Monday, April 8, 2013

ဟန်ရေးပြင်တဲ့ မိန်ရာသီ


ဟန်ရေးပြင်တဲ့ မိန်ရာသီ

      
          “မိန်ရာသီ လတပေါင်းပေမို့ ရွက်ဟောင်းတွေကကျွေ” ဆိုတဲ့ အဖွဲ့အနွဲ့တွေ။ “ဟန်ရေးပြင်တဲ့ မိန်ရာသီ” ဆိုတဲ့ ဂီတသံစဉ်လှိုင်းတွေ။ ဒီလိုအဖွဲ့မျိုးတွေနဲ့ ပြည့်လျှမ်းနေတဲ့ မြတ်နိုးဖွယ်ကောင်းတဲ့ ဒီမိန်လရာသီကို မမေ့နိုင်အောင် ရှိနေခဲ့လို့ … ။ ဟန်ရေးပြင်နေတဲ့ မိန်ရာသီအလှကို ကြည်နူးခံစားမိရင်း ဟန်ရေးပြင်နေတဲ့ အမိမြန်မာပြည်ကြီးဆီသို့ စိတ်ကရောက်သွားမိတယ်။ ဒါဟာ စာတစ်ပုဒ်ဖြစ်လာဖို့အတွက် အကြောင်းတစ်ရပ် ဖြစ်ခဲ့ခြင်းပါ။ 

          မိန်ရာသီဆိုတဲ့ လတပေါင်းကို စာရေးသူ သတိတရရှိနေခဲ့သည်မှာ ငယ်စဉ်တောင်ကျေး ကလေးဘ၀ ထဲက စခဲ့တာလို့ ဆိုရမှာပါ။ သဘာဝအလှအပတွေ၊ ထိုအလှအပတွေကို စာပန်းချီချယ်မှုန်းထားတဲ့ အဖွဲ့အနွဲ့ တွေ၊ ရတုကဗျာတွေနှင့်ပြည့်လျှန်းနေတဲ့ သာမောဖွယ်ကောင်းတဲ့ ဒီတပေါင်းလရာသီဟာ ဒီနှစ်မှာတော့ (မြန်မာပြည်မှာ) အေးချမ်းသာယာမှုတွေ ပျောက်ဆုံးလုနီးပါး ဖြစ်ခဲ့ရတယ်။ စိတ်ဘ၀င်မှာ ချမ်းမြေ့ကြည်နူး ဖွယ်ကောင်းတဲ့ ဒီတပေါင်းလရာသီကို ကြောက်ရွံ့စိုးရိမ်စိတ်များနှင့်အတူ အချိန်ကာလတစ်ခုကို ဖြတ်သန်းရ တော့မှာပဲလို့ စဉ်းစားမိခဲ့တယ်။ ဒီတော့လဲ ရွှေစိတ်ဘ၀င်မှာ ချမ်းသာကြည်နူးမှုမျိုးဆိုတာ ဘယ်မှာလာပြီး ရှိနိုင်တော့မှာလဲ။  

          မိန်ရာသီဆိုတဲ့ ဝေါဟာရနှင့်စပ်လျဉ်း၍ (၁၂)လရာသီခွင်ရဲ့ နက္ခတ်ဇာတာ ဟောစတမ်းမျိုးမှာ  မိန်ရာသီရဲ့ သင်္ကေတကို ငါးကြင်းနှစ်ကောင်နှင့် ပုံဖေါ်ပြထားတာကို တွေ့ရတယ်။ မိန်ရာသီရဲ့ အချိန်နှင့်ကာလ အပိုင်းအခြားကိုတော့ ဖေဖေါ်ဝါရီလ (၂၀)ရက်မှ မတ်လတ် (၂၁)ရက်ထိ သတ်မှတ်ဖေါ်ပြထားကြတယ်။ မြန်မာစာဆိုတော်များကတော့ မိန်ရာသီရဲ့ အချိန်ကာလကို ဖေါ်ပြရာမှာ “မိန်ရာသီ လတပေါင်း” ရယ်လို့ ဖွဲ့ဆိုထားကြပြီး တပေါင်းလကိုပင် မိန်လရာသီရယ်လို့ ပြောဆိုထားကြတယ်။ မိန်ရာသီမှာ ပွင့်လန်းနေတဲ့ ပန်းတွေရဲ့ အလှထူးပုံတွေ၊ မိန်ရာသီမှာ ကြည်နူးဖွယ်ကောင်းလှတဲ့ တောတောင်ရေမြေတို့ရဲ့  သဘာဝအလှ အပတွေကို စာစီရေးဖွဲ့ပြလို့ မကုန်နိုင်အောင်ပဲ ရှိနေကြတယ်။

