Sunday, December 30, 2012
ဗလာ
ဗလာ
“ဗလာ”… ထိုစကားကို ဘယ်တုန်းက စကြားမိသည်တော့ မမှတ်မိတော့ပါ။ “ဟော့သည်မှာကြည့် ဘာမှမရှိဘူး ဗလာပဲ..” ငယ်ငယ်က ထိုစကားမျိုး ခဏခဏ ကြားရသည်။ အဲဒီနောက်တော့ ဗလာဆိုသောစကားကို တွင်တွင်ကျယ်ကျယ်သုံးတတ်လာတော့သည်။ အထူးသဖြင့် ပုံဆွဲကျင့်တတ်သော ကျနော့်အတွက် ဗလာစာအုပ်ဆိုသော စကားကို သူငယ်တန်းစမနေခင် မေမေဆွဲပြသောပုံများကိုသဘောကျစွာ ကူးဆွဲစဉ်ကတည်းက စောစီးစွာ သိခဲ့ရသည်။ ကလေးပီပီဗလာဆိုတာ ဘာမှမရှိခြင်းပါလားဆိုတာတော့ မစဉ်းစားမိခဲ့။ ဗလာစာအုပ်ထဲ မြူးတူးနေတတ်သော ယုန်လေးများခွေးလေးများနှင့်သာ စကားပြောရင်း ဗလာဆိုသော စကားကို လျစ်လျူပြုခဲ့မိသည်။
ကျွန်တော်တို့ သုံးတန်း လေးတန်းသို့ ရောက်သောအခါ ဗလာမဲဖောက်သောကစားနည်းက ကျောင်းသားများကြားတော်တော် ရေပန်းစားခဲ့သည် ။ မုန့်မစားဘဲ မဲကဒ်ဝယ်၍ အလောင်းအစားမဲဖောက်သော ခပ်ကြီးကြီး ကျောင်းသားများကြား ကျနော်လည်း မ၀ံ့မရဲ သွေးတိုးစမ်း၍ အလောင်းအစားဝင်လုပ်ခဲ့ပါသေးသည်။
တစ်ကျပ်ဖိုးထိုးလျှင် လေးမဲဖောက်ခွင့်ရ၍ တချို့ကျောင်းသာများ ၅ ကျပ် ၁၀ ထိပေါက်သောကစားနည်းက ကျနော်တို့ ကျောင်းသားများကို မုန့်မစားဘဲ မဲထိုးဖို့ကို သိပ်တော့ မဆွဲဆောင်ရချေ။ ဗလာမဲသာပေါက်တတ်သော ကျနော်လိုကျောင်းသာအချို့သာ မဲထိုးသည့် အလုပ်ကို ခပ်စောစော စွန့်လွှတ်ခဲ့သော်လည်း ကျောင်းသားတော်တော်များများကတော့ ကျောင်းအုပ်ဆရာကြီးက မဲမထိုးရစည်းကမ်း ထုတ်မှပင် ရပ်ကြတော့သည်။ ဒါတောင် ကျောင်းတွင်း တရားမ၀င်မဲဒိုင်ကိုင် မဲထိုးကျောင်းသားအချို့က တိတ်တိတ်ပုန်း ဆက်လုပ်ကြဆဲပင်။ မဲဒိုင်ကိုင်သောကျောင်းသာများမှာ အနည်းငယ် ဘူဇွာကျသော ခပ်ထွားထွားကျောင်းသားများဖြစ်ပြီး မဲထိုးသောကျောင်းသာများမှာ အိမ်မှ မုန့်ဖိုးမျာများစားစားမပေးတတ်သော ကျောင်းသားများပင်ဖြစ်သည်…..
ထိုစဉ်က ကျနော် မမြင်တတ်ခဲ့သော ကျောင်းခန်းတွင်းမှ ပြင်ပဘ၀များပင်။
ထိုနောက်ပိုင်းနှစ်များတော့ ဗလာနှင့် ကျနော် နီးလျက်နှင့်ဝေးခဲ့ကြသည်။ ဗလာက ကျနော့် ပတ်ဝန်းကျင်တွင် အမြဲရှိခဲ့သည်။ ကျနော့်ကွန်ပါဗူးထဲမှာ ၊ အမေ့ပိုက်ဆံအိတ်ထဲမှာ၊ အဖေ့လွယ်အိတ်ထဲမှာ ၊ နောက်ဖေးချောင်က ဆန်အိုးထဲမှာ၊ ကျနော့်သူငယ်ချင်းတွေရဲ့ ဗိုက်ပူပူလေးတွေထဲမှာ ဗလာက အမြဲရှိနေတတ်သည်။ ရွှေခေါင်းပြောင်၊ ပရုပ်စီ ၊ ဦးကပ်စီး ၊မောင်ပူစီတို့ကို ကျနော့် ဗလာစာအုပ်ထဲ နေရာချထားပေးဖို့၊ အလုပ်နှင့်သာပျော်နေတတ်သော၊ အိမ်ရှေ့သစ်ပင်မှ တကျီကျီအော်နေတတ်သောငှက် နှစ်ကောင်၏ စကားကို နားလည်ဖို့သာ အာရုံစိုက်နေတတ်သောကျနော်က ကျနော်တို့မိသားစုထဲ အလည်ရောက်ရောက်လာတတ်သော ဗလာကို ယောင်၍တောင် နှုတ်မဆက်တတ်ခဲ့မိပါ။
ကျနော်တက္ကသိုလ်စတက်ဖို့ ထွက်ခွာခဲ့စဉ်က တဖြေးဖြေးဝေး၍ ကျန်ခဲ့သော လက်ဝှေယမ်းနေသည့် ဖေကြီးနှင့် မေမေ…ကျနော်ကလွမ်းဖို့ မေ့နေတတ်သော်လည်း ကျနော့်ကို အမြဲကြိုဆိုနေသောချစ်စရာ့ မြို့လေးကိုငေးရင်း ကျနော့်ရင်ထဲ ဗလာဆိုသည့်ကောင်လေး စတင်နေရာယူဖို့ ကြိုးစာခဲ့ပြီဆိုတာ ကျနော်မရိပ်မိခဲ့။ ထိုအချိန်က ကျနော့်ရင်ထဲဟာနေခဲ့သည်လေ။ တက္ကသိုလ်ကျောင်းသားဘ၀ရောက်တော့ သူနှင့်ကျနော် သူငယ်ချင်းတွေဖြစ်ခဲ့ပါပြီ။ သူက ကျနော်အမြဲကြောက်ရသော၊ ကျနော့်ကို ဗိုလ်ကျတတ်သော ခပ်ဆိုးဆိုးသူငယ်ချင်း။ လကုန်ရက်တွေဆို ကျနော့်ပိုက်ဆံအိတ်ထဲဝင်ဝင်ပုန်းတတ်သောသူ့ကို ကျနော်အရမ်းမုန်းသည်။ သူကတော့ သူအကျင့်ကို နည်းနည်းမှမပြင်ခဲ့ပါ..။ထိုသို့ဆိုးသော ကျနော့်သူငယ်ချင်း ဗလာဆိုတဲ့ကောင်။ ငယ်ငယ်က နားမလည်ခဲ့သော ဗလာကိုကျနော် ထိုအချိန်များမှာတော့ ကောင်းကောင်းနားလည်တတ်စပြုခဲ့ပါပြီ..။
စနစ်ဆိုးတစ်ခုအောက်မှာ ဘယ်သူတွေအဦးဆုံး စတေးခံနေရပါသလလို့ ကိုယ်ဟာကိုပြန်မေးမိတဲ့ အချိန်မှာကျနော် ရန်ကုန်တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်နေပါပြီ ။
ကျနော်တက်ခွင့်ရခဲ့သောကျောင်းမှာ မပျော်ပိုက်တိုင်း ကျနော်ထိုင်ဖြစ်တဲ့ဆိုင်က တောင်ငူဆောင်အရှေ့က ဦးချစ်ကန်တင်း။ ကြွေကျနေတဲ့ ရွက်သေတွေ ကိုငေးရင်း ၊ ကိုနေ၀င်းရဲ့ နောက်ဆုံးအိပ်မက်သီချင်းကိုခံစားနားထောင်ရင်း၊ ခံစားချက်အချို့ကို အဖန်ရည်နဲ့ မျောချရင်း နေတတ်ဖို့ကြိုးစားခဲ့တဲ့ အခိုက်မှာ ဗလာကောင်ကိုနာကျည်းခဲ့ရပါတယ်။ ဗလာကောင်ရယ်လေ.. လူငယ်တစ်ချို့ရဲ့ ခေါင်းထဲမှာ၊ လူငယ်တစ်ချို့ရဲ့ နှလုံးသားထဲမှာ၊ သူတို့ရှေ့က  အနီရောင်ဖျော်ရည်တွေထဲမှာ ၊ သူတို့ပါးစပ်ပေါက်တွေကတစ်ဆင့် သူတို့ အသွေးသားထဲထိ ၀င်ရောက်နေရာယူနေကြလို့… ကံ့ကော်တွေသင်းတဲ့ ကျောင်းဝင်းဟာ အကျည်းတန်နေလေရဲ့။ အဲသည့်ခဏမှာ ဗလာကောင်ကြောင့် ကျနော့်ပါးပြင်ဟာ မျက်ရည်တို့စွန်းခဲ့ပေါ့။ ကျနော့်ကဗျာဟာ ပါးပြင်ထက်မျက်ရည်တို့ဝဲခဲ့ပေါ့…
“There ....
Chairs are empty
Also the tables
Surrounded by deserted chairs
O, see !
The atmosphere of real tranquility at
frequent dawns and twilights within the infinite beauty,
the lives of the Tables and Chairs in fearful silence…
The empty man is drinking tea from empty bowl with the empty hands indeed.
Empty cup after another, having and having, no more tea came out but finally instead,
Only my tears raining onto the table falling through my pale cheeks
And those tears form into a verse and fly into the sky reading itself
Letting me free from falling from any vows
Actually, I never love to take those tea of sorrows,
I do not want to puff those smokes of hopelessness.
I do not desire to sit at the cafe of sadness.
I do not wish to enjoy those evenings of depression.”
အယ့်သည်နေ့ကစလို့ ကျနော်သိလိုက်တာကကျနော်တို့အိပ်ကပ်ထဲ ဗလာကောင်ဝင်မလာဖို့ထက် ကျနော်တို့ နှလုံးသားထဲ ..အို…ကျနော်တို့ ဦးနှောက်တွေထဲဗလာကောင်ကို အ၀င်မခံသင့်ဘူးဆိုတာပါပဲ ..။
ကျနော်ခရီးတွေထွက်ခဲ့တယ်..။ ဂျစ်ပစီတစ်ယောက်လို…။ ကြိုးကြာငှက်တွေလို..။ တိမ်လို..။ လေလို..။ ကျနော်ဗလာကောင်နဲ့ ရဲရဲဝံ၀ံရင်ဆိုင်ခဲ့တယ်..။ ကျနော့်စီတိတ်တိတ်ကလေးဝင်လာတတ်တဲ့ဗလာကောင်ကို ပေါ်ပေါ်တင်တင်တွေ့ ရဖိုကျနော်ရွေးချယ်ခဲ့တဲ့နေရာတချို့က အ၀တ်ဗလာနဲ့ ကလေးတွေနေတဲ့အရပ်စီပါ။ တချို့ ကအပေါ်ပိုင်းဗလာလေးတွေ၊ တချို့ကအောက်ပိုင်းဗလာ… တော်တော်များများကတော့ ခြေထောက်ဗလာလေးတွေ..။
ဆရာတော်ဘုရားကမိန့်တယ်..။ အရင်ကဆိုသူတိုမျက်လုံးတွေဟာဗလာလေးတွေပါတဲ့ …။ ရင်ခွင်ဗလာ… နွေးထွေးမယ့်လက်မရှိ..နှစ်သိမ့်မယ့် စကားလုံးမရှိသော .. မျှော်လင့်ချက်မဲ့ .. မျက်လုံးဗလာလေးတွေတဲ့လေ….။ အေရာဝတီမြစ်ကြီးကိုပျာရည်မြစ်ဖြစ်အောင်လုပ်လို့ …ပဲခူးရိုးမတောင်တန်းကြီးကိုပေါင်မုန်ကြီးအဖြစ်ဖန်တီးပေးလိုက်လို့ သူတိုရဲ့ဗလာဝမ်းဗိုက်ကလေးတွေဖြည့်စည်းပေးလိုက်ရမှာလား ….။ သူတို့ရဲ့ ဗလာမျက်လုံးဗလာနလုံးသားတွေအတွက်ရော… ကျနော် တိုးတိုးလေးညည်းလိုက်မိပါတယ် … မလင်းပြာရေ… လမ်းရဲ့သယ်ဆောင်ရာ ..လမ်းရဲ့သယ်ဆောင်ရာတဲ့လား…..။ ။
ဟိုးအဝေးက တေးသံတပိုင်းတစကတော့ ကျွန်တော့နားအစုံလာရောက်လှောင်ပြောင်လို့…..
