Tuesday, August 13, 2013

အချိန်ထဲမှာ ကြိုက်တာရှာ


အချိန်ထဲမှာ ကြိုက်တာရှာ


“မနေ့က ပေးလိုက်တဲ့ လင်္ကာလေး ရကြပြီလား”

အကြီးတွေ စပ်ဖြီးဖြီးလုပ်နေကြပေမယ့် အငယ်လေးတွေကတော့ သွက်သွက်လက်လက်နှင့် ..

“ရပြီ ဘုန်းဘုန်း၊ သားဆိုရမလား”   

“သမီး အရင်ဆိုမယ်”

“အေး .. ကိုညီညီရော ယမင်းရွှေစင်ရော ပြိုင်တူဆိုပေါ့”

ခဏစဉ်းစားကြပြီး သံပြိုင် ဆိုလိုက်ကြသည်။

“ကုသိုလ် ဥစ္စာ၊ ကျန်းခန့်သာ၍၊

ပညာတန်ခိုး၊ တမျိုးမျိုးမျှ၊

အကျိုးမထွက်၊ ထိုနေ့တွက်

သက်သက်ဝမ်းနည်းဖွယ်” 

“ဟား ... ဟုတ်ပြီဟေ့ ... ဆုလည်းဆုချမယ်၊ မုန့်ဖိုးလည်း ပေးရမယ်”

“ကဲ ဒေါ်ခင်မေထွန်းကြီး”

“ကုသိုလ် ပညာ ဟို ... ဟို ...”

“ထုပ်ထုပ်ကလည်း ကုသိုလ် ဥစ္စာပါ” 

“အေး .. မေ့လို့ဟဲ့ ကုသိုလ် ဥစ္စာ၊ ကျန်းခန့် သာ၍ ....”

ထုပ်ထုပ်(ခေါ်) ဒေါ်ခင်မေထွန်းကလည်း စဉ်းစားဆိုသွားနိုင်သည်၊ တဆက်တည်း အကြီးမနှစ်ယောက်ဖြစ်တဲ့ နွယ်နီထွန်းနှင့် နီလာထွန်းတို့ကလည်း အလွတ်ရကြသည်၊ မောင်မင်းကြီးသားများကတော့ ခုထိ မလှုပ်သေး ..

“ကဲ .. လူကြီးမင်းတို့ အလှည့် ဘယ်သူ အရင်ဆိုမလဲ”

လေးယောက်သား သူအရင်ဆို မင်းအရင်ဆိုနှင့် ဘော်လီဘော ပုတ်သလို လွှဲချနေကြသည်။ ဒါကြောင့် ...

“ကဲ .. အကြီးဆုံးက အရင်ဆို”

“ကိုဇင်မင်း အကြီးဆုံး”

“ဟေ့ကောင် ... ခုမှ အကြီးဆုံး လုပ်မနေနဲ့၊ တေဇာထွန်း ဆို”

“ဘုန်းဘုန်း ကိုဇင်မင်းအကြီးဆုံးပါ၊ သူ့အရင် ဆိုခိုင်းပါ”

“ဟုတ်တယ် ... ကိုဇင် ... ကဲ ... ဆိုပါ ... ကုသိုလ် ... ကဲ ... ဆက်ပေရော့”

“ကုသိုလ် ... ကု ... ဟို ... ဟို”

“ဘုန်းဘုန်း သူမရဘူး ဒဏ်ပေးပါ”

“ဘယ်ရမှာလဲ ဂိမ်းချည်းဆော့နေတာ”

“မိနွယ်နီထွန်း နင်တို့ရော ဂိမ်းမနှိပ်လို့လား”

“ဟင် ... နွယ်နီတို့က စာရမှ ကစားတာလေ”

“ကဲ ... ကဲ ... မရတဲ့သူ အသာထား၊ ကိုင်း ... နောက်တစ်ယောက်ဆို ကောင်းမြတ်ထွန်း ...”

