Saturday, January 17, 2015

စေတီ ပုထိုးများ

စေတီ ပုထိုးများ

ဩကာသ ဝန္ဒနာ ဆုယူရာဌာန

စိမ်းလန်းစိုပြည်လျက်ရှိသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ကား 'များလှေစတီ၊ မြန်ဌာနီ'ဟု ကမ္ဘာအရပ်ရပ်က အသိ အမှတ် ပြုလောက်အောင် စေတီပုထိုးနှင့် တင့်ရွှန်းဝေဆာလှပေသည်။ ကုန်းမြင့်တောင်ထိပ်၊ တောရိပ်မြစ်နား၊ မြို့ရွှာများတွင် ဗုဒသာသနာရောင် ထိန်ထိန်ပြောင်နေသည် မှာလည်း စေတီပုထိုးများ၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့်ပင် ဖြစ်ချေသည်။ ထိုစေတီပုထိုးတို့ စတင်ပေါ်ပေါက်လာသည်မှာ ယနေ့တိုင် တည်မြဲနေသော ဖြစ်စဉ်သမိုင်းကားချပ်ကို လေ့လာ ကြည်ညိုနိုင်ကြရန် တင်ပြအပ်ပါသတည်း။
စေတီဟူသည်မှာ အရိုအသေပြုအပ်သော အရာဝတ္ထုဖြစ်၏။ စေတီတည်ထားကိုးကွယ် ပူဇော်ခြင်း ကို ခံထိုက်သော ပုဂ္ဂိုလ်များမှာ
(၁) ဘုရားရှင်၊
(၂) ပစ္စေကဗုဒါ အရှင်များ၊
(၃) သီလဝန္တဖြစ်သော မြတ်စွာဘုရား၏ တပည့်သား သံဃာများနှင့်
(၄) စကြာဝတေးမင်းတို့ဖြစ်သည်။
ဗုဒစေတီမှာလည်း
(၁) မြတ်စွာဘုရား ကိုယ်တော်မြတ်မှ ဖြစ်သမျှ ဓာတ်တော်များကို ခေါ်ဆို သည့် သာရီရိကစေတီ၊ (၂) ဗောဓိပင်နှင့်တကွ မြတ်စွှာဘုရား ၏ အသုံးအဆောင်တော် ပရိကရာ စသည်ကို ခေါ်ဆိုသော ပရိဘောဂစေတီနှင့်
(၃) မြတ်စွှာဘုရား၏ အနန္တဂုဏ်တော်တို့ကို မှန်းဆ ရည်ရွှယ်အပ်သော ရုပ်ပွှားတော်ဆင်းတုတော် စသည့် ဥဒ္ဒိဿစေတီဟူ၍ သုံးပါးပြားသတည်း။
ပဋိစ္စမပ္ပါဒ် စသော တရားတော်ဒေသနာတို့ကို ပေ ရွှေပြား၊ ငွေပြား စသည်များပေါ်တွင်ရေးကာ သိုမှီး ဌာပနာပြုသည်ကို ဓမစေတီ မည်စေ၍ စေတီလေးပါးဟု ရေတွှက်ကြသည်။

စေတီပုထိုးများ ဖြစ်ပေါ်လာပုံ

တေရသနိပါတ် ကာလိင်္ဂဗောဓိဇာတ်ကို ထောက်၍ အနာထပိဏ္ဍ်သူဌေး တောင်းပန်၍ ရှင်အာနန္ဒာ လျှောက်ထားသဖြင့် သာဝတ္ထိပြည်တွင် သာရီရိကစေတီ၊ ပရိဘောဂစေတီနှင့် ဥဒ္ဒိဿစေတီတို့ကို မြတ်စွှာဘုရား ခွင့်ပြုတော်မူကြောင်း သိသာလေသည်။ မြတ်စွှာဘုရား ပရိနိဗ္ဗာန် စံယူတော်မူသည့် နောက် ရာဇဂဟ၊ ဝေသာလီ၊ ကပိလဝတ္ထု၊ အလ္လကပ္ပ၊ ရာမဂါမ၊ ဝေဌဒီပ၊ ပါဝေယျက၊ ကုသီနာရ ဟူသော ရှစ်ပြည်ထောင်သော မင်းတို့သည် အသီးအသီး ဓာတ်တော်တို့ကို ယူဆောင်၍ မိမိတို့ တိုင်းပြည်၌ စေတီတည်ကြကြောင်း ထိုစေတီတို့သည် ဓာတ်တော်ကို ဌပနာ၍ တည်သောကြောင့် ဓာတုစေတီမည်ကြောင်း၊ ထိုနောက် ရှင်မဟာကဿပမထေရ်သည် ထိုမင်းတို့လက်ထက်၌ ကိုးကွယ်လောက်ရုံ ပေးထားခဲ့၍ ဓာတ်တော်တို့ကို ယူဆောင်ပြီးလျှင် အဇာတသတ်မင်းအား ရာဇာဂြိုဟ်ပြည်တွင် မြေအတွင်း စေတီတည်လုပ် မြုပ်ထားစေကြောင်းဟူ၍ ကျမ်းဂန်များ၌ အသီးသီး လာရှိ၏။

