" အော် … အေး
"
တရားနယ်ပယ်မှာ ထင်ရှားကြော်ကြားလှတဲ့ ဆရာတော်ကြီး တစ်ပါး ရှိခဲ့ဘူးပါတယ်။ ဆရာတော်
ဘုရားကြီးဟာ အနေရိုး အပြောရိုးလှတဲ့ အပြင် သီလ သမာဓိ ပညာ အကျင့်တွေ အားကောင်း လှတာမို့
ကြည်ညိုတဲ့ ဒကာ ဒကာမတွေလည်း အလွန်များပြားလှပါတယ်။
အဲဒီဆရာတော်ဘုရားကြီးဟာ တစ်နေ့တော့ ညာဖက်နံရိုးအောက်က နာနေတာမို့ ဆေးစစ်ကြည့် လိုက်တဲ့အခါ အသည်းကင်ဆာ ဖြစ်နေပြီဆိုတာ သိလိုက်ရပါတယ်။ ဆရာဝန်ဆီက ကြားလိုက်ရတဲ့ အဖြေကြောင့် ဒကာ ဒကာမတွေဟာ စိတ်မကောင်းစွာနဲ့ ဆရာတော်ကြီးကို အသိပေးရပါတယ်။
ညှိုးငယ်တဲ့မျက်နှာထားနဲ့ မဝံ့မရဲ အသည်းကင်ဆာ ဖြစ်နေတဲ့အကြောင်းကို လျှောက်ထားကြတဲ့ ဒကာ ဒကာမတွေကို ဆရာတော်ဘုရားကြီးက အေးဆေး တည်ငြိမ်စွာနဲ့ စကားတစ်ခွန်းပြန်ပြီး မိန့်တော်မူပါတယ်။
" အော်…အေး "
ကိုယ့်အသက်ကို အသေသတ်တော့မယ့် ရောဂါဆိုးကြီး တစ်ခု ကိုယ့်မှာဖြစ်နေတဲ့ အကြောင်း ကြားရတာကိုပဲ သာမန် ဆွမ်းစားဖို့ ပင့်သလို ဘာမှ မထူးခြားစွာနဲ့ "အော်…အေး"လို့ ပြန်မိန့်တော် မူနိုင်ခဲ့တဲ့ ဆရာတော်ကြီးရဲ့ စိတ်ဓာတ်တော်နဲ့ တုန့်ပြန်မှုဟာ မိမိအတွက်တော့အလွန် ကြည်ညိုဖို့ ကောင်းလှပါတယ်။
ဟုတ်ပါတယ်လေ။ ကိုယ်ကြုံဘူးခဲ့တဲ့ သူတွေနဲ့တော့ ဘယ်တူပါ့မလဲ။ မိမိအပါအဝင် အများစု ကတော့ သာမန်ဖျားတာ နာတာ သွားကိုက်တာလေးကိုတောင် မခံနိုင်တဲ့သူတွေက များနေ တာကိုး။ ကင်ဆာဖြစ်နေပါတယ် လို့များ ပြောလိုက်ရင် ကမ္ဘာပျက်မတတ် ထိတ်လန့်ကြောက်ရွံ့စွာနဲ့ ငိုကာရီကာတွေ ဖြစ်ကြရတော့တာမို့ သီလ သမာဓိ ပညာ အကျင့်တွေနဲ့ ထုံမွှန်းထားတဲ့ ဆရာတော်ကြီးနဲ့တော့ ဘယ်ယှဉ်သာပါ့မလဲ။
အဲဒီနောက်ပိုင်း နှစ်လလောက်မှာ ဒကာ ဒကာမတွေက အမူအရာပျက်နေသလောက် ဆရာတော်ကြီးကတော့ ဘာမှမထူးခြားသလို တရားနှလုံးသွင်းလိုက် တရာဟောလိုက်နဲ့ ခါတိုင်း ပုံမှန်နေသလိုသာ သီတင်းသုံးတော် မူခဲ့ပါတယ်။
