Sunday, January 11, 2015

အတွေးအခေါ်နှင့် အတွေ့အကြုံ


  အတွေးအခေါ်နှင့် အတွေ့အကြုံ

တစ်ဦးနဲ့တစ်ဦး၊ တစ်ယောက်နဲ့တစ်ယောက် ရုပ်ချင်းတူဖို့လည်းမလွယ်၊ တူတယ်ဆိုတာမျိုးကလည်း အလွန်ရှားပါတယ်။ စိတ်ချင်းတူဖို့ ဆိုတာက ပိုပြီးတော့မလွယ်ဘူး။ မဖြစ်နိုင်ကြပါဘူး။ လူတူမရှားနာမည့်တူမရှား ဆိုတာကလည်း ခေတ်အ ဆက်ဆက်ကို ပြောတာပါပဲ။ အားလုံးမတူနိုင်ပါဘူး။ နာမည်ဆိုရင်လည်း အခေါ်အဝေါ်အသုံးအနှုန်းသာ တူရင်တူမယ်။ စိတ်ချင်းတော့ ဘယ်လိုမှမတူနိုင်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် တူဖို့နေနေသာသာ ကိုယ်တစ်ယောက်တည်းကိုပဲ တစ်စိတ်နဲ့တစ်စိတ်မတူပါပဲ။ တစ်ရက်နဲ့တစ်ရက် မတူပါဘူး။ တစ်ချိန်နဲ့ တစ်ချိန်မတူပါဘူး။ အမြဲပြောင်းလဲနေတာပါပဲ။

စိတ်ကတော့ ခုတစ်မျိုး ခုတစ်မျိုး ပြောင်းနေတာပါပဲ။ လူပြောင်းတာက မသိသာပေမယ့် ပြောင်းလဲ တာကတော့ အမှန်ပါပဲ။ စိတ်ပြောင်းတာကတော့ မကောင်းတာကနေ ကောင်းတာကို ပြောင်းနိုင် တယ်။ ကောင်းတာကနေ မကောင်းတာကို ပြောင်း နိုင်တယ်။ မကောင်းတာတွေလည်း ဆက်ကာ ဆက်ကာ ပြောင်းနေနိုင်တယ်။ ကောင်းတာတွေချည်းပဲလည်း ဆက်ကာ ဆက်ကာ ပြောင်းနေနိုင်တာပဲ။ ဒါ သဘာဝဓမ္မ သဘောတရားအမှန်ပါပဲ။

တစ်ချို့ ဒီပြောင်းလဲမှုသဘောတရားကို သဘော မပေါက်ကြဘူး။ နားမလည်ကြဘူး။ မသိကြဘူး။ တစ်ချို့ကတော့ ဒီပြောင်းလဲမှု သဘောတရားကို သိရှိနားလည်သဘော ပေါက်ကြတယ်။ ဒါပေမယ့် ပေလယျကန် မသိကျိုးကျွန်ပြုနေကြတယ်။ ကောင်းနေတဲ့ စိတ်ဓာတ်ကို
 ကောင်းသထက် ကောင်းအောင်၊ ဒါမှမဟုတ် မကောင်းတဲ့ဘက်ကို မြားဦးလှည့်မသွားအောင် အသိရှိရှိ သတိရှိရှိနဲ့ ကြိုးစားနေကြတဲ့ တချို့ တချို့တွေလည်း ရှိနေကြပါသေးတယ်။ အခုလိုပြောပေးရတာက ဒီပြောင်းလဲမှုသဘောတရား ရှိတယ်ဆိုတာကို မသိတဲ့သူတွေသိဖို့၊ လက်ခံလာဖို့၊ မသိကျိုးကျွန် ပြုနေသူတွေကို သတိပေးဖို့၊ သိရှိနားလည် သဘောပေါက်ပြီးသူတွေကို ဆက်လက်ကြိုးစားအားပေးချင်လို့လို့ ထင်ကြပါ လိမ့်မယ်။ မဟုတ်ပါဘူး။

