Sunday, August 31, 2014

သာသနာသွေး မအေးကြဖို့

သာသနာသွေး မအေးကြဖို့ 

မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်အများစုက “ဒီဘုရားမှ ဒီဘုရား၊ဒီတရားမှ ဒီတရား၊ ဒီသံဃာမှ ဒီသံဃာ” လို့ ရတနာသုံးပါးအပေါ် မတုန်မလှုပ် သက်ဝင် ယုံကြည်တဲ့ ဗုဒ္ဓသာသနာဝင်က ဘယ်လောက်များ ရှိနေပြီလဲလို့ စဉ်းစား စစ်ဆေးကြည့်ရင် အလွန်ပဲနည်းပါး သေးတယ်။

မိရိုးဖလာလွန် ဗုဒ္ဓဘာသာဝင်တွေ များသည်ထက်များအောင် ကြိုးစားကြဖို့ လိုပါတယ်။
“တစိမ်းပြင်ပ ၀ါဒရှင်တွေဟာ ဗုဒ္ဓသာသနာဝင်တွေ အတွင်း ကင်ဆာရောဂါလို လှိုက်လှိုက်ပြီး စားနေကြတယ်။ ရွက်ကျပင်ပေါက်လို လူဖေါက်ပြီး လူမျိုးကို မျိုနေကြတယ်။ မြေမျိုက လူမျိုးမပြုန်း၊လူမျိုမှ လူမျိုးပြုန်းတယ်”  “တစိမ်းပြင်ပ ၀ါဒရှင်တွေက အင်း အိုင်တွေကို ကောစေတဲ့ ဗေဒါပင်တွေလို လူမျိုးနဲ့သာသနာ ပျက်ပြုန်းအောင် ဇွဲနပဲကြီးကြီးနဲ့ တက်တက်ကြွကြွ လှုပ်ရှား နေကြတယ်။ ညောင်ပင်လို အမြစ်တွယ်ပြီး လူမျိုးကို တဖြည်းဖြည်း မျိုဖို့ ကြိုးစားနေကြတယ်။”

“ဗုဒ္ဓသာသနာဝင်တွေဟာ ကိုယ်ပိုင်ကာကွယ်မှု စွမ်းရည်ထက်မြက်အောင် ကြိုးစားထားကြ ရမယ်။ဗုဒ္ဓယာဉ်ကျေးမှုတွေကို စာတွေ့ရော လက်တွေ့ပါ ပြည့်စုံကျေနပ်သည်အထိ ကျင့် သုံးထားကြရမယ်။”

“လူတစ်ယောက်ကို အသက်ကြီးခါမှ ဗုဒ္ဓယာဉ်ကျေးမှုတွေပေးရင် မထိရောက်တော့ဘူး။ ငယ်ရွယ်စဉ်ကပဲ ပေးမှ ထိရောက်မှုရှိတယ်။”
 “လေဟာပြင်ကွက်လပ်မှာ လေတွေ အလိုလိုဝင်လာကြတယ်၊မှုံဝါးဝါးချည့်နဲ့နဲ့ မိရိုးဖလာ အမည်ခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ သန္တာန်က ဗုဒ္ဓယာဉ်ကျေးမှုလေဟာ ပြင်ပကွင်းပြင်ထဲက တစိမ်းပြင်ပ အယူဝါဒတွေ ယာဉ်ကျေးမှုတွေရဲ့ ကျေးကျွန် ဘ၀ကို လွယ်လွယ်လေးရောက် သွားနိုင်တယ်။”

“ရေလမ်းမှာ အများစုပေါင်းကာ လှေစီးပြီး ခရီးသွားနေကြတဲ့အခါ လှေကြီး ပေါက်နေတယ် ဆိုတာသိရင် လှေပေါက်ကို ၀ိုင်းဝန်းဖာထေးရမယ်။မဖာရင် လှေကြီး ရေ၀င်ပြီး မကြာမီ မြုတ်လိမ့်မယ်။ ဗုဒ္ဓသာသနာ လှေကြီး ပေါက်နေတယ် ဆိုတာသိရင် ဗုဒ္ဓဘာသာဝင်တိုင်း ၀ိုင်းဝန်း ဖာထေးရမယ်။ မဖာရင် ပြင်ပ အယူဝါဒရှင်တွေရဲ့ရေတွေ ၀င်ပြီး မြုတ်လိမ့်မယ်။”

“မြန်မာနိုင်ငံ ဗုဒ္ဓသာသနာအသက် မထွက်ရအောင် ဗုဒ္ဓသာသနာဝင်တွေရဲ့ ကိုယ်ထဲမှာ၊ နှလုံးသား ထဲမှာ ဗုဒ္ဓယဉ်ကျေးမှုသွေးတွေ အမြဲလည်ပတ်နေဖို့ လိုအပ်တယ်။ဗုဒ္ဓယာဉ် ကျေးမှုသွေးတွေ မအေးခဲစေပဲ နွေးနွေးထွေးထွေး ရှိနေဖို့ လိုအပ်တယ်။”

“ကလေးတွေကို ငယ်ရွယ်စဉ်ကပဲ ဗုဒ္ဓယာဉ်ကျေးမှုနို့ချို ဗုဒ္ဓယာဉ်ကျေးမှု အဟာရတွေကို တန် သလောက် တန်သလောက် တိုက်ကျွေး ပေးရတယ်။ ဘာသာရေး နို့မျက်နေတဲ့ ဘာသာရေး အားမရှိတဲ့ ကလေးတွေကို ဘာသာခြား တွေက သိမ်းသွင်းဆွဲဆောင်ရင် ကောက် ကောက်ပါသွား တတ်တယ်။”

“ဗုဒ္ဓသာသနာဝင် မိခင် ဖခင်တိုင်းဟာ သားစဉ်မြေးဆက် ဗုဒ္ဓသာသနာ အငွေ့ဓာတ်အလေ့ဓာတ် အတွေ့ဓာတ်တွေ ပေးနိုင်အောင် ကြိုးစားကြရမယ်။ ကြိုးစားလို့ ပေးနိုင်ပြီဆိုရင် ရွှေ ငွေစတဲ့ ရတနာတွေကိုရလို့ ၀မ်းသာကြည်နူး ရတာထက် သာလွန်တဲ့ သားလိမ္မာ သမီးလိမ္မာ လေးတွေရလို့ ၀မ်းသာ ကြည်နုးရတာက များစွာသာလွန်ပါတယ်။”

“မိသားစုလည်းအကျိုးများ သာသနာတော်အတွက်လည်းအကျိုးများ နိုင်ငံတော်အတွက်လည်း အကျိုးများစေနိုင်တဲ့ သားသမီးတွေကို မွေးပေးလိုတဲ့ မိဘတွေဟာ ရှေးဦးစွာမိမိကိုယ်တိုင် ဗုဒ္ဓအဆုံးအမ ဖြစ်တဲ့ “ သီလ သမာဓိ ပညာ ” အကျင့်တွေကို လက်တွေ့ ကျင့်သုံးထားကြရမယ်။”

“ဗုဒ္ဓ ယဉ်ကျေးမှု အငွေ့ဓာတ် အလေ့ဓာတ် အတွေ့ဓာတ်ပါရှိတဲ့ မျိုးဆက်သစ်ကောင်း တစ်ခုဖြစ်ထွန်းလာအောင် ကြိုးစားကြဖို့ ဗုဒ္ဓသာသနာဝင်တိုင်းမှာ တာဝန်ရှိတယ်။”

အဖေရယ် အမေရယ် သားရယ် သမီးရယ် မိသားစုထမင်းဝိုင်းမှာ သမီးက အထိုင်မတတ် လို့ အမြင်မတော်ဖြစ်နေတော့ အဖေက “ ကဲ ဒို့ သားအဖတွေ ပြင်ထိုင်ကြဥိးစို့ ” လိုပြော တဲ့အခါ သမီးဖြစ်သူက “အဖေ.. ကျွန်မကော ပါသေးလား” လို့မေးတော့ အဖေဖြစ်သူက “ သမီး.. အရေးကြီးဆုံးပဲ” လို့ ပြောသတဲ့။ အဲဒါကြောင့် ဗုဒ္ဓသာသနာသွေး နွေးနေအောင် ပြင်ကြတဲ့ နေရာမှာ “ ကျွန်တော်တို့ ပါသေးသလား မမေးနဲ့” ရဟန်း ရှင် လူ ဗုဒ္ဓဘာသာဝင် မှန်သမျှ အားလုံး ပြင်ထိုင်ဖို့ လိုနေကြတယ်။ရှေးဦးစွာ တစ်ကိုယ်ရေ သာသနာပြည့်စုံ ဖို့လိုတယ်။ပြီးတော့ လက်လှမ်းမီရာမှာ သာသနာ လက်ဆင့် ကမ်းရတယ်။

ရွှေတောင်ကုန်း သာသနာ့ရိပ်သာ ဆရာတော်၏ တစ်ဘ၀တာခရီးမှ ကောက်နှုတ် ကူးယူ ပူဇော်ပါသည်။ (Face book) မှတဆင့်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)


Saturday, August 30, 2014

ဇနီး လေးယောက်ရှိသော ခင်ပွန်း


ဇနီး လေးယောက်ရှိသော ခင်ပွန်း

အမျိုးသား တစ်ဦးမှာ ဇနီးသည် လေးဦး ရှိပါတယ်။ ယင်းထဲက သူက လေးယောက်မြောက် အငယ်ဆုံး မယားကို အချစ်ဆုံး ဖြစ်သတဲ့။ အမြဲတမ်း ဂရုစိုက်တယ်။ ပြုပြင်ချယ်သပေးတယ်။ တတိယမြောက် ဇနီးကို ချစ်တာကျတော့ တစ်မျိုးလေးပါ။ သူ့မိတ်ဆွေသူငယ်ချင်းတွေ နဲ့ တွေ့တဲ့ အခါကျတော့ အမြဲလိုလို ထုတ်ပြ ဂုဏ်ယူချင်ပြီး တတိယ မယားရှိထားခြင်း အတွက်လည်း သူ့ ဂုဏ်ယူသတဲ့။ ဒုတိယမြောက် ဇနီးဖြစ်သူ ကိုကျတော့ သူတစ်ချစ်တာက နောက်ထပ်တစ်နည်းနဲ့ ဖြစ်ပါတယ်။

သူ ပြဿနာဖြစ်တိုင်း အခက်အခဲတွေ့ ကြုံတွေ့ရတဲ့ အမြဲတမ်း တိုင်ပင်လို့ရတယ်။ အဖြေကောင်း တွေ ပေးတယ်။ ကူညီဖြေရှင်းဖို့အတွက် အမြဲအထောက် အကူ ဖြစ်စေပါတယ်။ ဒါကြောင့်မို့ သူ့ကိုလည်း မခွဲနိုင် ပါဘူး။ သူ့ရဲ့ ပထမ ဇနီး (မယားခေါင်ကြီး) ကိုကျတော့ သူမချစ်ပါဘူး။ ပထမ ဇနီး ကတော့ သူ့ကို ဂရုစိုက်ရှာပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ ရှိတယ်လို့တောင် အမျိုးသားက သတ်မှတ်ထားသူ မဟုတ်ပါဘူး။

တစ်နေ့တော့ ရောဂါတစ်ခုကြောင့် သေဆုံးခါနီးအချိန်ကို အမျိုးသား ရောက် ရှိလာပါပြီ။ သူ့သေဖို့ အင်မတန် ကြောက်ရွံ့လို့ သူ့ဇနီး လေးဦးထဲမှာ ဘယ်သူတွေ သူနဲ့ လိုက်မလဲလို့ မေးပါတယ်။
အငယ်ဆုံး (လေးယောက်မြောက်) ဇနီးက : မလိုက်နိုင်ပါဘူးရှင် လို့ ဖြေပြီး အခြားဘာမှ မပြောပဲ ထွက်ခွာသွားပါတယ်။

တတိယ ဇနီးက : ရှင်သေရင် ကျမ နောက်တစ်ယောက် ထပ်ယူရုံပဲလို့ ပေါ်တင်ပြောပြီး လှည့်ထွက် သွားပါတယ်။


ဒုတိယ ဇနီးက: ရှင်မသေခင်နဲ့ အုတ်ဂူမသွင်းခင်အထိတော့ ကျမ ပြုစုစောင့်ရှောင့်ပေးနိုင်ပါတယ်။ အတူသေပေးဖို့ ကတော့ ကျမလည်း မတတ်နိုင်လို့ ဝမ်းနည်းပါတယ်။

ပထမ ဇနီးက : ကျမ ရှင်နဲ့ လိုက်ပါမယ်။ ဘယ်တော့မှ မခွဲပါဘူး။
အဲ့တော့ သေလုမြောမြော အမျိုးသားက သူ့ပထမ ဇနီးကို ဂရုမစိုက်ခဲ့ရလေခြင်းဆိုပြီးတော့ နောင်တရပါတော့တယ်။ အကြောင်းက သူ့ပထမ ဇနီးကို သေချာ မပြုစု မကျွေးမွေးခဲ့လို့ ပိန်လို့ ပင်ပန်းနေရှာပါတယ်။ ဒါတောင် လိုက်ဖို့ သေချာဆုံးဖြတ်ထားသူ ဖြစ်နေလေရဲ့

သင်ခန်းစာ -
စတုတ္ထဇနီး ။ ။ အငယ်ဆုံး ဇနီးဆိုတာ မိမိတို့ နေ့စဉ် သယ်ဆောင်နေတဲ့ ကိုယ်ခန္ဓာဖြစ်ပါတယ်။ သေတဲ့တစ်နေ့ကျရင် ယူသွားလို့ မရပဲ ထားခဲ့ရပါမယ်။ မြေကြီးမှုန့်သာ ဖြစ်သွားပါလိမ့်မယ်။

တတိယ ဇနီး။ ။ မိမိတို့ အသက်ရှိရင် လက်ဝယ်ပိုင်ဆိုင်ထားတဲ့ စည်းစိမ် ဥစ္စာများ ဖြစ်ပါတယ်။ မိမိသေသွားတဲ့အခါ တစ်ပါးသူရဲ့ လက်ထဲကို ရောက်ရှိသွားပါလိမ့်မယ်။ မိမိ မပိုင်တော့ ပါဘူး။

ဒုတိယ ဇနီး။ ။ မိမိရဲ့ မိသားစုပါ။ အသက်ရှိစဉ်၊ အတူနေရစဉ် မိမိအတွက် အကောင်းဆုံး အကြံဥာဏ်များ ပေးအပ်ခြင်း၊ ကူညီပေးခြင်းတို့ ပြုလုပ်ပေးနိုင်ပေမယ့် အတူတော့ လိုက်သေနိုင်သူများ မဟုတ်ပါဘူး။ ကံရှိလို့သာ ဒီတစ်ဘဝမှာ တွေ့ဆုံ ကြုံတွေ့ ရခြင်း ဖြစ်ပါတယ်။

ပထမ ဇနီး။ ။
ပထမ ဇနီးဆိုတာ မိမိတို့ ပြုလုပ်တဲ့ ကံ ဖြစ်ပါတယ်။ ကံဆိုတာ မိမိတို့ ပြုလုပ်တဲ့ မကောင်းမှု၊ ကောင်းမှုများ ဖြစ်ပြီး သံသရာမှာ ကြင်လယ်နေရသေးသရွေ့ တစ်လှည့်စီ အကျိုးပေးနေမှာ ဖြစ်ပါတယ်။ မကောင်းမှု များများ ပြုထားသူဟာ မကောင်းတဲ့ ဝဋ္ဋ်ဒုက္ခများကို ကြုံတွေ့ ခံစားရမှာ ဖြစ်ပါတယ်။ ကောင်းတဲ့ အမှုကိစ္စများကို ပြုထားပါက ကောင်းတဲ့ ကံများ၊ ရလဒ်များကို ခံစားရမှာ ဖြစ်ပါ တယ်။ အကယ်၍ ဝိပဿနာ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်းဖြစ်တဲ့ တရားထိုင်ခြင်း၊ တရားအားထုတ်ခြင်းတို့ကတော့ မိမိကို သံသရာကနေ လွတ်ကင်းလို့ နိဗ္ဗာန် ရောက်ရှိစေမှာ ဖြစ်ပါတယ်။

