Tuesday, April 30, 2013

မြင်ရတဲ့ စိတ်

 
 မြင်ရတဲ့ စိတ်
 
“စိတ်ကိုမြင်လို့ရလား ဘုန်းဘုန်း”
“ဟေ”
မျက်မှောင်ကုတ်စရာမလို၊ စဉ်းစားဖွယ်မရှိ၊ အဖြေကို “မရဘူးကွ”လို့ ဒက်ကနဲ ပေးလိုက်နိုင်သား၊ သို့သော် .. အဲဒီ သူကောင်းသား မျိုးကောင်း ရိုးကောင်း (အဲ … ကျုပ်ညီက မွေးတဲ့သူမို့) လေးက တခြားသူတွေလို ရတဲ့အဖြေကိုယူပြီး လှည့်သွားမည့်သူ မဟုတ်၊ (What) “ဝှတ်တွေ” (Why) “ဝှိုင်းတွေ” (How) “ဟောင်းတွေ” ဆင့်လာတော့မှာ ..
 
အဲဒါကြောင့် သူ့မေးခွန်းကို ဖြေဖို့ မျက်မှောင် ကုတ်ရ၊ စဉ်းလည်းစဉ်းစားရ၊ ဒက်ကနဲလည်း မဖြေနိုင်၊ ကိစ္စတော့ မရှိပါဘူးလေ၊ ဒီသူငယ်တွေ သူငယ်မတွေ ဒီလိုမေးတတ်၊ မြန်းတတ်၊ စောဒကတက်တတ်အောင် မနည်းကြီးပျိုးထောင်ခဲ့ရ တာကလား၊ အဲ .. နည်းနည်းတော့ အားစိုက်ရတာပ၊ ဒီလိုလေ ..
ခုလို နွေရာသီရောက်ပလားဆို သူတို့တတွေ ရောက်လာကြတော့တာပဲ၊ ညီတွေ ညီမတွေနဲ့ သူတို့ အိမ်နားနီးချင်း တွေက သူတို့ကလေးတွေကို ကျောင်းပို့ ကြတော့တာပဲ၊ လိမ္မာရေးခြားရှိအောင်၊ ဘာသာရေးနဲ့ ကျွမ်းဝင်အောင်တဲ့။
 
“ကိုယ့်ထမင်းကိုယ်စားပြီး၊ ကြီးဒေါ် နွားလေးတွေ ကျောင်းရတယ်” လို့ သဘောမထားနိုင်ပေါင်ဗျာ၊ ဒီဝန်လေးမှ မယူနိုင်ရင် ဘာလို့ ဂါမဝါသီ လုပ်နေမတုန်း၊ အဲဒီလို နှလုံးသားနဲ့လက်ခံခဲ့တာ၊ ဟူး … တစ်ခါတစ်ခါတော့ ခေါင်းကိုက်ရသား။
ခုလည်းကြည့်လေ၊ စိတ်ကိုကြည့်လို့ရလားတဲ့၊ ကောင်းမြတ်ထွန်းဆိုတဲ့ ချာတိတ်က မေးလိုက်တာ၊ ကျန်တဲ့ သူငယ်တွေ သူငယ်မတွေကလည်း အဖြေကို သိချင်နေကြပုံပဲ။
“သုဒုဒ္ဒသံ သုဏိပုနံ” လို့ ဓမ္မပဒမှာ လာတာပဲ၊ “မြင်လို့မရဘူးကွ” လို့ ဖြေလိုက်မယ်လုပ်ပြီးမှ၊ အင်း …  ဒါက သူတို့ ကြီးလာရင် သိသွားမည့်ကိစ္စပါ၊ ဒီအရွယ်မှာတော့ …
 
“မြင်လို့ရတယ်ကွဲ့”
“ဟုတ်လို့လား”
“ဟုတ်ပဲနဲ့ ..”
အဲဒါက ရှစ်တန်းရောက် တူမနဲ့ တူရဲ့အသံ။ သူတို့ကို အသာထားပြီး ..
“ကြည့်တတ်ရင် မြင်တယ်ကွဲ့”
“ဟုတ်လား၊ ဘယ်လိုကြည့်ရမှာလဲ”
သူတို့ကို မဖြေအားသေးဘဲ …
“ကဲ … ကလေးတို့ကို စိတ်ကိုမြင်အောင် ကြည့်တဲ့နည်း သင်ပေးမယ်။ ယူကြမလား” ကျန်တဲ့ ကလေးတွေပါ လှမ်းစည်းရုံးလိုက်ရသေးတယ်၊ နို့မဟုတ်ရင် ကိုယ့်ကိုအားနာမှာ မဟုတ်ဘူး။ သူတို့ စိတ်မဝင်စားလို့ကတော့ ကဲနေ၊ ဆော့နေ၊ စကားတွေများနေကြမှာ၊ ဒါတောင် အဖြေတွေက
“ယူပါမယ် … ”
“ယူပါမယ် … ”
“ယူချင်ဘူး”
တစ်ယောက်တစ်ပေါက်၊ မယူချင်တဲ့သူတောင် ပါလိုက်သေး၊ သူ့ကိုလှမ်းကြည့်လိုက်တော့ ဂျစ်တူးမ တူမလေးလေ၊ ခုမှ တတိယတန်း။ သူ့ကို အသာ မသိကျိုးကျွန် လုပ်လိုက်ပြီး …
 
“ကဲ နားထောင်ကြတော့ … ဟိုတစ်ခါတုန်းက ကုန်သည်နှစ်ယောက်ရှိကြပါသတဲ့၊ သားရေကုန်သည်နဲ့ စပါးကုန်သည်တို့ပေါ့ကွယ်၊ သားရေကုန်သည်ဆိုတာ နွားသားရေ၊ ကျွဲသားရေ၊ ဆိတ်သားရေတွေကို ဝယ်ယူရောင်းချသူ ဖြစ်ပြီး စပါးကုန်သည်ကတော့ ဆန်စပါးတွေ ကုန်ကူးသူပေါ့ကွယ်။ (သိတဲ့အတိုင်းပဲ တခါတုန်းကဆိုတာနဲ့ ပုံဆိုတာ သိသွားကြပြီး မျက်လုံးလေးတွေ လက်ကာ နားတွေစွင့်လို့)
အဲဒီကုန်သည်နှစ်ယောက်တို့ဟာ လိုတဲ့ကုန်တွေဝယ်ဖို့ မြောက်ဘက်ဒေသကို ခရီးထွက်လာကြပါသတဲ့။ သူတို့ သွားတဲ့မြို့ဟာ ခရီးကွာလှမ်းတာကြောင့် လမ်းခုလတ်မှာတော့ ရွာတစ်ရွာက ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ခွင့်တောင်းပြီး တစ်ညဉ့်တာ တည်းခိုကြပါသတဲ့။ ကျောင်းထိုင်ဆရာတော်က “အိမ်း … ဒကာတို့ တည်းကြ၊ ခိုကြ” လို့ ခွင့်ပြုပြီး ဧည့်ခံနေရာပေး ပါသတဲ့၊ ဒါပေမယ့် ဆရာတော် ဧည့်ခံနေရာပေးပုံက မညီမျှပါဘူးတဲ့။ 
 
စပါးကုန်သည်ကို စားစရာတွေလည်း ကျွေးမွေး၊ နေရာကိုလည်း ကောင်းတဲ့နေရာမှာထားပြီး နားခိုစေပါသတဲ့။ သားရေကုန်သည်ကိုတော့ ကျွေးလည်းမကျွေး၊ နေရာကောင်းလည်း မပေးပါဘူးတဲ့။ ဒီလိုနဲ့ နံနက်မိုးသောက်တဲ့အခါမှာတော့ ကုန်သည်နှစ်ယောက် တို့ဟာ ဆရာတော်ကို ကန်တော့နှုတ်ဆက်ပြီး ခရီးဆက်သွားကြပါရောတဲ့။ နောက်ရက်တွေကြာတော့ ကုန်သည်တို့ဟာ ကုန်တွေနဲ့အတူ ပြန်ရောက်လာကြပါသတဲ့။ အသွားတုန်းကလို ဘုန်းကြီးကျောင်းမှာပဲ ဝင်တည်းခိုကြပြန်သတဲ့၊ ဒီအခါ မှာတော့ ဆရာတော်က သားရေကုန်သည်ကို ဧည်ခံကျွေးမွေး နေရာကောင်းပေးပြီးဧည့်ခံကာ စပါးကုန်သည်ကိုတော့ ဘာမျှလည်းမကျွေး၊ နေရာလည်း မပေးပါဘူးတဲ့။ အသွားတမျိုး၊ အပြန်တမျိုး နေရာပေးပုံ၊ ဧည့်ခံပုံကို ကုန်သည်တို့ရင်ထဲမှာ ထူးဆန်းနေပါသတဲ့။ 
 
ဒီလိုနဲ့ နောက်တစ်နေ့မိုးသောက် အလင်းရောက်တဲ့အခါ ကုန်သည်နှစ်ယောက်တို့ဟာ ခရီးဆက်ဖို့ ပြင်ကြပါသတဲ့၊ ဆရာတော်ကို ဦးချနှုတ်ဆက်ကြရင်း သူတို့ရင်ထဲမှာ မရှင်းလင်းတဲ့အကြောင်းကို မေးလျှောက်ကြပါသတဲ့၊ “တခု မေးလျှောက်ပါရစေ ဆရာတော်၊ အသွားတုန်းက စပါးကုန်သည်ကိုပြုစုပြီး အပြန်ကြတော့ တပည့်တော် သားရေကုန် သည်ကို ဧည့်ဝတ်ပြုတာဟာ ဘာကြောင့်လဲဆိုတာ သိပါရစေဘုရား …” တဲ့။
 
“အိမ်း … ဒကာတို့ …”
“ကဲ  ဟေ့  … ကလေးတို့ မင်းတို့ကို မေးရဦးမယ်။ အဖြေမှန်တဲ့လူ ဘုန်းဘုန်းဆုချမယ် … ဘာဖြစ်လို့ ဆရာတော်က အဲလို အသွားတစ်ယောက် အပြန်တစ်ယောက် မတူအောင် ဆက်ဆံတာလဲ”
“စားစရာ မလောက်လို့ ဘုန်းဘုန်း”
“နှစ်ယောက် ညီအောင်လို့”
“ဘုန်းဘုန်းနဲ့တူလို့”
ဘယ်ခေမလဲ၊  ခေတ်ကလေးတွေ ဖြေလိုက်ကြတာ စုံလို့၊ လူတောင် ဆွဲထည့်လိုက်သေး။
“ကဲ … အဖြေလိုသေးတယ်” နီလာထွန်းတို့၊ ယမင်းရွှေစင်တို့၊ ဟိုဘက်က ညီညီဝေထွန်းတို့ ငွေထုပ်မတို့ ဖြေကြလေ”
“သရေကုန်သည်ကို သနားလို့”
“ကဲ ညီညီက ဖြေနေပြီ သနားလို့ဆိုပါလား၊ ကဲ ဟိုနောက်ထဲက စည်သူထွေးတို့ တွယ်တာတို့ ဖြေကြလေ၊ မုန့်တွေ အများကြီးစားရမှာနော်”
“ဘုန်းဘုန်း သားဖြေမယ်”
“ဟော တေဇာထွန်းကြီး လုပ်စမ်းပါဦး မင်း အဖြေ”
“သူ့ဘာသူ ကျွေးချင်လို့”
ဝါးကနဲဝိုင်းရယ်ကြတယ်၊ ရယ်ချင်တာကို ထိန်းပြီး
“ကဲ ပန်းပေးကြပြီလားဟေ့”
“ပေးပြီ ပေးပြီ”
“ပြောပါတော့ ဘုန်းဘုန်း”
 
“အေး … ဒါဆို နားထောင်ကြ။ အဲလို ကုန်သည်တွေက မေးတဲ့အခါ “အိမ်း ဒါယကာတို့ ခုလို သင်တို့ကို ဧည့်ခံဆက်ဆံရခြင်းဟာ သင်တို့ရဲ့ နှလုံးသွင်း စိတ်ထားကို လှမ်းကြည့်ပြီး ခုလိုဆက်ဆံရတာကွယ့်၊ ဒီလိုကွယ် သင်တို့ နှစ်ယောက်လာစဉ်က သင်တို့စိတ်ထဲမှာ စပါးကုန်သည်က သွားရာဒေသမှာ ဆန်ရေစပါးတွေ ပေါများမှ ဈေးသက်သက် သာသာနဲ့ဝယ်ရမှာမို့ မိုးလေဝသတွေ မှန်ပါစေ၊ ဆန်ရေစပါးတွေ ပေါပါစေနဲ့ စိတ်ထားပြီး လာခဲ့တယ်။ သားရေကုန် သည်ကတော့ သားရေတွေများများ ဝယ်နိုင်ဖို့ ဆုတောင်းလာတော့ ကျွဲ၊ နွားတွေ သေကျေများပါစေလို့ ရည်ရွယ်ရာ ရောက်နေတာပေါ့၊ အဲဒါကြောင့် အသွားမှာ စပါးကုန်သည်ကို ဧည့်ဝတ်ပြုပြီး သားရေ ကုန်သည်ကို လျစ်လျူရှုတာကွဲ့။ 
 
အဲ … ခု အပြန်ကြတော့ သင်တို့စိတ်ထားတွေ ပြောင်းပြန်ဖြစ်သွားပြီ၊ သားရေကုန်သည်က သင့်သားရေတွေ ဈေးကောင်းရဖို့ ဒီဒေသ သားရေရှားပါးမှ ဖြစ်မှာဆိုတော့ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တွေ အသေအပျောက် နည်းမှဖြစ်မယ်လေ။ ဒီတော့ သင့်ဆုတောင်းက ကောင်းသွားတာပေါ့။ စပါးကုန်သည်ကတော့ သူ့စပါးတွေ ဈေးကောင်းရဖို့ ဒီဒေသ စပါးဆန်ရေ ရှားပါးမှ ဖြစ်မယ်၊ ဒီတော့ သူ့ဆုတောင်းနှလုံးသွင်းက တစ်မျိုးဖြစ်သွားပြီ၊ အဲဒီနှလုံးသွင်းကိုချင့်ပြီး ငါခုလို ဧည့်ဝတ်ပြုလိုက်တာ ကွယ့်” လို့ ဖြေလိုက်ပါသတဲ့။
 
အဲဒါကြောင့် … ကြောင်း၊ ကျိုးဉာဏ်ကြီးတဲ့ ပညာရှိတွေဟာ သူတစ်ပါးရဲ့စိတ်ကို မြင်နိုင်ပါသတဲ့ကွယ်။ သားတို့၊ သမီးတို့လည်း သူတပါးရဲ့ စိတ်ကောင်း၊ စိတ်ဆိုးကို ခွဲခြားသိမြင်နိုင်အောင် ကြောင်းကျိုးစဥ်းစားတတ်တဲ့ဉာဏ်နဲ့ ပြည့်စုံကြပါစေကွယ်။ ။
……………….
 
ကံထွန်းသစ်၏အမှာ
 
(၁)
U.S.A , Wisconsin ပြည်နယ်, Milwaukee မြို့ရောက် မြန်မာကျောင်းဆရာဟောင်းတဦးက သူ့မွေးနေ့အတွက် လက်ဆောင်အဖြစ် မိမိ၏စာပေများကို စာအုပ်ထုတ်ဝေလိုကြောင်း ပြောလာရာ …။
 
ယခင် စာအုပ်တိုက်နှစ်ခုက ထုတ်ဝေရန်တောင်းလာဖူးသော စာမူလေးတွေကိုအမှတ်ရသည်။
 
(၂)
 
(၁) လွတ်လပ်စွာစဉ်းစားတွေးခေါ်တတ်ရန်၊
 
(၂) ကြောင်း၊ ကျိုး စဥ်းစားဉာဏ်ရှိရန်၊
 
(၃) ဘာသာတရားနှင့် သက်ဝင်ကျွမ်းဝင်ရန်၊
 
ရည်ရွယ်ကာ ထိုစာလေးများကို ရေးဖြစ်ခဲ့သည်။ “ကောင်းမြတ်ထွန်း၊ နွယ်နီထွန်း” တို့ ဦးဆောင်သည့် တူ၊ တူမလေး များကိုအကြောင်းပြု၍။
 
(၃)
ထို တူ၊ တူမလေးများကိုအစပြုလျှက် တပြည်လုံးရှိ တူ၊ တူမလေးအားလုံးထံသို့လည်း လက်ဆောင် ပေးချင်သည်။ ယခု ထိုဆန္ဒပြည့်ခဲ့ပြီ။
 
သည်အတွက် မွေးနေ့ရှင်နှင့် စာအုပ်စီစဉ်သူ မောင်ဝါ၊ ပန်းချီလင်းဝဏ္ဏ တို့ကို ကျေးဇူးတင်ရသည်။
 
(၄)
ပို၍ကျေးဇူးတင်ရသည်က …၊
 
ဓမ္မရိပ်မဂ္ဂဇင်း၊ အတွေးသစ်ဂျာနယ်၊ အလင်းတန်းဂျာနယ်များနှင့် စာဖတ်ပရိသတ်ကြီးကိုပင်။
 
“ဓမ္မရိပ်” ကို မဂ္ဂဇင်းသစ်အဖြစ်ထုတ်ဝေသောအခါ “လူငယ်နှင့်ဘာသာရေး” ဆိုသည့် ကဏ္ဍတခု ထည့်ခဲ့သည်။ “လူကြီးဖတ် ကလေးဘာသာရေး” စာပေမဖြစ်စေရန်နှင့် အထက်ပါရည်ရွယ်ချက်များကို စာမူရွေးချယ်ရေး “စံ” အဖြစ် သတ်မှတ်ထားခဲ့သည်။ ဥပမာလမ်းညွှန်အဖြစ် တပုဒ်စ၊ နှစ်ပုဒ်စ ရေးရန် ဖြစ်သော်ငြား စာမူများအလာနည်းခြင်း၊ လာသမျှကလည်း “စံ” မညီ၊ “စံ” မမှီခြင်းတို့ကြောင့် လစဉ် ပင်တိုင်ရေးဖြစ်သွားရခြင်းကိုမူ ဝန်ခံရပေမည်။
 
အကောင်းဆုံးနှင့် အစောဆုံးကလေးစာပေဟုဆိုရမည့် “မဟောသဓ” ငယ်ဘဝအကြောင်းလေးများကို တူ၊ တူမလေးများအား တင်ပြခွင့်မရမီ ပြည်ပသို့ ထွက်ခွာခဲ့ရခြင်းကိုမူစိတ်မကောင်းပေ။ နောင် … အလျဉ်းသင့် တန်ကောင်းပါရဲ့ဟု အောက်မေ့ရသည်။
 
