အနစ်နာခံသူ နဲ့ ကိုယ်ကျိုးစွန့်သူ
(၂.၁၀.၂၀၁၂)နေ့က အမေရိကန်နိုင်ငံ၊ လောစ်အိန်ဂျလိမြို့က
ကွန်ဗင်းရှင်းစင်တာ(LACC)မှာ မြန်မာ မိသားစု များနဲ့
ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဟောပြော မေးဖြေပွဲလုပ်တော့ မိမိလည်း အခြား
သံဃာတော် (၁၅)ပါးတို့နဲ့ အတူ ရောက်ခဲ့ဖြစ်ပါတယ်။
အဲဒီပွဲမှာ မေးခွန်းရှင်တစ်ဦးက
“ဒီမိုကရေစီအရေးမှာ
အစောပိုင်းကတည်းက အနစ်နာခံခဲ့ကြသူတွေဟာ ဒီနေ့အချိန်မှာ
လွှတ်တော်ကိုယ်စားလှယ်စတဲ့ နေရာမျိုးတွေမှာ ပါဝင်ခွင့်မရကြဘဲ
ကြားဖြတ်ကာလရောက်မှ ပါဝင်လာ ကြသူတွေက နေရာ ရနေ သလိုမျိုး ဖြစ်နေပါတယ်။ အဲဒါ
အမေစုရဲ့ သဘောထားကို ရှင်းပြပေးပါ”
ဆိုပြီး စာရေး မေးမြန်းပါတယ်။
ဒေါ်စုရဲ့အဖြေကတော့
“ပြည်သူ့အတွက်
ဒီမိုကရေစီအရေးမှာ စွမ်းနိုင်ရာက ပါဝင်ကြတာဟာ အနစ်နာခံကြတာ မဟုတ်ကြောင်း။
သူ့အနေနဲ့ ဒီမိုကရေစီအရေးအတွက် လုပ်ကိုင်ခဲ့သမျှတွေကိုရော၊ ဒီလို
လုပ်ကိုင်မှုကြောင့် သူတွေ့ကြုံ ခံစားခဲ့ရ တာတွေကိုရော၊ ဒါတွေအားလုံးကို
အနစ်နာ ခံနေရတယ်လို့ မခံယူပါဘူး။ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်
ပြည်သူအများအတွက် လုပ်ဆောင်နေတယ်လို့ပဲ ခံယူကြောင်း ရှင်းပြပြီး။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ရွေးတာ ဟာလည်း နေရာနဲ့ တန်အောင်
အရည်အချင်းပြည့်သူများကိုသာ ဓမ္မဓိဋ္ဌာန်ကျကျ ရွေးချယ်သတ်မှတ်ခဲ့ တာဖြစ်
ကြောင်း”
ရှင်းလင်း ဖြေကြားခဲ့ပါတယ်။
အဲဒီနောက် တနင်္ဂနွေနေ့ (၇.၁၀.၂၀၁၂)နေ့မှာ မိမိက “ဒင်းတို့အဖွဲ့”လို့
အမည်ပြောင်ပေးထားတဲ့ သွားဆရာဝန် (dentist)တွေ စုပေါင်းပြီး တစ်အိမ်မှာ
ဆွမ်းကပ်တရားနာပွဲ ပြုလုပ်ကြပါတယ်။ အဲဒီအထဲက တစ်ယောက်က
“ဒေါ်စုရဲ့ အဖြေနဲ့ပတ်သက်ပြီး မိမိရဲ့ သဘောထားအမြင်ကို ပြောပြပေးပါ”
ဆိုပြီး
မေးလာတဲ့အတွက် ငယ်ငယ်တုန်းက ရွာမှာ တွေ့ကြုံခဲ့ရဘူးတဲ့ အဖြစ်ပျက်ကလေးကို
ပြန်ပြောင်းသတိရမိပြီးတော့ သူတို့ကို ပြောပြဖြစ်ခဲ့ပါတယ်။ မိမိ
ပြောဖြစ်ခဲ့တဲ့ အကြောင်းအရာကတော့ -
တော်တော်လေးတော့ ကြာခဲ့ပါပြီ။ မိမိရဲ့ ဇာတိရပ်ရွာမှာ ကြုံခဲ့ရတဲ့
ဖြစ်ရပ်ကလေးပါ။ မိမိနဲ့ ဆွေမျိုးနှစ်ဝမ်းကွဲ တော်စပ်သလို
ရွာဦးကျောင်းဆရာတော်နဲ့လည်း နှမအရင်းက ပေါက်ဖွားလာကြတဲ့ တူ တူမ အရင်းတွေ