ဒါကို လူအများစုဟာ မေ့လျော့ကြပြီး မိမိရဲ့ ဒီပထမ ဇနီး၊ ပထမ ခင်ပွန်းကို ပစ်ပယ်ထားလေ့ ရှိပါတယ်။ မပစ်ပယ်သည့်တိုင် မကောင်းမှုများမှာသာ မွေ့လျော်နေကြတာ များပါတယ်။ မိမိက မခေါ်ရင်တောင် ဘဝဆက်တိုင်းမှာ သူက လိုက်ပါလာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ယနေ့က စလို့ မိမိတို့ အနေနဲ့ ကောင်းမှု ကုသိုလ် နဲ့ ဝိပဿနာ ကုသိုလ်များကို စတင်ပြုလုပ်နိုင်ကြစေဖို့ အကြံပေး စေတနာဖြင့် ရေးသား တိုက်တွန်း လိုက်ရ ပါတယ်။

Credit : yoyarlay

Friday, August 29, 2014

ဒယ်အိုးလွတ် ဘုံလွတ် ဗုဒ္ဓလမ်းစဉ်


ပညာရှိတစ်ဦးရဲ့ ဆိုရိုးတစ်ခုရှိတယ်။ “နိုင်ငံတစ်ခုမှာ အကောင်းဆုံး အုပ်ချုပ်တဲ့အစိုးရက ဘယ်လို အစိုးရလဲဆိုတော့ အစိုးရဆိုတာ ရှိမှန်းကို မသိရတဲ့ အစိုးရ” တဲ့။ မီးပွိုင့်မှာ မော်တော်ပီကယ် ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ စည်းကမ်းလိုက်နာတယ်။ ရှိတယ်လို့ အထူးသိနေစရာမလိုဘူးလို့ ပြောတာနော်။ အဲဒီလိုပဲ ဦးဇင်းတို့ သာသနာလည်း ဒီအတိုင်းပဲပေါ့။ ဘုရားရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ ၊ ရှိတာမရှိတာ နှစ်ခုစလုံးကို အဓိကမထားပဲ ရှိတုန်းကလည်း ဒီလိုပဲ ၀ိနည်း စည်းကမ်းတွေ လိုက်နာရတာပဲ။

ပရိယတ် ၊ ပဋိပတ် ကြိုးစားတာပဲ။ မရှိရင်လည်း ဒီအတိုင်းပဲ ကြိုးစားနေမယ်ဆိုရင် ကိုယ့်တာဝန်ကို ကျေဖို့ အတွက် ဘုရားရှိတယ်နဲ့ မရှိဘူးဆိုတာကို အသိအမှတ်ပြုစရာကို မလိုတော့ဘူးပေါ့။ ဒီလိုဆိုရင် အကောင်းဆုံးပဲ သဘောပေါက်လားမသိဘူး။

ဟုတ်တယ်။ နိုင်ငံတစ်ခုမှာလည်းပဲ စည်းစနစ်ကျတဲ့နိုင်ငံဆိုတာ အစိုးရရှိတယ်လို့ ကို မသိသာဘူး ဆိုရင် အကောင်းဆုံးပဲ။ တစ်ချို့ နိုင်ငံတွေမှာဆိုရင် အဲဒီအတိုင်းပဲ။ မော်တော်ပီကယ်ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ စတော့ပ် ( Stop ) ဆိုတဲ့ ဆိုင်းဘုတ်တွေ့ ရင် ရပ်ကိုရပ်တယ်။ အဲဒီနေရာမှာ ဘီး လေးဘီးငြိမ်အောင်ကို ရပ်နေတာပဲ။ ဒီမှာတော့ အစိုးရဆိုတာ ရှိမှန်းက အတော်ကြီး သိသာနေတယ်။ မော်တော်ပီကယ်ရှိရင် တစ်မျိုး ၊ မရှိရင် တစ်မျိုး။ မရှိဘူးဆိုရင် မီးနီပြထားလည်း ဖြတ်လိုက်တာပဲ။

 အဲဒီအတိုင်းပဲ ဘာသာရေးရင့်ကျက်တဲ့ သူတစ်ယောက်ဟာ ငရဲနဲ့ နတ်ပြည်ဆိုတာ ရှိတယ်လို့  မထင်ရတော့ဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ ရင့်ကျက်သွားပြီ။ ငရဲနဲ့ နတ်ပြည်ရှိတယ်လို့ ကို သိစရာမလိုတော့ဘူး။ ငရဲရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ သူ့ အတွက် ဘာမှကို အရေး မကြီးတော့ဘူး။ ရှောင်သင့်တာကို ရှောင်မယ်။ ဆောင်သင့်တာကို ဆောင်မယ်။ ဒါဆို အတော် ရင့်ကျက်ပြီလို့ ဆိုရမယ်။ သဘောပေါက်လောက်ပါတယ်နော်။

ဦးဇင်းတို့ ကိုးကွယ်တဲ့ ဘုရားရှင်ရဲ့ အဆုံးအမက “ယုံကြည် ကျန်းမာ ရိုးဖြောင့်ကာ ၊ မှန်စွာအားထုတ်မူ ၊ ပညာတရား ဤငါးပါး ၊ ရှိငြားစွမ်းတဲ့သူ” ဆိုတဲ့အတိုင်း ယုံကြည်လေးစားမှု ၊ အားထုတ်နိုင်လောက်အောင် ကျန်းမာမှု ၊ ရိုးသားဖြောင့်မတ်မှု ၊ ကြိုးစားအားထုတ်မှု ၊ ထိုက်သင့်တဲ့ အသိဥာဏ်ပညာရှိမှု ဆိုတဲ့ ဒီအရည်အချင်း ငါးမျိုးနဲ့ ပြည့်စုံသူဖြစ်မယ်ဆိုရင် ဒီပုဂ္ဂိုလ်မျိုးဟာ ဒယ်အိုးနဲ့ လည်း ခြောက်စရာမလို ၊ နတ်ဘုံနဲ့ လည်းမြှောက်စရာမလိုဘူး။ သူ့ ယုံကြည်ချက်နဲ့ ၊ သူ့ အသိနဲ့ လိုက်နာသွားမှာ။ ဒါကိုပြောတာ။

အခုတော်တော်များများက အကုသိုလ် ဘာလို့ ရှောင်တာလဲဆိုရင် ငရဲကြီးမှာ ကြောက်လို့ ။ ဟုတ်တယ်မလား။ ငရဲကြီးမှာ ကြောက်လို့ ရှောင်တယ်ဆိုတော့ မော်တော်ပီကယ် အမြဲရှိနေလို့ ပေါ့။ မော်တော်ပီကယ်လစ်ရင် ဘယ်နှယ့်လုပ်မတုန်း။ မီးနီဖြတ် မောင်းသွားမှာပေါ့။ အဲဒီလိုပဲ ငရဲမကြီးတော့ဘူးဆိုရင် ဘယ့်နှယ့်လုပ်မတုန်း။ “ဘယ်သူ သေသေ ငတေမာရင် ပြီးရော” ဆိုတာမျိုး လုပ်တော့မှာပေါ့။ အဲဒီလို ပုဂ္ဂိုလ်အတွက်ကတော့ ငရဲကလိုနေတယ်။ နတ်ပြည်လည်း လိုရင် လိုနေလိမ့်မယ်။

ဒါပေမယ့် အတွေးအခေါ်အရ ကြည့်မယ်ဆိုရင်တော့ ဒါဟာ သူငယ်တန်းကျောင်းသား အဆင့်ပဲ။ ဟုတ်လား။ သူငယ်တန်းကလေးတစ်ယောက် ကျောင်းထားမယ်ဆိုလို့ ရှိရင် “ကျောင်းမပြေးနဲ့ နော်။ ပြေးရင် တုတ်ကြည့်ထား” လို့ ပြောတန်ပြောကြရတယ် မဟုတ်လား။ “ကျောင်းမှန်မှန်သွား ၊ ကျောင်းသွားရင် မုန့် ဖိုးလည်းပေးမယ်။ လွတ်အိတ်လည်း ၀ယ်ပေးမယ်” လို့  ပြောကြရတာရှိတယ်ပေါ့။

အဲဒီတော့ ဒီကလေးဟာ ဘာလို့ ကျောင်းမပြေးတာလဲဆိုရင် တုတ်ကြောက်လို့ ကျောင်းမပြေးဘူး။ မင်းဘာလို့ ကျောင်းမှန်မှန်တတ်တာတုန်းဆိုရင် မုန့်  ဖိုးလိုချင်လို့ ပဲ။ မူလတန်းအောင်ပြီးလို့  အလယ်တန်းရောက်တော့လည်းပဲ မင်း ဘာလို့  ကျောင်းမပြေးတာလဲဆိုရင် တုတ်ကြောက်လို့ ပဲ။ ဘာလို့ ကျောင်းမှန်မှန်တက်နေတာလဲဆိုရင် မုန့်  ဖိုးလိုချင်လို့ ပဲ။ အဲဒီလိုဖြစ်နေသေးရင် ဒီကျောင်းသားက အတန်းတွေသာ ကြီးလာတာ။ အသိက ကြီးမလာဘူး။ အတန်းတိုးပြီးတော့ အသိမတိုးရင် အလကားပဲပေါ့။

အခုလည်းပဲ ဘာသာရေး မူလတန်းအဆင့်မှာတော့ အကုသိုလ်လုပ်ရင် ငရဲကြီးတတ်တယ်လို့  ပြောရတယ်နော်။ ကုသိုလ်လုပ်ရမယ်။ ကုသိုလ်လုပ်မှ လူချမ်းသာရမယ်။ နတ်ချမ်းသာရမယ်လို့  ပြောရတာပေါ့။ အဲဒီလိုနဲ့ ပဲ အကုသိုလ်ကိုရှောင်သွားတယ်။ ကုသိုလ်ကို သူတတ်နိုင်သလောက် လုပ်ဆောင်သွားမယ်။ ဒါပေမယ့် အခု ဗုဒ္ဓဘာသာအရင့်အမာကြီးတွေဖြစ်နေတော့လည်း သူတို့ ဟာ အကုသိုလ်ကို ဘာလို့ ရှောင်သလဲဆိုရင် ငရဲကြီးမှာကြောက်လို့ ပဲ။ ကုသိုလ် ဘာကြောင့် ပြုရသလဲဆိုတော့လည်း လူနတ်ချမ်းသာ ရချင်လို့ ပဲဆိုရင် အတန်းသာ ကြီးတာ အသိက မကြီးသေးဘူး။

ကဲ အခုကော အကုသိုလ်ဘာလို့ ရှောင်နေသလဲဆိုရင် ငရဲကြီးမှာ ကြောက်လို့ ရှောင်တုန်းပဲလား။ အဲဒီလိုဆိုရင် မူလတန်းကကို မတတ်တော့ဘူးနော်။ ကုသိုလ်ရော ဘာလို့ လုပ်သလဲ။ မုန့်  ဖိုးရချင်လို့ ကျောင်းတက်တုန်းပဲလား။ ဟုတ်လားဗျာ။ အမှန်က ဘာလို့ ကျောင်းမပြေးတာတုန်း။ ကျောင်းပြေးရင် ပညာချို့ တဲ့မယ်။ ပညာချို့ တဲ့ရင် အတန်းလည်း မတက်ဘူး။ အသိလည်း မတိုးဘူး။ ဘာလို့ ကျောင်းတတ်လည်းဆိုရင် ကျောင်းမှန်မှန်တတ်မှ အတန်းလည်းအောင်မယ်။ အသိလည်း တိုးမယ်။ ပညာတတ်မယ်။ အဲဒီလိုဖြစ်ရမှာပေါ့။


အကုသိုလ်ဘာလို့ မလုပ်တာလဲဆိုရင် မကောင်းတဲ့အလုပ်ဖြစ်လို့ ။ အပြစ်ကင်းအောင် အကုသိုလ် ရှောင်တာ။ ဟုတ်ရဲ့ လား။ ကုသိုလ်ကို ဘာလို့ လုပ်သလဲဆိုရင် ကောင်းတဲ့အလုပ်ဖြစ်လို့  ။  အများကောင်းကျိုးဆောင်ဖို့ ကုသိုလ်လုပ်တာနော်။ အဲဒီလိုဖြစ်မှ အတန်းလည်း တက် ၊ အသိလည်းတိုးမှာ။ ဟုတ်ရဲ့ လား။ အဲဒီအထိတော့ နည်းနည်းကျေကျေလည်လည်ရှိပြီနဲ့  တူတယ်နော်။

ဆက်လက်ဖော်ပြပေးပါအုံးမယ်ခင်ဗျာ။

မှတ်ချက်။

မှော်ဘီမြို့ မင်္ဂလာတိုက်အတွင်း ကျင်းပပြုလုပ်သော သံဃာပူဇော်ပွဲ၌ ဆရာတော်ကြီးများ မိန့် ကြားတော်မူသည့် သြ၀ါဒကထာ စာအုပ် မှ ဓမ္မဘေရီအရှင်ဝီရိယ ( တောင်စွန်း ) ၏ ဒယ်အိုးလွတ်ဘုံလွတ် ဗုဒ္ဓလမ်းစဉ် သြ၀ါဒကထာ တရားတော်ကို ကိုယ်တိုင်ဖတ်ရှုမှတ်သား နာယူရင်း စာဖတ်သူမိတ်ဆွေများအတွက် တစ်ကယ်အနှစ်သာရရှိတဲ့ တရားဓမ္မများကို ပြန်လည်ကုသိုလ်ပြု ကောက်နုတ်တင်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ။

ထူးတင့်နိုင် ၂၂-၁၀-၂၀၁၂

Thursday, August 28, 2014

သူတော်စင်တို့၏ စိတ်ဓာတ်


သူတော်စင်တို့၏ စိတ်ဓာတ် 

“သဒ္ဓါဓာတ်ကြီးမားတဲ့ ပုဂ္ဂိုလ်တွေအတွက် လှူချင်စရာပစ္စည်းတွေဟာ အမြဲပိုနေ တက်တယ်၊ လောဘဓာတ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေအတွက် ယူချင်စရာပစ္စည်းတွေဟာ အမြဲလိုနေတက်တယ်” -- အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ)

           သူတော်စင်ဟူသည် မိမိကိုယ်ကျိုးထက် အများအကျိုး၊ သာသနာအကျိုးကို အားမာန်အပြည့်နှင့် ဆောင်ရွက်သူ၊ မိမိ၏ စိတ်သဏ္ဍာန်တွင်လည်း သီလ၊ သမာဓိ၊ ပညာ တည်းဟူသော သိက္ခာပုဒ်တို့၏ ပြည့်စုံသော သူကိုခေါ်ဆိုထိုက်ပါတယ်။ “သူတော်ကောင်းမှန် ကောင်းမှုကံပြုရန်လွယ်ပေသည်” ဆိုသည့် အလျှောက် သူတော်ကောင်းတို့သည် အများအကျိုးအတွက် ဆောင်ရွက်ရန်သာ အမြဲကြံစည် နေကြပါတယ်။ အခြေခံအားဖြင့် သဒ္ဓါ၊ သီလ အစရှိသော သူတော်ကောင်းတရား များကို မဖောက်မပြန်စောင့်ထိန်းနေပါလိမ့်မယ်။

သဒ္ဓါတရား (ယုံကြည်မှု) တရားသည် အလွန်အရေးကြီးပါတယ်။ မိမိကိုယ်ကို ယုံကြည်မှု မရှိသောသူသည် မည်သည့်အကြောင့်းနှင့်မျှ အောင်မြင်မှုရနိုင်မည်မဟုတ်ပါ။ ထို့အတူ ထေရ၀ါဒသာ သနာပြုမည်ဆိုရင် “သဒ္ဓါတရားကို အဖော်ပြု၍ ပညာကိုဆရာတင်” ရပါမယ်။ သဒ္ဓါနှင့်ပညာသည် အတွဲညီနေရပါမယ်။  ပညာမရှိပါက အလွဲယုံကြည်မှုများဖြစ် လာပါတယ်။ “ကံသာလျှင်အမိ၊ ကံသာလျှင်အဖ ဆိုတာကတော့လောကစကား” မျှသာဖြစ်ပါတယ်။ “ဥာဏ်သာလျှင်အမိ၊ ဥာဏ်သာလျှင်အဖ ဆိုတာကတော့ ဂေါတမဘုရားရှင်၏တရား” ပင်ဖြစ်ပါတယ်။

