Tuesday, January 27, 2015

နိဗ္ဗာန်လိုချင်ရင် ငါ့ကိုမကြိုက်နဲ့


နိဗ္ဗာန်လိုချင်ရင် ငါ့ကိုမကြိုက်နဲ့


ရှေးရှေးတုန်းက ရွာတစ်ရွာမှာ အတော်အတန် ကြွယ်ဝချမ်းသာတဲ့ တောင်သူတစ်ဦးရှိခဲ့ဖူးတယ်။ အဲဒီတောင်သူ ကြီးဟာ မိမိမှာရှိတဲ့ ဥစ္စာဓနတွေကို ကောင်းမှုကုသိုလ်ပြုလိုတာကြောင့် ရွာဦးမှာ ဘုန်းကြီးကျောင်းတစ်ကျောင်း ဆောက်လုပ်ပြီး သံဃာတော် အရှင်မြတ်တစ်ပါးကိုကျောင်းထိုင် ဘုန်းကြီးအဖြစ်ပင့်ဆောင်ကာ ဆက်ကပ် လှူဒါန်းထားတာပေါ့။

ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး ဒါယကာအဖြစ်ခံယူထားတဲ့ တောင်သူကြီးဟာ နေ့စဉ် နံနက်တိုင်း ကျောင်းကို ဆွမ်းအုပ်ပို့ပေးဖို့ သူတို့ရဲ့တစ်ဦးတည်းသောသမီးပျိုကလေးကို တာဝန်ပေးပါတယ်။ အသက်(၁၇)နှစ်သာ ရှိသေးတဲ့ ကျောင်းဒကာကြီးရဲ့သမီးကလေးဟာ ငယ်ရွယ်သူဖြစ်ပေမယ့် သတိပဋ္ဌာန်ဝိပဿနာတရားတွေကို အားထုတ်ထားပြီးသူ ဖြစ်တာမို့ အရွယ်နဲ့မလိုက်အောင် တတ်သိလိမ္မာသူလေးလည်းဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းဒကာရဲ့ သမီးကလေးဟာ နေ့စဉ် ကျောင်းကို ၀တ်မပျက် ဆွမ်းသွားပို့ရင်းက သူမ မသိတာတွေကိုလည်း ဘုန်းကြီးထံမေး လျှောက်ပါတယ်။

တစ်နေ့တော့ ကျောင်းဒကာရဲ့သမီးဟာ ဘုန်းတော်ကြီးကို အရှင်ဘုရား ဒီကျောင်းက ဘယ်သူ့ ကျောင်းလဲဘုရားလို့ မေးလျှောက်ပါတယ်။ ဒီအခါ ဘုန်းတော်ကြီးက နင့်မိဘများက ငါ့ကို ရေစက် ချပြီး လှူထားတာပဲ။ ငါ့ကျောင်းပေါ့ဟလို့ အဖြေပေးပါတယ်။ နောက်နေ့တွေမှာလည်း ကျောင်းဒကာကြီးရဲ့သမီးလေးဟာ ဘုန်းတော်ကြီးကို မေးခွန်းတွေမေးပြန်ပါတယ်။

အရှင်ဘုရား ဒီသင်္ကန်းတွေက ဘယ်သူ့ သင်္ကန်းတွေလည်းဘုရား။
ငါဝတ်နေတာ ငါ့သင်္ကန်းပေါ့ဟ။
ဒီသပိတ်ကော ဘုရား။
ငါ့ဆွမ်းခံတဲ့သပိတ်၊ ငါ့သပိတ်ပေါ့။
ဒါဖြင့်ရင် ဒီကျောင်းဝိုင်းထဲက သစ်ပင်တွေကကော။
ငါ့ကျောင်းဝိုင်းထဲရှိတဲ့အပင်တွေ ငါ့အပင်ပေါ့ဟ.။

ဒီလိုဘုန်းကြီးက မေးခွန်းတွေဖြေတိုင်း ငါ့ပစ္စည်း၊ ငါ့ပစ္စည်းလို့ တစ်ငါတည်းငါနေတဲ့ အခါ ကျောင်းဒကာကြီးရဲ့သမီးက အရှင်ဘုရား ဒါဆိုဘာကြောင့် ဘုန်းကြီးဝတ်နေပါသလဲ ဘုရားလို့ ထပ်ပြီးမေးလျှောက်ပြန်တယ်။ စိတ်တိုနေတဲ့ ဘုန်းကြီးက နိဗ္ဗာန်မဂ်ဖိုလ် လိုချင်လို့ပေါ့ဟ လို့ ခပ်ထန်ထန်ပဲ မိန့်တော်မူပါတယ်။