တော်စပ်ကြတဲ့ မောင်နှမ လေးဦးတို့ရဲ့ အမွေကိစ္စပါ။ အဲဒီမောင်နှမ လေးဦးထဲမှာ
အကြီးဆုံး အစ်ကိုကြီး ကိုထွန်းလှ ပြီးတော့ ကြားထဲမှာ သုံးဦးက
ပျက်စီးသွားကြတယ်၊ နောက်မှ အငယ်သုံးဦးတို့ အဖတ်တင်လာ ကြတာဆိုတော့
အကြီးဆုံးနဲ့ အငယ်သုံးဦး တို့ရဲ့ ကြားထဲမှာ အသက်က ဆယ်နှစ်ကျော်ကျော်
ခြားနေကြတယ်။ သူတို့ကြည့်ရတာ အစ်ကိုကြီးနဲ့ ညီငယ် နှမငယ် များလို့ မထင်ရဘဲ
ဦးလေးနဲ့ တူ တူမတွေလားလို့တောင် ထင်ရပါတယ်။ အားလုံး အချင်းချင်းလည်း
ချစ်ချစ်ခင်ခင် တွေပါပဲ။
သူတို့ မိသားစုရဲ့ ဖြစ်စဉ်ထဲမှာ အစ်ကိုကြီး အဖအရာလို့ ထင်ရလောက်အောင်
ကြုံခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုလည်း ရှိပါတယ်။ အငယ်ဆုံးသမီး
သုံးနှစ်သမီးလောက်ရှိတဲ့ အရွယ်မှာပဲ ဖခင်ကြီးက ဒုက္ခိတဖြစ်သွားတယ်။ အိမ်က
တောင်သူကြီး လုပ်ငန်းဆိုတော့ ဖခင်ကြီးကလည်း လယ်ယာလုပ်ငန်းခွင်
ကြီးကြပ်လုပ်ကိုင်နိုင်စွမ်းမရှိ၊ လူငှားတွေနဲ့ ချည်းကလည်း လွှဲထားလို့
အဆင်မပြေဆိုတော့ အကြီးဆုံးသားကို တောင်သူလုပ်ငန်းခွင်မှာ
ကြီးကြပ်လုပ်ကိုင်ဖို့ ကျောင်းထွက်ခိုင်းလိုက်ပြီး ဦးလေးလူပျိုကြီးတစ်ဦးနဲ့
တောင်သူ လုပ်ငန်းခွင်မှာ လုပ်ကိုင်စေခဲ့ပါတယ်။ အကြီးဆုံးသား
ကျောင်းထွက်ပြီးတော့မှ အငယ်သုံးယောက်ထဲက အကြီးဆုံးသားက
ကျောင်းစပြီးနေရတာပါ။
အဲဒီတော့ သူတို့ ညီအစ်ကို မောင်နှမတတွေထဲမှာ အစ်ကိုကြီးက တကယ့်ကို
“အဖအရာ”ဖြစ်နေတယ်။ အငယ်သုံးယောက်က လည်း အစ်ကိုကြီးကို တကယ်ပဲ အဖအရာလို
ချစ်ခင်ကြပါတယ်။ အစ်ကိုကြီးကလည်း အငယ် တွေကို ချစ်ခင် ညှာတာပါတယ်။ အငယ်တွေ
သုံးယောက်လုံး ကျောင်းနေနိုင်တဲ့ အချိန်ရောက်မှ ရွာမှာ မူလတန်းကျောင်းဆိုတာ
စပြီးဖွင့်ပါတယ်။ အစ်ကိုကြီးက သူ့ညီငယ် နှမငယ်တွေကို “ငါ့လို
ပညာတစ်ပိုင်းတစ်စ မဖြစ်စေကြနဲ့၊ မင်းတို့ သင်ချင်သပဆိုရင် ဘွဲ့ရသည်အထိ
ဆုံးခန်းတိုင်အောင် သင်ကြ၊ တက္ကသိုလ်ရောက်တဲ့အထိ စရိတ်စကကို ငဲ့နေစရာ
မလိုဘူး”ဆိုပြီး အားပေးပါတယ်။
မြေယာက
ကောင်းလည်း ကောင်း၊ များလည်း များ၊ အလုပ် အကိုင်ကလည်း ကြိုးစားဆိုတော့
တောမှာတော့ ငွေကြေးပြည့်စုံတဲ့ မိသားစုဖြစ်လို့ အစ်ကိုကြီးရဲ့ စကားဟာ
အပြောသက်သက် မဟုတ်ဘူး တကယ်လည်း လက်တွေ့ကျခဲ့ပါတယ်။ ဒါပေမယ့် အငယ်တွေက
