Saturday, January 31, 2015

ဒါဝင်၏သီအိုရီကိုသုံးသပ်ခြင်း


ဒါဝင်၏သီအိုရီကိုသုံးသပ်ခြင်း

 (၁)
ဓမ္မရံသီမဂ္ဂဇင်းဟောင်းများကို ပြန်လည်မွှေနှောက်၍ ဖတ်ရာတွင် ဆရာစောနေလတ်၏ အစများ၏အစ ဆောင်းပါး ကို ၂၀၀၂ ခုနှစ်၊ မတ်လထုတ် ဓမ္မရံသီ မှာ ဖတ်မိ၍ မိမိ၏အမြင်ကိုလည်း တင်ပြလိုစိတ်ဖြစ်မိပါသည်။ ဆရာအောင်မှိုင်း၏ “မနုဿနိဒါန်း” ဟူသော ဆောင်းပါးကိုဖတ်ရာမှ “အစများ၏အစ” ဆောင်းပါးကိုရေးဖြစ်ကြောင်း ဆရာစောနေလတ်က ဆိုထားပါသည်။ ဆရာစောနေလတ်ပြောသလို မိမိကလည်း မဆိုင်သည့်အလုပ်၊ အကျိုးမရှိသည့်အလုပ်ကို ၀ါသနာအလျောက် သိချင်လုပ်ချင်မိသည်ဟု ဆိုနိုင်ပါသ်ည။ သို့သော် ထေရဒါဝဗုဒ္ဓဘာသာကို လူအများ အမှန်အတိုင်း သက်ဝင်ယုံကြည်နိုင်ရန်ဟူသော ရည်ရွယ်ချက် ထားရှိပါသည်။

မြတ်စွာဘုရား ဟောတော်မူသော “သံသရာ၏အစသည်မထင်” ဆိုသည်မှာ ဤဘဒ္ဒကမ္ဘာ၏အစကို ဆိုထားသည်ကား မဟုတ်။ အနမတဂ္ဂ သံသရာ၏ အစကို ဆိုခြင်းဖြစ်ပါသည်။ ဒါဝင်၏ Evolution သီအိုရီ (ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်) သည် အနောက်တိုင်းမှာေ၇ာ အရှေ့တိုင်းမှာပါ ပျံ့နှံ့လျက် ရှိသည်။ သိပ္ပံပညာကို ဦးဆောင်နေသော အနောက်တိုင်းသားတို့၏ အတွေးအခေါ်ကို အရှေ့ တိုင်းသားတို့က သဘောကျသည်ဖြစ်စေ၊ မျက်သည် ဖြစ်စေ မလွှမ်းမိုးနိုင်ကြ။ အနောက်တိုင်းမှ စတင်သော သိပ္ပံပညာနှင့် အတွေးအခေါ်တို့သည် ကမ္ဘာ့မျက်နှာစာမှာ အသာစီးက ရနေပါသည်။

သူတို့ အသာစီးရနေသဖြင့် သူတို့သမိုင်းမှအမှန်၊ သူတို့သမိုင်းမှ အခိုင်အမာ အတိအကျ ဖြစ်နေရပါသည်။ အမှန်စင်စစ် သူတို့သည်လည်း ခိုင်မာသော ကျောက်စာ၊ ကျောက်ဖြစ် ရုပ်ကြွင်းတို့ ထက်ကို ကျော်လွန်၍ ခန့်မှန်းတွေးခေါ်နေကြသည်သာ။ ခန့်မှန်းသည်ဆိုကတည်းက အတိအကျ သိမြင်သည် မဟုတ်၍ မှန်ချင်မှမှန်မည်၊ လွဲချင်လွဲမည် သေချာသော အလုပ်ကားမဟုတ်။

(၂)
မြတ်ဗုဒ္ဓ၏ပိဋကတ်တော်တို့ကို ပထမသင်္ဂါယနာမှစ၍ ယခုမျက်မှောက်အချိန်ထိ သံဃာတော်တို့က မူရင်းအတိုင်း ထိန်းသိမ်းသယ်လာနိုင်ကြသည် ဟုဆိုလျှင် အနောက်တိုင်းသားတို့ သံသယ ၀င်ချင် ၀င်ဦးမည်။ ထေရ၀ါဒသံဃာတော်မြတ်တို့၏ သဒ္ဓါ၊ ၀ီရိယ၊ သီလ၊ သမာဓိ၊ ပညာတို့ကို ထေရ၀ါဒ ဗုဒ္ဓ ဘာသာဝင်တို့သာလျှင် သက်ဝင်ယုံကြည်နိုင်ကြ၏။ သဒ္ဓါ၊ ပညာမရှိသူတို့ မမြင်နိုင် မယုံနိုင်လေရာ။

ထိုဘုရားဟော ပိဋကတ်တော်တို့ကို ကြည့်၍ မြတ်ဗုဒ္ဓသည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ ဒိဗ္ဗစက္ခု ဉာဏ်၊ အာသ၀က္ခယဉာဏ်စသော ၀ိဇ္ဇာဉာဏ်တို့နှင့် ပြည့်စုံတော်မူသည်ဟုလည်း ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ကြသည်။ ယုံကြသည်ဆိုရာမှာ သဒ္ဓါ၊ ပညာအဆင့်အလိုက် ကွာဟမှုတော့ ရှိကြသည်။

သဗ္ဗညုတဉာဏ်တော်သခင် မြတ်ဗုဒ္ဓ၏ဒေသနာပါဠိတော်တို့တွင် ဗုဒ္ဓ၀ံသပါဠိတော်များ၊ စရိယာ ပိဋကပါဠိတော်နှင့် ထိုထို အဘိဓမ္မာသုတ္တန်ပါဠိတော် တို့ကို လေ့လာသောအခါ ယဉ်ကျေးသော လူ့အဖွဲ့အစည်းသည် ကကုသန်မြတ်စွာဘုရား လက်ထက်တော် မတိုင်မီ ကတည်းက ရှိနေပြီး ဖြစ်ကြောင်း သိရပေသည်။ လူသားမျိုးနွယ်ဆက်သည် တစ်ကမ္ဘာလုံး အမြဲတမ်းယဉ်ကျေး တိုးတက် ၍ မနေသလို အမြဲတမ်းလည်း နိမ့်ကျမနေဟု ယူဆပါသည်။ ပိဋကတ် ကျမ်းစာများ အဆိုအရ မိမိတို့ ၀န်းကျင်ရှိ

လူ့သက်တမ်းသည် အတက်အကျရှိပါသည်။ ဗြဟ္မစိုရ်တရားထွန်းကား၍ လူတွေ တရားစောင့် ကြသော ကာလတွင် အသက်တမ်းသည် အသင်္ချေအထိ တက်သွားသည်။ ဗြဟ္မစိုရ်တရား ခြောက်သွေ့၍ လူတို့တရားမစောင့်သောကာလတွင် ဤလူတို့ သက်တမ်းသည် ၁၀ နှစ်တမ်းအထိ ဆုတ်ယုတ်သည်ဟု ဆိုပါသည်။ မုသားစကားစတင်ပြောသော စေတိယမင်းတို့ခေတ်တွင် အသက် တမ်းသည် အသင်္ချေဖြစ်ပါသည်။ အလောင်းတော် မာဃဒေ၀င်မင်းတို့ခေတ်တွင် လူတို့သက်တမ်း သည် သိန်းချီ၍ရှိနေသေးကြောင်း သိရပါသည်။ မန္ဓာတု စကြာမင်းတို့ခေတ် မဟာသုဒဿန စကြာမင်းတို့ခေတ်သည်လည်း သူ့ခေတ်နှင့်သူ ယဉ်ကျေးသော လူ့အဖွဲ့အစည်းဖြစ်ပါသည်။

ဤကမ္ဘာပေါ်တွင် တစ်နေရာမှာ ယဉ်ကျေးသောလူ့အဖွဲ့အစည်းရှိနေခိုက် အခြားတစ်နေရာတွင် မယဉ်ကျေးသောလူရိုင်းများလည်း ရှိနေနိုင်ပါသည်။ ယခု တိုးတက်ပါသည်ဆိုသော ခေတ်ထဲမှာပင် အချို့နေရာများမှာ လူရိုင်းများရှိနေသည်ကို သတိရပြုရပါ၏။ အာရှဒေသမှာ ယဉ်ကျေးမှု တိုးတက် နေချိန်တွင် ဥရောပ၌ လူတူပရိုင်းမိတ်များ၏ သမိုင်းခေတ် ဖြစ်ချင်ဖြစ်နေမည်။ ဒိုင်နိုဆောခေတ် ဖြစ်ချင်ဖြစ်နေမည်။ ယခု သီရိလင်္ကာနိုင်ငံသည် ဘုရားရှင်လက်ထက်က ယဉ်ကျေးသော လူ့အဖွဲ့ အစည်း မရှိသေးကြောင်း သိရပေသည်။ အိမ်နားမှာ စိုက်ထားသော ငှက်ပျောမျိုးကို တောကြီး မျက်မည်းတွင် သွား၍စိုက်ပါက တောငှက်ကဲ့သို့ ငှက်ပျောသီးတွင် အစေ့များပါရှိလာပြီး ရိုင်းလာ သည်ကို တွေ့ရှိရပေသည်။ တောငှက်ပျော်၏ ၀တ်မှုံများ ကူးစက်ခံရသောကြောင့် ဖြစ်ပေမည်။

လူသည်လည်း မျိုးနွယ်စဉ်ဆက် တောထဲသို့ ရှေ့တိုးသွား၍ တောသဘာဝနှင့် လိုက်လျော ညီထွေသော ကြမ်းတမ်းမှု စသည်လောက်တော့ ဖြစ်လာနိုင်စရာရှိပါသည်။ သို့သော် လူသည် လူသာဖြစ်၍ တိရစ္ဆာန်အနွယ် ဖြစ်မသွားနိုင်ဟု ယူဆပါသည်။ လူအနွယ်မှနေ၍ တိရစ္ဆာန်အနွယ် မဖြစ်နိုင်သလို တိရစ္ဆာန်အနွယ်မှလည်း လူအနွယ် ဖြစ်လာစရာ အကြောင်းမရှိဟု ယူဆပါသည်။

ဣသိသိင်္ဃဇာတ်တော်တွင် ဘုရားအလောင်း ရသေ့ကြီး၏ ကျင်ငယ်ရေကို သမင်မသောက်ရာမှ ကျင်ငယ်ရေတွင် မျိုးဗီဇပါ၍ သမင်မကိုယ်ဝန်တည်ကာ ဣသိသိင်္ဃရသေ့ငယ်ကို ဖွားမြင်ကြောင်း ဆိုပါသည်။ ဤသည်မှာ သမင်မ၀မ်းမှ လူသားစင်စစ်မွေးလာခြင်းဖြစ်သည်။ တစ်စတစ်စ မျိုးဗီဇတို့ ဇာတ်ခြားသည်အထိ ရိုင်းရာမှ ယဉ်၊ ယဉ်ရာမှရိုင်းခြင်း မဟုတ်ပါ။ ဣသိသိင်္ဃဇာတ်နဲ့ပတ်သက်၍ မိမိငယ်စဉ်က ဆရာဝန် တစ်ဦး ရေးသောဆောင်းပါးတစ်ပုဒ် ဖတ်ဖူးသည်ကို သတိရမိသည်။

ယင်းဆရာဝန်စာရေးဆရာက လူ၏မျိုးဗီဇနှင့် တိရစ္ဆာန်သမင်မ၏ မျိုးဗီဇ မတူညီ ဇာတ်ခြား သောကြောင့် ဆေးပညာအရ မဖြစ်နိုင်ကြောင်း ဆိုပါသည်။ ထိုအဆိုသည် သူသိသော ဆေးပညာ အရသာ ဆိုခြင်းဖြစ်ပြိး သူသိသောဆေးပညာထက် ကျော်လွန်သော အကြောင်းတို့အရ ဆိုခြင်း မဟုတ်ဟု နားလည်မိပါသည်။

မကျည်းပင်၊ ကြာပွင့်တို့၌ သံသေဒဇ ပဋိသန္ဓေဖြစ်သည်ဟူသော စာအဆိုကို ရုပ်ဝါဒီသမားများ စဉ်းစားလျှင် ဦးနှောက်ခြောက်ဖွယ်ရာ ရှိပါမည်။ ရုပ်ဝါဒီသမားတို့ပို၍ပို၍ စဉ်းစားမနိုင်ဖြစ်ရသည်မှာ ဥပပါတ်ပဋိသန္ဓေဖြင့် ၁၅ နှစ်။ ၁၆ နှစ်အရွယ် ဘွားကနဲကိုယ်ထင်ရှားဖြစ်သည်ဟူသော ဥပပါတ် သတ္တ၀ါများ အကြောင်းပင်ဖြစ်ပါသည်။

အဘိဓမ္မာဒေသနာတွင် ပဋိသန္ဓေသည် ၀မ်း၌ဖြစ်သော ဂဗ္ဘသေယျက ပဋိသန္ဓေသည်လည်း အဏ္ဏဇ ဥ၌ဖြစ်သော ပဋိသန္ဓေနှင့် သားအိမ်၌ပေါက်ဖွားသော ဇလာဗုဇ ပဋိသန္ဓေဟူ၍ နှစ်မျိုးကွဲပြန်သည်။ ဤပဋိသန္ဓေများအနက် သြပါပါတိက (ဥပပါတ်) ပဋိသန္ဓေတွင် ယုံကြည်နားလည်ရာမှာ သာမန်ရုပ် ၀တ္ထုများကိုသာ စူးစမ်းသော အသိဉာဏ်ဖြင့် မလုံလောက်တော့ချေ။ မြတ်ဗုဒ္ဓ၏ ဒိဗ္ဗစက္ခုဉာဏ်၊ သဗ္ဗညုတဉာဏ်တို့ကိုလည်း ယုံကြည်နိုင်ရန် မလွဲမသွေလိုအပ်ပါ၏။ ယုံကြည်ဟု အတင်း တိုက်တွန်း၍ ရကောင်းသောအရာကား မဟုတ်။ ယုံကြည်နိုင်သောအသိဉာဏ် ဖြစ်ပေါ်လာအောင် လေ့လာစူးစမ်းရန်သာ ဖြစ်ပါသည်။

ဗုဒ္ဓဘာသာစာပေတို့တွင် ဗြဟ္မာ့ပြည်မှစုတေ၍ ဥပပါတ်ပဋိသန္ဓေဖြင့် ကမ္ဘာဦးလူသားများ ဖြစ်လာ သည်ဟု ဆိုပါသည်။ ဥပပါတ်ပဋိသန္ဓေကို နားလည်ယုံကြည့်လျှင် မျောက်ကနေ၍ လူဖြစ်လာသည် အထိ ဖြစ်နိုင်ချေကို ယုတ္တိပြရန် အပင်ပန်းခံရှာဖွေခြင်းသည် သာမန်လူတစ်ဦး၏ ကိုယ်ပိုင် အတွေး အခေါ် အပိုင်းအခြား (သာမညယုတ္တိ) ပေါ်တွင်သာ ရပ်တည်ထားခြင်းဖြစ်ကြောင်း နားလည်နိုင် ပေသည်။ ဥပပါတ်ပဋိသန္ဓေသည် လောကတွင် မရှိဟု ခံယူလျှင် ဗုဒ္ဓဘာသာ၏အပြင်ဘက်သို့ ရောက်သွားဖွယ်ရာရှိပါသည်။ မြတ်စွာဘုရားကို ခံ၍ ငြင်းရာလည်း ရောက်ပါမည်။ အဘယ်ကြောင့် နည်း။ ဥပပါတ်သတ္တ၀ါများရှိကြောင်း မြတ်ဗုဒ္ဓဒေသနာတော်တို့တွင် အတိအလင်း ဟောထားသော ကြောင့် ဖြစ်ပါသည်။

(၃)
ဒါဝင်၏ evolution သီအိုရီအရဆိုလျှင် ယခုခေတ်လူသားတို့သည် နောင်နှစ်ပေါင်းများစွာ ကြာသောအခါ ခြေလက်အင်္ဂါများ ယခုထက်ပိုပြီး ပြောင်းလဲတိုးတက်လာစရာ ရှိပါသည်။ လက်ရုံး နှစ်ဖက်မှ လက်ရုံးလေးငါးဖက် ဖြစ်လာမလားလို့ တွေးရန်ရှိပေ၏။ အဘယ်ကြောင့်ဆိုသော ဒါဝင်၏ evolution သီအိုအရ နိမ့်ရာမှ မြင့်ရာသို့ အကန့်အသတ်မရှိ တိုးတက်ပြောင်းလဲနေရမည် ဖြစ်သော ကြောင့်တည်း။ ဒါဝင်၏အဆိုကို (ကမ္ဘာကျော် အတွေးအခေါ် ပညာရှင်) ဘာထရန်ရပ်ဆယ် ကလည်း ငြင်းဆိုကန့်ကွက်ခဲ့ကြောင်း သိရပေသည်။

အစ၏အစ ဆိုရာမှာ သတ္တ၀ါ၏ အစကို အသာထား၍ ရေ၊ မြေ၊ လေ၊ မီးဟူသော ပရမတ္ထဓာတ်ကြီး လေးပါး၏ အစကို ရှာကြည့်လျှင်လည်း အသိဉာဏ်တုန်းပြီး မျောသွားဖွယ်ရာရှိပါ၏။ မြတ်ဗုဒ္ဓသည် နာမ်ကိုသာ ပိုင်းခြားသိတော်မူသည်ကား မဟုတ်၊ ရုပ်တရားများကိုလည်း ပိုင်ခြားသိတော်မူပါပေ၏။ လောက၀ိဒူ ဂုဏ်တော် ဆိုသည်မှာ သတ္တလောက သတ္တ၀ါတို့အကြောင်း၊ သင်္ခါရလောကတွင် သင်္ခါရတရားတို့၏အကြောင်း၊ သြကာသ လောကတွင် နေ၊ လ၊ ကမ္ဘာ၊ အနန္တစကြ၀ဠာ ဘုံတို့အကြောင်းကို ပြိုင်ဖက်မရှိ အကြွင်းမဲ့ သိမြင်တော်မူသော ဂုဏ်တော်ဖြစ်ပါသည်။

“ဤသတ္တ၀ါအပေါင်းတို့သည် ဆန်းကြယ်သကဲ့သို့ ဤအတူဆန်းကြယ်သော အခြားဖြစ်သည့် တစ်ခုသောအပေါင်း (ဧကနိကယ) ကိုမျှလည်း ငါဘုရား မြင်တော်မမူ” ဟူ၍ အင်္ဂုတ္ထိုရ်၌ ဒေသနာ ရှိပေသည်။ ကိုယ်ထင်ရှားဖြစ်သော ဥပပတ်ပဋိသန္ဓေသည် ဆန်းကြယ်သော အရာတို့တွင် တစ်ခု အပါအ၀င်ဖြစ်ပေလိမ့်မည်။ ဥပပတ်ပဋိသန္ဓေကို မယုံကြည်နိုင်သူအဖို့ (ဣဿရနိမ္မာန) ဖန်ဆင်းရှင် ၀ါဒကိုလျှင်လည်း ယုံကြည်ယူဆမိမည်၊ သို့မဟုတ် ဒါဝင်၏ evolution သီအိုရီကို လျှင်လည်း ယုံကြည်ယူဆမိပေမည်။ Evolution သီအိုရီသည်လည်း သာမညယုတ္တိနောက် လိုက်လွန်းသော အစွန်းတစ်ခုဟု ဆိုချင်ပါသည်။ ယခုခေတ်တွင် ဖြစ်ထွန်းနေသော နည်းပညာပစ္စည်းများ အကြောင်းကို လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ လောက်ကာလမှာသွားပြောလျှင် ဉာဏ်မီရာ ယုတ္တိ ရှာမရ၍ မယုံကြည်နိုင် ဖြစ်ပေလိမ့်မည်ကို တွေးကြည့်နိုင်ပါသည်။

