Thursday, January 8, 2015

နာမည်လေးနဲ့ လိုက်အောင်နေမယ်


“နာမည်လေးနဲ့ လိုက်အောင်နေမယ်”

(၁)မြတ်စွာဘုရားရှင်လက်ထပ်တော်တုန်းက ကောသလတိုင်းရဲ့ ကျေးရွာဇနပုဒ်တစ်ခုမှာ “မုတ္တာ” ဆိုတဲ့ မိန်းကလေးတစ်ဦး ရှိခဲ့ဖူးပါတယ်။ “သြဃာတက” ဆိုတဲ့ ဆင်းရဲသား ပုဏ္ဏာတစ်ဦးရဲ့  သမီးပါ။ အရွယ်ရောက်တော့ မိဘတွေက ခါးကုန်းနေတဲ့ ပုဏ္ဏားတစ်ယောက်နဲ့ ထိမ်းမြား လက်ထပ် ပေးတဲ့အတွက် မနှစ်သက်သူနဲ့ ပေါင်းသင်းရတဲ့ ဆင်းရဲဒုက္ခကို ခံစားရပါတော့တယ်။ ဆန်ဖွပ်တဲ့ အလုပ်နဲ့ အသက်မွေးရင်း ခါးကုန်းတဲ့ယောက်ျားနဲ့ ပေါင်းနေရတဲ့ အိမ်ထောင်သည် ဘ၀မှာ လုံးဝ မပျော်နိုင်တော့ပါဘူး။

ကုန်းကိုကိုနဲ့ ပြုံးချိုချို ဟန်လုပ်မပေါင်းသင်းနိုင်တော့တဲ့အဆုံး ကုန်းကိုကိုထံ ခွင့်ပန်ပြီး ဘိက္ခုနီမ ၀တ်လိုက်ပါတယ်။ ၀ိပဿနာအလုပ် အားထုတ်ပေမယ့် စိတ်တွေက ဟိုဟိုဒီဒီ ပျံ့လွင့်ပြေးလွှား နေလို့ သမာဓိမရနိုင်ဘဲ ဖြစ်နေတဲ့အတွက် စိတ်ပျံ့လွင့်တိုင်း ကိုယ့်ဘ၀ကိုယ် ပြန်တွေးပြီး စိတ်ကို ဆုံးမပါတယ်။
“ငါ့ဘ၀ဟာ အကုန်းတွေနဲ့ ဖြစ်တည်ခဲ့ရတဲ့ဘ၀၊ ဆန်ဖွပ်ဖို့ ကြိတ်ဆုံထဲ စပါးထည့်တော့ လည်း ခါးကုန်းရပြန်တယ်၊ ကျည်ပွေ့ကိုင်ပြီး စပါးထောင်းတော့လည်း ခါးကုန်းရပြန်တယ်။ ရတဲ့ ယောက်ျားကလည်း ခါးကုန်းနေပြန်ရော။ လူဝတ်ကြောင်ဘ၀မှာ နေ့စဉ်နေ့တိုင်း ခါးကုန်း သုံးမျိုး၊ အကုန်းသုံးကုန်းနဲ့ ရင်ဆိုင်နေခဲ့ရတယ်။”

“အခုတော့ ငါ ခါးကုန်းသုံးမျိုး၊ အကုန်း သုံးကုန်း ကနေ လွတ်မြောက်ပြီ။ ကြိတ်ဆုံကုန်း၊ ကျည်ပွေ့ကုန်း၊ လင်ကုန်း…. အကုန်းသုံးကုန်း ငါ့မှာ မရှိတော့ဘူး။ အကုန်း သုံးကုန်းကနေ ငါလွတ်မြောက်ပြီ၊ အကုန်းတွေနဲ့ ပြန်ရင်ဆိုင်ရမယ့် အတွေးတွေ လုံးဝ မတွေးနဲ့၊  လုံးဝ မတွေးနဲ့၊ ကမ္မဋ္ဌာန်းအာရုံမှာပဲ စိတ်ကိုထား။”

