Thursday, August 8, 2013

ခွင့်လွှတ်နားလည်ပေးပါ အဖေ

ခွင့်လွှတ်နားလည်ပေးပါ အဖေ


ပိဋကတ် ကျမ်းဂန်တွေမှာလည်း “မာတာ ပိတု ဥပဋ္ဌာနံ၊ မာတာ ပိတု ဂုဏော အနန္တော၊ မာတာ ပိတုသုတ်” စသည်ဖြင့် (မာတာ= အမေ၊ ပိတု= အဖေ၊ ) အမေကို ရှေ့တန်းတင်ကာ ဖွင့်ဆိုပြခဲ့သလို လူလောကအကြောင်းကို ရေးသားဖွဲ့ဆိုကြတဲ့ စာရေးဆရာတွေကလည်း အမေနှင့် အမေ့အကြောင်းကိုသာ ရေးသာဖွဲ့နွဲ့၊ နားဆင်ခဲ့ဘူးသမျှ တေးသီချင်းတွေ အများစုကလည်း အမေ့ မေတ္တာဘွဲ့ တေးတွေဖြစ်၊ ကဗျာဆရာ အများစုကလည်း အမေ့မေတ္တာကို အလင်္ကာတွေ ရေးလို့၊ ဆေးရေး ပန်းချီပုံ အများစုကလည်း အမေ့မေတ္တာကိုသာ ဖေါ်ကြူးနေကြတယ်လေ။ ကြားကြားသမျှအရာရာ အမေမေတ္တာချည်းသာ။ အမေ့မေတ္တာတွေက ရေတွက်မရ အနန္တမို့ အနှိုင်းမဲ့ဖြစ်သလို အဖေ့မေတ္တာကလည်း အနန္တဖြစ်ကာ အနှိုင်းမဲ့ပါပဲလေ။ အားနာလိုက်တာ အဖေရယ်။ 

အမေက သားကို နို့ချို တိုက်ကျွေးသလို အဖေကလည်း ရှိသမျှ အင်အားနဲ့ ပုခုံးပေါ် ထမ်းပိုးပေးခဲ့တာတွေ၊ အမေက သားကို ထမင်းကျွေးဖို့အတွက် အဖေက ဆန်အိုးထဲ ဆန်ဖြည့်ပေးခဲ့တာတွေ၊ အမေက သားလက်ကိုဆွဲကာ ကျောင်းပို့ပေးခဲ့သလို အဖေက ပညာသင်ဖို့ ငွေရှာပေးခဲ့တာတွေ သား တစ်စက်မှမမေ့၊ ခုထိ မှတ်မိနေဆဲပါအဖေ။ အမေက သားကို လောကထဲမှာ အရာရာ သူများထက်သာစေဖို့ လက်ဦးဆရာ အမည်ခံ လောကဓံအကြောင်းတွေ သင်ပေးသလို အဖေကလည်း ဘေးအန္တရာယ်ကင်း ရန်သူတွေ ကင်းရှင်းစေဖို့ အနာဂတ်အတွက် လမ်းခင်းပေးခဲ့တာ သားသိပါတယ်အဖေ။


 အမေက သားလိမ္မာစေဖို့ ဇာတ် နိပါတ်တော်လာ ပုံပြင် ဒဏ္ဍာရီပြောပြခဲ့သလို အဖေကလည်း သားရဲ့ကြောက်စိတ်တွေ ဖယ်ရှား၊ အရာရာဗိုလ်မထားတဲ့ ယောက်ျားသတ္တိ တကယ်ရှိအောင် လူ့လောကရဲ့ သာဓကတွေ လက်တွေ့ပြလို့ လမ်းပြဆောင်ခဲ့တာပဲမဟုတ်ပါလား။ အမေက မေတ္တာလက်၊ ကရုဏာလက်နှင့် တွဲခေါ်ခဲ့သလို အဖေကလည်း မုဒိတာလက်၊ ဥပေက္ခာလက်နှင့် ကမ်းလင့်ခဲ့တာပဲလေ။ အမေ့မေတ္တာက လမင်းနှင့်တူပြီး သား သမီးတွေကို အေးမြ ငြိမ်းချမ်းစေသလို အဖေ့မေတ္တာကလည်း နေမင်းနှင့်တူပြီး သား သမီးတွေကို နွေးထွေးကာ ရဲရင့်စေခဲ့တယ်ဆိုတာ သားသမီးတိုင်း သိကြမှပါလေ။


ဒါပေမယ့်... အရာအာလုံးဟာ အဖေဆိုတာ ကျားကျားယားယားမို့ အလင်္ကာဖွဲ့ဖို့မလို အပိုတွေပဲထင်လေသလား မသိ။ ဘယ်လိုပဲရှိရှိ တကယ် ဆန်းစစ်ကြည့်မိတော့ အဖေ့ မေတ္တာတရားကို ဖော်ကြူးတဲ့စာသားဆိုတာ ရှာမှ ရှားပါးလားအဖေ။ အနှိုင်းမဲ့မေတ္တာရဲ့ ကိုယ်စားဟာ အမေပဲလား။ အဖေမပါဘူးတဲ့လား။ ဘုရားဟောကျန်းဂန်တွေမှာ အမေရောအဖေပါ အနန္တော အနန္တ (၅)ဦးထဲမှာ ပါဝင်သလို၊ ပညာရှင်တွေ ရေးသာခဲ့ကြတဲ့ ကျမ်းစာပေတွေမှာလည်း အမေဂုဏ်ရော အဖေ့ဂုဏ်ပါ ဖွင့်ဆိုပြခဲ့ကြတာပဲလေ။ ဒါပေမဲ့ အဖေရယ်၊ အနှိုင်းမဲ့မေတ္တာရဲ့ အလင်္ကာအဖွဲ့အနွဲ့မှာ အဖေကျန်ခဲ့တာအတွက် မပြောရက်ပါလေ။ ဒီလိုဖြစ်တာ ဘာ့ကြောင့်များလည်း သားဝေခွဲမရ  တကယ် အားနာမိပါရဲ့ အဖေရယ်။

