Thursday, January 22, 2015

ကုသိုလ်နဲ့အရက်…


ကုသိုလ်နဲ့အရက်…

“အရက်အရက်”နဲ့ လူအတော်များများဟာ အရက်ရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်နေကြပါ တော့တယ်။ ဆိုးတာက ဘာသာရေးအရ တားမြစ်ထားတဲ့ ဒီအရက်ဟာ ခုနောက်ပိုင်း ဘာသာရေး ပွဲတွေမှာတောင် နေရာယူလာနေတာကို ကြားသိနေရပြန်ပါတယ်။ ဒါဟာ တကယ့်ကို စိတ်မကောင်း စရာပါပဲ။ တောတွေမှာရော မြို့တွေမှာပါ ကုသိုလ်ပွဲနဲ့ အရက်တွေက ကင်းမရအောင်ကို ဖြစ်လာ နေတာဟာ ဘာသာသာသနာ ဆုတ်ယုတ်ဖို့အတွက် အားပေးနေသလို ဖြစ်နေပါတယ်။

အရင်တုန်းက တောရွာတွေမှာ ကုသိုလ်ပွဲလုပ်၊ အလှူပွဲတွေ လုပ်ကြမယ်ဆိုရင် ရွာမှာ ဖွဲ့စည်းထား တဲ့ လူငယ်အဖွဲ့တွေကို ဆေးပေါ့လိပ်လေးတွေ၊ စီးကရက်လေးတွေကို ကမ်းပြီး ဖိတ်လိုက်ရင် အားလုံးတက်ညီလက်ညီ လာရောက် လုပ်အားပေးလေ့ ရှိပါတယ်။ ခုနောက်ပိုင်း ရွာကလူကြီးတွေ အပြောအရ ဘာပွဲလေးပဲ လုပ်လုပ် လူငယ်တွေ အကူအညီလိုလို့ ဖိတ်မယ်ဆိုရင် ဆေးလိပ် လောက်နဲ့ မရတော့ဘဲ အရက်ဝိုင်း၊ ထန်းရည်ဝိုင်းလေးတွေနဲ့ ဧည့်ခံပေးမှကို လာရောက်ပြီး ၀ိုင်းဝန်းလုပ်အားပေးကြတယ်လို့ ဆိုပါတယ်။

ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို ရွာတွေအတော်များများမှာ ဒီလိုအရက်နဲ့ဖိတ်မှ လုပ်အား လာပေးတာတွေ ဖြစ်လာတော့ လူကြီးတွေ၊ အလူရှင်တွေ ကိုယ်တိုင်က အရက်ကို ပုန်းလိုက် တည်ပြီး အလှူပွဲတွေမှာ ဧည့်ခံ ပေးရတယ်ဆိုတာ ကြားသိရပြန်ပါတယ်။ လွဲနေတာကတော့ အတော့်ကို လွဲနေကြတော့တာ ဖြစ်ပါတယ်။ ကုသိုလ် လုပ်ပါတယ်ဆိုမှ အရက်ကလေး တမြမြနဲ့ဆိုတော့ ဘယ်မှာလာပြီး အပြစ်ကင်းတဲ့ ကုသိုလ်ဖြစ်နိုင်မှာလဲ ပေါ့။ ဒီကြားထဲ လူပျို ကာလာသား တွေက အရက်ကလေး ၀င်လာတော့ သွေးလေးတွေကြွလာပြီး အလှူပွဲ လုပ်အားပေးလာကြတဲ့ အပျိုလေးတွေ၊ အပျိုကြီးတွေကို စကြနောက်ကြတာ တွေတွေလည်း ရှိလာပြန်တယ်လို့ ဆိုပါတယ်။

