Sunday, September 30, 2012
လွတ်လပ်စွာ ကိုးကွယ်ခွင့်မူကို မည်သူတွေက ပြဋ္ဌာန်းပေးသနည်း
လွတ်လပ်စွာ ကိုးကွယ်ခွင့်မူကို မည်သူတွေက ပြဋ္ဌာန်းပေးသနည်း
မြန်မာပြည်သူ၊ ပြည်သား အများစုဟာ လွတ်လပ်ခွင့်နှင့် လွတ်လပ်ရေးတို့၏အဓိပ္ပါယ်များကို ရောရော ထွေးထွေး သိနေကြဆဲပါ။ လွတ်လပ်ရေးရရင် လွတ်လပ်ပြီလို့ အထင်ရှိနေသူတွေရှိနေသလို၊ ဒီမိုကရေစီရရင် ထင်ရာလုပ်လို့ရပြီလို့ ပြောသူများလည်းရှိနေဆဲပါ။ ̏လွတ်လပ်ခြင်း˝ ရဲ့အဓိပ္ပါယ်နှင့် ̏လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ ဆိုတဲ့ အဓိပ္ပါယ်တို့ကိုလည်း မသိသူတွေက များလွန်းနေသေးတယ်လို့ ထင်မြင်ယူဆမိခြင်းပါ။ မြန်မာပြည်မှာ ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ ကျင့်သုံးနှိုင်ခြင်း မရှိသေးတော့ ရဟန်းရှင်လူ အတော်များများဟာ ̏လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ဆိုတဲ့ စကားရဲ့အဓိပ္ပါယ်ကို အသိခက်နေကြခြင်းပါ။ အဓိပ္ပါယ်များ ရှင်းလင်းသွားစေချင်ရင်   လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို မည်သူတွေက ပြဋ္ဌာန်းပးထားသနည်း ဆိုတဲ့ အမေးကို ရှေးဦးစွာ စဉ်းစားကြည့်နိုင် ဖို့ပါ။                                                                                                                                                        
̏လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ ဆိုတဲ့စကားဟာ လွယ်မယောင်ယောင်နဲ့ အသိခက်နေတဲ့ စကားမျိုးပါ။ ဒီစကားရဲ့ မူလဇစ်မြစ်အခြေခံကို သိမထားဘူးဆိုရင် တိကျတဲ့ အဓိပ္ပါယ်ကို ပြန်ဆိုဖို့ မလွယ်ကူနိုင်ပါ။   ̏လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ ဆိုတဲ့စကားဟာ ဒီမိုကရေစီစနစ်နှင့် ဆက်နွယ်နေခြင်းဖြစ်လို့ ဒီမိုကရေစီရဲ့ သဘောတရားကို အထိုက်အလျှောက်သိထားဖို့ပါ။ ဒီမိုကရေစီစနစ်မှာ ပြည်သူတွေ ရွေးချယ်တင်မြောက် ထားတဲ့အစိုးရဖြစ်လို့ အစိုးရကလည်း ပြည်သူတွေကို ̏လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေ ခွင့်နှင့် လွတ်လပ်စွာကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်နိုင်ခွင့်တို့ကို ပေးထားခြင်းပါ။ တစ်ဖက်မှ လည်း ပြည်သူတွေရဲ့ လူ့အခွင့်အရေးများကို ကာကွယ်ပေးထားခြင်းပါ။
                                       ထို့ကြောင့် ဘာသာတရား ̏လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ ရှိတယ်ဆိုပေမဲ့ ပြည်သူတွေ ယုံကြည်ထားတဲ့ ကိုးကွယ်မှုဘာသာတရားဟာ တစ်ဦးနှင့်တစ်ဦး ယုံကြည်ထားတာခြင်းက မတူညီပါ။ အယူအဆများ၊ ယုံကြည်မှုများ မတူညီတဲ့အခါ ပြဿနာဆိုတာ ဖြစ်ပေါ်တတ်စမြဲပါ။ ဒီတော့ ပြည်သူတွေ ကြားမှာ ပြဿနာများ မဖြစ်ပွားရအောင် အစိုးရက ကာကွယ်ပေးထားရခြင်းပါ။ ဥပမာ၊ ဆိတ်ငြိမ်မှုကို လိုလားတဲ့ ဘာသာဝင်များ အတွက် ဆူညံခြင်းဆိုတာဟာ သူတို့အတွက် စိတ်အနှောက်အယှက်များ ဖြစ်စရာပါ။ ဒီအခါမှာ လူ့အခွင့် အရေးရှုဒေါင့်ကနေကြည့်ပြီး ဆိတ်ငြိမ်ရပ်ကွက်မှာ ဆူညံတဲ့ လူမှုရေးပွဲလမ်းသဘင်များ၊ ဘာသာရေးပွဲလမ်း သဘင်များ စည်းမဲ့ကမ်းမဲ့ ကျင်းပခြင်းမျိုးကို နိုင်ငံတော်မှ တားမြစ်ပိတ်ပင်ပေးရခြင်းပါ။ ဒါကို ဘာသာရေး လွတ်လပ်ခွင့်ကို ပိတ်ပင်တာဆီးတယ်လို့ စွပ်စွဲပြောဆိုလို့ မရနိုင်ပါ။ အမှန်တကယ်တော့
ထိုကဲ့သို့ပြုလုပ် ပေးခြင်းဟာ ပြည်သူများရဲ့ လူအခွင့်အရေးကို ကာကွယ်ပေးခြင်းပါ။    
                                                                           ကိုယ့်ဘာသာတရားရဲ့ ဓလေ့ထုံးစံမို့ ပျော်ပွဲရွှင်ပွဲတွေကို လွတ်လပ်စွာ ဆင်နွှဲနိုင်ခွင့်ရှိတယ် ဆိုပေ မယ်လို့ မိမိတို့ရဲ့ ပျော်ရွှင်မှုဟာ ပတ်ဝန်းကျင်ကို စိတ်အနှောက်အယှက်များဖြစ်နေခဲ့မယ်ဆိုရင် … ။ ဆူညံစွာ ကျင်းပတဲ့ ဘာသာရေးပွဲမျိုးကို တားဆီးပေးရန်မှာ နိုင်ငံတော်ရဲ့ တာဝန်ဖြစ်ကြောင်း ပြည်သူ၊ ပြည်သားများ သိရှိထားနိုင်ဖို့ပါ။ မြန်မာနိုင်ငံတွင်း၌ ကျင်းပနေတဲ့ ဘာသာရေးပွဲတော်များပဲဖြစ်ဖြစ်၊ လူမှုရေးပွဲတော် များပဲဖြစ်ဖြစ် ကျင်းပပြုလုပ်ခြင်းကို နိုင်ငံတော်မှ ကျင်းပခွင့်(ပါမစ်)မရပဲ ကျင်းပနေခြင်းမျိုးကို ရှောင်ရှားနိုင်ကြ ဖို့ပါ။ လူအခွင့်ရေးဆိုတာ ကိုယ့်အခွင့်ရေးချည်းမဟုတ်ပဲ သူ့များအခွင့်ရေးများလည်း ပါဝင်နေခြင်းကို သတိပြု နိုင်ကြဖို့ပါ။                                                                                                                   
မြန်မာနိုင်ငံတွင်းမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်များကို တားဆီးပိတ်ပင်ခြင်းရှိတယ်ဆိုတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ စွပ်စွဲပြစ်တင်နေမှုကို အကြောင်းပြကာ အချို့ဘာသာဝင်များဟာ တစ်ခြားဘာသာဝင်များရဲ့ ယုံကြည်ချက်တွေ၊ ခံယူချက်တွေကို ကိုးကွယ်နေတဲ့သူများအား ယုံမှားသံသယတွေ ဖြစ်သွားစေချင်တဲ့ ဆန္ဒမျိုးတွေနဲ့ ဘာသာရေးဘောင်စည်းကိုကျော်ပြီး မဟုတ်မဟတ် လုပ်ဇာတ်တွေခင်းပြီး  ဟောပြောပို့ချ နေခြင်းမျိုးဟာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုတဲ့ လူ့အခွင့်ရေးများကို ဗြောင်ကျကျ ချိုးဖေါက်နေခြင်းပါ။ မကြာခင်က ကချင်ပြည်နယ်တစ်ဝိုက်မှာ ဗုဒ္ဓဘာသာကို တိုက်ခိုက်ဟောပြောနေတဲ့သူကို ဗုဒ္ဓဘာသာဝင်များက ပြန်လည်ချေပထားတဲ့  ̏ကမ္ဘာကျော်မည့် ဘာသာရေးလိမ်လည်မှုကြီး̋ စီဒီခွေကို ကြည့်လိုက်ရခြင်းပါ။       
ထိုခွေထဲမှာ အက်စ်ဂွန်အောင် (ခေါ်) ကိုကိုလွင်လို့ခေါ်တဲ့ ခရစ်ယာန်တရားဟောဆရာတစ် ယောက်ဟာ သူ့ကိုယ်သူ ဘဒ္ဒန္တသုမနာလင်္ကာရ (ဗုဒ္ဓဘာသာကိုးဘွဲ့ရ) အမည်ခံပြီး၊ ဗုဒ္ဓစာပေများကို ရှင်ရဟန်းဝတ်နှင့် သင်ယူခဲ့ဖူးတဲ့အကြောင်း၊  ဘွဲ့တွေ (၉)ဘွဲ့ထိ ရရှိခဲ့ကြောင်း၊ သို့သော် ထိုဘာသာတရား အားကိုးရာ အနှစ်သာရမရှိ၍ ခရစ်ယာန်ုဘာသာသို့ ကူးပြောင်းလာခဲ့ရပါကြောင်း စသည်ဖြင့် ဘုရားတရား တော်များကို အပုတ်ချ၍ ဟောပြောနေခဲ့ခြင်းပါ။ လူမှုရေးရှုဒေါင့်မှကြည့်လျှင် ဘာသာရေးကျူးကျော် ရန်စမှုမျိုးကို ကျူးလွန်နေခြင်းပါ။ သို့သော် မြန်မာနိုင်ငံတော်ဟာ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းဆဲကာလမို့ ဘာသာရေးအဓိကရုဏ်းများကို မဖြစ်ရလေအောင် ဗုဒ္ဓဘာသာအဖွဲ့အစည်းများ ပူပေါင်းပြီး ထိုပြဿနာကို ငြိမ်းချမ်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ခြင်းပါ။           
ထိုကဲ့သို့သောဘာသာရေးကျုးကျော်ရန်စမှုမျိုးဟာ နိုင်ငံတော်မှခွင့်ပြုထားတဲ့ ဘာသာရေး လွတ်လပ် ခွင့်ကို လွဲမှားစွာ အသုံးချပြီး လူ့အခွင့်အရေးများကို ဗြောင်ဗြောင်ကျကျ ခြိုးဖေါက်လိုက်ခြင်းပါ။ မှားမှား ယွင်းယွင်းဖြင့် မိမိလိုရာကို ဆွဲသွင်းပြီး ဟောပြောခြင်းများဟာ ဘာသာရေး ချိုးဖေါက်မှုကြီးဖြစ်နေခြင်းကို ထိုသူကိုယ်တိုင်ကတော့ သိဟန်မတူပါ။ ထိုကဲ့သို့ ဘာသာရေးချိုးဖေါက်မှု၊ ဘာသာရေးစော်ကားမှုမျိုးတွေဟာ ငြိမ်းချမ်းရေးကို ပျက်ပြားစေနိုင်၍ တိုင်းပြည်တွင်းမှာ နေထိုင်ကြတဲ့ ဘာသာဝင်များအားလုံး ̏ဘုတ်ကိုကျီးရိုသေ၊ ကျီးကိုဘုတ်ရိုသေ̋ အနေအထားမျိုးနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ကြဖို့ပါ။        
  လူ့အခွင့်ရေးနှင့်ဆိုတာ ဘာသာရေးရှုဒေါင့်တစ်ခုတည်းကို ကြည့်ပြီး ပြောလို့မရနိုင်ပါ။ ရှုဒေါင့် အမျိုးမျိုးကနေ မျှမျှတတ ကြည့်တတ်ဖို့ပါ။ ဘာသာခြားတစ်ယောက်က အခြားဘာသာဝင် တစ်ယောက်ရဲ့ သားပျို၊ သမီးပျိုကို မိမိနှင့်အကြောင်းပါ၍ လက်ထက်ခွင့်ရထားတဲ့အခါမျိုးမှာ … ။ လူ့အခွင့်အရေး ကြေညာ စာတမ်းကြီးမှာဖေါ်ပြထားတဲ့ မည်သူမဆို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်၊ မိမိတို့နှစ်သက်သူကို လွတ်လပ်စွာ အိမ်ထောင်ပြုခွင့်ရှိသည်˝ ဟု ထိုမူကို ဆုပ်ကိုင်ပြီး ကိုယ်ထင်ရာကို လုပ်လို့မရပါ။ ကိုယ်တိုင်က မိမိအခွင့်ရေးကို ကာကွယ်လို၍ ထိုလူ့အခွင့်ရေး ကြေညာစာတမ်းကြီးကို ကိုးကားပြောဆိုနေသော်လည်း လူ့အခွင့်ရေးများကို လိုက်နာရန် ထိုသူကိုယ်တိုင်က ပျက်ကွက်နေခြင်းပါ။     
မိမိနှင့် အခြားဘာသာဝင်တစ်ယောက်ရဲ့သမီးပျိုနှင့် လက်ထပ်ပြီးတဲ့အခါ​ မိမိလက်ထပ်ယူထားတဲ့ အိမ်သူအား မိမိကိုးကွယ်ထားတဲ့ ဘာသာဝင်အဖြစ်သို့ သဘောဆန္ဒမပါပဲ သို့မဟုတ် အလိုမတူပဲ ဇွတ်အတင်း မိမိဘာသာအတွင်းသို့ သိမ်းသွင်းယူနေကြတဲ့ ကိစ္စမျိုးတွေဟာ သိန်းသောင်ချီ၍ ရှိနေခြင်းပါ။ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်တဲ့ တိုင်းပြည်အတွင်းမှာ ကဲ့သို့ လူမှုရေးကျူးကျော်မှုမျိုးကို အပြုခံနေရခြင်းဟာ လူအခွင့် အရေးကို ဗြောင်ကျကျ ချိုးဖေါက်ခံနေရခြင်းပါ။ ဒါကို သိလို့ တရားဥပဒေနှင့်အညီ ဖြေရှင်းနိုင်ဖို့ နိုင်ငံတော်ကို တိုင်ကြားတဲ့အခါ နိုင်ငံတော်မှ လူ့အခွင့်အရေးကို ကာကွယ်ပေးသည့် အနေအားဖြင့် ထိုသူအား ခေါ်ယူ၍ သတိပေး တားဆီးခြင်းမျိုးကို ပြုရခြင်းပါ။ လူ့အခွင့်ရေးကို ကာကွယ်ပေးရမဲ့တာဝန်ဟာ နိုင်ငံတော်အစိုးရတိုင်းရဲ့ တာဝန်ဆိုတာ ပြည်သူများ သိနိုင်ဖို့ပါ။ ထိုအခါ ထိုသူနှင့် ထိုသူ၏အပေါင်းဖေါ်များက လွတ်လပ်စွာ ကိုးကွယ် ခွင့်ကို တားဆီးပိတ်ပင်ပါတယ်လို့ ကမ္ဘာသိအောင် ဟစ်အော်ပြခြင်းပါ။ ကိုယ်ထင်ရာမလုပ်ရတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို တားဆီးပိတ်ပင်တယ်ဆိုတဲ့ စွဲချက်တင်ခြင်းဟာ လူ့အခွင့်အရေးကို ကိုယ်တိုင်က ချိုးဖေါက် နေသူဖြစ်ပါလျှက် ̏သူခိုးက လူဗျို့̋ ဟု  ဟစ်အော်နေခြင်းမျိုးနှင့် တူနေခြင်းပါ။                                                                
ဒီမိုကရေစီကျင့်ထုံး ̏လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ ကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ဆိုတာ ပုဂ္ဂိုလ်ရေးရာမှာပဲဖြစ်ဖြစ်၊ ဘာသာရေးအသင်းအဖွဲ့ဆိုင်ရမှာပဲဖြစ်ဖြစ်၊ တစ်ဦးချင်း အတွက်ပဲ ဖြစ်ဖြစ်၊ အများအတွက်ပဲဖြစ်ဖြစ် ယုံကြည်မှု၊ ကိုးကွယ်မှု၊ ဘာသာတရားပါဝင်ဆောင်ရွက်မှုများကို စည်းမျဉ်းဥပဒေဖြင့် လူအခွင့်အရေးကို အထောက်အပံ့ပြုပေးထားခြင်းပါ။ တစ်ချိန်တည်းမှာပင် ထိုဥပဒေက လွတ်လပ်စွာ ဘာသာကူးပြောင်းခွင့်၊ မိမိယုံကြည်ထားတဲ့ ဘာသာတရားကို လွတ်လပ်စွာ ဆက်လက် ကိုးကွယ်ခွင့်တို့ကို ကာယကံရှင်၏ဆန္ဒအတိုင်း ပြုလုပ်ခွင့် ရနိုင်ရန် ကာကွယ်ပေးထားရခြင်းပါတဲ့။[1]   
သို့သော် လူမှုရေးအမြတ်ထုတ်လိုမှု၊ အိမ်ထောင်ရေးအမြတ်ထုတ်လိုမှု၊ ဘာသာရေးအမြတ် ထုတ်လို မှုနှင့် လူမျိုးရေးအမြတ်ထုတ်လိုမှုများကို ပြုနေသူတို့အား (၁)လူ့အခွင့်ရေးဆိုတဲ့ ဘောင်စည်းကို မကျော်ရန်၊ (၂) နိုင်ငံတော်မှ ဘာသာဝင်များအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေနိုင်ရန်နှင့် (၃) လူ့အခွင့်အရေးများကို လေးစားလိုက်နာနိုင်စေရန်အတွက် မလွဲမသွေ နိုင်ငံတော်မှ ကာကွယ်ပေးရခြင်းပါ။ ဒီမိုကရေစနစ်အရ လူ့အခွင့်အရေးကို ကာကွယ်ပေးခြင်းဟာ ဘာသာရေးလွတ်လပ်ခွင့်ကို အထောက်အပံ့ပြုပေးနေတယ်ဆိုတာ ဘာသာဝင်များအားလုံး သဘောဉာဏ်ဖြင့် သက်ဝင်နိုင်ကြဖို့ပါ။                                                           
လူ့အခွင့်အရေး ကြေညာစာတမ်းအရ ဘာသာရေးနှင့် နိုင်ငံရေးကိစ္စများသည် သိမ်မွေ့လှ၍  ကိုင်တွယ်ဖြေရှင်းရန် မလွယ်ကူလှပါ။ အနောက်တိုင်း တက္ကသိုလ်တစ်ခု စာရေးသူ ပညာသင်ကြားနေစဉ် အခါက ပရောဖက်ဆာတစ်ယောက် ပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းကို ယနေ့အထိ အမှတ်ရနေဆဲပါ။ သူပြောတာက စာပေဟောပြောပွဲမှာပဲဖြစ်ဖြစ်၊ လူမှုရေးဟောပြောပွဲတွေမှာပဲဖြစ်ဖြစ်၊ မလွဲသာ၊ မရှောင်သာလို့ စကားပြောရတော့မည်ဆိုရင် ဘာသာရေးနှင့် နိုင်ငံရေးအကြောင်းကို ပြောဖို့ရှောင်ပါတဲ့။ ဘာကြောင့်လဲဆိုရင် အဲဒီဘာသာရပ်တွေမှာ အငြင်းပွားစရာ အချက်တွေ များစွာပါဝင်နေလို့ပါတဲ့။
                                                                        လက်ခံနိုင်စရာပါ။ ဘာကြောင့်လဲဆိုရင် ဘာသာတရားဆိုတာ ယုံကြည်လက်ခံတဲ့ သူများအပေါ်မှာသာ မူတည်နေလို့ သူတို့ယုံကြည်ချက်ကို မှားတယ်၊ မှန်တယ်ပြောဖို့ဆိုတာ ခက်ခဲခြင်းတစ်ရပ်ပါ။ ထိုဘာသာဝင်များ အတွက် သူတို့ယုံကြည်ချက်ဟာ အမှန်တရားဖြစ်နေပေမဲ့ အခြားဘာသာဝင်များအတွက် အမှန်တရား ဖြစ်ချင်မှ ဖြစ်နိုင်တာပါ။ 
ဥပမာ၊ အတ္တဟာ ဟိန္ဒူဘာသာဝင်များအတွက် အမှန်တရားဖြစ်နေပေမဲ့ ဗုဒ္ဓဘာသာဝင်များ အတွက် လက်ခံနိုင်ဖို့ ခက်ယဉ်းနေခြင်းပါ။ ထာဝရဘုရားသခင်ကို မယုံကြည်တဲ့ အခြားဘာသာဝင် တစ်ယောက်ရဲ့အသက်ကို ဇိဝိန်ချွေခြင်းဟာ ဘာသာရေးကုသိုလ်ဖြစ်တယ်ဆိုတဲ့ အယုံအကြည်မျိုးကို အခြား ဘာသာဝင်များအတွက် ဘယ်လိုနည်းနှင့်မှ လက်ခံနိုင်မည်မဟုတ်ပါ။                                                 
မြန်မာနိုင်ငံတော်ဟာ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံပါ။ သို့သော် ဗုဒ္ဓ၀ါဒကို လက်ခံကျင့်သုံးနေတဲ့ ဗုဒ္ဓ၀ါဒီတို့ဟာ ငြိမ်းချမ်းခြင်းဟာ ဘာသာတရားများရဲ့ ဓမ္မအမြူတေလို့ လက်ခံထားကြ ခြင်းပါ။ ငြိမ်းချမ်းစွာနေလိုတဲ့ ဗုဒ္ဓဘာသာဝင်များအတွက် ဘာသာရေးလွတ်လပ်ခွင့်ဆိုတာ မွေးရာပါ အသိလို့ပင် ဆိုနိုင်ခြင်းပါ။ ကိုယ်ယုံကြည်ရာကို လက်ခံခြင်းအတွက် ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနှင့် ဘာပြဿနာမှ မရှိနိုင်ပါ။ သို့သော် အနည်းစုက အများစုကို အနိုင်ကျင့်ချင်တာမျိုး၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အသုံးချပြီး ဘာသာရေးအမြတ်ထုတ်ချင်တာမျိုးတို့ကို တွေ့ရလျှင်တော့ ဗုဒ္ဓဘာသာဝင်များဟာ သည်းခံနိုင်စွမ်း စွမ်းရည်များအားနည်းနေခြင်းကို တွေ့ရခြင်းပါ။  စိတ်ဝင်စားစရာပါ။                                                                                   
သို့သော် မြန်မာလူမျိုးအများစုဟာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြတာကတစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကြီး မြန်မာနိုင်ငံ​ ပီပီပြင်ပြင် ကျင့်သုံးစေချင်တာကတစ်ကြောင်း သို့သော အကြောင်းများကြောင့်  လူ့အခွင့်အရေးများ လေးစားလိုက်နာနေကြခြင်းပါ။ သို့သော် ဆူညံစွာကျင်းပလေ့ရှိတဲ့ ဘာသာရေးပွဲတော်များ နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ကြဖို့ကိုတော့ လေးလေးနက်နက် တိုက်တွန်းလိုခြင်းပါ။                         
အနှစ်ချုပ်၍ဆိုရသော် မြန်မာနိုင်ငံတွင်းမှာမှီတင်နေထိုင်ကြတဲ့ တိုင်းရင်းသားမျိုးနွယ်စု အားလုံးတို့သည် လူ့အခွင့်အရေးများကို ကိုယ်တိုင်လည်း လေးစားလိုက်နာ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၏ အနှစ်သာရများကို ကိုယ်တိုင်လည်း သိနားလည်အောင် ကြိုးစားကြခြင်းဖြင့် ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ ငြိမ်းချမ်းစွာ အရောက်လှမ်းနိုင်ကြဖို့ပါ။ ဆိုလိုရင်းက ကိုယ်တွင်းငြိမ်းချမ်းမှ နိုင်ငံတော်ကြီးလည်း ငြိမ်းချမ်းမှာမို့ လူအခွင့်အရေးများကို လေးစားလိုက်နာလျှက် ကိုယ်ယုံကြည်ရာ ဘာသာတရားကို ပြည်သူ၊ ပြည်သားတိုင်း ငြိမ်းချမ်းစွာဖြင့် လိုက်နာကျင့်သုံးနေထိုင်နိုင်ကြဖို့ပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။                                                                                                                                                           ဒေါက်တာဓမ္မပိယ (ITBMU)   
Saturday, September 29, 2012
ဓမ္မ ၏ ပင်ကိုယ်သတ္တိ
                                                   ဓမ္မ ၏ ပင်ကိုယ်သတ္တိ
ဓမ္မသည် ရေနှင့်သဘောခြင်း အလွန်နီးစပ်၏။ ရေကို လူတွေအားလုံး နေ့စဉ်သောက်သုံးနေသည်။ရေကို သုံးစွဲသည့်အခါ -
(က) Person (ပုဂ္ဂိုလ်မရွေး)
လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေး၊ အချောအလှမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ အယုတ် အလတ်အမြတ်မရွေး ပုဂ္ဂိုလ်တိုင်း သုံးစွဲနိုင်သည်။
(ခ) Place - (နေရာမရွေး)
နိုင်ငံတွေ၊ မြို့တွေ၊ ရွာတွေ၊ အိမ်တွေ မရွေးဘဲသုံးစွဲနိုင်ကြသည်။
(ဂ) Time- (အချိန်မရွေး)
နံနက်၊ နေ့လယ်၊ ည(သို့)နေ့၊ ရက်၊ လ၊ နှစ် အချိန်မရွေးဘဲ သုံးစွဲနိုင်သည်။
သုံးစွဲသူတိုင်းအတွက်လည်း ...
