Monday, August 12, 2013

ဆေးတစ်ဖုံနဲ့ ရောဂါစုံပျောက်စေရမယ်ဟု ဆိုလာခဲ့သော်( ၁)


ဆေးတစ်ဖုံနဲ့ ရောဂါစုံပျောက်စေရမယ်ဟု ဆိုလာခဲ့သော်( ၁)


မြတ်ဘုရားရဲ့ သာသနာ..အဆုံးအ ကျင့်စဉ်မှာ သူ့နေရာနဲ့သူ သူ့အကန့်နဲ့သူ ရှိပါတယ်။ သူ့အဆင့်နဲ့သူရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူကြ။မြတ်ဘုရားဟာ သတ္တ၀ါတွေကို ပါရမီဥာဏ် အနု အရင့် အလိုက် အခါအားလျှော်စွာချေချွတ်တော်မူပါတယ်။ သီလ တန်ရင် သီလ. သမာဓိ တန်ရင် သမာဓိ..ပညာတတ်ရင် ပညာ .ခန်း ဟောပေးတာပါ။ ဒါကြောင့်ပဲ..ပိဋကတ် သုံးပုံ. ဆိုတာရှိလာတယ်။ ပိဋကတ် သုံးပုံ ကို

ဝိနည်း.. သုတ်တန်.. အဘိဓမ္မာ၊ တစ်နည်း..သီလ.သမာဓိ.ပညာ. တစ်နည်း..

ဝိနည်းကို အာဏာဒေသနာ. သုတ္တန်တရားတော်ကို ပရိယာယ် ဒေသနာ. အဘိဓမ္မာကိုတော့ ပရမတ္ထဒေသနာ အဖြစ် သိနားလည်ရပါတယ်။ နေရာ.ဒေသ.ပုဂ္ဂိုလ်.အချိန်ကာလ.စရိုက်အားလျှော်စွာ ဟောထားတဲ့ ဗုဒ္ဓတရားတော်ကို သူ့နေရာ နဲ့သူ ပိုင်းခြား ယူရပါတယ်။


မြတ်စွာဘုရား၏အမြင်အားဖြင့် အားလုံးဝေနေယျချည်းသာဖြစ်၏။ ဝေနေယျများအား သူတို့၏ ဥပနိဿယများအလိုက်သာ ချေချွတ်ပေးခြင်းဖြစ်၏။ ဆိုင်ရာ ဆိုင်ရာ ဒေသနာတော်များကို ဟောကြား တော်မူခြင်းဖြစ်၏။

တိတ္ထိများအားလည်း တိတ္ထိများ၏ ဥပနိဿယအလိုက် ဒေသနာတော်များကို ဟောကြားတော်မူ၏။ ပရိဗိုဇ်များအားလည်း ပရိဗိုဇ်များ၏ ဥပနိဿယအလိုက် ဒေသနာတော်များကို ဟောကြားတော်မူ၏။ ထိုထို လူ-နတ်-ဗြဟ္မာ- သတ္တ၀ါများ အားလည်း သူတို့၏ ဥပနိဿယအလိုက် ဒေသနာတော်များ ကို ဟောကြားတော်မူ၏။ ထိုသို့ ဟောကြားရာ၌ သူတို့၏ ဥပနိဿယ ကိုလည်းသိတော်မူ၏။

ဘာသာရေးစာပေများတွင် ကာလ၊ ဒေသ တို့ဖြင့် ကန့်သတ်၍ မရဘဲ ထာဝစဉ် မှန်သည့် သဘော (= Impisishable Truth) နှင့် ကာလ၊ ဒေသ တို့ဖြင့် ကန့်သတ်ခြင်း ခံကာ အခိုက်အတန့် မှန်သည့်သဘော (= Pisishable Truth) တို့သည် အစုံလိုက်ပါဝင်ကြပါသည်။