သက်တော်ထင်ရှား မြတ်စွှာဘုရားကို ပူဇော်ခြင်းနှင့် မြတ်စွှာဘုရား၏ ဓာတ်တော်တို့ကို ပူဇော်ခြင်းသည် ကုသိုလ်ပုည တူမျှသည်၏အဖြစ်ကြာင့် သာသနာပြုမင်းကောင်း မင်းမြတ်ဖြစ်သော သီရိဓမ္မာသောကမင်းကြီးသည် အများ သတ္တဝါတို့၏ အကျိုးကို တောင့်တတော်မူသဖြင့် အဇာတသတ်မင်းနှင့် ရှင်မဟာကဿပတို့ မြုပ်ထားခဲ့သော ဓာတ်တော်တို့ကို တူးဖော်၍ မြို့ပေါင်း ၈၄ဝဝဝ တို့၌ စေတီပေါင်း ၈၄ဝဝဝ တည်စေဝေကာင်း သုတ်မဟာဝါ အဋ္ဌကထာ၌ လာရှိချေသည်။

ဤအချက်များကို ထောက်ရှု၍ မြတ်စွှာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ဓာတ်တော်များကို ရှစ်ပြည်ထောင်မင်းတို့ ခွဲဝေ ပူဇော်သည်မှစ၍ စေတီတော် တည်ထားကိုးကွယ်ကြောင်းနှင့် သီရိဓမ္မာသောကမင်း လက်ထက်တွင် စေတီမြောက်မြားစွာ တည်ထားကိုးကွယ်ကြောင်းကို ထင်ရှားသိသာသည်။

စေတီပုထိုးများ သဏ္ဍာန်ပြောင်းလဲလာပုံ

ရှစ်ပြည်ထောင်မင်းတို့ တည်လုပ်ကြသော စေတီများ၏ ပုံသဏ္ဍန်ကို ကျမ်းဂန်တို့၌ အထူးအထွေမဆို၊ မျက်မြင် လက်တွေ့လည်း မရှိသောကြောင့် အတိအကျ မသိရချေ။ သို့သော် ထူပါဟူသော ဝေါဟာရသည် သကဋဘာသာ သတု(ပ်)မှ သက်ဆင်းလာခြင်းဖြစ်၏။ သတု(ပ်) သဒ္ဒါသည် တောင်ပူစာ၊ တောင်ကုန်းဟူသော အနက်အဓိပ္ပါယ်ကို ဟော၏။

ထိုမှတစ်ဆင့် ယင်းတောင်ကုန်းပေါ်၌ တည်ထား၍ အမြတ်တနိုး ကိုးကွယ်သော ပုဂ္ဂိလ်ထူး၊ ပုဂ္ဂိလ်မြတ်တို့၏ ဆံတော် ဓာတ်တော်တို့ကိုလည်း သတုပ် မည်ခေါ်၏။ သတုပ် ဝေါဟာရမှသည် တုပ်၊ ယင်းမှသည် ပါဠိမြန်မာ ဝေါဟာရ ထူပသို့ ရွေ့လျော သက်ဆင်းလာသည်ဟု ယူဆနိုင်၏။ သတုပ် ဝေါဟာရ သည်ပင်လျှင် ချီးမွှမ်းထိုက်သော အနက်ဟော သတုတ သဒ္ဒါမှ ပေါက်ပွှား လာသည် ဖြစ်သောကြောင့် စေတီ၊ ထူပ ဟူသော ဝေါဟာရများသည် ပူဇော်ကိုးကွယ်ထိုက်သော အရာ၊ ချီးမွှမ်းအပ်သောအရာဟု အဓိပ္ပါယ် ပေါ်လွှင်လေသည်။

ပုထိုး ဟူသော ဝေါဟာရသည်လည်း အလားတူ အဓိပ္ပါယ် သက်ရောက်သည်ပင် ဖြစ်၏။ ပုထိုးသည် ပရိထု(သကဋ) ပုထု(ပါဠိ) သဒ္ဒါ၊ ကျယ်ပြန့်ခြင်း၊ ကြီးကျယ်ခြင်း၊ ပြန့်ပြောခြင်း၊ မရေ မတွက်နိုင်ခြင်း၊ အနန္တဂုဏ်နှင့် ပြည့်စုံခြင်း၊ အနက်များ ဟောသောပုဒ်မှ ရွေ့လျောလာသည်ဟု ယူဆနိုင်သည်။ စေတီဟူသည်မှာ မုတ်မပါသော မြေစိုက်ဘုရား အဆောက်အဦ၊ ပုထိုးဟူသည်မှာ မုတ်နှင့်တကွ သော ဘုရားအဆောက်အဦ ဖြစ်သည်ဟု အချို့က မှတ်ယူလေ့ရှိကြ၏။ စင်စစ်မူကား စေတီ၊ ပုထိုး၊ ထူပဟူသော ဝေါဟာရတို့သည် ယေဘုယျအားဖြင့် သဏ္ဍာန် မကွှဲပြား၊ တစ်မျိုးတစားတည်းသော အဆောက်အဦကို ဟောသော ဝေါဟာရများသာ ဖြစ်ချေသည်။