(၁) ရေငတ်ကို ပြေစေသည်။
(၂) အသက်ကို ဆက်လက်ရှင်သန် ကြီးထွားစေသည်။
(၃) ကိုယ်စိတ်နှစ်ပါးကို သန့်ရှင်းပြီး ကြည်လင်စေသည်။
(၄) ကိုယ်စိတ်နှစ်ပါးကို အေးမြစေသည်။
ထိုအချက်တို့မှာ ရေ၏ပင်ကိုယ်သတ္တိပင်ဖြစ်သည်။ ရေကဲ့သို့ပင် ဓမ္မသည်လည်း မည်သည့်ပုဂ္ဂိုလ်အတွက်မဆို၊ မည်သည့်နေရာမဆို၊ မည်သည့်အချိန် မှာမဆို ကျင့်သုံးနိုင်ပါသည်။
ကျင့်သုံးသည့် ပုဂ္ဂိုလ်တိုင်းတွင်လည်း ရေမှရသည့်အကျိုးအမြတ်ကဲ့သို့ -
(၁) ကာမရာဂတွင် အာသာငမ်းငမ်း တပ်မက်မှုကို ပြေစေနိုင်သည်။
(၂) ကုသိုလ်ကောင်းမှုများကို တိုးတက်ကြီးပွားစေပြီးဆက်လက်၍လည်း ရှင်သန်ကြီးထွားစေသည်။
(၃) ၀ိသုဒ္ဓိဖြစ်ပြီး ကြည်လင်သန့်ရှင်းစေသည်။
(၄) ကိုယ်စိတ်နှစ်ပါး အေးမြစေသည့်အပြင် ငြိမ်းချမ်းမှုရပြီး အဆုံးမှာ နိဗ္ဗာန်တိုင်အောင် မျက်မှောက် ပြုနိုင်သည်။
သို့သော် ရေနှင့်ဓမ္မ ကွာခြားမှုတစ်ခုမှာ ရေသည် ယခု လောကီဘ၀တစ်ခုအတွက်သာလျှင်၊ တစ်နေ့ တစ်ဘ၀အတွက်သာ အကျိုးပြုပေးပြီး၊ ဓမ္မမှာ လောကီအကျိုးသာမက၊ လောကုတ္တရာ၊ တစ်သံသရာလုံးအတွက် အကျိုးပြုမှုများပေးပြီး အဆုံးမှာ မြတ်နိဗ္ဗာန်တိုင် အငြိမ်းဓာတ်ကို မျက်မှောက်ပြုနိုင်သည့် ထူးခြားချက်ပင် ဖြစ်ပါသည်။
အထူးသတိပြုရမည့်အချက်မှာ ရေ သည် သုံးစွဲသူတို့၏ ရည်ရွယ်ချက်၊ ပြုပြင်စီရင်ပေးမှုအပေါ် မူတည်ပြီး အခါးဓာတ်နှင့် ရေ ကို ရောလျှင် အခါးရည်ဖြစ်သကဲ့သို့၊ အချိုဓာတ်နှင့် ရေ ကိုရောလျှင် အချိုရည် ဖြစ်သွား ကာ အရက်ဓာတ်နှင့် ရေကိုရောလျှင် အရက်ရည် ဖြစ်သွား သည်။ ထိုသို့ ပြောင်းလဲသွားရခြင်းက ရေ၏ပင်ကိုယ်သတ္တိမရှိခြင်းကြောင့်မဟုတ်ဘဲသုံးစွဲသူတို့၏ ပြုပြင်စီရင်မှု ပယောဂကြောင့်သာလျှင် ဖြစ်ကြောင်း သိသာ လှသည်။ ဓမ္မသည်လည်း ထိုနည်းအတိုင်းပင် -
ဓမ္မကိုကျင့်သုံးသူတို့၏ အားနည်းချက်၊ နားလည်မှုလွဲမှားခြင်းနှင့် အချို့သော ခုတုံးလုပ်သည့် ပုဂ္ဂိုလ်တို့၏ မတရားလွန်ကျူးသော တစ်ကိုယ်ကောင်း ဆန်မှုများနှင့် မိမိအကျိုးအတွက် လွန်ကဲစွာသုံးစွဲမှု၊ မရိုးသားမှုများကြောင့် ဓမ္မ၏ပင်ကိုယ်သတ္တိများမှာ ဖုံးကွယ်ထားမှုခံရပြီး၊ ဓမ္မ၏ဂုဏ်ကျေးဇူးတော် တို့သည်လည်း မထင်ရှား၊ မပေါ်လွင်ဘဲနှင့် ဖုံးကွယ်ထားခြင်း ခံနေရသည်ကို တွေ့ရသည်။
ထို့ကြောင့် ယနေ့ခေတ်မှာ ကမ္ဘာပေါ်ရှိ လူသားတော်တော်များများတို့သည် ဓမ္မ ကို မိမိတို့နှင့် မဆိုင်သလို မြင်လာကြပြီး၊ ဓမ္မ ၏ မြင့်မြတ်လှသော အကျင့်ြ့မတ်တရားများကို ကျင့်သုံးမြတ်နိုးသူများ ရှားပါးလာခဲ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဓမ္မ နှင့်ပတ်သက်ပြီး ဦးဆောင်နေသည့် ပုဂ္ဂိုလ်အချို့၏ အားနည်းချက်များ၊ ပယောဂများကြောင့်သာဖြစ်သည်ကို သတိပြုစေချင်ပါသည်။အမှန်တကယ်တွင် ဓမ္မ အစစ်၏တန်ဖိုး၊ ဓမ္မအစစ်၏ပင်ကိုယ်သတ္တိ များမှာ မည်သည့် ပုဂ္ဂိုလ်အတွက်မဆိုမည်သည့်နေရာတွင်မဆိုမည်သည့်အချိန်တွင်မဆို သုံးစွဲနိုင်ပြီး အထက်ပါ အကျိုးတရားလေပါးကို ရရှိစေသည့် အတွက်-
(၁) ဓမ္မ သည် သစ္စ၀ါဒ ဖြစ်သည်။ သစ္စ၀ါဒ ဆိုသည်မှာ စကြ၀ဠာ အနန္တထာဝရ မှန်ကန်သည့် အမှန်တရား (Universal Law, Universal Truth, Noble Truth) ဖြစ်သည်။
(၂) ဓမ္မ သည် ၀ိဘဇ္ဇ၀ါဒ ဖြစ်သည်။ မည်သည့်ချုပ်ကိုင်မှု၊ လွှမ်းမိုးမှုမှမပါဘဲ မိမိကိုယ်တိုင် လွတ်လပ်စွာ လေ့လာနိုင်သည်။ ဝေဖန်နိုင်သည်။ ဆုံးဖြတ်နိုင်သည်။ မည်သည့်အချိန်မဆို ကျင့်သုံးနိုင်သည့်ဝါဒ ဖြစ်သည်။
(၃) ဓမ္မ သည် သိပ္ပံနည်းကျလှသော ၀ါဒ ဖြစ်သည်။
A. Practical System (လက်တွေ့ပြည့်စုံသောစနစ်)
B. Ethical System (ကိုယ်ကျင့်တရားပြည်စုံသောစနစ်)
C. Spiritual System(စိတ်ပိုင်းဆိုင်ရာ ပြည့်စုံသောစနစ်)
D. Philosophical System (အတွေးအခေါ်ပိုင်းဆိုင်ရာ ပြည့်စုံသောစနစ်)
(၄) ဓမ္မ ကို ကျင့်သုံးလျှင် အကောင်းနှင့်အဆိုးကို တိကျသေချာစွာဖြင့် ခွဲခြားပိုင်းခြားပြီး သိမြင်နိုင်ပါသည်။ ယနေ့ခေတ် အတော်များများသော ပုဂ္ဂိုလ်များမှာ ဓမ္မကို ကျင့်သုံးသူ ရှားပါးလာသည်နှင့် အိပ်မည်၊ စားမည်၊ ကာမ မှီဝဲမည်ဆိုသည့် လူအတော်များများ ရှိပြီး၊ ထိုလူများမှာ တိရစ္ဆာန်များနှင့် နီးစပ်လာသည်ကို တွေ့ရှိရပြီး အကောင်းနှင့်အဆိုး ကို ခွဲခြားနိုင်သူ ရှားပါးလာသည်ကို တွေ့ရှိရပါသည်။
ထို အကောင်းတရား၊ အဆိုးတရား များကို ဓမ္မကျင့်သုံးသော ပုဂ္ဂိုလ်တိုင်း သေချာခွဲခြားပြီး သိမြင်ကြမှာ ဖြစ်သည်။
ဤနေရာမှာ အကောင်းသုံးမျိုးနှင့် အဆိုးသုံးမျိုးကို တင်ပြလိုပါသည်။
အကောင်းတရားသုံးမျိုးမှာ
(၁) အများအကျိုးရှိ မိမိလည်းအကျိုးရှိ (အကောင်းဆုံး)
(၂) အများအကျိုးရှိ မိမိဘာမှမဖြစ်
(၃) အများဘာမှမဖြစ် မိမိအကျိုးရှိ
ထိုအကောင်းတရားသုံးမျိုးကို ဓမ္မ ကျင့်သုံးသူတိုင်း အမြဲတမ်းဆောင်ပြီး ကျင့်သုံးကြသည်။
အဆိုးတရားသုံးမျိုးမှာ
(၁) အများထိခိုက် မိမိမှာလည်းထိခိုက် (အဆိုးဆုံး)
(၂) အများထိခိုက် မိမိမှာဘာမှမဖြစ်
(၃) အများဘာမှမဖြစ် မိမိထိခိုက်
ဓမ္မ ကျင့်သုံးသူတိုင်း ထိုအဆိုးတရားသုံးမျိုးကို ရှောင်ကြဉ်နိုင်ကြမှာ ဖြစ်သည်။ အကောင်းအဆိုးကို တိကျသေချာစွာ ခွဲခြားသိမြင်လာနိုင်ရန် ဓမ္မ ကို ကျင့်ကြံအားထုတ်မှသာလျှင် သိမြင်နိုင်မည်။သို့သော် အကောင်းတကာ့ အကောင်းဆုံး၏ အထွဋ်အထိပ်အကောင်းဆုံးသည် မိမိလည်းအကျိုးရှိအများ လည်းအကျိုးရှိ လောကီသာမက လောကုတ္တရာ နိဗ္ဗာန်သို့တိုင် မျက်မှောက်ပြုနိုင်အောင် စွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်သည်သာလျှင် မြင့်မြတ်ပုဂ္ဂိုလ် (Noble Person) အထွဋ်အထိပ် ပုဂ္ဂိုလ်ဖြစ်သည်။
ဤအချက်များမှာ ဓမ္မ၏ပင်ကိုယ်သတ္တိ ရဲ့ အကျိုးပြုမှုကို တင်ပြခြင်းဖြစ်ပါသည်။
http://www.theravada-3p.org/apal-pate-tayar.htm
 pye zon
Friday, September 28, 2012
သားသေတဲ့ အမေ
 သားသေတဲ့ အမေ
တစ်ခါတုန်းက … အာသောကမင်းကြီး ဓမ္မာသောက မဖြစ်ခင်တုန်းကပေါ့။ ညီအစ်ကို ၉၉ ယောက်ကို သတ်ပြီး မင်းပြုခဲ့တဲ့မင်းကြီးဟာ ဘုရင်ဖြစ်ပြီးပြန်တော့လဲ ၄ နှစ်တိုင်တိုင် ပြည်တွင်းစစ်တွေ ကျူးကျော်စစ်တွေ ဆင်နွှဲနေခဲ့တယ်။ စစ်သွေးစစ်မာန်တွေနဲ့  ပြည့်ဝတောက်ပြောင်နေတဲ့ မင်ကြီးဟာမိမိကိုယ်ကို တောက်လောင်နေမှန်းတော့ မသိရှာပါဘူး..။
မင်ကြီးတိုက်ခဲ့သမျှတိုက်ပွဲတွေထဲမှာ မင်ကြီးဘက်က အထိအနာဆုံး၊ အသေအပျောက်အများဆုံးနဲ့  အကြာရှည်ဆုံးစစ်ပွဲကတော့ ကလိင်္ဂစစ်ပွဲပါပဲ..။ စစ်ပွဲပြီးလို့  ကလိင်္ဂတိုင်းက ပြန်လည်ကြွချီတော့ လမ်းတစ်လျှောက် လမ်းဘေးဝဲယာတွေမှာ ခြေပြတ်လက်ပြတ် အလောင်းတွေ ပြည့်လို့ နေတယ်လို့ ဆိုကြတယ်..။ဒီလိုပါပဲ မြစ်ချောင်းအင်းအိုင်တွေကလဲ သွေးရောင်လွှမ်းလို့  ချင်းချင်းရဲနေပါသတဲ့။
သွေးချောင်းစီးအောင်တိုက်ခဲ့တဲ့ အဲဒီကလိင်္ဂစစ်ပွဲ တိုက်နေစဉ် ၁ ရက်မှာပေါ့။ မင်းကြီးက တိုက်ပွဲတွေ တစ်ပွဲပြီးတစ်ပွဲတိုက်လို့  တစ်နယ်ပြီး တစ်နယ်သိမ်းနေခဲ့တယ်။ မိမိသိမ်းယူရရှိတဲ့နယ်တွေမှာ အစောင့်အနေအနည်းငယ်ထား.. ပြီးတော့ ရှေ့ဆက်ပေါ့။ တစ်နေ့ ရှေ့ဆက်ချီတက်တုန်း.. စစ်သားတွေအများကြီး ၀ိုင်းဝန်းတားဆီးနေတုန်း တပ်ထုကိုဖောက်လို့ ကလေးချီထားတဲ့ မိန်းမတစ်ယောက် မင်းကြီးဆီ အတင်းတိုးဝင်လာတယ်..။
မင်းကြီးလဲ ယောက်ျားရင့်မာကြီးတွေတောင်.. ကုန်ကုန်ပြောရင် မိမိစစ်ဗိုလ်ချုပ်ကြီးတွေတောင် အကြာင်းအရာ တစ်ခုကို သံတော်ဦးတင်လျှောက်ထားဖို့  မ၀ံ့ရဲကြ၊ အနားမလာဝံ့ကြတဲ့ မိမိလိုဘုရင်မျိုးထံသို့  ၀ံ့ဝံ့စားစားဝင်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးကို ၀င်ခွင့်ပေးလိုက်တယ်။
အမျိုးသမီးကြီးကတော့ မကြောက်ပါဘူး..။အသက်နှင့် ထပ်တူပင်ဖြစ်သော မိမိသားကလေးမရှိတော့တဲ့ ဘ၀မှာ ဘာကိုကြောက်နေရဦးမှာလဲ..။ဘေးကစစ်သားတွေကို ရှိတယ်မျှမထင်သလို တစ်ချက်ဝေ့မကြည့်ဘဲ.. မင်ကြီးမျက်နှာကို တည့်တည့်ကြည့်လို့ လျှောက်ထားတယ်..။
“အရှင်မင်းကြီး.. ကျွန်တော်မျိုးမ သားသေအမေပါဘုရား..အရှင်မင်းကြီးရဲ့ စစ်သူကြီး တစ်ဦးလက်ချက်နဲ့  ကျွန်တော်မျိုးမသားငယ်.. သေဆုံးခဲ့ရပါပြီ.။ ကျွန်တော်မျိုးမ အသက်ထက်တန်ဖိုးထားရတဲ့.. ကျွန်တော်မျိုးမ အသဲနှလုံးနဲ့ ထပ်တူဖြစ်တဲ့ သားကို.. အရှင့်စစ်သူကြီး တစ်ဦးက ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပါပြီ။ အရှင်တို့ ရဲ့  အာဏာအတွက် စတေးခဲ့ကြရတဲ့ အသက်ပေါင်းများစွားထဲမှာ ကျွန်တော်မျိုးမ သားငယ်လေး မပါထိုက်ပါဘူးဘုရား..။ သူက လူမမယ်လေးပါ.. ဘာကိုမှ မသိသေးတဲ့ ငယ်ငယ်ရွယ်ရွယ် လူမမယ်လေးပါဘုးရား..။”
“ မိန်းမငယ်.. စိတ်မပူနဲ့ .. ငါသည်စစ်ဘုရင်ဖြစ်သော်လည်း တရားမမဲ့စေရ။ ငါစစ်တိုက်တာ ရန်သူကိုသာတိုက်တယ် .. ပြည်သူကို မတိုက်။ ငါ့စစ်ကြောင့် နစ်နာခဲ့ရတဲ့ ပြည်သူတို့ ရဲ့  အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကားကွယ်ပေးဖို့  ငါ့မှာတာဝန်ရှိတယ်။
 ရန်သူကို သတ်သောလက်သည် တပ်သားကလေးပင် ဖြစ်လင့်ကစား.. ဂုဏ်ထူးဆောင်လက်မည်တယ်.. ပြည်သူကို သတ်သောလက်ကား စစ်သေနာပတိချုပ်ပင်ဖြစ်စေကာမူ ယုတ်မာသောလက်၊ ကျေးဇူးကန်းသောလက်ပဲ။ ကေးဇူးကမ်းတတ်သော လက်ကို ဆက်ထားက ကျေးဇူးမဲ့တွေကို လုပ်လိမ့်မယ်.. တိုင်းပြည်ပျက်စီးကြောင်းတွေကို စီမံလိမ့်မယ်.. မိန်းမငယ်.. သင်စိတ်မပူလင့် သင့်ရှေ့တွင်ပင် ငါတရားစီစဉ်အံ့။ သင့်သားအား အသက်ကုန်စေသောသူကို သင်ကိုယ်တိုင်ပြလော့”
အာသောက မင်းကြီးလည်း မိမိ၏စစ်သူကြီးများ စစ်သားများကို တန်းစီစေ၍ သားသေအမေကို ကြည့်စေတယ်။အမျိုးသမီးလည်း အခိုးများထ၍ တင်းမာသော မျက်ဝန်းအစုံဖြင့် စစ်သားတစ်ဦးချင်းစီ၏ မျက်နှာကို စေ့စေ့ကြည့်လေတော့ မိမိတို့ အရှင်၏အကြောင်းကို သိပြီးဖြစ်သော စစ်သားတို့ သည် အမျိုးသမီးကို စေ့စေ့မျှပင်ပြန်မကြည့်ရဲကြပေ။ မိမိကို လက်ညှိုးထိုးလိုက်ရင်တော့ ဟုတွေး၍ ကြောက်ရွံ့ နေကြတယ်။ အမျိုးသမီးလည်း တစ်နေရာအရောက်.. စစ်သူကြီးတစ်ယောက်ကို ခပ်တင်းတင်းကြည့်ရင်း.. ထိုစစ်သူကြီး၏ ဓါးလွယ်အတွင်းမှ ဓါးကိုရုတ်တရတ်ဆွဲထုတ်ပြီး.. မိမိရင်ဘတ်ကို ထိုးစိုက်လိုက်တော့တယ်..။
မြေပြင်ပေါ် ဒူးထောက်ကျသွားရင်း.. အနီးမှာရောက်လာတဲ့ အာသောကဘုရင်ကို မော့ကြည့်လိုက်တယ်..။ဘုရင်ကြီးက နားမလည်နိုင်စွာကြည့်ရင်း.. “ဘယ်လိုလုပ်လိုက်တာလဲ မိန်းမငယ်.. နင့်တရားကို ငါစီမံတာမမျှတနိုင်ဘူးလို့ ထင်လို့ လား..”
