Saturday, August 31, 2013

သိကြားမင်းပင် ရှိခိုးထိုက်သူ

သိကြားမင်းပင် ရှိခိုးထိုက်သူ

ငယ်ငယ်ကထဲက ခဏခဏ ကြားဖူးနေတဲ့ သုတ္တန်တစ်ခုဖြစ်သည်၊ စာရေးသူ တောင်မြို့ မဟာ ဂန္ဓာရုံမှာ နေစဉ်က ယခု နာယကချုပ်ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသသည် မဟာ ဂန္ဓာရုံ ကျောင်းတိုက်ရှိ သံဃာ ၁၃၀၀ ကျော်တို့အား ဆွမ်းကပ်ရန် ရောက်လာကြသော အနယ်နယ် အရပ်ရပ်မှ ဒကာ ဒကာမများအား နေ့စဉ် နံနက်တိုင်း တရားစကားများ ပြောကြားရာဝယ် “သိကြားမင်းက လူဝတ်ကြောင်တွေကို ရှိခိုးလေ့ရှိတဲ့အကြောင်း”ကို မကြာမကြာ ပြောလေ့ရှိသည်။ ယခု စာဖတ်ရင်း ထိုသုတ္တန်ကို ဖတ်မိသဖြင့် အလွမ်းပြေ အမှတ်တရ စာတိုပေတို မှတ်စု ပြုစုလိုက်သည်။

သိကြားမင်း ရှိခိုးခံရသူများ

၁။ ကြာမြင့်စွာကာလကထဲက မြတ်သော အကျင့်ရှိကြတဲ့ ရဟန်းသူတော်စင်
၂။ ပရဟိတ စိတ်ရှိပြီး ဒါန၀တ်ရှိတဲ့ လူဝတ်သူတော်စင်များ
၃။ ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါး စသည်အားဖြင့် အကျင့်သီလ ရှိကြတဲ့ လူဝတ်သူတော်စင်များ
၎။ တရားသဖြင့် ရှာဖွေပြီး သား မယားကို ပြုစုသူများ။ (လင့်ဝတ်၊ မယားဝတ်၊ သားသမီးဝတ်၊ မိဘ၀တ်၊ ကျေပွန်သူများ)

မိသားစုဘ၀လေးကို စင်စင်ကြယ်ကြယ်နဲ့ ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်သူကို သိကြားမင်း ရှိခိုးသတဲ့။
 အပြင်ထွက်လျှင် မိဘကို ရှိခိုးသွားသင့်

သိကြားမင်းက သူ၏နေရာ ဘုံဗိမာန်ကနေ အပြင်ထွက်တိုင်း ထွက်တိုင်းမှာ ရှိခိုးသင့်တဲ့သူတွေကို ရှိခိုးလေ့ရှိသတဲ့၊ ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်တွေ၊ ဗုဒ္ဓဘာသာဝင်ဆိုတာထက် ဘာသာစိတ် အသိစိတ်ရှိတဲ့သူတွေဆိုရင် ပိုမှန်မည်ထင်သည်၊ သူတို့တတွေဟာ ကျောင်းကိုပဲ သွားသွား၊ သင်တန်းကိုပဲ သွားသွား၊ အလုပ်ကိုပဲ သွားသွား၊ ခရီးကိုပဲ သွားသွား၊ ဘယ်အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အပြင်ထွက်ပြီဆိုရင် ဘုရားခန်းက ဗုဒ္ဓမြတ်စွာရယ်၊ အမေ အဖေတို့ကိုပါ ကျကျနန ရှိခိုးပြီးမှ သွားလေ့ရှိသည်။ 
 
 သိကြားမင်းသည်လည်း ထိုနည်းတူစွာပင် ဗုဒ္ဓ၏တပည့်ကောင်းများနည်းတူ အပြင်ထွက်ခါနီး လက်အုပ်ချီ ရှိခိုးလေ့ရှိသည်၊ ထိုသို့ရှိခိုးနေတာကို မြင်တော့ တပည့်ဖြစ်သူ မာတလိနတ်သားက “အရှင်မင်းကြီး---အရှင်မင်းကြီးက ဘယ်သူ့ကို ဘယ်အကြောင်းကြောင့် ရှိခိုးနေတာလဲ၊ တကယ်ဆို မြေပြင်ရှိ ၀ိဇ္ဇာသုံးပါး အဘိဥာဏ်များရရှိပြီးသူများနှင့် ရေမြေတောတောင်ကို အစိုးရတဲ့ ဘုရင်တွေက အရှင်နတ်မင်းကြီးကို ရှိခိုးကြရပါတယ်။ ဝေဟင်ပြင်ရှိ နတ်မင်းကြီး လေးယောက်နှင့် နတ်အပေါင်းတို့ကို အစိုးရသော တာဝတိံသာနတ်မင်းတို့ကပါ အရှင်နတ်မင်းကြီးကို ရိုသေပေးကြရတယ်၊ ရှိခိုးကြရတယ် မဟုတ်လား”ဟု မေးတော့ သိကြားမင်းက “ငါ ရှိခိုးနေတဲ့သူတွေက တခြားမဟုတ်ဘူး ရဟန်းသူတော်စင် လူ သူတော်စင်များ ဖြစ်ကြတယ်”ဟု အထက်ပါ အရှိခိုးခံထိုက်သူများကို စာရင်းလုပ် ထုတ်ပြလေသည်။

ကိုယ့်သား ကိုယ့်မယားကို သမ္မာအာဇီဝဖြင့် ပြုစုလုပ်ကျွေးနေချိန်၊ ကိုယ့် အမိအဖကို ပြုစုလုပ်ကျွေးနေတဲ့အချိန်သည် ကောင်းကင်းသိကြားမင်း၏ ရှိခိုးမှုကို ထိုက်နေသူဟု၍မှတ်။ ငါးပါးသီလ လုံတဲ့နေ့သည် သိကြားမင်း၏ ရှိခိုးခြင်းကို ကောင်းကောင်းကြီး ထိုက်နေတဲ့ အချိန်ဟူ၍မှတ်။ ပေးကမ်းနေတဲ့အချိန်၊ စွန့်ကြဲနေတဲ့အချိန် အလှူဒါန ပြုနေတဲ့အချိန်တိုင်းသည်လည်း သိကြားမင်း ရှိခိုးခြင်းကို ထိုတ်တန်တဲ့အချိန်ဟူ၍မှတ်ကြရန် သိကြားမင်းပြောသည်။

ထိုကဲ့သို့သော အလုပ်မျိုးကို သိကြားရှိခိုးခံထိုက်ရုံသာ မက၊ ပညာရှိ သူတော်ကောင်းတို့ကပါ ချီးမွးမ်းထောမနာပြုကြသည်၊ အယုံအကြည်ရှိကြသည်၊ မြတ်နိုးကြသည်၊ ပူဇော်ကြသည်။ ဖြစ်လေရာရာ ဘ၀တိုင်းမှာလဲ ထိုသူပြုအပ်သော အလုပ်တွေကပဲ ပြန်လည် ကြိုဆိုကြပါလိမ့်မည်။ သိကြားမင်းနှင့် သူတော်ကောင်းများ အရိုအသေပေးထိုက်သော ထိုအလုပ်များကို ပြုလုပ်ထားသူသည်လည်း လက်ရှိဘ၀မှာလဲ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာစွာ နေရသလို ဘ၀တိုင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေကြပါလိမ့်မည်။ ကိုယ်လုပ်ခဲ့သော အလုပ်ကို တွေးမိလေးတိုင်းလဲ ပီတိတွေ လှိုင်လှိုင်ဖြစ်ရပါလိမ့်မည်။

(ဂဟဋ္ဌ၀န္ဒနာသုတ်၊ သံယုတ်)


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

Friday, August 30, 2013

"ဧဟိပဿိကော-လာပါ စုံစမ်းပါ တကယ်လက်တွေ့ လုပ်ကြည့်ပါ"

"ဧဟိပဿိကော-လာပါ စုံစမ်းပါ တကယ်လက်တွေ့ လုပ်ကြည့်ပါ"

ဗုဒ္ဓဘာသာတရားဟာ သုတမယ၊ စိန္တာမယလောက်နဲ့ တင်ရပ်ထားလို့ မရဘူး။ ဘုန်းကြီးကိုယ်တိုင်လည်း သုတမယ၊ စိန္တာမယလောက်နဲ့  ရှိခဲ့တုန်းက ကိုယ့်ဟာကိုယ်တော်တော်သိပြီလို့ ထင်ခဲ့တာ၊ တရားအားထုတ် ကြည့်လာတဲ့အခါမှာ ကိုယ့်ဥာဏ်နဲ့ ကိုယ် သိလာတဲ့အခါမှာ သုတမယ၊ စိန္တာမယနဲ့  ဘာဝနမယဥာဏ်ကြားမှာ ခြားနားမှု ဘယ်လောက်ကြီးကျယ်သလဲဆိုတာ ပို သိရတယ်။

စာတွေ ဘယ်လောက်ဖတ်ဖတ် ရုပ်တရား နာမ်တရား ဆိုတာကို စာဖတ်ရုံနဲ့  မသိနိုင်ပါဘူး။ ကိုယ်တိုင် တရားအားထုတ်ပြီး သတိ၊ သမာဓိ ရင့်ကျက်လာတဲ့အခါကျမှ ရုပ်တရား နာမ်တရားတို့ ရဲ့ သဘောကို ပိုင်းပိုင်းခြားခြားသိတဲ့ နာမရူပပရိစ္ဆေဒဥာဏ်ဆိုတာကို သဘောပေါက်လာတယ်။

တဆင့်တက်ရရင် ရုပ်တရား နာမ်တရားတို့ ရဲ့ အကြောင်းအကျိုးကို သိတဲ့ ပစ္စယပရိဂ္ဂဟဥာဏ် ဆိုတာကို သတိ၊ သမာဓိပိုကောင်းလာတဲ့အခါ သဘောပေါက်လာတယ်။ ပိုပြီး နက်နဲသိမ်မွေ့ ပါတယ်။

သူ့ ထက်တဆင့် ထပ်တက်ရရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့  လက္ခဏာရေးသုံးပါးကို နက်နက်နဲနဲသိတဲ့ သမ္မသနဥာဏ်ကို သဘောပေါက်လာပြန်တယ်။ ဒီနေရာမှာ ရှုမှတ်မှုနဲ့ ဆင်ခြင်မှု ရောနေတတ်တယ်။  ၀ိပဿနာဥာဏ် ရင့်ကျက်လာတဲ့ အခါမှာတော့ ဆင်ခြင်မှုမပါတော့ဘဲ ဖြစ်ခြင်းပျက်ခြင်းကို ကိုယ်ပိုင်ဥာဏ် နဲ့ တိုက်ရိုက်ကြည့်ုပြီး သိနေတဲ့ဥာဏ်ကိုရောက်တယ်။ ဒီဥာဏ်မျိုးကို ရောက်တဲ့အခါမှ အနိစ္စဆိုတာ ဘယ်လိုမှ ပြောပြလို့ မဖြစ်နိုင်ပါလားဆိုတာ သဘောပေါက်သွားတယ်။

လူတိုင်းပြောနေတဲ့ "ဖြစ်ပြီးရင် ပျက်တာပဲ၊ မမြဲဘူး"ဆိုတာ အတွေးသက်သက်နဲ့ ပြောတာပါ။ တကယ့် ပရမတ္ထသဘာဝတွေဟာ စကားလုံးရဲ့ နယ်ပယ်ကို လွန်နေတယ်။

ဆရာတော် ဦးဇောတိက 
(သတိဆိုတဲ့ နေအိမ် မှ)
"တရားထိုင်ခြင်းဟာ ကိုယ်ရောစိတ်ပါအေးချမ်းစေပါတယ်"

တရားထိုင်လို့  သတိ သမာဓိ နည်းနည်းလေး ကောင်းလာပြီဆိုရင် ဒီဝေဒနာကိုလည်း သည်းခံပြီး ထိုင်သွားလို့ ရှိရင် ဒီခန္ဓာကိုယ်ဟာ Endorphin လို့ ခေါ်တဲ့ ဓာတ်တစ်မျိုး ထုတ်ပေးလာတယ်။ သူ့ စကားက နှစ်လုံးကို ပေါင်းထားတာပါ။ Endogenous morphine ဆိုတဲ့စကားလုံးပဲနော်။ အပြင်က morphine က operation ခွဲစိတ်ကုသမှုတွေ ဘာတွေ လုပ်ရတဲ့လူကို ထိုးပေးတာနော်။ အင်မတန် နာကျင်ကိုက်ခဲလွန်းရင် သက်သာအောင်ဆိုပြီး ထိုးပေးရတာ။ ဒီခန္ဓာကိုယ်ထဲက ထွက်လာတဲ့ morphine က ခွဲစိတ်ခန်းမှာသုံးတဲ့ morphine နဲ့  အာနိသင်ချင်း တော်တော်ပဲတူပါတယ်။ သို့ သော် Endogenous ဆိုတဲ့အတွက်ကြောင့် ခန္ဓာကိုယ်အတွင်းမှာပဲ
သူက ထုတ်လုပ်တယ်နော်။

အဲဒီတော့ Endorphin အင်ဒိုဖင်းဆိုတဲ့ဓာတ်က လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ သဘာဝအတိုင်း ထုတ်တယ်။ လူတိုင်းပဲ။ အဲဒီ Endorphin ဆိုတဲ့ဓာတ် ထုတ်လုပ်တာ နည်းသွားတယ်ဆိုလို့ ရှိရင် အဲဒီလူဟာ ညောင်းညာမှု ကိုက်ခဲမှု အင်မတန် ခံစားရတာပဲ။ အဲဒီလိုလူဟာ အကိုက်အခဲ ပျောက်ဆေးကို စွဲတတ်တယ်။ မူးယစ်ဆေးဝါးလည်း ပိုပြီးစွဲတတ်တယ်တဲ့။ မူးယစ်ဆေးဝါး စွဲတဲ့လူတွေ တချို့ ကို Research သုတေသန လုပ်ကြည့်တဲ့အခါမှာ အဲဒီမူးယစ်ဆေး စွဲတဲ့လူတွေရဲ့  ခန္ဓာကိုယ်မှာ Endorphin Level က နိမ့်တယ်။ သူတို့ စိတ်ထဲမှာ မကြည်မလင်ဖြစ်တယ်၊ ပင်ပန်းနွမ်းနယ်နေတယ်။ Endorphin Level မြင့်လာလို့ ရှိရင် လူဟာကြည်လင်တယ်၊ ရွှင်လန်းတယ်။ Relax လည်း ပိုဖြစ်တယ်လို့ ဆိုတယ်။ တရားထိုင်လိုက်လို့ ရှိရင်တော့
ဒီ Endorphin ဟာ တော်တော်ကြီးကို မြင့်တက်လာတယ်။ 

ဒါကို သုတေသနအနေနဲ့  လုပ်ထားတဲ့ စာတမ်းတွေ ကျမ်းဂန်တွေ အများကြီး ဖတ်ဖူးပါတယ်။ တရားထိုင်လို့  သမာဓိ အင်မတန် ကောင်းနေတဲ့ အခါမှာ သူ့ မှာ ညောင်းညာခြင်း၊ ကိုက်ခဲခြင်း၊ ပူလောင်ခြင်း၊ ဆင်းရဲခြင်း ဘာမှမရှိဘူး။ သူ့ ခန္ဓာကိုယ်က အလေးချိန်မရှိသလို ဖြစ်နေတယ်။ Floating sensation (လေထဲမှာလွင့်မျောနေသလို) ဆိုတာ ဖြစ်နေတယ်။ အဲဒီအချိန်မှာ ဦးနှောက်ကနေ ပြန်ပြီးတော့ ဆင်းလာတဲ့ သွေးပြန်ကြောက သွေးကို သူတို့ ဖောက်ယူပြီးတော့ ဓာတ်ခွဲကြည့်တဲ့အခါမှ Endorphin ဓာတ်သိပ်မြင့် နေတာကို တွေ့ ရတယ်။

အဲဒီ Endorphin Level သိပ်မြင့်နေလို့ လည်းပဲ သူ့ မှာ ညောင်းညာခြင်းမရှိဘူး၊ ပူလောင်ခြင်းမရှိဘူး၊ ခန္ဓာကိုယ်အလေးချိန်လည်း မရှိသလို ဖြစ်တယ်။ ဒီလိုပြောလိုက်တော့ ဒါ Chemical ရဲ့  Action ကြောင့် ဒီလိုဖြစ်တယ်လို့  ရုပ်ပိုင်းဆန်ဆန် တွေးချင်လည်း တွေး မယ်နော် ။ အမှန်တော့ မဟုတ်ဘူး။ စိတ်ကြောင့် ဖြစ်တာပါပဲ။ စိတ်ကြောင့် သမာဓိကောင်းလာပြီးတော့ သမာဓိရဲ့ အရှိန်ကြောင့်ပဲ ခန္ဓာကိုယ်က သူ့ ဟာသူ ပြုပြင်လာတယ်။ ဒီခန္ဓာကိုယ်က ထွက်လာ Endorphin က စွဲတဲ့သဘောမျိုး မရှိဘူး။ Drug Addiction မူးယစ်ဆေးစွဲသလို Symptoms လက္ခဏာမျိုး သူ့ မှာမရှိဘူး။ နောက်တစ်ခုက ပြောရမယ်ဆိုရင်တော့ ဒီလို level ကိုရအောင် တရားထိုင်နိုင်တဲ့လူဟာ နောက်ထိုင်လိုက်ရင် သိပ်မကြာဘူး။ (၁၅) မိနစ်လောက်ကြာရင် Endorphin ဓာတ်တွေ အများကြီး ထွက်လာတာပဲ။ တရားထိုင်လိုက်လို့  ၁၅မိနစ်၊ မိနစ်၂၀ အလွန်ဆုံးပဲ၊ Endorphin တွေ ထွက်လာပြီဆိုရင် သူ့ ခန္ဓာက ပေါ့ပါးကြည်လင် အေးချမ်းပြီးတော့ စိတ်ကလည်း နည်းနည်းပျော်လာတယ်။

အဲဒီတော့ ပါဠိစာပေမှာလည်း ရှိတယ်။ တရားထိုင်လို့ အလေ့အကျင့်နည်းနည်းများလာပြီဆိုရင် သမာဓိကောင်းလာပြီဆိုရင် ကာယလဟုတာ၊ စိတ္တလဟုတာ ဖြစ်တယ်။ ကိုယ်၏ပေါ့ပါးခြင်း ၊ စိတ်၏ ပေါ့ပါးခြင်း ဆိုတာ ဖြစ်လာတဲ့နော်။ စိတ်ထဲမှာလည်း လေးလံထိုင်းမှိုင်းခြင်း မရှိသလိုဘဲ ခန္ဓာကိုယ်မှာလည်း လေးလံထိုင်းမှိုင်းမှု မရှိဘူး။ ကာယမုဒုတာ၊ စိတ္တမုဒုတာဆိုတာ ဖြစ်လာတယ်။ မုဒုဆိုတာ နူးညံ့တာကို ပြောတာ။ ခန္ဓာကိုယ်က ပထမ အားထုတ်ခါစမှာ တောင့်တောင့်ကြီး တင်းတင်းကြီး ထိုင်ရတယ်၊ ဒီပုံစံအတိုင်း ကြာကြာထိုင်နေကျ မဟုတ်တော့ အနေအထားကို မပြင်ဘဲနဲ့ ကြာကြာထားလေလေ တင်းလာလေလေ၊ ညောင်းလာလေလေ ခံရခက်လာ လေလေဖြစ်တယ်။ ဒါပေမယ့် သမာဓိကောင်းလာတဲ့အခါကျတော့ အဲသည်လို မဖြစ်တော့ဘူး။
Stress တွေက အကုန်လုံးလျော့ကျသွားတယ်။ 

စိတ်ကလည်းပဲ အစမှာတော့ တင်းထားရတယ်နော်။ ဒီစိတ် တခြားကို မရောက်အောင်၊ တခြားကို မရောက်အောင်ဆိုပြီးတော့ တော်တော်ပဲတင်းထားရတယ်နော်။ သမာဓိကောင်းလို့  အရှိန်နည်းနည်းရသွားပြီးဆိုရင် စိတ်က သူ့ ဟာသူပဲ ဒီအာရုံထဲမှာ နေပြီးတော့ အလိုက်သင့်လေး၊ ပုံမှန်လေး သူ့ ဟာသူသွားနေတယ်။ စိတ်မှာလည်း လျော့သွားတယ်နော်။ လျော့သွားတယ်ဆိုတာက ၀ီရိယလျော့သွားတယ်လို့ မဆိုနိုင်ဘူးနော်။ Tension တင်းမာမှု လျော့သွားတာ။ အဲဒီတော့ ခန္ဓာကိုယ်မှာလည်း Tension တင်းမာမှု မရှိတော့ဘူး။ စိတ်မှာလည်းTension မရှိတော့ဘူး။ ခန္ဓာကိုယ်ကလည်း Relax ဖြစ်နေတယ်။ စိတ်ကလည်း Relax ဖြစ်သွားတယ်နော်။ အဲဒါကိုပဲ ကာယမုဒုတာလို့ ခေါ်တာပဲ။ ကိုယ်၏နူးညံ့ခြင်း၊ စိတ်၏နူးညံ့ခြင်း ဆိုတာ ဖြစ်သွားတယ်။ တခြားလည်းပဲ ဖြစ်တာတွေ အများကြီးရှိပါတယ်။
အဲသည်လို သမာဓိတော်တော်ကောင်းလာတဲ့အခါမှာ သက်သောင့်သက်သာဖြစ်သွားတော့ အင်မတန် ချမ်းသာလာတယ်။ ပိုပြီးပျော်လာတယ်။ အဲဒီအချိန်မှာ ပီတိ ပဿဒ္ဓိတို့ လည်း ဖြစ်တတ်တယ်။ ငြိမ်းချမ်းပြီးနေတယ်။ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ-ကိုယ်စိတ်နှစ်ပါးလုံးရဲ့ ငြိမ်းအေးခြင်းတဲ့။ စိတ်ထဲမှာ အေးနေတယ်နော်။ တချို့ ဘယ်လောက်ထိအောင်ဖြစ်သလဲဆိုရင် Air-condition ပေးထားတဲ့ အခန်းထဲမှာ ထိုင်ရသလိုပဲ အေးနေတယ်။ 

တချို့ ကျတော့လည်းပဲ ဆောင်းတွင်းမှာ နှင်းတွေကြားထဲမှာ ထိုင်ရသလိုပဲ၊ အမှုန်သေးသေးလေးတွေ အေးအေးလေးတွေ လာလာထိသလိုပဲဖြစ်တယ်။ အင်မတန်အေးတယ်တဲ့။ အဲဒီနောက်ပိုင်း မှာတော့ တရားအားထုတ်လို့ သိပ်အဆင်ပြေသွားပြီ။ ဒီအဆင့်လောက်ကိုပဲ တချို့ အထင်ကြီးပြီးတော့ စွဲလမ်းတတ်တယ်နော်။ အနောက်နိုင်ငံသား တော်တော်များများဆိုရင် ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ ဖြစ်လာပြီဆိုရင် အဲဒါကို တရားထူးလို့  ထင်သွားကြတယ်။ ဒါ တရားထူး မဟုတ်သေးဘူး။ အစပဲ ရှိသေးတယ်။
ဆရာတော် ဦးဇောတိက 
(လမ်းပျောက်ရာမှ လမ်းမှန်ပေါ်ရောက်လာသူ မှ)

