Monday, January 5, 2015

အနှိုင်းမဲ့ မေတ္တာရှင်သို့


အနှိုင်းမဲ့ မေတ္တာရှင်သို့

မိဘမေတ္တာ အကြောင်း ပြောကြ ဆိုကြ၊ ရေးဖွဲ့ကြပြီဆိုလျှင် ဗုဒ္ဓစာပေ ပိဋကတ်တော်လာ အကြောင်းအရာ အချက်အလတ်တို့ကို အများဆုံး ကိုးကား ကြရ၊ အထောက်အထား ပြုကြရသည်ချည်းပင် ဖြစ်ပါ၏။ ဗုဒ္ဓစာပေနှင့် မိဘ မေတ္တာ၊ မိဘမေတ္တာနှင့် ဗုဒ္ဓစာပေ ခွဲခြား၍ မရစကောင်းပေ။ “မိဘများသည် အနန္တ ကျေးဇူးရှင်များ ဖြစ်ကြ၏။ ထိုကျေးဇူး တရားတို့ကို သားသမီးများ အနေဖြင့် သိလည်း သိရမည်။ ကျေးဇူး ဆပ်နိုင်အောင်လည်း ကြိုးစားရမည်။ အကယ်၍ မစွမ်းနိုင်၍ မဆပ်နိုင်လျှင်သော်မှ ကျေးဇူးကန်းသူ မဖြစ်အောင် ကြိုးစားရမည်”ဟု ဆိုလိုက်လျှင်ပင် ဤအရာသည် ဗုဒ္ဓဘာသာ အဆုံးအမ၊ ဗုဒ္ဓဝါဒ လမ်းညွှန်ချက် ဖြစ်သည်ဟူ၍ နားလည် သဘောပေါက်ကြသည် အထိပင် ဖြစ်ပါ၏။

အခြားဘာသာများသည် မိဘတို့၏ မေတ္တာတရားကို ဗုဒ္ဓဘာသာလောက် ဂုဏ်တင် ချီးမွမ်းမှု မရှိခဲ့ပေ၊ ဗုဒ္ဓဘာသာကမူ မိဘတို့၏ ဂုဏ်ကျေးဇူးကို အနန္တ အနှိုင်းမဲ့ အတုမရှိအဖြစ် ဖွင့်ဆိုကာ ဘုရားနှင့် တန်းတူထား၍ပင် ချီးမွမ်း ဂုဏ်ပြုခဲ့ကြ၏။

ရေးဖွဲ့မကုန် မိဘဂုဏ်
မြတ်စွာဘုရားရှင်က “ဗဟုပကာရော ဘိက္ခဝေ မာတာပိတရော ပုတ္တာနံ” ဟုဟောတော်မူ၏။ အနန္တမေတ္တာရှင် မိခင်ဖခင်တို့၏ မေတ္တာတရားနှင့် ဂုဏ် ကျေးဇူးတရားတို့ကိုသာ ရေးသားဖွဲ့နွဲ့ကာ ဖော်ကျူးပြရမည်ဆိုလျှင်ပင် ကုန်နိုင်ဖွယ် မမြင်ပေ။

      ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် တစ်ဘဝလုံး အခြားသော တရား စကားကို မပြောကြားဘဲ၊ မိဘတို့၏ ကျေးဇူးတရားနှင့် မေတ္တာတရား သက်သက်ကိုသာ ဟောကြားမည် ဆိုလျှင်သော်မှ ကုန်စင်အောင် မဟောကြား နိုင်ပေ။ ဗြဟ္မာပေါင်း ကုဋေကုဋာက တစ်ဦးလျှင် လျှာပေါင်း ကုဋေကုဋာ ဖန်ဆင်းပြီး မိဘတို့၏ ကျေးဇူးတရားနှင့် မေတ္တာ တရားကို သီကြူး ဖွဲ့နွဲ့ကာ ပြောကြားလျှင်သော်မှလည်း ကုန်နိုင်ဖွယ် မရှိပါပေ။