“ မဟုတ်ပါဘူး.. အရှင်.. ကျွန်တော်မျိုးမ ပြောပြီးပါပြီ.. ကျွန်တော်မျိုးမ အသက်သည် သားမရှိဘဲရှင်နေလဲ အဓိပ္ပါယ်မဲ့ ရှင်သန်ခြင်းသာ ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် အဲဒီစစ်သားရဲ့ အမေကတော့ အဓိပ္ပါယ်ရှိသော ဘ၀တစ်ခုပိုင်ဆိုင်နေ ပါသေးတယ်ဘုရား..။သားသေအမေရဲ့ မျက်ရည်.. မြေထပ်မကျစေချင်တော့ပါဘူး… အရှင်မင်းကြီး”
ပြောကြားရင်း အသက်ထွက်သွားလေသည်။
ဤသည်ပင် မင်းကြီးကို သိနားလည်စေချင်သော အမေတိုင်း၏ သားအပေါ်ချစ်သော မေတ္တာသရုပ်ပင်တည်း။
Posted by မိုးစက်စေတန်
"မကျန်းမာခြင်းသည် လာဘ်နှစ်ပါး"
 "မကျန်းမာခြင်းသည် လာဘ်နှစ်ပါး"
" အာရောဂျ ပရမာ လာဘာ = လာဘ်တကာတို့ထက် ကျန်းမာခြင်းက သာလွန်တယ် " ဆိုတဲ့ ဒေသနာစကားက ဗုဒ္ဓဘာသာဝင်တိုင်းနဲ့ ရင်းနှီး ကျွမ်းဝင် ရှိပြီးသားဖြစ်မှာပါ။ "ကျန်းမာခြင်းသည် လာဘ်တစ်ပါး" ဆိုတဲ့ မြန်မာဆိုရိုးစကားဟာလည်း ဒီဒေသနာစကားကိုပဲ အကြောင်းပြုပြီး ဖြစ်ပေါ်လာဟန် ရှိပါတယ်။
ကျန်းမာခြင်းဟာ လာဘ်တစ်ပါးလို့ပြောမယ်ဆိုရင် မိမိကိုယ်တွေ့အနေနဲ့တော့ "မကျန်းမာခြင်းသည် လာဘ်နှစ်ပါး"လို့တောင်ဆိုလိုက်ချင်ပါတယ်။ မိမိရဲ့ကိုယ်တွေ့အနေနဲ့သာ မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓ လက်ထက်တော်က ဖြစ်ရပ်ကို ထောက်ရှုကြည့်ရင်လဲ ဒီလိုပဲပြောရမလို ထင်ပါတယ်။
  မြတ်ဗုဒ္ဓလက်ထက်တော်တုန်းက ရဟန်းတစ်ပါး ဝမ်းလားတဲ့ဝေဒနာနဲ့ အိပ်ရာမှာလဲနေပြီး ကူညီ ပြုစုမယ့်သူမရှိဘဲဆင်းရဲဒုက္ခရောက်နေတာကို မြတ်စွာဘုရားရှင်ကြားသိတော်မူတော့ ကိုယ်တော်တိုင် ကြွရောက်ပြီး အညစ်အကြေးတွေကိုဆေးကြောသုတ်သင် ပြုစုတော်မူခဲ့တယ်။ ဒါကို ရဟန်းတော် များကမြင်တော့ ဘုရားရှင်ကို ဝိုင်းဝန်းကူညီရင်း ဂိလာနရဟန်းကို  ပြုစုကြပါတယ်။ ဒီဖြစ်ရပ်ကို အကြောင်းပြုပြီးတော့ ဘုရားရှင်က "ဘယ်ပုဂ္ဂိုလ်မဆို ငါဘုရားရှင်ကို လုပ်ကျွေးပြုစုလိုရင် ဂိလာန ပုဂ္ဂိုလ်ကို လုပ်ကျွေးပြုစုကြ။ ဂိလာနပုဂ္ဂိုလ်ကို လုပ်ကျွေးပြုစုခြင်းဟာ ငါဘုရားရှင်ကို လုပ်ကျွေး ပြုစုတာနဲ့အတူတူပဲ" လို့ မိန့်ကြားတော်မူပါတယ်။
   ဒီသြဝါဒစကားတော်ကြောင့်ပဲ ဗုဒ္ဓဘာသာလောကမှာ ဂိလာနကို လုပ်ကျွေးပြုစုခြင်းဟာ မြတ်ဗုဒ္ဓ အလိုကျ အရေးပါတဲ့ ကုသိုလ်တစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ မြတ်ဗုဒ္ဓ ချမှတ်ခဲ့တဲ့ ဒီအစဉ်အလာကောင်းဟာ ထေရဝါဒဗုဒ္ဓဘာသာဝင်တို့အတွင်းမှာသာမက မဟာ ယာနဗုဒ္ဓဘာသာဝင်တို့ အတွင်းမှာလဲ အလေးထားတဲ့ အစဉ်အလာကောင်းတစ်ခုအဖြစ် လေးစား လိုက်နာကြပါတယ်။
   လော့စ်အိန်ဂျလိစ် (L.A) လို့ခေါ်ဆိုတဲ့ မြို့များထဲက Alhambra ဆိုတဲ့မြို့မှာ တိုင်ဝမ်က မဟာယာနဗုဒ္ဓဘာသာဝင်သီလရှင်တစ်ဦး ကြီးမှူးဖွင့် လှစ်ထားတဲ့ ကုသိုလ်ဖြစ်ဆေးခန်းတစ်ခု ရှိပါတယ်။ ဒီဆေးခန်းမှာ ဆရာဝန်များကလဲ အလှည့်ကျ စေတနာ့ဝန်ထမ်း ကူညီကုသ ပေးကြတယ်။ မြန်မာများထဲက ဒေါက်တာဗျူတီဆွေကလဲ အဲဒီမှာ ကုသိုလ်ဖြစ်အလှည့်ကျ ကုသပေးနေတာမို့ မိမိဒူးနာတဲ့အခါ ကျန်းမာရေး စောင့်ရှောက်မှု အာမခံလက်မှတ် (Medical Insurance ) မရှိတဲ့ မိမိကိုလဲ အဲဒီဆေးခန်းမှာပဲ ခေါ်ယူစစ်ဆေး ကုသပေးပါတယ်။
   အဲဒီဆေးခန်းရဲ့ ဧည့်သည်များစောင့်ဆိုင်းနားနေတဲ့အခန်းရဲ့ မျက်နှာစာမှာ အိပ်ရာထဲလဲနေတဲ့ ရဟန်းတစ်ပါးကို ရဟန်းလေးငါးပါးလောက်က ဖေးမပြုစုပေးနေတဲ့ ပန်းချီကားချပ်ကြီးတစ်ခု ချိတ်ဆွဲထားပါတယ်။ ပုံကိုမြင်လိုက်ကတည်းက မြန်မာနိုင်ငံက ဇီဝိတဒါနဆေးရုံတွေမှာ တွေ့ရလေ့ရှိတဲ့ မြတ်ဗုဒ္ဓရဲ့ ဂိလာနရဟန်းကို ပြုစုပေးနေပုံမျိုးပဲလို့ သဘောတော့ ပေါက်လိုက်မိတယ်။ ပုံထဲမှာက ရဟန်းတော်နှစ်ပါးက ဂိလာန ရဟန်းကို ဖေးမတွဲထူပေးနေပြီး နံဘေးမှာ ရဟန်းနှစ်ပါးက ရေတကောင်းနဲ့ ရေခွက်ကို ကိုင်ထားကြပါတယ်။ ခေါင်းရင်းမှာ ရဟန်းတော် တစ်ပါးက ဂိလာနရဟန်းကို ညင်ညင်သာသာကိုင်ရင်း ကြည့်ရှုအားပေးနေတဲ့ပုံပါ။
    သေသေချာချာကြည့်လိုက်တော့မှ ခေါင်းရင်းကရဟန်းတော်ပုံက တခြားရဟန်းများထက် အရပ်လဲ နဲနဲပိုမြင့်တယ်။ မျက်နှာတော်လဲ သပ္ပါယ်ကြည်လင်ပြီး ဂိလာနရဟန်းကိုလဲ ကြင်နာတဲ့ အကြည့်နဲ့ ကြည့်ရှုပြီး နှုတ်က တစ်စုံတစ်ရာကိုပြောပြနေဟန်နဲ့၊ ပြီးတော့ ဦးခေါင်းတော် တစ်ဝိုက်မှာ ရောင်ခြည်တော်ဝန်းလို အဝန်းအဝိုင်းတစ်ခု ခပ်ဖြူဖြူ ခပ်ရေးရေးလေးပါနေတာကို ကြည့်ပြီး ဘုရားရှင်ရဲ့ပုံတော်လို့ သဘော ပေါက်လိုက်ရပါတယ်။ ဘယ်လိုပဲပုံဖေါ်ထားထား ဘုရားရှင်ရဲ့ ဂိလာန ရဟန်းကို ပြုစုခဲ့ပုံဟာ ထေရဝါဒမှာရော၊ မဟာယာနမှာပါ ခုချိန်အထိ အစဉ်အလာကောင်း၊ စံနမူနာကောင်းတစ်ခုအဖြစ်နဲ့ အလေးထား၊ အတုယူ လိုက်နာကြဆဲ ဖြစ်တယ်ဆိုတာကတော့ ထင်ရှားပါတယ်။
   ဒါကြောင့် မြတ်ဗုဒ္ဓခေတ်က ဘုရားရှင်ရဲ့ပြုစုခြင်းကိုခံယူရတဲ့ ဂိလာနရဟန်းတော်ရဲ့ မကျန်းမာခြင်းဟာလဲ သူတစ်ဦးတည်းအတွက် ကျန်းမာခြင်းဆိုတဲ့ လာဘ်တစ်ပါးသာမက နောင်လာနောင်သား ဂိလာနပုဂ္ဂိုလ်များအတွက်လဲ အစဉ်အလာကောင်းတစ်ရပ်အဖြစ်နဲ့ "အကြင်နာပေါင်း" ဆိုတဲ့လာဘ်ကြီး ကိုရစေခဲ့တာဖြစ်လို့ သူ့ရဲ့မကျန်းမာခြင်းဟာ "လာဘ်နှစ်ပါး" ဒါမှမဟုတ် "လာဘ်အများ " လို့ ဆိုနိုင် လောက် တယ်ထင်ပါတယ်။
ဒီအကြောင်းကိုစဉ်းစားမိခဲ့တဲ့ မိမိရဲ့ကိုယ်တွေ့ဖြစ်ရပ်တစ်ခုဆိုတာကိုလဲ နဲနဲပြောပါဦးမယ်။
မိမိရဲ့ ညာဘက်မျက်စိမှာရှိတဲ့ အတွင်းတိမ်ကို လော့စ်အိန်ဂျလိစ်ဧရိယာထဲက Alhambra ဆေးရုံမှာ လေဆာနဲ့ကုသဖို့စီစဉ်ကြပါတယ်။ မျက်စိက ကြည့်လိုက်ရင် ဆံခြည်ထွေးလိုလို မြူလိုလို အရာတစ်ခုက ကာဆီးထားသလိုလိုဖြစ်ပြီး အမြင်မရှင်းခဲ့တာ အတော်ကြာပါပြီ။ မနှစ်က L.A မှာ ဆရာကြီးဒေါက်တာဦးစံအေးနဲ့ပြကြည့်တော့ အတွင်းတိမ်ဖြစ်နေတယ်၊ နဲနဲနုသေးလို့ နောက်ထပ် ခြောက်လလောက်နေမှ ထုတ်လို့ရမယ်လို့ သိခဲ့ရပါတယ်။
   အမေရိကန်မှာကဆေးကုသခွင့်အာမခံကဒ် (Medical Insurance)မရှိရင် ဆေးကုသစရိတ်က အလွန်ကြီးမားပါတယ်။ မြန်မာပြည်မှာလဲ ဒီလိုလေဆာရောင်ခြည်နဲ့ကုသမှုမျိုး လုပ်နိုင်နေပြီဖြစ်လို့ မြန်မာပြည်ရောက်မပဲ ကုတော့မယ်လို့ဆုံးဖြတ်ထားတာပါ။ L.A မှာရှိတဲ့ မြန်မာဆရာဝန်များရဲ့ စုပေါင်းဆွမ်းကပ်တရားပွဲတစ်ခုမှာ ဒီအကြောင်းစပ်မိကြတော့ ဒေါက်တာမောင်မောင်ဦးက မျက်စိကုသရေး အတွက်သူတို့ပဲ တာဝန်ယူပါမယ်၊ ဒီ (U.S.A) ကိုပဲ ပြန်လာကုပါလို့ ဝိုင်းပြောကြတာနဲ့ ဒီနှစ်မှာနောက်တစ်ခေါက်ပြန်လာပြီး ကုသဖို့စီစဉ်ကြတာပါ။
   ကုသပေးမယ့်ဆရာဝန်ကတော့ ဒေါက်တာမောင်မောင်ဦးတို့မိဘများကို ကုသပေးတဲ့ ဗီယက်နမ် ဆရာဝန်မ Dr. Linda Vu ဖြစ်ပါတယ်။ ခွဲစိတ်ကုသဖို့အတွက် သွေး၊ ဆီးစတဲ့ လိုအပ်တဲ့စစ်ဆေးမှု များကိုတော့ ဒေါက်တာမောင်မောင်ဦးနဲ့ ဇနီးဒေါက်တာအက်ဒ်နာတိုက်ကွဲလ် တို့ရဲ့ဆေးခန်းမှာပဲ ပြုလုပ်ပါတယ်။ ကုသစရိတ်အားလုံးကိုလဲ သူတို့မိသားစုကပဲ ကုသိုလ်ယူကြမှာ ဖြစ်ပါတယ်။
မျက်စိကုသနိုင်ဖို့အတွက် အမေရိကန်ကိုလာဖို့ စပွန်စာ (Sponsor) ကိစ္စကစပြီး အလုပ်ပိတ်ရက် မဟုတ်တဲ့ ကြားရက်တွေမှာ ဆေးခန်းပြဖို့ သွားရေးလာရေး စတဲ့ကိစ္စအဝဝကိုတော့ ဘော်ဒွင်ပတ်ခ် (Baldwin Park)မြို့  ဓမ္မဇောတိကျောင်းဆရာတော် အရှင်ဂုဏိဿရက အစစ တာဝန်ယူဆောင်ရွက် ပေးပါတယ်။
 အဲ... လာဘ်နှစ်ပါးဖြစ်ပုံကတော့... မိမိမျက်စိကုသရမယ်ဆိုတဲ့အကြောင်းက မိမိသင်တန်း လှည့်လည်ပြခဲ့တဲ့ နေရာအသီးသီး ကမြန်မာများ ဆီကိုလဲ ပျံ့နှံ့သွားပုံရပါတယ်။ ဟိုကဒီက ဆေးဖိုး လှူဒါန်း လိုသူတို့၊ မေတ္တာပို့သသူတို့က ဆက်သွယ်ပြောကြားလာကြတယ်။
   ဒီအထဲမှာ တချို့က မိမိနဲ့ တွေ့တောင်မတွေ့ဖူးဘူးတဲ့ ပုဂ္ဂိုလ်တွေလဲပါပါတယ်။ သူတို့တတွေ ဘယ်လို နည်းနဲ့မိမိအပေါ် အခုလိုစေတနာ ပေါက်လာကြတာပါလိမ့်လို့စုံစမ်းကြည့်တော့ ပေါ့တလန်မြို့၊ သီရိမင်္ဂလာကျောင်းဆရာတော် အရှင်သိရိန္ဒက သူ့ရဲ့ www.ashinsirinda.com "မေတ္တာဥယျာဉ်" ဝက်ဘ်ဆိုက်မှာ မိမိရေးတဲ့ ဓမ္မဆောင်းပါးတွေ၊ တရားခွေနဲ့ ပဋ္ဌာန်း၊ ဓမ္မစကြာသင်တန်းပို့ချချက်တွေ လွှင့်တင်ထားလို့ နာယူ ဖတ်ကြားကြရတဲ့အတွက် ကျေးဇူးကြီးလို့ပါဆိုတဲ့အကြောင်း ပြောလာကြပါတယ်။ "အော်...ကိုယ့်ရဲ့ ကံမျိုးစေ့ကလေးတွေ မေတ္တာဥယျာဉ်မှာ အတော်လေးပေါက်ရောက် ရှင်သန်အောင်မြင်နေကြ ပါပကော" လို့တွေးရင်း မေတ္တာဥယျာဉ်မှူးကိုလဲ အကြိမ်ကြိမ်သာဓုခေါ်ပြီး မေတ္တာတုံ့ပြု လိုက်မိပါတယ်။
    မိမိအနေနဲ့ "မေတ္တာပို့သပါတယ်" ဆိုသူများကို ကျေးဇူးတင်သာဓုခေါ်ပါကြောင်းပြန်ကြားပြီး၊ နဝကမ္မ လှူလိုသူ များကိုတော့ မိမိအနေနဲ့ ဆေးကုသစရိတ်မပေးရလို့ လက်မခံပါရစေနဲ့၊ စေတနာထားတဲ့ အတွက် သာဓုခေါ်ပါတယ်ဆိုတဲ့အကြောင်း ပြန်ပြောပြခဲ့ပါတယ်။ ဒီလိုတားတဲ့ကြား ကပဲ သုံးလေးဦး ကတော့ သူတို့ဆုံးဖြတ်ထားပြီးဖြစ်လို့ လိုရာသုံးပါဆိုပြီး လှူလာကြပါသေးတယ်။
    ဒီအကြောင်း စာရေးဆရာကံထွန်းသစ်ဆီဖုန်းဆက်ဖြစ်တဲ့အခါ "အေးဗျာ... မကျန်းမာဘူးဆိုမှ အခုလို လှူဒါန်းသူတွေ၊ မေတ္တာထားကြသူ တွေကိုတွေ့လာသိလာရတယ်၊ မကျန်းမာခြင်းသည်လာဘ်နှစ်ပါးလို့ တောင် ဆိုရမလိုဖြစ်နေပြီ " လို့ပြောမိတော့ "အား... ကောင်းသားပဲ၊ ဒီခေါင်းစီးနဲ့ ဒီအကြောင်း စာတစ်ပုဒ်လောက်ရေးပါလား" လို့ တိုက်တွန်းတဲ့အတွက် အခုလို ရေးဖြစ်သွားခဲ့တာပါ။
   ဒီစာကို ဒီလိုခေါင်းစီးအမည်ပေးလိုက်တာဟာ အနီးကပ်ဖြစ်တဲ့အကြောင်းအကျိုးကိုပြောဆိုစပ်မိရာက လောကဓံကို အံတုသရော်လိုတဲ့ သဘောမျိုးနဲ့သာ ပေးလိုက်တာပါ။ တကယ်တန်းဆန်းစစ်ကြည့်မယ် ဆိုရင်တော့ မိမိရဲ့မကျန်းမာခြင်းဟာ သူတို့တတွေအခုလို စေတနာ ပေါ်ပေါက် လာရခြင်းရဲ့ အနီးကပ် အကြောင်းတရားသာ ဖြစ်ပါတယ်။ တကယ့်အခြေခံအကြောင်းတရားကတော့ မိမိရဲ့ ဓမ္မဆိုင်ရာ ပို့ချ၊ ရေးသား၊ ဟောကြားမှု များသာဖြစ်လို့ ဒါဟာ မြတ်ဗုဒ္ဓဟောညွှန်ခဲ့တဲ့ ပရိယတ်၊ ပဋိပတ်ဆိုတဲ့ တာဝန်နှစ်ရပ်ထဲက ပရိယတ်တာဝန်ကို အထိုက်အလျှောက် ကျေပွန်ခဲ့တဲ့ အတွက်ကြောင့်လို့ပဲ ဆိုရမှာပါ။