သူသိသလို ကိုယ်မသိတာတွေလည်း ရှိနေသလို၊ ကိုယ်သိသလို သူမသိတာတွေလည်း ရှိနေလေ တော့ ကိုယ်သိသလောက်၊ သိနိုင်သလောက်ကိုယ်သိပြီး၊ သူကလည်း သူသိသလောက်၊ သူသိနိုင်သလောက် သူလည်းသိ မှာပါပဲ။ ဒါကလည်း သဘာဝပါ။ အရွယ် ချင်းမတူရင် အသိချင်းမတူဘူးလေ။ အရွယ်မတူတော့ ပတ်ဝန်းကျင်လည်း မတူ ဘူး။ အသိတရားဆိုတာ အသက်အရွယ်နဲ့လည်းဆိုင်တယ်၊ ပတ်ဝန်းကျင်နဲ့လည်းဆိုင်တယ်။ တစ်ခြားအကြောင်းအရာတွေ အများကြီးနဲ့လည်း ဆိုင်ပါတယ်။ ဒီသဘောကိုတော့ မိဘတွေဘက်က အများကြီးနားလည်းစေချင်ပါတယ်။

မိဘတွေဆိုတာ သားသမီးတွေကို ကိုယ့်လိုဖြစ်စေချင်တယ်။ ကိုယ်အဆင်ပြေနေရင်ပေါ့လေ။ ဒါမှမဟုတ် ကိုယ့်ထက်သာ စေချင်တယ်။ ဒါကမိဘတိုင်းရဲ့စေတနာလို့ ပြောရမှာပေါ့။ဒါပေမယ့် တစ်ချို့မိဘတွေက အရွယ်ချင်းမတူ၊ အရွယ်မရောက် သေးတာကိုမေ့ပြီး၊ မွေးကင်းစနီတာရဲလေးကို လမ်းထလျှောက်စေချင်နေတတ်တယ်။လမ်းလျှောက်တတ်ခါစကလေးကို အထုပ်ထမ်းခိုင်းချင်နေကြတယ်။ အရွယ်ကိုထည်ပြီး စဉ်းစားနေမှုတွေ အားနည်းနေသေးလို့ပါပဲ။ မိဘတွေရဲ့အားနည်းချက် တွေကြောင့် မိဘရဲ့စေတနာ၊ မိဘရဲ့မေတ္တာကို နားမလည်တတ်သေးတဲ့ သားသမီးတွေအတွက်ကတော့ မိဘစကားကို လက်မခံနိုင်တဲ့ အဆင့်ကိုရောက်ကုန်တာပေါ့။ မိဘစကား၊ မိဘရဲ့ညွှန်ပြချက်၊ မိဘရဲ့အပြုအမှုတွေကို အရွဲ့တိုက်ချင်တာ တွေ ပေါက်ဖွားလာကြာတော့တာပေါ့။

ဒါတွေကို မိဘတွေကကြိုတင်သိထားရင် အလွဲစေတနာ၊ အချိန်မတန်သေးတဲ့ မေတ္တာမျိုးတွေ မဖြစ်နိုင်တော့သလို၊ အရွဲ့တိုက်တဲ့ သားသမီးဆိုတာမျိုးလည်း ဘယ်တော့မှ မပေါ်ပေါက်လာနိုင်ပါဘူး။ သားသမီးတွေကလည်း ကိုယ့်ရဲ့နား လည်မှုရှိသလောက် အသိဉာဏ်နဲ့ မိဘတွေရဲ့ လွဲနေတဲ့စေတနာကို အချိန်မတန်သေးပေမဲ့ ပေါ်ထွက်လာမြဲဖြစ်တဲ့ မေတ္တာ ဓာတ်တွေကို နားလည်မှုပေးနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။