          မိန်လရာသီရဲ့ ရာသီသဘာဝဟာ အေးလည်းမအေးလွန်း၊ ပူလည်းမပူလွန်းတာကြောင့် လတကာ တွေထဲမှာ ထူးကဲသာယာတဲ့လလို့ ဆိုကြရမှာပါ။ ရာသီက အအေးအပူ မျှတတာကြောင့် ချစ်စဖွယ်ကောင်းတဲ့ ချယ်ရီပန်းတွေ၊ မွှေးကြူစရာကောင်းတဲ့ သရဖီပန်းတွေ၊ ကေသာမှာ ပန်ဆင်စရာကောင်းတဲ့ အင်ကြင်းပန်းတွေ၊ ဒီပန်းမျိုးတွေအပြင် (အေးတဲ့နိုင်ငံများမှာဆိုရင်) ပန်းပွင့်ပွင့်နိုင်တဲ့ သစ်ပင်တွေ၊ ပန်းပင်တွေအားလုံးဟာ ပန်းအလှပြိုင်ပွဲကြီးကို ကျင်းပနေသည့်အလား စိတ်ဘ၀င်မှာ ထင်မှားရလောက်အောင် ကြည်နူးသာယာဖွယ် ကောင်းနေခြင်းပါ။ ဤကဲ့သို့ ရာသီကလည်းသာယာ၊ ပန်းတွေကလည်းမွှေး၊ ရနံ့တွေကလည်း ၀န်ကျင်တစ်ခု လုံးကို ထုံသင်းနေအောင် မွှေးကြိုင်နေတတ်တာမို့ ဒီလိုရာသီမျိုးမှာ ဈာန်ပျံရသေ့များပင် ဈာန်မှလျှောကျ သွားတတ်ကြကြောင်း အင်းဝစာဆိုအကျော် ရှင်ဥတ္တမကျော်က တောလား (ကိုးပိုဒ်) ရတုမှာ စာပန်းချီ ရေသီလို့ ဖွဲ့နွဲ့ထားတာကို ဖတ်ဖူးကြမှာပါ။ 

          သားကိုလွမ်းလို့ နန်းတွင်းကနေ အမျှော်ကြီး မျှော်နေရှာတဲ့ ဖခင်အို သုဒ္ဓေါဒနမင်းကြီးကို အလွမ်းတော်
ပြေစေဖို့ အရှင်ကာဠုဒါယီမထေရ်က ဒီတပေါင်းလမှာ နေပြည်တော်ဌာနကို ပြန်လည်ကြွချီတော်မူရန် အချိန် ကောင်း၊ အခါကောင်းဖြစ်ပါကြောင်း ဘုရားရှင်အား ဂါထာ (၆၀)ဖြင့် လျှောက်ထားပုံများကို အင်းဝစာဆို အကျော် ရှင်ခေမာက ဂါထာ(၆၀)ပျို့ခန်းခန်းနားနား စာပန်းချီ ရေးဖွဲ့ထားခဲ့၍ ဒီရာသီကို သတိတရရှိသူတိုင်း မလွမ်းဘယ်သူရှိပါမလဲလို့ ပြောစမှတ်တွင်လောက်အောင် ဖွဲ့ဆိုသီကုံးထားနိုင်ခဲ့တယ်။ ဒါကြောင့် ဒီရာသီရဲ့ အလှကြက်သရေဟာ ကောင်းခြင်းမင်္ဂလာတွနဲ့ ပြည့်စုံနေတယ်လို့ ဆိုရမှာပါ။  
         
