မတရား ငါ ပြစ်များစွာ
ပြဆိုအပ်ခဲ့ပြီးသော ဒိဋ္ဌိ ငါ၊ တဏှာ ငါ၊ မာန ငါတို့ ဖြင့် အစွဲကြီးသူများအဖို့ အပြစ်များစွာ ဖြစ်ပွားတတ်ပါသည်။ မြတ်စွာဘုရားနှင့် ခေတ်ပြိုင် ဒိဋ္ဌိ ငါ အစွဲကြီးမားသော တိတ္ထိဆရာကြီးများက သူတို့ ကိုယ်တိုင် စွဲယူကျင့်သုံးသော အယူဝါဒကို ဟောပြောကြသည်မှာ—
“ဖန်ဆင်းရှင် ထာဝရဗြဟ္မာကြီးက သူ၏ခန္ဓာကိုယ်ထဲမှ အတ္တ ဟူသော “ငါ” အစိတ်အပိုင်း ကလေးကို ခွဲထုတ်၍၊ လူ နတ် တိရစ္ဆာန် သတ္တဝါအမျိုးမျိုးကို ဖန်ဆင်းကာ၊ ထိုသတ္တဝါ တိုင်း၏ ခန္ဓာကိုယ်ထဲမှာ ထို “ငါ” လေးကို အသီးသီးထဲ့ပေးလိုက်သည်။ သတ္တဝါတိုင်း၏ ခန္ဓာကိုယ်ကသာ ပျက်စီး၍၊ ထို “ငါ” လေးကမပျက်စီးဘဲ၊ ဟိုဘဝမှ ဤဘဝ၊ ဤဘဝမှ ထိုဘဝ၊ ဟိုခန္ဓာမှ ဤခန္ဓာ၊ ဤခန္ဓာမှ ထိုခန္ဓာစသည်ဖြင့် ပြောင်းလဲလေသမျှ ခန္ဓာကိုယ်တိုင်းထဲမှာ ထာဝရဗြဟ္မာကြီး၏ အလိုကျ ဘဝအပိုင်းအခြား အချိန် အပိုင်းအခြားအတိုင်း ပြောင်းလဲသွားသည်။
ထာဝရဗြဟ္မာကြီး၏ သတ်မှတ်ထားအပ်သော ဘဝအပိုင်းအခြား နှင့် အချိန် အပိုင်းအခြား ကုန်ဆုံးလျှင် ထို “ငါ”လေးသည် ဗြဟ္မာကြီး၏ ခန္ဓာကိုယ်ထဲမှ မူလ အတ္တ “ငါ”ကြီးနှင့် တဖန်ပြန်လည် ပေါင်းစပ်သွားသည်။ ထိုအခါမှ “နိဗ္ဗာန်” ရသည် ခေါ်၏။ သို့ ဖြစ်၍ ဟိုဘဝမှ ဤဘဝ၊ ဤဘဝမှ ထိုဘဝ၊ ဟိုခန္ဓာမှ ဤခန္ဓာ၊ ဤခန္ဓာမှ ထိုခန္ဓာ စသည်ဖြင့်ပြောင်းလဲဖြစ်စဉ်မှာ သင်နှင့်မဆိုင်။
ဤဘဝမှ ကွယ်လွန်၍ နောင်ဘဝတွင် လူပြန်ဖြစ်ချင်သဖြင့်၊ သို့ မဟုတ် နတ်ဖြစ်ချင်သဖြင့် တချို့ သူတော်ကောင်း ပညာရှိဆိုသူများ ပြောကြားသလို ကုသိုလ်ကောင်းမှု မိုးထိအောင် ပြုသော်လည်း အချီးနှီး အလကားသာတည်း။ “အဝီစိ ဂျိုးကပ်မည့်ကောင်”ဟု တချို့ သူတော်ကောင်း ပညာရှိ ဆိုသူများ ရှုံချပြစ်တင် ခံရလောက်အောင် မကောင်းမှုမှန်သမျှ အားလုံးကန်ထရိုက်ဆွဲလုပ်ကိုင်သော အဆိုးတကာ့ ဗိုလ်ချုပ်မှူးကြီး ဖြစ်စေဦးတော့၊ သေပြီးလျှင်အပါယ်ကျချင်မှ ကျပေလိမ့်မည်။
