Friday, January 2, 2015

မေတ္တာလေ့ကျင့်ခန်း


မေတ္တာလေ့ကျင့်ခန်း

မေတ္တာဟာ မိမိရဲ့သန္တာန်မှာ ပင်ကိုယ်က ရှိနေပေမယ်.လို. လေ.ကျင်.ပေးမှ အစွမ်းထက်မယ်၊ မလေ့ကျင့်ရင် အစွမ်းမထက်ဘူး။ အဲဒီတော့ မေတ္တာဆိုတဲ့ သဘောတရားကို ဘာနဲ့လေ့ကျင့်ရမလဲ၊ အာရုံနဲ့ပဲ လေ့ကျင့်ရမယ်။ စိတ်တစ်ခုကို ထက်မြက်လာအောင် လေ့ကျင့်ချင်ရင် အာရုံနဲ့ လေ့ကျင့်ရမယ်။ ဓားထက်အောင် ဘာနဲ့လုပ်ရမလဲ၊ ကျောက်နဲ့သွေးရတယ်၊ ကျောက်ပေါ်တင်ပြီး သွေးမှ ဓားထက်တယ်။ ထို.အတူပဲ ဒီ မေတ္တာစိတ်ဓာတ်လေးဟာ ခိုင်မာကြီးထွားလာအောင် ဘာနဲ့လုပ်ရမလဲ၊ အာရုံပေါ်တင်ပြီးတော့ လေ့ကျင့်ရမယ်။

မေတ္တာကို လေ့ကျင့်ခန်းလုပ်တဲ. နည်းတစ်ခု။ သာမာန်ကုသိုလ်ရရုံပို့တဲ့မေတ္တာမျိုး မဟုတ်ဘူး၊ သာမာန်ကုသိုလ်ရရုံ ပို့တဲ့မေတ္တာကတော. “သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု” ဆိုတာပေါ.။ ဘုရား ရှိခိုးရင်လည်း မေတ္တာပို့တာပဲလေ၊ သတ္တ၀ါတွေချမ်းသာကြပါစေ၊ အဲဒီဟာမျိုးကို ပြောတာ မဟုတ်ဘူး။ မေတ္တာလေ့ကျင့်ခန်းဝင်ပြီဆိုတာ meditation အလုပ်ကို လုပ်ရမှာကိုပြောတာ။ meditation ပုံစံနဲ.မေတ္တာကို အာရုံနဲ့လေ့ကျင့်ရမယ်။ အာရုံဆိုတာဘာလဲ၊ မိတ်ဆွေသူငယ်ချင်းစတဲ. သက်ရှိ သတ္တ၀ါနဲ့ လေ့ကျင့်ရမယ်။ သေသွားတဲ့သူနဲ့ လေ့ကျင့်လို့မရဘူး။ ဒီဘ၀မှာ ရှိနေတဲ့ ပုဂ္ဂိုလ်နဲ့ လေ့ကျင့်ရမယ်။

ကောင်းပြီ၊ လေ့ကျင့်မယ်ဆိုလို့ရှိရင် ပုဂ္ဂိုလ်ကို ရွေးချယ်ရလိမ်.မယ်၊ နံပါတ်(၁) အသက်ရှင်ဆဲ ပုဂ္ဂိုလ်၊ သေတဲ့ပုဂ္ဂိုလ်ဆိုပြီး နှစ်ဦးရှိတဲ.အထဲမှာ သေတဲ့ ပုဂ္ဂိုလ်ကိုမရွေးနဲ့ ၊ဘယ်တော့မှ မအောင်မြင်ဘူးတဲ့၊ သေသွားတဲ့ ပုဂ္ဂိုလ်အပေါ်မှာ မေတ္တာမပို့နဲ့။ မေတ္တာကိုလေ့ကျင့်ပြီးတော့ ယူချင်တယ်ဆိုရင် သေတဲ့ပုဂ္ဂိုလ်ကို ဖယ်ထားလိုက်၊ “အသက်ထင်ရှားရှိနေတဲ့ပုဂ္ဂိုလ်”ကို ရွေးပါတဲ့။

အဲဒီလို ရွေးတဲ့အခါမှာလည်းပဲ လူကို ၃ မျိုးလောက်ခွဲလိုက်။ တစ်ဦးက ကိုယ်နဲ့အင်မတန် ခင်မင် ရင်းနှီးတဲ့ပုဂ္ဂိုလ် ဒါက တစ်ဦး၊ နောက်တစ်ဦး ခင်လည်းမခင်ဘူး၊ မုန်းလည်းမမုန်းတဲ့ သာမာန်ပုဂ္ဂိုလ်၊ နောက်တစ်ဦးက မုန်းတဲ့ ကိုယ့်ရန်သူလို့ ၃ မျိုးခွဲလိုက်၊ ပုဂ္ဂိုလ် ၃ စားရှိတယ်။ လူတိုင်း လူတိုင်းဟာ အများအားဖြင့် ဒီလို ၃ စားရှိနေမှာပဲ။ ဒါက ယေဘုယျ အားဖြင်.ပြောတဲ့ စကားပေါ့။