“ငယ်စဉ်က ကလေးတို့ဘ၀ဟာ ..ပျော်ပါးဖို့ရာလွယ်ပါတယ် …. “………
ကလေးအားလုံးပျော်နိုင်ကြပါစေလေ…………။
လင်းပြာ.။၊၊
("Empty Tables With Deserted Chairs"by kyawwuna အားခံစားပါသည်)
Saturday, December 29, 2012
စာဖတ်တတ်ရဲ့လား
 စာဖတ်တတ်ရဲ့လား
စာဖတ်တတ်ရဲ့လား.....-  ဟုမေးလျှင်
ဟာ....ဖတ်တတ်တာ ပေါ့  ဟု ဆိုကြပေလိမ့်မည်။ ဟိုက်စကူးမှ ဘီအေ၊ အမ်အေ အောင်သူတို့အား  ဤမေးခွန်း မေးမိပါမူ မေးသူကို အမေးခံရသူက ရိုက်ပစ်လိုက်ချင်ပေလိမ့်မည် ။ စာဖတ်တတ်လျှင် စာဖတ်တတ်သည်ဟု သာမန်အားဖြင့် ဆိုနိုင်စေကာမူ စာဖတ်တတ်ဖို့ကား လိုပေသေးသည်။
 စာတတ်တိုင်း စာဖတ်တတ်သည် ဟု မဆိုသာပေ။  အတန်းစာဖတ်၍  စာမေးပွဲ အသီးသီး အောင်မြင်သော်လည်း  စာဖတ်ဖို့ လိုသေးသည် ဟု  ဆိုရမည် မှာ အတော်ပင် အားနားစရာကောင်းလှ၏။ စာပေက မိမိအား ဘ၀အကျိုးပေး မွန်မြတ်အောင် အကျိုးပြုပါမှ စာဖတ်တတ်သည် ဟု ခေါ်ချင်ပါသည်။
အကျိုးပြုသော စာပေကို ရွေးချယ် ဖတ်တတ်မှသာလျှင် စာဖတ်တတ်သည် ဟု ဆိုနိုင်ပါလိမ့်မည်။
စာကို အပျင်းပြေသဘောမျိုးနှင့်သာ အဖတ်များကြသဖြင့် ပြောရမှာ ခက်လှပါသည်။ စာကိုဗဟုသုတ ပွားရန်ဖတ်ခြင်းကိုပင် စာဖတ်တတ်သည်ဟု မခေါ်ချင်လှသေးပါ။ စာကိုဖတ်၍ မိမိ၏ ဘ၀၌ ထူးကဲသောအကျိုးများ ခံစားရပါမှ စာဖတ်ရကျိုး နပ်ပေမည်။
ထိုစာမျိုးကိုဖတ်မိအောင် ရှာဖွေကြိုးပမ်း၍ ဖတ်မှသာလျှင်  စာဖတ်တတ်သည်ဟု ခေါ်ပါရစေ။
        အချို့သော ပုဂ္ဂိုလ်တို့သည်စာကို စနစ်တကျ ဖတ်ကြသည်။ ပညာရပ် အသီးသီး တို့ကို တစ်ခုပြီး တစ်ခု တတ်နိုင်သလောက် အကုန်အစင် ဖတ်ကြသည်။ ဥပမာ အရှေ့တိုင်း ဒသနိကဗေဒ ကို  ကျကျနနသိအောင် ထိုပညာရပ်နှင့် ပတ်သက်သည့် စာအုပ်များကို စုဆောင်း၍ ပြီးအောင် ဖတ်ပစ်လိုက်သည်။ မှတ်စုမှတ်ရာများထုတ်၍  ပြန်လည်သုံးသပ်သည်။
ယင်းသို့ ဖတ်ခြင်းသည် ကောင်းပါ၏။ ပညာဗဟုသုတ ရှားမှီးရုံသာ ဖြစ်သဖြင့် မိမိ၏ဘ၀၌ သာမန်အကျိုးများကိုသာ ပေးနိုင်စွမ်းသည်။
ပညာရှိ တစ်ဦးဖြစ်ရန် အကြောင်းလမ်းများ ရှိသဖြင့် လောက၌ အကျိုးဖြစ်ထွန်းသည် ဟု ဆိုနိုင်ပါသည်။ သို့ရာတွင် သူ့ဘ၀ အကျိုးကျေးဇူးမျိုးကို ပေးနိုင်ဖို့ ခဲယဉ်းသည်ဟု ဆိုချင်ပါသည်။
 စာပေကို ပညာရပ်အဖြစ် ဖတ်ရှုလေ့လာခြင်းသည် စာပေပညာရှိကြီး တစ်ဦး ဖြစ်ဖို့  အကြောင်းလမ်း ပေါ်ရုံမျှသာဖြစ်သည်။ ဘ၀ အကျိုးပေး ကောင်းမွန်စေနိုင်သည် ဟု မဆိုသာပေ။
     ဥပမာအားဖြင့် ငယ်စဉ်က အင်္ဂလိပ်ဆန်ပြီး မာနတက်နေခဲ့သော ဂန္ဓီသည် အာဖရိကပြည်၌ ၀တ်လုံလိုက်နေစဉ် မီးရထားပေါ်တွင်  အင်္ဂလိပ်ပညာရှိ စာရေးကြီး  ရွတ်ရပ်စကင်း၏  ( Unto This Last ) စာအုပ်ကို ဖတ်သဖြင့်  သူ၏ ဘ၀ အခြေအနေနှင့် လမ်းစဉ်သည် သိသိသာသာကြီး ပြောင်းလဲသွားလေသည်။
       ဂန္ဒီသည် ထိုစာအုပ်ကို မဖတ်ရသေးခင် အခြားအခြားသော စာအုပ်များကို ဖတ်ရာ၌ ဆင်ခြင်သုံးသပ်မှု အစဉ်ပြုခဲ့သည်...။
သို့ ရာတွင် ထိုစာအုပ်နှင့်ကြုံကာမှ စက်ခလုတ်နှိပ်လိုက်သကဲ့သို့  ရုတ်တရက် ဘ၀လမ်းကြောင်း ပြောင်းသွားတော့သည်...။
စင်စစ် ထိုစာအုပ်တစ်အုပ်တည်းက ဂန္ဒီ၏ဘ၀လမ်းကြောင်းကို ပြောင်းစေသလော....။
 မဟုတ်နိုင်ပေ...။ ထိုစာအုပ်သည် စက်ခလုတ်ပမာမျှသာဖြစ်သည် ။ အစကတည်းက ဂန္ဒီ၏ဆင်ခြင်သုံးသပ်မှုအလေ့သည် သူ့ ဘ၀လမ်းကြောင်းပြောင်းလဲရန် စက်ယန္တရား ဆင်ထားခြင်းပင်ဖြစ်၏...။ ပုံပမာနှိုင်းရလျှင် ဘ၀အစဉ်အဆက်က ဆည်းပူးလာရသော ပါရမီအရှိန်ကြောင့် နောက်ဆုံးဘ၀၌ အချက်ကလေးတစ်ခု ပေါ်လိုက်ရုံနှင့် ရုတ်တရက် အကျွတ်တရားရသကဲ့သို့ ပင်...။
          စာဖတ်ရာ၌ စာတွင်ပါရှိသော အကြောင်းအရာများကို မှတ်သားသည်ထက် မပါသော ၊မဖော်ပြသော အတွင်းခံ အဓိပ္ပါယ်ရှိမရှိကို စူးစမ်းရှာဖွေ၍ ရှိလျှင် ထိုအတွင်းအဓိပ္ပါယ်ကို ဆင်ခြင်သုံးသပ်ရပေမည်...။
အင်္ဂလိပ်ကဗျာဆရာကြီး ၀ပ်ဒ်ဝပ်က ကဗျာတစ်ပုဒ်ကိုဖတ်တတ်ခြင်းသည် ရေးတတ်ခြင်းထက်ပင် ခက်ခဲလှသည်ဟု ဆိုဖူးလေသည် ။
          စာကို အပျင်းပြေ အပျော်တမ်းဖတ်သူတို့ ကို မဆိုလိုပါ ။ အပျော်တမ်းဖတ်ချင် ဖတ်ကြပါ...။ အပျော်တမ်းမျှပင် မဖတ်ချင်ဘူးဟု ဆိုကာ စာအုပ်များကို  လွှင့်ပစ်ချင် လွှင့်ပစ်ကြပါ...။ စာဖတ်ရန် မည်သူကမျှ အတင်းအကြပ် တိုက်တွန်း၍ မရပါ...။
        ဆရာက ဘာတွေလျှောက်ရေးနေတာလဲ...။
ရယ်စရာတွေ ၊ပျော်စရာတွေ ရေးစမ်းပါ...။
ကျွန်မတို့ တော့ စာဖတ်တာ ပျော်ချင်လို့ ပဲ.........ဟု ဘီအေအောင်ပြီးသော မိန်းမပျိုတစ်ယောက်က ကျွန်တော့်ကို ပြောဖူးသည်.။
မကြာခင်ကပင် စာအုပ်ဆိုင်တစ်ဆိုင်တွင် ကျွန်တော်တို့ နှင့် ကျောင်းနေဘက် ဘီအေ၊ ဘီအီးဒီအောင်ပြီး ကျောင်းဆရာမ တစ်ယောက်နှင့်တွေ့ ရာ သူက စာမဖတ်ရလျှင် အိပ်မပျော်ဟု ဆိုသည်..။ ကျွန်တော်က ဘာစာတွေ ဖတ်သလဲဟု မေးသောအခါ သူက စုံထောက်ဝတ္ထုများ နှင့် အချစ်ဝတ္ထုများကို ဖတ်တယ်ဟု ဆိုသည်...။
       စာကို ရွှင်ဆေးအဖြစ်နှင့်သော်လည်းကောင်း ၊ အိပ်ဆေးအဖြစ်နှင့်သော်လည်းကောင်း ၊ ဖတ်ရှုသုံးဆောင်နေသော များစွာသော စာဖတ်ပရိသတ်အား ဖတ်ကြပါ...။ ဖတ်ချင်ရာဖတ်ကြပါ.. ဟုသာ ဆိုပါရစေ...။
     စာကို လေးလေးနက်နက် သဘောထား၍ ဖတ်ချင်သော လူနည်းစုကလေးကိုသာ ကျွန်တော်ဦးတည်၍ ဆိုပါရစေ.....။
ဝတ္ထုပင်ဖြစ်စေ.. ၊ ကဗျာပင်ဖြစ်စေ...၊ ဆောင်းပါးပင် ဖြစ်စေ...၊ ဖတ်လိုရာကို ဖတ်ပါ..။
ဖတ်ရာ၌ မိမိကိုယ်တိုင် တွေးခေါ်ဆင်ခြင်နိုင်အောင် ကြိုးပမ်းဖို့ လိုပါသည်...။ ၀တ္ထုတစ်ပုဒ်ဖတ်လျှင် ၀တ္ထုဆုံးသည်နှင့်တစ်ပြိုင်နက်
သင်၏ အတွေးစပါ ဟု ဆရာတစ်ယောက်က သြ၀ါဒ ပေးခဲ့ဖူးသည်...။ အအိပ်၏အရသာသည် နိုးကာမှပေါ်ပါသည် ၊ ၀တ္ထု၏ အရသာသည်ဝတ္ထုအပြီးတွင်မှ ပေါ်ရပေမည်...။
      ဒီဝတ္ထု သိပ်ကောင်းတာပဲ ၊ လက်က ချလို့ တောင် မရဘူး ဟူသော စကားမျိုးကို ကြားဖူးကြပေမည်....။
မိမိတို့ ကိုယ်တိုင်ပင် ပြောကောင်းပြောဖူးကြပေမည်...။
     ထိုသို့ သော လက်ကချ၍မရနိုင်လောက်အောင်စွဲသော ၀တ္ထုမျိုးနှင့် ပတ်သက်၍ အင်္ဂလိပ်ဝတ္ထုရေးဆရာကြီး အိပ်ခ်ျဂျီဝဲလ် က ဖတ်မိလျှင် မပြီးမချင်း တစ်ထိုင်တည်းနှင့် ဖတ်ပစ်လိုက်စေသော ၀တ္ထုမျိုးမှာ အိပ်မက်နှင့်တူသည်...။ အိပ်မက်သည် အိပ်နေခိုက်သာ ရင်တဖိုဖို ဖြစ်သည်...။ နိုးသည်နှင့်တစ်ပြိုင်နက် ပျောက်ပျက်သွားသည်...ဟု ဆိုလေသည်...။
       စာဖတ်ရာ၌ ဘ၀၏ရင့်သန်မှုကို ဖြစ်စေလေအောင် ဆင်ခြင်မှု ၊သုံးသပ်မှုကို အရင်းပြုအပ်သည်ဟု ထင်မိပါသည်...။
စာဖတ်ပါရမီ မဖြည့်ဆည်းဘဲ အပျော်ဖတ်သဘောမျိုးသည် အစ၌ ကောင်းပါ၏ ။ စာဖတ်တတ်ကာစ၌ အပေါ်ယံစိတ်ဝင်စားမှုကို အခြေတည်ရမည် ..။ သို့ ရာတွင် ဖတ်ပြီးလျှင် တွေးတောဆင်ခြင်ရန် အလေ့အကျင့်ပြုအပ်လှပေသည်...။
         တွေးတောမှု ဆိုသည်မှာ မွေးကတည်းက ပါလာသော အရာမဟုတ်...။ တွေးတောဆင်ခြင်မှု ပြုတတ်သည့်အခါ စာ၏အရသာသည် ပိုမိုလာပေလိမ့်မည်...။ အပျော်တမ်းဖတ်ခြင်းသည် ပျင်းရိငြီးငွေ့ ခြင်း၌ စခန်းရပ်ရန်သာရှိသည်...။
        လေးနက်စွာ ဖတ်ခြင်းသည်ကား အခါမလင့် မွေ့ လျော်ဖွယ်သာ ဖြစ်ပေသည်....။