ဒီအခါမှာ ကျောင်းဒကာရဲ့သမီးက အရှင်ဘုရား နိဗ္ဗာန်လိုချင်တယ်ဆိုရင် ငါ့ကိုမကြိုက်ပါနဲ့လို့ ဘုန်းတော်ကြီးကို လျှောက်ထားပြီး ဆွမ်းအုပ်ကိုခေါင်းပေါ်ရွက်ကာ ခပ်သုတ်သုတ်ပဲ ကျောင်းပေါ်က
ဆင်းသွားသတဲ့။ ဘုန်းတော်ကြီးကတော့ ငါ့ကိုမကြိုက်နဲ့လို့ လျှောက်သွားတဲ့ကျောင်း ဒကာသမီးရဲ့ စကားကိုပဲစဉ်းစားရင်း ငေးပြီးကျန်ခဲ့တာပေါ့။

ဘုန်းတော်ကြီးဟာ မိမိရဲ့အကျင့်သိက္ခာနဲ့ ကျောင်းဒကာသမီးအပေါ်ဆက်ဆံပြောဆို ပြုမူခဲ့တာ တွေကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါ အမှားအယွင်းတစ်ခုမျှ မတွေ့ရဘူးတဲ့။ ဒီလိုဖြစ်ပါလျက်နဲ့ ကျောင်းဒကာရဲ့သမီးက သူ့အပေါ်မဆီမဆိုင် စွပ်စွဲပြောဆိုသွားတာကို တွေးမိပြီးရှက်လွန်းတာမို့ ဆွမ်းစားလည်းပျက်၊ ကျိန်းစက်လို့လည်း မပျော်ဖြစ်ကာ ကပ္ပိယကြီးကိုခေါ်ပြီး အကြောင်းစုံ ပြောပြသတဲ့။

ကပ္ပိယကြီးကလည်း ဒီကိစ္စကိုအမြန်ဖြေရှင်းမှပဲ ဘုန်းကြီးအသက်ရှည်မယ်၊ ဒီလိုမှမဟုတ်ရင် အခက်တွေ့တော့ မယ်လို့ယူဆပြီး ကျောင်းဒကာအိမ်ကိုသွားပြီး အကျိုးအကြောင်းပြောပြတာပေါ့။ ဒီအခါကျောင်းဒကာကလည်း မိမိရဲ့သမီးဟာ တတ်သိလိမ္မာသူဖြစ်တာမို့ အကြောင်းမဲ့တော့ မဖြစ်တန်ရာ။ အကြောင်းတစ်ခုခုတော့ ရှိမှာပဲလို့တွေးပြီး သမီးအပေါ် ရုတ်တရက် အပြစ်မတင် မပြောဆိုသေးဘဲ အိမ်သူဇနီးကိုသာ ဒီအကြောင်းစုံစမ်းဖို့ ပြောကြားလိုက်ပါတယ်။

ကျောင်းဒကာမကြီးကလည်း မိမိရဲ့သမီးဟာ ဒီလောက်တော့ မမိုက်မဲပါဘူး။ အကြောင်းရှိလို့သာ ဖြစ်ရမယ်လို့ တွေးကာ သမီးကိုချော့မော့ပြီး ဘုန်းတော်ကြီးကျောင်းမှာ ဖြစ်ပျက်ခဲ့ပုံကို မေးမြန်း စုံစမ်းပါတယ်။ ဒီအခါသမီးဖြစ်သူက ဘုန်းကြီးကို တရားပြခဲ့တာဖြစ်ကြောင်း ကြီးကြီးကျယ်ကျယ်  ပြောလိုက်လို့အမေ ဖြစ်သူကျောင်းဒကာမကြီးဟာ မျက်လုံး မျက်ဆံပြူးသွားတဲ့အထိ အံ့အားသင့် သွားရသတဲ့။

ဟဲ့ ညည်းကိုသာ ဘုန်းကြီးက တရား ပြရမှာပါ၊ ဘယ့်နှယ့် လုပ်ပြီးညည်းက ဘုန်းကြီးကို တရားပြန်ပြခဲ့ရတာတုန်း။