အဲဒီထဲမယ် ဘယ်ပုဂ္ဂိုလ်ကို ရွေးရမလဲ၊ မေတ္တာစပြီးတော့ ပျိုးတော့မယ်ဆိုလို့ရှိရင် ကိုယ်နဲ့ ခင်လည်း မခင်၊ မုန်းလည်းမမုန်းတဲ့ ပုဂ္ဂိုလ်ကို သွားရွေးမယ်ဆိုလို့ရှိရင် မေတ္တာပျိုးဖို့ခက်လိမ့်မယ်။ ဘာဖြစ်လို့ တုန်း သူ့အပေါ်မှာ ခင်မှမခင်တာကိုး၊ သူ့ကို ပထမအနေနဲ့ ရွေးလို.မဖြစ်ဘူး။ ရန်သူကို ရွေးမလား ဆိုတော့ ရန်သူကို သွားရွေးရင် ဒေါသဖြစ်မှာပဲ။ မေတ္တာပျိုးလို့မရဘူး၊ ဒါကြောင့်မို့ ရန်သူကိုလည်း မရွေးနဲ့။ အဲဒီတော့ ပိယပုဂ္ဂလ ဆိုတာ ကိုယ်ခင်မင် ချစ်ခင်တဲ့ပုဂ္ဂိုလ်ကို ရွေးလိုက်ပါတဲ့။

မေတ္တာပို့တော့မယ်ဆိုရင် အဲဒါကစမယ်၊ အဲဒီပုဂ္ဂိုလ်ကိုရွေး၊ ဒီလို ရွေးတဲ့နေရာမှာလည်းပဲ နောက် တစ်ခု သတိထားစရာက လိင်တူကိုပဲ ရွေးရမယ်တဲ့၊ လိင်ကွဲကို သွားမရွေးရဘူး။ ဆိုလိုတာက မေတ္တာပို့မယ့်ပုဂ္ဂိုလ်သည် အမျိုးသားဆိုရင် အမျိုးသားသူငယ်ချင်းထဲကရွေး၊ အမျိုးသမီးဆိုရင် အမျိုးသမီးထဲကရွေး၊ အမျိုးသားက အမျိုးသမီးကို သွားရွေးမယ်၊ အမျိုးသမီးက အမျိုးသားကို သွား ရွေးမယ်၊ လိင်မတူတာကို ရွေးလို.ရှိရင် မေတ္တာဖြစ်မယ့်အစား တဏှာရာဂတွေ ဖြစ်လာတတ်တယ်၊ အန္တရာယ်ရှိတယ်။ ဒါကြောင့်မို့ အဲဒီလို မရွေးရဘူး။ အမျိုးသားဆိုရင် အမျိုးသားထဲက ချစ်ခင်တဲ့ ပုဂ္ဂိုလ်ကိုရွေး၊ အမျိုးသမီးဆိုရင် အမျိုးသမီးထဲက ချစ်ခင်တဲ့ ပုဂ္ဂိုလ်ကိုရွေးတဲ့။ အဲဒီလို ရွေးပြီးတော့ စိတ်ဓာတ်ကို လေ့ကျင့်ပေးရမယ်၊ မေတ္တာစိတ်ကို လေ့ကျင့်ပေးရမယ်။

အဲဒီလို လေ့ကျင့်တော့မယ်ဆိုရင် အစပထမ ဘာလုပ်ဖို့လိုလဲ၊ နှိုင်းယှဉ်မှုဟာ အင်မတန်မှ အရေးကြီးတယ်။ မြန်မာလိုပြောရင် ကိုယ်ချင်းစာတရားဆိုတာ ရှိတယ်။ ကိုယ်ချင်းစာတရား ထားတတ်ဖို့အတွက် ကိုယ်.ကိုယ်ကို အရင်ဆုံးစဉ်းစားပြီး မေတ္တာပို့လိုက်ဦး၊ ကိုယ့်ကိုယ်ကို မေတ္တာပို့တာကတော့ ဘာဝနာအတွက် မဟုတ်ဘူး၊ လွယ်အောင်လို့ ပြင်ဆင်လိုက်တဲ့ သဘောပဲ။