 ဒီလို ထူးခြားတဲ့ မိန်ရာသီလကို ကလေးဘ၀ထဲက နှစ်ခြိုက်နေမိတာ။ ငယ်စဉ်ကလေးဘ၀က ကြားခဲ့ဖူးတဲ့ “မိန်ရာသီ”ဆိုတဲ့ တပေါင်းလဖွဲ့ သီချင်းလေးကို စာရေးသူရဲ့ အကြားအာရုံထဲမှာ ပဲ့တင်ထပ်သလို ထင်ဟပ်နေဆဲပါ။ အဲဒီသီချင်းကို ရေဖွဲ့သီကုံးခဲ့တဲ့ ဂီတစာဆိုက ဆရာဦးဘသိန်း (မန္တလေး)ဖြစ်ပြီး၊ ထိုသီချင်းရဲ့ မူရင်းအဆိုတော်ကြီးက နိုင်ငံကျော်အဆိုတော်ကြီး ကိုအံ့ကြီးပါ။ မိန်ရာသီဆိုတဲ့ သီချင်းလေးဟာ စာသားက လည်းနု၊ အဆိုကလည်း ကောင်းဆိုတော့ ဒီရာသီဘွဲ့သီချင်းကို ကြားရရင် ဘယ်ဆီကိုလွမ်းလို့၊  ဘယ်သူကို တမ်းတရမယ်ဆိုတာ သဲသဲကွဲကွဲ မသိရပေမဲ့ အဲဒီသီချင်းကို ကြားရလေတိုင်း ရာသီဓလေ့ကို လွမ်းမောနေမိ တာတော့အမှန်ပါ။ ဆောင်းအကုန်၊ နွေအကူးရာသီရဲ့ သဘာဝအလှကို လွမ်းချင်စဖွယ်ဖြစ်အောင် ပီပီပြင်ပြင် ဖွဲ့သီပြနိုင်တဲ့  ဆရာကြီးဦးဘသိန်းကို အတော်ကို သဘောကျခဲ့မိတယ်။ 

          ဘာသီချင်းကိုပဲဆိုဆို၊ ဘယ်လိုအနေထားမှာပဲရှိရှိ သဘာဝဓလေ့ကို ပိုင်ပိုင်နိုင်နိုင် ဆိုနိုင်စွမ်းရှိတဲ့ အဆိုတော်ကြီး ကိုအံ့ကြီးရဲ့ ဆိုဟန်ကလည်း လွမ်းမောဖွယ်ဖြစ်အောင် ပံ့ပိုးပေးနေသလို ဖြစ်နေပြန်တယ်။ ဒီရာသီ အချိန်မျိုးမှာ လွမ်းစရာရှိသူတွေအတွက် မလွမ်းပဲကို မနေနိုင်လောက်အောင် ဆိုဟန်နှင့်စီးချက်က ပိုင်နိုင်လှတာကြောင့် အလွမ်းဓာတ်ခံရှိသူတို့အတွက် မျက်ရည်မ၀ဲခဲ့သော်လည်း အလွမ်းရောင်သန်းနေတဲ့ မျက်နှာကို အများမြင်မှာစိုးလို့ တိတ်တခိုး သိုဝှက်ခဲ့ကြရသူတွေကလည်း ဒုနှင့်ဒေးပါ။ ဆိုလှချည်းလားရယ်လို့ ဝေဖန်ဖို့ ဆန္ဒတွေလည်း စောမနေဖို့ပါ။ သီချင်းစာသားလေးကို ဖတ်ရှုခံစားပြီးမှ သဘောတော်အတိုင်း ဝေဖန်လိုကဝေဖန်၊ သုံးသပ်လိုက သုံးသပ်နိုင်ကြဖို့ပါ။ ဖတ်ရှုခံစားကြည့်စေချင်ပါတယ်။ 

ခိုင်ရွှေညှာဝင်း … နှင်းကြွင်းဖွဲ့တဲ့ မိန်လရာသီ … လေသွေးရာချီ … ရွှေဖီ ငုံကင်း  အင်ကြင်းတွေက နီ … သန္တာရည် … တောလုံး ဖြာချေပြီ … ။ ငွေရည် .. နှင်းငွေရည် … ထွေလီ ..  အဆင်းထွေလီ … လေပြေ(ပြီ) ..  ညှင်းလေပြေ (ပြီ)… ။ ညှင်းလေပြေက ..  မြောက်တောင်နှော … ရွက်ဝါမြေခလို့ သက်ကျွေလျောခဲ့ပြီ … သိင်္ဂီ တောလုံးထိန်ချေပြီ …။

          “မိန်ရာသီ”ကို အထူးတလည် အမှတ်ရစေနိုင်တဲ့ နောက်ထပ် သီချင်းလေးတစ်ပုဒ်လည်း ရှိသေးတယ်။   အဲဒီသီချင်းကို ရေးဖွဲ့သီကုံးသူက ရေနံသာစိုးလှိုင်၊ သီချင်းကို သီဆိုထားသူက အဆိုတော်ကြီး ဒေါ်တင်တင်မြ။ သီချင်းနာမည်က “တောင်းတန်းပြာနဲ့ ကျောပိုးအိတ်”။ သီချင်းကို အဓိကပုံဖေါ်ပြချင်တာက မိန်ရာသီရဲ့အလှ။ သီချင်းရဲ့ အတွေးပုံရိပ်ကို ဖေါ်ပြထားတာက ချစ်သူ (ခင်သူ)နဲ့ ဝေးနေရတဲ့သူမျိုးဆိုတာ မချိတင်ကဲ ရင်ထဲမှာ ဆွေးဆွေးမြေ့မြေ့ ခံစားနေကြရကြောင်းကို ရှေ့တန်းရောက်နေတဲ့ စစ်သည်တစ်ယောက်ကို အဓိကဇာတ် ကောင်နေရာမှာထားပြီး ဖွဲ့ဆိုထားတဲ့ အိမ်သူဆွေ မယ့်သက်ထားကို သိစေချင်တဲ့ လင်္ကာစကားပါ။ ဖတ်ရှုခံစား ကြည့်ဖို့ပါ။ 

