Saturday, August 3, 2013

အသားနာပေမယ့် ဘ၀ မနာမိဖို့ အရေးကြီးလှပါတယ်


အသားနာပေမယ့် ဘ၀ မနာမိဖို့ အရေးကြီးလှပါတယ်

ပြန်လည်တွေးတောရင်း အတွေးရေယဉ်ကြောမှာ မျှောပါလို့ နေပါတော့တယ်။ လောကမှာ အကြောင်းအရာတစ်ခုကိုပဲ ဖြစ်စေ၊ လူတစ်ယောက်ကိုပဲ ဖြစ်စေ ယုံလိုက်စမ်းပါ၊ ယုံကြည်သင့်တယ် လို့ အတင်းအကျပ် ယုံကြည်ခိုင်းလို့ မရသလို မယုံပါနဲ့လို့ ပိတ်ပင်တားဆီးလို့လဲ မရနိုင်ပါ။  စိတ်ဓါတ်ရေးရာနဲ့ပတ်သက်ပြီး လူများကို ဖိအားပေးလို့လဲ မရ ၊ အတင်းအဓမ္မ လုပ်ခိုင်းလို့လဲမရနိုင်ပါ။
          တစ်နေ့  ရှင်ဥပဂုတ္တဖေါင် ရေထဲ ချခါနီးမှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက် အပြေးအလွှား လာရောက်ပြီး သူ့မှာပါလာတဲ့ ပိုက်ဆံ ၄၅ ကျပ်အနက်က ၂၅ကျပ်ကို လောင်းလှူလိုက်ပါတယ်။ ပိုက်ဆံ လှူဖို့အတွက် သူမ ပြေးလာစဉ်က နားထဲမှာ “ကလေးမ….မောမောပမ်းပမ်းနဲ့ ပြေးလာပြီး လာလှူတာဟာ ကုသိုလ်တအားရလိမ့်မယ်” လို့ မမြင်ရတဲ့နေရာကနေ လူတစ်ယောက် ပြောလိုက်တဲ့အသံကို ကြားလိုက်ရပါတယ်။ထိုစကားကြောင့်လဲ ပိုပြီး စိတ်အားထက်သန်ကာ ၀မ်သာအားရ လှူနိုင်ခဲ့ပါတယ်။ ဒီလို အလှူဒါနနဲ့စပ်လို့ ယုံကြည်မှုတွေ ဖြစ်လာတဲ့ အကြောင်းအရင်းကို ပြောရရင်….

          သူမငယ်စဉ်က “ သမီး….ရုပ်တု(ဆင်းတုတော်)တွေကို မရှိခိုးနဲ့၊ရှိခိုးရင် ငရဲကြီးတတ်တယ်။ ဘုန်းကြီးတွေကို ဆွမ်းလှူရင်လဲ ငရဲကျတတ်တယ်။ ဒါကြောင့် ရုပ်တုကို ယောင်လို့ သွားမရှိခိုးမိစေနဲ့၊ ငရဲကျမယ်နော် သမီး..” လို့ အမေက သူတို့ရဲ့ဘာသာအယူအဆကို ပြောပြပါတယ်။ ငယ်စဉ်က မိဘပြောစကားကို နားထောင်ခဲ့ရတဲ့အတွက် ရုပ်တုကို ရှိခိုးရင်ငရဲကျတတ်တယ်ဆိုတာကြီးက စိတ်ထဲစွဲနေခဲ့ပါတယ်။