   ဒီလိုဖြစ်ပေါ်ရရှိလာတာဟာ "ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရိံ = တရားကျင့်သူကိုတရားက ပြန်လည် စောင့်ရှောက်တယ်" ဆိုတဲ့ ဓမ္မနိယာမ၊ ကမ္မသတ္တိအတိုင်းသာဖြစ်လို့ ဒီအကြောင်းအရာရဲ့ခေါင်းစီးကို အလျှော်အနေနဲ့ဆိုရင် "တရားကျင့်ခြင်းသည် လာဘ်အများ"လို့ ပေးရရင် ပိုပြီးလျှော်ကန် သင့်မြတ်မယ် ထင်ပါတယ်။
ဓမ္မကို စွမ်းနိုင်သလောက်ကျင့်သုံးနိုင်ကြပါစေ။
(စာကြွင်း ။ မိမိရဲ့ညာဘက်မျက်စိကို ၂ဝ၁၂ခု စက်တင်ဘာလ ၁၃ရက်နေ့က လေဆာကုသနည်းနဲ့ အောင်မြင်စွာ ကုသကောင်းမွန်သွားပါပြီ။  ကုသိုလ်ရှင်၊ စေတနာရှင်အားလုံးတို့ကို ဒီစာနဲ့ ကျေးဇူးတုံ့ပြု လိုက်ပါတယ်။)
ဓမ္မဘေရီအရှင်ဝီရိယ
Thursday, September 27, 2012
ရွှေမြန်မာ နှင့် သာသနာ
ရွှေမြန်မာ နှင့် သာသနာ
ရွှေမြန်မာတို့သည် ဂုဏ်ရှိ/မရှိကို ဓမ္မဖြင့် တိုင်းတာရမည့်အစား ဓမ္မရှိ/ မရှိကို ဂုဏ်ဖြင့် တိုင်းတာ 
 နေကြပေသည်။  ထို့ကြောင့် သူတို့အဆိုအရ ထင်ပေါ်ကျော်ကြားလျှင် တရားရှင်- ဟု ဆိုကာ သားတစ် 
ဝိုင်းသော ကျီးအုပ်ကဲ့သို့ တရုန်းရုန်းဖြင့် ၀ိုင်းအုံနေကြပေသည်။ ဘာကြောင့်  ထင်ပေါ် ကျော်ကြား
နေသည်ကိုကား ရွှေမြန်မာတို့ စိတ်မ၀င်စားကြပေ။
ထို့အပြင် ရွှေမြန်မာတို့သည် အကြောက်တရား လွန်စွာကြီးမာကြပေ၏။ အရှိန်အ၀ါကို ကြောက်ကြသည်။ သြဇာပါဝါကို ကြောက်ကြသည်။ ထိုသူတို့ မှားလျင်လည်း မှားမှန်းသိလျက်နှင့် မသိဟန်လွဲနေနိုင်ကြ၏။ အပါယ်ရောက်ကြောင်းကြီး ဖြစ်ပါလျက်နှင့် ကိုယ့်အချင်းချင်း ကယ်တင်ရန် စိတ်မကူးမိကျချေ။ အန္တရာယ်ကို တွေးကြောက်ပြီး ရေငုံနုတ်ပိတ် နေနိုင်လွန်းကြ၏။
လက်ရှိသာသနာကို ခြုံငုံသုံးသပ်ကြည့်ပါလျင်မူ ရွှေမြန်မာတို့ကို အလွန်မတန် ရင်နာမိ၏။ ရွှေမြန်မာ တို့သည် ကိုယ့်သာသနာကို စော်ကားနေလျင်လည်း ဘာမှမဖြစ်သလို နေတတ်၏။ ကိုယ့်သာသနာကို သူစိမ်းက စော်ကားလျင်လည်း လက်ပိုက်ကြည့်နေကြ၏။ အချင်းချင်းက စော်ကားလျင်လည်း လက်ပိုက်ကြည့်နေကြ၏။ အပြင်လူက စော်ကားလျင်လည်း နာရကောင်းမှန်းမသိ၊ အတွင်းလူက စော်ကားလျင်လည်း နာရကောင်းမှန်း မသိကြချေ။
ကိုယ့်မယား၊ ကိုယ့်သားထိမှ နာတတ်ကြ၏။ ကိုယ့်အသား၊ ကိုယ့်သွေးထိမှ နာတတ်ကြ၏။
သာသနာကို ကိုယ့်မယား ကိုယ့်သားလောက်တောင် တန်ဖိုးမထားတတ်ကြ။ ကိုယ့်အသား၊
ကိုယ့်အသွေးလောက်တောင် တန်ဖိုးမထားတတ်ကြပေ။ မယားမရှိလျင် မယားကို အစားထိုးလို့ ရနိုင်၏။ သားမရှိလျင် သားကို အစားထိုးလို့ ရနိုင်၏။ ကိုယ့်အသားပဲ့ပါသွားလျင် ကိုယ့်အသားကို အစားထိုးလို့ ရနိုင်၏။ ကိုယ့်အသွေးခန်းခြောက်သွားလျင် ကိုယ့်အသွေးကို အစားထိုး၍ ရနိုင်၏။
သာသနာဖျက်ဆီးခံရလျင်ကား သာသနာကို အစားထိုး၍ မရနိုင်ပေ။ သာသနာ ပျက်စီးသွားလျင်ကား မည်သို့မျှ တတ်နိုင်မည် မဟုတ်ချေ။
မြတ်စွာဘုရား၏ သာသနာသည်ကား တိတ္ထိတို့၏ သာသနာကဲ့သို့ ပရမ်းပတာ ဆောက်တည်ထားသည်မဟုတ် “ဥုံဟယ် ဖွဟယ် အပ်ချလောင်းဟယ်” ဖြင့် မန်းမှုတ်၍ တည်ဆောက်ထားသည် မဟုတ်၊ တန်ခိုး ဣဒ္ဓိပါဒ်ဖြင့် တည်ဆောက်ထားသည်လည်း မဟုတ်ချေ။
မြတ်စွာဘုရား ကိုယ်တော်တိုင် ဘုရားလောင်းဘ၀မှ စ၍ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း
ကာလပတ်လုံး မနားမနေ ပါရမီဖြည့်ကျင့်တော်မူပြီးမှ တည်ဆောက်ထားခြင်း ဖြစ်၏။
ထိုသို့ မနားမနေ ပါရမီဖြည့်ဆီးရာ၌ အသက်ပေါင်းများစွာကိုလည်း စတေးခဲ့ရ၏။ သွေးပေါင်းများစွာ ကိုလည်း စတေးခဲ့ရ၏။  ချွေးပေါင်းများစွာဖြင့်လည်း တည်ဆောက်ခဲ့ရ၏။ ခြေလက်အင်္ဂါ ပေါင်းများစွာ မျက်လုံးပေါင်းများစွာကိုလည်း စတေးခဲ့ရ၏။ ထိုသို့ အသက် သွေး ချွေးတို့ဖြင့် ရင်းနှီးတည်ဆောက်ခဲ့၍ သာသနာဆိုတာ ဖြစ်ပေါ်လာခြင်း ဖြစ်၏။
ထိုသို့ ရင်းနှီးတည်ဆောက်ခဲ့သော မြတ်စွာဘုရား၏ သာသနာတော်သည် တစ်ခြားသော တိတ္ထိတို့၏ သာသနာနှင့် လုံးဝ (လုံးဝ) မတူပါပေ။ မြတ်စွာဘုရား၏ သာသနာသည် ကမ္ဘာမှာ အနှစ်သာရ အရှိဆုံး သာသနာဖြစ်ခဲ့ပါ၏။ ဗုဒ္ဓဘာသာသည် လောက၌ အလိမ္မာဆုံး အယဉ်ကျေးဆုံး ဘာသာတစ်ခု ဖြစ်ခဲ့ပါ၏။ ဗုဒ္ဓ၏ ဓမ္မများသည် အစမ်းသပ် ခံနိုင်ဆုံး၊ ကျင့်သုံးအပ်ဆုံး၊ ဆောက်တည်အပ်ဆုံး၊ ပွါးများအပ်ဆုံး၊ အချမ်းမြေ့ဆုံး၊ အာမခံချက် အရှိဆုံး ဓမ္မများဖြစ်ခဲ့ပါ၏။
ဤကဲ့သို့ အဖိုးတန်လှသောသာသနာကို အင်္ဂါခြေလက် မပျက်ဆီးအောင် စောင့်ရှောက်သည်ထက်
ပို၍ စောင့်ရှောက်အပ်ပါ၏။ မိမိအသက်တစ်ချောင်းကို တန်ဖိုးထားသည်ထက် ပို၍တန်ဖိုးထားအပ်ပါ၏။ ထို့ကြောင့် အသက်ပေါင်းများစွာကို စတေး၍ တည်ဆောက်ခဲ့သော
အင်္ဂါခြေလက်ပေါင်းများစွာ၊ မျက်လုံးပေါင်းများစွာကို စတေး၍ တည်ဆောက်ခဲ့သော
သွေးနှင့် ချွေးနှင့်ရင်းနှီး၍ တည်ဆောက်ခဲ့သော မြတ်စွာဘုရား၏ သာသနာကို ပေါ့ပေါ့တန်တန် မတွေးအပ်ပေ။
လွယ်လွယ်ကူကူဖြင့် ထူထောင်ထားသောသာသနာမဟုတ် ခက်ခက်ခဲခဲဖြင့် တည်ဆောက် ထားသော သာသနာဖြစ်ပေသည်။ ထိုသို့ အသက်၊ သွေး၊ ချွေးတို့ဖြင့် ခက်ခက်ခဲခဲ တည်ဆောက်ထားသော သာသနာကို အသက်နှင့်လဲ၍စောင့်ရှောက်အပ်ပါ၏။ အသက်တစ်ချောင်း လက်ခြေပေါင်းကို စတေး၍ စောင့်ရှောက်အပ်ပါ၏။
သို့မှသာ သင်သည် ဗုဒ္ဓဘာသာဝင် ပီသပေလိမ့်မည်။
သို့မှာသာ သင်သည် ဗုဒ္ဓသာဝက ပီသပေလိမ့်မည်။
သို့မှာသာ သင်သည် ဘုရားသားတော် ပီသပေလိမ့်မည်။
သို့မဟုတ်လျင်မူ
သင့်ကို အပေါ်ယုံဗုဒ္ဓဘာသာ၊
ရေသာခို ဗုဒ္ဓသာဝက၊
နာမည်ခံ ဗုဒ္ဓသားတော်၊
အရေခြုံ သာသနာ့ဝန်ထန်း နှင့် အခွင့်ထူးခံ ရှင်ရဟန်း ဟု
ဗုဒ္ဓက ကဲ့ရဲ့တော်မူပေလိမ့်မည်။
ဤအချက်ကို နက်နက်နဲနဲ သတိချပ်အပ်ပါ၏။
ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ
(၀ီရသူ - မစိုးရိမ်)
Tuesday, September 25, 2012
တဒင်္ဂထဲက တစ်ခဏဘဝ
လှမ်းနေသာသူ၏ ခြေလှမ်းများသည် တုံ့ကနဲ ရပ်သွားပါသည်။ ရေချိုးပြီးစ အပေါ်ဗလာကျင်းကျင်း သည် အနည်းငယ် ချမ်းစိမ့်စိမ့် ရှိနေသော်လည်း ထိုအချမ်းသည် ရေချိုးခန်းပြတင်းပေါက်မှ ၀င်လာသော အသံအာရုံကို မလွှမ်းမိုးနိုင်တော့ပါ။
***
ဆင်းရဲရင်လည်း နှစ်တစ်ရာပဲ
ဌေးရရင်လည်း နှစ်တစ်ရာပဲ
ဘယ်လိုနိဒါန်းစစ လမ်းဆုံးအတူတူပါ
ထာဝစဉ် ထာဝရတော့ မရှိပါဘူး
ကံကြမ္မာရယ် လမ်းပြလို့ရှေ့  ကခေါ်မယ်
ဘယ်လိုဘယ်နည်းနဲ့ ခေါင်းခါမလဲ
သွားပေါ့လာပေါ့ လူခရီးကို
ဆင်းလိုက်တက်လိုက် တဒင်္ဂမှာပဲ
တမလွန်ဟာ အားလုံးအတွက် တစ်နေ့တစ်ရက်မှာပါ
ဘယ်သူအရင်သွားမလဲ မပြောနိုင်ဘူး
အရာရာဟာ အနိစ္စရဲ့  ဖ၀ါးအောက်မှာပါ
ရောင်နီဟာ တစ်ချိန်တော့ ဆည်းဆာပဲ
လင်းလိုက်မှောင်လိုက် တဒင်္ဂမှာ
ဖြစ်သမျှ ပျက်သမျှ ရေတစ်ပွက်ပါပဲ
***
သည်မှာတင် အသံက ဆုံးသွားသည်။ အသံ၏ အစကို မမီလိုက်၊ စိတ်ထဲက မသိမသာ အသံကို ဆက်လက်ငံ့လင့်နေမိသော်လည်း အသံက ဆက်ပေါ်မလာတော့၊ သီချင်းသံသည် သီချင်းစာသားထဲက အတိုင်း " လင်းလိုက် မှောင်လိုက် တဒင်္ဂမှာ ဖြစ်သမျှ ပျက်သမျှ ရေတစ်ပွက်ပါပဲ " ဟု ဆိုရမလိုပင်။
သီချင်းသည် သူနဲ့ လုံးဝ မအပ်စပ်သော်လည်း ထိုသီချင်းလေးကိုတော့ သူ စိတ်ဝင်စားမိသည်။ နေရာသစ်မှာ သီချင်းက အရင်လာမိတ်ဆက်နေဟန်ထင်သည်။
ဘာတဲ့ .. " ဆင်းရဲရင်လည်း အနှစ်တစ်ရာပဲ၊ ဌေးရရင်လည်း အနှစ်တစ်ရာပဲ " တဲ့။
ဟုတ်တယ်လေ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ အနှစ်တစ်ရာထက် ပိုမဆင်းရဲနိုင်သလို ဘယ်လောက်ပဲ ချမ်းသာချမ်းသာ အနှစ်တစ်ရာထက် ပို၍ မချမ်းသာနိုင်။
အဆိုတော်က အနှစ်တစ်ရာဟု ဆိုထားသော်လည်း နှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ်၊ ငါးဆယ်နှင့် လည်း ဆင်းရဲချမ်းသာ နိဂုံးချုပ်သွားနိုင်ပါသည်။ ချုပ်လည်း ချုပ်နေကြသည်သာ။
အဲဒါကိုပဲ ဆင်းရဲချမ်းသာကို အမှီပြုပြီး အမုန်းတွေ ၊ မနာလိုမှုတွေ ထားနေကြသေးတယ်။
" ဘယ်လိုနိဒါန်းစစ လမ်းဆုံးအတူပါ " တဲ့။
ဆင်းရဲချမ်းသာနှင့်ပဲစစ၊ ဂုဏ်ရှိဂုဏ်မဲ့နှင့်စစ၊ ရာထူးဌာနန္တရ အနိမ့်အမြင့်နှင့်ပဲစစ၊ လမ်းဆုံးကတော့ အတူတူပါပဲလေ။ သေခြင်းတရားကို ရှောင်လွှဲလို့မှ မရတာ။
" တမလွန်ဟာ အားလုံးအတွက် တစ်နေ့တစ်ရက်မှာပါ
ဘယ်သူအရင်သွားမလဲ မပြောနိုင်ဘူး
အရာရာဟာ အနိစ္စရဲ့  ဖ၀ါးအောက်မှာပါ
ရောင်နီဟာ တစ်ချိန်တော့ ဆည်းဆာပါ "
***
ပစ္စည်းကိုအမှီပြုပြီး မာနတွေဖြစ်ကြသည်။
ပညာကိုအမှီပြုပြီး မာနတွေ ဖြစ်ကြသည်။
အောင်မြင်မှုကို အမှီပြုပြီး မာနတွေဖြစ်ကြသည်။
ရာထူးကိုအမှီပြုပြီး မာနတွေ ဖြစ်ကြသည်။
ပြီးတော့ တစ်ဆင့်တက်ပြီး တစ်ဦးနှင့်တစ်ဦး မုန်းနေကြပြန်သည်။
အာဃာတတွေ၊ ဣဿာမစ္ဆရိယတွေ စသည် စသည် ..မရေတွက်နိုင်သော အကုသိုလ် စိတ်တွေ။
မသိနိုင်သည့် တစ်နေ့နေ့မှာ သေကြရမှာ သိနေကြလျက် ဘာဖြစ်လို့ တစ်ဦးနှင့် တစ်ဦး မုန်းနေကြ ပါလိမ့်။ ဘာဖြစ်လို့ ဣဿာမစ္ဆရိယတွေ ထားနေကြပါလိမ့်။ ဘ၀တစ်ခုမှာ တဒင်္ဂလေး တွေ့နေကြခြင်း ဖြစ်သည်။ တဒင်္ဂထဲက တစ်ခဏဘ၀လေးမှာ အချစ်တွေနှင့်သာ နေလိုက်ဖို့ကောင်းသည်။ စိတ်ကောက်လိုက်၊ ၀န်တိုလိုက်၊ မုန်းလိုက်၊ နာကြည်းလိုက်နှင့်ဘ၀ကို အချိန်ကုန်မသွားချင်ပါ။
ကိုယ်လည်း အရင်သေသွားနိုင်သလို ၊ သူလည်း အရင်သေသွားနိုင်သည်။
တကယ်တွက်ကြည့်လျှင် နေရမယ့်အချိန်က ဘာမှမကျန်တော့၊ မသေခင်လေးမှာ အချစ်တွေနှင့်သာ နေသင့်ပါသည်။ အရာရာ အချစ်နှင့်တွေး၊ အချစ်နှင့်ပြော၊ အချစ်နှင့်ပြုနေလျှင် သက်ရောက်မှုအားလျော်စွာ ၀န်းကျင်ကလည်း ကိုယ့်ကိုအချစ်နှင့် ပြန်တုံ့ပြန်နေပါလိမ့်မည်။
ကိုယ်က ၀န်းကျင်ကို မုန်းနေလျှင် ၀န်းကျင်ကလည်း ကိုယ့်ကို ပြန်မုန်ုးပေလိမ့်မည်။ ထိုသို့ သိနေကြပါလျက် လူတွေဘာလို့ မုန်းနေကြပါလိမ့်၊ ပြီးတော့ မသေမှာကျနေတာပဲ။ သေသွားမှ နောင်တရနေမည်ဆိုလျှင်တော့ ထိုနောင်တသည်ကော အသုံးဝင်ပါဦးမည်လား။ နောင်တများစွာတွင် သေခြင်းနှင့်နွယ်သော နောင်တသည် ပြန်လည်အစားထိုး၍ မရသော ဆုံးရှုံးမှုကြီးဖြစ်သည်။