တစ်ချို့က ဆိုကြလေရဲ့။ အမေဆိုတာ သားသမီးအတွက် ရယူခြင်းကင်းမဲ့ ပေးဆပ်နေတဲ့ အနန္တ မေတ္တာရဲ့ သင်္ကေတတဲ့။ အဖေဆိုတာ သားသမီးအတွက် ဘေး အန္တရာယ်မဖက်ဘို့ အသက်ကို ပမာမထား အရာအားလုံး ဖယ်ရှားကာ ရဲရင့်စေတဲ့ သူရသတ္တိရဲ့ သင်္ကေတတဲ့။
အမေက အနန္တမေတ္တာနဲ့ သားသမီးတွေ ဘေးရန်ကင်းကွာ ကျန်းမာပျော်ရွှင်ဖို့် လူ့ဘဝဆိုတဲ့ ပလ္လင်မှာ နန်းတင်ပေးခဲ့သလို၊ အဖေကလည်း အနန္တထက်မလျှော့တဲ့ စေတနာဗလပွတွေနဲ့ သား သမီးတွေ ထာဝရချမ်းသာအောင် သိဒ္ဓိဆောင်ကာ လူမှုဒုက္ခမှန်သမျှကင်းရှင်း ကျက်သရေ အဖြာဖြာ ထွန်းလင်းစေဖို့ လမ်းပြဆောင်ကာ ပညာအရောင်ဆိုတဲ့ မြို့တော်မှာ အဘိသိတ်ခံစေခဲ့တာ  မဟုတ်လား။

တစ်ချို့ကလည်း ပိဋကတ် ပါဠိစာပေလာတဲ့ မာတာပိတု ဂုဏော အနန္တော (အမေ အဖေရဲ့ မေတ္တာတို့သည် ရေတွက်မရ အနှိုင်းမဲ့) ဆိုတဲ့စကားကို ကိုးကားပြီး အဖေ့မေတ္တာထက် အမေ့မေတ္တာက ပိုကြီးလို့သာ ဘုရားရှင်ကိုယ်တိုင်က အမေကိုအမွှမ်းတင် အမေကို ရှေ့တမ်းတင်ခဲ့တာတဲ့။ မေတ္တာအရာမှာ အမေရဲ့မေတ္တာက အဖေ့ထက်သာလွန်တာတော့ ဘုရားဟော ကျမ်းဂန်တို့မှာတင်မက သား သမီးတိုင်းက ခံစားသိရှိ နားလည်နေမိကြမှာပါလေ။ ဒါဟာ အမှန်တရားဖြစ်ပေမဲ့ အဖေ့ကို ဒီလိုမျိုးပြောဖို့ သားနှုတ်လေးနေမိတယ်လေ။  အမေ အဖေ (၂)ယောက်တွင် အကျင့်သီလတူလျှင် အမေကသာကြောင်း၊ မိဘ(၂)ပါးလုံ ပြစ်မှားတာချင်းတူလျှင် အမေကို ပြစ်မှားသော အပြစ်က ပို၍ ခံရကြောင်း ကျမ်းဂန်တို့ရဲ့အဆိုကို သားဘယ်လိုနည်းနှင့် အဖြေပေးရမလဲမသိ တကယ် အားနာမိပါရဲ့အဖေ။

ဒါပေမဲ့ အဖေရယ်..။ ကမ္ဘာဦးကစလို့ ယနေ့တိုင်အောင် ခေတ်အဆက်ဆက်ပြောင်းလဲခဲ့သော်လည်း ထာဝရတည်တံ့တဲ့ နိယာမတစ်ခုလို ကမ္ဘာပေါ်ရှိ သားသမီးများ အားလုံးဟာ အမေ့မေတ္တာကိုသာ အဓိကထား ဖွဲ့နွဲ့ပြောကြားနေကြလေရဲ့။ ဒါအတွက်လည်း အဖေ နားလည်ပေးမယ် ထင်ပါရဲ့လေ။ သားတိုင်းက အမေကို ပိုချစ်ကြသလို၊ သမီးတိုင်းကလည်း အဖေကို ပိုချစ်ကြတာ သဘာဝပဲတဲ့လား။  သားလည်း အဲဒီသဘာဝထဲက ရုန်းမထွက်နိုင် အမေကို ချစ်တဲ့သား ဖြစ်ခဲ့လေတော့ ဒီအတွက်လည်း သား တကယ် အားနာမိပါရဲ့အဖေ။ အစ်မတွေ အဖေကို ပိုချစ်တာ တွေ့ပေမဲ့ သားတကယ် မနာလို မဖြစ်ခဲ့ဘူးအဖေ။ အဖေလည်း အမေ့အတွက်မို့ သားကို ခွင့်လွှတ် နားလည်ပေးကာ ကရုဏာပိုခဲ့မှာပါလေ။


အမေတူသားမို့ အရာရာမှာ အဖေနှင့်မတူ။ ကိုယ်ခန္ဓာက ထွားထွား၊ ကျားကျားယားယား ရှိပေမဲ့ နူးညံ့တဲ့ စိတ်ဓာတ်နဲ့ သားကို ငယ်စဉ်ကတည်းက အဖေ အလိုမကျခဲ့၊ အားမရခဲ့တာတွေ သားရိပ်မိ သိရှိခဲ့ပါတယ်အဖေ။ ဒါ့ကြောင့် အဖေ့စိတ်ဓာတ်လို “တုံးဆိုတိုက်၊ ကျားဆိုကိုက်” စိတ်ဓာတ်မျိုးဖြစ်အောင် အဖေ ဘယ်လိုပင် ပုံသွင်းခဲ့သော်လည်း တစ်စက်ကလေးမှ ပုံမယွင်း ပြောင်းလဲမသွား တစ်ကြောင်းတည်းသွားကာ မေတ္တာတရား လက်ကိုင်ထားခဲ့တဲ့သားဟာ အဖေမျှော်လင့်သလို အဖေ့လက်ရုံးတစ်ဆူ စီးပွါးရေးမှာ ပါရဂူအဖြစ် အလံမထူနိုင်ခဲ့သော်လည်း၊ ခုတော့ သားဟာ အမေမျှော်လင့်သလို သာသနာတော်အတွက် ဘဝကို ပေးဆပ်ခဲ့တဲ့ သာသနာ့ဝန်ထမ်း ရဟန်းတစ်ပါး ဖြစ်နေခဲ့ပြီလေ။ မိသားစုကိစ္စကို တာဝန် မယူနိုင်သော်ငြားလည်း သာသနာအတွက် အများအတွက် ဘဝတစ်ခုလုံး နှစ်မြုပ်ကာ ပေးဆပ်ခြင်းဆိုတဲ့ မေတ္တာ ကရုဏာတရားကို လက်ကိုင်ထားပြီး ဘာဝနာပွါးနေတဲ့ သားအတွက် အပြစ်တွေလျှော်ကာ ဝမ်းမြောက်နုမော် သာဓုခေါ်ရစ်ပါ အဖေ။


ခုတော့ ကျရာတာဝန် ထမ်းနေရတဲ့ သာသနာ့ဝန်ထမ်းမို့ မွေးရပ်ကခွာ ထိုင်ဝမ်ဆိုတဲ့ ကမ္ဘာ တစ်ခုဆီကို လာရောက်ကာ သာနာပြုနေရပြီလေ။ ထိုင်ဝမ်နိုင်ငံ၊ ယွမ်ကွမ်းတက္ကသိုလ်မှာ M.A. တန်း တက်ရောက်စဉ်က အဖြစ်အပျက်တစ်ခုပေါ့။ ကိုယ့်အကြောင်းကို မိတ်ဆက်စကား ပြောကြားစဉ်က “သားဟာ မိသားစု(၇)ယောက်မှာ အစ်မ ညီမတွေကြား တစ်ဦးတည်းသောသား၊ ငယ်စဉ်ကတည်းက ကိုရင်သာဏေဝတ်၊ ကြီးတော့ ရဟန်းဖြစ်လာခဲ့” တဲ့အကြောင်း ပြောတော့။ အာလုံးက အံ့သြပြီး၊ မေးခွန်းတွေ မေးလာကြတယ်လေ။ “တစ်ဦးတည်းသောသားကို ရဟန်းပြုဖို့ အဖေအမေက ခွင့်ပြုသလား” တဲ့။ တရုတ်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု အစဉ်အလာကြား မွေးဖွါးလာကြတာကြောင့် တရုတ်တို့ရဲ့ အတွေးအမြင်နဲ့ မေးလာကြတယ်ဆိုတာ သားနားလည်ပါတယ်။ တရုတ်လူမျိုးတို့ရဲ့ ရိုးရာအစဉ်အလာမှာ သားဖြစ်သူက ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် လူ့လောကထုံးစံ မိဘအမွေအနှစ်ကိုဆက်ခံဖို့ အဝါဟဝိဝါဟဆိုတဲ့ လက်ထပ်မင်္ဂလာပွဲကို ဧကနမလွှဲ် ပြုလုပ်ကြရမြဲတဲ့လေ။

ဘုရားရှင်လက်ထက်က အိန္ဒိယယဉ်ကျေးမှုနဲ့ ခပ်ဆင်ဆင်တူတဲ့ တရုတ်တို့ရဲ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာမှာ သားယောက်ျားလေးဟာ မိသားစုမျိုးရိုးအနွယ်ရဲ့ အမည်ကိုဆက်ခံလို့ အမျိုးဇာတ်ကို ဆက်လက်ရှင်သန်အောင် လုပ်ရတယ်တဲ့လေ။ သားသမီး ဝတ်တရား(၅)ပါးမှာ ပါဝင်တဲ့ “စောင့်လေမျိုးနွယ်” ဆိုတဲ့ဝတ်တရားပါပဲ။ အိမ်ထောင်စုတစ်ခုမှာ သားဖြစ်သူဟာ အမျိုးဇာတ်ရှင်သန်အောင် အိမ်ထောင်သားမွေးမှုပြုပြီးမှသာ အသက်အရွယ်ရလာချိန်ကျှ လောကထဲမှရှောင်ခွါ တရားရှာသင့်တယ်ဆိုတဲ့ အယူဝါဒပေါ့။