“ဘုန်းဘုန်း သားက စကားပြေလိုဘဲရတယ် ပြောရမလား”

“ရပါ့မောင်ရာ ... ကိုင်း ... လုပ်စမ်းပါဦး”

“လူဟာ ... ကုသိုလ်ရယ် ... ပညာရယ် ... ကျန်းမာရေးရယ် ... ဥစ္စာရယ် ... ဒီလေးမျိုး တခုခုမှ မရဘဲ တစ်နေ့တာ အချိန်ကုန်သွား မယ်ဆိုရင် ... အချိန်တွေ နှမြောစရာ၊ ဝမ်းနည်းစရာချည်းလို့ ဆိုလိုတာပါ ဘုန်းဘုန်း”

“အေး ... ဆိုလိုရင်း ကျပါတယ် ... နောက်ဆို ... လင်္ကာလေးပါ ရအောင်ဆောင်ထား ... သီတံတို့ လင်္ကာတို့ဆိုတာ မှတ်ဖို့ကောင်းတဲ့ အကြောင်းအရာတွေကို မှတ်မိလွယ် ... ရလွယ်အောင် ရှေးပညာရှိကြီးတွေက စီကုံးခဲ့ကြတာကွယ့်၊ ကဲ ... ကျန်နှစ်ယောက်”

ရန်နိုင်ထွန်းနှင့် တေဇာတို့က ပြိုင်တူနီးပါး၊

“သားတို့လဲ ကိုကောင်းလိုဘဲ စကားပြေဘဲ ရတယ် ဘုန်းဘုန်း”

“သူတို့ မရလို့ရယ် ဘုန်းဘုန်း၊ ကိုကိုရန်နိုင်လဲ စာမကျက်ဘူး ကွန်ပျူတာဂိမ်းဘဲ နှိပ်နေတာ ဘုန်းဘုန်း”

“နီလာ ... အချွန်မ ... ငါဘယ်တုန်းက ဂိမ်း ဆော့လို့လဲ”

“ကဲ ... ကဲ ... တော်ကြ ... တော်ကြ ... ဘာဘဲပြောပြော အငယ်တွေနဲ့ မိန်းကလေးတွေကရပြီး အကြီးတွေက မရဘူးဆိုတော့ မင်းတို့ ဂိမ်းဆော့ရင်ဆော့၊ မဆော့ရင် အချိန်ဖြုန်းနေခဲ့ကြတယ်ဆိုတာတော့ ထင်ရှားနေပြီ ဟုတ်ဘူးလား”

ဘာစကားတုံ့မှ မဆိုကြ၊ ငြိမ်နေကြသည်၊ မျက်နှာတွေကတော့ စပ်ဖြီးဖြီးတွေ၊ အင်း ... ဒီခေတ်မှာက ... ကလေးလည်း ကလေးအလျောက်၊ လူကြီးလည်း လူကြီးအလိုက် အချိန်ဖြုန်းဖို့ အာရုံဖမ်းစားမှုတွေက အမျိုးမျိုးဘဲ၊ တို့များ ငယ်စဉ်တုန်းကတော့ ဂျင်ပေါက်တာတို့၊ ထွေခင်းတာတို့၊ ကြက်ထုပ်ပစ်တာတို့၊ ထုပ်ဆီးထိုးတာတို့၊ ဂေါ်လီပစ်စတဲ့ ကစားနည်းတွေ၊ ဒါတွေက အားလပ်ချိန်မှ လူမြင်ကွင်းမှာ ကစားရတာ၊ ခုဟာက တီဗွီဂိမ်းတဲ့၊ ကွန်ပျူတာဂိမ်းတဲ့၊ တစ်ယောက်တည်း ကြိုက်သလိုကစား၊ ကြိုက်သလောက်ကစား၊ တိတ်တဆိတ်လေး အချိန်ကုန်လို့ ကုန်မှန်းမသိ၊