သူသည် ထိုအတွေးများကို စကားလုံးမဲ့စွာ တွေးနေမိသော်လည်း သူ့အပေါ် ကျေးဇူးများခဲ့သော လူတစ်ယောက်ကိုတော့ သူကောင်းကောင်းမုန်းခဲ့ဖူးပါသည်။
သည်တုန်းက သူငယ်ချင်းက သူ့ကို ၀ထ္ထုလေးတစ်ပုဒ် ပြောပြဖူးပါသည်။ " ဆမ်းမားဆက်မွန်" ၏ ၀ထ္ထုလေးဟု ဆိုရပါမည်။
တစ်ခါက ဘက္ကဒက်မြို့ တွင် ကုန်သည်ကြီးတစ်ယောက်ရှိသည်။ တစ်နေ့တော့ ကုန်သည်ကြီးက သူ့တပည့်တစ်ယောက်ကို ဈေးဝယ်ဖို့ ဈေးကို လွှတ်လိုက်သည်။ မကြာခင်မှာပဲ တပည့်ဖြစ်သူ မျက်စိပျက် မျက်နှာပျက်နှင့် ပြန်ရောက်လာသည်။ ပြီးတော့ သခင်ကုန်သည်ကြီးကို တုန်တုန်လှုပ်လှုပ်နှင့် စကားဆို သည်။
" သခင်ရယ် ကျွန်တော် ဈေးထဲမှာ အမှတ်တမဲ့ အမျိုးသားတစ်ယောက်နဲ့ ၀င်တိုက်မိကြတယ်၊ ကြည့်လိုက်တော့ သေမင်းဖြစ်နေပါတယ်၊ ပြီးတော့ သူက ကျွန်တော်ကို စူးစူးဝါးဝါးနဲ့ ပြန်ကြည့်နေပါတယ်၊ အဲဒါ သေမင်းနဲ့ နောက်တစ်ခါ ပြန်တွေ့ရမှာ အလွန်ကြောက်နေပါတယ်၊ ကျွန်တော့်ကို သခင်ရဲ့  အပြေး အမြန်ဆုံး မြင်းတစ်ကောင်ခဏငှားပါ၊ ကျွန်တော် မသေချင်သေးဘူးသခင်၊ ကျွန်တော် အသက်ဆက်ရှင်ဖို့ သေမင်းရှာမတွေ့နိုင်တဲ့ ဟိုးအဝေးကြီးမှာရှိတဲ့ 'ဆမ်မာရာ ' ကို ပြေးပါမယ်"
သခင်ကုန်သည်ကြီးကလည်း ကျေးဇူးရှိထားသည့် တပည့်ကို အပြေးကောင်းသော မြင်းတစ်ကောင် ပေးလိုက်သည်။
တပည့်ဖြစ်သူကလည်း မြင်းရသည်နှင့် ကဆုန်စိုင်းပြေးတော့သည်။ တပည့်မရှိတော့ ကုန်သည်ကြီး က ဈေးကို ကိုယ်တိုင်ထွက်ခဲ့ရသည်။ ဈေးရောက်တော့ လူအုပ်ထဲမှာ သေမင်းကို တွေ့လိုက်ရသည်။ သို့နှင့် သေမင်းအနားကပ်သွားပြီး " မနက်တုန်းက ခင်ဗျားက ကျုပ်တပည့်ကို စူးစူးဝါးဝါးကြည့်ပြီး ဘာဖြစ်လို့ ခြိမ်းခြောက်လိုက်ရတာလဲ " ဟု မေးလိုက်သည်။
သည်တော့ သေမင်းက..
" ကျွန်တော် သူ့ကို ခြိမ်းခြောက်လိုက်တာ မဟုတ်ပါဘူး။ စူးစူးဝါးဝါး ကြည့်လိုက်တယ်ဆိုတာကလည်း သူ့ကို ဒီဘက္ကဒက်မှာ တွေ့လိုက်ရတော့ အံ့သြလွန်းလို့ ကြည့်လိုက်တာပါ။ သူနဲ့ ကျွန်တော် ဘက္ကဒက်မှာ တွေ့ရလိမ့်မယ်လို့ လုံးဝမထင်မိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီည ဆမ်မာရာမြို့  မှာ သူနဲ့ ကျွန်တော် စာရင်းရှင်းကြဖို့ ချိန်းထားတဲ့နေ့ပဲ၊ ဘာပဲပြောပြော ကျွန်တော်ကတော့ သူနဲ့ ချိန်းထားတဲ့ ဆမ်မာရာမြို့ ကို သူလာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သွားစောင့်နေရမှာပဲ " ဟု ပြောဆိုလိုက်သည်။
ဝထ္ထုက သည်မျှသာဟု ဆိုပါသည်။
***
သူငယ်ချင်းက ဆရာနန္ဒာသိန်းဇံ၏ " တွေးချိန်ချင့်ရာ " စာအုပ်ထဲက ၀ထ္ထုလေးကို ကြိုက်လွန်းလို့ ပြန်ပြောပြတာဟုလည်း ဆိုပါသည်။
ပြီးတော့ သူငယ်ချင်းက ဆက်ပြောပြပါသေးသည်။
" သံသရာနဲ့ချီပြောရင် အားလုံးဆွေမျိုးတွေချည်းပဲ၊ ဘ၀တွေဝေးသွားလို့ တစိမ်းတွေ ဖြစ်သွားကြတာ၊ တကယ်တော့ လူတွေကို ချစ်ရတယ်ဆိုတာ မသေခင်လေး ချစ်ခင်ရတာ၊ တစ်ယောက်ယောက် သေသွားခဲ့ရင် ချစ်ခွင့် ခင်ခွင့် ရတော့မှာ မဟုတ်ဘူး၊ အသက်ဆိုတာ အစိုးရတာမှ မဟုတ်တာ၊ မနက်ဖြန် သေရင် သေသွားနိုင်တာပဲ၊ ပြီးတော့ ပရဟိတတွေ လုပ်ကြတယ်ဆိုတာ အချစ်ကိုပဲ အခြေခံပြီးလုပ်လို့ ရတယ်၊ အမုန်းကို အခြေခံပြီး လုပ်လို့မရဘူး၊ အဖွဲ့အစည်းတစ်ခုမှာ အမုန်းတစ်ခု ၀င်လာပြီဆိုရင် အဲဒီအဖွဲ့အစည်း မကြာခင် ကွဲတော့တာပဲ၊ ရိပ်သာပဲဖြစ်ဖြစ် ၊ အများအကျိုးပြု အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ ပညာတတ်တွေစုပြီး လုပ်ကြတာပဲ။ ဒါပေမယ့် အမုန်းတွေ ၀င်လာတော့ ကွဲကြတာပဲ။ အဲဒါ ပညာနဲ့ မဆိုင်ဘူး။ အချစ်နဲ့ပဲဆိုင်တယ်။
 အချစ်ဆိုတော့ မြန်မာလိုပြောတော့ နည်းနည်းပေါ့နေတယ်။ ပါဠိလို မေတ္တာလို့ ပြောတာပဲကောင်းတယ်။ အဖွဲ့အစည်းတွေမှာ မေတ္တာမရှိကြတော့ဘူးဆိုရင် ကွဲကြတာများ တယ်။ ဒီသဘောကို ကိုယ်ကသိပြီး ကိုယ်က မေတ္တာဓာတ် ပြန်မွေးလိုက်ဖို့ သိပ်အရေးကြီးတယ်။ တရားသဘောနဲ့ ကြည့်ရင် မုန်းတဲ့စိတ်ဟာ ကုသိုလ်စိတ် မဟုတ်တာတော့ သေချာတယ် "
စာစုံဖတ်သော သူငယ်ချင်းက သူဖတ်ခဲ့သော စာများကို အခြေခံ၍ ပြောပြခဲ့သည်။
***
ဘုရားရေ .. ငါဘာတွေ တွေးနေမိပါလိမ့်။
အပေါ် ပိုင်း ဗလာကျင်းနှင့် ခြေစုံရပ်လျက် တွေးကြောရှည်နေသော သူ့အနေအထားကို သတိရပြီး အချမ်းနှင့်ရောနေသော အတွေးပုံရိပ်တို့သည်လည်းေ၀၀ါးသွားသည်။ ယခုအထိတော့ သူမသေသေးပါ။ မသေသေးသော သူသည် ချမ်းစိမ့်စိမ့် အပြုံးတစ်ခုကိုတော့ ပြုံးလိုက်မိပါသည်။
ဒါပေမယ့် အတွေးမဆုံးခင် အအေးပတ်ပြီး သေသွားနိုင်သည်။ သေသွားခဲ့လျှင်တော့ သူငယ်ချင်း ပြောပြသော လူသားတွေကို ချစ်ခွင့်ရတော့မှာ မဟုတ်တော့ပါ။
(ဆရာနန္ဒာသိန်းဇံရဲ့  " တွေးချိန်ချင့်ရာ " စာအုပ်နဲ့ ခွန်သန်းထွန်းရဲ့  " တဒင်္ဂထဲက တစ်ခဏသောဘ၀ " ကို အခြေခံပြီး ရေးပါတယ်)
ရဝေနွယ်-အင်းမ ၏ အမြဲစီးဆင်းနေသောမြစ်တစ်စင်းအကြောင်း စာအုပ်မှ
အောင်ကလေး
ကြိုဆိုပါသည် … သို့သော် ….
ကြိုဆိုပါသည် … သို့သော် ….
မြန်မာ့နိုင်ငံတော်သည် ဒီမိုကရေစီစနစ်ဆီသို့ အသွင်ကူးပြောင်းလာပြီဆိုတော့ … ။ ဒီမိုကရေစီစနစ်ရဲ့ မူဝါဒဖြစ်တဲ့ “လွတ်လပ်စွာ ပြောဆိုခွင့်” တို့ “လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်” တို့ “လွတ်လပ်စွာ ကိုးကွယ်ခွင့်” တို့ဆိုတာ စနစ်နှင့်အတူ မွေးဖွားလာခဲ့ခြင်းပါ။ ပြည်သူတွေအား ̏လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်˝ကို ဥပဒေပြု၍ ခွင့်ပြုပေးခြင်းအတွက် ဒီမိုကရေစီအစိုးရအား ကျေးဇူးတင်မိခြင်းပါ။ သို့သော် လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်ရပြီဆိုပေမဲ့ ဒီမိုကရေစီစနစ်ရဲ့မူဝါဒများကို ပြည်သူများ စနစ်တကျနားလည်မထားကြသေးဘူးဆိုရင် အမျိုးသား ယဉ်ကျေးမှု ကို ထိုက်ခိုက်သွားနိုင်ခြင်းပါ။
 ပြည်သူအများစုဟာ အမျိုးသားယဉ်ကျေးမှုကိုထိန်းသိမ်းပြီး ဒီမိုကရေစီနိုင်ငံတော်ကို စနစ်တကျတည်ဆောက် လိုတာဖြစ်တဲ့အတွက်ကြောင့် စာနယ်ဇင်းများ၊ ပုံနှိပ်ထုတ်ဝေသူများ၊ အင်တာနက်မီဒီယာများမှ ဘာစာမူကိုပဲ ထုတ်ထုတ်၊ ဘယ်ရုပ်ပုံမျိုးကိုပဲ ဖေါ်ပြဖေါ်ပြ၊ ဘယ်ဘလော့ဂ်မှာပဲတင်တင် မြန်မာ့ယဉ်ကျေးမှု၊ အမျိုးသားယဉ်ကျေးမှုကို ဆန့်ကျင်တဲ့စာမျိုး၊ ပုံမျိုး၊ ဗီဒီယိုဖိုင်မျိုးကို စိစစ်ပြီးမှ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိပေးသင့်ခြင်းပါ။ ကိုယ်ရေးချင် တာတွေကို ရေးလို့ရတယ်ဆိုတိုင်း၊ အင်တာနက်စာမျက်နှာ များမှာ ကိုယ်တင်ချင်တာတွေကို တင်လို့ရတယ်ဆိုတိုင်း ထင်ရာစိုင်းကြမယ်ဆိုရင်တော့ ကျားသေကို အသက်သွင်းမိလို့ ဒုက္ခရောက်သွားတဲ့ အဖြစ်မျိုးတွေ ဖြစ်သွားနိုင်လို့ပါ။ မြန်မာနိုင်ငံမှာ နှစ်အတော်ကြာကြာ ဒီမိုကရေစီစနစ်  ပျောက်ဆုံးသွားခဲ့တဲ့
အတွက် ပြည်သူ၊ ပြည်သား များ အချုပ်အချယ် အဖိအနှိပ်ဒဏ်များကို အလူးအလဲခံခဲ့ရခြင်းပါ။ 
ဒီသင်ခန်းစာများကို ပြန်လည်ဆန်းစစ်ကြည့်တဲ့အခါ ဟိုယခင်အခါများက ပုံနှိပ်ထုတ်ဝေခြင်းကိစ္စမှာ လွတ်လပ်ခွင့် မရှိခဲ့လေတော့ ပြည်သူ၊ ပြည်သားများ အမှန်တရားကိုမသိနိုင်ကြပဲ ဆင်းရဲတွင်းနက်ခဲ့ကြရတာပါ။ ထို့ကြောင့် လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့် ကို မျှော်လင့်ခဲ့ကြတာပါ။ နိုင်ငံတော်အကြီးအကဲများရဲ့ အမျှော်အမြင်ကြီးမားမှုကြောင့် လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်မူကို ပြဋ္ဌာန်းပေးလိုက်ပြီမို့ ထိုဥပဒေကို ကြိုဆိုမိခြင်းပါ။ သို့သော် အမျိုးသားရေး ယဉ်ကျေးမှုကို မသိနားမလည်သေးတဲ့ (သို့မဟုတ်) အမျိုးသားယဉ်ကျေးမှုရဲ့တန်ဖိုးကို မမြတ်နိုးတတ်သေးတဲ့ လူငယ်၊ လူရွယ်အများစုက မီဒီယာကွန်ယက်များကို အများဆုံးအသုံးပြုနေကြတာဆိုတော့ … ။ မြန်မာ့ယဉ်ကျေးမှု၊ အမျိုးသားယဉ်ကျေးမှုများကို ကာကွယ်ပေးနိုင်တဲ့ မူဝါဒတစ်ခုကို ဥပဒေပြု၍ ပြဋ္ဌာန်းပေးဖို့ ဥပဒေပြုအဖွဲ့အား တိုက်တွန်းလိုခြင်းပါ။
နိုင်ငံရေးမှာ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်မရှိလို့ ပြည်သူ၊ ပြည်သားများ များစွာနစ်နာဆုံးရှုံးမှုများ ဖြစ်ရတယ်ဆိုတာ လက်ခံနိုင်ခြင်းပါ။ သို့သော် ပြည်သူ့နီတိလို့ခေါ်တဲ့ အက်သစ်ခ် (Ethics) ကို စနစ်တကျ လေ့လာထားမှုမရှိတဲ့ လူငယ်လူရွယ်များအား လွတ်လပ်စွာ ပုံနှိပ်ထုတ် ဝေခွင့်မူကို လုံးလုံးလျားလျားကြီး ခွင့်ပြုလိုက်မယ်ဆိုရင် ပြည်သူများအတွက် ကောင်းကျိုးနှင့်ဆိုးကျိုး ဘယ်သင်းက ပိုများလာနိုင်တယ်ဆိုတာ ပြည်သူ၊ ပြည်သားများ ကြိုတင်စဉ်းစားနိုင်ကြဖို့ပါ။
Ethics ဆိုတာ ဘာလဲ။ Ethics ဆိုတာ ပြည်သူ့နီတိကို ပြောတာ။ အဓိပ္ပါယ်က လူ့ယဉ်ကျေးမှုရဲ့ အခြေခံဖြစ်တဲ့ ကိုယ်ကျင့်သီလ၊ ကိုယ်ကျင့် သိက္ခာကိုအလေးထားခြင်း၊ ယဉ်ကျေးတဲ့အမူအယာ၊ ယဉ်ကျေးမှုနှင့်နွယ်တဲ့ မြန်မာဂုဏ်ကို ဖေါ်ဆောင်နိုင်တဲ့ ၀တ်စားဆင်ယဉ်မှု ပြုလုပ်ခြင်း မျိုးကို Ethics လို့ခေါ်တာ။ တိုင်းပြည်တစ်ခုမှာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ထုံးစံ၊ ကိုယ်ပိုင်ဝတ်စားဆင်ယဉ်မှု၊ ကိုယ်ပိုင် စာပေမရှိရင် ထိုလူမျိုး၊ ထိုတိုင်းပြည်ဟာ နောက်ဆုံးတော့ ပျောက်ကွယ်သွားတတ်တာဟာ ဓမ္မတာပါ။ ဒါကို အမျိုးသားရေးစိတ်ဓာတ်ရှိသူများ သိနား လည်နိုင်ကြဖို့ပါ။
မြန်မာပြည်ဖွား အများစုဟာ ဗုဒ္ဓဘာသာဝင်များပါ။ မြတ်စွာဘုရားတရားတော်များမှာ ယဉ်ကျေးမှုကိုရော၊ လောကလူသားများကိုပါ မပျက်မစီးအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ တရားနှစ်ပါး (လောကပါလ တရား – လောကကိုစောင့်ရှောက်တဲ့တရားနှစ်ပါး) ကို ဖေါ်ပြ ထားခြင်းပါ။ အဲဒီတရားနှစ်ပါးက ဟိရီ (မကောင်း မှုကိုပြုခြင်း၊ မလုံတလုံဝတ်စားဆင်ယင်မှုများကို ရှက်ခြင်း) နှင့် သြတ္တပ္ပ(မကောင်းမှုကိုပြုခြင်း၊ မလုံတလုံဝတ်စားဆင်မှုများကို ကြောက်ရွံ့ခြင်း) တို့ကို ဖေါ်ညွှန်းထားခြင်းပါ။ ဒီတရားနှစ်ပါးက လောကကြီးကိုကော လူသားများကိုပါ စောင့်ရှောက် ထားခြင်းဖြစ်လို့ စောင့်ထိန်း လိုက်နာသင့်တဲ့တရားနှစ်ပါးပါ။ 
