Tuesday, December 18, 2012

တက္ကသိုလ်တံခါးကြီး ဖွင့်ချိန်တန်ပြီ


တက္ကသိုလ်တံခါးကြီး ဖွင့်ချိန်တန်ပြီ

လွန်ခဲ့တဲ့ သုံးရက်ခန့်က ရန်ကုန်တက္ကသိုလ်ကြီး ပြန်လည်ဖွင့်နိုင်ဖို့ လွတ်တော်မှာ အခြေအတင် ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့သတင်း ထွက်ပေါ်လာခဲ့တယ်။ သမိုင်းဝင်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ကြီးကို တက်ဖူး သူတိုင်း တက္ကသိုလ်ကြီးကို လွမ်းမောမိကြောင်း နားမဆန့်အောင် ကြားကြားနေရတာဆိုတော့ တက္ကသိုလ်ကြီးကို ပြန်လည်ဖွင့်ပေးစေချင်တာပါ။ 
 
တက္ကသိုလ်မှာသာတဲ့လမင်းကြီးလည်း မသာနိုင်ခဲ့တာ ကြာ နေပြီဆိုတော့၊ တက္ကသိုလ်မှာပွင့်တဲ့ ကံ့ကော်ပန်းတွေ၊ စိန်ပန်းတွေ၊ ပိတောက်ပန်းတွေလည်း မပွင့်မလန်းနိုင်ခဲ့တာ ကြာပြီဆိုတော့၊ အဓိပတိလမ်းမကြီးပေါ်မှာ သူနှင့်အတူ အနှောင့်အဖွဲ့ကင်းမဲ့စွာဖြင့် လွတ်လပ်ပေါ့ပါးစွာ အတူယှဉ်တွဲပြီး ကြည်နူးစွာ လျှောက်လှမ်းခွင့် မရခဲ့တာလည်း ကြာပြီဆိုတော့၊ အင်းလျားကန်ရေပြင်ကို ဖြတ်တိုက် လာတဲ့ မြောက်လေပြေညှင်းညှင်းလေးကို သူနှင့်အတူ အမောတွေ ဖြေလျော့သည်အထိ မရှုမရှိုက်ရတာလည်း ကြာပြီဆိုတော၊့ တက္ကသိုလ်ဘ၀တွေနှင့်စပ်လျဉ်းပြီး လွမ်းစရာရှိသူတွေအတွက် လွမ်းချင်းတေးတွေလည်း မသီမကြူးရတာ ကြာပြီဆိုတော့ ရန်ကုန်တက္ကသိုလ်ကြီးမှာ ပညာသင်ယူဖူးသူတိုင်း လွမ်းမယ်ဆိုလည်း လွမ်းလောက်စရာပါ။
 
လွမ်းသူတွေအတွက် အလွမ်းတွေပြေစေဖို့ ပြည်ထောင်စုလွတ်တော်မှာ တက္ကသိုလ်ကြီးပြန်လည် ဖွင့်သင့်၊ မဖွင့်သင့် ဆွေးနွေးကြပြီဆိုတော့ … ။ အခြေအတင်ဆွေးနွေးပွဲမှာ ၀ါဒနှစ်မျိုး ကွဲပြားနေတာကလည်း စိတ်ဝင်စားစရာပါ။ ၀ါဒတစ်မျိုးက ရန်ကုန်တက္ကသိုလ်ကြီးကို ပြန်လည်ဖွင့်တာကို အားမပေးလိုတဲ့ဝါဒ။ အကြောင်းပြချက်က အခုအခါမှာ ဒဂုံတက္ကသိုလ်ကြီး (Dagon University)၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်ကြီး (University of East Yangon)၊ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်ကြီး (University of West Yangon) များ ရှိထားပြီးဖြစ်လို့ ရန်ကုန်တက္ကသိုလ်ကြီးကို ပြန်လည်ဖွင့်လှစ်ရန် မလိုအပ်တဲ့အကြောင်း သူတို့အမြင်အတိုင်း ဆွေးနွေးထားခြင်းပါ။