အဆိုပါမေးခွန်းကို သားရိုးရိုးရှင်ရှင်းပဲ ဖြေပေးခဲ့တယ်အဖေ။ အိန္ဒိယယဉ်ကျေးမှုနဲ့ ခပ်ဆင်ဆင်တူတဲ့ တရုတ်တို့ရဲ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာမျိုး သားတို့မြန်မာအမျိုးမှာ မရှိရိုးအမှန် ဧကန်လိုက်နာစရာလည်းမလို ဒီမိုကရေစီဆိုတဲ့ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိတယ် ဆိုတာကိုပေါ့။ မြန်မာတို့ရဲ့ အတွေးအကြံဆိုတာလည်း ဗုဒ္ဓဘာသာမှသက်ဆင်းလာခဲ့တာပဲအဖေ။ တကယ့် ဗုဒ္ဓဘာသာ အစစ်အမှန်ဖြစ်တဲ့ မြန်မာတို့ရဲ့ အတွေးအကြံမှာ သားယောက်ျားလေး  မွေးဖွါးလာပြီဆိုကတည်းက မိဘတွေမှာ သားအတွက်ဝမ်းသာ ပီတတွေဖြာခဲ့ကြတာချည်းပါပဲလေ။  သားအရွယ်ရောက်လာလျှင် ရှင်ပြုပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်အတွက် ဘဝတစ်ခုလုံးကို ပေးဆပ်ရင်းနဲ့ ကျေနပ်နေခဲ့တဲ့ အဖေ့တို့လို မြန်မာရေမြေက အဖေတိုင်းအတွက် သားတကယ် ကျေနပ်ဂုဏ်ယူမိပါရဲ့လေ။

အထက်ပါ “စောင့်လေမျိုးနွယ်” စကားဟာ ဘသာရေးအမြင်မှာ မထူးခြားပေမဲ့ လောကအမြင်မှာတော့  ဝိဝါဒတွေ ကွဲပြားကြတယ်အဖေ။ အိမ်ထောင်သားမွေးမှုဟာ လောကကြီး သာယာရှင်သန်ဖို့ အမှန်တကယ် လိုအပ်ချက်လို့လည်း ပညာရှိများစကား ကြားဖူးပါရဲ့။  

ဘုရားရှင်ရဲ့ဆွေမျိုး သာကီဝင်မင်းမျိုးများဟာ ဘုရားရှင်ဟောကြားတဲ့ တရားသံကြောင့် ပါရမီညာဏ်ရင့်သန်ပြီး သာကီဝင်မင်းသားတွေအကုန်လုံး စုရုံးကာ ရဟန်းဝတ်ကြတာ့ တိုင်းပြည် အုပ်ချုပ်မည့်သူတောင် မကျန်တော့ မဟာနာမ်ဆိုတဲ့ သာကီဝင်ကြီးကိုယုံမှတ် တိုင်းပြည်တစ်ခုလုံး ပုံအပ်ကာ အုပ်ချုပ်စေခဲ့ရတာ အများလည်းအသိ ကျန်းဂန်မှာလည်း အမှန်ရှိခဲ့တာလေ။

နောက်ဆုံးမှာ ဘုရားရှင်ရဲ့ဆွေမျိုး သာကီဝင်တစ်မျိုးလုံးကို “ကျူပင်ခုတ် ကျူငုတ်မချန်” ဆိုတဲ့ ရန်ညိုးနဲ့ တစ်မျိုးလုံးမြေလှန်ကာ သတ်ပစ်ခဲ့တဲ့ ၀ိဋဋူဘရဲ့ရန်ကို မတွန်းလှန်နိုင်ခဲ့ခြင်းဟာလည်း ဘာသာရေးအမြင်အရ “အတိတ်ကဝဋ်ကြွေး ပေးဆပ်ရခြင်းရယ်”လို့ အမည်တပ်ကာ ဖြေသာနိုင်ပေမဲ့ လောကအမြင်မှာတော့ အမျိုးစောင့်မည့်သားတွေ လောကကိုစွန့်လွှတ်ထွက်ခွါ  အကုန်လုံးတရားရှာရန် ရဟန်းဝတ်သွားကြတာ သမိုင်းမှာ ထောက်ပြစရာ အပြစ်တစ်ခုအဖြစ် ယနေ့တိုင် ပြောစမှတ်တွင်ရစ်ဆဲပါလေ။

အဖေဟာလည်း လောကထဲမှာနေတဲ့ ပုထုဇဉ်လူသားပဲလေ။ သားကို မိဘအမွေ မျိုးရိုးအမွေဆက်ခံလို့ အဖေရဲ့ လက်ရုံးတစ်ဆူလို အားကိုးအားထား အဖေ့တာဝန် လွှဲယူသူသားအဖြစ် မြင်ချင်မှာပဲပေါ့။ ဒါပေမဲ့ ဒါတွေကိုဘေးဖယ် သံယောဇဉ်ဆိုတာကို မဖက်တွယ်ပဲ သာသနဒါယဇ္ဇ သာသနာ့အမွေခံယူဖို့ သားအရင်းကိုပင် သာသနာတော်အတွက် ဘယ်အရာမျှ မငဲ့ကွက်ဘဲ  ရက်ရက်ရောရော မနှမြောဘဲ လှူဒါန်းခဲ့တာမဟုတ်ပါလား။ ဒါတွေဟာ အများသူငါမတု လူတိုင်းမပြုနိုင်တဲ့ ကုသိုလ်ကောင်းမှုပဲ ဆိုတာ အဖေကောင်းကောင်းကြီး နားလည်ခဲ့တာပေါ့။