အမရပူမြို့၊ ဘကြီးတော်မင်း၏ ကောင်းမှုတော်ကြီးဟု ခေါ်ဝေါ်သည်ကိုထောက်၍ မုတ် မပါသော်လည်း ပုထိုးဟု သမုတ်နိုင်ကြောင်း သိသာလေသည်။ ထူပ ဟူသော ဝေါဟာရ၏ အနက် အဓိပ္ပါယ်ကို ထောက်ခြင်းအားဖြင့် စေတီ၏ မူလသဏ္ဍန်သည် ကုန်းမို့မို့ တောင်ပူစာကဲ့သို့ ဖြစ်သတည်း။ သီရိဓမ္မာသောကမင်း လက်ထက်တွင်မူ ဗိသုကာလက်ရာများ ပါဝင်သော စေတီပုံသဏ္ဍန်များ တီထွင် ဆောက်လုပ်သည်ကို သိသာနိုင်သည်။ ထိုမင်းသည် စေတီပေါင်း ၈၄ဝဝဝကို တည်ထားစေခဲ့သော်ငြားလည်း နှစ်ပရိစေဒ ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့်၎င်း၊ အသောကမင်း၏ ကောင်းမှုစေတီတော်များကို မူလသဏ္ဍန်အတိုင်း ဖူးတွေ့ခဲ့လေသည်။

သို့သော် အိန္ဒိယနိုင်ငံ ကမည်းကျောက်စာဌာန၏ သုတေသနလုပ်ငန်းများကြောင့် ဆန်ချိနှင့် ဘာရဟုတ် ဒေသများတွင် အသောကမင်းကြီး၏ ကောင်းမှုတော်နှင့် အသောကမင်း နန်းစံပြီး နောက်နှစ်ပေါင်း ၂ဝဝ အတွင်းက တည်ဆောက် ကိုးကွယ်ခဲ့ကြောင်း ခိုင်လုံစွာ သိရှိရသည့် စေတီ များကို တူးဖော် တွေ့ရှိရလေသည်။ ယင်းသို့ ဖူးတွေ့ရသော စေတီများမှာ နှောင်းခေတ် ကုသိုလ်ရှင် များ၏ မွှမ်းမံခြယ်လယ်မှုတို့ဖြင့် တန်ဆာဆင်ထားသည့် လက်ရာတို့ကိုပါ တွေ့ရလေသည်။

သို့သော် အုတ် အင်္ဂတေဖြင့်သာပြီးသော မူလအဆောက်အဦ သဏ္ဍန်သည်ကား ပြိုပျက်လျက်ရှိသော အပေါ်လွှာကျောက်အုတ် ကျောက်ချပ်များ အကြား၌ ထင်ရှားစွှာ ပေါ်ပေါက်နေချေသည်။ ထိုမျှသာမကသေး ကျောက်ဆစ်ပညာဖြင့် ရှေးဟောင်း အဆောက်အဦ ဗုဒ္ဓဝင်ရုပ်ကြွှများ ထုလုပ်ကိုးကွယ်သောအခါ၌ စေတီပုံများကို သရုပ်ဖော်ထားသည်ကို ထောက်ရှုခြင်းဖြင့်လည်း ရှေးအကျဆုံး သော စေတီသဏ္ဍန်ကို ကောင်းစွှာ သိသာနိုင်လေသည်။

ယင်းစက်ဝန်းတခြမ်း ပုံသဏ္ဍန်၏ ညီပြန့်သော ထိပ်ပေါ်တွင် သေတ္တာသဏ္ဍန် လေးထောင့် ဌာပနာတိုက်ရှိ၍ ထိုဌာပနာတိုက် အလယ်တွင် ပိန္နဲတိုင် စိုက်ထူကာ ထီးတင်ထားခြင်း ဖြစ်၏။ ထိုသို့သော ပုံရိုးရိုးမှ တစတစဖြင့် ပစယာဆင့်၍ လှေကားများတပ်ခြင်း၊ ထီးအထပ်ထပ်တင်ခြင်း၊ ပန်းပုပန်းပြောက်တို့ဖြင့်ပြီးသော လက်ရန်းအကာနှင့် မုတ်သတုရိုဏ်တိုင်များ စိုက်ထူခြင်း စသည်တို့ကို ဆန်းပြားကြီးကျယ်စွာ ပြုလုပ်လေသည်။

'အဏ္ဍ'ဟုခေါ်သာ စက်ဝန်းတခြမ်းပုံကို မြင့်မားစွာ တည်ဆောက်ရာမှ တစ်ဖန်မုတ်များ ထွင်းထု၍ ဆင်းတုရုပ်ကြွှများ ပူဇော်ထားကြပြန်သည်။ ထိုနောက်တွင် မြတ်စွာဘုရား ရုပ်ထု တော်များကို ဂန္ဓကုဋိတိုက်တွင် ပူဇော်ကာ ကျောက်ဆစ်ပညာ ထွန်းကားလာချိန်၌ ကျောက်ဂူဘုရားများ ထွင်းထု ဆောက်လုပ်ကြချေ၏။ မဇ္ဈိမဒေသ၌ သာသနာတော် ညိုးမှိန်စပြုချိန်လောက်တွင် စေတီတည်ထား ကိုးကွယ်မှုသည် ဟိန္ဒူဘုရား ရှိခိုးကျောင်း သဏ္ဍန် အဆောက်အဦတို့ဖြင့် အဆုံးသတ် လေတော့သည်။