ဆရာတက်တိုး
Friday, December 28, 2012
ပညာသာလျှင်
ပညာသာလျှင်
ပညာ သမာ အာဘာနတ္ထိ ( ပညာနှင့်တူသော အလင်းရောင်သည် မရှိ )
ပညာ သမံ နတ္ထိမိတ္တံ      ( ပညာနှင့်တူသော အဆွေခင်ပွန်း မရှိ )
စသော ဆောင်ပုဒ်များ ၊ အဆိုအမိန့် များကို ကျွန်တော်တို့  မြန်မာလူမျိုးတို့ သည် နှစ်နှစ်သက်သက် ရေရွတ်တတ်ကြပါသည်....။
မြတ်မြတ်နိုးနိုး ကိုးကွယ်တတ်ကြပါတယ်....။
သို့ သော်.....၊
ကျကျနန ကျင့်သုံးကြပါ၏လောဟု ကျွန်တော် မကြာခဏ သံသယ ဖြစ်မိပါသည်...။
ထိုမျှမက ပညာသင်ပေးသော ဆရာကို ဘုရား၊မိဘတို့ နှင့် တစ်ဂိုဏ်းတည်းဟူ၍ ကိုးကွယ်ရိုသေကြရသော အစဉ်အလာ ရှိသည်မှာ (ကျွန်တော်သိသလောက်) ကျွန်တော်တို့  မြန်မာလူမျိုးတစ်မျိုးသာလျှင် ရှိသည်ဟု ထင်ပါသည်...။ ကိုယ်တိုင်လက်ပူးလက်ကြပ် သင်ပေးသောဆရာကို မဆိုထားဘိ ၊မြင်ဆရာ ကြားဆရာတို့ ကိုသော်မှလည်း ရိုသေအပ်သည်...၊မပြစ်မှားအပ် ၊``ဆရာကာပြန်လို့  အာခေါင်လှံစူး ``ဟူသော အဆုံးအမမျိုး အခြားလူမျိုးများတွင် ရှိမှရှိပါလေစ....။ ကျွန်တော်မကြာခဏ တွေးမိဖူးပါသည်...။
သို့ သော်......ကျွန်တော်တို့ လူမျိုးသည် ပညာ၏တန်ဖိုးရှိကြောင်း ဘာဘာညာညာ ဘယ်လောက်ကြီး ရေရွတ်နေကြစေကာမူ ကြံစည်တွေးတောမှုကို ပြုလုပ်တတ်ကြပါ၏လော....၊အားပေးတတ်ကြပါ၏လော..ဟုလည်း မကြာခဏ သုံးသပ်ကြည့်မိပါသည်...။
ယခင့်ယခင်က ပညာကို အရူးအမူး မရှာခဲ့လျှင် ရှိစေတော့....။ ယခုအခါတွင်မူကား ပညာကို အရူးအမူးခုံခုံမင်မင်ကြီး ရှာသင့်ကြပြီ ဖြစ်ကြောင်း တစ်မျိုးသားလုံး နိုးနိုးကြားကြား သတိရှိသင့်ကြပြီဟု ပြောချင်ပါသည်....။
 ကျွန်တော်စာပေဟောပြောပွဲများတွင် အထပ်ထပ်ပြောခဲ့ဖူးပါသော်လည်း စာဖြင့်တစ်ခါမျှ မရေးခဲ့ဘူးသေးသော အကြောင်းအရာ တစ်ခုကို တင်ပြလိုက်ရပါဦးမည် ။ မဆန်းလှပါ...။ ရိုးရိုးကလေးသာ ဖြစ်ပါသည်....။
 ``လူနှင့်တိရစ္ဆာန် မည်သူက သာသနည်း``ဟု မေးလိုက်လျှင် လူကသာသည်ဟူသော အဖြေကို မူလတန်းကလေးများကအစ အလွယ်တကူ ဖြေနိုင်ကြပါသည်...။သို့ သော် လူကတိရစ္ဆာန်ထက် နေရာတကာမှာသာသလား`` ဟု နောက်တစ်ဆင့်မေးလိုက်လျှင်ကား (မူလတန်း ကလေးငယ်များပင်လျှင် ) ခေတ္တ ငိုင်သွားတတ်ပါသည်...။ ပြီးမှမဟုတ်ဘူး ဟူသောအဖြေကို ပေးတတ်ကြပါသည်...။
အကယ်စင်စစ် တိရစ္ဆာန်တွေက လူထက်သာသော နေရာပေါင်းများစွာ ရှိပါသည်...။
ထင်သာမြင်သာတွေကို ပြောရလျှင် လူသည် ဆင်လောက် ခွန်အားမကြီး ၊ မြင်းလောက်မြန်မြန်မပြေးနိုင် ၊ ငါးလောက်ရေမကူးတတ် ၊ ပျားတွေလောက် ညီညွတ်စွာ မနေတတ် ၊ ခွေးလောက် အနံ့ ခံမကောင်း ။
တိရစ္ဆာန်က လူထက်သာသော အချက်တွေ ပြောရလျှင် စာရင်းထိုး၍ ဆုံးနိုင်တော့မည် မဟုတ်...။
 သို့ နှင့်လူက ဘယ်တိရစ္ဆာန်ထက်မဆို သာသောအချက်များကို စူးစူးစမ်းစမ်း လေ့လာကြည့်လိုက်သောအခါ သုံးမျိုးသာရှိသည်ဟု ပညာရှင်များက ဆိုကြပါသည် ။ 
ထိုအချက်များမှာ.....
 (၁) ကျိုးကြောင်း ဆင်ခြင်မှု ပညာရှိခြင်း ၊
 (၂) ကိုယ်ကျင့်တရားရှိခြင်း ၊
 (၃) အလှအပကို ခံစား ဖန်တီးတတ်ခြင်း တို့ ပင်ဖြစ်ပါသည်...။
ဤ သုံးချက်တွင်မူကား လူကို မည်သည့်တိရစ္ဆာန်မျှပင် လိုက်မမီတော့ဟု ဆိုပါသည်...။
 တိရစ္ဆာန် ကြီးကြီးငယ်ငယ် ဟူသမျှကို လူက လွှမ်းမိုးအောင်နိုင်လာခဲ့သည်မှာ ထိုသုံးချက်အနက် မည်သည့်အချက်ကြောင့်နည်းဟု ဆက်လက်စဉ်းစားလိုက်သောအခါ ကျိုးကြောင်းဆင်ခြင်မှုပညာရှိခြင်း ဟူသောအချက်ကို တွေ့ လိုက်မိပါသည်....။
ကျိုးကြောင်းပညာကြီးမားသောကြောင့် လူက ကိုယ့်ထက်ခွန်အားကြီးသောဆင်ကို ချွန်းပေါက်ပြီး သစ်ဆွဲခိုင်းသည်...။ ကိုယ့်ထက်အပြေး မြန်သောမြင်းကို ခွစီးပြီး လိုရာခရီးရောက်အောင် နှင်သည်...။ ကိုယ့်ထက်ရေကူးကောင်းသောငါးကို မျှားယူသည်...။ကွန်ပစ်ဖမ်းသည်။
ကိုယ့်ထက်စည်းလုံးမှုကောင်းသော ပျားကို ဖွပ်စားသည် ၊ မွေးစားသည် ၊ ယခုတော့ ဆင်ထက်ပင် ခွန်အားကြီးမားသော ဝေလငါးများ မျိုးတုံးကုန်မည်စိုးသောကြောင့် တော်ကြပါတော့ ၊မဖမ်းကြပါနဲ့ တော့ ဟု လူအချင်းချင်း တောင်းပန်နေကြရပြီ...။
ကျွန်တော်ဆက်ပြီး စဉ်းစားမိသည်မှာ လူက ကျိုးကြောင်းပညာကြီးမားသောကြောင့် တိရစ္ဆာန်အားလုံးကို လွှမ်းမိုးအနိုင်ယူခဲ့ပါသည် ဆိုလျှင် ``လူအချင်းချင်းကော`` ဟူသောမေးခွန်းပင် ဖြစ်ပါသည်...။
  သမိုင်းတစ်လျှောက်ကိုကြည့်လျှင် အလွန့် အလွန်ရှေးကျသော သမိုင်းဦးကာလတွင် ခွန်အားဗလကြီးသူက ငယ်သူကို အနိုင်ယူတာမျိုး ၊ အုပ်စုကြီးက အုပ်စုငယ်ကို အနိုင်ယူတာမျိုး ရှိခဲ့သော်လည်း လူနေယဉ်ကျေးမှု မြင့်လာသည်နှင့်အမျှ  ပညာကြီးသူက ပညာနည်းသူကို အနိုင်ယူလွှမ်းမိုးလာခဲ့သည်သာဖြစ်သည်...။
 ကျွန်တော်တို့  မြန်မာလူမျိုးတွေ ကျွန်ဖြစ်ခဲ့ရသည်ကို မကြာခဏ ပြန်စဉ်းစားမိသည်...။ ဆရာမြသန်းတင့်၏ ``တောင်သမန်ရွှေအင်းက လေညင်းဆော်တော့`` ကို ပြန်ဖတ်ရင်း ``ငါတို့ ခေတ်သစ်သိပ္ပံပညာ မတတ်ခဲ့လို့ `` ဟူသော အတွေးမကြာခဏပေါ်ကာ ခံပြင်းစိတ် တဖွားဖွား ဖြစ်ပေါ်မိပါသည်...။ သီပေါမင်း ပါတော်မူသွားပြီးနောက် မြန်မာ ၊ရှမ်း ၊ချင်း ၊ ကယား စသော ပြည်ထောင်စုသားများ သူ့ ကျွန်မခံ တွန်းလှန်ခဲ့ကြပုံကို စိတ်အားထက်သန်စွာ ဖတ်ရသည်...။ သို့ သော်....ခေတ်သိပ္ပံပညာ အားနည်းမှုကြောင့် နောက်ဆုံးတွင် ထိုအာဇာနည်များ အရေးနိမ့်ခဲ့ပုံကို ဖတ်လိုက်ရသောအခါတွင်လည်း ပညာ ဟူသော စကားလုံးကြီးက ကျွန်တော့်ရင်ကို ထုနှက်နေပြန်ပါတော့သည်...။
လူတစ်ဦးချင်း ဘ၀မှာ ဖြစ်စေ ၊ လူမျိုးတစ်ရပ်အနေနှင့် ဖြစ်စေ ၊ နိုင်ငံတစ်ခု အနေနှင့် ဖြစ်စေ ပညာမြင့်မှသာလျှင် အနေတင့်မည် ဖြစ်ပါသည်....။
ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီက စာရေးဆရာမင်းဆွေက မြန်မာ့ဂီတကို အားပေးသော အနေနှင့် သွေးဟူသော ၀တ္ထုတွင် ``ဂီတသာလျှင် လူမျိုးသာမည် ။ ဂီတချာလျှင် လူမျိုးချာမည်`` ဟူသော ဆောင်ပုဒ်ကလေးကို ရေးသားကြွေးကြော်ခဲ့ဖူးပါသည်...။
ယခုအခါတွင်မူကား ပညာသာလျှင် လူမျိုးသာမည် ၊ ပညာချာလျှင် လူမျိုးချာမည် ဟု ကြွေးကြော်ရမည့် အချိန်သို့ ရောက်နေပြီဟု အဆိုပြုလိုက်ရပါသည်.....။                                   ။
ရည်ညွှန်း ။          ။ 
ဆရာဦးအောင်သင်း
Thursday, December 27, 2012
စိတ်ငြိမ်းချမ်းရေးအတွက် လမ်းဖွင့်ထားသော မြန်မာပြည်
စိတ်ငြိမ်းချမ်းရေ ခရီးသည်များအတွက် လမ်းဖွင့်ထားသော မြန်မာပြည်
သူတို့ရဲ့  သက်သက်သာသာ အလုပ်မှ အနားယူထားတဲ့ တစ်နေ့တာလုပ်ငန်း အချိန်ဇယားကို ကြည့်လိုက်ပါဦး  နံက် ၃-နာရီ အိပ်ယာမှထပြီး ည ၁၁-နာရိမှ အိပ်ယာဝင်ရတယ်။ မိတ်ဆွေများနဲ့ လုံးဝစကား မပြောပဲ တယောက်တည်း ငြိမ်သက်းခြင်းဖြင့်  တနေ့တာကို ကုန်လွန်စေပါတယ်။
ဒါကတော့  ရန်ကုန် မဟာစည် သာသနာ့ရိပ်သာမှာ နိုင်ငံခြား ယောဂီများရဲ့ တစ်နေ့တာ လုပ်ငန်း စဉ်ဖြစ်ပါတယ်။
မဟာစည်ဆရာတော် တည်ထောင်ထားတဲ့ မဟာစည်သာသနာရိပ်သာဟာ  မြန်မာဗုဒ္ဓဘာသာဝင်များ သက်သက်သာမဟုတ်ပဲ ဗုဒ္ဓရဲ့ တရားထိုင်နည်း စနစ်ကို လေ့လာလိုသူတိုင်းအတွက် အမြဲတမ်း တံခါးဖွင့်ကြိုဆိုနေပါတယ်။