အရှက်အကြောက်ကင်းတဲ့ ၀တ်စားဆင်ယင်မှုမျိုးဟာ  မြန့်မာ ယဉ် ကျေးမှုနှင့် ဘာသာယဉ်ကျေးမှုများကိုပါ ဖျက်ဆီးနိုင်တာမို့ သတိများ ကြိုတင် သိရှိထားနိုင်ကြဖို့ပါ။ နောက်ပြီး အခုခေတ်မှာ စတိုင်တစ်ခုလိုဖြစ်လာတဲ့ မလုံတလုံ ၀တ်စား ဆင်ယင်မှုများကြောင့် ဆိုရှယ်ပြဿနာများ၊ ဒုစရိုက်မှုများနှင့် လူမှု ရေးပြဿနာများဟာ တစ်နေ့တစ်ခြား တိုးပွားလာနေခြင်းပါ။ 
ဥပမာ- ပတ်ဘလစ်ဂ်ဧရိယာ (Public Area) များ၌ မိန်းကလေးများ မလုံမခြုံ ၀တ် ဆင်ထားခြင်းဟာ ပြဿနာကို နှိုးဆွပေးခြင်း၊ ဒုစရိုက်မှုများကို တစ်နည်းမဟုတ် တစ်နည်းနည်းဖြင့် တိုက်တွန်းပေးသလို ဖြစ်ပွားစေခြင်း ပါ။ ယထာဘူတကျကျ သုံးသပ်နိုင်ကြဖို့ပါ။ မလုံတလုံ ၀တ်ဆင်ထားတဲ့ ညီမ (သို့မဟုတ်) အမတစ်ယောက်ကြောင့် လှောင်ပြောင်ကြည် စယ်ခံရတဲ့ မောင်တစ်ယောက်ရဲ့ ဒေါသ၊ မုဒိန်းမှု၊ လူသတ်မှုများ အထိ ဖြစ်ပွားသွားခဲ့ခြင်းကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ လူမှုရေးပြ ဿနာ၊ မလုံတလုံ ၀တ်ဆင်ထားတဲ့ သမီးနှင့် ဟိုနားဒီနား အတူသွားလို့မှ မသင့်တော်တဲ့ ဖခင်ရဲ့အဖြစ်၊ မပေါ်တပေါ်ဝတ်ဆင်ထားတဲ့ အမ သို့မဟုတ် ညီမနှင့် ဟိုနား ဒီနား အတူတကွ မသွားလာရဲတဲ့ ညီအကိုမောင်ဘွားတို့ရဲ့ဒုက္ခ၊ ဒါတွေကို ခြုံငုံစဉ်းစားကြည့်ရင် မြန်မာယဉ်ကျေး မှု၊ အမျိုးသား ယဉ်ကျေးမှုများကို ခြိမ်းခြောက်နေခြင်းပါ။
ဒီမိုကရေစီစနစ်အရ လွတ်လပ်ပေါ့ပါးစွာဝတ်ဆင်ထားခြင်းဟာ လူ့အခွင့်အရေး တစ်ရပ်ပဲ မဟုတ်လားလို့ မေးခွန်းထုတ်လိုသူများလည်း ရှိ ကောင်းရှိမှာပါ။ ကုလသမဂ္ဂမှ ၁၉၄ဂ ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ လူ့အခွင့်အရေးကြေညာစာတမ်းကြီး (Human Rights) မှာ ̏ဤကမ္ဘာတွင် လူဟူ သမျှတို့သည် မိသားစုအဖွဲ့ဝင် ညီအစ်ကိုမောင်နှမများသဖွယ်ဖြစ်၏။ ထို့ကြောင့် သင်သည် လူချင်းဆက်ဆံရာ၌ ကြင်နာစွာ ဖော်ရွေစွာ ယဉ် ကျေးစွာပြုမူသင့်၏˝ လို့ ဖေါ်ပြထားခြင်းပါ။ အဖေနှင့်သမီး၊ အကိုနှင့် နှမ၊ မောင်နှင့် အမတို့အကြား မလုံတလုံဝတ်ဆင်ထားမှုဟာ ယဉ်ကျေး စွာ ပြုမှုနေခြင်းပါလို့ မည်သူမျှပြောဝံ့မည်မဟုတ်ပါ။
“လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်” မူကို အလွဲသုံးစားပြုမှုနှင့် စပ်လျဉ်း၍ မြန်မာပြည်မှာ ဖြစ်ပျက်သွားတဲ့
ဖြစ်ရပ်လေးတစ်ခုကို ကွန်ပျူတာဂျာ နယ်မှာ ဖတ်လိုက်ရခြင်းပါ။ ဖြစ်ပုံက – မိန်းကလေးတစ်ယောက်ဟာ သူ့ချစ်သူ (ဘွိုင်းဖရင့်ဒ်) တစ်ယောက်နှင့် ကိုယ်ပိုင်လက်ပ်တော့ကွန်ပျုတာ အင်တာနက်လိုင်းမှတဆင့် ချက်တင် (စကားပြော) ပြောခဲ့ကြခြင်းပါ။ ထိုသို့ပြောကြားနေစဉ် မိန်းကလေးက မလုံတလုံဝတ်ဆင်ထားပြီး သူမရဲ့ ဘွိုင်းဖရင့်ဒ်အား ကွန်ပျုတာမှတဆင့် ချက်တင်လုပ်ကြခြင်းပါ။
 တစ်ဖက်မှ အက်သစ်ခ်မရှိတဲ့ ဘွိုင်းဖရင့်ဒ်က ၀က်ဘ်ကင် (ကင်မရာ) ဖြင့် ထိုပုံကိုရိုက်ကူးပြီး၊ ထိုဓာတ်ပုံကို အင်တာနက်ဝက်ဘ်ဆိုက် စာမျက်နှာပေါ်မှာတင်ထားခဲ့ရာ ထိုပုံကို ထိုမိန်းကလေးရဲ့အဖေကတွေ့ရှိ၍ ထိုဓာတ်ပုံများမှာပါတဲ့ မိန်းကလေးဟာ သူ့သမီးနှင့်တူသလိုလိုရှိတာမို့ ထိုပုံကို အသေအခြာကြည့်ရှုရာ သူ့သမီးရဲ့ဓာတ်ပုံဖြစ်နေ၍ ယူကျုံးမရ ဖြစ်သွားခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုပါ။ အက်သစ်ခ်မရှိတဲ့ သို့မဟုတ် အက်သစ်ခ်ရဲ့တန်းဖိုးကို အလွဲသုံးစားပြုလိုသူများနှင့် စာပေစိစစ် ရေး၌ အထိန်းအကွပ်မရှိတော့တဲ့ “လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်” ဆိုတဲ့ ဒီမူဝါဒတို့အကြား ဘာတွေများ ဆက်လက်ဖြစ်ပေါ်လာမလဲဆိုတာ ရင်တမမဖြင့် ဆက်လက်ရှုစားကြဖို့ပါ။
̏သားသမီးတွေကို လွတ်မထားပါနဲ့ အင်တာနက်က ဒုက္ခပေးလိမ့်မယ်˝ဆိုတဲ့ ခေါင်းစဉ်လေးကိုတွေ့ရလို့ ဖတ်ကြည့်မိတယ်။ အင်တာနက်နဲ့ လူငယ်တို့ရဲ့ဘ၀ဟာ စိတ်ပူစရာ  အဆင့်ထိ  ရောက်နေကြောင်းကို
 ပြည်သူ များကို သိစေလိုတဲ့ စေတနာအရင်ခံနဲ့ ရေးသားထားခြင်းပါ။ လော ကကြီးက တစ်ခါတစ်ရံမှာတော့ စိတ်ရှုပ်စရာကြီးပါ။ ရိုးသားသူနှင့် ကောက်ကျစ်သူ၊ ပွင့်လင်းသူနှင့် လျှို့ဝှက်သူ၊ ဖြောင့်မတ်သူနှင့် လိမ် တတ်သူ၊ လယ်သူနှင့် အသူ၊ ဒီလူတွေ အားပြိုင်လာကြရင် ရိုးသားသူတွေ၊ အသူတွေသာ အများဆုံး ခံကြရတာပါ။ နယ်မြို့တစ်မြို့က အဖြစ် အပျက်လေးတစ်ခုပါ။ 
ငယ်ရွယ်သူတို့ရဲ့သဘာဝက စူးစမ်းချင်တဲ့သဘာဝ။ ဖြစ်ပုံက မိန်းကလေးနှစ်ယောက်ဟာ အိမ်ခန်းထဲမှာ အ၀တ် အစားတွေချွတ်ပြီး ဓာတ်ပုံရိုက်ကြတဲ့ဖြစ်ရပ်ပါ။ ဓာတ်ပုံတွေ စိတ်တိုင်းကျရိုက်ပြီးတဲ့အခါ အဲဒီထဲက တစ်ယောက်က ဒီဓာတ်ပုံတွေကို အင် တာနက်ပေါ်မှာတင်မယ်ဆိုပြီး ငွေညှစ်ယူတဲ့ကိစ္စပါ။ ကိုယ်လုံးတီးအရိုက်ခံရတဲ့ မိန်းကလေးက သူ့ပုံတွေ အင်တာနက်ပေါ်မှာ တင်ခံရမှာကို ကြောက်တော့ တောင်းသမျှငွေကို ပေးနေရင်း မပေးနိုင်တော့တဲ့အဆုံးမှာမှ ဒီဇာတ်ထုပ်က ပေါ်လာခဲ့ခြင်းပါ။ ဒီနေရာမှာ ဆယ်ကျော်သက်တို့ကို ပြောလိုတာက မလယ်ပဲနဲ့ မဆန်းချင်ပါနဲ့လို့။ ဒီလိုပြောရတာက် လောကကြီးထဲမှာ အန္တရာယ်တွေကများလွန်းလို့ပါ။ သားသမီးရှိသူတိုင်း စဉ်းစားနိုင်ကြဖို့ပါ။
ကျားသေကို အသက်သွင်းပေးမိတဲ့ယောက်ျား ဘာဖြစ်သွားလဲဆိုတဲ့အချက်ကို စဉ်းစားသူက မရှိသလောက်ပါ။ အခုအချိန်မှာ ပြည်သူများရဲ့ ဆန္ဒများ ပြည့်ဝလာပြီလို့ဆိုလို့ရပေမဲ့ တစ်ဖက်မှလည်း ရင်ဆိုင်ဖြေရှင်းရမဲ့အရာတွေက များပြားလာနေခြင်းပါ။ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေ ခွင့်မူကို ပြဋ္ဌာန်းပေးလိုက်ခြင်းအတွက် ကြိုဆိုနေမိသော်လည်း နေရာတိုင်းမှာတော့ မကြိုဆိုချင်ပါ။ အဘယ်ကြောင့်ဆိုသော် ̏တင်းလွန်းရင် ပြတ်၊ လျှော့လွန်းရင် ပတ်˝ ဆိုတာမျိုးလို လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်မူက သိပ်လျှော့လွန်းနေရင်တော့ အမျိုးသားယဉ်ကျေးမှုကို ရစ် ပတ်ပြီး မြန့်မာ ယဉ်ကျေးမှုကို အနောက်တိုင်းယဉ်ကျေးမှုတွေနှင့် ဖုံးလွမ်းသွားမှာကို စိုးရိမ်မိလို့ပါ။ ယဉ်ကျေးမှုပျောက်ရင် လူမျိုးပျောက်သွား နိုင်တယ်ဆိုတဲ့အချက်ကိုတော့ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးသူတိုင်း ကြိုတင် စဉ်းစားနိုင်ကြဖို့ပါ။
နိုင်ငံတော်ရဲ့အချုပ်အချာအာဏာတည်မြဲရေးနှင့် ပြည်သူ၊ ပြည်သားများငြိမ်းချမ်းစွာ အတူနေထိုင်နိုင်ရေးမှာ ဒီမိုကရေစီစနစ်မှလာတဲ့ မူဝါဒ များနှင့် မလုံလောက်နိုင်ပါ။ မြန်မာ့ယဉ်ကျေးမှု၊ အမျိုးသားယဉ်ကျေးမှု၊ ဘာသာယဉ်ကျေးများကို ရှင်သန်စေနိုင်တဲ့ အမျိုးသားရေး စိတ်ဓာတ် များ၊ ဘာသာရေး စိတ်ဓာတ် များကို မြှင့်တင်ပေးနိုင်ကြဖို့ပါ။ မြန်မာ့ယဉ်ကျေးမှု၊ အမျိုးသားယဉ်ကျေးမှုများကို စနစ်တကျ ထိန်းသိမ်းနိုင်ဖို့ သင့်တင့်လျှောက်ပတ်တဲ့ ဥပဒေ မူဝါဒများကို ရေးဆွဲ ထားသင့်ခြင်းပါ။ နိုင်ငံရေးလွတ်လပ်ခွင့်အတွက် လွတ်လပ်စွာပုံနှိပ်ထုတ်ဝေခွင့်ကို အတည်ပြု  ပြဋ္ဌာန်းပေးခြင်းဟာ ဒီမိုကရေစီစနစ်ရဲ့ အဓိက မဏ္ဍိုင်  ဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် ထိုစနစ်ဖြင့်ပင် လူ့အခွင့်အရေးများကို တပါတည်း ကာကွယ်ပေးနိုင်ကြဖို့ပါ။
ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာမှာ ကာလဒေသအလိုက်၊ နိုင်ငံအလိုက်၊ လူမျိုးအလိုက် ကျင့်သုံးမှုများ ကွဲပြားခြားနားမှုများ ရှိနေခြင်းပါ။ ဥပ မာ၊ မလေးရှားနိုင်ငံ ပြည်နယ်နှစ်ခု၌ မိန်းကလေးများ မျက်နှာပေါ်ရုံမျှ တပါး ခေါင်းတစ်ခေါင်းလုံးကို အပြင်ထွက်တိုင်း ခြုံထားရခြင်း၊ လက် ကောက်ဝတ် ဖုံးအောင်၊ ခြေမျက်စိဖုံးအောင် အမြဲတမ်းဝတ်ထားရခြင်းတို့ကို ဥပဒေဖြင့် ပြဋ္ဌာန်းပေးထားခြင်းပါ။ ဒီလိုပြုလုပ်ရခြင်းဟာ ဒီမိုက ရေစီကျင့်ထုံးကို သူတို့ယဉ်ကျေးမှုနှင့် လိုက်လျော ညီထွေရှိအောင် ဥပဒေပြု၍ ပြဋ္ဌာန်းပေးရခြင်းလို့ သူတို့ယုံကြည်ထားကြခြင်းပါ။ 
ထို့ကြောင့် လွတ်လပ်ခွင့် ရှိတယ်ဆိုတိုင်း ထင်ရာစိုင်းလို့မသင့်တော်ပါ။ ဖြစ်သင့်တာက စုံပုဝါ ဘယ်ညာ ချထားတဲ့ မြန်မာ ပီသတဲ့ မြန်မာ အမျိုးသမီးတို့ရဲ အလှကြက်သရေကို မြန်မာအမျိုးသမီးတို့ ဂုဏ်ယူ တတ်ကြဖို့ပါ။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ၊ ဘလော့ဂ်များ၌လည်း မပေါ်တပေါ်၊ မလုံ့ တလုံဝတ်ဆင်ထားတဲ့ ဓာတ်ပုံများကို ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန့်ချီနေခြင်း၊ ဖေါ်ပြနေခြင်းမျိုးတွေကို မပြုစေပဲ၊ မြန်မာ့ယဉ်ကျေးမှု၊ အမျိုးသား ယဉ်ကျေးမှုများကို ကာကွယ်စောင့်ရှောက်နိုင်ရန် ဥပဒေပြုပြဋ္ဌာန်း၍ တားဆီးပိတ်ပင်ပေးနိုင်ရန် တိုက်တွန်းရခြင်းပါ။
မြန်မာယဉ်ကျေးမှုနှင့် မြန်မာဂုဏ်ရောင်ကို ထွန်းပြောင်နိုင်စေဖို့ စုံပုဝါ ဘယ်ညာချထားတဲ့ မြန်မာ့ အမျိုးသမီးများရဲ့ ယဉ်ကျေးတဲ့ဟန်အမူအယာ၊ ကျော့ရှင်းတဲ့အင်္ကျီ၊ ခန့်ထည်တဲ့ထမိန်ကို ၀တ်စား ဆင်ယင်နိုင်ကြဖို့ပါ။ ထိုကဲ့သို့ပြုလုပ်နိုင်ကြမယ်ဆိုရင် မြန်မာအမျိုးသမီးတွေရဲ့ ၀တ်စားဆင် ယင်မှုကို ကမ္ဘာ့လူသားများက မကြာမတင်မှာပင် အသိအမှတ်ပြုလာကြမှာပါ။ 
ယဉ်ကျေးမှုကို ညစ်ထေားစေနိုင်တဲ့ လွတ်လပ်လွန်းတဲ့ ပုံနှိပ် ထုတ်ဝေမှုများကိုလည်း တားဆီးပေးနိုင်ကြဖို့ပါ။ ပြောလိုတာကတော့ ယဉ်ကျေးမှုအမွေ အနှစ်များ မပပျောက်မီ လောကပါလတရားများ ဆက်လက်ထွန်းကားနေအောင် ၀ိုင်းဝန်းစောင့်ရှောက်ပေးကြဖို့ပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။
ဒေါက်တာဓမ္မပိယ (ITBMU)
စက်တင်ဘာ ၁၅၊ ၂၀၁၂
Monday, September 24, 2012
ကိုယ့်ကြောင့် ကိုယ့်သာသနာ..
ကိုယ့်ကြောင့် ကိုယ့်သာသနာ..
