အများအကျိုးနဲ့ တရားသူခိုး
"ဘုရား" "ဘုရား" "ဘုရား"
ဟုတ်ကဲ့။ ကိုအလင်္ကာ ရင်ဘတ်ဖိပြီး ဘုရားတမိနေပါတယ်ခင်ဗျ။ လက်အုပ်ကလေးချီပြီးလည်း ဘုရားတမိပါတယ်ခင်ဗျ။ လက်အုပ်ချီပြီး ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို လမ်းဘေးပလက်ဖောင်းမှာ ခြေစုံရပ်ပြီး ဦးညွတ်ကန်တော့နေမိပါတယ်ခင်ဗျ။ ကိုအလင်္ကာတို့က ဗုဒ္ဓဘာသာ မြန်မာလူမျိုးပါ။ ရှေးရိုးစဉ်လာကတည်းက စေတီပုထိုးဆင်းတုတော်များကိုမြင်ရင် ဗုဒ္ဓရုပ်ပွားတော်အမှတ်နဲ့ လက်အုပ်ချီဖို့၊ တရားစာအုပ်တွေမြင်ရင် လက်အုပ်ချီဂါရ၀ပြုဖို့၊ သံဃာတော်တွေနဲ့ လမ်းမှာကြုံတွေ့ရင် လက်အုပ်ချီကန်တော့ဖို့ လူကြီးမိဘဆရာသမားတွေက သွန်သင်ထားတာမို့ အကျင့်ကပါနေပါပြီ။ ဒါကြောင့် စေတီကိုမြင်ရင် လက်အုပ်ချီရပါတယ်။ တရားစာမြင်ရင် လက်အုပ်ချီရပါတယ်။ သံဃာတော်များနဲ့ဆုံတွေ့ရင် လက်အုပ်ချီရပါတယ်။ ဒါက ကိုအလင်္ကာတို့ရဲ့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုအစဉ်အလာပါ။
ကိုအလင်္ကာရဲ့နေအိမ်က ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ လမ်း (၄၀) မှာ ခင်ဗျ။ ကိုအလင်္ကာရုံးခန်းက ပန်းဆိုးတန်းမှာပါခင်ဗျ။ ဒါကြောင့် မနက်တိုင်း (၉)နာရီထိုးရင် အိမ်ကနေ ရုံးကို ကုန်သည်လမ်းအတိုင်း အရှေ့ကအနောက်ကို လမ်းလျှောက်သွားလေ့ ရှိပါတယ်။ ကုန်သည်လမ်း ၀ဲယာတစ်ဖက်တစ်ချက်မှာတော့ လူသွားလမ်း ပလက်ဖောင်းလမ်းပေါ်မှာ ဈေးဗန်းခင်းပြီး ရောင်းနေကြတဲ့ ဈေးသည်များနဲ့ အလွန် စည်းကားလှတယ်ခင်ဗျ။
ကုန်သည်လမ်း ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်သွားတိုင်း ကိုအလင်္ကာ လက်အုပ်ချီ၊ ဘုရားတပြီး လျှောက်ရပါတယ်ခင်ဗျ။ ဟုတ်ကဲ့။ ပလက်ဖောင်းဈေးသည်တွေ ပျော်ပျော်ပါးပါးရောင်းချနေတဲ့ ဗီဒီယို၊ ဗီစီဒီ၊ ဒီဗီဒီဆိုတဲ့ ပွားခွေ၊ ခိုးကူးခွေဆိုင်တွေမှာ သူ့ထက်ငါအပြိုင်အဆိုင် သာသနာပြုနေကြတာမြင်ရလို့ လက်အုပ်ကလေးချီပြီး ဂါရ၀ပြုလျှောက်လှမ်းရတာပါခင်ဗျ။ ညပလက်ဖောင်း ဈေးသည်တွေက သာသနာပြုပုံများတယ်။ သာဓုခေါ်ထိုက်တာကိုး။ သာဓု.... သာဓု.... သာဓုပါခင်ဗျာ။ ပလက်ဖောင်းကဆိုင်တွေမှာ မြန်မာပြည်အရပ်ရပ်က ထင်ရှားကျော်ကြားလှတဲ့ ဆရာတော်၊ သံဃာတော်ကြီးများရဲ့ ဓာတ်ပုံပိုစတာတွေ၊ ဗီနိုင်းတွေကို အစီအရီအပြိုင်အဆိုင် ချိတ်ဆွဲထားတာဖူးရတော့ လက်အုပ်ချီရပါသဗျ။ ဆရာတော်ကြီးတွေကို ဖူးမြင်ဖို့ဆိုတာ လွယ်တာမှတ်လို့။ အခုတော့ လမ်းဘေးမှာ ခြေစုံရပ်ပြီး ဖူးခွင့်ရသဗျ။ ဒါဟာ ပလက်ဖောင်းဈေးသည်များရဲ့ ကျေးဇူးပါခင်ဗျ။ နောက်ပြီး လမ်းဘေးမှာခင်ထားတဲ့ ဗန်းပေါ်မှာလည်း တရားခွေတွေက အစုံခင်ဗျ။ မြန်မာပြည်အရပ်ရပ်မှာ ဟောခဲ့တဲ့ ဓမ္မကထိက အကျော်အမော်တွေရဲ့ တရားစုံကို တစ်ချပ်ကို (၅၀၀၊ ၁၀၀၀) ကျပ်နဲ့ လွယ်လင့်တကူ ၀ယ်နိုင်တာခင်ဗျ။ ဟုတ်ကဲ့ ဘုရားဟောပိဋကတ်တော်အစုံကို ကျပ်တစ်ထောင်နဲ့ ပူဇော်ခွင့်ရတော့ ဘာမဆိုင်ညာမဆိုင် အနော်ရထာလမ်းမကြီးကိုပဲ သနားရမလိုလို၊ ကိုယ့်ကိုယ်ကိုယ်ပဲ အထင်ကြီးရမလိုလို။
ဟုတ်ကဲ့... ကိုအလင်္ကာတို့ အခုအချိန်မှာ လူဖြစ်ရတာ နည်းတဲ့ကုသိုလ်မှ မဟုတ်တာ။ ကိုအလင်္ကာတို့ကတော့ လမ်းဘေးပလက်ဖောင်းမှာ ငွေတစ်ထောင်ပေးရုံနဲ့ ကြိုက်တာရွေးပြီး ပူဇော်နိုင်တာခင်ဗျ။ ဒါဟာ ပွားခွေရောင်းတဲ့ လမ်းဘေးဈေးသည်တွေရဲ့ အများအကျိုးဆောင်တဲ့ ကုသိုလ်ကောင်းမှုလို့ မဆိုနိုင်ဘူးလားခင်ဗျ။ မလိုသူတချို့ကတော့ ခိုးကူးခွေတွေ သောင်းကြမ်းတာ၊ ဘုရားတရားတောင် မချန်တော့ဘူး။ တရားတွေပါ ခိုးကူးကုန်ကြပြီလို့ ဆိုချင်ပြောချင်ကြတယ်ခင်ဗျ။
ကိုအလင်္ကာစဉ်းစားကြည့်ပါတယ်။ သူများပစ္စည်းခိုးတာ မခိုးကောင်းဘူး။ အဒိန္ဒဒါနကံ ထိုက်တယ်။ ငါးပါးသီလနဲ့ မညီဘူး။ တရားတွေကို အခွေနဲ့ခိုးရင် တရားသူခိုး။ တစ်ဖက်ကကြည့်ရင်တော့ မှန်ပါတယ်။ ဒါပေမယ့် တစ်ဖက်ကကြည့်ရင်တော့ ခိုးကူးခွေရောင်းတဲ့ ဈေးသည်တွေဟာ ဆရာတော် သံဃာတော် တရားတော်တွေရဲ့ တရားတွေနဲ့ လမ်းဘေးမှာ သာသနာပြုနေကြတဲ့ သူတော်ကောင်းဈေးသည်တွေလို့ မဆိုနိုင်ဘူးလားခင်ဗျ။ စဉ်းစားကြည့်ပါခင်ဗျ။ သူတော်ကောင်း လမ်းဘေးပလက်ဖောင်းဈေးသည်တွေမို့ သူတို့ကို ဘယ်သူကမှ မဟန့်တား၊ မပိတ်ပင်၊ မတားဆီးနိုင်ဘဲ လွတ်လပ်ပျော်ပါးစွာ ရောင်းဝယ်ခွင့်ရနေတာပဲ မဟုတ်လားခင်ဗျ။ အားကျမယ်ဆို အားကျထိုက်တဲ့ ခိုးကူးခွေစီးပွားရေးလုပ်ငန်းကြီးပါခင်ဗျ။ ကိုအလင်္ကာကတော့ ခေါင်းရှုပ်ခံပြီး မစဉ်းစားတော့ပါဘူး။ ကုသိုလ်ထူးတွေရအောင် လမ်းဘေးပလက်ဖောင်းခိုးကူးခွေတွေနဲ့ ဆရာတော်သံဃာတော်များရဲ့ ဓာတ်ပုံကို အာရုံပြုရှိခိုးရင်း ဘုရား တ တနေကာ နေ့စဉ်ကုသိုလ် ယူနေမိကြောင်းပါခင်ဗျာ။
(လျှပ်တစ်ပြက် ဂျာနယ် အတွဲ ၂ အမှတ် ၇၀ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
ကိုအလင်္ကာ