ကာမဂုဏ်အာရုံတွေမှာ စိတ်ပျံ့ လွင့်ပြေးလွှားတိုင်း “အကုန်းသုံးကုန်းမှ လွတ်မြောက်နေပြီ။ အကုန်းသုံးကုန်းမှ လွတ်မြောက်နေပြီ။” လို့ အမြဲရွတ်ဆိုရင်း ၀ိပဿနာအလုပ် အားထုတ် လိုက်တာ  သိပ်မကြာခင်မှာပဲ မုတ္တာထေရီ ပဋိသမ္ဘိဒါဉာဏ်လေးပါးနဲ့တကွ ရဟန္တာဖြစ်သွားပါတယ်။

ရဟန္တာဖြစ်ပြီးတဲ့အခါမှာတော့
“ကြိတ်ဆုံ၊ ကျည်ပွေ့၊ လင်ယောက်ျားဆိုတဲ့ အကုန်းသုံးကုန်းက လွတ်မြောက်တဲ့အပြင် အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ အကုန်းသုံးကုန်းကလည်း လွတ်မြောက်သွားပါပြီ”လို့ ဖြည့်စွက်ရွတ်ဆို လိုက်ပါတယ်။

(၂)
လင်ယောက်ျားကသာ ခါးကုန်းမနေရင် အိမ်ထောင်သည်ဘ၀မှာ မုတ္တာ ပျော်မွေ့နေဦးမှာ ပါ။ ခါးကုန်းတဲ့ လင်ယောက်ျားနဲ့ ပေါင်းသင်းရခြင်းဆိုတဲ့  “ကံဆိုးခြင်း” က ရဟန်းဘ၀ ရရှိခြင်း၊ ရဟန္တာ ဖြစ်ခြင်း ဆိုတဲ့ “ကံကောင်းခြင်း” တွေကို ဖြစ်စေခဲ့ပါတယ်။ ဒါဆို ခါးကုန်းတဲ့ ကိုကိုနဲ့ ရေစက်ဆုံရတာ ကံကောင်းလွန်းလို့ပေါ့။

ကိုယ်မလိုချင်တဲ့ ယောက်ျားမျိုးကို ရတိုင်းလည်း  ငြီးငွေ့ပြီး သာသနာ့ဘောင်ဝင်ဖြစ်တာ မဟုတ်ပါဘူး။  ပင်ကိုဓာတ်ခံကိုက ကောင်းလွန်းလို့ပါ။ ပင်ကိုဓာတ်ခံကိုက ကာမဂုဏ်အပေါ် မစွဲ လမ်းတဲ့ ဓာတ်ခံ၊ တရားဓမ္မဘက် စိတ်ညွတ်တဲ့ ဓာတ်ခံဖြစ်နေလို့ ကိုယ်မပေါင်းချင်တဲ့ ယောက်ျားနဲ့ ပေါင်းရတဲ့အပေါ် ငြီးငွေ့ပြီး လွတ်အောင် ရုန်းချင်တဲ့စိတ် ဖြစ်သွားတာပါ။ ပင်ကိုဓာတ်ခံသာ မကောင်းရင်၊ ပင်ကိုဓာတ်ခံကိုက  ကာမဂုဏ်အပေါ် စွဲလမ်းတဲ့ ဓာတ်ခံဖြစ်နေရင် ဒီတစ်ယောက် မကောင်း နောက်တစ်ယောက် ပြောင်းမှာပါပဲ။ ဒီတစ်ယောက် မချစ်ရင် နောက် တစ်ယောက်၊ ဒီ တစ်ယောက် မကြိုက်ရင် နောက်တစ်ယောက် ထပ်ရှာမှာပါပဲ။ သတ်သတ်မှတ်မှတ် မယူဖြစ် တောင် ကွယ်ရာမှာတော့ ဖောက်ပြန်မှာ သေချာပါတယ်။