        ဒုလ္လဘတရား(၅)ပါး၌ မနုဿတ္တဘာဝေါ ဒုလ္လဘော ဆိုသည့်အတိုင်း လူဘ၀ ရရန်အလွန်ပင်ခက်ခဲလှပါတယ်။ ထိုကြုံတောင့်ကြုံခဲ ရခဲလှသော ဘ၀၌ သူတော် ကောင်းပီသစွာ နေထိုင်ကျင့်ကြံရန် သာ၍ပင် ခက်ခဲပါတယ်။ “သူတော်ကောင်းကို ကြည်ညိုတက်မှ သူတော်ကောင်းဖြစ်ပါမယ်”။ ဤနေရာ၌လယ်တီ ဆရာတော်ဘု ရားကြီး၏ အတုယူဖွယ် အကျင့်ကိုပြောပြလိုပါတယ်။ လယ်တီဆရာတော်ကြီးသည် စာရေး၊ စာချ၊ တရားဟောအလုပ်များဖြင့် မနားမနေ သာသနာပြုတော်မူခဲ့ပါတယ်။ (စာဖတ်သူများသိနှင့် ပြီးဖြစ်ပါလိမ့်မည်)။ 

သာသနာတော်အတွက် အလုပ်တွေ လုပ် နေတဲ့ အချိန်မှာဘဲ ဆရာတော်ကြီးက ကျောင်းတိုက်အတွင်းမှာ စာသင်နေတဲ့ စာသင်သား သံဃာတော် များသုံးရန်အတွက် ချိုရေ၊ သောက်ရေ၊ ကုဋီ(အိမ်သာ) သုံးရေများကို ညပိုင်မှာရေးခပ်၍ ဖြည့်ထားလေ့ရှိပါတယ်။ သံဃာတော်များက ဆရာတော်ကြီး ရေတွေထမ်းဖြည့်နေတာကို မသိပါဘူး။ တစ်ညမှာ ကိုယ်တော်တစ်ပါးက အပေါ့အပါးထသွားမှ ဆရာတော်ကြီး ရေထမ်းဖြည့်နေတာကို တွေ့ပါတယ်။

ထို့အပြင် မုံရွာမြို့ပေါ်က ဘုန်ကြီးကျောင်း(၂၀)မှာ သောက်ရေအခက်အခဲ ဖြစ်တာကြောင့် ဆရာတော်ကြီးကိုယ်တိုင် သောက်ရေအိုးထမ်းပြီး တစ်ကျောင်းကို တစ်အိုး နေ့စဉ်လှူခဲ့ပါတယ်။ ထိုသို့ သံဃာတော်များ သုံးရန်ရေထမ်းမှု၊ ဘုန်းကြီးကျောင်းများကို သောက်ရေထမ်းလှူတာဟာ တစ်ရက်၊ နှစ်ရက်၊ တစ်နှစ်၊  မဟုတ်ပါဘူး။ အနှစ်(၂၀)လုံး တစ်ရက်မျှမပျက်ဘဲ ရေးထမ်းလှူခဲ့ပါတယ်။ ဆရာတော်များက လယ်တီဆရာတော်ကြီးအား “သက်တော်၊ ၀ါတော်ကြီးပြီဖြစ်လို့ တပည့်တော်တို့ကို ရေထမ်းပြီးမလှူပါနဲ့တော့ အရှင်ဘုရား” ဟုလျှောက်ပါတယ်။

           ထိုအခါ လယ်တီဆရာတော်ကြီးက “အရှင်ဘုရားတို့… တပည့်တော်က ခန္ဓာကိုယ်ကို အငှား နွားလိုသဘောထားတာပါ၊ နွားပိုင်မရှိတဲ့ လယ်သမားတွေဟာ သူများနွားကို အခကြေးငွေပေးငှားပြီး လယ်ထွန်ရပါတယ်၊ အဲလို အခကြေးငွေ ပေးငှားပြီး ခိုင်းရရင် ကိုယ်ပေးတဲ့ ငွေနဲ့တန်အောင် ခိုင်းရပါတယ်၊ တန်အောင်မခိုင်းရင် ကိုယ်ရှုံးပါတယ်၊ ထိုနည်းတူ တပည့်တော်တို့ ယခုရနေတဲ့ ခန္ဓာကြီးဟာ ကုသိုလ်ဆိုတဲ့ ငွေနဲ့သေမင်းဆီက ခဏငှားထားရတာပါ၊ သေမင်းကို ပြန်မအပ် ခင်မှာ တပည့်တော်သည် ဒီခန္ဓာကြီးကို တန်အောင်ခိုင်းရပါလိမ့်မယ်၊ 

တပည့်တော်သည် ဘ၀အဆက်ဆက်က သားကျွန်၊ မယားကျွန် အဖြစ်နဲ့သေခဲ့တာ များပါပြီဘုရား၊ ဒီဘ၀မှာတော့ ဘုရားကျွန်၊ တရားကျွန်၊ သံဃာကျွန်၊ သာသနာ့ကျွန် အဖြစ်နဲ့သေပါရစေ” ဟုပြန်လည်မိန့်ကြားကာ အနှစ်(၂၀)ကာလပတ်လုံး လှူဒါန်းတော်မူခဲ့ပါတယ်။ ထိုသို့ရေလှူခဲ့သော အကျိုးသည် ယခုဘ၀မှာပင်ရရှိပါတယ်။ ဟသာင်္တမြို့မှာ မိုးခေါင်သောအခါ ဆရာတော်ကြီးကို တရားဟောဖိတ်ပါတယ်။ ဆရာတော်ကြီး ဟသာင်္တမြေပေါ် ခြေတစ်လှမ်းချလိုက်တာနှင့် မိုးရွာချပါတော့တယ်။

           စစ်ကိုင်းမြို့ ၀က်ချပ်မင်းကျောင်း ဆရာတော်ကြီးသည်လည်း လယ်တီဆရာ တော်ကြီးကဲ့သို့ပင် သာသနာအကျိုး ဆောင်ရွတ်တော်မူခဲ့ပါတယ်။ ဆရာတော်ကြီး ဧရာဝတီ မြစ်ထဲရေချိုးပြီး ပြန်လာသောအခါ ဆောင်းတွင်းဖြစ်ပါက မြစ်ထဲကမျော ပါလာတဲ့ သစ်ကိုင်းများ၊ ထင်များကို သံဃာတော်တွေ မီးလှုံဖို့ ယူလာပါတယ်။ နွေအခါဖြစ်ပါက သဲတွေကို ထုပ်ပြီး ထမ်းလာပါတယ်။ သံဃာတော်တွေ သဲနုနု လေးပေါ်မှာ ခြေနင်းရင် ကောင်းပါစေဆိုကာ ကျောင်းဝန်းအတွင်း သဲတွေဖြန့်ဖြူး ပေးပါတယ်။ 

ဆရာတော်ကြီးကျောင်းမှာ ရဟန်းတပါး ၀မ်းရောဂါဖြစ်သောအခါ ဘေးမှ ရဟန်းများက မပြုစုရဲပါဘူး။ ဆရာတော်ကြီးက ငါပြုစုမယ် ဟုဆိုကာ ပြုစုသော်လည်း ထိုရဟန်းမှာ သေဆုံးခဲ့ပါတယ်။ ထိုအခါ ဆရာတော်ကြီးက တခြားသံဃာတွေပြောရင် အအိပ်ပျက်၊ စာပေ၊ တရား အလုပ်ပျက် ဖြစ်မယ်၊ အဲဒီတော့ ငါတစ် ယောက်ဘဲ အလုပ်ပျက်ခံမည်ဟုဆိုကာ ပျံလွန်တော်မူသွားသော ရဟန်းကို သူပခုံးမှာ ထမ်းပြီး သင်္ချိုင်းသွား သဂြိုလ်ခဲ့ပါတယ်။

သူတော်စင်တို့၏ စိတ်ဓာတ် မည်မျှမြင့်မြတ် ပါသလဲဆိုတာ သိရှိနိုင်ပါတယ်။ သူများမလုပ် ချင်တဲ့ကုသိုလ်လုပ်မှ သူများမရတဲ့ကောင်း ကျိုးကိုရတက်ပါတယ်။ လူတွေဟာ များသောအားဖြင့် သူများမရနိုင်တဲ့ ကောင်းကျိုးချမ်းသာကို လိုချင်ကြပါတယ်၊ ဒါပေမဲ့ သူများမလုပ်ချင်တဲ့ ဝေယျာဝစ္စကုသိုလ် အလုပ်ကျတော့ မလုပ်ကြပါဘူး။ ဘာလို့လဲဆိုတော့ မာနကိလေသာကြောင့် ဖြစ်ပါတယ်။ ငါက ရာထူးရှိတယ်၊ ငါက ပိုက်ဆံရှိတယ်၊ ငါက နာမည်ကျော် ဒီအလုပ် ငါမလုပ်သင့်ဘူး ဆိုပြီး မာနစိတ်တွေ မထားသင့်ပါဘူး။ 

မိမိသည် ကိုယ်ကျိုး မဖက်ဘဲ အများအကျိုးအတွက် ဆောင်ရွက်နေတာဟာ မာနကိလေသာ ကိုသတ်နေတာပါပဲ။ မိမိတို့ရဲ့ ရှိနှင့်ပြီးသော သဒ္ဓါတရားကို ပိုမိုကောင်းမွန်လာအောင်ကျင့်ကြံ အားထုတ်ဖို့ လိုပါတယ်။ ဘ၀အဆက်ဆက်က လောဘရဲ့ ကျေးကျွန်ဖြစ်လာခဲ့တာ ကြပါပြီ။ လောဘရဲ့ ကျေးကျွန်ဖြစ်နေသ၍ သံသရာက မလွတ်နိုင်ပါဘူး။ ဒီဘ၀မှာ တော့ လောဘကိုကိုယ့်ရဲ့ကျေးကျွန်ဖြစ်အောင် ကြိုးစားရပါမယ်။

           မိမိတို့ရဲ့ကောင်းမွန်တဲ့ စိတ်အစဉ်ကို တည်ငြိမ်အောင် ထိန်းသိမ်းထားကြရပါမယ်။ စာဖတ်သူတို့ရဲ့ရင်ထဲက သဒ္ဓါပန်းတွေကို မညှိုးနွမ်းပါစေနဲ့လို့ တိုက်တွန်းပါရစေ။ ယခုအချိန်မှာ လိုအပ်နေသော အရာများစွာရှိပါတယ်။ မုန်တိုင်းဒဏ်ကို ခံလိုက် ရသော နေရာများကို အဖွဲ့အစည်းလိုက်၊ နေရာဒေသ အလိုက်စုဆောင်း လှူဒါန်း နေတာဟာ အင်မတန် မွန်မြတ်လှတဲ့ ပရဟိတ လုပ်ငန်းပဲဖြစ်ပါတယ်။

ထိုသို့ လှူဒါန်းရာတွင်လည်း အထက်တွင်ရေးသားခဲ့သော သူတော်ကောင်းတို့ရဲ့ စိတ်ဓာတ်ကို အတုယူစေချင်ပါတယ်။ မိမိတို့လှူဒါန်းသော ငွေကြေး၊ ပစ္စည်းတွေသည် စင်ကြယ်ပါတယ်။ စေတနာအပြည့်ရှိကြပါတယ်။ ကောင်းမှုလုပ်တဲ့အခါ အကုသိုလ် မ၀င်ရအောင် သတိတရားရှိကြပါစေ။ မိမိတို့လှူလိုက်တာကို အလှူခံပုဂ္ဂိုလ် ထံရောက်စေချင်တာ မလှူခင်စေတနာပါ။ ထိုစေတနာသည်ပင် ကုသိုလ်ဖြစ်နေပါ ပြီ။ လှူပြီးသော မိမိရဲ့အလှူဒါန ကိုလည်းမမေ့သင့်ပါဘူး။ မိမိအလှူ အပေါ်မှာ လိုချင်တမ်းမတ်မှု (တဏှာ)နှင့်ယှဉ်သောစိတ် နဲ့မဟုတ်ဘဲ မေတ္တာ၊ စေတနာနဲ့ ယှဉ်သောစိတ်ဖြင့်ပြန်လည် သတိရနေကြပါ။ ထိုစေတနာသည် လှူပြီးနောက် ဖြစ်သော စေတနာဖြစ်ပါသည်။ ထိုစေတနာသည်လည်း ကုသိုလ်စိတ်ပင်ဖြစ်ပါ တယ်။ လှူဒါန်းမှုပြု ကြရာတွင်လည်း နှလုံးသွင်းမှန်ဖို့အရေးကြီးပါတယ်။

မိမိသည် ဘာ့ကြောင့် လှူရသလဲဆိုသော ရည်မှန်းချက်လည်းရှိရပါမယ်။ မိမိသည် မွေးဖွား ခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း စတဲ့ဒုက္ခအားလုံးမှ လွတ်မြောက်ရာ နိဗ္ဗာန်ကိုသာ ရည်မှန်း၍လှူဒါန်းသင့်ပါတယ်။ မိမိတို့မရ ဘူးသေးသည်မှာ နိဗ္ဗာန်ချမ်းသာ သာ ကျန်ရှိပါတော့တယ်။ ထို့ကြောင့် မိမိတို့ လှူဒါန်းမှု သည်လည်း ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) ကိုသိ၍ ထိုဒုက္ခအပေါင်းမှ လွတ်မြောက်အောင် ရည်မှန်း၍ လှူဒါန်းကြစေချင်ပါသည်။ ဘုရားတည်၊ ကျောင်းဆောက်လုပ်သော ကုသိုလ်သာ လူအများလုပ်ချင်ကြပါတယ်။ မရှိ၊ နွမ်းပါး သူတို့ကိုပေးကမ်းသော ကုသိုလ်အလုပ် ကိုလုပ်သောသူကနဲပါတယ်။ တကယ့် သူတော်ကောင်းတို့သည် မိမိအကျိုး၊ မိမိရဲ့ ဂုဏ်သိက္ခာကို မငဲ့ပဲ အများအကျိုးကိုသာ ဆောင်ရွက်ကြသည်ကို အတုယူသင့်ပါ တယ်။

           စားဖတ်သူများလည်း သူတော်ကောင်းတရားများ ကျင့်ကြံပွားများ၍ သူတော် ကောင်းတို့သွားရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။…။
 “သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်…”


အောင်ဦး

Wednesday, August 27, 2014

အခြေခံကောင်းဘို့ လိုကြောင်းပုံပြင်


အခြေခံကောင်းဘို့ လိုကြောင်းပုံပြင်

တနေ့တွင် မင်းတုန်းမင်းတြားကြီးသည် ဗန်းမော်ဆရာတော်အား နန်းတော်သို့ပင့်ကာ ဆွမ်း လုပ်ကျွေးပြီး တရားဒေသနာ နာကြား၍အပြီးတွင် လျှောက်ထားသည်မှာ....