မှိန်ပြာပြာ မြူကျင်း … တိမ်တိုက်ကယ် ခြုံလွှာသိုင်းဖွဲ့ဆင် … ဆေးပန်းချီ ရေးမမှီနိုင်တဲ့ ဟန်ရေးပြင် သည့် မိန်ရာသီ… ရွက်သိင်္ဂီ လေချီသုတ်ပြီ .. ညှာညောင်းမပြုတ်ခင် ဤမှာဘက်ဆီ … စိတ်သည်း ရွှေဘ၀င်မှာ … လွမ်းပါလေနဲ့ ပြေစေကြောင်းရည် … အိမ်သူဆွေ မယ့်သက်ထားဆီ … စစ်လင်္ကာပါး .. လိုက်သည် …

          စာသားတွေက နုလွန်းတော့ အသဲညှာ မခိုင်သူတွေအတွက် အသဲညှာတွေ ကြွေလေမလားရယ်လို့ စိုးရိမ်စိတ်များပင် ဖြစ်မိပါရဲ့။ တကယ်တော့ သီချင်းစာပိုဒ်မှာပါတဲ့ “ဟန်ရေးပြင်တဲ့ မိန်ရာသီ”ဆိုတဲ့ စာသား လေးဟာ နုလွန်းလို့၊ ရွလွန်းလို့ စာရေးသူရဲ့ဘ၀င်ကို အကြိုက်တွေ့စေခဲ့တာ အမှန်ပါ။ တစ်ချိန်တည်းမှာ ဆိုသလို ဘာမဆိုင်၊ ညာမဆိုင်နဲ့ အဲဒီစာပိုဒ်လေးကို အခြားစကားလုံးတစ်ခုနှင့် အစားထိုးပြီး ဖလှယ် ကြည့်မိတယ်။ အစားထိုးကြည့်မိခဲ့တဲ့ စာသားလေးက  “ဟန်ရေးပြင်တဲ့ မြန်မာပြည်”တဲ့။ 

          မိန်ရာသီနှင့် မြန်မာပြည်။ ဘယ်လိုများ ဆက်စပ်မှုတွေ ရှိနေပါလိမ့်မလဲလို့ တွေးကြည့်မိခြင်းပါ။ တွေးမိ တော့လည်း ဆက်စပ်မှုက ရှိနေသလိုပဲ။ ဥပမာ၊ မိန်ရာသီမှာ သဘာဝတရားတွေနဲ့ အလှတရားတွေ ဝေဆာနေခဲ့သလို၊ မြန်မာပြည်မှာလည်း ရေမြေ တောတောင်သဘာဝတရားတွေနဲ့ အလှတရားတွေ ဝေဆာနေ ခဲ့တယ်။ မြစ်တွေချောင်းတွေမှာတော့ အလှတရားတွေနဲ့ ဝေဆာနေခြင်းမျိုးမဟုတ်ပဲ သဘာဝသယံဇာတ တရားတွေနဲ့ မြန်မာပြည်ကြီးရဲ့ အလှတွေကို ချယ်မှုန်းထားသလို ဖြစ်နေခဲ့တယ်။ ဒါကြောင့်လားမသိ သယံဇာတ အလှတရားတွေကို ယာဇ်မူးနေကြတဲ့ ပျားပိတုံးတွေဆိုတာကလည်း တ၀ီဝီ တစီစီနဲ့ ညံလို့၊ စီလို့။ ဒါပေမဲ့ တစ်ခုတော့ ကြိုတင်သတိထားနိုင်ဖို့ သတိတော့ပေးရဦးမယ်။ ပျားပိတုံးဆိုတာ ၀တ်ရည်စုတ်တတ်တဲ့ သတ္တ၀ါ မျိုးမို့ ပန်းပျိုးလိုသူတို့အတွက် ကိုယ့်ခြံတွင်းမှာ ကိုယ့်စိုက်ပျိုးထားတဲ့ ပန်းတွေကို စနစ်တကျ ကာကွယ်စောင့် ရှောက်ထားဖို့လိုတယ်။ 