Thursday, August 29, 2013

ဘုရားလက်ထက်က နှလုံးသား ဘုရားတည်သူ

ဘုရားလက်ထက်က နှလုံးသား ဘုရားတည်သူ  
နှလုံးသား ဘုရားတည်တယ်ဆိုတဲ့ အကြောင်းအရာ မြတ်စွာဘုရား ဟောရတာက ရာဇဂြိုလ် မြို့ ဝေဠုဝန်ကျောင်းတော်မှာ ကိန်းအောင်းမွေ့ပျော် သီတင်းသုံးတော်မူစဉ် တုန်းက မြန်မာနာမည် နဲ့ မောင်ဖိုးဉာဏ်ဆိုတဲ့ ကလေး ချာတိတ်ကလေး တစ်ယောက်ကို အကြောင်းပြုပြီးတော့ ဟောခဲ့တာပါ။ ချာတိတ်ကလေးက စောစောတုန်းကတော့ မိစ္ဆာဒိဌိပါ။ သူ့မိဘနှစ်ပါးစလုံးကလည်း မိစ္ဆာဒိဌိပါ။ ရတနာသုံးပါး ကံ ကံ၏အကျိုးကို လက်မခံပါဘူး။ မယုံပါဘူး။

မောင်ဖိုးဉာဏ်လေးက ကလေးသူငယ်လေးတွေနဲ့ သမ္မာဒိဌိ ကလေးတွေနဲ့ ပေါင်းသင်းဆက်ဆံတာ များတော့ သူ့ရဲ့ အဖော်ကလေးတွေနဲ့ အတူတကွ ဘုရားရောက်လိုက် ကျောင်းရောက်လိုက် တရားပွဲရောက်လိုက်၊ ဒီလို ရောက်ရောက်သွားတော့ အပေါင်းအသင်းတွေ ဆိုတော့ အဲဒီ အပေါင်းအသင်း မိတ်ဆွေဆွဲဆောင်ရာ ပါသွား ပါသွားနဲ့ ပါသွားလိုက်တာ၊ တရားလည်းနာ ကုသိုလ်တွေလည်း လုပ်ရ၊ ရတနာ သုံးပါးလည်း ကြည်ညိုရ၊ အကြောင်းအားလျော်စွာ သူ့မိဘက မိစ္ဆာဒိဌိ ဖြစ်နေလို့သာ သူက မိစ္ဆာဒိဌိ ဖြစ်နေတာကိုး။ ဖိုးဉာဏ်ဆိုတဲ့အတိုင်း သူက ဉာဏ်ရှိတဲ့သူပါ၊ ချာတိတ်ကလေးဖြစ်ပေမယ့် စဉ်းစားချင့်ချိန် ချိန်တွယ်တတ်တဲ့ အသိဉာဏ်ရှိတယ်။


ဘုန်းကြီးတွေဆီသွားပြီးတော့
တရားနာရတာ နားထောင်ကောင်းလိုက်တာ၊ ထူးဆန်းလိုက်တာ ဒီလိုဖြစ်တယ်။ သူဟာ လက်တွေ့ တရားတွေ လုပ်လုပ်စမ်းကြည့်တာ နှလုံးသွင်းကြည့်လိုက်တော့ အေးချမ်းလိုက်တာ၊ တရားတွေက လုပ်ကိုလုပ်ရမယ့် အလုပ်တွေပါလား။ ယုံရုံလေးနဲ့ ပြီးတာမဟုတ်၊ ကိုးကွယ်ရုံလေးနဲ့ ပြီးတာ မဟုတ်။ လက်တွေ့ လုပ်ကြည့် လက်တွေ့ ချမ်းသာစေတဲ့ တရားပါတကား။

ကိုးနှစ် ဆယ်နှစ်ဝန်းကျင်သာ ရှိသေးတဲ့ မောင်ဖိုးဉာဏ်လေး တရားကို လက်တွေ့နာရင်း နှလုံးသွင်းရင်း နဲ့ နှလုံးသား ဘုရားတည်တတ်လာတယ်၊ ရတနာသုံးပါး ဆည်းကပ်တတ်လာတယ်။ မြတ်နိုးတတ် လာတယ်။ မေတ္တာပို့တတ်လာတယ်။ တရားက အဖော်တွေနဲ့ ကလေးအဖော်အချင်းချင်း ပေါင်းပြီးတော့ တရားကလည်း ကြိမ်ဖန်များစွာ နာရသကိုး။

အဲဒါနဲ့ နှလုံးသားမှာ ဘုရားတည်တတ်လာတော့ တစ်နေ့ သူ့အဖေနဲ့ အတူတကွ သူ့အဖေနာမည်က မြန်မာနာမည်နဲ့ ဦးကံတဲ့။ သူ့အမေနာမည်က မြန်မာနာမည်နဲ့ ဒေါ်ကံတဲ့။ သူ့အဖေ ဦးကံနှင့် တောထဲ ထင်းခုတ်သွား၊ ထင်းတွေ လှည်းထဲထည့် ပြန်လာတဲ့အခါမှာ သင်္ချိုင်းကုန်းတစ်ခုအနား ရောက်တော့ အရိပ်လည်းကောင်း ရေလည်းကောင်း မြက်လည်းပေါတာနဲ့ လှည်းကိုချွတ်ပြီး ခဏအနားယူ သူတို့သားအဖလည်း အနားယူ၊ နွားတွေကိုလည်း အနားပေး မြက်ကျွေး ရေတိုက် ဒီလိုနေကြတုန်း နွားတွေကလည်း ကြိုးမချည်ဘဲနဲ့ လွှတ်ထားတာဆိုတော့ လှည်းသမား အရှင်သခင်တွေ မသိဘဲ အိမ်ပြန်သွားကြ၊ အိမ်ပြန်သွားကြတော့ ညနေစောင်းလို့ အိမ်ပြန်မယ်လို့ ကြည့်တော့ နွားတွေက တစ်ကောင်မှ မရှိတော့ဘူး။

အဲဒါနဲ့ ဦးကံတစ်ယောက်က သားလေးကို လှည်းနားအစောင့် ထားခဲ့ပြီး အိမ်ပြန်ပြီး နွားယူရ၊ နွားယူရင်း နဲ့ တော်တော်လှမ်းတော့ တော်တော်ဝေးတော့ မိုးချုပ်သွား၊ နွားနှစ်ကောင်က အိမ်မှာတွေ့ပါတယ်။ အိမ်မှာ တွေ့လို့ ဖြုတ်ယူလာခဲ့တော့ နေဝင်တော့ မြို့တံခါး ပိတ်သွား၊ တံခါးပိတ်တော့ ဘယ်လိုမှ အပြင်ထွက်လို့ မရတော့ အိမ်ကိုပဲ ပြန်သွားတော့တယ်။

ဦးကံကတော့ အိမ်ပြန်တော့ နောက်မှာ လှည်းနှင့် ကျန်ရစ်တယ်၊ ကလေးလေးက ကိုးနှစ်ဆယ်နှစ်အရွယ် ချာတိတ်ကလေး ကျန်ရစ်တဲ့နေရာက သင်္ချိုင်းကုန်း အချိန်က ညအခါ၊ တစ်စတစ်စ ညဥ့်နက်လာတယ်။ အဖေလာနိုး အမေလာနိုး မျှော်နေရတယ်။ အဖေကပြန်မလာ အဖေပြန်မလာတော့ ညဥ့်နက်လာတော့ သူကအိပ်၊ လှည်းအောက်မှာ အိပ်တယ်၊ အိပ်တော့ သူ အမှတ်တမဲ့ မအိပ်ဘူး ဘာသာအယူတော့ မိစ္ဆာဒိဌိ လို့သာပြောရတယ်။ လုပ်ငန်းစဉ်က သမ္မာဒိဌိလမ်းစဉ်ကကို အလိုလိုရောက်နေပြီ၊ အိပ်ခါနီး သူက ဘုရား အာရုံပြုလို့ ဘုရားရှိခိုးလို့ မေတ္တာပို့လို့ နမောတဿတွေ သေသေချာချာရွတ်လို့ သူက လုပ်တာ နှလုံးသား ဘုရားတည်ထားတာ၊ လူကြည့်တော့ ဘာမှမဟုတ်တာ၊ ကလေးရယ် ဒါပေမယ့် နှလုံးသားက ရတနာနှလုံးသား ဖြစ်နေတော့ အဲဒါနဲ့ ရတနာသုံးပါး ပူဇော်ရှိခိုး မေတ္တာပို့ပြီးတော့ အိပ်ပျော်သွားတယ်။

အိပ်ပျော်သွားတော့ သင်္ချိုင်းကုန်းမှာက သစ်ပင်ကြီးနှစ်ပင်၊ ဒီဘက်သစ်ပင်က ဘီလူးကြီးနာမည်က ဖိုးချွန်တဲ့၊ ဟိုဘက်သစ်ပင်ပေါ်က ဘီလူးကြီးက ဖိုးလွန်တဲ့၊ ဖိုးချွန်က ချွန်ကိုချွန်လို့ ဖိုးချွန်ခေါ်တာ၊ ဖိုးလွန်က လွန်ကိုလွန်လို့ ဖိုးလွန်ခေါ်တာ၊ အဲဒါနဲ့ ဖိုးဉာဏ်လေး အိပ်ပျော်သွားတော့ ဟိုဘက် သစ်ပင်ပေါ်မှာ ရှိနေတဲ့ ဖိုးလွန်က ဖိုးချွန်ကို လှမ်းခေါ်လိုက်တယ်။

“ဟေ့ ဖိုးချွန်”
“ဘာတုန်းကွ ဖိုးလွန်”
“ဟိုဘက်က လှည်းအောက်မှာ ကလေးလေးဟ”
“ဘီလူးကြီး ဘာလုပ်မလို့တုန်းဟ’
“စားမှာပေါ့ကွ”
“အဲဒီကလေးက စားရမယ့် ကလေးမဟုတ်ဘူးကွ ဖိုးလွန်ရဲ့။ ဘာဖြစ်လို့တုန်း”
“အော် … ငါ အကဲခတ်နေတယ်ကွယ့် သူအိပ်တဲ့ အချိန်ကစပြီး အမှတ်တမဲ့မှ မနေဘဲ ပါးစပ်ကလည်း ရွတ်လိုက်တာစုံလို့ကွာ၊ အိပ်ခါနီးလည်း ရှိခိုးလိုက်တာ ဝတ်ချလိုက်တာ ပို့လိုက်တဲ့ မေတ္တာကလည်း မပြောပါနဲ့တော့ ဒီကလေးတော့ စားရမယ့် ကလေးလို့ ငါမထင်ဘူးကွာ။ ဒါကြောင့် မင်းမစားပါနဲ့ကွာ မလုပ်ပါနဲ့။”

ဒီလိုဆိုတော့ ဖိုးလွန်က “ဖိုးချွန်ရယ် မင်းသတ္တိနည်းလိုက်တာကွာ ကိုယ့်ပါးစပ်ပေါ် ရောက်တာတောင် မင်း ဆင်ခြေဆင်လက်တွေ တယ်ပေါပါလား။ တယ်ပြီးတော့ အကြောင်းပြလှချည်လား၊ ကဲ မင်းမစားလည်း ငါစားမှာပေါ့။”
ဆိုပြီးတော့ တားလို့မရဘူး၊ ဖိုးလွန်တစ်ယောက် သစ်ပင်ပေါ်က ကဗျာကယာဆင်းပြီးတော့ လှည်းအောက်မှာ အိပ်နေတဲ့ မောင်ဖိုးဉာဏ်လေး ခြေထောက်ကို စားမလို့ လာဆွဲ၊ လာဆွဲတော့ ဟိုက အမူအကျင့်ကထုံနေတဲ့ ကလေးလေး၊ လူကြီးကလေးပေါ့၊ အရွယ်ကတော့ ချာတိတ်ကလေး၊ ဒါပေမယ့် နှလုံးသားက လူကြီးဖြစ်နေတယ်၊ လူကြီးကလေးခေါ်တယ်။

အဲဒါ ဘီလူးက ခြေထောက်သွားဆွဲတော့ သူ့ပါးစပ်က လွှတ်ခနဲ “နမော ဗုဒ္ဓဿ” ကျွနုပ်ပ် မြတ်ဗုဒ္ဓအား ရှိခိုးပါတယ်ဘုရား။ တနည်းအားဖြင့် တပည့်တော် နှလုံးသားဘုရားရှိပါတယ်။ ကျွန်ုပ် နှလုံးသား ဘုရားရှိပါတယ်။ ပါးစပ်က မပြောပေမယ့် ဟေ့ ဘီလူးကြီး ကျွန်ုပ်ကို အထင်မသေးနဲ့လေ၊ ကျုပ်နှလုံးသား ဘုရားရှိတယ်။ ကျွန်ုပ်မှာ အဖော်ရှိတယ် ကျွန်ုပ်မှာ အားကိုးစရာရှိတယ် ကျွန်ုပ်အနေနဲ့ ပါးစပ်က လွှတ်ခနဲဆိုလိုက်တော့ ဗုဒ္ဓ စကားလုံး ကြားရ၊ ကြားတာနဲ့ ပါးစပ်တင်ထွက်သွားတဲ့ ဗုဒ္ဓ မဟုတ်ဘူး၊ နှလုံးသားထဲ တည်ထားတဲ့ဘုရားဆိုတော့ ဘီလူးကြီး တစ်ခါတည်း ကြောက်အား လန့်အားနဲ့ နောက်ဆုတ်သွားတယ်။

ဒီတော့ ဖိုးချွန်က ပြောကောင်းတာပေါ့။ “မတွေ့ဘူးလား ကိုယ့်လူ၊ ကျုပ်က တားတာမရဘူး။ မင်းက ကလေးလေးကို အထင်သေးတာကိုး။ ကဲ ပြောတာ နားမထောင်တော့ မင်းကို ဒဏ်ပေးရမယ်။ ကဲ … ဘုရင့် နန်းတော်ထဲမှာ အကောင်းဆုံးစားစရာတွေ မင်းသွားယူ ဒီကလေးကို ကျွေးရမယ်။”

ဖိုးလွန်ကလည်း မှားမိတယ်ဆိုတော့ ဒဏ်ထမ်းရတာပေါ့ ချက်ချင်း ဘုရင့်နန်းတော်သွား၊ သော့အထပ်ထပ် ခတ်ထားတဲ့ စားဖိုဆောင်ထဲမှာ ရှင်ဘုရင်စားတဲ့ခွက်နဲ့ ဥစ္စာကို ရွှေခွက်ထဲ ကျကျနနထည့်၊ အမြန်ဆုံးယူလာခဲ့၊ ယူလာခဲ့ပြီးတော့ ဟိုမှာ စောင့်နေတဲ့ ဖိုးချွန်ရော၊ စားစရာယူလာတဲ့ ဖိုးလွန်ကော နှစ်ယောက်စလုံး ကလေးလေး မောင်ဖိုးဉာဏ်အတွက် စားစရာကျွေးကြတယ်။

မှောင်နေတဲ့အချိန်ဆိုတော့ ကလေးလေးကလည်း ဘီလူးတွေလို့ မထင်ဘူးတဲ့။ ဟိုကလည်း အဖေအမေ ယောင်ဆောင်ပြီးတော့ ကျွေးကြ။ ဒီနေရာ စဉ်းစားကြည့်ပေါ့၊ အော် နှလုံးသား ဘုရားတည် လိုက်တော့ အန္တရာယ်ပြုနိုင်တဲ့ ဘီလူးတောင်မှ မိဘ အယောင်ဆောင်ပေးရပါတကား။ နှလုံးသား ဘုရားတည်ထားတော့ ကြောက်စရာ ဘီလူးလာတောင် ဘီလူးလို့တောင် မထင်လိုက်ရပါတကား။ သူများအကြောင်းပြောတော့ မိမိအတွက် လမ်းညွှန်ချက် သင်ခန်းစာ နှလုံးသားဘုရားတည်ပုံ ဘာခက်လို့လဲ။
အဲဒါနဲ့ စားစရာသောက်စရာတွေ ယူကျွေး ကလေးလေးကလည်း အဖေအမေအမှတ်နဲ့ပဲ မကြောက်ဘဲ နဲ့စား ပြီးတော့ပြန်အိပ်သွားတယ်၊ ကလေးက ပြန်အိပ်တော့ ဘီလူးနှစ်ယောက်က ပစ်မထား ခဲ့ဘူး။  တော်ကြာ သူ့အတွက် အန္တရာယ်တွေ့ရချည်ရဲ့၊ တို့နှစ်ယောက် တစ်ညလုံး စောင့်ရှောက် ရအောင် မိုးလင်းခါနီးအထိ စောင့်ရှောက်ကြတယ်။ ပြီးတော့ ရွှေခွက်မှာ စာရေးခဲ့တယ်။

“ဤခွက်ကို ဤကလေး ခိုးတာမဟုတ်၊ ဘီလူးတွေယူပေးတာ၊ ဤကလေး နှလုံးသားမှာ ဘုရားတည်ထားတဲ့ အတွက်ကြောင့် ရတနာသုံးပါး စွမ်းအားကြောင့်မို့ ကြည်ညိုလေးစားလွန်းလို့ ယူကျွေးတာ၊ ကလေးမှာ ဘမှ အပြစ်မရှိ”
ဆိုတဲ့အကြောင်းကို ရွှေခွက်မှာ စာရေး၊ “ဒီစာကိုလည်း ရှင်ဘုရင်ကိုယ်တိုင်က လွဲရင် ဘယ်သူမှ မမြင်စေသတည်း” လို့ ဘီလူးတန်ခိုးနဲ့ ဓိဌာန်ပြီး ဖုံးထားလိုက်တယ်။ ပြီးတော့ ကွယ်ပျောက်သွားကြတယ်။

မနက်လင်းတော့ နန်းတော်မှာ ရွှေခွက်ပျောက်တဲ့ အကြောင်းကြားတော့ ဒေါင်းတောက်အောင် ရှာကြ၊ နောက်ဆုံး မြိုးပြင်ထွက်ရှာ သင်္ချိုင်းကုန်းနားက လှည်းပေါ်မှာ သွားတွေ့၊ အနားမှာ လူလိုက်ရှာတော့ ဖိုးဉာဏ်လေးကို သွားတွေ့တယ်။ ဖိုးဉာဏ်ပဲ ဖမ်းသွား။ နန်းတော်ရောက် ရှင်ဘုရင့်လက်ထဲ ရွှေခွက် အပ်တယ် ရှင်ဘုရင်ကလည်း ရွှေခွက်ကြည့်လိုက်တာနဲ့ စာကို တွေ့လို့ အကြောင်းသိသွားပြီ၊ အဲဒီအချိန်မှာပဲ ဦးကံနဲ့ ဒေါ်ကံတို့လည်းပဲ သားလေးဆီလာရင်း သားလေး နန်းတော်ထဲရောက်နေတယ် ကြားတော့ သူတို့လည်း နန်းတော်ထဲ လိုက်သွားကြ၊ သားအမိ သားအဖ သုံးယောက်စလုံး နန်းတော်ရောက်သွားကြတယ်။

ရှင်ဘုရင်က မောင်ဖိုးဉာဏ်လေးကို အင်မတန်လေးစားတော့ အော် .. ငါစားမယ့် အစားအသောက်တွေကို တန်ခိုးကြီးတဲ့ ဘီလူးက ယူပြီးတော့တောင် ပေးရပါတကား၊ သော့အတန်တန် ခပ်ထားတဲ့ နေရာ တန်ခိုးရှိတဲ့ ဘီလူးပဲ ယူလို့ရမှာပေါ့၊ ဤကလေးခိုးတာ မဟုတ်ဘူး၊ ရှင်ဘုရင်က သိသွားတယ်။ ဒါကြောင့် သိပ်လေးစားတယ်။ ဘီလူးကတောင် လေးစားရတဲ့ ကလေးပါတကားဆိုပြီးတော့ ကလေးလေးကို အင်မတန် လေးစားတယ်။

လေးစားတော့ ဘုရားဆီကို ခေါ်သွားတယ်ဗျာ။ နှလုံးသား ဘုရားတည်တဲ့အတွက် တန်ခိုးကြီးတဲ့ ဘီလူးတွေကလည်း လေးစားရတယ်။ နှလုံးသားမှာ ဘုရားတည်ပြီးတဲ့အတွက် တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ရှင်ဘုရင်ကသော်မှ လေးစားရတယ်။ လူကြည့်တော့ ချာတိတ်ကလေး၊ ကိုးနှစ်ဆယ်နှစ် အရွယ်ပဲရှိသေးတယ်။ ရတနာသုံးပါး ကျေးဇူးပေါ့၊ နှလုံးသား ဘုရားတည်လိုက်တဲ့ ကျေးဇူးပေါ့။

နှလုံးသား ဘုရားမတည်ဘဲနဲ့ ဒီအတိုင်းနေတဲ့ ပုဂ္ဂိုလ် အသက်ဘယ်လောက်ပဲ ကြီးကြီး နှလုံးသားထဲ အမှိုက်တွေ ရှုပ်နေရင် ဘယ်သူက အရေးစိုက်မှာလဲ၊ ဘယ်သူက လေးစားမှာလဲ၊ ကိုယ်ဟာကိုယ်လည်း လေးစားမှာမဟုတ်၊ နှလုံးသား ဘုရားတည်တော့ ချာတိတ်ကလေးကိုတောင် တန်ခိုးကြီးတဲ့ ဘီလူးတွေက လေးစားရတယ်။ တိုင်းပြည် အုပ်ချုပ် မင်းလုပ်တဲ့ ရှင်ဘုရင်ကတောင် မှ လေးစားရတယ်။ ဒါနဲ့ သားအမိသားအဖ သုံးယောက်စလုံး ကျောင်းခေါ်သွး၊ ဘုရားဆီရောက်တော့ ဘုရားကို ရှင်ဘုရင်ကပဲ လျှောက်တယ်။

“မြတ်စွာဘုရား ဘုရားဂုဏ်ကို ပွားများတာ အန္တရာယ်ကင်းနိုင်တယ်ဆိုတာ ဟုတ်ပါသလား ဘုရား၊ ဘုရား ဂုဏ်တော်ပွားများတဲ့ စွမ်းအားသည်သာ အန္တရာယ်ကင်းစေနိုင်ပါသလား ဘုရား၊ အခြား အရာတွေကကော အန္တရာယ်ကင်းစေနိုင်ပါသလား ဘုရား” မေးတော့ မြတ်စွာဘုရားက ဘုရားဂုဏ် ပွားများမှုဟာလည်း အန္တရာယ်ကင်းစေနိုင်တယ်။ ဒီပြင် ကျန်တဲ့ ငါးမျိုးဟာလည်း အန္တရာယ်ကင်းစေနိုင်တယ် ဆိုပြီးတော့ နှလုံးသား ဘုရားတည်မှုနှင့် ပတ်သက်လို့ ခြောက်မျိုးဟောကြားတော်မူတယ်။  ခြောက်မျိုးကတော့ အဇ္ဈာသယလိုက်ပြီးတော့ အရာဌာနလိုက်ပြီးတော့ ဟောတာပါ။

၁) က ခုနက ပထမရွတ်လိုက်တဲ့ ဂါထာ၊ ဘုရားဂုဏ်ကို အာရုံပြုခြင်း၊
၂) က ဘုရားလို့ပြောရင် တရားက မကင်းနိုင်လို့ တရားရဲ့ဂုဏ်ကို အာရုံပြုခြင်း၊
၃) က ဘုရားရယ်လို့ ပြောလိုက်ရင် အရိယာသံဃာကလည်း ပါလာတယ်၊ သံဃာ့ဂုဏ်ကို အာရုံပြုခြင်း၊ တရားနဲ့ သံဃာဟာလည်း ဘုရားရဲ့ တရားတနဲ့ သံဃာ ဆိုပြီးတော့ ဒါတွေ အာရုံပြုလည်း နှလုံးသား ဘုရားတည်တယ်လို့ ဆိုရတာပဲ။
၎) က ကကာယဂတာသတိ၊ သုံးဆယ့်နှစ်ကောဌာသ ဘာဝနာကို သမာဓိရအောင် စူးစိုက်ပြီးတော့ ပွားများခြင်း၊ တနည်းအားဖြင့် မိမိခန္ဓာကိုယ်မှာ ဖြစ်တိုင်း ဖြစ်တိုင်း သတိမပြတ် ဉာဏ်နဲ့ လိုက်ပြီးတော့မှ ဟိုသာသနာအသိ တွေအထိ တိုးမြှင့်၍ ပွားများခြင်း၊
၅) က ကရုဏာပွားများခြင်း၊ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ် သတ္တဝါတွေ ဒုက္ခမှ လွတ်ကြပါစေလို့ ပွားများခြင်း၊
၆) က မေတ္တာတရားပွားများခြင်းလို့ ခြောက်မျိုး ဘုရားက ဟောတယ်။