''တပည့်တော်အနေဖြင့် စိတ်ထဲတွင် မရှင်းလင်းသည့် ကိစ္စတရပ်ကို အခွင့်သင့်တုန်း လျှောက်ထားလို ပါသည်''
''မြတ်စွာဘုရားသည် သတ္တ၀ါများအား ကျောသားရင်သား မခွဲခြားဘဲ တရားရေအေး တိုက်ကျွေး ပါလျှက် အချို့ပုဂ္ဂိုလ်တို့သည် သရဏဂုံသာတည်၍ အချို့မှာ သောတာပန်၊ အချို့မှာ အနာဂါမ် တည်ကြသည်မှာ အဘယ်ကြောင့်ပါနည်း'' ဟု'' တပည့်တော်စဉ်းစား၍ မရနိုင်သဖြင့် အရှင်ဘုရား ရှင်းလင်းမိန့်ကြားပါရန် လျှောက်ထား အပ်ပါသည်ဘုရား''

ထိုအခါ ဗန်းနော်ဆရာတော်ကပြုံးရယ်တော်မူပြီးနောက် တကာတော်သိလိုသည့်အချက် အကွက် ကျကျ ဥပမာပြောရလျှင် ရှေးအခါက ရွာတရွာမှာ သူငယ်ချင်းနှစ်ယောက် ဗေဒင်ပညာကို အထူးပင်ဝါသနာပါ၍ ဒီသာပါမောက္ခဆရာထံ ဗေဒင်ပညာ သင်ယူဆည်းပူးရန်တိုင်ပင်၍ အတူပင် သွားကြလေသည်။

စွယ်စုံပညာကို သင်ကြားပေးနိုင်သည့် ဒီသာပါမောက္ခဆရာကြီးကရောက်ရှိလာကြသည့် တပည့် နှစ်ဦးအား.... ''မင်းတို့...ဘာပညာများ သင်ယူကြမှာလဲ'' ဟုမေးလေသည်။ ထိုအခါ တပည့်နှစ်ဦးက...
''ဗေဒင်ပညာကို အဓိကထားပြီး သင်ယူလိုပါသည်'' ဟုပြောလေရာ၊ ဆရာကြီးက ဗေဒင်ပညာကို အသားပေးပြီး သင်ကြားပေးလေသည်။ တပည့် နှစ်ဦးတို့သည် ဗေဒင်ပညာကို တစ်နှစ်ကျော်မျှ သင်ယူမိကြသောအခါ အတော်ကျေနပ်လောက်အောင်ပင် သင်ယူမိကြလေသည်။

ထို့နောက်သူငယ်ချင်းနှစ်ယောက်တို့သည် ဒီသာပါမောက္ခ ဆရာကြီးအား ခွင့်ပန်ပြီး မိမိရွာသို့ ပြန်လာခဲ့ကြသည်။ ဆရာကြီးကလည်း ဆုများပေးပြီး ပြဿနာရှိလျှင် လာခဲ့ကြဟု မှာကြား လေသည်။

သူငယ်ချင်းနှစ်ယောက်တို့သည် မိမိရွာသို့မရောက်မှီ လမ်းခုလပ်အကြား ရွာတရွာသို့ နေ၀င်ဖြိုးဖြ ရောက်ရှိသွားကြလေသည်။ ထိုရွာတွင် မိတ်ဆွေအသိတစ်ယောက်ရှိသည်နှင့် ၀င်ရောက် တည်းခို ကြသည်။ ၄င်းအသိမိတ်ဆွေအိမ်တွင် မိန်းမဧည့်သည်တစ်ယောက်လည်း ရောက်ရှိနေသည်။

သူငယ်ချင်းနှစ်ယောက်တို့သည် အိမ်ခံမိတ်ဆွေနှင့် စပ်မိစပ်ရာပြောကြရင်းက မိမိတို့သင်ယူလာ သည့် ဗေဒင်ပညာအကြောင်း ရောက်ရှိသွားကြသည်။ ထိုအခါ မိန်းမဧည့်သည်ကလည်း အပျိုရှာ ကညာတွေ့၊ အချိုရှာသကာတွေ့ ဖြစ်သွားလေသည်။
''နေပါအုံး...ဆရာလေးတို့ရဲ့ ကျမမေးစမ်းပါရစေအုံး'' ဟု မိန်းမဧည့်သည်က ကြားဖြတ်၍ မေးလိုက်လေသည်။
''ဟုတ်ကဲ့... မေးပါ... အလိုရှိတာကို မေးနိုင်ပါတယ်'' ဖိုးဖြေချင်... ဖိုးတွက်ချင်ဖြစ်နေကြသည့် လက်သစ်ဗေဒင်ဆရာနှစ်ဦးတွင် တဦးကပြောလိုက် ရာ...

''ကျမခင်ပွန်း အရပ်တပါးသို့ စီးပွားရှာသွားတာ နှစ်ခါလည်ကျော်သွားပြီ ဆရာလေးတို့ရဲ့၊ အဲဒါစာလဲမလာ လူလဲမရောက်ဖြစ်နေလို့ ဆရာလေးတို့တွက်ပေးစမ်းပါ '' ဟုပြောဆိုသည်။ ခုနှစ် သက္ကရာဇ် နေ့ရက်များမေးပြီး ပထမသူငယ်ချင်းက တွက်ချက်၍ ''ခင်ဗျားခင်ပွန်းသေပြီ '' ဟု ပြောလိုက်လေသည်။

ဒုတိယသူငယ်ချင်းကလည်း သူ့နည်းသူ့ဟန်နှင့်တွက်ချက်ပြီး ''ခင်ဗျားခင်ပွန်းသေတာမှ ကမ်းနား မှာ ကျားခဲလို့သေပြီ'' ဟု ပြောလိုက်လေသည်။

ထိုမိန်းမသည် နောက်တနေ့နံနက်တွင် ဗေဒင်ကိန်းအရ ကမ်းနားသို့သွားရှာရာ တကယ်ပင် မိမိ ခင်ပွန်း ကျားစားထားသည်ကို ကမ်းနားစပ်တွင် တွေ့ရတော့သည်။

ဤတွင်ပထမသူငယ်ချင်းသည် သူ၏ဟောချက် မတိကျမရေရာ၍ များစွာမကျေမနပ်ဖြစ်သွား သည်။
''ဟေ့... သူငယ်ချင်း ဆရာကြီးက ဗေဒင်ပညာကို မင်းကိုပိုပြီးသင်ပေးတယ်ကွ၊ငါ့ကျတော့ မရေရာ ဘူး'' ဟု ပြောလိုက်လေသည်။
''ဟ...သင်ပေးတာတော့ အတူတူရှိမှာပါပဲကွ၊ ငါ့ပိုပြီး သင်ပေးမယ် မဟုတ်ပါဘူး '' ဟု ဒုတိယ သူငယ်ချင်းက ပြောလေရာ...
''သင်ပေးတဲ့ အချိန်လဲအတူတူ၊ လက်ဆောင်အသပြာပေးရတာလဲအတူတူ၊ ငါတော့မကျေနပ်ဘူး ကွာ၊ ဆရာကြီးထံပြန်ပြီးမေးကြမယ်'' ဟု ပြောပြီး သူငယ်ချင်းနှစ်ယောက် တို့သည် ဒီသာပါမေက္ခ ဆရာကြီးထံ ပြန်လည်၍ သွားကြလေသည်။

ဒီသာပါမေက္ခဆရာကြီးသည် တပည့်နှစ်ယောက် ပြန်လည်ရောက်ရှိလာသည်ကို အကဲခတ်မိလေ သည်။ ဆရာကြီးက တပည့်တို့အား ''မင်းတို့... ခရီးလဲပမ်းလာကြတယ်၊ နားနားနေနေပေါ့ကွာ၊ မနက်လင်းမှပဲ စကားစံမည်ပြောကြတာပေါ့၊ ကဲအိပ်ကြအုံး၊ အိပ်ကြအုံး'' ဟု ပြောလိုက်သည်။

နံနက်ခင်း ဝေလီဝေလင်း လက်ကြားမမြင့်တမြင့် အချိန်တွင် ဆရာကြီးက '' ရော့... ဟောဒီ အရွယ် တူညီသည့်အိုးနှင့် မြေပေါ်မခသေးတဲ့ နှင်းရည်ကို ပြည့်အောင်ခတ်ခဲ့ကြ'' ဟု ပြောပြီး အရွယ်တူသည့် အိုးကလေးနှစ်လုံးကို တလုံးစီပေးလိုက်လေသည်။
တပည့်နှစ်ယောက်တို့သည် ရေးကြီးသုတ်ပြာ အိုးကိုယ်စီယူပြီး နှင်းရည်များသွားခံကြသည်။ ပထမ တပည့်က နှင်းရည်အမြန်ရလိုဇောဖြင့် သစ်ပင်တပင်မှတပင်ကူးပြီး အိုးကို အောက်ကခံကာ သစ်ကိုင်းများကို လှုပ်ချလေသည်။
ဒုတိယတပည့်မှာမူ ခေါင်းမှ ပုဝါကိုချွတ်၍ ၄င်းပုဝါနှင့်ပင် မြက်၊သစ်ပင်တို့အပေါ်မှ နှင်းရည်ကို စိုစွတ်စေပြီး အိုးထဲသို့ ညှစ်ထည့်လေသည်။

နေခြည်ရောက်၍ နှင်းပျောက်လာသည့်အခါ နှင်းရည်များကို ယူ၍မရတော့ချေ။ တပည့်နှစ်ဦးတို့ သည် မိမိတို့ရရှိသည့် နှင်းရည်ကို တဦးကိုတဦးကိုအား အသိမပေးဘဲ ဆရာကြီးထံပြန်၍ နှင်းရည်အိုးများ ပေးအပ်ကြလေသည်။ အိုးနှစ်လုံးထဲတွင် ပထမလူ၏ နှင်းရည်ကနည်း၍ ဒုတိယတပည့်၏ နှင်းရည်အိုးမှာ ပြည့်လုမတက် ရလာလေသည်။

ဤတွင်ဆရာကြီးက ''မင်းတို့ကို ပညာပေးတဲ့နေရာမှာတော့ အတူတူပေးတာပဲ၊ ပညာခံယူတဲ့ တပည့်ရဲ့ ဥာဏ်အပေါ်မှာသာ အဓိကဘဲ '' ဟုပြောပြီး တပည့်နှစ်ဦးအားပြန်လွှတ်ပေးလိုက်လေ သည်။

''ဒီဥပမာအတိုင်းဘဲ တကာတော်ရေမြေ့ရှင်ရဲ့၊ ဟောကြားတဲ့တရားကတော့ အတူတူပါပဲ၊ နာယူ မှတ်သားတဲ့ပုဂ္ဂိုလ်ရဲ့ အဇ္ဈာသယကသာ အဓိကဘဲ'' ဟု ဗန်းမော်ဆရာတော်က မင်းတုန်းမင်း တရားကြီးအား မိန့်ကြားလိုက်ရာ ဘုရင်မင်းမြတ်သည် များစွာ ကျေနပ်နှစ်သိမ့်သွားလေသည်။

စုချစ်

Tuesday, August 26, 2014

အောင့်မြဲအောင့်တော့တယ်


အောင့်မြဲအောင့်တော့တယ်

ဘ၀ရဲ့ "မရှိမဖြစ်အရည်အသွေး"တွေထဲမှာ သတ္တိဟာ ထိပ်ဆုံးက ပါပါတယ်။ သတ္တိထဲမှာလည်း ပြုလုပ်ရဲတဲ့  သတ္တိထက် ခံနိုင်ရည်ရှိမှု သတ္တိက ပိုပြီးအဆင့်အတန်း မြင့်တာပါ။ ပြုရဲတဲ့သတ္တိကို ပါဠိဘာသာနဲ့ "၀ီရိယ"လို့ခေါ်ပြီး၊ ခံယူရဲတဲ့ သတ္တိကိုတော့ "ခန္တီ"လို့ ခေါ်ပါတယ်။ အဲဒီ (၂)ခုလုံးစာ မြင့်မြတ်သူတို့လျှောက်လှမ်းရာ ပါရမီလမ်း ခရီးမှာတော့ မပါရင်မပြီးတဲ့ အရာတွေဖြစ်ပါတယ်။

         "ခန္တီပရမံ တပေါတိ တိက္ခာ၊ = အထက်တန်းကျမြင့်မြတ်တဲ့ အကျင့်တွေထဲမှာ ခန္တီဟာ အသာလွန်ဆုံးလို့ သြ၀ါဒပါတိမောက်မှာ ဗုဒ္ဓမြတ်စွာ ဟောမိန့်တော်မူခဲ့ပါတယ်။ ခန္တီတရားဟာ တကယ်တော့ ဘ၀ရဲ့မင်္ဂလာပါ။ သူ့မှာမြင့်မားတဲ့ ဂုဏ်သိက္ခာနဲ့ ထည်ဝါတဲ့ကျက်သရေရှိပါတယ်။ ကုသိုလ်ကောင်းမှုမှန်သမျှရဲ့ မူလရေသောက်မြစ်ဟာခန္တီပါ။ မြင့်မြတ်မှု အသီးအပွင့် မှန်သမျှဟာ ခန္တီပေါ်မှာ မှီတည်ပြီးမှ ရှင်သန်ပေါက်ဖွား လာကြရတာပါ။ သူတော်သူမြတ်တစ်ဦးရဲ့ ဂုဏ်ရည်ကို ဒီပေတံနဲ့ တိုင်းတာသတ်မှတ် ဆုံးဖြတ် နိုင်ပါတယ်။

      ခန္တီကိုသည်းခံခြင်းလို့ တိုတိုကျဉ်းကျဉ်း မြန်မာပြန်ဆိုနိုင်ပေမယ့် သူရဲ့ အနက် အဓိပ္ပါယ်ဟာ အလွန်ကျယ်ပြန့်ပါတယ်။ ပါဠိကျမ်းစာတွေကတော့ ခန္တီရဲ့ ပင်ရင်းအနက် အဓိပ္ပါယ်ကို "အဒေါသ= ဒေါသမရှိတဲ့ အခြေအနေ"လို့ ဖွင့်ဆိုပြောဆိုဖော်ပြကြပါတယ်။ ဆိုလိုတာကတော့ သာမန် ပုထုဇဉ်တွေမှာ မိမိကိုမိမိ ချစ်သူတွေကို၊ မိမိရဲ့ အခွင့်အရေး တွေကို သူတစ်ပါးက မတရားစော်ကား လွန်ကျူးလာရင် ဒေါသနဲ့လက်တုံ့ပြန်တတ်ကြ ပါတယ်။ သူတော်ကောင်းတွေမှာတော့ အဲဒီလိုမျိုး အစော်ကားခံရတဲ့အခါ ဘ၀နဲ့ လောကရဲ့သဘာဝ ဖြစ်ရပ်မှန်တွေကို နောကျေအောင် သိထားကြတာမို့ “အရာအားလုံးကို ခွင့်လွှက်ခြင်းဟာ အရာအရားလုံးကို နားလည်ခြင်းပဲဖြစ်တယ်" ဆိုတဲ့စကားပုံအတိုင်း  အခြေအနေ အရပ်ရပ်ကို ဒေါသမထွက် မေတ္တာမပျက်ဘဲ သည်းခံနားလည် ခွင့်လွှတ်နိုင်ကြပါတယ်။

    ဒါကြောင့် ခန္တီစစ်စစ်ဟာ တန်ခိုးအလွန်ကြီးပါတယ်။ တကယ်တော့ စိတ်နေ သဘောထား ကြီးမားခြင်းကို အလယ်မှာထားပြီး မေတ္တာ၊ ကရုဏာနှင့် ဉာဏ်ပညာတို့ကို တစ်ဖက်တစ်ချက်စီမှ ခြံရံကာ ထွက်ပေါ်လာတတ်တဲ့ ဒီ "ခန္တီ နတ်မင်းကြီး"ဟာ လောကပါလ- လောကကို စောင့် နတ်မင်းကြီး အစစ်ဖြစ်ပါတယ်။

ဒီနတ်မင်းကြီးကပဲ လောကမှာ အဓမ္မ၀ါဒတွေ မထွန်းကားအောင် အစွန်းမထွက်တဲ့ နည်းနဲ့ တားဆီး ကာကွယ် ပေးနိုင်မှာပါ။ အဓမ္မကို ဓမ္မနဲ့ပဲ အောင်မြင်နိုင်ပါတယ်။ ဒီအတွက် မတရားမှုတွေကို သည်းခံမှုနဲ့ပဲ သူတော်သူမြတ် အစဉ်အဆက်တို့ဟာ ပျောက်ကွယ် ချုပ်ငြိမ်းသွား စေခဲ့ကြတာ ဖြစ်ပါတယ်။

     သည်းခံခြင်း-ခန္တီတရားဟာ သူတော်ကောင်းတရားကို အင်အားဖြစ်စေပြီး ဘ၀ကို ချမ်းမြေ့စေပါတယ်။ ပတ်ဝန်းကျင်နဲ့ ဆက်သွယ်ကူးလူးမှုကို ချောမွေ့စေပြီး စိတ်ဓာတ်နဲ့ အသိဉာဏ်ကိုလည်း လွတ်လပ်ပွင့်လင်း ကြွယ်ဝပြည့်စုံစေပါတယ်။ သို့သော်ခန္တီဆိုတာ  ပါရမီစခန်း အကျင့် လမ်းဖြစ်တာမို့ အလွယ်တကူနဲ့တော့ ဖြစ်ပေါ်ရိုးထုံးစံမရှိပါ။ ပါရမီဆိုတာကလည်း အဆန်သဘောဖြစ်တာကြောင့် သူလိုငါလို လူတွေ အဖို့တော့ သည်းခံခြင်းဆိုတာ အပြောလွယ်သလောက် လက်တွေ့လိုက်နာဖို့ မလွယ်ကူတဲ့ကျင့်စဉ် တစ်ခုအဖြစ် မှတ်ယူနိုင်ပါတယ်။ ဒါပေမယ့် သူတော်ကောင်း ရာဇ၀င်မှာ နာမည်တွင်ကျန်ရစ် ခဲ့တဲ့ ပုဂ္ဂိုလ်မြတ်တွေကတော့ သည်းခံခြင်း တရားကို လက်တွေ့ ကျင့်သုံး အကောင် အထည်ဖော် သွားကြတာပဲဖြစ်ပါတယ်။