နောက်ဝါဒတစ်မျိုးက ပြန်လည်ဖွင့်သင့်တဲ့ဝါဒပါ။ သူတို့ယုံကြည်ထားတာက တက္ကသိုလ်ပညာရပ် များကို သင်ကြားရန် မြို့တော်နှင့်လည်း မနီးမဝေးမှာတည်ရှိပြီး၊ ပညာသင်ကြားရန်လည်း သွားလာလွယ်ကူတဲ့ အပြင် သင့်တင့်လျောက်ပတ်တဲ့အရပ်မှာတည်ရှိတဲ့ တက္ကသိုလ်ကြီးတစ်ခု ဖြစ်နေတာကတစ်ကြောင်း၊ မြို့နဲ့မနီး မဝေးမှာတည်ရှိနေတော့ သားသမီးများရဲ့ ကိုယ့်ကျင့်သိက္ခာအတွက် စိုးရိမ်စိတ်များ နည်းပါးသွားနိုင်တာက တစ်ကြောင်း၊ တက္ကသိုလ်ကျောင်းပရ၀ုဏ်ကအစ ခန့်ညားထယ်ဝါလှပြီး၊ တက္ကသိုလ်စာသင်ဆောင်များ၊ တက္ကသိုလ်ဆရာ ဆရာမအဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများအတွက် နေစရာအဆောင်များ၊ တက္ကသိုလ်ဆေးရုံ၊ တက္ကသိုလ်ဓမ္မာရုံ၊ အားကစားကွင်းများနှင့် ရွက်တိုက်လှေလှော်အသင်းများပါ တည်ရှိ နေတာကတစ်ကြောင်း၊ တည်ငြိမ်အေးမြလှတဲ့ အင်လျားကန်ကြီးကအစ တက္ကသိုလ်ရဲ့ဂုဏ်အင်္ဂါ၊ တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာများနှင့် ပြည့်စုံလှတာကြောင့် (ပွင့်ပွင့်လင်းလင်းပြောရရင်) တစ်ချိန်က ကမ္ဘာ့တက္ကသိုလ်ကြီးများ အဆင့်ရှိတဲ့ တက္ကသိုလ်ကြီးတစ်ခု ဖြစ်ခဲ့တာကတစ်ကြောင်း၊ ဤအကြောင်းကြောင်းတွေကြောင့် ဒီတက္ကသိုလ် ကြီးကို ပြန်လည်ဖွင့်လှစ်ပေးရန် ဆန္ဒရှိနေတဲ့သူများက တစ်ဖက်ပါ။

ထို့သို့ဆွေးနွေးခဲ့ကြရာမှ နောက်ဆုံး ဒီမိုကရေစီစနစ်ရဲ့ကျင့်ထုံးအရ တက္ကသိုလ်ကြီးပြန်လည် ဖွင့်သင့်၊ မဖွင့်သင့်ကို မဲခွဲဆုံးဖြတ်ခဲ့ကြရာ ပြန်လည်ဖွင့်သင့်တဲ့ မဲအရေအတွက်က များပြားနေခဲ့တာကြောင့် ရန်ကုန် တက္ကသိုလ်ကြီး ပြန်လည်ဖွင့်ဖို့ အခွင့်အလမ်းများ ပွင့်လန်းလာခဲ့ပြီလို့ဆိုရမှာပါ။ သို့သော် ဘယ်တော့လဲ၊ ဘယ် အချိန်မှာလဲ၊ ဘယ်တော့ပြန်ဖွင့်မှာလဲဆိုတဲ့ အဖြေကတော့ မသဲမကွဲသေးပဲေ၀၀ါးထွေပြားနေဆဲပါ။
 စာရေးသူရှုမြင်သုံးသပ်မိတာကတော့ ဘ၀အတွက် လုံခြုံမှုကိုပေးရာ၌ အမိနှင့်တူတဲ့ တက္ကသိုလ်ကြီး၊ အတတ်ပညာကိုပေးရာ၌ အဖနှင့်တူတဲ့ တက္ကသိုလ်ကြီး၊ သင်သင့် သင်ထိုက် သင်အပ်တဲ့ အတတ်ပညာများကို သင်ကြားပေးရာ၌ ဆရာသမားနှင့်တူတဲ့ တက္ကသိုလ်ကြီး၊ ဘ၀အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းပေးရာ၌ အချစ်ဆုံးသူငယ်ချင်းနှင့်တူတဲ့ တက္ကသိုလ်ကြီး၊ ဒီတက္ကသိုလ်ကြီး ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ပြည်သူများမှလည်း စွမ်းနိုင်သမျှ အားပေးကူညီနိုင်ကြဖို့ပါ။ စိတ်ဓာတ်ခွန်အား၊ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်များနှင့် ငွေကြေးဓန များပါ ပါဝင်ထည့်လှူပြီး ပူးပေါင်းပါဝင်ကူညီနိုင်ကြဖို့ပါ။

