Wednesday, December 12, 2012

မင်းရာဇာလျှောက်ထုံး

w76_23

 မင်းရာဇာလျှောက်ထုံး

နောင်တော်ဆင်ဖြူရှင်တရ ဖျားနန်းကျသောအခါ ပုဂံသက္ကရာဇ် ၇၆၂ ခုတွင် မင်းခေါင် နန်းတက်တော်မူသည်။ မင်းခေါင်က စည်းတပစ်ကို ခေါ်တော်မူ၍ ''အဘိုး . . . ကျွန်ုပ်အဘယ်သို့ ကျင့်သော် တိုင်းပြည်ငြိမ်းချမ်း သာယာ စည်ပင်ဝပြောပါမည်နည်း''ဟု မေးတော်မူသည်။

 ထိုအခါစည်းတပစ်ကလျှောက်သည်မှာ အရှင်မင်းကြီးအခွန်အတုတ်စသည်တို့၌ အဆက်ဆက်သောမင်းတို့ထက် သက်သာရာရလျှင်တိုင်းပြည် သာယာ စည်ပင်သည်ဖြစ်ရာ၏။ အရှင်မင်းကြီး ပြည်ကြီး၏အရှင်ဖြစ်သော မင်းတို့မည်သည် -
 
(၁) ပြည်တံခွန်ကို မလှဲရာ။

(၂) ပြည့်ဦးကင်းကို မနှိမ်ရာ။

(၃) ပြည်စွယ်ပြည်သွားကို မချိုးရာ။

(၄) ပြည့်မျက်လုံးကို မဖောက်ရာ။

(၅) ပြည့်မျက်နှာကို မဖျက်ရာ။

(၆) ပြည်ခြေပြည်လက်ကို မဖြတ်ရာ။

(၇) ပြည့်ဝမ်းကို မဖောက်ရာ။

(၈) ပြည့်ကျေးဇူးကို မထိမ်ရာ။

(၁) ရသေ့၊ ရဟန်း၊ ပညာရှိ ပုဂ္ဂိုလ်တို့သည် ပြည်၏တံခွန်နှင့်တူ၏။ ပြည်ကြီးတံခွန်ဖြစ်၏။ထိုပုဂ္ဂိုလ်တို့ပေါ် မျက်တော်ရှိလျှင် မစုံမစမ်း မထောက်မရှု မျက်တော်မူခြင်းသည် ပြည်တံခွန်ကို လှဲသည်မည်၏။ ထို့သို့မပြုရာ။

(၂) အမတ်ကြီး၊ ၀န်ကြီးတို့ဟူသည် ပြည်ဦးကင်းနှင့်တူ၏။ ထိုပုဂ္ဂိုလ်တို့ကို အမျက်တော်ရှိလျှင် မထောက်မချင့်၊ မဆင်မခြင် ကွပ်ညှပ်ခြင်းသည် ပြည့်ဦးကင်းကို နှိမ်သည်မည်၏။ ထိုသို့မပြုရာ။

(၃) မင်းညီမင်းသားတို့သည် ပြည်အစွယ်နှင့်တူ၏။ ထိုသူတို့ကို မျက်တော်ရှိလျှင် ရှေ့ရေးကို ထောက်တော်မမူ။ မျက်တော်မူခြင်းသည် ပြည်အစွယ်ကို ချိုးသည်မည်၏။ ထိုသို့မပြုရာ။

(၄) လောကီလောကုတ် ပညာတတ်၊ ပညာရှင်ပုဂ္ဂိုလ်တို့သည် ပြည့်၏ မျက်စိနှင့်တူ၏။ ထိုပုဂ္ဂိုလ်တို့ကို အမျက်တော်ရှိလျှင် တားဆီးပိတ်ဆို့ ချောင်ထိုးထားခြင်းသည် ပြည့်မျက်စိကို ဖောက်ထုတ်သည်မည်၏။ ထိုသို့မပြုရာ။

(၅) ပြည်၏ မျက်နှာနှင့်တူသော မိဘ၊ လင်သားတို့၏ ကြေးမုံသဖွယ်ဖြစ်သော သူတို့၏ သားသမီးဇနီးတို့ကို အနိုင်အထက်မူခြင်းသည် ပြည်၏ မျက်နှာကို ဖျက်သည်မည်၏။ ထိုသို့မပြုရာ။