အသက်( ၂၀ ) အရွယ်ရောက်ခဲ့ရင် မြေမှုန့်တွေထဲမှာ အိုးပုတ်ချိုးရုပ်တွေနဲ့ မကစားတော့တာဟာ အရွယ်ပြောင်းလာလို့ အသိပြောင်းလာတဲ့ နိယာမသဘောတရားပါပဲ။ အသက်(၄၀) (၅၀) အရွယ်ရောက်ရင် အသက်(၂၀) အရွယ်ကလို မပြော တော့တာ မလုပ်တော့တာ၊ မတွေးတော့တာတွေဟာလည်း အရွယ်ပြောင်းလို့ အသိပြောင်းလာတဲ့သဘောတွေပါပဲ။ ဒါပေမယ့် တစ်ချို့ဆိုရင် အသက်(၈၀) သာရှိနေပြီ လူငယ်လေးတွေလိုပဲနေချင်ပြီး၊ ကလေးစိတ်မကုန်သေးတာတွေ့ရတော့ အသိဉာဏ်မရင့်ကျက်သေး၊ မဖွံ့ဖြိုးသေးတဲ့ အားနည်းချက်ကို စိတ်မကောင်းဖြစ်မိတာပေါ့။ ဒါလည်း သူ့အသိနဲ့ သူပေါ့လေ။

တစ်ချို့ဆိုရင် လူအရွယ်ငယ်သေးပေမယ့် အသိဉာဏ်အရွယ်မငယ်တော့ဘဲ ရင့်ကျက်နေတာတွေကို တွေ့တတ်သေး တယ်။ ရှားပါးပစ္စည်းလို့ပဲပြောရမလား။ တန်ဖိုးအလွန်ကြီးမားပါတယ်။ အဲ့ဒိလိုသားသမီးတွေရဲ့ မိဘမျိုးဖြစ်ရတာ ဘယ် လောက်များစိတ်ချမ်းသာလိုက်မလဲ၊ ဆွေမျိုးအသိုင်းအ၀ိုင်းပရိတ်သတ် ဘယ်လောက်များ ၀မ်းသာလိုက်မလဲ။ ဟုတ်တယ် လေ ... အဲ့ဒိရှားပါးပစ္စည်းသဖွယ် သားတွေသမီးတွေ ဖြစ်လာဖို့ကိုလည်း ရွယ်ပြောင်းလဲလိုက်တဲ့ လူအရွယ်ထက် စိတ် ကောင်းပြောင်းလာနိုင်ဖို့၊ အသိဉာဏ်အရွယ်ရင့်သန်စေဖို့၊ စိတ်ပြောင်းရမယ်ဆိုတဲ့အသိကရှိဖို့က အရေးကြီးတာကိုး။ ဒီအ ရွယ်ရောက်မှ ဒီအသိရတယ်ဆိုတာထက်၊ ဒီအရွယ်မရောက်ခင်ကတည်းများ အဲ့ဒိအသိမျိုးတွေ ရှိထားရင် ဘယ်လောက် ကောင်းလိုက်မလဲ။