 ဝေဖန်တွေးတောတတ်တဲ့ အရွယ်ရောက်တဲ့အခါမှာ ရုပ်တုကို ရှိခိုးရုံနဲ့ငရဲကျတယ်ဆိုတာကို ဘ၀င်မကျနိုင်ဖြစ်ခဲ့ရတယ်။ ဒါနဲ့ သူမနဲ့ ရင်းနှီးတဲ့ ဆရာတော်တစ်ပါးထံသွားပြီး “အရှင်ဘုရား….ရုပ်တု(ဆင်းတုတော်)ကို ရှိခိုးရင် ငရဲကျတတ် တယ်ဆိုတာ ဟုတ်ပါသလား၊ ရုပ်တုတွေက အင်္ဂတေတို့ အုတ်တို့နဲ့လုပ်ထားတာဆိုတော့ အုတ်တွေ အင်္ဂတေတွေကို ရှိခိုးနေတာနဲ့အတူတူပဲ၊ တပည့်တော် မသိလို့ ရှင်းပြပေးစေချင်ပါတယ်ဘုရား” လို့ မေးလျှောက်ပါတယ်။
အဲဒီအခါ ဆရာတော်ဘုရားက “ရုပ်တုဆိုတာ ဆင်းတုတော် ကို ပြောတာဖြစ်တယ်။ ဘုရားရှင်ရဲ့ အဆင်းသဏ္ဍာန်ကို ပုံတူဖြစ်အောင် တုပြီး ထုလုပ်ထားတာပါ။ အများအမြင်မှာတော့ အင်္ဂတေများ၊ အုတ်များကို ရှိခိုးနေကြတယ် လို့ မြင်နေကြပေမယ့် တကယ်တန်းပြောရင် အုတ်၊ အင်္ဂတေကို ရှိခိုးခြင်း မဟုတ်ဘဲ ၊ ဂုဏ်တော်ကို ရှိခိုးတာဖြစ်တယ်။ ဒီအတွက် ဘုရားရှင်ရဲ့ဂုဏ်တော်များကို နားလည်အောင် ပြောရရင် ဘုရားရှင်အလောင်းတော်ဘ၀က ပြုခဲ့တဲ့အကြောင်းအရာများကို နောက်ကြောင်းပြန်ပြောရပါလိမ့်မယ်။
 ဘုရားရှင်ဟာ အလောင်းတော်ဘ၀ သုမေဓာရှင်ရသေ့ဘ၀မှာ ရဟန္တာဖြစ်ပြီး ဘ၀ဇာတ်သိမ်း ချုပ်ငြိမ်းနိုင်ပေမယ့် လောကသတ္တ၀ါများ ဆင်းရဲတွင်းက လွတ်အောင် ငါကယ်တင်မယ်ဆိုပြီး ဒီပင်္ကရာ မြတ်စွာဘုရားထံပါးမှာ ဘုရားအဖြစ်ကို ဆုပန်ခဲ့ပါတယ်။ အဲဒီနောက် သူတကာတို့ စွန့်လှူနိုင်ခဲတဲ့ စွန့်ခြင်းကြီးငါးပါးအနက် မိမိရဲ့ကိုယ်လက်အင်္ဂအစိတ်အပိုင်းကို လိုတဲ့သူရှိက ပေးလှူခဲ့တယ်။ စည်းစိမ်ဥစ္စာများကိုလဲ လိုတဲ့သူရှိက ပေးလှူခဲ့တယ်။ မိမိမယားဖြစ်သူကိုလဲ လိုတဲ့သူရှိက ပေးလှူခဲ့တယ်။ ရင်နှစ်သီးခြား သားသမီးရတနာကိုလဲ အလိုရှိက စွန့်လှူခဲ့တာဖြစ်တယ်။ ဒီလိုစွန့်လှူခဲ့တာဟာ သဗ္ဗညုတဥာဏ်တော်အတွက်ဖြစ်ပါတယ်။ ဒီလိုနဲ့ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီများ ဖြည့်ကျင့်ကာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့တယ်။