မြန်မာပြည်သူ၊ ပြည်သားတွေ အဆင့်ရှိရှိ၊ အဆင့်အတန်းမီမီ နေနိုင်ရေးအတွက် သမိုင်းတစ်လျောက် လုံး ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ ဒီတက္ကသိုလ်ကြီး၊ ပိတောက်ပန်းရနံ့တွေ ကံ့ကော်ပန်း ရနံ့တွေ၊ စိန်ပန်းရနံ့တွေ၊ ဒီပန်းရနံ့တွေကို ရှူရှိုက်ရင်း ဖွဲ့နွဲ့ခဲ့တဲ့ ကဗျာတွေ၊ ရေးသားခဲ့တဲ့ စာပေတွေဟာ ပြည်သူတွေရဲ့ နှလုံးဘ၀င်ကို စွဲထင်နေတဲ့ ခံစားမှုမျိုးကို ပေးနိုင်တဲ့ ဒီတက္ကသိုလ်ကြီး၊ တိုင်းပြည်ကြီး အခက်အခဲဘေးများနှင့်ကြုံလာတိုင်း ချစ်သူ၊ မုန်းသူမခြား ပြည်သူတို့အကြားမှာ ပြည်သူများနှင့်အတူ လက်တွဲပြီး တိုင်းကျိုး၊ ပြည်ကျိုးအတွက် အသက်ပေးဝံ့ခဲ့တဲ့ ဒီတက္ကသိုလ်ကြီးကို ပြန်လည်ဖွင့်ပေးဖို့ မဲဆန္ဒပေးလိုသူထဲမှာ စာရေးသူလည်း တစ်ယောက်အပါအ၀င် ဖြစ်နေခြင်းပါ။

သမိုင်းအစဉ်အလာရှိတဲ့ ဒီတက္ကသိုလ်ကြီးကို ပိတ်ပစ်ထားရတဲ့ အဓိကအကြောင်းရင်းကို သမိုင်း စာမျက်နှာများမှာ ရှာဖွေကြည့်တော့ သားသမီးများနှင့်တူတဲ့ ကျောင်းသား၊ ကျောင်းသူများက မမျှတတဲ့ အုပ်ချုပ်ရေးပေါ်လစီတစ်ခုအပေါ်မှာ ရင်ဖွင့်သံတွေ ပွင့်အံထွက်ကျလာမှုကြောင့် ပြစ်ဒဏ်ခတ်တဲ့အနေနှင့် ပိတ်ပစ်ထားခဲ့ခြင်းပါ။ တကယ်တော့ ဒီတက္ကသိုလ်ကြီးဟာ တက္ကသိုလ်ဝင်းထဲမှာရှိတဲ့ သစ်ပုတ်ပင်ကြီးရဲ့ကျိန်စာ၊ ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးရဲ့ကျိန်စာ၊ ဒီကျိန်စာတွေများ သင့်နေရော့လေသလားလို့ တခါတခါ တွေးထင်မိခြင်းပါ။ ဘာပဲဖြစ်ဖြစ် ဒီကျိန်စာတွေအတွက် အထည်းကျန်ဘ၀မျိုးနှင့် နှစ်ရှည်လများစွာ ကျိန်စာသင့်ခြင်းကို ခံခဲ့ရပြီမဟုတ်လား။ ဒီလိုအခြေအနေ၊ ဒီလိုဖြစ်ရပ်တွေကြောင့် ဒီတက္ကသိုလ်ကြီးဟာ အပင်ပမ်းကြီးပင်ပမ်းခဲ့ရတာကိုလည်း ပြည်သူတွေ သိထားပြီးပြီမဟုတ်ပါလား။