●ကာမဂုဏ်အပေါ် မစွဲလမ်းတဲ့ဓာတ်ခံ (နေက္ခမ္မဓာတ်ခံ)နဲ့
●သံသရာက လွတ်မြောက်လိုတဲ့ဓာတ်ခံ (နိဿရဏဓာတ်ခံ)သာ အားကောင်းနေမယ်ဆိုရင် ကြုံလာသမျှ အဆိုးတွေအားလုံးဟာ ကိုယ့်ဘ၀ ကောင်းဖို့၊ ကိုယ့်ဘ၀ လွတ်မြောက်ဖို့ အတွက် ဖြစ်လာတာချည်းပါပဲ။ ရုန်းထွက်လွတ်မြောက်လိုတဲ့ ဓာတ်ခံသာ စိတ်အခံအဖြစ်နဲ့ အားကောင်းစွာ ရှိနေမယ်ဆိုရင် ကြုံလာသမျှ အဆိုးတွေ အားလုံးဟာ ကိုယ့်ဘ၀ အေးချမ်းဖို့ အတွက်ချည်းပါပဲ။

ဓာတ်ခံကောင်းရှိသူတစ်ယောက်အတွက် မချစ်မနှစ်သက်တဲ့သူနဲ့ ပေါင်းသင်းရခြင်း ဆင်းရဲ ဟာ  ချမ်းသာခြင်းရဲ့ အကြောင်းပါပဲ။ ဒါဆိုရင် ချစ်နှစ်သက်တဲ့သူနဲ့ မပေါင်းသင်းရခြင်း ဆင်းရဲက လည်း ချမ်းသာခြင်းရဲ့ အကြောင်းပဲပေါ့။  ပြီးတော့… ကိုယ်ချစ်တဲ့သူဆီက ကိုယ်လိုချင်တ ချစ်စကား၊ ချစ်အပြုအမူ၊ နားလည်ခွင့်လွှတ်မှု၊ လိုက်လျောမှု မရခြင်း ဆင်းရဲကလည်း ရုန်းထွက်လွတ်မြောက်ဖို့ တွန်းအားတစ်ခု ဖြစ်ခဲ့တယ်ဆိုရင် ချမ်းသာခြင်းရဲ့ အကြောင်း ဖြစ်နေပြန်တာပါပဲ။

ကာမ အထိအတွေ့ချင်း တူပါလျက် မသာယာနိုင်တာ လူကို မချစ်လို့ပါ။ ဒါဆိုရင်….သာယာစရာလို့
ထင်ရတဲ့အရာတိုင်းဟာ သူ့ချည်းသက်သက် ဘာအရသာမှမရှိဘူး၊ လူကိုချစ်မှပဲ  အရသာရှိတယ် ဆိုတာ ထင်ရှားသွားပါတယ်။ လူကိုချစ်တဲ့ တဏှာကသာ သူနဲ့ပတ်သက်သမျှ သာယာမှုကို ပေးစွမ်းနိုင်တာပါ။

ကိုယ်မချစ်တဲ့သူဆီက အချစ်ရတာရော၊ ကိုယ်ချစ်တဲ့သူဆီက အချစ်မရတာရော ဟာ သာယာမှုကို မဖြစ်စေနိုင်ပါဘူး။ သာယာမှုကို မခံစားရမှ တပ်မက်မှုကို စွန့်လွှတ်နိုင် မှာပါ။ သာယာမှုကို မခံစားရဖို့ဆိုတာကလည်း ကိုယ့်စိတ်ထဲမှာ တဏှာဓာတ် ရှိမနေမှ ဖြစ်နိုင်ပါတယ်။ 

တဏှာဓာတ်ကို ပယ်သတ်နိုင်ရင်၊ သို့မဟုတ် ငြိမ်းအေးအောင် လုပ်ထားနိုင်ရင် သာယာမှုကို ကျော်လွှားနိုင်ပါလိမ့်မယ်။ ချစ်စရာကိုစွန့်ဖို့ထက် ချစ်တဏှာကို ပယ်ဖို့က ပိုအရေးကြီးပါတယ်။ ချစ်တဏှာကိုသာ ပယ်နိုင်ရင် ချစ်စရာကို အလိုလို စွန့်နိုင်သွားတာပါပဲ။