နှစ်လလောက်ကြာတော့ နောက်တစ်ခါ ultra sound ပြန်ရိုက်ကြည့်တဲ့အခါ အသည်း ကင်ဆာဟာ အံ့သြဖွယ် ကောင်းလောက်အောင် ပျောက်ကင်းနေတာမို့ ဒကာ ဒကာမတွေက အားရဝမ်းသာစွာနဲ့ ဆရာတော် ဘုရားကြီးကို ကင်ဆာရောဂါ မရှိတော့တဲ့အကြောင်း လျှောက်ထားကြတဲ့အခါ ဆရာတော်ဘုရားကြီးက စကားတစ်ခွန်းပြန်ပြီးမိန့်တော်မူပြန်ပါ တယ်။
" အော် …အေး "
မိမိတို့သာဆိုရင် ထခုန်မိမတတ် ဝမ်းသာအားရ ဖြစ်ရမဲ့စကားကိုဆရာတော်ကြီးကတော့ တစ်ချက် ကလေးမှ ထူးပြီးဝမ်းသာခြင်း ဖြစ်တော် မမူပါဘူး။
ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ ဆရာတော် ဘုရားကြီးရဲ့ အခြေအနေဟာ ပိုပြီး ဆုတ်ယုတ် လာတာမို့ တစ်လလောက် အကြာမှာ တစ်ခါထပ်ပြီး ultra sound ရိုက်ကြည့်တော့ အသည်း ကင်ဆာဟာ အလွန်ကြီးမားနေတဲ့အပြင် တစ်ခြားအင်္ဂါ အစိတ်အပိုင်းတွေကိုပါ ပြန့်နေပါပြီ။ ထုံးစံ အတိုင်းပဲ ပြန့်နေတဲ့ ကင်ဆာရောဂါ အကြောင်းကို ဆရာတော် ဘုရားကြီးကို လျှောက်ထား ကြတဲ့အခါ ဆရာတော်ကြီးကလည်း ထုံးစံအတိုင်းပဲစကားတစ်ခွန်း ပြန်ပြီး မိန့်တော်မူပြန်ပါတယ်။
" အော်…အေး "တဲ့။
မှတ်မှတ်ရရ စကားတစ်ခွန်းတော့ ပြောလိုက်ပါ သေးတယ်။
" လက်စသပ်တော့ ငါ့ကိုဒီလောက် နှိပ်စက်နေတာ ငါ့အထဲမှာ ဒီကောင်ရှိနေလို့ကိုး" တဲ့။
ဆရာဝန်တွေ အတွေ့အကြုံရှိတဲ့ သူတွေဆိုရင် ပိုသိပါတယ်။ ကင်ဆာရောဂါကြောင့် နာတဲ့ အနာဟာ အလွန်ဆိုးပါတယ်။တစ်ချက်ကလေးမှ သက်သာတယ် မရှိလောက်အောင် ဆက်တိုက် အလွန်ပြင်းထန်စွာ မနားမနေနာတာပါ။ ကင်ဆာpain ကိုမခံနိုင်လွန်းလို့ ကိုယ့်ကိုယ်ကို မြန်မြန် သေအောင် နံရံနဲ့ ခေါင်းနဲ့ဆောင့်တဲ့ လူနာတွေ၊ ကုတင်ပေါ်က လှိမ့်ချပြီး သေကြောင်းကြံတဲ့ လူနာတွေကိုတောင် တွေ့ဘူးပါတယ်။