နောက်ဆုံးဂါထာက - သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ၊
ယေသံ ဒိဝါစ ရတ္တောစ၊ ဘာဝနာယ ရတော မနော၊
ယေသံ- တရားချစ်ခင် စိတ်ကောင်းဝင်သည့် အကြင်သူတော်စင် ပုဂ္ဂိုလ်တို့သည်၊ ဒိဝါစ - နေ့အခါ၌ လည်းကောင်း၊ ရတ္တော - ညဥ့်အခါ၌လည်းကောင်း၊ ဘာဝနာယ - မေတ္တာစွမ်းအား မြတ်တရား၌၊ ရတော - နှလုံးသားဝယ် ဘုရားတည်ကာ ကောင်းစွာမသွေ မွေ့လျော်တတ်ပါပေ၏၊

ဂေါတမသာဝကာ - ဂေါတမ နွယ်ဖွား ရှင်တော်မြတ်ဘုရား၏ တပည့်သားသမီး ဖြစ်ကြကုန်သော၊ တေ - တရားချစ်ခင် စိတ်ကောင်းဝင်သည့် ထိုသူတော်စင် ပုဂ္ဂိုလ်တို့သည်၊ သဒါ - နေ့ရောညပါ အခါခပ်သိမ်း၊ သုပ္ပဗုဒ္ဓံ - ကောင်းစွာထူးခြား နိုးကြား တက်ကြွ နှစ်သက်လိုက်ရလေအောင်၊ ပဗုဇ္ဈ န္တိ - နှလုံးသားဝယ် ဘုရားတည်ကာ ကောင်းစွာမသွေ နိုးကြားနိုင်ကြလေ ကုန်သတည်း။

နောက်ဆုံး ခြောက်ခုမြောက်က မေတ္တာတရား၊ အားလုံးပေါင်းလိုက်တော့ ခြောက်မျိုးပေါ့။ ဘုရားကို ပဓါနထား ပြောလိုက်လို့ နှလုံးသားဝယ် ဘုရားတည်လို့ ပြောရတာ၊ တကယ်တော့ ခြောက်မျိုးလုံး တရားအလုပ်မှန်သမျှ ဘယ်အလုပ် လုပ်လုပ်ပေါ့၊ ဘုရားက လမ်းညွှန်ချက်အတိုင်း လေးလေးနက်နက် လုပ်လို့ရှိရင် နှလုံးသား ဘုရားတည်တယ်လို့ ခေါ်ရတာပါ။

အဲဒီ အကြောင်းအရာကို မြတ်စွာဘုရားက ခြောက်ဂါထာဟောပြလိုက်တော့ ဝိပဿနာအသိတွေ အထိ ပြပြီးတော့ ဟောလိုက်တဲ့အခါမှာ တရားနာ ပရိတ်သတ်ထဲမှာက မောင်ဖိုးဉာဏ်လေး ကလည်းပါတယ်၊ သူ့အဖေဖြစ်တဲ့ ဦးကံကလည်းပါတယ်၊ သူ့အမေဖြစ်တဲ့ ဒေါ်ကံကလည်းပါတယ်။ အဖေနဲ့ အမေက စောစောက မိစ္ဆာဒိဌိ၊ သားလေးကို အကြောင်းပြုပြီးတော့ ပရိသတ်ထဲ ရောက်နေ ကြတာ။ မြတ်စွာဘုရားက တရားအသီးသီး ဖော်ပြပြီးတော့မှ တရားကို ဟောပြလိုက် တဲ့ အခါမှာ ခန္ဓာမှာ ဉာဏ်စိုက် ပြီးတော့မှ သူတို့ တရားကို ကောင်းကောင်းလေး နာတတ်၊ နာတတ်တော့ သားလေး မောင်ဖိုးဉာဏ်ကလည်း စိတ်ပါလက်ပါ တရားနာလေ့ရှိတော့ အလုပ်လုပ်ရင်းနဲ့ တရားနာ လိုက်တာ ခြောက်ဂါထာလည်းပြီးရော တစ်ခါတည်း သောတပန်ဖြစ်သွား။

သူ့အဖေဖြစ်တဲ့ ဦးကံကလည်းပဲ ဟယ် တရားတွေက လက်တွေ့ လုပ်လိုက်တော့ တယ်အေးချမ်းစေပါလား၊ အမှန်အတိုင်း သိရော တကယ့် အမှန်တရားတွေပါလား ဆိုပြီးတော့ လေးလေးနက်နက် ပြတ်ပြတ်သားသား ခန္ဓာမှာ ပိုင်းဖြတ် တရားအလုပ်လုပ်ရင်းနဲ့ နာလိုက်တာ ဦးကံကြီးလည်း သောတာပန်ဖြစ်။ မိစ္ဆာဒိဌိဖြစ်နေတဲ့ ဒေါ်ကံကြီးကလည်းပဲ ဘုရားဟောတဲ့ တရား ဝမ်းတွေသာလိုက်တာ ဉာဏ်အသိ ဖွင့်ပြီး တော့မှ လက်တွေ့ အလုပ်လုပ်ရင်း ပွားများရင်းနဲ့ နာလိုက်တာ သူလည်းပဲ သောတာပန်ဖြစ်။ သားလေးတစ်ယောက် နှလုံးသားမှာ ဘုရားတည် ပြလိုက်တဲ့အတွက် မိဘနှစ်ပါးသော်မှ သမ္မာဒိဌိ ဖြစ်ကုန် ရတယ်။ သမ္မာဒိဌိတောင်မှ ကမ္မဿကတာသမ္မာဒိဌိ၊ ဝိပဿနာ သမ္မာဒိဌိတင် ဘယ်ကလို့လည်း မဂ် ဖိုလ် သမ္မာဒိဌိ အဆင့်အထိ ရောက်သွားကြတယ်။ နိဗ္ဗာန်ကို တိုက်ရိုက် မျက်မှောက်ပြုရတဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေ ဖြစ်သွားကြပြီ။

သောတာပန်ဖြစ်ပြီးပြီလည်းဆိုရော တရားကို သိပ်ယုံကြည် လေးစားလွန်းလို့ တရားကို အားထုတ်ရတာ အားမရ နိုင်လွန်းလို့ နိဗ္ဗာန်ကိုလည်း တိုက်ရိုက်မျက်မှောက် ပြုရပြီဆိုတဲ့အတွက် အင်မတန်မှ တရားမှာ မွေ့လျော်လွန်းလို့ အဲ … တို့သားအမိ သားအဖ သုံးယောက်စလုံး သာသနာဝင်ပြီးတော့ ရဟန်းပြုတာပဲ ကောင်းပါတယ်ဆိုပြီးတော့ သားလေးက ရှင်ပြု အဖေနဲ့ အမေက ရဟန်းပြု သာသနာဝင် တရားဆက်အားထုတ်၊ အားလုံး ရဟန္တာဖြစ်ကုန် ကြတယ်။

နှလုံးသား ဘုရားတည်လိုက်တော့ ဟန်ကျလိုက်တာ၊ ချာတိတ်ကလေးကလည်း ကိုးနှစ် ဆယ်နှစ်သား ဝန်းကျင် ငယ်တယ်သာဆိုရတယ် နှလုံးသားဘုရားတည်တော့ ပတ်ဝန်းကျင်က လေးစားလိုက်ကြရတာ၊ အဖေနဲ့ အမေတောင် နောက်လိုက်တွေ ဖြစ်ကုန်တယ်။ သားလေးက ရှေ့က အဖေနဲ့အမေက နောက်က၊ သားလေးက နှလုံးသားမှာ ဘုရားတည်ပြ လိုက်တဲ့အတွက် အဖေနှင့် အမေသော်မှ အရိယာတွေ ဖြစ်ကုန်ကြရတယ်။ အဲလိုဆိုတော့ နှလုံးသား ဘုရားတည် လိုက်တဲ့အတွက် မဂ် ဖိုလ် တွေအထိ ရကြတယ်ပေါ့။

တိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ
ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယော) ဆရာတော်

  ချိုသူ

Wednesday, August 28, 2013

ကုသိုလ်ဟူသည် ဘဝလမ်းအတွက်


 ကုသိုလ်ဟူသည် ဘဝလမ်းအတွက်
မဋ္ဌကုဏ္ဍလီ သည် အိမ်ပြင် ညောင်စောင်း ထက်၌ လဲလျောင်း နေသည်။ စင်စစ် လဲလျောင်း နေသည် ဟူသည် မှာလည်း မည်ကာ မတ္တ မျှသာ ဖြစ်၏။ ကိုယ်ခန္ဓာ တစ်ခု ညောင်စောင်း ပေါ်တွင် ပုံကျ နေသည် ဟု ဆိုနိုင် ရုံမျှသာ ဖြစ်သည်။ ၀ါထိန် ခြောက်သွေ့ နေသော မျက်လုံးများ ရံဖန် ရံခါ လှုပ်ခတ် သွားသည် ကလွဲ၍ သူ၏ တစ်ကိုယ်လုံး သည် ငြိမ်သက် လျက် ရှိသည်။ မဋ္ဌကုဏ္ဍလီ သည် ခေါင်းကို ကြိုးစား လှုပ်ကြည့် သည်။ လှုပ်၍ မရ ။ ခြေလက် များကို လှုပ်ကြည့် ဖို့ ကြိုးစားသည်။ လှုပ်၍ မရ။ ဆီးဝမ်း များ ထွက်ကျ၍ အညစ်အကြေး အမျိုးမျိုး တို့ ကလည်း အိုင်ထွန်း နေသည်။ သုတ်သင် ၍ မရ။ ယင် တစ်သိုက် က ခန္ဓာကိုယ် အနှံ့ ဆင်းတက် ကျက်စား နေသည်။ ခြောက်ထုတ် ၍ မရ။

အတိတ်က ပျော်ပါးခဲ့ သည်များ ကို စဉ်းစား ကြည့်သည်။ စဉ်းစား၍ မရ။ စိတ်တွေ က အဓိပ္ပါယ် ရေရေ ရာရာရှိအောင် မတွေးနိုင်။ လွင့်ပါး နေသည်။ အလိုလို ကြောက်ရွံ့ နေသည်။ အလိုလို အားငယ် နေသည်။ မကြာမီ အသူရာ နက်သော ချောက်နက်ကြီး ထဲသို့ ပြုတ်ကျ တော့ မလိုလို။ ရင်မှာ လှိုက်လို့ မောရင်း သြော်..အားကိုးရာမဲ့ လှသည်။

ခေါင်းက ကိုက်လှ ချည်ရဲ့။ ကျောက နာလှ ချည်ရဲ့။ ရင်က ပူလှ ချည်ရဲ့။ အို..အမေရဲ့..အိုအဖေရဲ့...သက်သာ အောင် ဆောင်ရွက် ပေးကြပါ...။ စိတ်ထဲမှာ အာခေါင် ခြစ်၍ အော်သည်။ အသံကား တစ်စက်မျှ မထွက်။ မျက်ရည် တွေတွေ စီးကျ၍ နေရသည်။ ကြာတော့ မျက်ရည် တွေပါ ခြောက်ခန်း လာသည်။ ရေတွေ ဆာသည်။ ၀မ်းက လည်း ဟာသည်။ တောင်းဆို ခြင်းကား မပြုနိုင်။ အလိုက် တသိ လာတိုက် လာကျွေး လျင်သာ မျိုနိုင်သည်။ သြော်..ဆင်းရဲတကာ့ ဆင်းရဲ ကြီးပါ တကား။ ပင်ပန်း တကာ့ ပင်ပန်း ကြီးပါ တကား ။

မဋ္ဌကုဏ္ဍလီ ၏ မိဘတို့ကား ယောက်ယက် ခတ်နေသည်။ သည်းအူ ပြတ်မျှ ပူလောင် နေရသည်။ စိုးရိမ် နေရသည်။ သို့သော် သားဖြစ်သူ ၏ ဒုက္ခကို မိရင်း ဘရင်း တို့သည်လည်း အတိအကျမသိ နိုင်။ ဖယ်ရှား ပေး၍လည်း မရ။ လက်မှိုင် ချ၍ ကြည့်နေရုံ သာ တတ်နိုင် သည်။ စင်စစ် ဤ ဒုက္ခ များသည်ကား ချစ်သူ ခင်သူ မည်သူမျှ ကိုယ်စား ခံပေးလို့ မရသော ဒုက္ခ များပင် တည်း ။ အသီး အသီး သော သတ္တ၀ါတို့ မိမိတို့ ဘာသာ ကိုယ်တိုင် ကိုယ်ကျ ခံစား တွေ့ကြုံ ရမည့် ဒုက္ခများ ဖြစ်ပေ၏။

မဋ္ဌကုဏ္ဍလီ ဟူသည် ကား သာဝတ္ထိ ပြည်တွင် နေထိုင် သော အဒိန္နပုဗ္ဗက သူဋ္ဌေး မောင်နှံ ၏ တစ်ဦး တည်းသော သား ရတနာ ဖြစ်၏။ အသက် ၁၆ နှစ် အရွယ် သာ ရှိသေး သည်။ အသက် ၁၆ နှစ် ဆိုသည်မှာ ယခုကဲ့ သို့ သေရာ ညောင်စောင်း ထက်၌ လဲလျောင်း နေရမည့် အရွယ် မဟုတ် သေး ဟု အများက ဆိုကြ သည်လည်းရှိသည်။ စုတ်သပ် ကြသည် လည်း ရှိသည်။ သို့သော် နာခြင်း တရား၊ သေခြင်း တရား ဟူသည် ကား ငယ်ရွယ် သေး၍ နုပျို သေး၍ မလာပါနှင့် မဖြစ်ပါနှင့် ဟု ကြိုတင် ညှိနှိုင်း ထားလို့ မရ။ ချမ်းသာသူ ဖြစ်၍၊ ချောမော လှပသူ ဖြစ်၍၊ ပညာ တတ်သူ ဖြစ်၍ မလာ ပါနှင့်၊ မဖြစ်ပါနှင့် ဟုလည်း ကြိုတင် ညှိနှိုင်း ထား၍ မရ။ သတ္တ၀ါ အသီး အသီး ကို ဒဏ်ခတ် နှိပ်စက် သတ်ဖြတ် ရန် အတွက် တိကျ ဖြတ်လတ်စွာ၊ အားရ၀မ်းသာစွာ လာကြ၊ ဖြစ်ကြ လေ့ ရှိသည် သာတည်း။

ကျန်းမာ သန်စွမ်း ချိန်ကမူ မဋ္ဌကုဏ္ဍလီ သည် အများနည်းတူ ပျော်ပျော် ပါးပါး နေထိုင် သွားလာ ခဲ့သည် သာ ဖြစ်သည်။ ဤ ရောဂါ ရရှိ လိမ့်မည် ဟု အိပ်မက် မျှပင် မမက်ဖူးခဲ့။ ဤသို့ သေရာ ညောင်စောင်း ထက်တွင် လဲလျောင်း ၍ ဆင်းရဲ ဒုက္ခများ ခံနေ ရမည် ဟု အိပ်မက်မျှပင် မမက်ဖူးခဲ့။ ဤသို့ မသိ ခဲ့၍လည်း ပျော်ပါး နိုင်ခဲ့ခြင်း ဖြစ်၏။ အကယ် ၍ အခြား သူများ ဝေဒနာ ခံစား နေရသည် သို့မဟုတ် သေအံ့မူးမူး ဖြစ်နေ သည်ကို သတင်းမျှ ကြားရ ပါက မိမိလည်း တစ်နေ့ ဤသို့ ဝေဒနာ ခံစား ရမည်၊ သေအံ့ မူးမူး ဖြစ်ရမည် ကို သိရှိပြီး ဒါန၊ သီလ၊ ဘာဝနာ များကို ကြိုတင် ပြုလုပ် ထားမည် ဖြစ်သည်။ သို့မဟုတ် သတင်း ကြားရ သည်ကို အမှုမဲ့ အမှတ်မဲ့ နေမိ သော်လည်း ဝေဒနာ ခံစား ရသောသူ၊ သေအံ့ မူးမူး ဖြစ်နေ သော သူများကို မျက်စိ ရှေ့တွင် တွေ့ရပါက တစ်နေ့ မိမိလည်း ဤသို့ ဖြစ်ရ မည်ကို သိရှိပြီး ဒါန၊ သီလ၊ ဘာဝနာ များကို ကြိုတင်ပြုလုပ် ထားမည် ဖြစ်သည်။ သို့သော် မဋ္ဌကုဏ္ဍလီ ကား ဒါန၊ သီလ၊ ဘာဝနာ များကို လည်း ပြုခဲ့ ဖူးသည် မရှိ။ အမှုမဲ့ အမှတ်မဲ့ ကုန်ဆုံး သွားသည် သာ ဖြစ်သည်။ မိခင် ဖခင်တို့ ကလည်း ဒါန၊ သီလ၊ ဘာဝနာ တို့ကို ပြုလုပ် ရမည်ဟု သင်ကြား ပေးခြင်း မရှိ။ မိခင် ဖခင်တို့ ကိုယ်တိုင် သည်လည်း ဒါန၊ သီလ၊ ဘာဝနာများ ပြုလုပ် သင့်သည် ဟု အကြား အမြင် ဗဟုသုတ မရှိ။ သို့သော် သင်ကြားခြင်း ရှိသည် မရှိသည် ဆိုခြင်း ထက် မိမိက ပြုလုပ် တတ်ဖို့ အရေး ကြီးသည်။ အဘယ်ကြောင့် ဆိုသော် တကယ်တမ်း သေမင်း နှင့် ရင်ဆိုင် ရမည်က မိမိ ကိုယ်တိုင် သာ ဖြစ်ပြီး မိဘ အပါအ၀င် မည်သည့် တစ်ဦး တစ်ယောက် ကမျှ မိမိ ကိုယ်စား အငှား ရင်ဆိုင် ပေး၍ မရသောကြောင့် တည်း။

သေခြင်း တရား ကိုကား သတ္တ၀ါတိုင်း ရင်ဆိုင် ရမည်သာ ဖြစ်သည်။ သို့သော် ဒါန၊ သီလ၊ ဘာဝနာကို အာစိဏ္ဍ ကံမြောက် ပြုထား လျင်ကား သေခါနီး အချိန်၌ အနည်းငယ် စိတ် သက်သာရာ ရနိုင် သေးသည်။ သို့နှင့်တိုင် စိတ်ချရပြီ ဟုကား မဆိုနိုင် သေး။ သေခါနီး၌ ဖြစ်တတ် သော အကုသိုလ် ကံများကို သတိ မူရဦးမည် ဖြစ်၏။ ငယ်တုန်း ရွယ်တုန်း အာစိဏ္ဍကံ မြောက်အောင် ဒါန၊ သီလ၊ ဘာဝနာ အားမထုတ် ထားသူ တို့မှာ အားအင် ပြတ်လပ်၊ စိတ်လက် ညစ်ညူး၊ ဝေဒနာ လှိုက်ဆူ ချိန်၌ အဘယ်သို့လျင် ထိုထို အကုသိုလ် ကံများကို ရှောင်ရှား နိုင်စွမ်း ရှိမည်နည်း။ အဘယ်သို့လျင် သေခါနီး၌ ဖြစ်ပေါ် လာတတ် သော အာရုံဆိုး များကို အကုသိုလ် ကံ မဖြစ်အောင် နှလုံးသွင်း နိုင်စွမ်း ရှိမည်နည်း။ ကလျာဏ မိတ္တ ကိုသာ အချိန်မီ ရရှိခဲ့ခြင်း မရှိလျင် ထိုထို ပုဂ္ဂိုလ်တို့ မှာ သေခါနီး ဖြစ်သော အကုသိုလ် ကံများကြောင့် သေပြီး သည့်နောက် အပါယ် လေးပါး သို့သာ တဖြုတ်ဖြုတ် သက်ဆင်း ကြရမည် ဖြစ်လေသည်။

မဋ္ဌကုဏ္ဍလီ နှင့် သူ၏ မိဘများ အပါအ၀င် သတ္တ၀ါ အများအပြား မှာ အတိတ်ဘ၀ တစ်ခုခုက မြင့်မြတ်သော အလုပ်များကို ပြုလုပ်ခဲ့ ကြသည့် သူတော်ကောင်း များ ဖြစ်ခဲ့ ကြမည်သာ ဖြစ်၏။ ကုသိုလ် ပါရမီ ဟူသည်ကား နိဗ္ဗာန် မရောက် မချင်း ပျောက်ပျက်လေ့ မရှိ။ နိဗ္ဗာန် ဆိုက်သည့် တိုင်အောင် အကျိုး ပေးသည့် ကုသိုလ်မျိုး ဖြစ်၏။

ကုသိုလ် ပါရမီ ပါလာ သည်ကား မှန်၏။ သို့သော် အသုံး မချသူများ ကိုကား ပါရမီ သည် နိဗ္ဗာန် ရောက်အောင် အလိုလို ဆွဲ မခေါ်နိုင်။ မဂ္ဂင်ရှစ်ပါး နှင့် အားထုတ် ရသေးသည် ။ အားမထုတ် မိလျင် သံသရာ လည်ကြ ပြန်ပါ သည်။ ထို့ကြောင့် လည်း မြောက်မြား စွာသော ပါရမီရှိသူ ပုဂ္ဂိုလ်များမှာ အပါယ်လေးပါး၌ တစ်ဝဲလည်လည် နှင့် အချိန်ကုန် နေခြင်း ဖြစ်လေ သည်။

လောက ဓမ္မတာ အရ ပုထုဇဉ် တို့၏ သဒ္ဓါတရား သည်ကား ခိုင်မြဲခြင်း မရှိ ဟူ၍လည်း သိအပ်၏ ။ ပုထုဇဉ် တို့သည် တစ်ဘ၀ ၌ သူတော်ကောင်း ဖြစ်သော်လည်း နောက် တစ်ဘ၀ ၌ သူယုတ်မာ များ ဖြစ်နိုင် သေးသည်။ ယခုဘ၀ ၌ ရတနာ သုံးပါး ကို ကြည်ညို သော်လည်း နောက်ဘ၀များ၌ ရတနာ သုံးပါးကို ရန်မူသူများ လည်း ဖြစ်နိုင် သေးသည်။ ကလျာဏမိတ္တ နှင့် ပေါင်းဖော် မိလျင် သူတော်ကောင်း ဖြစ်ကြ၍ ဒေ၀ဒတ် ကဲ့သို့ ပါပ မိတ္တနှင့် ပေါင်းဖော် မိလျင် သူယုတ်မာ များဖြစ်ကြ ရပြန် သည်။

မဋ္ဌကုဏ္ဍလီ ၏ အချိန်သည်ကား နည်း၍ နည်း၍ သွားပြီ။ နည်းသွား သည်ဆိုသဖြင့် လုံးဝ မရှိတော့ခြင်း တော့ မဟုတ်။ ကုသိုလ် မျိုးစေ့ ကို ချမည် ဆိုလျင်ကား ချနိုင် သေးသည်။ သေရာ ညောင်စောင်း တွင် လဲလျောင်း နေရသည့် ယခု ကာလသည်ပင် ကုသိုလ်ပြု ဖို့ အချိန် ဖြစ်သည်။ တောင်တောင် အီအီ တွေး၍ စိတ်ညစ် နေရမည့် အချိန်မဟုတ်။