လင်္ကာ။ ။တစ်ကမ္ဘာလျှင်၊ မဟာဗြဟ္မေ၊ လျှာကုဋေဖြင့်၊ ဆန်းနေဂိုဏ်းညီ၊ ဂါထာစီ၍၊ ချီးကြူးမြွတ်ဖော်၊ ဆိုလှည့်သော်လည်း၊ နှစ်ဖော်မိဘ၊ ဂုဏကဲလွန်၊ အနေကန်ကို၊ ဝေဖန်ချီးမြောက်၊ ပြီးမရောက်လိမ့်။ (မဃဒေဝ)

အမေ့မေတ္တာဖြင့် လွှမ်းခြုံထားသော ဤလောက

အမေ…. ၊ လူတိုင်းမှာ အမေနှင့် မကင်းကြ။ သားသမီးတိုင်းမှာ အမေရှိကြ၏။ အမေအကြောင်း ဆိုလျှင် လူတိုင်း စိတ်ဝင်စားကြ၏။ အမေသမိုင်းဆိုလျှင် လူတိုင်းခေါင်းထောင်ကြည့်ကြ၏။ အမေဇာတ်လမ်းဆိုလျှင် လူတိုင်း အလု အယက် ကြည့်ကြ၏။ ပြီးလျှင် အမေမေတ္တာကို တသသခံစားပြီး သနား ကရုဏာပိုစွာ မျက်ရည်လည်ရွဲ ငိုပွဲဆင်ရမြဲပင်။ အမေမရှိသူတို့သည် အမေကို သတိရ တမ်းတကာ အလွမ်းပိုမိကြ၏။ အဘယ့်ကြောင့် ဤသို့ ခံစားချက်ခြင်း တူညီနေကြရသနည်း ဟူမူ..အမေသည် တစ်သီးပုဂ္ဂလ ပိုင်ဆိုင်မှု၏ သင်္ကေတ မဟုတ်။ အများဆိုင် အများပိုင်သင်္ကေတ တစ်ခုသာဖြစ်၏။

အမေ့မေတ္တာသည် သားသမီးတိုင်းအပေါ် လွှမ်းခြုံရစ်ပတ်ကာ အန္တရာယ် အပေါင်းမှ ကာကွယ်ပေး၍ အေးချမ်းကြည်လင် ချမ်းမြေ့မှုကို ဖြစ်စေသည် သာတည်း။ ကျွန်တော့်အမေ၊ ခင်ဗျားအမေ၊ သူ့အမေ၊ တစ်ခြား သူတို့၏ အမေ၊ လူသားအားလုံး၏ အမေ၊ ထိုထိုသို့သော အမေ အားလုံး၏ မေတ္တာတရားတို့ဖြင့် လွှမ်းခြုံထားသော ဤကမ္ဘာလောကကြီးသည် ဘေးရန်အပေါင်းမှ ကင်းဝေးကာ ငြိမ်းချမ်း နေဦးမည်မှာ သံသယဖြစ်ဖွယ် မရှိပါပေ။

အမေ့မေတ္တာတို့ဖြင့် လွှမ်းခြုံကာ ဖွဲ့စည်းထားသော မိသားစုတွင်းဝယ် အခန့်မသင့်၍ ခိုက်ရန် ဖြစ်ကြလျှင်သော်မှ အမေ့မေတ္တာရေနှင့် ဖြန်းပက်လိုက်လျှင် ချက်ချင်း ငြိမ်းပျောက်သွားမြဲပင်။ ကမ္ဘာလောကထဲဝယ် လူသားတို့၏ လောဘ၊ ဒေါသ၊ အာဃာတများကြောင့် ခိုက်ရန်ဖြစ်မှုများ၊ စစ်ဖြစ်မှုများ ရှိနေ စေဦးတော့ လူသားတိုင်း၏ အမေ့ မေတ္တာရေဖြင့် ဖြန်းပက်နိုင်မည်ဆိုလျှင် ဤကမ္ဘာ လောကကြီးသည်လည်း အေးချမ်းငြိမ်သက်ကာ ဆက်လက်တည်တံ့ နေဦးမည်မှာ မြေကြီးလက်ခတ် မလွှဲပင်တည်း။ အမေ အားလုံးက မွေးသော သားသမီးများက ဤကမ္ဘာ လောကကြီးကို တည်ဆောက်နေကြ၊ အုပ်ချုပ် နေကြ၊ ဆက်လက် တည်တံ့အောင် ဆောင်ရွက် နေကြသောကြောင့် ဤကမ္ဘာ လောကကြီးကို အမေများ၏ မေတ္တာတရားတို့ဖြင့် တည်ဆောက် ထားသည်၊ အုပ်ချုပ်နေသည်ဟု ဆိုလျှင်လည်း လွန်အံ့ မထင်ပါပေ။