နိဂုံးချုပ်အနေဖြင့် တစ်ခုပြောလိုသေးသည်။ အဇ္ဈတ္တသန္တာန်ရှိ ရုပ်ကလာပတို့သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဟူသော အကြောင်းတရား လေးပါးတို့ကြောင့် အသီးသီးဖြစ်ပေါ်ရပေသည်။ ဗဟိဒ္ဓ ဖြစ်သော ရုပ်တရားတို့ကိုကား သီတဥတု၊ ဥဏှဥတုတို့က ဖြစ်စေပါသည်။ ဗဟိဒ္ဓရုပ် ဖြစ်သော သုဒ္ဓဋ္ဌ ကလာပ် (ရေ၊ မြေ၊ လေ၊ မီး၊ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ သြဇာ) သဒ္ဒန၀က ကလာပ် (သုဒ္ဓဋ္ဌကလာပ်တွင် သဒ္ဒထည့်) တို့သည် ဥတု အကြောင်းတစ်ပါးသာ ရှိသည်ကား မှန်၏။ အ၀ိဇ္ဇာ၊ တဏှာ၊ ကံ၊ သင်္ခါရတို့နှင့် လုံးလုံးအဆက်အသွယ် ပြတ်တောက်သည်တော့ မဟုတ်သေး။ ဝေးသော အကြောင်း အဖြစ်ဖြင့်ကား ရှိနေသေးသည်သာ။ “စိတ်သည်လောကကို ဆောင်အပ်၏” ဟူသော မြတ်ဗုဒ္ဓ၏ အဆိုအမိန့်ကို ဤအရာ၌ ပညာရှင်တို့ ထုတ်ဆောင်ကြပေသည်။ အကျယ်သိလိုမူ သေက္ချတောင်ဆရာတော်၏ ပဏ္ဍိတဝေဒနိယကျမ်း တွင် ကြည့်ရှုနိုင်ကြပါသည်။

ဤဆောင်းပါးကို ရေးဖြစ်သည့်အတွက် ဆရာအောင်မှိုင်း၊ ဆရာစောနေလတ်တို့ကို အထူး ကျေးဇူးတင်ပါသည်။
စာရေးသူ- ဉာဏ်ဝင်း (ပင်လယ်ဘူး) |

http://www.venkawwida.net/2010/08/blog-post_1424.html



Friday, January 30, 2015

အကောင်းမြင်ဝါဒနှင့် ယောနိသော မနသိကာရ


အကောင်းမြင်ဝါဒနှင့် ယောနိသော မနသိကာရ

ဝေါဟာရ တစ်ခု၏ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ “အကောင်းဘက်က ရှုမြင်တတ်သည့် အလေ့အကျင့်” ကို အကောင်းမြင်ဝါဒဟု ဆိုပြီး “အသင့်အားဖြင့် နှလုံးသွင်းခြင်း” ကို ယောနိသော မနသိကာရဟု ဆို၏။ အရာရာကို ကောင်းသည့်ဘက်၊ ကောင်းသည့်ရှုထောင့်မှသာ မြင်တတ်ကြည့်တတ်သည့် အလေ့အကျင့်သဘောကို အကောင်းမြင်ဝါဒဟု ဆို၍ အကြောင်းအရာ တစ်ခုခုကို သင့်လျော် လျောက်ပတ်အောင် နှလုံးသွင်းခြင်း၊ စဉ်းစားခြင်း၊ ရှုမြင်ခြင်းကို ယောနိသော မနသိကာရဟု ဆိုလေ့ရှိ၏။ တိုတိုနှင့်လိုရင်း အဓိပ္ပါယ် အနေဖြင့် ပြောရလျှင် “အကောင်းမြင်းခြင်း”နှင့် “နှလုံးသွင်း မှန်ကန်ခြင်း”ဟု ဤစကားနှစ်ရပ်ကို အလွယ်မှတ်သားနိုင်၏။ အကောင်းမြင်ခြင်းနှင့် နှလုံးသွင်း မှန်ကန်ခြင်းတို့သည် ဆက်စပ်မှု ရှိနေ၏။

တစ်နည်းအားဖြင့်ဆိုသော် တူညီသည့် သဘောကို ဆောင်နေ၏။ အကောင်းမြင်တတ်ခြင်းသည် နှလုံးသွင်းမှန်ခြင်းကြောင့် ဖြစ်ပြီး နှလုံးသွင်းမှန်ခြင်း သည်လည်း အကောင်းမြင်တတ်သဖြင့်သာ ဖြစ်လေ့ရှိတတ်၏။ ထို့ကြောင့် အကောင်းမြင်ခြင်းနှင့် နှလုံးသွင်းမှန်ကန်ခြင်း သို့မဟုတ် အကောင်းမြင်ဝါဒနှင့် ယောနိသော မနသိကာရတို့သည် “ကွဲသလိုလိုနှင့် တွဲနေတတ်သည့်တရား၊ မတူသလိုလိုနှင့် တူနေတတ်သည့်တရား”ဟု ဆိုကြခြင်း ဖြစ်၏။

ဆိုလိုသည်မှာ လူအမျိုးမျိုး စရိုက်အမျိုးမျိုးရှိသည့် ပုဂ္ဂိုလ်များနှင့် ဆက်ဆံကြရာတွင် အဆင်ပြေပြေ ဖြစ်ကြစေရန်၊ အပြစ်မမြင်ဘဲ အချစ်ဝင်ကြစေရန် အကောင်းမြင်တတ်သည့် အလေ့အကျင့်များ ရှိရန်လိုသကဲ့သို့ ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းမည့်အရေး အထောက်အကူပေးမည့် ကုသိုလ် တရား တိုးပွားရေးမှာလည်း ကုသိုလ်ဖြစ်ကြောင်း အထောက်အပံ့ တစ်ခုဖြစ်သည့် ယောနိသော မနသိကာရခေါ် နှလုံးသွင်းမှန်ကန်ရေး သို့မဟုတ် ကုသိုလ်ဖြစ်ရန် နှလုံးသွင်းတတ်ရေးသည် အရေးကြီးကြောင်း ဆိုလိုရင်းဖြစ်ပါ၏။

အကောင်းမြင်တတ်လျှင် အပြစ်အဖြစ် သက်သာပြီး နှလုံးသွင်းမှန်လျှင် အကုသိုလ်အဖြစ် နည်းကာ ကုသိုလ်ဖြစ်ရန် ပိုအားသန်၏။ ထို့ကြောင့် မည်သည့် ပုဂ္ဂိုလ်၊ မည်သည့်အရာကိုပဲ ကြည့်ကြည့် အကောင်းဘက်က ကြည့်နိုင်အောင် ကြိုးစားကြရန်နှင့် မြင်သမျှ၊ ကြားသမျှ အစစ အဖုံဖုံ ထိုထိုအာရုံများနှင့် ကြုံတွေ့သည့် အခါတွင်လည်း အကုသိုလ် မဖြစ်ဘဲ ကုသိုလ်ဖြစ်စေရန်အတွက် ယောနိသောမနသိကာရ ထားနိုင်အောင် ကြိုးစားကြရန် တိုက်တွန်းကြခြင်း ဖြစ်၏။

မှန်၏။ လူ့လောကတွင် နေထိုင်ကျင်လည်ကြသည့်အခါ ၀ါသနာမတူ၊ အကျင့်စရိုက်မတူ၊ စိတ်သဘောထား မတူကြသည့် လူအမျိုးမျိုးနှင့် တွေ့ကြုံနေကြရသဖြင့် စိတ်ထားမတတ်လျှင် နေ့စဉ်နေ့တိုင်း အကုသိုလ်အပြစ် ဖြစ်ဖွယ်များနှင့် ကြုံတွေ့ရတတ်၏။ တစ်စုံတစ်ဦး၏ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်များသည် တစ်ခါတစ်ရံ မိမိတို့အတွက် အကုသိုလ်ဖြစ်ဖွယ်များ ဖြစ်နေတတ်သည်ကို သတိပြုမိကြမည် ဖြစ်၏။ ထိုသူတို့သည် မည်သည့်သဘော မည်သည့် ရည်ရွယ်ချက်ဖြင့် မည်သို့နေထိုင်လေ့ရှိသည်ကို မသိနိုင်သော်လည်း ကြည့်နေမြင်နေသည့် မိမိသည် အကယ်၍ စိတ်ထားမတတ်၊ နှလုံးသွင်း မမှန်လျှင် ထိုသူတို့ကို အမှီပြု၍ မိမိမှာ အလိုလို အပြစ်ဖြစ်နေတတ်၏။ ထိုသို့အပြစ်ဖြစ်တတ်မှု၏ အကြောင်းရင်းမှာ အကောင်းမမြင်တတ်၊ တစ်နည်းအားဖြင့် နှလုံးသွင်းမမှန်ကန်သည့် အတွက်ကြောင့်ပင် ဖြစ်၏။ ထို့ကြောင့် မည်သူ့အပေါ်ပဲ ဖြစ်ဖြစ် အကောင်းမြင်တတ်အောင် ကြိုးစားသင့်ကြောင်း ဆိုခြင်းဖြစ်၏။

အကောင်းမြင်တတ်လျှင် ထိုအခိုက်အတန့်တွင် အကုသိုလ်အဖြစ် သက်သာမည်မှာ အမှန်ပင် ဖြစ်၏။ ဘာပဲဖြစ်ဖြစ် အကောင်းဘက်က ရှုမြင်တတ်သဖြင့် မိမိစိတ်တွင်လည်း ရှေးဦးစွာ ကောင်းသည့်စိတ်များ ဖြစ်ပေါ်နေတတ်၏။ အဆိုးမြင်တတ်သည့် သူတစ်ယောက်သည် အရာရာကို အဆိုးဘက်ကသာ ကြည့်လေ့ရှိတတ်သဖြင့် သူ၏စိတ်တွင်လည်း အဆိုးများ၊ မကောင်းသည့် အတွေးများက လွှမ်းမိုးထားပြီး သူကိုယ်တိုင်ပင် အကုသိုလ် အပြစ်များ ဖြစ်နေတတ်သည့် သဘော ရှိတတ်သော်လည်း အကောင်းဘက်က ရှုတတ်သူသည်ကား အတွေးကောင်း၊ အမြင်ကောင်း များဖြင့် မြင်တတ်ကြည့်တတ်သဖြင့် သူ၏သန္တာန်တွင်လည်း ကောင်းသည့်စိတ်ထားများ ဖြစ်နေတတ်၏။

အမှားကို အမှန်ဖြစ်အောင် ကြည့်တတ်သည့် သဘောမျိုးမဟုတ်ဘဲ မိမိကိုယ်ကိုယ် မိမိအပြစ် မဖြစ်စေရန် သူတပါး၏ ကောင်းကွက်လေးများကို ရှာ၍ကြည့်တတ်သည့် အလေ့အကျင့်မျိုးကို လေ့ကျင့်လေ့ရှိသူသည် အမှန်ပင် အကောင်းမြင်တတ်သူ ဖြစ်ပြီး အကုသိုလ် အဖြစ်နည်းသူ တစ်ယောက် ဖြစ်နိုင်ပေ၏။ ထို့ကြောင့် လူတိုင်းလူတိုင်း ကောင်းကွက်လေးများ တစ်ခုခု ရှိတတ်သဖြင့် ထိုကောင်းကွက်လေးများကို ရှာ၍ မိမိကိုယ်ကို အပြစ်မဖြစ်အောင် ကြည့်တတ်မြင်တတ်၊ နှလုံးသွင်းတတ်ဖို့ လိုကြောင်း တိုက်တွန်းကြခြင်း ဖြစ်ပါ၏။

စကားစပ်၍ ဖတ်ဖူးခဲ့သည့် စာပေများတွင် ဖော်ပြထားသည့် အကောင်းမြင်တတ်စေရန်၊ နှလုံးသွင်း မှန်ကန်စေရန်နှင့် ပတ်သက်သည့် လမ်းညွန်ထားချက်များကို သတိရမိပါ၏။ “လောကတွင် အချို့သည် အပြောကြမ်းပြီး စိတ်ထားကောင်းသည်ကို တွေ့ရတတ်ကြောင်း၊ ထိုသူများကို အပြောကြမ်းသည်ကို မကြည့်ဘဲ စိတ်ထားကောင်းသည့် အချက်ကိုကြည့်၍ ဆက်ဆံသင့်ကြောင်း၊ အချို့သည် အပြောချိုသော်လည်း စိတ်သဘောထား ယုတ်ညံ့တတ်ကြောင်း၊ ထိုသူများကို စိတ်ဓာတ်မကောင်းသည်ကို မကြည့်ဘဲ နှုတ်ချိုတတ်သည့် အချက်ကိုပင်ယူ၍ ဆက်ဆံ သင့်ကြောင်း၊

အချို့သည် အပြောလည်းကြမ်း၊ စိတ်ထားလည်း မကောင်းတတ်သော်လည်း တစ်ခါတစ်ရံ ကောင်းသည့် အချက်လေးများ ရှိတတ်ကြောင်း၊ ထိုသူများကို တစ်ခါတစ်ရံ ကောင်းသည့် အချက်လေးကိုပင် ယူ၍ ဆက်ဆံသင့်ကြောင်း၊ အချို့ကား စိတ်ထားလည်းမကောင်း၊ အပြောလည်း ကြမ်းသည့်အပြင် မည်သည့်အခါမှလည်း ကောင်းလာမည် မဟုတ်သည့်သူများ ဖြစ်နေ တတ်ကြောင်း ထိုသူများကိုကား အပြစ်အဖြစ်မခံတော့ဘဲ ဥပေက္ခာပြု၍သာ ဆက်ဆံသင့်ကြောင်း” စသည်ဖြင့် တစ်စုံတစ်ယောက်နှင့် ပတ်သက်၍ မိမိကိုယ်ကို အပြစ် မဖြစ်စေရန် အကောင်းဘက်က ရှုမြင်တတ်သည့် အလေ့အကျင့်များ လုပ်သင့်ပုံကို ဖတ်ဖူးခဲ့သည့် စာပေအချို့က လမ်းညွှန်ပြသ ထားလေ၏။

မည်သို့ဆိုစေ။ သေချာသည်မှာ အကောင်းမြင်တတ်ခြင်းသည် အပြစ်အဖြစ်သက်သာသည်မှာ အသေအချာပင် ဖြစ်ပါ၏။ သေချာတွေးကြည့်လျှင် လူတိုင်းလူတိုင်း ကိုယ်စီအားနည်းချက်များ ရှိတတ်ကြသည်ဖြစ်ရာ ထိုအားနည်းချက်ကို ကြည့်ပြီး ဆက်ဆံကြလျှင်ကား ဆက်ဆံရေး အဆင်ပြေဖွယ် မရှိတတ်လှပေ။ ထို့အပြင် အဆိုးမြင်တတ်သည့် အကျင့်လေးများ ရှိနေပြန် လျှင်လည်း မကောင်းသည့် အတွေးအမြင်က ရှေးဦးစွာ နေရာယူထားသဖြင့် မည်သူ့ကိုကြည့်ကြည့် မကောင်းသည့်အချက်၊ အားနည်းသည့် အချက်ကိုပင် တွေ့နေရမည်ဖြစ်၏။

ထိုသို့ အားနည်းချက်နှင့် မကောင်းသည့်အချက်ကို ကြည့်မိပြီဆိုလျှင်ကား မိမိသန္တာန်တွင် ထိုသူအပေါ်မှာ အကောင်းမြင်ပေးရန် မလွယ်လှဘဲ မကောင်းသည့် အတွေးအမြင်များဖြင့် အကုသိုလ် အပြစ်များသာ ဖြစ်ပေါ်တတ်သည့် သဘောရှိ၏။ ဤသည်မှာ အကောင်းမြင်တတ်သည့် အကျင့်မရှိဘဲ အဆိုးကိုသာ ကြည့်တတ်သောကြောင့် ဖြစ်၏။ ထို့ကြောင့် အကောင်းမြင်တတ်လျှင် အပြစ်အဖြစ် သက်သာသဖြင့် အကောင်းမြင်နိုင်အောင် ကြိုးစားသင့်ကြောင်း ဆိုခြင်း ဖြစ်၏။

စာရေးသူ ရန်ကုန်မှာရှိစဉ်က အဖြစ်အပျက်လေးတစ်ခု ဖြစ်၏။ ကျောင်းမှာ အလှူရှိသဖြင့် ဧည့်သည်ပေါင်းစုံ လာကြသည့်အထဲတွင် အင်္ဂလိပ်စာ သင်ပေးခဲ့ဖူးသည့် တပည့်ကျောင်းသား ကျောင်းသူများလည်း ရောက်လာကြ၏။ ကျောင်းရောက်ရောက်ချင်း ဘုရားနှင့်ဘုန်းကြီးကို ဦးချပြီး ဟိုဟိုဒီဒီကြည့်ကာ ဒကာမလေး တစ်ယောက်က “ဘုန်းဘုန်းဘုရား… ကျောင်းမှာရှိတဲ့ အဲဒီလိုက်ကာတွေကို ဘယ်သူလှူထားတာလဲ…၊ လှူတဲ့သူကလည်း အဲဒီအရောင်ကြီးမှ ရွေးလှူရတယ်လို့…၊ လှလည်းမလှဘဲနဲ့၊ ဘယ်လိုမျက်စိနဲ့ကြည့်ပြီး လှူထားလဲ မသိပါဘူး၊ အနုပညာ မျက်စိမရှိလိုက်တာ…” စသည်ဖြင့်ဆိုပြီး သူ့စိတ်ထင်ရာကို အသံကျယ်ကြီးနှင့် ပြောဆို လျှောက်ထားလိုက်၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် သူပြောနေသည့်အချိန်တွင် အလှူရှင် ဒကာမကြီးကလည်း မနီးမနားမှာ ရှိနေခဲ့၏။ လူကြီးတစ်ယောက်ဖြစ်သဖြင့် အခြေအနေကို သိသော်လည်း ဘာမှမပြောဘဲ သူတို့လေးတွေ ပြန်သွားမှ စာရေးသူ အနားကိုရောက်လာပြီး “ဆရာတော်ဘုရား တပည့်တော် လှူထားတဲ့ လိုက်ကာတွေက မကောင်းလို့လားဘုရား…၊ ဒါဆို တပည့်တော် ပြန်လဲလိုက်မယ် ဘုရား..”လို့ စိတ်မကောင်းသည့် အမူအရာဖြင့် လျှောက်လေ၏။ စာရေးသူက “နေပါစေ ဒကာမကြီး ဒီအတိုင်းပဲ ထားလိုက်ပါ၊ အဆင်ပြေပါတယ်၊ ဒကာမကြီး အနေနဲ့ ခုလို ဟိုကပြော၊ ဒီကပြောလို့သာ လိုက်ပြီးလှူထားတာတွေ လဲနေမယ်ဆိုရင် ဆုံးမှာမဟုတ်တော့ဘူး၊ လူတစ်ကိုယ်အကြိုက်တစ်မျိုး ဆိုတော့ သူ့အကြိုက်သူပြောကြမှာပဲ၊ အဓိကကတော့ ကိုယ့်စိတ်ကို သန့်ရှင်းပြီး စေတနာပြတ်ဖို့ အဓိကပါပဲ…”ဟု ပြောသိမ့်စကား ပြောပေးခဲ့ရသေး၏။

ဤအဖြစ်အပျက်လေးမှာ လက်တွေ့ဖြစ်ခဲ့သည့် အဖြစ်တစ်ခု ဖြစ်ပါ၏။ လောကတွင် ဤကဲ့သို့သော သူများရှိနေသည်မှာ အမှန်ပင်ဖြစ်ပါ၏။ အကောင်းဘက်က ရှုမြင်တတ်သည့် အလေ့အကျင့် အားနည်းသဖြင့် ၎င်းတို့ စိတ်အထင် ပြောမိပြောရာ ပြောလိုက်မိတတ်ကြ၏။ ထိုသို့ အလွယ်တကူ လက်လွတ်စပါယ် ပြောလိုက်မိသဖြင့် မိမိကိုယ်တိုင်လည်း အပြစ်ကလေးများ ရတတ်သကဲ့သို့ ကြားရသည့် သူများမှာလည်း အတွေးအမျိုးမျိုးဖြင့် စိတ်မှာလေးလံ သွားတတ်၏။

အကယ်၍ အကောင်းဘက်က ကြည့်မြင်တတ်သူဆိုလျှင် အကောင်းကိုရှာပြီး ပြောဆိုတတ်သဖြင့် မိမိကိုယ်တိုင်လည်း စိတ်အစဉ် ရွှင်လန်းနိုင်သကဲ့သို့ ကြားရသူမှာလည်း ပီတိပွားရမည်မှာ အမှန်ပင်ဖြစ်ပါ၏။ အကောင်းမမြင်တတ်သည့် အလေ့အကျင့်၊ နှလုံးသွင်း မမှန်သည့် အတွေးအမြင်များသည် ကုသိုလ်ရရေးထက် အကုသိုလ် အပြစ်ဖြစ်နိုင်မှုက ပိုများသဖြင့် မည်သို့ပင်ဖြစ်စေ အကောင်းမြင်တတ်ရန်နှင့် နှလုံးသွင်းမှန်စေရန် ကြိုးစားအားထုတ်သင့်ပါပေ၏။