အလှူရှင်တွေမှာ အလှူအတွက်ပူရ၊ အရက်သမားတွေအတွက် ပူရနဲ့ ကုသိုလ်ပွဲ၊ အလှူပွဲကို ဖြောင့်ဖြောင့်တန်းတန်း စိတ်ကြည်လက်ကြည် မလုပ်နိုင်ဘူး ဖြစ်နေကြတဲ့အပြင် တစ်ခါတစ်လေ တစ်ချို့သူတွေရဲ့ လုပ်ရပ်တွေကြောင့် "ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ" ဖြစ်ကြရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ကုသိုလ်နဲ့အရက်ကတော့ ပြည်တွင်းမှာတင် မဟုတ်၊ ပြည်ပမှာလည်း တွဲရက်ကို ပါနေတော့တာ ဖြစ်ပါတယ်။ လွတ်လပ်လှတဲ့ ပြည်ပနိုင်ငံမှာ ရောက်နေတဲ့ မြန်မာဗုဒ္ဓဘာသာ အချို့ရဲ့ ကုသိုလ်ပွဲတွေမှာ အရက်ပါမှကို ကုသိုလ်ပွဲတစ်ခု အောင်အောင်မြင်မြင် ပြီးနိုင်သလို ဖြစ်နေပါတယ်။ တစ်ချို့ အလှူပွဲ လုပ်တဲ့သူငယ်ချင်းတွေဟာ ချက်ရေးပြုတ်ရေးတွေမှာ တခြားချက်တတ် ပြုတ်တတ်တဲ့ သူငယ်ချင်းတွေကို အကူအညီ တောင်းတဲ့အခါ အရက်ကလေးနဲ့ တည်ခင်းဧည့်ခံ ပေးရတာတွေ ရှိကြသလို ကုသိုလ်ပွဲ အကြိုမှာလည်း အကြိုအနေနဲ့ အဝေးက လာကြတဲ့ သူငယ်ချင်းတွေကို အရက်နဲ့ ဧည့်ခံပေးရ၊ အလှူပွဲပြီးတော့လည်း အလှူအောင်ပွဲအဖြစ် အရက်လေးနဲ့ အောင်ပွဲခံနိုင်အောင် လုပ်ပေးရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဘယ်လောက်တောင်လဲဆိုရင် ကုသိုလ်လုပ်ဖို့ တိုင်ပင်ကြတာတောင် အရက်ဆိုင်မှာ အရက်နဲ့ တည်ခင်းဧည့်ခံပြီး တိုင်ပင်ကြတယ်တဲ့လေ။ တစ်ချို့ဆိုရင် ဘုန်းကြီးကျောင်းမှာ အရက် မသောက် ရလို့ စာရေးထားတဲ့အတွက် ကျောင်းမှာရှိတဲ့ အခိုက်လေးမှာတောင် မသောက်ဘဲ မနေနိုင်လို့ ကျောင်းအပြင်မှာ ထမင်းစားခါနီး တစ်ကြိုက်လောက် သွားမော့ကြတာလေးတွေ ရှိတယ်တဲ့။ ဘယ်လိုလုပ်ကြမလဲပေါ့။ အရက်က နေရာတကာမှာ လွှမ်းမိုးလာပြီး ကုသိုလ်ပွဲ၊ အလှူပွဲတွေအထိ စိုးမိုးလာနေတော့တာဆိုတော့ လုပ်မှာက ကုသိုလ်အလုပ် ပံ့ပိုးနေတာက အကုသိုလ် အရှုပ်နဲ့ ကုသိုလ်လုပ်ပေမယ့် လုပ်သလောက် အကျိုးမဖြစ်ဘဲ ကုသိုလ်တစ်ဝက် အကုသိုလ်တစ်ဝက်လို ဖြစ်နေပြန်ပါတယ်။

ဒီလို ကုသိုလ်နဲ့အရက်ကို လွဲလွဲနဲ့ တွဲနေကြပေမယ့် လွဲလို့လွဲမှန်း မသိဖြစ်နေကြတဲ့ ဗုဒ္ဓဘာသာ ၀င်တွေ အနေနဲ့ ဒီအလွဲကို အချိန်မီပြင်နိုင်အောင်တော့ ကြိုးစားဖို့ လိုပါတယ်။ ဆွမ်းဆန်ထဲ ကြွက်ချေးရော ဆိုသလို မဖြစ်ရအောင် ကုသိုလ်ပွဲတွေ လုပ်တဲ့အခါမှာ ကုသိုလ်သက်သက်နဲ့ စိတ်သန့်လူသန့် အလှူသန့်အောင် လုပ်သင့်ပါတယ်။ အရက်ကို ကြိုက်တတ်လို့ သောက်ကြတယ် ဆိုရင်လည်း ကုသိုလ်လုပ်တဲ့ အချိန်လောက်တော့ ရှောင်ကြဉ်သင့်ပါတယ်။ တစ်နေ့၊ တစ်ရက်၊ တစ်မနက်လောက် အရက်မသောက်လို့တော့ မသေနိုင်လောက်ပါဘူး။ သေတော့ရော ဘာဖြစ်သေးလဲ ကုသိုလ်လုပ်ရင်း သေသွားမှာဆိုတော့ ကောင်းရာဘုံတောင် ရောက်နိုင်သေး တာပေါ့။ ဒါက ဘုန်းဘုန်းအတွေးနဲ့ စေတနာစကားပါ။