အဲဒီလောက်ဆိုးတဲ့ နာကျင်မှုကို တစ်ချက်မှ မညည်းဘဲ သည်းခံတော်မူနိုင်တဲ့ ဆရာတော်ကြီးရဲ့ ဥာဏ်တော်ဟာ မိမိအတွက်တော့ အံ့မခန်းကြီးကျယ် မြင့်မြတ်တော် မူလှပါတယ်။ အဲဒီ နောက်ပိုင်းမှာလည်း ဆရာတော်ကြီးဟာ ထုံးစံအတိုင်း မောရင်နားပြီး တရားနှလုံးသွင်းလိုက် သက်သာလာတဲ့အခါ အနားနေ တပည့်ဒကာ ဒကာမတွေကို တရားဟောလိုက်နဲ့ အချိန်တွေကို ကုန်လွန်တော်မူစေခဲ့ပါတယ်။ မျက်နှာတော် တစ်ချက် မညှိုးခဲ့ပါဘူး။ ရောဂါနဲ့ ပါတ်သက်ပြီး ခံစားရတဲ့ ဒုက္ခဟူသမျှကို အသံတစ်ချက်မှ မငြီးခဲ့ပါဘူး။
နောက်နှစ်လလောက် အကြာမှာပဲ "အော်…အေး"ဆိုတဲ့ စကားနှစ်ခွန်းနဲ့ အသည်းကင်ဆာလို ရောဂါဆိုးကြီးကို အလွန်မြင့်မြတ်တဲ့ ဥာဏ်တော်ကြီးနဲ့ သည်းခံပြီး ရင်ဆိုင်ခဲ့တဲ့ ဆရာတော် ဘုရားကြီးဟာ နောက်ဆုံးနေ့အထိ ဒကာ ဒကာမတွေကို တရားတွေဟောသွားရင်းနဲ့ ခန္ဓာဝန်ချသွား တော်မူခဲ့ပါတယ်။
အနီးနေဒကာ ဒကာမတွေ ဘယ်သူမှ ဆရာတော်ဘုရာကြီးရဲ့ညှိုးနွမ်းတဲ့ အသွင်အပြင်နဲ့ ညည်းငြူတဲ့ အသံကို မမြင်ဘူး မကြားဘူးလိုက်ကြရပါဘူး။ မြင့်မြတ်လှသူတွေရဲ့ သေခြင်းတရားကို ရင်ဆိုင်သွာကြပုံဟာ ကြက်သီးမွေးညှင်း ထလောက်အောင် ကြည်ညိုဖို့ ကောင်းလှပါတယ်။ စိတ်ထဲမှာအနှစ်သက်ရဆုံးစကားကတော့ "အော်…အေး" ပါပဲ။ ဘာလို့နှစ်သက်ရသလဲမေးရင် လည်း ကိုယ့်မှာ အဲဒီလို "အော်… အေး" နိုင်တဲ့ အရည်အသွေး မရှိလို့ပါပဲ။
ကိုယ်မထားရှိနိုင်တဲ့ မြင့်မြတ်တဲ့ အကြောင်းအရာ တွေကို ကြားသိရတဲ့ အခါတိုင်း အဲဒီစကားဟာ မိမိအတွက် အလွန်နှစ်သက်စွာ အတုယူရမဲ့ စကားတစ်ခွန်း ဖြစ်နေတတ်ပါတယ်။ ပူပူနွေးနွေး ဖြစ်ခဲ့တာပါ။ တခါပြောဘူးသလိုပါပဲ။ မိမိတို့ပုထုဇဉ်တွေမှာ မသိသာပေမဲ့ အလွန်ကြီးမား အားကောင်းလှတဲ့ ကိလေသာကြီးတစ်ခု ကတော့ ဘယ်နေရာ ဘယ်အချိန်မဆို အစစ အရာရာ အလွန်အဆင်ပြေစေချင်တဲ့ လောဘ ကိလေသာပါပဲ။
အကြောင်းကိစ္စတွေချောမွေ့ အဆင်ပြေနေတဲ့ အချိန်၊ လောဘနဲ့ ကျေနပ်နေခဲ့တာမို့ ရှိလို့ ရှိမှန်းတောင် မသိခဲ့ပါဘူး။ အထစ်အငေါ့တွေဖြစ်ပြီး အဆင်မပြေတော့မှသာ စိတ်တွေ ပင်ပန်းလာ ရတာမို့ အဲဒီကိလေသာ ကိုယ့်မှာ အထူအထဲ ရှိနေမှန်း ရိပ်မိရတာပါ။