မဋ္ဌကုဏ္ဍလီ သည် ပျော့ညံ့သည့် ပုဂ္ဂိုလ် ထဲတွင်တော့ ပါဟန်မတူ။ သေခြင်း တရားကို စွမ်းသလောက် ရင်ဆိုင်မည့် သူ ဖြစ်ဟန် တူ၏။ သို့ဖြစ်၍ လည်း မြတ်စွာဘုရား ၏ ကရုဏာ ဥာဏ်ကွန်ရက် တွင် ကယ်ချွတ် အပ်သူဟူ၍ ပေါ်လာခြင်းဖြစ်သည်။ အလျော့ပေး အရှုံးပေး ထားသူကို မည်သည့် ကရုဏာရှင် ကမျှ ကူညီ၍ ၊ကယ်တင်၍ မရ။ အဘယ်ကြောင့် ဆိုသော် သတ္တ၀ါ ဟူသည့် သဘောမှာ မိမိ ကိုယ်ကို မိမိ အားကိုးရသည့် သဘော ရှိသောကြောင့် ဖြစ်သည်။ ဘုရား အပါအ၀င် ကလျာဏ မိတ္တများကား ဘ၀ကိုကယ်တင်နိုင်သည့် ပုဂ္ဂိုလ်များ မဟုတ်။ လမ်းပြပေး နိုင်သော ပုဂ္ဂိုလ်များသာဖြစ်၏။

မဋ္ဌကုဏ္ဍလီ ကို အကြောင်း ပြု၍ သူ့မိဘ များ အပါအ၀င် သတ္တ၀ါ အများ တရားချမ်းသာ ကို မြည်းစမ်းခွင့် ရမည် ကို မြတ်စွာဘုရား က သိမြင်တော် မူ၏။ သို့ဖြစ်၍ ထိုနေ့က အိမ်စဉ် အလျောက် ဆွမ်းခံ ကြွသည့် အခါ မဋ္ဌကုဏ္ဍလီ တို့ အိမ်ရှေ့ ၌ ရောင်ခြည်တော် ကို လွှတ်၍ ဆွမ်းရပ် သည်။ မဋ္ဌကုဏ္ဍလီ သည် မျက်ဝန်း ထောင့်စွန်း၌ ရောင်ခြည်တော် ကို ဖူးမြင်ရ၍ ဦးခေါင်း ကို စောင်းငဲ့၍ ငေးကြည့် ရှာသည်။ စင်စစ် မဋ္ဌကုဏ္ဍလီသည် ဗုဒ္ဓကို ကြည်ညို ဖူးသူ မဟုတ်။ သို့သော် ကိလေသာ ကင်းစင်သော ပုဂ္ဂိုလ်ထူး ကို ကြည်ညို သည့် စိတ် ဟူသည်ကား အတ္တမာန အတန်ငယ် ကင်းစင် နေသော သူများ၌ ဖြစ်ပေါ် နိုင်စွမ်း ရှိသည်။ ရောဂါ ဝေဒနာ တို့ကြောင့် အတ္တမာန တို့ ခေတ္တ ငုပ်လျှိုး နေသဖြင့် လည်း မဋ္ဌကုဏ္ဍလီ ၏ ဥာဏ်၌ ကြည်ညို ထိုက်သူကို ကြည်ညိုသော အသိဥာဏ် သည် ဖြစ်ပေါ်လာခြင်း ဖြစ်ဟန်တူ၏။

ကိလေသာ ကင်းစင် တော်မူသော မြတ်ဘုရားကို ဖူးတွေ့ ရသဖြင့် မဋ္ဌကုဏ္ဍလီ၏ သန္တန်တွင် ကာမာဝစရ ကုသိုလ်စိတ် ၈ ပါး၏ ပထမ ကုသိုလ်စိတ် သည် ထင်ရှား ဖြစ်ပေါ်လာ၏။ မြတ်ဘုရား၏ ကိလေသာ ကင်းစင် တော်မူသည့် အမူအရာကို စိတ်နှလုံး၌ ထပ်ဖန်တလဲလဲ မြင်ယောင် ၍လည်း ဗုဒ္ဓါနုဿတိ ဘာဝနာ စိတ်သည် ထင်ရှား ဖြစ်ပေါ် လာ၏။ ကြည်ညို လွန်းမက ကြည်ညိုသည့် စိတ်ကြောင့် လက်အုပ် ချီမိုး၍ ကန်တော့ လိုက်ချင်သည်။ သို့သော် လက်ကိုကား မြှောက်၍ မရ။ စိတ်ထဲမှသာ ကန်တော့ လိုက်ရ၏။ လက်အုပ် မချီရသော်လည်း လက်အုပ်ချီ သကဲ့သို့သာ ဖြစ်လေ၏။

မဋ္ဌကုဏ္ဍလီ ၏ သန္တန်တွင် အကုသိုလ် စိတ်များ ကင်းပျောက်၍ ကုသိုလ်စိတ် များ ဖြစ်ပေါ် လာပေပြီ။ မဋ္ဌကုဏ္ဍလီ ၏ ထွက်သက် ၀င်သက် သည်လည်း ငြိမ်၍ ငြိမ်၍ သက်၍ သက်၍ လာပြီ။ ဇောစိတ် များ သည်လည်း အရင်လို ခုနစ်ကြိမ်မျှ မဖြစ်တော့ဘဲ ငါးကြိမ် လေးကြိမ် မျှသာ ဖြစ်တော့ သည်။ နောက်ဆုံးတွင်ကား..မဋ္ဌကုဏ္ဍလီ ၏ စုတိစိတ်သည် ကုသိုလ်ကံ ၏ နိမိတ် ကို အာရုံပြု၍ ချုပ်လေ တော့၏။ စုတိ စိတ် ချုပ်သည်နှင့် စက္ကန့် မခြား ဘဲ ပဋ္ဋိသန္ဓေ စိတ်သည် ဖြစ်ပေါ် လာ၏။ ပဋ္ဋိသန္ဓေစိတ် ဖြစ်သည့် နေရာကား တာဝတိသာ နတ်ပြည်တည်း။

"ဓမ္မ တို့သည် စိတ်လျှင် ရှေ့သွား ရှိကုန်၏၊ စိတ်လျှင် အကြီးအမှူး ရှိကုန်၏၊ စိတ်ဖြင့် ပြီးကုန်၏၊ သန့်ရှင်း ကြည်လင်သော စိတ်ဖြင့် အကယ်၍ ပြောဆို၊ ပြုလုပ်၊ ကြံစည်ပါက ထို (ပြောဆို ပြုလုပ် ကြံစည်) သောကြောင့် အရိပ်သည် (လူကို) မစွန့်မူ၍ အစဉ် လိုက်သကဲ့ သို့ ထိုသူသို့ ချမ်းသာသည် အစဉ် လိုက်လေ၏။"

မဋ္ဌကုဏ္ဍလီ ဆုံးပြီး လပိုင်းမျှ အချိန်တွင် မြတ်ဘုရား သည် ဤ တရားကို မဋ္ဌကုဏ္ဍလီ ၏ ဖခင် သူဋ္ဌေးကြီး၏ နေအိမ်တွင် ဟောကြားခြင်း ဖြစ်သည်။ သူဋ္ဌေးကြီး သည် မဋ္ဌကုဏ္ဍလီ သေဆုံးပြီးနောက် သုဿာန်သို့ နေ့တိုင်း သွား၍ငိုသည်။ ထိုအခါ နတ်သား ဖြစ်နေ သော သူဋ္ဌေးသား က ဖခင်ဖြစ်သူ အား ဗုဒ္ဓါနုဿတိ ၏ ကျေးဇူးကို လာရောက် ပြောပြသည်။ သူဋ္ဌေးကြီး သည် ၀မ်းမြောက် ၀မ်းသာ ဖြစ်၍ မြတ်ဘုရား သာသနာ၌ သက်ဝင် ကြည်ညို လေသည်။ ထို့နောက် ဥပသကာ အဖြစ်ကို ရောက်၍ မြတ်ဘုရားကို တရား ဟောပြော ပြသရန် တောင်းပန်ခြင်း ဖြစ်လေ၏။

သဒ္ဓါတရား မရှိသော မိဘကို မဋ္ဌကုဏ္ဍလီ က ဤသို့ ကျေးဇူး ဆပ်ခဲ့၏။ အတု ယူဖွယ်ပင် ဖြစ်၏။ ဤသို့ ဖြင့် များစွာသော လူအပေါင်း နှင့်တကွ သားအမိ သားအဖသုံးဦးတို့သည် မြတ်ဘုရား၏ တရားတော်ကို ဒါနကထာသီလကထာ သဂ္ဂကထာ မဂ္ဂကထာ အစဉ်အတိုင်း နာကြားခွင့် ရကြပြီး၍ လူနတ် ချမ်းသာ၊နိဗ္ဗာန် ချမ်းသာ စသည့် အကျိုးထူး များကို မိမိတို့ ပါရမီ အားလျော်စွာ ရရှိခဲ့ ကြလေတော့သည်။

ကိုးကား
ယမက၀ဂ်-မဋ္ဌကုဏ္ဍလီ-ဓမ္မပဒ ဦးရွှေအောင်

Tuesday, August 27, 2013

“ပန်းခြင်းတူတူ လူခြင်းမျှမျှ”


“ပန်းခြင်းတူတူ လူခြင်းမျှမျှ”

    ဓမ္မဘေရီ ရှင်ဝီရိယက ဖုန်းဆက်ပြီး “ရာဂျနိ”ရဲ့စာအုပ် The Book (An Introduction to the Teaching of Bhangwan Shree Rajneesh) written by Bhangwan Shree Rajneesh စာမျက်နှာ-၃၇၇ ကို ကြည့်ဖြစ်အောင် ကြည့်ပေးပါဆိုတာနဲ့ Division ဆိုတဲ့ ခေါင်းစဉ်ပါ စာပိုဒ်ကို ဖတ်ကြည့်မိရာက ဒီစာကို ရေးဖြစ် လိုက်ပါတယ်။ ဒီခေတ်မှာ အင်္ဂလိပ်စာတတ်တွေလဲ မရှားတော့တာဖြစ်လို့ သူ့မူရင်း အင်္ဂလိပ်အရေးအသားတွေ ထည့်ပေးလိုက်ပါတယ်။      The Divisions are not needed,  that is human stupidity.
    “ကွဲပြားခြားနားမှု ဆိုတာတွေဟာ မလိုအပ်ပဲ လူသား(တို့)ရဲ့ မိုက်မဲမှုတွေကြောင့် ဖြစ်နေတာပါ”လို့ ဆို ပါတယ်။


    သူဆက်ပြောထားတာက “သင်နှင်းဆီပန်းကို သဘောကျနှစ်ခြိုက်တာ ကောင်းပါတယ်။ ဒီအတွက် သင်နဲ့ ကျုပ်တို့ တစ်ဦးကို တစ်ဦးက တိုက်ခိုက်ပြောဆိုစရာ ဘာမှမလိုအပ်ပါဘူး။ ကျုပ်က ကြာပန်းကို နှစ်သက် တယ်။ သင်က နှင်းဆီပန်းကို သဘောကျတယ်။ ဒါ ဘာပြသနာ ရှာစရာလိုသလဲ။ သင်ရော ကျုပ်ပါ ပန်းချစ်သူ တွေပဲဟာ။ ဒီလို ပန်းကိုချစ်တာခြင်း တူညီမှုကဘဲ တစ်ဦးနဲ့တစ်ဦး မျက်နှာခြင်းဆိုင် လက်ဆွဲနှုတ်ဆက်နိုင်ခြင်း ရဲ့ အခြေခံတရားဖြစ်နေတာဘဲ”။

    သူရဲ့အဆိုဟာ တော်တော့ကို လှပါတယ်။ ထောက်ခံသင့်တဲ့ အဆိုတစ်ခုဖြစ်တယ်ဆိုတာ လက်ခံကြရ မှာပါ။ ဒါပေမယ့် ကျုပ်တို့ တကယ်ထောက်ခံနိုင်ကြပါ့မလား။ ကိုယ့်အတွေး ကိုယ့်အမြင်ကို သေချာ စူးစမ်းကြည့် မှ သူ့အဆိုအတိုင်း စိတ်သဘောထား ကြီးနိုင်မကြီးနိုင်ဆိုတာ တွေ့လာမှာဖြစ်ပါတယ်။

    လူဆိုတာ့ ကိုယ့်ကိုယ်ကို ဗဟိုပြုတွေးတော ပြုမူ ပြောဆိုတတ်တဲ့ ဇာတိစိတ်ကို ဖျောက်နိုင်ခဲကြတော့ ငါ့ပန်းနဲ့ သူ့ပန်း ယှဉ်လိုက်ရင် ငါ့ပန်းကပိုလှတယ် ဆိုတာမျိုး ဖြစ်ကုန်ကြရော။ ခက်တော့ အခက်သား ရေတွင်း တစ်တွင်းထဲက ရေခြင်းတူတာတောင် ငါ့ရေက အလယ်သားကရေလို့ အသားယူချင်တတ်ကြတာလေ။

    ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတော့ “ပန်း”ဆိုတဲ့ မူလအမည်ရင်းကို မေ့နေတတ်ကြပြီး စပယ်၊ နှင်းဆီ မြတ်လေး၊ စွယ်တော် စတဲ့ ဂုဏ်ပုဒ်တွေက အမည်ရင်းကို ၀ိုင်းပြီးဖုံးလွှမ်းလိုက်လို့ဖြစ်ပါတယ်။
    ကိုယ်ကြိုက်တဲ့ပန်းကို မြတ်နိုးနှစ်သက်ကြတယ်ဆိုတာ အပြစ်တစ်ခုအနေနဲ့ မြင်နေစရာမလိုပါဘူး။ ခက် တာက ကိုယ့်ပန်းကို အချစ်အစွဲ လွန်သွားပြီဆိုရင် သူတကာ့ပန်းကို ငြူစူတတ်လာပါတယ်။ ငြူစူစိတ်ပြင်းထန် လာပြီဆိုရင်တော့ တခြားသူနှစ်သက်ရာ ပန်းတွေကို ပြောင်ကျကျရော တိတ်တခိုးနည်းနဲ့ပါ ဖျက်ဆီးတတ်ကြပါ တယ်။ တစ်ချိန်မှာ အဖျက်ဆီးခံရသူကလဲ တန်ပြန်လာမှာပါ။ စိတ်ယုတ်စိတ်မာနဲ့ ကိုယ်ကလည်းစသေး ခံရသူ ကိုလည်း လူဆိုးဖြစ်အောင် ၀ိုင်းအော်ခိုင်းတတ်တဲ့ အကျင့်ဆိုးလဲ ရှိတတ်ပါတယ်။

    နောက်ဆက်တွဲအနေနဲ့ တစ်ဦးနဲ့တစ်ဦး မျက်နှာခြင်း မဆိုင်နိုင်လောက်အောင် ဖြစ်လာကြပြီး ၀စီကံဆိုး တွေကတစ်ဆင့် စိတ်မှာ အရှအနာဖြစ်ရာက ကိုယ်ခန္ဓာတွေပါ အရှအနာဖြစ်လာအောင် ကာယကံဆိုးတွေနဲ့ ဖြေ ရှင်းမိကြပါရော။

ဘာ့ကြောင့် ဒီလိုဖြစ်ကြရတာလဲ မျှတသင့်တော်အောင် တွေးခေါ်မျှော်မြင်တတ်တဲ့ စိတ်ထားမရှိကြလို့ ပါ။ ဒီတော့ အလိုကြီးမှုတွေ အမျက်ဒေါသကြီးမှုတွေအထိ ရောက်ကုန်ကြတာဖြစ်ပါတယ်။ ငါ့ပစ္စည်း ငါချစ်မြတ် နိုးသလို သူ့ပစ္စည်း သူချစ်မြတ်နိုးမှာပါကလား။ ငါ့ပစ္စည်း သူဖျက်ဆီးခံရတာ ငါမနှစ်သက်ခဲ့ရင်၊ သူ့ပစ္စည်း ငါဖျက် ဆီးတာလည်း သူကြိုက်မှာ မဟုတ်ပါဘူးဆိုတဲ့ နှလုံးစိတ်ထားလေးနဲ့ ကြည့်တတ်မယ်ဆိုရင် ပန်းချစ်သူတွေခြင်း လက်ဆွဲနှုတ်ဆက်နိုင်မှာပါ။

ရာဂျနိက ဒီလိုဆိုပြန်တယ်….. You love Chris, that is one flower, I love Buddha, that is another flower, somebody else loves Laotzu , that is another flower . We all are friends because  we love flowers.
သင်က ခရစ်တော်ဆိုတဲ့ ပန်းပွင့်ကို ချစ်မြတ်နိုးတယ်။ ကျုပ်က ဗုဒ္ဓရှင်တော်မြတ်ဆိုတဲ့ ပန်းပွင့်ကို ချစ် မြတ်နိုးတယ်။ တစ်ခြားသူများကလဲ လာအိုဇူဆိုတဲ့ ပန်းတစ်မျိုးကို ချစ်မြတ်နိုးကြတယ်။ ဒီလိုဆိုတော့ ပန်းချစ် တတ်သူ ကျုပ်တို့အားလုံး သူငယ်ချင်းတွေပေါ့။

မြန်မာစကားလုံး “လူ”ဆိုတာနဲ့ အနက်တူစကားလုံးတွေ  လူမျိုးတိုင်းရဲ့ ဘာသာတိုင်းမှာ ရှိနေကြမှာ သေချာပါတယ်။ လူဆိုတာ မြန်မာလူမျိုး တစ်မျိုးတည်းနဲ့သာ သက်ဆိုင်တဲံ့ စကားလုံးမဟုတ်ပဲ ကမ္ဘာဂြိုလ်ပေါ် က လူမျိုးအားလုံး လူ့အနွယ်အားလုံးကို ရည်ညွှန်းတဲ့ မြန်မာစကားလုံးဖြစ်ပါတယ်။

ဒီနေ့လက်ရှိ ကမ္ဘာပေါ်က လူသားအားလုံးဟာ သူတို့မွေးစက “လူ”လေးမွေးတယ်လို့ပဲ အသိအမှတ်ပြု ကြတာပါ။ ဟန္ဒီလေး မူစလင်လေး ဗုဒ္ဓဘာသာလေး မွေးလာတယ်ရယ်လို့ မပြောကြပါဘူး။ အသက်အရွယ်လေး ရလာလို့ သိတတ်စမှာ (ဥပမာ) ဗုဒ္ဓရဟန်းတော်တစ်ပါး အိမ်ကို ဆွမ်းခံကြွလာချိန် မိခင်က ကလေးရဲ့ လက်အုပ် ကလေးကိုကိုင်ပြီး “ဘုန်းဘုန်းကို ရှိခိုးလိုက် …..ရှိခိုးလိုက် ဆိုတဲ့ အချိန်ကစပြီး ဘာသာရေး အသိအမြင်လေး တွေ ၀င်လာပါရော။

အတော်လေး အသက်ကြီးလာတော့ ဒို့က မူစလင်၊ ဒို့က ခရစ်ယာန်၊ ဒို့က ဗုဒ္ဓဘာသာ စတာတွေ ဖြစ် ကုန်တော့ မူလ“လူ”ဆိုတဲ့တန်ဘိုးက ခတ်မှိန်မှိန်ပဲကျန်တော့တယ်။ ဒီကစလို့ ခြားနားခြင်းတွေပေါ်လာရာက မနောကမ် လက်နက်တိုက်ကထုတ်ပြီး ၀စီကမ် လက်နက်တွေနဲ့ ထိုးကြ ခုတ်ကြ ပစ်ကြ ခတ်ကြနဲ့ တစ်ဆင့် တက်ပြီး ကာယကမ်တွေနဲ့ပါ ကိုယ်ထိလက်ရောက် ဖြစ်ကုန်ကြတာပါ။

တစ်ချို့ဘာသာတွေဆို ဘာသာဝင်အချင်းချင်း ဂိုဏ်းကွဲပြီး အငြိုးတေးတွေနဲ့ တိုက်ကြခိုက်ကြတာတွေ ရှိနေတာကို သိနေရတယ်။ ဒါနဲ့ပတ်သက်လို့ ကျုပ်တို့ ဗုဒ္ဓဘာသာမှာ ဂိုဏ်းကွဲတွေရှိကြပေမယ့် ကာယကမ် မြောက် အတိုက်အခိုက်တွေ မရှိကြဘူး။ နှုတ်နဲ့ စာနဲ့တော့ အနည်းငယ် ရှိခဲ့ကြပါတယ်။

ဒီလို ဘာသာကြီးတွေ ကွဲပြားနေတဲ့ကိစ္စနဲ့ပါတ်သက်လို့ နတ်မှီတောရဆရာတော် သျှင်ဥက္ကဋ္ဌ အိန္ဒိယ မှာ နေစဉ်က တစ်ခြားဘာသာက ပညာရှင်တွေနဲ့အတူ တစ်ကမ္ဘာလုံးကလူတွေ ဘာသာတစ်ခုတည်း သက်ဝင် ကိုးကွယ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် လူတစ်ဦးဘ၀ရဲ့အသက်ကို လေးပိုင်း ပိုင်းပြီး ဘာသာလေးမျိုးလုံး ကျင့်သုံးနိုင်ရင် ကမ္ဘာ့ငြိမ်းချမ်းရေး ဖြစ်နိုင်မလားဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ကြဘူးတယ်လို့ ဆိုပါတယ်။ အကောင်အထည် တော့ မပေါ်ခဲ့ပါဘူး။

အမှန်ကတော့ ဘာသာတရားတိုင်းက ခေါင်းဆောင်တွေ “လူဦးရေ” လုပွဲကြီး လုပ်နေကြတာဖြစ်ပါ တယ်။ ဘာသာကိုးကွယ်မှုကို အရောင်တွေနဲ့ ခွဲပြထားတဲ့ ကမ္ဘာ့မြေပုံမှာ ဧရိယာကျယ်ပြီး ဘာသာဝင်ဦးရေများ မ ကြိုးစားနေကြရာမှာ တစ်ဖက်အိမ်မြေပိုင်နက်ကို ကျူးကျော်ပြီး ခြံစည်းရိုးခတ်တာမျိုးတွေကစလို့ နည်းမျိုးစုံနဲ့ ဦးရေများအောင် လုပ်တာတွေ “ရှိနိုင်ပါတယ်”။ “ရှိနိုင်ပါတယ်”လို့ အသေမချာ မသဲမကွဲ ဆိုမိတာက“မရှိကြရင် ကောင်းမှဘဲ”လို့ မျှော်လင့်မိလို့ပါ။

ဗုဒ္ဓဘာသာက လူကိုစုတာ မဟုတ်ပါဘူး။ ဦးနှောက်နဲ့ နှလုံးသားကို စည်းရုံးတာပါ။ (တစ်နည်း) အသိ ပညာနဲ့ ကရုဏာ မေတ္တာတရားတွေ အားကောင်းလာအောင် ဟောကြ ပြောကြတာဖြစ်ပါတယ်။ ဒီအတိုင်း ဖြစ် အောင်လဲ ဗုဒ္ဓဘိက္ခုတွေအနေနဲ့ ကြိုးစားကြရမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်တစ်ရာနီးပါးက K.J.Saunders ဆိုတဲ့ ခရစ်ယာန် ဓမ္မဆရာတစ်ဦး (၁၉၁၆-ခုနှစ်တွင် Y.M.C.A အသင်း ဘော်ဒါအုပ်အဖြစ် တာဝန်ထမ်းဆောင်ရင်း ဗုဒ္ဓဘာသာဝင်များကို ခရစ်ယာန်ဘာသာဝင် အ ဖြစ် ကူပြောင်းစေရန် နည်းလမ်းရှာကြံရေးအတွက် လေ့လာသုတေသနပြုခဲ့သူ) ရေးခဲ့တဲ့ "The Story of Budd –hism" စာအုပ်ပါ ရေးသားထားပုံကို ထုတ်ပြပါရစေ။ Pure Buddhism is only to be found among the well educated people. စင်ကြယ်တဲ့ ဗုဒ္ဓ၀ါဒကို ပညာကောင်ကောင်း တတ်သူတွေထဲမှာဘဲ တွေ့ရတယ်လို့ ဆို ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသိဥာဏ်နည်းသူတွေအတွက် ဗုဒ္ဓ၀ါဒဟာ နားလည်ဖို့ ခက်ခဲလွန်းလို့ပါတဲ့။