ဟိုမှာလည်းပြောနေကြတယ်၊ ဒီမှာလည်းပြောနေကြတယ်။ နေရာတိုင်းမှာလိုလို ကြားနေရတယ်။ မိဘအရွယ်တွေ တစ်ဦးနဲ့ တစ်ဦး စမိကြ၊ ဆုံမိကြပြီဆိုရင် သားသမီးတွေရဲ့ စိတ်တိုင်းမကျတဲ့ ပုံစံတွေကို ထုတ်ပြောနေကြတာတွေဟာ အမြဲတမ်းလိုလိုပါပဲ။ ဒီလိုပါပဲ။ သားသမီးအရွယ်တွေ စမိကြ၊ ဆုံမိကြပြီဆိုရင်လည်း မိဘတွေရဲ့ ဆက်ဆံပြုမူထိန်းသိမ်း ကိုယ်တွယ်ပုံတွေကို မနှစ်သက်တဲ့လေသံတွေနဲ့ ပြောနေ ဆိုနေကြတာတွေကို အမြဲလိုလိုနေရာတိုင်းမှာ ကြားနေရတာပါပဲ။ ဒီနေ့၊ ဒီခေတ်၊ ဒီအချိန်၊ မိဘနဲ့ သားသမီးတို့ရဲ့ အတွင်းရေးပြဿနာတွေဟာ ရှေးယခင်ထက် ပိုမိုကြီးထွားလာပါတယ်။ တစ်အိမ်၊ တစ်ရပ်၊ တစ်ရွာတွင်သာမကပါဘူး၊ နေရာတိုင်းမှာ အရှိန်ပြင်းပြင်းနဲ့ ပေါက်ကွဲဖြစ်ပေါ်နေပါတယ်။ လူမျိုးမရွေး၊ ဒေသမရွေး၊ ကမ္ဘာနဲ့ အ၀န်း ကြုံတွေ့နေရတဲ့ မိဘနဲ့ သာသမီးပြဿနာကို ဖြေရှင်းပေးနိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေနေကြပါတယ်။ နည်းလမ်း သစ်တွေကို ရှာဖွေနေကြသလို နည်းလမ်းဟောင်းတွေကိုလည်း ပြန်လည်ပြီး သုံးစွဲကြည့်နေကြပါတယ်။ဒါပေမယ့် မိဘနဲ့ သားသမီး ပြဿနာဟာ အရှိန်သေရပ်တန့်ပြီး ပျောက်ကွယ်မသွား သေးပါဘူး။

အမှန်ကတော့ ဒီမိဘ၊ ဒီသားသမီးတွေရဲ့ ပြဿနာကို ပြဿနာတစ်ရပ်အနေနဲ့ မမြင်ဘဲ မိဘနဲ့ သားသမီးရဲ့ အသက်အရွယ် ကွာခြားမှုကြောင့် ဖြစ်နေရတဲ့သဘောပါလားလို့ အရင်မြင်ထားကြည့်စေချင်ပါတယ်။ လူ့ဘောင်အဖွဲ့အစည်းတစ်ခုလို့ပဲဆိုဆို၊ မိသားစုတစ်ခုလိုပဲပြောပြော၊ စုပေါင်းပြီးနေထိုင်ကြတဲ့ လူ့အသိုင်းအ၀ိုင်း လူ့ပတ် ၀န်းကျင်တစ်ခုလုံးဟာ အမှားနည်းနည်းနဲ့ အမှန်တရားဘက်ကို၊ အဆိုးနည်းနည်းနဲ့ အကောင်းတရားဘက်ကို၊ ရွေ့လျားသွားနေဖို့အတွက် အဓိကတွန်းအားကြီးနှစ်ခု လိုအပ်မယ်လို့ထင်ပါတယ်။အဲ့ဒါကတော့ အတွေးအခေါ်နဲ့ အတွေ့အကြုံပါ။ အတွေးအခေါ်လို့ပြောတဲ့ အသိဉာဏ်ပညာရပ်ပိုင်းဆိုင်ရာလည်း အရေးကြီးတဲ့အချက်တစ်ခုအနေနဲ့ လိုအပ်သလို၊ အတွေ့ အကြုံလို့ဆိုတဲ့ မှားခဲ့ပြီ၊ မှန်ခဲ့ပြီ ကောင်းခဲ့ပြီး၊ ဆိုးခဲ့ပြီးတဲ့အရာတွေကို မှတ်သိနားလည်ထားတဲ့ ဘ၀အရင်းအနှီးသင်ခန်းစာလည်း၊ အထူးပဲအရေးတကြီးလိုအပ်ပါတယ်။ လူတစ်ဦးတစ်ယောက်ရဲ့ အတွေးအခေါ်ပိုင်းဆိုင် ရာ အားကောင်းမြင့်မားမှုနဲ့ အတွေ့အကြုံရင့်ကျက်မှုတို့အပေါ်မှာမူတည်ပြီး၊ လမ်းကောင်းလမ်းမှန်ဘက်မှာ အရှိန်အဟုန်နဲ့တိုးတက်မှုတွေ ဖြစ်ပေါ်လာ နိုင်ပါတယ်။