ခုတလော အွန်လိုင်းပေါ်မှာ ဘာသာရေးကို အခြေခံပြီး ပုတ်ခတ်ပြောဆိုနေကြတာတွေ မြင်တွေ့နေရပါတယ်။ ဒါဟာအင်မတန်မှ အရုပ်ဆိုးအကြည်းတန်စေပါတယ်..။ ကိုးကွယ်မှုဆိုင်ရာဆိုင်ရာတွေမှာ သူ့ခံယူချက် သူ့ယုံကြည်ချက်တွေနဲ့ မြတ်နိုးကိုးကွယ်နေကြတာတွေ ရှိကြပါတယ်။ ကိုယ့်ယုံကြည်ကိုးကွယ်မှုကို ထိပါးပုတ်ခတ်လာတာတွေကို လက်သင့်ခံလို့မရသလို.. အခြားဘာသာတွေကို ပုတ်ခတ်စော်ကားမှု ပြုနေတာကိုလည်း အားပေးအားမြောက်ပြုဖို့ မလိုအပ်ပါဘူး။ 
အဓိကကတော့. ကိုယ်ကိုးကွယ်ယုံကြည်ရာဖြစ်တဲ့ ကိုယ့်သာသနာရဲ့တန်ဖိုးကို မြှင့်ပေးချင်တယ်ဆိုရင်.. မိမိကိုယ်တိုင်ပဲ မြင့်သထက်မြင့်လာအောင် စွမ်းဆောင်ပေးနိုင်စွမ်းရှိသလို.. နိမ့်ကျအောင်လုပ်မယ်ဆိုရင်လည်း မိမိကိုယ်တိုင်ပဲ နိမ့်ကျသထက် နိမ့်ကျအောင် လုပ်နေသလိုတွေ ဖြစ်နေတတ်တယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ အဲ့ဒါအဓိကအကြောင်းရင်းပါ။ အချို့တွေက ကိုယ့်သာသနာကိုထိလာရင် အရုပ်ဆိုးအကြည်းတန်စေတဲ့ စကားတွေနဲ့ ပြန်လည်ချေပတာတွေ ရှိတတ်ပါတယ်။ ဒါတွေဟာ သာသနာကို ချစ်နေသလိုလို.. ကာကွယ်နေသလိုလိုနဲ့ နိမ့်ကျသည်ထက် နိမ့်ကျအောင် လုပ်နေတာနဲ့ တူပါတယ်။ ဒါကိုတော့ ဗုဒ္ဓဘာသာတွေအနေနဲ့ အဓိကသိထားဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့တွေဟာ ဗုဒ္ဓဘာသာဝင်တွေပါ။ ဘုရားရဲ့အဆုံးမအောက်မှာ ဘုရားရှင်ရဲ့ဆုံးမစကားတွေနဲ့ လိုက်နာကျင့်ကြံနေကြတဲ့သူတွေလို့ ပြောမယ်ဆိုရင် ဘုရားရှင်ဟာ ကျွန်တော်တို့တွေရဲ့ လက်ဦးဆရာလို့ ဆိုရမှာပါ။ ဒီတော့.. ကိုယ့်ရဲ့ဆရာရဲ့အဆုံးမတွေဟာ ဘာတွေလဲ.. ဘယ်လိုတွေ သင်ခဲ့လဲ.. ဘယ်လိုတွေ နေထိုင်ကျင့်ကြံဖို့ သင်ခဲ့လဲ ဆိုတာတွေနဲ့ နေထိုင်ပြုမူပြီး လိုက်နာကျင့်ကြံတတ်ဖို့လိုပါတယ်။ 
ဘုရားရှင် လက်ထက်တော်အခါတုန်းက.. ဘုရားရှင်ကို ထိပါးပုတ်ခတ်ယုံမျှ မကပါဘူးနော်.. အမျိုးမျိုး ဆဲရေးတိုင်းထွာတာတွေ.. အမျိုးမျိုး လုပ်ကြံသတ်ဖျတ်တာတွေ များစွာပါပဲ.. အဲ့ဒီ့များစွာတွေထဲမှာ ဘုရားရှင် ဘယ်လိုသာသနာပြုခဲ့သလဲ.. ဘယ်လိုမျိုး ပြုပြင်ဆုံးမပေးခဲ့သလဲ ဆိုတာလေးတွေကို မှတ်သားနှလုံးသွင်းဖို့ လိုအပ်ပါတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ သူ့အပေါ်တိုက်ခတ်မှုတွေ.. ဝေဖန်ပုတ်ခတ်မှုတွေ.. လုပ်ကြံသတ်ဖြတ်မှုတွေကို ဒီလိုမျိုး အကြည်းတန်စေတဲ့ စကားတွေနဲ့ ပြန်လည် ချေပရမယ်လို့များ ဟောပြဆုံးမခဲ့ပါသလား.. ဒီလိုထိပါးပုတ်ခတ်လာမှုတွေကို ဒီလိုပဲ မကြားဝင့်မနာသာ စကားတွေနဲ့ ပုတ်ခတ်ပြောဆိုပြစ်ရမယ်လို့များ ဆုံးမထားခဲ့ပါသလား။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ယုတ်ညံ့တဲ့စကားမျိုးတွေ ပြောဖို့နေနေသာသာ.. နှုတ်ကနေ လိမ်လည်ပြောဆိုမှုမျိုးကို တစ်ခွန်းတစ်ပါဒမျှ မပြုမှုခဲ့တဲ့အတွက် သုဂတ ဂုဏ်တော်နဲ့ ရှိခိုးကြည်ညို အပူဇော် ခံထိုက်နေတာပါ။ ဒီတော့.. ကျွန်တော်တို့တွေဟာ ဗုဒ္ဓဘာသာဝင်တွေမှန်ရင်.. အားလုံးဟာ ဘုရားရှင်ရဲ့ တပည့်သားတွေပါပဲ.. ဘုရားရှင်ရဲ့အဆုံးမအောက်မှာ ရှင်သန်နေထိုင်တဲ့သူတွေဟာ ဒီလိုမျိုး နိမ့်ကျနေတဲ့စကားတွေနဲ့ ပြန်လည်ပုတ်ခတ်နေမယ်ဆိုရင်.. ဘုရားရှင်ရဲ့ အဆုံးမတွေကိုပါ နိမ့်ကျနေတယ်လို့ ပြောနေတာနဲ့ တူနေပါတယ်။ ဒီတော့ တခြားသူတွေ ဘယ်လောက်ရိုင်းရိုင်း တို့ဗုဒ္ဓဘာသာတွေ မရိုင်းဖို့လိုတယ်.. တခြားသူတွေဘယ်လောက် ပုတ်ခတ်ပုတ်ခတ်.. တို့ဗုဒ္ဓဘာသာတွေ မပုတ်ခတ်ဖို့လိုတယ် ဆိုတာလေး ပြောချင်မိပါတယ်။
ပုတ်ခတ်တဲ့သူတွေကို တဖက်ကပြန်ပြီး တွေးကြည့်မယ်ဆိုရင် သနားဖို့ကောင်းတဲ့လူတွေလို့ပဲ မြင်မိပါတယ်။ ဘုရားရှင်လက်ထက်တော်အခါတုန်းက ဘုရားရှင်ကို အမျိုးမျိုး လုပ်ကြံစွပ်စွဲပုတ်ခတ်ခဲ့တဲ့ ဒေ၀ဒတ္တ၊ ကိုယ်ဝန်ဟန်ဆောင်ပြီး စွပ်စွဲတဲ့ စိဉ္စမာနတို့လိုမျိုး အခြားအခြားသောပုဂ္ဂိုလ်တွေဟာ.. တကယ်တော့ သနားစရာတွေပါပဲ။ အတိတ်ကံရဲ့အကျိုးပေးတွေကိုက ဘုရားရဲ့အဆုံးမနဲ့ ဆန့်ကျင်ပြီး အတိုက်အခံလုပ်ဖို့ကံတွေ ပါလာခဲ့ရတာပါ။  
“ပျက်စီးချိန်တန်လာလျှင် မည်သူကပင် သတိပေးပြောဆို တားမြစ် ဆုံးမပါသော်လည်း နားမ၀င်ဘဲ မိမိလုပ်သမျှ အပြုအမူ အနေအထိုင် အပြောအဆိုများကိုသာ အမှန်ထင်နေတတ်၏” ဆိုတဲ့ အဆုံးမအတိုင်းလို့ပဲ နှလုံးသွင်းရမှာပါပဲ။ “မောဟအမှောင် အားကြီးလာလျှင် အမေပြောလည်းမရ၊ အဖေပြောလည်းမရ၊ နောက်ဆုံး ဘုရားပြောသော်လည်း ရမည်မဟုတ်ပေ” ဆိုတဲ့ အတိုင်းပါပဲ.. ဘယ်လောက်ကြီးပဲ ကြည်ညိုထိုက်တဲ့ဂုဏ်တွေ.. ရိုသေလေးစားထိုက်တဲ့ဂုဏ်တွေ ရှိနေပါစေ.. ဘယ်လောက်ကြီးပဲ ကောင်းမွန်တဲ့လမ်းကြောင်းတွေ ပြောပြပြီးဆုံးမနေပါစေ.. မောဟအမှောင် အားကြီးလာရင်တော့ ဘယ်သူ့ဘယ်သူမှ မကယ်နိုင်ပါဘူး..။ သူ့လမ်းကြောင်းသူ လျောက်နေတယ်လို့ပဲ နှလုံးသွင်းဆင်ခြင်ရမှာပါ။ ဒါကိုမှ ကိုယ်ကသွားပြီး မကြည်ညိုရကောင်းလား.. စော်ကားနေရတာလား ဆိုရင်တော့ သူ့ကိုအမှီပြုပြီး ကိုယ်ပါ အကုသိုလ် များစေနိုင်ပါတယ်။
ဆရာတော်တစ်ပါးဟောပြဆုံးမပေးတာလေး မှတ်သားမိပါတယ်.. “လူတစ်ယောက်နဲ့ ပြိုင်ပြီး ငြင်းဆိုပြောဆိုနေတာတွေ.. ဆဲရေးတိုင်းထွာပုတ်ခတ်နေတာတွေဟာ ကိုယ့်အဆင့်ကို သူနဲ့တန်းတူမညီ ညီအောင် လုပ်နေတာနဲ့ တူတယ်” ဆိုတဲ့ ဆုံးမစကားလေးပါ။ သူရိုင်းတိုင်း လိုက်ရိုင်းရရင် ကိုယ်ပါ လူရိုင်းဖြစ်သွားမယ်ဆိုတဲ့ အတိုင်းပါပဲ။ 
ကျွန်တော်တို့ ဗုဒ္ဓဘာသာဟာ အဆုံးမအထိန်းကွပ် မရှိတဲ့ ဘာသာမဟုတ်ပါဘူး.. ဘုရားရှင်ရဲ့အဆုံးမအောက်မှာ နေထိုင်ကျင့်ကြံနေကြတဲ့ ဘာသာဝင်တွေပါ။ ဒီတော့ ဘုရားရှင်ရဲ့ အဆုံးမတွေကို မှန်ကန်ကြောင်း ပြချင်ရင်.. အဲ့အဆုံးမတွေကို လိုက်နာကျင့်ကြံနေတဲ့သူတွေဟာ ဘယ်လောက်ထိ အဆုံးမအတိုင်း နေထိုင်နိုင်သလဲဆိုတာနဲ့ပဲ ဖော်ကျူးရမှာပါ။ ငါတို့အဆုံးမတွေက မှန်တယ်လို့ အော်နေစရာမလိုပါဘူး.. မှန်တာနဲ့ထိုက်တန်နိုင်အောင် နေထိုင်ပြနိုင်ဖို့ဟာ ပိုပြီး အရေးမကြီးပေဘူးလား..။ အဲ့ဒါဟာ အဓိကပါပဲ..။
နောက်တစ်ချက်အနေနဲ့ကတော့.. ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆုံးမခဲ့တဲ့.. “ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်ကြောင်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိဟု မဟုတ်သည်ကို မဟုတ်သည့် အတိုင်း သင်တို့ ဖြေရှင်းရမည်” ဆိုတဲ့ အဆုံးမလေးပါ။
ဒီတော့ ဘုရားရှင်ရဲ့အဆုံးမအတိုင်း ပြန်လည်စဉ်းစားတွေးခေါ်ဖို့ လိုအပ်ပါတယ်။ ကိုယ်ပြန်လည်ဖြေရှင်းပေးရမယ့်သူ.. ဟောပြဆုံးမပေးရမယ့်သူဟာ ကိုယ်ပြောဆို ရှင်းလင်းပြတဲ့အမှန်တရားကို လက်သင့်ခံနိုင်တဲ့ဥာဏ်မျိုး ရှိတဲ့သူလား.. ဒါမှမဟုတ် ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် သူ့ရဲ့အမြင်တွေ အတွေးတွေ ပြောင်းလဲသွားနိုင်မှာလား ဆိုတဲ့အကြောင်းကို ဦးစွာစဉ်းစားဖို့ လိုအပ်တယ် ဆိုတာလေးပါ။ ကျွန်တော်ပြောတဲ့အထဲမှာ ဘုရားရဲ့အဆုံးမတွေကို ဒီအတိုင်း ပြီးစလွယ် ဘယ်သူစော်ကားနေနေ လက်ပိုက်ကြည့်နေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူးနော်.. ဟုတ်တိုင်းမှန်စွာ လက်ခံနိုင်တဲ့သူမျိုးဆိုရင်တော့ ဘုရားရှင် အဆုံးမအတိုင်း ပြောပြဆုံးမပေးပါ.. လက်မခံနိုင်တဲ့သူမျိုးဆိုရင်တော့ ဦးစွာစဉ်းစားချင့်ချိန်ပြီးမှ ပြောဆိုပါလို့ တိုက်တွန်းပါရစေ..။
ဒီအကြောင်းရာလေးကို ရေးရတာဟာ ဘယ်သူ့ဘယ်သူမှ ပုတ်ခတ်လိုပြီး ပြောလိုခြင်းမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်အများစုကို သတိထားပြီး လုပ်ကိုင်ပြောဆိုစေချင်တဲ့ သဘောလေးပါပဲ။ ကျွန်တော်တို့ သာသနာဟာ သူများပါးစပ်မှာတင် လမ်းဆုံးသွားမယ့်ဘာသာမျိုး မဟုတ်ဘူးဆိုတာ သိစေချင်တာပါ။ သူများ နှိမ့်ချတိုင်းလည်း မနိမ့်ကျနိုင်သလို.. သူများ ချီးမွမ်းတိုင်းလည်း သဘောကျနေရမယ့်ဘာသာ မဟုတ်ပါဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ နှုတ်ကထွက်လိုက်တဲ့ စကားတစ်ခွန်း.. ရေးသားလိုက်တဲ့ စာတစ်ကြောင်းဟာ ဗုဒ္ဓရဲ့အဆုံးမတွေနဲ့ မဆန့်ကျင်နေဖို့ အဓိကလိုအပ်ပါတယ်။ 
ဘုရားရှင်ရဲ့ အဆုံးမနဲ့ ဆန့်ကျင်ပြီး လုပ်ကိုင်ပြောဆိုနေမယ့်အစား ဗုဒ္ဓဘာသာ မဟုတ်ဖူးလို့ ပြောလိုက်တာဟာ ပိုပြီးသင့်တော်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ကိုယ်ပြောလိုက်တဲ့စကား.. ကိုယ်ရေးလိုက်တဲ့ အရေးသားတွေဟာ ဘုရားရှင်ရဲ့ အဆုံးမတွေကို ဖျက်ဆီးစော်ကားရာ ရောက်နေပါတယ်..။ ဒါ့ကြောင့် ဘုရားရှင်ရဲ့အဆုံးမတွေကို မိမိကိုယ်တိုင် ဖျက်ဆီးနေတဲ့သူမျိုး မဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ကြပါလို့ အဓိက မှာလိုပါတယ်..။ ဘုရားရှင်ရဲ့သာသနာအတွက် ဘုရားရှင်ရဲ့အဆုံးမတွေကို လိုက်နာကျင့်ကြံခြင်းဖြင့် မိမိရဲ့ဘာသာသာသနာကို စောင့်ရှောက်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်..။ ကိုယ့်ကြောင့် ကိုယ့်သာသနာ… မနိမ့်ကျပါစေနဲ့…။
Sunday, September 23, 2012
လှအောင်ပြင်ကြည့်ခြင်း
  လှအောင်ပြင်ကြည့်ခြင်း
နေ့စဉ်ရေချိုး ကိုယ်လက်သန့်စင်တယ်။ ဒါပေမယ့် စိတ်ထဲမှာမစင်ကြယ်သ လိုပဲ။ ခန္ဓာကိုယ် အသားအရေနူးညံ့အောင် လိုးရှင်းတွေလိမ်းနေပေမယ့် စိတ်ထဲမှာမနူးညံ့သလိုပဲ။ တစ်နေ့သုံးလေး ကြိမ်ထက်မက မှန်ကြည့်ဖြစ် တယ်။ ဒါပေမယ့် ကိုယ့်အလှကို အားမရသလိုပဲ။ အ၀တ်အစားအသစ် အဆန်းတွေ အမြဲလိုဝယ်ဝတ်တယ်။ ဒါပေမယ့် မလှုံခြုံသလိုပဲ။ ခေါင်းရှော်၊ ဆံပင်ဖြောင့် ဆိုးဆေးတွေတင်တယ်။ ဒါပေမယ့် စိတ်ထဲမှာ မဲညှစ်ညှစ် နဲ့ ကောက်နေသေးသလိုပဲ။ မျက်လုံးမျက်ခုံးတွေပြင်ပေမယ့် ကြည့်ရတာ သိပ်ပြီးကြည်လင်မှုမရှိသလိုပဲ။ ပြင်နေတဲ့နှုတ်ခမ်းတွေလဲ လိမ်နေသလိုပဲ။ မျက်နှာကြီးတစ်ခုလုံး မလှလှအောင် အမျိုးမျိုးပြင်ကြည့်တယ်။ ဒါပေမယ့် အမဲစက်တွေ၊ အဖုအပိန့်တွေ၊ အစွန်းအထင်းတွေ ရှိနေသလို ခံစားနေရ တယ်။
မှန်ရှေ့မှာထိုင်ပြီး နေစဉ်တော့ပြင်နေကြတာပဲ။ ဒါပေမယ့် ကိုယ်တကယ်လှမလှဆိုတာ မိမိကိုယ်တိုင် ဝေခွဲ မရဘူးဖြစ်နေတယ်။ လှမလှ သူများကြည့်ခိုင်းနေရတယ်။ သူတစ်ပါး အကြည့်ခံဖို့အတွက်၊ သူများအတွက် များ ပြင်နေတာလား။ ကိုကိုက မမအတွက်၊ မမက မောင်မောင်အတွက်များ ပြင်နေတာလား။ ပြီးတော့ ကိုယ့်ကိုလှတယ်လို့ သတ်မှတ်ပေးကြသူတွေကိုကော ကိုယ်ကဘယ်နှစ်ယောက်တောင် ပိုင်ဆိုင်ခွင့်ရခဲ့ကြလို့ လဲ။ ကိုယ့်ရဲ့အလှကိုကော ဘယ်နှစ်ယောက်များ ပိုင်ဆိုင်ကြလို့လဲ။ ကံကောင်းလှ တစ်ယောက်ပေါ့။ တသက်လုံးပြင်လာတဲ့အလှ တစ်ယောက်မှ မပိုင်လိုက်ရတာတွေလဲ အများကြီးပဲ။
ရုပ်ကိုပမ်းပြပြီး ဘ၀ကိုဖြတ်သန်းမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ နေ့စဉ်ပြင်နေကြတာလား။ ရုပ်လှပြီး မလှမပ ဘ၀ ကိုဖြတ်သန်းနေကြတာတွေလဲ အများကြီးပဲ။ တစ်ချို့ကြတော့လဲ ရုပ်မလှပေမယ့် ဖြတ်သန်းနေရတဲ့ဘ၀လေး က သာယာစိုပြေလို့။ တစ်ချို့ကြတော့ ရုပ်လဲမလှ ဘ၀လဲမလှကြ။ တစ်ချို့ကြတော့ ရုပ်လှသလောက် ဖြတ် သန်းနေတဲ့ဘ၀လေးကလဲ သာယာအေးချမ်းနေလိုက်ကြတာ။