ဒီတော့ ဘာသာတရားခေါင်းဆောင် ဘိက္ခုတို့ရဲ့ တာဝန်က (ဗဟုဇန ဟိတာယ၊ ဗဟုဇန သုခါယ)လူ အများ အကျိုးအတွက် အသိပညာတိုးတက်ရေး၊ လူအများချမ်းသာဖို့အတွက် မေတ္တာ ကရုဏာတရားတွေ ပွားများရေးကို အသိပညာ နည်းကြတယ်ဆိုတဲ့ လူတွေရဲ့ ဦးနှောက်နဲ့ အသဲနှလုံးထဲကို ရောက်ဘို့ ကြိုးစားကြရ မှာဖြစ်ပါတယ်။

ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ အသိပညာနဲ့ မေတ္တာတရားတွေ ပွားများလာအောင် ပြုလုပ် ခြင်းက ခိုင်မာတဲ့ ခံတပ်ကို တည်ဆောက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် ကမ်သုံးပါး ခံတပ်ကို ခိုင်ခံ့အောင် တည် ဆောက်ပါ။ အကောင်းဆုံးခံစစ်ဆိုတာ အကောင်းဆုံးတိုက်စစ်ဖြစ်ပါတယ်။

ဗုဒ္ဓ၀ါဒက (Atheisim) ဖန်ဆင်းရှင် ဘုရားသခင် (God) ဆိုတာကို မယုံကြည်တဲ့ ၀ါဒဖြစ်သလို လက်လဲ မခံပါဘူး။ “အတ္တသမာ ပဏီဓိ” ကိုယ့်အရည်အသွေးကို ကိုယ်တိုင်ပြည့်စုံလုံလောက်အောင် ကြိုးစားပြီး (ခန္တီ) ကိုယ်ခံစွမ်းအား ကောင်းအောင်သာ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

သတင်းခေတ်ကြီးမှာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ စိတ်သဘောထားတွေကို မေတ္တာလမ်းကြောင်းကလွဲသွားစေ ဘို့ လွတ်လပ်စပြုလာတဲ့ ဂျာနယ်တွေ၊ သတင်းစာတွေ၊ လူမှုရေးကွန်ယက်တွေ ဘလော့ခ်တွေကနေ အတင်းသ တင်း အတင်းကြေငြာချက် အတင်းဆောင်းပါးတွေနဲ့ ဖွနေကြမှာပါ။ ဒါတွေဖတ်ပြီး ကိုယ်ကမပွဖို့ လိုပါတယ်။ ကိုယ်ကပွလိုက်ရင် သူတို့နဲ့ကိုယ် တစ်တန်းစားတည်း ဖြစ်သွားမှာပါ။

ဗုဒ္ဓလက်ထက်တော်က အဆဲသန်တဲ့ ပုဏ္ဏားကြီးတစ်ဦးက ဗုဒ္ဓကို တစ်နေ့လုံးနီးပါးဆဲနေလိုက်တာတဲ့။ သူပြန်မယ်လုပ်တော့ ဗုဒ္ဓက “ဟဲ့….ပုဏ္ဏားကြီး သင့်အဆဲတွေ ငါမယူဘူး သင်ပြန်ယူသွားတော့”လို့ ဆိုလိုက်ချိန် မှာ ပုဏ္ဏားကြီး သဘောပေါက်ပြီး ဗုဒ္ဓကို ကြည်ညိုသွားတယ်လို့ ဆိုပါတယ်။ ဒါဟာ ဗုဒ္ဓရဲ့ အကောင်းဆုံးခံစစ် ဖြစ်သလို ပုဏ္ဏားကြီး အရှုံးပေးလိုက်ရတဲ့ ဗုဒ္ဓရဲ့ အကောင်းဆုံးတိုက်စစ်ပဲ မဟုတ်ပါလား။

ဂျာနယ်စာမျက်နှာကို အားနာလို့ အဆုံးသတ်ပါတော့မယ်။ မြန်မာနိုင်ငံအတွင်းမှာနေကြတဲ့ မည်သည့် ဘာသာဝင် ပုဂ္ဂိုလ်မဆို အားလုံးဟာ လူသားတွေပါ။ လူအချင်းချင်း ကွဲပြားစေရင် ဒီဘာသာအနေနဲ့ တန်ဖိုးနိမ့် သွားမှာပါ။ ဦးဆောင်သူတွေက ဘယ်ဘာသာဝင်နဲ့မဆို ညီညွတ်အောင် ဆုံးမသွန်သင်နိုင်ကြမယ်၊ နောက်လိုက် တွေကလဲ ဘယ်ဘာသာဝင်နဲ့မဆို ညီညွတ်အောင်နေနိုင်ကြမယ်ဆိုရင် ဘာသာတရားတွေ တန်ဖိုးတက်လာမှာ ဖြစ်ပါတယ်။

ဒီဆောင်းပါးရဲ့ အဆုံးသတ်ကို “ရာဂျနိ”ရဲ့ အဆိုနဲ့ နိဂုံးချုပ်လိုက်ပါရစေ။

The divisions come from men's political mind, it has nothing to do with religions.
    (အထက်ပါအဆိုကို စာရေးသူကတော့ ကျေနပ်လောက်အောင် ပြန်ဆိုနိုင်ဘို့အတွက် စဉ်းစား လိုက်ပါဦးမယ်။ ဂျာနယ်တိုက်က ပုဂ္ဂိုလ်များ ဘာသာပြန်လိုက ပြန်ပေးနိုင်ပါတယ်။)

မေတ္တာများဖြင့်
ရှင်ဆန္ဒာဓိက-ပေလေးပင်နတ်မှီတောရ

Monday, August 26, 2013

စေတနာနှင့် မထိုက်တန်သူများ


 စေတနာနှင့် မထိုက်တန်သူများ
အရုဏ်ကျင်း၍ အလင်းရောင် မှိန်ပြပြကို တွေ့မြင်နေရသည်။ အရုဏ်ဦး၏ အလင်းရောင်အောက်တွင် ရဟန်းတော်များသည် မိမိတို့ လုပ်နေကျ လုပ်ငန်းများကို အသီးသီးလုပ်ဆောင်နေကြသည်။ တရားထိုင်ခြင်း၊ တရားဆွေးနွေးခြင်းနှင့် ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများကို ဣနြေ္ဒရရ လုပ်ဆောင်နေကြသည်။ ထိုကဲ့သို့ ဆောင်ရွက်နေကြရင်း အရုဏ်ကျင်း၍ မိုးသောက်ချိန်ရောက်သောအခါ မြတ်စွာဘုရား ဦးဆောင်လျှက် ဥတ္တရကာမည်သော နိဂုံးရွာလေးသို့ ဆွမ်းခံဝင်ခဲ့ကြလေသည်။

နံနက်ခင်းနေရောင်နုနုလေး နောက်ခံဖြင့် မြတ်စွာဘုရားဦးဆောင်သော သံဃာတော်များကို တွေ့မြင်ရသည်မှာ နံနက်ခင်းကို ပိုလို့ ကျက်သရေရှိနေစေခဲ့သည်။ ရွာသူရွာသားများမှာလည်း လှူဖွယ်ဝတ္ထုကိုယ်စီဖြင့် မြတ်စွာဘုရားနှင့် သံဃာတော်များကို မိမိတို့ အိမ်တံခါးဝမှ စောင့်နေခဲ့ပြီး လှူဒါန်းပူဇော်နေကြလေသည်။ နံနက်ခင်း၏ တွေ့မြင်ရသမျှ မြင်ကွင်းတိုင်းမှာ ကျက်သရေရှိလှသည်။ နံနက်ခင်း၏ တည်ငြိမ်အေးမြမှုနှင့် မြင်ကွင်းတို့၏ ကြည်နူးစရာဖြစ်နေပုံတို့မှာ ပဏာရနေခဲ့လေသည်။

တစ်ခုသော မြင်ကွင်းက ကြည့်မြင်ရသူတို့အတွက် အော်ဂလီဆန်စရာ ဖြစ်နေခဲ့လေသည်။ “တောင်းမှာ အကွတ်၊ လူမှာ အ၀တ်”ဆိုသော စကားမှာ သူ့အတွက် မည်သည့်သက်ရောက်မှုမှ မရှိ။ ကိုယ်တုံးလုံးကြီးနေခြင်းအားဖြင့် မိမိကိုယ်ကိုမိမိ အ၀တ်အစားကိုမျှ မခင်တွယ်သူ၊ မည်သည့်အရာကိုမျှ မတွယ်တာသူဖြစ်သည်ဟု ယုံကြည်နေသည်။ လူသားများအနေဖြင့် လူတစ်ယောက်အဖြစ် အဆင့်အတန်းမှီမှီဖြစ်နေဖို့အတွက် အစားအသောက်များကို လူ့ထုံးစံအတိုင်း ပြုပြင်ဖန်တီးပြီး လုပ်ဆောင်စားသောက်ကြသည်။

လူဖြစ်၍ လူလို လမ်းလျှောက်ပြီး လူလို အသက်ရှင်နေကြ၏။ သူ့အတွက်ကား ထိုအခြင်းအရာများလည်း မရှိ။ သူသည် ခွေးများကဲ့သို့ လေးဘက်ထောက်ပြီးသာ သွားလေ့ရှိသည်။ ပန်းကန်၊ ခွက်စသော ထည့်စရာများဖြင့် ပေးသော စားစရာသောက်စရာများကို လက်မခံ၊ မစားသောက်။ အသုံးမပြု။ သူသည် မြေကြီးပေါ်၌ ပုံထားပေးသော အစားအစာကိုသာ ခွေးကဲ့သို့ ပါးစပ်ဖြင့် ဟပ်၍ စားသောက်၏။ သူဆိုသည်မှာ ကောရခတ္တိယတက္ကဒွန်းကြီးပင် ဖြစ်ပါသည်။

မြတ်စွာဘုရားရှင်လက်ထက်က အဆိုပါ တက္ကဒွန်းကဲ့သို့ အ၀တ်မ၀တ်ဘဲ နေထိုင်ခြင်း၊ အစာအငတ်ခံ၍ ကျင့်ခြင်း၊ အိမ်တံခါးကို ကျော်လွန်ပြီး ယူလာသော အစားအသောက်ကို လက်မခံခြင်း၊ ဆံပင်ချည်ကိုသာ ၀တ်၍နေခြင်း၊ ရေအေးကို မသုံးဆောင်ခြင်း….စသော အမျိုးမျိုးသော အကျင့်ထူးအကျင့်ဆန်းများကို ကျင့်ကြသူ ရသေ့၊ ပရိဗိုဇ်များ အလွန်ပေါများခဲ့လေသည်။ မည်သို့သောအကြောင်းဖြင့် ဖြစ်စေ သူတို့သည် ကိုယ်ယုံကြည်ရာလမ်းစဉ်အတိုင်း သူတို့မျှော်မှန်းထားသော ရည်မှန်းချက်ပန်းတိုင်ကို ရောက်ချင်လွန်း၍ အားထုတ်နေကြသူများသာ ဖြစ်လေသည်။

အချို့မှာ အကျင့်က မှားနေသော်လည်း သူတို့၏ စိတ်ဓာတ်မှာ လွတ်မြောက်လိုမှုဖြင့် ဖြူစင်နေကြသည်။ အချို့မှာ လူတို့ထံမှ လာဘ်လာဘများကို လိုချင်သောကြောင့် ထူးထူးဆန်းဆန်း ကျင့်ကြခြင်း ဖြစ်သော်လည်း အချို့မှာ မည်သည့်ရလိုမှုမျှ မရှိဘဲ ပကတိ ကျင့်လိုသောစိတ်ဓာတ်ဖြင့်သာ ကျင့်နေကြလေသည်။

ထိုပုဂ္ဂိုလ်များအနက် ကောရခတ္တိယကား လူအများ၏ ကြည်ညိုလေးစားမှု၊ အထင်ကြီးမှုကို ရယူလိုသောကြောင့် လူမြင်ကွင်းတွင် အ၀တ်အစားဗလာဖြင့် အစားအသောက်များကို မြေကြီးပေါ်ပုံပြီး ခွေးကဲ့သို့ လေးဘက်ထောက် စားနေခဲ့လေသည်။ အချို့လူများမှာ ထူးထူးဆန်းဆန်းမြင်ကွင်းကို ကြည့်နေကြသော်လည်း မြတ်စွာဘုရားရှင်၏ တပည့်ဒကာဒကာမများအတွက်ကား အော်ဂလီဆန်စရာ မြင်ကွင်း ဖြစ်နေလေသည်။

မြတ်စွာဘုရားရှင်၏နောက်မှ လိုက်ပါလာသော ရဟန်းတော်များကလည်း သူ၏ မှားယွင်းသောအကျင့်ကို တွေ့မြင်ပြီး ကရုဏာသက်နေခဲ့ကြသည်။

လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသကဲ့သို့ အများစုက ရှက်ဖွယ်အကျင့်ဟု ယူဆနေကြသော်လည်း တစ်ယောက်သောသူကား “အ၀တ်မ၀တ်ဘဲ နေနိုင်လေစွ၊ အစားအသောက်ကိုလည်း ခွေးကဲ့သို့ လေးဘက်ထောက်ပြီး စားနေသည်မှာ အံ့သြဖွယ်ကောင်းလေစွ၊ ထိုသူကမှ တကယ့်ရဟန္တာဖြစ်လိမ့်မည်”ဟု အထင်ကြီး လေးစားသောစိတ်ဖြင့် ကြံစည်နေသူ တစ်ဦး ရှိလေသည်။ ထိုသူမှာ လိစ္ဆ၀ီမင်းသားတစ်ဖြစ်လဲ သုနက္ခတ်ရဟန်းပင် ဖြစ်လေသည်။

သူမည်မျှပင် ဆိုးသွမ်းနေသော်လည်း မြတ်စွာဘုရားရှင်သည် သူ့အပေါ်တွင် စေတနာမေတ္တာဖြင့် နည်းပေးလမ်းပြ ပြုလုပ်ပေးနေခဲ့သည်။ အရင်တစ်ခါကလည်း မြတ်စွာဘုရားရှင်ကို ကလန်ကဆန်လုပ်ပြီး ထွက်ခွါသွားခဲ့သည်။ ယခုလည်း မြတ်စွာဘုရားရှင်၏ နောက်တော်ပါးတွင် လိုက်ပါလာရသော်လည်း အ၀တ်မ၀တ်ဘဲ ခွေးလိုကျင့်နေသူကို တကယ့်ရဟန္တာအစစ်ဟု ကြံစည်ယူဆနေခဲ့သည်။

လောကတွင် စေတနာဖြင့် နည်းပေးလမ်းပြပေးခြင်းသည် အချို့သူတို့အတွက် လမ်းမှန်ပေါ်သို့ ရောက်သွားစေနိုင်သော်လည်း အချို့အတွက်မူကား အကျိုးမထူးလှချေ။ “စေတနာသည် လူတိုင်းနှင့် မထိုက်တန်”ဆိုသောစကားမှာ ထိုလူမျိုးများနှင့် တွေ့ဆုံဖူး၍ ဆိုကြသောစကား ဖြစ်ပေလိမ့်မည်။ လောကလူသားများအနေဖြင့် လူကောင်းဖြစ်စေ၊ လူဆိုးဖြစ်စေ မိမိအပေါ် စေတနာဖြင့် ပြုလုပ်ဆောင်ရွက်ပေးခြင်းများကို ကြုံတွေ့ရတတ်သည်။ ပုထုဇဉ်လူသားများဖြစ်၍ မိမိအပေါ်တွင် အမြဲတမ်း တစ်သက်တာလုံး စေတနာဖြင့် ပြုလုပ်ဆောင်ရွက်ပေးလိမ့်မည်ဟု တထစ်ချ ယူဆထား၍ မရချေ။ သို့ဖြစ်၍ မိမိအပေါ် စေတနာထားချိန်တွင် မိမိက အကျိုးရှိရှိ လက်ခံထားနိုင်ဖို့ အရေးကြီးလေသည်။

သုနက္ခတ်ရဟန်းသည် မြတ်စွာဘုရားရှင်က စေတနာမေတ္တာဖြင့် လမ်းညွှန်ဆုံးမမှုကို မည်သည့်အခါမျှ လက်ခံခြင်း မရှိခဲ့။ အားလုံးကို ဆန့်ကျင်ပယ်ချပစ်ခဲ့သည်သာ ဖြစ်လေသည်။

အခုလည်း မြတ်စွာဘုရားရှင်၏ နောက်တော်မှ လိုက်ပါနေရသော်လည်း “အို အဆွေတို့…. လေးဘက်ထောက်လျှက် မြေ၌ချထားသော အစာကို ပါးစပ်ဖြင့်သာ ဟပ်၍စားနေသော ထိုရဟန်းကား ချီးမွမ်းအံ့သြဖွယ်ရှိလေစွတကား”ဟု ကြံစည်နေခဲ့၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုအကြံကို သိသဖြင့် လမ်းမှားမရောက်စေလိုသဖြင့် “အလကားကောင် သုနက္ခတ်၊ ဒီလို တွေးနေပြီး မြတ်စွာဘုရားရှင်၏ တပည့်သာဝကလုပ်နေသေးတယ်”ဟု ခပ်နာနာ မိန့်တော်မူလိုက်သည်။

“အရှင်ဘုရား…ဘာဖြစ်လို့ တပည့်တော်ကို အဲဒီလို ပြောရတာလဲ”

“သင်ပဲ ခွေးတစ်ကောင်လို ကျင့်နေတဲ့ ကောရခတ္တိယကို သင့်စိတ်ထဲမှာ ချီးမွမ်းအံ့သြနေတယ် မဟုတ်လား”

“အော်…ချီးမွမ်းထိုက်လို့ ချီးမွမ်းတာလေ၊ ဘာလဲ အရှင်ဘုရားက သူ့တရားကို မနာလို ဖြစ်နေတာလား”

လိစ္ဆ၀ီမင်းသားတစ်ဖြစ်လဲ သုနက္ခတ်ရဟန်း၏ မြတ်စွာဘုရားအပေါ် တုန့်ပြန်ပြောဆိုပုံမှာ အလွန်အံ့သြစရာ ကောင်းပါသည်။ လမ်းမှန်ပေါ် ရောက်စေချင်လို့ လမ်းမမှားစေချင်လို့ လမ်းညွှန်နေသူကို “အရှင်ဘုရားက မနာလို ဖြစ်နေတာလား”ဟု တုန့်ပြန်သည်။ “အော် မြတ်စွာဘုရားတောင်မှ ဒီလို အပြောခံရပါလား”ဟု တွေးမိတော့ ထိုကဲ့သို့ ကိုယ့်ကို အပြောခံရစဉ်က နာကျင်မှုလေးများမှာ ပြယ်လွင့်ကုန်ခဲ့ကြသည်။

ထိုအပြောမျိုးမှာ လူတိုင်းလိုလို အပြောခံခဲ့ကြရဖူးပါလိမ့်မည်။ ကိုယ်တိုင်အတွေးဖြင့် မှန်သည်ဟု လုပ်ဆောင်နေသောအရာများသည် လက်တလောကောင်းသည်ဟု ထင်ရသော်လည်း တစ်ခါတစ်ရံ မှားယွင်းနေတတ်သည်။ သို့ရာတွင် မိမိကိုယ်တိုင်က ထိုမှားယွင်းမှုကို သတိမပြုမိ၊ ကိုယ့်အပေါ်တွင် စေတနာထားသူက မြင်နေတတ်သည်။

အခုလည်း သုနက္ခတ်က မြတ်စွာဘုရားကို ဘေးမှာထားပြီး ခွေးလိုကျင့်နေသူကို တကယ့်ရဟန္တာဟု ထင်မှတ်နေခဲ့သည်။ ထိုအမှားကို ထောက်ပြဖို့ အားထုတ်သော မြတ်စွာဘုရားကို “မနာလို”လို့ပြောသည်ဟု ထပ်ပြီး မှားယွင်းခဲ့လေသည်။

“သုနက္ခတ်…..ကောရခတ္တိယရဲ့ အရဟတ္တဖိုလ်ကို ငါ မနာလိုလို့ ပြောတာမဟုတ်၊ သင့်မှာ အယူမှား ၀င်နေလို့ ပြောတာဖြစ်တယ်။ အဲဒီအယူမှားကို စွန့်လိုက်ပါတော့။ သင်ကသာ ချီးမွမ်းနေတယ်။ အဲဒီ ကောရခတ္တိယဟာ ဒီနေ့ကနေ ၇-ရက်မြောက်ရင် စားပိုးနင့်ပြီး သေလိမ့်မယ်၊ သေပြီးရင် ဘာဖြစ်မယ် ထင်သလဲ”

“ရဟန္တာပုဂ္ဂိုလ်ကြီးသေတာဆိုတော့ ဘ၀လွတ်မြောက်ရာကို ရောက်မှာပေါ့”

“မဟုတ်ဘူး သုနက္ခတ်….အသုရာဘုံထဲက အနိမ့်ဆုံး ကာလကဉ္စိကာအသုရာကြီး ဖြစ်လိမ့်မယ်”

“အရှင်ဘုရားပြောတာ မဖြစ်နိုင်ပါဘူး။ မယုံပါဘူး”

“မယုံရင်တော့ သင် စောင့်ကြည့်လိုက်ပေါ့”

မြတ်စွာဘုရားထံမှ ထိုစကားကို ကြားပြီးနောက် သုနက္ခတ်သည် မြတ်စွာဘုရားစကား မှားယွင်းစေဖို့ ကြံစည်အားထုတ်လေတော့သည်။ မြတ်စွာဘုရားနှင့် စကားပြောပြီး ကျောင်းရောက်လို့ ဆွမ်းစားပြီးသောအခါ ချက်ချင်းပင် ကောရခတ္တိယတက္ကဒွန်းကြီးထံသို့ သွားလေသည်။

“အရှင်ကောရခတ္တိယ….သင့်ကို ဂေါတမက ၇-ရက်မြောက်လျှင် စားပို့နင့်ပြီး သေမယ်လို့ ပြောနေတယ်။ သေပြီးနောက်မှာလည်း ကာလကဉ္စိက အသုရာဘုံမှာ ဖြစ်မယ်လို့ ပြောနေတယ်”

“ဟုတ်ပါပြီ၊ အဲဒီတော့ ကျုပ်က ဘာလုပ်ရမှာလဲ”

“ကျုပ်တို့ ဂေါတမရဲ့စကားမှားအောင် လုပ်ရမယ်”

“ဘယ်လို လုပ်ရမှာလဲ”

“စားပို့နင့်ပြီး သေမယ်လို့ ပြောတာဆိုတော့ သင်က အစားကို လျှော့စားပေါ့၊ ရေကိုလည်း လျှော့သောက်ပေါ့၊ အဲဒီလိုသာနေရင် သင်ဟာ ဘယ်လိုလုပ် စားပိုးနင့်ပြီး သေပါ့မလဲ”

“ဟုတ်ပါပြီဗျာ၊ ကျုပ် လျှော့စားမယ်၊ လျှော့သောက်မယ်”