သားသမီးများအတွက်ဆိုလျှင် နှလုံးသွေးရည်ကို မေတ္တာနို့ရည်ကြည်အဖြစ် ပြောင်းလဲပေးနိုင်စွမ်းရှိတဲ့ မိခင်တစ်ယောက်ပမာ ပညာနို့ရည်များကို သားသမီးများနှင့်တူတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ပြန်လည်တိုက်ကျွေးနိုင်ဖို့ အားအင်တွေလိုနေတဲ့အချိန်မှာ မိခင်ကြီးကို ပြန်လာစောင့်ရှောက်ပေးရမှာက ကျေးဇူးသိတတ်တဲ့ သားသမီးများရဲ့ တာဝန်ပင်မဟုတ်ပါလား။
 ဒီတော့ မိခင်နှင့်တူတဲ့တက္ကသိုလ်ကြီးရဲ့ ကျေးဇူးတရားတွေကို ပြန်လည်အမှတ်ရကြဖို့ပါ။ ယခင်အခြေအနေမျိုးသို့ ပြန်လည်ရောက်ရှိလာနိုင်အောင် ၀ိုင်းဝန်းကူညီနိုင်ကြဖို့ပါ။
သမိုင်းအစဉ်လာရှိတဲ့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ သမိုင်းကြောင်းလေးကို နည်းနည်းပြောပါရစေ။ ဒ်ီတက္ကသိုလ်ကြီးကို ဘယ်တုံးက စတင်တည်ဆောက်ခဲ့တာလဲ။ သိထားဖို့ပါ။ ဒီတက္ကသိုလ်ရဲ့ သမိုင်းဦးအစက အင်္ဂလိပ်ကိုလိုနီ လက်အောက်ခံအဖြစ်နဲ့ရှိနေစဉ် ၁၈၇၈-ခုနှစ်မှာ အင်္ဂလိပ်အစိုးရက အိန္ဒိယနိုင်ငံ၊ ကာလ ကတ္တားတက္ကသိုလ်ကြီးရဲ့ ကျောင်းခွဲအဖြစ် ရန်ကုန်ကောလိပ်ကျောင်းကို စတင်ဖွင့်ပေးခဲ့တာပါ။ ၁၉၂၀-ခုနှစ်မှာတော့ ̏ကောလိပ်အဖြစ်မှ ရန်ကုန်တက္ကသိုလ်˝ရယ်လို့ တက္ကသိုလ်အဆင့်သို့ အင်္ဂလိပ်အစိုးရက မြှင့်တင်ပေးခဲ့တာပါ။

ဒါကလဲ စေတနာကောင်းနဲ့ မြှင့်တင်ပေးခဲ့တာမျိုးတော့မဟုတ်ပါ။ ကျောင်းသားများက အိန္ဒိယနိုင်ငံလို ရန်ကုန်ကောလိပ်ကို ရန်ကုန်တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ကြလို့ မြှင့်တင် ပေးခဲ့ခြင်းပါ။ သို့သော် ထိုသို့မြှင့်တင်ပေးရာမှာ ရန်ကုန်တက္ကသိုလ်ကို လန်ဒန်မှာရှိတဲ့ ကင်းဘရစ်ခ်ျ တက္ကသိုလ်ကြီး (University of Cambridge) နှင့် အောက်စဖို့ဒ်တက္ကသိုလ်ကြီး (University of Oxford) ကို စံမှီပြီး တည်ထောင်ခဲ့တာဖြစ်လို့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ခန့်ုညားထယ်ဝါမှုကို ကမ္ဘာကပင် အသိအမှတ်ပြုထား ခြင်းပါ။
သို့သော် ရန်ကုန်တက္ကသိုလ်ဟာ တက္ကသိုလ်ကြီးအဆင့်သို့ ရောက်ရှိလာချိန်မှာ တက္ကသိုလ်သို့ တက်ရောက်ခွင့်ရှိတဲ့ ကျောင်းသား၊ ကျောင်းသူအများစုဟာ အခွင့်ထူးခံအသိုင်းအ၀ိုင်း၏ သားသမီးများသာ ဖြစ်နေပြီး မြန်မာနွယ်ဖွား ကျောင်းသား၊ ကျောင်းသူများမှာ တက္ကသိုလ်တက်ရောက်ခွင့် အခွင့်လမ်းများ နည်းပါးနေခဲ့ခြင်းပါ။

