Thursday, January 29, 2015

အခွင့်အရေး


“အခွင့်အရေး”

(၁)
“အခွင့်အရေး”ဆိုသော ဝေါဟာရကို နေ့စဉ်ဘ၀၊ နေ့စဉ်အသုံးများတွင် အဓိပ္ပာယ်အမျိုးမျိုး၊ ရှုထောင့် အမျိုးမျိုးဖြင့် ပြောဆိုလေ့ရှိကြသည်။ အသုံးများသလောက် အမှန်တကယ် နက်နက်နဲနဲ စဉ်းစား လေလေ သိမ်မွေ့သော၊ လေးနက်သော အဓိပ္ပာယ်လေးများရှိနေသည်ကို တွေ့ရသည်။ စကား လုံးက တစ်လုံးတည်းပင် ဖြစ်သော်လည်း နေရာဌာနအားလျှော်စွာ ကောင်းသော ဆိုလိုချက်နှင့် ဆိုးသော ဆိုလိုချက် နှစ်ခုစလုံးကို သယ်ဆောင်ပေးနိုင်သည်။ “အခွင့်အရေး”ဟူသည် “အခွင့်အရေး ယူတယ်၊ အခွင့်အရေးသမား”လို့ သုံးနှုန်းလိုက်လျှင် မကောင်းသောအဓိပ္ပာယ်ထွက်ပြီး “အခွင့် အရေးကို အမိအရ အသုံးချလိုက်တယ်”လို့ဆိုလျှင် ကောင်းသောအဓိပ္ပာယ်ဖြစ်ဖို့ များလေသည်။

(၂)
ဗုဒ္ဓ၀ါဒက လူ့အဖြစ်ကို “တကယ့်မဟာ အခွင့်အရေးကြီး”အဖြစ် ဖော်ပြသတ်မှတ်ပေးထားသည်။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓ၀ါဒသည် ၃၁-ဘုံဝါဒနှင့်ဘ၀လွတ်မြောက်ရာ နိဗ္ဗာန်ကို တည်ခင်းထား သည်ဖြစ်ရာ မည်သည့်နေရာ၊ မည်သည့်ပန်းတိုင်သို့မဆို လူ့ဘ၀ကနေ သွားရမည်ဖြစ်သောကြောင့် ဖြစ်လေသည်။ (ခြွင်းချက်….သုဒ္ဓါဝါသဘုံမှလည်း ဘ၀လွတ်မြောက်ရာသို့ သွားနိုင်သည်။ သို့ရာတွင် ထိုဘုံရောက်ဖို့အတွက် လူ့ဘ၀က အားထုတ်မှုများ ရှိဖို့တော့ လိုအပ်သည်)။ လူ့အဖြစ်ကိုသာ မရခဲ့လျှင် အထက်အထက်လွတ်မြောက်ရာနှင့် မြင့်မြတ်ရာ ဘ၀များသို့ မရောက်နိုင်ပေ။ သို့အတွက် ကြောင့် လူ့ဘ၀၊ လူ့အဖြစ်ကို မဟာအခွင့်အရေးကြီးအဖြစ် သတ်မှတ်ပြီး ထိုအခွင့်အရေးကို လက်လွှတ်မခံကြဖို့ ပြောထားခြင်းဖြစ်သည်။

(၃)
နယ်မြေဒေသတစ်ခုသို့ စီးပွားရှာထွက်သောအခါ၊ အဆင့်မြင့်နိုင်ငံကြီးများသို့ သွားရောက်ပြီး ပညာသင်ခွင့်၊ စီးပွားရှာခွင့် ရသောအခါ… စသော ကောင်းမွန်ကြီးကျယ်သောအရပ်သို့ ထွက်ခွာမည့် သူများကို လူကြီးမိဘ၊ ဆရာသမားများနှင့် မိတ်ဆွေများက ပြောတတ်ကြသည်။ “အခွင့်အရေးကို ရအောင် ယူခဲ့”။ “ရလာတဲ့အခွင့်အရေးကို လက်လွှတ်မခံနဲ့”။ စီးပွားရေးသမားများ ကလည်း မိမိတို့လုပ်ငန်းအတွက် ငွေကြေးအမြတ်များများ ရနိုင်သောလုပ်ငန်းခွင်များ ပေါ်ပေါက်လာလျှင် “ဒါက ငါတို့အတွက် မဟာအခွင့်အရေးကြီးပဲ၊ လက်လွတ်ခံလို့ မဖြစ်ဘူး”ဟု ပြောတတ်ကြသည်။ တိုင်းတစ်ပါးလက်အောက်ခံ ဖြစ်နေရသော တိုင်းပြည်ခေါင်းဆောင်တို့သည်လည်း အခြား တိုင်းပြည်က စစ်အကူအညီများ ပေးဖို့ ကမ်းလှမ်းခံရလျှင် “ဒါက ဒို့နိုင်ငံ လွတ်လပ်ရေးအတွက် အခွင့်အရေးပဲ”ဟု ဆိုတတ်ကြသည်။