          တစ်ခုတော့ ရှိတယ်။ ပျားပိတုံးဆိုတာ ၀တ်ရည်ပဲစုတ်တတ်တယ်လို့ ရန်လိုတဲ့အမြင်မျိုးနဲ့ (နက်ဂေ တစ်ဗ်ဗျူး – Negative view) ဆန့်ကျင်ဘက်အမြင်မျိုးနှင့် မုန်းစိတ်ကို ရှေ့တန်းတင်ပြီး ကြည့်မယ်ဆိုရင်တော့ အမှားကြီးမှားသွားနိုင်တယ်ဆိုတာ ကြိုတင်ဆင်ခြင်နိုင်ဖို့ပါ။ ဘာကြောင့်လည်းဆိုရင် ပျားပိတုံးတို့ရဲ့သဘာဝဟာ ပန်းတွေမှ ၀တ်ရည်ကိုစုတ်ယူတတ်သလို၊ ချိုမြတဲ့ပျားရည်ကိုလည်း ထုတ်လုပ်ပေးနိုင်စွမ်းရှိတာကို မေ့မထားကြ ဖို့ပါ။ ဒီတော့ ပျားပိတုံးတွေဆီက ချိုမြိန်တဲ့ပျားရည်တွေကို တန်ရာတန်ကြေးနှင့်ရအောင် ပြန်လည်ယူနိုင်ကြဖို့ပါ။ 

          ဘာပဲဖြစ်ဖြစ် အလှတရားတွေနဲ့ ဝေဆာနေခဲ့တဲ့ မြန်မာပြည်ကြီးဟာ ဒီနေ့၊ ဒီအချိန်ခါမှာ ဘာတွေဖြစ် နေပြီလဲ။ မေးခွန်းထုတ်စရာပါ။ ရေမြေတောတောင် သဘာဝတွေနဲ့ အလှတွေကြွယ်နေခဲ့တဲ့ မြန်မာပြည်ကြီးဟာ လုယက်မှုတွေ၊ တိုက်ခိုက်မှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေနှင့် အကျည်းတန်အရုပ်ဆိုးနေခြင်းဟာ ဘာကြောင့်လဲ။  တစ်ချိန်က အပူအအေးတွေ ညီမျှနေလို့ ပန်းမျိုးစုံ ဖူးပွင့်ခဲ့တဲ့၊ ပန်းရနံ့တွေနဲ့မွှေးကြူထုံသင်းနေခဲ့တဲ့ မြန်မာပြည်ကြီးဟာ ယခုအခါမှာ မတရားမှုတွေ၊  မကျေနပ်မှုတွေ၊ လူမျိုးရေးအဓိကရုဏ်းတွေ မကြာခဏ ဆိုသလို ဖြစ်ဖြစ်နေတော့ ကမ္ဘာ့အလယ်မှာ မျက်နှာပျက်စရာအကြောင်းတွေ ဖြစ်နေခဲ့ရတာဟာ ဘာကြောင့်လဲ။ သူများတော့ ဘယ်လိုခံစားရမယ်မသိ စာရေးသူအတွက်တော့ ၀မ်းနည်းလို့မဆုံးပါ။ 

 အသွင်ကူးပြောင်းဆဲ ကာလမှာ ခေါင်းဆောင်ပိုင်းမှ လက်တွဲခေါ်ယူနေသော်လည်း အလယ်ပိုင်းနှင့် အောက်ခြေပိုင်းတို့မှာ အသွင် မပြောင်းနိုင်အောင် ဖြစ်နေကြခြင်းဟာ ဘာကြောင့်လဲ။ ဘယ်သူကြောင့်လဲ။ အုပ်ချုပ်ရေးမဏ္ဍိုင်ကြီးပဲ ယိုင်လဲ သွားလို့လား။ သို့မဟုတ် အကြမ်းဖက်နေသူများဟာ အားကိုးရှိ၍ တမင်တကာပင် မထေမဲ့မြင် ဆက်လက် လုပ်ပြနေခြင်းမျိုးလော။ ဝေခွဲပြောဆိုဖို့ ခပ်ခက်ခက်ပဲ ရှိနေဆဲပါ။ 