ထို့ကြောင့် ထိုဖြစ်ရပ်ကို မကျေနပ်နိုင်လို့ ကျောင်းသားများဟာ အမျိုးသားရေးဆိုင်ရာ သပိတ်များကို ၁၉၃၀-ခုနှစ်များမှ စတင်၍ ဆင်နွဲခဲ့ကြရာမှ ရန်ကုန်တက္ကသိုလ်နယ်မြေသည် မျိုးချစ်စိတ်ရှင် သန်သော အမျိုးသားရေးစိတ်ဓာတ်ပြင်းပြသော ကျောင်းသားခေါင်းဆောင်များကို မွေးဖွားပေးခဲ့ရာ နေရာဋ္ဌာန တစ်ခု ဖြစ်လာခဲ့ခြင်းပါ။ သမိုင်းမှာထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်များဟာ ကိုအောင်ဆန်း၊ ကိုနု၊ ကိုကျော်ညိမ်း၊ ကိုဘဆွေ၊ ကိုသိန်းဖေမြင့်စတဲ့ပုဂ္ဂိုလ်များ ပါဝင်နေခြင်းပါ။
၁၉၄၀-ခုနှစ်မှစ၍ ၁၉၆၀-ခုနှစ်များအထိ ရန်ကုန်တက္ကသိုလ်ကြီးသည် အရှေ့တောင်အာရှနိုင်ငံများတွင် ထင်ပေါ်ကျော်ကြားလှပြီး၊ အရှေ့တောင်အာရှနိုင်ငံများထဲမှာ ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခု ဖြစ်ရှိနေခဲ့ခြင်းပါ။

၁၉၆၂-ခုနှစ် တော်လှန်ကောင်စီ အစိုးရတက်လာပြီးနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ မူဝါဒများနှင့် အညီ ယခင်က တက္ကသိုလ်ဘာသာရပ်တိုင်းမှာ မြန်မာဘာသာမှလွဲပြီး ကျန်ဘာသာရပ်အားလုံးကို အင်္ဂလိပ်လို သင်ကြားပေးနေရာမှ ဘာသာရပ်အားလုံးကို မြန်မာဘာသာရပ်ဖြင့်သာ သင်ကြားပေးရန် တက္ကသိုလ်များ ကောင်စီမှ အမိန့်ထုတ်ပြန်ခဲ့ပြီး ပညာရေးမူဝါဒများကိုလည်း မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ မူဝါဒများနှင့် အညီ အကောင်အထည်ဖေါ်ဆောင်ကြရာမှ ရန်ကုန်တက္ကသိုလ်ကြီး၏ အခြေအနေတို့သည် ̏မှန်ကင်း˝အဖြစ်မှ ̏ထင်း˝ အဖြစ်သို့ ဆိုက်ရောက်ခဲ့ရသည့်ကိန်းနှင့် ကြုံတွေ့သွားရခြင်းပါ။