    ရင့်ကျက်မှုအနေအထားအရ သည်းခံပုံအနေအထားအမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ အပြုံးနဲ့ သည်းခံခြင်း။ အမုန်းနဲ့သည်းခံခြင်း၊ ချုပ်တည်း သည်းခံခြင်းလို့ သည်းခံပုံ(၃)မျိုးမှာ အပြုံးနဲ့ သည်းခံနိုင်ခြင်းဟာ ခန္တီအစစ်ဖြစ်ပါတယ်။ အမုန်းနဲ့သည်းခံခြင်းကတော့ "မနိုင်လို့သာသည်း ခံလိုက်ရတယ်၊ စိတ်ထဲမှာ နည်းနည်းမျှ မကျေနပ်ဘူး"ဆိုတဲ့ အငြိုး အတေး၊ "အာဃာတ" အမြစ်တွယ်နေတာမို့ ခန္တီအစစ်မဖြစ်နိုင်ပါ။ တစ်ခါတစ်ရံမှာ ဖြစ်ပေါ်လာတဲ့ အခြေအနေကို စိတ်တိုင်းမကျ မကြိုက်နှစ်သက်ပေမယ့် "ပညာရှိအမျက် အပြင်မထွက်"ဆိုတာမျိုးလို အောင့်အည်း သည်းခံ လိုက်ရတာလည်း ရှိတတ် ပါတယ်။ ဒါမျိုးကိုလည်း ခန္တီလို့ မခေါ်နိုင်ပါ။ အက္ကောဓ= အမျက်မထွက် (စိတ်မဆိုးမှု) လို့သာပဲ ခေါ် ဆိုနိုင်ပါတယ်။

     ဘာပဲဖြစ်ဖြစ် သူလို ငါ့လို ပုဂ္ဂိုလ်များထက် မြင့်မြတ်လိုသူတွေကတော့ သည်းခံခြင်း ခန္တီ တရားကို မလွဲမသွေ ကြိုးစားကျင့်ကြံနိုင်ဖို့လိုပါတယ်။ သည်းခံခြင်းနဲ့ မြင့်မြတ်ခြင်းဟာ အကျိုး အကြောင်း နိယာမ အနေနဲ လည်ပတ်နေတဲ့ စက်ဝန်းဖြစ်ရပ် တစ်ခုပါ။ သည်းခံခြင်းကြောင့် မြင့်မြတ်ပြီး၊  မြင့်မြတ်ခြင်းကြောင့်လည်း သည်းခံရပါတယ်။ ဒါကြောင့်ဘယ်သူမဆို မိမိတို့ ရောက်နေတဲ့နေရာကစပြီး ခန္တီပါရမီ လမ်းမပေါ်ရောက်အောင် ဖြည်းဖြည်းချင်း ကြိုးစား လျှောက်လှမ်းကြရမှာပဲ ဖြစ်ပါတယ်။

   "စောင့်ဆိုင်းသည်းခံခြင်းကို နားလည်တာဟာ အောင်မြင်ခြင်းရဲ့ အကြီးမားဆုံး လျှိုဝှက်ချက်ပါပဲ" လို့လည်း ပညာရှင်တစ်ဦးက ဆိုမိန့်ခဲ့ဖူးပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး၊ အမရပူရ(တောင်မြို့) မဟာဂန္ဓာရုံဆရာတော်(အရှင်ဇနကာဘိဝံသ)ပြော ပြခဲ့ဖူးတဲ့ ပုံပြင်တစ်ပုဒ်ကို သတိရမိပါတယ်။

တစ်ခါတုန်းက နေပြည်တော်ကြီးတစ်ခုရဲ့ ရွှေနန်းတော်ထဲမှာ ဇာတ်ပွဲသဘင် တစ်ခု ခင်းကျင်း ကပြသတဲ့။ အဲဒီညီလာခံကပွဲကို ဘုရင် မင်းမြတ်နဲ့တကွ မိဖုရား၊ မင်းညီမင်းသား၊ နန်းတွင်းသူ၊ နန်းတွင်းသားတွေ အားလုံးစုံညီလာရောက် ကြည့်ရှု ကြတာပေါ့။

    ဇာတ်အဖွဲ့ဟာ တစ်ညလုံးကြိုးစားပြီး ကပြကြပေမယ့် ဘယ်သူကမျှ ဆုတော်လာဘ်တော်များ မချဘူးတဲ့။ သန်းခေါင်ကျော်လို့ မိုးကဖြင့်လင်းခါနီးနေပြီ၊  ဒီတော့မင်းသမီးလုပ်တဲ့သူက အငြိမ့်ကရာကနေပြီးတော့ ၀မ်းနည်းတဲ့လေသံကလေးနဲ့ ထေ့စကား ငေါ့စကားများ ပြောကြားပါတယ်။

      ဒီအခါမှာ အငြိမ့်ပွဲထဲ မင်းသားလုပ်တဲ့သူက အားပေးတာပေါ့လေ။ ဘယ့်နှယ်တုံးဆိုတော့"အို ကွာ….ပရိသတ်တွေက ဆုတော်လာဘ်တော်များ မချလည်း ၀မ်းမနည်းပါနဲ့ ၊ တို့များ ကြိုးစားပြီး ကပြလာတာ ပွဲပေါင်းလည်းမနည်းတော့ပါဘူး။ အခုပွဲလည်း မိုးလင်းခါနီး နေပါပြီ။ အားပေးတာပေါ့။ အဲဒီအခါ မင်းသမီးက အသံကလေး စာစာစာစာနဲ့ " အောင့်မြဲဆက်ပြီး အောင့်ပါတော့မယ်"ဆိုတဲ့ အဓိပ္ပါယ်ပါတဲ့ သီချင်းကလေးတစ်ပုဒ်ကို ဟစ်ပြီးတော့ ဆိုလိုက်ပါသတဲ့။

   အဲဒီတော့မှ ပွဲကြည့်ပရိသတ်ထဲက ရှင်ဘုရင်သားတော်က ထပြီးဆုတစ်ဆုချသတဲ့။ ဘာလို့ဆုချ ရတာလဲ ဆိုတော့ အကြောင်းရှိပါသတဲ့။ "သူဟာ ခမည်းတော် ဘုရင်ကြီးကို လုပ်ကြံဖို့ ဘယ်တော့မှ စိတ်မကူးပါဘူးလို့ ငယ်စဉ်ကတည်းက အဓိဋ္ဌာန်လာခဲ့တာ။ ဒါပေမယ့် ခမည်းတော်က အခုအချိန်ထိ နန်းတော်ကို မလွှဲအပ်သေးလို့ ဒီညတော့လုပ်ကြံမယ်လို့ စိတ်ကူးနေပြီး။ ဒီလိုစိတ်ကူးနေဆဲမှာပဲ မင်းသမီးရဲ့ ဒီသီချင်းကို ကြားဖူးလိုက်ရလို့ ဖခင်ဘုရင်ကြီးကို မလုပ်ကြံတော့ပါဘူး။ ရှေးကလိုပဲ ဆက်လက်ပြီး အောင့်မြဲ အောင့်ပါတော့မယ်လို့ ဆုံးဖြတ်ပြီး ကိုယ့်အဓိဋ္ဌာန်ကို ခိုင်မြဲစေ တာကြောင့် မင်းသမီးကို ဆုချရတာပါ"တဲ့ အင်းအောင့်နိုင်လို့ တော်သွားတာပဲ။ မအောင့်နိုင်လို့ လုပ်ကြံမိသွားရင် ပြဿနာတွေ အများကြီး တက်သွားမယ်။ အောင့်နိုင်တာ အကောင်းဆုံးပဲ။

    တစ်ခါ ရှင်ဘုင်ရဲ့ သမီးတော်ကထပြီး ဆုချပြန်ရောတဲ့ ။ ဘာလို့ဆုချတာလဲ ဆိုတော့ "ကျွန်မဟာ တစ်သက်လုံး ယောင်္ကျားမယူဘဲ အပျိုစင်ဘ၀နဲ့ နေသွားတော့မယ်လို့ အဓိဋ္ဌာန်လာခဲ့တာ။ ဒါပေမယ့် မနေနိုင်လို့ ဒီကနေ့ညတော့ အမတ်ကြီးတစ်ဦးရဲ့ သားနဲ့ ခိုးရာလိုက်ပြေးမယ်လို့ အထုပ်ပြင်ထားပြီးပြီ၊ အခုတော့ ဒီသီချင်းသံကြားရလို့ သတိပြန်ပေါ်လာပြီး ဆက်ပြီးတော့ပဲ အောင့်မြဲအောင့်တော့မယ်။ ခိုးရာဖြင့် မလိုက်တော့ ပါဘူး"ဆိုပြီး မိမိရဲ့ အဓိဋ္ဌာန်မြဲသွားစေတဲ့အတွက် မင်းသမီးကို ဆုချရတာ ပါတဲ့။

    အဲသည်နောက် ပွဲကြည့်ပရိသတ်ထဲက လူပျိုကြီးတစ်ယောက်ကလည်း ထပြီးဆုချပြန်ရောတဲ့ ။ သူကရော ဘာလို့ဆုချရတာလဲဆိုတော့ သူကလည်း ဒီဘ၀အိမ် ထောင်မပြုဘဲ လူပျိုကြီးဘ၀နဲ့ တစ်သက်လုံးနေတော့မယ် ဆုံးဖြတ်ပြီး အဗြဟ္မစရိယ သိက္ခာပုဒ် စောင့်ထိန်းလာခဲ့တာ။ ဒီကနေ့ တော့ အခြေအနေအရ ကျူးလွန်မိတော့မလို့ အခုမင်းသမီးရဲ့ သီချင်းသံကြားရမှ သတိဝင်လာတာနဲ့ ဆက်ပြီးတော့ အောင့်မြဲအောင့်ပါ တောမယ်"လို့စိတ်ကို ပြင်လိုက်ရတယ်။ ကံကောင်းလို့ သိက္ခာပုဒ် မပျက်တာကိုတွေးမိပြီး ၀မ်းသာလို့ ဆုချရတာပါတဲ့။ ပုံပြင်ကတော့ ဒီနေရာပဲ အဆုံးသတ် သွားပါတယ်။

    ဒီပုံပြင်ကလေးနဲ့ စပ်ယှဉ်ပြီး ပြောပြချင်တာကတော့ လောကမှာ လူရယ်လို့ဖြစ် လာရင် ကလေးဘ၀ကတည်းကစပြီး ဖွားဖက်တော် လောကဓံနဲ့ ကစားရတော့တာပါပဲ၊ နှိမ်ချီတစ်ခါ မြှောက်ခှတစ်လှည့်၊ ချော့လိုက် ခြောက်လိုက်နဲ့ပဲ ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးသော ဒီလောကဓံတွေဟာ တော်တော်ပဲ ပေါင်းရသင်းရ ခက်ခဲလှပါတယ်။ မလွဲသာမရှောင်သာ တွေ့ကြုံ ရမြဲဖြစ်တဲ့ ဒီလောကဓံတွေကို အထိုက်အလျောက် သင့်တင့်အောင်ပေါင်းသင်းနိုင်မှသာ လောဘ၊ ဒေါသတို့ အဖြစ်နည်းပြီး မိမိတို့ဘ၀ လည်း သာယာချမ်းမြေ့နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အကြောင်းအားလျော်စွာတွေ့ကြုံ လာတတ်တဲ့ ဒီလောကဓံတရားတွေကို "မတည့်အတူနေ" သဘောမျိုး၊ အရှုံးပေးအညံ့ခံတဲ့ စိတ်သဘောထား မျိုးမထားဘဲ သဘောထားမှန်မှန်နဲ့ လက်ခံ ပေါင်းသင်းတတ်ဖို့ အရေးကြီးပါတယ်။

   ကောင်းဆိုးနှစ်တန် လောကဓံတွေနဲ့ ဆက်ဆံရာမှာသည်းခံခြင်း ခန္တီကအခရာကျပါတယ်။ သည်းခံလေ့ မရှိသူတွေဟာ လောကဓံနဲ့ ကြုံတဲ့အခါမှာ အလွယ်တကူပဲ စိတ်ကြွ၊ စိတ်ကျလေ့ ရှိပါတယ်။ သည်းမခံ စိတ်မရှည်ခြင်းဟာ မိမိရဲ့နှလုံးသားနဲ့ အသိဉာဏ်ကို အကျဉ်းကျစေပြီး စိတ်ဓာတ်နဲ့အသိဉဏ်ဖွဲ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေပါတယ်။ သူတော်ကောင်းတရားနဲ့ ဘ၀အောင်မြင်မှုကိုလည်း ပျက်စီး ပျောက်ကွယ်စေပါတယ်။ သည်းခံခြင်း ခန္တီကတော့ နှလုံးသားနဲ့ အသိဉာဏ်ကို လွတ်လပ်ပွင့်လင်း ဖြူစင်စေပြီး ဘ၀ကို သူတော်ကောင်းတရားနဲ့ ကြွယ်ဝ ပြည့်စုံစေပါတယ်။

     စစ်မှန်တဲ့ အောင်မြင်မှုဆီကိုလည်း ရှေးရှုဦးတည်စေပါတယ်။ ဒါကြောင့် ပါရမီအဖြစ် မရင့်ကျက်သေးရင်တောင်မှ ဘာပဲဖြစ်ဖြစ် ပုံပြင်ထဲက လူတွေလို "အောင့်မြဲအောင့်နိုင်" တာဟာ မိမိတို့အတွက် ခန္တီပါရမီရဲ့ အခြေခံဖြစ်ကြောင်း ပြောပြချင်ပါတယ်။

တော်ဝင်နွယ်

Monday, August 25, 2014

နတ်ပြည်ရောက်ကြောင်းတရားများ


နတ်ပြည်ရောက်ကြောင်းတရားများ 

သုခဘုံတွေဖြစ်တဲ့ နတ်ပြည်လောကဆိုတာ ကောင်းကင်အထက်မှာ ရှိတယ်။ ဒီချမ်းသာတဲ့ ဘုံဘ၀ကို ချမ်းသာခြင်းကို အလိုရှိတဲ့ လူသားတွေအနေနဲ့ ရောက်ချင်တဲ့သူတော့ အားလုံးပဲဖြစ်တယ်။ ဒီတော့ ဒီဘ၀ကထွက်ခွာ နောင်ဘ၀ကိုရောက်ရှိတဲ့အခါ ချမ်းသာချင်ကြမှာပဲ။ ဒီတော့ ချမ်းသာတဲ့ဘုံဘ၀ကို ရောက်ရှိအောင် ဘယ်လိုအရာတွေ လုပ်သင့်သလဲ၊ ပြုကျင့်ထိုက်သလဲ၊ ဘယ်လိုလုပ်ရမလဲ…လို့ တွေးမိသွားတယ်။

တွေးမိနေရင်းပါပဲ ဓမ္မပဒပါဠိတော် တစ်ပုဒ်ကို အမှတ်ရပြီး ရွတ်ဆိုမိလိုက်ပါတယ်။ ဒါကြောင့် ဒီဘ၀တင်မက နောင်ဘ၀တိုင်းမှာပါ ကိုယ်ချမ်းသာ စိတ်ချမ်းသာခြင်းကို အလိုရှိတဲ့ စာဖတ်သူတို့ကို သုခဘုံ-ချမ်းသာခြင်းကို ရရှိစေမယ့် ဘုံဘ၀ကို ရောက်စေတတ်တဲ့ အကြောင်းတရားလေးတွေ ပြောပြချင်မိသွားပါတယ်။ အဂတိလေးပါးကို မလားရောက်ချင်တဲ့သူတွေ၊ သုဂတိဘ၀တွေကို စံစားချင်တဲ့သူတွေအတွက် သိရှိထားပြီး လိုက်နာကျင့်ကြံဖို့ ကောင်းပါတယ်။

ပါဠိစာပေတွေနဲ့ တွေ့ရတာဟာ ဘုရားနဲ့တွေ့ရတာနဲ့ အတူတူပဲ၊ စာတစ်လုံး ဘုရားတစ်ဆူဆိုပြီး ပါဠိစာပေတစ်လုံး ရွတ်ဆိုလိုက်တာဟာ ဘုရားရှင်ကို ပူဇော်တာနဲ့ အတူတူပဲ။ ဒီတော့ အကျိုး ကျေးဇူးတွေ ရရှိစေတယ်ဆိုတဲ့ ပညာရှင်တို့အဆိုအရ ဗုဒ္ဓမြတ်စွာနဲ့ တွေ့ရအောင်၊ အကျိုးကျေးဇူးတွေ ရရှိအောင် ဗုဒ္ဓမြတ်စွာရဲ့ မူရင်းစကားတော်လေးကို အရင်ဦး ရွတ်ဆိုကြရအောင်ပါ။