အသက် ၂၃-နှစ်ရှိတဲ့ အမေရိကန် ခရစ်ယန် အမျိုးသမီး Kym Cole ရဲ့ တရားထိုင်းတဲ့ အတွေ့အကြုံကို မေးကြည့်တော့.. “  နေ့တိုင်း  တနေ့ကို ၁၀-နာရီးလုံလုံး တရားမှတ်ရတာဟာ ခက်ခဲ့ပေမယ့် အားထုတ်ရမယ်ဆိုတဲ့ ထူးခြားတဲ့ လုပ်ငန်းတစ်ခုအဖြစ်  ဖြည့်ဆီးခဲ့ပါတယ်။ ကျမ ခံစားရတာကတော့  ပြင်ပကမ္ဘာကို ရောက်နေသလို ခံစားရပြီး။ ကောင်းသော ပြင်ပကမ္ဘာတခုလို့ လည်းခံစားရပါတယ်။
Kym Cole ဟာ  နှစ်ပေါင်း တော်တော်ကြာ သီးခြားကမ္ဘာဖြစ်နေပြီး လတ်တလော ကမ္ဘာလှည့် ခရီးသည်ကို တံခါးဖွင့်ပေးတဲ့ မြန်မာပြည့်ရဲ့  ဓမ္မအတွေ့အကြုံတွေကို လေ့လာခွင့်ရတဲ့ ထောင်ပေါင်း များစွာသော ကမ္ဘာလှည့်  ခရီးသွားများထဲမှာ တဦးဖြစ်ပါတယ်။
မြန်မာပြည်မှာ နိုင်ငံခြား ယောဂီများ စာရင်း အတိအကျ ပြုစုထားခြင်းမရှိပေမယ့် လွန်ခဲ့သော 
၎-နှစ်လောက်ကနှင့် နိုင်းယှဉ်လျှင် နိုင်ငံခြား ယောဂီဦးရေး နှစ်ဆတက်လာတယ်လို့ဆိုပါတယ်။  ကမ္မဋ္ဌာန်း ရိပ်သာများဟာလည်း နိုင်ငံခြားယောဂီးများ တိုးပွားလာမှုပေါ်မူတည်ပြီး  ယောဂီများရဲ့ စာဝတ်၊နေရေးကိုလည်း တာဝန်ယူဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။
ဘားမားလို့ ထင်ရှားတဲ့ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာလူမှုအဖွဲ့အစည်းတွေ ၊ ရဟန်းသံဃာတွေနဲ့  ဖွဲ့စည်းထားတာကို တွေ့ရပါတယ်။ ဘုန်းတော်ကြီးကျောင်းနဲ့ စေတီပုထိုးများဟာ မြန်မာနိုင်ငံရဲ့ အမှတ်အသား တစ်ခုပါပဲ။
ရှေးပုဂံခေတ် ကတည်းက စေတီပေါင်း တစ်သောင်းကျော် တည်ဆောက်ခဲ့တယ်လို့ ယုံကြည်ရပြီး စေတီပေါင်း နှစ်ထောင်ကျော်ဟာ ယခုထက်တိုင် တည်ရှိနေပါသေးတယ်။ အချို့မြန်မာ ကလေးငယ်များဟာ ဘုန်းတော်ကြီးကျောင်းမှာ မြန်မာစာ အရေး၊အဖတ်သင်ကြားနေရပြီး၊ များသော အားဖြင့် ဗုဒ္ဓဘာသာပညာရေးကို ကလေးဘဝပညာရေးအဖြစ် လေ့လာ သင်ကြားပေး နေပါတယ်။ 
Kym Cole ဟာ  ၃-လာကြာ  ကမ္ဘောဒီယား ကမာကုရ ဘုရား အဖွဲ့နှင့် လေ့လာမှုပြုလုပ်ပြီးနောက် သူမကိုယ်တိုင် စိတ်ကို ရှင်းရှင်လင်းလင် ကြည်လင်အောင်ပြုလုပ်ချင်ပါသေးတယ်လို့ ဆိုပါတယ်။  Kym Cole ဟာ မြန်မာနိုင်ငံ  ပြင်ပကမ္ဘာကို တခါးဖွင့်ပြီး ကြီးကြီးမားမာ ပြောင်းလဲမှု မဖြစ်ခင် ဝိပဿနာ ယောဂီ ခရီးသည် တစ်ယောက်အဖြစ် အတွေ့အကြုံတွေ အများကြီးလေ့လာ ချင်ပါတယ်လို့ ဆိုပါတယ်။
“ခရီးသွားတွေဟာ နိုင်ငံကို အကြီးအမား ပြောင်းလဲစေနိုင်ပြီး ကျမရဲ့  စိတ်ကို စွဲကျန်စေတဲ့အရာ ကတော့ မြန်မာနိုင်ငံရဲ့ ယုံကြည်ကိုးကွယ်မှုဟာ အချိန်ပိုင်းအတွင်းမှာ အနောက်တိုင်းယဉ်ကျေးမှုနဲ့ အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုများက လွမ်းမိုးပြီး ပျောက်ကွယ်သွားမှာ ဆိုတာပါပဲ။”
Kym Cole ဟာ မြန်မာပြည်  နှစ်ပေါင် ၂၀ ကျော် စစ်တပ်က ရက်ရက်စက်စက် အုပ်ချုပ်စဉ်ကာလ က မြန်မာပြည်ကို သွားရောက်ခြင်းမရှိခဲ့ပါဘူး။ “ ကျမ မြန်မာပြည်မှာ ရှိနေခြင်းဟာ စစ်အစိုးရကို   ထောက်ခံရာ အားပေးရာ ရောက်လို့ပါတဲ့”
မြန်မာ့အတိုက်ခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မြန်မာ့ ပါလီမန်မှာ ဒီလ စောစောပိုင်းက နေရာ ရလာခြင်းက  နှစ်ပေါင်း ၂၀-ကျော်ကြား ဒေါ်အောင်ဆန်းစုကြည်ကို   နေအိမ် အကျယ်ချူပ်ချထာတဲ့ စစ်အစိုးရကို ထောက်ခံအားပေးဖို့  နိုင်ငံခြား ခရီးသွားတွေကို အချက်ပြလိုက် သလိုပါပဲ။ 
ဒါပေမယ့် အသစ်တက်လာတဲ့ အရပ်သားအစိုးရ ပြီးခဲ့တဲ့နှစ်က ကျမ်းသစ္စာကျိမ်ဆိုပြီးသော်လည်း စစ်တပ်ရဲ့  သြဇာသက်ရောက်မှုက ရှိနေဆဲပါပဲ။ သို့သော်လည်း  ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာခြင်းက  နိုင်ငံခြား ခရီးသွားတွေရဲ့ စိတ်ပျက်မှုကို လျှော့ကျစေပါတယ်။
မြန်မာပြည် မဟာစည်သာသနာရိပ်သာမှာရှိတဲ့ ဆရာတော် အရှင်ဝေဠုရိယ အမိန့်ရှိတာကတော့               “ မဟာစည် တရားရိပ်သာတွေ  အမေရိကနဲ့ ဥရောပနိုင်ငံများမှာ ထင်ရှားပြီး ဋ္ဌာနခွဲပေါင်း ၅၀-ကျော် ရှိတယ်။ သို့သော်လည်း ယခုလက်ရှိအခြေအနေအရ နိုင်ငံခြား ယောဂီများဟာ မြန်မာနိုင်ငံကို လာပြီး လက်တွေ့ အတွေ့အကြုံကို လာရောက်ယူနေတယ်” လိုဆိုပါတယ်။
ဆရာတော် ထပ်မံအမိန့်ရှိတာကတော့ .. ဝိပဿာနာ ပွားများဖို့မှာ ဘာမှ ထူးထူးခြားခြာ စိတ်ပိုင်းဆိုင်ရာ အသိအမြင်ရှိဖို့ မလိုအပ်ပါဘူးလို့် အမိန့်ရှိပါတယ်။
“ မိမိကိုယ်ပိုင် ဝိပဿနာ ဘာဝနာပွားများမှုဟာ ဗုဒ္ဓဘာသာများအတွက် သီးခြားမဟုတ်ပဲ လူသား အားလုံး အတွက်ဖြစ်ပါတယ်။ ဆရာတော်ပြောတာက “ ဝိပဿနာ ဘာဝနာပွားများခြင်းဖြင့်  ဘဝမှာ တကယ့် ပျော်ရွှင်တဲ့ လူတစ်ယောက်ဖြစ်လာမယ်။ တကယ့် ပျော်ရွှင်တဲ့ ဘဝကို ဖန်တီးနိုင်မယ်။  ဘဝကိုရဲ့ အဓိပ္ပါယ်ကို နားလည် သဘောပေါက်မယ်” လို့အမိန့်ရှိပါတယ်။  
http://religion.blogs.cnn.com/2012/05/25/as-myanmar-opens-up-spiritual-tourists-journey-in/#comments
ကိုဘာသာပြန်ပါသည်။
Wednesday, December 26, 2012
တန်ဖိုးသိမှ တန်ဖိုးရှိတယ်
တန်ဖိုးသိမှ တန်ဖိုးရှိတယ်
လောကီရတနာတွေနဲ့ လွဲရတယ်ဆိုရင် တစ်ဘ၀၊ တစ်ခန္ဓာပဲ နစ်နာတတ်တာပါ။
လာကုတ္တရာ ရတနာတွေနဲ့ လွဲသွားလို့ကတော့ သံသရာနဲ့ချီမြီး ဆုံးရှုံးနစ်နာကြမှာပါ။
လောကရဲ့ အမွန်အမြတ်ကို"ရတနာ"လို့ ခေါ်ဆိုပါတယ်။ ရတနာဆိုတာ ပါဠိ စကားပါ။ သူ့ရဲ့ ပင်ရင်းအနက်က " တွေ့ရမြင်ရ ပိုင်ဆိုင်ခွင့်ရသူကို ကြည်လင်ရွှင်ပျ နှစ်သက်အားရ ကျေနပ်မှုကိုဖြစ်စေ ရစေတတ်သောအရာ"လို့ အဓိပ္ပါယ်ရပါတယ်။
ရတနာဆိုတာ ထိုက်တန်မှ"ရ" ၊ မြတ်နိုးစွာပိုက်ထွေးမှ "မြ" တတ်တာမျိုးပါ။ သူနဲ့ မထိုင်တန်ရင် "လွဲ"တတ်သလို သူ့ကို မြတ်နိုးစွာ မပိုက်ထွေးရင်လည်း "ခွဲ"သွားတတ်ပါတယ်။
ဒါကြောင့် ရတနာနဲ့ ပတ်သက်၇င် သူ့ရဲ့သဘာဝကို သိပြီး သူ့ကို မြတ်နိုးတန်ဖိုး ထားတတ်ဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ ရတနာတွေရဲ့ သဘာဝကို…
(၁) အလေးအမြတ်ပြုအပ် မြတ်နိုးထိုက်တာကြောင့်ရယ်၊
(၂) အဖိုးအနဂ္ဃထိုက်တန်တာကြောင့်ရယ်၊
(၃) အတုမဲ့ ဖြစ်တာကြောင့်ရယ်၊
(၄) တွေ့ရမြင်ရ ပိုင်ဆိုင်ခွင့်ရဖို့ ခဲယဉ်းတာကြောင့်ရယ်၊
` (၅) အထက်တန်းကျ မြင့်မြတ်သူတွေရဲ့ အသုံးအဆောင်ဖြစ်တာကြောင့်ရယ်၊
ဒီအကြောင်းငါးမျိုးကြောင့်သာ အမွန်အမြတ်=ရတနာလို့ ခေါ်ဆိုသတ်မှတ်နိုင်ပါကြောင်းကို ပါဠိစာပေမှာ အနက်အဓိပ္ပါယ်အကျယ် ဖွင့်ဆိုရှင်းပြထားပါတယ်။
ဒီအချက်အလက်တွေကို အသေးစိတ် စဉ်းစားသုံးသပ်ကြည့်မယ်ဆိုရင် ရတနာတွေနဲ့ ထိုက်တန်တဲ့ အဖိုးတန် နှလုံးသားတစ်ခု ဖြစ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ မိမိတို့ သန္တာန်မှာ ရတနာနဲ့ ထိုက်တန်တဲ့ ကံ၊ ရတနာရဲ့ တန်ဖိုးမှန်ကို သိနိုင်တဲ့ ဉာဏ် ၊ ရတနာရဲ့ တန်ခိုးအရှိန်အ၀ါကို ထိန်းသိမ်းစောင့်ရှောက်ထားနိုင်တဲံ ၀ီရိယ၊ သုံးပါးစလုံး ပြည့်စုံနိုင်ပါမှ "ခြင်္သေ့ဆီဟာ သိင်္ဂီရွှေခွက်ထဲမှာသာ တည်နိုင်တယ်" ဆိုတဲ့ စကားဥပမာ လို အမွန်အမြတ်ရတာဟာလည်း ကိုယ့်နှလုံးသားမှာအစဉ်အမြဲ ကိန်းဝပ် စံပယ် တင့်တယ်နိုင်မှာပါ။