(၅)
“နတ်စည်” ဟူသည်မှာ “မည်သူမည်ဝါ” ဖြစ်သည်ဟု လျင်းပါးဖွယ်များ ငြိမ်းစေရန်နှင့် နောင် အမှတ်ဝေ ဝါးမှုတို့ကင်းစေရန် မိမိ၏ကလောင်များအနက်မှ ဘာသာရေးစာပေများရေးသားရာတွင် အသုံးပြုသော “ကလောင်အမည်” တခုဖြစ်သည်ကိုလည်း ကြုံခိုက် စကားစပ်ခဲ့ပါရစေ။
 
ကံထွန်းသစ်
ဇန်နဝါရီလ (၂)ရက်၊ ၂ဝ၁၃။
8:00 A.M

Monday, April 29, 2013

ကံ တွေဘယ်မှာသိမ်းထားသလဲ


 

ကံ တွေဘယ်မှာသိမ်းထားသလဲ

ကျမတို့လုပ်သမျှ ကံတွေဟာ သံသရာတစ်လျောက်လိုက်ပြီး အခြေအနေပေးတာနဲ့ အကျိုးပေးတယ်ဆိုတော့ အဲ့ဒီကံတွေဘယ်မှာ သိမ်းထားသလဲ။

          ဥဏှောက်ထဲမှာလား။ နှလုံးထဲမှာလား။ သိပ္ပံပညာနဲ့ စဉ်းစားရင်မဖြစ်နိုင်ဘူး။ ဘာဖြစ် လို့လဲဆိုတော့ ဥဏှောက်ကလူသေရင် သေသွားတာဆိုတော့ နောက်ဘ၀လိုက်ပြီးအကျိုးပေး မဲ့ ကံတွေသိမ်းထားလို့ မဖြစ်နိုင်ဘူး။ နှလုံးက ပိုမဖြစ်နိုင်ဘူး။ လူမသေခင်ကို သူများနှလုံးနဲ့ အစားထိုး ကုနေတာဆိုတော့ သူ့ထဲမှာသာသိမ်းထားရင် သူများကံတွေ ကိုယ့်ဆီရောက်လာ ရင်ဒုက္ခ။

          အဘိဓမ္မာအရ ကံဆိုတာ စေတနာလို့ခေါ်တဲ့ စေတသိတ်။ တစ်နည်းအားဖြင့် နာမ် တရား။ နာမ်ဆိုတော့ ရုပ်တရားဖြစ်တဲ့ ဥဏှောက်တို့ နှလုံးတို့ထဲမှာသိမ်းလို့မရဘူး။ ဒါဖြင့်
ဘယ်ထဲမှာလဲ။

ကံတွေကပျောက်ပျက်မသွားပဲ ဆက်လက် လိုက်ပါနေတယ် ဆိုတာကတော့ သေချာ တယ်။ ဥပမာအားဖြင့် အသီးသီးတဲ့ သရက်ပင်တို့၊ ပန်းသီးပင်တို့ကို ကြည့်ပါ။ သူတို့ မသီးခင် အဲ့ဒီအသီးတွေကို ဘယ်မှာသိမ်းထားသလဲ။ ပင်စည်ထဲမှာလား၊ အကိုင်းထဲ မှာလား၊ အရွက် ထဲမှာ လား၊ အခေါက်ထဲလား၊ အမြစ်ထဲလား။ ဘယ်မှာမှ ရှာမတွေ့ဘူး။ ဒါပေမဲ့ အချိန်တန်ရင် တော့ အသီးတွေထွက်လာတယ်။ ဒါကြောင့် အသီးသီးတဲ့သတ္တိရှိတယ် ဒါပေမဲ့ မျက်စိနဲ့လည်း မမြင်နိုင်ဘူး။ ယခုခေတ်သိပ္ပံပညာနဲ့လည်း မပြနိုင်ဘူး။

မြတ်ဘုရားက ဟောတော်မူခဲ့တယ်။ ကံတွေဟာ စိတ်ဖြစ်တိုင်းပါတဲ့ စေတသိတ်ဖြစ် တယ်။ ကျန်တဲ့ ရုပ်တွေ၊နာမ်တွေလိုပဲ စေတသိတ်ကလည်း ဖြစ်ပြီးတာနဲ့ ပျက်သွားတယ်။

ဒါပေမဲ့ သူက သူ့ရဲ့သတ္တိတွေကိုထားခဲ့တယ်။ ဥပမာအားဖြင့် ဆီနဲ့တူတယ်။ ကျန်တာတွေက ရေနဲ့တူတယ်။ ရေစိုတဲ့နေရာမှာ ရေမရှိတော့ဘူးဆိုရင်ဘာမှ မကျန်တော့ဘူး။ ဒါပေမဲ့ ဆီကျ တော့ ဆီမရှိတော့ပေမဲ့ ဆီအရာ ကျန်ခဲ့တယ်။ ဒီလိုပဲ စေတနာခေါ်တဲ့ ကံကလည်း ပျက်သွား ပေမဲ့သူ့ရဲ့သတ္တိတွေကျန်ခဲ့တယ်။ အဲ့ဒီသတ္တိက ဘယ်မှာလည်းဆိုတော့ စိတ္တသန္တတိ ခေါ်တဲ့ စိတ်အစဉ်အတန်း (process of mind) မှာ။ စိတ်ဖြစ်စဉ်က သံသရာတစ်လျှောက်လုံးမှာ ဘယ် တော့မှ မပြတ်ဘူး။

 ဖြစ်ပျက်၊ဖြစ်ပျက်ဆိုပြီး စိတ်တစ်ခုဖြစ်ပြီးပျက်သွားတာနဲ့ နောက်စိတ်တစ်ခု ကချက်ချင်းဖြစ်ပြီး ပျက်ပြန်တယ်။ အဲ့ဒီလို ဖြစ်ပျက်အစဉ်က ဆက်ဖြစ်နေတယ်။ သေတဲ့အချိန် မှာ စုတိစိတ်ဖြစ်ပြီးပျက်တယ်။ စုတိစိတ်ပျက်တာနဲ့ ပဋိသန္ဓေစိတ်ကဖြစ်တယ်၊ပြီး တော့သူ လည်းပျက်ပြန်တယ်။ ဒါကြောင့် ပညတ်အားဖြင့်တစ်ဘ၀ကပြတ်သွားပြီး နောက်ဘ၀ သစ်ဖြစ် သွားပေမဲ့ စိတ်ရဲ့ ဖြစ်ပျက်အစဉ်ကတော့ မပြတ်ဘူး။

သံသရာမှာ စိတ်ဖြစ်စဉ်ရပ်တာ ၂ နေရာပဲရှိတယ်။ တစ်ခုက ရဟန္တာအရှင်မြတ်များ
သမာပတ်ဝင်စားခိုက်မှာ ခေတ္တရပ်တယ်။ ဒုတိယက အသညသတ်ဘုံခေါ်တဲ့ စိတ်မရှိတဲ့ဗြဟ္မာ့ ဘုံရောက်နေတဲ့ ဗြဟ္မတွေမှာစိတ်အစဉ် ပြတ်နေတယ်။ သမာပတ်ကပြန်ထတဲ့အခါနဲ့ အသည သတ်ဗြဟ္မာများ နာမ်ရှိတဲ့ဘုံဘ၀ကိုရောက်တဲ့အခါ ရပ်နေတဲ့ နာမ်အစဉ် ပြန်လည် ဖြစ်ပျက်ကြ တယ်။ ရဟန္တာအရှင်မြတ်များ ပရိနိဗ္ဗာန်စံတဲ့အခါမှာတော့ ရုပ်ဖြစ်ပျက်စဉ်ရော်၊ နာမ်ဖြစ်ပျက်စဉ် ရော် လုံးဝပြတ်သွားတယ်။

 ဒါကြောင့် ရဟန္တာအရှင်မြတ်များ ပရိနိဗ္ဗာန်စံတဲ့အခါ နောက်ဘ၀ ဆိုတာ မရှိတော့ဘူး။ နားလည်လွယ်အောင် နောက် ဥပမာ တစ်ခုပေးရမယ်ဆိုရင် သတ္တ၀ါ တွေဟာ ရွေ့လျားနေတဲ့ကားနဲ့ တူတယ်။ ကားရွေ့နေသမျှ သူ့မှာအရှိန် ဆိုတာရှိနေတယ်။ ကံ တရားတွေက အရှိန်နဲ့တူတယ်။ ပရိနိဗ္ဗာန်စံသွားတာ အရှိန်အားလုံးကုန်ပြီး ကားလုံးဝ ရပ်သွား တာနဲ့တူတယ်။ ကားလည်းလုံးဝ မရွေ့တော့ဘူး။ ဘာအရှိန်မှ လည်းမရှိတော့ဘူး။

ကျမနားလည်သလိုရေးသားထားခြင်းဖြစ်ပါတယ်။ အမှားပါ ပါက ရဟန်းပညာရှိ၊ လူပညာရှိ များ မေတ္တာရှေ့ထား၍ပြင်ဆင်ပေးကြစေလိုပါတယ်။

ကျမ်းကိုး။
၁။ အရှင်သံဝရာလင်္ကာရ၊ဓမ္မပိယဆရာတော်၏နိဗ္ဗာန်သွားလမ်းမြတ်ပဋ္ဌာန်း။
၂။ ပါမောက္ခချုပ်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့် လေ့လာခြင်း။

Sunday, April 28, 2013

အကြွေးရဲ့ နောက်ဆက်တွဲဆိုးကျိုး


အကြွေးရဲ့ နောက်ဆက်တွဲဆိုးကျိုး


အကြွေးတဲ့… ဥစ္စာကြွေး၊ ၀ဋ်ကြွေး၊ နတ်ကြွေး၊ အကုသိုလ်ကြွေး စသည်ဖြင့် အကြွေးဆိုတဲ့ အမည်တွေက ပေါမှပေါ။
အကြွေးရဲ့သဘောက ပြန်ပေးဆပ်ရလျှင် အရင်းရော အတိုးရောပါ ပေးဆပ်ရတဲ့ သဘာဝရှိပါတယ်၊
အကြွေးများလေ ပေးဆပ်ရမှုက များပြားလေပါပဲ။ ဘာကြွေးပဲ ဖြစ်ဖြစ်ပေါ့..။

ဘာကြောင့် ကြွေးယူကြရတာလဲဆိုတော့ ကိုယ့်မှာ လိုအပ်ချက်တွေ ရှိနေလို့ပါ၊ ဥစ္စာမဲ့နေ ဥစ္စာမွဲနေလို့, ဥစ္စာတွေ မချမ်းသာလို့ပေါ့။

အဲသလို ဥစ္စာမဲ့နေသူတွေက ဥစ္စာနဲ့ပြည့်စုံသူတွေထံမှာ အကြွေးယူကြပါတယ်၊ အဲဒီလို အကြွေးယူမှုဟာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲစရာကောင်းလှပါတယ်။

အကြွေးယူပြီးတော့ အတိုးပေးဆပ်ဖို့ပါ ၀န်ခံကတိပေးကြရပြန်တယ်၊ အဲသလို အတိုးပေးဖို့ ၀န်ခံရတာဟာလဲ ဘယ်သူမှ စိတ်ချမ်းသာမှာ မဟုတ်ပါဘူး။

အကယ်၍များ အတိုးပေးမယ်ဝန်ခံပြီး ပေးဆပ်သင့်တဲ့ အချိန် မပေးနိုင် မဆပ်နိုင်ပြန်တော့ ကြွေးရှင်ရဲ့ မညှာမတာအပြောအဆိုတွေနဲ့ တောင်းဆိုမှုကို ခေါင်းငုံ့ပြီး ခံရတဲ့ ဒုက္ခကြီး ကြုံတွေ့ရပြန်ရော။

တစ်ချို့ဆို ဘယ်လိုပြောပြော ဘယ်လို ကြိမ်းမောင်းပြီး တောင်းသော်လည်း အကြွေးတွေ ပြန်ဆပ်နိုင်စွမ်း မရှိကြပါဘူး၊ အဲဒီလို အကြွေးပြန်မဆပ်နိုင်သူတွေကတော့ ကြွေးရှင်တွေက အမြဲတမ်း နောက်ကနေ တကောက်နဲ့ လိုက်လံတောင်းရမ်းခြင်းကို ခံရပြန်တယ်။

ဘယ်လိုတောင်းတောင် မပေးနိုင်သူအတွက်တော့ ဖမ်းချုပ်မှု တုပ်နှောင်မှုတွေက သူ့အတွက် နောက်ဆက်တွဲ ဆိုးကျိုးဒုက္ခ ထပ်ပြီးတော့ ပေါ်ပေါက်လာပြန်တာပေါ့။ ဒါကတော့ ဥစ္စာမွဲသူတစ်ယောက်က လောကအကြွေးယူမှုရဲ့နောက်ဆက်တွဲ ဆိုးကျိုးပါပဲ၊

အဲသလိုပါပဲ…သာသနာ့ရှုထောင့်ကနေ ကြည့်ရင် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ဟာ အပြစ်ကင်းစင် ကုသိုလ်တရားတွေမှာ
၁။ ရတနာသုံးပါးမှာ ယုံကြည်သက်ဝင်တတ်တဲ့ သဒ္ဓါတရားမျှလောက်တောင် မရှိ၊ (ယုံကြည်မှုမရှိ)
၂။ ဒုစရိုက်အကုသိုလ်တရားတွေကို ပြုဖို့ ရှက်ခြင်းဆိုတဲ့ ဟိရိတရား သော်မှလည်း မရှိ။ (အရှက်မရှိ)
၃။ ဒုစရိုက်အကုသိုလ်တရားတွေကို လန့်ခြင်းဆိုတဲ့ သြတပ္ပတရား သော်မှလည်း မရှိ။ (အကြောက်မရှိ)
၅။ ထထကြွကြွကာယိက၀ီရိယသော်မှလည်း မရှိ။ (အားထုတ်မှုမရှိ)
၆။ ကံသာလျှင်ကိုယ်ပိုင်ဥစ္စာပဲ ဆိုတဲ့ ပညာသော်မှလည်း မရှိ။ (အသိဉာဏ်မရှိ)
အဲဒီတရား ခြောက်ပါး မရှိတဲ့ သူဟာ ပစ္စည်းတွေ ဘယ်လောက်ရှိရှိ လူမွဲပါပဲ၊ လူဆင်းရဲပါပဲတဲ့..

ကုသိုလ်တရားတွေမှာ ယုံကြည်မှုသဒ္ဓါပါးခဲ့မယ်ဆိုရင်၊ ဒုစရိုက်တွေကို ပြုဖို့ အရှက်တရားကင်းခဲ့မယ်ဆိုရင်၊ ဒုစရိုက်တွေလုပ်ဖို့ ထိတ်လန့်ကြောက်ရွံ့မှု နည်းခဲ့မယ်ဆိုရင်၊ ကုသိုလ်ရဖို့ အားထုတ်မှုတွေ ခေါင်းပါးခဲ့မယ်ဆိုရင်၊ အသိဉာဏ်ပညာ ဆွံ့ရှားခဲ့မယ်ဆိုရင်…

ကိုယ့်နဲ့လည်း မကောင်းမှုတွေ ပြုမိမယ်၊ စကားနဲ့လည်း မကောင်းတာတွေ ပြောမိမယ်၊ စိတ်နဲ့လည်း မဟုတ်တာတွေ မတရားတာတွေ ကြံစည် ထင်တိုင်းပြုကျင့်တော့တာပေါ့… အဲဒီလိုလုပ်လိုက်တာဟာ တရားခြောက်ပါး မွဲနေသူ ကြွေးယူလိုက်တာပါပဲ။

ငါ့ရဲ့ ကိုယ် နုတ် စိတ်တွေနဲ့ လုပ်နေတဲ့ မကောင်းမှု ဒုစရိုက်တွေကို အခြားသူတွေ မသိစေချင်တဲ့ (ကိုယ့်အကြောင်း မသိစေချင်တဲ့) ဖုံးကွယ်မှုဆိုတဲ့ စိတ်အညံ့စားလေးဖြစ်လာတတ်ပါတယ်။ စိတ်လေးတင်မက အတွေးပေါက်ကလာတဲ့ ဖုံးကွယ်ဖို့လဲ ပြောထွက်လာတယ်၊ သူ့အကြောင်း လူမသိစေရအောင် ကာယကံမြောက်လဲ လုပ်တတ်ပါတယ်။ အဲဒါဟာ အကြွေးရဲ့ အတိုးယူမှု အတိုးတွေ ပွားနေမှုပါပဲတဲ့..။

ဘယ်လိုပဲ ဖုံးကွယ် ဖုံးကွယ် ကိုယ်နဲ့ ရင်းနှီးသူတွေက ကိုယ့်အကြောင်းသိသူတွေက " ဒီကောင် ဒီအကျင့်မျိုး ဒီလိုအလုပ်မျိုး ဒီလိုဝသီမျိုးကို ရှိတယ်" လို့ ပြောဆိုကြလေတော့ ကြွေးတောင်းခံရတာနဲ့ အတူတူပါပဲ။

ခုနပြောခဲ့တဲ့ တရားတွေ တနည်းသူတော်ကိုယ်ပိုင်ဥစ္စာတွေ ပါးနေသူ ရှားနေသူ မွဲနေသူဟာ တောထဲမှာပဲနေနေ၊ သစ်ပင်အောက်မှာပဲ သီးတင်းသုံးသုံး၊ ဆိပ်ငြိမ်ရာမှာပဲ ရောက် ရောက်.. နေချင်တဲ့ နေရာနေ ရောက်ချင်တဲ့ နေရာရောက် သူ့နောက်က အရိပ်မည်းအဖြစ် နှလုံးမသာမယာမှု ယုတ်ညံ့တဲ့တွေးခေါ်မှုအလိုဆိုးတွေ တပြုံးကြီးလိုက်နေမှာပါ၊ အဲဒါဟာ ကြွေးရှင်တွေ လိုက်လံ အကြွေးတောင်းနေတာပါပဲ။

နောက်ဆုံး ကိုယ်နဲ့ နုတ်နဲ့ စိတ်နဲ့ လုပ်ခဲ့မိတဲ့ ဒုစရိုက်အကုသိုလ်အကြွေးတွေနဲ့ ဘ၀တစ်ခု ချုပ်ငြိမ်းခဲ့မယ်ဆိုရင် နောက်ဘ၀မှာ ငရဲ၊ တိရစ္ဆာန် စတဲ့ ထောင်တွင်းမှာ အကျဉ်းချခံရမှာ သေချာပါတယ်။ ဒါဟာ အကြွေးရဲ့ အကျိုးဆက်ပါပဲ..။

ပကတိဥစ္စာအကြွေးက လူကို ဒုက္ခအမျိုးမျိုး စိတ်ဆင်းရဲမှု အဖုံဖုံ ဖြစ်စေသလို အကုသိုလ်အကြွေး ဒုစရိုက်အကြွေးဟာလဲ ဘ၀မှာ ဒုက္ခအမျိုးမျိုး စိတ်ဆင်းရဲမှု အဖုံဖုံ ဖြစ်စေပြီး အပါယ်ထောင်ထဲပါ တွန်းပို့နိုင်ပါတယ်။

ငရဲဘ၀ဆိုတဲ့ ထောင်၊ တိရစ္ဆာန်ဘ၀ဆိုတဲ့ အချုပ်ဟာ ပကတိအချုပ်ထောင်ထက်ကို ပိုပြီး ကြမ်းတမ်းပါတယ်၊ ခံစားမှုကစူးရှလွန်းလှပါတယ်၊ ဒီထောင်တွင်းကို ရောက်သွားသူများဟာ ယောဂလေးပါးဘေးတို့ရဲ့ လွတ်မြောက်ရာ အရဟတ္တမဂ်ဖိုလ်ရဖို့ အခွင့်အရေးတွေအတွက် မလွယ်ကူတော့ဘူး။ ဒါဟာ ကြီးကျယ်တဲ့ ဆုံးရှုံးနစ်နာမှုပါပဲ။

မြတ်စွာဘုရားကတော့ ငရဲဆိုတဲ့ထောင် တိရစ္ဆာန်ဆိုတဲ့ထောင်လောက် ကြမ်းတမ်းတဲ့ထောင်၊ ခံစားမှုခါးသီးတဲ့ထောင် ကို သဗ္ဗညုတဉာဏ်နဲ့ ကြည့်တောင် မမြင်တော်မူဘူးလို့ မိန့်တော်မူပါတယ်။

ဒါကြောင့် ငရဲ တိရိစ္ဆာန်ထောင်ထဲကို ရောက်သွားစေနိုင်တဲ့ အကုသိုလ်အကြွေးတွေကို မယူမိစေဖို့ သတိထားရမှာပေါ့…

♣♣ စာကိုး…ဆက္ကနိပါတ် အင်္ဂုတ္တိုရ်၊ ဣဏသုတ္တံ၊ ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသော

 မေးခွန်းနှင်ပြဿနာများ(ဒဂုန်ဦးစန်းငွေ)….