ဆိုလိုသည်မှာ လောကတွင် လူအမျိုးမျိုး၊ အခြေအနေအမျိုးမျိုး၊ ပတ်ဝန်းကျင် အမျိုးမျိုးဖြင့် ကျင်လည်နေကြရသည် ဖြစ်ရာ အမြင်မတတ်၊ အတွေးမတတ်၊ အကြည့်မတတ်၊ အနေအထိုင် မတတ်လျှင် အပြစ်ဖြစ်ပြီး အကုသိုလ်ဖြစ်တတ်သဖြင့် မည်သည့်အရာ၊ မည်သည့်ပုဂ္ဂိုလ်များဖြင့် တွေ့ဆုံကြံကြိုက်သည်ဖြစ်စေ မိမိတို့အနေဖြင့် အကောင်းဘက်က ရှုမြင်တတ်ရန်နှင့် အကုသိုလ် မဖြစ်အောင် နှလုံးသွင်းမှန်ကန်ရန် ကြိုးစားသင့်ကြောင်း ဆိုလိုပါ၏။ တစ်စုံတစ်ခုကိုဖြစ်စေ၊ တစ်စုံတစ်ရောက်ကိုဖြစ်စေ မကောင်းအမြင်ဖြင့် အဆိုးများကို ကြည့်တတ်ကြလျှင် အလွယ်တကူ အပြစ်မြင်ကာ အကုသိုလ်ဖြစ်တတ်သဖြင့် ကောင်းကွက်များကိုရှာ၍ အကောင်းကို ကြည့်တတ်ရန် ကြိုးစားအားထုတ်သင့်ကြောင်း အကြံပြု တိုက်တွန်းလိုရင်း ဖြစ်ပါ၏။

အကောင်းမြင်ခြင်းနှင့် နှလုံးသွင်းမှန်ကန်ခြင်းသည် ကုသိုလ်ရရန်နှင့် အကုသိုလ်အဖြစ်နည်းရန် အထောက်အပံ့ ဖြစ်စေတတ်သဖြင့် မိမိတို့၏ စိတ်ကို အကောင်းဘက်က ကြည့်မြင်တတ်ရန် လေ့ကျင့်သင့်ကြောင်း အသိပေးလိုရင်း ဖြစ်ပါ၏။ ထိုသို့သာ အကောင်းဘက်က ရှုမြင်တတ်၊ ကောင်းသည့်အရာများတွင် နှလုံးသွင်းမှန်ကန်တတ်ကြလျှင် မိမိအတွက်လည်း အပြစ်ကင်းပြီး သူတပါးအတွက်လည်း အကုသိုလ် အဖြစ်နည်းတတ်ကြမည်မှာ အမှန်ပင် ဖြစ်ပါပေ၏။

ထို့ကြောင့် မည်သူမဆို မိမိတို့၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာများကို အမှီပြု၍ အကုသိုလ်အပြစ် အဖြစ်လွယ်တတ်ကြရာတွင် အဆိုးမြင်တတ်ခြင်း၊ နှလုံးသွင်း မမှန်ကန်ခြင်း တို့ကြောင့်လည်း အကုသိုလ်အပြစ် ဖြစ်နိုင်ကြသဖြင့် ထိုသို့သော အကုသိုလ်အပြစ် ဖြစ်ပွားမှုများ နည်းပါးစေရန် မည်သည့်အရာ မည်သည့်ပုဂ္ဂိုလ်များ အပေါ်တွင်မဆို အကောင်းဘက်က ရှုမြင်နိုင်ရန်နှင့် နှလုံးသွင်းမှန်ကန်နိုင်ရန် မိမိတို့၏ စိတ်အစဉ်ကို မမေ့မလျော့သည့် သတိတရားဖြင့် အစဉ်မပြတ် ထိန်းသိမ်းပြုပြင်သင့်ပါကြောင်း စေတနာစကား မေတ္တာအားဖြင့် နှစ်သစ်စရာ ဓမ္မတစ်ခုအဖြစ် ရေးသားတင်ပြလိုက်ရပါသည်။

 အရှင်ဝိစိတ္တ (မနာပဒါယီ)


Thursday, January 29, 2015

အခွင့်အရေး


“အခွင့်အရေး”

(၁)
“အခွင့်အရေး”ဆိုသော ဝေါဟာရကို နေ့စဉ်ဘ၀၊ နေ့စဉ်အသုံးများတွင် အဓိပ္ပာယ်အမျိုးမျိုး၊ ရှုထောင့် အမျိုးမျိုးဖြင့် ပြောဆိုလေ့ရှိကြသည်။ အသုံးများသလောက် အမှန်တကယ် နက်နက်နဲနဲ စဉ်းစား လေလေ သိမ်မွေ့သော၊ လေးနက်သော အဓိပ္ပာယ်လေးများရှိနေသည်ကို တွေ့ရသည်။ စကား လုံးက တစ်လုံးတည်းပင် ဖြစ်သော်လည်း နေရာဌာနအားလျှော်စွာ ကောင်းသော ဆိုလိုချက်နှင့် ဆိုးသော ဆိုလိုချက် နှစ်ခုစလုံးကို သယ်ဆောင်ပေးနိုင်သည်။ “အခွင့်အရေး”ဟူသည် “အခွင့်အရေး ယူတယ်၊ အခွင့်အရေးသမား”လို့ သုံးနှုန်းလိုက်လျှင် မကောင်းသောအဓိပ္ပာယ်ထွက်ပြီး “အခွင့် အရေးကို အမိအရ အသုံးချလိုက်တယ်”လို့ဆိုလျှင် ကောင်းသောအဓိပ္ပာယ်ဖြစ်ဖို့ များလေသည်။

(၂)
ဗုဒ္ဓ၀ါဒက လူ့အဖြစ်ကို “တကယ့်မဟာ အခွင့်အရေးကြီး”အဖြစ် ဖော်ပြသတ်မှတ်ပေးထားသည်။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓ၀ါဒသည် ၃၁-ဘုံဝါဒနှင့်ဘ၀လွတ်မြောက်ရာ နိဗ္ဗာန်ကို တည်ခင်းထား သည်ဖြစ်ရာ မည်သည့်နေရာ၊ မည်သည့်ပန်းတိုင်သို့မဆို လူ့ဘ၀ကနေ သွားရမည်ဖြစ်သောကြောင့် ဖြစ်လေသည်။ (ခြွင်းချက်….သုဒ္ဓါဝါသဘုံမှလည်း ဘ၀လွတ်မြောက်ရာသို့ သွားနိုင်သည်။ သို့ရာတွင် ထိုဘုံရောက်ဖို့အတွက် လူ့ဘ၀က အားထုတ်မှုများ ရှိဖို့တော့ လိုအပ်သည်)။ လူ့အဖြစ်ကိုသာ မရခဲ့လျှင် အထက်အထက်လွတ်မြောက်ရာနှင့် မြင့်မြတ်ရာ ဘ၀များသို့ မရောက်နိုင်ပေ။ သို့အတွက် ကြောင့် လူ့ဘ၀၊ လူ့အဖြစ်ကို မဟာအခွင့်အရေးကြီးအဖြစ် သတ်မှတ်ပြီး ထိုအခွင့်အရေးကို လက်လွှတ်မခံကြဖို့ ပြောထားခြင်းဖြစ်သည်။

(၃)
နယ်မြေဒေသတစ်ခုသို့ စီးပွားရှာထွက်သောအခါ၊ အဆင့်မြင့်နိုင်ငံကြီးများသို့ သွားရောက်ပြီး ပညာသင်ခွင့်၊ စီးပွားရှာခွင့် ရသောအခါ… စသော ကောင်းမွန်ကြီးကျယ်သောအရပ်သို့ ထွက်ခွာမည့် သူများကို လူကြီးမိဘ၊ ဆရာသမားများနှင့် မိတ်ဆွေများက ပြောတတ်ကြသည်။ “အခွင့်အရေးကို ရအောင် ယူခဲ့”။ “ရလာတဲ့အခွင့်အရေးကို လက်လွှတ်မခံနဲ့”။ စီးပွားရေးသမားများ ကလည်း မိမိတို့လုပ်ငန်းအတွက် ငွေကြေးအမြတ်များများ ရနိုင်သောလုပ်ငန်းခွင်များ ပေါ်ပေါက်လာလျှင် “ဒါက ငါတို့အတွက် မဟာအခွင့်အရေးကြီးပဲ၊ လက်လွတ်ခံလို့ မဖြစ်ဘူး”ဟု ပြောတတ်ကြသည်။ တိုင်းတစ်ပါးလက်အောက်ခံ ဖြစ်နေရသော တိုင်းပြည်ခေါင်းဆောင်တို့သည်လည်း အခြား တိုင်းပြည်က စစ်အကူအညီများ ပေးဖို့ ကမ်းလှမ်းခံရလျှင် “ဒါက ဒို့နိုင်ငံ လွတ်လပ်ရေးအတွက် အခွင့်အရေးပဲ”ဟု ဆိုတတ်ကြသည်။

သို့ဆိုလျှင်….. အခွင့်အရေးကို မည်သို့ ကောက်ချက်ချကြမည်နည်း။ “အခွင့်အရေး”ဟူသည် မိမိ၏ ပုဂ္ဂလိကကောင်းကျိုးနှင့် ပတ်ဝန်းကျင် သို့မဟုတ် မိမိတိုင်းပြည်နှင့်လူမျိုး ကောင်းကျိုးအတွက် ဇွဲသတ္တိအပြည့်ဖြင့် ဆောက်ရွက်လိုသောစိတ်ဓာတ်ကို ကိုယ်စားပြုနေသည်ဟု ဆိုနိုင်ပါလိမ့်မည်။ ဤအဓိပ္ပာယ်က မိမိ၊ အများကောင်းကျိုးအတွက် မိမိ၏ ဇွဲလုံ့လ၊ အသိပညာများကို အသုံးချသူ၊ ပေးဆပ်သူများကို ရည်ညွှန်းနိုင်ပါလိမ့်မည်။

(၄)
“အခွင့်အရေး”ဟူသော ဝေါဟာရသည် ထိုမျှနှင့် မရပ်သေးပါ။ တစ်နေ့က မြန်မာနိုင်ငံက ဗိုလ်ချုပ်တစ်ယောက်အကြောင်း ပြောဖြစ်ကြသောအခါ သူငယ်ချင်းက “ဒီလူကို ကိုယ် သိပါတယ်၊ ဒီလူက အခွင့်အရေးသမားပါကွာ”ဟု ဆိုသည်။ နောက်ပြီး အဖွဲ့အစည်းကြီးတစ်ခုက ခေါင်းဆောင် ဖြစ်နေသူတစ်ယောက်အကြောင်း ပြောသံကြားရသည်။ သူသည် ထိုအဖွဲ့အစည်းအတွက် ခေါင်းဆောင်ဖြစ်ထိုက်သူ အရည်အချင်း မရှိသည်ကို လူတိုင်း သိမြင်ထားသည်။ မည်သို့ပင်ဖြစ်စေ သူသည် လက်ရှိခေါင်းဆောင်ဖြစ်နေသည်။ ထိုအထဲမှ တစ်ဦး၏ကောက်ချက်တွင် “ဒီလူက အခွင့် အရေးကို ချောင်းနေတဲ့သူပါကွာ၊ သူ ဒီရာထူးရဖို့ အမျိုးမျိုး ကြံစည်နေခဲ့တာ”ဟု ကြားလိုက်ရသည်။ ထိုကဲ့သို့ “ဒီလူက အခွင့်အရေးသမားကွာ”ဆိုသော စကားမျိုးကို နေ့စဉ်ရက်ဆက်ဆိုသလို ကြားသိနေရလေသည်။

သို့ဆိုလျှင် “အခွင့်အရေး”ဟူသော ဝေါဟာရကို မည်ကဲ့သို့ ကောက်ချက်ချကြအုံးမည်နည်း။ “အခွင့်အရေး”ဟူသည် မိမိ၏ပုဂ္ဂလိကချမ်းသာအဆင်ပြေရေးအတွက် (ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများကို လျစ်လျူရှုပြီး) အတ္တကို ရှေ့တန်းတင်ကာ သူတစ်ပါးအပေါ် အမြတ်ထုတ်ချင်သော စိတ်ဓာတ်ကို ကိုယ်စားပြုနေသည်ဟု ဆိုနိုင်လိမ့်မည်ဟု ယူဆမိပြန်သည်။ ဤအဓိပ္ပာယ်က မိမိ၏ တစ်ကိုယ်ရေချမ်းသာပြည့်စုံမှု၊ အာဏာရှိမှုအတွက် အများကို အသုံးချတတ်သော ကလိမ်ကကျစ် အချောင်သမားများကို ရည်ညွှန်းနိုင်ပါလိမ့်မည်။

(၅)
“ပေးဆပ်သူ”တို့၏ စိတ်ဓာတ်က မိမိလိုချင်တာကို ဇွဲလုံ့လအပြည့်ဖြင့် ရအောင်ကြိုးစားသည်။ ပြီးလျှင် ထိုဇွဲ့လုံလ၏အကျိုးရလဒ်ကို မျှဝေစိတ်ဖြင့် ခံစားသည်။ “အချောင်သမား”တို့၏ စိတ်ဓာတ် သည်လည်း မိမိလိုချင်တာကို စိတ်ရှည်ရှည်ဖြင့် ရအောင်ကြိုးစားသည်။ သူတို့နှစ်ဦး ကွာဟနေသည့် အချက်မှာ ပေးဆပ်သူက သူ၏ လုပ်ရပ်များအတွက် ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများဖြင့် ထိန်းကွပ်ပေးထားသည်။ အချောင်သမားက မိမိလိုချင်သည့်အရာအတွက် ကိုယ်ကျင့်တရား ဘောင်တွေကို မထား၊ “မရရသည့်နည်းဖြင့်၊ မဖြစ်ရင် ဖြစ်သည့်နည်းဖြင့်”ဟူသော မူကို လက်ကိုင်ထားသည်။

ထို့အပြင် ပေးဆပ်သူက မိမိနှင့်ထိုက်တန်သမျှကိုသာ ဆုပ်ကိုင်သည်။ အချောင်သမားက အကုန် မောင်ပိုင်စီးချင်သည်။ မည်သည့်အရာကိုပဲလုပ်လုပ် သူ့လက်သူ့ခြေ ဖြစ်ချင်သည်။ ပေးဆပ်သူက အာဏာရခဲ့လျှင်သော်မှ ငါမှငါဟူသော စိတ်ဓာတ်ကို မကျင့်သုံး။ အချောင်သမားက အာဏာ ရသည်ကို ဘီလူးခေါင်းတပ်ဆင်လိုက်ရသလို ထင်မှတ်သည်။ ပေးဆပ်သူက အဖွဲ့အစည်း၏ စုပေါင်းအားနှင့် တစ်ဦးချင်းအရည်အချင်းကို အသိအမှတ်ပြုသည်။ အချောင်သမားက ငါပြီးမှ ပြီးသည်ဟု ထင်သည်။ ပေးဆပ်သူက လဲနေသူကို တွေ့လျှင် ထူပေးချင်သည်။ အချောင်သမားက လဲနေသူကို တက်နင်းသွားချင်သည်။

(၆)
လူဆိုသည်မှာ တပ်မက်မှု၊ ဆာလောင်မှုတစ်မျိုးစီဖြစ်ရာ မိမိတို့ တပ်မက်ရာပန်းတိုင်ကို အရောက် လှမ်းနေရပေမည်။ လိုရာပန်းတိုင်ရောက်ဖို့အတွက် မည်သို့မည်ပုံ အားထုတ်ကျင့်သုံးရမည်နည်း။ မိမိတို့ဘ၀ခရီးလျှောက်လှမ်းကြရာတွင် အခွင့်အရေးကို မိမိနှင့်အများကောင်းကျိုးအတွက် အမိအရ အသုံးချသူတစ်ယောက်ဖြစ်ဖို့ အလွန်ပင် အရေးပါလှပေသည်။ အချောင်သမားအခွင့်အရေးသမား မဖြစ်ဖို့အတွက် ကိုယ့်ကျင့်တရား၊ သို့မဟုတ် လူ့ကျင့်ဝတ်တရားဟူသော ၀တ်စုံကို ၀တ်ဆင် သွားရပေမည်။ အချောင်းသမားတို့သည်ကား ဘ၀ခရီးကို ဇွဲနပဲနှင့်တော့ လျှောက်လှမ်းနေကြပါ၏။ သို့ရာတွင် ကိုယ့်ကျင့်တရားဟူသော ၀တ်စုံကို ဆင်မြန်းထားခြင်း မရှိသည့်အတွက် ကိုယ်လုံးတီး လမ်းလျှောက်နေသူကဲ့သို့ ရှက်စရာပင် ဖြစ်နေပါလိမ့်မည်။

(၇)
အခွင့်အရေးကို အသုံးချဖို့အတွက် ပန်းတိုင်ထားရှိရမည်။ ထိုပန်းတိုင်သို့ ရောက်ရှိရေးအတွက် ထိုက်သင့်သော (ထိုပန်းတိုင်သို့ ရောက်စေနိုင်သော) လုပ်ဆောင်ချက်ရှိရမည်။ ထိုလုပ်ဆောင် ချက်ကို ကိုယ့်ကျင့်တရားများနှင့် ၀န်းရံထားရမည်။ ထိုအချက်ပြည့်စုံလျှင် မည်သည့်ခရီးကိုမဆို လျှောက်လှမ်းသင့်သည်သာ ဖြစ်ပါသည်။

မြတ်စွာဘုရားရှင်က “သင်တို့ သူဌေးကြီး ဖြစ်ချင်သလား။ သူဌေးကြီးဖြစ်ချင်ရင် သူဌေးကြီးတစ်ဦး ဖြစ်စေနိုင်တဲ့
(၁) ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်မှု
(၂) ကိုယ်ကျင့်သီလဖြည့်ဆည်းမှု
(၃) သူဌေးကြီးဖြစ်ကြောင်း နည်းလမ်းကောင်းများကို သိရှိထားမှု (ဗဟုသုတ)
(၄) မျှဝေသုံးစွဲမှု (ရဲဘော်စိတ်ထားရှိမှု) နှင့်
(၅) သူဌေးကြီးဖြစ်ကြောင်း အတတ်ပညာတို့ကို ပြည့်စုံအောင် ဖြည့်ဆည်းကျင့်သုံးကြပါ။ ပြီးလျှင် မိမိ၏စိတ်ကို သူဌေးကြီးဖြစ်ရမယ်လို့ အမြဲတမ်း နှလုံးသွင်းပါ။ ဒါဆိုလျှင် မလွဲမသွေ သူဌေးကြီး ဖြစ်လာပါလိမ့်မယ်”ဟု မိန့်တော်မူသည်။
(မှတ်ချက်…လိုသမျှလေးကိုသာ ယူထားသည်။ အကျယ်ကြည့်လိုက ဥပရိပဏ္ဏာသပါဠိတော်၊ သင်္ခါရုပပတ္တိသုတ်ကို ရှုတော်မူ)။

ထို့အပြင် နတ်သားဖြစ်လိုလျှင်၊ ဗြဟ္မာဖြစ်လိုလျှင်၊ မည်သည့်ဘ၀မှာမှ မဖြစ်လိုတော့လျှင်….(မိမိတို့ ကြိုက်နှစ်သက်ရာပန်းတိုင်သို့ ရောက်လိုလျှင်) အထက်ပါ အချက်ငါးချက်ကို ကျင့်သုံးလိုက်နာပြီး အမြဲမပြတ် ဖြစ်ကိုဖြစ်ရမည်ဟု နှလုံးသွင်းထားနိုင်လျှင် လိုရာဆန္ဒအတိုင်း ဖြစ်လာလိမ့်မည်ဟု ဆက်လက်ဟောကြားထားသည်။

အထက်ပါ ဟောကြားချက်ကို လေ့လာကြည့်လျှင် မြတ်စွာဘုရားရှင်သည် လူတို့၏ ဖြစ်လိုမှု၊ ရလိုမှုကို ပိတ်ပင်ထားခြင်း မရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ပန်းတိုင်ကို မိမိတို့ စိတ်ကြိုက် ရွေးချယ်ပိုင်ခွင့် အပြည့်ရှိသည်။ သို့ရာတွင် ထိုပန်းတိုင်ကို အချောင်သွားလို့ မရ။ ထိုက်သင့်သော အမူအကျင့်၊ အတွေးအခေါ်၊ စွန့်လွှတ်မှုနှင့်အတတ်ပညာများဖြင့်သာ သွားရောက်နိုင်မည်ဖြစ်သည်။ ထိုငါးချက်တွင် လုပ်ဆောင်ချက်ကို လုပ်ဆောင်ချက်အတိုင်း မထားဘဲ လူတစ်ဦး၏ ကိုယ်ကျင့် သီလနှင့်အသိပညာများ ပါဝင်နေသည်ကို သတိပြုသင့်သည်။

