Friday, December 14, 2012

ဘယ်တော့များမှ ပြည့်ပါ့မယ်..


ငယ်ငယ်တုန်းက ကြားဖူးတဲ့ စကားလေးတစ်ခွန်းရှိပါတယ်။ “လူ့အလို နတ်မလိုက်နိုင်” ဆိုတဲ့ စကားလေးပါပဲ။ လူတွေရဲ့ အလိုရှိမှုတွေ များပြားမှုကြောင့် လိုရာကိုဖန်ဆင်းပေးနိုင်တဲ့ နတ်တောင် ထွက်ပြေးရတဲ့ အဖြစ်မျိုးကို ဆိုလိုခြင်းပါပဲ။ ပုံပြင်လေးရဲ့ အဓိပ္ပါယ်ပြည့်ပြည့်၀၀ကို အရင်က သေချာမသိခဲ့မိပါဘူး။ ခုတော့.. ဒီစာလေး ဖတ်မိရင်း သဘောကျမိပါတယ်။ လူတစ်ယောက်ရေစာနေတာကို သနားတတ်သော ညောင်ပင်စောင့်နတ်က သောက်ရေအေးအေးလေး ဖန်ဆင်းပေးမိရကနေ.. နောက်ဆုံး အရာရာကို ဖန်ဆင်းပေးနိုင်တဲ့ ညောင်ပင်စောင့်နတ်ရဲ့ လက်ညှိုးကို ဖြတ်ပေးခဲ့ဖို့ တောင်းဆိုတဲ့အထိ ဖြစ်ခဲ့ရတာပါ။ ဒီတော့.. တန်ခိုးရှိတဲ့ ညောင်ပင်စောင့်နတ်လည်း ဒီလူသားရဲ့အလိုဆန္ဒကို ကြောက်လွန်းသဖြင့် သူနဲ့ဝေးရာကို ထွက်ပြေးသွားရတဲ့အထိပါပဲ။
 
 အော်.. လောဘဆိုတဲ့ လိုချင်မှုတွေများမှု့ကြောင့် အရာရာကို ဖန်ဆင်းပေးနိုင်တဲ့နတ်တောင် ထွက်ပြေးရတဲ့အထိပါပဲ။ ဒါ့ကြောင့်မလို့များ လူတွေကို နတ်တွေက ကိုယ်ရောင် မပြတာလို့များတောင် ထင်မိပါရဲ့..။ ကိုယ်ရောင်ပြမိတဲ့ နတ်လည်း အတောင်းကျန်းတဲ့ လူတွေနဲ့တွေ့မိရင် ချက်ချင်းကို ဘ၀ပြောင်းသွားမယ် ထင်ပါတယ်။ ဒါပေမယ့် လူတွေက မတောင်းပဲ.. လူတွေဆီက ပြန်တောင်းနေတဲ့ နတ်တွေတော့ အပြင်မှာ ကလို့ကောင်းတုန်း.. သောက်လို့ကောင်းတုန်းပါပဲ။ သူတို့လည်း လူတွေရဲ့ လောဘနဲ့မတွေ့သေးလို့ ကနိုင်သောက်နိုင်သေးတယ်ထင်ပါ့။

ဒ့ါကြောင့်လည်း လောက၌ မရောင့်ရဲနိုင်သော အရာသုံးမျိုးရှိတဲ့ အထဲမှာ လောဘကို ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ထည့်သွင်းဆုံးမပေးတော် မူထားတာ ဖြစ်ပါတယ်။ လောက၌ မရောင့်ရဲနိုင်တဲ့ အရာ(၃)မျိုး ရှိပါတယ်။ အဲ့ဒါတွေကတော့ 
(၁) မီးပုံကြီး 
(၂) သမုဒ္ဒရာ 
(၃) အလိုလောဘကြီးသူတို့ပင် ဖြစ်ပါတယ်။ 
 