သို့ဆိုလျှင်….. အခွင့်အရေးကို မည်သို့ ကောက်ချက်ချကြမည်နည်း။ “အခွင့်အရေး”ဟူသည် မိမိ၏ ပုဂ္ဂလိကကောင်းကျိုးနှင့် ပတ်ဝန်းကျင် သို့မဟုတ် မိမိတိုင်းပြည်နှင့်လူမျိုး ကောင်းကျိုးအတွက် ဇွဲသတ္တိအပြည့်ဖြင့် ဆောက်ရွက်လိုသောစိတ်ဓာတ်ကို ကိုယ်စားပြုနေသည်ဟု ဆိုနိုင်ပါလိမ့်မည်။ ဤအဓိပ္ပာယ်က မိမိ၊ အများကောင်းကျိုးအတွက် မိမိ၏ ဇွဲလုံ့လ၊ အသိပညာများကို အသုံးချသူ၊ ပေးဆပ်သူများကို ရည်ညွှန်းနိုင်ပါလိမ့်မည်။

(၄)
“အခွင့်အရေး”ဟူသော ဝေါဟာရသည် ထိုမျှနှင့် မရပ်သေးပါ။ တစ်နေ့က မြန်မာနိုင်ငံက ဗိုလ်ချုပ်တစ်ယောက်အကြောင်း ပြောဖြစ်ကြသောအခါ သူငယ်ချင်းက “ဒီလူကို ကိုယ် သိပါတယ်၊ ဒီလူက အခွင့်အရေးသမားပါကွာ”ဟု ဆိုသည်။ နောက်ပြီး အဖွဲ့အစည်းကြီးတစ်ခုက ခေါင်းဆောင် ဖြစ်နေသူတစ်ယောက်အကြောင်း ပြောသံကြားရသည်။ သူသည် ထိုအဖွဲ့အစည်းအတွက် ခေါင်းဆောင်ဖြစ်ထိုက်သူ အရည်အချင်း မရှိသည်ကို လူတိုင်း သိမြင်ထားသည်။ မည်သို့ပင်ဖြစ်စေ သူသည် လက်ရှိခေါင်းဆောင်ဖြစ်နေသည်။ ထိုအထဲမှ တစ်ဦး၏ကောက်ချက်တွင် “ဒီလူက အခွင့် အရေးကို ချောင်းနေတဲ့သူပါကွာ၊ သူ ဒီရာထူးရဖို့ အမျိုးမျိုး ကြံစည်နေခဲ့တာ”ဟု ကြားလိုက်ရသည်။ ထိုကဲ့သို့ “ဒီလူက အခွင့်အရေးသမားကွာ”ဆိုသော စကားမျိုးကို နေ့စဉ်ရက်ဆက်ဆိုသလို ကြားသိနေရလေသည်။

သို့ဆိုလျှင် “အခွင့်အရေး”ဟူသော ဝေါဟာရကို မည်ကဲ့သို့ ကောက်ချက်ချကြအုံးမည်နည်း။ “အခွင့်အရေး”ဟူသည် မိမိ၏ပုဂ္ဂလိကချမ်းသာအဆင်ပြေရေးအတွက် (ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများကို လျစ်လျူရှုပြီး) အတ္တကို ရှေ့တန်းတင်ကာ သူတစ်ပါးအပေါ် အမြတ်ထုတ်ချင်သော စိတ်ဓာတ်ကို ကိုယ်စားပြုနေသည်ဟု ဆိုနိုင်လိမ့်မည်ဟု ယူဆမိပြန်သည်။ ဤအဓိပ္ပာယ်က မိမိ၏ တစ်ကိုယ်ရေချမ်းသာပြည့်စုံမှု၊ အာဏာရှိမှုအတွက် အများကို အသုံးချတတ်သော ကလိမ်ကကျစ် အချောင်သမားများကို ရည်ညွှန်းနိုင်ပါလိမ့်မည်။