ကုသိုလ်ဟူသည်မှာ အလကား၊ လူအ ,တွေကလှူနေကြသည်၊ လူလည်တွေက ယူနေကြသည်။ အလှူ၏အကျိုးဟူသည်ကို လူလည်တွေသာခံစားနေကြသည်။ သီတင်းသီလစောင့်ခြင်းဟူသည် လက်တွေ့ ခံစားရမည့် စည်းစိမ်ချမ်းသာကို မခံစားရတော့သဖြင့် နတ်ပန်းကို ငရဲပန်းထင်ကာ ငြင်းပယ်ရှောင်ရှားကြသူ သူရူးများ၏ လုပ်ရပ်များနှင့်ဘာမှမခြားပေ။
ရုပ်နာမ်ဓမ္မသင်္ခါရကို အနိစ္စ ဒုက္ခ အနတ္တ ဟုရှုခြင်းဟူသည် ဣဋ္ဌာရုံကို အနိဋ္ဌာရုံဟု ဇွတ်ငြင်းခုန်သော အလှအပကြိုက်ပါလျက်“လှတာမက်လျှင်ညစာခက်မည်” ဟုပြောဆိုတတ်သူ သူနှမ်းများ၏ အရူးချီးပန်းအလုပ်သာတည်း။ အကုသိုလ်ဟူသည်မှာလည်း ပြုလုပ်သူမှာ အပြစ်မြူမျှ မရှိချေ။ လူတွေစားရအောင် ခိုင်းရအောင် တိရစ္ဆာန်တွေကို ထာဝရဗြဟ္မာကြီးက ဖန်ဆင်းပေးထားသည်။
ဤကမ္ဘာလောကကြီးမှာ လူတွေ သတ္တဝါတွေ အချိုးအစား မျှမျှတတတည်ရှိ နေနိုင်ရန် အဖက်ဖက်က အချိုးကျစွာ ဖန်တည်းထားသည်။သမင် ဒရယ်စသည့် သားကောင်လေးများ အလွန်အမင်းမများရအောင် ကျား,ခြင်္သေ့ စသော သားစား သတ္တဝါများကို ဖန်ဆင်းပေးထားသည်။ လူဦးရေများပြားလွန်းကာ အစာအာဟာရ မလောက်ငသော ငတ်မွတ်ခေါင်းပါးခြင်းဘေးမှ ကင်းဝေးကြစေဖို့ ရန် ဆရာဝန်များကို ဖန်ဆင်းပေးထားသည်။
သို့ ဖြစ်၍ တိရစ္ဆာန်များကို ခိုင်းစားရမည်၊ သတ်စားရမည်၊ အဆုံးစွန်ပြောရလျှင် လူကိုပင် သတ်ချင် သတ်နိုင်သည်၊ လူသတ်မှုဟုမဆိုနိုင်။ လူတယောက်က တခြားလူတယောက်က ဒါးနှင့်ခုတ်၊ ဒါးနှင့်ထိုး သတ်သည်ပဲ ဆိုစေတော့၊ ဒါးဟူသော ရုပ်တရားက ခန္ဓာကိုယ်ဟူသော ရုပ်တရား၏ ကြားထဲသို့  ဝင်သွားခြင်းမျှသာ ဖြစ်သည်။
ဤသို့ စသည် ဟောပြောကျင့်သုံးကြသော တိတ္ထိဆရာကြီးများ ကိုယ်တိုင်နှင့် နောက်လိုက် တပည့်သာဝက အများစု စုတိပျက်ကြွေ သေလွန်ကြသောအခါ တချို့  တိရစ္ဆာန်ဘဝ ရောက်ကြသည်၊ တချို့ ငရဲဘုံရောက်ကြသည်။ [သူတို့ ၏ အယူဝါဒအတိုင်းဆိုလျှင် ထာဝရဗြဟ္မာ အလိုကျ ဖြစ်ကြရသည်ဆိုနိုင်၏။] “မတရား ငါ”ဖြစ်သည့် တဏှာ ငါ၊ မာန ငါဖြင့် အစွဲကြီးသူများလည်းအကုသိုလ်များ ပြုလုပ်မိကြ၍ တိရစ္ဆာန်ဖြစ်ကြရ၊ ငရဲကျကြရသည်။