အင်မတန် အရှိန်အဟုန်ပြင်းစွာ တောက်လောင်နေသော မီးပုံထဲသို့ မီးစာတွေ၊ လောင်စာတွေ ဘယ်လောက်ပင် ထည့်ထည့် တော်ပြီတန်ပြီဟု မရှိပါဘူး၊ ဒီလိုပါပဲ.. သမုဒ္ဒရာထဲသို့ မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ ချောင်းပေါင်းများစွာမှရေတွေ ဘယ်လောက်ပင် စီးဝင်လာပါစေ သမုဒ္ဒရာကြီးက ပြည့်ပြီဟု မရှိနိုင်ပါဘူး။ မီပုံကြီးနဲ့ သမုဒ္ဒရာလိုပါပဲ.. အလိုလောဘဓါတ် ကြီးမားသူရဲ့ စိတ်ဆန္ဒတွေကိုလည်း ဘယ်သူကမှ ပြည့်တင်းအောင် ဖြည့်စွမ်းပေးနိုင်မှာ မဟုတ်ပြန်ပါဘူး။
 
 လောဘဓါတ်ကြီးမားသူတွေရဲ့ စိတ်ကား အမြဲတမ်း လိုအပ်မှုတွေနဲ့ ပြည့်နှက်နေတော့တာပါပဲ။ ဒ့ါကြောင့်လည်း သီတဂူဆရာတော်ဘုရားကြီးက “လောက၌ လူသားတွေဟာ အမြဲတမ်း တုန်လှုပ်နေကြတယ်”ဆိုပြီး ဂရုဏာရှေ့ထားကာ ဟောပြဆုံးမထားပြန်ပါတယ်။
ဘာတွေတုံလှုပ်နေကြလဲ.. လိုချင်တာကို မရလို့ တုန်လှုပ်တယ်.. ရပြန်တော့လည်း မရောင့်ရဲနိုင်လို့ တုန်လှုပ်ကြပြန်ပါတယ်။ မရောင့်ရဲနိုင်တဲ့သူတွေ ရောင့်ရဲနိုင်ဖို့ အတွက်ကို..

ဘယ်လောက်ပင်စားရစားရ၊ တစ်ဝမ်းဝရုံပါပဲ
ဘယ်လောက်ပင် အိပ်ရနေရ၊ တစ်ကိုယ်စာလေးပဲ
ဘယ်လောက်ပင် ၀တ်ရ၀တ်ရ၊ အရေဖြားဖုံးရုံပဲ
ကုသိုလ်ပြုလျှင်ကိုယ့်ဖို့၊ ကျန်ခဲ့လျှင်သူများဖို့
သေရွာကာလရောက်ကြသောအခါ..
ကိုယ့်နောက်ကိုကား ဘာများပါမှာ
ပစ္စည်းစုစု တစ်ခုမပါ၊ ကိုယ်ပြုထားကံများ ပါမည်သာ၊
ဆိုပြီး ဒီစာသားလေးက အမြဲသတိပေးထားပါတယ်။
 
 ဖတ်ကြည့်ရင် အင်မတန်မှ သံဝေဂယူစရာလေးပါပဲ။ ဖတ်လိုက်ရရင်ကို ရင်ထဲမှာ လောဘဓါတ်တခဏတာ ငြိမ်းတဲ့အတွက် အေးချမ်းခြင်းရဲ့ အရသာကို ခံစားထိတွေ့စေနိုင်ပါတယ်။ ဒါမို့လို့လည်း ဘုရားရှင်ကိုယ်တော်မြတ်ကြီးက လောဘဆိုတဲ့ ကိလေသာနဲ့ဝေးလေလေ ချမ်းသာလေလေပဲဆိုပြီး ဟောပြဆုံးမခဲ့တာ ဖြစ်ပါတယ်။ ဘုရားရှင် ဟောပြဆုံးမခဲ့တဲ့ အမြဲတမ်းမဖောက်မပြန်မှန်ကန်တဲ့ တရားရဲ့အရသာတွေဟာ ခန္ဓာနဲ့တိုက်ကြည့်လေလေ မှန်လေလေပါပဲ။