(၅)
“ပေးဆပ်သူ”တို့၏ စိတ်ဓာတ်က မိမိလိုချင်တာကို ဇွဲလုံ့လအပြည့်ဖြင့် ရအောင်ကြိုးစားသည်။ ပြီးလျှင် ထိုဇွဲ့လုံလ၏အကျိုးရလဒ်ကို မျှဝေစိတ်ဖြင့် ခံစားသည်။ “အချောင်သမား”တို့၏ စိတ်ဓာတ် သည်လည်း မိမိလိုချင်တာကို စိတ်ရှည်ရှည်ဖြင့် ရအောင်ကြိုးစားသည်။ သူတို့နှစ်ဦး ကွာဟနေသည့် အချက်မှာ ပေးဆပ်သူက သူ၏ လုပ်ရပ်များအတွက် ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများဖြင့် ထိန်းကွပ်ပေးထားသည်။ အချောင်သမားက မိမိလိုချင်သည့်အရာအတွက် ကိုယ်ကျင့်တရား ဘောင်တွေကို မထား၊ “မရရသည့်နည်းဖြင့်၊ မဖြစ်ရင် ဖြစ်သည့်နည်းဖြင့်”ဟူသော မူကို လက်ကိုင်ထားသည်။

ထို့အပြင် ပေးဆပ်သူက မိမိနှင့်ထိုက်တန်သမျှကိုသာ ဆုပ်ကိုင်သည်။ အချောင်သမားက အကုန် မောင်ပိုင်စီးချင်သည်။ မည်သည့်အရာကိုပဲလုပ်လုပ် သူ့လက်သူ့ခြေ ဖြစ်ချင်သည်။ ပေးဆပ်သူက အာဏာရခဲ့လျှင်သော်မှ ငါမှငါဟူသော စိတ်ဓာတ်ကို မကျင့်သုံး။ အချောင်သမားက အာဏာ ရသည်ကို ဘီလူးခေါင်းတပ်ဆင်လိုက်ရသလို ထင်မှတ်သည်။ ပေးဆပ်သူက အဖွဲ့အစည်း၏ စုပေါင်းအားနှင့် တစ်ဦးချင်းအရည်အချင်းကို အသိအမှတ်ပြုသည်။ အချောင်သမားက ငါပြီးမှ ပြီးသည်ဟု ထင်သည်။ ပေးဆပ်သူက လဲနေသူကို တွေ့လျှင် ထူပေးချင်သည်။ အချောင်သမားက လဲနေသူကို တက်နင်းသွားချင်သည်။

(၆)
လူဆိုသည်မှာ တပ်မက်မှု၊ ဆာလောင်မှုတစ်မျိုးစီဖြစ်ရာ မိမိတို့ တပ်မက်ရာပန်းတိုင်ကို အရောက် လှမ်းနေရပေမည်။ လိုရာပန်းတိုင်ရောက်ဖို့အတွက် မည်သို့မည်ပုံ အားထုတ်ကျင့်သုံးရမည်နည်း။ မိမိတို့ဘ၀ခရီးလျှောက်လှမ်းကြရာတွင် အခွင့်အရေးကို မိမိနှင့်အများကောင်းကျိုးအတွက် အမိအရ အသုံးချသူတစ်ယောက်ဖြစ်ဖို့ အလွန်ပင် အရေးပါလှပေသည်။ အချောင်သမားအခွင့်အရေးသမား မဖြစ်ဖို့အတွက် ကိုယ့်ကျင့်တရား၊ သို့မဟုတ် လူ့ကျင့်ဝတ်တရားဟူသော ၀တ်စုံကို ၀တ်ဆင် သွားရပေမည်။ အချောင်းသမားတို့သည်ကား ဘ၀ခရီးကို ဇွဲနပဲနှင့်တော့ လျှောက်လှမ်းနေကြပါ၏။ သို့ရာတွင် ကိုယ့်ကျင့်တရားဟူသော ၀တ်စုံကို ဆင်မြန်းထားခြင်း မရှိသည့်အတွက် ကိုယ်လုံးတီး လမ်းလျှောက်နေသူကဲ့သို့ ရှက်စရာပင် ဖြစ်နေပါလိမ့်မည်။

(၇)
အခွင့်အရေးကို အသုံးချဖို့အတွက် ပန်းတိုင်ထားရှိရမည်။ ထိုပန်းတိုင်သို့ ရောက်ရှိရေးအတွက် ထိုက်သင့်သော (ထိုပန်းတိုင်သို့ ရောက်စေနိုင်သော) လုပ်ဆောင်ချက်ရှိရမည်။ ထိုလုပ်ဆောင် ချက်ကို ကိုယ့်ကျင့်တရားများနှင့် ၀န်းရံထားရမည်။ ထိုအချက်ပြည့်စုံလျှင် မည်သည့်ခရီးကိုမဆို လျှောက်လှမ်းသင့်သည်သာ ဖြစ်ပါသည်။