ပညာရေးမှာတော့ ဘွဲ့တွေ ဘာတွေ ရတဲ့အထိ ဆုံးခန်းမတိုင်ခဲ့ပါဘူး။
ဆယ်တန်းဆိုတဲ့ တောင်ကို ကျော်အောင် မတက်နိုင်ကြဘဲ ကျောင်း ထွက်ကုန်ကြတယ်။
အစ်ကိုကြီး အိမ်ထောင်ကျတဲ့ နှစ်မှာပဲ အငယ်သုံးယောက် ရှေ့ဆင့်
နောက်ဆင့်ဆိုသလို ကျောင်းထွက်ကြပြီး တစ်အိမ်တည်းမှာ အားလုံး
သင့်သင့်မြတ်မြတ် နေကြတာပါပဲ။ နောက်ထပ် သားတစ်ယောက် အိမ်ထောင်ကျတဲ့
နှစ်မှာပဲ ဖခင်ကြီးက ဆုံးသွားရှာတယ်။ နောက်ထပ်တစ်ယောက်
အိမ်ထောင်ပြုချင်ပြီဆိုတော့လည်း အစ်ကိုကြီးကပဲ အဖအရာ အဖြစ်နဲ့
ထုံးစံအတိုင်း ပြောဆို အိမ်ထောင်ချပေးတာပါပဲ။ အငယ်ဆုံးနှမကျတော့လည်း
မောင်နှံစုံ ထိမ်းမြားလက်ထပ် ပေးရတယ်ဆိုတဲ့ ဓလေ့ထုံးတမ်းအရ မိခင်ကြီးကို
ခေါင်းရင်းမှာ နေစေပြီး အစ်ကိုအကြီးဆုံးတို့ ဇနီး မောင်နှံကပဲ အကန်တော့ခံ
ထိမ်းမြားလက်ထပ်ပေးတာပါပဲ။
အသီးအသီး အိမ်ထောင်တွေ ကျပြီးကြတော့ အငယ်သုံးယောက်ကလည်း အိုးသစ်
အိမ်သစ်တွေ ခွဲသွား ကြတယ်၊ အစ်ကိုကြီး မိသားစုက အမေအိုကြီးနဲ့
အတူတူနေကြတယ်။ အငယ်တွေအတွက် ထိုက်သင့်တဲ့ လယ်ယာမြေနဲ့ ခိုင်းစရာနွားကိုတော့
ကိုယ်ပိုင်လုပ်စားဖို့ ခွဲပေးထားပါတယ်။ မြေပိုင် ယာပိုင်များတဲ့
မိသားစုဆိုတော့ သူများနည်းတူ လုပ်ကိုင်စားသောက်လို့ ရတာပါပဲ။
မိခင်ကြီး ဆုံးပါးလို့ ရက်လည်ပြီးတဲ့ နေ့မှာတော့ အညာကျေးလက်ရဲ့
ထုံးစံအတိုင်း အမွေပြဿနာကလည်း စတော့တာပါပဲ။ အညာကျေးလက်ရဲ့ ထုံးစံအရကတော့
မိဘနှစ်ပါးလုံး ဆုံးပါးသွားကြပြီဆိုရင် ရပ်မိ ရပ်ဖနဲ့ ဆွေမျိုး သားချင်းထဲက
လူကြီးသုံး လေးဦးကို အိမ်မှာ ပင့်ဖိတ်ပြီး အမွေခွဲကြရတယ်။
ဘယ်စာအုပ်ထဲမှာမှ ရေးထားတာ မဟုတ်တဲ့ အမွေခွဲနည်း စည်းကမ်းကတော့ ရှိသမျှ
လယ်ယာမြေတွေကို မွေးချင်း အရေအတွက်အတိုင်း အကြီးဆုံး သားက အကောင်းအဆိုး၊
အနည်းအများ ညှိပြီး အစုအပုံ လုပ်ရတယ်။
ဒီလိုလုပ်ရာမှာ ရပ်မိ ရပ်ဖများကလည်း
မျှတမှု ရှိအောင် ကြီးကြပ်ပြီး အတိုးအလျှော့ လုပ်ပေးကြပါတယ်။
အားလုံးသင့်မြတ်လောက်ပြီဆိုတော့ ခွဲတမ်းသင့်မြတ်မှု ရှိ မရှိ
မောင်နှမအားလုံးကို မေးရတယ်။ အားလုံးက သင့်လျော်လောက်ပါပြီလို့
သဘောတူပြီးတဲ့အခါမှာ ခွဲတမ်း ဝေစုကို အငယ်ဆုံးကစပြီး ကောက်စေပါတယ်။
ချွင်းချက်အနေနဲ့ လက်ရှိနေတဲ့ အိမ်နဲ့ သုံးနေတဲ့ လှည်းနွားစတဲ့ အိမ်တွင်း