နောက်ပြီး အချိန်ကုန်ရုံတင်မကဘူး၊ မျက်စိတို့ .. အညောင်းမိတာတို့ ဖြစ်နိုင်သည်၊ ကျန်းမာရေးကို ထိခိုက်နိုင်သည်၊ ဒါကြောင့် တလောကဘဲ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက တီဗွီဂိမ်းတို့ ကွန်ပျူတာဂိမ်း တို့ကို လူမြင်ကွင်းမှာ ထားသင့်တယ်လို့ ပြောတာကြား လိုက်သည်၊ ကလေးတွေကို စည်းကမ်းလုပ်ခြင်း တစ်မျိုးပေါ့။

“ကဲ .. သားတို့ ဂိမ်းကစားရတာ တော်တော် ပျော်ရသလား”

“ပျော်တော့ ပျော်ပါတယ် ဘုန်းဘုန်း ဒါပေမယ့် ... ဟို”

“လုပ်စမ်းပါဦး ကိုဇင်မင်းရ .. ဘာ ဒါပေမယ့် လဲ ကွယ့်”

“ပိုက်ဆံကုန်တယ် ဘုန်းဘုန်း တစ်နာရီ သုံးရာ ပေးရတယ်”

“အား မနည်းပါလား၊ ဒါဆိုသားတို့ ဘယ်နှစ်နာရီ ကစားလဲ”

သူတို့ မဖြေကြ၊ ဧကန္တ နှစ်နာရီ သုံးနာရီ ထက် နည်းကြမှာ မဟုတ်၊

“ပေါ်ကုန်ပြီ၊ ခုနကတော့ မကစားကြဘူးဆို”

“ကဲ .. လုပ်စမ်းပါဦးကွဲ့ .. ဘယ်လိုပျော်တာလဲ”

“သားတို့က ဘော်လုံးကန်တဲ့ ဂိမ်းကို ကစားတာ ဆိုရင် ကိုယ်ကြိုက်တဲ့အသင်းကိုယူပြီး ကွန်ပျူတာက အသင်းနဲ့ ကစားတာ”

“သားကတစ်ဘက် ကွန်ပျူတာကတစ်ဘက်ပေါ့”

“ဟုတ်တယ်ဘုန်းဘုန်း၊ အဲဒီထဲမှာမှ ကိုယ်တိုင် ဝင်ကစားချင်ရင် ကိုယ့်နာမည်ကို ရိုက်ထည့်လိုက်ရင် ရသေးတယ်”

“အံမယ် ... တယ်ဟုတ်ပါလား ... လုပ်စမ်းပါဦး၊ အဲလိုကစားတော့ ဘယ်သူနိုင်လဲ”

“သားတို့ နိုင်တဲ့ခါလဲရှိတယ်၊ ကွန်ပျူတာနိုင်တာလဲ ရှိတယ်၊ ကွန်ပျူတာကတော့ သာတယ်”

“သားတို့နိုင်တော့ ဘာရလဲ”

“ဟို ဘာမှတော့ မရဘူး”

“ဟင် ... ဘာမှမရဘဲနဲ့များ သားတို့က သုံးရာကြီး ပေးရသလား”

“ဟို ... ပျော်လို့ ဘုန်းဘုန်း”

“အားပြိုင်ရတာ ပျော်စရာ ဘုန်းဘုန်း”

“ဘာမှတော့ မဖြစ်ဘူး၊ ဘုန်းဘုန်း ကိုယ်နိုင်ရင် ပျော်တယ်၊ ရှုံးရင် ထပ်ကစား”

သူတို့တတွေ ရှေ့နောက်ဆင့် ဖြေကြသည်။

“ထပ်ကစားတော့ကော”

“အင် .. ဟို .. ဟို”

“နောက် .. တစ်မျိုးပြောင်းကစားတယ် ဘုန်းဘုန်း”

“ကဲ ... နောက်တစ်မျိုးလည်း ဒီလိုပဲ ပျော်ရ ရုံဘဲ မဟုတ်လား”