အထက်ပါဖော်ပြထားတဲ့ စာပိုဒ်လေးကို မထင်မသေးပါနဲ့နော်..။ ဒီစာသားလေးကြောင့် အင်မတန်မှ ကြမ်းတမ်းခက်ထန်ပြီး လောဘဓါတ်ကြီးမားတဲ့ အာသောကမင်းကြီးကို ဘ၀ပြောင်းစေခဲ့တဲ့အထိ ဖြစ်ခဲ့ရတာပါ။ အဆုံးမနဲ့ မထိတွေ့ခင်အချိန်တုန်းကဆိုရင်.. အာသောကမင်းကြီးဟာ အင်မတန်မှ စစ်သွေးစာလောင်ပြီး တိုက်ချင်ခိုက်ချင် သတ်ဖြတ်ချင်တဲ့ သူတစ်ယောက်ပါ..။ ဒါပေမယ့် မြို့တစ်မြို့ကို ကျူးကျော်စစ်ပြုလုပ် သိမ်းပိုက်ပြီး အားလုံးကို မီးလောင်တိုက်သွင်းပြီး သတ်ဖြတ်ပြစ်ခဲ့တဲ့အချိန်မှာ သံဝေဂရစရာ စကားတစ်ခွန်းကို ကြားမိခဲ့ပါတယ်။ 
 
မီးလောင်တိုက်သွင်းတဲ့အထဲမှာ မသေပဲကျန်ရှိတဲ့ မိခင်တစ်ယောက်က.. အာသောက မင်းကြီးကို သံဝေဂယူစရာစကားတွေနဲ့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။ မင်းကြီးအနေနဲ့ စစ်ပွဲတွေ တစ်ခုပြီးတစ်ခုတိုက်တယ်.. နိုင်ငံတွေ တစ်ခုပြီးတစ်ခုသိမ်းတယ်၊ မင်းကြီးမှာ ပိုင်ဆိုင်တဲ့ တိုင်းနိုင်ငံတွေ များလာတာတော့ မှန်ပါတယ်.. ဒါပေမယ့် မင်းကြီး အိပ်တဲ့အခါမှာ နိုင်ငံနှစ်ခုကို တစ်ခုထဲဖြစ်အောင်ဆက်ပြီး မအိပ်နိုင်သလို.. အစားစားတဲ့အခါမှာလည်း နိုင်ငံတွေ အများကြီးရှိတဲ့အတွက် အစားတွေ အများကြီး ပိုမစားနိုင်ပါဘူး.. တစ်ဝမ်းဝယုံပဲ စားနိုင်ပါတယ်..။ ဒီတော့ မင်းကြီး.. မင်းကြီးရဲ့ အလိုလောဘဓါတ်ကြီးမားတဲ့ ၀ိသမလောဘဓါတ်တွေကို ဖျောက်နိုင်အောင် ကြိုးစားပါဆိုတဲ့ သံဝေဂစကားကြောင့်.. အာသောကမင်းကြီးဟာ လောဘရဲ့ကျေးကျွန်အဖြစ်မှ ကျွတ်လွတ်ခဲ့ရပါတယ်..။ အင်မတန်မှ သံဝေဂယူ နှလုံးသွင်းသင့်တဲ့ အဆုံးမ စကားပါပဲ။

လောဘဓါတ်ကြီးမားရင် အင်မတန်မှ ကြောက်ဖို့ကောင်းပါတယ်။ ကိုယ်ရှာထားတဲ့ ဥစ္စာပစ္စည်းတွေဟာ အသုံးချတတ်ရင် ကိုယ့်အတွက် ရွှေဖြစ်သလို.. အသုံးမချတတ်ရင် မြွေဖြစ်နေတာပါ။ ကိုယ်ရှာထားတဲ့ ဥစ္စာပစ္စည်းတွေ အသုံးမချတတ်တဲ့အတွက် စွဲလမ်းတက်မက်တဲ့လောဘနဲ့ သေခဲ့လျှင် ပြိတ္တာဘုံကို ရောက်ရပါတယ်..။ မတရားနည်းနဲ့ ချမ်းသာချင်တဲ့ ၀ိသမလောဘဓါတ်တွေ အားကြီးလာလျှင်လည်း လောကအတွင်း၌ အငတ်ဘေးကြီး ဆိုက်ရောက်ရတတ်ပါတယ်။ 
 