ငရဲပြည်နှင့် နတ်ပြည်သို့  ဒေသစာရီကြွချီ(နေ့ သန့် နေ)တော်မူလေ့ရှိသော အရှင်မောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးသည် ထိုတိတ္ထိဆရာကြီးများ နှင့် တပည့်သာဝက တဖြစ်လဲ ငရဲသားများကို ငရဲဘုံမှာတွေ့ ခဲ့ရကြောင်း၊ ဗုဒ္ဓ၏သာဝကများ နတ်ပြည်မှာ နတ်စည်းစိမ်ခံစားနေရကြောင်းများကို လူ့ ပြည်သို့ ပြန်လည်ကြွလာ ဟောပြောသဖြင့် တိတ္ထိအယူကိုစွန့် လွှတ်၍ ဗုဒ္ဓသာသနာကို ကူးပြောင်းကိုးကွယ် သူတိုးပွားများပြားပြီး၊ တိတ္ထိသာသနာကို ကိုးကွယ်သူများ တဖြည်းဖြည်း နည်းပါးလာသည်။ တိတ္ထိများမှာ လှူဒါန်းသူနည်းပါးကာ လာဘ်လာဘရှားပါးလာကြသည်။
ထိုအခါ တိတ္ထိများ ရှင်မောဂ္ဂလ္လာနိအား ရန်ငြှိုးထားကာလူမိုက်ငှါးလျက်သတ်ပစ်ခိုင်းသည်။ ဤသို့ ဖြင့် တိတ္ထိများနှင့် တိတ္ထိသာဝကများမှာ ရဟန္တာသတ် အရဟန္တဃာတကကံ ကြီးထိုက်ကာ အဝီစိငရဲဒုက္ခ ခံစားကြရသည်။ ဤမျှလောက်ဖြင့် စကားအစဉ်ဖြင့် မတရား ငါကြောင့်ဆင်းရဲဒုက္ခရောက်ကြရပုံ အလုံးစုံကို အကုန်အစင် သိမြင်နားလည်လောက်ပါပြီ။
တရား ငါ
ဘုရား ငါ= တရား ငါပုဂ္ဂိုလ် သတ္တဝါ သူငါမနော ဓမ္မသဘောမျှသာဖြစ်သော ရုပ်နာမ်ဖြစ်စဉ်ကို မဂ်ဉာဏ်လေးဆင့်ဖြင့် အမှန်အတိုင်းသိမြင်တော်မူသော မြတ်စွာဘုရားမှာ “ငါ” စွဲမထင် လုံးဝကင်းစင်တော်မူလေပြီ။ ဗုဒ္ဓဟောပြတော်မူသည့် နည်းနာနယအတိုင်း ကျင့်ကြံလိုက်နာအားထုတ်ကြသော ဗုဒ္ဓသာဝက များလည်း မဂ်ဉာဏ်လေးဆင့်ရလျှင် “ငါ”စွဲကင်းစင်ကြလေသည်။ သို့ သော် ဘုရားဟောတရားတော်များ၌ ဤသို့ သောမိန့် ကြားချက်များရှိသည်။
သာဓုကံ မနသိကရောထ၊ ဘာသိဿာမိ။
ကောင်းမွန်စွာသာ စိတ်စိုက်ပါ၊ ဘုရားငါက ဟောပြမှာ။
အတ္တ ဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ။
ငါ့ကိုယ်ငါသာ အားထားရာ၊ တခြားသူအား အားမထားရာ။
ဤသို့ သောဘုရားဟောများကို တွေ့ ရှိကြသူ တချို့ လူများက ဘုရားမှာလည်း “ငါ” စွဲမကင်းသေးဟု ဆိုကြသည်။ “မတရား ငါ” နှင့် “တရား ငါ”၏ကွဲပြားမှုကို ခွဲခြားနားလည်မှုကင်းခြင်းကြောင့် ထိုသို့ ဆိုမိကြခြင်းသာတည်း။
မြတ်စွာဘုရားသည် အောက်ပါ သစ္စာနှစ်ပါးကို ဟောပြတော်မူသည်။