“နိုင်အောင်ကစားရင် ကျော်မြင်ပြီး ဉာဏ်သွက် လာတယ်”

“အဲဒီဉာဏ်သွက်တာက စာမေးပွဲမှာ သုံးလို့ ရလား”

“အဲ မရဘူး ဘုန်းဘုန်း”

“ဟာ ရချင် ရမှာပေါ့ ဘုန်းဘုန်း”

“ဟုတ်လား .. ကိုတေဇာရဲ့ ဘယ်လိုရမှာလဲ ပြောပါဦး”

“ဟို .. ဟို သားလဲ မသိဘူးဘုန်းဘုန်း”

အားလုံးက ဝိုင်းရယ်ကြသည်၊ ကိုယ်တိုင်လည်း ပြုံးရင်း စကားကောက်လိုက်သည်၊

“ဒါဆို သားတို့ဂိမ်းဆော့တာက ဘာမှမရတဲ့ အပြင် ကိုယ်ကသုံးရာပေးရပြီး အချိန်ကလည်း တစ်နာရီ ကြီးများတောင် ပေးရပါလားကွယ့်”

“အဲဒါကြောင့် သူတို့ ဘုန်းဘုန်း ပေးလိုက်တဲ့ လင်္ကာကို မရတာ ဘုန်းဘုန်း”

“အေး မနီလာပြောတာ ဟုတ်တယ်၊ စာမရရုံ တင်မကဘူး၊ ငွေကုန် အချိန်ဖြုန်း နောက်ပြီး မျက်စေ့မှုန် .. ဇက်ကြောတက် .. ညောင်းညာ၊ အိမ်စာတွေ မလုပ်ဖြစ်၊ ကျောင်းကျ ဆရာမက ဒဏ်ပေး .. ဟင် သားတို့ ကစားရတာလည်း ပေးရတာနဲ့ မတန်လိုက်တာကွယ်”

မောင်ရင်လေးတွေ မျက်လုံးပေကလပ်တချို့၊ ပါးစပ်အဝိုင်းသားအချို့နှင့် စဉ်းစားနေကြဟန်ပင်၊ ဒါမှမဟုတ် အိမ်ကြရင် ဂိမ်းဆိုင်အရင်ပြေးမယ်လို့ တွေးနေကြတာလည်း ဖြစ်ကောင်းဖြစ်မည်။

အင်း .. ကလေး .. သူငယ်ဆိုတာ ကစားဖို့တော့ လိုအပ်တာပဲ၊ အထူးသဖြင့် ကျောင်းပြီး ကျူရှင်၊ ကျူရှင်ပြီး ကျောင်းနဲ့ သံသရာလည်နေရှာတဲ့ မြို့ကလေး တွေအတွက် ပိုလိုမယ်၊ ဒါကြောင့် ဉာဏ်ရည် ဉာဏ်သွေးကိုလည်း မြှင့်၊ ကိုယ်လက်ကိုလည်း ဖွံ့စေတဲ့ ကစားနည်း လေးတွေရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ၊ ခုတော့ ဂိမ်းရှေ့မှာ ချည်း ... အင်း

“ကဲ ... အားလုံးဖြေစမ်းပါကွယ်... အဲဒီလို အချိန်ကုန်နေတာ ဘာတွေရသလဲဆိုတာ၊ ကုသိုလ် ... ဥစ္စာ ... ကျန်းမာရေး ... ပညာ ... ဘာရသလဲ”

“တခုမှ မရဘူး ဘုန်းဘုန်း” ကလေးမတွေက သွက်သလောက် ဘသားချောတွေက မဖြေသေး၊ တခဏနေမှ ကောင်းမြတ်ထွန်းက

“ပညာ .. ပညာတော့ ရမယ်ဘုန်းဘုန်း”