ထိုအမှန်သဘောနှစ်မျိုး နှင့် ပတ်သက်၍ ပုံစံကို ဆိုရလျှင် ထေရ၀ါဒ ပိဋကတ်တော်များတွင် အဘိဓမ္မာ ဒေသနာတော်၌ ထာဝစဉ် မှန် သဘောပြဋ္ဌါန်း ၍ အခိုက်အတန့် မှန်သော သဘော ပြဋ္ဌါန်းခြင်း မရှိပါ။ သုတ္တန်ဒေသနာတော်များ၊ အထူးသဖြင့် ဝေဿန္တရာဇာတ်တော် စသည့် ဒေသနာတော်တို့ ၌ အခိုက်အတန့် မှန်သဘော ပြဋ္ဌါန်း၍ ထာဝစဉ် မှန်သဘောပြဋ္ဌါန်းခြင်း မရှိပါ။

ဝေဿန္တာဇာတ်တော်၌ ဒါနပြုခြင်း သဘောသာ ထာဝစဉ် ဖြစ်၍ ဝေဿန္တရာမင်း ကြီး၏ ဒါနပြုပုံ ပြုနည်းသည် သူ့ခေတ်၊ သူ့ဒေသ၊ သူ့ယဉ်ကျေးမှု အရမှန်ကန်သည့် အခိုက်အတန့်မှန် သဘောများဖြစ်ပါသည်။ ထာဝစဉ် မှန်သဘောကို ကာလဒေသမရွေး ယူသုံးခွင့်ရှိသဖြင့် ယူသုံးသော အကျိုးရှိ၏။ အခိုက်အတန့်မှန်သဘောကို ကာလ ဒေသမရွေး ယူသုံးခွင့်မရှိ သဖြင့် ယူသုံးသော အကျိုးယုတ်၏။


သို့ဖြစ်၍ ဘာသာရေးစာပေတစ်ခုကို ယူသုံးရန် အားထုတ်ခဲ့သော် ထာဝစဉ်မှန် ကဏ္ဍ နှင့် အခိုက်အတန့်မှန် ကဏ္ဍ ကို ပိုင်းခြား စီစစ်ပြီး ထာဝစဉ် မှန် ကဏ္ဍ ကို မျက်စိမှိတ် ယူသုံးနိုင်ပါသည်။ ယူသုံးလျှင် အကျိုးရှိပါသည်။ အခိုက်အတန့်မှန် ကဏ္ဍ ကို မူ မိမိတို့ ခေတ်၊ မိမိတို့ဒေသ ၊ မိမိ တို့ယဉ်ကျေးမှု နှင့် လိုက်လျောမှု ရှိမရှိ စိစစ်ပြီးမှ သုံးသင့် မသုံးသင့် စဉ်းစားသင့်ပါသည်။ အခိုက်အတန့် မှန်သဘောကို ထာဝစဉ်မှန် သဘောအဖြစ်ယူဆ ပြီး အရမ်းကာရော သုံးစွဲ မိလျှင် အကျိုးယုတ် ဖွယ်ရာ ရှိပါသည်။
ဆရာကြီးဦးရွှေအောင်ရဲ့ ကြည်ညိုလေးမြတ်ဖွယ်ရာ သတိပေးဆုံးမရေးသားချက်လေးတွေပါ။

တကယ်လို့ မိမိရင်ထဲ သံသယ တွေရှိနေသေးလျှင်လည်း... ဆိုင်ရာ ဆရာဘုန်းကြီးထံ . အမှတ်တကယ် နားလည် တတ်ကျွမ်းသူထံ ဆွေးနွေးမေးမြန်း ဖို့ တိုက်တွန်းလိုပါတယ်။

ဥပမာ..စာရေးဆရာ ဆန်းလွင်(နောင် အရှင်အာဒိစ္စရံသီ )လိုပေါ့။ ဘာသာခြားမှာ ဗုဒ္ဓဘာသာကို လေ့လာတယ်.။ မရှင်းမလင်းနေတာကို မှတ်သားပြီး ဆရာကောင်းရှာဖွေချည်းကပ် မေးမြန်းတယ်။ ဒီနေရာမှာ.. နမူနာအဖြစ်.
ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အကြောင်း စာအုပ်ပါ အကြောင်းအရာ တစ်ချို့ကို ရွေးထုတ် ဖေါ်ပြပေးပါရစေ။