လူတစ်ဦးတစ်ယောက်နဲ့ အတွေးအခေါ်နဲ့ အတွေ့အကြုံဟာ ထိုက်သင့်တဲ့ အချိုးအစား၊ ညီမျှတဲ့အရည်အချင်းတွေရှိဖို့က အထူးပဲ လိုအပ်လှပါတယ်။ လူတစ်ဦးတစ်ယောက်ရဲ့ အောင်မြင်တိုးတက်မှု လျင်မြန်နှုန်းဟာ အဲ့ဒိအတွေးအခေါ်နဲ့ အချိုး ညီမျှမှုပေါ်မှာ လုံးဝကိုမူတည်ပါတယ်။ ဒီလိုပါပဲ ... မိသားစုတစ်စုရဲ့ အောင်မြင်တိုးတက်မှုလျင်မြန်နှုန်းဟာ အတွေးအခေါ်နဲ့ အတွေ့အကြုံတွေရဲ့ အချိုးကျညီမှုပေါ်မှာ မူတည်နေတာကိုလည်း တွေ့မြင်နိုင်ပါတယ်။ ယေဘုယျအားဖြင့်လို့ပဲပြောရမလား၊ မိဘတွေရဲ့ အရည်အချင်းတစ်ခုက သားသမီးတွေထက် အတွေ့အကြုံရင့်ကျက်မှုက ပိုပြီးအားကောင်းနေတာပါပဲ။ သား သမီးတွေရဲ့ အတွေ့အကြုံကတော့ နုနယ်သေးတာပေါ့။ အတွေးအခေါ် ပိုင်းဆိုင်ရာမှာတော့ ဒီခေတ်ဒီအခါ ဒီအခြေအနေတွေမှာ သားသမီးတွေဟာ ခေတ်နဲ့ရင်ဘောင်တန်းပြီး လျှောက်လှမ်းနေကြတာ လက်တွေ့ပါပဲ။ မျက်တွေ့ အမြင်ပါပဲ။

ဒီခေတ်ဒီအခါဆိုတာကကို သူတို့ခေတ်သူတို့အခါဖြစ်နေတော့ ခေတ်နဲ့လျော်ညီတဲ့ အတွေးအခေါ်က သားသမီးတွေမှာ ပိုပြီးအားကောင်းတာပေါ့။ မိဘနဲ့ သားသမီးတွေအကြားမှာ ပြဿနာဆိုတာ လုံးဝမရှိပါဘူး။ ဒါဖြင့်ရင် ဘယ်လိုဖြစ်နေကြတာလည်းဆိုတော့ မိဘရဲ့ အတွေ့အကြုံနဲ့ သားသမီးရဲ့ အတွေးအခေါ်မညီမျှမှုတွေဟာ ကွာဟချက်ရှိနေတာပါလို့ ပြောရမှာပါ။ မိဘကလည်း သားသမီးအပေါ်ဆက်ဆံရာမှာ မိမိရဲ့အတွေ့အကြုံပေါ်မူတည်ပြီး ပြောဆိုဆက်ဆံလေ့ရှိပါတယ်။ သားသမီးကလည်း ကိုယ့်အမြင်၊ ကိုယ့်အတွေးနဲ့ပဲ မိဘစကားကို တိုင်းတာလေ့ရှိပါတယ်။ ဒါကထုံးစံလို ဖြစ်နေတာပေါ့။ မိဘကလည်း သာသမီးရဲ့အတွေးအမြင်ကို အရေးမထား၊ ဂရုမစိုက်၊ သားသမီးကိုပဲ ကိုယ့်ရဲ့အတွေးအခေါ်၊ ကိုယ့်ရဲ့သတ်မှတ်မှုဘောင်ထဲ အတင်းအမ္မထိုးသွင်းနေကြတော့ သားသမီးတွေဘက်မှာ မိဘကို မလေးစားတဲ့စိတ်တွေ ပေါ်လာတော့ တာပေါ့။