၁၉၈၉-ခုနှစ်မှာ ̏၀ိဇ္ဇာသိပ္ပံတက္ကသိုလ်˝ကို ̏ရန်ကုန်တက္ကသိုလ်˝လို့ အမည်ပြောင်းလဲပေးခဲ့ပြီး၊ ၁၉၉၀-ခုနှစ် နောက်ပိုင်းနှစ်များမှာတော့ နိုင်ငံရေး၌ ရှုပ်ထွေးလှသော ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရန်  ရန်ကုန်တက္ကသိုလ်၌ ဘွဲ့လွန်တန်းများ (MA, Ph D) နှင့် အချို့သော ဒီပလိုမာတန်းများကိုသာ သင်ကြားပေးရန် ညွန်ကြားချက်ထုတ်ပြီး၊ အခြေခံဘွဲ့များ (BA, BSC စသည်) အတွက်  မြို့နှင့်ဝေးလံလှသော ဒဂုံတက္ကသိုလ် (မြောက်ဒဂုံမြို့၏အရှေ့အရပ်မှာတည်ရှိသည်)၊ အရှေ့ပိုင်းတက္ကသိုလ် (သံလျှင်၊ တာဝဒေသမှာတည်ရှိသည်)နှင့် အနောက်ပိုင်းတက္ကသိုလ် (ရန်ကုန်မြစ်အနောက်ဖက် လှိုင်သာယာဒေသ၌ တည်ရှိသည်) များသို့ ရွေ့ပြောင်းပြီး ပညာများကို သင်ယူစေခဲ့ခြင်းပါ။ ထိုအခါမှာ တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများဟာ ̏တောင်မင်း မြောက်မင်းမကယ်နိုင်၊ မြောက်မင်းကို တောင်မင်းမကယ်နိုင်˝ဘ၀မျိုးသို့ ရောက်ရှိခဲ့ရခြင်းပါ။
ဤဖြစ်ရပ်များအတွက် ၀မ်းနည်းမှုအများဆုံး ဖြစ်ခဲ့ကြရသူများမှာ တက္ကသိုလ်ပါမောက္ခများ၊ ဆရာ ဆရာမများ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများပါ။ ထိုဖြစ်ရပ်တို့သည် သမိုင်း စာမျက်နှာများပေါ်တွင် ထင်ကျန်ရစ်ခဲ့ပြီမို့ သမိုင်းသင်ခန်းစာများကို ယူတတ်ကြဖို့ပါ။ သင်ခန်းစာအဖြစ် ယူတတ်ကြမည်ဆိုလျှင် တိုင်းပြည်အတွက်၊ လူမျိုးအတွက် တိုးတက်ရာတိုးတက်ကြောင်း၊ ကြီးပွားရာ ကြီးပွားကြောင်း အကြောင်းတရားများ ဖြစ်ကောင်းဖြစ်လာနိုင်ခြင်းပါ။

သမိုင်းဆိုတာ သင်ယူရန် ဘာသာရပ်တစ်မျိုး ဖြစ်နိုင်သလို၊ လိုက်နာကျင့်သုံးရန် သင်ခန်းစာတစ်မျိုး လည်း ဖြစ်နိုင်ခြင်းပါ။ သမိုင်းဖြစ်စဉ်များအတွက် အမှား၊ အမှန်ကို အဖြေရှာနေခြင်းမျိုးထက် သမိုင်းဖြစ်ရပ်မှန် များကို နားလည်ပေးပြီး အတိတ်သမိုင်းများကြောင့် ဖြစ်ပေါ်နေတဲ့ နာကျည်းချက်များကို တိုင်းပြည်နှင့် လူမျိုးအတွက် ဖြေဖျောက်နိုင်ကြဖို့ပါ။ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ သမိုင်းကြောင်းများဟာ အားသာချက်တွေရှိခဲ့ သလို အားနည်းချက်တွေလည်း ရောထွေးပါဝင်နေတာမို့ ရန်ကုန်တက္ကသိုလ်ကြီး ပြန်လည်ဖွင့်လှစ်နိုင်ရေးသည် တစ်မျိုးသားလုံး၏ အရေးဖြစ်ကြောင်း ခေတ်သမိုင်းကို ပြန်လည်သုံးသပ်မိခြင်းပါ။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလာခြင်းသည် ရန်ကုန်တက္ကသိုလ်ကြီး ပြန်လည်ဖွင့်လှစ် နိုင်ရန် အခြေခံအကြောင်းတစ်ရပ် ဖြစ်ပေါ်လာခြင်းပါ။ အကယ်၍သာ ရန်ကုန်တက္ကသိုလ်ကြီးကို နိုင်ငံတော်မှ အမျှော်အမြင် ကြီးမားစွာဖြင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး၊ ပညာရေးမူဝါဒများကိုလည်း ခေတ်စနစ်နှင့်အညီ ပြုပြင်ပေးခဲ့မည်ဆိုလျှင် ကျောင်းသား၊ ကျောင်းသူများအတွက်ရော၊ တိုင်းပြည်အတွက်ပါ အကျိုးတရားများ ဖြစ်ထွန်းလာမည်မှာ သေချာနေခြင်းပါ။ ပြည်သူ့အသံကို နားထောင်လေ့ရှိတဲ့ ဒီမိုကရေစီအစိုးရမျိုးဖြစ်လို့ ရန်ကုန်တက္ကသိုလ်ကြီး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြည်သူများကလည်း ၀ိုင်းဝန်ကူညီနိုင်ကြဖို့ပါ။
ပြည်သူ့လွတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်က ̏ရန်ကုန်တက္ကသိုလ်ရဲ့သမိုင်းဟာ ပညာရေးရေး ဘက်မှာတင်မကဘဲ နိုင်ငံရေးဘက်မှာလည်း အင်မတန်မှ အရေးပါတဲ့ပုဂ္ဂိုလ်ကြီးတွေကို မွေးထုတ်ပေးခဲ့ ပါတယ်။ စံချိန်မီတဲ့တက္ကသိုလ်တွေဟာ အဲသည်လိုပဲ ဖြစ်ရမှာပါ˝လို့ ရန်ကုန်တက္ကသိုလ်ကြီး ပြန်လည်ဖွင့်နိုင်ရေး အတွက် ဆွေးနွေးတင်ပြသွားခြင်းပါ။

 ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က အရေးကြီးအဆိုတစ်ရပ်အနေနှင့် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ကို ပြုပြင်မွမ်းမံပြီး သင်ထောက်ကူပစ္စည်းများနှင့် ဘာသာရပ်ဆိုင်ရာ ပညာရပ် တွေမှာ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တစ်ခု ဖြစ်မြောက်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူတွေ၊ လွှတ်တော်ရေးရာ ကော်မတီနှင့် ကော်မရှင်အဖွဲ့ဝင်တွေ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေကို ပညာရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းရေးအဆိုကို တင်သွင်းခဲ့တယ်လို့ ကြားသိထားခြင်းပါ။ ဒီအခြေအနေများ ရှိထားတာကြောင့် ရန်ကုန်တက္ကသိုလ်ကြီး ပြန်လည်ဖွင့်နိုင်ဖို့အရေးဟာ မဝေးလှသောအနာဂတ်ကာလများ၌ သဲသဲကွဲကွဲရှိလာမည်ဆိုတာ ယုံကြည် ထားခြင်းပါ။

သမိုင်းဝင်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ကြီးကို တက္ကသိုလ်မှာ ပညာသင်ကြားဖူးသူတွေက လွမ်းမော နေမိကြသလို၊ တက္ကသိုလ်မှလာတဲ့ ကဗျာတွေ၊ စာတွေကို ဖတ်ရသူတွေကလည်း ရန်ကုန်တက္ကသိုလ်ကြီးကို လွမ်းမောနေမိခြင်းပါ။ ရန်ကုန်တက္ကသိုလ်ကြီးမှာ တက်ရောက်ခွင့်ရကြမဲ့ ကျောင်းသား၊ ကျောင်းသူများဟာ လွတ်လပ်တဲ့ပညာရေးစနစ်နှင့်အတူ နိုင်ငံတကာအဆင့်မီတဲ့ တက္ကသိုလ်ပညာရပ်များကို ကျိုးစားသင်ကြဖို့ပါ။ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများရဲ့ ဘဝအတွေ့အကြုံဆိုတာ စာသင်ခန်းထဲမှာ စာသင်ပေးရုံနဲ့ မလုံလောက်ပါဘူး။ သူတို့ရဲ့ လူမှုရေးဘဝနဲ့ ပတ်သက်လို့ အရည်အချင်းကောင်းတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လည်း လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကားကလည်း လေးနက်ခြင်းနှင့်အတူ မျှော်လင့်ခြင်းတွေပါ ပါဝင်နေခြင်းပါ။ ပြည်သူတွေရဲ့မျှော်လင့်ခြင်းဟာ တိုင်းပြည်အတွက် မျှော်လင့်ခြင်းလို့ ဆိုရမှာပါ။

ဒေါက်တာဓမ္မပိယ (ITBMU)
နိုဝင်ဘာ ၁၄၊ ၂၀၁၂