ဆိုပါစို့- မေတ္တာပို့တဲ့အခါမှာ “ချမ်းသာပါစေ” လို့ ပြောချင်တာလား သို့မဟုတ် "ကျန်းမာပါစေ"လို့ ပြောချင်တာလား သို.မဟုတ် "အဆင်ပြေပါစေ" လို့ ပြောချင်တာလား၊ တစ်ခုခုကို ကိုယ်ကြိုက်တဲ့ ဟာနဲ့ ပြောလို.ရတယ်။ "ကျန်းမာပါစေ"လို့ ပြောပြော၊ "ချမ်းသာပါစေ"လို့ပြောပြော၊ "အရာခပ်သိမ်း ဆင်ပြေပါစေ"လို့ ပြောပြော၊" အောင်မြင်ကြီးပွားပါစေ"လို့ ပြောပြော ဘာပဲပြောပြောပေါ့၊ အဲဒီ အတွေးလေးကို ထိုပုဂ္ဂိုလ်အပေါ်မှာ ပျိုးရမယ်တဲ့။

ဆိုပါစို.- ယောကျာ်းဆိုရင် ယောကျာ်းကလေး သူငယ်ချင်း၊ မိန်းကလေးဆိုရင် မိန်းကလေး သူငယ်ချင်းပေါ့။ ရွေးပြီးတဲ့အခါ ကိုယ်တစ်ယောက်တည်းနေတဲ့ အချိန်လေးမှာ ထိုပုဂ္ဂိုလ်ရဲ့မျက်နှာ စိတ်ထဲမှာ ပေါ်လာအောင် ပုံဖော်လိုက်၊ ပုံဖော်လို့ မရဘူးဆိုလို့ရှိရင် ဓာတ်ပုံလေးတစ်ခု ကိုယ့်ရှေ့မှာ ထားပြီးတော့ ပုံဖော်၊ စိတ်ထဲမှာ ပုံဖော်လို့ရရင် စိတ်ထဲမှာ ပုံဖော်လိုက်၊ သူ့ရဲ့ပြုံးရွှင်နေတဲမျက်နှာ၊ ကြည်နူးနေတဲ.မျက်နှာလေးကို ကြည်.ပြီးတော့ အစဉ်ထာဝရ ပြုံးနိုင်ပါစေ၊ ကျန်းမာပါစေ၊ ရွှင်လန်းပါစေ ဆိုပြီး ကိုယ်လိုချင်တဲ့စကားလုံးလေးတစ်ခုနဲ့ အသုံးချပြီးတော့ အဲဒီစိတ်ကလေး ထပ်တလဲလဲ ဖြစ်နေအောင် repeatation လုပ်နေတာလို့ခေါ်တယ်။ ထပ်ထပ် ထပ်ထပ်ပြီးတော့ ဖြစ်နေတာ၊ တစ်ခါတည်းမဟုတ်ဘူး။ ခုခေတ် သီချင်းဆိုတဲ့အခါ repeation ထပ်ကျော့ပြီးတော့ ဆိုတာတာလေ။ အဲဒီတော့ မေတ္တာထပ်ကျော့နေရတယ်၊

ဘယ်နှစ်ပြန်ထပ်ကျော့ရမတုန်းဆိုရင် တစ်နာရီလုပ်ရင် တစ်နာရီလုံး ထပ်ကျော့နေရမယ်။ အဲဒီလို ဓားများသွေးတဲ့အခါမှာ ကျောက်နဲ့ ပွတ်နေသလိုပဲ၊ ဒီချမ်းသာပါစေဆိုတဲ့ စိတ်ကလေးနဲ့ ခုနက ပိယပုဂ္ဂိုလ်နဲ့ ပွတ်ပေးနေရမယ်၊ အဲဒါ လေ့ကျင့်နေတာခေါ်တယ်။ အဲဒီလို ပွတ်ပေးနေလိုက်တဲ့ အခါမှာ ဘယ်လိုအနေအထားထိအောင် ရောက်လာသလဲဆိုရင် ဘယ်နေရာသွားသွား ဒီပုဂ္ဂိုလ်ရဲ့ မျက်နှာပဲ မြင်နေမယ်၊ မျက်စိထဲက ဒီပုဂ္ဂိုလ်မျက်နှာ မထွက်ဘူး၊ အိပ်မယ်-အိပ်မပျော်သေးခင်လည်း သူ.မျက်နှာပဲ မြင်နေတယ်၊ တခြားဟာ သိပ်မမြင်ဘူး။ စိတ်က အဲဒီအပေါ်မှာပဲ ငြိမ်ကျလာတယ်ပေါ့။ အဲဒီလို ငြိမ်ကျလာတဲ့အပေါ်မှာ မေတ္တာစိတ်ကလေးနဲ့ ထပ်ထပ်ပြီးတော့ ပွတ်ပေးနေလို့ရှိရင် နောက်ဆုံးမှာ သမာဓိစွမ်းအားတွေ ကောင်းလာလို့ရှိရင် ဈာန်တောင်ရနိုင်တယ်။