အိန္ဒိယရဲ့ရာဇဝင်၊ သာသနာဝင်ကိုကြည့်ပါလေ။ သီရိဓမ္မာသောကမင်းကြီးတောင်မှ အမျိုးမျိုးအဖုံဖုံ ရှစ်သောင်းလေးထောင် အစုံအစုံသော အလှူဒါနတွေ လှူဒါန်းခဲ့ပေမဲ့ သာသနာ့အမွေခံ  မဖြစ်ထိုက်သေးဘူးတဲ့။ မိမိရင်မှဖြစ်သောသား၊ ဒါမှမဟုတ် ကိတ္တိမသားခေါ်တဲ့ သူတစ်ပါးသားကို သာသနာ့တော်တွင်းမှာ ရှင် ရဟန်းဖြစ်အောင် ပြုလုပ်လှူဒါန်းပေးမှသာလျှင် သာသနဒါယဇ္ဇ သာသနာ့အမွေ ခံယူထိုက်သတဲ့။ အဖေလည်း သီရိဓမ္မာသောကမင်းကြီး ထုံးကို နှလုံးမူလို့ အတုယူကာ သားကို မိမိဘဝအနာဂတ်အတွက် ထည့်မတွက် မငဲ့ကွက်ပဲ ရက်ရက်ရောရော မနှမြောပဲ ပေးလှူခဲ့ပြီးပြီပဲလေ။

ဘုရားရှင်ရဲ့ ဘဝဖြစ်စဉ်မှာ အမေကျေးဇူးဆပ်တာကို အကျယ်ချဲ့ပြ ထင်ရှားသော သာဓကတွေ ရှိကြပေမဲ့ အဖေကျေးဇူးဆပ်တဲ့ သာဓက တကယ် မရှိရော့သလား။ မေးချင်စရာပဲပေါ့ အဖေ။ ဘုရားဟာ အဖေကျေးဇူးဆပ်တာ ထေရ၀ါဒ ပိဋကတ် ပါဠိတော်မှာ အကျဉ်းမျှ ပါရှိခဲ့ပေမဲ့ အဋ္ဌကထာ ဋီကာခေါ်တဲ့ ကျမ်းဂန်တွေမှာ အကျယ်ချဲ့ပြတာ မတွေ့ရသလောက်ပါပဲလေ။ ဖခမည်းတော်ကြီးဟာ ဘုရားတရားတော်ကို နာယူရ၍ တရားထူးရကာ လူဝတ်ကြောင်နှင့်ပင် ရဟန္တာဖြစ်ခဲ့ရကြောင်း၊ ထို့သို့ လူဝတ်ကြောင်နှင့် ရဟန္တာဖြစ်ပြီး ရဟန်းမပြုသောကြောင့် (၇)ရက်အတွင်း ပရိနိဗ္ဗာန်ပြုခဲ့ရကြောင်း၊ ဘုရားရှင်၏ အဖေ့ကျေးဇူးဆပ်ခဲ့ပုံသရုပ်ကို အကျဉ်းမျှ ဖေါ်ထုတ်ပြခဲ့တာ ကျန်းဂန်မှာလည်းအရှိ သားကိုယ်တိုင်လည်း တွေ့ရှိခဲ့ပါတယ်အေဖ။

 ဒါပေမဲ့ မဟာယာန ဗုဒ္ဓုဘာသာမှာတော့ အဖေကို ကျေးဇူးဆပ်တဲ့ ဘုရားရဲ့အကြောင်း ကောင်းမွန်စွာ ဖွင့်ဆိုပြခဲ့တာ သာဓကအဖြစ် သမိုင်းမှာ ကျန်ရစ်ခဲ့ပါရဲ့။ ဘုရားရှင်ဟာ ဖခမည်းတော်ကြီး မကျန်းမမာဖြစ်ကြောင်း သတင်းစကားကြားတော့ ကိုယ်တော်တိုင်ကြွသွားကာ ပြုစုပေးတော်မူခဲ့ပါတယ်။ မင်း သူဋ္ဌေး ပုဏ္ဏား စသည့် တပည့် ဒကာဒကာမများက ဘုရားရဲ့ကိုယ်စား ဖခမည်းတော်ကို ပြုစုပေးဖို့ ခွင့်တောင်းကာ လျှောက်ထားကြပေမဲ့ ဘုရားရှင်က လက်မခံ ငြင်းဆန်တော်မူခဲ့တယ်။ ဖခမည်းတော်ကြီးဟာ ဘုရားရှင်ရဲ့ လက်ပေါ်မှာပင် ချမ်းသာစွာနှင့် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ရကြောင်း သမိုင်းကြောင်း သက်သေအဖြစ် ယနေ့တိုင် ကမ္ပည်း တွင်ရစ်ဆဲပါလေ။ မိဘကျေးဇူးကြွေးဆိုတာ အမှန်တကယ် ပေးဆပ်သင့်ကြောင်း လောက လူအပေါင်းသိစေဖို့ ဘုရားရှင်ဟာ ဖခမည်းတော်ကို ကိုယ်တိုင် ပြုစုကာ သက်သေပြခဲ့ခြင်းလို့ သားသဘောပေါက် နားလည်မိပါရဲ့အဖေ။