♣♣ ပုံပိုင်ရှင် အမည်မသိပါ။ အသုံးပြုခွင့်ပေးပါရန် မေတ္တာရပ်ခံလိုက်ပါသည်။

စိတ်ကူးပျော်ရာ


Saturday, April 27, 2013

နှစ်မသတ်ပါနဲ့ ချစ်တတ်ပါစေ

 
နှစ်မသတ်ပါနဲ့ ချစ်တတ်ပါစေ
 
"မင်းသား…. သင်ဟာ ဒီတမာပင်လေးဟာ အခုလို ငယ်စဉ်ကတည်းက ဒီလောက် ခါးရင် ကြီးလာရင် ဒီတမာပင်ကို အမှီပြုပြီး ကြီးပွား တိုးတက် ကေင်းမွန်ဖို့ ဘယ်မှာရှိ တော့ မလဲ လို့ ဆိုပြီး တမာပင်ကို နုတ်၊ လက်နဲ့ ခြေနဲ့ခြေကာ လွှင့်ပစ်တယ်၊ သင်မင်းသားဟာလည်း ဒီတ မာပင်နဲ့ ဘာထူးလဲ"
 
"ယနေ့လူငယ် နောင်ဝယ်လူကြီး" ဟူသော ဆိုရိုးစကားတစ်ခုရှိ၏. ယင်းကား ယနေ့ အချိန်အခါ၌ လူငယ် လူရွယ်ဖြစ်သော်လည်း နောင်တစ်ချိန်တွင် လူကြီး သူကြီး ဖြစ်လာမည်ဖြစ်၍ ငယ်ရွယ်စဉ်က တည်းက အရည်အချင်း ရှိအောင်၊ ယဉ်ကျေးအောင်၊ ကိုယ် ကျင့်တရား ကောင်းမွန်အောင် ကြိုးစား ထိန်းသိမ်း နေထိုင်ရန် ရည်ညွန်းထားသော စကားဖြစ်၏။ ဆရာ မိဘ တို့ အခါအခွင့်သင့်၍ ဆိုဆုံးမသည့်အခါ ထိုစကားဖြင့် ဆိုဆုံးမလေ့ရှိ၏။

သော်လည်လည်း အပျှော်အပျက်ပင်ပြောသည်လား၊ တကယ် အတည်အတံ့ပြော သည်လားတော့ မသိပေ၊ မကြာခဏဆိုသလို အချို့သော လူငယ်တို့ ပြောဆိုနေကြသည့် စကား ကို ကြားကြားနေရ၏။ ယင်းကား"ငယ်ပြီး ကြီးမှာပဲ ဒါဟာ ဆန်းတာမှ မဟုတ်တာ"ဆို သော စကားပင်ဖြစ်၏။ ငယ်ပြီးကြီးသည်ဆိုသည်မးဆိုသည်မှာ သာမန်လူကြီး တစ်ယောက်ကို ဆိုလိုသည်မဟုတ်။ ယဉ်ကျေးသိမ်မွ့သော၊ ကိုယ်ကျင့်တ၇ား မြင့် မားသော၊ အရည်အချင်းရှိပြီး ဆိုင်ရာဆိုင်ရာ၌ စွမ်း ဆောင်နိုင်စွမ်းရှိသော လူကြီးလူကောင်း မျိုးကို ဆိုလို ခြင်း ဖြစ်၏။

ထိုသို့သော လူကြီးလူကောင်းတို့သညှ်ာ သဘာဝပင်ဖြစ်၍ အဆန်းမဟုတ်ပေ။ သို့ပါသော်လည်း ထိုသို့ ငယ်ရာမှ အသက်အရွယ်ရလာ၍ လူကြီး ဖြစ်လာရုံမျှဖြင့်တော့ ထိုဆို ရိုး စကား ထားခဲ့မည်မဟုတ်ပေ။ ထိုဆိုရိုးစကား၌ပါသော လူကြီလူငယ်တို့ကို မိမိတို့ ခြေရာနင်းနိုင်ရန် မျှော် လင့်ကြ ၏။ အားထားကြ၏။ ထိုကြောင့် ယဉ်ကျေးသော၊ ကိုယ်ကျင့်တ၇ားကောင်းမွန် သော၊ အရည်အချင်းရှိသော လူငယ်တို့ကို "အနာဂါတ်ရဲ့ အဖူးအပွင့်"အစရှိသည်ဖြင့် ညွန်းဆို ကြလေ ၏။ ထိုသို့ ညွှန်းဆိုကြသည့်အတိုင်းပင် အမှန်တကယ် ယဉ်ကျေးသည့်၊ အမှန်တကယ် ကိုယ် ကျင့် တ၇ားကောင်းမွန်သည့်၊ ဆိုင်ရာဆိုင်ရာ၌ ဦးဆောင်နိုင်အောင် အရည်အသွေးရှိ သည့် လူငယ်လူရွယ်များကလည်း အများအပြားပင်။ ဆိုင်ရာဆိုင်ရာ မိသားစုအတွက်၊ အမျိုးဘာသာ သာနာအတွက်၊ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော လူင်ာများပင်ဖြစ်၏။


သို့ပါသော်လည်း" ငယ်ပြီးရင် ကြီးတာပဲ"ဆိုသော လူငယ်များ၊ ထိုသို့ မပြောသော် လည်း "နောင်ဝယ်လူကြီး"ဆိုသော စာရင်း၌ မပါသော လူငယ်များ ပြောရလျှင် ဆိုသွမ်းကြမ်း တမ်းပြီး ကိုယ်ကျင့်တရား ပျက်ပြားတာ အရည်အချင်းရှိအောင် အားမထုတ်ဘဲ ပေါ့ပေါ့လေး နေ ကြသော လူငယ်များကလည်း ဒုနဲ့ဒေးပင်။

အဆောက်အအုံတစ်လုံး တည်ဆောက်ရာ၌ "အောက်ခံဖောင်ဒေးရှင်း"သည် အရေး ပါလှ၏။အောက်ခံဖောင်ဒေးရှင်း ခိုင်ခိုင်မာမာချမှသာလျင် ထိုအဆောက်အအုံသည် ရေရှည် တည်တံ့ ခိုင်ခံ့မည် ဖြစ်၏။ အောက်ခံဖောင်ဒေးရှင်း ခိုင်ခိုင်မာမာ မချလျှင်မူ ထိုအဆောက် အုံသည် ကြာလေယိုင်လေဖြစ်တတ်၏။ ထိုအတူပင် လူတစ်လုံး သူတစ်လုံး ဖြစ်အောင် လူငယ် တို့၏ ဘ၀ကို တည်ဆောက်ပေးရာ၌ ယဉ်ကျေးမှု၊ အကျင့်စာရိတ္တ၊ ပညာရေးဟူသော အောက်ခံ ဖောင်ဒေးရှင်းသည် အရေးပါလှ၏။ ထိုအောက်ခံဖောင်ဒေးရှင်း ချပေးမည့် သူများ မှာ အဓိကအားဖြင့် မိဘများပင် ဖြစ်ပေ၏။

မှန်ပေသည်။ "ပုဗ္ဗာစရိယ မိနှင့်ဘ" ဟု ဆိုသည်နှင့် အညီ မိဘတို့သည် သားသမီးတို့၏ လက်ဥိးဆရာများ ဖြစ်ကြ၏။ ထို့ကြောင့် သားသမီးများ ယဉ်ကျေးအောင်၊ ကိုယ်ကျင့်တ၇ား ကောင်း မွန်အောင် သွန်သင်ပြသဆုံးမရမည် ဖြစ်၏။ သို့ပါသော်လည်း အချို့သော မိဘများမှာ ခပ်ပေါ့ပေါ့ပင်။ သားသမီးကို မသွန်သင် မဆုံးမပဲ "ငယ်သေးတာပဲ" ဟု ဆိုကာ အစွမ်းကုန် အလိုလိုက်ထားကြလေ၏။
 
ထိုသားသမီးသည် တဖြည်းဖြည်းနှင့် လူကြီးမိဘကို လူကြီး မိဘ မှန်းမသိတော့ပေ။ ရိုင်းပြလာ၏။ အရိုအသေတန်လာ၏။ အရွယ်ရောက်လာ၍ သွန်သင်ဆုံးမ မည် ကြံသောအခါ ထိုသားသမီးက အဆုံးအမ မခံတော့၊ ထိုအခါုတုတ်ကိုင်၊ ကြိမ်ကိုင် ရလေ၏။ ရိုက်နှက်ဆုံးမ၍ မရသောအခါ " သူ့ထိုက်နှင့် သူ့ကံပဲ"ဟုဆိုကာ လက်လွှတ်ထား လိုက်ကြလေ၏။ မိဘက လက်လွှတ်ထားသော သားသမီးမှာ အဘယ်မှာ ယဉ်ကျေးပါတော့ မည်နည်း။ အဘယ်မှာ ကိုယ့်ကျင့်တရား ကောင်းမွန်ပါတော့မည်နည်း။ အဘယ်မှာ အရည် အချင်း ရှိပါတော့မည်နည်း။

အမှန်အားဖြင့် ထိုမိဘများသည် မိမိတို့၏ သားသမီးများကို မချစ်၍မဟုတ်ပေ။ မချစ် တတ်ခြင်းသာ ဖြစ်၏။ မချစ်တတ်သည့် အခါ သားသမီးတို့၏ ဘ၀ကို နှစ်သတ်သလို ဖြစ်သွား လေ၏။ မိဘတိုင်း သတိထားစရာပင် ဖြစ်၏။

ယင်းနှင့်စပ်၍ ရုန့်ရင်းကြမ်းတမ်းသော သားသမီးကို နိုင်ငံ့ခေါင်းဆောင်ကောင်းတစ် ယောက် ဖြစ်အောင် ကြိုးစားဆောင်ရွက် ခဲ့သော ဗြဟ္မဒတ်မင်းကြီး၏ ဆောင်ရွတ်ပုံကို အတု ယူဖွယ် အဖြစ် ပြဆိုပါဦးမည်။

တမာလိုမခါးရအောင်ဗာရဏသီပြည် ဗြဟ္မဒတ်မင်းကြီး ထီးနန်းစိုးစံစဉ်က ဖြစ်၏။ ထိုစဉ်က ဘုရားလောင်း သည် ဥဒိစ္စပုဏားမျိုး၌ ဖြစ်ခဲ့၏။ ဘုရားလောင်းသည် မိဘနှစ်ပါး ကွယ်လွန်သည့်အခါ ရသေ့ ၀တ်လေ၏။ မကြာမီပင် အဘိညဉ်သမာပတ်ရပြီး ဟိမ၀န္တာအရပ်၌ပင် နေလေ၏။ မကြာမီပင် အဘိညဉ်သမာပတ်ချပြီး ဟိမ၀န္တာအရပ်၌ပင် နေလေ၏။ ဟိမ၀န္တာ၌ ကြာမြင့်စွာ နေလာခဲ့သ ဖြင့် ချဉ်း ဆားလို အပ်၏။ ထို့ကြောင့် ဗာရဏသီသို့ သွားရောက်လေ၏။

ဘုရားလောင်းရသေ့သည် မင်းဥယျာဉ်၌ ခဏသီတင်းသုံးပြိးနောက်နေ့၌ မြို့တွင်းသို့ ဆွမ်းခံဝင် လေ၏။ ဗြဟ္မဒတ်မင်းကြီးသည် ဘုရားလောင်းရသေ့၏ တည်ကြည်ငြိမ်သက်သော ဣနြေ္ဒကို ကြည်ညိုမိ၏။ ထို့ကြောင့် နန်းတော်သို့ပင့်၍ ဆွမ်းဆက်ကပ်လေ၏။ ယင်းနောက် မင်းဥယျာဉ်၌ အစဉ်သီတင်းသုံးရန် လျှောက်ကြားပြီး သစ်ရွက်မိုးကျောင်းကို ဆောက်လုပ် လှုဒါန်း လေ၏။ ဘုရားလောင်းရသေ့ကိုလည်း တစ်နေ့နျစ်ကြိမ် သုံးကြိမ်ခန့် သွားရောက် ဖူးမျှော်လေ၏။

ထိုမင်းကြီး၌ ဒုဋ္ဌကုမာရဆိုသော သားတစ်ယောက်ရှိ၏။ ထိုမင်းသားသည် ရုန့်ရင်း ကြမ်းတမ်း၏။ သူကို မည်သူမှ မဆုံးမနိုင်။ ဆွေမျိုး၊ အမတ်၊ ပုဏားတို့ မဆိုထားနှင့် ဖခင် မင်းကြီးကိုယတိုင်ပင် မဆုံးမနိုင်ချေ။
တစ်နေ့သောအခါ မင်းကြီးသည် "ငါ့သားတော်ကို ငါ့ရဲ့ အရှင်ရသေ့ကလွဲပြီး ဘယ်သူမှ ဆုံးမနိုင်မှာ မဟတ်ုဘူး၊ အရှင်ရသေ့သာလျှင် ဆုံးမနိုင်လမ့်မယ်" ဟု စဉ်းစားမိပြီး မင်းသားငယ်ကို ဘုရားလောင်းရသေ့ထံ ခေါ်သွားကာ--

" အရှင်ဘုရား.. တပည့်တော်ရဲ့ သားတော်ဟာ ရုန့်ရင်း ကြမ်းတမ်းလှပါတယ်။ ဘယ်သူမှ မဆုံးမနိုင်ပါ။ အခါအခွင့် သင့်ရင် သင့်သလို သားတော်ကို ဆုံးမတော်မူပါ"။ ဟု လျောက်ပြီး ဘုရားလောင်းရသေ့အထံ အပ်နှံထားခဲ့လေ၏။

ဘုရားလေင်းရသေ့သည် မင်းသားကို ခေါ်ပြီး ဥယျာဉ်၌ လှည့်လည် ကြည့်ရှုလေ၏။ ထို သို့ လှည့်လည် ကြည့်၇ှုနေစဉ် တမာပင်ပေါက်ကလေးတစ်ပင်ကို တွေ့ရာ--
"မင်းသား… အဲဒီတမာပင်ပေါက်ကလေးရဲ့ အရွက်ကို စားပြီး အရသာကို ပြောပြ စမ်းပါ" ဟု စေခိုင်လိုက်လေ၏။
မင်းသားသည် တမာရွက်ကို ခူး၍ ၀ါးကြည့်၏။ ယင်းနောက် မြေကြီးပေါ်သို့ ထွီကနဲ ထွေးထုတ်ပစ်လိုက်၏။ ထိုအခါ ဘုရားလောင်းရသေ့က- မင်းသား-- ဘယ်လိုလဲ?ဟု မေးရာ မင်းသားက-

"အရှင်ဘုရား ဒီပစ်ပင်ကလေးဟာ အခုလို ငယ်စဉ်ကတည်းက လက်တလော သေစေတတ်တဲ့ အဆိတ်နဲ့ တူနေပါတယ်။ ကြီးလာရင် သူု့ကို အမှီပြုပြီး ကြီးမားတိုးတက်ကောင်းမွန်ဖို့ ဘယ်မှာရှိမလဲ။ သူဟာ လူတွေကို သတ်ပါလိမ့်မယ်။ " ဟု ဆိုကာ တမာပင်ကို နှုတ်၍ လက်ဖြင့်ခြေကာ လွှတ်ပစ်လိုက်လေ၏။

ထိုအခါ ဘု၇ားလောင်းက -
"မင်းသား-- သင်ဟာ ဒီတမာပင်ကလေးဟာ အခုလို ငယ်စဉ်ကတည်က ဒီလောက်ခါးရင် ကြီးလာရင် ဒီတမာပင်ကို အမှီပြုပြီး ကြီးပွားတိုးတက် ကောင်းမွန်ဖို့ ဘယ်မျာရှိတော့မလဲ'လို့ ဆိုပြီး တမာပင်ကို နှုတ်၊ လက်နဲ့ခြေကာ လွှတ်ပစ်တယ်။ သင်မင်းသားဟာလည်း ဒီတမာပင်နဲ့ ဘာထူးလို့လဲ၊ သင်မင်းသားဟာ ယခုလို ငယ်စဉ်ကတည်းက ရုန့်ရင်းကြမ်းတမ်းတယ်။ အသက်အရွယ် ရလာလို့ မင်းဖြစ်လာတဲ့အခါမှာ အသင်မင်းသားကို အမှီပြုပြီး ငါတို့ဟာ ဘယ်လို လုပ် ကြီပွားတိုးတက် နိုင်တော့မလဲ။ ဒါကြောင့် ယနေ့ကစပြီး တမာပင်လို မခါး ပါနဲ့။ ခန္တီ၊ မေတ္တာ၊ ကရုဏာတို့နဲ့ ပြည့်စုံအောင် ကျင့်ကြံနေထိုင်ပါ။"ဟု ပြောဆို ဆုံးမလေ၏။

ဒုဋ္ဌုမာရမင်းသားသည် ထိုအချိန်မှစ၍ ဘုရားလောင်း ရသေ့ဆုံးမသည့်အတိုင်း မာနကို စွန့်ပြီး ခန္တီ၊ မေတ္တာ၊ ကရုဏာတို့နဲ့ ပြည့်စုံအေင် ကျင့်သုံးနေထိုင်လေတော့၏။