သုနက္ခတ်သည် “မြတ်စွာဘုရားစကား မှားတော့မယ်”ဟု တွေးပြီး ကြိတ်ပီတိတွေ ဖြစ်နေခဲ့လေသည်။ စိတ်ကလည်း နေ့စဉ်နေ့တိုင်း ၇-ရက်ပြည့်မည့်နေ့ကို စောင့်နေခဲ့သည်။ ၇-ရက်ပြည့်သောအခါ မြတ်စွာဘုရားမိန့်တော်မူသည့်အတိုင်း ကောရခတ္တိယသည် စားပိုးနင့်ပြီး သေဆုံးခဲ့လေသည်။

သုနက္ခတ်သည် ကောရခတ္တိယ စားပိုးနင့်ပြီးသေသည့်သတင်းကို ရသည့်တိုင် မြတ်စွာဘုရားကို အထင်မကြီးခဲ့ပေ။ “စားပိုးနင့်ပြီး သေတာတော့ ဟုတ်ပါပြီ၊ အသုရာဘုံမှာဖြစ်မယ်ဆိုတာတော့ ဟုတ်ချင်မှ ဟုတ်မှာပါ”ထင်နေခဲ့သည်။ သို့ဖြစ်၍ ကောရခတ္တိယသေဆုံးသောနေရာသို့ သွားခဲ့သည်။ အလောင်းကို တွေ့သောအခါ လက်ဖြင့်ပုတ်ပြီး “သင် မည်သည့်ဘုံမှာ ရောက်နေသနည်း”ဟု မေးသည်။

အလောင်းကောင်ကြီးသည် ထလာပြီး “အသုရာဘုံရဲ့ အနိမ့်ဆုံး ကာလကဉ္စိကာဘုံမှာ ရောက်နေပါတယ်”ဟုပြောပြီး ပြန်လဲကျသွားခဲ့လေသည်။ သုနက္ခတ်လည်း သူ့အကြံအစည်များ မှားယွင်းခဲ့သည်ကို သိမြင်ပြီး ခေါင်းငိုက်စိုက်ဖြင့် ကျောင်းသို့ ပြန်ရောက်ခဲ့သည်။

မြတ်စွာဘုရားရှင်သည် သုနက္ခတ်ရဟန်း အမြင်မှန် ရလိုရငြားဖြင့် “သုနက္ခတ်….ငါဘုရား ပြောခဲ့တဲ့အတိုင်း မှန်ရဲ့လား ဒါမှမဟုတ် တလွဲဖြစ်နေလား”ဟု မေးလေသည်။

“မှန်ပါတယ်၊ တလွဲမဖြစ်ပါ”

“ကဲ….ငါဘုရား ဒီလိုပြောတာဟာ တန်ခိုးပြာဋိဟာပြတယ်လို့ မဆိုနိုင်ဘူးလား” (ရှေ့ဆောင်းပါးတွင် တန်ခိုးမပြလို့ဆိုပြီး မြတ်စွာဘုရားကို ဆရာအဖြစ်မှ စွန့်လွှတ်ခဲ့သည်)။

“ဆိုနိုင်ပါတယ်”

“ကဲ…ဒီလိုဆိုရင် သင် ဘယ်လောက်မှားယွင်းနေသလဲဆိုတာ သိပါတော့၊ ကိုယ့်အပြစ်တွေကို သေချာကြည့်စမ်းပါ”ဟု ဆုံးမလေသည်။

အထက်ပါအကြောင်းအရာများကို ဘဂ္ဂ၀ပရိဗိုဇ်နှင့် ပြောဆိုဖြစ်ကြသောအခါ “ဘဂ္ဂ၀ရေ…ငရဲသွားမယ့် ဒီသုနက္ခတ်ကို ငါဘုရားလည်း တားလို့ မရပါဘူးကွယ်”ဟု ကရုဏာသက်သက်ဖြင့် မိန့်တော်မူခဲ့လေသည်။

ဤ၀တ္ထုကို ဖတ်ပြီးသောအခါ မြတ်စွာဘုရားရှင်၏ ပြည့်လျှံနေသော စေတနာမေတ္တာများနှင့် ထိုစေတနာမေတ္တာများကို လုံးလုံးလျားလျား မျက်ကွယ်ပြုနိုင်စွမ်းသော သုနက္ခတ်တို့၏ ပုံရိပ်များမှာ ထင်ရှားလာနေခဲ့ပြီး “စေတနာနှင့် မထိုက်တန်သူများ”ဟူသော စကားလေးကို ကြားယောင်နေမိခဲ့လေသည်။


Sunday, August 25, 2013

အနာမဲ့သူ ရှင်ဗာကူ (သို့မဟုတ်) အံ့ချီးဖွယ်ရာတွေနဲ့ ပြည့်စုံသူ


အရှင်ဗာကုလမထေရ် (သို့မဟုတ်) အံ့ချီးဖွယ်ရာတွေနဲ့ ပြည့်စုံသူ

သူတော်ကောင်း အစားစားတွေထဲမှာ အားကျကျေနပ်စရာအကောင်းဆုံး လိုလားနှစ်သက်ဖွယ်အဖြစ်ဆုံး၊ အတူယူမြတ်နိုးဖို့အသင့်တော်ဆုံး ပုဂ္ဂိုလ်တစ်ဦးဦးကို ရွေးချယ်ပြပါ ဆိုလျှင် အရှင်ဗာကုလမထေရ်ကို ညွန်းဆိုမိမှာပါ။ အရှင်ဗာကုလမထေရ်ဟာ  ကူးခတ်လွန်မြောက်ဖို့ ခက်ခဲလှတဲ့ဘ၀သံသရာ ပင်လယ်ခရီးကြမ်းကို ကျွမ်းကျင်လိမ္မာတဲ့ မာလိန်မှူး တစ်ဦးလို သက်သောင့်သက်သာ အဆင်ပြေ ချောမွေ့စွာ ကူးဖြတ်ပြခဲ့သလို အစိုးမရတဲ့ လူ့ဘ၀ကိုလည်း အစိုးရတဲ့ နတ်ဒေ၀တာတစ်ဦးလို နေပြသွား တော်မူခဲ့တာ ဖြစ်ပါတယ်။

         အရှင်ဗာကုလမထေရ်အလောင်းအလျာဟာ အနောမဒဿီ ရှင်တော်ဘုရားရဲ့ လေနာရောဂါကို ပျောက်ကင်းအောင် ကုသပေးပြီး "ဘ၀သံသရာမှာ တပည့်တော်ရဲ့ခန္ဓာဟာ နွားနို့တစ်ညှစ်စာ အချိန်ကလေးတောင်မှ အနာရောဂါမဖြစ်ပါစေသား"လို့ ဆုတောင်းခဲ့သူဖြစ်သလို  ပဒုမုတ္တရ ရှင်တော်ဘုရားထံမှာလည်း "အနာရောဂါကင်းတဲ့အရာမှာ အသာဆုံး အမြတ်ဆုံး=ဧတဒဂ်ဘွဲ့ကို ရပါလို၏"လို့ ဆုထူးပန်ဆင်ခဲ့သူ ဖြစ်ပါတယ်။ ၀ိပဿီမြတ်စွာဘုရားနဲ့ ကဿပမြတ်စွာဘုရားရှင်တို့ လက်ထက်တော်မှာ ကျောင်းဆောင်အသစ်တွေကို ဆောက်လုပ်လှူဒါန်းပြီး  ရဟန်းသံဃာတော်တွေကို ဆေးပစ္စည်းအမျိုးမျိုးနဲ့ မပင်မပန်း ချမ်းသာအောင် ပြုစုလုပ်ကျွေးခဲ့သူလည်း ဖြစ်ပါတယ်။

undefined

           အရှင်ဗာကုလမထေရ်ရဲ့ နောက်ဆုံးဘ၀ဖြစ်ရပ်တွေမှာ လွန်စွာမှ သည်းထိတ်ရင်ဖို ဆန်လှသလို အင်မတန်မှလည်း ထူးထွေဆန်းကြယ်လှပါတယ်။ အရှင်ဗာကုလ မထေရ်အလောင်းသူတော်ကောင်းဟာ စာရေးသူတို့ကိုးကွယ်ရာရှင်တော်ဘုရား ပွင့် ထွန်းတော် မမူသေးမီမှာပဲ ကောသမ္ဘီပြည် သူဌေးကြီးရဲ့အိမ်တော်မှာ ပဋိသန္ဓေ နေပါ တယ်။ပဋိသန္ဓေတည်နေချိန်ကစပြီး သူဌေးကြီးရဲ့ အိမ်တော်ဟာ အောင်မြင်မှု၊ ကြွယ် ၀မှု၊ ကျော်စောမှုတွေနဲ့ ပြည့်စုံပြီး အထွတ်အထိပ် ရောက်ခဲ့ပါတယ်။ ဖွားမြင်ပြီးတဲ့ နောက်  ငါးရက်မြောက်နေ့မှာ မိခင်သူဌေးကတော်ကြီးဟာ ဘုန်းကံကြီးမားတဲ့ သား ရတနာလေးကို အသက်ရှည်ကြာ အနာကင်းဖို့ ရည်ရွယ်ပြီး ယမုံနာဖြစ်အတွင်းကို ရေချိုးဆင်းဖို့ အခမ်းအနားနဲ့ ပို့စေပါတယ်။

         ယမုံနာမြစ်အတွင်းမှာ အထိန်းတော်ကြီးဟာ သားရတနာလေးကို ငုပ်ချည်းပေါ် ချည်လုပ်ကာ ရေချိုးပေးနေတုန်း ငါးကြီးတစ်ကောင်ဟာ သူငယ်ကို အစာအမှတ်နဲ့  ပြေးဟပက်ဖို့ ပါးစပ်ကြီးဟလာပါတယ်။ အထိန်းတော်ကြီးက ကြောက်လန့်ပြီး ထွက်ပြေးတဲ့အခါ ငါးကြီးက သူငယ်ကို မျိုချလိုက်ပါတယ်။ သူငယ်လေးဟာ ဘုန်းကံ ကြီးမားသူ ဖြစ်တဲ့အလျှောက် ငါးဗိုက်ထဲမှာ ဆင်းရဲဒုက္ခမရောက်ဘဲ အိပ်ရာပုခက်ထဲမှာ အိပ်စက်လဲလျောင်းရသလို ချမ်းသာစွာ နေထိုင်ရပါတယ်။ နောက်ဆုံးတော့ သူငယ် တော်ရဲ့ တန်ခိုးရှိန်ကြောင့် အဲဒီငါးကြီးဟာ တံငါသည်တွေရဲ့ လက်ထဲက တစ်ဆင့် ဗာရာဏသီမြိုံက ကုဋေရှစ်ဆယ်ကြွယ်ဝပြီး သားသမီးမရတဲ့ သူဌေးကတော်ကြီး လက်ထဲကို ရောက်သွားရပါတယ်။

         တစ်ခါမှ သားငါးမကိုင်တွယ်ဖူးတဲ့ သူဌေးကတော်ကြီးဟာ ငါးကြီးရဲ့ ကျောဘက် ကို ဓားနဲ့ ခွဲခြမ်းလိုက်တဲ့အခါ ငါးဝမ်းဗိုက်ထဲမှာ အိပ်ပျော်နေတဲ့ ရွှေအဆင်းလို ၀ါဝင်းပြီး ချစ်စဖွယ် ကလေးငယ်တစ်ယောက်ကို တွေ့ရတဲ့အခါ ၀မ်းသာအားရ ပွေ့ချီပြီး သူဌေး ကြီးကို သားအဖြစ်နဲ့ ပြသပါတယ်။သူဌေးကြီးက ချက်ချင်း ဗာရာဏသီမြို့ထဲကို စည်လည်စေပြီး ဘုရင်မြင်းမြတ်ထံကိုလည်း သံတော်ဦးတင်လျှောက်ထားပါတယ်။ ဗာရာဏသီမင်းကြီးက "ငါးဝမ်းထဲမှာ အနာမဲ့စွာ ချမ်းသာစွာ နေနိုင်တဲံ ဒီကလေးဟာ ဧကန္တဘုန်းကံ ကြီးမားသူဖြစ်တယ်။ သင်သူဌေးကြီး သားအဖြစ်နဲ့ မွေးစားစေ"လို့ အမိန့် တော်မြတ် ချမှတ်တဲ့အခါ သူဌေးကြီးတို့ ဇနီးမောင်နှံဟာ ၀မ်းမြောက်ဝမ်းသာ သားအဖြစ်နဲ့ အိမ်တော်မှာ ပြုစုကျွေးမွေးကြပါတယ်။

         ဒီအကြောင်းကို မိဘအရင်းဖြစ်တဲ့ ကောသမ္ဘီပြည်က သူဌေးကြီးတွေက ကြား သိရတဲ့အခါ မွေးမယ်တော်နဲ့ ကျွေးမယ်တော်တို့ဟာ သူ့သား ငါ့သား အငြင်းပွားပြီး ဗာရဏသီမင်းကြီးထံ အဆုံးအဖြတ်ခံဖို့ ရောက်သွားပါတယ်။ မင်းကြီးလည်း ဘယ်ဘက် ကိုမှ အသာပေးပြီး မဆုံးဖြတ်နိုင်တာမို့ ဒီသူငယ်ဟာ ကောသမ္ဘီသူဌေးအိမ်၊ ဗာရဏသီ သူဌေးအိမ် နှစ်လုံးလုံးရဲ့ အမွေခံသာဖြစ်စေ"လို့ ဆုံးဖြတ်ချက် ချမှတ်တော် မူပါတယ်။ အဲဒီအချိန်ကစပြီး သူငယ်တော်ဟာ သူဌေးကြီးနှစ်ဦးရဲ့ အိမ်တော်တွေမှာပဲ အလှည့်ကျ နေထိုင်ကြီးပြင်းလာခဲ့ရသလို သူငယ်တော်ရဲ့ နာမည်ဟာလည်း"ဗာကုလ သူဌေးသား " လို့ အမည် တွင်ခဲ့ပါတယ်။ (ဗာ=နှစ်ခုသော၊ ကုလ=မိသားစု၊ အမျိုး။ ဗာကုလ=မိသားစု အမျိုးနှစ်ခုရှိသူ)

        ဗာကုလသူဌေးသားရဲ့ လူဘဘ၀စည်းစိမ်ချမ်းသာတွေဟာ အင်မတန် ကြီးကျယ် ခမ်းနားလှပါတယ်။ ဗာကုလသူဌေးသား အရွယ်ရောက်တဲ့အခါ ကောသမ္ဘီပြည်၊ ဗာရဏသီပြည် နှစ်ခုလုံးမှာရှိတဲ့ မယ်တော် ခမည်းတော်တွေက နွေ မိုး ဆောင်း ရာသီ သုံးမျိုးအတွက် စံအိမ်တော် ၃-ခုစီ တည်ဆောက်ကြပြီး ကချေသည် မောင်းမ မိဿံ   အခြွေအရံ များစွာတွေကို ပြုစုဖျော်ဖြေ ခစားစေကြပါတယ်။ ဗာကုလသူဌေးသားဟာ တစ်မြို့ တစ်မြို့မှာ လေးလ လေးလပဲ စံနေပါတယ်။ ကောသမ္ဘီပြည်မှာ လေးလပတ်လုံး သူဌေးစည်းစိမ်ကို ခံစားသုံးဆောင်နေထိုင်ပြီးတဲ့အခါ ကြီးကျယ်ခမ်းနားလှတဲ့ နန်းတော် ဆောင်ပါတဲ့ ကရ၀ိတ်ဖောင်တော်ပေါ်မှာ ကချေသည် မောင်းမမိဿံတွေနဲ့တကွ ဗာကုလသူဌေးသားကို သယ်ဆောင်ပြီး ဗာရာဏသီပြည်ကို ပို့ဆောင်ပေးပါတယ်။ ဗာကုလသူဌေးသားဟာ ဖောင်တော်ပေါ်မှာ ကြီးကျယ်တဲ့ သူဌေးစည်းစိမ်ကို ပျှော်ရွှင် ချမ်းမြေ့စွာ ခံစားသုံးဆောင်ရင်း လေးလကြာမှ ဗာရဏသီကို ဆိုက်ရောက်ပါတယ်။ အဲဒီလိုနည်းနဲံ ကောသမ္ဘီမှာ လေးလ၊ လမ်းခရီးမှာ လေးလ၊ ဗာရဏသီမှာ လေးလ စသည်ဖြင့် တစ်နှစ်တာကို ကုန်လွန်စေပြီး ချမ်းချမ်းသာသာ နေလာခဲ့တာ နှးစ်ပေါင်း ရှစ်ဆယ်တိုင်အောင် ဖြစ်ပါတယ်။

        ဗာကုလသူဌေးသား အသက်(၈၀)အရွယ်ရောက်ချိန်မှာ ရှင်တော်ဘုရားဟာ ကောသမ္ဘီပြည်ကို ကြွချီတော်မူလာခဲ့ပါတယ်။ ရှင်တော်ဘုရားရဲ့ တရားတော်ကို နာယူရတဲ့အခါ ဗာကုလသဌေးသားဟာ သဒ္ဓါတရား ကြီးမားစွာဖြစ်ပြီး သာသနာ့ဝန် ထမ်း ရှင်ရဟန်းပြုပါတယ်။ အရှင်ဗာကုလမထေရ်ဟာ ရဟန်းပြုတော်မူပြီးတဲ့နောက် (၇)ရက်မျှသာ ပုထုဇဉ်ဘ၀နဲ့ နေရပြီး (ဂ)ရက်မြောက်အရုဏ်မှာ "ဆဋ္ဌာဘိည၊ ပိဋိသမ္ဘီဒါ ပတ္တ ရဟန္တာ"အရှင်မြတ်ဖြစ်တော်မူခဲ့ပါတယ်။

         အရှင်ဗာကုလမထေရ်ဟာ အရှင်သာရိပုတ္တရာ ၊ အရှင်မောဂ္ဂလာန်၊ အရှင်မ ခေမာထေရီတို့နဲ့အတူ မဟာအဘိညဉ်ရ ပုဂ္ဂိုလ်(၄)ဦးထဲမှာ အ၀င်အပါဖြစ်သလို နှစ် သတ်မှတ်ချက်အလိုက် မကျိန်းစက် မအိပ်တော်မူကြတဲ့ သာသနာ့ဝန်ထမ်း ရှင်ရဟန်း အာဇာနည်မထေရ်(၁၁)ပါးထဲမှာလည်း တစ်ပါးအပါအ၀င်ဖြစ်တော်မူပါတယ်။ အရှင်ဗာာကုလမထေရ်ဟာ ရဟန်းဖြစ်တော်မူချိန်ကစပြီး နှစ်ပေါင်း(၈၀)ကာလပတ်လုံး တံကဲပျဉ်၊ နံရံ၊ တိုင်ကိုမှီပြီး တစ်ခါမှ မကျိန်းစက်ဘူး၊ အိပ်ရာဝင်ကာ လဲလျောင်းပြီး တစ်ခါမှ မအိပ်ခဲ့ဘူးပါ။

         အရှင်ဗာကုလမထေရ် ရဟန်းပြုချိန်ကစပြီး ကောသမ္ဘီပြည်၊ ဗာရဏသီပြည်မှာ ရှိနေကြတဲ့ ရှေးလူဖြစ်စဉ် သူဌေးသားဘ၀က အလုပ်အကျွေး အဖျော်အဖြေ ကချေ သည် မောင်းမမိဿံတွေဟာ မိမိတို့ရဲ့ မိဘအိမ်သို့ ပြန်ကြကာ မိမိတို့ရဲ့ မိဘအိမ်မှာ နေထိုင်ကြရင်းက သင်္ကန်း၊ ဆွမ်း စတာတွေကို စီရင်ပြီး အရှင်ဗာကုလမထေရ် မြတ်ထံ သို့သလှူဒါန်းကြပါတယ်။ အရှင်ဗာကုလမထေရ်ဟာ လ၀က်=(၁၅-ရက်) ပတ်လုံး  ကောသမ္ဘီနေသူတွေက ပေးပို့လှူဒါန်းတဲ့ သင်္ကန်း၊ ဆွမ်းတို့ကို သုံးဆောင်တော်မူပြီး ၊ နောက်လ၀က်(၁၅-ရက်)ပတ်လုံး ဗာရာဏသီနေ သူတွေက ပို့သလှူဒါန်းတဲ့ဆွမ်း၊ သင်္ကန်းတို့ကို ဘုဉ်းပေးသုံး ဆောင်တော်မူပါတယ်။

         အရှင်ဗာကုလမထေရ်ဟာ ရဟန်းပြုချိန်ကစပြီး နှစ်ပေါင်း(၈၀)ကာလအတွင်း ဒါယကာတွေ ပင့်ဖိတ်တဲ့ဆွမ်းကို တစ်ကြိမ်မှ လက်မခံဖူးသလို၊ "ဒါယကာတစ်ဦးဦးက ငါ့ကို ပင့်ဖိတ်ပါမူ ကောင်းလေစွ"လို့ စိတ်တောင်မှ မကူးမိဖူးသူ ဖြစ်တော်မူပါတယ်။ ရွာနီးကျောင်းမှာ ၀ါမဆိုဘဲ အမြဲတောရဆောက်တည်တော်မူကာ မြို့ရွာအတွင်း အိမ်တံစက်မြိတ်အောက်မှာ တစ်ကြိမ်တစ်ခါမျှ ဆွမ်းမစားဖူးသူလည်း ဖြစ်တော်မူပါ တယ်။

        ရဟန်းဝါတော်နဲ့အမျှ အရှင်ဗာကုလမထေရ်ဟာ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးကိစ္စမှာ တစ်စုံတစ်ရာ ကြောင့်ကြစိုက်မှု တစ်ခုမျှမရှိဘဲ ပံ့သကူသင်္ကန်း၊ ပဏ္ဍပတ်ဆွမ်း၊တေရာကျောင်းနဲ့ပဲ ပျှော်မွေ့တော်မူပါတယ်။ လူဘ၀ အနှစ်(၈၀)ရဟန်း ဘ၀အနှစ်(၈၀)သက်တမ်း(၁၆၀)အတွင်း နွားနို့တစ်ညှစ်စာ အချိန်ကလေးလောက် တောင်မှ အနာရောဂါ မဖြစ်ပွားဘူးဘဲ ဆေးဖြစ်ဝါးဖြစ်ဆိုရင် သျှိသျှားသီးတစ်စိတ်စာကို တောင်မှ ဘုဉ်းပေးသုံးဆောင်ရဖူးဖြင်း ရှိတော်မမူပါဘူး။ တစ်သက်တာပတ်လုံး ညောင်း ညာကိုက်ခဲခြင်းမျှ မဖြစ်ပေါ်ဘူးတာကြောင့် သီတင်းသုံးဖော် တစ်ဦးဦးကို တစ်ခါမျှ နှိပ် နယ်ခိုင်းခြင်းလည်း ရှိတော်မမူပါ။ ရေချိုးခန်းမှာဝင်ပြီး ရေမချိုးဖူးသလို၊ ဆပ်ပြာအသုံးပြု


းတော့လည်း ရေးချိုးတော်မမူဘူးပါ။ ဒါကြောင့်မို့ ရှင်တော်ဘုရားဟာ အရှင်ဗာကုလ မထေရ်ကို ကျန်းမာခြင်းအရာမှာ အသာလွန်ဆုံး ဧတဒဂ်ဘွဲ့ထူးကို ပေးအပ်တော်မူခဲ့ တာလည်း ဖြစ်ပါတယ်။

