
(၅) အာဟုနေယျော= အဝေးမှယူဆောင်လာသောပစ္စည်းကို ပေးလှုထိုက်၏၊
(၆) ပါဟုနေယျော=ဧည့်သည်အတွက် ရည်ရွယ်ထားသော ပစ္စည်းကို ပေးလှုထိုက်၏၊
(၇)ဒက္ခိဏေယျော=ကောင်းကျိုးရရန်စိတ်ရည်သန်၍ လှုရန်ထိုက်တန်၏၊
(၈) အဉ္စလိကရဏီယော=အရိုအသေပေးခြင်းငှါ ထိုက်တန်၏၊
(၉)အနုတ္တရပုညက္ခေတ္တံ လောကဿ= ကောင်းမှုပြုလုပ်ရန်ဋ္ဌာနကောင်းအဖြစ်တည် ရှိ၏၊
ဤဓမ္မစာမျက်နှာမှ အဘိဓမ္မာဆိုင်ရာမေးခွန်းများအတွက်လေ့လာထားရန်၊
၁)ဗိုလ်၅ပါးကိုရေးပြ၍ သဒ္ဓါ နှင့် ပညာညီရန် ဘာလုပ်ရမည်နည်း၊
၂)ဘုရားဂုဏ်တော်၊တရားဂုဏ်တော်၊သံဃာဂုဏ်တော်များကို အဓိပ္ပါယ်နှင့်တကွရေးပြပါ၊
၃) သရဏဂုံ နှင့် သီလ အရေးပါဆက်စပ်ပုံကိုဖော်ပြပါ၊
၎) ပညာသိ နဲ့ သညာသိ ဘယ်လိုကွဲပြားသနည်း၊ရှင်းပြပါ၊
၅) သဒ္ဓါစစ်၊ပညာစစ်ရအောင် ဘာလုပ်ရမလဲ၊
ဝနဝါသီ ဥေယျဓမ္မသာမိထေရ်(မဟာဗောဓိမြိုင်ဆရာတော်ဘုရား)