မြန်မာနိုင်ငံစေတီပုံထိုးများ စေတီတည်ထားမှု ဗိသုကာ အနုပညာသည် သာသနာတော် စည်ပင် ပြန့်ပွားလာသည့်အလျှောက် မဇ္ဈီမဒေသမှ သီဟိုဠ်ကျွန်းနှင့် မြန်မာနိုင်ငံသို့ ပျံ့နှံ့လာခဲ့ရာ ရှေးအကျဆုံးသော မြန်မာ စေတီပုထိုးများသည် မိဂဒါဝုန်တော၌ မြတ်စွှာဘုရား တရားဦး ဟောရာ နေရာကို အထိမ်းအမှတ် တည်ဆောက်ထားသော ဓမရာဇိကစေတီနှင့် ဆင်တူလေသည်။ မူလစေတီ ပုံသဏ္ဍန် များသည် စကြဝဠာကို ရည်ရွယ်မှန်းဆကာ သရုပ်ဆောင်ထား သည်ဖြစ်ရာ မြန်မာပြည်၌ သာသနာ ထွန်းကားသည်နှင့်အမျှ စေတီပုထိုးများကို အနှံ့အပြား တည်ဆောက် ပူဇော်ကြရာဝယ် ဗိသုကာလက်ရာသဏ္ဍန် အနေအထားအားဖြင့် ၃၁ ဘုံကို၎င်း၊ မြင်းမိုရ်တောင်ကို၎င်း၊ မှန်းဆ အတုယူကာ တစ်ဆင့် ထက်တစ်ဆင့် ဆန်းကြယ်စွာ တည်ဆောက်ကြလေသည်။

ထိုကြောင့် မြန်မာစေတီရိုးရိုး၏ သပိတ်မှောက်နှင့် ခေါင်းလောင်းပုံမှာ မဇ္ဈိဒေသစေတီတို့မှ အဏ္ဍခေါ် စက်ဝန်း တစ်ခြမ်းသဏ္ဍန်မှ ဆင်းသက်ပုံပြောင်းလာခြင်း၊ ဖောင်းရစ် များမှ ဆတဝလီခေါ် ထီးအဆင့်ဆင့်၏ ပုံပန်းကို အတုယူ ပြောင်းလဲထားခြင်းဖြစ်သည်မှာ သိသာ ချေသည်။ ပစယာထောင့်များတွင် ကြာအိုးများ၊ စေတီငယ်များတည်ခြင်း၊ လှေကားနှင့် မုတ်ဂူများ တပ်ဆင်ခြင်း၊ စေတီရံများ တည်ဆောက်ခြင်းနှင့် ခြင်္သေ့ရုပ်များ၊ မနုဿီဟရုပ်များ စေတီရင်း၌ တည်ထားခြင်း စသော မွှမ်းမံခြယ်လှယ်မှုတို့မှာ ကုသိုလ်ရှင်များ၏ စိတ်ကူး ဉာဏ် ဆန်းကြယ် သည်နှင့်အမျှ ဖြည့်စွက် တိုးပွားထားသော အင်္ဂါရပ်များ ဖြစ်ကြသည်။

မြန်မာနိုင်ငံရှိ စေတီရိုးရိုးတဆူ၏ အစိတ်အပိုင်းတို့ကို လိုရင်းမျှ ရေတွက်ပြရသော် ရှေးဦးစွာ မြေပေါ်၌ ပန်းတင်ခုံ သို့မဟုတ် ဖိနပ်ဟုခေါ်သော စတုရန်းအုတ်ခံရှိ၏။ ထိုအထက် ပလ္လင်အောက်ပိုင်းသဏ္ဍာန် ပစ္စယာ ၃ ဆင့်ကို တည်ဆောက်၏။ ပစ္စယာများအထက်တွှင် ကြေးပန်း ကြေးဝိုင်း၊ ထိုအထက် ခေါင်းလောင်းပုံနှင့် သပိတ်မှောက်၊ ထိုအထက် ဖောင်းရစ်များ၊ ထိုအထက် ကြာမှောက်၊ ရွှဲနှင့် ကြာလန်၊ ယင်းအထက်တင် ချယားသီး သို့မဟုတ် ငှက်ပျောဖူး၊ ယင်း အထက်တွင် ထီး၊ ငှက်မြတ်နားနှင့် စိန်ဖူးတို့ ဖြစ်သတည်း။