ပစ္စည်းများကိုတော့ မိဘနှစ်ဦး ခေါင်းချသွားချိန်အထိ အတူနေစောင့်ရှောက်ပေးတဲ့
သားသမီးကို သီးသန့်ပေးကြတာ များပါတယ်။
အခု ဒီအမွေခွဲတဲ့ ကိစ္စမှာတော့ ဒီအစဉ်အလာ ဓလေ့ထုံးတမ်းကို အကြီးဆုံးဖြစ်တဲ့
အစ်ကိုကြီးက လက်မခံလိုဘူး။ ဒါကလည်း ဘေးလူများ အထင်ကတော့
သွေးသားရင်းဖြစ်တဲ့ အစ်ကိုကြီးရဲ့ သဘောရိုး မဟုတ်ဘူး၊ သူစိမ်းဖြစ်တဲ့
ဇနီးသည်ရဲ့ အကြံဥာဏ်တွေလို့ ပြောကြပါတယ်။ ကျန်တဲ့ အငယ်သုံးယောက်ကလည်း
ဒီလိုပဲ ထင်နေကြ ပါတယ်။
အစ်ကိုကြီးရဲ့ တောင်းဆိုချက်က သူဟာ မိသားစု အားလုံးအတွက်
အနစ်နာခံခဲ့ရသူဖြစ်တယ်။ မြေယာတွေနဲ့ နွားအုပ်ကြီးကို မိဖတွေ
ရောင်းချမစားရဘဲ အခုလို ကျန်ရှိနေခဲ့တာဟာလည်း သူက အနစ်နာခံ
လုပ်ကိုင်ကျွေးခဲ့လို့သာ ဖြစ်တယ်။ သူတို့တတွေ လူလားမြောက်ပြီး အိုးနဲ့
အိမ်နဲ့ ထူထောင်ကြတဲ့ အထိလည်း စောင့်ရှောက်ပြီးခဲ့ပြီ။ လုပ်ကိုင်စားစရာ
မြေယာ လှည်းနွားလည်း အထိုက်အလျှောက် ခွဲဝေပေးခဲ့ပြီဖြစ်လို့ မြေယာကို
ခွဲဝေပေးစရာ မလိုတော့ဘူး။ နွားအုပ်ကိုတော့ ထက်ဝက်ကို သူယူပြီး ကျန်
ထက်ဝက်ကို အငယ်သုံးယောက်ခွဲယူကြရမယ်”ဆိုပြီး အရေးဆိုနေတာပါ။
အငယ်သုံးယောက်ကလည်း အရင်ကတော့ အစ်ကိုကြီး စီမံသမျှ ဘာမှ နှုတ်လှန်ပြောဆိုမှု
မရှိခဲ့ပေမယ့် ဒီကိစ္စမှာတော့ အစ်ကိုကြီးရဲ့ သဘောရိုး မဟုတ်ဘူးလို့
ထင်မြင်ကြတဲ့အတိုင်း လက်မခံဘူး။ ထုံးစံအတိုင်း အိမ်နဲ့ အိမ်တွင်း ပစ္စည်းရယ်
လုပ်ကိုင်နေတဲ့ လှည်းနွားရယ်ကိုပဲ အစ်ကိုကြီး သီးသန့် ယူရမယ်။ ကျန်တဲ့
နွားအုပ်နဲ့ လယ်ယာ မြေကတော့ သူတို့မှာ ရထားသလောက်ပဲ အစ်ကိုကြီး
သီးသန့်ယူပြီး ကျန်တာကို အညီအမျှ ခွဲဝေပေးမှ ကျေနပ်မယ်ဆိုပြီး
ကိုင်နေကြတယ်။ ဒီလိုနဲ့ ရပ်မိ ရပ်ဖတွေလည်း ညှိမရ နှိုင်းမရနဲ့ သုံးရက်လောက်
ကြာသွားတယ်။
အရပ်ထဲမှာလည်း တီးတိုးတစ်မျိုး ကျယ်လောင်တစ်ဖုံဆိုသလို အသံစုံထွက်နေကြပြီ။
အဲဒီထဲမှာ ဦးကြီးတော်ဖြစ်တဲ့ ရွာဦး ကျောင်းဆရာတော် နားမခံသာအောင်
ရောက်သွားတဲ့ အသံကတော့
“မဝလောက်တဲ့
လူတွေ အမွေခွဲတဲ့အခါမှာ င ကြရက်နဲ့ ဒီဘုန်းကြီး အမျိုးတွေကျမှ
ဝလောက်ရက်နဲ့ မင ကြတော့ဘူး၊ အမွေက အမွှေဖြစ်ပြီး ဘုန်းကြီးမျိုးတွေ ဖရိုဖရဲ
ဖြစ်ကုန်ကြတော့မယ်”ဆိုတဲ့ စကားပါပဲ။