အနှိုင်းမဲ့မေတ္တာရှင်

အဖေက သားသမီးတို့အပေါ် ရဲရင့်နွေးထွေးသော မေတ္တာဓာတ်ကို ပေးသော ကြောင့် နေတစ်စင်းနှင့် အလားတူကြောင်းကိုလည်းကောင်း၊ အမေက အေးမြ သောမေတ္တာဓာတ်ကို ပေးသောကြောင့် လတစ်မင်းနှင်း အလားတူကြောင်းကို လည်းကောင်း နှိုင်းယှဉ်ကြည့်နိုင်ပါ၏။

*အမေ့မေတ္တာ နှိုင်းဆိုရာသည် ညဥ့်အခါလရောင်ခြည်သာတည်း။
*အဖေ့မေတ္တာ ဥပမာသည် နေ့အခါနေမင်းရောင်ခြည်သာတည်း။

မှန်ပါ၏။ နေမင်းသည်လည်း အချိန်တန်တော့ အနောက်ဂေါယာကျွန်းသို့ ယွန်းရစမြဲ။ လမင်း သည်လည်း တစ်ခါတစ်ရံ “တိမ်ဖုံးပါလို့ လမသာ” ဆိုတာမျိုး ဖြစ်တတ်ပြန်၏။ မိဘတို့ မေတ္တာ အလေင်းရောင်သည်ကား သားသမီးတို့ အပေါ်မှာ အချိန်အခါမရွေး ရင်းသွေးများ၏ ဘဝလမ်းခရီး တစ်လျှောက်မှာ အမြဲတမ်း ထွန်းလင်းတောက်ပနေမည်သာ ဖြစ်ပါ၏။ ထို့ကြောင့်ပင် မိဘတို့၏ ကျေးဇူးတရားကို ယှဉ်ပြိုင်လာသည့် အရာအားလုံး အရှုံးပေးသွားကြရစမြဲ။

အမေအဖေသည် အနန္တော အနန္တ(၅)ပါးတွင် ပါဝင်၏။ အမေအဖေ (သို့မဟုတ်) မိဘတို့၏ ကျေးဇူးတရား အဆုံးအပိုင်းအခြားမရှိအောင် များပြား လွန်းသောကြောင့် “အနန္တ”ဟု စကားလုံး တစ်လုံးတည်း သုံးရသည်ကိုပင် အားမရနိုင်၊ မကျေနပ်နိုင်သဖြင့် နောက်ထပ် “အနန္တ” တစ်လုံး ဖြည့်စွက်သုံးကာ ပါဠိသဒ္ဒါနည်းအရ အလယ်တွင်သြသရထည့်၍ “အနန္တော အနန္တ” ဟု သုံးနှုန်း ခေါ်ဝေါ်ခြင်းဖြစ်ပါ၏။ “ပရိယာယ်နှစ်ချက်ဆင့် အနက်မြင့်ရမြဲ”တဲ့။ ပရိယာယ် တူပုဒ် နှစ်ခါထပ်ပြောလျှင် “အလွန်”ဟူသော အနက်အဓိပ္ပါယ်ထွက်၏။ ဥပမာ။ မဟာ- ကြီးသည်၊ မဟာ့မဟာ- အလွန်ကြီးသည် ဟူလို။ အဆုံးအပိုင်းအခြား မရှိအောင်၊ ရေတွက်ခြင်းငှါ မစွမ်းသာအောင် ကျေးဇူးတရားတရား များပြားကာ နှိုင်းတု၍မရသောကြောင့် “အနှိုင်းမဲ့ မေတ္တာရှင်”ဟု အမေကိုတင်စားကာ ဂုဏ်ပြု ခေါ်ဝေါ်ခဲ့ကြပါ၏။ ထိုမိဘများသည် အနန္တောအနန္တ (၅)ပါးတွင် တစ်ပါး အပါအဝင် ဖြစ်ကြပါသည်။