ဒီလိုသာဓကတွေ စာပေမှာ အမှန်တကယ်ရှိပေမဲ့ ဘုရားရှင်သော်မှ မိခင်၏အနန္တမေတ္တာ နို့ဖိုးကြွေးကျေအောင် တာဝတိံသာ နတ်ပြည်တတ်လို့ အမေ့ကျေးဇူးကြွေး ပေးဆပ်ခဲ့တာကိုသာ အဓိကဖေါ်ပြနေတာကြောင့် သုဒ္ဓေါဒန ဘုရင်ကြီးနဲ့အတူ အဖေအားလုံးအတွက် သားမျက်နှာပူကာ အားနာမိပါရဲ့လေ။ ဒီလိုမျိုး အတွေးအခေါ်တွေ ပြန်နှံ့နေတဲ့ လောကကြားမှာ သားအကြောင်း ပြောလာတဲ့စကားတွေ အဖေ နားနဲ့မဆံ့အောင် ကြားနေခဲ့ရပေမဲ့ ရင်မှာသိုဝှက်ကာ ဆိတ်ဆိတ်နေပြီး တုန့်ပြန်ခဲ့တယ်ဆိုတာလည်း သားကြားမိပါရဲ့။ ဘယ်လိုပဲဖြစ်ပါစေ အနေဝေးနေတဲ့ သားအတွက် အဖေ ဖြေတွေးပေးခဲ့တာလည်း သားနားလည်လျှက်ပါအဖေ။     

အစ်မ ညီမတွေကြားမှာ တစ်ဦးတည်းသောသား ဖြစ်တဲ့အတွက်ကြောင့် သားဟာ အဖေ့အရိုက်အရာကို ဆက်ခံပြီး၊ မိသားစု၏ တာဝန်တို့ကို ပခုံးပြောင်းလွှဲယူရတယ် ဆိုတဲ့ လောကရဲ့ ထုံးတမ်းစဉ်လာထဲက ဖောက်ထွက၊် သာသနာတော်ရဲ့ ခြေစုံကို ထွေးဖက်ခဲ့တဲ့ သား၊ လူမှုပတ်ဝန်းကျင်ကြား အမျိုးမျိုးသော ဝေဖန်မှုစကားတွေ အဖေ့နားမှာ မည်သို့ကြားလာပါစေ၊ သားကို အဖေ အပြစ်မမြင် အမြဲချစ်ခင်လျက်သာပင်။ တစ်ခါတစ်ရံတော့ အဖေဟာလည်း ပုထုဇဉ်လူသားမဟုတ်လား သူများတွေလိုစဉ်းစားကာ သားကိုတမ်းတ သတိရကာ မျက်ရည်ဖြာ မထွက်သော်ငြားလည်း အဖေ့နှလုံးသားမှာ သားအတွက် မျော်လင့်ချက် ရည်မှန်းချက်တွေ အစဉ်ရှင်သန်နေဆဲဆိုတာလည်း အဖေ့ကိုယ်စား သားနားလည်နေခဲ့ပါတယ်အဖေ။

တစ်ခါတစ်ခါ ရပ်ရွာဖြစ်တဲ့ မိဘရပ်ထံကို သားအလည်ပြန်လာစဉ်က “သားတစ်ယောက်တည်းပါလို့ အားကိုရမလား မျှော်လင့်ခဲ့ပါတယ်။ ခုတော့ သားက ဘုန်းကြီး ဖြစ်နေလေတော့ လာတိုင်း ပြန်တိုင်း ထိုင်ပြီး ဦးချနေရတယ်” တဲ့။ လူတွေကြားမှာ ပြောကြားခဲ့တဲ့ အဖေ့ရဲ့စကားဟာ အမှန်တရားဖြစ်ပေမဲ့ သားကိုပြောဖို့ ဝန်လေးနေတဲ့အတွက် ရယ်ရွှင်ဖွယ်ရာ ဟာသနှောကာ ပြောခဲ့တဲ့ အဲဒီစကားထဲမှာ အဖေ့ရင်ထဲက သားကို ပြောချင်နေတဲ့ စကားအရိပ်အမြွတ်တွေ၊ အဖေရဲ့ချမှတ်ခဲ့တဲ့ အနာဂတ် ရည်မှန်းချက်တွေ ပါနေတယ်ဆိုတာလည်း သားရိပ်မိနေလျှက်ပါအဖေ။ သာသနာ့ဝန်ထမ်း ရှင်ရဟန်းဖြစ်တဲ့သားဟာ အဖေ့စကားရဲ့ ဆိုလိုရင်းကို နားလည်ပေမဲ့လည်း အဖေ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ မည်သို့မျှ မတတ်သာ၍ စကားလွှဲကာ မသိချင်ယောင်ဆောင်ခဲ့တာလည်း သားမျက်နှာရိပ်ကဲကြည့်ပြီး အဖေရိပ်မိနေမှာပါလေ။

အဖေ့ဆန္ဒဟာ ထိုသို့ရှိသော်ငြားလည်း သားရဲ့ အောင်မြင်မှုတေ၊ွ ကျော်ကြားမှုတေ၊ွ ရပ်ရွာအတွက် တံတားဆောက်လုပ်လှူဒါန်းခဲ့တာတွေ၊ မူလတန်းကျောင်းသာ ရှိခဲ့တဲ့ရွာမှာ အလယ်တန်းကျောင်း စပြီးဖွင့်ဖို့ရန်အတွက် လိုအပ်နေသော ငွေကြေးကို ပါဝင်လှူဒါန်းပေးခဲ့တာတွေ၊ ဟောင်နွမ်း နေပြီဖြစ်တဲ့ ရွာဦးကျောင်းက ရှေးဟောင်းကျောင်းဆောင်ကြီးကို အသစ်ပြန်လည် ပြုပြင်ကာ တည်ဆောက်ရန်အတွက် မတည်လှူဒါန်းခဲ့တာတွေ၊ သာသနာပြုလုပ်ငန်း၊ လူမှုရေးလုပ်ငန်းတို့ကို စွမ်းစွမ်းတမံ ကူညီခဲ့တာတွေ စသည်တို့ကို ကြားရ မြင်ရသောအခါ အမေကမွေး၊ အဖေကကျွေွးခဲ့တဲ့သားဟာ အဖေတို့ မိသားစုအတွက်သာမက ရပ်ရွာအတွက် လူအများအတွက် သာသနာအတွက် အကျိုးရှိပါလားလို့ သိရှိပြီး၊ ရင်ထဲကစကားကို ထုတ်ပြောဖို့ ဝန်လေးတတ်တဲ့ အဖေဟာ “သားတစ်ယောက်ဆို တစ်ယောက် ထွန်းပေါက်လို့ မွေးရကျိုးနပ်လိုက်ပါရဲ့” လို့ ပြောပြီး၊ ဝမ်းမြောက်ဝမ်းသာ မျက်ရည်လည်ကာ သာဓုခေါ်နေတယ်ဆိုတာလည်း အမေပြန်ပြောလို့ သိခဲ့ရပါတယ်လေ။