(၈)
အချောင်သမားအတွက် ခဏတာ အောင်မြင်မှုသာရှိသည်။ ဆန္ဒတစ်ခုအတွက် ကိုယ်ကျင့်တရားနှင့် အလုပ်ကို တွဲစပ်ချည်နှောင်ပေးထားနိုင်သူများအတွက်မူကား တိကျခိုင်မာတည်တံ့သော အောင်မြင်မှုက သူ့အလိုအတိုင်း ဖြည်းဆည်းပေးဖို့ အဆင်သင့်နေပါလားဆိုတာကို တွေးမိသော အခါ “အခွင့်အရေး”ဟူသော ဝေါဟာရလေးက ရင်ထဲတွင် လင်းလက်လာနေခဲ့ပါသည်။


Wednesday, January 28, 2015

အဆန်လမ်း (2)


" အဆန်လမ်း "(2)

(၇) အတ္တ နှင့် အနတ္တ

အကြောင်းအကျိုး ဆက်နွယ်မှု တွင် အကျိုးတရား အပေါ်တွင် ပုဂ္ဂိုလ်အလိုအတိုင်း အစိုးရသည်။ မိမိအလိုအတိုင်း ဖြစ်သည်ဟု ထင်မြင်ယူဆလျှင် အတ္တအယူဖြစ်သည်။ ပုဂ္ဂိုလ်အလိုမပါပဲ အကျိုးတရားသည် အကြောင်းအားလျှော်စွာဖြစ်သည်ဟု ယူလျှင် အနတ္တအယူ ဖြစ်သည်။ ၎င်းကို လက်တွေ့ သုံးသတ်လိုလျှင် လက်ခုပ်တီးကြည့်ပါ။ 

လက်ခုပ်တီးခြင်းသည် အကြောင်း ဖြစ်၍ လက်ခုပ်သံ မည်ခြင်းသည် အကျိုးဖြစ်သည်။ ထိုအခါ လက်ခုပ်တီးခြင်း အကြောင်းရှိနေပါလျှက် လက်ခုပ်သံ မမည်ပါနှင့်ဟု အကျိုးတရားအပေါ်တွင် ပုဂ္ဂိုလ်အလိုအတိုင်း အမိန့်ပေး၍ အစိုးမရသလို လက်ခုပ်မတီးပဲ လက်ခုပ်သံ မည်အောင်လည်း လုပ်၍ မရပါ။ ထို့ကြောင့် မိမိအလိုဖြင့် အကျိုးတရားအပေါ်တွင် မစိုးမရပဲ အကျိုး တရားသည် ပုဂ္ဂိုလ်အလိုမပါပဲ အကြောင်း အားလျှော်စွာပင် ဖြစ်ပေါ်ရလေသည်။  ဤသို့ လက်တွေ့ကျကျ သိမြင်ပါက သဘာဝတွင် အတ္တသဘောမရှိပဲ အနတ္တသဘောသာ ရှိသည်ကို ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်ပေမည်။

“ မိမိသည် အကြောင်းတရားကိုသာ အားထုတ်ရ၏ ”

အခန်းတစ်ခုတွင် မှောင်နေပါက ထိုအမှောင်ကို ဖယ်ချင်လျှင် အမှောင်ကို တိုက်ရိုက်ဖယ်၍ မရပေ။ အလင်းဆိုသော အကြောင်းတရားကိုသာ အားထုတ်ရခြင်းဖြစ်ပါသည်။ အလင်းဖြစ်ပေါ်သည်နှင့် အမှောင်ချုပ် ပျောက်ရခြင်းသည် သူ့သဘောသူဆောင်ကာ ဖြစ်ပေါ်လာလေသည်။ 

မိမိသည် အမှောင်ဖယ်ခြင်းဆိုသော အကျိုးတရားနှင့် မသက်ဆိုင်ပဲ၊ အလင်းဖြစ်ပေါ်ရန် အကြောင်း တရားကိုသာ အားထုတ်ရခြင်းဖြစ်သည်။ ထို့ကြောင့် အကျိုးတရားသည် မိမိအလိုနှင့် မသက်ဆိုင်ပဲ အကြောင်းတရားတို့ ညီညွတ်ပြည့်စုံလာသောအခါ သူ့သဘောသူဆောင်ပြီး အသစ်သစ်အနေနှင့် ဖြစ်ပေါ်လာခြင်း ဖြစ်လေသည်။

“ သမုတိ အကြောင်းအကျိုး ”

သမုတိနယ်တွင် အကြောင်းအကျိုးကို လူတိုင်းနားလည်ကြပါသည်။ အကြောင်းကောင်းလို့ အကျိုးကောင်းတာ၊ အကြောင်းဆိုးလို့ အကျိုးဆိုးတာဆိုပြီး  အကြောင်းတရားသည် အကျိုးတရားပေါ်ကို တိုက်ရိုက်ဆက်နွယ်နေမှု (Connection) သဘောမျိုး ဖြစ်နေသည်။ 

ဥပမာအနေဖြင့် အကြောင်းတရားသည် အကျိုးတရားကို မွေးဖွားလိုက်သည့်သဘောမျိုးဖြစ်သည်။ ပရမတ်နယ်တွင် အကြောင်းတရားသည် အကျိုး တရားအပေါ်တွင် တိုက်ရိုက် ဆက်နွယ်ခြင်း သဘောမျိုး မရှိပါ။ အကြောင်းတရားသည် အကျိုးတရားကို အခြေအနေပေးမှု (Condition) အနေဖြင့်သာ ကျေးဇူးပြုပေးခြင်းမျိုးဖြစ်သည်။ 

အကျိုးတရားသည် အကြောင်းတရား ပြည့်စုံညီညွတ်သည်နှင့် တစ်ပြိုင်နက် သူ့သဘော သူဆောင်ကာ သဘာဝတရား(အသစ်) တစ်ခု အနေဖြင့် (မရှိရာမှ) အသစ်ဖြစ်ပေါ်လာခြင်းမျိုး ဖြစ်သည်။

ဥပမာ - ရေကို မီးအပူပေးပါက မီးပူလို့ ရေပူတာလို့ အပူကူးပြောင်းသကဲ့သို့ တိုက်ရိုက် ကြောင်းကျိုး ဆက်နွယ်မှု (Connection) သဘောမျိုး ယူလျှင် သမုတိနယ်မှ အပူကူးပြောင်းနေမှု အမြင်ဖြစ်၏။  မီးပူသည် ရေပူခြင်းကို မွေးထုပ်လိုက်သကဲ့သို့ တိုက်ရိုက် ကူးပြောင်း ဆက်နွယ်နေခြင်းမျိုး ဖြစ်သည်။

“ ပရမတ် အကြောင်းအကျိုး ”

ပရမတ်တွင် မီး တွင်ရှိသော အပူတေဇောဓါတ်သည် ဖြစ်သည့် နေရာမှာပင် ချုပ်ပျောက်၏။ အပူ ဓါတ်သည် ကူးပြောင်းခြင်း နေရာပြောင်းရွေ့ခြင်း လုံးဝမရှိပါ။ ရေပူခြင်းသည် ရေတွင်ရှိသော အေးသည့် တေဇောဓါတ်များ ချုပ်ပျောက်ပြီး ပူသည့်တေဇောဓါတ်သည် သူ့သဘော သူဆောင်ကာ အသစ် အသစ် ဖြစ်ပေါ်နေခြင်းကြောင့်ဖြစ်သည်။ 

သို့သော် မီးဆိုသော အကြောင်းတရား၏ ကျေးဇူးပြုမှုနှင့်တော့ မကင်း နိုင်ချေ။ မီးသည် ရေပူမှု အပေါ်တွင် တိုက်ရိုက်ဆက်နွယ်မှု (Connection) သဘောမျိုး (ကူးပြောင်းခြင်း) မဟုတ်ပဲ အခြေအနေပေးမှု (Condition) အနေဖြင့်သာ (ကျေးဇူးပြုခြင်း) သဘောမျိုး ဖြစ်သည်။ ထို့ကြောင့် ရေပူခြင်း ကိစ္စတွင် မီးသည် အပူဓါတ် အကြောင်းတရားတို့ဖြင့် လုံလောက်သော ကျေးဇူးပြုခြင်း သဘောသာ ဖြစ်သည်။ ရေပူခြင်း အကျိုးတရား (ပူသည့်တေဇောဓါတ်)သည် သူသဘောသူ ဆောင်ကာ မရှိရာမှ အသစ် အသစ်ဖြစ်ပေါ်နေသော သဘောဝတရားမျိုးသာ ဖြစ်ပါသည်။

နောက်ဥပမာတစ်ခုမှာ လေတိုက်၍ သစ်ရွက်လှုပ်ခြင်းဖြစ်သည်။  သမုတိနယ်တွင် လေတိုက်ခြင်း သည် အကြောင်းတရား ဖြစ်၍ သစ်ရွက်လှုပ်ခြင်းသည် အကျိုးတရား ဖြစ်သည်။ ၎င်းတွင် လေတိုက်ခြင်း အကြောင်း တရားသည် သစ်ရွက်လှုပ်ခြင်း အကျိုးတရားအပေါ်တွင် တိုက်ရိုက် ဆက်နွယ်နေသည်။ 

ပရမတ်နယ်တွင် လေတွင်ပါဝင်သော ၀ါယောဓါတ်သည် လေမှာပင် ချုပ်ပျောက်၏။ သို့သော် သစ်ရွက်လှုပ်ခြင်းသည် သစ်ရွက်တွင် ပါဝင်သော မူလတည်ငြိမ်ဝါယော ချုပ်ပျောက်၍ လှုပ်ရှားဝါယော အသစ်ဖြစ်ပေါ်လာသောကြောင့် သူ့သဘောသူဆောင်ကာ လှုပ်ရှားခြင်း ဖြစ်ပါသည်။ ထိုသို့ လှုပ်ရှားဝါယော အသစ်ဖြစ်ပေါ်လာခြင်းသည် လေတိုက်ခြင်းဆိုသော အကြောင်းတရား၏ ကျေးဇူးပြုမှုနှင့်ကင်း၍ မဖြစ်ပေါ်နိုင်ချေ။ 

ထို့ကြောင့် အကြောင်း တရားသည် အကျိုးတရား အပေါ်တွင် တိုက်ရိုက်ဆက်နွယ်မှု (Connection) သဘောမျိုး ကူးပြောင်းခြင်း မရှိသော်လည်း အခြေအနေပေးမှု (Condition)အနေဖြင့်သာ ကျေးဇူးပြုပြီး အကျိုးတရားသည် သူ့သဘော သူဆောင်ကာ အသစ်သစ် အနေနှင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။

ထို့အတူ ဖယောင်းတိုင် မီးကူးမှုတွင်လည်း ပထမ ဖယောင်းတိုင်မှ မီးသည် ဒုတိယဖယောင်းတိုင်မှ မီးစာကို တို့ထိခြင်းဟူသော အခြေအနေပေးမှု (Condition) အနေဖြင့်သာ ကျေးဇူးပြုခြင်း ဖြစ်သည်။ ဒုတိယ ဖယောင်းတိုင်၌ မီးတောက်မှုသည် ဒုတိယ ဖယောင်းတိုင်ရှိ တေဇောဓါတ်က သူ့သဘောသူဆောင်ကာ မီးတောက် အသစ်ဖြစ်ပေါ်လာခြင်းသာ ဖြစ်သည်။ မီးကူးပြောင်းခြင်း လုံးဝမရှိပါ။

ထို့သို့ သိမြင်ခြင်းဖြင့် မိမိခန္ဓာတွင်လည်း ခန္ဓပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးကို အနတ္တဉာဏ် အမြင်ဖြင့် နားလည် သိမြင်အောင် နှလုံးသွင်းအားထုတ်ရပေမည်။

“ ထိမှ သိတယ် ”

ထိသိကို အများအားဖြင့် ကြားဖူးကြပါသည်။ သို့သော် ထိသော အာရုံမှ ကျေးဇူးပြုမှ သိမှု ၀ိညာဏ် ဖြစ်ပေါ်ရသည်ကို အနတ္တအမြင်ဖြင့် ကိုယ်တိုင်သိမြင်အောင် နှလုံးသွင်းတတ်ရန် မလွယ်လှပါ။ ထိမှု ဟူသော အကြောင်းတရားက ကျေးဇူးပြုပါမှ သိမှု ၀ိညာဏ်သည် အကျိုးတရားအနေဖြင့် သူ့သဘောသူဆောင်ကာ မရှိရာမှ (အသစ်) ဖြစ်ပေါ်လာသည်။ 

ထိမှု အကြောင်းတရား ကင်းပါကလည်း ထိုဝိညာဏ်သည် ချက်ခြင်း ချုပ်ပျောက်ပါသည်။ အာဂန္တုဓမ္မမျှသာ ဖြစ်လေသည်။ ၀ိညာဏ်သည် မွေးသည်မှ သေဆုံးသည် အထိ အမြဲရှိနေသော အခိုင်အမာ အနှစ်သာရမျိုး၊ အမာခံမျိုး မဟုတ်ပါ။ ထို့ကြောင့် သိမှု ၀ိညာဏ်သည် မိမိနှင့် မသက်ဆိုင်ပဲ သူ့သဘောသူဆောင်၍ (အကြောင်း၊ အကျိုး)အားဖြင့် ဖြစ်ပေါ် ချုပ်ပျောက် နေသောကြောင့် ငါ လည်းမဟုတ်၊ ငါ၏ဥစ္စာလည်း မဟုတ်ပါ။ ထိုသို့ သိမြင် နှလုံးသွင်းနိုင်ပါက ရုပ်နာမ်အပေါ်တွင် အနတ္တ လက္ခဏာ ၀င်ကာ ၀ိပဿနာကို ပွားများအားထုတ်နိုင်ပေမည်။

“ သစ္စာအကြောင်းအကျိုး ”

ဒုက္ခ ကို သမုတိနယ်မှ သူသိ၊ ငါသိ၊ ရပ်ကွပ်သိ အနေဖြင့် ဆင်းရဲတာ ဒုက္ခလို့ နားလည်ကြပါသည်။ ဥပမာ တဲ နဲ့ နေရတာ ဒုက္ခ၊ ခေါင်းကိုက်တာဒုက္ခ၊ ဗိုက်နာတာ ဒုက္ခ၊ ကောင်းကောင်း မစားရတာ ဒုက္ခ စသည်ဖြင့် သိကြပါသည်။ 

ဘုရားရှင် ဆိုလိုသော ဒုက္ခ မှာ ထိုကဲ့သို့မဟုတ်ပါ။ သမုဒယ ရှိပါက ဒုက္ခ ရှိပါသည်။ သမုဒယ မရှိပါက ဒုက္ခ မရှိပါ။ ဒုက္ခ ကို သမုဒယရှိ မရှိ အပေါ်တွင် မူတည်၍ ဓမ္မစကြာတရားတော်တွင် ဟောကြားတော် မူခဲ့ပါသည်။ 

ဥပမာ - တိုက် နဲ့နေရတာသည် ချမ်းသာ၏။ တဲ နဲ့နေရတာသည် ဆင်းရဲ၏။ အများသိ ဖြစ်ပါသည်။ သမုတိနယ် အနေဖြင့်လည်း မှန်ပါသည်။ သမုတိသစ္စာလည်း ထိုက်ပါသည်။ သို့သော် သစ္စာနယ်မှကြည့်လျှင် တိုက် နဲ့နေရသော်လည်း တိုက် အပေါ်မှာ သမုဒယရှိပါက ဒုက္ခ ရှိပါသည်။ တဲ နဲ့နေရသော်လည်း တဲ အပေါ်တွင် သမုဒယ မရှိပါက ဒုက္ခ မရှိပါ။

ထို့ပြင် သစ်စေ့သည် အပင် စပေါက်ရာမှ တဖြည်းဖြည်း ကြီးထွားလာပါသည်။ အိုမင်း ရင့်ရော် လာမည်။ နောက်ဆုံးမှာ သေခြင်းနှင့် အဆုံးသတ်ရပါသည်။ ထိုဖြစ်စဉ်သည် သဘာဝတရား တစ်ခုသာ ဖြစ်ပါသည်။ ထို့အတူ မိမိတို့သည် မွေးဖွားလာပြီး အိုလာကြသည်။ နာလာကြသည်။ နောက်ဆုံး သေကြရပါသည်။ ၎င်းသည်လည်း သဘာဝတရား တစ်ခုသာ ဖြစ်ပါသည်။ ဘာပြဿနာမှ မရှိပါ။ 

သို့သော် ထို အို၊ နာ၊ သေ အပေါ်တွင် ငါအိုပြီ၊ ငါနာပြီ၊ ငါသေတော့မှာပဲ ဟူ၍ ငါ နှင့် သမုဒယ ရှိသွားသောကြောင့် မိမိတို့တွင် စိတ်ဆင်းရဲခြင်း ဒုက္ခ ဖြစ်ကြရပါသည်။ ဘုရားရှင်တို့တွင် အို၊ နာ၊ သေ ရှိသော်လည်း သမုဒယ မရှိသောကြောင့် ကိုယ်သာနာ၍ စိတ်နာခြင်းဒုက္ခ မရှိခြင်း ဖြစ်ပါသည်။ မိမိတို့မှာ မိမိကိုယ်နာပါက စိတ်ပါနာလေသည်။ ထိုသို့ ကိုယ်နာ၍ စိတ်နာရသည်မှာ မိမိ ကိုယ်ပေါ်မှာ သမုဒယ ရှိသောကြောင့် ဖြစ်ပါသည်။ သမုဒယ ကိုပယ်နိုင်ပါမှ ဒုက္ခ ချုပ်ကာ ကိုယ်သာနာပြီး စိတ်မနာခြင်း ဖြစ်လေသည်။

" အနတ္တ (၅)ခု နှင့် အတ္တ (၁)ခု မြင်အောင်ရှု"

မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် တို့တွင် အကြောင်းအားလျှော်စွာ ဖြစ်ပေါ်နေကြသော မြင်မှု၊ ကြားမှု၊ နံမှု၊ စားမှု၊ ထိမှု တို့သည် အကျိုးတရားများသာ ဖြစ်ကြပါသည်။ ၄င်းတို့တွင်အပိုမပါ၊ နဂိုရှိအတိုင်းသာ သိကြပါသည်။ 

ဥပမာ - မျက်စိသည် အဆင်း နှင့်တိုက်ပါက မျက်စိမှ မြင်စိတ်သည် နဂိုအရှိကို အရှိအတိုင်းသာ မြင်ပါသည်။ သို့သော် မနောသည် နဂိုအတိုင်းသာမက အပို ကွန့်လိုက်ပါသည်။ ကောင်းတယ် မကောင်းဘူး၊ လှတယ် မလှဘူး၊ ကြိုက်တယ် မကြိုက်ဘူး စသည်ဖြင့် မိမိအလို လောဘအတိုင်း အပိုတွေပါတော့သည်။ 

ထိုအခါ မျက်စိသည် အကြောင်းအားလျှော်စွာသာ မြင်သော အကျိုးတရား သာဖြစ်၍ အနတ္တဖြစ်သည်။ မနောသည် မိမိအလိုအတိုင်းသာ ဖြစ်ချင်သောကြောင့် အတ္တ ဖြစ်လေသည်။ ထို့အတူ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် တို့သည် အကြောင်း၊ အကျိုး အားလျှော်စွာသာ သိကြသောကြောင့် အနတ္တသာ ဖြစ်ကြပါသည်။ ထို့ကြောင့် မိမိခန္ဓာကိုယ်တွင် မျက်စိ၊ နား၊နှာ၊ လျှာ၊ ကိုယ်၌ အနတ္တ (၅)ခု ရှိ၍ မနောတွင်သာ အတ္တ (၁) ခုရှိလေသည်။ 

အနတ္တ (၅)ခု သည် အတ္တ (၁)ခု ကို အနိုင်ရသင့်သော်လည်း မနိုင်ရခြင်းမှာ မနောမှ အတ္တသည် ငယ်နိုင်ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ၀ိပဿနာရှုခြင်းသည် မနောကို မျက်စိ၊ နား၊နှာ၊ လျှာ၊ ကိုယ်မှာ သိမြင်သည့် အတိုင်း မြင်လျှင်မြင်ကာမျှ မျက်စိအတိုင်း မနောမှ သိအောင်၊ အပိုမပါပဲ နဂိုအတိုင်းသိအောင် အရှိကိုအရှိအတိုင်း သိမြင်အောင် အားထုတ်ရခြင်း ဖြစ်ပါသည်။ 