အဘယ့်ကြောင့် ‘အနှိုင်းမဲ့မေတ္တာရှင်’ဟုဆိုသနည်း။ မိဘများသည် အနှိုင်းမဲ့ မေတ္တာရှင်များ ဖြစ်ကြ၏။ အဘယ့်ကြောင့်ဆိုသော် မိဘများသည် သား သမီးများအပေါ်ထားသော မေတ္တာ အတိုင်းအဆသည် နှိုင်းပြ၍ မရနိုင်ပေ။ လွန်စွာ ကြီးမား ကျယ်ပြန့်လှပါ၏။ ထိုသို့ တိုင်းတာပြစရာ၊ နိုင်းပြစရာ ကင်းမဲ့ နေသောကြောင့် မိဘမေတ္တာသည် ‘အနှိုင်းမဲ့’ ဖြစ်ပါ၏။ မိဘနှင့် သားသမီး အနေဝေးနေသော်လည်း မိဘမေတ္တာ၏ အစွမ်းကား ထိုအဝေး တစ်နေရာမှာ ရောက်ရှိနေသော သားသမီးများအပေါ် မေတ္တာအကျိုး သက်ရောက်နိုင်သည် သာတည်း။

ထိုကြောင့် မိဘမေတ္တာသည် အနီး အဝေး နေရာ ဒေသကိုလည်း ကျော်လွန်နိုင်သည် သာတည်း။ မိဘမေတ္တာသည် နံနက် နေ့ည မရွေး အကျိုးသက်ရောက်နိုင်ပါ၏။ သား သမီးများသည် အိပ်ပျော်နေလျှင်သော်မှ မိဘအနားမှာရှိလျှင် သူတို့၏ စိတ်တွင် လုံခြုံ စိတ်မှုကို ခံစားရ၏။ မည်သို့သော စိုးရိမ်သောကမျှ မရှိပေ။ ဘေးန္တရာယ် ကင်းသည်ဟုလည်း ယုံကြည်နေ၏။ ဤသည်မှာ မိဘမေတ္တာ၏ အစွမ်းကြောင့်ပင် ဖြစ်ပါ၏။

ဤသည်ပင် မိဘ မေတ္တာသည် နံနက် နေ့ ညဟူသော အချိန်ကာလကိုလည်း ကျော်လွန်နိုင် သည်သာတည်း။ ထို့ကြောင့် မိဘများကို အနှိုင်းမဲ့ မေတ္တာရှင်များဟု ဆိုခြင်းဖြစ် ပါသည်။ အမှန်မူ မိဘမေတ္တာသည် ဗြဟ္မာကဲ့သို့ပင် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာရှင်များ ဖြစ်ကြပါ၏။ ထို့ကြောင့် မိဘများကို အနှိုင်းမဲ့ မေတ္တာရှင် ဟုဆိုလျှင် အနှိုင်းမဲ့ ကရုဏာရှင်၊ အနှိုင်းမဲ့မုဒိတာရှင်၊ အနှိုင်းမဲ့ ဥပေက္ခာရှင် ဟုလည်း ဆိုရာရောက်သည်သာတည်း။

အစားထိုး၍ မရနိုင်သော အရာ

လောကမှာ ဥစ္စာ စီးပွါး၊ ပညာ အသိတရား၊ သြဇာ အာဏာ စသည်အားဖြင့် မည်သည့်အရာမဆို ပြုလုပ်ကောင်း ပြုလုပ်နိုင်ပါလိမ့်မည်။ အစားထိုး၍ ရကောင်း ရနိုင်ပါလိမ့်မည်။ လိုတိုင်းရ၊ တတိုင်း ပြည့်စုံကောင်း ပြည့်စုံပါ လိမ့်မည်။ အမေ တည်းဟူသော မိဘမေတ္တာကိုမူ ဘယ်သော အခါမျှ အစားထိုး၍ ရနိုင်မည်မဟုတ်ပေ။ လင်သေလျှင် လင်စား ရနိုင်ပါ၏။ မယားသေ လျှင်လည်း မယားအစား ရနိုင်ပါ၏။ သားသမီး သေလျှင်သော်မှ သားသမီး အစား ရနိုင်သည်သာ ဖြစ်ပါ၏။ အမေ သေသွားလျှင် အမေ့နေရာကိုကား အစားထိုး၍ ရနိုင်မည် မဟုတ်ပေ။ အမေ မရှိတော့လျှင် အမေနေရာကို မည်သို့သော နည်းနှင့်မျှ အစားထိုး အတုပြုလုပ်၍ ရနိုင်မည် မဟုတ်ပါပေ။