(၆) သူရဲကောင်းတို့သည် ပြည်ခြေ ပြည်လက်ဖြစ်၏။ ထိုသူတို့ကို အမျက်တော်ရှိလျှင် ပစ္စုပ္ပန်သံသရာ ထောက်ရှုတော်မမူ၊ ကွပ်မျက်ခြင်း သည် ပြည်ခြေပြည်လက်ကို ဖြတ်သည်မည်၏။ ထိုသို့မပြုရာ။

(၇) သူဌေး၊ သူကြွယ်တို့သည် ပြည်ကြီးဝမ်းနှင့် တူ၏။ ထိုသူဌေးတို့ကို အပြစ်မရှိအပြစ်ရှာလျှက် ဥစ္စာရွှေ ငွေတို့ကို သိမ်းယူခြင်း၊ သူဌေးမျိုး ကွယ်လွန်သောအခါ အမွေခံသား သမီးရှိလျှက် အမွေခံတို့ အားမပေးဘဲ သိမ်းယူခြင်းသည် ပြည်ကြီးဝမ်းကို ဖောက်သည်မည်၏။ထိုသို့မပြု ရာ။

(၈) ပြည်သူသာ အမိ၊ ပြည်သူသာ အဖဖြစ်၏။ ပြည်သူသည် မိမိ၏ ကျေးကျွန်မဟုတ်၊ တိုင်းပြည်သည် မိမိ၏ ကျေးကျွန်မဟုတ်၊ တိုင်းပြည်သည် မိမိ၏ ကျေးဇူးရှင်ဖြစ်၏။ကျေးဇူးရှင်ကိုလည်း သိရ၏။ ကျေးဇူးကိုလည်း သိရ၏။ ပြည့်ကျေးဇူးကို မထိမ်ချန်ရာ၊ ပြည့်ကျေးဇူးကို မသိကျိုးချင်မပြုရာ၊ မျက်ကွယ်မပြု ရာ။

ချစ်သည်၊ မုန်းသည် မရှိ ထုံးစံနှင့်အညီ ဒဏ်ပေးခြင်း၌ ယမမင်းကဲ့သို့ ကျင့်တော်မူရာသည်။ ခပ်သိမ်းသောသတ္တ၀ါတို့အား နှိမ်နင်းခြင်း၊ ချီးမြှောက်ခြင်း၌ သိကြားမင်းကဲ့သို့ ကျင့်တော်မူရာသည်။ ပြည်ဆီရွာခွန်တို့ကို တဖြည်းဖြည်းဆောင်တော်မူခြင်း၌ နေမင်းကဲ့သို့ ကျင့်တော်မူရာသည်။ ကိုယ့်ဘက်ကို သူတစ်ပါးတို့မြင်၍ ရွှင်စေအပ်သည်၌ ပန္နရသ လပြည့်ဝန်းကဲ့သို့ ကျင့်တော်မူရာသည်။ ဥစ္စာ၊ ရိက္ခာတို့ကို တောင့်တတော် မမူအပ်သည် ၌ မဟာသမုဒ္ဒရာကဲ့သို့ ကျင့်တော်မူရာသည်။ ပြည်သူတကာတို့ စီးပွားကို စောင့်တော်မူရာ၌ မဟာပထ၀ီမြေကြီးကဲ့သို့ ကျင့်တော်မူရာသည်။ ပြည်ရွာ၌ဖြစ်သော အမှုမျိုးတို့ကို သူလျှိုထား၍ သိအောင်ပြုတော်မူရာ၌ ပဇ္ဇုန်နတ်ကဲ့သို့ ကျင့်တော်မူရာသည်။