(၃)
“ကုန်းရုန်းလုပ်နေရတယ်” ဆိုတဲ့ စကားလိုပဲ စားဝတ်နေရေး၊ ကာမဂုဏ်ရေးအတွက် ရုန်းကန်လှုပ်ရှား အလုပ်လုပ်နေရတာဟာ ကုန်းနေရတာပါပဲ။ ကိုယ့်အလုပ်ဟာ ခါးကုန်းပြီး မလုပ်ရလည်း ကုန်းနေရတယ်လို့ပဲ ပြောရမှာပါ။ ဘာလို့လဲဆိုတော့ အိုနာသေဆိုတဲ့ အကုန်း သုံးကုန်းကနေ မလွတ်မြောက်နိုင်လို့ပေါ့။

ပြောမယ့်သာပြောရတာ.. အလုပ်တော်တော်များများက ကုန်းလုပ်ရတာ များပါတယ်။ ဈေးရောင်း တယ်ဆိုရင်လည်း ရောင်းမယ့်ပစ္စည်း လှမ်းယူရင် ကုန်းပြီး ယူရတာပဲ။  စားပွဲမှာ အကျအနထိုင်ပြီး စာရင်းအင်းတွက်ချက်တဲ့သူကလည်း ကုန်းပြီးတွက်ချက်ရတာပါပဲ။ အမြဲမကုန်းရတောင်  မကြာ မကြာတော့ ကုန်းနေရတာချည်းပါပဲ။

တချို့ ကုသိုလ်အလုပ်တွေကလည်း ကုန်းပြီးလုပ်ရတာပါ။ ဥပမာ-ဝေယျာဝစ္စ…၊ ဆေးကြော၊ ဖွပ်လျှော်၊ လှည်းကျင်း၊ ထောင်းထု၊ ထမ်းပိုး……..၊ ကုန်းရတာပါပဲ။  တရားစာပေရေးရင်လည်း ကုန်းရေးရတာပါပဲ။ ဒါပေမဲ့ ကုသိုလ်အလုပ်တွေ ကုန်းရုန်းလုပ်နေရတာကိုတော့ ကုန်းနေရတယ်လို့ မပြောနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အိုနာသေ ဆိုတဲ့ အကုန်းသုံးကုန်းကနေ လွတ်မြောက်နိုင်လို့ပါ။

(၄)
“မုတ္တာ”ဆိုတာ မြန်မာလို “လွတ်မြောက်သူ”လို့ အဓိပ္ပာယ်ရပါတယ်။ မုတ္တာထေရီကတော့ နာမည်နဲ့ လိုက်အောင် လွတ်မြောက်သွားခဲ့ပါပြီ။ လောကနယ်ပယ်က အကုန်းအကောက် ဒုက္ခတွေကရော၊ ဓမ္မ နယ်ပယ်က အကုန်းအကောက်ဒုက္ခတွေကပါ လွတ်မြောက်သွားခဲ့ပါပြီ။

●“မုတ္တာ”ဆိုတဲ့ နာမည်တူ တခြားထေရီမတစ်ပါး ရှိပါသေးတယ်။ သူ့ကို မြတ်စွာဘုရားရှင်က “မုတ္တာ = လွတ်မြောက်သူ၊ မလွတ်” ဆိုတဲ့ နာမည်နဲ့လိုက်အောင်
“ချစ်သမီး မုတ္တာ (လွတ်မြောက်သူ)…၊ ရာဟုဖမ်းခြင်းက လွတ်မြောက်တဲ့ လမင်းလို  ယောဂ လေးပါးက လွတ်မြောက်အောင် ကြိုးစားပါ။ အများပြည်သူလှူတဲ့ ဆွမ်းကို လွတ်မြောက်တဲ့ စိတ်နဲ့  ကိလေသာ ကြွေးကင်းစွာ ဘုဉ်းပေးသုံးဆောင်ပါ။” လို့ဟောကြားတော်မူပါတယ်။

●“ပုဏ္ဏာ = ပြည့်စုံသူ၊ မပြည့်” ဆိုတဲ့ ထေရီမကို မြတ်စွာဘုရားရှင်က နာမည်နဲ့လိုက်အောင်
“ချစ်သမီး ပုဏ္ဏာ (ပြည့်စုံသူ)…၊ လဆန်း ၁၅ ရက် လပြည့်နေ့မှာ ပေါ်ထွက်လာတဲ့ လပြည့်ဝန်း ကြီးလို ဗောဓိပက္ခိယတရား ၃၇ ပါးနဲ့ ပြည့်စုံအောင် ကြိုးစားပါ၊ ပြည့်စုံတဲ့ပညာနဲ့  မောဟ အမှောင်ထုကို ဖောက်ခွဲဖျက်ဆီးလိုက်ပါ”လို့ ဟောကြားတော်မူပါတယ်။