အမေ့မေတ္တာသည် အစားထိုး၍ မရသော မေတ္တာများသာ ဖြစ်ပါ၏။ အမေ့ မေတ္တာကို နှစ်နှစ်ကာကာ ခံစားရသူသည် မိုးကြီး သည်းထန်စွာ ရွာသွန်းပါက မြစ်ချောင်း အင်းအိုင်တို့တွင် မိုးရေတို့သည် မို့မောက် ပြည့်လျှံရုံမက ယိုဖိတ် စီးဆင်းကုန်ဘိသကဲ့သို့ မကုန်နိုင် မခမ်းနိုင်အောင် ပြည်လျှံစွာ ခံစားရပါ၏။ အမေ့မေတ္တာ မရှိတော့ဟု ဆိုလျှင်လည်း မည်သည့်ပစ္စည်း မည်သည့် အရာဝတ္ထုနှင့်မျှ အစားထိုး၍ မရနိုင်တော့ပေ။ မိဘသည် မည်သည့်နေရာတွင် မဆို ကိုယ်စား ဝင်ယူနိုင်၏။ အမေနေရာကိုကား မည်သူမျှ ကိုယ်စားမဝင် နိုင်ပေ။ ထိုကြောင့် အမေ့မေတ္တာသည် နေရာတိုင်းမှာ ရှိပြီး အမေ့မေတ္တာသည် အရာအားလုံး၏ ကိုယ်စားပြု နိမိတ်ပုံပင်တည်း။

အမေ့ကို ဖူးမဝ၊ ဦးချလို့ ကန်တော့မယ်

တစ်ခါတစ်ခါ အမေ့ကို သတိရ တမ်းတမိတဲ့အခါ ကဗျာဆရာ တင်မိုး၏ ‘လမင်းမေမေ’ ကဗျာလေးကို ဆိုညည်း ညည်းမိလေသည်။
“သံသရာတစ်ကွေ့၊ ပြန်ကာတွေ့ရင်ဖြင့်၊
အမေ့ကို ဖူးမဝ၊ ဦးချလို့ ကန်တော့မယ်။
နိဗ္ဗာန်ဝင် နောက်ဆုံးတံခါးအထိ၊
အမေ့အနားမှာပဲ တစ်ဖဝါးမကွာ နေချင်တယ်။
ခွင့်လွှတ်တော့ အမေရယ်၊ဝေးနယ်က မေ့သား။
အမေက တစ်နေရာ၊ သားရဟန်းက အဝေးမှာ ခွဲခွါနေခဲ့ကြရ၏။ ထို့ကြောင့် အမေ့ ဆန္ဒကို သားရဟန်း သိသော်လည်း ဖြည့်စွမ်းခြင်းငှါ မတတ်နိုင်ခဲ့ပါပေ။ ခွင့်လွှတ် နားလည်ပေးပါတော့ အမေ။

မိမိသည် ဘုရားသားတော် ရဟန်းတစ်ပါး ဖြစ်ပါ၍ အမေ၏ အနန္တ ကျေးဇူး တရားကို သိသော်လည်း အမေ့အနားမှာနေ၍ ကိုယ်ဖိရင်ဖိ မပြုစုနိုင်ခဲ့ပေ။ ရေပူရေချမ်း မကမ်းလှမ်းနိုင်ခဲ့ပေ။ အမေ၏ ရင်အပူကို ဖေးမကူနိုင်ရှာခဲ့ပေ။ အမေသေခါနီးသော်မှ အနားတွင်နေကာ အမေ့လက်ကို ဆုပ်ကိုင်လို့ အားမပေး နိုင်ရှာခဲ့ပေ။ သို့သော် သားရဟန်းသည် အမေ့အတွက်ရေးသော၊ အမေ မသေခင်က ရေးရန်တိုက်တွန်းခဲ့သော “အမေ့မေတ္တာ ဤသည့်စာ” ဖြင့် အမေနှင့် အမေများအတွက် မိဘများ၏ ဂုဏ်ကျေးဇူးတို့ကို တစ်စိတ် တစ်ဒေသ ထုတ်ဖော်တင်ပြ၍ အမေ အဖေ၏ အနှိုင်းမဲ့ဂုဏ်ကို အာရုံပြုပြီး၊ ဦးနှိမ်မာန်လျှော့ ကာ ကန်တော့လိုက်ပါသည်။