(၈) ပဋိစ္စသမုပ္ပါဒ် နှင့် ၀ဋ်သုံးပါး

(၁)၀ိပါက၀ဋ်။ (၂) ကိလေသ၀ဋ်။ (၃) ကမ္မ၀ဋ်။
ဝိညာဏ် အ၀ိဇ္ဇာ သင်္ခါရ နာမ်ရုပ် တဏှာ ကမ္မဘ၀ သဠာယတန ဥပါဒါန် ဖဿ ဝေဒနာ

ပဋိစ္စသမုပ္ပါဒ် ဟူသည် ပစ္စယပရိဂ္ဂဟဉာဏ် ကို ဟောပြသော ဒေသနာတော်ဖြစ်သည်။  နာမရူပ ပရိစ္ဆေဒ ဉာဏ်နှင့် ပြည့်စုံသောသူသည် ပဋိစ္စသမုပ္ပါဒ်ကို သိမြင်ပါက ရုပ်နာမ်မှတစ်ပါး အခြား အတ္တကောင်မရှိ။ အကြောင်းတရားတို့ အဆက်မပြတ်ဖြစ်ခြင်းကြောင့် အကျိုးတရားတို့ အဆက် မပြတ်ဖြစ်ခြင်း (ပစ္စယာကာရ) ကို သိမြင်သော သူအား (ဥစ္ဆေဒဒိဋ္ဌိ) ကင်းပျောက်၏။ 

အကြောင်းတရားတို့ ချုပ်ခြင်းကြောင်း အကျိုးတရားတို့ ချုပ်ပျောက်ခြင်း (ပဋိလောမ ပစ္စယာကာရ) ကို သိမြင်သောသူအား (သဿတဒိဋ္ဌိ) ကင်းပျောက်၏။ ထိုသို့ အစွန်းနှစ်ပါး တို့မှ မကပ်ရောက်မူ၍ မဇ္ဈိပဋိပဒါအကျင့်ဖြစ်သော ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို ဟောတော် မူခြင်း ဖြစ်သည်။

မြင်ဆဲ၊ ကြားဆဲ၊ နံဆဲ၊ စားဆဲ၊ ထိဆဲ၊ တွေးဆဲ တို့တွင် ဖြစ်ပေါ်သော ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါး တို့သည် အတိတ်က အကြောင်း(ကံ)ကြောင့် ဖြစ်ပေါ်နေသော အကျိုးတရား (၀ိပါက၀ဋ်) ဖြစ်ပါသည်။ ၎င်း ရုပ်၊ နာမ်ကို ပုဂ္ဂိုလ်၊ သတ္တ၀ါလို့ သိတာသည် အ၀ိဇ္ဇာ၊ နှစ်သက်တာသည် တဏှာ၊ စွဲလမ်းတာ သည် ဥပါဒါန်ဖြစ်ပါသည်။ 

(အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်) တို့သည် ကိလေသာဝဋ် တို့ဖြစ်ကြ၍ ကိလေသာ ပါဝင်သော ကာယ၊ ၀စီ၊ မနောနှင့် အားထုတ်မှု (သင်္ခါရ) များကြောင့် ကုသိုလ်၊ အကုသိုလ်(ကံ)များ ဖြစ်ပေါ်ကြခြင်းသည် (ကမ္မ၀ဋ်) ဖြစ်သည်။ မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ တွေး ဆိုသော အကျိုးတရား (၀ိပါက၀ဋ်) အပေါ်တွင် (အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်) ကိလေသာ ၀င်သောကြောင့် (ကံ)ဖြစ်ပေါ်ကာ အကြောင်းတရား (ကမ္မ၀ဋ်) အနေဖြင့် သံသရာလည်ရခြင်း ဖြစ်သည်။ 

ကိလေသာဝဋ် ချုပ်လျှင် ကမ္မ၀ဋ် ချုပ်၏။ ဤသို့ဖြင့် အကြောင်း(ကံ) ချုပ်ပါက အကျိုး (ဇာတိ) ချုပ်ကာ သံသရာ ရပ်တော့သည်။ ဥပါဒါနပစ္စယာ ကမ္မဘ၀ ဆိုသော ဒေသနာတော်အရ ကုသိုလ် အကုသိုလ် (ကံ) တို့သည် (ဥပါဒါန်) ကြောင့် ဖြစ်ပေါ်နေသည်ဟုဆို၏။ ထို ကံတို့သည် ဥပါဒါန်ကပ်သော ကာယ၊ ၀စီ၊ မနော၊ စေတနာ (ကံ) တို့ဖြင့် အားထုတ်မှုကြောင့် ဖြစ်ပေါ်ရသည်။ 

ဥပါဒါန်ကို ဉာဏ်ဖြင့် ကောက်တတ်ပါက မိမိ၏ ကာယ၊ ၀စီ၊ မနော၊ စေတနာ (ကံ) တို့တွင် (ဥပါဒါန်) ကိုမိလျှင် အကြောင်းကို သိမ်းဆည်းနိုင်သော ပစ္စယပရိဂ္ဂဟဉာဏ်ကို ရလေသည်။ ထို့ကြောင့် မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ တွေး တို့တွင် ဥပါဒါန် ကပ်၊မကပ်ကို နှလုံးသွင်း ဆင်ခြင်ခြင်းဖြင့် ဥပါဒါန် ကပ်တာကို နောက်မှ သတိ ဖြင့် အသိ လိုက်နိုင်လျှင်လည်း သိစိတ် ဖြစ်ပါက ဥပါဒါန်စိတ် မရှိတော့ချေ။ ဥပါဒါန် ဖြစ်ပျက် သိတာက မဂ်ဖြစ်၏။ 

စိတ်သည် တစ်ကြိမ်တွင် နှစ်စိတ် ပြိုင်မဖြစ်ပေ။ ဥပါဒါန် ကပ်သော အချိန်တွင် ဥပါဒါန်ကို သိနိုင်သော ဉာဏ် မဖြစ်ပေါ်သေး။ သတိ ဖြင့် အသိလိုက်နိုင်သော အချိန်တွင်လည်း ဥပါဒါန်မရှိ တော့ချေ၊ ချုပ်ပြီးဖြစ်၏။ ဥပါဒါန် ပါဝင်သောစိတ်သည် ကိလေသ၀ဋ် ဖြစ်၍ အသိလိုက်ခြင်းဖြင့် ကိလေသ၀ဋ် တဒင်္ဂချုပ်လေသည်။ ကိလေသ၀ဋ် ချုပ်လျှင် ကမ္မ၀ဋ်ချုပ်၏။ 

ကမ္မ၀ဋ်ချုပ်ပါက နောက်ဘ၀၊ နောက်ခန္ဓာဆိုသော ၀ိပါက၀ဋ်ချုပ်ကာ သံသရာ ၀ဋ်ဆင်းရဲ ရပ်တော့သည်။ မြင်မှုအပေါ်တွင် ဥပါဒါန် မကပ်တာကို သိနိုင်လျှင်လည်း သတိ ဖြင့် အသိ လိုက်ခြင်းကြောင့် မောဟ ချုပ်၏။ မောဟ မရှိတာကို မောဟ မရှိမှန်း သိလျှင်လည်း သတိပဌာန် ဖြစ်ပါသည်။

ဓမ္မလမ်း ၀ိပဿနာသင်တန်း သင်ခန်းစာများမှ ကောက်နှုတ်တင်ပြပါသည်။
 Dr. Soe Lwin (Mandalay)


Tuesday, January 27, 2015

နိဗ္ဗာန်လိုချင်ရင် ငါ့ကိုမကြိုက်နဲ့


နိဗ္ဗာန်လိုချင်ရင် ငါ့ကိုမကြိုက်နဲ့


ရှေးရှေးတုန်းက ရွာတစ်ရွာမှာ အတော်အတန် ကြွယ်ဝချမ်းသာတဲ့ တောင်သူတစ်ဦးရှိခဲ့ဖူးတယ်။ အဲဒီတောင်သူ ကြီးဟာ မိမိမှာရှိတဲ့ ဥစ္စာဓနတွေကို ကောင်းမှုကုသိုလ်ပြုလိုတာကြောင့် ရွာဦးမှာ ဘုန်းကြီးကျောင်းတစ်ကျောင်း ဆောက်လုပ်ပြီး သံဃာတော် အရှင်မြတ်တစ်ပါးကိုကျောင်းထိုင် ဘုန်းကြီးအဖြစ်ပင့်ဆောင်ကာ ဆက်ကပ် လှူဒါန်းထားတာပေါ့။

ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး ဒါယကာအဖြစ်ခံယူထားတဲ့ တောင်သူကြီးဟာ နေ့စဉ် နံနက်တိုင်း ကျောင်းကို ဆွမ်းအုပ်ပို့ပေးဖို့ သူတို့ရဲ့တစ်ဦးတည်းသောသမီးပျိုကလေးကို တာဝန်ပေးပါတယ်။ အသက်(၁၇)နှစ်သာ ရှိသေးတဲ့ ကျောင်းဒကာကြီးရဲ့သမီးကလေးဟာ ငယ်ရွယ်သူဖြစ်ပေမယ့် သတိပဋ္ဌာန်ဝိပဿနာတရားတွေကို အားထုတ်ထားပြီးသူ ဖြစ်တာမို့ အရွယ်နဲ့မလိုက်အောင် တတ်သိလိမ္မာသူလေးလည်းဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းဒကာရဲ့ သမီးကလေးဟာ နေ့စဉ် ကျောင်းကို ၀တ်မပျက် ဆွမ်းသွားပို့ရင်းက သူမ မသိတာတွေကိုလည်း ဘုန်းကြီးထံမေး လျှောက်ပါတယ်။

တစ်နေ့တော့ ကျောင်းဒကာရဲ့သမီးဟာ ဘုန်းတော်ကြီးကို အရှင်ဘုရား ဒီကျောင်းက ဘယ်သူ့ ကျောင်းလဲဘုရားလို့ မေးလျှောက်ပါတယ်။ ဒီအခါ ဘုန်းတော်ကြီးက နင့်မိဘများက ငါ့ကို ရေစက် ချပြီး လှူထားတာပဲ။ ငါ့ကျောင်းပေါ့ဟလို့ အဖြေပေးပါတယ်။ နောက်နေ့တွေမှာလည်း ကျောင်းဒကာကြီးရဲ့သမီးလေးဟာ ဘုန်းတော်ကြီးကို မေးခွန်းတွေမေးပြန်ပါတယ်။

အရှင်ဘုရား ဒီသင်္ကန်းတွေက ဘယ်သူ့ သင်္ကန်းတွေလည်းဘုရား။
ငါဝတ်နေတာ ငါ့သင်္ကန်းပေါ့ဟ။
ဒီသပိတ်ကော ဘုရား။
ငါ့ဆွမ်းခံတဲ့သပိတ်၊ ငါ့သပိတ်ပေါ့။
ဒါဖြင့်ရင် ဒီကျောင်းဝိုင်းထဲက သစ်ပင်တွေကကော။
ငါ့ကျောင်းဝိုင်းထဲရှိတဲ့အပင်တွေ ငါ့အပင်ပေါ့ဟ.။

ဒီလိုဘုန်းကြီးက မေးခွန်းတွေဖြေတိုင်း ငါ့ပစ္စည်း၊ ငါ့ပစ္စည်းလို့ တစ်ငါတည်းငါနေတဲ့ အခါ ကျောင်းဒကာကြီးရဲ့သမီးက အရှင်ဘုရား ဒါဆိုဘာကြောင့် ဘုန်းကြီးဝတ်နေပါသလဲ ဘုရားလို့ ထပ်ပြီးမေးလျှောက်ပြန်တယ်။ စိတ်တိုနေတဲ့ ဘုန်းကြီးက နိဗ္ဗာန်မဂ်ဖိုလ် လိုချင်လို့ပေါ့ဟ လို့ ခပ်ထန်ထန်ပဲ မိန့်တော်မူပါတယ်။

ဒီအခါမှာ ကျောင်းဒကာရဲ့သမီးက အရှင်ဘုရား နိဗ္ဗာန်လိုချင်တယ်ဆိုရင် ငါ့ကိုမကြိုက်ပါနဲ့လို့ ဘုန်းတော်ကြီးကို လျှောက်ထားပြီး ဆွမ်းအုပ်ကိုခေါင်းပေါ်ရွက်ကာ ခပ်သုတ်သုတ်ပဲ ကျောင်းပေါ်က
ဆင်းသွားသတဲ့။ ဘုန်းတော်ကြီးကတော့ ငါ့ကိုမကြိုက်နဲ့လို့ လျှောက်သွားတဲ့ကျောင်း ဒကာသမီးရဲ့ စကားကိုပဲစဉ်းစားရင်း ငေးပြီးကျန်ခဲ့တာပေါ့။

ဘုန်းတော်ကြီးဟာ မိမိရဲ့အကျင့်သိက္ခာနဲ့ ကျောင်းဒကာသမီးအပေါ်ဆက်ဆံပြောဆို ပြုမူခဲ့တာ တွေကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါ အမှားအယွင်းတစ်ခုမျှ မတွေ့ရဘူးတဲ့။ ဒီလိုဖြစ်ပါလျက်နဲ့ ကျောင်းဒကာရဲ့သမီးက သူ့အပေါ်မဆီမဆိုင် စွပ်စွဲပြောဆိုသွားတာကို တွေးမိပြီးရှက်လွန်းတာမို့ ဆွမ်းစားလည်းပျက်၊ ကျိန်းစက်လို့လည်း မပျော်ဖြစ်ကာ ကပ္ပိယကြီးကိုခေါ်ပြီး အကြောင်းစုံ ပြောပြသတဲ့။

ကပ္ပိယကြီးကလည်း ဒီကိစ္စကိုအမြန်ဖြေရှင်းမှပဲ ဘုန်းကြီးအသက်ရှည်မယ်၊ ဒီလိုမှမဟုတ်ရင် အခက်တွေ့တော့ မယ်လို့ယူဆပြီး ကျောင်းဒကာအိမ်ကိုသွားပြီး အကျိုးအကြောင်းပြောပြတာပေါ့။ ဒီအခါကျောင်းဒကာကလည်း မိမိရဲ့သမီးဟာ တတ်သိလိမ္မာသူဖြစ်တာမို့ အကြောင်းမဲ့တော့ မဖြစ်တန်ရာ။ အကြောင်းတစ်ခုခုတော့ ရှိမှာပဲလို့တွေးပြီး သမီးအပေါ် ရုတ်တရက် အပြစ်မတင် မပြောဆိုသေးဘဲ အိမ်သူဇနီးကိုသာ ဒီအကြောင်းစုံစမ်းဖို့ ပြောကြားလိုက်ပါတယ်။

ကျောင်းဒကာမကြီးကလည်း မိမိရဲ့သမီးဟာ ဒီလောက်တော့ မမိုက်မဲပါဘူး။ အကြောင်းရှိလို့သာ ဖြစ်ရမယ်လို့ တွေးကာ သမီးကိုချော့မော့ပြီး ဘုန်းတော်ကြီးကျောင်းမှာ ဖြစ်ပျက်ခဲ့ပုံကို မေးမြန်း စုံစမ်းပါတယ်။ ဒီအခါသမီးဖြစ်သူက ဘုန်းကြီးကို တရားပြခဲ့တာဖြစ်ကြောင်း ကြီးကြီးကျယ်ကျယ်  ပြောလိုက်လို့အမေ ဖြစ်သူကျောင်းဒကာမကြီးဟာ မျက်လုံး မျက်ဆံပြူးသွားတဲ့အထိ အံ့အားသင့် သွားရသတဲ့။

ဟဲ့ ညည်းကိုသာ ဘုန်းကြီးက တရား ပြရမှာပါ၊ ဘယ့်နှယ့် လုပ်ပြီးညည်းက ဘုန်းကြီးကို တရားပြန်ပြခဲ့ရတာတုန်း။

ဒီလိုပါအမေရယ်။ ကျမဆွမ်းသွားပို့တိုင်း အရှင်ဘုရား ဒီကျောင်းက ဘယ်သူ့ ကျောင်းလဲဘုရားလို့ မေးရင် ဘုန်းကြီးက ငါ့ကျောင်း၊ ဒီသင်္ကန်းကဘယ်သူ့ သင်္ကန်းလဲဘုရားလို့မေးရင် ဘုန်းကြီးက ငါ့သင်္ကန်း၊ ဒီလိုတွေ့သမျှ မြင်သမျှ မေးမိတဲ့ အရာဝတ္ထုတိုင်းကို ဘုန်းကြီးက ငါ့ပစ္စည်း ငါ့ဥစ္စာနဲ့ တစ်ငါတည်းငါနေတာမို့ဒီလောက်တောင် ငါ စွဲနေရင် နိဗ္ဗာန်နဲ့ ဝေး တော့မှာမို့ အရှင်ဘုရားနိဗ္ဗာန်လို ချင်ရင် ငါ့ကို မကြိုက်ပါနဲ့လို့ ငါစွဲ = အတ္တဒိဋ္ဌိကိုဖြုတ်ဖို့ သတိပေးလျှောက်ထားခဲ့တာပါလို့ ကျောင်းဒကာမကြီးကို အသေအချာ ရှင်းလင်းပြောပြပါတယ်။

အဲဒီလိုသမီးဖြစ်သူက တရားကြောင်းနဲ့ ဖြေရှင်းပြလိုက်မှ အားလုံးကသဘော ပေါက်နားလည် သွားကြပြီး ကျောင်းသို့သွားကာ ဘုန်းတော်ကြီးကိုလည်း အကြောင်းစုံလျှောက်ထားကြပါတယ်။ အဲဒီအခါကျမှ ဘုန်းတော်ကြီး ကလည်း ပြုံးတော်မူနိုင်ပြီး အင်း ဒီလိုဆိုတော့လည်း ကျောင်းဒကာရဲ့ သမီးပြောတာ မှန်သဗျလို့ လက်ခံတော်မူ လိုက်ရပါသတဲ့။

ဒီပုံပြင်ကလေးရဲ့အဓိကဆိုလိုချက်ကတော့ နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ ရောက်ချင်သူတွေဟာ ငါ၊ ငါ့ဥစ္စာ၊ ငါ့ဘ၀ဆိုတဲ့ အတ္တဒိဋ္ဌိ၊သက္ကာယဒိဋ္ဌိအစွဲတွေကို မလွဲမသွေဖြုတ်ပယ်ပစ်စေဖို့ပါပဲ။ တကယ်တော့ အတ္တဒိဋ္ဌိ = ငါစွဲကြီးတာဟာ လောကီမှာဖြစ်စေ၊ လောကုတ္တရာမှာဖြစ်စေ၊ နည်းလေ ကောင်းလေပါပဲ။ များသောအားဖြင့် လူတွေရဲ့နှလုံးသားကို အတ္တဒိဋ္ဌိ = ငါစွဲက နေရာပြည့် အချိန်ပြည့် စိုးမိုးထားတာမို့ စိတ်ကောင်းနဲ့အသိဉာဏ် ဖြစ်ပေါ်ဖွံ့ဖြိုးဖို့နေရာလွတ် အချိန်အားဆိုတာ မရှိသလောက်ဖြစ်နေပါတယ်။

ဒီအတ္တဒိဋ္ဌိစည်းရိုးကို နည်းနည်းချင်းဖျက်ချိုးပေးနိုင်တာနဲ့အမျှ၊ လူ့နှလုံးသားမှာလည်း ဗြဟ္မစိုရ်နဲ့ သူတော်ကောင်း တရားတွေ ရှင်သန်ပေါက်ဖွားဖို့နေရာလွတ်နဲ့ အချိန်အားတွေ မုချ ပေါ်ပေါက် လာမှာပါ။ လူတွေရဲ့နှလုံးသားမှာမေတ္တာ ကရုဏာနဲ့သူတော်ကောင်းတရားတွေ စည်ပင်ဝေဆာနေမှ ဒီကမ္ဘာကြီးလည်း ငြိမ်းချမ်းသာယာနေပြီး လှပနေနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး လိုလားသူတိုင်းဟာ ဒီငါစွဲ = အတ္တဒိဋ္ဌိကို မကြိုက်နှစ်သက်ကြဖို့ တကယ်ပဲ လိုအပ်လှပါတယ်။