မြတ်စွာဘုရားရှင်က “သင်တို့ သူဌေးကြီး ဖြစ်ချင်သလား။ သူဌေးကြီးဖြစ်ချင်ရင် သူဌေးကြီးတစ်ဦး ဖြစ်စေနိုင်တဲ့
(၁) ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်မှု
(၂) ကိုယ်ကျင့်သီလဖြည့်ဆည်းမှု
(၃) သူဌေးကြီးဖြစ်ကြောင်း နည်းလမ်းကောင်းများကို သိရှိထားမှု (ဗဟုသုတ)
(၄) မျှဝေသုံးစွဲမှု (ရဲဘော်စိတ်ထားရှိမှု) နှင့်
(၅) သူဌေးကြီးဖြစ်ကြောင်း အတတ်ပညာတို့ကို ပြည့်စုံအောင် ဖြည့်ဆည်းကျင့်သုံးကြပါ။ ပြီးလျှင် မိမိ၏စိတ်ကို သူဌေးကြီးဖြစ်ရမယ်လို့ အမြဲတမ်း နှလုံးသွင်းပါ။ ဒါဆိုလျှင် မလွဲမသွေ သူဌေးကြီး ဖြစ်လာပါလိမ့်မယ်”ဟု မိန့်တော်မူသည်။
(မှတ်ချက်…လိုသမျှလေးကိုသာ ယူထားသည်။ အကျယ်ကြည့်လိုက ဥပရိပဏ္ဏာသပါဠိတော်၊ သင်္ခါရုပပတ္တိသုတ်ကို ရှုတော်မူ)။

ထို့အပြင် နတ်သားဖြစ်လိုလျှင်၊ ဗြဟ္မာဖြစ်လိုလျှင်၊ မည်သည့်ဘ၀မှာမှ မဖြစ်လိုတော့လျှင်….(မိမိတို့ ကြိုက်နှစ်သက်ရာပန်းတိုင်သို့ ရောက်လိုလျှင်) အထက်ပါ အချက်ငါးချက်ကို ကျင့်သုံးလိုက်နာပြီး အမြဲမပြတ် ဖြစ်ကိုဖြစ်ရမည်ဟု နှလုံးသွင်းထားနိုင်လျှင် လိုရာဆန္ဒအတိုင်း ဖြစ်လာလိမ့်မည်ဟု ဆက်လက်ဟောကြားထားသည်။

အထက်ပါ ဟောကြားချက်ကို လေ့လာကြည့်လျှင် မြတ်စွာဘုရားရှင်သည် လူတို့၏ ဖြစ်လိုမှု၊ ရလိုမှုကို ပိတ်ပင်ထားခြင်း မရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ပန်းတိုင်ကို မိမိတို့ စိတ်ကြိုက် ရွေးချယ်ပိုင်ခွင့် အပြည့်ရှိသည်။ သို့ရာတွင် ထိုပန်းတိုင်ကို အချောင်သွားလို့ မရ။ ထိုက်သင့်သော အမူအကျင့်၊ အတွေးအခေါ်၊ စွန့်လွှတ်မှုနှင့်အတတ်ပညာများဖြင့်သာ သွားရောက်နိုင်မည်ဖြစ်သည်။ ထိုငါးချက်တွင် လုပ်ဆောင်ချက်ကို လုပ်ဆောင်ချက်အတိုင်း မထားဘဲ လူတစ်ဦး၏ ကိုယ်ကျင့် သီလနှင့်အသိပညာများ ပါဝင်နေသည်ကို သတိပြုသင့်သည်။

(၈)
အချောင်သမားအတွက် ခဏတာ အောင်မြင်မှုသာရှိသည်။ ဆန္ဒတစ်ခုအတွက် ကိုယ်ကျင့်တရားနှင့် အလုပ်ကို တွဲစပ်ချည်နှောင်ပေးထားနိုင်သူများအတွက်မူကား တိကျခိုင်မာတည်တံ့သော အောင်မြင်မှုက သူ့အလိုအတိုင်း ဖြည်းဆည်းပေးဖို့ အဆင်သင့်နေပါလားဆိုတာကို တွေးမိသော အခါ “အခွင့်အရေး”ဟူသော ဝေါဟာရလေးက ရင်ထဲတွင် လင်းလက်လာနေခဲ့ပါသည်။