စာအုပ်ထုတ်ဝေဖို့ကိစ္စနဲ့ ရန်ကုန်ကို ဆင်းခါနီး အခြစ်ရာအစင်းရာတွေနဲ့ ကြည့်မကောင်းတော့တဲ့ မျက်မှန်ကို အသစ်လုပ်လိုက်တာက စပြီး အဆင်မပြေမှုတွေ စလာခဲ့တာပါပဲ။ ကားထွက်မဲ့ ညနေမှ ရတာမို့ အရင်ပါဝါအတိုင်းပဲ အသစ်တတ်လာခဲ့တဲ့ မျက်မှန်ဟာ ကြည့်နေရင်းနဲ့ ကိုယ့်ရဲ့ အမြင်တွေ ဝါးလာစေပါတယ်။ မူးနောက်နောက်နဲ့ အန်ချင်လာပါတယ်။ ကားပေါ်ကျမှ ပါဝါမကိုက်ဘူးဆိုတာ နားလည်ရပါတယ်။ အခုမှတော့ ဘယ်တတ်နိုင်ပါ့ မလဲ။ မူးပေါ့။ အန်ချင်လည်းအန်ပေါ့။
ဒီလိုနဲ့ မရောက်တာ (၁၅)နှစ်လောက် ရှိပြီဖြစ်တဲ့ ရန်ကုန်ကို ပါဝါမကိုက်တဲ့ မျက်မှန်တစ်လက်နဲ့ ဝါးတားတား မူးတူးတူး ရောက်လာခဲ့ပါတယ်။ Taxiစီးတဲ့ အချိန်မှာပဲ အလွန်လျှင်မြန်စွာ သက်စွန့် ဆံဖျား မောင်းနေတဲ့ taxiကားဟာ ကိုယ့်အတွက် ဒုတိယအဆင်မပြေမှုဖြစ်ခဲ့ပါ တယ်။ ကားချင်းတိုက်မလိုလည်း ဖြစ်ခဲ့ပါ သေးတယ်။ ကိုယ်အသားကျနေတဲ့ အေးဆေးတဲ့ ပါတ်ဝန်းကျင် မဟုတ်တော့ပါဘူး။ အရာရာဟာ အရင်စလို နိုင်လွန်းနေပါတယ်။ အေးလေ…သူ့အရပ်နဲ့သူ့ဇတ် မောင်းပေါ့။ တိုက်စရာရှိတော့လည်းတိုက်ပေါ့။
တစ်ညလုံးကားစီးလာရတာမို့ ငယ်ငယ်ကဒဏ် ဖြစ်ခဲ့ဘူးတဲ့ ခါးနာရောဂါကလည်း ပြန်ပေါ်လာ ပါတယ်။ တကယ်နာရင် လမ်းလျှောက်ဖို့တောင် မလွယ်လောက်အောင်ခက်ခဲတတ်တာမို့ အရေးထဲ အရာပေါ်သလိုပါပဲ။ အင်းလေ…ဒါလည်းဘယ်တတ်နိုင်ပါ့မလဲ။ နာစရာရှိတာနာပေါ့။ စပြီဆိုကထဲက ကိုယ်ဘာမှမတတ်နိုင်တဲ့ အဆင်မပြေမှု တွေဟာ ဆက်တိုက်လိုလိုအဖေါ် တွေစုပြီး ရောက်လာ ခဲ့ပါတယ်။ စာစီစာရိုက်တွေ စစ်ရတဲ့အချိန်က စလို့ ပိုဆိုးလာပါတော့တယ်။ နှစ်ရက် လုံးလုံး ပါဝါ မကိုက်တဲ့ မျက်မှန် တစ်လက်နဲ့ စာအမှားတွေကို အိပ်ချိန်သုံးနာရီ လောက်နဲ့ ပြီးအောင် စစ်ရပါတော့တယ်။