ထို့ထက် လောဘဓါတ်တွေ အားကြီးလာရင် ကမ္ဘာလောကကြီးသည် ရေများဖြင့် လွှမ်းမိုးပြီး ပျက်စီးရတတ်ပါတယ်။ ကမ္ဘာအရပ်ရပ်မှာ စစ်ပွဲတွေ ဖြစ်တယ်ဆိုတာလည်း တကယ်တော့ လေဘဓါတ်တွေ အားကြီးလို့ပါပဲ။ သူများဆီက မတရားလိုချင်တဲ့ စိတ်ထားတွေ.. သူများကြီးပွားတာကို မနာလိုဖြစ်တဲ့စိတ်ထားတွေကပဲ စစ်ပွဲတွေကို ဖြစ်စေနိုင်တာပါ။ စစ်ပွဲအစ လောဘကလို့တောင် ပြောလို့ရနိုင်ပါတယ်နော်..။ လောဘရဲ့ဆိုးကျိုးတွေက တွေးကြည့်မိလေလေ ကြောက်စရာကောင်းလေလေပါပဲ။ ဒါ့ကြောင့်လည်း ဘုရားရှင်ကိုယ်တော်မြတ်ကြီးက အင်မတန် ကြောက်စရာကောင်းတဲ့ လောဘကိလေသာကို ဒါနနဲ့သတ်ကြဆိုပြီး ဆုံးမပေးခဲ့တာပါ။

ကိုယ့်ရှာထားတဲ့ ဥစ္စာပစ္စည်းဟာ ကိုယ့်ရဲ့အသုံးချမှုပေါ်မူတည်ပြီး ကောင်းကျိုးကိုပေးနိုင်သလို ဆိုးကျိုးကိုလည်း ဖြစ်စေပါတယ်။ ဒီတော့ ဥစ္စာပစ္စည်းဆိုတာ ကိုယ့်ရဲ့အသုံးချမှုအပေါ်မှာ မူတည်ပြီး ပြောင်းလဲသွားပါတယ်။ ကိုယ်ရှာထားတဲ့ ဥစ္စာပစ္စည်းကို ရွှေအဖြစ်ခံမှာလား မြွေအဖြစ်ခံမှာလားဆိုတာတော့ ကိုယ့်ဘာသာ စဉ်းစားဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ “ဥစ္စာထဲမှာ အနှစ်ရှာ တွေ့တာ ဒါနပဲ” ဆိုတဲ့ စကားလေးအတိုင်းပါပဲ။ အင်မတန် ချမ်းသာပါတယ်ဆိုတဲ့ ကမ္ဘာမှာ အချမ်းသာဆုံးဖြစ်တဲ့ ဘီးလ်ဂိတ်လည်း သေရမှာပါပဲ.. တစ်ပါတ်ကို စတာလင်ပေါင် သန်းနဲ့ချီပြီးရနေတဲ့ ကမ္ဘာကျော်ဘောလုံးသမား စီရိုနယ်ဒိုလ်လည်း သေရမှာပါပဲ.. ဒီတော့ ကိုယ့်အတွက် သေရာပါမှာကဘာတွေလဲဆိုတာ သိဖို့လိုပါတယ်။ သူတို့သေရင် သူတို့နဲ့အတူ ချမ်းသာမှုတွေဟာ တစ်မှုန်တစ်ပြားမှ ပါသွားနိုင်မှာ မဟုတ်ပါဘူး။ အားလုံးကို တက်တာ ပြသွားရမှာပါ..။ 
 
ကိုယ့်ရဲ့ဥစ္စာထဲမှာရှိတဲ့ အနှစ်သာရက ဘာလဲဆိုတာ သိဖို့လိုပါတယ်။ ဒီတော့ ကိုယ်နဲ့ထပ်တူပါနိုင်တာဟာ ကိုယ်ပြုတဲ့ ဒါနကုသိုလ်တွေပဲ ရှိပါတယ်..။ လှည်းဘီးသွားရာ လှည်းခြေရာပါသလိုပါပဲ.. ဒါနပြုသူရဲ့နောက်ကပ်ရပ်မှာလည်း ဒါနရဲ့ အကျိုးတရားတွေဟာ ထပ်တူမကွာ လိုက်နေအုံးမှာပါ။ ဒီတော့.. ဘယ်တော့မှ မပြည့်နိုင်တဲ့ လောဘဓါတ်တွေကို ဖြည့်နေမယ့်အစား.. ကိုယ်နဲ့ထပ်တူပါနေမယ့် ဒါနဓါတ်တွေကို ဖြည့်နိုင်ကြပါစေလို့ ဆန္ဒပြုလျှက်…။