ထိုမှတစ်ပါး ပညာရှင်တို့နှင့် မပြတ်တိုင်ပင်တော်မူသည်လည်း တစ်ပါး၊ မှူးတော်မတ်တော်တို့နှင့် အမှုမျိုးကိုညီညွတ်စွာပြုသည်လည်း တစ်ပါး၊ အခွန်ခံခြင်း၊ ဒဏ်ပေးခြင်း၌ အရိုးကို ထူတော်မူသည်လည်း တစ်ပါး၊ မတ်ကြီး ရွယ်လွန်တို့အား မြတ်နိုးတနာပြုတော်မူသည်လည်း တစ်ပါး၊ ပြည်သူ့သား သမီးတို့ကို နိုင်ထက်စိုးကဲ ယူတော်မမူသည်လည်း တစ်ပါး၊ပြည်တွင်း၊ ပြည်ပ၌ စောင့်နေကုန်သော နတ်တို့အား လာမြဲသောဝတ်ကို ပေးတော် မူသည်လည်း တစ်ပါး၊ ရဟန်းသံဃာတို့၌ ကောင်းစွာ စောင့်ရှောက်တော်မူသည်လည်း တစ်ပါး။

ဤသို့ ပြည်ရွာစည်ပင်စေအပ်သော အပရိဟာနိယ တရားခုနစ်ပါးတို့ကို ရွှေနှလုံးထားတော်မူ၍ မှည့်မှဆွတ်သော ဥယျာဉ်မှူးတို့ကိုလည်းကောင်း၊ တရွေ့ရွေ့ပွားစေတတ်သော ပိုးနကျယ်တို့ကိုလည်းကောင်း ပုံပမာပြု၍ ကျင့်တော်မူရာသည်။
ဤသို့ မင်းတို့ကျင့်ရာသော တရားနှင့်ပြည့်စုံတော်မူသည်ဖြစ်မှ တိုင်းကားနိုင်ငံတော်၌ရှိကုန်သော သတ္တ၀ါအပေါင်းတို့သည် အလွန်ချမ်းမြေ့လှစွာသော လရောင်ရိပ်ဝယ် နေရသကဲ့သို့ ဖြစ်လေရာသည်။ ဤသို့ ပြည်ရွာ ငြိမ်းချမ်းသာယာသည်ဖြစ်မှ သာသနာတော်မြတ်၏ စီးပွား၊ ကိုယ်တော်မြတ်၏ စီးပွား၊ သားတော်အစဉ်၊ မြေးတော်အဆက်၊ မြစ်တော်အညွှန့်တို့၏ စီးပွားများတော်မူရာသည်ဟူ၍ နားတော် လျှောက်၏။

ဘုရင်မင်းခေါင်လည်း စည်းတပစ်လျှောက်သောစကားကို ကြားတော်မူရလျှင် အလွန်အားရသည်ဖြစ်၍ ''ရာဇာ'' ဟူသောအမည်နှင့် ကြီးစွာသော အဆောင်အယောင်တို့ကို ပေးသနားတော်မူ၏။ ထိုအခါမှစ၍ ''မင်းရာဇာ'' ဟူသတည်း။ မင်းရာဇာကား ဘုရင်မင်းကြီးစွာ လက်ထက်တွင် ''စည်းတပစ်'' ဟူသော အမည်ကိုခံရသည်။ သားတော်ဘုရင် မင်းခေါင်လက်ထက်တွင်မှ ''ရာဇာ'' ဟူသော အမည်ကို ခံရသည်။
ပုဂံသက္ကရာဇ် ၇၃၀ ခုနှစ်တွင် မိတ္ထီလာကန်ပေါက်၍ မင်းကြီးစွာ ကန်ကိုဆယ်တော်မူ၏။

 ထိုအခါမြေတူးရာတွင် ရွှေဖြင့်သွန်းထားသော ယိုးဒယားလင်းဇင်းမင်းတို့၏သား သမီးတို့အရုပ်ကို ကမ္ပည်းစာရင်းနှင့်တကွ တွေ့လေ ၏။ မင်းကြီးစွာက ၀န်စင်း(၀န်ဇင်း)ရွာသူကြီးကိုခေါ်၍ မေးတော်မူရာ သူကြီးလည်း ''ကျွန်တော်မျိုးလည်းမသိပါ။ ၀န်ဇင်းရွာ တွင်အသည်သား(မင်းမှုထမ်းမဟုတ်သူ သာမန်အရပ်သား)တစ်ယောက်သည် ယာထွန်ချွတ်လျှင် ခါးတွင် ပုရပိုက်နှင့်ပညာရှိတို့ရှိရာ ချည်းကပ်သောကြောင့် အကြားအမြင်နှင့် ပြည့်စုံသည်။ ထိုသူ သိမြင်နိုင်ပါလိမ့်မည်'' ဟူ၍ နားတော်လျှောက်၏။