“ဟုတ်ပြီ ဂိမ်းကစားတတ်တဲ့ ပညာပေါ့၊ ဒါလဲ ကောင်းပါတယ်၊ ဒါပေမယ့် အဲဒီပညာက သားအတွက် ဘယ်လောက်အထောက်ကူပြု သလဲဆိုတာ စဉ်းစားဦးလေ သားရဲ့”

သူတို့ကို စဉ်းစားခိုင်းပေမယ့် ကိုယ်တိုင်ကလည်း စဉ်းစားရသေးသည်၊ ဒီကစားနည်းက လွယ်တာတော့ ဟုတ်မထင်ဘူး၊ ဉာဏ်တော့ သုံးရမှာပဲ၊  အခြောက်တိုက် အထင်သေးပြီး ဩဝါဒတွေ ပေးရမယ့်ခေတ် မဟုတ်တော့ဘူး၊ သူတို့ ကစားချိန်ကို အချိုးအဆ ညှိပေးဖို့က အဓိက၊

“ဘုန်းဘုန်းပြောချင်တာက မကစားရဘူးလို့ မဆိုပါဘူး၊ သားတို့ကစားတဲ့အခါ ကိုယ့်အကျိုး ထိခိုက်အောင် အချိန်တွေအကုန် မသုံးမိဖို့ ပြောလိုတာပါ၊ ဆိုပါတော့ သားတို့ ခုလို လွယ်တဲ့ လင်္ကာလေးတောင် ရအောင် အချိန် မပေးနိုင်ရင် သားတို့အတွက် ဘာ အမြတ်ရတော့မလဲ၊ နှမြော စရာအချိန်တွေ ကုန်သွား တာလေ၊ ဒီလင်္ကာလေးရေးတဲ့ “မဟာဂန္ဓာရုံဆရာတော်” ကြီးကဆို အချိန်ကုန်သွားတာ ဝမ်းနည်းဖွယ်ကြီးတဲ့”

“အဲဒါကြောင့် သင့်သလောက် ကစားပြီး အချိန် ကို အကျိုးရှိအောင်အသုံးချရတယ်၊ အဲဒီအချိန်ထဲမှာ ကိုယ်ရချင်တာ ဘာမဆို အစွမ်းရှိရင် လုပ်နိုင်တယ်”

နေမိမင်းရဲ့ အချိန်ဟာ ငါရဲ့ ပျိုရွယ်ခြင်းနဲ့ အသက်ကို ယူသွားပါလားဆိုတဲ့ နေထွက်နေဝင်ချိန် ကျူးရင့်မှု စကားကို ပြောရမလား၊ အောင်ပွဲအတွက် အချိန်ကို ဆွဲထားချင်တဲ့ နပိုလီယံအကြောင်း ပြောရမလား၊ ဒါမှမဟုတ် အကျိုးရှိစွာသုံးခဲ့လို့ လယ်သမားဘဝကနေ   ဝန်ကြီးဖြစ်လာတဲ့ မင်းရာဇာအကြောင်း ပြောရမလား၊ အချိန်ကို အကျိုးမဲ့ဖြုန်းခဲ့လို့ မြတ်စွာဘုရားပင် ပြုံးတော်မူခဲ့ရတဲ့ သူဋ္ဌေးဘဝကနေ ဒွန်းစဏ္ဍာဘဝ ဖြစ်နေတဲ့ မောင်နှံအကြောင်း ပြောပြရမလား၊ တခုခုတော့ သူတို့လေးတွေကိုပြောဦးမှ .. ဟော .. ဟုတ်ပြီ .. ဟုတ် .. ပြီ

“ကဲ .. သားတို့ သမီးတို့ နားထောင်ကြ၊ အချိန်ကို အသုံးပြုခဲ့လို့ အောင်မြင်တဲ့ လူတစ်ယောက်အကြောင်း ပြောပြမယ်”

အငယ်တွေက မျက်လုံးလေးတွေ လက်လာသည် ၊ အကြီးတွေက ခေါင်းထောင်လာသည် .. ဒါကြောင့် ..