ဘုရားရှင်ဟာ လောဘစတဲ့ကိလေသာများကို ၀ါသနာနဲ့တကွ ပယ်သတ်တော်မူတဲ့အတွက် လူနတ်ဗြဟ္မာ သတ္တ၀ါတွေရဲ့ပူဇော်အထူးကို ခံယူတော်မူထိုက်ပါတယ်။ တရားအလုံးစုံကို ဆရာမပါဘဲ ကိုယ်တော်တိုင် သိမြင်တော်မူပါတယ်။ အကျင့်နဲ့အသိတွေလဲ ပြည့်စုံခဲ့တယ်။ ကောင်းတဲ့စကားကိုသာ ပြောဆိုတတ်တယ်။ လောကသုံးပါးကိုလဲ သိမြင်တော်မူခဲ့တယ်။ သတ္တ၀ါတွေကို  နည်းအမျိုးမျိုးနဲ့ ယဉ်ကျေးအောင် ဆုံးမတော်မူခဲ့ပါတယ်။ နတ်လူတို့ရဲ့ တစ်ဦးတည်းသော ဆရာတစ်ဆူ ဖြစ်တော်မူတယ်။ 
သစ္စာလေးပါးကို ကိုယ်တော်တိုင် ထိုးထွင်းသိတော်မူပြီး သတ္တ၀ါအများသိအောင်လဲ ညွန်ကြားတော်မူခဲ့ပါတယ်။ ဘုရားရှင်ရဲ့ဂုဏ်တော်များဟာ တစ်ခုချင်းရေတွက်ပြနေလို့ ကုန်နိုင်ဖွယ်မရှိသလို ဘုန်းတော်အရာမှာလဲ အပိုင်းအခြားမရှိ။ဥာဏ်တော်အရာမှာလဲ အဆုံးအပိုင်းအခြားမရှိ ကျယ်ပြန့်လှပါတယ်။ တန်ခိုးတော်အရာမှာလဲ သူ မတူအောင် သာလွန်လှပါတယ်။ ဒီလို အဆုံးအပိုင်းအခြားမရှိ ဂုဏ်တော်နဲ့ ပြည့်စုံတော်မူတဲ့အတွက် ပူဇော်သင့်ပူဇော်ထိုက်ပါတယ်။ ဒီလိုပူဇော်သင့်ပူဇော်ထိုက်လို့လဲပဲ စေတီ(စေတိယ)လို့ ခေါ်ပါတယ်။
လောကမှာ  စေတီ လေးမျိုးရှိတယ်ဆိုတာကို ဘုရားရှင် ဟောကြာတော်မူခဲ့ပါသေးတယ်။ ဒါကိုလဲ သဘောပေါက်အောင် ရှင်းပြချင်တယ်။ ဒကာမလေးအနေနဲ့ သည်းခံပီး နားထောင်ပေးစေချင်ပါတယ်” လို့ ဆရာတော်က မြကြာဖြူအား ပြောတဲ့အခါ မြကြဖြူလေးက “ တပည့်တော် အလွန်စိတ်ဝင်စားပါတယ်ဘုရား၊ ဆက်ပီးသာ ပြောပြပါဘုရား၊ တပည့်တော် နာယူနေပါတယ် ဘုရား” ပြန်ပြောရှာပါတယ်။
အဲဒါနဲ့ ဆရာတော်ကြီးက “စေတီ ဆိုတာ စေတိယက လာတာဖြစ်တယ်။ စေတိယ ဆိုတာ ပူဇော်သင့် ပူဇော်ထိုက်တာကို ပြောတာပါ။ စေတီလေးမျိုးရှိပါတယ်။
(၁) ဘုရားရှင် ဟော်ကြားတော်မူတဲ့ တရားတော်အားလုံးကို ဓမ္မစေတီ လို့ ခေါ်တယ်။
(၂) သင်္ကန်းပရိက္ခရာ၊ ကျောင်းစတဲ့ ဘုရားရှင် သုံးစွဲတော်မူခဲ့တဲ့အသုံးအဆောင်မှန်သမျှကို ပရိဘောဂစေတီ လို့ ခေါ်တယ်။
(၃) ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူလို့ တေဇောဓါတ်လောင်ကျွမ်းတော်မူပြီးတဲ့နောက် ကျန်ရစ်ခဲ့တဲ့ ဘုရားရှင်ရဲ့ ဓါတ်တော်မှန်သမျှကို ဓာတုစေတီ လို့ ခေါ်ပါတယ်။