“ သစ္စံ ဘဏေန ကုဇ္စျေယျ၊ ဒဇ္ဖာ အပ္ပမ္ပိ ယာစိတော၊ ဧတေဟိ တီဟိ ဌာနေဟိ၊ ဂစ္ဆေ ဒေ၀ါန သန္တိကေ။”

အရှင်မောဂ္ဂလာန်ဟာ တန်ခိုးတော်ဖြင့် သူတစ်ပါး၏ ချမ်းသာခြင်းကို ရှာဖွေလေ့ရှိပါတယ်။ ဘယ်လိုလဲဆိုတော့ တန်ခိုးတော်ဖြင့် ငရဲပြည်ကိုကြွတော်မူပြီး အေးမြအောင် ဖန်ဆင်းကာ ငရဲသား တို့ကို သက်သာရာရစေပါတယ်။ လှည်းဘီပမာဏခန့်ရှိတဲ့ ကြာပွင်ကြီးကို ဖန်ဆင်းပြီးတော့ ထိုကြာပန်းပေါ်ထိုင်ကာ ငရဲသားတွေကို တရားဟောကြားပါတယ်။ နတ်ပြည်ကိုလည်း ကြွရောက်ပြီးတော့ နတ်တို့ရဲ့ ကုသိုလ်ကောင်းမှု့များကို ထုတ်ဖော်ကာ သစ္စာလေးပါးတရားတော်ကို ဟောကြားတော်မူလေ့ရှိပါတယ်။ နောက်ပြီးတော့ လူ့ပြည်မှာရှိတဲ့ ဒကာ ဒကာမတွေကို ငရဲပြည်၏ ဆင်းရဲကြီးမားပုံ၊ နတ်ပြည်၏ ချမ်းသာကြီးမားပုံတို့ကို ဟောပြောပြကာ ထိတ်လန့်စေပြီး သာသနာတော်ကို သဒ္ဓါကြည်ည်ညိုစေပါတယ်။

ဒီလိုပဲ တစ်နေ့ကျတော့ အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးက နတ်ပြည်ကိုကြွရောက်ပြီး တော့ နတ်ပြည်မှာ ခန့်ငြားလှတဲ့ ဘုံဗိဗ္မာန်တွေမှာ စံစားပျော်ပါးနေတဲ့ နတ်တွေဆီချဉ်းကပ်ပြီးတော့ “အသင်နတ်သမီး….၊ သင်၏ ဘုံဗိမာန်နန်းဟာ ခမ်းနားထည်ဝါလှပပါပေတယ်။ သင်၏ စည်းစိမ်း ချမ်းသာဟာ အလွန်တရာကြီးမြတ်လှပါပေတယ်။ လှု့ပြည်တုန်းက ဘယ်လိုကောင်းးမှု့တွေကို ပြုလုပ်ခဲ့ဖူးလို့ ဒီလို ခမ်းနားထည်ဝါလှတဲ့ ဗိမာန်စည်းစိမ်ကို ရရှိပါသလဲ။” လို့မေးမြန်းပါတယ်။

ဒီတော့ အမေးခံရတဲ့ နတ်သမီးက လူ့ဘ၀တုန်းက ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှု့ဟာ အလွန် နည်းပါးလှတယ်လို့ တွေးထင်ပြီးတော့ ရှက်မိတာကြောင့် “အရှင်ဘုရား…….၊ တပည့်တော်မကို မမေးပါနှင့်လားဘုရား…။ လူ့ပြည်တုန်းက တပည့်တော်မပြုခဲ့တဲ့ ကုသိုလ်ကောင်းမှု့ဟာ အလွန်တရာမှ နည်းပါးလွန်းလှပါတယ်ဘုရား….။”လို့ ပြန်လျှောက်တော့ အရှင်မောဂ္ဂလာန်က “နတ်သမီး…၊ ဘယ်လိုကုသိုလ်ကောင်းမှု့ကို ပြုလုပ်ခဲ့တယ်ဆိုတာသာ ပြောမှာသာ ပြောပါ။”လို့ တိုက်တွန်း စကား အမေးထားပြန်လေတော့ နတ်သမီးက အခုလိုလျှောက်ထားပါတယ်။  

“အရှင်မြတ်ဘုရား……၊ တပည့်တော် လူ့ဘ၀တုန်းက အလှုဒါနကိုလည်း မပြုလုပ်ခဲ့ဖူးပါဘုရား…..။ ဘုရားအမှုးရှိတဲ့ သံဃာတော်အရှင်မြတ်များကိုလည်း ပူဇော်လုပ်ကျွေးခြင်းမျှကိုလည်း မပြုလုပ်ခဲ့ဖူးပါဘုရား…..။ ဘုရားရှင်ဟောကြားတဲ့ တရားဒေသနာကို မနာကြားခဲ့ဖူးသလို သံဃာတော် အရှင်မြတ်များ ဟောကြားပြသတဲ့ ဓမ္မများကိုလည်း မနာကြားခဲ့ဖူးပါဘုရား..။ တကယ်တော့ တပည့်တော်မသည် မုသားစကားမပြောမိအောင် စောင့်ထိန်းခဲ့ပါတယ်။ မှန်သော သစ္စာစကားကိုသာ အမြဲတမ်းပြောဆိုခဲ့ပါတယ်ဘုရား….။ ဒီမှန်ကန်သော သစ္စာစကားကို ပြောဆိုခြင်း (သီလ)ကြောင့် ဒီစည်းစိမ်ချမ်းသာကို ရရှိပါတယ် အရှင်ဘုရား…..။” လို့ ပြန်လျှောက်ထားလိုက်ပါတယ်။

ဒီနေရာမှာ ဆန့်ကျင်ဘက်စကားအနေနဲ့ ပြန်ကောက်ယူပြီး နားလည်ကြည့်မယ်ဆိုရင် မုသား စကားပြောကြားတဲ့သူများဟာ ချမ်းသာမှု့ကင်းတဲ့ ငရဲတွင်းမှာ သက်ဆင်းရမယ်ဆိုတာ နားလည်နိုင် ပါတယ်။ အတတ်နိုင်ဆုံးပေါ့ မိမိမှာ အလှုဒါနပြုစရာ ဘာတစ်ခုမှ မရှိစေဦးတော့ စိတ်မပျက် လိုက်ပါနဲ့၊ သစ္စာစကားကိုသာ ထာဝရပြောဆိုမိအောင် ကျင့်သုံးလိုက်ပါ။ သစ္စာစကားရဲ့ စွမ်းအားကို ဒီနတ်သမီးက သက်သေပြနေပြီ မဟုတ်ပါလား။ နောက်ပြီးတော့ မြတ်ဗုဒ္ဓရဲ့ စကားတစ်ခုရှိပါသေးတယ်။ ဒါကတော့ “အဘူတံ ၀ါဒိ နိရယံ ဥပေတိ-မုသားစကားပြောကြားတဲ့သူတွေဟာ ငရဲသို့ ကျရောက်တတ်တယ်။”လို့ ဟောကြားထားပါတယ်။ 

စေတိယဇာတ်မှာ အရှင်ဒေ၀ဒတ်လောင်းဖြစ်တဲ့ စေတိယမင်းကြီး လိမ်ညာပြောဆိုပွဲကြီးကို ခမ်းခမ်း နားနားကျင်းပပြီး ပြောဆိုလိမ်ညာမိလို့ မြေမျိုခြင်းကို အရှင်လတ်လတ်ခံသွားရဖူးတဲ့ သာဓကလည်း ရှိပါသေးတယ်။ ဒါကြောင့် မုသားစကားကို ဘယ်တော့မှ မပြောမိအောင် စောင့်ထိန်းသင့်ပါတယ်။

နောက် အရှင်မောဂ္ဂလာန်မထေရ်မြတ်က တစ်ခြားဘုံဗိမာန်ရှိရာကို ကြွရောက်ပြီးတော့ အထက်က အတိုင်း “နတ်သမီး……။ သင်၏ စည်းစိမ်ချမ်းသာဟာ အလွန်ကြီးကျယ်လှပေတယ်။ အဘယ်သို့ သော ကောင်းမှုကုသိုလ်များကို ပြုလုပ်ခဲ့တဲ့အတွက် ဒီနတ်စည်းစိမ်းချမ်းသာကို ရရှိပါသလဲလို့” မေးမြန်းပြန်ပါတယ်။

ဒီတော့ နတ်သမီးက “အရှင်မြတ်ဘုရား…။ တပည့်တော်မသည် ကဿပမြတ်စွာဘုရား လက်ထက် တော်အခါက သူတစ်ပါးအိမ်မှာ ကျွန်မတစ်ယောက် ဖြစ်ခဲ့ပါတယ်ဘုရား။ တပည့်တော်မ၏ အရှင်သည် အင်မတန်ရက်စက်ကြမ်းကြုတ်လှပါတယ်။ အမြဲတမ်းဆဲဆိုကြိမ်းမောင်းတတ်သလို ဒေါသအလျောက် တွေ့ရာ သစ်သားနဲ့လည်း တပည့်တော်မ၏ ဦးခေါင်းကို ရိုက်ခွဲလေ့ရှိပါတယ်။

သူဘယ်လောက်ပဲ ဆဲဆို ကြိမ်းမောင်းကြိမ်းမောင်း၊ ရက်စက်ကြမ်းကြုတ်ကာ ရက်စက်ရက်စက် တပည့်တော် အရှင်ကို ဘယ်တော့မှ အမျက်ပြန်ထွက်လေ့မရှိခဲ့ပါဘူးဘုရား…။ တပည့်တော်မ ဒေါသမဖြစ်အောင် စောင့်ထိန်းခဲ့ပါတယ်။ ဒီကုသိုလ်ကောင်းမှု့ကြောင့် တပည့်တော်မ အခုလို နတ်စည်းစိမ်းကို ရရှိပါတယ် အရှင်ဘုရား…..။” လို့ လျှောက်ထားပါတယ်။ ဒေါသနဲ့ သေရင် ငရဲရောက် ဆိုသလိုပါပဲ…။ ဒေါသကြီးသူတွေ…ဒေါသနဲ့ သေလွန်တဲ့သူတွေအတွက်တော့ နားရမယ့် စခန်းဟာ ငရဲခန်းပဲရှိပါတယ်။ 

ဒီတော့ ဒေါသမဖြစ်အောင် အတတ်နိုင်ဆုံးနေလိုက်ပါ။ ဒေါသစိတ်များ ဖြစ်ပေါ်လာမှန်း မိမိကိုယ်မိမိ သိလာတဲ့အခါ မေတ္တာဘာဝနာသာ များများပွားများလိုက်ပါ။ မေတ္တာဘာဝနာ အဖန်ဖန် ပွားများခြင်းဖြင့် ဒေါသကို ပယ်ဖျောက်လိုက်ပါ..လို့ ၀ိသုဒ္ဓိမဂ်မြန်မာပြန်မှာဆိုထားပါတယ်။ “မိမိကို ဒေါသထွက်နေတဲ့သူကို ပြန်ပြီးတော့ ဒေါသဖြင့်တုန်ပြန်လိုက်မယ်ဆိုရင် အဲဒီပထမသူထက် ပိုပြီးတော့ ယုတ်မာတဲ့သူဖြစ်တယ်..”လို့ ဗုဒ္ဓက ဆိုထားပါတယ်။ ဒီနေရာမှာ ဒေါသရဲ့ အပြစ်တွေ တော့ အကျယ်မပြတော့ပါဘူး။ အရှင်သာရိပုတ္တရာရဲ့ ကောင်းကွက်လေးတွေ ရှာဖွေပြီးတော့ ဒေါသဖြေဖျောက်နည်းကိုပဲ ပြောပြပါမယ်။

အရှင်သာရိပုတ္တရာသည် သူတစ်ပါးအား အမျက်မရှိရာသော တရားကိုလည်း ဟောကြားတော် မူလေ့ရှိပါတယ်။။ အမျက်မရှိသူ၏ အကျ့င်ကိုလည်း ကိုယ်တိုင်ကျင့်တော်မူလေ့ရှိပါတယ်။

၁။ ပံသကူကောက်သူသည် ကောင်းရာကိုသာယူ၍ မကောင်းရာကို ဖယ်ရှားပစ်သကဲ့သို့ ကိုယ်ကျင့်မကောင်းဘဲ နှုတ်ထွက်မျှကောင်းသူ ဖြစ်မူကား ကိုယ်ကျင့်ကို မရေတွက်ဘဲ နှုတ်ထွက်မှု ကိုသာ နှလုံးသွင်း၍ အမျက်ရန်ငြိုး ငြိမ်းစေရာ၏။

၂။ ရေညှိမြှေးနေသော ရေကန်ကို ရေညှိကိုဖယ်၍ ရေကြည်ကို သောက်သကဲ့သို့ နှုတ်ထွက် မကောင်းဘဲ ကိုယ်ကျင့်ကောင်းသူ ဖြစ်မူကား နှုတ်ထွက်မှုကို မရေတွက်ဘဲ ကိုယ်ကျင့်ကောင်းသည် ကိုသာ နှလုံးသွင်း၍ အမျက်ရန်ငြိုး ငြိမ်းစေရာ၏။

၃။ နွားခြေရာကွက်မှ ရေကို ရေအလွန်ငတ်သူသည် လက်ဖြင့်ခပ်၍ မသောက်သာသဖြင့် ရွှံညွန် အလူးခံကာဝပ်၍ သောက်သကဲ့သို့ အကျင့်လည်းမကောင်း နှုတ်ထွက်လည်းမကောင်းသူကို တစ်ခါတစ်ရံ စိတ်နှလုံးကြည်ဖွယ် ရှိငြားမူကား စိတ်နှလုံးကြည်ခြင်းကို အကြောင်းပြု၍ အမျက်ရန်ငြိုး ငြိမ်းစေရာ၏။

၎။ တောခရီး၌ အထီးကျန်သူသည် ဆေးဝါးလည်းမရ၊ ရောဂါလည်း အနှိပ်စက်ခံနေရ၏။ ထိုသူကို မြင်သူအပေါင်းသည် မသနားဘဲ မနေနိုင်ရာ။ ဤသို့ နှလုံးကြည်ဖွယ် မဟုတ်စေကာမူ သနားကာမျှ သနားမှု၍ အမျက်ရန်ငြိုး ငြိမ်းစေရာ၏။

မေတ္တာထားပြီးတော့ ကောင်းကွက်လေးတွေကို မြင်အောင်ကြည့်ပြီး ဒေါသအမျက်ကို ငြိမ်းစေတဲ့ သဘောပါ။ အင်မတန်မှ လိုက်နာကျင့်ကြံဖို့ ကောင်းတဲ့ အရှင်သာရိပုတ္တရာရဲ့ အဆုံးအမတစ်ခုပါပဲ။

အခြားဘုံဗိမာန်တစ်ခုဆီကို ကြွရောက်ပြီးတော့ အရှင်မောဂ္ဂလာန်မထေရ်က မေးပြန်ပါတယ်။ ဒီနတ်သမီးက “အရှင်မြတ်ဘုရား…။ လူ့ဘ၀တုန်းက တပည့်တော်မသည် ဆင်းရဲတဲ့ ကြံခင်းစောင့် တစ်ယောက် ဖြစ်ခဲ့ပါတယ်ဘုရား…။ ကြံခင်းစောင့်နေစဉ် ရဟန်းတော်တစ်ပါးကြွလာတာကို တွေ့မြင်ပြီးတော့ စေတနာထက်သန်စွာဖြင့် ကြံတစ်ချောင်းကို လှူဒါန်းခဲ့ဖူးပါတယ်။ ဒီကြံ တစ်ချောင်းကို လှုဒါန်းတဲ့ အနည်းငယ်မျှသော ဒါနကုသိုလ်ကောင်းမှု့ကံကြောင့် ဒီနတ်စည်းစိမ်း ချမ်းသာကို ရရှိပါတယ် အရှင်ဘုရား…။ ”လို့ လျှောက်ထားပါတယ်။ လောကဆိုးရိုးစကား တစ်ခုရှိပါတယ်။ ညောင်ပင်ကြီးလောက်လှုပေမယ့်လည်း ညောင်စေ့လောက်ရတတ်တယ်။ ညောင်စေ့လေးလောက် လှူပေမယ့်လည်း ညောင်ပင်ကြီးလောက် ရတတ်တယ် ဆိုတာ။ ဒါဟာ စေတနာအပေါ်မူတည်သွားတာပါ။