ဒါနဲ့ နောက်ဆုံးတော့ ရွာဦးဘုန်းကြီးလည်း မနေသာတော့ဘူး ဆွေထဲ မျိုးထဲက
လူကြီးသူမ လေးငါးဦးလောက်နဲ့ သူ့ တူ တူမတွေကို ကျောင်းခေါ်လိုက်တယ်။
လူစုံပြီဆိုတဲ့အခါ ဘုန်းတော်ကြီး မိန့်ကြားတာကတော့ -
“ဟိုကောင် အကြီးကောင် ထွန်းလှ၊ မင်းက မိသားစုအတွက် အနစ်နာခံခဲ့သူဖြစ်လို့
မိဘရဲ့ ကျန်တဲ့ အမွေတွေကို မင်းကပဲ သဘောကျ ယူမယ်လို့ ပြောနေဆို”
ဆိုပြီး စကားစလိုက်တော့ အကြီးဆုံးကောင် ဘာမှ မလှုပ်တော့ဘူး။ အငယ်တွေကလည်း သူ့ပဲ ဝိုင်းကြည့်နေကြတယ်။
ဆရာတော်ကြီးက
“ထွန်းလှ
.. မင်း အနစ်နာခံတာနဲ့ ကိုယ်ကျိုးစွန့်တာကို ကွဲပြားရဲ့လား။ မင်းဟာ ငယ်ငယ်
ရွယ်ရွယ်နဲ့ ကျောင်းထွက်ပြီး မိသားစု စားဝတ်နေရေးအတွက် လက်ငုပ်လက်ရင်းတွေ
အခြေမယိုင်အောင် လုပ်ကိုင်နေခဲ့တာ ငါလည်း သိတယ်။ မင့်မိသားစု ညီအစ်ကို
မောင်နှမ အားလုံးလည်း သိတယ်။ တစ်ရပ် တစ်ရွာလုံးကလည်း သိတယ်။ သိလို့လည်း
မင်းကို မိသားစုအတွက် ကိုယ်ကျိုး စွန့်သူဆိုပြီး ချီးမွမ်းကြ လေးစားကြတယ်။
အခုတော့ မင်း အဲဒီလို လုပ်ကိုင်စောင့်ရှောက်ခဲ့တာတွေကို မင်းက
“အနစ်နာခံတယ်”ထင်နေသလား။ ဒီလို ထင်နေ ပြောနေရင် တော့ မင်းဟာ တကယ့်ကို
နစ်နာသွားမယ့် အနစ်နာခံသူ ဖြစ်သွားမှာ မင်းမြင်လား။ မှတ်ထား အကျိုးဆောင်သူက
သူများ အကျိုးဆောင်ရင် ကိုယ့်အကျိုးလည်း အောင်တယ်။ အနစ်နာခံတယ်ဆိုရင်တော့
ကိုယ်ကျိုး လည်း နစ်နာမှာပဲ။ ခုဆိုရင်တောင် မင့်အပေါ်ကို အများက “အစကတော့
တော်လှ အောက်မေ့တယ် ခုမှ အကုန်လုံး လက်ဝါးကြီး အုပ်ချင်လို့
ကြိတ်ကြံနေတာကိုး”လို့ ထင်ကုန် ကြရင် အခုချက်ချင်းကို မင်းကိုယ်ကျိုး
မနဲပေဘူးလား။
ကိုယ်ကျိုးစွန့်တာနဲ့ အနစ်နာခံတာကို မင်း ကောင်းကောင်းသဘောမပေါက်ဘူး
ထင်တယ်။ မှတ်ထား ငါပြောပြမယ်။ တို့ဘုရားအလောင်းတော် ပါရမီဖြည့်စဉ်ကာလက
ဖြစ်တော်စဉ် ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထုတွေဆိုတာ ရှိတယ်။ အဲဒီဇာတ်တော်တွေ ထဲမှာ
ဘုရားအလောင်းတော်ဟာ အချို့ဇာတ်တော်တွေမှာဆိုရင် ခြေဖြတ်çလက်ဖြတ်၊
မျက်လုံးဖောက်၊ အစွယ်ဖြတ်စတဲ့ ညှဉ်းဆဲမှုတွေ အမျိုးမျိုး ခံရတယ်။
တချို့ဇာတ်တော်တွေမှာ အသက်သေတဲ့အထိ အညှဉ်းဆဲ ခံရတာတွေလည်း ရှိတယ်။
တချို့ကျတော့ သူတစ်ပါးက ညှဉ်းဆဲတာမျိုး မဟုတ်ဘူး၊ အလောင်းတော်က ဒီလို