မြန်မာတွေက ဈာန်ဆိုရင် ကောင်းကင်ပျံတာချည်းပဲ အောင်မေ့နေတယ်။ ဒါကောင်းကင်ပျံတာကို ပြောတာ မဟုတ်ဘူး။ ဈာန်ရတယ်ဆိုတာ အဲဒီ အာရုံပေါ်ကို စူးစိုက်ပြီးတော့နေတဲ့ စွမ်းအား သတ္တိလေး ရလာတာကို ပြောတာ။ ပထမ ဈာန်ဆိုတဲ့ စွမ်းရည်သတ္တိ ကိုယ်လိုချင်တဲ့အရှိန်လေး ရလာမယ်၊ ဈာန်ဆိုတာဘာကိုပြောတာလဲဆိုလို့ရှိရင် ခုနက သူငယ်ချင်းရဲ့မျက်နှာပေါ်မှာ စိတ်ကလေး အမြဲရောက်နေအောင် ပို.ပေးနေတဲ့ ၀ိတက်လို့ခေါ်တဲ. သဘောတရား၊ Initial application တဲ့။ စိတ်က ခွာလို့မရလောက်တဲ့ အနေအထားမျိုး ဖြစ်နေတယ်။ Sustained application ခေါ်တဲ့ ၀ိစာရ ။

မေတ္တာဈာန်

ဝိတက် ဆိုတာ အာရုံပေါ် စိတ်ကလေးကို ပို့တင်ပေးနေတာ။ ၀ိစာရ ဆိုတာ အာရုံနဲ့ စိတ်ကလေး ကွာမသွားအောင် လုပ်ဆောင်ပေးနေတဲ့သဘော၊ အဲဒီ အာရုံလေးနဲ့ စိတ်ကျေနပ်နေတာက ပီတိ၊ စိတ်ကျေနပ်နေသလို စိတ်ထဲမှာ ငြိမ်းချမ်းနေတာက သုခ၊ အဲဒီ အာရုံလေးကို စိတ်က ခွာလို့မရတာက ဧကဂ္ဂတာ၊ အဲဒီ ၅ ခုဟာ ဟန်ချက်ညီညီ အလုပ်လုပ်နေပြီ ဆိုလို့ရှိရင် ပထမဈာန်လို့ခေါ်တယ်။ ပထမဈာန် ရပြီပေါ့။ သူငယ်ချင်းရဲ့မျက်နှာပေါ်မှာ အာရုံစိုက်ပြီး အလုပ် လုပ်နေပြီ၊ ချမ်းသာပါစေ၊ ရွှင်လန်းပါစေ ကျန်းမာပါစေဆိုတဲ့ စိတ်ဓာတ်လေး ပွားပြီးတော့ အလုပ်လုပ်နေပြီ၊ အဲဒီလို အလုပ်လုပ်နေလို့ရှိရင် ခုနက အဂါင်္ရပ်တွေ ပြည့်စုံလာရင် ပထမဈာန်ပဲ။

ဒီထက် စွမ်းအားမြှင့်လိုက်တဲ.အခါကျတော့ တွေးနေစရာ မလိုတော့ဘူး၊ ၀ိတက်ဆိုတာ မလိုတော့ ဘဲနဲ့ အာရုံလေးက ခွာလို့မရတာရယ်၊ စိတ်ထဲက ကျေနပ်တာရယ်၊ ချမ်းမြေ့နေတာရယ်၊ တည်ငြိမ် နေတာရယ်၊ ဒီသဘောလေး ၄ မျိုးနဲ့ ဖွဲ့စည်းလိုက်တာကျတော့ ဒုတိယဈာန်အဆင့်လို့ခေါ်တယ်။

နောက်တစ်ခါ ဒီထက် သမာဓိစွမ်းအားတွေ မြှင့်လိုက်အခါကျတော့ အာရုံနဲ့စိတ် တွယ်ကပ်အောင် လုပ်ပေးစရာမလိုတော့ဘဲ ထိုအာရုံလေးပေါ်မှာ ကျေနပ်နေတာရယ်၊ နှစ်သက်နေတာရယ်၊ တည်ငြိမ်နေတာရယ် ဒီအခြေအနေ ၃ ရပ်ကလေးနဲ့ ထိုအာရုံပေါ်မှာ ရပ်တည်နေလို.ရှိရင် တတိယဈာန်လို့ခေါ်တယ်။