ဒီနတ်သမီးသုံးယောက်ထံမှ အဖြေစကားကို ကြားသိပြီးတော့ အရှင်မောဂ္ဂလာန် ကိုယ်တော်မြတ် ဟာ လူ့ပြည်ပြန်ကြွကာ ဗုဒ္ဓမြတ်စွာထံသို့ ချဉ်းကပ်ပြီးတော့ “ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား….။ မှန်သောစကားကို ပြောဆိုရုံမျှနဲ့၊ အမျက်ဒေါသမထွက်အောင် စောင့်ထိန်း ကာမျှနဲ့၊ အနည်းငယ်မျှသော ဒါနကောင်းမှု့ကို ပြုလုပ်ကာမျှနဲ့ နတ်စည်းစိမ်ချမ်းသာများကို ရရှိနိုင်ပါ သလား ဘုရား………။”လို့ လျှောက်ထားပါတယ်။

ဒီတော့ မြတ်စွာဘုရားက “ချစ်သား မောဂ္ဂလာန်…။ ဘာကြောင့် ငါဘုရားကို ပြန်မေးနေရတာလဲ…။ သင်ချစ်သားကိုယ်တိုင် နတ်သမီးတို့ရဲ့ အဖြေစကားကို ကြားသိခဲ့ရပြီမဟုတ်လား…။ ချစ်သား… အနည်းငယ်မျှသော ကုသိုလ်ကောင်းမှု့ပြုလုပ်ရုံနဲ့ နတ်စည်းစိမ်ချမ်းသာကို ရရှိနိုင်ပါ့မလားလို့ သင်ချစ်သား… သံသယမပွားလိုက်ပါနဲ့။ အနည်းငယ်မျှသော ကုသိုလ်ကောင်းမှု့ကံကြောင့် နတ် စည်းစိမ်ကို ဧကန်ရရှိနိုင်ပါတယ်။ သူတစ်ပါးအား အမျက်မထွက် မေတ္တာပွားများရုံနဲ့လည်း နတ်စည်းစိမ်ကို ရရှိနိုင်ပါတယ်။ မှန်သောစကား ပြောကြားရုံမျှနဲ့လည်း နတ်စည်းစိမ်ကို ရရှိနိုင်ပါတယ်။” ဆိုပြီးတော့ အထက်ပါဂါထာလေးတစ်ပုဒ်ကို ဟောကြားခဲ့ပါတယ်။

အနည်းငယ်မျှသော ကုသိုလ်ကောင်းမှု့တွေဟာ ကောင်းတဲ့အကျိုးတရားတွေကို ပေးစွမ်းနိုင် ပါတယ်။ ဒီနေရာမှာ တစ်ခုတော့ နားလည်ထားဖို့လိုပါတယ်။ 

ဘယ်လိုကုသိုလ်ကိုပဲ ပြုပြု မပြုလုပ်ခင် မလှူဒါန်းခင်မှာ ပထမဆုံး ငါးပါးသီလ ဆောက်တည် လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ “သီလေ ပတိဌာယ ဒိန္နဒါနံ မဟပ္ဖလံ- သီလ ဆောက်တည်ပြီးတော့ လှူဒါန်းမယ်ဆိုရင် အကျိုးတရား အလွန်ကြီးကြီးမားမား ရရှိနိုင်ပါတယ်”ဆိုတဲ့ ဗုဒ္ဓရဲ့ စကားတော် ရှိပါတယ်။

နောက်ပြီးတော့ “သီလာဒိ ဂုဏယုတ္တဿ ဟိ ကဋုစ္ဆဘိက္ခာပိ ပဉ္စရတန မတ္တာယ ဘူမိယာ ပဏ္ဏသာလာပိ ကတွာ ဒိန္နာ အနေကာနိ ကပ္ပသဟဿာန ဒုဂ္ဂတိ ၀ိနိပါတတော ရက္ခတိ၊ ပရိယောသာနေစ အမတာယ နိဗ္ဗာနဓာတုယာ ပစ္စယော ဟောတိ။”
လယ်တီဆရာတော်ဘုရားကြီးရဲ့ ပါဠိတော် မြန်မာပြန်လေးကိုပဲ ဖတ်ကြည့်ရအောင်ပါ။

“သီလာဒိဂုဏယုတ္တဿ-သီလစသော ဂုဏ်နှင့်ယှဉ်သောပုဂ္ဂိုလ်၏၊ ကဋုစ္ဆ ဘိက္ခာပိ- တစ်ဇွန်းမျှ လောက်သော ဆွမ်းသည်လည်းကောင်း၊ ပဉ္စရတန မတ္တာယ- ငါးတောင်အတိုင်းအရှည်ရှိသော၊ ဘူမိယာ-မြေ၌၊ ကတွာ-ဆောက်လုပ်၍၊ ဒိန္နာ-လှူအပ်သော၊ ပဏ္ဏသာလာပိ-သစ်ရွက် မြက်သက်ငယ် မိုးသော ကျောင်းသည်လည်းကောင်း၊ အနေကာနိ-များစွာကုန်သော၊ ကပ္ပသဟဿာနိ- အထောင်မကသော ကမ္ဘာတို့ပတ်လုံး၊ ဒုဂ္ဂတိဝိနိပါတတော-ဒုဂ္ဂတိ ဘ၀သို့ ဖရိုဖရဲ ပျက်စီး၍ ကျခြင်းမှ၊ ရက္ခတိ- စောင့်နိုင်၏၊ ပရိယောသာနေစ-အဆုံးဘ၀၌လည်း၊ အမတာယ နိဗ္ဗာနဓာတုယာ- အမတဓာတ် မြတ်သောနိဗ္ဗာန်တရား၏၊ ပစ္စယော-အထောက်အပံ့ဖြစ်သော ဥပနိဿယ အကြောင်းသည်၊ ဟောတိ-ဖြစ်၏။”

အဓိပ္ပါယ်ကို အကျယ်ရှင်းဖို့မလိုအောင် နားလည်နိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုကောင်းမှု့ကိုပဲ ပြုပြု သီလခံယူပြီးမှ လှူဒါန်းမှု့ပြုပါ ဘ၀ပေါင်းများစွာ ဒုဂ္ဂတိဘေးကလွတ်မြောက်နိုင်ပါတယ်။ အဆုံးဘ၀ မှာလည်းပဲ နိဗ္ဗာန်ကိုရောက်ကြောင်း အထောက်အပံ့ကောင်းတစ်ခု ဖြစ်ပါလိမ့်မယ်။ နိဗ္ဗာန်ကိုသာ ရည်မှန်းပြီးတော့ ကောင်းမှု့ပြုစေချင်ပါတယ်။

ကဲ စာချစ်သူ…..။ သစ္စာတရားကို မမြင်နိုင်သေးသမျှတော့ သံသရာထဲကို ကျင်လည်နေရဦးမှာပါ။ နိဗ္ဗာန်မရမီစပ်ကြား သံသရာတစ်လျှောက်လုံးမှာ အပါယ်ဆင်းရဲခြင်းကနေ လွတ်မြောက်ပြီး နတ်စည်းစိမ် ချမ်းသာများကို နောင်ဘ၀မှာ ရရှိခံစားချင်တယ်ဆိုရင်တော့ သစ္စာစကား ထာဝရ ပြောဆိုလိုက်မိဖို့ပါပဲ………။ မေတ္တာတရားကို အဖန်ဖန် ပွားများလိုက်ဖို့ပါပဲ…………..။ ကုသိုလ်ကောင်းမှု့များ နည်းများမဟူ ပြုလိုက်ဖို့ပါပဲလေ…………..။

ကျမ်းကိုး။ ။
ဓမ္မပဒပါဠိတော်၊ ကောဓ၀ဂ်၊ မဟာမောဂ္ဂလာနပဥှာဝတ္ထု
မင်းကွန်းဆရာတော်ဘုရားကြီး၏ ဟောစဉ်တရားတော်(အတွဲ ၉)
လယ်တီဆရာတော်ဘုရားကြီး၏ ပါရမီဒီပနီ
K. Sri Dhammananda, The Dhammapada

ဥယျာဉ်မှူးလေး


Sunday, August 24, 2014

ပညာ လုံးလ အသုံးချတတ်သော သူဌေးကြီး ရဲ့ဘဝ


ပညာ လုံးလ အသုံးချတတ်သော သူဌေးကြီး ရဲ့ဘဝ

“ချစ်သော လူလေး - အဘ စကားကို မမေ့သောသတိဖြင့် မှတ်သားပေလော့ ၊ ဤကပ် ရောဂါဆိုး ကြီးသည်ကား အလွန်တရာမှ ပြင်းထန်လွန်းလှပေသည် ”
“ မြို့လုံးကျွတ်လောက်အောင် သေကြေကြပေမည် ၊ လျင်မြန်သော အဟုန်ဖြင့်  အိမ်နံရံကို ဖေါက်ထွက်နိုင်မှသာ တော်ရုံကျ ပေမည် ”
“ ဤနေရာ ဤအမှတ်အသားအား သေချာစွာ မှတ်သားပေလော၊ ဒီမြို့မှာ ကပ်ရောဂါဆိုးကြီး ပြီးဆုံးလို့ အေးငြိမ်းတဲ့ နောင်တချိန်ကျမှ ဒီနေရာမှာ ဥစ္စာတွေ တူးဖေါ်လို့ အသက်မွေး ပြုပေလော့ ”
             မှာတမ်းရှည်ကြီး ချွေလို့ ၊ မြို့အပြင် ထွက်ပြေးခိုင်းခဲ့တဲ့ အဘ (ဖခင်) ရဲ့ အသံကို ယခုထိ
ကြားယောင်နေပါတော့တယ် ။

             မိမိ နောက်မှ မြို့ပြင်ထွက်ပြေးလာခဲ့သော အိမ်နီးချင်းတို့ အပြော ကတော့ ... “ လူလေး
ဃောသက - လူလေးအဘ နဲ့ တစ်အိမ်သားလုံး ရောဂါကပ်လို့ ဆုံးပြီ ” တဲ့လေ ။
“ မြို့ထဲမှာလဲ ရောဂါကပ်လို့သေတဲ့သူကသေ ၊ ပြေးတဲ့သူကပြေး နဲ့ ပေါ့ ”
အဲဒီအချိန်ကဆို ၀မ်းနဲလို့မဆုံး၊ ငိုကျွေးလို့မဆုံး ဖြစ်ခဲ့ရတာပါ ။ ဒီအဖြစ်သနစ်ဆိုးကြီးကို ဘယ်တော့မှ မေ့နိုင်မယ် မထင်တော့ ။

           နုနယ် ဖွင့်ထွား ၁၇ -နှစ်သားအရွယ် ၊ ဆံနွယ် စုတ်ဖွားနဲ့ လုလင်ပျိုလေး ကုမ္ဘဃောသက မှာ ငါးနှစ်သားအရွယ်က မိဘတို့အကြောင်း ပြန်လည် မြင်ယောင်မိနေပါတော့တယ် ။ သင့်သလိုနေ ၊ သင့်သလိုစား ၊ ရှိတဲ့ စုတ်စုတ် နွမ်းနွမ်း အ၀တ်ကို ဆင်ပြီး ၊ ရရာ အလုပ် အသက်မွေး ပြုလို့ နေလာခဲ့တာ ၁၂ - နှစ်တင်းတင်းတောင် ပြည့်ခဲ့ပါပြီ ။ ခုဆို တစ်မြို့လုံးလဲ ကပ်ရောဂါတွေကင်းလို့ ၊ တော်တော်လေး စည်ပင် ၀ပြောနေပါပြီ ။

           ဒါနဲ့ မြို့တွင်း ၀င်ပြီး တိတ်တဆိတ် ဖခင် ပြခဲ့တဲ့ နေရာရှာဖွေလို့  တူးဖေါ်မိတယ် ဆိုရင်ပဲ
 “ ငါကို - မြို့တွင်းမှသူသူငါငါတို့ မမှတ်မိကြတော့ ၊ မသိကြတော့ ၊ ခုချိန်မှ ဒီလောက်များပြားလှတဲ့
ဥစ္စာတွေ ယူလို့ သုံးစွဲရင်ဖြစ် အများသူငါ အထင်လွဲစရာ ဖြစ်ပေလိမ့်မယ် ”
 “ တနေ့နေ့ တချိန်ချိန်မှပဲ  တူးဖေါ် သုံးစွဲရမယ် ” လို့ တွေးမိတယ် ။

          ဥစ္စာတွေပြန်မြုပ်လို့ မြို့တွင်းကို လျောက်ကြည့်မိပါတယ် ။ ရာဇဂြိုလ်မြို့ကြီး သည်ကား
စည်ပင် သာယာလှပေတယ် ။ ကျယ်ဝန်းလှပေတယ် ။ ရွှေနန်းတော်ကြီးမှာလဲ ကျက်သရေ ရှိလှပေတယ် ။
“ ငါသည် ဤမြို့၌ သင့်ရာအလုပ် အသက်မွေးနေမှ ” ဟု ကြံစီကာ မြို့သူမြို့သားအပေါင်းကို မနက်
စောစော နိုးထလို့ နိုးဆော်ရတဲ့ အလုပ်ကို ရွေးလိုက်ပါတယ် ။
ထိုအလုပ်ဖြင့် စားစရာ လစာရိက္ခာ နှင့် နေစရာ အိမ်လေးကိုပါ ရလိုက်ပါတယ် ။

          “ အို - ဖခင်တို့ နိုးထကြကုန်လော့ ၊ မျက်နှာ သစ်လို့မို့ လှည်းတို့ကို ဆင်ကြကုန်လော့ ။
နွားတို့ကို ကကြစေလော့ ၊ ဆင် မြင်းတို့ကို ကျွေးဖို့ မြက်ရိတ်ရန် ပြင်ကြ ကုန်လော့ ”

          “ အို - မိခင်တို့ နိုးထကြကုန်လော့ ၊ မျက်နှာသစ်လို့မို့ ယာဂုကို ကျိုကြကုန်လော့ ။
ဆွမ်း အဖို့ရာ ချက်ကြကုန်လော့ ”
          ရာဇဂြိုလ်မြို့ကြီး တစ်ခုလုံး အာရုံတက်ချိန်ရဲ့ တိတ်ဆိတ်မှုကို တည်ကြည်ခန့်ညားသော
အသံနှင့် ထိုးဖေါက်ခဲ့မိတာ နေ့စဉ် ရက်ဆက်ပါ ။

          ဒီလိုနဲ့ ရက်တွေ လတွေ ပြောင်းလို့ တစ်ခုသော နေ့တနေ့တွင် ရွှေနန်းတော်ကြီးပေါ်က
ဗိမ္မိသာရ မင်းကြီး မှာ ... “ ဟဲ့ .. ဟဲ့ မင်းချင်း - ခုနက နိုးဆော်တဲ့အော်သံ ကြားလိုက်လား ”

“ မှန်လှပါ - ကြားမိကြောင်းပါဘုရား ”

“ ဤ အောင်မြင် ခန့်ညားလှတဲ့ အသံရှင်သည်ကား လွန်စွာ ချမ်းသာသောသူရဲ့ အသံပင်တည်း ၊
ဘယ်သူ ဘယ်ဝါ အကြောင်းစုံ စုံစမ်းစေ ”
မင်းချင်းမှာ ဘုရင့်အမိန့်တော်နှင့် မောင်းမကိုစေလွှတ်ပြီး ဃောသကလုလင်အား စုံစမ်းစေတယ် ။

          “ အရှင်မင်းကြီး - နိုးဆော်သံပေးသော လုလင်ပျိုကား ကုမ္ဘဃောသက မည်ပေ၏ ။
အလွန်မှ ဆင်းရဲ ပါပေ၏ ။ ဆွေမျိုး ကင်းမဲ့ပါပေ၏ ။ နိုးဆော်သမှုပြုရသော အခစား လုပ်သူ
တစ်ဦးပါ ဘုရား ”

          “ ဟဲ့ .. ဟဲ့ မင်းချင်း - ငါ့မှန်းတာ မလွဲနိုင်ပေဘူး ။ သူချမ်းသာရဲ့ အသံပါပေတည်း ”
သူချမ်းသာ၏အသံ ဖြစ်ကြောင်း ထပ်ခါတလဲလဲ မိန့်နေပြန်သဖြင့် ထပ်ခါစုံစမ်းသော်လဲ သူဆင်းရဲ
သာ တွေ့နေရပါသည် ။
“ မင်းကြီးရဲ့ ထပ်ခါတလဲ ပြောဆိုမှုသည်ကား အကြောင်းရှိတန်ရာ ၏ ။ အဖြစ်မှန်ကို စုံစမ်းမှ သင့်ပေလိမ့်မည် ” ဟု စဉ်းစားကာ မင်းကြီးကို လျောက်တင် လေ၏ ။