          ဒါပေမဲ့ တစ်ခုတော့ သတိထားဖို့လိုတယ်။ ဒီမိုကရေစီစနစ်ကို အစပျိုးကျင့်သုံးရတဲ့ နိုင်ငံတိုင်းမှာ အခက်အခဲများစွာကို ကျော်ဖြတ်ကြရခြင်းဟာ ဖြစ်ရိုးဖြစ်စဉ်လို့ ဆိုရမှာပါ။ ဟိုရှေးယခင်အခါက ကျင့်သုံးသွားတဲ့ သက်ဦးဆံပိုင်စနစ်တို့လို၊ အာဏာရှင်စနစ်တို့လို စီမံကိန်းတစ်ခုကို အကောင်အထည်ဖေါ်ရာမှာတစ်ဦးတစ် ယောက်တည်းရဲ့ အမိန့်အာဏာနှင့် ဆုံးဖြတ်ခဲ့ကြတာပါ။ တစ်မိန့်တစ်အာဏာနှင့်အရာအားလုံးကို ဆုံးဖြစ်ခဲ့ကြ၍ အမှားသံသရာလည်ခဲ့ရတယ်။

 နောက်ဆက်တွဲအနေနဲ့ အမှားရယ်လို့ သိလာတဲ့ အချိန်မှာလည်း ထိုအမှားကို ပြင်ဆင်နိုင်ဖို့ အခက်အခဲမျိုးစုံနဲ့ ကြုံကြရပြန်တယ်။ ဒီမိုကရေစီစနစ်မှာတော့ အမှားကို နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ရတာမျိုးမို့ စီမံကိန်းတစ်ခုကို အကောင်အထည်ဖေါ်ဆောင်နိုင်ဖို့ ကြာတော့ကြမယ်။ ဒါပေမဲ့ လာမယ်။ ဒါကို ပြည်သူများ လေးလေးနက်နက် သိထားနိုင်ဖို့ပါ။ မြန်မာပြည်ရဲ့အခြေအနေဟာ ဒီအခြေအနေမျိုးမှာပဲ ရှိနေဆဲပါ။ ဒီမိုကရေစီစနစ်နှင့် မညီတဲ့ဥပဒေတွေ၊ ခေတ်နှင့်မလျော်ညီတဲ့ ဥပဒေတွေကို ပြန်လည်ပြင်ဆင်နိုင်ဖို့ ပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင် ရွက်ကြပါမှ ဒီမိုကရေစီအလင်းရောင်ဆိုတာ ထွန်းတောက်လာနိုင်မှာပါ။ 

          လူအတော်များများဟာ မြန်မာပြည်မှာ ကျင့်သုံးနေတဲ့ ဒီမိုကရေစနစ်ရဲ့ အားနည်းချက်များ၊ ပျော့ကွက် ဟာကွက်များကို ထောက်ပြပြောဆိုလေ့ရှိကြတယ်။ ထိုသို့ပြောဆိုကြတဲ့အခါ အခြေခိုင်နေပြီဖြစ်တဲ့ အမေရိကန် နိုင်ငံရဲ့ ဒီမိုကရေစီစနစ်မျိုးနှင့် စံထိုးပြီး တစ်ဖက်သတ် ဝေဖန်ပြစ်တင်လိုကြတယ်။ ဖြစ်နေတာ၊ ဖြစ်သင့်တာ တွေထက် ဖြစ်ချင်တာတွေကိုပဲ ဇောင်းပေးပြီး မဟာဉာဏ်ကြီးရှင်ကြီးတစ်ယောက်ပမာ အာဘော်အာရင်း သန်သန်နှင့် ပြောဆိုနေတဲ့လူမျိုးတွေကိုလည်း တွေ့ရတယ်။

 အမေရိကန်နိုင်ငံရဲ့ လူမှုရေးဖီလိုဆိုဖီမှာ ပြောလေ့ပြောထရှိတဲ့ စကားတစ်ခွန်းက – “လိမ္မော်သီးနှင့်ပန်းသီးကို နှိုင်းယှဉ်ပြောဆိုခြင်းမျိုးဟာ တရားမျှတမှု မရှိနိုင်ဘူးတဲ့။ တရားမျှတမှုအတွက် ပြောချင်တယ်ဆိုရင်တော့ ပန်းသီးအချင်းချင်း၊ လိမ္မော်သီးအချင်းချင်းတို့ရဲ့ အားနည်းချက်၊ အားသာချက်များကို နှိုင်းခိုင်းပြောဆိုပါမှ တရားမျှတမှုဆိုတာ ရှိလာနိုင်မှာပါ” တဲ့။ ကြားဖူး ထားတဲ့ စကားလေးတစ်ခုကို ထပ်ဆင့်ဝေငှခြင်းပါ။ အတွေးအခေါ်များ မတူကွဲပြား ရှိနေပါက အချင်းချင်း နားလည်နိုင်ကြဖို့ပါ။  သင့်အတွေးအခေါ်များကိုလည်း ပြည်သူများအတွက် ပြည်သူများရှေ့မှောက်မှာ ဆွေးနွေး နိုင်ဖို့ပါ။ 
 