အထက်ပါ အဖြစ်အပျက်၌ ဒုဋ္ဌကုမာရမင်းသားသ ည် ခည်းတော် မယ်တော်တို့က အလိုလိုက် အကြိုက်ဆောင်ထား၍ ဆိုးသွမ်း ကြမ်းတမ်း နေသည် မဟုတ်၊ ပင်ကိုယ်ဗီဇကပင် ဆိုးသွမ်းကြမ်းတမ်းခြင်း ဖြစ်၏။ ထိုတွင် ဗြဟ္မဒတ်မင်းကြီးသည် " အချစ်ဆုံးသားလေးမို့" ငယ်လေးလို့"ဆိုပြီး လွှတ်မထားခဲ့ပေ။ ဒုဋ္ဌကုမာရမင်းသာလေး လိမ္မာရေးခြားရှိအောင်၊ နောင်တစ်ချိန် မင်းကြီးအရာကို ဆက်ခံနိုင်လောက်သော အရည်အချင်းရှိအောင် အမျိုးမျိုး သွင် သင်ဆုံးမခဲ့၏။ သူသာမက ဆွေတော်မျိုးတော်တို့နှင့် မှူးမတ် ပုဏားတို့ကိုပါ ၀ိုင်းဝန်း သွန်သင် ဆုံးမစေခဲ့၏။

ဒုဋ္ဌကုမာရမင်းသားကလည်း မည်သူပင် ဆုံးမဆုံးမ၊ မည့်သို့ပင် ဆုံးမ ဆုံးမ ပင်ကိုယ် စရိုက် ဆိုးသွမ်းသူမို့ ဆုံးမ၍ မရပေ။ သို့ပါသော်လည်း ဗြဟ္မဒတ်မင်းကြီးသည် မင်းသားအား နောင်တစ်ချိန်တွင် တိုင်းပြည်အုပ်ချုပ် မင်းလုပ်မည့်သူမို့ လမ်းကြောင်းမှန်ပေါ် သို့ မရောက် ရောက်အောင် နည်းမှန်လမ်းမှန် ဖြင့် ပို့ဆောင်ပေးခဲ့ပါ၏။ ပို့လည်း ပို့ဆောင်ပေးနိုင်ခဲ့၏။ ပြောရလျှင် သားသမီးကို ချစ်တတ်ခဲ့၏။ နှစ်၍ မသတ်ခဲ့။ ထို့ကြောင့် ဒုဋ္ဌ ကုမာရ မင်းသား လေးမှာ နိုင်ငံ့ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာခဲ့၏။ သားသမီးရှိ သည့် မိဘတိုင်း အတုယူစရာ သင်ခန်းစာပင်ဖြစ်၏။

အချို့သော မိဘတို့သည် မိမိတို့၏ သားမီးများကို" ငါတို့က ရှာပေးပြီးပြီ၊ အကုန်လိုက်မ ကြည့် နိုင်ဘူး။ ကျန်တာ နင်တို့အပိုင်း"ဟု လက်လွက်စပယ် ပြောတတ်ကြ၏။ အမှန်အားဖြင့် ထိုသို့ မဖြစ်သင့်၊ သားသမီးကို ပြုစုပျိုးထောင်ရာ၌ ငွေရှာပေးရုံမျှဖြင့် မလုံလောက်ပေ။ မိမိတို့ ၏ သားသမီး အနေ အထိုင် တတ်ရဲ့လား။ အပြောအဆိုကော တတ်ရဲ့လား၊ ယဉ်ကျေးသိမ်မွေ့ မှုရှိရဲ့လား။ ကိုယ်ကျင့်တ၇ားပျက်ပြားနေသလား၊ ပညာရေးညံ့ဖျင်း နေသလား။ အစရှိသည်ဖြင့် တမာရွက်ကဲ့သို့ မခါးရလေအောင် အရိပ်တကြည့်ကြည့် ရှိသင့်၏။

အနေအထိုင် မတတ်လျှင် အနေအထိုင်တတ်အောင်၊ အပြောအဆို မတတ်သေးလျှင် အပြောအဆိုတတ်အောင်၊ မယဉ်းကျေးလျှင် ယဉ်ကျေးလာအောင်၊ ကိုယ်ကျင့်တရား ပျက်ပြား နေလျှင် ကိုယ်ကျင့်တရား ကောင်းမွန်လာအောင်၊ ပညာရေးညံ့ဖျင်းနေလျှင် ပညာရေး တော် လာ အောင် သွန်သင်ရမည် ဖြစ်၏။ ဆုံးမရမည်ဖြစ်၏။ လမ်းညွှန်ပေးရမည် ဖြစ်၏။ ဤသို့ ဖြည့် ဆည်ပေးမှသာလျှင် မိဘတာဝန် ကျေပွန်မည် ဖြစ်၏။

ထိုသို့ သွန်သင်ဆုံးမ လမ်းညွှန်မှုကိုရရှိသော သားသမီးတို့သည်သာလျှင်" နောင်ဝယ် လူကြီး"ဆိုသော အဆင့်မြင့် လူတန်းစားထဲ၌ ပါဝင်မည်ဖြစ်၏။ မိသားစုအတွက် ၊ အမျိုးဘာ သာ သာသနာအတွက်၊ နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်လောက်မည် ဖြစ်ပေ၏။ မိဘတိုင်း သားသမီးကို ချစ်တတ်ပါစေ။
အရှင်ကောဏ္ဍည
သာသနာ့တက္ကသိုလ်

Friday, April 26, 2013

အစားထိုး မိဘ (Surrogate )

 

"အစားထိုး မိဘ (Surrogate )"

ပညာရေး သဘောတရားနှင့် ပတ်သက်၍ အနောက်တိုင်းတို့၌ အစားထိုး မိဘ (Surrogate Parent)
ဟူသောစကား ယနေ့Modern ခေတ်တွင် ခေတ်စားလျက်ရှိ၏။ ခေတ်မီတိုးတက်သော ပညာရေးစနစ်ကို သို့မဟုတ် ယင်းပညာရေးစနစ်ကို ပီပြင်စွာအကောင်ထည် ဖော်ပေးနိုင်မည့် ဆရာကောင်းတို့၏ အခန်းကဏ္ဍကို ဆိုလိုဟန်တူပါသည်။ ယင်းသဘောတရားသည် အနောက်ကမ္ဘာမှာ ယနေ့ခေတ်မှာမှ ခေတ်စားနေသော်လည်း လွန်ခဲ့သည့် နှစ်ပေါင်း ငါးရာကျော်လောက်ကတည်းက အင်းဝစာဆိုအကျော် အရှင်မဟာရဌသာရ၊ အရှင်မဟာသီလဝံသစသော ဆရာတော်များက ယင်းသဘောတရားကို တွေ့မြင် သိနားလည်ခဲ့ပြီး ဖြစ်ပေ၏။ ဆရာဖြစ်သူများက တပည့်များအား သူတို့၏ ရင်ဝယ်သားပမာ စေတနာထား ဆိုဆုံးမ ပြုစုပျိုးထောင် ပေးကြသည်ကို ထောက်ဆလျှင် ရှေးခေတ် ဘုန်းတော်ကြီးပညာရေးသည် အလွန်ပင် ခေတ်မီတိုးတက်သောစနစ်ကို အသုံးပြုကြောင်း သိသာထင်ရှားလှပေသည်။
ခေတ်မီတိုးတက်သော ပညာရေးစနစ်ကို သို့မဟုတ် ယင်းပညာရေးစနစ်ကို ပီပြင်စွာအကောင်ထည် ဖော်ပေးနိုင်မည့် ဆရာကောင်းတို့၏ အခန်းကဏ္ဍကို လေ့လာကြည့်သင့်သည်။ သားသမီးတိုင်း မိဘရိပ်မှာ စုပြုံပြီး ခိုလှုံနေလို့ မဖြစ်၊ ဘဝပေးအခြေအနေအရ မိမိတို့ကိုယ်တိုင် သားမယားအိမ်ထောင်နှင့်ဖြစ်လာလျှင် ကိုယ့်မိသားစုစားဝတ်နေရေးအတွက် မိမိကိုယ်တိုင်ရုံးကန်လှုပ်ရှားရမည်ဖြစ်၏။ ဘဝရုံးကန်လှုပ်ရှားဖို့အတွက် "အသက်မွေးမှု၊ တစ်ခုပညာ၊ ကိုယ်စီပါ" ဆိုသလို အသက်မွေးဝမ်းကြောင်းပညာတစ်ခုခုတော့ တတ်ထားရမည်ဖြစ်၏။ မိဘတိုင်းက ထိုကဲ့သို့သော ပညာလုံလောက်စွာ မပေးနိုင်ကြ။ 
 
လူသားတို့၏ ပညာသည်လည်း တိရစ္ဆာန်တို့၏ ပညာကဲ့သို့ မိဘဆီမှ သင်ယူရုံမျှဖြင့် မလုံလောက်တော့။ တိရစ္ဆာန်တို့မှာ မိခင်သင်ပေးလိုက်သည့် ပညာဖြင့် ရှာစားနိုင်၏။ လုံလောက်နိုင်၏။  ဥပမာ ကြောင်ဆိုလျှင် မိဘသင်ပေးလိုက်သည့်အတိုင်း ကြွက်ခုတ်စား၏။ ကျား၊ ကျားသစ် တို့သည် သားကောင်လိုက်လံ ဖမ်းစားကြကုန်၏။ တိရစ္ဆာန်တို့၏ မိခင်သင်ပေးလိုက်သည့် ပညာသည် ကမ္ဘာဦးမှစပြီး ယနေ့တိုင်အောင် တစ်စုံတရာ ဘာမှတိုးတက်ပြောင်းလဲလာမှု မရှိ။ တိရစ္ဆာန်လောက၌ "လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဖ" ဆိုတာလောက်သာ လိုအပ်ကောင်း လိုအပ်နိုင်ပြီး ဆရာဆိုတာ မလိုအပ်သလောက်ပင်ဖြစ်၏။
လူ့လောကတွင် ခေတ်အခြေအနေအလိုက် လူနေမှုအဆင့်အတန်းအမျိုးမျိုး ပြောင်းလဲလာတာနှင့်အမျှ ယင်းပြောင်းလဲမှုနှင့်အညီ အမီလိုက်နိုင်သည့် ပညာကို မည်သည့် မိဘမှ သင်ပေးနိုင်စွမ်းမရှိပေ။ အနောက်တိုင်းအဆိုအရ ပညာစုံရဖို့အတွက် အစားထိုးမိဘများလိုအပ်လာ၏။ သို့အတွက် ဆရာသမားကဏ္ဍအထူးအရေး ကြီးလာ၏။ ဆရာ့အရိပ်ကို ခိုလှုံနိုင်ပါမှ ဆိုခဲ့ပြီး "အသက်မွေးမှု၊ တစ်ခုပညာ၊ ခေတ်မီတိုးတက်သော ပညာများ " ရနိုင်မှာဖြစ်၏။
ရှေးပညာရှိများကလည်း "လူဆိုတာ တစ်ကြိမ်တည်း ဖွားရင် လူလားမြောက်ရုံပဲ ရှိမယ်၊ နှစ်ကြိမ်ဖွားပြီးမှ လူလားမြောက်တယ်" ဟုဆိုတော်မူကြ၏။ ပထမတစ်ကြိမ်မှာ လူဖြစ်လာအောင် မိဘများက မွေးဖွားပေး၏။
 
 လူဖြစ်လာပြီး လူကလေးများကို အသက်မွေးမှု တစ်ခုပညာပါအောင်၊ ပညာရှင်ကလေးတွေ ဖြစ်အောင်၊ ခေတ်နှင့်အညီ လိုက်မီသည့် ပညာရပ်များရရှိအောင် ဆရာက မိဘကိုယ်စား အစားထိုးကာ မွေးဖွားပေးရ၏။ ထို့ကြောင့် ဆရာများသည် အစားထိုးမိဘများဟု ခေါ်နိုင်၏။ ပိဋကစာပေမှာလည်း "ဥရေန ဝသိတွာ မုခေ ဇာတော" နှလုံးသားနှင့် သန္ဓေတည်ပြီး ခံတွင်းမှာ မွေးဖွားပေးသည်"ဟု ဆို၏။ ဆရာကောင်းတို့သည် တပည့်များကို မိမိထက်ပင် တော်စေတတ်စေ ကြီးပွားတိုးတက်ပါစေဟု မေတ္တာစေတနာ ကရုဏာတရားများကို နှလုံးသားနှင့်လွယ်ထားပြီး အာခံတွင်းမှ ပြောဆိုဆုံးမ လမ်းပြတော်မူကြ၏။ ယင်းဆရာကောင်းတပည့်လေးများကို ရည်ရွယ်၍ ရှေးလူကြီးသူမများက "ဘုန်းရှင်ကံရှင်ကလေးများဟာ အာခံတွင်းက မွေးဖွားလာပါပေတယ်" ဟု ဆိုကြကုန်၏။
ဆရာဖြစ်သူက တပည့်အပေါ်ထားရှိသည့် စေတနာကို ပေါ်လွင်အောင် အရှင်မဟာရဌသာရက လက်သစ်တောင် ဆုံးမစာတွင် "ရင်ဝယ်ဖြစ်ငြား၊ မွေးသည့်သားကို၊ မယ်ဖွားမိခင်၊ ဆုံးမသင်သို့၊ အကြင်ဆရာ၊ တို့သူငါကို၊ လိမ္မာစေကြောင်း၊ ကောင်းပါစေလို၊ ဆိုပါသမျှ သြဝါဒကို"…စသည်ဖြင့် ရေးသားဆုံးမတော်မူခဲ့၏။ ဆရာ့စေတနာကို ဖွင့်ဆိုရာ၌လည်း "ငါကသည်စာ၊ သည်ဂါထာကို၊ မြဲစွာကြပ်မပ်၊ ဆရာအပ်သော်၊ တတ်လှစေချင်၊ ငါ့ကိုသင်ဟု၊ ထိပ်တွင်လည်းယှက်၊ လျင်လျင်ရအောင်၊ ကြိုးစားကျက်" ဟူ၍ ဆုံးမတော်မူ၏။။  
 
စာရေးစာဖတ်ရာတွင်လည်း "မပြတ်အသံ၊ တညံညံသည်၊ စာအံစာဖတ်၊ ကြပ်ကြပ်မြဲမြဲ၊ သည်းလည်းညသတ်၊ ပြတ်ပြတ်သားသား၊ စကားဆိုစေ၊ ပီလှစေ" "သင်ပုန်းထမ်းရွက်၊ ပေထက်စီကာ၊ ရေးသောခါလည်း၊ အက္ခရာကို၊ သေချာလှစေ၊ စာလုံးကိုလည်း၊ လှလှစေ" ဟူ၍ ဆုံးမသည်ကို ထောက်လျှင် စနစ်တကျစာဖတ်တတ်ဖို့၊ စာရေးရာတွင် အက္ခရာပီပီ၊ စာလုံးညီညီ လက်ရေးလှလှ ရေးသားတတ်ဖို့ အထူးမှာကြားတော်မူ၏။
သင်ကြားမှုနှင့်ပတ်သက်၍လည်း "မပျင်းမရိ၊ လုံ့လရှိ၍၊ သတိအထဲ၊ အရိုးစွဲအောင်၊ တဖောင်ဖောင်လျှင်၊ သန်းခေါင်ညဥ့်နက်၊ သင်ကျက်သမျှ၊ စစကုန်စေ၊ နေ့ကိုအလွတ်၊ ရွတ်နိုင်စေ" ဟူ၍ အရှင်မဟာသီလဝံသ၏အဆိုအရ အလွတ်ကျက်မှတ်(by heart) စာပြန် စာသင်ရသော ပညာရေးစနစ်ကိုလည်း တွေ့ရပေသည်။
အရှင်မဟာရဌသာရ၏ "သု၊စိ၊ပု၊ဘာ၊ ဆုံးမစာတွင်လည်း စာသင်သားတို့သည်
၁၊ သုဏေယျ=ဆရာသင်သမျှကို သေချာစွာ နာယူရမည်၊ ဥာဏ်မျက်စိဖွင့် ဥာဏ်နားစွင့်ထားရမည်၊
၂၊စိန္တေယျ= မိမိတို့ကိုယ်တိုင်လွတ်လပ်စွာ တွေးတတ် ကြံတတ်ရမည်၊ စိတ်ကူးတတ်ရမည်၊
၃၊ ပုစ္ဆေယျ= မရှင်းတာကို မေးမြန်းတတ်ရမည်၊
၎၊ ဘာသေယျ= အကြောင်းအရာတစ်ရပ်ရပ်ကို ပြောဆိုဆွေးနွေးတတ်ရမည်၊
၅၊ ဝိစာရေယျ= မိမိတွေ့ရှိ သိမြင် နားလည်သမျှကို စူးစမ်းဖော်ထုတ်တတ်ရမည်၊
၆၊ လိခေယျ= အကြောင်းအရာကို တိကျမှန်ကန်စွာ ရေးသား မှတ်ထားရမည်၊
၇၊သိက္ခေယျ၊ မတတ်မြောက်သေးသည့် အကြောင်းအရာ ပညာရပ်ရပ်များကို သေချာစွာ သင်ကြားထားရမည်၊
၈၊ ဓာရေယျ= လိုအပ်လာပါက နှတ်ငုံ(by heart) ဆောင်ထားရမည်။
 
ဤရှစ်ချက်သည် ပညာရှာမှီးလိုသူတို့အဖို့ မပြတ်အသုံးပြု လေ့ကျင့်သင့်၊ 
 လက်တွေ့အသုံးချသင့်သော ရှေးဟောင်း ဗုဒ္ဓဘာသာပညာရေးစနစ်လေးပင်ဖြစ်၍ ယနေ့တိုင်အောင်ပင် အလွန်ခေတ်မီလျက် ရှိသေးသည်ဟု ဆိုနိုင်ပါသည်။
စာသင်သားများ ကြိုးစားအားထုတ်မှုနှင့်ပတ်သက်ပြီးလည်း "လုံ့လပြင်းစွာ၊ သူ့ထက်ငါဟု၊ နှတ်မှာရွရွ၊ ကြိုးပမ်းကလျှင်၊ သိပ္ပကျေးဇူး၊ အထူးသိမြင်၊ ပညာရှင်" ဟူ၍လည်းကောင်း၊ "စာသင်ဟူက၊ ကျမ်းထိုမျှကို၊ တွေ့ကမရှောင်၊ ကြောင်ပုဇွန်စား၊ ကျွတ်ကျွတ်ဝါးသို့၊ လွှသွားပမာ၊ ကျောက်ထက်စာသို့၊ လိုရာရအောင်၊ ကြံဆောင်လေ့ကျက်၊ အနက်ဓိပ္ပါယ်၊ နှတ်ဝယ်ရွရွ၊ ထားချေမှတည့်" ဟူ၍လည်းကောင်း စာသင်သားကောင်း ပီပြင်မှုကို ဖော်ကျူးဆုံးမတော်မူခဲ့၏။
 