“တခါတုန်းက သစ်ခုတ်တဲ့ မိသားစုမှာ သားငယ်လေးတယောက် ရှိသတဲ့၊ ခမျာကျောင်း ကောင်းကောင်း မနေရရှာဘူး၊ ဒါပေမယ့် စာသိပ်တတ်ချင် ရှာသတဲ့၊ သူဟာအိမ်သစ်လုံးပေါ်မှာ အိုးမည်းခဲနဲ့ ရေးပြီး စာသင်ရရှာသတဲ့၊ အဲဒီသူငယ်လေးဟာ ရိုးလည်းရိုးသား၊ ကြိုးစားလည်းကြိုးစားရှာသတဲ့၊ ဆိုင်တဆိုင်မှာ လက်တိုလက်တောင်း ခိုင်းတဲ့ ကလေးဘဝ၊ စာပို့သမားဘဝ၊ သစ်ခုတ်သမားဘဝ၊ မြေတိုင်းစာရေးဘဝ၊ စာတိုက်မှူးဘဝ၊ ဘဝမျိုးစုံ ကျင်လည်ရင်း တနေ့မှာ စားသောက်ဆိုင်တခုမှာ သူထိုင်နေတုန်း အလွန်ပိန်လှီတဲ့ မြင်းလေးတကောင်ဆွဲတဲ့ စည်လှည်းတစ်ခု ရောက်လာတာ တွေ့ရသတဲ့။ ဒီတော့ သူက မြင်းကိုသနားတာနဲ့ အဲဒီ လှည်းကို ဝယ်ယူလိုက်ပါသတဲ့၊ လှည်းက စည်ကိုဖွင့်လိုက်တော့ စာအုပ်တွေ ... ဥပဒေရေးရာ စာအုပ်တွေ တွေ့ရပါရော .. ဒါနဲ့ သူဟာ ဝမ်းသာအားရနဲ့ ငါ .. ဥပဒေသာ တတ်ရင် အုပ်ချုပ်သူ ဖြစ်နိုင်တယ်ဆိုတာ သဘောပေါက်ပြီး အဲဒီစာအုပ်တွေကို တခါတည်း အပတ် အကုတ် ဖတ်မှတ်တော့တာပဲတဲ့”

စကားရပ်ပြီး သူတို့ကို အကဲခတ်ရသေးသည်၊ ငိုက်များ နေကြပြီလား၊ အင် .. မျက်ဝန်းတွေမှာ စိတ်ဝင်စားဟန်တွေ အထင်းသားနှင့်မို့

“ဒီလိုနဲ့ သူဟာ ဥပဒေရေးရာကျွမ်းကျင်တဲ့ ရှေ့နေဖြစ်လာရောတဲ့၊ အဲဒီကနေ ဆက်ကျိုးစားတာ လွှတ်တော်အမတ်၊ ဒါကတဆင့် သမ္မတ လောင်း ၊ အဲ .. နောက်ဆုံးတော့ ဒီကနေ့ထိ အမေရိကန်နိုင်ငံမှာ ကျော်ကြားတဲ့ သမ္မတကြီးတွေထဲက တစ်ဦးဖြစ်တဲ့ “အေဘရာဟမ်လင်ကွန်း” ဆိုတဲ့ သမ္မတကြီးဖြစ်လာပါရောတဲ့”


ကိုင်း .. ကြည့်စမ်း အချိန်ကို အသုံးချလိုက်တော့ ကုသိုလ်တွေ၊ ပညာတွေ၊ ဥစ္စာတွေသာမက သမိုင်းဝင် သမ္မတကြီးတောင် ဖြစ်သွားတာကို အတုယူပြီး အချိန်ထဲက လိုရာကိုရအောင်ယူနိုင်တဲ့ သားကောင်း သမီးကောင်းများ ဖြစ်ကြပါစေကွယ် ။  ။

နတ်စည်
သြဂုတ် ၁၂၊ ၂၀၁၃