သားသမီးကလည်း မိဘရဲ့ အတွေ့အကြုံ ဘ၀လမ်းကြောင်းကို ခေတ်ဟောင်းကြီးက ဓာတ်ပြားတွေပါဆိုပြီး ကိုယ့်အတွေး၊ ကိုယ့်အထင်နဲ့ မိဘရဲ့အတွေ့အကြုံ ဇာတ်လမ်းဟောင်းတွေကနေ လွတ်ရာကိုသာစဉ်းစာ၊ လွဲရာကိုသာ တွေးခေါ်ပြီး ကိုယ့်လှေကိုယ်ထိုးချင်တဲ့စိတ်တွေ ပေါ်လာတော့တာပေါ့။ အတွေးအခေါ်ကပဲ လူ့ဘောင်အဖွဲ့အစည်းကို ဦးဆောင်နိုင်တယ်ဆိုတဲ့ အထင်နဲ့ သင်ခန်းစာတွေကို နားမလည်လက်မခံခဲ့ရင် တလွဲဆံပင်ကောင်း အတွေးအခေါ်တွေနဲ့ မတွေးဝံ့စရာတွေ ဖြစ်သွားနိုင်ပါတယ်။ အတွေ့အကြုံကပဲ လူ့ဘောင်အဖွဲ့အစည်းကို လမ်းတံတားသဖွယ်နင်းပြီး ဆက်လက်လျှောက်လှမ်းဖို့ ခိုင်ခိုင်မာမာအကူအညီပေးတယ်ဆိုပြီး မနက်နဲတဲ့ အတွေး အခေါ်မပါခဲ့ရင်လည်း လမ်းလျှောက်ရင်း လမ်းပျောက်တတ်ပါတယ်။

ဒါကြောင့် မိဘနဲ့ သားသမီးကြားမှာ ပြဿနာဆိုတာ လုံးဝမရှိပါဘူး။ အတွေးအခေါ်နဲ့ အတွေ့အကြုံကွာဟချက်လေးသာ ရှိပါတယ်။ အတွေးးအခေါ်နဲ့ အတွေ့အကြုံ မှန်ကန်လိုက်လျောညီထွေ သဟဇာတဖြစ်ကြမယ်ဆိုရင် မိဘကသားသမီးကို၊ သားသမီးက မိဘကို၊ လူကြီးက လူငယ်ကို၊ လူငယ်က လူကြီးကို ဆက်ဆံကြရာမှာ ဘယ်လိုအခက်အခဲ အဖုအထစ်တွေမှ မပေါ်လာနိုင်ပဲ အားလုံးအဆင်ပြေနိုင်ပါတယ်။ မိသားစုလူ့ဘောင် အဖွဲ့အစည်းတွေသာမက တစ်ဦးချင်းစီ တစ်ယောက်ချင်းစီအတွက်လည်း ကိုယ့်အတွေ့အကြုံနဲ့ ကိုယ့်အတွေးအခေါ်ကို မျှမျှတတ သင့်တော်စွာ ညွှိစွမ်းနိုင်မယ်ဆိုရင် ဘ၀တစ်လျှောက်လုံးမှာ ဘာပြဿနာ ဘာအခက်အခဲမှ မဖြစ်ပေါ်လာနိုင်ဘူးဆိုတာ လက်ခံလာနိုင်ပါလိမ့်မယ်။

အမြင်လည်းရှင်း၊ စိတ်လည်းရှင်း၊ နှလုံးသွင်းမှန်ပါစေ။

ဓမ္မဒူတ အရှင်ဆေကိန္ဒ