၁။ပရမတ္ထသစ္စာ = အဟုတ်အမှန်။
၂။သမုတိသစ္စာ = သမုတ်အမှန်။
ပရမတ္ထသစ္စာ ဟူသည် ရုပ်နာမ်ဓမ္မ သဘာဝ ကြောင်းကျိုးဖြစ်စဉ် အဟုတ်အမှန်ကို ဆိုလိုသည်။ ရုပ်နာမ်ဖြစ်စဉ်သာရှိသည်။ ပုဂ္ဂိုလ်သတ္တဝါ၊ ငါ သူတပါး၊ယောက်ျားမိန်းမ စသည် လုံးဝမရှိချေ။ လုံးဝမရှိသော ပုဂ္ဂိုလ်သတ္တဝါ၊ ငါ သူတပါး၊ ယောက်ျားမိန်းမ စသည် ကိုမှားယွင်းသောအမြင်ဖြင့် ရှိသည်ထင်၍၊ အဝိဇ္ဖာမှောင် ပိတ်ကာလှောင်မိသဖြင့် အသိမှားကာ ချမ်းသာလိမ့်နိုး ရည်မျှော်ကိုးလျက်ကြိုးစားပြုချက် သင်္ခါရအတွက်ကြောင့် ဝိညာဏ်စသည် တလည်လည်ဖြင့် စုံချည်ဆန်ချည် ဘဝထိုဤမှာ ချမ်းသာနည်းပါး ဆင်းရဲခြင်းသာများကြရသည်ကို အမှန်အတိုင်း သိမြင်နားလည်လျက်၊ မတရားငါကင်းမှသာလျှင် ချမ်းသာမြတ်မှန် အေးနိဗ္ဗာန်ကို ဧကန်ရမည် သိစေရည်ကာ ပရမတ္ထသစ္စာကို ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူပါသည်။
ထိုသို့  ငါစွဲကင်းဖို့ ရာ ပရမတ္ထသစ္စာကို ဟောရပါသော်လည်း ငါ သူတပါး၊ ယောက်ျားမိန်းမ စသည်ဖြင့် သုံးစွဲရခြင်းသည်လည်း သမုတ်အမှန်ဟု သိစေရန် သမုတိသစ္စာကိုလည်း မြတ်စွာဘုရား ဟောကြားတော်မူပါသည်။ မှန်ပါသည်။ ပရမတ္ထသစ္စာကိုသာဟော၍၊ သမုတိသစ္စာကို ပယ်လှန်လျှင်
အမှန်ရှိသော ဂုဏ်ရှိဂုဏ်မဲ့ စသည်မကွဲပြားတော့ဘဲ လောကလူသားများအားလုံး မှောက်မှောက် မှားမှား တရားမဲ့သူများသာ ဖြစ်ကုန်ရာပါ၏။
ဗုဒ္ဓသာသနာပြင်ပ တချို့ ပုဂ္ဂိုလ်များက ဗုဒ္ဓဘာသာဝင်များကို ပြစ်တင်ရှုံချကြသည်။ ပြောကြသည်မှာ_ “ရုပ်တုကို ဝတ်ပြု၊ စေတီပုထိုးရှိခိုးသူများ”တဲ့။ သူတို့ ဆိုလိုသည်မှာ–
“ဗုဒ္ဓဘာသာဝင်များ ဝတ်ပြုရှိခိုးအပ်သော ရုပ်တု စေတီပုထိုးများသည် အုတ်ကျောက်သစ်သား အင်္ဂတေများဖြင့် တည်ဆောက်ထားသော အရာဝတ္ထုများ ဖြစ်သည်။ အိမ်သာသည်လည်း အုတ်ကျောက်သစ်သား အင်္ဂတေများဖြင့် တည်ဆောက်ထားသော အရာဝတ္ထု ဖြစ်သည်။
ရုပ်တု စေတီပုထိုးများကို ဝတ်ပြုရှိခိုးခြင်းသည် အိမ်သာကိုဝတ်ပြုရှိခိုးခြင်းနှင့် ဘာများ ကွာခြား ပါသနည်း။ ရုပ်တု စေတီပုထိုးများကို ဝတ်ပြုရှိခိုးသူမှာ ကုသိုလ်ရသည်ဟု ဆိုပါက အိမ်သာကိုဝတ်ပြုရှိခိုးသူမှာလည်း ကုသိုလ်ရသည်ဟု ဆိုရမည် မဟုတ်ပါလော”ဟူလို။