အမေနှင့် အမေများသို့

အမေအကြောင်းကို ကြားရ၊ ဖတ်ရလျှင် သားရဟန်းသည် လောကထဲဝယ် အမေ မရှိတော့ သော်လည်း အမေကို သတိရမြဲ။ မည်သို့သော အကြောင်း နှင့်မျှ မျက်ရည်ကျလေ့မရှိသော သားရဟန်းသည်ပင် အမေဇာတ်လမ်း ကြည့်မိ တိုင်း၊ အမေ့မေတ္တာဘွဲ့ ဇာတ်လမ်း ဖတ်မိတိုင်း ဝမ်းနည်းမျက်ရည် လည်ရမြဲပင်။ ထိုကြောင့် အမေ မသေခင်က အမေ ရေးစေချင်သော အမေ့မေတ္တာ အကြောင်းကို အမေ့အတွက် ရေးမိပြန်ပါကောလေ။ ဒါပေမဲ့ သားရဟန်း ရေးသော “အမေ့မေတ္တာ ဤသည့်စာ”ကို တမလွန်ဘဝသို့ ရောက်နေပြီ ဖြစ်သော အမေကတော့ မြင်နိုင်၊ သိနိုင်၊ ဖတ်နိုင်တော့မည် မဟုတ်ပါပေ။

သို့သော်လည်း မပြီးဆုံးသေးသော အမေ့မေတ္တာဘွဲ့ကို လောကထဲရှိ အမေများနှင့် အမေကိုချစ်သော သားသမီးများအတွက် သားရဟန်း ဆက် လတ်ကာ ရေးနေပါဦးမည်။ အမေအတွက် သားရဟန်း လုပ်ရမည့် တာဝန်တစ် ရပ်ဟု ခံယူကာ လုပ်နေပါဦးမည်။ ရှိပါစေတော့ အမေအတွက် သားရဟန်း၏ နှလုံးသွေးနှင့် ရေးသော အမေ့မေတ္တာ ဤသည့်စာကို အမေ မဖတ်နိုင်လျှင် သော်မှ လောကထဲမှာ ရှိနေကြသော သူ့အမေ၊ ခင်ဗျားအမေ၊ တစ်ခြားသတို့၏ အမေ စသည့်စသည့် အမေများစွာ ကျန်ရှိနေကြပါသေး၏။ ထိုအမေများသည် ဤစာကို ဖတ်မိ သိရှိလျှင်လည်း အမေကိုယ်တိုင် ဖတ်သလို၊ အမေကိုယ်တိုင် သားရဟန်း၏ ခံစားချက်ကို နားလည်ကာ အသိအမှတ်ပြုသလို အတူတူပင် ခံစားရပါလိမ့်မည်။

သားရဟန်းသည်လည်း အမေကမွေး၍ လူ့လောကထဲသို့ ရောက်ခဲ့ရ၏။ အမေက ကျွေးး၍ လူလားမြောက်ခဲ့ရ၏။ အမေ၏ ညွှန်ပြမှုဖြင့် လူတစ်လုံး သူတစ်လုံး ဖြစ်ခဲ့ရ၏။ အမေ၏ လမ်းညွှန်မှုဖြင့် ခရောင်းလမ်းကို ကျော်လွှား၍ ပန်းခင်းလမ်းကို လျှောက်လှမ်းကာ ပန်းလေမွှေးကို ရှူရှိုက်ခဲ့ရသလို စမ်းရေအေးကို သောက်သုံးခွင့် ရခဲ့၏။ အမေမြှင့်၍ သားရဟန်းဘဝ တင့်တယ် ထယ်ဝါခဲ့ရ၏။ သားရဟန်းသည် အမေ့ခြေရင်းတွင် နေထိုင်ကာ ကြားနာ မှတ်သားခဲ့ရသော ဇာတ်၊ နိပါတ်တော်၊ ပုံပြင် သာဓက အဆုံးအမများသည် လည်း သားရဟန်း နှလုံးသားတွင် ထာဝစဉ် စွဲထင် လျက် ရှိခဲ့ပါပြီ။ သားရဟန်း ဘဝ တစ်ခုလုံးသည်ပင် အမေကျေးဇူးတရားနှင့် ကင်းသောအရာ၊ အမေ့ မေတ္တာမှ ကွက်ကျန်ခဲ့သောအရာ တစ်ခုမျှ ရှိမည် မထင်ပါလေ။