●“၀ီရာ = ရဲရင့်သူ” ဆိုတဲ့ ထေရီမကို “ရဲရင့်စေတတ်တဲ့ အရိယာမဂ်တရားနဲ့ ရဲရင့်အောင်  ကြိုးစားဖို့” ဟောကြားသလို ၊

●“မိတ္တာ = မိတ်ဆွေ” ဆိုတဲ့ ထေရီမကို “မိတ်ဆွေကောင်းနဲ့ မွေ့လျော်” ဖို့ ၊
●“ဘဒြာ = ကောင်းမြတ်သူ” ဆိုတဲ့ ထေရီမကို “ကောင်းမြတ်တဲ့ သီလ၊ သမာဓိ၊ ပညာနဲ့ မွေ့လျော်ဖို့” မြတ်စွာဘုရား ဟောကြားတော်မူပါတယ်။
●“သုက္ကာ = ဖြူစင်သူ၊ မဖြူ” ဆိုတဲ့ ထေရီမကတော့ သူ့ကိုယ်သူ “သုက္ကာ (ဖြူစင်သူ) ဆိုတဲ့ ထေရီမဟာ ဖြူစင်တဲ့ လောကုတ္တရာ တရားတွေနဲ့ ပြည့်စုံပါတယ်၊ တပ်မက်မှုကင်းတယ်၊ စိတ်တည်ကြည်တယ်၊ စစ်သည်ဗိုလ်ပါနဲ့ တကွသော ကိလေသမာရ်ကို အောင်နိုင်ပြီးပြီဖြစ်လို့ အဆုံးစွန်သော ခန္ဓာကိုယ်ကို ရွက်ဆောင် ထားပါတယ်” လို့ ထုတ်ဖော် ပြောပြပါတယ်။

●“မဖြူ” ဆိုရင် နာမည်နဲ့လိုက်အောင် သဘောဖြူ၊ မနောဖြူ ဖို့ လိုအပ်သလို ၊
●“မချို” ဆိုရင်လည်း နာမည်နဲ့လိုက်အောင် သဘောချို၊ အပြောချို ဖို့ လိုအပ်ပါတယ်။
●“ကိုအောင်” ဆိုရင် နာမည်နဲ့လိုက်အောင် အလုပ်အောင်မြင်မှု၊ စိတ်အောင်မြင်မှု ရှိဖို့ လိုသလို
●“ကိုမြင့်” ဆိုရင်လည်း နာမည်နဲ့လိုက်အောင် အလုပ်မြင့်မားမှု၊ စိတ်နေစိတ်ထား မြင့်မားမှု ရှိဖို့ လိုအပ်ပါတယ်။ ကိုယ့်နာမည်ကိုယ် အဓိပ္ပာယ် ဖော်ကြည့်ပါ။ အကောင်းဆုံးစံချိန်၊ အကောင်းဆုံး အရည်အသွေး အထိ အဓိပ္ပာယ်ဖွင့်ဆိုကြည့်ပါ။ ပြီးရင် “ငါ့နာမည်နဲ့လိုက်အောင် ငါနေမယ်၊ ငါ့နာမည်အတိုင်းဖြစ်အောင် ငါကျင့်မယ်” လို့ ဆုံးဖြတ်ပြီး ကိုယ်ဖော်ထားတဲ့ အဓိပ္ပာယ်၊ ကိုယ်ဖွင့်ဆိုထားတဲ့ အဓိပ္ပာယ်နဲ့ လိုက်လျော ညီထွေဖြစ်အောင် နေထိုင်ကျင့်သုံးပါ။