လောကမှာ အဖိုးတန် ရတနာ(၂)ပါးရှိပါတယ်။ လောကီရတနာနဲ့ လောကုတ္တရာရတနာပါ။ လူများစုဟာ စိန်၊ ရွှေ၊ငွေစတဲ့ လောကီရတနာတွေကိုသာ ရတနာအဖြစ်နဲ့ သုံးဆောင်တတ်ကြပြီး ဘုရား၊တရား၊သံဃာ လောကုတ္တရာရတနာတွေကိုတော့ အဖိုးတန် ရတနာအနေနဲ့ မသုံးဆောင်တတ်ကြပါဘူး။ ဒီအကြောင်းကို ဆရာသမားတွေက ပုံဥပမာလေးနဲ့ တင်စားပြီး ပြောပြတတ်ပါတယ်။
တစ်ခါတုန်းက ကြက်မကြီးတစ်ကောင်ဟာ အမှိုက်ပုံတစ်ခုမှာ အစာရှာနေပါ တယ်။ အမှိုက်ပုံထဲမှာ စားစရာ ပိုးကောင်၊ မွှားကောင်း ကလေးတွေ ထွက်ပေါ် လာအောင် ခြေထောက်နှစ်ဖက်နှင့် ယက်ပြီးတော့ ရှာနေတာပါ။ အမှိုက်တွေကို ယက်ယင်း၊ ယက်ယင်းနဲ့ အမှိုက်ပုံထဲက နီနီရဲရဲ ပတ္တမြားခဲကြီးတစ်ခု ပေါ်လာပါတယ်။ ဒီအခါ ကြက်မကြီးက ရတနာကို ရတနာမှန် မသိနိုင်တော့ စားစရာမဟုတ်တဲ့ ဒီပတ္တမြားခဲကြီးကို "တယ်ရှုတ်တဲ့ ကျောက်ခဲကြီးပဲ"ဆိုပြီး နံဘေးကို ယက်ထုတ်ပစ် လိုက်ပါတယ်။ ဒီလို ဘေးထုတ်ခံရလို့ ပတ္တမြားခဲကြီးက တန်ဖိုးလျော့သွားမှာ မဟုတ် ပါဘူး။ တန်ဖိုးမှန် မသိတဲ့ ကြက်မကြီးမှာသာ နစ်နာစရာရှိပါတယ်။ ဒီလိုနဲ့ တန်ဖိုးသိတဲ့ လူတစ်ယောက်က အမှိုက်ပုံနံဘေးရောက်လို့ ပတ္တမြားခဲကြီးကို ကောက်ယူသွားပြီး အသုံးချလိုက်တဲ့အခါ တကယ့်သူဌေးကြီးတစ်ဦး ဖြစ်သွားပါတယ်။
အဲဒီ ပုံပမာလိုပဲ၊ ယခုခေတ် လူသားတွေဟာလည်း စား နေ ၀တ်ကိစ္စအတွက် လောကလူဘုံ အမှိုက်ပုံကြီးထဲမျာ လုယက်ပြီးတော့ စီးပွားရှာနေကြရတာပါ။ အဲဒီလို အလုအယက် စီးပွားရှာဖွေရင်းက (သာသနာတော်ထွန်းလင်းတဲ့ ခေတ်အတွင်းမှာ လူလာဖြစ်တော့ ကံကောင်းထောက်မစွာနဲ့ ) ဘုရား၊ တရား၊ သံဃာ ရတနာ(၃)ပါး တို့ကို တွေ့ကြုံကြရပါတယ်။
ဒီလို တွေ့ကြုံဆုံခွင့် ရကြပေမယ့် မိမိကိုယ်ကိုမိမိ မဟာကံ ထူးရှင်တွေအဖြစ် မမြင်နြိုင်ကြတဲ့ သူတွေက ရတနာကို ရတနာမှန်း မသိနိုင်တော့ "တယ်ရှုတ်တဲ့ ကျော်ကခဲတွေပါ၊ ဒီမှာ မအားသေးဘူး" ဆိုပြီး ဘ၀ထဲကနေ ဘေးကန် ချထားတတ်ကြပါတယ်။
အဲဒီအတွက် ရတာနာသုံးပါးမှာ ဘာမျှမဖြစ်သွားပေမယ့် အဖိုးတန်အခွင့် အရေးနဲ့ လွဲသွားခဲ့ရတဲ့လူတွေရဲ့ ဆုံးရှုံးနစ်နာမှုအတွက်တော့ကိုတော့ အင်မတန်ကြေကွဲ ၀မ်းနဲဖို့ ကောင်းပါတယ်။ ဒီအကြောင်းနဲ့ ဆက်စပ်တဲ့ ဓမ္မပုံပြင်ကလေးတစ်ပုဒ်ကို ပြောပြချင် တယ်။
ဟိုးရှေးရှေးတုန်းက ရွာကြီးတစ်ရွာမှာ ဓမ္မာနန္ဒနဲ့ ဓနာနန္ဒတို့အမည်ရတဲ့ သူငယ်ချင်းနှစ်ဦးရှိခဲ့ဖူးတယ်။ သူတို့နှစ်ဦးဟာ ငယ်သူငယ်ချင်းတွေပီပီ တစ်ဦးအပေါ် တစ်ဦး အင်မတန်မှ ချစ်ခင်ကြင်နာကြတယ်။ သူငယ်ချင်းနှစ်ဦးဟာ ပုဂ္ဂိုလ်ရေး ခင်မင်မှု အရ နှစ်ဦးသား မကွဲမပြား တစ်သားတည်း ဖြစ်ကြပေမယ့် စိတ်ဓာတ်ရေးရာတော့ ကွဲပြားခြားနာနေကြတယ်။ ဓမ္မာနန္ဒက ရင့်ကျင်မှုအားကောင်းပြီး တရားဓမ္မကို ရှာဖွေလိုတယ်။ ဓနာနန္ဒကတော့ အပျော်အပါးမက်မောပြီး ဥစ္စာဓနကို ရှာဖွေလိုတယ် တဲ့။
ဒီလိုနဲ့ သူတို့သူငယ်ချင်း နှစ်ဦးဟာ အရွယ်ရောက်လာတော့ ဓမ္မာနန္ဒက တရား ရှာမယ်ဆိုပြီး သင်္ကန်းဝတ်နဲ့ တောထွက်သါားတယ်။ ဓနာနန္ဒကလည်း စီးပွားရှာမယ် ဆိုပြီး ကုန်သည်တစ်စုနဲ့ မြို့တက်သွားတယ်။ လောကရဲ့သဘ၀ကလည်း ရှာဖွေတာ ကိုပဲ ရတတ်စမြဲပါ ဒါကြောင့် တရားရှာတဲ့ ဓမ္မာန္ဒဟာ တောထဲမှာ ရဟန္တာအရှင်မြတ် တစ်ပါးနဲ့ တွေ့ပြီး တရားတော်ကို သဘောပေါက်ကာ တစ်ပါးတည်း တောရဆောက် တည်နေတော့တယ်။ (၃-၄)နှစ်လောက်ကြာမှ မြိ့ကို တစ်ခေါက်တစ်ခါပဲ ရောက်တတ် သတဲ့။ ရောက်တော့လည်း အချိန်အကြာကြီး နေလေ့မရှိဘဲ တစ်ရက်လောက် နေပြီး လို့ ကိစ္စပြီးတာနဲ့ တောကိုပဲ ပြန်ကြွလေ့ရှိတယ်။
စီးပွားရှာသွားတဲ့ ဓနာနန္ဒကလည်း မြိုံတော်က သူဌေးကြီးတစ်ဦးထံမှာ တပည့်ခံ ပြီး ကြိုးစား စီးပွားရှာလိုက်တာ(၃-၄)နှစ်နဲ့ သူလည်း သူဌေးကြီးတစ်ဦးဖြစ်လာသတဲ့။ ဒီလိုနဲ့ မြို့ပေါ်က သူငယ်ချင်းနဲ့ တောထဲက သူငယ်ချင်းနှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦး ဆုံတွေ့ခွင့်မရဘဲ နေလာလိုက်ကြတာ နှစ်ပေါင်း(၂၀)လောက်ကြာမှာ မထင်မှတ်ဘဲ သူတို့နှစ်ဦးဟာာ ပြန်လည်ဆုံတွေ့ကြသတဲ့။ အဲဒီအချိန်မှာ နှစ်ဦးစလုံးဟာ အသက်(၅၀) ကျော်နေကြပြီပေါ့။
အဲဒါနဲ့ သူဌေးကြီး ဓနာနန္ဒဟာ ငယ်သူငယ်ချင်း ဆရာတော် ဓမ္မာနန္ဒကို ၀မ်းမြောက်ဝမ်းသာ နှုတ်ဆက်ကန်တော့ပြီး နေအိမ်ကို ပင့်ဆောင်ခဲ့ပါတယ်။ သူဌေးကြီး နေအိမ်မှာ တစ်ညကျိန်းစက်စေပြီး နေအိမ်မှာ သီတင်းသုံးနေစဉ်အတွင်း ဆရာတော် ဓမ္မာနန္ဒကို ပစ္စည်းလေးပါးနဲ့ လိုသေသေးမရှိ ပြုစုလှူဒါန်းပါတယ်။ ဆရာတော် ဓမ္မာနန္ဒ ကလည်း သူဌေးကြီး ဓနာနန္ဒကို အနုမောဒနာ ပြုတဲ့အနေနဲ့ တရားတစ်ပုဒ်ဟောကြားချီး မြှင့်ခဲ့ပါတယ်။
တရားစောကြားလို့ ပြီးတဲ့အခါ နှုတ်ဆက်စကားပြောတဲ့အနေနဲ့ "ဒါယကာ သူဌေး ကြီး လောကမှာ တာဝန်သိသူဟာ တာဝန်ရှိတယ်။ တန်ဖိုးသိသူဟာ တန်ဖိုးရှိတယ်။ တရားသိသူသဟာ တရားရှိတယ်။ ဒီစကား(၃)ခွန်းကို မမေ့မလျော့ အမြဲတမ်းနှလုံးသွင်း ပြီး ကျင့်ကြံအားထုတ်ပါလေ"လို့ မှာကြားပြီး တောထဲကို ပြန်ကြွသွားပါတယ်။
ဆရာတော် ဓမ္မာနန္ဒ ပြန်ကြွသွားတဲ့အခါ သူဌေးကြီး ဓနာနန္ဒဟာ စဉ်းစားခန်း ၀င်ပြီး ကျန်ရစ်ပါတယ်။ ဆရာတော် မှာကြားထားတဲ့ စကား(၃)ခွန်းမှာ ပထမစကား တစ်ခွန်းဖြစ်တဲ့ "တာဝန်သိသူဟာ တာဝန်ရှိတယ်"ဆိုတဲ့ စကားကတော့ လောကီစကား မို့ သူနားလည်တယ်။ တာဝန်ဝတ္တရားကို သိနားလည်သူဟာ(တာဝန်မဲ့ မနေလိုသော ကြောင့် ) ရောက်ထာတဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တတ်တာမို့ တာဝန် ရှိနေတယ်ဆိုတာ သူသဘောပေါက်ပါတယ်။
ဒါပေမယ့်" တန်ဖိုးသိသူဟာ တန်ဖိုရှိတယ်"ဆိုတဲ့ ဒုတိယစကားကို သူဝေ့လည် လည် ဖြစ်နေတယ်။ ဒါနဲ့ ဒီစကားနားလည်အောင် သူလက်တွေ့စမ်းသပ်မှုတစ်ခု ပြုလပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ သူဌေးကြီးဓနာနန္ဒဟာ မီးခံသေတ္တာထဲက သူပိုင် တဲ့ အဖိုးတန် စိန် ရတနာတစ်ပွင့်ကို ထုတ်ယူလိုက်ပါတယ်။ နောက်ပြီး သူ့လူယုံ တပည့် ကိုလည်း ခေါ်လိုက်ပါတယ်။
လူယုံတပည့် ရောက်လာတဲ့အခါ သူဌေးကြီးက "ကဲ.. မောင်ရင်၊ ဟောဒီ စိန် တစ်ပွင့်ကို ယူသွားပြီးရင် ဈေးထဲမှာ တွေ့တဲ့သူကို ရောင်းကြည့်စမ်း၊ ရောင်းတဲ့အခါ သူပေးနိုင်တဲ့ တန်ဖိုးထက် နည်းနည်းပိုပြီးတော့ တောင်းပါ။ ပြီးရင် ငါ့ထံလာပြီး အကြောင်းပြန်ပြောပါ"လို့ မှာကြားပြီး ဈေးထဲကို လွှတ်လိုက်ပါတယ်။
သူဌေးကြီးရဲ့ လူယုံတပည့်ဟာ ဈေးထဲရောက်သွားတဲ့အခါ အဦးဆုံး ဖရဲသီး ရောင်း နေသူတစ်ဦးကို တွေ့ပါတယ်။ အဲဒါနဲ့ သူ့ထံသွားပြီး စိန်ပွင့်ကိုပြကာ ၀ယ်ယူ မယ်ဆိုရင် ရောင်းလိုကြောင်း ပြောပြပါတယ်။ ဒီအခါ ဖရဲသီးသည်က ယခု လောလော ဆယ်ဝယ်ဖို့ သူ့မှာ ငွေမရှိသေးကြောင်း၊ တကယ်လို့ ဖရဲသီးနဲ့ လဲလှယ် ရမယ်ဆိုရင် ဖရဲသီး(၉)လုံးအထိ ပေးနိုင်ကြောင်း ပြောပါတယ် သူဌေးကြီးရဲ့ လူယုံကလည်း "ကဲ.. ဒါဆိုရင် နောက်ထပ် တစ်လုံးတိုးပြီး ဖရဲသီး (၁၀)လုံးပေးရင် ရောင်းမယ်လို့ ထပ်ပြော ပါတယ်။ 
အဲဒီအခါ ဖရဲသီးသည်က "ဘာမဟုတ်တဲ့ ဒီကျောက်သေးသေးလေးကို ဖရဲသီး(၉)လုံးပဲပေးနိုင်တယ်။ ရောင်းချင်ရောင်း မရောင်းချင်နေ၊ ဖရဲသီး (၁၀)လုံးတော့ မပေးနိုင်ပဘူးလို့ ပြောပြီး ငြင်းဆိုလိုက်ပါတယ်။