တော်ဝင်နွယ်
အပ္ပမာဒဓမ္မရသမဂ္ဂဇင်း ၂၀၀၁ခုနှစ်၊ အောက်တိုဘာလ

Monday, January 26, 2015

အဆန်လမ်း


" အဆန်လမ်း "

ဝိပဿနာ အတွက် အခြေခံသိရမည့် သဘောတရား (၂)ခုမှာ ရုပ်နာမ်ကို
 ပိုင်းခြားသိခြင်းနှင့် အကြောင်း အကျိုးကို သိမ်းဆည်းတတ်ခြင်းတို့ ဖြစ်ပါသည်။ ရုပ်နာမ် နှင့် အကြောင်းအကျိုးကို စာသိ ဆင်ခြင် သိမျိုး မဟုတ်ပဲ လက်တွေ့နားလည်သိမြင်ရန် အောက်ပါတို့ကို အရင် သဘောပေါက် နားလည်ပါက တရားအလုပ် အားထုတ်ရတွင် များစွာ အထောက်အပံ့ကောင်းများ ရရှိနိုင်ပေမည်။

(၁) နယ် (၃) နယ်
(၂) အမှီချမ်းသာ နှင့် အမှီကင်းသောချမ်းသာ
(၃) နှောင်ဖွဲ့မှု နှင့် လွတ်မြောက်မှု
(၄) သာယာဖွယ် အပြစ် ထွက်မြောက်မှု
(၅) ၀ိပဿနာ အစ သတိ ၀ီရိယ
(၆) မဂ္ဂင် (၈)ပါး အလုပ်တရား
(၇) အတ္တ အနတ္တ
(၈) ပဋိစ္စသမုပ္ပါဒ် နှင့် ၀ဋ် (၃)ပါး
(၉) ဥပါဒါန် နှင့် အကြောင်းတရား
(၁၀) အတွင်းရှုပါ 
(၁၁) မနောဒွါရ နှင့် ဓမ္မာရုံ
(၁၂) အာရုံက ကျေးဇူးပြုမှ စိတ်ဖြစ်တယ်
(၁၃) အာရုံ နှင့် အ၀ိဇ္ဇာ တဏှာ ဥပါဒါန်
(၁၄) ဥပါဒါန် နှင့် သတိ
(၁၅) သတိပညာ သာသနာ

(၁) နယ်(၃)နယ်

ဝိပဿနာ ကို နယ်(၃)နယ်နှင့် ပိုင်းခြား တင်ပြရခြင်းမှာ စာပေနှင့် အလှမ်းဝေးနေသော သူများအတွက် ဖြစ်ပါသည်။ စာပေတွင် သမုတိသစ္စာ နှင့် ပရမတ္ထသစ္စာ နှစ်ပါးသာ ရှိပါသည်။ ပရမတ္ထသစ္စာတွင် ရုပ်၊ စိတ်၊ စေတသိက် ဆိုသော သင်္ခတတရား (သဘာဝသစ္စာ) နှင့် နိဗ္ဗာန် ဆိုသော အသင်္ခတတရား (အရိယသစ္စာ) ဟူ၍ ခွဲခြားနိုင်သည်။ 

သို့သော် ၀ိပဿနာ အားထုတ်ရာတွင် ပညတ်၊ ပရမတ်ကို ပိုင်းခြား သိအောင် သင်ကြားရသဖြင့် ပရမတ်ဆိုလျှင် ရုပ်၊ စိတ်၊ စေတသိက် ကိုသာ တန်းမြင်ကြပါသည်။ ထို့ကြောင့် သစ္စာ (၄) ပါးကို နားလည်သဘောပေါက်ရန်အတွက် သစ္စာနယ် အနေဖြင့် သီးခြားတင်ပြ ပေးခြင်း ဖြစ်ပါသည်။

(၁) သမုတိနယ် - ငါ၊သူတစ်ပါး၊ ယောကျာ်း၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ ရှိ၏။                  (သီလ) အကောင်းအဆိုး ရှိ၏။ အကြောင်းအကျိုးရှိ၏။
(၂) ပရမတ်နယ် - ရုပ်နာမ်နှစ်ပါး၊ ခန္ဓာငါးပါး ရှိ၏။ ပုဂ္ဂိုလ် သတ္တ၀ါမရှိ၊ ရုပ်နာမ်            (သမာဓိ) အကြောင်းအကျိုးသာရှိ၏။
(၃) သစ္စာနယ် - လောကီသစ္စာ(၂)ပါးဖြစ်သော ဒုက္ခသစ္စာ နှင့် သမုဒယသစ္စာ၊
(ပညာ) လောကုတ္တရာသစ္စာ (၂)ပါး နိရောဓသစ္စာနှင့် မဂ္ဂသစ္စာဆိုသော သစ္စာ (၄)ပါး ရှိ၏။ ၀ိပဿနာ သည် သစ္စာ (၄) ပါးကို သိမြင်ရန်၊  မျက်မှောက်ပြုရန် အတွက် အားထုတ်ရခြင်း ဖြစ်သည်။ ထို့ကြောင့် သမုတိနယ်မှ ပရမတ်နယ်သို့ ကူးရသည်။  ပရမတ်နယ် ရောက်မှ သစ္စာနယ်ဝင်ကာ ဒုက္ခကိုပိုင်းခြား (သိ)ခြင်း၊ သမုဒယ(ပယ်)ခြင်း၊ နိရောဓ (ဆိုက်) ခြင်း တို့ကို မဂ္ဂင်ရှစ်ပါး (ပွား) ခြင်းဖြင့် ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။

နယ် (၃) နယ်၏ သဘောကို ရှင်းရှင်းလင်းလင်း သိမြင်အောင် ဥပမာပေးရလျှင် ရပ်ကွက်ထဲတွင် ခေါင်းကိုက်ပါက ပါရာစီတမောသောက်၊ ဗိုက်အောင့်ပါက လေဆေးသောက် စသည်ဖြင့်လည်း ထိုထို အာဂန္ဓု ရောဂါများ ပျောက်ကြပါသည်။  ထို့အတူ သမုတိနယ်တွင် ဒါန၊ သီလ၊ သမထ ဘာဝနာတို့ကို ပုဂ္ဂိုလ်၊ သတ္တ၀ါ အနေဖြင့် အားထုတ်ကာ ကုသိုလ်တရားတို့ကို ရရှိကြပါသည်။

သို့သော် ရောဂါသည် သာမန်မဟုတ်ပဲ ပြင်းထန်လာပါက ဆေးရုံတင်ရပေမည်။ ဆေးရုံတွင် ဆီးစစ်၊ သွေးစစ်၊ ဓါတ်မှန်ရိုက်၊ အာလ်ထရာဆောင်းရိုက်စသည်ဖြင့် အသေးစိတ် စစ်ဆေးရပါသည်။ ထိုအခါ ပုဂ္ဂိုလ်၊သတ္တ၀ါ သဘောကို ကျော်လွန်၍ ရောဂါရှိသောအပိုင်း နှင့် ရောဂါမရှိသော အပိုင်း တို့ကို ခွဲခြားရ လေသည်။ ထို့အတူ ပရမတ်နယ်တွင် ပုဂ္ဂိုလ်၊ သတ္တ၀ါကို ရုပ်စိတ်စေတသိက် စသည်ဖြင့်  ခွဲခြမ်းစိတ်ဖြာ ကြည့်ရပါသည်။ ထိုအခါ ကောင်းသောကုသိုလ်စိတ်စေတသိက်နှင့် မကောင်းသာ အကုသိုလ်စိတ် စေတသိက်တို့ကို အမှန်အတိုင်း သိမြင်အောင် ပိုင်းခြားရ လေသည်။

ဥပမာ - ဗိုက်ထဲတွင် ရောဂါအလုံး ရှိပါက (ခွဲစိတ်ခန်း) ၀င်၍ ဖယ်ထုပ်ရသလို မကောင်းသော စိတ်စေတသိက် (ကိလေသာ)တို့ကို (သစ္စာနယ်) တွင် မဂ္ဂင်တရားတို့ဖြင့် ဖယ်ရှားပစ်ရလေသည်။ ထိုအခါ ရောဂါပျောက်သောသူသည် မိမိအိမ်တွင် ပြန်နေရသော်လည်း ရောဂါမရှိပဲ ချမ်းချမ်သာသာ နေထိုင်နိုင်သလို သစ္စာနယ်တွင် သမုဒယ(ကိလေသာ)ကို ပယ်ပြီးသောကြောင့် သမုတိနယ်တွင် သမုဒယမရှိပဲ ဒုက္ခငြိမ်းကာ နိရောဓအမြင်ဖြင့် လောကကောင်းကျိုးတို့ကို ထက်ဝန်းကျင် စင်ကြယ်သော ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့် ဆောင်ရွက် နေထိုင်နိုင်လေသည်။

ထို့ပြင် သမုတိနယ်တွင် (သီလကျင့်စဉ်)ဖြင့် ကာယကံ၊ ၀စီကံ နှင့် စပ်သော ဒုစရိုက်အမှုတို့ကို ပယ်ရှားနိုင်သည်။ ပရမတ်နယ်တွင် (သမာဓိကျင့်စဉ်)ဖြင့် မနောဒုစရိုက်အမှုတို့ကို ဖယ်ရှားနိုင်သည အပြင် အရှိကိုအရှိအတိုင်း ရုပ် နာမ် ပရမတ် တို့ကိုလည်း ဟုတ်တိုင်းမှန်စွာ ပိုင်းခြား သိမြင်နိုင်ပါသည်။

သစ္စာနယ်တွင် (ပညာကျင့်စဉ်)ဖြင့် သစ္စာလေးပါးကို ထိုးထွင်းသိမြင်နိုင်သည်။ ဤသို့ဖြင့် သီလ ကျင့်စဉ်၊ သမာဓိ ကျင့်စဉ်၊ ပညာ ကျင့်စဉ်တို့ကို အခြေခံ၍ နယ်(၃)နယ် အနေဖြင့် ပိုင်းခြား၍ ၀ိပဿနာ၏ သဘောကို လူအများ သိလွယ် မြင်လွယ်အောင် ရေးသားတင်ပြရခြင်းဖြစ်ပါသည်။

(၂) အမှီချမ်းသာ နှင့် အမှီကင်းသောချမ်းသာ

ချမ်းသာနှစ်မျိုးရှိပါသည်။ အမှီချမ်းသာ နှင့် အမှီကင်းသောချမ်းသာတို့ ဖြစ်သည်။ အမှီချမ်းသာသည် ပိုက်ဆံ ရှိမှ၊ တိုက် ရှိမှ ချမ်းသာခြင်းဖြစ်သည်။ အာရုံ တစ်ခုကို အမှီပြု၍ သုခဝေဒနာ ဖြစ်ပေါ်ခြင်း ကိုပင် ချမ်းသာသည်ဟု ယူဆခြင်း ဖြစ်ပါသည်။ မိမိ၏ယောကျာ်း၊ မိမိ၏မိန်းမ၊ မိမိ၏သားသမီး ကောင်းမှ မိမိချမ်းသာ၏။ နောက်ဆုံး မိမိကိုယ်ခန္ဓာ ကျန်းမာမှ ချမ်းသာ၏။ မိမိကိုယ်ကိုပင်ပြန်၍ မှီနေသေး၏။ 

ထို အမှီချမ်းသာသည် ကိုယ်ပိုင်ချမ်းသာ မဟုတ်ပါ။ ကိုယ်ပိုင်ချမ်းသာသည် အမှီကင်း၏။ ပိုက်ဆံ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကိုယ်နာသည်ဖြစ်စေ မနာသည် ဖြစ်စေ ချမ်းသာ၏။ အာရုံတို့သည် ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ချမ်းသာ၏။ သူတစ်ပါး ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မိမိနှင့်မဆိုင်တော့ချေ။ သင်ကောင်းမှ ကျွန်ုပ်မဆိုးပါ မဟုတ်တော့ပေ။ သူတစ်ပါးမှ အမှီလွတ်ခြင်းဖြစ်သည်။ အမှီ ချမ်းသာသည် မှီရာ တို့၏နှောင်ဖွဲ့ခြင်းကို ခံရပါသည်။ 

ဥပမာ - ဖုန်း ရှိမှ ချမ်းသာတယ်လို့ ယူဆပါက ဖုန်း မရှိလျှင် ဆင်းရဲတော့သည်။ ထို့ပြင် ဖုန်း ရှိပြန် လျှင်လည်း ကောင်းတာ ကြားရမှ ချမ်းသာ၏။ မကောင်းတာ ကြားရပြန်လျှင်လည်း ဆင်းရဲရပြန် ပါသည်။ အသံ အာရုံပေါ်တွင် မှီနေပြန်ပါသည်။ ထို့ကြောင့် ရှိတာ မရှိတာက အဓိက မဟုတ်ပါ။ မှီခြင်း မမှီခြင်း သည်သာ အရေးကြီးပါသည်။ မှီလျှင် နှောင်ဖွဲ့ခြင်း ခံရ၍ အမှီကင်းပါက လွတ်မြောက်လေသည်။ 

လူအများစုသည် အမှီချမ်းသာကို သိကြသော်လည်း အမှီကင်းသော ချမ်းသာကို အသိ နည်းကြပါသည်။ ထို့ကြောင့် အမှီ ချမ်းသာ ကိုသာ ရှာဖွေနေကြ၍ အမှီကင်း သောချမ်းသာကို မသိ၍ မရှာဖွေကြခြင်းဖြစ်ပါသည်။ အမှီကင်းသောချမ်းသာသည် ဓမ္မ ထဲတွင် သာရှိပါသည်။ လွတ်မြောက်မှု ချမ်းသာ သို့မဟုတ် ၀ိမုတ္တိသုခ ဟုခေါ်ဆိုလေသည်။

(၃) နှောင်ဖွဲ့မှု နှင့် လွတ်မြောက်မှု

လွတ်မြောက်မှုကို နားလည်ရန် နှောင်ဖွဲ့မှု ကို အရင်သိသင့်ပေသည်။ နှောင်ဖွဲ့မှု သဘောကို သိမြင်လွယ်အောင် လောကသုံးပါးနှင့် စပ်၍ တင်ပြလိုပါသည်။ 

သြကာသလောက၏ နှောင်ဖွဲ့ပုံမှာ ဥပမာ - မြေကျင်းနက်နက်တစ်ခုထဲသို့ကျပါက မြေကျင်းသည် မိမိကို အခြားသို့ မသွားနိုင်အောင် နှောင်ဖွဲ့ထား လေသည်။ ထို့အတူ အခန်းတစ်ခုအတွင်း၌ အပိတ်ခံရပါကလည်း အခန်းသည်  မိမိအား နှောင်ဖွဲ့လေသည်။ သတ္တလောက၏ နှောင်ဖွဲ့မှု သဘောတွင် လူတို့က သတ္တ၀ါတို့ကို၎င်း လူအချင်းချင်းတို့ကို၎င်း ချုပ်နှောင်ထား ခြင်းဖြစ်လေသည်။

သင်္ခါရလောက၏နှောင်ဖွဲ့မှုသဘောကို နားလည်ရန်မှာ မလွယ်ကူလှပါ။ ခန္ဓာရှိနေသည့်အတွက် စားမှု၊ ၀တ်မှု၊ နေမှုတို့နှင့် နှောင်ဖွဲ့ခြင်းခံရပါသည်။ ထင်ရှားသော ဥပမာမှာ- ဗိုက်ဆာ၍ ထမင်းစားနေသော်လည်း ၀မ်းသွားချင်ပါက အိမ်သာနှင့်နှောင်ဖွဲ့ခြင်းခံရပါသည်။ ၎င်းသည် ခန္ဓာ ရှိနေသောကြောင့် နှောင်ဖွဲ့ခြင်းခံရမှု သဘောတို့ ဖြစ်ကြပါသည်။ ဤသို့ နှောင်ဖွဲ့မှု သဘောကို နားလည်မှသာ ဆန့်ကျင်ဘက်အနေဖြင့် လွတ်မြောက်မှု သဘောကို နားလည်နိုင်ပေမည်။

နောက်ထပ်နှောင်ဖွဲ့မှုသဘောမှာ ကိလေသာဖြင့် နှောင်ဖွဲ့ခြင်း ဖြစ်ပါသည်။ ဥပမာ - မိမိနှစ်သက် စွဲလမ်းသော အစားအစာ တစ်ခုကို အလွန်တပ်မက် စွဲလမ်းနေပါက အခြားစားစရာများ ရှိသော်လည်း မစားနိုင်ပဲ ထိုအစားအစာနှင့် နှောင်ဖွဲ့ခြင်းခံရပါသည်။ ၎င်းသည် ကိလေသာဖြင့် နှောင်ဖွဲ့ခြင်း ဖြစ်ပါသည်။

နောက်ထပ် နှောင်ဖွဲ့မှုတစ်ခုမှာ ကံဖြင့် နှောင်ဖွဲ့ခြင်း ဖြစ်သည်။ ကံ ပစ်ချရာ နေရာမှာပင် နှောင်ဖွဲ့ခြင်း ခံရပါသည်။ ဥပမာ - ရွှေငါးဘ၀ကို ကံ ပစ်ချပါက ရေကန်အတွင်းမှာပင် နှောင်ဖွဲ့ခြင်း ခံရပါသည်။  ထို့အတူ စဉ်းစားတတ်ပါက သက်ဆိုင်ရာ ဘ၀တို့မှာ ကံ ပေးသမျှတို့နှင့် နှောင်ဖွဲ့ခြင်း ခံနေရပါသည်။ 

ထိုသို့ နှောင်ဖွဲ့ခြင်း ခံရမှုအမြင်မှ ဉာဏ်ဖြင့် မကြည့်တတ်သောကြောင့် လွတ်မြောက်မှု သဘောကိုလည်း နားမလည်နိုင်ပဲ ဖြစ်နေ ကြပါသည်။ ထိုအခါ နှောင်ဖွဲ့မှု အတွင်းမှာပဲ ချမ်းသာကို ရှာနေကြသောကြောင့် လွတ်မြောက်မှုချမ်းသာကို မသိမြင်နိုင်ခြင်းဖြစ်လေသည်။

(၄) သာယာဖွယ် အပြစ် ထွက်မြောက်မှု

ဘုရားရှင်သည် လောက၏ သာယာဖွယ် (အဿာဒ) ကို၎င်း၊ အပြစ် (အာဒီန၀) ကို၎င်း၊ ထွက်မြောက်မှု (နိဿရဏ) ကို၎င်း ဟောကြားတော်မူခဲ့ပါသည်။ လောကသားတို့သည် သာယာ ဖွယ်ဖြစ်သော အကောင်း နှင့် အပြစ် ဖြစ်သော အဆိုး ကိုသာ သိကြပါသည်။ ထိုအခါ အကောင်းကို လိုချင်သော လောဘနှင့် အဆိုးကို မနှစ်သက်သော ဒေါသ တို့ဖြင့် အကောင်းအဆိုး သံသရာ လည်နေကြခြင်းဖြစ်သည်။ အကောင်းနှင့်အဆိုးမှ ထွက်မြောက်ရာကို လုံးဝမစဉ်းစားတတ်ကြပါ။ 

ဘုရားရှင်သည် အကောင်းရောအဆိုးပါ စွန့်လိုက်သော လွတ်မြောက်မှု ချမ်းသာသည် အကောင်းကို ခံစားရသော ချမ်းသာထက် သာသည်ဟု (ကုသလာ ကုသလံဇဟံ) ဖြင့် ဟောကြားတော် မူခဲ့ပါသည်။

လက်တွေ့ ဘ၀တွင် ပြောချင်တာ လည်းမဟုတ်၊ မပြောချင်တာ လည်းမဟုတ်၊ ပြောသင့်လို့ ပြောတာသာ ဖြစ်ရပါမည်။ ပြောချင်နေပါကလည်း လောဘ ပါနေသည်။ မပြောချင်ပါကလည်း ဒေါသပါနေမည်။ ပြောချင် တာကိုလည်း စွန့်ပါ။ မပြောချင်တာ ကိုလည်းစွန့်ပါ။ ထိုအခါ လောဘ၊ ဒေါသတို့မှ လွတ်မြောက်ပြီး ပြောသင့်တာကိုသာ ဉာဏ်နှင့်ယှဉ်၍ပြောပါက မောဟ မှလည်း လွတ်လေသည်။ 