မေတ္တာပွားတဲ့ ပုဂ္ဂိုလ်ဟာ အဲဒီလို ဈာန် ၃ ဆင်.ထိအောင် ရနိုင်တယ်။ အဲဒီ ဈာန် ၃ ဆင့် ရသွားမှ စေတောဝိမုတ္တိ လို့ခေါ်တယ်။ စိတ်လေးဟာ ဗျာပါဒက လွတ်သွားပြီ၊ အဲဒီအချိန်မှာ စိတ်က ဒေါသက လုံးဝလွတ်နေတဲ့ စိတ်တဲ့၊ စေတောဝိမုတ္တိ ဆိုတာ ဒီလုံးဝလွတ်မြောက်လာတဲ့ အနေအထားတစ်ခု ရောက်လောက်အောင် လေ့ကျင့်ယူထားတဲ့ မေတ္တာကိုပြောတာ။ သာမန် မေတ္တာကို မေတ္တာလို.ပဲ သုံးတယ်၊ စေတောဝိမုတ္တိဆိုတဲ့ စကားလုံးလေး ထည်းသုံးလိုက်လို့ရှိရင် ထိုမေတ္တာသည် ဈာန် အခြေအနေထိအောင် ရောက်နေတဲ့ မေတ္တာမျိုးလို့ ဒီလိုပြောတာ။

ကောင်းပြီ၊ ပိယပုဂ္ဂလ လို့ခေါ်တဲ့ ကိုယ်ချစ်ရတဲ့ ချစ်ခင်တဲ့ပုဂ္ဂိုလ်နဲ့ လေ့ကျင့်လိုက်လို. အောင်မြင် သွားတဲ့ မေတ္တာလေးကို ဒီအတိုင်းမထားနဲ့ဦး၊ မေတ္တာကို ဖြန့်ကျက်ကြည့်ဦး၊ ထိုမေတ္တာလေးကို transfer လုပ်ရမယ်၊ ဘယ်သူ့အပေါ် transfer လုပ်မလဲဆိုရင် ချစ်လည်းမချစ် မုန်းလည်းမမုန်းတဲ့ ကိုယ်မသိတဲ့ ပုဂ္ဂိုလ်အပေါ်မှာ ပြောင်းကြည့်လိုက်တဲ့။ ပြောင်းကြည့်လိုက်လို့ ရှိရင် ဒီမေတ္တာ သဘောတရားလေးဟာ လျော့ကျမသွားဘူး၊ ကိုယ်ချစ်ခင်တဲ့ ပုဂ္ဂိုလ်ပေါ်မှာ ထားတဲ့ စိတ်အခြေ အနေဟာ မုန်းလည်းမမုန်း ချစ်လည်းမချစ်တဲ့ ပုဂ္ဂိုလ်အပေါ်မှာ သွားထားလိုက်လို အခြေအနေ ပြောင်းလဲသွားတယ်ဆိုလို့ရှိရင် ဒါ ဒုတိယအဆင့်အနေနဲ့ အဆင်ပြေသွားပြီ။

 ပြီး နောက် တစ်ယောက်အပေါ်မှာ ပြောင်းကြည့်။ အဲဒီပုဂ္ဂိုလ်က ကိုယ်နဲ့မတည့်တဲ့ မုန်းတီးတဲ့ ကိုယ်.ရဲ.ရန်သူ၊ ရန်သူဆိုတဲ့ ပုဂ္ဂိုလ်ပေါ်ကို ပြောင်းကြည့်လိုက်၊ ပြောင်းကြည့်လိုက်လို. ဒေါသ ဖြစ်လာလို့ရှိရင် မေတ္တာဟာ မကြံ.ခိုင်သေးဘူး၊ ပြန်ပြီးတော့ မေတ္တာကို လေ့ကျင့်ဦး။ ပြန်လေ့ကျင့်ပြီးတဲ့အခါ တစ်ခါပြန် စမ်းသပ်ကြည့်လိုက်၊ အာရုံပြောင်းပြီးတော့ ကိုယ်နဲ.မတည့်တဲ့ လူအပေါ်မှာ မေတ္တာထားကြည့်၊ ထားလို့ရသွားပြီဆိုလို့ရှိရင်တော့ ဒီမေတ္တာဟာ တော်တော်ခိုင်မာ သွားပြီလို.ပြောရမယ်။