'အရှင်မင်းကြီး . . .ကျွန်တို့၏ တိုင်ပင်ခြင်းဟူသည်ကား . . . အရှင်သို့ လိုက်၍ဆိုရသည် အမှတ်ထား၍ တိုင်ပင်သတည်း။ မင်းတို့၏ တိုင်ပင်ခြင်းဟူသည်ကား မင်းတို့၏ နှလုံးတော်နှင့်အညီ လျောက်မိသည်ကား သင့်မြတ်သည်သာဖြစ်၏။ မင်းတို့၏ နှလုံးတော်နှင့် ဆန့်ကျင်တော်မူကား ဒဏ်ပေးသတည်း။ ပညာရှိတို့၏ တိုင်ပင်ခြင်းဟူသည်ကား သင့်နိုး၊  ကောင်းနိုးသော် ယူတော်မူသည်။ မသင့်နိုးသော် ခပ်မဆိတ်နေတော်မူသည်သာဖြစ်၍ အပြစ် မရှိ' . . .


ဝန်ဇင်းအသည်သားကိုခေါ်၍ မေးတော်မူသော် ''ကျွန်တော်မျိုး ကြားဖူးပါသည်။ ဘုရားဘေးလောင်းတော် အလောင်းစည်သူမင်းကြီး တိုင်းခွင်လှည့်လည်တော်မူသောအခါ ထိုသို့သော မင်းတို့ကိုသစ္စာတော်ပေးပြီးလျှင် သားသမီးတို့ကိုယူခဲ့၍ ခြေတော်ဝယ်မြဲရင်း၊ တစ်ရံရောအခါ အလောင်းစည်သူမင်းကြီး မိတ္ထီလာကန်ကို ဆည်ခိုက် နောက်တော်တွင်ပါသော မင်းသား၊ မင်းသမီးတို့ ကံကြမ္မာကုန်သောကြောင့် လာလတ္တံသောမင်းတို့ မြင်တွေ့လေသော် သိစေသတည်းဟူ၍ အရုပ်ကို ကမ္ပည်းနှင့် မြှုပ်ထားတော်မူကြောင်းကို'' နားတော်လျှောက်ထား၏။ မင်းကြီးစွာလည်း ကျေနပ်တော်မူ၍ နန်းတော်သို့ ခေါ်ကာချီးမြှောက်လေ၏။

တစ်ရံရောအခါ အတွင်းသင်းမှူး ငနုသည် လားဟူးမည်သော တောရပ်၌ နိုင်ငံတော်ပိုင် ကျေးစွန်ရွာနားတို့ကို ဖျက်ဆီးလာ၏။ မင်းကြီးစွာသိသော် ရာဇသင်္ကြန်သည် ''ညီငယ်ငနုကို လွှတ်ရသည်လော''ဟု အမျက်တော်ရှိ၍ နှမတော် စောဥမ္မာနှင့် ကျေးစား၊ ကျေးလက်ကို သိမ်းတော်မူမည်ဟု ၀န်ဇင်း အသည်သားကို တိုင်ပင်တော်မူ၏။
ထိုအခါဝန်ဇင်းအသည်သားက ''အရှင်မင်းကြီး တိုင်ပင်ကြီးသုံးပါးတွင် ကျွန်ကိုတိုင်ပင်ခြင်းသည်လည်း တိုင်ပင်တော်မူသလော။ မင်း တို့၏ တိုင်ပင်ခြင်းသည်လည်း တိုင်ပင်တော်မူသလော။ ပညာရှိတို့၏ တိုင်ပင်ခြင်းသည် လည်း တိုင်ပင်တော်မူသလော'' ဟု နားတော်လျှောက်တင်၏။