ဤကဲ့သို့ ဆရာဖြစ်သူက တပည့်များအား ရင်ဝယ်သားမခြား စေတနာထား၍ ဆုံးမသွန်သင်ကြောင်းကို ထောက်လျှင် ရှေးခေတ်ပညာရေးသည် ဘုန်းတော်ကြီးကျောင်းပညာရေးပင် ဖြစ်သော်လည်း ခေတ်မီတိုးတက်သည်ဟု ဆိုနိုင်၏။ ဆိုခဲ့ပြီး အစားထိုးမိဘ (Surrogate Parent) ဟူသော စကားကို အင်းဝခေတ်လောက်ကတည်းက အရှင်မဟာရဌသာရက မီးမောင်းထိုးပြခဲ့ပေ၏။
မြန်မာ့ယဉ်ကျေးမှုတွင် အစားထိုးမိဘများခေါ်သည့် ဆရာ၏ ဂုဏ်ကျေးဇူးများကို အလွန်တန်ဖိုးထားကြပါ၏။ ဆရာသမားများကို မိမိတို့၏ ကျေးဇူးရှင် မိဘများကဲ့သို့ ခံယူထားကြပါ၏။ အနောက်တိုင်း၌ ဆရာသမားများကို မိဘနေရာ၌ အစားထိုးကြသော်လည်း မိဘနှင့်ဆရာကို ရတနာမြတ်သုံးပါးနှင့် တစ်တန်းတည်းထားသည့် အယူအဆသည် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၌သာ ရှိမည် (သို့မဟုတ်) မြန်မာနိုင်ငံကသာ ပိုမိုအထွဋ်အထိပ်ထားတာ ဖြစ်လိမ့်မည်ဟု ထင်မြင်၏။ 
 
ဤအယူအဆသည် မြန်မာနိုင်ငံတွင် ရှေးခေတ် ဘုန်းတော်ကြီးပညာရေး၏ အရိပ်အငွေ့အောက်တွင် ကြီးပြင်းလာရသည့် ရှေးသူကြီးသူမများ၏ အစဉ်လာကောင်းတစ်ရပ်ပင် ဖြစ်ပေ၏။ မြန်မာစာပေတွင် ပညာ၏တန်ဘိုးနှင့်တကွ ဆရာ့ဂုဏ်ရည်၊ ဆရာ့ကျေးဇူး၊ ဆရာ့ဝတ္တရား စသည်များကို ကဗျာလင်္ကာ ဆုံးမစာ နီတိများဖြင့် ညွှန်းဆိုထားသည်ကို တွေ့မြင်နိုင်ပေ၏။ မဃဒေဝလင်္ကာသစ်၌ အတတ်ပညာကို "ဆရာတို့ထံ၊ နည်းခံတိုးဝင်၊ မသင်မပေး၊ အရေးမထား၊ မတတ်ငြားဘူး" ဟူ၍ ပညာသင်ကြားရေးတွင် ဆရာ့ထံ၌ နည်းနာနိဿယခံမှ ပညာတတ်ပုံကို ဖော်ပြထား၏။
ရှေးခေတ် ဘုန်းတော်ကြီးပညာရေးမှ ဆရာ့ဂုဏ်ပုဒ်များကို တစေ့တစောင်းလေ့လာကြည့်လျှင် "နှံ့ကျယ်ပညာ၊ မြတ်ဆရာ" ဟူ၍လည်းကောင်း၊ "ဗဟုသုတ၊ သိပ္ပပညာ၊ ဆည်းပူးရှာ၍၊ ဆရာကောင်းထံ" ဟူ၍လည်းကောင်း၊ "ကဝိလေးမည်၊ ပြည့်စုံတည်သား၊ ဇာနည်အထွဋ်၊ ဆရာမြတ်ဝယ်" ဟူ၍လည်းကောင်း၊ စသည်ဖြင့် ဆရာ့ဂုဏ်ပုဒ် အမျိုးမျိုးအဖုံဖုံ တင်စားဖွဲ့ဆိုထားသည်ကို တွေ့ရပေသည်။
ပညာရေးလောကတွင် "ဆရာသည် တပည့်လူငယ်များနှင့် ဒုတိယအတွေ့ထိရဆုံးသူ ဖြစ်ပေ၏။ ထိုတပည့်ကလေးများသည် ကျောင်းသို့ မရောက်ခင်ကတည်းကပင် မိမိတို့အိမ်၌ "လက်ဦးဆရာ၊ မည်ထိုက်စွာသား၊ ပုဗ္ဗာစရိယ၊  မိနှင့်ဖ(အင်းဝစာဆိုရှင် အရှင်မဟာရဌသာရ၏ ကိုးခန်းပျို့ ပိုဒ်ရေ ၄၆)" ဆိုသည့်အတိုင်း မိခင် ဖခင်တို့၏ ဆုံးမသွန်သင်မှုများ ရတန်သလောက် ရပြီးဖြစ်ပေ၏ ဤသည်မှာလည်း အမိနှင့်အဖသည် လက်ဦးဆရာဟူသော "ပညာရေးသဘောတရား တစ်ရပ်ကို" ရှေးခေတ်ဗုဒ္ဓဘာသာပညာရေး ဦးဆောင်တစ်ပါးဖြစ်သည့် အင်းဝစာဆိုရှင် အရှင်မဟာရဌသာရက မြတ်ဗုဒ္ဓအလိုတော်ကျ ချမှတ်တော်မူခဲ့ခြင်း ဖြစ်ပေ၏။
 
အနောက်တိုင်းယဉ်ကျေးမှု အစဉ်အလာအရ ပညာရေးဆိုသည်မှာ ကလေးတို့အား လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင် တစ်ဦးစီအဖြစ် မည်ကဲ့သို့ နေထိုင်ရမည်ကို ဆရာများက ပြုပြင်ပေးရန် ပုံသွင်းပေးရန် ဖြစ်သည်ဟုဆို၏။ မြန်မာ့ယဉ်ကျေးမှုအရဆိုလျှင် ဘုန်းတော်ကြီးကျောင်းပညာရေးသည် တပည့်ကလေးများကို လူလိမ္မာကလေးများ၊ လူ့ယဉ်ကျေး မြန်မာလူမျိုးများ ဖြစ်အောင် ပြုစုပျိုးထောင်ပေးခြင်းသည် အဓိကဖြစ်သည်ဟု ယူဆကြပါ၏။
မည်သို့ပင်ဆိုစေ နိုင်ငံရေး ဒီရေ အတက်အကျတွင် ဘာသာရေး၊ ပညာရေး၊ စာပေရေး၊ လူမှုရေး စသည့် ဗေဒါပန်းသည်လည်း ဒီရေအတက်ကျတွင် လိုက်ပါမျောပါတတ်သည်သာတည်း။ ယဉ်ကျေးမှုကိုအလေးထားသည့် ဘုန်းတော်ကြီးကျောင်းပညာကို ခေတ်လူတို့က ခေတ်မမီတော့ဟု သဘောထားကောင်း ထားနိုင်၏။ သို့သော် မြန်မာနိုင်ငံ ဘုန်းတော်ကြီးပညာရေးသည် ယနေ့အထိအောင် အသုံးဝင်လျက်ရှိသေး၏။ ယဉ်ကျေးမှုကိုအခြေခံလျက် ရှေးရိုး ပညာရေးစနစ်ကို လိုအပ်ပါက ပိုမိုခေတ်မီအောင်တော့ ပြုပြင်သင့်၏၊ ဘဝအတွက် ခေတ်မီနည်းလမ်းများကိုပါ ပေးစွမ်းနိုင်သော ပညာရေးမျိုးဖြစ်လျှင် ယနေ့ခေတ် မြန်မာကလေးငယ်တို့အတွက် ပိုမိုသင့်လျှော်မည်ဖြစ်၏။ 
 
တိုးတက်ပြောင်းလဲလာသော ကမ္ဘာကြီးကို မျက်ခြေမပြတ်ဘဲ ကမ္ဘာကြီးတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ပညာရေးစနစ်သည်လည်း ခေတ်မီတိုးတက်ပြေင်းလဲလာဖို့ လိုမည်ဖြစ်၏။ ပညာရေးသည် ပြောင်းလဲမှု ဖြစ်စဉ်တွင် စွမ်းအားပြင်း လက်နက်ကောင်းသဖွယ် ဖြစ်သင့်၏။
 
 ခေတ်မီသော ယဉ်ကျေးသော အားကောင်းသော ပညာရေးတစ်ရပ်ကို မြန်မာ့လူ့ဘောင်တွင် အချိန်မီ အကောင်ထည်ဖော်သင့်ပေတော့၏။ ယဉ်ကျေးမှုကိုလည်းအခြေခံ ခေတ်မီတိုးတက်သော ပညာမျိုးစုံအားကောင်း ရှင်သန်ဖို့အတွက် အစားထိုးမိဘ (ဆရာများ)၏ အခန်းကဏ္ဍသည်လည်း အထူးပင်အရေးပါလှတော့၏။ ။

 ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)

Thursday, April 25, 2013

စစ်မှန်တဲ့ အပြစ်ဒဏ်

 
"စစ်မှန်တဲ့ အပြစ်ဒဏ်"


စစ်မှန်တဲ့ ချမ်းမြေ့မှုဆိုတာ ဖြူစင်တဲ့ ကိုယ်ကျင့်သိက္ခာနဲ့ သန့်စင် မြင့်မြတ်တဲ့ စိတ်နှလုံးပေါ်မှာ အခြေခံပြီး
တည်ဆောက်မှသာ ရနိုင်တာမျိုးပါ။

အဲဒီအချက်ကို မငဲ့ကွက်ဘဲ ဘ၀တက်လမ်း ရှာမိရင် လိုချင်တာတစ်မျိုး ရလာတာတစ်ဖုံ ဖြစ်တတ်ပါတယ်။
"မရမနေ၊ မနေမနား" ကြိုးစားပမ်းစား လျှောက်လှမ်းလို့... ရောက်လာ၊ ရလာတဲ့ ပန်းတိုင်တစ်ခုဟာ ကိုယ့်လက်ထဲ ရောက်မှ "ရွှေရည်စိမ်" အတုကြီး ဖြစ်နေရင် အင်မတန် ကြေကွဲစရာ ကောင်းပါတယ်။

ဘ၀မှာ ချမ်းသာသုခ ရှာဖွေကြသူတွေဟာ "ဆိုးတာပြုက၊ ဆိုးတာရ၊ ကောင်းမှ ကောင်းစား မည်"ဆိုတဲ့
ကမ္မနိယာမ၊ ဓမ္မဥပဒေသ၊ လောကရဲ့ ဆောင်ပုဒ်ကလေးကိုတော့ မျက်နှာလွှဲလို့ မရပါဘူး။

မကောင်းမှုနဲ့ ရင်းနှီးပြီးမှ ရလာတဲ့ ချမ်းသာတု ချမ်းသာယောင်တွေဟာ"သရဲတိုက်တွေ၊ ရေခဲစံအိမ်"တွေပါ။
အခြေခံက စပြီးမှားတာမို့ “မတရားမှုနဲ့ ချမ်းသာသုခ”ဆိုတာ ကောင်းကင်ပြာနဲ့ ကမ္ဘာမြေ၊ သမုဒ္ဒရာရဲ့ ဟိုဘက်ကမ်းနဲ့  ဒီဘက်ကမ်းပမာ လွန်စွာဝေးကွာတဲ့အရာတွေပါ။

တကယ်တော့ မကောင်းမှု ပြုကြသူတွေဟာ ချမ်းသာသုခ ရလိုမှုသာမက ဆိတ်ကွယ်ရာလည်း တွေ့၊ ပြေးစရာလည်း ရှိတယ်လို့ထင်တာနဲ့ မတရားအမှုကို ရဲရဲပြုကြတာပါ။
ဒါပေမယ့် မကောင်းမှု ဒုစရိုက်လုပ်ငန်းတွေဟာ ဆိတ်ကွယ်ရာလည်းမရှိ၊ ရှောင်ပုန်းလို့လည်းမရပါဘူး။

မကောင်းမှု အကုသိုလ်ဆိုတဲ့ ဒင်္ဂါးပြားကြီးမှာ “အပြစ်ရှိခြင်း”လို့ဆိုတဲ့ “ခေါင်း”နဲ့ “မကောင်းကျိုးပေးခြင်း”လို့ဆိုတဲ့ “ပန်း” နှစ်ဖက် ပူးတွဲလျက်ပါတာပါ။

အပြစ်ရှိခြင်းဟာ မကောင်းမှု အကုသိုလ်ရဲ့ အသွင်သဏ္ဍာန်ဖြစ်ပြီး မကောင်းကျိုးပေးခြင်းကတော့ မကောင်းမှုအကုသိုလ်ရဲ့ အနှစ်သာရပဲ ဖြစ်ပါတယ်။

လူများစုဟာ အပြစ်ရှိခြင်းဆိုတဲ့ မကောင်းမှုရဲ့ အသွင်သန္တာန်ကို ပုံစံမျိုးစုံ၊ နည်းလမ်းအဖုံဖုံနဲ့ ဟန်ဆောင်ဖုံးကွယ်နိုင်ကြပေမယ့် မကောင်းကျိုးပေးခြင်းဆိုတဲ့ မကောင်းမှု အကုသိုလ်ရဲ့ အနှစ်သာရကိုတော့ ရှောင်လွဲမရ လက်ခံ ကြရပါတယ်။

မတရားမှု အကုသိုလ်ပြုထားသူဟာ-
(၁) အတ္တာနုဝါဒဘေး= ကိုယ့်စိတ်က ကိုယ့်ကို စွပ်စွဲကဲ့ရဲ့အပြစ်တင်ခံရခြင်း။
(၂) ပရာနုဝါဒဘေး=အများက ကိုယ့်ကို စွပ်စွဲကဲ့ရဲ့ အပြစ်တင်ခံရခြင်း။
(၃)ဒဏ္ဍဘေး=တရားဥပဒေအရ အရေးယူ အပြစ်တင်ပေးခံရခြင်း။
(၄) ဒုဂတိပေး အခြေအနေနိမ့်ကျ အပါယ်လေးပါးရောက်ရခြင်း။ အားဖြင့် မကောင်းတဲ့အကျိုး ပေး(၄)မျိုးကို မလွဲမသွေ ခံစားကြရပါတယ်။

အဲဒီဘေး(၄)မျိုးကို (အများထင်သလို)နောင်ဘ၀ကျမှ မဟုတ်ဘဲ အကုသိုလ်အမှုပြုမိတဲ့ အချိန်ကစပြီး
ကိုယ့်တရားကိုယ်စီရင်၊ ကိုယ့်ဘာသာကို အပြစ်ပေး အများမသိပေမယ့် တိတ်တိတ်ကလေး ကျိတ်ဆွေး ခံစားကြရတာပါ။

►လူတိုင်းရဲ့ စိတ်ထဲမှာ အမှန်တရားကို မြတ်နိုးပြီး ဘက်မလိုက်တတ်တဲ့ တရားသူကြီးတစ်ဦးစီ ရှိပါတယ်။

သူစီရင် ဆုံးဖြတ်ပေးတဲ့ ပြစ်မှုတွေဟာ လောကမှာ အမှန်ကန်အတည့်မတ်ဆုံး တရားစီရင်ထုံး တွေပဲဖြစ်ပါ တယ်။ အဲဒီအကြောင်းနဲ့စပ်တဲ့ ဓမ္မပုံပြင်ကလေးတစ်ပုဒ်ကို ပြောပြချင်ပါတယ်။

► ဒီပုံပြင်ဟာ ကာလီဒါသ လျှောက်ထုံးထဲမှာပါဝင်တဲ့ အဖြစ်အပျက်ကလေး တစ်ခုကို အခြေခံထားတာပါ။

"စစ်မှန်တဲ့ အပြစ်ဒဏ်"
----------------------------
ရှေးရှေးတုန်းက ဓာရာတိုင်းမှာ ဘောဇဘုရင်ကြီး အုပ်စိုးနေသတဲ့။ အဲဒီဘုရင်ကြီးဟာ ဥာဏ်ပညာ ထက်မြက်ပြီး စာပေ၊ဂီတ၊အနုပညာ တွေကိုလည်း အင်မတန်ဝါသနာပါတယ်။

ဘုရင်ကြီးဟာ နိုင်ငံတော်အုပ်ချုပ်ရေးကိုပဲ အဓိကထား စီမံအုပ်ချုပ်တယ်၊ ရာဇ၀တ်မှုတွေ၊တရားမမှု တွေကိုတော့ တရားသူကြီးတွေ ခန့်ထားပြီး စီရင်ဆုံးဖြတ်စေသတဲ့။

တစ်ခါတစ်ခါ ဆန်းကြယ်တဲ့ အမှုအခင်းတချို့ ပေါ်လာရင် ပညာရှိအမတ်ကြီး ကာလီဒါသကို လွှဲအပ်ပြီး စီရင်ဆုံးဖြတ် စေပါတယ်။ဒါပေမယ့် မလွှဲသာမရှောင်သာ ဘုရင်ကြီးသာ ဘုရင်ကြီးထံ ရောက်လာတဲ့ အမှုအခင်းတွေကို တော့ ကိုယ်တော်တိုင်ပဲ စီရင်ဆုံးဖြတ် ပေးလေ့ရှိပါတယ်။

အခါတစ်ပါးမှာ ဘောဇဘုရင်မင်းမြတ်ဟာ ပညာရှိအမတ်ကာလီဒါသမပါဘဲ မင်းချင်း ယောင်္ကျား တချို့နဲ့ တောလက်ကျေးရွာတွေ ဘက်ကို တိုင်းခန်းလှည့်လည်တော်မူပါတယ်။

ဘုရင်မင်းမြတ် ရွာတစ်ရွာသို့ ရောက်တော်နေစဉ်မှာ တိုက်တိုက်ဆိုင်ဆိုင် အဲဒီရွာမှာ ခိုးမှုတစ်ခု ဖြစ်ပွားသတဲ့။ အဲဒီအခါ ရွာမှာရှိတဲ့ ရွာသူကြီးဟာ ဒီအမှုကို ခုံရုံးအဖွဲ့မတင်တော့ဘဲ ခိုးသား(၄) ယောက်နဲ့အတူ အမှုတော်ကို ဘုရင်မင်းမြတ်ထံ တိုက်ရိုက်တင်ပို့လိုက်ပါတယ်။