လောဘ၊ ဒေါသ၊ မောဟ ကိလေသာ တို့မှလွတ်၍ ဉာဏ်နှင့်ယှဉ်ပြီး ပြောခြင်းသည် သမ္မာဝါစာ ဖြစ်ပါသည်။ ထို့အတူ လောဘနှင့် လုပ်ချင်တာလည်းမဟုတ်၊ ဒေါသနှင့် မလုပ်ချင်တာလည်းမဟုတ်၊ ဉာဏ်နှင့်ယှဉ်ပြီး လုပ်သင့်တာကို လုပ်ခြင်းသည် သမ္မာကမ္မန္တ ဖြစ်ပါသည်။ ထိုသို့ သမ္မာဝါစာ၊ သမ္မာကမ္မန္တ နှင့် အသက်မွေးမှုသည် သမ္မာအာဇီဝဖြစ်သည်။ ဤသို့ဖြင့် လွတ်မြောက်မှု ချမ်းသာနှင့်လောကတွင် နေထိုင်နိုင်ပါသည်။

(၅) ၀ိပဿနာ အစ သတိ၊ ၀ီရိယ

ဝိ ဆိုသည်မှာ အထူး ဖြစ်၍၊ ပဿနာ ဆိုသည်မှာ ရှူပွားခြင်း ဖြစ်သည်။ မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ တွေး တို့တွင် အထူး ရှူပွားခြင်း ဖြစ်ပါသည်။ နေ့စဉ် မြင်မှု၊ ကြားမှု၊ နံမှု၊ စားမှု၊ ထိမှု၊ တွေးမှုတို့ ရှိကြသော်လည်း  အထူးရှူပွားခြင်း မရှိပါ။ အမှုမဲ့ အမှတ်မဲ့သာ နေကြပါသည်။ 

ထို့ကြောင့် မြင်မှု၊ ကြားမှု အပေါ်မှာ လောဘ ဖြစ်လိုက်၊ ဒေါသ ဖြစ်လိုက်နှင့် ကိလေသာတောမှာ လောဘ၊ ဒိဌိ၊ မောဟတို့နှင့် ပျော်မွေ့ နေကြပါသည်။ မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ တွေး တို့တွင် အထူးရှူပွားခြင်းမှာ သတိဖြင့် အရှိကို အရှိအတိုင်း အမှန်ကို သိမြင်အောင် အားထုတ်ခြင်း ဖြစ်ပါသည်။ သတိ ရှိနေအောင် အားထုတ်မှုတွင် ၀ီရိယသည် အဓိကကျပါသည်။ သတိကို ၀ီရိယအားဖြင့် တင်းတင်းရင်းရင်းထူထောင်ရပါသည်။ ထို့ကြောင့် တရားအားထုတ်မှု၏ အစသည် သတိ ၀ီရိယ ထူထောင်မှုပင်ဖြစ်ပါသည်။

“ သတိ၊ ၀ီရိယ၊ သမာဓိ ”

သတိ သည် အာရုံတစ်ခုကို အောက်မေ့ခြင်း ဖြစ်သည်။ ဥပမာ - လမ်းကူးပါက လမ်းတစ်ဖက် တစ်ချက်ကို ကြည့်၍ကူးခြင်းသည် သတိ ရှိသောကြောင့် ဖြစ်သည်။ သတိ မရှိပါက မကြည့်ဖြစ်ပါ။ ထို့ပြင် သတိသည် အန္တရာယ်မဖြစ်အောင် စောင့်ရှောက်ခြင်းကိစ္စကို ဆောင်ရွက် ပါသည်။ ထို့ကြောင့် သမုတိနယ် အနေဖြင့် ငါလမ်းကူးသည် ဆိုသော်လည်း ပရမတ် အသိနှင့်ဆိုပါက သတိက လမ်းကူးခြင်းဖြစ်ပါသည်။ အန္တရာယ်သည် သတိ မရှိ၍ ဖြစ်ပါသည်။

နောက်ဥပမာတစ်ခုမှာ ချော်လဲမယ် သတိထား ဆိုရာတွင် ချော်မလဲအောင် ၀ီရိယ စိုက်ပြီး သတိဖြင့် စောင့်ရှောက်ရခြင်း ဖြစ်ပါသည်။ လမ်းကူးရာတွင်လည်း သတိကို ဦးစားပေးပြောရသော်လည်း ၀ီရိယပါဝင် နေသည်ကို အထူးသတိပြုသင့်ပါသည်။ ဤသို့ဆိုလျှင် သတိနှင့် ၀ီရိယ တို့၏ ပရမတ် သဘောကို ပိုမို သိမြင် နားလည်နိုင်ပေမည်။

ဥပုသ် စောင့်ပါကလည်း ငါစောင့်တယ်လို့ ထင်ကြပါသည်။ အမှန်မှာ သီလစောင့်ခြင်းသည် ငါကစောင့်ခြင်းမဟုတ်ပါ။ ဥပုသ် စာင့်တာကို သတိမေ့နေပါက ညနေပိုင်းတွင်  ဗိုက်စာပါက အမှတ်တမဲ့ အစာစားမိတတ်ပါသည်။ ထို့ကြောင့် သီလ (ဥပုသ်)ကို သတိကသာ စောင့်ခြင်း ဖြစ်ပါသည်။ 

ထို့အတူ ပုတီး စိတ်ပါကလည်း ငါ စိတ်တာ မဟုတ်ပါ။ ဘုရားဂုဏ်တော်ရွတ်ရင်း သတိ ကသာ ပုတီးစိတ်ခြင်း ဖြစ်ပါသည်။ ပုတီးစိတ်နေသည့် အာရုံကို အောက်မေ့နေခြင်းသည် သတိ ဖြစ်၍ ထို သတိ ကို တဆက်တစပ်တည်း ဖြစ်နေအောင် အားထုတ်နေမှုသည် ၀ီရိယ ဖြစ်ပါသည်။ သတိ ရှိသော်လည်း ၀ီရိယ မရှိပါက တဆက်တစပ်တည်း မဖြစ်ပေ။ ထိုအခါ ပုတီးစိတ်ရင်း စိတ်တွေပျံလွင့်နေတတ်ပါသည်။ ၎င်းသည် ၀ီရိယ မရှိ၍ သတိကို မထိန်းသိမ်းနိုင်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် သတိမြဲနေရန် ၀ီရိယ လိုပါသည်။

“ သတိမြဲရာ ပထမာ ”

လယ်တီဆရာတော်ကြီးသည် အာနာပါန တရားအားထုတ်ရာတွင် သတိ မြဲဖို့ရာသည် ပထမအလုပ် ဖြစ်သည်ကို သတိမြဲရာပထမာ အနေဖြင့် ဖွဲ့ဆိုခဲ့ပါသည်။ လက်တွေ့တွင်လည်း သတိကို ၀ီရိယဖြင့် ထူထောင် ရပါသည်။ ၀င်လေ၊ ထွက်လေ အာရုံကိုဖြစ်စေ၊ ပိန်တယ်၊ ဖေါင်းတယ် အာရုံကို ဖြစ်စေ၊ ကြွတယ်၊ လှမ်းတယ်၊ ချတယ် အာရုံကိုဖြစ်စေ ထိုထိုအာရုံ တစ်ခုခုကို အောက်မေ့ခြင်းသည် သတိ ပင်ဖြစ်ပါသည်။ 

သူ့နည်း၊ ကိုယ့်နည်း မရှိပါ။ ထိုထိုအာရုံတစ်ခုကို သတိ ဖြင့် ဆက်တိုက် အောက်မေ့နေအောင် ၀ီရိယ အစွမ်းဖြင့် စောင့်ရှောက် ရခြင်းဖြစ်သည်။  တရားအားထုတ်သည်ဟုဆိုသော်လည်း ပထမဆုံးအလုပ်မှာ သတိနှင့် ၀ီရိယ တည်ထောင်မှု သာဖြစ်ပါသည်။ 

ထို့ကြောင့် တရားအလုပ် စတင် အားထုတ်သူတို့သည် တင်းတင်းရင်းရင်း ကြိုးကြိုးစားစား ၀ိရိယ အင်္ဂါလေးပါးနှင့်အညီ အရိုးကြွင်းစေ၊ အကြောကြွင်းစေ၊ အရေပြားကြွင်းစေ၊ အသွေး အသား တွေ ခမ်းခြောက်ပစေလို့ စိတ်ကို အားတင်း၍ ရဲရဲဝံ့ဝံ့ ဆုတ်နစ်ခြင်းမရှိပဲ အားထုတ်ရပေမည်။

(၆) မဂ္ဂင် (၈)ပါး အလုပ်တရား

ထိုသို့ သတိကို ၀ီရိယဖြင့် ဆက်တိုက်စောင့်ရှောက်နိုင်ပါက ထိုထို အာရုံအပေါ်တွင် ကပ်၍ တည်ကြည်မှု သမာဓိသည် ဖြစ်ပေါ်လာပေမည်။ သတိ၊ ၀ီရိယ အစွမ်းဖြင့် ဖြစ်ပေါ်လာသော သမာဓိသည် အာရုံ၏ ပရမတ်သဘောအမှန်ကို ဟုတ်တိုင်းမှန်စွာ သိမြင်နိုင်ပါသည်။ 

ထိုအခါ သတိသည် အာရုံ၏ ရုပ်သဘော နာမ်သဘောအမှန်ကို ဉာဏ်တွင် ရှေးထင်ရှားလာပြီး သမ္မာသတိ သဘောဆောင်လာပါသည်။ ထိုသို့ သတိ မှ ရှေးရှုထင်လာသော ရုပ်နာမ် တို့ကို အကြောင်း၊ အကျိုးအားဖြင့် လည်းကောင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာအားဖြင့် လည်းကောင်း မှန်စွာ သုံးသပ် ဆင်ခြင်မှုသည် (သမ္မာသင်္ကပ္ပ) ဖြစ်လေသည်။ မှန်စွာ ကြံစည်နိုင်မှ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို ငါ၊ ငါဥစ္စာမဟုတ်လို့ မှန်စွာမြင်ခြင်း (သမ္မာဒိဋ္ဌိ) သည် ဖြစ်ပေါ်လာပေမည်။ 

ထိုအခါ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ စသော မဂ္ဂင် (၅)ပါး တို့ ပြည့်စုံကာ ၀ိပဿနာကို ပွားများ အားထုတ်နိုင်ပေမည်။ ထိုသို့ မဂ္ဂင်(၅)ပါးဖြင့် ပွားများ အားထုတ်ပါက သတိ အဆင့်ဆင့်၊ သမာဓိ အဆင့်ဆင့်၊ ဉာဏ် အဆင့်ဆင့် ရင့်ကျက် ပြည့်စုံလာသောအခါ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းဖြစ်သည်။ ထိုအခါ သီလမဂ္ဂင်(၃)ပါးဖြစ်သော သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ တို့သည်လည်း ၀ိပဿနာ မဂ္ဂင် (၅)ပါး နှင့် တစ်ပေါင်းတည်းဖြစ်ကာ မဂ္ဂင် (၈)ပါး ပြည့်စုံတော့သည်။

“ သညာ၊ ၀ိညာဏ်သိ၊ ပညာသိ ”

သမုတိနယ်သည် သညာသိ ဖြစ်၍ ပရမတ်နယ်သည် ၀ိညာဏ်သိ ဖြစ်ကာ သစ္စာနယ်သည် ပညာသိ ဖြစ်ပါသည်။ ထို့ကြောင့် သညာသိ မှ ၀ိညာဏ်သိ ဖြစ်အောင် သတိ၊ ၀ီရိယ၊ သမာဓိ တို့ကို ထူထောင်ရခြင်း ဖြစ်ပါသည်။ သတိ၊ ၀ီရိယ အစွမ်းကြောင့် ဖြစ်ပေါ်လာသော သမာဓိသည် အရှိကိုအရှိအတိုင်း ဟုတ်တိုင်းမှန်စွာ သိမြင်နိုင်ပါသည်။ 

ထိုအခါ ရုပ်နာမ်အကြောင်းအကျိုး တို့၏ ပရမတ်သဘာဝ တို့ကို အမည်မတတ်တော့ပဲ ၀ိညာဏ်သိဖြင့် ထိတာကို သိကာမျှနှင့် ဥပေက္ခာပြုပြီး နေတတ်လာပေမည်။ ထိုသို့ ဥပေက္ခာ သဘောကို ဉာဏ်နှင့်ယှဉ်ပြီး နှလုံးသွင်း ပွားများ အားထုတ်ပါက သတိ၊ သမာဓိ၊ ပညာတို့ ရင့်ကျက် ပြည့်စုံလာသောအခါ ပညာသိဖြစ်သော မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုခွင့်ရပေမည်။


ဆက်ရန်....
ဓမ္မလမ်း ၀ိပဿနာသင်တန်း သင်ခန်းစာများမှ ကောက်နှုတ်တင်ပြပါသည်။
 Dr. Soe Lwin (Mandalay)



Sunday, January 25, 2015

သူတောင်းစားနဲ့ ထင်းရှူးသေတ္တာ


သူတောင်းစားနဲ့ ထင်းရှူးသေတ္တာ

လမ်းဘေး မြေပြင် တနေရာ မှာ ထင်းရှူးသေတ္တာ အဟောင်းလေး တလုံးရှိတယ်။ သူတောင်းစား တယောက်က အဲ့ဒီ ထင်းရှူး သေတ္တာလေးပေါ်မှာ ထိုင်နေတယ်။ သံကြေးခွက် တလုံး ကို သူ့ရှေ့မှာ ချထားတယ်။ သူ အဲ့မှာ ရှိနေတာ နှစ်ပေါင်းများစွာကြာမြင့်တဲ့ အချိန်ကတည်းက ဖြစ်ပါတယ်။ ။ နှစ်ချို့နေအောင် ကြာလင့်တဲ့အထိ အဲ့သည်နေရာမှာ သူ နေ့တိုင်း ထိုင်တယ်။ နေ့စဉ်ရက်ဆက် တောင်းရမ်းစားသောက်နေတယ်။

တနေ့မှာတော့ ဒီ သူတောင်းစားရဲ့ရှေ့ကို လူစိမ်းတယောက် ရောက်လာတယ်။ သူတောင်းစားက ရိုကျိုးတဲ့မျက်နှာထား နဲ့ မျက်လွှာချလိုက်တယ်။ “အကြွေလေးများရှိရင် စွန့်ကြဲခဲ့ပါ။ သနားကရုဏာ ရှိသောအားဖြင့် စွန့်ကြဲခဲ့ပါဗျာ” တုန်ရီတဲ့ အသံနဲ့ စိတ်လိုလက်ရ တောင်းခံတယ်။ သူ့ရဲ့ ကြေးခွက်ကို ခပ်ဆဆလေးမြှောက်ထားမယ်။ တတွတ်တွတ် စကားဆို တယ်။


လူစိမ်းက ပြန်ပြောတယ်။
“ကျုပ်မှာ ခင်ဗျားကို ပေးစရာ ဘာမှ မရှိဘူး။”
“အကြွေလေး အနည်းအကျဉ်းလောက် ဖြစ်ဖြစ်ပါ ….”
“ဟင့်အင်း ၊ ကျုပ်မှာ အကြွေ အနည်းအကျဉ်းတောင် မပါဘူး၊ ဒါနဲ့ ခင်ဗျား အခုထိုင်နေတဲ့ဟာက ဘာလဲ”
“ဘာမှ မဟုတ်ပါဘူး။ သေတ္တာအဟောင်းတလုံးပါ။ ကျနော် မှတ်မိသလောက် ကျနော် ငယ်ငယ် အချိန်ကတည်းက ဒီမှာ ပဲ ထိုင်ရင်း တောင်းရမ်းနေခဲ့တာ။ ဒါ ကျနော့ရဲ့ နေရာလေးဆိုလည်း ဟုတ်ပါတယ်။ ကျနော့အတွက် အကြွေအစအန လေးပဲဖြစ်ဖြစ် စွန့်ခဲ့ပါ ခင်ဗျာ”
“နေပါဦး ခင်ဗျား အထဲကို ကြည့်ခဲ့ဖူးသလား”

“ဟင့်အင်း မကြည့်ဖူးပါဘူး။ ဘာဖြစ်လို့လဲ။ ဒါ အဟောင်းကြီးပဲ။ ထားပါလေ ကျနော့အတွက် အရေးကြီးတာ တနေ့စာ အတွက် များများတောင်းရမ်းနိုင်ဖို့ပဲ။ ခင်ဗျား တကယ်ကို အကြွေ မပါတာလား မပေးနိုင်တာလားဗျာ”
“မဟုတ်သေးဘူးဗျ။ ခင်ဗျားဟာ ခင်ဗျား သေသေချာချာလည်း ကြည့်ကြည့်ပါဦး”
လူစိမ်းက မရမက ပြောနေတာမို့ သူတောင်းစားက ထင်းရှူးသေတ္တာကို ဆွဲထုတ်လိုက်ရတယ်။ အဖုံး အကာတွေ ဆွဲခွာ ပစ်လိုက်တယ်။ အဲ့ဒီနောက် သူ အံ့ဩသွားတယ်။ သူ့မျက်လုံးကို သူမယုံ နိုင်အောင်ဖြစ်တယ်။ အံ့အားသင့်မှင်သက် သွား တယ်။ သူနှစ်ပေါင်းများစွာထိုင်နေတဲ့ ထင်းရှူး သေတ္တာအစုတ်ထဲမှာ ရွှေအပြည့်ရှိပါတယ်။

ဒါဟာ နိမိတ်ပုံ ဇာတ်လမ်းသက်သက်ပဲ။ ဗုဒ္ဓ၊ ခရစ်၊ လောက်ဇူ၊ မိုဟာမက် စသဖြင့် သူတို့က ပုံပြင် အရ လူစိမ်းနဲ့ တူ တယ်။ ခင်ဗျားအတွက် သူတို့ဆီက၊ ဒါမှမဟုတ်၊ ခင်ဗျား ယုံကြည်ရာ တယောက်ယောက်ဆီက လက်ဝါးဖြန့်နေမယ်။ အကြွေအနည်းအများ သွားတောင်းခံမယ်။ တောင်းတဲ့စကား ကွဲပြားကောင်း ကွဲပြားမယ်။ တောင်းတာကတော့ တောင်း တာပဲ။

“ဘုရားသခင်ဆီ ပို့ဆောင်ပေးပါ။ ချမ်းမြေ့မှု ပေးပါ၊ ငြိမ်းအေးမှုပေးပါ။ နတ်ပြည်၊ ဗြဟ္မာပြည် ချမ်းသာရကြောင်း ကုသိုလ် တရားတွေ ချပေးပါ။ ယုံကြည်စွာနဲ့ ကျနော် ဆုတောင်းနေပါတယ်။ ကျနော် အခု ဒါလေးလိုချင်တယ်။ ဟိုဟာလေးလိုချင် တယ်။ ကျနော် အခု ဒါလေးဖြစ်နေလို့ပါ။ ပြေလည်ချင်တယ်။ နည်းနည်း ဖြစ်ဖြစ် စိတ်ချမ်းသာမှုလေး ချပေးစေချင် ပါ တယ်။”

စင်စစ် ဒီဇာတ်လမ်းဟာ ကျနော်တို့ ခင်ဗျားတို့ ကို သူတောင်းစားတွေလို့ မီးမောင်းထိုးပြထား ပါတယ်။ မနာပါနဲ့။ ကနေ့ ဘာသာတရားတိုင်းမှာ ကုသိုလ်တခုပြု၊ ဆုတောင်းတချက်ယူနေကြ တာဟာ အဲ့ဒါပဲမဟုတ်လား။ ကုသိုလ်ကို ဈေးကစား ဖို့၊ ဈေးရောင်းဈေးဝယ်ပြု၊ အကြောင်းရှာ နေကြသူအများ ရှိနေကြတယ် မဟုတ်လား။ အလှူခံ ပုဂ္ဂိုလ်အများကလည်း သွေးဆောင်တတ် ပါတယ်။ “ညောင်စေ့လောက်လှူရင် ညောင်ပင်ကြီးလောက် ပြန်ရကြမယ်” လို့ ဈေးခေါ်တယ်။ လောဘတက်တဲ့ စီးပွားရေးသမား သူတောင်းစားက ကြိုက်ဈေးအတွက် ကြေးညှိတယ်။ ရသလောက်အစွမ်းနဲ့ ညောင်ပင် လိုက် လှူပြပါလိမ့်မယ်။

“ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်” ဆိုတဲ့ စကားကိုလည်း အများသိပါတယ်။ ကြည့် ကြည့်စို့။ ခင်ဗျားက အဲ့ စကားကို အတွင်းအနှစ်သာရ မပါဘဲ၊ ကောင်းတာဖြစ်ချင်ဇောနဲ့သာ ယုံကြည်မယ်။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သိထားတဲ့ အကောင်းအမွန် အမြတ်တွေ ခင်ဗျားလိုချင်တာပဲ မဟုတ်လား။ လူတိုင်းနီးပါး (မိမိအတွေးနဲ့ မိမိ) ကောင်းမွန်တယ် ထင် ရာကို လိုချင်ပါတယ်။ ဒါ့ကြောင့် ခင်ဗျားက ကောင်းတာ ဖြစ်ချင်ဇောနဲ့သာ ကောင်းတာလုပ်ပါတယ် ဆိုပါစို့။