အဟုတ်အမှန်နှင့် သမုတ်အမှန်ကို ခွဲခြားနားမလည်ဘဲ မကွဲမပြား တသားတည်းဟု အထင်မှား အမြင်မှားကာ ပြောကြားကြသူ ထိုလူများအတွက်ရှေးကဖြစ်ဘူးသော ဇာတ်လမ်းတခုကို ဗဟုသုတဖြစ်ဖွယ်ရာ ပြောပြပါဦးမည်။
မင်းတုန်းမင်းတြားကြီး၏ ရွှေလက်ထက်တော်မှာ ဖြစ်ပါသည်။ သင်္ဂဇာ ဆရာတော်ဘုရားကြီးထံ ဗြိတိသျှလူမျိုး အရာရှိကြီးတဦးရောက်လာပြီး စောဒကတက်သည်မှာ–
“စေတီလည်းအုတ်၊ အိမ်သာလည်းအုတ်။ စေတီအုတ်ကို ရှိခိုးခြင်းသည် အိမ်သာအုတ်ကိုရှိခိုးခြင်းနှင့် အတူတူပင် မဟုတ်ပါလော”တဲ့။
ထိုအခါ ရယ်စရာမောစရာ ဥပမာ ဥပမေယျ ပုံတိုပတ်စ ဝတ္ထုသာဓကတို့ ဖြင့် အဟောကောင်း အပြောကောင်း နာမည်ကျော်ကြားတော်မူသော သင်္ဂဇာ ဆရာတော်ဘုရားကြီးက အမေးအဖြေပြု၍ ဟောကြားသည်မှာ–
“ဒကာကြီးမှာ မိန်းမရှိသလား။”
“ ရှိပါတယ်။”
“အမေကော ရှိသလား။”
“ ရှိပါတယ်။”
“ဒကာကြီးရဲ့ မိန်းမဆိုတာက အမျိုးသားလား၊ အမျိုးသမီးလား။”
“အမျိုးသမီးပါ။”
“ဒကာကြီးရဲ့ အမေဆိုတာက အမျိုးသားလား၊ အမျိုးသမီးလား။”
“အမျိုးသမီးပါ။”
“ဒါဖြင့် မိန်းမဆိုတာလဲအမျိုးသမီး၊ အမေဆိုတာလဲအမျိုးသမီးဆိုတော့
အတူတူပဲပေါ့။”
“အတူတူ- အဲ- မတူပါဘူး။”
“ဟင်၊ခုနင်က ပြောတုန်းက နှစ်ယောက်စလုံး အမျိုးသမီးချည်းပဲဆိုတော့ အတူတူပဲ မဟုတ်ဘူးလား၊”
“မှန်ပါ၊ အဲ- ”
“ဒကာကြီးအနေနဲ့  မိန်းမဆိုတဲ့အမျိုးသမီးကို အိမ်သာလိုသဘောထား
လို့ ရပေမဲ့၊ အမေဆိုတဲ့ အမျိုးသမီးကိုကျတော့ အိမ်သာလိုသဘောထားလို့ ဖြစ်
ပါ့မလား။”
“မဖြစ်ပါဘူး။ တပည့်တော် သဘောပေါက်ပါပြီ။ ကျေးဇူးတင်ပါတယ်။”
သင်္ဂဇာဆရာတော်ကြီး၏ ဟောပြောချက်ကို သဘောပေါက်ပါလျှင် ရုပ်တုစေတီနှင့် အိမ်သာမှ အုတ်များမှာ အုတ်ချင်းတူသော်လည်း၊ ရုပ်တု စေတီမှအုတ်များသည် မြတ်စွာဘုရား၏ ဂုဏ်တော် ဓာတ်တော်မွေတော်များ ကိန်းဝပ်နေသည့် အုတ်များဖြစ်၍၊ ရှိခိုးဦးခိုက်ပူဇော်ထိုက်ကြောင်း၊ အိမ်သာမှအုတ်များနှင့်လွန်စွာ ခြားနားကြောင်း နားလည်သင့်ပါ၏။ အပြစ်တင်ချင်ဇောဖြင့် စောဒကတက်လျှင်ထို သူများ၏ မသိနားမလည်မှု မောဟနှင့် ဂုဏ်ကိုအပြစ်မြင်သော ဒေါသ စသည့် အကုသိုလ်အမျိုးမျိုးကိုသာ ထိုသူများမှ တိုးပြီးအကျိုးနည်းအပြစ်ကြီးကြရရှာသည်မှာ သနားစရာ ကောင်းလှပါတော့သည်။
ဤမျှသော စကားအစဉ်ဖြင့် ဘုရားဟောပိဋကပါဠိတော်များ၌ တွေ့ ရသော “ဘာသိဿာမိ = ဘုရားငါက ဟောပြမှာ”စသည့် “ငါ” သည် “မတရား ငါ” မဟုတ်ဘဲ၊ သမုတ်အမှန်အနေဖြင့် ပြောကြားသော “တရား ငါ”သာဖြစ်ကြောင်း သိနိုင်ကောင်းပါ၏။
ဘုရားရှင်နှင့် သာဝကများစွာ “မတရား ငါ” ကင်း၍သာ အဆုံးမဲ့ချမ်းသာဖြစ်သော နိဗ္ဗာန်ရွှေဘုံကို ခိုလှုံစံဝင် ဆင်းရဲကင်းစင်ကြသလို၊ ဆင်းရဲကင်းကွာနိဗ္ဗာန် ချမ်းသာကိုလိုလားကြသော အမျိုးကောင်းသား အမျိုးသမီးတို့ သည်ဆင်းရဲကြောင်း “မတရား ငါ” ကိုအကြွင်းမဲ့ပယ်ခွါနိုင်အောင် ကြိုးစားကြဖို့ လိုအပ်ပါသည်။ ပါရမီမရင့်သန်သေး၍် “မတရား ငါ” ကိုအကြွင်းမဲ့ပယ်ခွါနိုင်အောင် မစွမ်းနိုင်သေးလျှင် “မတရား ငါ” ကို “တရား ငါ” ဖြစ်အောင် အသုံးချ၍ ပါရမီကုသိုလ်
တိုးပွားဖို့ ရာ ကြိုးစားအားထုတ်သင့်ပါသည်။
ဘုရားအလောင်းတော် ဥဒယဘဒ္ဒမင်းနှင့် ယသော်ဓရာ အလောင်းတော် ဥဒယဘဒ္ဒါမိဖုရားတို့ သည် တဦးနှင့်တဦး သေအတူ ရှင်မကွာ မခွဲမခွါနေလိုကြသော တဏှာ ငါ အရင်းခံအရ၊ အတူတကွ နတ်ပြည်ရောက်လိုကြသော ဒိဋ္ဌိ ငါဖြင့် ကုသိုလ်ပါရမီများ ဖြည့်ဆည်းပူးကာ နတ်ပြည်မှာ အတူတကွရွှေဘုံရိပ်စံခဲ့ကြဖူးပြီ။
အလောင်းတော် သုမေဓာရှင်ရသေ့သည် ငါလိုယောက်ျားမှ ဘုရားမဖြစ်လျှင် ဘယ်သူဖြစ်မည်နည်း ဟူသော မာန ငါဖြင့် လေးအသင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး မဆုတ်မနစ် ပါရမီဖြည့်ကျင့်၍ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့လေပြီ။
အလောင်းတော် တေမိမင်းသားသည် ငရဲဘေးကိုကြောက်၍၊ ငါ့အဓိဋ္ဌာန် အောင်မြင်ရန် မ,အ သော်လည်း အ,အကဲ့သို့  ကျင့်ကြံမည်ဟူသော သန္နိဋ္ဌာန်ဖြင့် အဓိဋ္ဌာန်ပါရမီဖြည့်ကျင့်ခဲ့ပြီ။