(၄) ဘုရားရှင်ကို ရည်မှန်းပြီး၊ ဘုရားရှင်ရဲ့ အဆင်းပုံဟန်ကို ပုံတူ ပြုလုပ်ပြီး ပူဇော်ကြတဲ့ ဆင်းတုတော်များ၊ စေတိပုထိုးများကိုတော့ ဥဒ္ဒိဿစေတီ လို့ ခေါ်ပါတယ်။
          တကယ်တော့ ဗုဒ္ဓဘာသာဝင်တွေဟာ အင်္ဂတေ၊အုတ်နဲ့ ပြုလုပ်ထားတဲ့ စေတီ၊ ဆင်းတုတော်တွေကို ရှိခိုးပူဇော်ကြတာမဟုတ်ပါဘူး။ အထက်က ပြောခဲ့တဲ့ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို အာရုံပြုပြီး ဆင်းတုတော်ကို ရှိခိုးပူဇော်ကြတာ ဖြစ်တယ်ဒကာမလေး” လို့ ဆရာတော်ကြီးက စိတ်ရှည်လက်ရှည် ရှင်းပြပါတယ်။
          အိမ်ပြန်ရောက်လာတဲ့အခါ မြကြာဖြူဟာ ဆရာတော်ကြီးအမိန့်ရှိလိုက်တဲ့စကားများကို ပြန်လည်သုံးသပ် ဝေဖန်နေမိပါတော့တယ်။ ဆရာတော်ကြီးရဲ့စကား များဟာ သဘာဝကျလှတဲ့အတွက် လက်ခံနိုင်စရာရှိတယ်။ အစကတော့ အမေတို့အဖေတို့ပြောသလို အုတ်တို့အင်္ဂတေတို့ကို ရှိခိုးနေတာ အဓိပ္ပါယ်မရှိဘူးလို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ အရင်က အမေပြောလို့ သိခဲ့တဲ့အသိနဲ့ ဆရာတော်ကြီး ပြောပြလို့ သိတဲ့အသိဟာ အလွန်ကွာခြားလှတာကြောင့် မြကြာဖြူရဲ့အသိတွေ အယူအဆတွေ အပြောင်းလဲကြီး ပြောင်းလဲခဲ့ပါပြီ။
 ဒါကြောင့်လဲ ဘုရားအစရှိတဲ့ ရတနာသုံးပါးအပေါ်မှာ ကြည်ညိုတဲ့စိတ်တွေ တဖွားဖွားဖြစ်လာခဲ့ပြီး လှူချင်တဲ့စိတ်တွေလဲ ဖြစ်ခဲ့ရတယ်။ ဒါကြောင့်လဲ  ရှင်ဥပဂုတ္တဖေါင် မြစ်ထဲ မမျောမှီ အပြေးလာရောက်ပြီး ပါလာတဲ့ပိုက်ဆံကို လှူဒါန်းဖြစ်သွားတာပါ။ ဒီလိုလှူလိုက်ရတဲ့အတွက်လဲ စိတ်ထဲ နှစ်သိမ့်မှု ပီတိတွေ တဖွားဖွားဖြစ်ခဲ့ရတယ်။ နေထိုင်ရတာလဲ အရင်ကနဲ့မတူတော့ ဘ၀မှာ အဓိပ္ပါယ်ရှိလာသလို ပါပဲ။
          မြကြာဖြူလေးဟာ အခွင့်သာရင် သာသလို အလှူဒါနပြုလုပ်ခဲ့တဲ့အပြင် သီလဆိုတဲ့ကိုယ်ကျင့်တရားကိုလဲ အတတ်နိုင်ဆုံး လုံခြုံအောင် စောင့်ထိန်းလာခဲ့ပါတယ်။ ဒါ့အပြင် စိတ်ရှည်စွာ ပြောဆိုဖြေကြားပေးခဲ့တဲ့ ဆရာတော်ကြီးရဲ့ ကျေးဇူးကြောင့် သူမဟာ ဘုရားရှင်ရဲ့အတိုင်းအဆမရှိ ဂုဏ်တော်များကို ကြည်ညိုလို့လဲ မဆုံးတော့။ ဘုရားရှင်ကို ကြည်ညိုလွန်းလို့ ဘုရားရှင်ရဲ့ကိုယ်စား ရုပ်ပွားတော်တစ်ဆူကို  အိမ်ကို ပင့်ဆောင်လာခဲ့ပါတယ်။ အိမ်ကလူတွေ မသိအောင် ရုပ်ပွားတော်ကို သူတို့မမြင်နိုင်တဲ့နေရာမှာ သီတင်းသုံးစေပြီး ပူဇော်လာခဲ့ပါတယ်။ 
အဲဒီလို ရှိခိုးပူဇော်ရတဲ့အတွက်  အရင်ကနဲ့မတူ စိတ်တွေ ကြည်လင်လာခဲ့ပါတယ်။ ကိုယ်ယုံကြည်ရာကို လုပ်ရလို့လဲ စိတ်ထဲ ကျေနပ်နေမိသလိုပါပဲ၊ သူမဟာ အသက်အားဖြင့် ငယ်ရွယ်ပေမယ့် အသိစိတ်က မငယ်ပါ။ အဲဒီလိုနဲ့ နေ့တိုင်းဆိုသလို လူတွေအားလုံး အိပ်မောကျလောက်ပီထင်တဲ့အချိန်မှာ ဘုရားရှင်အား တိတ်တခိုး ရှိခိုးခဲ့ရတယ်။ ဆရာတော် သင်ပေးထားတဲ့ ဘုရားရှိခိုးစာတွေကိုလဲ အသံထွက်အောင် မဆိုရဲဘဲ၊ အသံတိတ်ရွတ်ဆိုပြီး ရှိခိုးခဲ့ရပါတယ်။
          ဒီလိုနဲ့ တစ်နေ့မှာ…“ရွှမ်း………..ရွှမ်း…………ရွှမ်း” ပြင်းထန်တဲ့ ကြိမ်ရိုက်ချက်ကြောင့် မြကြာဖြူကလေးဟာ တအင်းအင်း နဲ့ ညည်းညူမိရုံမှတစ်ပါး ဘာမှ မတတ်နိုင်ရှာ။ “အင်း…ငါကလဲ အမေတို့အဖေတို့ မကြိုက်တဲ့အလုပ်ကိုမှ လုပ်မိတာကိုး။ အမေတို့အဖေတို့ကလဲ သူတို့ရဲ့သမီးကို သူတို့အယူဝါဒကနေ ပြောင်းသွားမှာကို စိုးရိမ်ဟန်တူပါတယ်။ သူတို့ရဲ့ဘာသာအယူဝါဒကနေ အခြားပြောင်းသွားရင် သူတို့သမီး ဘယ်လိုအခြေအနေဖြစ်သွားမလဲ ဆိုပြီး  သူတို့သမီးကို တွေးပူမိတာဖြစ်မှာပါလေ…” ဆိုပြီး အရိုက်ခံရပေမယ့် မိဘများအပေါ် အပြစ်မတင်ရက်တော့။ မြကြာဖြူလေးခမြာ အရိုက်ခံရလွန်းလို့ မျက်ရည်လည်မိပေမယ့် “ဘုရားရှင်အား ရှိခိုးပူဇော်ရတာ ငါ့အတွက် တန်ဖိုးမဖြတ်နိုင်ဘူးလေ..” လို့ တွေးမိပြိး မျက်ရည်ကြားက ပီတိအပြုံးတွေနဲ့ ပြုံးမိပါသေးတယ်။