အဲဒီလိုလုပ်ပြီးတော့ တစ်လောကလုံးမှာရှိတဲ့ သတ္တ၀ါတွေပေါ်မှာ မေတ္တာထားနိုင်အောင် ကြိုးစား။ နောက်ဆုံးမှာ လူ ၄ ယောက်၊ နံပါတ်တစ်က မိမိကိုယ်တိုင်၊ နံပါတ်နှစ်က ကိုယ်ချစ်ခင်တဲ့ပုဂ္ဂိုလ်၊ နံပါတ်သုံးက ချစ်လည်းမချစ် မုန်းလည်းမမုန်းတဲ့ သာမန် ပုဂ္ဂိုလ်၊ နံပါတ်လေးက ရန်သူ၊ ထိုပုဂ္ဂိုလ် လေးယောက်သည် အပိုင်းအခြားတွေ။ လူဆိုတာ ကိုယ်.ကိုယ်ကို ပိုချစ်တတ်တယ်၊ အဲဒီ ၄ ယောက်ကို ရန်သူလို့လည်း မမြင်တော့ဘူး၊ ကိုယ့်ကိုယ်လို့လည်း မမြင်တော့ဘူး၊ ကိုယ့်မိတ်ဆွေ လို့လည်း မမြင်တော့ဘူး၊ ကိုယ်နဲ့မသိတဲ့ ပုဂ္ဂိုလ်လို့လည်း မမြင်တော့ဘူး၊ ကိုယ့်ရန်သူလို့လည်း မမြင်တော့ဘူး၊ အားလုံး ဒီ ၄ ယောက်စလုံးဟာ တစ်မျိုးတည်း တစ်ခုတည်းလို့မြင်သွားပြီဆိုရင် ဒီလူရဲ့ မေတ္တာဟာ အစွမ်းထက်ဆုံးအဆင့် ရောက်သွားပြီ။

အဲဒါကို ဥပမာလေးတစ်ခုပေးထားတယ်၊ ဒီ ပုဂ္ဂိုလ် ၄ ယောက်ကို - ဆိုပါစို့-
ရှေးတုန်းက လူကို သတ်ပြီးတော့ ယဇ်ပူဇော်တဲ့ အလေ့အထရှိတယ်၊ တောထဲမှာနေတဲ့ ရဟန်းတွေ ဒီလိုပဲ ယဇ် ပူဇော်တာခံလိုက်ရတာမျိုးတွေရှိတယ်။ အဲဒီမှာ လာပြီးတော့ တောင်းမယ်၊ ယဇ် ပူဇော်ဖို့ အတွက် တစ်ယောက်လိုက်ခဲ့ပါပေါ့၊ တစ်ယောက်လိုက်ခဲ့ပါဆိုလို့ရှိရင် အတူနေတာက မိမိကိုယ်တိုင် ရယ်၊ ကိုယ့်မိတ်ဆွေရယ်၊ သာမန် ပုဂ္ဂိုလ်တစ်ယောက်ရယ်၊ ကိုယ့်ရဲ့ရန်သူရယ် လေးယောက် ရှိတယ်။ အဲဒီ ၄ ယောက်ထဲက ဘယ်သူ့ပေးမလဲ၊ ဘုန်းကြီးတို့ စဉ်းစားကြည့်ကြ၊ တစ်ယောက် ယောက်တော့ လိုက်ရမယ်၊ ကိုယ်စိတ်ထဲက ဘယ်သူ.ပေးမလဲ၊ သြော် သူတို့ ၃ ယောက်တော့ နေရစ်ပါစေ၊ ငါပဲ အနစ်နာခံလိုက်ပါ့မယ်ဆိုရင် ကိုယ့်ကိုယ့်ကိုအပေါ်မှာ မေတ္တာပျက်ရာရောက်တယ်၊ သူ့မေတ္တာက မဟုတ်သေးဘူး၊ မမျှတဘူးလို့ ပြောရမယ်။

အဲဒီလို မဟုတ်ဘဲနဲ့ ငါနဲ့ မတည့်တဲ့ကောင်လိုက်သွား ဆိုလို့ရှိရင် ရန်သူပေါ်မှာ အမုန်းစိတ် မပျောက်သေးတာပဲ။ အဲဒီ ၄ ယောက်စလုံးကို တစ်ယောက်မပေးနိုင်ဘူး၊ အားလုံးဟာ အတူတူပဲ ဖြစ်နေတယ်၊ ဘယ်သူ့ကိုမှ ရွေးလို့မရတော့ဘူး ဆိုရင် အဲဒီမေတ္တာဟာ ကန့်သတ်ချက်တွေကို ကျော်ဖြတ်သွားတဲ့ အင်မတန်ခိုင်မာတဲ့ မေတ္တာတရား ဖြစ်သွားပြီတဲ့ -ဒီလိုဆိုလိုတာ။

အဲဒီလို လေ့ကျင့်ပြီးတဲ့အခါမှာ တစ်လောကလုံးမှာရှိတဲ့ သတ္တ၀ါတွေအပေါ်မှာ မေတ္တာတရားကို ဖြန့်ကျက်ပြီး နေမယ်ဆိုလို့ရှိရင် ဒေါသဆိုတာ လုံးဝလာလို.မရတော့ဘူး။ နောက်ဆုံးမှာ ထိုမေတ္တာကို အခြေခံပြီးတဲ့အခါမှာ ဘာလုပ်ရမလဲ၊ ထိုမေတ္တာစိတ်ဓာတ်မှာပါတဲ့ သဘာဝ တရား တွေကို ရှုမှတ်ဆင်ခြင်ပြီး ၀ိပဿနာတရား ပွားများအားထုတ်ရတယ်။ မေတ္တာနဲ့ယှဉ်ပြီး ဖြစ်ပေါ်လာတဲ့ စိတ်အခြေအနေတွေက နာမ်တရား၊ ထိုမေတ္တာရဲ.တည်ရာနှလုံးသားက ရုပ်တရား၊ ရုပ်နဲ့ နာမ်နဲ့ ဒီနှစ်မျိုးရှိတယ်ဆိုတာကို သဘောပေါက်လာလို့ရှိရင် ဒါဝိပဿနာလမ်းကြောင်းထဲ စ၀င်လာတာပဲ။ ဒါ သမထကနေ ၀ိပဿနာပြောင်းတယ်လို့ခေါ်တယ်။