မြန်မာနိုင်ငံရှိ စေတီပုထိုးများ

မြတ်စွာဘုရားသခင်သည် ဘုရားဖြစ်တော်မူ၍ ခုနစ်သတ္တာဟမြောက် ရာဇရတန လင်းလွန်းပင်၌ သီတင်းသုံးနေတော် မူသောအခါ ဥကလာပ ဇနပုဒ်အသိတဉ္ဇနမည်သော ပေါကရဝတီမြို့သား တပုဿ၊ ဘလ္လိက ကုန်သည်ညီနောင်နှစ်ဦးတို့ ရောက်လာကြ၍ ပျားမုံ့ဆုပ် ကပ်လှူခြင်း၊ ဒွေဝါစိက သရဏဂုံ ခံယူခြင်းတို့ကို ပြုလတ်ပြီးသော်၊ 'မြတ်စွှာဘုရား၊ ထိုနေ့မှစ၍ အဘယ်ကို ရှိခိုး ပူဇော်ရပါကုန်အံ့နည်း'ဟု လျှောက်ထားကြရာတွင် မြတ်စွာဘုရားသည် ဦးခေါင်းတော်ကို လက်ဖြင့် သုံးသပ်တော်မူပြီးလျှင် 'ဆံတော်ရှစ်ဆူကို ကောင်းစွာ ကိုးကွယ်ကြကုန်' ဟု မိန့်တော်မူ၍ ပေးအပ် လိုက်ကြောင်း ဝိနည်းအဋ္ဌကထာ၌ လာရှိ၏။

ရာဇဝင်သမိုင်းတို့၌ကား ယင်းဆံတော်ရှစ်ဆူကို ညီနောင်နှစ်ယောက်တို့ ခွဲယူ၍ စေတီတစ်ဆူစီ တည်ကြောင်း၊ ညီတော်သည် ရွှေတိဂုံတွင် စေတီတည်ကြောင်းဟူ၍ ဆက်လက်ဖော်ပြ၏။ ညီတော် တပုဿ၏ စေတီတော် ရွှေတိဂုံဘုရားမှာ သံတောင် ၄ဝ မြင့်၏ဟု ဆိုသည်။

မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူ၍ လေးဝါမြောက်သောအခါ ဖိုးဦးတောင်သို့ ကြွတော်မူ၍ ခေတ
ရာမည်သော ရသေ့မြို့ကို ဗျာဒိတ်ပေးတော်မူပြီးနောက် ဆံတော် ၄ ချောင်းကို ဧရာ ပထ နဂါးမင်း ကပ်လှူသော မြကြုတ်၌ထည့်သွင်း၍ ကိုးကွယ်ထိုက်သော သူတို့အားရစေသတည်းဟု အဓိဋ္ဌာန်တော်မူ၍ ကောင်းကင်သို့ ပစ်လိုက်သည်ရှိသော် သုဝဏ္ဏဘုမ္မိ သထုံပြည်မှ ပြန်လာသော အဇ္ဇိတ၊ ဖလိတ ညီနောင်နှစ်ယောက် ရကြကုန်သည်ဖြစ်ရာ သုဒဿနတောင်ထိပ်၌ အမြင့် သံတောင် ၄၂ တောင်ရှိ သော ရွှေဆံတော်စေတီ တည်ထားခဲ့ကြောင်း ရာဇဝင်သမိုင်း များတွင် လာရှိ၏။

မြတ်စွာဘုရားသည် ထိုမှတစ်ဖန် ဥက
္ကံသုံးဆယ်အရပ်သို့ ရောက်တော်မူလျှင် ပိဏ္ဍတ သူဋ္ဌေးကြီး၏ သားနှစ်ယောက်အား ဆံတော် ၄ ချောင်း ပေးအပ်တော်မူလျှင် ညီနောင်နှစ်ယောက်တို့လည်း ဟံသာဝတီ ပြည်ကြီးတည်ရှိရာ မဟာသုဒဿန ဆေးဒန်းမြင်းသီလာတောင် ထိပ်၌ အမြင့်သံတောင် ၄ဝ ရှိသော ရွှေမှော်ဓောစေတီ တည်ကြောင်းလည်း ရာဇဝင်သမိုင်းများ၌ လာရှိချေသည်။

ထိုကြောင့် မြန်မာနိုင်ငံရှိ စေတီတော်များအနက် အကြိမ်ကြိမ်အဖန်ဖန် မွမ်းမံမြှင့်တင် တည်ဆောက်ခြင်း မပြုမီ မူလစေတီငယ်များအသွင်ရှိစဉ်က ရွှေတိဂုံ၊ ရွှေဆံတော်နှင့် ရွှေမှော်ဓော စေတီတော်များသည် ရှေးအကျဆုံးဖြစ်သည်ဟု မှတ်ယူကြရပေမည်။ သို့သော် ယင်းမူလ စေတီငယ်တို့ကို မဖူးတွေ့နိုင်ကြတော့လေရာ စေတီများ၏ ဗိသုကာလက်ရာသဏ္ဍန် ပြောင်းလဲ လာပုံကို လေ့လာရာ၌ ပကတိပုံပန်းမှ လွန်စွှာခြားနားပြောင်းလဲခြင်း မရှိသေးသည့် စေတီတော် များကို အထောက်အထား ပြုရချေမည်။