ဘုရင်မင်းမြတ်ကလည်း ရှေ့တော်မှောက်ရောက်လာတဲ့ ခိုးသား(၄)ယောက်တို့ကို ဘာမျှ စစ်ဆေး မေးမြန်းမနေတော့ဘဲ
► “မောင်မင်းတို့၊ငါကိုယ်တော်မြတ်ရဲ့ခေတ်ဟာ သစ္စာတရားကို လက်ကိုင်ထားတဲ့ သစ္စာခေတ်ဖြစ်တယ်။ ရှင်ဘုရင်လုပ်တဲ့သူဟာ တိုင်းသူပြည်သားတို့ အပေါ်မှာ ရင်ဝယ်သားကဲ့သို့ သဘောထားရတယ်။ နှိပ်ကွက်ထိုက်တဲ့သူကို နှိပ်ကွပ်ရမယ်၊ ချီးမြှောက်ထိုက်တဲ့ သူကို ချီးမြှောက်ထောက်ပံ့ရမယ်။ ငါကိုယ်တော်မြတ် ဟာ ကျောသား၊ ရင်သားမခွဲခြား အဂတိတရား မလိုက်စားဘဲ အမှန်အတိုင်း ကျင့်ကြံ အားထုတ်နေလေ့ရှိတယ်”။

► “အခု မောင်မင်းတို့(၄)ဦးစလုံးဟာ မိမိတို့မှာ အပြစ် အသီးသီးရှိ မရှိ၊ မောင်မင်းတို့သာသိတယ်။
တစ်ယောက်အပြစ်နဲ့ တစ်ယောက် အပြစ် တူညီမှာလည်း မဟုတ်ကြပေဘူး။ အကြီးအငယ် အရွယ် အစားစား အမျိုးမျိုးရှိမှာပဲ၊ ဒါကြောင့် ငါကိုယ်တော်မြတ် ဒီအမှုကို မစီရင်လို မောင်မင်းတို့ဘာသာ စီရင် ဆုံးဖြတ်ပြီး အပြစ်ဒဏ်ကို မှန်စွာခံယူကြကုန်”လို့ အမိန့်တော်မြတ် ချမှတ်ပြီး လွှတ်ပေးတော် မူလိုက်သတဲ့။

“အို…အချင်းတို့၊ သင်တို့ရဲ့ စိတ်နှလုံးမှာ ဘယ်လိုများ ခံစားကြရကုန်သနည်း၊ ယုံမှားသံသယ ရှိတာကို ရဲဝံ့စွာ လျှောက်တင်ကြလော့”လို့ မိန့်တော်မူပါတယ်။

ဒီအခါမင်းယောင်္ကျား တစ်ဦးက-“ရေမြေသခင်အရှင်မင်းမြတ်၊ အရှင်မင်းမြတ်ရဲ့ တရားစီရင်ပုံ မျိုးကို ကျွန်တော်မျိုးတို့ တစ်ကြိမ်မျှ မတွေ့ မမြင်ဖူးကြပါ။ အပြစ်ကျူးလွန်သူမှန်သမျှဟာ ကိုယ့်အပြစ်
ကို အမြဲဖုံးဖိ ထားတတ်ကြပါတယ်။ တရားသူကြီးများက စစ်ဆေးမေးမြန်းသော်မှ လိမ်လည် လျှောက်တင်တတ်ကြပါတယ်။ မိမိကိုယ်ကို မိမိ အပြစ်ပေးတယ်ဆိုတာ ကြားတောင်
မကြားဖူးပါ ဘုရား”လို့ လျှောက်တင်တယ်။

► အဲဒီအခါ ဘုရင်မင်းမြတ်က “အချင်းတို့… ၊အမှုမှန်ကို သိလိုကြရင် ယခုလွှတ်လိုက်သူ(၄)ဦး နောက်က တိတ်တဆိတ် ချောင်းမြောင်းပြီး လိုက်လံကြည့်ရှုကြလော့၊ ငါကိုယ်တော်မြတ်ရဲ့
သစ္စာ တရား အာဏာစက်ကို သိမြင်ပေလိမ့်မယ်”လို့ မိန့်တော်မူတယ်။

♦ ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်အရ၊ မင်းချင်းယောင်္ကျား တချို့ဟာ ခိုးသား(၄)ယောက်နောက်က တိတ်တဆိတ်လိုက်လံ ချောင်းမြောင်းကြတယ်။

♦ ခိုးသား(၄)ဦးထဲက ခေါင်းဆောင်လုပ်သူဟာ ရွာအပြင်ဘက်ရောက်တဲ့အခါ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင် လိုက်တာကို တွေ့ရ သတဲ့။
♦ ဒုတိယခေါင်းဆောင်ကတော့ ဒီရွာကို လုံးဝမလာတော့ဘူး ဆိုပြီး တခြားတစ်ရွာကို ထွက်ခွာ သွားသတဲ့။
♦ တတိယ လူကတော့ ဒီနေ့ကစပြီး အသက်ထက်ဆုံး အိမ်အပြင်ဘက် မထွက်တော့ဘူး ဆိုပြီး မိမိတို့တွေ့ကြုံရတာတွေကို အစုံအလင် ဘုရင်မင်းမြတ်ထံ လျှောက်တင်ကြတယ်။ 

အဲဒီတော့မှ ဘုရင် မင်းမြတ်က-

♦ “အချင်းတို့၊ ပြစ်မှုကျူးလွန်တဲ့သူဟာ သူတို့ရဲ့အပြစ်ကို သူတို့အသိဆုံးဖြစ်တယ်၊ ကိုယ်ကျူးလွန် တဲ့ အပြစ်ကို သူတစ်ပါးက အပြစ်ပေးခြင်းဟာ အပြစ်နဲ့ ထိုက်တန်တဲ့ဒဏ်ကို
ခံစားချင်မှ ခံစားရလိမ့်မယ်။ မိမိအပြစ်ကို မိမိဘာသာ ပြစ်ဒဏ်ပေးခြင်းသည်သာ စစ်မှန်တဲ့ အပြစ်ဒဏ် ပေးခြင်း မည်တယ်” လို့ မိန့်တော်မူလိုက်ပါတယ်။

အဲဒီအခါကျမှ ဘုရင်မင်းမြတ်ရဲ့ ဆန်းကြယ်တဲ့ တရားစီရင်ထုံးကို နားလည်သဘောပေါက် သွားကြတဲ့ မင်းချင်းယောင်္ကျားနဲ့ ရွာသူရွာသား တွေဟာ ဘုရင်မင်းမြတ်ရဲ့ ထက်မြက်တဲ့ ဥာဏ်ပညာ ကို ၀ိုင်းဝန်းချီးကျူးတော်မူကြသတဲ့။

ဒီပုံပြင်ကလေးဟာ ရိုးရိုးလေးနဲ့ ဆန်းကြယ်သလို လေးနက်စူးရှတဲ့ အတွေးစတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

“အတ္တဟိ အတ္တနော နာထော၊ မိမိကိုယ်သာကိုးကွယ်ရာ”ဆိုတဲ့ တရားတော် နဲ့အညီ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်အထုပ် ကိုယ်ထမ်းကာ ကိုယ့်လမ်းကို ကိုယ်သွားနေရတဲ့ ဖြတ်ထုံးဟာ သဘာဝနိယာမတွေနဲ့ ညီညွတ်မျှတပြီး အမှန်ကန်ဆုံးနဲ့
လက်သင့်ခံနိုင်စရာ အကောင်းဆုံး ကောက်ချက်တစ်ခုပါ။

♦ ဒီပုံပြင်ကလေးကြောင့် “ကံတရားဆိုတာ ကိုယ်စိုက်ပျိုးတာကို ကိုယ်ပြန်ရိတ်သိမ်းရတာပဲ”ဆိုတဲ့ ဒေသနာတော်ရဲ့ အနက်အဓိပါယ်ကို အလေးဂရုပြုမိနိုင်သလို တခုတ်တရ တွေးဆမိနိုင်ပါတယ်။

♦ ဒီ"အတ္တနုဝါဒဘေး" လို့ခေါ်တဲ့ မိမိကိုယ်ကိုမိမိ စွပ်စွဲကဲ့ရဲ့ အပြစ်တင်မှု၊ လိပ်ပြာမသန့်မှုဟာ ထမင်းလုံး တစ္ဆေခြောက်သလို နောက်ဆုံး အိပ်မက်ထဲ အထိတောင် လိုက်ပြီး ဒုက္ခပေး ခြောက်လှန့်တတ်ပါ တယ်။ လူတွေဟာ သူတစ်ပါးတွေကို လိမ်ညာလို့ရပြီး ကိုယ့်ကိုယ်ကိုတော့ ဘယ်လိုနည်းနဲ့မျှ
လိမ်ညာလို့မရ ဖြစ်တတ်ပါတယ်။

ဘယ်သူမျှ မသိအောင် တိတ်တိတ်ပုန်းပြုလုပ်ထားတဲ့ လျှို့ဝှက် ချက်တွေကိုတောင် ကိုယ်ကသိနေပြီးသားကို။ တကယ်တော့ ကိုယ့်အကြောင်း ကိုယ်အသိဆုံးပါပဲ။
မသိချင်ယောင်ဆောင်နေကြလို့ပါ။

♦လောကမှာ အဝေးက လူတွေထက် အနီးကလူတွေရဲ့ အကြည်ညို ခံနိုင်ဖို့က ပိုခက်ပါတယ်၊

♦ အနီးကလူတွေရဲ့ အကြည်ညိုခံနိုင်ဖို့ထက်လည်း မိမိကိုယ်မိမိ အကြည်ညိုခံနိုင်ဖို့က ပိုလို့ခက်ပါတယ်။

ဒါကြောင့် ဒီအပမာဒ ပုံပြင်ကလေးရဲ့ “ကိုယ့်ကိုယ်ကိုသာ၊ ကိုယ်ဆရာ၊ ကိုယ်သာအသိဆုံး”ဆိုတဲ့
အနှစ်သာရကို လက်ခံကာ ကိုယ့်ဟာကို ရဲရဲရင့်ရင့် ပြုပြင်ထိန်းကျောင်းနိုင်ဖို့ဆိုတာ အလွန်ပဲ အရေး ကြီးလှပါတယ်။

(စာရေးသူ - တော်ဝင်နွယ်)

----------------------*----------------------
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -
"ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု"
"Donated By Honey Lay"

Wednesday, April 24, 2013

တည့်မတ် ကွေ့ချော်.. ပွားနေရတဲ့ ဗြဟ္မစိုရ်များ


တည့်မတ်တိမ်းညွတ် … ကွေ့ချော်ဖြောင့်တန်း …ပွားနေရတဲ့ ဗြဟ္မစိုရ်များ

သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ စာတွေထဲက စကားလုံးတွဲလေးများမှာ “အတွေးအမြင်” သစ်ကိုရစေတဲ့ “အတွေးအမျှင်”စကလေးတွေ ပါနေတတ်စမြဲဖြစ်လို့ အမရပူရမြို့၊ တူမောင်းတိုက်မှာ စာသင် သားဘဝနဲ့နေကတည်းက ဟံသာဝတီခေါင်းကြီးပိုင်းတွေကို အလေးထားဖတ်ရှု၊ ဖြတ်သိမ်းလုပ်ခဲ့ရဖူးတယ်။ အဲဒီတုန်းက “ကဗျာရူး စာရူးများ”လို့ ထောပနာပြုခြင်းခံရတဲ့ မိမိတို့ စာဖတ်သမားအုပ်စုအတွင်းမှာ “ပြောမှား ကြားလွဲ”မဖြစ်ပါစေနဲ့တို့၊ “တံခါးမကြီး ဖွင့်သူကဖွင့်၊  ပြတင်းပေါက်တွေ ပိတ်သူကပိတ်”မလုပ်ပါနဲ့တို့၊ “မှေးလိုက် မှိန်းတုတ် ပင်းခုတ်ပေါင်းစား”လုပ်နေကြတာလားတို့ “သိပ်အပြောသန်မနေနဲ့ ပြည်သူ့ကြေးမုံပြင်မှာ ဘယ်လို ပုံရိပ်တွေ ထင်နေတယ်ဆိုတာလည်း ကြည့်ကြပါဦး” တို့စတဲ့ စကားလုံး တွဲတွေ အလွန် ခေတ်စားခဲ့တာပေါ့။

            ဆရာကြီးရဲ့ စကားလုံးတွဲလေးတွေထဲက အတွေးအမျှင်စကလေးတွေကို ဆွဲဆန့်ရင်း အတွေးအမြင် သစ်တစ်ခုကို ဖော်ထုတ်ကြည့်မိတဲ့ အလေ့အထလေးတွေလည်း ရနေပါတယ်။ အခုလည်း အသစ်ထပ် ရိုက်တဲ့အတွက် ပြန်ဖတ်မိတဲ့ “စာပေ မွေ့လျော်မှု ပျိုးထောင်ခြင်း”ဆိုတဲ့ စာအုပ်ထဲက “သတင်းစာသမားမှ စာဖတ်သူသို့”ဆိုတဲ့ စာတမ်းကိုဖတ်ရင်း “ကွေ့ချော်တိမ်းညွတ်”၊ “တည့်မတ်ဖြောင့်တန်း”ဆိုတဲ့ ကြောင်းကျိုး ဆက်စကားလုံးတွဲလေးတွေရဲ့ အတွေးအမျှင်စကလေးတွေကို ဆွဲထုတ်ပြီး အတွေးအမြင်သစ် တစ်ခုဆီကို ဖြန့်ကြက်နေမိပါတယ်။ 

            ဆရာကြီးရဲ့ စကားလုံးတွဲလေးတွေကတော့ သမရိုးကျ ကြောင်းကျိုးဆက်ဓမ္မနိယာမအရ “ကွေ့ချော် ရင် တိမ်းညွတ် ယိမ်းယိုင်မယ်၊ တည့်မတ်မှ ဖြောင့်တန်းမယ်။ ကြောင်းကျိုးအပြန်အလှန်သဘောမျိုးနဲ့ ဆိုရင်လည်း တိမ်းညွတ်ရင် ကွေ့ချော် မယ်။ ဖြောင့်တန်းမှ တည့်မတ်မယ်လို့”လို့ ဆိုလိုတဲ့သဘောပဲ ဖြစ်မယ် ထင်ပါတယ်။

            ဒါပေမယ့် တချို့ကိစ္စတွေမှာ ဖြစ်ရပ်တွေက သမရိုးကျ ကြောင်းကျိုးဖြစ်စဉ် ဓမ္မနိယာမအတိုင်း မဟုတ်ဘဲ နိယာမကို သစ္စာဖောက်သွေဖီတဲ့ ဖြစ်ရပ်တွေကလည်း ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေကြတာ မနဲမနောပဲ။ ဖြစ်ရပ်တွေက နိယာမနဲ့ သွေဖီလာတဲ့အခါ ကြောင်းကျိုးဖြစ်စဉ်တွေကလဲ သမရိုးကျ မဟုတ်တဲ့ နိယာမသစ် တွေလို တွေးမြင်မိလာပါတယ်။

            မိမိတို့မှာ မြတ်ဗုဒ္ဓရဲ့ တပည့်သားပီပီ ဗြဟ္မစိုရ်တရားလေးပါးတို့ကို အိပ်ရာထ၊ အိပ်ရာဝင် နေ့စဉ် အနဲဆုံး နှစ်ကြိမ်တော့ ပွားများကြရပါတယ်။ ဗြဟ္မစိုရ်ဆိုတာ သတ္တလောကထဲက အမြတ်ဆုံးသတ္တဝါများဖြစ်တဲ့ ဗြဟ္မာတို့ရဲ့ စိတ်ထားဖြစ်လို့ အမြတ်ဆုံးစိတ်ထားများလဲ ဖြစ်ပါတယ်။ “အမြတ်ဆုံး သာသနာတော်မှာနေပြီး အမြတ်ဆုံးဖြစ်တဲ့ မဂ်ဖိုရ်နိဗ္ဗာန်ကို ဦးတည် သူမှန်သမျှဟာ ဒီအမြတ်ဆုံး ဗြဟ္မစိုရ်တရားကို အမြဲမပြတ် ပွားများ ရမယ်”ဆိုတဲ့ ဘုရားရှင်ရဲ့ အဆုံးအမတော်ကြောင့်လဲ ဒီဝတ္တရားများကို တတ်နိုင်သမျှ မပျက်မကွက် ပွားများ အားထုတ်ကြရတာပါ။

            ဗြဟ္မစိုရ်တရား လေးပါးဆိုတာ ဗုဒ္ဓဘာသာဝင်အများစုတို့တော့ သိကြပြီးသားပါ။ နံပါတ်(၁) “မေတ္တာ”ဆိုတာ  “ကိုယ်နှင့်လည်းစာ၊ သတ္တဝါကို၊ ကြင်နာလှစေ၊ သူ့အသက်ကို ချစ်ပါလေ”ဆိုတဲ့ အရှင်မဟာရဋ္ဌ သာရရဲ့ စာပိုဒ်အတိုင်း သတ္တဝါအားလုံးပေါ်မှာ ကိုယ်နှင့်နှိုင်းစာပြီး ချစ်ခင်တဲ့ သဘောပါ။ ကိုယ်လဲ ကျန်းမာ ချမ်းသာပြီး ဆင်းရဲခပ်သိမ်းကင်းငြိမ်း ခြင်းကို  လိုလားသလို သက်ရှိသတ္တဝါအားလုံးအပေါ်မှာ “ကျန်းမာ ချမ်းသာကြပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ” ဆိုတဲ့ မေတ္တာစိတ်ဓာတ်ကို ပို့လွှတ်ပွား များပေးတာပါ။

            ဒီ”မေတ္တာ”ဆိုတဲ့ တရားကတော့ နှုတ်ဆောင်ဗြဟ္မစိုရ်၊ ဒါမှမဟုတ် ဗြဟ္မစိုရ်ရဲ့ ရည်မှန်းချက်ြွေကးကြော်သံ သဘောမျိုးဖြစ်မယ်ထင်ပါတယ်။ ရည်မှန်းချက်တို့ ကြွေးကြော်သံတို့ဆိုတာ လုပ်ဆောင်ချက်နဲ့ လက်တွေ့ပြနိုင်မှသာ မှန်ကန်တယ်လို့ဆိုရမှာပါ။ လုပ်ဆောင်ချက်နဲ့ သက်သေမပြနိုင်ရင်တော့ “လိမ်ညာ လှည့်ဖြားဖြင်း(မုသာ)၊ ကိုယ့်အပြစ်ကို ဖုံးကွယ်လိုခြင်း(မာယာ)၊ ဟိတ်ဟန်ဆောင်လိုခြင်း (သာဌေယျ) သဘောမျိုးပဲ ဖြစ်သွားမှာပါ။ (“မုသား လိမ်ညာ၊ မာယာပြစ်ဖုံး၊ ဟိတ်ဟန်သုံးက သာဌေယျ၊ မှတ်ကြ အထူး တည်း” တဲ့။)