မေတ္တာစိတ်ဓာတ်ကို ရှုတာဟာ နာမ်တရားကို ရှုတာ၊ ထိုမေတ္တာစိတ်ဓာတ်ရဲ့ တည်ရာမှီရာ နှလုံးသား ရုပ်တရားကို ရှုတာဟာ ရုပ်ကိုရှုတာ၊ ဒီလို ရုပ်နဲ့နာမ်နဲ့ ကွဲသွားပြီးဆိုလို့ရှိရင် နာမရူပ ပရိစ္ဆေဒဥာဏ်။

အဲဒီရုပ်နာမ်နှစ်ခု ခွဲခြားသိပြီးတဲ့အခါမှာ ဒီရုပ်ဒီနာမ်တွေဟာ ဘာကြောင့်ဖြစ်တာတုန်းလို့ အကြောင်း တရားကို လေ့လာသုံးသပ်နိုင်တဲ့ အသိဥာဏ်တစ်မျိုးထပ်ဆင့် ရလာပြီဆိုလို့ရှိရင် ပစ္စယ ပရိဂ္ဂဟဥာဏ်။


အဲဒီဥာဏ်နှစ်မျိုးကို အခြေခံပြီး ဒီရုပ်နာမ်ဓမ္မသခါင်္ရတွေနဲ့ ဆက်ပြီးတော့ အလုပ်လုပ်တဲ့အခါမှာ မမြဲတဲ.သဘောတွေ တွေ့လာတယ်၊ ဖြစ်ပြီးပျက်သွားတဲ့ သဘောတွေ တွေ.တယ်၊ ဖြစ်ပျက်မှုတွေက အမြဲတမ်းနှိပ်စက်နေတဲ့ ဒုက္ခသဘောတွေ တွေ့လာတယ်၊ မဖြစ်ရအောင် မပျက်ရအောင် ကိုယ့်မှာ စွမ်းအင်သတ္တိတွေမရှိဘူးဆိုတာ သိလာတယ်၊ ကိုယ့်ဆန္ဒအတိုင်းမဖြစ်ဘူးဆိုတာ သိလာတယ်၊ အနတ္တသဘောတွေ ပေါ်လာတယ်။

ဒီလို မေတ္တာနဲ့ပက်သက်ပြီးတော့ ရုပ်တရား နာမ်တရားတွေအပေါ်မှာ အနိစ္စလို့လည်း ရှုနိုင်လာတယ်၊ ဒုက္ခလို့လည်း ရှုနိုင်လာတယ်၊ အနတ္တလို့လည်း ရှုနိုင်လာတယ်၊ ဒီလို ရှုလာ နိုင်တာက သမ္မသနဥာဏ် လို့ခေါ်တယ်။

အဲဒီကနေ ဆက်လက်ပြီး ဖြစ်တာပျက်တာလေးတွေကိုပဲ အာရုံစိုက်မိလာတဲ့အခါ ဥဒယဗ္ဗယဥာဏ်၊ ထိုဥဒယဗ္ဗယဥာဏ် ရင့်သန်လာတဲ့အခါ ဖြစ်တယ်ဆိုတာကို အာရုံမပြုတော့ဘူး၊ ပျက်နေတာတွေက မြန်လွန်းအားကြီးသည့် အတွက်ကြောင့် အပျက်အပျက် အပျက်ပဲ မြင်နေတာကို ဘင်္ဂဥာဏ်လို့ ခေါ်တယ်။ အဲဒီလို ပျက်တာချည်းပဲ မြင်နေသည့် အတွက်ကြောင့် ဥာဏ်ထဲမှာ ဘာပေါ်လာလဲ ဆိုတော့ ပျက်နေတာဟာ ကြောင်စရာကြီးပါလားလို့ တွေးလာတယ်၊ အဲဒါ ဘယဥာဏ်လို့ခေါ်တယ်။