အန္တရာယ်တွေ ရှိမှန်းသိလျက်နဲ့ အများအကျိုး၊ အမျိုးအနွယ်ရဲ့ အကျိုးအတွက်
စွန့်စားဆောင်ရွက်ရင်း အင်္ဂါကြီးငယ်တို့ ကိုယ်နဲ့အသက်တို့
စွန့်လွှတ်ခဲ့ရတာတွေလည်း ရှိတယ်ကွ။
ဒီဖြစ်ရပ်တွေမှာ အလောင်းတော်ကို အဲဒီလို ဆုံးရှုံးနစ်နာအောင် ပြုလုပ်သူက
များသောအားဖြင့်တော့ ရှင်ဒေဝဒတ်ရဲ့ အလောင်းချည်း လိုလိုပဲ။ ဒီကိစ္စမှာ
ရှင်ဒေဝဒတ်ရဲ့အလောင်းဘက်က ရည်ရွယ်ချက်ကတော့ ဘုရား အလောင်းတော်ကို
နစ်နာထိခိုက် စေဖို့ဆိုတဲ့ စေတနာထားပြီး လုပ်တာချည်းပဲ။ ဒါပေမယ့်
တို့ဘုရားအလောင်းကတော့ သူ့မှာ နစ်နာသွားတယ်လို့လည်း မခံစားရဘူး။ သူ့ကိုယ်သူ
အနစ်နာခံနေရသူလို့လည်း မမှတ်ယူဘူး။ သူ့ကိုယ်သူ အများအကျိုးကို
ဆောင်ရွက်နေသူ။ သတ္တဝါအားလုံးရဲ့ ဒုက္ခကို ကယ်တင်ကူညီနိုင်တဲ့
သဗ္ဗညုဘုရားရှင်ဖြစ်ရေးအတွက် ပါရမီဖြည့်နေရသူလို့ပဲ ခံယူတယ်။ သူ့အပေါ်
နှိပ်စက်ညှဉ်းပန်းသူနဲ့ ရိုင်းပင်းကူညီသူတွေအပေါ်မှာလည်း ဘယ်တော့မှ
ခွဲခြားသတ်မှတ်ခြင်း မလုပ်ဘူး။ အားလုံး သာတူညီမျှ ဆင်းရဲကင်းကြဖို့၊
ချမ်းသာ ရကြဖို့ဆိုတဲ့ စေတနာမျိုးနဲ့ အမြဲမေတ္တာထားတယ်။ “မိတ်နဲ့ရန်သူ
အတူမခြား၊ တစ်သားတည်း မှတ်ယူကျင့်ကြံတယ်”ဆိုတာ အဲဒါကို ပြောတာပေါ့။ ဒါဟာ
အနစ်နာခံတာ မဟုတ်ဘူး၊ ကိုယ်ကျိုးစွန့်တယ်လို့ပဲ ခေါ်တယ်ကွ။
ဒီလို စိတ်ထားမှန်တဲ့ အတွက်ကြောင့်ပဲ တို့ဘုရားအလောင်းမှာ ဘယ်တော့မှ
နစ်နာသွားတယ်လို့လည်း မရှိခဲ့ပါဘူး။ တစ်ဘဝထက် တစ်ဘဝပါရမီတွေ
ပြည့်ပြည့်သွားခဲ့တာပဲ။ အခုနောက်ဆုံး ဘုရားအဖြစ် ရောက်သွားတဲ့အခါမှာကျတော့
မနစ်နာတဲ့ အပြင် ဘယ်လောက်ထိ မြင့်လည်းမြင့်၊ မြတ်လည်း မြတ်သွားသလဲဆိုရင်
လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့ထက် အဆရာထောင်မကကို မြင့်မြတ်သွားခဲ့တာပဲ
မဟုတ်လား။ အဲဒါ သူလုပ်ခဲ့မျှတွေကို အနစ်နာခံနေရတယ်လို့ သဘောမထားဘဲ
အများအကျိုးဆောင်နေရတယ်။ အများအတွက် ကိုယ်ကျိုး စွန့်လွှတ်မယ် ဆိုတဲ့
သဘောထား စေတနာမှန်ကန်လို့ပဲကွ။
ငါးရာ့ငါးဆယ် ဇာတ်တွေကို ကြည့်ရင် တကယ်တမ်း အနစ်နာခံနေသူက
ရှင်ဒေဝဒတ်အလောင်းပဲကွ။ သူက ဆင်းရဲသားတွေ အပေါ်မှာ မတရားလိမ်ညာလှည့်စားပြီး
ရယူဖို့ ကြိုးစားတဲ့ ရွှေခွက်ကြီးကို ဘုရားအလောင်းက အမှန်အကန် လုပ်ပြီး
ရယူသွားတဲ့ အတွက် မကျေမချမ်းဖြစ်ပြီး ဘဝတိုင်း လက်စားချေမယ်ဆိုပြီး