            ပါးစပ်က မေတ္တာပို့နေပေမယ့် အဲဒီမေတ္တာဟာ ဗြဟ္မစိုရ်မေတ္တာ အစစ်ဟုတ် မဟုတ်ကို ကျန်တဲ့ ဗြဟ္မစိုရ်တရား သုံးပါးနဲ့ မှတ်ကျောက်တင်ကြည့်ရလိမ့်မယ်။ ဒါကြောင့် ကျန်ဗြဟ္မစိုရ်သုံးပါးကိုတော့ သရုပ်ဆောင် ဗြဟ္မစိုရ်လို့ ဆိုချင်ပါ တယ်။ သဘောကတော့ မေတ္တာဗြဟ္မစိုရ် အစစ်အမှန်ထားသူဟာ ကျန်တဲ့ ဗြဟ္မစိုရ်သုံးပါးနဲ့ သရုပ်ဆောင်ပြရမှာပါ။
            ဟုတ်ပါတယ်။ မေတ္တာဗြဟ္မစိုရ် ထားသူမှန်ရင် ဆင်းရဲဒုက္ခရောက်နေတဲ့ သတ္တဝါနဲ့ တွေ့ကြုံလာတဲ့အခါ ကိုယ်တိုင် ဆင်းရဲဒုက္ခရောက်နေသလို စာနာစိတ်ထားပြီး သနားစောင့်ရှောက်ကူညီပေးခြင်းဆိုတဲ့ ကရုဏာနဲ့ သရုပ်ဆောင်ရမှာပါ။ ဒီလို သရုပ်ဆောင်မပြနိုင်ရင် မေတ္တာဟာ အစစ်လို့ မဆိုနိုင်တော့ပါဘူး။
            အလားတူပဲ၊ ချမ်းသာသုခနဲ့ ပြည့်စုံတွေ့ကြုံနေတဲ့ သတ္တဝါများနဲ့ တွေ့ကြုံတဲ့အခါမှာလဲ ကိုယ်တိုင်ရရှိ ခံစားနေရ သလို  ဝမ်းသာကျေနပ်ပြီး “ရရှိပြီးတဲ့ ချမ်းသာသုခတွေ မယွင်းမယို မြဲခိုင်တည်တန့်ပါစေ”ဆိုတဲ့ မုဒိတာစိတ်ကို မွေးကြရမှာ ဖြစ်ပါတယ်။
            “ဥပေက္ခာ”ဆိုတာကတော့ နှစ်မျိုးနှစ်စားရှိပါတယ်။ တရားဓမ္မကျင့်သုံးဖို့ဆိုရင်တော့ “သတ္တဝါတစ်ခု၊ ကံတစ်ခု   (သဗ္ဗေသတ္တာ ကမ္မဿကတာ)ဆိုတဲ့စိတ်နဲ့ သနားခြင်း ချစ်ခင်ခြင်း၊ မုန်းတီးခြင်း မထားဘဲ လစ်လျူရှု ရမှာ ဖြစ်ပါတယ်။ ပါရမီသဘောမျိုးနဲ့ကျင့်သုံးရာမှာတော့ အပြစ်နဲ့ချွတ်ယွင်းချက်များကို သည်းခံခွင့်လွှတ်ရမှာ ဖြစ်ပါတယ်။ တကယ်တမ်း လက်တွေ့ကျင့်သုံးရာမှာ ရှေ့ရှေ့ဗြဟ္မစိုရ်ထက် နောက် နောက်ဗြဟ္မစိုရ်က ပိုပိုပြီး ခက်ခဲပါတယ်။ ဒုက္ခိတသတ္တဝါအပေါ်မှာ  သနားစောင့်ရှောက်ကူညီဖို့ထက် သုခိတ သတ္တဝါနဲ့တွေ့တဲ့အခါ ကိုယ်တိုင်ရရှိခံစားရသလို ဝမ်းမြောက်တဲ့စိတ်မွေးဖို့က ပိုခက်ခဲပါတယ်။ အဲဒီထက် အပြစ်ရှိသူကို သည်းခံ ခွင့်လွှတ်ဖို့က ပိုလို့ ခက်ခဲတယ်ဆိုတာ လက်တွေ့ဘဝကို ဆင်ခြင်ကြည့်ရင် သဘောပေါက်မှာပါ။

            ဒုက္ခိတသတ္တဝါ၊ သုခိတသတ္တဝါနဲ့ အပြစ်ရှိကြတဲ့ သတ္တဝါတို့က နိယာမနဲ့ မသွေမဖီပဲ ပုံမှန်ဖြစ် ရိုးဖြစ်စဉ်အရ ဖြစ်လာကြတဲ့အခါ ဗြဟ္မစိုရ်သရုပ်ဆောင်မှုများကလဲ နိယာမနဲ့အညီ သရုပ်ဆောင်ကြရမှာဖြစ်လို့ ကွေ့ချော် တိမ်းညွတ်မှု မရှိဘဲ တည့်မတ်ဖြောင့်တန်းနေမှာပါ။

            ဒါပေမယ့် အခုတွေ့နေရတာက သတ္တဝါပညတ်တွေထဲမှာကိုပဲ သမရိုးကျဖြစ်သူနဲ့ သမရိုးကျမဟုတ် သူဆိုတာက နှစ်မျိုးစီ ကွဲပြား နေကြတာပါ။ ဒုက္ခိတသတ္တဝါပညတ်ဆိုရာမှာလဲ စားဝတ်နေရေး ကျန်းမာရေး ချို့တဲ့ကြတဲ့ ပုံမှန် “မရှိဆင်းရဲ ဒုက္ခသည်များ” ဆိုတာ ရှိသလို စားဝတ်နေရေးစတဲ့ အထွေထွေ ပြည့်စုံမှုအရ တစ်ဘဝစာမကလို့ ဆိုရလောက်အောင်ကို အလျှံပယ်ပြည့်စုံ နေကြပါလျက် လောဘကို အသော မသတ်နိုင် ကြသေးတဲ့ “မပြည့်ဆင်းရဲ ဒုက္ခသည်များ”ဆိုတာတွေကလဲ ရှိနေကြပြန်ရော။                      

 ဒီဒုက္ခသည်နှစ်မျိုးလုံးအပေါ်မှာ ကွေ့ချော်တိမ်းညွတ်မှု မရှိဘဲ တည့်မတ်ဖြောင့်မှန်စွာဖြစ်အောင် တစ်သား တည်း သဘောထားပြီး ဒုက္ခကို ကျော်လွှားနိုင်အောင် ရိုင်းပင်းကူညီတဲ့ ကရုဏာဗြဟ္မစိုရ်နဲ့ သရုပ် ဆောင်ကြမယ် ဆိုပြန်ရင်လဲ ဒီဒုက္ခသည်နှစ်မျိုးတို့က ဓာတ်လှေကားကို အတင်အချလုပ်တဲ့ ကြိုး စနှစ်ဖက် တို့လိုပဲ တစ်ဆက်တည်း တစ်သားတည်း ဖြစ်နေပါလျက် တစ်ပြိုင်နက် အတင်အချလုပ်လို့က ရတာမျိုး မဟုတ် ပြန်ဘူး။ တစ်ဖက်ကမြင့်တက်သလောက် တစ်ဖက်က ပိုပြီး နှိမ့်ကျသွားရမည့် အခြေအနေကြီး။ ဒီအခြေအနေ မျိုးမှာက တည့်မတ်ရင် တိမ်းညွတ်ပြီး ကွေ့ချော်မှသာ ဖြောင့်တန်း မည့်သဘော ဖြစ်နေတာ အမှန်ပါ။ အပြစ်ရှိသူ၊ ချွတ်ယွင်းသူ ဆိုသူများထဲမှာလဲ ဒီအတိုင်းပဲ နှစ်မျိုး နှစ်စားရှိနေကြတာ အားလုံး သတိပြုမိကြမှာပါ။

            သုခိတသတ္တဝါတွေထဲမှာလဲ ဒီအတိုင်းပါပဲ။ သမရိုးကျ ချမ်းသာလာကြတဲ့ “ဓမ္မိယလဒ္ဓသုခိတ” ပုဂ္ဂိုလ် များဆိုတာ ရှိသလို သမရိုးကျ မဟုတ်တဲ့ “အဓမ္မိယလဒ္ဓသုခိတ” သတ္တဝါပညတ်တွေက ရှိနေပြန်ရော။ ဒီသုခိတပုဂ္ဂိုလ်နှစ်မျိုးတို့ကလဲ ဓာတ်လှေကားရဲ့ ကြိုးစနှစ်ဖက်လိုပါပဲ။ တစ်သားတည်း တစ်ဆက်တည်း ဖြစ်နေ ကြတာ မှန်ပေမယ့် တစ်ပြိုင်နက် အတင် အချပြုလို့က ရနိုင်တဲ့အမျိုး မဟုတ်ကြလေတော့ ဗြဟ္မစိုရ်နဲ့ သရုပ် ဆောင် တဲ့အခါ တည့်မတ်ရင် တိမ်းညွတ်သလိုကြီးဖြစ်ပြီး ကွေ့ချော်နိုင်မှ ဖြောင့်တန်းမယ်ဆိုတဲ့ အခြေ အနေပါပဲ။ အဓမ္မိယလဒ္ဓ သုခိတပုဂ္ဂိုလ်တွေ မယွင်းမယိုင် မြဲခိုင်တိုးတက်နေရင် ဓမ္မိယလဒ္ဓသုခိတ ပုဂ္ဂိုလ်တွေက ဒုက္ခိတပုဂ္ဂိုလ်အဖြစ် ရောက်ရှိသွားမှာ မလွဲပြန်ပါဘူး။ 

            ဒီနေရာမှာ ဥပေက္ခာဗြဟ္မစိုရ်နဲ့သရုပ်ဆောင်ဖို့က ပိုပြီးအကြပ်ရိုက်စေပါတယ်။ “သဗ္ဗေသတ္တာ ကမ္မဿကတာ = သတ္တဝါတစ်ခု ကံတစ်ခုပဲ”ဆိုပြီး လျစ်လျူရှုထားပြန်ရင်လဲ အခက်။ ခွင့်လွှတ်သည်းခံပြီး ငြိမ် နေဖို့ကလဲ မလွယ်ဆိုတာမျိုး ကြီးနဲ့ ကြုံနေကြရတာပါ။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ဆိုရင်တော့ ဥပေက္ခာ ဗြဟ္မစိုရ်ကို ကြားခံနယ်မြေတစ်ခုအဖြစ်နဲ့ ကျင့်သုံး သရုပ်ဆောင်ရရင်တော့ အဆင်များ ပြေမလားပဲ။

            မပြည့်ဆင်းရဲဒုက္ခသည်များ အပေါ်မှာလဲ ဒေါသမပွားမိအောင်၊ အဓမ္မိယလဒ္ဓ သုခိတပုဂ္ဂိုလ်များအပေါ်လဲ ဣဿာçမစ္ဆေရမပွားရလေအောင် ဥပေက္ခာကြားခံမြေမှာ ကိုယ်ကရပ်တည်ပြီးတော့မှ သမရိုးကျမဟုတ်ကြတဲ့ ဒီသတ္တဝါ နှစ်မျိုးလုံးကိုပဲ သံသရာမှာ ကြုံတွေ့ရမယ့် ဒုက္ခတို့ကို မျှော်တွေးထောက်ဆပြီး တကယ့် ဒုက္ခိတ သတ္တဝါစစ်စစ်တွေ ဖြစ်မည့်  အရေးကို ရှုမြင်သနားတဲ့ ကရုဏာတရားနဲ့ ဒီဒုက္ခတွေက လွတ်ရာ လွတ်ကြောင်း နည်းကောင်းလမ်းမှန်ဖြစ်တဲ့ ကမ္မဿကတ သမ္မာဒိဋ္ဌိ အမြင်မှန်ရရှိစေဖို့ ဝိုင်းဝန်း ကူညီပေးရရင်ရော၊ သမရိုးကျ ဗြဟ္မစိုရ်အရ တည့်မတ်တယ်လို့မဆိုသာပဲ ကွေ့ချော် သယောင် ထင်ရပေမယ့် ဖြောင့်တန်း မသွားလောက်ပေ ဘူးလား”လို့ စဉ်းစားမိပါတယ်။ ခက်ခဲသလို ရှိလှပေမယ့် ဘုရားရှင်ရဲ့ တပည့်သားတစ်ဦးအနေနဲ့ ဗြဟ္မစိုရ်ဆိုတာ ရှောင်လွှဲလို့မှ မရဘဲဆိုပြီး ခုတော့ ဒီနည်းကိုပဲ စမ်းသပ်သရုပ်ဆောင်နေမိရပါတော့တယ်။ 

ဗြဟ္မစိုရ်စိတ်ထားနဲ့ မြင့်မြတ်တဲ့ သုဂတိဘုံသားများ ပီသကြပါစေ …။
                                                                                                            ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Tuesday, April 23, 2013

လူငယ်နှင့် ကိုယ်ကျင့်တရား


  လူငယ်နှင့် ကိုယ်ကျင့်တရား
 



လောက လူ့အသိုင်း အဝိုင်းကို အလှဆင် ကြမည့် ယနေ့ လူငယ်များသည် ပညာရေး၌ ထူးချွန် ပြောင်မြောက် ကြပါပေသည်။ လူချွန်လူကောင်း ကလေးများကို မြင်တွေ့ရတိုင်း အနာဂတ် အတွက် အားတက် မိပါသည်။ လက်ခုပ် အခါခါ တီးမိပါသည်။ ကျွန်ုပ်တို့ ခေတ်အခါ ကထက် ပိုမို ထူးချွန်သော အနေအထား ဖြစ်၍ လိုလိုလားလား လက်ခံကြိုဆို ရသည်။ သို့သော်ယနေ့ လူငယ် အချို့သည် စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ် ပိုင်း၌ နိမ့်ကျ နေသည်ကို တွေ့ရပါသည်။

လူ့အဖွဲ့ အစည်းတွင် လူတိုင်း အရေးမူ အလေးထား အပ်သော လောကနီတိ တရား၊ ကိုယ်ကျင့် တရားများ ၌ လျော့နည်းလျော့ရဲ ဖြစ်နေကြသည်။ ကိုယ်ကျင့်တရား စောင့်သိမှု၌ ဟာကွက် ဖြစ်နေကြသည်။ ဤသည်မှာ အနာဂတ် လူ့ဘောင် အဖွဲ့ အစည်းအတွက် လိုအပ်သော အသွင်ရပ်တည် မှုကား မဟုတ် ပါချေ။

လူငယ်တို့၏ သိစိတ်၌ ရုပ်ပိုင်းနှင့် စိတ်ပိုင်းကို ဟန်ချက်ညီညီ သိလာ မြင်လာအောင် လုပ်ဆောင် ရမည်မှာ ပြုစု ပျိုးထောင်လျက် ရှိကြသော အုပ်ချုပ်သူ ဆရာမိဘ အုပ်ထိန်းသူ တို့ဘက်၌ လုံးဝရပ်တည် နေပေသည်။ စိတ်ပိုင်းဆိုင်ရာ နိမ့်ကျ နေသူကို စိတ်ပိုင်းဆိုင်ရာ ရင့်ကျက် ခိုင်မာလာအောင် ပံ့ပိုးပေးဖို့ လိုသည်။ ရုပ်ပိုင်းဆိုင်ရာ နိမ့်ကျ နေသူကို ရုပ်ပိုင်း ဆိုင်ရာ၌ ပံ့ပိုးပေးဖို့ လိုပါသည်။

ကိုယ်ကျင့်တရား ဟူသည် လူ၏ အလုပ်နှင့် လုံးဝသက်ဆိုင် နေပေသည်။ ကိုယ်၊ နှုတ်၊ စိတ် သုံးမျိုး စလုံးနှင့် ဆိုင်ပါသည်။ ကောင်းသော အလုပ်ကို လုပ်က ကောင်းသော အကျိုးဆက်ကို ရနိုင် သကဲ့သို့ မကောင်းမှုကို ပြုကျင့်က မကောင်းသော ဆိုးကျိုးကို ရနိုင်ပေသည်။ ကိုယ်ကျင့်တရား စောင့်သိမှု၊ စောင့်ထိန်းမှုမှ အကောင်းနှင့် အဆိုး၊ အမှားနှင့် အမှန်၊ အပြုသဘောနှင့်အပျက်သဘော၊ လမ်းဆိုး နှင့် လမ်းကောင်း၊ တည်ဆောက်မှုနှင့် ဖြိုဖျက်မှု တို့၏ နက်ရှိုင်းသော အနှစ်သာရ တို့ကို ဂဃ နဏ သိမြင် နိုင်ပေသည်။

ကောင်းမှု၊ မကောင်းမှု သဘောကို ပတ်ဝန်းကျင်က အသိအမှတ် ပြုကြသည်။ ကောင်းသော အကျင့်ကို ကျင့်ပြီး ကောင်းသော အလုပ်ကို လုပ်နိုင်သူကို ဝန်းကျင်က လက်ခုပ်တီး ကြသည်။ ချီးမွမ်း ကြသည်။ သို့သော် မကောင်းသော အကျင့်နှင့် မကောင်းသော လုပ်ရပ်ကို လုပ်ခဲ့သူ ကိုကား ဝန်းကျင်က ကဲ့ရဲ့ကြသည်။ မေးငေါ့ ကြသည်။ ဝန်းကျင်၏ အဆုံးအဖြတ်သည် လူသား၏ ကိုယ်ကျင့်တရား စောင့်သိမှု၏ မှတ်တိုင်ဟု ဆိုနိုင်သည်။

လူငယ်များ အပိုင်းကလည်း မိမိတို့၏ လူငယ် တန်ဖိုးကို စောင့်ထိန်းဖို့ လိုပါသည်။ လူသာ ငယ်သော်လည်း လူကြီးအသိ၊ လူကြီး အမြင်မျိုးကို ခံယူနိုင်ဖို့ လိုပါသည်။ ရာစုနှစ် ပေါင်းများ စွာမှ ယဉ်ကျေးမှု အမွေ ဆက်ခံသော လူငယ်များ ဖြစ်လာ အောင် ကျင့်ဆောင် သွားဖို့လို ပါသည်။ လောဘ၊ ဒေါသ၊ မောဟ နည်းသော၊ ငြိမ်းချမ်းသော၊ လှပ သာယာသော လူ့ဘောင် အဖွဲ့အစည်း တစ်ရပ် တည်တံ့နိုင်ရေး အတွက် ကိုယ်ကျင့် တရားကို စောင့်ထိန်း နိုင်ဖို့ လိုပါ သည်။

မကောင်းမှုသည် အတိုင်းအတာ အလိုက် စိတ်အသိကို ဒုက္ခပေး တတ်သည်။ ကိုယ်ကျင့် တရား စောင့်သိမှု မရှိခြင်း သည်လည်း အတိုင်း အတာအလိုက်၊ အရွယ်အလိုက် သောက ပိုမို စေသည်။ ဖြူစင်သော စိတ်အသိကို မည်းညစ်စေသည်။ နှလုံးသားကို   ခက်ထန်ကြမ်းတမ်း စေသည်။ ဘဝအမြင် မှားစေသည်။ လူငယ်၏ ရပ်တည်မှု သွင်ပြင် ပြောင်းနိုင်သည်။