ထာဝရမေတ္တာရှင်

လောကထဲတွင် လူသားဟူ၍ တည်ရှိနေသမျှကာလပတ်လုံး အမေများ သည်လည်း ဆက်လက်တည်ရှိ နေဦးမည်သာ။ အမေများရှိနေသ၍ သား သမီးများ အပေါ်ထားသော အမေ့မေတ္တာတို့သည်လည်း ဆက်လက် ရှင်သန် တည်ရှိ နေဦးမည်သာတည်း။ ထိုသို့ဆိုလျှင် အမေ့မေတ္တာသည် ကမ္ဘာလောက ထဲတွင် ထာဝရတည်ရှိနေသောကြောင့် ထာဝရမေတ္တာဟု ခေါ်ဆိုနိုင်သလို ထိုမေတ္တာမျိုး ပိုင်ဆိုင်သော အမေများကိုလည်း ထာဝရ မေတ္တာရှင်များဟု ခေါ်ဆိုနိုင်သည်သာတည်း။

သားရဟန်း၏ အမေသည် လောကထဲတွင် မရှိ တော့သော်လည်း လောကထဲတွင် ထိုသို့သော ထာဝရ မေတ္တာရှင် အမေများ ဆက်လက်ကာ တည်ရှိနေသောကြောင့် လည်းကောင်း၊ အမေ သေသော်လည်း အမေ၏ မေတ္တာ ကရုဏာတရားတို့သည် သားသမီးများ အပေါ် ဆက်လက် လွှမ်းခြုံနေဆဲ ဖြစ်သောကြောင့်လည်ကောင်း၊ သားသမီးတို့၏ ရင်ထဲ နှလုံးသားထဲဝယ် အမေနှင့်ပတ်သက်သော အရာအားလုံးတို့သည် မည်သည့် အခါမျှ ပျောက်ပျက်၍ မသွားဘဲ၊ ထာဝရ တည်ရှိနေဆဲဖြစ်သောကြောင့် လည်းကောင်း “အမေ ဘယ်တော့မှ မသေ”ဟု ဆိုနိုင်သည်သာတည်း။

ထိုထိုသို့သော ထာဝရ မေတ္တာရှင် အမေနှင့် လောကထဲရှိ အမေများ အားလုံးအတွက် သားရဟန်းသည်လည်း ဓမ္မ တရားနည်းလမ်းအားဖြင့် ကျေးဇူး ဆပ်ခြင်းဟူသော သာသနာပြု လုပ်ငန်းများကို အသက်ရှင်နေသမျှ ကာလ ပတ်လုံး ကိုယ်အား ညာဏ်အားရှိသမျှ ကြိုးစား လုပ်ဆောင်ရင်း အမေ၏ ကျေးဇူးကြွေးကို ဆက်လက်ကာ ပေးဆပ်နေဦးမည်သာ။ သားရဟန်း၏ ရင်ထဲ နှလုံးသားထဲတွင် အမေ့မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တရားတို့သည် လည်း ဆက်လက် ရှင်သန်နေဦးမည်သာ။ သားရဟန်း နေ့စဉ် နေ့တိုင်း ပြုလုပ်သမျှ ကုသိုလ် ကောင်းမှုတို့၏ အဖို့ဘာဂကိုလည်း အမေ အဖေနှင့် လောကထဲမှ ထွက်ခွါ သွားကြသော အမေ အဖေ အားလုံးအတွက် အမျှပေးဝေ နေဦးမည် သာတည်း။

အရှင်ဥက္ကံသ
သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A.(Buddhism)
အမေများနေ့ အမှတ်တရ