ကိုယ့်နာမည်လေးနဲ့လိုက်အောင် ကိုယ်နေရတာ၊ ကိုယ့်နာမည်လေးအတိုင်းဖြစ်အောင် ကိုယ်ကျင့် ရတာ အရမ်းပျော်စရာ ကောင်းပါတယ်။ နာမည်အတိုင်း မဖြစ်တဲ့အခါလေးတွေလည်း တစ်ခါတစ်ရံ ရှိတော့ ရှိမှာပေါ့။ ဒါပေမဲ့ အားမလျှော့ဘဲ ဆက်ကြိုးစားသွားမယ်ဆိုရင် တဖြည်းဖြည်းနဲ့ နာမည်နဲ့ လူ တစ်သားတည်းဖြစ်သွားမှာပါ။ (မိဘက ဗရုတ်သုတ်ခ လျှောက်မှည့်ထားလို့ ကိုယ့်နာမည်ရဲ့ မူလအဓိပ္ပာယ် မကောင်းဖြစ်နေရင်လည်း  ဆင့်ပွားအဓိပ္ပာယ်အနေနဲ့ အကောင်းဘက် ကိုပဲ လှည့်ဖွင့်ဆိုလိုက်ပါ။)

(၅)
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)…တဲ့။  နာမည်က……..။ ဆန္ဒာဓိက ဆိုတော့ ဆန္ဒ လွန်ကဲသူ၊  ဆန္ဒပြင်းထန်သူ။ ဘာဆန္ဒ ပြင်းထန်သူ ဖြစ်ရမှာလဲ။ ကုသိုလ်ပြုဖို့ ဆန္ဒပြင်းထန်သူ၊ အများအကျိုးဆောင်ဖို့ ဆန္ဒပြင်းထန်သူ၊ ပါရမီဖြည့်ဖို့ ဆန္ဒပြင်းထန်သူ၊  (………) ဖြစ်ဖို့ ဆန္ဒပြင်းထန်သူ ဖြစ်ရမှာပေါ့။ နာမည်နဲ့လိုက်အောင် ဆန္ဒပြင်းထန်ပါရဲ့လား ….။ ရွှေပါရမီတောရဆိုတော့ ရွှေပါရမီနာမည်နဲ့လိုက်အောင်  ရွှေအဆင့်ရောက်မယ့် ပါရမီတွေ အမြဲဖြည့်ကျင့်နေရမယ်။ ဖြည့်ကျင့်နေပါရဲ့လား ….။  တောရနာမည်နဲ့လိုက်အောင် တောထဲမှာ စွဲစွဲမြဲမြဲ နေရမယ်။  နေဖြစ်ပါရဲ့လား…။

တရားမဟောချင်ပါဘူးဆိုမှ အတင်းဓမ္မ နားပူဇွတ်ပင့်ကြလို့ အားနာပြီး လိုက်ဟောပေးရတဲ့အတွက် ခရီးထွက်ရပြန်တယ်…။ တောထဲမှာ မရှိပြန်ဘူး….။ အသက် ၄၀ မှာ အုပ်ရေ ၄၀ နဲ့ ဘုရားကို ပူဇော်ချင်လို့ မြန်မာပြည်မှာနေရင်  ဧည့်သည်ဘေးကြောင့် စာသိပ်မရေးဖြစ်တဲ့ အတွက် စာများများရေးနိုင်အောင် နေ့တာရှည်တဲ့ လတွေမှာ အမေရိကကို ခရီးထွက်ရ ပြန်တယ်…။ တောထဲမှာ မရှိပြန်ဘူး။ မျက်စိခွဲ၊ ရေတွင်းတူး… ဟိုပရဟိတ၊ ဒီပရဟိတ ကိုယ်က ဦးဆောင်ပြီး လုပ်ထားတော့ “ဆရာတော်ပါမှ အားရှိမှာ၊ကြွခဲ့ပါ၊ လာအားပေးပါ” ဆိုတဲ့အတွက် ခရီးထွက်ရပြန်တယ်….။  တောထဲမှာ မရှိပြန်ဘူး…။  စာအုပ်ကိစ္စအတွက် အတွင်းစာမူ ပြင်ဆင်ကြီးကြပ်ဖို့ရော၊  မျက်နှာဖုံး ဒီဇိုင်း အကြံပေး ကြီးကြပ်ဖို့ပါ ကိုယ်မရှိမဖြစ်တော့ ရန်ကုန်ကို ခဏခဏ ကြွရပြန်ရော…၊  တောထဲမှာ မရှိပြန်ဘူး…။