သူဌေးကြီးရဲ့တပည့်လည်း သူ့အရှင်သခင် သူဌေးကြီးထံပြန်လာပြီး ဖရဲသီးသည်နဲ့ ပြောဆိုခဲ့သမျှ ဖြစ်ကြောင်းကုန်စင် အကုန်တင်ပြပါတယ်။ သူဌေးကြီးက ဘာမျှပြန်မ ပြောဘဲ ပြုံးပြုံးကြီးလုပ်ကာ နောက်တစ်ဦးဦးထံ သွားရောင်းဖို့ ဈေးထဲကို နောက်ထပ် စေလွှတ်ပြန်ပါတယ်။
ဒီတစ်ခါတော့ သူဌေးကြီးရဲ့ လူယုံတပည့်ဟာ အ၀တ်အထည်တွေ ရောင်းနေသူ တစ်ဦးထံ ချဉ်းကပ်ပြီး စိန်တစ်ပွင့်ရောင်းလိုကြောင်း ပြောပြပါတယ်။ အထည်သည်က လည်း လောလောဆယ် သူ့မှာ ငွေမရှိသေးကြောင်းနဲ့ အထည်နဲ့ လှဲလှယ်ရမယ်ဆိုရင် အင်္ကျီ(၉)ထည် ပေးနိုင်ကြောင်း ပြောပါတယ်။ သူဌေးကြီးကြီးရဲ့ တပည့်ကလည်း "ကဲ.. ကဲ.. ဒါဆိုရင် နောက်ထပ် အင်္ကျီတစ်ထည်တိုးပြီး အင်္ကျီ(၁၀)ထည်ပေးပါး။ ရောင်း ပါမယ်"လို့ ထပ်ပြောပါတယ်။
အဲဒီအခါ အထည်သည်က "စိတ်မ၀တ်ရလို့ ဘာမျှမဖြစ် ဘူး၊ ဒီအင်္ကျီတွေက တန်ဖိုးကြီးအထည်တွေ၊ ရောင်းချင်ရင်ရောင်း၊ မရောင်းနိုင်ရင်နေ၊ အင်္ကျီကိုတော့ (၁၀)ထည် မပေးနိုင်ပါဘူး"လို့ ပြောပြီး ငြင်းဆိုလိုက်ပြန်ပါတယ်။
သူဌေးကြီးရဲ့ လူယုံတပည့်လည်း ပိုင်ရှင်ဖြစ်တဲ့ သူဌေးကြီးထံ ပြန်လာပြီး အထည် သည်နဲ့ ပြောဆိုခဲ့ရသမျှကို ပြန်လည်တင်ပြပါတယ်။ဒီတစ်ခေါက်လည်း သူဌေးကြီးက ဘမျှ မပြောဆိုဘဲ ရယ်ကျဲကျဲလုပ်ကာ နောက်တစ်ဦးထံ သွားရောင်းဖို့ ဈေးထဲကို ထပ်မံ စေလွှတ်လိုကပါတယ်။
ဒီတစ်ခေါက်တော့ သူဌေးကြီးရဲ့ တပည့်ဟာ ရတနာကုန်သည်တစ်ဦးထံ သွားပြီး ရောင်းပါတယ်။ ရတနာကုန်သည်က စိန်ပွင့်ကို ယူပြီး ကြည့်လိုက်တဲ့အခါ အဖိုးမဖြတ် နိုင်အောင် တန်ဖိုးကြီးတဲ့ စိန်ဖြစ်နေတာကို တွေ့ရပါတယ်ယ။ ဒါကြောင့် သူက သူဌေးကြီး တပည့်ကို "မောင်ရင် ဒီစိန်ဟာ တန်ဖိုးမဖြတ်နိုင်အောင် အဖိုးတန်တဲ့ ရတနာပါ။ ဒီစိန်ရဲ့ တန်ဖိုးနဲ့ ညီမျှတဲ့ ဥစ္စာဓန အကျွန်ုပ်ထံမှာ မရှိပါဘူး။ မောင်ရင် ရောင်းလိုတယ်ဆိုပါက အကျွနိုပ်ပိုင်ဆိုင်သမျှ အားလုံးပေးအပ်ပြီး ၀ယ်ယူလိုပါတယ်"လို့ ပြောပါတယ်။
အဲဒါနဲ့ လူယုံတပည့်ဟာ သူဌေးကြီးထံ ပြန်လာပြီး ရတနာကုန်သည် မှာကြား လိုက်တဲ့အတိုင်း ပြောပြပါတယ်။ အဲဒီတော့မှ သူဌေးကြီးကသူ့တပည့်ကို "မောင်ရင် ငါဟာ ဒီ စိန်ကို တကယ်ရောင်းချင်လို့ ခိုင်းတာ မဟုတ်ပါဘူးကွာ၊ ဒီစိန်ရဲ့ တန်ဖိုးကို နဂိုကတည်းက ငါသိပြီးသားပါ။ ဒါပေမယ့် လူတွေဟာ တန်ဖိုးမှန်ကို သိမြင်နိုင်ရဲ့လား ဆိုတာကို သိချင်စိတ်ရှိတာနဲ့ စမ်းသပ်ကြည့်တာပါ"လို့ ပြန်လည် ပြောပြပါတယ်။
အဲဒီအခါမှာ လူယုံတပည့်ဟာ သူဌေးကြီးရဲ့ ရည်ရွယ်ချက်ကို သိနားလည်သွား သလို သူဌေးကြီးကလည်း ငယ်သူငယ်ချင်းဆရာတော် ဓမ္မာနန္ဒမှာကြားခဲ့တဲ့စကား (၃) ခွန်းရဲ့ အဓိပ္ပါယ်ကို သဘောပေါက်သွားပါတယ်။ "သြော်.. တန်ဖိုးသိသူ ဟာ တန်ဖိုးရှိတယ် ဆိုတာ တယ်မှန်ပါကလား၊ တကယ်တော့ ငါလည်း စိန်၊ ရွှေ၊ ငွေစတဲ့ လောကီရတနာတွေရဲ့ တန်ဖိုးလောက်ကိုသာ သိမြင်နိုင်တာပါ။ လောကကုတ္တရာ ရတနာတွေရဲ့ တန်ဖိုးကိုတော့ မသိမြင်နိုင်သေးပါဘူး။ ဒါကြောင့်သာ ဆရာတော် ဓမ္မာနန္ဒက "တရားသိသူဟာ တရားရှိတယ်"လို့ မိန့်တော်မူခဲ့တာပေါ့။ ဒီနေ့ကစပြီး ငါဟာ လောကုတ္ဆတရာ ရတနာတွေရဲ့ တန်ဖိုးမှန်ကို သိမြင်နိုင်တဲ့ သူဖြစ်အောင် ကြိုးစားအားထုတ်တော့မယ်"လို့ သန္နိဋ္ဌာန်ချမှတ်လိုက်ပါသတဲ့။
ဒီ ဓမ္မပုံပြင်ကလေးက "ရတနာကို ရတနာလို သဘောထားနိုင်မှ ရတနာရဲ့တန်ဖိုး အပြည့်အ၀ ရတတ်ပုံကို" ဖော်ပြထားလိုတာပါ။ ရတနာတွေကို ထိုက်တန်အောင် မဆက်ဆံနိုင်ရင် ရတနာတွေနဲ့ လွဲရတတ်ပါတယ်။ ရတနာကုန်သည်တွေကတော့ "ရတနာတွေကို တန်ဖိုးမှန်အောင် မဖြတ်တတ်ရင် လာဘ်ကန်တတ်တယ်"လို့ ဆိုပါ တယ်။ ယခုအခါ အမြတ်ဆုံးရတနာသုံးပါနဲ့ တွေ့ကြုံဆုံနေကြပေမယ့် ပုံပြင်ထဲက ဖရဲသီး သည်လို ဖရဲသီး(၉)လုံးလောက်ပဲ တန်တယ်လို့ ထင်ကြသူတွေဟာ အပြင်မှာလည်း တကယ်ရှိပါတယ်။ လောကီရတနာတွေနဲ့ လွဲရတယ်ဆိုရင် တစ်ဘ၀၊ တစ်ခန္ဓာပဲ နစ်နာတတ်တာပါ။ လောကုတ္တရာ ရတနာတွေနဲ့ လွဲသွားလို့ကတော့ သံသရာနဲ့ချီပြီး ဆုံးရှုံးနစ်နာကြမှာပါ။ ပုထုဇဉ်ဘ၀ရဲ့ အမိုက်အမဲ၊ အလွဲအမှားတွေကြောင့် သံသရာမှာ နစ်နာခဲ့ရတဲ့ ရပိုင်ခွင် အဆုံးအရှုံးတွေဟာ အသင်္ချေအနန္တပါ။
တကယ်တော့ လောကုတ္တရာ ရတနာတွေဆိုတာ ဘုရား၊ ရဟန္တာ အရိယာ သူတော်ကောင်းတွေရဲ့ ရင်တွင်းထွက် ကျောက်မျက်ရတနာ တွေပါ။ ကမ္ဘာတွေ အသင်္ချေချီကာ ဖြစ်တည်လာခဲ့တဲ့ ပါရမီကောင်းမှု အစုစုတွေရဲ့ အဆီအနှစ်သြဇာတွေပါ။ ဒါကြောင့် လောကုတ္တရာရတနာ ဆိုတာ လောကီရတနာတွေနဲ့ မနှိုင်းယှဉ်သာအောင် ကြီးကျယ်မြင့်မြတ်လှပါတယ်။ ဒီ ဘုရား၊တရား၊သံဃာ ရတနာမြတ်သုံးပါးသည်သာ "လောကဓာတ် တစ်ခုလုံးမှာ အမြင့်မြတ်ဆုံးသော မင်္ဂလာ၊ အဖိုးတန်ဆုံးဖြစ်သော ရတနာ၊ အစစ်အမှန်ဆုံးသော ကိုးကွယ်ရာ"လို့ အသိဉာဏ်နဲ့ လက်ခံပြီး သဒ္ဓါတရားနဲ့ မြတ်နိုးယုယစွာ နှလုံးသားမှာ ပိုက်ထွေးထားနိုင်ခြင်းဟာ ပုထုဇဉ်လူသားတစ်ဦး အဖို့တော့ တကယ့်ကို ကြီးကျယ် ခမ်းနားတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။
တော်ဝင်နွယ်
Tuesday, December 25, 2012
ခွဲခွာချိန်
ခွဲခွာချိန်
ကိုလ်ကတ္တားမြိုတော်၊ဆူဘတ်ချန္ဒရာဘို့စ်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ပြည်တွင်း ထွက်ခွာဆောင်တွင် သူ တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်က မိခင်ဖခင်တို့ကို ပြည်ပထွက်ခွာဆောင်တွင် နှုတ်ဆက်စကားဆိုခဲ့ရသည်။ ဘယ်နှစ်ကြိမ်မြောက်ခွဲခွာခြင်းလည်း သူ မမှတ်မိတော့ပါ..။ မိခင်ကြီး၏ ပုခုံးသားကို ဖွဖွလေး ပုတ်မိတော့ သူ့နှလုံးသားက လှိုက်သွားသည်။ မိခင်ကြီးကတော့ မရှိုက်မိအောင် ထိန်းထားဟန်ရှိသည်..။
အစွမ်းကုန် ပြုံးထားကြသည့်တိုင် ဝေဒနာက္ခန္ဓာလှိုင်းတံပိုးများက တ၀ုန်းဝုန်းတိုးဆောင့်နေကြသည်။
' ဟဲ့ မိဒါရဲ့ နင့်အကိုဦးဇင်းမှာ သုံးစရာပိုက်ဆံရော ရှိသေးရဲ့လား လှူခဲ့ဦးဟဲ့..'' မိခင်က သူ့နှမငယ်ကို စကားတွန့်ထပ်အောင် ပြောသည်။
'' လိုမှပဲ မှာတာပေါ့ ခု သုံးဖို့ ရှိပါသေးတယ်'' ..။ သူက ၀မ်းနည်းနေသည့်ကြားကပင် ဘုန်းကြီးညာဉ်လေးကို မဖျောက်..။ မလိုဘူးဟု အပြတ်မပြောဘဲ နောက်တစ်ခါ မှာစရာရှိရင် အလွယ်တကူမှာရအောင် မယုတ်မလွန် ပြောထားလိုက်သေးသည်။
ဒီလို ခွဲခွာရမယ့် အချိန်မျိုးမှာ သူ့နှမလေးက သူ့အပေါ်စေတနာပိုနိုင်သည်မဟုတ်လား..။ (:D) ''တကယ်မှာနော် ဦးဇင်း'' သူ့နှမလေးက ကတိအထပ်ထပ်ပေးရှာသည်။
သူ့ဖခင်ကြီးက'' ကျောင်းပြီးရင် မြန်မြန်သာ ပြန်ခဲ့ပါတော့ မောင်ပဇင်းရယ်..'' ဟု ပြောရင်း တစ်ဘက်ကို လှည့်သွားသည်။ စစ်ဆေးရေးဂိတ်များဖွင့်နေပြီ..။ ခရီးစဉ်ဦးဆောင်သူ မိတ်ဆွေရဟန်းတော် ရှင်ညာဏိန်က '' ကဲ တွေ့ကြသေးတာပေါ့.." ဟု တစ်ခွန်းတည်းပြောကာ စစ်ဆေးရေးဂိတ်ဆီ ခြေလှမ်းပြင်လိုက်သည်..။ တူတော်မောင် ထင်ညီမင်းစံက ''ဦးကြီးဇော် သွားပြီနော်..' တဲ့..။