မင်းကြီးစွာက ''တိုင်ပင်ခြင်း သုံးပါးအဓိပ္ပါယ်ကား အသို့နည်း'' ဟု မေးတော်မူ၏။ ၀န်ဇင်းအသည်သားက ''အရှင်မင်းကြီး . . .  ကျွန်တို့ ၏တိုင်ပင်ခြင်းဟူသည်ကား . . . အရှင်သို့ လိုက်၍ဆိုရသည်အမှတ်ထား၍ တိုင်ပင် သတည်း။ မင်းတို့၏ တိုင်ပင်ခြင်းဟူသည်ကား မင်းတို့၏ နှလုံးတော်နှင့်အညီ လျှောက်မိသည်ကား သင့်မြတ်သည်သာဖြစ်၏။ မင်းတို့၏နှလုံးတော်နှင့် ဆန့်ကျင်တော်မူကား ဒဏ်ပေးသတည်း။ ပညာရှိတို့၏ တိုင်ပင်ခြင်း ဟူသည်ကား သင့်နိုး၊ ကောင်းနိုးသော် ယူတော်မူသည်။ မသင့်နိုးသော် ခပ်မဆိတ်နေတော်မူသည်သာဖြစ်၍ အပြစ်မရှိ'' ဟူ၍ နား တော်လျောက်၏။ မင်းကြီးစွာလည်း ''ပညာရှိတို့၏ တိုင်ပင်ခြင်းဖြင့် တိုင်ပင်တော်မူ ပါသည်''ဟု မိန့်၏။

ထိုအခါ ၀န်ဇင်းအသည်သားက ဤသို့လျှောက်၏။ ''အရှင်မင်းမြတ် .
. . မင်းတို့မည်သည် ဆင်စွယ်ကဲ့သို့လည်းကောင်း၊ အရှေ့လောကဓာတ်မှ ထွန်းပသော တက်သစ်စနေမင်းကဲ့သို့လည်းကောင်း ကျင့်တော်မူရာသည်။ အကြင်သူသည် မတော်မမှန် အာစာရ၀ိပတ္တိဖြင့် အသက်အရာအထောင်နေရသော် လည်း တည့်မတ်တော်မှန်သော အာစာရသမ္ပတ္တိနှင့် လူတစ်နေ့မျှနေရခြင်းကို မတန်ဟူ၍ ဘုရားရှင်တရားတော်၌ လာရှိသည်။

ခပ်သိမ်းသော သတ္တ၀ါအပေါင်းတို့၏ ကိုယ်ခန္ဓာသော်ကား အနှစ် ၁၀၀ နေ၍ ပျက်၏။ ထိုခန္ဓာကို မှီ၍ဖြစ်သော ကျေးဇူးစကားကောင်းတို့သည် အဆက်ဆက်သော သားတော်အစဉ်၊ မြေးတော်အဆက်၊ မြစ်တော်အညွှန့် တိုင်အောင် ပြောရာဖြစ်သည်။ ကမ္ဘာကြေသော်လည်း ဥဒါန်းမော်ကွန်းစကားသဖွယ် မကြေဟူ၍ ရွှေနှလုံးသော်ကား ထားတော်မူသင့်သည်။ ခါးလှစွာသော တမာသည် ချိုသည် ဖြစ်ရာ၏။ စကားတော်သည်ကား ချွတ်လွဲ သည်မဖြစ်ရာ။ အလျင်တွေ တွေ စီးဆင်းလာသော မြစ်ရေတို့သည် အညာသို့ ဆန်သည်ဖြစ်ရာ၏။ မင်းတို့၏ စကားသည်ကား ဖောက်ပြန်သည်မဖြစ်ရာ''။