ရှိစေတော့။ ပြောချင်တာက လွဲနေတတ်တဲ့ အလွဲတွေထဲမှာ ကုသိုလ်နဲ့အရက်ကို တွဲပြီး လုပ်နေကြတဲ့ အလွဲအကြောင်းကို ပြောချင်တာပါ။ ကုသိုလ်ပွဲလုပ်တာ အရက်နဲ့ ဧည့်ခံရတယ်၊ အရက်နဲ့ ကြိုဆိုရတယ် ဆိုတာတော့ အတော့်ကိုလွဲနေတဲ့ လုပ်ရပ်တစ်ခုဆိုတာ သိစေချင်တာပါ။ သူ့နေရာ၊ သူ့ကဏ္ဍနဲ့သူ တစ်ကန့်စီထားနိုင်ရင် ကုသိုလ်လုပ်တဲ့အခါမှာလည်း အကျိုးအပြည့်အ၀ ဖြစ်စေနိုင်တဲ့အတွက် ကုသိုလ်လုပ်တဲ့ အချိန်လေးတွေမှာတော့ အရက်ကိုရှောင်ကြည်ကြဖို့ သတိပေးလိုတာ ဖြစ်ပါတယ်။


မြန်မာဗုဒ္ဓဘာသာတွေဟာ ကုသိုလ်ပွဲတွေကို အကြီးအကျယ် လုပ်တတ်ကြပေမယ့် လုပ်သလောက် အကျိုးမရ ဖြစ်တတ်တဲ့ အကြောင်းတွေထဲမှာ ဒီလို ကုသိုလ်နဲ့ အကုသိုလ်ရောနေတဲ့ အချက်တွေလည်း ပါဝင်နိုင်တယ်လို့ ဆိုရမလို ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ကုသိုလ်လုပ်တဲ့ပွဲမှာ အရက်နဲ့တွဲနေတာဟာ လွဲနေတဲ့အချက်ပဲ ဖြစ်တဲ့အတွက် ကုသိုလ်နဲ့အရက်ကို တစ်ကန့်စီ ထားနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။

ဒါကြောင့် မြန်မာဗုဒ္ဓဘာသာတွေရဲ့ လွဲနေတတ်တဲ့ အလွဲတွေထဲမှာ ကုသိုလ်နဲ့အရက် တွဲနေတဲ့ အလွဲဟာလည်း တစ်ခုအပါအ၀င် ဖြစ်လာနေတဲ့အတွက် ဒီအလွဲကို သတိပြုပြီး ကုသိုလ် လုပ်တဲ့အခါမှာ ကုသိုလ်သက်သက်နဲ့ သန့်သန့်ရှင်းရှင်း၊ ကြည်ကြည်လင်လင်ဖြစ်ကာ အကျိုးတရား အပြည့်ရစေဖို့အတွက် ကုသိုလ်ပွဲလုပ်တိုင်း တွဲပါနေတတ်တဲ့ အရက်ကို အမြဲခွါနိုင်အောင် ကြိုးစားရင်း ကုသိုလ်နဲ့အရက် မတွဲဖက်မိကြဖို့ လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အသိပေး တင်ပြလိုက်ရပါတယ်။

အလွဲသိမှ မလွဲမိမှာဖြစ်လို့ သိသင့်တဲ့ အလွဲတစ်ခုအဖြစ် ကုသိုလ်နဲ့အရက်အကြောင်း တစ်စေ့ တစ်စောင်း မီးမောင်းထိုးပြလိုက်ရပါတယ်။

မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)