ရန်ငြိုးထားရာကနေ အခုနောက်ဆုံးဘုရားဖြစ်တဲ့အထိ တို့ဘုရားကို အမျိုးမျိုး
ဒုက္ခတွေ ပေးခဲ့တာ။ တစ်ဘဝစာ တစ်နပ်စာအတွက် အများအကျိုး ဆောင်ရွက်သူကို
ရန်သူလို သဘောထားပြီး နိုင်လို မင်းကား နှိပ်စက်ခဲ့တဲ့အတွက် အပါယ်ငရဲအထိ
နစ်ခဲ့ နာခဲ့ရတဲ့ ဘဝတွေလည်း အများကြီးပဲ။ အခု နောက်ဆုံးဘဝမှာလည်း မင်းတို့
ကြားဖူးကြသားပဲ။ မြေမျိုပြီး အဝီစိအထိ နစ်သွားတယ် မဟုတ်လား။ အဲဒီလို
ကိုယ့်ကိုကိုယ် နစ်ပြီး နာသွားအောင်လုပ်တဲ့ လူမျိုးမှ တကယ် အနစ်နာခံသူ
အစစ်ကွ။
ကဲ … ခုလည်း မင်းပြောစမ်း၊ မင့်ကိုမင်း အနစ်နာခံနေရတယ်လို့ ထင်သေးလား။ အေး
.. အဲဒီလို ထင်ပြီး မင်းက နစ်နာ ကြေးသဘောမျိုးနဲ့ အခုလို အမွေတွေကို
အားလုံးသိမ်းယူလိုက်ရင် ဘယ်သူနစ်နာသွားမလဲ။ ဟိုအငယ်တွေက စည်းစိမ်ဥစ္စာတွေကို
မရလိုက်တာပဲရှိမယ်၊ မနစ်နာဘူး။ မင်းကတော့ အခုလောလောဆယ်ကိုပဲ
မောင်နှမသားချင်းတွေရဲ့ ချစ်ခင်မှုလည်း ဆုံးရှုံးနစ်နာမယ်။ အများကလည်း အရင်က
မင့်အပေါ်မှာ ချစ်ခင်လေးစား ချီးကျူးသမျှတွေ အကုန်လုံး ပြောင်းပြန်ဖြစ်ပြီး
မင်း သူများတံတွေးခွက်ထဲ ပက်လက်မျောရတော့မယ်။ သံသရာမှာလည်း မတရားယူထားတဲ့
အြွေကးတွေကို ဘဝများစွာ ပြန်လည် ပေးဆပ်ရဦးမယ်။ ကဲ အဲဒါကမှ တကယ်နစ်နာသွားတာ
မဟုတ်လား။ အဲဒါ မင်း စဉ်းစားစမ်း။ ငါကတော့ ဝိနည်းသိက္ခာအရ ဟိုဟာ ယူရမယ်၊
ဒီဟာ စွန့်ရမယ်လို့ မင်းတို့ကို မပြောလိုဘူး။ မင်းဟာ မင်းသာ ဆုံးဖြတ်”
ဆိုပြီး ပြောဆို ဆုံးမတော်မူပါတယ်။
ဆရာတော် ပြောနေစဉ်မှာ ဦးခေါင်းငိုက်စိုက်နဲ့ နားထောင်နေတဲ့ ကိုထွန်းလှက
မျက်ရည်တွေ စိုရွှဲနေတဲ့ မျက်နှာနဲ့ ဆရာတော်ကို အလန့်တကြား မော့ကြည့်ပြီး
“တပည့်တော်
လောဘဇောတိုက်ပြီး မှားခဲ့ပါတယ်ဘုရား၊ တပည့်တော် အဲဒီလို အနစ်နာလည်း
မခံချင်ပါဘူး။ တစ်သက်လုံး ချစ်ချစ်ခင်ခင် နေလာတဲ့ ညီအစ်ကို မောင်နှမတွေ
စိတ်ဝမ်း ကွဲပြားတာကိုလည်း မခံနိုင်ပါဘူး။ လူကြီးသူမတွေ
ဆုံးဖြတ်ဝေဖန်ပေးတဲ့အတိုင်း တပည့်တော် ကြည်ကြည်ဖြူဖြူ လက်ခံ ပါတယ်။
ခုလိုပြောတာ မလွှဲသာ မရှောင်သာ မဟုတ်ပါဘူး။ တကယ်ကို စိတ်ရင်းအတိုင်းပါဘုရား”
ဆိုပြီး တုန်တုန် ယင်ယင် လျှောက်ထားပါတယ်။
အဲဒီတော့မှ အငယ်သုံးယောက်ကလည်း တရှုပ်ရှုပ် ငိုကြရင်းက