ဒီပုဂ္ဂိုလ်လေးက သူ့ကို အားကျကာ သင်္ကန်းဆီးချင်နေသည်..။ သူ့တွင် သူ့ညီအကို အမနှမများက မွေးထားသော မျောက်လောင်းလေးပေါင်း (၁၁)ယောက်တိတိရှိသည်။ တက္ကသိုလ်ဝင်တန်းမအောင်မချင်း သင်္ကန်းမ၀တ်ရ ဟု သူက ဗီတိုသုံးထားသည်။
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးလျင်စိတ်ကြိုက်ရွေးချယ်ကြစေ..။ လောကီဘောင်မှာ မွေ့မလား..။
လောကုတ္တရာချောင်မှာ လေ့မလား..။
(၁၆)နှစ် အရွယ်သည် ရှင်ရဟန်းဘောင်သို့ ၀င်၍ ပညာသင်လျင် ထက်မြက်လျင်မြန်သည့် ဥာဏ်အဟုန်စီးဆင်းမှုရှိသော အကောင်းဆုံးအရွယ်ဟုထင်သည်။ တက္ကသိုလ်ဝင်တန်းအဆင့်ထိ သင်ယူပြီးသော ၀ိဇ္ဇာသိပ္ပံအတွေးခေါ်များက ဗုဒ္ဓအရှင်၏ အဘိဓမ္မာကို အလွယ်တကူ နားလည်စေနိုင်လိမ့်မည်..။ မြန်မာနိုင်ငံနိုင်ငံ၏ ပါဠိပညာရေးတွင် အခြေခံတန်း သုံးတန်းသာရှိလေရာ နှစ်ချင်းပေါက်အောင်မြင်သွားလျင် ရဟန်းမဖြစ်မီ ဓမ္မာစရိယ(စာချ)တန်းသို့ တက်လှမ်းနိုင်ပေလိမ့်မည်။
အကယ်၍ ရဟန်းမခံမီသာသနာ့ဘောင်တွင် မပျော်ပိုက်သောကြောင့် လူဝတ်ကြောင်ဘ၀သို့ ရွေ့လျောမည်ဆိုလျင်လည်း ၀ိဇ္ဇာ သိပ္ပံတက္ကသိုလ်တစ်ခုခုသို့ အချိန်မရွေးပြန်လည်တက်ရောက်နိုင်သည်..။( လေးနှစ်လောက် သာသနာ့ဘောင်မှာ နေကြည့်လျင် ကိုယ်ဘာကောင်ဆိုတာ သိသွားနိုင်သည်မဟုတ်လား...။း) )
ငယ်စဉ်လူမမယ်ဘ၀က သာသနာ့ဘောင်ထဲသို့ ရောက်လာသော သူ့လို ရဟန်းတစ်ပါးအနေဖြင့်တော့ သာသနာချစ်စိတ်တစ်ခုတည်းဖြင့် ကျဉ်းမြောင်းလွန်းစွာ ရေးဆွဲထားသော ပါဠိပညာရေးစနစ်၏ ချွတ်ယွင်းပျက်ကွက်မှုကို မြင်နေခဲ့ပါသည်။
မြန်မာ့ရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ ဗုဒ္ဓဘာသာမိဘများက သာသနာ့အမွေခံကြီးများဖြစ်ချင်ကြသလို သားသမီးများကလည်း မိဘကျေးဇူးကို ဓမ္မဖြင့် ကျေးဇူးဆပ်လိုကြသည် (ဟု ထင်ရသည်။) ထို့ထက်အလွန် ရွာဦးဘုန်းတော်ကြီးများ၏ ကျွမ်းကျင်သော သာသနာပြုခြင်းကလည်း သာသနာ့အမွေခံစိတ်ဓါတ်ကို များစွာ အထောက်အကူပြုခဲ့ပါလေသည်။
ဘုန်းတော်ကြီးကျောင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်လာသော ကလေးငယ်များကို ရွှေကျောင်းပျော်လေးတွေ ဖြစ်အောင် စည်းရုံးနိုင်ခဲ့ကြသည်။ မိဘဆွေမျိုးများကလည်း ''ကိုရင်လေး'' လို့ ခေါ်ရင် '' ဒကာကြီး'' လို့ ထူးနော် ဆိုတာမျိုးဖြင့် ကလေးငယ်၏ စိတ်ကို အရောင်တင်ပေးသည်။ လက်အုပ်ချီမိုးရှိခိုးခံရခြင်းနှင့် မုန့်အမျိုးမျိုး ပိုစားရခြင်းကလည်း ကလေးငယ်၏ ဘ၀င်ကို လေဟတ်စေသည်။
မည်သို့ဖြစ်စေ သူကိုယ်တိုင်လည်း ရွာဦးကျောင်းဆရာတော်၏ သာသနာပြုခြင်းကို ခံလိုက်ရပါသည်။ (ထိုသို့ပင် အစဉ်အဆက်သာသနာပြုခြင်းကို ခံယူခဲ့ကြရဟန်တူပါသည်။) လောကုတ္တရာဘောင်သို့ စောစီးစွာ ၀င်ရောက်ခဲ့ရခြင်းကို သူဂုဏ်ယူသော်လည်း ဘ၀တစ်ခုလုံးအတွက် အာမခံချက်မရှိသော ပညာရေးကိုတော့ စိတ်ပျက်မိလေသည်။ လူဆိုသည်က ဘာသာရေးသတ္တ၀ါသက်သက်မဟုတ်ပေ..။ ဘ၀တစ်လျောက်လုံး သာသနာ့ဘောင်တွင် နေပါမည် ဟု အာမခံ၍ မရနိုင်ပေ..။
လူမမယ်ဘ၀ဖြင့် ရှင်သာမဏေဖြစ်လာချိန်မှစကာ လောကုတ္တရာစာပေသက်သက်မျှကိုသာ သင်ယူခဲ့ကြရသည်။ ၀ိဇ္ဇာ သိပ္ပံ သမိုင်း ပထ၀ီ သင်္ချာ အင်္ဂလိပ်စသော လူ့အခွင့်အရေးရှိသူတစ်ဦးတတ်သင့်တတ်ထိုက်သည့် ခေတ်ပညာရပ်တို့တွင် မျက်စိပိတ်နားပိတ်ဖြစ်ခဲ့ရသည်။
စင်ကာပူနိုင်ငံသူအမျိုးသမီးတစ်ဦးကတော့ သူဘယ်အရွယ်မှာ သင်္ကန်းဝတ်သလဲ ဟုမေး၍ အတိအကျဖြေလိုက်သောအခါ ''လူ့အခွင့်အရေးချိုးဖောက်ခံရတာပဲ '' ဟု လုပ်ချလိုက်သဖြင့် သူခေါင်းကြီးသွားသည်။မိဘဆရာသမားများ၏ ဗြဟ္မစိုရ်တရားကို သူ နည်းနည်းလေးမှ သံသယမဖြစ်သလို ဘယ်တုန်းကမှလည်း မပြစ်မှားဖူးပါ။ သူ မျှော်လင့်သည်က မူဝါဒပြုပြင်ရေးသမားများ၏ အမြော်အမြင်ကြီးသော အပြောင်းအလဲကို ဖြစ်သည်။
ဆယ်ကျော်သက်အရွယ် (ဆိုပါစို့ ၁၆ နှစ်)တွင် ကိုရင်ငယ်လေး၏ အတွေးအမြင်ခံစားမှုတို့က လောကီကို ညွတ်လိုသည်။ ကဗျာကို ခံစားလိုသည်။ ဂီတကို နှစ်သက်သည်။ ဘာသာစကားအသစ်တွေ သင်ယူချင်သည်။ လူငယ်လေးတစ်ဦး၏ ဝေဒနာက္ခန္ဓာညွတ်နူးမှုမျိုးက ဒဂုန်တာရာကြီး၏ ဝေါဒစ္စနေးအပြာဖြစ်လာသည်။
ကဲ လူဝတ်ကြောင်ဘ၀သို့ ကူးပြောင်းချင်လျင် ကိုရင်လေးအောင်မြင်ထားသော ပထမငယ်၊ ပထမလတ်၊ ပထမကြီးဟူသော အာပေါက်အောင် အော်ခဲ့ရသည့် ပရိယတ္တိစာပေများကို မည်သည့်ပညာရေးနှင့် ချိတ်ဆက်ပေးမည်နည်း..။ ဓမ္မာစရိယအောင်ပြီး လူထွက်လျင်ပင် '' ရေးတတ် ဖတ်တတ် '' ထက် မပိုသော အသိအမှတ်ပြုမှုကိုသာ ခံယူရတတ်သည် ဟုသိရသည်.။ စိတ်ပျောင်းလွယ်သည့် အရွယ်တွင် မိဘများကလည်း ပညာရေးတစ်ပိုင်းတစ်စဖြင့် ယောင်ချာချာအိမ်ပြန်ရောက်လာမည့် သားကို မမြင်ရက်ကြပါ...။
ထိုသို့ဖြင့် သာသနာ့ဘောင်တွင် သဒ္ဓါတရားကြဲကြဲဖြင့် မြဲမြံနေကြရသော မိတ်ဆွေရဟန်းတော်များကို သူ သိလာရပါသည်။ သဒ္ဓါတရားက ကြဲရသည့်ကြားထဲ ပညာအားကလည်း နည်းကြဦးမည်ဆိုလျင် သာသနာအတွက် ဘယ်လောက်များ ၀န်ထုပ်ဝန်ပိုးကြီးလိုက်မလဲ..။
အကယ်၍ (လောကုတ္တရာပညာများတတ်ပွန်ပြီးကာမှ) လူထွက်သွားကြမည်ဆိုလျင်လည်း နိုင်ငံအတွက် အသိပညာရှင်များ ဆုံးရှုံးသွားရပြန်သေးသည်။ အသက်မွေးဝမ်းကြောင်းအတွက် ဓမ္မအသိပညာက အာမခံချက်မပေးနိုင်တော့သောအခါ ကာယလုပ်သားဘ၀ဖြင့် ရပ်တည်နေကြရသောမဟာဓမ္မာစရိယနှင့် ပိဋကတ်တစ်ပုံဆောင် စသည့် မိတ်ဆွေရဟန်းလူထွက်အချို့ကို မြင်တွေ့ရသဖြင့် စိတ်မသက်မသာဖြစ်ရသည်။
သူကိုယ်တိုင်သည်ပင်လျင် ပညာတတ်ညာဉ်လေးဖြင့် သာသနာ့ဝန်ကို တအိအိထမ်းနေရခြင်းဖြစ်သည်။ သို့ဖြင့်ပင် တူတော်မောင်များ၏ သာသနာ့ဘောင်စောစောဝင်ရေးကို (ခေတ်မီပါဠိပညာရေးစနစ်ဖြစ်မလာသမျှ) ခွင့်မပြုရန် ဗီတိုသုံးထားရခြင်းဖြစ်လေသည်..။
ဆယ်ကျော်သက်အရွယ်မှာ ရင်ခုန်ကြ..ဂီတအသစ်တွေနဲ့ စီးမျောကြ....။
သဒ္ဓါတရားက နှလုံးသားကို လူးလွန့်စေချိန်မှာ ဓမ္မကို ရှာမှီးကြစေ..။ လောကီလည်း မဆုံးစေနဲ့...။ လောကုတ္တရာလည်း မရှုံးကြစေနဲ့...။
တူတော်မောင် ထင်ညီမင်းစံ၏ ခေါင်းကို သာသာပုတ်ကာ နှုတ်ဆက်လိုက်သည်.။ မင်းကို သာသနာပြုဖို့ စောပါသေးတယ်ကွယ်..။
မဃဒေ၀လင်္ကာသစ်ကဗျာတစ်ပိုဒ်ကို မစိုးရိမ်ဆရာတော်ကြီး မကြာခဏရွတ်ကာ သတိပေးသည်ကို အမှတ်ရမိသည်။
ကာမဘောဂါ၊
လူ့ချမ်းသာလည်း၊
ကင်းကွာဝေးစွ၊
သမဏ၏၊
သုခလည်းဆုံး၊
နှစ်ကျိုးဆုံးလျက်၊
ခေါင်းတုံး(ကတုံး)သာလျင်၊
အဖတ်တင်ခဲ့။။။။
ဆူဘတ်ချန္ဒရာဘို့စ်လေဆိပ်ပြည်တွင်းထွက်ခွာဆောင်တွင် မြန်မာဘန္တေကြီးတစ်ပါး ရုတ်တရက်ခေါင်း ပွတ်မိသွားသည်ကို ကျွတ်စီစီ စကားပြောနေကြသော မဇ္ဈိမသားခရီးသွားတို့ သတိပြုမိလိမ့်မည်ဟု မထင်ပါလေ..။
ဓမ္မဂင်္ဂါ
(၂၃-၁၀-၂၀၁၁)
Monday, December 24, 2012
ဘုရား အနေကဇာတင် Sambodhi Udāna 正覺自說語
               ဘုရား အနေကဇာတင် Sambodhi Udāna
                   Inspired Utterance [after] Self-Awakening
             正覺自說語
(၁)    အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
        ဂဟကာရံ၊ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။
Aneka-jāti sasāram, Sandhāvissam anibbisam,
Gaha-kāram gavesanto, Dukkhā jāti punappunam.