ဘုရားဟော စာပေလာတာက လောကမှာ သား(၃)မျိုး ရှိတယ်တဲ့။
(၁) အတိဇာတ၊ မိဘထက် အဆင့်မြင့်သောသား။
(၂) အဝဇာတ၊ မိဘထက် အဆင့်နိမ့်သောသား။
(၃) အနုဇာတ၊ မိဘနှင့် အဆင့်တူသောသား။  

ထိုသို့သော သား(၃) မျိုးတို့တွင် အဖေမျှော်လင့်ခဲ့တာက အနုဇာတ၊ မိဘခြေရာနင်းမည့်သား။ သား တကယ်ဖြစ်လာတာက အတိဇာတ၊ အဖေထက် တစ်လကြီးတဲ့သား။ အဖေမျှော်လင့်သလို ဖြစ်မလာပေမဲ့ သားအပေါ် မနာလို မဖြစ်ခဲ့ပေ။ ကြည်နူး ဝမ်းသာမှုတွေနဲ့ အဖေပြောခဲ့တဲ့စကား သားခုထိကြားယောင်နေဆဲပါလေ။ “အဖေထက်တော်သောသား၊ ဆရာထက်တော်သော တပည့်တွေ အစဉ်အဆက် ပေါ်ပေါက်လာမှသာ မိသားစုများ၊ တိုင်းနိုင်ငံများဟာ ပိုမို တိုးတက်လာနိုင်မှာပေါ့။ လောကထဲမှာ အဝဇာတ၊ မိဘခြေရာ မမှီသောသား၊ ဆရာ့ခြေရာ မမှီသော တပည့်များသာ ပေါများနေပါက မိသားစုများ၊ တိုင်းနိုင်ငံများဟာ လက်ရှိ အဆင့်ထက် နိမ့်ကျဖို့သာ ရှိတော့မှာပေါ့ ” တဲ့လေ။

ခုနေပြန်တွေးကြည့်တော့ အမေ့ဆီက နူးညံ့တဲ့စိတ်ဓာတ် အမွေရခဲ့သလို အဖေ့ဆီကလဲ အရာရာဆုံးဖြတ်ရဲ လုပ်ရဲတဲ့သတ္တိ အမွေရခဲ့တယ်ဆိုတာ သိလာခဲ့ရပြီပေါ့အဖေ။ သားကရဟန်းဖြစ်လေတော့ သာသနာပြုရာမှာ သွားရာနေရာ ရောက်ရာနေရာတွေမှာ ဘယ်လိုလူမျိုးနှင့်မဆို လူတိုင်းနဲ့ အဆင်ပြေအောင် ပေါင်းတတ်တာက အမေကပေးတဲ့ အမွေဖြစ်သလို၊ ဘယ်လိုနေရာ ဘယ်နိုင်ငံ ဘယ်လူမျိုးနှင့် ပေါင်းရမလဲ ဘယ်လိုအခက်အခဲကို ဘယ်လိုလက်တွဲ ဖြေရှင်းရမလဲ၊ မည်သို့သော စိန်ခေါ်မှုမျိုးနှင့် ကြုံပါစေ၊ ဒူးမထောက် လက်မမြောက်ဘဲ နောက်မဆုတ်ခဲ့သလို၊ ထိုသို့သော အခက်ခဲမှန်သမျှ ရင်ဆိုင်ဖြေရှင်းရင်းနှင်ပင် သားရဲ့ အရည်အသွေးက ပို၍တိုးတတ်လာသလို၊ အောင်မြင်မှုတွေကလည်း တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်လာခဲ့ရပြီလေ။ တကယ်တော့ ဒါတွေဟာ အဖေ့ဆီက ရလာတဲ့ အမွေတွေပါပဲလေ။

အဖေဟာ အချိန်အားတိုင်း အိမ်မှာ ရှိတဲ့ ဓါးတွေကို သွေးရင်း “ဓါးဆိုတာ အမြဲသွေးနေမှ ထက်တာ၊ လူဆိုတာလည်း အမြဲတွေးနေ ကြံနေမှ ထက်မြတ်တဲ့လူ ဖြစ်တာ”တဲ့။ သားလည်း ဘဝထဲမှ အခက်ခဲမှန်သမျှ ရင်ဆိုင်လာရတိုင်း ရှောင်လွှဲမသွားဘဲ အမြဲကျော်ဖြတ်နိုင်အောင် ကြိုးစားခဲ့တာတွေဟာ အဖေပေးခဲ့တဲ့ စိတ်ဓာတ်အမွေတွေပဲပေါ့။ ဒါ့ကြောင့် အဖေ့ရဲ့အဆုံုးံHအမကို အမြဲကြားယောင်ရင်း သားရဲ့ ညာဏ်ပညာ အရည်အချင်းတွေ အမြဲထက်မြတ်နေအောင် လောကထဲက အခက်အခဲဆိုတဲ့ ကျောက်တုံးတွေမှာ အမြဲ သွေးပေးနေလျက်ပါအဖေ။