အလောင်းတော် ဇနကမင်းသားသည် ငါ့ဖခင်၏ ထီးမွေနန်းမွေကို ငါရအောင်ပြန်ယူမည် ဟူသော တဏှာ ငါ အရ၊ ကမ်းမမြင် ပင်လယ်ပြင်ကို ငါကူးမည်ဟူသော မာန ငါဖြင့် ပင်လယ်ပြင်ကို လက်ပစ်ကူးကာ သူမတူစွာ ဝီရိယပါရမီကို ထူထောင်တော်မူခဲ့လေပြီ။
အလောင်းတော် မဟောသဓာသည် ငါ့နိုင်ငံကို ကျူးကျော်စော်ကားမှုကို ငါမခံ၊ ငါ့လူမျိုး သူတပါး ကျွန် အဖြစ်မခံ ဟူသော တဏှာ ငါ၊ မာန ငါတို့ ဖြင့် စစ်ဗိုလ်ချုပ်ကြီး အဖြစ် စစ်တပ်ကို ဦးစီး၍၊ တရားသော ခုခံစစ်ကို ဆင်နွဲကာ၊ နောက် ဆုံးနှစ်ဦးနှစ်ဖက် ပညာရှိချင်း စကားစစ်ထိုးခြင်းဖြင့် မိမိထက်အင်အား အဆများစွာ သာလွန်သော ရန်သူစစ်တပ်ကြီးကို အနိုင်ယူလျက်၊ ရန်ဖက်ဖြစ်နေသော နှစ်နိုင်ငံကို မိတ်ဖက်ဖြစ်စေပြီး။ နှစ်နိုင်ငံပြည်သူများ ငြိမ်းအေးချမ်းသာရေး အတွက် ပညာပါရမီဖြင့် ဖြည့်ဆည်းပူးပေးတော်မူခဲ့လေပြီ။
အလောင်းတော် ဝေဿန္တရာမင်းသည် အလှူခံ ပုဂ္ဂိုလ်တို့  လိုအပ်ရာရာ သက်မဲ့လှူဖွယ် ဝတ္ထုများ လှူဒါန်းရုံသာမက၊ သက်ရှိဖြစ်သော ဆင်ဖြူတော်၊ သမီး သား၊ ဇနီးမယားတို့ ကို လှူဒါန်းသည့်အပြင်၊အလှူခံသူရှိပါက မျက်စိစသောကိုယ် အင်္ဂါအစိတ်အပိုင်းများနှင့် အသက်ကိုပင် လှူမည်ဟု အများချမ်းသာရေး ဒါနပါရမီကို အထွတ်အထိပ် ဖြည့်ကျင့်တော်မူခဲ့လေပြီ။
ပြဆိုအပ်ခဲ့သော အလောင်းတော်များသည် “မတရား ငါ” မကင်းကြစေလင့်ကစား၊ ထို“မတရား ငါ” ကို “တရား ငါ” အဖြစ် အသုံးချကာ၊ ပါရမီကုသိုလ်များ ဖြည့်ဆည်းပူးခဲ့ကြသလို၊ ဗုဒ္ဓမြတ်စွာကိုကြည်ညိုကြသူ သူတော်စင်များ အနေဖြင့် ထိုအလောင်းတော်တို့ ထုံးနမူကို နှလုံးမူကြကာ –
“ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက၊ နောက်ဆုံးအထိ ပါရမီ။
လူ နတ် များစွာ ချမ်းသာရေးမို့ ၊ အသက်ပေးလို့ ဖြည့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာ သာသနာအတွက်တော့၊ ငါပါအသက် ဆုံးစေမည်။
နောက်မဆုတ်ပေါင် ခုလိုတွေးလို့ ၊ ကုသိုလ်ရေးမို့ ကြိုးစားမည်။”
ဦးနန္ဒသိရီ (စန်းဘုန်းဘုန်း) ကနေဒါ၊ ထိုင်ဝမ် ဆရာတော်