ဒီလိုပါအမေရယ်။ ကျမဆွမ်းသွားပို့တိုင်း အရှင်ဘုရား ဒီကျောင်းက ဘယ်သူ့ ကျောင်းလဲဘုရားလို့ မေးရင် ဘုန်းကြီးက ငါ့ကျောင်း၊ ဒီသင်္ကန်းကဘယ်သူ့ သင်္ကန်းလဲဘုရားလို့မေးရင် ဘုန်းကြီးက ငါ့သင်္ကန်း၊ ဒီလိုတွေ့သမျှ မြင်သမျှ မေးမိတဲ့ အရာဝတ္ထုတိုင်းကို ဘုန်းကြီးက ငါ့ပစ္စည်း ငါ့ဥစ္စာနဲ့ တစ်ငါတည်းငါနေတာမို့ဒီလောက်တောင် ငါ စွဲနေရင် နိဗ္ဗာန်နဲ့ ဝေး တော့မှာမို့ အရှင်ဘုရားနိဗ္ဗာန်လို ချင်ရင် ငါ့ကို မကြိုက်ပါနဲ့လို့ ငါစွဲ = အတ္တဒိဋ္ဌိကိုဖြုတ်ဖို့ သတိပေးလျှောက်ထားခဲ့တာပါလို့ ကျောင်းဒကာမကြီးကို အသေအချာ ရှင်းလင်းပြောပြပါတယ်။

အဲဒီလိုသမီးဖြစ်သူက တရားကြောင်းနဲ့ ဖြေရှင်းပြလိုက်မှ အားလုံးကသဘော ပေါက်နားလည် သွားကြပြီး ကျောင်းသို့သွားကာ ဘုန်းတော်ကြီးကိုလည်း အကြောင်းစုံလျှောက်ထားကြပါတယ်။ အဲဒီအခါကျမှ ဘုန်းတော်ကြီး ကလည်း ပြုံးတော်မူနိုင်ပြီး အင်း ဒီလိုဆိုတော့လည်း ကျောင်းဒကာရဲ့ သမီးပြောတာ မှန်သဗျလို့ လက်ခံတော်မူ လိုက်ရပါသတဲ့။

ဒီပုံပြင်ကလေးရဲ့အဓိကဆိုလိုချက်ကတော့ နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ ရောက်ချင်သူတွေဟာ ငါ၊ ငါ့ဥစ္စာ၊ ငါ့ဘ၀ဆိုတဲ့ အတ္တဒိဋ္ဌိ၊သက္ကာယဒိဋ္ဌိအစွဲတွေကို မလွဲမသွေဖြုတ်ပယ်ပစ်စေဖို့ပါပဲ။ တကယ်တော့ အတ္တဒိဋ္ဌိ = ငါစွဲကြီးတာဟာ လောကီမှာဖြစ်စေ၊ လောကုတ္တရာမှာဖြစ်စေ၊ နည်းလေ ကောင်းလေပါပဲ။ များသောအားဖြင့် လူတွေရဲ့နှလုံးသားကို အတ္တဒိဋ္ဌိ = ငါစွဲက နေရာပြည့် အချိန်ပြည့် စိုးမိုးထားတာမို့ စိတ်ကောင်းနဲ့အသိဉာဏ် ဖြစ်ပေါ်ဖွံ့ဖြိုးဖို့နေရာလွတ် အချိန်အားဆိုတာ မရှိသလောက်ဖြစ်နေပါတယ်။

ဒီအတ္တဒိဋ္ဌိစည်းရိုးကို နည်းနည်းချင်းဖျက်ချိုးပေးနိုင်တာနဲ့အမျှ၊ လူ့နှလုံးသားမှာလည်း ဗြဟ္မစိုရ်နဲ့ သူတော်ကောင်း တရားတွေ ရှင်သန်ပေါက်ဖွားဖို့နေရာလွတ်နဲ့ အချိန်အားတွေ မုချ ပေါ်ပေါက် လာမှာပါ။ လူတွေရဲ့နှလုံးသားမှာမေတ္တာ ကရုဏာနဲ့သူတော်ကောင်းတရားတွေ စည်ပင်ဝေဆာနေမှ ဒီကမ္ဘာကြီးလည်း ငြိမ်းချမ်းသာယာနေပြီး လှပနေနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး လိုလားသူတိုင်းဟာ ဒီငါစွဲ = အတ္တဒိဋ္ဌိကို မကြိုက်နှစ်သက်ကြဖို့ တကယ်ပဲ လိုအပ်လှပါတယ်။

တော်ဝင်နွယ်
အပ္ပမာဒဓမ္မရသမဂ္ဂဇင်း ၂၀၀၁ခုနှစ်၊ အောက်တိုဘာလ