ဆရာတော်သည် ခြေတော်ကို အကျွန်ုပ်ရှေ့တွင် ဆန့်တန်းထားတော်မူလေသည်။ အကျွန်ုပ်လည်း ထူးခြားသော ဆရာတော်၏ ထိုအမူအရာကို များစွာ အံ့သြတွေဝေနေမိလေ၏။ ပထမသော် ဘာလုပ်ရမှန်းမသိဖြစ်၏။ ကိုသာဒင်က သာ ဆရာတော်ကြီး ခြေဖြင့် သူ၏ ဦးခေါင်းကို ပွတ်တိုက်ပြီး သိဒ္ဓိယူမည်ဟု လမ်းမှာပြောလာသောစကားကို အကျွန်ုပ် သတိရ၏။ ခြေဆုပ်လက်နယ် ပြုလိုသူမှာ ကိုသာဒင်ဖြစ်ပါလျက် ကိုသာဒင် ဘက်က ခြေထောက်ကို သိမ်းထားပြီး အကျွနုပ် ဘက်က ခြေထောက်ကို သာ အဘယ်ကြောင့် ဆန့်တန်းထားတော်မူလေသနည်း။ ဤအခြင်းအရာသည် ထူးခြားလှပေစွ။

အကျွန်ုပ်လည်း ဘာလုပ်ရမှန်းမသိဘဲ ဆန့်တန်းထားသော ခြေတော်ကိုသာ ကြည့်လျက် ဇဝေဇ၀ါဖြစ်နေလေ၏။ ခဏကြာမှ ကိုသာဒင်၏ မျက်နှာကို လှမ်းကြည့်ပြီး ဘာလုပ်ရမလဲ ဟူသော မျက်ရိပ်ဖြင့် အချက်ပြသဖြင့် ထိုသို့ပြုရလေတော့၏။ ဆရာတော်ကြီး၏ ခြေတော်ကို မိမိ၏ လက်အစုံဖြင့် ဆုပ်နယ်နေစဉ် အကျွန်ုပ်ရင်ထဲတွင် ထူးခြားသော ခံစားချက်တစ်ရပ်ဖြစ်ပေါ်၍ လာလေတော့၏။ ထိုခံစားချက်သည် ယခုမှသာ ဆရာတော်ကြီးနှင့် တွေ့ ဆုံဖူးသော်လည်း နှစ်ကာလ ကြာမြင့်စွာကပင် တွေ့ကြုံဆက်ဆံ၍ ရင်းနှီးပြီးသော အတွေ့အကြုံမျိုးဖြစ်လေ၏။ ထို့ပြင် ရှည်ညောင်းစွာ ရင်ထဲမှာ အခုအခံဖြစ်လျက် နေခဲ့သောအရာတစ်ခုသည်လည်း အဆောက်အအုံပြိုကျပြီးပြန့်ပြူးသွားသကဲ့ သို့ ခံစားရလေ ၏။ ထိုပြိုကျသွားသော အရာသည် အဘယ်နည်း။ ဆရာတော် ၏ ခြေသလုံးတော်ကို နှိပ်နယ်ရင်း အကျွန်ုပ် စဉ်းစားလိုက်သော အခါ၌ ထိုအရာသည်ဖျတ်ခနဲ ပေါ်လာ လာလေတော့၏။ ထိုအရာကား အခြားမဟုတ်။ " မာန "ဆိုသော အရာပင်တည်း။


ဟုတ်ပါပြီ။ အကျွန်ုပ်မှာ ကာလ ကြာမြင့်စွာကပင် မာန်ခံနေခဲ့သည်ဖြစ် ၍ ဘ၀င်မကျနိုင်ခြင်းဖြစ်ပေလိမ့်မည်။ ယခုမှ ဆရာတော်ဘုရားကြီး က မိမိ ၏ ရင်ထဲမှ မာန ဆူးငြောင့် ကို ဤနည်း ဖြင့် နုတ်ပစ်လိုက်သည် ပါတကား။...


ဆက်ပါဦးမည်..