မဟန်နိုင်လောက်အောင် ခေါင်းမူးနေတဲ့အချိန်မှာ မမြင်တစ်ချက် မြင်တစ်ချက်နဲ့ စာစစ်ရတာဟာ အလွန်ပင်ပန်းပါတယ်။ ဆက်တိုက်ဖြစ်လာတဲ့ အဆင်မပြေမှုတွေကြောင့် ဖိစီးမှုတွေ အားကောင်း လာတဲ့ အခါ စိတ်တွေက စပြီး စကားပြော လာပါတော့တယ်။ "ဒါတော့ မမှားသင့်ဘူး။ တစ်ပိုဒ် လုံးကျန်ပြန်ုပြီ။ တော်တော်ဆိုးတာပဲ။ စာစီစာရိုက်တာကို သေချာ မရိုက်ဘူး။ ဒီလိုပြီးစလွယ်လုပ်နေလို့ကတော့ " စိတ်ထဲမှာ ဟင်တွေ ဟာတွေ များစွာနဲ့ မကျေမနပ်ဖြစ်ရင်း လက်ထဲမှာ ကိုင်ထားတဲ့ Ballpen ကို ဒေါသတကြီး ပစ်တင်မိတော့မဲ့အချိန်မှာပဲ ရှားရှားပါးပါး သတိတစ်ချက် ဝင်လာတာဟာ မိမိအတွက်တော့ အလွန် သက်သာ သွားရပါတယ်။
ဟုတ်ပါတယ်။ လူရှေ့မှာဖြစ်ဖြစ် လူမမြင်ကွယ် ရာမှာပဲ ဖြစ်ဖြစ် ကိလေသာစိတ် အရင်းခံနဲ့ ပြုသမျှ ပြောသမျှဟာ ဝီတိက္ကမကိလေသာ တွေပါပဲ။ ရှောင်လွှဲလို့ မရနိုင်တဲ့ အဆက်မပြတ်ဖြစ်လာတဲ့ အဆင်မပြေမှု တွေဟာ ကိုယ့်ကိုအခါမလပ် နှိပ်စက်နေတာမို့ လူကိုရော စိတ်ကိုပါ ပင်ပန်းစေ ပါတယ်။ နောက်ဆုံးတစ်ချိန် limit တွေ ကုန်ဆုံးလို့ မနိုင်တော့တဲ့အခါ ကိုယ့်ရဲ့အရည် အသွေးတွေကို အလွန်အမင်း ပုံပျက်စေပါတယ်။ကျဆင်းသွားစေတတ် ပါတယ်။
ကာယကံ ဝစီကံတွေ လွန်ကြူးတာတွေ မဖြစ်ရင်တောင်မှ စိတ်မှာ ကိလေသာ အရောင်တွေနဲ့ စွန်းထင်း နေတာမို့ ကောင်းတဲ့ အရည်အသွေးတွေကို ထိခိုက်စေတတ်ပါတယ်။ သတိဖြစ်တယ် ဆိုရင် တောင် အလွန်ကို အားနည်းတတ်ပါတယ်။ တခြားသူတွေ သိတာမသိတာ အသာထား ကိုယ့်ရဲ့ ကာယကံ ဝစီကံတွေ အရည်အသွေး မပြည့်မီတာဟာ အလွန်ထင်ရှားလှပါတယ်။ ဆုံလာတဲ့ ကိုယ်မနှစ်သက်တဲ့ အာရုံတွေအပေါ် တဖြည်းဖြည်း ဘဝင်မကျတာတွေကို စုလာရင်းနဲ့ စိတ်ပါနာနေမိတာမို့ ဒါဟာ ကိုယ့်ရဲ့ အားနည်းချက် တစ်ခုသာ ဖြစ်ပါတော့တယ်။