သာသနာတော် သကရာဇ် ၁ဝ၁ ခုနှစ်တွှင် သရေခေတရာ ပြည်ကို တည်သော ဒွတ္တပေါင် မင်းကြီးသည် စေတီပုထိုးများ တည်ကြောင်းကို ၆ ဆူ၊ ၈ ဆူ၊ ၉ ဆူဟူ၍ ရာဇဝင်များက အကွဲကွဲ အပြားပြား မှတ်တမ်းတင်ထားကြချေသည်။ မည်သို့ပင် ဆိုစေကာမူ ယင်းတို့အနက် ဒွတ္တပေါင်မင်း၏ ကောင်းမှု အပါအဝင်ဟု ယုံကြည်ရသော ပေါပေါ(ဘောဘောကြီး)နှင့် သရမာ(ဘုရားမာ) စေတီတော်ကြီး ၂ ဆူကို ယခုတိုင် ဖူးတွေ့နိုင်ပေသည်။ ယင်းစေတီတော်တို့မှာ ယခုကာလ တည်လုပ်သော စေတီကဲ့သို့ ဖောင်းရစ်မပါ၊ တစ်ဖြိုးတည်း လုံးလုံးလျောင်းလျောင်း သဏ္ဍန် ရှိသည်။ ပုံပန်းသဏ္ဍန်အားဖြင့် ပေါပေါဘုရားထက် ရှေးကျသော စေတီများကို သရေခေတရာ ခေတ်အတွင်း၌ တည်ဆောက်ပူဇော်ခြင်း ရှိခဲ့ဟန်တူကြောင်းလည်း အထောက်အထား တွေ့ရသေးသည်။

သရေခေတ္တရာမြို့ဟောင်းတွင် မြန်မာနိုင်ငံ ကမည်းကျောက်စာဌာနက ရှေးဟောင်း သုတေသန ကိစအတွှက် တူးဖော်ရာတွင် ခင်ဘားကုန်း၌ ဘုရားပျက်တစ်ဆူ၏ ဌာပနာတိုက် ပေါ်ပေါက ခဲ့၏။ ယင်းဌာပနာတိုက်ကို ဖုံးအုပ်ထားသော ကျောက်ပြားပေါ်တွှင် ရေးထုထားသော စေတီပုံများမှာ အသောကမင်း နန်းစံပြီးနောက် နှစ်ပေါင်း ၁ဝဝ မှ ၂ဝဝ အတွှင်း မဇ္ဈိမဒေသတွင် များစွာ ထုလုပ်ကိုးကွယ် တည်ဆောက်ခြင်းဖြစ်သော ထီးသုံးဆင့်ပါသော စေတီဝိုင်းပုံကို ဖူးတွေ့ရပါသည်။

အဆိုပါ ဌာပနာတိုက် တွင်း၌ တွေ့ရှိသော ဓမစေတီ ရွှေပုရပိုက်များ၊ ရှေးဟောင်း သာသနိကပစ္စည်းများနှင့်အတူ ငွေခေါင်းပွ စေတီငယ်များ၏ အချိုးအစားမှာ မြင့်မြင့်လုံးလုံး ရှိသော်လည်း ဆတ္တဝလီခေါ် အဆင့်ဆင့် အထပ်ထပ် ပြုလုပ်ထားသည့် ထီးတော်များကို ထောက်ရှု၍ မဇ္ဈိမဒေသစေတီများ သဏ္ဍန်သည် ပေါ်လွင် ထင်ရှားလေသည်။ ပြူစောထီးမင်း၏ ကောင်းမှုဟု အဆိုရှိသော ပုဂံမြို့များ ဘုရား၏ စေတီလုံးသည်ပင် ပေါပေါဘုရား သဏ္ဍန်နှင့် များစွှာ မကွှာခြားလှချေ။

အနော်ရထာမင်းလက်ထက်တွင်မူ ပစယာများ၊ ဖောင်းရစ်များ၊ နတ်လှေကားများကို တိုးချဲ့ ထည့်သွင်းကာ တည်ဆောက်လာချေ၏။ သို့သော် လောကနန္ဒာဘုရား၏ လုံးပတ်တော်မှာ ရှေးလက်ရာများကဲ့သို့ တစ်ဖြိုးတည်းမျှ ရှိသေး၏။ အနော်ရထာမင်း စတင်တည်ဆောက်၍ ကျန်စစ်သားမင်း အပြီးသတ် တည်ထားသော ညောင်ဦး ရွှေစည်းခုံဘုရားတွင် ပစယာထောင့်များ၌ စေတီငယ်များ စိုက်ထူခြင်း၊ နတ်မုတ် နတ်လှေကားများ တပ်ဆင်ခြင်းတို့ ပါဝင်လေသည်။ ရွှေစည်းခုံဘုရား၏ သပိတ်မှောက်နှင့် ခေါင်းလောင်းပုံမှာကား ဝန်းဝိုင်း ဖြောင့်မတ်လျက်ရှိ၏။