ပီးေ

        အရှင်ဗာကုလမထေရ်ဟာ ရဟန်းဖြစ်ပြီးချိန်ကစပြီး ၀ါတော်(၈၀) အတွင်းမှာ အမျိုးသမီးတွေကို တစ်ကြိမ်တစ်ခါမျှ တရားမဟောဖူးသလို"မိန်းမဆိုတဲ့ အမှတ် လက္ခဏာ နဲ့ လည်း တစ်ကြိမ်တစ်ခါမျှ ကြည့်တြော်မမူဖူးပါဘူး။ ရဟန်းအဖြစ်နဲ့ နေစဉ်ကာလပတ် လုံး ကာမဂုဏ်အာရုံနဲ့ ပတ်သက်တဲ့ စိတ်ကူး အကြံအစည် အမှတ် သညာ တစ်ကြိမ် တစ်ခါမှလည်း ဖြစ်ဖူးခြင်း လုံးဝရှိတော်မမူပါ။ အမျက်ဒေါသနဲ့ စပ်ပြီးတော့လည်း သူတစ်ပါးကို ပျက်စီးစေလိုတဲ့ နှိပ်စက်ညှဉ်းပန်းလိုတဲ့ စိတ်ကူး၊ အကြံအစည်၊ အမှတ်သညာ တစ်ကြိမ်တစ်ခါမှ ဖြစ်ပေါ်ဖူးခြင်း ရှိတော်မမူခဲ့ပါ။   ဒီအချက်တွေဟာ သူတစ်ပါးတွေနဲ့ ဘယ်လိုမှ မတူညီနိုင်တဲ့ အရှင်ဗာကုလမထေရ်ရဲ့ အံ့ဖွယ်ရာတွေ ဖြစ်ပါတယ်။

        အရှင်ဗာကုလမထေရ်ဟာ လူဝတ်ကြောင် အမျိုးသမီးတွေနဲ့ ကင်းရှင်းရုံမျှမကဘဲ ရဟန်းဝတ် ဘိက္ခုနီ၊ သိက္ခမာန်၊ သာမဏေမတွေနဲ့လည်း တွေ့ဆုံဆက်ဆံခြင်း အလျဉ်း ရှိတော်မူပါဘူး။ အမျိုးသားတွေကိုလည်း ဥပဇ္ဈာယ်ဆရာအဖြစ်နဲ့ ရှင်ပြုပေးခြင်း၊ရဟန်း ခံပေးခြင်း၊ တပည့်အဖြစ် လက်ခံခြင်း လုံးဝ ပြုတော်မူသလို ရှင်ငယ်၊ ရဟန်းငယ်တွေ ကိုလည်း အလုပ်အကျွေးအဖြစ် အနီးအပါးမှာ လုံးဝထားတော်မမူပါ။ ၀ါတော်(၈၀) သက်တော်(၁၆၀) ပရိနိဗ္ဗာန်ဝင်စံချိန်အထိ ကိုယ့်ဘ၀၊ ကိုယ့်ခန္ဓာဝန်ကို ကိုယ့်ဘာသာ ထမ်းရွက်တော်မူသွားတဲ့ အံ့ဖွယ်မထေရ်ကြီးတစ်ပါး ဖြစ်တော်မူပါတယ်။

        သက်တော်(၁၆၀)ပြည့်လို့ သက်တမ်းကုန်ဆုံးလုနီးတဲ့အခါ အရှင်ဗာကုလမထေရ် ဟာ တစ်ကျောင်းဝင် တစ်ကျောင်းထွက် လှည့်လည်တော်မူကာ"အရှင်ဘုရားတို့ ညီမူရာတန်စောင်းအတွင်းသို့ ကြွတော်မူကြပါ။ ယနေ့ တပည့်တော်ရဲ့ ပရိနိဗ္ဗာန် ၀င်စံ ချုပ်ငြိမ်းမှု ဖြစ်ပါလိမ့်မယ်။ အရှင်ဘုရားတို့ ကြွတော်မူကြပါ"လို့ ကိုယ်တော်တိုင် လျှောက်ထားဖိတ်ကြားပြီး သံဃာစုဝေးစေပါတယ်။သီတင်းသုံးဖော် သံဃာတော်များ စုရုံးစည်းဝေးမိတဲ့အခါ "ငါဟာ အသက်ရှင်စဉ်မှာ ငါ့ရဲ့ ခန္ဓာကိုယ်အတွက် သူတစ်ပါး တွေကို တာဝန်မတက်စေခဲ့သလို ယခုလို ပရိနိဗ္ဗာန် ၀င်စံချိန်မှာလည်း ငါ့ရဲ့ ခန္ဓာကိုယ် ဟာ သီတင်းသုံးဖော် သံဃာတော်တွေအတွက်  ပလိဗောဓ ကြောင့်ကြဖွယ် မဖြစ် ပေါ်ပါစေနဲ့"လို့ နှလုံးသွင်းဆင်ခြင်တော်မူကာ ဈာန်အဘိညာဉ်ကို ၀င်စားတော်မူပြီး ရဟန်းသံဃာတော်တွေရဲ့ အလယ်မှာ ထိုင်တော်မူလျက် ပရိနိဗ္ဗာန် ၀င်စံတော်မူပါတယ်။ ပရိနိဗ္ဗာန် ၀င်စံတော်မူတာနဲ့တစ်ပြိုင်နက် ထိုင်တော်မူဆဲ ရုပ်ကလာပ်တော်ဟာ သူအလိုလို မီးထတောက်ပြီး လောင်ကျွမ်းကာ မုလေးပန်းရုံအဆင်းရှိတဲ့ ဓာတ်တော် တွေသာ ကြွင်းကျန်ရစ်တော်မူပါတယ်။

        အရှင်ဗာကုလမထေရဟာ လက်ဝဲတော်ရံ မဟာသာဝကအပါး(၄၀)ထဲမှာ တစ်ပါး အပါအ၀င်ဖြစ်သလို ကျန်းမာခြင်း အရာမှာ ဧတဒဂ် ရတော်မူပြီး တန်ခိုးကြီးတော်မူတဲ့ သက်တော်ရှည် ရဟန္တာအရှင်မြတ်ကြီးတစ်ပါးလည်း ဖြစ်တေယ်မူပါတယ်။ အရှင်ဗာကုလမထေရ်မြတ်ရဲ့ ပါရမီခရီးမှာ အားကျကြည်ညိုဖွယ်ရာကောင်းသလို ကိုယ့်ဘ၀ ကိုယ့်ကံကြမ္မာကို ကိုယ်ဖြစ်ချင်တဲ့ပုံစံအတိုင်း ကိုယ်ဖြစ်ချင်သလို ဖြစ်အောင် အကွက်ချစီမံတော်မူပုံဟာလည်း အတုယူ လိုက်နာဖွယ် ကောင်းလှပါတယ်။ အရှင်မြတ် ဟာ သာသနာတော်နဲ့ ကြုံတုန်းဆုံခိုက လူ့ဘ၀ရဲ့ရတောင့်ရခဲ အခွင့်အရေး အရင်းအမြစ် အသီးအပွင့်အားလုံးကို သိမ်းကျုံးထွေးပိုက် ရယူတော်မူလိုက်နိုင်ပါတယ်။

         အရှင်မြတ်ရဲ့ လောကီ လောကုတ္တရာ ဘ၀နှစ်ခုစလုံးဟာ အောင်မြင်ကြွယ်ဝ မှုတွေ ပြည့်လျှံနေတာပါ။ ဆွေကြီးမျိုးကြီး ၂-အုပ်စုရဲ့ကြား အခြွေအရံ ပရိသတ်တွေ ရဲ့ အလယ်မှာ အသက်ရှည်ရှည် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ လိုတိုင်းရ၊ တတိုင်း ဖြစ်နေတဲံ အခြေအနေဟာ ပျော်မွေ့ဖွယ်ရာဖြစ်သလို ရက်သတ္တပတ်မျှနဲ့ ဆဋ္ဌာဘိည၊ ပဋိသမ္ဘီဒါပတ္တ၊ ဧတဒဂ်ရ၊ မဟာသာဝက ရဟန္တာအရှင်မြတ်ဘ၀ကို တက်လှမ်းတော်မူ နိုင်ခဲ့တာကလည်း အင်မတန် အားရကျေနပ်စရာ ကောင်းလှပါတယ်။ ဒါပေမယ့် တစ်ချို့ကငတော့ အများအကျိုး သယ်ပိုးဆောင်ရွက်နိုင်မှု ရှုထောင့်ကကြည့်ကာ အရှင်ဗာကုလမထေရ်ရဲ့ အံ့ချီးဖွယ်ရာတွေဟာ ပုဂ္ဂလိကအရာဝင်ပြီး၊ တသီးတသန့် ဆန်တာမို့ အရှင်ဗာကုလမထေရ်မြတ်ကို"သူတော်ကောင်း"ဆိုတဲ့ နာမ၀ိသေသနအစား "သူတောစင်"ဆိုတဲ့ ဝေါဟာရနဲ့ ပူဇော်စေချင်ကြပါတယ်။

         စာရေးသူအနေနဲ့ကတော့ "အလှတွင်၊ အယဉ်ဆင့်၊ပင်မြင့်ထက်က ပန်းပမာ" ဆိုတာလို အကြောင်းကောင်းခဲ့လို့ အကျိုးပေး လှတော်မူတဲ့ အရှင်ဗာကုလမထေရ် မြတ်ရဲ့ နှလုံးသားဥယျာဉ်အတွင်းမှာ "မိမိအတွက် သူတစ်ပါးတို့ တာဝန်တက်မှာ စိုးလှတယ်"ဆိုတဲ့ ချစ်မြတ်နိုးစရာ အကြင်နာပန်းတစ်ပွင့် ငွားငွားစွင့်စွင့် ဖူးပွင့်နေတာကို သူတော်ကောင်းရာဇ၀င်မှာ ကမ္ပည်းတင်ပြီး ပူဇော်ချင်ခဲ့တာပါ။ တကယ်တော့ သူတော် ကောင်းပဲဆိုဆို၊ သူတော်စင်ပဲဖြစ်ဖြစ် လောကကို ချစ်တဲ့နေရာမှာတော့ အတူတူပါပဲ။ သူတော်ကောင်းတွေရှိမှ လောကြီးလှပနိုင်သလို သူတော်စင်တွေရှိမှလည်း လောက ကြီး အေးချမ်းနိုင်မှာပါ။ ပရိနိဗ္ဗာန် ၀င်စံချုပ်ငြိမ်းတော်မူသွားတဲ့ အရှင်ဗာကုလ မထေရ် မြတ်ကြီးကို ဒီဆောင်းပါးတိုကလေးနဲ့ပဲ ရိုသေစွာ ဦးနှိပ်ချိုးပြီး ရှိခိုးကန်တော့ လိုက်ပါ တယ်။

                                                                                  တော်ဝင်နွယ်

        ကျန်းကိုး

၁။ အင်္ဂတ္ထိုရ် အဋ္ဌကထာ (ပထမတွဲ)

၂။ အပါဒါန် အဋ္ဌကထာ (ဒုတိယတွဲ)

၃။ ထေရဂါထာ အဋ္ဌကထာ(ပထမတွဲ)

၎။ ဥပရိပဏာသ အဋ္ဌကထာ

၅။ သုတ်မဟာဝါ အဋ္ဌကထာ

၆။ မဟာဗုဒ္ဓ၀င်ကျမ်း (ဆဋ္ဌမတွဲ)

Saturday, August 24, 2013

မသေဆေး


မသေဆေး
ဘုရားရှင် လက်ထက်တော်က-
ကိသာဂေါတမီ ဆိုတဲ့ ပိန်ချည့်ချည့် ဆင်းရဲသူမလေးတစ်ယောက်ရှိခဲ့ပါတယ်။ သူ့ဘ၀အကြောင်းကံ ဖန်လာပုံဆန်းကြယ်လေတော့ ကုဋေကြွယ်သူဌေးမဘ၀ ရောက်ခဲ့ပုံက ဒီလိုပါ။

သူတို့မြို့မှာ ကုဋေလေးဆယ်ကြွယ်ဝတဲ့ သူဌေးကြီးတစ်ယောက်ရှိတယ်။ သူဌေးကြီးရဲ့ နောက်ခံအကြောင်း အတိတ်ကုသိုလ် မစင်ကြယ်လို့ပဲထင်ပါရဲ့။ သူ့မှာရှိသမျှ ရွှေ၊ ငွေတွေအားလုံးဟာ မီးသွေးခဲတွေ ဖြစ်ကုန်ပါရော တဲ့။ ရှိရှိသမျှတွေ မီးသွေးခဲဖြစ်ကုန်တယ်ဆိုတော့ ခမျာ ဘယ်လောက်သောက ရောက်ရှာမလဲ။ ဒါကို မမြင်ရက်တဲ့ မိတ်ဆွေတစ်ယောက် က ဒီလိုအကြံပေးတယ်။

ခင်ဗျား မီးသွေးခဲတွေ ဈေးထဲသွားပုံထား၊ မီးသွေးခဲတွေကို…. ဟာ….ရွှေတွေ၊ ငွေတွေ ဟေ့လို့ ပြောရင် ခင်ဗျားနဲ့ ကံစပ်တယ်။ သူက အမှန်မြင်လို့ အမှန်ဘ၀ ပြန်ရောက်အောင် လုပ်ပေးမယ့်သူပဲ။ အဲဒီလူဟာ ယောက်ျားများဖြစ်ခဲ့ရင် ရွှေငွေတွေ တစ်ဝက်ပေးပြီး ကျေးဇူးဆပ်လိုက်ပါ။ မိန်းမဖြစ်ခဲ့ရင်တော့ သားနဲ့ပေးစား၊ ချွေးမအဖြစ် မြှောက်စားလိုက်ပါ...။

ဈေးအတွင်းသွားလာသူတွေရှုပ်ရှက်ခတ်နေချိန်မှာပဲ။ သူ့မီးသွေးပုံကြီးကို ဘယ်သူမှ ရွှေ၊ ငွေလို့ မပြောဘူး။ အဲဒီမှာ ကိသာဂေါတမီ ဆိုတဲ့ ပိန်ချည့်ချည့် သူဆင်းရဲမလေး ကတော့….ဟယ်…ရွှေပုံကြီးတော့၊ ငွေပုံကြီးတော့် တဲ့၊ တအံတသြ အာမေဋိတ်ပြုရှာတယ်။ သူဌေးကြီးလည်း အလွန်အမင်းအံ့သြခြင်းဖြစ်ကာ ဟဲ့ ဘယ်မလဲ…ရွှေတွေ ငွေတွေ လို့မေးတာပေါ့။ ဒီမှာလေ ဒီမှာ… ကိသာဂေါတမီရဲ့ လက်ထဲမှာ မီးသွေးခဲတွေဟာ ပကတိ ရွှေတွေငွေတွေပြန်ဖြစ်လာတာကို သူဌေးကြီးမြင်တွေ့ရတယ်။ ဒါနဲ့ သူဌေးကြီးလည်း ကိသာဂေါတမီကို အိမ်ခေါ်သွားပြီး သားနဲ့ပေးစား ချွေးမ အဖြစ်မြှောက်စားတော့တယ်။

လူဆိုတာ ပြည့်စုံလာတဲ့အခါ တောင့်တမှုတွေ ပိုများလာတတ်ပါတယ်။ ကိသာဂေါတမီ လည်း ကုဋေကြွယ်သူဌေးမ ဖြစ်လာခါမှ သားဆုကို တောင့်တတယ်။ တောင့်တတဲ့အတိုင်းလည်း သားကလေးရပါတယ်။ သားကလေးကြီးရင် ဘယ်လို… ဘယ်နှယ့် …တောင့်တမျှော်လင့်စိတ်တွေ မဆုံးခင်မှာပဲ သားကလေး ဆုံးသွားရှာတယ်။ မပီကလာ တီတီတာတာ ချစ်စရာကောင်းတဲ့ အချိန်မှာ သားကလေးဆုံးရလေခြင်းနော်။ ကိသာဂေါတမီကတော့ သားကလေး သေတယ် ဆိုတာကို ယုံကို မယုံဘူး။ သူ့သားကို သင်္ချိုင်း အပို့အခံပါဘူး။ သားကလေး အိပ်ပျော်နေတာပါ ၊ သေတယ် ဆိုရင်တောင် ပြန်ရှင်အောင် အသက်သွင်းပေးကြပါလို့ ဆေးဆရာကြီး တွေကို ပူဆာပါတယ်။ သားဆုံးပေမယ့် အမေ့သောက မဆုံးသေးပါဘူး သားကဖြင့် ပုပ်ပွလာပြီ မြင်လို့ တောင် မကောင်းတောပါ့ဘူး၊ ဒီမှာ ဆေးဆရာကြီး တစ်ဦးက အကြံပေးပါတယ်။

ဗုဒ္ဓဘုရားရှင်ဆီမှာ ဆေးရှိတယ်…တဲ့။

ကိသာဂေါတမီလည်း လူးလဲငိုယိုပြီး ဘုရားရှင်ဆီ ဆေးသွားတောင်းတာပေါ့။ ဘုရားရှင်က လူမသေဖူးတဲ့အိမ်က မုန့်ညင်းစေ့ရှာခဲ့၊ ဆေးဖော်ပေးမယ်တဲ့။ ဒါနဲ့ ကိသာဂေါတမီလည်း တငိုငိုတယိုယိုနဲ့ လူမသေဖူးတဲ့ အိမ်က မုန့်ညင်းစေ့ရှာသတဲ့။ မြို့လုံးသာ နှံ့တယ် မသေဖူးတဲ့အိမ် မတွေ့ပါ။ ဒီမှာ ကိသာဂေါတမီ သတိဝင်လာပါပြီ။ သြော်ငါ့သားလေး မှ ရွေးပြီးသေရတာ မဟုတ်ပါလား။ လူဆိုတာ သေမျိုးချည်းပါလား တဲ့။ ဒါနဲ့ ပုပ်ပွနေတဲ့ သားကလေးကိုလည်း သင်္ချိုင်းပို့ခဲ့ပြီး ဘုရားရှင်ထံမှောက် ပြန်ရောက်လာပါတယ်။ ဤတွင်ဘုရားရှင်က....

ကြီးစွာသောရေအလျဉ်သည် အိပ်ပျော်နေသော ရွာသူရွာသားအပေါင်းကို တိုက်ယူ၍သွားသကဲ့သို့ ထိုအတူ သေမင်းသည် လွန်စွာမေ့လျော့၍ ကပ်ငြိစိတ်ရှိသော သတ္တ၀ါတို့ကို ခေါ်ဆောင်၍သွားလေ၏ ဟူသော ဒေသနာတော်ကို ဟောကြားတော်မူလေသည်။

ထိုဒေသနာအဆုံးတွင် ကိသာဂေါတမီ သောတပန် ဖြစ်လေသည်။ ဒါကြောင့် မြတ်စွာဘုရားက စိုးရိမ်ပူဆွေးရသော သောက၊ ငိုကြွေးရသော ပရိဒေ၀တို့ မှ ကျော်လွန်ရန်အလိုငှာ သတိဖြင့် ရှုမှတ်ရ သောလမ်းသည် တစ်ခုတည်းသော လမ်း၊ တစ်ကြောင်းတည်းသော လမ်းတည်းလို့ ဟောကြားခဲ့ပါတယ်။

သောကဆိုတဲ့ စိုးရိမ်ပူဆွေးရခြင်း၊ ပရိဒေ၀ဆိုတဲ့ ငိုကြွေးရခြင်း တို့မှာ ဒီခန္ဓာရနေသ၍ကာလ ပတ်လုံး ဘယ်သူမှ မကင်းနိုင်ကြပါ။ အဲဒီလို မကင်းနိုင်ကြ သော်လည်း သောကပရိဒေ၀တွေကို ကျော်လွန်နိုင်တဲ့ နည်းကောင်းလမ်းမှန် ကိုရှာကြရမှာဖြစ်ပါတယ်။အတ္တနယ်ပယ်မှာ ကျင်လည်နေသရွေ့တော့ လောဘ၊ ဒေါသ၊ မောဟ ကိလေသာတွေ ကပ်ပြီးနှိပ်စက်တာခံနေရမှာပဲ။ ဒီဒုက္ခတွေက လွတ်မြောက်ရာကို သွားချင်ကြတယ်ဆိုရင်တော့ အပ္ပမာဒ လက်နက် အသင့် ရှိကြရမှာဖြစ်ပါတယ်။ သတိ၊ အသိ၊ ၀ီရိယ ဆိုတာကတော့ ဒီလက်နက်ကို ထက်သထက် ထက်အောင် သွေးပေးနေတာတွေပါပဲ…


အရှုးပမာ
ဝိပဿနာ ကင်းက မိုက်မောဟ
အရှုးထ၍နေလေသည်။
ခန္ဓာအနိစ္စ ယူနိစ္စ အရှုးထ၍နေလေသည်။
ခန္ဓာဒုက္ခ ယူသုခ အရှုးထ၍နေလေသည်။
ခန္ဓာအနတ္တ ယူအတ္တ အရှုးထ၍နေလေသည်။
ခန္ဓာအသုဘ ယူသုဘ အရှုးထ၍နေလေသည်။
မှတ်မှား သိမှား အယူမှား
အမှား သုံးမှား ရှိလေသည်။
ဝိပဿနာရှုက တစ်ခဏ
အရှုးထ ပျောက်ကင်းရလေသည်။
ဝိပဿနာ မပါ မဂ် မလာ
အရှုးသာ ထ၍နေလေသည်။
ဝိပဿနာပါမှ မဂ်လာရ
အရှုးထ ပျောက်ကင်းရလေသည်။

ညခင်း နှင့် လမင်း

Friday, August 23, 2013

အများအကျိုးနဲ့ တရားသူခိုး


 အများအကျိုးနဲ့ တရားသူခိုး 

"ဘုရား" "ဘုရား" "ဘုရား"
ဟုတ်ကဲ့။ ကိုအလင်္ကာ ရင်ဘတ်ဖိပြီး ဘုရားတမိနေပါတယ်ခင်ဗျ။ လက်အုပ်ကလေးချီပြီးလည်း ဘုရားတမိပါတယ်ခင်ဗျ။ လက်အုပ်ချီပြီး ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို လမ်းဘေးပလက်ဖောင်းမှာ ခြေစုံရပ်ပြီး ဦးညွတ်ကန်တော့နေမိပါတယ်ခင်ဗျ။ ကိုအလင်္ကာတို့က ဗုဒ္ဓဘာသာ မြန်မာလူမျိုးပါ။ ရှေးရိုးစဉ်လာကတည်းက စေတီပုထိုးဆင်းတုတော်များကိုမြင်ရင် ဗုဒ္ဓရုပ်ပွားတော်အမှတ်နဲ့  လက်အုပ်ချီဖို့၊ တရားစာအုပ်တွေမြင်ရင် လက်အုပ်ချီဂါရ၀ပြုဖို့၊ သံဃာတော်တွေနဲ့ လမ်းမှာကြုံတွေ့ရင် လက်အုပ်ချီကန်တော့ဖို့ လူကြီးမိဘဆရာသမားတွေက သွန်သင်ထားတာမို့ အကျင့်ကပါနေပါပြီ။ ဒါကြောင့် စေတီကိုမြင်ရင် လက်အုပ်ချီရပါတယ်။ တရားစာမြင်ရင် လက်အုပ်ချီရပါတယ်။ သံဃာတော်များနဲ့ဆုံတွေ့ရင် လက်အုပ်ချီရပါတယ်။ ဒါက ကိုအလင်္ကာတို့ရဲ့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုအစဉ်အလာပါ။

ကိုအလင်္ကာရဲ့နေအိမ်က ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ လမ်း (၄၀) မှာ ခင်ဗျ။ ကိုအလင်္ကာရုံးခန်းက ပန်းဆိုးတန်းမှာပါခင်ဗျ။ ဒါကြောင့် မနက်တိုင်း (၉)နာရီထိုးရင် အိမ်ကနေ ရုံးကို ကုန်သည်လမ်းအတိုင်း အရှေ့ကအနောက်ကို လမ်းလျှောက်သွားလေ့ ရှိပါတယ်။ ကုန်သည်လမ်း ၀ဲယာတစ်ဖက်တစ်ချက်မှာတော့ လူသွားလမ်း ပလက်ဖောင်းလမ်းပေါ်မှာ ဈေးဗန်းခင်းပြီး ရောင်းနေကြတဲ့ ဈေးသည်များနဲ့ အလွန် စည်းကားလှတယ်ခင်ဗျ။