ခုနေပြန်တွေးမိတော့ အဖေရဲ့ ဈာပန ကျင်းပစဉ်ကပေါ့။ ရွာကျောင်းဆရာတော်က ကိုယ်ချင်းစာကာ ကရုဏာနဲ့ မေးလာခဲ့ပါရဲ့။ ဖခမည်းတော်ရဲ့ နောက်ဆုံးခရီးဆိုတော့ အရှင်ဘုရား ကိုယ်တိုင်တရားဟော ရေစက်ချ အမျှဝေဖို့ အဆင်ပြေပါ့မလားတဲ့။ ဆိုလိုရင်းကို သား နားလည်နေပါတယ်အဖေ။ ဟိုစဉ်က ကြားဘူးခဲ့တဲ့ အဖြစ်အပျက် ဇာတ်လမ်းလေးတစ်ခုပေါ့။ သူတစ်ပါးတွေသေတိုင်း သောကအပူမီးတွေ မပွါးဖို့ တရားအမြဲဟောခဲ့တဲ့ ကိုယ်တောလေးက သူ့အမေသေတော့ စိတ်မထိန်းနိုင်၍ ငိုပါရောတဲ့။ ဒကာ ဒကာမများက နှစ်သိမ့်ပေးကြတယ်။ “စိတ်ထိန်းပါဦးဘုရား။ အရှင်ဘုရားပဲ ဟောခဲ့တယ် မဟုတ်လား။ သောကအပူမီးတွေ မပွါးပဲ လူတိုင်း သေကြမှာပါလားဆိုတဲ့ တရားသဘောနဲ့ ဆင်ခြင်ကာ ဘာဝနာပွါးရမယ်” လို့လေ။ ထိုရောအခါ အဆိုပါကိုယ်တော်လေးက မချိတင်ကဲ ပြန်ပြောခဲ့တာက “ဒါက ကျုပ်အမေဗျ” တဲ့လေ။

 ရွာဦးဆရာတော် စိုးရိမ်သလို သားလည်း ဝမ်းတကယ်နည်းတာပေါ့အဖေ။ ဒါပေမဲ့ အဖေအတွက် ဝမ်းတကယ်နည်းသော်လည်း သားဟာ တရားမဲ့တဲ့ ရဟန်းတော့ မဟုတ်ပါဘူးလေ။ အဖေ့အတွက် ကျေးဇူးကြွေးကို သားငိုကြွေးလို့ဖြင့် မဆပ်လိုပါချေ။ ဒါ့ကြောင့် မိမိကိုယ်ကို ဦးစွာတရားချ၊ ကြွလာသမျှသော ဒကာ ဒကာမတို့ကို တရားဓမ္မဟောပြပြီး အသုဘ ဘာဝနာပွါးစေကာ အဖေ့ဈာပနကို ပျာကျအောင် နောက်ဆုံး သဂြိုဟ်ပေးခဲ့ပါတယ်လေ။ မိဘ ဆွေမျိုးသေရင် ငိုမှတာဝန်ကျေသတဲ့၊ လောကရဲ့ သတ်မှတ်ချက်တစ်ခု မဟုတ်သော်ငြား အဲဒီလောကထုံးစံကြား လူအများရဲ့ ကဲ့ရဲ့သံကိုမမှု အဖေ့အတွက် သားအကောင်းဆုံးဆိုတဲ့ ကုသိုလ်ကောင်းမှုကို ပြုလုပ်ပေးခဲ့တယ်ဆိုတာ တမလွန်ဘဝကအဖေ သာဓုခေါ်ရင်း သက်သေတည်နေမှာပါလေ။

လောကလူအများမှာတော့ သောကအပူတွေပွါးကာ ငိုကြွေး ပူဆွေးလျက် သံယောဇဉ် တကယ်မဖြတ်နိုင်၍ မျက်ရည်ဖြိုင်ဖြိုင်ကျရင်း အမျှဝေနေကြပေမဲ့ သားကတော့ရဟန်းလေ အဖေသေတာ ဝမ်းတကယ်နည်းသော်လည်း သောကဆိုတဲ့ အပူမီးတွေပွါးကာ အမျှမဝေလိုပါဘူး။ ငါလည်း တစ်နေ့ သေရဦးမှာပါလားရယ်လို့ မရဏာနုဿတိဆိုတဲ့ ဘာဝနာပွါးလို့ အမျှဝေလိုက်ပါတယ်။ မိသားစုဆိုတဲ့ သံယောဇဉ် ဘဝလမ်းမှ ဖယ်ခွါသွားတဲ့အဖေရေ….. နောက်ကြောင်းကို ပြန်လည် တမ်းတမနေပါနဲ့တော့ သာဓုခေါ်ကာ အထက်လမ်းဆိုတဲ့ သုဂတိဘုံဘဝသို့ တက်လှမ်းကာ စံမြန်းရပါစေကြောင်း သားရဟန်းက ထပ်မံကာ ဆုတောင်းပေးလိုက်ပါရဲ့ အဖေ့ဘဝ ထာဝရ ချမ်းမြေ့ပါစေသား။ ။

အရှင်ဥက္ကံသ 
သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A.(Buddhism)
{ဤရသစာပေ ဝတ္ထုတိုဖြင့် အဖေများနေ့တွင် အဖေမရှိတော့သော်လည်း လောကထဲရှိ အဖေအာလုံးကို  ဂုဏ်ပြုလျက်  ။}