ထိုနောက်မှ ပုဂံပြည်တွင် မင်းမှူးမတ်နှင့် ပြည်သူအများ တည်ထားကိုးကွယ်သော စေတီများမှာ ခေါင်းလောင်းပုံမှ အထက်သို့ သွယ်ပျောင်း ငယ်ငေါင်း သေးသိမ်လာလေတော့သည်။ တရုတ်ပြေးမင်း ကောင်းမှု မင်္ဂလာ စေတီတော်သည် ပုဂံစေတီများအနက်တွင် အချိုးအစား ပြေပြစ် ဆုံး ဖြစ်သည်ဟု ဆိုရပေမည်။ ပစယာထောင့်များတွင် ကလသာအိုးခေါ်သော အမြိုက်အိုး၊ ကြာအိုးများဖြင့် တန်ဆာဆင်ထား၏။

ထိုသို့ စေတီပုံရိုးကို တစ်စတစ်စဖြင့် သေးသွှယ်ချွန်ထက်သော သဏ္ဍ
န်များအဖြစ် ပြောင်းလဲ တည်ဆောက်သည့်အပြင် အသွင်ကွှဲပြား ခြားနားစွာလည်း တည်ဆောက်ကြသေး၏။ ပုံစံအားဖြင့် ပုဂံပြည် နရပတိစည်သူမင်း လက်ထက်တွင် သီဟိုဠ်ကျွန်းသို့ ဥတရာဇိဝထေရ်နှင့်အတူ ကြွှသွားသော ရဟန်းတော်များအနက် ဆပဒထေရ်သည် ပုဂံမြို့သို့ ပြန်လည် ကြွှရောက်သည်တွင် တည်ထားသော သီဟိုဠ်စေတီပုံ ဆပဒဘုရား၊ အင်းဝမြို့ သာလွန်မင်းတရားလက်ထက်တွင် သီဟိုဠ်မှ ထူပါရုံ စေတီသဏ္ဍန် တည်ဆောက်သော စစ်ကိုင်းမြို့အနီး ကောင်းမှုတော်ဘုရားခေါ် ရာဇမဏိစူဠာစေတီတော် စသည်တို့မှာ အသွင် ကွဲပြားခြားနားသည့် စေတီများ ဖြစ်ကြ၏။

မုတ်ခံစေတီ သို့မဟုတ် ကုလားကျောင်းခံ စေတီတို့မှာကား မဇ္ဈီမဒေသ၌ မြေစိုက်စေတီများ နောက်မှ တည်ဆောက်သည် ဖြစ်၏။ သို့သော် မြန်မာနိုင်ငံတွင် သရေခေတရာ၌ ပေါပေါ ဘုရားနှင့် တစ်ခေတ်တည်းလိုလိုပင် လေးမျက်နှာဘုရား၊ ဗဲးဗဲး ဘုရား၊ ဈေးကူဘုရား စသည့် ဂန္ဓကုဋီတိုက် ပါသော ဘုရားများကို တည်ဆောက်ပူဇော်သည်ကို တွေ့မြင်ကြရ၏။ ပုဂံခေတ်တွင် ကျန်စစ်သား လက်ထက်၌ တစ်ဖက်မုတ်ဂူဘုရားများ စတင် တည်ထားလေသည်။

 ထေရဝါဒသာသနာတော်သည် သုဝဏ္ဏဘုမ္မိမှ တစ်ဆင့် ပုဂံပြည်သို့ ပြန့်ပွါးလာသည်ဖြစ်ရာ ပုဂံပြည်၌ တည်ဆောက်သော တစ်ဖက်မုတ်ဂူဘုရားများသည် မွန်လက်ရာ ဖြစ်သည်ဟု မှတ်ယူကြ၏။ ပုဂံအလိုပြည့်ဂူ၊ ပုထိုးသားများ ဘုရား၊ မြင်းပုဂံ ဂူပြောက်ကြီးဘုရား၊ နဂါးရုံဘုရား စသည်တို့တွင် ဆေးရေးရုပ်များ၊ မွန်အက္ခရာဖြင့် နံရံမင်စာများကို ထောက်၍လည်း မွန်လက်ရာဘုရားများ ဖြစ်သည်ကို သိသာ နိုင်၏။ သို့သော် ဗိသုကာအရာ၌ကား မဇ္ဈိမဒေသမှ သဏ္ဍန်ပင်လျှင် တိုက်ရိုက်သော်၎င်း၊ မွန်နိုင်ငံ သုဝဏ္ဏဘုမိမှ တစ်ဆင့် သော်၎င်း၊ အတုယူထားခြင်းမှာ ယုံမှားဖွှယ်ရာ မရှိချေ။

မဇ္ဈီမဒေသ၌ သာသနာတော် ထွန်းကားနေစဉ် အသောကမင်းတရား လက်ထက်နှင့် နှောင်းခေတ်ကာလ၌ ကျောက်ဆစ်ပညာ တိုးတက်နေသည့်အလျောက် တောင်ကမ်းပါးများကို ထွင်းဖောက်၍ တဖက်မုတ်ဂူများကို ဝိဟာရစေတီအဖြစ် တည်ဆောက်သည်ကို တွေ့ရလေသည်။ ထိုမှတစ်ဆင့် နည်းယူမှီငြမ်း၍ ဟိန္ဒူဘုရား ရှိခိုးကျောင်းများကို တည်ဆောက်လေသဖြင့် ပုဂံမြို့မှ ဂူဘုရား များတွင် အချို့ကို စေတီအထွတ်စိုက်ထူ၍ အချို့ကို သိခဲ့ရခေါ် ကွမ်းထောင်ပုံများ တည်ထား ပြုလုပ်ကြလေသည်။