“အား
… အဲလိုလဲ မဟုတ်သေးပါဘူး၊ ဒီလယ်ယာတွေ နွားတွေဆိုတာ အစ်ကိုကြီးပဲ
ကြိုးစားစောင့်ရှောက်ပြီး တိုးပွားအောင် လုပ်ခဲ့တာတွေပဲ၊ အစ်ကိုကြီးသာ
ကျေနပ်သလိုယူပါ၊ အားလုံး ကျေနပ်ပါတယ်။ ချစ်ခင်လေးစားမှုလည်း မပျက်ပါဘူး”
ဆိုပြီး လုပ်ကုန်ကြပါတယ်။
အငယ်ဆုံးနှမကတော့
“ဒါဟာ
အစ်ကိုကြီးက မတရားတာ မဟုတ်ဘူး၊ ကိုယ့်လုပ်စာလည်း မပါဘဲနဲ့
လောဘဇောတိုက်ပြီး လိုချင်ကြတဲ့ အငယ်တွေကသာ မတရားတာ၊ အငယ်တွေကို ခွဲကို
ခွဲမပေးနဲ့ အစ်ကိုကြီးပဲ ယူရမယ်”ဆိုပြီး လုပ်ကုန်ကြ ရော။
ဒါနဲ့ နောက်ဆုံးတော့ ဆရာတော်က
“ကဲ
… ခုမှ သဲမနေကြတော့နဲ့ နင်တို့ကြောင့် ငါလည်း ကြားထဲက အဆစ်ပါပြီး
“ဘုန်းကြီးမျိုးတွေ”ဆိုတာနဲ့ ကိုင် အတုတ်ခံခဲ့ရပြီ။ ဒီကရှေ့ ဒါမျိုး
မကြားစေကြနဲ့။ ခုလည်း လူကြီးတွေ ကောင်းမယ်ထင်သလို ဆုံးဖြတ်တဲ့အတိုင်း
လိုက်နာကြ။ ကဲ .. သွားကြတော့”
ဆိုပြီး
ပြောလိုက်တော့ အားလုံး ဦးချပြန်သွားကြပါတယ်။ ကျောင်းပေါ်က အဆင်းမှာ
ညီအစ်ကို မောင်နှမတွေ တစ်ယောက်နဲ့တစ်ယောက် ဖက်ပြီး ငိုပွဲကြီးတောင်
ဆင်လိုက်ကြသေးတယ်။ နောက်တော့လည်း အားလုံး အဆင်ပြေသွားကြတယ် ဆိုတာပါပဲ။
ဆက်လက်ပြီး မိမိက -
ဒေါ်စုပြောတဲ့ အထဲမှာ “သူလုပ်ကိုင်ဆောင်ရွက်ခဲ့ရတာတွေ၊
တွေ့ကြုံခံစားခဲ့ရတာတွေအပေါ် အနစ်နာခံနေရတယ်လို့ မထင်ပါ၊
ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ပြည်သူအများအတွက် လုပ်ဆောင်နေတယ်လို့ပဲ
ခံယူပါတယ်” ဆိုတဲ့ စိတ်ထားဟာ ဆရာတော်ကြီးရဲ့ စကားအတိုင်း ပြောရမယ်ဆိုရင်
ဒါဟာ အာဇာနည် စစ်စစ်ကြီးများဖြစ်တဲ့ အလောင်းတော်ကြီးတို့ ထားရှိတဲ့
စိတ်ထားမျိုးပဲဖြစ်လို့ ဒေါ်စုရဲ့စကားကိုလည်း “အာဇာနည် စစ်စစ်ရဲ့စကား”လို့
ဆိုရမှာဖြစ်ကြောင်း ရှေ့ဆက် ပြောဆိုလိုက်ပါတယ်။
တရားပွဲပြီးလို့ ပြန်တဲ့အခါ အဲဒီ ဒင်းတို့အဖွဲ့ဝင်များကပဲ “စောစောက
ဆရာတော် ပြောသွားခဲ့တဲ့ အကြောင်းအရာတွေကို စာတစ်ပုဒ်အဖြစ်
ပြန်ရေးပေးပါ”လို့ တောင်းဆိုကြတဲ့အတွက် အခုလို ပြန်ရေးလိုက်ရတာပါ။
အနစ်နာခံစိတ်များ ကင်းဝေးပြီး ကိုယ်ကျိုးစွန့်စိတ်များနဲ့
အများအကျိုးသည်ပိုး ဆောင်ရွက်နိုင်ကြတဲ့ အာဇာနည်စစ်စစ်များ ဖြစ်ကြပါစေ …. ။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)၊ ဒီဇင်ဘာ ၁၃၊ ၂၀၁၂