အများအကျိုး၊ သာသနာအကျိုးအတွက် ခရီးခဏခဏ ထွက်နေရလို့ တောထဲမှာ စွဲစွဲမြဲမြဲ နေရတယ်ကို မရှိပါဘူး။ မြို့သွားလိုက်၊ တောပြန်လိုက်နဲ့ တောရဘုန်းကြီးတစ်ပိုင်း၊ မြို့ရဘုန်းကြီး တစ်ပိုင်း ဖြစ်နေပါတယ်။ မိတ်ဆွေရဟန်းတစ်ပါးကတောင်
“အရှင်ဘုရားက တောရကိုယ်တော် မဟုတ်ဘူး၊ မြို့ရ ကိုယ်တော် ဖြစ်နေပြီ” လို့ နောက်နေ ပါသေးတယ်။ သူ မနောက်ခင်ကတည်းက ကိုယ့်ဘာသာကိုယ် အဲဒီအတိုင်း တွေးမိပြီးသားပါ။ သူ့ကိုလည်း နောက်တဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။

တကယ်ဆို ကိုယ်လည်း တောထဲမှာ စွဲစွဲမြဲမြဲ နေချင်တာပေါ့။ နေချင်လှပါပြီ။ နေချင်လို့ကိုပဲ တောထဲမှာ လာနေတာပဲလေ။ တောင်အောက်ကိုတောင် လုံးဝမဆင်းချင်တဲ့သူပါ။ အပြင် တရားပွဲတွေ လိုက်ဟောနေသမျှတော့ ခရီးထွက်နေရဦးမှာပါပဲ။ ဟိုအလှူ ၊ ဒီအလှူ တွေ  လျှောက်လှူနေသမျှတော့ ခရီးထွက်နေဦးမှာပါပဲ။ စာအုပ်ကိစ္စ ခဏခဏသွားလုပ် နေသမျှတော့ ခရီးထွက်နေရဦးမှာပါပဲ။ ခရီးထွက်နေသမျှလည်း  တောရကျောင်းနဲ့ ကင်းကွာ နေဦးမှာပါပဲ။

၂၀၀၈ ခုနှစ်၊ အသက်(၄၀) ကစပြီး ခရီးထွက်ချိန်နည်းနိုင်သမျှ  အနည်းဆုံးဖြစ်အောင်၊ တောမှာ နေချိန် များနိုင်သမျှ အများဆုံးဖြစ်အောင် အလုပ်တွေကိုရော၊ အလှူတွေကိုပါ  ပုံစံပြောင်းပြီး စနစ်တကျ စီမံခန့်ခွဲဖို့ စိတ်ကူးထားပါတယ်။ ဒါမှ တောရဆိုတဲ့ နာမည်နဲ့ လိုက်ဖက်မှာပေါ့။ ဒါဆိုရင်…။

(၆)
It is the chiefest point of happiness that a man is willing to be what he is. (Erasmus)
“လူတစ်ယောက်အဖို့ သူ ဘာလဲဆိုတာကို လိုလိုလားလား ရှိခြင်းဟာ ပျော်ရွှင်ချမ်းမြေ့မှု အတွက်  အဓိက အကျဆုံး အချက်ဖြစ်ပါတယ်။”

-
စာရိုက်ပူဇော်သူ - Admin Team of Young Buddhist's Association
အပ္ပမာဒေန သမ္ပာဒေထ။
Posted by www.facebook.com/youngbuddhistassociation.mm-ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏ “အကြင်နာပေါင်းရှစ်သောင်းလေးထောင်စာအုပ်”နှာ၂၂၄ - ၂၃၅မှ- ကောက်နှုတ်ကူးယူပူဇော်မျှဝေပါသည်။(အလင်းတန်းဂျာနယ်၊နိုဝင်ဘာ၅၊၂၀၀၇။)


 (အရှင်ဆန္ဒာဓိက၏ အကြင်နာပေါင်းရှစ်သောင်းလေးထောင် စာအုပ်မှ ~)