          ကိုယ့်နိုင်ငံကို ကိုယ်တိုင်က လေးစားဖို့၊ မြတ်နိုးဖို့အတွက် အမေရိကန်နိုင်သားတွေကို အမေရိကန် သမ္မတ ဂျွန်ကနေဒီက ပြောပြဘူးသည်မှာ – “ကိုယ့်တိုင်းပြည်ကို ကိုယ်တိုင်က တကယ်ချစ်တယ်ဆိုရင် တိုင်းပြည်က ငါ့အတွက် ဘာလုပ်ပေးပြီးပြီလဲ မမေးနဲ့၊ ငါက တိုင်းပြည်အတွက် ဘာလုပ်ပေးပြီးပြီလဲဆိုတာ မေးကြဖို့ပါ”တဲ့။ တိုင်းပြည်ရဲ့အကျိုးစီးပွားအတွက် အစိုးရနှင့်ပြည်သူ အတူပူးပေါင်းပြီး ဆောင်ရွက်နိုင်ဖို့ ဒီအဆို အမိန့်ကို မျှဝေခံစားနိုင်ဖို့ ဆွေးနွေးတင်ပြထားခြင်းမျိုးပါ။

          ကိုယ့်တိုင်းပြည်ကို ချစ်လှပါတယ်ဆိုတဲ့လူတွေကို မေးချင်စမ်းပါတယ်။ တိုင်းပြည်ကို ဒီမိုကရေစီ အသွင်နှင့် ကူးပြောင်းဆဲကာလမှာ ကိုယ်က တိုင်းပြည်အတွက် ဘာလုပ်ပေးပြီးကြပြီလဲ။ ထစ်ကနဲဆို လက်သီး လက်မောင်းတန်းပြီး ဆန္ဒပြတာ၊ ထစ်ကနဲဆို မြို့ရွာတိုက်တာတွေကို မီးတင်ရှို့ တာ၊ ထစ်ကနဲဆို ယခင်အစိုးရ လက်ထက်က သိမ်းယူထားတဲ့ လယ်ယာမြေတွေကို ပြန်လည်ရနိုင်အောင် အကြမ်းဖက်တဲ့နည်းကိုသုံး၍ ဆန္ဒပြတာ၊ ဒါမျိုးတွေကို ပြုလုပ်နေခြင်းဟာ တိုင်းပြည်တိုးတက်အောင် ၀ိုင်းဝန်းလုပ်ကိုင်ပေးနေခြင်းလို့ ထင်နေ ကြသလားဆိုတာ သံသယစိတ်များပင် ၀င်လာမိခြင်းပါ။ အရင့်အရင်က ဖြစ်ပျက်ခဲ့သမျှအားလုံးကို ကောက် ကြောင်းပြန်၍ လိုက်နေကြမည်ဆိုလျှင် သီပေါမင်းလက်ထက်က ပါးတော်မူသွားတဲ့ ပတ္တမြားငါးမောက်ကြီး ပြန်လည်ရရှိနိုင်ဖို့ မည်သူတွေက ဦးဆောင်၍ ဆန္ဒပြကြမည်နည်း။  

          ပြောလိုရင်းက ဆန္ဒမပြရဘူးလို့ ပြောလိုရင်း မဟုတ်ပါ။ ဆန္ဒကို ထုတ်ဖေါ်ပြသခွင့် လူတိုင်းမှာ ရှိတယ်ဆိုတာ ယုံကြည်ထားပြီးသားပါ။ ဒီအချိန်မှာ ဖြစ်သင့်တာက ပြည်သူ့ဆန္ဒတွေကို ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ အလေ့အကျင့်ကောင်းများကို ကျင့်သုံးကြဖို့နှင့် ပြည့်သူ့သဘောဆန္ဒကို လက်မှတ်များကောက်ခံ၍ ပြည်သူ များရဲ့ဆန္ဒကို လွတ်တော်သို့တင်၍ ပြဿနာကို ပြေလည်အောင် ဆွေးနွေးနိုင်ခြင်းက ပိုမိုကောင်းမွန်နိုင် လိမ့်မည်ဟု ထင်မြင်ယူဆမိ၍ ဤနေရာဆွေးနွေးတင်ပြခြင်းပါ။ 