''အရှင်မင်းကြီး . . . ပုံပမာ ဆောင်လျှောက်တင်ဦးအံ့။ တောင်တွင်းပွင့်လှဦး သီဟပတေ့သည် ငွေချက်တတ်သောကုလားအား သမီးကိုပေး၍ ငွေချက်အတတ်ကို သင်ယူလေ၏။ ငွေချက်အတတ်ကို အကြွင်းမဲ့ တတ်ပြီး သော် အမတ်တို့လျှောက်တင်သည်ကား ''ငွေချက်အတတ်ကို ရပြီးသောကြောင့် သမီးတော် ပြန်ယူမှသင့်မည်''ဟု လျောက်ကြ၏။
သီဟပတေ့လည်း ''အမတ်တို့  . . . သည်စကားကိုမဆိုနှင့်။ မတော်မသင့်၊ မမှန်သောအမူကိုပြု၍ မရေမတွက်နိုင်သောဥစ္စာတို့ကိုရပါသော် လည်း တည့်မတ်တော်မှန်သဖြင့် တစ်ကျပ်၊ လေးရွဲမှရနိုင်သော ဥစ္စာကို မတန်၊ ယခုငါ့သမီးကိုပြန်ယူချေသော် အစဉ်အဆက်သည်မင်းတို့သည် မတော်၊ မမှန်၊ မဟုတ်၊ မတရားသော အကျင့်ကိုသာကျင့်သည်ဟု ကမ္ဘာတည်သရွေ့ ခပ်သိမ်းသောသူတို့ဆိုစရာ  ဖြစ်မည်မချွတ်'' ဟု မိန့်တော်မူပြီးမှ ကုလားကို ကြီးစွာသော အဆောင်အယောင်နှင့် သူကောင်းပြုဖူးလေ၏'' ဟု နားတော် လျှောက်၏။

မင်းကြီးစွာလည်း ''၀န်ဇင်းအသည်သား လျှောက်သော စကားသည် ငါကိုယ်တော်ရေးသာမဟုတ် သားတော်အစဉ်၊ မြေးတော်အဆက်၊ မြစ်တော် အညွှန့်တိုင်အောင် အကျိုးတော်များမည့်အကြောင်းကို လျှောက်ပေသည်'' ဟု စည်းတပစ်ကြီးမရှိသည်ဖြစ်၍ ''စည်းတပစ်'' အမည် နှင့် အဆောင်အယောင်တို့ကို ပေးသနားတော်မူ၏။ ဆင်ပေါက်တစ်စီး၊ ရွှေဖလားတစ်ဆယ်သားခုတ်၍ ပေးသည်ဟူ၏။

''ဘိုးရာဇာဟာ တကယ်တော့ လယ်သမားလေးပါဗျ။ သူတကယ် လိုက်စားခဲ့တာကတော့ လုံ့လနဲ့ပညာ ကိုသာ''ဆိုသည့်အတိုင်း အများစုက   ၀န်ဇင်းဘိုးရာဇာဟု ရေးနေကြ၏။ သိနေကြ၏။ အမှန်က သူသည်နဂိုက ''အညတရပုရိသ'' အမျိုးအမည် မထင်ရှား၊ သာမန်အရပ်သားတစ်ယောက်သာ ဖြစ်၏။ နောင်အခါသူ၏ ပညာဗဟုသုတကြောင့် ထင်ပေါ်လို့ စင်တော်က ကောက်ယူခံရသောအခါမှ ပထမ''စည်းတပစ်'' ၊ ဒုတိယ ''ရာဇာ'' ဟူသော ဘွဲ့အမည် ထူးကို ရရှိခြင်းဖြစ်၏။ ရာဇာဟူ သည် နာမည်မဟုတ်၊ ဘွဲ့ရာထူး သာဖြစ်သည်။ (တချို့နေရာတွေမှာတော့ ငယ်နာမည်မောင်ညိုဟုလည်း ဆိုကြသည်)

စည်းတပစ်(စည်းတပြစ်)-စည်းတပြစ်ခေါ်ဝေါ်သည်ကား . . စန္ဒပဇ္ဇောတသဒ္ဒါကို အစွဲပြု၍ ခေါ်ဝေါ်ရေးသားသည်။ ထိုစည်းတပြစ် အမတ်ကြီးမှာလည်း အရာထမ်း ပညာရှိမှူးမတ်ဘွဲ့မည် ယူသင့်သည်။ စန္ဒ သဒ္ဒါ-လယ ဟော။ ပဇ္ဇောတသဒ္ဒါ- အရောင်အလင်းကို ဟောသည်။ လကဲ့သို့ ထွန်းလင်း တင့်တယ်သော၊ အရောင်အဆင်း ဘုန်းကျက်သရေရှိသော ပညာရှိကို ဆိုလိုသည်။ (ဝေါဟာရ လီနတ္ထ ဒီပနီ)

ကျမ်းကိုး - မှန်နန်းရာဇ၀င်၊ မဏိရတနာပုံကျမ်း
Written by အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)