ဘာမဟုတ်တာလေးတွေ အပေါ်မှာတောင် မအော်နိုင် မအေးနိုင် ခဲ့တာ ကိုယ့်ရဲ့ လိုအပ်ချက်ပါ။ ဒီ ခံစစ်မှာ မလွန်ကြူးမိတာ တစ်ခုကလွဲပြီး အဖတ်ဆယ်စရာ မရှိခဲ့တာဟာ ကိုယ့်ရဲ့ သတိဥာဏ် မပြည့်စုံမှု အားနည်းမှုပါ။ လောက်လောက်လားလားအသိ ဥာဏ်တွေ မရှိသေးတဲ့ ပုထုဇဉ် တစ်ယောက်ရဲ့ စိတ်အရည်အသွေးတွေဟာ အလွန်အတက် အကျမြန်လှပါတယ်။ အလွန်မခိုင်မြဲတဲ့ သဘာဝတွေသာ ရှိနေတတ်ပါတယ်။ ဘာမှကိုဘာမှ စိတ်ချရတယ်မရှိပါဘူး။ အာရုံတွေရဲ့ လွှမ်းမိုးမှုကို အကုသိုလ်စိတ်တွေနဲ့ တုန့်ပြန်ရင်း တစ်ခါမဟုတ် တစ်ခါတော့ အလူးအလဲ ခံလိုက်ရတော့တာပါပဲ။ ဒါကြောင့်လည်း အခုအချိန်အထိ ကိုယ့်ကိုယ်ကို ကြည်ညိုလို့ မရနိုင်တာပါ။
ဘဝထဲမှာ သတိပဋ္ဌာန်တရား အားထုတ်ရတာကို အလွန် နှစ်သက်ရတဲ့ အကြောင်းရင်း တစ်ခု ရှိပါတယ်။ အဲဒါကတော့ အာရုံတွေနဲ့ ဆုံတိုင်း ကိုယ့်စိတ် အခြေအနေတွေကို အမှန်အတိုင်းသာ သိနေရမယ်ဆိုရင် ကိုယ့်အကြောင်းကို အမြဲတမ်း အမှန်အတိုင်း နားလည်ခွင့် ရစေလိုပါပဲ။ ထင်ထင်ရှားရှားမို့ ညာလို့ကို မရတာပါ။ အဲဒီလိုနားလည်လိုက်ရတာဟာ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို တဏှာ မာန ဒိဋ္ဌိ တွေနဲ့ အထင်ကြီး တစ်ခွဲသားနဲ့ ထင်ချင်သလို ထင်တတ်တဲ့ အဖြစ်ကနေပြီး သက်သာမှုရစေ ပါတယ်။
ဒီတစ်ခေါက်ခရီးထွက်ရတာဟာ မိမိအတွက်တော့ အလွန်တန်ဖိုး ရှိလှပါတယ်။ ကိုယ့်ကိုယ်ကိုပိုပြီး နားလည်လာရသလို ဆရာတော်ကြီးတစ်ပါး ရဲ့"အော်…အေး" နိုင်တော်မူခဲ့တဲ့ ဥာဏ်တော်ကို ကြားနာ ကြည်ညိုခွင့် ရခဲ့သလို ကိုယ့်ရဲ့ လိုအပ်ချက် အားနည်းချက်တွေကိုလည်း အမှန်အတိုင်း သိခွင့်ရခဲ့လို့ပါပဲ။
ဆုံသမျှ လောကဓံဟူသမျှနဲ့ ကိုယ့်အနေအထားနဲ့ လျော်ညီစွာ "အော်…အေး"နိုင်ဖို့ သတိပဋ္ဌာန် အကျင့်မြတ်ကို အခုထက် အဖေါ်ပြု ရင်း ဆုံသမျှအာရုံနဲ့ စိတ်မနာတတ်အောင်၊ အဆင်မပြေ သော်လည်း စိတ်ကောင်းကလေး မပျောက်အောင်၊ များစွာဖြည့်ကျင့်လို့ သင်ယူရပါအုံးမယ်။
မေတ္တာဖြင့်
Dr Pe Thet Tun