ကုန်သည်လမ်း ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်သွားတိုင်း ကိုအလင်္ကာ လက်အုပ်ချီ၊ ဘုရားတပြီး လျှောက်ရပါတယ်ခင်ဗျ။ ဟုတ်ကဲ့။ ပလက်ဖောင်းဈေးသည်တွေ ပျော်ပျော်ပါးပါးရောင်းချနေတဲ့ ဗီဒီယို၊ ဗီစီဒီ၊ ဒီဗီဒီဆိုတဲ့ ပွားခွေ၊ ခိုးကူးခွေဆိုင်တွေမှာ သူ့ထက်ငါအပြိုင်အဆိုင် သာသနာပြုနေကြတာမြင်ရလို့ လက်အုပ်ကလေးချီပြီး ဂါရ၀ပြုလျှောက်လှမ်းရတာပါခင်ဗျ။ ညပလက်ဖောင်း ဈေးသည်တွေက သာသနာပြုပုံများတယ်။ သာဓုခေါ်ထိုက်တာကိုး။ သာဓု.... သာဓု.... သာဓုပါခင်ဗျာ။ ပလက်ဖောင်းကဆိုင်တွေမှာ မြန်မာပြည်အရပ်ရပ်က ထင်ရှားကျော်ကြားလှတဲ့ ဆရာတော်၊ သံဃာတော်ကြီးများရဲ့ ဓာတ်ပုံပိုစတာတွေ၊ ဗီနိုင်းတွေကို အစီအရီအပြိုင်အဆိုင် ချိတ်ဆွဲထားတာဖူးရတော့ လက်အုပ်ချီရပါသဗျ။ ဆရာတော်ကြီးတွေကို ဖူးမြင်ဖို့ဆိုတာ လွယ်တာမှတ်လို့။ အခုတော့ လမ်းဘေးမှာ ခြေစုံရပ်ပြီး ဖူးခွင့်ရသဗျ။ ဒါဟာ ပလက်ဖောင်းဈေးသည်များရဲ့ ကျေးဇူးပါခင်ဗျ။ နောက်ပြီး လမ်းဘေးမှာခင်ထားတဲ့ ဗန်းပေါ်မှာလည်း တရားခွေတွေက အစုံခင်ဗျ။ မြန်မာပြည်အရပ်ရပ်မှာ ဟောခဲ့တဲ့ ဓမ္မကထိက အကျော်အမော်တွေရဲ့ တရားစုံကို တစ်ချပ်ကို (၅၀၀၊ ၁၀၀၀) ကျပ်နဲ့ လွယ်လင့်တကူ ၀ယ်နိုင်တာခင်ဗျ။ ဟုတ်ကဲ့ ဘုရားဟောပိဋကတ်တော်အစုံကို ကျပ်တစ်ထောင်နဲ့ ပူဇော်ခွင့်ရတော့ ဘာမဆိုင်ညာမဆိုင် အနော်ရထာလမ်းမကြီးကိုပဲ သနားရမလိုလို၊ ကိုယ့်ကိုယ်ကိုယ်ပဲ အထင်ကြီးရမလိုလို။

ဟုတ်ကဲ့... ကိုအလင်္ကာတို့ အခုအချိန်မှာ လူဖြစ်ရတာ နည်းတဲ့ကုသိုလ်မှ မဟုတ်တာ။ ကိုအလင်္ကာတို့ကတော့ လမ်းဘေးပလက်ဖောင်းမှာ ငွေတစ်ထောင်ပေးရုံနဲ့ ကြိုက်တာရွေးပြီး ပူဇော်နိုင်တာခင်ဗျ။ ဒါဟာ ပွားခွေရောင်းတဲ့ လမ်းဘေးဈေးသည်တွေရဲ့ အများအကျိုးဆောင်တဲ့ ကုသိုလ်ကောင်းမှုလို့ မဆိုနိုင်ဘူးလားခင်ဗျ။ မလိုသူတချို့ကတော့ ခိုးကူးခွေတွေ သောင်းကြမ်းတာ၊ ဘုရားတရားတောင် မချန်တော့ဘူး။ တရားတွေပါ ခိုးကူးကုန်ကြပြီလို့ ဆိုချင်ပြောချင်ကြတယ်ခင်ဗျ။

ကိုအလင်္ကာစဉ်းစားကြည့်ပါတယ်။ သူများပစ္စည်းခိုးတာ မခိုးကောင်းဘူး။ အဒိန္ဒဒါနကံ ထိုက်တယ်။ ငါးပါးသီလနဲ့ မညီဘူး။ တရားတွေကို အခွေနဲ့ခိုးရင် တရားသူခိုး။ တစ်ဖက်ကကြည့်ရင်တော့ မှန်ပါတယ်။ ဒါပေမယ့် တစ်ဖက်ကကြည့်ရင်တော့ ခိုးကူးခွေရောင်းတဲ့ ဈေးသည်တွေဟာ ဆရာတော် သံဃာတော် တရားတော်တွေရဲ့ တရားတွေနဲ့ လမ်းဘေးမှာ သာသနာပြုနေကြတဲ့ သူတော်ကောင်းဈေးသည်တွေလို့ မဆိုနိုင်ဘူးလားခင်ဗျ။ စဉ်းစားကြည့်ပါခင်ဗျ။ သူတော်ကောင်း လမ်းဘေးပလက်ဖောင်းဈေးသည်တွေမို့ သူတို့ကို ဘယ်သူကမှ မဟန့်တား၊ မပိတ်ပင်၊ မတားဆီးနိုင်ဘဲ လွတ်လပ်ပျော်ပါးစွာ ရောင်းဝယ်ခွင့်ရနေတာပဲ မဟုတ်လားခင်ဗျ။ အားကျမယ်ဆို အားကျထိုက်တဲ့ ခိုးကူးခွေစီးပွားရေးလုပ်ငန်းကြီးပါခင်ဗျ။ ကိုအလင်္ကာကတော့ ခေါင်းရှုပ်ခံပြီး မစဉ်းစားတော့ပါဘူး။ ကုသိုလ်ထူးတွေရအောင် လမ်းဘေးပလက်ဖောင်းခိုးကူးခွေတွေနဲ့ ဆရာတော်သံဃာတော်များရဲ့ ဓာတ်ပုံကို အာရုံပြုရှိခိုးရင်း ဘုရား တ တနေကာ နေ့စဉ်ကုသိုလ် ယူနေမိကြောင်းပါခင်ဗျာ။

(လျှပ်တစ်ပြက် ဂျာနယ် အတွဲ ၂ အမှတ် ၇၀ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

ကိုအလင်္ကာ

Thursday, August 22, 2013

အတုကိုခွါ အစစ်ရှာ


အတုကိုခွါ အစစ်ရှာ 

ဣဓ၀ါ- ဤလူ့ပြည်၌လည်းကောင်း၊ ဟုရံဝါ- နဂါးပြည်၊ ဂဠုန်ပြည်၌လည်းကောင်း၊ သဂ္ဂေသုဝါ- နတ်ပြည်တို့၌လည်းကောင်း၊ ယံကိဉ်္စိ- အမှတ်မရှိသော၊ ၀ိတ္တံ- နှစ်သက်အပ်သော၊ ပဏီတံ- တောင့်တအပ်သော၊ ယံ ရတနံ- အကြင်ရတနာသည်၊ အတ်္ထိ- ရှိ၏။ တံ ရတနံ- ထိုရတနာတို့တွင်၊ တထာဂတေန- မြတ်စွာဘုရားနှင့်၊ သမံ- တူသောရတနာသည်၊ နနောအတ်္ထိ- မရှိသည်သာလျှင်တည်း၊ ဤသို့ ရတနာအစစ် ဖြစ်တော်မူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား တပည့်တော် ရိုသေစွာရှိခိုးပါ၏။

ခုတလောသတင်းတွေထဲမှာ အတုတွေအကြောင်းကို တော်တော်ကြားနေရတာနဲ့ အတုတွေအကြောင်းကို ဟိုမရောက် ဒီမရောက် ရေးချင်စိတ်တွေ ပေါ်နေခဲ့ပါတယ်။ အတုဆိုတာကို ကြားဖူးခဲ့တာကြာပါပြီ။ ငယ်ငယ်တုန်းက မေမေဟင်းချက် တာကိုကြည့်ပြီး ဘာတွေလဲမေးကြည့်တော့ အသားတုတွေဖြစ်နေတယ်။ အစားအစာဆိုတာလည်း အတုရှိနေတာပါပဲ။ အဖွားကလည်း အသားတုတွေကို သွားတုတွေနဲ့ဝါးနေပြန်ပါတယ်။ စားမကောင်းမှန်းသိပါတယ်။ ဒါပေမယ့် အဖွားမျက်နှာပေါ်မှာ ဘာကြောင့်မှန်းမသိတဲ့ အပြုံးတစ်ခုကို မြင်ခဲ့တယ်။ အပြုံးတုကြီးများဖြစ်နေရောလားလို့ ခုနေအခါတွေးကြည့်မိပါ တယ်။ ဒီလိုနဲ့ပဲ အတုတွေကြားထဲမှာ ကျွန်တော်ကြီးပြင်းခဲ့တော့ ဆယ်စုနှစ် နှစ်ခု တောင်ကျော်နေခဲ့ပါပြီ။

လူတွေအားလုံး အတုနဲ့အစစ် ဘယ်ဟာကိုကြိုက်လဲမေးရင် အစစ်ကိုပဲကြိုက်တယ် ပြောကြမှာပါ။ မဟုတ်ဘူး။ သူတို့ညာနေကြတာ။ သူတို့တွေ အတုကိုကြိုက်တာများတယ်။ ကျွန်တော်သိတယ်။ အတုရှိမှလည်း အဆင်ပြေမယ်ထင်နေကြတယ်လ။ တစ်ချို့နေရာတွေမှာတော့ အတုတွေတစ်ကယ်အသုံးဝင်ပါတယ်။ တစ်ချို့နေရာတွေမှာတော့ အတုဆိုတာ မကောင်းတာတွေပါ။ ကွန်ပျုတာမှာ မှတ်ဉာဏ်တုဆိုတာက အလွန်အသုံးဝင်ပါတယ်။ ဒါပေမယ့် အခုတစ်လောကြားနေရသလို နို့မှုန့်အတုတွေ၊ ဆေးတုတွေ၊ အပြုံးတုတွေဆိုတာကတော့ မကောင်းဘူးဆိုတဲ့အထဲမှာ သူတို့တွေပါပါတယ်။ မကောင်းတာတွေကိုမှ လုပ်တတ်တဲ့သူတွေကလည်း လူတွေအပေါ်မှာ အကြင်နာတရားမရှိတဲ့ စိတ်ထားအတုပိုင်ရှင်တွေ၊ နှလုံးသားအတု ပိုင်ရှင်တွေပဲ ဖြစ်နေမလားလို့ မရေးမရာဆက်တွေးနေလိုက်ပြန်ပါတယ်။

တစ်ခါတုန်းက ရှမ်းအဖိုးကြီးတစ်ယောက် မန္တလေးမြို့ကြီးမှာ ဈေးလာဝယ်ရင်းနဲ့ အုန်းသီးဆိုင် တစ်ဆိုင်ကို ရောက်လာတယ်။ ဒါနဲ့ သူကဆိုင်မှာရှိတဲ့ အရာကိုလက်ညိုးထိုးပြီး ဒါက ဘာကြီးလဲ၊ ဘာလုပ်လို့ရတာကြီးလဲဆိုပြီးမေးပါတော့တယ်။ တစ်ကယ်တော့ သူမေးတာက အုန်သီးကြီးပါ။ ဆိုင်ရှင်ကလည်း အုန်းသီးဖြစ်ကြောင်းနဲ့ ဒီလိုအသီးမျိုးဆိုတာက တော်ဝင်နန်းသုံး မင်းမျိုးတွေသာစားသုံးကြောင်း အစစ်ထည့်ပြောလိုက်သတဲ့။ သူလည်းဘာမသိညာမသိ ဒီအသီးကြီးကို ၀ယ်သွားပြီး အိမ်ရောက်တော့ ခွဲစားလိုက်ပါတယ်။ နောက်တစ်ကြိမ် ဈေးကိုသူလာတဲ့အခါမှာတော့ အုန်းသီးဝယ်ခဲ့တဲ့ဆိုင်ကိုသွားပြီး မင်းတို့အသီးကလည်းကွာ မင်းသုံးဆောင်တဲ့ဟာမိုလို့သာ ၀ယ်စားရတယ်။ အရသာကတော့ ဖန်းတွတွပဲ လို့ဆိုလိုက်ပါတယ်။

ဟုတ်တယ်လေ။ သူစားပုံကလည်း သာမာန်အသီးတွေစားသလိုပဲ အစေ့ကိုလွှင့်ပစ်ပြီး အခွံကိုစားလိုက်တာကိုး။ အုန်းသီးမှာက အခွံကိုလွှင့်ပစ်ပြီး အစေ့ကိုခွဲစားရတာ ရှမ်းကြီးမသိလိုက်ဘူး။ ဒါကြောင့် သူဖန်တွတွကြီးလို့ ပြောလိုက်တာပါ။ ခုလည်းဒီလိုပဲ လူတွေအများစုက အနောက်တိုင်းကို အတုခိုးကြပါတယ်တဲ့။ သူတို့လုပ်နေပုံက သူတို့ဘယ်လိုဝတ်တယ်။ သူတို့တီးသလို လိုက်တီးတယ်။ သူတို့ဆိုသလို လိုက်ဆိုတယ်။ ဒီလိုလုပ်ရတာ ခေတ်မီတယ်၊ ခေတ်ဆန်တယ် ထင်နေကြတယ်။ သူတို့ ဘာတွေစားတယ်။ သူတို့ဘယ်လိုနားတယ်ဆိုတာတွေကို လိုက်ပြီးအတုယူနေကြတယ်။

တို့တွေအတုမယူတာ၊ လိုက်မလုပ်တာတွေက သူတို့တတ်တဲ့ပညာတွေ၊ နည်းပညာတွေ၊ သုတေသနလုပ်ပုံတွေ၊ ကြိုးစား ပုံတွေ၊ နောက်ဆုံးယာဉ်စည်းကမ်းလိုက်နာတာ၊ လမ်းဘေးအမှိုက်ချတာကအစ သူတို့တွေဆီက သပ်သပ်ရပ်ရပ်နဲ့ စည်းကမ်းရှိတယ်။ လိုက်ပြီးအတုခိုးသင့်တာတွေကျတော့ ခုနက နုံလိုက်အလိုက်တဲ့ ရှမ်းအဖိုးကြီးလိုပဲ အနှစ်ကို လွှင့်ပစ်ပြီး အကာတွေကို ယူနေကြတော့လည်း တို့တွေ မြင်နေ၊ ကြားနေရသမျှတွေက ဖန်းတွတွတွေဖြစ်နေတာ မဆန်းတော့သလိုပဲ။
အစစ်မဟုတ်သေးရင် အတုလိုက်ရင်းနဲ့ တူပြီး အစစ်ဖြစ်သွားတယ်။ ကောင်းတာကို အတုလိုက်ရင် ကောင်းတာဖြစ်မယ်။ ဒါကိုနားလည်ရင် မကောင်းတာကို အတုမလိုက်နဲ့။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

တစ်ခုသော နံနက်ခင်းလေးမှာ ဒုန်းစိုင်းပြေးလာတဲ့ မြင်းတစ်ကောင်နဲ့ မရပ်မနားသွားနေတဲ့ ပက်ကျိတစ်ကောင်တို့ လမ်းမှာ အမှတ်မထင် ဆုံခဲ့ကြပါတယ်။ အပြေးသန်လှတဲ့ မြင်းကမာနကြီးတစ်ခွဲသားနဲ့ ဟေ့ ပက်ကျိ၊ ငါလိုအပြေးသန်တဲ့သူပြေးတဲ့ လမ်းမှာ မင်းဘာလာရှုပ်တာလဲပေါ့။ ရန်လိုတဲ့စကားနဲ့ စလိုက်တယ်။ ပက်ကျိကလည်း အားကျမခံ မင်းဘယ်လောက်များ အပြေးသန်နေလို့လဲ။ ငါလိုပက်ကျိနဲပရော အပြေးပြိုင်ဝံ့လို့လားလို့ မကြောက်မရွံ့စိန်ခေါ်လိုက်ပါတယ်။ မြင်းကလည်း ဒီလိုမလောက်လေး မလောက်စားက စိန်ခေါ်ရမလားဆိုပြီး လောင်းကြေးအနေနဲ့ အသက်ချင်းထပ်လိုက်မယ်ပေါ့။ ရှုံးတဲ့သူရဲ့ အသားကိုစားကြေးပေါ့။ ဒီလိုနဲ့ သူတို့ချိန်းမဲ့နေကို အတိအကျသတ်မှတ်လိုက်ကြပါတယ်။

ပြိုင်ပွဲမှာစည်းကမ်းအနေနဲ့က တစ်ဦးကတစ်ဦးကို ကျော်နိုင်မှနိုင်တယ်လို့ပြောရမှာပါ။ အဲ့ဒိနောက် သူတို့ပြိုင်ပွဲကို စတင်ပါတော့တယ်။ မြင်ကတစ်ဖာလုံလောက်ပြေးပြီးတိုင်း ပက်ကျိရေလို့ ခေါ်ခေါ်ကြည့်တယ်။ ခေါ်ကြည့်တိုင်းလည်း ပက်ကျိက ငါပြေးနေတုန်းဟေ့လို့ ပြန်ပြန်ပြောသတဲ့။ တစ်ကယ်တော့ ပက်ကျိက အပြေးမပြိုင်ခင်ကတည်းက သူ့အပေါင်းဖော်တွေကို သူခေါ်ပြီးတော့ ကြိုတင်မှားထားသတဲ့။ တစ်ဖာလုံရောက်တိုင်း မြင်းကအော်ခေါ်တဲ့အခါ မင်းတို့က ပြေးနေတုန်းပဲလို့ပြော ဆိုတာကို တိုင်ပင်ထားကြတာပါ။ ဒါကို ဘာမှမသိတဲ့ မြင်းခမျာမှာ အော် ပက်ကျိက တော်တော်အပြေးသန်တဲ့ ကောင်ပဲလို့ သူထင်နေခဲ့တယ်လေ။ ဒီလောက်တောင် နုံရ၊ အရ သလားလို့ စိတ်ထဲကအပြစ်တင်နေမိပါတယ်။ တစ်ဖာလုံရောက်တိုင်း အော်ခေါ်လိုက်၊ ပက်ကျိက ထူးလိုက်နဲ့ မြင်းကြီးမှာ ပက်ကျိကိုကျော်အောင်ပြေးရင်ပဲ လမ်းခုလပ်မှာ အမောဆို့ပြီး သေပွဲဝင် ခဲ့ရှာပါတယ်။

ဒီပုံပြင်လေးကို ဖတ်ပြီး အတုတွေကို အစစ်ထင်ပြီး ဖက်တွယ်နေမိတဲ့ ကိုယ့်အဖြစ်နဲ့ နှိုင်းယှဉ်နေမိတယ်။ တစ်ကယ်တော့ ကျွန်တော်တို့ ခန္ဓာကိုယ်က ကလာပ်စည်းတွေဟာ မရပ်မနားကို ပျက်စီးနေတာပါ။ ဆဲလ်ဟောင်းတွေပျက်နေသလို ဆဲလ်သစ်တွေဟာလည်း ဖြစ်နေတာပါပဲ။ အဲ့ဒီဖြစ်နေပျက်နေတဲ့ အစဉ်(သန္တတိ)ကို တစ်ကယ်ရှိနေတည်နေတဲ့ အစုအဝေးခန္ဓာ ကိုယ်လို့ ကျွန်တော်တို့ကထင်တယ်။ ငါပဲ၊ ငါ့ခန္ဓာပဲလို့ထင်တယ်။ ကလာပ်စည်းတွေရဲ့ဖြစ်ပျက်နှုန်းဟာ မြန်လွန်းတဲ့အတွက် သာမာန်အမြင်နဲ့ မမြင်နိုင်ဘူး။ စောစောက ကလာပ်စည်းဆဲလ်တွေဟာ ခုကလာပ်စည်းဆဲလ်တွေ မဟုတ်တော့ဘူးဆိုတာကို မမြင်နိုင်ခဲ့ဘူး။ ခုနကခန္ဓာကိုယ်ဟာ၊ ခုခန္ဓာကိုယ်မဟုတ်ဘူးဆိုတာကို မသိခဲ့ဘူး။ သူပဲ၊ ငါပဲ၊ ယောက်ျား၊ မိန်းမပဲ စသဖြင့် ထင်နေကြတယ်။

ဟုတ်တယ်။ ခုနကမြင်းလိုပဲ တစ်ဖာလုံရောက်တိုင်း၊ ရောက်တိုင်း သူအော်ခေါ်လိုက်တဲ့အခါ ထူးလိုက်တဲ့ ပက်ကျိဟာ ကျန်ခဲ့တဲ့ တစ်ဖာလုံးက ပက်ကျိမဟုတ်ဘူးဆိုတာကို သူမသိခဲ့ဘူး။ နောင်တစ်ဖာလုံက ပက်ကျိဟာ အယောင်ဆောင် ပက်ကျိ၊ ပက်ကျိအတုဆိုတာကို သူမသိဘူး။ အရင်တုန်းကတော့ ဒါကိုကျွန်တော် အပြစ်တင်ခဲ့မိပါသေးတယ်။ ဒီလောက်တောင် နုံရ၊ အရ သလားပေါ့။ ခုတော့ အပြစ်မတင်ရက်တော့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်ကိုယ်တိုင်က အ.ရုံမက၊ မိုက်မဲနေတာတွေကြောင့်ပါပဲ။ ငါဟာ ငါမဟုတ်ပါလား။ ငါဆိုတာ မရှိပါလားဆိုတာကို ခုအထိမသိသေးပါဘူး။ ငါ ပြီးရင်း ငါ ရင်းက ငါစွဲတန်းလန်းနဲ့ သံသရာမှာ ပြေးနေရဦးမဲ့ အဖြစ်နဲ့၊ ပြေးရင်နဲ့ အမောဆို့သေရတဲ့ မြင်းရဲ့အဖြစ်တွေကို ချိန်ထိုးကြည့်နေမိပါတယ်။

လောကမှာ အတုဆိုတာလည်း ရှိပါတယ်။ အစစ်ဆိုတာလည်း ရှိပါတယ်။ အတုတွေ၊ အစစ်တွေခဏထားလို့ အတုဆိုတာ ကို အတုမှန်းသိဖို့ အရေးကြီးသလို၊ အစစ်ဆိုတာကိုလည်း အစစ်မှန်းသိဖို့ အရေးကြီးပါတယ်။ အတုနဲ့ အစစ်ကို ခွဲခြားတတ်ဖို့ ကလည်းအရေးကြီးပါတယ်။ ကိုယ်စိတ်ကထင်ချင်တာထင်ပြီး အတုကို အစစ်ထင်၊ အစစ်ကို အတုထင်နေတတ် တာကိုလည်းသတိပြု သင့်တယ်။

ပြောရင်းဆိုရင်း ကျွန်တော်နားထဲမှာ အတုယူကြပါ၊ အတုယူကြပါလို့ အမြဲပြောတဲ့ အလယ် တန်းတုန်းက သင်္ချာဆရာကြီးရဲ့ အသံကို ရုတ်တရက်ကြားလိုက်သလိုပဲ။

အားလုံးသော သတ္တ၀ါတွေ ဘေးကင်းရန်ကွာ၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေ။

ဆရာကြီးနန္ဒာသိန်းဇံ၏ ဆောင်းပါများကို မှီငြမ်းပါသည်။

သော်ဇင်(စိန်ပန်းမြေ)