ကံကြုံလို့ ဘ၀မှာ ဆုံစည်းရပေမယ့် အမြင်မတူ၊ အယူအဆမတူတဲ့အသိုင်းအ၀ိုင်းမှာ နေရတာ စိတ်ပျက်လာပါတော့တယ်။ “ငါ့ဘ၀ လူရယ်လို့ ဖြစ်လာတာ ဘာမှ အဓိပ္ပါယ် မရှိပါလား၊ အလုပ်တစ်ခုကို ယုံကြည်လို့ လုပ်ချင်တာတောင်မှ သူများမသိအောင် တိတ်တဆိတ် လုပ်ရပါလား” ဆိုပြီး သူမကိုယ် သူမ အားမလိုအားမရ ဖြစ်ခဲ့ရပါသေးတယ်။ ဘာကြောင့်လဲဆိုရင် သူမရဲ့အဖေအမေ ညီအစ်ကို မောင်နှစ်မများ အိပ်မောကျလောက်တဲ့အချိန်မှာ သူမ တကယ်မြတ်နိုးတဲ့ ဘုရားရှိခိုးတာကို ပြုလုပ်ရပါတယ်။ 
တကယ်လို့များ မိသားစုထဲက တစ်ယောက်ယောက်က သူမရှိခိုးနေတာကို သိသွားခဲ့ရင် နံနက်လင်းတဲ့ အခါ အရိုက်ခံရတော့တာပါပဲ။ ဒီလို အရိုက်ခံရတဲ့ နေ့တွေလဲ မရေမတွက်နိုင်တော့။ “အင်းလေ….အရိုက်ခံရလို့ အသားနာတာက အရေးမကြီးဘူး။ အယူဝါဒမှားယွင်းပြီး ဘ၀ မနာဖို့က အရေးကြီးပါတယ်၊ အရိုက်ခံရလို့သေရင် တစ်ဘ၀ပဲသေမယ်၊ အယူမှားပြီးသေရင် ဘ၀များစွာ နာရ သေရဦးမယ်” လို့ တွေးပြီး ပြင်းထန်တဲ့ ကြိမ်ရိုက်ချက်တွေကို ကြိတ်မှိတ်ခံခဲ့ရပါတယ်။ ဒီလိုနဲ့ ကိုယ်ယုံကြည်တဲ့ အလုပ်ကို အရိုက်ခံရတဲ့ကြားထဲက ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
သူမရဲ့အတွေးလိုပါပဲ၊ ဘ၀မှာ အသားနာပေမယ့် ဘ၀ မနာမိဖို့ အရေးကြီးလှပါတယ်။ အသားနာတာက တစ်ခဏပါ။ ဘ၀တစ်လျှောက် အယူအဆမှားတွေ လက်ခံမိမယ်ဆိုရင် သံသရာမှာ ဘ၀ပေါင်းများစွာ နစ်နာသွားရတော့မှာပါ။ ရခဲတဲ့လူ့ဘ၀ကို ရလာတဲ့အခါ နိဗ္ဗာန်ကိုသွားရာ အခြေခံလမ်းကြောင်းဖြစ်တဲ့ ဒါန သီလ ဆိုင်ရာတရားများကို စွမ်းနိုင်သလောက် ကျင့်သုံးသွားရပါမယ်။ 
အဲဒီကနေတဆင့် အဆင့်မြင့်တဲ့ ၀ိပဿနာတရားကို ကျင့်သုံးသွားကြရပါမယ်။ လူ့ဘ၀ဆိုတာ တစ်ခဏလေးပါပဲ၊ အချိန်တွေကို ရပ်တန့်ထားလို့မရသလို၊ ဆွဲထားလို့လဲမရပါ။ ဘာကြောင့်ဆိုရင် သတ္တ၀ါတွေဟာ တဖြေးဖြေးနဲ့ ငယ်ရာက ကြီးလာကာ အိုမင်းရင့်ရော်ခဲ့ရပြီး နောက်ဆုံး ဘ၀ကို အဆုံးသတ်သွားရရှာတဲ့သူတွေချည်းပါပဲ။ ရခဲပြီးတိုတောင်းတဲ့လူ့ဘ၀မှာ အချိန်ရှိခိုက် လုံ့လစိုက်ဆိုသလို ကုသိုလ် များများရအောင် ကြိုးစားအားထုတ်သွားကြရပါမယ်။ဒါကြောင့်လဲ ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီးက….
“ ယခုပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့”
“ယခုပင်လျှင် မနာခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့”
“ယခုပင်လျှင် မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့” လို့ သံဝေဂသတိပေးလင်္ကာလေး စပ်ဆိုခဲ့ပါသေးတယ်။ ဒါကို သတိရကြပြီး အခုကတည်းက ဘ၀မနာအောင် ကျင့်သုံးနိုင်ကြမယ်ဆိုပါရင် နောင်ဘ၀သံသရာမှာ အဆင့်မြင့်တဲ့ဘ၀ကို ရောက်ရှိကြမှာပါ။
          မြကြာဖြူရဲ့အသိုင်းအ၀ိုင်းက ဘာသာခြားတို့ရဲ့ အယူဝါဒလမ်းစဉ်ကို လျှောက်လှမ်းနေကြပေမယ့် သူမကတော့ လမ်းမှန်ကို မရောက် ရောက်အောင် မိမိကိုယ်ကို လျှောက်လှမ်းနေဆဲပဲဖြစ်တယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ သူမဟာ ဘုရားရှင်ကို ကြည်ညိုတဲ့စိတ်တွေ ပိုလာလေလေပါပဲ။ ရှိခိုးတာမြင်လို့လဲ လူကြီးတွေရဲ့ အရိုက်ကို ခံရတာ မနည်းတော့။ နောက်ပိုင်းမှာ “မိဘတွေလဲ ငါအတွက်နဲ့ စိတ်မဆင်းရဲရအောင် ငါလုပ်ချင်တဲ့အလုပ်တွေလဲ လုပ်ရအောင်” လို့ ဆိုပြီး အိမ်မှ ထွက်လာခဲ့ပါတယ်။ 
ဒီလိုနဲ့  သာသနာနွယ်ဝင် သီလရှင်ကျောင်းတစ်ခုမှာ တရားဘာဝနာများ ကြိုးစားအားထုတ်ခဲ့ရှာတယ်။ ဒီလိုနဲ့ မြကြာဖြူဟာ ဘ၀မှာ အဓိပ္ပါယ်ရှိဖို့ ဘ၀မနာဖို့အတွက် တရားကို ကြိုးစားအားထုတ်ရင်း အသက် (၁၈)နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ရရှာပါတယ်။ ဒီအကြောင်းကို သာရဘွင်ဆရာတော်ကြီး ပြောပြချက်အရ စာချစ်သူများ အတုယူစေချင်လွန်းလို့ တဆင့်ပြန်လည် ရေးသားတင်ပြရခြင်းဖြစ်ပါတယ်။
          စာချစ်သူများလဲ ရခဲ့လှတဲ့ လူ့ဘ၀ရတဲ့အခိုက်မှာ သား၊မယား၊ပစ္စည်းဥစ္စာတွေနဲ့ အပျော်ကြီးပျော်နေကြမယ်။ ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာကို အခြေခံလို့ မာန်မာနတွေ ထောင်လွှား တက်ကြွကာ မောက်မာနေကြမယ်။ဆိုရင် မိမိဘ၀ဟာ အနာကြီးနာသွားနိုင်ပါတယ်။  ဒီလိုမဖြစ်ရလေအောင် ကိုယ်အလုပ်၊နှုတ်အပြော၊စိတ်အကြံတွေမှာ ကောင်းတာလေးတွေပဲ လုပ်မယ်၊ကောင်းတာလေးတွေပဲ ပြောမယ်၊ ကောင်းတာလေးတွေပဲ တွေးပေးမယ်ဆိုပါက မိမိဘ၀ မနာနိုင်တော့ဘဲ၊ တန်ဖိုးရှိပြီးအဆင့်မြင့်တဲ့ဘ၀ကို ရရှိကြတော့မှာပါ။
          မြကြဖြူရေ……….. အခုဘ၀လို အယူဝါဒ မတူတဲ့ အသိုင်းအ၀ိုင်းမှာ နောင်ဘယ်တော့မှ မဖြစ်ပါစေနဲ့။ ဒီဘ၀မှာ ဆရာတော်ကြောင့် လမ်းမှန်ကို လျှောက်နိုင်ခဲ့သလို နောင်ဘ၀များစွာမှာလဲ မှန်ကန်တဲ့အယူဝါဒရှိတဲ့ အသိုင်းအ၀ိုင်းမှာဘဲ ဖြစ်ရပြီး လိုရာပန်းတိုင်သို့အမြန်ရောက်ပါစေရယ် လို့….ဆန္ဒပြုရင်း……….။ 
မှတ်ချက်။  ။ကာယကံရှင်ရဲ့ အမည်ကို ပြောင်းထားပါသည်။

စာရေးသူအမည်မေ့သွားပါ၏