ယနေ့ လူငယ် အချို့ကို ကြည့်ပါက  ရုပ်ပိုင်းဆိုင်ရာ တိုးတက်ရေး အတွက် နောက်ဆုံးပေါ် ခေတ်အမီဆုံး ပစ္စည်းများကို ကိုယ်ပေါ်တင်၍ နောက်ဆုံးပေါ် လူသုံး ပစ္စည်းများ ကိုသုံး နေကြ သော်လည်း ထောက်ထားမှု၊ စာနာမှု၊ ကရုဏာ ထားမှု၊ မေတ္တာ စေတနာ ထားမှုတို့ကား ကင်းဝေး နေပေပြီ။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ရေး အလို့ငှာ အချင်းချင်း မာန်ထောင် နေကြပြီ။ ဟိတ်ထုတ် နေကြပြီ။ ပလွှား နေကြပြီ။ ပညာတတ်ချင်း မာနဖြင့် အနိုင်ယူ နေကြပြီ။

ရုပ်ပိုင်းဆိုင် ရာနှင့် စိတ်ပိုင်းဆိုင်ရာ တို့ကို ဟန်ချက်ညီညီ မပံ့ပိုးနိုင် သေးသမျှ၊ ကိုယ်ကျင့် တရားကို စောင့်သိလိုမှု နည်းနေ သေးသမျှ ပညာတတ် များသာ များလာ နိုင်သည်။ ပညာရှိ များ ကား ဖြစ်မ လာ နိုင်ပေ။ လူချွန်များသာ များလာ နိုင်သည်။ လူကောင်းများ နှလုံးသား အလှပိုင်ရှင် များကား မဟုတ်နိုင်။

ယနေ့ခေတ် စနစ်က ပညာတတ်သော နှလုံးသား ပိုင်ရှင်များကို ဆာလောင် တောင့်တပြီး အသိ ပညာရှင်၊ အတတ် ပညာရှင် အတွေးခေါ် သမားများကို လိုလို လားလား တောင့်တ နေပြီ။ ဤသည်ကို ယနေ့လူငယ် အများစုက ခေတ်၏ လိုအပ်ချက်  စနစ်၏ လိုအပ်ချက်ကို သိဖို့လို သည်။  သိလျှင် ထပ်မံအင်အား ဖြည့်နိုင်သူ ဖြစ်အောင် ကြိုးစားလိုပါသည်။

မြန်မာ၏ ကျက်သရေ၊ မြန်မာ၏ ဂုဏ်၊ မြန်မာ၏ ယဉ်ကျေးမှု၊ မြန်မာ၏ အား၊ မြန်မာ၏ မာန်၊ မြန်မာ၏ စာပေ၊ မြန်မာ၏ တေးဂီတ၊ မြန်မာ၏ ဓလေ့ စရိုက်များ အားလုံးကို  မေ့ထား ချင်ကြသည်။ ဥပေက္ခာ ပြု၍ အသစ် အဆန်းတို့ကို အလွယ်တကူ လက်ခံလိုလာ ကြသည်။ ပိုဆိုး သည်ကား ကိုယ့်ဒေသ၊ ကိုယ့်ရေမြေ၊ ကိုယ့်လူနေမှု စနစ်ဖြင့် လိုက်ဖက်သည်၊ မလိုက်ဖက် သည်ကို မသုံးသပ်၊ မစစ်ကြော မဝေဖန်ဘဲ ကျောခိုင်း ရဲ၍လည်း ယနေ့ခေတ် အချို့ လူငယ်တို့၏ ကိုယ်ကျင့်တရား စောင့်ထိန်းမှု အပိုင်း၌ အားနည်းလာရ သည်ဟု ထင်မိ ပါသည်။

ထိုအခါ ယနေ့ခေတ် အချို့ လူငယ်များ သမိုင်း ကြေးမုံပြင်၌ မည်သို့အရောင် ထင်ဟပ် မည် နည်း။ မည်သို့သော အသွေးအရောင်ကို ခြယ်မှုန်းကြ မည်နည်း။ မည်သို့သော ရပ်တည်မှု အနေ အထား၌ ရပ်တည်ကြမည် နည်းဟူသော မေးခွန်းကို မေးကြည့်ချင်သည်။ လူငယ်တို့က စေ့စေ့ စပ်စပ် တွေး၍ ပြတ်သားသော အဖြေကိုတော့ လိုချင် ပါသည်။ လူငယ်တို့ အဖြေ၌ ''အနာဂတ်ကို ကိုယ်ကျင့်တရား စောင့်ထိန်းမှုဖြင့် အလှခြယ် သွားမည်'' ဟူ၍ ဖြေဆိုကြပါက အနာဂတ် နိုင်ငံတော်သည် သာယာလှပ နေမည်သာ ဖြစ်ပါသည်။          ။

 ဆောင်းပါးရှင် (မြန်ဂုဏ်ဆောင်)
 


 

Monday, April 22, 2013

တရားလင်းရောင် အချိန်မီ ပြောင်ဝင်းစေသော်‏




                                              တရားလင်းရောင် အချိန်မီ ပြောင်ဝင်းစေသော်‏

ငယ်စဉ်တောင်ကျေး ကလေးဘ၀ စတုတ္ထတန်းအရွယ်လောက်ကတည်းကစ၍ ဘာသာရေးကို ၀ါသနာပါ စိတ်ဝင်စားခဲ့ပါ၏။ ဘုရားရှင်၏ ဇာတ်တော်ကြီး (၁၀)ဘွဲ့ကို စိတ်ဝင်တစား ဖတ်ရှုကြည်ညိုခဲ့၏။ အဘိုးဖြစ်သူက ဇာတ်တော်ကြီး (၁၀)ဘွဲ့ စာအုပ်များကို တအုပ်ပြီးတအုပ် ပို့ပေးခဲ့၍ ဖတ်ရှုပြီး သဒ္ဓါတရားများ ပွားများခဲ့၏။ ဆရာကြီးဦးသုခ၏ ဗုဒ္ဓသမီးတော်များစာအုပ်ကို ဖတ်ပြီးသောအခါတွင် ဗုဒ္ဓ၏ရင်နှစ် သမီးအစစ် ဖြစ်ချင်လာမိပါ၏။ သောတာပန်ဟူသော အဓိပ္ပါယ်ကို သေသေချာချာ မသိသေးခဲ့သော်လည်း သူတော်ကောင်းဖြစ်မည်ဟု မှန်းဆမိခဲ့၏။ အထင်ကြီး၍ အားကျမိပြီး သောတာပန်ဖြစ်လိုသော ဆန္ဒများ တဖွားဖွား ဖြစ်ပေါ်ခဲ့မိ၏။ သို့သော် ငယ်သေးသဖြင့် မည်ကဲ့သို့ ကျင့်ရမည်ကို မသိခဲ့ပါ။

 ထိုအချိန် ထိုအခါက ၀ိပဿနာစခန်း ကျင့်စဉ်များ ခေတ်စားသောအခါန် မဟုတ်ခဲ့ပါ။ စိတ်ပုတီး စိပ်ကြသော ခေတ်အခါဖြစ်ပါသည်။ အဘွားလုပ်သူက စိတ်ပုတီးကို လက်ကမချ၊ အမြဲရွတ်ဖတ်ပြီး စိတ်ပုတီးစိပ်နေသည်ကို တွေ့ခဲ့ရပါ၏။ မြေးများကိုလည်း သမ္ဗုဒ္ဓေဂါထာ၊ အောင်း-တရာ့ရှစ်ကွက် ဂါထာ၊ ဂုဏ်တော်ကိုးပါး စသည့်တရားစာများကို ကျက်မှတ်ရန် သင်ပေးခဲ့၏။ ရင်ထဲတွင် သာသနာကိန်းအောင်းစေရန် အစပျိုးမျိုးစေ့ချပေးခဲ့သော အဘိုးအဘွားနှင့် မိဘနှစ်ပါးတို့၏ ကျေးဇူးများကား ဆပ်၍မကုန် အနန္တပါတကား။

အထက်တန်းကျောင်းသူအရွယ်သို့ ရောက်သောအခါတွင်လည်း ခေတ်ရေစီးကြောင်းအလိုက် ခရစ်ယာန်သာသနာပြု ကျောင်းသူဖြစ်ခဲ့၍ တနင်္ဂနွေနေ့များတွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို တက်ခဲ့ရ၏။ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းနှင့် စိမ်းစိမ်းကားကား ဖြစ်ခဲ့ရ၏။ လောကီရေးရာ ခေတ်ပညာနှင့် လုံးချာလိုက်၍နေခဲ့ရသဖြင့် ဗုဒ္ဓဘာသာဝင်ဟု အမည်ခံသာဖြစ်ခဲ့၏။ အစစ်တော့ မဖြစ်ခဲ့သေး။ ဗုဒ္ဓတရား စာပေများကို နာယူသင်ကြားခွင့် အခြေအနေ မရခဲ့ပါ။

ယခု မျက်မှောက်ခေတ်တွင် မြန်မာပြည်အတွင်း ဗုဒ္ဓသာသနာ လွန်စွာထွန်းကားနေပါသည်။ သီလရှင်ကျောင်းများ၊ ပရိယတ္တိ စာသင်တိုက်များ၊ တက္ကသိုလ်များ၊ ထည်ထည်ဝါ၀ါနှင့် ထွန်းကား၍နေပေပြီ။ သီလရှင်အ၀တ်အစားလေးတွေနှင့် ကြည်ညိုဘွယ်ကောင်းသော သီလရှင်များကို တွေ့ရသောအခါ အားကျမိ၏။ စိတ်ထဲတွင် တသိမ့်သိမ့်တုန် ပီတိအဟုန်များ ဖြစ်ပေါ်မိ၏။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းများ၊ အဘိဓမ္မာ ဋီကာကျော်၊ ၀ိသုဒ္ဓိမဂ် စသော ဘာသာရေးသင်တန်းများလည်း စည်စည်ကားကား ပေါ်ထွန်းလာခဲ့ပေသည်။ သင်တန်းများ တက်ခွင့်၊ သင်ကြားနာယူခွင့် ရခဲ့သဖြင့် ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျေးဇူးတင်ပါသည်။

ပဋိပတ္တိဘက်တွင်လည်း ၀ိပဿနာတရားစခန်းများ မြန်မာပြည်အနှံ့ ထွန်းကားပေါ်ပေါက်ခဲ့ပေပြီ။ သို့သော်လည်း ကိုယ့်ကိုကိုယ် ပြည်ကြည့်လိုက်တော့---ဪ လောကီနယ်ပယ်ထဲမှာ ရုန်းလိုက် ကန်လိုက် လှုပ်ရှားနေလိုက်ရတာ ခန္ဓာကိုယ်ဆိုတဲ့ လောင်စာကြီးရှိနေတော့ မီးတွေ မီးတွေ လောဘမီး၊ ဒေါသမီး၊ မောဟမီးတွေ ဟုန်းဟုန်းတောက်လို့ပါလား။ ကြိုက်-လောဘ၊ မကြိုက်-ဒေါသတွေပွားလို့ ဟိုပြေး ဒီပြေး ပင်ပန်းမောဟိုက် ပူလောင်လိုက်တာပါလား။ လောကီစည်းစိမ် လောကီပျော်မွေ့မှုတွေကိုလည်း မေ့မေ့မျောမျောကြီး ခံစားရင်း ဒုက္ခကို သုခအစစ်ဟု ထင်နေမိပါလား။ ကိုယ်ပိုင်မဟုတ်သော အငှါးပစ္စည်းများ ပတ်ပတ်လည်၌ အကာတွေကို အနှစ်လို့ထင်၊ လောကီနယ်သား ပုထုဇဉ်ပီပီ မောဟတရားတွေ ဖုံးလွှမ်းနေလိုက်တာ။

နိုင်လိုမှု၊ သာလိုမှု၊ ယှဉ်ပြိုင်မှု၊ မာန၊ အတ္တ၊ ဣဿာ၊ မစ္ဆရိယ စသော လှိုင်းတပိုးတွေကြားမှာ အနှစ်သာရမရှိတဲ့ ခန္ဓာကိုယ်ကြီး ဟိုလှိမ့် ဒီလှိမ့် မြှုပ်လိုက် ပေါ်လိုက် သံသရာပင်လယ်ထဲမျောနေပါလား၊ သူနိုင် ကိုယ်နိုင် မာနတွေပြိုင်၊ အတ္တတွေခိုင်နေလိုက်ကြတာ။ သံသရာကို ချဲ့စေသော တဏှာ မာန ဒိဋ္ဌိ တရားတွေနဲ့ ရှုပ်ထွေးပွေလီ လူးလှိမ့်လို့ နေကြပါလား။ ဒီကြားထဲ ရှစ်ပါးသော လောကဓံတရား လှိုင်းတပိုးကြီးများကလည်း မညှာမတာ ရိုက်ခတ် နှိပ်စက် နေကြသေး၏။ လှိုင်းတံပိုးကြား မြှုပ်မသွားအောင် သတိစောင့်ဖို့ အရေးကြီးသည် အနှစ်မရှိသောခန္ဓာမှ အနှစ်ထုတ်ယူရမည် မဟုတ်ပါလော။

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော် ဆရာတော်ဘုရားကြီးက တဖွဖွ ဟောကြားတော်မူခဲ့၏။ မီးလွတ်စားရန်၊ အ-သုံးလုံး ကြေကြရန် သြ၀ါဒကို ကြားယောင်မိသည်။ မီးလွတ်စားရန် ဆိုသည်မှာ-သစ်သီး သစ်ဖုတွေစားရုံနှင့် မီးမလွတ်နိုင်ဘူးနော်- လောဘမီး၊ ဒေါသမီး၊ မောဟမီး ဆိုတဲ့ မီးတွေလွတ်အောင် စားနိုင်မှ မီးလွတ်တယ်။

အ-သုံးလုံး ကြေရန်ဆိုတာကတော့- အလောဘ၊ အဒေါသ၊ အမောဟ ဖြစ်ဖို့လိုသည်။ အလောဘ-ဆိုသည်မှာ လောဘ၏ ဆန့်ကျင်ဘက်ဖြစ်ပြီး၊ လှူဒါန်းပေးကမ်းခြင်း။ အဒေါသ-ဆိုသည်မှာ ဒေါသ၏ဆန့်ကျင်ဘက် ဒေါသမဖြစ်ခြင်း၊ မေတ္တာများခြင်း။ အမောဟ-ဆိုသည်မှာ မောဟ(မသိမှု)၏ ဆန့်ကျင်ဘက် သိခြင်း၊ တွေဝေမှု မရှိခြင်း၊ ဉာဏ်နှင့် သတိနှင့် ယှဉ်နေခြင်း။ သိအောင် တရားဘာဝနာ ရှုမှတ်ပွားများခြင်းတို့ ဖြစ်ပါသည်။

ကျင့်စဉ်ကတော့ ဘုရားရှင်ချပေးခဲ့သော သတိပဋ္ဌာန် ၀ိပဿနာကျင့်စဉ်ဆိုတာ ယခုတော့ သိရပါပြီ။ ကြောက်စရာကောင်းသော အပါယ်ဒုက္ခမှလွတ်ရန် ကြိုးစား၍ ကျင့်ရန်သာဖြစ်သည်။

ကျေးဇူးတော်ရှင် သဒ္ဓမ္မရံသီ ဆရာတော်ဘုရားကြီးကလည်း-လေးမျိုး တားမရ သိသင့်လှ-သံသရာဘေးဆိုးကြီးမှ လွတ်မြောက်ရာ နိဗ္ဗာန်ချမ်းသာသို့သွားရန် မဂ္ဂင်လမ်းကို လျှောက်လှမ်းကြဖို့ တိုက်တွန်းသြ၀ါဒ ပေးထားလေသည်။ သူတော်ကောင်းတို့ရဲ့ ကျင့်စဉ် မဂ္ဂင်လမ်းကို မလျှောက်ခဲ့လျှင် ဘုရားရှိခိုးတိုင်း ရလို၍ ဆုတောင်းနေကြသော မဂ် ဖိုလ် နိဗ္ဗာန်၏ ရသကို မသိနိုင်တော့ပေ။ ဒီထက်မိုက်တဲ့သူ ဤလောကကြီးတွင် ရှိတော့မည်မဟုတ်ပါ။ ဆုသာ တဖွဖွ ဖိတောင်းနေ၊ မကျင့်ပါက ရမည်မဟုတ်ပါ။ မအိုခင် မနာခင် မသေခင် အချိန်မီ ဉာဏ်ဦးရန် အရေးကြီးပါသည်။

ထို့ကြောင့် လူ့ဘ၀ရတုန်း အသက်ရှင်၍နေတုန်း သူတော်ကောင်းတရားများ နာကြားခွင့်ရခိုက် သာသနာတော်ကြီး ထွန်းကားချိန်နှင့် ကြုံကြိုက်တုန်းမှာ ဘုရားရှင် ခင်းပေးထားသော မဂ္ဂင်လမ်းကို လျှောက်ရန်သာ ဖြစ်ပါတော့သည်။ မအိုရာ မနာရာ မသေရာ မြတ်နိဗ္ဗာန်သို့ မလျှောက်လှမ်းလိုက်ပါက ရွှေခွက်နှင့် လွဲခဲ့ရသော ရွဲကုန်သည်ကဲ့သို့ အရှုံးနှင့် ရင်ဆိုင်ရ၍ ပူပန်ဒုက္ခနှင့် ကြုံတွေ့ရဦးမှာ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ခြေလှမ်းများက ရွှေခွက်နှင့်တူသော မဂ် ဖိုလ် နိဗ္ဗာန်ကို လက်ထဲသို့ ထည့်ပေးနေသော ၀ိပဿနာကျင့်စဉ်ဖြင့် တလှမ်းချင်း တလှမ်းချင်း သတိ-ဦးစီး၍ လျှောက်လှမ်းရင်း အပါယ်ဒုက္ခကင်းဝေးရာ အေးငြိမ်းရာ အရိယာစခန်းသို့ ခြေဦးလှည့်ကြစို့လား။

ဘုရားရှိခိုးတိုင်း တဖွဖွ တောင်းနေကြသော မဂ် ဖိုလ် နိဗ္ဗာန်ကို ရောက်ရပါလို၏ဟု ဆိုသည့်ဆုနှင့် ပြည့်စုံစေရန် ကျင့်ကြံအားထုတ် ပွားများကြပါစို့။
ဤလူ့တို့ဘောင်တွင် ကိလေသာမှောင်ခွင်း၍ တရားလင်းရောင် ထိန်ပြောင်ဝင်းပြီး အေးငြိမ်းကြပါစေဟု ဆုတောင်းမေတ္တာပို့သလျက်-----

( ပါမောက္ခ ဒေါက်တာ တင်တင်အောင် )
( စရဏ မဂ္ဂဇင်း-၂၀၀၄-သြဂုတ် )