I wandered [through] many births in sasāra, searching for the house builder (craving) [but] found [him] not; repeated birth is suffering.
在生死輪迴當中,我尋找了許多世,
卻找不到造屋者。一再投生的確苦。
(၂)    ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ န ကာဟသိ။
        သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။
“Gaha-kāraka, dittho'si, Puna geham na kāhasi,
Sabbā te phāsukā bhaggā, Gaha-kūtam visankhatam,”
Visankhāra-gatam cittam, Tanhānam khayam-ajjhagā.
O, house-builder! You are seen. You shall not build a house again.
All your rafters are broken. Your ridge-pole is shattered. My mind has attained the unconditioned, obtaining the destruction of craving.
見到你了造屋者!你已不能再建屋。
你所有的椽已斷,你的橫樑已粉碎。
我心已證無為法。已經達到愛滅盡。
၁။    ပုနပ္ပုနံ၊ဘ၀သံသရာ ဖန်ခါခါလျှင် ခန္ဓာဝဋ်ဇာတ် အမြစ်မပြတ် နိုင်ဘဲ။ ဇာတိ၊ ယောနိလေးထွေ လှည့်ပတ်ဖွေလျက် သန္ဓေစွဲမှီ  တည်နေ  ဖြစ်ပွား ရခြင်းသည်။ ဒုက္ခာ၊ သန္ဓေဇာတိ ခန္ဓာရှိလျှင် ဗျာဓိဇရာ မရဏာတို့ မကွာ နာက်ဆက် ၀င်နှိပ်စက်သဖြင့် သက်သက်ချမ်းသာ မဟုတ်ပါဘဲ လွန်စွာညှိုးနွမ်း ပင်ပန်းဆင်ရဲလှဘိ၏။ (တသ္မာ၊ ထို့ကြောင့်။) အဟံ၊ ဘုရားအလျာ သူမြတ်ငါသည်။ ဂဟကာရံ၊ ဒုက္ခယှက်လိမ် ခန္ဓာ အိမ်ကို ကြိမ်ကြိမ်ကြိုးကုတ် တည်ဆောက် လုပ်သည့် အယုတ်တမာ အကြောင်းရင်း သမုဒယသစ္စာဖြစ်သော တဏှာ ယောက်ျား လက်သမားကို။ 
ဂဝေသန္တော၊ လက်သည်စင်စစ် ဘယ်သူဖြစ်ဟု စိစစ် ထောက်လှမ်း စူးစမ်းရှာဖွေလျက်။ (၀ါ) စူးစမ်းရှာဖွေသော ဘုရားအလျာ သူမြတ် ငါသည်။ အနိဗ္ဗိသံ-အနိဗ္ဗိသန္တော၊ တဏှာယောက်ျား လက်သမားကို ပိုင်ခြား ထင်ထင် လင်းလင်းမြင်သည့် သဗ္ဗညုတာ ဥာဏ်မဟာကို သမ္ဘာနုထွေး ငါမရသေး သည်ဖြစ်၍ (၀ါ) ငါမရသေးသောကြောင့်။ အနေကဇာတိ သံသာရံ၊ ဘ၀များစွာ သံသရာကာလပတ်လုံး။ သန္ဓာဝိဿံ၊ ခန္ဓာငါးချက် ဒုက္ခစက်ကို ကြောက်လျက် ပင်လျှင် ငါမခင်ဘဲ သံသရာဝဋ် ချားရဟတ်၌  မရပ်မနား တဖားဖားလျှင် ပြေးသွား ကျင်လည်ခဲ့ရလေပြီ။
    ၂။    ဂဟကာရက၊ ဒုက္ခယှက်လိမ် ခန္ဓာအိမ်ကို ကြိမ်ကြိမ်ကြိုးကုတ် တည်ဆောက်လုပ်သည့် အယုတ်တမာ အကြောင်းရင်း သမုဒယသစ္စာ ဖြစ်သော တဏှာယောက်ျား ဟယ်... လက်သမား။ ဣဒါနိ၊ ဘုရားဖြစ်လာ ယခုအခါ၌။ တွံ၊ သင် တဏှာယောက်ျား လက်သမားကို။ ဒိဋ္ဌော၊ သဗ္ဗညုတ ဥာဏ်ကိုရသဖြင့် ဒိဋ္ဌထင်ထင် ငါမြင်အပ်သည်။ အသိ၊ ဖြစ်ပေ၏။ တွံ၊  သင်တဏှာယောက်ျား လက် သမားသည်၊ ဂေဟံ၊ ဒုက္ခယှက်လိမ် ခန္ဓာကိုယ် အတ္တဘောတည်းဟူသောအိမ်ကို။ ပုန န ကာဟသိ၊ နင့်ခြေ နင့်လက် နင့်အသက်ကို လေးမဂ်လျှံရှိန် ဥာဏ်ပုဆိန်ဖြင့် လေးကြိမ်  ဖြတ်ခုတ် အမြစ်ပြုတ်သည့် သစ်ငုတ်တိုဟန် နင်ဖြစ်ပြီမှန်သောကြောင့် တဖန်ထပ်လှောက် နင်ဆောက်လုပ်နိုင်တော့မည် မဟုတ်ချေ။ တေ၊သင် တဏှာ ယောက်ျား လက်သမား၏။ သဗ္ဗာ၊ တစ်ခုမကြွင်း ခပင်းဥဿုံ အလုံးစုံကုန်သော။ ဖာသုကာ၊ အခိုင်အမာ တည်ဆောက် ခန္ဓာအိမ် တည်းဟူသော ဘုံကွန်းပြောက်၏ ထုပ်လျောက်ဒိုင်းမြား ကိလေသာ အခြင်ရနယ်တရားတို့ကို။ ဘဂ္ဂါ၊ ၀ါသနာ အငွေ့ အသက်နှင့်တကွ အနုသယသတ္တိ ကျန်မရှိအောင် စိစိကြေညက် ငါချိုးဖျက် အပ်လေပြီ။
ဂဟကူဋံ၊ သစ္စာလေးအင် နိဗ္ဗာန်သွင်ကို မြင်ခွင့်မပေး ဝေးသထက် ဝေးအောင် အရေးကန့်လန့် တားဟန့်ပိတ်ကာ အ၀ိဇ္ဇာ တည်းဟူသော အိမ်၏ အထွတ်ကို။ ၀ိသင်္ခတံ၊ မုန့်မုန့်ကြေမွ ငါဖျက်ချအပ်လေပြီ။ စိတ္တံ၊ ကိလေသာဟူ မြူအညစ်အကြေး ကင်းဝေးဖြူလွင် ငါဘုရား၏ စိတ်အစဉ်သည်။ ၀ိသင်္ခါရံ၊ သင်္ခါရ စက်ကွင်း ဒုက္ခခပင်းမှ လွတ်ကင်းရာ အမှန် နန်းနိဗ္ဗာန်သို့။ ဂတံ၊ အာရုံမျက်မှောက် သန္တိဓာတ် သိဒ္ဓိပေါက်သဖြင့် ဆိုက်ရောက် သက်ဝင်မိလေပြီ။ အဟံ၊ သုံးလောက ထွတ်ထား ငါ ဘုရားသည်။ တဏှာနံ ခယံ၊ တဏှာတရာ့ရှစ်ပါး၏ ပျက်ပြား ကုန်ခန်းရာ အာသ၀က္ခယ စတုတ္ထမဂ်ဖိုလ်သို့။ အဇ္ဈဂါ၊ စက္က၀ါရိုက်ခြောင်း တိုက် တစ်သောင်းမှ နတ်ပေါင်းဗြဟ္မာ ကောင်းတင်းငြာလျက် ကြည်သာ ၀မ်းမြောက် ငါ ဆိုက်ရောက်ခဲ့လေပြီတကား။ 
ဆောင်ပုဒ် လင်္ကာ
ပဋိသန္ဓေ၊ ဖန်ဖန်နေရ၊ ဆင်းရဲရအောင်၊ ပြုလှကြိမ်ကြိမ်၊ နှောင်အိမ်ခန္ဓာ၊ ဖန်တီးလာသည့်၊ တဏှာလုပ်သား၊ လက်သမားကို၊ ငါကားရှေးက၊ မမြင်ရ၍၊ ရှည်လှသံသရာ၊ လှည့်လည်ကြာပြီ၊ ခုအခါဝယ်၊ ခန္ဓာငါ့အိမ်၊ ကြိမ်ဖန်များစွာ၊ ဆောက်လုပ်လာသည့်၊ တဏှာယောက်ျား၊ လက်သမားကို၊ မျက်ဝါးထင်ထင်၊ ငါတွေ့မြင်ပြီ၊ သင်နောက်တဖန်၊ ဆောက်ရန်ခွင့်ပိုင်၊ မရနိုင်တော့၊ မြဲခိုင်အခြင်၊ များဖြင်ရနယ်၊ အသွယ်သွယ်ကို၊ ပယ်သတ်လွှမ်းမိုး၊ ငါရိုက်ချိုးပြီ၊ ခေါင်မိုးအ၀ိဇ္ဇာ၊ အထွတ်ပါကုန်၊ လုံးစုံမကြွင်း၊ အကုန်ရှင်း၍၊ လွတ်ကင်းတဏှာ၊ အရဟတ္တာ မဂ် ဖိုလ်၊ ငါကိုယ်တိုင်သာ၊ ရရှိလာပြီ၊ ခန္ဓာအဆုံး နိဗ္ဗာန်တည်း။
 'ယဒါ ဟဝေ ပါတုဘ၀န္တိ ဓမ္မာ၊ အာတာပိနော ဈာယတော ဗြာဟ္မဏဿ။
  အထဿ ကင်္ခါ ၀ပယန္တိ သဗ္ဗာ၊ ယတော ပဇာနာတိ သဟေတုဓမ္မံ'  တိ။
Yadā have pātubhavanti dhammā; Ātāpino jhāyatobrāhmanassa;
Ath’assa kankhā vapayanti sabbā; Yato pajānāti sahetudhamma.
When indeed phenomena become apparent to the religious one who is ardent and meditative, then all his doubts disappear, since he knows the nature of their causes.
正當諸法顯現於精進、禪修的清淨梵行者,
他的疑惑全消失。因為,他慧知有因缘法。 
'ယဒါ ဟဝေ ပါတုဘ၀န္တိ ဓမ္မာ၊ အာတာပိနော ဈာယတော ဗြဟ္မာဏဿ။
  အထဿ ကင်္ခါ ၀ပယန္တိ သဗ္ဗာ၊ ယတော ခယံ ပစ္စယာနံ အဝေဒီ'  တိ။
Yadā have pātubhavanti dhammā; Ātāpino jhāyatobrāhmanassa;
Athassa kankhā vapayanti sabbā; Yato khayam paccayānam avedi.
When indeed phenomena become apparent to the religious one who is ardent and meditative, then all his doubts disappear, since he experiences the elimination of [their] causes.
正當諸法顯現  於精進、禪修的清淨梵行者,他的疑惑全消失。因為,他了知眾
因緣之滅盡。
 "ယဒါ ဟဝေ ပါတု ဘ၀န္တိ ဓမ္မာ၊ အာတာပိနော ဈာယတော ဗြာဟ္မဏဿ။
  ၀ိဓူပယံ တိဋ္ဌတိ မာရသေနံ၊ သူရိယောဝ သြဘာသယ မန္တလိက္ခ" န္တိ။
Yadā have pātubhavanti dhammā, Ātāpino jhāyato brāhmaassa;
Vidhūpayam titthati māra-senam, Suriyova obhāsayamantalikkhan”ti.
“When indeed phenomena become apparent to the religious one who is ardent and meditative, he stands dispelling the hosts of Māra, just as the sun illuminating the sky [dispels darkness].”
正當諸法顯現 於精進、禪修的清淨梵行者,
他站立破魔軍;正如太陽照耀黑暗。