အတိတ်ကံကချပေးလိုက်တဲ့ရုပ်က ဘယ်လောက်ပြင်ပြင် အမေမွေးပေးလိုက်တာထက် ပိုလှလာမယ်တော့ မထင်ပါဘူး။ ရုပ်လှဖို့ထက် စိတ်လှဖို့ကများ ပိုအရေးကြီးနေမလား။ ဘာကြောင့်လဲဆိုတော့ ရှင်ဒေ၀ဒတ်ရဲ့ ဥပဓိရုပ်ရည်နဲ့ ဘ၀၊ သီရိမာ ပဋာစာရီတို့ရဲ့ရုပ်ရည်နဲ့ ဘ၀၊ ခါးကုန်းမခုဇ္ဇုဒ္ဒရာရဲ့ ဘ၀တွေကို ယှဉ်ကြည့် လိုက်မယ်ဆိုရင် ရုပ်ဆိုးလို့ ဘ၀မဆိုးနိုင်ဘူး။ ဒါပေမယ့် စိတ်ဆိုးပြီဆိုရင်တော့ ရုပ်လဲဆိုးသွားသလို ဘ၀လဲ ဆိုးသွားတတ်တယ်ဆိုတဲ့ သီအိုရီကို ရလိုက်သလိုပဲ။
စဉ်းစားကြည့်လိုက်တော့ သူတို့တွေရဲ့ဘ၀သံသရာမှာ ပုံဆိုးကြီးတွေပေါ်လာအောင်လဲ သူတို့ပဲ ဖန်တီးခဲ့ကြ တာပဲ။ ပုံချောပုံလှလေးတွေပေါ်လာအောင်လဲ သူတို့ပဲဖန်တီးခဲ့ကြတာနေမှာ။ ရွက်ကြမ်းရေချို အဆင့်လောက်ရှိတဲ့ ကိုယ့်ရုပ်ကို မှန်ထဲပြန်ကြည့်လိုက်တော့ အရင်ဘ၀က ငါပြင်ခဲ့သလောက်ပဲ လှမှာပေါ့။ ရရှိပိုင်ဆိုင်ထားတဲ့ဘ၀လေးတော့ လှအောင်ပြင်မယ်ဆိုပြီး မှန်ထဲကြည့်လိုက်တော့ လောဘဒေါသမောဟ
တွေနဲ့ မောက်မာနေတဲ့မျက်နှာ၊ ပြီးတော့ အညှစ်အကြေးတွေစွန်းထင်းပြီး အကျည်းထန်နေတဲ့ ကိုယ့်စိတ် ကိုတောင် ရွှံမုန်းမိခဲ့တယ်။
အခန်းအပြင်ဖက်ထွက်လိုက်တော့ “သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းကြဖို့ နိဗ္ဗာန်အကျိုးမျှော်၍ တိုက် တွန်းနိုးဆော်အပ်ပါသည်”ဆိုတဲ့ ရပ်ကွက်ဓမ္မာရုံကအသံ၊ တီဗွီမှာတော့ ပရိသတ်တွေ ဥပုသ်သီလယူနေကြ တယ် ပြီးတော့ ဆရာတော်တိုင်ပေးနေတယ်။ “ရုပ်ကိုလဲပြင်၊ စိတ်လဲပြင်၊ ပြုပြင်နိုင်မှ၊ ပြင်တိုင်းလှ၊ သုခ နိဗ္ဗာန်တိုင်လိုက်မည်။” “ဒါနနဲ့ပြင်၊ စည်းစိမ်ရှင်၊ အမှန်ပင်လှတော့သည်။ သီလနဲ့ပြင်၊ နာကင်းစင်၊ အမှန်ပင် လှတော့သည်။ ဘာဝနာနဲ့ပြင်၊ ဥာဏ်ကြီးရှင်၊ အမှန်ပင်လှတော့သည်။”
စားပွဲပေါ်ကစာအုပ်ကို ကောက်ဖတ်လိုက်တော့ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ၊ မစ္ဆရိယစတဲ့ အကောက်တွေနဲ့ပေါင်းရင် နဂိုရှိပြီးသားအလှပါ ပျောက်သွားတတ်တယ်။ ဘီလူးဆိုတဲ့အမျိုးက ဒေါသကြီး လွန်းလို့ ရုပ်ဆိုးနေတာတဲ့။ ဇာတ်ကားတစ်ကားထဲမှာ အကြွေးမရလို့ဆိုပြီး ရွာရိုးကိုးပေါက် အော်ကြီးဟစ် ကြယ်နဲ့ ရန်တွေ့နေတဲ့ မိန်းမကြီးရဲ့နီမြန်းနေတဲ့မျက်နှာ၊ လူချမ်းသာ ပညာတတ် မင်းသမီးတစ်ယောက်ကလဲ အလှမာန်တွေတက်ပြီး လူတကာကို မတူမတန်သလိုအကြည့်မျိုးနဲ့၊ သူတို့နှစ်ယောက်ရဲ့ပြိုင်ဆိုင်မှုကြားမှာ ကံငါးပါးမလှုံတဲ့ လင်သားတို့ရဲ့ ရီဝေေ၀ပုံရိပ်တွေ မျက်လုံးထဲမှာ ရုပ်လုံးပေါ်လာသလိုပဲ။
ရုပ်ဆိုးလို့ ဘ၀မဆိုးနိုင်ဘူး၊ စိတ်ဆိုးပြီဆိုရင်တော့ ရုပ်လဲဆိုးမယ် ဘ၀လဲဆိုးမယ်ဆိုတာ သိပေမယ့် နေ့စဉ် မှန်ရှေ့မှာထိုင်ပြီး အလှပြင်နေမိတာက ရုပ်လှဖို့အတွက်ပဲဖြစ်နေတယ်။ အိုလာတဲ့ရုပ်ကို ပျိုလာအောင်လို့ ကြိုးစားရင်းက တစ်နေ့ထက်တစ်နေ့ ပိုပြီးဆိုးလာတဲ့စိတ်ထားတွေကို ပြုပြင်ဖို့မေ့နေတယ်။ တကယ်တော့ ငါဟာ ဘော်ဒီလောက်သာ အရောင်တောက်ပြီး စက်ပိုင်းဆိုင်ရာချို့ယွင်းနေတဲ့ နောက်ဆုံးပေါ် ကားစုပ် တစ်စီးလိုပါပဲလား။
သာသနာတော်ကို ဗြူတီစလွန်းလိုသဘောထားမယ်ဆိုရင် အလှပြင်ခန်းမထဲကို ရောက်နေပြီပဲ။ ပြင်ပေးမည့် သံဃာတော်တွေလဲ အများကြီးပဲလေ။ ဒါနသီလ ဘာဝနာစတဲ့ ပြင်စရာပစ္စည်းတွေလဲ စုံလို့။ ဗုဒ္ဓရဲ့အဆုံးအမ တရားဓမ္မနဲ့ စိတ်ထားတွေလှအောင် ပြင်ဖြစ်မယ်ဆိုရင်…။ ရုပ်ကိုပြင်ရတာ လွယ်သလောက် တာရှည်တော့ မခံဘူး။ မနက်ကပြင်ထားတဲ့ လှလှပပလေးက ညနေကျတော့ ချွေးနံ့တွေနဲ့ အဆီပြန်နေပြီ။ စိတ်ကိုပြင်ရတာ ကျတော့ခက်တယ်။ ဒါပေမယ့် တာရှည်ခံတယ်။ ပြင်တတ်ဖို့တော့ လိုတာပေါ့။
လူတွေက ရုပ်လှတာကို မျက်စိအရသာခံဖို့လောက် သဘောထားကြတာ။ ဘ၀နဲ့ချီပြီးပြောလာကြပြီဆိုရင် စိတ်သဘောထားနဲ့ အတွင်းသားအလှကို ဦးစားပေးရွေးချယ်တတ်ကြတယ်လေ။ မေတ္တာရှင် (ရွှေပြည်သာ)
ရေးထားတဲ့စာသားလေးတောင် အမှတ်ရမိတယ်။ “လူတို့သည် သောက်ရေအိုးစင်ကရေကို သောက်ရုံသာ
သောက်ကြ၏၊ ဘယ်တောမှ ခြေမဆေး။ ခြေဆေးရေအိုင်ကရေကိုလဲ ခြေဆေးရုံသာဆေးကြ၏၊ ဘယ်တော့ မှ မသောက်ကြ။ ထိုအတူ ယောကျာ်းအများစုတို့သည် ကိုယ်ကျင့်သီလနှင့်ပြည့်စုံ၍ ဣနြေ္ဒရှိသောမိန်း ကလေးကို ရာသက်ပန်အတည်သာကြံ၏၊ အပျော်မကြံ။ အညှာလွယ်၍ ကိုယ်ကျင့်သီလမရှိသော မိန်းကလေးကိုမူ သာယာမှုရရုံ အပျော်ကြံ၍ ရာသက်ပန် အတည်မကြံကြ ပေ”တဲ့။
သက်တမ်းတစ်ခုရဲ့ ဆယ်စုနှစ်အတွင်းလောက်မှာပဲ ဘ၀အတွက် ရုပ်အလှကိုအားကိုးပြီး တည်ဆောက်နိုင် တာပါ။ အဲဒီအတွင်းမှာ တစ်ခုခုကိုမှ မပိုင်ဆိုင်လိုက်ရဘူးဆိုရင်တော့ “အရမ်းလှတာပဲ”ဆိုတဲ့ ချိုးမွမ်း စကားလောက်နဲ့ တသက်လုံးကျေနပ်နေရုံပေါ့။ အကယ်၍ ဘ၀အတွက် အလှတရားနဲ့ ပတ်သက်ပြီး ရွေး ချယ်ရတော့မယ်ဆိုရင် ဘယ်အလှကို ဦးစားပေးပြီးရွေးချယ်မယ်လို့ သင်ထင်သလဲ။ ကိုယ်ကကော ဘယ် အလှကို ဦးစားပေးပြီးရွေးချယ်မှာလဲ။ “စက္ခုရူပေန သံဝါသာ၊ ရာဂပုတ္တံ ၀ိဇာယတိ”ဆိုတဲ့ ဘုရားဟောဒေသ နာအရဆိုရင်တော့ ရုပ်အလှဆိုတာ မျက်စိအရသာခံပြီး ရာဂကို မွေးဖွားပေးရုံလောက်ပါပဲ။
မတတ်သာလို့ စက္ကူပန်းကို သုံးနေရတာ။ လူတွေက ပန်းချင်းတူတာတောင် ရနံ့သင်းတဲ့ ပန်းရဲ့အလှကိုပဲ ပိုပြီးနှစ်သက်တတ်ကြတာ။ နှလုံးသားထဲကနေ မွေးကြိုင်တဲ့ရနံ့ တစ်စုံတစ်ရာမပေးနိုင်ခဲ့ဘူးဆိုရင် မိမိရဲ့ အလှက ပန်ဆင်သူအတွက် စက္ကူပန်းလို အတုများဖြစ်နေမလားပဲ။ မတူတဲ့အလှနဲ့ ဘ၀တွေကြားမှာ တစ်ချို့ ကြ ရှင်လျက် အလှတွေသေနေကြတယ်။ တစ်ချို့ကြ ဘ၀တွေမရှိကြတော့ပေမယ့် သူတို့ရဲ့အလှက ရနံ့တွေ နဲ့ သင်းပျံ့နေဆဲပါ။ တကယ့်အလှဆိုတာ ဘယ်ဘ၀ရောက်ရောက် အကျည်းတန်တယ်ဆိုတာ မရှိပါဘူး။
သကြားမင်းကတော်လေးယောက် လူ့ဘ၀တုန်းက လုပ်ဆောင်ချက်လေးကလဲ မှတ်သားစရာပါပဲ။ မသုဓမ္မာ က သုဓမ္မာဇရပ်ဆောက်၊ မသုစိတ္တာက ဥယျာဉ်ဗိမာန်ဆောက်၊ မသုနန္ဒာက သုနန္ဒာရေကန် ဆောက်လုပ်ပြီး အသီးသီးလှူဒါန်းနေကြတဲ့အချိန် မသူဇာကတော့ မှန်ရှေ့ထိုင်ပြီး အလှပြင်နေတယ်။ သေလွန်ပြီးတဲ့နောက် သကြားမင်းကတော်လာဖြစ်ကြတော့ တစ်ချိန်လုံးအလှပြင်နေတဲ့ မသူဇာတစ်ယောက် လူ့ပြည်မှာကျန်ခဲ့ တယ်လေ။ ရုပ်လှတာလေးတစ်ခုလောက်နဲ့ ကတော်မဖြစ်နိုင်ဘူးဆိုတာကို မသူဇာက သက်သေပြနေသလိုပဲ။
ခေမာမိဘုရားက ဇမ္ဗူတစ်ခွင်မှာ သူသာလျင်အလှဆုံးဖြစ်တယ်ဆိုပြီး အလှမာန်တွေတက်လို့ပေါ့။ တစ်နေ့
မြတ်စွာဘုရားရဲ့အဆုံးအမကို ခံယူပြီးတဲ့နောက် ရူပါရုံအလှဆိုတာ ကာမဂုဏ်ခံစားဖို့အတွက် ရေပွက်ပမာ တစ်ခဏမျှသာပဲဖြစ်တယ်။ မာနတရားတွေကိုခ၀ါချ နှလုံးသားလှဖို့အတွက် စိတ်ထားတွေကိုပြင်မှသာ တကယ်လှတယ်ဆိုတာကို နားလည်သဘောပေါက်သွားတော့ ဗိဗ္ဗိသာရမင်းကြီးကိုယ်တိုင် ရှိခိုးတယ်လေ။ ဒါကြောင့် မယားချောရင် လင်ကတောင်ရှိခိုးယူရတယ်ဆိုတာ ဒါမျိုးကိုပြော တာနေမှာ။
အတ္ထာစရိယလို့ခေါ်တဲ့ မိမိသူတစ်ပါးရဲ့ ကောင်းကျိုးကိုလိုလားတဲ့တဲ့စိတ်ထား။ သမာနတ္ထတာလို့ခေါ်တဲ့ မာန မထားပဲ တစ်ဖက်သားအပေါ်မှာ မိမိနဲ့တစ်သားထဲထားနိုင်တဲ့စိတ်ထား။ ဒါနလို့ခေါ်တဲ့ ပေးကမ်းစွန့်ကြဲ ရက်ရောပြီး လောဘနည်းတဲ့။ ပေမ၀ဇ္ဇလို့ခေါ်တဲ့ ဒေါသနည်း မေတ္တာထားပြီး ချိုသာတဲ့စကားပြောတတ်တဲ့။ သီလလို့ခေါ်တဲ့ ကိုယ်နှုတ်နှလုံးသုံးပါး စောင့်စည်းမှုနဲ့အတူ။ သမာဓိလို့ခေါ်တဲ့ ဣနြေ္ဒမဲ့ ပရမ်းပတာ ပြုမှုပြော ဆိုနေထိုမှုမျိုးကို ရှောင်ကျဉ်ပြီး ယဉ်ကျေးသိမ်မွေ့ တည်ငြိမ်တဲ့အမူအရာ။ နောက်ပြီး အခြေခံအသိဉာဏ်ဖွင့် ဖြိုးစွာနဲ့ နှလုံးသားကို အလှဆင်လိုက်မယ်ဆိုရင်…။
လူတစ်ယောက်ရဲ့ စစ်မှန်တဲ့အလှပေါ်လွင်ဖို့ နှလုံးသားဖြူစင်မှုကို စာရိတ္တနဲ့ မှတ်ကျောက်တင်ကြည့်လိုက် မယ်ဆိုရင်။ နေ့စဉ်နဲ့အမျှ ရုပ်ကိုပြုပြင်ကြသလို၊ မလှပတဲ့ အကျဉ်းတန်နှလုံးသား အပိုင်းအဆတွေရှိခဲ့လို့ ဖယ်ရှားပြုပြင်လိုက်မယ်ဆိုရင်။ ဆရာဇော်ဂျီက “ရွှေဂုဏ် ငွေဂုဏ် ရာထူးဂုဏ်သည်၊ လူ့ဘုံလောက အကာမျှ တည့်၊ သူကငြူစူ မကြည်ဖြူ၍၊ ခွါယူလိုက ခွါ၍ရ၏။ ရိုးဂုဏ် ဖြောင့်ဂုဏ် ယဉ်ကျေးဂုဏ်သည်၊ လူ့ဘုံလော က နှစ်သာရတည့်၊ သူကငြူစူ မကြည်ဖြူလဲ၊ ခွါယူမရ ကွာမကျ”တဲ့။ အကာလောက် အလှဆင်နေရုံမျှနဲ့ ဘ၀ အတွက် မလုံလောက်သေးဘူးဆိုတဲ့ သဘောပါပဲ။ 
သားသမီးကို လှတယ်ပြောရင် မိဘတွေ သဘောကျတတ်ကြတယ်။ လှအောင်လဲဆင်ပေးကြတယ်။ နှလုံး သားတွေဖြူစင်အောင် နည်းပေးလမ်းပြ ပြောဆိုဆုံးမမှုတွေနဲ့ ဆေးကြောပေးဖို့၊ ဘ၀အနေ အထားမြင့်မား
အောင် မြင့်မြတ်တဲ့စိတ်ထားနဲ့ နေထိုင်သွားလာတတ်စေဖို့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာကို ပြုပြင်ပေးဖို့လဲ လိုလိမ့်မယ်။ ကိုယ်ကိုတိုင်မှ မလှမပ ဘ၀အနေအထားဆိုရင်တော့ ကိုယ့်သားသမီးကို လှအောင်ဆင်ပေးဖို့ မဖြစ်နိုင်ပါဘူး။ ကိုယ်ကိုတိုင်လှအောင်ဆင်တတ်မှလဲ သူတစ်ပါးကို လှအောင် ပြင်ပေးလို့ရမှာပေါ့။ ဖြစ်သလို ဘ၀နဲ့ ကိုယ့်ကိုကိုယ်လှတယ်ထင်နေကြရင်တော့လဲ။
ဒီအတိုင်းပါပဲ ဆရာကိုယ်တိုင်က လှအောင်ပြင်ဆင်တတ်မှ ကိုယ့်တပည့်တွေရဲ့ဘ၀ကို လှပအောင်ပြုပြင်
ပေးလို့ရမှာပေါ့။ ဆရာဆိုတာ လောကကြီးလှပစေဖို့အတွက် တနည်းအားဖြင့် အလှဆင်ပေးနေ ကြသူတွေလေ။ ကိုယ်ကိုတိုင်က စေတနာ ၀ါသနာ အနစ်နာ စံနမူနာထားပြီး ကိုယ့်တပည့်တွေကို စိတ်ဓာတ် စည်းကမ်း ပညာနဲ့ပြည့်စုံအောင်ပြင်ပေးဖို့ လိုတာပေါ့။ ဆရာကောင်းတပည့်မှ ပန်းကောင်းပန်ရမှာပါ။
မြတ်စွာဘုရားကတော့ ကိုယ်တိုင်လှအောင် အရင်ပြင်ခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့အမျိုးတွေကို (ဉာတတ္ထစရိ ယ)လှအောင် ပြုပြင်ပေးခဲ့ပါတယ်။ ပြီးတော့မှ လောကရှိလူသားအားလုံးလှပစေဖို့ (လောကတ္ထစရိယ)ပြုပြင်
ပေးခဲ့ပါတယ်။ ဘုရားရှင်ထုံးနှလုံးမူလျက် ကိုယ်တိုင်လှအောင်ပြင်ကြပြီး လောကကြီးအတွက် တစ်ဒေါင့် တစ်နေရာကနေ အလှပြင်ပေးနေကြသူတွေလဲ အများကြီးပါပဲ။ တစ်ချို့က တရားဓမ္မနဲ့၊ တစ်ချို့က ထောက် ပံ့ပေးကမ်း လှူဒါန်းခြင်းတွေနဲ့၊ တစ်ချို့က ပညာရေးတွေနဲ့၊ တစ်ချို့က ပရဟိလုပ်ငန်းတွေနဲ့ ရောင်စုံခြယ်ပေး
နေကြတယ်လေ။
မှန်ရှေ့မှာထိုင်ပြီး ကိုယ့်ရုပ်ကိုပြင်သလို စိတ်ကိုလဲပြင်ဖို့၊ ဆံပင်တွေဖြောင့်ရင်လဲ ကောက်နေတဲ့စိတ် ကိုဖြောင့်ဖို့၊ Shampooနဲ့ခေါင်းလျော်သလို နောက်ကျု့နေတဲ့ စိတ်တွေကိုလဲလျော်ဖွတ်ဖို့၊ မျက်နှာကို ပေါင်း တင်တဲ့အခါတိုင်း မည်းညှစ်နေတဲ့စိတ်ကိုလဲ  update ပြန်လုပ်ဖို့၊ ခန္ဓာကိုယ်ကို အချိုးကျအောင် ပြုပြင်တဲ့ အခါတိုင်း စိတ်ကိုလဲ အချိုးကျအောင်ပြုပြင်ဖို့၊ အ၀တ်စားကောင်းတွေ ၀တ်ဆင်တဲ့အခါတိုင်း မွန်မြတ်တဲ့ စိတ်ထားနဲ့ နှလုံးသားလှစေဖို့၊ အမွေးနံ့သာတွေ အသုံးပြုတဲ့အခါတိုင်း စိတ်အစဉ်မှာ မေတ္တာရနံ့တွေ ထုံမွမ်း သင်းပျံ့နေစေဖို့၊ ဂရုဏာမျက်ဝန်းတစ်စုံနဲ့ နှုတ်ခမ်းထက်က သံစဉ်တွေချိုမြပြီး တည်ကြည်ခန့်ငြား စမတ် ကျအောင်ပြုပြင်ဖို့လိုသေးပါးလားဆိုတဲ့ အသိနဲ့အတူ လောကကြီး သာယာလှပဖို့အတွက် နေလတစ်စင်း မဖြစ်နိုင်သည့်တိုင် ကြယ်ပွင့်လေးလောက်တော့ လင်းလက်ပေးနိုင်ကောင်းပါရဲ့… 
ချမ်းမြေ့ပါစေ
ချယ်ရီမြေ