ကျန်စစ်သားမင်းသည် ဂန္ဓမာဒနတောင် နန္ဒမူလ လိုဏ်ဂူသဏ္ဍာန်နှင့် တူစွှာ အာနန္ဒာဘုရားကို တည်တော်မူကြောင်း အဆိုရှိ၏။ စင်စစ်သော်ကား လေးဖက်မုတ်ပါသော ဂူဘုရား အဆန်းတကြယ် မွှမ်းမံ ခြယ်လှယ်ထားခြင်း ဖြစ်ချေသတည်း။ ထိုမှတစ်ဆင့် ကုလား ကျောင်းခံ စေတီတော်များကို လိုဏ်မုတ်နှစ်ဆင့်၊ ငါးမျက်နှာ ရှစ်မျက်နှာ စသည်ဖြင့် ထူးခြားစွှာ တိုးချဲ့ တည်ဆောက်ကြပြန်သည်။

နိုင်ငံခြားမှ စေတီတော်များနှင့် နှိုင်းယှဉ်ချက်

မြန်မာစေတီပုထိုးများသည် မူလဇာစ်မြစ်မှ မဇ္ဈိမဒေသမှ သဏ္ဍန် အနေအထား ပေါက်ပွားလာခြင်း ဖြစ်သော်ငြားလည်း သရေခေတရာခေတ်မှ ယခုမျက်မှေက်အထိ ပုံပန်းသဏ္ဍန် ပြောင်းလဲ ဆန်းကြယ်လာခြင်းမှာ မြန်မာတို့၏ ကြံရည်ဖန်ရည်ဖြင့် အနုပညာလက်ရာ ပြောင်မြောက်အောင် စွမ်းဆောင်မှုကြောင့်ပင် ဖြစ်တော့သည်။ ထိုကြောင့် မဇ္ဈိမဒေသမှ စေတီတော်များတွင် ကျောက်ဆစ် ရုပ်တုရုပ်ကြွှတို့ဖြင့် တန်ဆာဆင်ထားသော အရံအတားများနှင့် တုရိုဏ်တိုင် များအစား မြန်မာနိုင်ငံ၌ စောင်းတန်းများနှင့် မုတ်ပြာသာဒ်များကို သစ်သားပန်းပုဖြင့် လက်ရာမြောက်စွာ ခြယ်လှယ်ထားသည်ကို တွေ့ရသည်။

သီဟိုဠ်ကျွန်း၌ကား ယခုတိုင်အောင် ဓာတ်တော်တိုက်ဖြစ်သည့် ဓာတု ဂ¸ကို သပိတ်မှောက် အထက်၌ တည်ဆောက်နေသေး၏။ မြန်မာတို့ အဖို့မူကား စေတီလုံး၏ ပြေပြစ်မှုကို ရည်ရွှယ် ဟန်ဖြင့် အချိုးကျကျ အထက်ပိုင်းသို့ သွှယ်ပျောင်းသေးငယ်စွာ ဆောက်လုပ်ကြ၏။ ယိုးဒယားမှ အချို့သော စေတီမြင့်မြင့်များကဲ့သို့ ရှည်လျားသော အထွတ်များ တပ်ဆင်ခြင်းကိုလည်း မပြုလုပ် ကြချေ။ သို့သော် သာသနာတော် ထွန်းကားရာဖြစ်သော အခြားနိုင်ငံများသည်လည်း မိမိတို့၏ ကြွှယ်ဝပေါများသော သဘာဝ ဝတ္ထု ပစ္စည်းများကို လိုက်၍၎င်း၊ အနုပညာများ တိုးတက်သည်နှင့် အမျှ၎င်း၊ ဘုရားပုထိုးများကို အံ့မခန်းအောင် ဖန်ဆန်း တည်ဆောက်ကြလေသည်။

ပုံစံအားဖြင့် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းတွင် ပုဂံခေတ်မတိုင်မီ အေ၊ ဒီ ၈၅ဝ ခန့်က တည်ထားသော ဗောရောဗုဓောဘုရားသည် မြင့်မိုရ်တောင်သဏ္ဍန်ဖြစ်၍ ကျောက်ရုပ်တု ဆင်းတုပေါင်း ထောင်သောင်းတို့ဖြင့် ဇာတ် နိပါတ် တော်များကို သရုပ်ဖော်ကာ မွှမ်းမံခြယ်လယ် ထားသဖြင့် ဗုဒအယူဝါဒီများအားသာလျှင် သဒ္ဓါကြည်ညိုစိတ် ပွားများစေသည်သာမက နိုင်ငံတကာ ကပင် ချီးမွမ်းအံ့သြဖွယ်ရာ ဖြစ်စေသည်။

( ဦးလူဖေဝင်း )
ကိုးကား  ။ ။ မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)

http://my.wikipedia.org/