          “ အရှင်မင်းကြီး - ဤ ဃောသကလုလင်သည်ကား အမှန်ပင် ချမ်းသာသည် ဆိုအံ့ ။
ဤ လုလင်၏ ပိုင်ဆိုင်မှု ဥစ္စာ အားလုံးတို့ကို ရွှေနန်းတော်သို့ ယူဆောင်ပေးပါမည် ။
ကျွန်တော်မျိုးမအား အသပြာ (၁၀၀၀)ကို ပေးသနားတော်မူပါ ။ မင်းသမီးကိုလဲ ခေါ်ဆောင်ခွင့်
ပေးတော်မူပါ ဘုရား ”

            မင်းကြီးခွင့်ပြုတယ်ဆိုရင်ပဲ အ၀တ်သန့်သန့် နွမ်းနွမ်းကို ရှာဖွေလျှက် လူလတ်တန်း
ခရီးသွား သမီးနဲ့ မိခင်ပမာ စီရင်ကာ ဃောသကလုလင် နေထိုင်ရာ လမ်းအတွင်းကို ထွက်လာခဲ့ပါ
တော့တယ် ။

           ဃောသကလုလင်အိမ်အနီးမှ အိမ်တစ်အိမ်ကို ၀င်လျှက်
“ အို - အိမ်ကြီးရှင်အပေါင်းတို့ ကျွန်ုပ်တို့ ခရီးသွား သားအမိ နှစ်ယောက် တနေ့တာ တည်းခိုဖို့ရာ ဖြစ်နိုင်ပါ၏လော ။ အကယ်၍ မဖြစ်နိုင်ပါအံ့မူ အဘယ်မှာ ရနိုင်ပါအံ့နည်း ကျေးဇူးပြု၍ ပြောကြပါ ”
ဒီလိုနဲ့ အိမ်နီးချင်းတွေရဲ့ ညွှန်ပြမှုဖြင့် ဃောသကလုလင်ရဲ့ အိမ်ကို ရောက်လာပါတော့တယ် ။

          “ အသင် လုံမငယ်နှင့် မိခင် - ဤအိမ်သည်ကား ယောင်္ကျားသား တစ်ဦးထဲနေထိုင်တဲ့အိမ်
ဖြစ်ရကား တည်းခိုဖို့ရာ မဖြစ်နိုင်ပေ ။ အခြားအိမ်ကို ရှာကြကုန်လော့ ”

          “ သားမောင် - လမ်းထဲ၌ အိမ်အများအပြား နှံလေပြီ ။ နေထိုင်ရာ ဦးရေများလှ၍ တည်းလို့
မရကုန် ။ အချိန်လဲ လင့်နေပါ၍ ဒီတညတော့ တည်းခွင့်ပေးပါ ”

          အပြောကောင်းလှတဲ့ လုံမပျို ရဲ့ မိခင်စကားကြောင့် ဘာမှမတတ်သာပဲ တည်းခွင့်ပေးလိုက်
ပါတော့တယ် ။ “ သားမောင် - သွားစရာရှိတာ စိတ်ချလက်ချ သွားပါ ။ ဆန် ၊ ဆီ ၊ ချက်စရာတို့ကို
သာ ပေးခဲ့ပါလေ ။ တနေ့တာ ချက်ပြုတ်ကျွေးခဲ့ပါမယ် ”

          “ နေပါစေ - မိခင် ၊ ကိုယ့်ဖါသာ စီရင်ပါ့မယ် ”

          “ သားမောင် - အားမနာပါနဲ့လေ ၊ ချက်ခွင့်ပေးပါ ”
          လုံမပျိုရဲ့ မိခင်မှာ ဃောသကလုလင်အား အပြင်သို့ နှင်လေ၍ ဆန်ဆီတို့ကို ယူ၍၄င်း ၊
လိုအပ်သည်ကို ဈေးမှ ၀ယ်ယူ၍၄င်း စားသောက်ဖွယ်များကို ဖွယ်ဖွယ်ရာရာ စီမံလေတော့သည် ။

          နောက်တနေ့ ဃောသကလုလင် နိုးဆော်အမှု ပြုနေစဉ် ရှေးနည်းအတိုင်း ချက်ပြုတ်စီမံ
ပါတယ်။ နိုးဆော်အမှု ပြုပြီးပြန်ရောက်ကာမျှပင် မိခင်ဆိုသူမှာ “ သားမောင် - ဤသည်ကား ယခုပင်
သောက်ရန် ယာဂု ၊ ဤသည်ကား မနက်စာ ၊ ဤသည်ကား ... .. .. စသည်ဖြင့် စားသောက်ဖွယ်နှင့်
သာ ပြီး၍  ပြန်ဖို့ရာ မပြောတော့ပြီ ။

     မိန်းမ မာယာ သဲကိုးဖြာ  မက .....

          ဃောသကလုလင် အိမ်တွင်မရှိခိုက် မိခင်အယောင်ဆောင် မောင်းမက လုလင်ရဲ့ ညောင်စောင်း ( ကုတင် )ကို ခြေတဖက်အား တဲတဲလေးဖြစ်အောင် လှီးဖြတ်ထားလေသည် ။ ညနေ - ဃောသကလုလင် ပြန်ရောက်သည်ဆိုရင်ပဲ ထိုင်မိကာမျှဖြင့် ကုတင်ကျိုးကာ လျောကျလေတော့သည် ။
“ အိမ်နီးချင်းက ကလေးတို့ဟာ အင်မတန် ပြောရခက်လေတယ် ၊ ညောင်းစောင်း ပျောက်လောက်
အောင် ဆော့လေတယ်ပေါ့ ”

ထိုညက ပြန်လည်ပြုပြင်ခဲ့သော်လည်း  နောက်တနေ့ ပြုပြန်ရာ ညနက်လှပြီ ဖြစ်၍ ...
“ သားငယ် - ဒီညအဖို့ကား အမောင်အိပ်ရန်ခက်ချေပြီ ”

“ ချစ်သမီး - ဒီညဖို့ အမောင်အိပ်ရန် ခွင့်ပေးလေတော့ ” ဟုဆိုကာ ကြိုတင် စည်းဝါး ကိုက်ထားသည့် အတိုင်း လုံမပျိုရဲ့ ကုတင်တွင် အစွန်းတဖက်၌ လုံမပျိုအား တဖက်လှည့်ကာ အိပ်ဆက်စေပါတယ် ။
“ သားငယ် - ကုတင်တဖက်စွန်း၌ နှမငယ်နှင့် ဒီတည အိပ်ဆက်ပေတော့ ” ဟုဆိုကာ မျက်စပစ်ပြ
လေသည် ။

နောက်တနေ့ မနက်တွင် ကုတင်၌ လုံမပျို ငိုနေသည်ကို မိခင်ဆိုသူတွေ့သောအခါ ..
“ သားငယ် - သားမောင်ကို ချစ်ခင်လှပါတယ် ၊ နှမငယ်ကို သေတပန်  သက်တဆုံး စောင့်ရှောက်
ပါလော့ ”

     မင်းကြီးက ဆင့်ခေါ်စေပြီ


              ရက်အနီးငယ်ရရင်ပဲ ဃောသကလုလင်နေသောလမ်းတွင် ပွဲလမ်းသဘင် ကျင်းပစေပါတယ် ။ မင်းအမိန့်နဲ့ပေါ့ ။ မကျင်းပနိုင်သူ မင်းဒဏ်သင့်စေတဲ့လေ ။
“ ချစ်နှမ - အမောင်တို့တော့ ခက်ချေပြီ ။ အခစားဘ၀ဖြင့် အဘယ်မှာ ပွဲသဘင် ကျင်းပနိုင်ပေလိမ့် ”

“ အမောင် - ပွဲသဘင် မကျင်းပရင်ဖြင့် မင်းဒဏ်သင့်ပေလိမ့်မည် ။ ချေးဌား ရှာကျန်၍ အသပြာရအောင်ရှာပါလေ ”

              ဃောသကလုလင်မှာ တိတ်တဆိတ် ဥစ္စာကိုဖေါ်၍ အသပြာ တစ်ပြားယူဆောင်ကာ နှမငယ်ကိုအပ်ပြီး ပွဲတော်ကျင်းပစေပါတယ် ။ နောက် ၂ - ရက်လွန်လျှင်ပင် တဖန် မင်းအမိန့်ဖြင့် ပွဲသဘင် ထပ်မံ ကျင်းပစေပြန်ပါတယ် ။ ရှေးနည်းအတိုင်း အသပြာသုံးပြား ယူကာ နှမငယ်ကို ပွဲသဘင် ကျင်းပစေပြန်တယ် ။

နောက်တနေ့ရောက်ပြန်သော် ....
“ နှမငယ် - ကြည့်လော့ ၊ အိမ်ရှေ့မှာ မင်းမှုထမ်းတို့ရောက်ချေပြီ ” ဘာအကြောင်းရှိ သည်လဲပေါ့ ။
ပွဲတော်လဲ ကျင်းပပါလျက် မင်းကြီးအခေါ်ခံရသော ဃောသကလုလင်မှာ စိုးရိမ်မှု များစွာနဲ့ ရွှေနန်းတော်သို့ ရောက်လာပါတော့တယ် ။

“ ဃောသကလုလင် ဖြစ်ပါသလော ”

“ မှန်လှပါ - ကုမ္ဘဃောသက မည်ပါပေသည် ဘုရား ”

“ ပစ္စည်းဥစ္စာ များစွာရှိပါလျှက် ဘာကြောင့် မသုံးစွဲဘဲ နေပါသလဲ ”

“ မှန်လှပါ - သူဆင်းရဲ အခစားဘ၀မို့ ဖွယ်ဖွယ်ရာရာ မသုံးစွဲ နိုင်ပါဘူးဘုရား ”

“ ဟဲ့ - ဃောသက ဘာကြောင့် လိမ်လည်မှု ပြုနေပါသလဲ ”

“ မှန်လှပါ - မလိမ်ဝံ့ကြောင်းပါ ဘုရား ”

“ ကဲ ဒါဆို ဒီအသပြာတွေကို မှတ်မိပါ၏လော ”

ဃောသကလုလင် ခမျာ ခက်ချေပြီ ၊ အသပြာတွေမြင်ပြီး ပတ်ဝန်းကျင် ဝေ့ကြည့်မိသည် ဆိုရင်ပဲ
နန်းဝတ်တန်ဆာ လှပစွာဖြင့် သားအမိ နှစ်ယောက်ကို တွေ့မြင်လိုက်သောအခါ ..
“ ဤ သားအမိသည်ကား မိမိဥစ္စာရှိမှု စုံစမ်းရန် စေလွှတ်ခံရသောသူများပင် ဖြစ်ချေမည် ”

အမှန်အတိုင်းသာ လျောက်တင်ရပေတော့မည် ။
“ မှန်လှပါ ပြည့်ရှင် မင်းကြီးဘုရား - များစွာသော ဥစ္စာရှိသည်မှာ မှန်ပါတယ် ဘုရား ”

“ အားကိုးရာ မရှိသည်ကြောင့် သူဆင်းရဲအသွင် အခစားဘ၀နဲ့သာ နေရပါတယ် ဘုရား ”

“ ငါ မင်းကြီးသည် အားကိုးရာ မဟုတ်ပေလော ”

“ မင်းကြီး ချီးမြောက်ပါလျှင် မင်းကြီးသည် အားကိုးရာ အမှန်ပင် ဖြစ်ပါတယ် ဘုရား ”

“ ဃောသကလုလင် - အသင့်မှာ ဥစ္စာ အဘယ်လောက် ရှိပါအံ့နည်း ”

“ ကုဋေ ၄၀ - သော အသပြာ ရှိပါတယ် ဘုရား ”

           ဒါနဲ့ အသပြာ ကုဋေ ၄၀ - ကို နန်းရင်ပြင်သို့ တိုက်စေ၍ စုပုံကာ မြို့သူမြို့သား အပေါင်းတို့
“ ဤလောက်များစွာသော ဥစ္စာ ပိုင်ဆိုင်သူ ရာဇဂြိုလ်မြို့၌  အဘယ်သူ ရှိပါသေးသလဲ ”

“ ဘယ်သူမှ မရှိပါဘုရား ”

“ အင်း - ဃောသကလုလင်ကို ဘာလုပ် ထိုက်ပါသနည်း ”

“ ချီးမြောက်ထိုက်ပါသည် ဘုရား ”

“ ဃောသကလုလင်အား သူဌေးအရာ ဘွဲ့အပ်နှင်း၍ သမီးတော်နှင့် စုလျားထိမ်းမြား ပေးတော်မူမယ် ”
“ ယနေ့မှ စ၍ သူဌေးကြီး ကုမ္ဘဃောသက ဟုခေါ်တွင် စေ ”

            ဒီလိုနဲ့ တနေ့သောအခါ  မင်းကြီး ဗိမ္မိသာရ ၊ သူဌေးကြီး ကုမ္ဘဃောသက နဲ့ ကြင်ယာ တော် မင်းသမီး တို့ဟာ  မြတ်စွာဘုရား သတင်းသုံးရာ   ဝေဠုဝန် ကျောင်းတော်သို့  သွားရောက် ဖူးမျှော်၍ သူဌေးကြီး ကုမ္ဘ ဃောသက၏   ဥစ္စာများစွာ ရှိပါသော်လဲ   မကြွားဝါပဲ   ရိုးသားစွာ အခစား ဘ၀နဲ့ နေထိုင်ပုံ ၊ သတိ ဥာဏ်အပြတ်ပဲ အားကိုးရာ ရှာပုံတို့ကို လျောက်ထားလေရာ .. မြတ်စွာဘုရားက သူဌေးကြီး ကုမ္ဘဃောသက ကို အကြောင်းပြု၍ “ ထကြွလုံးလရှိသူ ၊ သတိရှိသူ ၊ စင်ကြယ်သောကံ သုံးပါးရှိသူ ၊ စူးစမ်းဆင်ခြင်မှု ပြုသူ ၊ က္ကုနြေ္ဒကိုစောင့်စည်းသောသူ ၊ တရားသဖြင့် အသက်မွေးသောသူ ၊ မမေ့မလျော့သောသူတို့အား  အခြွေအရံ အကျော်အစောသည်  တိုးပွားရာ ၏ ” ဟူသော အောက်ပါ  ဒေသနာတော်ကို ဟောတော်မူပါတယ် ။
တရားတော်အဆုံး၌ သူဌေးကြီး ကုမ္ဘဃောသက နှင့်တကွ တရားနာ ပရိသတ်အပေါင်းတို့ သောတပန်တည် ကုန်ကြပါတယ် ။

      မြတ်ဘုရား၏ ဒေသနာတော် - ( ဓမ္မပဒ ) အပ္ပမာဒ၀ဂ္ဂ

ဥဋ္ဌာန၀တော သတီမတော၊ သုစိကမ္မဿ နိသမ္မကာရိနော။
သညတဿ ဓမ္မဇီဝိနော၊ အပ္ပမတ္တဿ ယသောဘိဝဍ္ဎုတိ။

ထကြွလုံ့လရှိသူ၊ သတိရှိသူ၊ စင်ကြယ်သောကံ သုံးပါးရှိသူ၊ စူးစမ်း၍ပြုလေ့ရှိသူ (ဣနြေ္ဒကို) စောင့်စည်းသူ၊ တရားသဖြင့် အသက်မွေးသူ၊ မမေ့လျော့သူအား အခြွေအရံ အကျော်အစောသည် တိုးပွား၏။

Energetic, alert, ever mindful, pure in deed, careful in action, self-controlled, living in
accordance with truth (right livelihood), that person will arise in glory.


        စာဖတ်သူ သူငယ်ချင်း အပေါင်းတို့ လဲ  ကုမ္ဘဃောသကလုလင် ထုံး   နှလုံးမူလျက် ...
ဥစ္စာ ၊ ပညာ မည်မျှ ရှိစေကာမူ မကြွားဝါဘဲ ၊ သတိမပျက် အသိကပ်ပြီး ကောင်းမွန် လိုက်ဖက်သော အခြွေအရံ တိုးပွါး ကြကုန်သည်ထိ ကျင့်ကြံ အားထုတ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း လိုက်ပါတော့တယ် ။

       နှလုံး စိတ်ဝမ်း အေးချမ်း ကြပါစေ ... ။

By အာဒံ