ဒါဆို ပြန် မေးမယ် “ခင်ဗျား ဘာလုပ်လုပ် ကောင်းတာမဖြစ်ဘူးလို့သာ ပြောခဲ့ရင် ဘာဖြစ်မလဲ။ ခင်ဗျား ဘယ်လောက်ကောင်းတာ လုပ်နေနေ ခင်ဗျားအတွက်အဆိုးချည်းသာ ဖြစ်လာနေမယ် ခင်ဗျား ကြုံတွေ့နေရမယ်၊ ကဲ ခင်ဗျား သန္တာန်ထဲ ဘာဖြစ်မလဲ။” အဲ့ဒီ အချိန်မှာ အဲ့ဒီ ကောင်းတဲ့အလုပ်ဆိုတာကို နည်းနည်းတော့ ခင်ဗျား တွေဝေသွားနိုင်တယ်။ “ဒါဟာ ကံပါပဲ ကွာ” (ဝါ) “ဒါလည်း ဘုရားသခင် အလိုတော်ကျ ပါပဲ” လို့ မမြင်ရာလွှဲချတတ်သူ အတွက်တော့ ကောင်းကောင်းဖြေသိမ့် နိုင်ပါလိမ့်မယ်။ ဒါပေမယ့် မနှစ်သိမ့်နိုင်သူအဖို့ ဘာသာတရားဟာ လိမ်စဉ်သက်သက်ပဲလို့ အထင်ရောက်သွားမယ် မ ဟုတ်လား။

စင်စစ် ဘာသာတရားက လိမ်နေတာ မဟုတ်ဘူး။ ဘာသာတရားကသာ ပြန်အလိမ်ခံနေရတာ ဖြစ်နိုင်ပါတယ်။ ဆိုပါစို့ God, အလ္လာ၊ ကောင်းကင်ဘုံ၊ နတ်ပြည်၊ ချမ်းသာ စသည် ဒီအရာ ဒီစကား လုံးတွေက ဘာသာတိုင်းမှာ လိမ်ထားတာ မဟုတ်ဘူး။ ခင်ဗျား မြင်အောင် ကြည့်ဖို့သာ လိုတယ်။ ခင်ဗျား အတွင်းသန္တာန်မှာ စိတ်ကူး၊ မျှော်မှန်းချက်တွေကသာ ဘာ သာတရားကို ပြန်ပြီး လိမ်လည် ယူတယ်။

ဥပမာ “ဘုရားသခင်ဟာ သူနဲ့ ပုံတူအဖြစ် လူသားကို ဖန်ဆင်းတယ်” ဒါဟာ “ခင်ဗျားရဲ့ အတွင်းသန္တာန် ကိုယ်၌က ဘုရားသခင်ဖြစ်တယ် ခင်ဗျားရဲ့ အတွင်းအနှစ်သန္တာန်မှာ အကြည်လင် ဆုံးရှိတယ် ခင်ဗျားသန္တာန်ကို ခင်ဗျား ပြန်မြင်အောင်ကြည့်ပါ ဘုရားသခင်ဟာ ခင်ဗျား ကိုယ်တွင်းမှာ ရှိတယ် မိမိကိုယ်တိုင်သည်သာ မိမိရဲ့ ဘာသာတရားဖြစ်တယ်”လို့ ရှင်းရှင်းဆိုတာပဲ မဟုတ်လား။

ဒါပေတဲ့ လူအများက ငုံ့မကြည့်ဘူး။ မော့ကြည့်လေ့သာ ရှိပါတယ်။ မကြိမ်းဝါးနိုင်ဘူး ဒူးထောက် ဖို့သာ အဆင်သင့်ရှိတယ်။ အဲ့အတွက် ဘုရားသခင်ကို သူတို့ရင်မှာ မတွေ့နိုင်ဘူး၊ အခြားသီးခြား တနေရာမှာ စိတ်ကူးတည့်ရာရှာတယ်။ သိပ္ပံပညာရှင် တယောက်အတွက် ဘုရားသခင်ကို ပြင်ပ ဂြိုလ်ကမ္ဘာ တခုခုမှာရှာနိုင်တယ်။ အက်တမ် တလုံးထဲမှာ ဖြဲကြည့်ရင် ကြည့်မယ်။ ကလေးတွေ အတွက် တိမ်တိုက်တွေပေါ်က မုတ်ဆိတ်ဖြူ အဖိုးကြီးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နီဂရိုး တယောက်အတွက် ဘုရားသခင်ဟာ အသားမည်းချင် မည်းမယ်။ တရုတ်လူမျိုး တယောက်အတွက် ဘုရားသခင်ဟာ ဗိုက်ရွှဲချင် ရွှဲနေပါလိမ့်မယ်။ အဲ့လိုနဲ့ နောက်ပိုင်းမှာ ထင်ရှားလာတာက ဘုရားသခင်ဟာ လူတွေ ပြန်ဖန်ဆင်းတာကို ပယ်ပယ်နယ်နယ် ခံလိုက်ရတော့တယ်။

စင်စစ် ဘာသာတရား တခုတည်းမက အတော်များများရဲ့ သွန်သင်မှုအောက်မှာ အများစုဟာ အဲ့အတိုင်း ရှိနေပါတယ်။ ဆိုင်ရာ ဘာသာရေးသမားတွေက “ကံကံရဲ့ အကျိုး” (ဝါ) “ဘုရားသခင်ရဲ့ အလိုဆန္ဒအတိုင်း” စတဲ့ မြင့်မြတ်တဲ့စကား ကို တလွဲသုံးထားကြောင်း တွေ့လိမ့်မယ်။ ဆိုလိုတာက- ကိုယ်ကိုယ်တိုင်ရဲ့ အမြင်မှ မရှိရင် အရင်းအတိုင်း မဖွင့်ပြနိုင်ဘူး ရယ်။ တနည်းပြောရင် ခင်ဗျားကိုယ် ခင်ဗျား ပြန်မမြင်နိုင်တဲ့ “ကံ ကံရဲ့ အကျိုး” ဟာ မျက်ကန်း ယုံကြည်ထားတဲ့ မျက်ကန်း အကျိုးပဲ ဖြစ်ပါလိမ့်မယ်။ မိမိကိုယ်ကိုယ် အသိအမြင် အေးချမ်းမှုမပါရှိဘဲ သုံးတဲ့ “ဘုရားသခင်ရဲ့ အလိုဆန္ဒ” ဟာ ခင်ဗျားပြောတဲ့ ဘုရားသခင်ကို ခင်ဗျားကိုယ်တိုင် စော်ကားနေတာ သက်သက်ပဲ။

အကျိုးမျှော်စိတ်၊ တောင်းရမ်းလိုစိတ်ရှိသူအပေါင်းဟာ အဲ့သည်မြင့်မြတ်တဲ့ စကားတိုင်းကို ပုံသဏ္ဍာန် မမှန်တဲ့ စကားတွေ အဖြစ် အသွင်အမျိုးမျိုး ပြောင်းယူပါတယ်။ အဲ့သည်အခါ ဆိုင်ရာ ဘာသာရေးရဲ့ ဘုန်းကြီး၊ လူကြီး၊ ဂေါပကများက ခင် ဗျား အလိုဆန္ဒနဲ့ ကိုက်ညီအောင် ရွှေလိုချင် ရွှေရမယ်၊ ငွေလိုချင် ငွေရမယ်၊ ငြိမ်းချမ်းမှုလိုချင် ငြိမ်းချမ်းရပါလိမ့်မယ် စသဖြင့် ခင်ဗျားကို မျှော်လင့်ချက်ပေးမယ်၊ မျှားခေါ်နေလိမ့်မယ်။ တကယ်က သူတို့မှာခင်ဗျားအတွက် ဘာမှပေးစရာ ရှိမနေဘူး သူတို့ဟာ သူတို့တောင် အနိုင်နိုင်ရယ်။ ခင်ဗျားအတွက် သီးခြားဘာမှထပ်ဖြည့်ပေးမှာ မဟုတ်ဘူး။ သူတို့ ထပ်ဖြည့် ပေးလည်း ခင်ဗျား နေ့တွက်ကိုက်ရုံကလွဲလို့ ဘာမှမရဘူး။

စစ်မှန်တဲ့ သန္တိဆိုတာဟာ ခင်ဗျားက တောင်းခံလို့၊ သူတို့ကလည်း ချပေးလို့ ရနိုင်တဲ့အရာ မဟုတ်ပါဘူး။ ဒါကို နားလည်ဖို့ လိုပါတယ်။ ပုံပမာအရ ခင်ဗျား ဖင်ခုထိုင်ထားတဲ့၊ ခင်ဗျားကိုယ်တိုင် ပြန်ကြည့်ရမယ့် ထင်းရှူသေတ္တာလေးမှာ ကိုယ့်ဘာသာ ပြန်ခွာကြည့်ဖို့ပဲ။ ဒီပုံပမာမှာ ထင်းရှူး သေတ္တာလို့ ဆိုပေမယ့် တကယ်က ခင်ဗျားကိုယ်ခင်ဗျား ပြန်ကြည့်ဖို့ကို ဆို လိုပါတယ်။ ခင်ဗျား ရုပ်ခန္ဓာ၊ ခင်ဗျား နာမ်ခန္ဓာ ၊ ခင်ဗျား ဘဝ၊ ခင်ဗျား အသိအမြင် ဒါသာလျှင် ခင်ဗျားရဲ့ အရှင်သခင်၊ ခင်ဗျားရဲ့ ရတနာ၊ ထင်းရှူးသေတ္တာဖြစ်ပါတယ်။ ဆွဲခွဲနိုင်ဖို့တော့ အခြားမလို၊ သတ္တိနည်းနည်းနဲ့ မြင်ကြည့်ဖို့သာလိုတယ်။

ဒါ့ကြောင့် စင်စစ် အသိအမြင်ရှိပြီးကြသူတွေ၊ ရှေးသူတော်စင်တို့အနေနဲ့ ခင်ဗျား အဲ့လို တောင်းခံနေရင် ပြောမယ့်စကား က…
“ခင်ဗျား ထိုင်နေတဲ့ သေတ္တာအစုတ်ကို ဆွဲခွာကြည့်ပါဦး။ အခြားမှာ အချိန်ကုန်ခံပြီး တောင်း မနေပါနဲ့။ ကျုပ်ဆီမှာလည်း လာ မတောင်းနဲ့။ ကျုပ်ပေးလည်း အလကား။ အကြွေ တကျပ် တပြားကို အခြားတနေရာကလည်း မျှော်လင့်မနေပါနဲ့။ ကျုပ်တင်မကလို့ အခြားသူ ဘယ်သူက ဘယ်လောက်ပေးနေနေ ခင်ဗျားအတွက် ရရစားစား ဝါးဝါးမျိုမျိုပဲ ဖြစ်နေမယ်။ ဒီနေ့ တောင်းသလို၊ နောက်နေ့တွေလည်း တောင်းနေရဦးမယ်။ အခု သူတောင်းစားဖြစ်သလို၊ နောက်နေ့လည်း သူ တောင်းစားပဲ။ ဒီလို အကြွေ တကျပ်တပြားကို တောင်းစားနေသရွေ့ ခင်ဗျား ဒီသူတောင်းစားဘဝက ဘယ်တော့ လွတ်မလဲ။ စင်စစ် တောင်းစားစရာ လိုအပ်မနေဘူးရယ်။ ဒီဘဝက လွတ်အောင် ကျုပ်ပြောမယ်။ ခင်ဗျား အခု ထိုင်နေတဲ့ နေ ရာမှာ ရတနာရှိပါတယ်။ ခင်ဗျားအတွက် ရတနာဟာ ကာလ တော်တော်ကြာကြာကတည်းက မသိမမြင် ဖယ်ထားတဲ့ ခင်ဗျား ကိုယ်မှာ ရှိနေပြီးသားပဲ။”

ဒါပေတဲ့ သူတို့က အဲ့လိုပြောသည့်တိုင် ကျနော်တို့ ခင်ဗျားတို့ လွယ်လွယ်ကူကူ လက်ခံနိုင်ဖို့ ခက်နေမယ်။ တောင်းရတာ အကျင့် ပါနေလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါထက်ပိုပြီး ဖြစ်ကောင်း ဖြစ်နိုင်တာက “ကျုပ် သူတောင်းစား မဟုတ်ဘူး”လို့ ခင်ဗျား ငြင်းဆန်နေနိုင်တယ်။ ပြန်ပြော နေနိုင်ပါတယ်။ တခါတလေ “ကျုပ်ကိုများ သူတောင်းစား ပြောရလား” ဆို ခင်ဗျား ရှူးရှူးရှားရှား ထဖြစ်နိုင်သေးတယ်။

စင်စစ် ဒီနေရာမှာသုံးတဲ့ “သူတောင်းစား” ဆိုတာဟာ “အလိုဆန္ဒ အထပ်ထပ်တက်နေသူ၊ ဘယ်အချိန်မှာမှ ပြည့်ဝ မနေ နိုင်သူ၊ ချမ်းမြေ့ ကြည်လင်မှုမရှိဘဲ အမြဲတစေ လစ်ဟာလိုအပ်နေသူ” လို့ ဆိုလိုတယ်။ အဲ့ဒီလူဟာ တိုက်တာ၊ ခြံမြေ ရှိ နေနိုင်တယ်။ အိုးအိမ်၊ စည်းစိမ် ပြည့်စုံ နေနိုင်တယ်။ ရုပ်ပိုင်းပစ္စည်း လိုလေသေးမရှိ ဖြစ်နေနိုင်တယ်။ ဒါပေမယ့် သူ့ကိုယ်သူ ပြည့်ဝနှစ်သိမ့် မနေနိုင် သရွေ့၊ လစ်ဟာလိုအပ်နေသရွေ့ သူဟာ သူတောင်းစားပဲ။ ခင်ဗျား ရင်ထဲမကြည်လင်ဘူး မ ချမ်းမြေ့ဘူး ဒါဆို ခင်ဗျား သူတောင်းစားပဲ။ ကျနော် သန္တာန်ထဲ ကြည်လင်မနေဘူး ချမ်းမြေ့မှု မရှိဘူး ဒါဆို ကျနော်လည်း သူတောင်းစားပဲ။ တခုခုကိုတော့ အစဉ်အမြဲ မျှော်လင့်တောင်းခံနေရတယ်။ ကိုယ့်ရင်ထဲက မျှော်မှန်းချက်အတွက် မနက်ဖြန်ကို မျှော်နေရမယ်။ အဲ့လို မျှော်နေတယ် ဆိုကတည်းက အဲ့ဒီ မျှော်နေသူဟာ သူတောင်းစား သက်သက်ကလွဲလို့ ဘာ မှမဖြစ်နိုင်ဘူးရယ်။

အဲ့ဒီအတွက် မိမိကိုယ်ကိုယ် ပြည့်ဝအောင်နှစ်သိမ့်နေဖို့၊ ဒီဘဝကို အဆုံးသတ်ဖို့ ဆိုတာ မိမိ သန္တာန်စဉ်ကို မိမိကိုယ်တိုင် အမှန်မြင်ဖို့လိုပါတယ်။ မိမိသေတ္တာကို မိမိဘာသာ စွဲခွာကြည့်ရ ပါလိမ့်မယ်။ မိမိရဲ့ အဖြစ်ကို မိမိ ပြန်မမြင်နိုင်သူအတွက် ဘယ်အခါမှ နှစ်သိမ့်ပြည့်ဝနေမှာ မဟုတ် ဘူးရယ်။ မျှော်မှန်းချက်၊ ရည်မှန်းချက်တွေနဲ့ အခုလက်ရှိကို ပစ်ပယ် ထားနေဦးမယ်။ အဲ့အတွက် သူ့သန္တာန်ဟာ ကြည်လင်မှု မရှိသလို ချမ်းမြေ့မှုလည်း ရှိမနေနိုင်ဘူး။ ချမ်းမြေ့ မနေခြင်းဟာ တစုံတခု လစ်ဟာနေကြောင်း၊ လိုအပ်နေကြောင်း ပြဆိုနေတာသက်သက်။

အဲ့ဒီအချိန်မှာ ခင်ဗျား သန္တာန်ထဲ တောင့်တနေတဲ့စိတ် ဖြစ်နေမယ်။ အခုခဏအတိုင်း မတည်တံ့ နိုင်တဲ့စိတ်၊ မမြင်နိုင်တဲ့ ခင်ဗျားရဲ့အဖြစ်သာ ရှိနေတယ်။ ဒီလို မိမိ ခဏအပေါ် မမြင်နိုင်ခြင်း အကြောင်း ကြောင့်သာ စိတ်ထင်ရာ အတိတ်၊ အနာဂတ်ကို ပြေးလွှားတမ်းတနေရတယ်။ ဒါဟာ သမားရိုး ကျ သူတောင်းစား ပုဂ္ဂိုလ်တဦးရဲ့ မြင်နေကျ တွေ့နေကျ ကိုယ်ရေးအတ္ထုပ္ပတ္တိ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီနိမိတ်ပုံ အတွင်းက သူတောင်းစားဟာ အချိန်ပြည့် တခုမဟုတ်တခု လိုလားနေသူ (တနည်း) သန္တိ မရှိနိုင်သူကို ကိုယ်စားပြုတယ်။ ခင်ဗျားအတွက် စင်စစ် ဘယ်အရာကိုမှ သွားတောင်းနေဖို့ မဟုတ်ဘူး။ ခင်ဗျား အခုထိုင်နေတဲ့ ထင်ရှူးသေတ္တာကို ဆွဲခွာနိုင်ဖို့က အဓိကအကျဆုံးဖြစ်ပါတယ်။ ရှေးနှစ်ပေါင်းများစွာကနေ ကနေ့အထိ ပညာရှိ အဆက် ဆက်တို့ လက်ညှိုးထိုး ပြခဲ့တဲ့ အရာဟာလည်း ဒီအရာပဲ မဟုတ်လား။ ထင်းရှူးပုံးက ပုံပမာ သက်သက်ပါ။

ဆိုလိုတဲ့ အဓိ ကက ခင်ဗျား ရုပ်၊ နာမ်စဉ် အားလုံး ဆွဲခွာပစ်ချနိုင်ဖို့ပဲ။ အဲ့ဒီအခါ ခင်ဗျားရဲ့ အတွင်းမှာ တကြိမ်တခါမှ မမြင်ခဲ့ရဖူးမယ့် ရွှေစင်စစ်ကို တွေ့နိုင်မယ်။ ဒါကို ဘုရားသခင်လို့ ခေါ်ခေါ်၊ ချမ်းမြေ့မှု သန္တိလို့ ခေါ်ခေါ်၊ သုညတလို့ ခေါ်ခေါ် ကြိုက်ရာ ခေါ်နိုင်တယ်။ ခင်ဗျား ဘယ်လို အမည်တပ်တပ် ခင်ဗျား ဖြစ်တည်သမျှ စင်စစ် ငြိမ်းအေးသွားတော့တယ်။ တောင်းရမ်း နေရသမျှ ခင်ဗျားလုပ်ငန်းစဉ် အားလုံး ရပ်တန့်သွားတယ်။ ခင်ဗျားအဲ့ဒါကို သိနိုင်တယ်။

ဒါပေတဲ့ ဒီလိုအကြောင်းအရာကို ဒီလိုရှင်းပြသည့်တိုင် လက်ရှိ သူတောင်းစားအများစုက တောင်းဖို့သာ အာသီသရှိပါတယ်။ မိမိ ထင်းရှူးသေတ္တာကို ဆွဲခွာမပစ်နိုင်ဘူး။ အချို့အတွက် ဆွဲခွာပစ်ဖို့ အားအစွမ်းမရှိတာ ဖြစ်သလို၊ အချို့က ကိုယ့်သေတ္တာ ကိုယ်ခွာကြည့်ဖို့ ဘူးပိတ် ငြင်းဆန်နေမယ်။ အချို့အတွက်ဆို ကိုယ့်ထင်းရှူးသေတ္တာကိုတောင် ကိုယ်ပြန် မမြင်နိုင်ကြဘူးလို့ ဆိုပါတယ်။

(http://www.naytthit.net/?p=25318 မှ ကူးယူဖေါ်ပြပါသည်)