မိမိရဲ့အကျိုးစီးပွားအတွက် မိမိဆန္ဒကို ထုတ်ဖေါ်နိုင်ရန် ရိုးသားတဲ့ ပြည်သူများကို မစည်းရုံးသင့်၊  မလှည့်စားသင့်ပါ။ ဥပမာ၊ ရဟန်းတော်များကို ကိုယ်ကျိုးစီးပွားအတွက် ဆန္ဒပြရန် စည်းရုံးခြင်း၊ ရိုးသားတဲ့ ပြည်သူများကိုလည်း အလားတူ စည်းရုံးခြင်းမျိုးပါ။ တကယ်တော့ ကိုယ်ကျိုးစီးပွားအတွက် အများရဲ့အကျိုးစီးပွါးကို မပျက်စီးစေသင့်ပါ။ ဒီလုပ်ရပ်မျိုးသည် ငြိမ်းချမ်းစွာနေလိုတဲ့ ပြည်သူတွေရဲ့ဘ၀ကို မငြိမ်းမချမ်းဖြစ်အောင် ကိုယ်တိုင်က လှုံ့ဆော်နေခြင်းမျိုးပါ။ 

          အသွင်ကူးပြောင်းဆဲကာလမှာ တိုင်းပြည်ကို တည်ငြိမ်းအေးချမ်းအောင် အစိုးရနှင့်ပြည်သူ အတူပူး ပေါင်းပြီး စုပေါင်းဆောင်ရွက်နိုင်ပါမှ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ကို စနစ်တကျ တည်ထောင်နိုင်မှာဖြစ်တယ်။ သူတလူ၊ ငါတမင်း လုပ်ချင်ရာလုပ်မယ်၊ မိုက်ချင်ရင်မိုက်မယ်။ သူ့ဘုရား ငါ့ဘုရား၊ သူ့နယ်မြေ ငါ့နယ်မြေရယ်လို့ တရားဥပဒေနှင့်အညီ မဖြေရှင်းကြပဲ လက်သီးလက်မောင်းတန်း၍ ငြင်းခုံနေကြ မယ်ဆိုရင် ဘယ်သောအခါမှ ငြိမ်းချမ်းတဲ့ဒီမိုကရေစီနိုင်ငံတော်ဆိုတာ ဖြစ်လာနိုင်မည်မဟုတ်ပါ။ 

          မြန်မာနိုင်ငံတော်ကို ဒီမိုကရေစီစနစ်ဆီသို့ အသွင်ကူးပြောင်းဆဲကာလမို့ ဟန်ရေးပြင်နေတဲ့ မြန်မာ ပြည်ကြီးပါလို့ ပြောလိုကပြော၊ တရားဥပဒေစိုးမိုးရေးမဏ္ဍိုင်ကြီး ပြိုလဲနေတဲ့ မြန်မာပြည်ကြီးပါလို့ ရှုတ်ချလိုက လည်းရှုတ်ချ၊ ဘယ်အရာကိုမှ စနစ်တကျ မူမချနိုင်သေးတာဟာ လက်ရှိခေါင်းဆောင်များ အရည်အချင်း မပြည့်ဝလို့ ဖြစ်ရတာပါလို့ နှိမ်နှိမ်ချချ ပြောလိုကပြော။ ဒီအပြောမျိုး၊ ဒီအရေးအသားမျိုးတွေက တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် အရေးကြီးချင်မှ ကြီးမှာပါ။ 

အမှန်တကယ်အရေးကြီးနေတာက မြန်မာနိုင်ငံတော်ကြီးကို ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်အောင် အစိုးရနှင့်ပြည်သူ အတူပူးပေါင်းပြီး ဆောင်ရွက်နေကြရတဲ့ အချိန်မှာ ပြည်သူတွေ အတူတကွ ပါဝင်လာနိုင်ဖို့ပါ။ အထူးသဖြင့် စကားပြော ကောင်းလှတဲ့ မဟာက၀ိအကျော် ပညာရှိကြီးများလည်း ပါဝင်နိုင်ကြဖို့ပါ။ ကိုယ်ကိုယ်တိုင်က (အရာဌာန အားလျှော်စွာ) ကိုယ့်တန်ဖိုးကို ထုတ်သုံးမပြခဲ့လျှင် ဘယ်သူကမှ ကိုယ့်တန်ဖိုးကို သိနားလည်နိုင်မည်မဟုတ်ပါ။ တန်ဖိုးရှိတဲ့လူဆိုတာ တန်ဖိုးမဲ့တဲ့အလုပ်မျိုးကို ဘယ်သောခါမှ လုပ်မည်မဟုတ်ပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။

ဒေါက်တာဓမ္မပိယ (ITBMU)၊ မတ် ၂၉၊ ၂၀၁၃