ကြောက်စရာလို့ မြင်လာတဲ့အခါ ဖြစ်ပျက်မှုတွေက နှိပ်စက်လို့ စိတ်ပျက်စရာ၊ ငြီးငွေ့စရာ ချည်းပါလားဆိုပြီး အပြစ်တွေကို မြင်လာတယ်၊ ပျက်နေတဲ့အရာကြီးဟာ တွယ်တာစရာ မကောင်းဘူးလို့ အပြစ်တွေကို မြင်လာတယ်။ ဒါက အာဒီန၀ဥာဏ်။

အပြစ်တွေ မြင်လာတဲ့အခါ မလိုချင်တော့ဘူး၊ ငြီးငွေ့လာတယ်၊ စွန်.လွှတ်ချင်လာတယ်- နိဗ္ဗိဒဥာဏ်၊ ငြီးငွေ့လာတဲ့အခါ လွတ်ချင်လာတယ်၊ ဒါတွေက လွတ်ချင်လာတယ်၊ မုစ္စိတုကမျတာဥာဏ်၊ လွတ်ဖို့ရာအတွက် လွတ်ရာလွတ်ကြောင်းကို ပြန်ဆင်ခြင်စဉ်းစားတာ ပဋိသခါင်္ဥာဏ်၊ ပြန်လည် စဉ်းစားရင်းက သခါင်္ရတရားတွေရဲ့ သဘာဝပေါ်မှာ နေသားတကျဖြစ်သွားပြီး စိတ်လှုပ်ရှားမှုတွေ နည်းသွားပြီး တည်ငြိမ်မှုတွေ ရလာပြီး အသိဥာဏ်တွေ လွှမ်းမိုးလာပြီဆိုရင် သခါင်္ရုပေက္ခာဥာဏ်လို့ ခေါ်တယ်။

အဲဒီ သခါင်္ရုပေက္ခာဥာဏ် ရင့်သန်သွားပြီ ဆိုလို့ရှိရင် ဗျာပါဒ ဆိုတဲ့ သဘာဝတရားကို အဆင့်ဆင့်ပယ်ရှားသွားနိုင်တဲ့ သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိမဂ် ဆိုတာလည်းပေါ်လိုက်ရော ဒေါသ ဗျာပါဒ ဆိုတာ ဘယ်တော.မှ ပြန်မလာတဲ့လမ်း ရောက်သွားတယ်။

မေတ္တာပွားလို့ရှိရင် အမုန်းတရားဟာ ပြန်ထလာနိုင်သေးတယ်။ အခုခေတ် ရောဂါစစ်သလို စစ်ကြည့် လို့ရှိရင် positive ဖြစ်နေဦးမယ်။ နှလုံးသားထဲမှာ အမုန်းရှိသေးသလားလို့ ဆေးစစ်သလို စစ်ကြည့် ရင် positive တွေ့လိမ့်မယ်။ အနာဂါမိမဂ် ရသွားတာနဲ့ တပြိုင်နက် Negative ဖြစ်သွားပြီ၊ လုံးဝ မရှိတော့ဘူး၊ အဲဒါကျတော့ ဒေါသဆိုတဲ့ စိတ်ရဲ့လှုပ်ရှားမှု၊ စိတ်ရဲ့ပူပန်စေတတ်တဲ့ သဘာဝတရားရဲ့ လုံးဝထွက်ပေါက်ပဲ။ မေတ္တာတရားကို အခြေခံတဲ့ အနာဂါမိမဂ်ဥာဏ်၊ အနာဂါမိဖိုလ်ဥာဏ်ဟာ ဒေါသရဲ့ လုံးဝထွက်ပေါက်ဖြစ်ပါတယ်။ ဒေါသဆိုတာ လာချင်လို့တောင် မလာတော့ဘူး၊ ဒေါသ ဆိုတဲ့ သဘာဝတရားဟာ မိမိသန္တာန်မှာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တော့ဘူး။ အစဉ်ထာဝရ ငြိမ်းချမ်းတဲ့ အခြေအနေတစ်ခုကို ရရှိသွားနိုင်တယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားက ဟောတယ်။ “ယဒိဒံ မေတ္တာ စေတောဝိမုတ္တိ - စိတ်ရဲ့ လွတ်မြောက်မှုလို့ဆိုတဲ့ ဒီမေတ္တာတရားဟာ ၊ ဗျာပါဒ ဆိုတဲ့ စိတ်ထဲမှာ အလိုမကျနေတဲ့ ဒေါသရဲ့ ထွက်ပေါက်ပါပဲ တဲ့။ ဒီနည်းနဲ့သာလျှင် စစ်မှန်တဲ့ ထွက်ပေါက်ကို ရနိုင်တယ်။

ပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ
(စိတ်၏ထွက်ပေါက်များ တရားတော်မှ ကောက်နုတ်ပူဇော်ပါသည်)

မေတ္တာဖြင့် -
အနှိုင်းမဲ့ စာတိုပေစများ